မဇ္ဈိမ စကားဝိုင်း (၆)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တစ်ဦးတည်းကိုပဲ ဦးတည်မေးမြန်းခဲ့တဲ့ မေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲလက်မှတ်အတုတွေ့တယ်၊ မဲစာရင်းမှာပါတဲ့လူဦးရေထက် မဲလက်မှတ် တွေက ပိုများနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး “၂၀၁၅ ခုနှစ်မှာ မဲလက်မှတ်တွေကို ဘယ်လိုပုံ နှိပ်ခဲ့သလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။”

ဒီမေးခွန်းနဲ့ပတ်သက်လို့ကတော့ စကားဝိုင်းမှာ အချိန်ကန့်သတ်ချက်ကြောင့် မပြောနိုင်ခဲ့တဲ့ အချက်တွေ နဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဖြည့်စွက်ပြီး ရှင်းပြပါ့မယ်။

၂၀၁၂ ရွေးကောက်ပွဲ

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာကျင်းပတယ်။ အဲဒီရွေးကောက်ပွဲ မှာ မဲပေးတဲ့အခါ ဘောပင် နဲ့ အမှန် အမှတ်အသားခြစ်ပြီး မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ရွေးကောက်ပွဲနေ့မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းသုတ် ထားတဲ့မဲလက်မှတ်တွေ တွေ့ရတယ်။ ဒါဟာ ဘောပင်နဲ့ခြစ်ပြီး မဲပေးလို့မရအောင် ရည်ရွယ်ချက် နဲ့လုပ်ထားတာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ပြောတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ကန့်ကွက်စာပို့တယ်။

အဲဒီသတင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ချက်ခြင်း ကွင်းဆင်းစစ်ဆေးတယ်။ ဖြစ်စဉ်က မဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်မှားတယ် ဆိုတာ တွေ့ တယ်။ နောင်တော့ ဦးဉာဏ်ဝင်းက သူတို့မှားတယ်ဆိုတာဝန်ခံတယ်။ ဒါပေမယ့် မှားယွင်း စွပ်စွဲ မှုအတွက် မတောင်းပန်ဘူး။ ဒါနဲ့ ရွေးကော်က တရားစွဲတယ်။ တရားရင်ဆိုင်ပြီးတော့ တရားရုံး က ဦးဉာဏ်ဝင်း မှာ အပြစ်ရှိကြောင်းဆုံးဖြတ်တယ်။ ဦးဉာဏ်ဝင်း ဒဏ်ငွေဆောင်ရတယ်။

၂၀၁၅ ရွေးကောက်ပွဲ

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များရွေးချယ်ဖို့အတွက် မဲလက်မှတ် သန်း ၁၃၀ လောက် ပုံနှိပ်ပေးရ တယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက်မဲလက်မှတ်ရိုက်နှိပ်ရေးညှိနှိုင်းဆွေးနွေးတဲ့အခါ ကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက မဲလက်မှတ်အတုပြဿနာကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စက္ကူအသားထဲမှာ လုံခြုံရေး ရေစာ ( Water Mark ) ပါတဲ့ စာရွက်နဲ့ ရိုက်မယ်။ စာရွက်အရောင်ကိုလည်း အပြင် မှာ အလွယ်တကူမရနိုင်တဲ့ အဝါရောင်နဲ့ ရိုက်မယ်၊ မဲပေးတဲ့အခါ ဘောပင်အစား တံဆိပ်တုံး သုံးမယ်လို့လည်း ဆိုတယ်။ အဲဒါတွေကလည်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမယ့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လိုအပ်ချက်အရ မဲလက်မှတ်တွေကို Color Woodfree paper (80 gsm) အဝါရောင်၊ ( လုံခြုံရေးရေစာပါ )နဲ့ရိုက်ဖို့ဆုံးဖြတ်တယ်။ သတ်မှတ်စည်းကမ်းများအတိုင်း တင်ဒါခေါ်တယ်။ တင်ဒါအောင်တဲ့ စက္ကူတွေကို ပေးသွင်းမယ့် အင်ဒိုနီးရှားနိုင်ငံက PT Pura စက်ရုံ ကို ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး ၊ ရွေး/ကော် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင် တို့ဦးဆောင်တဲ့ အဖွဲ့က ၂၀၁၅ ခုနှစ်မေလထဲမှာ သွားကြည့်တယ်။ စက္ကူအမျိုးအစား၊ အရောင်၊ လုံခြုံရေး ရေစာ ထည့်သွင်းမှုတွေက လိုအပ်ချက်နဲ့ ညီမညီ စစ်ဆေးတယ်။

မဲလက်မှတ်အဖြစ် အသုံးပြုမယ့် စက္ကူတွေရောက်လာတော့ ပါတီတံဆိပ်တွေကို အစမ်းရိုက်ပြီး ကော်မရှင်ကို ပြရတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း အလားတူ လုပ်ဆောင်ပေးရတယ်။ ကော်မရှင်က သက်ဆိုင်ရာပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ပြပြီး သူတို့ကျေနပ်ပြီဆိုမှ ပြန်ကြားရေးဝန်ကြီးဌာနကို အတည်ပြုကြောင်းကြေညာရတယ် ။ ပါတီ တံဆိပ်တွေရိုက်တဲ့နေရာမှာ စက္ကူအဝါပေါ်မှာရိုက်ရတဲ့အတွက် ကြယ်အဖြူဆိုရင် ကြယ်အဝါ ဖြစ် နေတယ်။ ပါတီတွေကို ရှင်းပြတော့လက်ခံပါတယ်။

မဲလက်မှတ်တွေရိုက်တဲ့အဆင့်တွေကတော့ အများကြီးပဲ။ အတိုချုပ်ပြောရရင် အဆင့်တိုင်း မှာ စစ်ဆေးဖို့အတွက် ရွေး/ကော်က အရာရှိတွေကို ပုံနှိပ်စက်ရုံတွေမှာ တွဲဘက်ထားတယ်။ မဲဆန္ဒနယ်တစ်ခုချင်းအတွက် ကိုယ်စားလှယ်အမည်၊ ပါတီတံဆိပ်၊ ရိုက်နှိပ်ရမယ့်အရေ အတွက် ကို တိုက်ဆိုင်စစ်ဆေးတယ။်

သူတို့အတည်ပြုမှ ရိုက်ရတယ်။ ရလာတဲ့မဲလက်မှတ်တွေကို မဲဆန္ဒနယ်အလိုက်ခွဲထားရတယ်။ မဲလက်မှတ်နံပါတ်စဉ် ဘယ်လောက်ကနေ ဘယ်လောက်အထိ ရိုက်ထားတယ်ဆိုတာမှတ် တမ်းတင်ရတယ်။ ရိုက်ပျက်တွေကို သီးခြားသော့ခတ်သိမ်းဆည်းထားရတယ်။ ဘယ်လောက် ပျက်တယ်ဆိုတာမှတ်တမ်းထားရတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ပြည်တွင်း၊ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တွေကို မဲလက်မှတ်ပုံနှိပ်ခြင်း အပါအဝင် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းတွေကို လေ့ လာစောင့်ကြည့်ခွင်ပြုတဲ့အချက်ဖြစ်ပါတယ်။

