ဆောင်နိုင်ကြီး ရေတံခွန်

နောက်ဆုံးမှ ရေးပေမယ့် ကျိုက်ထီးရိုး ခြေလျင်ခရီးစဉ်မှာ ပထမဆုံးရောက်ခဲ့တာက ကင်မွန်းစခန်း နားမှာရှိတဲ့ “ ဆောင်နိုင်ကြီး” ရေတံခွန်ပါ။ ကင်မွန်းစခန်းကနေ ကိုယ့်ကားနဲ့ ကိုယ်သွားလည်း ရတယ်။ ကျွန်တော်တို့ကတော့ တုတ်တုတ်ငှားသွားတယ်။

ဆောင်နိုင်ကြီးရေတံခွန်က ကင်မွန်းစခန်းကနေ သုံးမိုင်ကျော်ဝေးတယ်။ တောင်ပေါ်တက်တဲ့ ကားဂိတ်နားကနေ ဘယ်ဘက်လမ်းခွဲအတိုင်းလိုက်သွားရတယ်။ လမ်းခွဲကနေ ကိုက်သုံးလေးရာ ဝင်သွားရင် ကဒတ်ချောင်း အပန်းဖြေစခန်း ရှိတယ်။ သူကတော့ ချောင်းထဲမှာ ကျောက်တုံးတွေ စီပြီး ရေစိမ်လို့ရ အောင်လုပ်ထားတာပါ။ စားသောက်ဆိုင်တွေလည်းများတယ်။ လူရှုပ်တယ်။

ဆောင်နိုင်ကြီး ရေတံခွန်ကို လူတွေ စသိတာက ခုနှစ်နှစ်လောက်ရှိပြီလို့ပြောတယ်။ စည်ကား လာတာကတော့ ကိုဗစ် မဖြစ်ခင် နှစ်နှစ်သုံးနှစ်လောက်ကလို့ ဆိုတယ်။ ဆောင်နိုင်ကြီး ရွာကို သွားတဲ့ကားလမ်းကောင်းသွားတာကြောင့်လည်း ဖြစ်နိုင်တယ်။ လမ်းကို ကတ္တရာခင်းတာလည်း တစ်မိုင်ပြီးသွားပြီ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာခင်းခဲ့တာဖြစ်ပြီး အခုတော့ ရပ်နေပုံရတယ်။ ဆောင်နိုင်ကြီးရွာအဝင်မှာလည်း ၂၀၁၉ – ၂၀၂၀ ပြည်ထောင်စုလွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင်နဲ့ ရွာအဝင်လမ်းခင်းတဲ့မှတ်တမ်းကို တွေ့ရတယ်။ ဂျပန်နိုင်ငံ ဖွံ့ဖြိုးရေး အကူအညီနဲ့ ဆောင်နိုင်ကြီးရွာမှ ဓာတ်အားခွဲရုံဆောက်ပြီး ပတ်ဝန်းကျင် ၁၇ ရွာ အိမ်ထောင်စု ၁၈ ၁၄ စု ကိုမီးပေးဖို့စီမံကိန်းကိုလည် ၂၀၂၀ မှာ စတယ်။ အခုတော့ ရပ်နေပြီ။

ဆောင်နိုင်ကြီးရွာရောက်တဲ့အခါ ဆောင်နိုင်ကြီးရေတံခွန် နှင့် ရာမည အပန်းဖြေစခန်းသို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ့မယ်။ အဲဒီလမ်းအတိုင်းသွားတဲ့အခါ ကွင်းပြင်တစ်ခု ဖြတ်ပြီးရင် ရာမည အပန်း ဖြေစခန်းဆိုတဲ့ ဆိုင်းဘုတ်ရယ်။ “လူဝင်ကြေး လူတစ်ယောက် ၁၀၀၀ ၊ ကားဝင်ကြေး ကားတစ်စီး ၅၀၀” ဆိုတဲ့ ဆိုင်းဘုတ်ရယ် တွေ့မယ်။ ရာမည အပန်းဖြေစခန်းက သဘာ၀ သစ်တော တွေကို ထိန်းသိမ်းထားတဲ့ခြံကြီးပါ။ ကင်မွန်းစခန်းကနေ ဆောင်နိုင်ကြီးရွာကို လာတဲ့ လမ်းတစ်လေ ျှာက် မှာ ရာဘာခြံတွေ တွေ့ခဲ့ပေမယ့် ရာမညအပန်းဖြေစခန်းထဲမှာတော့ ရာဘာ စိုက်တာမတွေ့ရဘူး ။

