ရန်ကုန် ဘိုးဘိုးကြီး နဲ့မြေအောက်လှိုဏ်ဂူ
တောင်ဘက်စောင်းတန်းကနေ အောက်ပစ္စယံလူသွားလမ်းလေးအတိုင်းသွားမယ်ဆိုရင် “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” နဲ့ မောင်ဝိတ်ဓမ္မာရုံကြားမှာ “ ရန်ကုန် ဘိုးဘိုးကြီး သို့” လို့ ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီလမ်းလေးအတိုင်းသွားတဲ့အခါ ကျောက်ပြား အဖြူ တွေ ခင်းထားတဲ့ ရင်ပြင်နဲ့ စေတီငယ်လေးနှစ်ဆူရှိတယ်။ ဒီနေရာဟာ ရွှေတိဂုံ ဘုရားရဲ့ စနေ ထောင့် နေရာ နဲ့ တစ်တန်းတည်းပဲ။
စေတီတွေရဲ ဉာဏ်တော်က ခြောက်ပေလောက်ပဲရှိမယ်။ ဘယ်ဘက်က စေတီမှာ “ သစ္စာ မဏ္ဍိုင် ဆုတောင်းပြည့်စေတီတော်” ၊ မူလ အလှုရှင်အား အမှူးထား၍ အစချီပြီး အလှုရှင် မိသားစု သုံးစုရဲ့ အမည်တွေကို ဖော်ပြထားတဲ့ ကျောက်စာတစ်ချပ်ရှိတယ်။ ထပ်မံပြုပြင်တဲ့ နှစ်ကိုတော့ ( ၂၄ – ၄ – ၂၀၀၂ ) လို့ဖော်ပြထားတယ်။
ညာဘက်က စေတီမှာ “ သစ္စာအောင်မုနိစေတီတော်” မူလအလှုရှင်အား အမှူးထား၍ အစချီပြီး အလှုှရှင်မိသားစု လေးစုရဲ့ အမည်တွေကို ဖော်ပြထားတဲ့ ကျောက်စာတစ်ချပ်ရှိတယ်။ ထပ်မံပြုပြင် တဲ့ နှစ်ကိုတော့ ( ၂၅ – ၄ – ၂၀၀၂ ) လို့ဖော်ပြထားတယ်။
အဲဒီရင်ပြင်ဘေးမှာ လှေကားတစ်ခုရှိတယ်။ အဲဒီလှေကားအတိုင်းဆင်းသွားရင် ရန်ကုန် ဘိုးဘိုးကြီး နတ်နန်းကိုရောက်တယ်။ အုတ်လှေကားလေးက သပ်ရပ်တယ်။ လက်တန်းတွေနဲ့၊ အောက်ခြေ လမ်းလေးကလည်း ကွန်ကရစ်လမ်း။ လမ်းအဆုံးညောင်ပင်ကြီးအောက်မှာတော့ ရန်ကုန် ဘိုးဘိုး ကြီး နတ်နန်းရှိတယ်။
နတ်နန်းပုံစံက မြင်နေကြပုံစံမဟုတ်ဘူး။ အပေါ်ကို မြှင့်ထားတယ်။ ဘယ်ညာ လှေကားနှစ်ဘက်နဲ့ တက်/ ဆင်းလုပ်လို့ရတယ်။ ညာဘက်ဘေးမှာ သဲပုံစေတီပုံစံ စေတီငယ်တစ်ဆူကို အုတ်ခုံ အမြင့် မှာတည်ထားတယ်။ ရန်ကုန်ဘိုးဘိုးကြီးမျက်နှာတော်က ရွှေချထားတယ်။ ခေါင်းပေါင်းအဖြူ၊ လည် ကတုံးအကျီ ၤဖြူနဲ့မရမ်းစေ့ရောင်ရင့်ရင်ပုဆိုးတစ်ထည်ကပ်ထားတယ်။ ကန်တော့ပွဲ နှစ်ပွဲထိုးထား တာတွေ့တယ်။ နတ်ကွန်းရဲ့ဘေးမှာ နောက်ထပ် ဘုရား စင်လေးတစ်ခုရှိတယ်။ အဲဒီစင်ရှေ့မှာ လည် ကတုံးအကျီ ၤ၊ ပုဆိုး အမည်း၊ အဖြူ ကွက်စိတ်နဲ့လူငယ်လေးတစ်ယောက် ပဋ္ဌာန်းရွတ်နေ တယ်။ ဘုရားစင်မှာလည်း မီးပူဇော်ထားတယ်။
