ရဲထွဋ်ပြောတဲ့ သင်ခန်းစာများ

ကျွန်တော်ပြုစုတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် လက်လွတ်ခဲ့သော အခွင့်အလမ်းများ Myanmar’s Democratic Transition and Lost Opportunities (2011–2016) ကို စင်္ကာပူနိုင်ငံ  ISEAS ((Institute of Southeast Asian Studies) Yusof Ishak Institute ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။ 

၂၀၁၃ ခုနှစ်ဆန်း သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံရတဲ့အချိန်ကစပြီး ကျွန်တော် ဟာ သမ္မတ ရဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးနီးပါးမှာလိုက်ပါခွင့်ရတယ်။ သမ္မတ တက်တဲ့ အရေးကြီး အစည်းအဝေးတွေ၊အခမ်းအနားတွေ အားလုံးနီးပါး တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ သမ္မတ နဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ သံတမန်တွေ တွေ့ဆုံပွဲတိုင်းလိုလိုမှာပါဝင်ခဲ့တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှုဆွေးနွေးမှုတွေကို နားထောင်ခဲ့ရတယ်။  ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲ အလွန် တာဝန်လွှဲပြောင်းရေးအတွက် ဆွေးနွေးပွဲတွေမှာ အပြင်လူဆိုလို့  ကျွန်တော်တစ်ယောက်ပဲ ပါခဲ့ တယ်။ 

ဒ့ါကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်း အားထုတ်မှုတွေ၊ သူ ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေ၊ နောက်ကြောကို ဓားနဲ့ထိုးခံရတဲ့အဖြစ်အပျက်တွေ၊ အမိန့်မနာခံမှုတွေ၊ အခက်အခဲ တွေ၊ အထင်လွဲခံရတာ  တွေကို မြင်ခဲ့ရတယ်။ သမ္မတရဲ့ အားသာချက်၊အားနည်းချက်  တွေကိုလည်း လေ့လာသုံးသပ်ခွင့်ရခဲ့တယ်။ ဒါတွေဟာ အခုစာအုပ်ကို ရေးသားပြုစုနိုင်ဖို့ အတွက် ကုန်ကြမ်းတွေပါပဲ။ 

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စတင်ဖော်ဆောင်ခဲ့တဲ့ ၂၀၁၀ – ၂၀၁၆ ကာလမှာ ဦးသိန်း စိန် ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့အနေနဲ့ ပြည်တွင်း၊ ပြည်ပက အသိအမှတ်ပြုရတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အောင်အောင်မြင်မြင် ဆောင် ရွက်နိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အပြည့်အ၀ မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက်ဝေဖန်ခံခဲ့ရတယ်၊ တစ်ချို့ပြဿနာတွေအပေါ် ကိုင်တွယ်ပုံ မှား ယွင်းတဲ့အတွက် နာမည်ပျက်ခဲ့ရတယ်။ 

ကျွန်တော့်စာအုပ်ဟာ  သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းတွေကို ဘာ့ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရသလဲဆိုတာကို  ပြန်လည်ဝေဖန်သုံးသပ်ထားတာဖြစ်ပါတယ်။ 

ဒီစာအုပ်ပြုစုဖို့အတွက် နှစ်နှစ်ကျော်အချိန်ယူခဲ့ရပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ် ၇၀ ဦးကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒီအထဲမှာ ၂၆ ဦးက သူတို့ အမည် တွေကို ဖော်ပြကိုးကားခွင့်ပြုခဲ့ပြီး ၄၄ ဦးကတော့ အမည် ဖော်ပြခွင့်မပြုတဲ့အတွက် ကိုယ်စားပြု နံပါတ်တွေနဲ့ပဲဖော်ပြထားပါတယ်။ ဒါ့အပြင် အင်္ဂလိပ်၊မြန်မာ စာအုပ်၊ စာစောင်၊ သတင်းစာ ပေါင်း ၁၆၁ ခုရဲ့ အချက်အလက်များကိုလည်း ကိုးကားရေးသားထားပါတယ်။

ဒီစာအုပ်မှာ အခန်း ၁၀ ခန်းပါဝင်ပြီး အခန်းလိုက်ရေးသားထားတဲ့အကြောင်းအရာအကျဉ်းချုပ် ကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်-

အခန်း (၁) အမျိုးသားညီလာခံ

ဒီအခန်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်ပေါ်ဖို့အတွက် အဓိက ကျတဲ့ အမျိုးသားညီလာခံ ပေါ်ပေါက်လာပုံနဲ့ အမျိုးသားညီလာခံမှာ အင်န်အယ်လ်ဒီအပါအ၀င်  နိုင်ငံရေးအင်အားစုအားလုံးပါဝင်လာအောင်မလုပ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပေါ်ခဲ့ တဲ့အကျိုးဆက်များကို ဖော်ပြထားပါတယ်။  

