စစ်သားမျက်ရည်

အိန္ဒိယကြည်းတပ်မတော်က ဗိုလ်ချုပ် Mrinal Suman က ၂၃ ဧပြီ ၂၀၁၆ ရက်နေ့ Indian Defence Review စာစောင်မှာ “When a Soldier Cries” “စစ်သားတစ်ယောက် ဝမ်းနည်း ငိုကြွေးရချိန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ သူပြောတဲ့ စစ်သား ( Soldier ) ဆိုတာက တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အဆင့်အားလုံးကို ဆို လိုတာဖြစ်ပါတယ်။

ဗိုလ်ချုပ် ဆူမန်က စစ်တိုက်တယ်ဆိုတာက ရက်စက်မှု၊ ဖျက်ဆီးမှု နဲ့သေခြင်းတရားတွေကို ရင်ဆိုင်ရတဲ့ အလုပ်ပဲ၊ အန္တရာယ်ကိုရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့လိုသလို ကိုယ့်ရန်သူကို သတ်ဖြတ်ရဲ ဖို့လည်းလိုတယ်၊ စစ်သားဆိုတာ ဒီလိုအလုပ်မျိုးကို လုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေး ခံ ထားရ တဲ့သူတွေ ဆိုတော့ လူတွေက စစ်သားဆိုတာ သွေးအေးအေးနဲ့ ရက်စက်နိုင်တဲ့သူ၊ ခံစား ချက်မဲ့တဲ့သူ လို့ထင်ကြ တယ်၊ မဟုတ်ဘူး၊ စစ်သားဆိုတာ လည်း လူသားပဲ၊ ဝမ်းနည်းတတ်တယ်၊ ကြေကွဲတတ်တယ်၊ စစ်သားတစ်ယောက် ဝမ်းနည်းပူဆွေး ငိုကြွေးရတဲ့ အကြောင်း အရင်း ငါးချက် ရှိတယ်လို့ ပြောတယ်။ အဲဒီငါးချက်ထဲမှာ တစ်ချက်ကတော့ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်ကို ပြောထားတဲ့အတွက် အခြားနိုင်ငံများက စစ်သားတွေနဲ့ သက်ဆိုင်မှု မရှိ သလောက်ပဲ။ ကျန်တဲ့လေးချက်ကတော့ ဘယ်နိုင်ငံက ဖြစ်ဖြစ် စစ်သား မှန်သမ ျှ နဲ့သက်ဆိုင် တယ်။

အဲဒီလေးချက်ထဲမှာ ပထမဆုံးအချက်ကတော့ “ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တိုက်ပွဲကို နိုင်အောင်တိုက်နိုင်ခြင်းပဲ၊ စစ်သား တိုင်းက တိုက်တိုင်းအောင်ဖြစ်ချင်တယ်။ ဒါ့ကြောင့်တိုက်ပွဲတစ်ပွဲ ရှုံးပြီဆိုတာနဲ့ သိက္ခာကျတယ်၊ သူ့ တာဝန် ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ဘူးဆိုပြီး ကြေကွဲမဆုံးဖြစ်ရတယ်။

ဒုတိယအချက်ကတော့“ ရဲဘော်ရဲဘက်တစ်ယောက်ကျဆုံးတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သား ဘ၀ ဆိုတာ အသင်းအဖွဲ့နဲ့လုပ်ရတဲ့အလုပ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ အပြန်အလှန်ကူညီစောင့်ရှောက် ရတဲ့ အလုပ်ဖြစ်တယ်။ အဲဒီလို ဖြစ်အောင်လည်း လေ့ကျင့်ပေးထားတယ်။ စစ်သားတွေက သေခြင်း တရားနဲ့ အချိန်မရွေးကြုံနိုင်တယ်ဆိုတာ သိထားပေမယ့် ကာလရှည်ကြာ လက်တွဲတိုက်ပွဲ ဝင် လာတဲ့ ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးသွားရင် ကြေကွဲရတာပဲ။ ကိုယ်က အကာအကွယ် မပေး နိုင်လို့ ကျဆုံးသွားရတယ်လို့ ခံစားရရင် ပိုပြီးကြေကွဲရတာပေါ့။

တတိယအချက်ကတော့“ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ တွေ့ကြုံရတဲ့အချိန်” ဖြစ် ပါတယ်။ တပ်မတော်ဆိုတာ အထက်အောက် ယုံကြည်မှု၊ အပြန်အလှန်သစ္စာရှိမှု နဲ့ တည်ဆောက်ထား တဲ့အဖွဲ့အစည်းဖြစ်တယ်။ လက်အောက်တပ်ဖွဲ့ဝင် စစ်သည်တွေရဲ့ ယုံကြည်အားကိုးမှု ရတယ် ဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အမြင့်မားဆုံး ဆုလဒ်ပဲ။ ဒီလိုယုံကြည်မှုဆိုတာကလည်း ခေါင်းဆောင်လုပ်သူရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ စစ်ဆင်မှုဆိုင်ရာအရည်အချင်း ပြည့်၀ မှု တွေ အပေါ်မှာ မူတည်ပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ စစ်ခေါင်းဆောင်တစ်ယောက်ဟာ အကျင့် ပျက်၊ လာဘ်စား၊ လောဘကြီးတဲ့အပြင် စစ်ကိုလည်းနိုင်အောင်မတိုက်နိုင်ဘူးဆိုရင် စစ်သားတွေက ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုမရှိတော့ရုံသာမကဘူး၊ သူ့ရဲ့ စစ်မှုထမ်းဘဝကိုပါ သံသယဝင်ပြီး စိတ်ပျက် ဝမ်းနည်းသွားတတ်တယ်။

စတုတ္ထအချက်ကတော့ “ လူထုထောက်ခံမှုမရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားဆိုတာ နိုင်ငံတော် အတွက် အသက်နဲ့ ခန္တာကိုယ် ကို စွန့်လွှတ်ပါ့မယ်လို့ သစ္စာဆိုထားသူတွေဖြစ်တယ်။ တစ်ဖက် မှာ လည်းသူတို့ဟာလူသားတွေ ဖြစ်တဲ့အပြင်လူထုထဲက ပေါက်ဖွားလာသူတွေ ဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်ကို လူထုက အသိအမှတ်ပြု တာ ခံချင်တယ်။ ဒီလိုအသိအမှတ်ပြုမှု၊ ထောက်ခံမှု ဟာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ၊ ငွေကြေးတွေ ထက် တန်ဖိုးကြီးတယ်။ ဒီလို အသိအမှတ်ပြုမှုကြောင့် ပဲ အသက်ပင်သေသေ ဆိုတဲ့ စိတ်နဲ့ နိုင်ငံ အတွက် တိုက်ပွဲဝင်ကြတယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် လူထုက စစ်သားတွေကို မနှစ် သက် တော့ဘူး၊ သူတို့လုပ်ရပ်တွေကို မထောက်ခံ တော့ဘူး၊သူ့ကိုယ်သူစစ်သားအဖြစ် လက်မထောင်ဂုဏ်မယူနိုင်တော့ဘူးဆိုရင် ဝမ်းနည်း ကြေကွဲ တာပဲ။

ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ ဗိုလ်ချုပ်ဆူမန် ပြောတဲ့အချက်လေးချက်မှာ နောက်ဆုံး နှစ် ချက်က အရေးကြီးဆုံးလို့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တိုက်ပွဲတစ်ပွဲရှုံးရင် နောက်တိုက်ပွဲ တစ်ပွဲ မှာ နိုင်အောင်ပြန်တိုက်လို့ရတယ်။ ကမ္ဘာ့စစ်သမိုင်းမှာ ရှုံးရာကနေ ပြန်အနိုင်ယူ အောင်ပွဲ ခံ ခဲ့တဲ့ သာဓက အများကြီးရှိတယ်။

ဒီလိုပါပဲ၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားလို့ ခံစားရတဲ့ဝမ်းနည်းမှုဟာ အချိန်ကာလရဲ့ ကုစားမှု၊ သက်ဆိုင်ရာဘာသာတရားရဲ့ ဆိုဆုံးမမှုတွေကြောင့် တဖြေးဖြေးချင်းလျော့ကျသွားနိုင်တယ်၊ ဖြေ သာနိုင်တယ်။ ဒါမှမဟုတ် နောက်တစ်ပွဲကို အနိုင်တိုက်ပြီး သူငယ်ချင်းအတွက် လက်စားချေခဲ့ပြီလို့ တွေးနိုင်တယ်။

အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ ကြုံရတာကတော့ ရေတိုကိစ္စမဟုတ်တော့ဘူး။ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မှားယွင်းတဲ့မူဝါဒတွေ အကျိုးသက်ရောက်မှုက လေးငါးဆယ်နှစ် ဖြစ် နိုင်သလို မျိုးဆက်တစ်ခုလောက်အထိလည်း ဖြစ်သွားနိုင်တယ်။ ပြန်ကုစားနိုင်ဖို့အတွက် အချိန် ယူ ရမယ်။ ငွေကုန်လူပန်းဖြစ်မယ်။

လူထု ထောက်ခံမှု မရတဲ့ ကိစ္စကတော့ အဆိုးဆုံးပေါ့။ စစ်သားတစ်ဦးချင်းအနေနဲ့နေ့တိုင်း၊ နေ့တိုင်း၊ အချိန်တိုင်း၊ အချိန်တိုင်း ခံစားနေရတဲ့ကိစ္စ၊ စစ်သားတစ်ဦးချင်းသာမဟုတ် တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရပ်တည်မှုကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်တယ်။ ဗီယက်နမ် စစ်ပွဲကာလ အမေရိကန်နိုင်ငံအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ အမေရိကန် စစ် သားတွေဟာ လူထုထဲကို စစ်ဝတ်စုံဝတ်ပြီးသွားလာဖို့အတွက် အလွန်ဝန်လေးခဲ့ကြတယ်။ လူတွေ မကြိုက်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုတော့ အမေရိကန်စစ်သားတွေကလည်း သူတို့ အလုပ်ကို တန်ဖိုးမထားတော့ပဲ အရည်အချင်းကျဆင်း၊ စည်းကမ်းမဲ့ ဖြစ်လာခဲ့တယ်။

