ဆန်ဈေး

တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ငါးနှစ် ၂၂ ဩဂုတ် ၂၀၁၈ ရက်နေ့ NLD  အစိုးရ ကာလ ဆန်အချော တစ်အိတ် ခြောက်ထောင်ဈေးတက်ပြီး  ငါးသောင်းနှစ်ထောင်  ဖြစ်သွားလို့ အခုလို ဝေဖန်ခဲ့ဖူးတယ်။

“မက်ခရိုညွှန်းကိန်းတွေ၊ ဂျီဒီပီတွေ ဘာတွေ ညာတွေ အသာထား

အစာအိမ် အညွှန်းကိန်းကတော့ အခြေအနေမကောင်းဘူး။

ဆန်ချောမစားနဲ့  ငစိန်စားလို့တော့ လမ်းမညွှန်နဲ့ပေါ့။ ငစိန်လည်း ငစိန် အလျှောက်တက်နေတာပဲ။

အခုရော   ဘယ်လိုပြောရမလဲ။

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)

 

ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။

သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။ 

ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။   ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။

သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို  နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊ ဝယ်မစားဘူး။ ဒီတော့ ကုန်ဈေးနှုန်းအကြောင်းပြောလို့ ကိုယ်ချင်းမစာတတ်ဘူး၊ ပူဇော်ရမယ့်အချိန်မပူဇော်ရင် ပြဿနာရှာမယ်၊ ပူဇော်တာတောင် အုန်းသီးကြွက်မြီးမတန်းလို့၊ ငှက် ပျောပွဲမလှလို့ ဆိုပြီး ရန်လုပ်သေးတာ။ ဒါပေမဲ့  စောင်မကြည့်ရှုဖို့ ဆိုရင်တော့ သိုက်ဆက်၊ ဘာဆက်  ညာဆက်ဆိုပြီး ဆွေတော်မျိုးတော်တွေပဲ မစတာကွ။ ဆက်ပြောရင် လွန်ကုန်မယ်။ 

ကျွန်တော်-  မင်းမိုးနတ်မင်းက “မစ” ရင်သာ လူရွေးတာပါကွာ၊ ဒုက္ခရောက်အောင်လုပ်ရင်တော့ အစိမ်း အကျက်မရွေး လူအားလုံး စိတ်ညစ်အောင် မူးအောင် မော်အောင် လုပ်နိုင်ပါတယ်၊ အခု မင်းတောင် အော်နေရပြီမဟုတ်လား။  

ဤတွင်တစ်ခန်းရပ်

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း ( ၁၈  ) 

သူငယ်ချင်း- ဒီတစ်ခါတော့ အတော်လွဲတယ်ကွာ။ တခြားနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားဆို ညှာတယ် လေ၊ သက်သာ အောင်လုပ်ပေးတယ်၊ မယူသင့်ရင်မယူဘူး။ 

ကျွန်တော်- အောင်မယ်လေးကွာ၊ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေမှာတောင် ကိုယ့်နိုင်ငံသားတွေ ကို သက်ညှာဖို့ မစဥ်းစားတာ ၊ မင်းက ဘာတွေ မျှော်လင့်နေတာတုန်း။  စီးပွားရေး သမား ဆို တာ ငွေမျက်နှာပဲကြည့်တာကွ၊ ဈေးတက်ဖို့ပဲ စဥ်းစားမှာပေါ့။

သူငယ်ချင်း- အေးကွာ၊ ဒီကုန်ဈေးနှုန်းနဲ့တော့ ခက်ပါတယ်။

ဤတွင်တစ်ခန်းရပ်

ပုဂံမြင်ကွင်းကျယ် (၁၁)

