၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေမှုအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ မဲမပေး တဲ့ နိုင်ငံ ၂၈ နိုင်ငံ နဲ့ အတည်ပြုခဲ့တယ်။
ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအပေါ် အများကြီးရိုက်ခတ်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေနဲ့ မီဒီယာ အများစုကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိတဲ့ အတွက် အရေးမကြီးတဲ့ သဘော ပြောကြတယ်။
အဲဒီလိုပြောတဲ့အထဲမှာ အာဏာရ အင်န်အယ်လ်ဒီအစိုးရ နဲ့ ပါတီအသိုင်းအဝန်းက လူတွေပါ ပါနေ တာကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြားမှာ အင်န်အယ်လ်ဒီပါတီအပါအဝင် ပြည်တွင်း၊ ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေဟာ အထွေ ထွေ ညီလာခံကို နဲ့ လူ့အခွင့်အရေးကောင်စီကို အသုံးချပြီး တပ်မတော်အစိုးရကို ဖိအား ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို အဆိုးမြင်စေဖို့ ဆောင်ရွက်ခဲ့ကြတာပါ။ အောင်မြင်မှု တွေလည်း ရခဲ့တာပဲ။ ဒီအတွေ့ အကြုံတွေရှိခဲ့ပေမယ့် အခုအချိန်ကျ မှ အထွေထွေညီလာခံဆိုတာ အရေး မကြီးတဲ့ ပုံစံမျိုးပြောလာတာ နားလည်ဖို့အတော်ခက်တယ်။
ကမ္ဘာ့အမြင်
အထွေထွေညီလာခံဆုံးဖြတ်ချက်က ဥပဒေအရစည်းနှောင်မှုမရှိဘူးဆိုတာ မှန်တယ်။ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်လို ကြောက်စရာမကောင်းဘူးဆိုတာလည်း မှန်တယ်။ ဒါပေမယ့် အထွေ ထွေညီလာခံဆုံးဖြတ်ချက်ဆိုတာက မြန်မာနိုင်ငံအပေါ် ကမ္ဘာ့မိသားစုဝင်နိုင်ငံတွေက ဘယ်လို မြင်နေသလဲဆိုတာကိုဖော်ပြတာပဲ။ ကမ္ဘာမိသားစုဝင်နိုင်ငံတွေရဲ့ အမြင်ဆိုတာ အမေရိကန်လို၊ တရုတ်လို၊ အင်္ဂလိပ်လို လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေ၊ ဂျပန်လို စီးပွားရေး အင်အား ကြီးနိုင်ငံ တွေအတွက်အရေးမကြီးပေမယ့် မြန်မာလိုတတိယကမ္ဘာနိုင်ငံငယ်တွေအတွက် အရေး ကြီး ပါတယ်။
တပ်မတော်အစိုးရခေတ်မှာ အထွေထွေညီလာခံဆုံးဖြတ်ချက်ကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ ရင်း နှီးမြှုပ်နှံမှုတွေမလုပ်သင့်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက အစုရှယ်ယာဝင်တွေ၊ လုပ်ငန်းရှင် တွေ ကို ထောက်ပြကန့်ကွက်ခဲ့ကြတယ်။ တစ်ချို့နိုင်ငံတွေမှာ အစိုးရကိုယ်တိုင်က ဥပဒေတွေ ပြဋ္ဌာန်းပြီး တားမြစ်ခဲ့ကြတယ်။ မြန်မာနိုင်ငံထဲကအင်န်အယ်လ်ဒီအပါအဝင် အတိုက်အခံတွေကလည်း အထွေ ထွေ ညီလာခံဆုံးဖြတ်ချက်တွေကို ထောက်ပြပြီး တပ်မတော်အစိုးရနဲ့ ဆက်ဆံမှုတွေ လေ ျှာ့ချဖို့၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့တောင်းဆိုခဲ့ကြတယ်။ အဲဒီခေတ်ကာလက အင်န် အယ်လ်ဒီပါတီရဲ့ ကြေညာချက်တွေထဲမှာအထွေထွေညီလာခံဆုံးဖြတ်ချက်တွေကို ကိုးကား ထား တဲ့ ကြေညာ ချက် တွေ အများကြီးရှိခဲ့တာပဲ။
ဒ့ါကြောင့် အထွေထွေညီလာခံဆုံးဖြတ်ချက်ဆိုတာ တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိပေမယ့် သွယ်ဝိုက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ငြင်းလို့မရဘူး။
