ပိလခတ် ဟိန္ဒူဘုရားကျောင်း

ကျောက်တန်းကနေ ဇွဲဘာကမ်းခြေကို သွားတဲ့အခါ ကျောက်တန်းမြို့က ထွက်ပြီး မိနစ် နှစ်ဆယ် လောက်မှာ ပိလခတ် ဟိန္ဒူဘုရားကျောင်းရှိတယ်။ ဒီဘုရားကျောင်းကို ၁၈၆၀ မှာ ဦးကူးမူး ဆာမိ ဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမားကြီးက အိပ်မက်အရ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဒီ ဘုရားကျောင်းက ဟိန္ဒူနတ်ဘုရားတွေထဲက မဟာမူနိ(စ်) ဝါရရ် ကို ကိုးကွယ်တာ။

မဟာမူနိ(စ်) ကို ကိုးကွယ်တယ်ဆိုတော့ ဦးကူးမူး ဆာမိ မိဘတွေက တမီလ်နာဒူး ပြည်နယ်မြောက်ပိုင်းက လာတာဖြစ်နိုင်တယ်။ ကျွန်တော်သီရိလင်္ကာမှာ ခရီးသွားတဲ့အချိန်က တမီလ်လူမျိုးတွေ အခြေချ နေထိုင်တဲ့ဒေသမှာ ဒီလိုဘုရားကျောင်းတွေ အတော် များများတွေ့ခဲ့ရတယ်။ ကျောက်တန်း မြို့နယ်ထဲမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဟိန္ဒူဘာသာဝင်တော်တော်များများတွေ့ခဲ့ရတယ်။ ၂၀၁၉ ထွေအုပ်စာရင်းအရတော့ ကျောက်တန်းမြို့နယ်အတွင်းမှ ဟိန္ဒူဘာသာကိုးကွယ်သူ ၃၂၆၄ ဦး ရှိတယ်လို့ဆိုတယ်။

ဒီဘုရားကျောင်းက မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်းတွေထဲမှာ ပါတယ်။ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးတဲ့အတွက် ဟိန္ဒူဘာသာဝင်တွေအပြင် ဗုဒ္ဓဘာသာဝင် တွေ လည်း လာဆုတောင်းကြတယ်။ ဘုရားပွဲက နှစ်စဉ်မတ်လမှာကျင်းပတယ်။

ဒီဘုရားကျောင်းမှာ ဘုရားဖူးတွေကို နေ့စဉ်ထမင်းကျွေးတယ်။ အဲဒီအစဉ်အလာက ဒုတိယ ကမ္ဘာ စစ်ကာလမှာ ပိလခတ်ကိုရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရာကနေ စတင်ခဲ့တယ်လို့ ဘုရားကျောင်းတာဝန်ခံတစ်ယောက်က ရှင်းပြတယ်။

ပြီးခဲ့တဲ့ မေလမှာ ပိလခတ် ဘုရားကျောင်းမှာ ထမင်းချက်အဖြစ် လုပ်ကိုင်သွားသူ တစ်ဦး (လူနာ အမှတ် ၁၆၁) မှာ ကိုဗစ်ရောဂါပိုးတွေ့တဲ့အတွက် Lock Down လုပ်ခံခဲ့ရသေးတယ်။ အခုလည်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အရ ဘုရားကျောင်းပိတ်ထားရတယ်။ ဘုရားကျောင်း နောက်က ဂေါပကရုံးကတော့ဖွင့်ထားတယ်။ ဒါပေမယ့် ဘုရားကျောင်းသမိုင်းကို တိတိကျကျ ပြော နိုင်တဲ့ သူက လယ်ထဲ ဆင်းနေလို့ မတွေ့ခဲ့ရဘူး။

အရောင်အသွေးစုံလင်တဲ့ ရုပ်တုတွေနဲ့ ဟိန္ဒိူဘုရားကျောင်းတွေက ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့သူတစ်ဦးနဲ့ လေ့လာရရင်တော့ ပိုကောင်း တယ်။ မင်းလှ ဟိန္ဒူဘုရားကျောင်းကို ရောက်ခဲ့ချိန်က အဲဒီလို ရှင်းပြနိုင်တဲ့ ဂေါပကလူကြီး တစ်ယောက်ကို တွေ့ခဲ့ရတယ်။

ကျောက်တန်းဘက်ကို ခရီးသွားမယ်ဆိုရင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကလည်း လည်ပတ် သင့်တဲ့နေရာတစ်ခုပါ။ ကိုဗစ် ကပ်ဘေးကျော်သွားရင်တော့ ပိလခတ်ကို တစ်ခေါက်ပြန် သွား ရ မယ်။

မီးပြ ရွာ

မီးပြရွာကလည်း ဇွဲဘာကမ်းခြေကနေ မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။ ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ဒါပေမယ့် လမ်းကောင်းတယ်။ ရွာနာမည်က မီးပြဆိုပေမယ့် မီးပြတိုက် မရှိ ဘူး။ မွန်ဘုရင်တွေလက်ထက်က ကမ်းခြေဒေသမှာ ပုန်ကန်ထကြွနေသူတွေ နှိမ်နင်းပြီးတဲ့အခါ ဒီနေရာ မှာ စခန်းချပြီး စစ်အောင်တဲ့အကြောင်း သံလျင်ကို မီးဖို အချက်ပြတဲ့အတွက် မီးပြ ရွာလို့ ခေါ်တယ်လို့ ဘုရားသမိုင်းစာရွက်မှာတွေ့တယ်။

တကယ်တော့ ဒီရွာနေရာကနေ မီးဖိုပြရင်လည်း သံလျင် ကနေ မြင်ဖို့အကြောင်းမရှိဘူး။ ဒ့ါကြောင့် ၁၅ ရာစု သံလျင်က အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာတဲ့အချိန်မှာ ရန်ကုန် မြစ်ထဲကို ဝင်မယ့် ရွက်လှေတွေကို မီးပြခဲ့တဲ့နေရာဖြစ်လို့ မီးပြလို့ ခေါ်တာများလားလို့ တွေးမိတယ်။

မီးပြရွာမှာ လည်ပတ်ဖို့က ရွှေဘုံသာ ရေလယ်ဘုရားပဲရှိတယ်။ ဒီစေတီကို မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်မှာ မီးပြရွာက ပျက်စီးနေတဲ့ ရှေးဟောင်းစေတီ ကိုး ဆူ က ဌာပနာ တွေ စုစည်းပြီး တည်ခဲ့တာလို့ ဆိုတယ်။ စေတီတော်က ရွာထဲမှာတည်ခဲ့တဲ့စေတီ။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်ကစပြီး ကမ်းပါးပြိုတာနဲ့ တစ်ဖြည်းဖြည်းချင်း ရေလယ်စေတီ ဖြစ်သွားတာ။

ကျွန်တော်တို့ရောက်သွားတော့ စေတီမုခ်ဦးမှာ ဘုရားဖူးခွင့် ယာယီပိတ်ထားကြောင်း ဆိုင်ဘုတ်ထောင်ထားတယ်။ မုခ်ဦးဘေးမှာ တပ်မတော်လုံခြုံရေးစခန်းတစ်ခုရှိတယ်။ ကားလှည့်ပြီး ပြန်မယ်လုပ်တော့ စစ်သည်တစ်ယောက်ထွက်လာပြီး ဘုရားဖူး နှစ်ယောက်၊ သုံးယောက်ထဲ ဆိုရင် တော့ ဝင်ဖူးလိုက်ပါ။ လူအုပ်ကြီးနဲ့တော့ ဖူးလို့မရဘူးလို့ပြောတယ်။

