ပုဂံ အလှ နဲ့ ဘ၀ (၁၈)

ဒါန ဘဏ်

ပုဂံ ညောင်ဦးမှာ ဘုရား၊ ပုထိုးစေတီတွေများသလို ဘုန်းကြီးကျောင်းတွေလည်းများတယ်။ အဲဒါ ကြောင့် ပုဂံ ညောင်ဦး ခရီးစဉ်မှာ သံဃာတော်တွေကို ဆွမ်းလှုမယ်လို့ ဆုံးဖြတ်ခဲ့ တယ်။ ညောင်ဦး ကားဂိတ်ကိုရောက်တော့ လာကြိုတဲ့ ကိုဝင်းခိုင်ကို ကျောင်းတိုက် တစ်တိုက်မှာ သွားလှုတာမျိုးမလုပ်ချင်ဘူး၊ ဘယ်ကျောင်းတိုက်၊ ဘယ်သံဃာရယ်လို့ အစွဲ မထားဘဲလှုချင် တယ် လို့ပြောတော့ သူက အရုဏ်ဆွမ်း၊ နေ့ဆွမ်းလှုလို့ရတဲ့နေရာတွေကို ပြောပြတယ်။

သူပြောတဲ့အထဲက ဒါနဘဏ် ဆွမ်းလောင်းအသင်းကို ရွေးလိုက်တယ်။ ဒါနဘဏ် ဆွမ်းလောင်း အသင်းဆိုတာက အတိုခေါ်လိုက်တာပါ။ အမည်အပြည့်အစုံက ဒါနဘဏ် သာသနဟိတ နုဂ္ဂဟ အသင်းဖြစ်ပါတယ်။ ရွေးလိုက်တဲ့အကြောင်းကတော့ ဒါနဘဏ် ဆွမ်းလောင်းအသင်းက ကြွလာ တဲ့ သံဃာတော်များ၊ကိုရင်များကို ဆွမ်း၊ဟင်းအပြည့်အစုံနဲ့ အရုဏ်ဆွမ်းလောင်းတဲ့အတွက် ဖြစ် ပါတယ်။ ကျွန်တော်ကတော့ နေ့ဆွမ်းဆိုရင် လှုတဲ့သူများတယ်။ မပြည့်စုံ တဲ့ကျောင်းတိုက် တွေမှာဆိုရင် အရုဏ်ဆွမ်း အခက်အခဲရှိနိုင်တဲ့အတွက် အရုဏ်ဆွမ်း ပိုလှုသင့်တယ်လို့ ယူဆတယ်။ နောက်ပြီး အရုဏ်တက် ချိန် ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ကြည်ညိုပူဇော်ရတဲ့ ကြည်နူးမှုကိုလည်း နှစ်သက်တာလည်းပါပါတယ်။

ဒါနဘဏ်ဆွမ်းလောင်းအသင်းက ညောင်ဦး မဏိစည်သူဈေးအလွန် မှာရှိတယ်။ သူ့ဘေးမှာ ညောင်ဦးကားအသင်းလက်မှတ်ရောင်းတဲ့ရုံးရှိတယ်။ ဒါနဘဏ်ဆွမ်းလောင်းအသင်းကို ၁၉ ၈၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး မနက်တိုင်း သံဃာတော်တွေကို အရုဏ် ဆွမ်းလောင်းခဲ့တယ်။ အလှုရှင်မရှိရင် အသင်းငွေပဒေသာပင်ကနေ လှုတယ်။

အသင်းမှာတွေ့ရတဲ့ ၂၀၁၉ ခုနှစ် လစဉ်ဆွမ်းလောင်းလှုကုန်ကျငွေစာရင်းကို ကြည့်လိုက်တော့ ၂၀၁၉ ခုနှစ်မှာ အရုဏ်ဆွမ်းအတွက် အလှုရှင်လှုဒါန်းငွေက သိန်းလေးရာ့လေးဆယ်ကျော်၊ အသင်းပဒေသာပင်က လှုဒါန်းငွေ ၃၁၅ သိန်းကျော်ကုန်ကျတာကိုတွေ့ရတယ်။ တစ်လကို ပ ျှမ်းမ ျှ ဆွမ်းစရိတ် သိန်း ခြောက်ဆယ်ကျော်လောက်ရှိတဲ့သဘောပါ။ အရုဏ်ဆွမ်းခံကြွလာတဲ့ သံဃာအပါးနှစ်ရာ လောက်ရှိတယ်။ ဝါတွင်းဆိုရင် သုံးရာကျော်ရှိတယ်တဲ့။

ဒါနဘဏ်က အလှုရှင်အနေနဲ့ တစ်ရက်စာအတွက် ဘယ် လောက်လှုရမယ်လို့သတ်မှတ် မထားဘူး။ ကိုယ်လှုချင်တဲ့ငွေပမာဏနဲ့ ကျွေးချင်တဲ့ ဟင်းလျာစာရင်းပြောရင်ချက်ပေးတယ်။ ဒါမှမဟုတ် တတ်နိုင်သလောက်လှုဒါန်းရင်လည်း အသင်း က လိုတဲ့ငွေကို ထပ်ဖြည့်ပြီး ချက်ပြုတ် လှုဒါန်းပါတယ်။ တစ်ချို့အလှုရှင်တွေက အရုဏ်ဆွမ်း မလောင်းဘဲ ငွေပဒေသာပင်အတွက် လှုဒါန်းတာ လည်းရှိတယ်။ အသင်းမှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထာဝရပဒေသာပင်လှုဒါန်းသူ ၄၉ ၇ ဦး အမည် နဲ့ လှုဒါန်းငွေတွေ မှတ်တမ်းတင်ထားတာ လည်းတွေ့ခဲ့ ရတယ်။

ကျွန်တော်က အသားဟင်းတစ်မျိုး၊ အသီး အရွက်ဟင်းတစ်မျိုး နဲ့ အရန်ဟင်းတစ်ခွက်လှုဒါန်းဖို့ အတွက် ခန့်မှန်းပြီးလှုပါတယ်။ ဆွမ်းလောင်းပြီး တဲ့အခါ အသင်းက စာရင်းရှင်းတမ်းနဲ့ ပိုငွေကို ပြန်ပေးတယ်။ စာရင်းရှင်းတမ်းက နံနံပင် ၅၀၀ ဖိုး ဝယ်တာအထိ အပြည့်အစုံလုပ်ပေးထားတာ အတော်စနစ်ကျပါတယ်။

ကျွန်တော်လှုဒါန်းခွင့်ရတာက ဇူလိုင်လ ၃၀ ရက်နေ့၊ မနက်လေးနာရီကျော်ကျော်လောက် အရောက်သွားရပါတယ်။ အဲဒီအချိန်မှာ အသင်းတာဝန်ရှိသူတွေက ဆွမ်းလောင်းဖို့ အတွက် ပြင်နေပြီ၊ ဆွမ်းထမင်းအိုးကြီးနှစ်အိုး၊ အမဲနှပ်ဟင်းတစ်အိုး၊ ခရမ်းသီးချက်တစ်အိုး၊ ရှောက်ချဉ် သုပ်တစ်အိုးပြင်ထားတယ်။

မနက်လေးနာရီခွဲမှာ သံဃာတော်တွေ၊ ကိုရင်တွေ ကြွလာကြတယ်။ တစ်ချို့က တစ်ပါးတည်း၊ တစ်ချို့က နှစ်ပါး၊ သုံးပါး၊ နည်နည်းလှမ်းတဲ့ကျောင်းတွေကတော့ ဒကာတွေစီစဉ်ပေးတဲ့ လိုက် ထရပ်လေးတွေနဲ့ ကြွလာကြတယ်။ ရွှေကူမိဘမဲ့ ပရဟိတကျောင်းကတော့ ဆယ်ဘီးကားကြီး နဲ့ ကြွလာကြတယ်။ ကိုရင်လေးတွေ အပါးခြောက်ဆယ်လောက်ရှိမယ်။ သပိတ်မနိုင့်တနိုင်နဲ့ ကိုရင် လေးတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရာဒေသတွေက ကိုရင်လေးတွေလည်း ပါ တယ်။ ရင်နင့်စွာနဲ့ ကြည်နူးရတဲ့မြင်ကွင်းပေါ့။

ငါးနာရီကျော်တော့ အရုဏ်ဆွမ်းလောင်းလို့ ပြီးသွားတယ်။ အသင်းက တာဝန်ရှိသူတွေကို ကျေး ဇူးတင်ကြောင်းပြောပြီးပြန်ခဲ့တယ်။ လုပ်ငန်းတစ်ခုကို နေ့စဉ်ဝတ်မပျက်ဆောင်ရွက်နိုင်ဖို့ ဆို တာ မလွယ်ပါဘူး။ ဒီလို စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေရှိနေတဲ့အတွက် ရဟန်းသံဃာတွေ ဆွမ်းကွမ်း မပူ ပင်၊ မကြောင့်ကြ ရတာဖြစ်ပါတယ်။

ဆွမ်းလောင်းရတာ အားလုံးအဆင်ပြေပေမယ့် စိတ်ထဲမှာ တစ်ခုကျန်နေတယ်။ ဆွမ်းလောင်းနေ ချိန်မှာ အမဲနှပ်ဟင်းနဲ့ ခရမ်းသီးချက် အနံ့က လူကို ကလူ၏သို့၊ မြှူ၏သို့၊ လုပ်နေတာ ဆွမ်းလောင်း ပြီး တဲ့အချိန်ထိ မပျောက်ဘူး။ ဒါနဲ့ ဟိုတယ်အပြန်လမ်းမှာ ကိုဇော်ကြီးရာ၊ အမဲသားနှပ်နဲ့ ခရမ်းသီးချက်က မွှေးလိုက်တာဗျာ၊ စားချင်လိုက်တာလို့ ပြောမိတယ်။ ကိုဇော်ကြီးက ပြီးရင် အလှုရှင်တွေကို ကျွေး တယ်။ စောသေးတာနဲ့ ဆရာမစားဘူးထင်လို့ ဆိုပြီး ပြန်ပြောတယ်။ သူ့ဖြေသံကြားတော့ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ကိုဇော် ကြီးရာ ၊အဲဒီမှာမစားလည်း ချိုင့်လေးနဲ့ထည့်ယူလာပြီး ထမင်းကြော်လေးနဲ့များစားလိုက်ရရင် ဆိုပြီး ငိုသံပါနဲ့ ပြောမိတယ်။

“တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏” ဆိုတာအမှန်ပဲ။ အဲဒီ နေ့တစ်နေ့လုံး အမဲနှပ်နဲ့ ခရမ်းသီးချက်ကိုပဲ သတိရနေမိတယ်။

ပုဂံ အလှ နဲ့ ဘ၀ (၁၇)

ကျူးကျော်သူများ

ရွှေစည်းခုံဘုရား အနားမှာ ကျန်စစ်သားဥမင်ရှိတယ်။ အုတ်နဲ့ဆောက်ထားတဲ့ ဥမင်ပုံသဏ္ဍန် လိုဏ် ဂူ ကျောင်း ပါ။ ကျန်စစ်သားဥမင်လို့ခေါ်ပေမယ့် အနော်ရထာမင်းလက်ထက်ထဲက ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်စစ်သားဥမင်ရဲ့ထူးခြားချက်ကတော့ ပုဂံကို ရောက်လာခဲ့တဲ့ မွန်ဂို စစ်သားတွေရဲ့ ပုံတွေကို နံရံဆေးရေးပန်းချီတွေမှာထည့်ဆွဲထားတာဖြစ်ပါတယ်။ အဲဒီမွန်ဂိုစစ်သည် တွေဟာ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက် ပုဂံကို ကျူးကျော်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျွန်တော်ရောက်သွားချိန်မှာတော့ ကိုဗစ်ကန့်သတ်ချက်ကြောင့် ဂူဘုရားတွေထဲ ဝင်ခွင့်ပိတ်ထား တဲ့အတွက် မွန်ဂိုစစ်သည်တွေရဲ့ပုံကို မမြင်ခဲ့ရဘူး။

ပုဂံရောက်နေချိန်မှာ၁၃ ရာစုက ကျူးကျော်ခဲ့သူ မွန်ဂိုစစ်သည်တွေရဲ့ ပုံတွေကို မတွေ့ခဲ့ပေမယ့် ၂၁ ရာစု ကျူးကျော်သူတွေကိုတော့ တွေ့ခဲ့ရတယ်။

ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းကနေ အလိုတော်ပြည့် ဘုန်းကြီးကျောင်းဘေးက လမ်းအ တိုင်း အနော်ရထာလမ်းဘက်ထွက်ရင် ဘယ်ဘက်မှာ ကွက်လပ်ကြီးရှိတယ်။ အရင်ကတော့ အဲဒီ ကွက်လပ်ကနေမီးပုံးပျံတွေစထွက်တာပေါ့။အခုတော့ကိုဗစ်ကြောင့်ရပ်ထားရတယ်။ အဲဒီကွက်လပ် ကြီးက ရွှေစည်း ခုံဘုရားဝတ္တကမြေဖြစ်ပါတယ်။

ဒီတစ်ခေါက်ရောက်သွားတော့ ဘုရားဝတ္တက မြေဆိုတဲ့ ဆိုင်းဘုတ်က ချုံကြားထဲမှာ၊ အဲဒီမြေကွက် ထဲမှာ အကွက်ရိုက်ထားတဲ့မြေကွက်တွေတွေ့ရတယ်။ မြေကွက်ကြီးတစ်ခုလုံးတော့ မကုန်သေး ဘူး၊ကုလားအုပ်ခေါင်းဝင်သလိုသုံးလေးကွက်ချပေးထားတာတွေ့ရတယ်။ နောင်ဆိုရင်တော့ ဒီ ကွက်လပ်ကြီးတစ်ခုလုံးကုန်သွားနိုင်တယ်။ လူသွားလူလာနည်းတဲ့နေရာဆိုရင်လည်း ထားပါ တော့ ၊ အနော်ရထာလမ်းလို လမ်းမကြီးပေါ်မှာ ဒေသအာဏာပိုင်တွေမသိဘဲနဲ့ ခြံဝင်းခတ်ဖို့ ဆို တာ မဖြစ်နိုင်ဘူး။ဆိုင်းဘုတ်တောင် ချုံထဲရောက် နေပြီဆိုတော့ ရွှေစည်းခုံ ဂေါပကအဖွဲ့လည်း မနိုင်၍ သည်းခံခြင်းသည်လည်းကောင်း လုပ်နေရပြီ ထင်တယ်။

အဲဒီနေရာကနေ အနော်ရထာလမ်းအတိုင်းညာဘက်ကို ချိုးလိုက်ရင် ဂူပြောက်ကြီးဘုရားကို သွား တဲ့လမ်းခွဲလေးရှိတယ်။ဘုရားအဝင်လမ်းနဲ့မျက်နှာချင်းဆိုင်ကျန်စစ်သားဂူကျောင်းထဲမှာ လုံခြုံ ရေး တာဝန်နဲ့ တစ်လနီးပါး နေခဲ့ချိန်က ညနေတိုင်းလိုလို ဂူပြောက်ကြီးဘုရားဘက်ကို လမ်းလေ ျှ ာက် ဖြစ်တယ်။ အဲဒီအချိန်က ဘုရားပတ်ဝန်းကျင်မှာ ဘာမှ မရှိဘူး။ အခုတော့ လမ်းခွဲအဝမှာ Royal House Resort ဆိုတဲ့ ဆိုင်း ဘုတ်တွေ့တယ်။ ဟိုတယ်က ဆောက်လုပ်နေဆဲပဲ။ ဟိုတယ်ခြံစည်းနဲ့ ဂူပြောက်ကြီးခြံစည်းရိုးက ထိနေပြီ။ ဒီနေရာက အဆောက်အဦဆောက်လုပ်မရတဲ့ ရှေးဟောင်း ဇုန်ထဲမှာပါပေမယ့် ယာမြေ ကနေ သရက်ခြံ၊ သရက်ခြံကနေ စားသောက်ဆိုင်၊ စားသောက် ဆိုင် ကနေ ဟိုတယ်ဖြစ်လာတာလို့ ပြောတာပဲ။ ဂူပြောက်ကြီးဘုရား နားက ရှေးဟောင်းဇုန် အမှတ် အသား ငုတ်တိုင်လေးကတော့ ဟိုတယ် စီမံကိန်းဘက်ကို ငိုမဲ့မဲ့ နဲ့ လှမ်းကြည့်နေလေရဲ့။

ပုဂံကို ကုန်းပေါ်ကနေ ကျူးကျော်နေသူတွေရှိသလို ဧရာဝတီမြစ်ဘက်ကနေ ကျူးကျော်နေသူတွေ လည်းမြင်ခဲ့ရတယ်။ ဗူးဘုရားဆိပ်ကနေ ကျောက်ဂူဥမင်ကို သွားတဲ့အချိန်မှာ ကမ်းနားမှာ ရေမြုတ် နေတဲ့ခြံတိုင်အသစ်တွေတွေ့ရတယ်။ အဲဒါတွေက နောင်တစ်ဖြေးဖြေးနဲ့ မြေဖို့ယူပြီး စားသောက် ဆိုင်တွေဖြစ်လာတော့မယ်ထင်တယ်။ ကျောက်ဂူဥမင်မရောက်ခင် တောင်ကုန်းပေါ်မှာလည်း ကျူး ကျော်တဲတွေတွေ့တယ်။ အဲဒီတဲတွေဘေး တောင်ကုန်းစောင်းမှာ ရှေးဟောင်းဇုန် နယ်မြေ အမှတ်အသားကျောက်တိုင်တွေလည်းမြင်နေရတယ်။

တစ်နေရာမှာတော့ ဆောက်လက်စ ဟိုတယ်တစ်လုံးက ရေထဲမှာ ကွန်ကရစ်တိုင်တွေစိုက်ထား တာတွေ့တယ်။ စက်လှေသမားကတော့ မြေချဲ့ယူဖို့လုပ်နေတာလို့ပြောတယ်။ အမိုးအကာ မတင် ရသေးတဲ့အဆောက်အဦတစ်ခုကို လက်ညှိုးထိုးပြပြီး အဲဒါလည်း ကျူးပဲ။ အခုတော့လက်လွှဲရောင်း သွားပြီလို့ဆိုတယ်။ ရွှေစည်းခုံဘုရားဘက် ကမ်းနားမှာလည်း ပြင်သစ်မခြံ လို့ခေါ်တဲ့မြေကွက် ကြီး ရှိတယ်၊ အဲဒီမြေကွက်ကို ဒေသခံက နာမည်ခံပြီး ပြင်သစ်နိုင်ငံသားဇနီးမောင်နှံက ဝယ်ထားတာလို့ ဆိုတယ်။

