မော်တင်စွန်း ၁

ဟိုးအရင်ထဲက အငြိမ်းစားဘဝနဲ့ ခရီးတွေသွားတဲ့အခါ ခြေလျင်တောင်တက်ခရီးတွေ သွား သလို ဘုရားပွဲတွေ၊ အခြားဘာသာများရဲ့ ဘာသာရေးပွဲတော်တွေကိုလည်း လေ့လာမယ်လို့ ကြိုတင် စဉ်းစားခဲ့ဖူးတယ်။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာ ရေးတဲ့ ၁၂ ပွဲဈေးသည် တွေ အကြောင်း၊ အညာဘုရားပွဲတွေအကြောင်းဆောင်းပါးတွေကို ဖတ်ပြီး အညာက ဘုရားပွဲ ဈေးတန်းကြီးတွေမှာ ကုန်ပစ္စည်းမျိုးစုံရောင်းကြ၊ ဝယ်ကြ တာကို လေ့လာချင်တယ်၊ ကျေးလက် ဒေသ ဘုရားဖူးတွေ နဲ့ စကားပြောကြည့်ချင်တယ်။ ဒါပေမဲ့ အခုကာလမှာ အညာ ဘုရားပွဲတွေကို သွားဖို့ ဆို တာမလွယ်လှဘူး။

ဒါ့ကြောင့် သွားလို့ရနိုင်တဲ့ဘုရားပွဲတွေကို သွားမယ်လို့ ဆုံးဖြတ်ပြီး မော်တင်စွန်း ဘုရားပွဲကို သွားဖို့ ရွေးချယ်ခဲ့တယ်။ မော်တင်စွန်းဘုရားပွဲကို သွားဖို့ရွေးတာက ဘုရားပွဲကို လေ့လာချင် တာလည်း ပါတယ်။ နောက်ပြီး မော်တင်စွန်းကမ်းခြေက ပင်လယ်ထဲက နေထွက်လာတာကို ရော၊ ပင်လယ်ထဲကို နေဝင်တာကိုပါ ဓာတ်ပုံရိုက်လို့ရတဲ့ ရှားရှားပါးပါးနေရာတစ်ခု ဖြစ်နေတာကြောင့် လည်း ပါတယ်။

မော်တင်စွန်းဘုရားပွဲက ထုံးတမ်းစဉ်လာအရ တပေါင်းလဆန်း ၁ ရက်နေ့ကနေ တစ်လ တိတိ ကျင်းပခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ စတိသဘော တစ်ပတ်ပဲ ကျင်းပနိုင်ခဲ့တယ်။ ဘုရား ဖူးလည်း အလွန် နည်းတယ်။ ၂၀၂၂ ခုနှစ်မှာ ၁၅ ရက်ကျင်းပပေမယ့် ဆိုင်ခန်းတွေလည်း နည်း၊ ဘုရားဖူးလည်း နည်းတယ်။ ဒီနှစ်မှာတော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ လပြည့်နေ့ ( ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့ထိ) အထိ ၁၅ ရက်ကျင်းပမှာဖြစ်ပြီး ဆိုင်ခန်းလည်း များ နိုင်တယ်၊ ဘုရားဖူးလည်း အတော်လာမယ်ထင်တယ်လို့မေ ျှာ်လင့်ထား ကြတယ်။

မော်တင်စွန်းဘုရားပွဲကို ရန်ကုန်ကနေ ကားနဲ့ တိုက်ရိုက်သွားလို့ရသလို ရန်ကုန် – ပုသိမ်ကို ကားနဲ့ သွား၊ ပုသိမ်ကနေ မော်တင်စွန်းကို သဘောၤနဲ့ သွားလို့လည်းရတယ်။ ကျွန်တော်က အသွားကို ခရီးသည်တင်လိုင်းကားနဲ့ သွားမယ်၊ အပြန်မှာ သဘောၤနဲ့ပြန်မယ်လို့ စဉ်းစားခဲ့ တယ်။ ဒါပေမဲ့ ခရီးစဉ်ကို စုံစမ်းလိုက်တော့ မော်တင်စွန်းအပြန်သဘောၤက ညနေဘက် ထွက်တာဆို တော့ လမ်းမှာ အိပ်လိုက်ရုံပဲ၊ ရှုခင်းတွေလည်း ကြည့်နိုင်မှာမဟုတ်ဘူး ဆိုတာ သိရတဲ့အတွက် အသွား၊ အပြန်လိုင်းကားနဲ့ သွားဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။

မော်တင်စွန်းသွားမယ့် ခရီးသည်တင်ကားတွေက ဒဂုံ-ဧရာ အဝေးပြေးကားဂိတ်ကနေ ညနေ ဘက်ထွက်တယ်။ လမ်းမှာ ညအိပ်ရပြီး မော်တင်စွန်းကအပြန်ခရီးလည်း ညနေ ထွက်၊ လမ်း မှာ ညအိပ်ရတာပဲ။ ကားခက သွား/ပြန် ၃၇၀၀၀ ပေးရတယ်။

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က အောင်မင်္ဂလာကားဂိတ်ကနေ အကြိမ်ကြိမ် ခရီးသွားဖူး ပေမယ့် လှိုင်သာယာမှာ ရှိတဲ့ ဒဂုံ-ဧရာကားဂိတ်ကနေ သွားတာ ပထမဆုံးအကြိမ်ပဲ။ ထုံးစံ အတိုင်း ကီလိုတက္ကစီ KTS နဲ့ပဲ သွားလိုက်တယ်။ လမ်းမှာ ကားပိတ်နေမှာကို စိုးရိမ်ပြီး အိမ်က နေ နှစ်နာရီခွဲထွက်လိုက်တာ သုံးနာရီခွဲလောက် ကားဂိတ်ကို ရောက်သွားတယ်။ ကားက ညနေ ငါးနာ ရီမှ ထွက်မှာဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီးစောင့်ရတယ်။ ဒဂုံ- ဧရာ ကားဝင်းက ဧရာဝတီတိုင်းအတွက်ပဲဆိုတော့ အောင်မင်္ဂလာကားဂိတ်လောက် မရှုပ် ထွေးဘူး။ ကားဂိတ် ကတော့ အတော်များတယ်။ ကျွန်တော်တို့ စီးတဲ့ကားက “ ကံထူးအောင်” ကားဖြစ်ပါတယ်။ ဒီကားလိုင်းက ဧရာဝတီတိုင်းအတွင်းက မြို့အတော်များများကို ရောက်တယ်။