စေတီတော်ကို ဒီရေတောထဲက ဖြတ်ဖောက်ထားတဲ့ ကွန်ကရစ်လေ ျှာက်လမ်း အတိုင်း သွားရတယ်။ စေတီရင်ပြင်မှာ ဘုရားဖူးနှစ်ယောက်တွေ့တယ်။ ရင်ပြင်ကျောက်ပြားခင်းနေ တဲ့ အလုပ်သမားတစ်ယောက်ရှိတယ်။ အာရုံခံတန်းဆောင်းထဲမှာအလှုခံပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ ရေတက်ချိန် ဆိုတော့ လှိုင်းတွေက ရင်ပြင်ပေါ်အထိ ရောက်တယ်။

စေတီရင်ပြင်ကနေ မြင်ရတဲ့ ရှုခင်းက အလွန်လှတယ်။ ဒါပေမယ့် ကျွန်တော်ရောက်သွားတဲ့အခိျန် က မွန်းလွဲချိန်ဆိုတော့ နေအတော်ပူတယ်။ မနက်စောစော ၊ ဒါမှမဟုတ် ညနေ နေဝင်ချိန်ဆိုရင် အတော်လှမယ်။ စေတီရင်ပြင်ကနေ ကြည့်ရင် ရန်ကုန်မြစ်ထဲကို ဝင်နေတဲ့ ပင်လယ်ကူး သဘောၤ ကြီးတွေကို လှမ်းမြင်နေရတယ်။ မီးပြကမ်းခြေတစ်လေ ျှာက်မှာ ဒီရေတောတွေအတော်ကျန် နေ သေးတာလည်းမြင်ရတယ်။

မီးပြရွာကမ်းခြေက ဒီရေတောတွေပဲရှိတယ်။ တံငါလှေတွေက ရွာဘေးက ချောင်းထဲမှာ။ မီးပြ ရွာမှာ ငါးခြောက်ပေါတယ်လို့ ကြားခဲ့ပေမယ့်ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ငါး ခြောက် ရောင်းဝယ်ရေး ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်ကြီးကြီးတစ်ခုပဲတွေ့တယ်။ ဆိုင်က ပိတ်ထား တယ်။ အိမ်ဆိုင်တစ်ဆိုင် ရှေ့ မှာ ငါးခြောက်တောင်းတွေတွေ့လို့ ဆင်းမေးတော့ ဆိုင်ရှင်မရှိဘူး။ ဆိုင်ကြည့်ထားဖို့ အပ်သွား တဲ့ ဘေးဆိုင်က အမကြီးကလည်း ငါးခြောက်ဈေးမသိဘူး။ ခေါင်းမိုးပေါ်မှာ ငါးခေါင်းတွေ လှန်းထားတဲ့အိမ်ကို မေးတော့ ငါးခေါင်းတွေပဲရှိတယ်တဲ့။ အိမ်ရှင်ကတော့ ဘေးက လမ်းကြား ကို ပြပြီး အဲဒီအတိုင်းဝင်သွားရင် ငါးခြောက် ရောင်းတဲ့အိမ်တွေရှိတယ်လို့ပြောတယ်။ ကိုဗစ် ကာလ ဆိုတော့ တစ်အိမ်တက်ဆင်းမေးရမှာ အားနာတာနဲ့ ငါးခြောက်မဝယ်နိုင်ခဲ့ဘူး။

ဒီခရီးစဉ်မှာ ကျွန်တော်လမ်းကြောင်းရွေးတာ နည်းနည်းမှားသွားတယ်။ တကယ်တော့
ရန်ကုန်ကနေ ကျောက်တန်း – ဇွဲကဘာ ကုန်းတန်း ကားလမ်းအတိုင်းလာတဲ့အခါ ဇွဲကဘာ ကုန်းတန်းရွာကနေ ညာ ဘက်လမ်းခွဲအတိုင်းသွားရင် မီးပြရွာကို ရောက်တယ်။ ဘယ် ဘက် လမ်းခွဲအတိုင်းသွားရင် သံတဲ ကမ်းခြေကို ရောက်တယ်။

ကျွန်တော် က ဇွဲဘာ ကမ်းခြေကို သွား။ ပြီးမှ သံတဲကမ်းခြေကို သွား။ သံတဲကနေ ဇွဲဘာကို ပြန် လာပြီး မီးပြရွာကို သွားခဲ့တယ်။ အဲဒီလို သွားတာက အဆင်မပြေဘူး။ တကယ်တော့ မီးပြရွာကို အရင်သွား၊ ဘုရားဖူး၊ ပြီးရင် သံတဲကမ်းခြေကို သွား ၊ အပြန်မှာ ဇွဲဘာကမ်းခြေကို ဝင် နေ့လယ် စာစား၊ ကမ်းစပ်က တောအုပ်ထဲမှာ အနားယူ၊ အချိန်ရရင် နေဝင်ချိန်ကို စောင့်ကြည့်တာက ပို အဆင်ပြေတယ်။

မီးပြကျေးရွာ၊ ဇွဲဘာကမ်းခြေ နဲ့ သံတဲ ကမ်းခြေ သုံးခုပေါင်းလိုက်ရင်တော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးဇုန်တစ်ခုဖြစ်လာနိုင်တယ်။ ဒီဒေသက ပင်လယ်ထဲဆင်းဖို့ထက် သဘာဝအလှနဲ့ ကျေးလက် ရှုခင်းတွေကို ခံစားဖို့ပိုကောင်းတဲ့နေရာပါ။ ဟိုတယ်တွေဆောက်တဲ့အဆင့်ထိ ရောက်ဖို့ တော့ မလွယ်လှဘူး။ ရန်ကုန်က နေ့ချင်းပြန်လာသူတွေ နားနေဖို့ ၊ စားသောက်ဖို့ စားသောက် ဆိုင်တွေ၊ View Point တွေ ထားတဲ့အဆင့်လောက်ပဲဖြစ်မှာပါ။ နောက်တစ်ခုက ဧည့်သည် တွေ များလာရင် ရေချိုပြဿနာလည်းရှိနိုင်တယ်။

လမ်းအနေနဲ့တော့ ကျောက်တန်း ပန်းတော တံတားထိုးနိုင်ရင်ပိုကောင်းမယ်။ အခုအခြေ အနေ ကတော့ လမ်းနည်းနည်းဆိုးတာရယ်၊ ဝဲကြီးတံတားဘက်က ပတ်သွားရတာရယ်ကြောင့် ဇွဲဘာ ကမ်းခြေကနေညနေ လေးနာရီနောက်ဆုံးထားပြီးထွက်မှ အဆင်ပြေတယ်။ နေဝင်ဆည်းဆာ ကြည့်ဖို့ မဖြစ်နိုင်ဘူး။

ဒီဒေသမှာ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေ အများကြီး ကျန်သေးတယ်။ လုပ်လည်း လုပ်ကြမှာပါ။ အရေးအကြီးဆုံးတစ်ခုတော့ သတိပြုစေ ချင်တယ်။ အဲဒါကတော့ အရင်အစိုးရ အဆက် ဆက်မှာ ဖြစ်ခဲ့တဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် လုပ်ငန်းရှင် ကြီးတွေကပဲ နေရာကောင်းတွေ၊ အခွင့်ရေး ကောင်းတွေရပြီး ဒေသခံတွေက ပျံကျဈေးသည်၊ လမ်းဘေးဈေးသည်ဘ၀ နဲ့ ပြီး သွားတဲ့ အခြေအနေမျိုးမဖြစ်ဖို့ပါပဲ။

