ကြွပ်ကြွပ်အိတ်

ကြွပ်ကြွပ်အိတ် လို့ အလွယ်ခေါ်နေတဲ့ တစ်ခါသုံး ပလတ်စတစ်အိတ်တွေက သဘာဝပတ် ဝန်းကျင် ထိန်း သိမ်းရေးအတွက်ကတော့ ရန်သူပဲ။ ဒီအိတ်တွေကို ထုတ်လုပ် ဖို့ အတွက် ရေနံ၊သဘာဝဓာတ်ငွေ့စတဲ့ ရုပ်ကြွင်းလောင်စာတွေကို အခြေခံရတယ်။ အမေရိကန် တစ်နိုင်ငံ တည်းမှာ တစ်နှစ်ကို ပလတ်စတစ်အိတ် ဘီလျံ တစ်ရာကျော်သုံးပြီး အဲဒီ အိတ်တွေကို ထုတ်လုပ် ဖို့အတွက် ရေနံစည် ၁၂ သန်း ကုန်ကျသတဲ့။

ဒါ့အပြင် ဒီအိတ်တွေ ကို စွန့်ပစ်လိုက်တဲ့အခါ ဆွေးမြေ့ပျက်စီးဖို့အတွက် နှစ်ပေါင်းရာချီ ကြာတယ်။ ဒီအိတ်တွေ မြေကြီး ထဲမှာ ရှိနေတဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ တွေထုတ်လွှတ်တယ်။ ရေထဲမှာ ရှိနေ တဲ့အခါ ရေနေသတ္တဝါတွေကို ဒုက္ခပေးတယ်။ စည်းကမ်းမဲ့ စွန့်ပစ်မှုထားတဲ့ ပလတ်စတစ်အိတ် တွေကြောင့် သဘာဝရှုခင်းအလှပျက်ရတယ်။ ဒါပေမယ့် ဒီကြွပ်ကြွပ်အိတ်တွေက တစ်ချို့သူတွေ ဘဝရှင်သန်ရေးအတွက် အရေးပါနေပြန်ရော။

ဒီနေ့မနက် ဦဝိစာရ လမ်းအတိုင်း လမ်းလေ ျှာက်ရင်းနဲ့ ရွှေတိဂုံ အနောက်ဘက်မုခ်ကို ရောက် တဲ့ အခါ ကားလမ်းအတိုင်း ဆက်မလေ ျှာက်ချင်တော့တာနဲ့ အနောက်ဘက်မုခ် ပန်းခြံထဲဝင်လိုက် တယ်။ ပန်းခြံထဲရောက်တော့ လေ ျှာက်လမ်းဘေး သစ်ပင်ရိပ်မှာ ပလတ်စတစ် ထမင်းဘူးလေး တွေဖွင့်စားနေတဲ့ အမျိုးသမီးသုံးယောက်ကိုတွေ့တယ်။ အသက် ခြောက်ဆယ်လောက်လို့ ခန့် မှန်းရတဲ့သူတစ်ယောက်၊ လေးဆယ်ကျော် သက်လတ်ပိုင်း တစ်ယောက်နဲ့ ဆယ့်သုံးလေးနှစ် အရွယ် ကလေးမ လေးတစ်ယောက်။ အဝတ်အစားတွေက နည်းနည်းနွမ်းနေပေမယ့် သပ်သပ် ရပ်ရပ် ၊ မျက်နှာမှာလည်း သနပ်ခါးနဲ့ ဘာနဲ့။

သူုတို့ ထမင်းဘူးထဲမှာ ထမင်းဖြူနဲ့ ငရုတ်သီးကြော်တွေပဲ ပါတယ်။ ဒီနေ့ အခြေခံလူတန်းစား တွေရဲ့ ထမင်းဘူးအများစုက ဒီလိုပါပဲ။ လစာနည်းတဲ့ ရုံးဝန်ထမ်း လေးတွေ၊ အရောင်းဝန်ထမ်း လေး တွေ ဆိုရင်လည်း အသုပ်စုံတစ်ပွဲ ခုနှစ်ရာ၊ ရှစ်ရာ၊ ထမင်းအလွတ်တစ်ပွဲ နှစ်ရာ၊ သုံးရာ တန်နဲ့ ပြီးလိုက်ရတာပါပဲ။ ပြီးတော့ အများစုက နံနက်စာနဲ့ နေ့လယ်စာကို ပေါင်းပြီး စားလိုက် ကြတာပါ။ ၂၀၁၅ ခုနှစ် နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေချိန်က အခုလိုပဲ မနက်လမ်း လေ ျှာက်ရင်း တွေ့ခဲ့ရတဲ့ စည်ပင် သန့်ရှင်းရေးဝန်ထမ်းများရဲ့ နံနက်စာအကြောင်းကို ဘရန့်ချ် ( Brunch) ဆိုပြီး အက်ဆေးလေးရေးခဲ့ဖူးတယ်။

ကျွန်တော်ကြည့်နေမှန်းသိတော့ သက်လတ်ပိုင်းအမျိုးသမီးက ပြုံးပြပြီး “ စားပါဦး” လို့ လှမ်းခေါ် တယ်။ ဖိတ်တဲ့အတွက်ကျေးဇူးတင်ကြောင်း၊ မစားတော့ပါဘူးဆိုတဲ့ အကြောင်းပြန်ပြောရင်း နဲ့ ဘုရားဝန်ထမ်းတွေလားလို့မေးလိုက်တော့ မဟုတ်ဘူး၊ သူတို့က သံလျင်က လာတဲ့ အဖွဲ့တဲ့။ ဘုရားဖူးဖို့တော့မဟုတ်ဘူး။ အခုလို ဘုရားဖူးအလာများတဲ့ ရုံးပိတ်ရက်တွေမှာ ဘုရား ဖူးတွေကို ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်လေးတွေ ရောင်းတဲ့သူတွေ။ ဒါပေမယ့် တစ်အိတ် ဘယ် လောက်ဆို ပြီး ရောင်းတာလည်း မဟုတ်ဘူး။ ဖိနပ်ထည့်တဲ့ အိတ်လိုတဲ့သူက ယူသွား၊ စေတနာ ရှိ သလောက် ပေးခဲ့ပေါ့။ အများအားဖြင့်တော့ တစ်အိတ် ငါးဆယ် တော့ ပေးသွားတာပါပဲ။

သက်လတ်ပိုင်း အမျိုုသမီးနဲ့ ကလေးမလေးက သားအမိ၊ အသက်ကြီးကြီးအမျိုးသမီးက အိမ်နီး နားချင်း။ သံလျင်ကနေ လိုင်းကားနဲ့လာတယ်။ လိုင်းကားက မနက်ငါးနာရီခွဲဆိုထွက်တယ်။ ဗဟန်းသုံးလမ်းမှတ်တိုင်အထိ လေးရာပေးရတယ်။ မှတ်တိုင်ကနေ အနောက်ဘက်မုခ်ကို လမ်းလေ ျှာက်လာရတယ်။ အနောက်ဘက်မုခ်ရောက်ရင် ပြည်သူ့ရင်ပြင် ဘက်ကနေ ဘုရားကို ကူးလာတဲ့ ဘုရားဖူးတွေကို ဖိနပ်ထည့်ဖို့ အိတ်ယူသွားပါဦးလို့ ကမ်းလှမ်း၊ ယူတဲ့သူရှိရင် တစ်အိတ်ကို စေတနာရှိ သလောက်ပေးပေါ့။ ထမင်းကတော့ နံနက်စာနဲ့ နေ့လယ် စာ ပေါင်းစား ၊ မွန်းလွဲ တစ်နာရီ လောက် ဘုရားဖူးပါးပြီဆိုရင်တော့ လိုင်းကားစီးပြီး အိမ်ပြန်၊ အိမ် ရောက်တော့ ညစာကို စောစောစားပေါ့။

သံလျင်မှာပဲ အလုပ်ရှာပါလားဗျာ၊ ဒီထိ လာပြီး ရေခြားမြေခြား လုပ်ရတာ ဘယ်လွယ်ပါ့မလဲ ဆို တော့ ကျွန်မတို့အရွယ်တွေအတွက် သံလျင်မှာ အလုပ်ရှားတယ်လို့ သက်လတ်ပိုင်းအမျိုးသမီးက တော့ ပြောတယ်။ သူက အတော်သွက်တယ်။ မေးသမ ျှ သူပဲ ဒိုင်ခံဖြေတာ။ သူ့ခင်ပွန်းဖြစ်သူက သံလျင်က ဈေးတစ်ခုမှာ ညစောင့် ၊ နေ့ခင်းဘက် ပျံကျ လုပ်တယ်။ ခင်ပွန်းဖြစ်သူ လစာ တစ်ခု တည်းနဲ့ မလောက်တော့ အပို ဝင်ငွေ ရှာတာပေါ့။ ဒါကလည်း ရုံးပိတ်ရက်၊ ဘုရားဖူး များတဲ့ အချိန်ပဲ အဆင်ပြေတာပါ။

ရောင်းကောင်းလားဆိုတော့ တစ်နေ့ သုံးလေးထောင်ရလည်း မဆိုးဘူးလေ၊ ဈေးဖိုးလေး ရတာပေါ့လို့ ဆိုတယ်။ ဒါပေမယ့် သူတို့လို ရောင်းတဲ့သူတွေကများပြီး တစ်ချို့ကျတော့ လည်း ဘုရားဖူးကို ဆွဲတော့မလို အတင်းရောင်းတော့ ငြိုငြင်ခံရတာလည်း ရှိတယ်။ တစ်ချို့ရက် တွေမှာ လုံခြုံရေးတို့ စည်ပင်တို့က မောင်းထုတ်တာလည်း ရှိတယ်။ ဒါပေမယ့် ဝမ်းရေးဆိုတော့ ဒီနားက မောင်းထုတ် ဟိုနားသွားရောင်းပေါ့တဲ့။

တကယ်တော့ ကျွန်တော်လည်း ဘုရားဖူးသွားတဲ့အခါ စောင်းတန်းအစမှာတွေ့ရတတ်တဲ့ ကြွပ်ကြွပ်အိတ် ကမ်းပေးတဲ့သူတွေ အပေါ် ငြိုငြင်စိတ်ဖြစ်ခဲ့ဖူးတော့ သူတို့ ပြောစကားကို နားထောင်ရင်း အပြစ် ရှိသလို ခံစားမိတယ်။ ဒါနဲ့ သူတို့ဆီက ကြွပ်ကြွပ်အိတ် တစ်ရာပါ တစ်ထုတ်ကို ယူလိုက်ပြီး စေ တနာရှိတဲ့အတိုင်း ပြန်ပေးလိုက်တယ်။ ကိုယ်ကတော့ ကြွပ်ကြွပ် အိတ်သုံးတာကို အတတ်နိုင် ဆုံး လေ ျှာ့နေပေမယ့် ကြွပ်ကြွပ်အိတ်လေး သုံးလေးအိတ်ယူသွားဖို့ အကြောင်း လ ျှာထွက် အောင် ပြောနေရတဲ့ သူတို့အတွက် အိတ်တစ်ရာ ကုန်သွားရင်အတော် အကျိုးရှိသွားတာပဲဆိုတဲ့ စိတ်နဲ့ ဝယ် လိုက်တာပါ။

ပန်းခြံထဲမှာ လှည့်ပတ်လမ်းလေ ျှာက်ပြီး ပြန်ထွက်လာတော့ ဘုရားဖူးတွေလည်း အတော်များ နေပြီ။ မုခ်ဝမှာလည်း စည်းကမ်းထိန်းသိမ်းမယ့်ဝန်ထမ်းတွေ၊ လုံခြုံရေးတာဝန်ယူမယ့် ဝန်ထမ်း တွေ ရောက်နေပြီ။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အဖွဲ့တွေကတော့ မောင်းထုတ်ခံရလို့ထင်တယ်။ မုခ် နားမှာ မရှိတော့ဘူး။ ခပ်လှမ်းလှမ်းက အငှားယှဉ်ရပ်ဖို့ သတ်မှတ်ထားတဲ့ဘက်မှာ ရောက်နေ တယ်။

ပျံကျဈေးသည်တွေရှိနေတဲ့အတွက် အမြင်မတော်ဘူး၊ ဘုရားဖူးတွေ အနှောင့်အယှက်ဖြစ်တယ် ဆိုတာ လည်း အမှန်ပဲ။ ဒါပေမယ့် ပျံကျဈေးသည်တွေဖြစ်လာစေတဲ့ ဆင်းရဲနွမ်းပါးမှု၊ အလုပ် အကိုင် ရှားပါးမှုဆိုတဲ့ အကြောင်းအရင်းတွေကို မဖြေရှင်းနိုင်သရွေ့တော့ ပျံကျဈေးသည်တွေ ရှိနေ ဦးမှာ ပဲ၊ ဒီနေရာက မောင်းထုတ်ရင် နောက်တစ်နေရာမှာ သွားရောင်းနေဦးမှာပဲ။ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။

ဒါပေမယ့် ပြဿနာ အားလုံးရဲ့ အကြောင်းရင်းခံဟာ ငါပါလား ဆိုတာကို မမြင်နိုင်တဲ့ သူတွေ နေတဲ့ ဒီနိုင်ငံမှာ ပျံကျဈေးသည်တွေဖြစ်လာရတဲ့ အကြောင်းကို မဖြေရှင်းဘဲ မောင်းထုတ်ဖို့ပဲ လုပ်နေ တာ မဆန်းပါဘူး။

အမြောက်တစ်လက်

လွန်ခဲ့တဲ့ လေးနှစ် ၇-၁၀-၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ဆောင်းပါး။ မဖတ်ရသေးသူများ ဖတ်နိုင်ဖို့မ ျှဝေလိုက်ပါတယ်။

“အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တွ မဟာဗျူဟာ အမှားကို ကျူးလွန်မိရင် ပြင်ဖို့ ခက်တယ်၊ ပေးဆပ်ရတဲ့အရင်းအနှီးကြီးမားတယ်”

( ဆောင်းပါးကောက်နှုတ်ချက်)


