လွန်ခဲ့တဲ့ ခုနစ် တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြောခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရ သစ်အပေါ် သဘောထား ။

ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းရေးကို လက်ခံ နိုင်ရပါမယ်။


အခုညနေ ရုပ်သံမီဒီယာတစ်ခု ရုံးခန်းကို ရောက်လာပြီး နောက်ဖြစ်လာမယ့် သမ္မတအသစ်ကို ဘယ်လို သဘောထားလဲ လို့ ကျွန်တော့်ကိုမေးပါတယ်။
အဲဒီမေးခွန်းအပေါ် အခုလို ဖြေကြားခဲ့ပါတယ်။

၁။ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ သမ္မတ သစ်ဟာ နိုင်ငံတော်အကြီးအကဲသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးတစ်ဦးအနေနဲ့ သမ္မတသစ်ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်ကို ချောချောမွေ့မွေ့ တာဝန်လွှဲပေးဖို့အတွက် ဆောင်ရွက်ပါ့မယ်။

၂။ ဧပြီ ၁ ရက်နေ့ သာမန်ပြည်သူတစ်ဦးဖြစ်သွားချိန်မှာတော့ သမ္မတကို ကိုယ့်နိုင်ငံရဲ့ နိုင်ငံ အကြီးအကဲအဖြစ် ရိုသေလေးစားမယ်။ တစ်ဖက်ကလည်း ပြည်သူတစ်ဦးအနေနဲ့ ဝေဖန် ဖို့ လိုတယ်ဆိုရင် ယဉ်ကျေးစွာဝေဖန်ထောက်ပြပါ့မယ်။

နောက်လည်း ဒီမေးခွန်းကိုပဲ မေးလာကြမှာဖြစ်လို့ ဒီကနေပဲ ထပ်ဖြေပေးလိုက်ပါတယ်။

မော်တင်စွန်း (၆)

မော်တင်စွန်း ဘုရားပွဲ ဈေးတန်းက ဘုရားတောင်ခြေ ပင်လယ်ကမ်းခြေတလေ ျှာက်မှာ ရှိပါတယ်။ အနေအထားအရ ရှုခင်းလှတဲ့ ပွဲဈေးတန်းလို့ ဆိုရမှာပါ။ ပွဲဈေးတန်း အနေအထားက ပင်လယ် ကို မျက်နှာမူထားတဲ့ဈေးတန်းက ဆိုင်ကြီးတွေ ဖြစ်ပါတယ်။ ၁၂ ပွဲဈေးသည်များရဲ့ဆိုင်တန်းလို့ ပြော လို့ရမယ်ထင်ပါတယ်။

ပင်လယ်ကိုကျောပေးထားတာကတော့ ဆိုင်ခန်းငယ်တွေ၊ အသုပ်ဆိုင်၊အကြော်ဆိုင် လို ဆိုင်မျိုး တွေ၊ မျက်မှန် ၊ ခေါင်းစည်း စတာတွေရောင်းတဲ့ဆိုင်လေးတွေ၊ အဲဒီဆိုင်အများစုကတော့ ဒေသခံ တွေများပါတယ်။အဲဒီဆိုင်တန်းနှစ်တန်းကြားမှာလည်း ပျံကျဈေးသည်တွေရှိတယ်၊ ဖောင်တော်ဆိပ် စေတီ သွား လေ ျှာက်လမ်းထိပ်မှာလည်း ပျံကျဈေးသည်တွေရှိတယ်။

ကျွန်တော်တို့ရောက်တဲ့ပထမနေ့က ဈေးမစည်သေးဘူး။ ဒုတိယနေ့ ညနေ ရောက်တော့ အတော် စည်လာပြီ။ဈေးတန်းထိပ်မှာ ဇာတ်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီနေရာမှာ “ မဟာ ရန်ကုန် စွမ်းနိုင်မိုးသဘင်၊ စွမ်းနိုင်မိုး၊ ကြည်သာစွမ်း၊ စွမ်းပြည့်” ဆိုတဲ့ ပိုစတာထောင်ထား တယ်။ ပိုစတာမှာ ဇာတ်မင်းသားဝတ်စုံ၊ ခေတ်ပေါ်ဝတ်စုံတွေနဲ့မင်းသားသုံးယောက်ပုံဖော်ပြထားတယ်။ စတိတ်ရှိုး များ များ၊ ပြဇာတ်တစ်ပုဒ်၊ နောက်ပိုင်းဇာတ် ပါတယ်ဆိုရုံ လေး ဆိုတဲ့ ဇာတ်များလား မသိဘူး။ ပွဲကတော့ မတ်လ ၁ ရက်နေ့ကနေ တပေါင်းလပြည့် မတ်လ ၅ ရက်နေ့အထိ ကမယ် လို့ ပြော တယ်။ ဈေးသည်တွေကတော့ ဇာတ်ပွဲစပြီဆိုရင် ဘုရားဖူးပိုများလာမယ်လို့ မေ ျှာ်လင့်နေကြ တယ်။

ဘုရားဖူးတွေကတော့ ကျွန်တော်တို့လို နှစ်ရက်၊ သုံးရက်နေသူ လည်း ရှိတယ်။ ဘုရားဖူး ကားနဲ့လိုက်လာ၊ မနက်ရောက်၊ ဘုရားဖူး၊ တစ်ညအိပ်ပြီး ပြန်တဲ့လူလည်း ရှိတယ်။ ပုသိမ်ကနေ သဘောၤနဲ့လိုက်လာ၊ မနက်အစောကြီးရောက်၊ ဘုရားဖူး၊ ညနေ သဘောၤနဲ့ ပြန် လိုက် သူလည်း ရှိတယ်။ အလယ်ကျွန်းဘက်ကနေ စက်လှေတွေနဲ့လာတဲ့သူတွေလည်း တွေ့ တယ်။ သဘောၤ နဲ့လာတဲ့လူတွေက ခမောက်မော်ဆိပ်ကမ်းမှာဆင်းပြီး လိုက်ထရပ်တွေ ဘုရားကို လာကြ တယ်။ စက်လှေတွေနဲ့လာတဲ့သူတွေက ကံချိုင်နဲ့ ဘုရားကြားမှာ စက်လှေကပ်ပြီး ဆိုင်ကယ် တွေ နဲ့ ဘုရားကိုလာကြတယ်။

ဘုရားပွဲမရောက်ခင်ကတော့ မော်တင်စွန်းဘုရားပွဲဈေးမှာ ရေထွက်ကုန်ပစ္စည်းဆိုင်တွေ အများ ကြီး ရှိမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာ မဟုတ်ဘူး။ စားသောက်ဆိုင်တွေက ပိုများတယ်။ ယိုးဒယား ထောင်းမျိုးစုံ၊ မာလာရှမ်းကော၊ ကိုရီးယားထမင်းလိပ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော် ၊ ကပ်ကြေးကိုက်၊ ပသ ျှူးထမင်းကြော်၊ ဆီချက်၊ ဝက်သားသုပ် ထမင်းသုပ်၊ လက်ဖက်သုပ်၊ ဟမ်ဘာဂါ ၊ Green Tea, Thai Tea , Ice Coffee ရေကျော်ပွဲဈေးတန်းနဲ့ နင်လား ငါလားပဲ။ ဝက်သားတုတ်ထိုးသည် တောင် ခုနစ်ဆိုင်၊ ရှစ်ဆိုင်လောက်တွေ့တယ်။ ဝက်သားတုတ်ထိုး ဈေး ကွက်ကလည်း မြန်မာပြည် မှာ မနည်းလှဘူး။ ဒေသစာတွေကတော့ ငါးနီတူသုပ်၊ ကျောက် ကျော သုပ်၊ ကျောက်ပွင့်သုပ်၊ ခရုသုပ်၊ ရခိုင်မုန့်တီသုပ် တွေရတယ်။ ဘုရားဖူးတွေက မနက်စာ၊ နေ့လယ်စာ၊ ညစာ ကို ဈေး တန်းမှာပဲ စားတာများတော့ ဆိုင်တွေလည်းရောင်းကောင်းကြတယ်။ ဈေးကတော့ ပွဲတော်ဈေးနှုန်းပေါ့။

ကျွန်တော်ကတော့ ဈေးတန်းက ဆိုင်တွေမှာ မစားဘူး၊ တည်းခိုခန်းနဲ့ နီးတဲ့ လရိပ် ညိုညိုမှာပဲ စားတယ်။ ဒါပေမဲ့ အသုပ်ဆိုင်လေးတစ်ဆိုင်မှာတော့ ဒေသစာလေးမြည်းစမ်းခဲ့တယ်။ မော်တင်စွန်း က ဧရာဝတီတိုင်းဒေသကြီးဆိုပေမယ့် ရခိုင်တိုင်းရင်းသားရွာတွေရှိတယ်။ ကျွန်တော်တို့ စားတဲ့ ဆိုင်က ဇီးချိုင်သွားတဲ့လမ်းမှာရှိတဲ့ ကြာကန်ရွာက လာဖွင့်တာ၊ ရခိုင်တိုင်းရင်းသား တွေပဲ။ ခေါက်ဆွဲသုပ်၊ မုန့်တီသုပ်တွေရသလို ဒေသအစားအစာဖြစ်တဲ့ကျောက်ကျောသုပ်၊ ကျောက်ပွင့် သုပ်၊ ငါးနီတူသုပ်၊ ဂုံးသုပ်၊ ခရုသုပ် တွေလည်း ရတယ်။ ကျောက်ကျောသုပ်ဆိုတာကတော့ ဒီရောက်မှတွေ့ဖူးတာ။ ရေမှော် တစ်မျိုး ဖြစ်မယ်ထင် တယ်။ ခရုသုပ် လုပ်တဲ့ ခရုကိုတော့ ဆိုင်ရှင်အမျိုးသမီးက ဒါ နန္ဒာလှိုင်ခရု ဆိုပြီး ပြောတယ်။ ဘာလို့ အဲဒီလိုခေါ်တာလည်းလို့မေးတော့ အဲဒီခရုခွံလေးတွေက လှပြီး အချိုးကျ လို့ဆိုပဲ။ လုပ်လိုက်စမ်း၊ လုံချည်အဆင်တွေကိုပဲ မင်းသမီး နာမည်တပ်ခေါ် တာ ကြားဖူးပေမယ့် ကြာကန်ရွာသူနဲ့တွေ့မှာ ခရုကို မင်းသမီးနာမည်တပ်ခေါ်တာ ကြုံဖူးတော့ တယ်။

ကျွန်တော်ကတော့ တစ်ခါတည်းအစုံစားဖူးအောင် ကျောက်ကျော၊ ကျောက်ပွင့်၊ ငါးနီတူ၊ ဂုံး၊ ခရု အကုန်ရောသုပ်ဗျာလို့ မှာလိုက်တယ်။ ဆိုင်ရှင်အမျိုးသမီးက ပုံမှန်လား၊ အစပ်လေ ျှာ့လားလို့ မေး တော့ ကျွန်တော်က အစပ်ကြိုက်တဲ့အတွက် ပုံမှန်လို့ပြောလိုက်တယ်။ အောင်မယ်လေးဗျာ၊ စား ကြည့်လိုက်တော့ နားထင် နားရင်းတွေ ပူပြီး ချွေးပြိုက်ပြိုက်ကျလာတော့တာပဲ။ အခိုးပွင့်ရုံတင်မက အငွေ့တောင်ပျံမလိုဖြစ်သွားတယ်။ ရန်ကုန်မှာ စားခဲ့ရတဲ့ ရခိုင်သုပ်တွေထက် ပိုစပ်တယ်။ ထမင်းဖြူ လေးနဲ့ စားမှ အဆင်ပြေမယ့်သဘောရှိတယ်။