အဲဒီ အခြေအနေကို ကုစားနိုင်ဖို့အတွက် အမေရိကန်တပ်မတော်ဟာ ဆယ့်ငါးနှစ်လောက် အချိန် ယူခဲ့ ရတယ်။ ဒါတောင်မှ အမေရိကန်တပ်မတော်က ဒီမိုကရေစီနိုင်ငံရေးစနစ်ထဲမှာ ကာကွယ်ရေး တာဝန်သက်သက်ကိုပဲ ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းအဖြစ်ရပ်တည်နေတဲ့အတွက် လူထု ထောက်ခံမှုနဲ့ တပ်မတော်အရည်အချင်းကို ပြန်တည်ဆောက်ဖို့လွယ်ကူခဲ့ တာပါ။

နောက်ပြီး ဗိုလ်ချုပ်ဆူမန်ပြောတဲ့အချက်လေးချက်မှာ အရှုံးနဲ့ သေခြင်းတရားဆိုတာ စစ်သားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံရမယ်လို့ခံယူထားပြီးသားဖြစ်တဲ့အတွက် ကြုံလာခဲ့ရင်လည်း ရင်ဆိုင် နိုင်စွမ်းရှိပါတယ်။ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ လူထုထောက်ခံမှု မရခြင်း ဆိုတဲ့ အချက်တွေ ကတော့ ဘယ်စစ်သားမှ မေ ျှာ်လင့်မထားဘူး၊ ကြုံလည်း မကြုံချင်ဘူး။ ဒါပေမဲ့ မလွှဲမရှောင်သာ ကြုံ လာခဲ့ရင်လည်း ဒီအခြေအနေကို ပြန်လည်ကုစားဖို့ဆိုတာ စစ်သားတွေပဲ စွမ်းဆောင်နိုင်တာပါ။

မင်္ဂလာ ဒီဇင်ဘာ

“မင်္ဂလာရှိပါစေ၊ ဒီဇင်ဘာလမြတ်မှာ
အပေါင်းအသင်းများ မိတ်သဟာယဖွဲ့လို့
သခင်ဘုရားရှေ့အတူ ဒူးထောက်ဆုတောင်းကာ
သခင့်မွေးနေ့ကို ကြိုဆိုတယ်”

ကလောမြို့ ကရင်နှစ်ခြင်းခရစ်ယန်ဘုရားကျောင်း ကိုရောက်ခဲ့ချိန်က ဘုရားကျောင်း အတွင်းမှာ မြင်ခဲ့ရတဲ့ ဓမ္မသီချင်းစာသားဖြစ် ပါတယ်။ ကရင် နှစ်ခြင်း ခရစ်ယန်ဘုရားကျောင်းကို ၁၃ ဒီဇင်ဘာ ၁၉ ၁၈ ခုနှစ်မှာ အုတ်မြစ် ချခဲ့ တာဆိုတော့ ၁၀၄ နှစ်သက်တမ်းရှိပါပြီ။ ဒီဘုရားကျောင်းက မူလက မက်သဒစ် ဘုရားရှိခိုးကျောင်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံခြားသား သင်းအုပ် ဆရာတွေ အမေရိကန်ပြန် သွားတဲ့ အချိန်မှာ ကရင်နှစ်ခြင်း အသင်းတော်ကို လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

လမ်းလည်းကျယ်ပါစေ

ကလော – အင်းလေး ဒုတိယနေ့ခရီးစဉ်မှာ ပထမဆုံးတွေ့တဲ့ရွာက ပင်နွေးရွာဖြစ်ပါတယ်။ ပင်နွေး ရွာ က ပအိုဝ်းတိုင်းရင်းသားရွာဖြစ်ပြီး အဲဒီရွာရဲ့ ထူးခြားချက်က ရိုးရာဂျပ်ခုတ်ထည် ရက်လုပ်တာ ကို လေ့လာနိုင်တာဖြစ်ပါတယ်။

ဒီရွာမှာ ရိုးရာဂျပ်ခုတ်ထည် ရက်တာက အသက် ၈၀ ကျော် အဖွားနှစ်ယောက်ပါ။ အဖွားနှစ် ယောက် အိမ်တွေကလည်း ကပ်လျက်၊ အသက်လည်း နှစ်လကြီး နှစ်လ ငယ်။ အသက်ပိုကြီးတဲ့ အဖွား နာမည်က မပေါင် တဲ့ ။နောက်အဖွားနာမည်က မကျန်းတဲ့။

အဖွားနှစ်ယောက်က သား၊ သမီးတွေနဲ့ အတူမနေဘူး။ ကိုယ့်အိမ်နဲ့ ကိုယ်ပဲ။သူတို့ အိမ်တွေ နောက်ဘက်မှာ မြေစိုက်တဲလေးနဲ့ ရက်ကန်းယက်တဲ့နေရာရှိတယ်။ခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသား ဧည့် သည်တွေက ပင်နွေးရွာရောက်ရင် အဖွားတွေ ရက်ကန်းရက်တာကို လေ့လာ တယ်၊ အဖွားတွေ ရဲ့ လက်မှုပစ္စည်းလေးတွေ ဝယ်တယ်။ ပစ္စည်းမဝယ်ဖြစ်ရင်တောင်အဖွားတွေ လိုရာ သုံးဖို့ လှူသွားတယ်။

အခုတော့ အဖွားတွေရဲ့ ရက်ကန်းခတ်သံတိတ်နေတာ သုံးနှစ်လောက်ရှိပြီပေါ့။ အဖွားမပေါင်က တော့ ဒီနှစ်ထဲမှာ ခါးနာလာတဲ့အတွက် ရက်ကန်းမရက်နိုင်တော့ဘူး။ ဂျပ်ခုတ်ထည်က ခြေဆင်း ထိုင်ပြီး ရက်ရတာဆိုတော့ နှစ်ပေါင်းများစွာ အဲဒီပုံစံအတိုင်းထိုင်ခဲ့တဲ့အတွက် ခါးနာတာ ဖြစ် မယ်။ အဖွား မကျန်းကတော့ ကျန်းမာရေးကောင်းသေးတယ်။ ဒါပေမဲ့ ဧည့်သည်မလာလို့ ရက်ကန်း မရက်ဖြစ်တာကြာပြီတဲ့။

အဖွားမကျန်းက မြန်မာစကားနည်းနည်းပြောနိုင်တယ်။ အဖွားမပေါင်ကတော့ မပြောတတ်ဘူး။ အဖွား မကျန်းက သူတို့လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး “ ဧည့်သည် မလာတော့ နား တယ်လေ၊ ဧည့်သည်လာတော့ ပိုက်ဆံတော့ နည်းနည်းပေါတယ်။ ဧည့်သည် လာတာနဲ့ မလာ တာ အများကွာတယ်လေ” လို့ ရှင်းပြတယ်။

ဒီလမ်းကြောင်းမှာတော့ ဧည့်သည်ဆိုတာ နိုင်ငံ ခြားသားခရီးသွားတွေကို ဆိုလိုတာပါ။ ပြည်တွင်းခရီးသည်တွေက ခြေလျင်ခရီးသွားတာ အတော် နည်းတော့ ခရီးသွားလုပ်ငန်းက နိုင်ငံခြားသားခရီးသည်တွေကိုပဲ မှီခိုနေရတယ်။

ဂျပ်ခုတ်ထည်တွေက လွယ်အိတ်တစ်လုံး၊ တဘက်တစ်ထည်ဖြစ်ဖို့ ငါးရက်ကနေ ခုနစ်ရက် အထိ ကြာတဲ့အတွက် နောက်မျိုးဆက်တွေက မရက်တော့ဘူး၊ လွယ်တဲ့ စက်ရက်ကန်းထည်တွေပဲ သုံး တော့တယ်။ အဖွားနှစ်ယောက်သာ နိုင်ငံခြားသားခရီးသွားတွေရှိနေလို့ ရက်ကန်းလုပ်ငန်း ကို လုပ်နေတာ။ သူတို့ နောက်ပိုင်းမှာ ရက်ကန်းအမွေ ဆက်ခံတဲ့သူရှိတော့မယ်မထင်ဘူး။

ရက်ကန်းလုပ်ငန်းနားထားတာ ကြာပြီ ဆိုတော့ အဖွားနှစ်ယောက်မှာ ရောင်းစရာ ပစ္စည်းနည်းနည်း ပဲရှိတော့တယ်။ အဲဒီအထဲက လွယ်အိတ်နဲ့ တဘက်တွေဝယ်လိုက်တယ်။ နောက်ပြီး အဖွားနှစ် ယောက်အတွက် ဆေးဖိုးလည်း ကန်တော့ခဲ့တယ်။

အဖွားမကျန်းက အသံဝဲ၀ဲ နဲ့ မြန်မာလို “ အမောင် အရှေ့သွားရင် အမေ အဖေ လို လူကောင်းကောင်းနဲ့တွေ့ပါစေ၊ သူများချစ်ပါစေ ၊ လမ်းလည်းကျယ်ပါစေ။” လို့ ဆုပေး တယ်။ အဖွားမကျန်းရဲ့ ဆုပေးစကားက တိုပေမယ့် ရင်ထဲကို စူးနစ်ဝင်သွားတယ်။

မန္တလာ ဦးကျောက်လုံး

ကလော-အင်းလေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ပထမ ညအိပ်တဲ့ရွာက လမိုင်းရွာဖြစ်ပါ တယ်။ ညအိပ်တဲ့ အိမ်က အဖိုးကြီး ၊အဖွားကြီးနှစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ရောက်တော့ အိမ်ရှင် အဘကြီးက “ Welcome, Make yourself at home” လို့ပြောပြီးကြိုတယ်။ သူ့အိမ်မှာ နိုင်ငံခြားသားတွေ တည်းခိုနေကြဖြစ်လို့ အလွတ်ကျက်ထားတယ်လို့ ထင်မိပေမယ့် မဟုတ်ဘူး။ ကျန်တဲ့အချိန်တွေမှာလည်း အင်္ဂလိပ်စကားကို ညှပ်ပြောသေးတယ်။ ပြီးတော့ မြန်မာစကားကို လည်း အသံဝဲပေမယ့် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ စိတ်ထဲမှာ ထူးခြားတယ်လို့ ထင် မိ တာနဲ့ နောက်နေ့မနက်မှာ အဘကြီးရဲ့ ဘဝအကြောင်းကို မေးကြည့်မိတယ်။ အဘဦးကျောက်လုံး က စကားပြောတဲ့အခါ ကျွန်တော့်ကို “ အမောင်” လို့ ခေါ်ပြီး ဥပမာ “ ဓာတ်ပုံ ရှိတယ်။ အမောင် ကြည့်ချင်ရင် အဘပြမယ်” လို့ အသံဝဲ၀ဲ နဲ့ ပြောတာ အင်မတန် နားဝင်ချိုတာပဲ။

