မဲမပေးခင် စဉ်းစားဖို့ (၁၃)

ရန်ကုန်

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အင်န်အယ်လ်ဒီအစိုးရ ပေးခဲ့သော ကတိ စကားအချို့

၁။ ရန်ကုန်တိုင်း၏ အိမ်ထောင်ဦးစီးနေရာတွင် တာဝန်ယူထားပြီး ၂၀၁၈ မှာ ရန်ကုန်တိုင်းကို တရားဥပဒေစိုးမိုးရေး နဲ့ စီးပွားရေးကောင်းအောင်ဆောင်ရွက်မယ်။
၂။ ကျူးကျော်များအတွက် အိမ်ရာများ ခြောက်လအတွင်း စီစဉ်ပေးမည်။
၃။ အစိုးရသစ်၏ ကျန်ရှိနေသည့် သက်တမ်းသုံးနှစ်အတွင်း ရန်ကုန်မြို့တွင် လာနေသူတိုင်း အိမ်ရာပိုင်ဆိုင်အောင်ဆောင်ရွက်ပေးမည်။
၄။ ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် ယခုနှစ်အတွင်း Smart City တစ်ခုနှစ် စီးပွားရေး ဇုန် တစ်ခု ပေါ်ထွန်းလာမည်။
၅။ စက်သုံးဆီ တန်ချိန်သန်းချီ သိုလှောင်ကန်များတည်ဆောက်ကာ ဆီဈေးကျအောင် လုပ်မည်။
၆။ ရန်ကုန်တိုင်းသည် ရေကြီးသည့် စာရင်းမှ လွတ်မြောက်ခဲ့ပြီ။
၇။ YBS စနစ် အခြားနိုင်ငံများထက်သာစေရမည်။
၈။ YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ရောက်လာမည်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အင်န်အယ်လ်ဒီအစိုးရ ရဲ့ စီမံခန့်ခွဲမှု အလွဲအချို့

၉ ။ ကျောင်းကားဝယ်ရန်ချေးထားသည့် ကျပ် ၅.၅ ဘီလီယံကိစ္စ ရန်ကုန်အစိုးရ မဖြေကြားနိုင် သေး။
၁၀။ ကျောင်းကားဝယ်ရန်အတွက် ကမ္ဘောဇဘဏ်မှ ငါးဘီလီယံကျော်ချေးငွေကို မည်သူချေးထား ကြောင်း တိတိကျကျ မသိ။
၁၁။ ရန်ကုန်ညဈေးတန်းစီမံချက် သိန်းပေါင်း တစ်သောင်းရှစ်ထောင် ခန့်သုံးစွဲထားကြောင်း အစီရင်ခံစာတွင် တွေ့ရသော်လည်း မြေပြင်ကွင်းဆင်းကြည့်သည့်အခါ အဘယ်ကြောင့် ယခု လောက်အထိ ငွေကြေးကုန်ကျသည်ကို ဆက်စပ်ကြည့်၍ မရ
၁၂။ အမတ်များလက်ထဲ မအပ်ရဲတော့သည့် ရန်ကုန်စာရင်းစစ်ချုပ် အစီရင်ခံစာ

ဒါတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ပြောစရာတွေအများကြီးရှိတယ် ။ အခု ထောက်ပြတာတွေဟာ ရေခဲတောင်ကြီးရဲ့ ရေပေါ်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းမ ျှသာ ဖြစ်တယ်။

ပြီးခဲ့တဲ့ ငါးနှစ်မှာ အင်န်အယ်လ်ဒီ ရန်ကုန်အစိုးရ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးဖြိုးမင်းသိန်း ကတော့ ရွေးကောက်ပွဲမဝင်တော့ဘူး။ ဒါပေမယ့် သူထားခဲ့တဲ့ ကတိတွေ၊ ဖြေရှင်းဖို့ ကျန်နေ တဲ့ ပြဿနာတွေ အများကြီးရှိတယ်။

ဒီလိုဖြစ်ရတာဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အားနည်းမှုကြောင့်၊ တိုင်းအစိုးရ ကို စောင့်ကြည့် ထိန်းကျောင်းဖို့ ပျက်ကွက်မှုကြောင့် ဖြစ်ပါတယ်။

နောက်ငါးနှစ်မှာ ဒီလိုမဖြစ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲကို အရည်အချင်း ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်စေလွှတ်ကြပါ။

တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သမ္မတ က ခန့်အပ်လို့ရပေမယ့် အဲဒီ ဝန်ကြီးချုပ်ကို ထိန်းကျောင်း မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ လူထုကရွေးချယ်ခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

