ကျိုက်ထီးရိုး တောင်ပေါ်က ပြဿနာမျိုးစုံအကြောင်းကို အခုမှ ရေးဖြစ်ပေမယ့် ၂၀၁၄-၂၀၁၆ ကာလ ပြန်ကြားရေး ဝန်ကြီးတာဝန်ထမ်းဆောင်နေချိန်မှာ ကျိုက်ထီးရိုးတောင်ပေါ်က ပြဿနာမျိုးစုံ ပတ်သက်တဲ့ သတင်းဆောင်းပါးရှည်ကြီးတစ်ပုဒ် ဖော်ပြနိုင်အောင် စီစဉ် ပေးခဲ့ဖူးတယ်။
အဲဒီအချိန်က နိုင်ငံပိုင်သတင်းစာက သတင်းထောက်တွေ၊ စာတည်းတွေဟာ ပေါ်လစီ ဆောင်းပါး၊ ဘုန်းတော်ဘွဲ့ဆောင်းပါးတွေပဲရေးတတ်တယ်လို့ အနှိမ်ခံနေရတဲ့အချိန်ပေါ့။ တကယ်တော့ သတင်းထောက်တွေ၊ စာတည်းတွေက ပုဂ္ဂလိက ဂျာနယ်တွေမှာပါတဲ့ ဆောင်းပါးပုံစံမျိုးတွေ ရေး တတ်တယ်၊ ရေးနိုင်စွမ်းလည်း ရှိတယ်။ အပေါ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ အတွက် ကြောင့်သာ လက်စွမ်းမပြနိုင်တာပါ။
ဒါ့ကြောင့် ကျွန်တော်က ဌာနဆိုင်ရာတွေ နဲ့ပတ်သက်ပြီး အမြင်မတော်တာတွေ၊ အောက်ခြေ ပြည်သူတွေရဲ့ လူနေမှုဘ၀ အခြေအနေတွေကို ထင်ဟပ်တဲ့ဆောင်းပါးတွေရေးဖို့အားပေးတယ်။ ဝေဖန်ထောက်ပြတဲ့အချက်တွေ ပါလို့ ပြဿနာတက်နိုင်မယ်ထင်ရင် ကျွန်တော့်ကို လာပြော၊ ကျွန်တော်ဖတ်ကြည့်ပြီး တာဝန်ခံပေးမယ်လို့ အားပေးခဲ့တယ်။
သတင်းထောက်တွေ၊ စာတည်းတွေ ကလည်း ရေးတယ်။ စာတည်းမှူးချုပ်တွေကလည်း အားပေး ပါတယ်။ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ ဆောင်းပါးတွေက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ ဘ၀ အကြောင်း၊ ရန်ကုန် မထသ အကြောင်း၊ ပြည်သူ့ဥယျာဉ်အကြောင်း၊ ကရဝိတ်ပန်းခြံအကြောင်း ဆောင်းပါးတွေပါ။
ကျွန်တော်ကတော့ သတင်းစာတိုက်တွေကို သက်ဆိုင်သူတွေက ဘာ့ကြောင့်ရေးတာလဲ လို့ မေးရင် ဝန်ကြီးခွင့်ပြုချက်နဲ့ ရေးတာလို့ပြောဖို့မှာထားတယ်။ ကျွန်တော့်ကိုလာပြောရင် တော့ “သတင်းစာကရေးတာမှားတယ်ဆိုရင် တရားဝင်တိုင်ဗျာ၊ အရေးယူပေးမယ်” ၊ ဒါမှမဟုတ် ခင်ဗျား တို့ဘက်က ဖြေရှင်းတဲ့ “စာတည်းမှူးသို့ ပေးစာ” ထည့်ချင်ရင်ရေး၊ ထည့်ပေးမယ်လို့ပဲ အကြောင်းပြန်ခဲ့တယ်။
ကျိုက်ထီးရိုးအကြောင်းရေးတဲ့ဆောင်းပါးကတော့ ပိုထူးခြားတယ်။ ကျွန်တော်တို့ဆီက သတင်းထောက်နှစ်ယောက်က ကျိုက်ထီးရိုးတောင်ပေါ်မှာ ရိုးရိုးလေး ဟိုတယ်ဆောက်လုပ်မှု၊ ဟိုတယ်ခ၊တည်းခိုးခန်းခ၊ ဂေါပကအဖွဲ့ ဘဏ္ဍာရေးအခြေအနေ၊ မြေဆီလွှာထိန်းသိမ်းရန် လိုအပ်ချက်၊ တောင်တက်ကားပြဿနာ၊ အမှိုက်ပြဿနာ၊ ရေ၊ မိလ္လာ ပြဿနာ၊ အလှူခံ ပြဿနာတွေကို သွားစုံစမ်းတယ်။ ဘုရားဖူးတွေ၊ ဂေါပကတွေ၊ ဌာနဆိုင်ရာတွေ အားလုံးရဲ့ အသံပါအောင် လိုက်မေးတယ်။ သူတို့ တောင်ပေါ်က ပြန်ဆင်းလာပြီး ကင်မွန်းစခန်း ရောက်တော့ လူတစ်ချို့ လိုက်လာပြီး ခြိမ်းခြောက်တာလုပ်တဲ့အတွက် ဌာနကို ဖုန်းဆက်၊ ရဲ ကို အကူအညီတောင်း လုပ်ခဲ့ရတယ်။