မော်တင်စွန်းကို သွားတဲ့ ကံထူးအောင် ကားတွေမှာ ဗီအိုင်ပီ ကားလို့ခေါ်တဲ့ 2 plus 1 ကား မရှိဘူး။ ရိုးရိုး နှစ်ခုံတွဲကားတွေပဲရှိတယ်။ ကံထူးအောင် ကားကို အွန်လိုင်းက လက်မှတ်ဝယ်တဲ့ အချိန်မှာ နာမည်မကြားဘူးတဲ့ကားလိုင်းဖြစ်တဲ့ အပြင် ဧရာဝတီတိုင်းကိုပဲ အဓိကထား သွားတဲ့ ကားလိုင်းဆိုတော့ အဆင်ပြေပါ့မလားလို့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ကားဂိတ်ရောက်တော့ ကောင် တာက ကလေးတွေက ဝန်ဆောင်မှု ကောင်းပါတယ်။ နားနေခန်းကလည်း သန့်ရှင်း ပြီး ခရီးသည်တွေအတွက် ရေသန့်ဘူးတွေ ယူသောက်နိုင်ဖို့ ထားပေးတယ်။ ရေသန့်ဘူးထားပေး တယ်ဆိုတာကလည်း ဖြစ်သလို ကတ်လိုက်ချပေးထားတာမျိုးမဟုတ်ဘူး။ ဆိုင်တွေမှာသုံးတဲ့ အအေးသေတ္တာ နဲ့ထားပေးတာပါ။ ကြိုက်သလောက်သောက်၊ ကားပေါ်တက်တော့မယ် ဆို တော့လည်း ကားပေါ်မှာ သီးခြားထပ်မဝေတော့ဘူး။ တစ်ခါတည်း ယူသွားဖို့ သတိပေးတယ်။

အကြိုက်ဆုံးကတော့ သန့်စင်ခန်းပဲ။ အောင်မင်္ဂလာကားဂိတ်က နာမည်ကြီးကားလိုင်း မှန်သမ ျှ စီးဖူးတယ်။ ရုံးခန်းသာ အလှဆင်ထားချင်ထားမယ်၊ ခရီးသည်များအတွက် သန့်စင်ခန်းကတော့ ရေတွေအိုင်နေလို့ ခြေဖျားထောက်ဝင်ရတာ၊ အနံအသက်မကောင်းတာ၊ ကြမ်းပြင်တွေ ညစ်ပတ် နေတာပဲ ကြုံရတယ်။ သူတို့ ဝန်ထမ်းအတွက် တော့ သန့်စင်ခန်းကောင်းကောင်းလုပ်ထားပြီး သော့ခတ်ထားတဲ့ ကားလိုင်းလည်း ကြုံဖူးတယ်။ ကံထူးအောင်ကားဂိတ်က သန့်စင်ခန်း ကတော့ အတော်သန့်ရှင်းတယ်။ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က ဆက်တိုက်သန့်ရှင်းရေးလုပ်နေ တာလည်း တွေ့တယ်။ ကျန်တဲ့ကားလိုင်းတွေ နမူနာယူသင့်တဲ့အချက်ပဲ။

ကားထွက်မယ့်အချိန်က ငါးနာရီဆိုပေမယ့် ငါးနာရီ ဆယ့်ငါးမှထွက်တယ်။ ကားပေါ်မှာ ဝန်ထမ်း သုံးယောက်ပါတယ်။ ယာဉ်မောင်းတစ်ယောက်၊ ယာဉ်ပေါ်လိုက်ဝန်ထမ်း နှစ်ယောက်၊ ဝန်ထမ်း တစ်ယောက်က အသက် ၄၅ နှစ်တဲ့။ ကြုံဖူးသမ ျှ ယာဉ်ပေါ်လိုက်ဝန်ထမ်းတွေထဲမှာ ဒီလူ အသက် အကြီးဆုံးပဲ။ ဝန်ထမ်းတွေက တူညီဝတ်စုံတွေ၊ ယာဉ်စထွက်ချိန်မှာ မိတ်ဆက်စကားပြောတာတွေ တော့မရှိဘူး။ ဒါပေမဲ့ ခရီးသည်တွေ လိုအပ်တာမှန်သမ ျှတော့လုပ်ပေးပါတယ်။

လှိုင်သာယာကထွက်ပြီးတော့ ထန်းတပင်လမ်းခွဲ နဲ့ ရန်ကုန်တိုင်းဒေသကြီးအဆုံး/ ဧရာဝတီ တိုင်း အစနေရာတွေမှာ စစ်ဆေးရေးဂိတ်တွေရှိတယ်။ ဒါပေမဲ့ ဒီဘက်လမ်းကြောင်းက အခြေအနေ ကောင်းပုံရတယ်။ စစ်ဆေးရေးဂိတ်မရောက်ခင် ဖုန်းပိတ်ထားဖို့သတိပေးသံမကြားရဘူး။ ဂိတ် ရောက်ရင်တော့ ခရီးသည်စာရင်းပေးရတာပဲရှိတယ် ၊ ဘားအံလမ်းလို ခရီးသည်တွေ လမ်းဆင်း လေ ျှာက်ရတာမရှိဘူး။

ရန်ကုန် – ပုသိမ်ကားလမ်းကို နောက်ဆုံးသွားခဲ့တာ ၂၀၁၅ ခုနှစ်ဆိုတော့ အဲဒီအချိန်နဲ့ ယှဉ်လိုက် ရင် ကားလမ်းက အတော်ကောင်းနေပြီ။ ညောင်တုန်းတံတားအထိ ဆိုရင် ကားနှစ်စီးကောင်း ကောင်းကောင်းမောင်းလို့ရပါတယ်။ ငရုတ်ကောင်းတောင်ရောက်ရင် ကားပေါ်မှာပဲ အိပ်ရ မှာ ဆိုတော့ အိပ်လို့ ရမရ မသေချာဘူး။ ဒါ့ကြောင့် ညောင်တုန်းတံတားကျော်တာနဲ့ ကြိုးစား ပြီးအိပ်လိုက်တာ ပုသိမ်ကားကြီးဝင်းရောက်မှနိုးတော့တယ်။

ပုသိမ်ရောက်တော့ ည ၈နာရီခွဲ၊ ထမင်းမစားရသေးတဲ့သူတွေက ကံထူးအောင် ကားဂိတ်ဘေးက ရွှေရတနာဆိုင်မှာ ညစာ စားတယ်။ မီးပျက်နေတဲ့အတွက် ထမင်းဆိုင်ကတော့ မီးစက်နှိုးပေးထား ရတယ်။ ည ကိုးနာရီထိုးတော့ မီးပြန်လာတယ်။ ထုံးစံအတိုင်း “ ဟေး” ဆိုတဲ့ အော်သံထွက်လာ တယ်။ ကားက ပုသိမ်မှာ တစ်နာရီလောက်နားပြီးဆက်ထွက်တယ်။ ကားမထွက်ခင် ရေသန့်ဘူး တွေ ထပ်ဝေတယ်။ ကြွပ်ကြွပ်အိတ်တွေ လိုက်ဝေတယ်။ လိုသလောက်ယူထားဖို့ တိုက်တွန်းတယ်။ ဒါက လမ်းမှာ ကားမူးတော့မယ်ဆိုတဲ့ သဘောပေါ့။

ပုသိမ်ကနေ မော်တင်စွန်းမရောက်ခင် ဟိုင်းကြီးကျွန်းလမ်းခွဲအထိ မိုင် ၉ ၀ နဲ့ ၅ ဖာလုံရှိတယ်။ လမ်းခွဲကနေ ဟိုင်းကြီးကျွန်းအဝင် ကျောက်ချောင်းရွာအထိ ၃ မိုင် ၅ ဖာလုံ၊ လမ်းခွဲကနေ မော် တင်စွန်းအထိ ၄ မိုင် ၃ ဖာလုံရှိတယ်။ ဒီတော့ ပုသိမ် – မော်တင်စွန်းခရီးက ၉ ၅ မိုင်ပေါ့။

