ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။
ခဏနေတော့ ဇရက်တွေက စပြီး စားပင်ကို ပြောင်းလာတယ်။ ဇရက်တွေက မျက်စိအလျင်ဆုံး ဖြစ်လို့ရှေ့ပြေးကင်းထောက်လာတာများလားလို့ တွေးမိတယ်။ သူတို့နောက်က ငူ ငှက် တွေလိုက်လာတယ်။ နောက် တော့ ကျွန်တော်တို့ မေ ျှာ်နေတဲ့ အောင်လောင် ငှက်တွေ ရောက်လာတယ်။ အစောင့် ဦးလေး ကြီးပြောတဲ့အတိုင်းပဲ အပင်ကြီးတစ်ပင်နဲ့ တစ်ပင် ကူးပြီးလာတယ်။ ဘဝပေး အသိကြောင့် အန္တရာယ်ရှိ/မရှိ အကဲခတ်ပြီးမှလာတဲ့ပုံပဲ။ ပထမ နှစ်ကောင်၊ သုံးကောင် စလာတယ်။ အဲဒီ အကောင်တွေ စားပင်ကို ရောက်သွားပြီးဆိုတော့ နောက်အကောင်တွေက လိုက်လာကြ တယ်။ အားလုံးပေါင်း ကိုးကောင်တွေ့တယ်။ အစောင့် ဦးလေးကြီးက တစ်ကောင်တည်းက အထီး၊ အမတစ်ကောင်က ဒူးလေးစာမိသွားတယ်လို့ ပြောတယ်။ ငှက်တွေက ဓာတ်ပုံရိုက် နေတဲ့သူ တွေနဲ့ လမ်းပေါ်က ဖြတ်သွားတဲ့ ကားတွေ ကိုတော့ မလန့်ဘူး။ သူတို့ ကို အန္တရာယ်မပေးဘူးဆိုတာ သိနေပုံပဲ။
အောင်လောင်ငှက်တွေ တစ်ပင်ကနေ တစ်ပင် ကူးတော့မယ်ဆိုရင် အပင်ထိပ်ဖျားဘက် ကို ဖြေး ဖြေးချင်းတက်သွားတယ်။ သူစိတ်ကြိုက်နေရာရောက်ရင် လေဟုန်စီးပြီး တစ်ဖက်အပင်ကို ကူးသွားတယ်။ အဲဒီအချိန်မှာ ရိုက်ကွင်းအကောင်းဆုံးပဲ။ စားပင်ကို ရောက်နေတဲ့ အောင် လောင် ငှက်တွေကတော့ တစ်ကိုင်းနဲ့ တစ်ကိုင်း ခုန်ကူးပြီး အသီးတွေကို စားနေတယ်။ သစ်ရွက်ပါးတဲ့ နေရာ၊ သစ်ကိုင်းအစွန်အဖျားကို ရောက်လာမယ့် အချိန်ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ရိုက် ရတယ်။
ကျွန်တော့်အတွက် ပြဿနာက ကင်မရာမြင်ကွင်းကနေ မြင်နေရတဲ့ အောင်လောင်ငှက်တွေရဲ့ လှုပ်ရှားမှုကို ရင်သပ်ရှုမောဖြစ်နေရတော့ ကင်မရာခလုပ်နှိပ်ဖို့ အမြဲနောက်ကျနေတာပဲ။ နောက် အားနည်းချက်တစ်ခုက အမြန်ရိုက်တဲ့အချိန်မှာ ကင်မရာခလုတ်ကို နှစ်ဆင့်နှိပ်ဖို့ မေ့သွားတတ် တာပဲ။ ဒီတော့ ရိုက်လိုက်တဲ့ပုံအများစုက အနေအထားမကောင်းတာတွေ၊ ဖိုးကပ်စ် မပြတ်တာ တွေဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် အောင်လောင်ငှက်တွေရော၊ အခြားငှက်တွေပါ သဘာဝအတိုင်း လွတ်လပ်ပျော် ရွှင် စွာလှုပ်ရှားနေတာကို ကြည့်ရတာနဲ့တင် ကျေနပ်ပါတယ်။ ငှက်ကြည့်မယ်၊ငှက်တွေကို ဓာတ်ပုံ ရိုက်မယ်ဆိုတော့ စင်္ကာပူ ဂျူရောင်းငှက်ဥယျာဉ်နဲ့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ လေ့ကျင့်တဲ့ အနေနဲ့ ဓာတ်ပုံသွားရိုက်ဖူးတယ်။ သဘာဝအတိုင်းမဟုတ်တဲ့နေရာမှာနေရတဲ့အတွက် ငှက်တွေရဲ့ လှုပ်ရှားမှုက လေးလံနှေးကွေးနေသလို ဓာတ်ပုံရိုက်ရတာလည်း