ဗိုလ်ချုပ်ဈေး

ဗိုလ်ချုပ်ဈေး (အရင်က စကော့ဈေး) ဆိုတာ ရန်ကုန်ရဲ့ အသည်းနှလုံးပဲ။ လမ်းစဉ်ပါတီခေတ် ကုန်တိုက်ကြီးတွေမရှိတဲ့အချိန်မှာ ဗိုလ်ချုပ်ဈေးဟာ ဈေးဝယ်ဖို့၊ သူငယ်ချင်းတွေ ဆုံဖို့၊ မျက် စိ စားပွဲထိုင်ဖို့၊ ရင်ခုန်သံတွေ စည်းချက်ညှိဖို့နေရာ။ စနေနေ နေ့တစ်ဝက် ရုံးပိတ်တဲ့ အဲဒီခေတ်မှာ စနေနေ့လယ်ဆို ရင် ဗိုလ်ချုပ်ဈေးကို သွားကြ၊ တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ ဗိုလ်ချုပ်ဈေးမှ ချိန်းမှ ခေတ်မီတာလေ။ ဒီလိုနဲ့

“ ဗိုလ်ချုပ်ဈေး စနေနေ့ လည်လည်သွားကြ၊ မြင်မြင်ခြင်းဆိုပါတော့ မင်းကိုချစ်တယ်။”

“ဗို်လ်ချုပ်ဈေး ပေါင်ချိန်စက် ပေါင်ချိန်တော့ ဟောတဲ့အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး”

စသည်ဖြင့် သီချင်းထဲတောင် ထည့်ရေးရအောင် ရေပန်းစားခဲ့တယ်။

ပြည်ပက သွင်းကုန်တွေကို ကန့်သတ်ထားတော့ သဘောၤာသားတွေ သယ်လာတဲ့ အလှပြင် ပစ္စည်း၊ အဝတ်အထည်၊ ဖက်ရှင်အဆင်တန်ဆာတွေဆိုတာလည်း ဗိုလ်ချုပ်ဈေးမှာပဲ ရနိုင်တာ တယ်။ ထိုင်းနယ်စပ်က မှောင်ခိုသွင်းလာတဲ့ ပစ္စည်းတွေက တောင်ဥက္ကလာ၊ စိန်ဂျွန်း ဈေး စတဲ့ဈေးအတော်များများမှာ ရနိုင်ပေမယ့် ဂျပန်ပစ္စည်း၊ အမေရိကန်ပစ္စည်း ဆိုတာက ဗိုလ်ချုပ်ဈေး မှာပဲ ရနိုင်တာလေ။ ဒါတောင် တစ်မျိုးကို သုံးလေးထည်ထက် ပိုရှိတာမဟုတ်ဘူး။

ကျွန်တော်တို့လူငယ်ဘဝက ဗဟိုရုံထဲမှာ ဆိုင်ပိုင်ရှင်နာမည်ကို အစွဲပြုပြီး “ ဂိုရား” ဆိုင်လို့ခေါ်တဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အမေရိကန်အဝတ်အထည်တွေရောင်းတာ။ ပျောက်ကြားဂျာကင်တွေ ခေတ်ထတဲ့အချိန်က သူ့ဆိုင်မှာ သွားငေးရတယ်။ ကျော်ဟိန်းတောင် သူ့ဆိုင်က ဝယ်ဝတ်တယ် လို့နာမည်ကြီးခဲ့ဖူးတယ်။

အစားအသောက်ဆိုရင်လည်း ဦးကြွိ ဆီချက်၊ ရုံတွေကြားထဲမှာ ဗန်းကြီးနဲ့ရောင်းတဲ့ အသုပ်စုံ သည် တို့က နာမည်ကြီးပေါ့ ။

ဈေးဝယ်စင်တာကြီးတွေပေါ်လာတော့ ဗိုလ်ချုပ်ဈေးနဲ့ဝေးသွားတယ်။ ကားရပ်ရတာခက်တာရယ်၊ လူတွေ တိုးဝှေ့နေရတာရယ်ကြောင့် ဗိုလ်ချုပ်ဈေးကို တစ်နှစ်နေလို့ တစ်ခေါက်မရောက်တော့ ဘူး။

ဒီနေ့နေ့လယ်တော့ ဗိုလ်ချုပ်ဈေးအခြေအနေကို သိချင်လို့ရောက်သွားခဲ့တယ်။ အနောက်ဘက် တန်းမှာ ကားတွေရပ်ထားတယ်။ ဒါပေမယ့် ဈေးဝယ်ကားထက် ဈေးသည်ကားက ပိုများမယ် ထင်တယ်။ ကားရပ်ဖို့နေရာ ရှာဖို့မခက်ဘူး။ အရှေ့ဘက်တန်းမှာတော့ ကားမရှိသလောက် ပဲ။