သံတဲကမ်းခြေ

သံတဲကမ်းခြေဆိုတာ ဇွဲဘာ ကုန်းတန်းကနေ မိနစ်နှစ်ဆယ်လောက်ပဲမောင်းရတယ်။ ကွန်ကရစ်လမ်း ခင်းထားတာမကြာသေးဘူး။ မနှစ်ကမှ ပြီးသွားတာ။ သံတဲ ရွာထဲကို ဝင်လိုက်တာနဲ့ အမှိုက်တွေကို စနစ် တကျစွန့်ပစ်ဖို့ သတိပေးထားတဲ့စာတွေတွေ့ရတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လူထု ဗဟိုပြု စီမံကိန်းနဲ့ပတ်သက်တဲ့ ပိုစတာတွေတွေ့တယ်။ ဒီစီမံကိန်းအရ သံတဲ ရွာတွင်း လမ်းတွေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်တယ်ဆိုတဲ့ ကျောက်တိုင် တစ်ခု တွေ့တယ်။

သံတဲ ကမ်းခြေရဲ့ ထူခြားချက်ကတော့ ကမ်းခြေမှာ ရှိတဲ့ အုတ်တိုင်ကြီးတစ်ခုပဲ။ အရင်ကတော့ အဲဒီ အုတ်တိုင်ကြီးကို အစွဲပြုပြီး ကျောက်တိုင်ကမ်းခြေလို့ခေါ်ကြတယ်။ ဒီအုတ်တိုင်ကြီးနဲ့ ပတ်သက်ပြီး တစ်ချို့က ငဇင်ကာ သံလျင်ကို သိမ်းပြီးတဲ့နောက် သူပိုင်တဲ့ နယ်နမိတ်အပိုင်း အခြားကို နယ်ခြားမှတ်တိုင်အဖြစ် စိုက်ခဲ့တာလို့ဆိုတယ်။

တစ်ချို့ကတော့ အင်္ဂလိပ်ကိုလိုနီခေတ်က သံတဲမှာ လက်ရှိတွေ့နေရတဲ့ မီးပြတိုက်ကို မဆောက် ခင်မှာ ဒီအုတ်တိုင်ကနေ မီးပြခဲ့တာလို့ဆိုတယ်။ ဒီအုတ်တိုင်ကြီးနဲ့ပတ်သက်ပြီး တဘောင်လိုလို ပြောတဲ့စကားလည်းရှိတယ်။ အဲဒါကတော့ “ဒီအုတ်တိုင်ကြီးစောင်းနေတာ။ သူ့ အလိုလို ပြန်တည့်သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သံတဲရွာက ကြက်ပျံမကျစည်ကားလိမ့်မယ်ဆို”တဲ့ စကားပဲ။

ကမ်းခြေမှာ ငါးဖမ်းပိုက်ဖာနေတဲ့ အမျိုးသမီးအုပ်စုထဲက အသက်ခြောက်ဆယ်ကျော် အမျိုးသမီး ကြီးကတော့ ဒီတဘောင်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြတယ်။ သူငယ်ငယ်က ဒီတိုင်ကြီးက စောင်းနေတာ၊ ဒီအပေါ်ကို ဆိတ်တွေတက်လို့ရတယ်။အဲဒီကနေ တစ် ဖြေးဖြေးပြန် ထောင်လာတာ အခုတော့ လုံးဝမတ်သွားပြီ။ အဲဒီလိုဖြစ်ပြီးတာနဲ့ သံတဲကို ကားလမ်း ပေါက်၊ အပန်းဖြေစခန်းလုပ်မယ်ဆိုပြီး ဖြစ်လာတယ်။ ရန်ကုန်က သူဌေးတွေတောင်မြေကွက်တွေ လာဝယ်နေပြီလို့ ဆိုတယ်။

ဇွဲဘာကမ်းခြေမှာ တွေ့ခဲ့သူတစ်ယောက်ကလည်း အဲဒီတဘောင် အကြောင်းပြောပြခဲ့တယ်။ အဲဒီအုတ်တိုင်ကြီးတည့်သွားတာနဲ့ သံတဲမြေ တစ်စလောင်း ( စလောင်း ဖုံးတစ်ချပ်စာ) ငွေ တစ်သောင်းဆိုပြီး စာဆိုရှိတယ်တဲ့။ သံတဲ ကမ်းခြေမှာစိုက်ထားတဲ့ “ အိမ်ခြံမြေ ကျူးကျော် မဆောက်ရ၊ တရားမဝင်မြေအရောင်းအဝယ်စာချုပ်ချုပ်ဆို ရောင်းချခြင်းမပြုရ” ဆိုတဲ့ ဆိုင်း ဘုတ်ကလည်း သူပြောတဲ့စကားကိုထောက်ခံနေသလိုပဲ။

ဒါပေမယ့် အောက်ခြေမှာ အုတ်မြစ်ချဆောက်ထားတဲ့ အုတ်တိုင်ကြီးတစ်ခုဟာ အလိုလို ထောင် မတ်လာတယ်ဆိုတာမဖြစ်နိုင်ဘူး။ ဆက်စုံစမ်းကြည့်တော့ သံတဲရွာထဲက လူကြီး တစ်ယောက်ကတော့ အရင်က သံတဲ ကမ်းခြေက အခုလို ပြန့်မနေဘူး။ အုတ်တိုင်ကြီးက မြေကြီးထဲမှာ မြုပ်နေတာ။ ဒါ့ကြောင့် ဆိတ်တွေက အလွယ်တကူတက်လို့ရတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ရေတိုက်စားတော့ ကမ်းပါးတွေပြိုပြီး အုတ်တိုင်ကြီးက ဖြေးဖြေးချင်း ပြန်ပေါ်လာတာ။ ၂၀၀၈ နောက်ပိုင်းရောက်တော့ အခုမြင်ရတဲ့ပုံစံဖြစ်သွားတာ။ ပြန်ထောင် လာတယ်ဆိုတာက တဖြည်းဖြည်းနဲ့ စကားတွေ ကားလာတာပါလို့ ဆိုတယ်။ သူပြော တာ ယုတ္တိရှိတယ်။

သံတဲကမ်းခြေကို ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်ခဲ့တာ ဒီနှစ်မှစတာပါ။ စပြီး မကြာခင်မှာပဲ ကိုဗစ် ၁၉ ဖြစ်လာလို့ အရှိန်ရပ်သွားခဲ့တယ်။ အရင်ကတော့ သင်္ကြန်ဆိုရင် ကျောက်တန်း ၊ ခရမ်း သုံးခွ နဲ့ ဒေသခံတွေပဲပျော်တဲ့နေရာပေါ့။ သံတဲကမ်းခြေက ဇွဲဘာကမ်းခြေထက်ပိုကျယ်တယ်။ မြေ ပြန့်တယ်။ အပန်းဖြေစခန်းလုပ်ဖို့ အခြေအနေပိုကောင်းတယ်။