ပုဂံရောက်နေချိန်မှာဒေသခံတွေ အပြောအများဆုံးကိစ္စကတော့ ဧဒင်ဟိုတယ်စီမံကိန်း ပဲ။ ပြော သာ ပြောတာပါ၊ လိုက်ပြဖို့တော့ ဝန်လေးကြတယ်။ အဲဒီဟိုတယ်စီမံကိန်းက မင်္ဂလာစေတီ တောင်ဘက် ဧရာဝတီမြစ်ဘက်မှာရှိတယ်။ မြေတွေဝယ်ထားရာကနေ နောက်တော့ ဟိုတယ် စီမံ ကိန်းဖြစ်လာတယ်။၂၀၁၄ခုနှစ် အောက်တိုဘာလထဲမှာ ရှေးဟောင်းက တားမြစ်စာပို့လို့ ခဏရပ် သွားတယ်။၂၀၁၆ခုနှစ်ထဲရောက်တော့လုပ်ငန်းတွေပြန်စတယ်။ဒီစီမံကိန်းကို ဒေသခံတွေ ဝေဖန် နေတာက ရှေး ဟောင်း ဇုန်ထဲမှာဟိုတယ်ဆောက်တာအပြင် ဟိုတယ်ဝင်းထဲမှာ ရှေးဟောင်းဘုရား ၂၂ ဆူ ပါ နေလို့ဖြစ်ပါတယ်။

ဒီဟိုတယ်ကလည်း ဟိုတယ်စီမံကိန်းဆိုပြီးချက်ခြင်းကြီးထလုပ်တာတော့မဟုတ်ဘူး။ ဒီဒေသမှာ လုပ်ငန်းရှင်တွေလုပ်လေ့ရှိတဲ့နည်းလမ်းက ယာမြေတွေကို ဖြေးဖြေးချင်းဝယ်၊ အခြေ အနေပေးတဲ့ အချိန်ရောက်တော့ဟိုတယ်ထဆောက်တာလို့ဆိုတယ်။ နဝတခေတ်ကတော့ဒေသအာဏာပိုင် တွေ၊ ထောက်လှမ်း ရေးတွေနဲ့ပေါင်းပြီးပလပ်မြေတွေကိုအမည်ဖောက်ယူလိုက်တာလည်း ရှိတယ် လို့ ပြောကြတယ်။

ဟိုတယ်ဝင်းထဲမှာ ဘုရားတွေရောက်နေတာအေဒင်ဟိုတယ်စီမံကိန်းတစ်ခုတည်းတော့မဟုတ်ဘူး။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ပုဂံယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနဲ့ပတ်သက် ပြီး ရှေးဟောင်းသုတေသနရဲ့တင်ပြချက်မှာဟိုတယ်ဝင်းတွေထဲမှာရှိတဲ့ရှေးဟောင်းဘုရားစာရင်းကို အခု လိုဖော်ပြထားတာတွေ့ရတယ် –
၁။ ဧဒင် ဟိုတယ်စီမံကိန်း ၂၂ ဆူ။
၂။ ပုဂံ ဟိုတယ် ၄ ဆူ။
၃။ ဧရာ ဟိုတယ် ၃ ဆူ။
၄။ ပုဂံသံတဲဟိုတယ် ၂ ဆူ။
၅။ သီရိပစ္စယာဟိုတယ် ဘုရား ၁၀ ဆူ၊ အုတ်ကုန်း ၄ ခု။
၆။ သဇင် ဟိုတယ် ၁ ဆူ။
၇။ Royal House Restaurant ( အခုတော့ Royal House Resort) အုတ်ကျောင်း ၁ ခု။

ပုဂံကို ကျူးကျော်နေသူတွေထဲမှာ ဟိုတယ်လုပ်ငန်းတွေသာမကဘူး။ ကျူးကျော်အိမ်တွေ၊ ဘုရား တွေ ပတ်ဝန်းကျင်က ဆိုင်ခန်းတွေ၊ ခွင့်ပြုချက်မရှိဘဲတိုးချဲ့ဆောက်နေတဲ့ သာသနာရေးဆိုင်ရာ အဆောက်အဦတွေလည်းပါတယ်။ ကျူးကျော်အိမ်တွေနဲ့ပတ်သက်ရင်တော့ ပခုက္ကူသွားတဲ့ လမ်း ဘက်မှာ ရပ်ကွက်သစ်တွေဖော်ထုတ်ပေးသင့်တယ်လို့ အကြံပြုထားတဲ့အကြောင်း ကြားခဲ့ရတယ်။ ဆိုင်ခန်းတွေကိစ္စကတော့ ဂေါပကတွေက သေသေချာချာ စည်းကမ်းသတ်မှတ်ဆောင်ရွက်သင့် တယ်လို့ထင်ပါတယ်။ စာထဲမှာတော့ ဈေးရောင်းဖို့သက်သက်၊ လူနေထိုင်ခွင့်မရှိဘူးတဲ့။ မြေပြင် မှာတော့ အခိုင်အမာအဆောက်အဦတွေဖြစ်နေပြီ။

ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ကြိုးပမ်းမှုကို ၁၉ ၉ ၆ ခုနှစ်မှာ စလုပ်တယ်။ အဲဒီအချိန်က ယူနက်စကိုက ပုဂံမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှုမရှိဘူး ဆိုပြီး ပယ်ချ ခဲ့တယ်။ ဒီလိုပယ်ချခံရတာဟာ အဲဒီအချိန်က ရှေးဟောင်းဘုရားတွေကို အလှုရှင်တွေနဲ့ ပြင်နေ တာကို ယူနက်စကိုက လက်မခံနိုင်တာကြောင့်လို့ဆိုတယ်။

အဲဒီအချိန်မှာပဲ ပုဂံမြို့ဟောင်း ဘုရားတွေကြားမှာရောက်နေတဲ့ လူနေအိမ်တွေကို ရွှေ့ပြီး ပုဂံ မြို့သစ်မှာ နေရာချပေးခဲ့တယ်။ စုစုပေါင်းရပ်ကွက် ဆယ်ခု၊ အိမ်ခြေ နှစ်ထောင်နီးပါးလောက်ရွှေ့ ပြောင်းပေးခဲ့တယ်လို့ ဆိုတယ်။ အဲဒီလို ရှင်းလင်းလိုက်တဲ့အတွက် အနာဂတ်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအတွက် အများကြီးအထောက် အကူ ဖြစ်ခဲ့တာအမှန်ပဲ။

ဒါပေမယ့်တစ်ဖက်မှာလည်းအဲဒီလိုဖယ်ပေးလိုက်ရတဲ့ ရှေးဟောင်းဇုန်ထဲကနေရာ တွေ မှာဟိုတယ်တွေပေါ်လာတာကလည်း ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးနဲ့ပတ်သက် ပြီး အခက်အခဲ တွေဖြစ်စေတယ်။ နေရာရွှေ့ပေးလိုက်ရတဲ့ဒေသခံတွေက အဲဒီအခြေအနေကို လုံး၀ မကျေနပ်ဘူး။

၁၉ ၉ ၈ ခုနှစ်မှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေ ( ၁၉ ၉ ၈) ကို ပြဋ္ဌာန်းခဲ့တယ်။ အဲဒီဥပဒေအရဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွေထဲမှာ ဟို တယ်တွေ ၊ အဆောက်အဦတွေဆောက်ချင်တိုင်းဆောက်လို့မရတော့ဘူး။ အဆောက်အအုံတွေ ဆောက်မယ် ဆိုရင် စိစစ်ရမယ့်အချက်တွေပါလာတယ်။ ခွင့်ပြုမှဆောက်ရမယ်။ ဥပဒေကို ချိုး ဖောက်ရင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်တယ်။ တရားမဝင်ဆောက်ထားတဲ့အဆောက် အအုံကို ဖျက်ခိုင်းလို့မဖျက်ရင် တစ်နေ့ကို ဒဏ်ငွေတစ်သောင်းကနေ တစ်သိန်းအထိ ချမှတ်နိုင် တယ်။

ဒါပေမယ့် သိတဲ့အတိုင်းပဲ။ ဒီဥပဒေကို အကောင်အထည်ဖော်ရမှာက ရှေးဟောင်းသုတေသန၊ ရှေး ဟောင်းသုတေသနဆိုတာက ဘယ်သူဋ္ဌေးကို မှ မနိုင်ဘူး၊ ဘယ်ဌာနကို မှ ပြောလို့မရဘူး။ တစ်ခြားမကြည့်နဲ့ နန်းမြင့်မေ ျှာ်စင်က အကောင်းဆုံးသက်သေပဲ။ ရှေးဟောင်းသုတေသန အမြင် နဲ့ဆိုရင် အဲဒီနေရာမှာ ဂေါက်ကွင်း၊ ဟိုတယ်နဲ့ ပုဂံရှေးဟောင်းလွင်ပြင်မြင်ကွင်းကို ဖျက်ဆီးနေတဲ့ မေ ျှာ်စင်ပေါ်လာစရာအကြောင်းမရှိဘူး။

အခုတော့ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေ(၁၉၉၈)ကို ယဉ် ကျေးမှု အမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉ ) နဲ့အစားထိုးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လေ ျှာက်ထားတာနဲ့ အညီ ရေးဆွဲ ထား တာဖြစ်လို့ ပိုပြည့်စုံတယ်။ပုဒ်မ၁၁၊၁၂နဲ့၃၁ကနေ၃၆ အထိမှာ ယဉ်ကျေးမှုအမွေအနှစ်အ ခင်းအကျင်း ကို အနှောင့် အယှက်ဖြစ်စေတဲ့အဆောက်အအုံတွေဆောက်လုပ်တာကို တားဆီးဖို့၊ ကျူးကျော် ထားတာတွေ ကို ဖျက်သိမ်းဖို့ လုပ်ပိုင်ခွင့် တွေပေးထားပါတယ်။ ဖျက်ခိုင်းတာ၊ ပြင်ခိုင်းတာ ကို မလိုက်နာ ရင် တစ်နေ့ တစ်သိန်း ဒဏ်ငွေချမှတ်ဖို့သတ်မှတ်ထားတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် လေ ျှာက်ထားချိန်မှာ ပုဂံ မှာ ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို မထိခိုက်စေဘဲနဲ့ ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးအဆင့်အတန်းကို ဘယ် လို မြှင့်တင်မလဲဆိုတာတွေကို ဖော်ပြထားတဲ့ ပုဂံဒေသ စီမံခန့်ခွဲရေးအစီအစဉ် ( The Integrated Management Framework (Management Plan)ကို တင်ပြခဲ့ရတယ်။

အဲဒီအစီအစဉ်မှာ ရှေးဟောင်းအဆောက်အဦတွေ ပုဂ္ဂလိကပိုင်ခြံဝင်း တွေထဲမှာ မရှိရဘူးဆိုတဲ့ အချက်ပါတယ်။ပုဂံဒေသခံတွေရဲ့ ရိုးရာစီးပွားရေးလုပ်ငန်း တွေ၊ စိုက်ပျိုး ရေးလုပ်ငန်းတွေကို ဘယ် လို ထိန်းသိမ်းစောင့်ရှောက်ပေးမယ်ဆိုတာပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေနားမှာ ခေတ် မီ လုပ်ငန်းတွေမလုပ်ရဘူးဆိုတာပါတယ်။ ပုဂံဒေသကို စီမံခန့်ခွဲတဲ့အခါ ဒေသခံတွေလည်း ပါဝင် ဆောင်ရွက်ရမယ်ဆိုတာပါတယ်။ အဓိကကတော့ ပုဂံဒေသကို ထိန်းသိမ်းတဲ့အခါမှာ ရှေးဟောင်း တန်ဖိုးနဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးပါ့မယ်ဆိုတာကို တိတိကျကျ ရေးထားတာပဲ။

ဒီအစီအစဉ်က မြန်မာနိုင်ငံအနေနဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ရင် ဒီတိုင်း ထိန်းသိမ်းပါ့မယ်လို့ ကမ္ဘာကို ကတိပေးထားတာပဲ။ ဒ့ါကြောင့် ဒီအစီအစဉ်ကို အကောင်အထည် မဖော်လို့မရဘူး။ ၂၀၂၀ ဇွန် ၁၃ ရက်နေ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပုဂံရောက်ချိန်မှာ ပုဂံဒေသကာကွယ် ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က အကြံပြုချက်(၁၈)ချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်တင်ပြနိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ပုဂံမြို့သစ်နဲ့သီရိပစ္စယာမှာ ခြံစည်းရိုးအုတ်နံရံ တံတိုင်းတည်ဆောက်တာ၊ လူသွား လမ်းခင်းတာ၊ အမွေ အနှစ် နေရာတွေကို ခြံစည်းရိုးခတ်တာတွေနဲ့ပတ်သက်ပြီး ယူနက်စကိုက လည်း အကြောင်းကြားထားကြောင်းပြောခဲ့တာကို တွေ့ရတယ်။

ဒါပေမယ့် စာမျက်နှာ ငါးရာကျော်တဲ့ အဲဒီစီမံချက်ကြီးက အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတော့ ဒေသခံတွေကအနေနဲ့ ဟိုတယ်လုပ်ငန်းတွေက ဘာတွေလိုက်နာရမယ်၊ ဒေသခံတွေရဲ့ ရပိုင်ခွင့် တွေကဘာတွေဆိုတာမျိုးကို သိပုံမရဘူး။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်း ရေးဥပဒေ (၂၀၁၉ ) နဲ့ အဲဒီစီမံချက်ဘာသာပြန်ကိုသာ ဒေသခံတွေကို ဖြန့်ဝေပေးထားရင် ပုဂံမှာ ထင်ရာလုပ်တဲ့ကိစ္စတွေ အတော် လျော့သွားမယ်လို့ထင်ပါတယ်။

(စီမံချက်ကိုယူနက်စကို ဝက်ဘ်ဆိုက် https://whc.unesco.org/en/list/1588/documents/ မှာယူလို့ရပါတယ်။၂၀၁၉ခုနှစ်ဥပဒေကို https://www.mlis.gov.mm မှာ ယူလို့ရပါတယ် )

ခရီးသွားတစ်ယောက်အနေနဲ့ မြင်ရတာတောင် ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ဘာဂီမောင်းတဲ့သူနဲ့ဘာဂီစီးတဲ့သူ သာပြောင်းသွားမယ်၊ ကျူးကျော်သူတွေကတော့ ပျောက်မသွား ဘူးဆိုတာကို မြင်ခဲ့ရတယ်။ ပညာရှင်တွေ၊ ဒေသခံတွေကတော့ ပိုသိမှာပါ။

ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်တဲ့အကျိုးကို ပုဂံသူ၊ ပုဂံသားတွေအပြည့်အဝခံစားဖို့ ဆိုရင် ကျူးတွေကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်း ရေးဥပဒေ (၂၀၁၉ ) နဲ့ ပုဂံဒေသ စီမံခန့်ခွဲရေးအစီအစဉ်ဆိုတဲ့ ဓားနှစ်လက်နဲ့ ပုဂံသားတွေ တိုက်ပွဲဝင်မှရမှာပဲ။ ရှေး/သု ကိုပဲ အား ကိုးနေလို့ မဖြစ်နိုင်ဘူး။

ပုဂံ အလှ နဲ့ဘ၀ (၁၆)

စောင့်ရှောက်သူ

ပုဂံ ဘုရားပုထိုးစေတီတွေကြားမှာ သူတို့ရှိတယ်။ တစ်ခါတစ်လေ တွေ့ရတယ်။ တစ်ခါ တစ်လေ မမြင်ရဘူး။ ဘုရားဖူးတစ်ချို့က သူတို့ရှိတာသိတယ်။ တစ်ချို့က မသိဘူး။ သူတို့ကို ဓာတ်ပုံရိုက် လို့မရဘူး။ သူတို့အကြောင်းလည်း မေးလို့မရဘူး။ အထက်ပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက်ရမှာ ဖြေမယ်၊ ဓာတ်ပုံအရိုက်ခံမယ်တဲ့။

သူတို့စောင့်ရှောက်နေရတဲ့ ဘုရားတွေမှာ ရှိနေတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေရဲ့ တန်ဖိုးက သိန်း၊သန်းချီတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာတွေလည်းရှိတယ်။ ဒါပေမယ့် ရှေးဟောင်းသုတေ သနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ခန့်ထားတဲ့ အစောင့်ဝန်ထမ်းတွေရဲ့ လစာကတော့ တစ်သိန်း ခြောက်သောင်း၊ တစ်သိန်းရှစ်သောင်းပဲရှိတယ်။ တစ်ချို့က နေ့စားဝန်ထမ်းတွေ။ တစ်ချို့က လုံခြုံ ရေး ၄ ၊ လုံခြုံရေး ၅ လို့ခေါ်တဲ့ ဝန်ထမ်းတွေ။ လူတွေကတော့ ဘုရားအစောင့်တွေလို့ လွယ် လွယ်ခေါ်ကြတာပေါ့။

နိုင်ငံခြားသတင်းတွေမှာ သူတို့နိုင်ငံက ရှေးဟောင်းအနုပညာလက်ရာတွေကို ကာကွယ်စောင့် ရှောက်တဲ့ လုံခြုံရေးအစောင့်တွေရဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ လက်နက်ကရိယာတွေမြင်ဖူးထား တယ် ဆိုရင်မေ့လိုက်ပါ။ ရှေး/သု လုံခြုံရေးဝန်ထမ်းတွေက ပုဆိုးအစုတ်၊ အင်္ကျီအပြဲ၊ စက်ဘီး အစုတ်လေး နဲ့။ ခါးမှာ ချိတ်ဖို့ စကားပြောစက် မရှိဘူး။ အခုခေတ်ကျ မှ ဖုန်းစုတ်လေးကိုင်ပြီး အရေးအကြောင်းဆို သတင်းပို့လို့ရတာ။ လက်နက်ကတော့ ဓားမတိုနဲ့ လေး ခွပေါ့။

ဒီဘုရားအစောင့်တွေတစ်ချို့က ကိုယ်တာဝန်ကျတဲ့ဘုရားနားမှာ နေခွင့်ရတယ်။ ဌာနက ဆောက် ပေးတဲ့အိမ်ရှိသလို ကိုယ့်ဘာသာကိုယ်ဆောက်နေရတာလဲရှိတယ်။ တစ်ချို့ဘုရားတွေက အနား မှာ အဆောက်အဦဆောက်လို့မရတော့ အဝေးမှာနေရတယ်။ မနက်လာ၊ ညပြန်ပေါ့။

ဘုရားအနားမှာနေရတဲ့သူကတော့ အဆင်ပြေရင် ဈေးလေးဘာလေးရောင်းပြီး အပိုဝင်ငွေရှာရ တာ ပေါ့။ ဧည့်သည်အလာများတဲ့ ဘုရားတွေဆိုရင်တော့ တစ်ခြားဈေးသည်တွေရဲ့ ပစ္စည်းလေး ၊ ဘာလေးသိမ်းထားပေးရင် အပိုဝင်ငွေရမယ်။ တစ်ခါတစ်လေ နိုင်ငံခြားသားတွေက ဆုချသွား တာမျိုးတွေလည်းကြုံရတတ်ပါတယ်။ ကံကောင်းသူတွေကျတော့လည်း အနားမှာရှိတဲ့ ဘုရားတွေ ကို ပြုပြင်ထားတဲ့အလှုရှင်တွေက သူတို့ဘုရားပါ စောင့်ရှောက်ပေးဖို့ဆိုပြီး အပ်ထားတာနဲ့ ကြုံ တတ်တယ်။

