ဦးတင်အေး နဲ့ ဦးလှသိန်း (၈)

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်များ

ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထေင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီစာရင်းမှာမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်( မြို့နယ်) ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ဆိုပြီးခွဲ ခြား ထားတယ်။

မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမလုပ်နိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးနိုင်တော့ဘူးပေါ့။ ကျေးရွာအုပ်စု တစ်ချို့မှာ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ မဲပေးပြီး သက်ဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးလို့ရတယ်။

အခု ဦးလှသိန်း ကော်မရှင်က ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်း နဲ့ ဦးတင် အေးကော်မရှင်က ၂၀၁၅ မှာကြေညာခဲ့တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်းကို နှိုင်းယှဉ် လေ့လာတဲ့အခါ အခုလိုတွေ့တယ်။

၂၀၁၅ ရွေးကောက်ပွဲ

၁။ ကချင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၁ အုပ်စု။

၂။ ကရင် မြို့နယ် ၇ မြို့နယ် မှ ကျေးရွာအုပ်စု ၉ ၄ အုပ်စု။

၃။ ပဲခူး မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၁ အုပ်စု။

၄။ မွန် မြို့နယ် ၁ မြို့နယ် မှ ကျေးရွာအုပ်စု ၁ အုပ်စု။

၅။ ရှမ်း လုံးဝမကျင်းပနိုင်သည့် မြို့နယ် ၇ မြို့နယ်။ မြို့ ၁၀ မြို့နယ်မှ ကျေးရွာအုပ်စု ၁၀၆ အုပ်စု။

စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၇ ခုရှိတယ်။ မြို့နယ်အသီးသီး မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ချန်ထားခဲ့ရတဲ့ ကျေးရွာအုပ်စု ၄၅၃ အုပ်စုရှိတယ်။

၂၀၂၀ ရွေးကောက်ပွဲ

၁။ ကချင် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉ ၂ အုပ်စု။

၂။ ကရင် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု။

၃။ ပဲခူး ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု။

၄။ မွန် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု။

၅။ ရခိုင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၉ မြို့နယ် ။ မြို့နယ် ၄ မြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု။

၆။ ရှမ်း လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ၆ မြို့နယ်။ ၁၇ မြို့နယ်မှ ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စု

စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၁၅ ခုရှိတယ်။ မြို့နယ်အသီးသီး မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ချန်ထားခဲ့ရတဲ့ ကျေးရွာအုပ်စု ၅၅၈ အုပ်စု နဲ့ ရပ်ကွက် ၂၃ ရပ်ကွက် ရှိ တယ်။

တွေ့ရှိချက်

၂၀၁၅ နဲ့ ၂၀၂၀ နှိုင်းယှဉ်တဲ့ အခါ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုလျော့သွားတယ်။ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ် တစ်မြို့နယ်လျော့သွားတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ် ကိုးမြို့နယ်တိုးလာတယ်။ အလားတူပဲ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေ သိ သိ သာသာတိုးလာတယ်။

သုံးသပ်ချက်

ဦးလှသိန်းကော်မရှင်ရဲ့ စာရင်းနဲ့ပတ်သက်ပြီး ပထမဆုံးပေါ်လာတဲ့ မေးခွန်းက ပွင့်လင်းမြင် သာမှုပဲ။ ဦးတင်အေးကော်မရှင်လက်ထက်မှာ သက်ဆိုင်ရာပါတီတွေ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်၊ ကျေးရွာအုပ်စု စာရင်းနဲ့ပတ်သက်ပြီး ဝေဖန်ကန့်ကွက်မှုတွေ မရှိ သလောက်ဖြစ်ခဲ့တယ်။

အခု ဦးလှသိန်းကော်မရှင် လက်ထက်မှာ အဲဒီလို ဆွေးနွေးမှုသတင်းတွေမတွေ့ရ သလောက်ပဲ။ ထွက်လာတဲ့ စာရင်းကလည်း အငြင်းပွားစရာအတော်များတယ်။

ဥပမာ အားဖြင့် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး မြို့နေလူထုတောင် ရိက္ခာပြတ်မလို ဖြစ် နေတဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်ကိုတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ပလက်၀ လောက် တိုက်ပွဲပြင်းထန်မှုမရှိတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တစ်ချို့ကိုတော့ ရွေးကောက်ပွဲမကျင်းပနိုင် ဘူးလို့ ဆုံးဖြတ်တာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်။

ဒီလိုပဲ ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီအနိုင်ရခဲ့တဲ့ တောင်ကုတ် မြို့နယ်မှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံထားရတောင် ရွေးကောက်ပွဲဆက်လက်ကျင်းပဖို့ ဆုံးဖြတ် ခဲ့ ပေမယ့် ၂၀၁၅ မှာ ရခိုင်အမျိုးသားပါတီနိုင်ခဲ့ပြီး အခုလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း တွေ စည်းရုံးရေးဆင်းနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ဆုံးဖြတ်ခဲ့တာ ဟာလည်း အငြင်းပွားစရာဖြစ်နေပါတယ်။

ဒါ့အပြင် ကျွန်တော်လေ့လာတွေ့ရှိတဲ့ စာရင်းအရဆိုရင် တောင်ကုတ်မြို့နယ်မှာ ရပ်ကွက် ၁၄ ခု နဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စုရှိတယ်။ အဲဒီအထဲက ရပ်ကွက် ၁၀ ခု နဲ့ ကျေးရွာ အုပ်စု ၅၂ စုကို ရွေးကောက်ပွဲမလုပ်ဘူး၊ ရပ်ကွက်လေးခုက မဲဆန္ဒရှင်တွေနဲ့ပဲ ရွေးကောက်ပွဲလုပ်ပြီး လွှတ် တော်ကိုယ်စားလှယ်လောင်းရွေးမယ်ဆိုတော့ တရားမ ျှတသလား၊မမ ျှတဘူးလားဆိုတာ စဉ်းစား ကြည့်လို့ရပါတယ်။

ရှမ်းပြည်နယ်မှာလည်း ၂၀၁၅ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ မိုင်းကိုင် မြို့နယ်ကို ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာဟာ ဘယ်အချက်အလက်တွေကို အခြေခံသလဲဆိုပြီး ဝေဖန်မှုတွေရှိနေတယ်။

တကယ်လို့ ရခိုင်နဲ့ ရှမ်းပြည်နယ်က ၂၀၁၅ မှာ ရွေးကောက်ပွဲကျင်းပနိုင်ပေမယ့် ၂၀၂၀ မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ သတ်မှတ်ခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု တွေရဲ့ မဲရုံ တွေမှာ ၂၀၁၅ ခုနှစ်က ဘယ်ပါတီနိုင်ခဲ့သလဲ ဆိုတာ မဲရလဒ် စာရင်းနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် နောက်ထပ် မေးခွန်းတွေအများကြီးပေါ်လာနိုင်တယ်

အခု ဦးလှသိန်းကော်မရှင် စာရင်းအရဆိုရင် အထိအနာဆုံးက ရခိုင်အမျိုးသားပါတီပဲ။ ရခိုင် ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ နိုင်ခဲ့ တဲ့ ကိုးမြို့နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘူး။ ရွေးကောက်ပွဲ လုပ်မယ့် ရှစ်မြို့နယ်မှာ ဂွ၊ တောင် ကုတ်၊ သံတွဲ နဲ့ မာန်အောင်မြို့နယ်တွေက ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ နိုင်ခဲ့ တဲ့ မြို့နယ်တွေ။ ဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ထဲမှာ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်မယ့် အခွင့်အရေး မရှိသလောက်ဖြစ်သွားပြီ။ ၂၀၁၅ ရွေး ကောက်ပွဲမှာလို ပြည်နယ်လွှတ်တော်မှာ အများစုရဖို့ မဖြစ်နိုင်တော့ဘူး။

ဒုတိယအထိနာတာကတော့ တိုင်းရင်းသားပါတီတွေအားလုံးပဲ။ သမ္မတရွေးချယ်ရေးအတွက် အရေးပါတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ၂၀၇ မဲမှာ ပြည်သူ့ လွှတ်တော် ၁၅ နေရာနဲ့ အမျိုးသားလွှတ်တော် (ခန့်မှန်း) ၇ နေရာ ဆုံးရှုံးမယ်။ ၁၈၅ နေရာ ပဲကျန်တော့တယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေက အစဉ် အလာ အရ တိုင်းရင်းသားပါတီတွေအားကောင်းခဲ့တဲ့နေရာဆိုရင် အဲဒီမဲဆန္ဒနယ်တွေမှာ အင်န်အယ်လ် ဒီ နဲ့ ပြည်ခိုင်ဖြိုး က အနိုင်ရသွားနိုင်တဲ့အခြေအနေလည်းရှိနေသေးတယ်။ ဒါ့ကြောင့် ပြည်ထောင်စု အဆင့်မှာ တိုင်းရင်းသားတွေရဲ့ အားအတော်လေ ျှာ့သွားမယ့်အနေအထားဖြစ်နေပါတယ်။

ဘာဖြစ်မလဲ

ဥပဒေအရတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက် ချက် တွေက အပြီးအပြတ် အတည်ပဲ။ သမ္မတ ကိုလည်း အယူခံတင်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဦးတိုက်လေ ျှာက်လို့လည်းမရဘူး။ ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ အလားအလာအလွန်နည်းပါတယ်။

ဒီတော့ ဦးလှသိန်းကော်မရှင်အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင် မယ့် အခြေအနေရှိမရှိ၊ ဘယ်သတင်းအချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ခဲ့သလဲ။ ဘယ် အဖွဲ့ အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့သလဲ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း သတင်း ထုတ်ပြန်ပေး သင့်တယ်။ ကော်မရှင်အနေနဲ့ ဘက်မလိုက်ပဲ မ ျှမ ျှတတ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရော၊ ဒေသခံ မဲဆန္ဒရှင်ပြည်သူတွေကပါ လက်ခံအောင်ရှင်းပြနိုင်ရပါမယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား တွေကို အလေးထား ရှင်းပြသင့်တယ်။

အဲဒီလို မရှင်းပြနိုင်ဘူးဆိုရင်တော့ ၂၀၂၀ အလွန်ရခိုင်ပြည်နယ်မှာ နိုင်သူလည်းမပျော်နိုင်၊ ရှုံးသူလည်း တောက်ခေါက်လို့မဆုံးနိုင်ဖြစ်နေမှာပဲ။ နိုင်ငံရေးဘောင် ကျဉ်း ရင် စစ်ဘောင် ကျယ်တယ်ဆိုတဲ့ စကားက အလကားပေါ်လာတာတော့မဟုတ်ဘူး။

မှတ်မှတ်သားသား ထိုစကား (၂)

အောက်တိုဘာလ ၁၅ ရက်နေ့ဟာ NCA လို့ လူသိများတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement လက်မှတ် ရေးထိုး တာ ငါးနှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ NCA ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ပြောကြတဲ့ မိန့်ခွန်းတွေကို နားထောင်ရင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NCA အပေါ် သုံးသပ်ပြောဆိုချက်တွေကို ပြန်သတိရမိတယ်။

“ အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး” ( RFA သတင်း။ ပုံ ၁ )

“ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့ တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။” ( ပထမအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၀၁၆။ ပုံ ၂ )

