တရုတ်တန်း နံနက်ခင်း

ကျွန်တော့်ကို မနက် ဘယ်နေရာမှာ လမ်းလေ ျှာက်လဲ လို့ မေးလို့ ကြုံရာ လေ ျှာက်တယ်လို့ ဖြေတဲ့ အခါ နောက်ပြောတယ်လို့ထင်ကြတယ်။ တကယ်လည်း စိတ်ကူးပေါက်တဲ့ နေရာကို သွား တာပါ။ တွေးတွေး ဆဆ နေချင်တဲ့ မနက်ဆိုရင် ပန်းခြံတစ်ခုခုကို သွားတယ်။ ဘဝတွေကို မြင်ချင်တယ်၊ အသံတွေကို ကြားချင်တယ်၊ လူတွေကြားမှာ တိုးတိုးဝှေ့ဝှေ့ သွားချင်တယ် ဆိုရင် ရန်ကုန်လမ်းတွေပေါ်မှာ၊ ရပ်ကွက်ဈေးတွေထဲမှာ လေ ျှာက်သွားတယ်။ လမ်းမလေ ျှာက်ချင် ဘူးဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားလုပ်တယ်။

မနေ့ ( စနေနေ့ ) မနက်က ဝါးတန်းလမ်းနဲ့ ဗိုလ်ရွဲ လမ်းကြား အသွားအပြန်လေ ျှာက်တယ်။ လမ်းမကြီးတွေပေါ်မှာ လေ ျှာက်တယ်။ လမ်းသွယ် တွေထဲလည်း ဝင်တယ်။ တရုတ်တန်းမှာ စိတ်ဝင်စားစရာတွေအများကြီးရှိတယ်။မေးခွင့် ရေးခွင့် သာရမယ်ဆိုရင် ပစ္စည်းမျိုးစုံ ပြည့်သိပ်နေတဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲကနေ ရောင်းဝယ် ဖောက်ကားနေတဲ့ သူတွေ အကြောင်း သိချင်တယ်။ ဆွေစဉ်မျိုးဆက် တရုတ်မုန့်တွေ ရောင်း လာတဲ့ ဆိုင်တွေအကြောင်း ရေးချင်တယ်။ ဘုံကျောင်းတွေ၊ တရုတ်အသင်းအဖွဲ့တွေ အကြောင်း သိချင်တယ်။ ယိုင်နဲ့ နေတဲ့ နှစ်ထပ် အိမ်အိုတွေ သမိုင်းကို စူးစမ်းချင်တယ်။ အဲဒီ အိမ်တွေကို ပြန်လည်ထိန်းသိမ်း ဖို့ အစီအစဉ် ရှိမရှိ သိချင်တယ်။ ပလက်ဖောင်းပေါ်က ကုန်စိမ်းသည် တွေ၊ သားငါးသည်တွေ ရဲ့ အရင်းအနှီးကိစ္စ လေ့လာချင်တယ်။ မဟာဗန္ဓုလ လမ်းပေါ်မှာ တန်းစီနေ တဲ့ ရွှေဆိုင်တွေရဲ့ ကျန်းမာရေးကို မေးကြည့်ချင်တယ်။

တရုတ်တန်း ပလက်ဖောင်းဟာ ရောင်းသူ ၊ ဝယ်သူတွေနဲ့ အပြည့်။ “ အားလုံးကောင်းပါ သည် ခင်ဗျား” လို့ ပြောချင်သူတွေ အကြိုက်ပေါ့။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာ လှုပ်ရှားနေသူတွေ အားလုံးဟာ အတိတ်မေ့နေသူတွေ၊ အနာဂတ်ကို မေ ျှာ်မှန်းကြည့်နိုင်စွမ်း မရှိ သူတွေ၊ ခံစားချက် မဲ့နေတဲ့သူတွေ မဟုတ်ဘူး။ ငါ့ဝမ်းပူဆာ မနေသာ၊ မလုပ်ရင် မဖြစ်လို့ လုပ်နေရတာကို ပျော်လို့ လုပ်နေ တယ်လို့ ပုံသေ တွက်လို့မရဘူး။ လူတွေရဲ့ စိတ်ကို ဖတ်နိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမားဟာ အောင် မြင်တာပဲ ဆိုတဲ့ စကားကို သတိရမိတယ်။ တစ်ခုတော့ ရှိတယ်၊ ဖတ်နိုင်စွမ်းရှိပေမယ့် ဖတ်ရဲတဲ့ သတ္တိရှိဖို့လည်း လို သေးတာပဲ။ ဖတ်လည်း မဖတ်တတ်၊ ဖတ်တတ်ဖို့လည်း မကြိုးစား၊ ဖတ်ရဲ တဲ့ သတ္တိလည်း မရှိဘူး ဆိုရင်တော့ ခက်ပြီပေါ့။

တရုတ်တန်း မဟာဗန္ဓုလ လမ်းပလက်ဖောင်းပေါ်က ကုန်စိမ်းသည်တွေ၊ အသားငါးဆိုင်တွေ၊ လမ်းဘေးဈေးသည်တွေ အတွက် ကတော့ ဘဏ်ပြဿနာတွေက သူတို့ နဲ့ ဆိုင်ပုံမရဘူး။ သူတို့ လက်ငင်းငွေသားနဲ့ပဲ ရောင်းတော့ % တွေဘာတွေ တွက် ဖို့မလိုဘူး။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ လူတွေ အသုံးအစွဲကျပ်တဲ့ ပြဿနာကတော့ သူတို့ နဲ့ ဆိုင်တယ်။ လူတွေချွေတာတော့ သူတို့လည်း အရောင်းပါးတာပေါ့။ ခေါက်ဆွဲဖတ်၊ မုန့်ဟင်း ခါး ဖတ်တွေရောင်းတဲ့ အမျိုးသမီးကြီးကတော့ “ မုန့်ဖတ်တွေရမယ်၊ အလကားပေးနေတယ်နော်” ဆိုပြီး ခပ်ရွဲ့ရွဲ့ အော်နေတယ်။

လမ်းဘေးမှာ တက္ကစီတွေရပ်၊ ကားသမားတွေစုပြီး စကားပြောနေကြတယ်။ ဆီ ကားသမား တွေ နားသွားလိုက်ရင် ဆီဈေးက တက်၊ ခရီးသည်က ပါး၊ ခရီးသည်ရပြန်တော့ ခရီးသည်ကလည်း အရင် ဆီဈေး နဲ့တုန်းက ဈေးတွေမှတ်ထားပြီး ကားခ တိုးမပေးချင်တဲ့အကြောင်းပြောသံ ကြားရမယ်။ အုံနာတွေလည်း ကိုဗစ် ပထမလှိုင်းထဲကနေ အုံနာခ လေ ျှာ့ယူပေးတာ အရင် တစ်သောင်းပတ်ချာလည်ကနေ အခု ငါးထောင်၊ခြောက်ထောင်ပဲရတော့ လို့ အော်နာ ဘ၀ ရောက်နေတဲ့ အကြောင်း သိရမယ်။ နောက်ဆုံး မှာ ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်ဆိုပြီး ဆဲသံနဲ့ အဆုံးသတ်မယ်။

Gas ကားသမားတွေကတော့ အခြေအနေကောင်းမှာပါလို့ မတွေးနဲ့။ သူတို့က Gas ဖိုး သက်သာ ပေမယ့် အုံနာခက အရင်အတိုင်း တစ်သောင်းပတ်လည်၊ အခုတစ်လော မီးပျက်လို့ ဘာလို့ ညာလို့ နဲ့ ဆိုင်မှာ တစ်ခါတန်းစီရင် နှစ်နာရီ။ ပြီးတော့ အခု နောက်ပိုင်း Gas တွေက အရည် အသွေး မမှန်တော့လို့ အရင် က တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါမှ ( သူတို့အခေါ်) Gas ပြန်ချိန်ရတာ ကနေ အခု ထည့်ပြီးတာနဲ့ ဝပ်ရှော့ ပြေးပြီး ပြန်ချိန်ရတဲ့ အကြောင်း ကြားရမယ်။ တစ်ခါ တစ်လေ မနက်တစ်ခါ ညနေတစ်ခါ ဝပ်ရှော့သွားနေရလို့ ဝပ်ရှော့ဆရာကတောင် အားနာပြီး တစ်ခေါက် စာ ပဲ ပိုက်ဆံယူ တော့တဲ့ အကြောင်း ဟာသနှော ပြောတာ နားထောင် ရမယ်။ ဆီကား နဲ့ Gas ကား ဝေဒနာ မတူပေမယ့် ကောက်ချက်ဆွဲတာတော့ တူတယ်။ နောက်ဆုံးမှာ အဆဲလေးတော့ ပါတာပဲ။

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဥမ္မာခင်ကိုတော့ လမ်းပေါ်က လူတွေ ကြောက်ပုံ မရဘူး။ လမ်းသွားလမ်းလာတွေ၊ ဈေးရောင်းသူတွေထဲမှာ Mask မတတ်သူတွေအများကြီးပဲ။ သေ ရေး ထက် နေရေးခက်တယ် ဆိုတာ မှန်သလိုပဲ။ လူတွေလည်း နေ့စဉ် ဘဝရပ်တည်နိုင်ရေးကိုပဲ ဦးစားပေးနေရတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းစည်းမျဉ်း ဆိုတာကိုလည်း ခေါင်းထဲ မထည့်တော့ဘူးထင်ပါရဲ့။ ခက်တာက ကိုဗစ် စည်းကမ်းစည်းမျဉ်း ဆိုတာကလည်း ဟိုတစ်ချိန်က ဟိုလူ လုပ်လို့ အရေးယူပေမယ့် ဒီအချိန်မှာ ဒီလူလုပ်တဲ့အခါ ကင်းလွတ်ခွင့်ရနေတာဆိုတော့ လူတွေလည်း အခြေအနေ ကြည့်လုပ်နေကြသလား မဆို နိုင်ဘူး။

သစ်သီးသည်တစ်ယောက်ကတော့ ဆိုင်နီးနားချင်းကို သူ့သမီး ၈ တန်း ကျောင်း သူ အတန်းမှာ ကျောင်းသားသုံးဆယ်လောက်ရှိတာ၊ ဥမ္မာခင်ကြောင့် ရှစ်ယောက်လောက်ပဲ ကျောင်းတက် တော့ တယ်။ ဆရာ၊ ဆရာမတွေကတော့ ဥမ္မာခင်ကြောင့် ကျောင်းပိတ်တယ် လို့လည်း တရားဝင် မပြော ဘူး။ ဒါပေမယ့် တက်ပါလို့လည်း အတင်းမခေါ်ဘူး၊ လာတက်ရင်တော့ စာသင်ပေးတယ်၊ ဆရာ တွေလည်း တစ်လှည့်စီဖျားနေကြသတဲ့။ ဒီတော့ ကလေးကို ကျောင်းလွှတ်ရမလား ၊မလွှတ် ဘဲထားရမလား မသိဘူးဆိုပြီး တိုင်ပင်နေလေရဲ့။

မဟာဗန္ဓုလလမ်းအတိုင်း လေ ျှာက်လာရင်း ၂၁ လမ်းထိပ် ရောက်တော့ ၂၁ လမ်းမှာ ဘဲ ပေါင်း ဆီချက် ကောင်းတဲ့ ဆိုင် ရယ်၊ ဝက်ခြေထောက်စွပ်ပြုတ်ကောင်းတဲ့ ဆိုင်ရယ် အကြောင်း ဖတ် ဖူးတာ သတိရလို့ အဲဒီဆိုင်တွေကို ရှာမယ်ဆိုပြီး လမ်းထဲ ချိုးဝင်လိုက်တယ်။

လမ်းထိပ်မှာက နာမည်ကြီး SP Bakery ဆိုင်ရှိတယ်။ သူ့ဘေး ပလက်ဖောင်းမှာ မုန့်ဟင်းခါး ၊ ထမင်းကြော်ရောင်းတဲ့ဆိုင်နှစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်တွေနဲ့ မျက်စောင်းထိုး ညာဘက် လမ်းဘေး မှာ ဆိုင်တစ်ဆိုင်၊ တိုက်နံရံကို မှီပြီး စားပွဲလေးတွေချထားတယ်။ မုန့်ဖတ်တွေ၊ အကြော်တွေ ထည့်ထားတဲ့ မှန်ပုံး လေးတစ်ခု၊ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်အိုးတစ်လုံး၊ ဒန်အိုးတစ်လုံးတွေ့တယ်။ အဖီလိုလုပ်ထားတဲ့ အမိုးလေးအောက်မှာ “ဒိန်ချဉ်ရပြီ” ၊ “နွားနို့ရပြီ” ၊ “ ရွှေတောင် ခေါက်ဆွဲရပြီ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေတွဲလောင်းချိတ်ထားတယ်။ စပို့ရှပ် အနက်၊ ဘောင်းဘီရှည် အနက်၊ ရှေ့ဖုံးခါးစည်း လိမ္မော်ရောင် တူညီဝတ်စုံ နဲ့ ဝန်ထမ်း သုံးလေးယောက် တွေ့တယ်။ အမိုးလေး ရဲ့ အပေါ်မှာတော့ “ SHOOTELAY မုန့်ဟင်းခါး” ဆိုတဲ့ ဆိုင်းဘုတ်သေးသေး လေး ရှိတယ်။

ဆိုင်နာမည် နဲ့ ဝန်ထမ်းတွေပုံစံကြည့်ပြီး စိတ်ဝင်စားသွားတယ်။ ဘဲပေါင်းဆီချက် အစီအစဉ်ကို စွန့်လွှတ်ပြီး ဝင်ထိုင်လိုက်တယ်။ ဆိုင်မှာ ထိုင်လိုက်မှ ဒီဆိုင်က လမ်းဘေးဆိုင်မဟုတ် ဘူး ဆိုတာ တွေ့ရတယ်။ တိုက်နံရံမှာ သံဘာဂျာတံခါးနဲ့ ဝင်ပေါက်တစ်ခုရှိတယ်။ အဲဒီဝင်ပေါက် အတိုင်း ဝင်လိုက်ရင် ဘယ်ဘယ်အခြမ်းမှာ ဆိုင်ခန်းကျယ်ရှိတယ်။ အပြင်က ကြည့်ရင် အထဲမှာ ဆိုင်ခန်း အကျယ်ရှိမယ်လို့မထင်ရဘူး။

ကျွန်တော်ကတော့ ဆိုင်အပြင် ပလက်ဖောင်းပေါ်က ခုံမှာပဲထိုင်တယ်။ စားသောက်ဖွယ်ရာ စာရင်းကြည့်လိုက်တော့ မုန့်ဟင်းခါးအပြင် နို့စိမ်း ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ ထမင်းကြော်၊ ထမင်းဖြူနဲ့ ဝက်သား၊ ထမင်းဖြူ နဲ့ ကြက်သား ၊ လက်ဖက်ထမင်း စတာတွေရတယ်။ မုန့်ဟင်းခါး ဆိုင်ဆိုပြီး နာမည်တတ်ထားတော့ မုန့်ဟင်းခါး ပဲ မှာလိုက်တယ်။

ဆိုင်ထဲကနေ လူလတ်အပိုင်းအရွယ် အမျိုးသားတစ်ယောက်ထွက်လာတယ်။ ပေါက်စီ ပုံးကြီး မလာပြီး ဝန်ထမ်းတစ်ယောက်နဲ့အတူ နေရာချနေတယ်။ ပြီးတော့ ကျွန်တော့်ကို ဘာလို သေး လဲ လို့လာမေးရာက စပြီးစကားပြောဖြစ်တယ်။ သူက ဆိုင်ပိုင်ရှင်၊ တရုတ်လူမျိုးစစ်စစ်၊ မုန့်ဟင်းခါး က ကိုယ်တိုင်ချက်တာ တဲ့။ အစားအသောက်ဝါသနာပါလို့ ဒီဆိုင်ကို ဖွင့်တာ၊ ဆိုင်နာမည် “ SHOOTELAY” ဆိုတာ တရုတ်ဘာသာနဲ့ “ရှုးတီလေး” မြန်မာလို “ညီလေး” ကို ပြောတာဆိုပြီး ရှင်းပြတယ်။