ပုဂံခရီးစဥ် သွား၊ နား၊ စား

ကျွန်တော် ခရီးဘယ်လိုသွားလဲလို့ မေးရင် ငယ်ငယ်ထဲက အားကျတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်တဲ့ ခရီး သွားတွေကိုနမူနာယူပြီးသွားတယ်လို့ပြောရမှာပဲ။လက်တွေ့လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရတဲ့အချိန်မှာ အသက် က‌ခြောက်ဆယ်ကျော်ပြီဆိုတော့ သူတို့လောက်တော့ ဒုံးပေကပ်သတ် ၊ ပေပေတေတေ မသွားနိုင် တော့ ဘူးပေါ့။

ဒါပေမဲ့ပြည်တွင်း၊ ပြည်ပ ဘယ်ခရီးသွားသွား အတတ်နိုင်ဆုံး ပစ္စည်းနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးသွားတယ် ။ စျေးသက်သာပြီးအသင့်အတင့် သန့်ပြန့်တဲ့ ဟိုတယ်လေးတွေမှာတည်းတယ်။ အကုန် အကျ နည်းတဲ့ ဘတ်စ် ကား၊ရထား စီးတယ်။ သွားမယ့်နေရာရောက်ရင် လမ်းလျှောက်လို့ရတဲ့ နေရာလျှောက် တယ်၊ မရရင် တုတ်တုတ်၊ ဆိုင်ကယ် တက္ကစီ နဲ့ သွားတယ်။ စားတဲ့အခါ စားသောက်ဆိုင်ကြီးတွေကို ရှောင်ပြီး သန့်ရှင်းစျေးသက်သာတဲ့ ဆိုင်လေးတွေမှာ စားတယ်။

လူအများကြီးနဲ့လည်း မသွားဘူး၊ ကိုယ်လိုခရီး သွားနိုင်သူ တစ်ယောက်နဲ့ ပဲသွား တယ်၊ သူသွားချင်တဲ့ နေရာနဲ့ ကျွန်တော်သွားချင်တဲ့နေရာ မတူတဲ့နေ့ဆိုရင် ကိုယ့်လမ်းကိုယ်သွား၊ ညနေ ပြန်ဆုံ တယ်။ ကုန်ကျစရိတ်ကတော့ ကိုယ့်အတွက် ကိုယ်ရှင်းပဲ၊ ဒီနည်းလမ်းက တစ်ယောက်နဲ့ တစ်ယောက် ဘာမှ အားနာဖို့ မလိုဘူး။

သွားမယ်

ပုဂံအသွားခရီးကို ‌ဂျေဂျေ JJ Express နဲ့ သွားတယ်။ ကားလက်မှတ်ကိုတော့ ဂျေဂျေ အပလီကေးရှင်းက နေ ဝယ်တယ်။ အပြန်ခရီးကို ရွှေမန္တလာ နဲ့ ပြန်တယ်။ သူ့ကားလက်မှတ်ကိုတော့ MMBus ကားလက်မှတ် အပလီကေး ရှင်းကနေ ဝယ်တယ်။ MMBus ကတော့ Elite, JJ လို ကားလိုင်းကြီးတွေက လွဲရင် တစ်နိုင်ငံလုံးအတွက် ကားလိုင်း မျိုးစုံကို ရှာဝယ်လို့ရတယ်၊ ငွေပေးတာကတော့ JJ ရော MMBus ရော KBZ pay , CB Pay အပြင် တခြား အွန် လိုင်း ငွေပေးစနစ်အတော်များများနဲ့လည်း ပေးလို့ရတယ်။ ထိုင်ခုံနေရာလည်း စိတ်ကြိုက်ရွေးလို့ရတယ်။ စိတ်ကြိုက် ခုံတွေ လိုချင်ရင်တော့ တစ်ပတ်လောက်ကြိုဝယ်ပေါ့။ ကားခကတော့ ကားလိုင်းနှစ်ခုလုံး ပုဂံခရီးစဥ် ဗီအိုင်ပီ 2 plus 1 ဆိုရင် သုံး သောင်းပဲ။