ဆောင်နိုင်ကြီးရေတံခွန်ဆိုပေမယ့် ရေကျ လို့ပြောတာက ပိုမှန်မယ်ထင်တယ်။ အဆင့်သုံးဆင့် ရှိတယ်။ အောက်ဆုံး အဆင့် နှစ်ဆင့်က ရာမညအပန်းဖြေစခန်းထဲမှာ ရှိတယ်။ အပေါ် ဆုံး အဆင့် ကတော့ သစ်တောမြေထဲမှာဖြစ်မယ်ထင်တယ်။ အလယ်အဆင့်ကနေ အပေါ်ကို တက်တဲ့အခါ သစ်တော ကြိုးဝိုင်း အမှတ်အသား “ ၃၆ ကြိုးဝိုင်း” လို့ရေးထားတဲ့ မှတ်တိုင်နဲ့ “ အစိုးရ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်အဖြူလေးတစ်ခု သစ်ပင်မှာ ကပ်ရိုက်ထားတာတွေ့ရတယ်။

အောက်အဆင့်နှစ်ဆင့်ကတော့ ချောင်းထဲမှာ ကျောက်တုံးတွေစီပြီး ရေချိုးလို့ရအောင်လုပ်ထား တာပါ။ သဘာဝရေကူးကန် လို့ စာတမ်းထိုးထားတယ်။ အပေါ်ဆုံးအဆင့်ကတော့ ဆယ်ပေ လောက် မြင့်တဲ့ကျောက်တုံးပေါ်ကနေ ရေကျနေတာ။ ဒီနေရာကိုတော့ ရေတံခွန်လို့ ပြောနိုင် ပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်က ကျိုက်ထီးရိုးမှာ မိုးမရွာခင်ရက် ဆိုတော့ ရေနည်းနည်း ပဲ ကျတော့တယ်။

အဲဒီနေရာကတော့ ရေနက်တယ်။ ပေ နှစ်ဆယ်လောက်နက်တယ်လို့ပြောတယ်။ တစ်ချို့ ဧည့်သည်တွေကတော့ ကျောက်တုံးပေါ်က နေ ခုန်ချကြတယ်။ အကျမတော်လို့ ခေါင်းကွဲပြီး ကျိုက်ထိုဆေးရုံပို့ရတာလည်း ရှိဖူးတယ်တဲ့။

အောက်ဆုံးအဆင့် ကားရပ်တဲ့နေရာကနေ အပေါ်ဆုံးအထိ မိနစ် နှစ်ဆယ်ကျော်လောက်
လေ ျှာက်ရ ပါတယ်။ အလယ်ဆင့်နဲ့ အပေါ်ဆုံးအဆင့်ကြားမှာဘန်ဂလို နှစ်လုံးဆောက်နေတာ တွေ့တယ်။ ကိုဗစ်မဖြစ်ခင်ကတော့ ချောင်းကမ်းနှစ်ဘက်လုံးမှာ ဈေးဆိုင်တွေရှိခဲ့တယ်။ အခုတော့ အများစု က ပိတ်ထားပြီ။ အောက်အဆင့်မှာ နှစ်ဆိုင်၊ အလယ်ဆင့်မှာ တစ်ဆိုင် နဲ့အပေါ်ဆင့်မှာ တစ်ဆိုင်ပဲ ဖွင့်ထားတယ်။ ကိုဗစ်မဖြစ်ခင်ကတော့ ရုံးပိတ်ရက်ဆိုရင် တစ်နေ့ နှစ်သိန်းဖိုးလောက် ရောင်းရ သတဲ့။ အခုတော့ သောင်းဂဏန်းလောက်ဆိုရင် အတော်ဟုတ်နေပြီတဲ့။

ရေတံခွန်ကို ကြည့်ချင်လို့ သွားတဲ့ ကျွန်တော်က ရေတံခွန်ထက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာကို သိခဲ့ရတယ်။ အဲဒါကတော့ တောင်ပြိုကျမှုကြောင့် ဆောင်နိုင်ကြီးကျေးရွာ တစ်ဝက်လောက်ပျက်စီး၊ လူတွေသေဆုံးခဲ့ရတဲ့အကြောင်းပါ။

ဒီအကြောင်းကိုပြောပြတဲ့ ဆောင်နိုင်ကြီးရွာဒေသခံက အသက် ၄၇ နှစ်ရှိပြီ၊ တောင်ပြိုတဲ့ နှစ်က သူ့အသက်နှစ်ဆယ်လောက်ဆိုတော့ လွန်ခဲ့တဲ့ ၂၇ နှစ်၊ ၁၉ ၉ ၅ ခုနှစ် ပတ်ဝန်းကျင်က ဖြစ်ခဲ့ တာပေါ့။