ကောင်းပြီ၊ ဒါဆိုရင် အခု အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ကမ္ဘာ့မိသားစုဝင်နိုင်ငံတွေက ဘယ်လို ရှုမြင်နေလဲ ဆိုတာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်အရေးအခင်းနဲ့ နှိုင်းယှဉ်ကြည့်လို့ရတယ်။
၁။ ရွှေဝါရောင်အရေးအခင်းအပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မဲခွဲတော့ ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၂၂ မဲ၊ မဲမပေးတဲ့ နိုင်ငံ ၄၇ နိုင်ငံရှိတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ အာရှ က တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ မြောက်ကိုရီးယား၊ လာအို၊မလေးရှား၊ ဗီယက်နမ် နဲ့ပါကစ္စတန် တို့ ပါတယ်။ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊စင်္ကာပူ နဲ့ဖိလစ်ပိုင်တို့က မဲမပေးဘူး။
၂။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မဲခွဲတော့ ထောက်ခံမဲ ၁၃၄ မဲ၊ကန့်ကွက်မဲ ၉ မဲ နဲ့မဲမပေးတဲ့နိုင်ငံ ၂၈ နိုင်ငံပဲ ရှိတော့တယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေ ထဲ မှာ အာရှက တရုတ်၊ ကမ္ဘောဒီးယား၊ လာအို ၊ဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ပဲ ကျန်တော့တယ်။ မဲမပေးတဲ့နိုင်ငံစာရင်းမတွေ့ရသေးတော့ အာရှက ဘယ်နိုင်ငံတွေပါသလဲဆိုတာ မပြောနိုင်သေး ဘူး။
မဲစာရင်းကို ကြည့်လိုက်ရင် မြန်မာဘက်က ရပ်တည်တဲ့ နိုင်ငံရော၊ အားနာလို့မဲမပေး ဘဲ နေတဲ့ နိုင်ငံရော လျော့သွားပြီဆိုတာ ထင်ရှား တယ်။
ဂျပန်
ဒီဇင်ဘာလ ၂၆ ရက်နေ့ မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မာရုယာမ က သတင်းထောက် တွေကို ICC, ICJ တို့မှာ တရားရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ရပ်တည် မယ်၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတာလက်မခံဘူး အစရှိသည်ဖြင့် ပြော လိုက်တာ အတော်ကြီးကျယ်တဲ့ သတင်းဖြစ်သွားတယ်။
မိတ်ဆွေနည်းနည်းလာနေတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ဂျပန်လိုနိုင်ငံက ကိုယ့်ဘက်မှာ ရှိတယ်လို့ ပြောလိုက်တဲ့အခါ ဝမ်းသာတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဂျပန်က ထောက်ခံလို့ဆိုပြီး ကိုယ့် နိုင်ငံရဲ့ အနေအထားကို ပိုပြီးမတွက်မိဖို့လည်း လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
၁။ ICC, ICJ ဆိုတာ တရားရုံးတွေဖြစ်ပါတယ်။ ဂျပန်ထောက်ခံခြင်း၊ မထောက်ခံခြင်းဟာ တရားရုံး ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘာမှ အကျိုးသက်ရောက်မှုမရှိဘူး။
၂။ ဂျပန်နိုင်ငံဟာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်ဘူး။ ဗီတိုအာဏာမရှိဘူး။
၃။ ၁၉ ၈၈ ခုနှစ်က စပြိး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက်တိုင်းမှာ ဂျပန်နိုင်ငံဟာ အမေရိ ကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ အတူမဲပေးခဲ့တယ်။ အခု နောက်ဆုံး ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်မပါဘူး။ မဲမပေးဘဲ နေတဲ့စာရင်း မတွေ့ရသေးလို့ ဂျပန် ပါမပါ မသိရသေးဘူး။ ဂျပန်အနေနဲ့မဲမပေးဘဲ နေတယ်ဆိုရင်တောင် အတော်ကျေးဇူးတင်ရမယ်။
