လကြတ်တယ်ဆိုတာ၊ လ ငပုတ်ဖမ်းတယ်ဆိုတာ ခဏတာပါ။
“ဘယ်အမှောင် ဘယ်လိုမှောင်လဲ၊ တစ်နေ့တော့လင်းရမယ်
စိတ်မလေ ျှာ့နဲ့လေ” ( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း)


Myanmar Politics
လကြတ်တယ်ဆိုတာ၊ လ ငပုတ်ဖမ်းတယ်ဆိုတာ ခဏတာပါ။
“ဘယ်အမှောင် ဘယ်လိုမှောင်လဲ၊ တစ်နေ့တော့လင်းရမယ်
စိတ်မလေ ျှာ့နဲ့လေ” ( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း)


လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မှာ “ မုန်တိုင်းစဲချိန်” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အခုလို တိုက်တွန်းခဲ့တယ်-
xxxပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။xxxx
ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်း၊ ရွေးကောက်ပွဲ ပြဿနာကို ရွေးကောက် ပွဲ ဥပဒေ နဲ့ မဖြေရှင်း တဲ့အတွက် မုန်တိုင်းမစဲဘဲ ၊ မိုးကြိုးမုန်တိုင်းနဲ့ ကြုံခဲ့ ရတယ်။ ဒီမိုကရေစီအရွေ့ ဆယ်နှစ်တာအတွင်း ကြိုးပမ်းခဲ့သမ ျှ သဲထဲရေသွန်ဖြစ်ခဲ့ရတယ်။
မုန်တိုင်းစဲချိန်
မိုးကြိုးပစ်ခတ်၊ လ ျှပ်စီးတွေ ဝင်းလက်၊ လေပြင်းတိုက်ခတ်၊ မိုးသီးမိုးပေါက်တွေ သွန်းဖြိုးတဲ့ မိုးသက်မုန်တိုင်း ပြီးဆုံးသွားတဲ့အခါ အားလုံးတိတ်ဆိတ်သွားတော့တယ်။ နောက်တော့ တိမ်တွေကြားက နေရောင်ခြည်တွေဖြာဆင်းလာတယ်။ မုန်တိုင်းကြောင့် ဘေးကင်းရာမှာ ခိုလှုံနေ ရတဲ့ ကျေးငှက်လေးတွေရဲ့ အသံတွေပြန်ကြားလာရပြီ။ သစ်ရွက်တွေပေါ်မှာ ခိုနားနေတဲ့ မိုးရေစက် တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လှပ စိမ်းစိုလတ်ဆတ်နေတယ်။ မကြာခင်က အလွန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်သွားတယ်ဆိုတာ ယုံနိုင်စရာမရှိဘူး။
ရွေးကောက်ပွဲ အကြိုနေ့မှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံးရပ်ဆိုင်းလိုက်တာဟာလည်း မဲဆွယ် မုန်တိုင်းကြီး ရပ်သွားတဲ့ သဘောပါပဲ။ မုန်တိုင်းထဲမှာ ပြေးလွှားနေခဲ့သူတွေ၊ မုန်တိုင်းရန်ကြောင့် ဘေးကင်းရာမှာ ခိုလှုံနေခဲ့သူတွေအားလုံး ငြိမ်သက်အေးချမ်းမှုကို ခံစားရမယ့် အချိန်ပေါ့။
ဒီနေ့ဟာ အမုန်း ပွား ရမယ့်နေ့၊ ရင်ပူရမယ့်နေ့မဟုတ်ဘူး။ ဆုံးဖြတ်ထားပြီးတာတွေ ပိုခိုင်မာရမယ့်နေ့၊ မဆုံးဖြတ်ရ သေးရင် ခေါင်းအေးအေးနဲ့ ပြန်လည် ဆင်ခြင် သုံးသပ် ဆုံးဖြတ်ရမယ့်နေ့၊ လုပ်သင့်တာတွေ လုပ် ခဲ့ပြီးပြီပဲ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို လက်ခံဖို့ပဲရှိတယ်လို့ နှလုံးသွင်းရမယ့်နေ့ ဖြစ်ပါ တယ်။
ပြိုင်ပွဲမစခင် မန်နေဂျာတွေ၊ နည်းပြတွေ၊ ကစားသမားတွေ၊ အားပေးထောက်ခံသူတွေ အမျိုးမျိုး ပြောလို့ရတယ်။ ဒါပေမယ့် ပြိုင်ပွဲစပြီဆိုရင်တော့ ကစားသမားတွေကသာ ပြိုင်ပွဲစည်းမျဉ်းနဲ့ အညီ ယှဉ်ပြိုင်၊ ဒိုင်လူကြီးကလည်း ပြိုင်ပွဲစည်းမျဉ်း နဲ့အညီဆုံးဖြတ်ရမှာပါ။ အငြင်းပွားရင်လည်း ပြိုင်ပွဲ စည်းမျဉ်းနဲ့အညီ စောဒကတက်ကြဖို့ပဲရှိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ခဲ့တာ ဆယ်နှစ်၊ ရွေးကောက်ပွဲ နှစ်ကြိမ်ကြုံခဲ့ပြီးပြီ။ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး ဘက်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုရွေ့နိုင်ခဲ့တယ်။ ဒီမိုကရေစီပန်းတိုင်ကို ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲဆိုတဲ့ အပေါ် မတူတဲ့ အမြင်တွေရှိနိုင်ပေမယ့် တာထွက်တဲ့နေရာမှာပဲ ရပ်နေတာ မဟုတ်ဘူးဆိုတာတော့ အားလုံးလက်ခံကြမယ်ထင်ပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲကလည်း နောက်ထပ် ကောင်းမွန်တဲ့ အရွေ့ တစ်ခု ဖြစ်ဖို့အတွက် ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့။

မန္တလေးမြို့က အုတ်ကျောင်းတိုက်ကြီးလို့ ပြောလိုက်ရင် ယောမင်းကြီးကျောင်းတိုက်ကို ပဲ သိတဲ့သူများပါလိမ့်မယ်။ ဒါပေမယ့် မန္တလေးမြို့မှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး လက်ရာ အုတ်ကျောင်းတိုက်ကြီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ကျောင်းတိုက်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့် ကျောင်းတိုက်အစိတ်အပိုင်းတစ်ချို့ ကျန်ခဲ့ပြီး ဗိသုကာလက်ရာတွေကို လေ့လာလို့ရသေးတယ်။ အက္ကပတ်မြို့ဝန်ကျောင်းတိုက် က အဲဒီလို ကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။
ကျောင်းတိုက်အကြောင်းမပြောခင် အက္ကပတ် ဆိုတဲ့ ဝေါဟာရ အကြောင်း အရင်ပြောမှဖြစ်မယ်။ အလောင်းမင်းတရား အာသံ၊မဏိပူရကို သိမ်းပိုက်ပြီးတဲ့အခါမှာ အဲဒီက မြင်းသည်တော်တွေ ကို ခေါ်ဆောင်လာပြီး ကသည်းမြင်းတပ်နဲ့ အက္ကပတ်မြင်းတပ် ဆိုပြီး ဖွဲ့စည်းခဲ့တယ် လို့ မှတ်သား ခဲ့ရပါတယ်။
ဦးမောင်မောင်တင် ရေးတဲ့ “ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မှာ “အက္ကပတ်စားထိုး မြင်းအစု၊ မြင်းခေါင်း မြင်းတပ်ဗိုလ် မြင်းစီး တို့မှာ နတ်စီး မြင်းရုပ်ကို ဝမ်းနံဘေးတွင်ထိုး၍ ဆေးတော် မှတ်သည်။” လို့ဖော်ပြထားပါတယ်။ ( ဝမ်းဗိုက်မှာ မြင်းရုပ် ဆေးမင်ကြောင်ထိုးတာကို ဆိုလိုတာပါ။ )
အက္ကပတ်မြို့ဝန်ကျောင်းတိုက်ကို မင်းတုန်းမင်းလက်ထက် ၁၂၄၄ ခုနှစ် မန္တလေးမြို့တည်ပြီး သုံးနှစ် အကြာမှာတည်ခဲ့တဲ့အတွက်ယောမင်းကြီးကျောင်းတိုက်ထက်ပိုပြီးစောပါတယ်။ မျက်မြင် အရ တော့ အရွယ်အစားလည်း ပိုကြီးမယ်လို့ထင်ပါတယ်။ ကျောင်း ဒါယကာ အက္ကပတ်မြို့ဝန် က မဟာမင်းထင်ရာဇာဘွဲ့ရ ဦးခြုံ ဖြစ်ပြီး မင်းတုန်းမင်းနဲ့ သီပေါမင်း လက်ထက် မှာ မန္တလေးမြို့ လေးပြင်လေးရပ်အတွက်ခန့်ထားတဲ့ မြို့တော်ဝန်လေးယောက်အနက် တစ် ယောက်ဖြစ်ပါတယ်။
