ကျိုက်ထီးရိုးတောင်တက်ခရီးစဉ်အကြောင်းရေးတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ကရင်ပြည်နယ် ဘားအံမြို့ကနေ ရန်ကုန်ကို ရဟတ်ယာဉ်နဲ့ အသွား ကျိုက်ထီးရိုး ဘုရားကို ဝင်ရောက်ဖူးမေ ျှာ်ခဲ့တာကို သတိရတယ်။
အဲဒီခရီးစဉ်မှာ ကျိုက်ထီးရိုးတောင်ကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ကြည့်ရှုတဲ့အခါ မြင်ရတဲ့ မြင်ကွင်း ကြောင့် သမ္မတ ဦးသိန်းစိန်လည်း အတော်စိတ်ပူသွားပုံရတယ်။ ဘုရားဖူးပြည်သူတွေနဲ့ တွေ့ တော့လည်း ပြောရဲဆိုရဲ ရှိသူတစ်ချို့က တည်းခိုခန်းခ ဈေးကြီးတဲ့အကြောင်း၊ ရင်ပြင်တော်မှာ အိပ်ရတဲ့အကြောင်း နဲ့ သန့်ရှင်းရေး မကောင်းတဲ့အကြောင်း ပြောကြတယ်။ ( အဲဒါတောင် ဘုရားဖူးတွေ လေတဖြူးဖြူးနဲ့ အိပ်ချင်လို့ ရင်ပြင်ပေါ်မှာ အိပ်တာပါ လို့ တင်ပြ တဲ့ ပုဂ္ဂိုလ် ရှိသေးတယ်။ )
ဒါ့ကြောင့် သမ္မတ ဦးသိန်းစိန်က ပြည်နယ်အစိုးရနဲ့ ဘုရားဂေါပက အဖွဲ့ကို ကျိုက်ထီးရိုးတောင် ပေါ်မှာ ဟိုတယ်၊ တည်းခိုခန်း၊ ဈေးဆိုင်တွေ ထပ်မဆောက်ဖို့၊ ဘုရားဖူးတွေ အတွက် အခမဲ့ တည်းခိုဆောင် တွေပြန်ထားဖို့၊ အညစ်အကြေးနဲ့ အမှိုက်စွန့်ပစ်တာတွေ စနစ်တကျ ဖြစ်အောင် ပြန်လုပ်ဖို့၊ မြေပြိုကျမှု မဖြစ် အောင် မြေထိန်းနံရံတွေ ဆောက်ဖို့၊ ဘုရား ပတ်ဝန်းကျင်က သစ်တောတွေ ထိန်းသိမ်းဖို့၊ ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ ပြည်နယ်အစိုးရ၊ ဂေါပကအဖွဲ့ ပူးပေါင်းပြီး ရေရှည်စီမံချက် တစ်ခုရေးဆွဲဖို့ မှာခဲ့ တယ်။ စိတ်ဝင်စားပြီး ကူညီချင်တဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆောင် ရွက်ဖို့ ညွှန်ကြားခဲ့တယ်။
ဒါပေမယ့် ၂၀၁၆ မတ်လမှာ ရွေးကောက်ပွဲနိုင် အင်န်အယ်လ်ဒီပါတီကို တာဝန်လွှဲတော့မယ်ဆိုတာ သိနေတော့ ပြည်နယ်အစိုးရရော၊ ဂေါပကအဖွဲ့ပါ “ ဆောင်ရွက်ပါ့မယ်” ဆိုပြီး အေးအေးဆေးဆေး ပါပဲ။
အဲဒီခရီးစဉ်မှာရိုက်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ပြန်ရှာတွေ့တဲ့အတွက် လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဓာတ်ပုံတွေက ရဟတ်ယာဉ် ပြူတင်းပေါက်က ရိုက်ရတဲ့အတွက် ကြည်လင် ပြတ် သားမှုတော့ အားနည်းပါတယ်။ သို့သော် ကျိုက်ထီးရိုးရဲ့ အမှိုက်ပြဿနာ နဲ့ အဆောက်အဦ ဆောက်လုပ်မှု ပြဿနာကိုတော့ မြင်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ တောင်အောက်ကို စွန့်ပစ်ထားတဲ့ အမှိုက်တွေ ၊ တရားဝင်လိုလို ကျူးကျော်လိုလို မရေမရာနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေ များလာသလား၊ နည်းသွားသလား၊ ဒရုန်းနဲ့ ရိုက်ကြည့်မှာပဲ သိနိုင်မှာပါ။ တကယ်တော့ ကိုဗစ် ၁၉ ကြောင့် တစ်နှစ် ခွဲလောက် တောင်ပိတ်ထားရတဲ့အချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ သန့်ရှင်းရေး ကိစ္စ တွေလုပ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဘယ်လောက်လုပ်နိုင်ခဲ့သလဲတော့ မသိဘူး။
( ဓာတ်ပုံတွေကို ခရက်ဒစ်ပေးပြီးသုံးနိုင်ပါတယ်။ )








