၂၀၁၆ အလွှဲအပြောင်း (၈)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အင်န်အယ်လ်ဒီ အဆိုပြုချက်အကျဉ်းချုပ်က အောက်ပါ အတိုင်းဖြစ်ပါတယ်

၁။ သမ္မတသစ်နဲ့ လက်ရှိသမ္မတ သမ္မတအိမ်တော်မှာတွေ့ဆုံခြင်း။
၂။ သမ္မတနှစ်ဦး လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခြင်း။ သမ္မတအိမ်တော်အကြောင်းရှင်းပြခြင်း။
၃။ သမ္မတနှစ်ဦး ပြည်ထောင်စုလွှတ်တော်သို့ထွက်ခွာခြင်း။
၄။ သမ္မတသစ် ကတိသစ္စာပြုအခမ်းအနားပြုလုပ်ခြင်း။
၅။ သမ္မတဟောင်း ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ထွက်ခွာခြင်း။
၆။ မတ် ၃၀ ရက်နေ့ တွင် အင်န်အယ်လ်ဒီအစီအစဉ်ဖြင့် ညစာစားပွဲပြုလုပ်ခြင်း။

အင်န်အယ်လ်ဒီဘက်က အဆိုပြုချက်မှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောတူ ထားတဲ့ သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းခြင်းနဲ့ပတ်သက်တဲ့ အခမ်းအနားအစီအစဉ်မပါတော့ဘူး။ ကျွန်တော်တို့ကတော့ အခု အဆိုပြု ချက်ဟာ ကျွန်တော်တို့ဘက်က အဆိုပြုချက်ထဲမှာ သူတို့ လက်မခံနိုင် တာတွေပါနေလို့ ဆွေးနွေးပွဲတွေထုံးစံအရ ဈေးဆစ်တဲ့အနေနဲ့ အနိမ့်ဆုံး အချက်တွေကို ပြန်အဆိုပြုတာလို့သုံးသပ်လိုက်တယ်။

ဒါ့ကြောင့် အန်အယ်လ်ဒီဘက်က ဘာတွေလက်မခံနိုင်တာလဲဆိုတာသိဖို့ကြိုးစားတယ်။ တစ်ဖက် ကလည်း ကျွန်တော်တို့ အဆိုပြုချက်ထဲမှာပါတဲ့ အစီအစဉ်တစ်ချို့ရဲ့ နိုင်ငံရေး အနှစ်သာရကို ထပ်ရှင်းပြတယ်။

ပထမရှင်းပြရတဲ့အချက်က ဂုဏ်ပြုတပ်ဖွဲ့အလေးပြုတဲ့အစီအစဉ်နဲ့ သမ္မတသစ်က ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးမယ့်အစီအစဉ်ဖြစ်ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက နိုင်ငံတကာခေါင်းဆောင်များရဲ့ ချစ်ကြည်ရေးခရီးစဉ်များမှာလည်း သုံးတဲ့ ကြည်းရေလေဂုဏ်ပြုတပ်ဖွဲ့ဖြစ်ပါတယ်။ ကြည်းရေလေ ဂုဏ်ပြုတပ်ဖွဲ့က အရပ်သား သမ္မတသစ်ကို အလေးပြုခြင်း၊ သမ္မတသစ်ရဲ့ အစစ်ဆေး ခံခြင်း တို့ဟာ နိုင်ငံရေး အနှစ်သာရပါတဲ့ အတွက် သမ္မတဦးသိန်းစိန်က အဆိုပြု တာဖြစ်ပါတယ်။

ဒုတိယရှင်းပြတဲ့အချက်က သီဟာသနပလ္လင်ရှေ့မှာ တာဝန်လွှဲပြောင်းမှု ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဆိုတာ မြန်မာဘုရင်များရဲ့ အချုပ်အခြာအာဏာသင်္ကေတဖြစ် ပါတယ်။ မန္တလေးနန်းတော်မှာရှိတဲ့ သီဟာသနပလ္လင်ကို ၁၈၈၅ ခုနှစ်မှ အိန္ဒိယကို ယူသွားခဲ့တယ်။ ၁၉ ၄၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကို အခမ်းအနားနဲ့ပြန်လွှဲပေးတယ်။ သမ္မတအိမ် တော်မှာထားတယ်။ ၁၉ ၅၉ ခုနှစ် စက်တင်ဘာ ၁၂ မှာ သမ္မတအိမ်တော်ကနေ အမျိုးသား ပြတိုက်ကို ရွှေ့ပြောင်းထားတယ်။ အခု သမ္မတအိမ်တော်မှာရှိတာက ပုံစံတူဖြစ်ပါတယ်။ ဒါ့ကြောင့် သီဟာသနပလ္လင်ရှေ့မှာသမ္မတ တာဝန်လွှဲပြောင်းတာဟာလည်း နိုင်ငံရေးအရရော၊ သမိုင်း ကြောင်းအရပါ အရေးကြီးပါတယ်။

တတိယရှင်းပြတဲ့အချက်ကတော့ အစိုးရအဖွဲ့အဟောင်းမှ အစိုးရအဖွဲ့သစ်ကို လက်ဖက်ရည်ပွဲ နဲ့ ဧည့်ခံတဲ့ကိစ္စပါ။ ကျွန်တော်တို့ဘက်က လက်ဖက်ရည်ပွဲနေရာချထားတဲ့အခါ ဝန်ကြီး သစ်နဲ့ ဝန်ကြီးဟောင်းတွေကို တွဲပြီးနေရာချဖို့စီစဉ်ထားတယ်။ အဓိကကတော့ ရုံးမှာ မျက်နှာချင်းဆိုင် တာဝန်မလွှဲပေမယ့်လည်း ပုဂ္ဂိုလ်ချင်းတွေ့ဆုံစကားပြောခွင့်ရအောင်စီစဉ်တာပါပဲ။

ဒါပေမယ့် ဦးဝင်းထိန်တို့ဘက်က အပြည့်အဝသဘောမတူသေးဘူး။ ပထမပိုင်း ပြည်ထောင်စု လွှတ်တော်မှာ သမ္မတသစ် ကတိသစ္စာပြုအခမ်းအနားကို ၂၀၁၁ ပုံစံအတိုင်းလုပ်ဖို့ သဘောတူ တယ်။ ဒါပေမယ့် အိမ်တော်မှာတော့ ဘာအခမ်းအနားမှမလုပ်ဘူး။ သမ္မတသစ်ရောက်လာရင် ဦးသိန်းစိန်နဲ့ ဇနီးဖြစ်သူက ကြိုဆို၊အိမ်တော်ကိုလိုက်ပြ၊ ဝန်ထမ်းတွေနဲ့မိတ်ဆက်ပေး။ ပြီးရင် ဦးသိန်းစိန်က သမ္မတအသစ် နဲ့ အဖွဲ့ကို လက်ဖက်ရည်ပွဲနဲ့ဧည့်ခံ ၊ ပြီးရင် သမ္မတဟောင်း ပြန်လည် ထွက်ခွာ ဖို့ တန်ပြန် အဆိုပြုတယ်။ ( ပုံ ၁)

သမ္မတနှစ်ဦးတာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ရင် အင်န်အယ်လ်ဒီဘက်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထား က အရေးကြီးဆုံးဖြစ်နေတယ်။ တကယ်တော့ ဇန်နဝါရီလ ၂၆ ရက်နေ့ အစည်းအဝေးမှာ ဦးဝင်း ထိန် က ဒေါ်အောင်ဆန်းစုကြည်က ဦးလှထွန်းနဲ့ တွေ့ပြီး ဆွေးနွေး ချင်တယ်ဆိုပြီး အသိပေးတယ်။ ဦးလှထွန်းကလည်း သူ့အကြောင်းနဲ့ သူ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရုံးခန်းကို မသွားချင်ဘူး။ ကျွန်တော်ကသူတို့ နှစ်ယောက်မျက်နှာချင်းဆိုင်ဆွေးနွေးမှု မလုပ်ရတဲ့အတွက် အင်န်အယ်လ်ဒီ ဘက်က ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မသိရဘူးဖြစ်နေတယ်လို့ထင်တယ်။

ဒ့ါကြောင့် မတ်လ ၇ ရက်နေ့မှာ ကျွန်တော် တစ်ယောက်တည်း I 12 ကိုသွားပြီး ဦးဝင်းထိန်နဲ့တွေ့တယ်။ အလွတ်သဘောဆွေးနွေးတယ်။ အဲဒီမှာ စကားအသွားအလာအရ အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး တာဝန်ယူခဲ့မယ်ဆိုရင် သမ္မတသစ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုခံချိန်မှာ ဒေါ်အောင်ဆန်း စုကြည် နောက်က ရပ်နေဖို့ဆိုတာ အဆင်မပြေ နိုင်ဘူး ဆိုတာ ရိပ်စားမိခဲ့တယ်။ နောက်ပြီး တာဝန်လွှဲပြောင်းအခမ်းအနားပြီးချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က သမ္မတအိမ်တော်နဲ့ အိမ်တော်မှာရှိတဲ့ သမ္မတ၊ ဒုသမ္မတ ရုံးခန်း တွေကို စစ်ဆေးဖို့ ရှိတယ်ဆိုတာလည်း သိရတဲ့အတွက် လက်ဖက်ရည်ပွဲအစီအစဉ်နဲ့ ဦးသိန်းစိန် က သမ္မတသစ်ကို အိမ်တော်ကိုလိုက်ပြမယ့်ကိစ္စလည်းမဖြစ်နိုင်ဘူးဆိုတာနားလည်လိုက်တယ်။

အဲဒီအခြေအနေကို ကျွန်တော်တို့ ဘက်မှာ ပြန်လည်တင်ပြဆွေးနွေးပြီးတဲ့အခါ ကျွန်တော်တို့ ဘက်က ဂုဏ်ပြုတပ်ဖွဲ့နဲ့အလေးပြုတဲ့အစီအစဉ်၊ အခမ်းအနားအပြီးလက်ဖက်ရည်ပွဲနဲ့ ဧည့်ခံ တဲ့ အစီအစဉ်၊ သမ္မတသစ်ကို အိမ်တော်အတွင်းလိုက်လံရှင်းပြမယ့်အစီအစဉ်တွေကိုဖျက်လိုက် လိုက်ပြီး အဆိုပြုချက် အသစ်ကို ပြန်တင်ပြလိုက်တယ်။ ( ပုံ ၂)

ဒါတောင်မှ အဲဒီအစီအစဉ်မှာပါတဲ့ သမ္မတသစ်ရောက်လာတဲ့အချိန် ဝန်ကြီးအဟောင်း/ အသစ်တွေက တန်းစီ ကြိုဆိုမယ့်အစီစဉ်ကိုတော့ ဦးဝင်းထိန်တို့ဘက်က ပြန်လည်ညှိနှိုင်းတာနဲ့ ဖျက်လိုက်ပြီး ဝန်ကြီးတွေက တာဝန်လွှဲ ပြောင်းမယ့် သံတမန်ခန်းမဆောင်ထဲမှာ ကြိုတင် စောင့်ဆိုင်း ဖို့ ပြင်ဆင်ခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး အဆုံးသတ် ညှိနှိုင်းမှုတွေလုပ်ပါတယ်။ အဲဒီမှာ ထူးခြားတာက လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲက နယ်စပ် ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း တို့က အစိုးရသစ်မှာ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်ပြန်လည်ပါဝင်မှာဆိုတော့ တာဝန် လွှဲပြောင်းတဲ့အခမ်းအနားမှာ ဘယ်ဘက်က ထိုင်မလဲဆိုပြီး စဉ်းစားကြတယ်။နောက်ဆုံးတော့ သူ တို့ နှစ်ယောက်က ဝန်ကြီးအသစ်အဖြစ် ကတိသစ္စာပြုပြီးသားဖြစ်တဲ့အတွက် အစိုးရသစ် ဘက် အခြမ်းမှာ ထိုင်ဖို့ စီစဉ်လိုက်ပါတယ်။

ဦးဝင်းထိန်တို့ဘက်က သီးခြားတင်ပြတာကတော့ တာဝန်လွှဲပြောင်းအခမ်းအနားညစာစားပွဲ အစီ အစဉ်ကို ဦးကျော်တင့်ဆွေကို တာဝန်ပေးထားတဲ့အတွက် လိုအပ်တာများ ကူညီစီစဉ်ပေးရန်။ တာဝန်လွှဲပြောင်းအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်မှာဖြစ်တဲ့အတွက် လုံခြုံရေး အတွက် လူငယ်ငါးဦး ကြိုတင်လာရောက်နိုင်ဖို့ စီစဉ်ပေးရန်၊ ညစာစားပွဲမှာ မီးရှုးမီးပန်း ပစ်ဖောက်လိုတဲ့အတွက် စီစဉ်ပေးရန်ဆိုတဲ့အချက်များဖြစ်ပါတယ်။

အဲဒီအဆိုပြုချက်ထဲမှာ ညစာစားပွဲကို အစိုးရအဖွဲ့ဟောင်းတွေ တက်ရောက်ဖို့ ဆွေးနွေးတာ မရှိခဲ့ဘူး။ ဖိတ်ကြားမှုလည်းမရှိဘူး။ ကျွန်တော်တို့ကလည်း အဲဒီညစာ စားပွဲအခမ်းအနားဟာ အင်န်အယ်လ်ဒီပါတီရဲ့ အောင်ပွဲခံညစာစားပွဲ ဖြစ်တယ် လို့ပဲနားလည်တယ်။ ဘယ်သူတွေ ဖိတ်ကြားမယ် ဆိုတာလည်း ဦးကျော်တင့်ဆွေပဲ စီစဉ်တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရ အဖွဲ့ဝင်ဟောင်းတွေမလာဘူးဆိုပြီး ဝေဖန်တိုက်ခိုက်မှုတွေပေါ်ခဲ့တယ်။ ဦးဝင်းထိန်တို့က သူတို့ ဘက်က ဖိတ်ကြားမှုမလုပ်တာပါလို့ ရှင်းပြဖို့ကောင်းပေမယ့် မလုပ်ခဲ့ဘူး။

ကျွန်တော်တို့ဘက်က မီးရှုးမီးပန်းကိစ္စက လွဲလို့ အားလုံးစီစဉ်ပေးခဲ့ပါတယ်။ မီးရှုးမီးပန်းကတော့ တစ်နှစ်စာ အခမ်းအနားများ ( လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့ စသည်ဖြင့် ) တွက်ချက်ဝယ်ယူ ထားရတာဖြစ်ပြီး တပ်မတော်နေ့အခမ်းအနားပြီးချိန်မှာ လက်ကျန်ရှိမှာမဟုတ်တော့တဲ့အတွက် လုပ်မပေးနိုင်ခဲ့ပါဘူး။

တာဝန်လွှဲပြောင်းရေးအခမ်းအနားအတွက် အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေ ချိန်မှာ တစ်ဖက်မှာလည်း တာဝန်လွှဲပြောင်းရေး အကြိုကာလ အတွင်း စိတ်အနှောင့်အယှက် ဖြစ်စရာတွေလည်းကြုံခဲ့ပြန်တယ်။

( ဆက်လက်ဖော်ပြပါမည်။ )