တောင်ပြိုတာက ဝါဆိုလပြည့်နေ့မတိုင်မီ ဖြစ်တာ။ အဲဒီအချိန်က မိုးတွေဆယ်ရက်လောက် ဆက်တိုက်ရွာတယ်။ တောင်ကျရေများလာလို့ ဆောင်နိုင်ကြီးချောင်း ရေပြည့်လာပြီး ရွာစပ်အထိ ရေရောက်လာ တယ်။ မိုးရွာပြီး ခြောက်ရက် ခုနှစ်ရက်လောက် ရှိတော့ ချောင်းရေနဲ့ အတူ ငါးကြီးတွေ ဆင်းလာတယ်။ တစ်ချို့ငါးတွေက ကုန်းပေါ်ကို တက် လာကြတယ်။

ရှေ့မီနောက်မီ အဖိုးအဖွားတွေက ဒီလို ငါးတွေက ကျောက်ကြားတွေမှာနေတဲ့ ငါးတွေ၊ ဒီငါးတွေ ဆင်းလာပြီရင်ဆိုရင် တောင်ပြိုတော့မယ် ၊ သတိထားကြလို့ သတိပေးတယ်။ ရွာသားတွေလည်း အထုတ်အပိုးလေးတွေ ပြင်ပြီး အသင့်နေတာပေါ့။ ကြိုရှောင်တာမျိုးတော့မလုပ်ဘူး။

တောင်ပြိုတဲ့နေ့ မနက်ရှစ်နာရီလောက်မှာ တောင်ပေါ်က ရထားတွေမောင်းလာသလို အသံကြီး ကြားတယ်။ တောင်ပြိုပြီဟေ့ ပြေးကြ ပြေးကြ ဆိုတဲ့ အသံတွေကြားတော့ သူတို့ ဇနီးမောင်နှံ လည်း အထုတ်ဆွဲပြေးတာပေါ့။ ဒါပေမယ့် မလွတ်တော့ဘူး။ ရေလုံးရိုက်ပြီး လူကွဲသွားတယ်။ သူက ရွံ့ရေတွေကြားမှာ နစ်နေရာက အတင်းရုန်းထွက်ပြီး အနားကတောင်ကုန်းပေါ်တက်ရတယ်။ အဲဒီမှာ နောက်ရွာသားခြောက်ယောက်နဲ့ ဆုံတယ်။ ညနေပိုင်းရေကျသွားမှာ လူပြန်စုပြီး ကင်မွန်းစခန်း ဘက်ကို ထွက်ရတယ်။ သူတို့ဇနီးမောင်နှံလည်း အဲဒီကျမှပြန်ဆုံတော့ ဖက်ပြီး ငိုရတယ်တဲ့။ လူတွေကလည်း အဝတ်အစားတွေစုတ်ပြတ်၊ ရေနဲ့ မျောတဲ့အချိန် ကျောက်တုံးတွေ၊ သစ်ကိုင်း တွေနဲ့ ရိုက်မိလိုက် ဒဏ်ရာတွေနဲ့ လက်ကျိုးတဲ့သူလည်း ရှိတယ်။ ပုဆိုး၊ ထမိန် မရှိ တော့လို့ စောင်ပတ်ထားရတဲ့ သူတွေလည်း ရှိတယ်တဲ့။

တောင်ပေါ်က ဆင်းလာတဲ့ ရွံ့ရေတွေကြားမှာ အိမ်တွေ အလုံးလိုက်မျောသွားတယ် ။ အပင်ကြီး တွေ၊ ကျောက်တုံးကြီးတွေအကုန်ပါလာတယ်။ အခု ရာမည အပန်းဖြေ စခန်းကို ကျောပေးပြီး ရွာဘက်ကို ကြည့်လိုက်ရင် ညာဘက်အခြမ်းက အိမ်အားလုံးပါသွားတယ်။ အဲဒီအခြမ်းက လူ အတော်သေတယ်။

အခု ရာမည အပန်းဖြေစခန်းလုပ်ထားတဲ့ ချောင်းကမ်းနှစ်ဘက်မှာ အရင်က ဒူရင်းခြံ၊ မင်းဂွတ်ခြံ၊ ကွမ်းသီးခြံတွေ၊ တောင်ပြိုတော့ အပင်တွေအကုန်ပါသွားတယ်။ မြေကြီးကလည်း သဲဖုံး သွားတော့ ဘာမှ စိုက်လို့မရတော့ဘူး။ ဒီလိုနဲ့ ရန်ကုန်က လာဝယ်တဲ့သူတွေကို ရောင်းလိုက်ကြ တာတဲ့။