ဒီဈေးဆိုင်နဲ့ ပတ်ဝန်းကျင်ဈေးဆိုင်တွေအားလုံးက ဒေသခံတွေဖွင့်ထားတဲ့ဆိုင်တွေပါ။ ရောင်းတဲ့ ပစ္စည်းကလည်း အမျိုးတူဆိုတော့ တစ်ဆိုင်ဝင်ရင် နောက်တစ်ဆိုင်ကို မျက်နှာပူရတဲ့ အတွက် ကျွန်တော့်မိတ်ဆွေက ဘေးဆိုင်ကနေမှာစားတယ်။ ထိုင်နေတဲ့ဆိုင်ကလည်း ဘေးဆိုင်ကနေ အမျိုးတူ အစား အစာ မှာစားလို့ ပြဿနာ မရှာပါဘူး။ လောဘ နည်းတော့ အေးချမ်းတာပေါ့။

ကျွန်တော်တို့ စားတဲ့ဆိုင်ပိုင်ရှင်တွေကလည်း ကျန်တဲ့စားသောက်ဆိုင်တွေလိုပဲ ဒီနှစ်တော့ အရင် နှစ်နှစ်ထက် လူပိုစည်မယ်၊ ဧရာဝတီတိုင်းသားတွေကလည်း ဆွေဘုရား ၊ မျိုးဘုရား၊ မလာဖြစ်တာ လည်း နှစ်နှစ်ရှိပြီဆိုတော့ လာကြမှာပဲ၊ ပုံမှန်ဘုရားဖူးဧည့်သည်တွေကလည်း လာဖြစ်အောင်လာ ကြမှာပဲလို့ မေ ျှာ်လင့်နေကြတယ်။ ဒီဒေသခံတွေကလည်း ပုံမှန် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေရှိပေမယ့် ဒီပွဲတော်ကာလမှာပဲ အပိုဝင်ငွေလည်း ရှာရတော့ ဧည့်သည်မေ ျှာ်ကြတယ်။

မတ်လ ၁ ရက်နေ့ နောက်ပိုင်းဆိုရင်တော့ အခုတွေ့နေရတာထက် ဧည့်သည်တွေပိုလာမှာ သေ ချာပါတယ်။ ဒေသခံတွေ၊ အခြားအရပ်က ဈေးလာရောင်းတဲ့သူတွေပျော်သလို “ အားလုံး ကောင်း နေပါပြီခင်ဗျား” လို့ ပြောချင်သူတွေလည်း အကြိုက်ပေါ့။ ဒါပေမဲ့ ဒီပွဲတော်ကြီးမှာ သွားလာ လှုပ်ရှား နေသူတွေ အားလုံးဟာ အတိတ်မေ့နေသူတွေ၊ အနာဂတ်ကို မေ ျှာ်မှန်းကြည့်နိုင်စွမ်း မရှိ သူတွေ၊ ခံစားချက်မဲ့နေတဲ့သူတွေမဟုတ်ဘူး။အဲဒီအထဲမှာ ငါ့ဝမ်းပူဆာ မနေသာတာကြောင့်၊ ယုံကြည်ကိုး ကွယ်မှုကြောင့်၊မွန်းကျပ်နေမှုကနေစိတ်ထွက်ပေါက်တစ်ခုရဖို့စသည်ဖြင့်အကြောင်းကြောင်း ကြောင့် သွားလာလှုပ်ရှားနေသူတွေလည်းပါမှာပဲ။

ကလောမြို့မှ Hi Bar မှာဆုံခဲ့ရတဲ့ လူငယ်တစ်ယောက် က ကျွန်တော့်ကို “ အန်ကယ်ရဲ့ မွန်း ကျပ်လွန်းလို့ ခရီးထွက်လာတာ၊ မေ့ပစ်ဖို့ ခရီးထွက်လာတာ မဟုတ်ဘူး” လို့ပြောဖူးတယ်။ သူ ဘာကို မမေ့ချင်တာလဲ၊ ချစ်ခဲ့ရသူကိုလား၊ နာကျင်မှုတွေကိုလား၊ ခံပြင်းမှုတွေကိုလား၊ အတိတ် ကိုလား ဆိုတာတော့ ကျွန်တော့်ကို ပြောမသွားဘူး။ မကြာခင်ကပဲ ဖေ့စ်ဘွတ်မိတ်ဆွေ တစ်ယောက်က “ မလွှဲမရှောင် သာလို့ အသားကျအောင်ကြိုးစားနေတာကို ပုံမှန်ပြန်ဖြစ်သွားပြီ မထင်နဲ့” ဆိုတဲ့ သဘောရေးခဲ့ တယ်။ နိုင်ငံရေးသမားဆိုတာ တိတ်ဆိတ်နေတဲ့ အသံတွေကို ကြားအောင် နားထောင်နိုင်စွမ်း ရှိ ရတယ်လို့ မှတ်သားဖူးတယ်။ ဒါပေမဲ့ အသံလုံခန်းထဲမှာနေပြီး ကိုယ့်အသံပဲ ကိုယ်ပြန်နားထောင် နေတဲ့ နိုင်ငံရေးသမားကလည်း မရှားလှဘူး။

ကျွန်တော်တို့ နှစ်ယောက် အသုပ်ဆိုင်က ပြန်ထွက်လာတော့ညနေစောင်း ဈေး တန်းက ပို စည်ကား လာ နေပြီ။ ဈေးတန်းအစွန် ပင်လယ်ကမ်းခြေမှာ ကားတွေရပ်ထားတယ်။ လူငယ် တစ်ချို့ကကားခေါင်းမိုးကနေအပြင်ထွက်ပြီး ဓာတ်ပုံရိုက်ခံနေကြတယ်။ ကလေးတွေက အာတာပူစီ ဆိုင်ရှေ့မှာ စုဝေးနေကြတယ်။ ဝက်သားတုတ်ထိုးဆိုင်တွေမှာလည်း လူပြည့်နေပြီ၊ တစ်ခုတည်း သောဒန်ပေါက်ဆိုင်ကတော့ခြောက်ကပ်ကပ်၊ နေရာ၊ အချိန်အရွေးမှားပုံရတယ်။ ဟမ် ဘာဂါဆိုင်က လည်း အရောင်းထိုင်းဖြစ်နေဆဲပဲ။ ယိုးဒယားအထောင်းဆိုင်တွေ၊ ထမင်းဆိုင်၊ အသုပ်ဆိုင်တွေ က တာ့လူစည်တယ်။

မော်တင်စွန်းဘုရားပွဲရဲ့ ထူးခြားချက်တစ်ခုကတော့ ပွဲဈေးတန်းမှာ “ ပင်လယ်လိပ် ထိန်းသိမ်းရေး နဲ့ ပညာပေးပြခန်းတစ်ခု ဖွင့်ထားတာပါပဲ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ပင်လယ်လိပ် ထိန်း သိမ်းရေးပြခန်းဟာ ပညာပေးဖို့အတွက် အခက်အခဲရှိနိုင်တာကို မြင်ခဲ့ရတယ်။

ဘဝကမ်းခြေ

မော်တင်စွန်း ဘုရားကနေ အနောက်ဘက်ကမ်းခြေအတိုင်း သွားရင် ဇီးချိုင်ရွာရှိတယ်။ အရှေ့ဘက်ကို သွားရင် ကံချိုင်ရွာရှိတယ်။ အဲဒီရွာတွေကို သွားရင် ကမ်းခြေအလှအပကို မြင် ရသ လို ရေလုပ်ငန်းလုပ်နေတဲ့ ဒေသခံသူတွေရဲ့ ဘဝကိုလည်း မြင်ရပါတယ်။ အထူးသဖြင့် ကံချိုင်ရွာ ကနေ ကမ်းခြေဘက်ကို ဆင်းလိုက်ရင် ကျား (၁ ) ၊ ကျား (၂ ) ၊ ကျား (၃) လို့ခေါ်တဲ့ ငါးလှေ ဆိုက်တဲ့နေရာတွေမှာ ငါးဒိုင်တွေ ငါးဖမ်းလှေတွေအများကြီးတွေ့နိုင်ပါတယ်။ ငါးပိ၊ ငါးခြောက် ဝယ် မယ်ဆိုရင် ဘုရားပွဲဈေးမှာ ဝယ်တာထက် ကံချိုင်ရွာမှာ သွားဝယ်တာက ပိုကောင်းတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။

မော်တင်စွန်း (၅)

ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲရဲ့ ထူးခြားချက်တစ်ခုက ဘုရားစောင်းတန်းနဲ့ ဖောင်တော် ဆိုက် စေတီ လေ ျှာက်လမ်း မှာ နဂါး စာ ရောင်းချတဲ့ ဆိုင်တွေအများအပြားတွေ့ရတာပါပဲ။ ဒီလို နဂါးစာကျွေးတယ်ဆို တာက ဘုရားသမိုင်းအရ မော်တင်စွန်းစေတီတော်ကို နာဂ သေန နဂါးမင်းက သူရထားတဲ့ မြတ်စွာဘုရားရဲ့ ဆံတော်ဓာတ်တော်နှစ်ဆူကို ဌာပနာပြီး တည်ထား ကိုး ကွယ်ခဲ့တယ် ဆိုတဲ့အချက်နဲ့ သက်ဆိုင်နေပါတယ်။

ဒါ့ကြောင့် မော်တင်စွန်းရောက်ချိန် နဂါးပူဇော်ပသမှုကို လေ့လာနိုင်ဖို့ အကူအညီ တောင်းတော့ ဖောင်တော် ဆိုက်စေတီလေ ျှာက်လမ်းထိပ်မှာရှိတဲ့ “ ငွေသော်တာစန်း ၊ နဂါးစာဖောင် နှင့် ဆွမ်း၊ပန်း အရောင်း ဆိုင်” က ဓာတ်ပုံလည်းရိုက်ခွင့်ပြုတယ်။ အသံဖမ်းခွင့်လည်း ပြုတယ်။

မော်တင်စွန်းမှာရောင်းတဲ့ နဂါးစာဖောင်တွေက တစ်သောင်းတန်ကနေ ခြောက်သောင်း၊ ခုနစ် သောင်း၊ တစ်သိန်းတန်အထိ ရှိတယ်။ နဂါးစာအတွက်အခြေခံကတော့ နို့ ၊ကြက်ဥ၊ ပေါက်ပေါက် ဆုပ်ပေါ့၊ ပြီးရင် ဖောင်တော်ပေါ်မှာ တံခွန်ကုက္ကားထိုးမယ်။ အမွှေးတိုင်ထွန်းမယ်။ ဈေးကြီးတဲ့ ဖောင် တော်တွေကတော့ ဖောင်တော်အရွယ်အစားကြီးသလို နို့ ၊ ကြက်ဥ၊ ပေါက်ပေါက်ဆုပ်၊ အပြင် အချို ပွဲတွေပါတယ်။ သိုက်ပွဲထိုးတာပါတယ်။ ဖောင်တော်ကို ဆင်ထားတဲ့ နဂါးရုပ်ကြီးတွေကလည်း ပိုပြီး လှပ အသက်ဝင်တယ်။ နဂါးရုပ်အပြင် လှေပုံသဏ္ဍန်ချိုးထားတာလည်း ပါတယ်။ ဖောင်တော် က တော့ ဝါးနဲ့လုပ်ထားတာဖြစ်ပြီး နဂါးရုပ်တွေကတော့ ဖော့ပြားတွေကို ပုံဖော်ထားတာပါ။

