ရွှေတိဂုံ အရိပ်အောက်မှာ (၈)

ဒေါ်ရွှေသစ်

ရွှေတိဂုံ ပတ်ဝန်းကျင်က ဓမ္မာရုံတွေ၊ ဇရပ်တွေကို လေ့လာတဲ့အခါ ဓမ္မာရုံနဲ့ ဇရပ် တွေကို အလှုရှင် ကျောင်းအမကြီးတွေရဲ့ နာမည်နဲ့ တွဲပြီးခေါ်တာက ပိုများတာကို သတိထားမိ တယ်။ အလှုရှင် ကျောင်းဒကာကြီးတွေအမည်နဲ့တွဲပြီးခေါ်တာဆိုလို့ “ ဦးဘိုးလှိုင်ဇရပ်” တစ်ခုပဲ တွေ့ တယ်။ နောက်ဇရပ်တစ်ခုကတော့ “ ဦးသာမောင်၊ ဒေါ်ငွေဇရပ်” လို့ နှစ်ယောက်တွဲခေါ်ထား တယ် ။ ဒီဇရပ်အများစုက ၁၃၀၀ ပြည့်နှစ်မတိုင်ခင်က လှုဒါန်းထားတာတွေဆိုတော့ အဲဒီအချိန်ကာလ က မြန်မာအမျိုးသမီးကြီးများရဲ့ အခန်းကဏ္ဍကို မှန်းဆကြည့်လို့ရပါတယ်။

ရွှေတိဂုံစေတီမှာ ဇရပ်လည်း လှု၊ ပိဋကတ်တိုက်လည်းလှုထားတဲ့ တစ်ဦးတည်းသော အမျိုးသမီး ကြီးကတော့ ဒေါ်ရွှေသစ်ဖြစ်ပါတယ်။ ပိုက်လုံးလမ်းကနေ ဝင်သွားရတဲ့ ပိဋကတ်တိုက် ရှစ်လုံး တန်း စီနေတဲ့နေရာက “ အမှတ်(၆) ရွှေပိဋကတ်တိုက်” ဆိုတာ ဒေါ်ရွှေသစ်မိသားစု လှုဒါန်းထား တာဖြစ်သလို အလယ်ပစ္စယံက ဒေါ်ရွှေသစ် ဇရပ်ဆိုတာကလည်း ဒေါ်ရွှေသစ်ပဲလှုဒါန်းထားတာဖြစ် ပါတယ်။

တောင်ဘက်စောင်းတန်းကနေ အာဇာနည်ဗိမာန်လမ်းအတိုင်းလာရင် ပိုက်လုံးလမ်းကို ကျော်တာ နဲ့ လမ်းညာဘက် အရှေ့ဘက် စောင်းတန်း ယာဉ်ရပ်နားကွင်းနဲ့ မျက်နှာချင်းဆိုင်မှာ လမ်း ကြား လေးတစ်ခုရှိတယ်။ လမ်းအဝင်မှာလည်း ရွှေတိဂုံပိဋကတ်တိုက်သို့ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲဒီလမ်းက တစ်လမ်းမောင်း၊ အာဇာနည်ဗိမာန်လမ်းဘက်က ဝင်လို့ရ တယ်။ အဲဒီလမ်း အတိုင်း ဆင်းသွားရင် ညာဘက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံရှိတယ်။ ဘယ်ဘက်မှာ “ ဆိုင်ခန်း ၄၀ ဈေးတော်ရုံ” လို့ ခေါ်တဲ့ ဆိုင်ခန်းတွေရှိတယ်။ ဆိုင်ခန်းတွေက ပန်းပုဆိုင်တွေဖြစ်ပါတယ်။ ဈေး ဆိုင်ခန်းကနေ စားသောက်ဆိုင်ဖြစ်နေတဲ့အခန်းတွေလည်း ရှိတယ်။

ဒီလမ်းလေးရဲ့ ဦးတိုက်နေရာမှာ ရွှေပိဋကတ်တိုက် ရှိတယ်။ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် တိုက်ကျောင်း၊ အဝင်၀ ဘယ်ညာမှာ ဘီလူးလား၊ ဘာလား ၊ ဘယ်လိုခေါ်ရမှန်းမသိတဲ့ အရုပ်နှစ် ရုပ်ရှိတယ်။ ခါးတောင်းကျိုက်ထားတဲ့ ဗိုက်ပူပူ ချက်စူစု နဲ့အရုပ်နှစ်ရုပ်၊ တစ်ရုပ်က ထိုးကွင်း ဒူး ကျနဲ့ တစ်ရုပ်ကတော့ ထိုးကွင်းမပါဘူး။ အပေါ်ထပ် စင်္ကြန် ဘယ်၊ ညာထောင့်တွေမှာလည်း နတ် သားရုပ်နှစ်ရုပ်ရှိတယ်။

တိုက်မျက်နှာစာမှာ အလှုရှင်အမည်ကို ရေးထားတဲ့ ကနုတ်ပန်းဆိုင်းဘုတ်တစ်ခုရှိတယ်။ ဒီဆိုင်း ဘုတ်မှာ ထူးခြားချက်နှစ်ခုတွေ့တယ်။

ပထမတစ်ခုက အလှုရှင်ကိုဖော်ပြရာမှာ “ ဒေါ်ရွှေသစ် သ္မီး မသန့် သား ဦးဘိုးတုံ ပိဋကတ်တိုက် ကောင်းမှု” လို့ ရေးထားတယ်။ အဖေ နာမည်မပါဘူး။
ဒုတိယတစ်ခုက ဆိုင်းဘုတ်အပေါ်မှာ နတ်သားအရုပ် လေးရုပ်ရှိတယ်။ နှစ်ရုပ်က မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကိုးကွယ်မှုဆိုင်ရာအဆောက်အဦတွေမှာတွေ့ရလေ့ရှိတဲ့ နတ်သားရုပ်ပါ။ နောက်နှစ်ရုပ် ကတော့ ကျွန်တော့်မျက်စိထဲမှာ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေမှာတွေ့ရလေ့ရှိတဲ့ ကောင်းကင် တမန်ပုံတွေနဲ့တူနေ တယ်။ ဒီဆိုင်းဘုတ်မှာပဲ “ပန်းပု ကံထရိုက်ဆရာ မောင်ရွှင် မန္တလေး” လို့ နာမည်ထိုးထားတယ်။

အတွင်းဆင်ဝင်အောက်မှာတော့ “ ၁၂၉ ၉ ” ဆိုတဲ့ ဂဏန်းတွေကို ဒိုင်းပုံထဲနောက်ခံနဲ့ ရေးထား တယ်။ဒါကတော့ပိဋကတ်တိုက်ဆောက်တဲ့နှစ်ဖြစ်မှာပါ။ အဲဒီနေရာမှာပဲ “အမှတ် (၆) – ရွှေပိဋကတ် တိုက် ဆရာတော် ဘဒ္ဒန္တ သူရိယာ ဘိဝံသ အမှုးရှိသော ညောင်တုန်းကျောင်းတိုက် နာယက အဖွဲ့မှ အုပ် ချုပ်သည်” လို့ရေးထားတဲ့ ဆိုင်းဘုတ်ရှိတယ်။ အလယ်ပစ္စယံက ဒေါ်ရွှေသစ် ဇရပ်မှာလည်း ဒီ ဆိုင်းဘုတ်မျိုးတွေ့ခဲ့တယ်။

အောက်ထပ်ကတော့ ရိုးရိုးအခန်းကျယ်ပဲ။ ထူးခြားမှုမရှိဘူး။ အခုတော့ ပိဋကတ်တိုက်မှာ သီတင်း သုံးနေတဲ့ သံဃာတွေအတွက် အခန်းတွေဖွဲ့ထားတယ်။ လောလောဆယ် သံဃာ ခုနှစ်ပါးရှိတယ် လို့ သိရတယ်။

အောက်ထပ်က ကျောင်းတိုင်တစ်ခုမှာ ဆရာတော် ဦးသူရိယ ဓာတ်ပုံရှိတယ်။ ဓာတ်ပုံထဲမှာ ဆရာ တော်က အသက်ငယ်ငယ်ပဲရှိသေးတယ်။ ဒါပေမယ့် မျက်လုံးတွေက တောက်ပပြီး အလွန်ခွန်အား ရှိတဲ့ ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ထင်ထင်ရှားရှားသိနိုင်တယ်။ ဓာတ်ပုံစာသားအရ ဆရာတော် က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရခဲ့တယ်၊ ပါဠိတက္ကသိုလ် ဗဟို အတွင်းရေးမှူးတာဝန်လည်း ယူခဲ့တယ်ဆိုတာ တွေ့ရတယ်။ အပေါ်ထပ်မှာ ဆရာတော်ကြီးရဲ့ ပုံ လို့ ယူဆရတဲ့ ပန်းချီကား ကြီးတစ်ချပ်လည်းတွေ့ရတယ်။ လက်ရှိ သံဃာတွေကတော့ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် မှာ စာလာသင်တဲ့ စာသင်သား သံ ဃာတွေဖြစ်ပုံရတယ်၊ ဆရာတော် ကြီးပျံလွန် တော်မူတဲ့ နှစ်ကိုမသိကြဘူး။

အောက်ထပ်မှာ ကျောင်းအမကြီးဒေါ်ရွှေသစ်ရဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ ပထမပုံမှာ အသက်ငယ် ငယ် ချိတ်ထမီနဲ့၊ဆံထုံးနဲ့၊ ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးငယ်လေးတစ်ဦးကို တွေ့နိုင် တယ်။ ပုံကတော့ ဓာတ်ပုံစတူဒီယိုထဲမှာ ရိုက်ထားတဲ့ပုံစံပဲ။ ဒုတိယပုံတော့ အဖွားဒေါ်ရွှေသစ်ဘဝပုံ။ အဖွားထိုင်တဲ့ ကုလားထိုင်က ခန့်ညားတယ်။ အိမ်မှာရိုက်ထားတာလို့ယူဆရပါတယ်။

အပေါ်ထပ်ကို တက်တဲ့လှေ ကားမှာ သံဘာဂျာတခါးကို ကြမ်းပြင်အတိုင်း အလျားလိုက်တပ် ထား တယ်။ အပေါ်ထပ်ကနေ ဆွဲပိတ်ပြီးသော့ခတ်လိုက်ရင် အောက် လူတက်လို့ မရတော့ဘူးပေါ့။ စစ်အတွင်းနယ်မြေမအေးချမ်းတဲ့အချိန်ကများ တပ်ဆင် ထားသလားလို့ တွေးမိတယ်။ အညာ ဘက်က ခြေတံရှည်အိမ်တွေမှာလည်း နယ်မြေမအေးချမ်းချိန်က ဓားပြ ရန် ကာကွယ်ဖို့အတွက် အဲဒီပုံစံမျိုး သစ်သား နဲ့ အပိတ်အဖွင့်လုပ်တာမျိုးတွေ့ဖူးတယ်။ လှေခါး အတက်၊ အဆင်း လက်ရန်းတိုင်ထိပ်တွေက ခြင်္သေ့ရုပ်တွေကတော့ တရုတ်လက်ရာတွေပဲ။

အပေါ်ထပ်မှာတော့ ပိဋကတ်စာပေတွေထားဖို့လုပ်ထားတဲ့ဘီဒိုတွေရှိတယ်။ အခုတော့ ပစ္စည်း ထားတဲ့ ဘီဒိုဖြစ်နေပြီ။ တရုတ်လက်သမားလက်ရာလို့ထင်ရတဲ့ ကျွန်းထိုင်ခုံရှည်တစ်လုံးတွေ့ တယ်။ ထောင့်တစ်နေရာမှာ ရှေးသော့ကြီးနဲ့ခတ်ထားတဲ့ ဘီဒိုကြီးတစ်လုံးရှိတယ်။ ဖွင့်တဲ့သော့ တောင်ရှိသေးရဲ့လားမသိဘူး။ အဲဒီအထဲမှာ သမိုင်းမှတ်တမ်းတွေများတွေ့နိုင်မလားလို့ စိတ်ဝင် စားမိတယ်။

အပေါ်ထပ်မှာ အထူးခြားဆုံးကတော့ ဘုရားခန်းကို ကာထားတဲ့ သစ်သားနံံရံပေါ်က ပန်းပုလက်ရာ တွေပါပဲ။ ဝင်ပေါက်သုံးပေါက်ရဲ့ အပေါ်မှာ ခြင်္သေ့ နဲ့ မြင်း ကို သုံးပြီး Coat of Arms ပုံစံဖော် ထား တယ်။ အလယ်က ဘဲဥပုံနေရာမှာ မြန်မာအမျိုးသားကြီး တစ်ဦးထိုင်နေတဲ့ ဓာတ်ပုံကို ထည့်ထား တယ်။

အဲဒီဓာတ်ပုံရှင်က ဘယ်သူလဲဆိုတာ ဦးဇင်းလေးတွေလည်း မသိဘူး။ ဒါ့ကြောင့် ခွင့်တောင်း ပြီးအထောက်အထားလိုက်ရှာတဲ့အခါ ဘုရားခန်းထောင့်က ဘီဒိုတစ်ခုပေါ်မှာ ဖုန်တက်နေတဲ့ ဓာတ်ပုံအဟောင်း တစ်ခုတွေ့တယ်။ အဲဒီဓာတ်ပုံက Coat of Arms မှာပါတဲ့ ဓာတ်ပုံနဲ့အတူတူပဲ။ ဓာတ်ပုံ မှန်ပေါ်မှာ Correct Pen နဲ့ ဦးဘိုးတုံလို့ရေးထားတယ်။ ဒီတော့ Coat of Arms ဟာ ဦးဘိုး တုံပုံကိုအလည်မှာထည့်ထားတာဆိုတော့ ဒီဘုရားခန်း အကန့်နံရံဟာ ဦးဘိုးတုံ လှုဒါန်းထားတာ လို့ ယူဆနိုင်ပါတယ်။

ကျောင်းအမကြီး ဒေါ်ရွှေသစ်အကြောင်းကိုတော့ အလယ်ပစ္စယံမှာ ရှိတဲ့ ဒေါ်ရွှေသစ်ဇရပ် မှာ သီတင်းသုံးတဲ့သီလရှင်ကြီး ဒါ်ဓမ္မပါလ ဆီက ကြားခဲ့ရတယ်။ ဒေါ်ဓမ္မပါလက အသက် ၇၂ နှစ်ရှိ ပြီ။ အသက် ၁၇ နှစ်ထဲက အလယ်ပစ္စယံကိုရောက်လာခဲ့တာ။ သူ့ကို မွေးစားတာက ဒေါ်ရွှေသစ်ရဲ့ ချွေးမ ဒေါ်နုနုစိန်။ အခုတော့ ကွယ်လွန်သွားပြီ။ ဒေါ်နုနုစိန် က ဖိုးပါကြီးနဲ့ တွဲပြီး ရုပ်ရှင်ရိုက်ဖူး တယ်လို့ပြောတယ်။

ဒေါ်ဓမ္မပါလ က ဒေါ်ရွှေသစ်က ဖျာပုံဇာတိ၊ ရေလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝလာတယ်လို့ ပြော တယ်။ ဒီဇရပ်ကို ဆောက်တာ ၁၂၀၃ ခုနှစ်၊ အဲဒီအချိန်က ရွှေတိဂုံစေတီတော်ကို ရွှေတစ်ပိဿာ လှုပြီး ဇရပ်ဆောက်ခွင့်ယူခဲ့တာ။ ဇရပ်က သေးသေးပါပဲ။ အနုပညာလက်ရာတွေဘာတွေလည်း ထူးထူး ခြားခြားမရှိဘူး။ နှစ်ထပ်ဇရပ်လေး။ အောက်ထပ်မှာ ဇရပ်အလှုရှင်တွေ ညအိပ်၊ ညနေ နေ နိုင်အောင်၊ အပေါ်ထပ်မှာ ဥပုသ်သည်တွေ တရားနာနိုင်အောင်၊ ဆွမ်းကပ်နိုင်အောင်လုပ်ထား တယ်။ ဒေါ်နုနုစိန်တို့ရှိတဲ့အချိန်အထိ သံဃာအပါးနှစ်ဆယ်ကျော်ကို ဆွမ်းကပ်နိုင်တဲ့ ပန်းကန် ခွက် ယောက်အပြည့်အစုံရှိခဲ့တယ်လို့ဆိုတယ်။ အခုတော့ ဒေါ်နုနုစိန်က ဇရပ်စောင့်ဖို့အပ်ထားခဲ့တဲ့ ဒေါ်ဓမ္မပါလ နဲ့နောက်ထပ် သီလရှင်တစ်ပါးပဲရှိတော့တယ်။