ပုသိမ်ကထွက်ပြီး ငွေဆောင်လမ်းခွဲ မိုင်တိုင် ၁၁ အထိ လမ်းပြေတယ်။ မိုင်တိုင် ၁၁ မှာ ညာဘက် ကို သွားရင် ငွေဆောင်၊ ဘယ်ဘက်ကို သွားရင် မော်တင်စွန်း၊ အဲဒီလမ်းခွဲကျော်တာနဲ့ လမ်းက အတက်အဆင်း၊ အကွေ့အကောက်များလာပြီ။ ခဏနေတော့ ကားနောက်ပိုင်းကနေ ဥသြဆွဲ သံ၊ ကြွပ်ကြွပ်အိတ်တောင်းသံတွေကြားရတယ်။ ကျွန်တော်တို့ကားက ကားကြီးဆိုတော့ အကွေ့ အကောက်တွေမှာ ကားနောက်ပိုင်းကလူတွေ ကားမူးတဲ့ဒဏ်ပိုခံရတယ်။

ငရုတ်ကောင်းတောင်ရောက်တော့ ည ၁၂ နာရီ ၄၅ မိနစ်၊ ကားက သပြေရိပ်ဆိုတဲ့ ထမင်းဆိုင် ရှေ့မှာ ရပ်တယ်။ ကျန်တဲ့ဆိုင်တွေကတော့ မီးပိတ်ပြီး အိပ်နေကြပြီ။ ငရုတ်ကောင်းတောင် မှာ အိပ်မယ်ဆိုတော့ ခရီးသည်တွေက အုပ်စု သုံးစု ကွဲသွားတယ်။ အတွေ့အကြုံများနေပုံရတဲ့ အမျိုး သမီးနှစ်ယောက်ကတော့ ပလတ်စတစ်အခင်းနဲ့ စောင်ကို ထုတ်ပြီး ပိတ်ထားတဲ့ဆိုင်တစ်ဆိုင်ရှေ့ မှာ ခင်းအိပ်တယ်။ ဘယ်နေရာဖြစ်ဖြစ် အိပ်နိုင်တယ်ဆိုတဲ့ သူတွေက ကားပေါ်မှာ ဆက်အိပ် တယ်။ ကားပေါ်မှာ လှောင်တယ်၊ လေဝင်လေထွက်မကောင်းလို့ မအိပ်နိုင်ဘူးဆိုတဲ့သူတွေက ဆိုင်ထဲ ဝင်ထိုင် ကော်ဖီသောက်တယ်။ ဆိုင်ကလည်း ခဏပဲ ဖွင့်ပြီး ပြန်ပိတ်တော့ ဆိုင်ထဲက ခုံတွေ အပြင်ထုတ်ပြီး ထိုင်တဲ့သူ ထိုင်၊ လမ်းလေ ျှာက်တဲ့သူလေ ျှာက်ပေါ့။

ကျွန်တော်ကတော့ တတိယအုပ်စုထဲမှာပါတော့ ခုံတစ်ခုံယူပြီး အပြင်မှာထိုင်တယ်။ ခဏနေ တော့ နောက်ခရီးသည်တစ်ယောက်လည်း လာထိုင်တဲ့အတွက် သူနဲ့ စကားပြောတယ်။ ဒီလူနဲ့ စကား ပြော ခွင့်ရလိုက်တာ ကျွန်တော့်အတွက် အလွန်ကောင်းတဲ့ အတွေ့အကြုံပဲ။

ဆက်လက်ဖော်ပြပါ့မယ်။

လွန်ခဲ့တဲ့ တစ်နှစ် က ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ပတ်သက်ပြီး

  • အမေရိကန်ကို အမြင်ကပ်တဲ့ စိတ်တစ်ခုတည်းနဲ့ ဘာရယ် ညာရယ် မစဉ်း စားတော့ပဲ ရုရှားနဲ့ ပူတင် ကို ချီးမွမ်းခန်း ဖွင့်နေလိုက်တာ မြင် မကောင်းဘူး။

ဆင်တစ်ကောင်နဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ အတူနေနေရသလို ဆင့်မျက်နှာကြည့်နေရတဲ့၊ ဆင် နည်းနည်းလှုပ်တာနဲ့ ဘက်စုံ ပြဿနာတက်နေတဲ့ တရုတ် – မြန်မာ ဆက်ဆံရေးကို မေ့ မနေကြနဲ့ဦး။

လို့ ရေးတော့ ရုရှားကြီးမှန်တယ်၊ ရုရှားစစ်တပ်ကြီးက ဘယ်လို တိုက်တော့မယ်၊ ပူတင်က မဟာ ခေါင်းဆောင်ကြီး၊ ယူကရိန်း သမ္မတ က လူရွှင်တော်ပဲ၊ ဘာမှမတတ်ဘူး၊ ရက်ပိုင်းအတွင်း ပြေးရ တော့မှာ စသည်ဖြင့် မှတ်ချက်ရေး တုန့်ပြန်တဲ့သူတွေ မနည်းဘူး။

ယူကရိန်းသမ္မတ ဇာလန်းစကီးက လူရွှင်တော်လုပ်ခဲ့တဲ့သူလို့ ပြောတဲ့သူတွေဟာ ဇာလန်းစကီး ဟာ လူရွှင်တော်ဆိုပေမယ့် ယူကရိန်းပြည်သူအများစုက ရွေးချယ်ထားတဲ့သမ္မတ ၊ နိုင်ငံတကာ အသိ အမှတ်ပြု ထားတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ သမ္မတ ဆိုတာ မေ့နေပုံရတယ်။ အဲဒီ ဥပဒေကြောင်းအရ တရားဝင်ဖြစ်မှု ( legitimacy)ကပဲ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းသမ္မတ အတွက် အကောင်း ဆုံး လက်နက်ဖြစ်သွား ခဲ့တယ်။ ဒ့ါကြောင့် ယူကရိန်းစစ်ပွဲဟာ ယူကရိန်းအချုပ် အခြာ အာဏာနဲ့ နယ်မြေကို ယူကရိန်း ပြည်သူတွေပိုင်သလား၊ ရုရှားပိုင်သလားဆိုတဲ့ ဥပဒေကြောင်း အရတရားဝင်ဖြစ်မှု အားပြိုင် တဲ့ စစ်ပွဲလို့ ပြောရင် မှားမယ် မထင်ဘူး။

အခု ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်တော့ လွယ်မယ်ထင်လို့ လုပ်ကြည့်တဲ့ ပူတင်လည်း ခုတော့ မလွယ်ပါလား ဖြစ်ပြီး တရုတ်ကြီးကတောင် ရုရှားအတွက် ကြားဝင်စေ့စပ်ပေးနေရတဲ့ အခြေအနေ ရောက်နေပေါ့။ ယူကရိန်းစစ်ပွဲက လက်နက်အင်အားတစ်ခုတည်းနဲ့ အောင်ပွဲမရနိုင်ဘူးဆိုတဲ့ သမိုင်း သင်ခန်းစာကို ထပ်ပြီး အတည်ပြုပေးလိုက်တာပဲ ။