ဈေးတန်းပတ်ဝန်းကျင်မှာ ဝါးလုံးတွေပုံပြီး ဖောင်ဖွဲ့ပေးနေတဲ့ ဦးကြီးတစ်ယောက်ကို မေးကြည့်တော့ ဘုရားပွဲ ၁၅ ရက် ဆိုင်ရှင်က ကုန်ကြမ်းပေး၊ စရိတ်ငြိမ်း ခု နစ်သောင်းရတယ်တဲ့။ နဂါးရုပ်ဖော်တဲ့သူ၊ ရွတ်ဖတ်ပူဇော်တဲ့သူတွေကို မေးချင်ပေမယ့် အရုပ်တွေလုပ်ရတာ၊ ဘုရားဖူးတွေအတွက် နဂါးစာ ကျွေး ပေးနေရတာနဲ့ အလုပ်ရှုပ်နေလို့မေးခွင့်မရခဲ့ဘူး။

နဂါးစာကျွေးတဲ့သူတွေထဲမှာ နှစ်စဉ် ဘုရားလည်းဖူး၊ နဂါးစာလည်းကျွေးတဲ့သူလည်း ပါတယ်။ တစ် ချို့ကတော့ နဂါးစာကျွေးရင်း ဆုတောင်းခဲ့တာ ပြည့်တဲ့အတွက် နောက်တစ်ကြိမ်ပြန်လာတဲ့သူ တွေ လည်းပါတယ်။ ပထမဆုံးအကြိမ် နဂါးစာကျွေးမယ့်သူတွေလည်းပါတယ်။ ဆုတောင်းပြည့်လို့ ပြန် လာတဲ့ ဘုရားဖူးတွေ ဆိုရင်တော့ ဈေးကြီးတဲ့ဖောင်တော်တွေနဲ့ ပူဇော်ပေမယ့် ဘုရားဖူး အများစု ကတော့ တစ် သောင်းတန်ဖောင်တော်တွေနဲ့ ပူဇော်ကြပါတယ်။ နဂါးစာကျွေးမယ့် ဘုရားဖူးက သူ လိုချင်တဲ့ဖောင်တော်ကို ရွေးပြီးတဲ့အခါ ပူဇော်ပသပေးမယ့် ပုဂ္ဂိုလ်က ဖောင်တော်ကို သယ်ပြီး ရေ စပ်ကို သွားတယ်။ နဂါးစာပူဇော်တာနဲ့ဖောင်တော်လွှတ်တာကို အရှေ့ဘက် ကမ်းခြေမှာလုပ်ရ ပါ တယ်။

ရေစပ်ကို ရောက်ရင် ဖောင်တော်ကို အသင့်ယူလာတဲ့ ပလတ်စတစ်ခုံပေါ်မှာတင်တယ်၊ အမွှေး တိုင် ထွန်းတယ်။ အလှူရှင်တွေကတော့ ဖောင်တော်ကို ဝိုင်းပြီး ရပ်နေရတာပေါ့။ အားလုံး အသင့် ပြင် ပြီးတဲ့အခါ ပူဇော်ပသတဲ့သူက အလှူရှင်ရဲ့ နေ့နံကို မေးတယ်။ ပြီးရင် ဘုရားရှိခိုးတယ်။ ပြီးတာနဲ့

“သရနတောင်တန်းမှာ ယခင်က ဘုရားဒကာဖြစ်ခဲ့ဖူးသော ဇေယျသေန နဂါးမင်းကြီး နဲ့ နဂါးမယ်တော် ၊ နတ်နဂါး အပေါင်းဆွေတော်မျိုးတော် အပေါင်းတို့ကို ယနေ့ မှာ xxxxxxx သား မိသားစု အောက်ပြည် အောက်ရွာ ဘုရားဖူးလာသောအခါ သားတော်၊ သမီးတော်တို့က ဆံတော်ရှင်ဘုရား ဦးစွာ ပထမ ဖူးမေ ျှာ်ပြီးတော့ ဒီနေရာဒေသမှာ စောင့်ရှောက်သော နဂါးမင်းကြီး ကို သားတော် သမီးတော်တို့က မမေ့မလျော့ပဲနဲ့ နဂါးစာ ၊ နဂါးဖောင်တော်များနဲ့ အတူတကွ တံခွန် ကုက္ကား မုလေးပွား အမွှေးနံ့သာ စုံလင်စွာ ၊ နို့ ၊ ကြက်ဥ ၊ ပေါက်ပေါက်နဲ့ နဂါးမင်း အပေါင်းတို့ကို သားတော် သမီးတော် တို့ က အချက်ကျကျ ဆက်သ ပူဇော်ပသ အလှူ ဒါနပြု ပါတယ်၊ ဇေယျသေန နဂါးမင်းနဲ့ နဂါးအပေါင်းတို့ xxxx သား၊ xxxx သမီးမိသားစု စေတနာသုံးတန် ပြဋ္ဌာန်း ပြီး သဒ္ဓါ အပြည့်အဝနဲ့ ပူဇော်ပသ ဒါနပြုတဲ့ နဂါးစာ နဂါးဖောင်တော်များ သုံးဆောင် ရန် ပင်လယ်ရေဇလာ နတ်နန်းက ကြွမြန်း တော်မူပါ” ဆိုပြီး ပင့်ဖိတ်တယ်။

ဒါကတော့ ပူဇော်ပသမှုရဲ့ အစ နိဒါန်းပေါ့။ ရိုးရာပူဇော်မှုတွေမှာ ရွတ်ဆိုပူဇော်တာတွေက လက်တန်း တော့မဟုတ်ဘူး။ သူ့အဆင့်လိုက်သွားရတာ။ ပြီးတော့ ပူဇော်ပသပေးတဲ့သူရဲ့ သဘာနဲ့ စေတနာ အပေါ်မူတည်ပြီး အဖွဲ့အနွဲ့၊ အသံ အနိမ့်အမြင့်အတက်အကျကလည်း ကွာသေးတယ်။ “ငွေ သော် တာစန်း” ဆိုင်က ပုဂ္ဂိုလ်ကတော့ အတော်ပြည့်စုံတယ်။ အထက်မှာရေးထားတဲ့အတိုင်း နဂါး မင်း ကြီးကို ပင့်ဖိတ်ပြီးတဲ့နောက် ပူဇော်ပသတယ်။ ပြီးတဲ့အခါ အလှူရှင်တွေအတွက် အခုလို ဆုတောင်း ပေးတယ် –

“ဒီနေ့ဒီရက် ဒီအချိန်က xxxx သား၊ xxxx သမီး မိသားစု နဂါးမင်းကြီးကို နဂါးစာတော်များ အလှူဒါန ပြုပြီးတဲ့နောက် ယနေ့မှစ၍ သားတော် ၊ သမီးတော်တို့မှာ စိတ်ချမ်းသာမှု၊ ကိုယ် ကျန်းမာမှု နဲ့ လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သာသနာရေးမှာ ထိပ်ဆုံး ရောက်တဲ့ သားကောင်း ရတနာ ၊ သမီး ကောင်းရတနာ ဖြစ်ပါရစေ၊ လုပ်သမျှ ကိုင်သမ ျှ ကြံသမျှတွေ နှစ်တိုင်းနဲ့ မတူ လတိုင်း နဲ့ မတူ ၊ ရက်တိုင်းနဲ့မတူဘဲ ထူးခြားစွာ သိသာစွာဖြင့် သန်းနဲ့ချီလို့ သိန်းနဲ့ ချီလို့ သောင်းနဲ့ ချီလို့ ဆယ်နဲ့ချီလို့ ရာနဲ့ချီလို့ အထုပ်ကောင်း အထည်ကောင်း အိုးကောင်း အိမ်ကောင်း ခြံကောင်း မြေကောင်း ယာကောင်း ဆရာကောင်း သမားကောင်း ပုဂ္ဂိုလ်ကောင်း သူတော်ကောင်းတွေနဲ့ အတူတကွ တွေ့ရ မြင်ရ ကြားရအောင် မစ စောင့် ရှောက် ပေးပါ။ သားတော် သမီးတော် တို့မှ မရ သေး သော ဥစ္စာ ပစ္စည်း ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော စီးပွား လာဘ်လာဘ ဒီရေအလားကဲ့သို့ ဆတက်ထမ်းပိုး ဒါ့ထက်တိုးရအောင် စီးတဲ့ရေ ဆည် တဲ့ကန်သင်း ဖြည့်တင်းရအောင် မစ စောင့်ရှောက်ပေးပါ။”

ဒါက ဆုတောင်းခန်းပေါ့။ ဆုတောင်းခန်းပြီးတော့ အဆုံးသတ်လို့မရသေးဘူး။ နောက်ထပ် မော်တင် စွန်းဘုရားကို အကြိမ်ကြိမ်ဖူးနိုင်အောင် အခုလို ဆက်ပြီး ဆုတောင်းပေးတယ်-

“xxxx သား၊ xxx သမီး ကုန်းမှာသွား ကုန်းမှာစောင့်ရှောက်ပါ။ ရေမှာသွား ရေမှာစောင့်ရှောက်ပါ။ တောင်ပေါ်သွား တောင်ပေါ်မှာ စောင့်ရှောက်ပါ။ သားတော် သမီးတော်တို့ သွားလမ်းသာလို့ လာလမ်းတွေဖြောင့်ပါရစေ၊ ရောင်းပန်းသာလို့ ဝယ်ပန်းတွေလည်း လှပါရစေ၊ ဒီနေရာ ဒီဒေသ ကိုလည်း သားတော် သမီးတော်တို့ တစ်နှစ်တစ်ခေါက်လာရောက်ပြီး ဆံတော်ရှင် ဘုရားကို ဖူးမေ ျှာ်နိုင်ခွင့် ၊ နဂါးမင်းကြီးအပေါင်းတို့ကိုလည်း နဂါးစာများ လှူဒါန်းနိုင်ခွင့်ရအောင် သား တော် သမီးတော်တို့ကို ရတနာခုနစ်ပါး ပြည့်စုံသော လာဘ်လာဘ အထုပ်အထည်များ စွမ်းဆောင် မစ ပေးတော်မူပါ။”

ဒီနေရာရောက်ရင်တော့ ဆုတောင်းခန်းပြီးပြီ။ ဒ့ါကြောင့် လှူဒါန်းထားတာတွေကို အမ ျှဝေတယ်။ ပူ ဇော်ပသတဲ့ ပုဂ္ဂိုလ် အမ ျှပေးဝေတဲ့ စာရင်းမှာ ဇေယျသေန နဂါးမင်းနဲ့နဂါးအပေါင်း သာမက သိုက် ပေါင်း ကိုးသိန်းကိုးသောင်း ကိုးထောင် ကိုးရာ ကိုး ဆယ့်ကိုး သိုက်ကို ချုပ်တော်မူတော်မူသော ဘုရားသိုက် ၊ သိကြားသိုက် ၊ နဂါးသိုက် ဆိုတာလည်း ပါ တယ်။ “ရန်ကုန်ဒေသ အခြေတော်ချ အမတော် မြနန်းနွယ် သိုက်နန်းရှင်သခင်မ၊ အမတော် စောမွန် လှသခင်မပါမကျန် ” လို့လည်း ပါ တယ်။