ဒီနေရာမှာ ဒေါ်ရွှေသစ် ဇရပ် နဲ့ပိဋကတ်တိုက်ကို ဆောက်ခဲ့တဲ့ ခုနှစ်တွေနဲ့ပတ်သက်ပြီး တွေး စရာ လေးတွေပေါ်လာတယ်။ တကယ်လို့ ဇရပ်ဆောက်တဲ့ နှစ် ၁၂၀၃ ခုနှစ် ( အလယ်ပစ္စယံမှာ ၁၂၀၃ ခုနှစ် ဆောက်တယ်ဆိုတဲ့ ဇရပ်သုံးခုရှိတယ်။ ) ကို အမှန်လို့လက်ခံရင်။ ပိဋကတ်တိုက် ဆောက်လုပ်တယ်လို့ ယူဆရတဲ့ ၁၂၉ ၉ ခုနှစ် မှာ အဖွားဒေါ်ရွှေသစ် အသက်ထင်ရှားရှိမှာ မဟုတ် တော့ဘူး။ ပိဋကတ်တိုက်ဆောက်တဲ့နှစ်က ၁၂၉ ၉ ဆိုတာလည်း မှန်ဖို့များတယ်။ ဘာ့ ကြောင့်လဲဆိုတော့အဲဒီမှာရှိတဲ့ပိဋကတ်တိုက်အားလုံးဟာ မြန်မာသက္ကရာဇ်၁၂၉၀ ပတ်ဝန်း ကျင်မှာ ဆောက်ခဲ့တယ်ဆိုတာတွေ့ရလို့ပါပဲ။

အဲဒါဆိုရင် အဖွားဒေါ်ရွှေသစ်က ၁၂၀၃ ခုနှစ်မှာ ဇရပ်ကိုလှုဒါန်းခဲ့တယ်။ ၁၂၉ ၉ ခုနှစ်မှာ သား ဖြစ်သူ ဦးဘိုးထုံက အမေ့နာမည်နဲ့ ပိဋကတ်တိုက်ကို လှုဒါန်းခဲ့တယ် လို့ ယူဆရမလိုပဲ။ ဒါဆိုရင် ဒေါ်နုနုစိန်ကဒေါ်ရွှေသစ်ရဲ့ ချွေးမဟုတ်နိုင်ဘူး။ဦးဘိုးထုံရဲ့ ချွေးမဖြစ်ဖို့များတယ်။ဒေါ်ဓမ္မပါလ က တော့ ဒေါ်နုနုစိန်မှာ သားသမီးမကျန်ခဲ့ဘူး။ ဒါ့ကြောင့် သူ့ကို မွေးစားပြီး ဇရပ်ကို စောင့်ရှောက်ဖို့ အပ်ခဲ့တာလို့ဆိုတယ်။

တစ်ချိန်ချိန်မှာ ဗဟန်းညောင်တုန်းကျောင်းတိုက်ကို သွားပြီး အဖွားဒေါ်ရွှေသစ်နဲ့ပတ်သက်လို့ မေး နိုင်ဖို့ ကြိုးစားဦးမယ်။ တကယ်လို့ ဒီဆောင်းပါးကို အဖွားဒေါ်ရွှေသစ်ရဲ့ မျိုးဆက်တွေဖတ်မိရင် လည်း ကွက်လပ်ဖြည့်ပေးနိုင်မယ်လို့ထင်ပါတယ်။

ဖြုတ်၊ ထုတ် ၊ ရှင်း

အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ်က ရုပ်သိမ်း ကြောင်း ဒေါက်တာအောင်မိုးညိုလက်မှတ်နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ပုံ ၁ နဲ့ ၂

သတင်းမီဒီယာတွေမှာတော့ ဒီလိုထုတ်ပယ်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဦး ကျော်ဇေယျကို ခေါ်တွေ့တာ၊ အကြောင်းပြချက်ပေးတာမရှိဘူးလို့ပါတယ်။ ပုံ ၃

ဦးကျော်ဇေယျရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင်တွေနဲ့ တစ်ခါမှတွေ့ဆုံတာမရှိဘူးလို့ရေးထားပါတယ်။

အင်န်အယ်လ်ဒီပါတီထဲမှာ ကာယကံရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးမရှိဘဲ ပါတီဝင်အဖြစ်က ရုပ်သိမ်းလိုက်တဲ့ ကိစ္စတွေဖြစ်တာမကြာခဏကြားရတယ်။

ဘယ်ပါတီမဆို စည်းကမ်းဖောက်တဲ့ ပါတီဝင်ကို ပါတီစည်းကမ်းအရအရေးယူရမှာပဲ။ ဒါပေမယ့် ကာယကံရှင်ကို ခုခံချေပခွင့်ပေးရမယ်၊ အရေးယူသင့်၊မယူသင့်ဆိုတာကို လူတစ်ယောက် ၊ ဒါမှ မဟုတ် လူတစ်စု သဘောနဲ့ဆုံးဖြတ်လို့မရဘူး။ ပါတီညီလာခံတစ်ခုနဲ့ တစ်ခုကြားမှာ အဆင့် အမြင့်ဆုံးဖြစ်တဲ့ ဗဟိုကော်မတီလို အဖွဲ့အစည်းမှာ လ ျှို့ဝှက်ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမယ်။ ဒါမှ ပါတီ တွင်းဒီမိုကရေစီ မှန်မှန်ကန်ကန်ရှင်သန်နေမှာဖြစ်ပါတယ်။

တစ်ချိန်က တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့လို့ အပြစ်တင်ခံရတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ တောင် ပါတီဝင်တစ်ဦးကို အရေးယူမယ်ဆိုရင် စုံစမ်းရေးအဖွဲ့ ဖွဲ့ရ မယ်။ တွေ့ရှိချက်ကို ဗဟိုအလုပ်မှုဆောင်ကော်မတီသဘောတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး။ ပါတီ ဗဟိုကော်မတီမှာ အကြေအလည်ဆွေးနွေးပြီးမှ လ ျှို့ဝှက်ဆန္ဒမဲ နဲ့ ဆုံးဖြတ်ရမယ်လို့ ပြဋ္ဌာန်းထား တယ်။ ပုံ ၄ ၊ ၅ ၊ ၆

တစ်ပါတီစနစ်ကို မကြိုက်လို့ ပါတီစုံစနစ်ကို တည်ဆောက်မယ်ဆိုပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ တိုင်းဟာ မိမိပါတီထဲမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက စိတ်တိုင်းမကျတာနဲ့ အမေး အမြန်း အစစ်အဆေး မရှိ အရေးယူတဲ့ ဖြုတ်၊ ထုတ် ၊ ရှင်း ဝါဒ ပေါ်မလာအောင်တော့ ဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။

ဗျည်း သရ ရေတွင်း

ဆရာမင်းသိင်္ခရဲ့ မနုစာရီဝတ္ထုမှာ လင့်ခ်လမ်းဘက်ကနေ အာဇာနည်ကုန်းဘက်ကို တက်သွား တဲ့ လမ်းမှာ ရေတွင်းလေးတစ်တွင်းရှိတယ်၊ အဲဒီရေတွင်းရဲ့ တစ်ခြမ်းက ရိုးရိုးရေချို၊ နောက်တစ်ခြမ်းက ကျောက်ချဉ်ထည့်ထားသလို ချဉ် တယ်လို့ရေးထားတယ်။

ဆရာမင်းသိင်္ခရဲ့ စာထဲမှာ ဒီရေတွင်းဟာ အဂ္ဂိရတ်သမားတွေက ဗျည်း သရ ရေတွင်းလို့ခေါ် တဲ့ရေတွင်း၊ ရေချို နဲ့ ချဉ်နေတဲ့အပိုင်းက ရောမသွားဘူး။ ရေချိုရှိတဲ့ဘက်ကို ဗျည်းလို့ခေါ်တယ်။ ရေချဉ်တဲ့ဘက်ကို သရလို့ခေါ်တယ်။ ဗျည်း သရ ဓာတ်သေ တယ်ဆိုတဲ့စကားရှိတဲ့အတွက် တစ် နေ့ကို ဗျည်းဘက်က တစ်ခွက်၊ သရဘက်က တစ်ခွက်သောက်ရင် ဝမ်းတွင်းမှာရှိတဲ့ သွေး၊ သည်း ချေ၊ လေ ၊သလိပ် ဆိုတဲ့ဒေါသတွေ ကျေတဲ့အတွက် အသက်ရှည်တယ်။ ရေတွင်းအနားက မြေ ကြီးကို လုံရိုက်ပြီး ဓာတ်သေအောင်ဖမ်းလို့ရတယ် လို့ ဆိုတယ်။

အဲဒီရေတွင်းလေးကို ရှာဖွေဖို့အတွက်မြောက်ဘက်စောင်း တန်းဘက်ကနေ သွားခဲ့ တယ်။ သွေး ဆေးကန်အကျော် အာဇာနည်ဗိမာန်ရှေ့ ကားရပ်တဲ့နေရာဘေးမှာလမ်းခွဲလေးတစ်ခုရှိ တယ်။ အဲဒီလမ်းလေးက သူရဲကောင်းစစ်သည်ဗိမာန် ခြံစည်းရိုးဘေးကနေ တောင်ကုန်းလေး ပေါ် ကို တက် သွားတယ်။ ဒီလမ်းလေးဘေးမှာ လက်ဖက်ရည် နဲ့ အသုပ်တွေရောင်းတဲ့ ဆိုင်လေးရှိတယ်။ ခြံစည်းရိုးဘေး အတိုင်း ရှိနေတဲ့ ဒီဆိုင်လေးမှာ စားပွဲဝိုင်း ၇ ဝိုင်းတောင် ရှိတယ် ဆို တော့ ဖောက်သည်မနည်းဘူးဆိုတဲ့သဘောပဲ။

ကျွန်တော်ရောက်သွားချိန်မှာတော့ အမျိုးသား နှစ်ယောက် ကတစ်ဝိုင်း၊ ကောင်လေး နဲ့ ကောင်မလေးက တစ်ဝိုင်းထိုင် နေတယ်။ ကောင်လေး နဲ့ ကောင်မ လေး နှစ်ယောက်လုံး စကားမပြောပဲ ဖုန်း ပွတ်နေကြတယ်။ လက်ဖက်ရည်တွေ အေးစက်ကုန် တဲ့အထိ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ကြည်နူးရတာကို သူတို့ မခံစား တတ် တော့ဘူး ထင်တယ်။

တောင်ကုန်းထိပ် မှာ ညောင်ပင်ကြီးတစ်ပင်ကို ပတ်ဝိုင်းပြီး စေတီလေးတစ်ဆူနဲ့ ရုပ်ပွားတော်တွေ တည်ထားတယ်။ ညောင်ပင်အခြေ ရင်ပြင်ကို သံဆန်ကာ စည်းရိုးကာထားတယ်။ စည်းရိုးမှာ ဒီနေရာ မှာ အဝတ် မလှန်း ဖို့ သတိပေးတဲ့စာတစ်စောင်ကပ်ထားတယ်။ ညောင်ပင်ရှေ့မှာ “ ကြီးငါးကြီး ဆုတောင်းပြည့် ဘုရားငါးဆူစေတီတော်မြတ်” လို့ မုခ်ဦးမှာရေးထားတဲ့အဆောက်အဦ တစ်ခုရှိ တယ်။ အထဲမှာ ပြုပြင်မွမ်းမံမှုတွေလုပ်နေတယ်။ ဒီကုန်းလေးပေါ်က ကြည့်လိုက်ရင် အုတ်လမ်း ဘက်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေကို လှမ်းမြင်နေရတယ်။

ညောင်ပင်ကို ကျော်တဲ့အခါ လမ်းလေးက ဘယ်ဘက် စည်းရိုးအတိုင်း ကွေ့သွားတယ်။ ညာဘက် ချိုင့်ထဲမှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အဆောက်အဦတွေလို့ထင်ရတဲ့တန်းလျားသုံးလေးလုံးတွေ့ ရတယ်။ စစ်ရောင် ထရပ်ကားနှစ်စီးရပ်ထားတယ်။ သစ်ပင်ရိပ်တွေနဲ့ အေးမြနေတာပဲ။ လူသွားလူလာ နည်းပါးလှတဲ့ ဒီနေရာမှာ ဗေဒင်ဆရာတစ်ယောက်ရှိနေတယ်။ အုတ်နံရံဘေး နဲ့ ကပ်ရက်မှာ အစိမ်းရောင်စားပွဲတစ်လုံး၊ ခွေးခြေ သုံးလုံးရှိတယ်။ စားပွဲပေါ်မှာ ဗလာစာအုပ်တစ်အုပ်၊ ဘောပင် တစ်ချောင်း၊ ဂတ်စ်မီးခြစ်တစ်လုံးရှိတယ်။ အုတ်နံရံသံတိုင်မှာ ဦးထုပ်တစ်လုံးချိတ်ထား တယ်။ တတိယမျက်လုံး စိတ် မနော ဗေဒင် လက္ခဏာ လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးရှိတယ်။

နည်းနည်းဆက်လေ ျှာက်လိုက်တော့ သူရဲကောင်းစစ်သည်ဗိမာန် နောက်ဘက် ဝင်ပေါက်ရှိတယ်။ ညာဘက်အခြမ်းမှာ အစောင့်ကင်းတဲတစ်လုံးရှိတယ်။ အသုံးမပြုတာကြာပြီထင်တယ်။ မှန်တွေ ကွဲ၊ ဆေးရောင်တောင်မရှိတော့ဘူး။ ဘေးနားက သစ်ပင်မှာတော့ အဝါရောင်နောက်ခံမှာ ဆေးအနီ နဲ့ ကြီးငါးကြီး ဆုတောင်းပြည့်စေတီလို့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုရှိတယ်။

အဲဒီနေရာလွန်တော့ တောင်ကုန်းအခြေကို ဆင်းသွားတဲ့ ကွန်ကရစ်လမ်းလေးရှိတယ်။ အလယ် လောက်မှာ နားနေနိုင်ဖို့ စောင်းတန်းပုံအဆောင်လေးရှိတယ်။ အဆောင်ဘေးမှာ ရေချမ်း စင်တစ် ခုရှိတယ်။ ဆူညံနေတဲ့ ကားသံတွေ သာ မကြားရဘူးဆိုရင် သစ်ရိပ်ဝါးရိပ်တွေနဲ့ ဒီလမ်းလေးဟာ စစ်ကိုင်းတောင်က ချောင်တွေကို သွားတဲ့လမ်းလေးနဲ့ တူတယ်။

အဆောင်လေးဘယ်၊ ညာမှာ ကွန်ကရစ်ခုံတန်းလေးတွေရှိတယ်။ တောင်ထိပ်မှာ စေတီပုထိုးနဲ့ တောင်တက်လမ်းတွေမှာ ဇရပ်ဆောင်၊ ရေချမ်းစင် ၊ နားစရာခုံတန်းလေးတွေနဲ့ မြင်ကွင်းကို မြန် မာနိုင်ငံအနှံ့မှာတွေ့နိုင်တယ်။ အတက်ဖြစ်ဖြစ်၊ အဆင်းဖြစ်ဖြစ် အမော ပြေခဏနား ၊ ရေချမ်းစင် က ရေအေးအေးကို သောက်၊ ခုံတန်းလေးမှာ ခဏထိုင်နားရင်း အလှုရှင် တွေကို သာဓုခေါ်ရတာ ကြည်နူးစရာပါ။