ဆိုက်ကား ကော်မရှင်

ဒဂုံတောင် အမှတ် ၂၀ ရပ်ကွက် မှာတော့ NLD ပါတီတံဆိပ် ပါတဲ့ ထီးတပ်ထားတဲ့ ((ဆိုင်ကယ်) ဆိုက်ကားနဲ့ ကြိုတင်မဲလိုက်ကောက်တယ်လို့ သတင်းမှာပါနေတယ်။ ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းတွေမှာ ပါတီတံဆိပ်တွေ နဲ့ ဆောင်ရွက်သင့်ပါသလား။ အောက်ခြေကော်မရှင်တွေ က ဘယ်သူ့ ကို နမူနာယူပြီးလိုက်လုပ်နေသလဲ

ဦးလှသိန်းကော်မရှင် အနေနဲ့ အောက်ခြေအဆင့်က ပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသင့်နေပါပြီ။ မရှင်းနိုင်ရင် သတင်းစာရှင်းလင်းပွဲမှာ ကားနဲ့ ကြိုတင်မဲပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောခဲ့ပေမယ့် ရပ်ကွက် အဆင့်မှာ ဆိုက်ကားကော်မရှင်ဖြစ်နေပြီ လို့ အပြောခံနေရဦးမယ်။

မဲပေးခြင်း

မနေ့ညက အသက် ၆၀ ကျော်တွေ ကျန်းမာ ရေးကောင်းရင် အုပ်ကြီးရုံးမှာ ကိုယ်တိုင် ကြိုတင်မဲ လာပေးရမယ်၊ ကျန်းမာရေးမကောင်းဘူး ၊ မလာနိုင်ဘူးဆိုရင် အကြောင်းကြားပါ၊ အိမ် ကို မဲရုံတာဝန်ရှိသူတွေ လာခဲ့မယ် လို့ အုပ်ကြီးနဲ့အဖွဲ့ အသံချဲ့စက်နဲ့ လှည့်ကြေညာတယ်။

အုပ်ကြီး ပြောတာကို ကြားတော့ ငါလည်း လူအို စာရင်းထဲပါနေပါလားဆိုတာ သတိရတယ်။ ရွေးကော် သတင်းစာ ရှင်း လင်းပွဲမှာပြောသလို ကားနဲ့ အိမ်ရှေ့အရောက်လာမဲပေးခိုင်းမယ်ဆိုတဲ့ စနစ်တော့ မဟုတ် တော့ဘူး။ ဒါပေမယ့် ဒီအစီအစဉ်က ပိုပြီးလက်တွေ့ကျပါတယ်။

နေ့လယ် ၁၂ နာရီကျော်လောက်မှာ အုပ်ကြီးရုံးကို သွားတယ်။ လမ်းမှာ ကြိုတင်မဲ စာအိတ်တွေ ပိတ်ဖို့အတွက် လိုရင်သုံးနိုင်အောင် ကော်ဘူးတစ်ဘူးဝယ်တယ်။ အုပ်ကြီးရုံး ရှေ့အဖီအောက်မှာ မဲပေးမယ့် သူတွေ ထိုင်ဖို့ ခုံခြောက်လုံး ကို ခြောက်ပေခွာပြီး လေးလုံးတစ်တန်း၊ နှစ်လုံးတစ်တန်းချထားတယ်။ လူလေးယောက် ရှေ့နောက်တန်းစီ ထိုင် စောင့်နေတယ်။ အထူးရဲ လို့ခေါ်တဲ့ ပုခုံးမှာ ဒေါက်အနီနဲ့ လုံခြုံရေးတစ်ယောက်၊ အရန်မီးသတ် တစ်ယောက်ရှိတယ်။ ကျွန်တော်က အပြင် ဘက် ခုံနှစ်ခုံ ထဲက တစ်ခုံမှာထိုင်လိုက်တယ်။

ကျွန်တော့်ရှေ့က လူလေးယောက်မှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က အတော်ငယ်တယ်။ အမျိုးသမီးက အသက်လေးဆယ်ကျော်၊ အမျိုးသားက အသက်နှစ်ဆယ် ကျော်လောက်ပဲ ရှိတယ်။ ကြိုတင်မဲပေးရမယ့်အရွယ်မဟုတ်ဘူး။ သူတို့ နားက အသက်ကြီး ကြီး အမျိုးသမီးကြီးကို အဖော်လိုက်လာတာလို့ပဲ ထင်မိတယ်။

ကျွန်တော့်နောက်မှာ လူတစ်ယောက် ရောက်လာတယ်။ ကျွန်တော်ရှေ့က ခုံလွတ်တဲ့နေရာမှာ မထိုင်ဘူး။ ကျွန်တော့်ခုံနောက်က အရိပ်မှာရပ်နေတယ်။ ခဏနေတော့ မဲရုံထဲမှာ မဲပေးနေတဲ့ သူ တစ်ယောက် ပြန်ထွက်လာတယ်။ အထူးရဲက နောက်တစ်ယောက်လို့ခေါ်တယ်။ ရှေ့ဆုံးက အမကြီး ထသွားတယ်။ အရန်မီးသတ်က အပူချိန်တိုင်းတယ်။ လက်သန့်ဆေးရည်ပေးတယ်။ ပြီးတော့ ဝင်ခွင့်ပြုလိုက်တယ်။