ဗိုလ်ချုပ်ဈေးဟာ ဈေးဝယ်ထက် ဈေး သည်ကများနေတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ၊ ဒေသခံဈေးဝယ်သူတွေနဲ့ အမြဲတမ်းပြည့်နေတဲ့ ဗဟို ရုံဟာ ခြောက်ကပ်နေတယ်။ ရုံတွေ၊ အပြင်တန်းတွေမှာ ဆိုင်ခန်းအတော်များများ ပိတ်ထားကြတယ်။ မနေ့ထဲက မတ်လ လစာပေးပြီး ဝန်ထမ်းတွေကို ပြန်လွှတ်လိုက်ကြပြီ၊ မေလ မှ ပြန်ဖွင့်တော့မယ်လို့ ပြောတယ်။

ဖွင့်ထားတဲ့ဆိုင်တွေလည်း ငုတ်တုတ်မေ့နေကြတာပါပဲ။ ဆိုင် ခန်းတွေရှေ့မှာ အရောင်းစာရေး မလေးတွေ၊ ဆိုင်အကူတွေပဲရှိတယ်။ဈေးဝယ်တစ်ယောက်လောက် ဝင်လာ ရင် မေ ျှာ်လင့်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေကြတယ်။ တစ်ချို့လည်း ဘာရှာသလဲလို့မေးတယ်။ ဒါပေ မယ့် လေသံက အားမပါလှဘူး။ ဗဟိုရုံထဲမှာ ရှားရှားပါးပါး နိုင်ငံခြားသား သုံးလေးယောက်တွေ့ တယ်။ သူတို့ကလည်း ဈေးဝယ်ဖို့ထက် ဈေးပိတ်ထားတာကို ဓာတ်ပုံလာရိုက်တာထင်ပါရဲ့။

ဆိုင် တစ်ဆိုင်ကတော့ ဖိနပ်ထုတ်တွေ ကားပေါ်တင်နေတာတွေ့တယ်။ ဆိုင်ပိတ်ထားမှာဖြစ်လို့ ပစ္စည်းတွေရွှေ့တာလား၊ နယ်ကိုပို့တာလားတော့မသိဘူး။ အပ်ချုပ်ဆိုင်တစ်ဆိုင်က အပ်ချုပ် ဆရာကတော့ တောင့်ထားတယ်ဆိုတဲ့ သဘော လက်မထောင်ပြတယ်။ ဆိုင်တစ်ဆိုင် ရှေ့ မှာတော့ ဆိုင်ရှင်လို့ထင်ရတဲ့ အမျိုးသားတစ်ယောက် ခုံတန်းရှည်ပေါ်မှာ အားပါးတရ အိပ် နေ တယ်။ အားလုံးကို မေ့ထားချင်သူထင်ပါရဲ့ ။ ဆိုင်ခန်းတစ်ခုရှေ့မှာတော့ အမျိုးသမီးသုံးယောက် ဆိုင်ပိတ်နေတယ်။ ဘေးဆိုင်ကို လှမ်းပြီး ပြန်ပြီအန်တီရေ လို့ နှုတ်ဆက်နေတယ်။ သူတို့မှာ နောက် နေ့ ဆိုင်ဖွင့်ဖို့အတွက် ခွန်အားရှိသေးရဲ့လားမသိဘူး။

ရွှေထမင်း၊ ငွေထမင်း၊ ပဲမြစ်၊ ဒညင်းသီးရောင်းတဲ့အမကြီးကတော့ အရင်က ဆိုရင် ညီအမနှစ် ယောက် နှစ်ဆိုင်ပေါင်း တစ်သိန်းခွဲဖိုးလောက်ရောင်းရတယ်တဲ့။ မနေ့စပြီး လူနည်း သွားတာ ဒီနေ့အခုချိန်ထိ ငါးထောင်ဖိုးပဲရောင်းရသေးတယ်၊ ပဲမြစ်တွေ၊ ဒညင်းသီးတွေက ဝယ် ထားပြီးသားဖြစ်နေတော့ နောက်နေ့လည်း လာရောင်းရဦးမှာပဲတဲ့။

အထည်ဆိုင်တစ်ဆိုင်ကတော့ တစ်သက်လုံး ဈေးရောင်းလာတာ ၂၀၀၇ စက်တင် ဘာ အရေးအခင်းတုန်းကတောင် ဒီလောက် မဆိုးဘူး လို့ပြောတယ်။ ဒါပေမယ့် မနက်ဖြန် လည်း ဆိုင်ဖွင့်မှာပါ။ ဈေးရောင်းနေကြဆိုတော့ ဈေးထဲမလာရရင် နေမကောင်းဘူးတဲ့။