အဘကြီးနာမည်က ဦးကျောက်လုံးတဲ့။ အသက် ၇၈ နှစ်ရှိပြီ။ လူမျိုးက တောင်ရိုး တိုင်းရင်းသား။ အဖေက တောင်သူပေမယ့် အဖိုးဖြစ်တဲ့သူက သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး လက် အောက် မှာ တောင်ပဲ့တိုက်နယ် တိုက်သူကြီးလုပ်တယ်။ လမိုင်းရွာက တောင်ပဲ့ တိုက်နယ်ထဲမှာ ပါတယ်။ စော်ဘွားက အဖိုးလုပ်တဲ့သူကို နိုင်ငံက လွတ်လပ်ရေးရပြီ၊ကလေးတွေ စာတတ် မှ ဖြစ်လို့ခေါ်ေ ပြာပြီး မန္တလေးမှာ ကျောင်းတက်လို့ ရအောင် စီစဉ်ပေးတယ်။ ဒီလိုနဲ့ လမိုင်းရွာသား မောင်ကျောက်လုံးကမန္တလေးမှာတစ်တန်းကနေတန်းမြင့်ကျောင်းထွက်စာမေးပွဲလို့ခေါ်တဲ့ကိုးတန်း အောင် တဲ့အထိ ကျောင်းနေခဲ့တယ်။ တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ ဆယ်တန်းစာမေးပွဲတော့ မအောင်ဘူး။

ဦးကျောက်လုံးက သူကို ပညာသင်ကြားခွင့်ရအောင် စီစဉ်ပေးတဲ့ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်း အေးရဲ့ ဓာတ်ပုံကို အခုထိ သိမ်းထားပြီး ကျွန်တော့်ကို ထုတ်ပြတယ်။ တစ်ပုံက စော်ဘွားနဲ့ မဟာ ဒေဝီ ရိုးရာဝတ်စုံနဲ့ ပုံ။ စော်ဘွား က အရပ်ခပ်ပျပ်ပျပ်၊ မျက်ခုံးကောင်းကောင်း၊ အသားတော့ ညိုပုံ ရတယ်။ မဟာဒေဝီကတော့ အသားအတော်ဖြူပြီး မဟာဆန်သူပါ။ နောက်တစ်ပုံမှာတော့ စော်ဘွား က အနောက်တိုင်းဝတ်စုံနဲ့ တစ်ယောက်တည်းထိုင်လျက်ဖြစ်ပါတယ်။

ဒီနေရာမှာ “ သာမိုင်ခမ်း” ဆိုတာ မကြားဘူးတဲ့သူတွေအတွက် သာမိုင်းခမ်း အကြောင်း နည်း နည်း ရှင်းပြချင်ပါတယ်။ သာမိုင်းခမ်း က အခု အချိန်မှာ အောင်ပန်းမြို့အနားက ရွာ တစ်ရွာ ဖြစ်နေ ပေမယ့် တစ်ချိန် က စော်ဘွားနယ်ဖြစ်ပြီး ကလောက သာမိုင်းခမ်း လက်အောက်ခံ ရွာဖြစ် ပါတယ်။ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေသိမ်းပြီးချိန်အထိ အောင်ပန်းဆိုတာမပေါ်သေးပါဘူး။ နောက် မှ အင်္ဂလိပ်က သာမိုင်းခမ်းနယ်ကို ခွဲလိုက်တဲ့အတွက် အောင်ပန်းဆိုတာ ပေါ်လာတာဖြစ် ပါတယ်။

ဘားမားဂေဇက် ( အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်) ၁၉ ၀၁ ခုနှစ်မှာ “သာမိုင်းခမ်း” စော် ဘွား နယ်က စတုရန်းမိုင် ၂၉ ၆. ၆၆ မိုင်ကျယ်ဝန်းတယ်၊ ပွေးလှ၊ ညောင်ရွှေ၊ ရမည်းသင်း၊ မိတ္ထီလာ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်းထိစပ်နေတယ်၊ ၁၈၉ ၇ လူဦးရေ စာရင်းအရ လူဦးရေ တစ်သောင်း နှစ်ထောင်ရှစ်ဆယ့်တစ်ယောက် ( ၁၂၀၈၁) ဦး ရှိပြီး တောင်ရိုးက လူဦးရေ ၅၀၁၇ ယောက် နဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရတယ်။

သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးဟာ ပင်လုံစာချုပ်ကို တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်း စိန်၊ ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၊ မြောက်သိန္နီစော်ဘွား စဝ်ဟုံဖ၊ လဲချားစော်ဘွား စဝ်နွံ၊ မိုင်းပွန် စော် ဘွား စဝ်စံထွန်း တို့နဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့သူဖြစ်တဲ့အတွက် သာမိုင်းခမ်း ဆိုတာ ဟာ တစ်ချိန်က အရေးပါတဲ့ စော်ဘွားနယ်တစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဦးကျောက်လုံးက မန္တလေးရောက်တော့ မဟာမုနိ ဘုရားကြီးတောင်ဘက်က ဦးခ အုတ်ကျောင်း မှာ ကိုရင်ဝတ်နဲ့နေရတယ်။ ကျောင်းထိုင်ဆရာတော်က ဦး နရိန္ဒ၊ ပျော်ဘွယ်ဇာတိတဲ့။ ကျောင်း တက် တော့ ပေါက်မြိုင်ကျောင်းတိုက်ဝင်းထဲမှာ ရှိတဲ့ စာသင်ကျောင်း မှာ ကိုရင်ဝတ်နဲ့ပဲ ကျောင်းတက် ရတယ်။ အခုခေတ်အခေါ် ဘက ကျောင်းဖြစ်မယ်ထင်တယ်။ အဲဒီ အချိန်က မန္တလေးမှာ ကိုရင်ဝတ် နဲ့ တက်လို့ရတဲ့ကျောင်းက ဘုံကျော်ကျောင်းတိုက်ထဲက အလယ်တန်းကျောင်း နဲ့ ပေါက်မြိုင်ကျောင်းတိုက်ထဲက အထက် တန်း ကျောင်း နှစ်ကျောင်းပဲရှိတယ်။

ဦးကျောက်လုံးက ကိုရင်ဘ၀ နဲ့ ဆွမ်းခံရတယ်။ သူ့အဆို ဘုန်းကြီးစာရော၊ လူစာပါသင်ရတယ်။ ဆယ်တန်းကျတော့ ကျောင်းဆက်မတက်တော့ပဲ လူထွက်တယ်။ ကျောင်းတိုက်ကို လာနေတဲ့ စာတိုက် အင်စပတ်တော် ဦးမျိုးညွန့်ကို အကူအညီတောင်းပြီး စာတိုက်စာတိုက်စာရေး ဝင်လုပ် တယ်။ မိုးကုတ်ကျပ်ပြင်စာတိုက်မှာ တာဝန်ကျတယ်။

စာတိုက်စာရေးလုပ်နေချိန်မှာပဲ “ ပပက” တွေပေါ်လာပြီးစားဝတ်နေရေးအဆင်မပြေ၊ လစာနဲ့ မ လောက်တော့လို့ အလုပ်ထွက်ပြီးရွာပြန်လာတယ်။

ဒီနေရာမှာ “ ပပက” ဆိုတာကို မသိမီလိုက်တဲ့သူများအတွက် နည်းနည်းရှင်းပြချင်ပါတယ်။ “ ပပက” ရဲ့ နာမည်အပြည့်အစုံက “ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း” ဖြစ်ပါတယ်။ “ ပပက” ပေါ် ပေါက်လာပုံက ဒီလိုပါ။ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီး တော် လှန်ရေးကောင်စီအနေနဲ့ နိုင်ငံကို အုပ်ချုပ်တယ်။ ၁၉ ၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ဝါဒသဘောထား ကြေညာချက် ၂၁ ချက်ကို ထုတ်ပြန်တယ်။ အဲဒီ အထဲမှာ စီးပွားရေး နဲ့ပတ်သက်ရင် ကုန်စည်ဖြန့်ဖြူးရေးအပါအဝင် ကုန်ထုတ်အရင်းအနှီးအားလုံးကို နိုင်ငံ ပိုင်လုပ်ရမယ်လို့ ဖော်ပြခဲ့တယ်။

အဲဒီမူဝါဒအရ ၁၉ ၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ နိုင်ငံပိုင်သိမ်းတဲ့ လုပ်ငန်းစဉ်တွေကို စတင် တယ်။ ပထမတော့ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းလို လုပ်ငန်းကြီးတွေကနေ စလိုက်တာ ၁၉ ၆၄ မတ်လ ၁၉ ရက်နေ့နဲ့ ဧပြီလ ၉ ရက်နေ့တွေမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပွဲရုံ၊ ကုန်တိုက်၊ လက်ကား ဆိုင်၊ စတိုးဆိုင်ကြီးပေါင်း ၁၂၂၁၂ ဆိုင်ကို ပြည်သူပိုင်သိမ်းခဲ့တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ လူထု လိုအပ်တဲ့ ပစ္စည်းမှန်သမ ျှ ပြည်သူပိုင်စက်ရုံ အလုပ်ရုံတွေ ထုတ်လုပ်မယ်။ “ပပက” ဆိုင်တွေက ရောင်းပေးမယ်ဆိုပြီးဖြစ်တယ်။ အဲဒီစနစ်က မအောင်မြင် တဲ့ အတွက် ၁၉ ၆၉ ပါတီနှီးနှောဖလှယ်ပွဲ နိုင်ငံရေးအစီရင်ခံစာမှာ ၁၉ ၆၄ နောက်ပိုင်း ကုန်ထုတ် လုပ်မှုကျတဲ့ အတွက် ပြည်ပပို့ကုန် ကျဆင်း၊ပြည်ပပို့ကုန်ကျဆင်းတဲ့အတွက် ပြည်ပမှ ကုန်ကြမ်း၊ စက်ကရိယာ၊ ကုန်ချောများ မတင် သွင်းနိုင်၊ ဒါ့ကြောင့် ကုန်ထုတ်လုပ်မှုကျဆင်း သံသရာ လည် နေတယ်။ ဒါ့အပြင် ကုန်သွယ်ရေး လုပ်ငန်းများ အားနည်းတဲ့အတွက် မှောင်ခိုဈေးကွက်ပေါ်လာ ပြီး ကုန်ဈေးနှုန်းမြင့်မားလာတယ်။ ပြည်သူတွေရဲ့နေထိုင်မှု ကျပ်တည်းလာတယ်ဆိုပြီး ဝန်ခံခဲ့ရတယ်။