၂၀၁၆ အလွှဲအပြောင်း (၇)

ဦးဝင်းထိန်တို့ဘက်က နှစ်ဘက်အဖွဲ့ကြား ဆွေးနွေးမှုမစတင်ခင်မှာပဲ ဝန်ကြီးဌာန တွေ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရေးအတွက် ကြိုတင်လေ့လာဖို့ အမြဲတမ်း အတွင်းဝန်တွေကို I 12 ခေါ်ပြီး ဝန်ကြီးဌာနအကြောင်းမေးချင်တယ်၊ ဝန်ကြီးရုံး တွေကို သွားကြည့်ချင်တယ် လို့ အကြောင်းကြားလာပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနတွေအကြောင်းရှင်းပြတဲ့အခါ ဝန်ကြီး၊ ဒုဝန်ကြီးတွေပဲ သိသင့်တဲ့အချက် အလက်တွေရှိတယ်။ အခု အစိုးရသစ်ဝန်ကြီးတွေကို ရွေးချယ်ခန့်ထားခြင်းမပြုရသေးတဲ့အတွက် အခြားပုဂ္ဂိုလ်တွေကို ရှင်းပြလို့မဖြစ်နိုင်ဘူး။ နောက် တစ်ချက်က လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတွေရှိနေချိန်မှာ ဝန်ကြီးဌာနတွေကို သွားကြည့် မယ်ဆိုတာကလည်း အစဉ်အလာမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။

ဒ့ါကြောင့် ကျွန်တော်တို့ဘက်က လောလောဆယ်ဆယ် လေ့လာနိုင်ဖို့ ဝန်ကြီးဌာန တစ်ခုချင်းရဲ့ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်၊ ဘတ်ဂျက် စသည်ဖြင့်လိုအပ်တဲ့ အချက်အလက်တွေ ပေးထားမယ်၊ ပြည် ထောင်စုလွှတ်တော်က ဝန်ကြီးအသစ်တွေ အတည်ပြုပြီးတဲ့အချိန်မှာ ဝန်ကြီးအသစ်တွေက သိချင်တာတွေရှိရင် အမြဲတမ်းအတွင်းဝန်တွေကို I 12 ကို လွှတ်ပေးမယ်၊ တရားဝင် အလွှဲ အပြောင်းကိုတော့ မတ် ၃၀ ရက်နေ့မှာလုပ်မယ်လို့ ပြန်ညှိတော့အဆင်ပြေ သွားပါတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးချိန်မှာ ဝန်ကြီးအသစ်တွေက ပါတီ အစည်းအဝေးတွေနဲ့ အလုပ်များနေတော့ အမြဲတမ်းအတွင်းဝန်တွေကိုခေါ်မေးတာ မရှိ သလောက်ပါပဲ။

၂၀၁၆ ဇန်နဝါရီ လ ၁၈ ရက်မှာ ဝန်ကြီးဦးလှထွန်းက ဝန်ကြီးဌာနအားလုံးက အမြဲတမ်း အတွင်းဝန် တွေနဲ့ အစည်းအဝေးလုပ်ပြီး ဌာနအလိုက်တာဝန် လွှဲပြောင်းရေး ပြင်ဆင်ထားမှုတွေကို စစ်ဆေး တယ်။ လိုအပ်တာတွေ ထပ်ညွှန်ကြားတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမောင်မောင်ဝင်း ( ယခု ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန) က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး ရှင်းပြတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ တာဝန်လွှဲပြောင်းရေး ဒုတိယအကြိမ်အစည်းအဝေးမှာ ဦးလှထွန်းက ဝန်ကြီးဌာနအလိုက် တာဝန်လွှဲပြောင်းဖို့အတွက် ပြင်ဆင်ထားမှုအခြေအနေနဲ့ ဝန်ကြီးအသစ် တွေကို မတ်လ ၃၀ ရက်နေ့မှာ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အမြဲတမ်းအတွင်းဝန်တွေက စောင့်ကြိုရှင်းပြမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့တယ်။ ဦးဝင်းထိန်တို့ဘက်ကလည်း လက်ခံ ပါတယ်။ (အစိုးရသစ်လက်ထက်မှာလည်း ဝန်ကြီးအပြောင်းအလဲဖြစ်တဲ့အခါ အမြဲတမ်းအတွင်း ဝန်တွေက ဦးဆောင်ပြီး ဌာနအကြီးအကဲတွေက ဝန်ကြီးအသစ်ကို ရှင်းလင်း လွှဲပြောင်းပေး တဲ့ စနစ်ကို ပဲဆက်ကျင့်သုံးနေတယ်လို့သိရပါတယ်။ )

ဝန်ကြီးအသစ်တွေကို မတ် ၃၀ ရက်နေ့မှ တာဝန်လွှဲမယ်လို့ သဘောတူထားပေမယ့် ပြန်ကြား ရေး ဝန်ကြီးဌာနက ထူးခြားတဲ့အခြေအနေဖြစ်နေတယ်။ မတ် ၃၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသတင်းနဲ့ မတ် ၃၁ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာ တာဝန် လွှဲပြောင်း မှု အခမ်းအနားနဲ့ပတ်သက်တဲ့ သတင်းတွေဖော်ပြရမယ်။ တာဝန်လွှဲပြီးပြီဖြစ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးအသစ်က အစိုးရသစ်ရဲ့ ပြန်ကြားရေးမူဝါဒနဲ့အညီဖော်ပြ နိုင်အောင် ကြီးကြပ် ရမှာဖြစ်ပါတယ်။

ဒီတော့ ဝန်ကြီးအသစ်ဒေါက်တာဖေမြင့်က မတ် ၃၀ သမ္မတ တာဝန်လွှဲပြောင်းမှုပြီးမှ အလုပ်စလုပ် လို့မရဘူး။ အခမ်းအနားသတင်းထုတ်ပြန်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ်။ ဒ့ါကြောင့် သမ္မတ ဦးသိန်းစိန် ကို တင်ပြပြီး မတ် ၂၈ ရက်နေ့မှာ ဆရာဖေမြင့်ကို ဝန်ကြီးဌာနမှာ အစည်းအဝေးတက်ဖို့ ဖိတ်တယ်။

ကျွန်တော်နဲ့ ဌာနအကြီးအကဲတွေက ဆရာဖေမြင့်ကို ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ ကိစ္စ အားလုံး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ နဲ့ ဥပဒေကြမ်းပြုစုမှုအခြေအနေတွေကို ရှင်းပြတယ်။ အဲဒါဟာ တာဝန်လွှဲပြောင်းအစည်းအဝေးလို့သတ်မှတ်ရင်လည်းရပါတယ်။ နောက်တော့ မတ် ၂၉ မှာ ဆရာဖေမြင့်နဲ့ နိုင်ငံပိုင် မီဒီယာများက အယ်ဒီတာတွေ မတ် ၃၀ ရက် နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ညှိနှိုင်း အစည်းအဝေးလုပ်ဖို့ စီစဉ်ပေးတယ်။ မတ် ၂၉ ရက်နေ့ အစည်းအဝေး ကို ကျွန်တော်မတက်တော့ဘူး ၊ ဆရာဖေမြင့်ပဲ ဦးစီးပြီးလုပ်တယ်။

အဲဒီအချိန် က ဝန်ကြီးအသစ်တွေဟာ နေ့စဉ်လိုလို လွှတ်တော်ကို သွားပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ရ တော့ ဆရာဖေမြင့် သွားရတာအဆင်ပြေအောင် မတ်လ ၂၈ ရက်နေ့ထဲက ဝန်ကြီးရုံးက ကား တစ်စီး ဆရာဖေမြင့်ကို တွဲပေးထားလိုက်တယ်။ ဒါ့ကြောင့် အစိုးရသစ် ဝန်ကြီး တွေထဲမှာ ဆရာ ဖေမြင့်က နှစ်ရက်စောပြီး တာဝန်ယူရတယ်။ ဝန်ကြီး အားလုံးထက် နှစ်ရက် စီနီယာကျတယ် လို့တောင်ပြောလို့ရတယ်။

တာဝန်လွှဲပြောင်းရေးအဖွဲ့နှစ်ဖွဲ့အတွက် အရေးကြီးဆုံးလုပ်ငန်းက သမ္မတ နှစ်ယောက် တာဝန်လွဲှ ပြောင်းခြင်း အခမ်းအနားကို စီစဉ်ဖို့ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးချိန်မှာ လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ မရှိဘူးသေးတဲ့ တာဝန်လွှဲပြောင်းမှုအခမ်းအနားဖြစ်တဲ့အတွက် မှတ်တမ်းဖြစ်အောင်လုပ်ချင်တယ်၊ စနစ်တကျ လုပ်ချင်တယ်လို့ သဘောတူခဲ့ဲကြတယ်။

ကျွန်တော်တို့ အဖွဲ့က သမ္မတ တာဝန်လွှဲပြောင်းရေးအခမ်းအနားနဲ့ပတ်သက်ပြီး ပါလီမန် ခေတ်က နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းတဲ့အခမ်းအနားများနဲ့ အမေရိကန်သမ္မတ တာဝန်လွှဲပြောင်းခြင်းအခမ်းအနား တွေကို အခြေခံပြီး စဉ်းစားပါတယ်။ ဦးသိန်းစိန်ကလည်း နိုင်ငံ ရေးအနှစ်သာရ ပါအောင် ထည့်သွင်းသင့်တဲ့အချက်တွေကို ညွှန်ကြားပါတယ်။

အဲဒီအချက်အလက်တွေကို အခြေခံပြီး အစီအစဉ်မူကြမ်းဆွဲတယ်။ အင်န်အယ်လ်ဒီကိုယ်စားလှယ် အဖွဲ့ကို တင်ပြနိုင်ဖို့အတွက် Power Point ပြင်ဆင်တယ်။ သမ္မတ တာဝန်လွှဲပြောင်းခြင်းနဲ့ ပတ် သက်တဲ့ အစဉ်အလာများနဲ့ သီဟာသနပလ္လင်၊ သမ္မတ စလွယ်တို့နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းများ ကို ဦးဇော်ဌေး က အသေးစိတ်သုတေသနလုပ်ပြုစုပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အစည်းအဝေးမှာ ဦးလှထွန်းက သမ္မတတာဝန်လွှဲပြောင်းအခမ်းအနား နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက် က လျာထားချက်ကို အတိုချုပ်ရှင်းပြတယ်။ ဦးဇော်ဌေးက Slide တွေနဲ့ အသေးစိတ်ရှင်းပြတယ်။

ကျွန်တော်တို့တင်ပြတဲ့ အစီအစဉ်မူကြမ်း အကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်-

၁။ သမ္မတသစ်နှင့် ဒုတိယသမ္မတသစ်များ ကတိသစ္စာပြုခြင်း၊ သမ္မတသစ် မိန့်ခွန်းပြောခြင်း များကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၁ အစဉ်အလာအတိုင်းပြုလုပ်ခြင်း။
၂။ သမ္မတသစ် နှင့်အစိုးရအဖွဲ့သစ် ပြည်ထောင်စုလွှတ်တော်မှ သမ္မတ အိမ်တော်သို့ ထွက်ခွာ ခြင်း။ ( ပြည်ထောင်စုဝန်ကြီးသစ်များက ကြိုတင်ထွက်ခွာလာရန်)
၃။ သမ္မတ ဦးသိန်းစိန် က သမ္မတ အိမ်တော်မှစောင့်ကြိုခြင်း။
၄။ သမ္မတနှစ်ဦးကို တပ်မတော်ကြည်းရေလေ ဂုဏ်ပြုတပ်ဖွဲ့ က အလေးပြုခြင်း။ သမ္မတ အသစ်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်း ( လက်ရှိ ဝန်ကြီးများက အလေးပြုခံစင်မြင့်၏ လက်ဝဲဖက်၊ ဝန်ကြီးအသစ်များက အလေးပြုခံစင်မြင့် ၏ လက်ယာဘက်တွင် နေရာယူရန်)
၅။ သမ္မတနှစ်ဦးက ဝန်ကြီးအဖွဲ့များကို အပြန်အလှန် မိတ်ဆက်ပေးခြင်း။
၆။ သံတမန်ခန်းမဆောင် သီဟာသနပလ္လင်ရှေ့တွင် တာဝန်လွှဲပြောင်းအခမ်းအနားပြုလုပ်ခြင်း။
၇။ အစိုးရအဖွဲ့အဟောင်းမှ အစိုးရအဖွဲ့သစ်ကို လက်ဖက်ရည်ပွဲဖြင့်ဧည့်ခံခြင်း။
၈။ သမ္မတဦးသိန်းစိန်နှင့် ဇနီးက သမ္မတသစ်နှင့် ဇနီးကို သမ္မတ အိမ်တော်ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခြင်း၊ သမ္မတအိမ်တော်ကို လှည့်လည်ပြသခြင်း။
၉ ။ သမ္မတဟောင်း ဦးသိန်းစိန်ပြန်လည်ထွက်ခွာခြင်း။

ဦးဝင်းထိန်တို့က ပြန်လည်ဆွေးနွေးတာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြီးမှ ဒေါက်တာ မျိုးအောင်က တဆင့်အကြောင်းပြန်မယ်လို့ ပြောခဲ့တယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အင်န်အယ်လ်ဒီဘက်က သူတို့လုပ်ချင်တဲ့ အခမ်းအနားအစီအစဉ်ကို ပြန်ကြားခဲ့ပါတယ်။

( ဆက်လက်ဖော်ပြပါမည်။ )

၂၀၁၆ အလွှဲအပြောင်း (၆)

အစိုးရသစ်နှစ်ခု တာဝန်လွှဲဖို့ပြင်ဆင်တဲ့အခါ ဝန်ကြီးအသစ်/အဟောင်းဘယ်လိုတာဝန်လွှဲမ လဲ ဆိုတာကို လည်း ကျွန်တော်တို့ဘက်က ကြိုတင်လေ့လာခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက ၁၉ ၄၈ – ၁၉ ၆၂ အထိ ဗြိတိသ ျှပုံစံကို အခြေခံတဲ့ ပါလီ်မန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်က စပြီး အမေရိကန်ပုံစံ ကို အခြေခံတဲ့ သမ္မတ ဦးဆောင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့က ကိုယ့်နိုင်ငံရဲ့ အစဉ်အလာကို လေ့လာသလို ဗြိတိသ ျှ နဲ့ အမေရိကန် တာဝန်လွှဲပြောင်းမှုပုံစံနှစ်ခုကိုလည်း အဓိက ထား လေ့လာခဲ့တယ်။

ဗြိတိသ ျှ စနစ်ကတော့ ရှင်းတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ အစိုးရဟောင်းရော၊ လွှတ် တော်အဟောင်းပါ အလိုလို သက်တမ်း ကုန်သွားတယ်။ လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲ မှာ ရှုံးတယ်ဆိုရင် လက်ရှိဝန်ကြီးချုပ်က ဘုရင်/ဘုရင်မ ဆီကို သွားပြီး ရွေးကောက်ပွဲရှုံးတဲ့ အတွက် သူ့အစိုးရ နှုတ်ထွက်မယ်ဆိုတာကို တင်ပြတယ်။ ဘုရင်/ဘုရင်မက အဲဒီတင်ပြချက်ကို လက်ခံပြီး အနိုင်ရပါတီခေါင်းဆောင်ကို ဖိတ်ခေါ်တယ်။ ရောက်လာတဲ့အခါ အစိုးရသစ်ဖွဲ့ဖို့ တာဝန်ပေးတယ်။

