ကျားမြူးတောင်

နေပြည်တော်ကနေရန်ကုန်ကိုသွားတိုင်းလမ်း ညာဘက်မှာ “ကျားမြူးတောင် ပီယသိဒ္ဓိစေတီတော်” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့နေခဲ့တာ ကြာပါပြီ။ ထူးဆန်းတဲ့ နာမည်ကြောင့် ဒီတောင်ပေါ်ကို တက်ကြည့်မယ်လို့ စိတ်ကူးပေမယ့် အကောင်အထည်မဖော်ဖြစ်ဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် နေပြည်တော် – ရန်ကုန်ခရီးစဉ်မှာ ဝင် ဖြစ်အောင်ဝင်ခဲ့တယ်။

ကျားမြူးတောင်ရှိတဲ့နေရာက အမြန်လမ်း မိုင်တိုင် ၁၂၂ / ၅ မှာဖြစ်ပါတယ်။ နေပြည်တော်ဘက်က လာရင်ညာဘက်အခြမ်းမှာရှိပါတယ်။ ကားလမ်းပေါ်က လှမ်းကြည့်ရင် မုခ်ဦးနဲ့ စောင်းတန်းအမိုးကို လှမ်းမြင်ရတယ်၊သစ်တောဖုံးနေတဲ့အတွက်စေတီကိုမမြင်ရဘူး။တောင်ပေါ်မှာ ဘယ်လို အဆောက် အအုံတွေရှိတယ်ဆိုတာလည်း မသိနိုင်ဘူး။

အဝင်လမ်းက ကားတစ်စီးစာ ကွန်ကရစ်လမ်းဖြစ်ပါတယ်။ တောင်ခြေနားရောက်တော့ နောက် ထပ် မုခ်ဦးတစ်ခုတွေ့တယ်။ မုခ်ဦးအကျော်မှာ တောင်ပေါ်တက်တဲ့စောင်းတန်းရှိတယ်။ တောင်ခြေမှာ ကားရပ်ထားပြီး တောင်ပေါ်ကို စောင်းတန်းအတိုင်းတက်ရမယ်လို့ထင်ထား ပေမယ့် မဟုတ်ဘူး။ စောင်းတန်းဘယ်ဘက်မှာ တောင်ပေါ်တက်တဲ့ ကွန်ကရစ်ကားလမ်းတစ်ခု တွေ့တယ်။ လမ်းက တော့ ကားတစ်စီးစာပဲရှိတယ်။ ကားလမ်းနဲ့ စောင်းတန်းကြားမှာ ထရန်စဖော် မာတစ်ခုတွေ့တယ်။ ကားလမ်းနဲ့ထရန်ဖော်မာကို မြင်လိုက်တော့ ဒီတောင်ပေါ်မှာ သာသနိက အဆောက်အအုံတွေ အတော်များမယ်ဆိုတာ သဘောပေါက်သွားတယ်။

ကျားမြူးတောင်က မမြင့်ပါဘူး။ တောင်တက်လမ်းကလည်း ပြေပါတယ်။ တောင်ပေါ်ရောက်တော့ လျောင်းတော်မူ ဘုရားတစ်ဆူ၊ နှစ်ထပ်ကျောင်းဆောင် သုံးဆောင်တွေ့တယ်။ နှစ်ထပ် ကျောင်း တစ်ဆောင်ကတော့ မြေပြန့်မှာ ဆောက်ထားတာ၊ နောက်နှစ်ဆောင်ကတော့ တောင်ကမ်းပါးမှာ မေးတင်ဆောက်ထားတော့ ရှေ့က ကြည့်ရင် တစ်ထပ်ဆောင်၊ နောက်ဘက်ကကြည့်ရင် နှစ်ထပ်။ အဲဒီကျောင်းဆောင်သုံးဆောင်အနက် အသေးဆုံးတစ်ဆောင်မှာ ကျားမြူးတောင်ဆရာတော် သီတင်း သုံးတယ်။ ကျန်တဲ့ ကျောင်းဆောင်နှစ်ဆောင်က တရားစခန်းဖွင့်တဲ့အချိန် ယောဂီတွေ နေဖို့ ဆောက်ထားတာ။

ဆရာတော်ကျောင်းရဲ့ ရှေ့ဘက်မှာ ဆွမ်းစားဆောင်နဲ့ ဆွမ်းချက်ရုံရှိတယ်။ ဆွမ်းစားဆောင် ကျော် လိုက်ရင် တောင်စွယ်လေးရဲ့ထိပ်မှာ ကျားမြူးတောင်စေတီရှိတယ်။ တောင်ခြေမှာတွေ့ခဲ့တဲ့ စောင်း တန်းအတိုင်းတက်ရင် စေတီကို ဦးတိုက်ရောက်တယ်။

ဒီစေတီက လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အရင်ရှိနေတဲ့ ဘုရားငုတ်တိုကို ငုံပြီး ပြန်တည် ထားတာ၊ ပြန်လည်ပြုပြင်တဲ့အချိန်မှာ မူလစေတီကို ဘယ်အချိန်ကတည်ခဲ့တယ်ဆိုတဲ့ အထောက် အထားမတွေ့ဘူး။ ဘုရားအုတ်တွေကတော့ ရှေးအုတ်တွေ လို့ ပြောတယ်။ ဒါပေမဲ့ ဒီစေတီက တပင်ရွှေထီး တောင်ငူကနေ ဟံသာဝတီကို ချီတဲ့အချိန် ရှေ့ပြေးတပ် တွေ က နောက်က လိုက်လာ မယ့် တပ်တွေအတွက် လမ်းညွှန်အမှတ်အသားအဖြစ် တည်ခဲ့ တာ ၊ ပဲခူး ရိုးမတောင်စွယ်တွေမှာ ဒီလို စေတီဟောင်းတွေရှိတယ်လို့ ရှေးအစဉ်အဆက် ပြောခဲ့တယ်လို့ လည်း ဆိုတယ်။

လွန်ခဲ့တဲ့နှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်၊ အမြန်လမ်းမကြီး လည်း မရှိသေး၊ ပဲခူးရိုးမပေါ်မှာ ဗကပ တွေရှိတဲ့ အတွက် သစ်ထုတ်၊ သစ်ခိုးတွေလည်း မလုပ်ရဲ တဲ့ အချိန်ဆိုတော့ ဒီနေရာတဝိုက်မှာ သစ်ကြီး ဝါးကြီး တွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ အဲဒီအချိန်က လသာညတွေဆိုရင် ဘုရားကုန်းဘက်ကနေ ကျား ဟိန်းသံတွေကြားရတယ်။ ဒေသခံတွေ သစ်ခုတ်၊ ဝါးခုတ်နဲ့ ဘုရားကုန်းဘက်ရောက်တဲ့အခါ ကုန်း တော်ပေါ်မှာ ကျားခြေရာတွေ တွေ့တယ်။ ဒါ့ကြောင့် ဒီတောင်ကုန်းဟာ ကျားတွေ ပျော်ပါးမြူးတူး တဲ့နေရာဆိုပြီး ကျားမြူးတောင်လို့ ခေါ်ခဲ့ကြတယ်။ တစ်ချိန်ကပေါ့။ အခုတော့ ကျားခြေရာ ဝေး လို့ တောကြောင် ခြေရာတောင် မမြင်ရတော့ဘူးတဲ့။

ကျားမြူးတောင်ဆရာတော်ရဲ့ ဘွဲ့က ဦး ဇနိန္ဒပါ။ ဆရာတော်ဒီတောင်ပေါ်ကို ရောက်တာ ၁၇ နှစ် ကျော်ပြီ၊အဲဒီအချိန်က အမြန်လမ်းမကြီး မရှိသေးဘူး။ ဆရာတော်က ပျဉ်းမနားဇာတိ ၊ ဒါပေမဲ့ စာသင်တော့ တောင်ငူမှာ သင်တယ်။ မြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ကျားမြူး တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စေတီကို စောင့်ရှောက်ဖို့ တစ်ပါးတည်းကြွလာခဲ့ရတာ။ ဆရာတော်ရောက်တော့ တောင်ပေါ်မှာ စေတီ တစ်ဆူ ရယ်၊ အမိုးအကာမဲ့နေတဲ့ လျောင်းတော်မူ ဘုရားရယ်၊ သစ်သားကျောင်းဟောင်းလေး နဲ့ အုတ်နံ ကပ် ဓမ္မာရုံပဲရှိတယ်။ တောင်ပေါ်မှာ ကိုယ့် အစီအစဉ်နဲ့ ကိုယ်တစ်ပါးကျောင်းလေးတွေ ဆောက် ပြီး သီတင်းသုံးနေတဲ့ တောထွက် ကိုယ်တော် ရှစ်ပါး၊ ကိုးပါးလောက်ရှိတယ်။ အမူ အကျင့် ကလည်း အမျိုးမျိုးပေါ့။

ဆရာတော်က တောင်ပေါ်မှာ ရှိတဲ့ သံဃာအားလုံး စုစည်းပြီး ဝိနည်းနဲ့ အညီ နေထိုင် သီတင်း သုံးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ တစ်ချို့လည်းနေနိုင်၊ တစ်ချို့လည်း မနေနိုင်တော့ ပြောင်းသွားကြ တယ်။ ဆရာတော်ရောက်စ နှစ်နှစ်လောက်ကတော့ ဆွမ်းကွမ်းကိစ္စက အတော်ခက်ခဲဆင်းရဲခဲ့ တယ်။နောက်ပိုင်းမှာတော့အမြန်လမ်းပေါ်ပေါက်လာတဲ့အတွက် သွားလာရလွယ်ကူပြီး အလှူရှင် တွေ လည်းပေါ်လာတယ်။ အနားမှာ ရှိတဲ့ ညောင်ခြေထောက်မြို့ခံတွေကလည်း ဝေယျာဝစ္စ ကူညီ ဆောင်ရွက်ပေးကြတယ်။ ဒီလိုနဲ့ ၁၇ နှစ်ကြာတဲ့အချိန်မှာ အခုအခြေအနေကို ရောက်လာတာ ပါပဲ။ တောင်ပေါ်ကို မီးရောက်၊လမ်းပေါက်တာတော့ နှစ်နှစ်ကျော်ပဲရှိသေးတယ်တဲ့။ ကုန်းတော်ပေါ် မှာ တွေ့ခဲ့ရတဲ့ အလှူရှင်စာရင်း တွေ မှာတော့ ပျဉ်းမနားနဲ့ ညောင်ခြေထောက်က အလှူရှင်တွေများ တယ်။

