သော့တူ

လွန်ခဲ့တဲ့ ငါးနှစ် ၂၀၁၆ ဇူလိုင်လမှာ
ခေတ် ဘယ်လိုပြောင်းပြောင်း အာဏာနဲ့လုပ်ပိုင်ခွင့်ရှိသူတွေ အနားကို ရအောင်၊ ရောက်အောင် ဝင်နိုင်သူတွေအကြောင်း “ သော့တူ” ဓာတ်ပုံအက်ဆေးလေးနဲ့ သွယ်ဝိုက် သတိပေးခဲ့ဖူးတယ်။

စိုးရိမ်တဲ့အတိုင်း တံခါး မရှိ၊ ဓါးမရှိ Master Key တစ်ချောင်းနဲ့ ဝင်ထွက်နေတာမြင်ရတော့ ၂၀၁၈ နိုဝင်ဘာလ မှာ “ သံချပ်ကာ ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးပြီး အဆုံးသတ်မှာ “ ဘယ်လောက် ထူထဲ တဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ဖြစ်ပါစေ အားနည်းတဲ့ ဆက်ကြောင်း တစ်ခုတော့ ရှိသည်သာ” လို့ အလိုလိုက် အကြိုက်ဆောင်ပြီး ကျုံးသွင်းတတ်သူတွေ အကြောင်း သတိ ပေးခဲ့တယ်။

အခုတော့ ဘာပြောရမှန်း မသိတော့ပါဘူး။

DVB နဲ့ ကျွန်တော်

( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့ ကူညီ တာမျိုးဖြစ်ပါတယ်။ အခုဆောင်းပါးတွေက မီဒီယာပြုပြင်ပြောင်းလဲရေးမှာ သူတို့ ပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍများကို အမှတ်တရရေးသားလိုက်တာဖြစ်ပါတယ်။ )

DVB နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဆက်ဆံရေးကတော့ ဆန့်ကျင်ဘက်အုပ်စုတွေကြား ဘုံအကျိုး စီးပွားကို ရှာဖွေပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရင်အကျိုးရှိတယ်ဆိုတဲ့ သာဓကတစ်ခုလို့ ပြောနိုင်ပါ တယ်။

တပ်မတော်အစိုးရလက်ထက် ပြည်ပရောက် အတိုက်အခံများက ထူထောင်ထားတဲ့ မီဒီယာတွေ ထဲမှာ DVB က ရုပ်မြင်သံကြားရော၊ ရေဒီယိုပါ ထုတ်လွှင့်တဲ့အတွက် လက်စောင်းအထက်ဆုံးလို့ ပြောနိုင်ပါတယ်။ ပြည်တွင်းမှာလည်း သတင်းထောက်ကွန်ယက်အားကောင်းပြီး လုံခြုံရေးတာဝန် ရှိသူများကလည်း မျက်ခြေမပြတ်စောင့်ကြည့်ဖော်ထုတ်အရေးယူခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။ DVB ကလည်း ပြန်ကြားရေးဆိုရင် အတော် ပြင်းပြင်းထန်ထန်ဝေဖန်တယ်၊ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကိုဆိုရင် သီးခြား ကဏ္ဍတစ်ခုနဲ့တောင် သရော်တာမျိုးလုပ်ဖူးတယ်။ ပြန်ကြားရေး ဘက်ကလည်း DVB သတင်းထုတ်ပြန်ချက်တွေကို အနီးကပ်စောင့်ကြည့်ပြီး ပြန်ချေပတာ၊ မှတ် တမ်းထားတာတွေလုပ်ပါတယ်။

သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးတဲ့နောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်တဲ့ အခါ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မီဒီယာပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပြည်ပအတိုက်အခံမီဒီယာတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ထားတာ ပယ်ဖျက်တဲ့ကိစ္စ၊ နိုင်ငံ တကာမီဒီယာများအပြင် ပြည်ပအခြေစိုက်အတိုက်အခံမီဒီယာတွေက သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဆိုတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။

ပြည်ပအခြေစိုက်အတိုက်အခံမီဒီယာတွေကို ပြည်ဝင်ခွင့်ဗီဇာပေးတာ ၂၀၁၂ ဖေဖော်ဝါရီလထဲမှ စတင်ပါတယ်။ အစောဆုံးဝင်လာတဲ့အထဲမှာ DVB ကိုအေးချမ်းနိုင် ပါတယ်။ ကိုအေးချမ်းနိုင်က ဖေဖော်ဝါရီလကုန်ပိုင်း မြန်မာနိုင်ငံကို ရောက်တယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း နဲ့ တွေ့ပါတယ်။ နောက် ဝန်ကြီးရဲ့ ခွင့်ပြုချက် နဲ့ ကျွန်တော်က ဝန်ကြီးဌာန မီဒီယာပြုပြင် ပြောင်းလဲရေးအစီအစဉ်နဲ့ပတ်သက်ပြီး DVB ရဲ့ မေးမြန်း ချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်းခန်းကို လွန်ခဲ့တဲ့ ကိုးနှစ် တိတိ ၂၀၁၂ မတ်လ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တယ်

၂၀၁၂ မတ်လ ၁၉ ရက်နေ့ ရန်ကုန်မြို့မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ယူနက်စကိုအဖွဲ့၊ ပြင်သစ် မီဒီယာအဖွဲ့အစည်း CFI နဲ့ စကင်ဒီနေဗီးယား မီဒီယာအဖွဲ့အစည်း IMS တို့ပူးပေါင်းပြီး မြန်မာ နိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲကို ကျင်းပတယ်။ ပြည်တွင်း၊ ပြည်ပ က ကိုယ်စားလှယ် ၂၅၀ နီးပါးတက်ရောက်ခဲ့တယ်။ DVB ဧရာဝတီ နဲ့ မဇ္ဈိမ က ကိုယ်စားလှယ် တွေ လည်း တက်ရောက်ပြီး အတော်ကို တက်တက်ကြွကြွ ဆွေးနွေးခဲ့တယ်။

အဲဒီဆွေးနွေးပွဲအတွင်း DVB , IMS နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ အလွတ်သဘောဆွေးနွေးတဲ့ အခါ သတင်းမီဒီယာဥပဒေရေးဆွဲမှု၊ စာနယ်ဇင်းကောင်စီဖွဲ့စည်းမှု၊ ပြည်သူ့ဝန်ဆောင်မှုမီဒီယာ ထူထောင်မှု၊ သတင်းမီဒီယာဆိုင်ရာသင်တန်းများဖွင့်လှစ်မှု တို့နဲ့ပတ်သက်ပြီး နော်ဝေ၊ ဒိန်းမတ် နဲ့ ဆွီဒင်နိုင်ငံတွေရဲ့ အခြေအနေတွေကို လေ့လာနိုင်ရေးစီစဉ်ပေးဖို့ သဘောတူခဲ့ကြတယ်။

အဲဒီလို ပြန်ကြားရေး နဲ့ DVB ဆက်ဆံရေးတိုးတက်လာတဲ့အချိန်မှာ ကျွန်တော်က DVB က ကိုခင် မောင်ဝင်းကို တပ်မတော်အစိုးရလက်ထက် ပြည်တွင်းမှာ ရှိနေတဲ့ DVB သတင်းထောက် တွေ က ဘယ်လို သတင်းယူသလဲ၊ ဗီဒီယိုဖိုင်တွေကို အင်တာနက်ကန့်သတ်ချက်တွေကြားက ဘယ်လို ပို့ သလဲဆိုတာတွေမေးကြည့်တယ်။ အဓိက ကတော့ နယ်မှာရှိတဲ့ ပြန်ဆက်ရုံးတွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းထောက်တွေအဖြစ်သုံးချင်တဲ့အတွက်လေ့လာတဲ့သဘော မေးတာပါ။

ဒီလိုနဲ့ ပြန်ဆက်နဲ့ မြန်မာ့အသံ ဝန်ထမ်းတွေအတွက် ကင်မရာ နဲ့ဗီဒီယို တည်းဖြတ်သင်တန်းကို ကိုခင်မောင်ဝင်းနဲ့ ၂၀၁၂ ဇူလိုင်လထဲမှာ ပို့ချနိုင်ခဲ့ တယ်။ အဲဒီသင်တန်းအတွက် လိုအပ်တဲ့ ကင်မရာ နဲ့ လက်တော့ပ်ကွန်ပျူတာတွေကိုတော့ ဦးဟန်ယောင်ေ၀ တို့ ယူရို ဘားမား အဖွဲ့က ပံ့ပိုး ပေးခဲ့တယ်။ အဲဒီသင်တန်းကြောင့် နယ်ပြန်ဆက်ရုံးတွေက သာမန်ကင်မရာတွေကို သုံးပြီး သတင်းယူ၊ ဗီဒီယိုဖိုင်တွေကို အပိုင်းငယ်လေးတွေဖြတ်ပြီး မြန်မာ့အသံကို ပို့၊ မြန်မာ့အသံက ပြန် ပေါင်းစပ်ပြီး သုံးဆိုတာမျိုးကို လုပ်နိုင်ခဲ့တယ်။ တယက၊ ပယက တွေရဲ့ အစည်းအဝေးသတင်းတွေ တင်မဟုတ်တော့ပဲ ဒေသလူမှုစီးပွားဘဝအခြေအနေသတင်းတွေကိုပါ တင်ဆက်လာနိုင်ခဲ့တယ်။