အဲဒီအမကြီးထသွားတော့ ကျွန်တော့်နောက်က လူက အထူးရဲကို “ ဟေ့ လူတွေကို ရှေ့ရွှေ့ထိုင်ခိုင်းလေ။ ဒီမှာ ထိုင်စရာမရှိဘူး” ဆိုပြီး လှမ်းအော်တယ်။ ကျွန်တော်က ကျွန်တော့်ရှေ့က လွတ်နေတဲ့ခုံကို ပြပြီး “အဲဒီမှာ ထိုင်လေဗျာ” လို့ ပြောတော့ “ နေပူတယ်” လို့ ဆင်ခြေပေးတယ်။

ဒါနဲ့ အထူးရဲ က အတွင်းဘက်တန်းခုံကလူတွေကို ရှေ့တက်ခိုင်းလိုက်တယ်။ ကျွန်တော်က အတွင်းဘက် ခုံတန်းကို ပြောင်းထိုင်တယ်။ ကျွန်တော့် ခုံမှာ ရေသဘင် ( Ray – Ban ) မျက်မှန် ဇီးရောင်၊ ဆံပင်ရှည်ကို ခေါင်းလိမ်းဆီ ထူထူ ၊ မောင်ဘတင့်ပုံစံနဲ့ ဖြီးထားတဲ့ ကိုယ်တော်ချော ဝင်ထိုင်တယ်။ အခု မှ စိတ်တိုင်းကျသွားတဲ့ ပုံစံနဲ့ ခြေချိတ်ပြီး ထိုင်လို့။

အမျိုးသမီးတစ်ယောက်ရောက်လာတယ်။ သူနာမည် နောက်တိုးမဲစာရင်းမှာ ပါမပါ လာစုံစမ်းတာ၊ အထူးရဲက မဲရုံဝန်ထမ်းတစ်ယောက်ကို ခေါ်ပေးတယ်။ မဲရုံဝန်ထမ်းက ဒီမှာကြည့်လို့မရတော့ဘူး။ အက်ပလီကေးရှင်းကနေ ကြည့်လိုရတယ်ဆိုတာနဲ့ ဘယ်လို့ ရှာရမလဲဆိုတာ ရှင်းပြတယ်။

ရွေးကော် ရင်ထိုးတပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာတယ်။ ကျွန်တော်တို့ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးနဲ့လူငယ်လေးကို နှုတ်ဆက်ပြီး နင်တို့ဘာလာလုပ်တာလဲလို့မေးတော့ ဟိုနှစ်ယောက်က မဲပေးမလို့ ဆိုပြီးပြောတယ်။ ရွေးကော် အမျိုးသမီးက “ ဟယ် မဟုတ်ဘူး။ နင်တို့ပေးလို့မရဘူး။ ဒါက ခြောက်ဆယ်အထက်တွေအတွက်လို့ပြောတယ်။” ဘေးက ကိုယ်တော်ချောက “ဟင်းဟင်း” ဆိုပြီး နှုတ်ခမ်းစေ့ပြီးရယ်တယ်။ ပြီးတော့ ခြောက်ဆယ် အထက် မှပေးလို့ရတာဗျ လို့ လှမ်းပြောတယ်။ ဆရာကြီးပဲ။

သူတို့နှစ်ယောက် ထပြန်သွားတော့ ကျွန်တော်တို့ရှေ့တိုးထိုင်ရပြန်ရော။ ခဏနေတော့ ကျွန်တော့်ရှေ့က လူကို ခေါ်တယ်။ အဖျားတိုင်းတယ်။ အပူချိန်တက်နေလို့ ဝင်ခွင့်မပြုဘူး။ ပြန်ထိုင်ခိုင်းတယ်။ ခဏစောင့်ဦးတဲ့။ ကျွန်တော်ကို ခေါ်တယ်။ အဖျားတိုင်းတယ်၊ လက်သန့်ဆေးရည်နဲ့ လက်ဆေးခိုင်းတယ်။ ပြီးတော့ ဝင်ခွင့်ပြုတယ်။