မဲလက်မှတ်ပုံနှိပ်မှုကို အနီးကပ်စောင့်ကြည့်တဲ့အဖွဲ့တွေထဲမှာ အမေရိကန်သမ္မတဟောင်း ကာတာ ရဲ့ အဖွဲ့က အင်အားအကောင်းဆုံးပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကာတာစင်တာ အဖွဲ့ တာဝန်ခံ တွေကို ရှင်းပြခဲ့ရတယ်။ ( ပုံ ၁ မှ ၄ အထိ )

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း သတင်းမီဒီယာတွေကို မဲလက်မှတ်မှာ အသုံးပြုမယ့် စက္ကူအမျိုးအစား အပါအဝင် ပုံနှိပ်လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့တယ်။ ( ပုံ ၅)

မဲလက်မှတ်တွေကို သက်ဆိုင်ရာမဲဆန္ဒနယ်တွေကို ပို့ဆောင်တဲ့လုပ်ငန်းကို ရွေးကော် ဒုညွန် ချုပ်က ဦးစီးလုပ်တယ်။ သက်ဆိုင်ရာစက်ရုံတွေမှာ ရွေးကော် ကိုယ်စားလှယ်တွေက လာ လက်ခံပြီး သက်ဆိုင်ရာဒေသတွေကို ဆက်ပို့တယ်။ စုစုပေါင်း ၁၆ ကြိမ် လွှဲပေးရတယ်။ လွှဲပေးတဲ့ အကြိမ်တိုင်းမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ မဲဆန္ဒနယ်အမည်၊ မဲလက်မှတ် အရေ အတွက် တွေကို မှတ်တမ်းထားရတယ်။ ပြန်ကြားရေးနဲ့ ရွေးကော် ကိုယ်စားလှယ်တွေ လက်မှတ် ထိုးရတယ်။

၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဦးလှသိန်းကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းတွေမှာ မဲလက်မှတ်တွေရိုက်နှိပ်တာမပါတော့ဘူး။ အခေါ်အဝေါ်ကိုလည်း “ စောင့်ကြည့် လေ့လာသူ” အစား “လေ့လာသူ” လို့ပဲ သုံးတော့တယ်။ ( ပုံ ၆)

ပြည်တွင်း၊ပြည်ပ လေ့လာသူတွေ က မဲလက်မှတ်ရိုက်နှိပ်တာကို လေ့လာခွင့်မရသလို ကော်မရှင် နဲ့ ပြန်ကြားရေးဝန်ကြီးဌာနဘက်ကလည်း သီးခြားရှင်းလင်းပြောကြားမှုလုပ်တာမတွေ့မိဘူး။

အခု မဲလက်မှတ်အပိုတွေတွေ့တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ မဲဆန္ဒနယ် အလိုက် ပြန်ကြားရေးက မဲလက်မှတ် ဘယ်လောက်ရိုက်တယ်။ သက်ဆိုင်ရာမဲဆန္ဒနယ်ကို ဘယ်လောက် ပို့တယ် ဆိုတဲ့အချက်အလက်ကိုတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး သင့်တယ်။ ဒါ့အပြင် မဲလက်မှတ်တွေမှာ လ ျှို့ဝှက်ရေစာ အမှတ်အသားအပါအဝင် ဘယ်လို အမှတ်အသားတွေ ရိုက်နှိပ် ထားကြောင်း အသိပေးရပါ့မယ်။

အဲဒါဆိုရင် အငြင်းပွားနေတဲ့ မဲရုံတွေက မဲလက်မှတ်တွေကို အတု / အစစ် ခွဲရတာ၊ အပို အလို စိစစ်ရတာ လွယ်ကူ သွားမယ်လို့ထင်ပါတယ်။

မဇ္ဈိမ စကားဝိုင်း (၅)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တို့ ပင်တိုင်ဆွေးနွေးသူ သုံးယောက်အပြင် ဆရာမုံရွာအောင်ရှင်၊ ကိုမြအေး တို့ပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ ဦးဇော်ဌေး အစပျိုးလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ အကြောင်းပါပဲ။

ကျွန်တော့်ကို မေးတဲ့မေးခွန်းကတော့ “ အမျိုးသားညီညွတ်ရေးအစိုးရ လိုအပ်သလား၊ လိုအပ်တယ်ဆိုရင် ဘယ်လိုပုံစံဖြစ်သင့်လဲ ၊ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဘယ်လိုဖြစ်သင့်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ကျွန်တော့်အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ( အချိန်ကန့်သတ်ချက်ကြောင့် မပြော နိုင် လို့ ချန်ထားခဲ့ပြီး အခုမှ ထပ်ဖြည့်ပြောတဲ့အချက်များကို ( ) ဖြင့်ဖော်ပြထားပါတယ်။ )

၁။ အမျိုးသားညီညွတ်ရေးဘာ့ကြောင့်လိုအပ်လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုဟာ အဓိက ကျတဲ့အုပ်စုတွေကြားမှာ ညီညွတ်ရေးမတည်ဆောက်နိုင်လို့ ဖြစ်ခဲ့ တာ။ ဒါ့ကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ညီညွတ်ရေးတည်ဆောက်နိုင်ဖို့ လို အပ်တယ်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ရာထူး နေရာခွဲဝေပေးတာ တစ်ခု တည်းကို ပြောလို့မရဘူး။ (အမျိုးသားညီညွတ်ရေးအစိုးရ လို့ပြောနေတဲ့ တိုင်းရင်းသား ပါတီ တွေကို ရာထူးလာတောင်းနေတဲ့သူတွေကို ဝေဖန်နေတာမှားတယ်။ )

၃။ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတာ လုပ်နည်းလုပ်ဟန်အရ ညီညွတ်ရေးကို တည်ဆောက် တာဖြစ်တယ်။