ပုဂံညောင်ဦးနယ်မြေမှာ လှည့်ပတ်သွားလာဖို့အတွက်တုတ်တုတ် ငှားလိုက်တယ်။ E Bike လို့ အတိုကောက်ခေါ် ကြတဲ့ ဘက်ထရီဆိုင်ကယ်တွေငှားစီးလို့ရပေမယ့် လူသိနည်းတဲ့ ဘုရားပုထိုးတွေကို သွားဖို့ဆိုရင် တုတ်တုတ် ငှားစီးတာက ပိုအဆင်ပြေတယ်။ စျေးကတော့ နှစ်ဘက်ညှိနှိုင်းပေါ့။

ပုဂံမှာ ဘယ်နေရာတွေကို ကြည့်မလဲဆိုတာရွေးတော့ ကျွန်တော်တို့ က ပုဂံရောက်ဧည့်သည်အများစု သွားတဲ့ နေရာ မျိုးထက် ပုဂံခေတ် အနုပညာလက်ရာတွေကို လေ့လာနိုင်မယ့် နေရာတွေ၊ ပုဂံ ညောင်ဦး ဒေသခံပြည်သူ တွေရဲ့ လူမှု စီးပွားဘဝတွေကို မြင်နိုင်၊ သူတို့ရင်ထဲမှာ တိတ်တိတ် လေး ပြောနေတဲ့ အသံတွေကို ကြားနိုင်တဲ့ နေရာတွေကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံခေတ် အနုပညာ လက်ရာတွေ နဲ့ပတ်သက်ပြီး ရွေးတဲ့အခါ အဓိက အကိုးအကားပြုရတာကတော့ ပုဂံသုတေသနလမ်းညွှန် ( ဦးဗိုကေ၊ လွင်ဦးစာပေ၊ ဒုတိယကြိမ်။ ၂၀၁၅) စာအုပ် နဲ့ #THUTApurà – သုတပူရ ဖေ့စ်ဘွတ် စာမျက်နှာပါပဲ။ သွားချင်တဲ့နေရာတွေ ရပြီဆိုတော့ တစ်ရက်ချင်း အလိုက် သွားမယ့်နေ ရာတွေကို အကြမ်းဖျဥ်း လျာထားလိုက်တဲ့အခါ ပုဂံမှာ ကိုးည အိပ် ဆယ်ရက်နေရ မယ်လို့အဖြေထွက်တယ်။ ဒီတော့မှ တည်းဖို့နေရာ ရှာရတယ်။

နားမယ်

ပုဂံမှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ပုံစံမျိုးစုံ၊ စျေးမျိုးစုံရှိတဲ့အထဲက စျေးနှုန်းသင့်တင့်၊ ညောင်ဦးမြို့ထဲမှာရှိ၊ ခရီးသွားတွေရဲ့ မှတ်ချက်ကောင်းလည်းရထားတဲ့၊ ညဘက်မှာ မီးပျက်ရင်မီးစက်နှိုးပေးတဲ့ ဟိုတယ်တွေကို လိုက် ရှာပြီး နောက်ဆုံးမှာ “ကျွန်းပုဂံ” မိုတယ်ကို ရွေးလိုက်တယ်။ ဒီမိုတယ်က အခန်း ၁၄ ခန်းပဲရှိတဲ့အတွက် မိသား စု ဆန်တယ်။ ညဘက်မီးပျက်ရင်မီးစက်နှိုးပေးတယ်။ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ လေးယောက်ခန်း ရှိတယ်။ ကျွန်တော်တို့ သွားတဲ့ ဇူလိုင်လမှာ နှစ်ယောက်ခန်းက တစ်ရက်သုံးသောင်း၊ အဲကွန်း နဲ့ ပန်ကာပါတယ်။ ကျွန်တော်တို့ကတော့ ရက်ရှည်နေတဲ့ အတွက် တစ်ရက် နှစ်သောင်းခွဲနဲ့ ရတယ်။ ကျွန်တော်မှန်းသိလို့ပေးတာမဟုတ်ပါဘူး၊ ဘွတ်ကင်တင်တာ ကျွန် တော့်သူငယ်ချင်းနာမည်နဲ့တင်ပြီး ဖုန်းနဲ့ စျေးညှိတာပါ။ ( မိုတယ်လိပ်စာကို ဓာတ်ပုံမှာ ကြည့်ပါ)