အမြောက်တစ်လက်

စင်္ကာပူကျွန်းတောင်ဘက်ကမ်းခြေမှာ ရှိတဲ့ Labrador ပန်းခြံမှာ လူအများစုက ကမ်းခြေ တစ် လေ ျှာက်မှာပဲ အပန်းဖြေကြတယ်။ ဒါပေမယ့် နောက်ဘက်က တောအုပ်ထဲကို ဝင်သွားလိုက်မယ် ဆိုရင် တောင်ကုန်းထိပ်မှာ အမြောက်စခန်းဟောင်းတစ်ခုနဲ့ အမြောက်ကြီးတစ်လက်ကို တွေ့လိမ့် မယ်။ အဲဒီတောင်ကုန်းအခြေမှာလည်း ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ စက်သေနတ်ထားတဲ့ အခိုင်အမာ ကွန်ကရစ်ဘန်ကာတွေရှိတယ်။

ဗြိတိသ ျှတွေက စင်္ကာပူကျွန်းကာကွယ်ရေးအတွက် ပြင်ဆင်ခဲ့ချိန်မှာ ရန်သူဟာ ပင်လယ်ဘက်က လာမယ်လို့မေ ျှာ်လင့်ခဲ့တယ်။ ဒါ့ကြောင့် ကမ်းခြေစောင့်အမြောက်ကြီးတွေ၊ ပင်လယ်ကမ်းခြေ နဲ့ ဝင်ထွက်လမ်းတွေကို စောင့်ကြည့်မယ့် စက်သေနတ်ဘန်ကာတွေကို အခိုင်အမာ ပြင်ဆင်ထား ခဲ့တယ်။ ကျွန် တော်တို့ဌာနနားမှာလည်း ပင်လယ်ကမ်းခြေဘက်ကို မေ ျှာ်လ့င်ပြီးဆောက်ထားခဲ့ တဲ့ ဘန်ကာ တစ်ခုရှိသေးတယ်။ ရန်သူဟာ မလေးကျွန်းဆွယ်ဘက်ကလာမယ်လို့ မထင်ခဲ့တဲ့ အတွက် အဲဒီဘက် မှာ ခံစစ်တည်ဆောက်မှုအားနည်းခဲ့တယ်။

တကယ်ကျတော့ ဂျပန်တွေက ထိုင်းနဲ့ မလေးကမ်းခြေမှာ ကမ်းတက်ပြီး မလေးကျွန်းဆွယ် အတိုင်း ချီတက်လာခဲ့တော့ အထင်နဲ့ အမြင်လွဲခဲ့တယ်။ အဲဒီကမ်းခြေဘက်မှာ တောင်ဘက် ကမ်းခြေ လို အခိုင်အမာခံစစ်စခန်းတွေမရှိဘူး။တောင်ဘက်ကမ်းခြေက ကမ်းခြေစောင့်အမြောက် အတော် များ များက ပင်လယ်ဘက်ကို ချိန်ရွယ်ထားတဲ့အတွက် မြောက်ဘက်က လာတဲ့ ဂျပန်တွေကို ပစ်ခတ် လို့မရဘူး။

၃၆ဝံ ပစ်နိုင်တဲ့ ၁၅ လက်မအမြောက်ကြီးတွေရှိပေမယ့် အဲဒီအမြောက်တွေ အတွက် ပေးထားတဲ့ အမြောက်ကျည်တွေက သဘောၤတွေကို ပစ်ခတ်ဖို့လုပ်ထားတဲ့ သံချပ်ကာဖောက် ကျည် APတွေပဲ ဖြစ် နေတယ်။ ခြေလျင်ပစ်မှတ်တွေကို ပစ်ခတ်ရမယ့်ကျည်အမျိုးအစား ယမ်းပြင်း ကျည် HE တွေက နည်းနည်းပဲရှိခဲ့တယ်။ရလဒ်ကတော့ ဗြိတိသ ျှတွေက ခံတပ်ကြီးအဖြစ်တင်စားထားတဲ့ စင်္ကာပူကျွန်းတိုက်ပွဲဟာ ဖေဖော် ဝါရီ ၈ ရက်မှာ စပြီး ၁၅ ရက်နေ့မှာ ဗြိတိသ ျှတွေ လက်နက်ချ အညံ့ခံမှုနဲ့အဆုံးသတ်ခဲ့ရတယ်။

စင်္ကာပူကျွန်းကို တိုက်ခိုက်မယ့်ရန်သူဟာ ပင်လယ်ပြင်ဘက်ကပဲလာမယ်လို့ သုံးသပ်ခဲ့တာဟာ ဗြိတိသ ျှတွေရဲ့ မဟာဗျူဟာအမှားပါ။ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တွေ မဟာဗျူဟာ အမှားကို ကျူးလွန်မိရင် ပြင်ဖို့ခက်တယ်၊ ပေးဆပ်ရတဲ့အရင်းအနှီးကြီးမားတယ် ဆိုတဲ့သင်ခန်းစာ ကို Labrador တောင်ကုန်းထိပ်က အမြောက်တစ်လက်က သက်သေပြနေတုန်းပဲ။

ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း

အောက်တိုဘာ ၃ ရက်၊ တနလာၤနေ့မနက်ခင်း ။

“ဟေ့ ဒီနေ့ ပင်စင်သွားထုတ်မယ်” ဆိုပြီး အိမ်မှာ ကြေညာလိုက်တယ်။ အိမ်ကလူတွေက တော့ ဒါဟာ ဘဏ်ကို အကြောင်းပြပြီး မြို့ထဲမှာ ကိုးကုန်း ကိုးကျင်း သွားတော့မယ်ဆိုတာ သဘော ပေါက်ပြီး သားဆိုတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ နေ့လယ်စာ အိမ်မှာ စားမှာလား လို့ ပဲ မေးတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလိုပဲ ၊ ထမင်းစားစောင့်မနေနဲ့လို့မှာခဲ့တယ်။

မြို့ထဲသွားမယ်ဆိုမှ မိုးတဖြောက်ဖြောက်ရွာနေလို့ ခဏ စောင့်ပြီး ကိုးနာရီခွဲလောက်မှ အိမ်က ထွက်တယ်။ လိုရမယ်ရ ခေါက်ထီးလေးယူလာတယ်။ ပန်းဆိုးတန်းဟာ အင်မတန် ကားရပ်ရ ခက်တဲ့ နေရာဆိုတော့ တက္ကစီ နဲ့ ပဲ သွား တယ်။ ပင်စင် ထုတ်တာက ၂၁ ၊ ၂၂ ၊ ၂၃ ရက်နေ့တွေဆိုရင် ဘဏ်မှာ လူများတယ်။ မြန်မာ့ စီးပွားရေးဘဏ်ကတော့ “ မိဘ ပင်စင်စား များသို့ပန်ကြားချက်” ဆိုပြီး ၂၁ ရက်တစ်နေ့ တည်း စုပြုံမလာဖို့နဲ့ ၂၁ ရက်နေ့နောက်ပိုင်း ဘဏ်ဖွင့်ရက်တွေမှာလည်း ထုတ်လို့ ရတဲ့အကြောင်း အသိ ပေးချက်တွေ ထုတ်နေပေမယ့် ပင်စင်စား အများစုကတော့ လုပ်ဖော်ကိုင်ဖက် ဟောင်းတွေ နဲ့ဆုံနေကြ ရက်ဖြစ်တာရယ်၊ ပြတ်တုန်း လတ်တုန်း နှစ်ဆယ့်သုံး အဆိုကြောင့်ရယ် ၂၁ ၊ ၂၂ ၊ ၂၃ ဆိုရင် ဘဏ်ကို ရောက်လာကြတာပါပဲ။

ကျွန်တော်သွားတာ လဆန်းသုံးရက်နေ့ဖြစ်တဲ့အတွက် ဘဏ်ကို ရောက်တော့ ကျွန်တော့်ရှေ့မှာ ဆယ့်လေး ငါးယောက်ပဲရှိတယ်။ ပင်စင်စားတစ်ချို့က ကိုယ်တိုင်တန်းစီတယ်။ အထ အထ အသွား အလာ ခက်သူတွေကတော့ ထိုင်နေပြီး အဖော်က တန်းစီပေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုမှ ထပြီး အရိုက်ခံတယ်။ ဒီဘဏ်မှာ အရင်က ငွေထုတ် မယ့်သူတွေက တစ်တန်းပဲ စီရတယ်။ ကောင်တာပထမ အပေါက်မှာ ပင်စင်ကတ်ပြားပြ၊ ဓာတ်ပုံ အရိုက်ခံ၊ ဒုတိယအပေါက်မှာ ငွေထုတ်။ဒါပဲ။ အခုတော့ ဓာတ်ပုံအရိုက်ခံဖို့အတွက် သတ်သတ် တန်းစီ၊ ဓာတ်ပုံရိုက်၊ ငွေထုတ်ပေးမယ့် ပြေစာ နှစ်ရွက်ကို ယူ။ ပြီးရင် ငွေထုတ်မယ့် နေရာ မှာ ပြန်တန်းစီ၊ ပြေစာပြ၊ ငွေထုတ်ရတယ်။ ငွေထုတ်ရတာ ဘာအခက်အခဲမှ မရှိဘူး။ ဝန်ထမ်းတွေကလည်း စိတ်ရှည် လက်ရှည် ကူညီပါတယ်။

ငွေထုတ်ပြီးတော့ ပန်းဆိုးတန်းကို လမ်းလေ ျှက်တယ်။ ဘဏ်ဘေးက ပလက်ဖောင်းမှာတော့ ထုံးစံအတိုင်း တိုလီမိုလီ ပစ္စည်းဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေရှိတယ်။ ဘဏ် (၁) လမ်းကြားထိပ်နားမှာ စမူဆာသုပ် ဆိုင်တစ်ဆိုင်တွေ့တယ်။ စမူဆာ၊ ဆင်ခေါင်းပဲ၊ အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် ၊ ပူစီနံ၊ ငြုပ်သီးစိမ်းလေးတွေနဲ့ ပြင်ထားတဲ့ ပန်းကန်ပြား တွေကို အငွေ့တထောင်း ထောင်းထနေတဲ့ ပဲနှစ်ရည်အိုးအဖုံးပေါ်မှာ တင်ထားတာ မြင်လိုက် တာနဲ့ ခြေလှမ်းတွေက ရပ် သွားတယ်။ ကျွန်တော်ရပ်သွားတာကို မြင်တော့ ဆိုင်ရှင်အမျိုးသမီးက ဘာစားမလဲ၊ စမူဆာသုပ်၊ ကြက်သား သုပ်၊ လက်ဖက်ထမင်း အစုံရတယ်ဆိုပြီး လှမ်းခေါ်တယ်။

စမူဆာသုပ်တစ်ပွဲက တစ်ထောင်၊ လက်ဖက်ထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းသုပ် ဘာညာတွေက လည်း တစ်ထောင်၊ ကြက်ဥကြော်ထည့်ရင် ၁၅၀၀၊ ကြက်သားသုပ်က ၂၀၀၀။ ဒါနဲ့ စမူဆာသုပ် တစ်ပွဲ မှာတယ်။ စမူဆာတစ်ခုဘယ်လောက်လဲလို့ မေးလိုက်တော့ ၃၀၀၊ ဒါနဲ့ စမူဆာ နောက် ထပ်နှစ်ခုထည့်သုပ်ဗျာလို့ မှာလိုက်တယ်။ နေ့လယ်စာ ၁၆၀၀ ဖိုးပေါ့။

ဆိုင်မှာ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ရောင်းကောင်းရဲ့လားလို့မေးတော့ လကုန်ခါနီး ပင်စင် ထုတ်ရက်ဆိုရင်တော့ ရောင်းကောင်းတယ်။ ကြားရက်တွေကတော့ နည်းနည်းပဲ။ ရုံးသမားတွေ ပဲ လာစားတာများတယ်တဲ့။

စမူဆာတစ်ပွဲ အရင်က ရှစ်ရာပါဗျာလို့ပြောတော့ ဆိုင်ရှင်အမျိုးသမီးက အကုန်တက် တယ်လေ။ ကြက်သွန်က ( တစ်ပိဿာ) အရင်က ၁၈၀၀/၂၀၀၀၊ အခု လေးထောင်၊ အာလူးအလုံးကြီးက အရင် က ၁၈၀၀၊ အခု သုံးထောင်၊ အကြော်စုံတွေက အရင် ၃၅၀၀၊ နောက် ၆၀၀၀ မှာ ငြိမ်နေ တယ်။ မနေ့က သွားပြန်ဝယ်တော့ ကိုးထောင်၊ မြေပဲဆံက အရင်က ငါးထောင်၊ အခု တစ် သောင်း။ စားအုန်းဆီပဲနည်းနည်းပြန်ကျတယ်။ အရင်က တစ်သောင်းကျော်၊ အခု ၇၀၀၀ တဲ့။ ဈေးတွေတက်တော့ ရောင်းလို့ရတဲ့ အမြတ်က ဈေးတက်တဲ့အထဲပါကုန်တာပဲ၊ ဝယ်ထားတဲ့ ပစ္စည်းကုန်ရင် နောက်ထပ်သွားဝယ်ရမှာတောင် ကြောက်တယ်တဲ့။

ကျွန်တော်တို့ စကားပြောနေတုန်း အမျိုးသမီးကြီးတစ်ယောက်ဝင်လာတယ်။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူလို့ ၊ပါတိတ်လုံချည်ခရမ်းရောင်က အရောင်လွင့်ချင်နေပြီ။ အပြာရင့်ရောင်ပေါ်မှာ ပန်းခက်ဒီဇိုင်းဖော်ထားတဲ့ ဘလောက်စ် အင်္ကျီ လက်တိုကို ဝတ်ထားတယ်။ မစ်ကီမောက်စ် အရုပ် တွေပါတဲ့ ချည်ထည်အိတ်ပွပွ အဖြူရောင်ကို ပုခုံးမှာလွယ်ထားတယ်။ ဒီအမကြီးကို ဘဏ်မှာ တန်းစီတုန်းကတွေ့ခဲ့တယ်။ သူလည်း စမူဆာသုပ်နှစ်ပွဲ ပါဆယ်မှာတယ်။ ခရမ်းချဉ်သီး နဲ့ ဂေါ်ဖီ ထုပ် မထည့်နဲ့၊ ဟင်းရည်မဖိတ်အောင်လုပ်ပေးတဲ့။

