ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ကျန်းမာရေးပြဿနာ ဖြစ်သလို စီးပွားရေးပြဿနာလည်း ဖြစ် တယ်။ ဒီတော့ လူတွေကျန်းမာအောင် ကုစားရသလို နိုင်ငံ့စီးပွားရေး ကျန်းမာအောင်၊ မြန်မြန် နလံ ထအောင်လည်း လုပ်ကြရတယ်။

စီးပွားရေးအရ ကုစားတာကို စီးပွားရေးလုပ်ငန်းတွေကို ကူညီတာနဲ့ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ ကို ကူညီတာဆိုပြီး အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲလို့ရတယ်။

ဒီလို ကုစားတဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လုပ်ပုံလုပ်နည်းခြင်းတော့တူမှာမဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးအခြေအနေပေါ်မူတည် ပြီး သုံးတဲ့ငွေပမာဏလည်း မတူနိုင်ဘူး။ ဒါပေမယ့် စီးပွားရေးအရွယ်အစား၊ ဂျီဒီပီပမာဏာ ကွာခြားမှုမများတဲ့ နိုင်ငံချင်းနှိုင်းယှဉ်ကြည့် လို့ တော့ ရတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှမှာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက် ဘဏ္ဍာရေး ( Fiscal) အရဘာတွေလုပ်ထားတယ်ဆိုတာ လေ့လာ ကြည့်တော့ အခုလို တွေ့ပါတယ်။ ( အကြမ်းဖျဉ်းအားဖြင့် ဘင်္ဂလားဒေ့ရ်ှ တစ်တာကာက မြန်မာ ၁၇ ကျပ် နဲ့ညီပါတယ်။ )

၁။ ၂၀၂၀ ပြည့်နှစ် မတ်လ ကုန်မှာ ကျန်းမာရေးဝန်ကြီးဌာန ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် အသုံးစရိတ် တွေကို တိုးချဲ့ ခွင့်ပြုတဲ့ ဘတ်ဂျက်အသစ်ကို ပြင်ဆင် အတည်ပြုတယ်။
၂။ ဝင်ငွေနည်းသူတွေအနေနဲ့ဆန်ကို ဈေးကွက်ပေါက်ဈေး သုံးပုံ တစ်ပုံ နဲ့ ဝယ်ယူနိုင်မယ့် Open Market Sale (OMS) program ကို တိုးချဲ့တယ်။
၃။ ပို့ကုန်ကဏ္ဍကို အကူအညီပေးဖို့ တာကာ ၅၀ ဘီလျံ သုံးမယ်။ အဲဒီ အစီအစဉ်မှာ အလုပ်သမား လေးသန်းနီးပါးအတွက် သုံးလစာ လခပေးဖို့လည်းပါတယ်။
၄။ ဗိုင်းရပ်စ်ရောဂါ ကုသရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဆု ကြေး တာကာ ၁ ဘီလျံ ပေးမယ်။
၅။ အိုးအိမ်မဲ့တွေအတွက် တာကာ ၂၁.၃ ဘီလျံ ပေးမယ်။
၆။ ကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေကို တာကာ ၇.၆ ဘီလျံ ထောက်ပံ့မယ်။
၇။ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်မှာ တာဝန်ထမ်းဆောင်နေသူတွေ အတွက် တာကာ ၇.၆ ဘီလျံ တန်ဖိုးရှိတဲ့ ကျန်းမာရေးအာမခံထားပေးမယ်။
၈။ ဗဟိုဘဏ်က ပို့ကုန်သမားတွေကို အထောက်အကူပေးဖို့ တာကာ ၅၀ ဘီလျံ တန်ဖိုးရှိတဲ့ Pre-shipment Refinancing အစီအစဉ်လုပ်ပေးတယ်။ အဲဒီလိုပဲ လယ်ယာကဏ္ဍအတွက် လည်း တာကာ ၅၀ ဘီလျံတန်ဖိုးရှိတဲ့ Special Incentive Refinancing လုပ်ပေးတယ်။

ကမ္ဘာ့ဘဏ်ကတော့ ကိုဗစ်ရောဂါ တုန့်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဒေါ်လာ သန်းတစ်ရာ ချေးမယ်လို့ကြေညာထားပါတယ်။

ကိုးကား ။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၇ ရက်နေ့ စာရင်း နဲ့ ကမ္ဘာ့ဘဏ် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်

စင်္ကာပူ ဝန်ကြီးချုပ် မိန့်ခွန်း


စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဒီနေ့( ဧပြီ ၂၁ ရက်) စင်္ကာပူစံတော်ချိန် ညနေ ငါး နာရီမှာ ရေဒီယို နဲ့ ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်မိန့်ခွန်းဟာ ဧပြီလ ၇ ရက်နေ့ကနေ မေလ ရက်နေ့အထိ သတ်မှတ်ထားတဲ့ Lockdown ကာလ ( သူတို့အခေါ် circuit breaker ) နှစ်ပတ်ထဲဝင်လာတဲ့အချိန်မှာ ရောဂါ ဖြစ် ပွားမှုအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်ကို ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။

ဒီမိန့်ခွန်းမှာ အပိုင်းသုံးပိုင်းပါတယ် –

၁။ နိုင်ငံခြားသားအလုပ်သမားများအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။

၂။ ကျန်ပြည်သူလူထုအတွင်းရောဂါဖြစ်ပွားမှုအခြေအနေ။

၃။ ရှေ့လုပ်ငန်းစဉ်များ။

နိုင်ငံခြားသားအလုပ်သမားများ

လက်ရှိအခြေအနေမှာ ရောဂါကူးစက်ခံရကြောင်းတွေ့ရှိသူ အများစုက အဆောင်တွေမှာ နေထိုင် နေတဲ့ နိုင်ငံခြားအလုပ်သမားတွေဖြစ်တယ်။ အခုလို ရောဂါတွေ့ရှိသူများလာတဲ့အကြောင်းအ ရင်း နဲ့ အစိုးရ အစီစဉ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရှင်းပြသွားတဲ့အထဲက အရေးကြီးတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-

၁။ ရောဂါကူးစက်နေကြောင်းစစ်ဆေးတွေ့ရှိသူ အားလုံးနီးပါးက နိုင်ငံခြားအလုပ်သမား အဆောင်တွေက ဖြစ်တယ်။

၂။ ဒီလိုတွေ့တာဟာ အဲဒီအဆောင်တွေမှာ ဆေးစစ်မှုကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့ အတွက် ဖြစ်တယ်။ အခုဆေးစစ်နေတာက ဖျားတဲ့သူ၊ ရောဂါလက္ခဏာ ပြတဲ့သူတွေကိုပဲ စစ်ဆေးတာ မဟုတ်ဘူး။ နေကောင်းနေတဲ့သူတွေကိုလည်း စစ်တယ်။ ဒါမှ ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေတဲ့ သူတွေကို ဖော်ထုတ်နိုင်မှာဖြစ်တယ်။

၃။ အခုရောဂါပိုးရှိကြောင်းစစ်ဆေးတွေ့ရှိတဲ့ အလုပ်သမားအားလုံးနီးပါဟာ ရောဂါ ပြင်းထန်မှုမရှိဘူး။

၄။ အခု စစ်ဆေးတွေရှိသူတွေထဲမှာ အောက်ဆီဂျင်ပေးရတဲ့သူ၊ အထူးကြပ်မတ်ကုသဆောင် မှာ ကုသပေးရသူမရှိသေးဘူး။

၅။ အစောပိုင်းတွေ့တဲ့အထဲမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လူနာအမှတ် ၄၂ တစ်ယောက်ပဲ အထူး ကြပ်မတ်ကုသဆောင်မှာကုခဲ့ရတယ်။ သူ့ကို နှစ်လနီးပါး ကုသပေးခဲ့ရပြီး သက်သာလာလို့ ရိုး ရိုး ကုသဆောင်ကို ရွှေ့ပြောင်းလိုက်ပြီ။ လုံးဝပျောက်ကင်းဖို့တော့ အချိန်ယူရဦးမယ်။

၆။ အဆောင်တိုင်းမှာ ဆေးတပ်ဖွဲ့ရှိတယ်။ ဖျားတဲ့သူ၊ ဒါမှမဟုတ် ရောဂါလက္ခဏာပြတဲ့ သူတွေ ကို ချက်ခြင်းစစ်ဆေးကုသပေးတယ်၊ ခွဲခြားထားတယ်။ ဆေးရုံပို့ဖို့လို ရင် ချက်ခြင်းပို့တယ်။ အသက် ကြီး တဲ့ အလုပ်သမားတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးခြား အဆောင်တွေမှာ ထားတယ်။

၇။ နိုင်ငံခြားသားအလုပ်သမားတွေကို စင်္ကာပူနိုင်ငံသားတွေနဲ့ ထပ်တူ ဂရုစိုက်မယ်။ လစာ ပုံမှန် ရမယ်၊ အိမ်ကို ငွေပြန်ပို့နိုင်မယ်၊ မိသားစုတွေနဲ့ ဆက်သွယ်နိုင်အောင် စီစဉ် ပေးမယ်။

၈။ မကြာခင်မှာ ရာမာဒန်ဥပုသ်လရောက်တော့မှာဖြစ်တဲ့အတွက် အစ္စလမ်ဘာသာဝင် အလုပ် သမားတွေအတွက်လိုအပ်တာတွေ စီစဉ်ပေးမယ်။

၉ ။ ဈေးဆိုင်တွေ၊ နေအိမ်တွေ၊ လက်ရှိဆောင်ရွက်နေဆဲ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းတွေ မှာ အလုပ် လုပ်နေရတဲ့ နိုင်ငံခြားသားအလုပ်သမားတွေက အလုပ်ဆက်လုပ်မယ်။ သူတို့ကို သီးခြား နေထိုင်ဖို့ စီစဉ်ပေးထားတယ်။ ရောဂါပိုးရှိမရှိ စစ်ဆေးမှုတွေ လုပ်နေတယ်။ မပြတ်စောင့်ကြည့် နေတယ်။

ကျန်ပြည်သူများ

ဝန်ကြီးချုပ်က ကျန်တဲ့ပြည်သူလူထုအတွင်းရောဂါကူးစက်မှုကျဆင်းလာတာကို ထောက်ပြ သွားပြီး ဆက်ကြိုးစားဖို့တိုက်တွန်းသွားတယ်။ သူပြောတဲ့အထဲက အရေးကြီးတဲ့အချက်တွေက အောက် ပါအတိုင်းဖြစ်ပါတယ် –

၁။ ကျန်ပြည်သူလူထုတွေအတွင်းမှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်တာ ရလဒ်ကောင်းတွေ တွေ့လာရပြီ။ ကျန်လူထုအတွင်းကူးစက်မှုက လူသုံးဆယ်အောက်ကို ရောက်လာပြီ။ ဒါပေမယ့် ကျေနပ်နေလို့မရဘူး။ သုည ရောက်တဲ့အထိ ရောက်အောင်ကြိုးစားရမယ်။

၂။ အခုအချိန်ထိ ခြေရာကောက်လို့မရတဲ့ ကူးစက်မှုတွေ တွေ့နေရတုန်းပဲ။ ဒါက စိုးရိမ်ဖို့ ကောင်းတယ်။ ဘယ်နေရာက ပေါက်နေသလဲ ဖော်ထုတ်ဖို့ ကြိုးစားနေတယ်။

၃။ ပြည်သူတွေအနေနဲ့ တတ်နိုင်သမ ျှ အိမ်ထဲမှာနေပါ။ ဈေးဝယ်ဖို့၊ အားကစားလုပ်ဖို့ အပြင် ထွက်ရင် တစ်ယောက်တည်းပဲသွား၊ ကိုယ့်အိမ်ပတ်ဝန်းကျင်ပဲသွား၊ ပြီးတာနဲ့ အိမ်ကို ချက်ခြင်း ပြန်လာပါ။

၄။ သွားလာမှုတွေ ကန့်သတ်ထားရတဲ့ရည်ရွယ်ချက်က လူချင်းဆက်သွယ်ထိတွေ့မှုတွေ ကို အနည်းဆုံးဖြစ်အောင်လေ ျှာ့ချဖို့ဖြစ်တယ်ဆိုတာကို နားလည်ကြပါ။

၅။ အရေးကြီးဆုံးလုပ်ငန်းတွေကို ပဲ လုပ်ဆောင်ခွင့်ပြုထားတဲ့အတွက် တစ်ချို့ ဝန်ဆောင်မှု တွေ အားနည်းသွားရင် သည်းခံပေးပါ။

ရှေ့လုပ်ငန်းစဉ်

ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ် –

၁။ သွားလာမှုကန့်သတ်ထားချက်ကို မေလ ၄ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့ အထိ သက် တမ်းတိုးမယ်။

၂။ ရက်ထပ်တိုးတဲ့အတွက် အလုပ်ရှင်၊အလုပ်သမားနဲ့ စီးပွားရေးလုပ်ငန်းတွေ နစ်နာမှုမရှိ အောင်အကူအညီပေးမယ်။ ( ပြီးရင် သက်ဆိုင်ရာ ဝန်ကြီးတွေက အသေးစိတ်ရှင်းပြမယ်။ )

၃။ ရောဂါကူးစက်မှုအခြေအနေ တိုးတက်လာရင် ကန့်သတ်ထားမှုတွေကို ပြန်လည်သုံးသပ် မယ်။

၄။ အခုကန့်သတ်ထားချက်တွေကို ရပ်ဆိုင်းနိုင်ဖို့အတွက် လုပ်ငန်းစဉ်သုံးခုလုပ်သွားမယ်။
တယ်။ ပထမက ရောဂါကူးစက်မှု အခြေအနေပေါ်မူတည်ပြီး တိုးတက်မှုရှိရင် ( တစ်ဆင့်ချင်း ) ဖြေလေ ျှာ့ပေးမယ်။ ဒုတိယက ဓာတ်ခွဲစစ်ဆေးမှုတွေကို ပိုပြီးကျယ်ကျယ် ပြန့်ပြန့်လုပ်ရမယ်။ နောက်ဆုံးက ရောဂါဖြစ်ပွားမှုတွေကို ခြေရာကောက်နိုင်ဖို့အတွက် သတင်းအချက်အလက်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချရမယ်။

စင်္ကာပူဝန်ကြီးချုပ်က ဖြစ်နေတဲ့အခြေအနေ၊ အစိုးရလုပ်နေတာ၊ ဆက်လုပ်မယ့် အစီအစဉ် နဲ့ လူထုက ဆောင်ရွက်ရမယ့် အလုပ်တွေကို တိတိကျကျ ပြောသွားတာ၊ ဝန်ကြီးချုပ် မိန့် ခွန်း ပြီး တာနဲ့ သက်ဆိုင်ရာဝန်ကြီးတွေက အသေးစိတ်ရှင်းပြဖို့ စီစဉ်ထားတာတွေဟာ နမူ နာ ယူစရာပါပဲ။

မိန့်ခွန်းအပြည့်အစုံကို https://www.channelnewsasia.com/news/singapore/covid-19-pm-lee-full-speech-circuit-breaker-extended-june-1-12662056 မှာ လေ့လာနိုင်ပါတယ်။