ဒါ့ကြောင့် ဦးကျောက်လုံးက “ ပပက” ပေါ်လာပြီးတဲ့နောက် လို့ပြောတာဟာ တော်လှန်ရေး ကောင်စီ တက်လာပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးချိန်မှာ စီးပွားရေးကျပ်တည်းလာတယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ ဦးကျောက်လုံးက ခုနှစ် နဲ့မပြော ဘဲ အရေးကြီးတဲ့ ဖြစ်ရပ် တစ်ခုနဲ့ ပြောသွားတာ သတိထားမိမှာပါ။ ခြေလျင်ခရီးပထမနေ့က ရွာပုရွာမှာ စကား ပြောခွင့်ရတဲ့ ဓနု အမျိုး သမီးကြီးကလည်း သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အကြောင်း ပြောတဲ့ အခါ ရောဂါဖြစ်တဲ့ နှစ်၊ မဲပေးတဲ့နှစ် စသည်ဖြင့် ကိုးကားပြောသွား ခဲ့တယ်။

ဒါက သာမန်ပြည်သူတွေဟာ အကြောင်းအရာတွေကို ခုနှစ် သက္ကရာဇ်တွေထက် မှတ်မှတ်ရရ ရင်ထဲ စွဲ ကျန်ခဲ့တဲ့ အဖြစ် အပျက်တွေနဲ့ မှတ်သားလေ့ရှိတယ်ဆိုတဲ့ အချက်ကို သက်သေ ပြ နေတာပဲ။ ခုနှစ် တွေက ကြာရင် မေ့သွားနိုင်တယ်။ အမှတ်မှားသွားနိုင်တယ်။ ရင်ထဲမှာ စွဲကျန်နေ စေတဲ့ အဖြစ် အပျက် တွေက တစ်သက်မပျောက်တော့ဘူးပေါ့။ စာအုပ်တွေထဲမှာ ဘုန်းတော်ဘွဲ့ တွေ ဘယ်လိုရေးရေး၊ လူတွေ ရင်ထဲမှာ အကောင်းကို သတိရပြီးကျန်ခဲ့သလား၊ အဆိုးနဲ့ တွဲပြီး မှတ်မိနေသလားဆိုတာ ခေါင်းဆောင်တစ်ယောက်၊ အစိုးရ တစ်ဖွဲ့ရဲ့ ပကတိသမိုင်းမှတ်တမ်းပဲ။

ဦးကျောက်လုံးက ရွာပြန်ရောက်ပြီးတော့ ဆီဆိုင်ဘက်မှာ ကျောင်းဆရာလုပ်တယ်။ သုံးနှစ် လောက်လုပ်ပြီးတော့ နယ်မြေ မအေး ချမ်းလို့ အလုပ်ထွက်ပြီး ရွာပြန်လာတယ်။ ရွာမှာ တိုင်းရင်း ဆေးဆရာလုပ်တယ်။ စာတတ်တဲ့အတွက် စာအုပ်တွေဖတ်ပြီး အင်္ဂလိပ်ဆေးလည်း နည်နည်း ပါး ပါး သုံးကုတယ်။ ဆေးကုရင်းနဲ့ပဲ အမေကြီးနဲ့တွေ့ပြီး အိမ်ထောင်ကျတယ်။ သမီးသုံးယောက်၊ သားငါးယောက်မွေးတယ်။ သားနှစ်ယောက်ကလွဲရင် ကျန်တာအားလုံး လမိုင်းနဲ့အနီးနားက ရွာ တွေမှာပဲ နေတယ်။

ဦးကျောက်လုံးဟာ အခု ဆေးမကုတော့ဘူး။ လယ်နှစ်ဧက ရှိတာကို ဖက်စပ်ပေးထား တယ်။ ယာကွက်မှာ ခရမ်းသီးစိုက်တယ်။ ဂေါ်ဖီထုပ်မစိုက်ဘူး။ အရင်းများတယ်။ ဆေးသုံးရတယ်။ အလုပ် ရှု့ပ်တယ်။ ခရမ်းသီးက မြေပြင်ပြီး မြေသြဇာတစ်ခါထည့်၊ စိုက်ထားရင် လှည့်ကြည့်ဖို့မလိုဘူး။ အမြတ်မများပေမယ့် မရှုံးဘူး။ နောက် နိုင်ငံခြားခရီးသွားတွေကို အိမ်မှာ လက်ခံတယ်။ အခုတော့ ဧည့်သည်မလာတာ သုံးနှစ်လောက်ရှိတော့မယ်။ မန္တလေးမှာ အကြာကြီးနေခဲ့တော့ မန္တလေးကို ချစ်တယ်။ ရွာပြန်ရောက်တော့လည်း နှစ်နှစ်တစ်ခါလောက်တော့ ရွာနဲ့အနီးအနားက ဘုရားဖူး အဖွဲ့တွေကို ဦးဆောင်ပြီး မန္တလေး၊ မုံရွာ ဘုရားဖူးသွားတယ်။ အခုတော့ လူတွေလည်း ခရီးမသွား နိုင်တော့ဘူးတဲ့။ အဘက မန္တလေးသား ဦးကျောက်လုံးပေါ့ ဆိုတော့ ဟုတ်တယ်ဆိုပဲ။

သူ့ ဘဝဇာတ်လမ်းအဆုံးသတ်တော့ ကျွန်တော်က ရွေးကောက်ပွဲ အကြောင်းမေးတယ်။ အဘ က “နိုင်ငံရေးမသိဘူး” လို့ပဲပြောတယ်။

ဒါပေမဲ့ ညက ကျွန်တော်အိပ်ရတဲ့အခန်းနံရံမှာ “ ကလောမြို့နယ် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီ ပါတီ၊ ကလောမြို့နယ် တိုင်းရင်းသားနယ် မိခင်တိုင်းရင်းသား ဓနုပါတီကို မဲပေးစို့ ကွယ် ” လို့ ရေးထားတဲ့ ရွေးကောက်ပွဲ ပိုစတာတစ်ခုနဲ့ ကလောမြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပိုစတာတစ်ခုတွေ့တယ်။

ဒါ့ကြောင့် “ နိုင်ငံရေးမသိဘူးဆိုပေမယ့် အခန်းထဲမှာ ပါတီပိုစတာတွေ တွေ့တယ်” လို့ ပြောတော့ “ဓနုပါတီပိုစတာက သူငယ်ချင်းလာပေးထားတာ” လို့ ဖြေတယ်။ ဒါနဲ့ အဲဒါဆိုရင် အင်န်အယ်လ်ဒီ ပိုစတာ ကရောလို့ မေးတော့ မဖြေဘူး။ နှုတ်ခမ်းစေ့ပြီး ပြုံးနေတယ်။ သတင်းမီဒီယာလောက စကားနဲ့ ဆိုရင် “ မှတ်ချက်ပေးရန် မရှိပါ” ဆိုတဲ့ ပုံစံပေါ့။

သူလဲ ဥမင်

ကလော – အင်း လေး ခြေလျင်ခရီးစဉ်မှာ ဒီနှစ် တောင်သူတွေ စိုက်တဲ့ သီးနှံအမျိုးအစားပြောင်း သွားတဲ့အတွက် အရောင်စုံတဲ့ သီးနှံစိုက်ပျိုးခင်းဓာတ်ပုံတွေ မရိုက်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ကလော ပြန်ရောက်တဲ့အခါ အဲဒီလို စိုက်ခင်းတွေရှိတဲ့ ရွာငံလမ်းက မြင်းမူကုန်းကို သွားဖို့ စီစဉ်တယ်။ ဒါ ပေမယ့် ကလောမှာ တစ်ရက်ပဲနေပြီး သွားချင်တဲ့နေရာတွေက များနေတော့ လမ်းညွှန် ကိုမျိုးဇော် က အောင်ပန်းနားက “ သူလဲ ဥမင်” ကို သွားတဲ့ လမ်းမှာလည်း ဓာတ်ပုံရိုက်လို့ ကောင်း တဲ့ စိုက်ခင်းတွေရှိတယ်။ အဲဒီကို သွားပါလားလို့ အကြံပေးတယ်။

ဒါနဲ့“သူလဲ ဥမင်” ကို ဆိုင်ကယ်ကယ်ရီငှားပြီး သွားတယ်။ ကလောကနေ အောင်ပန်း၊ အောင်ပန်း ကနေ ပင်းဒယသွားတဲ့လမ်းအတိုင်း ဆက်သွားတဲ့အခါ အောင်ပန်းမြို့အထွက် “နှုတ်ခွန်းဆက်သပါ၏” ဆိုင်းဘုတ်နား ဘယ်ဘက်အခြမ်းမှာ “ ကလောမြို့ သူရဲကျေးရွာအုပ်စု၊ ဟင်းခါးပင် ကျေးရွာမှ လှိုက်လှဲ စွာကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲဒီလမ်းက “ သူလဲ ဥမင်” ကို သွားတဲ့လမ်း ပဲ။ လမ်းက ကျောက်ချောလမ်း၊ အတက်အဆင်း မကြမ်းဘူး၊ ကားလေးတွေ ကောင်းကောင်းသွားလို့ရ တယ်။ “သူလဲ ဥမင်” အထိ နာရီဝက်လောက်သွားရတယ်။