“ အခုလို NCA စာချုပ် လက်မှတ်ရေးထိုးမှု ငါးနှစ် ပြည့်ကာလမှာ အချိန်ကာလနဲ့ ပတ်သက်ပြီး စဉ်းစားဆင်ခြင်မိတာတစ်ခုရှိပါတယ်။ ဒါကတော့ အချိန်ကြာမြင့်အောင်လုပ်ဆောင်ခြင်း၊ အချိန် ဆွဲခြင်း ဆိုတာပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ် သလို မျိုး လုပ်ရာရောက်နိုင်တယ်လို့တောင် မြင်မိပါတယ်။ ” ( NCA ငါးနှစ်မြောက် နှစ်ပတ်လည် မိန့်ခွန်း ၂၀၂၀။ ပုံ ၃ )

ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့တဲ့ NCA မှာပါတဲ့ အချက် အလက်တွေ၊ သဘောတူညီချက်တွေ တစ်ခုမှ အပြောင်းအလဲမရှိဘူး။

သူတို့ လုပ်တဲ့ NCA နဲ့ ငါတို့ လက်ထက် NCA လို့ အမြင်ပြောင်းသွားတာမျိုးပဲရှိနိုင်ပါတယ်။

မဲမပေးခင် စဉ်းစားဖို့ (၇)

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ

ကျွန်တော်တို့ အများစုက ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုပဲ မျက်စိထဲမှာမြင်ကြတယ်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို စိတ်ဝင်စားမှု အားနည်းကြတယ်။

တကယ်တော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က သမ္မတကို ရွေးချယ်တယ်၊ ပြည် ထောင်စုတစ်ခုလုံး နဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတဲ့အတွက် အရေးကြီးတာမှန်တယ်။ ဒါ ပေမယ့် တိုင်း/ ပြည်နယ် လွှတ်တော်ဆိုတာကလည်း ရပ်ကွက်/ကျေးရွာ အုပ်ကြီး တွေကနေ တိုင်း/ ပြည်နယ်အစိုးရအထိ စောင့်ကြည့်ထိန်းကျောင်းပေးလို့ရတဲ့အတွက် အလေးထား သင့်တယ်။

အခြေခံဥပဒေ

၁၉ ၄၇ ခုနှစ်အခြေခံဥပဒေ ကျင့်သုံးတဲ့ ၁၉ ၄၈- ၁၉ ၆၂ ခုနှစ် ကာလက တိုင်းတွေကို ပြည်ထောင် စု အစိုးရက တိုက်ရိုက်အုပ်ချုပ်တယ်။ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော် ရှိတယ်။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ်/ ပြည်နယ်လွှတ်တော်လို့ မခေါ်ဘူး ၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ နဲ့ ပြည်နယ်ကောင်စီလို့ပဲ ခေါ်တယ်။

သူတို့ကို သီးခြား ရွေးချယ်တာလည်းမဟုတ်ဘူး။ ပြည်ထောင်စုပါလီမန်မှာ ပြည်သူ့ လွှတ်တော်နဲ့ လူမျိုး စုလွှတ်တော်ဆိုပြီး နှစ်ခုရှိတယ်။ သက်ဆိုင်ရာပြည်နယ်ကနေ ပြည်သူ့ လွှတ်တော်နဲ့ လူမျိုး စု လွှတ်တော်အတွက်ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလိုလို သက်ဆိုင်ရာ ပြည်နယ်ကောင်စီဝင်ဖြစ်လာတယ်။

( ပြည်ထောင်စု) ဝန်ကြီးချုပ်က ပြည်နယ်ကောင်စီ ဥက္ကဋ္ဌကို သက်ဆိုင်ရာ ပြည်နယ်ကောင်စီနဲ့ ညှိပြီးရွေးတယ်။ ပြည်နယ် ကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရမှာ သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီး ( ဥပမာ ရှမ်းပြည် နယ် ဝန်ကြီး) အဖြစ်တာဝန်ယူရတယ်။ ပြည်နယ်ကိုလည်း အုပ်ချုပ် ရတယ်။ ( ပြည်နယ်တစ်ခုနဲ့တစ်ခု အသေးစိတ်အချက်တွေမှာ နည်း နည်းကွဲလွဲတာရှိတယ်။ ဆောင်းပါးနဲ့မဆိုင်လို့အသေးစိတ်မရေးတော့ပါ)

ပြည်နယ်ကောင်စီမှာ ဥပဒေပြုခွင့်အာဏာရှိတယ်။ ပြည်နယ်ကောင်စီက ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥပဒေ တွေကို အခြေခံဥပဒေမှာနောက်ဆက်တွဲဇယားနဲ့ဖော်ပြပေးတယ်။

၁၉ ၇၄ ခုနှစ် အခြေခံဥပဒေကို ကျင့်သုံးတဲ့ ၁၉ ၇၄ – ၁၉ ၈၈ ခုနှစ်ကာလမှာတော့ တိုင်း နဲ့ ပြည် နယ်တွေမှာတိုင်း/ ပြည်နယ်ကောင်စီတွေကို ဒေသခံပြည်သူတွေက တိုက်ရိုက်ရွေးချယ်တင်မြှောက် တယ်။ တိုင်း/ ပြည်နယ်ကောင်စီဝင်တွေက သူတို့ထဲကနေ တိုင်း/ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ကို ပြန်ရွေးတယ်။

ဒါပေမယ့် တိုင်း/ပြည်နယ်ကောင်စီတွေမှာ ဥပဒေပြုခွင့်အာဏာပေးမထားဘူး။ ဗဟိုမှာ ရှိတဲ့ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ ဥပဒေတွေနဲ့အညီ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ စီမံကိန်း၊ စည်ပင်၊ လမ်းပန်းဆက်သွယ်ရေး၊ ဘတ်ဂျက်၊ ဒေသဆိုင်ရာ ဝန်ထမ်း ရေးရာ စတာတွေကို စီမံခန့်ခွဲရတယ်။ အုပ်ချုပ်ရေးအာဏာ ပဲရှိတယ်။ ဥပဒေပြုရေးအာဏာမရှိဘူး။

၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာတော့ တိုင်း/ပြည်နယ်တွေမှာ ဒေသခံပြည်သူတွေက တိုက်ရိုက် ရွေးချယ်တဲ့ လွှတ်တော်တွေရှိလာတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်နဲ့ တိုင်း/ ပြည်နယ် အစိုးရ ကို သမ္မတ က ခန့်အပ်တယ်။ သမ္မတ က လွှတ်တော်ကိုယ်စားလှယ်တွေထဲက သင့်တော်သူ တစ်ယောက်ကို ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးဖို့ တိုင်း/ပြည်နယ်လွှတ်တော်ကို အဆိုပြု ရတယ်။ လွှတ်တော်က ပုဒ်မ ၂၆၁ (က) ပါ အရည်အချင်းတွေနဲ့ မကိုက်ညီကြောင်း သက်သေ မပြနိုင် ရင် သမ္မတ အဆိုပြုတဲ့သူကို ငြင်းလို့မရဘူး။ ဝန်ကြီးချုပ်က တိုင်း/ပြည်နယ် အစိုးရ ဝန်ကြီးခန့်အပ်သင့်သူတွေကို လွှတ်တော်ရဲ့ အတည်ပြုချက် နဲ့ တာဝန်ပေးတယ်။

တိုင်း/ပြည်နယ်လွှတ်တော်တွေက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ခန့်ဖို့ အာဏာမရှိဘူး။ ဒါပေမယ့် ခန့်ပြီးတဲ့အခါ သူတို့လုပ်ဆောင်ချက်ကို စောင့်ကြည့်ထိန်းကျောင်းခွင့်ရှိတယ်။ တိုင်း/ပြည် နယ်လွှတ်တော်တွေမှာ ဥပဒေပြုခွင့်အာဏာရှိတဲ့အတွက် ဝန်ကြီးချုပ် နဲ့ အစိုး ရ အဖွဲ့ အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလို့ရတယ်။ အစိုးရ ဘတ်ဂျက်နဲ့ စီမံကိန်းတွေက လွှတ်တော်အတည်ပြုမှ ဆောင်ရွက်လို့ရတယ်။ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ဥပဒေကပေးအပ်ထားတဲ့ တာဝန် ကို ကျေပွန်အောင်မဆောင်ရွက်နိုင်ရင် စွပ်စွဲပြစ်တင်ပြီး ရာထူး က ဖယ်ရှားလို့ရတယ်။

ဒါ့ကြောင့် တိုင်း/ပြည်နယ် လွှတ်တော်တွေဟာ ၁၉ ၄၇ နဲ့ ၁၉ ၇၄ ဥပဒေတွေ ထက်ပိုပြီး လုပ်ပိုင်ခွင့်ရတယ်။ ဒါဟာ ၂၀၀၈ အခြေခံ ဥပဒေဟာ ပြီးပြည့်စုံပြီ လို့ ပြောတာမဟုတ်ဘူး။ လက်ရှိအခြေအနေမှာကို လုပ်နိုင်ခွင့် ရှိနေတဲ့အခြေအနေကို ထင်ဟပ် ဆွေး နွေးတာ သာဖြစ်တယ်။

လက်တွေ့အခြေအနေ

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေက ပေါ်ထွက်လာတဲ့ တိုင်း/ ပြည်နယ် လွှတ်တော်တွေဟာ သူတို့ အလုပ်ကို ပီပြင်အောင်မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်ရတာဟာ အောက်ပါ အချက်တွေကြောင့်ဖြစ်တယ်။

၁။ နိုင်ငံရေးပါတီတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုပဲ ဦးစားပေးတဲ့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အတွေ့အကြုံရှိသူ၊ နိုင် ငံရေးရင့်ကျက်သူတွေနည်းတယ်။

၂။ ပါတီတစ်ခုတည်းက အများစုရှိနေတဲ့ လွှတ်တော်တွေမှာ ဝန်ကြီးချုပ်တွေက ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်နေတဲ့အတွက် ဝန်ကြီးချုပ် နဲ့ အစိုးရကို ထောက်ပြဝေဖန်မှုတွေကို လက် မခံဘူး။ ဝေဖန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီစည်းကမ်းအရ အရေးယူတဲ့အထိ လုပ်ဆောင်မှုတွေရှိတဲ့အတွက် လွှတ်တော်အသက်မဝင်ဘူး။

ဒီလိုအခြေအနေအတွက် အကောင်းဆုံးသက်သေကတော့ အကောင်အထည် မပေါ်တဲ့ ကတိ တွေ၊ စီမံခန့်ခွဲမှု အလွဲအမှားတွေ အများကြီးကြုံခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းခေါင်းဆောင် တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆက်ဆံရေးပဲ။ ပြီးခဲ့တဲ့ ငါးနှစ် အတွင်း တိုင်းအစိုးရ နဲ့ လွှတ်တော် ဆက်ဆံရေးက အပြန်အလှန်ထိန်းကျောင်းတဲ့ ဆက်ဆံရေး မဟုတ်ခဲ့ဘူး၊အထက်အောက် ဆက်ဆံရေးဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့မရဘူး။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးကို လူတစ်ယောက် တည်း သဘောနဲ့ အုပ်ချုပ်ရင်တော့ ဘယ်လောက်ပဲ စေတနာကောင်းကောင်း အမှားကင်းမှာ မဟုတ်ဘူး။ အဲဒီအမှားကို ထောက်ပြမယ့် လွှတ်တော်က အသက်မဝင်ဘူး ဆို ရင် ပိုဆိုးပြီပေါ့။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP) ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တွေကို လေ့လာသုံးသပ်ချက်အစီရင်ခံစာ (၂၀၁၉ ) မှာ လွှတ်တော်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကြား အပြန်အလှန်ထိန်းကျောင်းမှုကောင်းမွန်ရေးအတွက် အကြံပြုချက်တွေအများကြီး ပါတယ်။ ဒါတောင်မှ အဲဒီအစီရင်ခံစာက မန္တလေး၊ မွန် ၊ ရှမ်း နဲ့ တနင်္သာရီ လွှတ်တော်တွေကို ပဲ လေ့လာသုံးသပ်ထားတာဖြစ်ပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့ UNDP အနေနဲ့ ရန်ကုန် တိုင်း ဒေသကြီးလွှတ်တော်ကို ဘာ့ကြောင့်လေ့လာသုံးသပ်မှု မလုပ်သလဲဆိုတာလည်း စိတ်ဝင်စား ဖို့ ကောင်းတယ်။