အဲဒီအကြောင်းကို ကြားတော့ ပြန်ကြားရေး ဝန်ကြီးဌာနက မွန်ပြည်နယ်အစိုးရကို ဖြစ်စဉ်အသေး စိတ်ဖော်ပြပြီးတရားဝင်စာရေးအကြောင်းကြားတယ်။ နိုင်ငံပိုင်သတင်းစာက သတင်းထောက်တွေ ကို တောင် ဒီလိုလုပ်နေရင် ပုဂ္ဂလိက သတင်းထောက်တွေဆိုရင် ဘယ်လိုလုပ် သတင်းယူမလဲ လို့ ထောက်ပြတယ်။ အောင်မယ်၊ ကျိုက်ထီးရိုးတောင်ပေါ်မှာ လုပ်ကိုင်စားနေတဲ့သူတွေ အတော် ဘုန်းတန်ခိုးကြီးသဗျ၊ ပြန်ကြား ရေး ဝန်ကြီးဌာနရဲ့ စာကို မွန်ပြည်နယ် အစိုးရ အဖွဲ့က အကြောင်း မပြန်ဘူး။ အရေးမလုပ်ဘူး။
ကျိုက်ထီးရိုးဆောင်းပါးကိုတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြခဲ့တယ်။ ဆောင်းပါးက စာမျက်နှာ နှစ်မျက်နှာ အပြည့်ဆိုတော့ ဆောင်းပါး ရှည် ကြီး လို့ပြောလို့ရပါတယ်။ ဆောင်းပါးကို အကြောင်းပြုပြီး ကျိုက်ထီးရိုး တောင်အခြေအနေ အပေါ် ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် တချို့ အဆောက်အဦ အငှားစာချုပ်တွေက နှစ်သုံးဆယ်ချုပ် ထား တာဆိုတော့ တောင်ပိုင်ခရိုနီတွေဟာ နောက် အစိုးရသစ်လက်ထက်အထိ ပန်းပန်ဆဲပါပဲ။
အဲဒီဆောင်းပါးကို အစ အဆုံး ပြန်ရိုက်တင်ဖို့ အဆင်မပြေတဲ့အတွက် ဓာတ်ပုံရိုက်ပြီး တင်ပေး လိုက် ပါတယ်။ ပုံချဲ့ပြီး ဖတ်လို့ရပါတယ်။ အဲဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အချက်တော်တော် များ များကို အခုလည်း တွေ့နေရဆဲပါပဲ။ ကျိုက်ထီးရိုး ဘိုးဘိုးကြီးလည်း ဘုရားဖူးတွေ ကိုယ်စိတ် နှစ်ပါးချမ်းသာစွာနဲ့ ဘုရားဖူးနိုင်အောင် “ မ ” ဖို့ ကြိုးစား နေပေမယ့် တောင်ပိုင်ပုဂ္ဂိုလ်တွေကို နိုင်ပုံ မရဘူး။



Ex-army officials who switched to civilian departments should use your management style. Unfortunately, that’s not the case. Once upon a time in a small town in Southern Myanmar, I knew somebody who worked at a Myanmar Economic Bank branch. His manager was ex-army. He used army-style managemnt to his subordinates, using “လ” swear words to talk to employees all the time. That made some of them quit. Not only that, that kind of transfer from the army to civilian management caused the promotion of a lot of civil government employees near impossible because the high-level positions were taken up by the ex-army people.
LikeLike
When plunder becomes a way of life for a group of men in a society, over 7decades they create for themselves a legal system that authorises it and a moral code that glorifies it. “ Frederic Bastiat “
LikeLike