ကျွန်တော်နဲ့ ဖက်ဒရယ်

ကျွန်တော်နဲ့ ဖက်ဒရယ်

ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှုထောင့်တစ်ဖက် တည်းကပဲ သင်ကြားခံခဲ့ ရသူတစ်ယောက် ၊ ရှေ့တန်းတစ်နေရာမှာ မမေ ျှာ်လင့်ဘဲ ရခဲ့တဲ့ စာအုပ် တစ်အုပ်ကြောင့် ဖက်ဒရယ်ကို အခြားရှုထောင့်တစ်ဖက်ကနေ ရှုမြင်နိုင်ခဲ့တဲ့ အကြောင်း လွန်ခဲ့တဲ့လေးနှစ် ၂၀၁၈ ခုနှစ်က ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။

မဖတ်ရသေးသူများ ဖတ်ရှုဝေဖန်သုံးသပ်နိုင်ဖို့ မ ျှဝေလိုက်ပါတယ်။


ကျွန်တော်နဲ့ ဖက်ဒရယ်

ကျွန်တော့်ဘဝမှာ ကိုယ့်နိုင်ငံရေး အတွေးအမြင်ကိုပြောင်းစေတဲ့ စာအုပ်တွေအတော်များများရှိ တယ်။ အဲဒီအထဲက တစ်အုပ်ကတော့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့စာအုပ်ပါ။

၁၉ ၈၄ ခုနှစ်ထဲမှာ မြန်မာ-ထိုင်းနယ်စပ်က ကေအင်ယူတပ်ဖွဲ့ရဲ့ မဲသဝေါ စခန်းကို တပ်မ ၄၄ လက် အောက်ခံတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တယ်။စခန်းကို သိမ်းပြီးတော့အဲဒီဒေသလုံခြုံရေး ကို ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းက တာဝန်ယူခဲ့ရတယ်။ ကျွန်တော်က မဲသဝေါစခန်း ရဲ့ မြောက်ဘက်အကျဆုံးတောင်ကုန်းတစ်ခုမှာ စခန်းဆောက်ပြီး ခံစစ်ပြင်ရတယ်။

အဲဒီအချိန်က မဲသဝေါစခန်းထဲမှာ ရုံးအဆောက်အဦတွေ၊ လူနေအဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေအများကြီးပဲ။ အဲဒီအဆောက်အဦတွေထဲက မဒတ အဖွဲ့ရုံးလို့ ယူဆရတဲ့ ရုံး အဆောက်အဦထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တွေကို ကျွန်တော့်စခန်းကို သယ်လာပြီး လေ့လာခဲ့တယ်။ အဲဒီထဲက တစ်အုပ်ကတော့ “ Fundamentals of Government” ဆိုတဲ့ စာအုပ် ပဲ။

ဒီစာ အုပ်ဟာ အစိုးရ၊ လွှတ်တော်၊ အခြေခံဥပဒေ၊ တစ်ပြည်ထောင်စနစ်၊ ပြည်ထောင်စုစနစ် စတာတွေ ကို တိုတို ရှင်းရှင်း ရေးသားထားတဲ့အတွက် နိုင်ငံရေးစတင်လေ့လာသူတွေအတွက် အင်မတန် အသုံးဝင်ပါတယ်။ ကျွန်တော်တို့လိုဖက်ဒရယ်ဆိုတဲ့စကားလုံးကို ကြောက်စရာနိုင်ငံရေး အယူ အဆအဖြစ် နဲ့ သင်ကြား တာခံခဲ့ရတဲ့ မျိုးဆက်တွေအတွက် ဖက်ဒရယ် စနစ်ရဲ့ အခြား တစ်ဖက် မျက်နှာစာကို မြင်ခွင့်ရခဲ့တဲ့ စာအုပ်ပေါ့။

အဲဒီစာအုပ်ကို သဘောကျလွန်းလို့ မဲသဝေါစခန်းကနေ စစ်ဆင်ရေးပြန်လာတဲ့အချိန်မှာ ကျောပိုး အိတ်ထဲမှာ ထည့်ပြီးသယ်ခဲ့တယ်။ အဲဒီအချိန်က မဲသဝေါ စခန်းကနေ လှိုင်းဘွဲ့မြို့ကို ခြေလျင် ချီတက်ရတာဖြစ်တဲ့အပြင် မိုင်းတွေ၊ တိုက်ပွဲတွေကြောင့် လမ်းမကြီးအတိုင်းမသွားနိုင်ဘဲ တောင် ကြောတွေပေါ်ကနေ တောတိုးချီတက်ရတဲ့အချိန်ပါ။ အဲဒီလိုအချိန်မှာ ဒီလိုစာအုပ်အထူကြီးကို ရိက္ခာတွေ၊ ခဲယမ်းတွေနဲ့အတူ ကြောပိုးအိတ်ထဲမှာ ထည့်ပြီးသယ်တယ်ဆိုတာ အတော်မလွယ်တဲ့ ကိစ္စဆိုတာ ကြုံဖူးသူတွေသိပါတယ်။

ဒီစာအုပ်ကို အခွင့်ရတိုင်း ပြန်ဖတ်ဖြစ်တယ်။ ဖတ်တိုင်းလည်း ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အတွေး တွေပြောင်းပြောင်းလာတယ်။ အခြေအနေ၊ အချိန်အခါအရ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခွင့် မရှိပေမယ့် အစဉ်အဆက်သင်ကြားခံထားရတဲ့ဖက်ဒရယ်ဟာ မကောင်းဘူးဆိုတဲ့ အချက်ဟာ မမှန် ဘူး ဆိုတာကိုတော့ လက်ခံလာတယ်။ နောင်ရာထူးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ရတဲ့ အခါဖက်ဒရယ် စနစ်နဲ့ပတ်သက်ပြီး ဖတ်ရှုလေ့လာဆွေးနွေးခွင့်တွေအများကြီးရခဲ့တယ်၊ ငြိမ်းချမ်း ရေးရနေတဲ့ဒေသတွေကို လေ့လာခွင့်ရခဲ့တယ်။ ဒါ ပေမယ့် ဒီစာအုပ် ကတော့ ကျွန်တော့်ရဲ့ လက်ဦး ဆရာပါပဲ။

စက်တင်ဘာ ၃ ရက်နေ့က မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြုလုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု – မျှော်ရည်ပန်းတိုင်နှင့် ညှိနှိုင်း ယူရမည့် ဖြစ်တန်ခြေများ (A Federal Democratic Union: Visions and Negotiated Possibilities) ဆွေးနွေးပွဲမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ကို ဆွေးနွေးသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာလည်း ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးနေကြ တာရှိပါတယ်။ အခြားအဖွဲ့အစည်းအသီးသီးက ကျင်းပတဲ့ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေမှာလည်း အမြင်အမျိုးမျိုးတွေဆွေးနွေးနေကြတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ ထင်ထင်ရှားရှားမြင်ရတဲ့အချက်တစ်ခုကတော့ လူများစုဖြစ်တဲ့ ဗမာ တိုင်း ရင်းသား (အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း၊ အရပ်ဘက် ပညာရှင် များ) နဲ့ ကျန် လူနည်းစုတိုင်းရင်းသားတွေကြားမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှုမြင်ပုံအတော်ကွဲပြား ခြားနားတယ် ဆိုတဲ့အချက်ပါပဲ။ ဒါကလည်း အစဉ်အလာအရ သင်ကြားခဲ့ရမှု၊ ဖြတ်သန်းခဲ့ရမှုတွေ ကွဲပြားခြားနားတာကြောင့်ဖြစ်ပါတယ်။

ကျွန်တော့်ကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို မဆွေးနွေးခင် အောက်ပါအချက်တွေ ကို အရင်လက်ခံဖို့လိုတယ်လို့မြင်မိပါတယ်-

၁။ ဖက်ဒရယ်ဆိုတာ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးနဲ့ပတ်သက်တဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွား ရေး၊လူမှုရေးရာ ကိစ္စတွေကို အနီးဆုံးနေရာမှာ ရှိတဲ့ ၊ သက်ဆိုင်မှုအရှိဆုံးဖြစ်တဲ့ သူတွေကို စီမံ ခန့်ခွဲခွင့်ပေးတာဖြစ်တယ်။

၂။ လုပ်ပိုင်ခွင့်တွေဘယ်လောက်ပေးမလဲဆိုတာက သမိုင်းအစဉ်အလာ၊ လူမျိုးများရဲ့ ဓလေ့ထုံးစံ၊ လူမျိုးစုများအကြား တည်ရှိခဲ့၊ တည်ရှိနေတဲ့ဆက်ဆံမှုတွေအပေါ်မှာ မူတည်တယ်။

၃။ မြန်မာနိုင်ငံဟာ အင်အားကြီးမားတဲ့ နော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ခေတ်မှာ တောင် တိုင်းရင်းသားဒေသတွေဟာ တစ်ပြည်ထောင်စနစ်ပုံစံနဲ့ရှိခဲ့တာမဟုတ်ဘူး။ ဖက်ဒရယ်ပုံစံ နဲ့ရှိနေခဲ့တာဖြစ်တယ်။ ဒ့ါကြောင့် သမိုင်းနဲ့ ချီပြီး ပြန်ပြောရင် တစ်ပြည်ထောင်စနစ်ကို ပြောနေ တာ မဟုတ်ဘူး။ ဖက်ဒရယ်ကိုပြောနေတာဖြစ်တယ်လို့ သတိပြုရပါမယ်။

၄။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသာ ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေကြားမှာ သေသေချာချာစတင်ထိတွေ့ခွင့်ရတာဖြစ်တယ်။ ဒါ့ကြောင့် ဗိုလ် ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်များဟာ တိုင်းရင်းသားများရဲ့ အစဉ်အလာ နိုင်ငံရေး၊ လူမှု ရေးဆိုင်ရာဆက်ဆံမှုတွေကို လေ့လာခွင့်မရဘူး။ နိုင်ငံတကာ အထူးသဖြင့် ဆိုဗီယက်၊ တရုတ် ကွန် မြူနစ်တွေရဲ့ အယူအဆတွေကို အခြေခံစဉ်းစားခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အခြေခံဥပဒေ ရေး ဆွဲရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့အခွင့်အရေး၊ လူမျိုးကြီး၊ လူ မျိုးငယ် စ သည်ဖြင့် ခွဲခြားသုံးသပ်ပြောဆို တာတွေဆိုရင် လီနင်ရဲ့ အယူအဆတွေကို အခြေခံပြီး ပြော သွားခဲ့ တာဖြစ်တယ်။ ဒီအခြေအနေဟာ အခုအချိန်အထိ အနည်းနဲ့ အများ ရှိနေဆဲပဲ။

၅။ ၁၉ ၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပချိန်မှာရှိနေတဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေး ရေချိန် တွေ၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေနဲ့ လက်ရှိအခြေအနေအများကြီး ကွာခြားသွား ပြီ။ ပါရာဒိုင်းတွေမတူတော့ဘူး။ ကျွန်တော်တို့ အစဉ်အလာလက်ခံခဲ့တဲ့ အယူအဆတွေ၊ အတွေး အမြင်အချို့ကို စွန့်ပစ်ရမယ့်အချိန်ရောက်လာပြီ။

၆။ တစ်နိုင်ငံလုံးမှာ လူမျိုးကြီးဝါဒ မထွန်းကားဖို့လိုသလို ပြည်နယ်တစ်ခု၊ ဒေသတစ်ခုအတွင်းမှာ လည်း လူမျိုးကြီးဝါဒ မထွန်းကားဖို့လိုတယ်။

လူကြိုက်နည်းမယ့် အတွေးတွေကို မ ျှဝေတာပါ။ လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါတယ်။

စာအုပ်တစ်အုပ်၊ အတွေးတစ်စ

“ The Generals” by Thomas E. Ricks ဆိုတာ ဒုတိယကမ္ဘာစစ်ကနေ အာဖဂန် ၊ အီရတ် စစ်ပွဲ ( ၂၀၁၁ ထိ အခြေအနေ) အထိ စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် ကြည်းတပ် ဗိုလ်ချုပ်ကြီး ၃၀ ဦး ရဲ့ စစ်ဘက်ခေါင်းဆောင်မှုအရည်အချင်းတွေကို သုံးသပ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ် ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း William J. Perry နဲ့ ဗိုလ်ချုပ်ကြီး ( ငြိမ်း) Anthony C. Zinni တို့က ဖတ်ရှုလေ့လာသင့်တဲ့စာအုပ်၊ စစ်ဘက် ခေါင်းဆောင်မှုပညာရပ်နဲ့ပတ်သက်ပြီး အတွေးအမြင်သစ်တွေပေးတဲ့စာအုပ်၊ အနာဂတ် လေ့ကျင့် ရေး၊ ရာထူးခန့်ထားရေးဆိုင်ရာမူဝါဒတွေအတွက် အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုတွေ ကို အစပျိုး ပေးတဲ့စာအုပ်လို့ သုံးသပ်ရေးသားထားတယ်။

ဒီစာအုပ်က တိုက်ပွဲတစ်ခုချင်းကို မြေပုံတွေ၊ ဇယားကားချပ်တွေနဲ့ သုံးသပ်ထားတာမဟုတ်ပါဘူး။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီးတွေ ပါဝင်တိုက်ခိုက်ရတဲ့ စစ်ပွဲ ရဲ့ အမှား၊ အမှန် နဲ့ နိုင်ငံရေး ၊ စီးပွား ရေး ဆိုင်ရာဆုံးဖြတ်ချက်များ ပါဝင်တဲ့ အဂ္ဂမဟာဗျူဟာ ဆိုင်ရာအချက်အလက် များကို ထည့်သွင်း စဉ်းစားသုံးသပ်တာမျိုးလည်း မလုပ်ပါဘူး။

စာရေးသူက စစ်ပွဲ တစ်ခုလုံး၊ ဒါမှမဟုတ် သက်ဆိုင်ရာစစ်နယ်ဝှမ်းတစ်ခု ကို တာဝန်ယူရတဲ့ ဗိုလ်ချုပ်ကြီးများ ရဲ့ စစ်မဟာဗျူဟာ ဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်ချက်များကို သုတေသန ပြု လုပ်ပြီး ဗိုလ်ချုပ်ကြီးတစ်ဦးချင်းရဲ့ စစ်ဘက် ခေါင်းဆောင်မှု အရည်အသွေးကို သုံးသပ်တယ်၊ အဲဒီ သုံး သပ်ချက်များအပေါ် အခြေခံပြီး ၂၁ရာစု အမေရိကန်တပ်မတော်အတွက် လိုအပ်တယ်လို့ သူ ယူဆတဲ့ စစ်ဘက်ခေါင်းဆောင်မှုဆိုင်ရာ မူဝါဒတွေကို ဖော်ထုတ်ထားတာဖြစ်ပါတယ်။ တနည်း အားဖြင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုကို စစ်ရေးရှုထောင့်ကနေပဲ သုံးသပ်ဖော်ထုတ်ထား တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်က တိုက်ပွဲ သို့မဟုတ် စစ်ပွဲကို နိုင်အောင် တိုက်ဖို့ ဆို ပေ မယ့် စာရေးသူက နိုင်တဲ့ ဗိုလ်ချုပ်တိုင်းကို အရည်အချင်းပြည့်ဝတဲ့ စစ်ဘက်ခေါင်းဆောင်လို့ မသတ်မှတ်ဘူး။ နိုင်တော့ နိုင်ပါရဲ့ ၊ ဒါပေမယ့် သူ့အဆုံးအဖြတ်မှားတဲ့အတွက် မကျဆုံးသင့်တဲ့ ကျဆုံးမှုတွေ၊ မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးမှ အလဲလဲ အကွဲကွဲ နဲ့ အနိုင်ရတဲ့ ဗိုလ်ချုပ်တွေကို အရည် အချင်းမရှိတဲ့ ဗိုလ်ချုပ်အဖြစ် ဝေဖန်သုံးသပ်ထားတယ်။

ဒီစာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုပ်ကြီး William Depuy ဟာ ဗီယက်နမ်စစ်ပွဲအပြီးမှာ လူထုထောက်ခံမှု လည်း ဆုံးရှုံး၊ ခေါင်းဆောင်မှုပြဿနာတွေ၊ စိတ်ဓာတ်နဲ့ စည်းကမ်းဆိုင်ရာ ပြဿနာပေါင်းစုံတွေ နဲ့ ကြုံတွေ့နေရတဲ့ အမေရိကန် ကြည်းတပ်မတော်ကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ အဓိက အခန်းက ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဒုတိယကမ္ဘာစစ် နဲ့ ဗီယက် နမ်စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉ ၇၃ ခုနှစ်မှာ အသစ်တည်ထောင် ဖွဲ့စည်းခဲ့တဲ့ ကြည်းတပ်မတော် လေ့ကျင့်ရေး နှင့် စစ်သဘောတရားဆိုင်ရာ ကွပ်ကဲမှုဌာနချုပ် ရဲ့ ပထမဆုံး ဌာနချုပ်မှူးအဖြစ်တာဝန်ယူခဲ့ပြီး အမေရိကန်ကြည်းတပ်အတွက် လေ့ကျင့်ရေးမူဝါဒ သစ်တွေ၊ စစ်သဘောတရားသစ်တွေကို ဖော်ထုတ်ခဲ့တယ်။ ၁၉ ၉ ၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ ဟာ သူ့စတင်ခဲ့တဲ့ လေ့ကျင့်ရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေရဲ့ အသီးအပွင့်အဖြစ် အသိအမှတ်ပြုခံခဲ့ ရတယ်။

စာရေးသူက ဗိုလ်ချုပ်ကြီး DePuy ရဲ့ ဒုတိယကမ္ဘာ စစ် အတွေ့အကြုံကို စာအုပ်နိဒါန်းမှာ ဖော်ပြခဲ့သလို ဗိုလ်ချုပ်ကြီး DePuy ရဲ့ ခေါင်းဆောင်မှု ကိုလည်း အခန်းနှစ်ခန်းနဲ့ သီးခြား သုံးသပ်ဖော်ပြခဲ့တယ်။

ဗိုလ်ချုပ်ကြီး DePuy က ဒုတိယကမ္ဘာစစ်ပွဲ အတွင်းက ညံ့ဖျင်းတဲ့ ဗိုလ်ချုပ် တစ် ယောက်ရဲ့ အဆုံးအဖြတ်မှားယွင်းမှုတွေကြောင့် သူတာဝန်ထမ်း ဆောင်ရတဲ့ တပ်ရင်းတစ်ရင်းလုံး နီးပါး ထိခိုက်သေကျေဒဏ်ရာရ ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် သူ့အတွေ့အကြုံတွေကို အခြေခံပြီး
“ အရည်အချင်းမရှိတဲ့ စစ်ခေါင်း ဆောင် တစ်ယောက်ဟာ (သူ့ရဲဘော်တွေရဲ့ သွေးစွန်း နေတဲ့ ) လူသတ်ကောင်” ပဲ၊ ဒါ့ကြောင့် ဒီလိုခေါင်းဆောင်မျိုးကို အမြန်ဆုံးဖယ်ရှားရမယ်ဆိုတဲ့ အယူ အဆရှိသူဖြစ်တယ်။ စာရေးသူက အဲဒီ သုံးသပ်ချက်ကို အတော်နှစ်သက်ပုံရတယ်။ စာအုပ်နေရာ အတော်များ များမှာ အဲဒီသဘောတရားကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အသုံးပြုထား တာတွေ့ရတယ်။

ဒါ့အပြင် စာရေးသူက ထင်ပေါ်ကျော်ကြားလိုစိတ်ကြီးမားလွန်းတဲ့ ၊ အောင်မြင်မှုအတွက်ပဲ တာဝန်ယူပြီး ဆုံးရှုံး မှုဆိုရင်လက်အောက်ကို အပြစ်ပုံချတတ်တဲ့၊ မဟာမိတ်များ၊ လုပ်ဖော် ကိုင်ဘက်များနဲ့ ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်လိုစိတ်မရှိဘဲ ငါ့မြင်းငါစိုင်းတတ်တဲ့ ဗိုလ်ချုပ်များ ကိုလည်း အရည်အချင်း ညံ့ဖျင်း တယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် လက်လွတ်စပယ် ပြောတာတော့မဟုတ်ဘူး။ အဲဒီလို သုံးသပ်ချက်ကို အထောက်အကူဖြစ်စေမယ့် အချက် တွေ ကို တိတိကျကျ သုတေသနပြု တင်ပြထားတာတွေ့ရတယ်။

အများအမြင်မှာ တော်တယ်၊ ထက်မြက်တယ်လို့သတ်မှတ်ထားတဲ့ စစ်ခေါင်းဆောင်တစ်ချို့ကို စာရေးသူက အထက်မှာဖော်ပြထားတဲ့ ပေတံနဲ့ တိုင်းပြီး အရည်အချင်းညံ့ဖျင်းတယ်ဆိုပြီး သတ်မှတ်ထားတာလည်းတွေ့ရတယ်။ ဥပမာ ဆိုရင် ဗိုလ်ချုပ်ကြီး မက်အာသာပေါ့။ ဒီလို အချက် တွေကတော့ အပြန်အလှန် အငြင်းပွားစရာတွေများမယ်လို့ထင်ပါတယ်။

စာရေးသူရဲ့ သုံးသပ်ချက်တွေအားလုံး မှန်တယ်လို့ မဆိုနိုင်ပါဘူး။ စစ်သမိုင်းကို ရှုထောင့် တစ်ခု က သုံးသပ်ထားတဲ့ အတွက် အပြန်အလှန် ငြင်းခုန်စရာတွေ ရှိတာအမှန်ပဲ။ ဒါကြောင့် လည်း ဗိုလ်ချုပ်ကြီး Zinni က အတွေးအမြင်သစ်ရသလို အငြင်းပွားစရာတွေလည်း များတဲ့ စာအုပ် လို့ သုံးသပ်ထားတာဖြစ်ပါတယ်။

စာရေးသူကတော့ အရည်အချင်းညံ့ဖျင်းတဲ့ ဗိုလ်ချုပ်တွေနဲ့ပတ်သက်ရင် ပြင်းထန်တဲ့ ခံစားချက် ရှိပုံရတယ်။ သူ့စာအုပ်ကို “ ညံ့ဖျင်းသောခေါင်းဆောင်များလက်အောက်တွင် တာဝန်ထမ်းဆောင် ရင်း ကျဆုံးခဲ့ရသူများ အတွက်” ( “For those who died following poor leaders”) ဆိုပြီး ရည်ညွန်းထားတယ်။

ဒီစာအုပ်ကို ၂၀၁၃ ခုနှစ်အတွင်းမှာ ဖတ်ခဲ့ပြီးတဲ့နောက် ရှစ်နှစ်ကျော် ကြာမှ နောက်တစ် ကြိမ်ပြန်ဖတ်ဖြစ်တယ်။ ဒါပေမယ့် စာဖတ်တဲ့ အချိန်ကာလနဲ့ နောက်ခံအကြောင်းအရာတွေ မတူတော့ စာအုပ်ကပေးတဲ့ အတွေးတွေ၊ ခံစားချက်တွေလည်း မတူတော့ ဘူး။

ပြန်ပေါင်းထုပ်ခန်း

တိုက်တိုက်ဆိုင်ဆိုင် ပြန်တက်လာတဲ့ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရေးခဲ့တဲ့စာ

မဖတ်ရသေးသူများ ဖတ်ပြီး အတွေးနယ်ချဲ့နိုင်ဖို့မ ျှဝေလိုက်ပါတယ်။

=====================================================

ပြန်ပေါင်းထုပ်ခန်း

တကယ်တော့ မင်္ဂလာသာဆောင်ခဲ့တာ။ တစ်ယောက်အကြောင်းတစ်ယောက် ရေ ရေ လည်လည် သိခဲ့ကြတာ မဟုတ်ဘူး။ မသိတာလည်းမပြောနဲ့၊ဒီနှစ်ရွာက ဟို ဘေးတွေ ဘီတွေခေတ် က ပဲ အဆက်အသွယ်ရှိခဲ့တာကိုး။ ဒါတောင်မှ သာရေး နာရေးဆိုမှ သူ့ရွာ ကိုယ့်ရွာ အဆက် အဆံရှိခဲ့တာလေ။ နှစ်အိမ့်တစ်အိမ်နေခဲ့ရတာမှမဟုတ်တာ။

ဟောအဖိုးတို့အဖေတို့ခေတ်အရေးပိုင်ပြောင်းသွားတော့ပိုဆိုးသွားရော။ နောက်အရေးပိုင် က ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးသွားလာတာ မကြိုက်လှဘူး။ ကိစ္စရှိရင် သူ့လာပြော၊ သူရှင်းမယ်၊ ဟိုရွာ၊ ဒီရွာမသွားကြနဲ့ပေါ့။ ပြီးတော့ ရွာချင်းတောင်သူက အဆင့်ခွဲသေးတာ။

သူ့အတွက်အခွန်အကောက်များများရတဲ့ရွာ၊ စပါး၊ ငါး အထွက် ကောင်းတဲ့ရွာကျတော့ မျက်နှာသာပေးတယ်။ ပေးဆို ဒီရွာက အခွန် ငွေနဲ့ သူကလည်း ဘုရင်ခံကို မျက်နှာလုပ် ရတာကိုး။ အဲဒီရွာမျိုးကျတော့ လမ်းကောင်း၊ မီးကောင်း၊ ကျောင်း ကောင်းပေါ့။

ဒီတော့ အဲဒီရွာဆို သူကြီးက အတော်လုပ်ပိုင်ခွင့်ရှိတယ်။ မြို့ နဲ့လည်း နီးတော့ ရွာသား တွေက လည်း ဟိုရွာနဲ့ယှဉ်ရင်တော့ မျက်စိကြီးနားကြီး လို့ပြောနိုင် တယ်။
မျက်နှာမွဲရွာကျတော့ သူကြီးခန့်တာတောင် သူကြိုက်မှ၊ သူကြိုက်ရင် အဖေသေရင် သားကို သူကြီးခန့်ပေမယ့် သူမကြိုက်ရင် သားကိုဘေးဖယ်ပြီး တူတော်သူကို ခန့်ချင်ခန့် တာ။ မျက်နှာမွဲတဲ့အပြင် ခေါင်လွန်းတော့ အရေးပိုင်က စိတ်မ ဝင်စားဘူး။ မင်းတို့ဘာသာ အဆင်ပြေအောင်နေ၊ ငါ့ကိုအလုပ်မလာမရှုပ်နဲ့။ ပြဿနာ ဖြစ်လာရင်တော့ ငါ့ကို အဆိုး မဆိုနဲ့ ဒီလိုထားတာ။

ပြောသာပြောရတယ်။အရေးပိုင်ရဲ့နည်းကအလုပ်တော့ဖြစ်သား။ သူ့အတွက်လည်း အလုပ် သက်သာတာပေါ့။ နှစ်ရွာလုံးကလည်း သူ့ဟာနဲ့သူတော့ကျေနပ်နေတာပဲ။ ဒီလို နဲ့ လူကြီးတွေအခေါ်ခေတ်ပျက်နဲ့ကြုံရော၊ ခေတ်ပျက်ကြီးကျော်တော့ အရေးပိုင် ပြန်ရောက် လာတယ်။ ဒါပေမယ့် အရင်လိုတော့ အာဏာမကြီးတော့ဘူး။ အုပ်ချုပ်မယ့်စနစ်ကလည်း ပြောင်းသွားပြီ။ နီးရာရွာတွေပေါင်း၊ ကိုယ့်ဘာသာကိုယ်အုပ်ချုပ်ဆိုတဲ့စနစ်ဖြစ်လာတယ်။

ဒီလိုနဲ့ ရွာနှစ်ရွာပေါင်းဖို့ဖြစ်လာရော၊ ဒါပေမယ့် ရွာလေးက လူတွေက အင်တင်တင်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲများဖြစ်မလားကြောက်သေးတယ်။ ဒါပေမယ့် ရွာကြီးကလူတွေက ခင်ဗျားတို့က ဘာမှ သိတာမဟုတ်ဘူး။ ခင်ဗျားတို့ပဲနေရင် ဟိုမြို့က လူတွေက လူလည်ကျတာခံရမှာပေါ့၊ ကျုပ်တို့က ဒီကောင်တွေနဲ့လုပ်စားလာတာ အံတို နေပြီဆိုပြီးရှင်းပြတော့ အေးလေ ငါတို့လက်ထက်သာ အဆက်အဆံနည်းတာ၊ ဘေး ဘီ တို့ခေတ်ကတော့ ပေါင်းခဲ့ကြသားဆိုပြီး သဘောတူလိုက်ရော။ ဒီတော့ ထုံးစံအတိုင်း နှစ် ရွာတစ်ရွာဖြစ်အောင် ရွာကြီးက သူကြီးသားနဲ့ ရွာလေးက သူကြီးသမီး သားပေး၊ သမီးယူ လုပ်တာပေါ့။

မင်္ဂလာဆောင်တော့လည်း ရွာကြီးသားတွေက ဆရာကြီးပေါ့။ မြို့မှာဆို ဟိုလို၊ ဒါက ဒီလို ဆိုပြီး ခုံခင်းတာ၊ ဧည့်သည်ဖိတ်တာ၊ အခမ်းအနားမှူးလုပ်တာ ကျွေးမွေးတာ အကုန်သူတို့ လက် သူတို့ခြေပေါ့ ။ သတို့သမီးဘက်တောင်မေးဖော်မရတော့ဘူး။ ဒါကလည်း နှိမ်တာ တော့မဟုတ်ဘူးပေါ့လေ။မင်္ဂလာပွဲကြီးခမ်းနားစေချင်တာကိုး။ဒါပေမယ့်ခက်တာကဟိုဘက် မှာလည်းသူ့ရပ်သူ့ရွာထုံးစံရှိတယ်။ အဲဒါလေးလည်း ပါစေချင်တာပေါ့။ မင်္ဂလာပွဲ မပျက် စေချင်လို့သာ အငြင်းအခုန်မလုပ်တာ ၊ စိတ်ထဲမှာတော့ ခိုးလိုးခုလုပေါ့။

မင်္ဂလာဆောင်ပြီးတော့လည်း ဒီအိမ်ထောင်ကိစ္စအ၀၀ က ရွာကြီးသားအမျိုးတွေပဲ ချယ် လှယ်တော့တာပဲ။ရွာလေးကစပါး၊ပဲ၊နှမ်းတောင်ရွာကြီးကတဆင့်ရောင်းပေးတာ၊ဈေးက လည်း သူတို့ပြောသမ ျှပေါ့။ ဒါတောင် ဟိုအရေးပိုင်ခေတ်ကဆို ဘာမှ ရတာမဟုတ်ဘူး ဆိုတာနဲ့ ကျေနပ်နေတာ၊ ရပ်ရေးရွာရေးဆိုလည်း ရွာကြီးသားပဲ။ ရွာလေးကလူတွေ ကတော့ ကူဘော်လောင်ဘက်သာသာပေါ့။ တစ်ခါ တစ်လေ မြို့က ဧည့်သည်တွေလာရင် တောင် တောသားတွေ မနေတတ် မထိုင်တတ်ဆိုပြီး ပွဲမထုတ်ချင်ဘူး။

ဒါပေမယ့် ရွာလေးသားဆိုတာလည်း အရင်ကသာ တောထဲတောင်ထဲ နေတာလေ။ ဒီဘက်ခေတ်ရောက်တော့ သူလည်း မြို့တွေဘာတွေရောက်လာတော့ မြင်တတ်လာပြီ။ ဒီ တော့ ရွာကြီးဘက် အမျိုးတွေပြောသမ ျှ ခေါင်းမငြိမ့်ချင်တော့ဘူး။ မိန်းမ အမျိုးတွေလည်း နေရာပေးရမှာပေါ့ဆိုတာမျိုးတွေးလာပြီ။ မင်းတို့ရောင်းတဲ့ပဲတွေထဲမှာ ငါတို့ဘက်က တစ်ဝက်ပါသကွာဆိုတာမျိုးပြောတတ်လာပြီ။အဲဒီတော့ဟိုဘက်အမျိုး၊ဒီဘက်အမျိုး အားပြိုင် ရာကနေ မိန်းမက စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားရော။