ကျားမြူးတောင်ပေါ် နဲ့ တောင်ပတ်ဝန်းကျင်ကတော့ သစ်ရိပ်ဝါးရိပ်နဲ့ အတော်အေးချမ်းတယ်။ ဒီ တောင်ပေါ်မှာ ဟိုးအရင်ထဲက တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေတည်ဆောက်ခဲ့တဲ့ တစ်ပါးထိုင် အုတ် လှိုဏ်ဂူတွေရှိပြီး လက်ရှိလျောင်းတော်မူဘုရားနားမှာ တစ်ခုတွေ့ခဲ့ရတယ်။ ဘုရားကုန်း ပတ်ဝန်း ကျင် လျိုတွေထဲမှာလည်း ဒီလို ဂူတွေ ရှိတယ်လို့ သိရတယ်။

အခုလည်း ဆရာတော်က တစ်နှစ်မှာ သင်္ကြန်တွင်းတစ်ကြိမ်နဲ့ ဝါခေါင်လတစ်ကြိမ် ခုနှစ်ရက် မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ ကြားကာလတွေမှာ ပဉ္စင်းခံတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်ရောက်တော့ အခြားဒေသက ပဉ္စင်းလာ ခံတဲ့ ကိုယ်တော်လေးငါးပါး ရှိနေတယ်။

ရန်ကုန် ဘက်က လာရင်တော့ တောင်တော်အဝင်လမ်းအကျော် ရွှေနန်းတော် ချစ်တီးဆိုင်နဲ့ တည့်တည့်လောက်မှာ လမ်းဖြတ်ရှိတယ်။ အဲဒီနေရာကနေ ဖြတ်ပြီး ကျားမြူးတောင်ကို သွားလို့ ရပါတယ်။

ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့

ငယ်ငယ်က အားရင် အဘိုးရဲ့ စာအုပ်စင်ကို မွှေတယ်။ အဘိုးစာအုပ်စင်က စာအုပ်တွေထဲမှာ အကြိုက် တွေ့တာက မှော်ဘီဆရာသိန်း( ၁၈၆၂ -၁၉ ၄၂) ရဲ့ စာအုပ်တွေ၊ ဆရာကြီးက မြန်မာ ဘုရင်တွေခေတ်က အဖြစ် အပျက်တွေအကြောင်းရေးလေ့ရှိသလို သူရှာဖွေမှတ်သားထားတဲ့ ထွေထွေရာရာ မှတ်စရာတွေ ကိုလည်း “ အရူးလွယ်အိတ်စာတမ်း” ဆိုပြီး ရေးခဲ့တယ်။

ငယ်ငယ်ကဖတ်ခဲ့ပြီးအခုအချိန်ထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ဆရာကြီးရဲ့ စာအုပ်ကတော့ “ ရှေးဖြစ် စာတမ်း” ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြီးမှတ်သားထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေ ပါသလို ဇာတ်ပြက်လုံးတွေ အကြောင်း လည်းပါ တယ်။ အဲဒီအထဲက “ ဆရာထုံးကြီး ဇာတ်ပြက်လုံး“ ဆိုတဲ့ ပြက်လုံးတစ်ခုက ဒီလို-

လူပြက် ဦးထုံးက ဘုရင်လုပ်ပြီး ကျန်တဲ့ လူပြက်တွေက မှူးကြီးမတ်ကြီးလုပ်ရတယ်။ အဲဒီမှာ ဘုရင်က သူ့မှူးမတ်တွေကို ဟေ့ မင်းကြီးများလို့ ခေါ်ရင်လည်း မင်းတို့ ဘုရားထူးမှာပဲ၊ တိုင်းပြည် အကြောင်းမေးရင် တိုင်းပြည်က ဆင်းရဲဒုက္ခ ရောက်နေပေမယ့် မင်းတို့က တိုင်းပြည် အေးချမ်း သာယာဝပြောကြောင်း လေ ျှာက်တင်မှာပဲ၊ ဆင် တွေ မြင်း တွေ ငတ်နေလည်း ဆင်ဝန်၊ မြင်းဝန်က ဆင်တော်၊မြင်းတော်များကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုး ရှိနေကြောင်းတင်မှာပဲ၊ လှေတော် ဖောင် တော် တွေ ဘယ်လိုပျက်ပျက်ဖောင်ဝန်က ကောင်းမွန် စွာရှိကြောင်းတင်မှာပဲ စသည်ဖြင့် ပြော သတဲ့။

အဲဒီလို ပြောပြီးတော့ မင်းတို့ ဘာပြောမယ်ဆိုတာ သိလို့ အဲဒါတွေမမေးဘူး၊ ငါသိချင်တဲ့ အကြောင်းပဲမေးမယ် ၊ အမှန်အတိုင်းတင်ကြလို့ မိန့်ကြားပြီး ငါ့အဖေလက်ထက်နဲ့ ငါ့လက်ထက် စပါးဈေးဘယ်လိုပေါက်နေလဲ အမှန်အတိုင်းသံတော်ဦးတင်စေ လို့ ဆိုသတဲ့။

ဒီတော့ မှူးမတ်တွေကလည်း အရှင့်ခမည်းတော်လက်ထက်က စပါးဈေး ၁၀၀ လ ျှင် ၅၀၊ ၆၀ ပါ။ အရှင့်လက်ထက် စပါးဈေးမှာ ၁၀၀ လ ျှင် ၁၅၀၊ ၂၀၀ ဖြစ်ကြောင်းပါလို့ အမှန်အတိုင်းလေ ျှာက်တင် လိုက်တယ်။ အဲဒီမှာ ဘုရင်လုပ်တဲ့သူက ဘာကြောင့် ဒီလောက်ခြားနားရသလဲ တင်စမ်းလို့ အမိန့် ပေးလိုက်တယ်။

အဲဒီလို မေးတော့ မှူးမတ်တွေကလည်း ခမည်းတော်လက်ထက်မှာ စပါးတွေ မပျက်မစီးတဲ့အတွက် ဈေးချိုတယ်၊ အရှင်မင်းတရားလက်ထက်မှာ ရေကြီးမိုးခေါင်၊ ပိုးကိုက် ကြွက်ကိုက်လို့ စပါးတွေ ပျက်စီးပြီး စပါးဈေးတက်တယ်။ ဆင်းရဲသားတွေ ဝယ်မစားနိုင်လို့ ငတ်တော့မယ်လို့ လေ ျှာက် တင် တယ်။

ဒီလိုလေ ျှာက်တင်တာ ကြားတဲ့အခါ ဘုရင်လုပ်တဲ့ လူပြက် ဦးထုံးက မင်းကြီးတို့တင်ပြတာ ကြားရ တော့ ဘဝင်မှာငွေ့ သဘောတော်တွေ့ပြီး အေးမြလိုက်ပါဘိတော့ ဝန်မင်းတို့ လို့ ဆိုလိုက်တယ်။

ဒီနေရာရောက်တော့ မြို့ဝန်လုပ်တဲ့ လူပြက်က ဘုရင်ကို “ ဆင်းရဲသားတွေ ကျပ်တည်းနေရတာကို ဝမ်းသာပြီးအေးမြနေရသလား လို့ အပြစ် တင်ရင်း ဝါးလက်ခုပ်နဲ့ ရိုက်ဟန်ပြုတယ်။

အဲဒီအခါမှာ ဘုရင်လုပ်တဲ့ လူပြက် ဦးထုံးက “ ဝန်မင်းရဲ့ ဒေါသမကြီးပါနဲ့၊ ငါရှင်ဘုရင်ကိုလည်း ကြည့်ဦး၊ မင်းကျင့်တရားရှစ်ပါး၊ ဆယ်ပါး တစ်ပါးမှ မရှိ၊ အပရိဟာနိယတရား ခုနစ်ပါး၊သင်္ဂဟတရား လေးပါး၊ ဗြဟ္မစိုရ်တရား လေးပါး၊ နာယကဂုဏ်ခြောက်ပါး ဆိုတာ ဝေလာဝေး၊ ဒါတောင် တိုင်းပြည် မပျက်သေးဘဲ စပါးဈေးလောက်တက်တာ တော်သေးတာပေါ့ လို့ ဟန့်သတဲ့။

ဦးထုံးကြီး ပြက်လုံးက ဆရာကြီး ဦးဘဂျမ်း ကာတွန်းတွေလိုပဲ။

စံပယ်ဖြူဖြူ

ထူးထူးဆန်းဆန်းနာမည်တွေ အင်္ဂလိပ်နာမည်တွေနဲ့ စားသောက်ဆိုင် အလွန်များတဲ့ နေပြည် တော်မှာ “ စံပယ်ဖြူဖြူ” ဆိုတဲ့ ရိုးရှင်းလှပတဲ့ နာမည်နဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို ရှာဖွေ တွေ့ရှိခဲ့ တယ်။

တစ်နေ့က ခရီးတစ်ခု သွားရင်း နေပြည်တော်ကို ဝင်ဖို့ အကြောင်းပေါ်လာတယ်။ ဒဂုံမြို့သား ရဲ့ နေပြည်တော်ဝင်ခန်းကတော့ နေပြည်တော်အဝင်ဂိတ်မှာ အုပ်ကြီးဆီက တောင်းလာတဲ့ ထောက်ခံ စာပြ၊မှတ်ပုံတင်ပြရတာနဲ့ စတယ်။ ပြီးတော့ နေပြည်တော်ကို ဘာကိစ္စလာသလဲပြော ၊ ကား နံပါတ် နဲ့ တည်းခိုမယ့်လိပ်စာပေး၊ ကိုယ်ပြော သမ ျှကို လုံခြုံရေးတာဝန်ရှိသူက ကွန်ပျူတာထဲ ရိုက်သွင်း တာကို စောင့်၊ ရပြီဆိုရင် ကားဆီပြန်သွား၊ ကားမောင်းဝင်ပေါ့။

နေပြည်တော် ဝင်ဖို့အတွက် ကိစ္စအားလုံးပြီးတော့ နေ့လယ်စာ စားရမယ့် အချိန်ရောက်နေပြီ။ ဖေ့စ်ဘွတ်ပေါ်က ရှာတွေ့ထားတဲ့ နေပြည်တော်အစားအစာပေါင်းချုပ် ဆိုတဲ့ ပို့စ်မှာတော့ မြန်မာ ထမင်းဟင်းကောင်းတယ်ဆိုပြီး ညွှန်း ထားတဲ့ ဆိုင်တွေတွေ့တယ်။ ၂၀၁၆ ထိ နေပြည်တော်မှာ နေခဲ့ချိန် စားခဲ့ဖူးတဲ့ ဆိုင်တွေလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်က ဆိုင်သေးသေးလေး နဲ့ လက် ရာကောင်းကောင်း၊ သင့်တင့်တဲ့ သန့်ရှင်းမှုလည်း ရှိ၊ ကိုယ်ကြိုက်လို့ ညွှန်းရင်လည်း လူအများ လက်လှမ်းမီတဲ့ ဈေးဖြစ်မယ့် ဆိုင်မျိုး ကို စားချင်တာ။