ဒါဟာ ပင်စင်စားတစ်ယောက်ရဲ့ အိမ်ပြန် လက်ဆောင်ပေါ့။ နှစ်ပွဲထဲဆိုတော့ ဇနီးမောင်နှံ နှစ်ယောက် ထဲအတွက်များလားလို့ တွေးမိတယ်။ အဲဒီကနေ စမူဆာ သုပ်နှစ်ပွဲကို ကြည့်ရင်း “ အဘိုး အဘွား အဖြစ်နဲ့ စလယ်ဝင် ဒီအိုးလေး ပြန်သုံးစွဲကြပြန်၊ မရိုးနိုင်တဲ့ မေတ္တာတွေပါ၊ စလယ်ဝင် အိုး လေး ဇာတ်လမ်း အစမှ ဇာတ်လမ်းအဆုံးတိုင်ပါ” ဆိုတဲ့ နေထွဏ်းဦးရဲ့ သီချင်းစာ သားလေးကို တွေးနေမိတယ်။ မောင်လွန်းကြင်ကတော့ သူ့အဘိုး နဲ့အဘွားအကြောင်းကို “သိင်္ဂ ါရရသ” ဆိုပြီး ဖွဲ့ဆိုခဲ့ဖူးတယ်။

စမူဆာသုပ်စားပြီးတော့ စာအုပ်အဟောင်းတန်းလေ ျှာက်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာ အုပ် အဟောင်းတွေရှာတယ်။ လိုချင်တဲ့ စာအုပ်တွေလည်းတွေ့ ၊ ဈေးကလည်း တန်တော့ တစ်ဆိုင် ဝင်၊ တစ်ဆိုင်ထွက် ဝယ်လိုက်တာ ဆယ့်ငါးအုပ်ဖြစ်သွားတယ်။ ဒါနဲ့နောက်ဆုံးဆိုင်က စာအုပ် အားလုံးစုပြီး ကြွပ်ကြွပ်အိတ်အမည်းနှစ်ခုနဲ့ ပေါင်း ထည့်ပေးလိုက်တယ်။ ဒီစာအုပ်ထုပ်ကြီး နဲ့ မြို့ထဲ ပတ်ဖို့ မဖြစ်နိုင်တော့ အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်ရတော့တာပေါ့။

ဒီတော့ စာအုပ်ထုပ်နှစ်ထုပ်ကို ကိုင်၊ ပန်းဆိုးတန်းလမ်းမပေါ်တက်ပြီး တက္ကစီးငှားတယ်။ ကားပေါ် ရောက် တော့ ကားဆရာက ကျွန်တော့်ကို လှည့်ကြည့်ပြီး ငွေတွေနဲ့ ဆိုရင် အဖော်လေးဘာလေး ခေါ် ဗျ၊ တစ်ယောက်ထဲမသွားနဲ့ လို့ ပြောတယ်။ ဒီတော့မှ ကျွန်တော် ကားတားတဲ့ နေရာက ဘဏ်တစ် ခု အနားမှာဖြစ်နေတော့ စာအုပ်ထုပ်တွေကို ငွေထုပ်ထင်ပြီး သတိပေးမှန်း သိလိုက် တယ်။ ဒါ့ကြောင့် ငွေ မဟုတ်ဘူး၊ စာအုပ်အဟောင်းတွေဗျ ဆိုပြီး စာအုပ်တွေ ပြလိုက်တယ်။

အဲဒီကနေ မလုံခြုံတဲ့နေ့စဉ်ဘဝတွေအကြောင်း ဆက်သွားပြီး ကားဆရာက သူတို့ သာကေတ မှာ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင် ဖြစ်တဲ့၊ ပဲလှော်ကြား ဆားညပ်တဲ့ အဖြစ်အပျက် တွေကို ပြောတယ်။ ညဘက်ရောက် ရင် ဖိနပ်ကအစ အိမ်ထဲထည့်သိမ်းရတဲ့ အဖြစ်ကို ရှင်းပြတယ်။ ညဘက် ကားမဆွဲရဲ သလောက်ဖြစ် နေတဲ့ အကြောင်း၊ ခရီးသည်ကို လုတဲ့ ကားသမားရှိသလို ကားသမားအသက်ကို ရန်ရှာ သွားတဲ့ ခရီးသည်တွေလည်းရှိတဲ့ အကြောင်း ပြောတယ်။ နယ်က အမျိုးတွေ အသက်လုပြေးရတဲ့အကြောင်းလည်းပါတယ်။ ကျွန်တော်ကတော့ တရားထောက် ပေါ့။

လုံခြုံရေးကနေ စီးပွားရေးရောက်သွားတော့ အုံနာခ ၊ ဆီဖိုး နှုတ်ပြီး တစ်သောင်းကျန်ဖို့တောင် အနိုင်နိုင်ရုန်းနေရတဲ့ အကြောင်းရင်ဖွင့်တယ်။ အခု ဆီဈေး ကျ တယ်ဆိုပေမယ့် ခရီးသည်က မရဘူးတဲ့။ လူတွေကလည်း စီးပွားရေးကောင်းမှ တက္ကစီ စီးတာကိုး၊ ဆီဈေးကျပေမယ့် လူမရဘဲ ပတ်မောင်းနေရရင် ရှုံးတာပဲတဲ့။ ကြည့်လိုက် လမ်းပေါ်မှာ တက္ကစီ ဆယ်စီး ဆိုရင် ခြောက်စီးက လူမရှိဘဲမောင်းနေတာ တွေ့ရမယ်ဆိုပဲ။ ကားသမား တင်မဟုတ် ဘူး။ အုံနာတွေလည်း ခက် ခဲ တာပဲတဲ့။ ကားပစ္စည်းတွေက ဈေးနှစ်ဆ လောက်တက်သွားတော့ ကားပြင်ပြီ ဆိုတာနဲ့ အုံနာမျက်ရည်သုတ်ရတာပဲ၊ သူ့ကား ဒူးဆစ်တစ်စုံလဲတာ ရှစ်သောင်းကျော်ကုန်တယ်။ အရင်က လေးငါး သောင်းဆိုရပြီလို့ ရှင်းပြတယ်။

အခုအချိန်မှာတော့ နေ့စဉ်လူမှုစီးပွားဘ၀ အခြေအနေနဲ့ ပတ်သက်ရင် လူတစ်ရာမှာ ကိုးဆယ် လောက်က အခက် အခဲတစ်မျိုးမဟုတ်တစ်မျိုးကြုံနေရတဲ့ အကြောင်းပြောမှာပဲ။ ခေတ်ကို က ဆင်လည်း ဆင်ဒုက္ခ၊ ခြင် လည်း ခြင်ဒုက္ခ ဆိုတော့ လူချင်းတွေ့လို့ အဆင်ပြေ လားလို့ မေးရင် တောင် ရွဲ့မေးတာလား ဆိုပြီး ရန်တွေ့ခံ ရမယ့် ခေတ်ကိုး။ ကားဆရာ ညည်းတာလည်း မထူးဆန်းပါဘူး။

ကျွန်တော်ဆင်းမယ့်နေရာနားနီးတော့ ကားဆရာက “အာဏာ” ဆိုတဲ့ စကားလုံးတစ်လုံး ကြောင့် လူတွေအားလုံး ဒုက္ခရောက်တာပဲဗျာ လို့ ပြောပြီး တိုင်တည်ဆဲဆိုရေရွတ်ရင်း သူ့စကားကို အဆုံး သတ်လိုက်တယ်။ ပြီးတော့ မှ ခရီးသည်ရှေ့မှာ မဆဲသင့်ကြောင့် သတိရသွားပုံနဲ့ “ ကန်တော့ဗျာ၊ ဒီအကြောင်း တွေ ပြောလိုက် တိုင်း ဒေါသထွက်လွန်းလို့” ဆိုပြီးတောင်းပန်တယ်။

ဒါနဲ့ “ ရပါတယ်ဗျာ။ လူအတော်များများကတော့ ဒီလိုပါပဲ။ ဖွင့်ပြောတာနဲ့ စိတ်ထဲက ပြောတာပဲ ကွာတာပါ” လို့ ပြန်ပြောရင်း ကားပေါ်က ဆင်းလာခဲ့တယ်။

တိတ်တခိုး

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ စင်္ကာပူက တိတ်တခိုး ဇာတ်လမ်း။ မဖတ်ရသေးသူများ အတွက် ပြန်မ ျှဝေလိုက်ပါတယ်။


တိတ်တခိုး

တကယ်တော့ ဒီနေ့ မှာ စီစဉ်ဖို့မသင့်မှန်းသိသည်။ ရုံးပိတ်ရက်ဆိုတော့ ဘေးအခန်းတွေမှာက လူစုံသည်။ ကလေးတွေက ဟိုဒီပြေးလွှားနေသည်။ ရုံးဖွင့်ရက်ဆိုရင်တော့ ရုံးသွား၊ကျောင်းသွား နဲ့ အားလုံးတိတ်ဆိတ်အေးချမ်းသည်။ ပိုပြီးလုံခြုံသည်။ ဒါပေမယ့် ကိုယ့်အတွက်က ဒီနေ့ပဲ အဆင် ပြေတာဆိုတော့ စွန့်စားရတော့မည်။

ပြူတင်းတံခါးတွေကို လုံအောင်ပိတ်သည်။ ကန့်လန့်ကာတွေကို ဆွဲစေ့သည်။ လေအေးစက်တွေ အားလုံးဖွင့်ထားလိုက်သည်။ အေးချမ်းလုံခြုံနေဖို့လိုသည်။ မဆီမဆိုင် လမ်းစဉ်ပါတီခေတ်က နေ့ ဘက် အိမ်တံခါးတွေပိတ်၊ စောင်တွေကာပြီး နေ့ဘက်ပါတီပွဲတွေ ခိုးကျင်းပတာကို သတိရကာ ပြုံး မိသည်။ အခန်းထဲလှုပ်ရှားသံတွေကို အပြင်က မကြားရအောင် သီချင်းကျယ်ကျယ်ဖွင့်ထား လိုက် သည်။ အနံ့လုံ၊ အသံလုံ၊ အလင်းရောင်လုံ၊ လှုပ်ရှားမှု လုံရ မည်။ “လုံ လေးလုံ” ပေါ့။

ပြီးတော့ အပြင်ခဏထွက်ပြီးပတ်ဝန်းကျင်ကို အကဲခတ်သည်။ တစ်နေရာက အော်ဂင်တီးလုံးသံ သဲ့သဲ့ကြားနေရသည်။ တိုက်အောက်က ကွက်လပ်မှာ ကလေးတွေ ဆော့နေသည်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းကတော့ တံခါးပိတ်ထားပေမယ့် အထဲမှာ စကားပြောသံတွေကြားနေရ သည်။ ဘယ်မှ မသွားကြဘူးလား။ စိတ်မလုံလို့ထင်သည်။ ဒီနေ့မှ လူတွေပိုများနေသလိုပဲ။

အခန်းထဲပြန်ဝင်သည်။ ပြင်ဆင်စရာရှိတာတွေပြင်ဆင်သည်။ အချိန်ရောက်လာရင် အားလုံး အသင့် ဖြစ်နေဖို့လိုသည်။ ရင်တွေခုန်နေ၏။ နာရီကလည်းနှေးလိုက်တာ၊ စီစဉ်ထားတဲ့အချိန်ကို ရောက်ခဲ လိုက်တာ။ အချိန်ရောက်ရင်တော့ အားလုံးကွက်တိဖြစ်ရမည်။ သင်တန်းတွေမှာတော့ ပထဝီ အငိုက်၊ လူအငိုက်၊ ဘယ်သူမှ မမေ ျှာ်လင့်တဲ့အချိန် ကို အရယူရမည်လို့ သင်ခဲ့ဖူးတာပဲ။

ဟော အချိန်ကျပြီ။ တံခါးကို ဖွင့်ပြီး သူ့ကို ဆွဲခေါ်လိုက်သည်။ ထုံးစံအတိုင်း အကာအကွယ်တွေ အထပ်ထပ်နဲ့။ ဆုံနေကျမို့ အပြစ်မတင်တော့။ တစ်လွှာခြင်း ခွာချလိုက်သည်။ အရေးထဲ လက် တွေက တုန်နေသေးသည်။ သူ့ထံက ရနေကျ ထူးခြားသောရနံ့ကိုရသည်။ ရင်ခုန်တပ်မက်မှု တွေ ကြောင့် နှုတ်ခမ်းတွေခြောက်လာသည်။ ရနံ့တွေကြားထဲမှာ မူးယစ်ရီဝေသွားသည်။

ဒီနောက်မှာတော့ အရာရာအားလုံးက အလိုအလျောက်ဖြစ်သွားတော့သည်။ အေးမြနေသော အခန်းကျဉ်းလေးထဲမှာ ထူးခြားသော ရနံ့က ဖုံးလွှမ်းနေသည်။ အပြင်မှာ ကလေးတွေ ဆော့ နေ လား၊ ဟိုတစ်ယောက် အော်ဂင်တီးနေလား၊ ဘေးအခန်းကလူ ဘာတွေပြောနေလဲ။ ပြူတင်း တံခါးကို တစ်တောက်တောက်ခေါက်နေတာ မိုးရေစက်တွေလား၊ အပြင်မှာ မိုးရွာနေတာလား။ အခန်း ထဲမှာ မိုးရွာနေတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက် တံခါးလာခေါက်နေတာများ လား။

ဓာတ်စက်ထဲကနေ အငဲ က လောကကြီးနဲ့ အဆက်ဖြတ်ကာ လေဟာနယ်ထဲ မိုးသား များအဖြစ် မျောလွင့်သွားကြ ၊ တိမ်လို လွင့်မျောလိုက်၊ တိမ်လို ပြိုလဲလိုက် ဟု အမိန့်ပေးနေသည်။

