ပုဂံ အလှ နဲ့ ဘ၀ (၁၁)

သပြေရိပ်

ပုဂံ ကျောက်ပန်းတောင်း ကားလမ်းဘေးက ထန်းရည်တဲကြီးတွေ နာမည်ကြီးပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ သွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ခဲ့ တယ်။ ကျွန်တော့်လမ်းညွှန်သူ ကိုဇော်ကြီးကတော့ စိတ်ပါလက်ပါမရှိလှဘူး။ ဒါပေမယ့် ကောင်းရင် လည်း ရေးမယ်၊မကောင်းရင်လည်း မကောင်းတဲ့အကြောင်းရေးမယ်ဆိုပြီးရောက်သွားခဲ့တယ်။

ပုဂံဒေသမှ စားသောက်ဆိုင်များ ( ၁၁ သြ ၂၀၁၈) ပို့စ်မှာ အညာလက်ဆောင် နဲ့ ပိုင်ထန်းတဲ ဆိုင်နှစ်ဆိုင်ကို ညွှန်းထားတော့ ပိုင် ထန်းတဲကို သွားဖို့ရွေးခဲ့တယ်။ အဲဒီလမ်းတစ်လေ ျှာက် မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထန်းရည်ဆိုင်ကြီးတွေအများကြီးရှိတယ်။ အညွှန်းအရ ပိုင် ထန်းရည်တဲ က ဘူးသီးကြော်ကောင်းတယ်ဆိုလို့ ရွေးခဲ့တာပါ။

ပိုင်ထန်းတဲက တစ်ချို့ဆိုင်တွေလို နှစ်ထပ်တွေ၊ လင့်စင်တွေမတွေ့ဘူး။ (နောက်ထဲမှာ ရှိ/မရှိ တော့ မသိဘူး။ ) ရှေ့ပိုင်းကတော့ တဲတန်းလျားကြီးတွေပါပဲ။ ကိုဗစ် ၁၉ ကူးစက်မှု ကာကွယ်ရေးအတွက် အကာတွေလုပ်ထားတာလည်းတွေ့တယ်။

ပိုင် ထန်းတဲမှာ ထန်းရည်၊ ကြက်ကြော်၊ အကြော်သုပ်နဲ့ ထမင်းဆီဆမ်း စားတယ်။ အတိုချုပ် ပြောရရင် ကြက်ကပဲ အသက်ကြီးသလား၊ နှစ်ပြန်ကြော်၊ သုံးပြန်ကြော် ဖြစ်နေလို့လားမသိဘူး၊ ကြက်ကြော်က အတော်မာတယ်။ အကြော်သုပ်ကောင်းတယ်။ ထမင်း ဆီဆမ်းကတော့ သာမန်ပဲ။ အရေးကြီးဆုံး ထန်းရည်။ စဉ့်အိုးလေးထဲထည့်၊ ထန်းစေ့မှုတ်လေး နဲ့ ခပ်သောက်ဖို့လုပ်ထားတဲ့ အစီအစဉ်လေးက ကောင်းပါတယ်။ ဒါပေမယ့် ထန်းရည်ကတော့ ကျွန်တော့်အကြိုက်မဟုတ်ဘူး။ ပြင်းပြင်း ရှရှလေးဖြစ်အောင် ပြုပြင်ထားတယ်လို့ခံစားရတယ်။

အမှန်ကတော့ ထန်းရည်ဆိုတာ ထန်းသမားတဲ မှာ ထန်းသမားစိတ်ကြိုက်အပင်ကချထားတဲ့ ထန်းရည်၊ အမြှုုပ်တွေ၊ အမှိုက်တွေကို ထန်းစစ်လေးနဲ့ စစ်ပြီး သောက်ရတဲ့ ထန်းရည် ကမှ ကောင်း တာ။ အမြည်းဆိုရင်လည်း ပဲလှော်၊ ပဲခြမ်းကြော်သုတ်၊ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူ၊ ဖြစ်နိုင်ရင် ထန်းသမားချက်လို့ခေါ်တဲ့ အမဲအရိုး၊အရွတ်၊ အကြောတွေကို ကြက်သွန်ဖြူ/နီ၊ ငရုတ်သီး၊ဆီနည်းနည်း၊ မြေအိုးနဲ့ ချက်တဲ့ဟင်း နဲ့မှ အတွဲအဖက် ညီတာပါလေ။ ကော်မာရှယ်ထန်းရည်၊ ကော်မာရှယ်အမြည်းကတော့ ဒိုးဆလံပဲ။

ပုဂံ-ကျောက်ပန်းတောင်းလမ်းဘေးက ဆိုင်ကြီးတွေကတော့ ဓာတ်ပုံရိုက်ဖို့ နဲ့ ပုဂံမှာ ထန်းရည် သောက်ခဲ့တယ်လို့ ပြောစရာကျန်ဖို့အတွက်ပဲ သင့်တော်တယ်လို့ခံစားရတယ်။ နောက်တစ်ကြိမ်သွားဖို့အစီအစဉ်မရှိတော့ဘူး။ ကိုဇော်ကြီးတော့ နောက်တစ်ခါလာရင် ရွာ ထန်းတဲတွေပို့ပေးမယ်လို့ပြောတာပဲ။

ပုဂံ-ကျောက်ပန်းတောင်းလမ်းမှာ ကောင်းတယ်လို့ညွှန်းချင်တာကတော့ ဝက်အူတောင့်ကြော်ပဲ။ ကျွန်တော်တို့ မြင်ဖူးနေကျ ဝက်အူချောင်းပုံစံမဟုတ်ဘူး။ အလုံးလေးတွေ။ တောင်ဇင်းရွာမှာ ဝက်အူတောင့်ကြော်ရမည်၊ ဝက်သားခြောက်ကြော်ရမည်ဆိုတဲ့ဆိုင်အတော်များများရှိတယ်။ တကယ်ကောင်းတဲ့ဆိုင်ကတော့ သပြေရိပ် ဆိုတဲ့ဆိုင်ပဲ။

ဆိုင်ကပုဂံဘက်ကလာရင် ဗျတ္တပန်းဆက်လမ်းခွဲကျော်ပြီးရင် ဘယ်ဘက်အခြမ်းမှာ ရှိတယ်။ ကားလမ်း အတိုင်းလာရင် “သပြေရိပ် ဝက်အူတောင့်ကြော် ရမည် ” ဆိုတဲ့ ဆိုင်းဘုတ်အပြာလေး ကို အရင် မြင်ရမယ်။ ပြီးရင်ဆိုင်ပဲ။ ဆိုင်က ကြီးကြီး မဟုတ်ဘူး။ အိမ်ရှေ့မှာ အဖီထိုးထားတဲ့ ဆိုင်လေးပါ။ ဆိုင်ခုံဘေးမှာ “သပြေရိပ် အကြော်စုံ၊ သုပ်စုံ၊ မုန့်ဟင်းခါး၊ ကျောက်ပွင့်သုပ်” ဆိုပြီး ရေးထားတဲ့ သုံးထပ်သားပြားအဟောင်းတစ်ချပ်ရှိတယ်။ သစ်ပင်မှာ “ဝက်အူတောင့်ရပြီ” ဆိုတဲ့ ဆိုင်းဘုတ် အဟောင်းတစ်ခုရှိတယ်။ ပလတ်စတစ်စားပွဲပု၊ ခုံပု သုံးဝိုင်းခင်းထားတယ်။

ဒီဒေသက ဝက်အူတောင့်က တရုတ်တွေဆီကနည်းယူပြီးလုပ်တာမဟုတ်ဘူး။ ဟိုးတုန်းက ရွာမှာ ဝက်ပေါ်ရောင်းလို့ အသားတွေကျန်တဲ့အခါ ဝက်အူထဲမှာ ထည့် ကြော်ပြီး သိမ်းထားရာကနေ ဝက်အူတောင့်ဖြစ်လာတာလို့ဆိုတယ်။

သပြေရိပ်ဆိုင်က နှစ်နှစ်ဆယ်ကျော်ပြီ။ လက်ရှိတော့ အဖေ ဦးလှသိန်းနဲ့ သမီး ဒေါ်တင်မိုးခိုင်တို့ နှစ်ယောက်လုပ်နေတယ်။ ဝက်အူတောင့်လုပ်တာ၊ ကြော်တာက အိမ်ရှေ့မှာဆိုတော့ ဆိုင်မှာ ထိုင်နေရင်းလည်းမြင်ရတယ်၊ အထဲဝင်ကြည့်လို့လည်းရတယ်။

ကျွန်တော်ရောက်သွားတော့ ဒီနေ့အတွက် ဝက်အူတောင့်တွေကြော်နေတာလည်းတွေ့တယ်။ ပြင် ဆင်နေတာလည်း တွေ့တယ်။ ဝက်အူ တောင့် လုပ်တဲ့အခါ အခေါက်ကို ဖယ်ပစ်ရတယ်။ အဆီနဲ့ အသားကို ပေါက်(တောက်တောက် စင်း) တယ်။ ပေါက်ထားတဲ့ အသားကို ဆား၊ ကြက်သွန်ဖြူ၊ အချိုမှုန့်နဲ့နယ်တယ်။ ဂျင်းနဲ့ ကြက်သွန် နီ ပါလို့မရဘူး။ သိုးတတ်တယ်လို့ ဆိုတယ်။ ဖယ်ပစ်လိုက်တဲ့အခေါက်တွေကို ပြန်ရောင်းလို့ရတယ်။

ပြီးရင် ဝက်အူကို သန့်စင်ရတယ်။ ဝက်အူကတော့ ဒိုင်တွေက ဆိုင်အတွက် အမြဲချန်ထား ပေးတယ်။ ဝယ်လာတာလည်း နှစ်တွေမနည်းတော့ဘူးလေ။ သန့်စင်သွားတဲ့ ဝက်အူထဲကို ကတော့ နဲ့ အသားတွေ အစာသွပ်ရတယ်။ ပြီး ရင် ပြောင်းဖူးမ ျှင်လေးနဲ့ အထုံးလေးတွေ ဖြစ် အောင်ချည်တယ်။ အားလုံးပြီးသွားပြီဆိုရင် ဒယ်အိုးထဲထည့်ကြော်လိုက် တာပဲ။ ချက်ခြင်းလုပ်၊ ချက်ခြင်းကြော်တာဆိုတော့ ယမ်းစိမ်းတွေ၊ အရောင်ဆိုးဆေးတွေလည်း သုံးဖို့မလိုဘူး ။

ဝက်အူတောင့်ကြော်က ဒီအတိုင်းထားရင် သုံးရက်ခံတယ်။ ရေခဲသေတ္တာထဲမှာထားပြီး စားခါနီးမှ နည်းနည်းလေးပြန်နွေးစားမယ်ဆိုရင်တော့အကြာကြီးထားလို့ရတယ်။ ဆိုင်မှာ ထိုင်စားမယ်ဆိုရင် မန်ကျည်းအချဉ်ရေလေးနဲ့တို့စားရင် ရှယ်ပါပဲ။ ဖောက်သည်အများစုကတော့ ဝယ်သွားတာများ တယ်။ ဆိုင်ထိုင်မစားဘူး။

ဝက်အူတောင့်ကြော်ကိုရောင်းတော့ တစ်ထုံး( တစ်လုံး) ကို နှစ်ရာ။ တစ်ရာနဲ့ရောင်းတဲ့ဆိုင်တွေ လည်းရှိတယ်။ အဲဒါကျတော့ အသားကောင်းမပါဘူး။ အဆီများများ၊ အသားစနည်းနည်းပဲပါ တယ်။ အဲဒီဝက်အူတောင့်တွေကို ကြော်တဲ့အခါ ကျက်အောင်ကျော်လို့မရဘူး။ အဆီများတဲ့ အတွက် ကျက်အောင်ကြော်လိုက်ရင် ကျုံ့ပြီးသေးသေးလေးဖြစ်သွားတတ်တယ်။ ကျွန်တော် ကတော့ ဝက်သားကို ကျက်အောင်ကြော်မထားဘူးဆိုရင် ကျန်းမာရေးပြဿနာရှိနိုင်တယ် လို့ထင်တာပဲ။ တစ်ရာတန် စားမယ်ဆိုရင်တော့ ဆင်ဆင်ခြင်ခြင်စားပေါ့။

ဒီဆိုင်က တစ်နေ့ကို ဝက်သားငါးပိဿာပဲလုပ်တယ်။ တစ်နေ့စာ တစ်နေ့ ကုန်တယ်။ သင်္ကြန်ရုံးပိတ်ရက်ရှည်ဆိုရင်တော့ တစ်နေ့ ကို ဆယ့်ငါးပိဿာလောက်လုပ်တယ်။ ကျန်တဲ့အချိန်ကတော့ ပုံမှန်ငါးပိဿာထက်လည်းပိုမလုပ် ဘူး။ အလုပ်သမားလည်း မထားဘူး။ ဆိုင်လည်း ထပ်ချဲ့ဖို့ ရည်ရွယ်ချက်မရှိဘူးတဲ့။ အိမ်မှာ ထိုင်ရောင်းတာဆိုတော့ နာမည် ပျက်လို့မရဘူး၊ ခြေနိုင် လက်နိင်ပဲကောင်းပါတယ် လို့ဆို တယ်။ ရောင့်ရဲနိုင်တာ လား၊ ရှေးရိုးစဉ်လာ စီးပွားရေးအယူအဆပဲလား။

ကျွန်တော်ကတော့ ထိုင်လည်းစားခဲ့တယ်။ ကြိုက်လို့ အိမ်မှာစားဖို့လည်းဝယ်ခဲ့တယ်။
ဝက်အူချောင်း လတ်လတ်ဆတ်ဆတ် ဆိုတာ သပြေရိပ် ဝက်အူတောင့်ကြော် နဲ့မှာ ကြုံဖူးတော့ တယ်။ တကယ့်ဓာတုဆေးဝါးကင်းစင် သဘာ၀ ဝက်အူတောင့်ပဲ။ ကိုယ်စားမယ့် ဝက်အူတောင့် လုပ်တာ ကို မျက်မြင်ကြည့်ပြီးစားရတာလောက် ကောင်းတာဘယ်ရှိပါ့မလဲ။

ပုဂံ အလှ နဲ့ ဘ၀ (၁၀)

ပုံပြောသူ

“သားသားနာမည်က ထက်ကြည်လေ၊ ဒီမြင်းကပါရွာမှာနေတာလေ၊ ဒီဘုရား သမိုင်းကြောင်း ပြောပြမယ်လေ။ မနူဟာ ဘုရင်ကြီးဆီမှာဆို ပိဋကသုံးပုံ ရှိတယ်လေ။ အဲဒီပိဋက သုံးပုံကို အနော် ရထာ ဘုရင်ကတောင်းခံခဲ့တယ်လေ။ တောင်းခံခဲ့တဲ့အချိန်အခါမှာ သထုံ ဘုရင်က မပေးဘူးလေ။ မပေး ခဲ့တဲ့အတွက်ကြောင့် သထုံနဲ့ ပုဂံနဲ့ စစ်ထိုးကြတယ်လေ။ သထုံမင်းကြီး ဒီစစ်ကြီး ရှုံးသွား တယ် လေ။ စစ်ရှုံးသွားတော့ ပုဂံပြည်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လေ။”

မနူဟာဘုရားဘေး ဘုန်းကြီးကျောင်းဝင်းထဲက တမာပင်ရိပ်ကွပ်ပျစ်မှာ ကျွန်တော်တို့ နှစ်ယောက် ထိုင်နေကြတယ်။ ပုံပြောသူဟာ ရှပ်အင်္ကျီကတုံး၊ ချည်ချောပုဆိုးကွက်စိတ်၊ လွယ်အိတ်အနီ ကို စလွယ်သိုင်းလွယ်ထားတယ်။ အင်္ကျီက ဆိုက်ကြီးနေတော့ ပွပွ၊ အင်္ကျီ လက်ကိုလည်း အထပ် ထပ်ခေါက်ထားရတယ်။သူ့မျက်နှာမှာသနပ်ခါးအဖွေးသားနဲ့၊ လည်ပင်းမှာကျောက်နက်တုံး လေး ဆွဲထားတယ်။ကျားတစ်ကောင်ပုံနဲ့ တူတဲ့ ကျောက် နက်တုံး လေးကိုဧရာဝတီမြစ်ကမ်း ဘေးမှာ ပုဂံ ခေတ်ပုတီးစေ့တွေလိုက်ရှာရင်းနဲ့တွေ့လာတာ။ အခု တော့ သူရဲ့ လာဘ်ကောင်လေးဖြစ်နေပြီ။