လူနာမည်၊ မြို့နာမည် ကို အစွဲပြုပြီး ပေးလေ့ရှိတဲ့ မုန့်ဟင်းခါးဆိုင်နာမည်ကို အင်္ဂလိပ် လို ပေး ထားတော့ နည်းနည်းထူးခြားနေတာပေါ့။ နောက်တစ်ခါ အင်္ဂလိပ်ဘာသာနဲ့ ရေးထားပေမယ့် အင်္ဂလိပ် ဝေါဟာရ မဟုတ်ဘူး။ တရုတ်ဝေါဟာရကို အင်္ဂလိပ်လို အသံထွက်ရေးထားတာ ဆိုတော့ ပို ထူူးခြား လာတာပေါ့။ နောက်ဆုံးမှာ ဗမာ မုန့်ဟင်းခါးကိုချက်သူက တရုတ်လူမျိုး ဆိုတော့ အလွန် ထူးခြား သော မုန့်ဟင်းခါးဆိုင် ဖြစ်သွားပြီး “တစ်နေ့သ၌ ကျွန်ု်ပ်သည် နံနက်စောစော စိတ်ကူးတည့်ရာ လေ ျှာက်သွားရင်း အလွန်ထူးဆန်းသော မုန့်ဟင်းခါးဆိုင်လေးကို မမေ ျှာ်လင့်ပဲ တွေ့ခဲ့ရ သည်” လို့ ရေးရတော့မှာပဲ။

ဆိုင်ပိုင်ရှင်က ၁၇ လမ်းမှာလည်း ကုန်စုံဆိုင်ရှိတယ်။ အခုဆိုင်ကို ၂၀၂၁ ဇန်နဝါရီလကမှ ဖွင့်တာ၊ ဖွင့်ပြီး မကြာဘူး၊ တကယ့် အချိန်နဲ့ တွေ့တာပဲ လို့ပြောတယ်။

စီးပွားရေး လုပ်ငန်းတစ်ခုကို တိုးချဲ့ ဖို့ ဆုံးဖြတ်တယ်ဆိုတာကိုက လက်ရှိ အခြေအနေကို ကျေ နပ်လို့၊ အနာဂတ်ကို အကောင်းမြင်လို့ ဆုံးဖြတ်တာပဲပေါ့။ ဒါပေမယ့် သူဆိုင်စဖွင့်တဲ့ အချိန် နဲ့ စာရင် အခြေအနေတွေက အများကြီးပြောင်းလဲသွားခဲ့ပြီပဲ။ အကောင်းဘက်ကို ပြောင်းသ လား၊ အဆိုး ဘက်ကို ပြောင်း သလားဆိုတာ ငြင်းခုန်ဖို့တောင်မလိုတော့ဘူး။ ဘယ်လောက် ဆိုးမလဲဆို တာကိုပဲ စိတ်ပူရတဲ့ အဆင့်ရောက်နေပြီလို့ထင်တာပဲ။ သူ့ပြောတာတွေကို နားထောင် ရင်း ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေ အကြောင်း တွေးမိတယ်။

မုန့်ဟင်းခါး ရောက်လာတယ်။ ဟင်းရည်က ငါးများများနဲ့ ချက်ထားတဲ့ အရသာပဲ။ ကိုယ်တိုင် က အချိုမှုန့် ရှောင်တဲ့ သူဖြစ်တဲ့အတွက် ဟင်းရည်က အချိုမှုန့် နိုင်းချင်းနဲ့ ဟင်းရည်မဟုတ်ဘူး ဆိုတာတော့ ခံစားလို့ရတယ်။ သို့သော် ကျန်တဲ့မုန့်ဟင်းခါးဆိုင် အားလုံးကို ထိုးဖောက် ကျော်လွှား သွားနိုင် တဲ့ လက်ရာမျိုးတော့မဟုတ်ဘူး။

ဒီဆိုင်လေးက အပြင်အဆင် သပ်ယပ်သန့်ရှင်းတယ်။ ဈေးကလည်း အများစုလက်လှမ်းမီတဲ့ ဈေးနှုန်းပါပဲ။ ဒါပေမယ့် ဒီပတ်ဝန်းကျင်မှာ အမျိုးအစားတူ ဟင်းလျာတွေကို ရောင်းတဲ့ ဆိုင်တွေ အများကြီး ဆိုတော့ ဖောက်သည်အသစ်တွေရဖို့တော့ အတော်ရုန်းကန်ရမှာသေချာတယ်။

တကယ်တော့ ဝင်ပေါက် ကျဉ်းကျဉ်းလေးကြောင့် လ ျှို့ဝှက်ဖုံးကွယ်ထားသလို ဖြစ်နေတဲ့ အခန်းလေး နဲ့ သူ့ဆိုင် ဟာ မုန့်ဟင်းခါး ဆိုင်ထက် ကော်ဖီဆိုင်လေး ဖွင့်ဖို့ကောင်းတဲ့နေရာပါ။ ကိုယ်တွေးမိတာကို ဆိုင်ပိုင်ရှင်ကို ပြောဖို့ စဉ်းစားသေးတယ်။ နောက်တော့ ဆိုင်ရှင်ဟာ အရောင်း အဝယ်လောက ထဲက လာတဲ့သူ၊ တရုတ်တန်းမှာနေတဲ့သူပဲ။ ဆိုင်မဖွင့်ခင် သူလေ့လာထား တာတွေ၊ သူ့ရည်ရွယ်ချက်တွေ ရှိမှာပါ။ ငါက ဆိုင်မှာ ခဏလေး ထိုင်ပြီးတာနဲ့ အားလုံး သိတယ် ဆိုတဲ့ ပုံစံမျိုး မပြောသင့်ဘူး ဆိုတာ သတိရပြီး ဘာမှ မပြော တော့ဘူး။

ဆိုင်ကထွက်လာတော့ ပြန်ကြားရေးမှ တာဝန်ယူစဉ်က “လိုအပ်သည်များ ညွှန်ကြားခဲ့ သည်။” ဆိုတဲ့ စာသားကို အားပါးတရ ရေးခဲ့တာတွေ သတိရပြီး မလိုအပ်ဘဲနဲ့ လိုအပ်သည်များ ညွှန်ကြား ခဲ့တာ ဘယ်လောက်များခဲ့ပါလိမ့်လို့ စဉ်းစားမိတယ်။

စာမေးပွဲကျခြင်း

ဒီစာကို လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရေးခဲ့တာပါ။ ကိုယ့်ကို ကိုယ် ထင်တစ်လုံးနဲ့ ငါလုပ်ရင် ဖြစ်ပါတယ်ဆိုပြီး လုပ်မိလို့ ရတဲ့သင်ခန်းစာအကြောင်းပေါ့။ အခု တော့လည်း ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အထာကျကျ ကားပါကင်ထိုးတတ်နေပါပြီ။

လူတစ်ယောက်ဟာ ငါ အရာရာအားလုံးကို မသိနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုတာကို လက်ခံနိုင်ရင် သူ့ အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အဆင်ပြေတာပေါ့။

======================================
စာမေးပွဲကျခြင်း

ဝန်ကြီးတာဝန်က အနားယူရင် ဘာလုပ်မလဲလို့ ကွန်မန့်ရေးသူတစ်ယောက်ကမေးတော့ ရန်ကုန်က အငြိမ်းစားအများစုလို ကလေးကျောင်းပို့၊ လက်ဖက်ရည်ဆိုင်ထိုင် လုပ်မည် ဟု ဖြေခဲ့ဖူးသည်။

ကျွန်တော်က တာဝန်နဲ့ နေပြည်တော်မှာ၊ မိသားစုက ကလေးတွေကျောင်းတက်ဖို့ ရန်ကုန် မှာဆိုတော့ ကလေးကျောင်းပို့ကျောင်းကြို အလုပ်က ကျွန်တော်နဲ့ သိပ်မဆိုင်သလို ဖြစ်နေ ခဲ့တာကြာပြီ။ နောက်ရာထူးတိုးလာတော့ နေ့ခင်းဆို ကားသမား၊ ညဆို ဇနီးဖြစ်သူက ကျူရှင်ပို့ကြို၊ ဂိုက်ပို့ကြိုလုပ်သည်။

ပြီးခဲ့တဲ့ သုံးရက်ကတော့ ကျွန်တော်တို့ မိသားစု ဌာနက ပေးထားတဲ့ တိုက်ခန်းကနေ တာဝန်က အနားယူပြီးချိန်တွင်နေမည့်တိုက်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျွန်တော်ကတော့ ဒီနေ့ညနေ နေပြည်တော်ကနေ ရန်ကုန်ကိုရောက်သည်နှင့် ဒီနေ့ည သမီးရဲ့ ဂိုက်ဆရာမကို ပြန်ပို့မယ့် တာဝန်ကို ယူလိုက်သည်။ ဇနီးဖြစ်သူက စိတ်မချလို့ သူပါဆင်းလိုက်လာသည်။ အကြောင်းပြ ချက်ကတော့ ကားဝင်ထွက် ပါကင်ထိုးရတာ ခက်သည်။ လုပ်နေမကျရင် မလွယ်ဘူးပေါ့။

ဒီစကားက ကျွန်တော့်မာနကို ထိခိုက်လိုက်တာပဲ။ ကားမောင်းလာတာ နှစ်သုံးဆယ်ကျော်ခဲ့ ပြီလေ။ ပါကင်ထိုးတာ ဘာခက်လို့တုန်း။ တိုက်ခန်းအောက်ဆင်းလိုက်တော့ ကားက ခပ်လှမ်းလှမ်း လွတ်တဲ့နေရာမှာ ရပ် ထားသည်။ တစ်ဖက်မှာ ပန်းရုံနဲ့သံတိုင်တစ်ခု၊ တစ်ဘက်မှာ ကားတစ်စင်း၊ ဘယ်ညာ မှာ တစ်ထွာလောက်ပဲလွတ်သည်။ ကားရှေ့တည့်တည့် လမ်းတစ်ဖက်ခြမ်းမှာ အလျားလိုက် ရပ်ထားသော ကားတစ်စီး။

ခပ်တည်တည်နဲ့ ကားပေါ်တက်၊ဘယ်ကွေ့သည်။ ရပ်ကြည့်နေသည့် ဇနီးနဲ့ သမီးထံမှ အော်သံထွက်လာသည်။ ဘေးက ကားနဲ့ ကျွန်တော့်ကား နောက်ပိုင်း လက်တစ်လုံး လောက်ပဲ လိုတော့သည်။ ရှေ့က ကားနဲ့လည်း ခေါင်းမလွတ်။ ရှေ့တိုးနောက်ဆုတ် ၊ အောက်သံတွေကြားမှာ သုံးခါလောက်လုပ်တော့လည်း ကားထွက်လို့မရ၊ ပိုဆိုးတာ က လမ်းအတိုင်း ဝင်လာသည့် ကားသုံးစီးလောက်က ကျွန်တော် ရှေ့တိုး နောက်ဆုတ်လုပ် တာကို စောင့်နေရသည်။ ချွေးပြန်လာသည့် ကျွန်တော် အကောင်းဆုံးဆုံးဖြတ်ချက်ကို ချလိုက်သည်။
အဲဒါကတော့ သော့ပိတ်၊ ကားပေါ်ကဆင်းပြီး ကားသော့ကို ဇနီးဖြစ်သူထံ လွှဲပေးလိုက် ခြင်းပဲဖြစ်သည်။ သူကျတော့ သူ့အထာနဲ့ သူ နှစ်ခါလောက်ရှေ့တိုးနောက်ဆုတ် လုပ် ပြီး လွတ်ထွက်သွားသည်။ ဒီတော့မှ ကျွန်တော်က ဘေးခုံမှာ ရို့ရို့လေးဝင်ထိုင်ပြီး ရပ်ကွက် အထာကားမောင်းခြင်းကို လေ့လာရတော့သည်။

ဆရာမပို့ပြီး အပြန်လမ်းထဲရောက်တော့ ကျွန်တော်နဲ့အသင့်တော်ဆုံးအလုပ်ကို လုပ် သည်။ အဲဒါကတော့ ကားပေါ်ကဆင်းပြီး ဇနီးဖြစ်သူ ပါကင်ထိုးရာတွင် လွတ်မလွတ် ကြည့်ပေးခြင်း ပဲဖြစ်သည်။

ရပ်ကွက်ထဲက ပထမဆုံးညမှာ ကားပတ်ကင်ထိုးသည့် စာမေးပွဲ ကျွန်တော် ကျရှုံးပါ သည်။ အထာကျအောင် အတော်ကြိုးစားရပါဦးမည်။

လမ်းခွဲချိန်

အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် အားလုံး နဲ့ အထက်လွှတ်တော် အမတ် သုံးပုံတစ်ပုံကို နှစ်နှစ်တစ်ကြိမ်ရွေးတယ်။ သမ္မတ ရွေးကောက်ပွဲ အပြီး နှစ်နှစ် အကြာ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သမ္မတ သက်တမ်းရဲ့ ထက်ဝက်မှာ ကျင်းပတာဖြစ်လို့ သက်တမ်း လယ်ရွေးကောက်ပွဲ Mid Term Election လို့ခေါ်တယ်။ လာမယ့် ၂၀၂၂ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်ရဲ့ သက်တမ်းလယ်ရွေးကောက်ပွဲ ကျင်းပမယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော် အမတ် ၄၃၅ နေရာအနက် ဒီမိုကရက် ပါတီက ၂၂၂ နေရာ၊ ရီပတ်ဘလီကင်ပါတီက ၂၁၂ နေရာ နိုင်ထားပြီး လစ်လပ် တစ်နေရာရှိတယ်။ အထက် လွှတ် တော်အမတ် ၁၀၀ နေရာမှာ ပါတီ နှစ်ခု ငါးဆယ် စီ ရထားတယ်။ ဒါပေမယ့် အထက် လွှတ် တော်ဥက္ကဋ္ဌ ဖြစ်တဲ့ ဒီမိုကရက် ဒုတိယသမ္မတ က အနိုင်မဲ ပေးခွင့်ရှိ တဲ့အတွက် ဒီမိုကရက် ပါတီက လွှတ်တော် နှစ်ရပ်လုံးမှာ အများစုပါတီဖြစ်နေတယ်။

အမေရိကန်နိုင်ငံရေးလောကအစဉ်အလာအရ သက်တမ်းလယ်ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ပါတီက လွှတ် တော်နေရာ အတော်များများ လက်လွှတ်ရလေ့ရှိတဲ့အတွက် ရီပတ်ဘလီကင် ပါတီက ၂၀၂၂ ရွေး ကောက်ပွဲမှာ အနည်းဆုံး အထက်လွှတ်တော်မှာတော့ အများစု နေရာ ပြန်ရဖို့ မေ ျှာ်လင့်နေတယ်။ လက်ရှိ အခြေအနေမှာ သမ္မတ ဘိုင်ဒန်အပေါ် လူထု ထောက်ခံမှုက လည်း ၄၀% ပဲ ရှိတဲ့ အတွက် ရီပတ် ဘလီကင်တွေအားတက်စရာဖြစ်နေတယ်။

ဒီလို အခြေအနေမှာ အမေရိကန်နိုင်ငံရေးလောက ရဲ့ ဆူးလှည်းကြီး သမ္မတ ဟောင်း ထရမ့်က နိုင်ငံရေးဇာတ်ခုံပေါ်ကို ပြန်တက်ဖို့ ကြိုးစားလာတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတဟောင်း ထရမ့် ရဲ့ ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ “ Save America ” က သူတို့မှာ ရန်ပုံငွေ ဒေါ်လာ ၁၂၂ သန်း ရှိတယ်။ အဲဒီ ငွေတွေကို လာမယ့် ၂၀၂၂ သက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲအတွက် သုံးမယ်လို့ ကြေညာခဲ့တယ်။

အစဉ်အလာအားဖြင့် အမေရိကန် သမ္မတ ဟောင်းတွေဟာ ရွေးကောက်ပွဲ တွေ မှာ သူတို့ပါတီ ရွေးကောက်ပွဲကော်မတီ အတွက် ရန်ပုံငွေရှာပေးတာ၊ တစ်ချို့လွှတ်တော် ကိုယ်စားလှယ် လောင်း တွေရဲ့ မဲဆန္ဒနယ်မှာ ကိုယ်တိုင် စည်းရုံးရေးဆင်းပေးတာကို လုပ်လေ့ ရှိပေမယ့် ထရမ့် လုပ်သလို ကိုယ်ပိုင် ရန်ပုံငွေ ထူထောင်ပြီး ကိုယ်ကြိုက်တဲ့သူ ပေးမယ် ဆိုတာ မျိုးတော့ လုပ်လေ့မရှိဘူး။ ထရမ့်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ သူကြိုက်တဲ့ ရီပတ် ဘလီကင် အမတ်တွေ လွှတ်တော် ထဲရောက်အောင်လုပ်မယ်။ သူမကြိုက်တဲ့ သူ့အဆို အမေရိကန် မျိုးချစ် စစ်စစ်မဟုတ်တဲ့ အမတ် တွေ လွှတ်တော်ထဲမရောက်တောင် တားမယ် လို့ ပြောင်ပြောထား တယ်။

