ငှက်ကြည့်တဲ့ မိုင်တိုင် ၆၉ ကနေ တစ်မိုင်လောက်ဆက်မောင်းသွားရင် လမ်းဘယ်ဘက်မှာ တဲစုလေးရှိတယ်။ အနားမှာ သစ်ပင်ကြီးတစ်ပင် နဲ့နတ်စင်နှစ်ခုရှိတယ်။ အဲဒီသစ်ပင်က လည်း စားပင်ပဲ။ အခု အသီးတွေသီးနေပြီ။ မိုင်တိုင် ၆၉ အပင်က အသီးတွေ ကုန်ခါနီးရင် ဒီအပင်က အသီးတွေမှည့်တယ်တဲ့။ အဲဒီအချိန်ကျရင် ငှက်တွေက နတ်စင်အပင်ကို ပြောင်းပြီး စားကြ လိမ့်မယ်။ သဘာဝတရားကြီးက ငှက်လေးတွေ အစာရေစာမပြတ်အောင်ဖန်တီးပေးထားသလိုပဲ။
တဲစုလေးကို ကျော်ပြီးနည်းနည်းမောင်းလိုက်ရင် သစ်တော စစ်ဆေးရေးဂိတ်ရှိတယ်။ ဂိတ် ကျော် တာနဲ့ ကားလမ်းညာဘက်မှာ တောင်အောက်ကို ဆင်းသွားတဲ့လမ်းလေးရှိတယ်။ အဲဒါက ရဲနွယ် ဆည်ကို သွားတဲ့ လမ်းပဲ။ ဆည်ကိုသွားမယ်ဆိုရင် လူသွားလမ်းဖြစ်တဲ့အတွက် ကားကို လမ်းဘေးမှာ ရပ်ခဲ့ရမယ်။
လူသွားလမ်းထိပ်မှာ တဲလေးတစ်လုံးရှိတယ်။ အဲဒါက ရဲနွယ်ဆည် လှေဆိပ်ကို ကုန်ထမ်းပို့တဲ့ သူ တွေစောင့်တဲ့တဲ။ ကျွန်တော်တို့ ရောက်သွားတော့ လူနှစ်ယောက်ထိုင်နေတယ်။ ဆည်ကို သွားရင် ဘယ်ဘက်လမ်းက သွားလို့ပြောတယ်။ ဘယ်ဘက်လမ်းက လူသွားတဲ့ လမ်း၊ ညာဘက်လမ်းက ဆိုင်ကယ်သွားတဲ့လမ်း။ ဆိုင်ကယ်သွားတဲ့လမ်းက အတော်မတ်တယ်၊ ချောက်လိုဖြစ်နေတဲ့ ကြားက တက်/ ဆင်းရတာ တော်ရုံကျွမ်းကျင်မှုနဲ့ မရနိုင်ဘူး။
ကားလမ်းပေါ်နေ ဆည်အထိ ဆယ်မိနစ်လောက်လေ ျှာက်ရတယ်။ ပထမပိုင်းက အဆင်း နည်းနည်း မတ် တယ်။ အောက်ဘက်ရောက်တော့ လမ်းသာပါတယ်။ ကျွန်တော်တို့ ဆင်းတဲ့ အချိန်မှာ လှေဆိပ်က တက်လာတဲ့ ခရီးသည်အဖွဲ့တွေနဲ့ ဆုံတယ်။ ဒီခရီးသည်တွေက ဆည်တစ်ဖက်ကမ်းမှာ ရှိတဲ့ ဆင် စခန်းတွေ၊ တဲစုတွေက လာတာ၊ မြို့ချောင်းကို ဈေးသွားဝယ် မယ့်အဖွဲ့တွေ။
ရိုးမတောထဲ မှာနေတဲ့သူတွေက အခြေခံလူတန်းစားတွေပေါ့။ ဒါပေမယ့် လမ်းပန်း ဆက်သွယ် ရေးခက်ခဲတော့ စားသောက်ကုန်တွေကို မြို့ပေါ်က လူလတ်တန်းစားတွေထက် ဈေးပိုပေးပြီး စားနေရတယ်။