ဆိုင်ကယ်စီးပြီး ခရီးနှင်

စက်ဘီးတစ်စီးနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ လူငယ်လေးတွေကို ကိုယ်ချင်းစာ မိတယ်။ ဒါတောင် ကိုယ်က ဆိုင်ကယ်နောက်ကထိုင်စီးရတာပါ။

၂၆ ဖေဖော်ဝါရီ ၂၀၂၃

လွှဲမှာပါ

မနှစ်က အိမ်က ကလေးတွေကို ဒီနှစ် ဒီအချိန်ရောက်ရင် ဒါလေးလုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့ တယ်။ အမှန်ကတော့ ၂၀၂၁ ထဲက ၂၀၂၂ မှာ သူတို့အတွက် လုပ်ပေးမယ်လို့ ပြောခဲ့တာ၊ ဒါ ပေမယ့် အခြေအနေမပေးသေးဘူး၊ နောက်နှစ်ပေါ့ဆိုပြီး ကတိထပ်ပေးခဲ့တာ၊ ဒီနှစ်ရောက်တော့ လည်း ကျွန်တော့်ရဲ့ ဗာဟီရကိစ္စတွေ နဲ့ အချိန်ကုန်နေပြီး အကောင်အထည်မဖော်နိုင်ပြန်ဘူး။

ဒီတော့ ကလေးတွေက အဖေကလည်း တစ်နှစ်ပြီး တစ်နှစ်အချိန်ဆွဲနေတာပဲ၊ ဘယ်တော့ ဖြစ်လာ မှာလဲလို့ ဝေဖန်လာကြတယ်။ ဒါနဲ့ လုပ်ပေးမှာပါ ၊ ကလေးတို့၊ အရင်လောက်တော့ မကြာတော့ ပါဘူးလို့ နှစ်သိမ့်ရတယ်။ သူတို့ကတော့ ယုံကြည်ပုံမရဘူး။

ကလေးတွေနဲ့ စကားပြောပြီးတော့ နဝတအစိုးရခေတ်က နာမည်ကြီးခဲ့တဲ့ ပြက်လုံးတစ်ခုကို သတိရမိတယ်။ အချိန်ကတော့ အမျိုးသားညီလာခံခဏရပ်ဆိုင်းနေတဲ့ အချိန်၊ ၁၉ ၉ ၆ ခုနှစ် နောက် ပိုင်းပေါ့၊ အမျိုးသားညီလာခံက အခြေခံဥပဒေသစ်ကို ရေးဆွဲဖို့ပြင်ဆင်နေ တာဖြစ်ပြီ နဝတ အစိုးရ ကလည်း အမျိုးသားညီလာခံကနေ အခြေခံဥပဒေသစ်ပေါ်ပေါက်လာပြီး မှ ရွေးကောက်ပွဲတို့၊ အာဏာ လွှဲပြောင်းရေးတို့လုပ်မယ်လို့ ပြောထားတာဖြစ်ပါတယ်

အဲဒီအချိန်မှာ ရုပ်ရှင်လောကသားတွေက ရုပ်ရှင်အစည်း အရုံးရန်ပုံငွေအတွက် ပြဇာတ် တစ်ပုဒ် ရုံတင်ကပြတယ်။ မင်းသားနဲ့ ဒါရိုက်တာနာမည်တော့ မှတ်မိ ပါတယ်။ ဒါပေမယ့် အဓိက ပြော ချင်တာ ပြဇာတ်ထဲက ပြက်လုံး အကြောင်းဆိုတော့ မင်းသားနဲ့ ဒါရိုက်တာနာမည်တော့ မပြော တော့ဘူး။ အခုပြန် ပြော ပြတော့ စကားလုံးတွေက အတိ အကျ ဖြစ်ချင်မှဖြစ်မယ်၊ဒါပေမယ့် ဆိုလိုရင်းကတော့ အတူတူပါပဲ။

အဲဒီပြဇာတ်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ အဖေလုပ်တဲ့သူက မှန်ရှေ့မှာ မုတ်ဆိတ်ရိတ် နေတယ်၊ သားလုပ်တဲ့သူ (လူရွှင်တော်ထင်တယ်) က ပုခက်ထဲကနေ “အဖေ လွှဲပါ၊ လွှဲပါ ”လို့အော်တယ်။ အဖေလုပ်တဲ့သူကလည်း “အေး လွှဲမှာပါကွ၊ ဒီမှာ အဖေရိတ်လို့ မပြီးသေးလို့ပါ” လို့ပြောတယ်။ ခဏ နေ တော့ သားက အဖေ လွှဲပါ၊ လွှဲပါ ဆိုပြီးထပ်အော်တယ်။ အဖေကလည်း အေး လွှဲမှာပါကွ၊ အဖေ ရိတ် လို့ မပြီးသေးလို့ပါလို့ထပ်ပြောတယ်။ ဒီလိုနဲ့ သားက လွှဲပါလို့ အော်လိုက်၊ အဖေက လွှဲမှာ ပါကွ၊ ရိတ် လို့မပြီးသေးလို့ပါလို့ ပြောလိုက် သုံးလေးခါ ဖြစ်နေတော့ ပရိသတ်ကလည်း သူတို့ အတွေး နဲ့ သူတို့ တဝါးဝါး၊ တဟားဟားပေါ့။ ဇာတ်ပေါင်းတော့ ဒါရိုက်တာက သုံးနှစ်၊ မင်းသားက တစ်နှစ် အနုပညာလုပ်ခွင့်ပိတ်ခံရတယ်။

အခု အိမ်က ကလေးတွေကလည်း ကျွန်တော့်ကို အဖေ ပေးထားတဲ့ ကတိအတိုင်းလုပ်ပါလို့ ထပ် ပြော နေပြီ။ အဲဒီ ပြက်လုံးထဲကလို “အေးပါ အဖေ လုပ်ပေးမှာပါကွာ” လို့ ပြောပြီး နေ့ရွှေ့ ညရွှေ့လုပ်နေရင်တော့ အိမ်က သား သမီးတောင် အယုံအကြည်ရှိမှာမဟုတ်တော့ဘူး။

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၅)

သူငယ်ချင်း- သူတို့ကို ဒီအတိုင်းလွှတ်ပေးထားရင် အခြေအနေတွေပိုဆိုးလာမှာကွ၊ ဒါ့ကြောင့် ကြားဝင်ရတာ၊ မင်းနားလည်လား။

ကျွန်တော် – ဟေ ။ အခုကော အခြေအနေတွေက ပိုကောင်းလာလို့လား။

သူငယ်ချင်း- မင်း ကတ်တီးကပ်ဖဲ့ မပြောနဲ့

ဤတွင် တစ်ခန်းရပ်။

ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ

အခုတလော မကြာခဏ ဖတ်နေရ၊ ကြားနေရတာက “ မြန်မာပြည် ပါတီတွေကများ” ဆိုတဲ့ စကားပဲ။ အဲဒီ စကားနဲ့ ဒွန်တွဲပြီးပါလာတာက အမေရိကန် နဲ့ အင်္ဂလိပ် (ဗြိတိန်) ဆိုရင် နှစ်ပါတီ ပဲရှိတယ်ဆိုတဲ့ စကားပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီစကားပြောတဲ့သူအများစုက ကျန်တဲ့ကိစ္စ တွေမှာ အမေရိကန် နဲ့ အင်္ဂလိပ် ဟာ မြန်မာပြည်ကို ဖျက်ဆီးမယ့် ငပွကြီးတွေဆိုပြီး ပြောလေ့ ရှိတဲ့ သူတွေဖြစ်ပေမယ့် အခု ကိစ္စမှာတော့ “အမေရိကန်တောင်မှ ဒီလို” ဆိုပြီး ကိုးကားလာတာပဲ။