အထဲမှာတော့ မဲရုံကိုယ်စားလှယ်လား၊ ဘာလား စောင့်ကြည်သူ နှစ်ယောက်ရှိတယ်။ ဧည့်စာရင်း တိုင်ဖို့ ရောက်ခဲ့တုန်းက အုပ်ကြီးထိုင်တဲ့ စားပွဲနှစ်လုံးမှာ မဲရုံ ဝန်ထမ်းနှစ်ယောက်ရှိတယ်။ ရှေ့မှာ ပလတ်စတစ်ကာထားတယ်။ ပလတ်စတစ်အောက်ခြေမှာ လက်ထည့်ဖို့ အပေါက်ဖောက်ထား တယ်။

ကျွန်တော့်မဲစာရင်းအမှတ်ကို ပြောတော့ ရှာမတွေ့ဘူး။ ကျွန်တော်က ပထမအကြိမ်မဲစာရင်းကပ် ချိန်က နံပါတ်ကို မှတ်ထားတာ။ ဒုတိယအကြိမ်မဲစာရင်းမှာ လူအတိုးအလျော့ရှိလို့ အမှတ်စဉ် တွေ ပြောင်းကုန်တာမသိလိုက်ဘူး။ ဒီတော့ အိမ်လိပ်စာနဲ့ရှာရတယ်။ အရင်အမှတ်စဉ်ထက် ငါးဆယ် လောက်ပိုသွားတယ်။

နာမည်တွေ့တော့ အဖေနာမည်မေးတယ်။ အဖေ နာမည်မှန်တော့ မဲလက်မှတ်ထုတ်ပေးတယ်။ မှတ်ပုံတင်ပါသွားပေမယ့် ယူမကြည့်ဘူး။ မှတ်ပုံတင်ကို စစ်ဆေးသင့်တယ်လို့ထင်ပါတယ်။ မဟုတ် ရင် လူစားထိုးမဲပေးတာမျိုးတွေဖြစ်နိုင်တာပေါ့။ လက်သန်းလည်း မှင်မတို့ရဘူး။

ပထမဆုံး တိုင်းဒေသကြီးလွှတ်တော်အတွက် မဲလက်မှတ်နဲ့ ကြိုတင်မဲစာအိတ်ကို ထုတ်ပေး တယ်။ မဲလက်မှတ်က အဖြူရောင်၊ ရွေးကော်တံဆိပ်အမှတ်အသားတွေကို နောက်ဘက်မှာ ပုံနှိပ်ထားတယ်။ မဲလက်မှတ်ထုတ်ပေး သူ လက်မှတ်နဲ့ တံဆိပ်တုံးကိုလည်း နောက်မှာ ပဲရိုက်ထားတယ်။ ၂၀၁၅ တုန်းကတော့ ဦးတင်အေးက မဲလက်မှတ်အတုလုပ်တာကို ကာကွယ် နိုင်ဖို့ အတွင်းမှာ လုံခြုံရေးအမှတ်အသားရေစာပါတဲ့ စက္ကူကို သုံးချင်တယ်လို့ တောင်း ဆိုတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေး ညှိနှိုင်းပြီး အင်ဒိုနီးရှားနိုင်ငံက ဝယ်ခဲ့ တယ်။ စက်ရုံ အထိသွားလေ့လာခဲ့ရတယ်။ အဲဒီအချိန်က သုံးတဲ့ စက္ကူက အဝါရောင်ပါ။ အတွင်းမှာ လုံခြုံရေး အမှတ်အသားရေစာပါတဲ့အပြင် နောက်ဘက် မှာလည်း ရွေးကော် တံဆိပ်အမှတ်အသားတွေ ပုံနှိပ်ထားတယ်။

တိုင်းဒေသကြီးလွှတ်တော်အတွက်ပေးတဲ့ ကြိုတင်မဲစာအိတ်က ဘေးတစ်ဖက် ပွင့်နေတယ်။ ကော် မကောင်းတဲ့သဘောပါ။ ဒါပေမယ့် မဲရုံထဲမှာ ကော်ဘူးချပေးထားတယ်။ မဲလက်မှတ်ကို အိတ်ထဲ ထည့်ပြီး ကော်သေသေချာချာသုတ်ပြီး ပိတ်တယ်။ ကိုယ်ဝယ်လာတဲ့ ကော်ကိုလည်း မဲရုံက ထားတဲ့ ကော်ဘူးတွေနဲ့အတူထားလိုက်တယ်။

မဲလက်မှတ်ကို စာအိတ်ထဲထည့်ပြီးတဲ့အခါ ကြိုတင်မဲပုံးထဲသွားထည့်ရတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာ မဲရုံ နှစ်ရုံရှိတော့ ပုံးနှစ်ပုံးထားပေးတယ်။ မဲရုံ ၁ ၊ ၂ ဆိုပြီး စာကပ်ထားတယ်။ ဒီတော့ ကြိုတင်မဲထည့်မယ်ဆိုရင် ကိုယ့်မဲရုံ နံပါတ်ကို သေချာအောင်မှတ်ထားဖို့လိုပါတယ်။