ဗိုင်းရပ်စ် နဲ့ ဆွီဒင်အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး နဲ့ပတ်သက်ရင် နိုင်ငံတိုင်းလိုလိုက လူတွေ ဝေးဝေး နေရေး မူဝါဒကို အကောင်အထည်ဖော်ကြတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ လူစု လူဝေး ဖြစ်နိုင်တဲ့ အားကစားပွဲ၊ ဖျော်ဖြေပွဲ၊ ပန်းခြံ ၊ စားသောက်ဆိုင်၊ မဖြစ်မနေ ဆောင်ရွက်ဖို့ မလို တဲ့ စက်ရုံ၊ အလုပ်ရုံတွေ ကို ပိတ်ထားတယ်။ လူတွေ အိမ်ပြင်မထွက်ရ၊ ခရီးမသွားရ အမိန့်ထုတ် တယ်။

ဒါပေမယ့် လူဦးရေ ဆယ်သန်းကျော်တဲ့ ဆွီဒင်နိုင်ငံမှာတော့ လူတွေက ပုံမှန်အတိုင်းသွားလာ နေ ကြတယ်။ လူငါးဆယ်နဲ့ အထက် စုဝေးခြင်းမပြုရလို့ ကန့်သတ်ထားတာကလွဲရင် ဆံသဆိုင် ၊အလှပြင်ဆိုင်တွေဖွင့်ထားတယ်။ စားသောက်ဆိုင်တွေဖွင့်ထားတယ်။ ပန်းခြံတွေဖွင့်ထားတယ်။ စက်ရုံတွေ လည်ပတ်နေတယ်။ အခြေခံပညာကျောင်းတွေဖွင့်ထားတယ်။

လူတွေကလည်း တစ်ယောက် နဲ့ တစ်ယောက် ဝေးဝေးနေဖို့ ဆို တဲ့အချက် ကိုလိုက်နာ ပြီး ဈေးဝယ်ကြ၊ စားသောက်ကြနဲ့ပဲ။ အခု အီစတာအားလပ်ရက်တွေမှာ ကျန်တဲ့ဥရောပနိုင်ငံ တွေက ပြည်သူတွေ အိမ်တွင်းအောင်းနေရပေမယ့် ဆွီဒင်မှာ လူတွေက ပုံမှန် အတိုင်းပဲ။ ဆွီဒင် အစိုးရက လူတွေကို အိမ်ထဲမှာ ပိတ် လှောင်ထားတာက နောက်ဆက်တွဲ ကျန်းမာ ရေး ဆိုင်ရာ ပြဿနာတွေပိုများတယ်လို့ ယူဆထားတယ်။

ဆွီဒင်အစိုးရက ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးမလုပ်တာတော့မဟုတ်ဘူး။ သူ့ချဉ်းကပ်နည်းက အမိန့်ထုတ်မယ့်အစား ပြည်သူတွေကို မိမိ အသိ နဲ့ မိမိဆင်ခြင်နေထိုင်ခိုင်းတယ်။ မလိုအပ်ရင် ခရီး မသွားဖို့ တိုက်တွန်းတယ်။ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်၊ ပန်းခြံ၊ စားသောက်ဆိုင်တွေမှာ လိုက်နာ ရမယ့် စည်းကမ်းတွေကို သတ်မှတ်ပေးထားတယ်။ အိမ်ကနေ အလုပ်လုပ်တာကို အားပေးတယ်။ အသက် ၇၀ ကျော်ဆိုရင်တော့ အိမ်ပြင်လုံးဝမထွက်ဖို့ အကြံပေးတယ်။

ဆွီဒင်မှာ Lockdown မလုပ်ပေယ့် လူတွေက အသိစိတ်နဲ့လိုက်နာတဲ့ အတွက် မြို့တော် စတော့ဟုမ်းမှာ အများပြည်သူခရီးသည် ပို့ဆောင်ရေးတွေအသုံးပြုမှု ၅၀% ကျဆင်း လာတယ်။ လမ်းတွေပေါ်မှာ ၇၀% ကားအသွား အလာလျော့ကျသွားတယ်။ အိမ်ထဲမှာနေမယ်၊ ဒါပေမယ့် လို အပ်ရင် အပြင်ထွက်လို့ရတယ်ဆိုတဲ့ စိတ်ကြောင့် လုံး၀ Lockdown လုပ်ထားချိန်မှာ ရင်ဆိုင်ရတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်ဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေလည်း နည်းသွားတယ်။

ဆွီဒင်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ တာဝန်ခံ Anders Tegnell က ဆွီဒင်နိုင်ငံရဲ့ မဟာ ဗျူဟာက ရောဂါကူးစက်မှုနှုန်းကို လေ ျှာ့ချဖို့၊ ကျန်းမာရေးဝန်ထမ်းတွေ မနိုင်ဝန်မထမ်းရဖို့ နဲ့ ပြည်သူတွေရဲ့ ရောဂါခံနိုင်ရည်ရှိမှုကို တစ်ဖြေးဖြေးချင်းမြှင့်တင်ဖို့ ဆိုတဲ့ အချက်သုံးချက်ကို ဟန် ချက်ညီအောင် လုပ်နေတာဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒါဟာ “Herd Immunity” ရအောင် အတင်းလုပ်နေတာမဟုတ်ဘူးလို့ ငြင်းတယ်။

ဆွီဒင်နိုင်ငံရဲ့ အကျယ်အဝန်းနဲ့ လူဦးရေအချိုးအစားက တစ် စတုရန်းကီလိုမီတာမှာ ၂၅ ယောက် ပဲရှိတယ်။ အီတလီမှာက ၂၀၅ ယောက်နဲ့ ဗြိတိန်မှာက ၂၅၉ ယောက်ရှိတယ်။ ဒါ့အပြင် ဆွီဒင် နိုင်ငံ ရဲ့ အိမ်ထောင်စု ၅၀% ကျော်က လူတစ်ယောက်တည်းရှိတဲ့မိသားစု single-person household ဖြစ်နေတဲ့အချက်ကြောင့် အခြားနိုင်ငံတွေနဲ့မတူတဲ့ ချဉ်းကပ်ပုံကို ကျင့်သုံးတာလို့လည်း ပညာရှင် တစ်ချို့က သုံးသပ်ကြတယ်။

ဒါပေမယ့် ဆွီဒင်အစိုးရရဲ့ ဆောင်ရွက်ချက်က ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်နိုင်တာတော့ မဟုတ်ဘူး။ ဧပြီ ၂၁ ရက်နေ့အထိ ရောဂါပိုးကူးစက်နေသူ ၁၄,၇၇၇ ယောက်ရှိပြီး၊ သေဆုံးသူ ၁,၅၈၀ ယောက်ရှိတယ်။ ပျောက်ကင်းသူ ၅၅၀ ရှိတယ်။ ကူးစက် ၊ သေဆုံးမှု နှုန်းထားက တန့် မသွား၊ ရပ်မသွားသေးဘူး။ (ပုံ ၁ နဲ့ ၂ ကိုကြည့်ပါ။ ) ဒါပေမယ့် ဆွီဒင်ကျန်းမာရေးအာဏာပိုင်တွေ ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ တန့်သွားတော့မှာပါလို့ ပြောနေတယ်။

ဧပြီ လ ၁၅ ရက်နေ့တွက်ချက်မှုတွေအရဆိုရင် ဆွီဒင်နိုင်ငံရဲ့ သေဆုံးမှုနှုန်းက လူတစ်သန်း မှာ ၁၁၈ ယောက်ဖြစ်တယ်။ ဒါဟာ Lockdown တင်းတင်းကျပ်ကျပ်လုပ်ထားတဲ့ အိမ်နီးချင်းနိုင်ငံ ဒိန်းမတ် ၅၅ ယောက်၊ ဖင်လန် ၁၃ ယောက်နှုန်းထားထက်အများကြီးမြင့်နေတယ်။ ဒါပေမယ့် အီတ လီ ၃၄၉ ၊ စပိန် ၃၉ ၉ နဲ့ ဗြိတိန် ၁၈၂ တို့ထက်တော့ နည်းတယ်။

စီးပွားရေး ဘက်ကလည်း ကိုယ့်နိုင်ငံမှာ ပုံမှန်လည်ပတ်ခွင့်ပြုထားတယ်ဆိုပေမယ့် ကမ္ဘာ့ စီးပွား ရေး အခြေအနေရဲ့ ရိုက်ခတ်မှုကို ခံရတာပဲ။ တစ်ချို့စက်ရုံတွေက ပြည်ပ ဈေးကွက်ပျက်သွား တဲ့အတွက် မဖြစ်မနေပိတ်လိုက်ရတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေ ထိခိုက်တယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဆွီဒင်နိုင်ငံရဲ့စီးပွားရေးက ၂၀၂၀ ပြည့်နှစ်မှာ ၁၀% ကျသွားမယ်၊ အလုပ် လက်မဲ့ ၁၃.၅% အထိ မြင့်လာမယ်လို့ ခန့်မှန်းထားတယ်။

ဆွီဒင်ပြည်တွင်းမှာလည်း အစိုးရရဲ့ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး မူဝါဒကို ဝေဖန်မှုတွေ ရှိပါ တယ်။ မကြာခင်ရက်တွေအတွင်းမှာ ထိပ်တန်းဆရာဝန် နဲ့ ကျန်မားရေးဆိုင်ရာ သုတေသန ပညာ ရှင် ၂၂ ဦးက ကျောင်းတွေ၊ စက်ရုံတွေ၊ စားသောက်ဆိုင်တွေကို မပိတ်ဘူးဆိုရင် ထိန်းမနိုင်၊ သိမ်း မရ ဖြစ်တော့မယ်လို့ သတိပေးခဲ့တယ်။ ကျောင်းတွေပိတ်ပေးဖို့ တောင်းဆိုတဲ့ ဆရာ၊ ဆရာမ တွေ ရှိလာပြီ။ ဒါပေမယ့် ဆွီဒင်ပြည်သူအများစုကတော့ အစိုးရရဲ့ မူဝါဒကို ထောက်ခံနေဆဲပဲ။

ဆွီဒင်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ တာဝန်ခံ Anders Tegnell ကတော့ ဝေဖန်မှု တွေကို ပယ်ချခဲ့တယ်။ သူက ကူးစက်နှုန်းမြင့်မားမှုက ယာယီပဲ၊ အခု ရောဂါ ဖြစ်ပွား မှုအခြေအနေကို ကျန်းမာရေးဌာနက ကောင်းကောင်းကိုင်တွယ်နိုင်နေတဲ့ အတွက် မကြာခင် တန့်သွားလိမ့်မယ်။ အခြားနိုင်ငံတွေမှာ Lockdown ပြန်ဖွင့်ပေးလိုက်တာနဲ့ ကူးစက်မှုနှုန်း ဝုန်း ကနဲ ထိုးတက်သွားမယ့် အန္တရာယ်ရှိတယ်။ ဆွီဒင်မှာ အဲဒီပြဿနာမရှိဘူးလို့ ပြောတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက အသစ်ပေါ်ထွက်လာတဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တုန့်ပြန်ဆောင်ရွက်ပုံတွေလည်း မတူကြဘူး။ အခု ဆွီဒင်နိုင်ငံရဲ့ မူဝါဒဆိုတာလည်း နိုင်ငံလူဦးရေ၊ နိုင်ငံသားတွေရဲ့ ပညာရေး၊ စီးပွားရေးအခြေအနေ၊ ပြည်သူ့နီတိကိုလိုက်နာမှု ဆိုတာတွေအပေါ် မူတည်ပြီးဆောင်ရွက်တာပါ။ မှန်တယ်၊ မှားတယ် ဆိုတာကတော့ နောက် ခြောက်လလောက်ကြာမှ အဖြေထွက်မယ်ထင်ပါတယ်။

ကိုးကား
Politico မဂ္ဂဇင်း ၁၆ ဧပြီ ၂၀၂၀၊ ဂါဒီးယန်းသတင်းစာ ၁၅ ဧပြီ ၂၀၂၀၊ Euro News ၁၇ ဧပြီ ၂၀၂၀၊

တိုက်ပွဲဝင် ရန်ကုန်

သင်္ကြန်ရုံးပိတ်ရက်တွေ ကုန်ဆုံးသွားတော့ ရန်ကုန်ကို Lockdown လုပ်သင့် ၊မလုပ်သင့် ဆွေးနွေး မှုတွေ ပေါ်လာတယ်။ ဗိုင်းရပ်စ်စစ်ပွဲမှာ ရှေ့တန်းစစ်မြေပြင်ဖြစ်နေတဲ့ ရန်ကုန် ဘာလုပ်မလဲ

ရပ်လို့မရ

ရန်ကုန်ဟာ ရပ်လို့မရဘူး။ ဘာ့ကြောင့်လဲဆိုတော့

၁။ ရန်ကုန်ဟာ မြန်မာနိုင်ငံစီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တယ်။

၂။ ရန်ကုန်မှာ လက်လုပ်လက်စား၊ နေ့စား၊ စက်ရုံအလုပ်သမား စတဲ့ အခြေခံလူတန်းစား တွေ သိန်းချီရှိတယ်။ သင်္ကြန်ရုံးပိတ်ရက်တွေက နှစ်စဉ် အလုပ်နားနေကျဖြစ်တဲ့အတွက် မသိသာပေ မယ့် သင်္ကြန်အလွန်ကာလတွေမှာ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေးက အရေးကြီးတယ်။ အစိုးရ က ရေရှည်ထောက်ပံံ့ဖို့ မဖြစ်နိုင်ဘူး။ အခုပေးတဲ့ ဆန် ရှစ်ပြည်ဆိုတာ သင်္ကြန်ရုံးပိတ်ရက်အတွင်း စားသောက်ရေးအဆင်ပြေရုံ ပဲ။

စည်းကမ်း

ရန်ကုန် ရပ်မသွားဖို့အတွက် လိုအပ်တာက လူတိုင်းက ကိုယ်ဘာလုပ်ရမလဲဆိုတာ သိဖို့နဲ့ မလုပ်တဲ့သူကို တိတိကျကျ အရေးယူဖို့ ပဲ။ ပြီးခဲ့ တဲ့ ဧပြီ ၁၈ ရက်နေ့ မှာ ထုတ်ခဲ့တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အမိန့်က အဖြေ ထက် မေးခွန်းတွေပိုများစေခဲ့တယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ အောက်ပါအချက် များကို ဆောင်ရွက်ပေးနိုင်ရင် ပိုသင့်တော်မယ်လို့ ယူဆပါတယ် –

၁။ ဘယ်လုပ်ငန်းတွေ လုပ်ခွင့်ရှိသလဲ၊ ဘယ်လို စည်းကမ်းချက်တွေနဲ့ လုပ်ငန်းလုပ်ရမလဲဆိုတဲ့ ရှင်းလင်းတိကျတဲ့ စည်းကမ်းသတ်မှတ်ချက်။

၂။ အပြင်ထွက်ခွင့်ရှိတဲ့ သူတွေကို တိတိကျကျ စစ်ဆေးနိုင်မယ့် စနစ်၊ ( ဥပမာ၊ အလုပ်သမား ဆိုရင် သက်ဆိုင်ရာလုပ်ငန်းရှင်ရဲ့ ကဒ်ပြား၊ ဈေးဝယ်ထွက်မယ်ဆိုရင် ရပ်ကွက်ထဲက ထွက်ခွာချိန်၊ ပြန်ဝင်ရမယ့်အချိန်သတ်မှတ်ချက် စသည်ဖြင့် )

၃။ လူမှုရေး၊ ဘာသာရေးအရ လူစုလူဝေးလုပ်ဆောင်တာနဲ့ပတ်သက်တဲ့ တိကျတဲ့ စည်ကမ်း သတ်မှတ်ချက်၊ စောင့်ကြည့်စနစ်။

