၁၉ ၆၀ ပြည့်လွန်နှစ်တွေက ချင်းတွင်းမြစ်ဖျား ခန္တီးြ မို့လေးမှာ နေ တော့ တော်သလင်း ၊ သီတင်းကျွတ်ဆိုရင် အောက်ဘက် တံငါတွေ ရောက်လာပြီး သောင် ပြင်တွေမှာတဲထိုး၊ ငါးဖမ်းကြတယ်။ ငါးခြောက်လုပ်တယ်။ သင်ပင်တွေခုတ်ပြီး ဖျာလည်းယက်တယ်။ မိုးကျလို့ မြစ်ရေတက်ရင် ဖောင်ဖွဲ့ပြီး အောက်ပြည် အောက်ရွာကို စု ဆောင်းထားတဲ့ငါးခြောက်၊ ငါးပိ၊ ဖျာ၊ သင်အူတွေနဲ့ ပြန်ဆင်းသွားတယ်။
အမေက တံငါတဲတွေကနေ ငါးသေးလေးတွေရောရာကို ဝယ်ပြိး ရေကျိုငါးပိသိပ် တယ်။ တစ်ခါ တစ်လေတော့လည်း ဟိုကရောင်းမနေပါဘူး။ ဒီအတိုင်းကျုံးထည့်ပေးလိုက်တာပဲ။ အဲဒီအချိန်က မနက်စာဆို အကြော်နဲ့ ငါးပိရည်နဲ့ စားရတယ်။ နေ့လည်စာကျတော့ ငါးပိရည်နဲ့ ထမင်းကို နှံ့ နေအောင်နယ်ကျွေးတယ်။ ဒီလိုနဲ့ ငါးပိရည် ကို ကြိုက်တာ၊ ကြိုက်တာ၊ အသည်းစွဲ တာထက်ကျော်ပြီး အရိုးထိ အောင်ကြိုက်မိတော့တာပဲ။
တပ်မတော်သားဘဝကျတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာ တာဝန် ထမ်းဆောင်ရတယ်။ ရောက်ရာနေရာမှာ ငါးပိရည်ဟာ မပါမဖြစ် ဟင်းတစ်ခွက်ပဲ။ ဒီလို နဲ့ ဘ၀ မှာ ငါးပိရည်မျိုးစုံ နဲ့ ကြုံခဲ့တယ်။ ရေကျို ငါးပိ အပြင် ငါးမီးဖုတ်လေးပါ ဖဲ့ပြီးထည့်တဲ့ငါးပိရည်၊ ငရုတ် သီးစိမ်း၊ ကြက်သွန်ဖြူ မီးကင်ပြီး ဒါမှမဟုတ် လှော်ပြီးထည့်တဲ့ငါးပိရည်၊ ရေကျိုငါးပိသက်သက်ကြို၊ ငရုတ်သီးအကျက်မှုန့်ပစ်ထည့်လိုက်တဲ့ ငါးပိရည် ပလိန်း၊ ပုဇွန်ခြောက်တွေဘာတွေနဲ့ အလှစား တဲ့ သူဋ္ဌေးငါးပိရည် စသည် စသည်ဖြင့်ပေါ့။
ရေကျိုငါးပိဆိုတာလည်း သုံးမျိုးစပ်တို့၊ ငါးတစ်မျိုးတည်းကို ရှယ်လုပ်ထားတာတို့၊ ငါးအစုံနဲ့ လုပ်တာ တို့အပြင် လယ်ထဲက ပုဇွန်လုံးနဲ့ ဖားပေါက်စလေးတွေပါ ထည့်ထောင်းထားတဲ့ ရေကျို ငါးပိလည်း ကြုံခဲ့ဖူးတယ်။