တိုင်းဒေသကြီးအတွက်မဲထည့်ပြီးတော့ ပြည်သူ့လွှတ်တော်အတွက် မဲလက်မှတ်ယူ၊ မဲထည့်။ ပြီးတော့ အမျိုးသားလွှတ်တော်အတွက် ပြန်ယူ၊ မဲထည့်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် ကြိုတင်မဲစာအိတ်တွေက တိုင်းဒေသကြီးလွှတ်တော် ကြိုတင်မဲ စာအိတ် ထက်သေးတယ်။ အိတ်တွေက ဘေးမှာ ပွင့်တာမျိုးမရှိဘူး။ ပိတ်ရင်တော့ ကော်ကပ်ပြီး ပိတ်ပေါ့။

မဲပေးတာကတော့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာထားပြီးဖြစ်တော့ အခက်အခဲမရှိ ပါဘူး။ တိုင်းဒေသကြီးနဲ့ အမျိုးသားလွှတ်တော်အတွက် ပါတီတစ်ခုက ကိုယ်စားလှယ်နှစ်ယောက်ကို ရွေး တယ်။ ပြည်သူ့လွှတ်တော်အတွက် နောက်ပါတီတစ်ခုကို ရွေးတယ်။

မဲထည့်လို့ ပြီးတော့ မဲရုံဝန်ထမ်းတွေကို ကျေးဇူးတင်စကားပြောတယ်။ လက်သန့်ဆေးရည် နဲ့ လက်ပြန်ဆေးပြီး မဲရုံ အပြင်ကို ထွက်ခဲ့တယ်။ အလံနီလေးနဲ့ ဆိုက်ကားတစ်စီးက ကျွန်တော့် ကို တွေ့တော့ စီးမလားဆိုတဲ့ သဘောနဲ့ ဘဲလ်တီးတယ်။ လက်ခါပြလိုက်တယ်။ ကျွန်တော်သွားမယ့် ခရီးကို ရောက်ဖို့ ဆိုက်ကားမလိုပါဘူး။

ပလက်၀ ကော်မရှင် (၂)

မနေ့ ( အောက်တိုဘာ ၂၇) ည ၈ နာရီခွဲ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သတင်း မှာတော့ ပလက်၀ မှာရွေးကောက်ပွဲ ပြုလုပ်မယ့် အခြေအနေနဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားတာတွေ့ရပါတယ်။

“ပလက်ဝကမဲဆန္ဒနယ် ၅ နေရာလုံးမှာ ၂၀၁၅ က NLD အနိုင်ရခဲ့တာပါ။ ချင်းပြည်နယ်ဝန်ကြီးချုပ်လောင်းလို့ သတင်းထွက်နေတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝ(၁)က ဝင်ပြိုင်မှာပါ။ ပလက်ဝ(၁) မှာ အရင်က ကိုယ်စားလှယ်လောင်း ၃ ဦးဝင်ပြိုင်မှာဖြစ်ပေမယ့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ကိုဖျက်သိမ်းလိုက်တဲ့အတွက် ဦးစိုးထက်က ကြံ့ခိုင်ရေးအမတ်ဦးနန်းဆိုက်တစ် ဦးတည်းနဲ့ပဲပြိုင်ရတော့မှာပါ။”

(သတင်းကောက်နှုတ်ချက်)

ဒီသတင်းအချက်အလက်မှန်ကန်တယ်ဆိုရင်တော့ ဦးလှသိန်းကော်မရှင်ဟာ အင်န်အယ်လ်ဒီ ပါတီက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားသူ နေရာမပျောက်စေဖို့အတွက် တိုက်ပွဲတွေ ဖြစ် နေတဲ့ကြားက ပလက်ဝတစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့တယ်။ ကန့်ကွက်မှု တွေပေါ်လာတဲ့အခါ နောက်ဆုံးမြို့ပေါ်ရပ်ကွက် ၇ ခု နဲ့ ကျေးရွာအုပ်စုတစ်ခုမှာပဲ ရွေးကောက်ပွဲကို မဖြစ်မနေ ရအောင်လုပ်တယ်လို့ စွပ်စွဲချက်တွေပေါ်လာနိုင်ပါတယ်။

ပလက်၀ ကော်မရှင် လို့ အမည်မတွင်စေဖို့အတွက် ဦးလှသိန်းကော်မရှင်ဘက်က ရှင်းပြရမယ့် အချက်တွေ ပိုများလာပြီလို့ ယူဆမိပါတယ်။

ဘီဘီစီသတင်းအစီစဉ်ကို အောက်ပါလင့်ခ်မှာနားထောင်နိုင်ပါတယ်။ ပလက်၀ သတင်းက အစီအစဉ် ရဲ့ ၈ မိနစ် ၁၅ စက္ကန့် က စတင်ပါတယ်။