ဒါပေမယ့် ဒီဘုရားစောင့်ဝန်ထမ်းတွေဟာ ဒေသခံတွေ၊ ဌာန တာဝန်ကို ထမ်းဆောင်နေတယ် ဆို တဲ့ တာဝန်ကျေစိတ်အပြင် ဘာသာရေး ယုံကြည်မှုကြောင့်ပါ သူတို့တာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်နေကြသူတွေပါ။ ဒီဘုရားတွေရဲ့ မူလ အလှုရှင်တွေက သူတို့ ဘုရားတွေကို ဖျက်ဆီးသူတွေ အတွက် ကျိန်စာတွေထားခဲ့တယ်ဆိုတာကိုလည်း နှစ်နှစ်ကာကာယုံကြည်သူတွေဖြစ်တယ်။ ဘုရား ခိုးသူတွေ၊ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေ၊ ဘုရားဝတ္တကမြေတွေကို ကျူးကျော်သူတွေ တစ် ချိန်မဟုတ် တစ်ချိန် ဒုက္ခရောက်တာ သူတို့မျက်မြင်ပဲ။ ရှေးဟောင်းနယ်မြေထဲမှာ ကျူးကျော် ဟို တယ်ဆောက်ထားတဲ့ ခရိုနီတစ်ယောက် ကျန်းမာရေးချို့ယွင်းတယ်လို့ကြားတော့ ကျိန်စာထိတာ ၊ ပုဂံမှာနောက်ထပ်ကျိန်စာသင့်ဦးမယ့်သူတွေရှိသေးတယ်လို့ ယုံကြည်ကြတယ်။

ဘုရားအစောင့်အဖြစ်နဲ့ အချိန်တွေအကြာကြီးနေခဲ့တော့ သိတာတွေအများကြီးပေါ့။ ရှေးဟောင်း ဘုရားပုထိုးတွေ ၊ ရှေးဟောင်းအနုပညာလက်ရာတွေကို တန်ဖိုးထားစောင့်ရှောက်ခဲ့တဲ့ အထက် ပုဂ္ဂိုလ်တွေနဲ့လည်း ကြုံဖူးတယ်။ အာဏာရှိသူနဲ့ ပိုက်ဆံရှိသူကိုပဲစောင့်ရှောက်တဲ့ အထက် ပုဂ္ဂိုလ် တွေလည်းတွေ့ဖူးတယ်။

ပုဂံအကြောင်းမသိဘဲ အပေါ်ကနေ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်နေတာတွေကို တွေ့တဲ့ အခါတော့လည်း ဘုရားအစောင့်တွေက ကျိတ်ရယ်နေရတာပေါ့။ သူတို့လို အောက်ခြေအ ကျဆုံး အစောင့်ဝန်ထမ်းတွေ ကိုလည်း အဖက်လုပ်မေးတာမဟုတ်တော့ ဒါက ဒီလိုပါလို့လည်း မပြောသာ ဘူးပေါ့။

တစ်လောက ဖြစ်တဲ့ ဘုရားဌာပနာဖောက်တဲ့ကိစ္စဆိုပါတော့။ တစ်ချို့က နိုင်ငံရေး ပယောဂပါတယ်၊ နိုင်ငံရေးသတိရှိရမယ်လို့ပြောတယ်။ တစ်ချို့ကလည်း ပုဂံခေတ်က လက်စွပ်ကို ယတြာချေဖို့ရှာ တယ်တဲ့။ အမှန်ကတော့ နဝတခေတ် ဒီဘုရားတွေ ပြန်ပြင်တဲ့အချိန်က အလှုရှင် တွေထည့်ခဲ့တဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ် လိုရွှေထည်ပစ္စည်းများရမလားလို့ ဖောက်တာ။ ဒါကလည်း ကိုဗစ်ကာလ ပုဂံမှာသောင်တင်နေတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ကြံမိ ကြံရာ ဘုရား ပစ္စည်းခိုးဖို့လုပ်တာ၊ဘာနိုင်ငံရေးပယောဂမှမဟုတ်ဘူး။

နောက်တော့ ရဲတွေရောက်လာ၊ တန်းစီပြီးကင်းလှည့်၊ ဓာတ်ပုံတွေရိုက်ကြတော့ ဘုရားအစောင့် တွေက တိုင်ကွယ်ပြီးရယ်နေရတာပေါ့။ နေ့ခင်းကြောင်တောင် ဘယ်သူက ဌာပနာဖောက်မှာလဲ၊ အခုတော့လည်း ရဲတွေ ဟိုနားနှစ်ယောက်၊ ဒီနားသုံးယောက်နဲ့ ဘုရားတွေမှာ နေရာယူထားကြ တယ်။ ရဲလေးတွေလည်း အလုပ်မရှိတော့ လှိုဏ်ထဲမှာ အိပ်တဲ့သူအိပ်၊ ဈေးဆိုင်မှာထိုင် လေပစ် တဲ့သူ ပစ်ပေါ့။ တကယ်တော့ ရဲတွေ တန်းစီပြီးလှည့်မယ့်အစား ဘုရားစောင့်တွေ၊ ဈေးသည်တွေ၊ ဆိတ် ကျောင်း၊ နွားကျောင်းတွေ၊ ယာထွန်တဲ့လူတွေကို စောင့်ကြည့်ခိုင်းတာကမှ အလုပ်ဖြစ်ဦး မယ်။

ဘုရားအစောင့်တွေက ရှေးဟောင်းသုတေသနပညာရပ်တွေကို စာတွေ့သာမသင်ရတာ၊ ကြား ဖူး တာများလို့ နားရည်တော့ဝနေပြီ။ ဌာပနာဖောက်တဲ့ကိစ္စတွေဖြစ်ပြီးတော့ ဘုရားတွေမှာ စီစီတီဗီ တွေတပ်ပြီးစောင့်ကြည့်မယ်၊ဘာညာဖြစ်လိုက်သေးတယ်။ မီးတိုင်စိုက်လိုက်လို့ တန်ဖိုးပျက်သွား တဲ့ ဗီအိုင်ပီဘုရား တွေကို မြင်ဖူးခဲ့တဲ့ ဘုရားအစောင့်တွေကတော့ ရှေး ဟောင်းဘုရားတွေ နားမှာမီးတိုင်တွေထိုးထိုးထောင်ထောင်ထားလို့မရဘူး၊ ဘုရားရဲ့ မြင်ကွင်း ပျက်သွားလိမ့်မယ် လို့တွေးတတ်တယ်။ ကင်မရာတတ်မယ်ဆိုရင်တောင် နေရာသေသေချာချာရွေးရမယ်ဆိုတာ သိ တယ်။

ပုဂံမှတာဝန်ကျခဲ့တဲ့ ရှေး/သု လူကြီးတွေထဲမှာ ဘုရားစောင့်ဝန်ထမ်းတွေ ကို ရာထူးအဆင့်မြင့် မြင့် ပေးနိုင်ဖို့၊ မီးရထားရဲလို သီးခြားလုံခြုံရေးအဖွဲ့ထားဖို့၊ ကြိုးစားခဲ့သူတွေလည်းရှိခဲ့တယ်။ ဒါ ပေမယ့်လည်း လုံခြုံရေး ၄၊ ၅ ထက်မြင့်တဲ့ရာထူးပေးမယ်ဆိုရင် ပညာအရည်အချင်းဘယ် လောက်ဆိုတဲ့ ကန့်သတ်ချက်တွေရှိနေတော့ အကောင်အထည်မပေါ်နိုင်ခဲ့ဘူး။ ပညာ အရည် အချင်းကို ကျောင်းထွက်လက်မှတ်နဲ့ တိုင်းလို့ရပေမယ့် ရှေးဟောင်းကို ချစ်တဲ့စိတ်ကို တိုင်းလို့ မရတာက ခက်တာပဲ။

ပုဂံဘုရားတွေဖူးပြီးရင် မြင်အပ်၊ မမြင်အပ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီး လှုတန်းကျ၊ အမ ျှ ဝေကျ၊ ဆုတောင်းကျတယ်။ သိုက်တွေ၊ ဥစ္စာစောင့်တွေဆိုတဲ့ ပုံပြင်တွေကို ယုံကြည်ကြတယ်။ လက်တွေ့စောင့်ရှောက်နေသူတွေကိုတော့ အမှုမဲ့၊ အမှတ်မဲ့ နဲ့ သတိမထားမိကြဘူး။

ဒါပေမယ့် စောင့်ရှောက်သူတွေကတော့ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပုဂံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်တစ်ခုတည်းနဲ့ ကာကွယ်ထိန်းသိမ်းပေးနေဦးမှာပါပဲ။

ပုဂံ အလှ နှင့် ဘ၀ (၁၅)

မြင်းကပါယွန်း

ပုဂံနဲ့တွဲပြီး ယွန်းထည်နာမည်ကြီးပေမယ့် ယွန်းလုပ်ငန်းကို အများဆုံးလုပ်တာက မြင်း ကပါ ရွာဖြစ်ပါတယ်။ မြင်းကပါရွာမိသားစု ၈၀% ကျော်က ယွန်းလုပ်ငန်းနဲ့ ဆက်စပ်ပြီး အသက်မွေး ဝမ်း ကျောင်းပြုနေတယ်လို့ဆိုတယ်။ ဒ့ါကြောင့် ယွန်းလုပ်ငန်း အကြောင်း သိနိုင် ဖို့ မြင်းကပါရွာကို ု သွားခဲ့တယ်။ယွန်းလုပ်ငန်းကို သိချင်တယ်ဆိုတာက ယွန်းထည်တွေကိုဘယ် လို လုပ်သလဲဆို တာ ကို သိချင်တာမဟုတ်ပါဘူး။ အဲဒါကတော့ စာအုပ်ဖတ်လည်းရ၊ ယွန်းပြတိုက် မှာ သွားကြည့် လဲရပါတယ်။ ကျွန်တော်သိချင်တာက ယွန်းလုပ်ငန်းလုပ်သူတွေရဲ့ ဘဝ။ ခမ်းခမ်း နား နားစကားသုံး ရရင် မြင်းကပါ ရွာရဲ့လူမှုစီးပွားရေးအခြေအနေပေါ့။

မြင်းကပါရွာ ယွန်းလုပ်ငန်းတွေကတော့မတ်လ အလယ်လောက်ကစပြီး ရပ်ထားတာ အခု ချိန် ထိပဲ။အလုပ်ရုံကြီးတွေလည်းရပ်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေလည်း ရပ်။ ယွန်းဈေး ကွက် က ဧည့်သည်ကို မှီခိုပြီးလုပ်ရတာဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ တစ်ခုခု လှုပ်တာနဲ့ ထိတာပဲ။ မူလထဲက ယွန်းလုပ်ငန်းဆိုတာ ရောင်းကောင်းခြောက်လ၊ မရောင်းရ ခြောက်လလေ။ သီတင်းကျွတ်ကနေ တပေါင်းလကုန် သင်္ကြန်မကျခင်အ ထိ ရောင်းအကောင်းဆုံးပေါ့။ ဒီလိုအချိန်မှာ ကိုဗစ် ဖြစ်လိုက်တော့ အကုန်ဒုက္ခရောက်တာပဲ။

ရှေးတုန်းကတော့ အိမ်တွေမှာယွန်း ကွမ်းအစ်၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ရေခွက် သုံးကျတော့ အရောင်း အဝယ်ကောင်းတာပေါ့။ ၁၉ ၆၀ ကျော်လောက်အထိ မြင်းကပါသားတွေ ၁၂ ပွဲလှည့် ပြီးရောင်းတာရှိခဲ့တယ်။ အခုတော့ ထိုင်ရောင်း၊ အမှာရှိရင်ပို့ပဲ၊ ၁၂ ပွဲမလှည့်နိုင်တော့ဘူး။

ပုဂံယွန်းအသက်ဆက်နေတာ နိုင်ငံခြားဧည့်သည်တွေကြောင့်လည်း ပါတယ်။ ပြည်တွင်း ဘုရားဖူး တွေကတော့ ပုဂံရောက်တုန်းအမှတ်တရဝယ်တယ်ဆိုတာမျိုးက များတော့ တန်ဖိုးကြီး၊ အနုစိပ် တဲ့အထည်တွေမရောင်းရဘူး။ ဟိုတယ်တွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ အလှဆင်ဖို့ အတွက် ဝယ်တာရှိတယ်။ ဒါကလည်း နည်းပါတယ်။

နိုင်ငံခြားဧည့်သည်တွေထဲမှာတော့ ဥရောပဘက်က ဧည့်သည်တွေက ယွန်းထည်ကို ပိုအားပေး တယ်။ လက်မှုလုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ ဒါပေမယ့် ၂၀၁၈ နောက်ပိုင်းမှာ ဥရောပဧည့် သည်တွေ အလာနည်းသွားတယ်။ အာရှကဆိုရင် ဂျပန်၊ ကိုရီးယား မဆိုးဘူး။ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူတို့က ဒီလောက်မဟုတ်ဘူး။ တရုတ်ဧည့်သည်တွေကတော့ အဆိုးဆုံးပဲ။ ဆိုင်ထဲလေ ျှာက် ကြည့်၊ဧည့်ခံထားတဲ့ ရေနွေးသောက်၊ အိမ်သာတက်၊ စကားတွေအကျယ် ကြီး ပြော၊ ဘာမှမဝယ် ဘဲ ပြန်သွားတာများတယ်။ ဥရောပသား တွေက ဆိုင်ထဲကို တရုတ်တွေ ဝင်လာ ရင် ထွက်ပြေး တော့တာပဲတဲ့။

ပုဂံမှာ ယွန်းထည်လုပ်ငန်းက ပုဂံခေတ်ထဲက ရှိခဲ့တယ်၊ မင်္ဂလာစေတီမှာ ခရစ်နှစ် ၁၂၇၄ ခုနှစ် က လို့ ခန့်မှန်းတဲ့ယွန်းကြုတ်တစ်ခုတွေ့ဖူးတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။ မြန်မာ နိုင်ငံမှာ ယွန်းထည်တွေကို မုံရွာကျောက်ကာဘက်မှာလည်း လုပ်တယ်။ ကျိုင်းတုံဘက်မှာလည်း ရှိတယ်။ ပုဂံယွန်းက သံစုတ်နဲ့ခြစ်၊ ပုံဖော်ပြီး ဆေးသွင်းထားတာဖြစ်တဲ့အပြင် လက်ရာကလည် း အနုစိတ် တဲ့အတွက်နာမည်ကျော်တာပါ။

နိုင်ငံခြားသားတွေက ပုဂံယွန်းထည်တွေမှာ ရုပ်ပုံတွေ၊ ပန်းလိမ်ပန်းခက်တွေကို လက်မှန်း နဲ့အံဝင် ခွင်ကျဖြစ်အောင်ဆွဲနိုင်တာ၊ ဥပမာ၊ ခွက်တစ်ခုမှာ ဆယ့်နှစ်ရာသီခွင်ကို ဆွဲတယ်ဆိုရင် နည်းပညာ အကူအညီနဲ့အကွက်ချတာမျိုးမဟုတ်ဘဲလက်မှန်းနဲ့ ဆွဲပြသွားတာမျိုး၊ ပုံဆွဲစက္ကူတွေ နဲ့ ထပ်ကူး တာမျိုးမလုပ်ဘဲကွမ်းအစ်တစ်လုံးက ပန်းချီတွေနဲ့ နောက်တစ်လုံးက ပန်းချီတွေထပ်တူဖြစ်အောင် ဆွဲနိုင်တာမျိုးတွေကို စိတ်ဝင်စားတယ်။ ချီးကျူးကြတယ်။

ပြည်တွင်းခရီးသွားအများစုကလည်း ယွန်းထည်တစ်ခုဖြစ်ဖို့အတွက် ဘယ်လို အဆင့်တွေ ဖြတ်ရတယ်၊ ဘယ်လောက်အနုစိတ်တယ်ဆိုတာကို စိတ်ဝင်စားတဲ့သူနည်းပါတယ်။ ယွန်း ထည် လုပ်ငန်းက အနုစိတ်ပြီး အဆင့်တွေများတယ်။ အစကနေ အဆုံး အနည်းဆုံးခြောက်လလော က် အချိန်ယူရတယ်။ တစ်နှစ်ကျော်လုပ်ရတဲ့ အထည်တွေတောင်ရှိတယ်။ ကုန်ကြမ်းဖြစ်တဲ့ သစ်စေး ၊ ဟင်္သာပြဒါးတွေကလည်းဈေးကြီးကြီးလာတော့ ပြည်တွင်းဘုရားဖူးတွေ ဝယ်နိုင်တဲ့ဈေးနဲ့ မရောင်းနိုင်ဘူး။ ဒီတော့ အခုနောက်ပိုင်းမှာ သစ်စေးအစား ကော်ရည်သုံးတဲ့ ယွန်း ထည်တွေ ပေါ် လာတယ်။ ဘုရားစောင်းတန်းတွေမှာ အများဆုံးရောင်းတဲ့ လက်ကောက်လေးတွေ၊ ဘူးလေး တေ ွ က သစ်စေးအစား ကော်ရည်သုံးထားတာတွေပေါ့။

အလုပ်ရုံနဲ့ တွဲဖွင့်ထားတဲ့ဆိုင်ကြီးတွေမှာတော့အစကနေအဆုံးထိ မိရိုးဖလာ အစဉ်အလာ အတိုင်း လုပ်ထားတဲ့ယွန်းထည်တွေရှိပါတယ်။ ဈေးတော့ကြီးတယ်။ ဆိုင်တစ်ဆိုင်မှာတော့ ပုံမှ န် ပြထားတဲ့ပစ္စည်းတွေအပြင် သီးခြားပြခန်းနဲ့ ပြထားတဲ့ ယွန်းထည်တွေလည်း တွေ့ခဲ့တယ်။ အဲဒါ တွေကတော့ အလွန်အနုစိတ်ပြီး တစ်ခုတစ်ခုကို တစ်နှစ်လောက်အချိန်ယူလုပ်ထားရတယ်၊ လုပ် ငန်းအဆင့်နှစ်ဆယ်ကျော်လောက်လုပ်ရတယ်လို့ဆိုတယ်။ ဒီဇိုင်းတွေကလည်း လက်ရာမြောက်၊အနုစိတ်လွန်းတယ်။ အဲဒီအထည်တွေ ဓာတ်ပုံရိုက်ခွင့်တောင်မပေးဘူး။

နိုင်ငံခြားသားတွေက ပုဂံယွန်းထည်လုပ်ငန်းကို လာကြည့်တဲ့အခါတိုင်းမေးလေ့ရှိတဲ့မေးခွန်းက ဒီလုပ်ငန်းကို အမွေဆက်ခံမယ့် သားသမီးတွေရှိရဲ့လားဆိုတဲ့မေးခွန်းပဲ။ အဲဒါကလည်း ဒီကနေ့ ပုဂံ ယွန်းလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပဲ။