အဲဒီသင်တန်းက ပြန်ဆက်အတွက်အကျိုးရှိပေမယ့် DVB အတွက် အတော်ပြဿနာတက်ခဲ့ရ တယ်။ ပြန်ကြားရေးက ပြန်ဆက်နယ်ဌာနတွေရဲ့ သတင်းတွေကို DVB က ကြိုက်တဲ့သတင်းရှိ ရင် ယူသုံးဖို့ခွင့်ပြုတယ်။ DVB ကလည်း သူတို့ မူနဲ့ကိုက်ညီတဲ့ နယ်သတင်းတစ်ချို့ကို သုံးပါ တယ်။ ဒါပေမယ့် ပြန်ကြားရေးကို သင်တန်းပေးတဲ့အပြင် ပြန်ကြားရေးသတင်းတွေကိုပါ သုံးတဲ့အတွက် DVB က ပြန်ကြားရေးနဲ့ပေါင်းသွားပြီဆိုပြီး အကြီးအကျယ်ဝေဖန်ခံရတယ်။ ပြည်တွင်းမှာရှိတဲ့DVB သတင်းထောက်တစ်ချို့ဆို အလုပ်ထွက်မယ် ဆိုတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကြားရတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သုံးနိုင်ငံမီဒီယာလေ့လာရေးခရီးစဉ်ကိုတော့ ၂၀၁၂ ခုှနှစ် ဇွန် ၈ ရက်နေ့ ကနေ ဇွန် ၁၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဒုဝန်ကြီး ဦးစိုးဝင်းခေါင်းဆောင်ပြီး ကျွန်တော်အပါ အဝင် ပြန်ကြားရေးက ငါးယောက်၊ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်၊ ပုဂ္ဂလိ မီဒီယာက သုံးယောက် ပါဝင်ပါတယ်။ ဒီခရီးစဉ်အတွက် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံအစိုးရများရဲ့ ဖိတ်ကြားမှု၊ ကူညီပံ့ပိုးမှု ရရှိရေး၊ လှည့်လည်ကြည့်ရှုနိုင်ရေးကိစ္စတွေကို DVB က စီစဉ်ပါတယ်။ ခရီးစဉ်အစအဆုံး DVB ကိုခင်မောင်ဝင်းက ဆက်ဆံရေးအရာရှိအဖြစ်နဲ့ လိုက်ပါတယ်။

ဒီခရီးစဉ်က ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာပြုပြင်ပြောင်းလဲမှုအတွက် အများကြီးအကျိုးရှိခဲ့ ပါတယ်။ သုံးနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုအသံလွှင့်ဌာနတွေ၊ စာနယ်ဇင်းကောင်စီတွေ၊ သတင်းအတတ်ပညာသင်တန်းကျောင်းတွေကို လေ့လာခွင့်ရခဲ့သလို ဆွီဒင်နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး၊ နော်ဝေနိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ၊ အာဖရိက ဆိုင်ရာ တာဝန်ခံတို့နဲ့တွေ့ဆုံဆွေးနွေးပြီး မီဒီယာသင်တန်းအကူအညီများရရှိရေးဆွေးနွေးနိုင် ခဲ့ပါတယ်။ ပြန်ကြားရေးအဖွဲ့ဟာ အခြားသတင်းဌာနတွေကို လေ့လာသလိုပဲ DVB ရုံးချုပ်ကို လည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။ ပြိုင်ဘက်ထံမှ သင်ယူခြင်းပေါ့။

အဲဒီခရီးစဉ်နောက်ပိုင်းမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရုပ်သံဥပဒေကြမ်းရေးဆွဲရေး နဲ့ ပြည်သူ့ ဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းတွေမှာ DVB က ပါဝင်လုပ်ဆောင် ခဲ့တယ်။ ပြန်ကြားရေး နဲ့ DVB ကြားမှာ သဘောမတူတာတွေလည်း အများကြီးပဲ။ DVB က ၂၀၁၆ မတ် လ မှာ ရုပ်သံမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ပြီး နောက်ဆုံးအချိန်ထိ ဝေဖန်ခဲ့သေးတယ်။ ကျွန်တော် လည်း တက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အမြင်ကို ပြော ခဲ့တယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲက ပြန်ကြားရေးဝန်ကြီးအနေနဲ့တက်ခဲ့တဲ့ နောက်ဆုံး မီဒီယာ အလုပ်ရုံဆွေးနွေးပွဲပဲ။

၂၀၁၆ နောက်ပိုင်းမှာတော့ DVB က ရုပ်သံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်ကြိုးစားနေတဲ့ လက္ခဏာတွေတွေ့ရတယ်။ ဒါပေမယ့် အောင်မြင်ပုံတော့မရဘူး။ ရုပ်သံဥပဒေ မပြင်ဆင်နိုင် တဲ့အပြင် အတည်ပြုပြီး ဥပဒေအရ ဖွဲ့ရမယ့် ရုပ်သံကောင်စီ ဖွဲ့စည်းရေးတောင် ဖြစ်အောင် မလုပ်နိုင်ခဲ့တော့ဘူး။ ဒီလိုနဲ့ DVB ဟာ လွတ်လပ်တဲ့ရုပ်သံကောင်စီက ခွင့်ပြုတဲ့ ရုပ်သံထုတ် လွှင့်ခွင့်လိုင်စင်ရ ရုပ်သံမီဒီယာဖြစ်ရမယ့်အစား မြန်မာအသံနဲ့ ရုပ်မြင် သံကြားရဲ့ ရုပ်သံလိုင်း တစ်ခုကို စာချုပ်ချုပ်ဆိုငှားရမ်းပြီး လွှင့်ရတဲ့ ဘဝကို ရောက်သွားတယ်။ အိမ်ရှင် မဖြစ်ဘဲ အိမ်ငှား ဘဝရောက်သွားတယ်ဆိုပါတော့။

အခုနိုင်ငံရေးအခြေအနေတွေ အပြောင်းအလဲဖြစ်တဲ့အချိန်မှာတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား က စာချုပ်ဖျက်သိမ်းလိုက်တဲ့အတွက် ပြည်တွင်းမှာ အခမဲ့ရုပ်သံလိုင်းအဖြစ်နဲ့ ကျယ်ကျယ်ပြန့် ပြန့်ထုတ်လွှင့်နိုင်တဲ့အခွင့်အရေးဆုံးရှုံးသွားခဲ့တယ်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မည်သည့် မီဒီယာနည်းလမ်းနဲ့မှ သတင်းထုတ်လွှင့်ခြင်းမပြုဖို့ တားမြစ်ခဲ့တယ်။

ဒါပေမယ့် DVB က ဂြိုလ်တုစလောင်းနဲ့ အွန်လိုင်းကနေ သတင်းထုတ်လွှင့်နေဆဲပါပဲ။ ဒီလို ဆောင်ရွက်တာဟာ ပြည်တွင်း ဥပဒေတွေနဲ့ ငြိစွန်းနေပေမယ့် DVB ကတော့ ၂၀၁၁ မတိုင် ခင်က ရှိခဲ့တဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာဘဝကို ပြန်သွားပြီး ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစား သွားမယ်လို့ ယူဆရပါတယ်။

DVB ဟာ ၂၀၁၁ မတိုင်ခင်က အခြေအနေပြန်ရောက်သွားပေမယ့် ၂၀၁၁ – ၂၀၁၆ မီဒီယာပြုပြင် ပြောင်းလဲရေးကဏ္ဍမှာ သူတို့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကတော့ အမှတ်ရအဖြစ် ကျန်ရှိနေဦးမှာပါ။

ဆဲဗင်းဒေး နဲ့ ကျွန်တော်

( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့ ကူညီ တာမျိုးဖြစ်ပါတယ်။ အခုဆောင်းပါးတွေက မီဒီယာပြုပြင်ပြောင်းလဲရေးမှာ သူတို့ ပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍများကို အမှတ်တရရေးသားလိုက်တာဖြစ်ပါတယ်။ )

ဆဲဗင်းဒေး နဲ့ ကျွန်တော့် ဆက်ဆံရေးအစက ဆရာရဲနိုင်မိုး ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အစိုးရသစ် လက်ထက် မီဒီယာအခင်းအကျင်း အတွက် ပြင်ဆင်မှုတွေကို စလုပ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အထဲမှာ ဝန်ထမ်းတွေအရည်အသွေးမြှင့်တင်ပေးဖို့ လုပ်ငန်းလည်းပါဝင်တဲ့အတွက် ပြန်ဆက်ဌာနကလည်း ကိုယ့်ဝန်ထမ်းတွေရဲ့ သတင်းစုဆောင်းထုတ်ပြန်ရေး အရည်အသွေးကို မြှင့်တင်ဖို့ဆောင်ရွက်ရ တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြန်ဆက် ညွှန်ချုပ်ဖြစ်နေပါပြီ။

ပြန်ဆက် အနေနဲ့ပထမဆုံးဖွင့်လှစ်တဲ့သင်တန်းက အခြေခံသတင်းထောက်သင်တန်း ဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လမှာ ဖွင့်တယ်။ အဲဒီ နှစ်ပတ်ကြာသင်တန်းမှာ ပြန်ဆက်က ဒုဦးစီးမှူး နဲ့ အထက် သင်တန်းသား ၂၂ ယောက်တက်တယ်။ သင်တန်းနည်းပြတွေရွေးတော့ ကျွန်တော်က ဝန်ကြီးဌာနသင်တန်းတွေမှာ ပို့ချနေကျ နည်းပြတွေအပြင် အစိုးရနဲ့ ဘက်မတူတဲ့ သတင်းစာ ဆရာတွေကိုလည်း ဖိတ်ရင်ကောင်းမယ်၊ အဲဒါဆိုရင် သင်တန်းသားတွေပိုပြီး အတွေ့အကြုံရမယ် လို့ စဉ်းစားမိတယ်။

ဒါ့ကြောင့် ဆရာမောင်ဝံသ နဲ့ ဆဲဗင်းဒေးက ဆရာ ရဲနိုင်မိုးကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ပြင်ပနည်းပြတွေဖိတ်တာ ထိရှလွယ်တဲ့ကိစ္စ ဖြစ်တဲ့အပြင် ဆရာမောင်ဝံသဆိုရင် တပ် မတော် အစိုးရက နိုင်ငံရေးကိစ္စနဲ့ ထောင်ဒဏ်ချမှတ်တဲ့အထိ အပြစ်ပေးခံခဲ့ရသူဖြစ်တဲ့အတွက် ဝန်ကြီး ခွင့်ပြုချက်မပါဘဲ လုပ်လို့မရဘူး။

