သွား စား နား ခဲ့သမ ျှ

ကလော – အင်းလေး ခြေလျင်ခရီးစဉ် နဲ့ ကလောပတ်ဝန်းကျင် လေ့လာခဲ့တဲ့ အတွေ့အကြုံတွေ ရေးဖို့အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် ခရစ်စမတ်ရုံးပိတ်ရက်ကာလ ခရီးသွားမယ့်သူများ အတွက် ကျွန်တော်တို့ ဘယ်လို ခရီးသွား၊ ဘယ်နေရာမှာ စားပြီး ဘယ်လိုတည်းခိုခဲ့သလဲဆို တာကို အချိန်မီ မ ျှဝေချင်ပါတယ်။

ဘယ်လို သွား

ရန်ကုန်ကနေ ကလောကို အဝေးပြေးဘတ်စ်ကားနဲ့ သွားပါတယ်။ ကားလိုင်းတွေမှာ ကားနှစ်မျိုးရှိ တယ်။ Business Class ဆိုတာက 2 Plus 1 လို့ပြောတဲ့ တစ်ဖက်မှာ ခုံနှစ်လုံး၊ တစ်ဖက်မှာ ခုံ တစ်လုံးပဲ ပါတဲ့ကား။ ရိုးရိုးကား Executive Class လို့လည်း ခေါ်တဲ့ ကားက တစ်ဖက်နှစ်ခုံ 2 Plus 2 ကား။ ဒီကားမျိုးကို VIP လို့လည်းခေါ်တယ်။

Business Class ကားက ငါးထောင်ပိုပေးရတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိတ်ဆွေ ကတော့ Business Class နဲ့ သွားတယ်။ ကိုယ့်အတွေးနဲ့ကိုယ် စီးလို့ရအောင် ရှေ့နောက် နှစ်ခုံ ဝယ်တယ်။ ကားလိုင်း တစ်ခုနဲ့ တစ်ခု ဝန်ဆောင်မှု မကွာပါဘူး။ အွန်လိုင်းက ဝယ်လို့ ရတဲ့၊ ကိုယ် သွားမယ့် အချိန် နဲ့ ကိုက်ညီတဲ့ ကားလိုင်းကို ရွေးပေါ့။

ကလောမြို့ပတ်ဝန်းကျင်လည်ပတ်ဖို့တော့ ဆိုင်ကယ်တက္ကစီငှားတယ်။ ခြေလျင်ခရီးကြမ်းအတွက် လမ်း ညွှန်လုပ်တဲ့ ကိုမျိုးဇော် ( ဖုန်း ၀၉ ၄၂၈၃၇၀၂၅၇) နဲ့ သူ့သူငယ်ချင်း ကိုမျိုးဝင်း ( ဖုန်း ၀၉ ၄၂၈၃၅၂၀၅၀) တို့က လိုက်ပို့ပေးတယ်။ တုတ်တုတ်ထက်ပိုသက်သာတယ်။ ကိုယ့်ဘာသာကိုယ် ဆိုင်ကယ်စီးမယ်ဆိုရင်လည်း ငှားတဲ့ သူတွေရှိတယ်။ အခုရေပန်းစားနေတဲ့ စက်ဘီး စီးချင်တယ် ဆိုရင်လည်း စက်ဘီးငှားတဲ့သူတွေရှိတယ်။ ရွာငံ ၊ ပင်းဒယ သွားမယ်ဆိုရင်တော့ ကားငှားစီးမှ ရမယ်။

ဘယ်မှာနေ

အရင်ခရီးစဉ်တွေမှာကလောရောက်တိုင်း Nature Land 1 ဟိုတယ်မှာတည်းတယ်။ ဒီတစ်ခေါက် တော့ ဒီခရီးစဉ်အတွက် လျာထားတဲ့ ဘတ်ဂျက်ထဲဝင်အောင် Mother Land မိုတယ် ( ဖုန်း ၀၉ ၄၂၈၃၇၀၂၅၇၊ ၀၉ ၇၈၉ ၇၁၃၄၅၈) မှာတည်းတယ်။ အဲကွန်းတော့မပါဘူး။ ရေပူ (မီးလာရင် ) ရ တယ်။အိပ်ယာ၊မျက်နှာသုတ်ပုဝါသန့်ရှင်းတယ်။ အခန်း ရှစ်ခန်းပဲရှိတဲ့မိသားစုမိုတယ်လေး ဖြစ်တဲ့ အတွက်နေတတ်ရင် ပျော်စရာပါ။ ကျွန်တော်တို့ ကတော့ ညစာကို ကိုယ်စားချင်တာ ဝယ်ချက် ခိုင်းတယ်။ စိတ်ပါရင်မီးဖိုထဲ ဝင်ပြီး ဟိုလိုချက်ပါလား၊ ဒီလို ချက်ပါလား ဝင်လုပ်တယ်။

ဘယ်မှာစား

နေ့လယ်စာက ကြုံရာဆိုင်ဝင်စား၊ ညစာက မိုတယ်မှာ စားဆိုတော့ စားသောက်ဆိုင်ကြီးတွေနဲ့ ပတ် သက်ပြီး ညွှန်းဖို့မရှိဘူး။

နံနက်စာနဲ့ပတ်သက်ပြီး ငါးထမင်းနယ် ၊ ဝက်သားဟင်းထုပ် ဆိုရင် မြို့မဈေးထဲက မီမီအောင် ဆိုင် မှာ စားတယ်။ ဆိုင်က တောင်ကြီးသွားတဲ့လမ်းက မြို့မဈေးထဲကို ဝင်ရင် ညာဘက် ဒုတိယမြောက် လမ်းကြားထဲမှာရှိတယ်။ကလောမှာအကောင်းဆုံး ဆိုင်လို့တော့ မပြောပါဘူး။ သို့သော် ကျွန်တော် စားဖူး သမ ျှ ငါးထမင်းနယ်နဲ့ ဟင်းထုပ်ဆိုင်တွေထဲမှာတော့ ဒီဆိုင်ကို ခံတွင်းအတွေ့ဆုံးပဲ။ ဆိုင်က ကျဉ်း ပေမယ့် သူ့ဘေးက စိန်ရတနာဆိုင်မှာ ထိုင်ပြီးမှာလို့လည်း ရတယ်။ ဒီနှစ်ဆိုင်က အမျိုး ဆိုင်တွေ။ ကျွန်တော်ကတော့ တို့ဟူးနွေးကောင်းကောင်း၊ ရှမ်းခေါက်ဆွဲကောင်းကောင်းဆိုတာ ရန်ကုန် မှာလည်း ရနိုင်တဲ့အတွက် ကလော ရောက်ရင် ငါးထမင်းနယ်နဲ့ ဟင်းထုပ်ပဲ စားပါတယ်။

ချာပါတီ၊ ပူရီ ဆိုရင်တော့ သိမ်တောင်ဘုရားကုန်း (City View ) သွားတဲ့လမ်းက ဦးလေးကြီး ဆိုင်မှာ စားတယ်။ အရင်ကတော့ မြို့ထဲက ဆိုင်တစ်ဆိုင်မှာ စားတယ်။ နောက်ပိုင်း လက်ရာရော ဝန်ဆောင် မှု ပါ ကျလာတယ်လို့ ခံစားရတဲ့အတွက် ဆိုင်ပြောင်းရှာရင်း ဒီဆိုင်ကိုတွေ့တာ။ ဆိုင်က ဖွင့်တာ မကြာ သေးဖူး။ လက်ရာကောင်းတယ်၊ဈေးသင့်တယ်၊ ပန်းပင်လေးတွေကြားမှာ ထိုင်လို့ကောင်း တယ်။ အပြင်မှာ မထိုင်ချင်ဘူးဆိုရင် အိမ်ထဲမှာလည်း ထိုင်လို့ရတယ်။ ချာပါတီ ၊ ပူရီ အပြင် မဆလာလက်ဖက်ရည်လည်းကောင်းတယ်။

ဘယ်မှာ နား

ညနေ အပန်းဖြေဖို့ ဆိုရင် မြို့မဈေးနားက Hi Bar မှာထိုင်တယ်။ ဒီဆိုင်က ကျဉ်းကျဉ်းလေး။ U ပုံ စားပွဲရှည်ကြီးမှာ ၁၅ ယောက်၊ အတွင်းက စားပွဲဝိုင်းနှစ်ခုမှာ ခြောက်ယောက်၊ အပြင်က ခုံ နှစ်ခုံမှာ ရှစ်ယောက်လောက် ပဲထိုင်လို့ရမယ်ထင်တယ်။ နောက်မှ ရောက်တဲ့သူတွေနေရာမရလို့ အပြင်မှာ ကားနောက်ဖုံးဖွင့် ပြီးထိုင်သောက်တာ လည်း မြင်ဖူးတယ်။

ဒီဘားမှာ တစ်တောင်လောက်ရှည်တဲ့ ကော့တေးမီနူးမရှိဘူး။ Snack စာရင်း နှစ်ရွက် သုံးရွက် မရှိဘူး။ ပြည်တွင်းဖြစ် ဂျင်၊ ရမ် နဲ့ ဝီစကီ ပဲရမယ်။ ပြင်းပြင်း ဒါမှမဟုတ် ပျော့ပျော့လို့ မှာလိုက် ရင် သူ့စတိုင်အတိုင်းစပ်ပေးလိမ့်မယ်။ မြေပဲဆံ နဲ့ လက်ဖက်သုပ် အလကားရတယ်။ ဆိုင်ရဲ့ ပုံမှန် အမြည်းစာရင်းက အမဲသားကြော်ပဲ။ ဒါပေမယ့် စိတ်ပါရင် အပြင်ဆိုင်တွေက ဝယ်လာလို့ရတယ်။ အနည်းဆုံး ဆိုင်ရှေ့မှာရောင်းတဲ့ ဘယာကြော်သည်ဆီက ဝယ်လို့ရတယ်။ ဝယ်လာ တဲ့ ဘယာ ကြော်နဲ့ စမူဆာကို မ ျှပေးရင် ဘယ်သူမှ မငြင်းဘူး။ ဒီဘားက တကယ့်ဘော်ဒါဘား ပဲ။ တစ်ချိန်က အရက်ဖြူဆိုင်လေးတွေ ခေတ်ကို မီခဲ့ဖူးသူတွေ အလွမ်းပြေတဲ့ဆိုင်မျိုး။

ဒီဆိုင်မှာ လူငယ်လေးတွေထိုင်တာများတယ်။ ဒါပေမယ့် အသက်ကြီးလို့လည်း ပြဿနာ မရှိဘူး။ တိုးတိုးခွေ့ခွေ့ထိုင်သောက်ရင်းဘော်ဒါဖြစ်သွားပြီး စကားဝိုင်းဖွဲ့လိမ့် မယ်။ ကျွန်တော်က ချာတိတ် တစ်ယောက်ကို ဒဲရစ်မေလာ သီချင်းတွေ အကြောင်းပြောတော့ သူက ညီပု ရဲ့ “မြို့ပြလရောင် တမ်းချင်း”၊ “ ဂျင်းဘောင်းဘီအစုတ်နဲ့လူ” တို့ကို နားထောင်ကြည့်ပါလို့ ပြော ဖူးတယ်။ ဒီလိုပဲ ရေကျော်လမ်းမကြီးနဲ့မြောင်းကြီးလမ်းမှာနေတဲ့ချာတိတ်နှစ်ယောက်နဲ့ ဆုံပြီး ရေကျော် အကြောင်း သတင်းဖလှယ်ခဲ့ဖူးတယ်။

ဘယ်တွေရောက်

ကျွန်တော့်ခရီးစဉ်က ကလော ကို ရောက်တော့ တစ်ရက်နားပြီး ခြေလျင်ခရီးကြမ်းအတွက် ပြင် ဆင်တယ်။ ပြီးတော့ ကလော – ပတ္တူပေါက် တစ်ညအိပ် နှစ်ရက် ခြေလျင်ခရီးသွားတယ်။ ပတ္တူ ပေါက်မှာ တစ်ညအိပ်၊ နောက်နေ့မနက် တိမ်ပင်လယ်ကြည့်ပြီး အင်းတိန်က တဆင့် ကလောကို ကားနဲ့ ပြန်တယ်။ ကားကို ပတ္တူပေါက်ရွာကပဲငှားတယ်။ ကလောပြန်ရောက်တော့ နောက်တစ်ရက် ထပ်နေပြီး ကလော ၊ အောင်ပန်း ပတ်ဝန်းကျင်က လူသိနည်းတဲ့နေရာတွေကိုလေ့လာတယ်။ နောက်နေ့ ရန်ကုန်ကို အဝေးပြေးကားနဲ့ ပြန်လာပါတယ်။ စုစုပေါင်း ၇ ရက် ကြာပါတယ်။

တိမ်ပင်လယ်

ကလော ကို လာတဲ့ ဧည့်သည်အများစုက “တိမ်ပင်လယ်” လို့ ပြောလိုက်ရင် ကလောမြို့ အထွက် အိုးစည်တောင်ပေါ်က မြင်ရတဲ့ တိမ်ပင်လယ်ကို ပဲ သိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ပါပဲ။ ကလောရောက်ရင် အိုးစည်တောင်ပေါ်တက်ပြီး တိမ်ပင်လယ် အလှကို ခံစား၊ ဓာတ်ပုံရိုက် ခဲ့ တာပါ။ ဒါပေမဲ့ ကလောတိမ်ပင်လယ်က တစ်ခါတစ်ရံ တိမ်ပင်လယ် ပီပီပြင်ပြင် မဖြစ်ဘူး။ နောက်ပြီး ကလောမြို့ရဲ့ မီးရောင်တွေကြောင့် သဘာဝအလှကို အပြည့်အဝမခံစားရဘူး။

အခု ခြေလျင်ခရီးကြမ်းသွားမယ်ဆိုတော့ လမ်းညွှန်ကိုမျိုးဇော်က ခရီးဆုံးရွာဖြစ်တဲ့ ပတ္တူပေါက် ရွာမှာ ညအိပ်ပြီး နောက်တစ်နေ့မနက် အင်းတိန်ကို ဆက်မထွက်ခင် ပတ္တူပေါက် တိမ်ပင်လယ် ကို ကြည့်ဖို့စီစဉ်ပေးမယ်လို့ ပြောမှ ကလော၊ အောင်ပန်း ဒေသမှာ နောက်ထပ်တိမ်ပင်လယ် တစ်ခု ရှိမှန်း သိရတယ်။

ပတ္တူပေါက်တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် မနက် ခြောက်နာရီခွဲမှာ ရွာက ထွက်တယ်။ တိမ်ပင် လယ် ကြည့်ရမယ့် ဘုရားကုန်းအခြေအထိ ကားသွားလို့ရပါတယ်။ ဆလွန်းကားဆိုရင်တော့ တစ်ချို့နေရာတွေမှာ ဗိုက်နဲ့ မြေကြီးမတိုက်မိအောင် နည်းနည်းသတိထားရမယ်။ ဘုရားကုန်း အခြေမှာ ကားရပ်ပြီးတောင်ပေါ်ကို ဆယ်မိနစ်လောက် လမ်းလေ ျှာက်တက်ရတယ်။ တောင်ခြေက ကြည့်ရင် ကျောက်တောင် မတ်မတ်ကြီးလို့ မြင်ရပေမယ့် လမ်းက ကျောက်တောင်နောက်ကြော ကနေ ပြေပြေလေးတက်သွားတဲ့အတွက် လူတိုင်းတက်နိုင်ပါတယ်။

ကျွန်တော်တို့ တောင်ခြေရောက်တော့ ကျွန်တော်တို့ ရှေ့မှာ အောင်ပန်းက လာတဲ့ အဖွဲ့ တစ်ဖွဲ့ ရောက်နေတယ်။ တိုယိုတာ မတ်တူးနဲ့လာတာ၊ အဲဒီအဖွဲ့က အသက် ခြောက်ဆယ့်ကိုးနှစ် အဖွား နဲ့ မြေးတွေ လာတာဖြစ်ပါတယ်။ ပတ္တူပေါက်ဘုရားကုန်းအထိ မတ်တူးနဲ့ လာလို့ ရတယ်၊ ခြောက်ဆယ်ကျော်တွေလည်း တောင်ပေါ်တက်လို့ ရတယ်ဆိုတဲ့ သက်သေပါပဲ။

ပတ္တူပေါက် တိမ်ပင်လယ်က ဘုရားကုန်းရဲ့ အရှေ့ဘက် ပတ္တူပေါက်ရွာပေါ်နဲ့ အနောက်ဘက် ကုန်းလှ ၊ ရေခေါင်းတို၊ ပတ္တူပေါက်လမ်းရှိတဲ့ တောင်ကြားလွင်ပြင်တစ် ခုလုံး တိမ်ပင်လယ် ဖြစ်နေ တာပါ။

ကျွန်တော်တို့က တောင်ပေါ်မှာ မနက် ရှစ်နာရီအထိ နေခဲ့တယ်။ တိမ် ပင်လယ်ကြားကနေ ရွာကို ရေးရေးလေးမြင်ရတဲ့အလှ၊ တိမ်တွေကြားထဲကနေ တောင်ထိပ်တွေ ကျွန်းတွေလို ထိုးထွက်နေ တဲ့အလှတွေက အသက်ရှုမှားလောက်ပါတယ်။ နောက်ပြီး ကားသံ မကြားရ၊ လ ျှပ်စစ်မီးရောင်တွေ မမြင်ရဘဲ တိမ်ပင်လယ်သက်သက်ကို ကြည့်နေရတဲ့ အရသာကလည်း ကိုယ်တိုင်ရောက်မှ သိနိုင်တဲ့ အရသာဖြစ်ပါတယ်။ တကယ်လို့ တောင်ပေါ်မှာ မနက်ကိုးနာ ရီလောက်အထိ နေနိုင်ရင် အနောက်ဘက် တောင်ကြားလွင်ပြင်ထဲက ယာခင်းတွေ၊ တောင်ကုန်း လေးတွေ တိမ်ကြားထဲက ထိုးထွက်လာတာကို မြင်ရမှာပါ။ ကျွန်တော်တို့က အင်းတိန်၊ ညောင် ရွှေ ကနေ ကလောအထိ ပြန်ဖို့ရှိတဲ့အတွက်ကြောင့် ရှစ်နာရီမှာ ပြန်ဆင်းခဲ့ရလို့ အဲဒီ ရှုခင်း ကို မမြင်ခဲ့ရဘူး။