အခုအဆောင်လေးထဲမှာတော့ ခုံတန်းပေါ်မှာအိပ်နေတဲ့လူတစ်ယောက်ရှိတယ်။ ဗေဒင်ဟော တဲ့ အမျိုးသမီးနှစ်ယောက်ရှိတယ်။ ခုံတန်းလေးတွေက သူတို့ရုံးပေါ့။ သစ်သားစားပွဲသေးသေးလေး တွေပေါ်မှာ ပန်းအိုး၊ စိတ်ပုတီး၊ အဆောင်တစ်ချို့နဲ့ စာအုပ်တွေရှိတယ်။ ယောဂီဝတ်စုံနဲ့ ဗေဒင် ဆရာမကတော့ ထမင်းစားဖို့ပြင်နေတယ်။တစ်ယောက်ကတော့ ကျွန်တော်တို့ကိုမြင်တော့ “ ကျန်း မာရေး၊ စီးပွားရေး ဘက်စုံမေးလို့ရတယ်၊ ပစ္စည်းပျောက်၊ လူပျောက်မေးလို့ရတယ်။ နေရာထိုင် ခင်း၊ အပြောင်းအရွှေ့ မေးလို့ရတယ်” ဆိုပြီး လှမ်းပြောတယ်။

ယောဂီဝတ်စုံနဲ့ဆရာမကို ရေချို၊ ရေချဉ်တွင်းရှိသေးလားလို့ မေးလိုက်တော့ တောင်ကုန်း အခြေ ကို လှမ်းပြတယ်။ အခုတော့ ရေနည်းသွားပြီ၊ မိုးတွင်းဆိုရင် ဒီအတိုင်းခပ်လို့ရတယ်လို့ပြောတယ်။ တကယ်တစ်ခြမ်းချို၊ တစ်ခြမ်းချဉ်တာ။ ရေများတဲ့အချိန်ဆိုရင် နေ့တိုင်းသောက်တယ်။ မျက်စဉ်း ခတ်တယ်။ ဒ့ါကြောင့်အခုထိ မျက်မှန်မတပ်ရသေးဘူးလို့ပြောတယ်။ အဂ္ဂိရတ်သမားတွေလာ ယူ လားလို့မေးလိုက်တော့ မတွေ့မိဘူး။ တစ်ခါတစ်လေတော့ ဦးဇင်းကြီးတစ်ပါးလာယူတယ်လို့ ပြောတယ်။

တောင်ကုန်းအခြေမှာ ရေတွင်းလေးရှိတယ်။ ရေတွင်းဘောင်ကိုအင်္ဂတွေကိုင်ထားတယ်။ ပတ်လည်မှာကွန်ကရိခင်းထားတယ်။ ဘေးမှာ ကွန်ကရိတိုင်နှစ်တိုင်ရှိတယ်။ ဒါပေမယ့် ရေ ပုံး တို့၊ ကြိုးတို့ဆင်ထားတာမရှိဘူး။ ပြုပြင်ထားတာ မကြာသေးဘူးလို့ယူဆရတယ်။ ဒါပေမယ့် ရေချို၊ ရေချဉ်တွင်း ဖြစ်ကြောင်း ရေးထားတဲ့ အမှတ်အသားမရှိဘူး။ သာမန်ရေတွင်းတစ်ခုထက်ထူးခြား တာဆိုလို့ ရေတွင်းဘောင်က နိမ့်နိမ့် သေးသေးလေးဖြစ်နေတာရယ်၊ အဝိုင်းပုံထက် ဘဲဥပုံ ပိုဆန် နေတာပဲရှိတယ်။

ရေတွင်းထဲမှာ ရေက အတော်နည်းနေပြီ။ ဗေဒင်ဆရာမကတော့ တစ်နှစ်လုံးရေရှိတယ်တဲ့။ အခု ရေနည်းချိန်ဖြစ်လို့လားမသိဘူး။ တွင်းထဲမှာ သစ်ရွက်တွေနဲ့ ညစ်ပတ်နေတယ်။ လက်ဆော့ပြီး ပစ် ချသွားတဲ့ရေသန့်ဘူးခွံတစ်ခုတွေ့ရတယ်။ ဆရာမင်းသိင်္ခစာထဲမှာတော့ ရေတွင်းလေးက တွင်း ဝက စကောသာသာလောက်ပဲရှိတယ်။ ရေတွင်းဘောင်က မီးခတ်ကျောက်တွေစီပြီး အင်္ဂတေ ကိုင်ထားတယ်။ ရေတွင်းကို ငုံ့ကြည့်တဲ့အချိန်မှာ အိတ်ကပ်ထဲ က ငါးမူးစေ့ထွက်ကျသွားတာ ပန်း ဘက်လှန်လျက်သားကျနေတာကို အတိုင်းသားမြင်ရတဲ့အထိ ရေကြည်တယ်၊ သန့်တယ် လို့ ရေးထားတယ်။ အခုတွင်းကတော့ စာထဲကလို ကြည်သန့်မနေ တော့ဘူး။ အပြန်မှာ ဗေဒင် ဆရာမကိုမေးကြည့်တော့ မိုးတွင်းဆိုရင်တော့ သန့်ပါတယ်။ ဒီတွင်း ကို အမိုးမိုးပေးမယ့် အလှုရှင် လိုနေတယ်လို့ ပြောတယ်။

ရေတွင်းလေးနဲ့မလှမ်းမကမ်းမှာထမင်းဆိုင်တန်းလေးရှိတယ်။ဆိုင်တစ်ဆိုင်ကတော့ “မိဘမေတ္တာ” တဲ့။ ထမင်းကြော်၊ ကော်ဖီ၊ လ္ဘက်ရည်၊ အအေးစုံ၊ လ္ဘက်သုပ်၊ ဂျင်းသုပ်၊ လ္ဘက်ထမင်း၊ ထမင်းဟင်း လို့ ရေးထားတယ်။ နောက်တစ်ဆိုင်ကတော့ “မိဘအရိပ်” တဲ့။ ရတဲ့ဟင်းလျာစာရင်းကတော့ အတူတူပဲ။ အဲဒီဆိုင်မှာတော့ ထမင်း/ဟင်း တစ်ခါပြင် ၈၀၀ လို့ ရေးထားတယ်။ “မိဘမေတ္တာ” ဆိုင် မှာတော့ လူငယ်လေးတွေနဲ့ အပြည့်ပဲ။ ထမင်းချိုင့်တစ်ချို့လည်း စားပွဲပေါ်မှာတင်ထားတာတွေ့ ရတော့ ပတ်ဝန်းကျင် ရုံးတွေက ဝန်ထမ်းတွေ လာစားကြတာဖြစ်မယ်ထင်ပါရဲ့။ ဈေးဆိုင်တန်း လေး ထိပ်မှာ “ မိခင်ကြီးဒေါ်ဖွားအားရည်စူး၍ ကျောင်းအုပ်ဆရာကြီး ဦးအုန်းသိန်း ဒေါ်ညွန့်မြိုင် သ္မီး မခင်အေးကြူ ကောင်းမှု၊ ၁၃၃၁ – ခု – ပထမဝါဆိုလ္ဆုပ် – ၁၄ (၁၃ – ၇ – ၆၉ ) လို့ရေးထားတဲ့ ရေ ချမ်းစင်တစ်ခုရှိတယ်။

ထမင်းဆိုင်မှာစားနေတဲ့ လူငယ်လေးတွေ အတွက်ကတော့ ဒီရေတွင်းဟာ ထူးခြားမှုရှိပုံမရဘူး။ ဆိုင်ပိုင်ရှင်တွေလည်း ဒီလိုပဲ ဖြစ်မယ်ထင်တယ်။ သူတို့သာ ထူးခြားတယ်လို့ ယုံကြည်ရင် ဒီရေ တွင်းလေးဟာ ဒီထက်ပိုပြီး သန့်ရှင်းနေမှာပေါ့။ ရေချမ်းစင်မှာလည်း ဒီရေတွင်းက ရေချို၊ ရေချဉ် တွေနဲ့ ကုသိုလ်ပြုထားမှာသေချာတယ်။

ဒီရေတွင်းလေးဟာ ဆရာမင်းသိင်္ခစာထဲမှာပါတဲ့ ရေတွင်းလေးဆိုတာ သေချာပေမယ့် ရေချို၊ ရေချဉ် တစ်ခြမ်းစီဖြစ်မဖြစ် ဆိုတာတော့ စမ်းသပ်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် လူ အတော်များများ အတွက် ကတော့ ဒီရေတွင်းလေးဟာ သာမန်ရေတွင်းဟောင်းတစ်ခုထက်မပိုတော့ဘူးဆိုတာ သေ ချာတယ်။

တန်ဖိုးတွေ၊စိတ်ဝင်စားမှုတွေပြောင်းသွားတဲ့အခါ တစ်ချို့အရာတွေဟာလည်း အမေ့လျော့ခံ ဖြစ် သွားတတ်တယ် ဆိုတာ ရေတွင်းလေးက ပြောပြနေသလိုပဲ။

ကိုယ့်ပြည်သူတွေ ယုံကြည်မှုရှိအောင်ပြောတာလည်း ပြောသင့်ပါတယ်

ဒါပေမယ့် စင်္ကာပူ ၊ ထိုင်း ၊ ဂျပန် ၊အမေရိကန် တို့ ထိုင်ငိုသွားလောက်အောင်တော့လည်း မပြော သင့်ပါဘူး။

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တစ်ဦးမျှ မတွေ့ရှိသေးသော်လည်း ရောဂါရှာဖွေ စစ်ဆေးရာ၌ အခြားနိုင်ငံများထက်ပင် သေချာစွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။xxxx

“ဝေဖန်တဲ့သူကို ကျွန်တော်ဆီ လာခဲ့ခိုင်းလိုက်။ ဒီမှာလာရင် သူဖျားသွားမယ်။ အခြားနိုင်ငံတောင် ဒီလောက်မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုပ်ထားတာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ။ သေချာကိုလ ုပ်ထားတာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေကြားသည်။xx

“အခုထိ တစ်ယောက်မှ မတွေ့သေးဘူး။ မတွေ့သော်ငြားလည်း ကုသမှုပိုင်းမှာဆိုရင် လုပ်ထားတာ ပျံနေတာပဲ။ အမျိုးသားဓာတ်ခွဲမှာ အကုန်လုံးအဆင်သင့်ပဲ။ ဖြစ်လို့ရှိရင် ကျွန်တော်တို့ လုပ်လို့မရဘူး။ ထိုင်းနိုင်ငံ ပို့မယ်။ ထိုင်းနိုင်ငံက ပိုက်ဆံတစ်ပြားမှ မယူဘူး။ ပို့ခကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပေးမယ်။ ဒီနေ့ထိ တစ်ယောက်မှ မတွေ့တဲ့အတွက် ပို့စရာလည်းမလိုဘူး” ဟု ပြောကြားသည်။xxx

( သတင်းကောက်နှုတ်ချက်)

အိုင်စီဂျေ အလွန်


မနေ့ ( ၂၀၂၀ ဇန်နဝါရီ ၂၃ ) ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီမံ ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ လေ ျှာက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ာ တရားရုံး ( ICJ) က ဆုံးဖြတ်ချက်ချခဲ့တယ်။
တရားရုံးဆုံးဖြတ်ချက်

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ပေးဖို့ လေ ျှာက်ထားတဲ့အခါမှာ မြန်မာ နိုင်ငံဘက်က လိုက်နာဆောင်ရွက်ပေးဖို့ အစီအစဉ်ခြောက်ခု ကို တောင်းဆိုခဲ့တယ်။ အဲဒီအထဲမှာ အမှတ်စဉ် ၁ နဲ့ ၂ က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလ ို့ ယူဆနိုင်တဲ့ အပြုအမှုတွေ မလုပ်ဖို့ ဆိုတဲ့အချက်နဲ့ဆိုင်တယ်။ အမှတ်စဉ် ၃ သက်သေခံအထောက်အထားတွေ ဖျက်ဆီးခြင်းမပြုဖို့ နဲ့ဆိုင်တယ်။ အမှတ်စဉ် ၄ က နှစ်နိုင်ငံလုံးက အခြေအနေပိုဆိုးသွားစေမယ့်ကိစ္စတွေမလုပ်ဖို့ ဖြစ်ပါတယ။်
အမှတ်စဉ် ၅ က တကယ်လို့ ကြားဖြတ်စီမံဆောင်ရွက်ချက်ကို ချမှတ်လိုက်တယ်ဆိုရင် လေး လ အတွင်း ပြန်ပြီး အစီရင်ခံဖို့ဖြစ်ပါတယ်။ အမှတ်စဉ် ၆ ကတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။
တရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ဖို့ သဘောတူခဲ့ပြီး အမှတ်စဉ် ၁၊ ၂၊ ၃ နဲ့ ၅ ကို မြန်မာဘက်က လိုက်နာဆောင်ရွက်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အမှတ်စဉ် ၄ နဲ့ ၆ ကိုတော့ လက် ရှိအခြေအနေမှာ မလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီအချက်လေးချက်အပြင် တရားရုံးဆုံးဖြတ်ချက်ထဲမှာ အရေးကြီးတဲ့အချက်တွေလည်း ပါသေး တယ်။ အဲဒါတွေကတော့

၁။ မြန်မာဘက်က လေ ျှာက်လဲခဲ့တဲ့ ဂမ်ဘီယာနိုင်ငံဟာ အိုအိုင်စီအဖွဲ့ ကိုယ်စား ဆောင်ရွက်ေ န တာ ဖြစ်တဲ့အတွက် ဒီလေ ျှာက်ထားချက်ကို လက်မခံသင့်ဘူးဆိုတဲ့အချက်ကို ပယ်ချခဲ့တယ်။

၂။ မြန်မာနဲ့ ဂမ်ဘီယာကြားမှာ အငြင်းပွားမှုမရှိဘူး ဆိုတဲ့ လေ ျှာက်ထားချက်ကိုလည်း ပယ်ချခဲ့ တယ်။ တရားရုံးက ၂၀၁၉ စက်တင်ဘာ ၂၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂမ်ဘီ ယာနိုင်ငံက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့အစီရင်ခံစာတွေကြောင့် ဂမ်ဘီယာ နိုင်ငံ အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးကို လေ ျှာက်ထားမယ်လို့ပြောခဲ့တယ်။ နောက်နှစ်ရက် အကြာမှာ မြန်မာနိုင်ငံက အထွေထွေညီလာခံမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ဟာ ဘက်လိုက်တယ်၊ အချက်အလက်တွေမှားနေတယ်လို့ပြောခဲ့တယ်။ ဒါ့ကြောင့် မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံကြားမှာ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မတူ ညီတဲ့အမြင်တွေရှိနေတာအမှန်ပဲလို့ဆိုတယ်။

၃။ မြန်မာဘက်က ဂမ်ဘီယာစွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စတွေမဖြစ်ပါဘူးလို့ ငြင်း ထားတယ်။ဒါပေမယ့်တရားရုံးကတော့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ချို့ဟာ (လူမျိုးတုံး သတ် ဖြတ် မှုဆိုင်ရာ)ဆိုင်ရာ ကွန်ဗင်းရှင်းထဲမှာ အကျုံးဝင်နိုင်တယ်လို့ သုံးသပ်ထားတယ်။ ( In the Court’s view, at least some of the acts alleged by The Gambia are capable of falling within the provisions of the Convention.) အခုအမှုက လူမျိုးတုံးသတ်ဖြတ်မှု ဖြစ် ၊မ ဖြစ် ဆုံး ဖြတ် တဲ့ အဆင့် မဟုတ်တဲ့အတွက် ဒီလိုပြောလိုက်တာဟာ နည်းနည်းထူးခြားတယ်လို့ ခံစားမိတယ်။