ဒီလူတွေက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အထောက်အကူဖြစ်ဖို့အတွက်သာ အမေရိကန်၊ အင်္ဂလိပ် နိုင်ငံရေးစနစ်ကို ကိုးကားနေတာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အတွင်းကျကျ လေ့လာ ထားပုံလည်း မရဘူး။ တကယ်တော့ အဲဒီနှစ်နိုင်ငံရဲ့ နိုင်ငံရေးပုံစံကို “နှစ်ပါတီစနစ်”လို့ ပြောလို့ မရ ဘူး။ “နှစ်ပါတီကြီးစိုးတဲ့စနစ်” လို့ပြောမှမှန်တယ်။

ပြီးတော့ အဲဒီလို နှစ်ပါတီပဲ ကြီးစိုးနေတယ်ဆိုတာကလည်း ပါတီကြီးနှစ်ခုက နောက်ထပ် ပါတီတွေ ပေါ်မလာအောင် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားလို့မဟုတ်ဘူး။ အဲဒီနိုင်ငံ တွေမှာပါတီတစ်ခုတည်ထောင်ဖွဲ့စည်းဖို့ အလွန် လွယ်ကူတယ်၊ လူထုထောက်ခံမှုရအောင် စည်းရုံး ဖို့သာ ခက်ခဲတာ။

ဒါ့ကြောင့်အမေရိကန်နိုင်ငံမှာဆိုရင် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် ရွေးကောက်ပွဲတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နေတဲ့ ပါတီပေါင်း သုံးဆယ်ရှိတယ်။ အမေရိကန် ကွန်မြူနစ်ပါတီ Communist Party of the United States of America (CPUSA) ဆိုတာတောင် ရှိပြီး ၂၀၁၄ ခုနှစ်က အကြိမ်သုံးဆယ်မြောက် ပါတီညီလာခံတောင်ကျင်းပခဲ့ သေး တယ်။ ပြီးခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဆိုရင် ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်ပါတီကြီးနှစ်ခု အပြင် နောက် ထပ် ပါတီ ၈ ခုကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကို တွေ့ရတယ်။

ယူနိုက်တက်ကင်းဒမ်း ( ဗြိတိန်) နိုင်ငံမှာဆိုရင်လည်း လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီ အပြင် နောက်ထပ် ဆယ်သုံးပါတီရှိပြီး အဲဒီထဲက ကိုးပါတီက လွှတ်တော်အသီးသီးမှာ အနည်းဆုံး အမတ် တစ်နေရာတော့ ရွေးချယ်ခံထားရတယ်။ အဲဒါအပြင် ဝေလ ၊စကော့တလန်နဲ့ မြောက်အိုင်ယာ လန် ဥပဒေပြုလွှတ်တော်တွေအတွက်ပဲ သီးခြားရပ်တည်လှုပ်ရှားနေတဲ့ပါတီတွေလည်း ရှိသေးတယ်။

အဲဒီလိုပြောတော့လည်း “ဟာ ၊ အဲဒီနိုင်ငံတွေမှာက အများဆုံးရှိမှ နှစ်ဆယ်ပေါ့။ ငါတို့ ဆီမှာက ကိုး ဆယ်၊တစ်ရာ မလွန်ဘူးလား” လို့ ပြောဦးမယ်။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးအယူအဆ ဒါမှမဟုတ် လူမျိုးစုအရေး ဒါမှမဟုတ် အကြောင်းအရာတစ်ခုခု ဥပမာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကို အခြေခံပြီး တည်ထောင်လေ့တာကိုး။ အဲဒီတော့ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိတယ်လို့ ပြောနေတဲ့ နိုင်ငံမှာ လူမျိုးစု တစ်ခုချင်းက သူတို့အခွင့်အရေးကို လွှတ်တော်တွင်းက အကောင် အထည်ဖော်နိုင်ဖို့ ပါတီထောင်မယ်ဆိုရင် ပါတီတစ်ရာကျော်ရှိတာ မဆန်းဘူးလို့ ပြောရမှာပဲ။

တစ်ခုတော့ ရှိပါတယ်။ ပါတီတွေ လွယ်လွယ်နဲ့ တည်ထောင်ခွင့်ပြုတယ်ဆိုပေမယ့် ပါတီထောင်ပြီး ရွေးကောက်ပွဲမဝင်ဘူးဆိုတာမျိုးတော့ လက်ခံ လို့မရ ဘူးပေါ့။ ဒါ့ကြောင့်လည်း တချို့နိုင်ငံတွေ မှာ ပါတီတစ်ခုအနေနဲ့ အနည်းဆုံးရွေးကောက်ပွဲဝင်ပြိုင်ရမယ့် သင့်တင့်တဲ့ ကိုယ်စားလှယ် လောင်း အရေအတွက် ကို သတ်မှတ်ထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ တချို့ကလည်း ရွေးကောက် ပွဲမှာ တစ်နေရာမှ မနိုင်ရင် ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မပေးသင့်ဘူးလို့ ပြောတာလည်း ရှိ တယ်။ အဲဒီအယူအဆက မမှန်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီပါတီရဲ့ မူဝါဒကို အခုအချိန်မှာ လူထုက လက်မခံသေးပေမယ့် တစ်ချိန်ချိန်မှာ လက်ခံလာနိုင်တဲ့ အခွင့်အရေးရှိတာကိုး။

ဥပမာအားဖြင့် ဂျာမန်နိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါတီဖြစ်တဲ့ ဂရင်း (Green) ပါတီ ဆိုရင် ၁၉ ၈၀ ပြည့်နှစ်စတင်တည်ထောင်ချိန်က လူထုထောက်ခံမှုမရခဲ့ဘူး။ ဒါပေမယ့် တဖြေးဖြေး နဲ့ လူထုထောက်ခံမှုရအောင် စည်းရုံးနိုင်ခဲ့တဲ့အတွက် ၁၉ ၉ ၈ ကနေ ၂၀၀၅ ခုနှစ်ကာလ မှာ ဆိုရင် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ပါတီဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ရွေးကောက်ပွဲမှာဆိုရင်လူထုထောက်ခံမှု၁၅% ရခဲ့ပြီး ပါတီသမိုင်းမှာ အအောင်မြင်ဆုံး ရွေးကောက် ပွဲဖြစ်ခဲ့တယ်။ ပြင်သစ်နိုင်ငံက လက်ယာစွန်း အမျိုးသားတပ်ဦး ပါတီဆိုရင်လည်း ဒီလို ဖြစ်စဉ်မျိုးပဲ။

ပါတီနည်းနည်းပဲ ရှိရမယ် ဆိုတဲ့ အယူအဆက မြန်မာနိုင်ငံမှာ အခုမှ ဆွေးနွေးနေကြပေမယ့် ဒီမိုကရေစီလို့လည်း နာမည်ခံချင်၊ အာဏာကို လည်း လက်မလွှတ်ချင်တဲ့ တတိယကမ္ဘာနိုင်ငံအချို့ က ခေါင်း ဆောင်တွေဟာ ပါတီတွေ နည်းနည်းပဲရှိတာကောင်းတယ် ဆိုတဲ့ အယူအဆကို ဆွဲကိုင်ခဲ့ တာ ကြာပါပြီ။

ဒီလိုခေါင်းဆောင်တွေက အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးပါတီတွေ ပေါ် ပေါက်စေချင်တဲ့ စေတနာ နဲ့ ပါတီတွေနည်းနည်းပဲရှိအောင်လုပ်နေတာမဟုတ်ဘူး။ သူတို့ စိတ်ရင်းအမှန်က သူတို့ကို စိန်ခေါ် နိုင်မယ့် ပါတီ မျိုးပေါ်မလာစေချင်ဘူး။ အထူးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်ကောင်းပေါ်လာမှာကို မလိုလား ဘူး။ ဒါပေမဲ့ တစ်ဖက်ကလည်း တစ်ပါ တီ စနစ်လို့အပြောခံရမှာကြောက်တယ်။ဒါ့ကြောင့်ပါတီနည်းတာပဲ ကောင်းတယ်လို့ ပြော ပြီး အင်အား ကောင်းတဲ့ ပြိုင်ဘက် ပါတီတွေပေါ်မလာအောင် ၊ ကန့်သတ်ချက်တွေ အမျိုးမျိုးတွေ အသုံးပြုလေ့ ရှိတယ်။

တကယ်လို့ အင်အားကောင်းတဲ့အတိုက်အခံပေါ်လာရင်လည်း နည်းအမျိုး မျိုး နဲ့ ဖြိုခွဲဖို့ ကြိုးစား လေ့ရှိတယ်။ ဒီလို လုပ်ဆောင်တာမျိုးကတော့ ဒီမိုကရေစီ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးရေးထက် မိမိ အာဏာတည်မြဲရေးအတွက် ဦးစားပေးတာမျိုးဖြစ်လို့ လက်ခံဖို့ မသင့်ဘူးပေါ့။

တကယ်တော့ ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုရင် နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ မိမိ၏ ယုံကြည် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားဖြန့်ဝေခွင့်၊ အဖွဲ့ အစည်း အသင်း အဖွဲ့များ ဖွဲ့ စည်းခွင့် နဲ့ ရွေးကောက်ခံနိုင်ခွင့် တွေကို လေးစားရမှာပါ။ ( မြန်မာ နိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၈ နဲ့ ၃၅၄ မှာလည်း အဲဒီအခွင့်အရေးတွေကို အာမခံ ထား ပါတယ်။)

ဒါ့ကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်လို့ ပြောရင် ပါတီတည်ထောင်ခွင့်ကို ကန့်သတ် ချက်အနည်းဆုံးနဲ့ ခွင့်ပြုရမှာပဲ။ အဲဒီပါတီတွေ ရေရှည်ရပ်တည်နိုင်မလား၊ ရွေးကောက် ပွဲ အနိုင်ရမလား ဆိုတာ လူထုက ဆုံးဖြတ်လိမ့်မယ်။ အာဏာရပါတီ ဒါမှမဟုတ် အုပ်ချုပ်သူက ဆုံးဖြတ်ပေးဖို့ မလိုဘူး။ လူတစ်ကိုယ်တစ်မဲ ကျင့်သုံးတဲ့ ဒီမိုကရေစီမှာ ပါတီကြီး၊ ပါတီငယ် မရှိဘူး။ လူထု ထောက် ခံတဲ့ ပါတီနဲ့ လူထုထောက်ခံမှုမရတဲ့ပါတီပဲရှိတယ်။

သို့သော် ဒီမိုကရေစီဆိုတာ ဗဟုဝါဒဖြစ်တော့ ဒီမိုကရေစီနိုင်ငံရေး ဆိုရင် ပါတီစုံ တနည်းအားဖြင့် ပါတီတွေ အများကြီး ပါဝင်လှုပ်ရှားကြ၊ ရွေးကောက်ပွဲ ဝင်ကြတာမဆန်းဘူး။ ဒီလိုပါပဲ ပါတီတွေများ တာ ဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိလား၊မရှိဘူးလားဆိုတဲ့ ငြင်းခုံမှုတွေလည်း ရှိတာလည်း မဆန်း ဘူး။ အရေးကြီးတာက အဲဒီငြင်းခုံမှုတွေရဲ့ နောက်ကွယ်က စေတနာပါပဲ။

အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် – အာဆီယံခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်း စိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့တယ်။

ပြောချင်တာက အဲဒီထိပ်သီးအစည်းအဝေးအကြောင်းမဟုတ်ဘူး။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အစည်းအဝေးတက်တဲ့အကြောင်းပြောချင်တာ။ ဦးဉာဏ်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ ပဲခူးတိုင်း၊ ဇီးကုန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထု ထောက်ခံမဲ ၆၀.၃၈% ၊ မဲအရေအတွက် ၂၄၉ ၅၂ မဲ နဲ့ ရွေး ချယ်တင်မြှောက်ခံရတယ်။

ဦးဉာဏ်ထွန်းက ရွေး ကောက်ခံရပြီးတော့လည်း ဒုတိယသမ္မတ တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့တဲ့ အပြင် သမ္မတ ဦးသိန်းစိန် ကိုယ်စား နိုင်ငံတကာထိပ်သီးအစည်းအဝေး ပါတက်ရောက် ခဲ့တယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတဲ့အတွက် ရွေးကောက်ပွဲပြီးတဲ့အချိန်ကစပြီး သမ္မတ မဟုတ်တော့ဘူး လို့ ပြောနေသူတွေ စဉ်းစားနိုင်ဖို့ပါ။

သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ခန်း (၄)

ကျွန်တော်- ဒီမိုကရေစီ သွားမယ်လို့ပြောနေရင် သတင်းလွတ်လပ်ခွင့်တော့ရှိရမှာပေါ့။ တိုက်အိမ် လို့ပြောရင် အုတ်နံရံ၊ သွပ်မိုး ဆိုတဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံရမယ်။ ဝါး ထရံကာ ၊ ဓနိမိုးကို လက်ညှိုးထိုးပြီး တိုက်အိမ် လို့ ပြောရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ် ဘူး။

သူငယ်ချင်း- မင်းတို့ မီဒီယာတွေကို လွှတ်ပေးလို့ လူတွေက မီဒီယာတွေပြောသမ ျှယုံပြီး ဟိုဘက် ပါသွားတာ၊ မင်းတို့လည်း တာဝန်ရှိတယ်။

ကျွန်တော်- ဒါဆိုရင် နှစ်နှစ်ဆယ်ကျော်လောက် မီဒီယာတွေကို ထိန်းချုပ်ထားပြီး ငါတို့ပဲ ပြောချင် တာ ပြောလာခဲ့တာ လူတွေက ဘာလို့ ငါတို့ပြောတာကို မယုံတာလဲ လို့ ပြန်စဉ်းစား ကြည့်ပါလား၊ မီဒီယာတွေရေးတာတစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး။