ကလောကို ရောက်တဲ့ ဧည့်သည်တွေက ပတ္တူပေါက်တိမ်ပင်လယ်ကို ကြည့်ချင်ရင် ကျွန်တော်လို လမ်းလေ ျှာက်သွားဖို့မလိုပါဘူး။ ကလောကနေ မနက် ငါးနာရီကားနဲ့ထွက် လာရင် ပတ္တူပေါက် ရွာကို ခြောက်နာရီကျော်ကျော် ရောက်ပါတယ်။ ကျွန်တော်တို့ နဲ့ ဆုံတဲ့ အောင်ပန်းအဖွဲ့ကတော့ အောင် ပန်းကနေ မနက်ငါးနာရီခွဲ ထွက်လာတာလို့ပြောတယ်။

တကယ်လို့နေ့ချင်းပြန်မသွားချင်ဘူးဆိုရင်ကလောမွန်းလွဲပိုင်းထွက်၊ပတ္တူပေါက်မှာရွာပတ်ဝန်း ကျင် လေ့လာ၊ ညအိပ်။ မနက် တိမ်ပင်လယ်ကြည့်၊ ပြီးမှ အင်းတိန် ဘုရားဖူး၊ ပြီးရင် ညောင်ရွှေ ကတဆင့်ကလောကို ပြန်လာလို့ရတယ်။ကလောကိုပြန်ရင်လည်း ရွှေညောင်ကို မဝင်ဘဲ ခေါင်တိုင် ကတဆင့် တောင်လေးလုံးကို ဖြတ်ထွက်တဲ့လမ်းရှိတယ်။ တောင်လေးလုံးကနေမှ ပြည်ထောင်စု လမ်းမ ကြီးအတိုင်း ဘယ်ဘက် ချိုး သွားရင် ဘဝသံသရာတံတား၊ ဟဲဟိုး၊ အောင်ပန်း ၊ ကလောကို ရောက်တယ်။

ပတ္တူပေါက်ရွာမှာ ညအိပ်မယ်ဆိုရင်တော့ နှစ်မျိုးရွေးလို့ရတယ်။ နိုင်ငံခြားသားခရီးသွားတွေလို ရွာထဲက အိမ်တွေမှာ အိပ်လို့ရတယ်။ ရေပူတော့မရဘူး။ မီးကတော့ ဆိုလာမီးပေါ့။ ကျွန်တော် တည်းခဲ့တဲ့ အိမ်ကတော့ ဈေးဆိုင်လည်း ရှိတဲ့အတွက် ညဘက် နှစ်နာရီ မီးစက်မောင်းပေး တယ်။ ဆိုလာမီးကတော့ တစ်ညလုံးပေးတယ်။

ရွာထဲမှာ မတည်းချင်ဘူး၊ ဟိုတယ်မှာပဲတည်းချင်တယ်ဆိုရင်တော့ အောင်ပန်း- အင်းတိန်ကားလမ်း မိုင်တိုင် ၁၂ အကျော်လောက်မှာ “ မြတ်စေတမန်” ဟိုတယ်ဆိုတာ ရှိတယ်။ အဲဒီ ဟိုတယ်ကတော့ ဝါးနဲ့လုပ်ထားတဲ့ ဘန်ဂလိုတွေရှိသလို အုတ်အဆောင်တွေလည်း ရှိတယ်။ အဲဒီဟိုတယ်ကတော့ မနက် ၅ နာရီကနေ ခုနစ်နာရီ၊ ညနေ ငါးနာရီခွဲကနေ ဆယ့်တစ်နာရီ အထိ မီးစက်မောင်းပေး တယ်။ ဆိုလာမီးအိမ်ထားပေးတယ်။ ရေပူ ရတယ်။ ကျွန်တော်တော့ အဲဒီဟိုတယ်မှာ မတည်းဖူးဘူး။ မြင်ခဲ့ ရသလောက်တော့ ဟိုတယ်ကနေ အင်းလေးကန်ဘက်ကို မြင်ရတဲ့ ရှုခင်းက အတော်လှ တယ်။ အဆောက်အအုံတွေကလည်း သပ်သပ်ရပ်ရပ်ပါပဲ။

ပတ္တူပေါက်ကို သွားတဲ့ကားလမ်းက အောင်ပန်းမြို့ ကနေ ဟဲဟိုးဘက် အထွက် မင်္ဂလာရေကန် အကျော်မှာရှိတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ အောင် ပန်းကနေ အင်းတိန်အထိ ၂၅ မိုင်ရှိပြီး ကတ္တရာလမ်းဖြစ်ပါတယ်။ အဆင်းအတက် မကြမ်းဘူး။ ပတ္တူ ပေါက်လမ်းခွဲက ထီသိန်ရွာမရောက်ခင် မိုင်တိုင် ၁၀ အကျော်လောက်မှာ ရှိတယ်။ ပတ္တူပေါက် ရွာ သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ အဲဒီလမ်းခွဲကနေ ရွာထဲအထိ မြေလမ်းဖြစ်ပြီး ကား လေး တွေ သွားလို့ရပါတယ်။ ရွာထဲ ဝင်သွားရင် လမ်းဆုံမှာ ကျွန်တော်တို့တည်းခဲ့တဲ့ ဈေးဆိုင် ရှိတယ်။ ဦးချစ်စိုး ဆိုင်လို့ မေးရင် ရတယ်။ အဲဒီဆိုင်က တိမ်ပင်လယ် ကြည့်မယ့်နေရာကို လမ်း ညွှန်ပေး ပါလိမ့်မယ်။ ညအိပ်ချင်မယ်ဆိုရင်လည်း အဲဒီဆိုင်မှာ အိပ်လို့ရတယ်။ သူ့ဆီမှာ လူပြည့်နေ ရင် တည်းလို့ရတဲ့နေရာကို ဆက်သွယ်ပေးပါလိမ့်မယ်။

ကလောကို ရောက်တဲ့အခါ အများသူငါ သွားနေကြ ခရီးတွေကို မသွားဘဲ ထူးထူးခြားခြား သွားချင် တယ်ဆိုရင်တော့ ပတ္တူပေါက်မှာ တစ်ညအိပ် ၊တိမ်ပင်လယ်ကြည့် ၊အင်းတိန် နဲ့အင်းလေး၊ ညောင် ရွှေကိုလည်တဲ့ ခရီးစဉ်ကို သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ခရီးသွားလမ်းညွှန် ကိုမျိုးဇော် ( ၀၉ ၄၂၈၃၇၀၂၅၇)

ပတ္တူပေါက်ရွာတည်းခိုအိမ် ဦးချစ်စိုး ( ၀၉ ၂၅၀၈၉၀၃၄၅)

မြတ်စေတမန်ဟိုတယ် ( ၀၉ ၂၅၀၂၅၄၀၅၉) https://www.facebook.com/MSTM.TBH

ခြေလျင်ခရီးသည် (၃)

လမိုင်းရွာမှာ ကျွန်တော်တို့ညအိပ်တဲ့အိမ်က နှစ်ထပ်အိမ်၊ အောက်ထပ်က ဗြုံးအုတ်၊ အပေါ်ထပ်က ဝါးထရံကာ သွပ်မိုး။ အိပ်တာကတော့ အပေါ်ထပ် အိမ်ရှေ့ခန်းမှာ အိပ်ယာ ခင်းပြီး အိပ်ရတယ်။ နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေကြ ဖြစ်တဲ့အတွက် မွေ့ယာ၊ စောင်၊ ခေါင်းအုံး သန့်ရှင်းပါတယ်။ နိုင်ငံခြားသားခရီးသွားတွေက တိုက်အိမ်တွေမှာ တည်းခိုရတာ မကြိုက်ဘူး။ ထရံ ကာ၊ပျဉ်ခင်းအိမ်၊ ဖြစ်နိုင်ရင် ဝါးကြမ်းခင်း ၊ ထရံကာ အိမ်တွေမှာ တည်းချင်တယ်။ ရိုးရာ ပုံစံ အိမ်ဆိုရင်တော့ အကြိုက်ဆုံးပေါ့။ အိပ်ရင်လည်း အိမ်ရှေ့ခန်း မှာ တန်းစီပြီးအိပ်ကြတယ်။ ရေအိမ် ကလည်း အနောက်တိုင်းပုံစံဖြစ်ဖို့မလိုဘူး။ အရှေ့တိုင်းပုံစံ၊ ကြွေ ခွက် ဆိုရင် ရပြီ။ အဓိက လိုအပ်ချက်က သန့်ရှင်းနေဖို့ပဲ။

တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသားဧည့်သည်တွေ များတဲ့အတွက် ဒေသ ခံပြည်သူတွေ ဝင်ငွေကောင်းသလို ရေ နဲ့မိလ္လာသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု တွေ စည်းကမ်းရှိ၊ သန့်ရှင်းလာတဲ့ အကျိုးကျေးဇူးတွေရတယ်။ အခု ခရီးသွားမရှိတဲ့အချိန်မှာတောင် ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ရွာတွေ မှာ ပလတ်စတစ် အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ထားတာမရှိ သလောက် ပဲ။ ရွာလမ်းဘေးဝဲယာမှာလည်း “ လက်တွဲ ကူမယ်၊ ဒို့လူငယ်” လို့ စာတမ်းထိုးထားတဲ့ အမှိုက် ပုံးလေးတွေလည်း မြင်ခဲ့ရတယ်။

ပထမနေ့ ကျွန်တော်တို့ဖြတ်လာခဲ့တဲ့ ရွာတွေမှာ ဟင်းခါးကုန်းနဲ့ စေတီတောင်က ပလောင် ရွာတွေ၊ ကမ်းပါးနီရွာ၊ လွတ်ပြင်ရွာ၊ ရှားပြင်ရွာနဲ့ လမိုင်းက တောင်ရိုးရွာတွေ၊ ၊ မြင်းဒိုက်နဲ့ ရွာပု က တောင်ရိုးနဲ့ ဓနု ရောနေတဲ့ရွာတွေဖြစ်ပါတယ်။

ကျွန်တော်တို့ဒုတိယနေ့ ခရီးစဉ်က လမိုင်း၊ ပင်နွေး၊ ပေါ်ကဲ ၊ ကုန်းလှ ( နေ့လယ်စာ) ၊ ရေခေါင်းတို – ပတ္တူပေါက် ခရီးဖြစ်ပြီး ပင်နွေး၊ ပေါ်ကဲ၊ ရေခေါင်းတို နဲ့ ပတ္တူပေါက်က ပအိုဝ့်ရွာတွေ၊ ကုန်းလှက တောင်ရိုး နဲ့ ဓနုရောနေတဲ့ ရွာ ဖြစ်ပါတယ်။ဒုတိယနေ့ ခရီးစဉ်က စုစုပေါင်း ၁၁.၉၄ မိုင်ရှိတယ်။ မနေ့ကထက် ခရီး တို ပေမယ့် အတက်အဆင်းပိုများတယ်။ ပိုပင်ပန်းတယ်။

လမိုင်းကနေ မနက်ခုနစ်နာရီစထွက်တယ်။ လမိုင်းရွာထိပ် တောင်ကုန်းပေါ်က ရွာဦးဘုန်းကြီး ကျောင်း ဝင်းထဲ ဖြတ်ပြီး ပင်နွေးရွာကို သွားရတယ်။ လမ်းကြောင်းက လမိုင်းရွာ ဘုန်းကြီး ကျောင်း ကုန်း က ဆင်းပြီးရင် နေ့လယ်စာ စားမယ့် ကုန်းလှ ရွာအထိ တောင်ကုန်းငယ်လေးတွေ အတိုင်း တက် လိုက် ဆင်းလိုက်သွားရတယ်။ ဒါပေမယ့် အတက်ခရီးက ပိုများတယ်။ ကုန်းလှရွာက အမြင့်ပေ ၄၆၄၆ ပေ ရှိပြီး ဒီလမ်းကြောင်းမှာ အမြင့်ဆုံးနေရာဖြစ်ပါတယ်။

တကယ်တော့ လမိုင်း-ကုန်းလှ လမ်းက စိုက်ခင်းတွေကြားက ဖြတ်သွားရတာပါ။ ပတ်ဝန်းကျင် တောင်ကြောတွေမှာလည်း စိုက်ခင်းတွေရှိတယ်။ စိုက်ခင်းတွေကလည်း ဒီရာသီဆိုရင် ပန်းနှမ်း ခင်းတွေက အဝါရောင်၊ ဆီမုန်ညင်းခင်းတွေက အဖြူရောင်၊ ဂေါ်ဖီစိုက်ခင်းတွေက အစိမ်းရောင်၊ ငရုတ်ခင်းတွေက အနီရဲရဲ၊ ထွန်ယက်ထားတဲ့ စိုက်ခင်းတွေက မြေနီရောင် နဲ့ ရွာငံသွားတဲ့လမ်းက မြင်းမူကုန်းရှုခင်းလို အလွန်လှတဲ့ ရှုခင်းမျိုးပေါ့။

ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒီလို မဟုတ်ဘူး။ ဈေးကွက်အခြေအနေအရ ( ကြက်စာ) ပြောင်း နဲ့ ငရုတ်စိုက်ခင်းတွေပဲစိုက်တာများပြီး ပြောင်းခင်းတွေက ရင့်ပြီးချိုးရမယ့်အချိန်ရောက်နေတော့ အညိုရောင်ဖြစ်နေပြီ။ ဒီတော့ ရှုခင်းက ထင်သလောက်မလှတော့ဘူး။

ဒုတိယနေ့ ခရီးစဉ်က အတက်ခရီးများတဲ့အပြင် ယာခင်းတွေကြားက ဖြတ်သွားရတဲ့အတွက် လမ်း ရှာရတာလည်း ခက်တယ်။ အရင်ကတော့ ဧည့်သည်အလာများတဲ့အတွက် ယခင်းတွေကြားမှာ လူသွားလမ်းတွေ ရှိတယ်။ အခုတော့ သုံးနှစ်လောက် အသွားအလာမရှိတော့တဲ့အတွက် လမ်း တွေ ပျောက်နေပြီး ချုံတွေတိုးရတယ်။ တစ်ကိုယ်လုံး မြက်သီးတွေ၊ ကပ်စေးနှဲ သီး တွေကပ်ပြီး အဲဒါတွေ ပြန်ဖယ်ရတာက အလုပ်တစ်လုပ်ဖြစ်နေတယ်။

လမိုင်းကထွက်ပြီး ပထမဆုံးရောက်တာက ပင်နွေးရွာ၊ ပြီးတော့ ပေါ်ကဲရွာ၊ ဒီရွာနှစ်ရွာက ဘုရား ကုန်းလေးတစ်ခုပဲ ခြားတယ်။ ပင်နွေးရွာမှာ ရိုးရာ ဂျပ်ခုတ်ထည်တွေ ရက်တဲ့ အဖွားနှစ်ယောက် ရှိတယ်။ နိုင်ငံခြားသားခရီးသည်တွေက အဖွားတွေရက်တာ ကို လေ့လာ ဓာတ်ပုံရိုက်၊ အထည် တွေ ဝယ်ကြတယ်။ အခုတော့ အဖွားနှစ်ယောက်လည်း လုပ်ငန်းရပ်ထားရတယ်။

ပင်နွေးနဲ့ ပေါ်ကဲရွာတွေက ငရုတ်အဓိက ထားစိုက်တဲ့ရွာတွေ၊ အိမ်တိုင်းလိုလို ငရုတ်သီးတွေ နေ လှန်းထားတဲ့အတွက် ရွာထဲဝင်လိုက်တာနဲ့ ငရုတ်သီးနံ့ မွှန်နေတာပဲ။ ပွဲရုံပို့ဖို့အတွက် ကားတင် နေတာလည်း မြင်ရတယ်။ ငရုတ်ရွေးနေတဲ့ အမျိုးသမီး တွေလည်း တွေ့ခဲ့ရတယ်။ ဒီနှစ် ငရုတ်ဈေး က စဖွင့်တော့ နှစ်သောင်းဈေး၊ အခု တစ်သောင်းငါးထောင်ဈေး၊ ဈေးနည်းနည်းကျပေမယ့် ကိုက် သေးတယ်လို့ ပြောတယ်။

ကုန်းလှ ရွာက ကလော-အင်းလေး ခရီးကြမ်းလေ ျှာက်တဲ့ အဖွဲ့ အများစု နေ့လယ် စာစားတဲ့ ရွာဖြစ်တဲ့အတွက် ကိုဗစ်မဖြစ်ခင်က ဧည့်သည်တွေနဲ့ အတော်စည်ကားတဲ့ရွာပေါ့။ ကလော- အင်း လေး ခြေလျင်ခရီးစဉ်မှာ ဧည့်လမ်းညွှန်တွေက ညစာနဲ့ နေ့လယ်စာ စားမယ့် ရွာတွေကို လိုအပ် တဲ့ပစ္စည်းတွေ ကြိုပို့ထားတယ်။အိမ်ရှင်တွေက ချက်ပြုတ်ပေးတယ်။ အိပ်ဖို့နားဖို့ ရေသုံးဖို့ အကုန် စီစဉ်ပေးတယ်။ အဲဒီအတွက် အိမ်ရှင်တွေက ဝင်ငွေရတယ်။ ဧည့်သည်များရင်တော့ ဧည့်လမ်းညွှန် တွေက သူတို့ရဲ့ ထမင်းချက်အဖွဲ့ကို ကြိုလွှတ်ပေးတယ်။ ကျွန်တော်တို့ ခရီးစဉ်က လူနှစ်ယောက် ပဲ ဆိုတော့ နေ့လယ်စားဖို့အတွက် ပစ္စည်းတွေ ကြိုမပို့တော့ဘူး။ ခေါက်ဆွဲကြော် လုပ်ထားဖို့ပဲ ဖုန်းဆက်မှာထားလိုက်တယ်။

ကုန်းလှ ရွာကနေ ခရီးဆုံးရွာဖြစ်တဲ့ ပတ္တူပေါက်ကို သွားတဲ့လမ်းကြောင်း နှစ်ခု ရှိတယ်။ တစ်ခုက ကုန်းလှကနေ ပတ္တူပေါက်ကို သွားတာ၊ အဲဒီလမ်းက လမ်းသာတယ်။ ခရီးတိုတယ်။ နောက်လမ်း ကြောင်းက ကုန်းလှကနေ ရေခေါင်းတိုရွာ ၊ ရေခေါင်းတိုကနေ ပတ္တူပေါက်သွားတဲ့လမ်းကြောင်း၊ အဲဒီလမ်းကြောင်းက ကုန်းလှကနေ ရေခေါင်းတိုအထိ အဆင်း၊ပြီးရင် ပတ္တူပေါက်ရွာ ကို ပြန်တက် ရတဲ့အတွက် ခရီးဝေးတယ်၊ ခရီးပန်းမယ်။ ဒါပေမဲ့ ရေခေါင်းတို ရေထွက်နဲ့ ချောင်းမှာ ရေချိုး လို့ ရတယ်။ ဒါ့ကြောင့် ကျွန်တော်က ရေခေါင်းတိုက တဆင့်သွားတဲ့လမ်းကို ပဲ ရွေးလိုက်တယ်။

ကုန်းလှကနေ ရေခေါင်းတိုအထိက ရွာချင်းဆက်လမ်းအတိုင်းပဲ သွားရတယ်။ ရေခေါင်းတို ရွာ ရောက်တော့ ရွာဈေးဆိုင်မှာ ရေသန့်ဘူး ဝင်ဝယ်တယ်။ ဆိုင်ထဲမှာ မြန်မာ၊ ပအိုဝ့် နှစ်ဘာသာနဲ့ “ အကြွေး(၂) ရက်ပို၍ယူခြင်း သည်းခံပါ” လို့ရေးထားတယ်။ အကြွေးကို နှစ်ရက်ထက် ပိုမဆိုင်း ဘူး ဆိုတဲ့သဘောပေါ့။ ဒါနဲ့ ဆိုင်ရှင်ကို “ နှစ်ရက်ပြည့်တော့လာပေးလားဗျ” လို့မေးတော့ “ ရေးတာ ထားတာပါ၊ရွာသားချင်းဆိုတော့ မပေးမချင်းတောင်းရတာပဲ” လို့ ဖြေတယ်။ ကိုယ့်ရပိုင်ခွင့် ကိုယ် ပြန်တောင်းတာတောင် မလွယ်တဲ့ဘဝပဲ။ ဒါပေမယ့် သူတစ်ယောက်တည်း ကြုံနေရတဲ့ အဖြစ် တော့ မဟုတ်ဘူး။

ရေခေါင်းတို ရွာကနေ ရေထွက်ကို နာရီဝက်လောက်လေ ျှာက်ရတယ်။ ရေထွက်က ရေအားကောင်း တယ်။ ဒလက်ဘီးတွေနဲ့ ရေမော်တာကို မောင်းပြီး ရွာကို ရေပေးဖို့လုပ်ထားတာလည်း တွေ့ရ တယ်။ ရေထွက်ဘေးမှာ ရေထွက်ဧရိယာအတွင်း ရေသွယ်ခြင်း၊ မြေကွက်ချဲ့ခြင်း၊ ငါးဖမ်းခြင်း မလုပ် ဖို့ သတိပေးတဲ့ စာ ကပ်ထားတယ်။ သတိပေးစာအောက်မှာ “ ပုံ၊ ရေခေါင်းတိုကျေးရွာသူ/သားများ” လို့ ရေးထားတယ်။

ရေခေါင်းတိုရေထွက် အနားမှာ ချောင်းတစ်ချောင်းရှိတယ်။ လမ်းညွှန်ကိုမျိုးဇော်က အဲဒီ ချောင်း ဟာ ဘီလူးချောင်းရဲ့ အစပဲ။ အင်းတိန်နားမှာ အင်းလေးကန်ထဲကို စီးဝင်သွားတယ်လို့ ပြော တယ်။ နိုင်ငံ ခြားသားခရီးသွားတွေကတော့ အဲဒီချောင်းဘေးမှာ နား၊ ရေကူးပြီးမှ ပတ္တူပေါက်ကို ခရီးဆက် ကြ တယ်။

ကျွန်တော်ကတော့ ရေထွက်ရောက်တဲ့အချိန်မှာ ခြေကုန်လက်ပန်းကျနေပြီ၊ ရေချိုးပြီး နားလိုက်ရင် ခရီးဆက်သွားနိုင်မှာမဟုတ်တော့ဘူး။ ဒါ့ကြောင့် ဓာတ်ပုံရိုက်ပြီးတာနဲ့ အားတင်းပြီး ဆက်ထွက် ခဲ့တယ်။ ရေထွက်ကနေ ပတ္တူပေါက်ကို နှစ်နာရီ နီးပါးလောက်ဆက်လေ ျှာက်ရတယ်။ ကျနေ အရှိန် က လည်း ပြင်း၊ ကုန်းတက် ကုန်းဆင်းတွေလည်း ရှိတော့ ရောက်ခါနီးလေ မောလေပဲ။

ပတ္တူပေါက်ရွာက ကျောက်တောင်ကြောကြီးရဲ့ နောက်မှာ ရှိတယ်။ အဝေးကကြည့်ရင် ရွာကို သွားတဲ့ တောင်ကြားလမ်းကို မမြင်ရဘူး။ အနားရောက်မှ ကျောက်တောင်ကြီး နှစ်ခုကြားက ကွေ့ပြီး တက်သွားတဲ့ ရွာဝင်လမ်းကို မြင်ရတယ်။ မုဆိုးကြီး အလန်ကွာတာမိန်း ဝတ္ထုတွေထဲမှာ ပါ လေ့ရှိတဲ့ ပျောက်ဆုံးနေသော မြို့ပျက်ကြီးကို ဝင်တဲ့လမ်းမျိုးပေါ့။

ရွာအဝင်လမ်းက ကုန်းတက်၊ ကုန်းထိပ်က တောင်ကြားနေရာအစပဲ။ အဲဒီနေရာ မှာ နတ် ကွန်း တစ်ခုရှိတယ်။ နတ်ကွန်းအပေါ်တောင်နံရံမှာ ကျောက်ဖျာတစ်ချပ်ရှိတယ်။ အစဉ် အလာ ပြော စကားကတော့ ဟိုး ရှေးပဝေသဏီ ကာလတုန်းက အဲဒီကျောက်ဖျာနေရာမှာ ဂူကြီးရှိ တယ်၊ အဲဒီ ဂူထဲမှာ ရတနာတွေ၊ အိုးခွက်ပန်းကန်တွေရှိပြီး အလှူ အတန်း၊ ပွဲလမ်းသဘင်ရှိရင် သွား ယူ လို့ ရတယ်၊ ပြီးရင် မပျက်မကွက်ပြန်ပို့ ရတယ်၊ နောက်ပိုင်းမှာ ရွာသားတွေက ကတိပျက်ပြီး ပြန် မပေး တဲ့အတွက် တောင်စောင့်နတ်က စိတ်ဆိုးပြီး ဂူပေါက်ကို ပိတ်လိုက်တယ်တဲ့။ ကတိမတည်ရင် နတ် မကြိုက်ဘူးဆိုတဲ့ သဘောပေါ့။ တကယ်တော့ ကတိမတည်ရင် လူတွေလည်း မကြိုက်ပါဘူး။

နတ်ကွန်းကို ကျော်လာတော့ လမ်းဘေးမှာ ကုန်ကားတစ်စီးရပ်ပြီး ဂေါ်ဖီထုပ်တွေ တင်နေတာ တွေ့တယ်။ ခမောက်ဆောင်း၊ လွယ်အိတ်စလွယ်သိုင်း လွယ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အလုပ်သမားတွေကို ကြီးကြပ်နေတယ်။ အောင်ပန်းကလာတဲ့ ပွဲစား၊ ဒါပေမယ့် အောင်ပန်းသူ မဟုတ် ဘူး။ ကျောက်ပန်းတောင်းသူ။

တောင်သူတွေရှုံးပေမယ့် ပွဲစားကတော့ ရှုံးဖို့မရှိဘူး လို့ထင်ပြီး “ အခြေ အနေ ကောင်းတယ် မဟုတ်လား” လို့ မေးလိုက်တယ်။ အမျိုးသမီးက “အောင်မယ်လေး၊ လေးရာ ဈေး နဲ့ ကြိုဖြတ် ထား တာ၊ အခုတော့ ဒန့်တန်တန်ပဲ” လို့ ဖြေတယ်။

ပတ္တူပေါက်ရွာရဲ့ ထူးခြားချက်ကကလော- အင်းလေး ခရီးစဉ် နှစ် ညအိပ်၊ သုံးညအိပ်၊ တစ်ညအိပ် စသည်ဖြင့် လမ်းကြောင်း အမျိုးမျိုးရှိပေမယ့်ဘယ်လမ်းကြောင်းကလာလာ ပတ္တူပေါက်မှာ ညအိပ် ပြီးမှ အင်းတိန်ကို ခရီးဆက် ရတယ်။ ဒ့ါကြောင့် ပတ္တူပေါက်ရွာမှာ အိမ်ခြေ နှစ်ရာ ကျော်ရှိတဲ့ အနက် ဧည်သည်လက်ခံတဲ့ အိမ် ၄၈ အိမ်ရှိတယ်။ ကျန်တဲ့အိမ်တွေကလည်း ခရီးသွားလုပ်ငန်းနဲ့ ပတ် သက်တဲ့ ရေ၊ မီး ၊ ထင်း၊ပစ္စည်းပို့ စတဲ့လုပ်ငန်းတွေမှာ တစ်နည်းမဟုတ် တစ်နည်း ပတ်သက် နေ တာဆိုတော့ ခရီးသွားလုပ်ငန်းက ရွာရဲ့ အဓိက ဝင်ငွေရလမ်းတ စ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခု တော့ ငုတ်တုတ် မေ့ပေါ့။

တည်းခိုတဲ့အိမ်ရောက်တော့ အိမ်ရှင်တွေက ရွာပုက အမျိုးသမီးကြီးပြောသလိုပဲ ခရီးသွားလုပ်ငန်း က ရပ်၊ သီးနှံဈေးတွေက ကျ လို့ ဒေသခံတွေ အခက်အခဲဖြစ်တဲ့အကြောင်းပြောတယ်။ ဒါနဲ့ ခင်ဗျားတို့လည်း ခင်ဗျားတို့ဒုက္ခ၊ ကျန်တဲ့ဒေသတွေလည်း သူ့ဒုက္ခနဲ့ သူ၊ အားလုံး ဒန့်တန်တန် ပဲ လို့ ကျောက်ပန်းတောင်သူစကားကို ငှားပြီး ပြန်ပြောလိုက်တယ်။

ခြေလျင်ခရီးသည် (၂)

ကလောကိုရောက်တော့ တစ်ရက်နားပြီး ခရီးစဉ်အတွက်လိုအပ်တာတွေ ပြင်ဆင်တယ်။ မီးလာ တဲ့အချိန်မှာ ကင်မရာဘက်ထရီ နဲ့ Power Bank တွေ အားအပြည့်သွင်းရတယ်။ ပထမ ည အိပ် မယ့် လမိုင်းရွာက လ ျှပ်စစ်မီးရပေမယ့်လက်ရှိအခြေအနေမှာ ဘာမှ မသေချာတဲ့အတွက် ကင်မရာ ဘက် ထရီ အပို နှစ်လုံးယူသွားရတယ်။ Power Bank နှစ်ခု ယူသွားတယ်။

ခရီးစဉ်အတွက် လိုအပ်တဲ့ အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေက အနည်းဆုံးယူသွား တာကောင်းတယ်။ ကိုယ်တိုင်မသယ်နိုင်ဘူးဆိုရင် ခရီးစဉ် စီစဉ်ပေးတဲ့သူနဲ့ညှိနှိုင်းပြီး ညအိပ်မယ့် နေရာတွေကို ကြိုပို့ထားဖို့လိုမယ်။ အဲဒါဆိုရင်တော့ ဆိုင်ကယ်သီးခြားစီစဉ်ရတာမျိုး ရှိနိုင်ပြီး ကုန်ကျစရိတ်ပိုကုန်မယ်။ ကျွန်တော်ကတော့ ပုဆိုးတစ်ထည်နဲ့ အနွေးထည်တစ် ထည်၊ ညှပ်ဖိနပ် တစ်ရံ နဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ညအိပ်မယ့်ရွာအတွက် သား၊ငါး၊ သီးနှံတွေ ပို့တဲ့ ဆိုင်ကယ်နဲ့ အကြုံထည့်ပေးလိုက်တယ်။အထုတ်သေးတော့ သီးခြားစီစဉ်ဖို့မလိုဘူး။ အဝတ်အစား ကတော့ သုံးရက်လုံး တစ်စုံတည်း၊ ဒါဝတ်၊ ဒါချွတ် ပဲ။

ကျွန်တော်တို့ ခရီးစဉ်က ကလော နှီးဘုရားကြီးနောက်ဘက် တောင်စောင်းကနေ စတယ်။ ကလော – ရေအေးကန်၊ ဟင်းခါးကုန်း၊ စေတီတောင်၊ ကမ်းပါးနီ ရွာတွေကို ဖြတ်ပြီး မြင်းဒိုက် ဘူ တာမှာ နေ့လယ်စာ စားတယ်။ ပြီးတော့ ရွာပု နဲ့ လွတ်ပြင်ရွာကို ဖြတ်ပြီး အောင်ပန်း – ပင်လောင်း ကားလမ်းဘေးက လမိုင်းရွာမှာ ညအိပ်တယ်။ စုစုပေါင်း ၁၄. ၁၅ မိုင်ရှိတယ်။

ကလော – ရေအေးကန် လမ်းကြောင်းက ၂၀၂၁ ဒီဇင်ဘာလ ဆန်းမှာ ကျွန်တော်သွားခဲ့ပြီး “ ထင်ရှုးမြိုင် ခရီးသွားတောလား” အမည်နဲ့ ဆောင်းပါးရေးခဲ့ဖူးတယ်။ ဒီလမ်းကြောင်းမှာ ထူးထူး ခြား ခြား ပြောင်းလဲလာတာကတော့ ထင်းရှုးတောတွေကြားမှာ ခြံနယ်နမိတ်သတ်မှတ်ထားတဲ့ ကွန်က ရစ်တိုင် အဖြူလေးတွေ ပိုများလာတာပဲ။ ကလောက မြေဘုတ်ဘီလူးတွေဟာ ဆရာမနိုင် နှစ် ဆောင်ပြိုင် ဖြစ်ကုန်ပြီ။

ရေအေးကန်တောင်ကြောပေါ်တက်လိုက်တော့ ဟင်းခါးကုန်းသွားတဲ့ လမ်းကို ရောက်တယ်။ ၂၀၂၁ ကျွန်တော်ရောက်တဲ့အချိန်က သာမန်မြေလမ်းလေးပေမယ့် အခုတော့ မြေထိုးစက်နဲ့ လမ်းတွေ ချဲ့ထားတယ်။ ကျောက်ခင်းလမ်းအဆင့်မြှင့်မယ်လို့ သိရတယ်။ လမ်းဘေး ညာဘက် အခြမ်း မှာတော့ လက်ဖက်ခင်းတွေ ရှိပြီး ဟင်းခါးကုန်းက လက်ဖက်လာခူးတဲ့ ပလောင်အမျိုးသမီးလေး တွေ တွေ့တယ်။ တစ်ယောက်ကို တစ်နေ့ ပိဿာ နှစ်ဆယ်လောက်ရတယ်၊ အထွက်ကောင်းတဲ့ လ ဆိုရင် တစ်နေ့ နှစ်ဆယ့်ငါးပိဿာ၊ ပိဿာ သုံးဆယ်အထိ ရတယ်လို့ပြောတယ်။ ဒီဒေသတွေ ဟာ တစ်ချိန်က သနပ်ဖက်စိုက်တဲ့ရွာတွေ ၊ အခုနောက်ပိုင်းမှာ လက်ဖက်ကို ပြောင်းစိုက်လာကြ တ။

လမ်းအခြေအနေကတော့ ရေအေးကန်ကစပြီး ဟင်းခါးကုန်း၊ စေတီတောင်အထိ အတက်ပဲ။ ရေအေးကန်ကျော်ပြီးတဲ့နောက်ပိုင်း ရွာ ချင်းဆက်လမ်းတွေ၊ ယာခင်းတွေကြားကဖြတ်သွားရတဲ့အတွက် အရိပ်မရှိသလောက်ပဲ။ စေတီ တောင်ကနေ တောင်ကြောအတိုင်းသွားတော့ ကမ်းပါးနီရွာရောက်တယ်။ ကမ်းပါးနီကနေ မြင်းဒိုက် ကို သွားတဲ့လမ်းကြောင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ဆင်တောင်ကနေ မြင်းဒိုက်သွားတဲ့ ကျောက် ခင်းလမ်းအတိုင်းသွားတာ၊ နောက်တစ်ခုက ရထားလမ်းဘက်ကို ထိုးဆင်း၊ ပထမလှိုဏ်ဂူကို ဖြတ် ပြီး ရထားလမ်းအတိုင်းမြင်းဒိုက်ကို သွားတဲ့လမ်း။ ကျွန်တော်တို့က ဆင်တောင်-မြင်းဒိုက်လမ်းကို ရွေးလိုက်တယ်။ ကမ်းပါးနီကနေ မြင်းဒိုက်အထိက အဆင်းလမ်းပါပဲ။

မြင်းဒိုက်မှာနေ့လယ်စာစားမယ်ဆိုတော့ အရင် မြင်းဒိုက်- ခွေးရုပ်ဘူတာ လမ်းလေ ျှာက်ခရီးစဉ်မှာ စားခဲ့တဲ့ ဘူတာလက်ဖက်ရည်ဆိုင်လေးမှာပဲ စားဖို့စီစဉ်ခိုင်းခဲ့တယ်။ ဒီဘူတာဆိုင်လေးက အဖွား လက်ထက်ထဲက ဖွင့်ခဲ့တာ အခု မြေးဖြစ်သူဦးစီးတဲ့ ဆိုင်ဖြစ်နေပြီ။ ဒီဆိုင်လေးရဲ့ အကောင်းဆုံး အစားအစာကတော့ ချာပါတီ၊ အာလူးဟင်းနဲ့ နွားနို့ပါပဲ။ ချာပါတီနဲ့ အာလူးဟင်း တစ်ပွဲ ၈၀၀၊ နွား နို့တစ်ခွက် ၆၀၀ ဆိုတော့ “လာထား၊ နှစ်ပွဲ” ဆွဲခဲ့တယ်။

မြင်းဒိုက်က ဘူတာအရင်ဆောက်ပြီးမှ ရွာဖြစ်လာတာပါ။ ဒီတော့ ရွာမှာ စိုက်ပျိုးရေးနဲ့ အသက်မွေး တဲ့သူ နဲ့ ဘူတာကို အမှီပြုပြီး အသက်မွေးတဲ့သူ နှစ်ပိုင်းရှိတယ်။ အရင်က တစ်နေ့ကို အစုန် ရထား နှစ်စီး၊အဆန်ရထားနှစ်စီးရှိတဲ့အတွက် ဘူတာကို မှီပြီး လုပ်ကိုင်စားသောက်သူတွေလည်း အဆင် ပြေတယ်။ အခုတော့ တစ်ပတ်လုံးမှ အဆန်တစ်စီး၊အစုန်တစီးပဲရှိတော့ ဈေးဆိုင်တွေလည်း ပိတ် ပြီး ရွှေတောဆင်းနေကြတယ်တဲ့။ လက်ဖက်ရည်ဆိုင်လေးကတော့ ရထားစီးခရီးသည်တွေ ထက် ရွာက ဖောက်သည်တွေကိုပဲ မှီခိုနေရတယ်။

မြင်းဒိုက်ကထွက်တော့ ရွာပုရွာလမ်းခွဲထိ ကားလမ်းအတိုင်းသွားရတယ်။ ဒီလမ်းက ၂၀၂၀ မှာ ကတ္တ ရာလမ်းအဖြစ် အဆင့်မြှင့်တင်ထားတာ။ လမ်းအဆင့်မြှင့်တင်ခြင်း မှတ်တမ်းကျောက်တိုင် မှာ လုပ်ငန်းစရက် ၂၇ – ၁၀ – ၂၀၂၀ ၊ လုပ်ငန်းပြီးစီးရက် ၁၅ – ၂ – ၂၀၂၁ လို့ရေးထားတယ်။ သမိုင်း တစ်ကွေ့မှတ်တမ်းပေါ့။

ရွာပု ရွာက အိမ်ခြေ သုံးဆယ်ကျော်လောက်ပဲရှိမယ်။ ဒါပေမယ့် ဒီရွာလေးက ကလော-အင်းလေး ခြေလျင်ခရီးသွားတဲ့ နိုင်ငံခြားသားခရီးသည်တွေ ညအိပ်လေ့ရှိတဲ့ရွာ။ ကိုဗစ် မဖြစ်ခင်က ခရီးသွား ရာသီ ဆိုရင် အိမ် တိုင်းလိုလို ဧည့်သည်ရှိတယ်။ ရွာက လူငယ်တွေကလည်း ခရီးသွားအဖွဲ့တွေ အတွက် အုပ်ချုပ်မှု အထောက်အကူပေးရတဲ့အလုပ်တွေ ဝင်လုပ်တယ်။ ရွာရဲ့ အဓိက လုပ်ငန်း က စိုက်ပျိုးရေးဆိုပေမယ့် စိုက်ပျိုးရေးက သုံးလေး လ နေမှ ငွေပေါ်ပြီး ခရီးသွားလုပ်ငန်းကတော့ နေ့ စဉ် လိုလို ဝင်ငွေရှိတဲ့အတွက် ရွာသူရွာသားတွေ စိတ်ချမ်းသာခဲ့ရတာပေါ့။

ရွာထဲရောက်တော့ လမ်းညွှန် ကိုမျိုးဇော်တို့ တည်းနေကြ အိမ်မှာ ခဏ ဝင်နားတယ်။ အခု အချိန်က သီးနှံ ရိပ်သိမ်းချိန်ဆိုတော့ အိမ်မှာ အမျိုးသမီးနဲ့ ကလေးတွေပဲရှိတယ်။ အိမ်ရှင် ဓနုအမျိုးသမီးကြီး က ရေနွေးကြမ်းနဲ့ ဧည့်ခံရင်း ဂေါ်ဖီထုပ်က ဈေးကျ၊ မြေဆီဈေးက နှစ်ဆ သုံးဆတက်လို့ မကိုက် တဲ့ အကြောင်း ပြောပြနေတယ်။

ဓနုတိုင်းရင်းသူူကြီးက မဲပေးတဲ့ နှစ်က တစ်အိတ် ငါးသောင်း ပေးရတဲ့ အာမို က အခု တစ်သိန်း ငါးသောင်းကျော်၊ တစ်အိတ် သုံးသောင်းကျော်ပေးရတဲ့ ပုလဲက တစ်သိန်းသုံးသောင်း ဖြစ် နေပြီ ဆိုပြီး အသံဝဲ၀ဲနဲ့ ရှင်းပြတယ်။ ဂေါ်ဖီထုပ်ဈေးက နှစ်တိုင်း အတက်အကျ ရှိပေမယ့် အခု အချိန် မှာ ဓာတ်မြေသြဇာဈေးက အဆမတန်တက်သွားတော့ ကျွဲတောင်ရောင်းရတော့မလားမသိဘူး လို့ ညည်းရှာတယ်။ နောက်ပြီး အရင်လို ဧည့်သည်မလာတော့ ပိုဆိုးတယ်လို့ ပြော တယ်။

အိမ်ရှင်အမျိုးသမီးကြီးက သီးနှံအခြေအနေ၊ ခရီးသွားလုပ်ငန်းအခြေအနေတွေကို ရှင်းပြတဲ့ အခါ ရောဂါဖြစ်တဲ့နှစ်၊ မဲပေးတဲ့ နှစ် ဆိုပြီး ရည်ညွှန်းပြောတာ သတိထားမိတယ်။ အင်တာနက်မသုံး၊ ရုပ် သံ သတင်းတွေ နားမထောင်ပေမယ့် ဒီကာလ နှစ်ခုဟာ သူတို့ ဘဝအတွက် အလှည့်အပြောင်း တစ်ခု ဆိုတာ ကောင်းကောင်းနားလည်ပုံရတယ်။ ဘယ်ပါတီကို မဲထည့်လဲလို့ မေးတော့ ချက်ခြင်း မဖြေဘူး။ ကိုမျိုးဇော်ကို လှမ်းကြည့်တယ်။ ကိုမျိုးဇော်က ပြောလို့ရပါတယ်လို့ ဆိုလိုက်မှ “ အမေ စုပါတီ” လို့ ဖြေတယ်။ ဘာလို့ ပေးတာလဲလို့ မေးတော့ “နေလို့ကောင်းတယ်လေ” တဲ့။ အေး ရော။

ဒီအဖြေက ကျေးလက်ပြည်သူတွေ၊ အခြေခံလူတန်းစားတွေဟာ ဂျီဒီပီတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အညွှန်းကိန်းတွေ၊ နိုင်ငံရေးသဘောတရားတွေထက် လက်တွေ့ဘ၀ အညွှန်းကိန်းတွေ နဲ့ ပဲ အစိုးရတွေကို အကဲဖြတ်တယ်ဆိုတဲ့ သာဓက တစ်ခုပဲ။ ပုဂ္ဂိုလ်ခင်လို့တရားမင်တာလည်း ပါ တာ ပေါ့လေ။

တစ်ချို့ နိုင်ငံရေးသမားတွေကတော့ ဒီလို ဖြစ်တာကို မဲဆန္ဒရှင်တွေ နိုင်ငံရေးအသိမရှိလို့ ဖြစ်တာ ဆိုပြီး အပြစ်တင်တယ်။ ဒါပေမဲ့ သူတို့ကို မဲဆန္ဒရှင်အများစုက ဘာ့ကြောင့် ယုံကြည်မှု မရှိတာ လဲ ဆိုတာကို အဖြေရှာဖို့တော့ မကြိုးစားကြဘူး။ နောက်ဆုံးတော့ အဲဒီလို လူစားတွေဟာ မဲဆန္ဒရှင် တွေကို အပြစ်တင်ရင်း နဲ့ ပဲ နိုင်ငံရေးဘ၀ အဆုံးသတ်သွားကြတယ်။

အိမ်ရှင်အမျိုးသမီးကြီးရဲ့ စီးပွားရေး၊နိုင်ငံရေး အမြင်ကို နားထောင်ပြီးတဲ့နောက်ခရီးဆက်တယ်။ လမ်းက ရွာပုကနေ လွတ်ပြင်၊ ရှားပြင် ရွာအထိ အတက်ပဲ ၊ လွတ်ပြင်ရွာလမ်းဆုံနေရာက ၄၈၉ ၁ ပေ ရှိပြီး ဒီလမ်းမှာ အမြင့်ဆုံးနေရာပဲ။ အဲဒီလမ်းဆုံနေရာမှာ “ Myo Thu Restaurant & Home Stay” လို့ ဆိုင်း ဘုတ်တင်ထားတဲ့ သွပ်မိုးအိမ်တစ်လုံးရှိတယ်။ အရင်က တစ်ကိုယ်တော် နိုင်ငံခြား သားခရီးသွားတွေ က ရွာပုမှာ မတည်းဘဲ ဒီဆိုင်မှာ အိပ်တယ်။ ဒါမှမဟုတ် အနားက ထင်ရှုး တောအုပ်ထဲမှာ တဲထိုး ပြီး အိပ်တယ်။ အခုတော့ ဆိုင်ပိတ်ထားရပြီ။ လမ်းဆုံညောင်ပင်အောက် မှာလည်း နောက်ထပ်ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီဆိုင်ကတော့ ပြိုကျနေပြီ။

လွတ်ပြင်တောင်ကြောကနေ ညအိပ်မယ့် လမိုင်းရွာအထိက အဆင်းပဲ။ လမိုင်းရွာက အောင်ပန်း – ပင်လောင်းကားလမ်းဘေးမှာ ရှိပြီး နိုင်ငံခြားသား ခရီးသွားတွေ ညအိပ်လေ့ရှိတဲ့ ရွာပါ။ လမိုင်း ရွာနားရောက် တော့ ရွာပြင်စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်က ကိုမျိုးဇော်ကို “ ဧည့် သည်တွေ လာပြီလား” လို့ လှမ်းမေးတယ်။ ကိုမျိုးဇော်က “ လိုကယ်( Local) ပါလို့ ဖြေ လိုက်တော့ စိတ်ပျက်သွားတဲ့ပုံနဲ့ ဆက်မပြောတော့ဘူး။

ကားလမ်းကို မဖြတ်ခင် ဂေါ်ဖီထုပ်စိုက်ခင်းတစ်ခုတွေ့တယ်။ စိမ်းညို့နေတဲ့ ထွားထွားကြိုင်းကြိုင်း ဂေါ်ဖီထုပ်ကြီးတွေ မြင်ရတာ အားရစရာပဲ။ အခင်းရှင်လည်း ရှိတယ်။ အပင်တွေ သန်လိုက်တာလို့ ချီးမွမ်းစကားဆိုလိုက်တော့ ကောင်းပေမယ့် ရှုံးတယ်လို့ ပြန်ပြောတယ်။ သူစိုက်ထားတာ အပင် ခုနစ်ထောင်ရှိတယ်။ တစ်ပင်ကို အရင်း နှစ်ရာ နီးပါးရှိတယ်။ အခု ဂေါ်ဖီပေါက်ဈေးက တစ်ရာ့ငါး ဆယ် အများဆုံးမှ နှစ်ရာ ဆိုတော့ မကိုက်တော့ဘူးပေါ့။

တောင်သူတွေ ဈေးမကိုက်တဲ့အကြောင်း ပြောရင် ဘယ်အစိုးရလက်ထက်ဖြစ်ဖြစ် သီးနှံဈေး ဆိုတာ အတက်အကျရှိတာပဲလို့ ပြောတဲ့သူရှိမှာပဲ။ ဒါပေမယ့် ကိုယ်ချစ်ခင်နှစ်သက်တဲ့ သူ ချက် တဲ့ ဟင်း ဆိုရင် ဆားငံနေရင်တောင် အပြစ်မတင်ဘူးဆိုတဲ့ လူ့သဘောကို နားလည်ရင် ဈေး အတက် အကျ နောက်က နိုင်ငံရေး သက်ရောက်မှုကို သိနိုင်တာပေါ့။

လမိုင်းရွာမှာ ကျွန်တော်တို့တည်းမယ့် အိမ်က တောင်ရိုးတိုင်းရင်းသား အဖိုးကြီး အဖွားကြီး နှစ် ယောက်ပဲရှိတယ်။ အိမ်ရှင် အဘ ကြီးက ကျွန်တော်တို့ကို “ Welcome , Make yourself at home” လို့ အသံဝဲ၀ဲ နဲ့ ကြို တယ်။ ပြီးတော့မှ ဧည့်သည်မလာတာကြာလို့ မေ့တောင်မေ့နေပြီ လို့ ဆိုတယ်။

ခြေလျင်ခရီးသည် (၁)

“ဇွဲသတ္တိကို ရှေ့ဆောင် အောင်နိုင်ရမည်၊ ဆီးနှင်းလွှမ်းကာ စခန်းကွာ တောင်ထိပ်များဆီ၊ ခြေလျင် ကိုယ်စီ တို့ ( ဒို့ ) ရောက်ခဲ့ပြီ။ အပြန်အလှန်ကူညီ ရိုင်းပင်းစိတ်ညီ ၊ အောင်ပြီ ၊ အောင်ပြီ ၊ အောင်ပြီ ၊ အောင်ပြီ၊ အောင်ပြီ ၊ တို့ ( ဒို့) တောင်တက်အဖွဲ့သားများစွမ်းရည်။ တို့ အောင်ပြီ။”

“စံနမူနာ အမှန်ယူစရာ အလေ့အကျင့်တွေရှိသည်။ မမောမပန်း မနွမ်းနယ် လှမ်းခဲ့ပါပြီ။ တောင်ကြီး တွေ တို့ ( ဒို့) ခြေဖဝါးအောက်မှာရှိသည်၊ သွားပါများ ခရီးရောက်မည်။”

( “အောင်ပြီ ” ကိုအံ့ကြီး )

တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်း ( Trekking ) သွားရင်း ပင်ပန်းလာတဲ့အခါတိုင်း အား တင်း ခဲ့ရတဲ့ ကိုအံ့ကြီးရဲ့ သီချင်းစာသားတစ်ပိုင်းတစ်စပါ။

တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်း ( Trekking ) ဆိုတာ သဘာဝအလှကိုလည်း ခံစား၊ ကိုယ့် ခံနိုင်ရည်စွမ်းအင်ကိုလည်း စမ်းသပ်တာပဲ။ ကျွန်တော့်အနေနဲ့ ၂၀၁၉ နောက်ပိုင်း ကလော၊ ပင်းဒယ ဒေသမှာ အရှေ့ မြင် ၊အနောက်မြင်တောင်တက်ခရီး အပါအဝင် ခရီးစဉ် လေးခု သွားခဲ့ တယ်။ ဒါပေမဲ့ ပင်းဒယ-ယစကျီ-ပင်းဒယ တစ်ညအိပ်ခရီးစဉ်ကလွဲရင် ကျန်တာတွေက နေ့ချင်း ပြန်ခရီးစဉ်တွေပါ။ ယစကျီ ခရီးစဉ်တောင်မှ တစ်ညအိပ်ဆိုပေမယ့် တစ်နေ့ ကို ခုနစ်မိုင် လောက်ပဲ လေ ျှာက်ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ကြိမ်တော့ တစ်ရက်ကို အနည်းဆုံး ၁၂ မိုင်လောက်လေ ျှာက်ရမယ့် နှစ်ည အိပ် ခရီးရှည်တစ်ခု သွားမယ်ဆိုပြီး ကလော – ပတ္တူပေါက် ခရီးစဉ်ကို ရွေးခဲ့တယ်။ ပတ္တူပေါက်ကနေ အင်းလေး ( ရွှေအင်းတိန်ဘုရား) အထိ လေးနာရီလောက် လမ်းလေ ျှာက်လို့လည်း ရပါသေးတယ်။ ဒါပေမယ့် အဲဒီ ခရီးစဉ်က ရှုခင်းနည်းပြီး ကားလမ်းအတိုင်းလေ ျှာက်ရတာ များတဲ့အတွက် ပတ္တူပေါက်- ရွှေအင်းတိန် ကို ကားနဲ့ သွား၊ ဘုရားဖူးပြီး ကလောကို ပြန်ဖို့ ရွေးချယ်ခဲ့တယ်။

လမ်းကြောင်းရွေးပြီးတော့ ဒီခရီးစဉ် စီစဉ်ပေးနိုင်မယ့် လမ်းညွှန်အတွက် အရင်ကနေ့ချင်းပြန် ခရီး တစ်ခုအတူ သွားခဲ့ဖူးတဲ့ ကလောမြို့ခံ ခရီးသွား လမ်းညွှန် ကိုမျိုးဇော် ( ဖုန်း ၀၉ ၄၂၈၃၇၀၂၅၇) ကိုပဲ ရွေးလိုက်တယ်။သူနဲ့ ခရီးသွားဖူးတဲ့ နိုင်ငံခြားသားခရီးသည်တွေရဲ့ ရီဗျူးတွေကလည်း ကောင်း ပါတယ်။

လမ်းညွှန်ကို ရွေးပြီးတော့ ခရီးစဉ်နဲ့ပတ်သက်ပြီး ညှိတယ်။ သွားမယ့်လမ်းကြောင်း၊ စားမယ့် နားမယ့် ညအိပ်မယ့်နေရာတွေ ရွေးတယ်။ လမ်းညွှန်ဘက်က မနက်စာ၊ နေ့လယ်စာ၊ ညစာ နဲ့ အိပ်ဖို့နေရာတွေ အားလုံးစီစဉ်ပေးရတာဖြစ်တဲ့အတွက် ကျွန်တော်ဘာစားချင်လဲ၊ သူဘာတွေ စီစဉ် ပေးနိုင်လဲဆိုတာ ညှိရတယ်။ကလောမှာ တည်းခိုတာတော့ ကိုမျိုးဇော်တို့မိသားစုပိုင် Mother Land မိုတယ်မှာပဲတည်းလိုက်တယ်။ ဒါတွေက စောစော စီစဉ်နိုင်လေ ကောင်းလေ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ သုံးပတ်လောက်ကြိုပြီး စီစဉ်ခဲ့တယ်။

ရန်ကုန်- ကလော အသွားအပြန်ခရီးစဉ်အတွက်ကို အဝေးပြေးကားလိုင်းနဲ့ပဲ သွားဖို့ဆုံးဖြတ်လိုက် တယ်။ အချိန်ကန့်သတ်ချက်မရှိဘူး၊ လမ်းမှာ ဝင်ရမယ့်နေရာမရှိဘူးဆိုရင် အဝေးပြေးကားနဲ့ သွား တာအဆင်ပြေဆုံးပဲ။ ကားလက်မှတ်ကိုတော့ အွန်လိုင်းကပဲ ဝယ်လိုက်တယ်။ မီးရထားလက်မှတ် ဝယ်ဖို့အတွက် ကိုယ်တိုင် တန်းစီနေရချိန်မှာ ပုဂ္ဂလိက ကားလိုင်းတွေက မိုဘိုင်း အပလီကေးရှင်း တွေနဲ့ အပြိုင် အဆိုင်လက်မှတ်ရောင်းနေကြပြီ။

ခရီးသွားမယ့် မနက် ငါးနာရီလေးဆယ့်ငါး အိမ်ကနေထွက်တယ်။ အောင်မင်္ဂလာကို ကီလို တက္ကစီ ( Kilo Taxi Service ) ( ဖုန်း ၀၉ ၂၅၅၀၂၂၇၁၃) ကို ခေါ်ပြီး သွားလိုက်တယ်။ အရင်က Grab သုံးပေမယ့် Grab က ယာဉ်မောင်းတွေဆီက ဖြတ်တဲ့ရာခိုင်နှုန်းက များတယ် လို့ ခံစားရတဲ့အတွက် မဖြစ်မနေမှပဲ သုံးတော့တယ်။ ကီလို တက္ကစီက ကားခ သုံးထောင် အောက်ဆို ရင် ကားသမား ဆီက မဖြတ်ဘူး။ ခုနစ်ထောင်အောက်ဆိုရင် သုံးရာ၊ ခုနစ်ထောင်ကနေ အထက် ဘယ်လောက်များ များ ငါး ရာပဲဖြတ်တဲ့ အတွက် ကားသမားသက်သာတယ်။ နောက်ပြီး ကီလို တက္ကစီက ည ထဲက ကြိုပြီး အော်ဒါတင်ထား လို့ ရတယ်၊ ကီလိုမီတာနဲ့တွက်ပြီး ကားခ ယူတာဖြစ်တဲ့အတွက် လမ်းမှာ ကြိုက်တဲ့နေရာ ဝင်လည်း ပြဿနာမရှိ ဘူး။

အောင်မင်္ဂလာအသွားမှာ ခရီးအတူသွားမယ့် မိတ်ဆွေကို ဝင်ခေါ်တယ်။ အောင်မင်္ဂလာ ကားဝင်း ရောက်တော့ ကားဂိတ်ကို သတင်းပို့ပြီး အချိန်စောနေသေးတာနဲ့ ကားဝင်းထဲ လေ ျှာက်သွား တယ်။ ဘတ်စ်ကားအသေးတွေခေတ်က ဆောက်ခဲ့တဲ့ ကားဝင်းထဲက လမ်းတွေဟာ ဘတ်စ်ကား အကြီးတွေနဲ့ သိတ်အဆင်မပြေတော့ဘူး။ လူနေဆိုင်ခန်းပုံစံဆောက်ထားခဲ့တဲ့အတွက် ကားဝင်း ဟာ လူနေရပ်ကွက်ကြီးတစ်ခုလိုဖြစ်နေပြီး ဇာတ်လမ်းအစုံစုံ မြင်ရကြားရတဲ့နေရာဖြစ်နေပြီ။

ကျွန်တော်တို့ကားက ခုနစ်နာရီခွဲနည်းနည်းကျော်မှထွက်တယ်။ ကားစထွက်တာနဲ့ ယာဉ်ပေါ်လိုက် အကူဝန်ထမ်းက နှုတ်ဆက်စကားပြောတယ်။ ပြီးတော့ အထူး သတိပေးစရာ ရှိပါတယ်ဆိုပြီး စစ် ဆေးရေးဂိတ်တွေရောက်ချိန်မှာ ဓာတ်ပုံမရိုက်ဖို့၊ ဖုန်းမပြောဖို့၊ ဖုန်းနဲ့ ဂိမ်းကစားနေတာ ၊ ရုပ်ရှင် ကြည့်နေတာမျိုးမလုပ်ဖို့ အထူးသတိပေးတဲ့အကြောင်းပြောတယ်။ အဲဒီလို လုပ်တဲ့အတွက် ကား တစ်စီးလုံးလည်း ရပ်ထားရ၊ ဖုန်းသုံးတဲ့သူလည်း ဒဏ်ပေးခံရတဲ့အကြောင်းရှင်းပြတယ်။နောက်ပြီး မှတ်ပုံတင်တွေကို အလွယ်တကူ ယူနိုင်အောင် ထားဖို့ သေတ္တာထဲမှာ ထည့်ထားတာမျိုးမလုပ်ဖို့ ပြောတယ်။ သူတို့ ကားနဲ့ လိုက်လာတဲ့ ခရီးသည်တွေ ဒုက္ခရောက်တာ မမြင်ချင်လို့ သတိပေးတာ ပါလို့လည်း မေတ္တာရပ်ခံတယ်။ မန္တလေးခရီးစဉ်က အပြန်မှာလည်း ဒီလိုသတိပေးတာတွေ ကြားခဲ့ ရတော့ ဂိတ်တွေရောက်ရင် ဘယ်လိုနေရမလဲဆိုတာ သိနေပါပြီ။

အောင်မင်္ဂလာကားဝင်းထဲက ထွက်ပြီးမီးပွိုင့်ရောက်တဲ့အခါ ခရေပင်လမ်းထဲကို ချိုးဝင်လိုက်တယ်။ ခရေပင်အတိုင်းနည်းနည်းသွားပြီးတဲ့ အခါ ယာဉ်ထိန်းရဲ နှစ်ယောက်က ကားကို တားတယ်။ ယာဉ်ပေါ်လိုက်အကူဝန်ထမ်းက စာရွက်စာတမ်းတွေနဲ့ ရေသန့်ဘူးလေး ကိုင် ဆင်းသွားတယ်။ ပြန်တက်လာတယ်၊ ကားဆရာကို ထုံးစံအတိုင်းလို့ပြောတယ်။ ကားဆရာက ဒါလေးများလို့ ပြန် ပြောတယ်။ ကားဆက်ထွက်တယ်။

လမ်းစစ်ဆေးရေးဂိတ်တွေမှာလည်း ထူးထူးခြားခြားမရှိပါဘူး။ ကားပေါ်တက်လာပြီး မှတ်ပုံတင် တွေ ကိုင်ထားပါလို့ ပြောရင် ထောင်ပြလိုက်ပေါ့။ တက်ကြည့်ပြီး မှတ်ပုံတင်မပြခိုင်းဘဲ ပြန်ဆင်း သွားတာလည်း ရှိတယ်။ ကားအောက်က ပစ္စည်းတွေကို ဖွင့်ပြရတာလည်း ရှိတယ်။ မပြခိုင်းတဲ့ နေ ရာလည်း ရှိတယ်။ အလုပ်အများဆုံးက ယာဉ်ပေါ်လိုက်အကူဝန်ထမ်းလေးပဲ။ ဂိတ်တစ်ဂိတ် ရောက် ရင် ပေးရ၊ ပြရမယ့် ဟာတွေယူပြီး ဆင်းသွားလိုက် ၊ ပြန် တက် လာလိုက်၊ ကားဆရာနဲ့ အရင် တစ်ခေါက်က ဘယ်လို၊ အခု ဘယ်သို့၊ ဟိုဂိတ်နဲ့ သည်ဂိတ် စသည်ဖြင့် အတွေ့အကြုံဖလှယ် လိုက် နဲ့ပေါ့။ ကျွန်တော်ခုံတန်းက ဘီ ခုံတန်းဆိုတော့ သူတို့ပြောတာတွေ ကောင်းကောင်း ကြား နေရတဲ့အတွက် ချစ်ကြောက်၊ ရွံကြောက် ဆိုတဲ့ စကားလုံးတွေအကြောင်း စဉ်းစားနေမိတယ်။

ကလောကို ညနေ ငါးနာရီ ဆယ့်ငါးမိနစ်မှာရောက်တယ်။ Winner Hotel ရှေ့မှာ ဆင်းတယ်။ မိုတယ်က ကားနဲ့ လာကြိုတယ်။ မိုတယ်ရောက်တော့ မီးပျက်နေတယ်။ ကလောမြို့က လေးနာရီ လာ၊ရှစ်နာရီပျက်စနစ်ဆိုတော့ ဒီညမီးက ညရှစ်နာရီမှ ပြန်လာမှာတဲ့။ မီးမလာတော့ ရေပူ မရ ဘူးပေါ့။ ခရီးပန်းလာတော့ ရေချိုးဖို့အတွက် မီးလာတဲ့အထိ မစောင့်နိုင်ပဲ ရေအေးနဲ့ ချိုးလိုက် တယ်။ ရေခဲရေလို အေးစက်နေတဲ့ ရေကြောင့် ခိုက်ခိုက်တုန် နေရင်း နှုတ်က တဖွဖွ ရေရွတ်နေ မိတယ်။ အဲဒီလို ရေရွတ်လိုက်လို့ နွေးမသွားပေမယ့် ရင်ပေါ့သွားတာတော့ အမှန်ပဲ။

ဆက်လက်ဖော်ပြပါ့မယ်။

“ခရီးနိုင်ငံရေး” ( နေဝင်းမြင့်၊ ဥဒယကျေးရွာစာပေ၊ ၂၀၁၃ နိုဝင်ဘာ)စာအုပ် မှာ ဆရာနေဝင်းမြင့် က ဆရာမြသန်းတင့်ရဲ့ ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ အယူအဆကို အခုလို ရေးပြခဲ့တယ်-

“ နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်၊ ကြားရတယ်၊ ခရီးသွားရင်း တွေ့ရ ကြုံရသူတွေ ကို ကြည့်ရင် သူတို့မှာ ဘယ်လို ဖုံးကွယ်ထားမှုမှ မပါဘူး။ ဘယ်လို ပယောဂမှမပါဘူး။ သည်လို မပါတဲ့ အတွက် သူတို့ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ xxx ခရီးတွေ သွား ရမယ်၊ ခရီးတွေသွားမှ ဖြစ်ပျက်နေတာကို သိမှာပေါ့။ ဒါနိုင်ငံရေးပဲ။”

ဝန်ထမ်းဘဝနဲ့ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်စဉ်ကာလမှာ ဘယ်လောက်ပဲ အောက်ခြေ အထိ ဆင်းတယ်ပြောပြော၊ လွတ်လွတ်လပ်လပ်သွားတယ်ဆိုဆို လက်ရှိ ရာထူး တာဝန်ထမ်း ဆောင်နေသူ ဖြစ်တဲ့အတွက် ကျွန်တော့်ကို ပြောလိုက်ရင် စကားကျွံသွားမလား ဆိုတဲ့ စိုး ရိမ်မှု တွေရှိတယ်။ ဒီတော့ ကြားသင့်သလောက်မကြားရဘူး။ ကျွန်တော့်ဘက်ကလည်း ကိုယ့် ပုဂ္ဂလိ ကအမြင် ပြောလိုက်တာကို အစိုးရသဘောထားအဖြစ် နားလည်မှုလွဲမှာ စိုးရိမ်ရတဲ့ အတွက် ပြောချင်သလောက် မပြောနိုင်ဘူး။

၂၀၁၆ နောက်ပိုင်းမှာတော့ ခရီးတွေ ပိုသွားဖြစ်တယ်။ သွားရတာလည်း လွတ်လပ်တယ်၊ စကား ပြောလို့လည်းကောင်းတယ်။ ကျွန်တော်ဘယ်သူမှန်းသိသွားရင်တောင် အားမနာတမ်း ပြောတဲ့သူ တွေနဲ့လည်း ကြုံခဲ့ရတယ်။ ကျွန်တော့် ဘက်ကလည်း ပြောသမ ျှစကားက ကိုယ့်အမြင်ကိုပဲ ကိုယ်စားပြုတဲ့အတွက် ပွင့်ပွင့် လင်းလင်းပြောနိုင်တယ်။ ဒီလိုနဲ့ ကိုယ်တိုင်မြင်ရ၊ ကြားရတာနဲ့ ခရီးသွားအတွေ့အကြုံကို အခြေခံပြီး ဖြစ်လာတဲ့ အတွေးတွေကို ခရီးသွားဆောင်းပါးအဖြစ် ရေးနိုင်ခဲ့တယ်။

အခုလည်း ကိုယ့်ခံနိုင်ရည်ကို ဆန်းစစ်နိုင်ဖို့ နဲ့ ဒေသန္တရ ဗဟုသုတ ရှာဖွေနိုင်ဖို့ ခရီး တစ်ခေါက် ထွက်ခဲ့ပြန်ပြီ။

တွံတေး အတွေး

မန္တလေးက ပြန်လာပြီးတော့ ခရီးထွက်ချင်တဲ့ အရှိန်က မကုန်သေးဘူး။ ဒါနဲ့ ပြီးခဲ့တဲ့ နိုဝင် ဘာလ တစ်ခုသော တနင်္ဂနွေမှာ တွံတေးမြို့ကို ခရီးဆက်ခဲ့တယ်။ ပထမတော့ ကားနဲ့ သွားဖို့ပါ။ ဒါပေမဲ့ Yangon Water Bus က စနေ ၊ တနင်္ဂနွေ ခရီးစဉ် ပြန်ပြေးဆွဲနေပြီိလို့ သိရတဲ့အတွက် စုံစမ်း ခဲ့ တယ်။ ပရိုမိုးရှင်းရှိတယ်၊ လူတစ်ယောက် တစ်သောင်းရှစ်ထောင် ဆိုတဲ့ အတွက် Yangon Water Bus ကို ဖုန်းဆက်ပြီး စာရင်းပေးတယ်။ တနင်္ဂနွေ နေ့ မနက် ရှစ်နာရီခွဲထွက်မယ်ဆိုတော့ လမ်းသစ်ဆိပ်ခံတံတားနေရာကို ရှစ်နာရီ အရောက် သွားတယ်။ လက်မှတ်အရောင်းဌာနက ဆိပ်ခံတံတားထိပ်မှာပဲရှိတယ်။

YWB သင်္ဘောက နှစ်ထပ် ၊ အပေါ်မှာ ထိုင်ခုံတွေရှိတယ်။ လူ လေးဆယ်လောက် ထိုင်လို့ ရမယ် ထင်တယ်။ ၀မ်းထဲမှာ နှစ်ဆယ်လောက်ဆန့်မယ့် ခုံတွေ ရှိတယ်။ ဒါပေမယ့် ခရီးသည် အများ စု ကတော့ ရှုခင်းကောင်းတဲ့ အပေါ်ထပ်မှာပဲထိုင်ကြတာပါ။ သင်္ဘောက ရှစ်နာရီခွဲအတိ ထွက် တယ်။ ခရီးသည် သုံးဆယ်လောက်ပါတယ်။ မိသားစု၊ သူငယ်ချင်းအုပ်စု၊ လူငယ်/လူလတ်စုံတွဲ မျိုးစုံ ပဲ။ ရွှေဆံတော်ဘုရားဖူးဖို့လိုက်လာတဲ့ သံဃာတော်တစ်ပါးလည်း ပါတယ်။

ခရီးသည်တွေထဲမှာ ကျွန်တော့်ကို မှတ်မိပြီးလာနှုတ်ဆက်တဲ့သူ လေးငါးဦးရှိတယ်။ အဲဒီအထဲမှာ ဆိပ်ကမ်းနဲ့ပတ် သက်တဲ့ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက အင်ဂျင်နီယာတစ်ယောက်ပါတယ်။ သူက တွံတေး တူး မြောင်းအကြောင်း ရှင်းပြတယ်။ မြန်မာ့စီးပွားရေးကို ထင်ဟပ်နေတဲ့ နိုင်ငံခြား သင်္ဘောအ၀င်၊ အထွက်၊ ကွန်တိန်နာအ၀င်အထွက် ကိစ္စတွေပြောပြတယ်။ ဆိပ်ကမ်း ပစ္စည်း အထုတ်အသွင်း ပုံပြင်တွေ ပြောပြတယ်။ မသိသေးတာတွေ သိရသလို၊ သိထားတာတွေ မှန် တဲ့ အကြောင်း အတည်ပြုပေးတာလည်းရှိတယ်။

ရန်ကုန်ကနေ တွံတေးအထိ တစ်နာရီခွဲကျော်ကျော်လောက်မောင်းရတယ်။ ဒါက ရေတက် ရေ ကျ အပေါ်မှာလည်း မူတည်တယ်။တွံတေး မြို့အ၀င်မှာတော့ ကမ်းနားတန်းမှာ ပွဲရုံတွေ ၊ဂိုဒေါင်တွေ တွေ့တယ်။ ၀ါးလုံးတွေ စုပြီး စက်လှေကပ်ဖို့အတွက် တိုင်တွေလုပ်ထားတာတွေ့တယ်။ မြစ်ဘက်ကို မေးတင်ထားတဲ့ အဆောက်အအုံတွေမှာ “ငါးပုဇွန်ရောင်းဝယ်ရေး”၊ “ငါးမျိုးစုံ ရောင်းဝယ်ရေး”၊ “ဆန်၊ ဖွဲနု၊ ပဲဖတ်၊ ထုံးနှင့် ဓာတ်မြေသြဇာ ရောင်းဝယ်ရေး”၊ “ငါးစာ၊ ပုဇွန်စာ၊ ပဲဖတ်၊ ဖွဲနု၊ ပဲလုံး၊ ပဲခြမ်းရောင်းဝယ် ရေး” ၊ “အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ အုတ်သဲ ကျောက်ရောင်းဝယ်ရေး”၊ “စက်မှုလက်မှု နှင့် တွင်ခုံ လုပ်ငန်း”၊ “သံထည်ပစ္စည်း ရောင်းဝယ်ရေး” နဲ့“xxx စားသောက် ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ တယ်။ မြစ်ထဲက လှမ်းမြင်နေရတဲ့ ဆိုင်းဘုတ် တွေက တွံ့တေးမြို့ရဲ့ အဓိက စီးပွားရေးကို ထင်ဟပ် နေတာပဲ။

တွံတေးဆိပ်ကမ်းက ဘောတံတားတစ်ခုပဲရှိတယ်။ ဘောတံတားပတ်လည်မှာ ရန်ကုန် – ဒလ ကူးတို့ စက်လှေလို စက်လှေမျိုးတွေ တန်းစီ ရပ်ထားတယ်။ တွံတေးစက်လှေတွေက ရန်ကုန် ဆိပ်ကမ်းက စက်လှေတွေနဲ့မတူဘူး။ ဖြူ / ပြာ ရောင်နဲ့ သစ်လွင်တောက်ပနေတယ်။

ဘောတံတားကနေ တက်လိုက်တာနဲ့ မြင်ရတာက ၅ နာရီ ၁၄ မိနစ်တိတိမှာ ရပ်နေတဲ့ နာရီ စင်ပဲ။ နာရီစင်ရဲ့ ဒီဇိုင်းကလည်း မြင်လိုက်တာနဲ့ “ ဘာကြီးလဲဟ” ဆိုပြီး ရင်သပ်ရှုမောဖြစ် သွား မယ့် ဒီဇိုင်းမျိုးပဲ။ ဒီနာရီစင်ဟာ ၁၉ ၉ ၀ ပတ်ဝန်းကျင် မြို့တွေမှာ နာရီစင်တွေ အပြိုင်အဆိုင် ဆောက်ခဲ့တဲ့ကာလက နာရီစင်ဖြစ်မယ်ထင်တယ်။

ဆိပ်ကမ်းပတ်ဝန်းကျင်မှတော့ အငှားကားတွေ၊ ဆိုင်ကယ်ကယ်ေ တွ၊ ဒေသထွက် ပစ္စည်း ဆိုင် တွေ စုပြုံနေတယ်။ နာရီစင်နားကလမ်းတစ်ခုရဲ့ နာမည်က မြန်မာ ဘာသာနဲ့ “ ဗိုလ်မှူး စိန်လွင်လမ်း” အင်္ဂလိပ်ဘာသာနဲ့ “ GENERAL SEIN LWIN ST. ” လို့ ရေး ထားတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ အဖြစ် ( ၂၇-၇-၈၈ မှ ၁၂-၈-၈၈) ရက်နေ့ အထိ တာဝန် ယူခဲ့တဲ့ ဗိုလ်ချုပ်စိန်လွင် ( ငြိမ်း) ကို ရည်ညွှန်းထားတာဟုတ်မဟုတ် မေးခွင့်မရခဲ့ဘူး။ ဗိုလ်ချုပ် စိန်လွင်ရဲ့ ကိုယ်ရေးရာဇ၀င်မှာတော့ မွန်ပြည်နယ် ပေါင်မြို့နယ်ဇာတိ လို့ပါတယ်။ တွံတေး ဇာတိ မဟုတ်ဘူး။ ( လမ်းရာဇ၀င်သိတဲ့လူများ မှတ်ချက်ဝင်ရေးပေးစေချင်ပါတယ်။ )

YWB က ကျွန်တော်တို့ ခရီးသည်တွေကို ဘတ်စ်ကားအကြီးတစ်စီး၊ မီနီဘတ်စ်တစ်စီးနဲ့ လိုက်ပို့ ပေးတယ်။ ကားက အဲကွန်းကားဖြစ်ပြီး စီးရတာ သက်တောင့်သက်သာရှိပါတယ်။ ကျွန်တော် တို့ ပထမဆုံးသွားတဲ့နေရာက အိုးလုပ်ငန်းနေရာဖြစ်ပါတယ်။

အိုးလုပ်ငန်းနေရာကို သွားတဲ့လမ်းက အတော်ကျဉ်းတယ်။ လမ်းဘေးဆိုင်၊ ဆိုက်ကား၊ ဆိုင် ကယ်တွေကြားက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းသွားရတယ်။ အိုးလုပ်ငန်းက မြေစိုက် တဲ ကြီးထဲမှာ လုပ်တာပါ။ ဘေးပတ်ဝန်းကျင်မှာလည်း အိုးလုပ်ငန်းလုပ်တဲ့သူတွေ ရှိပေမယ့် အရောင်း အ၀ယ်မကောင်းလို့ အကုန်ပိတ်ထားတယ်။ သောက်ရေအိုး၊ မြေအိုး၊ အိုးပုတ်အရုပ်ဆိုတာက မြိုပြမှာ အသုံးနည်း သွားတော့ ကျေးလက်ဈေးကွက်နဲ့ ဘုရားပွဲတွေကို အားကိုးပြီး ရောင်းရတာ ကိုး။ အခု အခြေအနေအရ အရောင်းအ၀ယ်ကပါး၊ ၀ယ်သုံး ရတဲ့ မြေစေးနဲ့ ထင်းဈေးက မိုးထိုးဆိုတော့ လုပ်ငန်းတွေ ပိတ်ကုန်တာမဆန်းပါဘူး။

ကျွန်တော်တို့ခရီးစဉ်က တစ်နေရာမှာ နာရီဝက်ကျော်ကျော်ပဲ အချိန်ရတာဆိုတော့ အိုးလုပ် ငန်းအကြောင်း စေ့စေ့ငုငုမေးချိန်မရဘူး။ အိုးလုပ်ငန်းကနေ ရွှေဆံတော်ဘုရားကို ဆက်သွား တယ်။ ရွှေဆံတော်ဘုရားပြီးတော့ ဗောင်းတော်ချုပ် ဘုရားကို ဆက်သွားတယ်။ ဒါတွေက တော့ သာမန်ဘုရားဖူးခရီးစဉ်ပါပဲ။

ဗောင်းတော်ချုပ်ဘုရားပြီးတော့ တွံတေးမြို့မဈေးကို ပို့ပေးတယ်။ ဈေးက သဘောင်္ဆိပ်နားမှာပဲ။ ကျွန်တော်တို့ရောက်တာ နေ့လယ် ၁၂ နာရီကျော်ပြီဆိုတော့ ဈေးဝယ်မရှိသလောက်ပဲ။ တစ်ချို့ ခရီးသည်တွေကတော့ ဈေးထဲမ၀င်တော့ဘူး။ ကျွန်တော်ကတော့ သားငါးတန်းဘက်သွားပြီး ငါး ချဉ် ၀ယ်ခဲ့တယ်။ တွံတေးငါးချဉ်က အတော်ကောင်းတယ်။ ဖက်နဲ့ ထုပ်ထားတာမဟုတ် ဘူး၊ မျက်မြင် အတုံးကြီးကို လှီးပြီးရောင်းတာ။ တွံတေးရောက်တယ်ဆိုရင် မြို့မဈေးထဲက ငါးချဉ် ၀ယ်ဖြစ်အောင် ၀ယ်ဖို့ တိုက်တွန်းချင်တယ်။

သဘောင်္ပေါ်ပြန်ရောက်တော့ မွန်းလွဲတစ်နာရီကျော်ပြီ၊ ခရီးသည်တွေကို ထမင်းကြော် တစ်ဘူး နဲ့ အအေးတစ်ခွက်ပေးတယ်။ ထမင်းကြော်တွေက ရန်ကုန်ကနေ ယူလာတာဆိုတော့ အေးစက် နေ တယ်။ အဲဒီအစား တွံတေးက စားသောက်ဆိုင်တစ်ဆိုင်ကို အော်ဒါမှာထားပြီးမှ ကျွေးတယ်ဆို ရင် ပိုကောင်းမလားလို့တွေးမိတယ်။

အပြန်ခရီးမှာ ကျွန်တော်ရယ်၊အမျိုးသားတစ်ယောက် ရယ်၊ စုံတွဲတစ်တွဲရယ် သဘောင်္ ၀မ်းထဲမှာ နေ့လယ်စာ စားရင်း စကားပြောဖြစ်တယ်။ လူလတ်ပိုင်း အမျိုးသားက ၀န်ထမ်း နှစ်ဆယ် လောက် ရှိတဲ့ လုပ်ငန်းငယ်လေးတစ်ခုကို လုပ်နေတဲ့သူ၊ သူ့ ၀န်ထမ်းတွေကို တစ်ဝက်စီခွဲပြီး သူ့ အဆို စိတ်အပန်းဖြေခရီး လိုက်ပို့ ပေးတာ။ စုံတွဲကတော့ ဘာအလုပ်လုပ်တယ်ဆိုတာ မပြောဘူး။ မှန်းကြည့်ရတာက အမျိုးသားက ၀န်ထမ်းဖြစ်ပုံရတယ်။ သုံးယောက်လုံးက ကျွန်တော့် ကို သိတဲ့သူတွေပါ။

အဓိက ပြောတာကတော့ ကျွန်တော်နဲ့ လုပ်ငန်းရှင်အမျိုးသားပါပဲ။ ပြောဖြစ်တာတွေကတော့ ဒီနေ့ အကြောင်းကြောင်းကြောင့် အပေါက်အလမ်းတည့်နေတဲ့ စီးပွားရေးသမားအနည်းစု က လွဲရင် လုပ်ငန်းရှင်အားလုံးရင်ဆိုင်နေရတဲ့ ကုန်ကြမ်းဈေးတက်၊ ကုန်ချော ရောင်းအားကျ၊ ၀န်ထမ်း မြဲအောင်ထိန်းဖို့ခက် ဆိုတဲ့ အကြောင်းတွေပါပဲ။ ဟိုစုံတွဲကတော့ တရားထောက်ပေါ့။ အဲဒီလို ပြောနေရင်းနဲ့ အမျိုးသမီးက “ အန်ကယ်၊ လက်ရှိအခြေအနေကို ဘယ်လိုမြင်လဲ” လို့ ဖြတ်မေး တယ်။ သူဆိုလိုချင်တာက နိုင်ငံရေးအခြေအနေပါ။ ကျွန်တော်က သူ့ကို ပြုံးပြပေမယ့် ဘာမှ ပြန်မဖြေ လိုက်ဘူး။ သူကလည်း ကျွန်တော်မဖြေချင်ဘူးလို့ ထင်သွားပုံရတယ်။ ဘာမှ ဆက်မပြောတော့ ပဲ နဲ့ ကျွန်တော်တို့ နှစ်ယောက် စီးပွားရေးစကားဝိုင်းကိုပဲ နားထောင်နေ တယ်။

စကားပြောကောင်းနေလိုက်တာ သဘောင်္ ဥသြဆွဲပြီး စက်ရှိန်လျော့သွားမှ ရန်ကုန်ဆိပ်ကမ်း ကပ် တော့မယ်ဆိုတာ သတိထားမိတယ်။ ဒီလို နဲ့ စကားဖြတ်၊ ပစ္စည်းသိမ်းတယ်။ ပြီးတော့မှ မေးခွန်း မေးတဲ့ အမျိုးသမီးကို “ ဆိပ်ကမ်းရောက်ပြီဗျ။ သင်္ဘောဆိုတာ မောင်းခွင့်လက်မှတ်ရှိတဲ့သူပဲ မောင်းရတယ်၊ ဒါမှ သွားချင်တဲ့ဆိပ်ကမ်းကို ချောချောမောမော ရောက်တယ်။ ခင်ဗျားတို့ ကျွန် တော်တို့လို ခရီးသည်တွေလည်း စိတ်ချမ်းသာတယ်။ မောင်းခွင့်မရှိတဲ့လူ အတင်းတက်မောင်း ရင် သောင်တင်တာ၊ သဘောင်္တိုက်တာဖြစ်မယ်၊ ခရီးသည်တွေလည်း မကျေနပ်ဘူးပေါ့ဗျာ” လို့ ပြော ရင်း နှုတ်ဆက်ခဲ့တယ်။ အမျိုးသမီးကတော့ စကားပြန်မပြောဘူး။ အတွေးဆက်နေတဲ့ပုံပဲ။

စကျဘီးနဲ့လူ

တကယ်တော့ စာအုပ်လိုချင်တယ်ဆိုရင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေဆီကို လူကိုယ်တိုင်သွား၊ လိုချင်တဲ့စာအုပ်ရှာနေကြပါ။ တစ်ခါတစ်လေ လိုချင်တဲ့စာအုပ်က တစ်အုပ်၊ စာအုပ်စင်တွေကို မွှေ နှောက်ရင်း ဖတ်ချင်လို့ဆိုပြီး ဝယ်လာဖြစ်တာက လေးငါးဆယ်အုပ်။ စာအုပ်နဲ့ ဥစ္စာက ကက်ကင်းမိတယ်။ စာအုပ်တွေဝယ်လိုက်ရင် အိပ်ကပ်ထဲက ဥစ္စာက ခုန်ပျံထွက်သွားရော။

တစ်နေ့ကတော့ ပန်းဆိုးတန်းသွားဖို့ အခြေအနေမပေး၊ စာအုပ်ကလည်းချက်ခြင်း ဖတ်ချင်ဖြစ်နေ တော့ ဝယ်နေကျ စာအုပ်ဆိုင်ကို ဖုန်း ဆက်ပြီး စာအုပ်ပို့ပေးလို့ရသလား၊ ဒဲလ်လီ ( Delivery) ရှိလားလို့မေးလိုက်တော့ ရှိတယ် ၊ ဒီနေ့ အရောက်ပို့ပေးမယ်လို့ အကြောင်းပြန်တယ်။

မွန်းလွဲနှစ်နာရီခွဲလောက်မှာ ကျွန်တော်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ခေါ်လာတယ်။ ဖုန်းဖြေလိုက် တော့ စာအုပ်လာပို့တဲ့သူ၊ ကျွန်တော်တို့ လမ်းသွယ်လေးကို ရှာမတွေ့လို့ မေးတာ။ သူ့အသံ က လုံးလုံး၊ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ အတော်ကြာကြာ ပြောယူ ရတယ်။ စိတ်ထဲကတော့ ဒဲလ်လီသမားချာတိတ်တွေက အတော်သွက်တာပါ၊ ဒီချာတိတ်က တော့ အတော်အူတာပဲလို့တွေးမိတယ်။

ခဏနေတော့ တိုက်အောက်ရောက်ပြီလို့လှမ်းဖုန်းဆက်တယ်။ ဆင်းသွားတော့ ဒဲလ်လီသမားတွေ စောင့်လေ့ရှိတဲ့နေရာမှာ အသက်ကြီးကြီး လူတစ်ယောက်ပဲရှိတယ်။ ဘေးမှာ စက်ဘီးတစ်စီး၊ စက်ဘီးနောက်မှာ ပလတ်စတစ်အုပ်ထားတဲ့တောင်းတစ်လုံးနဲ့ မုန့်ဖက်ထုပ်သည် ပုံစံမျိုး။ စာ အုပ်လာပို့တာလားလို့မေးလိုက်တော့ ဟုတ်တယ်ဆိုပီး သူ့တောင်းထဲက စာအုပ်ကို ထုတ်ပေး တယ်။ ဆိုင်ကပေးလိုက်တဲ့ပြေစာပေးတယ်။ တောင်းထဲမှာလည်း နောက်ထပ် စာအုပ်အထုပ်တွေ ရှိတယ်။

အွန်လိုင်းပစ္စည်းလာပို့တဲ့သူတွေဆိုရင် လူငယ်၊ လူလတ်ပိုင်းပဲတွေ့နေကြ၊ ပြီးတော့ ဆိုင်ကလာပို့ မယ်ဆိုတော့သူ့ဆိုင်က အလုပ်သမားချာတိတ်တွေပဲဖြစ်မယ်လို့ထင်နေတာ။ ဒီလူကြီးကို တွေ့ တော့ အံ့သြသွားတယ်။ ဒါနဲ့အသက်မေးကြည့်တော့ ခြောက်ဆယ်ကျော်ပြီတဲ့။ ကိုယ်နဲ့ သက် တူရွယ်တူပဲ၊ သူ့ကိုလာပို့ခိုင်းမိတာ အတော်အားနာသွားတယ်။

သူက သင်္ဃန်းကျွန်း ရန်ကုန်သစ်ထဲမှာနေတာတဲ့။ အရင်ကတော့ ပန်းဆိုးတန်း စာ အုပ်ဆိုင်တွေက စာအုပ်တွေယူပြီး လမ်းဘေးမှာ ခင်းရောင်းတယ်။ နောက်ပိုင်း စာအုပ် အရောင်း မကောင်းတော့ စာအုပ်ဆိုင်တွေက ပို့ခိုင်းတဲ့စာအုပ်တွေကို လိုက်ပို့ပေးတယ်။ အွန်လိုင်း အရောင်း တွေ ခေတ်မစားချိန်ထဲက စာအုပ်ပို့တဲ့အလုပ်ကို လုပ်နေတာ၊ ဆယ် နှစ်ကျော်ပြီတဲ့။

မနက်ရှစ်နာရီလောက်ဆိုရင်စက်ဘီးနဲ့အိမ်ကထွက်တယ်၊မြို့ထဲကသူ့မိတ်ဆွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ပို့ဖို့ရှိ/မရှိလိုက်မေးတယ်။ပို့ရမယ့်လိပ်စာတွေကိုကြည့်ပြီးခရီးစဉ်ဆွဲလိုက်ပို့တယ်။အင်းစိန်၊တောင် ဒဂုံ၊မြောက်ဒဂုံအထိ သွားတယ်။ လှိုင်သာယာအထိတောင် သွားခဲ့ဖူးတယ်တဲ့။

အခုတစ်လော အစားအသောက်ပို့တဲ့ ၊ ပစ္စည်းပို့တဲ့ ဒဲလ်လီသမားတွေ၊ အထူးသဖြင့် Foodpanda , Grab တို့လို တူညီဝတ်စုံနဲ့ကလေးတွေ အလုခံရတဲ့သတင်းတွေ ကြားနေရတဲ့အတွက် သူ့ကို လုံခြုံရေး ဂရုစိုက်ဖို့သတိပေးတော့ သူ့ပုံစံက ဒဲလ်လီသမားပုံမပေါက်တဲ့အတွက် ကလေးတွေ ထက် စာရင်အန္တရာယ်ကင်းပါတယ်၊ ဒါပေမယ့် စက်ဘီးလုတာမျိုးလည်း ဖြစ်နိုင်တော့ တစ်ချို့ နေရာတွေ ဆို မှောင်ရင်မသွားတော့ဘူးလို့ပြောတယ်။

သူကပဲ စာအုပ်အရောင်းအေးတော့ အရင်လို အလုပ်အကိုင်မကောင်းဘူးလို့ ဆက်ပြောတယ်။ သူ့ စကားကြားတော့ ကဗျာဆရာအောင်ချိမ့်ရဲ့ တောလားကဗျာထဲက “ လူညစ်တစ်ယောက် ပေါ်လာ တိုင်း၊ ပေါ်လာတိုင်း ကမ္ဘာကြီး အလုပ်ရှုပ်ရပါတယ်” စာသားကို သတိရပြီး ပူတင် ကြောင့် စစ်တွေ ဖြစ်၊ လူတွေသေ၊ ရေနံဈေးတက်၊ ဒေါ်လာဈေးတက်၊ ကျန်တာအားလုံးတက် ကမ္ဘာရော၊ မြန်မာပါ အလုပ်ရှုပ်နေ ရသလားလို့ ဆက်တွေးမိတယ်။

သူပြောတာနားထောင်ရင်း သူ့အသက်အရွယ်နဲ့ စက်ဘီးစီးပြီး စာအုပ်ပို့နေရတာကို စိတ် မကောင်း ဖြစ်မိတော့ “အေးဗျာ၊ ခင် ဗျားလာရတာပင်ပန်းလှတယ်။ ဒီလိုမှန်းသိရင် ဆိုင်ကို မပို့ခိုင်း ပါဘူးလို့ ပြောလိုက်တယ်။ သူက ချက်ခြင်းပဲ “ မဟုတ်ဘူးလေ၊ စာအုပ်ပို့ခိုင်းတဲ့သူရှိမှ ကျွန်တော် အဆင်ပြေတာလေ၊ များများသာ မှာပါ” လို့ ပြန်ပြောတယ်။

ကျွန်တော်ဘာပြန်ပြောရမှန်းမသိတော့ဘူး။ စက်ဘီးတွန်းပြီးထွက်သွားတဲ့သူ့ကိုပဲ ငေးကြည့်နေမိ တယ်။

မန္တလာ အိုးေ၀

“ အိုးေ၀ လို့ပဲ ခေါ်ပါဗျာ၊ တုပ်တုပ် လို့မခေါ်ပါနဲ့”

မန္တလေးက အိုးေ၀ စီးတော်ယာဉ်မောင်းရဲ့ တောင်းဆိုချက်ပေါ့။ ကျွန်တော် မန္တလေးမှာ တစ် ပတ် နေခဲ့ချိန်အတွင်း မန္တလေးမြို့ခံများက မီနီအိုးဝေ၊ အိုးေ၀ လို့ခေါ်ပြီး ကျွန်တော်တို့အောက် သား တွေက တုပ်တုပ်လို့ခေါ်တဲ့ သုံးဘီးယာဉ်နဲ့ မြို့လုံးပတ်လည် လှည့်ခဲ့တယ်။ မင်းကွန်းအထိ လည်း သွားခဲ့တယ်။

မန္တလေးရောက်တော့ ကျွန်တော်တို့က နှုတ်ကျိုးနေတဲ့အတိုင်း တုပ်တုပ် လို့ပဲ ခေါ်တာ၊ ပြော တာ ပေါ့။ပထမနှစ်ရက်မှာတွေ့တဲ့အိုးဝေဆရာတွေကလည်း ရန်ကုန်က ဧည့်သည် တွေ မှန်းသိနေ တော့ တုပ်တုပ်လို့ခေါ်တာကိုလည်း ထူးထူးခြားခြား သဘောထားပုံမရဘူး။ တတိယမြောက်နေ့မှာ တွေ့ တဲ့ အိုးဝေဆရာလေးကတော့ တုပ်တုပ်လို့ ပြောသံကြားတာနဲ့ အိုးဝေလို့ ခေါ်ပါဆိုပြီး ပြော တယ်။ သူ့လေသံက စိတ်ဆိုးတဲ့အသံတော့မဟုတ်ပေမယ့် “ အိုးဝေ” လို့ ခေါ်တာ ပိုကောင်းတယ်ဆို တာကို အခိုင်အမာရပ်တည်ပြောနေတယ်ဆိုတာတော့ သိသာတယ်။

မီနီ အိုးေ၀ ဒါမှမဟုတ် အိုးေ၀ ဆိုတာက မန္တလေးမြို့မှာ သုံးဘီးယာဉ်ငယ်လေးတွေကို အငှားယာဉ် အဖြစ် စတင်အသုံးပြုနိုင်ဖို့ မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ ကို အစွဲပြုပြီး ခေါ်တာလို့ဆိုတယ်။ အခု အချိန် မှာ အဲဒီ ကုမ္ပဏီ ပိုင်ယာဉ်မဟုတ်တဲ့ သုံးဘီးယာဉ်တွေကိုလည်း မြို့ခံတွေက မီနီအိုးဝေ၊ အိုးေ၀ ဆို ပြီး ပဲခေါ်ကြတယ်။

အိုးဝေဆရာလေးကမန္တလေးဇာတိတော့မဟုတ်ဘူး။ ဝန်ထမ်းဖြစ်တဲ့ မိဘတွေ မန္တလေးပြောင်းရာက နေ မန္တလေးမှာပဲ ကျောင်းတက်၊ကျောင်းထွက်၊ မန္တလေးသူနဲ့ အိမ်ထောင်ကျ တာပါ။ ဒါပေမဲ့ နေတာ နှစ်အစိတ်လောက်ရှိပြီဆိုတော့ မန္တလေးက ပဝတ္တိအရပ်ပေါ့။ အခု အိုးေ၀ ဆရာ လေးက “အိုးဝေ” အမည်ကို အရေးကြီးတဲ့ သဘောနဲ့ ပြောတာကြားလိုက် ရတော့ စကားပြောဖော်ကောင်း တစ်ယောက်တော့ရပြီလို့ တွေးလိုက်မိတယ်။

တက္ကစီ၊ အိုးဝေ၊ ဆိုက်ကား စတဲ့ အငှားယာဉ်မောင်းတွေက နေရာစုံရောက်၊ ခရီးသည်မျိုးစုံနဲ့ ကြုံ နေရတဲ့သူတွေဖြစ်တော့ သတင်းစုံတယ်၊ သူတို့ဆီက နိုင်ငံရေး၊စီးပွားရေး က အစ ဟိုတယ်၊ နိုက် ကလပ်၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ဆေးခန်း အကြောင်းအလယ်၊ ဈေးချိုပြီး စားလို့ကောင်းတဲ့ လမ်း ဘေးဆိုင်အဆုံး သတင်းအချက်အလက်အစုံရနိုင်တယ်။ ယာဉ်မောင်းအများစုကလည်း ခရီးသည် နဲ့ စကားပြောချင်ကြပါတယ်။ လောကကြီးကို စိတ်ချဉ်ပေါက်ပြီး အင်းမလုပ်၊ အဲမလုပ် နေတဲ့သူ အတော်နည်းတယ်။

ဒါ့ကြောင့် ကျွန်တော်ကတော့ အစိုးရဝန်ထမ်းဘဝ၊ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်ရတဲ့ ဘ၀ မှာတောင် ရန်ကုန်ရောက်တဲ့အခါတိုင်း အနည်းဆုံးတစ်ကြိမ်တော့ တက္ကစီ စီးဖြစ်အောင်စီးတယ်။ သူတို့ပြောတဲ့ နိုင်ငံရေး၊ စီးပွားရေးသတင်းတွေနားထောင်တယ်၊ ကိုယ့်ကို မှတ်မိတဲ့သူရှိသလို မသိတဲ့လူလည်းရှိတယ်။ မှတ်မိပေမယ့် မသိချင်ယောင်ဆောင်ပြီး အစိုးရအကြောင်းတွယ်သွား တယ်လို့ခံစားမိတာမျိုးလည်း ကြုံဖူးတယ်။

၂၀၁၉ နောက်ပိုင်းမှာတော့ တက္ကစီ စီးဖြစ်တဲ့အခါတိုင်း နိုင်ငံရေးပါတီတွေအပေါ် သဘော ထား အစိုးရအပေါ် သဘောထားတွေကို ပိုမေးဖြစ်တယ်။ ဖြေတဲ့သူရှိသလို မေးလိုက်တာနဲ့ တွန့်သွားတဲ့ သူလည်း ရှိတယ်။ဘာပဲဖြစ်ဖြစ် သူတို့ဆီက လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးအခြေအနေတွေကို ကြားရတာအမှန်ပဲ။

အခု အိုးေ၀ ဆရာလေးကတော့ မဆွတ်ခင်က ညွှတ်ချင်နေတဲ့သူပဲ။ မန္တလေးမြို့ထဲလမ်းတွေ အတော်ကောင်းသားဗျ လို့ စကားစလိုက်တာနဲ့ ၊ ဆရာရဲလွင် နဲ့ ဆရာကြီး ဆိုတာကို ရေလဲနဲ့ သုံးပြီး မြို့အတွက် ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကို ပြောတော့တာပဲ။ ဆရာကြီးလက်ထက်မှာ လမ်းကြားက အစ ကတ္တရာလမ်းဖြစ်သွားခဲ့တယ် လို့ ပြောတော့ ရန်ကုန် လမ်းတစ်ခြမ်းခင်း တဲ့ ခေတ်မှာ ကမ္ဗည်းမှတ်တမ်းကျောက်ပြားလေးတွေထောင်ထားတဲ့ လမ်းကြားလေးတွေအကြောင်း ပြန်တွေးမိတယ်။ မန္တလေးမြို့က ကတ္တရာခင်းထားတဲ့လမ်းကြားလေးတွေမှာတော့ ဘာဆိုင်းဘုတ် မှ မတွေ့ဘူး။ ဒါပေမဲ့ ကျွန်တော်စကားပြောခွင့်ရတဲ့သူတိုင်းကို လမ်းအကြောင်းမေးလိုက်တာနဲ့ အဖြေက အတူတူပဲ။ စားသုံးသူအသိအမှတ်ပြုမှုဆိုတာ ဆိုင်းဘုတ်နဲ့ မဆိုင်ဘူး၊ လက်ရာနဲ့ပဲ ဆိုင် တယ်ဆိုတဲ့ သဘောပေါ့လေ။

အိုးဝေဆရာလေးက ၂၀၁၆ – ၂၀၂၀ ကာလ မန္တလေးမြို့ခံတွေ မြို့စည်ပင်သာယာရေး အတွက် ဘာ တွေ ဝိုင်းကူပေးခဲ့တယ်ဆိုတာလည်း ပြောသဗျ၊ သူနဲ့ သူ့အပေါင်းအသင်းတွေတောင် မီးတိုင်လှူ ခဲ့သေးတယ်ဆိုပဲ။ ကျွန်တော်တို့မန္တလေးက အစွဲကြီးတယ်တယ်၊ ဈေးဆိုင် တောင်မှ ကိုယ့်မြို့ခံမှ တဲ့။ သူပြောတာ ဟုတ်လောက်တယ်။ ရန်ကုန်မှာ လက်ညှိုးထိုးမလွဲတွေ့ ရတဲ့ စူပါမားကက်နဲ့ ဆေး ဆိုင် အုပ်စု မန္တလေးမှာ တိုးပေါက်ပုံမရဘူး။ ဆရာကြီးက စေတနာလည်းမှန်၊ ကိုယ့်မြို့ခံလည်းဖြစ် ဆိုတော့ အားလုံး ဝိုင်းကူတာပေါ့တဲ့။ အိုးဝေဆရာလေးကတော့ ဝန်ကြီးချုပ် ဒေါက်တာဇော် ထက် မြို့တော်ဝန် ဆရာ ရဲ ကိုပဲ သိတဲ့ပုံပေါက်တယ်။

သူစကားပြောတာနားထောင်လိုက်တာနဲ့ သူ့ နိုင်ငံရေးတိမ်းညွှတ်မှုက ဘယ်မှာလဲ ဆိုတာ ထင် ရှား နေတယ်။ သူက ပါတီတွေအကြောင်းပြောတဲ့အခါ နာမည်တွေ မသုံးဘူး။ အစိမ်းနဲ့ ခွပ်ဒေါင်း လို့ ပဲ သုံးတယ်။ သူပထမဆုံးမဲပေးဖူးတာ ၂၀၁၀၊ အဲဒီအချိန်ကတော့ အစိမ်းကို ထည့်တယ်တဲ့။ ရွေးစရာလည်းမရှိဘူး၊ ပြီးတော့ ရွေးကောက်ပွဲလည်းမကြုံဖူးတော့ အစိမ်းကို မထည့်ဘူးဆိုတာ သိ သွားရင် ဘာဖြစ်မလဲ ဆိုပြီးကြောက်တာလည်း ပါတယ်တဲ့။

၂၀၁၅ ၊၂၀၂၀ မှာတော့ ခွပ်ဒေါင်းတဲ့။ ပါတီမူဝါဒတွေ ဘာတွေ လေ့လာတာတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပါတီဆိုတာရယ်၊ အမတ်လောင်းကို သဘောကျတာရယ်ကြောင့်ထောက်ခံ တာပဲတဲ့။ဒီမြို့နယ်မှာနေလာတာနှစ်နှစ်ဆယ်ကျော်ပြီ၊ဘယ်သူဘာလဲဆိုတာ သိနေတာပဲ။ စာစောင် တွေ ဖတ်ဖို့မလိုပါဘူးတဲ့။

ကျွန်တော်စကားပြောခွင့်ရတဲ့ အခြေခံလူတန်းစားအများစုရဲ့ နိုင်ငံရေး အသိအမြင် ၊ အဆုံးအဖြတ်က ဖေ့စ်ဘွတ်ပေါ်ကလာတာလည်းမဟုတ်ဘူး။ သတင်းစာ ဂျာနယ် တွေကို အခြေခံ တာလည်းမဟုတ်ဘူး။ရုပ်သံမီဒီယာသတင်းတွေကြောင့်လည်းမဟုတ်ဘူး။သူတို့ရဲ့ နေ့စဉ် လူနေမှု ဘဝအတွေ့ အကြုံ ကနေ ဆုံးဖြတ်သွားတာပဲ။ သတင်းစာထဲ ဘယ်လောက် ရေး ရေး၊ရုပ်မြင်သံကြားက ဘယ်လောက်လွှင့်လွင့် သူတို့နေ့စဉ်ဘ၀ အဆင်မပြေရင် ဘာမှ မထူးဘူး ဆိုတာ ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ဖူးပြီ။

အခုလည်း အိုးဝေဆရာလေးက ဘယ်သူကတော့ ရပ်ရေးရွာရေးကို တကယ်လုပ်ခဲ့တယ်၊ ဘယ်သူ ကတော့ အခမ်းအနားရှိမှ တိုက်ပုံတကားကားနဲ့လာ၊ ရှေ့ဆုံးတန်းမှာ ထိုင်လက်ခုပ်တီး တယ်၊ ဘယ်သူက ရန်ပုံငွေ တစ်ကျပ်ရရင် ငါးမူးအိတ်ကပ်ထဲထည့်တယ် စသည်ဖြင့် သူတို့ မြို့နယ် က အမတ်လောင်းတွေ၊ ပါတီတွေအကြောင်း သရုပ်ခွဲပြနေတယ်။

ကျွန်တော်တို့က အိုးဝေကို တစ်နေ့စာ ငှားတာဆိုတော့ ကြားခဲ့ရတာတွေက အများကြီးပါပဲ။ နိုင်ငံ ရေးအကြောင်းပါသလို ကျွန်တော်တို့ သွားရောက်လေ့လာတဲ့နေရာတွေနဲ့ပတ်သက်ပြီး သူသိ သလောက်ပြောတာလည်း ကြားရတယ်။ ညဘက်ရောက်ရင် လုယက်မှုတွေပေါတဲ့ အကြောင်း ပြောသလို စစ်လည်းစစ်၊ ရစ်လည်း ရစ်တဲ့ ပုံပြင်တွေလည်း ပြောပြတယ်။ သူကတော့ ညနေ ခြောက်နာရီကျော်ရင် အိမ်ပြန်တယ်၊မနက်ဆိုရင်လည်း ခြောက်နာရီလောက်မှထွက်တော့တယ် တဲ့။ အိုးဝေဆရာလေးက အရင်က ဆိုင်ကယ်ကယ်ရီ၊ နောက်မှ အိုးဝေပြောင်းမောင်းတာဆိုတာ့ ခေတ်အလိုက် ဝင်ငွေ၊ထွက်ငွေ၊ ဘဝလုံခြုံမှုအကြောင်းကောင်းကောင်း နှိုင်းယှဉ်ပြောတတ် တယ်။ အခု အိုးဝေဆွဲရတာ ခေတ်ကောင်းလားလို့မေးတော့ “ဆရာကလည်း မေးစရာလား” တဲ့။

ခရီးဆုံးလို့ ဟိုတယ်ပြန်ရောက်တော့ ကားခရှင်းရင်း သွားချင်တဲ့နေရာတွေကို စိတ်ရှည် ရှည်၊ ဘေးရန်ကင်းကင်းနဲ့ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောတယ်။ ပြီးတော့ ဆရာရဲလွင် ပရိသတ်ကြီး၊ နောက်လည်း ဆုံဦးမယ်ဗျာလို့နှုတ်ဆက်စကားပြောတယ်။ ကျွန်တော့်နှုတ်ဆက် စကား ကြားတော့ အိုးေ၀ ဆရာလေးက “ ဆရာ့ကို ပြောဖို့ကျန်သွားလို့ဗျ၊ ဆရာကြီး က ကျွန်တော်တို့ နဲ့ တစ်ရပ်တည်း၊ အနောက်ပြင်မှာပဲနေတာ” လို့ ပြုံးပြုံးကြီးပြောပြီး ထွက်သွားလေရဲ့။

တောင်သမန် ကျောက်တော်ကြီးဘုရား

တောင်သမန်ကျောက်တော်ကြီးဘုရားက တောင်သမန်အင်း ဦးပိန်တံတားရဲ့ အဆုံး၊ အမရပူရ ရဲ့ တစ်ဖက်ကမ်းမှာရှိပါတယ်။ ဘုရားရဲ့ ဘွဲ့အမည်က “ မဟာသကျရံသီ ” ဖြစ်ပေမယ့်တောင်သမန် ကျောက်တော်ကြီးဘုရားလို့ပဲလူသိများပါတယ်။ ၂၀၁၅ ခုနှစ်မှာ လှူဒါန်းထားတဲ့ ဘုရား မုခ် ဦးမှာ တော့ “ မဟာသကျရံသီ ကျောက်တော်ကြီး ရုပ်ရှင်တော်မြတ်စွာဘုရား” လို့ ကမ္ဗည်းထိုး ထားပါ တယ်။

မဟာသကျရံသီကျောက်တော်ကြီးဘုရားဟာလည်းကုန်းဘောင်မင်းတွေ နေပြည်တော်ရွှေ့ ပြောင်း တဲ့နောက် လိုက်ပါစံတော်မူခဲ့ရတဲ့ ဘုရားတစ်ဆူပါပဲ။ ကျောက်တော်ကြီးဘုရားရဲ့ မူလ ဒါယကာက ဘကြီးတော်ဘုရား လို့ သိကြတဲ့ စစ်ကိုင်းမင်းဖြစ်ပါတယ်။ ပုဂံမင်း၊ မင်းတုန်းမင်းတို့ရဲ့ ဘကြီးတော် ဖြစ်တဲ့အတွက်ကြောင့် ဘကြီးတော်မင်းလို့နာမည်တွင်တာဖြစ်ပါတယ်။

ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြချက်အရ စစ်ကိုင်းမင်း က ကျောက်တော်ကြီးဘုရားတစ်ဆူတည်ဖို့ ဆန္ဒရှိတဲ့အတွက် ကျောက်သလင်းပညာ ကျွမ်းကျင်တဲ့ ကျော်စဉ်တိုက်စာရေး ကျော်စွာ သီဟနော်ရထာကို စကျင်တောင်ကို လွှတ်ပြီး ဘုရား ဆင်းတုတော်ထုလုပ်ဖို့ သင့်တော်တဲ့ ကျောက်တော်ကြီးကို ရှာခိုင်းတယ်။ သင့်တော်တဲ့ကျောက် တော်ကို တွေ့တော့ ၁၇ မေ ၁၈၂၉ မှာ စပြီးတူးဖော်တယ်၊ ၈ သြဂုတ် ၁၈၂၉ မှာစပြီး တောင် အောက် ကို ရွှေ့တယ်။ အဲဒီလို ရွှေ့တဲ့အခါ လူခြောက်ထောင် သုံးပြီး လမ်းဖောက်တာ၊ ကျောက် တုံးကြီးကို ဆွဲချတာလုပ်ရတယ်။ တစ်နေရာမှာ ဘယ်လိုမှရွှေ့လို့မရတဲ့အတွက် နတ်တွေပင့်ပြီး ဘုရားဆင်းတုတော်ထုလုပ်မယ့် ကျောက်တော်ကြီးဖြစ်တဲ့အတွက် ကူညီရွှေ့ပေးဖို့ အမိန့်ပြန် မှ ရွှေ့လို့ရတယ်လို့ဆိုတယ်။

တောင်ခြေရင်းကနေ ဧရာဝတီမြစ်ကမ်းဘေးကို ရွှေ့တဲ့အခါ လူသုံးထောင်သုံးရတယ်။ ၁၃ ဇန်နဝါရီ ၁၈၃၀ရက်နေ့ကနေစရွှေ့တာ တစ်လကျော်ကြာပြီး ၁၄ ဖေဖော်ဝါရီ ၁၈၃၀ ရက်နေ့မှာ မြွေတောင် ရွာ၊မြောင် မြစ်ဆိပ်ကိုရောက်တယ်။ မြစ်ဆိပ်ရောက်တော့ ကရဝိတ်ဖောင်တော်နှစ်စင်းတွဲပေါ်မှာ ဘုံကိုးဆင့် ပါတဲ့ ပြသာဒ်နဲ့ တင်ပြီးသယ်ဖို့ဆောင်ရွက်တယ်။

မြွေတောင်ရွာကထွက်တဲ့ရက်စွဲကိုတော့ ရှာလို့ မတွေ့ဘူး။ စစ်ကိုင်းမင်းကတော့ ကျောက်တော် ကြီး ကို မင်းကွန်းကနေ မင်းခမ်းမင်းနားနဲ့ ကြို တယ်။ အင်းဝဆိပ်ကမ်းကို ၇ မေ ၁၈၃၀ ရက်နေ့ မှာရောက်တယ်။ တောင်ပေါ်ကနေ စရွှေ့တဲ့ ရက် ကနေ ဆိပ်ကမ်းရောက်တဲ့အထိ ကိုးလကျော် ကြာတယ်။ ဆိပ်ကမ်းကနေ ဘုရားတည်မယ့် နေရာ ကို ရွှေ့တဲ့အခါ လူရှစ်ထောင့်နှစ်ရာ့ငါးဆယ် ကျော်ပါပြီး ၂၁ မေ ၁၈၃၀ ရက်နေ့မှာ စရွှေ့တယ်။ တစ်ရက်သယ်၊ တစ်ရက်နားနဲ့ ရွှေ့လိုက်တယ် ၁၈ ရက်အကြာ ၇ ဇွန် ၁၈၃၀ မှာ တန် ဆောင်းတော်ထဲကို ရောက်တယ်။

သာယာဝတီမင်းနန်းတက်တော့ နေပြည်တော်ကို အမရပူရ ပြန်ရွှေ့တယ်။ ကျောက်တော်ကြီး ဘုရားက အင်းဝမှာကျန်ခဲ့တယ်။ မင်းနေပြည်တော်မဟုတ်တော့တဲ့အတွက် ဘုရားကို စောင့်ရှောက် မယ့်သူ ကင်းမဲ့ပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖြစ်သွားတယ်။ သာယာဝတီမင်းက သူ့အကို စစ်ကိုင်း မင်းကို ပုန်ကန်နန်းချပြီး အာဏာရလာတာဆိုတော့ စစ်ကိုင်းမင်း ကောင်းမှုကို လျစ်လျူရှုထား တာ လည်းဖြစ်နိုင်ပါတယ်။ ရှေ့မင်းလုပ်ခဲ့တာ နောက်မင်းဖျက်တယ်ဆိုတာကလည်း မြန်မာ့ သမိုင်းမှာ အရင်ကလည်း ရှိခဲ့တယ်၊ အခုလည်း ရှိတယ်၊ နောင်လည်း ရှိဦးမှာပဲလို့တောင် ပြောလို့ရတယ်။

သာယာဝတီမင်းကို ဆက်ခံတဲ့ ပုဂံ မင်းလက်ထက်မှာတော့ ပျက်စီးနေတဲ့ ကျောက်တော်ကြီး ဘုရားကို အမရပူရကို ရွှေ့ဖို့ စီစဉ်တယ်။ ဘုရားတည်မယ့် နေရာကိုတော့ နန်းတော်ကနေ လှမ်း ဖူးမျှော်နိုင်တဲ့ တောင်သမန်အင်းတစ်ဖက်ကမ်းကို ရွေး တယ်။ အဲဒီနေရာက ဘိုးတော်ဘုရား လက် ထက်ကနိုင်ငံခြားသံတမန်တွေလာရင်ထားတဲ့တောင်သမန် သံတဲနေရာရဲ့ အနောက် ဘက်မှာ ဖြစ် ပါတယ်။

၂၆ ဧပြီ ၁၈၄၉နေ့မှာ ကျောက်တော်ကြီးဘုရားကိန်းဝပ်စံပယ်မယ့်ဂန္ဓကုဋီ အုတ်ပြသာဒ်ကို အုတ်မြစ် ချတယ်။ ၄ ဇွန် ၁၈၄၉ ရက်နေ့မှာ အင်းဝမြို့ကျောင်းဆောင်ကနေ ဆိပ်ကမ်းကို စရွှေ့ တယ်။ လူအင်အားသုံးထောင်သုံးပြီး သုံးရက်ကြာရွှေ့ရတယ်။ အဲဒီနောက် ဖောင်တော်ပေါ်ကို ရွှေ့ ပြောင်းတင်တာတွေ ဆောင်ရွက်ပြီး ၁၀ ဇူလိုင် ၁၈၄၉ ရက်နေ့မှာ အင်းဝကနေ တောင်သမန် အင်း လက်ရှိ ဂန္ဓကုဋိတိုက်နေရာကို ရွှေ့တယ်။

တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများ ( ကိုပညာ၊ အမရပူရ) စာအုပ်မှာတော့ ဒုဋ္ဌဝတီမြစ် ကနေ တဆင့် တောင်သမန်အင်းအတွင်းကို ပို့ဆောင်ခဲ့တယ်၊ ဘုရားပင့်ဆောင်လာတဲ့ ဖောင်တော် ဝင် ရောက်တဲ့ တောင်သမန်အင်းအ၀ မြစ်ထွက်ပေါက်ကို ကျောက်တော်ကြီးပေါက်လို့ခေါ်တယ်လို့ ရေးထားပါတယ်။

ဆင်းတုတော်ကြီးကို ဂန္ဓကုဋီတိုက်ထဲကို ထည့်သွင်းပြီးတဲ့အခါ ဂန္ဓကုဋီတိုက်နဲ့ အုတ်ပြသာဒ် ကြီးကို ဆက်ပြီးတည်ဆောက်တယ်။ ၂၈ စက်တင်ဘာ ၁၈၅၀ မှာ ဌပနာသွင်း တယ်။ ၂၉ အောက် တိုဘာ ၁၈၅၀ မှာ ထီးတင်တယ်။ ကျောက်တော်ကြီးဘုရားက ပုဂံ အာနန္ဒာဘုရားလှိုဏ်ပုံကို နမူနာယူပြီးတည်ဆောက်ထားတာဖြစ်ပြီး တာဝန်ခံတည်ဆောက်သူက ပန်းပဲ အတွင်းဝန် သတိုး မင်းကြီး မင်းလှကျော်သူဖြစ်ပါတယ်။ ပန်းပဲအတွင်းဝန် မင်းလှကျော်သူက စစ်ကိုင်းမင်း၊သာယာ ဝတီမင်း၊ ပုဂံမင်းနဲ့ မင်းတုန်းမင်းလက်ထက်အထိ တာဝန်ထမ်းဆောင်ခဲ့ရတဲ့သူဖြစ်တယ်၊ ရန်ကုန် မြို့ မြို့မကျောင်းလမ်းမှာ ရှိတဲ့ ပုဂံမင်းကောင်းမှု အိမ်တော်ရာ ဘုရားကိုလည်း ကြီးကြပ်တည် ဆောက်ခဲ့သူဖြစ်တယ်လို့ ကိုပညာ(အမရပူရ) ရဲ့စာအုပ်မှာဖော်ပြထားပါတယ်။

ကျွန်တော်ကတော့ ဦးပိန်တံတားပေါ်ကနေ တောင်သမန် အရုဏ်တက်ချိန်အလှကို ဓာတ်ပုံရိုက်ပြီး တဲ့နောက် တံတားအဆုံးထိ ဆက်လေ ျှာက်ပြီး ကျောက် တော် ကြီးဘုရားကို သွားခဲ့တယ်။ ဘုရားနဲ့ တံတားက မဝေးပါဘူး။ တံတားထိပ်ကနေ ဆယ်မိနစ်လောက် လေ ျှာက်လိုက်ရင် ရောက်ပါတယ်။ တံတားထိပ်မှာတော့ စားသောက်ဆိုင်တွေရှိတယ်၊ လှေဆိပ် ရှိတယ်။

ကျောက်တော်ကြီးဘုရားမုခ်ဦးကနေ ဘုရားကို လှမ်းမြင်ရတဲ့ ရှုခင်းကတော့ အတော်လှပါတယ်။ ပုဂံမင်းလက်ထက်ကတည်ဆောက်ခဲ့တဲ့မဟာရံတံတိုင်းလည်းရှိနေသေးတဲ့အတွက် ဘုရားဝင်းပတ် လည်က မဟာရံတံတိုင်းကို လေ့လာကြည့်ရှုနိုင်အောင်လုပ်ပေးရင် ပိုကောင်းမယ်လို့ မြင်မိတယ်။ ဘုရားဝင်းအတွင်းက အပင်ကြီးတွေအောက်မှာလည်း စားသောက်ဆိုင်တွေရှိတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က စောနေသေးတဲ့အတွက် ဆိုင်တွေမဖွင့်သေးဘူး။

ဘုရားဝင်းက ကျယ်ပြီး အရိပ်ကောင်းတဲ့အတွက် ဘုရားဖူးတွေနားလို့အဆင်ပြေတယ်။ အများသုံး သန့်စင်ခန်း သန်ု့သန့်လေး ရှိဖို့ပဲလိုတယ်။ အခုရှိတဲ့ အိမ်သာကတော့ လူတစ်ယောက် နှစ်ရာ ပေးရပေမယ့် ဈေးအိမ်သာ အဆင့်ပဲ။ ဒါကို မြင်တော့ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားတွေ ဖူးချိန်မှာ မြင်ခဲ့ရတဲ့၊ မီနီ အိုးဝေဆရာလေးက ဒါ ဆရာရဲလွင် လက်ထက်မှာ လုပ်ခဲ့တာပေါ့လို့ ဂုဏ်ယူတဲ့အသံနဲ့ပြောတဲ့ ၁၄ လမ်းနဲ့ ၆၆ လမ်းထောင့်က အများ သုံးသန့်စင်ခန်းသန့်သန့်လေးကို သတိရမိတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအတွက် ကြည့် ရှုစရာပေါလှတဲ့ မန္တလေးလို့နေရာမျိုးမှာ အဲဒီလို အများသုံးသန့်စင်ခန်းကောင်းကောင်း လေးတွေ များများရှိစေချင်တယ်။

ကျောက်တော်ကြီးဘုရား လှိုဏ်အဝင်မုခ်တွေမှာ နံရံဆေးရေးပန်းချီတွေရှိပြီး ရှေးဟောင်း သုတေ သနဌာနက ထိန်းသိမ်းထားတယ်လို့ သိရတယ်။ သာမန်ဘုရားဖူးတစ်ယောက်ရဲ့ အမြင်အရပြော ရရင်တော့ ပုဂံဘုရားတွေရဲ့ နံရံဆေးရေးပန်းချီတွေက ပိုပြီး အရောင်စို၊ လက်ရာမြောက်တယ်လို့ ခံစားမိတယ်။ နံရံဆေးရေးပန်းချီတစ်ခုမှာ “ကုသိုလ်တော် မန္တလေး ဘုရားစောင်းတန်း” လို့ ရေး ထိုးတာတွေ့တော့ တစ်ချို့လက်ရာတွေက မန္တလေးမြို့တည်ပြီးမှ ရေးဆွဲခဲ့တဲ့လက်ရာတွေလား လို့ တွေးမိပါတယ်။

ကျောက်တော်ကြီးဘုရား အတွင်းလှိုဏ်က ကျယ်တယ်၊ အလင်းရောင်ရတယ်၊ လေဝင်လေထွက် ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာတော့ စားပွဲ၊ ကုလားထိုင်၊ ဆက်တီတွေ စုပြုံ သိမ်း ထားတာကြောင့် အမြင်မတင့်တယ်ဘူးဖြစ်နေတယ်။

ဘုရားလှိုဏ်ထဲမှာ ရေးထိုးထားတဲ့ မှတ်တမ်းအရ တောင်သမန်ကျောက်တော်ကြီးဘုရားကို မန္တလေး ပိုက်ကျုံးရပ် စက်သူဌေး ဦးသာဌေး၊ ဒေါ်သန်း သားသမီးမြေးတစ်စုက ၁၉ ၇၆ – ၁၉ ၈၁ အထိ ငါးနှစ်ကြာပြန်လည်ပြုပြင်ခဲ့တယ်၊ မြန်မာ့ဗိသုကာဆရာကြီး ဦးမြတ်သင်းက ကြီးကြပ်ဆောင် ရွက်တယ်လို့ သိရပါတယ်။ အဓိက ပြုပြင်ခဲ့တာကတော့ ပစ္စယံအမိုးနှစ်ထပ်ရဲ့ သစ်သားတန်းတွေ နေရာမှာ သံချောင်းတွေအစားထိုးပြီး အုတ်သုံးထပ်စီအမိုးကို အင်္ဂတေ ကွန်ကရစ်အမိုးအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဘုရားလှိုဏ်ထဲမှာ ထူးထူးခြားခြားတွေ့ရတာကတော့ အလောင်းဘုရား၊ မင်းတုန်းမင်း၊သီပေါမင်း အပါအဝင် ကုန်းဘောင်ခေတ် မင်းညီမင်းသားများရဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသထား တာဖြစ်ပါတယ်။ တစ်ချို့ဓာတ်ပုံတွေကတော့ အတော်ဟောင်းနွမ်းနေတဲ့အတွက် ပြန်လည်ထိန်း သိမ်းမှုလုပ်ဖို့လိုနေပါပြီ။

ကျောက်တော်ကြီးဘုရားက နံရံဆေးရေးပန်းချီတွေကလွဲရင် ထူးထူးခြားခြားလေ့လာဖို့တော့ မရှိဘူး။ ဒါပေမယ့် ဦးပိန် တံတားရောက်တယ်ဆိုရင်တော့ ကျောက်တော်ကြီးဘုရားကို ရောက် အောင် သွား၊ ဘုရားဝင်းထဲက ဆိုင်လေးတွေမှာနား၊ ငှက်စီးပြီး ပြန်တာမျိုးလုပ်နိုင်ရင်ကောင်းတယ်။