ရွာသားတွေတော့ တောင်ပြိုတာဟာ အဲဒီအချိန်က ကျိုက်ထီးရိုး ကုန်းတော်ပေါ်မှာ ရှေးဟောင်း သာသနိက အဆောက်အဦတစ်ခုကို ဖျက်ပြီး အသစ်တည်ဆောက်တာနဲ့ပတ်သက် နေ တယ်လို့ ယုံကြည်ကြတယ်။ အဲဒီအဆောက်အဦးကို မဖျက်ဖို့ အိပ်မက်ပေးတာတွေလည်း ရှိတယ် လို့ဆို တယ်။ ဆောင်နိုင်ကြီးရွာတောင်ပြိုတဲ့အချိန်မှာပဲ ကျိုက်ထီးရိုးတောင်ပေါ်နဲ့ ခြေလျင် တောင်တက် လမ်းမှာလည်း မြေပြိုပျက်စီးတာတွေရှိတယ်လို့ဆိုတယ်။ မြေပြိုတာတွေ ဖြစ်ပြီးတဲ့ နောက်မှာ တော့ မူလအဆောက်အဦက ဖျက်ပြီးဖြစ်နေပေမယ့် အသစ်ထပ်မဆောက်တော့ ဘူး လို့ပြော တယ်။

ဒါပေမယ့် ကျိုက်ထီးရိုးခြေလျင်တောင်တက်လမ်းနဲ့ တောင်ပေါ်မှာ ဒီမြေပြိုမှုနဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် ( ဂေါပကအဖွဲ့မပါ) မေးကြည့်တဲ့အခါ မပြောချင်ကြလို့ ထင်တယ်၊ အဲဒီ အချိန်က တောင်ပေါ်မရောက်သေးဘူးဆိုတဲ့ စကားပဲကြားခဲ့ရတယ်။ အသစ်ပြန်ဆောက်ဖို့ လုပ် ခဲ့ တယ်ဆိုတဲ့ အဆောက်အဦ ရှိခဲ့တဲ့နေရာကိုတော့ တွေ့ခဲ့တယ်။ မူလအဆောက်အဦ ပန္နက်ရာ တော့ကျန်သေးတယ်။ ( ဖြစ်စဉ်ကို သိမီလိုက်သူများ ဖြည့်စွက်ဆွေးနွေးပေးစေချင်ပါတယ်။ )

ကျွန်တော်ကတော့ ကိုယ်မသိနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ် မှတ်ချက်မပေးလိုဘူး။

တောင်ပြိုတာက တောပြုန်းပြီး မြေဆီလွှာမထိန်းနိုင်တော့ မိုး ဆက်တိုက်ရွာတဲ့အခါ ချောင်းဖျားမှာ မြေတွေပြို၊ မြေကြီးတွေ၊ သစ်ပင်တွေ၊ကျောက်တုံးတွေပိတ်ပြီး မြေပြို ရေကန်ဖြစ်နေရာကနေ အဲဒီရေကန် ပွင့်ထွက်ပြီး ပြိုကျ လာတာလည်းဖြစ်နိုင်တယ်။ ၂၀၁၅ ခုနှစ် မိုးရာ သီ မှာ ကလေး လွင်ပြင် အထက်က ချင်းတောင်တန်းတွေပေါ်မှာ အဲဒီလို ရေကန်ကြီးဖြစ်လာတဲ့ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတွေနဲ့ ဆည်မြောင်းဦးစီးဌာနတို့ ပေါင်းပြီး ဖြေရှင်း ခဲ့ရဖူးတယ်။

ဆောင်နိုင်ကြီးရေတံခွန်က ပြန်လာတော့ ရေတံခွန်အလှအပ ထက် တောင်ပြိုဖြစ်စဉ် အကြောင်း ပဲတွေးနေမိခဲ့တယ်။ လွန်ခဲ့တဲ့ ၂၇ နှစ် ကျိုက်ထီးရိုးတောင်တန်းတွေရဲ့ သစ်တောအခြေအနေနဲ့ အခု အခြေအနေကို နှိုင်းယှဉ်ပြီး စဉ်းစားလိုက်ရင် ဆောင်နိုင်ကြီးရွာ တောင်ပြိုဖြစ်စဉ်ဟာ ကျိုက်ထီးရိုးနယ်မြေ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သတိပေး ခေါင်းလောင်း သံပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: