ပဲခူးရိုးမပေါ်ကို ခရီးထွက်မယ်ဆိုတော့ ဆောင်းခိုငှက်တွေ အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ ငှက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ #wildwingsgroup မှာပါဝင်တဲ့ ဆရာသမား တစ်ယောက်က ကျွန်တော်သွားမယ့်ဒေသမှာ ဒေါင်းမျိုးစိတ်တွေ ရှိတဲ့အကြောင်း၊ သူကိုယ်တိုင် ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ဖူးကြောင်း၊ ကျွန်တော်လည်း ဓာတ်ပုံရိုက်နိုင်အောင်ကြိုးစား သင့် ကြောင်းပြောတယ်၊ အဲဒီဒေသကို ရောက်ရင် ဆက်သွယ်ရမယ့် လမ်းပြကိုလည်း ညွှန်တယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ပဲခူးရိုးမပေါ်ကို ခရီးထွက်ချိန်က #BagoYomaEcoResort ဆိုတဲ့ သဘာဝအခြေခံအပန်းဖြေစခန်းလေးမှာ တည်းခိုနေထိုင်ခဲ့တယ်။ အဲဒီ စခန်းလေးအကြောင်း ကို ဆိတ်ငြိမ်ရာ ဆိုပြီး ရေးခဲ့ဖူးတယ်။ ( https://myehtut.com/2019/11/17/ဆိတျငွိမျရာ-၂/)
၂၀၂၀ ခုနှစ် ကိုဗစ် ပထမလှိုင်းကာလက စလို့ အပန်းဖြေစခန်းလေးလည်း တံခါးတွေပိတ်၊ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။ အခုတော့ ဝန်ထမ်းတွေ ကာကွယ်ဆေးထိုးပြီးတဲ့အတွက် အပန်းဖြေစခန်းကို ကိုဗစ် ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းစဉ်တွေနဲ့ အညီ ပြန်ဖွင့်ခွင့်ပြု ပြီ ဆိုတော့ ဒီအပန်းဖြေစခန်းလေးကို အခြေပြုပြီး တောတွင်းခရီးနှင်ဖို့ရောက်ခဲ့ရပြန်တယ်။
၂၀၁၉ ခရီးစဉ်မှာတွေ့ခဲ့ရတဲ့ ဝန်ထမ်းအများစုကို ပြန်တွေ့ရတယ်။ သူတို့ထဲက အတော်များများ က ဒေသခံတွေပါ။ တောတွင်းခရီးဖော် လမ်းပြကြီး ဦးတင်ထွန်းကိုလည်း ပြန်တွေ့ တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အပန်းဖြေစခန်းပိုင်ရှင်နဲ့ ဝန်ထမ်းတွေ ဟာ အခက်အခဲ တွေ အမျိုးမျိုးကြားက ဒီအပန်းဖြေစခန်းလေး ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းထားခဲ့ရ တဲ့ အကြောင်းတွေလည်း ကြားရတယ်။
ရိုးမပေါ်ရောက်တာနဲ့ ပထမဆုံးလုပ်တာကတော့ ဒေါင်းတွေ ကျက်စားတတ်တဲ့နေရာကို သိတဲ့ သူနဲ့ ဆက်သွယ်တာပါပဲ။ သူက အခု အချိန်က မိုးတွင်း၊ တောထူတော့ ဓာတ်ပုံရိုက်ဖို့ ခက်တယ်၊နောက်ပြီး အစာပေါတော့ စားကျက်တစ်နေရာထဲက စောင့်ရိုက်ဖို့လည်း မလွယ်ဘူး လို့ ရှင်းပြတယ်။
သူနဲ့ စကားပြောရင်းနဲ့ အပန်းဖြေစခန်းနဲ့ လေးငါးမိုင်လောက်ဝေးတဲ့ ရွာမှာ ဒေါင်းတစ်ကောင် မိ ထားတယ်၊ ရောင်းဖို့ လိုက်စပ်နေတယ်လို့ သိလိုက်ရတယ်။ တကယ်တော့ ဒေါင်းမျိုးစိတ်တွေ ဟာ “ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်း ရေးဥပဒေ ( ၁၉ ၉ ၄ )” အရ ကာကွယ်စောင့်ရှောက်ထားတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖမ်းဆီး သတ်ဖြတ်လို့မရဘူး။
ဒါပေမယ့် ရွာသားတွေကျတော့လည်း သူတို့ စပါးစိုက်ခင်း၊ ပဲစိုက်ခင်းတွေကို ဒေါင်းတွေ ဝင်စားလို့ နစ်နာဆုံးရှုံးတဲ့အတွက် ခြောက်လှန့်ဖမ်းဆီးရတယ်လို့ မြင်ပြန်ရော။ တကယ် တော့ တောရိုင်းတိရိစ္ဆာန်တွေ သဘာဝအတိုင်းနေထိုင်နေတဲ့ သစ်တောတွေထဲကို လူတွေ ကျူး ကျော်ဝင်ရောက် နေထိုင်လုပ်ကိုင်ရာကနေ လူနဲ့ တောရိုင်းတိရိစ္ဆာန်တွေအကြား ပဋိပက္ခဖြစ်လာ ရတာဟာ ကမ္ဘာအနှံ့ကြုံတွေ့နေရတဲ့ကိစ္စ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာပဲ။ ကျွန်တော်ရောက်နေတဲ့ ဒေသမှာတောင် ဥဒေါင်း ငှက်တွေ သာ မက ချေ၊ တောဝက်၊ ဝက်ဝံ စတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းမိတာ၊ သတ်ဖြတ်တာတွေရှိနေတာပဲ။