မီးဖိုပေါ်က အိုးထဲမှာ ပွက်ပွက်ဆူနေတာ ရေတွေထင်ပါရဲ့။ ကျွန်တော့ အသားတွေပူနေတာ မီးရှိန် ကြောင့်ထင်သည်။ မဟုတ်ပါဘူး။ သူ့ကြောင့်ဖြစ်မှာပါ။ စိတ်လှုပ်ရှားရင် ခန္တာကိုယ်အပူချိန်တွေ တက် လာတယ်တဲ့။

အချိန်တွေ ရပ်နေသည်၊ နာရီတွေ အရည်ပျော်သွားသည်။ အားလုံးပြီးဆုံးသွားပြီ။ သူမရှိတော့။ သူ့ ကိုယ်စား ထူးခြားသောရနံ့ပဲ အခန်းထဲမှာ ကျန်ခဲ့သည်။ ဘယ်သူမှ မသိအောင်ရောက်လာပြီး ဘယ်သူမှ သတိမထားမိခင်မှာပဲ သူမရှိတော့။ သူ့ကို လုံခြုံရာအရပ်မှာ သော့ခတ်သိမ်းထား လိုက်ပြီ။ ကိုယ်တစ်ယောက်ထဲပဲကျန်ခဲ့သည်။ ရေခဲသေတ္တာကို ဖွင့်ပြီး ရေပုလင်းကို ထုတ်သည်။ အေးမြသော ပုလင်းကို ပါးမှာကပ်ရင်း အမောဖြေသည်။ လူက တာဝေးပြေးပြီး ပန်းဝင်လာ သလိုပါပဲ။ မောနေပေမယ့် ရည်မှန်းချက်တစ်ခုပြီးမြောက်သွားခြင်းကြောင့် ကျေနပ်နှစ်သိမ့်မှုကို ခံ စားရသည်။

ခဏနေတော့ အခန်းကို ရှင်းသည်။ သူရောက်ခဲ့တယ်ဆိုတဲ့အမှတ်အသား ဘာမှမကျန်စေရ။ နောက်ဆုံး ထူးခြားသောရနံ့ပျောက်သွားသည်အထိ လုပ်ရသည်။ အခန်းအပြင်ထွက်ကြည့် သည်။ ဘယ်သူမှ သတိထားမိပုံမရ။ စိတ်လက်ပေါ့ပါးသွားသည်။

အခန်းထဲပြန်ဝင်တော့ ထမင်းစားပွဲပေါ်မှာ စာရွက်လေးတစ်ရွက်။ သူထားသွားခဲ့တာ၊ သူ ရောက် လာခဲ့တယ်ဆိုတာ သိနိုင်တဲ့ အထောက်အထား။ စာရွက်ကို ဖြန့်ပြီးဖတ်လိုက်သည်။ သေးငယ် ဝိုင်း စက်သော စာလုံးလေးတွေ-

xxx xxxx မွှေး
ရေကျိုငါးပိ
ငါးပြေမ၊ ငါးဇင်ရိုင်း၊ ငါဖျင်းစလက် ၊ ငါးသားကြိတ်တို့ကို သမအောင်ရောစပ်ထား ပါသည်။
ရေကျိုငါးပိအနှစ်အား ရေ ၃ ဆရော၍ ဆူပွက်အောင်ကျိုပါ။
မွှေးကြိုင်သင်းပျံ့အရသာရှိသည့် ငါးပိရည်ကျိုတစ်ခွက်ဖြစ်လာပါလိမ့်မည်။

စာရွက်ကိုလုံးပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ အားလုံးအစဖျောက်လိုက်ပြီ။

နိုင်ငံခြားမှာ ဘေးအိမ်တွေမသိအောင် ငါးပိရည်ကျိုရတာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။

စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

လွန်ခဲ့တဲ့ ခုနှစ် နှစ် ၂၈-၉ – ၂၀၁၅ ရက်နေ့မှာ ဒစ်ဂျစ်တယ် နည်းပညာက အစဉ်အလာ သမားရိုးကျ နိုင်ငံရေး အင်စတီကျူးရှင်းတွေအပေါ် ရိုက်ခက်မှု အကြောင်း စာအုပ်လေ့လာ သုံးသပ်ချက်လေးရေးခဲ့တယ်။

ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ပြည်သူလူထုတွေရဲ့ မျက်စိတွေ၊နားတွေကို ဖွင့် ပေးလိုက်တဲ့အတွက် နိုင်ငံရေးသမားတွေက လူထု ကို ပုံသွင်းတဲ့ခေတ်ကနေ လူထုက သူတို့ဘာသာ သတင်းအချက်အလက်တွေကို ရှာဖွေပြီး နိုင်ငံရေးသမားတွေကို သုံးသပ်တဲ့ခေတ်၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ထဲထဲ ဝင်ဝင်ပါဝင်တဲ့ခေတ်ကို မူရင်းစာရေးသူ “iDemocracy” ခေတ်လို့ အမည်ပေး ခဲ့တယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ သတင်းမှန်၊ အချက်အလက်မှန်တွေရှိသလို သတင်း အမှား၊ ပုံဖျက်ထားတဲ့အချက်အလက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ် နည်းပညာ အပြောင်းအလဲကို နားလည်တဲ့ နိုင်ငံရေးသမားတွေ၊မူဝါဒ ချမှတ်သူတွေက အဲဒီပလက်ဖောင်းပေါ် ကနေ လူထု ယုံကြည်မှုရအောင် ကြိုးစားတယ်။ အဲဒီပလက်ဖောင်းတွေပေါ်ကနေ လူထု အသံကို နားထောင်တယ်။ မီဒီယာသဘောတရားကို လူထု နားလည်အောင် ပညာပေးတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ လူထုအသိအမြင်ပြောင်းလဲလာမှုကို နားမလည်နိုင်တဲ့ နိုင်ငံရေး သမားတွေ၊ မူဝါဒချမှတ်သူတွေကတော့ မီဒီယာနည်းလမ်းသစ်တွေကို အပြစ်တင်ရင်း ၊ မီဒီယာ တွေကို ထိန်းချုပ်ဖို့ကြိုးစားရင်း လူထု နဲ့ ဝေးသထက်ဝေးသွားကြတယ်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်လို့ ပြောရင် iDemocracy အကြောင်းတော့ နည်းနည်း သိ ထားသင့်တယ်လို့ ယူဆတဲ့အတွက် စာအုပ်ဖတ်ညွှန်းလေးကို ပြန်မ ျှဝေလိုက်ပါတယ်။


The End of Politics and The Birth of iDemocracy
By Douglas Carswell

ရွေးကောက်ပွဲတွေရှိနေဆဲ၊ နိုင်ငံရေးသမားတွေကလည်း အရွေးချယ်ခံရဆဲ၊ အစိုးရအဖွဲ့ တွေ၊လွှတ်တော်တွေလည်း ရှိနေဆဲ။ဒါပေမယ့် နိုင်ငံရေးရာမူဝါဒတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ပညာရှင် တွေ၊ဗျူရိုကရက်တွေကပဲ ဆုံးဖြတ်နေတဲ့ ခေတ်ကုန်လုပြီ။ ဒစ်ဂျစ်တယ် နည်းပညာကြောင့် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေကြား ကွာခြားချက်တွေက ကျဉ်းမြောင်းလာခဲ့ပြီ။ အစဉ်အလာ အင်စတီကျူးရှင်းတွေအခန်းကဏ္ဍက လျော့ပါးလာပြီဆိုပြီး သုံးသပ်ရေးထားတဲ့ စာအုပ်ပါ။

စာရေးသူ Douglas Carswell က စာရေးဆရာ၊ ဘလော့ဂါ၊ နိုင်ငံရေးဝေဖန်သုံးသပ်သူ၊ ပြီးတော့ ဗြိတိသ ျှ အောက်လွှတ်တော်အမတ်၊ ၂၀၀၅ ခုနှစ်ရွေးကောက်ပွဲမှာ ကွန်ဆာဗေး တစ်ပါတီကနေ အမတ်ဖြစ်လာတယ်။ ၂၀၀၉ မှာ လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေး တွေကြိုးပမ်း ဆောင်ရွက်ခဲ့မှု ကြောင့် အဲဒီနှစ်အတွက် ဗြိတိန်နိုင်ငံသားဆုအမည်စာရင်း တင် သွင်းခြင်းခံရပြီး Spectator မဂ္ဂဇင်းစာဖတ်သူများက အကောင်းဆုံး လွှတ်တော်အမတ် အဖြစ် ရွေးချယ်ပေးတာ ခံခဲ့ရပါတယ်။ သူက ဒစ်ဂျစ်တယ်နည်းပညာကြောင့် မီဒီယာ အပါအဝင် ရှိပြီး အင်စတီကျူးရှင်း တွေကို ဘယ်လို ကျော်လွှားခဲ့တယ်ဆိုတာကို ဥရောပပါလီမန်အမတ် Daniel Hannan နဲ့ ဥပမာ ပေးခဲ့တယ်။

Daniel Hannan က ၂၀၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ဥရောပပါလီမန်မှာ သုံးမိနစ် ကြာမိန့်ခွန်းပြောခဲ့တယ်။ သူ့မိန့်ခွန်းက အဲဒီအချိန်က ဗြိတိသ ျှ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းကိုဝေဖန်တိုက်ခိုက်ခဲ့တာပါ။ သူ့မိန့်ခွန်းကို ဘယ်နိုင်ငံရေးသမားကမှ ကိုးကား ပြောတာမရှိဘူး။ ဘယ်နိုင်ငံရေးလေ့လာသုံးသပ်သူကမှလည်း အရေးမထားခဲ့ဘူး။ ဘယ် မီဒီယာကမှလည်း မဖော်ပြခဲ့ဘူး။ သူတို့အတွက် ဒီမိန့်ခွန်းက အသွေးအမွှားအလေးထား စရာမဟုတ်ဘူးလို့ သတ်မှတ်ထားတယ်။

ဒါပေမယ့် အဲဒီမိန့်ခွန်း ဗီဒီယိုကို You Tube ပေါ်တင်လိုက်တဲ့အခါ နာရီပိုင်းအတွင်း ကြည့်သူလေးသောင်းဖြစ်သွားတယ်။ရက်နည်းနည်းကြာတော့ တစ်သန်းကျော်သွား တယ်။ နောင်တော့ ကြည့်ရှုသူ သုံးသန်းကျော်သွားတယ်။ အဲဒီတော့မှ မီဒီယာတွေကလည်း သူပြောတာကို သတင်းလုပ်ပြီးရေးကြတော့တယ်။

ကျွန်တော်လည်း အဲဒီစာအုပ်ကို အခုမှ စပြီး စာမြည်းနေတုန်းပါ။ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့စာအုပ်ဖြစ်လို့နိုင်ငံရေးသမားများ၊ နိုင်ငံရေးကိုစိတ်ဝင်စားသူများ၊ လူမှုအဖွဲ့ အစည်း အသီးသီး မှာ ပါဝင်ဆောင်ရွက်နေသူတွေ ဖတ်သင့်တဲ့စာအုပ်အဖြစ် စာညွှန်း ပေးလိုက်ပါတယ်။

မင်းသားရူး

မင်းသားရူး

၁၉ ၉ ၃ ၊ ၁၉ ၉ ၄ ကာလတွေမှာ ကျွန်တော်က စစ်ဦးစီးအရာရှိအဖြစ် ဌာနချုပ်တစ်ခုမှာ တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ဌာနချုပ်အကြီးအကဲ အရာရှိကြီးတွေက စစ်ဘက်တာဝန် အပြင် နယ်ဘက်အုပ်ချုပ်ရေး တာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ရတဲ့ အချိန်ဆိုတော့ ကျွန်တော် တို့ ဦးစီးအရာရှိတွေကလည်း နယ်ဘက်ဆိုင်ရာ ကိစ္စတွေ၊ ဝင်စာ ထွက်စာတွေနဲ့ ထိတွေ့နေရ တာပေါ့။

တစ်နေ့မှာ အခြားဌာနချုပ်တစ်ခုက ကျွန်တော်တို့ ဌာနချုပ်ကို ဖုန်းဆက်ပြီး သူတို့ နယ်မြေ ထဲက စားသောက်ဆိုင်တွေ၊ လောင်း ကစားဝိုင်းတွေမှာ ငွေတွေအရမ်းသုံးနေတဲ့ လူ တစ် ယောက်ကို နယ်မြေခံရဲတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တယ်၊ အဲဒီလူက ကျွန်တော် တို့ နယ်မြေထဲမှာ ရှိတဲ့ xxxx လုပ်ကွက်က ငွေတိုက်ကို ဖောက်ထွင်းလာခဲ့တဲ့ အကြောင်း ၊ သူ နဲ့ အတူ နောက်ထပ် လေးဦး ပါတဲ့အကြောင်း ဝန်ခံတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ နယ်မြေထဲ မှာ ငွေတိုက်ဖောက်ခံ ရတဲ့ဖြစ်စဉ် ရှိမရှိ စိစစ်ကြည့်ပါဦး ဆိုပြီး အကြောင်းကြားတယ်။

သူတို့ပြောတဲ့ငွေတိုက်ဆိုတာက သတ္တုတွင်း ဝန်ကြီးဌာနရဲ့ ငွေတိုက်၊ xx မှာ လုပ်ကွက်ရထား သူ တွေ သွင်းတဲ့ အခွန်အခတွေကို ယာယီထိန်းသိမ်းထားတဲ့ နေရာ။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာန ကို ဆက်သွယ်မေးတော့ အခု အချိန်က မိုးတွင်းကာလ ဆိုတော့ လုပ်ငန်းအားလုံးလိုလို ရပ်နား ထားပြီး ငွေအသွင်းအထုတ်လည်း မရှိဘူး၊ ငွေတိုက်ဖောက်ခံရတာလည်း မရှိဘူး ၊ အခု သွားစစ်တော့လည်း သော့တွေ ဘာတွေ ခြေရာလက်ရာမပျက်ဘူး လို့ ပြန်သတင်းပို့တယ်။