ထရမ့်ရဲ့ မဟာဗျူဟာက သူ့ကို ထောက်ခံတဲ့ ရီပတ်ဘလီကင် အမတ်တွေဆိုရင် ရွေးကောက်ပွဲ ရန်ပုံငွေ ကူမယ်။ သူကိုယ်တိုင် ဆင်းပြီးမဲဆွယ်ပေးမယ်။ သူ့ကို ဝေဖန်တဲ့၊ မထောက်ခံတဲ့အမတ် တွေဆိုရင် ရွေးကောက်ပွဲ အကြို ပါတီတွင်း ကိုယ်စားလှယ်လောင်းရွေးပွဲမှာ ထရမ့်ဘက်သား နဲ့ ပြိုင်တိုက်မယ်။ လွှတ်တော်နှစ်ရပ်လုံးမှာ သူ့လူတွေ များများရောက်ရင် အဲဒီအားကို ယူပြီး ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကင် သမ္မတ လောင်းအဖြစ် ထပ်ပြိုင်မယ်။

ရွေးကောက်ပွဲရှုံးသွားတဲ့ အမေရိကန် သမ္မတ တစ်ယောက်ဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ မှာ သမ္မတ လောင်းအဖြစ် ပြန်ပြိုင်တယ်ဆိုတာ အစဉ်အလာမရှိတဲ့ ကိစ္စပဲ။ ဒီလို အစဉ် အလာ မဟုတ်တဲ့ ကိစ္စကို ထရမ့် ဘာ့ကြောင့်လုပ်ရသလဲ။ အဓိက ကတော့ ထရမ့် ရဲ့ အရှုံးကို လက်မခံနိုင်တဲ့ အတ္တမာနကြောင့်ပဲ။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာရှုံးတော့ ဒီမိုကရက်တွေ ဘက်က မဲခိုးတယ်ဆိုပြီး စွပ်စွဲ တယ်။ ဥပဒေကြောင်းအရ ကန့်ကွက်ဖို့ လုပ်ဆောင်ချက်တွေ အားလုံး ပယ်ချခံရတော့ လွှတ် တော်က သမ္မတရွေးကောက်ပွဲရလဒ်ကို တရားဝင်အတည်ပြုမယ့်နေ့ ၂၀၂၀ ဇန်နဝါရီလ ၆ ရက် နေ့ မနက်ပိုင်း ဝါရှင်တန်မြို့တော်မှာ လူထု အစည်းအဝေးလုပ်ပြီး သူ့ဘက်တော် သားတွေကို လွှတ်တော်ကိုဝိုင်းပြီး ဆန္ဒပြဖို့ တိုက်တွန်းခဲ့တယ်။ “ ခင်ဗျားတို့ အသေအကြေ တိုက်ပွဲ မဝင်ဘူး ဆိုရင် အမေရိကန်နိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဆိုပြီး မြှောက်ပေး တယ်။

ဒီလိုနဲ့ ထရမ့်ကို ထောက်ခံသူတွေဟာ လွှတ်တော်ကို အတင်းဝင်စီးတယ်။ လွှတ်တော် အစည်းအဝေးခန်းမတွေ၊ ရုံးခန်းတွေကို ဖျက် ဆီးပစ်ခဲ့တယ်။ အစည်းအဝေးလုပ်နေတဲ့ အမတ် တွေ တိမ်းရှောင်နေရတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံသမိုင်းမှာ အကျည်းတန်ဆုံးဖြစ်ရပ်ပဲ။ ရွေးကောက် ပွဲအရှုံးကို လက်မခံနိုင်လို့ ဖြတ်လမ်းနည်းနဲ့အာဏာယူဖို့ ကြိုးစားတယ်ဆိုတာ အမေရိကန် သမိုင်းမှာ မရှိခဲ့ဖူးဘူး။ ဒ့ါကြောင့်လည်း ဇန်နဝါရီ ၆ ရက်နေ့ အဖြစ်အပျက်ဟာ အဓိကရုဏ်းအဆင့် မဟုတ် ဘူး။ ထရမ့်ဘက်တော်သားတွေရဲ့ ပုန်ကန်ထကြွမှုဖြစ်တယ်လို့ မှတ်တမ်း တင်ခံရတာဖြစ်ပါ တယ်။ ဒီဖြစ်စဉ်မှာ ထရမ့်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို တိတိကျကျ ဖော်ထုတ် နိုင်ဖို့ အတွက် လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီက ကြိုးစားနေဆဲပဲ။

အမေရိကန် ပြည်သူအများစုကတော့ ထရမ့် ကို လက်ယာအစွန်းရောက်တဲ့၊ လူမျိုးရေး ခွဲခြားစိတ် ပြင်းထန်တဲ့ ၊ အာဏာငန်းဖမ်းတဲ့ ၊ စာရိတ္ထမဏ္ဍိုင် ခိုင်မာမှုမရှိတဲ့ နိုင်ငံရေးသမားလို့ မြင်တယ်။ ဒါ ပေမယ့် ဒေဝဒတ်မှာလည်း သူ့ပရိသတ် နဲ့ဆိုသလိုပဲ ရီပတ်ဘလီကင်ပါတီထဲမှာလည်း ထရမ့် ပရိသတ်က မနည်းလှဘူး။ ၂၀၂၀ ဒီဇင်ဘာလမှ လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ခုမှာ ရီပတ် ဘလီကင်ပါတီဝင်ထဲက သုံးပုံတစ်ပုံကျော်ဟာ ၂၀၂၀ မှာ ဒီမိုကရက်တွေ မဲခိုးလို့ ထရမ့်ရှုံး ရတာလို့ ယုံ ကြည်နေဆဲဆိုတာကို တွေ့ရတယ်။ ထရမ့်က အဲဒီလူတွေ အားကိုးနဲ့ ရီပတ် ဘလီကင် အမတ်တွေကို ခြိမ်းခြောက်နေတာဖြစ်တယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ဖြစ်ရပ်ဟာ ဒီမိုကရေစီနည်းမကျဘူး။ ထရမ့်ဟာ အမေရိကန်ရဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို ဖျက်ဆီးတဲ့သူပဲ ဆိုတာ ရီပတ်ဘလီကင် အမတ်တွေ သိတယ်။ ဒါပေမယ့် အမတ် အများစုဟာ ရွေး ကောက်ပွဲအကြိုကာလမှာ ထရမ့် ရဲ့ နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုကို မခံချင်လို့ နှုတ်ပိတ် နေကြရတယ်။ ဒုသမ္မတဟောင်း မိုက်ခ်ပန့်စ် လို၊ အထက်လွှတ်တော် ရီပတ်ဘလီကင် ခေါင်း ဆောင်မစ်ခ်ျ မက်ကောနယ်လ် လို အရှိန်အဝါကြီးတဲ့ လူတွေလောက်ပဲ ထရမ့်ကို ဝေဖန်ရဲတယ်။

တကယ်တော့ ရီပတ်ဘလီကင် ပါတီဆိုတာ သမ္မတ လင်ကွန်းရဲ့ ပါတီ၊ သမ္မတ လင်ကွန်းက ရီပတ် ဘလီကင်ပါတီကနေ ပထမဆုံးရွေးချယ်ခံရတဲ့ သမ္မတ၊ အမေရိကန်နိုင်ငံမှာ ကျွန် စနစ်ကို ဖျက်သိမ်းဖို့ လုပ်ခဲ့တဲ့ပါတီ၊ လူမည်းအခွင့်အရေးကို ဦးဆောင်ဖော်ထုတ်ခဲ့တဲ့ ပါတီ။ ဒါ ပေမယ့် ၂၀ရာစုရောက်ချိန်ကစလို့ ရီပတ်ဘလီကင်ပါတီဟာ လင်ကွန်းရဲ့ တန်ဖိုးတွေနဲ့ တဖြေး ဖြေးဝေးကွာလာခဲ့တာ ထရမ့်လက်ထက်ရောက်တော့ လက်ယာအစွန်းရောက်ပါတီဘဝရောက်လု နီးနီး ဖြစ်လာနေပြီး ပြည်သူတွေက အမျိုးသားခေါင်းဆောင်တစ်ယောက် ဦးဆောင်ခဲ့ဖူးတဲ့ အဖွဲ့အစည်းဆိုတာ တောင်မေ့သွားကြပြီ။ သမိုင်း အစဉ်အလာကြီးတဲ့ အဖွဲ့အစည်းတစ်ခု မိမိ မူလ တန်ဖိုးတွေ၊ ဂုဏ်သိက္ခာတွေ ဆုံးရှုံး ပျက်စီးတော့မယ့် အခြေအနေကို မြင်နေရတာ စိတ်မကောင်းစရာပဲ။

ဒါ့ကြောင့် ရီပတ်ဘလီကင်ပါတီခေါင်းဆောင်တွေဟာ ကိုယ့်အဖွဲ့အစည်းရဲ့ မူလတန်ဖိုးတွေ၊ ဂုဏ်သိက္ခာတွေကို ပြန် အဖတ်ဆယ်ချင်တယ်ဆိုရင်တော့ ထရမ့်နဲ့ လမ်းခွဲရလိမ့်မယ်။ ၂၀၂၂ ရွေးကောက်ပွဲ ဆိုတဲ့ ရေတို အကျိုးစီးပွားတစ်ခုထဲကို ကြည့်နေဖို့ မသင့်တော့ဘူး။ ရွေးကောက်ပွဲ ရှုံးလို့ ပါတီပျက်မသွားနိုင်ဘူး။ လမ်းစဉ်မှားရင်တော့ ပါတီပျက်သုဉ်းသွားလိမ့်မယ်။ သမိုင်းမှာ မိုက်မဲ တဲ့ ခေါင်းဆောင်ကြောင့်အဖွဲ့အစည်း တစ်ခုလုံး ကျဆုံးသွားရတဲ့ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပြီပဲ။

ကိုးကားချက်

၁။ စီအင်န်အင်န် သတင်း ၇ ဖေဖော်ဝါရီ ၂၀၂၂

၂။ ဂါဒီးယန်းသတင်းစာ ၁၃ ဖေဖော်ဝါရီ ၂၀၂၂

ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား

မြောက်ပိုင်း မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတ Stevo Pendarovski ဟာ ဒေါင်း ရောဂါ လက္ခဏာ ခံစားနေရတဲ့ ၁၁ နှစ်အရွယ် ကျောင်းသူလေး တစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တိုင် ကျောင်း ပို့ခဲ့တယ်။

အဲဒီကျောင်းသူလေးကို သူ့ရောဂါ အကြောင်းပြုပြီး ကျောင်းမှာ အနိုင်အထက် ပြုကျင့်မှုတွေရှိ တယ် ဆို တဲ့ သတင်းတွေပေါ်ထွက်လာပြီးတဲ့နောက် သမ္မတ Stevo Pendarovski ဟာ ကျောင်းသူလေး နဲ့ သူ့မိဘ တွေကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သလို ကလေးငယ်လေးကိုလည်း ကိုယ်တိုင်လက်ဆွဲ ပြီး ကျောင်းပို့ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတက လူတိုင်းဟာ မိမိရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်ရှိသလို အခြားသူတစ်ဦးရဲ့ အခွင့်အရေးကိုလည်း လေးစား ရမယ်၊ ဒုက္ခရောက်နေသူတွေကို စာနာမှုပေးနိုင်ရမယ်၊ ကျွန်တော်တို့အနေနဲ့ ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကိုမှ လက်မခံ နိုင် ကြောင်း ထင်ထင်ရှားရှား ပြသရမယ်လို့ ပြောခဲ့တယ်။

သမ္မတ Stevo Pendarovski ၏ အပြုအမူက နိုင်ငံ့ခေါင်းဆောင်ဆိုတာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေကို ကျော်လွှားနိုင်ဖို့အတွက် ကြံ့ခိုင်တဲ့ နှလုံးသားရှိဖို့လိုသလို တစ်ဖက်မှာလည်း ပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာနားလည်ပေးနိုင်သော နူးညံ့တဲ့ နှလုံးသားလည်း ရှိဖို့ လိုအပ်တယ် ဆိုတာကို သက်သေပြလိုက်တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း နိုင်ငံ့ခေါင်းဆောင်တွေဟာ သဘာဝဘေးကြောင့်၊ စစ်ဘေးကြောင့်၊ ကပ်ရောဂါ ဘေးကြောင့်၊ စီးပွားရေးပျက်ကပ်ကြောင့်၊ ချစ်ခင်ရသူတွေနဲ့ သေကွဲ/ရှင်ကွဲ ကွဲကွာရမှုကြောင့် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ လူတွေကို သွားရောက် တွေ့ဆုံ အားပေး စကားပြောတာ၊ ကူညီတာ တွေကို အလေးထားလုပ်ဆောင်နေကြတာဖြစ် ပါတယ်။

အင်မတန် ခက်ထန် မာကျော အာဏာစက်ပြင်းပါတယ်ဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လို အာဏာ ရှင်တောင်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့ အာဏာရ ကိုရီးယား အလုပ်သမား ပါတီ ၇၅ နှစ်မြောက် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ မြောက်ကိုရီးယားပြည်သူ လူထု ခံစားနေရတဲ့ စားဝတ်နေရေးကျပ်တည်းမှု ပြဿနာကို ပြေလည် အောင်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ တဲ့အတွက် တောင်းပန်ပါတယ်လို့ ထည့်သွင်းပြောကြားပြီး မျက်ရည်ကျ ခဲ့တယ်။

ဒီလို လုပ်ရပ်တွေကို နိုင်ငံရေး စတန့်ထွင် တာသက်သက်ပဲလို့ ပြောတဲ့သူတွေလည်း ရှိ မှာပါ။ ဒါ ပေမယ့် စာနာမှု ရှိကြောင်း စတန့်ထွင် ပြသဖို့ နားလည်တာက ဘာမှ မဖြစ်သလို၊ မသိသလို ဟန်ဆောင်နေတာ ထက် တောာ့ ပိုကောင်းပါတယ်။

ကိုးကားချက်
စီအင်န်အင်န် ၁၁ ဖေဖော်ဝါရီ ၂၀၂၂ သတင်း
ဂါးဒီးယန်းသတင်းစာ ၁၂ အောက်တိုဘာ ၂၀၂၀

ခေါင်းဆောင်နဲ့ အတ္တမာန

ဒီစာကို လွန်ခဲ့တဲ့ ငါးနှစ် ၂၀၁၇ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရေးခဲ့ပေမယ့် အခု အချိန်ထိ ခေတ်မီ နေဆဲဖြစ်တဲ့အတွက် ပြန်မ ျှဝေလိုက်ပါတယ်။

ခေတ်ကာလ အခြေအနေပေါ် မူတည်ပြီးခံစားချက်တွေကို အက်ဆေးပုံစံ စာလေးတွေနဲ့ ရေးခဲ့တာ အခုမှ မဟုတ်ဘူး။ ဦးသိန်း စိန်အစိုးရလက်ထက်မှာလည်း “ ကြိုက်သွားမှာပါ” နဲ့ “ တံခါးများ” လို စာတွေ ရေးခဲ့ တယ်။ အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း “ သံချပ်ကာ” နဲ့ “ ချန်ပီယံ” လိုစာတွေ ရေးခဲ့တယ်။ အက်ဆေးပုံစံ စာတွေ အများဆုံးရေးခဲ့တဲ့ ကာလလို့ တောင်ဆိုနိုင်တယ်။ အခုလည်း ဖြတ်သန်းနေရတဲ့ ခေတ်ကာလ ကို မူတည်ပြီး ခံစားချက်တွေကို ဆက်ရေးနေဦးမှာပဲ။

အဲဒီတော့ အခုမှ ရေးတာမဟုတ်၊ ဟိုတုန်းကလည်း ရေးခဲ့တယ်၊ ဆက်လည်းရေးဦးမယ်။ မဖတ်ချင် ရင် ကျော်သွား၊ ကြိုက်ရင် ဖတ်ကြည့်၊ တွေးကြည့်၊ ခံစား ကြည့် ၊ အနာရှိရင် စပ် ၊ အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ရေးခဲ့ချိန်က သဘောကျခဲ့ဖူးတယ်ဆိုရင် ကိုယ့်အလှည့်ကျတော့ မနွဲ့နဲ့ ပေါ့။

=================================================

ခေါင်းဆောင်နဲ့ အတ္တမာန

ခေါင်းဆောင်လို့ ပြောလိုက်ရင် ကျွန်တော်တို့က ရှေ့က ဦးဆောင်သူလို့ မြင်လိုက် ကြတယ်။ အဲဒါ မှန်သလား။ ခေါင်းဆောင်ဟာ တကယ်ပဲ အမြဲတမ်းရှေ့ကနေ ဦးဆောင်နေသူလား။

ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သိသာထင်ရှားတာကတော့ စစ်တိုက်တဲ့နေရာမှာပဲ။ အလယ်ခေတ် ( ၅ ရာစုကနေ ၁၅ ရာစု) ခေတ်မှာတော့ စစ်ပွဲအတော်များများရဲ့ အဆုံးအဖြတ်က ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေစီးချင်းထိုးတာနဲ့ အဖြေပေါ်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံအရွယ် အစားတွေကြီးမားလာ၊ တပ်မတော်အရွယ်အစားတွေ ကြီးမားလာပြီး စစ်ဆင်မှုနည်းပရိယာယ်တွေ ရှုပ်ထွေးလာတာနဲ့အမ ျှ ခေါင်းဆောင်တွေစီးချင်းထိုးရုံနဲ့ စစ်ပွဲကမပြီးတော့ဘူး။ တပ်အရွယ်အစား ကြီးမားလာလေ ခေါင်းဆောင်က နောက်ပိုင်းကနေအခြေအနေအားလုံးကို သုံးသပ်ဆုံးဖြတ်ဖို့ လို လာလေပဲ။

နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်တွေမှာလည်း ဒီသဘောပဲ။ နယ်လ်ဆင်မန်ဒဲလားက တော့ “ခေါင်းဆောင်ဟာ တစ်ခါတစ်လေကျရင် သိုးကျောင်းသားလိုပဲ နောက်ကနေ ထိန်းရတယ်။ လက်အောက်ကို ဆုံးဖြတ်တတ်အောင်သင်ပေးပြီး လိုအပ်မှ ဝင်ထိန်းပေးရတယ်။” လို့ပြောဖူး တယ်။

ဒါက ခေါင်းဆောင်ဟာ လက်အောက်ကို စွမ်းဆောင်ရည်မြင့်အောင်လေ့ကျင့်၊ ရည်မှန်းချက် ကို သတ်မှတ်၊ သူတို့ကို လုပ်ပိုင်ခွင့်ပေး၊ လမ်းလွဲမယ်ထင်ရင် ဝင်ထိန်းကျောင်းဆိုတဲ့ ခေါင်းဆောင် မှုကျင့်စဉ်ပဲ။ ဒီနည်းလမ်းဟာ မျိုးဆက်သစ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်ဖို့လည်းအ ထောက်အကူဖြစ်ပါတယ်။

ဒါပေမယ့် ခေါင်းဆောင်အတော်များများက ရှေ့ကပဲနေချင်ကြတယ်။ ဒါက သူတို့ရဲ့ အတ္တနဲ့လည်း ဆိုင်တယ်။ ခေါင်းဆောင်လုပ်သူဟာ ပထမတော့ မှားမှာကို စိုးရိမ်ပြီး ရှေ့ကနေဦးဆောင်တယ်။ အဲဒီအချိန်မှာ နောက်လိုက်တစ်ချို့က ခေါင်းဆောင်ကြီးအလွန်ကောင်း၊ ခေါင်းဆောင်ကြီးမှ မရှိ ရင် မဖြစ်ဆိုပြီး ခေါင်းဆောင်ရဲ့ အတ္တစိတ်ကို မီးထိုးပေးကြတယ်။ ဒီလိုနဲ့ အဲဒီခေါင်းဆောင်ဟာ ငါရှေ့က ဦးမဆောင်ရင်မဖြစ်တော့ဘူးလို့ထင်လာတယ်။ ယုံကြည်လာတယ်။

ခေါင်းဆောင်က ရှေ့ကပဲအမြဲနေတော့ ရှေ့ခရီးကိုတော့ လှမ်းမြင်ပါရဲ့။ ဒါပေမယ့် နောက်က သူ့ရဲ့ သိုးအုပ်ဘာဖြစ်နေတယ်ဆိုတာ သူမသိတော့ဘူး။ သူ့နောက်မှာ သူ့ကိုအားပေးနေတဲ့အသံတစ်ချို့ ကြားမယ်။ အဲဒါကြောင့်အားလုံးအဆင်ပြေနေပြီလို့ထင်ကောင်းထင်မယ်။ တစ်ချိန်မှာ အကြောင်း တိုက်ဆိုင်လို့ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့သိုးတွေ သူများခြံထဲဝင်စားနေတာ၊ နောက် မှာ ကျန်ခဲ့တာ၊ သိုးအုပ်ကြီးဖရိုဖရဲဖြစ်နေတာတွေကို တွေ့ရလိမ့်မယ်။ အဲဒီအချိန်မှာ သူပြန်ပြင်ဖို့ နောက်ကျသွားပြီ။ သိုး ကျောင်းသမားရဲ့ ကျဆုံးခန်းပေါ့။

ဒါ့ကြောင့်ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်အချိန်မှာ ရှေ့ကနေ ဦးဆောင်ရမလဲ၊ ဘယ်အချိန်မှာ နောက်ကနေ ထိန်းကျောင်းရမလဲဆိုတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။ အဲဒီလို ဆုံး ဖြတ်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ မိမိအတ္တမာနစိတ် ( Ego) ကိုလေ ျှာ့နိုင်ဖို့ပဲ။

ဒါပေမယ့် လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ ဒါ့ကြောင့်လည်း သမိုင်းမှာ နိုင်ငံပြုခေါင်းဆောင် အဆင့် ရောက်တဲ့သူတွေ နည်းနေတာပါ။

အိုးပုတ် ချိုးရုပ်

ပန်းခြံထဲမှာ လမ်းလေ ျှာက်သူတွေ၊ အားကစားလေ့ကျင့်သူတွေရောက်နေပြီ။ အုပ်စုလိုက် ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့သူတွေကလည်း သီချင်းတွေဖွင့်ပြီး လေ့ကျင့်နေပြီ။ မနက်အစောကြီးလာ၊ လမ်းလေ ျှာက်ပြီးတာနဲ့ ထိုင်ခုံပုလေးတွေချပြီး စုထိုင်၊ ယူလာတဲ့ လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့လေ့ရှိတဲ့ အဖွဲ့ကလည်း စုဝေးစကားပြောနေကြပြီ။ ဟိုးရှေးယခင်ကတော့ သူတို့ အနားက ဖြတ်သွားရင် ရယ်သံတွေ၊ အပြုံးတွေ ဝေေ၀ဆာဆာ၊ အခုတော့ မျက်နှာညိုညို နဲ့ ၊ “ဒုက္ခ ဗျာ”၊ “ဒီ ကောင်ကတော့”၊ “ဟိုကောင်ကတော့” ၊ “လုပ်လိုက်ရင် တလွဲ” ၊ “ တက်ဈေး” ၊ ဆိုတဲ့ စကားသံတွေပဲကြားရတော့တယ်။ တစ်ချက်တစ်ချက် ဆဲသံလေးတောင် ကြားညှပ် ပါလာသေးတယ်။

လူရှင်းတဲ့ သစ်ပင်ရိပ်အောက်မှာတော့ စည်ပင် သန့်ရှင်းရေးသမားတစ်ချို့ ထမင်းစားနေကြ တယ်။ တစ်ချို့က ထမင်းချိုင့် တစ်ဝက် ကို မနက်စာ စား၊ ကျန်တာကို နေ့လယ်စာ အတွက်ချန်ထား။ တစ်ချို့ ကတော့ မနက်စာနဲ့ နေ့လယ်စာပါ အပြီး ပေါင်းစားလိုက်တယ်။ နေ့လယ်ဗိုက်ဆာတော့ မုန့်လေးဘာလေး ဝယ်စားမယ် ပေါ့။ ငွေကြေးတတ်နိုင်သူတွေ အားလပ်ရက်မှာ နေဖင်ထိုးအောင် အိပ်ပြီးမှ မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားတာကိုတော့ Brunch လို့ခေါ်တယ်တဲ့။ နှစ်ကြိမ်ခွဲစားရတဲ့ လက်လုပ် လက်စားတွေရဲ့ ထမင်းချိုင့် လေးကိုတော့ ဘယ်လိုခေါ်မလဲ။

ထမင်းဝိုင်းမှာ ထိုင်ရင်းနဲ့ လူငယ်လေးနှစ်ယောက် ခွန်းကြီး ခွန်းငယ် စကားများနေကြတယ်။ နားထောင်ကြည့်လိုက်တော့ မြက်ရမ်း ဓားတစ်ချောင်း အထားမှားတဲ့ ကိစ္စ နဲ့ အချေတင်ဖြစ်နေ ကြတာ။ အမျိုးသမီးကြီးတစ်ယောက်က “တော်ကြတော့” ဆိုပြီး မာန်တယ်။ နောက်တစ်ယောက် ကတော့ “လူတွေက အလိုလို စိတ်တိုနေကြတာ အမရဲ့” လို့မှတ်ချက်ပေးတယ်။ ဟုတ်သားပဲ။ လူတွေလည်း ကပ်ကြီးသုံးပါးကြားမှာ အထက်မီး၊ အောက်မီး နဲ့တွေ့တဲ့ ဘိန်းမုန့်လို ဖြစ်နေ တော့ စိတ်တွေမွန်းကျပ်နေကြပြီပေါ့။ ဘိန်းမုန့်ကမှ အထက်မီး၊ အောက်မီး ကြောင့် အနံ့သင်းပျံ့ အရသာပြည့်တဲ့ မုန့်ဖြစ်လာသေး တယ်။ လူတွေကတော့ ကပ်သုံးပါး နဲ့ လုံးပါးပါး တော့မလား မဆိုနိုင်ဘူး။

ပန်းခြံက ပြန်လာတော့ ဆီဝင်ထည့်တယ်။ တစ်နှစ်အတွင်း တစ်ရိပ်ရိပ် တက်လာတဲ့ ဆီဈေး အရင်ဈေးထက် နှစ်ဆကျော်သွားထဲက ပထမအဆင့် ဆိုင်က ဈေးနှုန်းဆိုင်းဘုတ်ကို မကြည့်တော့ဘူး ကိုယ်ထည့်ချင်တဲ့အတိုင်း နှစ်သောင်းဖိုး၊ သုံးသောင်းဖိုး ပြောထည့်လိုက်တယ်။ ။ အခု ဒုတိယ အဆင့်အနေနဲ့ ဆီထည့်တဲ့ စနစ်ကို ပြောင်းလိုက်တယ်။ အရင်က ဆိုရင် ဆီကုန်ကာနီးအထိ စောင့်ပြီးမှ ထည့်တယ်။ အခုတော့ နည်းနည်းလေး လျော့တာနဲ့ ပြေးထည့်လိုက်တာပဲ။ ဒီတော့ တစ်သောင်းခွဲဖိုးနဲ့ တိုင်ကီပြည့်သွားတယ်။ နှစ် သောင်းဖိုးနဲ့ တိုင်ကီပြည့်သွားတယ် ဆိုပြီး စိတ်သက်သာရာရသွားတယ်။

အမှန်ကတော့ အခြေအနေမှန်ကို မရင်ဆိုင်ရဲ တဲ့အတွက် ကိုယ့်စိတ်ကိုယ် လှည့်စားလိုက်တာပါ ပဲ။ ဒါဟာ မကောင်းတဲ့ အမူအကျင့်တစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် သမိုင်းတစ်လေ ျှာက် မှာ “ဘုန်းတော်ကြောင့် အားလုံးအဆင်ပြေနေပါတယ်ဆို”တဲ့ ကိစ္စတွေကလည်း အများကြီးရှိခဲ့တာပဲ။

ပိုတမ်ကင် ( Potemkin) ဆိုတာ ရုရှားနိုင်ငံ ကက်သရင်း(၂) ဘုရင်မကြီးလက်ထက်က ဝန်ကြီး တစ်ပါးပေါ့။ ၁၇၈၇ ခုနှစ်မှာ ကက်သရင်း ဘုရင်မကြီး မကြာခင်ကမှ ရုရှားနိုင်ငံက သိမ်း သွင်းခဲ့တဲ့ အခု ယူကရိန်းနိုင်ငံရှိရာဒေသကို မြစ်ကြောင်းအတိုင်း တိုင်းခန်းလှည့်တယ်။ တကယ်တော့ အဲဒီဒေသ က အော်တိုမန်အင်ပါယာနဲ့ဖြစ်ခဲ့တဲ့ စစ်ကြောင့် စစ်ဘေးစစ်ဒဏ်တွေ ရှိသေးတယ်။ အကင်းမသေသေးဘူး။

အဲဒီအချိန်မှာ ပိုတမ်ကင်က အဲဒီ ဒေသရဲ့ ဘုရင်ခံချုပ်ဖြစ်နေပြီ။ သူက ဘုရင်မကြီးဖောင်တော် ဖြတ်သန်းရာ မြစ်ကမ်းနားဝဲယာ မှာ အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့ ရွာလေးတွေ ဆောက်တယ်။ ဘုရင်မကြီးဖြတ်သွားချိန်မှာ ရွာသူ ရွာသားတွေက ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ကြ၊ ဘုရင်မကြီးဖြတ်ပြီးတာနဲ့ အိမ်တွေကို ဖျက်ပြီးနောက်တစ်နေရာရွှေ့ လုပ်ခဲ့တယ်လို့ဆိုတယ်။ အဲဒါကို အစွဲပြုပြီး အခြေအနေမှန်ကို ဖုံးကွယ်ပြီး အနှစ်မပါ အကာသက်သက် အထက်လူကြီးတွေ၊ ဒါမှမဟုတ် ဧည့်သည်တွေ အထင်ကြီးအောင်လုပ်ပြတဲ့ ကိစ္စတွေကို ပိုတမ်ကင် ရွာ ( Potemkin village) လို့ တင်စားသုံးနှုန်းလေ့ရှိကြတယ်။

ပိုတမ်ကင် က တကယ်ပဲ အဲဒီလိုလုပ်ခဲ့သလား၊ သူ့ကို မလိုမုန်းတီးသူတွေက ချဲ့ကားပြောခဲ့ သလားဆိုတဲ့ အငြင်းပွားမှုတွေ အခုထိ ရှိနေဆဲပဲ။ သို့သော် သမိုင်းတစ်လေ ျှာက်မှာ ကိုယ့် အထက် လူကြီး စိတ်ချမ်းသာအောင် အခြေအနေမှန်ကို ဖုံးကွယ်တင်ပြကြတဲ့ လက်အောက် ငယ်သားတွေရှိသလို အခြေအနေမှန်ကို သိလျက်နဲ့ ဒါမှမဟုတ် သိဖို့မကြိုးစားပဲနဲ့ “ အားလုံး ကောင်းပါသည်ခင်ဗျား” နဲ့ ကျေနပ်နေတဲ့ အကြီးအကဲတွေရှိခဲ့တယ်ဆိုတာတော့သေချာတယ်။ ဒါဟာလည်း ငါ့လက်ထက်မှာ အားလုံးအဆင်ပြေတယ်ဆိုပြီး ကိုယ့်ကိုကိုယ်လှည့်စားခြင်း တစ်မျိုးပဲ၊ အပြစ်တစ်ခုပဲ။

ဒါပေမယ့် ကလေးလေးတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်လှည့်စားမှုကိုတော့ အပြစ်တင်လို့ မရဘူး။ အိုးပုတ် ချိုးရုပ်လေးတွေနဲ့ ဆော့နေတဲ့ ကလေးတစ်ယောက်က သစ်ရွက်လေး တွေကို ကြက်သားဟင်းလို့ပြောတာဟာ သူလုပ်ခွင့်မရသေးတဲ့အခြေအနေတစ်ခုကို စိတ်ကူး ယဉ်ပြီးလုပ်ကြည့်နေတာပဲ။ ချိုးရုပ်လေးဟာ သူ့အတွက် သက်ရှိ ချိုးလေး တစ်ကောင်၊ ဒါမှ မဟုတ် ကြက်လေး ဒါမှမဟုတ် သိမ်းငှက်ကြီး ဖြစ်ချင်ဖြစ်နေမှာပဲ။ ပလတ်စတစ်ကားလေးဟာ လ ျှပ်စစ်ကားကြီးဖြစ်နိုင်သလို၊ ရထားစက်ခေါင်းလေးဟာလည်း ကျည်ဆံရထားကြီးဖြစ်နိုင်တာပဲ။ ဆရာ စိုင်းခမ်းလိတ် ရေးတဲ့ “ကြွေနေတဲ့ ပန်းကလေးများလိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့် အဝရတဲ့ ချစ်သမီးလေး” ဆိုတာ ဒီလို အပြစ်ကင်းစင်တဲ့ ပျော်ရွှင်မှု၊စိတ်ကူးယဉ်မှုကို ပြောတာပဲ။

ဒါပေမယ့် ကိုယ့်အသက်အရွယ်နဲ့က အိုးပုတ်ချိုးရုပ်နဲ့ ဆော့သလို စိတ်ကူးယဉ်ပြီး ပြောရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ ပြောနေတဲ့ လူတွေကို မြင်ရင်လည်း ခပ်ညံ့ညံ့ ဗီဒီယို ဇာတ်ကား တစ်ခုကို ကြည့်ရသလိုပဲ စိတ်ပျက်မိတယ်။ ဒီတော့ ဆီဈေးတွေ အဆမတန်တက်လာနေတာကို အသိအမှတ်ပြုပြီး ခရီးသွားတာ၊ ခြေများတာကို လေ ျှာ့ဖို့ပဲရှိတော့တယ်။