(အစီရင်ခံစာအသေးစိတ်ကို https://www.mm.undp.org/content/myanmar/en/home/library/democratic_governance/situation-analysis-of-myanmar-s-region-and-state-hluttaws.html မှာလေ့လာနိုင်ပါတယ်။ )

ဘာလုပ်မလဲ

ဘာလုပ်ကြမလဲဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် တွေ ထဲကို တကယ်အလုပ်လုပ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရောက်အောင် ရွေးချယ် ဖို့ပါပဲ။

တိုင်း/ ပြည်နယ်လွှတ်တော်တွေဟာ သမ္မတရွေးတာ၊ အခြေခံဥပဒေ ပြင်တာ တွေ နဲ့ မဆိုင်ဘူး၊ ကိုယ့်ဒေသအရေးကိုပဲ တာဝန်ယူရတာ ဖြစ်တဲ့အတွက် ပါတီတံဆိပ်ထက် လူကို ကြည့် ရွေးသင့်တယ်။ နောက်ပြီး တိုင်း/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တွေက သက်ဆိုင်ရာဒေသမှာပဲ နေထိုင်သူတွေဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအကြောင်း ကိုလည်း မဲဆန္ဒရှင်တွေက ပိုသိနိုင်တယ်။ လွှတ်တော်အတွင်း လုပ်ဆောင်ချက်တွေကိုလည်း အနီးကပ်စောင့်ကြည့်နိုင်တယ်။ ပြောနိုင်တယ်။ လူထုက တိုင်း/ပြည်နယ်လွှတ်တော်တွေကို ဂရုစိုက်မှန်းသိလာရင် နောင် လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတွေက အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်လောင်းတွေပိုရွေးလာလိမ့်မယ်။

ပြန်ချုပ်လိုက်ရင်တော့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရွေးတဲ့ အခါ လူကြည့်ရွေးဖို့ပါပဲ။

မဲမပေးခင် စဉ်းစားဖို့ (၆)

မဲမပေးခင် စဉ်းစားဖို့ (၆)

ဒေါက်တာ အောင်မျိုး

ဒေါက်တာအောင်မျိုး၊ တစ်သီးပုဂ္ဂလ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော် ဟာလည်း ကျွန်တော်ထောက်ခံတဲ့ လွှတ်တော်ကိုု်ယ်စားလှယ်လောင်း တစ်ယောက်ပဲ။ ကျွန်တော်သာ နေပြည်တော်မှာ ရှိနေမယ်ဆိုရင် သူ့အတွက် ကိုယ်တိုင် နယ်မြေ ဆင်းပြီး မဲဆွယ်ပေးမိမှာပဲ။

ကိုအောင်မျိုး ကို ဇမ္ဗူသီရိမြို့နယ်က အရွေးခံရစေချင်တဲ့အဓိက အကြောင်းအရင်းကတော့ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှာ နေထိုင်နေတဲ့ နိုင်ငံဝန်ထမ်းတွေအတွက်သာမက တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံ ဝန်ထမ်းအားလုံးအတွက်ပါ ကိုယ်စားပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ဖြစ် ပါတယ်။

တပ်မတော်အရာရှိဘဝကနေ နယ်ဘက်ရာထူးကို ကူးပြောင်းရတဲ့သူတွေထဲမှာ ကိုအောင်မျိုး ဟာ ထူးခြားသူတစ်ယောက်ပဲ။

သူက မန္တလေးတက္ကသိုလ်မှာ သမိုင်းဘာသာ အဓိက နဲ့ ၁၉ ၇၆ – ၁၉ ၇၈ အထိ ပညာဆည်းပူးခဲ့ တယ်။ ဘွဲ့ရပြီးတော့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၆၁ တက်တယ်။ ၁၉ ၈၁ ခုနှစ်မှာ ကျောင်းဆင်းတယ်။ အပတ်စဉ် ၆၀/၆၁ သင်တန်းဆင်းအရာရှိအများစုက ၁၉ ၇၅ ခုနှစ် ဆယ်တန်း အောင်သူတွေများတယ်။ ကျွန်တော်လည်း ၁၉ ၇၅ ဆယ်တန်းအောင်ပြီး RASU မှာ ဒုတိယနှစ် အထိ တက်ခဲ့၊ တက္ကသိုလ်အရန်တပ်ရင်းUTC တက်ခဲ့တော့ ဗလ ၆၀/ ၆၁ မှာ သူငယ်ချင်းတွေများတယ်။

ဒီတော့ ကိုအောင်မျိုး နဲ့ လူချင်းမဆုံဘူးပေမယ့် သူ့အကြောင်းကြားဖူးနေတယ်။ သူနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ကြားဖူးတာကတော့ ကျောင်းသား ဘဝမှာ လမ်းစဉ်လူငယ်ဝင်ဖို့ စည်းရုံးခံရတဲ့အချိန်မှာ မယုံကြည်လို့ မဝင်ဘူးဆိုပြီး ငြင်းခဲ့ရတာရယ်၊ ဗိုလ် လောင်းဘဝမှာရော၊ အရာရှိငယ်ဘဝမှာပါ သူမှန်တယ်ထင်တဲ့အတိုင်းလုပ်လို့ ပြဿနာတက်တဲ့ အကြောင်းတွေပဲ။ သူလည်း သူ့အပတ်စဉ်မှာ သူမှန်တယ်ထင်ရင် မလေ ျှာ့တဲ့ သူ ၊ ဘုဂလန့်၊ ဂွကျတယ်လို့ အထင်ခံရ သူတွေထဲမှာ ပါတယ်။

၁၉ ၉ ၉ ခုနှစ် ကျွန်တော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ခုမှာ တပ်ရင်းမှူးတာဝန် ထမ်းဆောင်တော့မှ ကိုအောင်မျိုးကို လူချင်းတွေ့ဖူးတယ်။ အဲဒီအချိန်မှာ သူက မန္တလေးအခြေစိုက်သင်တန်းကျောင်းမှာ ဒုတပ်မှူး၊ ဗိုလ်မှူးအဆင့်။ တပ်ရင်းမှူးဖြစ်ရမယ့်အချိန်မှာ အသက်လေးဆယ်ကျော်သွားလို့ ရာထူးတိုးမပေးတော့ဘဲ သင်တန်းကျောင်းပို့လိုက်တာ။

သာမန်အားဖြင့်တော့ ဗိုလ်မှူးဘဝနဲ့ လေ့ကျင့်ရေးဘက်ကို အပြီးပြောင်းသွားရင်တော့ ဒီဘ၀ ဒီမ ျှ သာပဲ။ ရာထူးတက်ဖို့ခက်သွားပြီပေါ့။ ရောက်သွားတဲ့အရာရှိတွေကလည်း ရောက်တဲ့နေရာမှာ ခေါင်းချမယ်ဆိုပြီး အေးအေးနေတာများတယ်။ ဒါပေမယ့် ကိုအောင်မျိုးက ဒီအတိုင်းမနေဘူး။ မန္တလေး တက္ကသိုလ်မှာ လုပ်ငန်းခွင်ကနေ မဟာဝိဇ္ဇာတန်းပြန်တက်တယ်။ မဟာဝိဇ္ဇာတန်းမှာ အဆင့် ကောင်းတဲ့အတွက် မဟာသုတေသန (Master of Research) (M.Res) ဘွဲ့အတွက် အရွေးခံရ တယ်။ မဟာသုတေသန ဆက်တက်တယ်။ ၂၀၀၂ ခုနှစ်မှာ မဟာသုတေသနဘွဲ့ ရတယ်။

ဒါပေမယ့် ကိုအောင်မျိုးက အဲဒီမှာရပ်မနေချင်သေးဘူး။ ပါရဂူဘွဲ့ဆက်တက်ချင်တယ်။ သူ့မဟာ သင်တန်းအဆင့်တွေအရလည်း တက်ခွင့်ရှိနေတယ်။ ဒါပေမယ့် အချိန်ကြာမှာဆိုတော့ ဒီအတိုင်းမရတော့ဘူး။ တိုင်းစစ်ဌာနချုပ်နဲ့ သူ့ အထက်ဌာနက တဆင့် သင်တန်းတက်ခွင့် အထက်အကြီးအကဲတွေဆီကို တင်ပြရတယ်။ အဲဒီမှာ စစ်ရုံးလူကြီးတွေက သူ့ ကိုယ်ရေးရာဇဝင် ကို ပြန်ကြည့်တယ်။ ဒုတိယဗိုလ်မှူးကြီးအဆင့်တိုးပေးဖို့ တပ်မမှူးနဲ့ စစ်ရာထူးခန့်ချုပ်တို့က ထောက်ခံပေမယ့် အသက်ကန့်သတ်ချက်ကြောင့် အပယ်ခံရပြီး သင်တန်းကျောင်းရောက်သွား တယ်၊ အဲဒီမှာ သူ့အစီအစဉ်နဲ့ သူ မဟာတန်းတွေဆက်တက်ခဲ့တယ်ဆိုတာတွေ့သွားတယ်။

အဲဒီမှာ ဒီလို ပညာရပ်ဆိုင်ရာတွေစိတ်ဝင်စားတဲ့၊ ကြိုးစားအားထုတ်တဲ့ သူကို အားပေး ရမယ် လို့ ဆုံးဖြတ်ပြီး ပါရဂူတန်းလည်းတက်ခွင့်ပေးတယ်၊ သူနဲ့ကိုက်ညီမယ့် ( အဲဒီအချိန်မှာ လစ်လပ်နေတဲ့ ) အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း ခန့်အပ် ခဲ့တယ်။ ၂၀၀၂ ခုနှစ် သူညွှန်ချုပ်ဖြစ်တော့ အသက် ၄၄ နှစ်၊ အသက်အငယ်ဆုံး ညွှန်ချုပ်ပဲ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ တပ်ရင်းမှူးတွေ မန္တလေးမှာ အစည်းအဝေးတက်တော့ တိုင်းမှူးက ကိုအောင်မျိုးဖြစ်စဉ် ကို ပြောပြပြီး ဘယ်နေရာရောက်ရောက် အားမလေ ျှာ့ပဲ ကြိုးစားဖို့ ဆုံးမခဲ့ တယ်။