လမ်းအတိုင်းရင်ပထမဆုံး ဟင်းခါးပင် ရွာရောက်မယ်။ ပြီးရင် ဥမင်ရွာ ၊ ဥမင်ရွာကနေ နည်းနည်း ဆက်သွားလိုက်ရင် “ သူလဲ ဥမင်” ကို ရောက်ပြီ။

ဟင်းခါးပင်နဲ့ ဥမင်ရွာကြား လမ်းညာဘက်အခြမ်းမှာ နေကြာ၊ ဆီမုန်ညင်း ၊ ပန်းနှမ်း စိုက်ခင်းတွေ၊ ပြန်လည်ထွန်ယက်ထားလို့ မြေနီရောင်ဖြစ်နေတဲ့ စိုက်ခင်းတွေ ရှိတယ်။ မြေအနေအထား က လည်း အောက်ကို နိမ့်ဆင်းပြီးမှ ကုန်းကြောအဖြစ် ပြေပြေလေးမြင့်တက်သွားတာဖြစ်တဲ့ အတွက် မြင်ကွင်း၊ ရှုခင်း လှတယ်။ ကျွန်တော်ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို လေ့လာနိုင်အောင် တင်ပေး ထား ပါတယ်။

“ သူလဲ ဥမင်” ကို တစ်ချို့က “သူရဲ ဥမင်” လို့ခေါ်တယ်။ ဒါပေမဲ့ ဂူရှေ့မှာထောင်ထားတဲ့ ဆိုင်းဘုတ် အရ အမည်မှန်က “ သူလဲ ဥမင်” ဖြစ်ပါတယ်။ “သူလဲ ဥမင်” က ဂူအဝမှာ ဘုရားဆင်းတုတော် တွေ ရှိပေမယ့် အတွင်းမှာ သဘာဝအတိုင်း ကျန်ရှိနေတဲ့ ရှားရှားပါးပါးလှိုဏ်ဂူဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း စောင်းတန်းအခြေမှာ သဘာဝထုံးကျောက်လှိုဏ်ဂူတွေကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် ခရီးသွားများလိုက်နာရမယ့် စည်းကမ်းချက်တွေကို တိတိကျကျ ဖော်ပြထားသလို ထုံးကျောက်လှိုဏ်ဂူများကို ထိန်းသိမ်းထားခြင်းအားဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများကို ဖော်ပြထား တာကို တွေ့ရပါတယ်။ ( ပုံ ၁၈ နှင့် ပုံ ၁၉ )

“သူလဲဥမင်” က သဘာဝအတိုင်းကျန်ရှိနေတယ်ဆိုပေမယ့် ဒီအတိုင်းအလွယ်တကူ ဝင်ကြည့်လို့ မရဘူး။ အတွင်း ဂူပေါက်ရှိတဲ့နေရာကို သိတဲ့ဒေသခံပါဖို့လိုတယ်။နောက်ပြီး အထဲမှာ မီးမရှိတဲ့ အတွက် ဓာတ်မီး အပါအဝင် သဘာဝလှိုဏ်ဂူတွေအထဲ ဝင်ကြည့်တဲ့အခါ ယူဆောင်သင့်တဲ့ ပစ္စည်း တွေယူသွားမှ ဖြစ်မယ်။ ကျွန်တော်ကတော့ အဲဒီလို ပြင်ဆင်မှုတွေမရှိတဲ့အတွက် ဂူဝမှာရှိတဲ့ ဘုရား တွေကို ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့တယ်။ ဘုရားကုန်းပေါ်က မြင်ရတဲ့ ရှုခင်းကလည်း အတော်လှ ပါတယ်။

“သူလဲ ဥမင်” ဟာ မြင်းမူကုန်းအထိ မသွားနိုင်တဲ့ ကလောရောက်ဧည့်သည်များ ဒေသန္တဗဟုသုတ လည်း ရှာ ၊ ဓာတ်ပုံလည်းရိုက်ဖို့ သွားသင့်တဲ့နေရာတစ်ခုပါ။ လှိုဏ်ဂူထဲဝင်မယ်ဆိုရင်တော့ သတိ ပေးဆိုင်းဘုတ်မှာ ပါတဲ့ စည်းကမ်းချက်များအတိုင်း တိတိကျကျ လိုက်နာစေချင်ပါတယ်။ အထူး သဖြင့် ဂူနံရံမှာ လက်ဆော့ပြီး စာမရေးဖို့ မေတ္တာရပ်ခံပါတယ်။

မှတ်ချက်။ ဂူအတွင်းဝင်ရောက်ချိန်တွင် ခရီးသွားများလိုက်နာရန် စည်းကမ်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်-

၁။ ဖယောင်းတိုင် ထွန်းညှိခြင်း မပြုရ။
၂။ အမွှေးတိုင်များ ထွန်းညှိခြင်း မပြုရ။
၃။ ရေနံဆီမီးအိမ်/ မီးတုတ်ထွန်းညှိခြင်းမပြုရ။
၄။ နံရံများတွင် စာရေးခြင်း မပြုရ။
၅။ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမေ ျှာ်များအား ကိုင်တွယ်ထိတွေ့ခြင်း၊ ချိုးဖဲ့ခြင်း မပြုရ။
၆။ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမေ ျှာ်များပေါ်တွင် စာရေးသားခြင်း မပြုရ။
၇။ လှိုဏ်ဂူအတွင်းရှိ အရာဝတ္ထုများအားယူဆောင်ခွင့်မပြု။
၈။ ဆူညံအော်ဟစ်ခြင်း၊ အရက်သေစာသောက်စားခြင်း ခွင့်မပြု။
၉ ။ အမှိုက်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ အညစ်အကြေးစွန့်ခြင်း များ စသည်တို့ကို မပြုလုပ်ရ။

“သူလဲဥမင်” သွားလမ်းအသေးစိတ် ကိုမျိုးဇော် (ဖုန်း ၀၉ ၄၂၈၃၇၀၂၅၇) ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

ရွှေအင်းတိန် ဘုရား ၄

ရွှေအင်းတိန်ဘုရားရဲ့ အရံစေတီတွေမှာ ရွှေတိဂုံရင်ပြင်ပေါ်က စေတီတစ်ချို့မှာလိုပဲ အစောင့် ရုပ်တု တွေရှိတယ်။ ရွှေတိဂုံဘုရားများ အတွေ့များတာက ခြင်္သေ့၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ ရုပ်တွေ ဖြစ်ပေမယ့် ရွှေအင်းတိန်ဘုရားမှာတော့ လူရုပ်ပုံတွေများပါတယ်။ နတ်သား၊နတ်သမီးလို့ ယူဆ ရတဲ့ ရုပ်တုတွေလည်းရှိတယ်။

လူပုံအနေအထားတွေကလည်း သူငယ်တော်လို့ယူဆရတဲ့ အရုပ်ရှိသလို ကလေးရုပ်လေး လို့ ယူဆရတဲ့ အရုပ်လည်းတွေ့တယ်။ တစ်နေရာမှာ ကလေးချီထားတဲ့ မိခင်၊ ဖခင်ပုံလည်းတွေ့ တယ်။ နန်းဝတ်နန်းစားနဲ့ အမျိုးသားတစ်ယောက်အောက်မှာ ကလေးနှစ်ယောက် မတ်တပ်ရပ် နေပုံလည်း ရှိတယ်။ အမျိုးသားအမျိုးသမီး ကနေတဲ့ ပုံ လည်း ရှိတယ်။ ဝတ်ကောင်းစားလှနဲ့ အမျိုးသား၊ အမျိုးသမီးပုံ ကို တစ်ဖက်တစ်ချက်မှာ ထားတာ လည်း ရှိတယ်။ အိုးရွက်ထားတဲ့အမျိုးသမီးတစ်ယောက်ပုံကတော့ ခေါင်းမှာ အခု ပအိုဝ်း၊ ဓနု တိုင်းရင်းသားတွေပေါင်းတဲ့ခေါင်းပေါင်းမျိုး ပေါင်းထားတာတွေ့တယ်။

ဒီရုပ်တုတွေရဲ့ အကြောင်း ကို လေ့လာ ရေးသားထားတဲ့ ဆောင်းပါး ၊ စာတမ်းတွေရှိတယ်ဆို ရင်လည်း ညွှန်းပေးစေချင်ပါတယ်။ လေ့လာထားတာမရှိသေးဘူးဆိုရင် တော့ တတ်ကျွမ်း တဲ့ပညာရှင်များက လေ့လာမှတ်တမ်းတင်ထားသင့်ပါတယ်။ နောင် ပြန်ပြင် လိုက်တဲ့အခါ မူရင်းလက်ရာအတိုင်း မြင်ရဖို့မလွယ်တော့ဘူး။

မှတ်ချက်။ အခုဖော်ပြထားတဲ့ပုံတွေက ရုပ်တု အားလုံးရဲ့ ပုံမဟုတ်ပါဘူး။ စိတ်ဝင်စားဖွယ် ကောင်းတာတွေကိုသာ ဖော်ပြထားတာဖြစ်ပါတယ်။

ရွှေ အင်းတိန် ဘုရား ၃

ရွှေအင်းတိန်ဘုရားဝင်းထဲက အရံစေတီတွေမှာ အင်္ဂတေပန်းနွယ်၊ပန်းခက်လက်ရာတွေရှိတယ်။ ပုဂံ လက်ရာလို အနုစိတ်တာမျိုးမဟုတ်ပေမယ့် ရှေးယခင်က အင်းလေးဒေသမှာ ဒီလို ပန်းတော့ ပညာ ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကတော့ အသစ်ပြန်ပြင်ထားတဲ့ စေတီတွေက လက်ရာတွေ ကို စိတ်မဝင်စားဘူး၊ မပြင်ရသေးတဲ့ ဒါမှမဟုတ် လက်ရှိအနေအထားထက် ပိုပြီး ပျက်စီးမသွား အောင် ထိန်းသိမ်းထားတဲ့ လက်ရာတွေကိုပဲ စိတ်ဝင်စားတယ်၊သေသေချာချာလေ့လာတယ် လို့ သိခဲ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ အဲဒီလက်ရာတွေရှိတဲ့ဘက်ကို သွားလေ့လာတဲ့ သူ နည်းမယ်ထင်တယ်။