ဒီတော့ ဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်းကို တင်ပြရတယ်။ ဝန်ကြီးက ဆရာမောင်ဝံသကိုတော့ စာတွေကနေ ရင်းနှီးပြီးဖြစ်တဲ့အတွက် သဘောတူတယ်။ ဆရာရဲနိုင်မိုးကိုတော့ သူမသိဘူး။ ဒီတော့ ကျွန်တော်က စာပေစိစစ်ညွှန်ကြားရေးမှူး ကိုတင့်ဆွေကို အကူအညီတောင်းပြီး ဝန်ကြီး ကို ရှင်းပြတော့ လက်ခံပါတယ်။

ဝန်ကြီးခွင့်ပြုချက်ရတော့ ဆရာနှစ်ယောက်ကို ချဉ်းကပ်ပြီး ရှင်းပြရတယ်။ သင်တန်းပို့ချတဲ့အခါ အစိုးရကို ဖြုတ်ချဖို့ တိုက်တွန်းတာကလွဲရင် ကြိုက်တာပြောပါ၊ လက်ရှိ အစိုးရ မီဒီယာတွေရဲ့ အားနည်းချက်တွေကိုလည်း ဝေဖန်လို့ ရပါတယ်လို့ ရှင်းပြပါတယ်။ ဆရာနှစ်ယောက်က လည်း အံ့သြဖို့ကောင်းလောက်အောင် ချက်ခြင်းသဘောတူခဲ့တယ်။

တိုတိုပြောရရင် အဲဒီသင်တန်းက အောင်မြင်တယ်၊ ဝန်ထမ်းတွေရဲ့ သတင်းသမားစိတ်ကို ကောင်း ကောင်းနှိုးဆွပေးနိုင်ခဲ့တယ်။ အဲဒီသင်တန်းပြီးတော့ နည်းပြတွေနဲ့ ပြန်လည်သုံးသပ်ခြင်း လုပ်တဲ့ အခါ ဆရာရဲနိုင်မိုးက ပြန်ဆက် ဝန်ထမ်းတွေက သတင်းထုတ်ပြန်ရေးလုပ်ရမယ့်သူတွေဖြစ် တယ်။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အစိုးရရဲ့ သတင်းထုတ်ပြန်ရေးက ပွင့်လင်းမြင်သာရမယ်၊ အဲဒီ အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ အကြံပေးပါတယ်။ အဲဒီကနေ ပြန်ဆက် ဝန်ထမ်းတွေ အတွက် ပြည်သူ့ဆက်ဆံရေးအရာရှိသင်တန်း ( Public Relation Training ) ပေးဖို့ စီစဉ်ဖြစ် တယ်။ နည်းပြကတော့ ဆရာရဲနိုင်မိုး တစ်ဦးတည်းပါပဲ။

ဒီလိုနဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိသင်တန်း အမှတ်စဉ် ၁ နဲ့ ၂ ကို ၂၀၁၁ ခုနှစ် မေလ နဲ့ သြဂုတ်လ နေပြည်တော်မှာ ဖွင့်တယ်။ သင်တန်းကာလက ငါးရက်။ ပြန်ဆက်က ဒုတိယဦးစီးမှူး ကနေ လက်ထောက်ညွှန်ကြားရေးမှူး အထိ ပါဝင်တဲ့ သင်တန်းသားငါးဆယ်တက်ရောက်ခဲ့တယ်။

အမှတ်စဉ် ၃ ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ မကွေးမှာဖွင့်တယ်။ ပြန်ဆက်သင်တန်းသား ၂၈ ယောက်တက်တယ်။ အမှတ်စဉ် ၄ ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လားရှိုး မှာ ဖွင့်တယ်။ အဲဒီ သင်တန်းကတော့ ထူးခြားတယ်။ ပြန်ဆက်ဝန်ထမ်း ၂၅ ဦး အပြင် ဒေသခံသတင်းထောက် ၁၇ ဦး ပါတက်ရောက်ခဲ့တယ်။

အဲဒီသင်တန်းလေးခုကို ပြန်ဆက် အစီအစဉ်နဲ့ ဖွင့်ခဲ့ပေမယ့် အမှတ်စဉ် ၅ ကိုတော့ ယူနက်စကို အစီအစဉ်နဲ့ ၂၀၁၂ ဒီဇင်ဘာ နေပြည်တော်မှာဖွင့်တယ်။ နည်းပြက ဆရာရဲနိုင်မိုးပဲ။ ဒါပေမယ့် သင်တန်းသားတွေကတော့ ဝန်ကြီးဌာန ၃၈ ခုက ညွှန်ကြားရေးမှူးနဲ့ အထက် အရာရှိကြီးတွေ ဖြစ်ပါတယ်။

ဆရာရဲနိုင်မိုးက အဲဒီသင်တန်းအားလုံးရဲ့ နောက်ဆုံးနေ့မှာ လက်တွေ့သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခိုင်းတယ်။ အကြောင်းအရာကို ဆရာရဲနိုင်မိုးကပဲ ရွေးပေးတယ်။ သင်တန်းသား တစ်ချို့က အစိုးရဘက်က သတင်းစာရှင်းလင်းသူအဖြစ်တာဝန်ယူရပြီး ကျန်တဲ့သင်တန်းသား တွေက သတင်းထောက်အဖြစ်လုပ်ရတယ်။ သင်တန်းသားတွေကို ဆရာ ရဲနိုင်မိုးက ဘယ်လို ဈန်သွင်းပေးထားလဲတော့မသိဘူး၊ သတင်းထောက်အဖြစ်မေးရတဲ့သူတွေက တကယ်ကို အား မနာတမ်း ဘက်စုံက ထောက်ပြမေးတော့တာပဲ။ မှတ်မှတ်ရရ သင်တန်းအမှတ်စဉ် ၂ မှာ ဆရာ ရဲနိုင်မိုး ရွေးပေးတဲ့ အကြောင်းအရာက မြစ်ဆုံစီမံကိန်း လုပ်သင့်/မသင့် ဖြစ်ပြီး ဝန်ကြီးဌာန ကိုယ်စားပြုရတဲ့ သင်တန်းသားတွေ ကောင်းကောင်းအတွယ်ခံရတာမှတ်မိပါသေးတယ်။

ကျွန်တော်ကတော့ သင်တန်းသားမဟုတ်ပေမယ့် နေပြည်တော်မှာလုပ်တဲ့ သင်တန်းတိုင်းမှာ ဆရာရဲနိုင်မိုးပို့ချချက်တွေကို နားထောင်တယ်။ သတင်းစာရှင်းလင်းပွဲလေ့ကျင့်ခန်းကို လေ့လာ တယ်။ နောင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံရတဲ့အခါ အဲဒီအတွေ့အကြုံတွေ က အများကြီး အသုံးဝင်ခဲ့တယ်။ ဒါ့ကြောင့် သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဆရာတွေထဲမှာ ဆရာရဲနိုင်မိုးလည်းပါတယ်။

ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူရတော့ ဆရာရဲနိုင်မိုးကို အကြောင်းပြုပြီး ဆဲဗင်းဒေး သတင်း ထောက်အတော်များများနဲ့ ဆက်ဆံခဲ့ရတယ်။ ဆဲဗင်းဒေးသတင်းထောက်တွေက အတော် လက်တံ ရှည်တယ်။ သတင်းအစအနရအောင်လိုက်တာတော်တယ်။ အစရတာနဲ့ ကျွန်တော့်ဆီ က အဖြေမရရအောင် ဆက်တိုက် လိုက်တော့တာပဲ။ ဒီတော့ ကျွန်တော့်ကို ကိုးကားပြီး ရေးတဲ့သတင်းတွေ ဆဲဗင်းဒေးမှာ အတော် များများပါတယ်။ အဲဒီလို ပါတဲ့အတွက် တစ်ချို့ မီဒီယာ တွေက ကျွန်တော်ဟာ ဆဲဗင်းဒေးကို မျက်နှာသာပေးတယ်လို့ ဝေဖန်ခဲ့ဖူးတယ်။ အဲဒီလို မဟုတ် ပါဘူး။

ဆဲဗင်းဒေးက ကျွန်တော်နဲ့ ဆက်ဆံတာများလို့ ကျွန်တော့်ကို မျက်နှာသာပေးတယ်လို့လည်းမရှိ ပါဘူး။ သတင်းမီဒီယာဥပဒေ၊ ပြည်သူ့ဝန်ဆောင်မှုဥပဒေကြမ်း တွေနဲ့ပတ်သက်ရင် ဝန်ကြီးက ဦးအောင်ကြည်ဖြစ်ပေမယ့် ကျွန်တော်က ရှေ့ထွက်ရသူဆိုတော့ ဆဲဗင်းဒေးကရေးရင် ကျွန်တော့် ကိုပဲ အဓိကထား ဝေဖန်ခဲ့တာပါ။

ကျွန်တော် ပြန်ကြားရေးဝန်ကြီးတာဝန်ယူရတော့ ဆဲဗင်းဒေးမီဒီယာရဲ့ သတင်းခန်းကို လေ့လာ ချင်တယ်လို့ အကူအညီတောင်းခဲ့တယ်။ သူတို့သဘောတူတဲ့အတွက် ကျွန်တော်၊ ဦးရဲတင့် ( အခု ဒုဝန်ကြီး) နဲ့ ဦးအေးကြွယ် ( အခု ပြန်ဆက်ညွှန်ချုပ် ) သွား ရောက်လေ့လာခဲ့တယ်။ ကိုသောင်းစုငြိမ်း၊ ကိုအားမာန် နဲ့ မငြိမ်းငြိမ်းနိုင်တို့က စိတ်ရှည် လက်ရှည် ရှင်းပြပါတယ်။ သတင်းခန်း အဖွဲ့တွေနဲ့တွေ့ပြီး သိချင်တာမေးခွင့်လည်းရခဲ့ပါတယ်။