ဝန်ကြီးချုပ် အဟောင်းနဲ့ အသစ် တွေ့ဖို့မလိုဘူး။ အခမ်းအနားနဲ့တာဝန်လွှဲတာမရှိဘူး။ ဝန်ကြီး ချုပ် အဟောင်းက နန်းတော်ကို လာတဲ့အခါ ဝန်ကြီးချုပ် အဆောင်အယောင်ကားလာတယ်။ ဝန်ကြီးချုပ် ရဲ့ အတွင်းဝန်လိုက်လာတယ်။ သူက နိုင်ငံရေးသမားမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်း အရာရှိကြီး ဖြစ်ပြီး တရားဝင်အခေါ်အဝေါ်က Principal Private Secretary ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းက ဘုရင်မနဲ့တွေ့ပြီး နန်းတော်ကပြန်တော့ အခြားကားတစ်စီးနဲ့ပြန်ရတယ်။ ဝန်ကြီးချုပ်ကားနဲ့ အတွင်းဝန်ကို နန်းတော်မှာထားခဲ့ရတယ်။

ဝန်ကြီးချုပ်ဟောင်းနန်းတော်ကပြန်သွားချိန်မှာ အနိုင်ရပါတီခေါင်းဆောင် နန်းတော် ကိုရောက်လာတယ်။ ဘုရင်/ဘုရင်မနဲ့တွေ့ပြီး ပြန်ထွက်လာတဲ့အခါ ဝန်ကြီးချုပ်ရဲ့ အတွင်း ဝန်က သူ့ကို စောင့်နေတယ်။ ပြီးတာနဲ့ ဝန်ကြီးချုပ်အဆောင်အယောင်ကားပေါ်တင်ပြီး ဝန်ကြီးချုပ် ရုံးလည်းဖြစ်၊ နေအိမ်လည်းဖြစ်တဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းကို ခေါ်သွားတယ်။ အဲဒီမှာ ဝန်ကြီးချုပ်ရုံးအဖွဲ့နဲ့ အိမ်တော်ဝန်ထမ်းတွေက စောင့်နေတယ်။ သူတို့နဲ့ ဝန်ကြီးချုပ်ကို မိတ်ဆက်ပေးတယ်။ ရုံးလုပ်ငန်းတွေရှင်းပြတယ်။ အဲဒီနေ့မှာ ဝန်ကြီး၊ ဒုဝန်ကြီးတွေကလည်း ကိုယ့်ဝန်ကြီးဌာန ကိုယ်သွားကြတယ်။ အမြဲတမ်းအတွင်းဝန်တွေက ကြိုဆိုရှင်းပြပြီး အစိုးရသစ် လုပ်ငန်းစလုပ်တယ်။

အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ က နိုဝင်ဘာလရဲ့ ပထမဆုံး အင်္ဂါနေ့မှာကျင်းပတယ်။ သမ္မတ တာဝန်လွှဲပြောင်းတာက ၁၉ ၃၇ ခုနှစ်မတိုင်မီအထိ မတ်လ ၄ ရက်နေ့မှာလုပ်တယ်။ နောက်တော့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာလုပ်တယ်။ ဒီတော့ တာဝန်လွှဲပြောင်းမှုအတွက် ပြင်ဆင်ချိန် တစ်လကျော်ရတယ်။ တာဝန်လွှဲပြောင်းမှုနဲ့ပတ်သက်ပြီး Presidential Transition Act of 1963 အရဆောင်ရွက် တယ်။

တာဝန်လွှဲပြောင်းမှုကို အစိုးရဌာနတစ်ခုဖြစ်တဲ့ General Services Administration (GSA) က ကူညီပံ့ပိုးပေးတယ်။ ပံ့ပိုးတယ်ဆိုတာက သမ္မတသစ်အဖြစ်ရွေးချယ်ခံရသူရဲ့ တာဝန်လွှဲပြောင်း ရေး အဖွဲ့အတွက်လိုအပ်တဲ့ ရုံးသုံးပစ္စည်းကအစ ရုံးခန်းအလယ် လုံခြုံရေးအဆုံးအားလုံး လုပ်ပေးရတာဖြစ်ပါတယ်။

သမ္မတ နှစ်ဦးအလွှဲအပြောင်းကို အခမ်းအနားနဲ့လုပ်တယ်။ သမ္မတအသစ်နဲ့ အဟောင်း အိမ်ဖြူ တော် မှာဆုံပြီး အိမ်ဖြူတော်အကြောင်းရှင်းပြ၊လက်ဖက်ရည်အတူသောက်၊ ဓာတ်ပုံအရိုက်ခံပြီး တော့ ကတိသစ္စာပြုမယ့်နေရာကို သွားတယ်။ အဲဒါက လူထုပရိသတ်တက်ရောက်တဲ့အခမ်း အနားဖြစ်တယ်။ လွှတ်တော်ရှေ့ကွင်းပြင်မှာလုပ်တယ်။ သမ္မတသစ်၊ လက်ရှိသမ္မတအပြင် ကျန်တဲ့ သမ္မတဟောင်းတွေလည်း တက် ရောက်တယ်။ သမ္မတသစ်က ကတိသစ္စာပြုသလို မိန့်ခွန်းလည်းပြောတယ်။

ဝန်ကြီး၊တွေတာဝန်လွှဲတာကျတော့ အတော်ရှုပ်ထွေးတယ်။ ဝန်ကြီးတွေက အထက်လွှတ်တော် ( ဆီးနိတ်) အတည်ပြုချက်ရမှခန့်အပ်ရတာဆိုတော့ သမ္မတတာဝန်လွှဲ တဲ့ နေ့မှာ အချို့ ဝန်ကြီးအသစ်တွေတာဝန်မယူနိုင်သေးဘူး။ သမ္မတသစ်ခန့်တာနဲ့ ဝန်ကြီးဟောင်းတွေက ထွက်သွားပြီ။ ဌာနအလိုက် ရာထူးအမြင့်ဆုံး နိုင်ငံ့ ဝန်ထမ်းက တာဝန်ယူထားရတယ်။ ဝန်ကြီးအသစ် ကို လွှတ်တော်က အတည်ပြုပြီးတဲ့အချိန်မှာ သူ့ကို လွှဲပေးတယ်။ ဝန်ကြီးအသစ် မခန့်ရ သေးပေမယ့်လည်း သက်ဆိုင်ရာ ဌာန တာဝန်ခံတွေက သမ္မတသစ်ရဲ့ တာဝန်လွှဲပြောင်း အဖွဲ့ကို သွားတွေ့ပြီးဌာနနဲ့ပတ်သက်တဲ့အချက် တွေကို ကြိုရှင်းပြရတယ်။

မြန်မာနိုင်ငံမှာတော့ ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံအကြီးအကဲဖြစ်တဲ့ သမ္မတကို ပါလီမန်က ရွေးပြီးတဲ့အခါ သမ္မတ အဟောင်းနဲ့အသစ် တာဝန်လွှဲတဲ့ အခမ်းအနားတွေကျင်းပဖူးတယ်။ အာဏာရပါတီက ရွေးကောက်ပွဲ မရှုံးဖူးတဲ့အတွက် ဝန်ကြီးချုပ် တာဝန်လွှဲတာတော့မရှိဘူး။ လမ်းစဉ်ပါတီခေတ်မှာ ဦးနေဝင်း၊ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် သမ္မတ တာဝန်ကို အခမ်းအနားနဲ့လွှဲတာမရှိဘူး။ ဝန်ကြီးချုပ် ဦးစိန်ဝင်း၊ဦးမောင်မောင်ခ၊ သူရ ဦးထွန်းတင်တို့ လည်း အခမ်းအနားနဲ့တာဝန်လွှဲတာမရှိဘူး။

ဝန်ကြီးတွေ အနားယူ/ နုတ်ထွက်ရင်လည်း အဟောင်းနဲ့အသစ် မျက်နှာချင်းဆိုင်ထိုင်၊ တာဝန် လွှဲ တာမရှိဘူး။ အဟောင်းက ထွက်သွား၊ အသစ်ရောက်လာတဲ့အခါ ၁၉ ၇၂ ခုနှစ်မတိုင်မီအထိ အတွင်းဝန်၊ နောက်ပိုင်းတော့ ရုံးအဖွဲ့မှူးက ဌာနအကြောင်းရှင်းပြပါတယ်။

အဲဒီလို နိုင်ငံတကာအစဉ်အလာများနဲ့ မိမိနိုင်ငံရဲ့ အတွေ့အကြုံများကို မူတည်ပြီး ဦးလှထွန်းက သမ္မတ အလွှဲအပြောင်းကို အခမ်းအနားနဲ့လုပ်မယ်။ ဝန်ကြီးဌာနတွေကတော့ ဝန်ကြီးအသစ်တွေ ကို အမြဲတမ်းအတွင်းဝန်တွေက ရှင်းလင်းတင်ပြပြီးလွှဲပြောင်းပေးမယ်လို့ ဆုံးဖြတ်တယ်။ အမေရိကန်နဲ့ ဗြိတိန် ပေါင်းစပ်ပုံစံပေါ့။ သမ္မတဦးသိန်းစိန်ကလည်း အဲဒီအဆိုပြုချက်ကို အတည်ပြုလိုက်ပါတယ်။

နောက်တစ်ချက်က တပ်မတော်အစိုးရက ၂၀၁၁ ဦးသိန်းစိန်အစိုးရသစ်ကို ၂၀၁၁ ဧပြီလ ၁ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်ဖို့ စီစဉ်တာကလည်း ဧပြီလ ၁ ရက်နေ့မှာ စမယ့် ဘတ်ဂျက်အသစ် နဲ့ အတူ လုပ်ငန်းစနိုင်အောင်ဖြစ်ပါတယ်။ ၂၀၁၆ မှာလည်း ဒီလိုပုံစံပဲဖြစ်ပါ တယ်။ ( အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဘတ်ဂျက်နှစ်အစကို အောက်တိုဘာ ၁ ရက်ပြောင်းထားတော့ အဲဒီ ရည်ရွယ် ချက် တော့မရနိုင်တော့ဘူး)

ဒါ့ကြောင့် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တာဝန်လွှဲပြောင်းမယ့် အချိန်မှာ ပြည်ထောင်စုလွှတ်တော် က အတည်ပြုထားပြီး အများပြည်သူသိအောင်လည်း ထုတ်ပြန်ထားတဲ့ ၂၀၁၆ – ၂၀၁၇ အမျိုးသား စီမံကိန်းဥပဒေနဲ့ ၂၀၁၆ – ၂၀၁၇ ဘတ်ဂျက်ကလည်း အသင့်ဖြစ်နေပြီ။ အမြဲတမ်း အတွင်းဝန် တွေက ဝန်ကြီးဌာနအလိုက် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်စာရင်းချုပ်ဖို့၊ ဝန်ထမ်းရေးရာ၊ စီမံရေးရာ နဲ့ ဆောင်ရွက်ဆဲစီမံကိန်းတွေကို ပြုစုထားပြီး ဝန်ကြီးအသစ်တွေကို ရှင်းပြဖို့ ပဲကျန်မှာဖြစ်ပါတယ်။

ဒါပေမယ့် အင်န်အယ်လ်ဒီဘက်မှာလည်း ဝန်ကြီးများတာဝန်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မတူကွဲပြားခြားနားတဲ့ စဉ်းစားမှုတွေ ရှိနေတယ်။

(ဆက်လက်ဖော်ပြပါမည်။ )

၂၀၁၆ အလွှဲအပြောင်း (၅)

ဒီဇင်ဘာလ ၂၂ ပထမအကြိမ်စတင်တွေ့တဲ့အချိန်မှာတော့ နှစ်ဘက်လုံးမှာ ပြောဆိုဆွေးနွေးလို့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်လို့ခံစားမိတယ်။ တွေ့တဲ့အခင်းအကျင်းကလည်း ထိုင်ခုံကြီးတွေမျက်နှာချင်းဆိုင်ချထားတော့ နွေးနွေးထွေးထွေးလည်း မရှိလှဘူး။ ( နောက် ဆွေးနွေးပွဲတွေမှာတော့ အစည်းအဝေးစားပွဲရှည်မှာမျက်နှာချင်းဆိုင်ထိုင်ဆွေးနွေးကြပါ တယ်။ )

ဒါပေမယ့် ဝန်ကြီး ဦးလှထွန်းက မိတ်ဆက်စကားပြောပြီးလို့ ဦးဝင်းထိန် ဘက်က ပြန်ပြောတဲ့ အချိန်မှာပဲ ကျွန်တော်တို့အဖွဲ့မှာ ဝန်ကြီးဦးလှထွန်းနဲ့ ညွှန်ချုပ် ဦးလှထွန်း နှစ်ယောက်ပါနေ တာဟာ ရည်ရွယ်ချက်ရှိရှိ၊ ယတြာလုပ်ထားတယ်လို့ထင်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ သူ အဖေ နာမည်ကလည်း ဦးလှထွန်းဖြစ်ကြောင်း အရွှန်းဖောက်ပြီး ပြောတဲ့အတွက် အားလုံး ရယ်မောပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့ပါတယ်။

ကျွန်တော်တို့ နှစ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ ကြားမှာ ငါးကြိမ် တွေ့ ဆုံခဲ့ကြပါတယ်။ အစည်းအဝေးတစ်ခုနဲ့တစ်ခု ကြားကာလမှာ ညှိနှိုင်းစရာတွေရှိရင်တော့ ဦးဇော် ဌေးနဲ့ ဒေါက်တာမျိုးအောင်ကြားနှစ်ယောက်ဆက်သွယ်ဆောင်ရွက်ကြပါတယ်။

နှစ်ဖွဲ့ဆွေးနွေးတဲ့အခါမှာ ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေကတော့ အဆင်ပြေပါတယ်။ လုပ်ငန်းပိုင်းဆိုင် ရာ ကိစ္စတစ်ချို့မှာတော့ စဉ်းစားသုံးသပ်ပုံ ခြားနားတဲ့အတွက် အပြန်အလှန် ဆွေးနွေးခဲ့ရတာတွေ ရှိပါတယ်။

နှစ်ဘက်ဆွေးနွေးပွဲတွေစတင်တဲ့အချိန်မှာ အင်န်အယ်လ်ဒီဘက်မှာ အစိုးရ အဖွဲ့လုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မှားတစ်ချို့ ရှိနေတာ၊ ရုံးလုပ်ငန်း စနစ်ကို နားလည်မှုလွဲနေတဲ့အချက်အချို့ရှိနေတာကို သတိပြုမိတယ်။ ဥပမာ။ ဒုတိယအကြိမ် အစည်းအဝေးမှာ ဦးဝင်းထိန်တို့က အစိုးရ ဝန်ကြီးဌာနတွေမှာ ဖွဲ့စည်းပုံထက်ကျော်လွန်ပြီး ခန့်ထားတဲ့ အင်အား နှစ်သောင်းငါးထောင်ကျော်ရှိနေတယ်လို့ သိရတယ်။ အဲဒီဝန်ထမ်းတွေကို ဘယ်လို လုပ်မလဲ လို့ မေးခဲ့တယ်။