အမ ျှပေးဝေပြီးတော့ အလှူရှင်တွေလည်း ကိုယ်ဆုတောင်းချင်တာဆုတောင်းပေါ့။ တချို့က တော့ စိတ်ထဲက ဆုတောင်းတယ်။ တချို့က အသံထွက်ပြီးဆုတောင်းတယ်။ အားလုံးကျေနပ်ပြီ ဆိုတဲ့ အခါ ပူဇော်ပသပေးတဲ့ ပုဂ္ဂိုလ်ရဲ့ အကူလူတစ်ယောက်က ဖောင်တော်ကို ကိုင်ပြီး ပင်လယ်ထဲ ဆင်း တယ်။ ခါးလောက်ရောက်တော့ ဖောင်တော်ကို ပင်လယ်ထဲကို မျောလိုက်တယ်။ နဂါးစာပူဇော်တဲ့ အချိန်က ရေကျနေချိန်မှာ လုပ်လေ့ရှိတော့ ဖောင်တော်က ရေကျနဲ့ အတူ ပင်လယ်ထဲကို တရွေ့ ရွေ့မျောပါသွားတယ်။ ကျွန်တော်တို့ မှတ်တမ်းတင်တာကို ကြည့်နေတဲ့ အလှူရှင်တစ်ယောက်က တော့ ဒီရေတက်ရင် ပင်လယ်ထဲက ပစ္စည်းတွေ ကမ်းပေါ်လာတင်ပေမယ့် ဖောင်တော်တွေ က တော့ ဘယ်တော့မှ ပြန်ပါမလာဘူးလို့ ရှင်းပြတယ်။ သူပြောတာမှန်/ မမှန် လေ့လာချိန်မရခဲ့ဘူး။

နဂါးစာကျွေးတာကို မှတ်တမ်းတင်ပြီးတော့ “ ငွေသော်တာစန်း” ဆိုင်ကို ကျေးဇူးတင်ကြောင်း ပြောပြီး ဈေးတန်းဘက် ထွက်ခဲ့တယ်။ လမ်းမှာ ခရီးသွားဖော် မိတ်ဆွေက နဂါးရှိတယ်ဆိုတာ ယုံ လားလို့မေးတယ်။ ဒါနဲ့ “မယုံပါဘူး။ ဒါပေမဲ့ လူတိုင်း မှာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိတာပဲ၊ နောက်ပြီး သူတို့ ဆုတောင်းတာကို ကြည့်လေ၊ အလှူဒါနပြုနိုင်ဖို့အတွက် ဥစ္စာဓနတိုးပွားဖို့၊ မိသားစု အန္တရာယ်ကင်းဖို့ပဲ ပါတယ်၊ မတရားနည်း နဲ့ ငွေရှာဖို့ ၊ မရထိုက်တဲ့ ပစ္စည်း၊ အခွင့် အရေး တွေရဖို့တွေ မပါတဲ့အတွက် အကုသိုလ်တော့ မဖြစ်ဘူး ” လို့ ဖြေလိုက်တယ်။ ပြီးတော့ “ ဟိုလူဆို ရင်ကွာ” လို့ စကားဆက်တဲ့အခါ မိတ်ဆွေဖြစ်သူက “ ဟိုး ဆရာ ဟိုး” လို့ တားလိုက်တာနဲ့ စကား မဆက်ဖြစ်တော့ဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၆)

သူငယ်ချင်း- မော်တင်စွန်းဆောင်းပါးတွေမှာ မင်းရေးတာ ဖတ်ရတယ်။ ဒါပေမဲ့ ငါတို့နိုင်ငံက လူတွေ နိုင်ငံရေးအသိနည်းသေးတယ်။ ပါတီကို ကြည့်ပြီး မဲပေးတဲ့ အဆင့်က မတက်သေးဘူး။ ဒီမိုကရေစီနဲ့ မတန်သေးပါဘူးကွာ။

ကျွန်တော် – အနောက်ဒီမိုကရေစီနိုင်ငံတွေမှာတောင် အများစုက ပါတီအပေါ် ယုံကြည်မှု နဲ့ ပဲ မဲပေးတာ၊ ပါတီမူဝါဒတွေ၊ ကြေညာချက်တွေကို ဖတ်ပြီး မဲပေးတာမဟုတ်ဘူး လို့ ဖတ်ဖူးတယ်။

သူငယ်ချင်း- အေးလေ၊ ဒါပေမဲ့ ငါတို့ဆီက ပိုဆိုးပါတယ်ကွာ၊ လူပြိန်း တွေများတယ်။ သေသွားတဲ့ သူတောင် မဲနိုင်သေးတာပဲကြည့်။

ကျွန်တော်- အင်း ဒါဆို မင်းတို့၊ ငါတို့ နှစ်နှစ်ဆယ်ကျော် လုပ်ပိုင်ခွင့်တွေ ရထားခဲ့၊ အတိုက် အခံတွေ၊ မီဒီယာတွေကို ထိန်းချုပ်ထားခဲ့တာတောင် လူပြိန်းတွေ နိုင်ငံရေးအသိရှိ လာအောင်၊ ငါတို့မှ ငါတို့ ဖြစ်လာအောင် ဘာလို့ မလုပ်နိုင်ခဲ့လဲ ပြန်သုံးသပ် ကြည့် ရအောင်။

သူငယ်ချင်း- တော်တော့ကွာ။

ဤတွင်တစ်ခန်းရပ်

မော်တင်စွန်း (၄)

ပပဝတီ တည်းခိုခန်း ရာထူးလေးခုပိုင်ရှင် ကိုအောင်သူက ကျွန်တော်တို့နေရမယ့် အခန်းတံခါးကို ဖွင့်ရင်း “ မနေ့ထဲက ရောက်မယ်ဆိုလို့ အခန်း ပြင် ထားတာ” လို့ ပြောလိုက်တယ်။ သူ့စကား ကို ကြားလိုက်တော့ ကျွန်တော် တို့ အတွက်မှားပြီ ဆိုတာ ချက်ခြင်းသိလိုက်တယ်။

ကျွန်တော်တို့က အမြဲတမ်း မနက် ထွက်တဲ့ကားနဲ့သွားတာဆိုတော့ တည်းခိုမယ့် ရက်တွက် တဲ့ အခါ ကားစစီးတဲ့ ရက်ကို ပါထည့်တွက်ပြီး သုံးညအတွက် အခန်းကြိုမှာထားတာကိုး။ တကယ် တော့ ကားက နောက်နေ့ မနက်မှ မော်တင်စွန်းကိုရောက်တဲ့အတွက် နှစ်ညပဲ အိပ်ရမှာပါ။ အခု တော့ အခန်းခ တစ်ရက်စာ ငါးသောင်းငါးထောင် ပိုပေးရတော့မှာပေါ့။ ကိုယ့်ကို သိတဲ့အတွက် အား နာပြီး နှစ်ည စာပဲယူမလားဆိုတဲ့အတွေးနဲ့ ကိုအောင်သူမျက်နှာကို လှမ်းကြည့်လိုက်တော့လည်း “ ခင် လည်း ခင်တယ်၊ အားလည်းနာတယ် ၊ ဒါပေမဲ့” ဆိုတဲ့ မျက်နှာနဲ့။ သူ့ဘက်က ကြည့်တော့ လည်း ဒီလောက် ဘုရားဖူးတွေလာနေတဲ့အချိန်မှာ အခန်းတစ်ခန်း ကို တစ်ရက် အလကားလွှတ် ထားသလိုဖြစ်ရင် နစ်နာတာပေါ့။ ဒီလိုနဲ့ သုံးညအတွက် ပေးလိုက်ရတယ်။

မှားသွားတာလည်း အမှားကောင်းပါပဲ၊ တစ်ညစာကြိုယူထားတော့မနက်စောစော ရောက်တာနဲ့ အခန်းထဲ ဝင်အိပ်လို့ရတာပေါ့။ ကျွန်တော်တို့ တည်းခိုခန်း ရောက်တော့ မနက် ခုနစ်နာရီ လေးဆယ့်ငါးပဲရှိသေးတယ်။ ဒါတောင် ကားဘီးပေါက်နေလို့ မဟုတ် ရင် ဒီထက်စောမှာ။ တစ်ည ကြိုယူမထားရင်တော့ ရှေ့က ဧည့်သည်တွေ ထွက်တဲ့အထိ စောင့်၊ မစောင့်နိုင်ရင် ပစ္စည်းတွေ ထားပြီး ဘုရားသွားဖူးနေရမှာ။ အဲဒါဆိုရင်လည်း ခရီးပန်းလာတာနဲ့ အဆင်မပြေလှဘူး။ အခုတော့ အခန်းထဲ ဝင်၊ ပစ္စည်းချပြီးတာနဲ့ နားလို့ ၊ အိပ်လို့၊ ရေ ချိုးလို့ရတာပေါ့

ပပဝတီတည်းခိုခန်းက လုံးချင်းတိုက်လေးတွေဆိုတော့ တည်းရတာအဆင်ပြေတယ်။ အုတ်တိုက် က နှစ်ခန်းတွဲ လုံးချင်းဖြစ်ပြီး အဆောင်သုံးဆောင် ရှိတယ်။ ၊ အဲဒီအခန်းတွေက လေအေး စက်ပါတယ်။ သစ်သား ဆောင်လေးတွေက တစ်ခန်းချင်းလုံးချင်း၊ အဆောင်သုံးဆောင် ရှိတယ်။ အဲဒီအခန်းတွေက ပန်ကာ ပဲပါတယ်။ အခန်း ကိုးခန်း အဆောင်အနေနဲ့ ဆိုရင် ခြောက်ဆောင် ပဲ ရှိတဲ့အတွက် တိတ်ဆိတ်တာပေါ့။ နောက်ပြီး မြေပိုတွေများတဲ့အတွက် ကားရပ်ရ၊ လမ်းလေ ျှာက် ရတာလည်း အဆင်ပြေပါတယ်။ ရေမီးလည်းကောင်းတယ်။ ကျွန်တော်ကတော့ အခန်းထဲမှာ ရေ မချိုးဘူး။ ခြံထောင့်က အုတ်ကန်မှာပဲ တဝုန်းဝုန်းခပ်ချိုးခဲ့တယ်။ တည်းခိုခန်းရှေ့မှာ “ လရိပ်ညိုညို” ဆိုတဲ့ စားသောက်ဆိုင်ရှိတဲ့အတွက် အဝေးကြီးသွားစားဖို့မလိုဘူး။ တကယ်လို့ ကိုယ့်ဘာသာ ကိုယ် ချက်စားချင် တယ်ဆိုလည်း ချက်ဖို့အတွက်နေရာရှိတယ်။ ပပဝတီ တည်းခိုးခန်း ဖုန်းနံပါတ် က ( ၀၉ ၄၅၃၄၄၀၁၂၈)ပါ။

