ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး

ရွှေတောင် ငွေတောင် ဆိုတာ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း ပေါ်က တောင်ပေါ် ကရင် ရွာလေးပါ။ ရွှေ တောင်ငွေတောင် က အိမ်ခြေ ၈၆ အိမ်၊ လူဦးရေ ၄၄၇ ဦး ရှိတယ်။ တောင်ပေါ် ရွာအနေနဲ့ ပြောရရင်တော့ ရွာကြီးပေါ့။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာက ထမင်းဆိုင်၊ ဈေးဆိုင် တွေအပါအဝင် အိမ် ဆယ်လုံး၊ ဆယ့်ငါးလုံးလောက်ပဲရှိတယ်။ ကျန်တာက အတွင်းဘက်မှာပါ။ ပေါက်ခေါင်း – အုတ်တွင်းက ၁၀၄ မိုင် ၂ ဖာလုံဝေးပြီး ရွှေတောင်ငွေတောင်က မိုင်တိုင် ၅၄ မှာ ရှိတာဆိုတော့ ခရီးတစ်ထောက်နားစခန်းဖြစ်နေတယ်။

မိုင်တိုင် ၅၁ နဲ့ ၅၄ ကြားမှာ ဘော်ဒါ( ၅၂/၁)၊ ခပေါင်း(၅၃/၂) နဲ့ရွှေတောင်ငွေတောင်(၅၄/၃) ဆိုပြီး ရွာသုံးရွာရှိတဲ့ အနက် ခပေါင်း နဲ့ ရွှေတောင်ငွေတောင်က ၁၉ ၅၈၊ ၅၉ ပတ်ဝန်းကျင်က ရိုးမပေါ်မှာ တောင်ယာခုတ်ရင်း ရွှေ့ပြောင်းနေထိုင်နေတဲ့ ကရင်တိုင်းရင်းသားတွေကို စုစည်းပြီး ရွာတည်ပေးခဲ့တာဖြစ်ပါတယ်။ ခပေါင်းမှာက နှစ်ခြင်း ခရစ်ယန်တွေများပြီး၊ ရွှေတောင် ငွေတောင်မှာက ရိုမန်ကက်သလစ် ခရစ်ယန် တွေများပါတယ်။ နှစ်ရွာလုံးမှာ ဗုဒ္ဓဘာသာ ကရင် နဲ့ ဗမာ နည်းနည်း ရှိတယ်။ ဘော်ဒါ ရွာကတော့ ပဲခူးရိုးမ အလယ်ကြောတည့်တည့်မှာရှိတဲ့အတွက် ဘော်ဒါ လို့ခေါ်တာလို့ဆိုတယ်။ အဲဒီရွာက တော့ ပေါက်ခေါင်း- အုတ်တွင်း လမ်းဖောက်လုပ်ရေး နဲ့ ရိုးမ သစ်ထုတ်လုပ်ရေးက အလုပ်သမားတွေ အခြေချနေထိုင်ရာကနေ ရွာဖြစ်လာတာပါ။ ဘော်ဒါ မှာ ရဲကင်းစခန်းရှိတယ်။ ရွှေတောင် ငွေတောင်မှာ ကျေးလက်ဆေးပေးခန်းတစ်ခုရှိတယ်။

ဒီ ရွှေတောင်ငွေတောင်ရွာက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ဖူး တယ်။ ၁၉ ၆၃ ခုနှစ် ဇွန်လ (၁၁ ) ရက်နေ့မှာ တော်လှန်ရေးကောင်စီက တောတွင်း ရောက် နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားဘဲ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။

အဲဒီဖိတ်ခေါ်ချက်ကနေ အစပြုပြီး တော်လှန်ရေးကောင်စီ နဲ့ ဗကပ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖြစ် လာတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်ချက်အရ တရုတ် ပြည်မှာရောက်နေတဲ့ သခင်ဗသိန်းတင် ဦးဆောင်တဲ့ ဗကပ အဝေးရောက်ပါတီဝင်တွေ မြန်မာ နိုင်ငံကို ပြန်လာပြီး သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဗကပ ဗဟို နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်။

ဒီနေရာမှာ အဲဒီအချိန်က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို သိသာစေတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ သခင်ဗသိန်းတင်ခေါင်းဆောင်တဲ့ ဗကပ တပ်ဖွဲ့ ဝင် တွေဟာ ၁၉ ၅၀ ပြည့်နှစ် စက်တင်ဘာလကနေ ၁၉ ၅၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ လေးဖွဲ့ ခွဲ ပြီး တရုတ်နိုင်ငံထဲကို ရောက်လာခဲ့တယ်။ စုစုပေါင်း ၉ ၄ ယောက် ရှိတယ်။ အဲဒီအဖွဲ့ဝင်တွေကို တရုတ် ကွန်မြူနစ်ပါတီအစီအစဉ်နဲ့ နိုင်ငံရေး၊စစ်ရေး သင်တန်းတွေပေးတယ်။ သင့်တော်တဲ့ အလုပ်တာဝန်တွေပေးပြီးနေရာချထားတယ်။