တကယ်တော့ နဝတ/နယက အစိုးရတာဝန်ယူချိန်ကစလို့ ဦးသိန်းစိန်အစိုးရအထိ ကာကွယ်ရေး၊ ပြည်ထဲရေး ၊ ကျန်းမာရေး နဲ့ ပညာရေးဌာနတွေကိုပဲ ဖွဲ့စည်းပုံအင်အားအပြည့်ခန့်အပ်ခွင့်ပြုပြီး ကျန်တဲ့ဌာနတွေက ဖွဲ့စည်း ပုံအင်အားရဲ့ သုံးပုံနှစ်ပုံပဲ ခန့်အပ်ခွင့်ရတာဖြစ်ပါတယ်။ လက်တွေ့မှာ ဖွဲ့စည်းပုံအပြည့်ခန့်ခွင့်ရှိတဲ့ ဌာနတွေတောင် အင်အားပြည့်အောင် မခန့်နိုင်ပါဘူး။

ဒါ့ကြောင့် ကျွန်တော်တို့ဘက်က ဖွဲ့စည်းပုံထက် ပိုလ ျှံဝန်ထမ်းနှစ်သောင်းကျော်မရှိကြောင်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ပြန်ရှင်းပြရတယ်။ သူတို့ဘက်က သံသယရှင်းအောင် ကာကွယ်ရေး ဝန်ကြီးဌာနမပါ ကျန်ဝန်ကြီးဌာနများရဲ့ ဖွဲ့စည်းပုံအင်အား၊ လက်ရှိအင်အားတွေကို ပြုစုပေး ခဲ့တယ်။ ဒါ့အပြင် အင်န်အယ်လ်ဒီဘက်က နောက်ခြောက်လအတွင်း အငြိမ်းစားယူဖို့ရှိတဲ့ အတွင်းဝန်၊ ညွှန် ကြားရေးမှူးချုပ် နဲ့ ဦးဆောင်ညွှန်ကြားရေးမှူးတွေရဲ့ စာရင်းလိုချင်တယ်ဆိုလို့ ပြုစုပေးရတယ်။

နှစ်ဘက်ဆွေးနွေးပွဲစတင်တဲ့အချိန်မှာ အစိုးရသစ်က ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်ထားဖို့ အလားအလာများတယ်ဆိုတာကို ကျွန်တော်သိထားပြီးနေပြီ။ ဒီသတင်းကို ဘယ်သူကိုမှ မပြော ခဲ့ပေမယ့် ဆွေးနွေးပွဲအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ သီးခြားကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်။

ကျွန်တော် အဓိက ထားပြောခဲ့တဲ့ အချက်နှစ်ခုကတော့ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေ ( ရုပ်သံဥပဒေ) နဲ့ သတင်းအချက်အလက်သိပိုင်ခွင့် ဥပဒေမူကြမ်း ( Right to Information ) ကိစ္စများဖြစ်ပါတယ်။

ရုပ်သံဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အတည်ပြုတယ်။ ရုပ်သံဥပဒေ ပုဒ်မ ၁၀၃ ရ ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီ ကို ဥပဒေအတည်ပြုပြီး ၆ လအတွင်း မှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဖွဲ့ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်းပေး ရမှာဖြစ်ပါတယ်။

ရုပ်သံဥပဒေအတည်ပြုပြီးချိန်မှာ ကောင်စီဖွဲ့စည်းရေးအတွက် ဦးသိန်းစိန်ကို တင်ပြခဲ့တယ်။ အဲဒီအချိန်မှာ ဦးသိန်းစိန်က ကောင်စီ သက်တမ်းက ငါးနှစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲပြီး နောက်တာဝန်ယူ မယ့် သမ္မတ နဲ့ အစိုးရက ရွေးချယ်တာက ပိုပြီး ကောင်းပါတယ်လို့ ဆုံးဖြတ် ပေးတယ်။

ဒါပေမယ့် ပြဿနာက ကောင်စီဖွဲ့ရမယ့်နောက်ဆုံးနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သမ္မတသစ်နဲ့ အစိုးရသစ် မပေါ်ပေါက်သေး ဘူး။ ဒါပေမယ့် လွှတ်တော်အသစ်ကတော့ စပြီ။။ ဒါ့ကြောင့် ဇန်နဝါရီ ၂၆ ဆွေးနွေးပွဲမှာ ကျွန်တော်က ဦးဝင်းထိန် ကို ဒုတိယ အကြိမ်လွှတ်တော်အစမှာ ရုပ်သံဥပဒေ ပုဒ်မ ၁၀၃ ကို ခြောက်လ အစား ကိုးလ သို့ မဟုတ် တစ်နှစ်လို့ ပြင်လိုက်ပါ။ အဲဒါဆိုရင် သမ္မတအသစ်က အေးအေးဆေးဆေး ကောင်စီ ဖွဲ့လို့ရမယ် ၊ ဥပဒေက သတ်မှတ်ထားတဲ့ ကာလသတ်မှတ်ချက် ကို ချိုးဖောက်ရာ မရောက် တော့ဘူူးလို့ ဆွေးနွေးတယ်။ ဥပဒေကြမ်း နမူနာကိုလည်း ပြုစုပြီး ပေးလိုက်တယ်။

ဒါပေမယ့် ဦးဝင်းထိန်က သူတို့အနေနဲ့ ရုပ်သံမီဒီယာဥပဒေတစ်ခုလုံးပြင်မှာလို့ ဆိုတယ်။ ကျွန် တော်က ဥပဒေပြင်ဆင်တာက အချိန်ယူရမယ်၊ အဲဒီလို မပြင်နိုင်ချိန်အထိ ရုပ်သံဥပဒေ ၂၀၁၅ က အတည်ဖြစ်နေတဲ့အတွက် ပုဒ်မ ၁၀၃ ကို လိုက်နာဖို့လိုတယ်လို့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံး တော့ ပုဒ်မ ၁၀၃ လည်း မပြင်ဖြစ်တော့ဘူး။ ၂၀၁၈ ခုနှစ်မှာ ရုပ်သံဥပဒေပုဒ်မ တစ်ချို့ကို ပြင်ဆင်ခဲ့ပေမယ့် ပုဒ် မ ၁၀၃ ကတော့ ပြင်ဆင်ချက်ထဲမှာမပါဘူး။ ၂၀၂၀ ရွေးကေက်ပွဲပြီးတဲ့အထိ လည်း ရုပ်သံကောင်စီ လည်းမဖွဲ့နိုင်သေးဘူး။

ရုပ်သံကောင်စီသာပေါ်ပေါက်ခဲ့ရင် ပုဂ္ဂလိက ရုပ်သံထုတ်လွှင့်သူတွေက ပြန်ကြားရေး ဝန်ကြီးဌာနဆီကနေ လိုင်စင်ယူဖို့မလိုတော့ဘူး၊ လွတ်လပ်တဲ့ ရုပ်သံ ကောင်စီကပဲ လိုင်စင်ကိစ္စ၊ လှိုင်းနှုန်းကိစ္စ၊ ကျင့်ဝတ်ဆိုင်ရာကိစ္စတွေကို တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ရုပ်သံ ကောင်စီအခုအချိန်ထိ မဖွဲ့စည်းနိုင်သေးတာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အကြွေးကျန်နေသလို ခံစားရတယ်။

သတင်းအချက်အလက်သိပိုင်ခွင့် ဥပဒေမူကြမ်း ( Right to Information ) က ကျွန်တော်တို့ တာဝန်ယူစဉ်ကာလမှာ ပထမမူကြမ်းအထိပဲပြုစုနိုင်တယ်။ တစ်ချို့ကတော့ ဒီဥပဒေဟာ သတင်း မီဒီယာသမားတွေအတွက်လို့ထင်တယ်။ မဟုတ်ပါဘူး။ ဒီဥပဒေက နိုင်ငံသားအားလုံးရဲ့ အခွင့် အရေးဖြစ်တဲ့ သတင်းအချက်အလက်သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးတဲ့ ဥပဒေ၊ ပွင့်လင်းမြင်သာမှု အားကောင်းအောင်လုပ်တဲ့ဥပဒေဖြစ်ပါတယ်။ ဒါ့ကြောင့် အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ ဒီဥပဒေကြမ်းကို ဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်မှာ ပြန်ကြားရေး ဝန် ကြီးဌာနကတော့ ဆက်ရှိနေပေမယ့် သတင်းအချက်အလက် သိပိုင်ခွင့်ဥပဒေကတော့ မူကြမ်း အဆင့်ကနေမတက်တော့ဘူး။

တာဝန်လွှဲပြောင်းရေးအဖွဲ့နှစ်ခုကြားမှာ အပြန်အလှန်ဆွေးနွေးခဲ့ရတဲ့ အကြောင်းအရာတစ် ခုကတော့ အမြဲတမ်းအတွင်းဝန်များ ကိစ္စ နဲ့ဝန်ကြီးအဟောင်း၊ အသစ်တွေကြား တာဝန်လွှဲ ပြောင်းရေးဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်နေတာလည်းဖြစ်ပါ တယ်။

အင်န်အယ်လ်ဒီဘက်ကတော့ အမြဲတမ်းအတွင်းဝန်ဆိုတာ နောက်တက်လာမယ့် ဝန်ကြီးတွေ ကို ချုပ်ကိုင်နိုင်ဖို့ချန်ထားတဲ့သူတွေ လို့ သံသယရှိပုံရတယ်။ ဦးလှထွန်းက ဦးသိန်းစိန်ရဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်အကောင်အထည်ဖော်ရသူတစ်ယောက်ဆိုတော့ အမြဲတမ်း အတွင်းဝန်ခန့်ထားတဲ့စနစ်ဟာ ဒီမိုကရေစီနိုင်ငံအများစုမှာရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာလည်း ၁၉ ၄၈ ခုနှစ်ကနေ ၁၉ ၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်ပြောင်းလဲကျင့်သုံးမှုပြုလုပ်တဲ့အချိန်ထိ အတွင်းဝန်စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ဝန်ကြီးတွေပြောင်းတဲ့အခါ ဌာနဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အတွင်းဝန်များကပဲ တာဝန်ယူရှင်းပြခြင်း၊ အကြံပေးခြင်း လုပ်ရ ကြောင်း စသည်ဖြင့်ရှင်းပြရတယ်။ နောက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ အုပ်ချုပ်ရေး မူဘောင်ပြုပြင်ပြောင်းလဲမှုစာတမ်းတွေကိုလည်း လေ့လာနိုင်အောင်ပေးခဲ့ရတယ်။

အတွင်းဝန်ကိစ္စရှင်းပြီးတော့ ဝန်ကြီးအသစ်၊ အဟောင်း ဘယ်လို တာဝန်လွှဲမလဲဆိုတဲ့ ကိစ္စ ဆွေးနွေးရ ပါတယ်။ ဒီနေရာမှာလည်း နှစ်ဘက်ကြား နားလည်မှုတွေက အတော်ကွာခြား နေခဲ့တယ်။

( ဆက်လက်ဖော်ပြပါမည်။ )
ဓာတ်ပုံ MOI

၂၀၁၆ အလွှဲအပြောင်း (၄)

၂၀၁၅ ဒီဇင္ဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ I 12 ကသူ့ ရုံးခန်းမှာ တွေ့တော့ ဦးဝင်းမြင့်လည်းရှိနေတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အစိုးရဘက်က တာဝန် လွှဲပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို မေးပါ တယ်။ တာဝန်လွှဲပြောင်း ရေးအဖွဲ့အတွက် သူ့ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင် တို့ ကို တာဝန်ပေး မယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန်တော်၊ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဒုညွှန်ချုပ် ဦးမောင်မောင်အုန်း နဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့ ပါမယ်လို့ တင်ပြခဲ့တယ်။

အဖွဲ့နာမည်ပေးဖို့ကျတော့ နှစ်ဘက်မတူပြန်ဘူး။ သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ” လို့ အမည်ပေးထားတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ “အသွင်ကူးပြောင်းရေးအဖွဲ့” လို့ အမည်ပေးထားတယ်။ တကယ်တော့ နှစ်ဘက် လုံး အမည်တူနေရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အဲဒီကိစ္စအတွက်နဲ့ အချိန်မကုန် သင့်ဘူးလို့ မြင်တဲ့အတွက် သတင်းထုတ်ပြန်တဲ့အခါ ကိုယ်အဖွဲ့ကို ကိုယ်ပေးထားတဲ့ အမည် အတိုင်းပဲ သုံးဖို့ တင်ပြတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။ နောက်ပိုင်းမှာ တော့ ဒေါ်အောင်ဆန်းစုကြည်က သူသိချင်တဲ့အချက်တွေကို အလွတ်သဘောမေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့မှုအခြေအနေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးတဲ့နောက် တာဝန်လွှဲပြောင်းရေးအတွက် နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းထားမှုကို ဒီဇင်ဘာ ၁၀ ရက် နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်တော့ နှစ်ဘက်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ အတွက် စတင် လုပ်ဆောင်ခဲ့ပါတယ်။

ဝန်ကြီးဦးလှထွန်းက ပထမဆုံး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ဖို့ဆန္ဒရှိတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်တင်ပြတော့ သူတို့ဘက်က အဆင်သင့် မဖြစ်သေးဘူးလို့အကြောင်းပြန်တယ်။ နောက်တော့ ဒေါ်အောင်ဆန်း စုကြည်က တာဝန်လွှဲပြောင်းရေး အဖွဲ့နှစ်ဖွဲ့လုံးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တွေ့ချင်တယ်လို့ အကြောင်းကြားတယ်။

အဲဒီဖိတ်ကြားချက်ကြောင့် မမေ ျှာ်လင့်တဲ့ ပြဿနာတစ်ခုပေါ်လာပြန်တယ်။ ဦးလှထွန်းက ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးသဘောတူပြီးဖြစ်တဲ့အတွက် အဖွဲ့နှစ်ဖွဲ့ တိုက်ရိုက်ဆွေးနွေးဖို့ပဲလိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်ပြီး တွေ့စရာ မလိုတော့ ဘူးလို့ ယူဆတယ်။ ကျွန်တော်ကတော့ မတွေ့ဘူးလို့ လုံးဝငြင်းဆန်ရင် အစိုးရ ဘက်ကို အပြစ်တင် စရာဖြစ်မယ့်အတွက် ကြားနည်းလမ်းတစ်ခုခု ရှာသင့်တယ်လို့ ယူဆတယ်။ နောက်ပြီး ကျွန်တော့် မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရင် တာဝန်လွှဲပြောင်းရေး နဲ့ မဆိုင်ပေမယ့် သူ့ကို အသိပေးသင့်တယ်လို့ထင်တဲ့အချက်တစ်ခုရှိနေတဲ့အတွက် တွေ့ချင်တယ်။