သံတဲကမ်းခြေဖွံ့ဖြိုးရေးအတွက် အဓိက မောင်းနှင် အား ကတော့ ကျောက်တန်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးလို့ ဆိုတယ်။ ငါးဖမ်းပိုက် ဖာနေတဲ့အမျိုးသမီးကြီး တွေကတော့ အခုရွေးကောက်ပွဲမှာ လသာ မြို့နယ်က ဝင်ပြိုင်တဲ့ ဒေါ် အေးမြမြမျိုးကို သတိရနေပုံပဲ။ ဆရာမကို ကျောက်တန်းမှာ ပြန်အရွေးခံစေချင်တာလို့ ပြောတယ်။

သံတဲကမ်းခြေမှာနောက်ထပ် ထင်ရှားတဲ့သင်္ကေတကတော့ ကမ်းပေါ်တင်ထားတဲ့ သစ်သား လှေ ပျက်ကြီးပဲ။ ဒီလှေကြီးက ၂၀၁၈ ခုနှစ်မှာ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေက ထွက်ပြေးပြီး မလေးရှားကို သွားဖို့ကြိုးစားတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့လှေဖြစ်ပါတယ်။ ပင်လယ်ပြင် မှာ တစ်လနီးပါးကြာပြီးမှ ဆီပြတ်ပြီး သံတဲသောင်ပြင်ကို လာတင်တာ။ လှေပေါ် မှာ အမျိုးသား၊ အမျိုးသမီး၊ ကလေး တစ်ရာကျော်ပါတယ်လို့ ဆိုတယ်။ ပုံမှန် လူသုံးဆယ် လောက်ပဲ တင်မယ့် လှေပေါ်မှာ လူတစ်ရာကျော် လိုက်ပါပြီး ပင်လယ်ပြင်ကို စွန့်စွန့်စားစား ဖြတ်ကျော် ဖို့ ကြိုးစားတာဟာ အကြောင်းမဲ့တော့မဟုတ်ဘူး။ အဲဒီအကြောင်းအရင်းတွေကို မဖြေရှင်းနိုင်သရွေ့ ဒီလိုလှေပေါင်းများစွာတွေ့နေရဦးမှာပါ။ သံတဲ ကမ်းခြေက လှေပျက်ကြီးက လာတဲ့သူတွေကို ဒီလိုပဲ ကြည့်နေ တော့မှာလား လို့ မေးနေသလိုပဲ။

ဇွဲဘာ ကမ်းခြေ၊ သံတဲကမ်းခြေ ဒေသတွေက ရန်ကုန်နဲ့ နေ့ချင်းပြန်သွားလို့ရတယ်။ ကျောက် တန်းမြို့နယ်ထဲမှာရှေးဟောင်း ဂဝံယဉ်ကျေးမှုထွန်းကားခဲ့တဲ့နေရာတွေအများကြီးရှိတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းဖွံဖြိုးနိုင်မယ့် အခြေအနေကောင်းတွေရှိတယ်။

ဒါပေမယ့် အဲဒီဒေသတွေက ၂၀၁၄ ခုနှစ် ကျောက်တန်း- တံတားမြို့လမ်း ဝဲကြီးကျေးရွာ မှာ မှော်ဝန်းချောင်းကူးတံတားမဆောက်ခင်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ကားလမ်း တိုက်ရိုက်မပေါက်ဘူး။ ကားနဲ့သွားချင်ရင် သုံးခွဘက်က လှည့်သွားရတယ်။

တံတားဆောက်ပြီးတော့ ကျောက်တန်းကနေ တံတားမြို့၊ ကျောက်တန်းကနေ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေတွေကို တိုက်ရိုက်သွားလို့ရပြီ။ ဒါပေမယ့် ခရီးဝေးသေးတယ်။ တကယ်လို့ ကျောက်တန်း တစ်ဖက်ကမ်း ပန်းတော ကူးတို့ဆိပ်နေရာမှာ မှော်ဝန်းချောင်းဖြတ်တံတား တစ်ခု ထပ်ဆောက်နိုင်ရင် ကျောက်တန်းရေလယ်ဘုရား နဲ့ ပင်လယ်ကမ်းခြေက ခရီးသွား လုပ်ငန်းနေရာတွေဆက်စပ်သွားမယ်။ ရန်ကုန်ကနေ ကမ်းခြေတွေကို အချိန်တိုတို နဲ့ရောက်နိုင် မယ်။ အဲဒါဆိုရင် တဘောင်ထဲက အတိုင်း သံတဲမြေ တစ်စလောင်း ငွေတစ်သောင်း ခေတ် ကို ရောက်မှာသေချာတယ်။

သံတဲကမ်းခြေက ပြန်လာတော့ အုတ်တိုင်ကြီးက မေ ျှာ်လင့်ချက်တွေ၊ လှေ ပျက်ကြီးက အတွေးတွေ ပေးလိုက်တယ်။

ဇွဲဘာ ကမ်းခြေ

ကျောက်တန်းမြို့နယ်ထဲက ဇွဲဘာကမ်းခြေ၊ သံတဲ ကမ်းခြေ တွေ အကြောင်း ဖေ့စ်ဘွတ်စာမျက် နှာတွေမှာတွေ့နေတာကြာပြီ။ ဒါ့ကြောင့် ဇွဲဘာကမ်းခြေဘက်ကို သွားဖို့အတွက် သတင်း စုံစမ်းကြည့်တယ်။ ကမ်းခြေတွေပိတ်ထားလို့ စားသောက်ဆိုင်တွေမရှိဘူး၊ လမ်းဝဲယာ ကျေးရွာ တစ်ချို့ကလည်း Stay Home အစီအစဉ် ကြောင့် ဧည့်သည်တွေ ရွာတွင်း ဝင်ထွက်တာကို ကန့်သတ်ထားတယ်လို့ ဆိုတယ်။

ဒါပေမယ့် မြို့ထဲမှာ ပိတ်လှောင်နေရာကနေ လွတ်မြောက်ဖို့အတွက် သွားမယ်။ ဝင်လို့ ရတဲ့နေရာဝင်ကြည့်မယ်။ မရရင်လည်း ကျေးလက်ရှုခင်းတွေကြည့်ရတာအမြတ်ဆိုပြီး ခရီးထွက်ဖို့ ပြင်တယ်။ ကိုယ်တိုင်မောင်းသွားမယ့်အစား ဒေသခံကားကို ငှားသွားဖို့ စီစဉ်တော့ သံလျင် မြို့ခံ ကားဆရာတစ်ယောက်နဲ့ ဆက်မိတယ်။

ရန်ကုန်ကိုလာကြိုမယ်။ ကျောက်တန်း၊ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေ နဲ့မီးပြရွာတွေကို ပို့မယ်။ လမ်းမှာ ကျွန်တော်ဝင်ကြည့်ချင်တဲ့နေရာ ဝင်ကြည့်၊ အပြန်မှာ သံလျင်တံတားအမှတ် ၂ ဘက်က ပြန်မယ်။ စားဖို့ သောက်ဖို့ ကားသမားက စီစဉ် လာ၊ စားတာကတော့ အဆင်ပြေတဲ့နေရာမှာ ကားထိုးပြီး စားမယ်လို့ ညှိလိုက်တယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မနက် ကားဆရာလာကြိုတယ်။ အတော်စနစ်ကျတဲ့ ကားဆရာပဲ။ ကားထဲမှာ Mask မတပ်မနေရ၊ ကားထဲမှာ Mask အပို၊ လက်သန့်ဆေးရည်တွေပါတဲ့ အပြင် Oximeter တောင်ပါလိုက်သေးတယ်။ စားစရာက ဝက်နံရိုးကြော်၊ ငါးကလေးကြော်၊ ဝက်သား သုံးထပ်သားကို သရက်သီးနဲ့ချက်ထားတာတစ်ခွက်၊ ကြက်သားဟင်းတစ်ခွက်၊ ငါးပိရည်၊ တို့စရာ။ သောက်စရာက ဘီယာ၊ ကိုကာကိုလာ၊ ရေသန့်။ ကြိုက်ပြီလေ။ အစီအစဉ် ကတော့ ကားမထွက်ခင် တစ်ခွက်တစ်ဖလားတောင် ဆွဲရမယ့်ပုံပဲ။

