လွန်ပရာဘန်မြို့က အရင် လာအိုမြောက်ပိုင်းကို အုပ်ချုပ်တဲ့ ဘုရင်တွေ နန်းစိုက်တဲ့နေရာပါ။ ၁၅၂၀ ပြည့်နှစ်မှာ မြို့တော်ကို ဗီယန်ကျန်းကို ရွှေ့သွားတယ်။ ၁၈ ၉ ၃ ခုနှစ်မှာ ပြင်သစ် တွေက လာအိုကို သိမ်းပိုက်လိုက်တဲ့အချိန်မှာတော့ ဘုရင်ကို လွန်ပရာဘန်မှာ နန်းစိုက်ခိုင်း တယ်။ ဒါပေမယ့် ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ရုပ်ပြသက်သက်ပဲ။ ၁၉ ၄၆ ခုနှစ် လာအိုနိုင်ငံ လွတ် လပ်ရေးရတော့လည်း လွန်ပရာဘန်မြို့က ဘုရင်နန်းစိုက်ရာမြို့၊ ဗီယန်ကျန်းက အုပ်ချုပ်ရေး မြို့ ဖြစ်နေခဲ့တယ်။ ၁၉ ၇၅ ခုနှစ်မှာ ကွန်မြူနစ် ပသက်လောတပ်ဖွဲ့တွေ အာဏာရလာချိန်မှာတော့ ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် လွန်ပရာဘန်ဟာလည်း ရှေးဟောင်းမြို့တော်အဖြစ် ကို ရောက်သွားတယ်။ ဘုရင့် နန်းတော်ကတော့ ပြတိုက်ဖြစ်သွားတယ်။
လွန်ပရာဘန်မြို့ဟာ လောနိုင်ငံကို ထေရဝါဒ ဗုဒ္ဓဘာသာ စတင်ရောက်ရှိတဲ့မြို့လို့ဆိုတယ်။ ဒါ့ကြောင့် ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအများကြီးရှိတယ်။ ယူနက်စကိုက ၁၉ ၉ ၅ ခုနှစ်မှာ လွန်ပရာဘန်မြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်သတ်မှတ် ခဲ့တယ်။ ဒါ့အပြင် မြို့မှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၄ ကျောင်းကိုလည်း ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ပေးထားခဲ့တယ်။
လွန်ပရာဘန်မြို့မှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေက မနက်တိုင်း ဆွမ်းခံကြတယ်။ အဲဒီလို သံဃာတော်တွေဆွမ်းခံကြွတာကို ခရီးသွားဧည့်သည်တွေကလည်း ဆွမ်းလောင်းကြတယ်၊ ဓာတ် ပုံရိုက်ကြတယ်။ ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေက အခကြေးငွေယူပြီး လိုအပ်တာတွေစီစဉ်ပေးတယ်။ ဒီလိုနဲ့ မနက် ဆွမ်းလောင်းတာဟာ လွန်ပရာဘန်မြို့ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်လာတယ်။ Tripadvisor ဝက်ဘ် ဆိုက်ရဲ့ လွန်ပရာဘန်မြို့ အကောင်းဆုံးဆွဲဆောင်မှု ၁၅ ခုမှာ ဆွမ်းလောင်းတဲ့အစီအစဉ်က နံပါတ် ၇ မှာရှိတယ်။
ခရီးသွားဧည့်သည်တွေ ဆွမ်းလောင်းမယ်ဆိုရင် လာအိုရိုးရာအတိုင်း ကောက်ညှင်းပေါင်းထည့် ထားတဲ့ ဝါးခြင်းလေးရယ်၊တဘက်လေးရယ် စီစဉ်ပေးတယ်။ လာအိုမှာ ဆွမ်းလောင်းတာက မြန် မာနိုင်ငံနဲ့မတူဘူး။ ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေက ခွေးခြေလေးနဲ့ထိုင်နေပြီး ထိုင်ရာက နေ လောင်းတယ်။ လောင်းတဲ့အခါမှာလည်း ဆွမ်းဟင်းမပါဘူး။ ကောက်ညှင်းပေါင်းကိုပဲ လက်နဲ့ ဆုပ်ပြီး သပိတ်ထဲကိုထည့်ရတယ်။ ဆွမ်းလောင်းတဲ့နေရာမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ အသံချဲ့ စက်မပါဘူး။