တာဝန်က အနားယူပြီးတဲ့အခါကျတော့ ဆဲဗင်းဒေးသတင်းထောက်တစ်ချို့နဲ့ အလုပ် သဘော ဆက်ဆံရေးသာမက ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုလည်းရှိလာခဲ့တယ်။ ကျွန်တော် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆ ) အတွက် အချက်အလက်တွေစုဆောင်းတော့လည်း ဆဲဗင်း ဒေးက သူတို့ သတင်းစာ/ဂျာနယ်မှတ်တမ်းတွေကို လေ့လာဖတ်ရှုနိုင်ဖို့ ကူညီပေးခဲ့တယ်။ သတင်းဓာတ်ပုံတွေကို အကူအညီပေးခဲ့တယ်။ မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး သူတို့ အမြင်တွေကို ဆွေးနွေးပေးခဲ့တယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်စာအုပ်အမှာစာမှာ ဆဲဗင်းဒေးက သတင်းသမားတွေကို ကျေးဇူးတင်ကြောင်း သီးခြားဖော်ပြပေးခဲ့တယ်။

ကျွန်တော်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ကာလတွေမှာ ဆဲဗင်းဒေးသတင်းသမားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီအပေါ်မှာ တိမ်းညွှတ်မှု၊ စာနာမှုရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအချက်က ဆဲဗင်းဒေး နဲ့ ကျွန်တော့်ဆက်ဆံရေးမှာ အတားအဆီးမဖြစ်ခဲ့ဘူး။ အနောက်နိုင်ငံတွေမှာလည်း သတင်းစာကြီး တွေက ပါတီတစ်ခုခု ဘက်ကို တိမ်းညွှတ်မှုရှိတာပဲဆိုတော့ ကျွန်တော်တို့ အစိုးရ အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျင့်ဝတ်နဲ့ အညီရေးသားပေးရင် လုံ လောက်တယ်လို့ပဲ သဘောထားခဲ့တယ်။

အခု ဆဲဗင်းဒေး ရပ်နားသွားပြီဆိုတော့ ကျွန်တော့်မိတ်ဆွေ သတင်းသမားတွေလည်း ဘယ် တွေကို လွင့်စင်ရောက်ရှိသွားကြမလဲဆိုတာ မသိနိုင်ဘူး။ ဒါပေမယ့် သူတို့ နဲ့ဆက်ဆံခဲ့ရတဲ့ ဖြစ်ရပ်တွေကိုတော့ အမြဲသတိရနေမှာပါ။ သူတို့ရှင်သန်နေမယ်၊ တစ်ချိန်မှာ ပြန်လာ လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒီမိုကရေစီ နဲ့ မီဒီယာ

မတ်လ ၈ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ 7 Day ၊ DVB နဲ့ Myanmar Now တို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်ကြောင်းကြေညာတာကို တွေ့ရတော့ စိတ် မကောင်းဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်တွေထဲမှာ ကျွန်တော်ဟာ မီဒီယာတွေရဲ့ ဝေဖန်တိုက်ခိုက်မှု အများဆုံးခံခဲ့ရတဲ့သူဖြစ်ပါတယ်။ သတင်း/ သတင်းဆောင်းပါး/ ကာတွန်းနဲ့ ဝေဖန်ခံရရုံတင် မဟုတ် ပါဘူး၊ သတင်းသမားတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တွေကနေ ပုဂ္ဂိုလ်ရေး အရ ဝေဖန် တိုက်ခိုက် တာလည်းခံရဖူးပါတယ်။ ကျွန်တော်တက်ရောက်တဲ့အခမ်းအနားကို သပိတ်မှောက်တာ၊ ဆိုင်းဘုတ် ထောင်ဆန္ဒပြတာလဲ ကြုံဖူးတယ်။

ကျွန်တော်ဘက်ကလည်း သတင်းမီဒီယာတွေမှားတယ်၊ ကျင့်ဝတ်နဲ့မညီဘူးလို့ထင်တဲ့အခါ ပြန် ဝေဖန်တာပဲ။ ကိစ္စနှစ်ခုမှာဆိုရင် သတင်းမီဒီယာကောင်စီကတဆင့် ဖြေရှင်းတာမပြေလည်တဲ့ အတွက် ဝန်ကြီး ဌာနအနေနဲ့ တရားစွဲခဲ့တယ်။

တစ်ဖက်မှာလည်း ဒီမိုကရေစီစနစ်မှာ လွတ်လပ်တဲ့မီဒီယာ ရှိရမယ်ဆိုတာကို နားလည်လက်ခံတဲ့အတွက် သတင်းသမားတွေ မေးလာသမ ျှ ဖြေသလို သူတို့ သိချင်တဲ့ သတင်းအချက်အလက်မှန်သမ ျှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။

ကျွန်တော်အမြင်ကတော့ အစိုးရရော၊ မီဒီယာမှာရော အမှားမကင်းနိုင်ပါဘူး။ ဒ့ါကြောင့် ကိုယ်မှား ရင်လည်း ဝေဖန်မှုကို လက်ခံလိုက်၊သတင်းမီဒီယာဘက်က မှားတာ၊ ကျင့်ဝတ်နဲ့ မညီ တာ ရှိရင် ကိစ္စတစ်ခုချင်းအပေါ်မူတည်ပြီး သတင်းမီဒီယာကောင်စီ ကတဆင့်ဖြေရှင်း၊ ဒါမှမကျေနပ် သေးရင် ဥပဒေအရ ရင်ဆိုင်ဖြေရှင်း ဆိုတဲ့နည်းလမ်းပဲ ကျင့်သုံးသင့်တယ်။ သတင်းမီဒီယာ တစ်ခု ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်သိမ်းလိုက်ဖို့အထိ မလုပ်သင့်ဘူးလို့ပဲ ခံယူတယ်။ ကိုယ်တာဝန်ယူစဉ်ကာလမှာ အဲဒီအတိုင်းပဲ ကျင့်သုံးခဲ့ပါတယ်။

အခု သတင်းမီဒီယာငါးခု ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့ကိစ္စက အကြောင်းကြောင်း ကြောင့်တင်းမာမှုတွေ မြင့်တက်နေချိန်၊ ကြားဝင်ဖြေရှင်းမယ့် သတင်းမီဒီယာကောင်စီကလည်း မရှိတော့တဲ့အချိန်ဖြစ်တဲ့အတွက် ဒီအခြေ အနေထိ ရောက်သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သတင်းမီဒီယာတွေပိတ်သိမ်းတဲ့အထိ ဖြစ်ရတဲ့အခြေအနေကို မကြာခင်မှာ ပြေ လည်အောင်ဖြေရှင်းနိုင်ပါစေ လို့ပဲ ဆုတောင်းပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိ ရင် အင်္ဂါမစုံတဲ့ ဒီမိုကရေစီ ဖြစ်သွားမှာလည်း စိုးရိမ်ပါတယ်။

ကြေကွဲဇာတ်လမ်း

မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ဝဋ်တစ်ခုပင်ဖြစ်၏ ။

လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ကျွန်တော် တာဝန် ကျရာ မြို့က နယ်မြို့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မျက်မှန်းတန်းမိတာများသည်။ သူ ဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲဆိုတာ သိကြ သည်။ မိဘအရွယ်၊ ဦးလေး၊ အဒေါ်အရွယ် စားအိမ် သောက်အိမ်ဖြစ်နေတာလည်းရှိသည်။ သက်တူရွယ်တူ သောက်ဖော်စားဖက် တွေလည်းရှိ သည်။ သံယောဇဉ်နွယ်နေ သူတွေလည်း ရှိသည်။

ဒါပေမယ့် ဘယ်လိုမှ မေ ျှာ်လင့်မထားတဲ့ မုန်တိုင်းနှင့် ကျွန်တော်တို့ ကြုံခဲ့ရသည်။ မုန်တိုင်းကို ကျော်ဖြတ်ရင်း ကြေကွဲစရာ တွေကြုံခဲ့ရသည်။ ဇာတ်လမ်းပြီးသွားတော့ မြို့လေးနှင့် ကျွန်တော် တို့ သူစိမ်းပြင်ပြင်ဖြစ်သွားသလိုခံစား ခဲ့ရသည်။ လေထုထဲမှာ အေးစက်တင်းမာမှုတွေ ပြည့်နေခဲ့ သည်။ ခင်မင်ခဲ့သူတွေ အချင်းချင်း နှုတ်ဆက်ရမှာကို ပင် မဝံ့မရဲဖြစ်နေရသည်။ တစ်ချို့ မိတ်ဆွေ သူငယ်ချင်းတွေက အဝေးကို လွင့်ထွက်သွားကြသည်။ ဘယ်တော့မှ ပြန်မဆုံရတော့။ တစ်ချို့က စည်းတစ်ဘက်ခြားသွားကြသည်။

ညီငယ် လေးတစ်ယောက်ရဲ့ သံယောဇဉ်လေးက နယ်စပ်တစ်နေရာကနေ ပြက္ခဒိန် တစ်စောင် ပြန်ပို့လိုက်သည်။ ပြက္ခဒိန်ရဲ့ စာမျက်နှာတစ်ခုမှာ သူ့သံယောဇဉ်လေး ရဲ့ဓာတ်ပုံပါသည်။ ဓာတ်ပုံမှာ သူ့သံယောဇဉ်လေး စစ်ဝတ် စုံ အပြည့် ဝတ်ဆင်လို့၊ ခြေတစ်ဖက်က သစ်ငုတ် ပေါ်မှာတင်လ ျှက်၊ လက်ထဲမှာ သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ကိုင်ထားသည်။ ပြက္ခဒိန် နှင့် အတူပါလာသည့် စာမှာတော့ စစ်မြေပြင်မှာ ပြန်ဆုံရင် သေနတ်မောင်းခလုတ်ဆွဲဖို့ လက်တွန့်မှာ မဟုတ်ကြောင်း တိုတိုရှင်းရှင်းရေးထားသည်။ ညီငယ်လေးကတော့ “သူလုပ်ရက်ရင်တောင် ကျွန်တော်မလုပ်ရက်ပါဘူး” ဟု ကြေကွဲစွာ အကြိမ်ကြိမ်ပြောကြားနေခဲ့သည်။ နှလုံးသား ဒဏ်ရာ ကို လွဲမှားသောနည်းဖြင့် ကုစားခဲ့သည့် ညီငယ်လေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘဝကို အဆုံး သတ်သွားခဲ့သည်။