ပလက်၀ ကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ( ဦးလှသိန်းကော်မရှင်) က ၂၇ အောက်တိုဘာ ရက်စွဲ နဲ့ ရွေးကောက်ပွဲမလုပ်မယ့် နယ်မြေစာရင်းတွေကို အပြောင်းအလဲလုပ်ထုတ်ပြန်ခဲ့တယ်။

ဒီထုတ်ပြန်ချက်ဟာ တပ်မတော်သတင်းစာရှင်းလင်းပွဲ နဲ့နိုင်ငံရေးပါတီများရဲ့ ရွေးကော်ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ပြောကြားမှုများ နောက်ပိုင်းမှာ ပေါ် ထွက်လာ တာဖြစ်ပါတယ်။

ဦးလှသိန်းကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမတစ်ခုက အရင်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားတဲ့ကျေးရွာအုပ်စုတွေကို စာရင်းက ပယ်ဖျက် ပေးတာဖြစ်ပါတယ်။

ပယ်ဖျက်ပေးတာတွေကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျေးရွာအုပ်စု သုံးခု၊ အမ်း မြို့နယ်က ကျေးရွာအုပ်စု လေးခု၊ ရှမ်းပြည်နယ် မူဆယ်မြို့ပေါ်ရပ်ကွက်တစ်ခု၊ လားရှိုးမြို့နယ် ကျေးရွာအုပ်စု တစ်ခု နဲ့ ကွမ်းလုံမြို့နယ်ကျေးရွာအုပ်စုတစ်ခုဖြစ်ပါတယ်။

ဒုတိယတစ်ပိုင်းက မူလက ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ နယ်မြေ တစ်ချို့ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ပြင်ဆင် ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ ချင်း ပြည်နယ် ပလက်၀ မြို့နယ်ထဲက ကျေးရွာ အုပ်စုတွေဖြစ်ပါတယ်။

ဒီကြေညာချက်တွေအရ ဦးလှသိန်းကော်မရှင်က ရွေးကောက်ပွဲ လုပ်မယ်/ မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ နေရာမှာ လုံခြုံရေး၊အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာအချက်အလက်များအပြင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံပြီး နိုင်ငံရေးအရ ထည့်စဉ်းစားတာတွေများ ရှိခဲ့သလား ဆိုတဲ့ မေးခွန်းတွေပေါ်လာခဲ့ပါတယ်။

ပလက်၀

ရွေးကော်က တိုက်ပွဲတွေတောက်လေ ျှာက်ဖြစ်နေတဲ့ ၊ တပ်မတော်ကလည်း လုံခြုံရေး အရ ရွေးကောက်ပဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ပြောထားတဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲလုပ် မယ် လို့ ကြေညာခဲ့တဲ့ အပေါ် ဝေဖန်မှုတွေအများကြီးပေါ်ခဲ့တယ်။

အခုတော့ ရွေးကော်က ပလက်၀ မြို့နယ်ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတဲ့ ကျေးရွာ အုပ်စု စာရင်းကို ကြေညာခဲ့တယ်။ ကျေးရွာအုပ်စုစာရင်းကိုပဲကြေညာတဲ့အတွက် ပလက်၀ မြို့နယ်ထဲက ကျန်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ မဲဆန္ဒနယ်တစ်ခုလုံးကို ပယ်ဖျက်တာမဟုတ်တဲ့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေ မဆုံးရှုံးတော့ဘူး ပေါ့။

ဒီဆုံးဖြတ်ချက်က အပေါ်ယံကြည့်ရင်တော့ ပြဿနာမရှိဘူးထင်ရပေမယ့် အသေးစိတ်လေ့လာ လိုက်တဲ့အခါ ရွေးကော်ရဲ့ တရားမ ျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာ အုပ်စု ၉ ၅ အုပ်စု ရှိတယ်။ ( ပုံ ၁)

ရွေးကော်ရဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်ထဲက ကျေးရွာ အုပ်စု ၉ ၄ အုပ်စုမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ပါတယ်။ ( ပုံ ၂ နဲ့ ၃)

ဒီတော့ ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာအုပ်စု တစ်အုပ်စုမှာပဲ ရွေးကောက်ပွဲ လုပ်မှာဖြစ်ပါတယ်။ မြို့နယ် တစ်ခုလုံးရဲ့ ၉ ဝ%လောက်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရင် ရွေးကောက်ပွဲ လုပ်ဖို့ သင့်တော်ပါ့ မလား။ ဒီမြို့နယ်ကနေ ရွေးချယ်ပေးလိုက်မယ့် လွှတ်တော် ကိုယ်စားလှယ်ကရော မဲဆန္ဒရှင် အများစုကို ကိုယ်စားပြုတယ်လို့ ပြောနိုင်ပါ့မလား။ စဉ်းစားစရာပဲ။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်တော့ ပလက်၀ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် တစ် နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာမှာ အင်န်အယ်လ်ဒီက နိုင်ထားတာကို တွေ့ရတယ်။ ( အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကတော့ အခြားမြို့နယ်တွေနဲ့ ပေါင်းထား တဲ့အတွက် သီးခြား တွက်လို့မရဘူး)