အက္ကပတ်မြို့ဝန် ဦးခြုံ ( ဦးချုံလို့ ရေးတာလည်းတွေ့ပါတယ် ) က ပသီ အမျိုးသား( အိန္ဒိယ နွယ်ဖွား) ဖြစ်ပါတယ်။ မင်း တုန်းမင်းလက်ထက်မှာ ဥရောပ ကို ပညာ တော်သင်အဖြစ် သွား ရောက်ခဲ့သူဖြစ်တဲ့အတွက် သူ့ ကျောင်းတိုက်ကိုလည်း ဥရောပ ပုံစံတည်ဆောက်ခဲ့တာလို့ ဆိုပါ တယ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းကြီးများ ( နတ်မောက် ထွန်းရှိန်) စာအုပ်မှာတော့ ဦးခြုံ ဟာ ၂၄ မတ် ၁၈၈၆ ရက်နေ့ မှာ ကွယ်လွန်တယ်၊ ၂၆ မတ် ၁၈၈၆ မှာ ရွှေထီးလေးလက်မိုးပြီး အနောက်ပြင် သင်္ချီုင်းတွင် မြေမြှပ် ဂူတည်တယ်၊ ဒါ့ကြောင့် ဦးခြုံဟာ ပသီအမျိုးသားဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ ဖော် ပြ ထားပါတယ်။
အက္ကပတ်မြို့ဝန်ကျောင်းတိုက်က ၈၆ လမ်း၊ ၁၈လမ်းနဲ့ ၁၉ လမ်းကြား မဟာဒီပဲရင်းကျောင်း တိုက် ဝင်း ထဲမှာ ရှိပါတယ်။ ကျောင်းတိုက်ဝင်းထဲကို ရောက်တဲ့အခါ ကျောင်းဝင်းအလယ် လောက်မှာ ရဲတိုက် ပျက် ကြီးနဲ့ တူတဲ့ အုတ်တိုက်နီကြီးကို မြင်လိုက်ရတယ်။ အဆောက်အဦကြီး ကို မြင်လိုက်တာနဲ့ ပထမ ဆုံးဖြစ်လာတဲ့ခံစားချက်ကတော့ စိတ်မကောင်းဖြစ်မိတာပါပဲ။ အဆောက်အဦ ဘေးမှာ အမှိုက်တွေ၊ အဆောက်အဦအလယ်ခေါင်ကွက်လပ်ထဲမှာ ချုံနွယ် ပိတ်ပေါင်း တွေ၊ သစ်ပင် တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေပုံပဲ။ လူသူကင်းဝေးတဲ့ တောထဲမှာ၊ ကွင်းပြင်ထဲမှာ ဒီလို အနေ အထားနဲ့ မြင်ရတာ မဆန်းပေမယ့် မန္တလေးမြို့ပေါ်က ကျောင်းတိုက်ကြီးတစ်ခု အလယ်မှာ ဒီလို အနေအထားနဲ့ မြင်ရတာတော့ ဝမ်းနည်းဖို့ကောင်း တယ်။
ကျွန်တော်တို့ ဝင်လာတာက ဘေးဘက်ကဖြစ်တဲ့အတွက်ကျောင်းတိုက်ကြီး မျက်နှာစာကို ဘက် ကိုသွားကြည့်တယ်။ ရှေ့မျက်နှာစာက ကြည့်လိုက်ရင် ကျောင်းတိုက်ကြီးရဲ့ မျက်နှာစာနဲ့ အမိုးက ခရစ်ယန်ဘုရားရှိခိုးကျောင်းတည်ဆောက်ပုံကို နမူနာယူထားတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ နိုင်ပါတယ်။ ဒါပေမယ့် အဝင်၀ ခုံးပေါက်ကြီး သုံးခုမှာ အလယ်တစ်ခုကို ပိတ်ပြီး သံဘာဂျာ တံခါး တပ်ထားတဲ့အတွက်မျက်နှာစာ အလှပျက်သွားတယ်။
အဲဒီ တံခါးပေါက်လေးက ဝင်လိုက်ရင် ကျောင်းတိုက်အဝင် အတွင်းဘက်မှာ တံခွန်တိုင်ပုံ စေတီတစ်ဆူတည်ထား လိုက်တဲ့ အတွက် ကျောင်းတိုက်အဝင်အတွင်းဘက်ကလည်း မူလ အနေအထားမဟုတ်တော့ဘူး။ ကမ္ဘာ့မဏ္ဍိုင် ဆုတောင်းပြည့်စေတီတော် လို့ အမည်ပေးထားတဲ့ အဲဒီစေတီက မူလ ကျောင်းတိုက် အဝင်၀ မှာ ရှိတဲ့ အလင်းရောင်ဝင်ပေါက် နေရာမှာ တံခွန်တိုင်ပုံစေတီတည်ထားလိုက်တာဖြစ်ပါ တယ်။ ဒီစေ တီကို လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် လောက်က တည်ခဲ့တာလို့ သိရပါတယ်။ အလှူရှင်နာမည်တော့ ရှာမတွေ့ဘူး။ ရှေးလက်ရာ ကျောင်းကြီးရဲ့ အဝင်ဝကို ဖျက်ပြီး စေတီတည်ခဲ့တဲ့ အလှူရှင်ကို ရည်မှန်းပြီး “တော်ရှာပါပေတယ်” လို့ အသိအမှတ်ပြုခဲ့တယ်။
မြင်ရသလောက်တော့ ကျောင်းတိုက်ကြီးက ပတ်လည်မှာ နှစ်ထပ်ကျောင်းဆောင်တွေနဲ အလယ် မှာ ကွက်လပ်ထားခဲ့တယ်လို့ယူဆမိတယ်။ အခုတော့ အလယ်ကွက်လပ်ဟာ အမှိုက်ပုံတဲ့ နေရာ ဖြစ်နေပါပြီ။ အောက်ထပ်ဝင်ပေါက်တွေမုခ်တွေက တြိဂံပုံ အချွန် တွေဖြစ်တဲ့အတွက် ထူးခြား နေတယ်။ ကျောင်းတိုက်အပေါ်ထပ်ကို တက်တဲ့ လှေကားနှစ်စင်း တွေ့တယ်။
အပေါ်ထပ်တစ်ခြမ်းကတော့ အကောင်းတိုင်းကျန်ပုံရတယ်။ အဝင်တံခါးကို သော့ခတ် ထားတယ်။ ကျောင်းတိုက်အရိပ်မှာ စာဖတ်နေတဲ့ ဦးပဉ္ဇတစ်ပါးကို မေးကြည့်တော့ အရင်ကတော့ သံဃာတွေ သီတင်းသုံးခဲ့ဖူးတယ်။ အခုတော့ မိုးမလုံတော့လို့ မသုံးတော့ဘူးလို့ပြောတယ်။
ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့သလို ဖြစ်နေတဲ့ ကျောင်းတိုက်ကြီးကို ကြည့်ရင်း ဒီလိုလက်ရာ ထူးခြားလှတဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးကို လက်ရှိအခြေအနေအတိုင်း စနစ်တကျ ထိန်းသိမ်းထားပြီး ပန္နက်ပုံတွေ ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြသထားရင် ဘယ်လောက် ကောင်းမ လဲလို့ တွေးမိတယ်။
ထိုင်းနိုင်ငံလော့ပူရီမြို့ကို ရောက်ခဲ့ချိန်က ထိုင်းဘုရင် Narai လော့ပူရီမှာ နန်းစိုက်တဲ့အချိန် နိုင်ငံခြား သံအမတ်တွေကို နေရာချပေးတဲ့ အိမ်ရာဝင်း ( Official Residence for Ambassadors , Wichayen House) ကို လေ့လာခွင့်ရခဲ့တယ်။ အဲဒီ အိမ်ရာဝင်းကို တည်ဆောက် ခဲ့တာ ၁၆၈၅ ခုနှစ်ကဖြစ်ပြီး အခုအချိန်မှာ နံရံတစ်ချို့နဲ့ အုတ်ခုံ တွေပဲ ကျန်ပါတော့တယ်။ တစ်ချို့ နံရံတွေကတော့ ပြိုမကျအောင် သံတိုင်တွေနဲ့ ထောက်ပြီး ထိန်းသိမ်းထားတယ်။
အဲဒီအိမ်ရာဝင်းထဲကို ဝင်ကြည့်ရင် နိုင်ငံခြားသားဘတ်ငါးဆယ်ပေးရတယ်။ ထိုင်းနိုင်ငံသား တွေ ကလည်းပေးရတယ်။ ဘယ်လောက်လဲတော့မသိဘူး။ ကင်မရာခွန် လုံးဝမပေးရပါဘူး။ ကြိုက်တဲ့ ကင်မရာသယ်၊ ကြိုက်သလောက် ဓာတ်ပုံရိုက်လို့ရပါတယ်။ အိမ်ရာဝင်းထဲက အဆောက်အဦ တွေ မှာ ဘာအဆောက်အဦဆိုတာ စာရေးထားတယ်။ သမိုင်းကြောင်းကို QR Code နဲ့ ဖတ်လို့ ရအောင် လုပ်ထားတယ်။ အဆောက်အဦတွေထိန်းသိမ်းထားမှုကို အက္ကပတ်မြို့ဝန်ကျောင်းတိုက် လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင် အောင် တင်ပေးထားပါတယ်။
အက္ကပတ်မြို့ဝန်ကျောင်းတိုက်ကြီးကို မြင်တော့ လော့ပူရီ ခရီးစဉ်ကို သတိရပြီး ကျောင်းတိုက် ကြီး ထဲမှာ ဆက်နေချင်စိတ်မရှိတော့တဲ့အတွက် ပြန်ဖို့ပြင်တယ်။ ခရီးသွားဖော်သူငယ်ချင်းက ကျောင်းတိုက် သမိုင်းမေးဦးမလားလို့ ပြောတော့ “ စာအုပ်တွေထဲကပဲ ရှာဖွေလေ့လာတော့မယ် ကွာ၊ သမိုင်း ဆိုတာ တန်ဖိုးထားတဲ့သူတွေဆီမှာမေးတာပဲ ကောင်းပါတယ်” လို့ ဖြေပြီး ပြန်လာခဲ့တယ်။