ဆွမ်းလောင်းတဲ့ခရီးသွားဧည့်သည်တွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေပါသလို ဥရောပတိုက်သား အခြားဘာသာဝင်တွေလည်းပါတယ်။ ဆွမ်းလောင်းမယ်ဆိုရင် မနက် ငါးနာရီအရောက် ဆွမ်း လောင်းမယ့်နေရာကို သွားရတယ်။ ခရီးသွားတွေအတွက် စီစဉ်ပေးတဲ့နေရာက မဲခေါင်မြစ် ကမ်းနားလမ်း ရဲ့ အတွင်းဘက် နောက်တစ်လမ်းမှာဖြစ်ပါတယ်။ ဆွမ်းလောင်းတာက သဒ္ဒါ စိတ် နဲ့ လောင်းတာဖြစ်ပေမယ့် ဒီလိုဆွမ်းလောင်းခဲ့တယ်ဆိုတာကို အမှတ်တရဖြစ်စေဖို့အတွက် ဓာတ် ပုံတွေ ရိုက်နေကြတာလည်းတွေ့ရတယ်။တစ်ချို့ကတော့ ဆွမ်းမလောင်းဘူး။ ဆွမ်းလောင်းတာကို ပဲ ဓာတ်ပုံရိုက်မှတ်တမ်းတင်တာတွေ့ရတယ်။
ဒါပေမယ့် ဘာသာရေးအစဉ်အလာတစ်ခုကို အခကြေးငွေယူပြီး ခရီးသွားလုပ်ငန်းဆွဲဆောင် မှု အဖြစ်လုပ်နေတဲ့အပေါ်မှာ အမြင်အမျိုးမျိုးရှိတာလည်းတွေ့ရတယ်။ အထူးသဖြင့် သံဃာတွေ ကို အနီးကပ်ဓာတ်ပုံရိုက်တာ၊ ဆူဆူညံညံစကားပြောတာ၊ မသင့်တော်တဲ့ဝတ်စားဆင်ယင်မှုတွေ ဝတ် ဆင်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိတယ်။
ခရီးသွားဧည့်သည့်တွေ အများဆုံးဆွမ်းလောင်းလေ့ရှိတဲ့ လမ်းမမှာ သတိပေးဆိုင်းဘုတ် နှစ်ခု တွေ့တယ်။ နှစ်ခုလုံးက သင့်တော်တဲ့ဝတ်စားဆင်ယင်မှုရှိဖို့၊ တိတ်ဆိတ်စွာဆွမ်းလောင်းဖို့၊ အနည်းဆုံးသုံးမီတာအကွာကပဲဓာတ်ပုံရိုက်ဖို့၊ ဖလက်ရှ် သုံးပြီး ဓာတ်ပုံမရိုက်ဖို့ သတိပေး ထား တယ်။ ဒါပေမယ့် ကျွန်တော်မြင်ခဲ့ရတဲ့ ခရီးသွားဧည့်သည်အများစုကတော့ အဲဒီသတိပေးဆိုင်း ဘုတ်တွေကို ဖတ်ပုံမရပါဘူး။
ဒီလိုဆွမ်းလောင်းတာနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတစ်ယောက်ရေးထားတဲ့ ဘလော့ဂ်တစ်ခုမှာ တော့ ဗုဒ္ဓဘာသာဝင်တွေ အေးချမ်းဆိတ်ငြိမ်စွာ ဆွမ်းလောင်းနေတာကို ဓာတ်ပုံရိုက်မယ်၊ ဒါမှ မဟုတ်ကိုယ်တိုင်ပါဝင်လှုဒါန်းမယ်ဆိုရင် အောက်ပါအချက်ငါးချက်ကို အရင်စဉ်းစားပါလို့ ရေး ထားတာတွေ့ရတယ် –
၁။ နံနက်ဆွမ်းလောင်းတာဟာ ဗုဒ္ဓဘာသာဝင် လာအိုလူမျိုးတွေ မျိုးဆက်ပေါင်းများစွာ အလေး အနက်ထားဆောင်ရွက်နေတဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတစ်ခုဖြစ်တယ်။ ဒီအချက်ကို အလေး အနက်နှလုံးသွင်းပြီးမှ လုပ်သင့် မလုပ်သင့်ဆုံးဖြတ်ပါ။