ဒီတော့ ပလက်၀ မြို့နယ်မှာ ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အင်န်အယ်လ်ဒီ အတွက် လွှတ်တော်နေရာတွေ မဆုံးရှုံးစေချင်လို့ များလားဆိုတဲ့ သံသယ မေးခွန်းတွေပေါ်လာပါတယ်။

ရွေးကော်အတွက်မေးခွန်း

ပလက်ဝမြို့နယ်မှာ ရပ်ကွက် ၇ ခု နဲ့ ကျေးရွာအုပ်စုအုပ်စု တစ်အုပ်စု မှာ ရွေးကောက်ပွဲ လုပ်နိုင် တဲ့ အခြေအနေရှိတဲ့အတွက် ရွေးကောက်ပွဲ ကို မဖြစ်မနေလုပ်မယ်ဆိုရင်

အောက်တိုဘာ ၁၇ ရက်ရက်စွဲ နဲ့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘူး လို့ ကြေညာ ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ကိုးမြို့နယ် နဲ့ ရှမ်းပြည်နယ်က မြို့နယ်တစ်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီးပတ်ဝန်းကျင်က ကျေးရွာအုပ်စု တစ်အုပ်စုမှာတောင် ရွေးကောက်ပွဲ လုပ်နိုင်တဲ့အခြေအနေမရှိဘူးလားလို့ မေးရတော့မယ်။

ဒီအချက်ကို ဦးလှသိန်းကော်မရှင်က သေသေချာချာ ရှင်းပြသင့်တယ်။ အဲဒီလို မရှင်းနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဲဒီမြို့နယ်တွေမှာ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားပါတီတွေ နိုင်ခဲ့တဲ့အတွက် လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး ဖျက်သိမ်းတာလားဆိုတဲ့ မေးခွန်းတွေပေါ်လာနိုင် ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း အဲဒီလို စိုးရိမ်မှုတွေရှိတဲ့အတွက် ကိုမင်းကိုနိုင်လို အထင်ကရ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတောင် “ တိုက်ပွဲများကို အကြောင်းပြကာ ရွေးကောက်ပွဲအား လိုသလို ပုံသွင်းမည်ကို စိုးရိမ်” လို့ ပြောခဲ့ဖူးတယ်။ (ပုံ ၄)

ဒါ့ကြောင့် နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်ရာဒေသခံ မဲဆန္ဒရှင်တွေ သံသယကင်းအောင် မရှင်းပြနိုင်ရင် နောင်မှာ ဦးလှသိန်းကော်မရှင်ကို “ ပလက်၀ ကော်မရှင်” လို့ နာမည်တွင်သွားမှာ စိုးရိမ် မိပါတယ်။

မှတ်မှတ်သားသား ထိုစကား (၄)

“နောင်တက်လာမည့် သမ္မတ အသစ်သည် ရုပ်သေးသမ္မတ မဟုတ်

ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်များကို ခွဲဝေယူမည့် သမ္မတ ဟု ဆို ”

မုံရွာအောင်ရှင် ( ၂၀၁၈)

အပြော နဲ့ အလုပ် ညီ၊ မညီ မဲဆန္ဒရှင်ပြည်သူများပဲ သုံးသပ်ကြပါတော့

နိုင်ငံဝန်ထမ်းများနဲ့ ဒေါက်တာအောင်မျိုး

ဝန်ထမ်းတွေကို သတင်းပေးမလုပ်ဖို့ တစ်ဖက်သတ် သတိပေးခံရတဲ့အခါ ( ပုံ ၁ နဲ့ ၂ )

ဝန်ထမ်းတွေကို အောက်ခြေက ခွေးတွေ လို့ အပြောခံရတဲ့အခါ ( ပုံ ၃ )

ဝန်ထမ်းတွေကြောင့် အစိုးရ ကို လူထု အကြည်ညိုပျက်တာ လို့ အပြစ်တင်ခံရတဲ့အခါ ( ပုံ ၄ နဲ့ ၅)

ဝန်ထမ်းတွေက ဝတ်ကြီး ဝတ်ငယ်ပြုစုရတဲ့ ခေတ် မကုန်သေးတဲ့အခါ ( ပုံ ၅)

ဝန်ထမ်းတွေဘက်က ရဲရဲရင့်ရင့် ရပ်တည်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်တော့ ရှိဖို့လိုတယ်။