အဲဒီအခါကျတော့ ရွာကြီးသားရော၊ ရွာလေးသားပါ ခေါင်းမီးတောက်ပြီ။ ဒီလင်မယားက ကွဲလိုမဖြစ်ဘူး။ ဒါက နှစ်ရွာ့တစ်ရွာ ချစ်ကြည်ရေးသင်္ကေတကိုး။ နောက်ပြီး လင်မယား စိတ်ကောက်နေတုန်းတောင် မြို့သားတွေက အချောင်ဝင်နှိုက်ဖို့လုပ်နေတာ လင်မယား ကွဲ ရင် ဘယ်ပြောကောင်းမလဲ။ နှစ်ရွာလုံး ဒုက္ခရောက်မှာသေချာတယ်။

ဒီတော့ ပြန်ရင်ကြားစေ့ရေးလုပ်ကြတာပေါ့။ ရပ်မိရပ်ဘတွေခေါင်းချင်းရိုက်ကြ၊ တိုင်ပင်ကြ ပေါ့။ မြို့ပြန်ကလေးတွေကလည်း မြို့မှာဆိုရင် ဒီလိုကိစ္စဆိုရင် ဟိုလို လုပ်တယ်၊ဒီလို လုပ်တယ်ဆိုပြီး အကြံလည်းပေးကျရဲ့။ ဒီလိုနဲ့ ပြန်ပေါင်းထုတ်ဖို့အတွက် ယောကျာၤးလေး ဘက်က လူကြီးစုံရာနဲ့ မိန်းကလေးကို သွားပြန်ခေါ်ဖို့သဘောတူကြရော။ ဒါပေမယ့် ရိုး ရိုးခေါ်လို့တော့မရဘူး။

ဟိုတစ်ခေါက် တင်တောင်းတုန်းက ကောင်းပြီကောင်းရဲ့ နဲ့ နောက် တော့ မိန်းကလေးရှင်တွေပဲ အနှိမ်ခံရတာ၊ ဒီတစ်ခါ အစကနေပြန်စရမယ် ဆိုပြီး ရွာလေး သားတွေက ပြောတယ်။ ရွာကြီးသားတွေ ဘက်က ဒီတစ်ခါတော့ အကြောက်အကန်မပြောတော့ဘူး။ သူတို့လူ ဘက်က လွန်ခဲ့တာတွေလည်းရှိတာကိုး။ ဒီတော့ လူကြီးစုံရာနဲ့ ပြန်ခေါ်ပြီး နောက်ထပ် မင်္ဂလာပြန်ဆောင်ပေးဖို့ သဘောတူလိုက်တယ်။

ဒီလိုနဲ့ အစကောင်းမှ အနှောင်းသေချာအောင် ရက်ကောင်းရက်မြတ်တွေရွေး၊ မင်္ဂလာ ဆောင်အတွက် ပြင်ဆင်ကြပေါ့။ နှစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်ပဲ။ အရင် မင်္ဂလာဆောင် ကို မမီလိုက်တဲ့ကလေးတွေကလည်း မီးခိုးတိတ်စားလိုက်မကွဲ့၊ ညလုံးပေါက်ပွဲကြည့်လိုက် မဟဲ့ဆိုပြီး ဟန်တပြင်ပြင်ပေါ့။

ခက်တာက ပထမတစ်ခါတုန်းကတော့ ဒီကိစ္စမျိုးဆိုရင် ရွာကြီးသားတွေဘက်မှတောင် လုပ်တတ် ကိုင်တတ်တဲ့သူက သုံးလေးယောက်ရှိတာ၊အခုတော့ နှစ်ရွာလုံးမှာ ကိုယ်သာ မင်္ဂလာမဆောင်ဘူးရင်နေမယ်၊ မင်းသားမင်းသမီး မင်္ဂလာဆောင်တာ ဗီဒီယိုထဲ ကြည့် ဖူး သားပဲဆိုတဲ့သူတွေချည်းပဲ။

ဘာပြောကောင်းမလဲ၊ ဖိတ်စာဒီဇိုင်းကစပြီး ဖိတ်စာစာသား ဘယ်လိုရေးမှာတုန်း၊ ဘယ်သူ တွေ ဖိတ်မလဲကစပြီး ခုံခင်းတာ၊ ထိုင်ခုံနေရာချတာ၊ ဧည့်ကြိုတာ၊ တီးဝိုင်းငှားတာ၊ စုလျား ရစ်ပတ်မှာလား၊ ရိုးရိုးဧည့်ခံမှာလား အလယ်၊ လက်ဖွဲ့သိမ်းတာ၊ ပစ္စည်းခွဲတာအဆုံး အုန်း အုန်းကျွက်ကျွက် သူ့ဘက် ကိုယ်ဘက် သူ့ရွာ ကိုယ့်ရွာ ဆွေးနွေးလိုက်ကြတာ၊ ရွာလုံး ကျွတ်ညှိတာကိုက ဆယ်လေးငါးခါ မကတော့ဘူး။ ဒါတောင် မြို့က လူတွေခေါ်ပြီး မင်္ဂလာ အခမ်းအနားအကြောင်း သိကောင်းစရာဟောခိုင်းတာတွေမပါသေးဘူး။

ကာယကံရှင်နှစ်ယောက်ကတော့ လူကြီးတွေ ညှိလို့ပြီးတဲ့အထိ စောင့်တုန်း။ ပြောသာ ပြောရတာနှစ်ယောက်လုံးက အသက် ခြောက်ဆယ်ကျော်နေပြီ။ အခုနေ ပြန်ပေါင်းထုပ်ရင်တောင် ဟန်နီးမွန်းပြန်ထွက်ဖို့ မလွယ်တော့ဘူး။

ဒါပေမယ့် နှစ်ဘက်အမျိုးတွေကတော့ မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ ကျမ်းကြီး ကျမ်းငယ် တွေခေါင်းပေါ်ရွက်ပြီး ငြင်းနေကြတုန်း။

ပေတံ

၂၀၂၁ ခုနှစ် မေလ က ရေးခဲ့တဲ့ ဆောင်းပါး။ အဲဒီပေတံကို ပြန်တွေ့တဲ့ နေ့ကစပြီး ပေတံ ကိုင်လိုက်တာနဲ့ ပယောဂ မှန်လို့ တုန်ဆင်းသွားတဲ့သူအတော်များတာပဲ။

“ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။”

( ဆောင်းပါးကောက်နှုတ်ချက်)


ပေတံ

အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေး နဲ့ မနီးမဝေးမှာ ရေတွင်း တစ်တွင်းရှိသည်။ ရေတွင်းဘောင်ကို ပကာသားတွေနဲ့ ကာထားသည်။ ရေတွင်း ဘေး မြေပြင်မှာ ရေချိုးဖို့ ၊ အဝတ်လေ ျှာ်ဖို့ သစ်သားပြားကြီးနှစ်ချပ်ရှိသည်။ သစ်သားပြားတွေက ရေနဲ့ အမြဲ ထိနေရတော့ မည်းပုတ်ညစ်ထပ်နေသည်။ သစ်သားပြားကြီးဘေးမှာ စဉ့်အိုးတစ်လုံးရှိသည်။ ချိုးရေတွေ တွင်းထဲပြန်မကျဖို့အတွက် ရေမြောင်းလေးတစ်ခုရှိသည်။ မြောင်းဆုံးမှာ ဗူးစင် ရှိသည်။ မြေပြင်မှလွှတ်ထားသော ဖရုံပင်တစ်ပင်ရှိသည်။ ရေကောင်း၊ မြေဆီကောင်းသည့် အတွက် ဖရုံပင်တွေက စိမ်းညို့နေသည်။ ဗူးသီးတွေက အမေ့နို့ကို ဝိုင်းစို့နေသည့် ဝက်သား ပေါက်လေးတွေလို ပြွတ်ခဲနေသည်။ တစ်ချိန်က အဲဒီလို တဲလေးတစ်ခုမှာ တစ်လကျော်၊ နှစ်လ နီးပါး နေပြီး စိုက်ခင်းတွေထဲ အလုပ် ဆင်းခဲ့ဖူးသည်။

ကျွန်တော်တို့ အထက်တန်းပညာသင်ကြားရသည့် ၁၉ ၇၄၊ ၁၉ ၇၅ ၊ တက္ကသိုလ် တက်ခဲ့ရသည့် ၁၉ ၇၆ ခုနှစ်များက နိုင်ငံရေးမုန်တိုင်းထန်သောနှစ်တွေဖြစ်သည်။
ထိုကာလတွေမှာ ၁၉ ၆၂ ခုနှစ် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့သည့် တော်လှန် ရေးကောင်စီကနေ ၁၉ ၇၄ အခြေခံဥပဒေအရ တစ်ပါတီစနစ်ဖြင့် ပြောင်းလဲ အုပ်ချုပ်မှု ကို လက်မခံနိုင်သည့် ကျောင်းသားများ၊ အလုပ်သမားများက လမ်းစဉ်ပါတီအစိုးရကို
၁၉ ၇၄ မေ၊ ဇွန် အလုပ်သမားအရေးအခင်း
၁၉ ၇၄ ဒီဇင်ဘာ ဦးသန့်ဈာပနအရေးအခင်း
၁၉ ၇၅ ဇွန် ကျောင်းသား အရေးအခင်း ( ရွှေတိဂုံအရေးအခင်း ဟုလည်း ခေါ်ကြသည်။ )
၁၉ ၇၆ မတ် မှိုင်းရာပြည့် အရေးအခင်းများနှင့် စိန်ခေါ်နေသည့် ကာလ။ ထိုကာလ များမှာ ကျောင်းတွေက ပိတ်လိုက်၊ ဖွင့်လိုက်။ ရန်ကုန်မြို့ကြီးကလည်း စစ်အုပ် ချုပ်ရေးအောက်မှာ အနေများခဲ့သည်။

မှိုင်းရာပြည့်ကြောင့်ကျောင်းတွေ ပိတ်ထား ချိန်မှာတော့ ဦးလေးဝမ်းကွဲရဲ့ စိုက်ပျိုးရေးခြံမှာ သွားနေဖြစ်သည်။ ဦးလေး ကို လူထူး ဆန်း ဟု ဆိုနိုင်သည်။ သူ့မိဘညီအကိုမောင်နှမ တွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရင်းရှင်ကို အရင်ရှင်းရမည် ဆိုသည့် ဆိုရှယ်လစ်ခေတ်မှာတောင် ဆင်ပိန် ကျွဲလောက်တော့ ရှိပြီး ဝင်ဒါမီယာမှာ၊ အင်ယားလမ်းမှာ နေထိုင်နိုင်ကြသည်။ ဒါ ပေမယ့် ဦးလေးက ကျောင်းပြီးချိန်မှာ အစိုးရအလုပ်လည်းမလုပ်၊ စီးပွားရေးလည်းမလုပ်။ ထောက်ကြန့် နွယ်ခွေ ရွာနားမှာ ခြံတစ်ခြံဝယ်ပြီး စိုက်ပျိုးရေးလုပ်သည်။ ဒါပေမယ့် စီးပွားဖြစ် စိုက်ပျိုး တာမျိုးလည်းမဟုတ်။ ဝါသနာပါရာကို လုပ်ရင်း ဘဝကို အေးငြိမ်းစွာဖြတ်သန်းနေ သည့် သဘော သာဖြစ်၏။

သူ့စိုက်ပျိုးရေးခြံက တစ်ဧကကျော်လောက်ပဲကျယ်မည်ထင်သည်။ သရက်ပင်ကြီးအောက်က ဓနိ မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း မြေစိုက်တဲလေးမှာ ဦးလေးတစ်ယောက်တည်းနေသည်။ မြေစိုက်တဲ လေးမှာ ဦးလေးအိပ်ခန်းအဖြစ်သုံးတဲ့ အတွင်းခန်းရှိသည်။ အပြင်ဘက်ကတော့ ဘုရားခန်း၊ ထမင်း စားခန်း၊ ဧည့်ခန်း၊ ဧည့်သည်အိပ်ခန်း ဘက်စုံသုံးတဲ့နေရာဖြစ်သည်။ အခန်းခေါင်းရင်းတိုင်မှာ ကပ်ရိုက်ထားသော ဘုရားစင်၊ ဘုရားစင်ပေါ်မှာ ရွှေတိဂုံဘုရားပုံတော်ပါ ပြက္ခဒိန်တစ်ချပ်၊ ရွက်လှပန်းတွေ ထိုးထားသည့် စဉ့်ပန်းအိုးတစ်လုံး။ အပြင်ခန်းကြမ်းအောက်တစ်ဆင့်နိမ့် တဲ့နေရာမှာ ပကာသားနဲ့လုပ်ထားတဲ့ ဖိနပ်ချွတ်ရှိသည်။

ဖိနပ်ချွတ်ရှေ့ အမိုးအောက် မြေပြင်မှာ သစ်သားနဲ့ ဘောင်ခတ်ထားသော ထင်းမီးဖို၊ မီးဖိုနောက်ကြောမှာ သွပ်ပြားအစုတ်တစ်ချုပ်၊ မီးဖိုဘေးမှာ ထင်းရူးသေတ္တာ တစ်လုံး။ သေတ္တာထဲမှာ နနွင်းမှုန့်၊ ဟင်းချိုမှုန့်၊ ဆီပုလင်း၊ ဆားပုလင်း၊ ငံပြာရည် စသည့် မီးဖို ချောင်သုံးပစ္စည်းအတိုအထွာတွေ၊ သေတ္တာပေါ်မှာ ဒန်အိုးတစ်လုံး၊ ဒယ်အိုးတစ်လုံး၊ ငပိရည် ကျို သည့် မြေအိုးတစ်လုံး ကြွေပန်းကန်နှစ်ချပ်၊ ပန်ကန်လုံး နှစ်လုံး၊သုံးလုံးရှိသည်၊ ဆန်ထည့်သည့်လေးထောင့်သံပုံးရှိသည်။ တဲအောက် မှာ ထင်းတွေပုံထားသည်။

သူ့ခြံထဲမှာ သခွား၊ ခဝဲ၊ တိုင်ထောင်ပဲ၊ ကြက်ဟင်းခါး၊ ငရုတ် ပင်တွေရှိသည်။ ခြံအလယ်မှာ ရေတွင်းရှိသည်၊ ရေတွင်းမှာ ရေငင်ဖို့ ဝါးမောင်းတံတစ်ခု၊ ဝါးမောင်းတံ ထိပ်မှာ သစ်သား ရေပုံး တစ်လုံး။ နောက်ပြီး မနီးမဝေးမှာ ရေချိုးဖို့၊ စဉ့်အိုးတစ်လုံး၊ ပြီးတော့ အဝေးက စိုက်ဘောင်တွေ ဆီကို ရေ လောင်းဖို့ ဝါးရေတံလေ ျှာက်တစ်ခုရှိသည်။
ကျွန်တော်ရောက်သွားတော့ အပြင်ခန်းမှာ အိပ်ရသည်။ ကျွန်တော်တို့ တစ်နေ့တာက ရိုးရိုး ရှင်းရှင်း။ ကြက်တွန်သံနှင့်အတူ မနက်စောစောထ၊ ညက ကျန်သည့် ထမင်းကြမ်းကို နနွင်း နဲ့ ၊ဒါမှမဟုတ် ပဲငံပြာ ရည်နဲ့ကြော်ပြီးစားသည်။ ပြီးရင် ခြံထဲဆင်းပြီး ရေလောင်း၊ ပေါင်းသင် လုပ်သည်။ အလုပ်ကြမ်း တွေလုပ်ဖို့ လိုလ ျှင် ရွာထဲက နေ့စား ဘောက်သမားတွေခေါ်သည်။