ကိုအောင်မျိုးက ညွှန်ချုပ်ဘ၀ ၂၀၀၇ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က ပါရဂူဘွဲ့ရတယ်။ ဦးအောင် မျိုးကနေ ဒေါက်တာအောင်မျိုးဖြစ်တယ်။ ၂၀၁၅ ခုနှစ်ရောက်တော့ ကိုအောင်မျိုးက နိုင်ငံရေး လောက ထဲဝင်မယ်လို့ ဆုံးဖြတ်တယ်။ တကယ်တော့ သူ့အသက်က ၅၇ ခုနှစ်ပဲရှိသေးတယ်။ အမြဲတမ်းအတွင်းဝန်အတွက်လျာထားတဲ့အထဲမှာပါတယ်။ ဒါပေမယ့် ကိုအောင်မျိုးက သူ့ဆုံးဖြတ် ချက်ကို မပြင်ဘူး။ အမြဲတမ်းအတွင်းဝန်ရာထူးကို မယူပါဘူးလို့ စာရေးတင်တယ်။ အသက် ၆၀ မပြည့်တဲ့အတွက် ဆေးပင်စင်နဲ့ထွက်တယ်။ သူယုံကြည်တာကို သူဆက်လုပ်တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာ ဝင်ပြိုင်တယ်။ ရှုံးတယ်။ အဲဒီတုန်းက ကိုအောင်မျိုး ရှုံးခဲ့တဲ့ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ် က ဒေါက်တာကျော်ဝင်း ။ နောက်တော့ ဝန်ကြီး တာဝန်ပေးခံရမှ ဒေါက်တာ ဘွဲ့အတုဆိုတာပေါ်သွားလို့ ရှေ့က ဒေါက်တာဘွဲ့ ဖြုတ်လိုက် ရတဲ့၊ မြန်မာ့စီးပွားရေးက ဂျက်လေယာဉ်ပျံလို့ ပျံတက်တော့မယ်လို့ ပြောခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး ဟောင်း ဦးကျော်ဝင်းပေါ့။ ဒေါက်တာ အစစ်က ဒေါက်တာ အတုကို ရှုံးခဲ့တဲ့ပွဲလို့လည်း ပြော လို့ ရ သလို “ လူမကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေး လို့” မဲဆန္ဒရှင်တွေ ဂျင်းမိသွားတဲ့ ပွဲလို့လည်း ပြောနိုင်ပါတယ်။

ကိုအောင်မျိုးက ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) ကပဲ တစ်သီး ပုဂ္ဂလ အဖြစ် ဝင်ပြိုင်ပြန်တယ်။ ဒါလည်း ရှုံးတာပဲ။

၂၀၂၀ မှာတော့ ကိုအောင်မျိုးက “နိုင်ငံ့ဝန်ထမ်းများရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးရေး” ၊ “ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြုပြင်ရေး” ကြွေးကြော်သံ နဲ့ ဝန်ထမ်းအများစု နေထိုင်တဲ့ ဇမ္ဗူသီရိ မြို့ နယ် ကနေ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ ဆုံး ဖြတ်ခဲ့တယ်။

ကိုအောင်မျိုး ညွန်ချုပ်ဘ၀ တာဝန်ထမ်းဆောင်မှုကတော့ သူ့ဌာနက ဝန်ထမ်းတွေ အသိဆုံး၊ ကျန်တဲ့ ဌာနတွေကဝန်ထမ်းတွေလည်း ကြားဖူးသူတွေများတော့ မပြောတော့ဘူး။ ဒါပေမယ့် ဝန်ထမ်းတွေ အနေနဲ့ အောက်ပါ အချက်သုံး ချက်ကြောင့် ကိုအောင်မျိုးကို မဲပေးရွေးချယ်သင့် တယ်ဆိုတာတော့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။

၁။ အင်န်အယ်လ်ဒီအစိုးရလက်ထက် အစိုးရဌာနတွေမှာ အမှားအယွင်းတစ်ခုခု ဖြစ် တာနဲ့ ဝန်ထမ်းတွေအပေါ်ပဲ အပြစ်ပုံချခံရတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ တာဝန်ခံရမယ့် ဝန်ကြီး၊ ဒုဝန်ကြီးတွေက နှာစေးနေကြတယ်။ ဒ့ါကြောင့် လွှတ်တော်ထဲမှာ ဝန်ထမ်းတွေ နစ်နာ နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရကို မေးခွန်းမေးနိုင်တဲ့ ၊ အဆိုတင်ရဲတဲ့ ၊ ဥပဒေကြမ်း ရေး ဆွဲနိုင်အောင် အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိဖို့လိုတယ်။

၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူခံရတဲ့ဝန်ထမ်းတွေထဲမှာ အမှန်တကယ် ပြစ်မှုကျူးလွန်လို့အရေးယူခံရသူတွေရှိသလို အချုပ်ထဲမှာ အကြာကြီးနေပြီးမှ လုပ်ကြံတိုင် ကြားတာ ပေါ်လွင်လို့ ပြန်လွှတ်ပေးခံရတဲ့၊ ဆေးဝါးစက်ရုံက ဒေါက်တာအောင်ဇော် အမှု လို အကြောင်းကြောင်းကြောင့် ကြန့်ကြာနေတဲ့ ကိစ္စမျိုးတွေမှာ ဝန်ထမ်းတွေ ဘက် က ရပ်တည်ပေး မယ့် လွှတ်တော်ကိုယ်စားလှယ်ရှိဖို့လိုတယ်။

၃။ ဌာနတွင်း ရာထူးတိုးမြှင့်မှုတွေ၊ နေရာရွှေ့ပြောင်းမှုတွေ၊ စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်း အရေး ယူမှုတွေမှာ နစ်နာသွားတဲ့ ဝန်ထမ်းတွေကိုယ်စား လွှတ်တော်ထဲကနေ သက်ဆိုင်ရာ ဝန်ကြီးဌာန ကို မေးခွန်းမေးရဲတဲ့၊ မီဒီယာတွေက တဆင့်ဝေဖန်ထောက်ပြရဲတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှိဖို့ လိုတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နဲ့ပတ်သက်တဲ့ ကိစ္စ တွေမှာ ဝန်ထမ်းတွေဘက်က ရပ် တည်ပေးမယ့်သူရှိဖို့လိုတယ်။

ဇမ္ဗူသီရိမြို့နယ်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက စလို့ အင်န်အယ်လ်ဒီ ပါတီ က ပဲ နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ငါးနှစ်မှာ ဝန်ထမ်းနယ်မြေကို ကိုယ်စားပြုတဲ့ အဲဒီအန်အယ်လ်ဒီ ပါတီ လွှတ်တော် ကိုယ်စားလှယ်က တစ်နိုင်ငံလုံးက နိုင်ငံဝန်ထမ်း တွေအတွက် ဘာတွေ ရပ်တည်ပြောဆိုပေးခဲ့ လဲ။ ဇမ္ဗူသီရိ မြို့နယ်ထဲက ဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ ဝန်ထမ်းရေးရာ၊ လူမှုရေး၊ ပညာရေး၊ ဝန်ထမ်း အိမ်ယာတွေ ပျက်စီးချို့ယွင်းမှု၊ ဝန်ထမ်းများလုံခြုံရေး စတဲ့ ကိစ္စတွေအတွက် ဘာတွေ လုပ်ပေးဖူး လဲ။ ဘာတွေတောင်းဆိုပေးဖူးလဲ။ ဝန်ထမ်းတွေပြန်စဉ်းစားကြည့်ပါ။

ဇမ္ဗူသီရိ လွှတ်တော်ကိုယ်စားလှယ်သာမဟုတ်ဘူး ၊ နေပြည်တော်မှာရှိနေတဲ့ အင်န်အယ်လ်ဒီအစိုး ရ ခေါင်းဆောင်တွေတောင် ဝန်ထမ်း အိမ်ယာတွေနားက ကားကြီးတွေနဲ့ ဖြတ်သွားပေမယ့် ဝန်ထမ်းတွေ နေ့စဉ်ဘဝကို ဂရုစိုက်ဖို့မေ့နေကြတယ် မဟုတ်ဘူးလား။ အခု ရွေးကောက်ပွဲ နီးမှ သာ အိမ်ဆောက်ပေးမယ်၊ ငွေချေးမယ်၊ ကားရောင်းမယ်ဖြစ်လာကြတာမဟုတ်ဘူးလား။

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီ ဇမ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်ဟာ ကျွန်တော့်နောင်တော်ကြီးပါ။ သူ့မှာ နိုင်ငံတကာရေးရာနဲ့ပတ်သက် တဲ့ အတွေ့အကြုံကောင်းတွေ၊အရည်အချင်းကောင်းတွေရှိတယ်။ ဒါပေမယ့် ဝန်ထမ်းရေးရာနဲ့ ပတ်သက်ရင်တော့ ပါတီမူဝါဒ၊ ပါတီရဲ့ ဦးစားပေးအစီအစဉ်တွေကြောင့် ကိုအောင်မျိုး လောက် ထဲထဲ ဝင်ဝင် ၊ရဲရဲတင်းတင်း လုပ်နိုင်မှာမဟုတ်ဘူးလို့မြင်တယ်။ ကိုအောင်မျိုးသာ ဝင်မပြိုင်ရင်တော့ ဦးဝဏ္ဏ မောင်လွင်ကို ထောက်ခံမှာပါ။ အခုတော့ ခင်လည်း ခင်တယ်၊ အားလည်းနာတယ် ဒါပေမယ့် ကျွန်တော်ကတော့ ကို အောင်မျိုးပါပဲ။

ပြန်ချုပ်ရရင်တော့ ဒေါက်တာအောင်မျိုးကို ရွေးချယ်တာဟာ ဇမ္ဗူသီရိမြို့နယ်တစ်ခုတည်းကို ကိုယ်စားပြုမယ့် သူကို ရွေးတာမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းအားလုံးကို ကိုယ်စားပြုမယ့်သူကို ရွေးတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဇမ္ဗူသီရိမြို့နယ်က အင်န်အယ်လ်ဒီပါတီထောက်ခံသူဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုး ပါတီထောက်ခံ သူ ဝန်ထမ်းများ ၊ အခြားပါတီအသီးသီးကို ထောက်ခံသူဝန်ထမ်းများကို အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးတဲ့နေရာမှာတော့ ကိုယ်ကြိုက်တဲ့ပါတီက ကိုယ်စား လှယ်လောင်းကို မဲထည့်ကြပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်ကတော့ ဒေါက်တာ အောင်မျိုးကိုပဲ စုပြုံ မဲပေးကြပါ လို့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံအနှံ့က ဝန်ထမ်းတွေအနေနဲ့ လည်း ဝန်ထမ်းတွေဘက်က ရပ်တည်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ယောက်ရဖို့အတွက် ဇမ္ဗူသီရိမြို့နယ်က ခင်ဗျားတို့ လုပ်ဖော် ကိုင်ဘက်ဝန်ထမ်းတွေကို ဒေါက်တာအောင်မျိုးကို မဲပေးဖို့ တိုက်တွန်းပေးကြပါ။

မဲမပေးခင် စဉ်းစားဖို့ (၅)

၂၀၂၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ လွှတ်တော်ထဲကို ရောက်စေ ချင်တဲ့ ကိုယ်စားလှယ်လောင်း တွေရှိတယ်။ သူတို့က အဓိက ပါတီကြီးှနှစ်ခု ဖြစ်တဲ့ အင် န် အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီက မဟုတ်ဘူး။
ဒါပေမယ့် သူတို့ သာလွှတ်တော်ထဲရောက်သွား ရင် လွှတ်တော်တွေပိုအသက်ဝင်လာမယ်၊ လူထု အကျိုးရှိမယ့် ဥပဒေကြမ်းတွေကို အဆိုပြုနိုင်မယ်၊ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ထိထိရောက်ရောက် ဝေဖန်သုံးသပ် နိုင် မယ် လို့ ယုံကြည်မိတဲ့ ကိုယ်စားလှယ်လောင်းတွေပေါ့။
( ဒီလိုရေးလို့ အခြားပါတီတွေမှာ ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေမရှိဘူး လို့ပြောတာမဟုတ်ဘူး။ ကိုယ်တိုင် ထိတွေ့ ဆက် ဆံဖူးတဲ့ အတွေ့အကြုံအရ ရွေးချယ်တာပါ။ စာဖတ်သူအကြိုက် ဝတ္ထုတို ရွေးတဲ့သဘောပါပဲ။ )