ဒါပေမယ့် ကျွန်တော်တို့ကလည်း မဟုတ်သေးဘူးထင်တယ်။ ဟိုဘက်ကတော့ ငွေတိုက်ဖောက်ခဲ့ တာ ဆိုပြီး အခိုင်အမာပြောနေတယ်၊ ငွေတိုက်ကို ဖွင့်စစ်ပါဦး ဆိုပြီး ထပ်ပြောရတယ်။ အဲဒီအခါမှာ ငွေတိုက်ကို ဖွင့်စစ်ဖို့လုပ်တော့ သော့ဖွင့်မရဘူး။ အမျိုးအစား၊ အရွယ်အစား ၊ အရောင် အကုန် တူပေမယ့် သော့ခလောက်အသစ်ဖြစ်နေတယ်။ အဲဒီတော့မှာ ပျာယာခတ်ပြီး အတင်းဖွင့်ကြည့် လိုက်တော့ အထဲမှာ ငွေတစ်ကျပ်တောင်မရှိတော့ဘူး။ ကြာပြီဆိုတော့ အတိအကျ မမှတ်မိပေ မယ့် ငွေ သိန်းလေးငါးရာလောက် ပါသွား တယ်ထင်တယ်။ အဲဒီခေတ်အနေနဲ့ ဆိုရင် နည်းတဲ့ ငွေ မဟုတ်ဘူး။

တကယ်တော့ ဒီဖြစ်စဉ်မှာ အတွင်းလူက ခေါင်းဆောင်ပြီး မိုးရာသီ ငွေတိုက် အဖွင့်အပိတ်မရှိ သလောက်ဖြစ်မယ့်အချိန်ကို ရွေး လုပ်သွားတာ။ ခေါင်းဆောင်ကတော့ ခွင့်ပြန် မယ်ဆိုပြီး ဟန်မပျက်ထွက်သွားလိုက်တာ ပြန်မလာတော့ဘူး။ ဌာနက လူတွေကလည်း ဒီဒေသမှာ ဝန်ထမ်းတွေ ဒီလိုပဲ ခွင့်မဲ့ပျက်ကွက်နေကျဆိုတော့ ခွင့်မဲ့ကြေညာ၊ သတ်မှတ်ရက် ကျော်တော့ အလုပ်က ထုတ်ပယ် ဆိုပြီး ပုံမှန်ပဲ လုပ်နေတာ။ အခုဖြစ်စဉ်ကြီးပေါ်လာမှ အိပ်ယာအောက် ရေဝင်ပြီး အိပ်မရ ထိုင်မရ ဒုက္ခရောက်တော့တာပဲ။

ငွေတိုက်ဖောက်ခံရတာ သေချာသွားပြီဆိုတော့ အားလုံး အလုပ်ရှုပ်တော့တာပေါ့။ ရဲတပ်ဖွဲ့ တင် မဟုတ်ဘူး ထောက်လှမ်းရေးပါ ပါလာပြီး တရားခံတွေကို လိုက်ရှာရတော့တာပေါ့။ လေးငါး လ လောက် စုံစမ်းထောက်လှမ်းဖော်ထုတ်တော့ လေးယောက်မိတယ် ၊ ငွေနဲ့ ပစ္စည်းတွေလည်း သိမ်း လို့ရတယ်။ ခေါင်းဆောင်ကတော့ အစအန ရှာမတွေ့တော့ဘူး။

အမှုက ကျွန်တော်တို့ နယ်မြေမှာဖြစ်တာဆိုတော့ ဖမ်းမိတဲ့ ဖြစ်စဉ်တွေ၊ တရားခံတွေရဲ့ ထွက်ဆို ချက်တွေ၊သိမ်းဆည်းရမိတဲ့ ပစ္စည်းစာရင်းတွေကို ကျွန်တော်တို့ ဌာနချုပ်ကို ပို့ပေးနေတာပေါ့။ တစ်နေ့တော့ အခြားဌာနချုပ်တစ်ခုက ပို့လိုက်တဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းစာရင်းတွေထဲမှာ မြန်မာဆိုင်းဝိုင်းရော၊အနောက်တိုင်း တီးဝိုင်း ပစ္စည်းတွေရောအပြင် ကားလိပ်၊ မီးဆလိုက် စတဲ့ ဇာတ်ပစ္စည်းတွေကို ထူးထူးဆန်းဆန်းတွေ့ရတယ်။ ဒါနဲ့ ဘယ်လိုဖြစ်တာလဲ ဆိုပြီး စုံစမ်းလိုက် တော့ ၊အဖြစ် က ဒီလို

ဖမ်းမိတဲ့ တရားခံလေးယောက်ထဲက တစ်ယောက်က အဆိုတော်ပိုး၊ဇာတ်ပိုး ဝင်နေတဲ့သူ ။ သူက မြန်မာနိုင်ငံတောင်ပိုင်းမြို့တစ်မြို့မှာ ရှိတဲ့ ဇာတ်အဖွဲ့တစ်ဖွဲ့ဆီကို ငွေထုတ်ပိုက်ရောက် သွားပြီး မင်းသားလုပ်မယ်၊ သီချင်းဆိုမယ်ဆိုပြီး လုပ်တယ်။ ဇာတ်အဖွဲ့ကလည်း ဇာတ်ကြီး မဟုတ် ပါဘူး။ တောဘုရားပွဲတွေ၊မြို့ငယ်လေးတွေမှာ ကရတဲ့ ဒုတိယတန်းစား ဇာတ်ပါ။ ဇာတ်ခေါင်း မကွဲ အောင် မနည်းကြိုးစားနေရတဲ့ ဇာတ်ဆိုပါစို့ရဲ့။

တိုတိုပြောရရင် ဒီကိုယ်တော်က ဇာတ်အဖွဲ့ကို လူရော၊ပစ္စည်းရော ဝယ်လိုက်တဲ့သဘော ဖြစ် သွား တယ်။ သူ့ငွေနဲ့ စက်ပစ္စည်းတစ်ချို့လည်း ထပ်ဝယ်တယ်။ ပြီးတော့ သူလည်း စတိတ်ရှိုးဆို၊ ပြဇာတ် မင်းသားလုပ်တယ်။ ဇာတ်အဖွဲ့သားတွေကလည်း ဒီလူ အရည်အချင်းမပြည့်ဝမှန်း သိပေမယ့် သူ တို့ ဇာတ်အတွက် ပစ္စည်းအသစ်တွေလည်း ရ၊ သူတို့လည်း အရင်လို ပွဲငှားမရှိရင် ညကြေး စိတ်ပူရမယ့် အခြေအနေမဟုတ်တော့ အားလုံးကောင်းပါသည်ပေါ့။

ဒါပေမယ့် သူတို့ ပျော်တာ ကြာကြာမခံလိုက်ဘူး။ ထောက်လှမ်းရေး နဲ့ ရဲက လိုက်လာပြီး သူတို့ မင်းသားကို ဖမ်း တယ်။ ဇာတ်ပစ္စည်းတွေကိုလည်း ခိုးရာပါငွေ နဲ့ ဝယ်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် သက်သေခံ အဖြစ်သိမ်းလိုက်တယ်။ ဇာတ်အဖွဲ့လည်း ဒီတစ်ခါမှ တကယ်ဇာတ်ခေါင်းကွဲတော့ တာပဲ။

ဇာတ်အဖွဲ့သားတွေရဲ့ ထွက်ဆိုချက်တွေထဲမှာ ဆိုင်းဆရာကြီးက “ ဒီကောင် မင်းသားရူး ရူးတာက အရေးမကြီးဘူး။ မင်းသားရူးကို ဇာတ်ဆရာလုပ်ခိုင်းမိတာ ကျုပ်တို့အားလုံး ဘဝပျက် တာပဲ” လို့ပြောထားဖတ်ရတော့ ဘုမသိ ဘမသိ ခံလိုက်ရတဲ့ ဇာတ်အဖွဲ့သားတွေအတွက် စိတ် မကောင်းဖြစ်ခဲ့ရတယ်။

“ပုထုဇ္ဇနော၊ ဥမ္မတ္တကော” ဆိုပေမယ့် ကိုယ့်ဇာတ်ကိုယ်နိုင်အောင်မကနိုင်တဲ့ မင်းသားရူးကို ဇာတ်ဆရာ လုပ်ခိုင်းမိလို့ အားလုံး ဒုက္ခရောက်ရတာ ဒီဇာတ်အဖွဲ့က ပထမဆုံးမဟုတ်သလို နောက်ဆုံး လည်း ဖြစ်မှာမဟုတ်ဘူး။

အောင်နိုင်ခြင်း

အားကစားသမားတိုင်းကတော့ ပြိုင်ပွဲတိုင်းမှာ နိုင်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ပုံစံနဲ့ နိုင်သလဲ ဆိုတာက အရေးကြီးတယ်။ သန့်သန့်ရှင်းရှင်း အနိုင်ယူတဲ့ ကစားသမားဆိုရင် ပရိသတ်က ချစ်တယ်။ စည်းကမ်းဘောင်ထဲက ညစ်ပြီး အနိုင်ယူတတ်တဲ့ ကစားသမား ဆိုရင် လူကြိုက် နည်းတယ်။ အဲ အရှုံးကို လက်မခံနိုင်လို့ ဒိုင်လူကြီးကို ရန်ရှာ ၊ ပွဲဖျက်တဲ့ ကစားသမားဆိုရင် တော့ ပရိသတ်က ရေသန့် ဘူးနဲ့ပေါက်တာခံရပြီး ပြည်တွင်း/ ပြည်ပမှာ ရာသက်ပန်ပွဲ ပယ်ခံနိုင် တဲ့အထိတောင် ဖြစ်သွား နိုင်တာပေါ့။

ဒါ့ကြောင့် အားကစားသတင်းတစ်ပုဒ်ကို အခြေခံပြီး စစ်မှန်တဲ့အောင်နိုင်ခြင်း အကြောင်းကို လွန်ခဲ့ တဲ့ နှစ်နှစ် ၂၂ – ၉ – ၂၀၂၀ ရက်နေ့မှာ “ အောင်နိုင်ခြင်း ” ဆိုတဲ့ခေါင်းစဉ်နဲ့ အက်ဆေးတစ်ပုဒ် ရေးခဲ့တယ်။ အဲဒီအက်ဆေးကို မဖတ်ရသေးသူများ ဖတ်ရှုတွေးတောနိုင်ဖို့ ပြန်မ ျှဝေလိုက်ပါ တယ်။

——————————————————————————————-

အောင်နိုင်ခြင်း

“ ဗိုလ်စွဲဖို့က အရေးကြီးဆုံးပဲ။ ဒုတိယနေရာက ပန်းဝင်တဲ့သူကို သူ့ဇနီး နဲ့ သူ့ခွေး ကလွဲလို့ ဘယ်သူကမှ အမှတ်တရရှိနေမှာမဟုတ်ဘူး ”

အင်္ဂလိပ် ပြိုင်ကားမောင်းသမား Damon Hill ၁၉ ၉ ၄ ခုနှစ်က ပြောခဲ့သောစကားဖြစ်သည်။

သူ့စကားက ၊ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက အရှုံး အနိုင်ကို ဆုံးဖြတ်ပေးသော ကားပြိုင်ပွဲများရဲ့ သဘာဝကိုသာမက ပြိုင်ဆိုင်မှုတွေပြင်းထန်လှသော ၂၀ ရာစု လူမှုအသိုင်းအဝန်းရဲ့ အခြေအနေ ကို ပါထင်ဟပ်စေသည့်အတွက် ဆန်းဒေးတိုင်းမ် သတင်းစာက တစ်နှစ်အတွက် မှတ်မှတ် သား သား စကားများကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့သည်။

တကယ်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ပြိုင်ဆိုင်မှုပြင်းထန် လှသော ခေတ်ကြီးမှာ ကျွန်တော်တို့ နေထိုင် နေ ရသည်။ ဖြူစင်တဲ့ကလေးလေးတွေတောင် မူလတန်း ကျောင်းသားဘဝကစပြီး ပြိုင်ဆိုင်မှုပုံစံခွက်ထဲ ရိုက်သွင်းခံရသည်။ “သမိုင်းကို အောင်နိုင်သူက ရေးတယ်” ဟု ဆိုရိုးရှိသလို “နိုင်သူ အကုန်ယူ The Winner Takes All” ဆိုတဲ့စကား လည်းရှိသည်။ ABBA အဖွဲ့ရဲ့ The Winner Takes it All သီချင်းမှာတော့ “ နိုင်သူက အကုန်ယူလို့ အောင်ပွဲခံနေပေါ့။ ရှုံးသူကတော့ သူ့ ဘေးမှာ သေးသေးကျုံ့ကျုံ့လေး၊ အဲဒါ သူ့ကြမ္မာပဲပေါ့” ဟုဖွဲ့ဆိုခဲ့သည်။

ဘယ်ကဏ္ဍမဆို အောင်ပွဲခံသူ၊ အနိုင်ရသူ၊ ဗိုလ်စွဲသူကိုသာ လူတွေ က အသိအမှတ်ပြုကြသည်။ မှတ်တမ်းတင်ကြသည်။ ဂင်းနစ်စံချိန်ဆိုတာ ရုပ်ပိုင်းဆိုင်ရာတွင် သူများတကာထက် ထူး ထူးခြားခြား ပိုလုပ်ပြနိုင်သူ တွေအကြောင်းသာဖြစ်သည်။

ယောဂီကြီး Radhanath Swami က အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးကို “တကယ့်စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ ငွေကြေးနဲ့ဝယ်လို့မရတဲ့ အရာတွေကို ပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာတာဖြစ် တယ်” ဟု တရားပြခဲ့ဖူးသည်။ ထိုသူဌေးက ဆွာမိကြီးပြောတာကို သဘောတူသည်။ သို့သော် “ ဆွာမိကြီး၊ လူတွေက ငွေနဲ့ ဝယ်လို့အရာတွေကို မြင်တာ၊ အဲဒါတွေရှိမှ အောင်မြင်တယ် လို့ လက်ခံတာ၊ ဒ့ါကြောင့်ငွေတော့ရှာရဦးမယ်” ဟု စောဒကတက်ခဲ့သည်။