တရားရုံးက အခုလို ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်ကို လက်ခံပြီး ဆုံးဖြတ်ချက် ချမှတ်လိုက် တဲ့အတွက် မြန်မာဘက်က တောင်းဆိုထားတဲ့ ဂမ်ဘီယာလေ ျှာက်ထားချက်ကို အမှုစာရင်းထဲက နေပယ်ဖျက်ပေးဖို့ ၊ ဒါမှမဟုတ် ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ကို မထုတ်ပြန်ဖို့ ဆိုတဲ့ နှစ် ချက်လုံး ပယ်ချခံလိုက်ရတဲ့ သဘောဖြစ်သွားပါတယ်။

မြန်မာအစိုးရတုန့်ပြန်ချက်

တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်ချက်နှစ်ခုရှိတယ် –

၁။ ၂၀၂၀ ဇန်နဝါရီလ ၁၉ ရက်နေ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစကားဝိုင်းမှာ ပြည်ထောင်စု ဝန်ကြီးဦးကျော်တင့်ဆွေ နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေက ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ထုတ်ပြန်ခဲ့ရင်တောင် စိတ်ပျက်စရာ၊ စိုးရိမ်စရာမလိုဘူး၊ ဒါဟာ ဘောလုံးပွဲ မစခင် ဒိုင်လူကြီး က ဒီလိုတာဝန်တွေရှိတယ်ဆိုပြီး ခေါ်ပြောတဲ့အဆင့်ပဲ။ လူမျိုးတုံးသတ်ဖြတ်မှုဖြစ် မဖြစ်ဆိုတာဆုံးဖြတ်ဖို့ဆိုတဲ့အဆင့်က အချိန်ကြာဦးမယ် လို့ ပြောခဲ့တယ်။

၂။ ၂၀၂၀ ဇန်နဝါရီလ ၂၃ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရားရုံး ဆုံးဖြတ်ချက်တွေကို လိုက်နာမယ်လို့လည်း မပြောဘူး။ လက်မခံဘူးလို့လည်း မပြောဘူး။ တက် သာဆုတ်သာ ရှိတဲ့ “ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအစိုးရအနေဖြင့် မှတ်သားထားရှိသည်” လို့ပဲ ပြောထားတယ်။ နောက်ဆုံးအပိုဒ်မှာတော့ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေနဲ့အကာအကွယ် ပေးရေး အစီအမံတွေချမှတ်ဖို့ပျက်ကွက်တယ်လို့ စွပ်စွဲခံရမှာ စိုးရိမ်တဲ့အတွက် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များချမှတ်တဲ့ အစဉ်အလာရှိတယ်ဆိုတာကို ပြန်ညွှန်းထားတယ်။

ဘာဖြစ်လာနိုင်လဲ

အပေါ်မှာ ပြောခဲ့တဲ့ အစိုးရတုန့်ပြန်ချက်နှစ်ခုကို ကြည့်လိုက်ရင်တော့ ကြားဖြတ်စီမံဆောင်ရွက် ချက် ဆိုတာ ချမှတ်လေ့ရှိပါတယ်။ ဒါဟာ မူလ အမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ အကျိုးသက်ရောက်မှုမရှိဘူး၊ သိတ်ပြီးစိုးရိမ်စရာမရှိဘူး ဆိုတဲ့ အယူအဆကို ဆွဲကိုင်ထားတယ်လို့ ခံစားမိတယ်။

ဒီအယူအဆဟာဥပဒေရှုထောင့်က သက်သက်ပြောမယ်ဆိုရင်တော့ မှန်တယ်။ ဒါပေမယ့် နိုင်ငံ ရေး၊ လုံခြုံရေး၊ စီးပွားရေး ရှုထောင့်တွေက ကြည့်ရင်တော့မမှန်ဘူး။ ဘာ့ကြောင့်လဲဆိုတော့

၁။ ဂမ်ဘီယာရဲ့ လေ ျှာက်ထားချက်ကို လက်ခံလိုက်တယ်၊ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေ ချမှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ အမေရိကန် နဲ့ ဥရောပသမဂ္ဂတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိနိုင်တယ်။ ဒီနေ့ပဲ ဥရောပ သမဂ္ဂက တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ရိုဟင်ဂျာတွေလုံခြုံစိတ်ချစွာပြန်လာနိုင်ဖို့ မြန်မာ နိုင်ငံကို တောင်းဆိုခဲ့တယ်။

၂။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံက ထွက်ကုန်တွေ မဝယ်ဖို့ ဆိုတဲ့ လှုပ်ရှားမှုတွေ ပိုများလာရင် အနောက်အုပ်စု စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၊ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေလျော့ကျသွားနိုင်တယ်။ အခုပဲ Boycott Myanmar Campaign ဆိုတာစနေပြီ။ ဒီလို ကန်ပိန်းလုပ်နေသူတွေအတွက် တရားရုံးဆုံးဖြတ် ချက်ဟာ လက်နက်ကောင်းတစ်ခုပဲ။

၃။ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်စေတဲ့ ကိစ္စတွေ မဖြစ်အောင်တားဆီးရမယ်ဆိုတာပါ။ ကွန်ဗင်းရှင်းရဲ့ အနက်ဖွင့်ဆိုချက်အရဆိုရင် အဲဒါဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေပါပါဝင်တယ်။ အစိုးရရဲ့မူဝါဒတစ်ခုခု ၊ ဒါမှ မဟုတ်အာဆာအဖွဲ့ကနောက်ထပ်တိုက်ခိုက်မှုတစ်ခုခု လုပ်လာတဲ့အခါ လုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ လုပ်ဆောင်ချက် အားလုံးဟာ ဒီအချက်နဲ့ ငြိစွန်းမှု မရှိအောင် လုပ်ရတော့မယ်။ ဒါဟာ ရခိုင် မြောက်ပိုင်းအရေးနဲ့ပတ်သက်ရင် အစိုးရဟာ လက်ကို ကြိုးချည်ခံထားရသလိုဖြစ်သွားတာ ပဲ။

ဘာလုပ်မလဲ

မြန်မာနိုင်ငံက ဘာလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့အတွက်ဆိုရင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န် အယ်လ်ဒီပါတီက ၁၉ ၈၈ ကနေ ၂၀၁၁ အထိ ကုလသမဂ္ဂ ယန္တယားမျိုးစုံ နဲ့ နိုင်ငံတကာ အမြင် တွေကို အသုံးချပြီး တပ်မတော်အစိုးရကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်။

ဒီအတွေ့အကြုံတွေရှိရဲ့သားနဲ့ အခုအချိန်ရောက်မှ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့် အရေးကောင်စီ နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးတို့ရဲ့ လုပ်ဆောင်ချက်တွေကို အလေးထား စရာ မလိုတဲ့သဘောမျိုး ပြောဆိုလာတာကို စဉ်းစားလို့မရဘူး။ အခုအချိန်ကျမှရခိုင်မြောက်ပိုင်းပြဿနာဟာ ပြည်တွင်းရေးသက်သက်ဖြစ်တယ်။ ပြည်တွင်းမှာ ကိုင်တွယ်ဖြေရှင်းမယ်လို့လည်း ပြောလို့မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီ အာနန် ကို ဖိတ်ခေါ်ပြီး ကော်မရှင်ဖွဲ့ လေ့လာဖို့ တာဝန်ပေးတဲ့အချိန်က စပြီး ရခိုင်မြောက်ပိုင်း အရေး အခင်း ဟာ နိုင်ငံတကာ ပြဿနာဖြစ်သွားခဲ့ပြီ။ အဲဒီနောက်ပိုင်း ဒုက္ခသည် ခုနှစ်သိန်းကေ ျာ် ဘင်္ဂလား ဒေ့ရ်ှနိုင်ငံကို ရောက်သွားချိန် မှာတော့ ပြည်တွင်းရေးသက် သက်လို့ ပြောဖို့ ပို ခက် သွားပြီ။သမိုင်းကြောင်းတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဆိုတာတွေထက် လူသားချင်း စာနာမှု သဘောတရားက ရှေ့တန်းကိုရောက်သွားပြီ။

ဘာလုပ်မလဲလို့ ဆုံးဖြတ်တဲ့အခါ နောက်ပြဿနာတစ်ခုက ၂၀၂၀ ဟာ ရွေးကောက်ပွဲ နှစ် ဖြစ်နေ တာပဲ။ အစိုးရဖြစ်ဖြစ်၊ အတိုက်အခံပါတီတွေဖြစ်ဖြစ်၊ တပ်မတော်က ဖြစ်ဖြစ် ရွေးကောက်ပွဲ ဆိုတဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေအထိုင်ပေါ်ကနေ စဉ်းစားရင်တော့ မှန်ကန်တဲ့ အဖြေကိုရဖို့ မလွယ်ဘူး။

ရွှေတိဂုံ ၊ အာဇာနည်ဗိမာန် နဲ့ အထပ်မြင့်အိမ်ယာစီမံကိန်း

ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်က ဇရပ်တွေ၊ ပိဋကတ်တိုက်တွေကို လေ့လာနေတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း သတိရမိနေတဲ့ အကြောင်းနှစ်ခုရှိတယ်။ နှစ်ခုလုံးကလည်း ဆရာမင်းသိင်္ခနဲ့ ပတ်သက်နေတယ်။

ပထမတစ်ခုက အရှေ့ဘက်စောင်းတန်းက မွန်ထမင်းဆိုင်။ အဲဒီမွန်ထမင်းဆိုင်နဲ့ပတ်သက်လို့ ရေဆုံးမြေဆုံးခြေရာကောက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒုတိယတစ်ခုက မနုစာရီ ဝတ္ထု မှာပါတဲ့ အာဇာနည်ကုန်းအဆင်းဘက်က ရေချို ရေငန် နှစ်မျိုးရှိတဲ့ရေတွင်းလေးပါ။

တကယ်တော့ အလယ်ပစ္စယံက ဇရပ်တွေအကြောင်းလေ့လာနေတာ မပြီးသေးဘူး။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီရေတွင်းလေးဘက်ကို သွားချင်တဲ့စိတ်က ထိန်းလို့မရဘူး။ ဒီလိုနဲ့ မြောက်ဘက် စောင်းတန်းက ဆင်း၊ သွေးဆေးကန်ဘက်ကနေ ရေတွင်းလေးရှိရာဘက်ကို လမ်းလေ ျှာက်သွားခဲ့တယ်။

ဆရာမင်းသိင်္ခပြောတဲ့ရေတွင်းလေးကိုလည်းတွေ့ပါတယ်။ ဒါပေမယ့် အဲဒီရေတွင်းလေးထက် ပိုပြီး ထူးခြားတာကိုလည်းတွေ့ခဲ့ရတယ်။ အခုပြန်တွေးကြည့်တော့ ရေတွင်းလေးဆီကို သွားချင်တဲ့စိတ်ပေါ်လာ တာဟာ အဲဒီထူးခြားတဲ့အခြေအနေတစ်ခုကို မြင်အောင် များဖန်တီးပေးတာလည်းဖြစ်နိုင်တာပဲ။

အနောက်ရွှေဂုံတိုင်လမ်းနဲ့ အဲဒီဘက်အခြမ်းက အာဇာနည်ကုန်းနေရာကို လမ်းလေ ျှာက်ပြီး မကြည့်ဖြစ်တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိတော့မယ်။ အခု အာဇာနည်ကုန်းပေါ်ကနေ စောင်းတန်းအိုလေးအတိုင်းဆင်းလာတဲ့အခါ အနောက်ရွှေဂုံတိုင်လမ်း နဲ့ ရွှေဂုံလမ်း (လင့်ခ် လမ်း) ထောင့်မှာ အပြာရောင် သွတ်ပြားတွေကာထားတဲ့ စီမံကိန်းတစ်ခုကို လှမ်းတွေ့လိုက် ရတယ်။

အရင်က အဲဒီနေရာက တပ်မတော်ပိုင်မြေနေရာပဲ၊ အခုတော့ “ Shwe Gon Development Group” “ Hotline No. +959779091777 , +959779192777” လို့ရေးထားတယ်။ အထဲ မှာ ဘာတွေလုပ်နေလဲဆိုတာတော့ မမြင်ရဘူး။

ကျွန်တော့်အတွေ့အကြုံအရ ရွှေတိဂုံစေတီတော်နဲ့ နီးကပ်တဲ့နေရာတွေမှာ စီးပွားရေးဆိုင်ရာ အဆောက်အဦတွေဆောက်လုပ်မယ်ဆိုရင် ရွှေတိဂုံဂေါပကအဖွဲ့ရဲ့ သဘောတူညီချက် လို တယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်ပြည်သူတွေရဲ့ သဘောထား၊ လူမှုရေး၊ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အမြင်ကိုလည်း ထည့်စဉ်းစားရတယ်။ သာမန်အဆောက်အဦတွေကို မြို့တော်စည်ပင်စည်းကမ်း ချက်တွေနဲ့ ကိုက်ညီတယ်ဆိုတာနဲ့ မရဘူး။

ဒီသင်ခန်းစာကို ပြည်သူ့ရင်ပြင်ထဲက Myanmar Culture Valley ဖြစ်စဉ်နဲ့ ဦးထောင်ဘို အဝိုင်း နားက ဒဂုံစီးတီး စီမံကိန်းတွေမှာတွေ့ခဲ့ရပြီးပါပြီ။ ဒဂုံစီးတီးဆိုရင် ဆရာတော်ကြီးတွေက အစ ကန့်ကွက်ခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပြီး စီမံကိန်းကို ရပ်ဆိုင်း လိုက်ရတယ်။
Myanmar Culture Valley ကတော့ ရွှေတိဂုံစေတီကို လာရောက်တဲ့ ဘုရားဖူး တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ယဉ်ကျေးမှုအနုပညာလက်ရာတွေ ရောင်းချ ဖို့ပါဆိုတဲ့ခေါင်းစဉ်နဲ့ နှစ်ထပ် အစား တစ်ထပ်ကို ခွင့်ပြုပေးလိုက်တယ်။ တကယ်လက်တွေ့ ကျ တော့ စားသောက်ဆိုင်တွေက အဓိက ဖြစ်နေတာ အားလုံးတွေ့နေရတာပဲ။ တီကောင် လို လူတွေ နဲ့စီးပွားရေးသမားတွေပေါင်းမိရင် ရွှေတိဂုံစေတီတော်တောင် ဒုက္ခရောက်တယ်။

ဒီလိုအခြေအနေမှာ ရွှေတိဂုံဘုရားနဲ့ ပေ ၂၀၀၀ ကျော်လောက်ပဲ ဝေးတဲ့ နေရာ၊ သမိုင်းဝင် အာဇာနည်ဗိမာန်နဲ့ ကားလမ်းဘဲခြားတဲ့နေရာမှာ ဘယ်လို စီမံကိန်းမျိုးလုပ်မှာလဲ ဆိုတာ စိတ်ဝင် စားသွားတယ်။

ဒ့ါကြောင့် အင်တာနက်မှာရှာလိုက်တော့ ဒီစီမံကိန်းကို Shwe Gon Landmark Project လို့ ခေါ်ပြီး Shwe Gon Development Group, SGDG က လုပ်ပိုင်ခွင့်ရထားတယ်။ SGDG ရဲ့ ဝက်ဘ် ဆိုက်မှာ ဒီစီမံကိန်းအဆောက်အဦမှာ လူနေအိမ်ခန်း၊ ရုံးခန်း၊ ဈေးဆိုင်တွေပါမယ်။ ၆၂ ပေမြင့် မယ်။ စတုရန်းပေ ရှစ်သိန်းကျယ်မယ်လို့ ရေးထားတယ်။ စီမံကိန်းတည်နေရာကိုလည်း မြေပုံနဲ့ ပြထား တယ်။ အဲဒီပုံကို ကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်၊အာဇာနည် ဗိမာန်တို့နဲ့ဘယ်လောက်နီးသလဲဆိုတာမြင်နိုင်ပါတယ်။ ပုံ ၁