မုန်တိုင်း ကြောင့်ရခဲ့သည့်ဒဏ်ရာတွေက နက်ရှိုင်းလွန်းလှ သည်။ ဆယ်စုနှစ်နှစ်ခု သုံးခုဖြတ်ကျော်ခဲ့ရ၊ လူတွေက ရင့်ကျက်လာခဲ့တာတောင် အတွင်းဒဏ်ရာတွေ က ကျန်နေ ဆဲဖြစ်သည်။ ဒဏ်ရာတွေလုံးဝပျောက်သွားတာမဟုတ်၊ နောက်ထပ် အလွမ်းဇာတ်တစ်ခုနဲ့ ပြန်မကြုံရအောင် ကြိုးစားခြင်းက အကောင်းဆုံး ကုစားခြင်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ဒဏ်ရာတွေကို မေ့ထားပြီး ရှေ့ ဆက်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲရှိသည်။ မုန်တိုင်းတွင်း နှင့် မုန်တိုင်း လွန်ကာလမှာ စည်းတစ်ဘက်ခြားခဲ့သူတွေ ပြန်ဆုံတဲ့အခါ ဖြစ်ခဲ့တာတွေ ပြန်ပြောဖို့ထက် ဖြစ်သင့်တာတွေကို ဘယ်လို လုပ်မလဲဆိုတာဆွေးနွေးနိုင်ဖို့ ကြိုးစားခဲ့ရသည်။

ဒီလိုနဲ့လွန်ခဲ့သည့် ဆယ်နှစ်ကတော့ ဒဏ်ရာတွေကို အမြစ်ပြတ်အောင် ကုစားနိုင်မယ့် အခွင့်အရေး တစ်ခုကြုံခဲ့ရသည်။ ကိုယ်တိုင်လည်း တတ်နိုင်သမ ျှလည်း ပါဝင်ကြိုးစားခဲ့သည်။ ကိုယ့် ခံစားချက်တွေကို သူတို့ နားလည်အောင်၊ သူတို့ခံစားချက်တွေကို ကိုယ့်ဘက်က နားလည် နိုင်အောင် အတွေးအမြင် တွေ ဖလှယ်ခဲ့ကြသည်။ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ငြင်းခုန်ရတာလည်းရှိသည်။

ဒီလိုနဲ့အားလုံးပါဝင်နိုင်တဲ့ ကစားကွင်းတစ်ခုရှိလာခဲ့သည်။ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သည့်တိုင် လက်ရှိ အခြေအနေအတွက် ကစားလို့ရသည့် ကစားပွဲစည်းမျဉ်းတစ်ခုရှိသည်။ အားပေးသည့် ပရိသတ် လည်းရှိသည်။ ကစားပွဲအတွင်း တွန်းတွန်းတိုက်တိုက်ကစားရင်း အငြင်းပွားတာလည်း ရှိသည်။ ဒိုင် အဆုံးအဖြတ်ကို စောဒကတက်တာလည်းရှိသည်။ သူ့ပရိသတ် ကိုယ့်ပရိသတ် အပြန်အလှန် အပြိုင်အဆိုင်အားပေးကြသည်။ သို့သော် အားလုံးလက်ခံထားသည့် စည်းမျဉ်းတွေအတိုင်း ကစားနေသရွေ့ ပြဿနာမရှိ။ ပွဲမပျက်။ ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် မှန်ကန်တဲ့ ဦးတည်တစ်ခုနဲ့ အရွေ့တစ်ခုကို စတင်နိုင်ခဲ့သည်ဟု ခံစားရသည်။ နောက်ထပ် အလွမ်းဇာတ်တွေ ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေနှင့် မကြုံရ ၊ မကြည့်ရတော့ဟု ယုံကြည်မိသည်။

ဒါပေမယ့် လွန်ခဲ့သော နှစ်မှာတော့ မိုးကုတ်စက်ဝိုင်းအဝေးတစ်နေရာမှာ မုန်တိုင်း အရိပ်လက္ခဏာတွေ မြင်လာခဲ့ရသည်။ စိုးရိမ်သူတွေက သတိပေးကြသည်။ မိုးခြိမ်းသံကို လက်ခုပ်သံဟု ယုံကြည်နေသူတွေက မုန်တိုင်းသတိပေးချက်ကို အလေးမထားခဲ့။ ဒီလိုနဲ့ လေနီကြမ်းဆင် မုန်တိုင်းဝင်လာချိန်မှာ ဆယ်စုနှစ်တစ်ခုတည်ဆောက်ထားရသည့်အရာတွေ အားလုံးပြိုလဲသွားခဲ့ပြီ။ ဒဏ်ရာတွေများလှတဲ့ လူ့အဖွဲ့အစည်းမှာနောက်ထပ် ဒဏ်ရာတွေ ထပ်ရခဲ့ ပြန်ပြီ။ အချိန်မတိုင်မီ ကြွေလွင့်သွားသော ပန်းလေး တွေကြောင့် လောက အလှပျက်ရပြန်ပြီ။ ကိုယ်ရေးတဲ့ ကစားပွဲစည်းကမ်း ကိုယ်ပြန်ဖျက်ခဲ့သည့်အတွက် ဇာတ်လိုက်ဖြစ်ချင်သူက လူကြမ်း ဖြစ်ခဲ့ရပြီ။

မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ဝဋ်တစ်ခုပင်ဖြစ်၏ ။

လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးကို မမေ့စေချင်

“ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လ ျှင်၊ ခြေလှမ်းမှား လ ျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။”

“ ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လ ျှင်၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလ ျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီး ကို လည်းကောင်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို လည်းကောင်း ၊ အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။”

“ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပ ရန်သူများ ပေါ်ပေါက်လာလ ျှင် ယနေ့ စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင် ကြီး သည် ထိုရန်သူများကို အပြီးတိုင်ချေမှုန်းနိုင်သည်အထိ ဇာတိသွေး ဇာတိမာန် တစ်ခဲနက် တက်ကြွ လာအောင် ပြည်သူလူထုကြီးတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။”

( ဝန်ကြီးချုပ် ဦးနု၊ ၁၉ ၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ၊ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း အဆုံးသတ် ဆုတောင်းစကား)

“ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်း များ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။”

( လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်၊ သစ္စာ အဓိဋ္ဌာန် ကိုးချက်မှ )

ဘဏ် ဘဏ် ဘဏ်

အေတီအမ်ကတ် လေးရှိမှ၊ ဘာ Pay ညာ Pay သုံးနိုင်မှ ခေတ်မီတဲ့ကာလမှာ ကျွန်တော် လည်း ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေစုစာအုပ်လုပ်၊ အေတီအမ်ကတ်လေးကိုင်နဲ့ စတိုင်ကျနေတာပဲ။ ဒါ ပေမယ့် ဝန်ထမ်းလည်းဖြစ်ခဲ့တော့ လစာ၊ ဆုကြေး၊ အငြိမ်းစားလစာတွေ အတွက် မြန်မာ့စီးပွား ရေးဘဏ်မှာလည်း ငွေစုစာအုပ်ထားရတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့စီးပွားရေးဘဏ်က ခြောက်လတစ်ခါ ပင်စင်ထုတ်မှ ရောက် ဖြစ် တာပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုတာက အဆောက်အဦ ကလည်း ဟောင်း၊ အတွင်းမှာလည်း လေအေးပေးစက် မဆိုထား နဲ့ ပန်ကာတောင် အနိုင်နိုင်၊ ဝန်ထမ်းတွေကလည်း လယ်ဂျာ စာအုပ်တွေကြားမှာ နွမ်းလျလျ၊ ပုဂ္ဂလိက ဘဏ်ကတော့ သူတို့ အဆိုအတိုင်း “ဘဏ်ထဲ ဝင် လိုက်တာနဲ့ လေအေးစက်ကြောင့် ရင်အေး၊ ဘဏ်အတွင်းအပြင်အဆင်နဲ့ ဝန်ထမ်းတွေ ကြောင့် မျက်စိအေး၊ လုံခြုံစိတ်ချရမှုကြောင့် ပိုက်ဆံအပ်ထားရင် စိတ်အေး ” အေး သုံး အေး နဲ့ ပြည့်စုံ တာကိုး။ ဒီတော့ ကိစ္စရှိရင် ပုဂ္ဂလိကဘဏ်ပဲ ပြေးတော့တာပေါ့။

ဒါပေမယ့် CDM နဲ့ ရင်ဆိုင်ရတဲ့အခါ ပုဂ္ဂလိကဘဏ်တွေကမဖွင့်တော့ဘူး။ အေတီအမ်စက် တွေကလည်း သွားလိုက်တိုင်း ငွေကုန်နေတာပဲ ကြုံရတယ်။ ဈေး ထဲက အသား၊ငါး၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား၊ ကုန်ခြောက်သည်တွေကလည်း ဘာ Pay ၊ ညာ Pay နဲ့ ဝယ်မရတော့ လက်ထဲမှာ ငွေသားရှိမှာဖြစ်မယ့်အခြေအနေရောက်လာတယ်။

ဒီလိုနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ပြေးရတယ်။ ဘဏ်ရှေ့မှာ ရဲ ခြောက်ယောက်လုံခြုံရေး ယူ ပေး ထားတယ်။ ဘဏ်တံခါးက စေ့ထားတယ်။ ငွေထုတ်ဖို့ပါလို့ပြောတော့ ဖွင့်ပေးတယ်။ ကျွန်တော် ရောက်ပြီး ခဏနေ တော့ အထဲမှာ လူပြည့်သွားတဲ့အတွက် တံခါးကိုပိတ်ထားလိုက်တယ်။

ဘဏ်ထဲမှာ ပင်စင်လစာထုတ်တဲ့သူတွေရယ်၊ ငွေစုစာအုပ်က ငွေထုတ်တဲ့သူတွေရယ် နဲ့ ပြည့်နေ တယ်။ ပင်စင်လစာထုတ်တဲ့သူတွေကတော့ ဦးစားပေးပေါ့။ လာသမ ျှလူအားလုံးထုတ်ပေးပါတယ်။ ပင်စင်လစာကတော့ ဝန်ထမ်း အင်အားများများနဲ့ ထုတ်ပေးတဲ့အတွက် တစ်နေ့ကို လူ ငါးရာ ကျော်ထုတ်ပေးရတယ်လို့ ဆိုတယ်။

ငွေစုစာအုပ်ကငွေ ထုတ်သူတွေက ငွေထုတ်တာတော့ ကြိုက်သလောက်ထုတ်လို့ရတယ်။ ဒါပေမယ့် ငွေခန်း မှာ တာဝန်ခံငွေထုတ်ပေးသူ တစ်ယောက်ပဲရှိတော့ ခရီးမတွင်ဘူး။ ဒါ့ကြောင့် ဘဏ်ထဲကို တစ်ခါ ဝင်ရင် လူသုံးလေးဆယ်ပဲ ပေးဝင်တယ်။ အဲဒီလူတွေ ကုန်သွားမှ နောက်ထပ် လူထပ်သွင်း တယ်။

မန်နေဂျာအမျိုးသမီးကတော့ ငွေထုတ်မယ့်သူတွေကို ဘဏ်ဝန် ထမ်းတွေထဲမှာလည်း CDM မှာ ပါဝင်နေသူတွေရှိတဲ့အတွက် ဝန်ထမ်းအင်အားအပြည့်နဲ့ မလုပ် နိုင်လို့ ကြန့်ကြာတာကို သည်းခံဖို့ လိုက်ရှင်းပြနေတယ်။ ဘဏ်ဝန်ထမ်းတွေက တူညီဝတ်စုံ မဝတ်နိုင်ကြဘူး။ သာ မန် ဝတ်စုံတွေနဲ့ ရရာနည်းလမ်းသုံးပြီး ဘဏ်ကို အရောက်လာကြရပုံပေါ်တယ်။

မန်နေဂျာ အမျိုး သမီးက ဘဏ်အနားက ရပ်ကွက်တစ်ခု နာမည်ကို ပြောပြီး “ အဲဒီလူတွေက ကျွန်မတို့ ဘဏ်ကိုလာတိုင်း ဝိုင်း ဆဲ ကြတယ်။ ဒါပေမယ့် သူတို့ ငွေလိုတော့လည်း လာထုတ်တာပါပဲ” လို့ ပြောတယ်။ သူ့မျက်နှာပေါ်က မဲ့ပြုံး ဟာ အသက်ဝင်လွန်းလှတယ်။

ငွေစုစာအုပ်က ငွေထုတ်သူတွေထဲမှာ အိတ်ကြီးအိတ်ငယ်နဲ့လာထုတ်တဲ့သူတွေရှိသလို ငါးထောင် တန်တစ်အုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြန်သွားတဲ့သူလည်းရှိတယ်။ ပင်စင်လစာထုတ်သူ တွေထဲက အသက်အရွယ်ကြီးသူတွေကတော့ နာမည်ခေါ်လိုက်ရင် မကြားမှာ စိုးရိမ်လို့ ထင်ပါရဲ့ ကောင်တာနားမှာ စုနေကြတယ်။ အရပ် ပုပု၊ ပါးလျလျ ၊ ယောဂီတဘက်လေးကို ခေါင်းပေါ်တင် ထားတဲ့အမေအိုကတော့ အကြားအာရုံ အားနည်းလို့ထင်ပါရဲ့ ၊ ဒေါ် ဘယ်သူ လို့ ခေါ်လိုက်တိုင်း သူများလားဆိုပြီး ကောင်တာဆီကိုပြေးပြေးသွားတယ်။ နောက်တော့ ဘေးက လူ တွေက သူ့နာမည်ကို မေးထားပြီး နာမည်ခေါ်ရင်ပြောပါ့မယ်လို့ ကတိပေးပြီး ထိုင်ခိုင်းလိုက်ရ တယ်။

ငွေထုတ်ဖို့စောင့်နေတဲ့သူတွေရဲ့ မျက်နှာတွေမှာ ငါ့ အလှည့်မရောက်ခင် တစ်ခု ခု များဖြစ်သွား မလား ဆိုတဲ့ ကြောင့်ကြမှုတွေမြင်ရတယ်။ ငွေထုတ်ပြီးသွားတဲ့သူတွေကတော့ စိတ်အေးသွား တဲ့ မျက်နှာနဲ့ ငွေထုတ်လေးပိုက်ပြီး ခပ်သွက်သွက်ပြန်ထွက်သွားကြတယ်။ ကျွန်တော့်ဘေးက အမျိုး သမီးကြီးကတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်စာအုပ်ဖတ်လိုက်၊ သူ့နာမည်ခေါ်သံကို နားစွင့် လိုက်၊ နာမည်ခေါ်ခံရတဲ့သူက သူ့ရှေ့ကလာတဲ့သူလား၊ နောက်မှရောက်တဲ့သူလားဆိုပြီး တွက် ချက်လိုက်နဲ့ ဗျာများနေရှာတယ်။

ဘဏ်ဝန်ထမ်းတွေကတော့ လူနှစ်ယောက်၊ သုံးယောက်စာကို တစ်ယောက်တည်းတာဝန်ယူ လုပ် နေရလို့ ထင်ပါရဲ့ စားပွဲတစ်ခုတစ်ခု ပြေးလွှားနေကြတယ်။ ငွေထုတ်ပေးတဲ့နေရာက အမျိုးသမီး လည်း နာမည်တွေအော်ရလွန်းလို့ အသံတောင်ပြာနေပြီ။ ခေတ်စားနေတဲ့ လက်ကိုင်စပီကာ တစ်ခုလောက် လှုပေးတဲ့သူရှိရင်ကောင်းမှာပဲ။ မန်နေဂျာလည်း သူ့ရုံးခန်းထဲမှာ ထိုင်မနေနိုင်ဘူး။ ပြေးလွှားနေရတယ်။

အလုပ်ဆင်းနေတဲ့ ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်အပေါ် ဘဝင် မကျဘူး ဆိုတာ ပုံမှန်ထုတ်နေကျ ဖောက်သည် တစ်ချို့ နဲ့ စကားပြောနေတဲ့ ဝန်ထမ်းအချို့ရဲ့ စကား သံ ကို နားထောင်ပြီးခန့်မှန်းကြည့်လို့ရတယ်။ ဒါပေမယ့် သူတို့ဘဏ်ခွဲကို ယုံကြည်လို့ ငွေလာအပ် ထားသူတွေ လိုအပ်တဲ့အချိန်မှာ ငွေထုတ်ပေးဖို့အတွက် တာဝန်ရှိတယ်၊ ပင်စင်စားတွေ အခက် အခဲမဖြစ်အောင် စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတဲ့ ယုံကြည်ချက် ကိုလည်း သူတို့ စကား တွေ မှာ ကြားရတယ်။ သူတို့ မျက်နှာတွေမှာမြင်ရတယ်။ သူတို့လုပ်ဆောင်ချက်တွေမှာ တွေ့ရတယ်။

ငွေလာထုတ်သူတွေထဲမှာလည်း ဒီကနေ့ နိုင်ငံရေးအခြေအနေပေါ်မှာ ခံယူချက် အမျိုးမျိုး၊ အမြင် အမျိုးမျိုးရှိကြမှာပဲ။ CDM ကိုထောက်ခံသူတွေလည်းပါမှာပဲ။ ဒါပေမယ့် ဘဏ်ထဲ ရှိနေချိန်မှာ တော့ သူတို့ လိုအပ်နေတဲ့ငွေကို အဆင်ပြေပြေ ထုတ်ယူနိုင်အောင်ကူညီပေးနေတဲ့ ဝန်ထမ်းတွေ ကို အပြစ်မြင်တဲ့သူ၊ အပြစ်တင်မယ့်သူရှိမယ်မထင်ဘူး။

ဒီလိုနဲ့ ကိုယ့်နာမည်ခေါ်သံကြားရတယ်။ လာပါပြီအော်ရင်း တိုးဝှေ့လို့ ကောင်တာဆီပြေးရတယ်။ ငွေထုတ်မယ့်ပုံစံစာရွက်မှာနောက်တစ်ကြိမ်လက်မှတ်ထပ်ထိုးရတယ်။ မှတ်ပုံတင်ပြရတယ်။ ငွေ နဲ့ ငွေစုစာအုပ်ပြန်ရတယ်။ ကိုယ့်ရှေ့က သူတွေလိုပဲ စိတ်အေး၊ ရင်အေး သွားတဲ့ မျက်နှာနဲ့ ပြန် ထွက်လာတယ်။