ဦးသိန်းညွန့်

ပထမအကြိမ် ပြည်သူ့လွှတ်တော် ( ၂၀၁၁-၂၀၁၆) ကာလ လွှတ်တော်ကိုယ်စားလှယ်အလုပ်ကို ပီပီ ပြင်ပြင် လုပ်ပြနိုင်တဲ့သူတွေထဲမှာ သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ထိပ်ဆုံးကပါတယ်။ အဲဒီငါးနှစ်တာ ကာလမှာ ဦးသိန်းညွန့်က ဝန်ကြီးဌာနတွေကို မေးခွန်းပေါင်း ၁၄၃ ခုမေးခဲ့တယ်၊ အစိုးရကို တိုက်တွန်းတဲ့ အဆို ၃၂ ခု တင်သွင်းခဲ့တယ်။ ဥပဒေကြမ်း ၂၈ ခု ကို တင်ပြခဲ့တယ်။

တကယ်တော့ အဲဒီအချိန်က ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ( NNDP) အနေနဲ့ ပြည်သူ့လွှတ်တော်မှာ သူတစ်ယောက်ပဲရှိတယ်။ အမျိုးသားလွှတ်တော်မှာ ဦးဖုန်းမြင့်အောင် တစ်ယောက်ရှိတယ်။ စုစုပေါင်း ကိုယ်စားလှယ်နှစ်ယောက်ပဲရှိတဲ့ ပါတီတစ်ခုက မေးခဲ့တဲ့ မေး ခွန်း၊ တင်ခဲ့တဲအဆိုနဲ့ ဥပဒေကြမ်းအရေအတွက်ကို ကြည့်လိုက်ရင် သူ့ရဲ့ လုပ်အားကို မြင်နိုင်ပါတယ်။ ။ ကိုယ်စားလှယ်နှစ်ယောက်ပဲရှိပေမယ့် အင်အားကောင်းတဲ့ အတိုက်အခံပါတီကြီးတစ်ခုလို အစိုးရ ကို ထိန်းကျောင်းနိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့နိုင်ပါတယ်။

လွှတ်တော်ထဲမှာ နှစ်ယောက်ပဲရှိတော့ သူတင်တဲ့ အဆိုတိုင်း၊ ဥပဒေကြမ်းတိုင်းက အောင်မြင် တာ တော့မဟုတ်ဘူး။ ဒါပေမယ့် မှတ်တမ်းကျန်ခဲ့တယ်။ သူထောက်ပြတဲ့ ပြဿနာကို ပြည်သူတွေ ၊ သတင်းမီဒီယာတွေက သတိထားမိသွားတယ်။ တစ်ချို့ကိစ္စတွေမှာ သူ့အဆိုမနိုင်ပေမယ့် နောက် ပိုင်းမှာ အစိုးရက လိုက်ပြီးလုပ်ဆောင်ခဲ့ရတာတွေရှိတယ်။ အထင်ရှားဆုံးကိစ္စတွေကတော့ သက် ငယ်မုဒိန်းကိစ္စ၊ ပုဂ္ဂလိက သတင်းစာထုတ်ခွင့်ကိစ္စတွေပေါ့။ မေးခွန်းတွေကတော့ ဝန်ကြီးဌာန တွေ က မဖြေလို့မရတဲ့အတွက် လွှတ်တော်ထဲမှာလာရှင်းပြရတယ်။ ပြင်သင့်တာကို ပြင်ရတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ ရှေ့ဆုံးက တိုက်ပွဲဝင်ခဲ့သူတွေ အထဲမှာ ဦသိန်းညွှန့်ပါတယ်။ လွှတ်တော်သက်တမ်းအစမှာထဲက ပုဂ္ဂလိက သတင်းစာ ထုတ်ခွင့် ပေး/ မပေး မေးခဲ့တယ်။ သတင်းသမားတွေအတွက် အန္တရာယ်များတဲ့ အသရေဖျက်မှု၊ အကြည် ညိုပျက်စေမှု စတဲ့ ရာသဇတ်ကြီးပုဒ်မတွေကို ပြင်ဆင်ဖို့ ဥပဒေကြမ်းတွေ တင်သွင်းခဲ့တယ်။ နိုင်ငံ ရေးသမားတွေကို ဒုက္ခပေးတဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည) ကို ဖျက်သိမ်းဖို့ တင်ပြ ခဲ့ တယ်။

ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည် တာဝန်ယူချိန်ကာလမှ ဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကြားမှာ သတင်းမီဒီယာဥပဒေမူကြမ်း တင်သွင်းရေးနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုမပြေလည်တဲ့အခါ ဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကောင်စီ က ဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်း ကို လွှတ်တော်ကို တင်ပြဖို့ ငြင်းဆန်ခဲ့တယ်။

အခြေခံဥပဒေအရ ဥပဒေကြမ်းတစ်ခုကို ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်ကပဲ တင်သွင်းလို့ရတယ်။ ဒါ့ကြောင့် စာနယ်ဇင်းကောင်စီက သူတို့ ကိုယ်စား ဥပဒေကြမ်းတင်သွင်း ပေးဖို့ နိုင်ငံရေးပါတီတွေကို အကူအညီတောင်းတယ်။ အစိုးရ နဲ့ ထိပ်တိုက်တွေ့မယ့် ကိစ္စဖြစ်လို့ ပါတီကြီးတွေက အင်း မလုပ် ၊ အဲမလုပ် ဖြစ်နေချိန်မှာ ဦးသိန်းညွှန့်က သူတို့ပါတီအနေနဲ့ တင်သွင်းပေးခဲ့တယ်။ ဒီလိုနဲ့သတင်းမီဒီယာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာပါ။

ဦးသိန်းညွှန့်က အစိုးရ နဲ့ထိပ်တိုက်တွေ့ရမှာ မကြောက်သလို လွှတ်တော်ဥက္ကဋ္ဌ နဲ့ထိပ်တိုက် တွေ့ရမှာကိုလည်း မကြောက်ခဲ့ဖူး။ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာ ကို ဆယ်သိန်းအထိ တိုးပေးဖို့ လုပ်တဲ့အချိန်မှာ ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ အပြင် ကျန်တဲ့ပါတီ တွေကပါထောက်ခံခဲ့တယ်။ ဦးသိန်းညွှန့်ကတော့ လွှတ်တော်အမတ်တွေ ကိုယ့်လစာကိုယ် တိုး ယူဖို့ ဆုံးဖြတ်တာ ကျင့်ဝတ်နဲ့မညီဘူး။ တကယ်လို့ တိုးယူဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ အ ခု လွှတ်တော်သက်တမ်းမှာ တိုးမယူနဲ့၊နောက်လွှတ်တော်သက်တမ်းမှ တိုးယူပါ ဆိုပြီး ၁၉ ၅၈ ခုနှစ် ပါလီမန် အမတ်တွေလစာတိုးဖို့ ဆုံးဖြတ်ချိန်မှာ လက်ရှိအမတ်တွေအတွက်မဟုတ်ဘဲ ၁၉ ၆၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်ကျမှ စတင်ခံစားဖို့ ဆုံးဖြတ်ခဲ့တဲ့အချက် ကို ထောက်ပြဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ဦးရွှေမန်းက လက်မခံပါဘူး။

ဦးသိန်းညွှန့်က ဥပဒေကြမ်းတွေ၊ အဆိုတွေအတွက် အလုပ်လုပ်သလို သူ့မဲဆန္ဒနယ် သင်္ဃန်းကျွန်းမြို့နယ်အတွက်လည်း အလွန်အလုပ်ပါတယ်။ မြို့နယ်အတွင်းလမ်းတွေ ကောင်းဖို့၊ ရပ်ကွက်တွေမီးအားမှန်ဖို့အတွက် ထရန်စဖော်မာတွေရဖို့၊ ပျံကျဈေးသည်တွေ နေရာရဖို့ ၊ သင်္ယန်းကျွန်းဆေးရုံကြီး အဆင့်မြှင့်ဖို့ ကိစ္စတွေအတွက် လွှတ်တော်အတွင်းကနေလည်း လုပ် တယ်။ သက်ဆိုင်ရာဝန်ကြီးတွေကိုလည်း အကူအညီတောင်းသလို သမ္မတ၊ ဒုသမ္မတ တွေ ကိုလည်း ပြောတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်။ ဦးသိန်းညွှန့်တင်တဲ့အဆိုကြောင့်ပဲ အစိုးရက ၂၀၁၄ – ၂၀၁၅ ခုနှစ်မှာ သင်္ယန်းကျွန်းစံပြဆေးရုံကြီးကို ကုတင်ငါးရာ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ရတာဖြစ် ပါတယ်။

ဦးသိန်းညွန့်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်တယ်။ အင်န်အယ်လ်ဒီပါတီက ဦးရွှေလှဝင်း ကိုရှုံးတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပြည်သူ့လွှတ်တော်ထဲမှာ ဦးရွှေလှဝင်း နိုင်ငံအတွက်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အတွက် ဘယ်လောက်အလုပ်လုပ်သလဲဆိုတာ တော့ သင်္ဃန်းကျွန်း မဲဆန္ဒရှင်တွေ အသိဆုံးဖြစ်မှာပဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ ဦးသိန်းညွန့် သင်္ယန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်အရွေးခံဦးမယ်။ ဦးရွှေလှဝင်း ကတော့ အရွေးမခံတော့ဘူး။ သူ့သား ဒေါက်တာကျော်စွာဦး က အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်မယ်လို့ သိရတယ်။ လွှတ်တော် ကိုယ်စားလှယ်နေရာဆိုတာ အမွေပေးသလို ပေးလို့မရဘူး။ ဒေါက်တာကျော်စွာဦး ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေလုပ်နိုင်မလဲ ၊ ဦးသိန်းညွန့် နဲ့ ယှဉ်လိုက် ရင် ဘယ်သူက ပိုအလုပ်လုပ်နိုင်မလဲ ဆိုတာ သင်္ဃန်းကျွန်းလူထု က ဆန်းစစ်ရမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ သင်္ဃန်းကျွန်းလူထုအနေနဲ့ ဦးသိန်းညွန့်ကို ရွေးလိုက်ရင် မြို့နယ်အတွက် သာမက နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ လွှတ်တော်ထဲမှာ ဦးသိန်းညွန့်ရှိခြင်း အားဖြင့် လွှတ်တော်နိုင်ငံရေးလည်း ပိုအားကောင်းမယ်လို့ ယုံကြည်တယ်။

မဲမပေးခင် စဉ်းစားဖို့ (၄)

တိုင်းရင်းသားပါတီများ

(မှတ်ချက်။ ဒီဆောင်းပါးမှာ တိုင်းရင်းသားပါတီဆိုတာ ဗမာလူမျိုးအခြေခံပါတီများမပါ တိုင်းရင်းသား လူနည်းစု ပါတီများကို ဆိုလိုပါတယ်။ )

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမောင်းသန် နဲ့ ပြိုင်ဖို့ ပြင်ဆင်နေ ကြတယ်။ တိုင်းရင်းသားပါတီတွေကြားမှာ ပါတီတွေပေါင်းစည်းနေ ကြတယ်။ ပါတီရဲ့ မူဝါဒတွေဟာ လူမျိုးစုတစ်ခုတည်းကို အခြေခံထား တာမျိုးမဖြစ်ဘဲ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုနိုင်အောင် ရေးဆွဲနေကြတယ်။ လူငယ်မျိုးဆက်သစ်တွေကို ပွဲထုတ် လာ ကြတယ်။