၂၀၀၅ နောက်ပိုင်း နေပြည်တော်နဲ့ရန်ကုန်ကို ရောက်လာတဲ့အခါ ရေကျိုငါးပိ ကောင်းကောင်း ရရေးက စိန်ခေါ်မှုတစ်ခုပဲ။ အလွန်ကောင်းပါတယ်ဆိုတဲ့ ရောင်းတမ်းရေကျိုငါးပိတောင်မှ တစ်ခုခု တော့ လိုနေတာပဲ။ ဒီတော့ ခရီးထွက်တဲ့အခါတိုင်း ရေကျိုငါးပိကောင်းကောင်း ရှာရတာ က အလုပ်တစ်ခုဖြစ်လာတယ်။
ရေကျိုငါးပိဆိုတာကလည်း အနံ့ပြင်းတာ၊ ငန်တာနဲ့ ရေကျိုငါးပိဖြစ်တာမဟုတ်ဘူးလေ။ ထည့်တဲ့ ငါး၊ သုံးတဲ့ (ဆန်ဆေး) ရေ၊ အိုးထဲမှာနှပ်တဲ့ကာလ တွေပေါ်မှာမူတည်သေးတယ်။ ဝီစကီ တံဆိပ်ကပ်တိုင်း ဝီစကီမဟုတ်သလိုပဲ။ ဆရာကျတဲ့ ယမကာလုလင်ဟာ လ ျှာပေါ်တင်လိုက်တာ နဲ့ အရက်အရည်အသွေးကို သိသလိုပဲ ငါးပိရည်ကောင်းကောင်းစားလိုက်ရရင် လ ျှာက အသိ အမှတ်ပြုပါတယ်။ တစ်ခုပဲ။ ဝီစကီကို အရောင်၏ ကောင်းခြင်း၊ အနံ့၏ ကောင်းခြင်း၊ အရသာ ( အဝင်) ကောင်းခြင်းတွေနဲ့ ပြောလို့ရပေမယ့် ငါးပိရည်ကိုတော့ အဲဒီလို ခွဲခြားလို့မရဘူးပေါ့။
ကျွန်တော်ရောက်ခဲ့တဲ့ အင်းသားကြီးတို့ဘက်မှာတော့ ငါးနုသန်း၊ ငါးရေကြို၊ ငါးဇင်ရိုင်း၊ ငါးခုံးမ၊ ငါးဖျင်းသလက်၊ ငါးပနော် တို့လိုငါးသေးသေးလေး တွေ ရေကျိုငါးပိလုပ်တယ်တဲ့။ ငါးသေးမျိုးစုံ ကို တစ်ကောင်ချင်း ချေးဖောက်၊အူထုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ဆုံထဲထည့် ပြီး ကျူရိုးစည်းနဲ့ထု လိုက်၊ ရေဆေးလိုက်လုပ်ရတယ်။ စင်သွားပြီးဆိုမှ ဆားနယ်၊ အပုတ်ရည်စစ်ပြီး နေလှမ်းတယ်။ အခု လို နေပြင်းချိန်ဆိုရင်တော့ တစ်နေဆိုရင်ရပြီ။ အများဆုံးနှစ်နေပေါ့။ တစ်ချို့ ရေကျိုငါးပိလုပ်တဲ့သူတွေက ဒီလိုတစ်နေလှမ်းပြီးသားကို လာဝယ်တာလည်း ရှိ တယ်။
နေလှမ်းလို့ သွေ့သွားပြီဆိုရင် အလုံးခွဲတယ်။ အလုံးခွဲတယ်ဆိုတာက ဆားနယ်ထားတဲ့ ငါးတွေကို ဆန်ဆေးရေနဲ့ဆုံထဲထည့်ထောင်းတာကို ပြောတာ။ ဆန်ဆေးရေဆိုတာက အများကြီးမဟုတ်ဘူး။ အလုံးခွဲလို့ကောင်းရုံ လက်ခုပ်နဲ့ထည့်တာ၊ထောင်းတယ်ဆိုတာကလည်း ညက်ညက်ကြေ အောင်ထောင်းတာမဟုတ်ဘူး။ ဆားဝင်ကောင်းရုံ၊ အနပ်လွယ်ရုံထောင်းတာ။