မြင်းကပါယွန်းလုပ်ငန်းက မိရိုးဖလာပညာကို အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တာ။ သင်တန်းတွေ ဘာ တွေနဲ့သင်တာမဟုတ်ဘူး။ လုပ်ငန်းခွင်မှာ လုပ်ရင်းသင်ယူရတာပဲ။ မိဘက သင်ပေးတာရှိသလို ဆရာဆီမှာသင်ပေးပါ၊ ခိုင်းပါဆိုပြီး အပ်တာလည်းရှိတယ်။ နွေကျောင်းပိတ်ရက်ဆိုရင် မိန်းကလေးရော၊ ယောကျာ်းလေးပါ ယွန်းပညာသင်ရတာထုံးစံပဲ။

အခုနောက်ပိုင်းမှာတော့ ကလေးတွေက ယွန်းသင်တာထက်ဟိုတယ်တွေ၊ စားသောက် ဆိုင် တွေမှာလုပ်တာ၊ခရီးသွားလုပ်ငန်းမှာဝင်လုပ်တာကို ပိုပြီး စိတ်ပါတယ်။ ဝင်ငွေလည်းကောင်း တယ်၊ယွန်းလုပ်ငန်းလိုလည်း ပညာသင်ရတာလက်မဝင်ဘူး။ ဒ့ါကြောင့် ယွန်းပညာသင် တဲ့ လူငယ်တွေ မရှိသလောက်ဖြစ်လာပြီ။ အခု ဆေးသွင်း၊ ပုံဆွဲလုပ်နေတဲ့သူတွေက အသက် သုံး ဆယ်တန်းတွေ၊ သူတို့နောက်မှာ အမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒီအတိုင်းဆက်သွားရင် ယွန်းပညာမျိုးဆက်ပြတ်တော့မယ်။

ပုဂံယွန်းမျိုးဆက်မပြတ်အောင် ၊ ယွန်းပညာဖွံ့ဖြိုးတိုးတက်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစိုးရ က လုပ်ဆောင်ပေးနေတာကတော့ ယွန်းပညာကောလိပ် (ပုဂံ) ဖြစ်ပါတယ်။ ပုဂံမှာ ယွန်းပညာ သင် ကျောင်းကို၁၉၂၄ ခုနှစ်မှာ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းအဖြစ် စတင်ထူထောင်တယ် ။ ၁၉ ၉၅ ခုနှစ်မှာ မြန်မာ့ယွန်းသိပ္ပံ အဖြစ်ပြောင်းလဲတယ်။ ၂၀၀၃ ခုနှစ်မှာ ယွန်းပညာကောလိပ် အဖြစ် အဆင့်မြှင့်လိုက်တယ်။

ယွန်းပညာကောလိပ်ကို သွားရောက်လေ့လာဖို့ အချိန်မရခဲ့ဘူး။ မြင်းကပါရွာမှ ာ လက်လှမ်းမီသလောက် စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ ယွန်းပညာကောလိပ် ကနေ ယွန်းလုပ်ငန်းခွင်ထဲရောက်လာသူမရှိဘူး။ ယွန်းပညာကောလိပ်ဟာ ဆယ်တန်း အမှတ် မကောင်း သူတွေ သမဝါယမတက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်ကို ပေါင်းကူးဆက်တက်ဖို့အတွက်ပဲဖြစ်နေ တယ်လို့ သိရတယ်။ ယွန်းပညာကောလိပ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် ထိ ဒီပလိုမာရရှိသူ ကျား ၂၀၉ ၊ မ ၆၄၃၊ စုစုပေါင်း ၈၅၂ ယောက်ဆိုတဲ့ စာရင်းတစ်ခုတွေ့တယ်။ အဲဒီ အထဲက ဘယ်နှစ်ယောက် ယွန်းလုပ်ငန်းထဲ ရောက်သလဲဆိုတာ လေ့လာကြည့်သင့်တယ်။

အလယ်တန်းအောင်တွေအတွက် အထက်တန်းယွန်းပညာသင်တန်းဆိုတာလည်းတွေ့တယ်။ သင်တန်းကာလ နှစ်နှစ် ဖြစ်တယ်။ ဒါပေမယ့် ဒေသခံတွေအတွက်ဆိုရင် ရွာမှာသင်တာက ဝင်ငွေ လည်းရ၊ပညာလည်းရတော့ ဒီသင်တန်းကို တက်တဲ့သူမရှိသလောက်ပဲတဲ့။ သူတို့ပြောတဲ့ အတိုင်း ဆိုရင်တော့ ယွန်းပညာကောလိပ်ဟာလည်းမူလရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် အခက်အခဲတွေရှိနေတယ်ဆိုတာထင်ရှားပါတယ်။

ပုဂံယွန်းပညာဆက်လက်ဖွံ့ဖြိုးတိုးတက်နေဖို့ ဘာလုပ်သင့်သလဲလို့မေးတဲ့အခါရွှေဥသြ ယွန်း ထည် လုပ်ငန်းက ဦးတင်ထွန်းကတော့ သူအသက်ခြောက်ဆယ်ရှိပြီ။ ခေတ်အဆက်ဆ က် ဘယ် အစိုးရကမှ ယွန်းလုပ်ငန်းကို ထိထိရောက်ရောက် ပံ့ပိုးပေးတာမရှိဘူး။ ပုဂံယွန်းလို ကညစ်နဲ့ ထွင်း ပြီး ရေးတဲ့ ယွန်းထည် ဘယ်နိုင်ငံမှာမှ မရှိဘူး။ ဒါ့ကြောင့် အစိုးရကသာ ကုန်ကြမ်း၊ ထုတ်ပိုး နည်း ပညာ ပံ့ပိုးပြီး ဈေးကွက်သာရှာပေးနိုင်ရင် နိုင်ငံခြားအထိ ထိုးဖောက်လို့ရတယ်လို့ ပြောတယ်။

ခက်တာက ယွန်းလုပ်ငန်းဆိုတာက အရင်းအနှီးနည်းနည်းနဲ့လုပ်ရတာ ဆိုတော့ ဟိုတယ် လုပ်ငန်း ရှင်တွေလောက်မျက်နှာမပွင့်ဘူးပေါ့။ တပ်ရင်းမှူးဘဝနဲ့ ပုဂံမှာ လုံခြုံရေးယူရတဲ့အခါ အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ်တွေနဲ့ကြုံဖူးတယ်။ လူကြီးတွေက ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အကြိမ်ကြိမ်တွေ့ ပေမယ့် ယွန်းလုပ်ငန်းနဲ့ပတ်သက်ရင်တော့ ယွန်းကောလိပ်က သရုပ်ပြတာလေးကြည့်လိုက်၊ ဖိတ်ထားတဲ့လူကြီးတစ်ယောက်နှစ်ယောက်လောက်ကို နှုတ်ဆက်လိုက်ရင်ပြီးပြီ။ မြင်းကပါရွာသား တွေကို သွားတွေ့ပြီးနားထောင်ရင်တော့ တကယ့်အခြေအနေမှန်တွေကို သိမှာပါ။

ယွန်းလောက အခြေအနေတွေကိုနားထောင်၊ ပစ္စည်းတွေဖုန်တက်နေတဲ့ လုပ်ငန်းခွင်ထဲကို လှည့် ကြည့်ပြီး ရင်လေးလေးနဲ့ပြန်လာခဲ့တယ်။ ရွာထိပ်ရောက်တော့ ကားတွေလာနေလို့ လ ျှပ်စစ်ဘီး ကိုခဏရပ်ထားရမယ်။ဘေးဘယ်ညာကြည့်လိုက်တော့“ပြည်ခိုင်ဖြိုးရွာ၊ ညောင်ဦးမြို့နယ်၊ မြင်းကပါရွ ာ” ဆိုတဲ့ အုတ်တိုင်တွေ့တယ်။ အဲဒီ တိုင်ရှေ့မှာ “ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမ ျှ ပြည်သူ့ တာ ဝန်ကို ကျေပြွန်စွာထမ်းဆောင်ကြ” ဆိုပြီး သမ္မတ ဦးဝင်းမြင့် ဓာတ်ပုံနဲ့ ဗီနိုင်း ပို စတာ တစ်ခုထောင် ထားတယ်။

ကျောက်တိုင်ရော၊ ပိုစတာရော ဆေးရောင်ပြယ်နေပြီ။ နားထဲမှာတော့“ခေတ်အဆက်ဆက် ဘယ် အစိုးရကမှ ယွန်းလုပ်ငန်းကို ထိထိရောက်ရောက် ပံ့ပိုးပေးတာမရှိဘူး” ဆိုတဲ့စကား ကြားယောင်မိတယ်။

ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx

စာကြည့်စားပွဲမှာထိုင်ပြီးပုဂံခရီးသွားအတွေ့အကြုံတွေ ရေးနေခိုက် ဖုန်းဝင်လာသည်။ ကြည့်လိုက် တော့ အသိမိတ်ဆွေထဲကမဟုတ်၊ နံပါတ်အသစ် ၀၉ ၇၉ ၁၂၂၉ xxx ။ ထူးလိုက်သည့်အခါ ဆရာ ဦးရဲထွဋ်လားတဲ့။ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ လို့ မေးလိုက်တော့ “ ဆရာ၊ ကျွန်တော် အုပ်ကြီး တပည့်ပါ” တဲ့။

ဟား ၊ ဒါ ညောင်ဦး မနှင်းအသုပ်ဆိုင်က ဒေါ်နှင်းရဲ့ ခင်ပွန်းကိုး။ အဲဒီဆိုင်မှာ ဒေါ်နှင်းက ပွဲပြင်သည်၊ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတစ်ယောက်က၊ ဘာစားမလဲမေး၊ ပွဲတွေချ၊ ပြန်သိမ်းလုပ်သည်။ ပိုက်ဆံရှင်းဖို့ ခင်ပွန်းဖြစ်သူ ကို ပြောလ ျှင် မေးလိုက်ဦးမယ်ဆိုပြီး ဒေါ်နှင်းကို သွားမေးသည်။ ပြီး မှ ကျသင့်ငွေကိုလာပြောသည်။ နောက်ပြောင်တတ်သော ကျွန်တော်က “ခင်ဗျားကလည်းဗျာ။ ကိုယ့်ဘာသာကိုယ်မတွက်ဘူးလား” လို့စတော့ “ အုပ်ကြီးကမှ ဘယ်ပွဲမှာ ဘာထည့် တယ်။ ဘယ်လောက်ကျတယ်ဆိုတာ သိတာ ၊ သူ့မမေးလို့မရဘူး” ဟု ဖြေသည်။

“အုပ်ကြီး” ဆိုတာက အုပ်ချုပ်ရေးမှူးကို အတိုကောက်ခေါ်တာ။ သာမန်ရပ်ကွက်နေပြည်သူများ အတွက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည့် အုပ်ကြီးများသည် သူတို့ နေ့စဉ်လူနေမှုဘဝအပေါ် ကောင်းကျိုး၊ ဆိုးကျိုး အများဆုံးပေးနိုင်သူများဖြစ်၏။ အုပ်ကြီးနဲ့ ကင်းလို့မရ။ အုပ်ကြီးကို အလေးထားရသည်။ အခုလည်း ဒီဆိုင်မှာ အော်ဒါတွေမှတ်တာ၊ ပွဲပြင် တာ ဒေါ်နှင်းက တာဝန်ခံဆိုတော့ အုပ်ကြီးပေါ့။

ကျွန်တော်က “ဒါဆိုခင်ဗျားက အုပ်ကြီး တပည့်ပေါ့” ဆိုတော့ ဟုတ်ပါ့ဗျာဟုဆိုသည်။ ဒီလိုနဲ့ နောက်နေ့သွားစားတော့ သူကို အုပ်ကြီးတပည့်ဟုပဲခေါ်သည်။ သူကလည်း ပြုံးပြုံး ပြုံးပြုံး နဲ့။ ပြန်လာတဲ့အထိ သူ့နာမည်ကို မမေးမိ။ ဒါ့ကြောင့် အခု ဖုန်းဆက်တော့ အုပ်ကြီး တပည့်ပါ ဟု မိတ်ဆက်ခြင်းဖြစ်သည်။

အုပ်ကြီတပည့်က ကျွန်တော့်ခရီးသွားလမ်းညွှန် ကိုဇော်ကြီးထံက ဖုန်းနံပါတ်တောင်းပြီး ဆက်လာ ခြင်းဖြစ်သည်။ ကိုဇော်ကြီးက ပုဂံမြို့သစ်မှာနေသည်။ ညောင်ဦးမှာနေသည့် အုပ်ကြီးတပည့်က ကိုဇော်ကြီးကို မရမက ရှာပြီး ဖုန်းနံပါတ်တောင်းသည်ဆိုထဲက သူ့ အလေးထားမှုကို ခံစားရသည်။

အုပ်ကြီးတပည့်က ကျွန်တော့်စာကို ဖတ်ပြီး သူတို့ဆိုင်ကို ဧည့်သည်တွေရောက်လာကြောင်း ဝမ်းသာ အားရပြောသည်။ ကျွန်တော်သိလိုတာတွေမေးတော့ ထုံးစံအတိုင်း အုပ်ကြီးမှ သိမယ် ဆိုပြီး အုပ်ကြီးထံဖုန်းလွှဲပေးသည်။ ဒေါ်နှင်းက ရပ်ဝေးဧည့်သည်တွေ လာစားကြောင်း၊ သူတို့ဆိုင် မှာ စားပွဲသုံးလုံးသာရှိသဖြင့် မတ်တပ်ရပ်စားသွားသူတွေရှိကြောင်းပြောပြသည်။ လာစားသူတွေ ကို ကျွန်တော့်ဧည့်သည်အဖြစ် သဘောထားကြောင်း၊ ရပ်ဝေးကလာလို့ ဈေးပိုယူတာ၊ များများ ရောင်းရလို့ ချိုတာမလုပ်ကြောင်း ကတိပေးသည်။ ဧည့်သည်တွေများလာလို့ တစ်နေ့ မုန့်နှစ် ပိဿာလောက်တိုးလုပ်ရပါသည် ဟု ဝမ်းသာအားရပြောသည်။

ဒါပေမယ့် ဆိုင်တိုးချဲ့တာ၊ လူငှားတာလည်း လုပ် မည့်ပုံမပေါ်၊ ဒေသခံဖောက်သည်တွေကို အမှီပြုနေရာကနေ ရပ်ဝေးဧည့်သည်တွေက မြစ်ဆိပ် ချောင်ကလောင်ထဲက သူ့ဆိုင်လေးကို လာအားပေးတာ နဲ့တင်ကျေနပ်နေသည့်ပုံ။ ဆရာ နောက် တစ်ခါလာရင် ထမင်းကျွေးမယ်၊ ဆိုင်မှာတော့ မကျွေးနိုင်ဘူး၊ အိမ်မှာ အညာစာကျွေးမယ်ဟု ပြောသည်။ နောက်ဆုံး ညောင်ဦးလာမယ်ဆိုရင် ဒီဖုန်းကို ဆက်ပါလို့ အကြိမ်ကြိမ်ပြောပြီး ဖုန်းချသွားသည်။ ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx ကို ဒေါ်နှင်း၊ အုပ်ကြီး၊ အသုပ်စုံဆိုပြီး မှတ်ထားလိုက်သည်။

စားသောက်ဆိုင်လေးတွေအကြောင်းဆောင်းပါးရေးသည့်အခါ မိတ်ဆွေတစ်ယောက်ကို လက်တို့ ပြောချင်တဲ့စိတ်ပေါ်သည်အထိ ကြိုက်နှစ်သက်သည့်အခါမှ အဲဒီဆိုင်ကို ညွှန်းသည်။ ကြီးကျယ် ခမ်းနားသော ဆိုင်ကြီးတွေအကြောင်းမရေး၊ မိသားစုဆိုင်လေးတွေ၊ လမ်းဘေး ဆိုင်လေး တွေ အကြောင်းပဲရေးသည်။ဝန်ဆောင်မှုတွေ၊သန့်ရှင်းမှုတွေအကြောင်းထည့်မပြော၊စားလို့ ကောင်း မကောင်း ပဲပြောသည်။

ကျွန်တော်ရေးသည့်ဆိုင်အားလုံးလိိုုလို ကျွန်တော့်ကို ဘယ်သူမှန်းမသိကြ၊ ဖေ့စ်ဘွတ်မှာ တင် ထားတာတောင် သူများပြောမှ သိသူများသည်။ ကျွန်တော်နောက်တစ်ကြိမ်သွားစားရင်တော့ မှတ် မိပြီး နှုတ်ဆက်သည်။ ကျေးဇူးတင်ကြောင်းပြောသည်။ ဒေါ်နှင်းတို့လည်း ကျွန်တော်ရောက်သွား ချိန်မှာ ဘယ်သူမှန်းမသိ၊ ကျွန်တော့်စာထဲမှာပါလာမှ သူများပြောလို့သိခြင်းဖြစ်သည်။ အဲဒီ လို သူတွေထဲမှာ အုပ်ကြီးတပည့်ကတော့ ထူးထူးခြားခြား ဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်း ပြော သူ ဖြစ်၏။လူချင်းတွေ့မှပြောပြော၊ ဖုန်းဆက်ပြီးပြောပြော သူတို့ အဆင်ပြေသွားကြောင်း ကျေးဇူး တင် စကားကြားရသည့်အခါ ပီတိဖြစ်ရသည်။

ဒါပေမယ့် ကူညီမှုတိုင်းအတွက် တူညီသော တုန့်ပြန်မှုရတတ်သည်တော့မဟုတ်ပါ။ ၂၀၁၆ ခုနှစ် တာဝန်တွေကအနားယူပြီးသည့်အခါချစ်ခင်ရင်းနှီးသောမိတ်ဆွေ လူလတ်ပိုင်းအရွယ် တစ်ယောက် ကို ကူညီခဲ့ဖူးသည်။ ကူညီသည် ဆိုတာထက် ပြိုင်တူတွန်းပေးခဲ့သည်ဟု ဆိုလ ျှင် ပိုမှန်မည်။ တစ်ယောက်တည်းအားနဲ့ မပွင့်သောတံခါးများကို ကူတွန်းပေးခဲ့သည်။ ပွင့်သွားချိန်မှာတော့ လှေကားထစ်တွေကို သူ့ခွန်အားနှင့်သူ နင်းတက်သွားနိုင် ခဲ့သည်။