ကံကောင်းချင်တော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သမ္မတ ဦးဆောင်တဲ့ အမျိုးသားစီမံကိန်း အစည်း အဝေးတစ်ခုကျင်းပဖို့ဖြစ်လာတယ်၊ ဦးလှထွန်းက မဖြစ်မနေတက်ရမယ်။ ဒါ့ကြောင့် ကျွန်တော် က ကျွန်တော့်ကို အစည်းအဝေးတက်ရောက်ခြင်းကနေ ကင်းလွတ်ခွင့်ပြုပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ သွားတွေ့ခွင့်ပြုဖို့ သမ္မတ ကိုတင်ပြတော့ ခွင့်ပြုပါတယ်။

ဒီလိုနဲ့ ကျွန်တော်၊ ဦးမောင်မောင်အုန်း၊ ဦးဇော်ဌေးတို့ ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းရှိတဲ့ I 12 ကိုသွားတယ်။ အင်န်အယ်လ်ဒီဘက်က ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူ တို့ တက်တယ်။

အစည်းအဝေးစတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းထိန်တို့အဖွဲ့နဲ့မိတ်ဆက်ပေး ပါတယ်။ အင်န်အယ်လ်ဒီတာဝန်လွှဲပြောင်းရေးအဖွဲ့က ဦးဝင်းထိန် နဲ့ ဒေါက်တာအောင်သူ က ကျွန်တော်အရင်ထဲက သိကျွမ်းသူတွေဖြစ်ပါတယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နှစ်ဦးနဲ့ ဘယ်လိုပတ်သက်သိကျွမ်းခဲ့တယ်ဆိုတာရှင်းပြပြီး ငြင်းခုန်စရာတွေရှိရင်တောင် အင်န်အယ်လ် ဒီအဖွဲ့ထဲမှာ ကျွန်တော့်မဲ နှစ်မဲရှိပါတယ်လို့ နောက်လိုက်တော့ ဒေါ်အောင်ဆန်း စုကြည်က ဦးဝင်းထိန် ဦးရဲထွဋ်ကို အလိုမလိုက်နဲ့နော်လို့ သတိပေးတယ်။ ဦးဝင်းထိန်ကတော့ သူ စတိုင်အတိုင်း ပုံ့ပုံ့ကြီးထိုင်ရင်း ပြုံး နေတယ်။ ဘာမှမပြောဘူး။

ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားပေးစေချင်တဲ့ အချက် အလက်တွေကို ပြောတယ်။ သူပြောတဲ့ တစ်ချို့အချက်တွေကတော့ ကျွန်တော်တို့ဘက်က ပြင်ဆင်နေ တဲ့အချက်တွေဖြစ်ပါတယ်။ တစ်ချို့အချက်တွေကတော့ ကျွန်တော်တို့ လုပ်ပေးလို့ ရတဲ့အချက် တွေဖြစ်တဲ့အတွက် လုပ်ပေးမယ့်အကြောင်းကတိပေးလိုက်တယ်။ တာဝန် လွှဲပြောင်း ရေးအဖွဲ့ နှစ်ဖွဲ့ ကြားဆက်သွယ်ရေးတာဝန်ခံအဖြစ် ကျွန်တော်တို့ဘက်က ဦးဇော်ဌေး ၊ အင်န်အယ်လ်ဒီဘက်က ဒေါက်တာမျိုးအောင်ကို သတ်မှတ်ပါတယ်။

နောက်ဆုံးမှာကျွန်တော်က သီးခြားကိစ္စတစ်ခု တင်ပြတယ်။ အဲဒါကတော့ ဝန်ထမ်းတွေ ကိစ္စဖြစ် ပါတယ်။ ရွေးကောက်ပွဲပြီးချိန်မှာ အင်န်အယ်လ်ဒီအစိုးရတာဝန်ယူရင် ဝန်ကြီးဌာနတွေ အရေ အတွက်လေ ျှာ့မယ်ဆိုတဲ့သတင်းကြောင့် ဝန်ထမ်း တွေ၊ အထူးသဖြင့် ဝန်ထမ်းငယ်တွေ က အလုပ်ပြုတ် မှာကို စိုးရိမ်နေကြတယ်။ ကျွန်တော့် ပြန်ကြား ရေးဝန်ကြီးဌာနဆိုရင် ဖျက်သိမ်း ခံရမယ်လို့ သတင်းပြေးနေတဲ့ ဝန်ကြီးဌာနတွေထဲမှာ ထိပ်ဆုံးက ပါနေတော့ ဝန်ထမ်းတွေ စိုးရိမ်မှုက ပိုဆိုးတာပေါ့။

ဒါ့ကြောင့် ကျွန်တော်က ဝန်ထမ်းလောကမှာဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြပြီး အင်န်အယ်လ်ဒီ ဘက်က ဘယ်လိုမူဝါဒရှိလဲလို့မေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာနများ ပယ်ဖျက်၊ ပေါင်းစည်းခြင်း လုပ်တဲ့အခါ ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်အောင်လုပ်မှာ မဟုတ်ကြောင်း၊ အခြား အဖွဲ့ အစည်းသစ်များလည်း ပေါ်လာ နိုင်ကြောင်း၊ လိုအပ်လို့ ဌာနပြောင်းရမယ်ဆိုရင်တောင် လိုအပ်တဲ့သင်တန်းတွေပေးပြီး မှ ပြောင်းရွှေ့တာဝန်ပေးမှာဖြစ်ကြောင်းရှင်းပြတယ်။ ကျွန်တာ့်ကိုလည်း ဝန်ထမ်းတွေ စိတ်မပူအောင် ရှင်းပြပါလို့ ပြောပါတယ်။

ကျွန်တော်က ကျွန်တော်ပြောရင် ထိရောက်မှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သင့် တော်တဲ့အချိန်မှာ ဝန်ထမ်းအားလုံးသိအောင်ပြောပေးပါလို့ မေတ္တာရပ်ခံခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း သူပြောမယ်လို့ ကတိပေးခဲ့တယ်။

အဲဒီကတိအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေတည်းခိုနေထိုင်ရေးအတွက် နေပြည်တော် စည်ပင်ရိပ်သာကို သွားရောက်စစ်ဆေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင် ဝန်ထမ်း တွေကို ပါတီရဲ့ဝန်ထမ်းရေးရာမူဝါဒ ရှင်းပြခဲ့တယ်။ အဲဒီလိုပြောတဲ့သတင်း မီဒီယာတွေ မှာပါ လာတဲ့အခါ ဝန်ထမ်းတွေ စိတ်ချမ်းသာသွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်မိတယ်။ ကျွန်တော်လည်း တာဝန်က အနား မယူခင် နိုင်ငံဝန်ထမ်းများ အတွက် တစ်စုံတစ်ရာအကျိုးဆောင်ပေးနိုင်ခဲ့လို့ ကျေနပ်မိတယ်။

ကျွန်တော်တို့ နှစ်ဘက်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမယ့် ရက်ကို ဒီဇင်ဘာ ၂၂ ရက်၊ နေရာကို တော့ရုံး အမှတ် ၁၈ ကို သတ်မှတ်ခဲ့တယ်။ တာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ရင် စထဲက ယဉ် သကို ဆိုသလို အထစ်အငေါ့လေးတွေရှိနေတော့ တကယ်လက်တွေ့စလုပ်တဲ့အချိန်ရောက်ရင် ဘာတွေ ကြုံရဦးမလဲဆိုပြီး စိတ်ပူရပြန်တယ်။

(ဆက်လက်ဖော်ပြပါမည်။ )
ဓာတ်ပုံ MOI

၂၀၁၆ အလွှဲအပြောင်း (၃)

သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်မယ့် ရက်သက်မှတ်နိုင်ဖို့ စဉ်းစားတဲ့ အခါ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်ရက်ကလည်း အကြောင်းတစ်ချက်ဖြစ် နေပါတယ်။

ဦးသိန်းစိန်က မလေးရှား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ နေပြည်တော်ကနေ ထွက်ခွာရမယ်။ ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ် အတွင်း တွေ့ဖို့တောင်းဆိုထားတော့ သူတောင်းဆိုလို့ လုပ်ရတယ်ဆိုတဲ့ အမြင်မရှိ စေချင်ဘူးဆိုရင် အာဆီယံ အစည်းအဝေးက ပြန်လာမှပဲတွေ့ဖို့ စီစဉ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အာဆီယံ အစည်းအဝေးပြီးမှ တွေ့နိုင်မယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးနိုင်ခဲ့တဲ့အတွက် အင်န် အယ်လ်ဒီဘက်ကလည်း အစိုးရက အချိန်ဆွဲနေတယ်လို့ ယူဆနေခဲ့တယ်။ အဲဒီယူဆချက် က မီဒီယာတွေရဲ့ မေးခွန်းတွေမှာထင်ဟပ်နေခဲ့ပြီး သူတို့ မေးသမ ျှ ဒိုင်ခံဖြေနေရတဲ့ ကျွန်တော့်အတွက်လည်း အတော် အကျပ်အတည်းဖြစ်ခဲ့ရတယ်။

တာဝန်လွဲ ပြောင်းပြီးတော့ အခြေအနေတွေကို ပြန် သုံးသပ်ကြည့် တဲ့အခါ အဲဒီအချိန်က အစိုးရဘက်က တာဝန်ရှိသူ တစ်ဦး ဦးက ဒေါ်အောင်ဆန်း စုကြည်ကို သွားတွေ့ပြီး အကျိုး အကြောင်းရှင်းပြခဲ့ရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်။

ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က အထင်မှားစရာကိစ္စတစ်ခုထပ်ဖြစ်ခဲ့သေးတယ်။ အဲဒါကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီ တွေ့ဆုံတဲ့အခမ်းအနားလုပ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ တက်ရောက်တဲ့ပါတီတွေထဲမှာ အင်န်အယ်လ်ဒီပါတီက ဦးဉာဏ်ဝင်းတို့လည်းပါပါတယ်။

တွေ့ဆုံပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစိုးရအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်၊ ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းမှုကို အကောင်အထည်ဖော်မယ်ဆိုတာကို နိုင်ငံရေးပါတီများနဲ့ ပြည်သူ လူထု ကို ထပ်လောင်း အသိပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးတို့နဲ့ပတ်သက်တဲ့ အနည်းစု ရွေးချယ်ခံ ရတဲ့ပါတီများ၊ လုံး၀ ရွေးချယ်မခံရတဲ့ပါတီများရဲ့ သဘောထားများကိုရယူပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ချိန်မှာ အသိပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် လည်းပါဝင်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့်ရက်မသတ်မှတ်ရသေးချိန်မှာ နိုင်ငံရေး ပါတီများနဲ့တွေ့ဆုံခဲ့တဲ့အတွက် ထိပ်သီးနှစ်ဦးတွေ့ဆုံပွဲကိုရှောင်လွှဲဖို့ကြိုးစားတာဖြစ်မယ်ဆိုတဲ့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီတွေ့ဆုံပွဲအခမ်းအနားကို အစိုးရအဖွဲ့ရုံးက မဟုတ်ဘဲ မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာန MPC က စီစဉ်သလိုဖြစ်သွားတဲ့အတွက် MPC အပေါ် အထင်လွဲမှုတွေလည်း ရှိခဲ့တယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲက ပြန်လာပြီးနောက် နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ ဦးသိန်းစိန် က ကျွန်တော့်ကို ခေါ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ အတွက် ဆက်သွယ်စီစဉ်ပါဆိုပြီး တာဝန်ပေးပါတယ်။

ကျွန်တော်က ဒေါက်တာတင်မာအောင်နဲ့ ဆက်သွယ်ပြီး လိုအပ်တာတွေညှိပါတယ်။ တွေ့ဆုံမှုမှာ ဦးသိန်းစိန်ဘက်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကပါ လက်ထောက်တစ်ဦးစီပဲ ပါဝင်မှာဖြစ် ပါတယ်။ ပြင်ပမီဒီယာတွေကို သတင်းယူခွင့်မပေးဘူး၊ တွေ့ဆုံပွဲပြီးမှ ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ တွေ့ဆုံပွဲသတင်းဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတစ်စုံကို အင်န်အယ်လ်ဒီပါတီအတွက်ပေးမယ်လို့ သဘောတူခဲ့တယ်။ တွေ့ဆုံမှုသတင်းနဲ့ပတ်သက်ပြီး ပြည်သူကို အသိပေးမယ့် ရက်ကို ညှိတော့ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန် ဖို့ အဆိုပြုခဲ့ပြီး ကျွန်တော်တို့ဘက်ကလည်း သဘောတူခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ ဦးဝင်းမြင့် ( ယခု နိုင်ငံတော် သမ္မတ ) လိုက်ပါလာပါတယ်။ ဦးသိန်းစိန်နဲ့ အတူ ကျွန်တော် တက်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရောက်လာချိန်မှာ သမ္မတ အိမ်တော် အဆောင် B ဆင်ဝင်ကနေ ကျွန်တော်ကစောင့်ကြို ခေါ်ယူခဲ့ပါတယ်။ ဦးသိန်းစိန်ကတော့ တွေ့ဆုံမယ့် အခန်းအလယ်ကနေ စောင့်ကြိုနှုတ်ဆက် ပါတယ်။

ခေါင်းဆောင်နှစ်ဦး ကြား ဆွေးနွေးမှုက နွေးထွေးပြီး ပွင့်ပွင့်လင်းလင်းရှိပါတယ်။
ဆွေးနွေးတဲ့အချက်အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး။ ပြောလို့ရတဲ့အချက်တွေ ကတော့ နှစ်ယောက်လုံးက ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ယခင်က အစဉ်အလာ မရှိခဲ့သေး သည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း တစ်ခု ထူထောင် ဖို့ လိုတယ်ဆိုတာ သဘောတူခဲ့ကြတယ်။ ထို့အတူ နှစ်ယောက်လုံးက မြန်မာ့နိုင်ငံရေး မှာ အတိုက်အခံဆိုတဲ့ စကားလုံးမသုံးသင့်ဘူး၊ အဲဒီလိုသုံးတာဟာ ပဋိပက္ခတွေ၊ သံသယတွေ များတဲ့ မြန်မာ့နိုင်ငံရေးနဲ့ မသင့်တော်ဘူးဆိုတာကို သဘောတူခဲ့ဲကြတယ်။ ( နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ သဘောထားကို အခမ်းအနားတစ်ခုမှာ ထုတ်ပြောခဲ့သေးတယ်။ )

ဆွေးနွေးပွဲအပြီးမှာ ခေါင်းဆောင်နှစ်ယောက်က တာဝန်လွှဲပြောင်းရေးအတွက် ညှိနှိုင်း ရေး အဖွဲ့ ဖွဲ့ဖို့သဘောတူခဲ့ပါတယ်။ ဦးသိန်းစိန်က အစိုးရဘက်က လိုအပ်တာတွေကြိုပြင်ဆင်ထားပါ့ မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က စတင်ဆောင်ရွက်မယ့်အချိန်ကို ဦးရဲထွဋ်ကို ပြောပါလို့ ပြော ခဲ့တယ်။ တွေ့ဆုံပွဲပြီးတဲ့အချိန်မှာတော့ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်လှေကား အထိ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။

အဲဒီ ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ နှစ်နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့တယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ( ငြိမ်း)နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တယ်။

ခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးပြီးတဲ့အခါ တာဝန်လွှဲပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်ဖို့ တာဝန်ပဲကျန်တော့တယ်။ ဒီလိုနဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဒေါက်တာ တင် မာအောင်က ကျွန်တော့်ကို တာဝန်လွှဲပြောင်းရေးကိစ္စတွေ ညှိဖို့အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားလာပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)


ဓာတ်ပုံ ။ MOI

၂၀၁၆ အလွှဲအပြောင်း (၂)

ရွေးကောက်ပွဲညမှာ အနိုင်အရှုံးစာရင်းတွေဟာ မဲရုံကိုယ်စားလှယ်တွေဆီ က တဆင့်အရင် ထွက်လာပါတယ်။ ရွေးကောက်ပွဲ ကော် မရှင်ရဲ့ တရားဝင်စာရင်းကတော့ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်တွေက အတည်ပြုချက်ကို ယူပြီးမှ ထုတ်ပြန်တဲ့အတွက် နည်းနည်းနောက်ကျတယ်။ ဒါပေမယ့် စာရင်းနှစ်ခုလုံးမှာ အင်န်အယ်လ်ဒီပါတီက ရှေ့က ဦး ဆောင်နေတာတော့ ထင်ထင်ရှားရှားမြင်နေရပါတယ်။

ဦးသိန်းစိန်ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက် အရ အင်န်အယ်လ်ဒီပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေရောက်ရင် ဒေါ်အောင်ဆန်း စုကြည်ဆီကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောမယ်၊ ပြီး ရင် တာဝန်လွှဲပြောင်းရေးဆိုင်ရာ လုပ်ငန်းတွေကို ညှိနှိုင်းမယ်ဆိုပြီး ဆုံးဖြတ်ထားတာပါ။

ဒါပေမယ့် သူ့အစီအစဉ်အတိုင်းလုပ်လို့မရတဲ့အခြေအနေတွေဖြစ်လာတယ်။ ပထမ အခြေအနေ က ရွေးကောက်ပွဲရှုံးတဲ့ ဝန်ကြီး အချို့နဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့က သူတို့အညစ်ခံရတယ်၊ ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး အစိုးရက တစ်ခုခု စဉ်းစားသင့်တယ်ဆိုပြီး ဦးသိန်းစိန်ကို လာပြောကြတဲ့ကိစ္စဖြစ်ပါတယ်။

ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲ အငြင်းပွားမှုဟာ အစိုးရနဲ့ မဆိုင် ဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲဆိုင်တယ်။ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းက ကန့်ကွက်ချင်ရင် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဖို့ဖြစ်တယ်လို့ပဲ ရပ်တည်ပါ တယ်။ လာတင်ပြတဲ့ သူတွေကိုလည်း ဒီအတိုင်းပဲ ပြန်ပြောခဲ့တယ်။

တကယ်တော့အဲဒီလိုလူတွေက အနည်းစုပါ ။ ဒါပေမယ့် အစိုးရအဖွဲ့အတွင်းမှာ ဒီသဘောထား မျိုးတွေ ရှိနေတာ လူထုကြား ကိုရောက်သွားရင် ရွေးကောက်ပွဲရလဒ်အပေါ် အစိုးရနဲ့တပ်မတော် က လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကို ပိုပြီးတိုးပွားသွားစေနိုင်တယ်။ ဒ့ါကြောင့် ကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်ချက် ကို မစောင့်တော့ဘဲ လက်ရှိစာရင်းများအရ အင်န်အယ်လ်ဒီ အနိုင်ရနေမှုကို အသိအမှတ် ပြု ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း ပြည်သူလူထုကို အသိပေးဖို့ လိုလာပါတယ်။

ဒုတိယအချက်ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တစ်ဦးချင်းဆီကို ရွေးကောက်ပွဲရလဒ် အကောင်အထည် ဖော်ရေးအတွက် လာမည့် ရက်သတ္တပတ်အတွင်း အဆင်ပြေ မယ့် အချိန်မှာတွေ့လိုကြောင်း မေတ္တာရပ်ခံတဲ့စာတွေပို့ခဲ့မှုဖြစ်ပါတယ်။

အဲဒီစာကို နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းမှာ ဒေါက်တာတင်မာအောင်က ကျွန်တော့်ဆီကို အီးမေးလ်နဲ့ပို့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကိုလည်း ပို့ချင်တယ်လို့ အကူ အညီ တောင်းတဲ့အတွက် ဒေါက်တာတင်မာအောင် ပို့ပေးရမယ့် အီးမေးလ်လိပ်စာကို ပေးလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာက ဦးသိန်းစိန်ဆီကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ခြောက်နာရီခွဲမှာ ရောက်တယ်။ နိဝင်ဘာလ ၁၀ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အရ အင်န်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၁၇၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၇၇ နေရာ နိုင်ထားတယ်။ မဲရလဒ်မှာ ရှေ့ကဦးဆောင်နေပေမယ့် တစ်ပါတီတည်းနဲ့ အစိုးရအဖွဲ့ ဖွဲ့ နိုင်တဲ့အခြေအနေမရှိသေးဘူး။ ပြောရရင် ဦးသိန်းစိန် အနေနဲ့ ဂုဏ်ပြုစကားပြောဖို့ စဉ်းစားထား တဲ့ အမတ်နေရာကို မရသေးဘူးပေါ့။

အဲဒီအချိန်အထိ အစိုးရဘက်က အင်န်အယ်လ်ဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာကို သတင်းထုတ်ပြန်မယ်လို့ မေ ျှာ်လင့်မထားဘူး။ အရင်တွေ့ဆုံမှုတွေလိုပဲ အပြန်အလှန် ညှိနှိုင်း ရဦးမယ်လို့ပဲယူဆခဲ့တယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီဘက်က သတင်းထုတ်ပြန်လိုက်တဲ့အတွက် မထင်မှတ်တဲ့ အကျိုးဆက်တွေဖြစ်လာခဲ့တယ်။

အဲဒီလိုတွေ့ဆုံဆွေးနွေးဖို့ လူသိရှင်ကြားထုတ်ပြန်ခဲ့တာဟာ ဦးသိန်းစိန်ကို စိတ်အနှောင့် အယှက် ဖြစ်စေခဲ့တယ်။ ဦးသိန်းစိန်က သူ့အနေနဲ့ ရွေးကေက်ပွဲအကြိုကာလထဲက ရွေးကောက်ပွဲရလဒ် ကို လက်ခံမယ်၊ နိုင်ငံရေး အခင်းအကျင်းသစ်အတွက်တွေ့ဆုံဆွေးနွေးမယ် လို့ ကတိပေး ထားပြီးဖြစ်တဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေး လိုတယ်ဆိုရင် ရှိပြီး ဆက်သွယ်ရေး လမ်းကြောင်းကနေ ညှိနှိုင်းသင့်တယ်လို့ ယူဆတယ်။ အဲဒီလို မလုပ်ဆောင်ဘဲ အခုလို တစ်ဖက်သတ် ကြေညာချက် ထုတ်တာဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖိအားပေးတာ လို့ ယူဆသွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် အဲဒီလို သတင်းထုတ်ပြန်တောင်းဆိုရတဲ့အကြောင်းအရင်းကိုတော့ ကျွန်တော် တို့ မသိနိုင်ပါဘူး။ သို့သော် တစ်စုံတစ်ဦးရဲ့ အကြံပေးမှုကြောင့် သတင်းထုတ်ပြန် လိုက် တယ်ဆိုရင်တော့ အဲဒီအကြံပေးတဲ့သူဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ စိတ်သဘောထားကို ကောင်းကောင်းသိသူဖြစ်တယ်၊ ဒါ့ကြောင့် ဦသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်ကြား ဆက်ဆံရေးတင်းမာအောင်လုပ်ပြီး အဲဒီအခြေအနေကို သူ့အကျိုးအတွက် အသုံးချလိုတဲ့ သူ ဖြစ်မယ်ဆို တာတော့ သေချာတယ်။

တပ်မတော်ခေါင်းဆောင်အများစုရဲ့ စိတ်ထားက အခြားသူတွေ ဖိအားပေးလို့ လုပ်ရတယ်လို့ ထင်မြင် ယူဆမှာကို စိုးရိမ်တယ်၊ မနှစ်သက်ဘူး၊ မကြိုက်ဘူး။ နိုင်ငံရေး၊ လုံခြုံရေး၊ နိုင်ငံ တကာဆက်ဆံရေးကိစ္စတွေနဲ့ပတ်သက်ရင် တိတ်တိတ်ဆိတ်ဆိတ်ချဉ်းကပ်ဆွေးနွေး၊ အဓိက အချက်တွေကို သဘောတူနိုင်ပြီဆိုမှ လူသိရှင်ကြားထုတ်ပြန်တာမျိုးကို ပိုနှစ်သက်တယ်၊ လိုလား တယ်၊ အဲဒီပုံစံအလုပ်လုပ်ချင်တယ်။

ဒါ့ကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်တဲ့အခါ ဦးသိန်းစိန်အနေနဲ့ မူလ ထဲက တွေ့ဖို့ ရည်မှန်းထားပြီးဖြစ်ပေမယ့် လူတွေက ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုမှု၊ ဖိ အားပေးမှုကြောင့်တွေ့ရတယ်လို့ အထင်မခံနိုင်တော့ဘူး။ ဒီတော့ ချက်ခြင်းတွေ့ဖို့ဆိုတာ မဖြစ် နိုင်တော့ဘူး။ မူလက သူကိုယ်တိုင် ဖုန်းဆက် မယ်ဆိုတဲ့ အစီအစဉ်လည်း မလုပ်ဖြစ်တော့ဘူး။ ဒီကြေညာချက်နဲ့ပတ်သက်ပြီးနောက်ကွယ်က အကြံပေးတဲ့သူရှိတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဖြစ်စေ ချင်တဲ့ အတိုင်း ဒေါ်အောင်ဆန်း စုကြည်ဘက်က ဦးသိန်းစိန်အနေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ စိတ်ပါ လက်ပါမရှိလှဘူးလို့ ထင်မြင်စရာဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံတယ် ဆိုတဲ့အကြောင်းနဲ့ သင့်တော်တဲ့အခြေအနေမှာတွေ့ဆုံဖို့ရှိတယ်ဆိုတဲ့အကြောင်းဒေါ်အောင်ဆန်းစုကြည်ကို ရော၊ ပြည်သူကိုပါ အသိပေးဖို့ လိုတဲ့ အတွက် ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က နိုဝင် ဘာလ ၁၁ ရက်နေ့ မနက်မှာ အီးမေးလ်နဲ့ ဒေါက်တာတင်မာအောင်ထံကို သမ္မတကြီးက အောက်ပါအတိုင်းပြန်ကြားပါတယ်ဆိုပြီး

၁။ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ သည့်အတွက်ကျေးဇူးတင်ကြောင်း။
၂။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုဖြင့် ဦးဆောင်အနိုင်ရနေမှုကို ဂုဏ်ပြုကြောင်း။
၃။ နိုင်ငံတော်အစိုးရအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ အဆုံးအဖြတ်ကိုလေးစားလိုက်နာပြီး သတ်မှတ်ချိန်များအတိုင်း အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
၄။ ဒေါ်အောင်ဆန်းစုကြည်အဆိုပြုသည့် တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း။
၅။ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

အကြောင်းကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့တို့ကလည်း အထက်ပါ ငါးချက်ကို အခြေခံပြီး နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တယ်။ အဲဒီ သတင်း ထုတ်ပြန်ချက်တွေကို နိုဝင်ဘာ ၁၂ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် အရာရှိ ကြီးများကို အစိုးရသစ်နဲ့လက်တွဲပြီး အကောင်းဆုံးလုပ်ဆောင်သွားဖို့ မှာကြားတဲ့သတင်း ကိုလည်း နိုဝင်ဘာ၁၂ ရက်နေ့ နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာနအလိုက် တည်ငြိမ်အေးချမ်းစွာတာဝန်လွှဲပြောင်းနိုင်ရေးပြင်ဆင်ထားဖို့၊ ငွေ/ ပစ္စည်းများ လွှဲပြောင်းရေးမှာ စနစ်တကျဖြစ်အောင် ဌာနတွင်းစာရင်းစစ်များနဲ့ စစ်ဆေးဖို့ ညွှန်ကြားခဲ့တယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်မယ့်အခြေအနေတွေကို ရှင်းပြတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကိုလည်း တာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ဖို့ အမိန့်ပေးတယ်။ ( နောင်မှာ အဲဒီညွှန်ကြားချက်ကို မလိုက်နာတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ အရှက်ကွဲခဲ့ရတာပါပဲ။ )

အဲဒီအစည်းအဝေးနဲ့ သတင်းထုတ်ပြန်ချက်တွေအပြီးမှာတော့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဦးသိန်းစိန်ကို လာရောက်တင်ပြစောဒက တက်နေ မှုတွေ တစ်ခန်း ရပ်သွား ပါတော့တယ်။ ပြည်သူတွေကြားမှာရှိနေတဲ့ အစိုးရနဲ့တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါ့မလား၊ အာဏာလွှဲပေးပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းပျောက်သွားခဲ့တယ်။

ဒီလိုနဲ့ လူတိုင်းက ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့တွေ့မလဲဆိုတာကိုပဲ စိတ်ဝင် စားစွာစောင့်ဆိုင်းနေကြပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

၂၀၁၆ အလွှဲအပြောင်း (၁)

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ အင်န်အယ်လ်ဒီပါတီကပဲပြန် အနိုင်ရခဲ့တယ်။ သမ္မတ အဖြစ် လက်ရှိ သမ္မတ ဦးဝင်းမြင့်ပဲ တာဝန်ထမ်းဆောင်မလား၊ သမ္မတအသစ် ရွေးချယ်တာဝန် ပေးမလားဆိုတာလည်း မသိနိုင်သေးဘူး။ တကယ်လို့ သမ္မတ အသစ်ရွေးချယ်မယ်ဆိုရင် တောင် သမ္မတ နှစ်ယောက်တာဝန်လွှဲပြောင်းတဲ့အခမ်းအနားက ပါတီတစ်ခုတည်းပဲ လွှဲပြောင်းတာဖြစ်လို့ ၂၀၁၆ တာဝန်လွှဲပြောင်းခြင်းအခြေအနေ လောက် စိတ်လှုပ်ရှားစရာကောင်းမယ်မထင်ဘူး။

၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် နဲ့ သမ္မတ သစ် ဦးထင်ကျော်အကြား တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကတော့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အသွင်ကူူးပြောင်းရေးကာလမှာ အရေးကြီးတဲ့အခမ်းအနား ၊ သမိုင်းဝင်အခမ်းအနား ဖြစ်ခဲ့ပါတယ်။