၄။ အစိုးရ အဖွဲ့အတွင်းမှာသာမဟုတ်၊ လွှတ်တော်အတွင်း အများစု နဲ့ အနည်းစု ပါတီများ ဆက် ဆံရေး၊ ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ် အစိုးရများဆက်ဆံရေး၊အရပ်ဘက် လူမှုအဖွဲ့ အစည်းများနဲ့ ဆက်ဆံရေး၊ လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပါတီများနဲ့ ဆက်ဆံရေး အားလုံး ပါတယ်။ လွှတ်တော်ပြင်ပကပါတီတွေဟာ ရွေးကောက်ပွဲစနစ်အရ ရွေးချယ်မခံရပေမယ့် သူတို့ ကိုယ်စားပြုတဲ့အုပ်စု တွေရှိတယ်။ သူတို့ကို ထောက်ခံသူတွေရှိတယ်။ ( ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အရွေးမခံရတဲ့ပါတီတွေဟာ Mandate မရှိဘူးလို့ သဘောထား ဆက်ဆံတာမှားတယ်။)

၅။ ပြန်ချုပ်လိုက်ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ရာထူးခွဲဝေရေး သက်သက် မဟုတ်ဘူး။ လုပ်နည်းလုပ်ဟန်အရ ညီညွတ်ရမယ်။ အများစုရဲ့ အဆုံးအဖြတ်ကို လက်ခံ၊ အနည်းစု ရဲ့ ဆန္ဒကို အလေးထားဆိုတဲ့ မူကို အခြေခံရမယ်။

၆။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ တပ်မတော် ၂၅% ပါဝင်နေတဲ့ ကိစ္စ ဒါဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုတာ ငြင်းစရာအကြောင်းမရှိ။ ဒါပေမယ့် လောလောဆယ် တပ်မတော် ၂၅% ကိုမဖယ်ရှားနိုင်သေးချိန် မှာ လက်ရှိ အရှိတရားကို အခြေခံပြီး ဘယ်လို လုပ် မလဲဆိုတာ စဉ်းစားရမယ်။

၇။ ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲ နှစ်ကြိမ်ရလဒ်တွေအရ မဲဆန္ဒရှင်အများစုဟာ တပ်မတော် နိုင်ငံရေးမှာပါဝင်နေတဲ့အပေါ် တစ်စုံတစ်ရာအတိုင်းအတာအထိ ဘဝင်မကျဘူးဆိုတာ ထင်ရှား တယ်။

၈။ ဒါပေမယ့် တပ်မတော်ကလည်း အခြေခံဥပဒေမှာပါတဲ့ သူရဲ့ အမျိုးသားနိုင်ငံရေးအခန်း ကဏ္ဍကို ဆက်ပြီး ဆွဲကိုင် ထားချင်တယ်။ အဲဒီလို ဆက်လက်ပါဝင်မယ်ဆိုရင် တပ်မတော်ဟာ သူ့ရဲ့ အခန်း ကဏ္ဍ ဟာ တကယ်ကို ဘက်မလိုက်တဲ့ အဖွဲ့အစည်းဆိုတာကို သက်သေပြရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက်လာတဲ့ ကိစ္စမျိုးတွေမှာပဲ ပြောဆိုရမယ်။ လွှတ်တော်ထဲမှာ ပါတီတစ်ခုဘက်က လိုက်ပြီး ရပ်တည်တယ် ဆိုတဲ့ ပုံစံမျိုးမဖြစ်ဖို့လိုတယ်။

၉ ။ ရွေးကောက်ခံအစိုးရကလည်း ပကတိ နိုင်ငံရေးအခြေအနေအရ တပ်မတော်ကို လုပ်ဖော် ကိုင်ဘက်အနေနဲ့မြင်ပြီး ဆက်ဆံရမယ်။ သူ့ဆန္ဒအရ နိုင်ငံရေးက ဆုတ်ခွာသွားတဲ့ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ရမယ်။ ဒီလိုပြောတာဟာ ၂၅% အမြဲတမ်းရှိနေဖို့ ပြောတာမဟုတ်ဘူး။ လက်ရှိ ပကတိရှိနေတယ်အခြေအနေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာကို ပြောတာ ဖြစ် တယ်။

မဇ္ဈိမ စကားဝိုင်း (၄)

ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ စကားဝိုင်းအစမှာ ရှမ်းပြည်နယ်လွှတ်တော်အကြောင်း ဆွေးနွေးခဲ့ တယ်။ ရှမ်းပြည်နယ်လွှတ်တော်က ၂၀၁၅-၂၀၂၀ ကာလမှာ ( ကျွန်တော့် မှတ်တမ်းအရ) ပြည်ခိုင်ဖြိုး ၃၁ ၊ SNLD ၂၈၊ NLD ၂၅၊ ကျန်ပါတီ ငယ်များ ၂၃ ( ရေးရာ ဝန်ကြီးများအပါအဝင်) နဲ့ တပ်မတော်သား ၃၆ ရှိတယ်။ အဓိက ကတော့ ဘယ်ပါတီကမှ အများစုရမထားဘူး။ မ ျှခြေ ဖြစ် နေတဲ့အနေအထားပေါ့။ အခု လည်း ပြည်ခိုင်ဖြိုး လေ ျှာ့သွား ပေမယ့် SNLD နဲ့ NLD အပြိုင်ဖြစ်မယ့်အခြေအနေဖြစ်နေတယ်။

ကျွန်တော့်ကို မေးတဲ့မေးခွန်းက ရှမ်းပြည်နယ်လွှတ်တော်က ဘာတွေလုပ်သင့်လဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ကျွန်တော့်အဖြေအကျဉ်းချုပ်ကအောက်ပါအတိုင်းဖြစ်ပါတယ်-

ရှမ်းပြည်နယ်လွှတ်တော်ဟာပြီးခဲ့တဲ့သက်တမ်းမှာ ပါတီအားလုံး အင်အားညီမ ျှနေပြီး အားလုံး ပူးပေါင်းဆောင်ရွက်မှ ဥပဒေပြု လုပ်ငန်းတွေ လုပ်နိုင်၊ ပြည်နယ်အစိုးရ နဲ့ အပြန်အလှန် ထိန်းကျောင်းနိုင်မယ့် အခြေအနေဖြစ် တယ်။ ဒါဟာ တစ်နိုင်ငံလုံးအတွက် စံပြပုံစံ တောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်မှာ ရှမ်း ပြည်နယ်လွှတ်တော်ဟာ ဘတ်ဂျက် ဥပဒေ၊ စည်ပင်ဥပဒေ စတဲ့ လုပ်ရိုးလုပ်စဉ် ဥပဒေပြုရေး လုပ်ငန်းတွေကိုပဲလုပ်နိုင်ခဲ့တယ်။ ပြည်နယ်အကျိုးအတွက် သိသာထင်ရှားတဲ့ ဥပဒေတွေ မလုပ်နိုင်ခဲ့ဘူး။