မြို့ချောင်းကို ဈေးဝယ်သွားတဲ့အခါ လှေခက နှစ်ထောင်ပေးရတယ်။ သစ်တောဂိတ်ကနေ မြို့ချောင်းအထိ ဆိုင်ကယ်ကယ်ရီက တစ်ထောင်ပေးရတယ်။ အပြန်ကျတော့ လူ တစ်ယောက် တစ်ထောင်၊ ဆန်အိတ်တစ်အိတ်ပါရင် တစ်ထောင်၊ စုံစီနဖာထည့်လာတဲ့ ဈေးအိတ်တစ်အိတ် ကို ငါးရာပေးရတယ်။ ကားလမ်းပေါ်ကနေ လှေဆိပ်ကို ဆင်းတဲ့အခါ ကိုယ်တိုင်မသယ်နိုင်လို့ အထမ်း သမားငှားရင် ဆန်အိတ်တစ်ထောင်၊ ဈေးအိတ်ငါးရာ၊ စက်လှေကျတော့ လူနှစ်ထောင်၊ ဆန်အိတ်နှစ်ထောင်၊ ဈေးအိတ်တစ်အိတ် တစ်ထောင်ပေးရတယ်။ ဒီတော့ ဆန်အိတ်တစ်အိတ် ကို အိမ်ရောက်တဲ့အခါ မူလတန်ဖိုးအပြင် သယ်ယူပို့ဆောင်ခက လေးထောင် အပိုဆောင်းကျနေ ပြီ။ ဒါတောင် ဟိုဘက်ကမ်းရောက်ရင် ကိုယ့်လူတွေက ဝိုင်းသယ်ပေးလို့ ၊ မဟုတ်ရင် ငွေထပ်ကုန် ဦး မယ်။
ဈေးဝယ်လာသူအများစုကတော့ အမျိုးသမီးတွေပါ။ ကလေးတွေလည်း ပါတယ်။ ကလေးတွေ အတွက် မူလတန်းကျောင်းတော့ ရှိတယ်တဲ့။ မူလတန်းအောင်ပြီးရင် ဘယ်မှာ ကျောင်းထားမလဲ လို့ မေးတော့ ရယ် (ရီ) တယ်။ ဈေးဝယ်အဖွဲ့မှာ ကိုယ်ဝန်ဆောင်တစ်ယောက်လည်းပါတယ်။ အမကြီး ဒေါ်ဗိုက် ဘယ်လောက်ရှိပြီလဲဆိုတော့ ခြောက်လတဲ့။ ဆိုင်ကယ်စီး၊လှေစီးနဲ့ ဗျာ ဆို တော့ အမလေး အရင်ဟာတွေလည်း ဒီလိုပါပဲတဲ့။ ဘယ်မှာ မွေးမှာတုန်း ဆိုတော့ အရပ် လက် သည်နဲ့ပေါ့တဲ့။ ဘဝတွေ ၊ ဘဝတွေ။
လှေဆိပ်မှာ တဲဆယ်လုံးလောက်ပဲရှိတယ်။ လမ်းဘေး ဘယ်ညာမှာ အဆင်ပြေသလို ဆောက် ထားတဲ့ ဝါးတဲလေးတွေ၊ ကြီးကြီးမားမားဆိုလို့ ရေစပ်နားက ဈေးဆိုင်အိမ်ပဲရှိတယ်။ တဲတွေက တံခါးမရှိဘူး။ ဒီနေရာမှာ တံခါးပိတ်ထားခဲ့ဖို့လည်း မလိုပါဘူး။ လူတွေကတော့ ဆည်ဆောက် လုပ်ရေးစီမံကိန်းတုန်းက ဒေသအသီးသီးကရောက်လာပြီး မပြန်တော့တဲ့သူတွေပါပဲ။ ထင်း ခုတ်၊ မီးသွေးဖုတ်၊ စက်လှေမောင်း နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့သူတွေပေါ့။ လှေဆိပ်မှာ စက် လှေ ခြောက်စီးရှိတွေ့တယ်။ စက်ဖြုတ်ပြီး ရေထဲမြုပ်နေတဲ့ လှေသုံးစီးရှိတယ်