ပုံပြောသူက မနူဟာဘုရင်က ဘုရားကို ကွယ်သုံးကွယ် နဲ့တည်ထားခဲ့တယ်၊ ညောင်ပင်ကြီး က သပိတ်၊ သပိတ်က မုခ်ဦး၊ မုခ်ဦးက ဘုရားကို ကွယ်ထားတယ်၊ မနူဟာ ဘုရင်က သူတည်တဲ့ ဘုရား ကို ဖျက်ဆီးသူတွေဟာ ကမ္ဘာအဆက်ဆက် အရိမေတ္တယျ မြတ်စွာဘုရားကို မဖူးရပါစေနဲ့ လို့ ကျိန်စာတိုက်ခဲ့တယ် လို့ပြောပြတယ်။ သူစကားပြောတဲ့အခါ “ လေ ” ဆိုတဲ့ စကားနဲ့ အဆုံး သတ် တာကို သတိထားမိတယ်။ ရုပ်သံအင်တာဗျူးတွေမှာ စကားပြောတဲ့အခါ “ ပေါ့ နော်” လို့ ထပ်ကာ ထပ်ကာပြောရင် နားထောင်လို့မကောင်းပေမယ့် ပုံပြောသူရဲ့ အညာသံလေးနဲ့ “ ပြောမယ်လေ”၊ “ နေတာလေ” လို့ ပြောတာကတော့ နားဝင်ချိုပြန်တယ်။

ပုံပြောသူက မြန်မာလိုပြောပြပြီးတော့ အင်္ဂလိပ်လို နားထောင်မလားလို့မေးတယ်။ နားထောင်မယ် လို့ ပြောလိုက်တော့ ဘုရားသမိုင်းကို အင်္ဂလိပ်လိုပြောတယ်၊ ပြီးတော့ အားမရသေး ဘူး၊ အင်္ဂလိပ် လို့ တစ်ကြောင်း၊ မြန်မာလိုတစ်ကြောင်းပြောတယ်။

ပုံပြောသူက မနူဟာ ဘုရားအနောက်ဘက် စိန်ကုံးရပ်မှာနေတယ်။ လေးတန်းနဲ့ ကျောင်းထွက် လိုက်တယ်။ သူ့သူငယ်ချင်းတွေက ခုနှစ်တန်းရောက်နေပြီ။ အခု ရှင်းပြတဲ့ ဘုရားသမိုင်းကိုတော့ အလွတ်ကျက်ထားတာ။ ပုံပြောသူမှာအဖေမရှိတော့ဘူး၊ အမေပဲရှိတယ်။ အမေက အိမ်တွေမှာ အနင်းလိုက်တယ် (အနှိပ်သည်ကိုပြောတာ)၊ အဝတ်လေ ျှာ်တယ်။ သူအပေါ်က အမတွေကတော့ ဘုရားမှာပဲ ယွန်းထည်တို့၊ပို့စကဒ်တို့ရောင်းတယ်။ အငယ်သုံးယောက်က မူလတန်းကျောင်း တက်နေတယ်။

မနူဟာဘုရားကို ကျွန်တော်ရောက်တော့ ပုဂံဘုရား ၁၇ ဆူကို မပိတ်သေးဘူး။ ဒါပေမယ့် ပုံပြော သူ တို့လို ဘုရားသမိုင်းရှင်းပြမယ့်ကလေးတွေ၊ ဧည့်သည်တွေကို သနပ်ခါးလိမ်းပေးမယ့် ကလေးတွေ ဘုရားထဲ ဝင်ခွင့်မရဘူး။ ကိုဗစ် ရောဂါ ကာကွယ်ရေးအတွက်လို့ဆိုတယ်။ ဘုရားသမိုင်းဆိုတာ ဘုရားထဲမှာ လိုက်ရှင်းပြမှ အဆင်ပြေတာကိုး။ အခုတော့ အပြင်မှာ ပဲ ဧည့်သည့်မေ ျှာ်နေရတာပေါ့။
ကိုဗစ်ကြီး မလာခင်ကတော့ ဧည့်ကျတဲ့အချိန်ဆိုရင် ပြည်တွင်း၊ပြည်ပခရီးသည်တွေဆီက တစ်နေ့ တစ်သောင်း၊ တစ် သောင်းခွဲလောက်ရတယ်။ အခုတော့ ဧည့်သည်ကလည်းနည်း၊ ဘုရားထဲလည်း ဝင်ခွင့်မရတော့ တစ်နေ့ သုံး၊ လေးထောင်ရရင်တောင် ပျော်ရပြီ။

ပုဂံဘုရားဖူးတဲ့အခါ ပုံပြောသူတို့လို ကလေးလေးတွေ ဘုရားသမိုင်းပြောဖို့၊ သနပ်ခါးလိမ်းဖို့၊ ပို့စကဒ်ရောင်းဖို့ ဝိုင်းအုံလာကြတယ်။ ဧည့်သည်အများစုကလည်း အနှောင့်အယှက်ဖြစ်တယ် လို့ ခံစားရတယ်။ ဘုရားဂေါပကတွေ၊ လုံခြုံရေးတွေကလည်း ဧည့်သည်တွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့အတွက် စည်းကမ်းအမျိုးမျိုးထုတ်ပြီး တားဆီး ကြ တယ်။

ဒါပေမယ့် ဒီကလေးတွေပျောက်မသွားဘူး။ ဘာ့ကြောင့်ပျောက်မသွားလည်း ဆိုတော့ ဒီကလေး အများစုက သူတို့မိသားစုစားဝတ်နေရေးအတွက် အဓိက ဝင်ငွေရှာပေးသူ တွေဖြစ်နေလို့ပဲ။ ဒီတော့ ဘယ်လိုတားတား ရတဲ့နည်းနဲ့ အလုပ်လုပ်မှာပဲ။ ဖြစ်သင့်တဲ့ ဖြေရှင်း နည်းက ဒီကလေး တွေကို ပုဂံသမိုင်း၊ ဝတ်စားဆင်ယင်မှု၊ ဧည့်သည်များ နဲ့ဆက်ဆံရေး၊ ဆောင်ရန် /ရှောင်ရန် အချက်များ စသည်ဖြင့် စနစ်ကျသင်ကြားပေးပြီး အလုပ်လုပ်ခိုင်းဖို့ပဲ၊ တကယ်လို့ ကျောင်းပညာ ပဲသင်ချင်တယ်ဆိုရင်လည်း ပညာသင်ကြားခွင့်ရအောင်၊ မိဘတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိပြီး ကလေး တွေကို အလုပ် ခိုင်းဖို့မလိုအောင်စီစဉ်ပေးသင့်တယ်။

ဥပဒေနဲ့ကိုင်ပြီး မသင်မနေရပညာရေး၊ ကလေးသူငယ်အခွင့်အရေးတွေပြောနေရုံနဲ့ အလုပ်မဖြစ် ဘူး။ ဆင်းရဲလို့ ကလေးကို ကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းတဲ့ မိဘတွေကို တရားစွဲမယ်ဆိုရင် တရားသူကြီးတွေအိပ်တောင်အိပ်ရမှာမဟုတ်ဘူး။ ဝေးဝေးမကြည့်ပါနဲ့၊ရန်ကုန်မြို့က လက်ဖက် ရည် ဆိုင် တွေကို ပဲ လေ့လာကြည့်လိုက်ပါဦး။ ကလေးအလုပ်သမား ဘယ်လောက်များ နေသလဲ ဆိုတာတွေ့ပါလိမ့်မယ်။

ပုံပြောသူရဲ့အင်္ဂလိပ်/မြန်မာဘုရားသမိုင်းဆုံးသွားတော့ဉာဏ်ပူဇော်ခ ပေးလိုက် တယ်။ ဉာဏ်ပူဇော် ခကိုလက်ခံပြီးတဲ့အခါ ပုံပြောသူ က ကျွန်တော်တို့ စီးလာတဲ့ လ ျှပ်စစ်ဘီးတွေကို ကြည့်ပြီး

“ဦးတို့လည်းနောက်တစ်ခေါက်လာမယ်ဆို သိန်းတစ်သောင်းခွဲကြီးပေါက်လို့ လင့်ခရူဆာ ကားကြီး နဲ့လည်း လာရပါစေ၊ ပရာဒိုနဲ့လည်းလာရပါစေ၊ ကိုယ်ပိုင်ကားကြီးနဲ့လည်း လာရပါစေ၊ ဦးတို့ နောက်ထပ်တစ်ခေါက် ပုဂံပြည်ဖူးရပါစေလို့ သားသားက ဆုတောင်းပေးပါတယ်။” လို့ ဆုပေးတယ်။အေးပါကွာ ငါစီးရသလို မင်းလည်း စီးရပါစေလို့ ပြန်ဆုတောင်းပေးခဲ့တယ်။

တကယ်တော့ ပုံပြောသူမှာလည်း အိပ်မက်တွေရှိတယ်။ ကြီးလာရင် ပြည်တွင်း ခရီးသည်တွေ အတွက် ဧည့် လမ်း ညွှန်လုပ်မယ်၊ သင်တန်းတက်ဖို့တော့ ပိုက်ဆံမရှိဘူး၊ ဧည့်လမ်းညွှန်လုပ်နေတဲ့ အကိုကြီး ၊ အမကြီးတွေဆီက သင်မယ်တဲ့။ သူအမှန်တွေပြောနေသလား၊ ကျွန်တော်ကြိုက်အောင် ပဲ ပြောနေသလားတော့မသိဘူး။ဒါပေမယ့် သူချဲ့ကားပြီးပြောနေတယ်၊ ဧည့်သည်တွေအကြိုက် ဒီ နေရာတစ်မျိုး၊ ဟိုနေရာတစ်မျိုးပြောတယ်ဆိုရင်တောင် သူ့တစ်ဝမ်း တစ်ခါး အတွက်ပဲ ပြော တာ ဆိုတော့ နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ ဘဝမှာ ဒီထက်ဆိုးတဲ့ ပုံပြောသူတွေနဲ့ ကြုံခဲ့ပြီးပြီ ပဲ လေ။

ပုဂံ အလှ နဲ့ ဘ၀ (၉ )

နတ်ရေကန်

နတ်ရေကန်ဆိုတာ တုရင်တောင်နဲ့တစ်ဆက်တည်းရှိနေတဲ့ သက်စိုးတောင်စောင်းက သဘာ၀ ကျောက်ရေကန်ကို ခေါ်တာဖြစ်ပါတယ်။ ညောင်ဦး- ကျောက်ပန်းတောင်းကားလမ်း အတိုင်း သွားရင် တုရင်တောင်ဘုရားပေါ်တက်တဲ့လမ်းခွဲကို အရင်တွေ့မယ်၊ အဲဒီလမ်းခွဲ အတိုင်းမသွားနဲ့။ တုရင်တောင်ပေါ်ကနေ သက်စိုးတောင်ကို သွားလို့ရပေမယ့် ခရီးဝေး တယ်။ တောင်ပေါ် က ဆင်းပြီး ပြန်တက်နေရမယ်။ ဘုရားလမ်းခွဲကျော်သွားရင် တုရင်တောင် ကျောင်း ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ရယ်၊ မုခ်ဦးရယ်တွေ့မယ်။ အဲဒီ လမ်းအတိုင်းဝင်သွားရင် သက်စိုးတောင်ခြေကို ရောက်မယ်။

လ ျှပ်စစ်ဘီးနဲ့ဆိုရင်တော့ တောင်ပေါ်တက်လို့မရဘူး။ တောင်ခြေဇရပ်မှာ ထားခဲ့ပြီး ကားလမ်း အတိုင်း လမ်းလေ ျှာက်တက်ရမယ်၊ ကား/ဆိုင်ကယ်နဲ့ ဆိုရင် တောက်လေ ျှာက်မောင်း တက် သွား လို့ရတယ်။ ကားလမ်းအတိုင်း ကိုက်နှစ်ရာလောက်တက်ရင် ဘယ်ဘက်မှာ တုရင် တောင်ကျောင်းရှိတယ်။ ကျောင်းကို ကျော်ပြီး ဆက်တက်သွားရင် နောက်ကိုက်နှစ် ရာ ကျော်လောက်မှာ သံပိုက်လုံးတွေ သွယ် တန်းထားတဲ့ အုတ်ရေကန်ကြီးတစ်ခု တွေ့မယ်။

ရေကန်မှာ “ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန် ရေးကောင်စီ အစိုးရ၏ တောင်သူလယ်သမား၊ အလုပ်သမားလူထုအတွက် တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ချက်၊ ၁၃၂၅ ခု နတ္တော်လ္ဆန်း ၈ ရက်၊ ၁၉ ၆၃ ခု နိုဝင် ဘာလ ၂၃ ရက်” လို့ စာတမ်းထိုးထားတယ်။ ဧရာဝတီ မြစ်ရေကို တွန်းတင်ပြီး တုရင်တောင် ပတ်ဝန်းကျင်က ရွာတွေကို ရေပေးခဲ့ တဲ့ စီမံကိန်းပေါ့။ အခုတော့ သံပိုက်လုံးတွေပျက်ကုန်လို့ မသုံး တော့ဘူး။ အဲဒီကန်နေရာဟာ သက်စိုးတောင်ခြေပဲ။

ကား/ဆိုင်ကယ်ကို အဲဒီနေရာမှာ ရပ်ပြီး သက်စိုးတောင်ပေါ်တက်ရမယ်။ တောင်ပေါ်လမ်းအစမှာ သက်စိုးတောင်ပေါ်မှာ ရှိတဲ့ ဘုရား/ထူးခြားတဲ့နေရာငါးခုကို ဖော်ပြထားတဲ့ လမ်းညွှန်ဆိုင်းဘုတ် ရှိ တယ်။ နတ်ရေကန်ကို “အမှတ်စဉ် ၂။ ထူးခြားသော ကျောက်ရေကန် Stone Lake ” လို့ဖော်ပြထား တယ်။ အဲဒီနေရာကနေ နတ်ရေကန်အထိ မိနစ်နှစ်ဆယ်လောက် ပဲ လေ ျှာက်ရ ပါတယ်။ အရိပ် မရှိဘူး။

နတ်ရေကန်သွားတဲ့ လမ်းက မှားစရာမရှိဘူး။ ကျောက်တုံးတွေမှာ သင်္ဘောဆေး အနီ/ အဝါတွေနဲ့ မြားပြတယ်။ နတ်ရေကန်သွားတဲ့လမ်း ဘယ်ဘက်မှာ ဦဖောင်း ဘုရားရှိတယ်။ နတ် ရေကန်က အပြန် ဝင်ဖူးသင့်တယ်။ ဦးဖောင်းဘုရားက ရှေးဟောင်းဘုရားပေမယ့် အလှုရှင်တွေ ပြင်ထားတော့ ရှေးလက်ရာမကျန်တော့ဘူး။ ဒါပေမယ့် ဘုရားဘေးမှာတော့ ကျောက်စာတွေကို ကျောက်စာရုံနဲ့ထိန်းသိမ်းထားတာကိုတွေ့ရတယ်။

နတ်ရေကန်ကို လူသိများလာတာ နှစ်နှစ်၊ သုံးနှစ်ပဲရှိပေမယ့် တုရင်တောင်ကျောင်းဆရာတော် ဦး နန္ဒဝံသဦးဆောင်ပြီး ဖော်ထုတ်ခဲ့တာက ၂၀၀၈ ခုနှစ်ထဲကပါ။ ဒီရေကန်ကို စဖော်တော့ အထဲမှာ မြေကြီးတွေ သုံးလေးပေလောက်ဖုံးနေတယ်။ အဲဒါကို ဆရာတော်နဲ့ သူ့ဒကာလူငယ်လေး တွေပူးပေါင်းပြီး တူးထုတ်ခဲ့တယ်။ နောင်တော့ ညောင်ဦးမြို့ထဲက ကန်ဆယ်တာလုပ်အားပေး ချင်တဲ့ သူတွေကိုပါ ကားနဲ့ခေါ်ပြီး လုပ်အားပေးကြတယ်။အဲဒီအချိန်က နိုင် ငံရေး အခြေအနေ ကြောင့် လူတွေ စုပြီး ဘာလုပ်နေလဲလို့ စိစစ်မေးမြန်းတာလည်းခံခဲ့ရတယ်။

တောင်ခြေ အုတ်ရေကန်ကနေ မိနစ်နှစ်ဆယ်လောက်လေ ျှာက်လိုက်ရင် သစ်ပင်အုပ်လေး ကြား မှာ နတ်စင်လေးတစ်ခုတွေ့မယ်။ အဲဒီနတ်စင်အလွန်မှာ နတ်ရေကန်ပဲ။ ဒီရေကန် သုံးဘက် သုံး တန်က သဘာဝကျောက်သားတွေနဲ့ ၊ နတ်စင်ရှိတဲ့ဘက် အမြင့်တစ်ဝက်မှာတော့ လူလုပ် ကျောက်အုပ်တွေနဲ့ နံရံလုပ်ထားတယ်။ ကန်ထဲကို ဆင်းဖို့ ကျောက်လှေကားလုပ် ထားတယ်။ ကန်က ရေမနေတော့ဘူး။

သဘာဝကျောက်နံရံတွေမှာ ငါး၊ မိချောင်း၊ငှက်၊ မြွေ လို့ထင်ရတဲ့အရုပ်တွေထွင်းထားတယ်။ မှိန် နေလို့ မှန်းကြည့်လို့ပဲရတယ်။ အထင်ရှားဆုံးကတော့ လေးထောင့်စတုရန်းကွက်ပုံပဲ၊ ရုတ် တရက်ကြည့်ရင် တရုတ်စာလို့ထင်ရပေမယ့်မဟုတ်ပါဘူး။

၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က မေလ ၂၂ ရက်နေ့အထိ IRAW@BAGAN ဆိုတဲ့ ကနေဒါ – မြန်မာ သုတေသနအဖွဲ့ နဲ့ ရှေးဟောင်းသုတေသနဌာနတို့ပေါင်းပြီး နတ်ရေကန်ကို လေ့လာ ခဲ့ တယ်။ အဲဒီလေ့လာချက်အရ ဒီပုံက ရေ နဲ့ သက်ဆိုင်တဲ့ ဝင်္ကပါပုံဖြစ်တယ်။ အထဲမှာ ရေလှိုင်းပုံ သင်္ကေတတွေ ထုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ကပဲ ကန်ရဲ့ အနေအထား၊ ရေ ထွက်ပေါက်ရှိတယ်လို့ ယူဆရတဲ့ နံရံအခြေအနေတွေကြောင့် သက်စိုးတောင်ပေါ်က ရေ ကို နတ် ရေကန်မှာ စုပြီး မြကန်ထဲကို လွှတ်ပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ဒီနေရာ ကနေ အဆောက်အဦဆောက်ဖို့ကျောက်တွေ ထုတ်ခဲ့တယ်။ပြီးမှ ရေကန်အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ကျွန်တော်ကတော့ မြကန်အတွက် တည်ဆောက်ထားတဲ့ ရေစစ်ကန်ဆိုတာထက် သက်စိုးတောင် ပေါ်မှာရှိတဲ့ သာသနိကအဆောက်အအုံတွေအတွက် မိုးရေခံကန်များလားလို့တွေးမိတယ်။ ဦးဖောင်းဘုရားပတ်ဝန်းကျင်မှာ ရှေးအုတ်တွေ၊ အဆောက်အအုံနေရာတွေတွေ့ရတော့ ဘုရား အပြင် အခြားဘာသာရေးအဆောက်အဦတွေရှိပြီး သံဃာတော်တွေလည်း နေထိုင်ခဲ့နိုင်တယ်လို့ သုံးသပ်မိတယ်။

နတ်ရေကန် လို့ခေါ်တဲ့ ကျောက်ရေကန်ကို ဘာရည်ရွယ်ချက်နဲ့ပဲ တည်ခဲ့၊ တည်ခဲ့၊ ပုဂံခေတ် လက်ရာလို့သတ်မှတ်နိုင်တဲ့ရှေးဟောင်းအမွေပါပဲ။ စိတ်မကောင်းစရာကတော့ ပြည်တွင်း ခရီးသွားဧည့်သည်တွေ အလာများတဲ့နေရာတွေမှာတွေ့ရလေ့ရှိတဲ့ လက်သရမ်းစာတွေပါပဲ။ တစ်ခါက ပြဒါးလင်းဂူကို ရောက်တဲ့အချိန်မှာ အဲဒီလို လက်သရမ်းစာတွေ တွေ့လို့ ရေးတဲ့ လက် ပုတ်ပါစေလို့ ဆုတောင်းခဲ့တာကို ပြန်သတိရမိတယ်။ မတွေ့မဖြစ် တွေ့ခဲ့ရတာနောက် တစ်ခုကတော့ ရေသန့်ဘူးခွံနဲ့ဖော့ဘူးခွံတွေပါပဲ။

ဆရာတော် ဦးနန္ဒဝံသကတော့ နတ်ရေကန် အပါအဝင် သက်စိုးတောင်ပေါ်က ရှေးဟောင်း အမွေ အနှစ်တွေကို တတ်နိုင်သမ ျှ ထိန်းသိမ်းစောင့်ရှောက်နေပါတယ်။ တောင်တက်လမ်း ကို ကွန်ကရိ လမ်းခင်းထားတာကလည်း ဆရာတော်နဲ့ အလှုရှင်တွေရဲ့ ကြိုးစားမှုပါပဲ။ အခုလည်း ကားလမ်း ဘေးမှာ ဆရာတော်ကိုယ်တိုင် တူရွင်းကိုင်ပြီး သစ်ပင်စိုက်နေတာတွေ့ခဲ့ရတယ်။ ဆရာတော်ရဲ့ တုရင်တောင်ကျောင်းမှာ ဆရာတော်အပါအဝင် သံဃာနှစ်ပါး ၊ ကပ္ဗိယတစ်ယောက် ၊ ကျောင်းသားတစ်ယောက်ပဲရှိတယ်။ ဆရာတော်က တုရင်တောင်ခြေက တောင်ဘရွာ ဇာတိ၊ ၁၄ နှစ်သားထဲက ဒီကျောင်းမှာ ကိုရင်ဝတ်ပြီးနေခဲ့တာတဲ့။

ပုဂံက ဘုန်းတော်ကြီးကျောင်းတွေထုံးစံအတိုင်း တုရင်တောင်ကျောင်းမှာလည်း ဘုရားဖူး တွေတည်းခိုဖို့ဇရပ်တွေရှိတယ်။ ဇရပ်တွေက တောင်စောင်းမှာဆောက်ထားတာဆိုတော့ လေတဖြူးဖြူး၊ ပုဂံလွင်ပြင်ကို လှမ်းမြင်ရတဲ့ ရှုခင်းကလည်း ကြည်နူးစရာပါပဲ။ တုရင်တောင် ဘုရားကို သွားနေကျ လမ်းကမသွားဘဲ တုရင်တောင်ကျောင်းလမ်းက တက်လည်းရပါတယ်။ ဒါပေမယ့် ကားရပ်တဲ့နေရာကနေ ဘုရားရင်ပြင်ကို တက်တဲ့လှေကားကတော့ နည်းနည်း မတ်တယ်၊ ခရီးရှည်တယ်။

နတ်ရေကန်သွားတဲ့လမ်းနဲ့ ဦးဖောင်းဘုရားကနေ ပုဂံ လွင်ပြင်ကို မြင်ရတဲ့ မြင်ကွင်း၊ အထူးသဖြင့် တုရင်တောင်နဲ့ ပုဂံလွင်ပြင်ကို တွဲပြီး မြင်ရတဲ့ မြင်ကွင်းက အသက် ရှုမှားလောက် အောင်လှ ပ တယ်။ တောင်ထိပ်က ပေါ်တော်မူဘုရားအထိ သွားနိုင်ရင် ဒီထက်ပိုပြီး မြင် ကွင်းကောင်း မှာ သေချာ တယ်။ကျွန်တော်တို့ရောက်သွားချိန်မှာ မနက်ဆယ်နာရီကျော်နေပြီဆိုတော့ နေပူလွန်း လို့ တောင်ထိပ် အထိ မသွားနိုင်တော့ဘူး။

တကယ်တော့ နတ်ရေကန်ကို သွားမယ်ဆိုရင် တည်းခိုတဲ့နေရာကနေ မနက်ငါးနာရီလောက် ထွက်၊ အရုဏ်တက်ရှုခင်းကို ခံစား၊ဖြစ်နိုင်ရင် သက်စိုးတောင်ထိပ်အထိ တက်။ အပြန်ကျမှ နတ် ရေကန်ကို ဝင်ကြည့်တာ ပိုအဆင်ပြေမယ်။ ပုဂံနေဝင်ဆည်းဆာကိုခံစားချင်တယ်ဆိုရင်တော့ ညနေ ငါးနာရီလောက်တက်သင့်တယ်။ တုရင်တောင်ကျောင်းမှာ ညအိပ်ပြီး မနက်အစောကြီး တောင်တက်ရင်တော့ အကောင်းဆုံးပဲ။

အရေးအကြီးဆုံးကတော့ တောင်ပေါ်မှာ ရေမရှိဘူး။ ရေသန့်ဘူးများများယူသွားပါ၊ ဘူးခွံတွေ ကို ပြန်သယ်လာပါ။ အမှိုက်မပစ်ပါနဲ့၊ လက်သရမ်းစာ တွေ မရေးပါနဲ့။

ပုဂံ အလှ နဲ့ ဘ၀ (၈)

ဆယ်တင်ပေးသူများ

ပုဂံ – ချောက်ကားလမ်းမှာရှိတဲ့ ဘုရားတွေကို လေ့လာမယ်ဆိုပြီး ထွက်ခဲ့တာ လောကနန္ဒာ ဘုရားကို လွန်လာတော့ လမ်းဘယ်ဘက်မှာ မီးခိုးတွေအူနေတဲ့ အမှိုက်ပုံတွေကို တွေ့တယ်။ ကျီးကန်းတွေက လောလောလတ်လတ်ပုံထားတဲ့ အမှိုက်တွေကြားမှာ အစာရှာလို့။ ဒါနဲ့ပဲ ရှေးဟောင်းမြို့တော်ထဲကနေ ဘယ်လိုခေတ်သစ်အမှိုက်တွေ ထွက်လာသလဲဆိုတာ သိရအောင် အမှိုက်ပုံထဲကို ချိုးဝင်ခဲ့တယ်။

အမှိုက်ပုံတွေကြားကထနောင်းပင်တွေအောက်မှာ ပလတ်စတစ်ခုံအဟောင်းတွေနဲ့ ကလေး တစ်သိုက် ထိုင်နေကြတယ်။ အငယ်ဆုံးလေးတစ်ယောက်က ရှေ့ဘီးမရှိတော့တဲ့ ကစားစရာ ကားလေးပေါ် မှာ ဆော့နေတယ်။ ပတ်ဝန်းကျင်မှာတော့ အမှိုက်ပုံတွေ၊ ပုလင်းခွံ၊ ဘူးခွံတွေ၊ ဝါးစားပွဲပေါ်မှာ သောက်ရေအိုးတစ်လုံး ၊ ရေသန့်ဘူးကြီးအခွံတွေ၊ တိုလီမိုလီပစ္စည်းတွေ တင်ထားတယ်။ ဒီမှာ နေတဲ့သူတွေရဲ့ အလုပ်စားပွဲထင်တယ်။

အမှိုက်တွေကတော့ ၂၁ ရာစု အမှိုက် ဘူးခွံတွေ၊ ဖော့ဘူးတွေ၊ ပလတ်စတစ်ပစ္စည်းတွေအများဆုံး ပေါ့။ လွန်ခဲ့တဲ့ နှစ်သုံး ဆယ်လောက်ကတော့ အမှိုက်ဆိုတာ အစားအသောက်အကြွင်း အကျန်တွေ ၊ စက္ကူတွေ၊ သစ်ရွက်၊ သစ်ကိုင်းတွေက အများစု၊ ကြေလွယ်၊ ပျက်လွယ်။ မြေဆွေး လိုချင်ရင်တောင် အလုံအမှိုက်ပုံ၊ စက်ဆန်းအမှိုက်ပုံတွေမှာ ဆန်ကာချထားတဲ့ မြေဆွေးအိတ် တွေ ကို သွားဝယ်ခဲ့ရတာ။ အခုခေတ်အမှိုက်ပုံကတော့ ဆွေးမြေ့ဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ရမယ့် အမှိုက်တွေ၊ တစ်ခါသုံးပြီး တစ်သက်လုံးဒုက္ခပေးနေမယ့်အမှိုက်တွေနဲ့ပေါ့။

လမ်းအတွင်းဘက် သစ်ပင်တွေအောက်မှာတော့ တဲသုံးလေးလုံး လှမ်းမြင်ရတယ်။ အခိုင်အခန့် တဲတွေမဟုတ်ပါဘူး။ နေဖြစ်ရုံ တစ်ဖက်ရပ်တဲတွေပါပဲ။ ထန်းရွက်မိုးထားတဲ့ တဲရှိသလို မိုးကာ အပြာစမိုးထားတဲ့တဲလည်းရှိတယ်။ တဲတစ်တဲမှာ စောင်တွေ ထုတ် လှမ်းထားတာလည်းမြင်ရတယ်။

ကျွန်တော်တို့ လ ျှပ်စစ်ဘီးတွေဝင်လာတောြ့မင်တော့ သစ်ပင်နောက် က အမျိုးသမီးတစ် ယောက်ထွက်လာတယ်။ ပိန်ပိန်ပါးပါး။ ပါးမှာ သနပ်ခါး အပြည့်၊ ကူဘိုတာ တံဆိပ် လ ျှာထိုးဦးထုပ် လိမ္မော်ရောင်နဲ့ အောက်က လက်ပြတ် အကျီ ၤ မှာ ရှပ်လက်ရှည် အကွက်ကို ထပ်ဝတ်ထားတယ်။ ခါးမှာက သရီးကွာတား ဘောင်းဘီတိုနဲ့။

သူ့ကို အမှိုက်ထဲက ဆယ်တင်ထားတဲ့ပစ္စည်းတွေအကြောင်းသိချင်တယ်ဆိုတော့ ကလေး တစ်ယောက်ကို ဖယ်ခိုင်း၊ ကုလားထိုင်မှာ ထိုင်ပြီးရှင်းပြတယ်။ အညာသံနဲ့ စကားပြောတာ နား ဝင်ချိုတယ်။ တစ်ခုခုကိုရှင်းပြရင် “ ငါ့ အကိုရဲ့ ” ဆိုပြီး အားပါးတရရှင်းပြတယ်။ အမှိုက်တွေ အကြောင်းပြောရလို့ ရှက်သလိုလို တွန့်ဆုတ်နေတာမျိုးမရှိဘူး။ သူ့အလုပ်ကို ဘာမှဖုန်းကွယ် စရာမရှိဘူးဆိုတာ မျက်နှာမှာ အတိုင်းသားမြင်နေရတယ်။

ဒီအမှိုက်ပုံမှာ အမှိုက်ကောက်နေတဲ့ မိသားစု ရှစ်စုလောက်ရှိတယ်။ သူ့သမီးက ဒီမှာနေတယ်။ သူက ရပ်ကွက်ထဲမှာနေတယ်။ အခုမြင်ရတဲ့ကလေးတွေက သမီးတွေ၊ကျောင်းပိတ်ထားလို့ လိုက် ကူတာ၊ အငယ်ဆုံးကလေးက မြေး၊ လေးနှစ်ရှိပြီ။ နောက်နှစ်ဆိုကျောင်းထားရတော့မယ်။ ဒီမှာနေ တဲ့ မိသားစုတွေကတော့ ရေ ကို မြစ်ရေတင်စီမံကိန်း ဘက်က သွားယူရတယ်။ အညစ်အကြေး စွန့်တာ ကတော့ မမေးတော့ဘူး။ ထုံးစံအတိုင်းပဲဖြစ်မှာပါ။

ဒီအမှိုက်ပုံက ပုဂံမြို့သစ်ထဲက ထွက်တဲ့အမှိုက်တွေ ။ စည်ပင်ကားက တစ်နေ့ကို နှစ်ခေါက် လာချ တယ်။ ဟိုတယ်တွေက ကြားပေါက်လာချတာလည်း ရှိတယ်။ ဒီမှာအမှိုက်ကောက်တဲ့သူတွေ ဘယ် သူက ဘယ်လိုကောက်ဆိုပြီး သတ်မှတ်ထားတာမရှိဘူး။ ကားတစ်စီးရောက်လာတာနဲ့ ဝိုင်း ကောက်ကြတာပါပဲ။

သူတို့တွေက တစ်နေ့ကောက်လို့ရတာတွေကို စုပြီး အမျိုးအစားခွဲရတယ်။ ဗလာစာရွက်တွေက တစ်ပိဿာကို တစ်ရာ၊ ကပ်ထူပြားတွေက တစ်ရာ့ငါးဆယ်။ ပလတ်စတစ်အကြည်က နှစ်ရာ၊ ရေသန့်ဘူးခွံတွေကလည်းနှစ်ရာပဲ။ ခေါင်းလေ ျှာ်ရည်ဘူးလို ကော်ဘူးအမာတွေက ဈေးကောင်းတယ် သုံးရာဈေး၊ ဘီယာပုလင်းခွံ၊ ဂရင်းအခွံတွေက တစ်လုံး သုံးဆယ်။ ဂရင်းရွိုင်ရယ် ဈေးကွက်က ဘယ်လောက်ကြီးသလဲမသိဘူး။ အရက်ပုလင်းခွံမှန်သမ ျှ ဂရင်း အခွံ လို့ပဲပြောတယ်။

ကိုကာကိုလာဘူးခွံလို ဘူးခွံတွေက တစ်ဘူးတစ်ဆယ်၊ လိုင်ချီးဘူးလို ဘူးပျော့တွေက ငါးကျပ်၊ လစ်ပို ပုလင်းကလည်း ငါးကျပ်ပဲ။ သံကြွပ်တွေက အထူအပါးပေါ်မူတည်ပြီး တစ်ပိဿာတစ်ရာ နှစ်ရာ အမျိုးမျိုးရှိတယ်။ အလူမီနီယံချောင်းတွေကနှစ်ရာ့ငါးဆယ်။ ပုလင်းထည့်တဲ့ ပလတ်စတစ်ပုံး အပျက်တွေက အရင်ကတော့ တစ်ရာဈေး ၊ အခုမဝယ်တော့ပြန်ဘူး။