ပြည်ခိုင်ဖြိုးပါတီကလည်း ပြည်နယ်လွှတ်တော်မှာ အင်အားကြီးပါတီဖြစ်နေတဲ့ အခွင့်အရေးကို အသုံးချပြီး ပြည်နယ်လူထုရဲ့ ယုံကြည်မှုကို ရအောင်မလုပ်နိုင်ဘူး။ ပြည်ထောင်စုအဆင့် မှာ မအောင်မြင်တဲ့ TNLA, MMDA , KIA တို့ကို မတရားသင်းကြေညာတဲ့ အလုပ်ကို ပြည်နယ် လွှတ်တော်မှာ အတည်ပြုနိုင်အောင်လုပ်ခဲ့တဲ့ ဖြစ်ရပ်မျိုးဟာ အလွန်ရုပ်ပျက်တဲ့ကိစ္စပဲ။ ပြည် နယ် လွှတ်တော်ထဲမှာ အလုပ်လုပ်မပြနိုင်တာဟာ အခုရွေးကောက်ပွဲ ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးကျဆင်းသွားရတဲ့ အကြောင်းတစ်ချက်လည်းဖြစ်တယ်။

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ခုမှာ ရှမ်းပြည်နယ်လွှတ်တော်တင်မဟုတ်ဘူး။ ကျန်တဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွေလည်း လုပ်ခွင့်ရှိသလောက် အလုပ်လုပ်မပြ နိုင်ခဲ့ဘူး။ အဲဒီလိုဖြစ်ရတာရဲ့ အဓိက အချက်က ပြည်ခိုင်ဖြိုးပါတီရော၊ အင်န်အယ်လ်ဒီပါတီပါ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဖွဲ့ရေးကိုပဲ ဦးစားပေးတယ်။ ကျန်တဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပါတီအဆင့်မြင့်ခေါင်းဆောင်တွေ၊ ဥပဒေပြုရေးအတွေ့အကြုံ ရှိသူတွေမပါဘူး။ ဒီတော့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွေဟာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ သြဇာအောက်ကို ရောက်သွားခဲ့တယ်။

နောက်တစ်ခါ ပြည်ထောင်စု အစိုးရ ဝါစဉ်အရ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည် ထောင်စုဝန်ကြီးထက် နိမ့်နေတာလည်း မဖြစ်သင့်ဘူး။ ဒီအစဉ်အလာကိုလည်း ပြန်ပြင်သင့်ပြီ။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့လွှတ်တော်တွေရဲ့ အဆင့်မြှင့်တင်ပေးမှ ပိုအလုပ်လုပ်နိုင် မယ်။

အခု တတိယအကြိမ် လွှတ်တော်သက်တမ်းကာလမှာတော့ ရှမ်းပြည်နယ်လွှတ်တော်သာ အလုပ် လုပ်ပြနိုင်ရင် မတူကွဲပြားတဲ့ ပါတီတွေကြားမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တဲ့ ဒီမိုကရေစီ အစဉ် အလာကောင်းကို ပြသရာရောက်မယ်။ ဒါဟာ ပြည်ထောင်စုအဆင့်အတွက်ပါ စံနမူနာကောင်း ဖြစ်လာနိုင်တယ်။

မ ဇ္ဈိမ စကားဝိုင်း (၃)

ဒီနေ့ စကားဝိုင်းမှာ နောက်ထပ်မေးခံရတဲ့မေးခွန်းကတော့ “ NLD ကဘာ့ကြောင့် အများမေ ျှာ်မှန်းထားတာ ထက်ပိုနိုင်ခဲ့ ရသလဲဆိုတဲ့မေးခွန်းပါ။

ကျွန်တော့်အဖြေအကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။

ပထမပိုင်းက အင်န်အယ်လ်ဒီပါတီအပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီပါတီက ကိုဗစ် ရောဂါ ဖြစ်ပွားမှု အပါအဝင် အကိုင်အတွယ်မတတ်ရင် ကိုယ့်အတွက် ဒုက္ခရောက်နိုင်တဲ့အခြေအနေ အားလုံးကို ကိုယ့်အတွက် အကျိုးရှိအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်သွားတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေးအရှိန်အဝါ အားသာချက်အားလုံးကို အပြည့်အဝအသုံးချသွားတယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် လူမှုှုကွန်ယက်ကို ထိထိရောက်ရောက် အသုံးချတယ်။ ဒီရွေး ကောက်ပွဲမှာ မနိုင်ရင်မဖြစ်ဘူး ဆိုတာကို ပါတီဝင်တွေ၊ ဝန်းရံသူတွေ သိအောင် လှုံ့ဆော် နိုင်တယ်။

ဒုတိယပိုင်းက ပြည်ခိုင်ဖြိုးနဲ့တပ်မတော်တို့ရဲ့ အားနည်းချက်အပိုင်းဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်မှုတွေထဲမှာ အဓိက အချက်တစ်ခုက “အင်န်အယ်လ်ဒီပါတီ မနိုင် ရင် စစ်တပ်က အာဏာပြန်ယူလိမ့်မယ်။ စစ်အာဏာရှင်စနစ်အောက်ပြန်ရောက်သွားမယ်” ဆိုတဲ့ ပြောကြားချက်ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီ နဲ့ တပ်မတော်ရဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ဆောင်ရွက် ချက် အချို့က အင်န်အယ်လ်ဒီပါတီရဲ့ ပြောဆိုချက်ကို လူတွေ ယုံကြည်မှုမရှိအောင်လုပ်ရမယ့် အစား “ဟုတ်များ ဟုတ်လေမလား” လို့ တွေးမိအောင် လုပ်ပေးသလိုဖြစ်ခဲ့တယ်။

အဓိက အားဖြင့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြီး နိုင်ငံရေးပါတီအချို့နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေ့ဆုံမှု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မဲပေးရာမှာ စဉ်းစားရမယ့်အချက်တွေကို မြဝတီသတင်းစာမှာဖော်ပြခဲ့မှုတွေဟာ အင်န်အယ်လ်ဒီရဲ့ မဲဆွယ်စကားကို အားဖြည့်ပေးရာရောက် ခဲ့တယ်။

နောက်တစ်ခါ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက် ရေးကြေညာချက်က အခြေခံဥပဒေပါအခွင့်အရေးအရ ထုတ်ပြန်ခွင့်ရှိတာမှန်တယ်။ ဒါပေမယ့် စကားလုံး အသုံးအနှုန်းက နည်းနည်းတင်းမာတဲ့ သဘောသက်ရောက်နေတဲ့အတွက် ရွေးကောက်ပွဲ မနိုင်ရင် တစ်ခုခု များလုပ်မလား ဆိုတဲ့ သံသယတွေပေါ်လာစေတယ်။

ဒီတော့ မဲဆန္ဒရှင်အများစုက တပ်မတော်က အာဏာပြန်ယူတဲ့အခြေအနေကို တားဖို့အတွက် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြားမရှိလို့လက်ခံလိုက်တယ်။ တိုင်းရင်းသား တွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသားပါတီတွေလည်း လုပ်နိုင်မှာမဟုတ်ဘူး လို့ ထင်သွားကြ တယ်။