ထူးခြားတာကတော့ တံခါးတွေပွင့်သွားပြီး လှေကားထစ်တွေနင်းတက်ချိန်မှာ ကျွန်တော့်ကို အသိ မပေးတော့။ အခြားသူတွေဆီက သတင်းတွေပြန်ကြားရလို့မေးသည့်အခါ ဟုတ်တယ်၊ ပြော မလို့ ဘဲဗျ ဟုသာ ဆိုတတ်သည်။ ကျွန်တော်တို့ နှစ်ယောက် မကြာခဏ တွေ့ဆုံ ဖြစ်သော်လည်း ပြိုင်တူတွန်းခဲ့ပုံတွေကို စကားမဟ၊ အသိအမှတ်ပြုသည့် စကား မပြော။

အကျိုးလိုလို့ ညောင်ရေလောင်းတာမဟုတ်သော်လည်း လူ့သဘောသဘာဝအရ အသိအမှတ်ပြု ခံချင်တာတော့အမှန်ပင်။ စကားမပြောတတ်သည့် ပန်းပင်လေးများပင် ဥယျဉ်မှူးစိတ်ချမ်းသာ အောင် ရောင်စုံပန်းလေးတွေပွင့်ပြရသေးတာပဲလေ။ သတင်းစာထဲထည့်ဖို့မလို၊ ဂုဏ်ပြုမှတ်တမ်း ပေးဖို့မတောင်းဆို၊ ကာယကံရှင်နှုတ်ဖျားက စကားတစ်ခွန်းပဲလိုပါသည်။

တစ်နေ့တော့ အကြောင်းတိုက်ဆိုင်လာလို့ ကိုယ်ကူညီခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောမိတော့ သူ့ တုံ့ပြန်မှုက အံသြစရာကောင်းလှသည်။ ဒါတွေပြောရင် စိတ်အနှောင့်အယှက်ဖြစ်ရသည် တဲ့။ သူ့ပတ်ဝန်းကျင်မှာ ကိုယ့်ဒူးကိုယ်ချွန်သမားလို့ ကြွေးကြော်ထားတဲ့အတွက် ကူညီသူရှိခဲ့သည်ကို အသိ မခံချင်တာလား၊နိုင်ငံရေးအရောင်ရှိသည်ဟုသတ်မှတ်ခံရသူတစ်ယောက်ထံမှအကူ အညီယူ တယ် လို့ အပြစ်တင်ခံရမှာကို စိုးရိမ်တာလား။ ဒါမှမဟုတ် ကျွန်တော်က ကျလူ၊ သူက တက်လူ လို့ သတ်မှတ်ထားပြီး ကျလူထံက အကူအညီယူရသည်ကို ဂုဏ်ငယ်သည်ဟု ထင်နေတာ လည်း ဖြစ် နိုင်သည်။ တက်လူ၊ ကျလူ ဆိုတာ အသက်အရွယ်နှင့် မဆိုင်၊ စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး ကြိုးစားနေမှုနဲ့ ဆိုင်သည်ကို သူသိပုံမရ။

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် ဝေးဝေးသွားကြတော့သည်။ ခရီးသွားက သစ်ပင်ရိပ်မှာ ခဏ ဝင် နားသည်။ အမောပြေတော့ ခရီးဆက်သည်။ နောက်ထပ်တွေ့သော သစ်ပင်ရိပ်မှာ နားကောင်း နားမည်၊ဒါမှမဟုတ်ခရီးဆုံးသည်အထိအရောက်သွားကောင်းသွားမည်။ ဘာပဲဖြစ်ဖြစ် နောက်ပြန် လှည့်လာပြီးသစ်ပင်ရိပ်မှာလာနားဖို့အကြောင်းမရှိတော့။သစ်ပင်ကြီးကလည်း ခရီးဆက်သွားသူ ကို မေ ျှာ်နေဖို့မလို။ သစ်ပင်ရိပ်မှာ နားခိုစဉ် အလေး၊ အပေါ့မစွန့်ခဲ့တာ ၊ အမှိုက်မပစ်ခဲ့ တာ ကို ပဲ ကျေးဇူးတင်ရပေမည်။

ဆရာစိုင်းခမ်းလိတ်က ဘီးနံပါတ် OK – 0122L ဆိုသည့် ချစ်ခြင်းဖွဲ့သီချင်းတစ်ပုဒ် ရေးခဲ့ သည်။ အချို့ကလည်း အဲဒီနံပါတ်နောက်မှာ ဖုံးကွယ်ထားသော အနက်တွေရှိသည်ဟုဆိုကြ၏။ ဆရာ စိုင်းခမ်းလိတ်ကတော့ သီချင်းတစ်ပုဒ်အပေါ်မှာ နားထောင်သူကသူ့ခံစားချက်နဲ့သူ အဓိပ္ပါယ် ဖော်ပါစေ၊ အဲ့ဒါဟာ အနုပညာပါလို့ ပြောကြောင်းလည်းဖတ်မှတ်ခဲ့ဖူးသည်။ မည်သို့ ပင် ဖြစ် စေ OK – 0122 L သည် ဆရာစိုင်းခမ်းလိတ်၏ ဘဝမှာ အမှတ်တရဖြစ်စေသည့် ဖြစ်ရပ်တွေကို အခြေခံပြီးပေါ်ပေါက်လာခဲ့သည်ဆိုတာတော့ ငြင်းလို့မရ။

ကျွန်တော် ပုဂံ-ညောင်ဦးကို နောက်တစ်ကြိမ် သွားချင်မှ သွားနိုင်မည်။သွားဦးတော့ မနှင်း ဆိုင် မှာ စားဖြစ်ချင်မှ စားဖြစ်မည်၊ ဒီဖုန်းကို ဆက်ချင်မှ ဆက်နိုင်မည်။ သို့သော် ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx ကိုတော့ ထာဝရ သိမ်းထားရမည်။ ဤဖုန်းနံပါတ်သည် မတူညီသော လူ့သဘော သဘာဝနှစ်ခုကို အမှတ်ထင်ထင်ဖြစ်စေသည့် နံပါတ်ဖြစ်သည်။

ပုဂံ အလှ နဲ့ ဘ၀ (၁၄)

ကျောက်ဂူ ဥမင်

ပုဂံမှာ ကျောက်နဲ့ ဆောက်ထားတဲ့သာသနိက အဆောက်အအုံ အလွန်နည်းပါတယ်။ အဓိက အားဖြင့် ရွှေစည်းခုံ၊ နန်းဘုရား၊ ကျောက်ဂူဥမင် နဲ့ ၊ တုရင်တောင်ခြေက ပိဋကတ်တိုက် လေးခုပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၁၉ ၉ ၄ နိုဝင်ဘာလမှာထုတ်ဝေခဲ့တဲ့ ပုဂံဘုရားပုထိုး များ ( ပထမတွဲ) မှာဖော်ပြထားတယ်။

ကျောက်ဂူဥမင်က ညောင်ဦးမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်မှာရှိတယ်။ ကျောက်ဂူ ဥမင်ကို သွားတဲ့သူအများစုက ညောင်ဦး – မြင်းခြံ ကားလမ်းဘက်က သွားတယ်။ ကျွန်တော်ကတော့ ဧရာဝတီမြစ်ဘက်ကနေ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံကနေ ညနေ သုံးနာရီခွဲကျော်ကျော် လောက် ထွက်မယ်၊ အပြန်မှာ ပုဂံ နေဝင်ဆည်းဆာကို မြစ်ထဲကနေ ကြည့်မယ်ပေါ့။

ကျောက်ဂူဥမင်ကို သွားဖို့အတွက် စက်လှေကို ဗူး ဘုရားလှေဆိပ်မှာငှားရတယ်။ ပုဂံမှာ စိတ်ချမ်းသာဖို့ကောင်းတာက မြင်းလှည်းငှား၊ စက်လှေငှား၊ လ ျှပ်စစ်ဘီးငှား၊ ဈေးဆစ်စရာမလိုဘူး၊ ဂျင်းထည့် ခံရမှာ စိုးရိမ်ဖို့မလိုဘူး။ ဂိတ်မှာခရီးစဉ်အလိုက်ဈေးနှုန်းတွေကို အတိအကျသတ်မှတ်ထားတယ်။ စက်လှေဂိတ်ရောက်တော့ ကျွန်တော့်ကို ပလတ်စတစ် လောင်းထားတဲ့ ကပ်ပြားေ လးတစ်ခု ပြတယ်။ အဲဒီမှာ စက်လှေခရီးစဉ်အမျိုးအစားအလိုက် ဈေးတွေ ရေးထားတယ်။ ပုဂံ- ကျောက်ဂူ ဥမှင် ခရီးစဉ်က သုံးသောင်း၊ စက်လှေ အကြီးဆိုတော့ လူဆယ်ယောက် ၊ ဆယ့်ငါး ယောက် လောက်စီးလို့ရတယ်။ လူများများနဲ့ သွားရင်တော့ ပိုတန်တာပေါ့။ ကျွန်တော် တို့ကတော့ သုံးယောက်ပဲ။

ဘူးဘုရားဆိပ်မှာ ဘုရားဖူးကား နှစ်စီး၊ သုံးစီးပဲရှိတယ်။ စက်လှေဆိပ်မှာ စက်လှေတွေ အများကြီး ပဲ။ စက်လှေဆိပ်ကို ဆင်းတဲ့ လှေကားထစ်တွေမှာ ရပ်ဝေးကလာတဲ့ လူငယ်လေးတွေ ဆဲလ်ဖီ ဆွဲ နေကြတယ်။ တစ်ချို့ကလေးတွေက လှေစီးရင်ကောင်းမလားလို့တိုင်ပင်နေတယ်။ ဧည့်မေ ျှာ်နေ တဲ့ လှေဆရာတစ်ယောက်ကတော့ လူနှစ်ဆယ်စီးရင် တစ်ယောက်တစ်ထောင်နဲ့ နာရီဝက် ပတ်မောင်းပေးမယ်။ မြစ်ထဲကနေ ဘုရားဖူးလို့ရတယ် ဆိုပြီး ဖိတ်ခေါ်နေလေရဲ့။ ကလေးတွေက စီးချင်ပုံပဲ၊ တစ်ယောက်က အမ xx တို့ စောင့်နေလိမ့်မယ်လို့ ပြောတယ်။

ကလေးတစ်ယောက်က ဖုန်းဆက်တယ်။ ကြီးကြပ်သူလူကြီးဆီကို ထင်ပါရဲ့။ ခဏနေ တော့ နောက်ထပ်ဘုရားတွေဖူးရဦးမယ်၊ လာခဲ့တော့တဲ့ လို့ပြောတယ်။ လှေကားထစ် မှာ စုနေတဲ့ကလေးတွေဆီက စိတ်ပျက်တဲ့အသံတွေထွက်လာတယ်။ လူငယ်လေးတွေကို နာရီဝက်လောက် မြစ်ထဲကနေ ပုဂံအလှကို ခံစားဖို့ အခွင့် အရေး တောင်မပေးနိုင်ဘူး။ အတော်ခံစားချက် ကင်းမဲ့တဲ့ လူကြီးတွေပဲ။

ဘူးဘုရားဆိပ်မှာတင် ခရီးသည်တင်စက်လှေတွေ နားနေရတာမဟုတ်ဘူး ။ ကမ်းနားတစ် လေ ျှာက်မှာ ပုဂံ-မန္တလေး ခရီးသွားသဘောၤတွေလည်း ရပ်ထားရတယ်။ ဒီသဘောၤတွေရဲ့ အဓိက ဖောက်သည်က နိုင်ငံခြားခရီးသွားဧည့်သည်တွေဆိုတော့ အခုအချိန်မှာ လုံး၀ နားရပြီပေါ့။ ပြုပြင် မွမ်းမံဆဲသဘောၤတွေလည်း လုပ်ငန်းဆက်မလုပ်နိုင်ဘဲ ရပ်ထားတာကို မြင်ခဲ့ရတယ်။

ကမ်းနားမှာရှိတဲ့ ဟိုတယ်စီမံကိန်းတစ်ခုကတော့ နိုင်ငံတော်ကို ဆိပ်ကမ်းအခွန်ပေးဆောင်ထား ပြီး ဖြစ်လို့ သူ့ဟိုတယ်မျက်နှာစာမှာ သဘောၤ/ စက်လှေတွေမရပ်ဖို့ သတိပေးဆိုင်းဘုတ် ထောင်ထားတယ်။ ဆိပ်ကမ်းခွန် ဘယ်လောက်ဆောင်သလဲ၊ ဆိပ်ကမ်းနဲ့ပတ်သက်တဲ့ ဥပဒေ က ဘယ်လို ရှိသလဲလို့တွေးမိတယ်။ ပုဂံမှာ အတည်ပေါက်နဲ့ မောင်ပိုင်စီးသူတွေကလည်း များတော့ တွေးမိတွေးရာ တွေးရတာပဲ၊

ဧရာဝတီမြစ်ရေတက်နေတော့ ညောင်ဦးကမ်းနားပိုင်းရပ်ကွက်တွေကို ရေဝင်နေပြီ။ ရေကြီးရင် အပျော်ဆုံးကတော့ ကလေးတွေပဲ ထင်တယ်။ မြစ်ကမ်းနားတစ်လေ ျှာက် ရေကူး၊သစ်ပင်ပေါ် က ခုန်ချ နဲ့ ပျော်နေကြတယ်။ တစ်နေရာမှာတော့ အနိမ့်ပိုင်းက နွားတွေကို ရွှေ့လာပြီး ကမ်းနားမှာ ထားတာကို တွေ့ရတယ်။ သစ်ပင်ကြီးအောက်မှာ စက်လှေတစ်စီး၊ နွားသုံးကောင်၊ အနားက မီးဖိုက မီးခိုးတလူလူ၊ ရေထဲမှာ ဆော့နေတဲ့ကလေးတွေ။ ရေကြီးချိန် ပန်းချီကားပဲ။

စက်လှေက ကျောက်ဂူဥမင်ကိုရောက်ဖို့ တစ်နာရီခွဲလောက် မောင်းရတယ် ။ မြစ်ရေတက် နေတော့ စက်လှေက ကျောက်ဂူဥမင် နားအထိ ကပ်လို့ရတယ်။ ၂၀၀၉ ခုနှစ်လာတဲ့အချိန် က မြစ်ရေကျချိန်ဆိုတော့ ကျောက်ဂူဥမင်အထိ နာရီ ဝက်လောက်လမ်းလေ ျှာက်ရတယ်။

မြစ်ဆိပ်ကနေ ကျောက်ဂူဥမင်ကို သွားတဲ့လမ်းလေးက ထနောင်းပင်တွေကြားက ဖြတ်သွားရ တော့ အညာရနံ့ကို အပြည့်အဝခံစားရတယ်။ ကျောက်ဂူဥမင်ဘေးနဲ့ကပ်ရက်မှာ ဘုန်းကြီး ကျောင်းရှိတယ်။ သံဃာနှစ်ပါးပဲသီတင်းသုံးတယ်တဲ့။ ကျောင်းဝင်းကတော့ သစ်ကြီး ဝါးကြီး တွေနဲ့ အေးစိမ့်နေတာပဲ။ ကျောက်ဂူဥမင်နဲ့ ချောင်းခြောက်လေးခြားပြီး မျက်နှာချင်းဆိုင် ကမ်းပါးမှာ တဲ ကျောင်းလေးတစ်ကျောင်းရှိတယ်။ ကျောင်းဘေးက ကမ်းပါးမှာ တရားထိုင်တဲ့ ဂူလို့ ယူဆ တဲ့ ဂူတစ်ခု လှမ်းမြင်နေရတယ်။

ကျောက်ဂူဥမင်ကျောင်းတိုက်က သံဃာတော်တစ်ပါးကို ဥမင်အဝင်မှာတွေ့လို့ စုံစမ်းကြည့်တော့ တစ်ပါးတည်းလာသီတင်းသုံးနေတာ၊ သူတို့နဲ့မဆိုင်ဘူးလို့ပြောတယ်။ ဦးဇင်းရဲ့ လေသံက တစ်ခု ခုကို ပြောချင်နေသလိုပဲ။

ကျောက်ဂူဥမင်က ကျောက်ဆစ်လက်ရာတွေဟာ အနုစိတ်လက်ရာမြောက်တဲ့အတွက် ထင်ရှားပါ တယ်။ ပုဂံဂူဘုရားတွေထဲကို ဝင်ခွင့်ပိတ်ထားပေမယ့် ကျောက်ဂူဥမင်ကတော့ အစောင့်လုပ်သူက ဧည့်သည်လာရင်ဖွင့်ပေးတယ်။ ကျွန်တော်ကတော့ အရင်ရောက်ဖူးပြီးသားဖြစ်လို့ အထဲမှာ ကြာ ကြာမနေပါဘူး။ ကျောက်ဂူဥမင်ရှေ့ တမာပင်ရိပ်က ကွပ်ပျစ်မှာနား၊ အေးငြိမ်းတဲ့ အရသာကို ခံစား မိတယ်။

ကျောက်ဂူဥမင်က ကျန်တဲ့ ပုဂံဘုရားတွေနဲ့မတူဘူး။ လူသူနဲ့ အလှမ်းဝေးပြီး၊ သစ်ရိပ်ဝါးရိပ်နဲ့ ဆိတ်ငြိမ်အေးချမ်းရာနေရာဖြစ်လို့ ပုဂံ ခေတ်ထဲက အရညဝါသီ တောမှီမထေရ်တွေ တရားဘဝနာပွားများဖို့ သီတင်းသုံးခဲ့တဲ့နေရာဖြစ်ခဲ့တာပါ။ အခုလည်း စိတ် နှလုံးအေးချမ်း စေတဲ့နေရာပါပဲ။ ဒါပေမယ့် ချောင်းခြောက်လေးတစ်ခုသာ ခြားပေမယ့် ဧရာဝတီ မြစ်ကြီး ခြားသလိုဖြစ်နေတဲ့ ကျောင်းနှစ်ကျောင်း အကြောင်းကို တွေးမိတော့ စနိုးစနောင့်ဖြစ်မိ တယ်။

ကျောက်ဂူဥမင်ကနေ ပြန်ထွက်လာတော့ တစ်ပါးကျောင်းလေးဘက်ကို လှမ်းကြည့် မိတယ်။ ကျောင်းလေးရှေ့မှာ သံဃာတစ်ပါး ရပ်နေတာမြင်ရတယ်။ အဖော်နှစ်ယောက်က သွားမလားလို့ မေးတယ်။ မသွားတော့ဘူးလို့ပြောခဲ့တယ်။

အခုလို အချိန်၊ အခုလိုနေရာမှာ သူ့ဘက် ၊ ကိုယ့် ဘက် ဆိုတာတွေ ကြားရမှာကြောက် တယ်။ အေးငြိမ်းရာရှာဖွေတဲ့အချိန်မှာတောင် “ဘက်” ဆိုတာ ပါလာရင် ပူလောင်တော့တာပဲ။

ပုဂံ အလှ နဲ့ ဘ၀ (၁၃)