လိုက်စုံစမ်းတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ချင်းရွာ ထဲမှာ ရှိတဲ့ စံပယ်ဖြူဖြူ ဆိုင်ကို သွား စားကြည့်ပါ၊ စိတ်ကြိုက်တွေ့မှာပါ လို့ ညွှန်းတယ်။ ချင်းရွာဆိုတာက နေပြည်တော် စမတည်ခင်ထဲ က ရှိတဲ့ ရွာ၊ အခုတော့ ဇဝနသိဒ္ဓိ ရပ်ကွက် လို့ခေါ်တယ်။

ညွှန်းတဲ့သူကလည်း အစားတစ်လိုင်းဆိုတော့ ယုံယုံကြည်ကြည်နဲ့ သွားလိုက်တယ်။ ဆိုင်က သော်က (၅) လမ်းနဲ့ မော်လမြိုင်ကျွန်း(၁) လမ်းထောင့်မှာ ရှိတယ်။ အလွယ်ဆုံးလမ်းညွှန်ရရင် အိုးရှင်း ဆူပါစင်တာ ရှေ့ က မန္တလေးလမ်း အတိုင်း ကမ္ဘောဇဘဏ်၊ စီဘီဘဏ်တို့ ရှိတဲ့ ဘက်ကို သွား၊ စီဘီဘဏ်ကျော် သွားပြီးနည်းနည်းမောင်းလိုက်ရင် ဘယ်ဘက်မှာ သော်ကလမ်းကို တွေ့ မယ်။ အဲဒီ လမ်းထိပ်မှာ မိဘမေတ္တာထမင်းဆိုင်သို့ ဆိုတဲ့ ဆိုင်းဘုတ် အပြာရှိတယ်။ အဲဒီလမ်း အတိုင်းတည့်တည့်မောင်း၊စာသင်ကျောင်းတစ်ကျောင်းကိုကျော်ပြီးဘယ်ဘက်ချိုးလိုက်ရင်သော်က (၅) လမ်းတွေ့မယ်။ နည်းနည်းဆက်မောင်းလိုက်ရင် ဘယ် ဘက်မှာ မော်လမြိုင် ကျွန်း (၁) လမ်းကို တွေ့ မယ်။ ချိုးဝင်လိုက်တာနဲ့ တစ်ကွက်ငုတ် ညာ ဘက်မှာ စံပယ်ဖြူဖြူ ထမင်းဆိုင်ကို တွေ့မယ်။ ဒါမှ မဟုတ် သော်က လမ်းအတိုင်း ချိုးဝင်ပြီးတာ နဲ့ မြေအိုး ထမင်းဆိုင် လို့ မေးလို့ရတယ်။ ပါးစပ် GPS က အတိကျဆုံးပဲ။ (အောက်က ဓာတ်ပုံတွေ ထဲ မှာလည်း မြေပုံတင်ပေးထားပါတယ်။ )

ထမင်းဆိုင်က ဆိုင်သေးသေးလေးပါ။ ဆိုင်ရှေ့အဖီက သက်ကယ်မိုး၊ နောက်က ဆိုင်ခန်း ကတော့ ဆိုင်ခန်းဆောက်ငှားလေ့ရှိတဲ့အခန်းမျိုး။မျက်နှာဖွင့်ဆယ်ပေလောက်၊ နောက်ကို ပေသုံးလေး ဆယ် လောက်ရှိမယ်ထင်တယ်။ သက်ကယ်မိုးအောက်မှာ မြေအိုးတွေ တင် ထားတဲ့ စားပွဲတစ်လုံးရှိတယ်။ မြေအိုးတွေပေါ်မှာ ဝက်ပုန်းရည်၊ ကြက်သား၊ ငါးဖယ် စသည်ဖြင့် ဟင်းအမည် ကပ်ပြား လေးတွေ ချိတ်ထားတယ်။ အိုးတွေအပေါ်မှာ ဟင်းအိုးများကို မမွှေပါနှင့် ဆို တဲ့ မေတ္တာ ရပ်ခံစာ တွဲလောင်း ဆွဲထားတယ်။မြေအိုးတွေတင်ထားတဲ့စားပွဲညာဘက်မှာချစ်မိတ်ဆွေလို့ရေးထားတဲ့ကွမ်းယာ ဆိုင် ခုံ ရှိတယ်။ ဆိုင်ရှေ့ဆိုင်းဘုတ်မှာ “ စံပယ်ဖြူဖြူ ၊ မြေအိုးထမင်း၊ အအေး စုံ၊ အဝစား ၂၀၀၀ ကျပ် လို့ရေးထားတယ်။ စာဖတ်ပြီး အ၀ စား နှစ်ထောင်ဆိုရင် ဟင်းအရည် အသွေး ၊ သန့်ရှင်းမှု ကောင်း ပါ့မလားလို့ စိတ်ထဲထင့်သွားမိတယ်။ ဒါပေမယ့် စားကြည့် မှ ကျွန်တော့်အထင်မှားသွားတယ် ဆို တာ သိလိုက်ရတယ်။

ထမင်းဆိုင်က အခန်းနှစ်ခန်းတွဲဖွင့်ထားတာ၊ ဘယ်ဘက် အခန်းမှာက စားပွဲခြောက်လုံးရှိတယ်။ သုံးလုံးက ဝါးနဲ့လုပ်ထားတယ်။ ကျန်တဲ့ သုံးလုံးက ပုံမှန်ခုံပဲ။ ညာဘက်အခန်းကတော့ ကွပ်ပျစ် ခင်းထားပြီး စားပွဲအပုလေး သုံးခုချထား တယ်။ ကျေးလက်ရိုးရာပုံစံပေါ့။ ဒါပေမယ့် ဗိုက်ရွှဲတဲ့ သူဆို ရင်တော့ ဗိုက်ခံနေတာနဲ့ စားလို့ အဆင် မပြေနိုင်ဘူး။ ဘယ်ဘက်အခြမ်းက ဝါးနဲ့ လုပ်ထား တဲ့ ထိုင်ခုံလေးတွေက ချစ်ဖို့ကောင်းတယ်။

ဆိုင်ထဲမဝင်ခင် ဆိုင်ရှေ့က မြေအိုးတွေကို အဖုံးဖွင့်ပြီး ဟင်းတွေကြည့်တယ်။ မြေအိုးရဲ့ အနေ အထားကို အကဲခတ်တယ်။ ဒန်အိုးနဲ့ ချက်ပြီး မြေအိုးထဲ ထည့်ရောင်းတဲ့ အင်မြေအိုး ထမင်းဆိုင် လား၊ မြေအိုးနဲ့ ချက်ပြီး ချက်တဲ့အိုးနဲ့ ပဲ တည်ရောင်းတဲ့ မြေအိုးဟင်း စစ်စစ်လားဆိုတာ အကဲဖြတ် တယ်။ အိုးတွေမှာမြင်ရတဲ့ အိုးမည်းတွေအနေအထား၊ နွေးနွေးလေးရှိနေသေးတဲ့ အိုးအခြေအနေ အရ ချက်တဲ့အိုးနဲ့ပဲ တည်ရောင်းတာ ဖြစ်ဖို့များတယ်။ ဒါ့ကြောင့် မစားခင် ကြိုပြီး အမှတ်ပေးလိုက် တယ်။ ပြီးတော့ ဝက်ပုန်းရည် နဲ့ တစ်ပွဲ မှာလိုက်တယ်။

ဆိုင်ထဲရောက်တော့ ဝါးစားပွဲအမြင့်လေးမှာထိုင်တယ်။ ထိုင်လိုက်တာနဲ့ မြေရေတကောင်းတစ်ခု ၊ မြေ သောက်ရေခွက်တစ်ခွက်လာချပေးတယ်။ ရေသောက်ကြည့်တော့ သဘာဝရေအေးအေး အရသာ အပြည့် အဝရတယ်။ မကြာခင်ကမှ ပဲခူးသွားရင်း မြေသောက်ရေအိုးတွေ အကြောင်းရေးခဲ့တဲ့ ကျွန် တော့်အတွက်တော့ အဆင်ပြေသွားတာပေါ့။

ထိုင်ပြီးခဏနေတော့ ထမင်းနဲ့ ဟင်းပွဲတွေလာချတယ်။ ထမင်းပန်းကန်ကနေ ဟင်းပွဲ အလယ်၊ တို့ စရာ အဆုံး အားလုံးကို မြေပန်းကန်၊ မြေခွက်တွေနဲ့ထည့်ပေးထားတယ်။ ထမင်းကိုတော့ ဝါးနှီးပုံး လေးထဲမှာငှက်ပျောရွက်ခံပြီးထည့်ပေးထားတယ်။ အစားအသောက်ပြင်ဆင်တာလည်း သန့်ရှင်းမှု ရှိတယ်။ရန်ကုန်မှာဆိုရင်တစ်ခါပြင် ခုနစ်ထောင်၊ ရှစ်ထောင် တောင်းမယ့်အခင်းအကျင်းမျိုးပဲ။ ဒီမြေ အိုး၊မြေပန်းကန်ခွက်ယောက်တွေကို ဘယ်က ဝယ်လဲလို့ မေးချင်ပေမယ့် ဆိုင်ရှင်တွေ အလုပ်များ နေတာကြောင့် မမေးနိုင်ခဲ့ဘူး။ တကယ်လို့ဒီဆိုင်မှာသာ အဲဒီမြေပန်းကန်ခွက်ယောက်တွေကို တင် ရောင်းပေးမယ်ဆိုရင် ဈေးကွက်တစ်ခုဖြစ်လာနိုင်တယ်။

ဟင်းကတော့ ကျွန်တော်မှာတဲ့ ဝက်ပုန်းရည်အပြင် ဟင်းချိုတစ်ခွက်၊ အရန်ဟင်းပွဲအဖြစ် သရက်ချဉ် သုပ်၊ မုန်ညင်းကြော်၊ ပဲပုပ်ချက်ပါတယ်၊ ဟင်းချိုတစ်ပွဲပါတယ်။ ဝက်သားဟင်းက လက်ရာကောင်း တယ်။ အသားကတော့ နှစ်တုံးပဲပါတယ်။ အဝစားနှစ်ထောင်အတွက်တော့ ဒီလောက်ပဲရမှာပါ။ ထပ် လိုချင်လို့ ဟင်းပွဲအလွတ်မှာရင် ကျန်တဲ့ဟင်းတွေက လိုက်ပွဲတစ်ပွဲ တစ်ထောင်၊ ဝက်ပုန်းရည်က တစ်ထောင့်ငါးရာ။ ဘာ့ကြောင့်တစ်ထောင့်ငါးရာလဲလို့မေးတော့ အသားတုံး ပိုကြီးလို့ ပိုပေးရ တာပါလို့ ပြောတယ်။ အရန်ဟင်းပွဲတွေကတော့ နေ့စဉ်အပြောင်းအလဲရှိတယ်တဲ့။ ဒီဆိုင်ရဲ့ ဟင်း ချက်လက်ရာကို ကျွန်တော်စိတ်တိုင်းကျတယ်။ ဒီလိုနဲ့ ထမင်းနှစ်ပန်းကန်ဆွဲတယ်။ ဝက်သား ရိုးရိုး လိုက်ပွဲတစ်ပွဲမှာတယ်။ အားလုံးသုံးထောင်ကျတယ်။ တန်ချက်။