ပြန်ချုပ်လိုက်ရင်တော့ အင်န်အယ်လ်ဒီပါတီဟာ ကိုယ့်အားသာချက်ကို အပြည့်အ၀ အသုံးချနိုင် တယ်။ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်ကလည်း အဲဒီအားသာချက်တွေ ပိုထိရောက်အောင်တွန်းပို့ ပေးခဲ့တယ်။

ဘယ်ပြိုင်ပွဲမဆို ကိုယ့်အားသာချက်ကို အပြည့်အ၀ အသုံးချ၊ ပြိုင်ဘက် အားနည်းချက်အပေါ် အခွင့်ကောင်းယူနိုင်တဲ့သူက နိုင်မယ်။ ကိုယ့်အားနည်းချက်ကို အားသာချက်လို့ ထင်နေသူ ကတော့ ရှုံးမယ်။ ဒါပါပဲ။

မ ဇ္ဈိမ စကားဝိုင်း (၂)

ဒီမနက်စကားဝိုင်းမှာ ဒုတိယမေးခံရတဲ့မေးခွန်းကတော့ ကိုဗစ် က ရွေးကောက်ပွဲ အပေါ် ဘယ် လောက်အကျိုးသက်ရောက်သလဲ ဆိုတဲ့မေးခွန်းပါ။

ကျွန်တော်က ပထမဆုံးအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် အကျိုးသက်ရောက်မှုကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့သက်ဆိုင်တဲ့အတွက် မပြောလိုဘူးလို့ ဖြေတယ်။

ကိုဗစ် နဲ့ပတ်သက်တဲ့ငွေကြေးထောက်ပံ့မှုတွေက မဲဆွယ်မှုကို အကျိုးသက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကျွန်တော်အဖြေအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် –

၁။ ငွေကြေး၊ ပစ္စည်းထောက်ပံ့မှုကြောင့် အင်န်အယ်လ်ဒီ ကိုမဲပေးတယ်ဆိုတာက ရာခိုင် နှုန်း အနည်းစုပဲဖြစ်တယ်။

၂။ သဘာဝဘေး၊ ရောဂါ ကပ်ဘေးတွေနဲ့ရင်ဆိုင်ရချိန်မှာ အစိုးရစွမ်းဆောင်မှုကို ပြည်သူတွေက အကဲဖြတ်လေ့ရှိတယ်။ ဒီလိုကပ်ဘေးတွေကို ရင်ဆိုင်ရချိန်မှာ အစိုးရက ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ရသလို စိတ်ပိုင်းဆိုင်ရာ စာနာမှု၊ ကြင်နာမှု၊နားလည်မှုတွေကိုလည်း ပြရ တယ်။

၃။ အခု ကိုဗစ်ကာလမှာ အစိုးရအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်၊ ပြည်သူ တွေ ခံစားနေရတာကို သိတယ်၊ ပစ်မထားဘူး ဆိုတဲ့ သတင်းစကားကို ဒေါ်အောင်ဆန်းစုကြည် က လူထုစိတ်ထဲရောက်အောင်ပေးနိုင်ခဲ့တယ်။ အစိုးရ အားနည်းချက်တွေကိုလည်း ဝန်ခံ သွားခဲ့ သလို ဘာလုပ်မယ်ဆိုတာလည်း ရှင်းပြနိုင်တယ်။ လူထုကလည်း နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေ အကန့်အသတ်ကြားက အစိုးရအနေနဲ့ တတ်နိုင်သမ ျှ လုပ်ပေးတယ်လို့ လက်ခံကြတယ်။

၄။ ဒီနေရာမှာ ကိုဗစ် နဲ့ နာဂစ်ကို ယှဉ်ကြည့်လိုရတယ်။ နာဂစ် မုန်တိုင်းလွန်ကာလမှာ အဲဒီအချိန် က တပ်မတော်အစိုးရ အကြီးအကဲတွေအနေနဲ့ ရုပ်သံကနေတဆင့် လူထုကို တိုက်ရိုက်ထိတွေ့ ပြီး သေဆုံးမှုတွေအတွက် ဝမ်းနည်း စကားပြောကြားတာ၊ အစိုးရက ဆောင်ရွက် ပေးမယ့်အခြေအနေ တွေကို ရှင်းပြတာတွေမရှိဘူး။ တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကာလ သတ်မှတ် တာမျိုးကိုလုပ်သင့်ပေမယ့် မလုပ်ခဲ့ဘူး။ အခြေခံဥပဒေ အတွက် ပြည်သူ့ဆန္ဒခံယူပွဲကိုတောင် အတင်းလုပ်ခဲ့လို့ အခြေခံဥပဒေကလည်း နာဂစ် ဥပဒေဆိုပြီး အခု ထိ နာမည်ပျက်ခဲ့ရတယ်။

၅။ ဒီကနေ မဲဆန္ဒရှင်တွေထဲက ၁၉ ၉ ၀ နောက်ပိုင်းမွေးဖွားသူတွေဟာ ၁၉ ၈၈ အရေးအခင်းကို မသိပေမယ့် နာဂစ် ကို သိတယ်။ ဒီလူတွေရဲ့ ခံစားချက်က မဲပေးမှုမှာ အများကြီးသက်ရောက်ခဲ့ တယ်။

၆။ ဒါ့ကြောင့် ငွေကြေးကြောင့် မဲပေးတယ်ဆိုတာထက် ကိုဗစ် ကိစ္စကိုင်တွယ်ဖြေရှင်းမှု အပေါ် လူထု အမြင်က အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်။

မ ဇ္ဈိမ စကားဝိုင်း (၁)

၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ Mizzima Election Live Commentary မှာ နိုဝင်ဘာ ၈ ရက်က စပြီး တစ်နေ့လေးကြိမ် (မနက် ၁၀ နာရီ၊ နေ့လယ် ၂ နာရီ ၊ ညနေ ၄ နာရီ နဲ့ ၄ နာရီ ၄၅ မိနစ်) လေးကြိမ်ပါဝင်ဆွေးနွေးနေပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ဆွေးနွေးသွား မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ စကားဝိုင်းကတော့ ပါတီတွေ အနိုင်ရမယ့် အခြေအနေကို အဓိက ထားပြီး သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးသူ ကျွန်တော်၊ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ ကိုစိုင်းထွန်းလွင် တို့ အားလုံးက အင်န်အယ်လ်ဒီ အများစု ရဖို့အလားအလာရှိတယ် ဆိုတာ သဘောတူပါတယ်။ ကျွန်တော်နဲ့ ကိုစိုင်းထွန်းအောင်လွင်ကတော့ အင်န်အယ်လ်ဒီအများစု ရမှုဟာ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့နိုင်မယ့် ၃၂၂ မဲ ဆိုတဲ့မျဉ်းကို ဖြတ်၊မဖြတ် စောင့်ကြည့်ရ မယ် လို့ သဘောထားပေးခဲ့ကြတယ်။