ရန်ကုန်ဘိုးဘိုးကြီးနတ်နန်းရဲ့ ရှေ့မြေပြင်မှာ ကွန်ကရိအပြားနဲ့ပိတ်ထားတဲ့အပေါက်တစ်ခုရှိတယ်။ အဲဒါက အင်္ဂလိပ်စစ်တပ်တွေ ရွှေတိဂုံ ကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့အချိန်ကတည်ဆောက် ခဲ့ တဲ့ မြေအောက်လှိုဏ်ဂူ ခဲယမ်းတိုက်ဝင်ပေါက်ပါ။ အခုနောက်ပိုင်းမှာ လုံခြုံရေးအရ ကွန်ကရစ် အပြား နဲ့ပိတ်လိုက်တာဖြစ်ပါတယ်။
အဲဒီမြေအောက်လှိုဏ်ဂူမှာ ၁၉ ၆၉ ခုနှစ် အောက်တိုဘာလကနေ ၁၉၇၀ ပြည်နှစ် မေလ အထိ နေပြီးတရားထိုင်ခဲ့ဖူးတဲ့ အဘကြီးတစ်ယောက်ကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်။ အဘကြီးက အဲဒီ အချိန်က နှစ်ဆယ် ကျော်အရွယ်ပဲ ရှိသေးတယ်။ ရုံးဝန်ထမ်းဘဝ။ အဲဒီမြေအောက် ဂူထဲမှာ နေတယ်။ ပုတီး စိတ်တယ်၊ တရားထိုင်တယ်။ ရုံးချိန်ရောက်ရင် ရုံးသွားတယ်။ အဘကြီးက အဲဒီ အချိန်ထဲက ရွှေတိဂုံကိုပုံမှန်တက်ပြီး တရားထိုင်၊ပုတီးစိတ်၊ သန့်ရှင်းရေးကုသိုလ်ပြုတွေလုပ်ခဲ့တာ အခု အသက် ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်နီးပါးအထိပဲ။
အဘကြီးအပြောအရ အဲဒီအောက်မှာ အခန်းသုံးခန်းရှိတယ်။ ညောင်ပင်အောက်တည့်တည့် လောက်မှာ ၈ ပေ ပတ်လည် အခန်းကျဉ်းတစ်ခုရှိတယ်။ တံခါးရှိတယ်။ ဘယ် ၊ ညာမှာ ပေ ၂၀ ၊ ၂၅ လောက်ကျယ်တဲ့အခန်းကျယ်နှစ်ခုရှိတယ်။ ၁၉ ၉ ၀ ကျော်လောက်ရောက်တော့ အတွင်း ဘက် မှာမြေပြိုတာတွေရှိလာပြီး တစ်ခန်းပဲကျန်တော့တယ်။ နောက်တော့လုံခြုံရေးအရ အဝင်ဝကို ပိတ် ပစ်လိုက်ပြီး ဘေးမှာကျောက်ပြားတွေနဲ့ ရင်ပြင်လုပ်လိုက်တယ်။ မူလ ဝင်ပေါက်ကတော့ အတော် ကျယ်တယ်လို့ပြောတယ်။ အခုထိတော့ ဘေးက သရက်ပင်အောက်မှာ လေဝင် ပေါက်တစ်ခုကို တွေ့နိုင်သေးတယ်။ အဲဒီလေဝင်ပေါက်နောက်မှာ ရွှေတိဂုံဘုရားတံတိုင်းရှိတယ်။ သေနတ်ပစ် ပေါက်နေရာကနေ ကန်တော်မင်္ဂလာပန်းခြံနဲ့ ကားလမ်းကို လှမ်းမြင်ရတယ်။