ဒီဆိုင်ပိုင်ရှင်တွေက မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ်ထဲက။ နေပြည်တော်ကို ၂၀၂၀ မှာရောက်လာပြီး ပထမတော့ ကွမ်းယာရောင်းတယ်။ ၂၀၂၁ နိုဝင်ဘာလ ကစပြီး မြေအိုးထမင်းရောင်းတယ်။ ဒီတော့ ဆိုင်သက်တမ်းက တစ်နှစ်တစ်လပဲရှိသေးတာပေါ့။ စရောင်းထဲက အဝစား နှစ်ထောင်နဲ့ ရောင်း တာ၊ လက်ရှိအခြေအနေမှာတော့ သားငါး ဈေးတွေကတက် ပြီးရင်း တက်ဆိုတော့ နှစ်ထောင့်ငါးရာ ရောင်းရင် ကောင်းမလားလို့ စဉ်းစား နေရ ပြီတဲ့။ တကယ်တော့ ရန်ကုန်မှာဆိုရင် လမ်းဘေးဆိုင် တောင် တစ်ခါ ပြင် ထောင့်ငါးရာ၊ နှစ်ထောင်ဖြစ်နေတော့ မြေအိုးထမင်းဆိုင် အဝစား နှစ်ထောင့် ငါးရာဆိုရင်လည်း တန်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ၊ နေပြည်တော်ရောက်လို့ မြေအိုးဟင်း စစ်စစ် စားချင်ရင်တော့ “ စံပယ်ဖြူဖြူ ” ကို သွားစားကြည့်ပါ။ ပါဆယ်ဆွဲလို့လည်းရတယ်။ ပါဆယ်ဆိုရင် နှစ်ထောင့်ငါးရာ။ ဒါပေမယ့် မြေအိုး ၊မြေပန်းကန်ခွက်ယောက်တွေနဲ့စားရတဲ့အရသာကိုတော့ ရမှာမဟုတ်ဘူး။

“ စိတ်” ပျောက်သူ

“မြန်မာစကားနဲ့ စာပေ” ဆိုတာ ဆရာမောင်သာနိုး ရဲ့ မြန်မာဘာသာစကား၊ မြန်မာစာပေ နဲ့ ပတ် သက်တဲ့ အယူအဆတွေကို စုစည်းထားတဲ့ဆောင်းပါးပေါင်းချုပ်စာအုပ်ဖြစ်ပါတယ်။ ဆရာ မောင် သာနိုးဟာ သူ့အယူအဆများ၊ထင်မြင်သုံးသပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြတတ်သူဖြစ် သလို ဝေဖန်ဖို့လိုအပ်ရင်လည်း အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။ ဆရာမောင်သာနိုး ကိုယ်တိုင်က သူ့စာတွေနဲ့ပတ်သက်ပြီး “ လောကမှာ လူနှစ်မျိုးရှိတယ်၊ တစ်မျိုးက ကိုယ့် ထမင်း ကိုယ်စား ဘာသိဘာသာ နေတတ်သူ၊ အရပ်က လူလိမ္မာလို့ ခေါ်လေ့ရှိတဲ့သူမျိုး၊ နောက် တစ်မျိုး က အဲသလို မနေတတ်တဲ့သူ။ သူက ဒုတိယအမျိုးအစားမှာပါတယ်။ မဟုတ်မမှန်တာတွေ့ ရင် အငြိမ်မနေနိုင်၊ အမုန်းခံပြီး အမှားကို ထောက်ပြ၊ အမှန်ပြောချင်သူ” လို့ ရေးခဲ့ဖူးတယ်။

ဆရာမောင်သာနိုးရဲ့ “ မြန်မာစကားနဲ့စာပေ” စာအုပ်က တစ်ထိုင်တည်းနဲ့ အပြီးဖတ်၊ ဖတ်ပြီး မေ့ သွားတဲ့စာအုပ်မျိုးမဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်တိုင်း ပြန်ဖတ်၊ ပြန်ကိုးကားရတဲ့ စာ အုပ်မျိုး ဖြစ်ပါတယ်။ အခုလည်း သဒ္ဒါ နဲ့ပတ်သက်ပြီး ဆရာမောင်သာနိုးရဲ့ အယူအဆ၊ သုံးသပ်ချက်တွေ ကို သိနိုင်ဖို့ အတွက် ဒီစာအုပ်ကို ပြန်ဖတ်မိတယ်။

သဒ္ဒါအကြောင်းဆောင်းပါးတွေဖတ်နေရင်းနဲ့ “ ဇော်ဂျီ ရဲ့ အနတ္တကဗျာ” ဆိုတဲ့ဆောင်းပါး ကိုပါ ပြန် ဖတ်မိတယ်။ ဒီဆောင်းပါးက ဝေဖန်ရေးဆောင်းပါးမဟုတ်ဘူး။ ကဗျာကိုခံစားပြီး ရေးဖွဲ့ထားတဲ့ စာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဆရာမောင်သာနိုးက ၁၉ ၈၄ ခုနှစ် ဆရာဇော်ဂျီ နဲ့ ဆရာ မင်းသုဝဏ် ကို တပည့်သားမြေး စာပေသမားတွေ ကန်တော့တဲ့အချိန်မှာ ဆရာဇော်ဂျီက တပည့် တွေအတွက် စာပေလက်ဆောင်အဖြစ် ရေးပေးခဲ့တဲ့ ကဗျာတစ်ပုဒ်အကြောင်း ခံစားရေးသားထားတာပါ။ ကဗျာ နာမည်က “ ဇော်ဂျီ နဲ့ ရှိန်းဆာယာ” တဲ့။ ဖတ်ကြည့်ပါ။

ဇော်ဂျီ နဲ့ ရှိန်းဆာယာ

  • ရုပ်သေးစင်ပေါ်
    ဇော်ဂျီနဲ့ တောင်ဝှေး။
    အခုန်အပျံနှင့်
    သူ့ဟန်ကို သည်ဖေ ကြည့်
    မောမိတယ်လေး။
  • ရှိန်းဆာယာ ပိုမောက်
    ကိုယ်ပျောက်သည့် တန်ခိုး။
    ရှိန်းဆာယာ သည်ဖေ ကြောက်
    စိတ် ပျောက်မှာ စိုး။

ဆရာမောင်သာနိုးက ဒီကဗျာကို ဖတ်လိုက်ရချိန်မှာ ဆရာဇော်ဂျီ သုံးစွဲလိုက်တဲ့ “စိတ် ပျောက် မှာ စိုး” ဆိုတဲ့စကားကြောင့် ကြက်သီးမွှေးညှင်းတွေ ထောင်ထပြီး တုန်လှုပ် သွားမိတယ် လို့ ဆိုတယ်။ ရှေးရိုးစဉ်လာ မြန်မာ့ယုံကြည်မှုအရ ဇော်ဂျီ ဟာ မြေလ ျှိုး မိုးပျံနိုင်ရုံတင် မကဘူး ကိုယ်ပျောက်တဲ့ တန်ခိုးပါ ပိုင်ဆိုင်ထားတာကိုး။ ဒီတော့ ဆရာဇော်ဂျီက စင်ပေါ်မှာ ကနေ တဲ့ ဇော်ဂျီကို ကြည့်ရင်း ကိုယ်ပျောက်နိုင်တဲ့တန်ခိုးရှိပေမယ့်ဒီတန်ခိုးတွေကြောင့်သွေးနားထင်ရောက်ဘဝင်မြင့်ပြီး စိတ် ပျောက်သွားမှာ စိုးရိမ်သွားခဲ့တယ်၊ ဆရာ ဇော်ဂျီ ပြောချင်တဲ့ “ စိတ်” ပျောက်တယ်ဆိုတာ စဉ်းစား ချင့်ချိန်တတ်တဲ့ စိတ်၊အသိတရားနဲ့ ယှဉ်တဲ့ စိတ် ဖြစ်တယ်လို့ ရှင်းပြထားတယ်။

ဆရာမောင်သာနိုးက လူတစ်ယောက်ဟာ ဘဝင်မြင့် မာနယစ်မူးလာတဲ့အခါ အမှားတွေ လုပ်မိပြီး ကိုယ့်ကိုယ်ကိုယ်တင်မက လူ့အဖွဲ့အစည်းကိုပါ ဒုက္ခပေးတဲ့အထိ ဖြစ်လာတော့တာပဲ ၊ ဒါ့ကြောင့် လည်း ဆရာဇော်ဂျီက အောင်မြင်နေသူတွေကို အောက်ခြေလွတ်၊ ဘဝင်မြင့်ပြီး (လူ)စိတ် တနည်း အားဖြင့် ဆင်ခြင်တုံတရားနဲ့ ယှဉ်ပြီး ချင့်ချိန်တတ်တဲ့ အသိတရား ပျောက်မသွားဖို့ အခြားသူ တွေကိုရော သူ့ကိုယ်သူပါ ပြန်သတိပေးတာဖြစ်တယ်။ ဆရာဇော်ဂျီရဲ့ ကဗျာဟာ ကဗျာ ဆရာကြီး ရောဘတ် ဖရော့စ်ရဲ့ “ ကဗျာဟာ ပီတိနဲ့ စပြီး ပညာနဲ့ ဆုံးတယ်” ဆိုတဲ့ အဆိုအမိန့်ကို အကောင်းဆုံးသက်သေထူပြတာပဲလို့ ရေးထား ပါတယ်။

ကိုယ်ပျောက်တယ်ဆိုတဲ့ တန်ခိုးအကြောင်းရေးထားတာတွေ့တော့ ကုန်းဘောင်ခေတ် မင်းတစ်ပါး ဖြစ်တဲ့ သာယာဝတီမင်းအကြောင်း သတိရမိတယ်။ သာယာဝတီမင်းက စွမ်းရည် ထက်မြက် တဲ့ မင်းတစ်ပါးဖြစ်ပေမယ့် သူ့ဘဝနောက်ပိုင်းကာလတွေမှာ ကံမကောင်း အကြောင်း မလှဖြစ်ပြီး စိတ် ဝေဒနာခံစားခဲ့ရတယ်၊ သာမန်အချိန်မှာလူကောင်းပကတိဖြစ်နေပေမယ့် စိတ် ဖောက်လာတဲ့ အခါ ဆိုရင် ဒေါသကြီးပြီး မင်းခစားတွေကို ကိုယ်ထိလက်ရောက်လုပ်လေ့ရှိတယ်။ ယောမင်းကြီး ဦးဘိုး လှိုင်ရဲ့ ဖခင် ယင်းတောဝန်ကြီးဟာ သာယာဝတီမင်း စိတ်ဖောက်ပြန်နေချိန် လံှနဲ့ထိုးသတ် တာကို ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ မှူးမတ်အချို့နဲ့ လွှတ်တက်ဝန်ကြီးတချို့က အကြောင်း အမျိုး မျိုး ပြလို့ ဘုရင်ရှေ့ကို အခစားမဝင်ရအောင် ကြိုးစားကြတယ်လို့ဆိုတယ်။