ကြည်နူးဖို့ မကောင်းဘူး။ ဂျူးရောင်းမှာ ငှက်ရုံ အကြီးကြီးနဲ့ထားတဲ့ ငှက်တွေ တောင် စိတ်တိုင်း ကျ ပံျသန်းလို့မရလို့ အနေကျုံ့တဲ့ပုံစံပေါက်နေတယ်။ အခုမြင်နေရတဲ့ ငှက်တွေကတော့ သစ်ကိုင်းတစ်ကိုင်းကနေ တစ်ကိုင်း ခုန်ကူးလိုက်၊ သစ်သီးတွေ စားလိုက်၊ ဘာသာဘာဝတေးသံ လေးတွေ သီကျူးလိုက်နဲ့ မြင်ရသူတိုင်းကြည်နူးရတဲ့မြင်ကွင်းပါ။
ငှက်တွေ ပျော်မြူးနေချိန်မှာပဲ ငှက်ကြည့်ဖို့လာတဲ့ ကားလေးငါးစီးရောက်လာကြတယ်။ မိသားစုလိုက်၊ ကင်မရာတွေ၊ မှန်ပြောင်းတွေ ယူလာသူတွေလည်းပါတယ်။ ငှက် တွေလည်းကြည့်၊ ကိုယ်တိုင်လည်း အမှတ်တရ ဓာတ်ပုံရိုက်ကြပေါ့။ ဒီဗီဘီ သတင်းဌာနက ဒီနေရာ အကြောင်း သတင်းတင်ဆက်ပြီးနောက်မှာ လာလေ့လာတဲ့သူတွေများလာတယ်လို့ သိရတယ်။ ကျေးငှက်တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူများလာတာ ကောင်းတဲ့လက္ခဏာပဲ။ ဒါပေမယ့် ငှက်ကြည့်ရာမှာ လိုက်နာသင့်တဲ့အချက်တွေနဲ့ ဒီ စားပင် မှာတွေ့နိုင်တဲ့ အောင်လောင်ငှက်နဲ့ အခြားငှက်တွေရဲ့ အကြောင်းကိုပါ လိုတိုရှင်း ပိုစတာလေး ထောင်ထားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။
အခုလို အောင်လောင်ငှက်အပါအဝင် ဥပဒေနဲ့ကာကွယ်ထားတဲ့ တိရိစ္ဆာန်မျိုးစုံကို ကာကွယ် စောင့်ရှောက်ရေးအတွက် အရေးအကြီးဆုံးကတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုပဲ။ ဗိုက်ပြည့် နေတဲ့ သူတွေက ထိန်းသိမ်းစောင့်ရှောက်ထားရမယ်လို့ မြင်ပေမယ့် ဗိုက်မပြည့်သူအတွက် ကတော့ ဝင်ငွေရမယ့် ၊ ဗိုက်ဖြည့်ပေးမယ့် သားကောင်တစ်ကောင်လို့ပဲမြင်မှာပဲ။ ငှက်တွေ အများကြီး၊ ငါပစ်တာက တစ်ကောင်တည်းပဲလို့ ဆင်ခြေပေးမှာပဲ။ ဒါကို တရားစွဲတဲ့နည်းလမ်း တစ်ခု တည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူး။
အခု စားပင်လို လမ်းဘေး အသွားအလာလွယ်ကူတဲ့နေရာ ကို လာနေတဲ့ အောင်လောင်ငှက်တွေကို စောင့်ရှောက်နိုင်ပေမယ့် ပဲခူးရိုးမ အနှံ့က စားပင်တွေ၊ စားကျက်တွေ မှာ၊ ကျင်လည်ကျက်စားနေတဲ့ အောင်လောင်ငှက်တွေ၊ ကျန်တဲ့ ရှားပါးတိရိစ္ဆာန် တွေအားလုံးကို ဒေသခံလူထုတွေ၊ တောအနှံ့တောင်အနှံ့ အမဲလိုက်နေသူတွေကသာ ကာကွယ်ပေးနိုင် မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒေသခံတွေကို ဘယ်လိုစည်းရုံးမလဲ၊ ပိုစတာထောင်ရုံ၊ ဟောပြောပွဲလုပ်ရုံ၊ အစောင့် ထားရုံနဲ့တော့ မလုံလောက်ဘူး။
အဲဒီ အဖြေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က “ အာကျဲခေါ” ရွာလေးမှာ တွေ့နိုင်မယ်လို့ ထင် တယ်။
( ဆက်လက်ဖော်ပြပါမည်။ )