သူတို့ဝက်ဘ်ဆိုက်မှာပဲ Shwe Gon Development Group, SGDG ဆိုတာဟာ Global Technology Group Company Limited (GTG) က ၂၀၁၄ ခုနှစ်မှာတည်ထောင်ခဲ့တဲ့လုပ်ငန်းခွဲဖြစ်တယ်၊ GTG က ၂၀၀၃ ခုနှစ်က စတင်ပြီး သတင်းအချက်အလည်နည်းပညာဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ ပုံ ၂

ဒီစီမံချက်နဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီပတ်ဝန်းကျင်မှာ လက်လှမ်းမီသလောက် လေ့လာ ကြည့် လိုက်တော့ အခုလို သိရပါတယ်-

၁။ ၂၀၁၈ ခုနှစ် ဇွန်လထဲမှာ SGDG ဥက္ကဋ္ဌ ဦးရှိန်းသူအောင်နဲ့အဖွဲ့ ဂေါပကအဖွဲ့ကိုလာပြီး စီမံကိန်း အကြောင်းရှင်းပြတယ်။ ဂေါပကအဖွဲ့တော့ ဒဂုံစီတီးစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ဖြစ်စဉ်တွေကို ရှင်း ပြတယ်။ ရွှေတိဂုံဘုရားကို မထိခိုက်ဖို့၊ ရွှေတိဂုံဘုရားကို မြင်ကွင်းမကွယ်ဖို့ အရေးကြီးတဲ့ အကြောင်းပြောတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း တင်ပြဖို့လိုတယ်လို့ အသိပေးတယ်။

၂။ SGDG က လုပ်ထုံးလုပ်နည်းအတိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြတာ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်ကိုတင်ပြတာတွေလုပ်တယ်။

၃။ ၂၀၁၈ခုနှစ်နိုဝင်ဘာလထဲမှာ မြို့တော်စည်ပင်က ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိဂုၤတ္တရ ကုန်းမြေကြံ့ ခိုင်ရေး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးကော်မတီ ရဲ့ သဘောထားကို မေး တယ်။ အဲဒီကော်မတီက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်ပြီး ပညာရှင် ပါတဲ့အဖွဲ့လို့သိရတယ်။

၄။ အဲဒီကော်မတီက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ထဲမှာ ဒီစီမံကိန်းတည်ဆောက်တာကို သဘောမတူ တဲ့ အကြောင်း အကျိုးအကြောင်းဖော်ပြပြီး အကြောင်းပြန်ခဲ့တယ်။ ဂေါပကအဖွဲ့ကလည်း အဲဒီ သဘောထားအတိုင်းပဲရပ်တည်ခဲ့တယ်။

၅။ SGDG ကတော့ လက်မလေ ျှာ့ဘဲ ဆက်ကြိုးစားတယ်။ စောင့်ကြည့်လေ့လာရေး ကော်မတီ နဲ့ ဂေါပကအဖွဲ့ကတော့ သဘောထားမပြောင်းဘူး။ ဆက်ပြီး ကန့်ကွက်ခဲ့တယ်။

၆။ ၂၀၁၉ ခုနစ် ဒီဇင်ဘာလထဲမှာတော့ SGDG က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြု ချက်လည်းရပြီ၊ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုမိန့်လည်း ရပြီ လို့ ဂေါပကအဖွဲ့ကို အသိပေးခဲ့တယ်။ EIA, SIA လုပ်မယ် လို့လည်း အကြောင်းကြားတယ်။ ကော်မတီနဲ့ ဂေါပကအဖွဲ့က ကန့်ကွက်နေ တဲ့ကြားက ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ မြို့တော်စည်ပင်က ဘာ့ကြောင့် ခွင့်ပြုလိုက်သလဲဆိုတာ တော့မသိရဘူး။

ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေကတော့ ဒဂုံစီးတီး စီမံကိန်းကို ကန့်ကွက် ခဲ့သလိုပဲ ဒီစီမံကိန်းကို ကန့်ကွက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ခေတ်ပြောင်းသွားတော့ ဒဂုံစီးတီး တုန်းကလို သူတို့ကို ဝန်းရံမယ့်သူ နည်းသွားပြီလို့ဆိုတယ်။

ဂေါပကအဖွဲ့ကရော ဘယ်လို သဘောထားလဲ။ အဖွဲ့ဝင်တစ်ယောက်ကတော့ အသေးစိတ် မဖြေ ပေမယ့် “ ဘုရားကြီးကို စောင့်ရှောက်ရမယ့် တာဝန်ရှိတဲ့ ဂေါပကအဖွဲ့ကတော့ သဘောထား မပြောင်းပါဘူး” လို့ ပြောတယ်။ သူ့မျက်နှာမှာတော့ “ မနိုင်၍ သည်းခံခြင်းသည် လည်းကောင်း” ဆိုတဲ့ အရိပ်အယောင်တွေ မြင်ရတယ်။

ပြည်သူ့ရင်ပြင်နဲ့ ဒဂုံစီးတီး စီမံကိန်းတွေကို ဝေဖန်ရေးသားခဲ့တဲ့ မီဒီယာတွေလည်း ဒီစီမံကိန်း အကြောင်းကို ရေးတာမတွေ့မိဘူး။ စီမံကိန်း မစသေးလို့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မနုစာရီ မင်းသမီးလေး လမ်းညွှန်လိုက်လို့ မြင်ခဲ့ ကြားခဲ့တာ တွေ ကို ခေါင်းလောင်းထိုးပြီး အသိပေးလိုက်ပါပြီ။

နောက်ဆက်တွဲဖော်ထုတ်သင့်တယ်ထင်ရင်လည်းဖော်ထုတ်ကြ၊ဆိတ်ဆိတ်နေသင့်တယ်ထင်ရင် လည်း ဆိတ်ဆိတ်နေကြပေါ့။

ရွှေတိဂုံ အရိပ်အောက်မှာ (၇)

မဟာဗုဒ္ဓဝင်ပြခန်း

အောင်ခြင်းကျောင်းတိုက်က ထွက်ပြီး ကုန်းတော်အခြေက ပတ်လမ်းလေးအတိုင်းသွားရင် မဟာ ဗုဒ္ဓဝင်ပြခန်းကိုရောက်ပါတယ်။ ဒီပြခန်းက ၁၉ ၉ ၀ ပြည့်လွန်နှစ်များက ရွှေတိဂုံစေတီတော် ဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၁၉ ၇၄ ကနေ ၁၉ ၇၈ ခုနှစ်အထိ ကျွန်တော့်မိဘတွေက ဂျူဗလီဟောအနားက အရှေ့ဈေးလမ်း မှာ နေခဲ့တာဆိုတော့ ရွှေတိဂုံစေတီကို မကြာခဏရောက်ခဲ့တယ်။ သွားစရာမရှိရင် ဘုရားပေါ်သွားထိုင် နေတယ်လို့တောင်ပြောလို့ရပါတယ်။ အဲဒီအချိန်က အခု ဗုဒ္ဓဝင်ပြတိုက်ရှိတဲ့နေရာ၊ နဲ့ အလယ်ပစ္စယံနေရာတွေက လူနေရပ်ကွက်တောင်ဖြစ်နေပါပြီ။ ဘုရားဝန်ထမ်းတွေရော၊ အပြင်လူ တွေရော တရားဝင်ရော၊ ကျူးကျော်ရော အကြောင်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ နေထိုင်ကြ၊ ဆိုင်တွေ ဖွင့်ကြနဲ့ပေါ့။ ဘုရားကြီးရပ်ကွက်လို့တောင် သတ်မှတ်ခဲ့ပြီး အဲဒီအချိန်က တောင်ဘက် စောင်းတန်းဘက်မှာ ဘုရားကြီးရပ်ကွက် သမဝါယမဆိုင်ဆိုပြီးရှိခဲ့တယ်။ အဲဒီခေတ်က စာအုပ်နဲ့ ဆန်၊ ဆီ၊ သကြား၊ ဖယောင်းတိုင်တွေ ခွဲတမ်းနဲ့ဝယ်ရတဲ့နေရာပေါ့။ သံပုံချိုင့်ဆိုတာက စိုက်ခင်း တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အင်မတန်လူပြတ်တဲ့နေရာ။

၁၉ ၉ ၀ နောက်ပိုင်းကျမှ အဲဒီအချိန်က နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့် ဦးစီးပြီး ရွှေတိဂုံဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါကျတော့မှာ ရှင်းသင့်တာရှင်း၊ နေရာပြန်ချသင့်တာတွေပြန်ချ လုပ် ခဲ့တဲ့အတွက် အခုလိုအနေအထားကိုရောက်လာတာဖြစ် ပါတယ်။ ဒီနေရာမှာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာပါ။

ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ ရှိတာက သုံးထပ် ဗုဒ္ဓပြတိုက်ဖြစ်ပြီး အောက်ပစ္စယံမှာရှိတာက မဟာ ဗုဒ္ဓဝင်ပြခန်းဖြစ်ပါတယ်။ ဒီနေရာလေးက အရိပ်ရသစ်ပင်ကြီးတွေ၊ မြက်ခင်းတွေနဲ့ အတော်သာသာ ယာယာရှိပါတယ်။ ကျွန်တော်ရောက်သွားတော့ နယ်က ဘုရားဖူးကားနှစ်စီး သစ်ပင်ရိပ်မှာ နား နေ ကြတယ်။ တစ်စီးကတော့ ဝိုင်းဖွဲ့ထမင်းစားနေပြီး နောက်တစ်စီးမှာပါတဲ့ သီလရှင်ဆရာလေးတွေ ကတော့ အနားက စေတီငယ်တစ်ဆူကို သန့်ရှင်းရေးလုပ်နေကြတယ်။

ဗုဒ္ဓဝင်ပြခန်းရှေ့ လမ်းတစ်ဘက်ခြမ်းက စေတီငယ်လေးက ပြန်ပြုပြင်မွမ်းမံထားတာပါ။ မူလစေတီ ပုံစံ မဟုတ်တော့ဘူး လို့ ယူဆရပါတယ်။ စေတီလေးရဲ့ တောင်ဘက်မုခ်ဦးမှာ “ အောင်မင်းအောင် စေတီ – မူလ ကမ္ဗည်းစာ အဘမင်းအောင် နှင့် အများကောင်းမှု” လို့ရေးထားတဲ့ ကျောက်ပြားတစ်ချပ်ရှိပါတယ်။

ဗုဒ္ဓဝင်ပြခန်းအဝင် ဘယ်ဘက်မှာ မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ် သာယာဝတီမင်းလက်ထက် တောင်ဘက်စောင်းတန်းမှာ သုံးခဲ့တဲ့ ကျွန်းတိုင်အဟောင်းကြီးတွေကို ပြသထားတယ်။ ညာဘက် မှာတော့ မြန်မာသက္ကရာဇ် ၁၂၈၆ ခုနှစ် အရှေ့ဘက်စောင်းတန်းမှာ သုံးခဲ့တဲ့ ကျောက်ပြားကြီးတွေ ကို ပြထားတယ်။ ပြခန်းအဝင်မှာ ပြခန်းဖွင့်၊ပိတ်ရက်/ အချိန်တွေကိုရေးထားတဲ့ဆိုင်းဘုတ်တစ်ခု ထောင်ထားတယ်။ ( ဖွင့်ပိတ်ချိန်တွေကို ဓာတ်ပုံရိုက်တင်ထားပါတယ်။ )

ပြတိုက်က နှစ်ထပ်ပါ။ မြေညီထပ်မှာ ဖွား၊ပွင့်၊ဟော၊ စံ အပါအဝင် ဗုဒ္ဓဝင်ပါ ဖြစ်စဉ်တွေကို ပြသထား တယ်။ပြသထားပုံက ဖြစ်စဉ်တစ်ခုခြင်းအတွက်သီးခြားအခန်းလေးတွေနဲ့ ဖြစ်ပြီး ရုပ်လုံး၊ရုပ် ကြွ တွေ၊ နောက်ခံပန်းချီကား တွေ နဲ့ ပုံဖော်ထားပါတယ်။ မီးအလင်းအမှောင် တွေနဲ့စနစ်တကျ ပြသထားသလို နောက်ခံအသံနဲ့ လည်း ဖြစ်စဉ်ကို ပြောပြပေးတယ်။ စီစဉ်ထားပုံ အလွန်ကောင်း ပါ တယ်။ ဒါပေမယ့် ပြကွက်တိုင်းက ဇာတ်ကြောင်းပြောပြနေတဲ့အသံတွေက ပြတိုက်ထဲမှာ ပဲ့တင် ထပ်နေတာလေးကိုတော့ ပြင်သင့်တယ်။ နိုင်ငံခြားက ပြတိုက်တွေမှာလို နားထောင်ချင်တဲ့သူက နားကြပ်တပ်ပြီး နားထောင်လို့ရအောင်စီစဉ်ပေးတာမျိုးဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်လိုရ မယ်လို့ထင်ပါတယ်။

အပေါ်ထပ်မှာက ဗုဒ္ဓဝင်ပန်းချီကားတွေရှိတယ်။ ပထမ သင်္ဂါရတနာကနေ ဆဌသင်္ဂ ါရတနာ အထိ သင်္ဂ ါ ရတနာတင်တဲ့အခမ်းအနားတွေကို ပုံဖော်ထားတဲ့ ပန်းချီကားကြီးတွေရှိတယ်။ ဗုဒ္ဓဂါယာ မြေပုံ ကို အပေါ်ကနေ ငုံ့ကြည့်လို့ရအောင်လုပ်ထားတာရှိတယ်။ နှစ်ထပ်လုံးမှာ ရွှေတိဂုံစေတီတော် ပန်းချီကားတွေရှိတယ်။

ဒီပြခန်းမှာ ဆရာကြီးဦးလွန်းကြွယ်၊အမ်တင်အေး၊ ဦးဘလုံလေးတို့အပါအဝင် ထင်ရှားတဲ့ ပန်းချီ ဆရာကြီးများရဲ့ လက်ရာပန်းချီကားကြီးတွေရှိတယ်။ တစ်ချို့ ပန်းချီကားတွေမှာ အလှုရှင်အမည်ကို ဖော်ပြထားသလို ပန်းချီဆရာရဲ့ အမည်ကိုလည်းဖော်ပြထားတယ်။ တစ်ချို့ ပန်းချီကားတွေမှာ အဲဒီ လိုဖော်ပြထားတာမရှိဘူး။ ပန်းချီကားတိုင်းမှာ ဖော်ပြပေးနိုင်ရင်တော့ အနုပညာမှတ်တမ်းတစ်ခုပါ ကျန်ခဲ့မှာဖြစ်ပါတယ်။

ပြခန်းမှာ ဝန်ထမ်းတွေရှိတယ်။ အမျိုးသမီးဝန်ထမ်းပိုများတယ်။ ဒါပေမယ့် ဒီဝန်ထမ်းတွေကို ကြည့် ရတာ ပြခန်းဝန်ထမ်းထက် ရုံးဝန်ထမ်းနဲ့ပိုတူတယ်။ ပြခန်းထဲမှာ ပြထားတဲ့ ပန်းချီကားတွေ၊ အကြောင်းအရာတွေဟာ သူတို့နဲ့မဆိုင်သလိုဘဲ။ ပြခန်းအဝင်ဝမှာ ဗုဒ္ဓဝင်ပြခန်းအတွက် လှုဒါန်း ဖို့ ဖိတ်ခေါ်နေတဲ့ ဝန်ထမ်းအမျိုးသမီးရဲ့ အသံက လမ်းဘေးဈေးသည်တွေသုံးတဲ့ အသံချဲ့စက် က ထွက်တဲ့အသံလိုပဲ အနိမ့်အမြင့်မရှိဘူး၊ ခံစားချက်မရှိဘူး၊ စက်ရုပ်အသံပဲ။