တည်းခိုခန်းမှာ ခဏအိပ်ပြီးတော့ “လရိပ်ညိုညို” မှာ နေ့လယ်စာ စားတယ်။ ဒီဆိုင်က တစ်နှစ်ပတ် လုံး ဖွင့်တဲ့ဆိုင်၊ ဘုရားပွဲနီးမှ လာဖွင့်တဲ့ဆိုင်မဟုတ်ဘူး။ မြန်မာ၊ တရုတ် ထမင်းဟင်း အစုံရပါ တယ်။ လက်ရာမဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ ဘုရားပွဲကာလ လူများတဲ့အတွက် စောင့်ရတာ၊ ဝန်ဆောင်မှု အားနည်းတာတော့ ရှိတယ်။ နေ့လယ်စာ စားပြီးတော့ မော်တင်စွန်းမှာရှိနေတဲ့အချိန် လိုရာသုံးဖို့ ဆိုင်ကယ်ရှာတယ်။

ကိုအောင်သူ့ အဆက်အသွယ်နဲ့ ဆိုင်ကယ်နှစ်စီးရတယ်။ ဆိုင်ကယ်သမားတွေက နှစ်ဆယ် ကျော် လူငယ်လေးတွေ။ နာမည်တွေက “ ခင်လှိုင်” နဲ့ “ မိုးဒီ” တဲ့။ နာမည်ရင်းတော့မဟုတ်ဘူး။ ဒါပေမယ့် မော်တင်စွန်းမှာ ဒီနာမည်တွေနဲ့ ပြောမှ သိကြတယ်။ ငွေ တောင်၊ ဇီးချိုင်၊ ဟိုင်းကြီးကျွန်းနဲ့ ဟိုနား၊ဒီနား သွားဖို့ အတွက်၊ နှစ်ညအိပ်သုံးရက် နှစ်စီး ခြောက်သောင်းနဲ့ ငှားလိုက်တယ်။ ဒါ ကလည်း ဘုရားပွဲကာလဖြစ်လို့ပါ။ သာမန်အချိန်ဆိုရင်တော့ ဒီထက်ပိုပြီး သက်သာနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီလူငယ်လေးတွေနဲ့သွားရတာ အဆင်ပြေ၊ ကျေနပ်ပါတယ်။ ခင်လှိုင် ဖုန်း နံပါတ်က ၀၉ ၆၇၇၇၃၁၉ ၃၃၊ မိုးဒီက ၀၉ ၆၈၈၃၄၄၂၆၇။ ဒီကလေးတွေရဲ့ မိဘတွေက ဧရာဝတီ တိုင်းအခြားမြို့နယ်တွေကနေ ဘုရား ဘက်စုံမွမ်းမံရေးလုပ်ငန်းတွေမှာ အလုပ်သမားလုပ်ရင်း ဒီမှာပဲ ဆက်နေကြတာ၊ ဘုရားပွဲအချိန်မဟုတ်လည်း မော်တင်စွန်းမှာ အမြဲရှိတယ်။

ငွေတောင်ကမ်းခြေကို သွားဖို့အတွက် တည်းခိုခန်းကနေ သုံးနာရီ စထွက်တယ်။ ကျွန်တော်တို့ က ကမ်းခြေမှာ ရေကူးဖို့အစီအစဉ်မရှိပါဘူး။ ကမ်းခြေ ပတ်ဝန်းကျင်မှာဓာတ်ပုံရိုက်၊ ပြီးရင် မော်တင် စွန်းကို ပြန်လာပြီး နေဝင်ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်မယ်၊ ဈေးတန်းတွေကို လေ့လာမယ်။

မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ ကမ်းခြေအတွင်းဘက်က ကားလမ်းနဲ့ ရေကျတဲ့အချိန် သောင်ပြင်အတိုင်းသွားတဲ့လမ်း၊ ကျွန်တော်တို့က ရေကျနေချိန် ဖြစ် တဲ့အတွက် ဆိုင်ကယ်နဲ့ ကမ်းခြေအတိုင်းသွားခဲ့တယ်။ တစ်ချို့ကားတွေလည်း ကမ်းခြေအတိုင်း မောင်းတာတွေ့တယ်။ ဒါပေမဲ့ လမ်းမှာ ရေချောင်းတစ်ခုဖြတ်ရတယ်၊ ရေတိမ်ပေမယ့် ပင်လယ်ရေငံ ဝင်တဲ့ ချောင်းတွေဖြစ်နေတော့ ကားအောက်ပိုင်း ဆားငံရေထိမှာကိုတော့ ထည့်တွက်ရမယ် ထင် တယ်။ ကားလမ်းအတိုင်းသွားရင်တော့ တံတားရှိတဲ့အတွက် ရေထဲဖြတ်ဖို့မလိုဘူး။

မော်တင်စွန်းကနေ ငွေတောင်ကို သောင်ပြင်အတိုင်းဆိုင်ကယ်နဲ့ သွားရတာ အတော်ကောင်း တယ်။ ဆိုင်ကယ်စီးတတ်ရင် ကိုယ့်ဘာသာကိုယ် ဆိုင်ကယ်ငှားပြီးသွားလို့ရပါတယ်။ ဒါပေမယ့် သဲ နစ်ပြီး ဆိုင်ကယ်မလဲအောင် သတိထားဖို့တော့လိုမယ်။ ဆိုင်ကယ်နဲ့မသွားချင်တဲ့သူတွေလည်း တုတ်တုတ်ငှားပြီး သွားလို့ရပါတယ်။

မော်တင်စွန်းနဲ့ ငွေတောင်ကြားမှာ ဟိုတယ်မော်တင် ရှိတယ်။ ဒီဟိုတယ်က မော်တင်စွန်းမှာ အကောင်းဆုံးဟိုတယ်လို့ဆိုကြတယ်။ ပင်လယ်ကမ်းခြေရှုခင်းကောင်းသလို ရေကူးလို့လည်း ရ တယ်။ ဒါပေမယ့် ဘုရားနဲ့ ဝေးတဲ့အတွက် ကိုယ့်ပိုင်ကားနဲ့လာတဲ့သူတွေအတွက်ပဲ အဆင်ပြေ မယ်။ ဟိုတယ်မော်တင်ရှိတဲ့ကမ်းခြေက အလျားရှည်သလို ကျယ်လည်းကျယ်တယ်။ နောက်ပြီး ဟိုတယ်တစ်ခုတည်းရှိတဲ့အတွက် ဘုရားပွဲအချိန်မဟုတ်ဘူးဆိုရင် တိတ်ဆိတ်ပြီး အပန်းဖြေလို့ ကောင်းမယ့်နေရာပဲ။ စိတ်အေးချမ်းသာ အပန်းဖြေဖို့ သက်သက်ဆိုရင်တော့ ချောင်းသာ၊ ငွေ ဆောင်သွားမယ့်အစား မော်တင်စွန်းမှာလာအပန်းဖြေတာက ပိုကောင်းမယ်။ ဒါပေမဲ့ အစား အသောက် ကတော့ ချောင်းသာ၊ ငွေဆောင်ကို မှီမှာမဟုတ်ဘူး။

မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေအထိက ဆိုင်ကယ်နဲ့ နာရီဝက်လောက်ပဲ သွားရပါ တယ်။ ဒါတောင် ကျွန်တော်တို့က လမ်းမှာ ရပ်ပြီး ဓာတ်ပုံရိုက်တာတွေရှိသေးတယ်။ ငွေတောင်ကမ်းခြေ ကတော့ ဘုရားပွဲရာသီဖြစ်တဲ့အတွက် ဈေးတန်းလည်းရှိတယ်။ ရေကူးတဲ့သူတွေကတော့ ဘုရား ပွဲ အစပိုင်းဖြစ်နေတဲ့အတွက် မများသေးဘူး။ ဈေးတန်းကတော့ ဘုရားပွဲရာသီဈေးတန်းဖြစ်တဲ့ အတွက် အရာရာဈေးများတယ်။ အရည်သောက် အုန်းသီးတစ်လုံးတောင် နှစ်ထောင်ဖြစ်နေတယ်။

မော်တင်စွန်းမှာ ရေကူးလို့ကောင်းတဲ့ကမ်းခြေ သုံးနေရာရှိတယ်။ သုံးခုလုံး ရေကြည်တယ်၊ သန့်တယ်။ တစ်ခုက ဘုရားအခြေ ဈေးတန်း တွေနားမှာ။ အဲဒီနေရာကတော့ နေရာကျဉ်းပြီး ကျောက်တန်းတွေလည်းရှိတော့ ရေကူးတဲ့သူ နည်းပြီး ညနေဘက် ဘောလုံးကန်တဲ့သူက ပိုများ တယ်။

နောက်တစ်နေရာက ဟိုတယ်မော်တင်ရှိတဲ့ကမ်းခြေဖြစ်ပါတယ်။ အဲဒီနေရာကတော့ ဟိုတယ်မှာ တည်းတဲ့သူတွေပဲ သုံးတာများတယ်။ ဘုရားဖူးဧည့်သည်တွေကတော့ ဈေးတန်းတွေရှိတဲ့ ငွေ တောင်အထိ သွားကြတယ်။

နောက်ဆုံးနေရာက ငွေတောင်ကမ်းခြေဖြစ်ပါတယ်။ အဲဒီနေရာကတော့ လူအများဆုံးပဲ။ ကိုယ်တိုင် ရေထဲမဆင်းခဲ့ပေမယ့် ကမ်းခြေသုံးခုထဲမှာ ရေကူးလို့ အဆင်ပြေဆုံးကမ်းခြေဖြစ်တယ်လို့ ပြော တာတော့ ကြားခဲ့ရတယ်။

ငွေတောင်ကမ်းခြေမရောက်ခင်မှာ တံငါလှေဆိပ်တစ်ခုရှိတယ်။ ဇီးချိုင်ရွာလှေဆိပ်ပေါ့။ ဧည့်သည် တွေက ကမ်းခြေမှာ ရေကူးအပန်းဖြေနေပေမယ့် ဒေသခံတံငါသည်များကတော့ လှေပြန်ထွက် ဖို့ ပိုက်ပြင်တဲ့သူနဲ့၊ လှေဝမ်းဖာတဲ့သူနဲ့ အလုပ်များနေကြတယ်။

ငွေတောင်ကမ်းခြေ ဈေးဆိုင်တန်းတွေကို ကျော်ပြီး ဆက်သွားရင်ကမ်းခြေအဆုံးနေရာမှာ ငါးလှန်း တဲ့တဲတွေရှိတယ်။ အဲဒီမှာ ငါးနီတူခြောက်တွေကို စင်တွေနဲ့ လှမ်းထားတယ်။ အမျိုးသမီးကြီးတွေ က စင်ပေါ်မှာ လှမ်းထားတဲ့ ငါးတွေကို စုပြီး သယ်ဖို့လုပ်နေကြတယ်။ သူတို့က စင်တစ်ခုပေါ်မှာ ရှိတဲ့ ငါးတွေကို ခင်းထားတဲ့ ပိုက်ကနေမပြီး ဘေးက စင်ပေါ်မှာ ရှိတဲ့ငါးတွေနဲ့ ပေါင်းတယ်။ နောက် စင်တစ်ခုက ငါးတွေကိုလည်း အဲဒီအတိုင်းလုပ်တယ်။ အဲဒီလို စုလိုက်တဲ့ ငါးတွေများလာတဲ့အခါ သူတို့ အားလုံးတန်းစီပြီး ခင်းထားတဲ့ပိုက်ကို လိပ်လိုက်တော့ ငါးတွေကို ပိုက်နဲ့ ထုပ်ထားသလို ဖြစ်သွား တယ်။ အဲဒီတော့မှာ အဲဒီပိုက်အရှည်ကို အားလုံးဝိုင်းထမ်းပြီး တဲဆီကို သယ်သွားကြ တယ်။ သူတို့ သယ်သွားတဲ့ပုံက စပါးကြီးမြွေကြီးတစ်ကောင်ကို ဝိုင်းထမ်းသွားတာနဲ့တူတယ်။ သူတို့လုပ်တာအဆင့်ဆင့်ကို အခုတင်ပေးထားတဲ့ ဓာတ်ပုံတွေမှာ ကြည့် ရင်ပိုရှင်းတယ်။