နောက်ပြီး သာယာဝတီမင်းက စိတ်ဖောက်ပြန်လာတဲ့အခါ သူ့မှာ ကိုယ်ပျောက်နိုင်တဲ့ တန်ခိုးရှိ တယ်လို့ ထင်ပြီး နန်းတော်တိုင်တွေနောက်မှာ ပုန်းရင်း မိဖုရားတွေကို သူ့ကို မြင်ရလားလို့ မေး လေ့ ရှိသတဲ့။ မိဖုရားတွေကလည်း ကြောက်တော့ မင်းအလိုကို လိုက်ပြီး ကိုယ်တော်ကို မမြင် ရဘူး၊ ကိုယ်ထင်ပြပါ လို့ ပြောရတာပေါ့။

တစ်နေ့ကျတော့ သာယာဝတီမင်းက နန်းတော်ဆောင် အပြင် ထွက်ပြီးလမ်းလေ ျှာက်နေရင်း စိတ်ဖောက်လာတော့ တည့်တည့်မလေ ျှာက်ဘဲ ဟိုခုန် သည်ခုန် ခုန်တယ်။ ဘုရင်က စိတ်ရူးပေါက် ပြီး ထင်သလို လေ ျှာက်ခုန်နေတော့ နောက်က ထီးတော်မိုးလုပ်တဲ့သူက ထီးမိုးလို့မရတော့ဘူး။ ဒီတော့ ဘုရင်က သူ့ကို နေပူမိအောင်လုပ်ရမလားဆိုပြီး လက်သုံးတော်ဓားနဲ့ခုတ်ပြီး အဆုံး စီရင်လိုက် တယ်။ သက်ဦးဆံပိုင်ဘုရင် ဆိုတော့ ဘယ်သူမှ မတားရဲဘူးပေါ့။

ထီးတော်မိုးတစ်ယောက်သေတော့ နောက်ထီးတော်မိုးတစ်ယောက်ခန့်ရတာပေါ့။ နောက်ထီးတော် မိုးလည်း ဘယ်နေ့ ငါ့အလှည့်ဖြစ်မလဲဆိုပြီး တွေးကြောက်နေရတယ်။ သူစိုးရိမ်သလိုပဲ တစ်နေ့ လမ်းလေ ျှာက်နေရင်း စိတ်ဖောက်လာတော့ ဘုရင်က ဟိုခုန် သည်ခုန် လုပ်ပြန်ရော၊ ဒါပေမယ့် ထီးတော်မိုးက ဘုရင်ခုန်တဲ့နောက် ထီးလိုက်မိုးဖို့ မကြိုးစားတော့ဘူး။ နှုတ်ကနေ အရှင် ဘုရား ကိုယ်ရောင်ဖျောက်လိုက်တော့ ကျွန်တော်မျိုး မမြင်ရတော့ပါဘူးလို့ အော်ပြီး လေ ျှာက်သတဲ့၊ ဒီတော့မှ ဘုရင်က ကဲကဲ မြင်စေဗျား ဆိုပြီး တည့်တည့်မတ်မတ်လေ ျှာက်တော့သတဲ့။

ဒီလိုနဲ့ သာယာဝတီမင်းရဲ့ အခြေအနေက ဆိုးသတဲ့ ဆိုးလာပြီး နောက်ဆုံးမှာ ကြေးပြဿဒ် နဲ့ထား ( တကယ်တော့ အချုပ်ချထားတာပါပဲ) ပြီး သားတော်ပုဂံမင်းက သူ့ကိုယ်စား စီမံခန့်ခွဲရတဲ့ အခြေ အနေကို ရောက်သွားခဲ့တယ်။

ဆရာဇော်ဂျီက ဖေဇော်ဂျီတစ်ယောက် ဘဝင်မြင့်ပြီး “စိတ်”ပျောက်သွားမှာ စိုးရိမ်ပေမယ့် ဇော်ဂျီ ဆိုတာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုတော့ လောဘ၊ ဒေါသတွေဖက်လာရင် တန်ခိုး ပျောက်သွား မယ်၊ တန်ခိုးမရှိတော့ရင် သူများကို ဒုက္ခပေးလို့မရတော့ဘူးပေါ့။ ဒီတော့ ဖေဇော်ဂျီ စိတ် ပျောက်ရင် သူတစ် ယောက်ပဲ ဒုက္ခရောက်မယ့် သဘောရှိပါတယ်။

သက်ဦးဆံပိုင် ဘုရင်ကတော့ ဒီလိုမဟုတ်ဘူး။ သူ စိတ်ပျောက်ရင် သူ့အနားကလူတွေသာမက မိတ်ဆွေရော၊ ရန်သူပါမကျန် တစ်နိုင်ငံလုံး ဒုက္ခရောက်မှာ၊ သာယာဝတီမင်းတောင်မှ ကျန်းမာ ရေး ချို့ယွင်း စိတ်နောက် ( ရူး) သွားတာဖြစ်လို့ မင်းညီမင်းသား မှူးမတ်တွေက ဝိုင်းထိန်းသိမ်း ထား နိုင်ပြီး နိုင်ငံ သက်သာသွားတာ။ ဘဝင်မြင့်အောက်ခြေလွတ်ပြီး စိတ်ပျောက်တာဆိုရင် မတွေးဝံ စရာပဲ။ ဘဝင်ရူးက တကယ့်အရူးထက် ပိုဆိုးတာကိုး။

ဒီတော့ ဖေဇော်ဂျီ ဆိုရင် စိတ် ပျောက်မှာ စိုးလို့ စာဖွဲ့လို့ရပေမယ့် သက်ဦးဆံပိုင် အုပ်ချုပ် သူ ဆိုရင်တော့ စိတ် ပျောက်မယ့်အစား စိတ်နောက်သွားတာကတော်သေးတယ် လို့ ဆိုရမယ်ထင်ပါရဲ့

မိုးယွန်းကြီး

မိုးယွန်းကြီးမှာ ဝမ်းစာဖွေရှာ ကိုတံငါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ဆုံခဲ့တဲ့ အင်းသားကြီးတို့ကတော့ ကျွန်တော်နဲ့ ဆုံခဲ့တဲ့ အင်း ကို လေလံပြန်မရတော့ဘူး။ ဟိုးအဝေးမှာ အင်းသွားပိတ်နေတယ်တဲ့။ မိတ်ဆွေဟောင်းတွေ မရှိ တော့ မိုးယွန်းကြီးက နေ့ချင်းပြန်ခရီးဖြစ်သွားခဲ့တယ်။

အိုး ဆိုင်

ရန်ကုန် – ပဲခူး ကားလမ်း မှာတွေ့ခဲ့ရတဲ့ အိုး ဆိုင်။

အပေါ်ရှုး၊ အောက်ရှုး ပြောင်အိုးအရှည်တွေက ရွှေကျင် မဒေါက်ဘက်ကလာတာတဲ့။ ဂေါက်အိုး လို့ခေါ်တဲ့ ပိုက်ခေါင်းတပ်ထားတဲ့အိုးတွေကလည်း ရွှေကျင် မဒေါက်ဘက်က လာတာပဲ။ မြင်နေ ကြ ရိုးရိုးသောက်ရေအိုးတွေက ပဲခူးဒေသထွက်အိုးတွေ၊ ဆိုင်နားက ရွာမှာလည်း အိုးလုပ်တဲ့ မိသားစု လေးငါး စု ရှိတယ်လို့ သိရတယ်။ ဒီအိုးတွေမှာ သစ်သားလက်ခတ်နဲ့ရိုက်ပြီး ပုံဖော်ထားတာရှိသလို ပြောင် အိုးလည်း ရှိတယ်။ သစ်သားလက်ခတ်နဲ့ ပုံဖော်ထားတာတဲ့ ဒီဇိုင်းကို ကြည့်ပြီး အုန်းလက်ခတ်၊ ပန်းလက် ခတ်၊ ကနုတ်လက်ခတ် အိုးဆိုပြီး ခေါ်တယ်။ ပိုက်ခေါင်းမပါတဲ့ ရေအိုးကိုတော့ ခပ်သောက်အိုးတဲ့ ။ ပိုက်ခေါင်းနဲ့ ဆိုရင် ဂေါက်အိုးတဲ့။ သူ အခေါ်နဲ့ သူဟုတ်နေတာပဲ။ အရုပ်တွေကတော့ ရွှေဘိုဘက်က လာတာတဲ့။ အခုတော့ ပစ္စည်းအဝင်နည်းသတဲ့။

တစ်ချိန်ကတော့ အိမ်တိုင်းမှာ သုံးချောင်းထောက်ရေအိုးစင်လေးတစ်ခုတော့ ရှိတာပဲ။ သဲအိုးဆို ရင် အောက်မှာ ရေခံဖို့ ဇလုံလေးတစ်လုံးထားရသေးတယ်။ လမ်းထိပ်က ရေအိုးစင်ဆိုရင်လည်း သဲလေးခင်း၊ မြေအိုးလေးတင်ထား၊ တစ်ခါတစ်လေ စပါးစေ့လေးတွေကြဲထားတော့ စပါးပင် ပေါက် လေးတွေနဲ့ စိမ်းစိမ်းစိုစို။ အခုတော့ ရန်ကုန်မှာ အဲဒီရှုခင်းမျိုးအတော်ရှားသွားပြီ။

ရေသန့်ဘူးခေတ်မှာ သောက်ရေအိုးတွေဟာ မြို့ပြကနေ တစ်ဖြေးဖြေး ဆုတ်ခွာနေရတော့ နောင် မှာ ဒီလို အိုးဆိုင်လေးတွေတောင် မြင်ရဖို့မလွယ်တော့ဘူး။ ဆိုင်ရှင်အမျိုးသမီးကြီးကတော့ တစ် သက်လုံးဒါပဲလုပ်လာတာဆိုတော့ ရောင်းလို့ရသရွေ့ ရောင်းနေဦးမှာပဲတဲ့။ အခုအချိန်ထိကတော့ ရုံးပိတ်ရက်တွေဆိုရင် ရောင်းရတယ်။ကျန်တဲ့ရက်တွေကတော့ ဈေးဦးမပေါက်တဲ့နေ့တောင် ရှိ သတဲ့။

ဆိုင်ရှင်စကားကို နားထောင်ရင်း ဘာမှ မဝယ်ဘဲ ဓာတ်ပုံပဲရိုက်နေရတာ မျက်နှာပူလာတယ်။ တစ်ခု ခုတော့ ဝယ်ဦးမှ ဆိုပြီး စဉ်းစားတော့ ခပ်သောက်အိုးဖြစ်ဖြစ် ဂေါက်အိုးဖြစ်ဖြစ် ဝယ်ထား ပြီးရင် ရေသန့်ဘူးကြီးထဲက ရေကို အိုးထဲ ပြန်ထည့်ရတဲ့ အလုပ်၊ သောက်ရေအိုးကို အခါအား လျော်စွာ ဆေးကြောရတဲ့အလုပ်တွေကို တွေးမိပြီး မဝယ်နိုင်ပြန်ဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ပစ်တိုင်း ထောင် အရုပ် တစ်ရုပ်ဝယ်ပြီး ထွက်လာခဲ့ရတယ်။

၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ

မိတ်ဆွေတစ်ယောက်က ကျွန်တော်ရေးတဲ့ ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ စာအုပ် နဲ့ပတ်သက်ပြီး ကျွန်တော်က ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုတော့ နှိုင်းယှဉ်ရေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတော့မပါဘူး လို့ ဝေဖန် တယ်။

ဒါနဲ့ကျွန်တော်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အခြေအနေနဲ့ ၂၀၁၅/ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အခြေအနေတွေက အလွန်ကွာခြားတဲ့အတွက် နှိုင်းယှဉ်မရေးတာဖြစ်တယ်၊ ဘာတွေ ကွာတယ်ဆိုတာ ဆောင်းပါးရေးပြမယ်၊ စောင့်ဖတ်ပေါ့ဗျာလို့ ပြောခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ အခြေအနေ ဘာတွေကွာခြားသလဲ ဆိုတာ အကျဉ်းချုပ် ပြောပြရရင်

လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်

လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင် မဲဆန္ဒရှင်တွေ၊ သတင်းမီဒီယာ တွေ ၊ နိုင်ငံရေးပါတီတွေက အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် နဲ့ အခြားနိုင်ငံရေးပါတီများရဲ့ ရွေးကောက် ပွဲဆိုင်ရာမူဝါဒတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ လွတ်လပ်စွာဝေဖန် ထောက် ပြခွင့် ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ရှိရမှာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလဟာ နယက အစိုးရက အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ အချိန် ဖြစ်တဲ့အတွက် အစိုးရကို ထောက်ခံတဲ့ကိစ္စက လွဲရင်ကျန်တဲ့ကိစ္စတွေမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်မရှိဘူး။ ဒါ့အပြင် စာပေ စိစစ်ရေး ရှိနေတဲ့အတွက် မီဒီယာများရဲ့ ရွေးကောက်ပွဲဆိုင်ရာရေးသားချက်များကို တင်းတင်း ကျပ်ကျပ် စိစစ်ဖြတ်တောက်မှု တွေလုပ်ခဲ့ တယ်။နိုင်ငံရေးပါတီတွေရဲ့ဟောပြောချက်တွေ၊ မဲဆွယ်စည်းရုံးမှု တွေကိုလည်း ကော်မရှင်က တင်း တင်းကျပ်ကျပ်စောင့်ကြည့်ခဲ့တယ်။ သတိပေးခဲ့တယ်။

အဲဒီထက်ဆိုးတဲ့အချက်ကတော့ နဝတ အစိုးရက ၁၉ ၉ ၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ “ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေ” တည်ရှိနေခြင်းဖြစ်ပါတယ်။

အဲဒီဥပဒေ ပုဒ်မ ၃ မှာ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်အောင် ဆောင် ရွက်ခြင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ထိခိုက် အောင် လှုံ့ဆော်ခြင်း၊ အမျိုးသား ညီလာခံလုပ်ငန်းစဉ်တွေကို နှောင့်ယှက်ခြင်း၊ ပြည်သူတွေ အထင်လွဲအောင်လှုံ့ဆော်ခြင်း၊ ဟော ပြောခြင်း မလုပ်ဖို့ တားမြစ်ထားပြီး အဲဒီပုဒ်မကို ချိုးဖောက်ပါက လူပုဂ္ဂိုလ်ဆိုရင် ထောင်ဒဏ် ၅ နှစ်ကနေ ၂၀ နှစ်ထိ၊ အဖွဲ့အစည်းဆိုရင် ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်း ခြင်း၊ မတရား အသင်း ကြေညာ ခြင်း စတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။

ဒီတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဝေဖန်လိုက်ရင် ဒီဥပဒေ နဲ့ အရေးယူခံရနိုင်တဲ့ အတွက် နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ သတင်းသမားတွေနဲ့ အကဲခတ်လေ့လာသူတွေဟာ ရွေးကောက် ပွဲ လုပ်ငန်းစဉ်တွေကို လွတ်လပ်ပွင့်လင်းစွာဝေဖန်ဖို့ မဖြစ်နိုင်ဘူး။ ( အဲဒီဥပဒေကို သမ္မတ ဦးသိန်းစိန် က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။ )

ရွေးကောက်ပွဲစောင့်ကြည့်မှု

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ တွေရဲ့ အခန်းကဏ္ဍ လုံးဝမရှိပါဘူး။ ပြည်တွင်းကပုဂ္ဂလိကသတင်းမီဒီယာတွေလည်း ရွေးကောက် ပွဲ အကြို လုပ်ငန်းစဉ်တွေကို တရားဝင်လေ့လာခွင့်မရခဲ့ဘူး။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု အစီအစဉ်တွေ မရှိတဲ့ အတွက် မဲစာရင်း ပြုစုမှု၊ ကြိုတင် မဲပေး မှု တွေနဲ့ပတ်သက်ပြီး စောင့်ကြည့်၊ စစ်ဆေးမှုတွေ မရှိသလောက်ဖြစ်ခဲ့တယ်။ ဥပဒေနဲ့ မညီ ဘူးလို့ ယူဆနိုင်တဲ့လုပ်ရပ်တွေတွေ့တယ်ဆိုရင်တောင်လွတ်လပ်စွာပြောဆိုခွင့် မရှိ တဲ့ အတွက်ဝေဖန် ထောက် ပြ ဖို့ အတော်ခက်ခဲခဲ့တယ်။

ရွေးကောက်ပွဲနေ့မှာတော့( ကျွန်တော့်မှတ်တမ်းများအရ) နိုင်ငံခြားသံတမန်တွေနဲ့ ပြည်တွင်း သတင်းမီဒီယာတွေကို မြို့ကြီး ၁၇ မြို့မှာ မဲပေးမှု၊ မဲရေတွက်မှုတွေ လေ့လာနိုင်အောင် စီစဉ်ပေး တယ်။ ဒါပေမယ့် အစိုးရရဲ့ အစီ အစဉ်နဲ့ပဲ သွားရတယ်။ သူတို့ စိတ်ကြိုက်သွားချင်တဲ့နေရာ သွား လို့မရဘူး။ ။နိုင်ငံခြားသတင်းထောက်တွေကိုတော့ ပြည်ဝင်ခွင့်မပေးဘူး။ မဲဆောက် ကတဆင့်မြဝတီကို ဝင်ပြီး သတင်းယူတဲ့ ဂျပန်သတင်းထောက် တစ်ယောက်ကိုလည်း ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး ရွေးကောက်ပွဲပြီးမှ ပြန်လွှတ်ပေးခဲ့တယ်။

နိုင်ငံရေးပါတီများပါဝင်မှု

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့ နယက အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ( ၂/၂၀၁၀) ကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီဥပဒေ ပုဒ်မ ၂၅ အရ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ (၄/၈၈) အရ မှတ်ပုံတင်ပြီး ၁၉ ၉ ၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေဟာ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ဖို့ပြန် လေ ျှာက်ထားရမယ်။ လေ ျှာက်ထားခြင်းမပြုရင် နိုင်ငံရေးပါတီအဖြစ် အလို အလျောက် ပျက်ပြယ် မှာဖြစ်ပါတယ်။

အဲဒီလို ပြန်မှတ်ပုံတင်မယ်ဆိုရင် NLD ပါတီ အတွက် ပြဿနာက အခု ဥပဒေသစ် ပုဒ်မ ၄ (င) မှာ ပါတီတည်ထောင်သူတွေဟာ ထောင်ဒဏ်ကျခံနေရသူ မဖြစ်ရဆိုတဲ့ အချက်နဲ့ ပုဒ်မ ၁၀ (င) မှာ ပါတဲ့ ပါတီဝင်တစ်ဦးဟာ ထောင်ဒဏ်ကျခံနေရသူမဖြစ်ရဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာဒေါ်အောင်ဆန်းစုကြည်ကထောင်ဒဏ်ကျခံနေရတာဖြစ်တဲ့ အတွက် ပါတီပြန်လည်မှတ်ပုံတင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင်အဖြစ် ထည့် သွင်းဖွဲ့စည်းလို့မရတော့ဘူး။ ပါတီဝင်အဖြစ်လည်း ထည့်သွင်းလို့မရတော့ဘူး။

၁၉ ၈၈ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ဒီလို ပြဋ္ဌာန်းချက်မပါဝင်ဘူး။ အခု ဥပဒေ သစ်မှထည့်သွင်းလာတာဖြစ်တယ်။ ဒါ့ကြောင့် NLD ပါတီဘက်က ဒီပြဋ္ဌာန်းချက်ဟာ ဒေါ်အောင် ဆန်းစုကြည် ပါတီကို ခေါင်းဆောင်ခွင့်မရအောင် ရည်ရွယ် ချက်ရှိရှိ ထည့်သွင်းထားတာ ဖြစ် တယ်လို့ သုံးသပ်ခဲ့တယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေ အခန်း ၁၀ နိုင်ငံရေးပါတီများအခန်း ပုဒ်မ ၄၀၇ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ခွင့်မရှိခြင်း ပြဋ္ဌာန်း ချက်မှာ ထောင်ဒဏ်ကျခံနေသူများ ပါတီဝင်ဖြစ်ရင် ပါတီရပ်တည်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားခြင်း မရှိတဲ့အတွက် ဥပဒေသစ်ပါ ပြဋ္ဌာန်း ချက်ဟာ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ NLD ပါတီက ထောက်ပြခဲ့တယ်။

ချုပ်ပြောရရင်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ သစ် ကို လက်မခံနိုင်တဲ့အတွက် NLD ပါတီက ပါတီမှတ်ပုံတင်တာကို မလုပ်ဘူး။ နောက်ထပ် အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကလည်း မှတ်ပုံမတင်တော့ဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ကြေညာချက် အမှတ် ( ၉ ၇/၂၀၁၀) နဲ့ ပြန်လည်မှတ်ပုံတင်ဖို့ပျက်ကွက်တဲ့ NLD , SNLD နဲ့ အခြားနိုင်ငံရေးပါတီသုံးခုကို နိုင်ငံရေးပါတီအဖြစ်က ပျက် ပြယ်ကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့တယ်။ ပုဒ်မ ၄ နဲ့ ပုဒ်မ ၁၀ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထည့် တာ ဟုတ်/မဟုတ် အငြင်းပွားနေပေမယ့် NLD နဲ့ SNLD ရွေးကောက်ပွဲမဝင်တဲ့အတွက် ပြည်ခိုင်ဖြိုး ပါတီ အနိုင်ရဖို့ အခွင့်အရေးပိုကောင်းသွားတာတော့ အမှန်ပဲ။

ကန့်ကွက်မှုများ

၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားမှုအများဆုံးဖြစ်ခဲ့တာကတော့ ကြိုတင်မဲ ကိစ္စဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ကြိုတင်မဲကောက်ခံမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ ပြီး ကြိုတင်မဲကောက်ခံရာမှာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ နဲ့ မကိုက်ညီတဲ့လုပ်ဆောင်ချက် တွေ ရှိတယ်ဆိုပြီး ကန့်ကွက်မှုတွေပေါ်ပေါက်ခဲ့တယ်။ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန်တဲ့ ပါတီတွေကတော့ ဒေါက်တာသန်းငြိမ်း ၊ ဦးခင်မောင်ဆွေ တို့ဦးဆောင်တဲ့ NDF နဲ့ ဦး သုေ၀ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည) တောင်မှ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့တာကို တွေ့ရတယ်။ သူတို့ပြောကြားချက်တွေကိုလည်း ပြည်ပ အခြေစိုက် မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ထုတ်လွှင့်ပေးခဲ့တယ်။

ကြိုတင်မဲ ကိစ္စက ရွေးကောက်ပွဲနေ့အထိ မပြီးဘူး။ ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲတွေကို မဲရုံ ပိတ်မယ့် ညနေ လေးနာရီမတိုင်မီ ရေတွက်ရမှာဖြစ်ပေမယ့် မဲရုံပိတ်ပြီးမှ ရောက်လာတဲ့ ကြိုတင်မဲ တွေကြောင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေ ရှုံးရာကနေ နိုင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ လည်း ပေါ်ပေါက်ခဲ့တယ်။

ကြိုတင်မဲကြောင့် နိုင်သွားတယ်ဆိုပြီး စွပ်စွဲခံရတဲ့အထဲမှာ နာမည်အကြီးဆုံး ကိစ္စကတော့ တောင် ဥက္ကလာပ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်း လင်းနိုင်သွားတဲ့ ကိစ္စဖြစ်ပါတယ်။

နောက်ဆုံးတော့ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်တယ်ဆိုရင် ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ရွေး ကောက်ပွဲ ကော်မရှင်ကို လေ ျှာက်ထား ကန့်ကွက်ပါ၊ အဲဒီလို မလုပ်ဘဲ မီဒီယာတွေကို ပြောဆိုခြင်း၊ ရေးသားခြင်းများပြုလုပ်နေရင် ရွေးကောက်ပွဲ ဥပဒေနဲ့ငြိစွန်းနေတယ်ဆို ပြီး သတိပေး ခဲ့တယ်။ ( ပုံ ၁ နဲ့ ၂ )

ဒီကြေညာချက်ကို ရှင်းအောင်ပြောရရင်တော့ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်ရင် ကော်မရှင် မှာပဲ လေ ျှာက်ထားပြီး ကန့်ကွက်၊ အပြင်မှာ လေ ျှာက်မပြောနဲ့၊ ပြောရင် ဥပဒေနဲ့ ငြိစွန်းတယ် လို့ သတိပေးလိုက်တာပါပဲ။

(၂၀၁၀ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူက လက်ရှိ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးဖြစ်ပါတယ်။ )

နှစ်သိမ့်စကား

ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းဂျာနယ်၊သတင်းစာတွေမှာပါတဲ့ ရွေးကောက်ပွဲ သတင်းတွေ ကို စိစစ်ဖြတ်တောက်မှုတွေလုပ်ခဲ့သလို နိုင်ငံပိုင်သတင်းစာတွေမှာရွေးကောက်ပွဲ ရလဒ်ကို လက်ခံ ပြီး နိုင်ငံရေးခရီးဆက်ကြဖို့ တိုက်တွန်းတဲ့ဆောင်းပါးတွေ ဆက်တိုက်ဖော်ပြခဲ့တယ်။ အဲဒီအချိန် က ရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်း နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အနေအထားအရ ဒီဆောင်းပါးတွေဟာ ပြည် ခိုင်ဖြိုးပါတီရဲ့ အာဘော်ကိုထင်ဟပ်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။

အဲဒီထဲက မှတ်မှတ်ရရ ဖြစ်ရတဲ့ဆောင်းပါးတစ်ပုဒ်ကတော့ ၁၂-၁၁-၂၀၁၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြခဲ့တဲ့ “ လက်ဆွဲနှုတ်ဆက်ချီတက်ကြပါစို့” ( ဥပဒေလေ့လာသူတစ်ဦး) ဆောင်းပါးပဲဖြစ်ပါတယ်။

အဲဒီဆောင်းပါးထဲက ရွေးကောက်ပွဲအရှုံးကိုလက်ခံဖို့အတွက် တိုက်တွန်းတဲ့စာသားတစ်ပိုဒ်ကို သတင်းစာထဲမှာ အခုလို ကောက်စာ အဖြစ် ဘောင်ခတ်ဖော်ပြခဲ့ပါတယ်- ( ပုံ ၃ နဲ့ ၄ )

“ မိမိအားဆန္ဒပြုသူနည်းသဖြင့် ရွေးကောက်တင်မြှောက်ခြင်း မခံရလ ျှင်လည်း ခံနိုင်ရည် သို့မဟုတ် သည်းခံနိုင်စွမ်းရှိရန်လိုအပ်၊ ရှုံးလ ျှင် အပြုံးမပျက်ဘဲ သည်းခံနိုင်စွမ်းရှိပြီး အများစု၏ ဆန္ဒမဲ ရရှိ၍ နိုင်လ ျှင်လည်း မာနမတက်ဘဲ နှိမ့်ချသည့် သဏ္ဍန်ဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေ ရန်လိုအပ်၊ မိမိအားဆန္ဒပြုသူနည်းပြီး မိမိနှင့် အပြိုင်ဖြစ်သူအား ထောက်ခံဆန္ဒမဲပေးသူများသဖြင့် နိုင်သွားလ ျှင်လည်း ထိုအနိုင်ရရှိသူအား မနာလို မရှုဆိတ် မဖြစ်ရန် လိုအပ်။ ”

၂၀၁၀ ရွေးကောက်ပွဲ ဘယ်လို ကျင်းပခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေက ဘာတွေပြောခဲ့ တယ်ဆိုတဲ့ သမိုင်းကို မေ့လို့မရသလို သမိုင်းတစ်ပတ်ပြန်လည်တတ် တယ်ဆိုတဲ့ အဆိုကိုလည်း သတိရသင့်တယ်။

ပန်းခြံ နဲ့ ကင်မရာ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန် ရွှေတိဂုံစေတီတော်မြင်ကွင်းကို ဓာတ်ပုံ ရိုက် ကူးပူဇော်နိုင်ဖို့ ပြည်သူ့ရင်ပြင်ကို သွားခဲ့တယ်။ ပြည်သူ့ရင်ပြင်ဘက်ကနေ ရိုက်ပြီးတဲ့အခါ နောက် ထပ်ရှုထောင့်တစ်ခုက ရိုက်ချင်တဲ့အတွက် ဦးဥတ္တမ ပန်းခြံ ( ကန်တော်မင်/ ကန်တော်မင်္ဂလာ ပန်းခြံ ) ကို သွားတယ်။ အဓိကကတော့ ပန်းခြံရေကန်ကနေ ဘုရားကို မြင်ရတဲ့ ရှုခင်းကို ဓာတ်ပုံ ရိုက်ချင်တာပါ။

ပန်းခြံထဲရောက်ပြီး ဓာတ်ပုံရိုက်ဖို့နေရာရွေးတဲ့အခါ ရေကန်စပ်မှာ “ ဤပန်းခြံအတွင်း၌ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးမည်ဆိုပါက ဌာနဆိုင်ရာ ခွင့်ပြုချက်ယူပြီးမှသာလ ျှင် ရိုက်ကူးခွင့်ပြုပါသည်။ ” ဆို တဲ့ ဆိုင်းဘုတ်နဲ့ တည့်တည့်တိုးတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တယ်ဆိုတာ စီးပွားရေးအရ မင်္ဂလာ ဆောင်အကြိုဓာတ်ပုံမျိုးရိုက်တာကို ဆိုလိုတာလား၊ တယ်လီဖုန်းနဲ့ရောရိုက်လို့ရသလား တိတိ ကျကျ ရေးမထားဘူး။

ဒါနဲ့ ဘယ်လိုခွင့်ပြုချက်ယူရမလဲဆိုတာ သိနိုင်ဖို့အတွက် တာဝန်ရှိသူကိုလိုက်ရှာတယ်။ Happy World ကစားကွင်းနားမှာ ရုံးခန်းတွေတန်းစီနေတဲ့အဆောက်အဦတစ်ခု တွေ့တယ်။ ညာဘက် အစွန်ရုံးခန်းမှာ “ တာဝန်မှူးရုံးခန်း” ဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားပြီးမီးလင်းနေတယ်။ ကျွန်တော့် ကား ရပ်လိုက်တော့ အထဲက လူတစ်ယောက်ထွက်လာတယ်။ တာဝန်မှူးဖြစ်မယ်ထင်ပါရဲ့။

ကျွန်တော်က ဓာတ်ပုံရိုက်ချင်လို့ ဘယ်မှာခွင့်တောင်းရမလဲလို့ မေးတော့ ဒီရုံးမှာဆိုပြီး ဘယ် ဘက် အစွန်ကရုံးခန်းကို လက်ညှိူးထိုးပြတယ်။ ဘယ်လို ကင်မရာနဲ့ ရိုက်ရင်ခွင့်တောင်းရမှာလဲလို့ မေး တော့ ကင်မရာနဲ့ဆို ခွင့်တောင်းရမယ် ၊ ဖုန်းနဲ့ဆိုရင် မလိုဘူး လို့ ပြောပြီး ဘယ်လိုရိုက်မှာလဲ၊ ရောင်ပြန်ပြားတွေ၊ မီးတွေ ပါလားလို့ မေးတယ်။ မပါဘူးလို့ဖြေလိုက်တော့ ဒီအတိုင်းရိုက်ရင် နှစ်သောင်း ၊ ရောင်ပြန် ပြားတွေပါရင် ငါးသောင်း ပေးရမယ်လို့ ပြောတယ်။ ကိုယ့်ကင်မရာနဲ့ကိုယ် ဘုရားပုံကို ရိုက်ချင် တာ၊ စီးပွားဖြစ်မဟုတ်ဘူး၊ ပြိုင်ပွဲဝင်မှာလည်းမဟုတ်ဘူးလို့ ရှင်းပြတော့လည်း ကင်မရာနဲ့ ဆိုရင် ပိုက်ဆံပေးရမှာပဲ တဲ့။

အခုပေးရမလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဟိုရုံးက ရှစ်နာရီကျော်မှ ဖွင့်မှာ၊ အဲဒီအချိန်မှာ ပြန်လာရမတဲ့။ ဒါနဲ့ ပြည်သူ့ရင်ပြင်မှာ ရိုက်တာမပေးရဘူး၊ ဒီစည်းကမ်းချက်က ဘယ်တုန်းက ထုတ်လိုက်တာလဲလို့မေးတော့ အဲဒါတော့ ဌာနမှူးမှ သိမယ်တဲ့။ ထပ်မေးစရာ မကျန်တော့ဘူး။ ဒီလို နဲ့ တယ်လီဖုန်းနဲ့ပဲ အရုဏ်တက်ချိန်မြင်ကွင်းကို ရိုက်ခဲ့ရတယ်။

ပန်းခြံက ပြန်ထွက်လာတော့ စိတ်က ဘဝင်မကျဘူး။ ပြည်သူ့ရင်ပြင်ဆိုတာလည်း ပန်းခြံပဲ၊ အဲဒီ မှာ တော့ စီးပွားဖြစ်ရိုက်တာမဟုတ်ရင် ဘာကန့်သတ်ချက်မှ မရှိဘူး။ တန်ဆောင်မုန်းလပြည့်နေ့က ဆိုရင် ဘုရား နဲ့ လပြည့်ဝန်းပုံကို စောင့်ရိုက်တဲ့ ဓာတ်ပုံဆရာနှစ်ဆယ်လောက်ရှိတယ်။ ငွေ တောင်းတာမရှိ၊ ခွင့်ပြုချက်မရရင် မရိုက်ရဆိုတဲ့ သတိပေးဆိုင်းဘုတ်ထောင်ထားတာလည်း မရှိ ဘူး။

ဒါနဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ (ကန်တော်ကြီး) ထဲကို ဆက်သွားတယ်။ ပန်းခြံက လုံခြုံရေး ဝန်ထမ်းကို ကင်မရာပြပြီး ဓာတ်ပုံရိုက်လို့ရလား၊ ပိုက်ဆံပေးရမလား မေးလိုက်တော့ အပျော်တမ်း ရိုက်တာဆိုရင် မပေးရဘူးလို့ ပြောတယ်။

ပြည်သူ့ရင်ပြင်၊ ဦးဥတ္တမ ပန်းခြံ နဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ သုံးခုလုံးဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ လက်အောက်မှာရှိတယ်လို့ပဲ သိထားပါတယ်။ ဒီလို ဌာနတစ်ခုတည်းအောက်မှာ ရှိတဲ့ ဒီပန်းခြံသုံးခုမှာ ဓာတ်ပုံရိုက်တာနဲ့ ပတ်သက်ပြီး တူညီတဲ့မူဝါဒ မရှိတာ အံ့သြစရာပဲ။

မှတ်မှတ်ရရ ၂၀၁၂

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ ပြန်ကြားရေးဝန်ကြီးဌာန အထူးသဖြင့် မြန်မာ့အသံ နှင့် ရုပ် မြင်သံကြား အတွက် အမှတ်တရဖြစ်ခဲ့တဲ့နေ့ပဲ။

အဲဒီနေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ရေဒီယိုက နေ ထုတ်လွှင့် ခဲ့ တယ်။ အဲဒီနှုတ်ခွန်းဆက်စကားမှာ သမ္မတ ဦးသိန်းစိန်က အခုလို ရေဒီယိုကနေ ပြည်သူများကို တိုက်ရိုက်ပြောကြားရခြင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကွက်လပ်တစ်ခုဖြစ်နေတဲ့ အစိုးရနဲ့ ပြည်သူကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် အစပြုလိုက်ခြင်း ဖြစ်တယ်၊ အစိုးရရဲ့ မူဝါဒများကို ပြည်သူ များထံ ရေဒီယိုကနေ တင်ပြတာကို ပုံမှန်ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောကြား သွားခဲ့ ပါတယ်။ သူကတိပေးခဲ့တဲ့အတိုင်းပဲ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို ရေဒီယို ကနေ တဆင့် လစဉ် ပြည်သူကို တင်ပြခဲ့ပါတယ်။

သမ္မတရဲ့ ရေဒီယို မိန့်ခွန်းများနဲ့ပတ်သက်ပြီး တစ်ချို့က ဝေဖန်မှုတွေ ၊ သရော်မှုတွေ လုပ်ခဲ့ ပေမယ့် ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကာလအတွင်းမှာ နိုင်ငံတော်အကြီးအကဲက ပြည်သူ ကို တိုက်ရိုက် မိန့်ခွန်းပြောကြား မှု မရှိခဲ့တဲ့နိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်က သိသာ ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြောကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ နှုတ်ခွန်းဆက်စကား ကို အောက်ပါလင့်ခ်မှာ နားထောင်နိုင်ပါတယ်။

နောက်ထပ် အမှတ်တရဖြစ်ရပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်းစကားကို ရုပ်မြင်သံကြားကနေ ထုတ် လွှင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ၂၀၁၃ နှစ်သစ်အတွက် နိုင်ငံရေးခေါင်း ဆောင်များ၊ အခြားထင်ရှားသူများရဲ့ နှစ်သစ်ကူးဆုတောင်းစကားများကို ထုတ်လွှင့်ဖို့ စီစဉ်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်းကို ထုတ်လွှင့်ဖို့ သင့်၊ မသင့် ကျွန်တော် နဲ့ မြန်မာ့ အသံက တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပါတယ်။ဒီမိုကရေစီနိုင်ငံများမှာ အတိုက်အခံ တနည်းအား ဖြင့် လွှတ်တော်အတွင်းမှာ ဒုတိယအင်အားအများဆုံး နိုင်ငံရေးပါတီ ခေါင်းဆောင်ကို အလေးထား ရတဲ့ ထုံးစံရှိတဲ့အတွက် ဒီလိုလုပ်ရင်ကောင်းမလားလို့ စဉ်းစားခဲ့ကြတာပါ။

ဒါပေမဲ့ ဒီကိစ္စက အစဉ်အလာမရှိသေးတဲ့ အတွက် ကျွန်တော်တို့ အဆင့်နဲ့ ဆုံးဖြတ်လို့ မရဘူး။ ဒါ့ကြောင့် ဝန်ကြီး ဦးအောင်ကြည်ကို တင်ပြတဲ့အခါ ဦး အောင်ကြည်ကလည်း ခွင့်ပြုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်းကို ရိုက်ကူးထုတ်လွှင့်နိုင်ခဲ့တယ်။ ဒီလို ထုတ်လွှင့် မှုအပေါ် ဘဝင်မကျတဲ့သူတစ်ချို့ရှိပေမယ့် အများစုကတော့ ဒီလိုထုတ်လွှင့်မှုကို သမ္မတ ဦးသိန်း စိန်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုအားပေးခဲ့ကြတဲ့အတွက် ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေအတွက်လည်း ပုံမှန်အစီအစဉ်ဖြစ်သွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး ဆုတောင်းကို အောက်ပါလင့်ခ်မှာနားထောင်နိုင်ပါတယ် –

https://www.facebook.com/ye.htut.988/videos/328069560639986

မြင်းဒိုက်ရွာက စာအုပ်တွေ

ကလော-အင်းလေး ခြေလျင်ခရီးစဉ် ပထမနေ့ နေ့လယ်စာကို မြင်းဒိုက်ဘူတာမှာ စားတယ်။ နေ့လယ်စာစားပြီး ပြန်ထွက်တော့ ဆိုင်တစ်ဆိုင်ရဲ့ စားပွဲမှာ စာအုပ်တွေတင်ထားတာမြင်လိုက်ရ တယ်။ ဝင်းငြိမ်းရဲ့ ဖြစ်တည်ခြင်း၊ ခက်ဇော်စာအုပ်တွေ အတွဲလိုက်၊ ထိန်လင်းရဲ့ပါဂျောင်၊ ပုညခင်ရဲ့ အနောက်တောင်အရပ်မှလာခဲ့ သူ နဲ့ အခြားစာအုပ် လေးငါးခြောက်အုပ်၊ ခက်ဇော်ရဲ့ စာအုပ်နှစ် အုပ်က အထုပ် တောင်မဖြေရသေးဘူး။

ဘယ်သူစာအုပ်တွေလဲလို့ မေးကြည့်တော့ ဆိုင်ရှင်ရဲ့ သမီးဖတ်တာတဲ့။ စာအုပ်တွေကို အွန်လိုင်း ကနေမှာတာ၊ အရင်ကတော့ ကလောလိပ်စာနဲ့မှာပြီး ကလောကို သွားယူရတယ်၊ အခု တော့ ပန်းဆက်လမ်းစာပေ #PannSattLannBooks က မြင်းဒိုက်အထိ ပို့ပေးလို့ အဆင်ပြေ တယ်တဲ့။

အရင်ကတော့ စာအုပ်ပို့တယ်ဆိုတာ စာတိုက်အလုပ်ပေါ့။ ၁၉၆၈-၁၉ ၇၁ ခုနှစ် ချင်းတွင်း မြစ်ဖျား ခန္တီးမြို့မှာနေရတော့ ရန်ကုန်မှာ ရှိတဲ့အဖွားက ဝတ္ထုစာအုပ်တွေ၊ ကာတွန်းစာအုပ်တွေကို စာတိုက် ကနေ မှတ်ပုံတင်ပို့ပေးခဲ့တယ်။ မှတ်မိသလောက်တော့ ရွှေသွေးလို၊ ရွှင်ပြုံးလို့ အပတ် စဉ် ထုတ် ကာတွန်းတွေဆိုရင် ထွက်ပြီးနှစ်ပတ်လောက်ဆို ဖတ်ရပြီ။အဲဒီအချိန်က စာအုပ် တိုက်တွေကလည်း VPP စနစ် Value Payable Post နဲ့ စာအုပ်ရောင်းတာလည်း ရှိတော့ တိုက် ရိုက်မှာလို့ လည်း ရတယ်။

နောင်တော့ တဖြေးဖြေးနဲ့ အကြောင်းကြောင်းကြောင့် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းတွေ အားနည်း လာတဲ့အခါ စာတိုက်ကနေ စာအုပ်ပို့တယ်ဆိုတာ မရှိသလောက်ဖြစ်သွားခဲ့တယ်။ အဲဒီကွက်လပ် ကို ပုဂ္ဂလိက လုပ်ငန်း တွေကဝင်ဖြည့်ပေးနေတဲ့အတွက် ကျေးဇူးတင်ရပါတယ်။