နေမြင့်လာလ ျှင် အလုပ်တွေနား။ ရေချိုး၊ ထမင်းအိုးတစ်လုံးတည်သည်။ ဦးလေးခြံမှာပဲ ထမင်းရည်ငှဲ့ပြီးချက်သည့် နည်းကို ပျော့၊ တူး ၊ မနပ် အကြိမ်များစွာဖြတ်ကျော်ပြီးမှ ကျွန်တော်တတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထမင်းကျက်လ ျှင် မြေအိုးထဲက ငါးပိရည်ကို ရေနွေး ထပ်ထည့်ပြီးကြို၊ ငါးပိရည်ကို အနှစ်တွေမပါအောင် စစ်ပြီး ပန်းကန်လုံးထဲထည့်၊ ခြံထွက် ငရုတ်သီးစိမ်းကို မီးကင်ပြီး ထောင်းထည့်၊ ပြီးတော့ ကြက်သွန်ဖြူလေး ဓါးပြားရိုက်ထည့်လိုက် လ ျှင် အလွန်ခံတွင်းလိုက်သော ငါးပိရည်တစ်ခွက်ရပြီ။ တို့စရာကတော့ ခြံထွက်သီးနှံတစ်ခုခု၊ တစ်ခါတစ်လေတော့စိမ်းစားငပိကို ဝါးခြမ်းပြားမှာ ကပ်ပြီးကင်၊ ပြီးလ ျှင် ပန်းကန်လုံး လေးထဲမှာ ခြေပြီးထည့်၊ ဆီလေးဆမ်းထားသော ငါးပိဖုတ်နှင့်လွေးကြသည်။ ဟင်း ကတော့ ခြံနီးနားချင်းတစ်ယောက်ကို ပိုက်ဆံအပ်ပြီး ချက်ခိုင်းထားသည့်အတွက် စိတ်ပူဖို့ မလို။

ပြီးလ ျှင် ကျွန်တော်တို့ တူအရီးနှစ်ယောက် စာအုပ်ကိုယ်စီနှင့် ထမင်းလုံးစီမည်။ ညနေ စောင်း တော့ ခြံထဲပြန်ဆင်းသည်။ တစ်ခါတစ်လေ ဦးလေးက ရွာထဲက မိတ်ဆွေတွေအိမ်ကို သွား လည် သည်။ ထောက်ကြန့်ကို လူကြုံမှာစရာရှိတာမှာသည်။ ကျွန်တော်နေတဲ့ကာလတစ်လေ ျှာက် ဦးလေး ရွာကနေ ဘယ်မှမသွား။ အသီးအနှံတွေကို လူကြုံနဲ့ ပို့သည်။ သူလိုတာကို လူကြုံ နှင့် မှာသည်။

ညနေစောင်းပြီ ဆိုရင်တော့ ထမင်းအိုးတစ်လုံးထပ်တည်၊ မနက်က ကျန်သော ဟင်းတွေကို ပြန် နွှေးပြီး ညစာစားသည်။ အလင်းရောင်ပျောက်ပြီဆိုလ ျှင် ရေနံဆီမှန်အိမ်လေးထွန်းပြီး ဦးလေး ရဲ့ နေရှင်နယ်ရေဒီယိုလေးကို အသက်သွင်းသည်။ မြန်မာ့အသံမြန်မာပိုင်းအစီအစဉ်၊ အင်္ဂလိပ် ပိုင်း အစီအစဉ်၊ နောက်ဆုံး ညအိပ်ယာဝင်ချိန် ချိုလွင်အေးမြ အင်္ဂလိပ်သီချင်းအစီအစဉ် ဆုံးလ ျှင် မှန် အိမ်လေးကို မီးငြိမ်းလိုက်ပြီ။ ရွာလေးလည်း အိပ်၊ ကျွန်တော်တို့လည်း အိပ်ပြီ။

ဦးလေး ချဉ်ခြင်းတပ်သောနေ့ဆိုရင်တော့ ဘီးဇီး တစ်ပိုင်းနှင့် တူအရီး နှစ်ယောက် ဝိုင်းဖွဲ့ကြသည်။ ဦးလေးက များများ၊ ကျွန်တော်က နည်းနည်း။ ဘီးဇီး ဆိုတာက အစိုးရ ထုတ် အရက်ဖြူ ( ဘီအီး ) နှင့် ဇီးဖျော်ရည် ရောထားတာကို ခေါ်ခြင်းဖြစ်သည်။ အဲဒီခေတ် ဆိုရှယ်လစ်စီး ပွားရေး စနစ်အောက်မှာ အရက်ဖြူသောက်ရဖို့အရေး အစိုးရ ဆိုင်မှာ တန်းစီ ပြီး ခွဲတမ်းနဲ့ဝယ်ရသည်။ လူတစ်ယောက် နှစ်ပက်၊ သုံးပက်၊ လေးပက် စသည်ဖြင့် မန်နေဂျာ သတ်မှတ်ပေးသည့်အတိုင်း ဝယ်ရသည်။ တန်းမစီချင်ဘူးဆိုရင် တန်းစီပြီး ပြန်ရောင်းသူ တွေ ထံက တဆင့်ပြန်ဝယ်ရသည်။ ဦးလေး ထောက်ကြန့်ကို လူကြုံမှာသည့် ပစ္စည်းတွေထဲတွင် ဘီအီး လည်း ပါသည်။

ထိုခေတ် ထိုအခါက ခွဲတမ်း ၊ တန်းစီတိုးစား၊ မှောင်ခို ဆိုသည့် စကားလုံးများ သည် လူတွေ၏ နေ့စဉ်သုံးစကားလုံးများဖြစ်သည်။ လူထု လိုအပ်ချက်ကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သဖြင့် တန်းစီတိုးစားသူတွေ၊ မှောင်ခိုဈေးကွက်တွေပေါ်လာသည်ကို နားမလည် သည့် ၊ ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေသည့် အစိုးရကတော့ တန်းစီ တိုးစားတွေကို အပြစ်တင်သည်။ မှောင်ခိုကို နှိမ်နှင်းသည်။

အဲဒီလိုဘီးဇီးတဲ့ နေ့တွေဆိုရင်တော့ ဦးလေးနဲ့ကျွန်တော်စကားတွေအများကြီးပြောဖြစ်သည်။ ကျွန်တော် က အမေး၊ ဦးလေးက အဖြေ။ ဦးနု ဖဆပလအစိုးရခေတ်တွင် အခြေခံပညာဆည်းပူး၊ ဗိုလ်ချုပ် ကြီးနေဝင်း၏ အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဘွဲ့ရခဲ့သော ဦးလေး မှာ ပြောစရာတွေအများကြီးရှိသည်။
ကျွန်တော်က တော်လှန်ရေးကောင်စီအစိုးရ ကာလမှာ လူလားမြောက်ရတာဆိုတော့ ဆိုရှယ်လစ် စနစ်ပဲကြားဖူး၊တွေ့ဖူးသူဖြစ်သည်။

ကျွန်တော်တို့ခေတ်က ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲ၊ ကျူး ဘားတော်လှန်ရေး ဆိုတာတွေ ခေတ်စားနေချိန်ဆိုတော့ လမ်းစဉ်ပါတီ၏ “ လူလူချင်း မတရား ချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစနစ်များကို ချုပ်ငြိမ်းစေပြီး တရားမ ျှတမှုကို အခြေခံ သော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလ ျှင် ပြည်သူလူထု အပေါင်းသည် လူ့ပယောဂကြောင့် ပေါ်ပေါက်ရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလ ျှက် ဗြဟ္မစိုရ် တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော လူ့ဘောင်သစ်ကြီးသို့ ရောက်ရှိနိုင်မည်” ဆိုသည့် ကြေညာချက်ကို ရင်ခုန်သူဖြစ်သည်။ ဒါ့ကြောင့်လည်း လမ်းစဉ် လူငယ်ဝင်ခဲ့ သလို နွေရာသီကျောင်းပိတ် လုပ်အားပေးအစီအစဉ်များတွင်လည်း မပျက်မကွက်ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူရေးလှုပ်ရှားမှုတွင် လုပ်အားပေးခဲ့သည်။

သို့သော် တစ်ဖက်မှာလည်း အလုပ်သမား၊ လယ်သမားအကျိုးစီးပွားကို အကောင် အထည် ဖော်နေသည် ဆိုသည့်ခေတ်တွင် အလုပ်သမား၊ လယ်သမားတွေ ဒုက္ခရောက်နေတာတွေ၊ လူသုံး ကုန်ပစ္စည်းတွေ မလုံလောက်လို့ တန်းစီတိုးစားနေရတာတွေ ၊ မှောင်ခိုဈေးကွက်တွေဖြစ်နေတာ တွေမြင်ရတော့ သာယာဝပြောသော လူ့ဘောင်သစ်ဆိုသော စကားကို သံသယ ဝင်မိပြန် သည်။ တရားမ ျှတမှုကို အခြေခံသည့် ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာ ကျွန်တော့်မိဘတွေအပါ အဝင် အစိုးရ အရာရှိကြီးတွေ၊ လမ်းစဉ်ပါတီခေါင်းဆောင်တွေက ပဒုမ္မာ၊ မေတ္တာမွန် စသည့် အထူး ဆိုင်တွေမှာ ဝယ်ခွင့်ရနေတာမြင်ရပြန်တော့ လူတန်းစားမခွဲခြားဘူးဆိုသည့် စကားမှန်ရဲ့လားဟု တွေးမိ၏။

ဒီလိုနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ကောင်းမကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းတာ မှန် ၊ မမှန်ဆိုတာတွေ ဦးလေးကို မေးမိသည်။ ဦးလေး က “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။” ဟု ဆိုသည်။ ကျွန်တော် နောက်ထပ် မေးစရာမရှိတော့။ ကျောင်းတွေပြန်ဖွင့်တော့ ဦးလေးခြံက ပြန်ခဲ့သည်။ နောက်တစ်ခေါက်ပြန်မရောက်တော့ပါ။

တစ်နေ့ကတော့ ထောက်ကြန့်ကို ဖြတ်ပြီး ကားမောင်းချိန်မှာ ဦးလေးကို သတိရမိသည်။ ဦးလေး ကွယ်လွန်သွားတာ လေးနှစ်လောက်ရှိပြီ။ အပြောင်းလဲကြီးပြောင်းလဲနေသော မြို့ပြပတ်ဝန်းကျင် ကြောင့် နွယ်ခွေရွာကို သွားသောလမ်းကိုလည်း မမှတ်မိတော့ပါ။ ရွာလေးလည်း ရပ်ကွက်ဖြစ်သွား ခဲ့ပြီ။

ကျွန်တော်မှတ်မိနေသည့် တစ်ခုတည်းသောအရာကတော့ ဦးလေး ပြောခဲ့သည့် ပေတံ အကြောင်း သာဖြစ်သည်။ ဒီတော့မှ ဘဝတစ်လေ ျှာက်လုံး ဦးလေးရဲ့ ပေတံကို ကျွန်တော် မသုံးရဲ ၊ မသုံးခဲ့ ကြောင်း သတိထားမိသည်။ ဦးလေး သိရင်တော့ ကျွန်တော့်ကို အပြစ်တင်မှာ သေချာပါသည်။

ဆင်းရဲတွင်းမှ လွတ်ကင်းအောင်

လက်ရှိခေတ်ကာလ မှာ ကြုံတွေ့နေရတဲ့ လူမှုဘဝအကြောင်းလေးတွေကို ရေးတဲ့အခါ လက်ခံ သူ လည်းရှိ၊ ဝေဖန်ကန့်ကွက်သူလည်း ရှိတာပဲ။ တစ်နေ့ကတော့ အစိုးရဌာနတစ်ခု ရဲ့ အကြီးအကဲ အဖြစ် ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတော့ သူက “ စီးပွားရေး အကျပ်အတည်းကတော့ တစ်ကမ္ဘာလုံးဖြစ်နေတာပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ဆင်းရဲ သားဆိုတာလည်း ခေတ်တိုင်းရှိတာပဲ လို့ပြောတယ်။

သူူ့စကားကြားတော့ မှတ်မှတ်ရရ သတိထားမိတဲ့ မှတ်ချက်နှစ်ခုကို သတိရတယ်။ ပထမတစ်ခုက မ ျှစ် ချဉ်ရောင်းတဲ့ “ကြောက်ခေတ် ဈေးသည်” အောက်မှ ရေးထားတာ။ ရေးတဲ့သူက “ မ ျှစ်သည် က သူ့ဟာ သူပျော်နေတာ၊ တောမှာ အိမ်လခလည်းမလိုဘူး၊ ရေမလာမှာလည်း ပူစရာ မလိုဘူး” လို့အစချီပြီး ဆင်းရဲသားတွေက သူ့ဘာသာသူ အဆင်ပြေနေတာကို ကျွန်တော်က မျက်ရည် ချူနေတာ လို့ဆို တယ်။ ( ပုံ ၁ ) ( သူရဲ့ ပရိုဖိုင်းကို ပိတ်ထားတဲ့အတွက် သူကိုယ်တိုင်ရော အဲဒီလို နေထိုင်နေသလား ဆို တာတော့ မသိရဘူး။ )

ဒုတိယတစ်ခုကတော့ “ အကျိုးအကြောင်း” ဆောင်းပါးအောက်ပါရေးထားတာပါ။ ရေးတဲ့သူက“ ဒါမျိုး အခက်အခဲတွေကို အခုမှ ကြားဖူးတာလား၊ ကျွန်တော်တို့ကတော့ ခေတ်အဆက်ဆက် ဘတ်စ်ကား တိုးစီးလာလို့ ဒီထက်ဆိုးတာတွေ အများကြီးပဲ” လို့အစချီပြီး ရေးထားတယ်။ သူကတော့ ဝန်ထမ်း ဖြစ် ပြီး အရင် သမ္မတ ဦးသိန်းစိန်ခရီးစဉ်တွေမှာလိုက်ပါခဲ့ဖူးပုံရတယ်။ ( ပုံ ၂)

ကျွန်တော့်မိတ်ဆွေနဲ့ မှတ်ချက်ရေးသူ နှစ်ယောက်လိုပဲ လက်ရှိ လူမှုစီးပွားဘဝတွေအကြောင်းရေး တာကို လက်မခံနိုင်တဲ့သူတွေပြောသမ ျှကို ပြန်ချုပ်လိုက်ရင် “ဆင်းရဲနွမ်းပါးမှုဆိုတာ ဟိုတုန်း ကလည်း ရှိတာပဲ။ စီးပွားရေး ကျပ်တည်းတယ်၊ ကုန်ဈေးနှုန်းတက် တယ်ဆိုတာလည်း ဘယ်အစိုးရ လက်ထက် မဆိုရှိ တာပဲ။ အခုမှဖြစ်တာ မဟုတ်ဘူး၊ စီးပွားရေးအကျပ်အတည်းကလည်း တစ်ကမ္ဘာ လုံးဖြစ်နေ တာ။ ဒါ့ကြောင့် ရေး တဲ့သူတွေက အစိုးရကို သိက္ခာချချင်လို့ရေးတာ” လို့ ပြောချင် တာပါပဲ။

အဲဒီစကားကို ပြန်မချေပခင် ဒီနေ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရတယ် ဆို တဲ့အချက်မှန်၊ မမှန် ပထမဆုံး ဆန်းစစ်ရမှာပေါ့။ အဲဒီအချက်ကို အတည်ပြုဖို့အတွက် ကွင်းဆင်း စစ်တမ်းကောက်ဖို့၊ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာကိန်းဂဏန်းတွေကို ဆန်းစစ်ဖို့တောင် မလို ပါဘူး။ လူတစ်ဦးချင်းက လွန်ခဲ့တဲ့ နှစ်နှစ်က သူနေ့စဉ်လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေ နဲ့ ဒီနေ့ အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ရင် အဖြေဖော်နေပါပြီ။

ဒါပေမယ့် အပေါ်က မှတ်ချက် ရေးသူတွေပြောတဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာခေတ်အဆက်ဆက် ရှိခဲ့တယ်ဆိုတာလည်းအမှန်ပဲ။။ဒါပေမယ့်ဒီမိုကရေစီစနစ်ဖြစ်ဖြစ်၊တစ်ပါတီစနစ်ဖြစ်ဖြစ်၊ အာဏာရှင် စနစ်ဖြစ်ဖြစ်တာဝန်သိတဲ့အစိုးရဆိုရင်မိမိတာဝန်ယူချိန်ကာလမှာ ဆင်းရဲနွမ်းပါးမှုကို အတတ်နိုင်ဆုံး လျော့ပါးအောင် လုပ်ကြ တယ်၊ လုပ်နိုင်တာကို ဂုဏ်ယူကြတယ်။

တရုတ်၊ ဗီယက်နမ် တို့လို တစ်ပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာတောင် ကုလသမဂ္ဂက သတ်မှတ် ထားတဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ရှိတဲ့ လူ ဘယ်နှစ်သိန်းကို ဆင်းရဲနွမ်းပါးမှု အောက်က လွတ် မြောက်အောင် လုပ်နိုင်ခဲ့ပြီဆိုတာမျိုးကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံတွေမှာဆိုရင်တော့ ပြောမနေနဲ့တော့။ အစိုးရ တိုင်းက အရင် အစိုးရထက် ဆင်းရဲနွမ်းပါး မှု လျော့ကျအောင်၊ ငွေကြေးဖောင်းပွမှု ကျဆင်းအောင်၊ အလုပ်လက်မဲ့နည်းအောင်တတ်နိုင်သမ ျှ ကြိုးစားပြီး ပြည်သူ့ ထောက်ခံမှုကို ရအောင် စည်းရုံး ကြတာပဲ။

ဒါ့ကြောင့် ခေတ်တိုင်းမှာ ဆင်းရဲနွမ်းပါးသူရှိနေပေမယ့် ကိုယ်တာဝန်ယူတဲ့ အချိန်မှာ ဆင်းရဲနွမ်းပါးသူ နည်းလာသလား၊ များလာ သလားဆိုတာက အစိုးရတစ်ရပ်ရဲ့ စွမ်း ဆောင်မှုကို တိုင်းတာတဲ့ ပေတံတစ်ခုဆိုရင် မှားမယ်မထင်ဘူး။

နောက်တစ်ခါ အခုအချိန်မှာ ကိုဗစ် ၁၉ ကြောင့်၊ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံအားလုံးလိုလို စီးပွားရေး အကျပ် အတည်းနဲ့ ရင်ဆိုင်နေရ တယ်ဆိုတာလည်း အမှန်ပဲ။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံ အစိုးရရဲ့ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှု၊ လက်တွေ့ကျပြီး မှန်ကန်တဲ့ စီးပွားရေး မူဝါဒ၊ ထိရောက်တဲ့ လူမှု ဖူလုံရေး အကူအညီတွေ အပေါ် မူတည်ပြီး စီးပွားရေးကျဆင်းမှု ဒဏ်ခံ ရတာတော့ ကွာခြားပါတယ်။ အမေရိကန်မှာလည်း ဈေးတက်တယ်၊ အာဆီယံမှာလည်း ဈေးတက် တယ်လို့ ပြောရင် အဲဒီနိုင်ငံတွေရဲ့ တစ်ဦးချင်းဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း နဲ့ အစိုးရများရဲ့ စီးပွားရေး မူဝါဒ တွေကို ပါ နှိုင်းယှဉ်ပြီး ပြောမှ သင့်တော်မှာပါ။

လူမှုစီးပွားဘ၀ အခက်အခဲတွေအကြောင်းပြောတဲ့အခါ ( ပုံ ၁ ) မှာမှတ်ချက်ရေးသလို ကျေးလက် ပြည်သူတွေက သူ့ဘဝသူ ကျေနပ်ပြီးသားဆိုတဲ့ အယူအဆမျိုးကတော့ အတော်လေးကို စာနာမှု ကင်းမဲ့တဲ့ မှတ်ချက်ပဲ။ လူမှန်ရင် ကိုယ့်အခြေအနေ၊ ကိုယ့်မိသားစု အခြေအနေကို လက်ရှိ အခြေ အနေထက်ပိုကောင်းစေချင်တဲ့ သူတွေချည်းပါပဲ။ ရွာသားလည်း ရွာသားအလျောက် အလုပ်အကိုင် အဆင်ပြေ၊ သီးနှံတွေဈေးကောင်းရ၊ ဆိုင်ကယ်စီးချင်၊ တရုတ်ဖုန်းလေးတော့ ကိုင် ချင်၊ ကိုယ့်ရွာကို မီးလင်းစေချင်၊ ကိုယ့်အိမ်မှာလည်း ဒယ်နီလေးနဲ့ ပေါင်းအိုးနဲ့ထမင်းဟင်းချက် ချင်တာပဲ။ ကျန်းမာရေး၊ လူမှု ရေး ကိစ္စအ၀၀ အဆင်ပြေချင်တာပဲ။ အဲဒါကိုဖြည့်ဆည်းပေးနိုင်ရင် အစိုးရ တာဝန်ကျေတာပေါ့။ မဖြည့်ဆည်းပေးနိုင်ရင် တာဝန်မကျေဘူးပေါ့။

အဲဒါဆိုရင် ပြည်သူတွေလိုချင်သမ ျှ အစိုးရက လုပ်ပေးရမှာလားလို့ မေးစရာရှိပါတယ်။ မဟုတ် ပါဘူး။ ဘယ်အစိုးရကမှ ပြည်သူတွေလိုချင်သမ ျှ ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာမရှိဘူး။ ဒါပေမယ့် လူတိုင်း အလုပ်အကိုင်အခွင့်အလမ်းရှိအောင်၊ ဝင်ငွေ၊ ထွက်ငွေ မ ျှတနိုင်မယ့် အခြေအနေတစ်ခု ရှိ အောင်ဖြည့်ဆည်းပေးဖို့တော့ကြိုးစားရမယ်၊ပြည်သူတွေ အခက်အခဲဖြစ်နေတာကို စာနာ နားလည် ခံစားပေးနိုင်ရမယ်၊ ကိုယ့်မှာ အားနည်းချက်ရှိရင်လည်း ဝန်ခံရမယ်။

တစ်ခြားမကြည့်နဲ့၊ မြောက်ကိုရီးယားနိုင်ငံက ကင်ဂျုံအမ်လို အာဏာပြင်း ဓားထက်တဲ့ ခေါင်းဆောင်တောင် ၂၀၂၀ ပြည့် နှစ်က ကျင်းပတဲ့ အာဏာရ အလုပ်သမားပါတီ ပါတီတည်ထောင် တဲ့ ၇၅ နှစ်ပြည့်အခမ်းအနား မှာ ပြည်သူတွေရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ပျက်ကွက် တဲ့အတွက် တောင်းပန်ရင်း မျက်ရည်ကျခဲ့တယ်။

ဒီနေရာမှာ ကင်မ်ဂျုံအမ် ဟန်ဆောင် တာပါ လို့ ပြောမယ့်သူလည်း ရှိမှာပဲ။ တကယ်လို့ ဟန်ဆောင်တယ်ဆိုရင်တောင် ပြည်သူတွေအခက်အခဲကို မသိချင် ယောင်ဆောင်ပြီး လေထဲ တိုက်အိမ်ဆောက်၊ အိပ်မက်ထဲမှာ ပဒေသာပင်ပေါက်နေတဲ့ ခေါင်းဆောင် မျိုးထက်တော့ သာပါ သေးတယ်လို့ ဆိုရမှာပါ။

တကယ်တော့ နိုင်ငံတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံရတာပါပဲ။ အဲဒီလို ကြုံရတဲ့အခါ သက်ဆိုင်ရာအစိုးရတွေ၊ ပညာရှင်တွေက သီအိုရီတွေ၊ စကားလုံးကြီးကြီးတွေ နဲ့ စီးပွားရေးအခြေအနေကို သုံးသပ်ကြ၊ ထောက်ခံကြ၊ ဝေဖန်ကြတာလည်းထုံးစံပါပဲ။

ဒါပေမယ့် သာမာန် ပြည်သူတွေကတော့ စီးပွားရေးသီအိုရီတွေ ဘာတွေ နားမလည်ဘူး။ သူတို့ နေ့စဉ် လူနေမှုဘ၀ မှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပဲ အဲဒီစီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့တာဝန်ရှိသူတွေရဲ့ အရည်အချင်းနဲ့ စိတ်စေတနာကို ဆုံးဖြတ်ကြမှာပါ။

အကျိုး အကြောင်း

လမ်းထိပ်ကို ရောက်တော့ ဒီနေရာမှာ ဂိတ်ထိုးနေကျ ကားတွေမရှိဘူး။ တစ်ဖက်ခြမ်းမှာ ရပ်ထား တဲ့ မိုးပြာရောင်တက္ကစီကားထဲက ယာဉ်မောင်းက သူအားတယ်၊ သွားမလားဆိုတဲ့ သဘောနဲ့ လက် ထောင်ပြတယ်။ ယာဉ်မောင်းက ကတုံးဆံပင်ပေါက်၊ ခေါင်းဖြူဖြူ၊ မျက်မှန်နဲ့ ၊ အသက်ငါး ဆယ် ပတ်ဝန်းကျင်။ သွားမယ့်နေရာပြောပြီး ဈေးမေးလိုက်တော့ လေးထောင်တဲ့။ အံ့သြသွား တယ်။ လက်ရှိဆီဈေးနဲ့ အဲဒီနေရာကို ငါးထောင်၊ ကားကျပ်ချိန်ဆိုရင် ခြောက်ထောင် ပေးနေရတာ။

ကားဆရာက အဲဒီဘက်မှာ အော်ဒါရထားလို့ ဒီဈေးနဲ့ ခရီးကြုံခေါ်တင်တာပဲလို့ တွေးမိပြီး ကားငှားလိုက်တယ်။ ကားထွက်ပြီးမှ အပြန်ခရီးသည်အော်ဒါရှိလို့လားလို့ မေးလိုက်တော့ မဟုတ်ဘူးတဲ့။ ဒါနဲ့ အဲဒီနေရာကို ငါးထောင်၊ ခြောက်ထောင်တောင်းတာဗျ၊ ခင်ဗျားက ဘယ်လို ဖြစ်တာလဲလို့ပြောလိုက်တော့ သူက အငှားယာဉ်မောင်းတာ ရှစ်လ လောက်ပဲရှိသေးသတဲ့။ ခရီး သည် လန်သွားမှာ စိုးရိမ်လို့ လေ ျှာ့လေ ျှာ့ပြောတာ၊ အိမ်က ကလေးတွေကလည်း အဖေ ဆီဖိုးရှုံးလိမ့် မယ်လို့ သတိပေးသတဲ့။ ဒီလိုနဲ့ ကားဆရာ တက္ကစီဆွဲရခြင်းအကြောင်းအရင်းကို မေးမိတယ်။

ကားဆရာက အရင်က သဘောၤသား၊ ၂၀၁၄ ရောက်တော့ သား က မိုဘိုင်းဖုန်း ဆက်သွယ် ရေးပစ္စည်းတွေ တပ်ဆင်တဲ့ နိုင်ငံတကာကုမ္ပဏီမှာ အလုပ်ရ နေပြီ။ အဲဒီအချိန်က လစာ ၁၈ သိန်းဆိုတော့ မနည်းဘူးပေါ့။ ချွေးမကလည်း ဟိုတယ်လုပ်ငန်း တစ်ခုမှာ လုပ်တာ ဆယ်သိန်း လောက်ရတယ်။ ဒီတော့ အဖေ ကို သဘောၤမလိုက်စေချင် တော့ ဘူး။ အိမ်မှာပဲ နားနား နေနေ နေဖို့ တိုက်တွန်းတယ်။ ။ ဒီလိုနဲ့ ကုန်းပေါ်ရောက်လာတာပဲ။

ရေထဲက ငါးဟာ ကုန်းပေါ်ရောက်တော့ ဘာမှမလုပ်ဘဲ မနေတတ်ပြန်ဘူး။ ဒီလိုနဲ့ သားရဲ့ အကြံ ပေးမှုနဲ့ တာဝါတိုင်တွေမှာ မီးစက်တွေ၊ ဆိုလာပြားနဲ့ ဘက်ထရီတွေ ၊ အိပ်ချိန်းပစ္စည်းတွေ တပ် ဆင်တဲ့အလုပ်ကို ဆပ်ကန်ထရိုက်လုပ်တယ်။ အဲဒီအချိန်က တာဝါတိုင်တွေ အပြိုင်အဆိုင် ဆောက်နေတဲ့အချိန်ဆိုတော့ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းတယ်။

လေးငါးနှစ်လောက်လုပ်လိုက်တော့ အတော်စုမိဆောင်းမိဖြစ်လာတယ်။ လုပ်ငန်းအတွက် လိုက် ထရပ်တစ်စီး၊ ပရိုဘောက်တစ်စီး ဝယ်နိုင်တဲ့အပြင် ဖို့ဒ် နှစ်ခန်းတွဲတစ်စီးကိုလည်း အရစ်ကျ စနစ် နဲ့ ဝယ်လိုက်နိုင်တယ်။ သား နဲ့ ချွေးမလည်း လစာကောင်းတဲ့အပြင် နှစ်စဉ် ဆုကြေးတွေဘာတွေ ရ ဆိုတော့ အကောင်းတွေချည်းပဲ။ အလုပ်လုပ်လို့လွယ်၊ ငွေရှာလို့ကောင်းတဲ့ အချိန်ပေါ့။

ကားဆရာက ဘဝဇာတ်ကြောင်းပြောနေရင်း ဖုန်းဝင်လာလို့ စကားရပ်သွားတယ်။ တစ်ဖက် ကပြောတာကို နားထောင်ရင်း မှတ်ပုံတင်နံပါတ်တွေ တန်းစီရွတ်ပြနေတယ်။ ပြီးတော့မှာ ကျွန် တော့်ကို “ သားဆက်တာ ၊ အလုပ်လေ ျှာက်ဖို့အတွက် ကျွန်တော်တို့ လင်မယား မှတ်ပုံတင် နံပါတ်မေးနေ တာ” လို့ပြောတယ်။ ဒါနဲ့ သားရဲ့ အရင် အလုပ်ရောလို့မေးလိုက်တော့ မရှိတော့ ဘူး၊ ကုမ္ပဏီပိတ်ပြီး ပြန်သွားပြီ” လို့ ပြောတယ်။

ကပ်ကြီး သုံးပါးအနက် ရောဂန္တရကပ်ဖြစ်တဲ့ ကိုဗစ် နဲ့ ကြုံတော့ သူတို့လုပ်ငန်းတွေလည်း တုန့်ဆိုင်း သွားတယ်။ သားဖြစ်သူလည်း လစာလေ ျှာ့ခံရတယ်။ ချွေးမက ပိုဆိုးတာပေါ့။ ဧည့် သည် တွေမလာတော့ လစာလေ ျှာ့ရာကနေ လစာမဲ့ခွင့်ဖြစ်သွားတယ်။ ရွေးကောက်ပွဲလည်း ပြီး၊ ကိုဗစ်လည်း ပြီးရင်တော့ဆိုပြီး မေ ျှာ်လင့်နေတုန်း ကိုဗစ်မပြီးတဲ့အပြင် သတ္တန္တရကပ်ဘေးကြီး နဲ့ တည့်တည့်တိုးတော့တာပဲ။ အဲဒီအခါကျတော့ သား နဲ့ ချွေးမ တို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေ အားလုံး ပြန်သွားကြတဲ့အတွက် ကလေးတွေလည်း အလုပ်လုပ်မဲ့ ဘ၀ နဲ့ ကျန်ခဲ့တယ်။ အခု တော့ သား နဲ့ ချွေးမလည်း အလုပ်ရှာရင်း ချာချာလည်နေတာပဲ။ သူလည်း တာဝါတိုင်တွေနား မကပ်နိုင တော့ဘူး။

စကားပြောနေရင်းနဲ့ ကားဆရာက “ဟိုမှာ ကြည့်၊ ဆီတန်းစီနေတာ” ဆိုပြီး ပြောတယ်။ ကြည့် လိုက်တော့ အနော်ရထာလမ်းမပေါ်က ဆိုင်းဘုတ်ချိတ်ထားတဲ့ လိုက်ထရပ်လေးနောက်မှာ ရေသန့်ဘူးကိုယ်စီနဲ့ လူတန်းရှည်ကြီး။ ရန်ကုန်မြို့လယ်၊ ဗိုလ်တထောင်မှာပါ ဒီလို လူတန်းရှည် ဖြစ်နေတာကို ကြည့်ရင် ဆီ နှစ် ဆီ ကြားမှာ လူတွေ ဗျာများနေရပုံကို သိနိုင်တယ်။

ဟိုး ငယ်ငယ် ဆိုရှယ်လစ်ခေတ်က ပြည်သူ့ဆိုင်မှာ၊ သမဝါယမဆိုင်တွေမှာ၊ သိမ်ကြီးဈေးက ကုန်သွယ်ရေးဆိုင်တွေမှာ တန်းစီနေတဲ့ သူတွေကို မလိုပဲနဲ့ ဝယ်၊ အမြတ်တင်ရောင်းတဲ့သူတွေ ဆိုပြီး အပြစ်တင်တဲ့ သဘောနဲ့ “ တန်းစီတိုးစား” ဆိုပြီး အစိုးရက ခေါ်ခဲ့တယ်။

ကိုယ်တိုင်ကလည်း အဲဒီအခေါ်အဝေါ်ကို ဟုတ်သလိုလို ထင်ခဲ့ဖူးတယ်။ နောင် အတွေ့အကြုံရ လာ တော့မှာ တန်းစီတိုးစားတွေ ပေါ်လာရတာဟာ ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ အားနည်းချက်၊ စီမံခန့်ခွဲသူတွေရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်တယ် ဆိုတာကို နားလည် ခဲ့တယ်။ ဈေးကွက်စီးပွားရေး စနစ်အောက်မှာ တန်းစီးတိုးစား မဖြစ်တော့ဘူးလို့ ထင်ခဲ့ပေမယ့် လည်း လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုတဲ့ စကားက တယ်မှန်တာပဲ။

ဗန်ဂိုးလ်ရဲ့ အာလူးစားသူများ ပန်းချီကားလိုပဲ စားအုန်းဆီတန်းစီသူများလို့ မှတ်တမ်းတင်ရမယ့် လူတန်း ရှည်ကြီးကို ကျော်လာပြီးတော့ ကားဆရာက သူ့ဇာတ်လမ်းကို ဆက်တယ်။ မိသားစု တစ်စုလုံး အလုပ်အကိုင်ရပ်သွားတာ လေးငါးခြောက်လ ကြာတော့ တစ်ခုခုတော့ လုပ်မှဖြစ်မယ် ဆိုပြီး ဖို့ဒ် ကားကို ကားငှားတဲ့ ကုမ္ပဏီတစ်ခုမှာ သွင်းလိုက်တယ်။ ပထမ သုံးလေးလတော့ အဆင်ပြေ သား။ နောက်တော့ ငှားတဲ့သူက အုံနာစာအုပ်အတုနဲ့ မန္တလေးမှာ ရောင်းစားလိုက် တယ်။ လိမ်တဲ့သူ တွေက အုပ်စုနဲ့လုပ်သွားတာ။ မှတ်ပုံတင်အတုနဲ့ လုပ်စားသွားတာ သူတို့ကုမ္ပဏီကတင် လေးငါး စီးပါသွားတာတဲ့။

မန္တလေးအထိ လိုက်ပေမယ့် ကားပြန်မတွေ့တော့ဘူး။ ရဲတွေကလည်း တောင်မင်း မြောက်မင်း မကယ်နိုင်ဖြစ်နေတာဆိုတော့ ကားရှိတယ်လို့ သတင်းကြားတဲ့နေရာတောင်လိုက်မကြည့်နိုင်ဘူး။ ကားကို အာမခံ ထားပေမယ့် တရားမဝင် အငှားလုပ်ငန်းလုပ်လို့ဖြစ်တာဆိုပြီး အာမခံကုမ္ပဏီက မလေ ျှာ်ဘူး။ ဒီလိုနဲ့ နောက်ဆုံးကျန်တဲ့ ကားနှစ်စီးကိုရောင်း၊ တက္ကစီပြန်ဝယ်ပြီး ဆွဲရတဲ့ဘဝကို ရောက်တာပဲ။

ကားဆရာရဲ့ စကားအဆုံးမှာ “ ခင်ဗျားဒုက္ခက အတော်ဆိုးပါလား” လို့ ပြောတော့ ဒုက္ခက မပြီး သေးဘူးဆရာရဲ့၊ “ ဘဏ်ထဲမှာ ရှိတဲ့ သိန်းကိုးဆယ်ကျော်ကို ရာခိုင်နှုန်းပေးထုတ်ပြီး အရင်းထည့် လိုက်တာ ပြန်မပေါ်ဘဲ ပလုံသွားတာရှိသေးတယ်” ၊ နောက်ပြီး တစ်နေ့က ထိုင်ခုံ နှစ်ခုကြားမှာ ထားတဲ့ ပိုက်ဆံအိတ်ကို ခရီးသည်က နှိုက်သွားတာ မသိလိုက်ဘူး။ ပိုက်ဆံအိတ်ကြည့်လို့ မတွေ့ တော့ ကြမ်းပြင်ပေါ်ကျသလားဆိုပြီး ငုံ့စမ်းနေတာ မီးပွိုင့်မှာရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ကိုယ့်ကားလည်း ပြင်ရ၊ သူများလည်း လျော်ရသေးတယ်။” လို့ပြောရင်း ရယ်တယ်။ ဒါပေမယ့် သူ့ရယ်သံက ချောက်ကပ်ကပ်နဲ့။

စိတ်မကောင်းဖြစ်သွားတဲ့ ကျွန်တော်က “ အေးဗျာ၊ ကြားရတာ စိတ်မကောင်းဘူး၊ ခင်ဗျား ဒုက္ခ တွေ ပြေလည်ပါစေလို့ ဆုတောင်း ပါတယ်” လို့ပြောလိုက်တော့ ကားဆရာက “ ကျွန်တော့် ဒုက္ခ က သေးသေးပါ၊ ဒီထက် ဒုက္ခကြီးတဲ့သူတွေ အများကြီးရှိသေးတယ်။ သူတို့ ဒုက္ခတွေ ငြိမ်းသွား အောင် လုပ်နိုင်ရင် ကျွန်တော်တို့လည်း အဆင်ပြေသွားမှာပါ” လို့ ပြန်ပြောတယ်။ သူပြော တာ အမှန်ပဲ။ အကြောင်းရှိလို့ အကျိုးဖြစ်တာကိုး။ ဒုက္ခကို ဖြစ်စေတဲ့ အကြောင်းတရားကို ပယ်သတ် နိုင်ရင် ဒုက္ခဆိုတာ မကြုံရတော့ဘူးပေါ့။

ဖျက်မရ ၈၁၁၅

အိမ်နံပါတ် ၈၁၁၅ ဆိုတာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ်ဘဂ်မြို့၊ ဆိုဝီတို မြို့နယ်ထဲက အိမ်တစ်လုံးဖြစ်ပါတယ်။ အဲဒီအိမ်မှာ လူမည်းအခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ် တောင်အာဖရိက နိုင်ငံ သမ္မတ အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်လ်ဆင် မင်ဒဲလ်လား ၁၉ ၄ ၆ ခုနှစ်ကနေ ၁၉ ၆၂ ခုနှစ်အထိ နေခဲ့တယ်။ အဲဒီအိမ်ကနေ အသားအရောင်ခွဲခြားမှု ဆန့်ကျင် ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ တယ်။

၁၉ ၆၂ ခုနှစ်မှာ လူဖြူအစိုးရက မင်ဒဲလ်လားကို ဖမ်းပြီး နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု တွေ နဲ့ ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခဲ့တယ်။ မင်ဒဲလ်လား ထောင်ကျသွား တော့ သူနေခဲ့တဲ့အိမ်က အသားအရောင်ခွဲခြားမှု ဆန့်ကျင်သူတွေရဲ့ သင်္ကေတဖြစ်လာခဲ့တယ်။

လူဖြူအစိုးရက အဲဒီလိုဖြစ်တာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး။ ဒါ့ကြောင့် အဲဒီအိမ်ကို မင်ဒဲလ်လား အထိမ်းအမှတ်ဖြစ်မလာအောင်၊ လူစုလူဝေး အခမ်းအနားတွေလုပ်မရအောင် နည်းမျိုးစုံသုံးပြီး အနှောင့်အယှက်ပေးခဲ့တယ်။ ပြိုင်ဘက် လူမည်းအုပ်စုတွေကို မြှောက်ပေးပြီး မီးလောင်ဗုံးနဲ့ တိုက်ခိုက်တဲ့အထိ လုပ်ခဲ့တယ်။

ဒါပေမယ့် မင်ဒဲလ်လားကို ထောင်ချလိုက်လို့ ၊ သူ့အိမ်ကို ဖျက်ဆီးဖို့ ကြိုးစားလို့ အသား အရောင် ခွဲခြားမှုဝါဒကို ဆန့်ကျင်နေမှုတွေ ရပ်မသွားဘူး။ ပိုတောင်အားကောင်းလာသေး တယ်။ နောက်ဆုံးတော့ လူဖြူသမ္မတ ဒီကလပ်ခ် က ၁၉ ၉ ၀ ပြည့်နှစ်မှာ မင်ဒဲလ်လားကို ထောင်က လွှတ်ပေးလိုက်တယ်။ မင်ဒဲလ်လားက ထောင်က လွတ်တာနဲ့ အိမ်နံပါတ် ၈၁၁၅ မှာ ပြန်လည် နေထိုင်ခဲ့တယ်။

အဲဒီနောက်မှာတော့ ဒီကလပ်ခ်နဲ့ မင်ဒဲလ်လား ညှိနှိုင်းပြီး အသားအရောင်ခွဲခြားတဲ့မူဝါဒကို ဖျက်သိမ်း၊ အခြေခံဥပဒေသစ်ကို ပြန်ဆွဲတယ်။ အခြေခံဥပဒေသစ်အရ ၁၉ ၉ ၄ ခုနှစ်မှာကျင်းပတဲ့ လူဖြူလူမည်း တန်းတူမဲပေးခွင့်ရတဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ မင်ဒဲလ်လားအနိုင်ရပြီး ၁၉ ၉ ၄ ခုနှစ်ကနေ ၁၉ ၉ ၉ ခုနှစ်အထိ တောင်အာဖရိက သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။

မင်ဒဲလ်လား သမ္မတဖြစ်လာပြီးတဲ့နောက် ၁၉ ၉ ၇ ခုနှစ်မှာ ဆိုဝီတိုမြို့က မင်ဒဲလ်လားနေအိမ် ကို မင်ဒဲလ်လား အထိမ်းအမှတ်ပြတိုက်သတ်မှတ်ခဲ့တယ်။ အခုတော့ တစ်ချိန်က တားမြစ် နေရာဖြစ်ခဲ့တဲ့ အိမ် အမှတ် ၈၁၁၅ ဟာ နိုင်ငံတကာခေါင်းဆောင်တွေ အပါအဝင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားနေပါပြီ။

အိမ်အမှတ် ၈၁၁၅ ဟာ ရုပ်ဝတ္ထုပစ္စည်းတွေကို ဖျက်ဆီးလို့၊ကန့်သတ်လို့ ရပေမယ့် ယုံကြည် ချက်၊ ခံယူချက်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအတွေးအမြင်တွေကို ဖျက်ဆီး၊ ကန့်သတ်လို့မရဘူး ဆိုတဲ့ သာဓက တစ်ခုပဲ။

ယုံကြည်ရဲရင့် (၄)

“ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က (ပါတီတွင်း) ရွေးချယ်ပွဲမှာ ကျွန်မ အနေနဲ့ ထောက်ခံမဲ ၇၃% နဲ့ အနိုင်ရခဲ့တယ်။ အခုလည်း အဲဒီလို အနိုင်ရဖို့အတွက် လုပ်ရမယ့်နည်းလမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းကို သုံးရင် ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလိမ်အညာတွေကို ထောက်ခံပြောဆိုရတော့မယ်။ နိုင်ငံတော်နဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ထရမ့်ရဲ့ လုပ်ရပ် တွေကို ကူညီရတော့မယ်။

ကျွန်မအနေနဲ့ အဲဒီလို မလုပ်နိုင်ဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။ အောက်လွှတ်တော် အမတ်နေရာတင်မဟုတ်ဘူး၊ ဒီနိုင်ငံမှာရှိတဲ့ ဘယ်ရာထူးကမှ နိင်ငံတော်ကို ကာကွယ်စောင့်ရှောက် ပါ့မယ်လို့ သစ္စာဆိုထားမှုထက် ပိုပြီး အရေးမကြီးဘူး။ ဒီလို သစ္စာစောင့်သိတဲ့အတွက် ဘာတွေ ပေးဆပ် ရမယ်ဆိုတာ ကောင်းကောင်းသိပေမယ့် မမှုပါဘူး။

ကျွန်မတို့နိုင်ငံဟာ ရွေးကောက်ပွဲရလဒ်ကို ဂုဏ်သိက္ခာရှိစွာလက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေ ရဲ့ စေတနာ၊ ခွန်အားတွေအပေါ်မှာ ရပ်တည်နေတာပါ။ ဒါ့ကြောင့် ဒီနေ့ ပါတီတွင်းရွေးကောက်ပွဲ မှာ Harriet Hagemanအနိုင်ရသွားတာကို အသိအမှတ်ပြုပါတယ်။ သူ့ကို ဂုဏ်ပြုပါတယ်။ ကျွန်မရဲ့ အရှုံးကို လက်ခံပါ တယ်။ ပါတီတွင်းအကြိုရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် ကျွန်မတို့ရဲ့ တကယ့် အလုပ်တွေက အခုမှ စတင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ ဝိုင်ယိုးမင်း ( Wyoming) ပြည်နယ် ရီပတ်ဘလီကင်ပါတီတွင်း ရွေး ကောက်ပွဲမှာ အရေးနိမ့်ခဲ့ပြီးတဲ့နောက် လက်ရှိ အောက်လွှတ်တော်အမတ် လစ်ဇ်ချေနီ ပြောခဲ့တဲ့ စကားအချို့ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးစနစ်အရ မဲဆန္ဒနယ်မြေတွေမှာ သက်ဆိုင်ရာပါတီဝင်တွေက လာမယ့် ရွေး ကောက်ပွဲမှာ သူတို့ပါတီကို ကိုယ်စားပြုမယ့် အမတ်လောင်းကို ရွေးရတယ်။ ပါတီက ချပေးတာ ကို မျက်စိမှိတ်လက်ခံတာမဟုတ်ဘူး။ ဘယ်ပါတီဝင်မဆို အမတ်လောင်းအဖြစ် ဝင်ပြိုင်ခွင့်ရှိတယ်၊ ကိုယ့်မဲဆန္ဒနယ်က ပါတီဝင်တွေကို စည်းရုံးနိုင်ရင် ဘယ်သူမဆို အမတ်လောင်းဖြစ်နိုင်တယ်။ ပါတီ ဥက္ကဋ္ဌကြီး ကြိုက်တိုင်း အမတ်လောင်းဖြစ်တာမဟုတ်ဘူး။

လစ်ဇ်ချေနီက ၂၀၁၆ ခုနှစ်ထဲက ဝိုင်ယိုးမင်းပြည်နယ်အောက်လွှတ်တော်အမတ်နေရာကို ရီပတ် ဘလီကင်ပါတီကနေ ဝင်ပြိုင်ပြီး နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း ရီပတ်ဘလီကင်ပါတီဝင်တွေက လစ်ဇ်ချေနီကို သူတို့အမတ်လောင်းအဖြစ်ရွေးခဲ့တယ်။အထွေထွေ ရွေးကောက်ပွဲမှာလည်း နိုင်ခဲ့တယ်။

ဝိုင်ယိုးမင်းပြည်နယ်က အစဉ်အလာအရ ရီပတ်ဘလီကင်ပါတီအားကောင်းတဲ့ ပြည်နယ်၊ ၂၀၁၆ နဲ့၂၀၂၀ သမ္မတ ရွေးကောက်ပွဲ နှစ်ခုလုံးမှာ ထရမ့်နိုင်ခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်။ ၂၀၂၀ ရွေး ကောက်ပွဲမှာဆိုရင် ထရမ့်က ဘိုင်ဒင် ကို လူထုထောက်ခံမှု ၄၃% အသာနဲ့ နိုင်ခဲ့တာပါ။

ဒါ့ကြောင့် ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေမဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်မခံတဲ့အပြင် ဇန်နဝါရီလ ၆ ရက်နေ့ အရေး အခင်း နဲ့ ပတ်သက်ပြီး ထရမ့်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တဲ့ လစ်ဇ်ချေနီ ဟာ ပြည်နယ်ပါတီတွင်း ရွေးကောက်ပွဲမှာ မပြိုင်ခင်ထဲက ရှုံးဖို့ သေချာနေခဲ့တာပါ။

ဒါပေမယ့် လစ်ဇ်ချေနီက သူ့မိန့်ခွန်းမှာပြောခဲ့တဲ့အတိုင်းပဲ ရာထူး နဲ့ နိုင်ငံတော်အပေါ် သစ္စာ စောင့်သိမှုကို မလဲနိုင်ဘူးဆိုတဲ့ အခြေခံမူအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး အရှုံးကို ရင်ဆိုင်ခဲ့ တယ်။

လစ်ဇ်ချေနီက သူ့မိန့်ခွန်းမှာပဲ “ ဇန်နဝါရီ ၆ ရက်နေ့ မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်မှုတွေကို အားလုံးလက်တွဲဆန့်ကျင်ရမယ်။ ဒီလို လုပ်ရပ်မျိုးကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာ ပြရမယ်။ ကျွန်မတို့ နိုင်ငံသမိုင်းမှာ ဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ် ကို လေ့လာပြီး နောက်တစ်ကြိမ်ဒါမျိုးမဖြစ်အောင် ကာကွယ်ရမယ်” လို့ပြောခဲ့တယ်။

ဒါ့အပြင် “ ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကော်မရှင်နဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ ( Electoral College) တို့ က ကြီးကြပ်ဆုံးဖြတ်၊ လိုအပ်ရင် တရားရုံးတွေက ပြန်လည် သုံးသပ် ရတာပါ။ လုပ်ကြံစွပ်စွဲ မှုတွေ ကို အသုံးချပြီး မတရားတဲ့နည်းနဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးဖို့ ကြိုးစား သူတွေကို အရေးယူဖို့ပျက်ကွက်ရင် နောင်ရွေးကောက်ပွဲတွေအတွက် အစဉ်အလာဖြစ် သွား လိမ့်မယ်၊ အဲဒါဆိုရင် အမေရိကန်နိုင်ငံ ပျက်စီးသွားလိမ့်မယ်” လို့ သတိပေးခဲ့တယ်။

ထရမ့် အနေနဲ့ လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကင် သမ္မတ လောင်းအဖြစ် ဝင်ပြိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေတော့ လစ်ဇ်ချေနီရော ရီပတ်ဘလီကင် သမ္မတ လောင်းအဖြစ်အရွေးခံရဖို့ ပါတီတွင်းအကြိုရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာလားဆိုတဲ့ မေးခွန်းတွေ လည်း ပေါ်ထွက်နေ တယ်။ သူဝင်ပြိုင်ရင် နိုင်ဖို့အလားအလာတော့မရှိဘူး။ ဒါပေမယ့် ရီပတ်ဘလီ ကင် သမ္မတလောင်းတွေ မဲဆွယ်ပွဲ ကာလ တစ်လေ ျှာက်လုံးမှာတော့ လစ်ဇ်အနေနဲ့ ထရမ့်ကို ဝေဖန် ထောက်ပြခွင့်၊ ထရမ့် နဲ့ စကား စစ်ထိုးခွင့်တွေရနေမှာဖြစ်ပြီး ထရမ့်ရဲ့ လုပ်ရပ်တွေကို ရီပတ်ဘလီ ကင်ပါတီဝင်တွေသာမက တစ်နိုင်ငံလုံးက မဲဆန္ဒရှင်တွေ သိအောင် ပြောဖို့ အခွင့် အရေး ရမှာဖြစ် ပါတယ်။

လစ်ဇ်ချေနီက သူ့မိန့်ခွန်းထဲမှာ “ကျွန်မဟာ ထရမ့် နောက်တစ်ကြိမ်သမ္မတ မဖြစ်ဖို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်သွား မယ်” လို့ ကတိပေးခဲ့တာဟာ အထက်မှာ ဖော်ပြခဲ့သလို လုပ်ဆောင်ဖို့ အတွက် ဆုံးဖြတ်ထားကြောင်း သတင်း စကား ပါးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

လစ်ဇ်ချေနီ က “ပါတီတွင်းအကြိုရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် ကျွန်မတို့ရဲ့ တကယ့် အလုပ်တွေက အခုမှ စတင်မှာဖြစ်ပါတယ်။” လို့ပြောခဲ့တဲ့အတိုင်း ဝိုင်ယိုမင်း ပြည်နယ် ပါတီတွင်းရွေးကောက်ပွဲဟာ လစ်ဇ်ချေနီရဲ့ နိုင်ငံရေးခရီးအဆုံးမဟုတ်၊ ထရမ့် နဲ့ လစ်ဇ်ချေနီ စီးချင်းထိုးပွဲ အစ ဖြစ်တယ်ဆိုရင် မှားမယ်မထင်ဘူး။

သာပြော လုပ်လွဲ

တစ်နေ့က အမေဂျမ်း အကြောင်းရေးရင်းနဲ့ တပ်မတော်သား ဘ၀ မှာ ဆုံခဲ့ဖူးတဲ့ လုပ်ဖော်ကိုင် ဘက်တွေကို အကြောင်း စဉ်းစားမိတယ်။ တပ်မတော်သားဘ၀ ဆိုတာက တပ်ရင်း တပ်ဖွဲ့ အမျိုး မျိုး မှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရတာဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ ကြုံရတာပဲ။ နောက်ပြီး တပ်ရင်းအဆင့်မှာဆိုတာက လုပ်ငန်းသဘောသဘာဝအရ အတူနေ ၊ အတူစား၊ အတူ သွား၊ အတူအိပ် ရတဲ့အချိန်က ပိုများတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကြတာပေါ့။

ဒါ့ကြောင့် ကိုယ့်အထက်အရာရှိတွေထဲမှာရော၊ လက်အောက်တပ်ဖွဲ့ဝင်တွေထဲမှာရော၊ အဆင့်တူ လုပ်ဖော်ကိုင်ဘက်တွေထဲမှာပါ နမူနာယူလေးစားလောက်တဲ့ သူများနဲ့ ကြုံခဲ့ဖူးသလို တာဝန်အရ သာ တွဲလုပ်ရပေမယ့် ကိုယ်ပေါင်း စိတ်ခွာနေခဲ့ရသူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ပြုံးစရာ အမူ အကျင့်ရှိသူတွေနဲ့ လက်တွဲခဲ့ရသလို ပြန်မပြောချင်လောက်အောင် စိတ်ပျက်စရာ အမူ အကျင့် ရှိသူတွေနဲ့ လည်း တွဲခဲ့ရဖူးတယ်။

တစ်ခါမှာတော့ ကျွန်တော်ဟာ အသစ်ဖွဲ့စည်းစ တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရတယ်။ အသစ်ဖွဲ့စည်းတာဖြစ်တဲ့အတွက် တပ်ရင်း တပ်ဖွဲ့ အသီးသီးက အရာရှိတွေ၊ ရဲဘော်တွေ တပ်ရင်း အသစ်မှာလာစုကြတာပေါ့။တပ်ရင်း တည်ထောင်စဆိုတော့ စစ်ဆင်ရေး ၊ လုံခြုံရေး တာဝန်တွေ မထမ်းဆောင်ရ သေးဘူး။ တပ်ရင်းတည်ဆောက်ရေးအတွက်ပဲ လုပ်နေတဲ့အချိန်ပါ။

အဲဒီမှာ အရာရှိ စစ်သည်အများစုက အခုမှ စတွေ့ကြတာဆိုတော့ ကိုယ့်အကြောင်း သူမသိ၊ သူ့ အကြောင်း ကိုယ်မသိ၊လုပ်ရင်းကိုင်ရင်းနဲ့လက်အောက်ကလည်းအထက်ကို ၊ အထက်ကလည်း လက်အောက် ကို အကဲဖြတ်ရတာပေါ့။

တစ်ချို့သူတွေကတော့ အရင်တပ်ရင်းတုန်းက အဖြစ်အပျက်တွေကို ဖုံးထားပြီး ခြောက်ပြစ် ကင်း သဲလဲစင် ပုံစံ ဖမ်းနေတာလည်းရှိတယ်။ ဒါပေမယ့် မကြာပါဘူး၊ အဲဒီတပ်ရင်းက ထပ်ပြောင်း လာတဲ့ စစ်သည်တွေရောက်လာပြီး ဖုံးထားသမ ျှ ပေါ်သွားတာလည်း ရှိတယ်။ တစ်ချို့ကတော့ အရင် တပ်ရင်းက ရလာတဲ့ ကောင်းတဲ့အတွေ့အကြုံတွေကို တပ်ရင်းအသစ်မှာ အသုံးချနိုင်အောင် စိတ် ကောင်းစေတနာနဲ့ ကြိုးစားတာလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပါပဲ။

အဲဒီတပ်ရင်းမှာ ထူးထူးခြားခြား စကားအလွန်ပြောတဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ သူ စကားပြောတာကတော့ လက်အောက် စစ်သည်တွေတင် မဟုတ်ဘူး၊အထက်အရာရှိတွေပါ ဆလံသရတယ်။ ဆရာကြီးက တပ်ကြပ်ကြီး ဆိုတော့ သူ့တပ်စု တင်မကဘူး၊ တာဝန်ကြပ်ကြီး တာဝန်ယူရတဲ့နေဆိုရင် အခြားတပ်ခွဲက စစ်သည်တွေကိုပါ အလုပ်တာဝန်ခွဲတာ၊ တပ်ရင်း အတွင်း လှည့်လည် စစ်ဆေးစီမံခန့်ခွဲတာတွေလုပ်ရတာပေါ့။ ဒီတော့ သူ့စကားဒဏ်ကို သူ့တပ်စု၊ သူ့တပ် ခွဲတင်မဟုတ်ဘူး၊ တပ်ရင်းတစ်ရင်းလုံးခံရတော့တာပဲ။

ဆရာကြီးက စကားပြောရတာ ဝါသနာအလွန်ကြီးတော့ စကားပြောဖို့ အခွင့်အရေးရရင် မရပ် တော့ဘူး။ သူ့ရှေ့မှာ ရဲဘော်တွေကို တန်းစီပြီးပြီဆိုတာနဲ့ စပ်မိစပ်ရာ အကုန်ပြောတော့တာပဲ။ တစ်ခါ တစ်လေ သူက တဆင့် အထက်အရာရှိကို တန်းအပ်ရမှာ
ဖြစ်ပေမယ့် သူပြောချင်တာတွေ ပြောနေတာနဲ့ တန်းအပ်တဲ့ အဆင့်ကို မရောက်တော့ဘူး။ နောက်ဆုံး စောင့်နေတဲ့ အရာရှိက “ ကဲ ဆရာကြီး ရပါပြီ၊ တန်းအပ်ပါတော့၊ လုပ်စရာရှိတာ ဆက်လုပ်ရအောင် ” ဆိုပြီး ပြောမှ ဆရာကြီး မိန့်ခွန်းအဆုံးသတ်တော့တယ်။

ဆရာကြီး စကားကြောရှည်ပုံကတော့ ရဲဘော်တွေကြားမှာ ပြောစမှတ်တွင်တယ်။ တစ်ခါက သင် တန်းသွားမယ့် ရဲဘော်တွေကို တန်းစီပြီး မှာလိုက်တာ ရထားပါ လွတ်သွားတယ်။ တာဝန်ကြပ်ကြီး အနေနဲ့ လိုင်းခန်းတွေ လိုက်ကြည့်ရင်း တွေ့တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို ရပ်စကား ပြောလိုက်တာ ထမင်းအိုးတောင်ပျက်သတဲ့။

တကယ်တော့ စကားများတဲ့သူတိုင်း စိတ်ပျက်စရာကောင်းတာတော့မဟုတ်ဘူး။
အတွေ့အကြုံ ၊ ဗဟုသုတ ကြွယ်ဝတဲ့သူတွေဆိုရင်တော့ ဘယ်လောက်ပြောပြော နားထောင်လို့ မငြီးဘူးပေါ့။ ဒါပေ မယ့် ခက်တာက ကျွန်တော်တို့ ဆရာကြီးက အဲဒီလို အတွေ့အကြုံ ဗဟုသုတ ရှိသူလည်း မဟုတ် ပြန်ဘူး။ ဖတ်ဖူးတဲ့ မှတ်ဖူးတဲ့ စာတိုပေစလေးတွေ၊ မပြည့်မစုံ အတွေ့အကြုံလေးတွေကိုပဲ အကြိမ် ကြိမ် ပြန်ပြောနေတာ။ ရဲဘော်တွေက နားထောင်ရတာများလာတော့ ဆရာကြီး စကားစလိုက် တာနဲ့ ဘာပြီးရင် ဘာပြောတော့မယ်ဆိုတာ အလွတ်တောင်ရနေပြီ။

နောက်ပြီး နည်းနည်းသိတဲ့သူက လုံးလုံးမသိတဲ့သူထက် အန္တရာယ်ကြီးတယ် ဆိုတာ အမှန်ပဲ။ ဆရာကြီး ကို ဦးဆောင်ပြီး လုပ်ခိုင်းလိုက်တိုင်း လွဲတာများတယ်။ အထက်အရာရှိက ညွှန်ကြား လိုက်တာက တစ်မျိုး၊ ဆရာကြီးက ဒါမျိုးဆိုတာက ဒီလိုလုပ်ရတာ၊ ငါသိတာပေါ့ ဆိုပြီး အောက်ကို ဆက်ခိုင်းလိုက်ရင် တစ်လွဲဖြစ်ပြီး အစက ပြန်လုပ်ရတာများတယ်။ ကြာတော့ ရဲဘော်တွေက ဆရာ ကြီး တစ်ခုခု ခိုင်းပြီးဆိုရင် “ ခဏစောင့်ဦး၊ ဗိုလ်ကြီးလာရင် ဘာပြောဦး၊ ဘာပြင်ဦးမလဲ မသိဘူး” ဆိုပြီး ယောင်ပေပေနဲ့ အချိန်ဆွဲနေတာများတယ်။

ဆရာကြီးကတော့ ကိုယ့်အကြောင်း ကိုယ်သိပုံမရ၊ ဒါမှမဟုတ် သိပေမယ့် မသိဟန်ဆောင်ပြီး နေ သလား မပြောတတ်ဘူး။ ထင်ရာမြင်ရာ ပြော ၊ အလွဲလွဲအချော်ချော် လုပ်တာကို မပြင်ဘူး။ ဒီလို နဲ့ နောက်ဆုံးတော့ ရဲဘော်တွေက ဆရာကြီးကို “ အပြောကတော့ သာပါရဲ့၊ အလုပ်မဖြစ်ဘူး” ဆိုတဲ့ သဘောနဲ့ “ သာပြော ၊လုပ်လွဲ” ဆိုပြီး ကင်ပွန်းတပ်လိုက်တယ်။ အတိုကောက်ကတော့ “ ဆရာ ကြီး သာပြော” ပေါ့။ နောက်တော့ ကျွန်တော်တို့ကပါ ဆရာကြီး သာပြော ဆိုတာကို အသိအမှတ် ပြုပြီး “ ဆရာကြီး သာပြော နဲ့ လုပ်မှာဟ၊ သေသေချာချာလိုက်ကြည့်ဦး” ဆိုပြီး အချင်းချင်း သတိ ပေးရတာမျိုးဖြစ်လာတယ်။

ကျွန်တော် အဲဒီတပ်ရင်းက ပြောင်းလာပြီးနောက်ပိုင်းမှာ ဆရာကြီး သာပြော နဲ့ မတွေ့တော့ ဘူး။ ဒါပေမယ့် အခုတစ်လော သူ့ကို ပဲ သတိရနေမိတယ်။ တစ်ချိန်ကတော့ ဆရာကြီးကို ပြောင် စရာ နောက်စရာ အဖြစ် သဘောထားခဲ့ပေမယ့် ဘဝမှာ သူလို လူစား အများကြီး ကြုံခဲ့ပြီးတဲ့ နောက် ဆရာကြီးကို အပြစ်မမြင်တော့ဘူး။ ဒါ့ကြောင့် အခုအချိန်များ ဆရာကြီးနဲ့ ပြန်တွေ့ရင် “ ဆရာကြီး သာပြော ရေ၊ ဆရာကြီးက ဘာဟုတ်သေးလို့တုန်း၊ ကျွန်တော်တော့ မောင်သာဆိုး နဲ့ တွေ့ဖူးပြီ” လို့ ပြောပြချင်တယ်။

အမေဂျမ်း

xxx ဒီနေ့ ဒီရက် ဒီအချိန် ဒီနာရီ မှာ ဒီသား ဒီသမီး ဒီမိသားစု ကိုယ်စိတ်ချမ်းသာ၊ စီးပွား လာဘ်လာဘများ ပြည့်စုံပြီး အလှုရေစက် လက်နဲ့မကွာ လှုနိုင်ပါရစေ၊ လုပ်ငန်းခွင်များ လည်း အောင်မြင်ပါရစေ၊ အောင်မြင်အောင်လည်း အမေကြီးစောင့်ရှောက် ပေးပါ ၊ ထီးရောက် နန်းရောက် ခစားတဲ့ အချိန်က စပြီး ထူးခြားပါစေ၊ သာယာပါစေ၊ အောင်မြင်ပါစေ၊လေး မျက်နှာ လေးတံခါးဖွင့်ပါ။ ကိုးမျက်နှာ ကိုးတံခါးဖွင့်ပါ၊ ဆယ်မျက်နှာ ဆယ်တံခါးဖွင့်ပါ။ မစပါ အမေ၊ စောင့်ရှောက်ပါအမေxxxx

နန်းထိန်းကြီးရဲ့ အသံက လေးလေးမှန်မှန်ပေါ်ထွက်နေတယ်။ နန်းထိန်းကြီး ပူဇော်ပသနေတဲ့ အမေ ဆိုတာက “ အမေဂျမ်း” နတ်ပါ။

ဒီနန်းက အမေဂျမ်း နန်းရင်း ၊ တံတားဦးမြို့နယ် အေးကြည်ရွာမှာရှိတယ်။ နေပြည်တော်- မန္တလေး အမြန်လမ်းအတိုင်း နေပြည်တော်က လာရင် မိုင်တိုင် ၃၄၇ အကျော် လမ်းညာဘက် အခြမ်းမှာ “မန္တလေးတိုင်း၊ တံတားဦး မြို့နယ်၊ အေးကြည်ရွာ၊ အမေဂျမ်းနန်းရင်း” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အေးကြည်ရွာကို အေးကြည်ကုန်းရွာလို့လည်းခေါ်တယ်။ ဒါပေမယ့် ဆိုင်းဘုတ်မှာ ရေးထားတဲ့ တရားဝင် အမည် ကတော့ အေးကြည်ရွာပဲ။ အဲဒီဆိုင်းဘုတ်ကနေ ကိုက် တစ်ရာလောက် မောင်းဝင်လိုက်ရင် အေးကြည်ရွာ ထိပ်ကို ရောက်မယ် ၊ ရွာထိပ်ကနေ ဘယ်ဘက်ကို ချိုးဝင်ပြီးမောင်းလိုက်ရင် အမေဂျမ်း နန်းရင်း ကို ရောက်ပါတယ်။

ကျွန်တော်နဲ့ အမေဂျမ်းနတ် က မစိမ်းပါဘူး။ ၂၀၀၁၊ ၂၀၀၂ ကျွန်တော်တို့ တပ်ရင်း တံတားဦး လေယာဉ်ကွင်း လုံခြုံရေး တာဝန်ယူရချိန်ထဲက အမေဂျမ်း နဲ့ တွေ့ခဲ့တာပါ။

ကျွန်တော်တို့ တပ်မတော်သားအများစုကတော့ တာဝန်အရ နယ်မြေ ဒေသမျိုးစုံကို ရောက်တဲ့ အခါ သက်ဆိုင်ရာဒေသခံများရဲ့ အစဉ်အလာ ယုံကြည်ကိုးကွယ်မှုတွေ၊ ရိုးရာဓလေ့ထုံးစံတွေကို အလေးထား အသိအမှတ်ပြုပြီး တတ်နိုင်သလောက် ပါဝင်ဆောင်ရွက် လေ့ရှိပါတယ်။ ကိုယ်က ဧည့်သည်ဖြစ်တဲ့အတွက် အိမ်ရှင်များရဲ့ ဓလေ့ထုံးစံကို လေးစား လိုက်နာရတယ်။ တကယ်လို့ ကိုယ်ယုံကြည် ကိုးကွယ်တဲ့ ဘာသာရဲ့ အဆုံးအမနဲ့ မကိုက်ညီဘူးလို့ ယူဆ ဖွယ်ရာရှိရင်တောင် စော်ကားသလို မဖြစ်အောင် စောင့်ထိန်းပေးကြပါ တယ်။ အဲဒီလို လုပ်ဆောင် တဲ့ အတွက် အိမ်ရှင်ရော၊ ဧည့်သည်မှာ နေထိုင်သွားလာလုပ်ကိုင်ရတာ စိတ်ရှင်း၊ စိတ်သန့်တာ ပေါ့။

တံတားဦးက အမေဂျမ်းနယ်မြေ။ တကယ်တော့ အမေဂျမ်း နန်းရင်း နဲ့ အေးကြည်ကုန်း ရွာမူလ နေရာက အခု တံတားဦးလေယာဉ်ကွင်းနယ်မြေထဲမှာရှိတာ၊ လေယာဉ်ကွင်းစီမံကိန်း အကောင်အထည်ဖော်မှ အခု ရွာသစ်နေရာကို ရွှေ့ပြောင်းခံရတာ။ ဒါ့ကြောင့် လေယာဉ်ကွင်း ဝန်ထမ်းတွေက လုံခြုံရေးတာဝန်ယူမယ့် ကျွန်တော့်ကို အမေဂျမ်း နန်းကို သွားဖို့ တိုက်တွန်း တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း အေးကြည်ရွာက အမေဂျမ်းနန်းရင်းကို ရောက်ခဲ့တယ်။ နန်းထိန်း အမေကြီးနာမည်က ဒေါ်စိန်တဲ့။ အသက်ငါးဆယ်ကျော်၊အညာသူကြီးပါပဲ။ သူ့ရှေ့ နန်းထိန်းက ဖွားအေးသင် ၊ အဒေါ်တော်တယ်။ သားသမီးမရှိတဲ့အတွက် ဒေါ်စိန်ကို လွှဲပေးခဲ့တာ။ ထုံးစံ အတိုင်း ကြက်သားဟင်း၊ လက်ဖက်အသား၊ ထန်းရည်ဆက်တယ်။ ပါလာတဲ့ ဒေသခံက နန်းထိန်း ကို ဘယ်သူဘယ်ဝါပါဆိုတာကို ရှင်းပြ၊ အမေဂျမ်းကို ပင့်ပြီး ကျွန်တော်တို့ တပ်ရင်းကို အပ်ပေး ဖို့ ပြောတယ်။

ကျွန်တော်က အဲဒီအချိန်ထိ နတ်ဝင်တယ်၊ နတ်ပူးတယ်ဆိုတာမျိုးကို မကြုံဘူးတော့ ဘာတွေ မြင်ရ၊ ကြားရမလဲဆိုပြီး အတော်စိတ်ဝင်စားတယ်။ တကယ်ပဲ အမေဂျမ်း ဝင်လာသလား မဝင် လာ သလားတော့ မသိဘူး။ ဒါပေမယ့် ပထမတွေ့နေရတဲ့ ရိုးရိုးအေးအေး အညာသူ နန်းထိန်းကြီးဟာ လေသံရော၊ မျက်နှာအမူအရာပါပြောင်းသွားတာတော့ အမှန်ပဲ။

အမေဂျမ်း ဆိုတာက သိတဲ့အတိုင်းပဲ။ စကားအပြောအဆို ကြမ်းတမ်းတာဆိုတော့ မလွယ်ဘူး။ ပထမပိုင်းကတော့ မဆိုးလှဘူး။ နောက်ပိုင်းမှာတော့ ဆူဆူဆဲဆဲ သတိပေးတော့တာပဲ။ ကျွန် တော့်ရှေ့က တာဝန်ထမ်းဆောင်သွားသူတွေ လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ပြောတာလည်း ပါရဲ့။ ကျွန်တော်ကို ရွာသူရွာသားတွေကို ဒုက္ခမပေးဖို့ သတိပေးတာလည်း ပါရဲ့။

အမေဂျမ်း စိတ်တိုတာလည်း မဆန်းပါဘူး။ အဲဒီအချိန်က အေးကြည်ကုန်းရွာက ရွှေ့ပြီးတာ မကြာ သေးဘူး။ လေယာဉ်ကွင်းနေရာမှာ ရှိတဲ့ လယ်တွေ၊ ယာတွေ အကုန်ထားခဲ့ရတယ်။ လေ ျှာ်ကြေး လည်းမရဘူး။ အခု လက်ရှိနေရာကို ရောက်တော့လည်း မူလရှိပြီးသားရွာတွေရဲ့ စိုက်ပျိုးမြေတွေ ပေါ်မှာ အကွက်ရိုက်ပြီးနေရာချပေးတာဆိုတော့ မူလဒေသခံတွေကလည်း မကြည်ဖြူဘူး။ နောက်ပြီး ပစ္စည်းတွေရွှေ့တော့လည်း ဘုန်းတော်ကြီးကျောင်းနဲ့ နတ်နန်းကိုသာ အပြည့်အစုံ ရွှေ့ပေးတာ။ ကျန်တဲ့အိမ်တွေက ကားတစ်စီးတစ်ခေါက်ပဲ ရတယ်။ ကျန်တာ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သယ်ရတယ်။ အဲဒီအချိန်က အမြန်လမ်းလည်းမရှိသေးတော့ တံတားဦး- ကျောက်ဆည် လမ်းဘက်က လှည့်ပတ်လာရတော့ မလွယ်လှဘူး။

ဒီတော့ “ လူလို မှ နတ်လို၊ နတ်လိုမှ ဂြိုလ်မ ” ဆိုတဲ့ စကားအတိုင်း သူ့ဒေသကလူတွေ စိတ်မချမ်းသာ တော့ အမေဂျမ်းလည်း ဒေါသထွက်တော့တာပေါ့။ နောက်ဆုံး ဆူလို့ ပူလို့ အားရ၊ ကျွန်တော်ကလည်း စိတ်ချပါ၊ ထုံးတမ်းစဉ်လာတွေကို မစော်ကားပါဘူး။ ရွာကိုလည်း စောင့်ရှောက် ပါ့မယ် ကတိတွေပေးပြီးတဲ့အခါ အမေဂျမ်းလည်း ပြန်ထွက်သွားတော့တယ်။ အမေဂျမ်း ပြန်သွားတော့ နန်းထိန်း အမေကြီး ကလည်း သူမဟုတ်သလိုပဲ။ ဘာပဲဖြစ်ဖြစ် တံတားဦး လေယာဉ်ကွင်းမှာ တာဝန် ထမ်းဆောင်စဉ်ကာလမှာတော့ ဘာပြဿနာမှ မရှိဘဲ ပြီးသွားခဲ့တယ်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဌာန တာဝန်နဲ့ ကျောက်ဆည်၊တံတားဦးဘက်ရောက်ရင်း အမေဂျမ်း နန်းကို ရောက်ခဲ့တယ်။ ဒီတစ်ခါတော့ အမြန်လမ်းပေါက်နေပြီ။ ရွာသူရွာသားတွေလည်း အရောင်း အဝယ်လုပ်၊အလုပ်အကိုင် အခြေအနေကောင်းနေပုံပဲ။ လေယာဉ်ကွင်းအတွက်အသိမ်းခံရတဲ့မြေ တွေ လျော်ကြေးပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ အရင်က တံတားဦးမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်ဆိုပြီး မိတ်ဆက်၊ ရိုးရာအစဉ်အလာအတိုင်းလုပ်သင့်တာလုပ်တယ်။ ဒီတစ် ခါတော့ အမေဂျမ်း ဒေါသမကြီးတော့ဘူး။ လူလို မှ နတ်လို ဆိုတာကိုး။

ဒီတစ်ခေါက် မန္တလေးဘက်ခရီးသွားဖို့ ကြုံလာတော့ အမေဂျမ်း နန်းကို သတိရပြီး ဝင်ခဲ့တယ်။ ဆု တောင်းဖို့လည်းမရှိ၊ စောင့်ရှောက်ဖို့အတွက် အပ်နှံစရာအကြောင်းလည်းမရှိဘူး။ နေခဲ့ဖူးတဲ့ ဒေသ တစ်ခုကို ပြန်ရောက်တဲ့အခါ ဆွေမျိုးသားချင်း ကြီးဒေါ်ကြီးကို ဝင်ဂါရ၀ ပြုတဲ့ သဘောပါပဲ။

နန်းကို ရောက်တော့ နန်းထိန်းက အမေစိန်ပဲ။ အခုတော့ အသက် ၇၀ကျော်နေပြီ။ လှုပ်ရှားတာ တောင် သွက်သွက်လက်လက်မရှိလှတော့ဘူး။ နန်းအကြောင်းမေးတော့ ပြီးခဲ့တဲ့ နှစ်နှစ်ကတော့ နတ်ပွဲ မလုပ် နိုင်ခဲ့ဘူး။ ဒီနှစ်ကတော့ မနက် ၇ နာရီ ကနေ ညနေ ၆ နာရီအထိပဲ ကျင်းပတယ်။ အရင်လို တစ်ညလုံး ကတာမရှိတော့ဘူး။ ညအိပ် ဧည့် သည်လည်း လက်မခံဘူး။ ကိုဗစ် မဖြစ် ခင် နှစ်တွေလိုတော့ မစည်ဘူးပေါ့လို့ ဆိုတယ်။ ရွာ စီးပွားရေးရော ဆိုတော့ ဒီလိုပါပဲ တဲ့။ အေးချမ်းရဲ့ လားဆိုတော့ ဒီလိုပါပဲ တဲ့။ ဒီလိုပါပဲ ဆိုတာ အများနည်းတူပေါ့ ဆိုတဲ့ သဘောထင်ပါရဲ့။

အမေစိန်ကို ကျွန်တော် အရင်က တံတားဦး လေယာဉ်ကွင်းမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အကြောင်း၊ အမေဂျမ်းဆီမှာ ကျွန်တော်တို့တပ်ဖွဲ့ကို စောင့်ရှောက်ဖို့အပ် ဖူးတဲ့အကြောင်း ပြော ပြီး နန်းထုံးစံအတိုင်း ပူဇော်ပသရာမှ လုပ်ဆောင်ရမယ့် ကိစ္စတွေကို အပ်လိုက်တယ်။

အမေစိန်က “လေယာဉ်ကွင်း မှာနေဖူးတယ်ဆိုတော့ အမေကြီးကို ပင့်ဦးမလား” လို့ မေးတယ်။ ကျွန်တော်က မပင့်ပါနဲ့တော့၊ ပူဇော်ပသတာပဲလုပ်ပေးပါလို့ ပြန်ပြောလိုက်တယ်။ တော်ကြာ အမေဂျမ်း ဒေါသထွက်ပြီး ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေအတွက်ပါ ရောပြီး အဆဲခံနေရရင် မလွယ်ဘူး။ လူလိုမှ နတ်လို ၊ နတ်လိုမှ ဂြိုလ်မ ဆိုတော့ အခုအချိန်ဆို အမေဂျမ်း ဒေါသထွက် နေမှာ သေချာတယ်။ အမေဂျမ်းဒေါသကို ရင်မဆိုင်ရဲလို့သာ၊ တကယ်တော့ အမေဂျမ်း အေးကြည်ရွာကနေ နေပြည်တော်ဘက်လည်း တစ်ခေါက်တစ်ကျင်းသွားပါဦးလို့ ပြောချင်တာ။