သူငယ်ချင်း- လူတွေက ခက်ပါတယ်ကွာ။

ဤတွင်တစ်ခန်းရပ်

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)

သူငယ်ချင်း – ဒီမိုကရေစီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ ပါ တီ တွေ အရည် အချင်းမရှိရင် တိုင်းပြည်နစ်နာတယ်ကွ။

ကျွန်တော် – ဘယ်စနစ် ဖြစ်ဖြစ် ခေါင်းဆောင်အရည်အချင်းမရှိရင် တိုင်းပြည်နာတာပဲ။ သို့သော် ဒီမိုကရေစီမှာ နိုင်ငံရေးသမားတွေ အသုံးမကျရင် လူထုက ငါးနှစ် ဒါမှမဟုတ် လေးနှစ် တစ်ကြိမ် ရွေးကောက်ပွဲက တဆင့် ဖယ်ရှား ဖို့အတွက် အခွင့်အရေးရှိ သေး တယ်။ ကျန်တဲ့စနစ်တွေကတော့ သိတဲ့အတိုင်းပဲ၊ မကြိုက်လို့ စင်ပေါ်က တွန်းချရင်တောင် တိုင်ဖက် ထားသေးတာ။

ဤတွင်တစ်ခန်းရပ်။

မှတ်ချက်။ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ခေါင်းစဉ်ဖြင့် စာနှစ်ပုဒ်ကို ၅ ဇူလိုင် ၂၀၂၂ နှင့် ၂၈ ဇန် ၂၀၂၃ တို့တွင် ရေးသားခဲ့ဖူးသည့်အတွက် အမှတ်စဉ် (၃) ဟု ခေါင်းစဉ်တပ်ခြင်း ဖြစ်ပါသည်။

လေသာဆောင်

ဝရန်တာ (Veranda) ဆိုတာ အင်္ဂလိပ်ဝေါဟာရကနေ တိုက်ရိုက်မွေးစားထားတဲ့စကားလုံးပါ။ မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာန်မှာတောင် “ Veranda” – ဝရန်တာ လို့ပဲ အနက်ပေးထားတာကို တွေ့တယ်။ ကျွန်တော်တို့အားလုံးကလည်း “ ဝရန်တာ” လို့ ပြော လိုက်တာနဲ့ အိမ်အပြင်မှာ ထုတ်ထားတဲ့ လက်ရန်းပဲရှိတဲ့ ဟင်းလင်းဖွင့်နေရာလေးဆိုတာ နားလည်ပြီးသားဖြစ်နေပါပြီ။

မြို့ပြက တိုက်ခန်းတွေမှာ ဝရန်တာပါခဲ့ရင် အဲဒီနေရာလေးဟာ အပန်းဖြေဖို့ပန်းခြံငယ်လေး အဖြစ် ရှိနေတတ်တယ်။ ပန်းအိုးလှလှလေးတွေရှိမယ်။ ထိုင်ခုံသေးသေးလေးတွေရှိမယ်။ ဒီနေရာလေး မှာ မနက်စော စော ကော်ဖီတစ်ခွက်နဲ့ ၊ ညနေစောင်းမှာ အဖျော်ယမကာလေးနဲ့ အပန်းဖြေ လို့ရတယ်။ မိသားစု ဖြစ် ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး စကား ပြောလို့ရတယ်။

ဒါပေမယ့် ကျွန်တော်က “ဝရန်တာ” လို့ခေါ်တာထက် မြန်မာဆန်ဆန် “လေသာဆောင်” ခေါ်ရတာကို ပိုပြီးခံတွင်းတွေ့တယ်။ မြန်မာအဘိဓာန် မှာ လေသာဆောင် ကို “ပတ်လည်အကာ အရံမရှိ လက်ရန်းမ ျှ သာ တပ်ဆင်ထားသည့် လေညင်းခံရာအဆောင်” လို့ အနက်ပေးထားတော့ “ ဝရန်တာ” နဲ့ အတူတူပဲပေါ့။

အခု တစ်ခေါက် ဘားအံခရီးစဉ်မှာတော့ “ ဝရန်တာ” ဆိုတဲ့စကားလုံးကို မကြိုက်ပေမယ့် ဝရန်တာမှာ ထိုင်ပြီးကော်ဖီသောက်ခဲ့တယ်။ ဒါပေမယ့် အိမ် ဝရန်တာတော့ မဟုတ်ဘူး။ အေးချမ်း ဆိတ် ငြိမ်တဲ့ “ Veranda Youth Community Café , Veranda YCC” ဆိုတဲ့ ကော်ဖီ ဆိုင်လေးမှာ သောက်ခဲ့တာပါ။

ဒီဆိုင်လေးကို တစ်ယောက်ယောက်က ညွှန်းလို့ သွားခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စု ရပ်ကွက် ထဲမှာ ရှိတဲ့ အမိုးအိမ်က အပြန်မှာ အမှတ်မထင်တွေ့ခဲ့တာ။ ပထမ ကော်ဖီဆိုင်မှန်း မသိဘူး။ အဆောက်အအုံ ဟောင်းဟောင်းတစ်ခု၊ ကျောက်တုံးကြီးတွေနဲ့ လုပ်ထားတဲ့ ခြံစည်းရိုး၊ ရှေ့ မှာ ထောင်ထားတဲ့ သစ်သားတိုင်ကောက်ကောက်ကွေးကွေးနဲ့ လမ်းညွှန်မှတ်တိုင်တွေကို သတိ ထားမိပြီး ဘာပါလိမ့်ဆိုတဲ့ သိချင်စိတ်နဲ့ ဝင်သွားခဲ့တာပါ။ ဆိုင်အပေါက်ဝနားနီးမှ ညာဘက် သစ် သားနံရံမှာ အမည်းရောင်နဲ့ရေးထားတဲ့ ဆိုင်နာမည်ကို တွေ့ရတယ်။ ဆိုင်းဘုတ်က အရောင်မှိုင်း မှိုင်း၊ နောက်ခံကလည်းသစ်သားအဟောင်းဆိုတော့ အဝေးက မြင်ဖို့မလွယ်ဘူး။

ဒီဆိုင်လေးကို ရှေ့က ကြည့်ရင် မှုန်ကုပ်ကုပ် နဲ့ ဆွဲဆောင်မှု မရှိ ပေမယ့် ဆိုင်နောက်ဘက်ကို ရောက်သွားရင် သစ်ပင်၊ ဝါးပင်တွေကြားမှာ စားပွဲ၊ ကုလားထိုင် ဟောင်းတွေ၊ သစ်သား ပြား ကြီးတွေ၊ ကျောက်တုံးကြီးတွေ နဲ့ ပြင်ဆင်ထားတဲ့ ဆိုင်အခင်းအကျင်းကို မြင်ပြီး “ ဝိုး ” ဆိုတဲ့ အာမေဍိတ်သံ ထွက်ပေါ်လာမှာ သေချာတယ်။