ရွှေကျောင်းတော်ဆိုတာ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား အနီး၊ အတုမရှိကျောင်း( မဟာအတုလဝေယန်) ဝင်း အတွင်းမှာ ရှိတဲ့ မြန်မာမှုလက်ရာ သစ်သားကျောင်းကြီး ဖြစ် ပါတယ်။
ရွှေကျောင်းတော်၊ ရွှေကျောင်းကြီး စသည်ဖြင့် ခေါ်နေပေမယ့် ရွှေကျောင်းတော်ရဲ့ တရားဝင် အမည်က ရွှေနန်းတော်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းက ဒုတိယ ရွှေအင် ပင်ကျောင်းလို ဘုန်းကြီးကျောင်းအဖြစ် ရည်မှန်းဆောက်လုပ်ခဲ့တာမဟုတ်ဘူး။ မန္တလေး နန်းတွင်းမှာရှိတဲ့ မင်းတုန်းမင်းရဲ့ နန်းတော်ဆောင်ကို ဖျက်ပြီး ရွှေ့ဆောက်ထားတာ ဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရွှေနန်းတော်ကျောင်းလို့ ခေါ်တာဖြစ်ပါတယ်။
မန္တလေးနန်းတော်ကြီးမှာ ဘုရင်နေထိုင်အိပ်စက်ဖို့အတွက် မှန်နန်းဆောင်ရှိပေမယ့် မင်းတုန်း မင်း က မှန်နန်းဆောင်မြောက်ဘက်မှာ သီးခြားအဆောင်ဆောက်ပြီး အခါအားလျော်စွာနေထိုင်လေ့ရှိ တယ်၊ အဲဒီရွှေနန်းတော်ဆောင်ရဲ့ အရှေ့ပိုင်းမှာ မှူးမတ်တွေကို လက်ခံတွေ့ဆုံတဲ့နေရာရှိပြီး အနောက် ဘက်မှာတော့ မင်းတုန်းမင်း နဲ့ မိဖုးရားများအတွက် အခန်းတွေရှိတယ်လို့ အနှစ် ၁၀၀ ပြည့် မန္တလေး ( ရွှေကိုင်းသား) စာအုပ်မှာဖော်ပြထားတယ်
သီပေါမင်းနန်းတက်ပြီးတဲ့အခါ ၁၃ အောက်တိုဘာ ၁၈၇၈ ရက်နေ့မှာ အဲဒီရွှေနန်းတော်ဆောင် ကို ဘုန်းကြီးကျောင်းအဖြစ်လှူမယ်ဆိုပြီးဖျက်သိမ်းခဲ့တယ်။ ရွှေကျောင်းတော်အကြောင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုဖျက်သိမ်းပြီးလှူဒါန်းတာဟာ ဖခင်အတွက် ကောင်းမှုကုသိုလ် လုပ် တာဖြစ်တယ်လို့ သုံးသပ်ရေးသားထားတာတွေ့တယ်။
ဖခင်အတွက် ကောင်းမှုလုပ်တယ်ဆိုပေမယ့် ကျောင်းအဖြစ်တည်ဆောက် နိုင်ဖို့ မြန်မြန် ဆန်ဆန်ဆောင်ရွက်တာမျိုးမတွေ့ရဘူး။ ကျောင်းကို ဖျက်သိမ်းပြီး ငါးနှစ် အကြာ ၁၈ နိုဝင်ဘာ ၁၈၈၃ ရောက်မှ ကျောင်းရေစက်ချနိုင်တယ်။
ရွှေကျောင်းတော်အကြောင်းစာအုပ်စာတမ်းတွေ လေ့လာရင်းနဲ့ သီပေါမင်းလက်ထက်မှာ မင်းမျိုးမင်းနွယ်တွေ ဒုက္ခ ရောက်ရတာတွေကို တရားကျဖွယ်ရာလည်းတွေ့ရတယ်။ မင်းတုန်းမင်းက နောင်တော် ပုဂံမင်း ကို ထောင်ထားခြားနား နန်းချပြီး ဘုရင်ဖြစ်လာပေမယ့် နန်းကျပုဂံမင်းကို မသတ်ခဲ့ဘူး။ အိမ်တော်နဲ့ အခြွေအရံနဲ့ထားခဲ့တာ သီပေါမင်းလက်ထက်မှာ ရောဂါနဲ့ ကွယ်လွန်တဲ့အထိပဲ။
သီပေါမင်းသားကတော့ ကျွန်တော်တို့အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ဘုရင်ဖြစ်လာပြီးချိန်မှာ နောင်တော်၊ညီတော်မင်းသားတွေသမာက သားတွေ၊ မိဖုရာတွေလူပေါင်းလေးဆယ်လောက်ကို ကွပ် မျက်ခဲ့တယ်။ ဒါတင်မကသေးဘူး။ နောက်ပိုင်းမှာ အဖမ်းခံ၊ ရာထူးချခံ၊ ပစ္စည်းအသိမ်းခံ၊ အသတ် ခံရတဲ့ မိ ဖုရားတွေ၊ မင်းသား မင်းသမီးတွေ၊ မင်းဆွေ မင်းမျိုးတွေ၊ မှူးမတ်တွေလည်းရှိသေးတယ်။ ပြုပြင်ပြောင်းလဲလုပ်ချင်တဲ့ ယောမင်း ကြီးတို့လို မှူးကြီးမတ်ရာတွေလည်း ရာထူးချခံရတာနဲ့၊ အချုပ်အနှောင်ခံရတာနဲ့ အများကြီးပဲ။ တစ်ဖက်မှာလည်း သီပေါမင်း အလွန်အားကိုးတဲ့ ရနောင်မောင်မောင်တုတ်လို လူမျိုးက ထင်ရာ စိုင်းခဲ့တဲ့အတွက် နောက်ဆုံး ပြန်အရေးယူရတဲ့အထိ ဖြစ်ခဲ့တယ်။
သီပေါမင်းရဲ့ အုပ်ချုပ်ရေးအားနည်းချက်တွေကိုရေးရင်တော့ အများကြီးပဲ။ ဒါပေမယ့် ပုဂံ ဝန်ထောက် ဦးတင်ရေးတဲ့ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းမှာ ဖော်ပြထားတာကို ဖတ်လိုက်ရင် သီပေါမင်း အရည်အချင်းကို တိုတို နဲ့ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။
အဲဒီကျမ်းမှာ မြန်မာ့သမိုင်းမှာ အရည်အချင်းမရှိတဲ့အတွက် မင်းရော တိုင်းပြည်ပျက်ခဲ့ရတဲ့ မင်းသုံးပါး၊ ပုဂံ ခေတ်မှာ နရသီဟပတေ့ ( တရုတ်ပြေးမင်း)၊ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိ ( ဟံသာဝတီ ပါမင်း) နဲ့ ကုန်းဘောင်ခေတ် သီပေါ ( မဒရပ်ပါမင်း ) တို့ရဲ့ တူညီတဲ့အချက် တွေကို ဖော်ပြထားတယ်။ အဲဒီအချက်တွေကို အတိုချုပ်ပြောရရင် အောက်ပါအတိုင်းဖြစ်ပါတယ်-
၁။ မင်းသားကြီးတွေရှိပေမယ့် အသက်ငယ်ပြီး အခြွေအရံနည်းတာကြောင့် ( မှူးမတ်တွေက) မင်းအဖြစ်တင်မြှောက်တာ ခံရတယ်။ ( အခြွေအရံ နည်းတော့ မာနမကြီးဘူး၊ အာဏာမထက်ဘူး လို့ ယူဆ တာဖြစ်ပါတယ်။ )
၂။ မင်းဖြစ်တော့ လောကဝတ်အကြောင်း မသိတဲ့ ဆရာဖြစ်ခဲ့ဖူးသူတွေကို မြှောက်စားတယ်။
၃။ ကုန်းတိုက်တတ်တဲ့ လူညံ့တွေရဲ့ စကားကို နားထောင်ပြီး မဖျက်ဆီးသင့်သူတွေကို ဖျက်ဆီးခဲ့ တယ်။
၄။ ဒီမင်းတွေလက်ထက်မှာ အခွန်အကောက်များ၊ ဆန်ရေစပါးရှားပါး၊ သူခိုးဓားပြပေါ၊ ဆူပူ ထကြွမှုတွေများ၊ မကြာခဏ စစ်ချီရတဲ့အတွက် ပြည်သူတွေ စိတ်ပူ ကိုယ်ပန်း မချမ်းမသာ ဖြစ်ရတယ်။
၅။ ဒီမင်းတွေလက်ထက်မှာ အရည်အချင်းညံ့တဲ့ မင်းမှုထမ်းတွေများလာတယ်။ ရဟန်း ရှင်လူ ပြည်သူတွေကြားမှာ သူ့လူ ငါ့လူ၊ သူ့ဂိုဏ်း င့ါဂိုဏ်း ကွဲပြားလာတယ်။ မင်း အသစ်ကို မေ ျှာ် လင့်တဲ့သူတွေများလာတယ်။
ကျောင်းဒါယကာအကြောင်းပြီးတော့ ကျောင်းအကြောင်းပြောရအောင်။ ရွှေကျောင်းတော်ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ ၂၀၁၆ ၊ ၂၀၁၇ ခု နှစ်လောက်ကတော့ အမေရိကန်သံရုံး က ရွှေကျောင်းတော် ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒေါ်လာ ငါးသိန်းနဲ့ နည်းပညာအကူအညီပေးမယ်ဆိုတဲ့ သတင်းတွေဖတ်ခဲ့ရဖူးတယ်။ အခု ကျွန်တော် တို့ ရောက်တော့လဲ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေတာကို တွေ့ရတယ်။ အမေရိကန်သံရုံး နဲ့တော့ ဟုတ်မယ်မထင်ဘူး။