အဲဒီအချိန်မှာပဲ အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီ ထောက်ခံသူတွေကလည်း တိုင်းရင်းသားမဲဆန္ဒရှင်တွေ ေ၀ဝါးသွားစေမယ့် မဲဆွယ်စကား တွေ ပြောလာကြတယ်။

သူတို့ပြောတဲ့စကားတွေကို ချုပ်လိုက်ရင် အဓိက သုံးချက်ပဲ။ အဲဒါတွေက

၁။ အင်န်အယ်လ်ဒီပါတီမှာလည်း တိုင်းရင်းသားတွေပါပါတယ်။ ဒ့ါကြောင့် အင်န်အယ်လ်ဒီ ဟာ တိုင်းရင်းသား ပါတီပဲ။

၂။ တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ဘူး။ အစိုးရဖွဲ့နိုင်တဲ့ အင်န်အယ်လ်ဒီကိုပဲ မဲပေး။

၃။ မဲကွဲလို့မဖြစ်ဘူး။ မဲကွဲရင် စစ်အာဏာရှင်စနစ်ပြန်လာလိမ့်မယ်။

ဒီစကားတွေက တိုင်းရင်းသားလူနည်းစု မဲဆန္ဒရှင်တွေကို မျက်စိလည် လမ်းမှားအောင် ကျုံးသွင်း တဲ့စကားတွေပဲ၊ လုံးဝမမှန်ဘူးဆိုတာ တစ်ချက်ချင်း ရှင်းပြပါ့မယ်။

အင်န်အယ်လ်ဒီဟာ တိုင်းရင်းသားပါတီလား

အင်န်အယ်လ်ဒီ ဗဟိုကော်မတီမှာ၊ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တိုင်းရင်းသားတွေပါ တယ်ဆိုတာနဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်ဆိုတာ မတူဘူး။

အင်န်အယ်လ်ဒီပါတီမှာပါတဲ့ တိုင်းရင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းခေါက် ရွေးထားတဲ့သူတွေ၊ ဘာမှပြောရေးဆိုခွင့်ရှိတာမဟုတ်ဘူး။ ပြောရဲတဲ့သတ္တိလည်း ရှိပုံ မပေါ်ဘူး။ ကိုယ့်တိုင်းရင်းသားအကျိုး နဲ့ ပါတီအကျိုးယှဉ်လာရင် ပါတီအကျိုးဘက်က ရပ်တည်မယ့်သူတွေ ။

အရှင်းဆုံးဥပမာပေးရရင် မွန်ပြည်နယ်က တံတားကို ဒေသခံတွေဆန္ဒနဲ့ ဆန့်ကျင်ပြီး နာမည် ပေးတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဘာပြောရဲသလဲ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မှာ ရှိတဲ့ အင်န်အယ်လ်ဒီပါတီက မွန်ပြည်နယ်ကိုယ်စားလှယ်တွေ ကန့်ကွက်ရဲသလား။ မကြိုက်တဲ့ ပြည် သူ အနည်းစုပါလို့ဆင်ခြေပေးလို့မရဘူး။ တံတားကိစ္စပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ချောင်းဆုံမြို့နယ် ရလဒ်က ဒေသခံတွေ သဘောထားကို ပြလိုက်တာပဲ။

ဒီလိုပဲ ပြည်နယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တဲ့ အခါ သက်ဆိုင်ရာပြည်နယ်က အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်တွေ၊ အင်န်အယ်လ်ဒီ အမတ်တွေ ဘာပြော ရဲ သလဲ။ တိုင်းရင်းသား ဒုတိယသမ္မတကြီးတောင် ဝင်ညှိပေးတာ မတွေ့မိဘူး။

အင်န်အယ်လ်ဒီပါတီထဲက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ရင် ၅၉ (စ) ပြင်ရေးအတွက်သာ အသံကျယ်ကျယ်ပြောတာ၊ ပြည်နယ်သူ ၊ ပြည်နယ်သားတွေ အင်မတန်လိုချင်နေတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်က တိုက်ရိုက်ရွေးချယ်ရေးဆိုတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး အဆိုတင်လာတဲ့အခါကျတော့ မပြင်သင့်ဘူးဆိုတဲ့ အင်န်အယ်လ်ဒီပါတီသဘောထားအတိုင်းရပ်တည်ခဲ့တာပဲ မဟုတ်လား။

ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားအမတ်တွေဟာ ပြည်နယ် အကျိုး အတွက် ရဲရဲ ရပ်တည်ပြီး အစိုးရမူဝါဒတွေ၊ ဝန်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို မေးခွန်းထုတ်တာ၊ ဝေဖန်ထောက်ပြတာရှိလား ၊ လေ့လာကြည့်ပေါ့။ စာသင်ကျောင်းတောင်းတာ၊ တိုက်နယ်ဆေးရုံ တောင်းတာလောက်ကိုပဲ အလုပ်ကြီး အကိုင်ကြီးအဖြစ်လုပ်ပြနေခဲ့တာမဟုတ်လား။

ဒါကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ တိုင်းရင်းသားတွေပါတာနဲ့ တိုင်းရင်းသားလူနည်းစု တွေကို ကိုယ်စားပြုတဲ့ပါတီဖြစ်မလာဘူးဆိုတာ ထင်ရှားပါတယ်။

တိုင်းရင်းသားပါတီတွေ အစိုးရဖွဲ့နိုင်လား

တိုင်းရင်းသားပါတီတွေသာ ညီညွတ်ရင် အစိုးရဖွဲ့ရေးမှာ အဓိက အခန်းက ပါသလို အစိုးရ ကို ထိန်းကျောင်းတဲ့နေရာမှာလည်း အရေးကြီးတဲ့အခန်းက ပါနိုင်တယ်။ တကယ်လုပ်နိုင်ရင် အစိုးရ အဖွဲ့ကိုတောင်ခေါင်းဆောင်နိုင်တယ်။

ပြည်နယ်အဆင့်မှာဆိုရင် ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေက အများစုရခဲ့ရင် ဥပဒေပြုရေးကိစ္စတွေကို လုပ်နိုင်မယ်။ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်မှာ ဥပဒေပြု ခွင့် အာဏာတွေအများကြီးရှိတယ်

အတိုချုပ်ရှင်းရရင် ပြည်နယ်အစိုးရဘတ်ဂျက်၊ စည်ပင်အခွန်၊ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း၊ မြေခွန်၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေအားလ ျှပ်စစ်၊ စက်မှုလုပ်ငန်း။ ပို့ဆောင်ရေး စတဲ့ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဥပဒေပြုလို့ရတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတ က ခန့်ပေမယ့် ဝန်ကြီးချုပ် နဲ့ ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေကို အကောင်အထည်ဖော် ရမယ်။ အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေကို လိုက်လုပ်ရမယ်။ ( အသေးစိတ်သိချင်ရင် အခြေခံ ဥပဒေ ပုဒ်မ ၂၅၁၊ ၂၅၂ ၂၅၈ နဲ့နောက်ဆက်တွဲ ဇယား ၂ ဥပဒေပြုစာရင်းကို ကြည့်ပါ)

အဲဒီလို မလုပ်ရင် ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေကို အခြေခံဥပဒေ ပါ ပြဋ္ဌာန်း ချက်တွေနဲ့အညီ စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖယ်ရှားလို့ရတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ် ကိစ္စက သက်သေပဲ။ ( ပုဒ်မ ၂၆၃ ကိုကြည့်ပါ)

ဒါ့ကြောင့်ပြည်နယ်အဆင့်မှာ တိုင်းရင်းသားပါတီတွေသာ အများစု ရခဲ့ရင် ပြည်နယ်အစိုးရကို ကောင်းကောင်း ထိန်းနိုင်မယ်။ နောင်မှာ သမ္မတက အများစုရတဲ့ တိုင်းရင်းသားပါတီတွေ လို လားတဲ့သူကို ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ရတဲ့အထိ ဖြစ်လာအောင် လုပ်လို့ရမယ်။

ပြည်ထောင်စု အဆင့်မှာဆိုရင် အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ထား တဲ့ ပြည်ထောင်စုလွှတ်တော်က သမ္မတ နဲ့ ဒုသမ္မတတွေကို ရွေးရတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ ယောက်ရှိတယ်။ အဲဒီအထဲမှာ တပ်မတော်သား ကိုယ်စားလှယ်က ၁၆၆ ယောက်၊ အရွေးချယ်ခံကိုယ်စားလှယ်က ၄၉ ၈ ယောက်ရှိတယ်။

သမ္မတ ကို ပါတီတစ်ခုတည်းက စိတ်ကြိုက်ရွေးနိုင်ဖို့ဆိုရင် ရွေးချယ်ခံ ၄၉ ၈ နေရာ ထဲက အနည်းဆုံး ၃၃၃ နေရာနိုင်ရမယ်။ ၂၀၁၀ နဲ့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်လ်ဒီက အဲဒီလိုနိုင်ခဲ့တဲ့ အတွက် သူတို့စိတ်ကြိုက်သမ္မတရွေးလို့ရခဲ့တယ်။ တပ်မတော်ရော၊ ကျန်တဲ့ပါတီတွေရော ရဲ့ ထောက်ခံမှုရဖို့မလိုဘူး။

ဒီရွေးချယ်ခံ ၄၉ ၈ နေရာ ဟာ တိုင်းရင်းသားတွေအတွက် အခွင့်အရေးပဲ။ ၄၉ ၈ နေရာမှာ ဗမာ တိုင်းရင်းသားအများစုနေတဲ့ တိုင်းဒေသကြီးတွေက ၂၉ ၁ နေရာရှိတယ်။ ကျန်တိုင်းရင်းသား တွေ အများစုရှိတဲ့ ပြည်နယ်တွေမှာ ၂၀၇ နေရာရှိတယ်။

တိုင်းဒေသကြီး ၂၉ ၁ နေရာလုံးကို ပါတီတစ်ခုတည်းက နိုင်ဖို့ အတော်ခက်ခဲမယ်။ ဒါ့ကြောင့် ပြည်နယ်တွေမှာ ရှိတဲ့ ၂၀၇ နေရာလုံးကို တိုင်းရင်းသားပါတီတွေက နိုင်ခဲ့မယ်ဆိုရင် သမ္မတ ရွေး တဲ့နေရာမှာ တိုင်းရင်းသားပါတီတွေက အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် နောင်ဖွဲ့မယ့် အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာရဖို့၊ အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေရဲ့ လိုအပ် ချက်တွေ ပါဝင်နိုင်ဖို့အတွက် အပေးအယူလုပ်လို့ရမယ်။ လွှတ်တော်အတွင်းမှာလည်း ဥပဒေ တွေ ပြဋ္ဌာန်းတဲ့နေရာမှာ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒမပါဘဲ လုပ်လို့မရတဲ့အခြေအနေဖြစ် လာလိမ့်မယ်။

ဒီအချက်တွေအရ တိုင်းရင်းသားပါတီတွေကို မဲပေးလို့ အစိုးရမဖွဲ့နိုင်ဘူး၊ ဘာမှ လုပ်ပိုင်ခွင့် ရှိ မှဟုတ်ဘူးဆိုတာ နောက်ထပ် ဂျင်းတစ်တက်ပဲဆိုတာထင်ရှားပါတယ်။

ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲမလုပ်နိုင် ဘူးဆိုရင်တော့ ၂၀၇ နေရာထဲကနေ လျော့သွားလိမ့်မယ်။ ဒါ့ကြောင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ကူညီပေးသင့်တယ်။ မဲရုံ ဝန်ထမ်း တွေ အတွက် လုံခြုံရေးကို အာမခံတာမျိုးလုပ်ပေးသင့်တယ်။