သံလျင်မြို့ကို မရောက်တာ ငါးနှစ်ကျော်ပြီ။ ဂျပန်အကူအညီနဲ့ ပြုပြင်ထားတဲ့မြို့တွင်းလမ်းတွေ ရန်ကုန်ထက်တောင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ဒါ့အပြင် မြို့တွင်းလမ်းဝဲယာသန့်ရှင်းရေး က လည်း အသိအမှတ်ပြုလောက်အောင်ကို ကောင်းပါတယ်။

ကျောက်တန်းရောက်တော့ ပါဒကြီးဘုရားကို ဝင်ဖူးတယ်။ ဘုရားပိတ်ထားလို့ သံတံခါး အပြင်က ပဲဖူးခဲ့တယ်။ ဘုရားဝင်းထဲက ဇရပ်လေးတွေမြင်တော့ ရွှေတိဂုံ အောက်ပစ္စယံက ဇရပ်လေးတွေ အကြောင်း စာရေးခဲ့တာ သတိရတယ်။

သံလျင် ၊ ကျောက်တန်းလမ်းတစ်လေ ျှာက်မှာတော့ ရွေးကောက်ပွဲနိုင် အင်န်အယ်လ်ဒီပါတီ အောင်ပွဲခံထားတဲ့အလံတွေ၊ အမှတ်အသားတွေ ရှိနေဆဲပဲ။ အောင်ပွဲခံတယ်ဆိုတာ အနိုင်ရ သူရဲ့ အခွင့်အရေး၊ ဘယ်လိုပုံစံနဲ့ အောင်ပွဲခံမလဲဆိုတာ အနိုင်ရသူရဲ့ စိတ်ထားပေါ့။ ဒီလိုပဲ အရှုံးကနေ ပြန်ထပြီး အောင်ပွဲရအောင်ကြိုစားနိုင်တာကလည်း ရှုံးနိမ့်သူရဲ့ မှတ် ကျောက်ပဲလေ။

ဒုတိယကမ္ဘာစစ် ပစိဖိတ်စစ်မျက်နှာမှာ ဂျပန်တပ်မတော်ကို အနိုင်ယူခဲ့တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး မက်အာသာကတော့ သူ့သား အတွက် ဘုရားသခင်ထံမှာ ဆုတောင်းတဲ့အခါ
“ အရှုံးကနေ အားမာန်ဖြင့် ပြန်လည်ထူမတ်နိုင်တဲ့သား၊ အောင်မြင်မှုကို ရိုးသား နှိမ့်ချစွာခံယူ နိုင်သော သား ဖြစ်အောင် စောင့်ရှောက်တော်မူပါ” ဟုရေးခဲ့ဖူးတယ်။

ကျွန်တော့်ကို ဦးရဲထွဋ် မှန်းသိသွားတဲ့ ကားဆရာက ရွေးကောက်ပွဲအကြောင်း မနားတမ်းပြော တယ်။ သူက အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကို မဲထည့်ခဲ့တယ်။ တံဆိပ်ကြည့်ထည့် တာမဟုတ်ဘူး၊အဲဒီလူတွေအကြောင်း သူကောင်းကောင်းသိတယ်တဲ့။ ပြည်ခိုင်ဖြိုး ကို ဘာ့ကြောင့် မထည့်တာလဲမေးတော့ သံလျင်မှာ ရာထူးကြီးသူတွေ မြေကွက်တွေ လက်သင့်သလို ခွဲေ၀ တဲ့ အကြောင်း၊ မယက ဥက္ကဋ္ဌတွေအကြောင်း၊ နိုင်ငံရေးမှုနဲ့ တစ်ခါထောင်ကျဖူးတာနဲ့ နောင် ဘာဖြစ် ဖြစ် လာခေါ်စစ်တဲ့ထောက်လှမ်းရေးတွေအကြောင်းပြောပြတယ်။

အဲဒါတွေက သမ္မတ ဦးသိန်းစိန်လက်ထက်မှာဖြစ်ခဲ့တာမဟုတ်ဘူးလေ လို့ ထောက်ပြတော့ အတူတူပဲလေ။ အဲဒါလည်း ပြည်ခိုင်ဖြိုးတွေပဲလို့ ဆိုတယ်။ ပုံရိပ် ပြောင်းရမယ်လို့ ကျွန်တော် ပြောတဲ့အခါတိုင်း လက်မခံတဲ့မိတ်ဆွေတစ်ချို့ ကားဆရာ စကားကို ကြားစေချင်တယ်။

ကျောက်တန်းကနေ ဇွဲဘာကမ်းခြေအထိ ကားလမ်းက ပီလခတ်၊ ပန်းချောင်း၊ ရွာသစ်ကြီး၊ ဝဲကြီး၊ စင်မကော်၊ ခနောင်မြကိုင်း၊ မင်္ဂလွန်း၊ ဇွဲကနာ၊ ကမာကလုတ်၊ ကွနှီး၊ ဇွဲဘာ ကုန်းတန်းရွာတွေ ကို ဖြတ်သွားရတယ်။ ဇွဲဘာကမ်းခြေက ဇွဲဘာကုန်းတန်းရွာ ကမ်းခြေပါပဲ။ ဒါပေမယ့် ဇွဲဘာ ကမ်းခြေ ဆိုတဲ့ အမည်က ပိုလှလို့ ဇွဲဘာကမ်းခြေလို့ခေါ်ပုံရတယ်။

ကျောက်တန်း- ဇွဲဘာကုန်းတန်း ကားလမ်းက ကွန်ကရစ်လမ်း ၊ လမ်းကျဉ်းတယ်။ ကားနှစ်စီးတွေ့ရင် သတိထားမောင်းရတယ်။ တစ်ချို့နေရာတွေမှာ မူလ ကွန်ကရစ် လမ်းပျက်နေလို့ ပြန်ပြင်နေတယ်။ မင်္ဂလွန်းနဲ့ ဇွဲကနာကြား ကိုက်တစ်ထောင် လောက်ကတော့ လမ်းတော်တော်ဆိုးတယ်။ ဒီဒေသမှာ ရွာချင်းဆက်လမ်းတွေ နဲ့ ရွာတွင်းလမ်းတွေ ကလည်း ကွန်ကရစ် လမ်းတွေ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ လူထုဗဟိုပြုစီမံကိန်းအရ လုပ်ထားတာတွေလို့ပြောတယ်။

ခနောင် မြကိုင်းကနေ ဇွဲဘာကုန်းတန်းကြား ရွာတွေက ရှေးဟောင်းစေတီတွေ၊ လယ်ကွင်းတွေ၊ ကြာကန်တွေနဲ့၊လှည့်လေ့လာဖို့ ကောင်းတဲ့နေရာတွေပဲ။ စီးပွားရေးလည်းကောင်းတဲ့ပုံပေါ် တယ်။ ဒါပေမယ့် ကိုဗစ် ကာလဖြစ် တဲ့အတွက် ရွာတွေဝင်မကြည့်နိုင်ခဲ့ဘူး။