တစ်ချို့တာဝန်ကျ ဝန် ထမ်းတွေက ဖုန်းပွတ်နေတယ်။ တစ်ချို့က နောက်ပြောင်နေတယ်။ တစ်ချို့ က ပစ္စည်းတွေနဲ့ ရှုပ်ပွ နေတဲ့ ရုံးခန်းထဲမှာ။ ပြခန်းထဲမှာ ကရင်တိုင်းရင်းသားလို့ယူဆရတဲ့ ဘုရား ဖူးတစ်စုရှိတယ်။ အဖွားကြီးတစ်ချို့က ပန်း ချီ ကားကြီးတွေကိုမော့ကြည့်နေတယ်။ စာဖတ် တတ်ပုံ မရဘူး။ သူတို့ကို ကုသိုလ်ယူရှင်းပြပေးမယ့် ဝန်ထမ်းမရှိဘူး။ စည်းကမ်းထိန်းဖို့အတွက် စောင့်ကြည့်နေတဲ့ မျက်နှာထားတင်းတင်းနဲ့ ဝန်ထမ်းပဲရှိတယ်။

ပြခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ဗုဒ္ဓဝင်ပြခန်းကို တည်ဆောက်ပေးခဲ့သူများ၊ လှုဒါန်းခဲ့သူများရဲ့ စေတနာ သဒ္ဒါတရားကို ခံစားလို့ရတယ်။ ပြခန်းတာဝန်ကျဝန်ထမ်းတွေရဲ့ စေတနာ သဒ္ဒါတရားပါ ထပ်ပေါင်းနိုင်ရင်တော့ မဟာဗုဒ္ဓဝင်ပြခန်းဟာ ဘုရားဖူးတွေအတွက် ကုသိုလ်သဒ္ဒါပွားနိုင်မယ့် အကြိမ်ကြိမ်လာလေ့လာချင်စိတ်ဖြစ်စေမယ့်နေရာတစ်ခုဖြစ်လာမှာပါ။

ရွှေတိဂုံ အရိပ်အောက်မှာ (၆)

အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ

အဖွားခက် ဇရပ် ( ဓမ္မာရုံ) ကနေ ထွက်လာတော့ ကျိုက်ထီးဆောင်းဓမ္မာရုံကိုရောက်တယ်။ ဒီဓမ္မာရုံကတော့ ၂၀၀၁ ခုနှစ်က မှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးဆောင်း ဓမ္မာရုံ ကျော်တော့ အနောက်ဘက်စောင်းတန်းကို ရောက်ပြီ၊ စောင်းတန်းဘေး ယာဉ်ရပ်နား ကွင်း တစ်ဖက်မှာ အောင်ခြင်း ပိဋကတ်တိုက်ရှိပါတယ်။ အဝင်၀ သံတံခါးဘေးမှာ
“ သာယာဝတီ ကျေးဇူးတော်ရှင် ဦးညေယျ အောင်ခြင်းဆရာတော် ဦးဉာဏဝံသ အမှုးပြု၍ ရွှေတိဂုံ အောင်ခြင်းဆရာတော် ဦးသြသဓ ကြီးမှူးသော အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ။ အောင်ခြင်း ဝိပဿနာ တရားပြဌာန” ဆိုတဲ့ဆိုင်းဘုတ်ရှိတယ်။

အောင်ခြင်းပိဋကတ်တိုက်က ဓမ္မာရုံ ပုံစံတည်ဆောက်ထားတဲ့ အုတ်ကျောင်းဆောင်ဖြစ်ပါတယ်။ အခု လက်ရှိ ဝင်ပေါက်က ပိဋကတ်တိုက်ဘေးကနေ ဝင်တဲ့အပေါက်ဖြစ်ပါတယ်။ မူလ တည် ဆောက်စဉ်က ယာဉ်ရပ်နားကွင်းဘက်ကနေ တိုက်ရိုက်ဝင်လို့ရပါတယ်။ အခုတော့ အဲဒီ ဝင်ပေါက်နေရာကို မီးစက်နဲ့ လုံခြုံရေးတဲတွေပိတ်နေပြီ။ အဲဒီ အပေါက်မှာ အုတ်လှေကား ရှိတယ်။ အဝင်တံခါးကြီးနဲ့ ဘေးပြူတင်းပေါက်နှစ်ခုလုံးမှာ အင်္ဂတေပန်းခက်တွေနဲ့ အလှဆင်ထားတယ်။ “ မြန်မာနိုင်ငံလုံးဆိုင်ရာ အောင်ခြင်းပိဋကတ်တိုက် တိုင်းသူပြည်သား အများကောင်းမှု” လို့ စာတမ်း ထိုးထားတယ်။ အခုတော့ အဲဒီဝင်ပေါက်ကို သော့ခတ်ပိတ်ထားလိုက်ပြီ။ ရှေ့မှာလုံခြုံရေးတဲ ကွယ် နေလို့ ဝင်ပေါက်မျက်နှာစာကိုတောင် ဓာတ်ပုံရိုက်ဖို့အတော်ခက်ပါတယ်။

လက်ရှိဓမ္မာရုံဘေးမျက်နှာစာအပေါ်ဘက်မှတော့ “ ၁၃၁၀ ပြည့်နှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သာယာဝတီဦးညေယျ ဆရာတော် ကြီးမှူးဆောင်ရွက်သော အောင်ခြင်းပိဋကတ်တိုက် ဓမ္မာရုံ တပေါင်းလတွင် ပြီးစီးသည်။ နတ်လူသာဓုခေါ်စေသောဝ်” လို့ စာတမ်းထိုးထားပါတယ်။

ဓမ္မာရုံရဲ့နောက်ဘက်နဲ့ ဘေးမှာတော့ သံဃာတော်တွေ သီတင်းသုံးဖို့နဲ့ ယောဂီတွေနေထိုင် နိုင် ဖို့အဆောင်တွေထပ်ချဲ့ထားပါတယ်။ ဒါကတော့ အောက်ပစ္စယံဓမ္မာရုံတွေမှာတွေ့ရတဲ့ ပုံစံအတိုင်း ပါပဲ။

သာယာဝတီဦးညေယျဆိုတာက ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက နိုင်ငံကျော် ဓမ္မကထိက တစ်ဦး ဖြစ်ပါတယ်။ အဲဒီခေတ်က တရားဓာတ်ပြားခွေတွေထွက်ခဲ့ဖူးတယ်။ တရားတွေကို စာအုပ်ထုတ်ခဲ့ ဖူးတယ်လို့သိရပါတယ်။ ဆရာတော်ရေးသားပြုစုတဲ့ စာအုပ်တွေကို ဓမ္မာရုံမှာတော့ ရှာမတွေ့ခဲ့ ဘူး။ တောင်ဘက်စောင်းတန်းက ဘာသာရေးစာအုပ်ဆိုင်တွေမှာလည်း မရှိဘူး။ ပြန်မထုတ်တော့ ဘူးလို့ပြောတယ်။

ကျောက်ကွင်းအရေးတော်ပုံ(၁၉ ၃၆) အကြောင်းရေးသားတဲ့စာအုပ်မှာတော့ ကျောက် ကွင်းရွာသားတွေအနေနဲ့ သာယာဝတီ ဦးညေယျကို ပထမဆုံးအကူအညီတောင်းခဲ့တယ်၊ ဆရာ တော်က လက်မခံတဲ့အတွက် တောင်တွင်းကြီးဆရာတော် ရှင်ဥက္ကဌ က ပါဝင်ဆောင်ရွက် ခဲ့ရတာဖြစ်တယ် လို့ရေးထားတာတွေ့ရပါတယ်။

ဓမ္မာရုံထဲမှာ တရားဟောစင်နဲ့ ဘုရားစင်ကို အဖွားခက်ဇရပ်မှာလိုပဲ နှစ်ထပ်ဆောက်ထား တယ်။ ပုံစံတော့ နည်းနည်းကွာတယ်။ အောင်ခြင်းဓမ္မာရုံရဲ့ ပုံစံက တရားဟောပလ္လင်အပေါ်မှာ ဘုရား စင်တင်ထားတဲ့ ပုံစံ။ ဒါ့အပြင် အခုလက်ရှိဝင်ပေါက်စင်္ကမြှာလည်း နောက်ထပ် ဘုရားခန်းတစ်ခု သီးခြားလုပ်ထားတယ်။ ဒါကတော့ နောက်မှလုပ်ထားတာလို့ ယူဆရပါတယ်။

တရားဟောစင်အောက်က အကန့်လေးထဲမှာ ဝါးစုဘူးလေးတွေ တွေ့တယ်။ ယောဂီတွေက အိမ်မှာယူထားပြီး ငွေစုပေးတဲ့ စုဘူးလေးတွေပေါ့။ အခုတော့ ဖုန် အလိမ်းလိမ်းဖြစ်နေပြီ။ တစ်ချိန်ကတော့ ဒီဓမ္မာရုံမှာ အမြဲတမ်းတရားစခန်းဝင်တဲ့ ယောဂီတွေနဲ့ စည် ကားနေခဲ့ တယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစုဘူးလေးတွေက ဓမ္မာရုံရဲ့ အတက်နဲ့ အကျ ထင်ဟပ်နေတာပါ တယ်။

ဓမ္မာရုံကြမ်းခင်းက မူလက သမံတလင်းအခင်း၊ ယောဂီတွေက သစ်သားကုတင်ကြီးတွေနဲ့နေရ တယ်။ ဒုတိယဆရာတော်လက်ထက်မှာ သစ်သားကြမ်းခင်းခဲ့တယ်။ ကြမ်းခင်းနေချိန်မှာပဲ ၇၅ ကျပ်တန်တွေတရားမဝင်ကြေညာလို့အလှုငွေတွေ ဆုံးရှုံးခဲ့ရတယ်လို့ဆိုတယ်။

အလယ်ပစ္စယံနဲ့ အောက်ပစ္စယံမှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်း တဲ့အခါ ခုနှစ်တွေကို အတိအကျမပြောနိုင်ရင် ရည်ညွှန်းပြောတဲ့ ဖြစ်စဉ်လေးခု ရှိတာကို တွေ့ရ ပါတယ်။ ပထမက “ ဦးသန့်အရေးအခင်း” ၊ ဒုတိယက “ ၇၅ကျပ်တန်အပါအဝင်ငွေစက္ကူတွေ ကို တရားမဝင်ကြေညာတဲ့နှစ်” ၊ “ ၈၈ အရေးအခင်း” နဲ့ “ ဘက်စုံပြုပြင်မွမ်းမံထီးတင်တဲ့အချိန်” ဖြစ်ပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်တွေထဲက ပထမသုံးခုက သူတို့ ကိုသာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ လူမှုဘဝတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြီးမား တဲ့ ရိုက်ခက်မှုရှိခဲ့ တော့ ကိုးကားစရာ ဘဝမှတ်တိုင်တွေဖြစ်နေတော့တာပါပဲ။

တရားဟောပလ္လင်ရှိတဲ့စင်မြင့်ပေါ်မှာ ဆရာတော် ဦးညေယျရဲ့ ရုပ်တုထည့်ထားတဲ့ မှန်ဘီဒို တစ်လုံး ရှိတယ်။ ဆရာတော်က ကိုယ်လုံးကိုယ်ထည် ပြည့်ပြည့် မေးရိုးကားကား နဲ့ တင်းမာပြတ်သားတဲ့ မျက်နှာတော်နဲ့ပါ။ အဲဒီ ဘီဒိုထဲမှာပဲ ဆရာတော်တရားဟောတဲ့အခါမှာ သုံးတဲ့ မိုက်တစ်လုံး တွေ့ တယ်။ “ Grampian” “Made in England” လို့ရေးထားတယ်။ ဆရာတော်က တရားဟောတဲ့ အခါ ထိုင်ဟောတာထက် မတ်တပ်ရပ်ပြီးဟောရတာကို ပိုကြိုက်တယ်လို့ ကြားဖူးကြောင်း ဓမ္မာရုံက သီလရှင်ဆရာလေးက ပြောပြတယ်။

ဆရာတော်ရုပ်တုထည့်ထားတဲ့မှန်ဘီဒိုမှာ “ ၁၂၅၄- ခု – တပေါင်းလ္ဆန်း(၇)ရက်- အင်္ဂါ – နံက် – ၉ – နာရီ – ဖွားမြင်တော်မူသှ်။ ” “ ၁၃၂၀ပြည့်နှစ်- ကျွတ်လ္ဆန်း-၄- ရက် – ကြာသာပတေး – နံက်- ၉ နာရီ ကွယ်လွန်သည်။” လို့စာတမ်းထိုးထားပါတယ်။

ဆရာတော်တည်ထောင်ခဲ့တဲ့ အောင်ခြင်းစာသင်တိုက်ဆိုတာလည်း ကိုးထပ်ကြီးဘုရားနားမှာ ရှိတယ်၊ ဆရာတော်က မြန်မာနိုင်ငံလုံးဆိုင်ရာ အောင်ခြင်းအဖွဲ့ချုပ်ကြီးဆို တာ ကိုလည်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

အောင်ခြင်းပိဋကတ်တိုက်ကိုတော့ ဆရာတော်ပြီးတော့ ဆရာတော်ဦးဉာဏဝံသ ၊ ပြီးတော့ ဆရာတော် ဦး သြသဓတို့က အစဉ်အဆက်တာဝန်ယူခဲ့ပါတယ်။

လက်ရှိဆရာတော် ဦးသြသဓ သက်တော် ၆၈ ၊ ဝါတော် ၄၈ ကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က စပြီး ကျန်းမာရေးချို့တဲ့နေတယ်။ ကျောင်းမှာ ဆရာတော်အပြင် ဦးဇင်းတစ်ပါးနဲ့ သီလရှင်ဆရာ လေးတစ်ပါးရှိပါတယ်။

အောင်ခြင်းဓမ္မာရုံမှာ ဝါတွင်း၊ ဝါပ လပြည့်၊ လကွယ် ဥပုသ်စောင့်လို့ရပါတယ်။ ဆရာတော်ကျန်းမာရေးကောင်းစဉ် ကတော့ ဝါတွင်း၊ ဝါပ ဥပုသ်နေ့တိုင်းတရားပေးပါတယ်။ သင်္ကြန်တွင်းမှာလည်း တရားစခန်း ရှိပါတယ်။ မနှစ်ကတော့ တရားစခန်းဝင်သူ နှစ်ရာကျော်ရှိပြီး အဟာရကို ကျောင်းကပဲ တာဝန်ယူ ကျွေးမွေးပါတယ်။

မင်းသိင်္ခ နဲ့ နဂါးကမ္ဘာလုံး

ဆရာမင်းသိင်္ခစာတွေထဲမှာ သူ့ဇာတ်ကောင် ရွှေတိဂုံဘုရားမှာ ပုတီးစိတ်တဲ့ အကြောင်းရေးတဲ့အခါ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယံ ကမွန်ထမင်းဆိုင် တစ်ဆိုင် မှာ ထမင်းစားတဲ့ အကြောင်း ပါလေ့ရှိတယ်။ မင်းသိမ်းခိုင်ရဲ့ ဆရာ မင်းသိင်္ခ ဘဝဇာတ်ကြောင်းစာအုပ်မှာလည်း ဆရာမင်းသိင်္ခ ရွှေတိဂုံ ဘုရား မှာ တစ်နှစ်တိတိ အဓိဋ္ဌာန် ပုတီးစိတ်တဲ့အချိန်ကလည်း မွန်ထမင်းဆိုင်မှာ ထမင်းစားလေ့ရှိတယ်၊ အဲဒီအချိန်က ဆရာမင်းသိင်္ခမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရလို့ တစ်ခါတစ်လေ အကြွေးစားရတယ်၊ ငံပြာရည်ချက်နဲ့ တို့စရာကို အားပြုစားလွန်းလို့ ဆိုင်ရှင်အဒေါ်ကြီးကတောင် မေးယူရတဲ့အကြောင်းပါခဲ့တယ်။