၂။ ဒေသခံများရဲ့ ရိုးရာဓလေ့ထုံးစံများကို မှတ်တမ်းတင်ချင်တာဆိုရင် ဒေသခံ တွေလိုက်နာကျင့်သုံးတဲ့ အချက်အလက်များကို သိအောင်လေ့လာပြီးမှ ဆောင်ရွက်ပါ။
၃။ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ကုသိုလ်ပါဝင်ချင်တယ်ဆိုရင် အဲဒီနေရာမှာ အသင့်ချက်ပြီး ရောင်း တဲ့ ဆွမ်းကို ဝယ်ပြီးလှုမယ့်အစား ကိုယ်တိုင်ကြိုတင်ပြင်ဆင်ပြီး လှုဒါန်းပါ။
၄။ ဘာသာရေးအစဉ်အလာတစ်ခုကို ခရီးသွားလုပ်ငန်းဆွဲဆောင်မှုအဖြစ်လုပ်ဆောင်နေတာ ကို လက်ခံနိုင်၊ မနိုင် စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင်ပါ။
၅။ နံနက်စောစောဆွမ်းလောင်းတာကို မလုပ်ပဲနဲ့လည်း လာအိုနိုင်ငံနဲ့ လူမျိုးတွေရဲ့ ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလေ့လာနိုင်တယ်ဆိုတာ သတိပြုပါ။
ကျွန်တော်မြင်ခဲ့ရတဲ့အနေအထားအရလည်း ခရီးသွားဧည့်သည်အများစု အထူးသဖြင့် အနောက် နိုင်ငံသားတွေဟာ ဒီအခမ်းအနားကို ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးတစ်ခုထက် ပိုပြီး တန်ဖိုးမထား တာကို တွေ့ရတယ်။ ဆွမ်းလောင်းတဲ့သူအများစုကလည်း ဆွမ်းလောင်းနေတဲ့ ဓာတ်ပုံရဖို့ က ပို အရေးကြီးနေသလိုပဲ။ သံဃာတော်တွေကလည်း သူတို့ထုံးစံပဲလား၊ ဒါမှမဟုတ် ဒေသခံတွေ ဆွမ်းလောင်းမယ့်နေရာကို မြန်မြန်ရောက်ချင်လို့လားမသိဘူး။ လမ်းလေ ျှာက်တာအတော် မြန် တယ်။
နောက်တစ်နေ့ မနက်စောစောမှာတော့ ဟိုတယ် နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရပ်ကွက်လေး ဘက် ကို ထွက်ခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ကိုရင်လေးတွေ ဆွမ်းခံထွက်လာတာကို တွေ့ရ တယ်။ ဒကာမကြီးတွေက ထိုင်ခုံလေးတွေနဲ့ထိုင်ပြီး ကောက်ညှင်းဆွမ်းလောင်းတယ်။ ကိုရင် လေးတွေကလည်း တစ်ပါးချင်းရပ်ပြီး သပိတ်ကို အောက်နှိမ့်ပြီး အလှုခံတယ်။ အားလုံး ဆွမ်း ခံပြီးတော့ အလှုရှင်တွေရှေ့မှာ ရပ်ပြီး ဆုပေးတယ်။ ဒကာမတွေက ထိုင်လျက်နဲ့ ပဲ လက် အုပ်ချီပြီး နာယူတယ်။ အားလုံးပြီးတော့ ကိုရင်လေးတွေ နောက်တစ်နေရာကို ဆွမ်းခံကြွ သွား တယ်။
ဒီမြင်ကွင်းဟာ ပထမနေ့က ခရီးသွားဧည့်သည်တွေအတွက် စီစဉ်ပေးတဲ့ ဆွမ်းလောင်းပွဲ ထက် ပိုပြီး ကြည်ညိုသဒ္ဒါပွားဖို့ကောင်းတယ်။ လွန်ပရာဘန် နံနက်ခင်းဟာ အခုမှပဲ ပြည့်စုံသွားတော့ တယ်။
Thanks for sharing. Excellent sir.
LikeLike