ဇွဲဘာကုန်းတန်းရွာထဲဝင်တော့ ဘက်ဘက်မှာ ဇွဲဘာကမ်းခြေသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ် ရှိတယ်။ ရွာတွင်းကွန်ကရစ်လမ်း ကွေ့ကွေ့ကောက်ကောက်လေးအတိုင်းဝင်သွားတဲ့ အခါ ဇွဲဘာ ကမ်းခြေကိုရောက်တယ်။

ဇွဲဘာကမ်းခြေက တစ်မိုင်ကျော်ကျော်လောက် ရှည်မယ်ထင်တယ်။ ကမ်းခြေအစပ်မှာ တံငါတဲစုလေးရှိတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ၊ လှမ်းထားတဲ့ အဝတ်တွေ ကြားက ခြေတံရှည်၊ ယိုင်နဲ့နဲ့ တဲအိမ်လေးတွေ။ ကမ်းခြေဘယ်ဘက်အခြမ်းမှာ ရွှေလရောင်ငါးရောင်းဝယ်ရေးဆိုတဲ့ သွပ်မိုးအဆောက်အဦလေး ရှိ တယ်။ အဲဒီအဆောက်အဦအလွန်မှာ မြက်ခင်းစိမ်းစိမ်း နဲ့သစ်တောအုပ်လေးရှိတယ်။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်ကဆို နေပြောက်မထိုးဘူးလို့ပြောတယ်။ အခုတော့ သစ်ပင်ကြီးတွေရှိတော့ ရှိတယ်။ ခပ်ကျဲကျဲပဲ။ ပျော်ပွဲစားထွက်လို့ကောင်းမယ့်၊ နေဝင်ချိန်ရှုခင်းကြည့်လို့ကောင်းမယ့် နေရာပဲ။ ဇွဲဘာကမ်းခြေက ရန်ကုန်မြစ်ဝနဲ့ နီးတော့ ရေနောက်တယ်။ ရေချိုးဖို့ထက် ဒေသန္တရဗဟုသုတ ဆည်းပူး၊ ကမ်းခြေမှာ ပျော်ပွဲစား ဖို့ပဲကောင်းပါတယ်။

ကမ်းစပ်မှာ မုန့်နဲ့ ကော်ဖီမစ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ပဲရှိတယ်။ ကိုဗစ် မကိုက်ခင်ကတော့ သင်္ကြန် နဲ့ ရုံးပိတ်ရက်တွေဆိုရင် ဈေးဆိုင်တွေအများကြီးပဲ။ တစ်နေ့ လေးငါးသိန်းဖိုးရောင်းရသတဲ့ ။ အခု တော့ ကမ်းခြေမှာ ကျွန်တော်တို့ ကားတစ်စီး နဲ့ ဒေသခံလို့ထင်ရသူ လေးငါးယောက်ရဲ့ ဆိုင် ကယ် သုံးလေးစီးပဲရှိတယ်။ ပင်လယ်ကမ်းစပ်မှာ ဘဲတစ်အုပ်ရှိတယ်။ ရေဆင်းဆော့နေတဲ့ ခွေး တစ်ကောင်ရှိတယ်။ ငါးဖမ်းလှေတွေအတွက် ရေချိုပေးဖို့ ဆိုင်ကယ်နဲ့တွဲထားတဲ့ ရေစည် လှည်းတစ်စီးရှိတယ်။

ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ငါးဖမ်းလှေတွေပြန်လာကြပြီ။ ရောင်စုံအလံတလူလူနဲ့ ငါးဖမ်းလှေတွေ၊ တစ်ချို့က ကမ်းနဲ့ဝေးဝေး၊ တစ်ချို့က ကမ်းခြေမှာ ငါးတောင်းတွေကို ချ လို့၊

ငါးလှေတွေမှာပါလာတာက ငါးသလောက်နဲ့ ငါးပုဏ္ဏားတွေများတယ်။ ငါးသလောက်တွေကတော့ ရန်ကုန်ဈေးတွေမှာတွေ့ရခဲတဲ့ တစ်ပိဿာ၊ တစ်ပိဿာကျော်အကောင်ကြီးတွေ။ ကိုဗစ် မဖြစ်ခင် ကတော့ ပြည်ပပို့တယ်လို့ပြောတယ်။ကိုဗစ်ဖြစ်တော့ ငါးလုပ်ငန်းလည်းကျဆင်းသွားတာ ဒီလ ထဲရောက်မှ ဈေးက နည်းနည်းပြန်မော့လာတာတဲ့။

ငါးလှေတွေကိုဓာတ်ပုံရိုက်၊ မုန့်ဆိုင်လေးထဲမှာ ထိုင်ထမင်းစားပြီးတော့ ကမ်း ခြေမှာ လုပ်စရာကုန်ပြီ။ ဒါနဲ့ ငါးဒိုင်ထဲ ဝင်ပြီး တစ်ပိဿာနီးပါးရှိတဲ့ ငါးသလောက်ကြီးတစ်ကောင် ဝယ်ပြီး ပြန်ခဲ့တယ်။ သောင်းဂဏန်းဖြစ်နေတဲ့ ငါးသလောက်ဈေးကို ကြားတော့ မောင်ချောနွယ် ရဲ့ “ လူကြိုက်နည်းတဲ့ကောင်” ကဗျာကို သတိရတယ်။

အခုတော့ ငါးသလောက်ဟာ လူကြိုက်များနေပါပြီ။

ဒိုင်လူကြီးရဲ့ တာဝန်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီများ၊ ပါတီထောက်ခံသူများ အကြား ပြိုင် ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အတွက် ပြည်သူလူထုက ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ကြတယ်။

ရွေးကောက်ပွဲအလွန်ကာလမှာလည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူး၊ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပပေးရမယ်ဆိုတဲ့တောင်းဆိုချက်တွေကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်စိတ် ရော၊ ဒေါသတွေပါ မြင့်တက်ခဲ့တယ်။

ဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေမှာတာဝန်ရှိသလို ဦးလှသိန်း ကော်မရှင်မှာလည်းတာဝန်ရှိတယ်။

ကန့်ကွက်ခြင်း

လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမဝင်ဘူးလို့ ကန့်ကွက်မှုကို လက်မခံဘဲ ရွေးကောက်ပွဲ ရလဒ်အတိုင်းဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောထားတယ်။

ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို လက်မခံ ဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လုံးဝပယ်ဖျက်လိုက်ရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံထားတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်တွေကိုရော၊ ကန့်ကွက်နေတဲ့ပါတီတွေရဲ့ အနိုင်ရလဒ် ကို ပါ တစ်ဖက်သတ် ပယ်ဖျက်ရာရောက်တဲ့အတွက် တရားနည်းလမ်းကျမှမဟုတ်ဘူး။