အလုံးခွဲပြီးရင်တော့ အိုးထဲထည့်၊ ဝါးကပ်နဲ့ဖိပြီး သိပ်ထားလိုက်တယ်။ ငါးလလောက် သိပ်ထား မှ နပ်ပြီး ရေကျိုငါးပိကောင်းကောင်းဖြစ်တယ်။ အဲဒီလို ငါးပိသိပ်ထားတဲ့အချိန် အိုးပေါ်တက်လာတဲ့ အရည် ကြည်ကို အိုးတက်ငံပြာရည်လို့ခေါ်တယ်။ အခုသူတို့ စားနေတဲ့ ရေကျိုငါးပိတွေက မနှစ် က သိပ်ထား တဲ့ငါးပိတွေ။ အခုသိပ်နေတဲ့ ရေကျိုငါးပိတွေက နောက်နှစ်မိုးတွင်းမှစားလို့ရမှာပါ။
ရေကျိုငါးပိကို အများအပြားထုတ်တဲ့သူတွေကျတော့ လေးငါးလ ထားဖို့ အချိန်မရှိဘူး။ ကျူရိုးစည်းနဲ့ ထုပြီး သန့်ရှင်းရေးလုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒီတော့ စက်နဲ့ ကြိတ်ရ တယ်။ မြန်မြန် နပ်အောင် ဆေးသုံးရတယ်၊ ဆန်ဆေးရေအစား ထမင်းရည်ကို သုံးရတယ်တဲ့။ ဒါ့ကြောင့် တစ်ချို့ရောင်းတမ်းရေကျိုငါးပိတွေကို အိုးသိပ်ထားတဲ့အခါ တက်လာတဲ့ အရည်တွေက ဖြူဖြူ ပျစ်ပျစ်တွေဖြစ်နေတာလို့ ဆိုတယ်။
အင်းချောင်းက အပြန် အင်းသားကြီးတို့ ညွှန်းလိုက်တဲ့ အိမ်ဆိုင်မှာ ရေကျိုငါးပိဝင်ဝယ်တယ်။ အဲဒီဆိုင်က ရန်ကုန်-မန္တလေးလမ်းမ မိုင်တိုင် ၇၀ အကျော် ပုကိုင်တာဘောင်လမ်းအတိုင်းဝင်လိုက် ရင် နှစ်ကွက်ငုတ် ဘယ်ဘက်အခြမ်းမှာ ရှိ တယ်။ အင်းချောင်းသမားတွေဆီက ငါးဆားနယ်တွေကို ဝယ်ပြီး ပြန်သိပ်ထားတာ။ ဒိုင်လိုရောင်းတာမဟုတ်ပါဘူး။ စဉ့်အိုးလေးငါးလုံးလောက်နဲ့ပဲ လှောင် ပြီးရောင်းတာပါ။ တစ်ပိဿာ သုံးထောင့်ငါးရာ။ အိုးတက်ငံပြာရည်လည်းရတယ်။ တစ်ဘူး တစ်ထောင်။
ဒီလိုနဲ့ ရေကျိုငါးပိ သုံးပိဿာ၊ အိုးတက်ငံပြာရည်နှစ်ဘူးနဲ့ အိမ်ပြန်ခဲ့တယ်။ ငံပြာရည်ကတော့ အိမ်ရောက်ရင် ရေစင်သွားအောင် နည်းနည်းပြန်ကျိုရတယ်။ မကျိုရင် ငါးညှီနံ့ နည်းနည်းနံတယ်။ ရေကျိုငါးပိကတော့ လက်တွေ့စားကြည့်ပြီးပြီ။ ရှယ် စာရင်း ဝင်ပါတယ်။
ဒီခရီးစဉ်ကတော့ ငါးရံ့မီးဖုတ်၊ ငါးရံ့ခေါင်းဟင်း၊ ငါးရံ့အူဟင်း၊ ငါးရံ့ခြောက် ၊ ရေကျိုငါးပိ တွေနဲ့ ကောင်းလွန်းလှတဲ့ ငါးရှယ်၊ ရှယ်ငါး ခရီးစဉ်ပါပဲ။