ဘာ့ကြောင့်မှန်းမသိ စိတ်ထဲမှာ အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို ကောင်း ကောင်းမှတ်မိနေ ခဲ့တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ရွှေတိဂုံ စေတီတော် အောက်ပစ္စယံနဲ့ အလယ်ပစ္စယံမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေအကြောင်းကို လေ့လာ တဲ့အခါ ကျွန်တော့်ကို ကူညီပေးနေတဲ့ ရွှေတိဂုံစေတီဂေါပကအဖွဲ့က ဝန်ထမ်းလေးကို အရှေ့ဘက်စောင်းတန်းမှာ မွန်ထမင်းဆိုင်ရှိလားလို့မေးတော့ မရှိဘူး၊ အရှေ့ဘက် မုခ် နားက ပိုက်လုံး လမ်း မှာတော့ မွန်ထမင်းဆိုင်ကောင်းကောင်းရှိတယ်ဆိုလို့ ရောက်သွားခဲ့တယ်။ အဲဒီ အကြောင်းကို မွန်ထမင်းဆိုင် ဆိုပြီး ဆောင်းပါးလေးရေးတင်ခဲ့တယ်။

အဲဒီဆိုင်ကိုရောက်သွားတဲ့ အချိန်က အောက်ပစ္စယံက ကျောင်းတွေကို လေ့လာနေတဲ့အချိန်ပေါ့။ အခုတော့ အလယ်ပစ္စယံက ဇရပ်တွေကို လေ့လာတဲ့အခါကျတော့ မွန်ထမင်းဆိုင်ဆိုတာကို ခြေရာကောက်ချင်စိတ်ပေါ်လာပြန်ရော။ ဒါနဲ့ ဇရပ်တွေမှာ နှစ်ပေါင်းများ စွာနေထိုင် စောင့်ရှောက်နေသူတွေကို အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို သိလားလို့ မေး ခဲ့တယ်။

ဒီတော့မှ ကျွန်တော်စားခဲ့တဲ့ ၊လက်ရာကောင်းတယ်လို့ ချီးမွမ်းခဲ့တဲ့ “ မိုးမခ” ဆိုတဲ့ မွန်ထမင်းဆိုင် လေးဟာ မူလလက်ဟောင်း အလယ်ပစ္စယံက မွန်ထမင်းဆိုင်ပိုင်ရှင်ရဲ့ မြေး တွေ ဖွင့်ထားတယ်ဆို တာကို သိလိုက်ရတယ်။

ဆရာမင်းသိင်္ခစားခဲ့တဲ့ဆိုင်နာမည်က နဂါး ကမ္ဘာလုံး ပါ။ ဆိုင်ပိုင်ရှင်တွေက ဦးဘခင်၊ ဒေါ်မြတင်၊ မော်လမြိုင်ဘက်က မွန်တိုင်းရင်းသားတွေပါ။ သူတို့က မူလက ထမင်းဆိုင်ဖွင့်တာမဟုတ်ပါဘူး။ ကန်တော်ကြီးနတ်မောက်လမ်းမှာ ရှိတဲ့ မိုးကုတ်ဝိပဿနာတရားရိပ်သာမှာ ချက်ပြုတ်ရေးတာဝန် ယူထားသူတွေပါ။

၁၉ ၇၀ ပြည့်လွန်နှောင်းပိုင်နှစ်တွေမှာ မန္တလေး နဂါး ကမ္ဘာလုံးဆေးလိပ်ခုံပိုင်ရှင် ဦး ပု ၊ ဒေါ်စစ တို့က ဦးဘခင်တို့ ဇနီးမောင်နှံရဲ့ ရိုးသားမှုကို သဘောကျလို့ အလယ်ပစ္စယံမှာ ဖွင့်ထားတဲ့ ဦးဖိုး သွယ်ရဲ့ လက်ဖက်ရည်ဆိုင်ကို ဝယ်ပြီး ထမင်းဆိုင်ဖွင့်ခိုင်းတယ်။ ဆိုင်ခန်းဖိုးကို စိုက်ထားပေးပြီး နောင်မှ ဖြေးဖြေးချင်းပြန်ဆပ်ခိုင်းတယ်။ အဲဒီအချိန်ကတော့ ဦးဖိုးသွယ်ဆိုင်ဆိုတာ ဂရန်ရဆိုင် ပေါ့။ ဦးပု၊ဒေါ်စစ ဆိုတာက မန္တလေး မြောက်ပြင် လှေတန်းရပ်က လို့ ပြောတယ်။

ဦးဘခင်တို့ကလည်း ကျေးဇူးရှင်ကို အလေးထားတဲ့အနေနဲ့ ဆိုင်နာမည်ကို နဂါး ကမ္ဘာလုံး ဆိုပြီး အမည်ပေးခဲ့တယ်။ သားသမီးဆယ်ယောက်ရှိတော့ မိသားစုဝိုင်းလုပ်တယ်။ အလုပ်သမားဆိုရင် လည်း ကိုယ့်ရပ်ကိုယ့်ရွာက လူငယ်လေးတွေကိုပဲ ခေါ်ပြီး အလုပ်ပေးတဲ့အတွက် ဒီဆိုင်ကို မွန် ဆိုင်ဆိုပြီး လူသိများခဲ့တယ်။ အဲဒီအချိန်က မြေးတွေက ဆယ်ကျော်သက်လေးတွေပေါ့။

ဆရာမင်းသိင်္ခ မြောက်ဘက်စောင်းတန်းမှာ ဗေဒင်ဟောတဲ့အချိန်မှာ နဂါး ကမ္ဘာလုံး ထမင်းဆိုင်မှာ ပုံမှန်စားခဲ့တယ်။ ဆိုင်ရှင်တွေနဲ့ရော၊ သားသမီးတွေနဲ့ ပါ ခင်မင်ရင်းနှီးခဲ့ တယ်။ ဒါ့ကြောင့်လည်း ဆရာ့စာတွေထဲမှာ အဲဒီထမင်းဆိုင်အကြောင်းပါနေတာဖြစ်ပါတယ်။ တစ်နေရာမှာတော့ ဆိုင်နာမည်တောင်ထည့်ရေးခဲ့ဖူးတယ်လို့ဆိုတယ်။ ကျွန်တော်တော့ မဖတ် ဖူး ဘူး။

၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ ရွှေတိဂုံဘုရား ဘက်စုံပြုပြင်မွမ်းမံရေးတွေလုပ်တဲ့ အချိန်မှာ ဈေး ဆိုင်တွေလည်းနေရာရွှေ့ပြောင်းခံရတယ်။ ဦးဘခင် တို့ နဂါးကမ္ဘာလုံး ဆိုင်ကလည်း ဂရန်ရ ဆိုင် ဆိုပေမယ့် ရွှေ့တဲ့အထဲပါတာပါပဲ။ ပထမတော့ အလယ်ပစ္စယံ ဒေါ်နိုင်ဇရပ် ရှေ့က ကွက်လပ် ကို ရွှေ့တယ်။ နောက်တစ်ခါ ဝေနေယျသုခရေချမ်းစင်အသင်းနားကို ရွှေ့တယ်။ အဲဒီကနေ မြောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းအောက်က ဆိုင်ခန်းတွေနေရာကို ရွှေ့ရပြန်တယ်။

အဲဒီနေရာကိုရောက်တော့ ဦးဘခင်တို့လည်း အသက်ကြီးပြီ၊ ဆိုင်နေရာကလည်း အလယ်ထဲ ရောက်နေတော့ ဘုရားဖူးတွေအလာနည်းလာတယ်။ ဆိုင်ခန်းတွေကလည်း လေလံဆွဲရတာ ဆို တော့တစ်နှစ်ထက်တစ်နှစ် ဈေးပိုကြီးလာတယ်။ ဒီလိုနဲ့ နဂါးကမ္ဘာလုံး ဆိုင်ကို ပိတ်လိုက် တော့တယ်။ ဒါပေမယ့် သမီးတစ်ယောက်ကတော့ အဲဒီဆိုင်ခန်းတွေနားမှာပဲ ထမင်းဆိုင် သေး သေးလေးတစ်ခု ပြန်ဖွင့်ခဲ့သေးတယ်။ ဒါပေမယ့် ဆိုင်နေရာက နောက်ဘက် ထဲ ရောက်နေတော့ မအောင်မြင်ဘူး။

၂၀၀၈ ခုနှစ်မှာတော့ လက်ရှိ မိုးမခ ဆိုင်နေရာကို ရွှေခဲ့တယ်။ သမီးဖြစ်သူကတော့ အသက်အရွယ် ရလာတော့ ကိုယ်တိုင်မချက်တော့ဘူး။ မြေးအငယ်မကို လက်ထပ်သင်ပေးခဲ့တယ်။ အခုတော့ မြေးအငယ်က ဟင်းချက်၊ မြေးအကြီးက ဆိုင်မှာ ဒိုင်ခံရောင်း၊ ညီအမနှစ်ယောက်တက်ညီ လက်ညီ နဲ့ ချီတက်နေကြတယ်။

နဂါးကမ္ဘာလုံးဆိုင်အကြောင်းမေးဖို့မိုးမခကို နောက်တစ်ခေါက်ပြန်ရောက်တဲ့အချိန်မှာ နေ့ လယ် နှစ်နာရီ ထိုးတော့မယ်။ စားတဲ့သူရှိနေဆဲပဲ။ ကိုယ်တိုင်လည်း ထမင်းမစားရသေးတော့ ငါးတန် ဟင်းတစ်ပွဲနဲ့ ထမင်းမှာစားရင်းစောင့်ခဲ့ရတယ်။ နှစ်နာရီခွဲလောက် လူနည်းနည်းရှင်းသွားမှာ ဆိုင်ရှင် အမကြီးကို မေးခွင့်ရခဲ့တယ်။

ဆိုင်ရှင်အမကြီးက သူက ငယ်ငယ်ထဲက ဈေးရောင်းတာပဲ ဝါသနာပါလို့ ဆိုင်ကို တာဝန်ယူ တယ်။ ညီမကတော့ ဟင်းချက်တာဝါသနာပါလို့ အမေ့ဆီက နည်းယူပြီး နောက်ကနေ ဒိုင်ခံချက် တယ်လို့ဆိုတယ်။ အမေက အဖိုးအဖွားလက်ထက်ထဲက မီးဖိုချောင်ဝင်ခဲ့တာဆိုတော့ အဖွားလက်ရာကို အမွေဆက်ခံ ခဲ့တာပေါ့။ ဒါ့ကြောင့် “ မိုးမခ”ဟာ ဆရာမင်းသိင်္ခစားခဲ့တဲ့ “ နဂါးကမ္ဘာလုံး” လက်ရာအတိုင်းပဲလို့ ဆိုရင် မမှားဘူး။

ကျွန်တော်ကတော့ ဒီဆိုင်လေးရဲ့ ငါးဟင်းတွေကို ပိုပြီးခံတွင်းတွေ့တယ်။ လေးလေးပင်ပင်နဲ့ အရသာရှိတယ်။ ဟင်းအမယ်တစ်ခုနဲ့တစ်ခု ဟင်းအနှစ်ပုံစံမတူတာကို သဘောကျတယ်။ ဆိုင်ရှင် အမကြီးက ဟင်းချက်နည်းအတိအကျကိုမပြောပေမယ့် သားငါးတွေကို လုံးချက်တာမျိုးမလုပ်ဘူး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အချိန်ယူနှပ်ထားပြီးမှ ချက်တယ်။ ငါးပိစိမ်းစားလေးနည်းနည်း ထည့်တယ်လို့ဆိုတယ်။

အဲဒီလို အချိန်ယူပြီးချက်တာကြောင့်ထင်ပါရဲ့။ မနက် ၁၁ နာရီကျော်ဆိုရင် ဟင်းမစုံသေးဘူး။ ဟင်းချက်တဲ့နေရာက ဆိုင်မှာမဟုတ်ဘူး။ ပိုက်လုံးလမ်းအောက်ဘက် လမ်းကြားထဲက အိမ် မှာ ချက်ပြီး ဗန်းတွေနဲ့ ပို့တာဆိုတော့ ၁၂ နာရီလောက်မှ ဟင်းစုံတယ်။

ဒီဆိုင်မှာ ငါးဟင်း၊ဘဲဥဟင်းတို့နဲ့တစ်ခါပြင် ၈၀၀ ဆိုတော့ ဝန်ထမ်းတွေ၊ အရှေ့ဘက် စောင်း တန်းပတ်ဝန်းကျင်မှာ နေထိုင်သင်တန်းတက်နေသူတွေ လက်လှမ်းမီ စားနိုင်ကြတယ်။ ထမင်း တစ်ပွဲ ၃၀၀၊အရန်ဟင်းပွဲတစ်ပွဲ နှစ်ရာ၊ ငါးပိရည်၊တို့စရာ၊ ငါးပိထောင်း အခမဲ့ ပေါင်း ငါးရာ နဲ့ စားသွားတဲ့လူလည်းတွေ့ခဲ့တယ်။

သူ့ဈေးနဲ့ဆိုရင် အမြတ်အများကြီးရမယ့်ပုံတော့မရှိဘူး။ ဒါပေမယ့် ဆိုင်ရှင်အမကြီးကတော့ အဖွားက “မလှုတတ် ဈေးရောင်း” လို့ မှာခဲ့တယ်လို့ဆိုတယ်။

မင်းသိင်္ခ စားခဲ့တဲ့ဆိုင်ကို ခြေရာကောက်ရှာပုံတော် ဖွင့်ခဲ့တာ အောင်မြင်ခဲ့ပြီ၊ သူစားတဲ့ဆိုင်မှာ စားခွင့်မရှိတော့ပေမယ့် သူစားခဲ့တဲ့ လက်ရာကိုတော့ စားခွင့်ရခဲ့တယ်၊ လက်ရာကောင်းတဲ့ ဆိုင် တစ်ဆိုင်ကိုလည်း ရှာတွေ့ခဲ့တယ်။

ရွှေတိဂုံ အရိပ်အောက်မှာ (၅)

ဖွားခက် ဇရပ်

မိုးညှင်းစံကျောင်းက ဆက်လေ ျှာက်လာရင် မော်လမြိုင်အသင်းဇရပ်ကို တွေ့မယ်။ ဒီဇရပ်က မူလက တောင်ဘက်မုခ်မှာရှိခဲ့တာပါ။ ၁၉၉ ၀ ပြည့်လွန်နှစ်တွေမှာ ရွှေတိဂုံ ဘက်စုံမွမ်းမံမှု တွေလုပ် တော့ တောင် ဘက်မုခ်က အသင်းတိုက်တွေ၊ ဇရပ်တွေဖယ်ပေးရတဲ့အထဲမှာ မော်လမြိုင်ဇရပ် လည်းပါသွားတဲ့အတွက် အခု လက်ရှိနေရာကို အစားပြန် ပေးတယ်။ ဒီနေရာက ချောက်ကမ်းပါး ဖြစ်နေလို့ မြေဖို့ပြီးဆောက်ခဲ့ရတယ်။ အခုတော့ မော်လမြိုင် ဓမ္မာရုံလို့ ခေါ်တယ်။ ဓမ္မာရုံရှေ့ ကျောက်စာမှာတော့ ၂၉ -၅-၁၉ ၉ ၇ မှာ ပန္နက်ချတယ်၊ ၃၁-၃-၁၉ ၉ ၈ မှာပြီးတယ် လို့ဖော်ပြ ထားတယ်။