ဒါ့ကြောင့် စိတ်ဝင်စားသူများ လေ့လာသိရှိနိုင်အောင် လက်လှမ်းမီသလောက် မှတ်တမ်းတင် မ ျှေ၀ ပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင်းနဲ့ ဘုရားဟောင်းတွေပေါ်မှာ သစ်ပင်ချုံနွယ်တွေပေါက်နေ တာ မြင်ရတော့ ဂေါပကအဖွဲ့အနေနဲ့ ဘုရားဟောင်းကို အသစ်ဖြစ်အောင် ပြင်သလို ဘုရားဟောင်း တွေပေါ် က ချုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းရေးကိုလည်း လုပ်သင့်တယ်လို့ တွေးမိတယ်။

အဲဒီလက်ရာတွေရှိတဲ့စေတီတွေက ရွှေအင်းတိန်း ဘုရားကုန်းထိပ် ကားရပ်တဲ့နေရာ ညာဘက် အခြမ်း မှာ တွေ့ရတဲ့ ပြုပြင်ပြီးစေတီတွေရဲ့ အောက်ဘက်၊ စောင်းတန်းအတိုင်းတက်လာရင် ကုန်းတော်ပေါ်မရောက်ခင် ဘယ်ဘက် အခြမ်းမှာရှိပါတယ်။

ရွှေအင်းတိန် ဘုရား ၂

ရွှေအင်းတိန်ဘုရားရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက စောင်းတန်းရှည်ကြီးဖြစ်ပါတယ်။ မှတ်တမ်း များ အရတော့ စောင်းတန်းအရှည်က ၃.၃ ဖာလုံ ( ပေ နှစ်ထောင့်တစ်ရာကျော်) ရှိပြီး တိုင်ပေါင်း ၄၀၃ လုံးရှိတယ်။ စောင်းတန်းရှည်တယ်ဆိုပေမယ့် ဘုရားကုန်းပေါ်ကို ပြေပြေလေး ချိုးကွေ့တက် သွားတဲ့အတွက် တက်ရတာ မပင်ပန်းပါဘူး။ ကျွန်တော်တို့ကတော့ ကုန်းတော်ပေါ်ကို ကားနဲ့ တက်ခဲ့တာဆိုတော့ ကားကို အောက်ပြန်လွှတ်ပြီး စောင်းတန်းအတိုင်းခြေလျင်ပြန်ဆင်းခဲ့ တယ်။

တကယ်တော့ ဘုရားဖူးတဲ့အခါ စောင်းတန်းအတိုင်း တက်ပြီးဖူးတာ အကောင်းဆုံးပဲ။ စောင်းတန်း တလေ ျှာက်မှာ ဗုဒ္ဓဝင်ပန်းချီကားတွေရှိရင် လေ့လာလို့ရတယ်။ ဈေးဆိုင်တွေကို ကြည့်ပြီး ဒေသ လူမှု စီးပွားရေးအခြေအနေကို အကဲဖြတ်လို့ရတယ်။ အလှူရှင်အမည်ရေးထားတာ တွေကို ဖတ်ပြီး အဲဒီခေတ်ကာလ အခေါ်အဝေါ်တွေ ၊ သတ်ပုံတွေကို လေ့လာလို့ရတယ်။ ဒါ ပေမဲ့ အခု နောက်ပိုင်း ကားလမ်းတွေ၊ ဓာတ်လှေကား၊ စက်လှေကားတွေပေါ်လာတော့ လူကြီး သူမ တွေ ဘုရားဖူးရတာ အဆင်ပြေပေမယ့် လူငယ်တွေက စောင်းတန်းအတိုင်း လမ်းလေ ျှာက်တဲ့ အရ သာကို မခံစားတတ်တော့ဘူး။

ရွှေအင်းတိန် ဘုရားစောင်းတန်းက အံ့သြစရာကောင်းလောက်အောင် ရှင်းလင်းခြောက်သွေ့နေ တယ်။ ကိုဗစ်မဖြစ်ခင်ကတော့ ဒီစောင်းတန်းမှာဈေးသည်တွေ များတယ်၊ အခုတော့ အရောင်း အဝယ်မကောင်းတဲ့အတွက် အခါကြီး ၊ ရက်ကြီး တွေမှပဲ ရောင်းတော့တယ်တဲ့။ ကျွန်တော် ဆင်း လာတော့ စောင်းတန်းမှာ ဈေးသည် အမျိုး သမီးတစ်ယောက်ပဲရှိတယ်။ ဈေးဦးမပေါက် သေးဘူး၊ အားပေးပါဦးဆိုလို့ တဘက်လေးတွေ ဝယ်ခဲ့ သေးတယ်။

ဒီလိုဘုရားစောင်းတန်းဈေးတွေ၊ဒေသထွက်လက်မှုပစ္စည်းအရောင်းဆိုင်တွေရဲ့အဓိက ဖောက်သည် တွေက လိုက်ထရပ်တွေ၊ ဒိုင်နာကား တွေနဲ့ လာတဲ့ကျေးလက်ဒေသဘုရားဖူးတွေဖြစ်ပါတယ်။ ဒီလူ တွေကမှသူတို့အတွက်ရော၊ရွာမှာ ကျန်ခဲ့သူတွေအတွက်ရော ဝယ်ကြတာ။ မြို့က ကိုယ်ပိုင် ကားနဲ့ လာတဲ့ ဘုရားဖူးတွေက ဘုရား ကုန်းပေါ်တန်းတက်သွား၊ ဘုရားဖူး၊ ရှေးဘုရား တွေ နောက်ခံ ထား ဓာတ်ပုံရိုက် ပြီးရင်လှည့်ပြန်သွားတာ၊ ဈေးတန်းတွေဘက်လှည့်တာမဟုတ်ဘူး။

အခုတော့ ကျေးလက်ဘုရားဖူးတွေက စက်သုံးဆီဈေးကြောင့်၊ အရောင်းအဝယ်မကောင်းတာ ကြောင့်၊ လုံခြုံရေးကြောင့် စတဲ့ အကြောင်းကြောင်းကို အကြောင်းပြုပြီး အသွားအလာနည်းသွား တယ်။ စစ်ကိုင်းတိုင်းလိုဒေသမျိုးကြတော့လည်း ဘုရားဖူးဖို့အသာထား၊ ၊ ဘုရားစင်ပေါ်က ဘုရား တောင် မီးဘေးသင့်လို့ ဘယ်နားနေရ မှန်းမသိဖြစ်နေတဲ့သူတွေက အများကြီး။ ဒီတော့ တစ်နွယ် ငင် တစ်စင်ပါ အင်းတိန်က ဈေးသည်တွေလည်း အခက်အခဲဖြစ်တော့တာပဲ။ နဂါးခေါင်းအလှည့် မှားရင် ဒုက္ခဖြစ်တယ်ဆိုတာ အမှန်ပဲ။

စောင်းတန်းအလယ်လောက်ရောက်တော့ ဘယ်ဘက်ကအင်းတိန်ဘုန်းကြီးကျောင်းထဲ ချိုးဝင်ပြီး အင်းတိန် ရေလွှဲဆည်ဘက်ကို သွားတယ်။ အဲဒီလမ်းလေးနဲ့ ဆည်ဘောင်အတိုင်း အင်းတိန် ချောင်းတံတားဘက်ပြန်သွားတဲ့လမ်းကိုဝါးတောလမ်းလို့ခေါ်တယ်။ အင်းတိန်ရေလွှဲဆည်ရဲ့ ရေကျ နေရာက အတော်လှတယ်။ ရေလွှဲဆည်အောက်က အင်းတိန် ချောင်းတလေ ျှာက်မှာတော့ အိမ် တွေက ချောင်းထဲကို တံတားလေးတွေထိုးပြီး ရေချိုး၊ အဝတ်လေ ျှာ် လုပ် တယ်။ နိုင်ငံခြားသား တွေ နှစ်သက်တဲ့ ကျေးလက်သဘာဝမြင်ကွင်းပေါ့။

ဒါ့ကြောင့် နိုင်ငံခြားသားခရီးသွားတွေက ဒီလမ်းလေးအတိုင်း လေ ျှာက်တယ်။ အဲဒီဝါးတောထဲက စားသောက် ဆိုင်တွေ မှာ နေ့လယ်စာစားကြတယ်။ လမ်းဘေး ဝဲယာက ဆိုင်ခန်း တွေ၊ လမ်းဘေး ဆိုင်တွေမှာ ဒေသထွက်လက်မှုပစ္စည်းတွေ၊ ပန်းချီကားတွေကို ဝယ်တယ်၊ မုန့် လေပွေလုပ်တာကို ကြည့်တယ်၊ ကိုယ်တိုင် ဝင်လုပ်တယ်။ ဒီရာသီဆိုရင် နိုင်ငံခြားသား ဧည့်သည် တွေ၊ ဈေးဆိုင် တွေ နဲ့ အင်မတန်စည်ကားတဲ့ လမ်းပေါ့။

အခုတော့ အဲဒီလမ်းလေးက လူသွားလူလာမရှိတော့ဘူး။ ပန်းချီဆိုင်ခန်းတွေ ပိတ်ထားတယ်။ လမ်းဘေးဈေးဆိုင်လေးတွေမရှိတော့ဘူး။ဝါးတောတွေထဲမှာလည်းလူရှင်းနေပြီး“ The Restaurant by the River” , “ Bamboo Forest Restaurant” , “ Golden Kite Restaurant” ဆိုတဲ့ စားသောက်ဆိုင်ကြီးတွေပိတ်ထားရတယ်။ လူရှင်းနေတဲ့လမ်း၊ ပိတ်ထားတဲ့ဆိုင်ခန်းတွေ နဲ့ စားပွဲတွေပေါ်မှာ ခုံတွေ တင်၊ အဝင် ဝကို ဝါးကပ်တွေ၊ သံဆန်ကာတွေ ကာ ထားတဲ့ စားသောက်ဆိုင်တွေ၊ ဒီ မြင်ကွင်းဟာ အင်းတိန် ခရီးသွားလုပ်ငန်း အခြေအနေကို ထင်ဟပ်နေတယ်။