ရွှေဥသြ

ရွှေစည်းခုံစေတီတော်စောင်းတန်းလေးဘက်ကို လှည့်ပတ်ကြည့်ရင်း ခြံဝင်းအဝမှာ ရွှေဥသြ ပုန်းရည်ကြီးလို့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ခြံထဲမှ စွတ်ကျယ် ချိုင်းပြတ်၊ မျက် မှန်နဲ့ ကိုယ်လုံးပြည့်ပြည့်လူတစ်ယောက်တွေ့တယ်။ သူ့နောက်ဘက်က ဂိုဒေါင်လို အဆောက်အအုံ ထဲ မှာ မီးဖိုတွေ၊ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတာကို လှမ်းမြင်နေရတယ်။

အလုပ်ရုံထဲ ဝင်ကြည့်လို့ရလားဆိုပြီးခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ မေးသမ ျှလည်း ဖြေပေး ပါတယ်။ သူ့နာမည်က ကိုအောင်ဇော်မင်းတဲ့။ လက်ရှိ ဦးစီးလုပ်ကိုင်နေတဲ့သူပေါ့။ ဒီလုပ်ငန်း က ၁၉ ၆၄ ခုနှစ်မှာ မိဘတွေက စလုပ်ခဲ့တာ။ တကယ်တော့ အဖေ့ဘက်က မိဘတွေက ယွန်းထည် လုပ်ငန်းလုပ်တာ၊ အမေ့ဘက်က မိဘတွေက ပန်းထိမ်လုပ်ငန်းလုပ်တာ။ သားသမီးတွေကို အိမ် ထောင်ချပေးပြီးတဲ့အခါ လုပ်ငန်းတစ်ခုလုပ်ဆိုပြီး ပုန်းရည်ကြီးလုပ်ငန်းကို ထူထောင် ပေး ခဲ့တယ်။ ကိုအောင်ဇော်မင်းက ဒုတိယမျိုးဆက်ပေါ့။

အလုပ်ရုံရဲ့ အနောက်ဘက်မှာ ပဲသန့်စင်စက်တစ်လုံးတွေ့တယ်။ အရင်ကတော့ အမျိုးသမီး လုပ်သားတွေက ဆန်ကာနဲ့ ပဲသန့်စင်တာကို လုပ်တယ်။ အခုတော့ လုပ်သားရှားလာတယ်။ ပဲ သန့်မယ့်အစား ဟိုတယ်မှာ၊ စားသောက်ဆိုင်မှာ အလုပ်လုပ်တာက ပိုဝင်ငွေကောင်းတာကိုး။ ဒီလို နဲ့ လုပ်သားတွေနေရာမှာ စက်တွေအစားထိုးရတာပဲ။

ပဲသန့်စင်စက်ရှေ့မှာ ရေဆေးခုံတစ်ခုတွေ့တယ်။ သန့်စင်ပြီးတဲ့ပဲတွေကို အမှိုက်တွေ ၊ ဖုန် တွေစင်သွားအောင် ရေနဲ့ နှစ်ထပ်သုံးထပ်ဆေးရတယ်။ အဲဒီဘေးမှာ ပဲလှန်းဖို့ လုပ် ထားတဲ့ကွက်လပ်တစ်ခုရှိတယ်။ ရေဆေးခုံဘေးမှာ ဝါးတောင်းတွေထပ်ထားတယ်။

ပုဂံ ညောင်ဦးမှာတော့ ပုန်းရည်ကြီးကို ပဲပိစပ်နဲ့ပဲလုပ်တယ်။ အညာတစ်ချို့ဒေသတွေ မှာ တော့ ပဲလွန်း၊ ပဲကတ္တီပါတို့နဲ့လည်းချက်တယ်လို့ပြောတယ်။ ပုဂံ ညောင်ဦးဒေသမှာ ပုန်းရည်ကြီး ကို ဈေးကွက်တင်နိုင်အောင်စနစ်တကျလုပ်ခဲ့တာက ဇီးကွက်ပုန်းရည်ကြီး၊ ဦးချစ်ထွေးတဲ့ ။ ပုန်းရည်ကြီးလုပ်ငန်းအများဆုံးရှိတာက ငသရောက်ကျေးရွာအုပ်စု ဆည်ရွာ ဖြစ်ပြီး တစ်ရွာ လုံး နီးပါး ပုန်းရည်ကြီးလုပ်ငန်းလုပ်တယ်။

ပုန်းရည်ကြီးကို ပဲပိစပ်က လုပ်တယ်လို့ပြောတော့ ပဲပိစပ်နဲ့ ပဲပုပ် လွဲနေတဲ့အကြောင်းကိုလည်း ပြောမှဖြစ်မယ်။ Soya Bean ဆိုတာက ပဲပုပ်ပါ။ ပဲနို့ လုပ်တာ၊ စားသုံးဆီလုပ်တာဟာ ပဲပုပ် က လုပ်တာဖြစ်ပါတယ်။ ပဲပိစပ် ဆိုတာ အင်္ဂလိပ်လို Horse gram ဖြစ်ပါတယ်။ ပဲပိစပ်ကနေ ဆီကြိတ်တာ၊ ပဲနို့ထုတ်တာ မလုပ်ပါဘူး။ ဒါပေမယ့် သတင်းတစ်ချို့မှာ၊ ကြော်ငြာတစ်ချို့မှာ ပဲပိစပ်က လုပ်တယ် ဆိုပြီး ရေးနေတာတွေ့ရပါတယ်။ ပုဂံက စားသောက်ဆိုင်တစ်ချို့ရဲ့ ဟင်းလျာစာရင်းမှာ တောင် ပုန်းရည်ကြီးကို Soya Beans Paste လို့ရေးထားပါတယ်။ နောက်ဆုံး ဟိုတယ်/ခရီး ဝန်ကြီးဌာန ဝက်ဆိုက် https://tourism.gov.mm/mm/bagan/ မှတောင် ပုဂံအကြောင်းရေးတဲ့အခါ ပုန်းရည်ကြီးကို Soya Beans Paste ဆိုပြီး ဓာတ်ပုံနဲ့တင်ထား သေး တယ်။

အလုပ်ရုံထဲမှာ မီးဖိုနှစ်ဖိုရှိတယ်။ ပထမဖိုမှာက ထင်းမီးသုံးပြီး ဒန်အိုးကြီးတွေနဲ့ ပဲပြုတ်နေတယ်။ တစ်အိုး ကို ပဲတစ်တင်းထည့်ရတယ်။ ပဲနူးသွားတဲ့ အခါ အပေါ်ရည်ကို ပုန်းရည်ကြီးချက်တယ်။ ကျန်တဲ့အနှစ်တွေကို ဖယ်ပစ်လိုက်ရတယ်။ ဒါက တော့ မိရိုးဖလာလုပ်နည်းပေါ့။ ဒါပေမယ့် အနှစ်ကို ပါရောပြီး ပုန်းရည်ကြီးချက်တဲ့သူလည်း ရှိတာပေါ့။ အဲဒီလိုလုပ်ရင်တော့ ပုန်းရည်ကြီးပိုထွက်တယ်။ ပဲတစ်တင်းပြုတ်ရည်ကို ချက်လို့ ၇ ပိဿာရတယ်ဆိုရင် အနှစ်ပါရောချက်ရင် အချိန်နှစ်ဆယ်ကျော်လောက်ထွက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပုန်းရည်ကြီးရဲ့ နူးညံ့မှုက ကွာသွားတယ်။ အရောင်ပိုမည်းပြီး အသားက မာမာခဲခဲ ဖြစ် နေတယ်တဲ့။

ဒီနေ့ပြုတ်နေတဲ့ ပဲတွေက မနက်ဖြန်မှ ချက်ရမှာ။ ပဲရည်ကို တစ်ညသိပ်ပြီးမှ မီးကျည်းနဲ့ နှပ်ထားပြီးမှ ချက်၊ သမားရိုးကျ နည်း။ အဲဒီလိုထားမှ ပုန်းရည်ကြီးက ညို့လာတယ်၊ ပုန်းရည် ကြီးဖြစ်တဲ့အခါ အသား အိတယ်တဲ့ ။ အချိန်မစောင့်နိုင်တဲ့သူတွေကတော့ ဒီနေ့ပြုတ်၊ ဒီနေ့ ချက် တာပဲ။ ဒါပေမယ့် အရည်အသွေးကျတော့ ကွာသွားတယ်။

ကျွန်တော်ကြည့်နေချိန်မှာပဲ ဖိုသမားတစ်ယောက်က ပဲပြုတ်ရည်တွေကို ခပ်ကြည့်လိုက်၊ပဲအနှစ် တွေကို ယူကြည့်လိုက်၊ရေထည့်သင့်ထည့်လိုက်လုပ်နေတာကို တွေ့ရတယ်။ ပဲ အနူးအနပ်ကို စစ်နေတာ။ သူလိုချင်တဲ့ အနေအထားရောက်ရင် ပဲအနှစ်တွေကို ဆန်ကာနဲ့ စစ်ပြီးဖယ်လိုက် မယ်။ ပြီးရင် ပဲပြုတ်ရည်ကို မီးကျည်းခဲနဲ့နှပ်တော့မယ်။

ဒီနေရာမှာ ဘယ်နှစ်နာရီပြုတ်ရင် ရပြီဆိုတာမျိုးဖော်မြူလာမရှိဘူး။ ပဲကလည်း ကုန်းပဲ၊ ကျွန်း ပဲ ဆိုပြီး ကွဲသေးတယ်။ ကျွန်းပဲဆိုတာက ရေစကြို၊ မြောင် ၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံ ကျွန်း တွေဘက် ထွက်တာ၊ နူးညံ့တယ်။ ကုန်းပဲက အခုတော့ ပျဉ်းမနား၊ဧလာဘက်က ထွက် တယ်။ ကုန်းပဲက ရင့် (မာ) တယ်။ ပဲကို တစ်နှစ်စာဝယ်လှောင်ထားတယ်။ ကုန်းပဲ၊ ကျွန်းပဲ ခွဲ ထားရတယ်။ ပဲအမျိုးအစားပေါ်မူတည်ပြီး ပြုတ်ရတဲ့အချိန်ကွာတယ်။ ဒါ့အပြင် ထင်းကလည်း အသားမာ၊ အသားပွ မျိုးစုံပါလာတာဆိုတော့ အသားပေါ်မူတည်ပြီး မီးအပြင်း၊ အပျော့က မတူ ဘူး။ ဒီတော့ အချိန်ကျမကျဆိုတာကို အတွေ့အကြုံပေါ်မူတည်ပြီး အာရုံငါးပါးနဲ့ ခံစား ဆုံးဖြတ်ရတယ်။

ဒုတိယမီးဖိုမှာတော့ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတယ်။ ဒီဖိုမှာတော့ ထင်းမီး မသုံးဘူး။ မြေပဲခွံလောင်စာနဲ့ သုံးတယ်။ ဒီအဆင့်မှာက ရေခန်းအောင်ကျိုရတယ်။ ရေခန်း ပြီး ပုန်းရည်ကြီးအသားကျပြီဆိုတာနဲ့ မီးကို ရပ်လိုက်ရတယ်၊ မြေပဲခွံက လောင်စာဝင်တဲ့အပေါက်ပိတ် မီးဖြတ်လိုက်တာနဲ့ ချက်ခြင်းမီးသေသွားတယ်။ မီးခဲကျန်တာမရှိဘူး။ ထင်းသုံးလို့ရှိရင် မီးအရှိန်မသေတဲ့အတွက် ပုန်းရည်ကြီးခပ်တဲ့အချိန်မှာ ချိုးကပ်တတ်တယ်တဲ့။

မီးဖိုနှစ်ခုကြားမှာ စဉ့်အိုးသုံးလုံးရှိတယ်။ အဲဒါတွေက ပဲပြုတ်ရည်ကိုပဲ အချဉ်ဖောက်ထားတာ။ ပုန်းရည်ကြီးကျိုတဲ့အခါ အဲဒီအချဉ်ထည့်ပေးရတယ်။ အဲဒီသဘာဝအချဉ်ထည့်ကျိုမှ ပုံးရည်ကြီး အသားကောင်းတယ်။ အထားခံတယ်။ အချဉ်ထည့်တဲ့လက်ဆပေါ် မူတည်ပြီးတော့ ပုန်းရည်ကြီး အဆိမ့်၊ အချဉ်ကွဲပြားသွားတယ်။ ပုန်းရည်ကြီးတံဆိပ်တစ်ခုနဲ့တစ်ခု အရသာမတူဘူး။ တစ်ချို့ က အဆိမ့်ဘက်ကဲတယ်။ တစ်ချို့က အချဉ်ကဲတယ်။ ကိုယ့်တံဆိပ်မူပိုင်အရသာမပြောင်းအောင် စပ် တာကလည်း ဖော်မြူလာမရှိဘူး။ ပဲအခြေအနေ၊ အချဉ်ရေအခြေအနေပေါ်မူတည်ပြီး လ ျှာနဲ့ ဆုံး ဖြတ်ရတာ။ ဒါကတော့ လူတိုင်းကို ခိုင်းလို့မရဘူး။ ပိုင်ရှင်ကိုယ်တိုင်လုပ်ရတယ်။ ဒီအလုပ်ရုံ မှာ ဆိုရင်တော့ ကိုအောင်ဇော်မင်းပေါ့။

ဒီလိုပဲ၊ ပုန်းရည်ကြီးကျိုတဲ့အခါ ရေကုန်အောင်ကျိုရတယ်။ ရေကုန်၊ မကုန်ဆိုတာ စမ်းသပ်တဲ့ ကရိယာကတော့ လက်ရယ်၊လ ျှာရယ်ပဲ။ ရေမကုန်ဘူးဆိုရင် အထုပ်ထဲရောက်တဲ့အခါ မှို တက် တတ်တယ်။ ဖိုဆရာက မွှေလိုက်၊ ရေကျန်မကျန်စမ်းလိုက်၊ စိတ်ကြိုက်အနေအထားရောက် ပြီ ဆိုရင် မီးဖြတ်ပြီး ပုန်းရည်ကြီးခပ်ဖို့လုပ်ရတယ်။ မီးဖြတ်တာစောသွားလို့ ရေကျန်တာမျိုးဖြစ် ရင် တစ်မီးလောက်လိုသွားတယ်လို့ပြောလေ့ရှိတယ်။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အတွေ့အကြုံနဲ့ အာရုံငါးပါးခံစားမှုကို အခြေခံပြီးလုပ်ရတာဆိုတော့ နိုင်ငံခြားသားတွေကို ရှင်းပြရတာအတော်ခက်တယ်။ တစ်ခါက ပဲပိစပ်ကနေ စားသောက်ကုန် ထုတ်လုပ်တာတွေကို သုတေသနလုပ်နေတဲ့ နိုင်ငံခြားသူတစ်ယောက် ရွှေဥသြအလုပ်ရုံက လာလေ့လာတဲ့အခါ ဒီမှာလုပ်နေတာတွေကို မြင်ပြီး အတော်အံ့သြသွားတယ်တဲ့။

အလုပ်ရုံဘေးမှာ ပုန်းရည်ကြီးအရောင်းဆိုင်လည်းရှိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကတော့ ဘုရား ဖူးတွေလည်းမလာ၊ ရန်ကုန်၊ မန္တလေး လို့ ဖောက်သည်များတဲ့မြို့တွေမှာလည်း ဈေးတွေကလည်း ပိတ်ထားဆိုတော့ အမှာ မရှိတဲ့အတွက် ပုန်းရည်ကြီးလုပ်ငန်းတွေလည်းရပ်ထားခဲ့ရတယ်။ အလုပ်သမားတွေကို လစာ မပေးနိုင်ပေမ့ယ် ဆန်၊ ဆီတော့ထောက်ပံ့ပေးရတယ်။ အခုတော့ အမှာနည်းနည်း ရှိလာလို့ အလုပ်ရုံပြန်လည်တာလေးငါးရက်ပဲရှိသေးတယ်။

ပုန်းရည်ကြီးဆိုတာကလည်း မစားမဖြစ် အရာမဟုတ်တော့ ခုလိုအချိန်မှာ တခြားမြို့တွေ က အမှာ နည်းတယ်။ ဘုရားဖူးပဲအားပြုရောင်းနေရမှာ။ ကိုဗစ်ကတော့ ဘယ်သူ့ကိုမှ အလွတ် မပေးဘူး။ ဥပမာ။ ပုံမှန်ဆိုရင် အခုလို နှစ်ဦးပိုင်းအချိန်တွေက အညာမှာ အလှုအတန်းတွေများတဲ့အချိန်၊ အညာအလှုမှာ အဓိက ကျွေး တာက ငါးခြောက်ထောင်းကြော်၊ ဒါမှမဟုတ် ငါးကြင်းပေါင်း။ ကျွေးတာကလည်း အလှကျွေး တာမဟုတ်ဘူးလေ။ ကိုယ့်ရွာရော၊ ရွာနီးချုပ်စပ်ပါ မီးခိုးတိတ်ကျွေးတာဆိုတော့ ငါးခြောက် နဲ့ ငါးကြင်းဝယ်လိုအားကို စဉ်းစားသာကြည့်ပေတော့။ ကိုဗစ်ကြောင့်အလှုတွေ ၊ ဘုရားပွဲတွေမလုပ်ရတော့ ငါးခြောက်လုပ်ငန်း နဲ့ ငါးလုပ်ငန်းတွေ ရောင်းအားကျတာပေါ့။ ကိုဗစ်ကာလမှာ ညောင်ဦး ကမ်းပါးပြိုတာနဲ့ စမ္ဗာနဂိုရ်က နွားမပေါင် ကျိုးတာ ဘာဆိုင်လဲလို့ ပြောလို့မရတော့ဘူး။ အားလုံး တစ်နွယ်ငင် တစ်စင်ပါပဲ။

ပုန်းရည်ကြီးဆိုင် ကောင်တာ အပေါ်မှာ တံဆိပ်လေးတစ်ခုကို ပလတ်စတစ်လောင်းပြီး တွဲ လောင်းဆွဲထားတယ်။ မူလလက်ဟောင်း ရွှေဥသြပုန်းရည်ကြီးတံဆိပ်၊ အဲဒီအချိန်က တော့ ပလတ်တစ်အိတ်ထဲမှာထည့်၊ တံဆိပ်ကပ်ပေးတဲ့ခေတ်ပေါ့။ အခုတော့ ထုတ်ပိုးမှုတွေက ခေတ်မီ လာပြီ။ အဲဒီတံဆိပ်ကို ရန်ကုန်မှာ သွားလုပ် တော့ ပန်းချီဆရာကို အပ်တာ၊ ဘလောက်လုပ်တာ၊ ပုံနှိပ်တာ တစ်လလောက် ကြာ သတဲ့။

အရောင်းကောင်တာနောက်မှာ ရေတွင်းတစ်ခုရှိတယ်။ မိဘတွေလက်ထက် ပုန်းရည်ကြီးလုပ်ငန်း လုပ်တဲ့အချိန်မှာ သုံးခဲ့တဲ့ရေတွင်း၊ အခုတော့ အဝီစိတွင်းရေကို သုံးနေပြီ၊ ရေတွင်းကိုတော့ ဒီအတိုင်းပဲထိမ်းသိမ်းထားတယ်။