၄။ ဂျပန်ဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ပတ် သက်ရင် လုံခြုံရေးအတွက် အမေရိကန် အပေါ်မှီခိုနေရတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးလုပ်ဖို့ စိတ်ဝင်စားပေမယ့် ရေ ထဲ၊ မိုးထဲ အချိန် အမေရိကန်ရဲ့ ဖိအားနဲ့ ရင်ဆိုင်ရရင် အမေရိကန်နဲ့မြန်မာ ဘယ်သူ့ကို ရွေး မလဲ ဆိုတာ သိသာပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာလည်း ဒီလို အခြေအနေမျိုးဖြစ်ခဲ့ တာ ပဲ။
လက်ရှိ ဂျပန်သံအမတ် မာရုယာမ ဆိုတာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် ရှစ်စပ်က ဂျင်ခြေလည် သူပါ။ သူက မြန်မာနိုင်ငံမှာ ၁၉ ၉ ၄ ကနေ ၂၀၀၀ ပြည့်နှစ်အထိ ပထမအတွင်းဝန် နဲ့ နေတဲ့အချိန် က တပ်မတော်အစိုးရ တာဝန်ရှိသူတွေနဲ့အဆင်ပြေသလို အင်န်အယ်လ်ဒီနဲ့လည်း အဆင်ပြေ တာပဲ။ မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ဂျပန်ကထောက်ခံတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေက ဂျပန်အစိုးရဆုံးဖြတ်ချက်ကို ကန့်ကွက်တာကို သွားနား ထောင်ရတာလည်းသူပဲ။၁၉ ၉ ၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ် တော့မယ်ဆိုတော့ အဲဒီသတင်းကို သံတမန်အားလုံးထက် စောပြီး အသိပေးခံရတာလည်း သူပဲ။
ကျွန်တော့်ပုဂ္ဂလိက အမြင်အရပြောရရင် ဂျပန်သံအမတ်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲဟာ ဒီဇင် ဘာ ၂၇ ရက်နေ့ အထွေထွေညီလာခံဆုံးဖြတ်ချက်မဲမခွဲခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ခဲ့တယ် လို့ မြင်ပါတယ်။
လေ ျှာ့မတွက်ဖို့
အခု ဇန်နဝါရီလထဲမှာ ICJ က ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်နဲ့ပတ်သက်ပြီး အဆုံး အဖြတ် ပေးဖို့ရှိတယ်။ အဓိကကတော့ တရားရုံးမှာ ရင်ဆိုင်နေဆဲကာလအတွင်း ကြားဖြတ် စီမံ ဆောင်ရွက်ခွင့် အမိန့်ထုတ်ဖို့ လို၊ မလို ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တွေအပေါ် စိုးရိမ်တဲ့ ဆုံးဖြတ်ချက် ချလိုက်တာဟာ အတော်ဆိုးပါတယ်။ အခု ကိစ္စမှာ ဂမ်ဘီယာ ဘက်က အဓိက အထောက်အထားပြုထားတဲ့သက်သေတွေက ကုလသမဂ္ဂ အချက်အလက်ရှာဖွေ ရေးမစ်ရှင်ရဲ့ အစီရင်ခံစာပါအချက်အလက်တွေဖြစ်ပါတယ်။ အခုလည်း အဲဒီအစီရင်ခံစာတွေကို အခြေခံပြီး အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချခဲ့ပြန်တယ်။
ဒီအခြေအနေတွေဟာ ICJ တရားသူကြီးတွေရဲ့ စဉ်းစားသုံးသပ်ချက်တွေအပေါ်ဘယ်လောက် အကျိုးသက်ရောက်မှုရှိမလဲဆိုတာ မသိနိုင်ဘူး။
ဒ့ါကြောင့် ကမ္ဘာ့နိုင်ငံအများစုရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကလည်း ပြောင်းလဲလာနေ တယ် ဆိုတာကို လက်မခံလို့မရတော့ပါဘူး။ ဒီလိုပဲ ICJ အနေနဲ့ ကြားဖြတ်စီမံဆောင်ရွက်ခွင့် အမိန့်ကို ချလိုက်ရင် မြန်မာနိုင်ငံရဲ့ အနေအထားက ပိုခက်ခဲလာနိုင်တယ် ဆိုတာလည်း လက်ခံရမှာပဲ။
အခြေအနေမှန်ကို လက်မခံဘဲ ငါတို့ဘက်မှာ တရုတ်ရှိတယ်၊ ဂျပန်ရှိတယ်၊ မြန်မာက မြန်မာ၊ ကမ္ဘာကြီးက ကမ္ဘာကြီး၊ ဆိုပြီး လုပ်နေရင် တော့ ရေလယ်ရောက်မှ ကိစ္စရှိပြီလို့ အော်ရတဲ့ အခြေ အနေနဲ့ ကြုံမှာသေချာတယ်။