မကြာသေးမီကာလတွေအတွင်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ တွေနှင့် အမေရိကန်ဘတ်စကက် ဘောအားကစားအကြောင်းမှတ်တမ်းတင်ထားသည့် ဇာတ်လမ်းတွဲနှစ်ခုကို ကြည့်ခဲ့ရသည်။ အောင်ပွဲခံနိုင်ဖို့ အသေအလဲကြိုးစားလေ့ကျင့်တာတွေ၊ သံန္နိဋ္ဌာန်စိတ်ဖြင့် မဆုတ် မနစ် ကြိုးစား တာတွေ၊ အောင်ပွဲနှင့်လွဲသည့်အတွက် ကြေကွဲရ၊ ပေးဆပ်ရ၊ ဆုံးရှုံးရတာတွေ၊ အနိုင်ရသူ၊ ဗိုလ် စွဲ သူ၏ ချိုမြိန်သောအရသာတွေ ကို မြင်ရ၊ ကြားရသည်။ ကာယကံရှင်တွေတော့ မသိ၊ ကြည့်ရသူ တောင် စိတ်တက်ကြွရ၊ ပူလောင်ရ၊ ကြေကွဲရ၊ ရင်ခုန်သံတွေ အတက်အကျမြန်ခဲ့ရ သည်။

ပြိုင်ဆိုင်မှုပြင်းထန်လှသော အားကစားလောကအတွက် စိတ်ချမ်းသာစရာတစ်ခုကတော့ “ အား ကစားသမားစိတ်ဓာတ်” ပဲဖြစ်သည်။ စည်းမျဉ်း ၊ စည်းကမ်းနှင့် အညီ သန့်သန့်ရှင်းရှင်း မ ျှမ ျှ ယှဉ်ပြိုင်ခြင်း၊ အောင်နိုင်လို့ မောက်မာဝင့်ကြွားမှုမရှိ၊ ရှုံးနိမ့်လို့လည်း စိတ်ဓာတ်မကျ၊ နိုင်သူက ရှုံး သူကို အားပေး၊ ရှုံးသူက နိုင်သူကို လေးစား တာတွေအားလုံးကို ခြုံငုံထားသော စိတ်နေစိတ်ထား ဖြစ်သည်။ အားကစားသမားစိတ်ဓာတ် နှင့် လူကြီးလူကောင်းဆန်မှုကို တွဲဖက် ပြောကြသည်။
အားကစားသမားစိတ်ဓာတ်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေကပါ နမူနာယူသင့် ကြောင်းပြောတာတွေလည်းရှိသည်။

သို့သော်လက်တွေ့လုပ်ဖို့မလွယ်လှ။ အားကစားလောက မှာတောင် စည်းဘောင်ထဲကနေ ပြိုင်ဘက်ကို ဖိအားပေးတာတွေ၊ ညစ်တွန်းတွန်းတာတွေရှိ နေ သည် မဟုတ်ပါလား။ ၂၀၀၆ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲတွင် ဝိန်းရူနီ အနီကပ်ပြပြီး ထုတ်ပယ်ခံ ရအောင် ဖိအားပေး ခဲ့ပြီးနောက် ပေါ်တူဂီနည်းပြအဖွဲ့ဘက်သို့ မျက်စိမှိတ်ပြခဲ့သော ရော်နယ်ဒို ကို မှတ်မိ ကြဦး မည်ထင်ပါသည်။

စည်းဘောင်ထဲကနေ မညစ်ဘူးဆိုရင်တောင် ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ၏ မထင်မှတ်သော အမှားများကို အခွင့်ကောင်းယူပြီး အနိုင်ယူတာကတော့ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ အထူးသဖြင့် လက်ဝှေ့၊ ဘောလုံး ကဲ့သို့သော အားကစားပွဲများတွင် ထိုအခြေအနေကို အများဆုံးတွေ့ရသည်။ တစ်ဖက်လူ၏ အမှားကို အခွင့်ကောင်းမယူနိုင်ပါက ပြစ်တင်ခြင်းပင်ခံရနိုင်သည်။ ထိုကဲ့သို့ အခွင့် အရေးယူရန်ပျက်ကွက်မှုကြောင့် အရှုံးနဲ့ ရင်ဆိုင်ရပြီဆိုပါက တံထွေးခွက်မှာ မျောဖို့များသည်။

အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်ပြိုင်ပွဲများကတော့ လက်ဝှေ့လို၊ တင်းနစ်လို ၊ ဘောလုံး လို မဟုတ်၊ တစ်ဖက်လူကို အလဲထိုးနိုင်မှ၊ အမှတ်ယူနိုင်မှ၊ ဂိုးသွင်းနိုင်မှ အနိုင်ရတာမဟုတ်၊ မိမိ စံချိန် ကို ပြိုင်ဘက်ထက် သာအောင်လုပ်ဖို့ပဲလိုသည်။ ဒါတောင်မှ ကိုယ့်ရှေ့က ပြေးနေသူ ခြေချော်လဲ ခဲ့ရင် ဘာလုပ်မလဲ ဆိုသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်သေးသည်။

စပိန် သုံးမျိုးစုံအားကစားသမား Diego Mentrida သည် ထိုအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရသူ တစ် ယောက်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က စပိန်နိုင်ငံမှာကျင်းပသည့် သုံးမျိုးစုံ အားကစားပြိုင်ပွဲ ( ရေကူး၊ စက်ဘီးနှင့်အပြေး) တွင် ပန်းဝင်ရန် မီတာတစ်ရာခန့်အလိုမှာ Diego Mentrida က စတုတ္ထနေရာမှာရှိနေသည်။ သူ့ရှေ့မှာက ဗြိတိန်နိုင်ငံမှ James Teagle ရှိသည်။

ပန်းဝင်ဖို့ မီတာငါးဆယ်လောက်အလိုတွင် ပြေးလမ်းက တစ်ဆစ်ချိုးကွေ့သွားသည်။ အဲဒီ နေ ရာမှာ ရှေ့မှာလမ်းပိတ်ထားကြောင်းနှင့် ဘယ်ဘက်သို့ကွေ့ရန် အမှတ်အသားပြထားသည်။
အားသွန်ခွန်စိုက်ပြေးလာသော James Teagle က ထိုအမှတ်အသားကို မမြင်၊ ထို့ကြောင့် ရှေ့ မှာချထားသော အတားအဆီးကို ဝင်တိုက်ပြီးလဲကျသွားသည်။ ချက်ခြင်းပြန်ထသည်။ ပရိသတ် က ဘယ်ဘက်ကို သွားဖို့ ဝိုင်းအော်ကြသည်။ ဒါပေမယ့် ဒီအချိန်မှာ Diego Mentrida က သူ့ကို ကျော်တက်သွားပြီ။ ပန်းတိုင်ကလည်း မီတာငါးဆယ်လောက်ပဲလိုတော့တာဆိုတော့ ပြန် ကျော်တက်ဖို့ မလွယ်တော့။

ဒီအချိန်မှာ Diego Mentrida က အံ့သြဖွယ်ရာ အပြုအမူကိုလုပ်ဆောင်ခဲ့သည့် ပန်းဝင် စည်း နဲ့ ခြေလှမ်းနှစ်လှမ်းလောက်အလိုမှာရပ်လိုက်သည်။ James Teagle ကိုစောင့်နေသည်။ James Teagle အနားကိုရောက်လာတော့ လက်ဆွဲနှုတ်ဆက်ပြီး ပန်းဝင်စေသည်။ သူက စတုတ္ထနေရာ ကနေသာ ပန်းဝင်ခဲ့သည်။

Diego Mentrida ၏ အားကစားသမားစိတ်ဓာတ်ပြည့်ဝမှု၊ လူကြီးလူကောင်းဆန်မှုတို့ကို အသိ အမှတ်ပြုသည့်အနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီက ဂုဏ်ထူးဆောင်တတိယဆုကို ချီးမြှင့်ခဲ့ သည်။ ပန်းဝင်ချိန်အဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင် လူမှုကွန်ယက်တွေမှာ ဖော်ပြ တော့ ထင်ရှားကျော်ကြားသူတွေရော၊ သာမန်ပြည်သူတွေကပါ ဂုဏ်ပြုကြသည်။

Diego Mentrida ကတော့ သူ့အပြုအမူနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ ဝင့်ကြွားပြီး မပြောခဲ့။
“ James လမ်းမှားသွားတာမြင်လိုက်တယ်။ သူဘာဖြစ်သွားတယ်ဆိုတာတွေ့လိုက်တယ်။အဲဒီ နောက်တော့ ခြေလှမ်းတွေ အလိုလိုရပ်သွားတာပါပဲ။ သူက တတိယဆုနဲ့ ထိုက်တန်ပါ တယ်။ ဒီလိုလုပ်တာ ထူးခြားတဲ့ကိစ္စမဟုတ်ပါဘူး၊ ကလေးဘဝထဲက အဖေနဲ့ အမေရော၊ နောက်ပြီး ကလပ်က ဆရာတွေရော ဒီလိုစိတ်ထားဖို့ သင်ပေးခဲ့တာပါ” လို့ ရိုးရိုးလေးပြောခဲ့သည်။ အား ကစားသမားစိတ်ဓာတ်တွေ၊ ဂုဏ်သိက္ခာတွေအကြောင်း တစ်ခွန်းမှမပြောခဲ့။

တကယ်တော့ Diego Mentrida တတိယနေရာက ပန်းဝင်ခဲ့လ ျှင်လည်း အပြစ်တင်မည့် သူ ရှိ မည်မထင်။ James Teagle လဲကျသွားတာ သူ့ပယောဂမပါ။ ကာယကံရှင်အမှားသာဖြစ်သည်။ ဒါပေမယ့် သူ့ခွန် ၊ သူ့အား နှင့် ပြိုင်ဘက်ကို ကျော်ဖြတ်တက်တာမျိုးမဟုတ်ဘဲ ပြိုင်ဘက် ဖြစ်သူ ၏ ကံမကောင်း၊ အကြောင်းမလှ ဖြစ်ရပ်ကြောင့် ဖြတ်ကျော် အနိုင်ရတာမျိုးကို မလိုချင်သည့် အတွက် သာမန်သူတွေ ပြုနိုင်ခဲ သော အပြုအမူကို လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ပြိုင်ပွဲတွင် အစစ်အမှန်အောင်နိုင်သူမှာ ပြိုင်ပွဲတစ်ခုကို လိပ်ပြာသန့်သန့်နှင့် အနိုင်ယူတာ အကောင်းဆုံးဖြစ်သည်ဟု နမူနာပြခဲ့သည့် Diego Mentrida သာဖြစ် ပါသည်။

ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ်

ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ်

ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကြားမှာ အီးယူ သံတမန် များနဲ့ တွေ့ဆုံ ဆက်ဆံခဲ့ရစဉ်က အဖြစ်အပျက်တစ်ခုကို အခြေခံပြီး လွန်ခဲ့တဲ့ ငါးနှစ် ရေးခဲ့တာဖြစ်ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။

“အပေါ်ယံကြည့်ရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြည်ပခရီးစဉ်တစ်ခုပဲဖြစ်ပေမယ့် အနက် ကောက် ယူတဲ့သူတွေအပေါ် မူတည်ပြီး အကြောင်း၊ အကျိုး ကွာခြားသွားတဲ့ သင်ခန်းစာတစ်ခုပါ။”

( ဆောင်းပါးကောက်နှုတ်ချက်)


ခရီးတစ်ခု၊ သင်ခန်းစာတစ်ပုဒ်

၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ပေး ထားပေမယ့် ကျွန်တော့်က ဝန်ကြီးရုံးရဲ့ သုတေသနအဖွဲ့ကို တာဝန်ယူရတဲ့အတွက် ဌာနအလုပ် ထက် ဝန်ကြီးရုံးရဲ့ သုတေသနအလုပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းတွေကို ပိုလုပ်ရတယ်။

၂၀၀၆ ခုနှစ် ကုန်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး မြန်မာ-အီးယူ အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို တက်ခွင့်ရပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲက မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ (အီးယူ) ဆက်ဆံရေးတိုးတက်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ အတွက်ဆွေးနွေး တာဖြစ်ပါတယ်။ ထူးခြားတာက တရားဝင်ဆွေးနွေးပွဲမဟုတ်ဘဲနဲ့ အလွတ်သဘောဆွေးနွေးပွဲ (Track 2 ) ဖြစ်ပြီး Chatham House Rule ကို ကျင့် သုံးတာဖြစ်တဲ့အတွက် ကိုယ့်အယူအဆကို ကိုယ် လွတ်လွတ် လပ်လပ်ပြောလို့ရတာပါပဲ။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပါတယ်။ အငြိမ်း စားသံအမတ်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သံတမန်ဝန်ထမ်းများတက်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ ဒုညွှန်ချုပ်၊ ညွှန်ကြားရေးမှူးများတက်ပါတယ်။ အီးယူဘက်ကလည်း သံအမတ် ကြီးများ၊ မြန်မာ့အရေးကိုလေ့လာနေတဲ့ပညာရှင်များ လာပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲတွေကို ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်တွေမှာလည်းဆက်လုပ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဆွေးနွေးပွဲတိုင်း မှာ ပါဝင်ခွင့်ရခဲ့သလို အီးယူကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်းလေ့လာရေးခရီးစဉ်များမှာလည်း ပြန်ကြား ရေးဝန်ကြီးဌာနရဲ့ ဆက်ဆံရေးအရာရှိအဖြစ်နဲ့လိုက်ပါခွင့်ရခဲ့ပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲများနဲ့ခရီးစဉ်များဟာကျွန်တော့်အတွက် သံတမန်များ၊ ပညာရှင်များနဲ့ ပထမဆုံး ထိတွေ့ဆွေးနွေးခွင့်ရတဲ့အခွင့်အရေးပါပဲ။ မြန်မာဘက်က သံတမန်များ၊ ပညာရှင်များရဲ့ ပြောဆိုဆွေးနွေးမှုတွေကိုလေ့လာသင်ယူခွင့်ရခဲ့တယ်။ အီးယူဘက်က သံတမန် တွေ၊ပညာရှင် တွေ နဲ့ ဆွေးနွေးပွဲအတွင်းမှာသာ မဟုတ် ဘဲ စားချိန်၊ နားချိန်၊ ခရီးသွားချိန်တွေမှာပါ လွတ်လပ်စွာ ဆွေးနွေးခွင့်ရတဲ့အတွက် ဗဟုသုတတိုးခဲ့တယ်။