သူတို့လုပ်တာအတော်စနစ်ကျပြီး အလေအလွင့်နည်းတယ်။ မြန်လည်းမြန်တယ်။ တကယ်လို့ တစ်ယောက်ချင်းကသာ တောင်းနဲ့ ကဲ့ပြီးသယ်မယ်ဆိုရင် အချိန်လည်း ပိုယူရမယ်၊ ဖိတ်တာ ပြုတာနဲ့ အလေအလွင့်လည်း များနိုင်တယ်။ သူတို့ စုပေါင်းလုပ်ဆောင်နေတာကို ကြည့်ရင်း “လက်ဝါးဖြန့်ပြီး ပါးရိုက်တာထက် လက်သီးဆုပ်ပြီး ထိုးတာက ပိုထိရောက်တယ်၊ ဘယ်တော့မဆို အင်အားကို စုစည်းပြီး သုံး” လို့ ဆုံးမခဲ့တဲ့ဆရာသမားကို သတိရတယ်။

တကယ်တော့ ဇီးချိုင်ရွာမှာ အချိန်ယူပြီး ငါးဖမ်းလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းတွေအကြောင်း မေး ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က နေမဝင်ခင် နဂါးမင်းနဲ့ လည်း တွေ့ဖို့ရှိတော့ လက်စသတ် ပြီး ပြန်ခဲ့ရတယ်။

ဆက်လက်ဖော်ပြပါ့မယ်။

မော်တင်စွန်း (၃)

ငရုတ်ကောင်းတောင် ထမင်းဆိုင်လေး ဘေးမှာ ထိုင်လိုက်၊ ထလိုက်နဲ့ ညကို ဖြတ်သန်းခဲ့ရပြီး မနက် သုံးနာရီခွဲတော့ ကားသမားတွေက ခရီးဆက်ဖို့ ပြင်တယ်။ ခရီးသည်တွေလည်း ခရီး ဆက်ဖို့ အတွက် ကျန်းမာရေးလုပ်ကြတယ်။ ကံထူးအောင်ကားဂိတ်က သန့်စင်ခန်း သန့်ရှင်းရေး ကောင်း သလောက် ကံထူးအောင်ကားနားတဲ့ ထမင်းဆိုင်က သန့်စင်ခန်းတွေကတော့ အဆင်မပြေလှဘူး။ ကျွန်တော်အသုံးပြုခဲ့ရတဲ့ သန့်စင်ခန်းသုံးခန်းတွဲကတော့ သစ်သားခင်း၊ သစ်သားကာ၊ တံခါးက အပြာရောင်မိုးကာစ။ အထဲဝင်ပြီးရင် ကြိုးလေးကို သံချောင်းမှာချိတ်ထားရတယ်။ အပြင်က ရုတ် တရက် ဆွဲဖွင့်တာကို ကာကွယ်နိုင်ဖို့အတွက် အထဲရောက်ရင် သီချင်းဆိုရင်ဆို၊ မဆိုရင် ချောင်း တဟွတ်ဟွတ်ဆိုးနေရတယ်။ အနံ့အသက်ကတော့ ဈေးအိမ်သာ အဆင့်ပဲ။

လေးနာရီအတိမှာ ကားပြန်ထွက်တယ်။ ရွာအထွက်မှာ စစ်ဆေးရေးဂိတ်ရှိပြီး ခရီးသည် စာရင်း ပေး ရတယ်။ ကျွန်တော်ကတော့ ကားပြန်ထွက်မှ အိပ်ရတာဆိုတော့ တစ်ချိုးတည်းအိပ်လိုက်တာ ကျောက်ချောင်းလမ်းခွဲ စစ်ဆေးရေးဂိတ်ရောက်မှ နိုးတော့တယ်။ အဲဒီလမ်းခွဲ ဂိတ်ကနေ ကျောက် ချောင်းအထိ သုံးမိုင် ငါးဖာလုံရှိတယ်။ ကျောက်ချောင်းရွာနားရောက်တော့ ကားဘီးပေါက်သွား တယ်။ နာရီကြည့်လိုက်တော့ မနက်ခြောက်နာရီခွဲ။

အဆင်မပြေမှုတွေနဲ့ အသားကျနေတဲ့ သူတွေဆိုတော့ ကားသမားတွေကိုလည်း ဘာဘာ ညာညာ ပြောမနေဘူး။ကားပေါ်ဆက်ထိုင်တဲ့သူကထိုင်တယ်၊ အောက်ဆင်းပြီး လမ်းလျှောက်သူ လျှောက် တယ်။ငရုတ်ကောင်းတောင်မှာကျန်းမာရေးမလုပ်ခဲ့ရသူကတောတိုးတယ်။ ကျောက်ချောင်း သွား မယ့်ခရီးသည်တချို့ကတော့ ဆိုင်ကယ်ကယ်ရီကို ဖုန်းဆက် ခေါ်ပြီး ထွက်သွားတယ်။ ကားပျက် နေတာကြားတဲ့အတွက် ဆိုင်ကယ်ကယ်ရီတချို့လည်း မခေါ်ပဲရောက်လာပြီး ခရီးသည်တွေကို သွားမလားလိုက်မေးကြတယ်။ ဟိုင်းကြီးမြို့အထိ သွားမယ့်ခရီးသည်အများစုက ဆိုင်ကယ်မစီးဘူး။ ကျွန်တော် တို့လို မော်တင်စွန်းဘုရားဖူးတွေကတော့ ရွေးချယ်စရာမရှိဘူးလေ၊ ထိုင် စောင့်ပေါ့။

ဘီးလဲတာက နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ ကားပြန်ထွက်ပြီး ဆယ်မိနစ်လောက် မောင်း လိုက်တော့ ကျောက်ချောင်းကိုရောက်တယ်။ ကျောက်ချောင်းဆိုတာက ဟိုင်းကြီးကျွန်း တံတားထိပ်က ရွာ၊ ကျောက်ချောင်းကနေ ခမောက်မော်ကို သွားလို့လည်းရတယ်။

ကံထူးအောင် ကားက ဟိုင်းကြီးကျွန်းအထိ ဆက်မသွားဘူး။ ဟိုင်းကြီးကျွန်းမြို့ကို သွားမယ့် ခရီး သည်တွေကိုလိုက်ထရပ်နဲ့ ဆက်ပို့ပေးတယ်။ ကျွန်တော့်စကားပြောဖော်မိတ်ဆွေကြီးလည်း လိုက် ထရပ်နဲ့ပါသွားတယ်။ သူ့ကို နှုတ်ဆက်ရင်း သူလိုခံစားချက်ရှိတဲ့သူတွေ ဘယ်လောက် များ လဲ လို့တွေးမိတယ်။ မြန်မာနိုင်ငံ လူဦးရေ ၇၀% က ကျေးလက်ဒေသမှာနေထိုင်တယ်လို့ ကြက်တူရွေး စာအံသလိုပြောနေပေမယ့်အဲဒီလူထုဘ၀ နဲ့ခံစားချက်ကို နားမလည်သေးတဲ့ နိုင်ငံရေး သမားတွေ အများကြီး ရှိ နေ သေးတာပဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနိုင်တော့ တစ်ချို့ပုဂ္ဂိုလ်များက ကျွန်တော့်ကို ကိုဗစ် ထောက်ပံ့ကြေးတွေ၊လူမှုဖူလုံရေးထောက်ပံ့ကြေးတွေကြောင့်ကျေးလက်ဒေသကလူတွေ အင်န် အယ်လ်ဒီကို မဲထည့် လိုက်တာလို့ လာပြောကြတယ်။ ကျွန်တော်ကတော့ အဲဒီလို ထောက်ပံ့လို့ သာ ထောက်ခံရမယ်ဆိုရင် ပြည်ခိုင်ဖြိုးဟာ အသင်းဘ၀ ထဲက နှစ်ပေါင်းများစွာ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လူမှုရေး၊ဘာသာရေး ခေါင်းစဉ် မျိုးစုံ နဲ့လုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် ၂၀၁၅ ရွေးကောက် ပွဲမှာ ကျေးလက်ဒေသက လူအများစု ဘာ့ကြောင့် ပြည်ခိုင်ဖြိုးကို မဲမပေးတာလဲလို့ ပြန်မေးခွန်း ထုတ်ခဲ့ ဖူးတယ်။

ကျွန်တော်ရေးတဲ့ “ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်း များ ( ၂၀၁၀-၂၀၁၆) စာအုပ်မှာလည်း ပြည်ခိုင်ဖြိုးရဲ့ စည်းရုံးရေးလုပ်ငန်းအပေါ် အခုလို သုံးသပ် ရေးသား ခဲ့တယ်-

“ တာဝန်ခံဝန်ကြီးများနှင့် သက်ဆိုင်ရာတိုင်းမှူးများကလည်း သက်ဆိုင်ရာနယ်မြေများတွင် လူထု၏ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများလိုအပ်ချက်ကို သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ တစ်ဆင့် ဖန်တီးပေးခြင်းဖြင့် လူထုယုံကြည်ကိုးစားထောက်ခံမှုကို ရရှိလာမည်ဟု လွဲမှားစွာ ထင်မြင်ယူဆခဲ့ သည်။ ထိုသို့ ထင်မြင်ယူဆမှုကြောင့် ဝန်ကြီးများသည် သူတို့၏ အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး အစိုးရ၏ ရန်ပုံငွေများကို သက်ဆိုင်ရာဒေသများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ လမ်းများအတွက် အသုံးပြုနိုင်ရန်ဆောင်ရွက်သကဲ့သို့ အစိုးရ ကန်ထရိုက် လုပ်ပိုင်ခွင့်များကို အောက်ခြေအသင်းအဆင့်ဆင့်သို့ ချပေးခဲ့ရာ အဖွဲ့ခွဲအဆင့်ဆင့်ကလည်း သူတို့ အဖွဲ့ရန်ပုံငွေ ရရှိရေးအတွက် အသေချာဆုံးနည်းလမ်းဖြစ်သည့် ဒေသခံလုပ်ငန်းရှင်များထံ အမြတ်ဖြင့် ပြန် လည်ရောင်းချခဲ့သည်။ xxxxx ပြည်သူများအကြား အစိုးရ နှင့် အသင်းတွင် အကျင့်ပျက်ခြစားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ အမြစ်တွယ်လာမှုများကို ဝေဖန်ပြောဆိုမှုများ ပိုမို မြင့်တက်လာစေခဲ့ သည်။ထိုအကျိုးဆက်များကြောင့် ပြည်ခိုင်ဖြိုးအသင်း နိုင်ငံရေးပါတီအသွင်ပြောင်းလိုက်သည့် အခါ မူလ ပြည်ခိုင်ဖြိုး အသင်းဝင်များထံမှခိုင်ခိုင်မာမာ ထောက်ခံအားပေးမှုများကိုပင် ဆုံးရှုံးလာခဲ့ တော့ သည်။ ”

ကျောက်ချောင်းမှာ လူနဲ့ ကုန်တွေချပြီးတော့ မော်တင်စွန်းဆက်သွားမယ့် ခရီးသည်က ကျွန်တော် အပါအဝင် ဆယ်နှစ်ယောက်ပဲရှိတော့တယ်။ ကျောက်ချောင်းကနေ လမ်းခွဲကိုပြန်သွား၊ လမ်းခွဲက ကနေ မော်တင်စွန်းကို လေးမိုင် သုံးဖာလုံ ဝေးတယ်။

မော်တင်စွန်းဆိုတာက ရွာမရှိပါဘူး။ ဘုရားပတ်ဝန်းကျင်မှာ တည်းခိုခန်းတွေပဲရှိပါတယ်။ ဈေး ဆိုင် အများစုကလည်း ဘုရားပွဲကာလရောက်မှ ဖွင့်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကားက ကမ်းခြေ ကို ဆင်းတဲ့လမ်းနဲ့ ဘုရားကုန်းပေါ်တက်တဲ့လမ်းအဆုံမှာရပ်တယ်။ အဲဒီနေရာမှာ ကားဂိတ်ရယ်လို့ သီးခြားမရှိဘူး။ ကံထူးအောင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တစ်ခုပဲ လမ်းဘေးမှာထောင်ထားတယ်။

မော်တင်စွန်းမှာ ကျွန်တော်တို့တည်းမယ့် တည်းခိုခန်းက “ ပပဝတီဧည့်ရိပ်မွန်” ၊ ဒီတည်းခိုခန်းကို ဘယ်သူမှ ညွှန်တာမဟုတ်ဘူး။ မော်တင်စွန်းအကြောင်း စာတွေ ရှာဖတ်ရင်းနဲ့ ဒီတည်းခိုခန်းက ရေးတင်ထားတဲ့ မော်တင်စွန်းခရီးစဉ်ဆောင်းပါးတွေဖတ်မိတယ်။ ရေးထားတဲ့ပုံစံက တည်းခိုခန်း ကြော်ငြာပုံစံမဟုတ်ပဲ ခရီးသွားဆောင်းပါးပုံစံဖြစ်နေလို့ စိတ်ဝင်စားပြီး တည်းခိုခန်းကို ဆက်သွယ် တယ်၊ တည်းခိုးခန်းကလည်း အခန်း ကိုးခန်းပဲရှိတယ်၊ ဘုရားနဲ့ ငါးမိနစ်လောက်ပဲလမ်းလေ ျှာက် ရတယ် လို့ သိရတဲ့အတွက် ကိုယ်တည်းချင်တဲ့အနေအထားမျိုးပဲ ဆိုပြီး ရွေးချယ်လိုက်တာပါ။ အဲ ညဘက် မီးပျက်ရင် မီးစက်မောင်းပေးတဲ့ အချက်လည်းပါတာပေါ့လေ။ ဒါပေမဲ့ မော်တင်စွန်းမှာ ဘုရားပွဲကာလ မီးမှန်တယ်။ မီးပျက်ရင် အလွန်ဆုံး ဆယ့်ငါးမိနစ်ပဲ။

တည်းခိုခန်းက လုံးချင်းအိမ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ လေ အေးစက်ပါ၊ လေအေးစက်မပါ အမျိုးမျိုးရှိတယ်။ နှစ်ယောက်ခန်း၊ လေအေးစက်ပါ က သာမန် အချိန် သုံးသောင်းခွဲ၊ ဘုရားပွဲနီးလို့ ကျွန်တော်တို့ အော်ဒါတင်တဲ့အချိန် ငါးသောင်းခွဲ၊ ဘုရားဖူး ရက်ရောက်တော့ ခြောက်သောင်း။

ဒါပေမယ့် မော်တင်စွန်းမှာ တည်းခိုခန်းမျိုးစုံရှိပါတယ်။ လေးငါးယောက်တည်းလို့ရတဲ့အခန်းကို တစ်သောင်းခွဲ၊ နှစ်သောင်းနဲ့ ရတာလည်း ရှိပါတယ်။ အဲဒီထက် သက်သာတာလည်း ရှိသေး တယ်လို့ပြောတယ်။ အဲဒီလို အခန်းတွေကတော့ ပန်ကာ မပါဘူး။ အိမ်သာ ရေချိုးခန်းကလည်း ဘုံ ရေချိုးခန်း၊ ဘုံအိမ်သာပေါ့။ ဘုရားရင်ပြင်မှာပဲ အိပ်လို့လည်း ရတယ်။

ကားဂိတ်ကနေ တည်းခိုခန်းကို တောင်ကုန်းအတက် ကိုက်တစ်ရာကျော်ကျော်လောက်ပဲ လေ ျှာက် ရတယ်။ ဒါ့ကြောင့် ကိုယ့် အထုပ်ကိုယ်ဆွဲပြီး တည်းခိုခန်းကို သွားတယ်။ တည်းခိုခန်းအဝင် ညာဘက် မှာ သစ်သားအိမ်လေးတစ်လုံးရှိတယ်။ အဲဒါက ဧည့်ကြိုခန်းလည်း ဖြစ်တယ်၊ တည်းခို ခန်းပိုင်ရှင်၊ မန်နေ ဂျာ၊ သန့်ရှင်းရေး ဆူပါဗိုက်ဆာ နဲ့ ဧည့်ကြိုစာရေး ရာထူးလေးခုကို ယူထားတဲ့ ပုဂ္ဂိုလ်ရဲ့ အိပ်ခန်း လည်းဖြစ်တယ်။

အဲဒီအိမ်ရှေ့နေ အသံပြုလိုက်တော့ ဂျာကြီးထွက်လာတယ်၊ လူပိန်ပိန်၊ ခါးကိုင်းကိုင်း၊ မျက်မှန် ထူထူနဲ့။ ကျွန်တော်တို့ အော်ဒါတင်ချိန်က သူငယ်ချင်းနာမည်နဲ့ တင်ထားတဲ့အတွက် သူ့နာမည် ကို ပြောလိုက်တော့ အခန်းပြင်ထားပြီးပြီလို့ ပြောတယ်။ နောက်တော့ ကျွန်တော့်ကို လက်ညှိုးထိုး ပြီး “ ဟာ ဦးရဲထွဋ်ပဲ” လို့ပြောတယ်။ အဲဒီမှာ ကျွန်တော်ရဲ့ တိတ်တိတ်ဆိတ်ဆိတ် ခရီးသွားမယ့် အစီအစဉ်ပျက်တော့တာပဲ။

ဒါပေမဲ့ ဒါမျိုးက မကြာခဏ ကြုံတွေ့နေရတော့ အရေးမကြီးပါဘူး။ ကျွန်တော်တို့ တည်းရမယ့် အဆောင်ကို လိုက်ပြရင် သူပြောလိုက်တဲ့စကားကြားလိုက်ရတော့ ကျွန်တော်တို့ အမှားတစ်ခု ကျူးလွန်မိတယ်ဆိုတာကို သိလိုက်ရတယ်။

ဆက်လက်ဖော်ပြပါ့မယ်။

အရုဏ်ဦး မော်တင်စွန်း

  • ဆံတော်ရှင်ကမ်းရိပ်ထူးမှာ
    လှိုင်းတွေက လူတွေလို
    လူတွေက လှိုင်းတွေလို
    အေးရိပ်ခို ကမ်းကပ်တဲ့ သဒ္ဓါဓါတ်တွေ

( ရန်လင်းအောင် ၏ မော်တင်စွန်း နေ့စွဲတစ်ချို့ ကဗျာ ကောက်နှုတ်ချက်)

မော်တင်စွန်း (၂)

ကျွန်တော့်အနားမှာ လာထိုင်တဲ့သူက အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်တွေကြားမှာ လှုပ်ရှားရုန်းကန်နေရသူမှန်း သိသာတဲ့ အသွင်အပြင်နဲ့၊ အထဲ မှာ စပို့ရှပ်ဝတ်ပြီး အပြင်မှာ ဇစ်တပ်ထားတဲ့ ကော်လံပါဆွယ်တာဝတ်ထားတယ်၊ ဆွယ်တာ ကော်လံမှာအဖြူရောင် အစင်းကြောင်းနှစ်ခုပါတယ် ၊ ပုဆိုးက အစိမ်းပုတ်ရောင်ကွက်စိတ်၊ လက်ထဲ မှာ ကွမ်းထုတ် တစ်ထုတ်နဲ့။ အသက်ကလေးဆယ်ကျော် ( နောက်သူပြောတဲ့ အသက်အတိအကျ က ၄၇ နှစ်) ။

ခရီးသွားတို့ ထုံးစံအတိုင်း ဘယ်ကလာလို့၊ဘယ်သွားမလဲကနေ စကားစတာပေါ့။ ကျွန်တော့် ပုံ ကတော့ ရပ်ဝေးဧည့်သည်မှန်းသိသာနေတော့ ဘုရားပွဲသွားမှာလားလို့မေးတယ်။ သူက ရန်ကုန် ဂိတ်က စီးတာမဟုတ်ဘူး။ ဆားမလောက်ကနေ ဖြတ်စီး လာတဲ့သူ၊ ဟိုင်းကြီးကျွန်းကို သွားမှာတဲ့။ သူ့ဇာတိကဟိုင်းကြီးကျွန်းတဖက်ကမ်းကျောက်ကလပ်ကမ်းခြေရှိတဲ့အလယ်ကျွန်း၊နာဂစ် နောက် ပိုင်း မှ ဟိုင်းကြီးကျွန်း မှာ လာ အလုပ်လုပ်တာ၊ စက်လှေလုပ်ငန်းပေါ့။ ပိုင်ရှင်တော့ မဟုတ် ဘူး၊ အလုပ်သမားပါပဲ။ ကျောင်းကတော့ ကိုးတန်းအထိနေဖူးတယ်တဲ့။

နာဂစ်လို့ ပြောလိုက်တော့ နာဂစ်အကြောင်းရောက်သွားတယ်။ မုန်တိုင်းလာမယ့် အကြောင်း သတိမပေး ဘူးလားလို့ မေးတော့ လိုက်တော့အော်တာပဲ။ ဒါပေမယ့် မုန်တိုင်းကြီးမယ်၊ လူတွေ ရှောင်ကြလို့ သတိ မပေးဘူး၊ လှေမထွက်ဖို့ သတိပေးတာပဲရှိတယ်၊လူတွေက နှစ်တိုင်း မုန်တိုင်း သတင်းကြားနေကြ ဆို တော့ စိတ်မပူကြဘူးပေါ့လို့ ဖြေတယ်။ ပြီးတော့မှ “ လိုက်အော် တယ်ဆို တာ ကလည်း ခဏပါ၊ မဲပေးဖို့ နှိုးဆော်တာကမှ ပိုများသေးတယ်” လို့ ထပ်ဖြည့်ပြော တယ်။

သူတို့အရပ်ကိုမနက် ၁၁ နာရီလောက်မှာ မုန်တိုင်းစဝင်တယ်။ နေ့လယ် တစ်နာရီလောက်ရောက် တော့လေကအရမ်းပြင်းလာပြီး သစ်ရွက်တွေပါပြတ်ထွက်လာတော့ အခြေအနေမကောင်း တော့ ဘူး ဆိုပြီး ရွာနောက်က တောင်ကုန်းအမြင့်ပေါ် တက်ရှောင်ကြတယ်။ နောက်ရေတက်လာ တယ်၊ ရေတက်တာက မကြမ်းဘူး။ ရေတက်ပြီး တစ်နာ ရီလောက်ကြာတေ့ာ လေကြောင်းပြောင်း ပြီး မြောက်ဘက် ကနေ တိုက်တယ်၊ အဲဒီအချိန်မှာ ရေကလဲ ဝေါက နဲ့ ဆွဲချသွားတယ်။ အဲဒီမှာ အိမ် တွေ၊ သစ်ပင်ကြီး တွေ၊ အိမ်ပေါ်၊သစ်ပင်ကြီးတွေပေါ်မှာ ခိုကပ်နေတဲ့သူတွေ အား လုံးပါသွား တာပဲ လို့ဆက်ပြော တယ်။