အခုလို ပြန်ဆယ်တင်ထားတဲ့ပစ္စည်းတွေကို ၁၅ ရက်တစ်ခါလာကောက်တယ်။ ဧည့်သည် များ တဲ့ အချိန်ဆိုရင် ၁၅ ရက်တစ်ပတ်ကို တစ်သိန်းကျော်လောက်ရတယ်။ ဒါပေမယ့် ငွေကြိုယူထားတာ လည်း ရှိတော့ လုံးလည်ပတ်လည်လိုက်နေတာပဲတဲ့။ ကိုဗစ်ကာလ ဟိုတယ်တွေပိတ်ထားတုန်းက အမှိုက်တွေနည်းသွားပြီးငွေမရဘူး။ ဆန်၊ ဆီ လာလှုတဲ့အဖွဲ့တွေရှိလို့ သက်သာသွားကြတာ။ အခုတော့ ၁၅ ရက် တစ်ပတ်သုံး၊ လေး သောင်းတော့ ပြန်ရနေပြီ။ ကိုဗစ်ဟာ ဟိုးထိပ်ဆုံးစီးပွား ရေးလုပ်ငန်းတွေ ကနေ အမှိုက်ပုံအထိ ဒုက္ခပေးနေတာပဲ။ ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး မထိခိုက်ဘူးဆိုတာ ပုံပြင်ပဲ။ ဒါမှမဟုတ် နန်းမြင့်မေ ျှာ်စင်ပေါ်က အိပ်မက်ပဲဖြစ်မယ်။

ကျွန်တော်တို့ စကားပြောနေတော့ ကလေးတွေက ဝိုင်းအုံပြီးနားထောင်နေတယ်။ အငယ်ဆုံး မြေး လေးကတော့ ဒီနေ့ကောက်လို့ရတဲ့ ပစ္စည်းပုံထဲက ဘီယာပုလင်း၊ အရက် ပုလင်းတွေ ကို ကောက်ပြီး ပုလင်းတွေ သီးခြားစုထားတဲ့ပုံးထဲ သွားထည့်နေလေရဲ့။ ဘဝပေး အသိပဲ။ ခဏနေတော့ အမှိုက်တွေထဲက မြန်မာတိုင်းမ် အင်္ဂလိပ်သတင်းစာကို ကိုင်ပြီး ကြည့်နေတယ်။ အဖွားလုပ်သူက မေးငေါ့ပြပြီး ကျောင်းလိုက်ချင်နေ ပြီ လို့ ပြောတယ်။

ဒီအမကြီးက ကောင်းကောင်းမွန်မွန်ရှင်းပြနေပေမယ့် ဒီအမှိုက်ပုံကနေသူတစ်ချို့ကတော့ နှစ်သက် ပုံမရဘူး။ လာနားထောင်နေတဲ့ကလေးတစ်ယောက်ကို သူ့အဖေက ဘာသွားလုပ်နေတာလဲ ဆို ပြီး ဆွဲခေါ်သွားတယ်။ သူတို့အပြစ်လည်းမဟုတ်ဘူး။ လူအတော်များများက အမှိုက်ပုံမှာ နေတဲ့သူတွေကို ကျူးကျော်တွေ၊ ပျံကျတွေဆိုပြီး အထင်သေးကြ၊ ဖယ်ရှားပစ်ဖို့ပဲ ကြိုးစားနေ ကြ တာကိုး။ ဒီတော့ အမှိုက်ပုံနေရာကိုလာပြီး ဓာတ်ပုံရိုက်၊ ဟိုမေး ဒီမေး ဆိုရင် သူတို့ကို ဒုက္ခပေး မယ်လို့ထင်တာမဆန်းပါဘူး။

တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လေ ျှာ့သုံး၊ ပြန်သုံး၊ ပြန်အသစ်လုပ်သုံး (Reduce,Reuse, Recycle) ဆိုတဲ့ ဆောင်ပုဒ်တွေကို သာ တွင်တွင်အော်နေကြတာ ဘယ်ခေတ် မှာမှ အစိုးရက ဦးဆောင်ပြီး ဒီလုပ်ငန်း တွေကို ထိထိရောက်ရောက်လုပ်ခဲ့တာ မရှိခဲ့ ဘူး။ အဲဒီ ကွက်လပ်ကို ဝင်ဖြည့်ပေးနေတဲ့အထဲမှာ ကျွန်တော်တို့က အမှိုက်ကောက်တဲ့သူတွေလို့ လွယ် လွယ်ခေါ်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ဆယ်တင် အသုံး ပြုနိုင်အောင် လုပ်ပေးနေ သူ တွေ လည်းပါတာပေါ့။

ဒါပေမယ့် သူတို့ဟာ ခန်းမကြီးတွေထဲမှာ ပညာရှင်ဆိုသူတွေက အာရ်သုံးလုံးအကြောင်း ပြောနေတာ တွေကိုလည်း မသိဘူး။ သီအိုရီတွေလည်းနားမလည်ဘူး။ ဝမ်းရေးအတွက်လုပ်ရင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရာရောက်နေတယ် ဆိုတာကို လည်း ဂုဏ်ယူရမှန်းမသိဘူး။ သူတို့ ကို ဘယ်တော့ မောင်းထုတ်မလဲဆိုတာပဲ စိတ်ပူနေရ တယ်။ သူတို့ကို အောက်ခြေအကျဆုံးလူတွေဆိုပြီး အထင်သေးတာကို ငုံ့ခံနေရတယ် ။

အမှိုက်ပစ်တဲ့သူတွေက အမှိုက်ရှင်းပေးနေတဲ့သူတွေကို အမှိုက်လို့ မြင် တာ ၊ ရှက်စရာ အလုပ်လို့ မြင်တာကတော့ နေရာတိုင်းမှာပါပဲ။

ပုဂံ အလှ နဲ့ ဘ၀ (၇)

ဝေဒနာမြင်းလှည်း

“မြင်းလှည်းတွေကတော့ လုပ်ငန်းတစ်ခုပေါ်လာလိုက် “အ” သွားလိုက်ပါပဲ။ အရင်က လူ လည်း ပို့၊ ညောင်ဦးဘက်ကို ကုန်လေးဘာလေးလည်းပို့ပေါ့။ ထွေလာဂျီတွေပေါ်လာတော့ ကုန်မပို့ရ တော့ ဘူး။ ဧည့်သည်တွေများလာလို့မောင်းကောင်းတုန်း အီးဘိုက်ပေါ်လာတော့ “အ”သွားပြန် ရော၊ အခု တုတ်တုတ်တွေပေါ်လာတော့ ငုတ်တုတ်မေ့တော့တာပဲ”

မြင်းလှည်းဆရာလေးက လေသံပျော့ပျော့လေးနဲ့ ရှင်းပြနေတယ်။ မြင်းလှည်းမောင်းတာ ခြောက် နှစ်ရှိပြီ၊ ဆယ်တန်းစာမေးပွဲကျတော့ စားသောက်ဆိုင်မှာ ခဏဝင်လုပ်တယ်။ နောက်တော့ အဘက အသက်ကြီး ၊မျက်စိလည်းမှုန်လာတော့ မြင်းလှည်းမောင်းလို့ မကိုက်တော့ဘူး၊ ဧည့် သည်တွေ ဘာတွေ စပ်တာလည်း အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် မြင်းလှည်းပေါ်တက်လိုက် တာ လို့ ပြောပြတယ်။

အရင်ကတော့ ပုဂံရောက်ဧည့်သည်တွေဟာ စက်ဘီးငှားစီးရင်စီး၊မစီးရင် မြင်းလှည်းစီးပေါ့။ အခု တော့ အီးဘိုက် တစ်စီး တစ်နေ့ခြောက်ထောင်၊ ဒါမှမဟုတ် တုတ်တုတ် တစ်စီး တစ်နေ့ နှစ်သောင်းနဲ့ ဘုရားစုံလှည့်ဖူးနေကြတော့ မြင်းလှည်းတွေက ဂိတ်မှာ ငုတ်တုတ်မေ့နေတော့ တာပဲ။ မြင်းလှည်းက တစ်နာရီ ဆိုရင် တစ်သောင်းသုံးထောင်၊ တစ်နေကုန်ဆိုရင် သုံးသောင်း ခွဲ လောက်မှာ လိုက်နိုင်တယ်။ လူစာ၊ မြင်းစာ တွက်ရသေးတာကိုး။ နောက်ပြီး မြင်းက နေပူ တဲ့ အချိန်ဆိုရင် အနားပေးရတာရှိသေးတယ်။ ဒီတော့ တုတ်တုတ် နဲ့ အီးဘိုက်ကို ဘယ်လိုမှ မပြိုင် နိုင်ဘူး။

သဗ္ဗညု ဘုရား နားက ဂိတ်မှာ မြင်းလှည်း အစီးခြောက်ဆယ်နီးပါးလောက်ရှိတယ်။ ဒီလှည်းတွေက သဗ္ဗညုဘုရားနဲ့ ရွှေဂူကြီးဘုရား ( နန်းဦး ဘုရား ) အသွားအပြန်ကို ငါးထောင်နဲ့စီးမယ့် ခရီးသည် တွေကို လည်ပင်းညောင်ရေအိုးဖြစ်တဲ့အထိ စောင့်နေရတယ်။ မြင်းလှည်းတွေက မနက်ခြောက် နာရီ မထိုးခင် ဂိတ်ကို အရောက်လာရတယ်။ ခြောက်နာရီထိုးရင် စီနီယာမဲနှိုက်တယ်။ နံပါတ် နှစ် ဆယ်နောက်ပိုင်းဆိုရင်တော့ အခုလို ဧည့်သည်ပါးတဲ့ရာသီမှာ ခရီးသည်ရဖို့မသေချာတော့ဘူး။ အဲဒါဆိုရင်တော့ စီနီယာဖြုတ်ပြီး ပတ်မောင်းရင်း ဧည့်သည်ရှာရတယ်။ ဒါကလည်းကံကောင်းလွန်း မှ ဧည့်သည်ရတာပါ။

မြင်းစာဖိုးက တစ်နေ့ ငါးထောင်ကျော်လောက်ကုန်တယ်။ ပြောင်းရိုးက လေးထောင့်ပုံးတစ်ပုံး ကို ခုနှစ်ရာ၊ သုံးပုံးကျွေးရတယ်။ မြင်းက အစာအစို မပါရင် မစားတော့ မြက်ဝယ်ရတယ်။ မြက်က လည်း လက်တစ်ဆုပ်စာလောက်တစ်ထုံးကို တစ်ရာ၊ အဲဒါက တစ်ထောင့်ငါးရာဖိုးလောက်ကျွေး မှ။ ကုလားပဲဆံကတော့ မကျွေးနိုင်တာကြာပြီ။ ကုလားပဲမှုန့်ကျွေးရတယ်။တစ်ထုတ် တစ်ထောင် နဲ့ နှစ်ထောင်ဖိုးတော့ ကျွေးရတာပဲ။ အခုတော့ ချွေတာတဲ့သဘောနဲ့ မနက်လေးနာရီ လောက်ထ ပခုက္ကူဘက်သွားပြီး မြက်ရိတ်ကျွေးနေကြတယ်။ မြက်များများကျွေးနိုင်ရင်တော့ ကုလားပဲမှုန့် လေ ျှာ့ လို့ ရတာပေါ့။ မြင်းလှည်းဆရာတွေက မြင်းကို ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဘက် သဘောထား တာ ဆိုတော့ ကိုယ်သာ ဗိုက်မှောက်နေရင် နေမယ်၊ မြင်းကိုတော့ အဝကျွေးနိုင်အောင် ကြိုးစားရ တာပဲ။

ကိုဗစ်ကြောင့် ဧည့်သည်တွေလုံးဝမ၀င်တဲ့အချိန်တုန်းကတော့ ရှိတာလေး ထုခွဲစား၊အကြွေး ယူ စားပေါ့။ တစ်ချို့လည်း မြင်းနဲ့လှည်းရောင်းပြီး လမ်းဘေးထမင်းဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင် ထွက်တဲ့ဘဝရောက်သွားတယ်။ ကျန်တဲ့ မြင်းလှည်းသမားတွေက အခုမှ ဧည့်သည်နည်းနည်း ဝင်လာလို့ အသက်ရှုချောင်လာတာ။

မနှစ်ကတော့ နိုင်ငံခြားသား နည်းတယ်တယ်၊ တရုတ် ဧည့်သည်တော့ များ တယ်၊ မြင်းလှည်းဆရာက အနောက်နိုင်ငံသားတွေ၊ ဂျပန်၊ကိုရီးယားတွေကို နိုင်ငံခြား သား လို့ သုံးတယ်။ ဇီးရိုး ဘတ်ဂျက် တရုတ်တွေကိုတော့ တရုတ်လို့သီးခြားခေါ်တယ်။

တရုတ်တွေက ကျန်တဲ့ဆိုင်တွေမှာသာ ပိုက်ဆံမသုံးတာ မြင်းလှည်းတော့ စီးတယ်။ ဒါ့ကြောင့် မနှစ်ခရီးသွားရာသီမှာ မြင်းလှည်းတွေ နည်းနည်းအဆင်ပြေတယ်။ ဒါပေမယ့် တရုတ်တွေကို လိုက်ပို့ရတာလည်းမလွယ်ဘူး။ နိုင်ငံခြားသားဧည့်သည်တွေက မြင်းကို ညှာတယ်။ တစ်ခါ တစ်လေ မြင်းစာဖိုးဆိုပြီး သီးခြားပေးခဲ့တာတောင် ရှိတယ်။ အထူးသဖြင့် ဂျပန်ခရီးသွားတွေ က အဲဒီလိုပေးလေ့ရှိတယ်။ တရုတ်တွေကတော့ အမိုးဖွင့်စီးတယ်။ လမ်းကြမ်းကြမ်းမှာ မြင်းလှည်း ဒုံးဒိုင်းနဲ့ မောင်းမှ ဝေးဝေးဝါးဝါးအော်ပြီး သဘောကျသတဲ့။ အဲ တစ်ပ်မန်းနီးကတော့ ဘယ်တော့ မှမပေးဘူးဆိုပဲ။

ပြည်တွင်းခရီးသွားတွေလည်း ပုဂံရောက်ရင်တော့ မြင်းလှည်းစီးဖြစ်အောင်စီးဖို့ တိုက်တွန်း ချင်တယ်။ ရှေးခေတ်ထဲက ပုဂံ လမ်း တွေပေါ်မှာ သွားလာခဲ့တဲ့ယာဉ်ဆိုလို့ မြင်းလှည်းပဲ ကျန်တော့တာမဟုတ်လား။ မြင်းလှည်းလေးတွေ ပုဂံလမ်းပေါ်က ပျောက်ကွယ်မသွား ဖို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိတာပေါ့။ နာရီနဲ့မငှားနိုင်ရင်တောင် သဗ္ဗညု နဲ့ ရွှေဂူကြီး ဘုရား တစ်ခေါက်လောက်တော့ စီးပြီးအားပေးသင့်တယ်။

မြင်းလှည်းစီးရတာ တုတ်တုတ်ထက်အရသာပိုရှိပါတယ်။ မြင်း လှည်း စီးရင်း ယာခင်း တွေကြားထဲက လမ်းလေးတွေကို ဖြတ်သွားလို့ရတယ်။ လူအသွားအလာ နည်းပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဘုရားတွေကို ရောက်မယ်။ မနက်စောစော ဒါမှမဟုတ် ညနေစောင်း ယာခင်းတွေ၊ ဘုရားပျက်တွေကြားထဲမှာ ခြူသံ၊မြင်းခွာသံလေးတွေနားထောင်ရင်း မြင်းလှည်း စီး၊ဝါသနာပါရင် ဗညားဟန် နဲ့ စိုးစန္ဒာထွန်းလို “ ခင် မြင်းလှည်းလေးနဲ့ တူပျော်ပျော် ၊ ဘုရားပွဲတော်သွားစို့နော် ၊ အို မြင်းလှည်းလေးနဲ့ မောင် လာခေါ်” စုံတွဲတေးသွားလည်းဆို လို့ ရပါတယ်။

ပုဂံဒေသက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတာဝန်ရှိသူတွေလည်း မြင်းလှည်းတွေရဲ့ အနာဂတ် ကို စဉ်းစားပေးစေချင်တယ်။ ပုဂံမြို့ဟောင်း ဘုရားတွေကြားမှာ မြင်းလှည်းပဲသွားလို့ရတဲ့ လမ်း ကြောင်းလေးတွေသတ်မှတ်ပေးတာမျိုးလုပ်ပေးနိုင်ရင် အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ပုဂံ ဘုရားတွေကြားမှာ မြင်းလှည်းလေးတွေသွားနေတဲ့ မြင်ကွင်းအမြဲရှိနေစေချင်တယ်။ ရိုးရာ အစဉ် အလာနဲ့ ဆိုင်တဲ့ကိစ္စတစ်ချို့မှာ ဈေးကွက်သဘောတရားပဲဆိုပြီး ပစ်ထားဖို့ မသင့်ဘူး။

ပုဂံ အလှ နဲ့ ဘ၀ (၆)

ဘဝဈေး

ခရီးသွားတဲ့အခါ မြို့တစ်မြို့ကို ရောက်ရင် အဲဒီမြို့ရဲ့ မနက်ဈေးကို သွားနိုင် ဖို့ ကြိုးစား သင့်တယ်။ မနက်ဈေးဟာ လူစုံတယ်၊ ရင်ခုန်ဖို့ကောင်းတယ်။ ဈေးသည်၊ ဈေးဝယ်တွေကို ကြည့် ပြီး ဒေသရဲ့လူမှုစီးပွားအခြေအနေကို ခန့်မှန်းနိုင်တယ်။ ဒေသအစားအစာလေးတွေ မြင် ရတယ်။ စားနိုင်တယ်။

ဒါ့ကြောင့် ညောင်ဦးရောက်ခိုက် ဘုန်းဇင်ဈေးကို အရောက်သွားခဲ့တယ်။ ဘုန်းဇင်ဈေးက မဏိ စည်သူဈေးကြီးဘေးက ကွက်လပ်မှာရောင်းတာပါ။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ မဏိစည်သူ ဈေး ကို ပြန်လည်ပြုပြင်တော့ ဒီကွက်လပ်မှာ ယာယီဈေးဖွင့်ခဲ့တယ်။ မဏိစည်သူဈေးပြီးသွားတော့ ဒီနေရာမှာ အခွန်လွတ်ဈေးအဖြစ်နဲ့ ကျန်ခဲ့တာလို့ဆိုတယ်။

ဒီဈေးမှာ ဈေးကောက်နှစ်ရာကျပ်ပဲပေးရတယ်။ ဆိုင်ခန်းခမရှိဘူး။ ဈေုးရုံထဲမှာ ခင်းရောင်းတဲ့ သူတွေရှိသလို ဈေးရုံဘေး ကွက်လပ်မှာလည်း ခင်းရောင်းကြတယ်။ ဈေးအပြင် ကွက်လပ် မှာ တော့ ကားတွေ၊ ဆိုင်ကယ်တွေ အပြည့်ပဲ။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေက ပခုက္ကူဘက်ကမ်း လက်ပံကျွန်း၊ ဂူကျွန်း၊ ဇီးကျွန်း စတဲ့ကျွန်းရွာတွေ၊ တုရင်တောင်ခြေဘက် ရွာတွေကလာတယ်။ ဂေါ်ဖီ၊ ခါကျဲဥ၊ ဆလပ် ၊ မျစ်ချဉ် လို ပစ္စည်းတွေ က ကျောက်ပန်းတောင်း ကတဆင့် လာတယ်။ အောင်ပန်းက တိုက်ရိုက်ဆင်းလာ တယ်ဆိုတဲ့ ဂေါ်ဖီထုပ်ကားတစ်စီး လည်းတွေ့တယ်။ ငှက်ပျောသီးတွေ၊ ငှက်ပျောအူတွေက ပုပ္ပားဘက်ကလာတယ်။ ကားကွင်းထဲမှာ ပစ္စည်းလာပို့တဲ့ ကား တွေ၊ တစ်ဆင့် ရောင်းဖို့ လာဝယ်သူတွေ၊ ဈေးရုံထဲက အော်ဒါမှာထား သူတွေဆီကို ပို့ မယ့် သူတွေနဲ့ ပျားပန်းခတ်လှုပ်ရှားနေကြတယ်။

အကြမ်းဖျင်းအားဖြင့် ကားကွင်းထဲက ကားတွေကို ကုန်သည်တစ်ယောက် ထဲက ကားတစ်စီးစာသယ်လာတဲ့ကား၊ ရွာအလိုက်ဈေးသည်နဲ့ကုန်တွေစုတင်လာတဲ့ကား နဲ့ မင်းနန်သူဈေး၊ ပုဂံမြို့သစ်ဈေး တို့လို ပတ်ဝန်းကျင်ဈေးတွေက ဈေးသည်တွေစုပြီး ဘုန်းဇင် ဈေးမှာ လာဝယ်တဲ့ကားဆိုပြီး သုံးမျိုးခွဲလို့ရတယ်။

ကွင်းထဲမှာ ပစ္စည်းချနေတဲ့ ကားတွေရှိသလို၊ ပစ္စည်းတင်နေတဲ့ကားလည်း ရှိတယ်။ စာအုပ်တစ်အုပ်နဲ့ အမျိုးသမီးတစ်ယောက်က ငရုတ်သီး ထုပ်တွေကို ပုံပြီး စာအုပ်ထဲက စာရင်းနဲ့တိုက်လို့ ဘယ်သူ၊ဘယ်လောက်ဆိုပြီးခွဲပေးနေ တယ်။ ဈေးသည်တစ်ချို့က ဝယ်ပြီး ပစ္စည်းတွေကို ခေါင်းပေါ်ရွက်ပြီး ဈေးရုံထဲကို အပြေးသွားနေကြ တယ်။ အမကြီးတစ်ယောက် ကတော့ ဖရုံသီးနှစ်လုံးကို ခေါင်းပေါ်ရွက်၊ လက်ထဲမှာ ဘယ်တစ်လုံး၊ ညာတစ်လုံး ကိုင်ပြီး သွား နေတယ်။ တစ်ချို့ကတော့ ပစ္စည်များလို့ တွန်းလှည်းနဲ့တင်သယ်ကြတယ်။ တစ်ချို့ကလည်း ကားအနားမှာ စုဝေးပြီး ကိုယ့်ပစ္စည်းရဖို့စောင့်နေကြတယ်။ တစ်ချို့ကတော့ ဝယ်ပြီး ပစ္စည်း တွေ ကို ကားပေါ်တင်ဖို့စောင့်နေတယ်။ ခေါင်မိုးပေါ်က ယာဉ်နောက်လိုက်က အထုပ်တွေကို နေရာ ချ ရင်းအလုပ်ရှုပ်နေတယ်။

လိုက်ထရပ်တစ်စီးနောက်ခန်းမှာ အမေက ပဲတောင့်ရှည်တွေကို ခွဲရောင်းပေးနေ တယ်။ ကလေးပေါက်စလေးက ဖုန်းကို ပွတ်နေတယ်။ ပဲတောင့်ရှည်တွေက ပြည်ဘက်ကနေ ကျောက် ပန်းတောင်းကို ပို့၊ ကျောက်ပန်းတောင်းကမှတဆင့် ဘုန်းဇင်ဈေးကိုလာရောင်းတာ။ ပဲတောင့်ရှည်တွေကို ဒစ်ဂျစ်တယ်ချိန်ခွင်ပေါ်တင်ပြီး အချိန်နဲ့ရောင်းတယ်။ ဒီဈေးကို ပစ္စည်းပို့တဲ့ ကားတွေမှာ ဒစ်ဂျစ်တယ် ချိန်ခွင် လေးတွေ ကိုယ်စီနဲ့။ ဒစ်ဂျစ်တယ်ခေတ်ပဲ။

ခြောက်နာရီကျော်တော့ မင်းနန်သူ ဈေး၊ ပုဂံမြို့သစ်ဈေးတွေနဲ့ ပတ်ဝန်းကျင်ဈေးတွေမှာ ပြန်ရောင်းမယ့်သူတွေက လည်း လိုက်ထရပ်တွေ၊ ထွေလာဂျီတွေမှာ လူတွေ၊ ကုန်တွေတင်ပြီး အပြေးအလွှားပြန်နေကြတယ်။ သူ တို့က အစောဆုံးလာပြီး အစောဆုံးပြန်တဲ့သူတွေပဲ။

ပတ်ဝန်းကျင်ရွာတွေနဲ့ ရပ်ကွက်ထဲကို လှည့်ရောင်းမယ့်ဈေးသည်တွေကတော့ ထွေလာဂျီ ပေါ် မှာ ၊ဆိုင်ကယ်ပေါ်မှာ အထုပ်လေးတွေ ချိတ်နေကြတယ်။ ပြီးတာနဲ့ သူတို့လည်း ခရီးဆက် ပြီ။

ဟိုတယ်၊ စားသောက်ဆိုင်တွေက ကားတွေလည်းရောက်လာကြပြီ။ တစ်ချို့က တိုက်ရိုက် ဝယ်တယ်။ တစ်ချို့က ဈေးရုံထဲက ဈေးသည်တွေဆီမှာ စိတ်ကြိုက်ရွေးဝယ်တယ်။ နိုင်ငံခြား သား ခရီးသွားတွေမရှိတော့ ရှမ်းပြည်က လာတဲ့ ဟင်းသီးဟင်းရွက်တွေ ၊အသီးအနှံတွေရောင်းအားကျ တယ်၊ နိုင်ငံခြားသားဧည့်သည်တွေကျရင် ဟိုတယ်တွေ၊စားသောက်ဆိုင်တွေက ဂေါ်ရခါးသီး၊ ခါကျဲဥ၊ ဆလပ်ရွက်၊ ပန်းဂေါ်ဖီတွေ အဝယ်များတယ်တဲ့။

ဘုန်းဇင်ဈေးကို ရောက်သွားတဲ့နေ့က ဇူလိုင် ၂၈ ဆိုတော့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ်မယ့် သတင်း မသိကြသေးဘူး။ အားလုံးက ရုံးပိတ်ရက်လေးရက်မှာ ဧည့်သည်များမယ်၊ စားသောက် ဆိုင်တွေအလုပ်ဖြစ်မယ်၊ ဟိုတယ်တွေအခန်းပြည့်မယ်၊ ဒါဆိုရင် ဈေးရောင်းကောင်းမယ် ဆိုပြီး ပျော်နေကြတယ်။

ဈေးထဲမှာတော့ ရွာတွေကလာရောင်းတဲ့သူတွေ၊ ဒေသခံဈေးသည်တွေနဲ့ အပြည့်ပဲ။ လတ် လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေ အပုံလိုက် အပုံလိုက်ရောင်းနေတာကို ကြည့်လိုက် ရင် စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေရဲ့ ဝယ်လိုအားကို ခန့်မှန်းလို့ရတယ်။ ဒါတောင် ကိုဗစ် ကာလ ဖြစ်နေလို့၊ ခရီးသွားရာသီဆိုရင် ဘယ်လောက်စည်ကား၊ ရောင်းဝယ်အားကောင်းနေမလဲဆိုတာ မှန်းသာကြည့်ပေတော့။

တစ်ချို့ဈေးသည်တွေကတော့ မနက်အစောကြီး ထွက်လာရလို့ထင်တယ်။ ဈေးထဲ ရောက်မှာ ထမင်းလေး၊ မုန့်ဟင်းခါးသုပ်လေး ဘာလေးဝယ်စားနေကြတယ်။ ရွာတွေကလာတဲ့ ဈေးသည်တွေက ဈေးကားနဲ့ လိုက်လာ၊ နေမြင့်ရင်ဈေးကားနဲ့ရွာပြန်ပေါ့။ တောင်းတွေ၊ ဆန်ကောတွေရောင်းတဲ့အဒေါ်ကြီး ကတော့ ညီမဝမ်းကွဲအိမ်မှာ နေ ပြီး ကုန်အောင်ရောင်းမယ်။ နှစ်ရက်သုံးရက်နေမှပြန်မယ်တဲ့။ နဂါးမောက်သီးသည်အဒေါ်ကြီးကတော့ ဈေးကွက်အခြေ အနေ ကြောင့် ထင်ပါရဲ့၊ မျက်နှာမသာမယာနဲ့။

ဆရာဇော်ဂျီက “ ပုဂံဈေးသည် လူအမျိုးမျိုး၊ လူအစားစားတို့ ကျက်စားရာ နေရာပေတည်း။ ရယ်သံ၊ ငို သံ၊ ညည်းသံတို့ အုတ်အုတ်ကျက်ကျက် မြည်ဟည်းသော နေရာပေတည်း။ အသွားအလာ အပြေးအလွှားတို့ဖြင့် လှုပ်ရှားနေကြသော နေရာပေတည်း။” လို့ ပုဂံဈေး ကို ရေးဖွဲ့ခဲ့သလိုပဲ ဘုန်းဇင်ဈေးဟာလည်း အုတ်အုတ်ကျက်ကျက် ပြေးလွှားလှုပ်ရှားနေကြ တယ်။

ဒါပေမယ့် ဘုန်းဇင်ဈေးသူဈေးသားတစ်ချို့မှာလည်း စိုးရိမ်မှုတွေရှိနေတယ်။ ဒီ အခွန်လွတ်ဈေး လေးက မဏိစည်သူဈေးကြီး ပြုပြင်တော့ ဈေး သည်တွေအဆင်ပြေအောင် ဘုန်းဇင်းကျောင်း ဆရာတော်က ကျောင်းဝင်းထဲမှာ ဖွင့်ခွင့်ပြုထားတာ အခုထိပဲ။ အခုတော့ ရွှေဉာဏ်တော် စူးရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့က ဒီနေရာမှာ ပျံကျဈေး မရှိသင့်ဘူး။ သင့်တော်တဲ့နေရာမှာ ခေတ် မီ ဈေးတစ်ခုဆောက်ပြီး ရွှေ့ပြောင်းထားရမယ်လို့ အကြံပေးနေကြတယ်တဲ့။

ခေတ်မီဈေးဆောက်ရင် ဆိုင်ခန်းခတွေ၊ အခြားအခွန်အခတွေပါလာတော့မယ်။ ဒါဆိုရင် ဒီနေရာ ဈေးသည်လေးတွေ တတ်နိုင်ပါ့မလား။ရွှေ ဉာဏ်တော်စူးရောက်သူတွေက ခရီးသွားမြို့တော်ကြီးမှာ ခေတ်မီ ကုန်စိမ်းဈေးကြီး ဘာညာ ဆိုပြီး စိတ်ကူးယဉ်နေပေမယ့် ပျံကျ ဈေးသည်လေးတွေကတော့ ရင်ပူနေရပြီ။

နန်းမြင့်မေ ျှာ်စင်ပေါ်က စိတ်ကူးနဲ့ ညောင်ပင်ကအောက် လက်တွေ့ဘဝတွေ အလှမ်းကွာ ခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။ ဟိုးအမြင့်ပေါ်က ငုံ့ကြည့်တော့သေး သေးလေး၊ မြေပြင်ကလူ အတွက်ကတော့ တောင်ကြီးပေါ့။

ပုဂံ အလှ နဲ့ သဘာ၀ (၅)

ဆည်းဆာ

ပုဂံ နေဝင်ဆည်းဆာအလှက ပုဂံရဲ့ အဓိက ဆွဲဆောင်မှုတွေထဲက တစ်ခုပေါ့။ တစ်ချိန် ကတော့ နေဝင်ဆည်းဆာအလှကို စေတီတွေပေါ်ကနေ ကြည့်ရှုခံစားခဲ့ကြတယ်။ ကန့်သတ် ချက်မရှိဘူး။နောင်တော့ တစ်ဖြေးဖြေးနဲ့ အပေါ်တက်ခွင့်ရတဲ့စေတီတွေနည်းနည်းလာတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ငလျင်ဒဏ်ကြောင့် ပုဂံဒေသက စေတီ ပုထိုးတွေ ထိခိုက် ခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီးဘုရားတွေပေါ်ကနေ နေဝင် ဆည်း ဆာကြည့်ရှုတာကို လုံးဝပိတ်ပင်ခဲ့တယ်။ အဲဒီအစား နေဝင်ဆည်းဆာကို ကြည့်ဖို့ဆိုပြီး ရှေးဟောင်းသုတေသနဌာန အစီအစဉ်နဲ့ လူလုပ်ကုန်း လေးခုကို တည်ဆောက်ပေးခဲ့တယ်။

ဒါပေမယ့်လည်း ပြဿနာကပြေလည်မသွားဘူး။ လူလုပ်ကုန်းတွေက ရှေးဟောင်းရေကန် တွေ ကို ပြန်တူးပြီးတည်ဆောက်တာဖြစ်တဲ့အတွက် ဝေဖန်ခံရသလို ရှေးခေတ်မြို့ပြမြင်ကွင်းကို ပျက်စီးစေ တယ်လို့ ပညာရှင်တွေဘက်ကထောက်ပြတာလည်းရှိတယ်။ ခရီးသွားတွေကလည်း ဘုရားပေါ်က ကြည့်ရတဲ့ခံစားချက်နဲ့ လူလုပ်ကုန်းပေါ်က ကြည့်ရတဲ့ခံစားချက်ကွာခြားမှုကို ဝေဖန်ကြတယ်။

နောက်တစ်ခါ ဘုရားပေါ်ကနေ နေဝင်ဆည်းဆာကြည့်ဖို့လာတဲ့ခရီးသည်တွေကို အမှီပြုပြီး အသက်မွေး ဝမ်း ကျောင်းပြုနေရတဲ့ဒေသခံတွေအများကြီးရှိတယ်။ သူတို့လည်း ထမင်းအိုး ကွဲလုနီးပါး ဖြစ် ကုန်ကြတယ်။ ပုဂံ၊ ညောင်ဦးဒေသဆိုတာက အခြားခရီးသွားဒေသတွေနဲ့မတူဘူး။ ဒီဒေသက အိမ်ထောင်စု ၈၀% ကျော်လောက်က ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်ပြီး အသက်မွေးမှု ပြုနေရတယ် ဆိုတဲ့အချက် ကို မေ့လို့မရဘူး။

ဒီပြဿနာက ဘုရားတွေရဲ့ ကြံ့ခိုင်မှုကို ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်ချက်၊ ခရီးသည်တွေရဲ့ ဆန္ဒ၊ ဒေသခံတွေရဲ့ စီးပွားရေး သုံးခုလုံးအတွက် မ ျှခြေရှာဖွေပေးနိုင်မှ ပြေလည်မှာဖြစ်ပါတယ်။ ဖြစ်နိုင် တဲ့ နည်းလမ်းတစ်ခုကတော့ ကြံ့ခိုင်ရေးကောင်းတဲ့ ဘုရားတွေကို ရွေးချယ်၊ တစ်နေ့စာ တက်ခွင့် ရှိတဲ့အရေအတွက်ကို သတ်မှတ် ၊ ဘုရားပေါ်တက်ခွင့်အတွက် လက်မှတ်ရောင်းပေးတဲ့ စနစ် တစ်ခု ( ဥပမာ အွန်လိုင်း ကနေ ) စီစဉ်၊ ဘုရားပေါ်တက်ခွင့်ကို တန်ဖိုးမြင့်မြင့် သတ်မှတ် ရောင်းချ ပေးဖို့ပါပဲ။ အဲဒါဆိုရင် နေဝင်ဆည်းဆာကို တကယ်တန်ဖိုး ထား ခံစားမယ့်သူတွေက ဘုရားပေါ် တက်မယ်။ သာမန်ခံစားလိုသူတွေက လူလုပ်ကုန်း ပေါ်ကနေ ကြည့်လိမ့်မယ်။

အခုလို ဘုရားပေါ်တက်ခွင့်ပိတ်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေလည်း ရှိ သေးတယ်။ အဲဒါကတော့ မြစ်ကမ်းနားမှာ ရှိတဲ့ မြင်ကွင်းကောင်းတဲ့ဘုရားတွေကနေ နေ ဝင် ဆည်းဆာကို ကြည့်နိုင်ဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ်။ အခုထိတော့ ဒီအလုပ်ကို ဒေသခံ ခရီးသွားလမ်းညွှန်တွေနဲ့ ပြည်သူတွေက လုပ်နေတယ်လို့ သိရတယ်။ အစိုးရအနေနဲ့ လူလုပ် ကုန်းတွေ ထပ်ဆောက်နေမယ့်အစား ဧရာဝတီမြစ်ကမ်းနားတစ်လေ ျှာက် နေဝင်ဆည်းဆာ ကြည့် နိုင်မယ့်နေရာလေးတွေကို ဖော်ထုတ်ပေးတာက ပိုပြီး လက်တွေ့ကျမယ်လို့ မြင်ပါတယ်။

အဲဒီလိုသာလုပ်နိုင်မယ်ဆိုရင် နေဝင်ဆည်းဆာကြည့်မယ်သူတွေဟာ ငွေကြေးကုန်ကျခံပြီး ဘုရားပေါ်က ကြည့်မယ့်သူ၊ လူလုပ်ကုန်းက ကြည့်မယ့်သူနဲ့ မြစ်ကမ်းပါးရှုခင်းကောင်းတဲ့ နေရာ တွေက ကြည့်မယ့်သူဆိုပြီး ကွဲပြားသွားလိမ့်မယ်။ ဒေသခံတွေအတွက်လည်း ဘုရား နဲ့ မြစ်ကမ်းပါးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာလိမ့်မယ်။

ကျွန်တော်တွေ့မိတဲ့ နေဝင်ဆည်းဆာကို ခံစားလို့ကောင်းမယ့် ၊ ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာသုံးခုရှိတယ်

တောင်ဘီ လယ်ယားရွာ ရွှေကွန်ချာဘုရား

ညောင်ဦးဘက်က လာရင် ပုဂံမြို့ဟောင်း သရပါတံခါးမရောက်ခင် ညာဘက်ထဲကို ချိုးဝင်သွား ရတယ်။ ဒီနေရာကတော့ သွားရလွယ်တယ်။ လာတဲ့လူလည်းများတယ်။ ဒါပေမယ့် ဘုရားရင်ပြင် က ကျဉ်းတယ်။ နတ်ထောင့် သစ်သားရုပ်စုံကျောင်းနဲ့လည်း နီးတယ်။

ကျွန်တော်လည်း အဲဒီနေရာက နေဝင်ဆည်းဆာကို ဓာတ်ပုံရိုက်ဖို့စောင့်ခဲ့တယ်။ တိမ်ထူနေလို့ တောင်စွယ်နေကွယ်တာကို ရိုက်ခွင့်မရခဲ့ဘူး။

ကျောက်မျက်မော်ဘုရား

ပုဂံ-ချောက်ကားလမ်း မြင်းကပါရွာကျော်ရင် ညာဘက်ထဲကို ဝင်သွားရတယ်။ စိုးမင်းကြီး ဘုရား နဲ့ နီးတယ်။ လမ်းထိပ်မှာ ကျောက်မျက်မော်ဘုရား ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ ကျောက်မျက် မော်ဘုရား ( ဘုရားအမှတ် ၁၁၅၈) က နှစ်ထပ်ဘုရား၊ အပြင်ဘက်က ပြိုကျနေတဲ့အတွက် အတွင်းက ဘုရားကိုလည်း မြင်ရတယ်။ အပြင်လက်ရာက လောကနန္ဒာပုံစံဘုရား၊ အတွင်းက ပျူ ခေတ်လက်ရာဘုရား။ အပြင်နဲ့အတွင်း ဆက်စပ်ထားတဲ့ အုတ်စီလက်ရာတွေစိတ်ဝင်စားဖို့ ကောင်းတယ်။

ဒီနေရာကတော့ မြင်ကွင်းကောင်းတယ်။ ကျောက်မျက်မော်ဘုရားကိုနောက်ခံထားပြီးလည်း ရိုက် လို့ရတယ်။ ဘုရားဘေးမှာ ဆည်းဆာဆိုတဲ့ အကြော်ဆိုင်လေးလည်းရှိတယ်။

ရင်မ နားဘုရား

ညောင်ဦး – ပုဂံကားလမ်းအတိုင်းလာရင် ဥပါလိသိမ်ကျော်တဲ့အခါ ညာဘက်မှာ ရင်မ နား ဘုရား ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ “ရင်မ နား” ဆိုတာက အနော်ရထာမင်းကြီးက လှံနဲ့ထိုးလို့ ကျန်စစ်သားထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာ မောလွန်းလို့ နားရတဲ့နေရာ၊ ရင်ကို မပြီး နားရတဲ့ နေရာ ဖြစ်လို့ခေါ်တယ်လို့ဆိုတယ်။

ရင်မ နားဘုရားကို နောက်ဘက် ကိုက်နှစ်ရာလောက်မှာ ဘုရားပျက်ကုန်းတစ်ခုရှိတယ်။ အဲဒီ ကုန်းပေါ်နေ ပုဂံလွင်ပြင်တစ်ခုလုံးကို မြင်ရတယ်။ နေထွက်ချိန်ရိုက်လို့ကောင်းတယ်။ နေဝင် ချိန် ရိုက်မယ်ဆိုရင်လည်း ပုဂံလွင်ပြင်ကို ဆည်းဆာအရောင်ဟပ်နေတာကို ရိုက်လို့ရမယ်ထင် တယ်။

တန့်ကြည့်တောင်ဘက်ကို မြင်ကွင်းကောင်းကောင်းရိုက်မယ်ဆိုရင်တော့ အဲဒီ ကုန်းဘေးကနေ မြစ်ဘက်ကို ဆင်းသွားတဲ့လူသွားလမ်းလေးရှိတယ်။ ဆိုင်ကယ်သွားလို့ရတယ်။ အဲဒီအတိုင်းကိုက်နှစ်ရာလောက်သွားလိုက်ရင် ဘုရား အမှတ် ၂၀၈၁၊ ၂၀၁၂ ၊ ၂၀၈၃ သုံး ဆူရှိတယ်။ အဲဒီနေရာကတော့ လူအရောက်နည်းတယ်။ နေဝင်ဆည်းဆာကို အေးအေးဆေးဆေး ခံစားလို့ရတယ်။ ဓာတ်ပုံရိုက်လို့ရတယ်။

ပုဂံ အလှ နဲ့ သဘာဝ(၄)

မနှင်း အသုပ်ဆိုင်၊ မင်္ဂလာဆောင်မုန့်ဟင်းခါး

ပုဂံရောက်ဧည့်သည်တွေ ရန်ကုန်မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ ၊နန်းကြီးသုပ် စတာတွေ စားေ နတာ မြင်ရင် အသည်းယားမိတယ်။ ရန်ကုန်ကလာပြီး ရန်ကုန်မုန့်ဟင်းခါး စားဖို့လိုသလား။ ပုဂံက ရန်ကုန်မုန့်ဟင်းခါး က ရန်ကုန်ထက်ပိုကောင်းလို့လား။ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ် ဆိုလည်း ဒီ လိုပါပဲ။ အဲဒီအစားအစာတွေအစား ပုဂံ၊ ညောင်ဦးဒေသခံတွေစားလေ့ရှိတဲ့ နံနက်စာလေးတွေကို စားမယ်ဆိုရင် ပုဂံခရီးစဉ်က ပိုပြီး ပြည့်စုံသွားမှာပေါ့။ ကျွန်တော်ကတော့ ပုဂံ ရောက်ချိန်မှာ အခု လို စားခဲ့ပါတယ်

မနှင်း အသုပ်ဆိုင်

အစဉ်အလာအရ မနှင်းလို့ခေါ်နေပေမယ့် ဒေါ်နှင်းဖြစ်နေပါပြီ။ ဆိုင်ဖွင့်ခဲ့တာ တစ်ပွဲနှစ်ကျပ်ခေတ် ထဲက ဆိုတော့ နှစ်သုံးဆယ်ကျော်၊လေးဆယ်နီးပါးရှိလောက်ပြီ။ အသုပ်ဆိုင်ဆိုပေမယ့် မုန့်ဟင်း ခါးသုပ်တစ်မျိုးပဲရောင်းပါတယ်။

ဆိုင်က ညောင်ဦး၊ ရုံးညောင်ပင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားထောင့်မှာရှိတယ်။ ညောင်ဦး လမ်းမတော်အတိုင်းလာတဲ့အခါ မဏိစည်သူဈေးရှေ့ အဝိုင်းရောက်ရင် ဘယ်ဘက်လမ်းအတိုင်း သွား၊ ခရိုင်ပြန်ဆက်ရုံးကျော်ရင် ဘယ်ဘက်ထဲချိုးပြီး ဆုတောင်းပြည့်ဘုရားနားက မနှင်း အသုပ် ဆိုင်လို့မေးရင် လမ်းညွှန်ပေးပါလိမ့်မယ်။

မုန့်ဟင်းခါးသုပ်ဆိုပေမယ့် မုန့်ဖတ်က ရန်ကုန်မှာ မုန့်တီသုတ်လုပ်တဲ့ နန်းသေး လိုမုန့်ဖတ် ဖြစ် ပါတယ်။ ကြက်သားဟင်း၊ ပဲမှုန့် ၊ ဘဲဥထည့်ပြီးသုပ်ပေးတယ်။ ညောင်ဦးသားတွေကတော့ မုန့် ပျားသလက်ထည့်စားတယ်။ ကျွန်တော်လည်း ထည့်စားကြည့်တယ်။ စားလို့ကောင်းတယ်။

မုန့်ဟင်းခါးသုပ်ကို ကြက်အူချောင်းကျော်၊ ရိုးရိုးအကြော်တွေနဲ့ တွဲစားရတယ်။ ကြက်အူချောင်း ကိုက်လိုက်၊ မုန့်ဟင်းခါးသုပ်တစ်ဇွန်းစားလိုက်ရင် အတော်အစပ်တည့်တယ်။ ဒီဆိုင်မှာ ဟင်းရည် နှစ်မျိုးချပေးတယ်။ တစ်မျိုးက ကျွန်တော်တို့ နန်းကြီးသုပ်စားရင် ပါနေကျ ဟင်းချိုမျိုး၊ နောက် တစ်မျိုးက ကုလားပဲ ဟင်းရည်။ ပဲမှုန့်ကို ချက်တာမဟုတ်ဘူး။ ကုလားပဲကို ပြုတ်ပြီးချက်ထား တာဖြစ်လို့ အတော်ဆိမ့်တယ်။

မုန့်ဟင်းခါးသုပ်တစ်ပွဲ ၇၀၀၊ မုန့်ပျားသလက်ထည့်ရင် ၇၅၀၊ ကြက်အူချောင်းတစ်ချောင်း ၁၅၀။ မနက် ၁၁ နာရီလောက်အထိပဲဖွင့်တယ်။ ပုဂံမြို့သစ် ဒေါ်မှတ်ကြီး ခေါက်ဆွဲသုပ်ထက် ပိုကောင်း တယ်။

မင်္ဂလာဆောင်မုန့်ဟင်းခါး
ညောင်ဦး လမ်းမတော်အတိုင်း E Bike စီးတဲ့အခါ “ မင်္ဂလာဆောင် မုန့်ဟင်းခါး ရသည်” လို့ ရေး ထားတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ မင်္ဂလာဆောင်အတွက် အော်ဒါလက်ခံတယ် လို့ထင်တယ်။ မဟုတ်ဘူး။ ပုဂံ၊ ညောင်ဦးဒေသ မင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ မုန့်ဟင်းခါးကို ပြောတာ၊ ရန်ကုန် မုန့်ဟင်းခါးနဲ့ ဟင်းချက်ပုံမတူဘူးလို့ပြောတယ်။

ညောင်ဦးမှာက မင်္ဂလာဆောင်မုန့်ဟင်းခါးကို မွန်းလွဲပိုင်းကျမှရောင်းတာများတယ်။ မနက် ပိုင်း ရောင်းတာကို ရှားရှားပါးပါး သံတဲဟိုတယ်လမ်းဆုံ နားမှာ ရှာတွေ့တယ်။

မင်္ဂလာဆောင်မုန့်ဟင်းခါးဆိုတာက ကုလားပဲနဲ့ ကြက်သားနဲ့ချက်တာ။ မင်္ဂလာ ဆောင်အတွက်ချက်တဲ့အခါ ဒယ်ကြီး တစ်ဒယ် ဆိုရင် ကုလားပဲလေးပြည်၊ ကြက်သားနှစ်ပိဿာ ( ငွေတတ်နိုင်ရင် သုံးပိဿာအထိထည့်တယ်)၊ မုန့် ဖတ် အချိန်အစိတ်။ ဒါဟာ လူတစ်ရာစာအတွက် စံသတ်မှတ်ချက်ပဲ။

ဟင်းရည်ချက်တော့ ကုလားပဲလေးပြည်ထဲက တစ်ပြည်ကို အမှုန့်ကြိတ်တယ်။ သုံးပြည်ကို ပြုတ်ပြီးတော့ ချေတယ်။ ပဲမှုန့်ကို အဆာပလာတွေနဲ့ ဆီသတ်၊ ပြီးရင် ပြုတ်ပြီး ချေထားတဲ့ ကုလားပဲကို ထည့်မွှေ၊ မွှေးလာရင် ကြက်သားချက်ထား တာကို ထည့်၊ လိုတဲ့အနေအထားရပြီဆိုတော့မှ ဒယ်အိုးနှုတ်ခမ်းအထိ ရေထည့်ပြီးမွှေ၊ လက်လေး လုံးလောက်ရေကျသွားရင် ဟင်းရည်ရပြီ။

ညောင်ဦး မင်္ဂလာဆောင်မုန့်ဟင်းခါးက မုန့်ဖတ်အမ ျှင်ကြီးတယ်။ ပြီးတော့ ပျစ်ပျစ်စားတာ။ ကျွန်တော်တို့အတွက်တော့ ဟင်းရည်ထပ်တောင်းဖို့လိုမယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့ ကွာတာ ကတော့ ဟင်းရည်အရသာပဲ။ ပျစ်ပျစ်နှစ်နှစ်ရှိတယ်။ လေးလေးပင်ပင်နဲ့ ဆိမ့်တယ်။ ဟင်းရည် လိုက်ပွဲတောင်းရင်လည်း ရန်ကုန်ဆိုင်တွေလို နည်းနည်းလေးထည့်ပေးတာမဟုတ်ဘူး။ အားပါး တရထည့်ပေးတယ်။ အကြော်ကတော့ ကျွန်တော်တို့အခေါ် မန္တလေးပဲကြော်နဲ့တွဲစားတယ်။ တစ်ပွဲမှ ငါးရာ ၊ တန်ချက်ကတော့ ပြောမနေနဲ့။

တောင်ဘီ ငချိတ်ပေါင်း

ညောင်ဦး လမ်းမတော်အတိုင်း စည်ပင်သာယာ ပန်းခြံ ကျော်ပြီးနည်းနည်းလေးသွားလိုက်ရင် လမ်းညာဘက် အခြမ်း မှာ တောင်းလေးနဲ့ချရောင်းတာ။ မနက်စောစော ထွက်တယ်။ တောင်ဘီရွာက လာရောင်းတာ။ ဒီလမ်းဘေးနေရာလေးမှာ အဖွားလက်ထက်ထဲက ရောင်းလာတာ အခုမြေးလက်ထက် အထိပဲ။ ငချိတ်ပေါင်းကောင်းတယ်။ ကျွန်တော်ကတော့ ငချိတ်ပေါင်းကို မနှင်းဆိုင်ကို ယူသွား၊ အဲဒီဆိုင် မှာ ဆီလေးနဲ့နယ်ပြီး မုန့်ဟင်းခါး သုပ်၊ ကောက်ညှင်းပေါင်း ၊ ကြက်အူချောင်းကြော် ပေါင်းစားလိုက် တဲ့ အခါ ဘာပြောကောင်းမလဲ။

ရွှေစည်းခုံ အကြော်ဆိုင်

ရွှေစည်းခုံတောင်ဘက်စောင်းတန်းကွင်းပြင်ထဲမှာရောင်းတယ်။ ဒီဆိုင်က ပခုက္ကူဘက်က ဆိုင်၊ အရင်က ဘုရားပွဲတွေလှည့်ရောင်းတာ၊ အခု ကိုဗစ်ကြောင့် ဘုရားပွဲတွေမရှိလို့ ရွှေစည်းခုံမှာ ဆိုင် ဖွင့်ထားတာ။ ဘူးသီးကြော်ကောင်းတယ်။ ဘယာကြော်ကောင်းတယ်။ မုန့်ပျားသလက် လည်း ရတယ်။ ညောင်ဦးက မုန့်ပျားသလက်က ပဲစေ့တွေဘာတွေမထည့်ဘူး။ ဆန်မှုန့်သက်သက် ပလိန်း။ မုန့်ပျားသလက်ကို မန်းကျည်းအချဉ်ရေနဲ့တို့စားတာ ပထမဆုံးအကြိမ်စားဖူးတာပဲ။ မစားဖူးသေးရင် စမ်းစားကြည့်ပါ။ ကျွန်တော်ကတော့ အကြော်စားတဲ့ အပြင် ညစာ အတွက် မန်းကျည်းအနှစ်ရေနဲ့ စပ်စပ်လေးသုပ်ထားတဲ့ ဘူသီးကြော်သုပ် တစ်ပွဲ ပါဆယ်ဆွဲပြီး ထမင်းနဲ့စားခဲ့သေးတယ်။

အကြော်တစ်ပွဲ ငါးရာ၊ မုန့်ပျားသလက်တစ်ခု ငါးဆယ်။ ဆိုင်က မွန်းလွဲပိုင်းမှ ဖွင့်တယ်။ ခြောက် နာရီလောက်ဆိုရင်ကုန်ပြီ။

လက်ဖက်ရည်

ရန်ကုန်ကို လွမ်းမိတာတော့ လက်ဖက်ရည်ပဲ။ ပုဂံ၊ ညောင်ဦးမှာ ကျွန်တော်ကြိုက်တဲ့ လက်ဖက် ရည် သန့်သန့်လေးရောင်းတဲ့ဆိုင်ရှာမတွေ့ခဲ့ဘူး။

ပုဂံ အလှ နဲ့ ဘ၀ (၃)

ရေချမ်းစင်

ပုဂံရောက် ၊ ဟိုတယ်မှာ ပစ္စည်းချပြီးတာနဲ့ E Bike နဲ့ မင်းနန်သူ ရွာဘက်ထွက်ခဲ့တယ်။ လေယာဉ်ကွင်းလမ်း ဆုံမရောက်ခင် ညာဘက်ချိုးပြီး စိုက်ပျိုးရေးဝင်းထဲကို ဖြတ်တယ်။ အဲဒီနေရာက တမာပင်တန်း လေးက ဓာတ်ပုံရိုက်လို့ကောင်းတယ်။ တမာလမ်းကို ဖြတ်ရင်း ညာဘက်ကို လှမ်းကြည့်လိုက် တဲ့အခါ နန်းမြင့်မေ ျှာ်စင်ကို လှမ်းမြင်ရတယ်။ ဒီမေ ျှာ်စင်ဟာ ရှေးဟောင်းဇုန်ထဲမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ခြင်းမပြုရဘူး ဆိုတဲ့ ကန့်သတ်ချက်ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခဲ့တဲ့ ပြယုဂ်တစ်ခု၊ ခရိုနီ နဲ့ လုပ်ပိုင်ခွင့်ရှိသူပေါင်းမိရင် ဥပဒေအထက်မှာ နေလို့ရတယ်ဆိုတဲ့ သာဓကတစ်ခုပဲ။

ဒါပေမယ့် ခေတ်တွေဘယ်လိုပြောင်းပြောင်း ခရိုနီခေါ်ခေါ်၊ တိုင်ကွန်ခေါ်ခေါ် ဒီကပ်ပါးမျိုးစိတ် ကိုတော့ သတ်လို့မရဘူး။ အခုလည်း ရှေးဟောင်းဇုန်ထဲမှာ ဟိုတယ် အသစ် တွေ ဆောက်ဖို့ပြင်နေတာတွေတွေ့ရတယ်။ တစ်ချို့စီမံကိန်းတွေထဲမှာ ရှေးဟောင်း ဘုရားတွေပါနေတယ်။ တစ်ချို့ကတော့ ဂူပြောက်ကြီးလို ရှေးဟောင်းတန်ဖိုးကြီးမားတဲ့ ဘုရား ခြံစည်းရိုးနဲ့ကပ်ပြီးဆောက်နေတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဟိုတယ်/ တည်းခို ခန်း လိုင်စင်လေ ျှာက်ထားသူတွေ လိုင်စင်ရဖို့ အချိန်အကြာကြီးစောင့်နေရချိန်မှာ တစ်ချို့ ဟိုတယ် ကြီးတွေကတော့ နောက်မှလာပြီး မောင်ဦးခေါ်တာတွေလည်းရှိသတဲ့။

ညောင် ဦး၊ ကျောက်ပန်းတောင်းလမ်းဘေး၊ မင်းနန်သူရွာကို သွား တဲ့ လမ်းဘေးမှာ မကြာခင်ကမှ ယာမြေတွေကိုဝယ်ပြီးခြံခတ်ထားတာတွေ မြင်ခဲ့ရတယ်။ လမ်းဘေး အကွက်တွေကို ဆက်ပြီး ဝယ် လိုက်တော့ အစဉ်အဆက်သုံးခဲ့တဲ့ လှည်း လမ်းတွေပါသွားတယ် ။ မြေပိုင်ဆိုင် ခွင့်နဲ့ ပတ်သက် တဲ့အာဏာပိုင်တွေကလည်း ကွင်းဆင်း မကြည့် တာလား၊ ကြည့်ပေမယ့် မမြင်တာလားမသိဘူး။ လှည်းလမ်းတွေပါထည့်ပြီး ပိုင်ဆိုင်ခွင့်ပေးလိုက် တော့အတွင်းမှာရှိနေတဲ့ ယာခင်းပိုင်ရှင်က ဝင်လို့မရတော့ဘူး။ တစ်မေ ျှာ်တစ်ခေါ် ပတ် ပြီး သွားရင်သွား။ မသွားနိုင်ရင် လုပ်ငန်းရှင်ကို ထိုးရောင်းဖို့ပဲရှိတယ်။ ဒီဖြစ်စဉ်တွေဟာ အရင်က လည်း ရှိခဲ့ဖူးတယ်။ ပြောင်းလဲပြီဆိုတဲ့ခေတ်မှာလည်း ဆက်ရှိနေတယ်။ နောင်လည်းရှိဦးမှာပဲထင်တယ်။

ဖွားစောရွာနားရောက်တော့ လမ်းညာဘက်မှာ ဆုတောင်းပြည့်စေတီရှိတယ်။ စေတီကတော့ ပြန်ပြင်ထားလို့ ရှေးဟောင်းလက်ရာမကျန်တော့ဘူး။ ဒါပေမယ့် စေတီဝင်းထဲက အုပ်ကျောင်း အဟောင်းကြီးမှာ အင်္ဂတေပန်းတွေ၊အရုပ်တွေကျန်သေးတယ်။ လက်ရာလည်းကောင်းတယ်။ အနုစိတ်တယ်။

ဆုတောင်းပြည့်စေတီနဲ့မျက်နှာချင်းဆိုင် ယာခင်းထဲမှာ ကျောက်တိုင်တစ်ခုရှိတယ်။ ချုံတွေ ကွယ် နေလို့ ကားလမ်းပေါ်ကနေ သေသေချာချာမတွေ့ရဘူး။ အဲဒီကျောက်တိုင်မှာ တမ္မဝတီ နန်းတော် နေရာလို့ စာတမ်းထိုးထားတယ်။ ဒီနေရာက ဒုတိယမြောက်ပုဂံနန်းတော်ရာပေါ့။ ပထမ နန်းတော်ရာက တုရင်တောင်အရှေ့ဘက်က ယုန်လွတ်ကျွန်း၊ တတိယနေရာက သီရိပစ္စယာ ကျောက်စံကားအရပ် နဲ့ လက်ရှိနန်းတော်ရာဟောင်းက စတုတ္ထမြောက်နန်းတော် လို့ ဆိုကြပါတယ်။

ကျောက်တိုင်ပတ်ဝန်းကျင်မှာတော့ ယာခင်းတွေပဲရှိတယ်။ နန်းတော်ရာဟောင်း နဲ့ပတ်သက် တဲ့ အမှတ်အသားတွေ ဘာမှမရှိတော့ဘူး။ တစ်ချို့ယာခင်းတွေကတော့ ခြံစည်းရိုးအသစ်တွေ ကာ ထားတယ်။ ဒီကျောက်တိုင်နားက ယာကွက်တွေရောင်းလိုက်တဲ့အခါ ဒီကျောက်တိုင်ရော ဟိုတယ် ထဲကို ပါသွားဦးမလား။

အပြင်မှာ ပူသလို ရင်လည်းပူတယ်။ ဆိုင်ကယ်စီးတော့ လေပူတိုက်တယ်။ အပူနဲ့ နပန်းလုံးနေ တုန်း သစ္စာဝတီဘုရားလမ်းခွဲအကျော် လမ်းဘေး တမာပင်ရိပ်မှာ ဝါးတဲလေးတစ်ခု နဲ့ ရေအိုးစင်လေးကို လှမ်းမြင်လိုက်တော့ ခဏနားရအောင်လို့ ကိုဇော်ကြီးကို ပြောလိုက်တယ်။ ရေသန့်ဘူးပါလာပေမယ့် အခုလို အချိန် မှာ သဲအိုးထဲက ရေအေးအေးလေးကို သောက်ချင်တာ။

အဝေးကကြည့်တော့ သာမန် ရေအိုးစင်လေးလို့ထင်ပေမယ့် မဟုတ်ဘူး။ ရေအိုးစင်လေးမှာ ထန်းလျက်ထုပ်လေးတစ်ထုပ်ချိတ်ထားတယ်။ နေပူထဲမှာ ခရီးပန်းလာသူတစ်ယောက် ရေအေး အေးလေးတစ်ကျိုက်၊ ထန်းလျက်ခဲလေးတစ်ကိုက်နဲ့ အမောဖြေစေချင်တဲ့ အလှုရှင်ကို လေးစား မိတယ်။ ရေသောက်တယ်။ ထန်းလျက်တစ်ခဲယူတယ်။ ဝါးကြမ်းခင်းပေါ်မှာလဲှအိပ်လိုက်တယ်။ တမာရိပ်၊ ဝါးကြမ်းခင်း၊ဝါးတဲ ၊ ရင်ထဲမှာအေးမြသွားတယ်။

ကြမ်းခင်းမှာလှဲအိပ်လိုက်မှ တဲခေါင်မိုးအောက်က ဆင့်လေးကို သတိထားမိတယ်။ ဆင့်လေး ပေါ်မှာ ဖတ်စရာစာအုပ်လေးတွေတင်ထားတယ်။ အင်္ဂလိပ်စာအုပ်တစ်အုပ် လည်း တွေ့တယ်။ ခရီးသွားသူတွေက ထားခဲ့တာလား၊ အလှုရှင်ရဲ့စေတနာလား ။ ထူးခြား လှတဲ့ ဒီတဲလေးနားမှာ ဘာတွေရှိသေးလို့ လေ့လာလိုက်တော့ အနားက ထနောင်းပင်ကိုင်းမှာ လည်း မြေအင်တုံ လေးတစ်လုံး တွဲလောင်းဆွဲထားတာကို တွေ့ရတယ်။ ငှက်လေး တွေရေသောက်ဖို့ ပေါ့။ ရေ သောက်ဆင်းတဲ့ ငှက်လေးတွေ မတွေ့ရပေမယ့် ပျားကောင်လေးတွေ အိုးနှုတ်ခမ်းမှာ နားနေ တာ မြင်ခဲ့ရတယ်။

ဒီလိုတဲမျိုးလေးတွေ အများကြီးရှိတယ်၊ မနက်ဆိုရင် အလှုရှင်တွေက ဆိုင်ကယ်လေးနဲ့ ရေလိုက် ဖြည့်တယ်တဲ့။ ခုခေတ်ပုဂံသူ၊ ပုဂံသားတွေဟာ တစ်ချိန်က ပုဂံသူ၊ပုဂံသားတွေလို ဘုရားအဆူဆူ မတည်နိုင်ပေ မယ့် ရေချမ်းစင်လေးတွေနဲ့ ကုသိုလ်ပြုနေတာ လေးစားစရာပဲ။

တဲလေးကနေ ဆက်ထွက်တယ်။ ပုဂံမြို့သစ်မရောက်ခင် လမ်းဘယ်၊ ညာမှာတော့ စားသောက် ဆိုင် နဲ့ ဟိုတယ်တွေ၊ ပိတ်ထားတာလည်းရှိ၊ ဖွင့်တာလည်းရှိ၊ ဆောက်လုပ်ဆဲတွေလည်း ရှိ တယ်။ အားလုံးကတော့ ပြည်ပခရီးသွားတွေပြန်ဝင်လာမယ့်အချိန်ကို စောင့်နေကြတယ်။

ပုဂံမြို့သစ်အဝင်ရောက်တော့ ညာဘက်မြေလမ်းလေးအတိုင်းကွေ့ဝင်လိုက်တယ်။ အဲဒီလမ်း အတိုင်းဝင်သွားရင် အုတ်ကျောင်းပျက်တစ်ခု၊ အုတ်ကျောင်းတိုက်တစ်ခု ရှိတယ်။ အုတ်ကျောင်း တိုက် နှစ်ခုရဲ့နောက်ဘက်မှာ ဘုန်းကြီးကျောင်းတစ်ခုရှိတယ်။ အုတ်ကျောင်းက အုတ်ကျောင်း အမှတ် ၁၁၁၂ တာမဏီအုတ်ကျောင်းလို့ခေါ်တယ်။ ကျောင်းပျက်ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်တဲ့သူများလို့ထင်တယ်။ ကျောင်းနားမှာ ပုသိမ်ထီးငှားရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ့ တယ်။ ကျောင်းအတွင်းထောင့်လေးမှာ ပုသိမ်ထီးတွေ စုပြီးသိမ်းထားတယ်။ ကျောင်းပျက် နံရံ ပေါ်ကနေကြည့်ရင် ပုဂံရှုခင်းကိုကောင်းကောင်းမြင်ရတယ်။

ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့ ဧရာဝတီသတင်းမှာ ဒီ တာမဏီကျောင်းစု အနားမှာ ခွင့်ပြုချက် မရဘဲ မြေဝယ်ခြံစည်းရိုးခတ်လို့ ရှေးဟောင်းသုတေသနဌာနက ဖယ်ရှားခိုင်းတဲ့အကြောင်း သတင်း ဖော်ပြခဲ့ဖူးတယ်။ ရှေးဟောင်းဇုန်ထဲမှာ ခွင့်ပြုချက်မရဘဲ ခြံစည်းရိုးကာ၊ အဆောက်အဦဆောက်ဖို့ လုပ် တာကို ဖယ်ရှားခိုင်းတာ ကောင်းတဲ့လုပ်ဆောင်ချက်ပဲ။ ဒါပေမယ့် ရှေးဟောင်းသုတေသနဌာနခွဲအနေနဲ့ အဲဒီလို လုပ်တဲ့သူတိုင်းကို ပြတ်ပြတ်သားသား ကိုင်တွယ်ရဲသလားလို့တော့ စဉ်းစားမိတယ်။

တာမဏီကျောင်းစုကနေ ရွှေဆံတော်ဘက်ကို မြေလမ်းအတိုင်းဆက်ထွက်ခဲ့တယ်။ လမ်းဘေး ဝဲယာမှာ စေတနာရှင်လုပ်အားပေးတွေက သစ်ပင်လေးတွေစိုက်ထားတာတွေ့တယ်။ တစ်ချို့ လည်း သေကုန်ပြီ၊ တစ်ချို့ကလည်း မိုးကိုမေ ျှာ်ရင်း ယိုင်နဲ့နဲ့။ လမ်းတစ်ဝက်မှာ သဲချောင်း လေး တစ်ခုတွေ့တယ်။ ချောင်းကမ်းပါးဘေးမှာ မန်ကျည်းပင်အကြီးကြီး၊ ဇရပ်တစ်ဆောင်၊ အုတ်ရေ ချမ်းစင်တစ်ခု၊ ဆိုင်ကယ် နှစ်စီးနဲ့ လူနှစ်ယောက်တွေ့တယ်။

မန်ကျည်းရိပ်မှာခဏနားတယ်။ မြေပေါ်ကို ထိုးကျနေတဲ့မန်ကျည်းကိုင်းကြီးမှာ မြေအင်တုံတစ်ခု နဲ့ သစ်သားပြားတစ်ခု ချိတ်ထားတယ်။ အင်တုံထဲမှာ ကျေး ငှက် တိရိစ္ဆာန်လေးတွေအတွက် သောက်ရေ၊ သစ်သား ပြားပေါ်မှာ ထမင်းကြမ်းခဲတွေ။ ကျွန်တော်တို့ကိုမြင်တော့ ရှဉ့်လေးတစ် ကောင်ထွက်ပြေးသွားတယ်။

နားနေတဲ့လူနှစ်ယောက်က ပုဂံမြို့သစ်ဘက်ကို အလာ လမ်းမှာ မြင်ခဲ့ရတဲ့ ခြံတစ်ခြံမှာ သစ်ပင် စိုက်နေတဲ့သူတွေ။ ခြံက ဘယ်လောက်ကျယ်လဲလို့မေးတော့ မသိဘူး။ ဒါပေမယ့် ကျယ်လွန်းလို့ အစောင့်မိသားစု နှစ်စု ထားရတယ်တဲ့။ ခြံပိုင်ရှင်က သစ်ပင်စိုက်ဖို့ မြေယာရှုခင်း လုပ်ငန်းတစ်ခုကို ငှားထားတယ်။ အဲဒီလုပ်ငန်းက ပုဂံညောင်ဦးပတ်ဝန်းကျင်က မန်ကျည်း၊ တမာ၊ ထန်း လူတစ်ရပ် လောက်အရွယ်တွေကို ဝယ်ပြီး ရွှေ့စိုက်ပေးတယ်။ ရွှေ့စိုက်မယ့်အပင်တွေကို ကရိန်းနဲ့မပြီးရွှေ့ ရတယ်။ သူတို့လုပ်ငန်းဘက်က ခြောက်လအထိ တာဝန်ယူထိန်းသိမ်း ပေးတယ်။ ခြောက်လ အတွင်း သေရင် ပြန်စိုက်ပေးရတယ်။ ခြောက်လကျော်ရင် ခြံရှင်တာဝန်ဖြစ်သွားပြီ။ ခြံ ရှင်က ဟိုတယ်ဆောက်ဖို့အတွက် သစ်ပင်တွေကို အကွက်ချ စိုက်နေတယ်လို့ ပြောတယ်။

သူတို့ပြောတာနားထောင်ရင်း ကျွန်တော့်မျက်စိထဲမှာတော့ ဒေသခံစေတနာရှင်လုပ်အားပေးတွေ စိုက်ထားတဲ့ တစ်တောင် လောက်၊ တစ်ထွာလောက် ယိုင်နဲ့နဲ့ ပျိုးပင်လေးတွေကို ပဲ မြင်ယောင်နေမိတယ်။ ကွက်ကြားမိုးက ပျိုးပင်လေးတွေအတွက်ရေမပေးနိုင်ဘူး။

ပုဂံ အလှ နဲ့ ဘ၀ (၂)


ရွှေကြယ်၊ ငွေတောင် နဲ့ ကိုဇော်ကြီး
ကျွန်တော့် အစီအစဉ်နဲ့ ကျွန်တော်စိတ်ကြိုက်ခရီးသွားခွင့်ရတဲ့အခါ ဒေသခံဟိုတယ်လေးတွေ မှာ တည်းဖို့ကြိုးစားတယ်။ ဒေသခံတွေရဲ့ စားသောက်ဆိုင်လေးတွေမှာပဲ စားချင်တယ်။ ဒေသခံ ဆိုတာက ဒီဒေသ မှာပဲရင်းနှီးမြှပ်နှံ၊ ဒေသနဲ့ ကောင်းအတူ ၊ ဆိုးဘက်နေတဲ့သူတွေ။ အပြင်က လာတဲ့လုပ်ငန်းရှင် ဆိုတာက အကျိုးအမြတ်ရှိမယ်ဆိုရင်နေမယ်၊ မမြတ်ရင် ပြန်ပြေးမယ် ဆိုတဲ့သူတွေလေ။ နောက်ပြီး ဟိုတယ်သေးသေး၊ ဆိုင်သေးသေးလေးတွေမှာ လေ့ကျင့် ထားတဲ့အပြုံးတွေမမြင်ရဘူး၊ အလွတ်ကျက်ထားတဲ့ နှုတ်ဆက်သံမကြားရဘူး။ တူညီ ဝတ်စုံ တွေ မတွေ့ရဘူး။ နွေးထွေးတယ်၊ မိသားစုဆန်တယ်၊ ဒေသအကြောင်း၊ တောအကြောင်း၊ တောင် အကြောင်း စကားစမြည် ပြောလို့ရတယ်။
ပုဂံကိုလာမယ်ဆိုတော့ ညောင်ဦးမြို့ထဲမှာနေဖို့စဉ်းစားတယ်။ နိုင်ငံခြားခရီးသွားဝက်ဘ်ဆိုက်တွေ ကို ကြည့်ပြီး Gold Star ဆိုတဲ့ ဟိုတယ်လေးကို ရွေးလိုက်တယ်။ နိုင်ငံခြားသား ဘတ်ဂျက်ခရီး သွားတွေက ဒီဟိုတယ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ချီးကျူးထားတယ်။ နေရာ ကလည်း ရွှေစည်းခုံဘုရားနဲ့ရော၊ စားသောက်ဆိုင်တွေစုံတဲ့ သီရိပစ္စယာ(၄) လမ်းနဲ့ရော နီး တယ်။
ဖုန်းဆက်ပြီး အခန်းကြိုယူလိုက်တယ်။ နှစ်ယောက်ခန်းမှာ တစ်ယောက်ထဲနေရင် တစ်သောင်း ငါးထောင်၊ ခရီးသည် နည်းတဲ့အချိန်ဆိုတော့ Wave Money နဲ့ စရန်လွှဲပေးဖို့မလိုဘူး။ ကားဂိတ်ကိုလာကြိုခိုင်းရင် ကားခ ထပ်ပေးရတယ်။ အောင်မင်္ဂလာက မထွက်ခင် ဟိုတယ်က လှမ်းဖုန်းဆက်တယ်။ ထွက် လာပြီလားလို့မေးတယ်။ ကျောက်ပန်းတောင်းရောက်ရင် သူတို့ကို ဖုန်းဆက်ပါတဲ့။ ညောင် ဦး ဂိတ်ရောက်တော့ ပိုင်ရှင်က ခွေးဘီလူးကားလေးနဲ့လာကြိုတယ်။ ဟိုတယ်ပိုင်ရှင်ဇနီးမောင်နှံက ညောင်ဦးမြို့နယ်၊ သန့်စင်ကြယ်ရွာဇာတိတွေ။ ကျေးလက်ကနေ မြို့တက်လာပြီး ခရီးသွားလုပ်ငန်းလုပ်နေသူတွေပေါ့။
ဟိုတယ်က သေးသေးပဲ၊ ညောင်ဦးလမ်းမတော်လမ်း ကနေ တစ်ကွက်ငုတ် နေရာမှာရှိတယ်။ စည်ပင်ပန်းခြံဘေးလမ်းကဝင်ရတယ်။ ဟိုတယ်ဘေးလမ်းကြားနေသွားရင် ရွှေစည်းခုံ ဘုရား အရှေ့ဘက်စောင်းတန်းကို ငါးမိနစ်လောက်ပဲ လေ ျှာက်ရတယ်။ ဟိုတယ်က အခန်းနှစ်ဆယ် ပဲရှိတယ်။ အောက်ထပ်မှာ ခြောက်ခန်း ၊ ပထမထပ်နဲ့ ဒုတိယထပ်မှာ ခုနှစ်ခန်းစီ။ ဒုတိယထပ်နဲ့ တတိယထပ်က ၂၀၇၊ ၃၀၇ ဆိုတဲ့အခန်းတွေက သုံး ယောက်ခန်း၊ မျက်နှာစာ ဖြစ်လို့ ပြူတင်းပေါက်ကျယ်တယ်။ နှစ်ယောက်ထဲသွားပေမယ့် ကျယ် ကျယ်နေချင်တယ်၊ လေဝင် လေထွက်ကောင်းချင်တယ်ဆိုရင်တော့ အဲဒီအခန်းတွေမှာနေပေါ့။
နှစ်ယောက်ခန်းတွေကတော့ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး အတိပဲ။ ရေချိုးခန်းတွဲရက်၊ လေအေး စက်ရှိတယ်။ ပန်ကာရှိတယ်။ မီးမလာလို့မီးစက်မောင်းပေးရင် လေအေးပေးစက်ဖွင့်လို့မရဘူး။ ပန် ကာပဲဖွင့်လို့ရမယ်။ သူ့ဈေးနဲ့ သူနေပျော်တဲ့အခန်းပါပဲ။ အရင်ကတော့ မနက်စာကို ခေါင်မိုး ပေါ်က စားသောက်ခန်းမှာကျွေးတယ်။ အခုတော့ ကိုဗစ်ကာလဖြစ်လို့ ဝန်ထမ်းတွေကို လစာ တစ်ဝက်နဲ့ နားခိုင်းထားရလို့ မကျွေးနိုင်ဘူး။ ဒါပေမယ့် အပြင်က ဝယ်လာရင်တော့ ပြင်ပေး ပါတယ်။ ကျွန်တော်ကတော့ ညစာကို အပြင်က ဝယ်လာပြီးခေါင်မိုးပေါ်မှာစားတယ်။
ပုဂံမှာ မြန်မာထမင်းဟင်း ဘူဖေးဆိုင်ကြီးတွေရှိပေမယ့် မစားဖြစ်ဘူး။ ကျွန်တော်က ဟိုတယ်တွေ မှာ ကျွေးသလို ဟင်းတွေခင်းထားပြီးစားနိုင်သလောက်ထည့်ယူရတဲ့ ဘူဖေးကို စားပေမယ့် ဟင်း တွေကို အကုန်လာချပေးတဲ့ ဘူဖေးစနစ်ကျတော့ အတွေးခေါင်ပြီး မစားဖြစ်ဘူး။ ဒါ့ကြောင့်တစ်ခါပြင် ဘယ်လောက် ဆိုတဲ့ ဆိုင်လေးတွေပဲ ပိုအာသီသရှိတယ်။
ပုဂံမှာတော့ မိတ်ဆွေတစ်ယောက်ထောက်ခံလိုက်တဲ့ ရွှေစည်းခုံဘုရားကွင်း ထဲက ငွေတောင်ဆို တဲ့ ဆိုင်လေးမှာစားဖြစ်တယ်။ ဆိုင်ပိုင်ရှင်အမျိုးသားက အဖျောက်ဘက်က ဆံထုံးနောက်ယောင် ပါလာတာ။ လူလတ်ပိုင်းပဲ။ ဆိုင်က ပြီးခဲ့တဲ့ ဒီဇင်ဘာကမှဖွင့်တာ။ ကိုဗစ်ကိုက်ကြောင့် သုံးလ လောက် နားထားပြီး ဒီလဆန်းရောက်မှ ပြန်ဖွင့်တာ။ ဆိုင်က အခိုင်အခန့်မဟုတ်ဘူး။ အိမ်မှာ ချက်၊ မနက် ကားနဲ့လာဖွင့်၊ ညဘက်ပြန်သိမ်းတဲ့ဆိုင်ပါ။
ပိုင်ရှင် ကိုငြိမ်းချမ်းစိုးဆိုတာ အရင်က နိုင်ငံခြားသင်္ဘောလိုင်းမှာ ချက်ကြီး လုပ်ခဲ့တာဆိုတော့ ချက် တာရော၊ သပ်ယပ်သန့်ရှင်းမှုရော အဆင်ပြေတယ်။ အညာစာလေးတွေလည်း ဟင်းရန် အဖြစ်ချ ပေးတယ်။ ကျွန်တော် ကတော့ ဝက်သားပုန်းရည်ကြီး၊ ငါးတန်ပုန်းရည်ကြီးဟင်း၊ ဘဲဥ ပုန်းရည် ကြီးဟင်းတွေပဲ စားခဲ့တယ်။ အခုအချိန်က ငါးတန်ပေါတဲ့အချိန်ဆိုတော့ ငါးတန်ပုန်းရည် ကြီးကို စားဖြစ်အောင်စားကြည့်ဖို့တိုက်တွန်းချင်တယ်။ ထူးထူးခြားခြား အဲဒီဆိုင်က လက်ဖက် သုပ်က ရန်ကုန်ဒေါ်ရိပ်ကြီးစတိုင်ပဲ။ ဒေါ်ရိပ်ကြီး ကို သိတယ်ဆိုရင် အဲဒီဆိုင်မှာ လက်ဖက်သုပ် နဲ့ ထမင်းဖြူစားသင့်တယ်။
ပုဂံမှာလည်မယ်ဆိုတော့ ကျွန်တော်က သွားနေကျ ဘုရားတွေမသွားချင်ဘူး။ ထူးခြားတဲ့ နေရာ တွေသွားချင်တယ်၊ လူနေမှုဘဝတွေလေ့လာချင်တယ်၊ လက်တွေ့အခြေအနေတွေကို ကြားချင် တယ်။ အဲဒီလို လိုက်ပြလမ်းညွှန်ပေးနိုင်မယ့်သူကို ရှာတော့ ဟိုတယ်က ကိုဇော်ကြီး ဆိုတဲ့ ခရီး သွားလမ်းညွှန်နဲ့ချိတ်ပေးတယ်။ သူကလည်း အသက်လေးဆယ်ကျော်ငါးဆယ်တန်းဆိုတော့ ကျွန်တော်နဲ့ ဖြတ် သန်းလာတဲ့ခေတ်မကွာလှဘူး။ ယခင်၊ ယခု အခြေအနေကို ယှဉ်ပြော နိုင်တယ်။ ညောင်ဦး ဇာတိ လည်းဖြစ်တယ် ဆိုတော့ အသိအကျွမ်းများတယ်၊ ဗဟုသုတ စုံတယ်။ ဘော်ဒါ လိုပေါင်းလို့ရတယ်။ ဒီလိုနဲ့ နေ့တိုင်း သူ့ လ ျှပ်စစ်ဘီးနောက်က ထိုင်ပြီး ပုဂံ တစ်ခွင်ပြဲပြဲစင်အောင်ခရီးနှင်ခဲ့တယ်။
ပထမဆုံးစရောက်တဲ့နေ့က ဟိုတယ်ပိုင်ရှင် ဦးဝင်းခိုင်ရော၊ ကိုဇော်ကြီးရော က ကျွန်တော့်ကို မသိဘူး။ နောက်မှ ဟိုတယ်မန်နေဂျာလုပ်တဲ့ ကိုမောင်ဦးဆိုတဲ့သူက မှတ်မိပြီး ပြောလိုက်တော့ မှ သိသွားတယ်။ ကျွန်တော်ကတော့ ဘာမှမထူးပါဘူးဗျာ၊ သာမန်ဧည့်သည်လိုသာသဘောထား ပါ လို့ပြောပြီး ပျော်ပျော်ပါးပါး ရင်းရင်းနှီးနှီးနေခဲ့တယ်။ ဦးဝင်းခိုင်က ကျွန်တော်နဲ့ ဓာတ်ပုံ တွဲရိုက်တယ်။ လိုင်း ပေါ်တင်မလို့တဲ့။ သူအဲဒီလိုပြောတော့ ကျွန်တော်က ကျွန်တော်ရေးလိုက်မှ စည်ပင်က ဖမ်းတယ်လို့ပြောတဲ့ လမ်းဘေးအသုပ်ဆိုင်ဆရာလေးကို သတိရမိတယ်။ တစ်ချိန်မှာ ဗီအိုင်ပီ ပေမယ့် နောက်တစ်ချိန်မှာ ဗီလိန်ဖြစ်တတ်တဲ့ နိုင်ငံရေးသံသရာကို ဦးဝင်းခိုင် သိပုံမရဘူး။