ကွဲပြားခြင်း၏ တန်ဖိုး

ကွဲပြားခြင်း၏ တန်ဖိုး

ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလောခရီးစဉ်မှာ မြင်းဒိုက် ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားသံလမ်းအတိုင်း လမ်းလေ ျှာက်ခဲ့ တဲ့ အကြောင်းကို “ အတိတ်ခရီးသည်” ဆိုပြီး ရေးတော့ “ ရထားလမ်းအတိုင်း လေ ျှာက်နေရင်း မျဉ်းပြိုင်ဖြစ်နေတဲ့ သံလမ်း နှစ်ခုက ရထားကြီး ခရီးရောက်အောင်ပို့ ဆောင် ပေးနိုင်တဲ့အကြောင်းပြန်တွေးမိတယ်။ ၂၀၁၂ မေ ျှာ်လင့် ချက်တွေ ရောင်နီသန်းချိန်မှာ ရထား သံလမ်းနှစ်ခုကို ဥပမာပေးပြီး “ ကွဲပြားခြင်း၏ တန်ဖိုး” ဆိုတဲ့ အက်ဆေး တစ်ပုဒ်ရေးခဲ့ဖူးတယ်။” လို့ ထည့်ပြောခဲ့တယ်။

“ ကွဲပြားခြင်း၏ တန်ဖိုး” ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှာရေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ အင်န်အယ်လ်ဒီပါတီ လွှတ်တော်ထဲကို ရောက်လာပြီးနောက် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် မေ ျှာ်လင့်ချက်ရောင်နီသန်းနေတဲ့အချိန် ကာလ၊ ရန်ကုန် – မန္တလေးကားလမ်းဟောင်းအတိုင်း ခရီးသွား ချိန် မှာ ရခဲ့တဲ့ အတွေးတစ်စကို အခြေခံပြီး ရေးဖြစ်ခဲ့တဲ့ အက်ဆေးပါ။ စိတ်တွေ နူးညံ့ပျော့ပြောင်းပြီး အေးအေးဆေးဆေး တွေးတွေးဆဆ ခံစားရချိန်မှ ရေးလေ့ ရှိတဲ့ အတိုင်း စကားပြေနဲ့ ရေးဖြစ်ခဲ့တဲ့ အက်ဆေးလည်းဖြစ်ပါတယ်။

အဲဒီအချိန်က မျဉ်းပြိုင် ဖြစ်နေတဲ့ သံလမ်းနှစ်ခုက ရထားကြီး ခရီးရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ခဲ့ ပေမယ့် မြန်မာနိုင်ငံက ရထားဖြစ်တဲ့အတွက် အချိန်မမှန်နိုင်ဘူး။ အချိန်စောရောက်ဖို့ထက် နောက်ကျဖို့က များတယ်၊ ခရီးသည်တွေ၊ ဝန်ထမ်းတွေ၊ လက်မှတ်မဲ့တွေ၊ ဈေးသည်တွေကြားမှာ ပြဿနာအမျိုးမျိုးရှိနိုင်တယ် ဆိုတာ မေ ျှာ်လင့်ပြီး သားပါ။

ဒါပေမယ့် ရထားမှောက်လိမ့်မယ်လို့တော့ မထင်မိခဲ့ဘူး။ ရထားတစ်စီးမှောက်ပြီ ဆိုရင် “ လူကြောင့်” ၊

“ စက်ပစ္စည်းကြောင့်” ၊ “သဘာဝဘေးကြောင့်” ဆိုပြီး အဖြေရှာတာကနောက်မှ၊ ပထမဆုံး သေကြေ ဒဏ်ရာရ၊ ဒုက္ခအမျိုးမျိုးနဲ့ ကြုံရတာကတော့ ခရီးသည်တွေပါပဲ။

ကွဲပြားခြင်း၏တန်ဖိုး

ဘူတာရုံလေးက တိတ်ဆိပ်ငြိမ်သက်စွာပဲရှိ နေသည်။ ကြားဘူတာငယ်လေးများရဲ့ ထုံးစံအတိုင်း ဘူတာရုံ အဆောက်အဦ သေးသေးလေးရှိသည်။ ရုံးခန်းထဲမှာ  ရုံပိုင် ဒါမှမဟုတ် ရုံပိုင်လေးတစ်ယောက်နဲ့ လမ်းခွဲကိုင်ဟု ထင်ရသူ နှစ်ယောက်ကိုတွေ့ရသည်။ ဘူတာဘေးမှာ ရေတွင်းအိုအိုတစ်ခုနှင့် အုပ်ကြွတ်မိုးထားသည့် ယိုင်နဲ့နဲ့၊ ခြေတံရှည် ဝန်ထမ်း အိမ်ယာလေးရှိသည်။ ခေါင်းမိုးကအုပ်ကြွတ်တစ်ချို့ကွာနေသဖြင့် ဗီနိုင်းစအပြာဖြင့် ဖာထေးထားသည်ကိုလည်း တွေ့ရ၏။  ကုက္ကိုပင်အိုကြီးတွေက ဘူတာရုံလေးကို အုပ်အုပ်ဆိုင်းဆိုင်းမိုးကာထားသည်။ ရထားလမ်းတစ်ဖက်မှာတော့ မိုးဦးကျ စိမ်းမြနေသည့် လယ်ကွင်းများကို မျက်စေ့တစ်ဆုံးတွေ့နေရသည်။  စင်္ကြန်ပေါ် မှာ ခရီးသည်မရှိ၊ ဈေးသည် မရှိ။ ဒီဘူတာ လေးမှာ အမြန်ရထားတွေရပ်လေ့မရှိဘဲ စာပို့ရထား၊ တစ်ခါတစ်ရံ ကုန်ရထား၊ ကျောက်ရထားများသာ နားခိုလေ့ ရှိသောကြောင့်လည်းဖြစ်နိုင်သည်။ နောက်ပြီး ဘူတာလေးက ကားလမ်းနဲ့ လှမ်းလှမ်း၊ ရွာနဲ့လည်း တစ်မိုင်ကျော်ခန့် ဝေးနေသောကြောင့်လည်းဖြစ်နိုင်သည်။ စင်္ကြန်ပေါ်တွင် ပျင်းတိပျင်းတွဲလှဲလောင်းနေသော ခွေးတစ်ကောင်ကတော့ ကျွန်တော်ဝင်လာတာကို ခေါင်း ထောင်ကြည့်ပြီး မထူးပါဘူးကွာဆိုသည့်သဘောနဲ့ ပြန်အိပ်သွားသည်။ 

တကယ်တော့ ဒီဘူတာရုံလေးကို ခရီးသွားဖို့အတွက်ရောက်နေခြင်းမဟုတ်။ ကျွန်တော့်ကားက ဘူတာလေး နှင့် ခပ်လှမ်းလှမ်းက ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်တွင် စက်ချို့ယွင်းသဖြင့် ပြင်ဆင်နေရသည်။ ဘာမှမလုပ်တတ်တဲ့ ကျွန်တော်ကတော့ ဟိုငေးသည်ငေးလုပ်ရင်း ခပ်လှမ်းလှမ်းက လှမ်းမြင်နေရသည့် ဘူတာရုံလေးဆီကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ မီးရထားနဲ့ပတ်သက်လျှင် အစွဲအလန်းကြီးသည့်စိတ်က လှုံ့ဆော်မှုကြောင့်လည်းဖြစ်နိုင်သည်။ 

ဘယ်အချိန်ထဲက မီးရထားကို စွဲလန်းခဲ့သည်ဆိုသည်ကိုတော့ မမှတ်မိတော့။ ကျွန်တော်ငယ်ငယ်တုံးက အဘိုးထံ မှလက်ဆောင်ရသည့်မီးရထားလေးကြောင့်လည်းဖြစ်နိုင်သည်။ရထားသံလမ်းလေးများကို စက်ဝိုင်းပုံဆက်ပြီး ဘက်ထရီနှင့် ရထားလေးကို မောင်းရသည်။ ရေနွေးငွေ့စက်ခေါင်းတစ်ခု လူစီးတွဲ၊ ကုန်တွဲ၊ ဂတ်ဗိုလ်တွဲစသည့်ဖြင့် အင်္ဂါစုံစွာပါသည့် ရထားလေးကို ကစားတုံးက ကြီးလာရင် မီးရထားစက်ခေါင်းမောင်းလုပ်မည်ဟု တဖွဖွဆိုခဲ့ဖူးသည်။ ကျွန်တော်ငါးနှစ်၊ ခြောက်နှစ်သားမှာဖခင်ဖြစ်သူကရှမ်းပြည်တောင်ပိုင်းမြို့လေးတစ်မြို့တွင်တာဝန်ကျသည်။ ကျွန်တော်တို့ အိမ်ရှေ့ဘက် က ဆင်းသွားလိုက်လျှင် ရထားလမ်း၊ ရထားလမ်းအတိုင်း တစ်မိုင်လောက် ဆက်လျှောက်လျှင် ဘူတာရုံလေးရှိသည်။  စကားစပ်လို့ ပြောရလျှင် မြန်မာနိုင်ငံက ဘူတာရုံတွေထဲကတွင် ရှမ်းပြည်တောင်ပိုင်းက လမ်းဘူတာရုံလေးများက အလှဆုံးဖြစ်မည် ထင်သည်။ ဥရောပပုံစံ အမိုးစောက်စောက်နှင့် ဘူတာရုံအဆောက်အဦလေးတွေ၊ ပတ်ဝန်းကျင်က မြေနီရောင်တောင်ကုန်းများ၊ ကြောင်ခြစ်သလို ထွန်ယက်ထားသော ယာမြေတွေ၊ ထင်းရူးပင်မြင့်မြင့်ကြီးတွေ၊ အလေ့ကျ ပေါက်နေသည့် ရောင်စုံပန်းတွေနဲ့ ပန်းချီ ကားတစ်ချပ်လို လှချင်တိုင်းလှနေသည့် ဘူတာရုံလေးတွေဖြစ်သည်။ 

ကျောင်းပိတ်ရက်တွေဆို မြို့ရဲ့ဘူတာရုံလေးမှာရထားတွေဝင်ထွက်တာကို သွားကြည့်သည်။ ကျွန်တော် သဘော အကျဆုံးမှာ လမ်းခွဲကိုင် ဦးကြီးတွေက မောင်းတံကို ဆွဲပြီး လမ်းပြောင်းတာပဲဖြစ်သည်။ ရထားသံလမ်းကြီးတွေ ဘယ်ညာ ရွေ့ပြီး ပူးကပ်သွားတာ၊ ရထားကြီးဦးတည်ရာပြောင်းပြီး လွှဲပေးထားသည့် လမ်းကြောင်းအတိုင်း ဆက်ထွက် သွားတာ တွေကို ကြည့်ပြီး ရင်သတ် ရှုမောဖြစ်ခဲ့ရသည်။ ကလေးချစ်တတ်သော ဦးလေးကြီးတစ်ယောက်က ရထား သံလမ်းကို နားနဲ့ကပ်နားထောင်ရင် အဝေးကြီးထဲက ရထားလာတာတဲ့အသံကို ကြားရတယ်ဟု သင်ပြပေးသည့်အခါ ကျွန်တော့်မှာ သူငယ်ချင်းတွေကို ပြန်ကြွား၍မဆုံးဖြစ်ခဲ့ရသည်။ ဒီလိုနဲ့ပဲ အခုအသက်အရွယ်အထိ ရထားကို စွဲလမ်းတုံးဖြစ်သည်။ ရထား စီးရင်း ရလာသော အတွေးတစ်စကိုလည်း ဆောင်းပါးအဖြစ် ချရေးခဲ့ဖူးပြီ။ အခွင့်အရေးရတိုင်း ရထားစီးပြီး ခရီးသွားဖို့ လည်း ကြိုးစားဆဲဖြစ်သည်။

ငြိမ်သက်နေသော ဘူတာရုံလေးက ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ရုံပိုင်အခန်းထဲက အသံတွေ ပျံ့လွင့်လာသည်။ တစ်ဖက်ဘူတာက ချဉ်းကပ်ခွင့်တောင်းတာကို ခွင့်ပြုသံ၊ အခြားတစ်ဖက်ဘူတာသို့ ဆက်လက် စေလွှတ်နိုင်ဖို့အတွက် လမ်းရှင်းခွင့်ပြုချက်ယူသံတွေကြားရသည်။ ခဏနေတော့ လမ်းခွဲကိုင်တစ်ဦးက ရထားလာမည့် ဘက်သို့ ထွက်သွားသည်။ ကြည့်ရတာ တောက်လျှောက်မောင်းမည့် အမြန်ရထားဖြစ်လို့ ၂ လမ်းလို့ခေါ်သည့် မိန်းလမ်း သို့ လမ်းပြောင်းပေးဖို့ဖြစ်မည်။ နောက်တော့ ရထားဥသြသံကြားရသည်။ ရုံပိုင်ဖြစ်သူက အလံစိမ်းကိုင်ပြိး အပြင်ထွက် လာသည်၊ နောက်ဝန်ထမ်းတစ်ဦးကတော့ လမ်းရှင်းစာရွက်ချည်ထားသည့် ကြိမ်ကွင်းကြီးနဲ့ ရထားလမ်းအတိုင်း ခပ်သုတ် သုတ်လျှောက်သွားသည်။ သိတ်မကြာခင်မှာပဲ ရထားကြီးက ဥသြသံပေးရင်း ဆူညံစွာဖြတ်သန်းသွားသည်။ ရထားပေါ်မှာ ငိုက်မြည်းနေသည့် ခရီးသည်တွေကတော့ သူတို့ ဘေးရန်ကင်းကင်းဖြတ်သန်းသွားနိုင်အောင် ဘူတာရုံလေးက ဝန်ထမ်း တွေ လုပ်ဆောင်ပေးလိုက်သည်ကို သတိပြုမိပုံပင်မရ။

ဘာရယ်မဟုတ် တစ်ဖြေးဖြေးဝေးသွားသော ရထားနောက်ပိုင်းကို လိုက်ကြည့်နေမိသည်။ နောက်ဆုံးတော့ မျက်စိတစ်ဆုံးဖြောင့်တန်းနေသည့် မျဉ်းပြိုင်ရထားသံလမ်းနှစ်ခုသာကျန်နေခဲ့ပြီး ရထားကြီးက မြင်ကွင်းကနေပျောက်ကွယ် သွားတော့သည်။ ကြည့်စမ်း၊ ရထားသံလမ်းတွေ၊ မျဉ်းပြိုင်ပြေးနေသော ရထားသံလမ်းတွေ၊ မီးရထားစီးရတာကို အလွန် နှစ်သက်ပေမယ့် ဒီရထားကြီး ခရီးရောက်အောင်ထမ်းပိုးပေးထားသော သံလမ်းတွေအကြောင်း တစ်ခါမှ မစဉ်းစားမိခဲ့။

ရထားတစ်စင်း ခရီးရောက်ဖို့အတွက် မျဉ်းပြိုင်သံလမ်းနှစ်ခုလိုသည်။ ထိုသံလမ်းနှစ်ခုသည် ထပ်တူမကျ၊ သို့သော် ရထားကြီးခရီးရောက်အောင် ပို့ဆောင်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ကတူသည်။ သံလမ်းနှစ်ခု ကွေ့လျှင်လည်း အတူတူ၊ဖြောင့်ရင်လည်းအတူတူ ရှိနေခြင်းက ရထားကြီးခရီးရောက်ရသည့်အဓိကအကြောင်းဖြစ်သည်။ သို့သော် သံလမ်း နှစ်ခု ထပ်တူကျဖို့မလိုသလို သူတို့နှစ်ခုကြားမှာ လိုအပ်တာထက်လည်းပိုဝေးလို့မရ။ သူတို့ နှစ်ခုကြား အကွာအဝေး ကို သူတို့ ထမ်းပိုးသယ်ဆောင်ရမည့် ရထားဘီးအတိုင်းအတာက ဆုံးဖြတ်ပေးသည်။ ကွယ်လွန်သူဆရာနေဝင်းမောင် စကား အရဆိုလျှင်ရထားဘီးများ၏ အကွာအဝေးသည် ပေးထားချက်ဖြစ်သည်။ ထို့ကြောင့် ရထားသံလမ်းနှစ်ခုသည် ထိုပေးထား ချက်ထက်တော့ ပိုပြီးနီးလို့ ဝေးလို့မရ။ ဒီလိုဖြစ်မသွားအောင် ဇလီဖားတုံးတွေ၊ သံလမ်းထိန်းသံငုတ်တွေနဲ့ ထိန်း ချုပ် ထားသည်။ လမ်းကြောင်းတစ်ခုမှ တစ်ခုသို့ အပြောင်းအလဲလုပ်လိုလျှင် ပြောင်းလဲနိုင်သည့် လမ်းလွှဲကရိယာတွေရှိ သည်။ ထိုအရာတွေက ရထားကြီးကို အန္တရာယ်မဖြစ်စေဘဲ လမ်းကြောင်းပြောင်းနိုင်အောင် ဆောင်ရွက်ပေးသည်။ ဒါ့ကြောင့် ရထားကြီးခရီးပေါက်ရခြင်းသည် ထပ်မတူမကျသည့် မျဉ်းပြိုင်သံလမ်းနှစ်ခုနှင့် သံလမ်းထိန်းစနစ်ကြောင့်ဟု ဆိုလျှင် မှားမည်မထင်။ 

ရထားကြီးဖြတ်သွားပြီးတော့ဘူတာရုံလေးကမူလအတိုင်းပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ကျွန်တော့် စိတ်ထဲမှာတော့ အတွေးတွေက မုန်တိုင်းထန်နေသည်။  ကျွန်တော်တို့ မိသားစုတွေထဲမှာ၊ အသိုင်းအဝန်းထဲမှာ၊ လူ့အဖွဲ့ အစည်းတွေထဲမှာ ထပ်တူကျနိုင်ဖို့ကြိုးစားရာက ကြီးမားကျယ်ပြန့်သွားခဲ့သည့်  ပဋိပက္ခတွေ၊ ဝိရောဓိတွေအကြောင်းက ခေါင်းထဲရောက်လာပြန်သည်။  ပြဿနာအတော်များများ၏အစမှ အရာရာကိုကိုယ့်စိတ်နဲ့ တစ်ထပ်တည်းဖြစ်မှ ဘဝင်ကျ လေ့ရှိသော ကျွန်တော်တို့ စိတ်အခံကြောင့်ဆိုလျှင်မှားမည်မထင်။ 

ကျွန်တော်တို့အတွက် ကွဲပြားခြင်းကို လက်ခံဖို့ခက်လှ သည်။အရာရာမှ ထပ်တူကျဖို့ ကြိုးစားခြင်းထက် ကွဲပြားခြားနားမှု တွေကို မိမိတို့ပတ်ဝန်းကျင်ကပေးထားချက် တွေ ထက် ကျော်လွန်မသွားအောင် ထိန်းညှိပြီး ရှေ့ဆက်ဖို့ ကြိုးစားခြင်းက ပိုကောင်းသည်ဆိုသည်ကို မေ့လျော့နေလေ့ရှိသည်။ တစ်ခါတစ်ရံမှာတော့ ကွဲပြားမှုကို လက်မခံနိုင်ရုံသာမက ငါ့နဲ့ မတူ ငါ့ရန်သူ အဆင့်ထိ ရောက်သွားတတ်ပြန်သည်။ တကယ်တော့ ဘုံအကျိုးစီးပွား၊ ဘုံရည်မှန်းချက်ခြင်းတူသည်ဆိုလျှင်ပင် လုပ်နည်းလုပ်ဟန်ပိုင်း၊ နည်းနာပိုင်းမှာကွဲလွဲမှုများ ရှိနိုင်သေးသည်။ ထိုကဲ့သို့ မတူတာတွေမှန်သမျှ တူအောင် ညှိကြမည်လား၊ ဒါမှမဟုတ် မိမိတို့လူ့အဖွဲ့အစည်းအတွက် ပေးထားချက်တွေကိုမကျော်လွန်စေဘဲ ကွဲပြားခြားနားစွာ ကျင့်သုံးနိုင်မည့် နည်းလမ်းများ၊ စနစ်များကိုတည်ဆောက်ဖို့ ကြိုးစားမည်လား၊ ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ၊ မေးခွန်းတွေ၊ အတွေးတွေက မဆုံးနိုင်တော့။

ပခုံးကို အသာအယာ လာတို့လိုက်သဖြင့် အတွေးများက ရပ်တန့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဘူတာရုံ ဝန်ထမ်းတစ်ဦး၊ ခင်ဗျားလူတွေလှမ်းခေါ်နေတယ်ဟု ပြောလာသည်။ ကျွန်တော့်မိတ်ဆွေက ခပ်ဝေးဝေးကနေ ကားပြင်ပြီး ပြီ ဟု အချက်ပြနေ၏။ ကျေးဇူးတင်စကားဆိုရင် ဘူတာရုံလေးထဲက ပြန်ထွက်လာခဲ့သည်။ ကျွန်တော်ခရီးဆက်ရပါဦးမည်။ မကြာခင် လုပ်ငန်းခွင်ထဲပြန်ရောက်တော့မည်။ အကြောင်းကြောင်းကြောင့် ကွဲပြားခြားနားသောအမြင်တွေ၊ စကားတွေ ကြားရဦးမည်။ ဆွေးနွေးဆုံးဖြတ်ရဦးမည်။ သို့သော် ဒီတစ်ခါမှာတော့ ကွဲပြားမှုတွေကို ပိုပြီးနားလည်နိုင်အောင်ကြိုးစားဖြစ် မည်ထင်ပါသည်။ နောက်ပြီး ကျွန်တော်ရုံးခန်းထဲမှာ မီးရထားသံလမ်းတွေပါသည့် ဓာတ်ပုံတစ်ပုံကိုထားဖို့ လုပ်ရဦးမည်။ ဒါမှလည်း ကွဲပြားခြင်း၏ တန်ဖိုးကို အမြဲတမ်းနှလုံးသွင်းထားနိုင်မည်ဖြစ်သည်။  

အလှပျက်တဲ့မြို့

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံရေး၊ သမိုင်း နဲ့ ယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးတဲ့ခရီးစဉ်တစ်ခုမှာလိုက်ပါရင်း သီရိလင်္ကာ နိုင်ငံ က Nuwara Eliya ဆိုတဲ့တောင်ပေါ် အပန်းဖြေမြို့လေးကို ရောက်ခဲ့ပြီး အဲဒီ မြို့ လေး ရင်ဆိုင်နေရတဲ့ အခြေအနေကို “အလှပျက်တဲ့မြို့” လို့ ဆောင်းပါးရေးခဲ့တယ်။

အဲဒီ ဆောင်းပါးအဆုံးသတ်မှာ ဒီမြို့လေးမှာ ဖြစ်ပျက်နေတာတွေမြင်တော့ ကလော၊ ပြင်ဦးလွင် နဲ့ မိုးကုတ် ကို သတိရတယ်လို့ရေးခဲ့တယ်။

ကလောမြို့က သစ်တောကြိုးဝိုင်းထဲ ကျူးကျော် နေသူတွေအကြောင်းကို “ ကျူး ကလော၊ ကလောကျူး” ဆိုပြီး ရေးတော့ သီရိလင်္ကာက အလှပျက်နေတဲ့ မြို့လေးကို သတိရမိတယ်။
ဒါ့ကြောင့် အဲဒီဆောင်းပါး မဖတ်လိုက်ရသူများ ဖတ်နိုင်အောင် ပြန်မ ျှဝေလိုက်ပါတယ်။


ပညာခရီးသည် (၂၂)

အလှပျက်တဲ့မြို့

အေးချမ်းလှပတဲ့တောင်ပေါ်မြို့လေးဟာ ခေတ်ဆန်လွန်းလို့ အလှပျက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရပြီ။ ရှေးဟောင်းအမွေအနှစ်ဒေသတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ သီရိလင်္ကာအစိုးရဟာ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုကို ကိုင်တွယ်ရာမှာတော့ အားနည်းချက်တွေရှိနေတယ်။

Nuwara Eliya ဟာ ပေ ၆၁၈၂ ပေအမြင့်မှာ ရှိတဲ့တောင်ပေါ်မြို့လေးပါ။ ဒီမြို့ကို ၁၈၄၆ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ အင်္ဂလိပ် အရာရှိတွေ၊ ဥရောပတိုက်သား စိုက်ပျိုးရေးခြံလုပ်ငန်းပိုင်ရှင်ကြီး တွေရဲ့ နွေရာသီအပန်းဖြေမြို့လေးပေါ့။ သီရိလင်္ကာရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Pidurutalagala တောင်( ၈၁၈၂ ပေ) က ဒီမြို့လေးကို စီးမိုးထားတယ်။

ဒီမြို့ကို တစ်ချိန်က အင်္ဂလန်အသေးစား( Little England) လို့ခေါ်တယ်။ နာမည်နဲ့လိုက်အောင် ကိုလိုနီခေတ်လက်ရာ ရုံးအဆောက်အဦတွေ၊ အိမ်တွေ ရှိတယ်။ တောင်စောင်းမှာ ကွေ့ဝိုက်နေတဲ့ လမ်းကျဉ်းလေးတွေနဲ့ အိမ်ပုလေးတွေရှိတယ်။ ၁၈၉ ၇ ခုနှစ် ဝိတိုရီယ ဘုရင်မကြီး နန်းစံသက် စိန်ရ တု သဘင်အထိမ်းအမှတ် ပန်းခြံရှိတယ်။ ၁၈၇၃ ခုနှစ်ကမြို့ရေပေးရေးအတွက် တည်ဆောက် ထားတဲ့ Gregory ရေကန်ရှိတယ်။

မြို့က တောင်ကြားလွင်ပြင်မှာတည်ထားတယ်။ ကန္ဒီမြို့ဘက်က အဝင်လမ်းမှာ ဂေါက်ကွင်း၊ တင်း နစ်ကွင်း၊ ဘုရင်ခံအိမ်တော်( အခု သမ္မတ အပန်းဖြေစခန်း) ရှိတယ်။ လမ်းမ ဝဲ၊ ယာမှာ အစိုးရ အဆောက်အဦတွေရှိတယ်။ ကျွန်တော်တို့တည်းခိုတဲ့ ကလပ်အဆောက်အဦရှိတယ်။ ဝိတိုရိယ ပန်းခြံရှိတယ်။ အဲဒါတွေလွန်တဲ့အခါ မြင်းပြိုင်ကွင်း၊ မြင်းပြိုင်ကွင်းကို အတော်ကျော်လာတော့ Gregoryရေကန်ရှိတယ်။ရေကန်ပတ်ဝန်းကျင်နဲ့ဘုရင်ခံအိမ်တော်ပတ်ဝန်းကျင်တောင်စောင်း တွေမှာ အစိုးရ အရာရှိကြီးတွေ၊ စိုက်ခင်းပိုင်ရှင်တွေရဲ့ ကိုလိုနီလက်ရာအိမ်တွေရှိတယ်။ ကျန်တဲ့ နေရာတွေမှာတော့ အရပ်သူအရပ်သားတွေရဲ့ အိမ်တွေပေါ့။ ဒါဟာ မြို့တည်ထားတဲ့ ပုံစံပဲ။

Nuwara Eliya မြို့ရဲ့ အဓိက ဆွဲဆောင်မှုက ရာသီဥတုနဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ကိုလိုနီ ခေတ် ဟန် မြို့ပြအနေအထားပဲ။ ဒီမြို့လေးမှာ အဲဒါကလွဲလို့ ဘာမှမရှိဘူး။ ခရီးသွားတွေက မနက်စော စော၊ ဒါမှမဟုတ် ညနေစောင်းမှာ လမ်းလေ ျှာက်ရင်း ခေတ်ဟောင်းလက်ရာ အိမ်လေးတွေ ကို ကြည့်ကြတယ်။ တစ်ချို့က တစ်ယောက်ချင်း၊ တစ်ချို့ကတော့ အုပ်စုလိုက်။ ညနေစောင်းဆိုရင် Gregory ရေကန်ဘေးမှာ လမ်းလေ ျှာက်မယ်။ ရေကန်ဘေးက တောအုပ်ထဲမှာ ဗျိုင်းဖြူ တွေရာချီ နဲ့ချီ ပြီး အိပ်တန်း တက်တာကို စောင့်ကြည့်ကြတယ်။

မြို့လည်မှာ ရှိတဲ့ စာတိုက်အဆောက်အဦဟာ ဒီမြို့ရဲ့ အလှဆုံးအဆောက်အဦတစ်ခုပဲ။ စာတိုက် ရှေ့မြက်ခင်းပြင်မှာ ၁၈၉၄ ခုနှစ်လက်ရာ စာတိုက်ပုံးကို ပြထားတယ်။ စာတိုက်ပုံးမှာ ဒါဘီမြို့၊ အင်္ဂလန်မှာ လုပ်သည်လို့စာတမ်း ထိုးထားတယ်။ စာတိုက်ထဲမှာ ကြိမ်နဲ့လုပ်ထားတဲ့ စာတိုက်ပုံး ကြီးတစ်ခု၊ သစ်သားစာတိုက်ပုံးကြီးတစ်ခုရှိတယ်။ စာတိုက်ပုံးနှစ်ခုလုံးမှာ Cyelon လို့ အရင် အမည်၊ ခြင်္သေ့ရုပ်နဲ့ သရဖူအမှတ်အသားပါတဲ့ သတ္တုတံဆိပ်တုံးကြီးချိတ်ထားတယ်။ ကြိမ်သေ တ္တာကြီးကပြည်ပကိုပို့မယ့်စာတွေအတွက်။သစ်သားစာတိုက်ပုံးက ပြည်တွင်းအတွက်။ အဲဒီ စာတိုက်ပုံးကြီးနှစ်ခုလုံးကို သုံးနေဆဲပဲ။ စာတိုက်ထဲမှာ ကျွန်တော်ရှိချိန်မှာပဲ နိုင်ငံခြားသား နှစ် ယောက်သုံးယောက် ပို့စ်ကဒ်တွေလာထည့်တယ်။ သူတို့ပို့စ်ကဒ်တွေ လိုရာရောက်မရောက် ဆိုတာထက် ဒီလို စာတိုက်ပုံးကြီးထဲမှာ စာထည့်ဖူးတယ်ဆိုတယ် အရသာကို လိုချင်တဲ့ပုံပဲ။

မြို့ထဲမှာ မကြည့်ချင်ဘူးဆိုရင် ဒီမြို့နဲ့ နှစ်ဆယ်ကီလို မီတာ လောက်ဝေးတဲ့ နေရာက လက်ဖက် ခြံတွေ၊ ကီလိုမီတာသုံးဆယ်အကွာမှာရှိတဲ့ Hotton အမျိုးသားဥယျဉ်တို့ရှိတယ်။ ဒါမှ မဟုတ် မြို့ပတ်ဝန်းကျင်က စိုက်ခင်းတွေ၊ ရေတံခွန်တွေဆီကို တောလမ်းခရီးသွားလို့ ရတယ်။ ဟိန္ဒိူဘာ သာ ဝင်တွေကတော့ မြို့နဲ့သိပ်မဝေးတဲ့ ဟာနုမန်နဲ့ သီတာ ဘုရားကျောင်းတွေကို သွားကြတယ်။

ဒါပေမယ့် ဒီမြို့ကို ပြည်တွင်း၊ပြည်ပ ခရီးသွားတွေအလာများတာနဲ့ အတူ မြို့လေးရဲ့ အလှကလည်း ပျက်စီး လာနေပြီ။ တောင်စောင်းတစ်လေ ျှာက် နဲ့ Gregory ရေကန်ပတ်ဝန်းကျင် ရှုခင်းကောင်းတဲ့ နေရာတွေက အိမ်တွေကိုဖျက်ပြီး ဘာပုံစံမှန်းမသိတဲ့ အိမ်တွေ၊ ဟိုတယ်တွေဆောက်ထားတာ မြင် မကောင်းဘူး။ နောက်ထပ်ဆောက်နေတာလည်း အများကြီးပဲ။ ရေကန်ဘေးမှာလည်း ကလေး ကစား ကွင်းတစ်ခုဆောက်ထားတယ်။

Panasinghe လမ်းဆိုတာ မြို့အနောက်ဘက်ကတောင်ပေါ်ကို တက်တဲ့လမ်းသွယ်လေးပါ။ ဒီလမ်း လေးက ကားတစ်စီးစာပဲရှိတယ်။ တစ်လမ်းမောင်းဘဲ။ အရင်က ဒီလမ်းဝဲယာမှာ အိမ်ပုလေးတွေ ရှိ တယ်။ အဲဒီအိမ်တွေမှာတည်းခိုလို့ရတယ်။ ကမ္ဘာလှည့်ခရီးသွားတွေက အဲဒီလမ်းလေးအတိုင်း လမ်းလေ ျှာက်တယ်။ တောင်စောင်းကနေ မြို့ကိုကြည့်တယ်။ အခုတော့ အဲဒီလမ်းဘေးမှာ ပုံဆိုး ပန်းဆိုးနဲ့ ဟိုတယ်တွေဖြစ်နေပြီ။ လမ်းကျဉ်းလေးအတိုင်း ခရီးသည်တင်ဘတ်စ်စကားကြီးတွေ မနိုင်မနင်းနဲ့ အတင်းတက် နေလို့ လမ်းလေ ျှာက်ဖို့ဆိုတာမလွယ်တော့ဘူး။

အင်္ဂလန်အသေးစားလို့ခေါ်တဲ့ဒီမြို့လေးမှာ ကိုလိုနီခေတ်လက်ရာဆိုလို့ အစိုးရအဆောက်အဦ တစ်ချို့နဲ့ ငွေကြေးချမ်းသာသူတစ်ချို့ရဲ့ အိမ်တွေပဲကျန်တော့တယ်။ ရှေးဟောင်းလက်ရာ ဟိုတယ် ကြီးရှေ့မှာ ခေတ်သစ်လည်းမကျ၊ ခေတ်ဟောင်းလည်းမဟုတ်တဲ့ ဟိုတယ်ကြီးတစ်ခု ပိတ်ဆောက် ထားတယ်။ ဟိုတယ်ပိုင်ရှင်က လက်ရှိ သီရိလင်္ကာသမ္မတရဲ့ ညီဆိုပဲ။ အဲဒီဟိုတယ်ဆောက်လိုက်တဲ့ အတွက် ကိုလိုနီခေတ်လက်ရာ ဟိုတယ်၊ မြင်းပြိုင်ကွင်းနဲ့ နောက်ခံ ကျောက်တောင်ရှုခင်းဟာ ပျက် စီးသွားခဲ့ပြီ။ ၁၈၉ ၄ လို့စာတမ်းထိုးထားတဲ့ ခေတ်ဟောင်းဈေးဆိုင်ကြီးတစ်ဝက်တစ်ပျက်ဖြိုချခံ ထားရတယ်။ အဲဒီနေရာမှာ ဘယ်လို အဆောက်အဦနဲ့အစားထိုးမလဲမသိဘူး။

အခုလို ထင်ရာစိုင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်နေတာနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲနေတဲ့ မြို့ခံ တွေလည်းရှိတယ်။ တစ်ဖက်မှာလည်း ဒါဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်တာပဲဆိုပြီး ကျေနပ် နေသူတွေလည်းရှိတယ်။ မြေဈေးကောင်းလို့ ပျော်နေတဲ့သူတွေလည်းရှိတယ်။

ဒါပေမယ့် ဒီမြို့လေးရဲ့ အဓိက ဆွဲဆောင်မှုဖြစ်တဲ့ ကိုလိုနီခေတ်လက်ရာအဆောက်အဦတွေ ပျောက်ကွယ်သွားတဲ့အခါ ကမ္ဘာလှည့်ခရီးသည်တွေက ဒီမြို့လေးကို လာကြပါဦးမလား။ ဒီမြို့ကို လာမယ့်အစား လက်ဖက်ခင်းတွေကြားက ဟိုတယ်တွေမှာပဲနေတော့မယ်၊ Hotton အမျိုးသား ဥယျဉ်ကို တိုက်ရိုက်သွားကြမယ်ဆိုရင် မြို့လေးဟာ ခြောက်ကပ်သွားမှာသေချာတယ်။

အလှပျက်လာတဲ့ မြို့လေးရဲ့ လမ်းတွေပေါ်မှာ လေ ျှာက်သွားရင်း ကလော၊ ပြင်ဦးလွင် နဲ့ မိုးကုတ် တို့ကို သတိရနေမိတယ်။

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ

ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။

အဲဒီ ဘောလုံးပွဲဟာ ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။

ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင်းကောင်း ကန်းကန်းမဟုတ်ဘူး။ မြို့ထဲ တရုတ် စတိုးဆိုင်က ရောင်းတဲ့ ကော်ဘော်လုံးပဲ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ တကယ့်ဘောလုံးဆိုတာ ကုန်သွယ်ရေးက ရောင်းမှ ဝယ်လို့ရတာ။ ရွှေလောက်နီးနီး ရှားတယ်။

ကော်ဘောလုံးဆိုတော့ နည်းနည်းကန်လိုက်တာနဲ့ ပေါက်ပြီ။ ဘောလုံးပေါက်တိုင်း အသစ်ဝယ်ဖို့ ပူဆာရင်လည်း အိမ်ရဲ့ တုတ်စာမိမှာသေချာသလောက်ဖြစ်နေတော့ ကလေးတွေဟာ ကော်ဘောလုံး အပိန်အရှုံ့နဲ့ ပဲ နှစ်ပါးသွားနေရတယ်။ အဲဒီလို အချိန်မှာ ကျွန်တော့်အဖေက မန္တလေးသွားရတယ်။ မန္တလေးက ပြန်လာတော့ သားရေဘောလုံးတစ်လုံး၊ လေထိုးတံတစ်ချောင်း၊ လေထိုးပိုက်တစ်ခု ပါလာတယ်။ ဘောလုံးက တရုတ်လုပ်၊ ကြိုးချုပ်လို့ခေါ်တဲ့ ဘောလုံး။ ကော်ဘောလုံးနဲ့ပဲ နှစ်ပါးသွားနေရတဲ့ ကျွန်တော်တို့အတွက်တော့ အင်မတန်ထူးခြားတဲ့ ဘောလုံးပေါ့။ ဒါ့အပြင် အဖေက ဘောလုံးကွင်း အသေးလေးဖောက်ပေးတယ်။ ဂိုးကျဉ်းကန်ဖို့အတွက် သစ်သားတန်းနဲ့ ဂိုးတိုင် အသေးလေးလုပ်ပေး တယ်။ ဂုံနီအိတ်တွေ နဲ့ ဂိုးပိုက်လေးလုပ်ပေးတယ်။

ဒီလိုနဲ့ အဖေ့ကျေးဇူးကြောင့် ဘောလုံးပိုင်၊ ကွင်းပိုင်ဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်း တွေကြားမှာ အကောင် ဖြစ် လာတယ်။ ကျွန်တော်နဲ့ မတည့်ရင် ဒီကွင်းမှာ ကစားလို့မရဘူး။ လူခွဲရင် ကိုယ်ကြိုက်တဲ့သူ ရ အောင် ယူတယ်။ ကိုယ်တိုင်လည်း ဝင်ကန်တယ်။ ကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ဒိုင်ဆုံးဖြတ်ရင် လက်ခံ၊ ပြန်မပြောနဲ့။ နောက်လာကစားလို့မရဘူးဖြစ်သွားမယ်။ တစ်ချို့ မခံချင်တဲ့ သူငယ်ချင်းတွေက မလာ ဘူးပေါ့။ ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ ကော် ဘောလုံး အစုတ်နဲ့ မကန်ချင်တော့ မချစ်သော်လည်း အောင့်ကာနမ်း ပြီး ပြန်လာရတာပဲ။

တစ်ခါတစ်လေကျတော့ အရုပ်ကားချပ်ကြေး၊ သားရေကွင်းကြေးကန်ကြတယ်။ ဒီလိုကန်ရင်တော့ ကျွန်တော်ဘက်က လူတစ်ယောက်ပိုယူတယ်။ ငါ့ကွင်း၊ ငါ့ဘောလုံး ၊ ငါမပါရင် မင်းတို့ ပွဲမဖြစ် ဘူး။ ကန်ချင်ရင် ငါ့ဘက်ကို တစ်ယောက်အကြောပေး ဒါပဲ။ များများမပြောဘူး။ သို့သော် လောင်းကြေးပါတဲ့ ပွဲမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကန်၊ ကိုယ်တိုင်လည်း ဒိုင် လုပ် ဆိုတာမျိုးမလုပ်ပါဘူး။ မ ျှမ ျှတတ ဖြစ်အောင် ဒိုင် တစ်ယောက်ထားတယ်။

ဒိုင်လူကြီးကတော့ ဝေးဝေးမရှာရပါဘူး။ အဖေ့ အနားမှာ အမြဲတမ်းနေတဲ့ ဦးလေးကြီးက ဒိုင်လူကြီး ပေါ့။ သူက ဘောလုံး မကန်တတ်ဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူ့အလုပ်က ကျွန်တော်က “ ဦးလေး” လို့အော်လိုက်ရင် ခရာမှုတ်လိုက်ဖို့ပဲ။ ဘာပြစ်မှုလည်းဆိုတာ ကျွန်တော်ကပဲ ပြောပြ ရတာပေါ့။ တစ်ဖက်အသင်းက ဆင်ခြေတက်ရင်လည်း “ ဟေ့ကောင်တွေ ဒိုင်ကို ပြန်မပြောနဲ့၊ မကျေနပ်ဘူးလား” ဆိုပြီး ဖြဲချောက်ရတာပဲ။

ဒီတော့ ကားချပ်ကြေး ကန်တိုင်း ကျွန်တော်တို့ အသင်းပဲ နိုင်တာပေါ့။ ဒီလိုနဲ့ ကြေးကြီးပွဲ ကြီး ကန်ဖို့ဖြစ်လာတယ်။ ကြေးကြီးတယ်ဆိုတာက အရုပ်ကားချပ်ကြေးများတာကို ပြောတာ။ ကျွန် တော်တို့ခေတ်က ကားချပ်ဆိုတာ ကလေးပိုက်ဆံပဲလေ။ အရင်ပွဲနဲ့မတူတာက အဖေတပည့် ဦးလေးကြီးက ခရီးထွက်သွားတော့ ဒိုင်မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က စိတ်မပူဘူး။ အခု ဦးလေးကလည်း အဖေ တပည့်တစ်ယောက်ပဲ၊ အထာနပ်မှာပါပေါ့။ နောက်ပြီး ထုံးစံအတိုင်း ကျွန် တော့်ဘက်က လူတစ်ယောက် အကြောယူထားသေးတယ်လေ။

လောကမှာ အရာရာဟာ ကိုယ်ထင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာ တယ်မှန်တာကိုး။ ဒိုင် လုပ်တဲ့ ဦးလေးက “ ဦးလေး” လို့ လှမ်းအော်ရင်လည်း မကြားချင်ယောင်ဆောင်နေတယ်။ သူ ဆုံး ဖြတ်တာကို ကန့်ကွက်တော့ ဒိုင်ကို ခံမပြောနဲ့လို့ သတိပေးတယ်။ ဟိုဘက်အသင်းကို ဘက် လိုက်နေသလားတောင် ထင်ရတယ်။ သူလုပ်တာနဲ့ တစ်ဘက် အသင်းကကောင်တွေ အားတက်ပြီး ကျုံးကန်၊ ကျွန်တော့်တို့ဘက်ကတော့ တစ်သက်လုံး ဒိုင် အားကိုးနဲ့လုပ်စား လာတာဆိုတော့ ခြေပျက်။ နောက်ဆုံးတော့ ဝက်ဝက်ကွဲရှုံးတော့တာပဲ။

ဒါပေမယ့် ဒါ ကျွန်တော့်ကွင်းလေ။ ဒီလို လာလုပ်လို့ဘယ်ရမလဲ။ ပွဲပြီးတော့ ဘောလုံးကို သိမ်း၊ ဒိုင် ညစ်လို့ ငါတို့ရှုံးတာ။ အရင်ဒိုင် ဦးလေးကြီးလာမှ ပြန်ကန်မယ်ဆိုပြီး ပြောရတာပေါ့။ ဟိုဘက် အသင်း ကလည်း ဘယ်ခံမလဲ၊ ဒီတစ်ပွဲက ကြေးများတာကိုး။ အတိုချုပ်လိုက်တော့ နှစ်ဘက် ရန်ဖြစ်ပြီး ထိုးကြိတ်လိုက်တာ အားလုံး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရောက်တော့တာပဲ။

ကျွန်တော်တို့ မူအုပ်ဆရာကြီး ဦးထွန်းမြင့် ဆိုတာ စည်းကမ်းကြီးတော့ သူ့ရုံးခန်းရောက်တယ် ဆိုရင် အခြေအနေမကောင်းတော့ဘူး။ ဖြစ်ကြောင်းကုန်စင် နားထောင်ရင်းနဲ့ နဂို က ညိုမှောင် နေတဲ့ ဆရာကြီးမျက်နှာက မဲမှောင်လာတယ်။ နှာခေါင်းဝက လေသံ တရှုးရှုးထွက်လာတယ်။ ဒါဟာ ဆရာကြီး ဒေါသ ဆိုင်ကလုန်းမုန်တိုင်းလာပြီ ဆိုတဲ့ သတိပေးခေါင်းလောင်းသံပဲ။ ဒါ့ကြောင့် သူ့ရှေ့မှာ လက်ပိုက်ရပ်နေတဲ့ ကျွန်တော်တို့ ကိုယ်လုံးတွေက တဖြည်းဖြည်း ကျုံ့လာကြတယ်။

အားလုံးနားထောင်ပြီးတော့ ဆရာကြီးက ကြိမ်လုံးနဲ့ စားပွဲကို တဖြန်းဖြန်း ရိုက် ရင်း “ ရဲထွဋ် ၊ မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။ အခု ကြည့်စမ်း၊ မင်း ဖောက်တဲ့ ကွင်း မှာ မင်းစည်းကမ်းအတိုင်း လူလည်း အကြောယူထားသေးတယ်။ ဒိုင် ကို ပြန်မပြောနဲ့ဆိုတာလည်း မင်းသတ်မှတ်တာပဲ။ မင်းနိုင်နေ တုန်းက အကောင်း၊ ရှုံး တော့မှ ဒိုင်ညစ်တယ်၊ ပြန်ကန်မယ် ဆိုတော့ ဒါ သက်သက် ညစ်တာကွ။ မင်း လူညစ်ပဲ” လို့ အော်တော့တာပဲ။ ဇာတ်သိမ်းတော့ ရန်ဖြစ်တာကြောင့် အားလုံး တစ်ယောက် ကို သုံးချက်၊ ကျွန်တော်ကတော့ ညစ်ကျယ်ကျယ်လုပ်တဲ့အတွက် အပိုဆောင်း ငါးချက် အဆော်ခံ ထိတယ်။ ဘောလုံးကိုလည်း ဆရာကြီးက ကျောင်းပိုင်အဖြစ်သိမ်းလိုက်တယ်။

အရိုက်ခံရတာက မနာဘူး။ ဘောလုံး အသိမ်းခံရတာတော့ အတော်နာတယ်။ တကယ်တော့ ကိုယ့်ခြေစွမ်းက ကောင်းတာမဟုတ်ဘူး၊ ဒီဘောလုံး ကြောင့်သာ ကွင်းထဲမှာ ဆရာကြီးလုပ်နေရ တာ မဟုတ်လား။ ဒါ့ကြောင့် ဆရာကြီးကို အယူခံဝင်တယ်။ မရဘူး။

ဒါနဲ့ အဖေ့ကို ဘောလုံးအသိမ်းခံရတဲ့အကြောင်းနဲ့ ဆရာကြီးဆီက ပြန်တောင်းပေးဖို့ ပြော တယ်။ အကြောင်းစုံ သိသွားတဲ့ အဖေက “ မင်းကို လူချစ်လူခင်များအောင်၊ သူငယ်ချင်း တွေနဲ့ ပိုစည်းလုံးအောင် ဘောလုံးဝယ်ပေးတာ၊ မင်းက ညစ်တော့ ခံပေါ့ကွာ” လို့ သြဘာပေးတယ်။ ဆရာကြီးသာ မရိုက်ရင် သူက ရိုက်ပြီး အပြစ် ပေးမယ့်ပုံပဲ။ အဲဒီမှာ လူူညစ် ဆိုရင် အဖေကတောင် လက်မခံဘူးဆိုတာ သဘောပေါက်သွားတယ်။

အဲဒီဘောလုံးပွဲက ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာပဲ။ ဘ၀ မှာ ဘယ်လို ပြိုင်ဆိုင်မှု မျိုးနဲ့ ကြုံကြုံ ညစ်ပြီး အနိုင်ယူဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်အထက် က ဖြစ်ဖြစ်၊ လုပ်ဖော် ကိုင်ဘက်ဖြစ်ဖြစ်၊ လက်အောက်က ဖြစ်ဖြစ် ညစ်တတ်တဲ့ လူတွေကို တွေ့ရင်လည်း လေးစားလို့ မရတော့ ဘူး၊ ခင်မင်စိတ်မရှိတော့ဘူး၊ စာနာစိတ်မထားနိုင်ဘူး။

ကျွန်တော် အဲဒီမြို့လေးက ပြောင်းလာပြီးနောက်ပိုင်း ဆရာကြီးနဲ့ မဆုံဖြစ်တော့ ဘူး၊ ဆရာကြီး ကွယ်လွန်သွားတာတောင် နှစ်အတော်ကြာမှ သိတယ်။ ဒါပေမယ့် လူညစ်တွေ တွေ့ တိုင်း
“ သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်” ဆိုတဲ့ ဆရာကြီး စကားကို ပြန်သတိရတယ်။

အခုနေ ဆရာကြီးများရှိရင် ကြိမ်လုံး တဝင့်ဝင့်နဲ့ ဘာတွေများပြောနေမလဲ မသိဘူး။

ရှေးဟောင်း ထမင်းကြော်

ဒီဆိုင်လေးက လူသွားလူလာများတဲ့ လမ်းမကြီးဘေးမှာ မရှိဘူး။ မိုင်းအင်ရွာ ငါးရက် တစ်ဈေး ဈေးတန်း လေးရဲ့နောက်ဘက်ချောင်ထဲမှာ ရောက်နေတယ်။ ဆိုင်နာမည် ဆိုင်းဘုတ် မရှိ သလို ဈေးထိပ်မှာ ဆိုင်ကို ညွှန်းတဲ့ လမ်းညွှန် အမှတ်အသားလည်း မရှိဘူး။ ဆိုင်က သွပ်မိုး ၊ ထရံကာ မြေစိုက်တဲလေး။ သွပ်မိုးတွေက သံချေးရောင်ပေါက်နေပြီ။ ဆိုင်ခေါင်းရင်းဘက်က မိုးပက်လို့ ထင် တယ်၊ ပလတ်စတစ်စတွေနဲ့ ကာထားတယ်။ ဆိုင်ရှေ့မှာ ချထားတဲ့ တိုင်ကီ အဟောင်း လေးလုံး ကြောင့် အဝေးက ကြည့်ရင် စားသောက်ဆိုင် ထက် စက်သုံးဆီ ဆိုင်လို့ ထင်စရာဖြစ်နေတယ်။

ဒါပေမယ့် ပင်းတယ၊ မိုင်း အင် ပတ်ဝန်းကျင်မှာ တော့ ဒီဆိုင်လေးကို မသိသူ မရှိသ လောက်ပဲ။ ဆိုင်းဘုတ်တွေ၊ လမ်းညွှန်တွေမလိုဘူး။ “ ကိုရင်ကြီး ဆိုင်” ဆိုရင် သိပြီ။ ဆိုင်နာမည်က ပင်းတယ မြို့ က ဦးအစိတ်ဆိုင်လိုပဲ ဒီဆိုင် ရဲ့ စားတော်ကဲလည်း ဖြစ်၊ ပိုင်ရှင်လည်း ဖြစ်တဲ့ ကိုရင်ကြီး ကို အစွဲပြုပြီး ကိုရင်ကြီး ဆိုင်လို့ခေါ်တာဖြစ်တယ်။

တကယ်တော့ ကိုရင်ကြီး ဟာလည်း ဦးအစိတ် ဆိုင် စားဖို ဆောင်မှာ အကြော်ဆရာ တစ်ယောက်အဖြစ် လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ် လောက် မှာ မိုင်းအင် ကျေးရွာသူနဲ့ အိမ်ထောင်ကျပြီး ဒီဆိုင်လေးကို ဖွင့်ခဲ့တာလို့ ဆိုတယ်။ ကိုရင်ကြီး ကွယ်လွန်သွားတာ နှစ်လကျော်လောက်ရှိပြီ။ အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီး သားဖြစ်သူက ကိုရင်ကြီးလက်ထပ်သင်ပေးခဲ့တဲ့ ဟင်းချက်နည်းတွေအတိုင်း ကိုရင်ကြီး အမွေကို ဆက်ခံ ပြီး ဆိုင်ဆက်ဖွင့်ထားတယ်။

ဆိုင်ထဲမှာ ခုံတန်းရှည်တွေချထားတဲ့ စားပွဲ သုံးလုံးရှိတယ်။ ခေါင်းရင်းနံရံမှာ ဘုရားစင်ရှိတယ်။ စားပွဲတစ်လုံးရဲ့နောက်ဘက်မှာ အခန်းတစ်ခန်း ကန့်ထား ထားတယ်။ အဲဒါက လက်ရှိ ဆိုင်ပိုင်ရှင်မိသားစုရဲ့ အိပ်ခန်း။ အိပ်ခန်း နဲ့ ခေါင်းရင်း နံရံကြားက နေရာလွတ်မှာတော့ စက္ကူပုံးခွံတွေ၊ အိတ်တွေနဲ့ ပစ္စည်းတစ်ချို့ရှိတယ်။ ထုတ်တန်းမှာ တွဲလောင်း ဆွဲထားတဲ့ ပလတ်စတစ်ခြင်းတစ်လုံးရှိတယ်။ အဆင့်မြင့် ရွှေအိုး ဂျုံခေါက်ဆွဲ လို့ရေးထားတဲ့ ပုံးခွံ တစ်ချို့ တွေ့ရတာကြောင့် ဒီဆိုင်က ခေါက်ဆွဲကြော်ဟာ ကိုယ်တိုင်လုပ်တဲ့ ခေါက်ဆွဲနဲ့ ကြော်တာမဟုတ် ဘူးလို့ ယူဆရတယ်။

ဆိုင်ရဲ့ ခြေရင်းဘက်ကတော့ စားဖိုဆောင်ပဲ။ စားပွဲရှည်ကြီးပေါ်မှာ ပန်းကန်းခွက်ယောက် တွေ၊ ချက်ပြုတ်ရာမှာထည့်ရမယ့် အဆာပလာတွေတင်ထားတယ်။ ထူးခြားတာကတော့ ဇွန်း ခက်ရင်း တွေက ကြေးဇွန်း၊ကြေးခက်ရင်းတွေ။ ကိုရင်ကြီး ဆိုင်စဖွင့်ထဲက သုံးခဲ့တာတဲ့။ ပန်းကန်တွေက လည်း မူလလက်ဟောင်းတွေပဲ။

တစ်ချိန်က မြို့ငယ်လေးတွေနဲ့ မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးတွေက တရုတ်စားသောက်ဆိုင်လေး တွေမှာ ကြေးဇွန်း၊ ကြေးခက်ရင်း၊ ကြွေဇွန်း နဲ့ ဝါးတူတွေပဲ သုံးကြတာပါ။ ဝါးတူတွေဆိုရင် သုံးပါ များလို့ အညှိတောင်တက်ချင်နေပြီ။ စားတော့မယ်ဆိုမှ တူပေါ်မှာ ရေနွေးလေးလောင်းချ ၊ သန့်ရှင်းရေးလုပ်ပြီး စားလိုက်တာပဲ။ နည်းနည်းခေတ်မီတဲ့ဆိုင်က ပလတ်စတစ် တူတွေ သုံးတယ်။ တစ်ခါ သုံးတူဆိုတာမပေါ်သေးဘူး။ မှတ်မိသလောက် ၁၉ ၈၀ ပြည့်လွန် နှစ်တွေအထိ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အဲဒီလို ဆိုင်တွေရှိနေတုန်းပဲ။

ဆိုင်ခြေရင်း နံရံနဲ့ကပ်ရက်မှာ မီးဖိုရှိတယ်။ မီးထိုးတဲ့အပေါက်ဘက်မှာ ဒန်အိုးနှစ်လုံး။ တစ်လုံးက ရေနွေး၊ တစ်လုံးက ဝက်ရိုးပြုတ်ရည်။ ပြီးတော့ ဒယ်အိုးနှစ်လုံး။ ဒယ်အိုးတွေကတော့ ကိုရင်ကြီး ဆိုင်ဖွင့်စထဲက သုံးခဲ့တာတွေမဟုတ်တော့ဘူး။ ငါးနှစ်တစ်ခါလောက်လဲရတယ်တဲ့။ ဒယ်အိုး တွေဘေးမှ ဆီဝပြီး မည်းညစ်နေတဲ့ တံမြက်စည်းတိုတစ်ချောင်း။ ဒယ်အိုးတွေပေါ်က ဝါးတန်းမှာ သတ္တုအုပ်ဆောင်း တစ်ခု ၊ စတီး ဆန်ကာခုံးတစ်ခု၊ ဒယ်အိုးအသေးတစ်လုံး တွဲလောင်း ချိတ်ထားတယ်။ ဆိုင် အဆောက် အဦ နဲ့ပစ္စည်းတွေက ဟောင်းနွမ်းနေပေမယ့် ဆိုင်အတွင်း သန့်ရှင်း နေတာ ကတော့ ချီးကျူးစရာပဲ။

ဒီဆိုင်မှာ ဝက်သားတစ်မျိုးပဲရတယ်။ ဟင်းလျာစာရင်းကလည်း များများမရှိဘူး။ ထမင်း ကြော်၊ ခေါက်ဆွဲကြော်၊ဆီချက်ခေါက်ဆွဲ၊ အသားကင်ချက်၊ အစိမ်းကြော်။ ဟင်းချိုကတော့ ဆာဒါး ဟင်းချို နဲ့ ဝက်စွပ်ပြုတ်။ ဒီဆိုင်ရဲ့ နာမည်ကျော် ဟင်းလျာက ထမင်းကြော် နဲ့ အသားကင် ချက်ပဲ။

ကျွန်တော်တို့ရောက်သွားတော့ ဆိုင်မှာ လူရှင်းနေတယ်။ ဈေးနေ့ဆိုရင်တော့ လူကျ တယ်၊ ဒီလို ကြားရက်တွေကတော့ လူပါးတယ်တဲ့။ ကျွန်တော်တို့အဖွဲ့က ထမင်းကြော်၊ အသားကင်ချက်၊ အစိမ်းကြော်နဲ့ ဝက်စွပ်ပြုတ် မှာလိုက်တယ်။ ကိုရင်ကြီး ရှိစဉ်ကလိုပါပဲ။ သူ့သားဖြစ်သူက ဆိုင်ပိုင်ရှင်လည်းဖြစ်၊ အကြော်ဆရာလည်း ဖြစ်တယ်။ သူ့သားရဲ့ ဇနီးကတော့ အကူပေါ့။ သူတို့ သမီးငယ်လေးကတော့ ဟင်းတွေချတာ၊ သိမ်းတာလုပ်တယ်။ မိသားစုဆိုင် စစ်စစ်ပါပဲ။

ထမင်းကြော် နာမည်ကြီးတဲ့ဆိုင်ဆိုတော့ ဘယ်လိုကြော်သလဲဆိုတာ အကဲခတ်ကြည့် တယ်။ ထမင်းကြော်အတွက် ပြင်ထားတဲ့ ထမင်းတွေကို ဒန်အိုးကြီးထဲမှာ အဆာပလာတွေနဲ့ ကြို နယ်ထားတယ်။ အရောင်အဆင်းအရတော့ ကြာညို့ ဖြစ်မယ်ထင်တယ်။ သူ့ ချက်နည်း လ ျှိုု့ဝှက်ချက်ဖြစ်တဲ့အတွက် အသေးစိတ်မမေးပါဘူး။ ဆန်ကတော့ ဒေသဆန်လို့ ပြောတယ် ။ ကျွန်တော်တို့ ရှမ်းဆန် လို့ခေါ်တဲ့ စားလိုက်ရင် စေးစေး ထွေးထွေးလေးရှိတဲ့ ဆန်မျိုး ဖြစ် မယ်ထင်တယ်။

ထမင်းကြော်လို့ မှာလိုက်တော့ ခုနက ပြင်ထားတဲ့ ထမင်းတွေကို ဒယ်အိုးထဲ ထည့်မွှေ တယ်။ တစ်ခါတည်းကြော်မယ်ထင်ပေမယ့် မဟုတ်ဘူး။ ခဏနေတော့ ပြန်ဆယ်ပြီး ဇလုံတစ်ခုထဲ ထည့်ထားလိုက်တယ်။ ဒယ်အိုးကြီးထဲမှာ အစိမ်းကြော်၊ အသားကင်ချက်တွေကို ဆက် ကြော်လှော်ချက်ပြုတ်တယ်။ အားလုံးပြီးမှ ဇလုံထဲမှာ ထည့်ထားတဲ့ ထမင်းတွေကို ဒယ်အိုး ထဲ ပြန်ထည့်ပြီး အသားတွေ ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကြော်တယ်။

ထမင်းကြော်ကတော့ ကျွန်တော်အမြဲတမ်းညွှန်းနေတဲ့ မီးခိုးနံ့ သင်းတဲ့ မူလလက်ဟောင်း တရုတ် ထမင်းကြော်ပုံစံ အတိအကျပဲ။ ဆန်က ထွေးထွေး အိအိလေး။ ဒါပေမယ့် ဆီနည်းပြီး ခြောက် အောင်ကြော်ထားတဲ့အတွက် စားလို့ကောင်းတယ်။ ဒီလို ဆန်မျိုးကို ဆီများများနဲ့ ကြော်ရင် စားလို့ ကောင်းမှာမဟုတ်ဘူး။ နာမည်ကြီးသလောက် ကောင်းပါပေတယ်လို့ အသိအမှတ် ပြု ရမယ့် လက်ရာပါ။ မူလ လက်ဟောင်း တရုတ်ထမင်းကြော်ကို ခေတ်ဟောင်း ပန်းကန်၊ ခေတ်ဟောင်း ကြေးဇွန်း ကြေးခက်ရင်း နဲ့ စားလိုက်ရတော့ ကာလယန္တရားနဲ့ အတိတ် နှစ်လေး ဆယ်ကျော်ကို ပြန်ရောက်သွားသလိုပဲ။

ကျန်တဲ့ ဟင်းတွေထဲမှာ အသားကင်ချက်ကတော့ ကောင်းတယ်။ အသားကင်ချက်ဆိုတဲ့ အတိုင်း အသားသက်သက်ပဲ။ အဆီ၊ အခေါက်လုံးဝမပါဘူး။ အစိမ်းကြော်နဲ့ စွပ်ပြုတ်ကတော့ သာမန် အဆင့်ပါပဲ။

ကျွန်တော်တို့ စားနေချိန်မှာပဲ အသက်ကြီးကြီးလူနှစ်ယောက်ဝင်လာတယ်။ မြို့ခံမိတ်ဆွေ ကို လှမ်းနှုတ်ဆက်တယ်။ ထယ်သွန်းရွာသားတွေ။ မိုင်းအင်က အလှုကို လာတာ။ အလှု ထမင်း ဟင်း စားပြီးပေမယ့် မိုင်းအင် ရောက်ရင် ကိုရင်ကြီး ထမင်းကြော် စားလိုက်ရမှ အာသာပြေလို့ လာစား တာတဲ့။ ခဏနေတော့ နောက်ထပ်လူနှစ်ယောက်ဝင်လာတယ်။ အသီးအနှံပွဲစားတွေထင်တယ်။ သူတို့လည်း ထမင်းကြော်ပဲမှာ စားတယ်။ ပါဆယ်လာဝယ်သူတစ်ယောက်လည်း ရောက်လာ တယ်။ အသားကင်ချက်လာဝယ်တာတဲ့။

ကိုရင်ကြီး ဆိုင်နဲ့ပတ်သက်ပြီး ဆက်မေးချင်ပေမယ့် သားဖြစ်သူက ချက်ပြုတ်ရေးနဲ့ အလုပ်များ နေလို့ မမေးနိုင်တော့ဘူး။ စားပြီးတာနဲ့ နှုတ်ဆက်ရင်း ဒီလက်ရာနဲ့ ကိုရင်ကြီးလက်ထက်ထဲက ရှိနေတဲ့ ကြေးဇွန်း၊ ကြေးခက်ရင်းတွေ၊ ပန်းကန်တွေကို ထိန်းသိမ်းဖို့ အကြံပေးခဲ့ တယ်။

လမ်းရောက်မှ ကိုရင်ကြီးရဲ့ နာမည်ရင်းကို မမေးခဲ့ရတာ သတိရတယ်။ မြို့ခံမိတ်ဆွေက သူလည်း မသိဘူးတဲ့။ အားလုံးက ကိုရင်ကြီးလို့ပဲ ခေါ်ကြတာလို့ပြောတယ်။ ပင်းတယ ရောက်တော့ ဦး အစိတ်ဆိုင်ကို သွားမေးတယ်။ သူတို့လည်း ကိုရင်ကြီး လို့ပဲ သိတော့တယ်။ ပြန်စဉ်းစား လိုက် တော့ သူ့သားကိုယ်တိုင်ကလည်း ဆိုင်အကြောင်းပြောတဲ့အခါ ကိုရင်ကြီး လို့ပဲ သုံးပြီး ပြောခဲ့ တာပဲ။ သူ့ဟင်းချက်လက်ရာကောင်းတော့ ဆိုင်ကိုလည်း ကိုရင်ကြီးဆိုင်၊ လူကိုလည်း ကိုရင် ကြီး လို့ပဲ သိကြတော့တာကိုး။

“ကိုရင်ကြီး” လိုပဲ လောကမှာ မိဘပေးခဲ့တဲ့ နာမည်ပျောက်ပြီး ကွယ်လွန်သည်အထိ အခြား နာမည် တစ်ခုပဲ တွင် သွားတဲ့၊ အခြားနာမည်တစ်ခုနဲ့ပဲ သိတော့တဲ့ လူတွေအများကြီးရှိ တတ်ပါတယ်။ ဒါပေမယ့် အကောင်း နဲ့ သိကြတာလား၊ အဆိုးနဲ့သိကြတာလားဆိုတာတော့ ကွာခြားသွားတာပေါ့။