ဒီနေ့ နိုဝင်ဘာလ (၉ ) ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် အတည် မပြုသေးပေမယ့် ရှေ့ပြေးစာရင်းတွေအရ အင်န်အယ်လ်ဒီပါတီက ၃၂၂ အမှတ် ကို ဖြတ်ကျော် နိုင်မယ့်အလားအလာတွေတွေ့လာရတယ်။ ဒီတော့ မေးခွန်းတွေက တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့် မေ ျှာ်မှန်းသလောက်အခြေအနေမကောင်းသလဲ ဆိုတာနဲ့ ဘာ့ကြောင့် ပြည်ခိုင်ဖြိုးပါတီ ထင် သလောက် ခရီးမပေါက်သလဲ ဆိုတဲ့ မေးခွန်းတွေဖြစ်လာပါတယ်။

အစီအစဉ်တင်ဆက်သူ ကိုချစ်မင်းထွန်းက ပြည်ခိုင်ဖြိုးပါတီ ထင်သလောက်ခရီးမပေါက်မယ့် အခြေအနေဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းအပေါ် ကျွန်တော်အဖြေအကျဉ်းချုပ်က အောက်ပါ အတိုင်းဖြစ်ပါတယ်-

ပထမ အချက်က ပြည်ခိုင်ဖြိုးပါတီဟာ စစ်တပ်ပါတီ ဆိုတဲ့ ပုံရိပ်ကို မပြောင်းနိုင်သေးဘူး။ အဲဒီလို ပြောင်းနိုင်ဖို့ဆိုရင် အတိတ်က အားနည်းချက်တွေကို သုံးသပ်ရမယ်၊ ကိုယ့်အားနည်းချက်ကို ဝန်ခံ၊ အားသာချက်ကို ဆုပ်ကိုင်ပြီး အနာဂတ်မှာ ဘာတွေပြောင်းလဲ မယ် ဆို တာ လူထုကို အသိပေးရမယ်။

ဒုတိယအချက်က လူတွေက စစ်တပ်ပါတီလို့ မြင်နေတဲ့ အချိန်မှာ ပြည်ခိုင်ဖြိုးကလည်း ရွေး ကောက်ပွဲနီးလေ တပ်မတော်က ငါတို့ဘက်မှာ ရှိတယ်ဆိုတာကို ပြဖို့ ကြိုးစားလေဖြစ်နေတယ်။ ဒီလုပ်ရပ်ဟာ တပ်မတော်အစိုးရလက်ထက်က အခြေအနေအချို့အပေါ်မှာ ခံစားချက်မကောင်း တဲ့၊ အဲဒီအချိန်တွေကို မမေ့နိုင်သေးတဲ့ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုကို ဆုံးရှုံးရတယ်။ စစ်တပ်က အာဏာပြန်ယူလိမ့်မယ်ဆိုတဲ့ ထိုးနှက်ချက်တွေကို ပိုပြီးအားကောင်းစေတယ်။

တတိယအချက်က ပြည်ခိုင်ဖြိုးပါတီဟာ လူထု လုပ်ငန်းဆိုရင် အလှုပေးတာ၊ ကျောင်းဆောက်တာ ကိုပဲ ဦးစားပေးနေတယ်။ လူထုနေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ မြေယာကိစ္စ၊ အလုပ်သမားအခွင့်အရေးဆိုတဲ့ ကိစ္စတွေကို ဝင်ရောက် ဆောင်ရွက်မှု အားနည်းတယ်။ တကယ်တော့ သိမ်းထားတဲ့မြေယာတွေပြန်ပေးဖို့ ကော်မရှင်ဖွဲ့ ဆောင်ရွက်တဲ့ကိစ္စ၊ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စတွေ ဟာ ပြည်ခိုင်ဖြိုးအစိုးရ နဲ့ ပြည်ခိုင်ဖြိုး လွှတ်တော်က ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒီကိစ္စမျိုးတွေကို ရဲရဲ တင်းတင်းလုပ်ပြပြီး လူထု ယုံကြည်မှုရယူဖို့လိုတယ်။

နောက်ဆုံးအချက်ကတော့ ပြည်ခိုင်ဖြိုးပါတီဟာ ဒီရွေးကောက်ပွဲရလဒ်အပေါ် ပြန်လည်သုံးသပ်ပြီး ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ မေ ျှာ်လင့်တယ်။

တိုင်းရင်းသားပါတီတွေအကြောင်းကိုတော့ ကိုစိုင်းထွန်း အောင်လွင်ဆွေးနွေးထားပါတယ်။ အစီအစဉ်မှာ နားထောင်လို့ရပါတယ်။

မှတ်ချက်။ ရှေ့ပြေးရလဒ်များကို အခြေခံပြီးဆွေးနွေးတာဖြစ်ပါတယ်။ ရွေးကော်ရဲ့ အတည်ပြု စာရင်းထွက်လာတဲ့အချိန်မှာ ပြောင်းလဲတာတွေရှိနိုင်ပါတယ်။

ထူးခြားတဲ့ ဝန်ကြီးချုပ်

အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်တွေထဲမှာတော့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ထူးခြား တဲ့လူတစ်ယောက်ပဲ

အခု ရေတာရှည်မြို့နယ် မြို့လှမြို့မှာ မဲဆွယ်စည်းရုံးရေးဆင်းရင်းနဲ့ ဒေသခံတွေကို ပိုက်ဆံတွေ ဝေနေတဲ့ ဗီဒီယိုဖိုင်တက်လာတယ်။ ဒါပေမယ့် အဲဒါ ပိုက်ဆံဝေတာမဟုတ်ဘူးတဲ့၊ ကလေး တွေ ဗိုလ်ချုပ်ပုံမြင်ဖူးအောင် ၅၀၀ တန်တွေဝေပေးတာဆိုပဲ ( ပုံ ၁)

ဒါ့ကြောင့် အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်ဦးဝင်းသိန်းရဲ့ ထူးခြားချက်လေးတွေကို လိုက်ရှာတော့ အခု လိုတွေ့ရတယ်။