ရေတွင်းအပေါ်မှာ ဆိုင်းဘုတ်တစ်ခုရှိတယ်။ အမည်းဘက်များတဲ့အစိမ်းရောင်ရင့်ရင့် နောက်ခံမှာ အဖြူရောင်၊ အဝါရောင်တွေနဲ့ “ သဘာ၀ အဟာရ ဓါတ်မပျက်စီမံထုတ်လုပ်သော ရွှေဥသြ ပုန်းရည်ကြီး၊ ပင်ရင်း ကိုရွှေ၊ မထွန်း သားသမီးများ၊ ငါးမျက်နှာရပ်၊ ညောင်ဦးမြို့” ဆိုတဲ့ ဆိုင်းဘုတ် ရှိတယ်။ ဒီဆိုင်းဘုတ်က နှစ်လေးဆယ်ကျော်ပြီ။ အခုထိ အရောင်စိုတုန်း၊ ဆေးသားခိုင်တုန်း။

ဒီဆိုင်းဘုတ်ကို ရေးတဲ့ ပန်းချီဆရာကြီးက ဦးဘသိုင်းတဲ့။ သူ့ဆီမှာ အလုပ်အပ်ရင် ဘယ်နေ့ လို ချင်တယ်လို့ပြောလို့မရဘူး။ သူစိတ်ကြိုက်ဖြစ်တဲ့အချိန်ရမှာပဲ။ သူရေးရင် ဒီနောက်ခံအရောင်ပဲ သုံးတာများတယ်။ သူ သွပ်ပြားကို သွပ်ရည်ကုန်အောင် မြင်းချေးသုတ်ပြီး တစ်ပတ်လောက်ထား တယ်။ သွပ်ရည်ကုန်ပြီဆိုမှ ခံဆေးသုတ်တယ်။ ပြီးရင်တစ်ပတ်လောက်ထားတယ်။ မကြိုက် သေးရင် ခံ ဆေးထပ်သုတ်တယ်။ လုပ်ငန်းတစ်ဆင့်ချင်းကို စိတ်ရှည်လက်ရှည်လုပ်တဲ့အတွက် အချိန် ကြာ တယ်။ ဒါပေမယ့် ကြာကြာခံတယ်။

ဒီဆိုင်းဘုတ်ကို မြင်တော့ တစ်ရက် ၊နှစ်ရက် နဲ့အပြီးရေးတဲ့ ခေတ်သစ်ဆိုင်းဘုတ်တွေကို သတိရ တယ်။ စာလုံး ဒီဇိုင်းဆန်းတယ်။ အရောင်လွင်တယ် ၊ အမြန်ရ၊ အမြင်လှတယ်။ ဒါပေမယ့် တစ်နှစ်လောက် နေရင် ဆေးသားကွာမယ်၊အရောင်လွင့်သွားမယ်။

ဆိုင်းဘုတ်တောင်မှ အခြေခိုင်မှ ရေရှည်ခံပါတယ်။

ပုဂံ အလှ နဲ့ ဘ၀ (၁၂)

ရွှေစည်းခုံ

ကျွန်တော်ပုဂံမှာ ရှိနေဆဲမှာပဲ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ် တဲ့ အကြောင်း ကြေညာခဲ့တယ်။ ဂေါပကတွေကို ခေါ်အသိပေးတာက ဇူလိုင် ၂၈ ည ဆိုတော့ ဇူလိုင် ၂၉ မနက်မှာ ဒီသတင်းက အတော်ဂယက်ရိုက်သွားတယ်။

ကိုဗစ်ကြောင့် ခရီးသွားဧည့်သည်မရှိတဲ့အချိန်မှာ အခုလို ရုံးပိတ်ရက်ရှည်ဆိုတာ ဒေသခံတွေ အတွက် အသက်ကယ်ဆေးပဲ။ ဒါပေမယ့် ဘုရားတွေကို ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး အစီအစဉ် တွေနဲ့ ဖူးခွင့်ရအောင် စီစဉ်ပေးမယ့်အစား လုံးဝပိတ်ချလိုက်တာက ဒေသခံတွေအတွက် အခက် အခဲအများကြီး ဖြစ်သွားတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ဂေါပကတွေအတွက်ကတော့ လုံး၀ ပိတ်လိုက်တာဟာ အလုပ်ရှုပ်အသက်သာဆုံးနည်းလမ်းဖြစ်ပေမယ့် ပန်းရောင်းတဲ့ကလေးကနေ ဟိုတယ်ပိုင်ရှင်အထိ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေသူတွေအတွက်ကတော့ အရှိုက်ထိုးခံရ တာပဲ။

ကျွန်တော်လည်း ဇူ ၂၉ ရက်နေ့မှာ ရွှေစည်းခုံဘုရားကို သွားမယ်လို့ စီစဉ်ထားပေမယ့် ဘုရား ထဲ ဝင်ခွင့်မရတော့ဘူး။ ဆဲဗင်းဒေးဂျာနယ်သတင်းတွေမှာတော့ အာနန္ဒာဘုရား ဂေါပက အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပိတ်တယ်ဆိုပေမယ့် အပြင်ကနေ ဖူးလို့ရပါတယ်လို့ပြောတဲ့အကြောင်း ဖတ်လိုက်ရတယ်။ အတော်ရွှေဉာဏ်တော် စူးရောက်သော ပုဂ္ဂိုလ်ပေပဲ။ ဘာသာရေးယုံကြည် ချက်အရဖြစ်ဖြစ်၊ ရှေးဟောင်းအနုပညာလက်ရာများကို တန်ဖိုးထားတဲ့စိတ်နဲ့ဖြစ်ဖြစ် ဘုရား အတွင်းမှာ လှည့်လည်ကြည့်ရှုဖူးမေ ျှာ်ရတာနဲ့ အဝေးကနေ လက်အုပ်ချီဖူးမေ ျှာ်ရတာ မတူ ဘူးဆိုတာ သူစဉ်းစားမိပုံမရဘူး။ ဒါမှမဟုတ် သူကတော့ နေ့စဉ်ဖူးခွင့်ရနေလို့ ရပ်ဝေးဘုရား ဖူးဧည့်သည်တွေရဲ့ ခံစားချက်ကို ကိုယ်ချင်းမစာနိုင်တာလည်းဖြစ်မယ်။ ဒါပေမယ့် အိမ်က ဘုရား ကို ရှိခိုးတာနဲ့ အတူတူပါပဲ၊ အိမ်မှာပဲနေပါလို့မပြောတာကိုပဲကျေးဇူးတင်ရသေးတယ်။

ရွှေစည်းခုံစေတီတော် ထဲကို မဝင်ရတော့ အပြင်မှာရှိတဲ့ စောင်းတန်း တွေကိုပဲ လေ့လာ တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ကျွန်တော်တို့ဘုရားဖူးအများစုက ရွှေစည်းခုံကို လာရင် တောင်ဘက်စောင်းတန်းဘေးကားလမ်းအတိုင်းလာ၊ ဈေးတန်းတွေ နဲ့တည်းခို ဇရပ်တွေ ရှိတဲ့ အရှေ့ဘက်စောင်းတန်းကနေ ဘုရားဖူးတာများတယ်။ အရှေ့ဘက် စောင်းတန်း ဆိုတာ တောင် အစကတက်တာမဟုတ်ဘူး။ ကားရပ်တဲ့နေရာ အလယ်လောက် က ဖြတ်တက် ကြတာပါ။

တောင်ဘက်စောင်းတန်းက စောင်းတန်းရှည်ကြီး၊ ညောင်ဦးလမ်းမတော် နားက စတယ်။ ဒါပေမယ့် ရှေးခေတ်စောင်းတန်းက အလိုတော်ပြည့်ဘုန်းကြိးကျောင်းနားမှာ ရှိတဲ့ ဘုရား ကိုးဆူ နဲ့ မျက်နှာချင်းဆိုင်နေရာမှာရှိတယ်။ ထူးထူးခြားခြားရှေးခေတ်လက်ရာ ခြသေ့ၤရုပ်လေးရုပ်ထားခဲ့တဲ့ အမှတ်အသားတွေ တွေ့တယ်။ လက်ရှိတော့ ခြင်္သေ့ရုပ်တစ်ရုပ်ပဲရှိတော့တယ်။ ဒီလမ်းကြောင်းကို မသုံးတာကြာပြီ ထင်တယ်။ လမ်းပေါ်မှာတောင်သစ်ပင်တွေပေါက်နေပြီ။ ဒီစောင်းတန်းလမ်းအူကြောင်းကို မှန်း ဆ ကြည့်ရတာ ပုဂံနန်းတော်ဘက်က လာရင် ဒီနေရာကို ဦးတိုက်ပြီးမှ စောင်းတန်းအတိုင်း ဘုရား ပေါ် တက်ကြမယ်ထင်တယ်။

တောင်ဘက်စောင်းတန်းကနေ အနောက်ဘက်စောင်းတန်းဘက်ကို သွားတယ်။ ကျန်တဲ့ ဘုရားတွေနဲ့ကွာခြားတာက ရွှေစည်းခုံ ဘုရားပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေ ပတ် လည် ရှိနေတယ်။ ရွှေစည်းခုံဘုရားရဲ့ ဝတ္တကမြေကလည်း ကျယ်တယ်။ ကျူးကျော်သူမရှိအောင် ကျောက်တိုင်တွေစိုက်ထားသလို “ရွှေစည်းခုံစေတီဝတ္တကမြေ” ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း စိုက်ထူထားတယ်။ ဒါပေမယ့်လည်း ကျူးနေတာလည်းမြင်ခဲ့ရတယ်။

အနောက်ဘက်စောင်းတန်းကတော့ လူသွားလူလာအနည်းဆုံးဖြစ်မယ်ထင်တယ်။ ရှေးခေတ် စောင်းတန်းကို အသုံးပြုနေဆဲဖြစ်တာကိုလည်း ထူးထူးခြားခြားတွေ့ရပါတယ်။ ရှေးလက်ရာ ခြင်္သေ့နှစ်ကောင်ရှိသေးတယ်၊ စောင်းတန်းကလည်း ဘုန်းကြီးကျောင်း နှစ်ကျောင်း ကြားမှာ ရှိတဲ့အတွက် နှောင်းလူတွေက အသစ်ထပ်တည်ဆောက်လို့မရတာလည်း ပါမယ်။ ဘုရားတံတိုင်းအဝမှာ နှောင်းခေတ်လက်ရာ ခြင်္သေကြီးနှစ်ကောင်ရှိတယ်။ သံတံခါး ရှိတယ်။ ဒီဘက်ကနေ ရွှေစည်းခုံစေတီတော်ကို လမ်းလေ ျှာက်သွားရင် ပုဂံခေတ်ထဲက ဘုရားဖူး တွေသွားတဲ့အတိုင်း သွားနေတယ်လို့ခံစားလို့ရတယ်။ ဘုရားတွေပြန်ဖွင့်တဲ့အချိန်ကျရင် ရှေး ဟောင်းလက်ရာခြင်္သေ့နှစ်ကောင်နေရာကနေ စပြီး လမ်းလေ ျှာက်သွားဖို့ တိုက်တွန်းချင်တယ်။

အနောက်ဘက်စောင်းတန်းကနေ မြောက်ဘက်စောင်းတန်းကိုသွားတဲ့လမ်းကလည်း ရှေးဟောင်း လမ်းပဲဖြစ်မယ်။ ညာဘက်မှာ ဘုရားတံတိုင်း၊ ဘယ်ဘက်မှာ ဘုန်းကြီးကျောင်းဝင်းတွေကြားက မြေလမ်းလေးဟာ ချစ်စရာပါ။

မြောက်ဘက်စောင်းတန်းကလည်း စောင်းတန်းတိုတယ်။ ဘုရားတံတိုင်းကနေစတယ်။ ထူးခြားတာ က စောင်းတန်းအစမှာ ဘယ်/ညာမှာ နတ်ရုပ်နှစ်ရုပ်ရှိတယ်။ ခြင်္သေ့မရှိဘူး။နတ်ရုပ်တစ်ရုပ်က သံလျက်ထမ်းထားတယ်။ နောက်တစ်ရုပ်က ပုခုံးပေါ်မှာ ဘာတင်ထားသလဲမထင်ရှားဘူး။ လက်အနေ အထားမတူတဲ့အတွက် သံလျက်တော့ဟုတ်ပုံမရဘူး။ အဲဒီနတ်ရုပ်ဘေး အနိမ့် ပိုင်းမှာ အုပ်ခုံလုပ်ပြီး သဲကျောက် ဦးခေါင်းအပြတ်တစ်ခုတင်ထားတယ်။ အဲဒီရှေ့မှာ အမွှေးတိုင်နဲ့ ပူ ဇော်ထားတယ်။ သပြေအိုးရှိတယ်။ မူလက ဘာပုံတော်လည်းဆိုတာခန့်မှန်းလို့မရဘူး။ မြတ်စွာ ဘုရားပုံတော်ဆိုရင်တော့ အခုလိုထားမယ်မထင်ဘူး။ မြောက်ဘက်စောင်းတန်းရဲ့ ထိပ်မှာ “ ပြည်သူ့ရိပ်သာ ၁၃၂၀၊ ၁၉ ၅၈” လို့စာတမ်းထိုးထားတယ်။

နတ်ရုပ်တွေနဲ့မျက်နှာချင်းဆိုင်မှာ “ဘောဂရာဇာနဂါးမင်းကြီး” လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အဆောင်တစ်ခုရှိတယ်။ ဆရာတော်တစ်ပါးက တူးဖော်တွေ့ရှိတယ်ဆိုတဲ့ သမိုင်းကြောင်း နဲ့ နဂါးမင်းကြီးကို ပူဇော်နိုင်တဲ့အကြောင်းတွေရေးထားတာလည်းတွေ့တယ်။ ရွှေစည်းခုံစေတီ နဲ့ မဆိုင်တဲ့အတွက် မလေ့လာဖြစ်ဘူး။ နဂါးမင်းကြီးလည်း ကိုဗစ်ကြောင့် အပိတ်ခံထားရတယ် ထင် တယ်။ အဲဒီအဆောင်မှာ လူရှင်းနေတယ်။

မြောက်ဘက်စောင်းတန်း နတ်ရုပ်နှစ်ခုကနေ ဧရာဝတီမြစ်ဘက်ကို ဆင်းသွားတဲ့ လမ်းရှိတယ်။ ရှေးယခင်ထဲက ရှိတဲ့လမ်းဖြစ်မယ်။ အခုတော့ ကွန်ကရစ်ခင်းထားတယ်။ ဘယ်ညာမှာ ဘုန်း ကြီးကျောင်း၊ ကွန်ကရစ်လမ်းက ကမ်းနားအရောက်မှာ ညာဘက် ကို ကွေ့ဆင်းသွားတယ်။ လှေခါးထစ်တွေရဲ့ အဆုံးမှာ နှောင်းလက်ရာ ခြင်္သေ့ကြီးတစ်ကောင်ရှိ တယ်။ တစ်ကောင်တည်း ဒါပေမယ့်ခြင်္သေ့ ( ရာပြည့်ရဲ့ သီချင်း) ပေါ့။ နောက်တစ်ကောင်က မြစ် ရေတိုက်စားတဲ့အထဲပါသွားပြီထင်တယ်။

ဧရာဝတီမြစ်ဘေး၊ ရွှေစည်းခုံစေတီတော်ပေါ်တက်တဲ့လမ်း၊ မြစ်ကို စောင့်ကြည့်နေတဲ့ ခြင်္သေ့ကြီး ၊ အလွန်လှပတဲ့ရှုခင်းပေါ့။ ဒါပေမယ့် မြစ်ကမ်းပါးက ကျူးကျော်အိမ်တွေက အလှကို ဖျက်နေ တယ်။ ကွန်ကရစ်လမ်းဘယ်ညာမှာ ရှိနေတဲ့ ယာယီဆိုင်ခန်းတွေကလည်း မကြာခင် အခိုင်မာဖြစ်လာပြီး ဘုရားကို ကွယ်တော့မယ်။ ဒီစောင်းတန်းအလှကို သေသေချာချာ ထိန်းသိမ်းသင့်တယ်။ ဒီနေရာမှာ မြစ်ကမ်းပါးတစ်လေ ျှာက် ကွန်ကရစ်တိုင်တွေနဲ့ လေ ျှာက်လမ်းလုပ်ထားရင် ဆည်းဆာအလှကို ကြည့်ဖို့အတော်အဆင်ပြေမယ်။

ပုဂံခေတ်ကနေ ခေတ်အဆက်ဆက် ဧရာဝတီမြစ်ကြောင်းသွားလာမှုကို အဓိက ထားတဲ့အချိန်က မြောက်ဘက်စောင်းတန်းဟာ အစည်ကားဆုံးများဖြစ်ခဲ့လေမလားလို့တွေးမိတယ်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ ရွက်လှေကြီးတွေနဲ့လာကြ၊ မြစ်ဆိပ်မှာ ဆိုက်၊ မြောက်ဘက်စောင်း တန်းအတိုင်း ဘုရားဖူးမယ်လို့မြင်ယောင်ကြည့်မိတယ်။ အဲဒါဆိုရင်တော့ ပုဂံခေတ်က အစည်ကားဆုံး စောင်းတန်းနှစ်ခုဟာ တောင်ဘက်နဲ့ မြောက်ဘက်ဖြစ်မှာပဲ။

မြောက်ဘက်စောင်းတန်းကနေ အရှေ့ဘက်စောင်းတန်းဘက်ကို လာတော့ ညာဘက်မှာ ဘုရား တံတိုင်း၊ ဘယ်ဘက်မှာ လူနေရပ်ကွက်။ အရှေ့ဘက်စောင်းတန်းကို ရောက်တော့ ထူးခြား တာက စောင်းတန်းထဲက ဖြတ်ပြီး ကား/ဆိုင်ကယ်မောင်းလို့ရအောင်လမ်းလုပ်ထားတယ်။ အဲဒီ အပေါက်ကို ဖြတ်ပြီး ညာဘက်သွားရင် ဘုရားဖူးကားတွေရပ်တဲ့ ဘုရားဖူးဇရပ်တွေရှိတဲ့ဘက်ကို ရောက်မယ်။ ဘယ်ဘက်ကို ချိုးရင် အရှေ့ဘက်စောင်းတန်းရဲ့ အစကိုရောက်မယ်။

အရှေ့ဘက်စောင်းတန်းက နောက်ထပ်ဆောက်တဲ့စောင်းတန်းနဲ့ ရှေးခေတ်ထဲက ရှိတဲ့ စောင်း တန်းနေရာက အစမှာ အတူတူပဲ။ဒါ့ကြောင့်ရှေးခေတ်ခြင်္သေ့ရုပ်တုတွေမတွေ့ခဲ့ရဘူး။ နှောင်းခေတ် လက်ရာ ခြင်္သေ့နှစ်ကောင်ပဲတွေ့တယ်။ ရှေးခေတ် စောင်းတန်းညာဘက်တံတိုင်းနေရာက လက်ရှိစောင်းတန်းနဲ့ယှဉ်သွားနေပြီး သုံးပုံတစ်ပုံလောက် အရောက်မှာတော့ ညာဘက်ကို သိသိသာသာခွဲထွက်သွားတယ်။ ဘယ်ဘက်အခြမ်းကတော့ စောင်းတန်းအသစ်ဆောက်တဲ့ အထဲမှာ ပါသွားပြီထင်တယ်။ မတွေ့ရတော့ဘူး။