မူလ မော်လမြိုင်ဇရပ်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတယ်။ ၁၉ ၃၆ ဖေဖော် ဝါရီလ ၂၅ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေသပိတ်မှောက်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက် သပိတ်မှောက်ကျောင်းသူတွေက မော်လမြိုင်ဇရပ်မှာ စုပေါင်းတည်းခိုခဲ့ကြတယ်။

မော်လမြိုင်ဇရပ်ဟာ တို့ဗမာအစည်းအရုံး ( သခင်ကိုယ်တော်မှိုင်း) ဌာနချုပ်လည်း ဖြစ်ခဲ့ဖူး တယ်။ ၁၉ ၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက တို့ ဗမာအစည်းအရုံးဌာနချုပ် မော် လမြိုင်ဇရပ်ကို ရဲနဲ့ ဝိုင်းပြီး ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ အတွင်းရေးမှူး သခင်အောင် ဆန်းနဲ့ သခင်ခေါင်းဆောင်တွေကို ဖမ်းပြီး အရေးပေါ် စီမံမှုအက်ဥပဒေနဲ့ အရေးယူခဲ့တယ်။ သူတို့ ကို ၁၅ ဖမ်းထားပြီးတဲ့နောက် အာမခံနဲ့ပြန်လွှတ်ပေးခဲ့တယ်။

မော်လမြိုင်ဇရပ်မှာ တည်ထောင်ခဲ့တဲ့မော်လမြိုင်အသင်းကတော့ ၂၀၁၈ ခုနှစ်မှာ နှစ်တစ်ရာပြည့် ခဲ့ပြီ။ အသင်းထောင်ပြီးမှ ဇရပ်ဆောက်တာလား၊ ဇရပ်က အရင်ပေါ်တာလားဆိုတာတော့ မေးလို့ မရဘူး။ မော်လမြိုင်အသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌက ဆာဦးသွင် ဖြစ်ပြီး သူ့ဓာတ်ပုံကို ဓမ္မာရုံထဲမှာ ချိတ်ဆွဲထားပါတယ်။

မော်လမြိုင်ဓမ္မာရုံကို လွန်တော့ ဖွားခက်ဇရပ်ကိုရောက်တယ်။ အုတ်ဇရပ်ကြီးရဲ့ ဘေးနဲ့ နောက်မှာ ကျောင်းတိုက်နဲ့ ဆွမ်းစားဆောင်တို့ တိုးချဲ့ထားတယ်။ ဇရပ်မျက်နှာစာ နံရံ ညာဘက်ထောင့်မှာ
“ ၁၂၉ ၇ ခုနှစ် နတ်တော်လဆန်း ၇ ရက်နေ့တွင် ကြည့်မြင့်တိုင်။ ဗါးကရာလမ်း နှင့် အလယ် လမ်း ထောင့်တိုက်နေ။ အဖွားခက် ပူဇော်လှုဒါန်းသည့် မိမိသက်စေ့ ဘုရားရှစ်ကျိပ် သုံးဆူ နှင့် ဇရပ်” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဖွားခက်က ဒီဇရပ်ကို လှုဒါန်းခဲ့သလို သူကွယ် လွန်ချိန်မှာလည်း သူနေထိုင်တဲ့ နှစ်ထပ်တိုက်ကို ရွှေတိဂုံဘုရားကို လှုဒါန်းခဲ့တာပါ။ အခုတော့ အဖွားခက်အိမ်နေရာမှာ ရွှေတိဂုံဂေါပက အဖွဲ့က ငါးထပ်တိုက်တစ်လုံးဆောက်ထားတယ်လို့ သိ ရ ပါတယ်။

ဇရပ်အတွင်းကတော့ ခန်းမကျယ်ကြီးပါပဲ။ နောက်ဘက်တံခါးအဝင်မှာ “ သံတံခါး ကောင်းမှုရှင် အဖွါးခက် သ္မီးဒေါ်တုတ် ကြည့်မြင်တိုင်” လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ ဇရပ်အတွင်းပိုင်းမှာ ထူးခြားတာက ဓမ္မာရုံအများစုမှာ တွေ့ရတဲ့ ဘုရားစင်နေရာကို နှစ်ထပ်လုပ်ထားတယ်။ အောက် ထပ်က တရားဟော ပလ္လင်ရှိပြီး အပေါ် ထပ်က ဘုရားစင်လုပ်ထားတယ်။ ဆရာတော်တွေ တရား ပေးတဲ့အခါ ဘုရားစင်ကို ကွယ်မနေတော့ဘူးပေါ့။ ဒီပုံစံကို အောက်ပစ္စယံ အောင်ခြင်း ပဋိကတ်တိုက်ဓမ္မာရုံမှာလည်းတွေ့ခဲ့ရတယ်။ ဘုရားစင်နဲ့ တစ်တန်းတည်း နံရံတစ်လေ ျှာက်မှာ ရပ်တော်မူပုံတော်တွေရှိတယ်။ အဘွားခက် လှုဒါန်းခဲ့တဲ့ ဘုရားရှစ်ကျိပ်သုံးဆူဆိုတာ ဒီရုပ်ပွားတော် တွေကို ဆိုလိုတာပါ။ အခုတော့ နောက်လူတွေက ပြုပြင်မွမ်းမံထားပြီး စုစုပေါင်း ၁၀၄ ဆူရှိနေပြီ။ ဓမ္မာရုံထဲမှာ ဟိုးရှေးထဲက ရှိခဲ့တဲ့ ဥပုသ်သည်တွေခေါင်းအုံးတဲ့ သစ်သားခေါင်းအုံးတွေရှိသေးတယ်။

ဒီဇရပ်မှာ ပထမဆုံးကျောင်းထိုင်ခဲ့တာက ဆရာတော်ဦးဝဏ္ဏ ဖြစ်ပါတယ်။ ဆရာတော်က သူ့ဘ၀ ဖြစ်စဉ်ကနေ တရားသံဝေဂရယူနိုင်ဖို့အတွက် ဇရပ်အတွင်းနံရံမှာ စာတမ်းလေးတွေနဲ့ ဓာတ်ပုံ တွေတွဲပြီးဖော်ပြထားတယ်။နှစ်ကာလတွေကြာလာတော့ ဓာတ်ပုံတစ်ချို့မရှိတော့ဘူး။ ဆရာတော် ရေးသားဖော်ပြထားတာက ဒီလိုပါ –

၁။ ဘဝသံသရာမှ လွတ်မြောက်ကြောင်း ကူညီထောက်ပန့် သံဝေဂ ဖြစ်စေရန် ဦးဝဏ္ဏ၏ အမှန် ဖြစ်ပျက်မှု ၊ ရုပ်ပုံတရားစုများ ။ ( တရားဆောင်ပုဒ်များဖော်ပြထားသည့် ဆိုင်းဘုတ်ရှိ)

၂။ ၁၂၅၆ ခု နယုန်လ္ဆုပ် (၁၀) ရက်နေ့ဖွား၊ လောကီပညတ်အမည် မောင်ဘိုးမြှင် ( ဇာတိ) ဖြစ်ပေါ် ခြင်းတရား ( ဥပါဒ် ) ( ကလေးငယ်ပုံ)

၃။ မောင်ဘိုးမြှင် ကျောင်းသား အသက် (၁၄) နှစ်အရွယ် (ဇရာ) အိုခြင်းတရား ( ဋ္ဌီ) ( ခေါင်းပေါင်းနှင့် လူငယ်လေးပုံ)

၄။ မောင်ဘိုးမြှင်၊ စာတိုက်ဗိုလ်ဘဝ၊ အသက် (၄၀) နှစ် အရွယ်၊ (ဇရာ) အိုခြင်းတရား ( ဋ္ဌီ)။ (ခေါင်းပေါင်း၊မျက်မှန်နှင့် လူလတ်ပိုင်းပုံ)

၅။ လခစားမှ ထွက်၊ ကိုယ်ပိုင်အလုပ်ကူးပြောင်း၊ ဦးမြှင်နှင့် သားများ ကုမ္ပဏီ တည်ထောင် အသက် (၅၅) နှစ် ဇရာ အိုခြင်းတရား ( ဓာတ်ပုံမရှိ)

၆။ ကိုယ်ပိုင်အလုပ်နှင့် ကြီးပွား၊ ဇနီး အနိစ္စရောက်၊ သံဝေဂရ၊ လောဘ၊ ဒေါသ၊မောဟ၊ ခေါင်းပါး၊ ရသေ့ဝတ်နှင့် ကိုးပါးသီလဆောက်တည် (၆၄) နှစ် (ဇရာ) အိုခြင်းတရား (ဋ္ဌီ) ( ဓာတ်ပုံမရှိ)

၇။ ရသေ့ကြီး ဦးမြှင်၊ သံဝေဂကြီးထွား၊ သားသ္မီး(၇)ဦးအား (၅၀၀ဝိ)စီအမွေပေး၊ ကိလေသာ အကုသိုလ်တောမှ အဖွားခက်ဓမ္မာရုံသို့၊ ထွက်လာ၍ တရားရှုနေခြင်း အသက် (၆၈) နှစ် ( ဇရာ) အိုခြင်းတရား (ဋ္ဌီ) ( ရသေ့ဝတ်နှင့်တရားထိုင်နေပုံ)

၈။ ရသေ့မှ ရဟန်းဘောင်သို့တက်၊ သိမ်မှ အထွက် သား၊သ္မီးယောဂီများလှုဒါန်းကြခြင်း (၁၃၂၅) ခု တော်သလင်းလ္ဆန်း (၁၄) ရက်နေ့ (၆၉ ) နှစ် ဇရာ အိုခြင်းတရား (ဋ္ဌီ) ( ဓာတ်ပုံမရှိ)

၉ ။ တောထွက်ကြီး ဦးဝဏ္ဏ၊ သိမ်မှ အဖွားခက်ဓမ္မာရုံသို့ သားသ္မီးယောဂီများနှင့် ပြန်ကြွလာခြင်း (၆၉ )နှစ် (ဇရာ) အိုခြင်းတရား (ဋ္ဌီ) (ဓာတ်ပုံမရှိ)

၁၀။ တောထွက်ကြီး ဦးဝဏ္ဏ ပြည်မြို့ ယျဉ်ပေါင်စာ တောရကျောင်း၌ တောရဆောက်တည်စဉ် ( ၇၀)နှစ် (ဇရာ) အိုခြင်းတရား (ဋ္ဌီ) ( သင်္ဃန်းဝတ်နှင့်တရားရှုမှတ်နေပုံ)

၁၁။ တောထွက်ကြီး ဦးဝဏ္ဏ၊ ပြည်မြို့တောရမှ၊ ရန်ကုန်ရှိ၊ သားသ္မီးများထံ ပြန်ကြွလာခြင်း (၇၄) နှစ် (ဝါတော်၄ ဝါ) ဇရာ အိုခြင်းတရား ( ဋ္ဌီ) (သပိတ်၊ တောင်ဝှေး နှင့် ပုံ)

၁၂။ တောထွက်ကြီး ဦးဝဏ္ဏ၊ တစ်နေ့၌ ကိန်းသေတွေ့ဆုံခံစားရမည့်၊ နာခြင်းသဘောပုံ (ဗျာဓိ) နာခြင်းတရား ( ဋ္ဌီ) ( ဆရာတော် လက်ဝဲနံစောင်းနှင့် လှဲလျောင်းနေပုံ)

၁၃။ တောထွက်ကြီး ဦးဝဏ္ဏ၊ တစ်နေ့၌ ကိန်းသေတွေ့ဆုံ ခံစားရမည့်၊ သေခြင်းသဘော အရိုးစု များ၏ သဘောပုံ ( မရဏ) သေခြင်းတရား (ဘင်) ( အရိုးစုပုံ ပန်းချီကား)

၁၄။ ဦးဝဏ္ဏ၏ ပထဝီအမာခံ၊ အရိုးစုတို့ ဖွဲ့စည်း၊ အာပေါထောက်ကန် ဝါယော၊ ရင့်ကျက် တေဇော၊ ဓာတ်သဘောချုပ်သဖြင့် ၊ ပျောက်ကွယ်ရန် ရှေ့ရှု၍ ဖရိုဖရဲ ကြဲပြန့်၊ အနိစ္စ မမြဲခြင်း သဘောပုံ ( အရိုးစုများပုံပန်းချီကား)

ဆရာတော်ကွယ်လွန်တဲ့အချိန်မှာ မှတ်တမ်းတင်ထားတယ်လို့ ယူဆရတဲ့ဓာတ်ပုံတစ်ချို့ရှိ တယ်။ ဒါပေမယ့် ဘီဒိုကြီးတစ်လုံးနဲ့ ကွယ်နေလို့မမြင်ခဲ့ရဘူး။

ဓမ္မာရုံထဲမှာ “ ၁၂၁၅ ခု ဇရတ်အမကြီးအဖွားခက်ပုံ” လို့ စာတမ်းထိုးထားတဲ့ ဓာတ်ပုံကြီးရှိ တယ်။ အဖွားခက်ရဲ့ သားလတ် အရေးပိုင်မင်း ဦးဘိုးလတ် ၁၂၄၅ ခုဖွား၊ သမီးအငယ်ဆုံးဒေါ်နွဲ့၊ သူ့ခင်ပွန်း ဦးထွန်း (စာတိုက်)(ရန်ကုန်မြို့တော်ဝန် ၁၉ ၅၃-၅၄) တို့ရဲ့ ဓာတ်ပုံတွေလည်း ရှိတယ်။ ဓာတ်ပုံတစ်ပုံမှာတော့ မြို့မဓာတ်ပုံတိုက်လို့ စာတမ်းထိုးထားတယ်။ သမီးကြီး ဒေါ်တုတ် ရဲ့ ပုံတော့မတွေ့ရဘူး။ အခုတော့ လွန်ခဲ့ တဲ့ တစ်နှစ်ကျော်က မြစ်နဲ့တီတွေတစ် ခေါက်ရောက်လာ တာက လွဲရင် အဖွားခက် မျိုးဆက်တွေ လာတာမရှိသလောက်ဖြစ်သွားပြီ။

လက်ရှိဆရာတော်ကတော့ ဆရာတော်ဦးဝိစာရ၊ သက်တော်ငါးဆယ့်သုံးနှစ်ပါ။ ကျောင်းထိုင်တာ ၁၅ နှစ်ရှိပြီ။ ဆရာတော်က တတိယမြောက်ကျောင်းထိုင်ဆရာတော်ပါ။ အဖွားခက်ဇရပ်မှာ ဝါတွင်း ၊ ဝါပ ဥပုသ်ယူလို့ရပါတယ်။ ဝါပမှာ ပုံမှန်ဥပုသ်သည် သုံးဆယ်လောက်ရှိပြီး ဝါတွင်း ဆိုရင်တော့ တစ်ရာကျော်တယ်။ ဥပုသ်သည်တွေကို တရားလည်းထိုင်ခိုင်းပါတယ်။ သင်္ကြန်တွင်းမှာဆိုရင် ဒုလ္လဘ ငါးဆယ်လောက်၊ ဥပုသ်ယူတရားထိုင်သူ နှစ်ရာကျော်လောက်ရှိပါတယ်။ ကျောင်းကပဲ အဟာရကျွေးပါတယ်။ နယ်ကလာသူတွေလည်းရှိပါတယ်။ ရွှေတိဂုံပတ်ဝန်းကျင်က ဇရပ်တွေဆို တော့ ဘုရားကိုလည်း နေ့စဉ်ကြည်ညိုရ၊ တရားဘာဝနာလည်းပွားရတဲ့အတွက် နယ်က ဘုရားဖူး တွေအတွက်အတော်အဆင်ပြေပါတယ်။