မဲကွဲလို့မဖြစ်ဘူး

ကျွန်တော်ကတော့ “ မဲကွဲရမယ်၊ မဲမကွဲလို့မဖြစ်ဘူး” လို့ပဲ အခိုင်အမာပြောချင်တယ်။ ၁၉ ၄၈ ကနေ ၂၀၂၀ မထိ ဖဆပလ ၊ လမ်းစဉ်ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်လ်ဒီ ပါတီတစ်ခုချင်းက အများစုရထားတဲ့ လွှတ်တော်တွေဟာ တိုင်းရင်းသားအကျိုးအတွက် ဘာတွေ ထိထိ ရောက်ရောက်လုပ်ပေးနိုင်လဲ ။ အများစုရထားတဲ့ ပါတီကြီးက မုန့်ဖိုးပေးသလို ပေးတာကိုပဲ ပျော်နေခဲ့ရတာမဟုတ်လား။ ရပိုင်ခွင့် အနေနဲ့ ရတာက အင်မတန်နည်းခဲ့တယ်မဟုတ်လား။

သမိုင်းကို အရှည်ကြီးပြန်မကြည့်ချင်ဘူး ဆိုရင်တောင် ပြီးခဲ့တဲ့ ငါးနှစ် အင်န်အယ်လ်ဒီ လွှတ်တော်ကိုပဲ ပြန်ကြည့်ပေါ့။ တံတားနာမည် ကိုတောင် လွှတ်တော်မှာမဲခွဲပြီး ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်ခဲ့သူတွေဆီက တိုင်းရင်း သားအခွင့်အရေးရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲကနေ ပေါ်လာမယ့်လွှတ်တော်တွေမှာ ပါတီတစ်ခုတည်း က အများစုရထားလို့မဖြစ်ဘူး။ တပ်နဲ့ ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် တပ်နဲ့ အင်န်အယ်လ်ဒီ ပေါင်းလိုက်တာနဲ့ သမ္မတ ရွေးနိုင်၊ ပြည်နယ်အစိုးရ အလုပ်လုပ်နိုင်တာမျိုး မဖြစ် သင့်ဘူး။ တိုင်းရင်းသားပါတီတွေပါမှ အလုပ်လုပ်လို့ရတဲ့ လွှတ်တော်ဖြစ်ကိုဖြစ်ရမယ်။

အာဏာရှင်ဆိုတာ စစ်တပ်က အာဏာသိမ်းမှ ပေါ်တာမဟုတ် ဘူး။ ပါတီတစ်ခုတည်းက အစိုးရနဲ့ လွှတ်တော်ကို ချုပ်ကိုင်ထားပြီး ထင်ရာစိုင်းနေရင်လည်း တစ်ပါတီ အာဏာရှင် စနစ် ဖြစ်တာပဲ။ ဦးနု လို ပုဂ္ဂိုလ်တောင် ဘဝရှင်မင်းတရားကြီး၊ ဒီမိုကရေစီ ပြောင်းပြန် စသည် ဖြင့် ဝေဖန်ခံရတာကြည့်ပေါ့။

ဒါ့ကြောင့်လွှတ်တော်ထဲမှာ ပါတီစုံရှိရမယ်။ လွှတ်တော်တွေထဲမှာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဘောင်ကို ချဲ့နိုင်ရင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်စေတဲ့ စစ်ဘောင်ကျဉ်းသွားမှာပဲ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် Unity in Diversity မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေး ဆိုတာကို အကြိမ်ကြိမ်ပြောဖူးတယ်။ ဒါ့ကြောင့် အင်န်အယ်လ်ဒီပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲရောက်လာမှာကို ကြောက်ပြီး “မဲမကွဲစေနဲ့” ဆိုတဲ့ စကား မပြောသင့်ဘူး။

ပြန်ချုပ်လိုက်ရင်တော့

၁။ အင်န်အယ်လ်ဒီဘက်က ပြောနေတဲ့ တိုင်းရင်းသားပါတီတွေ ကို မဲပေးလို့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတဲ့ စကားကို မေ့လိုက်ပါ။
၂။ တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးပါ။
၃။ လွှတ်တော်ထဲမှာ ပါတီ ပေါင်းစုံ ရှိခြင်းဟာ တစ်ပါတီ အာဏာရှင်စနစ်ကို ကာကွယ်ရာရောက်ပါတယ်။

မဲမပေးခင် စဉ်းစားဖို့ (၁)

နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်တိုဘာ ၅ ရက်နေ့ မိန့်ခွန်းနဲ့ ကော်မရှင်ဘက်က ပြောနေတဲ့ စကားတွေအရ ရွေးကောက်ပွဲ ရက်ပြောင်းဖို့ မရှိဘူး။ ဒီတော့ မဲပေးဖို့ပဲ ပြင်ဆင်ရတော့မယ်။ ဒ့ါကြောင့် မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ မဲမပေး ခင် ဘာတွေ သိထားသင့်သလဲ၊ ဘယ်အချက်တွေကို ထည့်စဉ်းစားသင့်သလဲ ။

လွှတ်တော်ကိုယ်စားလှယ်လောင်း

ရွေးကောက်ပွဲ ဆိုတာ အရှင်းဆုံးပြောရရင် ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့နယ်ကို ကိုယ်စားပြု မယ့် ကိုယ်စားလှယ်လောင်းကို ရွေးတာပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အဆင့်ဆင့်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေး တာဖြစ်ပါတယ်။

မဲဆန္ဒနယ်တစ်ခုမှာဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် သုံးဦးရွေးရမယ်။ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေပါရင် လေးယောက်၊ ငါးယောက် စသည်ဖြင့် ရွေးချယ်ရတဲ့တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အပေါ် မူတည်ပြီး တိုးလာနိုင်ပါတယ်။

အဲဒီလို နေရာအမျိုးမျိုးအတွက်၊ ပါတီအမျိုးမျိုးက ဝင်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေကို ဘယ်လို ရွေးမလဲဆိုတာ မဆုံးဖြတ်ခင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘာလဲ လို့ အရင်သိရပါမယ်။

၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ထားတဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေများမှာ “ လွှတ် တော် ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသည့် မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသော အများက လေးစားထိုက်သည့် ပုဂ္ဂိုလ် များဖြစ်သည့်အလျောက် သက် ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ၊ အုပ်ချုပ်ရေး၊ လူမှု စီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ သဘောထားဆန္ဒဖော်ဆောင်ရာတွင်လည်း ကောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်က ဖြစ်စေ အလေး ထားတိုင်ပင်အပ်သောပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည်” လို့ ပြဋ္ဌာန်းထားတယ်။

ဒီတော့ ကိုယ်ရွေးမယ့် လွှတ်တော်ကိုယ်စားလှယ်ဟာ ကိုယ့်ဒေသမှာ အများကလေးစားတဲ့သူ၊ ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေက အလေးထား တိုင်ပင် လောက်တဲ့လူ ဖြစ်ရမယ်။ အလုပ် လုပ်တဲ့သူ၊ အလုပ်လုပ်နိုင်တဲ့အရည်အချင်းရှိတဲ့သူ ဖြစ်မှ လည်း အများက လေးစား တိုင်ပင်ခံရတဲ့သူဖြစ်မှာပါ။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘာလုပ်ရမလဲ။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှ အဓိက လုပ်ရမယ့် လုပ်ငန်းတာဝန်နှစ်ခုရှိတယ်။

ပထမတစ်ခုက နိုင်ငံအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှာ ပါတီရဲ့ မူဝါဒ အတိုင်း လုပ်ရမယ်။ ဒါတောင်မှ တကယ်အရည်အချင်းရှိတဲ့လွှတ်တော်ကိုယ်စားလှယ်ဆို ရင် ပါတီရဲ့ မူဝါဒ ပိုကောင်းအောင်၊ ပြည်သူ့သဘောထားနဲ့ ကိုက်ညီအောင် အကြံပြုနိုင်၊ အထောက် အကူပေးနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

နောက်တာဝန်တစ်ခုက ကိုယ့်မဲဆန္ဒနယ်က ပြည်သူများ ရဲ့ အကျိုးစီးပွားကို ကူညီစောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက မြို့နယ် တစ်ခု၊ ရပ်ကွက်တစ်ခု၊ ရွာတစ်ရွာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ့် ဒေသ ၊ ကိုယ့်ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ လူထု အတွက် ကိုယ့်မှာပဲတာဝန်ရှိတယ်။ ပါတီ ခေါင်းဆောင်တွေကို လွှဲချလို့မရဘူး။

ဒီတော့ ကိုယ့်မဲဆန္ဒနယ်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကို ဒီပေတံတွေနဲ့ တိုင်းကြည့်ရမယ်-

၁။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဒေသအကျိုးအတွက် ဘာ တွေလုပ်ပေးခဲ့လဲ။ ငါးနှစ်အတွင်း ဒေသခံပြည်သူတွေနဲ့ ဘယ်နှစ်ခါလာတွေ့သလဲ။ လူထု တင်ပြ တာကို ဘယ်လောက် အကောင်အထည်ဖော်ပေးနိုင်လဲ။ ငါးနှစ်အတွင်း လွှတ်တော်ထဲမှာ ဒေသ လိုအပ်ချက်တွေအတွက် မေးခွန်းဘယ်နှစ်ခါမေးခဲ့သလဲ၊ တိုင်းပြည်အကျိုးအတွက် ဘယ်နှစ် ကြိမ် ဆွေးနွေးခဲ့သလဲ။

၂။ လက်ရှိလူရော၊ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းရော ကိုယ့်မြို့နယ်အတွက် ၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက်၊ ဒေသခံတွေအကျိုးစီးပွားအတွက် ဘယ်လို မူဝါဒတွေရှိသလဲ မေးကြည့်။ တိတိကျကျ ပြောနိုင်သလား။ ဝါးတားတား ပြောနေသလား နားထောင်ကြည့်။

ပြီးခဲ့တဲ့ ငါးနှစ်မှာလည်း အလုပ်မလုပ်၊ နောင်ငါးနှစ်အတွက်လည်း ဘာလုပ်မယ်ဆိုတာ မပြောနိုင် တဲ့ သူကိုရွေးရင်တော့ သူ့ပါတီအတွက်လည်း အကြံကောင်း၊ဉာဏ်ကောင်းမပေးနိုင်၊ ရပ်ရွာ အတွက်လည်း ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။

ပါတီကိုချစ်တာနဲ့ ဂျလေဘီတစ်ယောက်ကို တစ်လ ဆယ်သိန်းပေး၊ အိမ်ဦးခန်းတင်ကျွေးထားပါ ဆိုရင် ဘယ်သူမှ ကျွေးမှာမဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ့်ဒေသအတွက် အလုပ်မလုပ်နိုင်မယ့်သူကို ပါတီ မျက်နှာနဲ့ ပြည်သူ့ဘဏ္ဍာ တစ်လ ဆယ်သိန်းပေးပြီး အလုပ်ပေးထားသင့်၊ မသင့် စဉ်းစားဖို့ လိုပါတယ်။

ပြန်ချုပ်လိုက်ရင်တော့ တစ်လ ဆယ်သိန်းပေးလို့တန်မယ့်သူကို ရှာဖို့ပဲ

မဲမပေးခင် စဉ်းစားဖို့ (၂)

ပေါ်တော်မူ အမတ်ကြီး

၂၀၁၅ ရွေးကောက်ပွဲတုန်းက မောင်မိုးပွင့် ( ရေကြည်) က ရွေးကောက်ပွဲနီး မှာ မဲပေးမယ့် ပြည်သူတွေဆီ အပြေးရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အခုလို ရေးခဲ့တယ် –