အဲဒီသတင်းကို ဝန်ကြီးချုပ် ဦးနု အစိုးရကလည်း သိတယ်။ဒါ့ကြောင့် ၁၉ ၅၄ ခုနှစ် အောက်တိုဘာ လ မှာ ဝန်ကြီးချုပ် ဦးနု တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးသွားတော့ ဦးနုက ဝန်ကြီးချုပ် ချူအင်လိုင်း ကို ဗကပ ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကို ပြန်လွှဲပေးဖို့ တောင်းဆိုခဲ့တယ်။

အဲဒီအခါမှာ ချူအင်လိုင်းက “ တရုတ်ပြည်က သိပ်ပြီးကြီးလွန်းတယ်၊ သူအနေနဲ့ ဗကပ တွေ ရောက်နေတာ မသိပါဘူး။ ယူနန်ပြည်နယ်ကို ပြန်ပြီးမေးရပါဦးမယ်” လို့ ဖြေခဲ့တယ်။ တကယ် တော့ အဲဒီအချိန်မှာ ဥက္ကဋ္ဌ မော်စီတုန်း အပါအဝင် တရုတ်ခေါင်းဆောင်တွေနဲ့ သခင် ဗသိန်း တင် ခေါင်းဆောင်တဲ့ ဗကပ ကိုယ်စားလှယ်အဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုတွေရှိနေပါပြီ။ ဒါပေမယ့် တရုတ်ဘက်ကတော့ မြန်မာအစိုးရနဲ့ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမယ်၊ ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်ရေးမူကြီးငါးချက်နဲ့အညီ မြန်မာ့ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ဘူး၊ ဗကပ ကိုယ်စားလှယ်အဖွဲ့ရောက်နေတာ သူတို့ မသိဘူးဆိုတဲ့ ရပ်တည်ချက်ကို ပဲ ဆွဲကိုင်ခဲ့တာပါ။

တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးကမ်းလှမ်းချိန်ရောက်တော့မှ တရုတ်ပြည်ထဲမှာ ဗကပ အဝေးရောက် ဗဟို အဖွဲ့ ရှိနေတာကို အသိအမှတ်ပြုပြီး အဝေးရောက်ဗဟို အဖွဲ့တွေ မြန်မာနိုင်ငံပြန်လာနိုင်ဖို့ ဆွေးနွေးခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စိတ်ထက်သန်နေတဲ့ တော်လှန်ရေးကောင်စီ ကလည်း သခင် ဗသိန်းတင် နဲ့ အဝေးရောက် ဗကပ ကိုယ်စားလှယ်အဖွဲ့ ပြန်လာနိုင်ဖို့ သဘောတူခဲ့ တယ်။

ဒီလိုနဲ့ ၁၉ ၆၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က စပြီး တရုတ်ပြည်ရောက် ဗကပ အဝေးရောက်ပါတီ အဖွဲ့ဝင်တွေက တရုတ်လေကြောင်းနဲ့ အသုတ်လိုက်ခွဲပြီး ရန်ကုန်မြို့ကို ရောက်လာခဲ့တယ်။ အဲဒီ ကိုယ်စားလှယ်အဖွဲ့တွေကို ပဲခူးရိုးမ ဗကပ ဗဟိုဌာနချုပ်ကို ဆက်ပို့တဲ့အခါ အဲဒီအချိန်က ဗကပ ဗဟိုက ရွှေတောင်ငွေတောင်ရွာ မြောက်ဘက် ၁၂ မိုင်လောက်မှာ ရှိတဲ့အတွက် ပြည်မြို့ကနေ ရဟတ် ယာဉ်နဲ့ ရွှေတောင်ငွေတောင် ရွာကို ပို့ပေးရတယ်။ ဗကပဗဟိုရဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ကိုယ်စားလှယ်အဖွဲ့ကို လည်း ရွှေတောင်ငွေတောင်ရွာမှာ ရဟတ်ယာဉ်နဲ့ လာကြိုပြီး ရန်ကုန်ကို ခေါ်သွားရတယ်။

ဒါ့ကြောင့် ၁၉ ၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်မှာ ရွှေတောင်ငွေတောင် ရွာက အရေးပါ တဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ပြောတာပါ။

အခု ရွှေတောင်ငွေတောင်ရွာသားတွေက အဲဒီ ကိစ္စ တွေကို မသိတော့ဘူး။ ခရီးသွားတွေက လည်း ရွှေတောင်ငွေတောင် က တောင်ယာလုပ်၊ သစ်ခုတ်၊ ဝါးခုတ်၊ ဈေးရောင်းရွာလေးလို့ပဲ သိတော့တယ်။

ကျွန်တော်ကတော့ ရွှေတောင်ငွေတောင် ထမင်းဆိုင်လေးမှာ နေ့လယ်စာစားရင်း သမိုင်းတစ်ပတ် လည်တယ်ဆိုတဲ့ စကားကို သတိရနေမိတယ်။

ကိုးကား။
၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ၊ ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ဗိုလ်မင်းဒင်၊ရဲဘော်စောလှ၊ ဗိုလ်တင်ရှိန်။ ( မြရာပင်စာပေ၊ ၁ မေလ ၁၉ ၆၉ )
၂။ ဗမာပြည်ကွန်မြူနစ်ပါတီခရီးကြမ်း (တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆို) ၊ မန်းဖိုးအေး(ဝါးခယ်မ) ။ ( ရန်ကုန်လမ်းမများ ၊ ဖေဖော်ဝါရီလ ၂၀၂၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: