ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။
အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့ ဝန်ထမ်းတွေထိုင်တာများတာပေါ့။
ဒီဆိုင်က ဟင်း၊ထမင်းတွေ ထူးထူးခြားခြားကောင်းတဲ့ဆိုင်တော့မဟုတ်ပါဘူး။ သစ်ပင်ကြီးတွေနဲ့ အရိပ် ကောင်းတယ်၊ ပလက်ဖောင်းပေါ်ကလူတွေ၊ လမ်းပေါ်က ကားတွေကို အေးအေး ဆေးဆေး ထိုင်ကြည့်လိုရတယ် ဆိုတော့ ထိုင်ဖြစ်တဲ့သဘောပါပဲ။
ကျွန်တော်က ထမင်းကြော်ဆိုရင် စစ်သားဘဝမှာ မနက်တိုင်းစားခဲ့ရတဲ့ ဆီနည်းနည်း၊ နနွင်းများများ နဲ့ကြော်ထားတဲ့ ထမင်းကြော် ဝါဝါခြောက်ခြောက်၊ ဒါမှမဟုတ် ဆီလည်းနည်းနည်း၊ ကြာညို့နည်းနည်း နဲ့ ကြော်ထားတဲ့ ဖြူညို ကွက်ကျားထမင်းကြော် နဲ့ လက်ဖက်ရည်ကျကျ တစ်ခွက်ကိုပဲ စွဲလမ်းနေတယ်။ အိမ်ကထမင်းကြော်ကို ခံတွင်းမလိုက်ဘူး။ ဒါ့ကြောင့် ထမင်းကြော် ချဉ် ခြင်းတပ်တဲ့အခါ လမ်းဘေးထမင်းကြော် ဆိုင်ပဲ ရှာစားဖြစ်တယ်။ နေပြည်တော် မှနေ ချိန်ကတော့ ညဘက်ရန်ကုန်ဝင်ရင် ခရေပင်လမ်းထောင့်က မိုးအလင်းဆိုင်က ထမင်းကြော်နဲ့ အမဲသားကြော် က ပင်တိုင်ပေါ့။
ရှစ်နာရီခွဲဆိုတော့ ဝန်ထမ်းတွေရောက်မလာသေးဘူး။ လူရှင်းတယ်။ ကျွန်တော်ရယ်၊ နောက်ထပ် နှစ်ယောက်ထိုင်နေတဲ့ စားပွဲ နှစ်လုံးပဲလူရှိတယ်။ လမ်းဘေး ဆိုင်ဆိုတော့ အခုခေတ်စားနေတဲ့ ပလတ်စတစ်အကာတွေဘာတွေ မရှိဘူး။ လာထိုင်တဲ့ လူတွေ ကလည်း အတူလာကြတဲ့သူတွေဆိုတော့ ဆိုင်ရောက်မှ ခွဲခွဲခြားခြားထားလို့လည်း အကျိုးထူး မယ် မထင်ဘူး။
တစ်ဖက်စားပွဲက လူနှစ်ယောက်မှာ တစ်ယောက်က လီမွန်တီးသောက်တယ်။ တစ်ယောက်က ဘာမှမသောက်ဘူး။ ရေနွေးကြမ်းသောက်ပြီး အဖော်လုပ်တယ်။ လီမွန်တီးသောက်နေတဲ့လူက မနေ့ညက အရက်မူးနေတဲ့ လူသုံးယောက်အကြောင်းပြောပြနေတယ်။ သူ့စကားအရဆိုရင် မူးတဲ့ သုံးယောက်က ဌာနတစ်ခုခုက ဖြစ်မယ်ထင်တယ်။ သူ့မိတ်ဆွေကို မင်းလည်း မြင်တယ်၊ ကြားတယ် လုပ်မနေနဲ့၊ ကိုယ်ပါ အမှုတွဲခံရနေရမယ်ဆိုပြီး သတိပေးတယ်။
ခဏနေတော့ တူညီဝတ်စုံနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရောက်လာကြတယ်။ တစ်ချို့က ဖယ်ရီပေါ် က ဆင်းလာတယ်။ တစ်ချို့က ကမ်းနားဘက်က တက်လာကြတယ်။
အမျိုးသမီးငါးယောက်အုပ်စုက တစ်ဝိုင်း၊ အမျိုးသားသုံးယောက်က တစ်ဝိုင်း ထိုင်တယ်။ ကျွန်တော့်ဘေးက စားပွဲမှာလည်း အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်လာထိုင်တယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဒိုင်ခံပြောတယ်။ ဟိုတစ်ယောက်ကတော့ ဖုန်း ပွတ်ရင်း စကားထောက်ပေါ့။