၄။ စည်းကမ်းချိုးဖောက်မှုများကို စောင့်ကြည့်အရေးယူမယ့် အဖွဲ့အစည်း၊သတင်းပို့စနစ်။ ( ဗဟို ချုပ်ကိုင်မှုမရှိဘဲ တစ်ရပ်ကွက်တစ်မျိုးလုပ်နေတာက အုပ်စုနဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေဖြစ်လာ နိုင်တယ်။)

၅။ အခြေခံလူတန်းစားများအတွက် Work for Food အလုပ်အကိုင်ဖန်တီးပေးမှု။ (အာဖရိက နိုင်ငံတစ်ချို့မှာ မြို့ပြသန့်ရှင်းရေး အတွက် နေ့စားအလုပ်သမားတွေ ခေါ်ပြီးခိုင်းတာမျိုး တွေ့ရ တယ်။ ရောဂါကာကွယ်ရေးစည်းကမ်းတော့ လိုက်နာရပါတယ်။ )

ပြန်လာမယ်

ဗိုင်းရပ်စ်စစ်ပွဲမစခင်ကတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ အပန်းဖြေခရီးထွက်ရင် နယ်မြို့သူ ၊ နယ်မြို့သားတွေ ပျော်ကြတယ်။ တစ်ခါတစ်လေ စားသောက်ဖွယ်ရာတွေ၊ တည်းခိုရာတွေကို ဈေး တင်ပြီး ဧည့်ဝတ်ကျေကြတယ်။

နယ်မြို့သူ၊ မြို့သားတွေလည်း ရန်ကုန် လာပြီး ဘုရားဖူးတယ်၊ ပျော်တယ်၊ မြို့ပြအလှကိုငေးတယ်၊ ဆေးကုတယ်။ နေပြည်တော်က အစိုးရမင်းများတောင် အကြောင်းအမျိုးမျိုးပြပြီး ရန်ကုန်ကိုလာ ကြတယ်။

အခုတော့ ရန်ကုန်ကလာရင်ပဲ ကြောက်သလိုလို၊ ရန်ကုန်ကို လာရမယ်ဆိုရင် သေတော့မလို ။

ရန်ကုန်ဟာ ပြာပုံထဲက အကြိမ်ကြိမ်ပြန်လည်ရှင်သန်ခဲ့တဲ့ ဖီးနစ်ငှက်ပဲ ။ အခုလည်း ပြန်လည် ရှင်သန်မှာပဲ။

အဲဒီအခါကျတော့ နယ်မြို့သူ၊ မြို့သားတွေကို “ ခင်ဗျားတို့ လာလည်ကြပြီလား” လို့ ပြုံးပြုံးလေး ကြိုရအောင်။

ဗိုင်းရပ်စ် နဲ့ တိုင်ဝမ် သင်ခန်းစာ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ရေး နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းက မိမိနိုင်ငံနဲ့ သင့်တော်မယ် ထင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆောင်ရွက်နေကြတာပဲ။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေး ကိစ္စဆိုပေမယ့် စီးပွားရေးနဲ့ပါဆက်စပ်နေတယ် ဆိုတော့ လူတွေကျန်းမာဖို့သလို နိုင်ငံ့ စီးပွား ရေး လည်း ကျန်းမာသန်စွမ်းဖို့လိုတယ်။ ဒ့ါကြောင့် တစ်နိုင်ငံ ချင်း ရဲ့ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး အောင်မြင်မှုကို ပျံ့ပွားမှု နှုန်းထား၊ သေဆုံးမှု နဲ့ ဗိုင်းရပ်စ်ကြောင့် လူမှုစီးပွားဘဝအခြေ အနေပေါ် ဘယ်လောက်ထိခိုက်သလဲ ဆိုတဲ့အချက်တွေနဲ့ တိုင်းတာကြတယ်။

အဲဒီစံတွေနဲ့တိုင်းတာတဲ့အခါ တိုင်ဝမ်နိုင်ငံဟာ အောင်မြင်တဲ့ နိုင်ငံထဲမှာပါတယ်။ ဒါပေမယ့် တိုင်ဝမ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် တိုင် ဝမ်နိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအကြောင်းကို သတင်းမီဒီယာတွေမှာ များများ စားစားမတွေ့ရဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတင်းအချက်အလက်တွေမှာမပါဘူး။

တိုင်ဝမ်နိုင်ငံဟာ တရုတ်ပြည်မကြီးကနေ ၈၁ မိုင်ပဲဝေးတဲ့ ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၃ သန်း ရှိတယ်။ တိုင်ဝမ်နိုင်ငံသား ရှစ်သိန်းခွဲကျော်ဟာ တရုတ်နိုင်ငံမှာ အမြဲတမ်းနေထိုင်တယ်။ လေး သိန်းကျော်က အလုပ်သွားလုပ်နေတယ်။ ၂၀၁၉ ခုနှစ် မှာ တရုတ် ခရီးသွား ၂.၇၁ သန်း တိုင်ဝမ် ကို လာခဲ့တယ်။

အဲဒီအခြေအနေတွေအရ တိုင်ဝမ်ဟာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ခံရမယ့်အခြေအနေ မှာ ရှိတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်ခဲ့ဘူး။ ဧပြီ လ ၁၇ ရက်နေ့ စာရင်းအရ တိုင်ဝမ်မှာ ရောဂါ ပိုး တွေ့ရှိသူ ၃၉ ၇ ဦးရှိတယ်၊ ၆ ဦးသေဆုံးတယ်၊ ၁၇၈ ဦး ကျန်းမာရေးပြန်ကောင်းလာပြီ။

တိုင်ဝမ်နိုင်ငံမှာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလတွေအတွင်း ရောဂါကူးစစ်မှုကို ကောင်းကောင်း ထိန်းထားနိုင်တယ်။ မတ်လမှာတော့ ပြည်ပက ပြန်လာသူတွေကြောင့် ရောဂါပိုးတွေ့ရှိသူ အရေ အတွက် တိုးလာတယ်။ ဧပြီလထဲမှာတော့ ပြန်ကျသွားတယ်။ ပုံ (၁) ကိုကြည့်ပါ။

အခုအချိန်ထိ တိုင်ဝမ်မှာ တစ်နိုင်ငံလုံး၊ တစ်မြို့ လုံး Lockdown ချရတဲ့အခြေအနေလည်း မရောက်ခဲ့ဘူး။ စက်ရုံ၊အလုပ်ရုံ၊ အရောင်းအဝယ် အား လုံး ပုံမှန်နီးပါး လည်ပတ် နေတယ်။ ကျောင်းတွေလည်း မပိတ်ရဘူး။

တိုင်ဝမ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အောင်မြင်မှုကို လေ့လာတဲ့ အခါ အခုလိုတွေ့ရပါတယ် –

ကွပ်ကဲမှုစနစ်

၂၀၀၃ ခုနှစ် တရုတ်ကနေစပြီး ဆားရ် ရောဂါကပ်ဘေး (Severe Acute Respiratory Syndrome ,SARS) ဖြစ်တော့ တိုင်ဝမ်လည်း အကြီးအကျယ်ခံရတယ်။ လူတစ်သိန်းခွဲ လောက် ပိုးကူးစက်လို့ သီးခြားခွဲထားခဲ့ရပြီး ၁၈၁ ယောက်သေဆုံးခဲ့တယ်။

အဲဒီနောက်မှာတော့ ကူးစက်ရောဂါကပ်ဘေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့အတွက် ၂၀၀၄ ခုနှစ်မှာ National Health Command Center (NHCC) ကိုတည်ထောင်ခဲ့တယ်။ NHCC ဟာ ကူးစက်ရောဂါဖြစ်ပွားလာရင် ဗဟို၊ ပြည်နယ် နဲ့ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းအဆင့် ဆင့်ကို ပေါင်းစပ်ညှိနှိုင်းပေးတဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တယ်။ ကူးစက်ရောဂါ၊ ဇီ၀ လက်နက်၊ အရေးပေါ် ကုသမှု စတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးကို NHCC အောက်မှာ စုစည်းထားလိုက်တယ်။

ဒါ့အပြင် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်တွေနဲ့ လဝက၊ အကောက်ခွန်တို့ရဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်ပြီး လေ့လာဆန်းစစ်မှုတွေလုပ်နိုင်အောင် လည်း နည်းပညာအရ ပြင်ဆင်ထားခဲ့တယ်။

ကြိုတင်ကာကွယ်မှု

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ရင် တိုင်ဝမ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေက ကျန် တဲ့ နိုင်ငံတွေထက် ခြေတစ်လှမ်းဦးခဲ့တာကိုတွေ့ရတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်နေတယ်၊ ဇာတ်မြစ်မသိရသေးဘူးလို့ သတင်း ထုတ်ပြန်ခဲ့တယ်။

အဲဒီအချိန်မှာ ဘယ်နိုင်ငံကမှ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်တာမရှိသေး ဘူး။ ဒါပေမယ့် တိုင်ဝမ်ကတော့ နောက်နေ့မှာ ဝူဟန်ကလာတဲ့ လေယာဉ်ပျံတွေပေါ်က ခရီး သည်တွေကို ချက်ခြင်းဆင်းခွင့်မပေးတော့ဘူး။ လေယာဉ်ပေါ်တက်ပြီး ကိုယ်အပူချိန်တိုင်းတာ တာနဲ့ အဆုတ်ရောင်ရောဂါ လက္ခဏာရှိမရှိ စစ်ဆေးတာတွေစတင်လုပ်ဆောင်ခဲ့တယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဝူဟန်ကို ခရီးသွားခဲ့သူတွေရယ်၊ အဖျားရှိသူ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်ခုခုရှိသူတွေကို ဆားရ် အပါအဝင် သိထားပြီးဖြစ်တဲ့ ဗိုင်းရပ်စ်ပိုး ၂၆ မျိုးရှိ၊ မရှိ စစ်ဆေးတယ်။ သံသယရှိသူတွေကို နေအိမ် မှာ သီးခြား ခွဲခြား စောင့်ကြည့်တယ်။ လိုအပ်ရင်ဆေးရုံပို့တယ်။

ဇန်နဝါရီ ၂၀ ရောက်တော့ ဒုသမ္မတခေါင်းဆောင်တဲ့ NHCC က ဒီကိစ္စကို စပြီးတာဝန်ယူတယ်။ သူ့အောက်မှာရှိတဲ့ Central Epidemic Command Center (CECC) ကို ကျန်းမာရေးဝန်ကြီးက တာဝန်ခံပြီး လက်တွေ့ ဆောင်ရွက်တယ်။ CECC က ပို့ဆောင်ရေး၊ စီးပွားရေး၊ အလုပ်သမား၊ ပညာရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ် တယ်။

ဇန်နဝါရီလ ၂၇ မှာ ကျန်းမာရေး နဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနတွေမှာရှိတဲ့ သတင်းအချက် အလက်တွေကို ပေါင်းစပ်ညှိနှိုင်းမှုစတင်တယ်။ ဇန်နဝါရီ ၂၈ မှာ အသင့်ဖြစ်တယ်။ အဲဒီ နေ့ ကစပြီး တိုင်ဝမ်နိုင်ငံသားတွေနဲ့ တိုင်ဝမ်မှာရောက်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ခရီးသွား ရာဇဝင် ကို ပြန်စစ်တယ်။ ၁၄ ရက်အတွင်း တရုတ်ပြည်ကို ခရီးသွားခဲ့သူတွေကို လိုအပ်သလို ခေါ်ယူ ဆေးစစ်တာ၊ ခွဲခြားကန့်သတ်တာတွေလုပ်ဆောင်တယ်။ ဇန်နဝါရီ ၃၀ ရောက်တော့ တရုတ် နိုင်ငံတင်မဟုတ်တော့ဘူး၊ မကာအိုနဲ့ ဟောင်ကောင်ကို သွားခဲ့ဖူးသူတွေကိုပါ စိစစ်တယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ တရုတ်၊ ဟောင်ကောင် နဲ့ မကာအိုက ခရီးသွားတွေကို ပြည် ဝင်ခွင့် ပိတ်လိုက်တယ်။ တိုင်ဝမ်နိုင်ငံသားနဲ့ တိုင်ဝမ်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေက တော့ လာလို့ရတယ်။ ဒါပေမယ့် ၁၄ ရက် သီးခြားစောင့်ကြည့်ခံရမယ်လို့ သတ်မှတ်လိုက်တယ်။

ဖေဖော်ဝါရီလ ၁၄ ရက်မှာ Entry Quarantine System ကိုစတင်တယ်။ ဒီစနစ်က တိုင်ဝမ်ကိုလာမည့် ခရီးသည် တွေဟာ မိုလ်ဘိုင်းဖုန်း အပလီကေးရှင်းကနေတဆင့် ကျန်းမာရေးပုံစံကို ကြိုပို့ရတယ်။ အန္တရာယ်မရှိတဲ့နိုင်ငံတွေက လာတာဆိုရင် ခွင့်ပြုချက် ကို ပြန်ပို့ပေးတယ်။ အန္တရာယ်ရှိတဲ့နိုင်ငံတွေကလာတဲ့ခရီးသည်တွေကတော့ ရောဂါလက္ခဏာ မပြ ရင် နေအိမ်မှာ သီးခြားနေရတယ်။ သူ့လှုပ်ရှားမှုကို ဖုန်းအပလီကေးရှင်းကတဆင့်စောင့်ကြည့် တယ်။

ဖေဖော်ဝါရီ ၁၈ မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံ၊ဆေးခန်းအားလုံးက လူနာရဲ့ ခရီးသွားရာဇဝင် ကို ပြန်စစ်လို့ရအောင် ကွန်ယက်တည်ဆောက်နိုင်တယ်။

Central Epidemic Command Center (CECC) က ဇန်နဝါရီ ၂၄ ရက်နေ့ နဲ့ ဖေဖော်ဝါရီ ၂၄ ကြားမှာ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်ပေါင်း ၁၂၄ ခုကို ထုတ်ပြန်ပေးခဲ့ တယ်။

အဲဒီညွှန်ကြားချက်တွေထဲမှာ ဝေးဝေးနေရေး မူဝါဒနဲ့ နှာခေါင်းစည်းအသုံးပြုမှုဆိုင်ရာ စည်းကမ်း တွေလည်းပါတယ်။တိုင်ဝမ်အစိုးရက Lockdown မလုပ်ပေမယ့် ရောဂါကာကွယ်ရေးဆိုင်ရာ စည်း ကမ်းချက်တွေကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်စစ်ဆေးတယ်။

ကျန်းမာရေးပစ္စည်းများ

တိုင်ဝမ်အစိုးရက ဇန်နဝါရီလဆန်းထဲက အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါပိုး ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းစုဆောင်းမှုတွေစတင်ခဲ့တယ်။ ပြည်တွင်း ထုတ်လုပ်သူတွေကို စုစည်းခဲ့တယ်။ မိမိနိုင်ငံလိုအပ်ချက်မပြည့်ခင်မှာ ပြည်ပကို တင်ပို့တာ ဆိုင်းငံ့ ထားခဲ့တယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၄၄ သန်း၊ N95 နှာခေါင်းစည်း ၁.၉ သန်း နဲ့ negative-pressure isolation အခန်း ၁၁၀၀ အသင့် ရှိ ကြောင်း ကြေညာခဲ့တယ်။

အခုတော့ တိုင်ဝမ်နိုင်ငံမှာ ရောဂါကာကွယ်ရေးလိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေ ပြည့်စုံနေပြီ ဖြစ် တဲ့အတွက် ဧပြီလ ၁ ရက်နေ့က စပြီး အမေရိကန်အပါအဝင် ရောဂါကူးစက်မှု များပြားတဲ့နိုင်ငံ နဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို နှာခေါင်းစည်း ၁၆ သန်းပေးပို့လှုဒါန်းခဲ့တယ်။

ပြန်ချုပ်လိုက်ရင်တော့ တိကျတဲ့ ကွပ်ကဲမှုစနစ် နဲ့ ကြိုတင်ပြင်ဆင်မှုကောင်းခြင်းက တိုင်ဝမ် နိုင်ငံ ကို ကယ်တင်လိုက်တာပါပဲ။

ကိုးကား

၁။ Response to COVID-19 in Taiwan;Big Data Analytics, New Technology, and Proactive Testing, Journal of the American Medical Association 3 March 2020
၂။ The Diplomat 6 April 2020

၃။ Foreign Policy 9 April 2020

၄။ https://www.cdc.gov.tw/En

စင်္ကာပူနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး

စင်္ကာပူနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာရဲ့ ချီးကျူးမှု ကိုခံရတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနှုန်းက ဧပြီလထဲမှာ ပြန်တက်လာတာကို တွေ့ ရတယ်။ ဧပြီလ ၁၆ ရက်နေ့တစ်ရက်တည်းမှာ ရောဂါပိုး ကူးစက်နေသူ ၇၂၈ ဦးတွေ့တယ်။ စုစု ပေါင်း ရောဂါပိုးကူးစက်သူ ၄၄၂၇ ဦးရှိသွားပြီး သေဆုံးသူ ၁၀ ဦးရှိတယ်။ ပျောက်ကင်းသူ ၆၈၃ ဦးရှိတယ်။

စင်္ကာပူနိုင်ငံမှာ ရောဂါကူးစက်မှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဒီနေ့ ( ဧပြီ ၁၇ ရက်) ထုတ် စထရိတ်တိုင်းမ်သတင်းစာမှာ “5 weak links in Singapore’s Covid-19 battle” ဆိုပြီး ဆောင်းပါးရေးသားဖော်ပြထားတယ်။

ဆောင်းပါးပါ အဓိက အချက်တွေကတော့

အလုပ်သမားအိပ်ဆောင်တွေ

၁။ ထပ်တိုးလာတဲ့ ရောဂါကူးစက်သူအများစုက နိုင်ငံခြားသားအလုပ်သမားတွေ မှာ ဖြစ်တယ်။ လူနေ ရပ်ကွက်တွေထဲမှာ ကူးစက်မှုက ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ တစ်ရက် ပျမ်းမ ျှ ၃၇ ဦးပဲရှိတယ်။

၂။ အလုပ်သမားအိပ်ဆောင်တွေမှာ အိပ်ခန်း၊ စားသောက်ခန်းတွေကို စုပေါင်းသုံးစွဲတာရယ်၊ လူဦး ရေ သိပ်သည်မှုများတာရယ်ဟာ ရောဂါကူးစက်မှုကို ပိုမြန်စေတယ်။

၃။ စင်္ကာပူမှာနိုင်ငံခြားသားအလုပ်သမားတွေအတွက် သီးသန့်တည်ဆောက်ထားတဲ့ အဆောင် ဝင်းပေါင်း ၄၃ ခု အနက် ၁၉ ခုမှာ ရောဂါကူးစက်မှု နှစ်ထောင်ကျော်တွေ့ခဲ့တယ်။ အဲဒီ ၁၉ ခု အနက် ၁၂ ခုကို သီးသန့်ခွဲခြားကန့်သတ်တဲ့ နယ်မြေအဖြစ်သတ်မှတ်ထားပြီး ကျန်တဲ့ အလုပ်သမားတွေကို ၁၄ ရက် စောင့် ကြည့်နေရတယ်။

၄။ အများဆုံးဖြစ်ပွားတဲ့ S 11 အဆောင်ဝင်းမှာ ကူးစက်သူ ၉ ၇၉ ဦးတွေ့ခဲ့တယ်။

သက်ကြီးရွယ်အိုများ

၁။ သေဆုံးသူ ၁၀ ဦးလုံးဟာ အသက် ၆၀ အထက်တွေဖြစ်တယ်။

၂။ Lee Ah Moo ဘိုးဘွားရိပ်သာမှာ ရောဂါကူးစက်သူ ၁၆ ဦးတွေ့တယ်။ နှစ်ဦး သေဆုံးတယ်။ နှစ်ယောက်လုံးက ၈၆ နှစ်အရွယ်အဖွားတွေ။

စည်းကမ်း

၁။ ဝေးဝေးနေဖို့၊ လူစုလူဝေးမလုပ်ဖို့ဆိုတဲ့ စည်းကမ်းတွေကို အစပိုင်းမှာလိုက်နာမှုအားနည်း တယ်။ အိမ်မှာ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ဖိတ်ပြီး စားသောက်တယ်။ အပြင်မှာ လူစုပြီး အား ကစားလုပ်တယ်။ Mask ဝတ်ဆင်ပြီးမှ အပြင်ထွက်ဖို့ သတ်မှတ်ထားပေမယ့် အသက်ရှုမ၀ ဘူး ဆိုပြီး မလိုက်နာတဲ့သူတွေရှိတယ်။

၂။ အခုတော့ စည်းကမ်းထိန်းသိမ်းရေး အရာရှိ သုံးထောင်ကျော် တာဝန်ပေးထားရတယ်။ ဧပြီ ၇ ရက်နောက်ပိုင်း သတိပေးမှု ၆၂၀၀ ကြိမ် နဲ့ ဒဏ်ငွေချမှတ်မှု တစ်ထောင်ကျော်လုပ်ခဲ့ရတယ်။

နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းများ

၁။ ကလေးတွေကို ကူးစက်မှုနှုန်းနည်းတယ်။ ဒါပေမယ့် ကလေးတွေက ရောဂါ လက္ခဏာ မပြဘဲ ပိုးသယ်ဆောင်သူတွေဖြစ်နေတတ်တယ်။

၂။ အခုအချိန်ထိ ကလေး ၈ ယောက် နဲ့ လူကြီး ၃၂ ယောက်ကို ကူးစက်မှုတွေရှိခဲ့တယ်။

၃။ ဧပြီ ၈ ရက်နေ့ကစပြီး နေ့ကလေးထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေမှာ မရှိမဖြစ် လုပ်ငန်း တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မိဘတွေရဲ့ကလေးတွေနဲ့ မထားမဖြစ် ထား ဖို့ လိုအပ်တဲ့ကလေးတွေကိုပဲ လက်ခံတယ်။ အဲဒါတောင် ကလေးတစ်သောင်းကျော်ရှိတယ်။

လုပ်ငန်းခွင်

၁။ အစပိုင်းက လုပ်ငန်းခွင်တွေမှာ ပိုးသတ်ဖို့နဲ့ ဝေးဝေးနေဖို့ စည်းကမ်းကို လိုက်နာမှု အားနည်းခဲ့တယ်။

၂။ အခုအချိန်မှာ စင်္ကာပူ အလုပ်သမားအင်အားရဲ့ ၂၀% ပဲ အလုပ်လုပ်နေတယ်။ ရောဂါ ကာကွယ်ရေး စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားတယ်။

အရှုံးမပေး (၇)

ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ဟာ အကြောင်းအမျိုးမျိုးကြောင့်ပြောင်းသွားနိုင်တယ်။ ဒါပေမယ့် ခွေး တစ်ကောင်ကြောင့် သေရေး ရှင်ရေး ရလဒ်တစ်ခုပြောင်းလဲသွားတယ်ဆိုတာကတော့ ဖြစ်တောင့် ဖြစ်ခဲပဲ။

Torquay မြို့ကအင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေး။ ၂၀၂၀ ပြည့်နှစ်မှာတောင် လူဦးရေ ခြောက်သောင်းကျော်ပဲရှိတယ်။ လန်ဒန်ကနေ မိုင်နှစ်ရာလောက် ဝေး တဲ့ ဒီမြို့ရဲ့ မြို့ခံဘောလုံးအသင်းက Torquay United အသင်း။

Torquay United အသင်းကို ၁၈၉ ၉ ခုနှစ်မှာ ထူထောင်တယ်။ လက်ရှိအိမ်ကွင်းကို ၁၉ ၁၀ ခုနှစ် မှာဆောက်တယ်။ အဲဒီအချိန်ထဲက ဒီကွင်းမှာ အခြေပြုခဲ့တာ အခုအချိန်ထိပဲ။ မြို့က သေးသေး ဆို တော့ ဘောလုံးအသင်းက လည်း သေးသေးပဲ။ အစပိုင်းကတော့ ခရိုင်ပွဲလောက်ပဲ ကန်တာပါ ။ နောင် တော့ အင်္ဂလိပ်လိဂ်မှာ ကန်ခွင့်ရတယ်။ ဒါတောင်မှ လိဂ်ရဲ့ အနိမ့်ဆုံးအတန်း စတုတ္ထတန်းမှာ ကန်ရ တာပါ။

ဘာပဲဖြစ်ဖြစ် မြို့လူထုအတွက်ကတော့ ဒီကလပ်အသင်းဟာ မြို့ဂုဏ်ဆောင်အသင်းပဲ။ ရှုံး တာနိုင်တာထက် သူတို့အသင်းကန်နေတာတွေ့ရရင်ပျော်တာပဲ။တကယ်တော့ ရှုံးတာများလွန်း တဲ့အတွက်အားပေးတယ်ဆိုတာတောင် နိုင်ဖို့အတွက်အားပေးတာမဟုတ်ဘူး။ သက် သက်သာ သာ ရှုံးဖို့အတွက် အားပေးတာ။ ပြောရရင် ကလပ်အသင်းရော၊ ကစားသမားတွေရော၊ မြို့ လူထု ရော အရှုံးနဲ့နေသားကျနေပြီ။

ဒါပေမယ့် ၁၉ ၈၇ ခုနှစ်ရောက်တော့ အခြေအနေက တစ်မျိုးဖြစ်လာတယ်။ အဲဒီနှစ်မှာ အင်္ဂလိပ်လိဂ် စည်းမျဉ်းတွေပြင်လိုက်တယ်။ အဲဒီစည်းမျဉ်းအရ စတုတ္ထတန်းအမှတ်ပေးဇယားအောက်ဆုံး အသင်းက လိဂ်ကနေ ထွက်ရမယ်။ သူ့နေရာကို ခရိုင်ပြိုင်ပွဲတွေမှာ ပထမရတဲ့အသင်းဝင်မယ်။

Torquay United အသင်းက ၁၉ ၈၅ နဲ့ ၁၉၈၆ နှစ်နှစ်လုံး ဇယားအောက်ဆုံးကနေ ရာသီ သိမ်း ခဲ့တာ။ ဒီနှစ် ဇယားအောက်ဆုံးရောက်ရင်တော့ လိဂ်ကနေ ထွက်ရမယ်။ လိဂ်မှာ မကန်ရရင် ဘော လုံးသမားတွေလည်းပရော်ဖက်ရှင်နယ်ဘ၀ ဆုံးခန်းတိုင်ပြီ။ တန်းပြုတ်သွားတဲ့ အသင်းက ကစား တစ်ယောက်ကို ဘယ်အသင်းကမှ ခေါ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အသင်းသားတွေအတွက် ဒီရာသီက သေရေးရှင်ရေးပဲ။ မြို့ခံပရိသတ်တွေ အထူးသဖြင့် အမျိုးသားတွေအတွက်လည်း ဘောလုံးပွဲမရှိရင် စနေညနေခင်းေ တွကို ဘယ်လို အချိန်ကုန်ရမလဲလို့ စိတ်ပူစရာဖြစ်လာတယ်။ ဘီယာဆိုင်မှာ ၊ ကော်ဖီဆိုင်မှာ ဒီအကြောင်းပဲ ဆွေးနွေးနေကြတယ်။

ရာသီရဲ့နောက်ဆုံးပွဲအဖြစ် Torquay United က Crewe အသင်းကို အိမ်ကွင်းမှာလက်ခံကစား ရတယ်။ Crewe က ဇယားအလယ်မှာရှိတဲ့အသင်း။ Torquay United ထက်ခြေသာတယ်။ ပြီး တော့ သူတို့မှာ ဖိအားရှိမနေ ဘူး။

အဲဒီအချိန်မှာ ဇယားအောက်ဆုံးသုံးသင်းအခြေအနေက အခုလို ဖြစ်နေတယ် –

Lincoln City ၄၈
Torquay United ၄၇
Burnley ၄၆

နောက်ဆုံးနေ့မှာ သုံးသင်းလုံး တစ်ချိန်တည်းကစားရမယ်။ Lincoln အသင်း ရှုံးပြီး Torquay United အသင်းက နိုင်ရင် တန်းမဆင်းရတော့ဘူး။တကယ်လို့ Lincoln ရှုံးပြီး Torquay United သရေကျရင်တောင် ဂိုးကွာခြားမှုအရ တန်းမဆင်းရဘူး။

ပွဲစတော့ Crewe က ဖိကစားတယ်။ မိနစ်နှစ်ဆယ်မှာ နှစ်ဂိုးသွင်းပြီးသွားပြီ။ ပထမပိုင်းပြီး တော့ Crewe က နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေတယ်။ မေ ျှာ်လင့်ချက်က အတော်နည်းနေပြီ။ အဝတ်လဲ ခန်းထဲမှာ မန်နေဂျာ Stuart Morgan က အသင်းသားတွေကို နောက်ဆုံး ခွန်အားတွေ ညှစ်ထုတ် ဖို့ အားပေးတယ်။ အပြင်မှာတော့ ပရိသတ်တစ်ချို့က Torquay Unitedရဲ့ နောက်ဆုံးပွဲ အဖြစ် အမှတ်တရ သိမ်းထားနိုင်ဖို့အတွက် ဒီနေ့ပွဲလက်မှတ် တွေကို လိုက်စုနေပြီ။

ဒုတိယပိုင်းပြန်စတော့ ကွင်းထဲဝင်လာတဲ့ Torquay United အသင်းကို ပရိသတ်က မိနစ်ဝက် လောက် လက်ခုပ်တွေတီးပြီး ကြိုဆိုတယ်။ အားပေးတာလား၊ နှုတ်ဆက်တာလား မသိနိုင် ဘူး။ ဘာပဲပြောပြော ကစားသမားတွေ အားတက်သွားတယ်။ ပွဲစတာနဲ့ တိုက်စစ်ဆင်ပြီး ကစား တယ်။ နှစ်မိနစ်မှာပဲ အသင်းခေါင်းဆောင် Jim McNichol က ပြစ်ဒဏ်ဘောကနေတဆင့် ချေပ ဂိုး ပြန်သွင်းနိုင်တယ်။

အသင်းရော၊ ပရိသတ်တွေပါ အားတက်သွားတယ်။ နောက်တစ်ဂိုးသွင်းနိုင်လို့ သရေ ဆိုရင် မေ ျှာ်လင့်ချက်ရှိသေးတာကိုး။ ဒီတော့ ဆက်တိုက်ဖိကစားတယ်။ Jim ကတော့ ဖိ ကစားတယ်ဆိုပေမယ့် ကစားကွက်မရှိပါဘူး။ လူတိုင်းက ဘောလုံးရတာနဲ့Crewe ဘက်ကို ကန် တင်နေတာပါပဲ လို့ ပြန်ပြောပြတယ်။ အဲဒီအချိန်မှာ အိမ်ကွင်းပရိသတ်အားပေးတာကလည်း ကြမ်းလာတယ်။ နောက်ထပ်ချေပဂိုးလည်း မသွင်းနိုင်သေးဘူး။

ပွဲပျက်သွားမှာကို စိုးရိမ်တဲ့ ရဲတပ်ဖွဲ့က ရဲတပ်သားတွေရော၊ ခွေးတွေပါ ကွင်းထဲမှာ နေရာယူ ခိုင်းလိုက်တယ်။ ပွဲကလည်း ပြီးဖို့ ဆယ်မိနစ်လောက်ပဲလိုတော့တယ်။ အဲဒီလို နေရာ ယူတဲ့ အထဲမှာ ရဲတပ်ဖွဲ ဝင် John Harris နဲ့ သူ့ခွေး Bryn လည်း ပါတယ်။

သူတို့ နေရာယူပြီး မကြာခင်မှာပဲ Crewe အသင်းက ဖျက်ထုတ်လိုက်တဲ့ဘောလုံးဟာ John နဲ့ သူ့ခွေးရှိနေတဲ့ဘက်ကို လိမ့်လာတယ်။ Torquay United အသင်းခေါင်းဆောင် Jim က ဘော လုံးနောက်ကလိုက်လာတယ်။ Jim က ဘောလုံးကို ကောက်ဖို့ သွားတဲ့အခါ John ရဲ့ ခွေး ကသူ့ သခင်ကို ရန်ပြုဖို့လာတယ်လို့ထင်ပြီး ခုန်ကိုက်လိုက်တယ်။

Jim ပစ်လဲသွားတယ်။ ပေါင်ကသွေးတွေပန်းထွက်လာတယ်။ သူနာပြုတွေရောက် လာတယ်။ ပွဲပြီး ဖို့ ခုနှစ်မိနစ်ပဲလိုတော့တယ်။ ပရိသတ်က အခုလို အရေးကြီးတဲ့အချိန်မှာ အားကိုး ရတဲ့အသင်းခေါင်းဆောင်ကို ခွေး ကိုက်ရမလား ဆိုပြီး ဒေါသူပုန်ထတယ်။ ပိုဆိုးတာက အဲဒီအချိန်မှာ Torquay United က နောက်ထပ် လူစား လဲခွင့် မရှိတော့ဘူး။ Jim မကန်နိုင် ရင် ဆယ်ယောက်နဲ့ ဆက်ကန်ရတော့မယ်။ ပေါက်ကွဲနေတဲ့ ပရိသတ်က John နဲ့သူ့ခွေးရှိတဲ့နေရာ ကို အမှိုက်တွေ၊ သစ်သားစတွေနဲ့ ပေါက် တယ်။ John ကတော့ ပရိသတ်က ကွင်းထဲ ဆင်း လာပြီး ကိုယ်ထိလက်ရောက်တိုက်ခိုက်မှာကို ကြောက်နေခဲ့တယ်လို့ ပြန်ပြောပြတယ်။

Jim ကို လေးမိနစ်လောက် သွေးတိတ်အောင်လုပ်ရတယ်။ ( နောက်တော့ သူ့ဒဏ်ရာကို ၁၇ ချက်ချုပ်ရတယ်။ ) Jim ပြန်ကန်တယ်။ သာမန်ကစားချိန်စေ့သွားတယ်။ ခွေးကိုက်ခံရတဲ့ Jim ကို ပြုစုရတဲ့အတွက် နာကျင်အချိန်ပို လေးမိနစ်ရတယ်။

အဲဒီအချိန်မှာ Torquay United နဲ့ တစ်ချိန်တည်းကန်နေတဲ့ Lincoln City အသင်းက ရှုံးတယ်။ Burnley က နိုင်တယ် ဆိုတဲ့သတင်းကို ရေဒီယိုကနေ ကြားလိုက်ရတယ်။ Burnley က ၄၉ မှတ်၊ Lincoln City က ၄၈ မှတ်၊ Torquay United က ၄၇ မှတ်ဖြစ်သွားပြီ။

Torquay United အသင်းသားတွေ အတင်းဖိကစားတယ်။ ပရိသတ်က “တစ်ဂိုးပဲ တစ်ဂိုးပဲ” လို့ အော်ပြီးအားပေးတယ်။ နာကျင်အချိန်ပို သုံးမိနစ် ကျော် ကေ ျာ် လေးမှာ Crewe ဂိုးဧရိယာထဲကို ဘောလုံးရောက်သွား တယ်။ ရှုပ်ရှက်ခတ် နေတဲ့ကြားက တိုက်စစ်မှူး Paul Dobson ရှေ့ကို ဘောလုံးရောက်လာတယ်။ Paul က ဘာမှ စဉ်းစားမနေ ဘဲ ကျုံးကန်ထည့်လိုက်တယ်။ ဂိုးဝင်သွားတယ်။

တစ်ကွင်းလုံး ဆူညံသွားတယ်။ပွဲသိမ်းခရာမှုတ်လိုက်တာ့ အားလုံးကွင်းထဲပြေးဝင်လာကြ တယ် ။ မကြာခင်ကမှ John နဲ့ သူ့ခွေး ကို ဆဲဆိုနေတဲ့သူတွေက ခွေးလေးကယ်ပေလို့ လို့ ပြော ကြတယ်။ နောက်နေ့ကျတော့ ကလပ် ဥက္ကဋ္ဌက Bryn ကို အမဲပေါင် နဲ့ အသင်း ရဲ့ မာဖလာ လက်ဆောင်ပေးတယ်။ အမဲပေါင်က Jim ကို ကိုက်ခဲ့တဲ့ သွားတွေကို ဂုဏ်ပြု တာ။ မာ ဖ လာကတော့ အသင်းပရိသတ်အဖြစ် အသိအမှတ်ပြုတာ။

Bryn ကြောင့်ရလိုက်တဲ့ အချိန်ပို လေးမိနစ်က Torquay United အသင်းကို ကယ်တင်လိုက် တယ်ဆိုပေမယ့် ပထမပိုင်းအပြီးမှာ လက်မြှောက်လိုက်ရင် ချေပဂိုးတစ်ဂိုးရမှာမဟုတ်ဘူး။ ချေပ ဂိုး တစ်ဂိုးရမထားရင် အချိန်ပိုလေးမိနစ်ကလည်း သူတို့ကို ကယ်တင်နိုင်မှာမဟုတ် ဘူး။ အရှုံးမပေးတဲ့သူတွေကို ကံကြမ္မာက မျက်နှာသာပေးတယ်ဆိုတာအမှန်ပဲ။

Torquay United လိဂ်မှာ ဆက်ပြီး ယှဉ်ပြိုင်ခဲ့တယ်။ အခုထိလည်း ယှဉ်ပြိုင်နေဆဲ ပဲ။ ဒီအသင်းက ထိပ်တန်းအသင်းတော့ဖြစ်မလာဘူး။ ဒါပေမယ့် မိုးထဲ ရေထဲ အကျပ် အတည်း ချိန်မှာ တန်းဆင်းရမယ့်အခြေအနေကနေ ရုန်းထွက်နိုင်တဲ့နေရာမှာတော့ နာမည်ကြီးတယ်။

၁၉ ၈၇ ခုနှစ်မှာ မန်နေဂျာလုပ်ခဲ့တဲ့ Morgan ကတော့ လိဂ်ကမထွက်ရသေးသရွေ့ မေ ျှာ်လင့် ချက်ရှိ နေတာပဲလေ။ Torquay United ကတော့ ကြိုးစားနေဦးမှာပါလို့ ပြောတယ်။

ရဲတပ်ဖွဲ့ဝင် John Harris နဲ့ သူ့ခွေးလေး Bryn ကတော့ ၁၉ ၉ ၃ ခုနှစ်မှာ အငြိမ်းစားယူ တယ်။ John က ခွေးကို သူ့အိမ်ခေါ်သွားတယ်။ မနက်တိုင်း အတူလမ်းလေ ျှာက်ကြတယ်။ ၁၉ ၉ ၄ ခုနှစ်မှာ Bryn သေဆုံးသွားတော့ ဂျွန်က အရိုးပြာကို သူ့အိမ်မှာပဲယူထားတယ်။ ၁၉ ၈၇ ခုနှစ် ဘောလုံး ပွဲကို သိမီလိုက်သူတွေနဲ့ စကားပြောတဲ့အခါ John က “ကိုက်လိုက်တာ ငါ့ကောင် လေးပေါ့” လို့ တသသပြောနေတုန်းပဲ။

မှီငြမ်း ။ Losers, The Jaws of Victory နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ။

အရှုံးမပေး (၆)

Jean Van de Velde ၂၉ မေ ၁၉ ၆၆ ခုနှစ်မှာမွေးတယ်။ အဖေက အောင်မြင်တဲ့ အလယ် အလတ်အဆင့် စီးပွားရေးလုပ်ငန်းရှင်။ ဗန်ဒီဗဲလ်က ညီအကို ငါးယောက်မှာ အငယ်ဆုံး။ သူ အသက် ငါးနှစ်မှာ မိသားစု ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးထွက်ကြတယ်။ ဒါပေမယ့် ဗန်ဒီဗဲလ် က ပင်လယ်ကမ်းခြေမှာဆော့ရတာမပျော်ဘူး။

သူက တည်းခိုအိမ်ရှေ့က ဂေါက်ကွင်းထဲမှာ လူကြီးတွေ ကစားနေတာကို စိတ်ဝင်စား တယ်။ သူတို့ အိမ်ရှေ့တည့်တည့်မှာ ကျင်းအမှတ် ၆ ရှိတော့ ပြူတင်းပေါက်ကနေ ထိုင်ကြည့် တယ်။ အဲဒီကပြန်လာတော့ ဂေါက်သီးသင်ချင်တယ်လို့ပူဆာတယ်။ အဖေနဲ့ အမေက ရိုးရိုးဆော့ချင် တယ်ပဲထင်တယ်။ ဒါ့ကြောင့်ကလေးတွေ ကျင်းစိမ်တန်းဆော့တဲ့နေရာကို ပို့ပေးတယ်။ ကျောင်း ပိတ်ရက်တိုင်းတစ်နေကုန်တစ်နေခမ်းဆော့တာကိုလိုက်ပို့ရတော့ အဖေက စိတ်ပျက်ပြီး ဂေါက် ကလပ်ကို ပို့လိုက်တယ်။ အဲဒီအချိန်မှာ သူ့အသက်က ခြောက်နှစ်။ ဂေါက်စသင်တဲ့ အချိန်က ၁၉ ၇၂ ခုနှစ် ဇူလိုင်လ။

အဲဒီအချိန်က အခုလို ကလေးတွေအတွက် ဂေါက်သင်တန်းဆိုတာမရှိသေးဘူး။ ဆရာက သူ့ ဂေါက်တံအဟောင်းတွေကို ကလေးရိုက်လို့ရအောင် ပြင်ပေးရတယ်။ အဲဒီအချိန်က စပြီး သူ့သူငယ်ချင်းတွေ ဘောလုံးကန်၊ ရေကူူးလုပ်နေချိန်မှာ သူက ဂေါက်ကွင်းထဲမှာ။

၁၉ ၈၅ မှာ ပြင်သစ် အငယ်တန်းချန်ပီယံဖြစ်တယ်။ အဲဒီအချိန်မှာ တက္ကသိုလ်လည်း ဆက်တက်ရတော့မယ်။ အမေရိကန်မှာ ပညာသင်နိုင်မယ့်အခွင့်အရေးလည်းရှိတယ်။ ပြင်သစ် နိုင်ငံမှာ သင်မယ်ဆိုလည်း ရတယ်။

ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ဂေါက်ကစားသမားဘဝကို ရွေးလိုက်တယ်။ အဲဒီအချိန်မှာ ပြင်သစ်မှာ အများစုက ဂေါက် ကို အားကစားလို့မမြင်ဘူး။ သူဌေးတွေ ဇိမ်ခံတဲ့ ကစားနည်းလို့ပဲ မြင်တယ်။ သူ့အဖေကတောင် သူ့ရွေးချယ်မှုကို ဘဝင်မကျဘူး။

၁၉ ၈၇ ခုနှစ်မှာ ပရောဖက်ရှင်နယ်ကစားသမားဖြစ်တယ်။ သူ့ကို ပြင်သစ်ဂေါက်သီး လောက က သိပေမယ့် နိုင်ငံတကာက မသိသေးဘူး။ အသက် ၂၆ နှစ် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ငါး နှစ် အရောက်မှာ မာစတာပွဲတွေ စရိုက်တယ်။ ၁၉ ၉ ၃ ခုနှစ် အီတလီအိုးပင်းမှာ ဗိုလ်စွဲတယ်။ ဥရောပ ပတ်လည်ပြိုင်ပွဲတွေမှာ ပြင်သစ်ကစားသမားချန်ပီယံဖြစ်ခဲ့တာ ၁၉ ၆၉ ခုနှစ်ကနောက်ဆုံး ပဲ။ ၂၄ နှစ်ကြာမှ ဗန်ဒီဗဲလ် ချန်ပီယံပြန်ဖြစ်တယ်။ ပြင်သစ်ဂေါက်သီးလောကအတွက်စိတ်လှုပ်ရှား စရာပေါ့။

၁၉ ၉ ၉ ခုနှစ် ဗြိတိသ ျှ အိုးပင်းဝင်ပြိုင်တယ်။ နိုင်ငံတကာဂေါက်ပြိုင်ပွဲတွေထဲမှာ နာမည် အကြီးဆုံးပြိုင်ပွဲပေါ့။ ပရော်ဖက်ရှင်နယ်လောကမှာ သူ့ရဲ့ အဆင့်က ၁၅၂ ဆိုတော့ ဗန်ဒီဗဲလ် ကို ဘယ်သူမှ ထည့်မတွက်ဘူး။

ပြိုင်ပွဲ ပထမနေ့ ၇၅ ချက် ရိုက်တယ်။ အကောင်းကြီးမဟုတ်သေးဘူး။ အကောင်းဆုံးလူက ၇၁ ချက်ရိုက်ထားတယ်။ သူက အဆင့် ၂၄ မှာပဲရှိတယ်။ မေ ျှာ်လင့်ချက်မရှိပါဘူး။

ဒုတိယနေ့ က ရာသီဥတုဆိုးတယ်။ နာမည်ကြီးတွေ ပျက်နေတဲ့အချိန်မှာ သူက ၆၈ ချက်ရိုက်နိုင်တယ်။ နံပါတ် ၁ နေရာရောက်သွားတယ်။ လူတွေက ချက်ခြင်းစိတ်ဝင်စား လာကြတယ်။ ဗန်ဒီဗဲလ် ဆိုတာ ဘယ်သူလဲပေါ့။ ပထမနေ့မှာ သူ့ကို သတင်းမေးတဲ့ သတင်းထောက်လေးယောက်ပဲရှိတယ်။ ဒုတိယနေ့ပြီးတော့ လူဝိုင်းနေပြီ။ ပြင်သစ်က သတင်းထောက်တွေ စကော့တလန်ကိုလိုက်လာကြတယ်။ တတိယနေ့ စတော့ သူ့ကို သတင်းယူတဲ့သူ နှစ်ရာလောက်ဖြစ်လာတယ်။

တတိယနေ့ လည်း အချက် ၇၀ ရိုက်တယ်။ ရာသီဥတုဆိုးပြီး လေထန်နေတဲ့အတွက် ကျန်တဲ့ ပြိုင်ပွဲဝင်တွေက သတိထားပြီးရိုက်နေတဲ့အချိန်မှာ သူကရဲရဲတင်းတင်းပဲ ရိုက်တယ်။ ဖိအားမရှိတဲ့ ပုံစံနဲ့ ကစားတဲ့ သူ့ကို ပရိသတ်က သဘောကျတယ်။ သတင်းစာမျက်နှာဖုံး တွေ၊ ရုပ်သံသတင်းတွေမှာလည်း သူ့အကြောင်းပဲ။

နောက်ဆုံးနေ့ ။ ဗန်ဒီဗဲလ် ချန်ပီယံဖြစ်ဖို့သေချာသလောက်ဖြစ်နေပြီ။ ဒုတိယလူထက်ငါးချက် အကြောရထားတယ်။ ပြင်သစ်တစ်နိုင်ငံလုံးကလည်း စိတ်လှုပ်ရှားနေကြတယ်။ ဂေါက်ကစား နည်းကို မသိတဲ့သူတွေ၊ ဗြိတိသ ျှ အိုးပင်းဆိုတာကို မကြားဖူးတဲ့သူတွေတောင် ရုပ်မြင်သံ ကြား စက်ရှေ့ကိုရောက်နေကြတယ်။ ၁၉ ၉ ၈ ခုနှစ် ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲမှာ ပြင်သစ် ချန်ပီယံ ဖြစ်ထားတာကလည်း ပူပူနွေးနွေးဆိုတော့ နောက်ထပ် ပြင်သစ်တွေရဲ့ အောင်ပွဲကို မြင် ချင်နေကြတယ်။

ဗန်ဒီဗဲလ်ဟာညက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ ဒါပေမယ့် အခြေအနေကောင်းသေး တယ်။ နောက်ဆုံး ကျင်းအမှတ် ၁၈ ကိုရောက်တော့ ဒုတိယနေရာက လူထက် သုံးချက်သာ နေသေး တယ်။ ဒီတော့ သတ်မှတ်ရိုက်ချက်လေးချက်ထက် နှစ်ချက်ပိုပြီး ခြောက်ချက်ရိုက်ရင်တောင် ချန်ပီယံဖြစ် ပြီ။ အရင်နေ့တွေက ဒီကျင်းကို တစ်ချက်လျော့ရိုက်ခဲ့တဲ့အတွက် စိတ်ပူစရာမရှိဘူး။

ဒါပေမယ့် ပထမတစ်ချက် ဘေးထွက်သွားတယ် ကံကောင်းလို့ ရေမြောင်းထဲမကျတာ။ ဒုတိယအချက် ရိုက်ချက်ကောင်းတယ်။ ဒါပေမယ့် ပရိသတ်နဲ့စည်းခြားထားတဲ့ သံတန်းထိပြီးနောက်ပြန်လွင့်လာတယ်။ မြက်တောထဲကျသွားတယ်။ သံတန်းကို ချိန်ပြီး အချက်တစ်ရာရိုက်ရင်တောင် တစ်ချက်ထိဖို့ မဖြစ်နိုင်ဘူး။ အခုတော့ ရေထဲမိုးထဲ အခြေ အနေမှာ တည့်တည့်သွားမှန်တယ်။ ကံကောင်းခြင်းက သူ့ဘက်မှမရှိတော့ဘူး။

ဘောလုံးကျတဲ့နေရာက ကျင်းနဲ့ ၆၃ ကိုက်ကွာတယ်။ အလယ်မှာ ရေမြောင်းတစ်ခုရှိတယ်။ ဒါကို ကျော် အောင်ရိုက်နိုင်မယ်လို့ လူတိုင်းက ထင်တယ်။ ဒါပေမယ့် တတိယရိုက်ချက်က မြောင်းထဲ တည့်တည့် ကျတယ်။ ရုပ်မြင်သံကြားကြေညာသူတွေက ဗန်ဒီဗဲလ်ဟာ ၁၈ ကျင်းစထွက်ထဲက အလွဲလွဲအချော်ချော်ဖြစ်နေပြီလို့ မှတ်ချက်ပေးကြတယ်။

ဗန်ဒီဗဲလ် ဖိနပ်ချွတ်၊ ဘောင်းဘီကိုလိပ်ပြီး မြောင်းထဲဆင်းအခြေအနေကြည့်တယ်။ ။ နောင်တော့ ရေမြောင်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကို ငုံ့ကြည့်နေတဲ့ ဓာတ်ပုံက ၁၉ ၉ ၉ အိုးပင်းအရှုံးရဲ့ သင်္ကေတ ဖြစ်သွားတယ်။

မြောင်းကထွက်အောင်ရိုက်ဖို့အတော်ခက်တယ်။ မြောင်းက ခြောက်ပေလောက်နက်ပြီး ကျဉ်းကျဉ်းလေး။ ဒါ့ကြောင့်တစ်ချက်ပေးပြီး ကုန်းပေါ်ကနေရိုက်တယ်။ ငါးချက်မြောက် ရိုက်ချက် ကလည်း ဘန်ကာထဲရောက်သွားတယ်။

ဒုတိယနေရာကလူ ကလည်း ဘန်ကာထဲမှာပဲ။ ဒါပေမယ့် သူက နှစ်ချက်ပဲရှိသေးတယ်။ တတိယအချက်ရိုက်တယ်။ ကျင်းဝင်သွားတယ်။

ဗန်ဒီဗဲလ် အလှည့်။ ခြောက်ချက်မြောက်ရိုက်ချက်။ ဒီတစ်ချက်ဝင်ရင် ချန်ပီယံဖြစ်မယ်။ ဒါပေမယ့် မဝင်ဘူး။ ကျင်းနဲ့ ဆယ်ပေလောက်အကွာမြက်ခင်းပေါ်ကို ရောက်တယ်။ နောက်တစ်ချက်မှ ဝင်တယ်။

ဒီအချိန်မှာ ထိပ်ဆုံးနေရာ သုံးယောက် ရိုက်ချက်တွေ တူသွားတဲ့အတွက် နောက်တစ်ကျင်း ပြန်ရိုက် ရတယ်။

ဗန်ဒီဗဲလ်ကို ရေစိုနေတဲ့အဝတ်အစားတွေလဲခွင့်ပေးတယ်။ ဗန်ဒီဗဲလ်ဟာ အဝတ်လဲခန်းထဲမှာ လေးဆယ့်ငါးမိနစ် လောက် ထိုင်နေမိတယ်။ အပြင်မထွက်ရဲတော့ဘူး။ ယုံကြည်မှု ပျောက်နေတယ်။ ဘာတွေဖြစ်ကုန် သလဲကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။ အဖြေမတွေ့ဘူး။

ပြန်ရိုက်တဲ့အချိန်မှာ ပထမအချက်မှာထဲက ဘေးထွက်သွားတယ်။ အရာရာ မှားနေတုန်းပဲ။ နောက်ဆုံး ဒုတိယနေရာနဲ့ ဇာတ်သိမ်းခဲ့ရတယ်။ ဗြိတိသ ျှ အိုပင်းချန်ပီယံဖြစ်ဖို့ ဆိုတာ ဂေါက်သမားတိုင်းရဲ့ အိပ်မက်ပဲ။ အဲဒီအိပ်မက်ကို လက်တစ်ကမ်းအလိုမှာ ကိုယ့်ဘာ သာ ကိုယ်ဖျက်ဆီးခဲ့တဲ့အတွက် ဝမ်းနည်းတယ်။ ဒေါသဖြစ်တယ်။ နောင်တရတယ်။ ရူးချင်တယ်။

အရင်နေ့တွေက သူရဲကောင်းအဖြစ် ရေးခဲ့ကြတဲ့ သတင်းစာတွေက လှောင်ကြတယ်။ ရှုံ့ချတယ်။ ပြင်သစ်သတင်းစာတွေက အဆိုးဆုံးပေါ့။

သူ့အရှုံးကနေ အမြတ်ထွက်တာက ပြင်သစ်တစ်နိုင်ငံလုံး ဂေါက်ကစားနည်းကို စိတ်ဝင်စား လာတာပဲ။ စက်တင်ဘာကျောင်းပြန်ဖွင့်တော့ အရင်က သင်တန်းသား ဆယ့်လေးငါးယောက်ပဲ ရှိတဲ့ ဂေါက်သင်တန်းတွေမှာ လူငယ်တွေရာချီပြီးရောက်လာကြတယ်။ ဗန်ဒီဗဲလ်က အဲဒီသင် တန်း တွေကိုသွားပြီး လူငယ်တွေကို အားပေးတယ်။ နည်းပြတယ်။

ပြိုင်ပွဲတွေလည်း ဆက်ပြိုင်တယ်။ အောင်ပွဲနဲ့ဝေးနေရာကနေ ၂၀၀၅ ပြင်သစ် အိုးပင်းမှာလည်း ရှေ့ ဦးဆောင်နိုင်တယ်။ နောက်ဆုံးနေ့ရောက်တော့ အရင်လိုပဲ ကျင်းအမှတ် ၁၈ မှာ ရေထဲ ကျတယ်။ ဒုတိယလူနဲ့ ရိုက်ချက်တူသွားပြီး တစ်ကျင်းပြန်ရိုက်ရတယ်။ ရှုံးတယ်။ ၂၀၀၆ ခုနှစ် ပေါ်တူဂီ အိုးပင်းမှာ ချန်ပီယံဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံးအချိန်တွေ လွန်ခဲ့ပြီ။ ၂၀၀၈ ခုနှစ်မှ ပရော်ဖက်ရှင်နယ်ဂေါက်သီးသမားဘဝကနေ အနားယူလိုက်တယ်။

၂၀၁၂ ခုနှစ်မှာ ယူနီဆက်ဖ် သံတမန်အဖြစ်ခန့်အပ်ခံရတယ်။ အာဖရိတိုက်က ကလေးတွေ ပညာရေး၊ တစ်ကိုယ်ရေကျန်းမာရေးကိစ္စတွေမှာ ကူညီဆောင်ရွက်တယ်။ ပြင်သစ်မှာ ကလေး တွေကို ဂေါက်နည်းပြလုပ်တယ်။

အခုတော့ ၁၉ ၉ ၉ ခုနှစ် အရှုံးနဲ့ပတ်သက်လို့တော့

“ဂေါက်ကစားနည်းဟာ ဘဝလိုပဲ အရှုံးထဲက နေ သင်ယူစရာတွေအများကြီးရှိပါတယ်။ အရာရာတိုင်းမှာ အကြောင်းရှိပါတယ်။ တစ်ခါတစ်လေ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ ရှာတွေ့ တယ်။ တစ်ခါတစ်လေ ရှာမတွေ့ဘူး။ ဖြစ်ချင်လို့ကို ဖြစ်တာ။ ဒီတော့ အကျိုးဆက်ကို ရင်ဆိုင် ဖို့ပဲရှိတယ်၊ ရှုံးတဲ့အတွက် ဝမ်းနည်းလို့ရပေမယ့် ဘဝပျက်လို့မရဘူး” လို့ပြောတယ်။

မှီငြမ်း ။ Losers, The 72nd Hole by Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ။

yehtutarticle

Losers

အရှုံးမပေး (၅)

အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ Jack Ryan ကတော့ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ် တစ်ထပ် တည်းဖြစ်နေရင် အောင်မြင်တာပဲတဲ့။

ဂျက်ကို ၁၉ ၆၂ ခုနှစ် ဇူလိုင် ၂၇ နယူူးယောက်၊ ဘရွတ်ကလင်းနယ်မြေမှာမွေးတယ်။ သူ့ အဖေက ဆိပ်ကမ်း အလုပ်သမား၊ နာမည်ကလည်း Jack Ryanပဲ၊ သူ့အဖေက စိတ်ကြမ်း၊ လူကြမ်း။ သူစိတ်ကြည်ရင် ဂျက်ကို ဂျက်ကလေးလို့ ခေါ် တယ်။ မကြည်ရင် ေ-ာက်တုံး လို့ခေါ်တယ်။ ထစ်ကနဲ ဆိုရင် လက်ပါတယ်။ အဖေ က နှိမ်လွန်းတော့ ဂျက်ငယ်ငယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး။

ဂျက်က ငယ်ငယ်ထဲက လူနောက်၊ သူအသက် ခုနှစ် နှစ်မှာ အမေက စက်ဘီးဝယ်ပေးတယ်။ ပထမဆုံးစီးတဲ့နေ့မှာပဲ လက်လွတ်ပြီးစီးပြလိုက်တာ ကားတိုက်မိပြီး ရှေ့သွားတွေ အားလုံး ကျိုး သွားတယ်။ သွားတုတပ်ရတယ်။ အတန်းထဲရောက်ရင် သွားတုကို ချွတ်၊ ကောင်မလေးတွေ အလစ်မှာ ပခုံးပေါ်မှာ သွားတင်ပြီးစတယ်။ ဆရာမ စာသင်နေရင် သွားတုကို နဲ့နဲ့လေး လုပ်ထားပြီး အရိုးခြောက်လုပ်သလို ဂေါက်ဂေါက် ဂက်ဂက်လုပ်ပြတယ်။ ဂျက်က အဲဒီ သွားတု ရတာ ဘဝမှာပျော်စရာအကောင်းဆုံးလက်ဆောင်ပဲလို့ပြောတယ်။ အခုထိ ဗီဒီယိုရိုက်ရင် သွား တုနဲ့ ဂေါက်ဂက် လုပ်ပြနေတုန်း။

အလယ်တန်းရောက်တော့ အမေရိကန်လူငယ်တွေ ထုံးစံအတိုင်း အမေရိကန် ဘော်လုံး ကစား တယ်။ ကျောင်းအသင်းမှာကစားရတယ်။ ဒါပေမယ့် ဂျက် ပိုပြီး ဝါသနာပါတာက ဘတ်စကက် ဘော။ သူ့အဖေကတော့ ဘော်လုံးပဲ ကစားစေချင်တယ်။ ဘောလုံးအသင်းကထွက်ပြီး ဘတ် စကက်ဘောကစားမယ်လို့ပြောတော့ သူ့အဖေက အရမ်းစိတ်ဆိုးတယ်။ သား အဖ နှစ်ယောက်ဆက်ဆံရေးက မြောင်းထဲရောက်သွားတယ်။

ဂျက်တို့ အိမ်နောက်ဘက်က ပန်းခြံထဲမှာ ဘတ်စကက်ဘောကွင်းရှိတယ်။ မနက် နှစ်နာရီ၊ သုံးနာရီ ဆိုရင် အိမ်က ခိုးထွက်ပြီးသွားဆော့တယ်။ ငါးနာရီလောက်ဆိုပြန်လာပြီး အိပ်တယ်။
အထက်တန်းရောက်တော့ စာ မလုပ်၊ ဘတ်စကက်ဘောပဲ ကစားနေလို့ ကျောင်း နှစ်ကျောင်း ပြောင်းရ တယ်။ တတိယမြောက်ကျောင်းက လူမည်းတွေများတဲ့ကျောင်း၊ ရောက်စက အနှိမ်ခံရ တယ်၊ ရန် ဖြစ်တယ်။ ဒါ ပေမယ့် ဘတ်စကက်ဘောကစားပြတော့ သူ့ကိုလက်ခံ လာကြတယ်။ ကျောင်း လက်ရွေးစင်အသင်းမှာ ကစားခွင့်ရတယ်။ ဆုတွေဘာတွေရတယ်။

တစ်ကြိမ်မှာတော့ ဘတ်စကက်ဘောမှာ နာမည်ကြီးတဲ့ အခြားကျောင်းမှာ သွားပြိုင်ရတယ်။ အဲဒီကျောင်းကလည်း လူမည်းတွေများတယ်။ ကွင်း ထဲမှာ အဖြူဆိုလို့ သူ၊ သူ့သူငယ်ချင်း နဲ့ နည်းပြပဲရှိတယ်။ သူလက်စွမ်းပြတယ်။ တစ် ယောက်တည်းနဲ့ အမှတ် ၄၀ လောက်ရအောင် ဂိုးသွင်းခဲ့တယ်။ အိမ်ကွင်းပရိသတ်က သူ့ကို လှောင်တယ်၊ ဆဲ တယ်။ နောက်ဆုံးသူက အဲဒီပရိသတ်ဘက်ကို ဘောင်းဘီချွတ်ပြီး -င်ကုန်းပြတယ်။ ပြီးတော့ သူလုပ်နေကျ အတိုင်း သွားတုကို နဲ့နဲ့လေးထားပြီး ဂေါက်ဂက်လုပ်ပြတယ်။ ဒိုင်လူကြီးက သူ့ ကို ထုတ်ပစ်လိုက်တယ်။

ဂျက်က ဘတ်စကက်ဘောကစားတဲ့အခါ စိတ်ရော ကိုယ်ရောနှစ်ကစားတယ်။ ဒေါသ ကြီးတယ်။ ပေါက်ကွဲလွယ်တယ်၊ ပြီးရင် သမားရိုးကျ နည်းစနစ်ပုံစံတွေမဟုတ်ဘူး။ ဘောလုံး ကို ဆပ်ကပ်ထဲက ဘောလုံးကစားသလို အမျိုးမျိုး လုပ်ပြီးကစားတယ်။ နည်းပြ တွေခိုင်းတဲ့ လေ့ကျင့်ခန်းလည်း လုပ်ချင်မှလုပ်တယ်။ ဒီတော့ ကွင်းထဲမှာ လက်စွမ်းပြနိုင်ပေမယ့် နည်းပြတွေနဲ့ အဆင်မပြေဘူး။ နည်းပြတွေ၊ အသင်းဖော်တွေက သူ့ကို အသုံးမကျဘူး အလကား ကောင်ဆိုပြီးနှိမ်တယ်။ သူက ပိုပြီး အရွဲ့တိုက်တယ်။

အထက်တန်းကျောင်းပြီးတော့ ဘတ်စကက်ဘောကောင်းတဲ့ သူ့ကို တက္ကသိုလ်၊ ကောလိပ်တွေကလည်း စိတ်ဝင်စားတယ်။ သူ တို့ အသင်းအတွက်ခေါ်တယ်၊ ကျောင်းတက်ခွင့်ပေးတယ်။ ကြာကြာမခံဘူး။ လက်လန်သွား တယ်။ အဲဒီအချိန်မှာ ဂျက်က အရက်၊ မိန်းမ၊ ဆေး အကုန်စုံနေပြီ။ ဒါပေမယ့် ကွင်းထဲရောက်ရင်တော့ ပုံမှန်လက်စွမ်းပြနေဆဲပဲ။ ဒါပေမယ့် ဘယ်အသင်းကမှ စနေမနက် လေ့ကျင့်ခန်းကို အရက်နံ့ တထောင်းထောင်းနဲ့ ရောက်လာတဲ့ အသင်းသားကို လက်မခံနိုင်ဘူူး။ ကျောင်းလေးကျောင်းပြောင်းရတယ်။

ဒီလို နဲ့ကျောင်းထွက်လိုက်ရတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘယ်တော့ မှ မရောက်နိုင်တော့ဘူးဆိုတာ လက်ခံလိုက်တယ်။ ပန်းခြံတွေထဲက ကွင်းတွေမှာ လိုက် ကစား တယ်။ အဲဒီလိုကစားတဲ့သူတွေကို streetball player လို့ခေါ်တယ်။ သူတို့က လွတ်လပ်တယ်၊ ကြိုက်သလို အစွမ်းပြနိုင်တယ်။ ဂျက်အတွက်ကတော့ အဲဒါ နေရာမှန်ပဲ။ Streetball ကစားသူ အများစုက လူမည်းတွေဆိုတော့ အစပိုင်းမှာ သူ့ကို အထင်သေးကြတယ်။ ဒါပေမယ့် နောက်တော့ ဆရာကြီးဖြစ်သွားတယ်။

ဂျက်က ငါးဒိုင်မှာ အလုပ်ရတယ်။ မနက် နှစ်နာရီ၊ သုံးနာရီ အလုပ်ဆင်း ၊မနက် ၇ နာရီ ဆိုရင် အလုပ်သိမ်းတယ်။ ပြီးရင် ခဏပြန်အိပ်၊ နိုးလာရင် တစ်နေကုန် ပန်းခြံထဲမှာ ဘတ်စကက်ဘော ကစား၊ ည အရက်အမူးသောက်၊မနက်အလုပ်ဆင်း ၊ အိပ်၊ ကစား။ ဒီသံသရာမှာပဲ လည်နေတယ်။
သူ့ငယ်သူငယ်ချင်းတွေ အလုပ်အကိုင်အတည်တကျဖြစ်နေပြီ။ သူကတော့ ဝေလေလေပဲ။

သူ အသက် ၂၇ နှစ်မှာ သူကစားနေတာကို ဝါရှင်တန်ပို့စ် အားကစားဆောင်းပါးရှင် Pete Vescey ကတွေ့ပြီး အရမ်းသဘောကျသွားတယ်။ Pete က ဂျက်တစ်ယောက် လမ်းပေါ်မှာ ကစားနေတာဟာ သူ့အရည်အချင်းကို ဖြုန်းတီးပစ်နေတာပဲ။ ဂျက်ဟာ NBA မှာ ပရော်ဖက်ရှင် နယ်အဖြစ် ကစားသင့်တဲ့သူလို့ မြင်တယ်။ ဒါ့ကြောင့် ဂျက်ကို ကလပ်အသင်းတစ်ခုခုမှာ ကစား ဖို့ နားချတယ်။

ပြီးတော့ သူ့မိတ်ဆွေ Bill Fitch နည်းပြနေတဲ့ New Jersey NETS အသင်းကို အပ်ပေးတယ်။ Pete ဘဝမှာ လမ်းပေါ်က ကစားသမားတစ်ယောက်ကို ထောက်ခံပေးတာ ဂျက်က ပထမဆုံးပဲ။ Bill Fitch က တွေ့စမှာ ဂျက်ကို အထင်မကြီးဘူး။ ကွင်းထဲမှာစမ်းကြည့်တော့မှာ ဂျက်အရည် အချင်းကို သိသွားပြီးလက်ခံလိုက်တယ်။ လာမယ့်ရာသီအတွက် ကစားသမားတွေကို စခန်း သွင်း လေ့ကျင့်တဲ့နေရာကို ခေါ်သွားတယ်။

ဂျက်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘူးလို့ ဆုံးဖြတ်တယ်။ အရင်အကျင့်တွေ အားလုံး ကို ပြင်ပြီး ခိုင်းသမ ျှ လုပ်တယ်။ ကွင်းထဲမှာ အစွမ်းပြတယ်။ ဒါပေမယ့် နောက်ဆုံးလူစာရင်း ဖြတ် တဲ့ အချိန်မှာ သူမပါတော့ဘူး။ နည်းပြတွေက ရေရှည်ပျိုးထောင်လို့ရမယ့် ကစားသမား၊ အသင်း က ချပေးတဲ့ပုံစံအတိုင်းလိုက်ကစားမယ့် ကစားသမားမျိုးကို လိုချင်တာ။ ဂျက်က အဲဒီပုံစံခွက်ထဲမှာ မဝင်ဘူး။ မှတ်မှတ်ရရ ဂျက်ကို မရွေးဘူးလို့ခေါ်ပြောတဲ့နေ့က သူ့မွေးနေ့၊ ၁၉ ၉ ၀ ဇူလိုင် ၂၇။

ဂျက်တစ်ယောက် စိတ်ဓာတ်ကျလွန်းလို့ ပုံလဲမတတ်ဖြစ်သွားတယ်။ တန်ဖိုးမရှိတဲ့ လူတစ်ယောက်လို့ခံစားရတယ်။ ဒီလိုနဲ့ ကစားလိုက်၊ သောက် လိုက်ဘဝကို ပြန်ရောက်သွားတယ်။

၁၉ ၉ ၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မှာ သူ့လက်ထဲမှာ ၁၅ ဒေါ်လာပဲရှိတယ်။ လူက အသက် သုံးဆယ်ကျော်နေပြီ၊ အလုပ်အကိုင်က အတည်တကျမရှိဘူး။ သူ့ အခန်းလခကိုတောင် အမေက ပေးနေရတာ။ အဖေကတော့ ကွယ်လွန်သွားပြီ၊ သူသေတဲ့အချိန်ထိ ဂျက်ကို အသုံးမကျ တဲ့ကောင်လို့ မြင်သွားခဲ့တယ်။ နှစ်သစ်ကူးညမှာ အရက်မူးအောင်သောက်တယ်၊ မြေအောက် ရထားပေါ်မှာ ငိုတယ်၊ ပလက်ဖောင်းပေါ်မှာ လမ်းလေ ျှာက်ရင်းငိုတယ်။ သူ့ညီမဆီကို ဖုန်းဆက် ပြီး လောကကြီးမှာ မနေချင်တော့ဘူးလို့ပြောတယ်။

ဒါပေမယ့် ဘတ်စကက်ဘောကစားတာတော့ မရပ်ဘူး။ ကွင်းထဲမှာ ကစားနေတဲ့အချိန်ပဲ သူ့ ကို သူယုံကြည်မှုပြန်ရတာကိုး။ ၁၉ ၉ ၇ ခုနှစ်ထဲမှာပဲ သူကစားနေကျ ၁၄ လမ်းကွင်းမှာ ကစားနေတုန်း ဘောလုံးကို လက်မပေါ်၊ လက်ချောင်းတွေပေါ်၊ ပခုံးပေါ်၊ ကျော်ပေါ် တင်ပြီး အမျိုး မျိုးဆော့နေတဲ့ ဂျက်ကို နည်းပြတစ်ယောက်က “ မင်းဒါတွေ လုပ်တတ်တာ၊ Harlem Wizards အသင်းမှာ ကစားပါလား” လို့ အကြံပေးတယ်။ Harlem Wizards အသင်းဆိုတာက ဖျော်ဖြေရေးနဲ့ ဘတ်စကက်ဘော ကို တွဲပြီး ပျော်ပွဲရွှင်ပွဲတွေ၊ NBA ပြိုင်ပွဲတွေမှာ ဖျော်ဖြေတဲ့အသင်း။ ဘောလုံးနဲ့ စတန့်အမျိုးမျိုး လုပ် ပြတယ်။ ကလေးတွေကိုလည်း လုပ်ခိုင်းတယ်။

နောက်ဆုံး ဂျက်တစ်ယောက် Harlem Wizards အသင်းကို ရောက်သွားတယ်။ ကျောနံပါတ် ၂၁ ဝတ်ရတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ နောက်ပြောင်တတ်မှုတွေက အဲဒီအသင်းနဲ့ အကိုက်ဆုံးပဲ။ ဂျက် တစ်ယောက် နေရာမှန်ကို တွေ့သွားတယ်။ အဲဒီတစ်သင်းလုံးမှာ သူတစ်ယောက်ပဲ လူဖြူ ရှိတဲ့ အတွက် သူ့ကိုယ်သူ Black Jack လို့ နာမည်ပေးလိုက်တယ်။

ဘဝတည်ငြိမ်သွားတဲ့ ဂျက်ဟာ Streetball ကစားသမားတွေအတွက် ပြိုင်ပွဲတွေမှာ ဝင်ပြိုင် တယ်။ ၂၀၀၃ နှစ်မှာ Streetball အကြောင်းရေးတဲ့ Slam မဂ္ဂဇင်းရဲ့ အကောင်းဆုံး ကစားသမား ဆုရတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ နယူးယောက်တိုင်းမ်သတင်းစာ အားကစားကဏ္ဍမှာ သူ့အကြောင်းဆောင်းပါး ရှည် ကြီးပါခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ Slam 3-Point Shooting ချန်ပီယံဆုကိုရတယ်။ ဒါ့အပြင် ဂျက်ဟာ ဘတ်စကက်ဘော ဘော်လုံးကို လက်ပေါ် တင်လှည့်တာနဲ့ ပတ်သက်တဲ့ ဂင်းနစ် စံချိန် သုံးခု ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

အခု ဂျက်မှာ မော်ဂန်ဆိုတဲ့သမီးလေးရနေပြီ။ သမီးလေးကလည်း တစ်နှစ်သမီးထဲက သူ့ နဲ့ အတူ ကွင်းထဲမှာလိုက်ဆော့ခဲ့တာ။ အခုသားအဖနှစ်ယောက်တွဲပြီး ဖျော်ဖြေနေပြီ။ ဂျက်ကတော့ ကလေး တွေကို ဖျော်ဖြေရတာ အကြိုက်ဆုံးပဲတဲ့။ ကလေးတွေရဲ့ ရယ်သံက သူ့အတွက် ခွန်အား အသစ်ကိုပေးတယ်၊ သူ့ဘဝသင်ခန်းစာတွေကို ကလေးတွေကို မ ျှဝေပေးရတာ ကြိုက်တယ်။

ဝါသနာပါတာကို လုပ်နေရတော့ အလုပ်လုပ်နေတယ်လို့တောင်မခံစားရဘူး။ အရင်က ကိုယ့်ကို ကိုယ် ယုံကြည် မှုတွေက ခြေထောက်အောက်မှာ၊ အခုတော့ မိုးပေါ်မှာ၊ ဒီဘဝကနေ ဘယ်တော့မှ အနားမယူဘူး လို့ ဂျက်ရိုင်ယန်ကပြောတယ်။

အရှုံးမပေး (၄)

မိုင် တစ်ထောင်ဆိုတာ ကားနဲ့သွားမယ်ဆိုရင်တောင် အတော်ဝေးတဲ့ ခရီး၊ လမ်းမရှိတဲ့ နှင်း တောထဲမှာ ခွေးတွေဆွဲတဲ့ စွတ်ဖားနဲ့သွားရမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် Aliy Zirkel ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီ မိုင်တစ်ထောင်ခရီးကို နှစ်ပေါင်းနှစ်ဆယ်တိတိ နှစ်စဉ် မပျက်မကွက် သွားခဲ့ပြီးပြီ။ နောက်လည်း သွားဦးမှာပဲ။

အာလ်လီကို ၁၉ ၇၀ ပြည့်နှစ်မှာမွေးတယ်။ တက္ကသိုလ်ကဘွဲ့ရပြီးတော့ အလာစကားပြည်နယ် ကို သွားတယ်။ ပထမတော့ အပန်းဖြေခရီးပဲ။ ဒါပေမယ့် အလာစကားဒေသရဲ့ ခက်ခဲကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင် ကို ကြိုက်တော့ ၁၉ ၉ ၅ ခုနှစ်မှာ အလာစကားကိုပြောင်းပြီး အခြေချတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျတယ်။

အာလ်လီဟာ ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကို ချစ်တယ်။ တိရိစ္ဆာန်တွေကလည်း သူ့ကို ချစ်တယ်။ အလာစကားရောက်တော့ ပတ်ဝန်းကျင်က တောတောင်တွေထဲကို သွားဖို့ အတွက် စွတ်ဖားဆွဲတဲ့ ခွေးတစ်ကောင်မွေးတယ်။ ခွေးနာမည်က Skunk တဲ့။ ဒီလိုနဲ့ ခွေးဆွဲတဲ့ စွတ်ဖား နဲ့ တောတောင်တွေထဲမှာ ခရီးသွားရတာကို စွဲလမ်းသွားတယ်။ နောက်ထပ်ေ ခွးခြောက်ကောင် မွေးတယ်။ နည်းနည်းကြာလာတော့ ဒေသတွင်း စွတ်ဖားပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ပထမ ဆုံးပြိုင်ပွဲမှာ ပန်းဝင် တော့ သူ့နောက်မှာတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် ပျော်တယ်။

နောက်တော့ တကယ့်ကြေးစားပြိုင်ပွဲကြီးတွေကို ပြိုင်ဖို့ကြိုးစားတယ်။ ၁၉ ၉ ၈ ခုနှစ်မှာ Yukon Quest ပြိုင်ပွဲကို ဝင်ပြိုင်တယ်။ ပထမနှစ်မှာ အဆင့် ၁၇ ရတယ်။ ၁၉ ၉ ၉ ခုနှစ်မှာ အဆင့်လေး ရတယ်။ ၂၀၀၀ ခုနှစ် မှာ ပထမ ရတယ်။ စံချိန်က ၁၀ ရက် ၊ ၂၂ နာရီ ၅၇ မိနစ်။ အာလ်လီဟာ Yukon Quest ပြိုင်ပွဲမှာ ပထမ ရတဲ့ ပထမဆုံးအမျိုးသမီးအားကစားသမားဖြစ် လာတယ်။

အာလ်လီဟာ Yukon Quest ပြိုင်ပွဲမှာ ပထမရပြီးတဲ့အခါ အလာစကားရဲ့ နာမည်အကြီးဆုံး ပြိုင်ပွဲ Iditarod မှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တယ်။ ဒီပြိုင်ပွဲကို နှစ်စဉ် မတ်လရဲ့ ပထမဆုံး စနေနေ့မှာ ကျင်း ပ တယ်။ ၁၀၄၉ မိုင်ရှည်တယ်။ တောင်တွေ ၊ ရေခဲနေတဲ့မြစ်တွေကို ဖြတ်သွားရတယ်။ အခန့် မသင့်ရင်နှင်းမုန်တိုင်းနဲ့တွေ့နိုင်တယ်။ ဒီပြိုင်ပွဲမှာ ရေခဲနေတဲ့ ယူကွန်းမြစ်အတိုင်း ၁၃၃ မိုင် သွားရ တဲ့ အပိုင်းလည်း ပါတယ်။ ပြိုင်ပွဲကာလက ၈ ရက်ကနေ ၁၅ ရက်လောက်ကြာတယ်။

၂၀၀၁ ခုနှစ်မှစပြိုင်တော့ အဆင့် ၃၃ ရတယ်။ စံချိန်က ၁၂ ရက် ၁၇ နာရီ ၅၃ မိနစ် ၃၃ စက္ကန့်၊ ၂၀၀၂ ခုနှစ်မှာ အဆင့် ၂၉ ၊ ၂၀၀၃ ခုနှစ်မှာ အဆင့် ၁၄ ၊ ၂၀၁၁ ခုနှစ်အထိ ပထမဆယ်ယောက် မှာ မပါဘူး။ ဒါပေမယ့် လက်မလျော့ဘူး။ နှစ်တိုင်း မပျက်မကွက်ပြိုင်တယ်။ ဇွဲကောင်းလွန်းတဲ့ သူ့ ကို အမျိုးသားပြိုင်ပွဲဝင်တွေကတောင် လက်ဖျားခါတယ်။

အာလ်လီရဲ့ ကြိုးစားမှုက ၂၀၁၂ ခုနှစ်မှာ အရာထင်လာတယ်။ အဲဒီနှစ်မှာ ဒုတိယ ရတယ်။ စံချိန်က ၉ ရက် ၅ နာရီ ၂၉ မိနစ် ၁၀ စက္ကန့်။ ၂၀၁၃ မှာလည်း ဒုတိယပဲရတယ်။ ဒါပေမယ့် ပထမ ရသူနဲ့၂၃ မိနစ်ပဲကွာတယ်။ အာလ်လီကတော့ ၂၀၁၄ ခုနှစ်ဟာ သူ့အတွက်ပဲ လို့ ယုံကြည် ထားတယ်။

၂၀၁၄ ခုနှစ် ပြိုင်ပွဲမှာ ပန်းဝင်ဖို့ မိုင်ခြောက်ဆယ်လောက်အလိုရောက်တော့ နှင်းမုန်တိုင်း နဲ့ တွေ့တယ်။ ပြိုင်ပွဲမှာ အဲဒီအပိုင်းက အခက်ခဲဆုံးအပိုင်းလည်းဖြစ်တယ်။ ပင်လယ်ကမ်း ခြေအတိုင်းသွားရတာဖြစ်ပြီး လမ်းမှားသွားရင် ရေခဲပြင်ပါးတဲ့နေရာရောက်ပြီး ရေနစ်နိုင်တယ်။ အဲဒီအချိန်မှာ အာလ်လီ က ဒုတိယနေရာမှာရှိတယ်။ သူ့ရှေ့က ပြိုင်ပွဲဝင်က နှင်းမုန်တိုင်းထဲမှာ ဆက်မသွားနိုင်တော့လို့ နား လိုက်ရတယ်။ အဲဒါကို အာလ်လီမသိဘူး။ သူ့ရှေ့က သွားနေတယ် ပဲထင်နေတာ။

အာလ်လီကိုယ်တိုင်လည်း နှင်းမုန်တိုင်းထဲမှာ ဒုက္ခရောက်နေတယ်။ ဆလိုက်မီးက နှင်းမုန် တိုင်း ကို မဖောက်နိုင်တော့ဘူး။ တစ်နေရာမှာ ကျောက်တုံးကို တိုက်ပြီး စွတ်ဖားမှောက်သွားတယ်။ ဒါ ပေမယ့် လူရော၊ ခွေးရော ဒဏ်ရာမရဘူး။ ဒါပေမယ့် လမ်းအမှတ်အသားတွေ အားလုံးပျောက် နေပြီ။ မမြင်မစမ်းနဲ့ သွားရင် ရေခဲပြင်ပါးတဲ့ဘက်ရောက်ပြီး ဒုက္ခတွေ့ နိုင်တယ်။ နောက်ဆုံး တော့ ခေါင်းဆောင်ခွေး ကီတို ရဲ့ ပါးနှစ်ဘက်ကို ကိုင်ပြီး “ ကီတိုရေ၊ လမ်း ရှာပါဦး၊ ငါတော့ လမ်းပျောက်နေပြီ” လို့ ပြောရတယ်။

ကီတိုက တကယ်ပဲ လမ်းရှာတွေ့ခဲ့တယ်။ ပန်းတိုင်နဲ့ မိုင်နှစ်ဆယ်ကျော်ကွာတဲ့ နောက်ဆုံး သတင်းပို့စခန်းကိုရောက်တော့ သူ ဟာ ပထမဆုံးနေရာမှာ ရောက်နေပြီ ဆိုတာသိလိုက်ရတယ်။ ဆက်သွားမလား၊ နားမလား ဆုံးဖြတ်ရတော့မယ်။ ခွေးတွေက အရမ်းပင်ပန်းနေပြီ၊ ဒါ့ကြောင့် ခဏ နားလိုက်တယ်။

သူနားနေတုန်း ၊ သူ့နောက်က ပြိုင်ပွဲဝင်တစ်ယောက် ရောက်လာတယ်။ သူကတော့ မနားဘူး ၊ချက်ခြင်း ဆက်ထွက်တယ်။ ဒီတော့မှ အာလ်လီလည်း နောက်က အတင်းလိုက်ရတယ်။ ဒါပေမယ့် မမီတော့ဘူး ။ ပထမလူနဲ့ ၂ မိနစ်၊ ၂၂ စက္ကန့်ကွာပြီး ဒုတိယနေရာက ပန်းဝင်ခဲ့ တယ်။ စုစုပေါင်း စံချိန်က ၈ ရက် ၁၃ နာရီ ၆ မိနစ်နဲ့ ၄၁ စက္ကန့်။ ဒါဟာ အာလ်လီ ဘဝမှာ အကောင်း ဆုံးစံချိန်ပဲ။

အာလ်လီကတော့ သူနားလိုက်တဲ့အတွက် ဒုတိယနေရာရောက်သွားတာကို နောင်တမရ ပါဘူး။ “ပထမရတာကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပထမရဖို့အတွက် အားလုံးကို စတေး လိုက်တာမျိုးတော့ မလုပ်နိုင်ဘူး။ ခွေးလေးတွေက အရမ်း ပင်ပန်းနေပြီလေ။ သူတို့မျက်လုံး တွေက ခဏ နားချင်တယ်လို့ပြောနေတာ။ ခွေးလေးတွေကို သူတို့လုပ်နိုင်တာထက် ပိုပြီးမခိုင်းရက်ဘူး။” လို့ပြောတယ်။

၂၀၁၅ ခုနှစ်ပြိုင်ပွဲမှာတော့ အဆင့်ငါးရတယ်။ ၂၀၁၆ ခုနှစ် ပြိုင်ပွဲမှာတော့ အာလ်လီအခြေ အနေကောင်းတယ်။ လမ်းတစ်ဝက်ရောက်တော့ အဆင့်နှစ်နေရာမှာရှိနေတယ်။ ရှေ့က လူ ကို ကျော်နိုင်မယ့်အခြေအနေမှာရှိတယ်။ ဒါပေမယ့် သူထင်သလို ဖြစ်မလာဘူး။ အာလ်လီ တစ်ယောက်တည်း ညဘက် ယူကွန်းမြစ်အတိုင်းသွားရတဲ့အပိုင်းမှာ သွားနေတုန်း နောက်က နှင်းလျောယာဉ် ( Snowmobile) တစ်စီးမောင်းလာသံကြားရတယ်။ သာမန်အားဖြင့် နှင်းလျောယာဉ်တွေက ပြိုင်ပွဲဝင်တွေကို တွေ့ရင် ဝေးဝေးက ပန်းပြီးကျော်တက်ကြတယ်။

ဒါ့ကြောင့် အာလ်လီလည်း ကိုယ့်လမ်းအတိုင်းပဲပုံမှန်ဆက်သွားနေတယ်။ ဒါပေမယ့် အဲဒီ နှင်း လျောယာဉ်က အရှိန်ပြင်းပြင်းနဲ့ အနားက ကပ်ဖြတ်ပြီး စွတ်ဖားကို ချိတ်ဆွဲသွားတယ်။ အာလ်လီရော၊ သူ့ခွေးတွေပါ လွင့်စင်သွားတယ်။ ပြန်ထဖို့လုပ်နေတုန်း နှင်းလျောယာဉ် က ပြန်လှည့်လာတယ်။ နောက်တစ်ကြိမ်တိုက်ဖို့ကြိုးစားတယ်။ အာလ်လီက ခွေးတွေရှေ့က မားမား ရပ်ပြီး နှင်းလျောစီးတုတ်နဲ့ ပြန်ခုခံတယ်။ နှင်းလျောယာဉ်က အနားရောက်တော့ ကပ်ရှောင် သွား တယ်။ နောက်ထပ် သုံးလေးခါလောက် အဲဒီလိုလုပ်ပြီးမှာ ထွက်ပြေးသွားတယ်။ ဒါပေမယ့် နောက် တစ်နေရာမှာ ပြိုင်ပွဲဝင်တစ်ယောက်ကို ထပ်တိုက်တယ်။ ဒီတစ်ခါတော့ ခွေးတစ်ကောင်သေသွား တယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြိုင်ပွဲဝင်အားလုံး တုန်လှုပ်သွားတယ်။ တိုက်ခိုက်တဲ့သူကိုလည်းမမိသေး တော့ နောက်ပြိုင်ပွဲဝင်တွေလည်း တိုက်ခိုက်ခံရမယ့် အန္တရာယ်ရှိနေတယ်။ အာလ်လီကို ရည် ရွယ် ပြီးတိုက်တာဆိုရင်လည်း နောက်ထပ် တိုက်ခိုက်မှာကို စိုးရိမ်ရတယ်။ သွားရမယ့် ခရီး ကလည်း မိုင် ၃၉ ၀ ကျော်ကျန်သေးတယ်။

ပြိုင်ပွဲကော်မတီနဲ့ လုံခြုံရေးအဖွဲ့တွေက သူ့လုံခြုံရေးအတွက် အာလ်လီကို ဆက်မပြိုင်ဘဲ နားမလားလို့မေးတယ်။ အယ်လ်လီက မနားဘူး။ ဆက်ပြိုင်တယ်။ အဆင့် ၃ ရတယ်။ အာလ် လီ ပန်းဝင်လာတော့ တစ်မြို့လုံးက ကောင်းချီးသြဘာပေးကြတယ်။ ပထမရတဲ့သူတောင် သူ့လောက် ဂုဏ်ပြုမခံရဘူး။

ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ အာလ်လီဟာ စိတ်ဖိစီးမှု နဲ့ ရင်ဆိုင်ရတယ်။ တရားခံကို တရားရုံး မှာ မျက်နှာချင်းဆိုင်ရမှာကို ကြောက်တယ်။ နောက်နှစ်ပြိုင်ပွဲဝင်ရင် သူတိုက်ခိုက်ခံရတဲ့ လမ်းအတိုင်း ပြန်သွားရမှာကို ကြောက်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဲဒါတွေ အားလုံးကို ကျော် လွှားနိုင်တယ်။ အာလ်လီက “ ကိုယ့်ဒုက္ခက သေးသေးလေး၊ သူများတွေက ကိုယ့်ထက် ပို ဆိုးတယ်၊ မေ့သင့်တဲ့အရာတွေကို မေ့လိုက်တာအကောင်းဆုံးပဲ” လို့ ရှင်းပြတယ်။

ပြိုင်ပွဲကို ဆက်ပြိုင်တယ်။ ၂၀၁၇ မှာ အဆင့် ၈၊ ၂၀၁၈ မှာ အဆင့် ၁၅၊ ၂၀၁၉ မှာ အဆင့် ၄ ရတယ်။ ဒီနှစ် ၂၀၂၀ မှာတော့ အဆင့် ၁၈ပဲရတယ်။ ဒါပေမယ့် ပရိသတ်ကတော့ အာလ်လီ ပန်းဝင်လာပြီဆိုတာနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ သူတို့အတွက် အာလ်လီဟာ စတားလုံးရဲ့ ရော့ကီ ဇာတ်ကောင်လိုပဲ၊ ဘယ်တော့မှအရှုံးမပေးတဲ့ သူရဲကောင်းပေါ့။

အာလ်လီက အသက်ငါးဆယ်ရှိပြီ။ နောက်နှစ်ပြိုင်ပွဲဝင်ဦးမလား၊ ချန်ပီယံဖြစ်ဖို့ မေ ျှာ်လင့် သေးလားလို့ မေးတဲ့အခါ

“ချန်ပီယံလား၊ ဖြစ်နိုင်တာပေါ့။ ပထမ ရရင် အရမ်းပျော်ရမှာ၊ ဒါပေမယ့် ပထမမရလို့ အသည်းကွဲစရာအကြောင်းမရှိဘူး။ နောက်တစ် ခါ ထပ်ကြိုးစားတာပေါ့။” လို့ ဖြေတယ်။

မှီငြမ်း ။ Losers, Aliy by Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