ဇမ္ဗူသီရိ မြို့နယ်က ဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ ဒေါက်တာအောင်မျိုးကို ရွေးချယ်ခြင်းဖြင့် တစ်နိုင်ငံလုံးက ဝန်ထမ်းတွေအတွက် အကျိုးဆောင်ပေးကြပါ။

ဒေါက်တာအောင်မျိုးကို တစ်သီးပုဂ္ဂလ အဖြစ်သဘောမထားပါနဲ့။ ဝန်ထမ်းကိုယ်စားလှယ်လို့ သဘောထားကြပါ။

( မှတ်ချက်။ ကိုဗစ်ကြောင့် နေပြည်တော်ကို သွားပြီး လူကိုယ်တိုင်မဲမဆွယ်ပေးနိုင်လို့ ဖေ့စ်ဘွတ်ကနေ မဲဆွယ် ပေးပါသည်။ )

စကားပြောသော ဓာတ်ပုံများ

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုဗစ် ကူးစက်မှု ကာကွယ်ရေး အစီအစဉ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ဟောင်း ဦးသိန်းစိန် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးလုံး ကြိုတင်မဲ ပေးရတော့မယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ သွားပြီး မဲပေးခွင့်ရမှာမဟုတ်ဘူး။

ဒ့ါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦး မဲပေးခဲ့ပုံတွေကို အမှတ်တရ ပြန်တင်ပေးလိုက် ပါတယ်။

( ၂၀၁၅ ခုနှစ်ထဲက သိမ်းဆည်းထားတဲ့ပုံတွေဖြစ်နေလို့ မူရင်းသတင်းဌာနကို မသိတော့တဲ့ အတွက် ခရက်ဒစ်မပေးနိုင်တာခွင့်လွှတ်ပါ။ )

မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၁- ၂၀၁၅ ရုပ်သံမှတ်တမ်း လေးပါ။

၂၀၂၀ မှာ အခြေအနေတွေ ပိုကောင်းနေပြီလား

Credit MRTV

မဲမပေးခင် စဉ်းစားဖို့ (၁၂)

စီးပွားရေး

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေးအခြေအနေ၊ အလုပ် အကိုင်အခွင့်အလမ်းရရှိမှု ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။ စဉ်းစားကြည့်ပါ။

အစိုးရရဲ့ စီးပွားရေး စွမ်းဆောင်မှုကို ဘယ်လို တိုင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု လို ပြောခဲ့ဖူးတယ်။ ( ပုံ ၁ နှင့် ၂ )

“ ပြည်သူလူထု စားဝတ်နေရေးမြင့်တက်ခြင်းမရှိခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း”

“ တိုးတက်မှုဆိုတာ ဘာနဲ့တိုင်းမလဲ ဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေပေါ့”

“ အခု ADB ကနေပြီးတော့ ၆.၄% ရှိတယ်ဆိုတာလည်း တစ်ချို့ပညာရှင်တွေက မေးခွန်းထုတ် ကြတယ်။ xx ပညာရှင်တွေပြောတာထားလိုက်၊ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင် သိတာပဲ။ ဘယ်လောက်အထိ သူတို့ရဲ့ လူနေမှုအဆင့်အတန်း ပြောင်းလဲ လာတယ်။ ပြောင်းလဲမလာဘူးဆိုတာ။”

အစိုးရ တစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကို ပြဖို့ဆိုတာ ငါးနှစ်ဆိုတဲ့အချိန်ကများတောင်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကတောင် သုံးနှစ်ဆိုရင်လုံလောက်ပြီလို့ ပြောခဲ့ဖူးတယ်။ ( ပုံ ၃)

“ သုံးနှစ်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ဖို့ အချိန် နည်းလွန်းတယ်လို့ မဆိုနိုင်ပါ။ တိုးတက်မှုဆိုတာကလည်း ပြည်သူတွေရဲ့ ဘ၀ တိုးတက်မှုနဲ့ပြရမှာပါ။”

စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အတွက်
• အခြေခံဥပဒေ ပြင်ဖို့ မလို။
• ၂၅% ထောက်ခံဖို့မလို။
• အစိုးရ နဲ့ လွှတ်တော်အရည်အချင်းရှိဖို့ပဲ လိုပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေး၊ အလုပ် အကိုင်အခွင့်အလမ်း ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။

သတင်းစာထဲက ၊ ရွေးကောက်ပွဲ ပိုစတာတွေထဲက ကိန်းဂဏန်းတွေကို မေ့လိုက်ပါ။
သင့် လက်တွေ့ ဘ၀ အခြေအနေနဲ့ မှတ်ကျောက်တင်ကြည့်ြ့ပီးမှ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ပါ။