ဆည်ထဲမှာ လှည့်ပြတဲ့ ခရီးစဉ်ကတော့ အတိအကျမရှိပါဘူး။ သွားမယ့် နာရီ နဲ့ ခရီးစဉ် ပေါ်မူတည်ပြီး ညှိပေါ့။ ဆည်အဖျားအထိ အဝေးဆုံးသွားရင်တော့ သုံးသောင်းကျော် လောက် ပေးရလိမ့်မယ်။ ဆည်အဖျားဘက်မှာ ရေတံခွန် တစ်ခုရှိတယ်။ အခုတော့ ရေခန်းနေပြီ၊ ဒါပေမယ့် ကျောက်တုံးကြီးတွေနဲ့ ရှုခင်းလှတယ်လို့ ပြော တယ်။
ကျွန်တော်ကတော့ ခရီးဆက်ဖို့လည်း ရှိတယ်။ နေ့လယ်စာလည်း မပါတဲ့အတွက် စက်လှေ မစီး ဖြစ်ဘူး။ ငှက်လည်းကြည့်မယ်၊ လှေလည်း စီးမယ် ဆိုရင်တော့ ရန်ကုန်က နေ့လယ်စာ ချက်ယူ လာ၊ မနက်ငါးနာရီလောက်ထွက်၊ ငှက်ကြည့်မယ့်နေရာကို ခုနှစ်နာရီကျော်လောက်ရောက်။ ငှက်ကြည့်။ လှေဆိပ်သွား၊ လှေစီး၊ ဆည်ထဲက ရှုခင်းကောင်း တဲ့၊အဆင်ပြေမယ့်နေရာမှာ လှေဆိုက်ပြီး ပျော်ပွဲစား ဆိုရင်တော့ ပိုကောင်းမယ်။ သတိထား ဖို့ က စက်လှေတွေမှာ သက်ကယ်အင်္ကျီ မရှိဘူး။ စိတ်မချဘူးဆိုရင် ကိုယ့်ဘာသာကိုယ်ယူသွားမှရမယ်။ ပြီးရင် နောက် လူ တွေအတွက် လှေဆိပ်မှာလှုထားနိုင်ရင်လည်း ကောင်းတာပဲ။
တဲစုလေးက လူတွေကတော့ ဆည်ထဲက ကျွန်းတွေပေါ်မှာ ညအိပ်ချင်တယ်ဆိုရင် ပို့ပေးမယ်၊ အိပ်ဖို့ ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ယူလာ။ သူတို့က ထမင်းဟင်း ပို့ပေးမယ်လို့ ပြောတယ်။ ဟိုအကောင်၊ သည်အကောင်တွေ မကြောက်ရင်တော့ ဆည်ထဲက ကမ်းခြေတွေမှာ လည်း အိပ် လို့ရပါတယ်တဲ့။ ကျွန်တော်ကတော့ မြင်ရသလောက် ဆည်ထဲမှာ ညအိပ်တဲ့ အထိ လိုအပ်တဲ့ အခြေအနေတွေ မပြည့်စုံသေးဘူးထင်တာပဲ။