ဒီအခမ်းအနားမတိုင်ခင်က လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အာဏာရ ရွေးကောက်ခံ အစိုးရတစ်ရပ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတိုက်အခံနိုင်ငံရေးပါတီရဲ့ အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးတဲ့ အဖြစ်အပျက်မရှိခဲ့ဘူး။ ပါတီစုံ/တစ်ပါတီစနစ် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရ တွေကလည်း တစ်ပါတီတည်းက ဆက်တိုက် အာဏာရခဲ့ပြီး ၁၉ ၆၂ ခုနှစ်မှာတစ်ကြိမ်၊ ၁၉ ၈၈ ခုနှစ်မှာ တစ်ကြိမ် အာဏာသိမ်းတာ နဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် သမ္မတ ဦးသိန်းစိန် နဲ့ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဲဒီ တာဝန်လွှဲပြောင်းမှု အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့တွေဖွဲ့စည်းပေးခဲ့ကြတယ်။ ကျွန်တော်လည်း လက်ရှိအစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ တယ်။

နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေ နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ နှစ်ပေါင်းသုံးဆယ်နီးပါး တစိမ်းပြင်ပြင် ဖြစ်နေတဲ့ ၊ အပြန်အလှန်သံသယစိတ်တွေရှိနေခဲ့တဲ့ အဖွဲ့အစည်းတွေက လာတဲ့ သူတွေဆိုတော့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ဘက်လုံးက တာဝန် လွှဲပြောင်းမှုရဲ့ အရေးကြီးပုံကိုနားလည်တဲ့အတွက် အောင်မြင်အောင်ဆွေးနွေးအကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

၂၀၁၆ အလွှဲအပြောင်း ဇာတ်လမ်း ဘယ်လို စခဲ့သလဲ။ ပါဝင်သူတွေက ကိုယ့်အခန်းကဏ္ဍအလိုက် ဘာတွေလုပ်ခဲ့ကြသလဲ။

၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေးပါတီများရော၊ ပြည်တွင်း၊ပြည်ပကပါ စိုးရိမ် နေတဲ့အချက်နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ ဦးတင်အေး ခေါင်းဆောင်တဲ့ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲတစ်ခုကို အငြင်းပွားမှု အနည်းဆုံးဖြစ်အောင် ကျင်းပပေးနိုင်စွမ်းရှိပါ့မလားဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အကယ်၍ အင်န်အယ်လ်ဒီပါတီ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ရင် ပြည်ခိုင် ဖြိုးပါတီအစိုးရနှင့်တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အာဏာလွှဲပေးပါ့မလား ဆိုတဲ့အချက်ဖြစ်ပါတယ်။ (၂၀၁၅ ရွေးကောက်ပွဲပြီးချိန်မှာ အဲဒီစိုးရိမ်ချက်တွေမမှန်ဘူးဆိုတာ ဦးသိန်းစိန် အစိုးရ နဲ့ ဦးတင်အေးကော်မရှင်က သက်သေပြနိုင်ခဲ့ပါတယ်။ )

သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း အဲဒီစိုးရိမ်ပူပန်မှုတွေကို သိပါတယ်။ ဒါ့ကြောင့်ရွေးကောက်ပွဲ အကြိုကာလမှာ အစိုးရ အနေနဲ့ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကူညီ ဆောင်ရွက်မယ့်အကြောင်းနဲ့ ဘယ်ပါတီပဲ နိုင်နိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် အမှတ် ပြု မှာဖြစ်တဲ့အကြောင်း လူသိရှင်ကြားအာမခံဖို့လုပ်ဆောင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်လုပ်ဆောင်ချက်ကတော့ ၂၀၁၅ နိုဝင်ဘာလ ၃ ရက်နေ့မှာပြောကြားခဲ့တဲ့ လစဉ် ရေဒီယို မိန့်ခွန်းမှာဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းမှာ ဦးသိန်းစိန်က “ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ ဒီမို ကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ အစိုးရ အနေနဲ့ လွတ်လပ်ပြီး သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းပြည့် ကြိုးစားမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာလည်း နိုင်ငံရေးအင်အားစု အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ်ပေါ်ပေါက်နိုင်ဖို့ ဆွေးနွေးပူးပေါင်းညှိနှိုင်းအဖြေရှာမှာဖြစ် ကြောင်း” ကတိပေးပြောကြားခဲ့ပါတယ်။

ဒုတိယလုပ်ဆောင်ချက်ကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲ ဆိုင်ရာမိန့်ခွန်းဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းမှာ ဦးသိန်းစိန် က “အစိုးရအနေနဲ့ တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ အပါအဝင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ထားကြောင်း၊ ပါတီအားလုံးက မဲဆန္ဒရှင် ပြည်သူများရဲ့ အဆုံးအဖြတ်ကို သဘောထား ကြီးကြီးနဲ့ လက်ခံရမှာဖြစ်ကြောင်း၊ အစိုးရနဲ့ တပ်မတော်ဟာ ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်က ပေါ်ထွက်လာတဲ့အစိုးရအဖွဲ့ ကို မိမိအနေ နဲ့လက်ခံမှာဖြစ်ကြောင်း နဲ့ ရွေးကောက်ပွဲရလဒ်နဲ့ အညီ နိုင်ငံရေး အခင်းအကျင်းအသစ်ကို အတူ လက်တွဲဖော်ဆောင်သွားမှာဖြစ်ကြောင်း” ကတိပေးပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီအနေနဲ့ အများစု အနိုင်ရ ဖို့ အလားအလာကောင်းနေတယ်ဆိုတာကို သိပါတယ်။ဒါ့ကြောင့်လည်း အခြားဒီမိုကရေစီနိုင်ငံ များမှာ လုပ်ဆောင်လေ့ရှိတဲ့ အနိုင်ရပါတီကို ချီးကျူးဂုဏ်ပြုတဲ့၊ လက်ရှိအစိုးရနဲ့ အနိုင်ရပါတီ တာဝန်လွှဲပြောင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်တဲ့ အစဉ်အလာတွေကို လေ့လာခဲ့တယ်။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။

အဓိက ကတော့ ရွေးကောက်ပွဲရလဒ် ဘယ်အဆင့်ရောက်ရင် အနိုင်ရပါတီကို ချီးကျူးဂုဏ်ပြု သင့်လဲ၊ ဘယ်အချိန်မှာ တာဝန်လွှဲပြောင်းရေးအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သင့်လဲဆိုတဲ့အချက်တွေ ကို လေ့လာဆုံးဖြတ်တာဖြစ်ပါတယ်။

ဒ့ါကြောင့်ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲအလွန်ကာလ လုပ်ဆာင်ရမယ့် အချိန်ဇယားတစ်ခု သမ္မတ ဦးသိန်းစိန် မှာ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မမေ ျှာ်လင့်တဲ့ အခြေအနေတွေကြောင့် ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲလွန်ကာလမှာ သူရည်မှန်း ထားတဲ့ အတိုင်းမလုပ်နိုင်ခဲ့ဘူး။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲအလားအလာ

ရွေးကောက်ပွဲအကြိုကာလ ရခိုင်ပြည်နယ် မြို့နယ်ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်က အငြင်းပွားမှုတွေ ၊ ဝေဖန် မှုတွေ အများကြီးပေါ်ပေါက်စေခဲ့တယ်။

ရွေးကောက်ပွဲလွန်ကာလမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့တဲ့မြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ပြန်လုပ်သင့်၊ မသင့်၊ ဥပဒေအရ လုပ်လို့ရ၊ မရ ဆွေးနွေးမှုတွေပြန်ပေါ်လာပြန် တယ်။

ရွေးကောက်ပွဲ လား၊ ကြားဖြတ်ရွေးကောက်ပွဲလား

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ULA/ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိ တဲ့ မြို့နယ်များမှာ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သောတည်ငြိမ်တဲ့အခြေအနေ တစ်ရပ်ဖန်တီးနိုင်ဖို့ အတွက် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နဲ့ သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း သတင်းထုတ်ပြန်ခဲ့တယ်။

တပ်မတော်ကလည်း နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ULA/ AA အဖွဲ့ရဲ့ ကြေညာချက်ကို ကြိုဆိုတဲ့ အကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားမယ်လို့သတင်းထုတ်ပြန်ခဲ့တယ်။

ဒါပေမယ့် အင်န်အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် နဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ကတော့ တပ်မတော်နဲ့ ULA/ AA တို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတဲ့ အသုံးအနှုန်းကို ကိုင်ပြီး ရွေးကောက်ပွဲဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်ရဲ့ ပထမနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ကျင်းပခွင့်မရှိဘူးဆိုပြီး တုန့်ပြန်ခဲ့တာကို အလဲဗင်းမီဒီယာ ၁၉ နိုဝင်ဘာ နှင့် ဗီအိုအေ ၂၀ နိုဝင်ဘာသတင်းတွေမှာတွေ့ရတယ်။

ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးညွန့်တို့ပြောတဲ့ အချက်က လွှတ်တော်ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများရဲ့ ပုဒ်မ ၈၉ (ခ) မှာပါတဲ့ “ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ် တို့ တွင်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရ” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကိုးကားပြီးပြောတာ ဖြစ် ပါတယ်။ (ပုံ ၁)

အဲဒီပြဋ္ဌာန်းချက်က အင်န်အယ်လ်ဒီအများစုရထားတဲ့ ပြည်ထောင်စုလွှတ်တော် က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ရခိုင်ပြည်နယ်မှာ ပြုလုပ်ရမယ့် ရွေးကောက်ပွဲတွေက “ ပုံမှန်ရွေးကောက်ပွဲ” လား၊ “ ကြားဖြတ်ရွေးကောက်ပွဲ” လားဆိုတာကို ပြန်စိစစ်ဖို့လိုပါတယ်။

လွှတ်တော်ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများရဲ့ ပုဒ်မ ၂ (ဃ) မှာ “ ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့လွှတ်တော် ( အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်) ရွေးကောက်ပွဲကို ဆိုသည်။ ယင်းစကားရပ်တွင် လွှတ်တော်ပုံမှန်သက်တမ်း အတွင်း အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် ကော်မရှင် က အခါအားလျော်စွာသတ်မှတ်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲလည်း ပါဝင်သည်။” လို့ ပြဋ္ဌာန်း ထားပါတယ်။ ( ပုံ ၂ )

ဒီပုဒ်မအရ လွှတ်တော်ပုံမှန်သက်တမ်းအတွက် ကျင်းပတဲ့ရွေးကောက်ပွဲကို “ ရွေးကောက်ပွဲ” ၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေအတွက် ကျင်းပရင် “ ကြားဖြတ် ရွေးကောက်ပွဲ” လို့ သတ်မှတ်တယ်ဆိုတာထင်ရှားပါတယ်။

ဒါ့ကြောင့် အခု ရခိုင်ပြည်နယ် ကိုးမြို့နယ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေဟာ တတိယအကြိမ် လွှတ်တော်ပုံမှန်သက်တမ်းအတွက် ကျင်းပတဲ့ ပုံမှန်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ ULA/ AA တို့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့တောင်းဆိုတာလည်း စကားလုံး အသုံးအနှုန်း မှားပါတယ်။ အင်န်အယ်လ်ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲဖြစ်တဲ့အတွက် လွှတ်တော်သက်တမ်း ပထမနှစ်မှာ ကျင်းပလို့မရဘူးလို့ပြောနေတာလည်း မှားပါတယ်။

ရွေးကောက်ပွဲကျင်းပခြင်း

ဒါဆိုရင် လွှတ်တော်သက်တမ်းတစ်ခုအတွက် ရွေးကောက်ပွဲကို တစ်ကြိမ်ပဲကျင်းပလို့ရသလား၊ အကြိမ်ကြိမ်ခွဲကျင်းပလို့ရသလားဆိုတဲ့မေးခွန်းပေါ်လာပါတယ်။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေများရဲ့ ပုဒ်မ ၃၄ (က)မှာ “ ရွေးကောက်ပွဲများကို ဖြစ်နိုင်သရွေ့၊ တစ်နေ့တည်းတွင် တစ်ပြိုင်နက်ကျင်းပရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒ့ါကြောင့် တစ်ပြိုင်တည်းကျင်းပဖို့ အခြေအနေမပေးရင် အကြိမ်ခွဲပြီးကျင်းပလို့ရပါတယ်။ ( ပုံ ၃)

မြန်မာနိုင်ငံသမိုင်းမှာ လွှတ်တော်ရွေးကောက်ပွဲတွေကို အကြိမ်ကြိမ်ခွဲပြီးလုပ်ခဲ့ရတဲ့ အစဉ်အလာ လည်း ရှိပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံးရွေးကောက်ပွဲကို ၁၉ ၅၁ ခုနှစ် ဇွန်လမှကျင်းပခဲ့တယ်။ ဒါပေမယ့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအခြေအနေကြောင့် တစ်ပြိုင်တည်းကျင်းပနိုင်ခြင်းမရှိဘဲ လုံခြုံရေးအခြေအနေများပေါ်မူတည်ပြီး ၁၉ ၅၂ ခုနှစ် ဖေဖော်ဝါရီလ အထိ အသုတ်လိုက်ခွဲကျင်းပခဲ့ရပါတယ်။

လိုအပ်ချက်များ

နိုဝင်ဘာ ၁၂ ရက်နေ့နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA ကြား တိုက်ပွဲဖြစ်တဲ့သတင်း မတွေ့ရဘူး။ တစ်ဖက်နဲ့တစ်ဖက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေ ပုံရတယ်။

ဒါပေမယ့် တိုက်ပွဲတွေရပ်သွားရုံနဲ့ ရွေးကောက်ပွဲ ကျင်းပလို့ရပြီလို့တော့ ပြောလို့မရသေးဘူး။ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိပါသေးတယ်။ အဲဒီလိုအပ်ချက်တွေထဲက ထင်ရှားတဲ့အချက် တွေကို ဖော်ပြရရင်

ပထမဆုံးလိုအပ်ချက်က AA ကဖမ်းဆီးထားတဲ့အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ပြန်လွှတ်ပေးဖို့ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆင်းမယ့်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးကို အာမခံရာလည်းရောက်ပါတယ်။ AA ရဲ့ကြေညာချက်မှာ လည်း လိုအပ်တဲ့တည်ငြိမ်သောအခင်းအကျင်းကို ဖန်တီးပေးဖို့ ဆန္ဒရှိတဲ့အကြောင်းဖော်ပြထားတဲ့ အတွက် ဆောင်ရွက်ပေးဖို့ အခက်အခဲရှိမယ်မထင်ပါဘူး။

ဒုတိယလိုအပ်ချက်ကတော့ မဲစာရင်းကိစ္စပါ။ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြားမှာ ရခိုင် ပြည်နယ် ကိုးမြို့နယ်အတွက်ကောက်ယူပြီး မဲစာရင်းကို အတည်ပြုမလား၊ ဒါမှမဟုတ် ထပ် ကောက်မလား၊ တိုက်ပွဲရှောင်ပြည်သူတွေအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ညှိနှိုင်း ဖို့လိုပါတယ်။

တတိယလိုအပ်ချက်က မဲဆွယ်စည်းရုံးရေးကာလဖြစ်ပါတယ်။ ပုံမှန် နှစ်လ သတ်မှတ်မလား၊ ဘယ်လောက်ထားမလဲဆိုတာသက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ ဒီအချက်က ရွေးကောက်ပွဲကျင်းပမယ့်ရက်သတ်မှတ်ရာမှာအရေးကြီးပါတယ်။