အမျိုးသမီးက အတော်စကားပြောနိုင်တယ်။ အများစုကတော့ ဌာနက လူတွေအကြောင်း ပါပဲ။ ဝင်ငွေကောင်းပေမယ့် လင်မယားနှစ်ယောက်လုံး စုစု ဆောင်းဆောင်းမနေတတ်လို့ ဒုက္ခ ဖြစ်သွားတဲ့အကြောင်း၊ အမွေရလိုက်တဲ့သူအကြောင်း၊ ရုံးမှာ လပေးရောင်းတဲ့ ပစ္စည်းတွေ အကြောင်း၊ အလုပ် အကြောင်းနားလည်အောင်မလေ့လာဘဲ တစ်ခုခု ဆို လာလာမေးနေတဲ့ လုပ်ဖော်ကိုင်ဘက် တစ် ယောက်အကြောင်း၊ ညနေဈေးကနေ သံပုရာသီး၊ ဒညင်းသီးတွေ ဝယ် သွားပြီး ဆားရည်စိမ် ပြန်ရောင်းတဲ့သူအကြောင်း၊ လစာ နဲ့ ကလေးကျူရှင်လခအကြောင်း၊ စုံနဖာစီပဲ။
နောက်ထပ် ဝန်ထမ်းတွေ ဖြတ်လေ ျှာက်သွားကြတယ်။ တစ်ချို့က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူတွေကို လှမ်းနှုတ်ဆက်တယ်။ တစ်ယောက်၊ နှစ်ယောက် ဝင်ထိုင်တယ်။ ပါလာတဲ့ ထမင်းချိုင့် လေးဖွင့်ပြီး စားတယ်။ ရုံးကိစ္စလာတယ်လို့ထင်ရသူတစ်ယောက်က အမျိုးသမီးဝိုင်းကို လှမ်းနှုတ်ဆက်တယ်။ အမျိုးသမီးတစ်ယောက် အငယ်လေးတစ်ယောက်ကို ချီ၊ တစ်ယောက်ကို လက်ဆွဲပြီး လာတယ်။ သူလည်း ဝန်ထမ်းပဲ။ ကလေးအကြီးလက်ထဲမှာခြင်းတောင်းတစ်လုံး မနိုင် မနင်းဆွဲလာတယ်။ ထိုင်နေတဲ့သူတွေက ပေးပေး၊ သူတို့ယူခဲ့မယ်လို့ပြောတယ်။ ဟိုအမျိုးသမီး က ရပါတယ်၊ ရပါတယ်လို့ပြောတယ်။ တကယ်တော့ ထိုင်နေတဲ့သူတွေ ဘယ်သူမှ ထမယူဘူး။ ဒီလိုနဲ့ ဟိုအမျိုးသမီးလည်း မနိုင်မနင်း၊ ရပါတယ်ပြောရင်း ရုံးပေါ်ရောက်သွားတယ်။
လွတ်နေတဲ့စားပွဲဝိုင်းကို လူနှစ်ယောက်ရောက်လာတယ်။ နိုင်ငံခြားကို စာပို့ချင်တာ လေယာဉ်ခရီးစဉ် မရှိသေးလို့ ပုံမှန်လမ်းကြောင်းနဲ့ ပို့လို့ မရ သေးတဲ့အကြောင်း ပြောနေတယ်။ သီးခြားဝန်ဆောင်မှုနဲ့ ပို့ရင်လည်း စာရွက်လေး သုံးရွက်လောက်ပို့တာကို ရှစ်သောင်း နီးပါးလောက်ကျမှာဖြစ်လို့ မပို့တော့ဘူးတဲ့။ ကိုဗစ် ဂယက်က မသေးလှဘူး။
စည်ပင်ကားတစ်စီးရောက်လာတယ်။ အလုပ်သမားတွေ ဆင်းတယ်။ ပစ္စည်းတွေချတယ်။ ရေနှုတ် မြောင်းတွေချဲ့မယ့်အဖွဲ့တွေထင်တယ်။ လမ်းပေါ်မှာ၊ လမ်းဘေးမှာ ကားတွေပြည့်လာပြီ။ ရုံးချိန် ရောက်ပြီကိုး။ ငွေရှင်းပြီးထတယ်။ မနီးမဝေးမှာ ရှိတဲ့ အိုးလေးနဲ့ ဒိန်ချဉ်ဆိုင်မှာ ပါဆယ် ဆွဲ တယ်။ ဆိုင်ဖွင့်တာကြာပြီလားဆိုတော့ သင်္ကြန်ပြီးထဲက ဖွင့်တာပဲတဲ့။ လမ်းဘေးဆိုင်တွေ ပိတ်ရ တယ်မဟုတ်လားလို့မေးတော့ အဲဒီအချိန်ကပါဆယ်ပဲရောင်းတာလေလို့ပြောတယ်။ ဟုတ်သားပဲ။
ဒိန်ချဉ်ဆိုင်က ပြန်လာတော့ လက်ဖက်ရည်ဆိုင်မှာ ဝန်ထမ်းတစ်ချို့ရှိနေတုန်းပဲ၊ နာရီ ကြည့် လိုက် တော့ ကိုးနာရီခွဲနေပြီ။ အပြောင်းအလဲတွေများတဲ့ခေတ်မှာ မပြောင်းလဲတာတွေလည်း ရှိနေဆဲပဲ။