တဲစုလေးက ကလေးတွေကတော့ သူတို့ပတ်ဝန်းကျင် ကအပြောင်းအလဲတွေကို သတိထား မိပုံမရဘူး။ တဲစု အလယ်က ကွက်လပ်လေးမှာ ဆော့ကစားလို့၊ တစ်ချို့က တောစပ်က သစ်တုံးကြီးမှာ ထိုင် ဆော့နေတယ်။ မိဘတွေကတော့ ကလေးအငယ်တွေကို ချီပြီး နေပူစာ လှုံနေတယ်။ လူကြီး တစ်ချို့က ဖဲချပ်တွေနဲ့ ဆော့နေတယ်။ ကိုးမီးတို့ ပိုကာတို့ဆော့တာ မဟုတ်ဘူး။ အနီ အနက် ရွေးတာတဲ့။ ကျွန်တော့်ကို ရှင်းပြပေမယ့် နားမလည်ဘူး။
ဒီလှေဆိပ်လေးက ဆည်တစ်ဖက်ကမ်းက ဆင်စခန်းတွေ၊ တဲစုတွေ အတွက် ကူးတို့ဆိပ် သက်သက်ပါပဲ။ တရားဝင်မဟုတ်ဘူး။ ဒေသအာဏာပိုင်တွေ ကြည်ဖြူ လို့ လုပ်ကိုင် စားသောက်နေရတဲ့သဘောပါ။ အခု မှ ငှက်ကြည့်သူတွေရောက်လာတဲ့အတွက် ဆည် ရှုခင်း တွေလိုက်ပြတဲ့ အခွင့်အလမ်းသစ်တွေပေါ်လာတာ။ တဲစုလေးက လူတွေကို ကြည့်ရတာ ဧည့်သည်တွေများလာလို့ ပျော်သလို တစ်ဖက်ကလည်း ဒေသအာဏာပိုင်တွေက ဘာလုပ်မလဲ ဆိုတာကိုလည်း တွေးပူနေသလိုပဲ။
သူတို့ကိုလည်း အပြစ်မတင်ချင်ပါဘူး။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် ဒေသခံတွေ နေရာပျောက် တာက ရိုးရာအစဉ်အလာလိုဖြစ်နေပြီလေ။ တစ်ချိန်မှာတော့ သားငှက် တိရိစ္ဆာန်တွေလည်း ပျော်၊ ဒေသခံတွေလည်း ပျော်တဲ့ ရိုးမဖြစ်လာပါစေလို့ပဲ ဆုတောင်းမိတယ်။
မှတ်ချက်
လှေဆိပ်အခြေအနေ သိချင်ရင် အောက်က နှစ်ယောက်ကို ဖုန်းဆက်မေးလို့ရပါတယ်။ ဦးညွန့်ဝင်းတဲက ကားလမ်းပေါ်က ဆင်းရင် ပထမဆုံးတွေ့တဲ့ တဲဖြစ်ပါတယ်။ မတူး က စက်လှေ ဆိပ် ဈေးဆိုင်က ဖြစ်ပါတယ်။
နှစ်ယောက်လုံးကတော့ ထမင်းစားမယ်ဆိုရင် ဖုန်းကြိုဆက်ထား၊ ချက်ထားပေးမယ်လို့ပြော တယ်။ သူတို့ကို ချက်ခိုင်းမယ်ဆိုရင်တော့ တစ်ခါသုံး ပန်းကန်တွေ၊ ခွက်တွေ ယူ သွားတာက ပိုအဆင်ပြေမယ်လို့ထင်ပါ တယ်။
၁။ ဦးညွန့်ဝင်း ၀၉ ၄၅၁၀၇၅၃၁၂
၂။ မတူး ၀၉ ၄၀၂၉ ၃၆၇၅၈
အတက်ကြမ်းတဲ့ ဆိုင်ကယ်လမ်း အဆင်းကလည်း မလွယ်ဘူး မို့ချောင်း သွားမယ့် ဈေးဝယ်သူ တောလမ်း နဲ့ တောဆိုင်ကယ် စက်လှေဆိပ်အဆင်းလမ်း