အရှေဘက်စောင်းတန်းက ထူးထူးခြားခြား မုခ်ဦးနှစ်ထပ်ဖြစ်နေတယ်။ အတွင်းမုခ်ဦးမှာက “ ပြည်သူ့ရိပ်သာ၊ ၁၃၁၇၊ ၁၉ ၅၅” လို့စာတမ်းထိုးထားတယ်။ မြောက်ဘက်မုခ်မှာ လည်း ပြည်သူ့ ရိပ်သာ ဆိုတဲ့စကားလုံးပါတယ်။ ဘာကို ဆိုလိုတာလဲ ၊ စိတ်ဝင်စားဖို့ကောင်းမယ်။ အနားက လူတွေမေးတော့လည်း မသိဘူး။

ဒုတိယ မုခ် ဦး မှာတော့ “၁၉ ၇၀” လို့စာတမ်းထိုးထားတယ်။ အလှုရှင်နာမည် မတွေ့မိဘူး။ တကယ်တော့ ဒုတိယ မုခ်ဦးဟာ အရွယ်အစားလည်းသေးတယ်၊ ရှိပြီး စောင်းတန်းကြီးနဲ့လည်း အချိုးမညီဘူး။ လိုလည်းမလိုဘူး။ အလှုရှင်က လှုချင်လို့ တမင်သက်သက်ဆောက်ခဲ့တာလို့ပဲ ထင်တယ်။ ပုဂံ ဘုရားတွေမှာ ပေါက်ရောက်တဲ့အလှုရှင်တွေက ထင်သလိုလုပ်ခဲ့တဲ့ လက်ရာ တွေ အများကြီးပဲ။ သူတို့ကို ဒေါက်တာသန်းထွန်းက ပုဂံကို ဖျက်ဆီးသူများဆိုပြီး အပြစ်တင်ခဲ့ဖူးတယ်။ စေတနာကောင်းနဲ့ လှုတယ် ဆိုပေမယ့် ရှိရင်းစွဲ တန်ဖိုးတွေပျက်သွား တဲ့ အခါ နှောင်းလူတွေ အပြစ်တင်တာ ခံရတတ်တယ်ဆိုတာ အဲဒီအလှုရှင်တွေတွေးမိပုံမရဘူး။

စောင်းတန်းလေးခုမှာ အနောက်ဘက် နဲ့ မြောက်ဘက် စောင်းတန်းက နှောင်းခေတ် လက်ရာ ခြင်္သေ့တွေက ပုံစံတူတယ်။ တောင်ဘက်နဲ့ အရှေ့ဘက် နှောင်းခေတ် လက်ရာ ခြင်္သေ့တွေ ဟိုစောင်းတန်းနှစ်ခုနဲ့မတူပြန်ဘူး။ နည်းနည်းပိုရှေးကျမယ်လို့ထင်တယ်။ ဒါကလည်း သာမန်ဘုရားဖူးတစ်ယောက်ရဲ့ အမြင်ပါ။ ပညာရှင်တွေကတော့ ပိုသိနိုင်ပါတယ်။

နောက်တစ်ခါ တောင်ဘက်နဲ့အရှေ့ဘက် စောင်းတန်းတွေရဲ့ လမ်းကြောင်း အနေအထားက ရှေး ခေတ် စောင်းတန်းလမ်းအူကြောင်းတွေနဲ့ ကွဲလွဲနေတာကလည်း စိတ်ဝင်စားစရာပဲ။ ဘုရား ဂေါပ က အဖွဲ့နဲ့သာမေးမြန်းခွင့်ရရင်တော့ ပိုသိရမယ်ထင်တယ်။

တကယ်တော့ ရွှေစည်းခုံစေတီတော်ကို ဖူးမေ ျှာ်ခဲ့တာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် အများနည်းတူ အရှေ့ဘက်စောင်းတန်းနဲ့တောင်ဘက်စောင်းတန်းကြား ကားရပ်တဲ့နေရာကနေပဲ ဘုရားဖူးခဲ့ တယ်။ အနောက်ဘက်နဲ့ မြောက်ဘက် စောင်းတန်းတွေကို မရောက်ဖူးဘူး၊ အနီးဆုံး တောင်ဘက် နဲ့အရှေ့ ဘက် စောင်းတန်းအစကိုလည်း စိတ်မဝင်စားခဲ့ဘူး။

အခုလို အရပ်လေးမျက်နှာပြည့်အောင်သွားလိုက် တဲ့အခါ အရင်က မမြင်နိုင်တဲ့ရှုထောင့် ကနေ မြင်နိုင်၊ တွေးနိုင်ခဲ့တယ်။ မေးခွန်းတွေလဲပေါ်လာတယ်။ ကိုဗစ်ဟာ စိတ်ညစ်စရာဖြစ်ပေမယ့် ကိုဗစ်ကြောင့်ပဲ အခွင့်အလမ်းတစ်ခုရခဲ့တယ်လို့ လည်းပြောလို့ရပါတယ်။

“ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀ – ၂၀၁၆)

ရဲထွဋ် ရေးတဲ့ “Myanmar’s Political Transition and Lost Opportunities” ကို

သက်ဆွေ ဘာသာပြန်တဲ့ “ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ ( ၂၀၁၀ – ၂၀၁၆) ကို ပုံနှိပ်နေပါပြီ။
https://www.facebook.com/PrintCityMyanmar

ဘာသာပြန်သူ သက်ဆွေ ကတော့ ဆရာအောင်သင်းရဲ့ စကားကို ကိုးကားပြီး ဘာသာပြန် ရတဲ့ အကြောင်းအရင်းကို အခု လိုရှင်းပြထားပါတယ် –

“သမိုင်းကိုပြောတဲ့အခါ အားမနာရဘူး။ သမိုင်းကိုပြောတဲ့အခါမှာ
ဟိုလူ့မျက်နှာထောက်၊ ဒီလူ့မျက်နှာထောက်နေလို့ရှိရင်
အနာဂတ်ကို သစ္စာဖောက်ရာရောက်တယ်”
ဆရာအောင်သင်း

အားနာတတ်လွန်းတဲ့
မြန်မာ့သမိုင်းအတွက်
အားမနာတမ်းရေးထားတဲ့
စာတစ်အုပ်ကို
ဘာသာပြန်ရေးသားလိုက်ပါတယ်…
စာအုပ်ထဲမှာ
ပါဝင်သူဇာတ်ဆောင်တွေက
မျက်နှာနာရမဲ့
ဆရာသမားတွေ
ကျေးဇူးရှိဖူးသူတွေ
လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်ပေမဲ့လည်း….
အင်္ဂလိပ်ဘာသာနဲ့
ပြည်ပမှာဖတ်နေကြတာ
မြန်မာပြည်ကလူထု
မြန်မာလိုဖတ်ခွင့်ရှိတယ်ဆိုတာရယ်
ဒီမိုကရေစီစနစ်မှာ
အစိုးရတစ်ခုလက်ထက်မှာ
ဘာတွေဘယ်လိုဖြစ်ခဲ့သလဲဆိုတာ
အချိန်တန်ရင်
လူထုက သိခွင့်ရှိတာရယ်ကို ယုံကြည်တာနဲ့
ဘာသာပြန်ဖြစ်ပါတယ်…
မကြာခင်
ထုတ်ဝေပါမယ်…။
https://www.facebook.com/thet.swe.1048

ဘာသာပြန်သူ သက်ဆွေ ဟာ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ် ပါတယ်။ ရေတပ်ပညာဆိုင်ရာစာအုပ်များ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ ဆောင်း ပါးများကို ကိုယ်တိုင်ပြုစုရေးသားခြင်း၊ ဘာသာပြန်ခြင်းတို့ကို ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

စာအုပ်ကို သြဂုတ်လ နှောင်းပိုင်းမှာ ထုတ်ဝေဖြန့်ချိနိုင်မယ်လို့သိရပါတယ်။

သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ထဲက မြေယာပြဿနာ

ဒီနေ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ အွန်လိုင်း သတင်း ရှင်း လင်းပွဲမှာ ဧရာဝတီတိုင်းမြေသိမ်းဆည်းရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဦးရွှေမန်းက ခိုင်ခိုင် မာမာ ဖြေကြားသွားတာ ကြည့်လိုက်ရတော့ လွှတ်တော်အတွင်းက ကိစ္စတစ်ခုကို သတိရမိတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်ကာလမှာ လယ်ယာမြေနဲ့အခြားမြေများသိမ်းဆည်းခံ ထားရမှုက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ လွှတ်တော်ကလည်း ဦးတင်ထွတ် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တိုင်စာတွေကို ကြား နာ စစ်ဆေးပြီး အစိုးရအဖွဲ့ကို ပို့တယ်။ အစိုးရအဖွဲ့မှာလည်း ဒုတိယသမ္မတ(၂) ခေါင်းဆောင်တဲ့ မြေ အသုံးချရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီက လွှတ်တော်က လာတဲ့ တိုင်စာတွေနဲ့ သမ္မတရုံးကို တိုင်တဲ့တိုင်စာတွေ ကိစ္စကို ဝန်ကြီးဌာနတွေနဲ့ညှိပြီးဖြေရှင်းရတယ်။ ဖြေရှင်းပြီးစီးမှုအခြေအနေ ကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံရတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတ ရဲ့ မြေယာသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီးဖြေရှင်းပြီးစီးမှုအခြေအနေသဝဏ်လွှာကို ဆွေးနွေး တယ်။ အဲဒါကလည်း ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားတဲ့အတိုင်း နှစ်လတစ်ကြိမ် အစီရင်ခံ တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး လယ်ဆည် ဒုဝန်ကြီးက အကျဉ်းချုပ် ရှင်းပြတယ်။ ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်းက မှတ်တမ်းတင်တယ်ဆိုပြီး တုံးထုတယ်။ အဲဒီအချိန်မှာ အင်န် အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထပြီး အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာဟာ မပြည့်စုံ ဘူးဆိုပြီးကန့်ကွက်တယ်။ အဲဒီနေ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်ဝေခဲ့တဲ့ သမ္မတ သဝဏ်လွှာနဲ့ နောက်ဆက်တွဲ စာရင်းဇယား စုစုပေါင်း စာမျက်နှာကိုးမျက်နှာစီပဲ ပါတဲ့အတွက် မပြည့်စုံဘူးလို့ ကန့်ကွက်တာပါ။

ဒေါ်စန္ဒာမင်းပြောပြီးတဲ့နောက်မှာတော့ ပြည်ခိုင်ဖြိုးကရော၊ အင်န်အယ်လ်ဒီကရော လွှတ်တော်ကိုယ်စားလှယ်တွေက အပြိုင်အဆိုင် ထပြီး အစိုးရ အဖွဲ့ရဲ့ ဖြေရှင်းချက်မပြည့်စုံ ဘူးဆိုပြီး ဝေဖန်ကြတယ်။ မှတ်မိသလောက် အဲဒီအချိန်ကဆွေးနွေးသူတွေ ထဲမှာ အခု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတို့ပါသ လို ပြည်ခိုင်ဖြိုး ဘက်က ဦးတင်ထွတ်၊ ဦးခင်ရွှေ၊ ဦးတင်မောင်ဦး ( အခု UBP) တို့ယ်ပါတယ်ထင်တယ်
နောက်ဆုံး မိုက်တောင်းတဲ့လူများလွန်းတော့ ဦးရွှေမန်းက ခွင့်မပြုဘဲ ဆွေးနွေးမှုကို ရပ်ပစ်လိုက်ရတဲ့အထိဖြစ်သွားခဲ့တယ်။

ပြဿနာက အဲဒီမှာတင်မပြီးဘူး။ အဲဒီအချိန်မှာလည်း အစိုးရအဖွဲ့နဲ့လွှတ်တော်ကြားမှာ ပွတ် တိုက်မှုတွေက ရှိနေတော့ အစိုးရအဖွဲ့က လွှတ်တော်ကို ဂရုမစိုက်ဘူးဆိုတဲ့ စွတ်စွဲချက်တွေ ပေါ် လာတယ်။ ဦးတင်ထွတ်ကဆိုရင် အစီရင်ခံစာမပြည့်စုံမှုနဲ့ပတ်သက်ပြီး အဆိုတင်မယ်ဆိုပြီးတောင် ပြောခဲ့တယ်။ မီဒီယာတွေကလည်းရေးတယ်။

မီဒီယာတွေဘက်က အဲဒီကိစ္စကို သာမန်သတင်းမဟုတ်ဘဲ ရေဆုံးရေဖျားစုံစမ်းရေးဖို့ကြိုးစား က (ကို) စည်သူအောင်မြင့်ပါ။ သူက ကျွန်တော့်ကို ဆက်သွယ်ပြီး အစိုးရအဖွဲ့က ဘာ့ကြောင့် အစီရင် ခံစာအပြည့်အစုံမတင်တာလဲလို့မေးတယ်။

ဒါ့ကြောင့် ကျွန်တော်က အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာက ကိုးမျက်နှာ မဟုတ်ဘူး။ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော်မှ သိမ်းယူမှုများအပြင် ပုဂ္ဂလိက ကုမ္ပဏီများရဲ့ သိမ်းယူမှုများကို အမည်များနဲ့တကွ အတိအကျ ဖော်ပြထားတဲ့ ဇယားတွေအပါအဝင် စာမျက်နှာ ၂၅၀ ရှိပါတယ်ဆိုပြီး ဇယား (၁) ကဘယ်နှစ်မျက်နှာ ၊ (၂) က ဘယ်နှစ်မျက်နှာစသည်ဖြင့် အသေးစိတ်ပြန်ရှင်းခဲ့ရတယ်။ ဇယားနမူနာတစ်ချို့လည်း ပို့ပေးခဲ့တယ်။ ဒီလိုပို့ပေးတာဟာလည်း ဒီသဝဏ်လွှာဟာ လုံခြုံရေးအဆင့်သတ်မှတ်ချက်မရှိတဲ့အတွက်ဖြစ်ပါတယ်။

(ကို) စည်သူအောင်မြင့်က ၁၂-၂-၂၀၁၄ ရက်နေ့ထုတ် The Myanmar Post ဂျာနယ်မှာ လွှတ်တော်နာယက သူရဦးရွှေမန်း ဘာတွေ ထိန်ချန်ထားခဲ့သလဲ” ဆိုပြီး ဆောင်းပါးတစ် စောင် ရေးခဲ့တယ်။ အဲဒီအထဲမှာ ဆောင်းပါးရှင်က

“ လွှတ်တော်ထဲမှာ အမတ်တွေက ဒီအစီရင်ခံစာ မပြည့်စုံဘူးဆိုပြီး ပြင်းပြင်းထန်ထန်တွေ တစ်ယောက်ပြီးတစ်ယောက် ထပြောနေတဲ့အချိန် နာယက သူရ ဦးရွှေမန်းအနေနဲ့ ဘာကြောင့် ရှင်းမပြလဲဆိုတဲ့ ပြဿနာပါ။ သူ့အနေနဲ့ အခု ခင်ဗျားတို့ လက်ထဲမှာ ဖြန့်ဝေထားတာဟာ တကယ်ကို အကြမ်းဖျင်းပါ။ အပြည့်အစုံ ကျွန်တော့် လက်ထဲမှာ ရှိနေပါတယ်။ ဝေဖန်မှုတွေ မစောကြပါနဲ့ဦးလို့ ဘာကြောင့် မပြောခဲ့သလဲဆိုတာပါ။ ဒီအတွက် နာယက သူရဦးရွှေမန်းရဲ့ ရိုးသားမှုကို သံသယဖြစ်ဖွယ် ရှိပါတယ်။ ဒီအတွက် စဉ်းစားဖို့တစ်ချက်ပဲ ကျန်ပါတော့တယ်။ နာယက သူရဦးရွှေမန်းက ဒီအစီရင်ခံစာ အပြည့်အစုံကို ဘာကြောင့် ထိန်ချန်ထား ရသလဲဆိုတာ ပါ။” ဆိုပြီးမေးခွန်းထုတ်ခဲ့တယ်။

နောက်ပိုင်းတော့ အဲဒီဆောင်းပါးကြောင့်လား၊ နာယကကြီး က ရှင်းပြလိုက်လို့လား မသိဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အစိုးရအစီရင်ခံစာမပြည့်စုံဘူးလို့ အပြစ်မတင်တော့ ဘူး။ ဦးတင်ထွတ်လည်း အဆိုမတင်တော့ဘူး။

အဲဒီအချိန်က သမ္မတ သဝဏ်လွှာနဲ့အတူပေးပို့ခဲ့တဲ့ ဇယားတွေထဲက နေပြည်တော်နဲ့ မကွေးတိုင်းက နိုင်ငံတော်ပိုင်စီမံကိန်း တွေ၊ ဧရာဝတီတိုင်းကပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ မြေသိမ်းဆည်းမှုတွေ ဖြေရှင်းပြီးစီးမှု၊ ဖြေရှင်းရန်ကျန်မှုတွေကို တင်ပြထား နမူနာတစ်ချို့ ကို လေ့လာ နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

လယ်ယာမြေနဲ့အခြားမြေတွေသိမ်းဆည်းမှုပြဿနာက သမိုင်းကြောင်းကလည်းရှည်၊ ပြဿနာ လည်း အင်မတန်များပါတယ်။ လမ်းစဉ်ပါတီခေတ်အထိ ပါသလို နိုင်ငံအကျိုးအတွက် တကယ် လိုအပ်လို့သိမ်းတာ၊ ကိုယ်ကျိုးစီးပွားအခြေခံပြီးသိမ်းတာ စသည်ဖြင့် ရှုပ်ထွေးနေတာပဲ။

အစိုးရက ပြန်စွန့်လွှတ်တော့လည်း ဘယ်သူကို ပြန်ပေးမှာလဲဆိုတဲ့ ပြဿနာရှိပြန်ရော၊ တစ်ချို့ ပိုင်ရှင်ကတစ်ယောက်၊ လက်ငုတ်လုပ်နေတာက တစ်ယောက်၊ တစ်ချို့ သစ်တောမြေ စသည် ဖြင့် ပေါ့။ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်မှာ မပြီးပြတ်ခဲ့သလို အခုအစိုးရလက်ထက်မှာလည်း ကြိုးစားဖြေရှင်းနေရတုန်းပဲ။

ဘာရယ်မဟုတ်ပါဘူး။ မြေသိမ်းကိစ္စနဲ့ဆက်စပ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူဘဝက မီဒီယာကို ရှင်းခဲ့ရတာလေးသတိရလို့ မ ျှေ၀ တာပါ။