ဘဏ်တံခါးဝမှာနောက်တစ်သုတ်ငွေထုတ်ဖို့စောင့်နေတဲ့သူတွေအတော်များနေပြီ။ တစ်ချို့က လည်း စိတ်မရှည်တော့ဘူး။ လူလတ်အပိုင်းအရွယ် နှစ်ယောက်ကတော့ ဘဏ် အစောင့်ကို ငါ တို့ ပိုက်ဆံ ငါတို့ ထုတ်တာ၊ ဘာ့လို့ မဝင်ရသေးတာလဲ၊ နိုင်ငံရေးလုပ်ဖို့လာတာမဟုတ်ဘူး။ ပိုက် ဆံ ထုတ်ဖို့ လာတာဆိုပြီး အော်ဟစ်ပြောနေတယ်။ ပိတ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေရှေ့ မှာ အဲဒီစကားသွားပြောမယ့်သူတွေရှိသင့်တယ်။

အပြင်ရောက်တော့ ၁၂ နာရီ ထိုးတော့မယ်။ မွန်းတည့်နေက ပူလောင်လွန်းလှတယ်။ ဒီတော့မှ လူတွေ ပြည့်ကျပ်နေတဲ့၊ ပန်ကာတောင်မရှိတဲ့ဘဏ်ထဲမှာ ပူလောင်၊ မွန်းကျပ်မှုကို မခံစားခဲ့ရတာ သတိရတယ်။ အပူငြိမ်းစေသူတွေ အေးချမ်းပါစေ။

မေ ျှာ်လင့်ချက် မမှားဖို့

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။ ဒါ့ကြောင့် သုံးသပ်ချက်ဆောင်းပါးတွေ မရေးဘူး၊ မီဒီယာတွေနဲ့လည်း မပြော တော့ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့တယ်။ ပြောတဲ့အတိုင်း လည်းနေခဲ့ တယ်။

အခုတော့ သတင်းတစ်ခုအပေါ် လူငယ်တွေ သုံးသပ်ချက်မမှားစေချင်လို့ နောက်ခံရာဇဝင်နဲ့ အဖြစ်မှန် ကို ရှင်းပြချင်ပါတယ်။

ဖေ ဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ် ဆောင်တဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်မှာ

“ constitutes an unusual and extraordinary threat to the national security
and foreign policy of the United States. I hereby declare a national
emergency to deal with that threat. မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သော ထူးထူး ခြားခြား ခြိမ်းခြောက်မှုတွေဖြစ်နေတယ်၊ ဒါကြောင့် ဒီအခြေအနေကို ကိုင်တွယ်နိုင်ဖို့အတွက် အမျိုးသားအရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်တယ်” ဆိုတဲ့ စကားရပ်ပါတယ်။ ( ပုံ ၁ )

စာနယ်ဇင်းသမား အချို့၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့ နဲ့ တက်ကြွလှုပ်ရှားသူအချို့က အဲဒီ စကားရပ်ကို ကိုးကားပြီး “ ဘိုင်ဒင်ကြီးက လုပ်ချလိုက်ပြီ ” ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသား အရေးပေါ် အခြေအနေ” ဆိုတဲ့ စကားလုံးတွေသုံးတာ အင်မတန်ထူးခြားတယ်။ မြန်မာ့အရေးကို အမေရိကန်က လက်သွက်သွက်နဲ့ လုပ်တော့မယ်စသည်ဖြင့် သုံးသပ်နေတာဖတ်ရပါတယ်။ အဲဒီ သုံးသပ်ချက်တွေကို လူငယ်တစ်ချို့က အားပါးတရ ပြန်လည်ဝေမ ျှနေတာလည်း မြင်ရပါတယ်။

တကယ်တော့ ဘိုင်ဒန်သုံးခဲ့တဲ့ စကားလုံးဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး သမ္မတရဲ့ အမိန့် ( Executive Order ) ကို ထုတ်ပြန်တဲ့အချိန်တိုင်းမှာ ဥပဒေအရ သုံးစွဲရတဲ့ စကားရပ်ဖြစ်ပါတယ်။

ဘာ့ကြောင့်လည်းဆိုတော့ အမေရိကန် လွှတ်တော်ဥပဒေအရ မဟုတ်ဘဲ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတစ်နိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုလုပ်မယ်ဆိုရင် ၁၉ ၇၇ ခုနှစ် မှာ ပြဋ္ဌာန်းခဲ့တဲ့ “ နိုင်ငံတကာ အရေးပေါ်စီးပွားရေးပိတ်ဆို့မှု လုပ်ပိုင်ခွင့်အာဏာ ဥပဒေ International Emergency Economic Powers Act (IEEPA)” အရ လုပ်ဆောင်ရပါတယ်။ အဲဒီ ဥပဒေအရအမိန့်ထုတ်ပြီးရင် လွှတ်တော်ကို တင်ပြရတယ်။ တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး သက်တမ်းတိုးသင့်ရင် သက်တမ်းတိုးရတယ်။

အဲဒီဥပဒေမှာ သမ္မတအနေနဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရင် အမိန့်ထုတ်ပြန်ခွင့်ရှိတဲ့အကြောင်း အခုလို ဖော်ပြထားတယ် “ To deal with any unusual and extraordinary threat, which has its source in whole or substantial part outside the United States, to the national security, foreign policy, or economy of the United States, if the President declares a national emergency with respect to such threat.

ဒ့ါကြောင့် အဲဒီဥပဒေကို သုံးပြီးအမိန့်ထုတ်တိုင်းမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ် လို့ သမ္မတက သုံးသပ်တယ် ဆို တဲ့ စကားရပ်ကို ထည့်သွင်းဖော်ပြပေးရတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းအပြီး မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ဖို့ သမ္မတဘုရ်ှက အမိန့်ထုတ်ပြန်ခဲ့ချိန်မှာလည်း

“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သော ထူးထူး ခြားခြား ခြိမ်းခြောက်မှုတွေဖြစ်နေတယ်။”

ဆိုတဲ့စကားရပ်ကို သုံးခဲ့ပါတယ်။ ပုံ ( ၂)

၁၉ ၇၇ ခုနှစ် အဲဒီဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး အမေရိကန်သမ္မတအဆက်ဆက်က အမိန့်ပေါင်း ၅၉ ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲက ၃၃ ခုက အသက်ဝင်နေဆဲပဲ။ နောက်ဆုံး ထုတ်ခဲ့တဲ့ အမိန့်က ၂၀၁၉ ခုနှစ် မေလ မှာ သမ္မတ ထရမ့်က မက္ကဆီကို နိုင်ငံအနေနဲ့ အမေရိကန် နိုင်ငံထဲကို တရားမဝင်ခိုးဝင်နေမှုတွေ ကာကွယ်တားဆီးဖို့ပျက်ကွက်တာဟာ အမျိုးသားလုံခြုံရေး ကို ထိခိုက်တယ်လို့ ဆုံးဖြတ်ပြီး ကုန်သွယ်ခွန်တွေ တိုးကောက်တဲ့ အမိန့်ဖြစ် ပါတယ်။

အမေရိကန်သမ္မတက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်တဲ့ အပေါ် တပ် မတော်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေသူတွေက ကြိုဆိုတာ သဘာဝကျပါတယ်။

ဒါပေမယ့် အမျိုးသားလုံခြုံရေး တို့၊ အရေးပေါ်အခြေအနေတို့ ဆိုတဲ့ စကားလုံးတွေကို အနက် ကောက်တာလွဲပြီး အမေရိကန်တပ်တွေပဲ လာတော့မလိုလို၊ အမေရိကန် ဒရုန်းတွေပဲ ရန်ကုန် မြို့ပေါ်မှာ ပျံသန်းနေတော့မလိုလို အလွန်အကျွံတွေ မေ ျှာ်လင့်နေဖို့တော့ မသင့်ဘူး။

Generation Z တွေက အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူတွေ၊ လေ့လာမှု အားကောင်းသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဝါရင့် ဆရာကြီးလေသံနဲ့ ပြောတဲ့သူတိုင်းရဲ့ စကားတွေကို မျက်စိမှိတ် မယုံစေချင်ဘူး။ ကိုယ့်ဘာသာကိုယ်လေ့လာကြည့်စေချင်ပါ တယ်။

သတင်းအချက်အလက်မှန်မှ ၊ သုံးသပ်ချက်မှန်မယ် ၊ သုံးသပ်ချက်မှန်မှ လုပ်ရပ်မှန်မယ်ဆိုတဲ့ စကားလည်း ရှိတာပဲ။

တတိယမြောက်စာအုပ်

တတိယမြောက်စာအုပ်

သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ် ကာလ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်း အင်္ဂလိပ် ဘာသာနဲ့ စာအုပ်ရေးမယ်ဆိုတော့ ပထမရွေးတဲ့ခေါင်းစဉ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆) ” လို့ ရိုးရိုးလေး ပဲရွေးခဲ့တယ်။

စာအုပ်ရေးနေရင်းနဲ့ ၂၀၁၀ – ၂၀၁၆ ကာလအတွင်းမှာ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီ ကျူးရှင်းတွေကို ခိုင်မာအောင်တည်ဆောက်ဖို့အခွင့်အလမ်းတွေကို လက်လွတ်ခဲ့ရတဲ့ အတွက် အင်စတီကျူးရှင်းတွေ မခိုင်မာသေးတဲ့ အကျိုးဆက်ဟာ ၂၀၁၆ နောက်ပိုင်း နိုင်ငံရေးအခြေအနေ တွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို မြင်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော့်စာအုပ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ “ Myanmar’s Political Transition and Lost Opportunities ( 2010 – 2016) လို့ အမည်ပြောင်းပေးခဲ့တယ်။

၂၀၁၉ နှစ်ဆန်းမှာ စာအုပ်ပြီးတော့ ISEAS စာအုပ်ထုတ်ဝေရေးဌာန က ဦးစားပေးအစီအစဉ် ၁ ၊ ၂ ၊ ၃ ဆိုပြီး အဖုံးဒီဇိုင်း သုံးခု အဆိုပြုတယ်။ ကျွန်တော်က နောက်ဆုံး ဒီဇိုင်းဖြစ်တဲ့ အမှတ်စဉ် ၃ ကို ရွေးလိုက်တယ်။ ( ပုံ ၁ ၊ ၂ နှင့် ၃ )