အလယ်ပစ္စယံနဲ့ အောက်ပစ္စယံကြားမှာ ဒီလို မြေအောက်ခဲယမ်းတိုက် နောက်ထပ်နှစ် ခုရှိသေး တယ်။ တနင်္ဂနွေ ထောင့်ကခဲယမ်းတိုက်ကိုတော့ လုံးဝပိတ်လိုက်ပြီး အဲဒီနေရာမှာ ဝန်ထမ်းအိမ်ယာ တွေပဲ ရှိတော့တယ်။ ရာဟုထောင့်ဘက်မှာနောက်တစ်ခုရှိသေးတယ်။ အဲဒီနေရာကိုတော့ သံတံခါး နဲ့ သော့ခတ်ပိတ်ထားတယ်လို့ပြောတယ်။ ကျွန်တော်လည်းမရောက်ဖူးသေးဘူး။
ဒီနေရာမှာ ရန်ကုန်ဘိုးဘိုးကြီး နတ်ကွန်းဖြစ်လာတာ အချိန်မကြာသေးဘူး။ အဘကြီး မြေအောက် လှိုဏ်ဂူထဲမှာတရားထိုင်တဲ့အချိန်က ဒီနေရာမှာ ရန်ကုန်ဘိုးဘိုးကြီး နတ်နန်း ဆိုတာမရှိသေး ဘူး။ ညောင်ပင်အောက်မှာ ရုက္ခစိုးကို ပူဇော်ထားတဲ့ နတ်စင်လေးပဲရှိသေးတယ်။ ၁၉ ၈၀ လောက် ကျ တော့ ရန်ကုန်ဘိုးဘိုးကြီးနတ်ကွန်းဖြစ်လာတယ်။ နောင်မှာ အလှုရှင်တွေက ပြု ပြင်ရင်းနဲ့ အခု မြင်ရတဲ့ နတ်နန်း ပုံစံဖြစ်လာတာပါ။
မှတ်တမ်းတစ်ခုမှာတော့ နတ်နန်းအဖြစ် အမိုးအကာနဲ့ ပြန်ဆောက်ခဲ့တာက အေ ဝမ်းရုပ်ရှင် မိသားစု ဖြစ်ပြီး ၁၉ ၉ ၅ ခုနှစ်မှာ မင်းကွန်းကျောင်းတိုက်ဆရာတော် ဦးစီးပြီး ပြန်လည် ပြင် ဆင် တယ်။ ကိုယ်လုံးတော်ကို ရွှေချတယ်လို့တွေ့ရတယ်။
အပေါ်မှာတွေ့ရတဲ့ စေတီနှစ်ဆူ ကလည်း ၁၉ ၇၀ ပြည့်နှစ့်အထိ မရှိသေးဘူး။ ၁၉ ၇၀ မေလ ၂၀ ရက်နေ့ ကဆုန်လပြည့်နေ့ မှာမှ အဘကြီးနဲ့ သူ့မိတ်ဆွေတွေက စေတီလေးတစ်ဆူတည်တယ်။ အဲဒီနေ့ကအဘကြီး မြေ အောက်လှိုဏ်ဂူမှာတရားထိုင်တဲ့နောက်ဆုံးနေ့ပဲ။ အဘကြီးတို့တည် တော့ စေတီက ဉာဏ်တော် နှစ်တောင်လောက်ပဲ ရှိတယ်။ နောက်ပိုင်းမှာ အလှုရှင်တစ်ယောက်က ဘေးမှာစေတီ တစ်ဆူထပ်တည် တယ်။ နောက်ဆုံးအလှုရှင်တွေက ငုံပြီး ထပ်တည်လိုက်တော့ အခုမြင်ရတဲ့ စေတီတော်ပုံ ဖြစ်လာတာပါ။
ယုံကြည် ကိုးကွယ်မှုတွေ အဆင့်ဆင့်ဖြစ်ပေါ်လာတာစိတ်ဝင်စားဖို့ကောင်းတယ်။
Thanks for sharing knowledge related our very precious Shwe Dagon Pagoda sir.
LikeLike