• စဉ့်လုပ်ငန်းရှင်တွေကို နူကလီယာဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ဖို့ ကြိုးစားခိုင်းခဲ့ ဖူးတယ။် ( ပုံ၂)
• တပ်မတော်က အာဏာသိမ်းဖို့ အတွက် ပြည်သူတွေက ဖန်တီးနေတာ မဟုတ်ဘူး လား လို့ ပြောခဲ့တယ်။ ( ပုံ ၃)
• ဝန်ထမ်းအိမ်ရာမရှိတာကောင်းတယ်၊ ဆရာ၊ဆရာမတွေ ရွာထဲနေမှ ရွာသူရွာသားတွေ နဲ့ အိမ်ထောင်ကျ၊ ဒါမှနယ်မပြောင်းမှာ။ လူငယ်တွေ လိုက်ရည်းစားစကားပြောပေါ့။ ဒါမှ မြဲ မှာ လို့လည်း ပြောခဲ့တဲ့အတွက်လည်းတောင်းပန်ခဲ့ရတယ်။ ( ပုံ ၄)
• သာကီမျိုးဟေ့ ဒို့ဗမာ ဆိုတဲ့စကားအတွက် ရှက်မိတဲ့အကြောင်းလည်း ရှင်းပြဖူးတယ်။ ( ပုံ ၅)
• အားကစား၊ စိုက်ပျိုးရေး အောက်ခြေအထိ ဆင်းလုပ်တယ်။ ရေဘေးကယ်ဆယ်ရေး မှာ သက်ကယ်အင်္ကျီလာပေးတာမယူဘဲ ဒူးလောက်အထိ နက်တဲ့ရေပြင်ထဲမှာ ဖြတ်သွားခဲ့ တယ်။ ( ပုံ ၆)

နောက်ငါးနှစ်ဆက်တာဝန်ယူမယ်ဆိုရင် ဒီထက်ထူးခြားတာတွေ တွေ့ရမယ်ထင်တယ်။

လွတ်လပ်ပြီး တရားမ ျှတသော ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီအများစု အနိုင်ရမလဲ ဆိုတာလည်း အရေးကြီးပါတယ်။

အဲဒီထက် ပိုပြီးအရေးကြီးတာက ပြည်သူအများစု၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူ အများစု နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံ ဖို့ ဖြစ် ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ဆောင်ရွက်ချက်များ၊ မဲပေးတဲ့နေ့ အငြင်းပွားဖွယ် ကြိုတင်မဲကိစ္စတွေ ကြောင့် နံမည် ပျက်ခဲ့ရတယ်။ အဲဒီအကျိုးဆက်အဖြစ် ဦးသိန်းစိန်အစိုးရက တရားဝင်မှုရဖို့၊ လူထုထောက်ခံမှု ရဖို့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေမှာ အခက် အခဲအများကြီးတွေ့ခဲ့ရတယ်။ ပုံရိပ်ဆိုးကို ကျော်လွှားနိုင်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲက ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလမှာရော၊ မဲပေးတဲ့ အချိန် မှာ ရော အငြင်းပွားဖွယ်ဖြစ်စဉ်တွေ အလွန်နည်းပါးခဲ့တယ်။ ဒ့ါကြောင့် အားလုံးက လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်လက်ခံခဲ့ကြတယ်။ ပြည်သူတွေလည်းပျော်တယ်။ အစိုးရသစ်လည်း တာထွက် ကောင်းခဲ့တယ်။

ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီပဲနိုင်နိုင် ပြည်သူအများစု၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူ အများစု နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံ ဖို့ အရေးကြီးပါတယ်။ အဲဒီလို ဖြစ်မလာရင် တရားဝင်ဖြစ်မှု နဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အခက်အခဲတွေ အများကြီး ကြုံနိုင်ပါတယ်။

ဒ့ါကြောင့် နိုင်အောင်လည်း ကြိုးစားကြပါ။ မ ျှတတဲ့ပွဲဖြစ်အောင်လည်း ကြိုးစားကြပါ လို့ ကစားသမားတွေရော၊ ဒိုင်လူကြီးရော၊ ပရိ သတ်ရော ကိုပါ တိုက်တွန်းချင်ပါတယ်။

မုန်တိုင်းစဲချိန်

မိုးကြိုးပစ်ခတ်၊ လ ျှပ်စီးတွေ ဝင်းလက်၊ လေပြင်းတိုက်ခတ်၊ မိုးသီးမိုးပေါက်တွေ သွန်းဖြိုးတဲ့ မိုးသက်မုန်တိုင်း ပြီးဆုံးသွားတဲ့အခါ အားလုံးတိတ်ဆိတ်သွားတော့တယ်။ နောက်တော့ တိမ်တွေကြားက နေရောင်ခြည်တွေဖြာဆင်းလာတယ်။ မုန်တိုင်းကြောင့် ဘေးကင်းရာမှာ ခိုလှုံနေ ရတဲ့ ကျေးငှက်လေးတွေရဲ့ အသံတွေပြန်ကြားလာရပြီ။ သစ်ရွက်တွေပေါ်မှာ ခိုနားနေတဲ့ မိုးရေစက် တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လှပ စိမ်းစိုလတ်ဆတ်နေတယ်။ မကြာခင်က အလွန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်သွားတယ်ဆိုတာ ယုံနိုင်စရာမရှိဘူး။

ရွေးကောက်ပွဲ အကြိုနေ့မှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံးရပ်ဆိုင်းလိုက်တာဟာလည်း မဲဆွယ် မုန်တိုင်းကြီး ရပ်သွားတဲ့ သဘောပါပဲ။ မုန်တိုင်းထဲမှာ ပြေးလွှားနေခဲ့သူတွေ၊ မုန်တိုင်းရန်ကြောင့် ဘေးကင်းရာမှာ ခိုလှုံနေခဲ့သူတွေအားလုံး ငြိမ်သက်အေးချမ်းမှုကို ခံစားရမယ့် အချိန်ပေါ့။

ဒီနေ့ဟာ အမုန်း ပွား ရမယ့်နေ့၊ ရင်ပူရမယ့်နေ့မဟုတ်ဘူး။ ဆုံးဖြတ်ထားပြီးတာတွေ ပိုခိုင်မာရမယ့်နေ့၊ မဆုံးဖြတ်ရ သေးရင် ခေါင်းအေးအေးနဲ့ ပြန်လည် ဆင်ခြင် သုံးသပ်ဆုံးဖြတ်ရမယ့်နေ့၊ လုပ်သင့်တာတွေ လုပ် ခဲ့ပြီးပြီပဲ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လက်ခံဖို့ပဲရှိတယ်လို့ နှလုံးသွင်းရမယ့်နေ့ ဖြစ်ပါ တယ်။

ပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့တာ ဆယ်နှစ်၊ ရွေးကောက်ပွဲ နှစ်ကြိမ်ကြုံခဲ့ပြီးပြီ။ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး ဘက်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုရွေ့နိုင်ခဲ့တယ်။ ဒီမိုကရေစီပန်းတိုင်ကို ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲဆိုတဲ့ အပေါ် မတူတဲ့ အမြင်တွေရှိနိုင်ပေမယ့် တာထွက်တဲ့နေရာမှာပဲ ရပ်နေတာ မဟုတ်ဘူးဆိုတာတော့ အားလုံးလက်ခံကြမယ်ထင်ပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲကလည်း နောက်ထပ် ကောင်းမွန်တဲ့ အရွေ့ တစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့။

ပျားရည် နဲ့ ဝမ်းချ

နိုဝင်ဘာ ၄ ရက်နေ့ သမ္မအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက၂၀၂၀ ရွေးကောက်ပွဲ လွန်ကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government လိုမျိုး ပေါ် ထွက် လာနိုင်ပါတယ် လို့ ပြောလိုက်တာ အတော်ဂယက်ရိုက်သွားတယ်။

အထူးသဖြင့် တိုင်းရင်းသားတွေကြားမှာလည်း အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားပါတီတွေ နဲ့ ပေါင်းပြီး အစိုးရဖွဲ့တော့မှာလားဆိုတဲ့ မေ ျှာ်လင့်ချက်တွေလည်း ပေါ်လာပါတယ်။

ကျွန်တော်ကတော့ ဦးဇော်ဌေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ စကားကို ရွေးကောက်ပွဲ အကြိုကာလမှ အင်န်အယ်လ်ဒီပါတီ အခြေအနေကောင်းအောင် ရည်ရွယ်ပြောဆိုလိုက် တာများ လားလို့ သံသယဖြစ်မိတယ်။

ဘာ့ကြောင့်လဲဆိုတော့

၁။ အင်န်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အဲဒီလို ဖွဲ့မယ်ဆိုတာနဲ့ ပတ်သက်လို့ သူဘာမှ မသိဘူး။ ပါတီမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူပဲ ရှိပါတယ် လို့ မီဒီယာကို ဖြေထားတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ နိုင်ငံသားအားလုံး၊ တပ်မတော် နဲ့ တိုင်းရင်းသားအားလုံးပါပါတယ်လို့ထပ်ရှင်းတယ်။ ဆိုလိုတာကတော့ အမျိုးသား ညီညွတ် ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ အယူအဆကို ပါတီ ပြောရေးဆိုခွင်ရှိသူတောင် မသိဘူးဆိုတဲ့ သဘောပဲ ( ပုံ ၁ )

၂။ အင်န်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ( ၁) ဒေါက်တာဇော်မြင့်မောင်ကလည်း တိုင်းရင်းသားပါတီတွေ ကို မဲပေးခြင်းအားဖြင့် အခွင့်အရေးပိုရမှာမဟုတ်ဘူး လို့ ပြောခဲ့တယ်။ ဆိုလိုတာကတော့ တိုင်း ရင်းသားပါတီတွေ လွှတ်တော်ထဲရောက်လာရင်လည်း အင်န်အယ်လ်ဒီအတွက် အကျိုးမရှိ ဘူး ၊ အင်န်အယ်လ်ဒီအစိုးရဖွဲ့ဖို့ခက်သွားပြီး တပ်မတော်က အခွင့်အရေးရသွားမယ်ဆိုတဲ့ သဘော ပဲ။ အင်န်အယ်လ်ဒီသာ တိုင်းရင်းသားတွေကို မဟာမိတ်လို သဘောထားရင် တိုင်းရင်းသားပါတီ တွေ နဲ့လက်တွဲပြီး အစိုးရဖွဲ့နိုင်ပါတယ်လို့ ပြောမှာပေါ့။ ( ပုံ ၂)

၃။ အင်န်အယ်လ်ဒီပါတီ ဗဟို ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း တိုင်းရင်းသားတွေ မပါဘဲ အင်န်အယ်လ်ဒီပါတီအစိုးရဖွဲ့နိုင်မယ် လို့ပြောခဲ့တယ်။ ( ပုံ ၃)

၄။ အင်န်အယ်လ်ဒီပါတီ ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း အုပ်ချုပ်ရေး နဲ့ တိုင်းရင်း သား အရေး ကဏ္ဍမှာလည်း အမျိုးသား ညီ ညွတ်ရေး အစိုးရ ဆိုတဲ့ မူဝါဒလုံးဝမပါဘူး။ တိုင်းရင်းသားပါတီတွေ၊ ကျန်ပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့တောင် ပြောမထားဘူး။ ( ပုံ ၄ နဲ့ ၅)

အထက်ပါအချက်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ မူဝါဒ မရှိဘူးဆိုတာ ထင်ရှားပါတယ်။

ဒ့ါကြောင့် ကျွန်တော်ကတော့ ဦးဇော်ဌေးစကားဟာ တိုင်းရင်းသားပါတီတွေကို ပုံအော ပြီး မဲပေးဖို့ ဆုံးဖြတ် ထားတဲ့ တိုင်းရင်းသားမဲဆန္ဒရှင်တွေကြားမှာ “ NLD နိုင်ရင်လည်း ငါတို့ ပါတီတွေ အစိုးရ အဖွဲ့ ထဲ ရောက်မှာပဲ။ NLD ပဲ မဲပေးတော့မယ်” လို့ ေ၀ဝါးသွားအောင် ပြောတယ်လို့ပဲ ထင်ပါတယ်။

ဒီစကားဟာ ဂျင်း လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် “တိုင်းရင်းသားတွေကို ပျားရည်နဲ့ ဝမ်းချ ဖို့ များကြိုးစားနေလေသလား” လို့တော့ပြောချင်ပါတယ်။

ဒီစကားဟာ ဂျင်း လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် “တိုင်းရင်းသားတွေကို ပျားရည်နဲ့ ဝမ်းချ ဖို့ များကြိုးစားနေလေသလား” လို့တော့ပြောချင်ပါတယ်။

တိုင်းရင်းသားမဲဆန္ဒရှင်ပြည်သူများခင်ဗျား။

• ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း NLD နိုင်ရင် တိုင်းရင်းသားတွေ အခြေအနေ ပိုကောင်းမယ်လို့ ထင်ပြီး တိုင်းရင်းသားပါတီတွေကို ကျော်ပြီး NLD ကို မဲပေးခဲ့ကြ တယ်။ မဟုတ်လား။

• ငါးနှစ်ကြာသွားတဲ့အခါ တိုင်းရင်းသားတွေ နိုင်ငံရေး၊ စီးပွားရေး အခွင့်အရေး ဘာတွေ ရခဲ့လဲ။ ဖက်ဒရယ်ခရီးဘယ်လောက်နီးပြီလဲ။

• တိုင်းရင်းသားအရေးအတွက် တိုင်းရင်းသား ပါတီတွေ ကို ပဲ မဲပေးကြပါ။

တိုင်းရင်းသားများ စဉ်းစားချိန်တန်ပြီ။