ဒါ့အပြင်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် ပြီး ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပပေးဖို့ဆိုတာ ရွေးကောက်ပွဲဝင်ပါတီအများစု ၊ စောင့်ကြည့်လေ့လာတဲ့အဖွဲ့အများစု ရဲ့ထောက်ခံမှုလိုအပ်သလို မဲဆန္ဒရှင်အများစုကလည်း လွတ်လပ်မှုမရှိဘူး၊ တရားမ ျှတမှုမရှိဘူးလို့ တောင်းဆို တာမျိုး ဖြစ်ဖို့လိုတယ်။ အခုအခြေအနေက အဲဒီလိုမဟုတ်ဘူး။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းဟာ သူ့မဲဆန္ဒနယ်ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာတင်သွင်းခွင့်ရှိတယ်၊ ရဲတပ်ဖွဲ့ကို တိုင်ကြားခွင့်ရှိတယ်ဆိုတာကိုတော့လက်ခံရမယ်။ ပါတီရဲ့ လုပ်ရပ်အပေါ် သဘောမတူနိုင်တာကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရဲ့ ကန့်ကွက် လွှာတင်သွင်းမှုတွေကို လျစ်လျူရှုထားသလို မဖြစ်ဖို့လိုတယ်။

ဒါ့ကြောင့်ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းက ကြည့် ရှုခွင့်၊ ကူးယူခွင့်ရှိတဲ့ စာရွက်စာတမ်းအထောက်အထားများကိုလည်း သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့်က အမြန်ဆုံးလေ့လာကြည့်ရှုခွင့်ပြုသင့်တယ်။ ဒီလုပ်ငန်းကို အချိန်ဆွဲထားရင် ကော်မရှင်အပေါ်မှာ အထင်မှားမှုတွေ ပေါ်ထွက်လာနိုင်တယ်။
ရွေးကောက်ပွဲ ခုံအဖွဲ့

နိုင်ငံရေးပါတီ ၁၆ ပါတီအုပ်စုက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လွတ်လပ် တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့ပေးဖို့တောင်းဆိုထားတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်အတည်ဖြစ်တယ်။ ဒါ့ကြောင့် အငြင်းပွားမှုတွေ အတွက် လွတ်လပ်သောစုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်ပဲ။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကော်မရှင်ဆောင်ရွက်ချက်များအပေါ် သံသယတွေ နည်းပါးသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်သင့်တယ်

ပထမလုပ်ငန်းက ကန့်ကွက်လွှာများကို စစ်ဆေးမယ့် ရွေးကောက်ပွဲခုံအဖွဲ့တွေနဲ့ဆိုင်တယ်။ ကော်မရှင်က ရွေးကောက်ပွဲ ခုံ အဖွဲ့ တွေကို ဖွဲ့စည်းရာမှာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၆၉ (က) အရ ကော်မရှင် အဖွဲ့ဝင်သုံးဦး နဲ့ဖွဲ့ လို့ရသလို ၆၉ (ခ) အရ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်ပြီး သင့်လျော်တဲ့ နိုင်ငံရေးပါတီဝင်မဟုတ်တဲ့ နိုင်ငံသားနှစ်ဦးက အဖွဲ့ဝင်အဖြစ်နဲ့ လည်းဖွဲ့စည်းလို့ရတယ်။

ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ အခြား ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများနဲ့ ညှိနှိုင်းပြီး သင့်တော်တဲ့ နိုင်ငံသားတွေကို ရွေးချယ်တာဝန်ပေးနိုင်ရင် ကော်မရှင်ရဲ့ တရားမ ျှတမှုကို ပိုသက်သေပြနိုင်မယ်လို့ယူဆပါတယ်။

ဒုတိယအချက်က စုံစမ်းရေးကော်မရှင်ကိစ္စ။ ရွေးကောက်ပွဲရလဒ်တွေကို လွတ်လပ်တဲ့ စုံစမ်း ရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့တောင်းဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်ရှိရွေးကောက်ပွဲ အပေါ် ပြန်လည်သုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲတွေမှာ ဘာတွေ ပြင်ဆင်ဆောင်ရွက် သင့်သလဲ ဆိုတဲ့ အချက်တွေကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများပါဝင်တဲ့ ကော်မရှင်တစ်ခု က လေ့လာဆန်းစစ် တာမျိုးတော့လုပ်သင့်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတ ကို ဒီလို ကော်မရှင်မျိုးဖွဲ့စည်းပေးနိုင်ဖို့တင်ပြမယ်ဆိုရင် အားလုံးက ကြိုဆိုမယ်လို့ ယုံကြည်ပါတယ်။

ပွင့်လင်းမြင်သာမှု

အခု လို ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ရွေးကောက် ပွဲကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု အားနည်းခြင်း ဟာ လည်း အဓိက အချက်တစ်ခု ဖြစ်တယ်။ ဒါကို တော့ ကော်မရှင်အနေနဲ့ ငြင်းလို့မရဘူး။ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူတွေကို မဲလက်မှတ်များပုံနှိပ်မှုကို လေ့လာစောင့်ကြည့်ခွင့်မပေးတာဟာ အလွန်ကြီးမားတဲ့ အား နည်းချက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့တဲ့လုပ်ငန်းတစ်ခုကို ခိုင်လုံတဲ့ အကြောင်းပြ ချက်မရှိဘဲ ဖျက်သိမ်းခဲ့တဲ့အတွက် သံသယတွေပိုများစေတယ်။

ဒီလိုပဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း လုပ်ငန်းတွေကို စောင့်ကြည့်ခွင့်မပြုဘူးလို့ သတ်မှတ်ထား တာဟာ အခုလို အငြင်းပွားမှုတွေ ပြင်းထန်နေချိန်မှာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဒီကန့်သတ်ချက်ကို ပြန်ပယ်ဖျက် သင့်ပါပြီ။

ဒါ့ကြောင့် လက်ရှိ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှု ရှိရှိဖြေရှင်းဖို့ အကြံပြု ချင် ပါတယ်။ မဲလက်မှတ်ပုံနှိပ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်း များ၊ စာရင်းဇယားများကို နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တွေကို ကြည့်ရှု ခွင့် ပေးရမယ်။ အများပြည်သူသိအောင်ထုတ်ပြန်ပေးရမယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်း ခြင်းလုပ်ငန်းစဉ်အဆင့်တိုင်းကို နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများကို လေ့လာခွင့်ပေးရပါမယ်။

ပွဲဆူတာနဲ့ပတ်သက်ပြီး ကစားသမားတွေနဲ့ ပရိသတ်မှာတာဝန်ရှိသလို ဒိုင်လူကြီးမှာလည်း တာဝန် မကင်းဘူးဆိုတာကိုတော့ လက်ခံစေချင်ပါတယ်။

ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား

တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။

သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်

တပ်မတော်သတင်းထုတ်ပြန်ချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ULA/ AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက် အပေါ် တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရေးကို အလေးထားတဲ့ အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အချိန်အဆ (၂)

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။

လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။

ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။

တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။

အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့ အဖြစ်မျိုး နဲ့ ကြုံရတတ်ပါတယ်။

နိုင်သူပျော် ရှုံးသူပြုံး ကြစို့

ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး “ အချိန် အဆ” ဆိုတဲ့ ဆောင်းပါးရေ တော့

၁။ အခု မှ အမြင်မှန်ရပြီး ဘက်ပြောင်းလာတယ်လို့ ပြောသူရှိတယ်။

၂။ ဘက်ပြောင်းသွားပြီလားလို့ စွပ်စွဲသူရှိတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘယ် လိုပဲ မဲဆွယ်စည်းရုံးခဲ့ စည်းရုံး ခဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ နိုင် သူကလည်း ရှုံးတဲ့သူကို အားပေး၊ ရှုံးသူကလည်း နိုင်သူကို ဂုဏ် ပြု ဆိုတဲ့ အားကစားသမားစိတ်ဓာတ်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ရမယ်၊ ဒီမိုကရေစီခရီးဆက်နိုင်ရမယ် ဆိုတာ ကျွန်တော့်ရဲ့ ယုံကြည်မှုဖြစ်ပါတယ်။