အမတ်ကြီး

  • မဲဆွယ်ဖို့ ထွက်အလာ
    မျက်နှာက ချက်ချာလန်း
  • မဲအနိုင်မှာ
    စွဲထိုင်ရာ လွှတ်တော်ရိပ်
    အိပ်ငိုက်လို့သန်း

၂၀၁၅ တုန်းက လူကြိုက်များခဲ့တဲ့ ကဗျာလေးဟာ ၂၀၂၀ မှာလည်း မှန်နေဆဲပါဘဲ။ ပြီးခဲ့တဲ့ ငါးနှစ် မှာ အဲဒီလို အမတ်တွေ ပိုတောင်များနိုင်သေးတယ်လို့ ယူဆသူတွေလည်း ရှိနိုင်ပါတယ်။

ကျွန်တော့်အတွေ့အကြုံအရတော့ လွှတ်တော်ကိုယ်စားလှယ်နှစ်မျိုးရှိတယ် –

ပထမတစ်မျိုးက ကိုယ့်ဒေသက မဲဆန္ဒရှင်တွေကို အိမ်ဦးခန်းမှာ ထားပြီး အမြဲတမ်းထိတွေ့ ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်။

ဒုတိယတစ်မျိုးက ကိုယ့်ဒေသက မဲဆန္ဒရှင်တွေကို ( မရိုသေ့စကား) အိမ်သာ လို သဘောထား ပြီး လိုအပ်မှ သတိရတဲ့ လွှတ်တော်ကိုယ်စားလှယ်။

ပြီးခဲ့တဲ့ ငါးနှစ် အတွင်း ကိုယ့်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်က ဘယ်လို အမျိုးအစား လဲ။

နောက်ငါးနှစ်မှာ ဘယ်လို ကိုယ်စားလှယ်မျိုးလိုချင်လဲ။

မဲမပေးခင် စဉ်းစားဆုံးဖြတ်ဖို့ လို ပါတယ်။

ငါးနှစ်တစ်ခါ ပေါ်လို့လာ ဆိုတဲ့ အမတ်မျိုး ဆိုရင်တော့ ရွာနာမှာသေချာတယ်။

မဲမပေးခင် စဉ်းစားဖို့ (၃)


ဒေဝေါကြီး
“ စစ်အာဏာရှင်စနစ်အောက် ပြန်ရောက်မသွားအောင် အင်န်အယ်လ်ဒီကို မဲပေးပါ ” ဆိုတဲ့စကား ကို အင်န်အယ်လ်ဒီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ပါတီထောက်ခံသူ တွေ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြောပြီး မဲဆွယ်နေကြတယ်။

ဒီစကားဟာ မဲပေးမယ့် ပြည်သူတွေကို ဂျင်း အကြီးကြီးထဲ့ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ နဝတခေတ်ကို ပြန်သွားမလား၊ ပါတီစုံ စနစ်ကို ကျင့်သုံးမလားလို့ ဆုံးဖြတ်ခိုင်းနေတာ၊ ရွေးချယ်ခိုင်းနေတာ၊ ပြည်သူ့ဆန္ဒခံယူနေတာမဟုတ်ဘူး။ ၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက်နေ့ကနေ ၂၀၂၆ ရက်နေ့ မတ်လ ၃၁ ရက်နေ့အထိ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး တာဝန်တွေကို ထမ်းဆောင်ဖို့ ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတာ ပြည်သူက အဆုံး အဖြတ်ပေးရမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရခဲ့တဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရ နဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ အာဏာရလာ တဲ့ အခြေခံဥပဒေ အရပြောရရင် ဦးဝင်းမြင့်ခေါင်းဆောင်တဲ့ ၊ လက်တွေ့အရပြောရရင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ ဆိုပြီး အစိုးရ နှစ်ခုရှိခဲ့ပြီးပြီ။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီအနေနဲ့ သူ့အစိုးရ အရည်အချင်းရှိကြောင်း ပြော ချင်ရင် ဦးသိန်းစိန်အစိုးရ အဖွဲ့ရဲ့ စွမ်းဆောင်မှုနဲ့ပဲ နှိုင်းယှဉ်ရမယ်။ ၂၀၁၀ မတိုင်မီက ရှိနေတဲ့ တပ် မတော်အစိုးရနဲ့ ယှဉ်လို့မရဘူး။ အဲဒီခေတ်ကို ပြန်ရောက်မှာ မကြောက်ဘူးလားလို့ ခြိမ်းခြောက် နေဖို့မသင့်ဘူး။

တကယ်လို့ စစ်အာဏာရှင်စနစ်အောက်ပြန်ရောက်သွားမှာ မကြောက်ဘူးလား ဆိုတဲ့စကားကို ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရကို ရည်ညွှန်းတယ်ဆိုရင် အောက်က မေးခွန်းလေး တွေဖြေကြည့်ပေါ့

၁။ ဦးသိန်းစိန်အစိုးရလက်ထက်က စီးပွားရေးလုပ်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှာရတာ အာဏာရှင်စနစ်အောက်မှာလုပ်နေရတယ်လို့ခံစားမိလား။

၂။ ပုဒ်မ ၆၆၊ နိုင်လွတ်လုံ ၊ အီလက်ထရောနစ်ဥပဒေ၊ အကြည်ညိုပျက်စေမှု တွေကို ရေလဲ သုံးပြီး ဖမ်းဆီးအရေးယူတာ အင်န်အယ်လ်ဒီအစိုးရလက်ထက်နဲ့ယှဉ်လိုက်ရင် ပိုနည်းသလား၊ များသလား။

၃။ ဖေ့စ်ဘွတ်ပေါ်ကနေ အစိုးရကိုဝေဖန်တာတွေကို သန်းခြောက်ထောင်သုံးပြီး စောင့်ကြည့် တာ အကောင့်ဖျက်ခံရတာတွေရှိလား။

၄။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ ဘယ်အစိုးရလက်ထက်မှာ ပိုပြီး လွတ်လွတ် လပ်လပ် လှုပ်ရှားပြောဆိုခွင့်ရှိလဲ။

၅။ အစိုးရကို ဝေဖန်ရင် ဖေ့စ်ဘွတ်ပေါ်က အဆဲသန်သော လူအုပ်ကြီးနဲ့ ကြုံခဲ့ရသလား။

အခု အင်န်အယ်လ်ဒီပါတီဘက်က သူတို့ပါတီက လွဲပြီး တစ်ခြားပါတီတွေကို မဲပေး လိုက်ရင် စစ်အာဏာရှင်စနစ်အောက်ကို ရောက်သွားလိမ့်မယ်ဆိုပြီး ပြောနေတာက ပြီးခဲ့တဲ့ ငါးနှစ် အတွင်း သူတို့ပါတီရဲ့ စွမ်းဆောင်နိုင်မှု၊ အားသာချက်၊ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြီးမဲမဆွယ်ရဲလို့ အာဏာရှင်စနစ်နဲ့ လူထုကို ဖြဲချောက်နေတာပဲ။

ရွေးကောက်ပွဲဆိုတာ အရှင်းဆုံးပြောရရင် ပြည်သူက အလုပ်ခန့်မယ့်သူ၊ အမတ်လောင်းတွေက အလုပ်လေ ျှာက်တဲ့သူ ပဲ။ အလုပ်လေ ျှာက်တဲ့သူက ကျွန်တော်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေ လုပ်ပါ့မယ်လို့ မပြောဘဲ ကျွန်တော့်ကို မခန့်ရင် စီးပွားပျက်လိမ့်မယ်လို့ ခြိမ်းခြောက်နေတာ တရားနည်းလမ်းကျလား စဉ်းစားကြည့်ပေါ့။

ပြန်ချုပ်လိုက်ရင်တော့ အခုရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကျင့်သုံးမလား၊ အာဏာရှင်စနစ်သွားမလား ဆိုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲမဟုတ်ဘူး။ နောက်ငါးနှစ်အတွက် လူထုက ခိုင်းကောင်းမယ့်သူ၊ အလုပ်လုပ်နိုင်မယ့်သူကို ရွေးတာ။ ကလေးတွေကို ဒေဝေါကြီးနဲ့ချောက်သလို လူထုကို အာဏာရှင်စနစ်နဲ့ချောက်ပြီး မဲတောင်းတာကို နားမယောင်ပဲ စဉ်းစားရွေးချယ်မဲပေးဖို့ လိုပါတယ်။

မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း

မြန်မာနောင်း သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်သတင်းရေးသားမှုပုံစံကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဖတ်ရှုလေ့လာပါတယ်။ ကျွန်တော့်ဆောင်းပါးထဲမှာတောင် ထည့်သွင်း အသိ အမှတ်ပြုရေးသားဖူးပါတယ်။

ဒါပေမယ့် PPP ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်းဟောင်း ဘယ်နှစ်ယောက် ၊ NLD ခွဲထွက် ဘယ်နှစ်ယောက် ပါတယ်ဆိုပြီး ရေးတာမျိုးကတော့ နည်းနည်းလွဲနေတယ်လို့ထင်ပါတယ်။ ပုံ (၁ )

ပါတီတွေမှာ စစ်မှုထမ်းဟောင်းတွေပါဝင်တာဟာ မဲပေးမယ့် ပြည်သူတွေ ထည့်သွင်းစဉ်းစား သင့်တဲ့ အချက်လို့ ယူဆရင်တော့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင် တွေထဲမှာ၊ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ထဲမှာ၊ အင်န်အယ်လ် ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်း ဟောင်းတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာမျိုးကိုလည်း မြန်မာနောင်းအနေနဲ့ စုံစမ်းဖော် ထုတ်ရေးသားသင့်တယ်လို့ထင်ပါတယ်။ ဒါမှလည်း ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေဖြစ်မှာပါ။

ဒီလိုပါပဲ NLD ပါတီက ခွဲထွက်သူတွေပါတဲ့အချက်ဟာ မဲဆန္ဒရှင်တွေစဉ်းစားသင့်တဲ့အချက် ဖြစ်နိုင်ပါ့မလား။ လမ်းစဉ်ပါတီ၊ အင်န်ဒီအက်ဖ် တို့ကနေ ကူးပြောင်းလာသူတွေလည်း အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းတွေဖြစ်နေနိုင်တာပဲ။ ဒါဟာ သူတို့ နိုင်ငံရေး ယုံကြည် မှုအရ လုပ်ဆောင်တာဖြစ်တဲ့အတွက် အပြစ်တစ်ခုလို မြင်လို့မရဘူးလို့ထင်ပါတယ်။

ဒီဆောင်းပါးမှာ ထောက်ပြထားတဲ့ PPP လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လူမျိုးရေး၊ ဘာသာ ရေး ဆိုင်ရာ မုန်းတီးမှုကိုဖော်ပြတဲ့ဖေ့စ်ဘွတ်စ်စာသားကိုထောက်ပြထားတာမျိုးကတော့ လက်ခံပါ တယ်။ သူတကယ်ရေးတာမှန်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ မလုပ်သင့်တဲ့ကိစ္စပဲ။ ဒါပေမယ့် အင်းစိန်ရွာမကျောင်းတိုက်က သံဃာတော်တွေ ကိုဗစ်ရောဂါ ပိုးကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးသားပြီးမှ မဟုတ်ပါဘူးလို့ ငြင်းဆန်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရှိ၊ မရှိဆိုတာလည်း စုံစမ်းဖော်ထုတ်ရင် ပိုပြည့်စုံမယ်လို့ထင်မိပါ တယ်။