လင်းလက်တောက်ပနေတဲ့ အဖုံးဒီဇိုင်းအစား အမှောင်ရိပ်များနေတဲ့ ဒီဇိုင်းကို ရွေးလိုက်တော့ ထုတ်လုပ်ရေးဌာန အယ်ဒီတာက အတော်အံ့သြသွားပုံရတယ်ထင်ပါရဲ့။ စာအုပ်ထုတ်ဝေရေး ညှိနှိုင်းအစည်း အဝေးမှာ ဘာ့ကြောင့် ရွေးတာလဲလို့မေးပါတယ်။

ကျွန်တော်က မြန်မာ့နိုင်ငံရေးအခြေအနေကို ရှင်းပြပြီး စိုးရိမ်မှုတွေ ခံစားနေရတာကို ထင်ဟပ်ချင်လို့ပါ ဆိုပြီး ပြန်ဖြေခဲ့တယ်။ ဒီလို နဲ့ ကျွန်တော်ရွေးတဲ့ အဖုံးနဲ့ပဲ စာအုပ် ထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ကို ဘာသာပြန် ထုတ်ဝေတော့လည်း မူရင်း မျက်နှာဖုံးကိုပဲ သုံးခဲ့တယ်။ ( ပုံ ၄ )

အဲဒီ အစည်းအဝေးမှာ ရှိနေတဲ့ ဆရာ ရောဘတ်တေလာက ကျွန်တော်ပြောတာကို နားထောင် ပြီး သူ့အမှာစာမှာ

“ ဂါဒီးယန်း ဦးစိန်ဝင်း၏ စာအုပ်သည် မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ အုပ်ချုပ်သည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် တည်တံ့ရေး ပထမအကြိမ် ကြိုးပမ်းမှု အတွေ့အကြုံများကို ရေးသားထား သည့် ပထမဆုံး စာအုပ်ဖြစ်သည်။ ထို့ကြောင့် ရဲထွဋ်၏ စာအုပ်မှာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကြိုးပမ်းမှုကို မှတ်တမ်းတင်သည့် စာအုပ်ဟု ဆိုရပေမည်။ တတိယအကြိမ် ကြိုးပမ်းမှုတော့ ရှိလေဦးမလား မပြောတတ်ပေ။” လို့ရေးခဲ့တယ်။

ဆရာရောဘတ်တေလာ ပြောပြီး နှစ်နှစ်အကြာလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ၂၀၁၀ – ၂၀၁၆ (မတ် ၃၀ ) အချိန်ကာလ နိုင်ငံရေးအခြေအနေ၊ ကိုယ့်အတွေ့အကြုံတွေကို အခြေခံပြီး ဝေဖန် ထောက်ပြသုံးသပ်လို့ရတဲ့ ၂၀၁၆ – ၂၀၂၁ (ဇန် နဝါရီ ၃၁ ) အချိန်ကာလနိုင်ငံရေးအခြေအနေ တွေနဲ့ လုံးဝကွဲပြားခြားနား သွားခဲ့ပါပြီ။

တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။

    

ဒီတော့ ကျွန်တော်ရဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွေ့အကြုံတွေက အသုံး မဝင်တော့ဘူး။ လက်ရှိအခြေအနေကို အဲဒီပေတံတွေနဲ့ တိုင်းလို့မရ တော့ ဘူး။ ကိုယ်တိုင် လိုက်မမီ၊ တိတိ ကျကျမသိ၊ ယုံကြည်မှုနဲ့ ကွဲလွဲနေတဲ့ အခြေအနေတစ်ခုကို သုံးသပ်ရင်လည်း တိကျ မှန်ကန် တဲ့ သုံးသပ်ချက် မဖြစ်နိုင်ဘူး။

ဒါ့ကြောင့် လက်ရှိနိုင်ငံရေးအခြေအနေ များနဲ့ပတ်သက်ပြီး ဝေဖန် သုံးသပ်တဲ့စာတွေရေးသားခြင်း၊ မီဒီယာများကို ဖြေကြားခြင်း လုံးဝ( လုံးဝ) မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါ ပြီ။ ဝါသနာပါရာ နိုင်ငံတကာရေးရာနဲ့ ခရီသွားအတွေ့အကြုံ ဆောင်း ပါးတွေ၊ အက်ဆေးတွေတော့ ရေးဦးမှာပါ။

ဆရာ ရောဘတ်တေလာပြောသလို မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံ တတိယမြောက်စာအုပ်ရေးသူရှိရင်တော့လည်း စောင့်ဖတ်ရမှာပေါ့။

မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့

နိုင်ငံရေး အခြေအနေ ရှုပ်ထွေးတင်းမာမှုတွေက လူမှု အသိုင်းအဝန်းကြားကိုပါ ကူးစက်လာတယ်။ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ သူ့ဘက် ကိုယ့်ဘက် ကွဲပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်တာလည်း ကြား ရတယ်။ ဖေ့စ်ဘွတ်မျက်နှာစာမှလည်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ်မယ်၊ ထုတ်ပစ်လိုက်ပြီ လို့ ကြွေးကြော်တာလည်းမြင်ရတယ်။ ပရိုင်ဖိုင်း မပြောင်းလို့၊ ပရိုဖိုင်းပြောင်းလိုက်လို့ ဆိုပြီး ရန်ဖြစ် နေတာလည်း တွေ့ရတယ်။

နိုင်ငံရေးအမြင်မတူတာနဲ့ မိတ်ဆွေဖြစ်လို့မရတော့ဘူးလား၊ နိုင်ငံရေး အမြင်မတူတာနဲ့ ရန်သူ ဖြစ်ရတော့မလား။ လွတ်လပ်ရေးရပြီးထဲက ကြုံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံး ရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ငါ နဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားက အဓိက အချက် တစ်ခုအနေနဲ့ပါခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။

ကျွန်တော့်ကတော့ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားသင့်ဘူး။ ကိုယ့်အကြောင်း အကောင်းပြောမယ့်သူ၊ ကိုယ့်အဖွဲ့အစည်း ဘာလုပ် လုပ် ထောက်ခံမယ့်သူ၊ ကိုယ်နဲ့ အယူအဆ ထပ်တူကျတဲ့သူတွေ နဲ့ပဲ မိတ်ဆွေဖွဲ့ထားမယ်၊ သူတို့နဲ့ ပဲ စကားပြောမယ်ဆိုရင် အသံလုံခန်းထဲမှာနေတဲ့သူလိုပဲ အခြားအသံတွေမကြားနိုင်တော့ဘူး။ ရှုထောင့်ပေါင်းစုံကနေ ခြုံငုံစဉ်းစားနိုင်မယ့်အခွင့်အရေးကိုလက်လွတ်သွားမယ်လို့ ခံယူတယ်။

ကျွန်တော်တို့ကို မျက်စိနှစ်လုံး၊ နားနှစ်ဘက်ပေးထားတာကိုက ဟိုဘက်၊ သည်ဘက် စကားတွေ၊ လုပ်ဆောင်ချက်တွေကို မြင်နိုင်၊ ကြားနိုင်ဖို့ဖြစ်ပါတယ်။ ပါးစပ်တစ်ပေါက်၊ လ ျှာတစ်ချောင်း ပဲပေးထားတာက ဘက်စုံနားထောင်လေ့လာသုံးသပ်ပြီးရင် ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာ ပြောနိုင်ဖို့ ဖြစ်ပါတယ်။

ဒ့ါကြောင့် ဖေ့စ်ဘွတ်မှာရော၊ ပြင်ပမှာပါ ကျွန်တော့်မိတ်ဆွေတွေထဲမှာ လူတန်းစား အလွှာစုံကပါသလို လူမျိုး၊ ဘာသာ ပေါင်းစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊ အင်န်ဂျီအို စတဲ့ အဖွဲ့ အစည်းမျိုးစုံက မိတ်ဆွေတွေရှိတယ်။ ဖေ့စ်ဘွတ်မှာဆိုရင် မိတ်ဆွေအများစုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကို ထောက် ခံသူတွေပါ၊ အင်န်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေတောင်ပါသေးတယ်။ ဦးသိန်းစိန်အစိုးရ နဲ့ တပ်မတော် အမျိုးမျိုးဝေဖန်ရေးသားနေသူတွေ၊ လှောင်ပြောင်သရော်သူ တွေလည်းရှိတယ်။ တစ်ချို့ ဆိုရင် စိတ် အချဉ်ပေါက်တဲ့အခါ ကျွန်တော့်ကိုတောင် ငါနဲ့ ကိုင်တုတ် ပြီး ကွန်မန့် ရေးခဲ့ ဖူးတယ်။

အဲဒီလို နိုင်ငံရေးအမြင်မတူပေမယ့် ကျွန်တော့်မိတ်ဆွေတိုင်းမှာ ကျွန်တော်လေးစားတဲ့အချက်၊ သူ တို့ ဆီက လေ့လာသင်ယူနိုင်တဲ့အချက်တွေရှိတဲ့အတွက် သူတို့ နဲ့ မိတ်မပျက်ခဲ့ဘူး။ သူတို့ ယုံကြည်တာ ကို ပြောင်းလဲပစ်ဖို့မကြိုးစားသလို ကိုယ့်ယုံကြည်ချက်ကိုလည်း မပြောင်းပါဘူး။ တူတာတွဲလုပ်၊ မတူတာခွဲလုပ်လို့ပဲ သဘောထားတယ်။

ဒါ့ကြောင့် နိုင်ငံရေးအမြင်မတူတာနဲ့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို နှစ်ခြမ်းမခွဲလိုက်ကြပါနဲ့ ၊ တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီထွန်းကားအောင်မလုပ်နိုင်ရင်တောင် အနည်းဆုံး ကိုယ့်ဖေ့စ်ဘွတ် မျက်နှာစာလေးမှာတော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားဖြစ်တဲ့ မတူကွဲပြားမှုတွေကို လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။