စတုတ္ထလိုအပ်ချက်ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးမရှိတဲ့ကျေးရွာတွေ၊ ကော်မရှင်အဖွဲ့ခွဲ မရှိသေး တဲ့ကျေးရွာတွေအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ကော်မရှင်အဖွဲ့ခွဲတွေ ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

ပဉ္စမအချက်ကတော့ မြို့နယ်တစ်ခုချင်းအလိုက် ရွေးကောက်ပွဲကျင်းပနိုင်မယ့်ကျေးရွာအုပ်စုတွေ သတ်မှတ်ဖို့ဖြစ်ပါတယ်။ ဒီကိစ္စကတော့ ကော်မရှင်တစ်ခုတည်းနဲ့လုပ်လို့မရဘူး။ အစိုးရ၊ တပ်မတော်နဲ့ AA ကြားမှာ ပေါင်းစပ်ညှိနှိုင်းရမယ့်လုပ်ငန်းဖြစ်ပါတယ်။

ဘာဆက်လုပ်မလဲ

ရခိုင်ပြည်နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခြင်းမပြုဖို့ဆုံးဖြတ်ခဲ့ချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအခြေအနေကြောင့် လို့ ပြောခဲ့တယ်။

အခု လုံခြုံရေးအခြေအနေကို ထိခိုက်စေတဲ့ အဓိကဇာတ်ကောင်တွေက ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းနေပြီ၊ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလုပ်ဖို့ ကတိပေးထားပြီးပြီ။ မြေပြင်မှာလည်း တိုက်ပွဲတွေမဖြစ်တာ တစ်ပတ်လောက်ရှိနေ ပြီ။

ဒ့ါကြောင့် အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနဲ့ပတ်သက်ပြီး တိတိကျကျ တုန့်ပြန်သင့်ပါပြီ။ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေရှိချင်မှ ရှိမယ်။

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်အောင်ဆောင်ရွက်မယ်၊ ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်မယ်လို့ ကြေညာလို့ရပါတယ်။ ကြေညာချက်နဲ့အတူ နိုင်ငံရေး ပါတီတွေနဲ့တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေးလမ်းကြောင်းကနေ AA နဲ့ ညှိနှိုင်းဆွေးနွေးတာတွေ စတင်လုပ်ဆောင်လို့လည်းရပါတယ်။

ရခိုင်ပြည်နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပတာဟာ ရွေးကောက်ပွဲလုပ်ငန်းသက် သက်လို့ မမြင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ဆောင်ရွက်ရင် တော့ အားလုံးအတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်။

သက်တန့်ရောင်စုံ နယူးဇီလန်

ပါတီစုံ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အင်အားနည်းအုပ်စုတွေ ဖြစ် တဲ့ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ LGBTQ တွေ ဥပဒေပြုလွှတ်တော်ထဲမှာ ဘယ်လောက်ပါဝင်သလဲဆိုတာကို အလေးထားသုံးသပ်လေ့ရှိ တယ်။ ကိုယ်စားပြုမှုများပြားစုံလင်တယ်ဆိုရင် အဲဒီလွှတ်တော်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အုပ်စု အားလုံးရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးနိုင်တယ်လို့ ယေဘုယျ သတ်မှတ်ကြ တယ်။

၂၀၂၀ အောက်တိုဘာလ မှာကျင်းပခဲ့တဲ့ နယူးဇီလန်နိုင်ငံရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့ လွှတ်တော်ကတော့ ကမ္ဘာပေါ်မှာ ကိုယ်စားပြုမှုအစုံလင်ဆုံး လွှတ်တော်တစ်ခုဖြစ်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့ CNN သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

ဒေသခံတိုင်းရင်းသားများ

၁၈၄၀ ပြည့်နှစ် အင်္ဂလိပ်တွေ သိမ်းပိုက်ကိုလိုနီ မပြုခင်အထိ နယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ကျွန်းတွေမှာ အခြေချနေထိုင်သူတွေက မောဝ်ရီ Māori လို့ခေါ်တဲ့ ဒေသခံတိုင်းရင်းသားတွေ ဖြစ် ပါတယ်။ ဒါပေမယ့် ၁၈၅၂ ခုနှစ် နယူးဇီလန်ပါလီမန်ပေါ်ပေါက်လာချိန်မှာ မောဝ်ရီတိုင်းရင်းသား တွေ မဲပေးခွင့်မရသလို ကိုယ်စားလှယ်ရွေးချယ်ခံပိုင်ခွင့်လည်းမရဘူး။ ၁၈၆၇ ခုနှစ်မှာတော့ မော်ဝ် ရီ တိုင်းရင်းသားတွေအတွက် ကိုယ်စားလှယ်လေးနေရာသတ်မှတ်ပေးပြီး အဲဒီကိုယ်စားလှယ် နေရာတွေအတွက်ရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးခွင့်ရခဲ့တယ်။

ဒီလိုနဲ့ မော်ဝ်ရီတိုင်းရင်းသားတွေက သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးကိုတိုးချဲ့လာခဲ့တဲ့အတွက် ၁၉ ၆၇ မှာတော့ အခြားလွှတ်တော်နေရာတွေအတွက်ပါ ယှဉ်ပြိုင်ခွင့်ရလာခဲ့တယ်။ အခု အချိန်မှာ တော့ မော်ဝ်ရီတိုင်းရင်းသားတွေဟာ နိုင်ငံအဆင့်ပါတီကြီးတွေရဲ့ ကိုယ်စားလှယ်လောင်း တွေအဖြစ်ပါဝင်ယှဉ်ပြိုင်တဲ့အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအသီးသီးကနေ မောဝ်ရီတိုင်းရင်းသားအမတ် ၂၅ ဦး၊ အမတ်ဦးရေ ၁၂၀ ရှိတဲ့လွှတ်တော်ရဲ့ ၂၁% ရွေးချယ်ခံရပါတယ်။ ဒါဟာ ပြီးခဲ့ဲတဲ့ ၂၀၁၇ ရွေးကောက်ပွဲမှာ ၂၃% ရွေးချယ်ခံရတာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ကျဆင်းသွားတယ်လို့ ဆိုရမယ်။ ဒါပေမယ့် နိုင်ငံ လူဦးရေ ရဲ့ ၁၇% ပဲရှိတဲ့ မောဝ်ရီတွေအတွက် လွှတ်တော်ထဲမှာ ၂၁% ကိုယ်စားပြုခွင့်ရရှိတယ်ဆို တာ အတော်အခြေအနေကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။
( ပုံ ၁ )

အမျိုးသမီးများ

လက်ရှိအာဏာရ လေဘာပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်က အမျိုးသမီးဖြစ်ပါတယ်။ နယူးဇီလန် နိုင်ငံရေးမှာ အစဉ်အလာအရလည်း အမျိုးသမီးတွေကိုယ်စားပြုမှုအားကောင်းခဲ့တယ်။ ၂၀၁၇ ရွေး ကောက်ပွဲကနေ ပေါ်ထွက်လာတဲ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃၈% က အမျိုးသမီး တွေဖြစ်ခဲ့တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့လွှတ်တော်မှာတော့ ၄၈% က အမျိုးသမီးတွေဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံလူဦးရေရဲ့ ၅၀.၈၄% က အမျိုးသမီးတွေဖြစ်တဲ့ အတွက် လွှတ်တော်အတွင်းကိုယ်စားပြုမှုအချိုးအစားက သင့်တော်တဲ့အချိုးအစားလို့ ပြောနိုင် ပါတယ်။ ( ပုံ ၂ )

ဒါ့အပြင်နယူးဇီလန်ဟာ ဒီမိုကရေစီစနစ်ခိုင်မာနေပြီဖြစ်တဲ့ Organisation for Economic Co-operation and Development (OECD) နိုင်ငံတွေထဲမှာလည်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ပါဝင်မှုအချိုးအစား အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ထူးခြားတာက OECD နိုင်ငံတွေရဲ့ လွှတ်တော်များမှာ အမျိုးသမီးပါဝင်မှုက ပ ျှမ်းမ ျှ ၃၁ % ဖြစ်ပြီး အမျိုးသမီး ပါဝင်မှု ၃၁% နဲ့အထက်ရှိတဲ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကအမျိုးသမီးတွေဖြစ်နေတာပါပဲ ။ ( ပုံ ၃)

LGBTQ အုပ်စု

နိုင်ငံတကာမှာ နိုင်ငံသားအခွင့်အရေးနဲ့ပတ်သက်ရင် ပြဿနာအတက်ဆုံး၊ အငြင်းပွားမှု အများဆုံး ဖြစ်တဲ့ LGBTQ တွေက နယူးဇီလန်နိုင်ငံမှာတော့ ကိုယ်စားပြုမှုအားကောင်းခဲ့ တယ်။ ကမ္ဘာပေါ်မှာ LGBTQ အုပ်စုဝင်တွေ လွှတ် တော်အမတ်အဖြစ်ရှိနေတာ ၄၂ နိုင်ငံပဲရှိပြီး လွှတ် တော်အမတ် စုစုပေါင်း ၁၉ ၄ ဦးပဲရှိတယ်။

အဲဒီထဲမှာ နယူးဇီလန်နိုင်ငံက ၁၃ ဦးပါဝင်ပြီး နိုင်ငံ လွှတ်တော်အမတ်စုစုပေါင်းရဲ့ ၁၁ % ရှိတဲ့ အတွက် ကိုယ်စားပြုမှုအချိုးအမြင့်ဆုံးဖြစ်နေတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်လွှတ်တော်မှာ ၇% ရှိရာကနေ တိုး တက်လာတာဖြစ်ပါတယ်။ ( ပုံ ၄)

အာရှတိုက်သားနှင့်အခြားအုပ်စုများ

နယူးဇီလန်နိုင်ငံသားဖြစ်နေတဲ့ အာရှနွယ်ဖွားတွေကတော့ လူဦးရေရဲ့ ၁၅% ရှိပေမယ့် လွှတ်တော်ထဲမှာ ၇% ပဲရှိတယ်။ ပစိဖိတ်ကျွန်းအနွယ်ဖွားတွေကတော့ လူဦးရေရဲ့ ၈% ရှိပြီး ကိုယ်စားပြုမှု ၉ % ရထားပါတယ်။ အခြားအနွယ်ဖွားတွေကတော့ လူဦးရေရဲ့ ၃% ၊ ကိုယ်စားပြုမှု ၃% ရှိပါတယ်။ ဒီအချိုးအစားဟာလည်း အုပ်စုအားလုံးကို ကိုယ်စားပြုနိုင်တဲ့အချိုးအစား ဖြစ် ပါတယ်။ ပုံ (၅)

အစိုးရအဖွဲ့

လေဘာပါတီဝန်ကြီးချုပ် Jacinda Ardern ရဲ့ အစိုးရအဖွဲ့ကလည်း လွှတ်တော်အတွင်း ကိုယ်စား ပြုမှုအခြေအနေကို ထင်ဟပ်နေတယ်။ ဝန်ကြီး ၂၀ ဦးပါဝင်တဲ့အစိုးရအဖွဲ့မှာ ၈ ယောက်က အမျိုး သမီးတွေဖြစ်တယ်။ လေးပုံတစ်ပုံက မောဝ်ရီတိုင်းရင်းသားတွေဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်က LGBTQ ဖြစ်ကြောင်းတရားဝင်ကြေညာထားသူဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက မောဝ်ရီ တိုင်းရင်းသူအမျိုးသမီးဖြစ်ပြီး မျက်နှာမှာ မောဝ်ရီရိုးရာတက်တူးထိုးထားသူဖြစ်ပါတယ်။ သူဟာ နယူးဇီလန်နိုင်ငံသမိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်တဲ့ ပထမဆုံးမောဝ်ရီအမျိုး သမီးဖြစ်ပါတယ်။ (ပုံ ၆)

ကိုယ်စားပြုခြင်း

နိုင်ငံလွှတ်တော်အတွင်းမှာ ကိုယ်စားပြုမှုများပြားစုံလင်တာဟာ အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ခိုင်မာ မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆိုင်တယ်လို့ ဆိုသူတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီ အဆို က ရာနှုန်းပြည့်တော့မမှန်ဘူး။ အမေရိကန်အောက်လွှတ်တော်မှာ အခု နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင်အထိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၀၁ ဦး ၂၃.၂% ပဲရှိတယ်။ ဒါဟာ ကမ္ဘာ့ ပျမ်းမ ျှနှုန်းဖြစ်တဲ့ ၂၅% ထက်နည်းတယ်။ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့ ရဝမ်ဒါမှာတော့ အောက်လွှတ် တော် လွှတ်တော်ကိုယ်စားလှယ် ၆၉ % က အမျိုးသမီးတွေဖြစ်နေတယ်။

ဒီမိုကရေစီအခြေမခိုင်သေးတဲ့ လက်တင်အမေရိက မက္ကဆီကို၊ ကိုစတာရီကာ၊ ဘိုလီးဗီယား၊ ဗင်နီဇွဲလား နဲ့ အီကွေဒိုနိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ နိုင်ငံရေး ပါတီ များအနေနဲ့ လွှတ်တော်အဆင့်ဆင့်အတွက် ကိုယ်စားလှယ်လောင်းများလျာထားတဲ့အခါ ကျား ၊ မ တန်းတူညီမ ျှရှိဖို့ထည့်သွင်းပြဋ္ဌာန်းထားတာလည်းတွေ့ရတယ်။ လက်ရှိအခြေအနေအရ တကယ်မဲပေးရွေးချယ် တဲ့အခါမှာတော့ အမျိုးသမီးတွေရွေးချယ်ခံရမှုက နည်းပါးနေဆဲပဲ ဆိုပေမယ့် ဥပဒေအရ အခြေခံကောင်းတစ်ခုတော့ ရထားတယ်လို့ဆိုရမှာပါ။

လက်တွေ့ကျကျ သုံးသပ်ရရင်တော့ ကိုယ်စားပြုမှုဟာ လူဦးရေအချိုးစားအတိုင်းဖြစ်ရမယ်၊ အုပ်စု တိုင်းပါရမယ်လို့တော့ အတိအကျတောင်းဆိုလို့တော့မရဘူး။ ဒါပေမယ့် အုပ်စုတစ်ခုခုက သူတို့ကို အပယ်ခံထားရတယ် လို့ ခံစားချက်မဖြစ်အောင် ရွေးကောက်ပွဲ စနစ်အရဖြစ်ဖြစ်၊ အခြား ဥပဒေများနဲ့ ဖြစ်ဖြစ် ၊ နိုင်ငံရေးပါတီတွေကဖြစ်ဖြစ်ကူ ညီဆောင်ရွက်ပေးဖို့တော့လိုအပ်မှာဖြစ်ပါတယ်။

ရောင်စုံပန်းခင်းဟာ ပန်းတစ်မျိုးတည်းပွင့်တဲ့ ပန်းခင်းထက်တော့ လှပတာအမှန်ပါပဲ။

ကိုးကား
၁။ New Zealand has just elected one of the most diverse parliaments in the world. CNN , 17 November 19, 2020.
၂။ Gender and constitutionalism in Mexico: from quotas to parity?
Gender Mexico By José Miguel Cabrales Lucio, IDEA.