အရင်ကဆိုရင် ထိုင်ဖို့နေရာအတော်ရှာရတဲ့စားသောက်ဆိုင်တန်းမှာ လူရှင်း နေတယ်။ ကျွန်တော်ဝင်သွားတော့ ဘာ စားမလဲ ဆိုပြီး ဟင်းအမည်တွေ ဝိုင်းရွတ်ပြကြတယ်။ ကျွန်တော်က ဦးကြွိ ဆီချက် စားချင်လို့ သွားတာ၊ ဦးကြွိဆိုင်ပိတ်ထားတယ်။ ပန်းကန်ခွက်ယောက်တွေကို ဆိုင်ရှေ့စားပွဲမှာပုံထားတယ်။ နံရံမှာ ဒယ်အိုးသုံးလုံးချိတ်ထားတယ်။ အအေးပုလင်းကတ်တွေကို ဆိုင်နောက်မှာ ၊ နံရံပေါ်က စင် ပေါ်က အုပ်ဆောင်းအောက်မှာ အသီးအရွက်လို့ထင်ရတဲ့အရာတစ်ချို့ရှိတယ်။ ဆိုင်မှာ အသက် ဝင်နေတာဆိုလို့ ရေခဲသေတ္တာက ပါဝါမီးလင်းနေတာပဲရှိတယ်။ ဘယ်တော့မှ ဆိုင်မပိတ်တဲ့ ဦးကြွိ ဟာ ဗိုင်းရပ်စ် တိုက်စစ်ကြောင့် ခွာစစ်ဆင်သွားပုံရတယ်။ ဆီချက်ကို ဗိုလ်ချုပ် ဈေးထဲကနေ မောင်းထုတ်လိုက်တဲ့ ဗိုင်းရပ်စ်ကို မေတ္တာပို့ရင်းပြန်ထွက်ခဲ့တယ်။

စားသောက်တန်းအပြင်ဘက် လမ်းကြားထဲမှာတော့ လက်ဖက်ရည်ထိုင်သောက်နေသူနည်းနည်း ရှိသေးတယ်။ ဈေးဝယ်ထက် ဈေးသည်တွေ၊ ပွဲစားတွေ ပဲ ဖြစ်မယ်ထင်ပါတယ်။ ဈေးရုံတွေဘက်က ပန်းကန်တွေ ပြန်သယ်လာတဲ့ စားပွဲထိုးလေးတွေလည်း တွေ့တယ်။ အခုအချိန်မှာ တော့ ဈေးသည်အချင်းချင်းပဲ ပြန်အားပေးနေရပုံပဲ။

စီရုံ နဲ့ ဒီရုံကြားက ရခိုင်မလေးဆိုင်ကိုသွားတယ်။ ခါတိုင်းဆိုရင် ကိုယ့်အလှည့်ရောက်ဖို့ စောင့်ရ တဲ့ ဆိုင်မှာ စားတဲ့သူလည်း မရှိဘူး။ ဆိုင်ရှင်လည်းမတွေ့ဘူး။ ဈေးဝယ်လာတာမြင်တဲ့ အနား က အအေးဆိုင်က လှမ်းအော်မှ ရုံထဲမှာ အနားယူနေတဲ့ ဆိုင်ရှင်ထွက်လာတယ်။ အသုတ်တော့ မစားဖြစ်ဘူး။ ရိက္ခာစုဆောင်းတဲ့အနေနဲ့ လ ျှာဇောက်ထိုး ငပိထောင်းဘူးကြီးနှစ်ဘူးဝယ်ခဲ့တယ်။ ဗမာ ပါးစပ်ဟာ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဝက်အူချောင်း၊ ကြက်အူချောင်းမလိုဘူး။ ထမင်း နဲ့ ငါးပိထောင်းဆိုရင် ရပြီလေ။

ဈေးထဲက ပြန်ထွက်တော့ ဗိုလ်ချုပ်လမ်းပေါ်မှာ ကားတွေရှင်းနေတယ်။ အရင်ကတော့ ရန်ကုန် လမ်းတွေပေါ်မှာ ကားတွေကျပ်လို့ စိတ်ရှုပ်တယ်။ ဗိုလ်ချုပ်ဈေးကို ကားကျပ်၊ လူကျပ်လို့ ဝေး ဝေးကရှောင်တယ်။

အခုတော့ ကားကျပ်တဲ့ ရန်ကုန်၊ လူရှုပ်တဲ့ ဗိုလ်ချုပ်ဈေးကိုပြန်ရချင်တယ်။ လူတွေရှုပ်ပါ။ ကားတွေရှုပ်ပါ။ အမှိုက်တွေ ရှုပ်ပါ။ ပြဿနာတွေရှုပ်ပါ။ ရှုပ်နေရင် ရန်ကုန်ဟာ အသက်ဝင် နေတယ်၊ ဝမ်းသာဖို့ကောင်းတယ်ဆိုတာ နားလည်ပြီလေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: