နှင်းဆီ

ရန်ကုန် ပတ်ဝန်းကျင်မှာ နှင်းဆီ စိုက်ခင်းတွေ မြင်ဖူး၊ တွေ့ဖူးပေမယ့် တောင်ပေါ်ဒေသမှာ ဧက ရာချီတဲ့ နှင်းဆီပန်းခင်းတွေ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ပင်းတယ မြို့ခံမိတ်ဆွေက ကျွန်တော့်ကို နှင်းဆီပန်းခင်းတွေပြမယ်၊ ပြီးရင် ထူးခြားတဲ့ ရှေးဟောင်း ထမင်းကြော်ကျွေးမယ်ဆိုပြီး ပင်းတယ – ရပ်စောက်လမ်းအတိုင်းခေါ်သွားတယ်။ ပင်းတယ ကနေ ဆယ်မိုင်လောက်မောင်းလာတဲ့အခါ မိုင်းအင်ရွာကို ရောက်တယ်။ မိုင်းအင် ရွာက ထွက်တာနဲ့ လမ်းဘေး ဝဲယာမှာ နှင်းဆီစိုက်ခင်းတွေ စတွေ့ရတယ်။ ပင်းတယ နယ် မိုင်းအင် နဲ့ ရပ်စောက် နယ်ကောင်းဘို ကြား လမ်းဝဲယာ နဲ့ အတွင်းပိုင်းမှာ နှင်းဆီစိုက်ဧက ခြောက်ရာကျော် လောက် ရှိတယ်လို့ပြောတယ်။

မိတ်ဆွေဖြစ်သူက လမ်းဝဲယာ ထက် အတွင်းပိုင်းက စိုက်ခင်းတွေက ပိုကျယ်၊ ပိုများတယ် လို့ ပြောပြီး ကားကို မြေလမ်းလေးအတိုင်းချိုးဝင်လိုက်တယ်။ မြေလမ်းလေးက သရက် စိုက်ခင်း တွေကို ဖြတ်ပြီး ညာဘက်ကို ချိုးကွေ့လိုက်တာနဲ့ နှင်းဆီ စိုက်ခင်းတွေကို မြင်ရပါပြီ။

ကားက နှင်းဆီစိုက်ခင်းတွေကြားကို ဝင်လို့မရဘူး။ လမ်းဆင်းလေ ျှာက်ရတယ်။ ဟိုးအဝေးက ကျွန်တော် တောင်တက်ခရီးနှင်ခဲ့တဲ့ အရှေ့မြင် အနောက်မြင်တောင်ကြောကြီးကို နောက်ခံ ထားပြီး နှင်းဆီစိုက်ခင်းတွေက မျက်စိတဆုံးပဲ။ အစိမ်းရောင်ရင့်ရင့် ကမ္ဗလာခြုံထည် ကြီး ဖြန့်ခင်းထားတဲ့အထဲမှာ ရောင်စုံပန်းထိုးထားတာနဲ့တူတဲ့ နှင်းဆီပွင့်လေးတွေရှိတယ်။ ခြုံထည်ရဲ့ အနားတွေမှာတော့ အဖြူရောင်အစက်လေးတွေနဲ့တူတဲ့ သွပ်မိုး ထရံ ကာတဲလေးတွေရှိတယ်။

စိုက်ခင်းထဲက နှင်းဆီပန်းတွေ လွတ်လွတ်လပ်လပ် ငွားငွားစွင့်စွင့် ပွင့်ခွင့်မရဘဲ ပိုက်ကွန်လေး တွေ နဲ့ ထိန်းချုပ်ခံထားရတာကို မြင်ရတာ စိတ်မကောင်းစရာပဲ။ ဒါပေမယ့်လည်း နှင်းဆီ ချစ်သူ တွေက ဝယ်ယူသွားပြီး ပိုက်ကွန်လေးကို ဖြေလိုက်တဲ့အခါ ယုံကြည်ကိုးကွယ်ရာနေရာတွေမှာ၊ ဧည့်ခန်းဆောင်တွေမှာ၊ အခမ်း အနားတွေမှာ၊ မြတ်နိုးသူတွေရဲ့ ဦးခေါင်းထက်မှာ ငွားငွား စွင့်စွင့် တင့်တင့်တယ်တယ် ဝေဆာပွင့်လန်းတော့မှာကို တွေးလိုက်ရင်တော့ “ အချိန်မကျသေးလို့ မပွင့် ရသေး၊ မပွင့်နိုင်သေးတာ” ဆိုပြီး ဖြေသာပါတယ်လေ။

ရာသီဥတုက အေးမြမြ။ ဒါပေမယ့် လေထုက ပိုးသတ်ဆေး နံ့ တွေနဲ့ ညစ်ညမ်းနေတယ်။ နှင်း ဆီ ပင်တန်းတွေကြားမှာ ပုဆိုးတိုတိုဝတ်၊ ရာဘာလည်ရှည်ဖိနပ်စီးထားတဲ့ သူတစ်ယောက် ပိုးသတ် ဆေးဖျန်း နေတယ်။ မျက်နှာပေါ်မှာ ရိုးရိုး တစ်ခါသုံး နှာခေါင်းစည်းနဲ့ ။ ဆေးဖျန်းတာက ပုံးကို လွယ်ဖျန်းတာမဟုတ်ဘူး။ ကွန်ကရိ ကန်ထဲမှာ ဆေးတွေဖျော်ထားပြီး စက်နဲ့ မှုတ်ဖျန်းနေတာ။

သူ့အနားမကပ်ရဲလို့ ခဏရပ်ပါဦးဗျ ဆိုပြီးလှမ်းပြောရတယ်။ ဆရာသမားက ကျွန်တော်တို့ ကို ဆေးကုမ္ဗဏီကလား ဆိုပြီး လှမ်းမေးတယ်။ ဒီစိုက်ခင်းတွေထဲမှာ ဆေးကြော်ငြာသမားတွေ ဘယ် လောက်များများလာနေပါလိမ့်။

မဟုတ်ပါဘူးဗျာ၊ လာလေ့လာတာ လို့ပြောတော့ စိတ်ဝင်စားမှုလျော့သွားတဲ့ပုံပဲ။ ဆေး နံ့က ပြင်းလိုက်တာဗျာ ၊ခင်ဗျား နှာခေါင်းစည်းက ပိုးသတ် ဆေး ဖျန်းတာကို ကာကွယ်လို့မရဘူး၊ ပိုးသတ်ဆေးဖျန်းရင် တပ်ရတာ သီးခြားရှိတယ် လို့ ပြောပြ တော့ ရှုပ်ရှုပ်ရှက်ရှက် ဆိုတဲ့ အကြည့်နဲ့ ကျွန်တော်တို့က ဒီအနံ့ကို ရိုးနေပြီ၊ တစ်ခါတစ်လေ တပ်တောင် မတပ်ဘူး လို့ ပြော တယ်။ သူတို့က နှာခေါင်းစည်းဟာ အနံ့ကို ကာကွယ်ဖို့ အတွက် တပ်ရတာမဟုတ်ဘူး။ ပိုးသတ်ဆေးငွေ့တွေ ခန္တာ ကိုယ်ထဲ ဝင်ပြီး လူကို အန္တရာယ်ပြုမှာ ကို ကာကွယ်ဖို့တပ်ရတယ် ဆိုတာ သိပုံမရ ဘူး။ လက်အိတ်မသုံးဘူးလားလို့ ဆက်မေးရင် ပိုးသတ်ဆေးနဲ့ အပက်ခံရမယ့် အခြေအနေဖြစ်လို့ မပြောတော့ဘူး။

နှင်းဆီခင်းတွေကြားက ဖြတ်ပြီး တဲလေးတွေဆီကို ထွက်ခဲ့တယ်။ တဲတစ်လုံးရှေ့မှာ ဆိုင်ကယ် တစ်စီး၊ ဒူးကာတွေ၊ ဘာတွေ မရှိတော့ဘူး။ အရိုးစုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် ဒီတော ဒီတောင်နဲ့ ဒီဆိုင်ကယ်မျိုးက အကိုက်ဆုံးပဲ။ ဆိုင်ကယ်ဘေးမှ လူကြီးနှစ်ယောက်၊ ကလေးတစ်ယောက်၊ ဆိုင်ကယ်ပြင်နေတာမဟုတ်ဘူး။ ဆေးဖျန်းတဲ့ လေမှုတ်စက်ကို ပြင်နေတာ၊ ကလေးက လေ့လာသူပေါ့။

ဖလန်ထည် အင်္ကျ ီ အကွက်ဝတ်ပြီး ခေါင်းမှာ ဦးထုပ်ဆောင်းထားတဲ့ လူက မော့ကြည့်ပြီး နှုတ်ဆက် တယ်။ အင်္ကျ ီက ရော၊ ဦးထုပ်ပါ အရောင်လွင့်၊ အနားဖွာ၊ ဟောင်းနွမ်းနေပေမယ့် သူ့အပြုံး က လတ်ဆတ်သစ်လွင်လှတယ်။ နှင်းဆီစိုက်ခင်းတွေအကြောင်းမေးချင်လို့ ဆိုတော့ လိုလို လားလားပဲ ၊ သူ့တဲ ကပြင်မှာ ထိုင်ဖို့ ခေါ်တယ်။

တဲက သွပ်မိုး၊ ဝါးထရံကာ၊ ဝါးထရံတောင် အပြည့်မဟုတ်ဘူး။ တစ်ခြမ်းက မိုးကာ အပြာစ နဲ့။ တဲထဲမှာ အခန်းမရှိဘူး။ ခေါင်းရင်းဘက်မှာ အိပ်ယာနှစ်ခု၊ နံရံမှာ လုံးထွေးချိတ်ထားတဲ့ ခြင် ထောင် နှစ်လုံး။ ကြမ်းပြင်ပေါ်မှာ ဘယ်ဟာက ဘယ်သူအတွက်လည်း မသဲကွဲတဲ့ စောင်တွေ လုံးထွေးလို့၊ ခြေရင်းမှာ မီးဖိုတစ်ခု၊ ထင်းချောင်းနည်းနည်း ၊ ဒန်အိုးအဟောင်းနှစ်လုံး။ အိပ်ယာခြေရင်းမှာ ပိုင်ဆိုင်သော အဝတ်အားလုံးထည့်ထားပုံရတဲ့ မြွေရေခွံအိတ်ကို ချုပ်ထားတဲ့ ဇစ်တပ် အိတ် ကြီး တစ်လုံး၊ အသေးတစ်လုံး။

ဒီဒေသမှာ နှင်းဆီစိုက်တဲ့ သူအားလုံးလိုလိုက အညာကျေးလက်ဒေသက လာတဲ့ တောင်သူ တွေ၊ လုပ်ငန်းရှင်တွေနဲ့ဖက်စပ်လုပ်နေတာ။ လုပ်ငန်းရှင်တွေက မြေပိုင်တယ်၊ ဒါမှမဟုတ် ဒေသခံ တောင်သူတွေဆီက မြေကို နှစ်ရှည်ငှားတယ်။ ပြီးရင် လုပ်ငန်းရှင်က နှင်းဆီပျိုးပင်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်၊ စက်သုံးဆီ အားလုံးထုတ်ပေးတယ်။ တစ်လ တစ်ခါ စာရင်းရှင်းရင် ကုန် ကျ စရိတ်အားလုံးနှုတ်ပြီး အမြတ်ကို တစ်ယောက် တစ်ဝက်ခွဲယူတယ်။

ကျွန်တော်တို့ကို ရှင်းပြတဲ့သူက ပခုက္ကူနယ်ဘက်က။ အသက် လေးဆယ်ကျော်ပြီ။ လူပျိုကြီး။ ဒီ တဲမှာ သူ့ညီနဲ့နေတယ်။ တဲနီးချင်းတွေကလည်း သူ့ညီအကိုမောင်နှမတွေ။ အညာမှ ညီအကို မောင်နှမ ရှစ်ယောက်ရှိတဲ့ အထဲက ညီအကိုလေးယောက်နဲ့ ညီမ တစ်ယောက်က ဒီမှာ နှင်းဆီ လာစိုက်နေတယ်။ သူတို့ ညီအကိုနှစ်ယောက်ကလွဲရင် ကျန်တာက အိမ်ထောင်နဲ့။

သူ့ရွာကနေ ဒီဒေသကို နှင်းဆီ စိုက်ဖို့ အစောဆုံးရောက်တာက သူပေါ့။ သူ့နောက်ကမှ ကျန်တဲ့ ညီအကို မောင်နှမ တွေလိုက်လာတာ။ နောက်ပြီး ရွာက လိုက်လာတဲ့သူတွေလည်းဆယ်ယောက် လောက်ရှိသေးတယ်။ အားလုံး ခြံနီးချင်းတွေပဲ။

သူကတော့ အရွယ်ရောက်ထဲက ရွာမှာနေရတဲ့အချိန်နည်းတယ်။ သူတို့ဒေသက မိုးကလည်း မမှန်၊ အလုပ်အကိုင်ကလည်း ထန်းတက်တာနဲ့ ယာစိုက်တာပဲရှိတော့ ရေခြားမြေခြား အလုပ် သွားလုပ်ကြတာများတယ်။ သူရွာကထွက်တော့ ဆယ့်ရှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်။ မုံရွာ က သံရည်ကျိုစက်မှာ လုပ်တယ်။ နောက်တော့ မှော်ဘီဘက်သွားပြီး ထန်းအငှားတက်တယ်။ နှင်းဆီ ခြံတွေမှာလုပ်တာက ပိုကောင်းတယ်လို့ကြားတော့ တိုက်ကြီးဘက်မှာ နှင်းဆီ ဖက်စပ်စိုက်တယ်။ မြေညံ့တော့ ဝင်ငွေမကောင်းဘူး။ ဒါနဲ့ ချင်းရွှေဟော်သွားပြီး တရုတ်ပြည်ထဲမှာ ကြံသွားခုတ် တယ် ။ ဝင်ငွေကောင်းပေမယ့် တရုတ်ရဲလိုက်တိုင်း တောထဲ သွားပုန်းနေရလို့ ကြာကြာမနေနိုင်ဘူး။ ပြန်လာခဲ့တယ်။

နောက်တော့ သူအရင်လုပ်ခဲ့တဲ့ သူဌေးက ရွာငံဘက်မှာ နှင်းဆီ သွားစိုက်မယ်ဆို တော့ လိုက်လာ လိုက်တာ အခုဆို ခြောက်နှစ်ကျော်ပြီပေါ့။ အခုတော့ မောင်နှမတွေ စုပြီး မြေ လေးဧကကျော် ငှားပြီး ကိုယ်တိုင် စိုက်တဲ့ အခြေအနေရောက်လာပြီ။ မြေဆီ၊ ပိုးသတ်ဆေး၊ စက်ဆီ တွေက တော့ အကြွေးယူပြီး လချင်းရှင်းတာပေါ့။

နှင်းဆီတစ်ပင်က စိုက်ပြီးရင် ငါးနှစ်၊ ခြောက်နှစ် ခူးလို့ရတယ်။ မိုးနဲ့ နွေဆိုရင် နေ့တိုင်း ညှပ် (ခူး ) လို့ရတယ်။ ဆောင်းတွင်းကတော့ အေးတဲ့အတွက် အပွင့်နည်းတယ်။ နှစ်ရက် သုံးရက် တစ်ခါပဲ ညှပ်ရတယ်။ နှင်းဆီ ကတော့ စိုက်ခင်းထဲအထိ ဆင်းပြီး ချုပ်ဝယ်တာဆိုတော့ ရောင်းဖို့ အတွက် မပူရဘူး။ ဒါပေမယ့် နှင်းဆီက ငွေသုံးနိုင်မှ အပွင့်ပွင့် တာ။ တစ်လကို ကုန်ကျစရိတ် သုံးလေးသိန်း ရှိတယ်။ ဈေးကောင်းတဲ့အချိန်ဆိုရင် တစ်လ ဆယ်သိန်း၊ ဆယ်ငါးသိန်းတော့ ဝင်တာပဲ ။ ဒါပေမယ့် အမြဲတမ်းဈေးကောင်းရနေတာတော့မဟုတ်ဘူး။ ပန်းပွင့်တိုင်း ဈေး ကောင်းရရင် အခုလောက်ဆို မြေပိုင်ပြီး ကားစီးနေပြီပေါ့တဲ့။

မနှစ် ( ၂၀၂၁ ) က အခြေအနေဘယ်လိုလဲလို့မေးလိုက်တော့ သူ့မျက်နှာက ခရမ်းချဉ်သီးမှည့် ကို မီးထဲပစ်ထည့်လိုက်သလို ရှုံ့တွ မဲ့ရွဲ့သွားတယ်။ စိတ်ပျက်တာလား၊ စက်ဆုပ်ရွံ့ရှာတာ လား၊ အတိတ်ကို မေ့လိုက်ချင်တာလား မသိနိုင်ဘူး။ ပြီးတော့မှ ဝယ်လက် မရှိလို့ ချိုးပြီး လွှင့်ပစ်ရ တယ်။ ဝယ်သူရှိတော့လည်း ဆယ်ပွင့်မှ နှစ်ရာ ၊ သုံးရာ ရသတဲ့။

အခု ဆောင်းတွင်းတော့ ဈေးပြန်ကောင်းလာတယ်၊ ဆယ်ပွင့် တစ်ထောင်ဈေးရတယ်၊ ခေတ် ပျက်ကြီးထဲမှာ ဘာလို့ ဈေးကောင်းရလဲ မသိဘူး လို့လည်း မှတ်ချက်ပြုတယ်။ သူ့ညီက တရုတ် လမ်းပိတ်ပြီး တရုတ်ပန်းတွေ မဝင်လို့ဆိုပြီး လှမ်းပြောတယ်။ အရှေ့မြင် အနောက်မြင် တောင်တက်ချိန်ကလည်း တရုတ် လမ်း ပိတ်လို့ တရုတ်အသီးတွေမဝင်ဘူး။ ဒါ့ကြောင့် လိမ္မော်ဈေးကောင်းတယ်လို့ ကြားခဲ့ရတယ်။နှင်းဆီ နဲ့ လိမ္မော် လည်း ပထဝီနိုင်ငံရေး နဲ့မလွတ်နိုင်တဲ့သဘောပေါ့။

မိုင်းအင် ပတ်ဝန်းကျင်ဘက် ခရီးဆက်ဖို့ရှိသေးတော့ နှုတ်ဆက်ပြီး ထွက်ခဲ့တယ်။ နှင်းဆီ ခင်းထဲ ပြန်ရောက်တော့ ဆေးဖျန်းသမားက ဆေးဖျန်းလို့မပြီးသေးဘူး။ တုန်းကနဲ လဲသေသွားမှ အဆိပ် မဟုတ်ဘူး။ ခန္တာကိုယ်ထဲကို တစိမ့်စိမ့်ဝင်ပြီး အချိန်ကြာမှ ဒုက္ခပေးတဲ့ ဓာတုဆေးတွေ ရှိတယ် ဆိုတာ သူ့ကို ရှင်းပြခွင့်မရဘူး။ ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟ အဆိပ်တွေ ကြားမှာ နေရတဲ့ကိုယ့် စိတ်ဓာတ်တွေလည်း ဘယ်လောက် အဆိပ်သင့်နေပြီ ဆိုတာ မသိနိုင်ဘူး။

ကျူး ကလော ၊ ကလော ကျူး

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ကလောပတ်ဝန်းကျင် မှာ တောတွင်း ခရီးကြမ်းလမ်း လေ ျှာက်ခဲ့တော့ ကလော သစ်တော ကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေအကြောင်း ကြားခဲ့ ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ မြေဘုတ်ဘီလူးတွေအကြောင်း တိတိ ကျကျ ပြောစမ်းပါဆိုရင် ပြောမယ့်သူမရှိဘူး။ မြေဘုတ်ဘီလူးဖမ်းစားမှာကို ကြောက်နေကြတယ်။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တိုင်ပဲ မြို့ပတ်ဝန်းကျင်လှည့်လည်ပြီး မြေဘုတ် ဘီလူး ရှာပုံ တော်ဖွင့်ခဲ့တယ်။

ကလောမြို့ပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ ကလောမြို့ရဲ့ ကျက်သရေပဲ။ ကလောမြို့ထဲမှာ နဲ့ မြို့ပတ်ဝန်းကျင်မှာလည်း ကလောမြို့ကို ထင်းရှူးမြို့တော်အဖြစ် တည် ဆောက်ဖို့၊ ထင်းရှူးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ၊ ထင်းရှူးပင် တွေဟာ သစ်တောဥပဒေအရ အကာအကွယ်ပေးထားတဲ့ သစ်ပင်ဖြစ်တဲ့အတွက် ခုတ်လှဲရင် အရေးယူခံမယ့်အကြောင်း သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ ပလူပျံနေတာပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကလောပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ မြေဘုတ် ဘီလူးတွေရဲ့ တတိတိ ဝါးမျိုခြင်းကို ခံနေရတယ်။

ကလောမြို့ပတ်ဝန်းကျင်က သစ်တောတွေကို ကလောသစ်တောကြိုးဝိုင်းနဲ့ အကာအကွယ် ပေး ထားတယ်။ ကလောမြို့ဟာ ကြိုးဝိုင်းနဲ့ထိစပ်နေတယ်။ ကလောသစ်တောကြိုးဝိုင်းကို ၁၉ ၂၄ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အကျယ်အဝန်းက ဧက ၆၈၀၉ .၄၈ ဧက ရှိတယ် ( စာရင်း အရ ပြောတာပါ။ မြေပြင်မှာ ဘယ်လောက်ကျန်သလဲဆိုတာ သစ်တောဦးစီးဌာနမှပဲ သိမှာပါ။ )

ကျွန်တော်လေ့လာမိသလောက် မြေဘုတ်ဘီလူးတွေ ထင်းရှူးတောတွေကို စားတဲ့ နည်းလမ်း နှစ်ခုရှိတယ်။ ပထမ တစ်ခုကတော့ မြို့စည်ပင်သာယာနယ်နမိတ်နဲ့ ထိစပ်နေတဲ့ သစ်တော ကြိုးဝိုင်းနေရာတွေကို ကျူးကျော်တာပဲ။ အဲဒီလို ကျူးကျော်သူအများစုက လုပ်ပိုင် ခွင့် အာဏာ ရှိတဲ့သူတွေ၊ ငွေရှိပြီး အဆက်အသွယ်ကောင်းတဲ့သူတွေပဲ။ ဒေသခံတွေက လက်ညှိုးထိုး ရောင်းတာကို သစ်တောမြေမှန်းသိသိနဲ့ ဝယ်လိုက်တာတွေလည်းရှိတယ်။ ပေါက်ရောက် လွန်းတော့ သစ်တောမြေကို ဥပဒေ လက်တစ်လုံးခြားလုပ်ပြီး အပိုင်စီးလိုက်တာလည်း ရှိတယ် တဲ့။

ဒီလူတွေက မြို့တိုးချဲ့တာနဲ့အမ ျှ မြို့နားက သစ်တောမြေတွေကို စည်ပင်သာယာ နယ်နမိတ်ထဲ ကို ထည့်လိုက်မယ်ဆိုတာကို သိတဲ့သူ ဒါမှမဟုတ် အဲဒီလို ထည့်အောင်လုပ်နိုင်သူတွေပေါ့။ ရှေးယခင်က လည်း အဲဒီလို ဖြစ်ခဲ့တဲ့ အစဉ်အလာတွေက ရှိတာကိုး။ စည်ပင်သာယာနယ်နမိတ်ထဲ ရောက်သွားပြီ ဆိုတာနဲ့ မြေကွက်တန်ဖိုးက လေးငါး ဆယ်ဆ တက်သွားမှာဆိုတော့ လက်ရဲ ဇက်ရဲ လုပ်နေကြတာပဲ။ သစ်တောဦးစီးဌာနက တရားစွဲရင်လည်း ဂရုမစိုက်ဘူး။ သစ်တော ဥပဒေ(၂၀၁၈) အရ ပြစ်မှုစီရင်ချက်ချပြီးရက်ပေါင်းသုံးဆယ်အတွင်းမှသာ ဖယ်ရှားတာ၊ ပစ္စည်းသိမ်းတာလုပ်ရမှာ ဆိုတော့ တရားရုံးမှာ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲလိုက်တာ ဆောက်နေတဲ့ အိမ်တွေ ပြီးသွား တယ်၊ အမှုမပြီးသေးဘူးလို့ ပြောတာလည်း ကြားခဲ့ရတယ်။

တကယ်တော့ သစ်တောမြေကို မြို့မြေအဖြစ်ပြောင်းလဲရင်တောင် ကျူးကျော်ထားတဲ့သူက အလိုလို ပိုင်ရှင် ဖြစ်သွားတာမျိုးတော့မဖြစ်သင့်ဘူး။ မြို့မြေအဖြစ် ပြောင်းလဲမယ့် သစ်တော မြေ ကို အကွက်ရိုက်ပြီး ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချ၊ ရတဲ့ငွေကို မြို့ဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် သုံးတာမျိုးပဲဖြစ်သင့်တယ်။

မြေဘုတ်ဘီလူးတွေ အသုံးပြုတဲ့နောက်နည်းလမ်းတစ်ခုကတော့ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း လေ ျှာက်ထားတဲ့နည်းလမ်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အရ ဆိုရင် အစုအဖွဲ့ပိုင် သစ်တော ( Community Forestry) ကို ထူထောင်ခွင့်ရှိတဲ့သူတွေက သစ်တောကို အမှန်တကယ် မှီခိုပြီး တိုက်ရိုက်အကျိုးသက်ဆိုင်တဲ့ အိမ်ထောင်စုတွေပဲ ဖြစ်ပါတယ်။

အဲဒီ သတ်မှတ် ချက် နဲ့အညီ ဖွဲ့စည်းတဲ့ သူတွေရှိသလို သစ်တောကို အမှန်တကယ်မှီခိုနေထိုင် လုပ်ကိုင်စားသောက် နေသူမဟုတ်တဲ့ မြေဘုတ်ဘီလူးတွေကလည်း ကိုယ်ရယ်၊ ဇနီး၊ သားသမီး၊ ဆွေမျိုးတွေ နာမည် တွေစုပြီး သစ်တောဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိတဲ့သစ်တောတွေထဲမှာ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်လေ ျှာက်တယ်။ ဘယ်လိုတွေစိစစ်ခွင့် ပြုသလဲတော့မသိဘူး၊ တည်ထောင်ခွင့် လည်း ရတယ်။ C/F 2021 ဆိုပြီး နယ်နမိတ် ငုတ်စိုက်ထားတဲ့ လောလော လပ်လပ် လုပ်ပိုင် ခွင့်ချပေးထားတဲ့အကွက်တောင်တွေ့ခဲ့ရတယ်။ သွားလာရေးလွယ်ကူပြီး သစ်တောဦးစီးဌာနက လက်လှမ်းမီတဲ့ မြို့ပတ်ဝန်းကျင်နေရာတွေမှာ အစု အဖွဲ့ပိုင် သစ်တော ထူထောင်ခွင့်ပေးသင့်သလားဆိုတာလည်း စဉ်းစားသင့်တဲ့အချက်ပဲ။

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းစည်းမျဉ်းအရ သစ်တောထိန်းသိမ်းရေးလုပ်ငန်းနဲ့ မသက်ဆိုင် တဲ့ အခိုင်အမာ အဆောက်အဦတွေမဆောက်ရဘူး။ မူလခွင့်ပြုချက်မှာ ပါတဲ့ လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတွေမလုပ်ရဘူး။ ဒါပေမယ့် သွေးတိုးစမ်းပြီး ဒေသဖွံ့ဖြိုးရေး ခေါင်း စဉ်အောက်ကနေ အခိုင်အမာအဆောက်အဦတွေဆောက်တာ၊ စားသောက်ဆိုင်လိုလို၊ ရှုခင်း ကြည့်ဖို့နေရာလိုလို လုပ်ဖို့ ကြိုးစားနေတာတွေလည်းမြင်ခဲ့ရတယ်။ အဲဒါတွေ အောင်မြင်သွားရင် တော့ ထင်းရှူးတောတွေ ပျောက်ကွယ်သွားတော့မှာပဲ။

သစ်တောဦးစီးဌာနကလည်း သစ်တောကြိုးဝိုင်းနယ်မြေကို သိသာထင်ရှားစေတဲ့ လူတစ်ရပ် လောက် အုတ်တိုင်ကြီးတွေ စိုက်၊ သတိပေးဆိုင်းဘုတ်တွေထူတော့လုပ်နေတာပဲ။ ဒါပေမယ့် အဲဒီ ဆိုင်းဘုတ်တွေနားမှာတင် ကျူးကျော်ဆောက်ထားတယ်လို့ ယူဆရတဲ့ အခိုင်အမာအိမ်တွေ၊ ဆိုင်တွေ ရှိနေပြန် ရော။

သစ်တောဦးစီးဌာနက တရားစွဲထားတယ်ဆိုတဲ့ အိမ်/ဆိုင်တွေလည်း တွေ့ခဲ့တယ်။ အခုထိ တော့ အလုံးအရပ် မပျက် လုပ်ငန်းဆက်လုပ်နေဆဲပဲ။ ဒီနေ့ရှုခင်းလှတယ်ဆိုပြီး နာမည်ကြီးနေတဲ့ စား သောက်ဆိုင်တစ်ဆိုင်၊ ကော်ဖီကောင်းတယ်ဆိုတဲ့ ကော်ဖီဆိုင်၊ လပြတ်ငှားနေသူများတဲ့ လုံးချင်း အိမ်တစ်လုံးတို့ဆိုရင် သစ်တောကြိုးဝိုင်းမြေကို ကျူူးကျော်ထားတယ်လို့ လူပြောများတယ်။ ကျွန် တော်ရောက်သွားတော့လည်း အဲဒီစွပ်စွဲချက်မှန်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်။

မြေအသုံးချမှုနဲ့ပတ်သက်ပြီး မမှန်မကန်လုပ်ဆောင်တဲ့ ဝန်ထမ်းတစ်ချို့ အရေးယူခံရတာ လည်း ကြားရတယ်။ ဒါပေမယ့် အဲဒီလို အရေးယူခံရတဲ့ ဝန်ထမ်းတွေရဲ့ အထပ်မြင့် ဟိုတယ်တွေ၊ တိုက် တွေလည်း မြင်ခဲ့ရတယ်။ အဂတိ တိုက်ဖျက်ရေးဥပဒေ နဲ့အရေးယူတာမဟုတ်ဘဲ ဌာန ဆိုင်ရာ စည်းကမ်းအရ အရေးယူပြီး နုတ်ထွက်ခိုင်းလိုက်တာဆိုတော့ ဆရာတွေက ပန်းပန်လျက်ပဲ။

ဒါ့အပြင် ကြိုးဝိုင်းနယ်မြေလို့ ယူဆရတဲ့နေရာတွေမှာ ကွန်ကရိတိုင်တွေနဲ့ သံဆူးကြိုး တွေခတ်ထားတာလည်း တွေ့ခဲ့ရတယ်။တကယ်တော့ ကြိုးဝိုင်း ကို ကျူးကျော်တယ်ဆိုတာ ပုန်းလ ျှိုးကွယ်လ ျှိုးလုပ်လို့ရတာမဟုတ်ဘူး။ ကလောကြိုးဝိုင်း လို မြို့နဲ့ဆက်နေတဲ့ ကြိုးဝိုင်းဆိုရင် ပိုဆိုးတာပေါ့။

ဒါပေမယ့် ကလောမြို့နယ်သစ်တောဦးစီးဌာနက တရားစွဲ တဲ့ အကြောင်း ဖော်ပြထားတဲ့ ၂၀၁၉ ဇန်နဝါရီ နဲ့ ၂၀၂၀ ဧပြီလ သတင်းနှစ်ပုဒ်မှာ အဆောက်အဦ ဆောက်ပြီး တဲ့အဆင့်ရောက်မှ သစ်တောဦးစီးဌာနက တရားစွဲတယ်လို့ တွေ့ရ တယ်။ ခြံစည်းရိုးကာ၊ မြေရှင်း အဆင့်တွေမှာ တာဝန်ရှိသူတွေ မသိနိုင်အောင် မြေဘုတ် ဘီလူး တွေက ကိုယ်ရောင်ဖျောက် ထားနိုင်ပုံရတယ်။

တကယ်တော့ သစ်တောကြိုးဝိုင်းနယ်နမိတ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်ထဲက မြေပုံ နဲ့ အတိအကျရေးဆွဲခဲ့၊ မြေပြင်မှာ အမှတ်အသား လုပ်ထားခဲ့တဲ့အတွက် ကြိုးဝိုင်းမြေကို ကျူးကျော် သူ ဟုတ်၊မဟုတ်ဆိုတာ ဘာမှ အငြင်းပွားစရာ အကြောင်းမရှိဘူး။

ကလောသစ်တောကြိုးဝိုင်းကို ကျူးကျော်နေသူ အများစုက ဝမ်းရေးအတွက် ကြိုးဝိုင်း ထဲမှာ စိုက်ပျိုးစားသောက်နေရသူတွေမဟုတ်ဘူး။ လောဘဇော နဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးကျော်နေတာ ဖြစ်တဲ့အတွက် တောတောင်တွေထဲက တောင်ယာခုတ်၊ ခြံလုပ်သူတွေနဲ့ တန်းတူထားပြီး စဉ်းစား ပေးဖို့မလိုပါဘူး။

ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာတော့ အစိုးရမြေ၊ စည်ပင်သာယာပိုင်မြေကို ကျူးကျော်ရင် ဘယ်နေ့ နောက်ဆုံးထားပြီး ဖယ်ဖို့ အမိန့်စာထုတ်တယ်။ မရရင် အင်အားသုံးပြီး ဖယ်ရှား တယ်ဆိုတဲ့ သတင်းတွေ ဖတ်ရတယ်၊ လက်တွေ့လုပ်ဆောင်နေတာလည်း မြင်ရတယ်။ဒါ့ကြောင့် ကလောသစ်တောကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေကို မြေထိုးစက်နဲ့ ထိုးရင် ဘယ်လို နေမလဲ လို့တွေးကြည့်မိတယ်။

ကျွန်တော်က အချိန်တိုအတွင်းမှ လေ့လာခဲ့ရတာဖြစ်တယ်။ နောက်ပြီး တာဝန်ရှိသူတွေ နဲ့ တွေ့ ဆုံမေးမြန်းမှုလည်း မလုပ်နိုင်တဲ့အတွက် အချက်အလက်တွေဖော်ပြရာမှာ လိုအပ်ချက် တွေရှိ နိုင်ပါတယ်။ ဒါပေမယ့် သစ်တောကြိုးဝိုင်းကို ကျူးကျော်နေတဲ့ ကိစ္စ ဟာ ကလောမြို့အတွက် အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေပြီ ဆိုတာတော့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။

ဆင်တောင်

ကျွန်တော့်ခရီးစဉ်မှာ ခွေးရုပ်ဘူတာကနေ အပြန်အခရီးမှာ ဆင်တောင်ကို ခြေလျင်ပြန်သွားခဲ့ ရတယ်။ ဆင်တောင်ရောက်တဲ့အခါမှာတော့ ကားငှားပြီး မြင်းဒိုက်ဘူတာကို ပြန်ခဲ့တယ်။

ဆင်တောင်ရွာက အိမ်ခြေ လေးရာတစ်ဆယ်ရှိတယ်။ ပအိုဝ်း၊ တောင်ရိုး ၊ဓနု တိုင်းရင်းသားတွေနဲ့ ဂေါ်ရခါး လူမျိုးတွေများတယ်။ ဗမာတိုင်းရင်းသားအိမ်ထောင်စုက နှစ်ဆယ်ကျော်ပဲရှိတယ်။ ဆင်တောင်ရွာရဲ့ အဓိက လုပ်ငန်းက နနွင်း ( ဆနွင်း) စိုက်ပျိုးရေးပါ။ နနွင်းစိုက်တဲ့နေရာ အများစုက ဆင်တောင်ရွာ ပတ်ဝန်းကျင်မှာမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ သွားရင် နာရီဝက် ကျော်ကျော်၊ ခြေလျင်သွားရင် နှစ်နာရီကျော်သွားရတဲ့ ပေါင်းလောင်းချောင်းဦး ပတ်ဝန်းကျင် မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။

ပေါင်းလောင်းချောင်းဦး ဆိုတာ ပေါင်းလောင်းချောင်းအစ ကို ခေါ်တာပါ။ အဲဒီနေရာက တောင်ခြေ ဂူထဲကနေ ရေထွက်နေတာဖြစ်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ ချောင်းဦးနေရာနဲ့ ပေါင်း လောင်းချောင်းဖျားက သာယာတယ်။ ရေချိုးအပန်းဖြေလို့ကောင်းတယ်လို့ ဆိုတယ်။

အခု အချိန်က နနွင်းဖော်တော့မယ့်အချိန်ဆိုတော့ ရွာသူရွာသားတွေ စိုက်ခင်းတွေထဲရောက် နေကြပြီ။ နနွင်းက နှစ်နှစ်တစ်ကြိမ်ဖော်ရတာဆိုတော့ နနွင်းတောင်သူတွေက စိုက်ခင်း နှစ်ခု ကို အလှည့်ကျစိုက်ရတယ်။ အရင်ကတော့ ဓာတုဆေးဝါးတွေသုံးတာမရှိပေမယ့် အခုတော့ ပေါင်း သတ်ဆေးတွေသုံးနေရပြီလို့ ဆိုတယ်။

ဒီနှစ် နနွင်းဈေးက တစ်ပိဿာ ၁၈၀၀၊ ၁၉ ၀၀ နဲ့ဖွင့်ထားတယ်၊ ဒီဘက်မှာ နနွင်းစိုက်တာက မျိုး တစ်ပုံးဆိုရင် ပိဿာ နှစ်ရာ၊ သုံးရာထွက်တယ်တဲ့။ အရင် ရထားပုံမှန်ပြေးချိန်ကတော့ ကလော၊ အောင်ပန်းကို ရထားနဲ့ ပို့တယ်။ အခုတော့ ကားနဲ့ ပို့ရတယ်။ ကားခက လူတစ်ယောက် ကလော အသွား အပြန် လေးထောင်၊ အောင်ပန်းကို ငါးထောင်၊ ကုန်ပို့ခက ကလောကို ကုန်တစ်ပိဿာ လေးဆယ်၊ အောင်ပန်းကို ငါးဆယ်။ ကားခတွေကလည်း ဆီဈေးနဲ့ အပြိုင်တက်နေတာ ဆိုတော့ ဒီထက် ဈေးကျဖို့က မေ ျှာ်လင့်ချက်မရှိသလောက်ပဲ။ ရထားခရီးစဉ်ရှိရင်တော့ ကုန်ရော၊ လူပါ သွားရတဲ့ စရိတ်အများကြီးသက်သာသွားမှာပေါ့။

ဆင်တောင်ကနေ မြင်းဒိုက်ကို သွားတဲ့လမ်းက အတော်ဆိုးတယ်။ မိုးတွင်းဆိုရင် ချိန်းကြိုးပတ်ပြီး မောင်းရတယ်။ ဒီလမ်းကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျောက်ခင်းလမ်းအဖြစ် ပြုပြင်ခဲ့ပေမယ့် အခု တော့ အတော်ပျက်စီးနေပြီ။

ဒါပေမယ့် ဒီလမ်းကို ပြင်ဆင်ဖို့ကျတော့ ရှမ်းပြည်နယ်အစိုးရ နဲ့မဆိုင်ဘူး။ ဆင်တောင်နဲ့ ခွေးရုပ်ဘူတာရယ်၊ ရထားလမ်းဘေးက ကမ်းပါးနီ နဲ့ ဟင်းခါးကုန်း ရွာ တွေက ရှမ်းပြည်နယ် ကလောမြို့နယ်အပိုင် မဟုတ်ဘူး။ မန္တလေးတိုင်း သာစည်မြို့နယ်အပိုင်။ ဓာတ်ပုံတွေနဲ့ အတူတင်ထားတဲ့ မြေပုံကို ကြည့်လိုက်ရင် သာစည်မြို့နယ်နဲ့ ကလောမြို့နယ် အစပ်မှာ လည်ပင်းလို သိမ်နေတဲ့ နေရာမှာ ရထားလမ်းနဲ့ ဆင်တောင်၊ ခွေးရုပ်ဘူတာတွေ ပါတယ်။

မြင်းဒိုက်ရွာကလည်း သာစည်နယ်ထဲမှာပါပြီး မြင်းဒိုက်ဘူတာကျတော့ ကလော နယ်ထဲ မှာပါတယ်။ မြင်းဒိုက်ရွာနဲ့ ဘူတာက မိုင်ဝက်ကျော်ကျော်လောက်ဝေးမယ်ထင်တယ်။ ဘူတာ နဲ့ အနားမှာရှိတာက မြင်းစိုင်းကုန်းရွာ၊ သူကျတော့ ကလောနယ်ထဲမှာပါတယ်။ စာသင်ကျောင်း ကျတော့ မြင်းဒိုက်ရွာမှာ သာစည်မြို့နယ်အပိုင် အလယ်တန်းကျောင်း( ခွဲ )ရှိပြီး မြင်းစိုင်းကုန်း မှာ ကလောမြို့နယ်အပိုင် အထက်တန်းကျောင်းခွဲရှိတယ်။ ဓာတ်ပုံ တွေနဲ့ အတူ တင်ထားတဲ့ ဂူဂဲလ်မြေပုံမှာကြည့်ရင် ပိုရှင်းတယ်။

ဒီတော့ ကလော – မြင်းဒိုက်ဘူတာကို လာတဲ့လမ်းက ကလောမြို့နယ်ထဲမှာ ပါတဲ့အတွက် ကတ္တရာလမ်းဖြစ်နေပေမယ့် ဆင်တောင်- မြင်းဒိုက် လမ်းကတော့ ကျောက်ခင်းလမ်း တစ်ပိုင်း၊မြေသားလမ်းတစ်ပိုင်းပဲဖြစ်နေသေးတယ်။

ဒါပေမယ့် မန္တလေးတိုင်းအစိုးရ အဖွဲ့ဘက်က ကြည့်တော့လည်း ဆင်တောင်- မြင်းဒိုက် လမ်းက သူတို့အတွက် ဦးစားပေးဖြစ်မနေဘူး။ ခွေးရုပ်၊ ဆင်တောင်၊ ကမ်းပါးနီ၊ ဟင်းခါးကုန်းရွာတွေ အတွက်ကျတော့လည်း ပထဝီအနေအထားအရ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စအ၀၀ ကို ကလော နဲ့ အောင်ပန်းမှာ သွားလုပ်ရတယ်။ အုပ်ချုပ်ရေးကိစ္စ၊ ရုံးကိစ္စပဲ သာစည်ကို သွားလုပ်ရတာ။ အခု လို ရထားခရီးစဉ်တွေ မရှိသလောက်ဖြစ်သွား တဲ့အချိန်မှာ ဆင်တောင်- မြင်းဒိုက် လမ်းက သူတို့အတွက် မရှိမဖြစ်လမ်းဖြစ်နေ ပြန်တယ်။

ကားဆရာကတော့ ရွာလူကြီးတွေ သာစည်မြို့နယ်ကို သွားပြီး လမ်းပြင်ပေးဖို့ တင်ပြထား တယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ရွာတွေက မွေးစားသားလို့ဖြစ်နေတာပါဗျာ လို့ ဝမ်းနည်းတဲ့ အသံနဲ့ ပြောရှာတယ်။

သူ့ကို အားပေးစကားမပြောနိုင်ခဲ့ပေမယ့် သူတို့ ဒုက္ခကို သိသင့်သူတွေများ သိနိုင်မလား ဆိုတဲ့ မေ ျှာ်လင့်ချက်နဲ့ စာတစ်ပုဒ်တော့ ရေးလိုက်မိပါတယ်။

မြင်းဒိုက်ဘူတာ

မြင်းဒိုက်ဘူတာ က ရွှေညောင်ဘူတာဘက်ကလာရင် ကလော အလွန်တစ်ဘူတာပေါ့။ ကလော ကနေ နန်းသဲကျေးရွာကို ဖြတ်ပြီး မြင်းဒိုက်ဘူတာ အထိ ကတ္တရာလမ်းအတိုင်း ကားနဲ့ သွားလို့ရ တယ်။

ကျွန်တော့်ခရီးစဉ်မှာ ရောက်ခဲ့တဲ့ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ် ဘူတာသုံးခု ထဲမှာ မြင်းဒိုက်ဘူ တာက အဆောက်အဦ အများဆုံးပဲ။ ဘူတာရုံအပြင် ကိုလိုနီခေတ်လက်ရာ မီးခိုးခေါင်းတိုင် နဲ့ တည်ဆောက်ထားတဲ့ နေအိမ်တစ်လုံး၊ လေးခန်းတွဲလိုင်းခန်းတစ်လုံးရှိတယ်။ဒ့ါအပြင် အမိုး အုတ်ကြွပ်ပြားတွေမှာ ၁၉ ၅၃ လို့ရေးထား တဲ့ ဒီဘက်ခေတ် တန်းလျား နှစ်ခု ရှိတယ်။

မီးခိုးခေါင်းတိုင်နဲ့ အိမ်က ဘူတာရုံပိုင်အိမ်။ လေးခန်းတွဲက အရင်က စက်ခေါင်းမောင်းတွေ၊ တွဲ စစ်တွေနားတဲ့ရိပ်သာ၊ အခုတော့ အလုပ်သမားတန်းလျားဖြစ်နေပြီ။ အဖေကလည်း ဒီဘူတာမှာ ဝန်ထမ်း၊ သူလည်း ဝန်ထမ်းဆက်လုပ်နေတဲ့ ရထားဝန်ထမ်းတစ်ယောက်က ရုံပိုင်အိမ် နဲ့ အခု လေးခန်းတွဲ တန်းလျားက သက်တမ်း ၁၀၈ နှစ်ရှိပြီလို့ ပြောပြတယ်။

မြင်းဒိုက်ဘူတာမှာ အခုလို အဆောက်အဦတွေများနေရတာက ကျောက်မီးသွေးသုံး စက်ခေါင်း တွေ အသုံးပြုစဉ်ကာလက သာစည်က တက်လာတဲ့ ရထားက လယ်ပြင်ဘူတာကျော်ရင် တွဲအားလုံး ဆွဲပြီး တောင်ပေါ် မတက်နိုင်ဘူး။ ဒါ့ကြောင့် တွဲတစ်ချို့ ကို လယ်ပြင် ထားခဲ့ပြီး လွန်းထိုးတွေကို ဖြတ် ခွေးရုပ်၊ ဆင်တောင်ဘူတာတွေကတဆင့် မြင်းဒိုက်ကိုလာတယ်။

မြင်းဒိုက် ရောက်ရင် အတက်ခရီး မောင်းလာတဲ့ စက်ခေါင်းနဲ့ တွဲစစ်အဖွဲ့က လေးခန်းတွဲအဆောက်အဦမှာ နား၊ မြင်းဒိုက်မှာ ရှိတဲ့ အဖွဲ့က လယ်ပြင်ကို နောက်တစ်ခေါက် ပြန်ဆင်းပြီး ကျန်တဲ့တွဲတွေကို ပြန်ဆွဲတယ်။ တွဲအားလုံးစုံပြီဆိုမှ မြင်းဒိုက်မှာ တွဲပြန်စီပြီး ရွှေ ညောင်ကို ဆက်သွားတယ်လို့ ဆိုတယ်။ ဒီဇယ်စက်ခေါင်းခေတ် ရောက်တော့ အဲဒီလို လုပ် ဖို့ မလို တော့တဲ့အတွက် ရိပ်သာလေးလည်း ဝန်ထမ်းအိမ်ရာ ဖြစ်သွားပုံရတယ်။

ဒီအဆောက်အဦ နှစ်ခု အနက် ရုံပိုင်အိမ်ကတော့ တံခါးပိတ်ထားလို့ ဝင်ကြည့်ခွင့်မရဘူး။ လေးခန်းတွဲလိုင်းကတော့ လက်ရှိအလုပ်သမားတွေနေတဲ့အတွက် ဝင်ကြည့်လို့ရတယ်။ မီးခိုး ခေါင်းတိုင်က အဆောက်အဦ ရဲ့ နှစ်ဘက် လုံးမှာရှိတယ်။ ခေါင်းတိုင်တစ်ခုကို မီးဖိုချောင် နေရာ နဲ့ ဧည့်ခန်း ( လို့ ယူဆရတဲ့ ) အခန်း နှစ်ခုလုံးက သုံးနိုင်အောင်လုပ်ထားတယ်။ တစ်ခြမ်းမှာ အခန်း နှစ်ခန်း၊ မီးဖိုချာင်တစ်ခုစီရှိတယ်။ အရင်ကတော့ တစ် ခြမ်းက စက်ခေါင်းမောင်းတွေ၊ တစ်ခြမ်းက ဂတ်ဗိုလ်နဲ့ တွဲစစ်အဖွဲ့တွေ နေတာလို့ ဆိုတယ်။ လက်ရှိအခြေအနေမှာတော့ ဝန်ထမ်းတွေနေပြီး အဆောက်အဦကတော့ ပြုပြင်ထိန်းသိမ်းမှု လို တဲ့အခြေအနေရောက်နေပါပြီ။

မြင်းဒိုက်ဘူတာမှာ အတက်ရထားတွေ တွဲပြန်စီတာ၊ စက်ခေါင်းအတွက် ကျောက်မီးသွေး ဖြည့်တာ တွေလုပ်ရတဲ့အတွက် စက်ခေါင်းစက်ရုံ အဆောက်အဦတစ်ခုရှိခဲ့ဖူးတယ်လို့သိရပါတယ်။ ဒီဇယ် စက်ခေါင်းတွေခေတ်ရောက်တော့ အဲဒီအဆောက်အဦကိုလည်း ဖျက်လိုက်ပြီလို့ ဆိုတယ်။ ဟိုးတုန်းကတော့ ကျောက်မီးသွေးပုံတွေ၊ စက်ခေါင်းပေါ်က ရှင်းထုတ်လိုက်တဲ့ ကျောက်မီးသွေး ပြာပုံတွေရှိခဲ့တယ်တဲ့။

မြင်းဒိုက်ဘူတာမှာ ရှိတဲ့ ကျောက်မီးသွေးစက်ခေါင်းကို ရေဖြည့်တဲ့ ရေတိုင်ကြီး နဲ့ သံလမ်းထိန်း ကရိယာတွေက မူလရထားလမ်းစဖောက်ချိန်ထဲက သုံးခဲ့တဲ့ ပစ္စည်းတွေဖြစ်ပုံရတယ်။ ၁၉ ၁၂ ခုနှစ် လို့ ရေးထားတာ တွေ့ရသလို မူလ ထုတ်လုပ်တဲ့ ကုမ္ဗဏီအမည်တွေကိုလည်း ဖတ်လို့ရသေး တယ်။

မြင်းဒိုက်ဘူတာရုံလေးရယ်၊ ရုံပိုင်အိမ်လေးရယ် နဲ့ရိပ်သာလုပ်ဖူးတဲ့ လိုင်းခန်းလေးကို မူလ လက်ရာအတိုင်း ပြန်လည် ထိန်းသိမ်း ၊ ရိပ်သာလုပ်ခဲ့ဖူးတဲ့ လိုင်းခန်းလေးမှာ သာစည်-ရွှေညောင်ရထားလမ်းသမိုင်း ပြတိုက်ငယ်လေး လုပ်၊ ဘူတာပတ်ဝန်းကျင်က ယနေ့အထိ သုံးနေဆဲ ရှေးဟောင်း ပစ္စည်းကရိယာတွေကို လေ့လာနိုင်အောင် လုပ်ထားပေး၊ ရထားလှိုဏ်ဂူတွေအထိ လမ်းလေ ျှာက်နိုင်မယ့် ခရီးစဉ် စီစဉ်ပေးမယ် ရင် မြင်းဒိုက်ဘူတာလေးဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာ တစ်ခုဖြစ်လာနိုင်ပါတယ်။

နီးနီး ဝေးဝေး ပညာရေး

မြင်းဒိုက်ကနေ ဆင်တောင်ကို ရထားသံလမ်းအတိုင်း သွားတော့ လမ်းမှာ ကျောင်းသူလေး တစ်ယောက်နဲ့တွေ့တယ်။ ဆယ်တန်းကျောင်းသူလေး။

ဆက်သွားတော့ နောက်ထပ် ကျောင်းသားသုံးယောက်၊ ကျောင်းသူတစ်ယောက်တွေ့တယ်။ ပထမတွေ့တဲ့ကျောင်းသူလေးနဲ့ တစ်ရွာတည်းပဲ။ ဆယ်တန်းနှစ် ယောက်ပါတယ်။ ကျန်တာက ရှစ် တန်း၊ ကိုးတန်းတွေ။

သူတို့ရွာကနေ မြင်းဒိုက် အထက်တန်း ကျောင်းကို နေ့စဉ်လမ်းလေ ျှာက်ပြီးလာရတယ်။ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ကြာတယ်။ သူတို့ရွာမှာ အဲဒီလို ကျောင်းတက်နေတာ ရှစ်ယောက်ရှိတယ်တဲ့။

နီးနီးလေးရှိတဲ့ကျောင်းကို တက်သင့် မတက်သင့် အငြင်းပွားနေချိန်မှာ ၊ သူတို့လေးတွေကတော့ ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး ပညာဆည်းပူးနေဆဲပဲ။

အတိတ် ခရီးသည်

“ ရထားလမ်းအတိုင်း ခြေလျင်ခရီးနှင် ချင်တယ်ဗျာ” ။ ကျွန်တော့်စကားကို ကြားတော့ ဒေသခံ ဧည့်လမ်းညွှန်က နားမလည်နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။ သူက သာစည်ကနေ ကလော ကိုရထားနဲ့လာတဲ့။ ဒါမှမဟုတ် ညောင်ရွှေကနေ ဆင်တောင်ကို ရထားနဲ့သွား၊ ဆင်တောင် မှညအိပ် ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ခရီးလှည့်တဲ့နိုင်ငံခြားခရီးသွားတွေကိုပဲ ကြုံဖူးတာကိုး။

ကျွန်တော်ကတော့ မြင်းဒိုက် ဘူတာ ကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း လမ်းလေ ျှာက် ဖို့ ဆုံးဖြတ်ထားတာ။ ကျွန်တော်ငယ်ငယ်က အဖေ အောင်ပန်းမှာ တာဝန်ကျတော့ သာစည်- ရွှေညောင် ရထားကို အကြိမ်ကြိမ်စီးခဲ့ဖူးတယ်။ တောင်တက်လမ်းကို အသံကုန် အော်ပြီးတက်နေတဲ့ စက်ခေါင်းကြီးကို သနားဖူးတယ်။ လွန်းထိုးတွေမှာ ရထားကြီးကို ရှေ့နောက် အတက်အဆင်းတွေလုပ်နိုင်ဖို့ သံလမ်းတွေအပြောင်းအလဲလုပ်တာကို အံ့သြမဆုံး၊ မေးခွန်း မေး လို့ မဆုံးဖြစ်ခဲ့ဖူးတယ်။ ခွေးရုပ်ဘူတာက ထမင်းပူပူ၊ ဟင်းပူပူ ၊ ချပါတီ၊ ပူရီနဲ့ အာလူး ဟင်း မက် မက်မောမော စားခဲ့ဖူးတယ်။ ရထားပြူတင်းပေါက်က ခေါင်းထွက်ပြီး တောင်ပေါ်လမ်းအတိုင်း ကွေ့ ကွေ့ကောက်ကောက်မောင်းနေတဲ့ ရထားတွဲ အစအဆုံးကို ကြည့်ခဲ့ဖူးတယ်။ ဥမင် လှိုဏ်ခေါင်းတွေကို ဖြတ်တဲ့အခါ အသံကုန်အော်ခဲ့ဖူးတယ်။

အခု အချိန်မှာ ငယ်ငယ်က အံ့သြခဲ့၊ စွဲလမ်း ခဲ့တဲ့ ရထားလမ်းတစ်လေ ျှာက်က မြင် ကွင်းတွေကို ခြေလျင်ခရီးနှင် ပြီး ကြည့်ချင်တယ်။ လှိုဏ်ဂူတွေကို ခြေလျင်ဖြတ်လေ ျှာက်ချင် တယ်။ ခွေးရုပ်ဘူတာမှာ နေ့လယ်စာ စားချင်တယ်။ ဒ့ါကြောင့် ဘယ်သူမှ မသွားတဲ့ ခရီးကို သွားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဇရာအိုရဲ့ အိပ်မက်လို့လည်း ဆိုနိုင်ပါတယ်။ အတိတ်ကို ခြေရာ ပြန်ကောက်ခြင်းလို့လည်း ပြောလို့ရတယ်။

သာစည်- ရွှေညောင်ရထားလမ်းက အရင်ကဆိုရင် အတက်သုံးစီး၊ အဆင်းသုံးစီးရှိတယ်။ နောက် တော့ အတက်နှစ်စီး၊ အဆင်းနှစ်စီးဖြစ်သွားတယ်။ ၂၀၂၀ ကိုဗစ်လှိုင်းတွေလာတော့ တစ်နေ့ အတက်တစ်စီး၊ အဆင်းတစ်စီး ဖြစ်သွားတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်းမှာ ရထား ခရီးစဉ် တွေရပ်သွားတယ်။ အခု ပြန်စတာ နှစ်လလောက်ပဲရှိသေးတယ်။ ဒါပေမယ့် နေ့စဉ် မရှိတော့ဘူး။ တစ်ပတ်မှာ တစ်ရက်တက်၊ တစ်ရက်ဆင်း နှစ်စင်းပဲရှိတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ တနင်္လာနေ့ မှာ အတက် ရထား၊ အင်္ဂါနေ့မှာ အဆင်းရထား လို့ သတ်မှတ်ထားတယ်။

ရထားခရီးစဉ်တွေရပ်သွားတာနဲ့ အတူ မြင်းဒိုက်၊ ခွေးရုပ်ဘူတာတွေက ထမင်းဆိုင်လေးတွေ လည်း မီးခိုးတိတ်သွားခဲ့တယ်။ ဒီတော့ ခွေးရုပ်ဘူတာမှာ နေ့လယ်စာဝယ်စားချင်တယ်ဆို ရင် ရထားခရီးစဉ်ရှိတဲ့နေ့သွားမှရတယ်။ ဒါ့ကြောင့် အဆင်းရထားရှိတဲ့ အင်္ဂါနေ့ ( ဇန်နဝါရီ ၁၈) မှာ ခရီးစဉ်စဖို့ ရွေးချယ်ခဲ့တယ်။

ကလောကနေ မြင်းဒိုက်ဘူတာအထိ ကားနဲ့ သွားတယ်။ မြင်းဒိုက်ဘူတာကစပြီး ရထားလမ်း အတိုင်းလေ ျှာက်တယ်။ မြင်းဒိုက်ဘူတာက ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၅၇ ပေရှိတယ်။ မြင်းဒိုက်ဘူတာကနေ အထက်ဆန်ရင် ကလော၊ အောက်စုန်ရင် ဆင်တောင်ဘူတာ။ ကျွန်တော်တို့ ငယ်စဉ်က မင်းသားကြီး ဦးအောင်လွင်ရဲ့ “ ကလောအလွန်တစ်ဘူတာ” ဆိုတဲ့ လိ ျှု့ဝှက်သည်းဖိုကား ပြတော့ ကလော အလွန်တစ်ဘူတာ ဆိုတာ မြင်းဒိုက်လား၊ အောင်ပန်းလားဆိုပြီး ငြင်းခဲ့ဖူးတယ်။ အခုလည်း ကျွန်တော်က ကလောအလွန် တစ်ဘူတာ ကနေ ဆင်တောင်ကို ခြေလျင်ခရီးနှင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရောက်သွားတော့ ဘူတာလေးက အိပ်ပျော်နေတုန်း၊ ပါလာတဲ့လမ်းညွှန်က သူနဲ့ သိတဲ့လက်ဖက်ရည်ဆိုင်ကို နှိုးပြီးဖွင့်ခိုင်းတယ်။ ဒီဆိုင်က မြင်းဒိုက်ဘူတာမှာ ရောင်းလာတာ နှစ် လေးဆယ်ကျော်ပြီ၊ ဒုတိယမျိုးဆက်သမီးက ဆက်တာဝန်ယူနေတာပေါ့။ အရင်က ထမင်းရောင်း ပေမယ့် ရထားခရီးစဉ်တွေရပ်သွားထဲက ထမင်းမရောင်းတော့ဘူး။ ဆိုင်မှာ နွားနို့သောက် တယ်။ ညနေပြန်လာရင် ချပါတီနဲ့ အာလူးဟင်း စားဖို့ ကြိုမှာတယ်။ ဆိုင်နံရံမှာ ထူးထူးခြားခြား Half Tea / လက်ဖက်ရည်တစ်ဝက်မရောင်းပါလို့ ရေးထားတာတွေ့ရတယ်။ ချွေတာရေး သမားတွေများလာ တဲ့ သဘောများလား။

မြင်းဒိုက်ဘူတာနဲ့ ဆင်တောင်ဘူတာက လေးမိုင်နီးပါးဝေးတယ်။ ရထားလမ်းအတိုင်း သွားရ တဲ့ အတွက် အတက်အဆင်းမကြမ်းဘူး။ ဒါပေမယ့် ရထားဇလီဖားတုံးတွေအတိုင်း နင်းလေ ျှာက် ရတဲ့အတွက် ခြေထောက်ညောင်းတယ်။ မြန်မြန်လေ ျှာက်လို့မရဘူး။ ရထားလမ်းအတိုင်း လေ ျှာက်နေရင်း မျဉ်းပြိုင်ဖြစ်နေတဲ့ သံလမ်း နှစ်ခုက ရထားကြီး ခရီးရောက်အောင်ပို့ ဆောင် ပေးနိုင်တဲ့အကြောင်းပြန်တွေးမိတယ်။ ၂၀၁၂ မေ ျှာ်လင့်ချက်တွေ ရောင်နီသန်းချိန်မှာ ရထား သံလမ်းနှစ်ခုကို ဥပမာပေးပြီး “ ကွဲပြားခြင်း၏ တန်ဖိုး” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးတယ်။

မြင်းဒိုက်ဘူတာနဲ့ ဆင်တောင်ဘူတာကြားမှာ စိတ်ဝင်စားစရာ နေရာသုံးခုရှိတယ်။ ပထမ တစ်ခုက သာစည်- ရွှေညောင်ရထားလမ်းရဲ့ အမြင့်ဆုံးနေရာ ၄၆၀၈ ပေ အမှတ်အသားပြ ဆိုင်းဘုတ်၊ နောက်နှစ်ခုက မီးရထားလှိုဏ်ဂူ နှစ်ခု၊ မြင်းဒိုက်ကလာရင် အမြင့်ဆုံးနေရာကို ကျော်လာတာနဲ့ ပထမဆုံး တွေ့ရမှာ က လှိုဏ်ဂူအတို ၂၁၀ ပေ၊ လှိုဏ်ဂူအပေါ်မှာ DEC 1913 လို့ရေးထားတယ်။ ဒုတိယတွေ့ရ မှာက လှိုဏ်ဂူအရှည် ၈၂၃ ပေ ၉ လက်မ၊ မြင်းဒိုက်ဘက်က အဝင်မှာ JAN 1913 လို့ရေးထားတယ်။ ဆင်တောင်ဘက်က အဝင်မှာ ကမ်းပါးနီ လှိုဏ်ဂူ KAMBANI TUNNEL လို့ရေးထားတယ်။ ကမ်းပါးနီဆိုတာက လှိုဏ်ဂူဖြတ်ဖောက်ထားတဲ့ တောင်ကြောပေါ်မှာရှိတဲ့ ရွာနာမည်ဖြစ် ပါတယ်။ ကမ်းပါးနီက တောင်ရိုးနဲ့ ဓနု တိုင်းရင်း သားရွာဖြစ်ပြီး နနွင်းကို အဓိကစိုက်ပျိုးပါတယ်။

မြင်းဒိုက်ကနေ ဒုတိယ လှိုဏ်ဂူအထိက နှစ်မိုင်နီးပါးလောက်ပဲဝေးတယ်။ ဒါ့ကြောင့် မြင်းဒိုက်အထိ ကားနဲ့လာ၊ ရထားလမ်းအတိုင်း လမ်းလေ ျှာက် လှိုဏ်ဂူတွေကြည့်၊ ပြီးရင် မြင်းဒိုက်ဘူတာကို ပြန် ဆိုပြီး သွားလို့လည်း ရပါတယ်။ လှိုဏ်ဂူတွေကြည့်ရင် သတိထားရမှာက ရထားအချိန်ဖြစ်ပါ တယ်။ ကိုယ်လှိုဏ်ဂူထဲဖြတ်နေချိန်နဲ့ ရထားလာတဲ့အချိန်ဆုံရင်တော့ အန္တရာယ်ရှိတယ်။ ဒ့ါကြောင့် ကလောဘူတာမှာ ရထားအခြေအနေစုံစမ်းပြီးမှ သွားတာ အကောင်းဆုံးပါပဲ။ နောက်ပြီးတော့ လှိုဏ်ဂူအရှည်ကို ဖြတ်လေ ျှာက်ဖို့အတွက် ဓာတ်မီးလိုတယ်။

ဒုတိယလှိုဏ်ဂူဖြတ်ပြီးသွားရင် ဆင်တောင်အထိ ကတော့ သဘာဝရှုခင်းကလွဲရင် ထူးထူး ခြားခြား ကြည့်စရာမရှိဘူး။ ကျောက်တောင်ကြားထဲကို ရထားလမ်း ဖြတ်သွားတဲ့နေရာတွေကတော့ အလှဓာတ်ပုံ ရိုက် လို့ကောင်းတဲ့နေရာတွေဖြစ်ပါတယ်။

ဆင်တောင်ရောက်တော့ ၁၀နာရီကျော်နေပြီ။ သုံးနာရီနီးပါး လမ်းလေ ျှာက်လိုက်ရတဲ့ သဘောပဲ။ ရထားက ခွေးရုပ်ဘူတာကို ၁၂ နာရီကျော်ကျော် ရောက်မှာဆိုတော့ ဆင်တောင်ကနေ ခွေးရုပ် ဘူတာ ငါးမိုင်ကျော်ခရီးကို ရထားလမ်းအတိုင်းသွားလို့ အချိန်မမီတော့ဘူး။ ဒ့ါကြောင့် ဖြတ်လမ်းကနေ သွားခဲ့ရတယ်။ ဖြတ်လမ်းဆိုတာကတော့ ရွာလူထု အစီအစဉ်နဲ့ဖောက်ထားတဲ့ ကားလမ်းကြမ်းပါပဲ။

ဆင်တောင် ဘူတာက ၃၉ ၃၄ ပေ၊ ခွေးရုပ်ဘူတာက ၃၀၃၁ ပေ ဆိုတော့ လမ်းက အဆင်းလမ်း သက်သက်ပဲ။ ခွေးရုပ်ဘူတာအထိ တစ်နာရီကျော်လေ ျှာက်ရတယ်။ ခွေးရုပ်ဘူတာတော့ ရထား ခရီးစဉ်ရှိတဲ့နေ့ဖြစ်လို့ အသက်ဝင်နေတယ်။ ဒါပေမယ့် အရင်အခြေအနေလို မဟုတ် တော့ဘူး။ ထမင်းရောင်းသူတစ်ယောက် ၊ အကြော်သည်တစ်ယောက်ပဲ ရှိတယ်။ ပူရီ ဆိုင်ကတော့ ရွာထဲကလူတွေအတွက်ပဲ လုပ်ရောင်းတော့ ကျွန်တော်ရောက်တဲ့အချိန်မှာ ကုန်ပြီ။ ဘူတာကနေ တင်မယ့် ကုန် ကလည်း ပလတ်စတစ်အဟောင်းတွေ၊ သံထည်အတိုအစတွေထည့်ထားတဲ့ အိတ်တွေပဲ ရှိတယ်။ သားအမိသုံးယောက် ဆင်တောင်၊ ခွေးရုပ် နဲ့လယ်ပြင် ဘူတာ ပတ်ဝန်းကျင်မှာလိုက်ကောက်ထား တာတဲ့။ ရထားနဲ့လိုက်မယ့် ခရီးသည်ကလည်း သုံးလေးယောက်ပဲရှိတယ်။ နေ့စဉ်ရထားမလာ နိုင်တော့ လူတွေက ဆိုင်ကယ်အားကိုးပြီး သွားနေ ကြပြီ။

ရထားမလာခင် ထမင်းဝယ်စားတယ်။ ပဲဟင်းရည်၊ ကြက်သားဟင်း၊ နှမ်းဖတ်ချဉ် ၊ ငြုပ်သီး တောင့် ပွကြော်၊ တစ်ပွဲ တစ်ထောင်။ အရင်လို ရထားပေါ်က ပြေးဆင်း၊ ဆိုင်မှာတိုးဝှေ့ဝယ် ပြီး စားရတာ မဟုတ်တော့ တစ်ခုခု လိုနေသလိုပဲ။ ထမင်းရောင်းတဲ့ အမျိုးသမီးကြီးနာမည်က ဒေါ်မိုးဆွေ တဲ့။ သူလည်း တစ်ပတ်မှ နှစ်ရက်ပဲ ထမင်းရောင်းနေရတာပျော်ပုံမရဘူး။ အခုကာလကတော့ မပျော် နိုင်ခဲ့တာ ကြာပါပြီ ဆိုတဲ့သူက အများစုပါပဲ။ ၂၀၂၀ မှာ လူချင်းတွေ့ရင် “နေကောင်းရဲ့လား” မေးရ တယ်။ ၂၀၂၁ မှာတော့ “အခြေအနေကောင်းရဲ့လား” မေးရတယ်။ ၂၀၂၂ မှာ လူချင်း တွေ့ရင် မချိပြုံး ပြုံးပြရတဲ့ အဖြစ်မရောက်ပါစေနဲ့လို့ ဆုတောင်းနေရတာပဲ။

၁၂ နာရီခွဲကျော်ကျော်မှာ ဆင်တောင်ကလာတဲ့ အစုန်ရထားဝင်လာတယ်။ ခွေးရုပ်ဘူတာရဲ့ ထူးခြား ချက်က လွန်းထိုးနေရာမှာရှိတဲ့အတွက် ရထားက နောက်ပြန် ကုန်တွဲတွေဘက်က စ ဝင်လာ ရတာပဲ။ တကယ်တော့ ပထမ လွန်းထိုးကနေ ဆင်တောင်ဘူတာကြား ရထားလွန်းထိုး သွားရ တာကို စောင့်ကြည့်လေ့လာနိုင်ရင် အကောင်းဆုံးပဲ။ ၂၀၂၀ ဇန်နဝါရီလအတွင်းမှာ ဂျပန် NHK ရုပ်သံဌာနက လွန်းထိုးတွေနဲ့ ရထားဘူတာရုံတွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက် သွား ဖူးတယ်လို့ ပြောတယ်။

ရထားက ရိုးရိုးတန်း လူစီးတွဲ နှစ်တွဲ၊ ကုန်တွဲ နှစ်တွဲပဲပါတယ်။ စက်ခေါင်းရှေ့မှာ ပက်လက်တွဲ တစ်တွဲ ပါပြီး ငှက်ပျောခိုင်တွေနဲ့ ပစ္စည်းအိတ်တစ်ချို့တင်ထားတယ်။ ရထားရပ်သွားတာနဲ့ ခရီး သည်တစ်ချို့ဆင်းတယ်။ တစ်ချို့တက်တယ်။ အောင်ပန်း၊ ကလောဘက်က တင်လာတဲ့ စားဆီပုံးတွေ၊ ကြက်ဥဖာ တွေ၊ လူသုံးကုန်ပစ္စည်းတစ်ချို့ချတယ်။ ခွေးရုပ်ဘူတာက တင်ရမယ့် ပစ္စည်းအိတ်တွေတင် တယ်။ ကုန်တွဲထဲမှာ ပန်းစည်းတွေ၊ ကြက်သွန်ဖြူအိတ်တွေနဲ့ အခြားကုန်ပစ္စည်းအိတ်တွေ လှမ်းမြင် နေရတယ်။ ခရီးသည်တစ်ချို့ဆင်းပြီး ထမင်းဝယ်တယ်။ တစ်ချို့က တွဲပေါ်ကနေပြီးလှမ်း မှာတယ်။ အကြော်သည်ကတော့ လူစီးတွဲတွေနားကို သွားပြီးရောင်းတယ်။ ကိုယ်ကြုံခဲ့ဖူး တဲ့ အုန်းအုန်းကျွက်ကျွက် ဆင်း၊ တက်၊ ဝယ်၊ စား ဆိုတာမျိုးတော့ မဟုတ်ဘူး။

ကလောက ပြန်လာတဲ့ ကုန်သည် အမျိုးသမီးကြီးကတော့ သူ့ကို လာကြိုတဲ့သူ တွေကို ပစ္စည်းတွေဈေးတက်တဲ့အကြောင်း ငြီးတွားနေတယ်။ သူ သုံးသောင်းနှစ်ထောင်နဲ့ ရောင်း လိုက်တဲ့ တရုတ်စောင်ထူကြီးက အခု ပြန်ဝယ်တော့ ငါးသောင်း ရှစ်ထောင်ဖြစ်နေပြီတဲ့။ စားဆီ လည်း တစ်ထောင်ကျော်တက်သွားပြန်ပြီ။ ရွာကလူတွေက ဘာမှမသိဘူး။ ငါကတက်ဈေးနဲ့ ပြန် ရောင်းတဲ့အခါ ငါ့ကို လောဘ တက်တယ်ပဲထင်မှာ လို့ပြောနေလေရဲ့။

ကုန်သည်အမျိုးသမီးကြီး ပြောတာတွေနားထောင်ပြီးတော့ ကုန် ဈေးနှုန်းက တက်လည်း မတက်၊ ကျလည်းမကျ အမြင့်ဘက်မှာ တန်းနေပါတယ်လို့ ပြောတတ်တဲ့ နဝတ အစိုးရခေတ်က သက် တော်ရှည် ဘိုးဘိုးကြီးတစ်ယောက်ကို သတိရမိတယ်။ တိုင်းပြည် နိုင်ငံရေး၊ စီးပွားရေး ဆိုတာက တရုတ်နဂါးက သလိုပဲလေ။ ခေါင်းက နည်းနည်း လှည့်တာနဲ့ အမြီး ဘက်က တစ်ပတ်ကြီး ပတ်ပြေးရတာကိုး။ နဂါးခေါင်းလှည့်မှားရင်တော့ သေပြီ ဆရာပဲ။

ကုန်တွဲပေါ် ပစ္စည်းတွေတင်ပြီးတော့ ဂတ်ဗိုလ်က ခရာမှုတ်ပြီး အလံစိမ်းပြတယ်။ ဂတ်ဗိုလ် က လည်း ဂတ်ဗိုလ်တွဲဆိုပြီးတောင် သီးသန့်မပါတော့ပါဘူး၊ ကုန်တွဲထဲက ပစ္စည်းတွေကြားမှာ ထိုင်ခုံ တစ်လုံး၊ စားပွဲတစ်လုံးနဲ့ စံမြန်းပြီးလိုက်လာရတာ။

ခဏနေတော့ ရထားထွက်တယ်။ ရထားထွက်သွားတာနဲ့ ဘူတာလေးလည်း ပြန်အိပ် ပျော် သွားတယ်။ ကျွန်တော်လည်း ဆင်တောင်ဘူတာဘက်ကိုအ ပြန်ခရီးဆက်ခဲ့တယ်။ အပြန်ခရီး က တောင်တက်လမ်းဆိုတော့ ခြေလှမ်းတွေက လေးလံလို့၊ စိတ်တွေက ထိုင်းမှိုင်းလို့။ အတိတ် ခြေရာကို ပြန်ကောက်တိုင်း ပျော်ရတာတော့မဟုတ်ဘူး။

အရှေ့မြင် အနောက်မြင်တောင် (၂)

တောင်တက်လမ်းက လီဆူစခန်းကျော်တာနဲ့ တောင်စောင်းအတိုင်းတက်သွားတယ်။ ဒီနေရာမှာ လမ်းက ခြေတစ်ဖဝါးစာကျော်ကျော်လေးပဲရှိတယ်။ တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက် ဆိုတော့ အတွေ့အကြုံမရှိတဲ့ ခရီးသွားတွေ ၊ အထူးသဖြင့် အမျိုးသမီးတွေ အခက်အခဲဖြစ် တဲ့ နေရာလို့ လမ်းပြတွေက ပြောပြတယ်။

တောင်စောင်းအတိုင်းတက်တဲ့လမ်းဆုံးတော့ အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို သွားတဲ့ တောင်ကြောပေါ်ရောက်သွားတယ်။ တောင်ကြောပေါ်တက်ပြီး နည်းနည်းလေ ျှာက်လိုက် တာနဲ့ ရပ်စောက်၊ ပင်းတယ နဲ့ ရွာငံ မြို့နယ်သုံးခု ဆုံတဲ့ အမှတ်အသား ကျောက်ပုံတစ်ပုံကို တွေ့ရ တယ်။ ကျောက်ပုံကို မျက်နှာမူပြီး ကြည့်လိုက်ရင် ညာဘက်က ရပ်စောက်မြို့နယ်၊ ဘယ် ဘက်က ပင်းတယ မြို့နယ် ၊ ရှေ့တူရူက ရွာငံမြို့နယ်လို့ ဆိုတယ်။

ကျွန်တော်တို့ တက်တဲ့နေ့က တောင်ပေါ်မှာ ရာသီဥတု အတော်ဆိုးတယ်။ မိုးအုံ့ မြူတွေ မှိုင်းဝေနေပြီး ပတ်ဝန်းကျင် ရှုခင်းကို ကောင်းကောင်းမမြင်ရဘူး။ လမ်းပြတွေကတော့ မိုးရွာရင် ပြန်လှည့်ဆင်းရမယ်လို့ သတိပေးတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှာ မိုးရွာ လေပြင်းကျ မြူ တွေ ပိတ်လို့ ဒုက္ခရောက်နေတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ကို ကြံခင်းမြှောင် ရွာသားတွေက တောင်ပေါ်တက် ပြီး ကယ်ထုတ်ခဲ့ရဖူးတယ်။ ဒါ့ကြောင့် တောင်တက်မယ်ဆိုရင် ရာသီဥတု ကြောင့် ဖြစ်ဖြစ်၊ အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်ဖြစ် အရေးပေါ်အခြေအနေနဲ့ ကြုံလာရင် အဆင်သင့် ဖြစ် နိုင်ဖို့အတွက် ကိုယ်နဲ့ အတူ ရေဘူးတစ်ဘူး၊ စားစရာမုန့်၊ မီးခြစ်၊ Power Bank အပို တွေ ဆောင်ထားတာ အကောင်းဆုံးပဲ။

ဒီတောင်ကြောပေါ်ရောက်တာနဲ့ တောင်ဇလပ်ပင်တွေကို စတွေ့ရပြီ။ တောင်ပေါ်မှာ တောင်ဇလပ် ပန်း နီနီတွေ ပင်လုံးကျွတ်ပွင့်နေတယ်။ အပင်အောက်မြေပြင်မှာလည်း ကြွေကျ နေတဲ့ တောင်ဇလပ် ပန်းနီနီတွေ နဲ့ ဖုံးလွှမ်းနေတယ်။ အထပ်ထပ် လွှမ်းနေတဲ့ ရေညှိတွေ အောက်က ကြွက်သားတွေ လို ဖုထစ်နေတဲ့ သစ်ခေါက်တွေ ၊ လေပြင်းဒဏ်ကြားကနေ ထိုးထွက် ထောင်မတ်နေတဲ့ အကိုင်းအခက် တွေနဲ့ ပြင်းထန်တဲ့ရာသီဥတုဒဏ်၊ လေပြင်းဒဏ် ကို ကြံ့ကြံ့ခံပြီး ရှင်သန်နိုင်၊ ပန်းတွေဝေပြီး တောင်တန်းကို အလှဆင်နိုင်တာ တောင်ဇလပ်ပင်တွေရဲ့ ထူးခြားတဲ့ အရည်အသွေးပဲ။

“ ငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်ခန့်ခန့်ရပ်တည်ခဲ့တဲ့ ဒို့ရဲ့ သမိုင်းဒီအစဉ်အလာကောင်းတွေ၊ ထိန်းသိမ်းရင်း သာယာတော့မယ့် ဘဝသစ်ဆီကို ကြားယောင်နေ၊ မြင်ယောင်နေမိတယ် ”

သွှအောင်၊ ဂျွန်သင်ဇမ်း၊ သ ျှမ်းလန်တို့ ရေးဖွ့ဲ သီဆိုထားတဲ့ “အရိုင်းမြေမှ တောင်ပံလေးများ” အခွေ ထဲက တောင်ဇလပ်မြေ၏ ရင်ခုန်သံ သီချင်းလေးကို နားထောင်ခဲ့ဖူးတာ နှစ်သုံးဆယ် ကျော်ခဲ့ပြီလေ။ ခုတော့ သီချင်းလေးတွေလည်း သံစဉ်မချိုနိုင်တော့ပြီပဲ။

သုံးမြို့နယ် နယ်နမိတ်အမှတ်အသားကျောက်တိုင်ကို ရောက်တာနဲ့ တောင်တက်လမ်းက တောင် ကြောအတိုင်း နိမ့်လိုက်၊ မြင့်လိုက်နဲ့ အရှေ့မြင် အနောက်မြင် တောင်ခြေအထိ ခရီးဆက် သွား တယ်။ တောင်ကြောပေါ်မှာ တောင်ဇလပ်ပင်တွေရှိသလို အခြား အမြဲစိမ်း အပင်ကြီးတွေလည်း ရှိတယ်။ ရာသီဥတု အေးမြပြီး မြူတွေဆိုင်းနေလေ့ရှိတဲ့အတွက် သစ်ပင်ကြီးတွေရဲ့ ပင်စည် တွေ မှာ ရော၊ ကျောက်ဆောင်တွေမှာပါ ရေညှိတွေတက်နေ တယ်။

တောင်ကြောပေါ်က တစ်ချို့နေရာတွေမှာတော့ အောက်ခံမြေသားက ကျောက်ဖြစ်နေတဲ့ အတွက် သစ်ပင်ကြီးတွေမရှိဘူး။ ဒါပေမယ့် အချိန်အတော်များများကတော့ နေပြောက်မထိုးတဲ့ သစ်ပင် ကြီးတွေအောက်က သွားရတာဖြစ်ပါတယ်။ ဒီတောင်ကြောမှာ ပရဆေးပင်တွေလည်း ပေါက် တယ်။ လမ်းပြတွေက ရှင်းပြပေမယ့် အပင်နာမည် အများစုက ပလောင်ဘာသာနဲ့ ဖြစ်နေ တဲ့ အတွက် အမျိုးအစား သေသေချာချာမသိခဲ့ရဘူး။ မြန်မာဘာသာနဲ့ ခေါ်တဲ့ ကျောက်ချင်း ( ဂျင်း)၊ ကရဝေး၊ ကွမ်းအရိုင်း လောက်ပဲ သိရတယ်။ သစ်ကိုင်းတွေမှာ ပေါက်နေတဲ့ ရေညှိပင်တွေကြားက တွဲလောင်းကျနေတဲ့ ဆံချည်မ ျှင်လို အနက်ရောင်နွယ်တွေကလည်း ဆေးဖက်ဝင်တယ်လို့ ပြော တယ်။

တောင်ကြောပေါ်ရောက်ပြီး မကြာခင်မှာပဲ နောက်ဘက်က အသံတွေကြားရပြီး လူငယ်လေး ဆယ် ယောက် သီချင်းတကြော်ကြော်နဲ့ ကျွန်တော်တို့ကို ကျော်တက်သွားကြတယ်။ သူတို့ကတော့ ဆိုင်ကယ်နဲ့လာပြီး ဆိုင်ကယ်တွေကို မိုးလုံးဟိန်းတောင်ထိပ်မှာ ထားခဲ့တယ်လို့ ပြော တယ်။ ကောင်လေး ငါးယောက်၊ ကောင်မလေး ငါးယောက်၊ ကောင်းဘို ဘက်က လာတဲ့ ဒေသခံတွေဆိုတော့ လမ်းပြမလိုဘူး။ ကျွန်တော့်လမ်းပြက ဖြေးဖြေး တက်ကြလေ လို့ ပြောတာတောင် မရဘူး။ သုတ်ခြေတင်သွားကြတယ်။

တောင်ကြောအတိုင်း နှစ်နာရီနီးပါးလောက်လေ ျှာက်လိုက်တော့ အရှေ့မြင် အနောက်မြင် တောင်ခြေကို ရောက်တယ်။ တောင်ခြေမရောက်ခင် ပြန့်လေးမှာ ခုနတုန်းက ကျွန်တော် တို့ကို ကျော်တက်သွားတဲ့ လူငယ်လေးအုပ်စု နားနေတာတွေ့တယ်။ အမြန်လေ ျှာက်ပြီးတက်လိုက်တဲ့ အတွက် ခြေကုန်လက်ပန်းကျသွားပုံပေါ်တဲ့ ဒီအဖွဲ့ဟာ ကျွန်တော်တို့ တောင်ထိပ်ရောက်ပြီး အတော်ကြာမှ ရောက်လာတယ်။

ဘဝမှာ တာတိုပြေးတာနဲ့တူတဲ့ အားသွန်ခွန်စိုက် ချက်ခြင်း ထလုပ် ရတဲ့ အလုပ်တွေရှိသလို မာရသွန်ပြေးတာနဲ့တူတဲ့ စိတ်ရှည် သည်းခံ ဇွဲသန် ပြီး အခြေအနေနဲ့ အညီ အနှေး အမြန် ချိန်ဆ လုပ်ရတဲ့ အလုပ်တွေလည်း ရှိတယ်ဆိုတဲ့ သင်ခန်းစာကို သူတို့ သင်ယူ လိုက်နိုင်ပြီလို့ မေ ျှာ် လင့်မိတယ်။ ဒါပေမယ့် အသက်သာကြီးတယ် အဲဒီသင်ခန်းစာကို မသင်ယူ နိုင်၊ မသိ နိုင် သေးတဲ့ သူတွေကိုလည်း မြင်နေရတော့ ဒီလူငယ်လေးတွေရော သင်ခန်းစာ ယူနိုင်ပါ့ မလားလို့ တွေးပူမိပြန်ရော။

အရှေ့မြင် အနောက်မြင်တောင်ခြေကနေ တောင်ထိပ်ကို တက်ရတဲ့ ခရီးက ၄၅ မိနစ်လောက် ကြာတယ်။ တောင်တက်ခရီးရဲ့ အပင်ပန်းဆုံးအပိုင်းပဲ။ မတ်စောက်သလို ကျောက်တုံး ကျောက် ဆောင်တွေကို နင်းတက်ရလို့ အတက်ရော၊ အဆင်းပါ သတိထားရတဲ့ အပိုင်းဖြစ်ပါတယ်။ တောင်ခြေကနေ တောင်ထိပ်အထိ တိမ်တွေဖုံး၊ နှင်းမိုးဖွဲဖွဲလေးတွေကျနေတော့ ပတ်ဝန်းကျင် ကိုလုံးဝမမြင်ရဘူး။ မြင်ရရင်တောင်မှ ခြေတစ်လှမ်း ခြင်း ကို အားထည့်ပြီး တက်၊ လူကလည်း မောလို့ သက်ပြန်ရှုနေရတဲ့အတွက် ပတ်ဝန်းကျင်အလှကို ခံစားနိုင်မယ်မထင်ဘူး။

ဒါပေမယ့် တောင်တက်လမ်းအဆုံး တောင်ထိပ်ပေါ် ရောက်သွားတာနဲ့ ပင်ပန်းခဲ့သမ ျှ အားလုံး မေ့သွားတော့တာပဲ။ ရာသီဥတု ဆိုးတဲ့အတွက် ပတ်ဝန်းကျင်ရှုခင်း အလှအပကိုတော့ ခံစားလို့ မရဘူး။ ဒါပေမယ့် ရည်မှန်းချက်တစ်ခုကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့ ပီတိ ကို တော့ အပြည့်အဝခံစားလို့ရတယ်။ ဘယ်သူ့အမိန့်နဲ့မှ တက်တာမဟုတ်ဘူး။ ပြိုင်ပွဲ ဝင် တာ လည်း မဟုတ်ဘူး။ ပြန်လှည့်လို့လည်း အပြစ်တင်မယ့်သူမရှိဘူး။ ဒါပေမယ့် ရည်မှန်းချက်တစ်ခု ကို မဖြစ်မနေ အကောင်အထည်ဖော်နိုင်တဲ့ ပီတိကို ခံစားဖို့ အတွက် တောင်ထိပ်ရောက်အောင် ကြိုးစားခဲ့တယ်။ တောင်တက်ခြင်းရဲ့ အနှစ်သာရက ဒါပါပဲ။

တောင်ထိပ်မှာ အပူချိန်က ၅ ဒီဂရီ ဆယ်လ်စီးရပ် ( 5 ံC) ပဲရှိပြီး လေပြင်းတိုက်နေတဲ့အတွက် ကြာကြာမနေနိုင်ဘူး။ မိနစ်နှစ်ဆယ်လောက်ပဲနေပြီး လေကွယ်တဲ့ တောင်စောင်းမှာ နေ့လယ်စာ စားပြီး ပြန်ဆင်းခဲ့တယ်။ အပြန်လမ်းမှာတော့ မြင်ကွင်းကောင်းလာလို့ ပတ်ဝန်းကျင် ရှုခင်းတွေကို မြင်ခဲ့ရတယ်။ ဓာတ်ပုံရိုက်နိုင်ခဲ့တယ်။

အရှေ့မြင် အနောက်မြင် တောင်တက်ခရီးဟာ သဘာဝပတ်ဝန်းကျင်အခြေခံ ခရီးသွားလုပ်ငန်း အတွက် အခွင့်အလမ်းတစ်ခုပဲ။ ဒါပေမယ့် ခရီးသွားတွေများလာတာနဲ့ အမ ျှ သစ်တော ထိန်းသိမ်းရေး နဲ့ စွန့်ပစ်အမှိုက် ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့လည်း ပြင်ဆင်ထားရမယ်။ ကျွန်တော့်ခရီးစဉ်အတွင်းမှာတော့ အမှိုက်စွန့်ပစ်တာနဲ့ပတ်သက်ပြီး စနစ်တကျ ဆောင် ရွက် ထားတဲ့ အစီအစဉ်တွေမတွေ့ခဲ့ရဘူး။ တစ်ဦးချင်းတာဝန်သိမှုနဲ့ လုပ်နေတဲ့ သဘောပဲ။

ကျွန်တော် ဟာ ၂၀၁၉ ခုနှစ် ဇွန်လထဲမှာ မလေးရှားနိုင်ငံ ကင်မရွန်းဒေသရဲ့ အမြင့် ဆုံး တောင်ကုန်းဖြစ်တဲ့ အီရွန်တောင် ( Mount Irau) ( ပေ ၆၉ ၂၃ ) ကို တက်ခဲ့တယ်။ အီရွန်တောင်ဟာ အမျိုးသားသဘာဝကာကွယ်တော ကြိုးဝိုင်းထဲမှာရှိတယ်။ ရာသီဥတု ကလည်း အရှေ့မြင်အနောက်မြင်တောင်နဲ့တူတယ်။ သစ်တောကလည်း မုတ်သုံသစ်တောကြီး။ အမြင့်ပေ ခြောက်ထောင်လောက် မှာ ရှိတော့ အမြဲစိုစွတ်နေပြီး သစ်ပင်တွေမှာ ၊ မြေပြင်မှာ ရေညှိတွေ အထပ်ထပ်နဲ့ဖြစ်နေပါတယ်။ တောင်တက်လမ်းကတော့ အရှေ့မြင် အနောက်မြင် တောင်ထက် ပိုကြမ်းတယ်။

အဲဒီ အီရွန်တောင်ကို ကျွန်တော် တက်တဲ့အချိန်မှာ မလေးရှား အစိုးရက တောင်တက်သမား များ လိုက်နာ ရမယ့် စည်းကမ်းချက်တွေကို အခုလို သတ်မှတ်ထားတာတွေ့ခဲ့ရတယ် –

၁။ တစ်နေ့ကို လူ ၆၀ ပဲ တက်ခွင့်ရှိတယ်။ ဦးရာလူ စနစ်ပဲ။ အွန်လိုင်းက စာရင်းပေးလို့မရဘူး။

၂။ ဝင်ကြေးပေးရတယ်။ မလေးရှားနိုင်ငံသားဆိုရင် ရင်းဂစ် ၂၀၊ နိုင်ငံခြားသားဆိုရင် ရင်းဂစ် ၃၀။

၃။ တောင်ထိပ်ကနေ မွန်းလွဲ ၂ နာရီမတိုင်ခင်ပြန်ဆင်းရတယ်။ နောက်ကျရင် မှောင်ပြီး လမ်း ပျောက်တတ်တယ်။ ၂၀၁၈ ခုနှစ်မှာ လမ်းပျောက်လို့ ရဲတပ်ဖွဲ့က လိုက်ရှာကယ်တင်ရတဲ့ ဖြစ်စဉ် ငါးခု ရှိခဲ့တယ်။

၄။ သစ်တောထဲမှာ မီးမမွှေးရဘူး။ လမ်းရှင်းတဲ့အနေနဲ့ သစ်ပင်၊ သစ်ကိုင်းခုတ်တာမျိုး မလုပ် ရဘူး။ သစ်တောထဲက သစ်ပင်၊ ပန်းပင်၊ သစ်ဥ၊ သစ်ဖု မယူရဘူး။ အမဲလိုက်ခြင်းမလုပ်ရဘူး။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ရင် ဒဏ်ငွေ ရင်းဂစ် တစ်သောင်း နဲ့ ထောင်ဒဏ် သုံးနှစ် အထိ အပြစ် ပေးလို့ရတယ်။

၅။ တောင်တက်လမ်းနဲ့ တောင်ထိပ်မှာ ကိုယ့်အမှိုက်ကိုယ်ပြန်သိမ်းရတယ်။ လမ်းမှာ ရေသောက် စရာ၊ အပေါ့အပါးသွားစရာနေရာတွေမရှိဘူး။ ကိုယ့်ဘာသာကိုယ် ရေသန့်ဘူး သယ်ရမယ်။ လိုအပ်ရင် တောတိုးပြီးဖြေရှင်းရမယ်။

၆။ တောင်တက်လမ်း အစကနေ တောင်ထိပ်အထိ လူလုပ်အဆောက်အဦ၊ လှေကားထစ် ၊ လက်ရန်း လုံးဝမရှိဘူး။ အတက်အဆင်း အလွန်ခက်တဲ့နေရာမှာ ကြိုးချပေးထား တယ်။ ဒါမှ မဟုတ် အလူမီနီယံလှေကားထောင်ပေးထားတယ်။ ချောက်ကမ်းပါးနေရာတွေ၊ လမ်းမှား နိုင်တဲ့ နေရာတွေမှာ အဝါရောင်ကြိုးတွေ တားပြီး သတိပေးထားတယ်။

၇။ ဒေသခံတွေကို တောအုပ်၊ တောခေါင်းအဖြစ် ခန့်အပ်တာဝန်ပေးပြီး တောင်တက် လမ်း တစ် လေ ျှာက် စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ခိုင်းတယ်။

၈။ တောင်တက်လမ်းတစ်လေ ျှာက်မှာ စစ်ဆေးရပ် Check Point ဆယ်ခုရှိတယ်။ အဲဒီနေရာတွေမှာ အဝါ ရောင်ဆိုင်းဘုတ်နဲ့ နေရာအမှတ်စဉ်၊ အမြင့်ပေ၊ လတ္တီကျူ့၊ လောင်တီကျူ့၊ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်း နံပါတ်တွေဖော်ပြထားတယ်။ တောင်ထိပ်အထိ ဖုန်းအဆက်အသွယ် ကောင်းကောင်းရတယ်။

အခုလို ပြောပြတော့ မလေးရှားနိုင်ငံက အတိုင်းပုံတူကူးချလို့တော့မရဘူးလို့ ပြောသူလည်း ရှိနိုင်ပါတယ်။ သို့သော် မလေးရှားနိုင်ငံဟာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက် နေတဲ့ နိုင်ငံဆို တဲ့ အချက်ကိုလည်း ပစ်ပယ်မထားသင့်ဘူး။

ဒါ့အပြင် အရှေ့မြင်အနောက်မြင်တောင်ရဲ့ ထူးခြားချက်က ပင်းတယ၊ ရွာငံ နဲ့ ရပ်စောက် မြို့နယ် သုံးခုလုံးနဲ့ဆက်စပ်နေတယ်။ အဲဒီအထဲမှာ ပင်းတယနဲ့ ရွာငံက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိပြီး ရပ်စောက်က ရှမ်းပြည်နယ်အစိုးရ ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိတယ်။

ဒ့ါကြောင့် အရှေ့မြင် အနောက်မြင်တောင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။ ဒါ့ထက် အရေး ကြီး တာကတော့ တောင်ပတ်ဝန်းကျင်က ကျေးရွာလူထု အနေနဲ့ သဘာဝအခြေခံခရီးသွား လုပ်ငန်း ကနေ အကျိုးခံစားခွင့်ရရှိနိုင်ဖို့၊ စီမံခန့်ခွဲရေးမှ သူတို့ကိုယ်တိုင်ပါဝင်နိုင်ခွင့်ရဖို့ ဖြစ်ပါတယ်။

အရှေ့မြင် အနောက်မြင်တောင် (၁)

“ တောင်တက် တယ်ဆိုတာ တောင်ကို အနိုင်ယူသိမ်းပိုက်တာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း ဖြစ်တယ်”

( Sir Edmund Hillary ဧဝရတ်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူ)

တောင်တက်တယ်ဆိုတာနဲ့ ထိပ်ဆုံးရောက်ဖို့အတွက် အခက်အခဲတွေ၊ ပင်ပန်း မှု တွေနဲ့ ရင်ဆိုင်ရမယ်၊ လမ်းတစ်ဝက်မှာပဲ လက်မြှောက်အရှုံးပေးပြန်လှည့်ချင်စိတ်တွေ ပေါ်လာ မယ်။ ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်မှ တောင်ထိပ်ကို ရောက် နိုင်မယ်။ ဒါ့ကြောင့်လည်း Hillary က ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း လို့ ပြောခဲ့တာပဲ။

တစ်နည်းအားဖြင့် တောင်တက်ခြင်းဟာ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို ဆန်းစစ် ခြင်း လည်း ဖြစ်တယ်။ ဒါ့ကြောင့်လည်း ၂၀၂၂ ခုနှစ်ကို တောင်တက်ခြင်းတွေနဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်။

တောင်တက်ခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်းက ပေ ၇၇၅၂ ပေမြင့်တဲ့ အရှေ့မြင် အနောက်မြင် တောင် နဲ့ စတင်ဖို့ ရွေးချယ်ခဲ့တယ်။ အဲဒီအတွက်ပြင်ဆင်တဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လ ထဲမှာ ပင်းတယ မြို့နယ် ယာစကျီ ကျေးရွာကို တောင်ပေါ်ခရီးကြမ်းလမ်းလေ ျှာက်ခဲ့တယ်။ အဲဒီ အတွေ့အကြုံပေါ်မူတည်ပြီး အရှေ့မြင် အနောက်မြင်တောင်ကို တက်နိုင်ဖို့ပြင်ဆင်တယ်။ ထိပ် ဆုံးကို ရောက်ချင်တယ်ဆိုရင် ထိပ်ဆုံးကို ရောက်နိုင်ဖို့ လိုအပ်တဲ့ ဖြည့်ဆည်းမှု၊ ပြင်ဆင်မှုတွေ လုပ်ရမှာပဲ။ အဲဒီလို မဟုတ်ဘဲ ရောက်ချင်တဲ့ လောဘစိတ်တစ်ခုတည်းနဲ့ တောင်တက်ရင်တော့ အရှုံး နဲ့ အဆုံးသတ်ရမှာသေချာသလို ခရီးဖော်တွေကို ပါ ဒုက္ခပေး သလိုဖြစ်သွားနိုင်တယ်။

တောင်တက်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြည့်စုံပြီလို့ ယူဆတဲ့အချိန်မှာ ပင်းတယ ကို ခရီး ထွက်ဖို့ စီစဉ်တယ်။ ပင်းတယ Golden Cave ဟိုတယ် မှာတည်းတယ်။ ဟိုတယ်ကပဲ တောင် တက်ခရီးအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ စီစဉ်ပေးတယ်။ ပင်းတယ ကနေ အရှေ့မြင် အနောက်မြင်တောင်ကို တက်နိုင်တဲ့ လမ်းကြောင်းနှစ်ခုရှိတယ်။ ပထမတစ်ခုက ပင်းတယ မြို့ နဲ့ နီးတဲ့ ကြံခင်းမြှောင်ဘက်က တက်တဲ့လမ်းကြောင်း၊ အဲဒီလမ်းကြောင်းက လေး နာရီ လောက်သွားရတယ်။ ဒုတိယတစ်ခုက ရပ်စောက်မြို့နယ် ကောင်းဘို ရွာကတဆင့် ရွာမ ရွာ အထိ ကားနဲ့သွားပြီး မှ တက်တဲ့လမ်းကြောင်း၊ သုံးနာရီကျော်သွားရတယ်။ ဒုတိယ လမ်းကြောင်း က ပထမ လမ်းကြောင်း ထက် လမ်းပိုသာတဲ့အတွက် ကျွန်တော်က ဒုတိယ လမ်းကြောင်း ကိုပဲရွေးလိုက်တယ်။

တောင်တက်ဖို့ အတွက် မနက်ခြောက်နာရီမှာ ဟိုတယ်က ထွက်တယ်။ ပင်းတယ- ကောင်းဘို က ၁၆ မိုင်ဝေးတယ်။ ပင်းတယ – ရပ်စောက်ကားလမ်းအတိုင်းသွားရတယ်။ လမ်းကောင်းတယ်။ ကောင်းဘို-ရွာမ လမ်း ၇ မိုင် က တောင်ပေါ်လမ်း ဖြစ်တဲ့အပြင် ရွာဟောင်း – ရွာမ အပိုင်းမှာ လမ်းကျဉ်း လမ်းဆိုးတဲ့အတွက် လေးဘီးယက် ယာဉ်နဲ့မှ သွားလို့ရတယ်။ လမ်းကြော မသိရင် ကိုယ့်ကားနဲ့ ကိုယ်သွားလို့ မရဘူး။

ဒါ့ကြောင့် ရွာမ ကနေ ကားနဲ့လာကြိုဖို့ ဟိုတယ်က စီစဉ်ပေးတယ်။ ကားပိုင်ရှင် ပလောင် တိုင်းရင်းသား မိုင်းလှအောင် ( ဦးလှအောင်ပေါ့)၊ နဲ့ ကျွန်တော်တို့ကို တောင်ထိပ်အထိ လိုက်ပို့မယ် မိုင်းဆန်းအောင် လာကြို တယ်။ ကောင်းဘို အထိက ကတ္တရာလမ်း၊ ကောင်းဘို ရောက်တော့ ကောင်းဘိုဈေးကို ဖြတ်ပြီး တောင်ပေါ်ခရီးစတယ်။

ကောင်းဘို- ရွာမ လမ်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြင်ဆင်ပေးထားတဲ့လမ်း၊ ၂၀၁၉ ခုနှစ်ထဲက အပိုင်းလိုက်ပြင်လာတာ၊ ပြင်ပြီးတဲ့အပိုင်းတွေမှာတော့ အတက်အဆင်းပြေပြီး လမ်းကျယ်တယ်။ ဒါပေမယ့် ရွာမအထိမရောက်သေးတဲ့အတွက် ရွာဟောင်း – ရွာမ အပိုင်းမှာ အရင်လမ်းဟောင်းအတိုင်းသွားရတဲ့ လမ်းက ကားတစ်စီးစာပဲရှိတဲ့အပြင် အကွေ့ အကောက်လည်းများတယ်။ သွားနေကျ၊ မောင်းနေကျ ယာဉ်မောင်းမဟုတ်ရင် မလွယ်ဘူး။ ( ကားလမ်းကြောင်းကို ဓာတ်ပုံနဲ့ ပြထားပါတယ်။ ) ။ ဒီလ ကုန်ရင်တော့ ရွာမ အထိ လမ်းပေါက် ပြီ လို့ ပြောတယ်။ အဲဒါဆိုရင်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မောင်းတက်လို့ရပါပြီ။

ကားလမ်းနဲ့ အပြိုင် လ ျှပ်စစ်ဓာတ်အားလိုင်းဆွဲထားတာလည်း တွေ့ ရတယ်။ ဒီတောင်ပေါ်ဒေသရွာအတော်များများက လ ျှပ်စစ်မီးရနေပါပြီ။ တစ်ချို့ရွာတွေက တော့ မီးလိုင်းဆွဲနေဆဲပဲ။ ဦးလှအောင်က သူတို့ရွာမှာ လ ျှပ်စစ်မီးရတဲ့အတွက် လ ျှပ်စစ်မီး သုံးပြီး ထမင်းဟင်းချက်တဲ့သူတွေတောင်ရှိနေပြီလို့ ဆိုတယ်။ နောက်ပြီးတော့ “ အခု မီးခဏ ခဏ ပျက်တယ်ဗျ၊ ဆရာတို့ဘက်ရော” လို့မေးတယ်။ ကျွန်တော်လည်း “မြို့အုပ်မင်း” အက်ဆေး ကို သတိရ ပြီး ပြုံးမိတယ်။ “မြို့အုပ်မင်း ဘုန်း မိုးသို့ချုန်း၊ တောရော မြို့ပါ မနေသာ” တော့ဖြစ်နေပြီ။

ကောင်းဘိုက တက်လာပြီး ကျောက်တစ်လုံးရွာကျော်လာတာ့ လမ်းညာဘက်မှ ယမ်းတွင်း ရွာကို လှမ်းမြင်ရတယ်။ ရွာ ပတ်ဝန်းကျင်တောင်ကြော တွေမှာ ချယ်ရီတွေပွင့်နေတယ်။ ဒီနေရာမှာ တောင်ဇလပ်ပင်တွေကိုတော့ မတွေ့ရသေးဘူး။ တောင်ဇလပ်ပင်တွေက အရှေ့မြင် အနောက်မြင် တောင်ကြောပေါ်ရောက်မှတွေ့ရမယ်။

ရွာမ ရွာရောက်တော့ ဦးလှအောင်နေခဲ့တယ်။ မိုင်းလှထွန်းက လမ်းပြအကူအဖြစ်လိုက်တယ်။ ကားကို ဦးဆန်းအောင်က ဆက်မောင်းတယ်။ ကားလမ်းက မိုးလုံးဟိန်းတောင်( ၇၃၀၀ ပေ) အခြေထိရောက်တယ်။ ဒီလမ်းကတော့ ဒေသအစီအစဉ်နဲ့ ဖောက်ထားတဲ့လမ်း၊ ကားတစ်စီး စာပဲရှိတယ်။ အတက်အဆင်းဆုံရင် ရှောင်ဖို့ အလွန်ခက်တဲ့လမ်း။ ဒါ့ကြောင့် ဒီလမ်းကို သွား မယ် ဆိုရင် ရှေ့က ဘယ်ကားတက်သွားလဲ၊ ဘယ်အချိန်ပြန်ဆင်းလာနိုင်လဲဆိုတာ စုံစမ်းပြီးမှ တက် ရတယ်။ အရေးပေါ်တက်ရရင် ရှေ့က ဆိုင်ကယ်တစ်စီး ကြိုသွားပြီး အပေါ်က ဆင်းလာတဲ့ ကား ကို ရှောင်လို့ရမယ့်နေရာမှာ တားထားပေးရတယ်။

မိုးလုံးဟိန်းတောင် ပတ်ဝန်းကျင်က သစ်တောတွေကို ဒေသခံရွာတွေက ဝိုင်းဝန်း ထိန်းသိမ်း ပေး ထားတဲ့အတွက် သဘာဝပတ်ဝန်းကျင်မပျက်သေးဘူး။ ဒီလိုပဲ ရေထွက်ရှိတဲ့နေရာတွေ ပတ်ဝန်းကျင်က တော တွေကိုလည်း စနစ်တကျထိန်းသိမ်းထားတာတွေ့ရတယ်။ မိုးလုံး ဟိန်း တောင်ခြေကို သွားတဲ့ကားလမ်းဆိုရင် သစ်ပင်ကြီးတွေကို မခုတ်ရအောင် တတ်နိုင်သမ ျှ ရှောင် ကွင်း ဖောက်ထားတဲ့အတွက် လမ်းကျဉ်းပြီး အကွေ့အကောက်များတယ်။ အရှေ့မြင် အနောက် မြင်တောင် နဲ့ တောင်တက်လမ်း တစ်လေ ျှာက် က သစ်တောတွေလည်း သဘာ၀ အတိုင်း ရှိ နေ သေးတယ်။

ဒီအခြေအနေကို ခြိမ်းခြောက်နေတဲ့သူတွေကတော့ ဒေသခံတွေက “ ပန်းတက်သမား” လို့ခေါ် တဲ့ သစ်ခွပန်းရှာတဲ့သူတွေပဲ။ ဒီလူတွေက သစ်ခွရှိတဲ့ အကိုင်းတွေကို ခုတ်ချပြီး သစ်ခွယူ လေ့ရှိသလို အပင် ကိုလှဲပြီး သစ်ခွ ယူတာလည်း ရှိတယ်။ ဒေသခံတွေက တောထဲမှာ တစ်ယောက်ထဲ နှစ်ယောက်ထဲ သွားတုန်းတွေ့ရင်လည်း ဟိုက အုပ်စုနဲ့ဆိုတော့ တားဆီးဖို့ မဖြစ်နိုင်ဘူး။ သစ်တော ဦးစီးဌာန ကို တိုင်ရင်လည်း ဒီလူတွေကို တားဆီးဖို့က ဦးစားပေး အစီအစဉ်ထဲမှာ ပါပုံ မရဘူး။

ကျွန်တော့် ခရီးစဉ်မှာတောင် ပန်းတက်သမားတွေ ( ကျွန်တော်ကတော့ သစ်ခွ သူခိုးတွေလို့ ခေါ် ချင်တာပဲ) ခုတ်လှဲထားတဲ့ သစ်ပင်ကြီးတစ်ပင်ကို တွေ့ခဲ့တယ်။ သစ်ပင်ကြီးတွေပင်စည်ကို ဓားနဲ့ထစ် အပေါ်တက်ပြီး အကိုင်းတွေ ခုတ်ချထားတာလည်း မြင်ခဲ့ရတယ်။ အဲဒီအဖွဲ့တွေ စခန်း ချသွားတဲ့ သစ်ခက်တဲအဟောင်းတွေလည်း တွေ့ခဲ့ရတယ်။ သစ်ခက်တဲတွေက ပုံဖျက်ထား တဲ့ အတွက် ရှာတွေ့ဖို့ခက်တယ်။ သစ်ပင်ကြီးတွေပေါ်တက်ရင်းနဲ့ ပြုတ်ကျပြီး သေတဲ့ သစ်ခွ သူခိုး တွေလည်းရှိတယ်လို့ပြောတယ်။ ဒါပေမယ့် လူဆိုတာ လောဘ တက်လာရင် ဘာကို မှ မကြောက်တော့၊ အသိတရားလည်း မရှိတော့တဲ့အတွက် သစ်ခွသူခိုးတွေက ရှိနေဆဲပဲ။

မိုးလုံးဟိန်းတောင် ကားထားမယ့်နေရာကို ရောက်တော့ မနက် ၈ နာရီခွဲ၊ ကားရပ်တဲ့နေရာက မိုးလုံးဟိန်းတောင်ထိပ်နဲ့မဝေးတော့ဘူး။ ကားလမ်းက မိုးလုံးဟိန်းတောင်ထိပ်အထိ ရောက် တော့ တောင်ထိပ်အထိ တက်၊ တောင်ထိပ်မှာ ကားထားပြီး သွားရင်လည်း ရတယ်။ ဒါပေမယ့် လမ်းကြောင်းက တောင်ထိပ်ကနေ အောက်ကို ပြန်ဆင်း၊တောင်ကြောပြန့်လေးကို ဖြတ်၊ ပြီးမှ အရှေ့မြင် အနောက် မြင်တောင်ကြောပေါ် ပြန်တက်ရတာဆိုတော့ အပြန်ခရီး ခြေကုန်လက်ပန်းကျနေချိန်မှာ မိုးလုံးဟိန်းတောင်ထိပ်အထိ ပြန် တက်ရမှာ အဆင်မပြေဘူး။

ဒါ့ကြောင့်ကားကို တောင်ခုလတ်မှာရပ်ပြီး ခြေလျင်ခရီးစတယ်။ လူသွားလမ်းလေးက တောင် စောင်း အတိုင်းသွားပြီးမှ တောင်ကြောအတိုင်းအောက်ကို ဆင်းသွားတယ်။ တောင်ကြော အဆုံးမှာ မြေပြန့်လေးရှိတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က လီဆူး တိုင်းရင်းသားတွေ နေသွားဖူးလို့ လီဆူးစခန်း လို့ခေါ်တယ်။ အမြင့်ပေ ၆၈၀၀ ရှိတယ်။ အဲဒီနေရာကနေ တောင်ကြားအတိုင်း ရပ်စောက် လွင်ပြင်ပေါ်က တိမ်ပင်လယ်ကို လှမ်းမြင်နေရတယ်။ အသက်ရှုမှားလောက်အောင် လှတဲ့ ရှုခင်းပဲ။

လီဆူးစခန်းကနေ လှမ်းကြည့်ရင် အရှေ့မြင်အနောက်မြင်တောင်ကြောကို လှမ်းမြင်နေရတယ်။ ကျွန်တော်တို့ ရောက်နေတဲ့နေရာကနေ အဲဒီတောင်ကြောပေါ်ကို ပြန်တက်ရမယ်။ ဒါ့ကြောင့် လီဆူးစခန်းကထွက်တာနဲ့ တောင်တက်ခရီး စပြီလို့ ပြောရမှာပဲ။

မြို့အုပ်မင်း

အခု အချိန်မှာတော့ “ အိမ်အတွက် ဘာပဲလိုလို ကျွန်တော့်ကို ခိုင်းပါ” ဆိုပြီး တောင်းဆိုနေရ တယ်။ အဓိက ကတော့ အပြင်ထွက်ဖို့ အတွက် ခေါင်းစဉ်ရှာတာပါပဲ။ ကျွန်တော်ကလည်း ခရီး သွားရင် သွားရ၊ မသွားရရင် မြို့လုံးပတ်လည် လှည့်ချင်နေတာကိုး။ ဒါပေမယ့် အိမ်သူ က လည်း တောင်ပေါ် မြေပြန့်မခွဲခြားဘဲ အုန်းအုန်းထ ဝုန်းဒိုင်းကြဲနေတဲ့ အခုလို အချိန်မှာ ဘယ်မှ မသွားစေချင် ဘူး။ ဒီလိုနဲ့ ဘာပဲလိုလို ငါသွားဝယ်မယ် ဆိုပြီး တောင်းဆိုရတော့တာပဲ။

အခုလည်း အသီးအရွက်နဲ့ ဟင်းချက်စရာတစ်ချို့လိုတယ်လို့ အသံကြားတာနဲ့ ၊ “ကားဆီ ထည့် ဖို့လည်းရှိတယ်၊ ငါသွားလိုက်မယ်ဟေ့” ဆိုပြီး တစ်ချိုးတည်း လစ်ထွက်လာခဲ့တယ်။ ပထမဆုံး ဈေးဝယ်ဖို့ စီးတီးမတ်ကို သွားတယ်။ အနားက ဈေးမှာ ဝယ်ရင်လည်း ရတယ် ။ဒါပေမယ့် စီးတီး မတ်မှာက ဘဏ်ကပ်နဲ့ရှင်းလို့ရတော့ ပိုအဆင်ပြေတယ်။

စီးတီးမတ်ရှိတဲ့ဈေးဝယ်စင်တာရှေ့က အသုပ်ဆိုင်လေးကတော့ လူစည်နေပြီ။ အရင်က ဒီဆိုင် လေးဟာ မနက် ၇ နာရီလောက်ကနေ မွန်းလွဲ တစ်နာရီ နှစ်နာရီ အထိပဲရောင်းတာ အခုတော့ ညနေ ငါးနာရီလောက်အထိ ရောင်းနေရတယ်။ ရောင်းတဲ့ ပစ္စည်းအမယ်ကလည်း အသုပ်စုံ ကနေ ညနေဘက်ဆိုရင် လက်ဖက်ထမင်း၊ ငါးခြောက်သုပ်၊ ဆေးဘဲဥသုပ်အထိ ဖြစ်လာပြီ။

ဈေးဝယ်စင်တာမှာ ရှိတဲ့ ဆိုင်ခန်းတွေက ဝန်ထမ်းတွေ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပုဂ္ဂလိက ရုံးတွေ က ဝန်ထမ်းတွေက ကုန်ဈေးနှုန်းက တက်၊ မီးက ပျက် တဲ့ အချိန်မှာ ထမင်းမချက်တော့ဘူး။ ဒီဆိုင် လေးမှာ အသုပ်စုံ၊ ဒါမှမဟုတ် ရခိုင်သုပ်တစ်ပွဲ ခြောက်ရာ ၊ ထမင်းဖြူတစ်ပွဲ နှစ်ရာ နဲ့ ကိစ္စပြီး လိုက်ကြတယ်။ ရုံးအဆင်း အိမ်အပြန် ညစာ ဝယ်သွားကြတယ်။ အဟာရတန်ဖိုးတော့ ထည့်မတွက်နဲ့ပေါ့။ အောက်ခြေလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းတက်ရင် အဟာရတန်ဖိုးကို မေ့ထားလိုက်ကြတာပဲ။ ဒီလိုနဲ့ အသုပ်ဆိုင်လေးက ထုံထိုင်းမှုန်မှိုင်းနေတဲ့ မြန်မာ့စီးပွားရေး ကဏ္ဍ ထဲမှာ ရှားရှားပါးပါး တိုးတက်မှုရှိနေတဲ့ လုပ်ငန်း ဖြစ်လာတော့တာပဲ။

၂၀၁၆ ဧပြီ၊ မေ လမှာ မီးခဏခဏပျက်တော့ အင်န်အယ်လ်ဒီအစိုးရကို ကလိခဲ့ဖူးတဲ့ ကျွန်တော် ဟာ မီးပျက်တာအနည်းဆုံးလို့ ဆိုနိုင်တဲ့ ၂၀၁၉ ၊ ၂၀၂၀ ကာလရောက်တော့ ပြန်ပြီး အားနာခဲ့ ဖူးတယ်။ အခုတော့ လ ျှပ်စစ်မီးအခြေအနေက ရန်ကုန်မြို့ကို A, B , C , D အုပ်စုတွေ ခွဲပြီး မီးပေးခဲ့ရဖူးတဲ့၊ အစိုးရ ရုံးတွေမှာ ရုံးဆင်းရင် မီးပိတ်ဖို့ စာတွေချိတ်ပြီး သတိပေးရ၊ မီးသုံးစွဲ မှု စနစ်တကျရှိမရှိ အဖွဲ့နဲ့လိုက်စစ်ရတဲ့ ၂၀၀၀ ပြည့်လွန် ကာလတွေကို ပြန်ရောက်တော့မယ့် ကိန်းဆိုက်နေပြီ။ ကျောက်ခေတ်လူသားတွေ မီးတန်ဖိုးကို သိသလို ရန်ကုန်သူ ရန်ကုန်သား ဟာ လည်း လ ျှပ်စစ်မီး တန်ဖိုးကို ကောင်းကောင်းသိနေပြီလေ။

ဈေးဝယ်စင်တာထဲ သွားတော့ အင်္ဂလိပ်နာမည် ရှည်ရှည်လျားလျားနဲ့ ကော်ဖီဆိုင် လေးထဲက ပစ္စည်းတွေ သယ်ထုတ်နေတာ တွေ့တယ်။ ဒီဆိုင်လေးရဲ့ တံခါးတွေ ပိတ်နေတာ တစ်နှစ်နီး ပါး ရှိ ပါပြီ။ ဈေးနည်းနည်းကြီးပေမယ့် ဝိုင်ဖိုင်လေးသုံးပြီး စတိုင်ကျကျ ထိုင်လို့ရတဲ့ ဒီဆိုင်လေး ပြန်ဖွင့် မလားလို့ မေ ျှာ်လင့်နေခဲ့ပေမယ့် အခုတော့ ဝန်ထမ်းလေးတွေ မျက်စိမျက်နှာပျက်ပျက် နဲ့ ပစ္စည်း တွေ သိမ်းနေကြပြီ။ ဒီဈေးဝယ်စင်တာထဲမှာ ပိတ်ထားတဲ့ တံခါးတစ်ချပ်တိုးပြန်ပြီပေါ့။ တစ်ချို့ ပိတ်ထားတဲ့ ဆိုင်ခန်းတွေရှေ့မှာတော့ “မကြာမီ လာမည် မေ ျှာ်” ဆိုတဲ့ ဗီနိုင်းပိုစတာ ကြီး တွေ ကပ်ထားတယ်။ “ဘာတွေလာမှာလဲ” ၊ “ ဘယ်တော့လာမှာလဲ” ဆိုတာတော့ တိတိကျကျ မပြောထားဘူး။ ဆပ်ပြာပူဖောင်း ကတိတွေများလာတဲ့ ကမ္ဘာကြီးထဲက နောက်ထပ် ပူဖောင်း တွေပေါ့။ လူတွေလည်း ဆပ်ပြာပူဖောင်းတွေကို လိုက်ဖမ်းနေတဲ့ ကလေးတွေနဲ့ တူလာပြီ။

ဒီဈေးဝယ်စင်တာမှာ ဘဏ်သုံးခုက အေတီအမ် ငွေထုတ်စက် သုံးလုံးရှိတယ်။ လွန်ခဲ့တဲ့ လေးငါး လ လောက်အထိ ဒီစက်တွေရှေ့မှာ လူတန်းရှည်ကြီးတွေ မြင်ခဲ့ရဖူးတယ်။ လက်ဖျံတွေမှာ တန်းစီ ဇယားဂဏန်းတွေနဲ့လူတွေ ၊ မွန်းကျပ်ပြီး ဘာကိုမှ သည်းမခံချင်တော့တဲ့ မျက်နှာနဲ့ ငွေတကယ် ထုတ် မယ့် သူတွေ၊ ကလေးတွေပါခေါ်လာ၊ ကလေးတွေက ဈေးဝယ်စင်တာထဲမှာ ပျော်ပျော်ပါးပါး
လေ ျှာက်သွားနေတဲ့ တန်းစီတိုးစားသူတွေ၊ သူတို့အားလုံးကြားက ဘဝဇာတ်လမ်းအစုံစုံကို မြင်ရတဲ့ အချိန် ပေါ့။

အခုတော့ ဒီလူတန်းရှည်ကြီးမတွေ့တော့ဘူး။ ဒါဟာ ဘဏ်စနစ်ကြီး အဆင်ပြေချောမွေ့သွားလို့ မဟုတ်ဘူး။ ရာခိုင်နှုန်းတဲ့ ငွေလဲပေးတဲ့၊ ဘဏ်ထဲက ကိုယ့်ငွေကို ပိုက်ဆံပေးပြီး ပြန်ဝယ်ရတဲ့ အခြေအနေဖြစ်သွားလို့ အေတီအမ်စက်တွေရှေ့မှာ လူမရှိတော့တာ။ ဒီဈေးဝယ်စင်တာက အေတီအမ်စက်တွေကို ငွေလာမဖြည့်တာလည်း ကြာပေါ့။ ဘာတံဆိပ်ရ၊ ဘာဆုရ ဆိုပြီး ရေးထားတဲ့ အေတီအမ်စက်ဆိုရင် ဘဏ်ကတောင် ပြန်လာဖြုတ်သွားပြီ။

တိုက်တိုက်ဆိုင်ဆိုင် ဇန်နဝါရီလ ၁၂ ရက်နေ့ မော်ကွန်း မဂ္ဂဇင်း ဝက်ဘ်ဆိုက်မှာ ဗဟို ဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘဏ်ခွဲပေါင်း ၆၀% ပြန်ဖွင့်နိုင်ပြီ လို့ ပြောတဲ့ အကြောင်းနဲ့ ဘဏ်တွေမှာ လူတစ်ဦးကို တစ်ပတ် သိန်း နှစ်ဆယ်၊ ကုမ္ဗဏီနဲ့ အဖွဲ့ အစည်းတွေအတွက် တစ်ပတ် သိန်းနှစ်ရာ ထုတ်ပေးဖို့ ဗဟိုဘဏ်က သတ်မှတ်ထားကြောင်း သတင်းကို ဖတ်လိုက်ရတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌကြီးဟာ တိုကင်ရဖို့ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိဖို့ ထက်ပိုခက်တဲ့အကြောင်း၊ တိုကင်ရရင်တောင် သိန်းနှစ်ဆယ် မဆိုထားနဲ့ ငါးသိန်းရရင် ထီ သိန်းငါးထောင်ဆုပေါက်သလို ကံထူးသူဖြစ်ကြောင်း၊ ဘဏ်ဝန်ထမ်းက ပြုံးပြီး ကြို တဲ့ ခေတ်ကနေ ကိုယ်က ဘဏ်ဝန်ထမ်းကို ပြုံးပြရတဲ့ခေတ်ကို ရောက်နေကြောင်း၊ ဘဏ်ထဲ မဝင်ခင် လုံခြုံရေးကို တိုကင်ရသူဖြစ်တယ်၊ ဒါမှမဟုတ် ငွေထုတ်တာမဟုတ်ဘဲ အခြား ဝန်ဆောင်မှု လာလုပ်တာဖြစ်တယ်လို့ သတင်းပို့နေရကြောင်း သိပုံမရဘူး။

ဈေးဝယ်စင်တာထဲ အပေါ်တက်၊ အောက်ဆင်း လေ ျှာက်သွား၊ စီးတီးမတ်မှာ ဈေးဝယ်ပြီး တော့ ဆီထည့်ဖို့သွားတယ်။ ဆီဆိုင်ရှေ့က ဈေးနှုန်းဆိုင်းဘုတ်ကြီးကို မကြည့်ဘူး။ မျက်လွှာချပြီး ဖြတ် ခဲ့တယ်။ ဘာမှ တွက်ချက်မနေတော့ဘူး။ သုံးသောင်းဖိုးထည့်လို့ပြောလိုက်တယ်။ တိုင်ကီထဲ ရောက်သမ ျှ ကိုယ့်အတွက်ပေါ့။ ဈေးတက်လို့လည်း အပြစ်မတင်တော့ပါဘူး။ ဘဏ်ကပ် နဲ့ ဖြစ်ဖြစ် ၊ ဘာ Pay ညာ Pay နဲ့ ဖြစ်ဖြစ် ပေးလို့ရတာပဲ ကျေးဇူးတင်ပါတယ်။

ဆိုင် ကထွက်တော့ ဆီဂိတ်ကို ကြည့်လိုက်တယ်။ အရင်က အခုလောက် ဆီလက်ကျန်နဲ့ သုံး သောင်းဖို့ထည့်ရင် တိုင်ကီပြည့်ပြီ။ အခုတော့ တစ်မှတ်လိုနေသေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ် က ဆိုတဲ့ အတွေးခေါင်းထဲရောက်လာတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က xxx ၊ လွန်ခဲ့တဲ့ တစ်နှစ်က xxxx

မဆီမဆိုင် “ မြို့အုပ်မင်း ကယ်မှ ထောင်လုံးလုံးကျတယ်” ဆိုတဲ့ ဆိုရိုးစကား ဘယ်သူကများ စပြောခဲ့သလဲလို့ စဉ်းစားမိတယ်။

ကုလားထိုင်များ

ဒီအက်ဆေးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်က ရွေးကောက်ပွဲ နိုင် အင်န်အယ်လ်ဒီပါတီ ကို အစိုးရအဖွဲ့တာဝန်တွေ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ထိုင်ခုံ ပျောက်တော့မယ့်အခြေအနေကြောင့် သွေးလေ ချောက်ချားနေသူတွေ၊ ထိုင်ခုံ အသစ်အတွက် ခါးတောင်းကျိုက်ပြင်နေသူတွေကို ခံစား ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။


ကုလားထိုင်များ

မြန်မာအဘိဓာန်တွင်တော့ ကုလားထိုင်ကို ခြေလေးချောင်းနှင့် အမှီပါသော ထိုင်ခုံ ဟု ဖွင့်ဆိုထားသည်။ ကျွန်တော့်အဖိုးကတော့ ငါတို့ဗမာတွေမှာ ကုလားထိုင်ဆိုတာမရှိဘူး၊ ကုလားဖြူတွေရောက်လာမှ ယူလာတာ။ ဒါ့ကြောင့် ကုလားထိုင်လို့ ခေါ်တာဟု ပြောဖူး သည်။ ဘယ်လိုပဲ ပြောပြော ကုလားထိုင် ဆိုတာက သာမန်ပရိဘောဂတစ်ခုလို့ ပြော လို့ ရသလို အခြေအနေတစ်ခု၊ အခွင့်အရေးတစ်ခုကို ပြသခြင်းဖြစ်သည်ဟုလည်း ဆိုနိုင် မည် ထင်သည်။

လွန်ခဲ့သော တစ်နှစ် ခွဲကျော်အချိန်က ညကြီးမိုးချုပ် အခန်းကျယ်ကြီးတစ်ခုထဲမှာ ကျွန် တော်တစ်ယောက်ထဲရှိနေခဲ့ဖူးသည်။ ဝန်ထမ်းတွေရုံးဆင်းသွားပြီးဖြစ်၍ တစ်ရုံးလုံးတိတ် ဆိတ်နေသည်။ တစ်ချက်တစ်ချက် ညတာဝန်ကျဝန်ထမ်းများရှိသည့်ဘက်က စကားပြော သံ သဲ့သဲ့လေးနဲ့ အခန်းထဲမှာ ဖွင့်ထားသည့်လေအေးစက်မှ လေတိုးသံသာ ကြားရသည်။ သည်အခန်းကြီးကအစိုးရရုံးတွေမှာတွေ့ရသည့်အစည်းအဝေးအခန်းကြီးဖြစ်သည်။ မဟော် ဂနီရောင် ယူပုံသဏ္ဍန် စားပွဲရှည်ကြီး၊ လက်တံ နှစ်ဘက်မှာ ကုလားထိုင်တွေတန်းစီ ချ ထားသည်။ယူပုံထိပ်မှာတော့ကုလားထိုင်တစ်လုံး။အခန်းထဲမှာ အကောင်းဆုံးနဲ့ ခန့်ငြား မှု အရှိဆုံးကုလားထိုင်ကစားပွဲထိပ်မှာနေရာယူထားသည်။ဒီကုလားထိုင်မှာ ရာထူး အကြီးဆုံး သူထိုင်မည်ဆိုတာ မြင်တာနှင့် သိနိုင်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော် ဒီဝန်ကြီးဌာနကို ရောက်လာထဲက ဒီစားပွဲရှည်ကြီးမှာ ထိုင် ပြီး အစည်းအဝေးတွေ တက်ခဲ့ရသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးနဲ့ ကျွန်တော် တို့လိုလူတွေကအဝေးဆုံး၊အစွန်ဆုံးမှာ၊ပြီးရင် ညွှန်ကြားရေးမှူးချုပ်တွေ၊ ပြီးတော့ ဒုတိ ယ ဝန်ကြီးတွေ ရာထူးမြင့်လာလေ ထိပ်ဆုံးကုလားထိုင်နဲ့ နီးလေ။ ထိပ်ဆုံးမှာတော့ ဝန်ကြီး က ထိုင်ပြီး အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်သည်။ ကုလားထိုင်နေရာတွေက တာဝန်နဲ့ ရာထူးအဆင့်အတန်းကို ပြဆိုသည့် သဘောဖြစ်သည်။

အဲဒီအချိန်က အဲဒီကုလားထိုင်တွင် ထိုင်နေသည့် ကျွန်တော့်အတွက် ရွေးချယ်စရာ၊ ဖြစ်နိုင်စရာ အခြေအနေသုံးခုရှိသည်ဟု တွေးမိဖူးသည်။ ကျွန်တော့် တာဝန်ထမ်းဆောင်မှု ကို ကျေနပ်နှစ်သိမ့်မှုမရှိရင် ဒီရာထူးနှင့်ပဲ ဆက်နေ၊ ဒီကုလားထိုင်မှာပဲ ဆက်ထိုင် ။ ဒါမှ မဟုတ် အပြစ်တစ်စုံတစ်ရာကျူးလွန်ခဲ့ရင် ကုလားထိုင်မှာထိုင်ခွင့်မရတော့ဘဲ အလုပ်က ထွက်ဖို့ဖြစ်သည်။နောက်အခြေအနေကတော့တာဝန်ထမ်းဆောင်မှုအပေါ်ကျေနပ်မှုလည်း ရှိ၊ ရာထူးနေရာလည်း လစ်လပ်ပြီးဆိုရင် ပိုမိုမြင့်မားသည့် ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်း ခံရမည်။ ဒီလိုဆိုရင်တော့ စားပွဲထိပ်နှင့် ပိုနီးသည့် ကုလားထိုင်ကို ပြောင်းထိုင်ရမည်။

ဒီလိုနဲ့ ဝန်ကြီးဌာနအတွင်းမှာ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယဝန်ကြီး စသည်ဖြင့် ရာထူး တာဝန်အဆင့်ဆင့်ကို တိုးမြှင့်ထမ်းဆောင်ခဲ့ရသည်။ ကုလားထိုင်တွေရွှေ့ထိုင်ခဲ့ရသည်။ ဒီနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်က ကျွန်တော့်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခဲ့ပြီးဖြစ်သည်။ တစ်ချိန်တုန်းက ကျွန်တော့်ထိုင်ခဲ့သည့်နေရာနှင့် အဝေးဆုံးမှာ ရှိခဲ့သည့်ကုလားထိုင်မှာ ကျွန်တော်ထိုင်ရတော့မည်။ ပြီးခဲ့သည့် နှစ်တွေအတွင်းမှာ အစည်း အဝေးပေါင်းများစွာကို ဒီအခန်းထဲမှာ လုပ်ခဲ့သည်။ ထိပ်ဆုံးမှာထိုင်သည့် ဌာန အကြီးအကဲ များ၏ လုပ်ပုံကိုင်ပုံတွေကို လေ့လာခွင့်ရခဲ့သည်။ နမူနာယူစရာတွေလည်း တွေ့ရ၊ မိမိစိတ်နှင့် မတူတာတွေလည်းမြင်ရ၊ သင်ခန်းစာကောင်းတွေလည်းရရှိခဲ့သည်။

အခုတော့ ထိပ်ဆုံးမှ ကုလားထိုင်မှာ ကျွန်တော်ထိုင်ပြီး ဆုံးဖြတ်ချက်တွေ ချရတော့မည်။ ဒီကုလားထိုင်မှာတော့အရင်ကုလားထိုင်တွေနဲ့မတူတာက ကျွန်တော့်အတွက် ရွေးချယ် စရာ နှစ်ခုသာ ရှိတော့သည်။ အစိုးရအဖွဲ့သက်တမ်းကုန်သည်အထိ တာဝန်ဆက်လက် ထမ်းဆောင်ခြင်းနှင့် ကျွန်တော့်လုပ်ဆောင်မှုအမှားများကြောင့် အချိန်မတိုင်မီ ရာထူးမှ ထွက်ရခြင်း နှစ်ခု ပဲရှိသည်။ ဒီလိုစဉ်းစားလိုက်တော့ တာဝန်၏ ကြီးမားလေးပင်မှုကြောင့် လေအေးစက်ဖွင့် ထားသည့်တိုင် ကုလားထိုင်တစ်ခုလုံး ပူလောင်နေသလို ခံစားခဲ့ရ သည်။ကုလားထိုင် အပေါ်သာယာသည့်စိတ်မရှိတော့ နောင်ဒီကုလား ထိုင်မှာထိုင်ပြီး အစည်းအဝေးများစွာကို ဦးဆောင်သည့်အချိန်များတွင် ပထမဆုံးတာဝန်ယူ သည့် ညကခံစားချက်ကို မကြာ မကြာပြန်ပြောင်းသတိရမိသည်။ ထိုခံစားချက်နှင့်ပင် ကုလား ထိုင် ကြောင့် အပြုအမူ၊ အကျင့်အကြံ၊ ကိုယ်ကျင့်သီလတွေ ယိမ်းယိုင်မသွားအောင် ထိန်းသိမ်း ခဲ့ရသည်။

တစ်ခါတစ်ရံမှာတော့ ကုလားထိုင်တစ်လုံးသည် အဆောင်အယောင်၊ နောက်ပြီး သင်္ကေတ လက္ခဏာသဘောလည်းဆောင်ပြန်သည်။ လမ်းစဉ်ပါတီခေတ်ကဆိုလ ျှင် ပါတီဥက္ကဌကြီး ၏ ထိုင်ခုံကအခြားထိုင်ခုံတွေထက်မြှင့်ထားသည်။ဥက္ကဌကြီးနှင့် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ သည့် နိုင်ငံရေးသမားဟောင်းကြီးများ၊ ရဲဘော်သုံးကျိပ်ဝင်များ စုပေါင်းဓာတ်ပုံရိုက်ရာတွင် ဥက္ကဌကြီးရဲ့ ကုလားထိုင်က မြင့်နေသည့်အတွက် အခြားသူများထက် ခေါင်းတစ်လုံးသာ နေသည်ကို မှတ်မိနေသေးသည်။ ဒီမှာတော့ ကုလားထိုင်က လုပ်ဖော်ကိုင်ဘက်ခြင်း အတူ တူ လက်ရှိအခြေအနေမှာ ဘယ်သူက ဘယ်နေရာမှာဆိုတာ သင်္ကေတဖြင့် ပြလိုက်ခြင်း ဟု ယူဆနိုင်ပြန်သည်။

တစ်ခါတစ်ရံကျတော့လည်း ကုလားထိုင်အမျိုးအစား ခန့်ညားမှုထက် ကုလားထိုင်ရှိနေ သည့် နေရာက အရေးကြီးနေပြန်သည်။ တစ်ချိန်သောအခါက ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက်ထိုခေတ်ကာလကရှားရှားပါးပါးပစ္စည်းတစ်ခုကိုပိုင်ဆိုင်ခွင့်ရဖို့လေ ျှာက်လွှာ တင်ရန် အတွက် အခန်းတစ်ခန်းရဲ့အဝမှာ အချိန်အကြာကြီး စောင့်နေခဲ့ရဖူး သည်။ ဌာန အကြီးအကဲထံသို့တင်ပြရန်အတွက်သူ့ကိုယ်ရေးအရာရှိနှင့်အရင်တွေ့ရမည်။ထိုကိုယ်ရေး အရာရှိနှင့်တွေ့ဖို့အတွက် သူ့အခန်းဝက ယိုင်နဲ့နဲ့ ကုလားထိုင်တစ်လုံးပေါ် တွင် ထိုင် နေသည့် အပေါက်စောင့်ရုံးဝန်ထမ်းကို ခွင့်တောင်းရသည်။

ဒီအခန်းထဲကိုလေ ျှာက်လွှာကိုင်ပြီး ဝင်ခွင့်တောင်းသူပေါင်းများစွာကို မြင်ခဲ့ဖူးပြီဖြစ်သော ထိုဝန်ထမ်းက ကျွန်တော်တို့နှစ်ယောက်ကိုမမှု၊ စောင့်ပါဟု တိုတိုပြတ်ပြတ်ပြော ပြီး လက် ထဲက စာအုပ်ကို ဆက်ဖတ်နေသည်။ ခုံတန်းလေးတစ်ခုပေါ်မှာ ကျွန်တော်တို့ အကြာ ကြီးထိုင်စောင့်နေခဲ့ရသည်။ ဟော သူနဲ့သိသူတွေလာရင်တော့ ချက်ခြင်း အခန်းထဲ သွင်း ပေးလိုက်သည်။ တစ်ချို့တွေကျပြန်တော့ ကျွန်တော်တို့လိုပဲ ထိုင်စောင့်ပေတော့။ ဒီနေရာ မှာတော့ဧည့်သည်ရဲ့ ရာထူးအဆင့်အတန်းက အရေးမကြီး၊ ကုလားထိုင်ကောင်း မကောင်း ကလည်း အရေးမပါ။ ကုလားထိုင်ရှိနေသည့် နေရာက အရေးကြီးသွား ပြန်သည်။

ကုလားထိုင်တွေအရေးပါတော့ ကုလားထိုင်လုသည့် ကစားနည်းတွေလည်းရှိလာသည်။ ငယ်ငယ်တုန်းက ကစားခဲ့ရသည့် Musical Chair ဆိုသည့် ကစားနည်းမှာတော့ ပါဝင် ကစားသူအရေအတွက်ထက် ကုလားထိုင်တစ်လုံးလေ ျှာ့ပြီးနေရာချထားသည်။ လူဆယ်ဦး ဆိုရင် ကုလားထိုင်က ကိုးလုံးပဲ ရှိသည်။ သီချင်းစဖွင့်သည်နှင့် ကစားသူတွေက ကုလား ထိုင်တွေကို ပတ်ပြီး စက်ဝိုင်းပုံလေ ျှာက်နေရသည်။ သီချင်းရပ်သည်နှင့် အနီးဆုံးကုလား ထိုင်တစ်လုံးကို ဝင်ထိုင်ရသည်။ ကုလားထိုင်မရသူက အရှုံးသမား၊ အထုတ်ခံရမည်။

နောက်တစ်ချီပြန်ကစားသည့်အခါ ကုလားထိုင်တစ်လုံးထပ်လေ ျှာ့လိုက်သည်။ ဒီလိုနဲ့ နောက်ဆုံးကျန်သည့် ကုလားထိုင်တစ်လုံးကို ထိုင်နိုင်သူက ဒီကစားပွဲမှာ အနိုင်ရသူဖြစ် သည်။ ဒီကစားနည်းမှာတော့ သီချင်းသံက ဘယ်အချိန်ရပ်မည်မသိ၊ သီချင်းဖွင့်ချိန် ကြာ လာသည်နှင့်အမ ျှ ပါဝင်ကစားသူတွေ ဂဏှာမငြိမ်ဖြစ်လာသည်။ ရုတ်တရက် သီချင်းသံ ရပ်သွားသည်နှင့် အနီးဆုံးထိုင်ခုံကိုပြေးထိုင်၊ နှစ်ယောက်ဆုံနေလ ျှင် တွန်းတိုက်ပြီး လုထိုင်ကြပြန်သည်။ ကစားပွဲရှည်ကြာလာလေ၊ ကုလားထိုင်တွေနည်းလာလေ ပြိုင်ဆိုင်မှု တွေက ပြင်းထန်လာလေ။ ကုလားထိုင်ရလိုက်သူတွေပြုံးပျော်နေပေမယ့် နေရာမရလို့ ထွက်သွားရသူက မပျော်နိုင်၊တစ်ခါတစ်လေ သူနဲ့ နေရာအပြိုင်လုခဲ့သူကိုပင် မကျေနပ် သည့် ကိုယ်နှုတ်အမူအရာနှင့်တုန့်ပြန်တတ်သည်။

ပြန်စဉ်းစားကြည့်တော့ ပျော်ရွှင်မှုထက် အနိုင်မရသဖြင့် ပေါ်ပေါက်ခဲ့သော လောဘ စိတ်၊ ဒေါသစိတ်တွေက ပိုများခဲ့တာ အသေအချာပဲဖြစ်သည်။ အာဂျင်တီးနား အာဏာရှင် ဗိုလ်ချုပ် ကြီးပီရွန်ရဲ့ ဇနီး အီဗာပီရွန်အကြောင်းတင်ဆက်သည့် တေးသံစုံပြဇာတ် Evita မှာ ဗိုလ် ချုပ်ကြီးပီရွန် အာဏာရလာပုံကို ပီရွန်နဲ့ လုပ်ဖော်ကိုင်ဘက် အရာရှိတွေ ငယ်စဉ်က Musical Chair ကစားကြပုံ၊ နောက်ဆုံး ပီရွန်တစ်ယောက်ပဲ ကျန်ခဲ့ပုံနှင့် နှိုင်းယှဉ်တင် ဆက်ခဲ့သည့်အကြောင်းကို ဖတ်ရတော့ ဒီကစားနည်းက နိုင်ငံရေးနယ်ပယ်က ကုလားထိုင် လုပွဲတွေကို ကြည့်ပြီး တီထွင်ခဲ့သလားဟု တွေးမိပြန်သည်။

ဒီလိုနဲ့ ကုလားထိုင်တွေအကြောင်း မြင်မိ၊တွေးမိတာ နှစ်နှစ်နီးပါးရှိတော့မည်။ နိုင်ငံ့ ဝန်ထမ်းဘဝနှင့်ရော နိုင်ငံရေးအရခန့်အပ်သောရာထူးနှင့်ပါ တာဝန်အဆင့်ဆင့်ကို ဆယ်စု နှစ်သုံးခုကျော် ထမ်းဆောင်ခဲ့ပြီ။ ကုလားထိုင်လုသူ၊ မိမိ နေရာမရသဖြင့် လောဘ၊ ဒေါသ၊ မာန်မာနများနှင့်ပူလောင်နေသူ၊မုဒိတာမပွားနိုင်ပဲထိုင်နေသူကိုဒုက္ခအမျိုးမျိုးပေးဖို့ ကြိုးစား သူ၊ကုလားထိုင်ကြောင့်ဖောက်ပြန်သွားသူစသည် စသည်တို့ကို မြင်ခဲ့၊ ကြားခဲ့၊ သင်ခန်းစာ ရခဲ့ပြီးပြီ။ ကိုယ်တိုင်လည်း ကုလားထိုင်ကြောင့် မပျက်စီးရအောင် ကြိုးစားခဲ့သလို လောကီ သားပေမို့ ကတိမ်းကပါးဖြစ်ခဲ့တာလည်း ရှိသည်။ ကုလားထိုင်တွေဘယ်လိုပြောင်းပြောင်း ကိုယ်ကျင့်သီလခိုင်မြဲစွာမဖောက်မပြန်နေခဲ့သူများကိုလည်းတွေ့မြင်ခဲ့ရ၊ကြည်ညို လေးစားခဲ့ရသည်။ ကုလားထိုင်တစ်လုံးရဖို့အတွက် နောက်ကြောကို ဓားနှင့် ထိုးဖို့ ကြိုး စားသူတွေ၊ ဘာလုပ်ရလုပ်ရ ထိုင်ရဖို့ အဓိက ဆိုသူတွေကို မြင်ပြီး စက်ဆုပ်ခဲ့ဖူးပြီ။

မကြာသောကာလမှာ လက်ရှိတာဝန်ကနေ အနားယူရမည်။ ကုလားထိုင်ပြောင်းရဦးမည် ပေါ့။ ဒီတစ်ခါထိုင်ရမည့် ကုလားထိုင်ကတော့ မိသားစု ထမင်းဝိုင်းက ကုလားထိုင်ပဲဖြစ် မည်။ ဒီကုလားထိုင်လေးမှာတော့ ကြုံခဲ့ရ၊ မြင်ခဲ့ရသည့် ကုလားထိုင်များလို ပူပန်မှုတွေ၊ ဖိစီးမှု တွေ၊ တာဝန်တွေနဲ့ တွဲမနေ၊ ချစ်ခြင်းတရားတွေ၊ကြင်နာခြင်းတွေနဲ့ အေးမြနေမှာ သေချာသည်။