ကျွန်တော်တို့ လမ်းလေ ျှာက်လာတော့ ပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရှေ့မှာ ထိုင်နေတဲ့ လူတစ် ယောက်က လမ်းညွှန် ကိုမျိုးဇော်ကို “ မတွေ့တာကြာပြီ”လို့လှမ်းနှုတ်ဆက်တယ်။ ကို မျိုးဇော် က “နားနေရတယ်လေ၊ အခုမှTrekking လေ ျှာက်လာတာ”လို့ဖြေတယ်။ ကျွန်တော်က ဆိုင် မဖွင့် တော့ဘူးလားလို့မေးတော့ ပြုံးတယ်၊သူ့အပြုံးက မချိပြုံး။ မေးမိတာ အားနာသွားတဲ့အတွက် “တိုးရစ်တွေ ပြန်လာမှာပါဗျာ” လို့ပြောလိုက်တဲ့အခါ “သူမဟုတ်ဘူးဆိုရင် သူတို့လည်း ပြန် လာမယ် မထင်ဘူး” လို့ ပြော တယ်။ ကျွန်တော်ဘာပြန်ပြောရမှန်းမသိတော့ဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

ရွှေအင်းတိန် ဘုရား (၁)

ခရီးစဉ်တတိယနေ့မှာ ပတ္တူပေါက်ရွာကနေ အင်းတိန်ရွာကို ကားနဲ့ သွားပါတယ်။ ပက္တူပေါက် ရွာကနေ အောင်ပန်း – အင်းတိန် ကားလမ်းအထိ မြေသားလမ်းဖြစ်ပြီး ဆယ်မိနစ်လောက် မောင်း ရတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းက တစ်ချို့နေရာတွေမှာ ကျောက်ချောလမ်း၊တစ်ချို့ နေရာတွေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေကောင်းပါတယ်။ တစ်နေရာမှာတော့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၅.၆၉ ကီလိုမီတာကို ကတ္တရာလမ်းအဆင့်မြှင့်တင် တည် ဆောက်မယ်ဆိုတဲ့ အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့ခဲ့ရတယ်။

ပက္တူပေါက်လမ်းခွဲကနေ အင်းတိန်းဘက်ကို သွားရင် ထီသိန်ရွာ၊ ကျောက်စုရွာ၊ နန်းရုပ်ရွာတွေကို ဖြတ်ပြီး အင်းတိန်ကို ရောက်တယ်။ ထီသိန်၊ ကျောက်စု နဲ့နန်းရုပ်ရွာတွေက ပအိုဝ်း ရွာတွေ၊ အင်း တိန်က အင်းသားရွာဖြစ်ပါတယ်။ ထီသိန်မှာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိပြီး စိတ်ဝင်စားသူများလေ့လာနိုင်ပါ တယ်။ ကလော-အင်းလေး ခြေလျင်ခရီးစဉ် စတဲ့အချိန်က နိုင်ငံခြားသားခရီးသွားတွေဟာ ထီသိန် ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ရတယ်။ နောက်ပိုင်းမှ အုပ်ချုပ်မှုကိစ္စ ပိုအဆင်ပြေတဲ့ ပတ္တူ ပေါက် ရွာမှာ ညအိပ်တာဖြစ်ပါတယ်။

အင်းတိန်ရွာ အဝင် မှာ လမ်းခွဲတစ်ခုရှိတယ်။ ဘယ်ဘက်ကို ချိုးလိုက်ရင် အင်းအနောက်ဘက်ပတ် လမ်းအတိုင်း ညောင်ရွှေ နဲ့ တောင်လေးလုံး ( ကလော- တောင်ကြီးလမ်းပေါ်) ကို သွားတဲ့လမ်း ရှိတယ်။ အင်းတိန်ကို လာမယ်ဆိုရင် ကျွန်တော်တို့လာသလို အောင်ပန်း- အင်းတိန် လမ်း (၂၄ မိုင်) အတိုင်းလာလို့ရသလို ကလော-တောင်ကြီးကားလမ်း တောင်လေးလုံးလမ်းခွဲ ကနေ အင်း အနောက်ဘက် ပတ်လမ်း (၂၂ မိုင်) အတိုင်းလည်း လာလို့ရတယ်။ အဲဒီလမ်းကတော့ အစ အဆုံး ကတ္တရာလမ်းဖြစ်ပါတယ်။ စက်လှေနဲ့လာမယ်ဆိုရင်တော့ ညောင်ရွှေကနေ လာလို့ရ တယ်။ ဒါပေမယ့် ညောင်ရွှေမှာ အင်းထဲလည်ပတ်ဖို့ စက်လှေငှားတဲ့အခါ ရွှေအင်းတိန် ဘုရား ပါ/မပါ အသေအချာမေးပြီးမှ ငှားပါ။ ရွှေအင်းတိန်ဘုရားနဲ့ အင်းတိန်ရွာကို ရောက်ဖို့အတွက် အင်း တိန်ချောင်းအတိုင်း နာရီဝက်လောက်ဝင်ရတာကြောင့် တစ်ချို့စက်လှေတွေက သူတို့ လိုက်ပို့ မယ့် နေရာတွေစာရင်းမှာ ရွှေအင်းတိန်ဘုရားကို ချန်ထားတတ်တယ်။

ရွှေအင်းတိန် ဘုရားက အင်းတိန်ရွာအဝင် အင်းတိန်ချောင်းတံတားအကျော် ညာဘက် မှာ ရှိတယ်။ စောင်းတန်းရှိပေမယ့် အခု ကုန်းတော်ပေါ်အထိ ကားလမ်းပေါက်နေပြီ။ ကုန်းတော်ပေါ်ရောက် တော့ ဘုရားမဖူးသေးပဲ ရွှေအင်းတိန် ဘုရားတွေ အားလုံးကို ဓာတ်ပုံရိုက်နိုင်မယ့် တောင်ကုန်း ပေါ် ကိုတက်ခဲ့တယ်။

ရွှေအင်းတိန် ဘုရားလို့ ခေါ်ပေမယ့် ဘုရားဝင်းထဲမှာ ရှေးဟောင်းစေတီငယ်ပေါင်း ၁၀၅၄ ဆူ ရှိတဲ့ အတွက် ဒရုန်းမသုံးနိုင်ဘူးဆိုရင် စေတီအားလုံးပါတဲ့ ရှုခင်းကို တောင်ကုန်းပေါ်က ရိုက်မှ ရတယ်။ အဲဒီလို မြင်ရတဲ့ တောင်ကုန်းက ကားရပ်တဲ့နေရာ အနောက်ဘက် နားမှာ ရှိပြီး ကားရပ်တဲ့ နေရာက ကြည့်ရင် တောင်စောင်းမှာ ရေကန်တစ်ခုနဲ့ တောင်ထိပ်မှာ စေတီငယ်လေးရှိတဲ့ တောင်ကုန်းပါပဲ။ တောင်ပေါ်တက်တဲ့လမ်းက ရေကန်ဘေးမှာ ရှိတယ်။ လူသွားလူလာ နည်းတော့ ချုံနည်းနည်းပိတ်နေပေမယ့် လမ်းကြောင်းကို မြင်ရပါသေးတယ်။ လမ်းမှာ လမ်းခွဲ တစ်ခု တွေ့ရင် ဘယ်ဘက်ကို လိုက်ပါ။ တောင်ထိပ်ကို ဆယ်မိနစ်လောက်ပဲတက်ရပါတယ်။ တောင်ပေါ်ကနေ ဘုရားဝင်းထဲမှာ ရှိတဲ့ စေတီအားလုံးအပြင် အင်းတိန်ရွာပတ်ဝန်းကျင် မြေပြန့် လွင်ပြင်ကိုပါ မြင်ရတဲ့အတွက် ရှုခင်းမြင်ကွင်းကောင်းပါတယ်။ ဂေါပကအဖွဲ့အနေနဲ့ တောင်တက်လမ်း ကို စနစ်တကျရှင်းလင်း၊ တောင်ထိပ်မှာ ရှုခင်းကြည့်နိုင်ဖို့ နေရာလေးလုပ်ပေးထားဖို့ အကြံပြုချင် ပါတယ်။

ရွှေအင်းတိန်ဘုရားသမိုင်းမှာ ဘုရားရဲ့ မူလဒါယကာက သီရိဓမ္မာသောက ( အာသောက)မင်း ( ဘီစီ ၃၀၄ – ၂၃၂) ဖြစ်ပြီး အနော်ရထာ မင်း က ပထမဆုံးပြန်လည်ပြုပြင်တယ်၊ နောက်ထပ် ပြုပြင်တဲ့မင်းတွေက နရ ပတိစည်သူမင်း၊ မိုညှင်းမင်း၊ မင်းရဲကျော်စွာ၊ မင်းခေါင် နဲ့ဆင်ဖြူရှင်မင်းတို့ ဖြစ်တယ်လို့ ဖော်ပြ ထားတယ်။ ဘယ်ကျောက်စာအထောက်အထားနဲ့ ပြောတယ်ဆိုတာတော့ မပါဘူး။သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အာသောကမင်းကျောက်စာ ရဲ့ သာသနာ ပြု တိုင်းနိုင်ငံစာရင်းမှာ မြန်မာနဲ့သီရိလင်္ကာမပါဘူး၊ အေဒီ လေးရာစုမှာ ပြု စုတဲ့ သီရိလင်္ကာ ရာဇဝင် ကျမ်း “ဒီပဝံသ” ပေါ်လာမှ သုဝဏ္ဏဘူမိနဲ့ သီရိလင်္ကာကို လွှတ်တဲ့ အကြောင်း စပြီး ဖော်ပြတယ်၊ အေဒီ ၆ ရာစုနှစ်မှ ပြုစုတဲ့ သီရိလင်္ကာရာဇဝင်ကျမ်း “မဟာဝံသ” မှာ ထပ်မံ ဖြည့်စွက်မှု တွေ လုပ်တယ်လို့ ရေးခဲ့ဖူးတယ်။ ( ထွေထွေရာရာမြန်မာ့သမိုင်း ၊ ဒေါက်တာ သန်းထွန်း ၊ ၂၀၀၇၊ စာ၄၀)။ ဘုရားဝင်းထဲမှာရှိတဲ့စေတီငယ်တွေကတော့ ၁၄ ရာစုကနေ ၁၈ ရာစု ကြားလက်ရာ တွေ ဖြစ်ပြီး မွေတော်ကက္ကူက စေတီတွေနဲ့ ပုံစံတူတယ်လို့ ဆိုပါတယ်။