ဒီမိုတယ်လေးမှာ အကြိုက်ဆုံးကတော့ အညာအစားအစာတွေပါတဲ့ နံနက်စာဘူဖေးပဲ။ အခန်းခနဲ့ ဆိုရင် အတော် တန်တဲ့၊ စေတနာပါတဲ့ နံနက်စာလို့ပြောလို့ရပါတယ်။ နောက်ပြီး ဧည့်သည် နည်းနည်းများများ ပုံစံမပြောင်း တဲ့ ဝန်ဆောင်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ ထမင်းဆီဆမ်း၊ ပဲပြုတ် ၊ နဲ့ အညာစာ အရန်ဟင်းတွေ အတွဲကတော့ နေ့တိုင်းစားဖြစ်တဲ့ နံနက်စာပေါ့။ စေတနာပါတဲ့ နံနက်စာကို ဖန်တီး ပေးတဲ့ချက်ကြီးအဖွဲ့က ဒေါ်မိုး၊ ဒေါ်စန်းနဲ့ မနန္ဒာတဲ့။ မိုတယ် ဝန်ထမ်းတွေအားလုံးက ဖော်ရွေတယ်၊ တာဝန် ကျေ တယ်။ နှစ်ရက်လောက်နေပြီး တော့ မိတ်ဟောင်းဆွေဟောင်းတွေလို ဖြစ်သွားတယ်။အလုပ်သ‌ဘောအရ ဆက် ဆံ တာမျိုးမဟုတ်တော့ဘူး။ ဟိုတယ် အသေးလေးတွေမှာတည်းရတဲ့အရသာက အဲဒါပဲ။ ဟိုတယ်ကြီးတွေ မှာ ဆိုရင် တော့ ဝန်ဆောင်မှုက ပိုကောင်း ပါတယ်၊ အပြုံးတွေနဲ့လည်း ကြိုပါတယ်၊ မင်္ဂလာပါ ဆိုတဲ့ စကားသံ ကို လည်း အမြဲကြားရပါတယ်၊ ဒါပေမဲ့ အပြုံး တွေ၊ နှုတ်ဆက်သံတွေက ဝိညာဥ်မဲ့နေသလိုပဲ။

ဒီမိုတယ်က နံနက်စာကျွေးတဲ့နေရာက ခေါင်မိုးပေါ်မှာပါ။ အဲဒီနေရာလေးက မနက် စောစော ရှုခင်းကြည့် လို့ကောင်းသလို ညဘက်လည်း ထိုင်လို့ကောင်းတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက ညဘက် ထိုင်လို့ကောင်း တဲ့အတွက် တချို့ဧည့်သည်တွေက ည ၁၁ နာရီ၊ ၁၂ နာရီအထိ အပေါ်မှာထိုင်၊ သီချင်းဆို၊ ခုံတွေ ရွှေ့ လုပ်တဲ့ အတွက် သူတို့အောက်မှာရှိတဲ့ အခန်းတွေက ဧည့်သည်တွေ စိတ်အ‌နှောင့်အယှက်ဖြစ်ရတာပါပဲ။ မိုတယ် အနေ နဲ့ အမိုးပေါ်က စားသောက်ဆောင်နေရာကို ကို ည ၁၁ နာရီနောက်ပိုင်းမသုံးဖို့ ကန့်သတ်ပေးထားရင်တော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ခေါင်းအုံးတွေအသစ်လဲထားသလို မျက်နှာသုတ်ပုဝါ တွေကိုလည်း အသစ်လဲ လိုက် ရင် ပိုကောင်းမယ်။