ကျွန်တော်တို့ရောက်တဲ့အချိန်က ရုံးဖွင့်ရက် မနက်ပိုင်းဖြစ်တော့ လူအတော်ရှင်းတယ်။ ရွှေကျောင်း တော်က အတုမရှိကျောင်းဝင်းထဲမှာ ရှိပေမယ့် သီးခြားခြံစည်းရိုးကာထားတယ်။ အဝင်ဝမှာ ဝင်ကြေးကောက်ခံတဲ့ အဆောက်အဦရှိတယ်။ “ ရွှေကျောင်းနှင့် အတုမရှိ ကျောင်းဝင် ကြေး” လူကြီး ၂၀၀၊ ကလေး ၁၀၀ ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံခြား သားခရီးသည်တွေအတွက် မန္တလေးရှေးဟောင်းယဉ်ကျေးမှုဇုန် ဝင်ကြေးတစ်သောင်း ကျပ် ပေးရမယ့်ဆိုတဲ့ စာကပ်ထားတယ်။
ဝင်ကြေးလက်မှတ်ရုံထဲမှာ ဝန်ထမ်းအမျိုးသမီးနှစ်ယောက်ရှိတယ်။ ဝင်ကြေးလက်မှတ်ဝယ်တော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကင်မရာတွေကို ကြည့်ပြီး ကင်မရာကြေး သုံးသောင်းစီပေးရမယ် လို့ ပြောတယ်။ ကျွန်တော်တို့က သာမန်ခရီးသွားတွေပါ။ အပျော်တမ်းရိုက်မှာ၊ မင်္ဂလာဆောင် အကြိုဓာတ်ပုံ၊ အလှူဓာတ်ပုံ ရိုက်မှာမဟုတ်ဘူးလို့ပြောတော့ မရပါဘူး၊ ကင်မရာအကြီးတွေဆိုရင် ကင်မရာကြေးပေးရ ပါတယ်၊ ဖုန်းနဲ့ရိုက်ရင်မပေးရဘူးလို့ လို့ ထပ်ပြောတယ်။ အဲဒါ ဘယ်တုန်း က ထုတ်တဲ့အမိန့်လည်းလို့ မေးတော့ “ကျွန်မတို့ က ၁၅ ရက် တစ်ခါ အလှည့်ကျ တာဝန်ကျ တာ၊ ဘယ်တုန်းက ထုတ်လဲမသိဘူးတဲ့”။ ဘာမှ ဆက်မေးလို့မရတော့ဘူး။ အေးတာပဲ။
ကျွန်တော် ထိုင်းနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံက ရှေးဟောင်းအမွေအနှစ်နေရာတွေကို ရောက်ခဲ့၊ ဓာတ်ပုံရိုက်ခဲ့ဖူးတယ်။ အဲဒီနေရာတွေမှာ ဝင်ကြေးကောက်တာကလွဲပြီး သာမန်ခရီးသွားတွေရဲ့ ကင်မရာတွေကို ပိုက်ဆံကောက်တာ မကြုံဖူးဘူး။ သူတို့ကတော့ ဓာတ်ပုံတွေများများရိုက်ပြီး အင်တာနက်ကွန်ယက်ပေါ်မှာတင်ရင် အခမဲ့ကြော်ငြာပေးတာပဲလို့ နှလုံးသွင်းထားပုံရတယ်။
ဒီမှာတော့ စဉ်းစားပုံစဉ်းစားနည်းက တစ်မျိုးဖြစ်နေသလိုပဲ။ ချက်ခြင်းလက်ငင်း ဝင်ငွေရတာကိုပဲ ပို ဦးစားပေးပုံရတယ်။ ကျွန်တော်ကတော့ အဲဒီလိုကောက်တာကို လက်မခံနိုင်တဲ့အတွက် ကင်မရာ ကိုအပြင်မှာပဲထားခဲ့ပြီ ဖုန်းကင်မရာနဲ့ ပဲ ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။
ရွှေကျောင်းတော်က ပန်းဆွဲတန်း၊ စိန်တောင်တန်း၊ ဝေယံတန်း၊ ထောင့်ပန်း၊ မှန်ကင်း၊ ဖောင်းလုံးတုရင်၊ စုလစ်မွန်းချွန်း၊ တိုင်ထောက်နယား၊ အပြောက်အမွှမ်း၊ ရုပ်စုံရုပ်လုံးတွေ က တကယ်လက်ရာမြောက်ပါတယ်။ အတွင်းမှာတော့ အတော်မှောင်တယ်။ အတွင်းမှာရှိတဲ့ ဇာတ်ကြီး ဆယ်ဘွဲ့ ကို ထုထားတဲ့ ပန်းပုလက်ရာတွေကအတော်ကောင်းတယ်။ စာနဲ့ ရေးပြီးလည်း ရှင်းပြ ထားတယ်။ ဒါပေမယ့် အလင်းရောင်အားနည်းတဲ့အတွက် ဓာတ်ပုံရိုက်ရတာခက်တယ်။ အဲဒီ ပန်းပု လက်ရာလေးတွေကိုပဲ ကွက်ပြီး ဆလိုက်မီးထိုးပြထားရင် လေ့လာသူတွေအတွက်ရော၊ဓာတ်ပုံ ရိုက်ချင်သူတွေအတွက်ရော ပိုပြီး အဆင်ပြေနိုင်ပါတယ်။
အပြင်စင်္ကြ ံ လမ်းက ပတ်ကြည့်ရင်လည်း ပန်းပုလက်ရာကောင်းတွေရှိတယ်။ နံရံတစ်ခုဆီမှာ ရှိတဲ့ ပန်းပုလက်ရာအမျိုးအစားနဲ့ အရေအတွက်တွေကို စာရင်းပြုစုပြီး ကပ်ထားတာက လေ့လာသူတွေ အတွက် အတော်အသုံးဝင်တယ်။ ဥပမာ တောင်ဘက်နံရံမှာဆိုရင် သစ်သားပန်းပုရုပ်တု ၁၈၁ ခု နဲ့တံခါးများတွင် ၇၂ ရုပ်ရှိတယ်လို့ဖော်ပြပြီး ဇော်ဂျီရုပ် ၆၂ ရုပ်၊ မူလ လက်ရာ ၂၃ ၊ အစားထိုး ၃၉ စသည်ဖြင့် အသေးစိတ် ရှင်းပြထားတယ်။
ကျောင်းပေါ်က ပြန်ဆင်းလာတော့ သီပေါမင်း အရည်အချင်းမရှိဘူးဆိုပေမယ့် မင်းတုန်းမင်း နန်းဆောင်ကို လုံးဝဖျက်ဆီးတာမျိုးမလုပ်ဘဲ ဘုန်းကြီးကျောင်းအဖြစ် လှူခဲ့တာကိုတော့ ကျေးဇူး တင်ရမယ်၊ သက်ဦးဆံပိုင် ဘုရင်ဆိုပြီး ရှေ့က ဘုရင်လုပ်သမ ျှ အကုန်ဖျက်၊ ငါ့ကျောင်း ငါ ဘယ်လို ကျောင်းကျောင်း ဆိုပြီးများလုပ်ခဲ့ရင် ပန်းပုလက်ရာကောင်းတွေကို လေ့လာခွင့်ရတော့ မှာ မဟုတ်ဘူး လို့တွေးမိတယ်။






မန္တလေးမြို့မှာ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယောမင်းကြီး ကျောင်းတိုက်တို့လို ဥရောပ ဗိသုကာ လက်ရာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိသလို မြန်မာမှုလက် ရာ အပြည့်နဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်းရှိပြီး အဲဒီကျောင်းတွေထဲမှာ ထင်ရှားတဲ့ ကျောင်း တစ်ကျောင်းက ဒုတိယ ရွှေအင်ပင်ကျောင်းဖြစ်ပါတယ်။
ဒုတိယရွှေအင်ပင်ကျောင်းက မြန်မာဘုန်းတော်ကြီးကျောင်းများရဲ့ တည်ဆောက်ပုံ နည်းစနစ်များ အတိုင်း တည်ဆောက်ထားတဲ့ကျောင်းကြီးဖြစ်ပါတယ်။ လူသိများတဲ့ ရွှေကျောင်းတော်ကြီးဆိုတာ က မင်းတုန်းမင်းရဲ့ ရွှေနန်းဆောင်ကို သီပေါမင်းလက်ထက်မှာ ရွှေ့ပြောင်းဆောက်လုပ်လှူဒါန်း ထားတာဖြစ်တဲ့အတွက် မြန်မာမှုအနုပညာလက်ရာတွေ ကောင်းပေမယ့် မြန်မာဘုန်းတော်ကြီး ကျောင်းတည်ဆောက်ပုံနည်းစနစ်နဲ့ ဖွဲ့စည်းပုံမတူဘူ့းလို့ ဆိုပါတယ်။
“ပြင်သစ်ဗိသုကာနှင့် ဘုန်းကြီးကျောင်း” ( ဆူးငှက်) ဆောင်းပါးမှာ ဖော်ပြချက်များအရ မြန်မာမှု ဗိသုကာစစ်စစ်ဘုန်းကြီးကျောင်းဟာအရှေ့အနောက်ဝင်ရိုးပြုပြီးဆောက်လုပ်တယ်၊အခန်းဖွဲ့စည်း တဲ့အခါ အရှေ့ဘက်ဆုံးမှာ ပြာသာဒ်ဆောင်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်များ သီတင်းသုံးတယ်၊ ပြသာဒ် ဆောင်ပြီးရင် ကျောင်းထိုင်ဘုန်းတော်ကြီး သီတင်းသုံးတဲ့ စနုဆောင်ရှိတယ်၊ စနုဆောင်ပြီးရင် နေ့အချိန် လူပရိသတ်ကို တရားဟောတဲ့ မာရဘင်ဆောင်ရှိတယ်၊ မာရဘင်ဆောင်ကို အရှေ့ မာရဘင်ဆောင်၊အနောက်မာရဘင်ဆောင်ဆိုပြီးလည်းခွဲလေ့ရှိတယ်၊ညအချိန်ဆိုရင်မာရဘင် ဆောင်ဟာကျောင်းနေသံဃာတို့ကျိန်းစက်ရာအဆောင်လည်းဖြစ်တယ်၊မာရဘင်ဆောင်ပြီးရင် ခုံးဆောင်ရှိတယ်၊ ခုံးဆောင်ကတော့ တိုးလ ျှိုပေါက်အဆောင်ဖြစ်ပြီး မာရဘင်ဆောင်နဲ့ ဘောဂ ဆောင် ကို ဆက်စပ်ပေးတယ်၊ ဘောဂဆောင်ဆိုတာကတော့ လှူဖွယ်ပစ္စည်းနဲ့ ရဟန်းအသုံး အဆာင် ပစ္စည်းများကို ထားသိုရာအခန်းဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
ပြီးတော့အဲဒီအဆောင်အားလုံးရဲ့ လေးဖက်ပတ်လည်မှာ သစ်သားကြမ်းခင်း စင်္ကြ ံ လမ်းရှိတယ်။ စင်္ကြ ံ ပေါ်တက်တဲ့ အုတ်လှေကားတွေကို ပတ်လည်မှာတည်ဆောက်ထားတယ်။ ဒါဟာ မြန်မာမှု ဗိသုကာလက်ရာစစ်စစ် ဘုန်းကြီးကျောင်းများရဲ့ တည်ဆောက်ပုံဖြစ်ပါတယ်။ ရွှေအင်ပင် ကျောင်း နဲ့ ကင်းဝန်မင်းကြီး ကျောင်းတိုက်ကို ယှဉ်ကြည့်လိုက်ရင် ဗိသုကာလက်ရာကွာခြားမှုကို ထင်ထင် ရှားရှား မြင်နိုင်ပါတယ်။
ဒုတိယရွှေအင်ပင်ကျောင်းဒါယကာ၊ ဒါယိကာမတွေက တရုတ်လူမျိုး ကျောက်စိမ်းကုန်သည် ဦးစက်ရွှင် နဲ့ ဇနီး ဒေါ်ဘွားဖြစ်ပါတယ်။ ဒေါ်ဘွားက ပုဂံမင်းလက်ထက် ရမည်းသင်းမြို့စားမိဖုရားရဲ့ တူမတော်လို့ ဆိုပါတယ်။ ဒီကျောင်းကို သီပေါ မင်းပါတော်မူပြီး ဆယ်နှစ်အကြာ ၁၈ ၉၅ ခုနှစ် မှာ ဆောက်လုပ်လှူဒါန်းခဲ့တာပါ။ ဒီကျောင်းကြီး မှာရှိတဲ့ ပန်းပုလက်ရာတွေဟာ သီပေါမင်းကောင်းမှု ရွှေကျောင်းတော်ကြီးမှာရှိတဲ့ ပန်းပုလက်ရာ တွေနဲ့ ယှဉ်နိုင်တယ်လို့ ဆိုကြပါတယ်။
ကျွန်တော်တို့ ကင်းဝန်မင်းကြီးကျောင်းတိုက်ကို ဓာတ်ပုံရိုက်ချိန်မှာတွေ့ခဲ့တဲ့ ဦးပဉ္ဇင်းက ကင်းဝန် မင်းကြီးကျောင်းတိုက်ပြီးရင် ရွှေအင်ပင်ကျောင်းကို သွားကြည့်၊ ဒါမှ မြန်မာမှုလက်ရာစစ်စစ် နဲ့ အင်္ဂ လိပ်လက်ရာ ယှဉ်ကြည့်လို့ရမယ်လို့ ညွန်းတယ်။ ပြီးတော့ “ဓာတ်ပုံရိုက်လို့ရမရတော့မသိဘူး။ သွားတော့ကြည့်လိုက်ပေါ့” လို့ ဆက်မိန့်တယ်။
ရွှေအင်ပင်ကျောင်းက ၃၈လမ်းနဲ၈၉ လမ်းထောင့်၊ သင်္ဂဇာချောင်းနားမှာရှိတယ်။ မန္တလေး ကျောက် ဝိုင်းနဲ့လည်း မဝေးလှဘူး။ ကျွန်တော်တို့ကတော့ တုတ်တုတ်ဆရာလမ်းမှားသွားလို့ ကျောင်းဘေး မလွယ် ပေါက်ကနေ ဝင်ခဲ့ရတယ်။ ဝင်လိုက်တာနဲ့ ပထမဆုံးတွေ့ရတာက ဓာတ်ပုံမရိုက်ဖို့ သတိပေးတားမြစ်ထားတဲ့ ပလတ်စတစ်လောင်းထားတဲ့ စာရွက်ပဲ။ အဲဒီစာရွက်တွေကို ရွှေအင်ပင်ကျောင်းပတ်လည်မှာလည်း ထောင်ထားတယ်။
ကျွန်တော်တို့ရောက်သွားတော့ ကျောင်းပေါ်တက်တဲ့ အုတ်လှေကားကြီးဘေးမှာ ပန်းရန် သမား လေးယောက်အလုပ်လုပ်နေတယ်။ သံဃာတော်တစ်ပါးက ရပ်ပြီး လိုအပ်တာတွေပြောနေတယ်။ ရွှေအင်ပင်ကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့တာဝန်ရှိတဲ့ ဆရာတော်များထဲက တစ် ပါး ဖြစ်မယ်လို့ထင်တာနဲ့ အနားကပ်ပြီး လေ ျှာက်ထားတယ်။ ဆရာတော်နဲ့ ကျွန်တော် မေးမြန်း လေ ျှာက်ထားခန်းက အောက်ပါအတိုင်းဖြစ်ပါတယ်-
ကျွန်တော်။ ကျောင်းဒါယကာက ဘယ်သူပါလဲဘုရား။
ဆရာတော်။ ဦးစက်ရွှင်။ ( လိုရင်း၊ တိုရှင်းဖြေနည်း)
ကျွန်တော်။ အရှင်ဘုရား မင်္ဂလာဆောင်ဓာတ်ပုံရိုက်တာ၊ စီးပွားဖြစ် အလှဓာတ်ပုံရိုက်တာ၊ မသင့် မတော်အဝတ်အစားနဲ့ဓာတ်ပုံရိုက်တာမျိုးကို တားမြစ်တာကောင်းပါတယ်။ ကျန်တဲ့သူတွေကိုတော့ ခွင့်ပြုပေးရင်မကောင်းဘူးလားဘုရား။
ဆရာတော်။ အဖြေမပေး။ ( မျက်နှာတင်းသွားတယ်။ )
ကျွန်တော်။ ( ပန်းရန်သမားတွေဘက်ကို ကြည့်ပြီး ) ရှေးဟောင်းနဲ့ ပေါင်းပြီး ပြင်နေတာလား ဘုရား။
ဆရာတော်။ ( စိတ်တိုသည့်အသံဖြင့် ) ဘယ်ရှေးဟောင်းနဲ့မှ ပေါင်းမလုပ်ဘူးကွ။
ဒီမှာပဲ ကျွန်တော်တို့ မေးမြန်းလေ ျှာက်ထားခန်းပြီးသွားပါတယ်။ ဒါတောင် ခရီးသွားဖော် မိတ်ဆွေ က လက်မလေ ျှာ့သေးဘူး။ ကျောင်းပေါ်တက်ကြည့်လို့ရလားလို့ လေ ျှာက်တယ်။ ဆရာတော်က ပြန်မဖြေဘူး။ ခေါင်းငြိမ့်သလား၊ ခေါင်းခါသလား မသေချာတဲ့ အမူအရာနဲ့ တုန့်ပြန်တယ်။
ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း ကျောင်းပေါ်မတက်သေးဘဲ အောက်ကပဲ လှည့်ပတ်ကြည့် နေတယ်။ ခဏနေတော့ နောက်ထပ်ရောက်လာတဲ့ ဧည့်သည်နှစ်ယောက် ကျောင်းပေါ်တက်တာ တွေ့တော့ လိုက်တက်သွားတယ်။ ကျောင်းတံခါးတွေပိတ်ထားတဲ့ အတွက် အထဲတော့ ဝင်ကြည့် လို့မရဘူး။ စင်္ကြ ံ ကပဲ ပတ်ကြည့်ရတယ်။ မြင်ရတဲ့ ပန်းပုလက်ရာတွေကတော့ အတော်ကောင်း ပေမယ့် ရာသီဥတုဒဏ်ကြောင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့လိုနေတာလည်း တွေ့တယ်။
လေ့လာဖတ်ရှုခဲ့တဲ့ စာအုပ်စာတမ်းများအရတော့ ဦးစက်ရွှင်ရဲ့ ပုံတူပန်းချီကား ကျောင်းထဲမှာ ရှိတယ်။ဦးစက်ရွှင်က၁၉၁၇ခုနှစ်မတ်လ၁၇ရက်နေ့မှာကွယ်လွန်တယ်၊သူ့သင်္ချီုင်းဂူက ကျောင်းဝင်း ထဲမှာပဲရှိတယ်။ သင်္ချီုင်းစာတွေဖတ်လို့ရတယ်လို့ ဆိုတယ်။ ဒါပေမယ့် အခြေ အနေ က မေးမြန်း စုံစမ်းလို့ အဆင်မပြေလှတော့ ဒီအတိုင်းပဲ ပြန်လာခဲ့တယ်။
ကိုဗစ် မဖြစ် ခင်က ခရီးသွားမှတ်တမ်းတွေမှာတော့ ရွှေအင်ပင်ကျောင်းဓာတ်ပုံတွေတွေ့တယ်။ အခု ဘာဖြစ်လို့ ဓာတ်ပုံရိုက်ခွင့်မပြုသလဲဆိုတာတော့ မသိခဲ့ရဘူး။ ကောင်းတယ်ထင်လို့ လုပ်တယ် လို့ပဲ နှလုံးသွင်းပြီးပြန်ခဲ့တယ်။
မှတ်ချက်။အခုဆောင်းပါးမှာဖော်ပြထားတဲ့ပုံကhttps://www.winnetmyanmar.com/listing/yawheainpinkyaaung ကနေ ယူထားတဲ့ပုံဖြစ်ပါတယ်။

တောင်သမန်အင်း လို့ပြောလိုက်ရင် မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားကို မြင်မိ၊ သတိရမိ တဲ့ သူများမှာပါ။ ဒါပေမယ့် စာပေနဲ့ သုတေသန နယ်ပယ်မှာတော့ တောင်သမန် လို့ပြောလိုက်ရင် တောင်လေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတ ( ကိုပညာ(အမရပူရ)) ကို မြင်မိ၊ သတိရမိတဲ့သူတွေအတော်များများရှိမှာသေချာပါတယ်။
ဆရာတော်ဦးပညာဇောတ က ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာဆောင်းပါးတွေပြုစုရေးသားခဲ့တယ်။ ၁၉ ၉ ၆ ခုနှစ်မှာ “ တောင်သမန်ဝန်းကျင် သမိုင်း ဝင် နေရာများ” စာအုပ်နဲ့ သုတပဒေသာ ( ဝိဇ္ဇာ) အမျိုးသားစာပေဆုရခဲ့တယ်။ ဆရာတော် က ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ) ၊ ဒေါက်တာသန်းထွန်း၊ လူထု ဦးလှ၊ အိုးဝေညိုမြ စတဲ့ ပညာရှင်များနဲ့ ပူးပေါင်းပြီး စာပေ၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ကို လေ့လာ ဖော်ထုတ်ခဲ့သူဖြစ်တဲ့အတွက် တောင် သမန် အင်းစောင်း မှာရှိတဲ့ ဆရာတော်ကျောင်း ဟာ လည်း မန္တလေး စာပေ ယဉ်ကျေးမှုနဲ့ သမိုင်းသုတေသန နယ်ပယ်ကပုဂ္ဂိုလ်များစုစည်းရာနေရာ တစ်ခုဖြစ်ခဲ့တယ်။တောင်လေးလုံး ကျောင်းတိုက်ရဲ့ ဧည့်သည် တွေထဲက စာရေးဆရာ၊ သတင်းစာ ဆရာ အိုးေ၀ ညိုမြကတော့ နှစ်စဉ် ရက်ရှည်လများ လာရောက် နေထိုင်ပြီး တောင်သမန် ပတ်ဝန်းကျင်မှာ လေ့လာ စူးစမ်းမှုတွေလုပ်လေ့ရှိတယ်လို့ မှတ်သားဖူး တယ်။
ကျွန်တော်ကတော့ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေရောက်မှ တောင်လေးလုံးကျောင်းတိုက် နဲ့ ကို ပညာ(အမရပူရ)ကိုဆရာမကြီးလူထုဒေါ်အမာမွေးနေ့ပွဲနဲ့ပတ်သက်တဲ့ဆောင်းပါး တွေကတဆင့် သိခဲ့ရတာပါ။ ၂၀၀၅ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုပြောင်းရွှေ့လာပြီးချိန်မှာတော့တောင်လေးလုံးကျောင်းတိုက်အကြောင်းပိုသိလာရသလိုကျောင်း တိုက်ကို တစ်ခေါက်တစ်ခါ လေ့လာရေးခရီးသွားချင်တယ်၊ တောင်လေးလုံး ကျောင်းမှာ ပြုလုပ် တဲ့အခမ်းအနားတွေမှာ ပြောကြ ၊ ဆွေးနွေးကြတာတွေကို နားထောင်ချင်တယ်၊ နာမည်ကြီးတဲ့ တောင်လေးလုံး ဝက်သားဟင်းလေးချက်ကို မြည်းစမ်းချင်တယ်။
ဒါပေမယ့်အဲဒီအချိန် နဝတ/နယက အစိုးရလက်ထက်က တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ် တဲ့ အခမ်းအနားတွေကို လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ကြည့် လေ့ရှိတယ်။ တက် ရောက်တဲ့ လူစာရင်းကို မှတ်တမ်းတင်တယ်။ အထူးသဖြင့် လူထုမိသားစုနဲ့ ပတ်သက်တဲ့ အခမ်း အနားတွေဆိုရင်ပိုသတိထားစောင့်ကြည့်တယ်။ဒါ့အပြင်အစိုးရနဲ့ဆက်နွယ်နေတဲ့ လူမှုရေး အသင်း အဖွဲ့ ဆိုတာကလည်း တောင်လေးလုံးကျောင်းတိုက် သတင်းတွေကို သူတို့နဲ့ပတ်သက်တဲ့ ဝန်ကြီး တွေဆီကိုတင်ပြ လေ့ရှိ တယ်။ဒီတော့ဝန်ထမ်းတစ်ယောက်အနေနဲ့တောင်လေးလုံး ကျောင်းတိုက် ကို အလည်အပတ်သွားရင် ပြဿနာတက်နိုင်တဲ့ အခြေအနေရှိတော့ မသွားနိုင်ခဲ့ဘူး။
၂၀၁၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးတာဝန်ယူတော့ နိုင်ငံရေးခေတ်ဆန်းချိန်ဖြစ်တဲ့အတွက် လူထု တိုက်ကို သွားရောက်ပြီး ဆရာညီပုလေးအပါအဝင် လူထုမိသားစုတွေ၊ စာရေးဆရာတွေနဲ့ တွေ့ ဆုံခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ တောင်လေးလုံးကျောင်းတိုက်ကိုတော့ မရောက်ခဲ့ဘူး။ ၂၀၁၆ မေလ ဆရာတော်ပျံလွန်တော်မူပြီလို့ ကြားတော့ သက်ရှိထင်ရှား ရှိချိန် ငါ မသွားမိလေ ခြင်း ဆိုပြီးနောင်တရခဲ့တယ်။ ဒါ့ကြောင့်ဒီတစ်ကြိမ် မန္တလေး ရောက်တော့တောင်လေးလုံးကျောင်း တိုက် ကို ရောက်အောင် သွားခဲ့တယ်။
ကျောင်းတိုက်ရှေ့ရောက်တာနဲ့ ပထမဆုံးမြင်ရတာက အဝင်ပေါက်ရဲ့ ဘယ်ညာ ရေချမ်းစင်လေး တွေမှာ ကွယ်လွန်သူကဗျာဆရာ နီမောင် (အင်းဝ)နဲ့ မောင်မြတ်မှိုင်း ( လမင်းတစ်ရာ သုခုမ စွမ်း အားစု)တို့အတွက် အမှတ်တရ ကျောက်ပြားလေးတွေကပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းပေါက်ဝရောက်တော့ အထဲက ဦးပဉ္ဇင်းတစ်ပါးထွက်လာတယ်။ “ရန်ကုန်ကပါ၊ ဆရာတော့် ကျောင်းကို လေ့လာချင်လို့ပါ” ဆိုပြီးလေ ျှာက်တော့ ခွင့်ပြုပါတယ်။ ဦးပဉ္ဇင်းက ဆရာတော် ဦးပညာ ရဲ့ တူ တော် ပါတယ်။ ဆရာတော်ပျံလွန်တော်မူပြီးနောက်မှာ တူတော်သူ ဦးပဉ္ဇင်းနှစ်ပါး ကပဲ ဒီကျောင်းကို ထိန်းသိမ်း စောင့်ရှောက်ထား တယ်တဲ့။
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေကို ဆရာတော် ရဲ့ အရိုးအိုးစေတီ နဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ အုတ်ဂူရှိရာကို အရင်ကြည့်ဖို့ပြောပြီး ကိုယ်တိုင်လိုက်ပြတယ်။ အဲဒါတွေ တည်ထားတဲ့နေရာက တောင် လေးလုံးကျောင်းတိုက်မြေဆိုပေမယ့် လူနေအိမ်တွေကြားက ဖြတ်သွားရတယ်။ ဆရာတော် ရဲ့ အရိုးအိုးစေတီရဲ့ မှတ်တမ်းကျောက်ပြားမှာတော့ ဆရာတော်ရဲ့ ဘဝဖြစ်စဉ်အကျဉ်းကို ဖော်ပြ ထားပြီး အရိုးအိုးစေတီအလှုရှင်တွေက “ယိုးဒယား ဥဒုမ္ဗရအဖွဲ့နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် သမိုင်းဌာနများမိသားစုများ” ဖြစ်တဲ့အကြောင်းဖော်ပြထားတယ်။
ဆရာတော်အရိုးအိုးစေတီဘေးကနေဆက်သွားတော့ ပိုက်ကျော်ခြင်းကွင်းတစ်ခုရောက်တယ်။ ခြင်းကွင်းကနေညာဘက်ချိုးလိုက်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ အုတ်ဂူ နဲ့ အထိမ်း အမှတ် ကျောက်တိုင်ကို ရောက်တယ်။ မိုးမကုန်သေးလို့ထင်တယ်။ အုတ်ဂူနဲ့ ကျောက်တိုင် ပတ်ဝန်းကျင် သန့်ရှင်းရေးနည်းနည်းလိုနေတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်း ရဲ့ ကျောက်စာ တိုင်အခြေမှာတော့ “ ဒေါက်တာသန်းထွန်း၏ ၉ ၅ နှစ်မြောက်မွေးနေ့ဖြစ်သော ၆ ဧပြီ ၂၀၁၈ သောကြာနေ့မှ စတင်ကာ ဤ ‘ တောင်လေးလုံး ကွန်သာယာ‘ ကို ဂန္ဓဝင် တောင်လေးလုံး ချစ်သူများက ရုပ်လုံးဖော်သည် ” လို့ မှတ်တမ်းရေးထားတယ်။
“ ကွန်သာယာ” ဆိုတဲ့ ဝေါဟာရအနက်ကို သိချင်လို့ စူးစမ်းကြည့်တော့ မန္တလေးမြို့ခံ စာရေး ဆရာ တစ်ဦးက ပုဂံခေတ်ကျောက်စာပါ အသုံးအနှုံးဖြစ်ပါတယ်၊ “စုဝေးရာနေရာ” လို့ အနက် ရတယ်ဆိုပြီး ကွန်သာယာ ဝေါဟာရနဲ့ပတ်သက်တဲ့ “ အသစ်မြင် မြန်မာ့သမိုင်း ( ဒေါက်တာ သန်းထွန်း) ပါ ရေးသားချက်ကို ညွှန်းပါတယ်။ ပြီးတော့ ဆရာကြီးက မန္တလေးတက္ကသိုလ်က သူ့ အိမ်ကိုလည်း “ ကွန်သာယာ” လို့ အမည်ပေးခဲ့တယ်လို့ပြောတယ်။
တောင်လေးလုံးကွန်သာယာ ရဲ့ ရည်ရွယ်ချက်ကတော့ နောင်မှာ တောင်လေးလုံးနဲ့ပတ်သက်တဲ့ စာရေးဆရာများ၊ ပညာရှင်များရဲ့ အထိမ်းအမှတ်တွေကို တောင်လေးလုံး ကွန်သာယာမှာပဲ ထားရှိ ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ကွန်သာယာရင်ပြင် ပတ်ဝန်းကျင် သန့်ရှင်း လှပရေး၊ မြေပိုင်ဆိုင်မှု စတဲ့ ကိစ္စတွေကို အတော်လုပ်ရဦးမယ့် အခြေအနေမှာရှိပါတယ်။ နိုင်ငံ ရေး ရာသီဥတုကလည်း ထည့်တွက်ရမယ့် အခြေအနေတစ်ခုပါပဲ။
တောင်လေးလုံး ကွန်သာယာက ပြန်လာတော့ ကျောင်းတိုက်တန်ဆောင်းထဲမှာ ရှိတဲ့ ဆရာ ဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာဦးဝင်းတင်၊ ဆရာကြည်အောင်၊ ဆရာတင်မိုး တို့က အစပြုတဲ့ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာမှုပညာရှင်များရဲ့ အထိမ်း အမှတ်တွေကို လေ့လာတယ်။ ရေးထိုးထားတဲ့ မှတ်တမ်းစာတွေကို ဖတ်တယ်။ မြင်ရတဲ့ အနေအထားအရ တန်ဆောင်းထဲမှာ အထိမ်းအမှတ် ကျောက်စာတိုင်တွေ လုပ်ဖို့ နေရာ မကျန်တော့ တဲ့အတွက် တောင်လေး လုံး ကွန်သာယာရင်ပြင် ကို အကောင်အထည်ဖော်တာ အလွန်သင့်မြတ် တဲ့ အစီအမံပါပဲ။ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ဆရာတော် ဦးပညာဇောတ သီတင်းသုံးခဲ့တဲ့အခန်းကတော့ သော့ပိတ်ထားပြီး သော့ကိုင်တဲ့ ဦးပဉ္ဇင်းမရှိတဲ့အတွက် ဝင်ကြည့်လို့မရခဲ့ဘူး၊အထဲမှာ ဆရာတော်စုဆောင်းထားတဲ့ စာအုပ်တွေ စင်တွေနဲ့ အပြည့်တင် ထားတာတော့ မြင်ခဲ့ရတယ်။ မှတ်တမ်းသွင်းဖို့လုပ်နေတယ်လို့လည်း သိခဲ့ရတယ်။ သစ်သား ကျောင်းလေးပေါ်မှာလည်း ဆရာတော်စုဆောင်းထားခဲ့တယ်လို့ ယူဆ ရတဲ့ ဂျာနယ်အဟောင်း တွေ တွေ့ခဲ့တယ်။ ဖုန်အလိမ်းလိမ်းနဲ့ ဖြစ်နေ တဲ့ အတွက် ပျက်စီးသွား မယ့် အန္တရာယ်တော့ ရှိ တယ်။
၂၀၂၀ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလတွေက စပြီး တောင်လေးလုံးကျောင်းတိုက် ထဲမှာ အထိမ်းအမှတ်ပွဲတွေ မလုပ်နိုင်သလောက်ဖြစ်သွားပြီလို့ သိရတယ်။ အခုနောက်ပိုင်းကာလ တွေ ရောက်တော့ ပိုခက်သွားတာပေါ့။ ဒ့ါကြောင့်ထင်ပါရဲ့၊အထိမ်းအမှတ်ကျောက်တိုင်လေးတွေရဲ့ အုပ်ခုံ တချို့လည်း ဆေးကွာ၊ တန်ဆောင်းထဲမှာလည်း သန့်ရှင်းရေးအားနည်းနေတာမြင်ခဲ့ရတယ်။ အစွန်ဆုံးမှာရှိတဲ့ ကဗျာဆရာအောင်ဘညို ဆိုရင် သွပ်ပြားဟောင်းတွေနဲ့ အတူဖြစ်နေပြီ။
တောင်လေးလုံးကျောင်းတိုက်က ပြန်လာတော့ ရောက်ဖူးချင်တဲ့ ဆန္ဒပြည့်သွားပေမယ့် အာသာ မပြေဘူး။ တောင်လေးလုံးကျောင်းတိုက်ကို တစ်ချိန်ကလို စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင် တွေ စုဝေးကြ၊ သူတို့ချစ်ခင်လေးစားရသူတွေ အကြောင်း ပြောကြ၊ စာပေ ယဉ်ကျေးမှု သမိုင်း ဆိုင်ရာတွေ အပြန်အလှန်ဆွေးနွေးကြတဲ့ ကွန်သာယာ ပြန်ဖြစ်စေချင်တယ်။ တစ်နေ့ တစ်လံပေါ့ ပုဂံ ရေ။
မှတ်ချက်။ မရောက်ဖူးသေးသူများ လေ့လာနိုင်ဖို့အတွက် ရိုက်ခဲ့သမ ျှ ဓာတ်ပုံတွေ မ ျှဝေပေးထား ပါတယ်။ မှတ်တမ်းတင်ဖို့ ကျန်ခဲ့တာရှိရင်လည်း တောင်းပန်ပါတယ်။
















တောင်သမန်ရေပြင်မှာ
ဝမ်းတစ်ထွာ
ကိုတံငါ





မင်းကွန်းပုထိုးတော်ကြီးလို့ ပြောလိုက်ရင် ဘိုးတော်ဘုရား ( ခ) ဗဒုံမင်းရဲ့ ကောင်းမှှု ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီး တို့နဲ့ တွဲမြင်ကြမှာပါ။ တကယ်တော့ အဲဒီသုံးခုအပြင် ရေကန်ကြီး ရှိသေး တယ်။
ကျွန်တော်မင်းကွန်းကို ပထမဆုံးရောက်ခဲ့တာ ၁၉ ၇၈ ၊ နောက်ဆုံးရောက်တာ ၁၉ ၉ ၃ ခုနှစ်ဆိုတော့ ပြန်မရောက်တာ နှစ်သုံးဆယ်နီးပါးကြာခဲ့ပြီ။ ဒါ့ကြောင့် ဒီတစ်ခေါက် မန္တလေး ရောက်ခိုက် မင်းကွန်းသွားဖို့ဆုံးဖြတ်ခဲ့တယ်။
မန္တလေးကနေ မင်းကွန်းကို စက်လှေနဲ့ သွားလို့လည်း ရတယ်။ ကားလမ်းက သွားရင်လည်း ရတယ်။ စက်လှေနဲ့ သွားရင် ဟိုတယ်ကနေ စက်လှေဆိပ် အတွက် တုတ်တုတ်ငှား၊ မင်းကွန်းရောက်ရင် သွားလိုရာ သွားနိုင်ဖို့ အတွက် တုတ်တုတ်ထပ်ငှားဆိုတော့ စာရင်းရှုပ်တယ်။ ဒါ့ကြောင့် ကားလမ်းကနေ တိုက်ရိုက်သွား ဖို့ ပဲ ဆုံးဖြတ်လိုက်တယ်။ ဈေးစုံစမ်းတော့ ကားနဲ့ တုတ်တုတ်က ခေါက်ချိုးလောက်ကွာနေတဲ့ အတွက် အိုးေ၀ (တုတ်တုတ်) နဲ့ သွားဖို့ဆုံးဖြတ်လိုက်တယ်။
မင်းကွန်းရောက်တော့ ပထမဆုံး မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရုပ်တုတော်ကို ဂါရဝပြု ဦးခိုက် တယ်။ ပြီးတော့ ခေါင်းလောင်းကြီးဆီကို အရင်သွားတယ်။ ဘိုးတော်ဘုရားက ခေါင်းလောင်းကြီး ကို မင်းကွန်း ပုထိုးတော်ကြီး နဲ့အတူထားဖို့ ၁၁၇၀ ခုနှစ် ( ၁၈၀၈ ခုနှစ်) မှာ သွန်းလုပ်ခဲ့တာ ပါ။
ခေါင်းလောင်းကြီးရှေ့က ကျောက်စာမှာတော့ ခေါင်းလောင်းကြီးရဲ့ အလေးချိန် ၅၅၅၅၅ ပိဿာ၊တန်(၉ ဝ) ခန့်ရှိတဲ့အကြောင်းနဲ့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးခေါင်းလောင်း ကြီး ဖြစ်ကြောင်း ရေးထားတယ်။ မင်းကွန်းခေါင်းလောင်းကြီးက ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဆိုပေမယ့် ဘုရားကြီးမပြီးတဲ့အတွက် ကုသိုလ်အမ ျှပေးဝေခြင်း၊ဆုတောင်းခြင်း အစရှိတဲ့ ခေါင်းလောင်းတစ်လုံးရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင် ခြင်းမရှိဘဲ ခရီးသွားဧည့်သည်တွေ နောက်ခံထား ဓာတ်ပုံရိုက် ဖို့အတွက်ပဲဖြစ်နေတယ်။
ကျွန်တော်ကတော့ ဘိုးတော်ဘုရားရဲ့ ခေါင်းလောင်းကြီးနဲ့ ခေါင်းလောင်းကြီးနဲ့မျက်နှာချင်း ဆိုင်မှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး ဘိုးဘွားရိပ်သာဖြစ်တဲ့ ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာ နှစ်ခု လူ့ဘောင် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ပုံခြင်း နှိုင်းယှဉ် စဉ်းစားမိတယ်။
ခေါင်းလောင်းကြီးပြီးတော့ ခြင်္သေ့ကြီးနှစ်ကောင်ကို သွားတယ်။ ခြင်္သေ့ကြီးနှစ်ကောင် က နောက်က ကြည့်ရင်တော့ ကိုယ်လုံးကိုယ်ထည် အကြီးကြီးပဲ။ ဒါပေမယ့် ခေါင်းနဲ့ ကိုယ်ထည် မရှိ တော့တဲ့အတွက် ကြောက်ရွံ့ ခန့်ညား ဖွယ်ရာ ခြသေ့ၤကြီးတွေမဟုတ်တော့ဘူး။ ခြင်္သေ့ကြီးတွေ ရဲ့ ခေါင်းနဲ့ကိုယ်ထည်အစိတ်အပိုင်းဖြစ်ခဲ့ဖူးတဲ့အုတ်ပုံတွေကသာ မမြဲခြင်း သဘော တရားနဲ့ လောကဒဏ်ကို နှလုံးသွင်းဖို့ဖြစ်နေတယ်။ ခြင်္သေ့ကြီးတစ်ကောင်ရဲ့ ဘေး မြက်ခင်း ပြင်မှာတော့ ခြင်္သေ့ကြီးရဲ့ မျက်လုံးအစိတ်အပိုင်းတစ်ခုရှိတယ်။ စကျင်ကျောက်လို့ ယူဆရတဲ့ ကျောက်မျက်လုံး ပေါ်မှာ ဆေးအနက်နဲ့ “မျက်လုံး”လို့ရေးထားတဲ့ လက်ရေးလက်သားက ဈေး နံရံ မှာ အမှိုက် မပစ်ရ လို့ ပြီးစလွယ်ရေးထားတဲ့လက်ရေးမျိုးနဲ့ တူတယ်။ ဘိုးတော်ဘုရားသာ ရှိသေး ရင် ရာဇမာန်ရှမယ့်လက်ရေးပဲ။ နောက်တစ်နေရာမှာတော့ အစွယ် နှစ်ချောင်းကို ပြထားတယ်။ ခြင်္သေ့ခေါင်းတောင်မရှိတော့ဘူးဆိုတော့ အစွယ်တွေ လည်း အသုံးမဝင်တော့ဘူးပေါ့။
အစဉ်အလာပြောစကားများအရတော့ ခြင်္သေ့ရုပ်ကြီးတွေက အရွယ်အစားကြီးမားပေမယ့် အချိုး မကျဘူးတဲ့။ ဒါပေမယ့် ဘုရင့်ခြင်္သေ့ဆိုတော့ အမှန်အတိုင်း ဘယ်သူမှမပြောရဲဘူး။ ဘိုးတော် ဘုရားကို မကြောက်မရွံ့ လေ ျှာက်တင်ရဲတယ်ဆိုတဲ့ အိမ်တော်ပါ ဝန်ကြီး ဦးပေါ်ဦးတောင် မှ
ခြင်္သေ့ကြီးတွေ အချိုးမကျတဲ့အကြောင်းပြောမလို့ “ ခြင်္သေ့ကြီးတွေကလဲ” လို့ စကားစတဲ့အချိန် ဘုရင်ရောက်လာတာနဲ့ “ ဘုန်းတော်ကြောင့် ဟိုဘက်ကမ်းကို ခုန်ကူးတော့မလိုပါပဲ” လို့ လေ ျှာ ချလိုက်ရတဲ့အကြောင်း ဖတ်ခဲ့ဖူးတယ်။
ဘိုးတော်ဘုရားကတော့ အကြီးဆုံး ဘုရားကြီးအတွက် အကြီးဆုံးခြင်္သေ့နှစ်ကောင်ကို တည်ထား ခဲ့တာပဲ။ ကျွန်တော်ကတော့ မပြီးသေးတဲ့ ပုထိုးတော်ကြီး ၊ ပျက်စီးနေတဲ့ ခြင်္သေ့ကြီးတွေနဲ့ ယနေ့အထိ ပရိယတ္တိစာပေတွေသင်ကြားပို့ချနေဆဲ မင်းကွန်း တိပိဋကဆရာတော် ဘုရားကြီးရဲ့ မင်းကွန်းတိပိဋကဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်ကို နှိုင်းယှဉ်စဉ်းစားရင်း ဘယ်အရာက သာသနာကို စောင့်ရှောက်ရာရောက်သလဲလို့ တွေးနေမိတယ်။
နောက်ဆုံးတော့ ပုထိုးတော်ကြီးဘက်ကို ခရီးဆက်ခဲ့တယ်။ အခုမြင်နေရတဲ့ ပုထိုးတော်ကြီးက ပထမပစ္စယံ၊ အမြင့် ၁၆၅ ပေရှိတယ်။ အောက်ခြေအနားတစ်ဘက်ကို ပေ ၄၅၀ ရှိတယ်။ ဘိုး တော် ဘုရားက ဉာဏ်တော် အမြင့် ၅၀၀ ပေအထိ တည်ဆောက်ဖို့လျာ ထားခဲ့ပေမယ့် ပထမ ပစ္စယံမှာပဲ အဆုံးသတ်သွားတယ်။ ဘိုးတော်ဘုရားကို ဆက်ခံတဲ့ မင်းတွေ ကလည်း ဒီဘုရားကြီး ကို ပြီးအောင်မတည်တော့ဘူး။ နောက်တော့ ၁၈၃၈ ခုနှစ်မှာ လှုပ်တဲ့ ငလျင်ဒဏ်ကြောင့် ဘုရားကြီးနံရံတွေ အက်ကွဲခဲ့ပြီး ခြင်္သေ့ကြီးနှစ်ကောင်လည်း ပြိုကျခဲ့တယ်။
မှတ်တမ်းတွေအရတော့ မင်းကွန်းပုထိုးတော်ကြီးကို ဘိုးတော်ဘုရားက ၁၇၉ ၀ ပြည့်နှစ် မှာစတည်တယ်၊ ကမ္ဘာပေါ်မှာ အကြီးဆုံးဘုရားကြီးဖြစ်ပြီး ရွှေဘိုကနေ မြင်ရတဲ့အထိ မြင့်မားအောင်တည်ဖို့ ရည်စူးခဲ့တယ်လို့ဆိုတယ်။ ဘိုးတော်ဘုရားက ဘုရားတည်တာကို ကိုယ်တိုင်ကြီးကြပ် ချင် တဲ့အတွက် အမရပူရ နန်းတော်မှာ မနေပဲ မင်းကွန်းနားမှာ ယာယီ နန်းတော်ဆောက် ပြီး နေတယ်။ အုပ်ချုပ်ရေး ကိစ္စတွေကို အိမ်ရှေ့မင်းသားနဲ့လွှဲထားတယ်။ ခုနှစ် နှစ် တိတိ ဘုရားတည် ပြီးတဲ့နောက်တဘောင် ပေါ်တာရယ်၊ တိုင်းပြည်ကလည်း စစ်လည်းတိုက်ရ၊ ဘုရားလည်းတည်ရနဲ့ ငွေကုန်လူပန်းဖြစ်လာ တဲ့အတွက် ရပ်လိုက်ရတယ် လို့ဆိုတယ်။
ကျွန်တော် ဘုရားကြီးကို လှည့်ပတ်ပြီး ဓာတ်ပုံရိုက်နေတော့ ကလေးမလေးတစ်ယောက်က ဓာတ်ပုံရိုက်ရင် မြင်ကွင်းကောင်းတဲ့နေရာလေးတွေပြမယ်၊ ဘုရားသမိုင်းလည်း ပြောပြမယ် လို့ ကမ်းလှမ်းလာတယ်။ ဒါနဲ့ ဘုရားသမိုင်းပြောကွာ ဆိုတော့ အခုလို ပြောပြတယ်။
“ ပုထိုးတော်ကြီးက ဘိုးတော်ဘုရားတည်ခဲ့တာ။ ဘိုးတော်ဘုရားက ဘုရားကြီး ၊ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ ရေကန်ကြီးဆိုပြီး ကြီးလေးကြီး တည်ခဲ့တာ။ ပုထိုးတော်ကြီးက ၁၆၂ ပေမြင့်တယ်၊ လေးပုံတစ်ပုံပဲ ပြီးသေးတယ်။ ဘုရားတည်တဲ့ အုတ်ကြီးတွေက လူကြီးလက်နဲ့တစ်တောင်၊ အခုခေတ်အုတ်ချပ်လေးလုံးခွဲနဲ့ညီတယ်။ ဘုရားကြီးအုတ်တွေက များလွန်းလို့ “ထန်းသီးခုတ်လို့ လက်မတို တိုတဲ့လက်မ အသုံးမကျ” နေ့သင့်နံသင့် ဂဏန်း ၁၅ လုံးနဲ့မှတ် ရတယ်။”
“ဘုရားကြီးရဲ့အလယ်ခေါင်မှာ ဘုရင်က ရွှေလှည်းကိုး စီး၊ ငွေလှည်းကိုးစီး၊ ပတ္တမြားလှည်းကိုးစီး၊ ကျောက်စိမ်းလှည်းကိုးစီး ဌာပနာ ခဲ့တယ်။ ရွှေငွေတွေများလွန်းလို့ ဘုရား ကြီးပြိုပြီလို့ကြားရင် ကိုယ့်အဖေအမေ သေခါနီး ဖြစ် နေရင်တောင် ပစ်ထားပြီး ပြေးလာကြည့်ကြလို့ စာဆိုရှိတယ်။”
“ ဘုရားကြီးတည်မပြီးခင် “ဘုရားလည်းပြီး ပြည်ကြီးလည်းပျက်” ဆိုပြီး တဘောင်ပေါ်တယ်။ ဒါနဲ့ဘုရင်က ဘုရားကို ဆက်မတည်တော့ပဲ ခြင်္သေ့ကြီးနှစ်ကောင်ကို တည်တယ်။ ။ ခြင်္သေ့ကြီး နှစ်ကောင်က တစ်ကောင်ကို အတောင်ခြောက်ဆယ်မြင့်တယ်။ တစ်ကောင်မှာ အုတ် လေးသိန်း၊ နှစ်ကောင်ဆို ရှစ်သိန်းရှိတယ်။”
ကလေးမလေးရဲ့ ဘုရားသမိုင်းကို အဆုံးထိနားမထောင်တော့ဘူး။ ရပါပြီကွာ လို့ပြောလိုက်တယ်။ ငယ်စဉ်အခါ မင်းကွန်းကို ရောက်ခဲ့ချိန်ကတော့ ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်း လောင်းကြီး၊ ရေကန်ကြီးတို့ ဟာ ဘိုးတော်ဘုရားရဲ့ ဘုန်းတန်ခိုးအာဏာကြီးမားမှု ပြယုဂ် လို့ မြင်ခဲ့ဖူးတယ်။ ပုထိုးတော်ကြီးသာပြီးခဲ့ရင် ကမ္ဘာ့အကြီးဆုံးဖြစ်မှာ ဆိုပြီး ဂုဏ်ယူခဲ့ဖူးတယ်။
ဒါပေမယ့် အခု အချိန်မှာ အတွေးအမြင်တွေ ပြောင်းလာတဲ့အတွက် တိုင်းပြည်ကို အကောင်းဆုံး ဖြစ်အောင် မတည်ဆောက်ဘဲ သူ့အတ္တအတွက် တိုင်းပြည်ဘဏ္ဍာဖြုန်းပြီး အကြီးဆုံးတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့ ဘိုးတော်ဘုရားရဲ့ ဘုန်းတော်ဘွဲ့ ရွတ်ပြနေတာကို နားမထောင်ချင် တော့ဘူး။





( တောင်သမန်အင်းရှုခင်း)


တံတားပေါ်မှာ
ဝမ်းရေးအတွက် စက်ဘီး
ကျန်းမာရေးအတွက် စက်ဘီး