ဒါ့အပြင် ၂၀၀၃ ခုနှစ် အမျိုးသားညီလာခံပြန်လည်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့တပ်မတော် အစိုးရ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ဆုံးအချိန်ကျမှ သဘောတူညီချက် မရခဲ့ တဲ့အကြောင်းအရင်း၊ လမ်းပြမြေပုံ ၇ ရပ်ဟာ ၂၀၀၃ ခုနှစ်မှ ပေါ်လာတာမဟုတ်ဘဲ ၁၉ ၉ ၀ အစောပိုင်း ကာလတွေထဲက စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယူးနဲ့ အင်ဒိုနီးရှားသမ္မတ ဆူဟာတို တို့ရဲ့ အကြံပြု ချက်များကို အခြေခံပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က ပြင်ဆင်ထားခဲ့တယ်ဆိုတဲ့အကြောင်းတွေလည်းပါဝင်ပါတယ်။

အခန်း (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ

ဒီအခန်းမှာတော့ အမျိုးသားညီလာခံကျင်းပပုံစနစ်ကြောင့် ညီလာခံကနေ ပေါ်ပေါက်ပေါက် လာတဲ့ အခြေခံဥပဒေရဲ့ တရားဝင်မှု အားနည်းခဲ့ရတဲ့အခြေအနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် အကန့်အသတ်ဖြစ်စေတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကို ဖော်ပြထားပါတယ်။ 

အခန်း (၃) ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ

ဒီအခန်းမှာတော့ ပြည်ခိုင်ဖြိုးအသင်းပေါ်ပေါက်လာတဲ့ နောက်ခံသမိုင်း၊ အသင်းဘ၀ စည်းရုံးလှုပ်ရှားမှုတွေနဲ့ အားသာချက်၊အားနည်းချက်များ၊ အသင်းကနေ ပါတီ အဖြစ်ပြောင်းလဲလိုက်တဲ့အခါ  အသင်းကြီးဘ၀ အားနည်းချက်များက ပါတီ နဲ့ အစိုးရအပေါ် အကျိုးသက်ရောက်မှုတွေကို ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မှာ ပြည်ခိုင်ဖြိုးအသင်းကို ဆက်ထားပြီး သီးခြားပါတီတစ်ခု တည်ထောင်မလား၊ အသင်းကိုပဲ ပါတီ အဖြစ် ပြောင်းမလားဆိုပြီး စဉ်းစားခဲ့ကြပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့မှုအခြေ အနေ တွေပါဝင်ပါတယ်။  

အခန်း (၄) မြန်မာ့နွေဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီအခန်းမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န် အယ်လ်ဒီပါတီ ကို လွှတ်တော်နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန် ဆုံးဖြတ် ဆောင်ရွက်ခဲ့မှု၊ ၀န်ကြီး ဦးအောင်ကြည် တပ်မတော်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့မှု နဲ့ ဦးသိန်းစိန်တာဝန်ပေးချက်အရ တွေ့ဆုံဆွေးနွေးခဲ့မှု ကွာခြားတဲ့ အခြေအနေ များ ၊ ဦးသိန်းစိန် – ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်း- ဒေါ်အောင်ဆန်းစုကြည်  ဆက်ဆံရေး အခြေအနေတို့ ကို ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်တွေ့ဆုံခဲ့မှုအခြေအနေ၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ပြည်ခိုင်ဖြိုးထဲက သဘောထား တင်းမာသူတွေက ဝေဖန်မှု၊  ဦးရွှေမန်းရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မှတ်ချက် တို့ ကို ဖော်ပြထားပါတယ်။

အခန်း (၅) ပြည်ထောင်စုအစိုးရအဖွဲ့

ဒီအခန်းမှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်တွေဖြစ်ပေါ်   လာပုံ၊  ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊  အားသာချက်၊ အားနည်း ချက်များ၊ သမ္မတ ရုံးဝန်ကြီးများနဲ့ အခြား ပြည်ထောင်စု ၀န်ကြီးများအကြားဆက်ဆံရေး၊ အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့ အား နည်းချက်များကို ဖော်ပြထားပါတယ်။

ဒါ့အပြင် ၀န်ကြီးတွေထဲမှာ  သဘောထားတင်းမာသူ နဲ့ ပြုပြင်ပြောင်းလဲရေးလိုလားသူဆိုပြီး ကွဲပြားမှု ရှိမရှိ၊  ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ၀န်ကြီးလုပ်နေပေမယ့် သူတို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်ထားတာလို့ ယူဆနေသူတွေ  နဲ့ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး နုတ်ထွက် ရတဲ့ အကြောင်းတွေကို သုံးသပ်ထားပါတယ်။  

အခန်း (၆) အစိုးရ အဖွဲ့ နှင့် လွှတ်တော်

ဒီအခန်းမှာတော့ အားလုံးသိပြိးဖြစ်တဲ့ အစိုးရ အဖွဲ့ နဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုများဖြစ်ခဲ့ ရတဲ့ နောက်ခံအကြောင်းတွေကို ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးရွှေမန်း ကို ဘာ့ကြောင့် သမ္မတ အဖြစ် မရွေးခဲ့တာလဲ ဆိုတာနဲ့ပတ်သက်ပြီး သိမီသူများရဲ့ ပြောကြားချက် များ၊ ကမ္ဘာမကြေ ဆိုတဲ့စကားအကြောင်း၊  သူ့အာဏာကို တိုးချဲ့နိုင်ဖို့အတွက် ဦးရွှေမန်းက လုပ် ဆောင်ခဲ့ပုံများကို ဖော်ပြထားပါတယ်။

အခန်း (၇) ဦးရွှေမန်းရဲ့ နိုင်ငံရေးကစားကွက်များ (Shwe Mann’s Checkmates)

ဒီအခန်းမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ ကို ထိုးနှက်နိုင်ဖို့နဲ့ လွှတ်တော်အတွင်းမှာ သူ့ရဲ့ နိုင်ငံရေးအာဏာကို ချဲ့ထွင်နိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့  ဦးရွှေမန်းရဲ့ နိုင်ငံရေးကစားကွက် ခုနှစ်ခုကို  ဖြစ်စဉ်အသေးစိတ်နဲ့ ဖော်ပြထားပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေက သတင်းမီဒီယာတွေ သတိထားမိပေမယ့် တစ်ချို့ဖြစ်ရပ်တွေက မီဒီယာတွေ သတိမထားမိလိုက် တဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ 

  ဖြစ်စဉ်ခုနှစ်ခုထဲမှာ အချိုးကျရွေးကောက်ပွဲစနစ်နဲ့   ပတ်သက်ပြီး ဦးရွှေမန်းဘယ်လို နိုင်ငံရေးကစားခဲ့သလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်တွေနဲ့အတူသုံးသပ်ထားတာလည်း ပါပါတယ်။  

တကယ်တော့ အခန်း (၆) နဲ့ အခန်း (၇) ပါ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး အခြားသူတွေထံရ ရရှိတဲ့အချက်အလက်တွေ မှန် မမှန် ဦးရွှေမန်းကို မေးဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို လက်ခံ တွေ့ဆုံပေမယ့် သူပြောချင်တာတွေပဲ ၁၅ မိနစ်လောက်ပြောခဲ့တယ်။ မေးခွန်းမေးခွင့် မရခဲ့ ဘူး။ အခု ကျွန်တော့်ကို နိုင်လွတ်လုံနဲ့ တိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရရင်  တော့ ဦးရွှေမန်းကို သက်သေအဖြစ်ခေါ်ပြီး သူအမြဲပြောတဲ့ “ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား” ဆိုတဲ့ စကားမှာ အဲဒီလုပ်ဆောင်ချက်တွေ ပါမပါ မေးခွင့်ရမယ်လို့ မျှော်လင့်ပါ တယ်။ 

အခန်း (၈) အလှည့်အပြောင်းများ (Turning Points)

ဒီအခန်းမှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နဲ့ အစိုးရ ပုံရိပ်ကို အကြီး အကျယ်ထိခိုက်စေခဲ့တယ်လို့ ကျွန်တော်ယူဆတဲ့ အဖြစ်အပျက်ကြီးသုံးခုကို ဖော်ပြထားပါတယ်။ အဓိက အားဖြင့် ဒီဖြစ်စဉ်   တွေကို ကိုင်တွယ်ရာမှာ အစိုးရအဖွဲ့ရဲ့ အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ထားတာဖြစ် ပါတယ်။ 

အခန်း (၉ ) မီဒီယာပြုပြင်ပြောင်းလဲရေး

ဒီအခန်းမှာတော့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ၂၀၀၆ ခုနှစ်ထဲက စပြီး ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့မှု၊ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲများ၊ ပြန်ကြားရေး ၀န်ကြီး ဌာနနဲ့ သတင်းမီဒီယာအဖွဲ့အစည်းများကြား အငြင်းပွားမှု၊ အဲဒီအငြင်းပွားမှုတွေကြားမှာ ဦးရွှေ မန်း နဲ့ လွှတ်တော်ရဲ့အခန်းကဏ္ဍ နဲ့  အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းကို ပြန်လည် ရုပ်သိမ်းခဲ့ရတဲ့ အကြောင်းအရင်းမှန် တို့ကို ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မီဒီယာသမားတွေက ခေါင်းမာ သူ လို့ သတ်မှတ်ထားတဲ့ ၀န်ကြီးဦးကျော်ဆန်းဟာ အခုမြင်ခဲ့ရတဲ့ မီဒီယာအပြောင်းအလဲတွေ ကို စတင်ခဲ့သူဖြစ်တယ်ဆိုတာကို အထောက်အထားများနဲ့ ဖော်ပြထားသလို တပ်မတော် အစိုးရလက်ထက် အနာဂတ်မီဒီယာပြုပြင်ပြောင်းလဲရေးအတွက် အစပျိုးနေချိန်မှာ ပြန်ကြားရေး က မီဒီယာတွေကို အလိုလိုက်လွန်းတယ်လို့ ဝေဖန်ခဲ့သူတွေ၊ မီဒီယာကို ကြပ်ကြပ်မတ်မတ်ကိုင် ဖို့ ပြန်ကြားရေးကို ညွှန်ကြားခဲ့သူတွေ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ 

အခန်း (၁၀) နိဂုံး

ဒီအခန်းမှာတော့ မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ၂၀၁၀ – ၂၀၁၆  ရဲ့ အဓိက ဇာတ်ကောင်များ    ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊  ပြည်ထောင်စု အစိုးရ အဖွဲ့ နဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တို့အပေါ် ခြုံငုံသုံးသပ်ထားပါတယ်။ 

ကိုယ့်ရဲ့ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာဖော်ထုတ်ရတာ မလွယ်ပါဘူး။ ဒီအထဲက ဇာတ်ကောင်တစ်ချို့က ကျွန်တော့်ရဲ့ အကြီးအကဲတွေ၊ တစ်ချို့က နောင်တော် အရာရှိကြီး တွေ၊  တစ်ချို့က သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေး သံယောဇဉ် ကင်းကင်း နဲ့ ရေးဖို့အတော်ခက်ပါတယ်။

ဒါ့ကြောင့်   နိုင်ငံတကာ အသိအမှတ်ပြု သုတေသန အဖွဲ့အစည်း တစ်ခု ရဲ့ သုတေသနစံနှုန်းတွေနဲ့ ကိုက်ညီအောင် ရေးသား တာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ISEAS – Yusof Ishak Institute မှာ သုတေသနပြု ရေးသား နိုင်ဖို့ လျှောက်ထားခဲ့တယ်။ ISEAS က ကျွန်တော့်အဆိုပြုချက်ကို လက်ခံခဲ့တဲ့အပြင် ကျွန်တော့်စာအုပ်  ကို   ကြီးကြပ်ဖို့အတွက် ပါမောက္ခ ရောဘတ်တေလာကို ရွေးချယ်ခဲ့ပါတယ်။  

ဆရာကြီး ရောဘတ်တေလာက ၁၉ ၇၅ ခုနှစ်ထဲက ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ပြီး စဉ်ဆက်မပြတ် မြန်မာ့အရေးကို လေ့လာသုံးသပ်နေသူဖြစ်တဲ့အတွက် ကျွန်တော်ကို အများကြီး လမ်းညွှန်ပေးနိုင်ပါတယ်။ ဆရာကြီးရဲ့ ထောက်ပြချက်တွေ၊ အားပေးမှုတွေကြောင့် ဓမ္မအဓိဋ္ဌာန်ကျကျ ရဲရဲတင်းတင်း ရေးနိုင်ခဲ့ပါတယ်။ 

ဒီစာအုပ်ဟာ အားနည်းချက်တွေကို ဖော်ထုတ်သုံးသပ်ထားတဲ့အတွက် ပါဝင်လုပ်ဆောင်ခဲ့သူ တွေ အနေနဲ့ ကြိုက်ချင်မှ ကြိုက်မယ်၊ လက်ခံချင်မှ လက်ခံနိုင်မယ်၊ ငြင်းမယ့်သူတွေလည်း ရှိနိုင်ပါ တယ်။ သို့သော် ဒီစာအုပ်ဟာ သမ္မတ ဦးသိန်းစိန်သက်တမ်းအတွင်း နိုင်ငံရေး၊ အုပ်ချုပ် ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်က ဇာတ်လမ်းများကို နားလည်နိုင် ဖို့  နဲ့ သင်ခန်းစာယူနိုင်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်မယ်လို့ယုံ ကြည်ပါတယ်။ 

#yehtutartilce

#ISEAS

# Myanmar’sTransition