သူတို့ရွာကတော့ လူအသေအပျောက်နည်းပေမယ့် အိမ်အားလုံးကုန်သွားတယ်၊ တိုင်ငုတ်တောင် မကျန်ဘူး။ ဘုန်းတော်ပြည့်၊ သဲချောင်း ဘက်က လူတွေက ရှောင်ပြေးစရာ တောင်ကုန်းမရှိ တော့ တစ်ရာ မှာ ခုနှစ်ဆယ်သေတယ်။ သူတို့မိသားစုက တော့ အသက်ရှင်ပေမယ့် ထမင်းစားဖို့ ဇွန်း တောင် မကျန်ခဲ့ ဘူးတဲ့။ အဲဒီနေရာ မှာ စကားခဏရပ်သွားတယ်။ ကြေ ကွဲစရာအတိတ်ကို ပြန်သတိရ နေပုံပဲ။ နောက်တော့မှ လှောင် ရယ် ရယ်တဲ့အသံနဲ့ “မုန်တိုင်းပြီးတော့ စားစရာ မရှိပါဘူးဆို မဲလာ ထည့်ခိုင်းနေလို့ ဥက္ကဋ္ဌကို ခင်ဗျားကြိုက်တာသာ ထည့်ခဲ့ဆိုပြီး မှာလိုက်ရတယ်။” လို့ ပြော တယ်။

နာဂစ်ဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မုန်တိုင်း ဒဏ်ခံဒေသ တွေက လွဲပြီး ကျန်တဲ့ဒေသတွေမှာ ရက်မရွှေ့ပဲ မူလ အတိုင်း မေလ ၁၀ ရက်နေ့ ကျင်းပတဲ့ ကိစ္စ၊ မုန်တိုင်း ဒဏ်ခံဒေသတွေအတွက် နောက်နှစ်ပတ်အကြာ မေ ၂၄ ရက်နေ့မှာ ကျင်းပ တဲ့ ကိစ္စက အတော်နာမည်ပျက်ခဲ့တာ အမှန်ပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ရေးတဲ့ “ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀-၂၀၁၆) စာအုပ်မှာ

“ အဆိုပါဆုံးဖြတ်ကြေညာချက်နှင့် ပတ်သက်ပြီး ပြင်းထန်စွာ ဝေဖန်ခြင်းခံရသည့်အခါ နာဂစ် မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့်နေရာများသည် နိုင်ငံ၏ အစိတ်အပိုင်း အနည်း ငယ်သာဖြစ်သဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း၊ အစိုးရက ပြန်လည်ဖြေရှင်းခဲ့ရသည်။ xxxxxxx နောင် တွင် ပြည်သူလူထုအများစုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်အခြေခံ ဥပဒေ ဟုခေါ်ဝေါ် ခဲ့ကြသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဖြစ်လာခဲ့ရသည့် ဦးသိန်းစိန် အတွက်မူ ထို ဆိုးရွားသည့် အတိတ်ပုံရိပ်ကို ပြောင်းလဲပစ်ရန် အစွမ်းကုန်ကြိုးစားရပေဦးတော့မည် ဖြစ်ပေ သည်။” လို့ သုံးသပ်ရေးသားခဲ့တယ်။

သူပြောတဲ့အထဲမှာ မဲပေးတဲ့ အကြောင်းပါလာတော့ ရွေးကောက်ပွဲတွေအကြောင်း စကားစကြည့် တယ်။ ဘာမှ ပြန်မပြောဘူး။ ဒါနဲ့ ကျွန်တော်က ရိုးရိုးသိချင်တာပါ၊ ကျွန်တော်တို့ ရန်ကုန်မှာလည်း ဒါပဲ ပြောနေ ကြ တော့ ခင်ဗျားတို့ နယ်က အကြောင်းလည်း သိချင်တာပါလို့ ပြောရတယ်။ ဒီတော့ မှ သူက “ စကားပြောတာ ကြည့်ပြောနေရတယ်။ စစ်ကြောရေး ပါသွားမှာ၊ ကျွန်တော်တို့ ရွာဘက် တွေမှာတောင် မထင်ရင် မထင်သလို ဖုန်းဖွင့်စစ်တာတွေ ရှိတယ်” လို့ ဆိုတယ်။ ကြောက်ခေတ် ပေကိုး။

တကယ်တော့ သူက ပြည်ခိုင်ဖြိုး အသင်းဘဝမှာ ကျေးရွာစည်းရုံးရေးမှူးဖြစ်ခဲ့သေးတယ်တဲ့၊ နာဂစ် ပြီးတော့ အသင်းမှာမလုပ်တော့ဘူး။ မယုံတော့ဘူး၊ မကြိုက်တော့ဘူးလေ လို့ ပြောတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေး ကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်ခဲ့တယ်၊ “ ဘာမှမသိသေးဘူးလေ၊ ဘယ်သူ့ ကို ပေးတယ် ဆိုတာ သိတယ်။ လက်မှတ်မှာ နံပါတ်ပါတယ် ” လို့ ပြောကြတာကိုးတဲ့။ ဒါပေမဲ့ ၂၀၁၅ ရောက်တော့ အဲဒါမဟုတ်မှန်းသိသွားတဲ့အခါ အင်န်အယ်လ်ဒီ ပဲ ထည့်တယ်။ ၂၀၂၀ မှာ လည်း ဒီအတိုင်းပဲထည့်တယ် တဲ့။ ဒီဘက်မှာတော့ အနီပဲ၊ အစိမ်းနည်းနည်းပဲ လို့ ဆိုတယ်။

၂၀၂၀ မှာ ပြဿနာတက်နေတဲ့ မဲခိုးတယ်၊ မဲမသမာမှုလုပ်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လို မြင်လဲလို့မေးလိုက်တော့ နည်းနည်းတင်းသွားပုံရတယ်။ “လူတိုင်း ကိုယ်နေတဲ့ ရပ်ကွက်၊ ကိုယ့်ရွာမှာ ဘယ်သူ ဘာဆိုတာ သိကြတာပဲ၊ ဘယ်လိုလုပ်မဲခိုးမလဲ။ မဲရုံထဲမှာ အဖွဲ့ပေါင်းစုံက လူတွေထိုင်ကြည့် နေတာ၊ ကျွန်တော်တို့ဆီမှာဆို အင်န်အယ်လ်ဒီပါတယ်၊ ပြည်ခိုင်ဖြိုး ပါ တယ်၊ ရခိုင်ပါတီ ပါတယ်။ မဲကော်မတီ ဆိုတာ ရှိတယ်။ ( ရွေးကော်ကို ဆိုလိုတာ)၊ မဲရုံလုံခြုံရေးရှိတယ်။ လုပ်အားပေးဆရာမတွေရှိတယ်၊ မဲပုံးကို ချိတ်ပိတ် ထားတယ်။ မဲရေတော့ လူအားလုံးရှေ့မှာ ပုံး ဖွင့်ပြီး တစ်မဲ ချင်းထုတ်ရေတယ် လေ” လို့ပြောတယ်။

သူက စကားပြောရင်း အသံကျယ်လာလို့ ခရီးသည်တချို့က လှမ်းကြည့်တယ်။ ဒါနဲ့ ထိုင်ခုံတွေ ယူ ပြီး ကားနဲ့ ခပ်ဝေးဝေး ရွှေ့ထိုင်ရင်း ခင်ဗျားပြောတာလည်း မှန်ပါတယ်။ ကျွန်တော်လည်း အဲဒီကိစ္စအပေါ်မှာ ဘဝင်မကျပါဘူးလို့ ပြောရတယ်။

အရှိန်ရသွားပုံရတဲ့သူက ချိတ်ပိတ်ထားတုန်းမဲခိုးထည့်ဖို့ဆိုတာ ဒီအပေါက်ကျဉ်းကျဉ်းလေးထဲကို မဲရာချီပြီး လူမမြင်အောင် ဘယ်လို ထည့်မလဲ။ နှစ်ခါ၊သုံးခါ မဲပေးဖို့ဆိုတာ လက်သန်းမှင်တို့ထား ရင် လေးငါးရက် တောင် မပျောက်ချင်ဘူး၊ ပြီးတော့ ကျွန်တော်တို့ဒေသဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သိနေတာ၊ နှစ်ခါထပ်ပေးရင် ပြည်ခိုင်ဖြိုးတို့ ရခိုင်ပါတီ တို့က မဲရုံစောင့်တဲ့သူတွေက ကန့်ကွက်မှာပေါ့။ မဲကွာတာက လေးငါးခြောက်မဲ၊ ဆယ်မဲ ကွာတာမဟုတ်ဘူးလေ။ ရာနဲ့ ၊ ထောင် နဲ့ ကွာတာ၊ ကျွန်တော်တို့ရွာတွေ မပြောနဲ့ ( ) မှာတောင် ပယ်မဲ ရှစ်ဆယ်ကျော်၊ အင်န် အယ်လ်ဒီမဲ နှစ်ရာနီးပါး ထွက်သေးတယ်တဲ့၊ စဉ်းစားကြည့်ပေါ့ လို့ဆက်ပြောတယ်။

သူပြောလို့ အားရတော့ ကျွန်တော့်ကို ခင်ဗျားတို့ကရောလို့မေးတာနဲ့ အင်န်အယ်လ်ဒီဘက်က အိမ်ကွင်း အားသာချက်ကို သုံးတဲ့အတွက် အငြင်းပွားစရာအချက်တွေရှိပေမယ့် အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေ အရ ကော်မရှင်မှာပဲ တိုင်တန်းဖြေရှင်းရမယ်ဆိုတဲ့အကြောင်း တိုတိုနဲ့လိုရင်း ရှင်းပြလိုက်တယ်။

သူကတော့ ကျွန်တော့် အဖြေကို အားရပုံမရဘူး။ စာရင်းမှားတယ်ဆိုတာကတော့ဗျာ၊ ကလေး ကျောင်း သွား အပ်ရင်တောင် အဖေနာမည်မှားလို့ လိုက်ပြင်ရသေးတာပဲ၊ မဲခိုးတာမှမဟုတ်တာ၊ အခုတော့ မဆီမဆိုင် တွေ လုပ်လိုက်တော့ အားလုံး ကသိကအောက်တွေ ဖြစ်ကုန်ရော၊ ကျွန်တော် ဒီလောက်ပြောရင် ခင်ဗျား ပိုသိ ပါတယ်။ မြို့ကလာတာ ပဲ လို့ ဆိုတယ်။

ဒီတစ်ခါတော့ သူ့စကားနောက်မလိုက်နိုင်တော့ဘူး။ “ ပိုသိလေ၊ ပိုခက်လေပဲဗျ၊ ခင်ဗျားပြောသလို ပဲ စကား ပြောတာ ကြည့်ပြောနေရတယ်” လို့ ပြောရင်း စကားဝိုင်းကို သိမ်းလိုက်ရတယ်။