အဲဒီမှာ သတိပြုမိတာတစ်ခုက မြန်မာ့ပြည်တွင်းနိုင်ငံရေးဖြစ်စဉ် တွေ၊ အခြေအနေတွေနဲ့ ပတ်သက် ပြီး အနက်ကောက်ယူတဲ့အခါ သူတို့နဲ့ ကျွန်တော်တို့ အတော်ကွာခြားတာ တွေရှိတယ်။ ကျွန် တော်တို့ကအရေးကြီးနေပေမယ့် သူတို့အတွက်က သေးသေးလေး ဖြစ်နေတတ်တယ်။ သူတို့က အရေးကြီးနေပေမယ့် ကျွန်တော်တို့က ဒါလေးများ ဆိုပြီး ဖြစ်တာလဲရှိတယ်။ တစ်ခါတစ်လေကျ တော့လည်း သူတို့ထောက်ပြလိုက်မှ ကျွန်တော်တို့ အတွက် ဒါ ဟုတ်သားပဲလို့ဖြစ်ရတာလည်း ရှိ တယ်။

အီးယူကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်းကိုလေ့လာရေးသွားတဲ့ခရီးစဉ်မှာ အီးယူ သံ အမတ်ကြီးတစ်ယောက်နဲ့ စကားပြောရင်းနဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ကို အရေးယူတဲ့ကိစ္စအကြောင်းရောက်သွားတယ်။ အားလုံးသိတဲ့အတိုင်း ၂၀၀၄ ခုနှစ် အောက်တို ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို တာဝန်ကနေအနားပေးလိုက်တယ်။ ထောက်လှမ်း ရေးတပ်ဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်တယ်။ အဲဒါတွေအားလုံးရဲ့ အရင်းခံက ရှမ်းပြည်မြောက် ပိုင်းမှာ စခဲ့တာဆိုတာ့ စကားပြောရင်းနဲ့ အဲဒီဘက်ရောက်သွားတာပေါ့။

အဲဒီမှာ သံအမတ်ကြီးက “အဲဒီ ၂၀၀၄ ခုနှစ်အောက်တိုဘာလထဲမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယကို သွားခဲ့တယ်။ အဲဒီခရီးစဉ်က အရမ်းအရေးကြီးတယ်” လို့ ဆိုင်းမပါ ဗုံမဆင့်ပြောလိုက် တယ်။ သူဘာကို ဆိုလိုချင်သလဲဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး။ ဒါ့ကြောင့် “ အိန္ဒိယကနေ လက်နက်တွေ ဝယ်တာကြောင့်လား၊ ဘာ့ကြောင့်လဲ” လို့ပြန်မေးခဲ့တယ်။

ဒီတော့မှ သူက အခုလို ရှင်းပြတယ်။

၁။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ရာထူးကနေဖယ်ရှားလိုက်တာက အောက်တိုဘာ ၁၈ ရက်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အိန္ဒိယ ကို သွားတာ အောက်တိုဘာ ၂၄ ရက်နေ့ တစ်ပတ်ပဲခြားတယ်။

၂။ အနောက်နိုင်ငံတွေမှာတောင် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတစ်ခုခုကြောင့် ဝန်ကြီး အဖွဲ့ကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာတွေလုပ်ခဲ့ရင် သမ္မတ၊ ဝန်ကြီးချုပ် တို့က စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ ဖျက်ပြီး ပြည်တွင်းမှာပဲနေလေ့ရှိတယ်။

၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံမှာ တတိယရာထူးအမြင့်ဆုံးလူကို ဖြုတ်ပစ်ရုံ တင်မဟုတ် ဘူး။ အာဏာအရမ်းရှိတဲ့ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို ဖျက်ပစ်လိုက်တာ။ ဒါ့ကြောင့် ငါတို့က ဗိုလ်ချုပ်မှူးကြီးသန်း ရွှေရဲ့ အိန္ဒိယခရီးစဉ်လည်း ရွှေ့ဆိုင်းလိမ့်မယ်လို့ ထင်ထားတယ်။

၄။ ဒါပေမယ့် အဲဒီခရီးစဉ်ကို မဖျက်ပဲနဲ့ မူလစီစဉ်ထားတဲ့အတိုင်းသွားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ကိုယ်သူ ဘယ်လောက်ယုံကြည်မှုရှိတယ်၊ နိုင်ငံကို ဘယ်လောက်ထိန်းချုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြလိုက်တာပဲ။

၅။ အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး ငါတို့က မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲလုပ်ပြီး ဒီမိုကရေစီ ကို ဖော်ဆောင်ရမယ်ဆိုတဲ့ Regime Change မူဝါဒက မဖြစ်နိုင်ဘူး။ ဒီမိုကရေစီ အပြောင်းအလဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကလာမှပဲ ဖြစ်မယ်ဆိုတာကို သဘောပေါက်သွား တယ်။ အခု ဒီဆွေး နွေးပွဲတွေလာလုပ်တာကလည်း အဲဒီလိုအပြောင်းအလဲတွေဖြစ်နိုင်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ ကို နည်းလမ်းရှာတာပဲ။

အဲဒါဟာ သူရဲ့ ကိုယ်ပိုင်သုံးသပ်ချက်လား၊ အီးယူရဲ့ မူဝါဒဆိုင်ရာသုံးသပ်ချက်လားဆိုတာတော့ သံ အမတ်ကြီးက ပြောမသွားဘူး။

ဒါပေမယ့် တိုက်ဆိုင်တာလားတော့မသိဘူး။ မြန်မာ-အီးယူ အလုပ်ရုံဆွေးနွေးပွဲတွေဖြစ်ခဲ့သလို နောက်ပိုင်းမှာ အဲဒီအချိန်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေး နွေး တာလည်း ဖြစ်လာခဲ့တယ်။

အပေါ်ယံကြည့်ရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြည်ပခရီးစဉ်တစ်ခုပဲဖြစ်ပေမယ့် အနက် ကောက် ယူတဲ့သူတွေအပေါ် မူတည်ပြီး အကြောင်း၊ အကျိုး ကွာခြားသွားတဲ့ သင်ခန်းစာတစ်ခုပါ။

ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ ခြောက်လကျော် ခုနှစ်လထဲရောက်လာတော့ ပူတင်ရဲ့ ယူကရိန်း မူဝါဒ အခြေမလှ ပုံ က ပိုပြီး ပေါ်လွင်ထင်ရှားလာတယ်။ ပူတင်က စစ်ပွဲအစမှာ မိန့်ခွန်းပြောတော့ ယူကရိန်းက သူ့အဆို နာဇီလက်သစ်အစိုးရကို ဖယ်ရှားပစ်ဖို့ နဲ့နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားတာ ကို ရပ်တန့် ပစ်ဖို့ သူ့အခေါ် ယူကရိန်းအထူးစစ်ဆင်ရေးကို ဆင်နွဲရတာပါလို့ ပြောခဲ့တယ်။ တနည်းအားဖြင့် ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ မဟာဗျူဟာရည်မှန်းချက်ပေါ့။

ဒါပေမယ့် ရုရှားထိုးစစ်အောက်မှာ ယူကရိန်းတပ်ဖွဲ့တွေ မြန်မြန်ပြိုလဲသွားပြီး ကိဗ်မြို့တော်ကို သိမ်း ပိုက်နိုင်မယ်ဆိုတဲ့ မေ ျှာ်လင့်ချက်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဖူး။ ဒါ့ကြောင့် မတ်လ ၂၆ ရက် နေ့မှာ ရုရှားတွေက သူတို့ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းအရှေ့တောင်ဘက်က ရုရှား စကားပြော ယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ဒွန်းဘတ်စ်ဒေသလွတ်မြောက်ရေး ဖြစ် တယ်ဆိုပြီး ပြောင်းလဲပြောဆိုလာတယ်။ အဲဒီမူဝါဒအတိုင်းပဲ ဒွန်းဘတ်စ်ဒေသမှာ အဓိက ထိုးစစ် ကြီးဆင်နွဲတယ်။ ဒွန်းဘတ်စ်ဒေသနေရာအတော်များများကို သိမ်းပိုက်နိုင်ပေမယ့် ဒွန်းဘတ်စ် ဒေသတစ်ခုလုံးကို တော့ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ထိုးစစ်အရှိန်တန့်သလိုဖြစ်နေခဲ့တယ်။

အဲဒီလို စစ်အီနေတဲ့အချိန်မှာ ဇူလိုင်လကစပြီး ယူကရိန်းတွေက နိုင်ငံတောင်ပိုင်းက ရုရှားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီး အသံပေးလာတယ်။ သြဂုတ် လ ၂၉ ရက်နေ့မှာတော့ ကရိုင်းမီးယားကျွန်းဆွယ်နဲ့ ဆက်စပ်နေတဲ့ Kherson ဒေသမှာ ယူကရိန်း တွေရဲ့ တန်ပြန်ထိုးစစ်ကို စတင်ခဲ့တယ်။ ယူကရိန်းတပ်ဖွဲ့တွေက နယ်မြေနည်းနည်းပါးပါး ပြန်သိမ်း နိုင်ပေမယ့် ရုရှားစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားတဲ့အထိ မစွမ်းဆောင်နိုင်ဘူး။ ရုရှား ကာကွယ် ရေး ဝန်ကြီးဌာနကလည်း ယူကရိန်းတွေရဲ့ ထိုးစစ်ကို တားဆီးနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ တယ်။

ဒါပေမယ့် Kherson ဒေသ ထိုးစစ်က ရုရှားတပ်ဖွဲ့တွေ လှည့်စားနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ တဲ့ ယောင်ပြ စစ်ဆင်ရေးဆိုတာ ရုရှားတွေ မရိပ်မိခဲ့ဘူး။ စက်တင်ဘာလ ၆ ရက်နေ့မှာ ယူကရိန်း တွေက ဒွန်ဘတ်စ်ဒေသရဲ့ မြောက်ဘက်မှာ ရှိတဲ့ Kharkiv ဒေသမှာ အထွေထွေ ထိုးစစ်ကြီးကို ဆင်နွဲခဲ့တယ်။

အငိုက်မိသွားပုံရတဲ့ ရုရှားတပ်ဖွဲ့တွေက အဲဒီစစ်မျက်နှာမှာ အထိနာခဲ့တယ်။ စက်တင်ဘာ ၁၃ ရက်နေ့အထိ ယူကရိန်းဘက်က ထုတ်ပြန်ချက်အရ ရုရှားတွေလက်ထဲကနေ စတုရန်းကီလိုမီတာ ခြောက်ထောင် လောက် ပြန်သိမ်းနိုင်ခဲ့တယ်လို့ပြောခဲ့ပြီး အဲဒီအထဲမှာ အုပ်ချုပ်ထောက်ပံ့မှုအရ အရေးပါတဲ့ Izyum မြို့လည်း ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ရှေ့တန်းစစ်မြေပြင်အနေအထားကို ပုံ ၁ နဲ့၂ မှာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ခရမ်းရောင်နဲ့ ပြထား တာက ယူကရိန်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့နယ်မြေတွေဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း Kharkiv စစ်မျက်နှာကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာပေး ရတာကို ဝန်ခံခဲ့ပြီး ဒါဟာ နည်းဗျူဟာ လိုအပ်ချက်အရ ဆောင်ရွက်ခဲ့တာဖြစ်တယ်၊ အရေးနိမ့်လို့ ဆုတ်ခွာတာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ရုပ်သံမီဒီယာတွေမှာ မြင်တွေ့နေရတဲ့ ရုရှား တပ်တွေ စွန့်ပစ်ထားခဲ့တဲ့ လက်နက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကတော့ အောင်မြင်စွာ ဆုတ်ခွာတဲ့ ပုံစံမပေါက်ဘူး။ ယူကရိန်းတွေကတော့ ဆောင်းရာသီမရောက်ခင် ဒွန်ဘတ်စ်ဒေသ ထဲ အထိ ထိုးစစ်ဆင်မယ်ဆိုပြီး အသံပေးနေတယ်။ ရုရှားတွေကလည်း ခံစစ်ကြောင်း အသစ် ပြန်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်။ ဒီတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပဲ။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ပူတင်အတွက် စိန်ခေါ်မှုအသစ်ပဲ။ ဒီထိုးစစ်မတိုင်မီအထိ ပူတင်က ရုရှားနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်းတွေဖြစ်လာပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်မှုတွေ လုပ် ပေးလိမ့်မယ် လို့ မေ ျှာ်လင့်ထားတာပါ။ ဒါပေမယ့် အခု ယူကရိန်းထိုးစစ်ရဲ့ အောင်မြင်မှုကြောင့် ဥရောပသမဂ္ဂ က ကြားဝင်စေ့စပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

စစ်ပွဲခြောက်လကြာတဲ့အချိန်မှာ ယူကရိန်းအစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ ရည်မှန်းချက်လည်း မအောင်မြင်တဲ့ အပြင် ယူကရိန်းစစ်ပွဲကြောင့် အရင်က နေတိုးအဖွဲ့ကို မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ်ရပ်တည်နေတဲ့ ဆွီဒင် နဲ့ဖင်လန် နိုင်ငံတို့တောင် နေတိုးအဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက် ပြီ ဆိုတော့ နေတိုးအဖွဲ့ အရှေ့ဘက်တိုးချဲ့လာတာကို တားဆီးရေးဆိုတဲ့ ရည်မှန်းချက်လည်း ပျက်သွားပြီ။ ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကိုလည်း ထိန်းချုပ်နိုင်တဲ့အခြေအနေမရှိသေးဘူး။