ဒီဆိုင်ပြင်ဆင်ထားရှိမှုကို မြင်လိုက်တာနဲ့ ဒီဆိုင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရိုး ရာအမွေအနှစ်ထိန်းသိမ်းရေးကို ဦးစားပေးတယ်ဆိုတာ သိနိုင်တယ်။ ဆိုင်အဝင်မှာ စွန့်ပစ် ပစ္စည်းတွေကို တွဲလောင်းဆွဲပြီး ပစ္စည်းတစ်ခုချင်း ပျက်စီးသွားဖို့ လိုအပ်တဲ့အချိန်ကာလတွေ ကို ရေးထားတယ်။ ဥပမာ၊ စာရွက် နှစ်ပတ်မှ ခြောက်ပတ်၊ နွားနို့ဘူး ငါးနှစ် မှ ဆယ်နှစ်၊ ရေသန့် ဘူး နှစ် လေးရာ့ငါးဆယ် မှ နှစ်တစ်ထောင် စသည်ဖြင့်။ သီးသန့် ပန်းချီတွေ၊ဒီဇိုင်းတွေ မလုပ်ပဲ နဲ့ တကယ့်ပစ္စည်းလေးကို သုံးပြီး အသိပညာပေးထားတဲ့ စိတ်ကူးက ကောင်းလွန်းလှတယ်။

ဒီဆိုင်လေးက နှစ်ဆယ်ကျော်၊ သုံးဆယ်အရွယ် လူငယ်တွေ စုစည်းဖွင့်လှစ်ထားတာ၊ ဒီဆိုင် လေး ဖြစ်မြောက်ဖို့အတွက် အကူအညီပေးတဲ့ ၊ အကြံဉာဏ်ပေးတဲ့ လူကြီးတွေ ရှိပေမယ့် နေ့စဉ် ကိစ္စအ၀၀ကို စီမံခန့်ခွဲ လုပ်ကိုင်နေတာက လူငယ်တွေပါပဲ။ ဘယ်သူတွေက တာဝန်ယူ လေ့ကျင့် ပေးထားလည်းတော့မသိဘူး၊ မန်နေဂျာက အစ ဝန်ထမ်းလူငယ်အဆုံးအားလုံးရဲ့ ပြောဆိုဆက်ဆံ မှု၊ ဝတ်စားဆင်ယင်မှုတွေက မွန်မွန်ရည်ရည်၊ သိမ်သိမ်မွေ့မွေ့ ရှိတယ်။

ကိုဗစ်မဖြစ်ခင်ကတော့ ဒီဆိုင်ကို နိုင်ငံခြားသားတွေလာတာများပြီး Tripadvisor ဝက်ဘ်ဆိုက် မှာ ဘားအံမြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင်အဖြစ် အသိအမှတ်ပြုခံရတဲ့ဆိုင်ဖြစ်ပါတယ်။ ( ပုံ ၁၂) ကိုဗစ် ဖြစ်တော့ ဒီဆိုင်ကို ပိတ်ထားလိုက်ရပြီး ပြန်ဖွင့်တာမကြာသေးဘူး။ ဆိုင်နေရာက မြို့စွန် လို ဖြစ်ပြီး လမ်းမကြီးရဲ့ အတွင်းပိုင်းရောက်နေတဲ့အတွက် ပြည်တွင်းဧည့်သည်ကတော့ အကြောင်း သိတဲ့လူမှ ရောက်မယ့် သဘောရှိတယ်။

ဆိုင်တာဝန်ရှိသူတစ်ယောက်ကို ဘာဖြစ်လို့ “ ဝရန်တာ Veranda ” လို့ နာမည်ပေးတာလဲ လို့ မေးတော့ လူငယ်လေးတွေ စုစုဝေးဝေး ဝရန်တာမှာ ထိုင်ပြီး စကားပြောသလို အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စကား ပြောနိုင်တဲ့နေရာတစ်ခု ဖြစ်စေချင်လို့ ဒီနာမည်ကို ရွေးတာပါလို့ ပြော တယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်လို “ Veranda ” လို့ သုံးပေမယ့် မြန်မာလိုတော့ “ လေသာ ဆောင် ” လို့ သုံးရင် ပိုလှမယ်လို့ အကြံပြုရင်း ကိုမင်းဇင်တို့ ISP အဖွဲ့က “ ကပြင်ရပ်ဝန်း” ဆိုပြီး ဆွေးနွေးတဲ့ အသိုက်အဝန်းလေးတစ်ခု တည်ထောင်ထားတဲ့အကြောင်းရှင်းပြခဲ့တယ်။

ဆိုင်နာမည်မှာ လူငယ်စကားလုံးထည့်ထားတာနဲ့ ပတ်သက်ပြီးမေးတော့ လူငယ်လေးတွေ အသိပညာ၊ အတွေးအမြင်၊ အတွေ့အကြုံဖလှယ်နိုင်တဲ့ နေရာ လည်းဖြစ်စေချင်တဲ့အတွက် “လူငယ်သိုက်မြုံ Youth Community” ဆိုတဲ့ စကားလုံးကိုထည့်ထား တာ ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။

ခင်ဗျားတို့ ရည်မှန်းတဲ့အတိုင်း လူငယ်သိုက်မြုံဖြစ်ရဲ့လားလို့မေးတော့ အရင်ကတော့ ဖြစ်ပါ တယ် လို့ ဖြေတယ်။ အရင်က ဖြစ်တယ်ဆိုတော့ အခု မဖြစ်တော့ဘူးလားလို့ မမေးတော့ပါဘူး။ ငြိမ်း ချမ်းခြင်း၊ လွတ်လပ်ခြင်း နဲ့ မေ ျှာ်လင့်ချက် ဆိုတဲ့ ကြိုးလေးတွေ ပြတ်သွားမှာတော့ သီထားတဲ့ ပုလဲ လေးတွေလည်း တကွဲစီ ပြန့်ကြဲကုန်ပြီပေါ့။

ဒီဆိုင်မှာ နံနက်စာ၊ နေ့လယ်စာ နဲ့ ညစာ အတွက် အနောက်တိုင်း၊ တရုတ်၊ မြန်မာအစားအစာ တွေ ရတယ်။ ကော်ဖီ၊ အအေးအစုံရတယ်။ ဘီယာ နဲ့ ဆေးလိပ်တော့မရဘူး။ ကျွန်တော်က တော့ ကော်ဖီတစ်ခွက်ပဲသောက်ခဲ့တဲ့အတွက် အစားအသောက်နဲ့ ပတ်သက်ပြီး မပြောနိုင်ပါဘူး။ သဘာ၀ ပတ်ဝန်းကျင်နဲ့ နီးစပ်ပြီး အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ဆိုင်၊ အလှ ဓာတ်ပုံရိုက် တာ ဝါသနာပါသူများအတွက် သင့်တော်တဲ့ဆိုင်၊ လူငယ်လေးတွေ ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြု အားပေးချင်သူတွေ သွားသင့်တဲ့ဆိုင် လို့ပဲ ညွှန်းချင်ပါတယ်။

ဒီဆိုင်ကို ဘားအံကန်သာယာဘေး ဇွဲကပင်လမ်းအတိုင်းသွားလို့ရတယ်။ (မြေပုံ ကို ပုံ ၁၃ မှာ ဖော်ပြထားပါတယ်။ ) အလွယ်ဆုံးကတော့ Queen ဟိုတယ်အနားလို့ ပြောပြီး ရှာတာပါပဲ။