ဒေါက်တာသန်းထွန်းကတော့ မွေတော်ကက္ကူစေတီတွေဟာ အာသောကမင်းတည်တယ်ပြော ပြော၊ အလောင်းစည်သူတည်တယ်ပြောပြော အမရပူရ ဗဒုံမင်း (၁၇၉ ၅-၁၈၁၈ ) ခေတ်လက်ရာ တွေနဲ့ နီးစပ်တဲ့အတွက် ၁၈၀၀ ပတ်ဝန်းကျင်လက်ရာတွေလို့ သတ်မှတ် ချင် တယ်လို့ ရေးပါ တယ်။ ( ထွေထွေရာရာသမိုင်း၊ စာ ၁၀။)

ကျွန်တော့်အမြင်အရတော့ ရွှေအင်းတိန်ဘုရားနဲ့အရံစေတီငယ်တွေရဲ့ မူလဒါယကာတွေ ဘယ်သူ ဖြစ်သလဲဆိုတာထက်အင်းတိန်ကရှေးဟောင်းစေတီတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ ဆိုတဲ့ အချက် က ပိုအရေးကြီးနေပြီလို့ထင်ပါတယ်။

အလဲဗင်းဂျာနယ် ၂၆ ဖေဖော်ဝါရီ ၂၀၂၀ ပါသတင်းတစ်ပုဒ်မှာ စေတီငယ် ၁၀၅၄ ဆူအနက် ခုနစ်ရာကျော်ကို ပြုပြင်ပြီးပြီ၊ နောက်ထပ်သုံးရာကျော်ပြင်ဖို့ ရှိသေးတယ်။ စေတီတွေ ပြုပြင် တာကို ရှေးဟောင်းသုတေသနရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်တယ်၊ ဂေါပကအဖွဲ့က ကြီးကြပ် ရုံသာ ကြီးကြပ်တယ်၊ ပြုပြင်တာက ဌာန အင်ဂျင်နီယာတွေ၊ ပန်းရန်အဖွဲ့က ပုဂံက ဖြစ်တယ်ဆိုတဲ့ ဂေါပကအဖွဲ့အတွင်းရေးမှူးရဲ့ ပြောကြားချက်ကို ဖော်ပြ ထားတာတွေ့ရတယ်။

မြေပြင်မှာ မြင်ခဲ့တာကတော့ စေတီအတော်များများဟာ မူလအနေအထားနဲ့လက်ရာ မပျောက် ပျက် အောင် ထိန်းသိမ်းထားတာမျိုးမဟုတ်ဘူး။အသစ်ပြန်တည်သလို အကုန်ပြန်အချောကိုင်ထား တာ တွေ့ရတယ်။ “၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန မှ ပြုပြင်ထိန်းသိမ်းသည်” လို့ ကျောက်စာတိုင်ထူထားတဲ့ စေတီ ၁၃ ဆူ နဲ့ အဲဒီကျောက်စာပတ်ဝန်းကျင်က စေတီတစ်ချို့ကတော့ လက်ရှိအနေအထားထက် ပိုပြီး ပျက်မသွားအောင် ထိန်းသိမ်းထားတာတွေ့ပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ကစေတီတွေနဲ့ ပုံစံမတူတဲ့စေတီတစ်ဆူကိုလည်း ထုံးသုတ်ပြုပြင် ထား တာတွေ့ရတယ်။ မူလစေတီဟောင်းကို ပြုပြင်ပြီးထုံးသုတ်လိုက်တာဆိုရင်တော့ အတော်ဆိုး တဲ့ လုပ်ဆောင်ချက်ပဲ။ အဲဒီအနားမှာပဲ စေတီတစ်ဆူကို အသစ် ပြန်တည် တဲ့အနေအထားမျိုးနဲ့ အောက်ခြေကနေ စပြီး အုတ်စီနေတာမြင်ရပြန်တယ်။ ( ပုံ ၈ နဲ့ ၉ ကိုကြည့်ပါ။ )

ဒီလို လုပ်ရပ်တွေကို ယဉ်ကျေးမှု ဝန်ကြီးဌာန နဲ့ ရှေးဟောင်းသုတေသနက သိမှ သိရဲ့လား၊ ဂေါပကအဖွဲ့ ဘာမှ မပြောဘူး လား လို့ တွေးမိတယ်။ ဒီအတိုင်းဆက်လုပ်နေရင်တော့ ရွှေအင်းတိန် ဘုရားဝင်းထဲက အရံစေတီ တွေကို ရှေးဟောင်း စေတီတွေလို့ ပြောဖို့ အတော် ခက်တော့မယ်ထင်တယ်။ ဒါပေမဲ့ ပုဂံဘုရားတွေတောင် ဒီလိုပဲ ပြင်ခဲ့တာ၊ ရွှေအင်းတိန်လောက် တော့ စိတ်ပူမနေနဲ့လို့ ပြောရင်လည်း ခံရ မှာပဲ။

ဆက်လက်ဖော်ပြပါ့မယ်။

Hi Bar @ ဘော်ဒါ ဘား

Hi Bar ပုံတင်ပေးပါဆိုလို့ အခြားသူတွေ အနည်းဆုံးပါတဲ့ပုံတွေ ရွေးတင်ပေးလိုက်ပါတယ်။ ဖယောင်းတိုင်တွေထွန်းထားတာကတော့ စတိုင်လုပ်ထားမဟုတ်ပါဘူး။ မီးပျက်နေလို့ပါ။ ဘားကောင်တာ အပေါ်မှာ တွဲလောင်းဆွဲထားတာတွေက သောက်သုံးသူ ဘော်ဒါများက အမှတ် တရ ရေးပြီးထားခဲ့တဲ့ ဖုန်းကာဗာတွေ၊ ငွေစက္ကူတွေဖြစ်ပါတယ်။ နံရံပေါ်က စာတွေကလည်း အဲဒီ လိုပါပဲ။

ဓာတ်ပုံနဲ့ တွဲဖတ်လို့ရအောင် အရင်တင်ထားတဲ့ “သွား စား နားခဲ့သမ ျှ ” စာစု ထဲက Hi Bar အကြောင်းရေးထားတာလေးကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် –

ဘယ်မှာ နား

ညနေ အပန်းဖြေဖို့ ဆိုရင် မြို့မဈေးနားက Hi Bar မှာထိုင်တယ်။ ဒီဆိုင်က ကျဉ်းကျဉ်းလေး။ U ပုံ စားပွဲရှည်ကြီးမှာ ၁၅ ယောက်၊ အတွင်းက စားပွဲဝိုင်းနှစ်ခုမှာ ခြောက်ယောက်၊ အပြင်က ခုံ နှစ်ခုံမှာ ရှစ်ယောက်လောက် ပဲထိုင်လို့ရမယ်ထင်တယ်။ နောက်မှ ရောက်တဲ့သူတွေနေရာမရလို့ အပြင်မှာ ကားနောက်ဖုံးဖွင့် ပြီးထိုင်သောက်တာ လည်း မြင်ဖူးတယ်။

ဒီဘားမှာ တစ်တောင်လောက်ရှည်တဲ့ ကော့တေးမီနူးမရှိဘူး။ Snack စာရင်း နှစ်ရွက် သုံးရွက် မရှိဘူး။ ပြည်တွင်းဖြစ် ဂျင်၊ ရမ် နဲ့ ဝီစကီ ပဲရမယ်။ ပြင်းပြင်း ဒါမှမဟုတ် ပျော့ပျော့လို့ မှာလိုက် ရင် သူ့စတိုင်အတိုင်းစပ်ပေးလိမ့်မယ်။ မြေပဲဆံ နဲ့ လက်ဖက်သုပ် အလကားရတယ်။ ဆိုင်ရဲ့ ပုံမှန် အမြည်းစာရင်းက အမဲသားကြော်ပဲ။ ဒါပေမယ့် စိတ်ပါရင် အပြင်ဆိုင်တွေက ဝယ်လာလို့ရတယ်။ အနည်းဆုံး ဆိုင်ရှေ့မှာရောင်းတဲ့ ဘယာကြော်သည်ဆီက ဝယ်လို့ရတယ်။ ဝယ်လာ တဲ့ ဘယာ ကြော်နဲ့ စမူဆာကို မ ျှပေးရင် ဘယ်သူမှ မငြင်းဘူး။ ဒီဘားက တကယ့်ဘော်ဒါဘား ပဲ။ တစ်ချိန်က အရက်ဖြူဆိုင်လေးတွေ ခေတ်ကို မီခဲ့ဖူးသူတွေ အလွမ်းပြေတဲ့ဆိုင်မျိုး။

ဒီဆိုင်မှာ လူငယ်လေးတွေထိုင်တာများတယ်။ ဒါပေမယ့် အသက်ကြီးလို့လည်း ပြဿနာ မရှိဘူး။ တိုးတိုးခွေ့ခွေ့ထိုင်သောက်ရင်းဘော်ဒါဖြစ်သွားပြီး စကားဝိုင်းဖွဲ့လိမ့် မယ်။ ကျွန်တော်က ချာတိတ် တစ်ယောက်ကို ဒဲရစ်မေလာ သီချင်းတွေ အကြောင်းပြောတော့ သူက ညီပု ရဲ့ “မြို့ပြလရောင် တမ်းချင်း”၊ “ ဂျင်းဘောင်းဘီအစုတ်နဲ့လူ” တို့ကို နားထောင်ကြည့်ပါလို့ ပြော ဖူးတယ်။ ဒီလိုပဲ ရေကျော်လမ်းမကြီးနဲ့မြောင်းကြီးလမ်းမှာနေတဲ့ချာတိတ်နှစ်ယောက်နဲ့ ဆုံပြီး ရေကျော် အကြောင်း သတင်းဖလှယ်ခဲ့ဖူးတယ်။