အဲဒီအခြေအနေက ရုရှားပြည်တွင်းမှာ ရှိတဲ့ ပူတင် ရဲ့ အနေအထားကို ဘယ်လောက်ထိခိုက်နိုင် မလဲဆိုတာ ပြောဖို့စောသေးတယ်။ အခု အချိန်ထိတော့ ပူတင်ဟာ အာဏာကို ကောင်းကောင်း ချုပ်ကိုင်ထားနိုင်တုန်းပဲ။ ပူတင်နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးသမားတစ်ချို့ရှိပေ မယ့်အဲဒီလူတွေက ဒေသန္တရအဆင့်နိုင်ငံရေးသမားတွေပဲ၊ ပူတင်ကို စိန်ခေါ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

ပူတင်ကို စိန်ခေါ်ပြီး ရာထူးက ဖယ်ရှားဖို့ဆိုတာ ပူတင်ရဲ့ အတွင်းစည်းထဲက သူတွေပဲ လုပ်နိုင်မှာ ဖြစ်ပေမယ့် အဲဒီသူတွေကလည်း အခု အချိန်ထိ ပူတင်ဘက်က လောင်းကြေး ထပ်ထားတုန်းပဲ။ ဒါပေမယ့် စစ်ရေး၊စီးပွားရေးအကျပ်အတည်း တွေ ဆိုးသထက်ဆိုးလာရင်တော့ အဲဒီသူ တွေအနေနဲ့ ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ထွက်ပေါက်တစ်ခုရဖို့ စဉ်းစားရတော့မှာ သေချာ တယ်။ အဲဒီအခါမှာ ပူတင် ရှိနေခြင်းဟာ အဖြေရှာဖို့အတွက် အဓိက အတားအဆီး ဖြစ် နေပြီလို့ မြင်လာရင်တော့ ရုရှားနိုင်ငံရေးမှာ အပြောင်းအလဲတွေဖြစ်လာနိုင်တာပေါ့။

ယူကရိန်းတန်ပြန်ထိုးစစ်ဟာ စစ်ရေးအလှည့်အပြောင်းသက်သက်ပဲဖြစ်မလား၊ နိုင်ငံရေး အလှည့် အပြောင်းပါ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။

သက်တန့်တစ်စင်း

လွန်ခဲ့တဲ့ ခုနှစ်နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ က ရေးခဲ့တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းခရီးသွားဆောင်းပါး

အဲဒီအချိန်က မြန်မာနိုင်ငံအတွက် သက်တန့်တစ်စင်းကို မေ ျှာ်လင့်ခဲ့ပေမယ့် အခုတော့ မိုးသက်မုန်တိုင်းပဲရောက်လာခဲ့တယ်။ ဒါပေမယ့် မုန်တိုင်းစဲရင်တော့ သက်တန့်တစ်စင်း ပေါ်လာ ကောင်းပါရဲ့။


သက်တန့်တစ်စင်း

အခုတစ်လော ခရီးမကြာခဏထွက်နေရသည့် ကျွန်တော် ဒီနေ့( စက်တင်ဘာ ၁၃ ) မှာတော့ ရန်ကုန်- မန္တလေးကားလမ်းဟောင်းအတိုင်း နေပြည်တော်သို့ ပြန်လာခဲ့သည်။ လမ်းတလေ ျှာက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ဝင်ရောက် တွေ့ဆုံရင်း ၁၁၅ မိုင်ကတဆင့် နေပြည်တော်ကို ပြန်ဖို့ စီစဉ် ခဲ့သည်။ ထုံးစံအတိုင်း ကားတစ်စီးထဲ၊ ကျွန်တော်၊ ယာဉ်မောင်း နောက်ပြီး ခရီးစဉ်စစ်ဆေး ချက်မှတ်တမ်းရေးမည့် အရာရှိတစ်ဦး။

ညောင်လေးပင်ရောက်တော့ နေ့လည် ၁၂ နာရီထိုးပြီ။ ညောင်လေးပင် မြို့ အဝင်မှာ ညောင်လေးပင်မြို့ထဲမှာ ဟိန္ဒူဘာသာဝင် အန္ဒိယအနွယ်ဖွားတွေကို ဝတ်ကောင်းစားလှ တွေနဲ့ စုစု စုစု တွေ့ရသည်။ အရောင်တောက်တောက်လွင်လွင် ဆာရီတွေနဲ့ အမျိုးသမီး ကြီးတွေ၊ အမျိုးသမီးငယ်အများစုကတော့ ဆာရီ အစား အရောင်တောက်တောက် ဂါဝန် ရှည်တွေနဲ့၊ အမျိုးသားတွေကတော့ လူကြီး၊ လူငယ်အားလုံး လုံချည်၊ ဘောင်းဘီတွေနဲ့ ၊ သူတို့ကိုမြင်ရတာ ပွဲလမ်းတစ်ခုခုကို သွားဖို့ ပြင်ဆင်နေတာသိသာသည်။ လိုက်ထရပ် တွေ၊ ထွေလာဂျီတွေပေါ်မှာ မိသားစုလိုက်၊ ဆိုင်ကယ်တွေကလည်း အုပ်စုလိုက်။

ညောင်လေးပင်ရုံးကနေထွက်လာတော့ ကျောက်တံခါးမရောက်မီ ကန်ရွာမှာ ကားတန်း ကြီးက လမ်းပေါ်မှာ တစ်ရွေ့ရွေ့၊ ဆိုင်ကယ်တွေ၊လူတွေ စုပြုံသွားနေကြသည်။ ကားရှင်း ပေးနေသော လူငယ်တစ်ဦးကို မေးတော့ ရှေ့မှာ ဟိန္ဒူဘုရားပွဲရှိသည်တဲ့။ တစ်နှစ်မှာ ဒီတစ်ရက်ပဲ ကျင်းပသည့်ပွဲ၊ မနက်ကနေ ည ၁၂ နာရီအထိ ကျင်းပမည့် ဘာသာရေးပွဲ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဇေယျဝတီစတဲ့ဒေသတွေက ဟိန္ဒူဘာသာဝင်တွေ အားလုံးလာသည့်ပွဲ၊ ခရစ်ရှနား၊ သီဝ၊စသည့် ဟိန္ဒူနတ်ဘုရားတွေကို ပူဇော်သည့်ပွဲ။ နေပြည်တော်ကို ဘယ်အချိန် ရောက်ရောက်၊ ဘယ်အချိန်ပေါက်ပေါက်၊ လွတ်လပ်ပေါ့ပါး စွာခရီးထွက်လာသူမို့ အဲဒီပွဲကို ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘုရားပွဲအဝင်မုခ်ဦးကျဉ်းကျဉ်းကိုဖြတ်ဝင်လိုက်သည်နှင့်အထဲမှာ ပွဲဈေးတန်း၊လူပင်လယ်။ လူအော်သံ၊ ဈေးခေါ်သံတွေ။ ဈေးတန်းနောက်က ကန်ကြီးထဲမှာ လူတစ်ချို့ရေကူး နေသည်။ ပွဲဈေးတန်းကား အညာဘုရားပွဲနှင့် အတူတူ၊ မြန်မာ မုန့်တွေ နေရာမှာ ကုလားအချိုမုန့်တွေ၊တစ်ပိဿာ သုံးထောင် လို့အော်ရောင်းနေ၏။ ဓာတ်ပုံတွေရောင်း တဲ့နေရာမှာတော့ မြန်မာမင်းသား မင်းသမီးတွေနေရာမှာ ဘော်လီဝုဒ် မင်းသား မင်းသမီး တွေက နေရာယူထားသည်။

မုန့်ဟင်းခါးသည်တွေနေရာမှာတော့ ပူရီသည်တွေ၊ စမူဆာနဲ့ပဲသုတ်သည်တွေ၊ ဆိုးဆေး ခပ်များများနဲ့အအေးဆိုင်တွေ၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ရွှေရင်အေးသည်တွေကတော့ ကျွန်တော်တို့ဘုရားပွဲတွေနဲ့အတူတူ။ လယ်ယာသုံး၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ မှာတော့ သူတို့ဓလေ့အရသုံးသည့်ပစ္စည်းတွေချခင်းထားသည်။ ရွှေရောင် လက်ဝတ်တန် စာတွေ၊ ရောင်စုံဘော်လုံးတွေကလည်း ရောင်းကောင်းသည့် စာရင်းထဲမှာပါပုံရသည်။ တစ်ထောင် တစ်ထောင် လို့ အော်ရောင်းနေသည့် မျက်မှန်ဆိုင်ရှေ့မှာတော့ လူငယ်တွေ စုပြုံနေသည်။ ကံစမ်းမဲ တစ်စောင် ငါးရာနဲ့ရောင်းပြီး ဆိုင်ကယ်တစ်စီးမဲဖောက်ပေးမည်ဆို သည့် ထီဆိုင်ရှေ့မှာ အိပ်မက်မက်နေသူတွေကလည်း မနည်းမနော။

လူငယ်တွေကတော့ ဘယ်ဘာသာဖြစ်ဖြစ် အတူတူပင်။ ရိုးရာဝတ်စုံနဲ့ ဒါမှမဟုတ် ခေတ်ဝတ်စုံနဲ့ လှနေသည် ပျိုဖြူလေးတွေကို မျက်လုံးချင်းဆုံ ရင်ခုံနေသည့် လူငယ်လေး တွေ ပွဲခင်းထဲမှာ အပြည့်။ တစ်နေရာမှာတော့ အရိပ်ကောင်းသည့် ကုက္ကိုပင်ကြီးတွေ အောက်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ နားဖို့ သတ်မှတ်ထားသည်။ အဲဒီဘေးက ကွင်းပြင် ကုန်းမို့မို့မှာတော့ လူငယ်လေးတွေက လူအုပ်ထဲကို တန်းစီပြီး ကြည့်နေကြ သည်။ တစ်ချို့က ဓာတ်ပုံလှမ်းရိုက်နေသည်။ သူတို့ဘာသာစကားနဲ့ အောက်ဟစ်နေသူ တွေလည်း ရှိသည်။ လေ ျှာက်ပြန်သံပေးလား၊ လူပျိုသံလားမသိနိုင်။ ကလေးတွေက တော့ ပူပေါင်းသည်တွေရှေ့မှာ မော့နေကြသည်။ တစ်ချို့ကတော့ ခရာတွေဝယ်ပြီး အသားကုန်မှုတ်နေကြသည်။

ဘုရားပွဲဆိုတာ ပျော်လည်းပျော်၊ ဆုလည်းတောင်း၊ စိတ်ခွန်အားကိုလည်း ဖြည့်သည့် ပွဲ ဆိုတော့ဘုရားဆောင်တစ်ခုရှေ့မှာတော့ဘာသာရေးပုဂ္ဂိုလ်တစ်ဦးက အဆောင်လက်စည်း လေးတွေကို ချီပေးနေသည်။ သူ့ရှေ့မှာ အလှည့်ကျဖို့ ထိုင်စောင့်နေသူတွေက အမျိုးသား တွေပဲဖြစ်သည်။ အမျိုးသမီးတွေက မလာရတာလား၊ မလုပ်တာလားတော့ မသိ။ ဘုရား ဆောင်တစ်ခုထဲမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ စုနေကြသည်။ အလှုခံနေရာ နှစ်ခုရှေ့မှာလည်း လှုဒါန်းသူတွေအပြည့်။

သူတို့ဘာသာဝင်တွေထဲမှာ ကင်မရာတစ်လုံးနဲ့ ကျွန်တော်က ထင်ရှားနေတော့ တစ်ချို့ က စိတ်ဝင်စားစွာလှမ်းကြည့်ကြသည်။ အနားက လူတစ်ယောက်ကို ဓာတ်ပုံရိုက်လို့ရ လားလို့မေးတော့ ရပါတယ်လို့ ပြောသည်။ ဒါပေမယ့် ကင်မရာချိန်လိုက်တိုင်း ရှက်ပြီး လှည့်သွားသူတွေက အတော်များသည်။ ထိုသူက ဟိုဘက်မှာ ပူရီကျွေးနေတယ် သွားစား ပါလားဟုတိုက်တွန်းသည်။ စိတ်ဝင်စားစရာတွေများလွန်းလို့ သွားမစားဖြစ်၊ ကင်မရာနဲ့ ပုံတွေလိုက်ရိုက်နေမိသည်။

ပွဲခင်းထဲက ပြန်ထွက်လာတော့နေ့လည်တစ်နာရီ၊ နေကြဲကြဲတောက်ပူနေပေမယ့် လူတွေ က အပူကို မမှု၊ တစ်နှစ်မှာ တစ်ခါနွဲရသည့် ဒီပွဲကို အစွမ်းကုန်နွဲကြည့်ပုံ။ ပြန်သွားသူတွေ ရှိ သလို ထွေလာဂျီတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ရောက်လာသူတွေက တစ်ပုံတစ်ပင်။ တစ်ချို့တွေကတော့ ကားလမ်းဘေး အရိပ်ကောင်းသည့် သစ်ပင်ကြီးတွေအောက်မှာ ခဏ နားနေကြသည်။ ညနေစောင်းရင် တစ်ခါပြန်နွဲကြဦးမည့်ပုံ။

ပွဲဈေးတန်းက ပြန်လာတော့ တောင်အာဖရိကနိုင်ငံအကြောင်းစိတ်ရောက်သွားသည်။ မန်ဒဲလားက ဘာသာ၊ လူမျိုး၊အတွေးအခေါ်၊ အယူအဆ၊ ဓလေ့ထုံးစံ အမျိုးမျိုးရှိသည့် တောင်အာဖရိကနိုင်ငံကို သက်တန့်ရောင် လူ့အဖွဲ့အစည်းအဖြစ် ကင်ပွန်းတပ်ခဲ့သည်။ မတူကွဲပြားသည့် အရောင်တွေပေါင်းပြီး လှပသည့် သက်တန့်တစ်စင်းပေါ်ထွက်လာခြင်း ကို တင်စားခဲ့သည်။ အဲဒီအတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့သည်။

ကားပေါ်ကနေ တစ်ရိပ်ရိပ်မြင်နေရသည့် မြင်ကွင်းကို ငေးကြည့်ရင် မြန်မာနိုင်ငံပေါ်တွင် သက်တန့်တစ်စင်းကို မြင်မိပါသည်။