အဲဒီယုံကြည်ချက်အတိုင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရေးထားတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုနိုင်အောင်မ ျှဝေလိုက်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတာဝန်က အနားယူပြီးချိန်က စလို့ ရဲထွဋ် ဟာ ရဲထွဋ် ရဲ့ ကိုယ်ပိုင်ယုံကြည်မှုအပေါ်မှာပဲ ရပ်တည်ပါတယ်။ ဘက် မရှိတဲ့ အတွက် ဘက်ပြောင်းဖို့ အကြောင်းမရှိပါဘူး။ ဘက် မရှိတဲ့ အတွက် တစ်ဖက်ဖက် ကို အားပေး ရပ်တည်တယ်လို့ ယူဆပြီး ဝေဖန်တိုက်ခိုက်မှုတွေအပေါ် တုန်လှုပ် ဖို့အကြောင်းလည်းမရှိပါဘူး။

Ye Htut is with Aung Thein Kyaw and
4 others
.November 8, 2015 · Yangon ·
Shared with Public
Public
နိုင်သူပျော် ရှုံးသူပြုံး ကြစို့

ရွေးကောက်ပွဲပြီးပါပြီ။
ညနေကကျွန်တော်ကိုနိုင်ငံတကာသတင်းဌာနတစ်ခုက ရွေးကောက် ပွဲနေ့အပေါ် အမြင်ကိုမေးခဲ့သည်။ ဒီတော့ ၁၉ ၉ ၀ မှစပြီး ကျွန်တော်ကြုံခဲ့သမ ျှ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူတွေ အတက်ကြွဆုံးပါဝင်တာတွေ့သည့်အတွက် ဝမ်းသာသည်၊ မဲဆန္ဒရှင်များတက်ကြွစွာပါဝင် မှုသည်ဒီမိုကရေစီအတွက်အရေးကြီးဆုံးဖြစ်သည်၊ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ပြည်သူတွေအဆုံးအဖြတ်ကို လက်ခံပြီး ရှေ့ဆက်ဖို့ပဲလိုသည်ဟု ဖြေခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ မဲဆွယ်ကာလ နှစ်လတွင် ပါတီအသီးသီးမှ ကိုယ်စားလှယ် လောင်းများ၊ ပါတီထောက်ခံသူများ အားတက်သရော မဲဆွယ်ခဲ့ကြသည်။ လွတ်လပ် ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေတစ်ရပ်အောက်တွင် ပထမဆုံးအကြိမ် လူစုံတက်စုံ ပါဝင်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်သည့်အတွက် ယှဉ်ပြိုင်မှုတွေပြင်းထန် တာကလည်း အမှန်ပင်ဖြစ်သည်။

ခံစားချက်တွေလွန်ကဲပြီးအလွန်အကျွံပြောဆိုမိကြတာတွေလည်းရှိသည်။ ဥပဒေကို ချိုးဖောက် သည်အထိ ဖြစ်သောကြောင့် တိုင်ကြားတာတွေ၊ အရေးယူတာတွေ လည်းရှိခဲ့ သည်။အသက်မွေးဝမ်းကျောင်းနယ်ပယ်အသီးသီးမှာ၊မိသားစုတွေအတွင်းမှာ၊ မိတ်ဆွေ တွေအတွင်းမှာ ကွဲပြားမှုတွေလည်း ရှိခဲ့သည်။

ယနေ့ညနေမှာတော့ အားလုံးမဲပေးခဲ့ကြပါပြီ။ မဲရုံအသီးသီးမှာ မဲတွေရေတွက်နေကြ ပါပြီ။ မဲရလဒ်တွေပေါ်ထွက်လာရင်တော့ကျွန်တော်တို့အားလုံးအတွက် တစ်ခုပဲလုပ်ဖို့ရှိတော့ သည်။ဒါကကျွန်တော် တို့ ချစ်မြတ်နိုးသော ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်း ဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့ပဲဖြစ်သည်။

ဒီမိုကရေစီနိုင်ငံများတွင်ပုံမှန်ကျင်းပနေသောရွေးကောက်ပွဲ များရှိသည်။ အဲဒီ ရွေးကောက် ပွဲများတွင် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် မဲဆွယ်ခဲ့သည်ဖြစ်စေ ရှုံးသူက အနိုင်ရသူ ကို လက်ဆွဲနှုတ်ဆက်ပြီး တိုင်းပြည်အတွက် လက်တွဲလုပ်ကြ သည်။ ဝေဖန်စရာရှိက ဝေဖန်၊ ထောက်ခံစရာရှိက ထောက်ခံ ကြသည်။

နိုင်သူပျော်သလို၊ ရှုံးသူကလည်း ပြုံးနိုင်သည်။ မုဒိတာပွားနိင်သည်။ ဒါသည်ပင် ဒီမို ကရေစီ ၏ အနှစ်သာရဖြစ်သည်။

ဘယ်သူက ဘယ်ပါတီကိုထောက်ခံခဲ့လို့ ဆိုတဲ့ ခံစားချက်တွေကို အလုပ်ထဲကို၊ အသိုင်းအဝန်းထဲကို၊ ဘဝထဲကို ယူမလာကြ။ ကွဲ ပြားခြားနားမှုတွေထဲက စုစည်းညီညွတ်မှုကိုပဲ ရှာကြသည်။ ဒါ့ကြောင့် သူတို့နိုင်ငံတွေမှာ ရွေးကောက်ပွဲများသည် နိုင်ငံ့အတွက်အားသစ်ကိုသာ ဖြစ်စေသည်။ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အားသစ်တွေရသည်ဟု ဆိုချင်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကား ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးသည့် သမိုင်းဝင် ရွေး ကောက်ပွဲဖြစ်သည်။

ဒီရွေးကောက်ပွဲကြီးကနေ ခိုင်မာသောခြေလှမ်းတွေဆက်လှမ်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲအကြိုကာလက ကွဲပြားခဲ့သမ ျှကို ချန်ထားခဲ့ပြီး ညီညီညာညာ ရှေ့ ဆက်လှမ်းကြပါစို့ဟုသာ တိုက်တွန်းလိုပါသည်။

အချိန်အဆ

ဘယ်နိုင်ငံမှာလုပ်လုပ် ပါတီစုံရွေးကောက်ပွဲ ဆိုရင် အနည်းနဲ့ အများအငြင်းပွားမှုရှိတာပဲ။ ဒ့ါကြောင့်လည်း ရွေးကောက်ပွဲဥပဒေတွေမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများကို အရေးယူဆောင်ရွက်ခြင်း စတဲ့ ပုဒ်မတွေပါနေတာပေါ့။

ဒါပေမယ့် နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တော့မယ်ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အထောက်အထား ဘယ်လောက်ရှိလဲဆိုတာကို ချိန်ဆရမယ်။

တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင် မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်။

တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်တယ်။ အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်။

ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံတာ ရော၊ အရှုံးကို တည်တည်ငြိမ်ငြိမ်လက်ခံတာရောဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ ရင့်ကျက်မှုကို မှတ်ကျောက်တင်တာဖြစ်တဲ့အတွက် တုန့်ပြန်မှုတိုင်းက အချိန်အဆ မှန်ကန်ဖို့လိုပါတယ်။