ကျွန်တော့်အတွက်ကတော့ လက်ရှိအခြေအနေမှာ အဲဒီ ပြဿနာကြီးကို စဉ်းစားဖို့ ထက် ဖမ်းဆီးခံထားရတဲ့ ဒေါင်းကို သဘာဝပတ်ဝန်းကျင်တောထဲကို ပြန်လွှတ်နိုင်ဖို့က အရေးကြီး တယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ ရွာသားကို ဆက်သွယ်ပြီး သူတို့ပြောတဲ့ဈေးနဲ့ ဝယ်လိုက်တယ်။
ဒေါင်းလာပို့ တော့ ဖမ်းမိထားတာက ဒေါင်းမလေးဖြစ်နေတယ်။ နားလည်တဲ့ သူတွေကတော့ မနှစ်ကမှ ပေါက်တဲ့ ဒေါင်းပျိုမလေးလို့ ပြောတယ်။ ဒေါင်းမလေးကို ဖမ်းမိခဲ့တဲ့ တောထဲတော့ ပြန်လွှတ်လို့ မဖြစ်ဘူး။ စိုက်ပျိုးခင်းတွေနဲ့ နီးတဲ့အတွက် ပြန်ဖမ်းမိသွားနိုင်တယ်။ ဒါ့ကြောင့် ရွာတွေနဲ့ ဝေးပြီး အခြားဒေါင်းအုပ်တွေ ကျက်စားလေ့ရှိတဲ့ နေရာကို ယူသွားပြီး ပြန်လွှတ် ပေးခဲ့ တယ်။
အပန်းဖြေစခန်းက လမ်းပြကြီး ဦးတင်ထွန်းကပဲ “ ဒေါင်းမလေးရေ၊ မင်းအပေါင်းအသင်း တွေကို သွားရှာပေတော့။ ငါတို့ ဆီကို ပြန်မလာနဲ့တော့” ဆိုပြီး မြေပေါ်ချပေးလိုက်တယ်။ ဒေါင်းမ လေးက မြေပေါ်မှာ လေး၊ ငါးလှမ်းပြေးတယ်။ နောက် တစ်ချက်ပံျပြီး တောစပ်ချုံတွေ ကြားထဲကို တိုးဝင်ပျောက်ကွယ်သွားတော့ တယ်။
ဒေါင်းတွေက သစ်ပင်တွေပေါ် မှာ အိပ်တန်းတက်ပေမယ့် အချိန်အများစုက မြေပေါ်မှာ ကျက်စား ပြီး ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ အစာရှာစားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ချုံတွေထဲကို တိုးဝင် သွားတဲ့ ဒေါင်း မလေးဟာ “ကရော ကရော ” လို့ အသံပြုရင်း တဖြည်းဖြည်းဝေးသွား ပါတော့တယ်။ ကျွန်တော်တို့အားလုံးကတော့ လွတ်မြောက်သွားတဲ့ ဒေါင်းမလေးအတွက် ပီတိ တွေဖြာလို့ ကျန်ခဲ့တာပေါ့။
ဒေါင်းမလေးကို ပြန်လွှတ်ပေးတဲ့ အတွေ့အကြုံကို အခြေခံပြီး ဒီ အပန်းဖြေစခန်းလေးမှာ လုပ်ငန်းရှင်တွေ၊ ခရီးသွား ဧည့်သည်တွေရဲ့ လှုဒါန်းငွေတွေနဲ့ တောရိုင်း တိရိစ္ဆာန် ကယ်ဆယ်ရေး ရန်ပုံငွေ တစ်ခု ထူထောင်ထားရင် ကောင်းမှာပဲ လို့ တွေးမိတယ်။
ဒါပေမယ့် ဖမ်းမိထားတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ပြန်ဝယ်ပြီး သဘာဝတောထဲ ပြန်လွှတ်ပေး တယ်ဆိုတာက ရေတိုဖြေရှင်းနည်းပါပဲ။ လူသားတွေရဲ့ ဖွံ့ဖြိုးတက်ဖို့လိုအပ်ချက်နဲ့ တောရိုင်း တိရိစ္ဆာန်တွေရဲ့ သဘာဝအတိုင်းရှင်သန်နေထိုင်ရေး လိုအပ်ချက်ကို ဟန်ချက်ညီအောင် လုပ်နိုင် မှ၊ လိုရင်း တိုရှင်းပြောရရင် လူနဲ့တောရိုင်းတိရိစ္ဆာန်တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှ ပြဿနာဖြေရှင်းနိုင်မှာပါ။
ခက်တာက ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နိုင်ငံတကာ ဆက်ဆံရေး အကြောင်း ပြောရင်သာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ဘာညာ ကြီးကြီးကျယ်ကျယ်ပြောနေတာ၊ လက်တွေ့ဘဝမှာ ကျတော့ လူလူချင်း တောင်မှ အယူအဆ မတူရင်၊ အကျိုးစီးပွားမတူရင် ငါနဲ့ မတူ ငါ့ရန်သူ နည်းနဲ့ ဖြေရှင်းနေ တာ ဆိုတော့ စိတ်ကူးမယဉ်တာပဲ ကောင်းပါတယ်။
အရမ်းကောင်းပါတယ်ဆရာ❤️
>
LikeLiked by 1 person