စားမယ်

ထမင်းစားတာကတော့ ၂၀၂၀ ဇူလိုင်လ ခရီစဥ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ “ငွေတောင်” ဆိုင်မှာပဲ နေ့တိုင်းစား ပါ တယ်။ ၂၀၂၀ တုန်းက ဒီဆိုင်က ရွှေစည်းခုံဘုရားတောင်ဘက်မုခ် ကွင်းပြင်ထဲမှာ လိုက်ထရပ်လေးထိုးပြီး ရောင်းတာ၊ အခုတော့ အခုတော့ အဲဒီကွင်းပြင်နဲ့ မလှမ်းမကမ်း စျေးတန်းမှာ ဆိုင်ခန်းနဲ့ ဖြစ်သွားပြီ။ ပုဂံဘက်က ကျန် စစ် သားလမ်းမကြီးအတိုင်းလာရင် တောင်ဘက်မုခ်စောင်းတန်းအကျော် ဘယ်ဘက်ခြမ်းက ဆိုင်တန်းတွေ နေရာ မှာ” ငွေတောင် “ ဆိုင်ကိုတွေ့မယ်၊ သူ့ဆိုင်ဘေးမှာ စဥ့်အိုးရောင်းတဲ့ဆိုင်ရှိတယ်၊ မှားစရာမရှိဘူး။

ဆိုင်ပိုင်ရှင် ကိုငြိမ်းချမ်းဦးက အရင်ကတော့ နိုင်ငံခြားသင်္ဘောလိုင်း ချက်ကြီး၊ နောက်တော့ မြစ်ဝကျွန်းပေါ် သား ဟာ နဖူးစာ အညာရောက်ပြီး ညောင်ဦးသူနောက် ကောက်ကောက်ပါအောင် လိုက်ရင်းနဲ့ ထမင်းဆိုင် ဖွင့် ဖြစ် သွားတာ။ ဆိုင်ရှင်ကိုယ်တိုင် ဆိုင်မှာ ထိုင်၊ စားပွဲထိုး၊ သန့်ရှင်းရေးလုပ်တဲ့အတွက် လက်ရာကောင်းသလို၊ သန့် သန့်ရှင်းရှင်းလည်းရှိတယ်။

ဒီဆိုင်မှာ အသားဟင်းတစ်မျိုး၊ အရန်ဟင်း (၇)မျိုး၊ အညာအထောင်းအစုံစုံ ( ၅)မျိုး နဲ့ တစ်ခါ ပြင် ၃၀၀၀၊ ထမင်းလိုက်ပွဲတစ်ပွဲ (၅၀၀)။ အသားဟင်းမပါပဲ အရန်ဟင်း၊ အထောင်းစုံနဲ့ စားရင် တစ်ခါပြင် ( ၂၀၀၀)။ ကျွန်တော်ကတော့ အသားဟင်းနဲ့လည်းစားတယ်၊ အရန်ဟင်းသက်သက်နဲ့လည်းစားတယ်၊ ဟင်းတွေနဲ့ စားချင်စိတ်မရှိတဲ့နေ့ဆိုရင် လက်ဖက်သုပ်နဲ့ ထမင်းဖြူနဲ့စားတယ်။ လက်ဖက်သုပ်တစ်ပွဲက တစ်ထောင်၊ ထမင်း က ငါးရာ။ ဒီဆိုင်က လက်ဖက်သုပ်က ရန်ကုန် ဆူးလေမီးသတ်နားက ဒေါ်ရိပ်ကြီး လက်ဖက်သုပ်လက်ရာမျိုး။

ပုဂံရောက်တဲ့အခါ ညနေခင်း ဆိုရင် အကြော်လေးတော့ စားလိုက်ရမှဆိုတော့ အနော်ရထာလမ်းမကြီးဘေး၊ ဝက် ကြီးအင်း ဂူပြောက်ကြီး ဘုရားကို သွားတဲ့လမ်းခွဲနားက ရွှေညာသူအကြော်ဆိုင်မှာ ထိုင်ဖြစ်တယ်။ ပုဂံမှာ နာမည် ကြီး အကြော်ဆိုင်အတော်များများရှိပေမဲ့ နေရာကောင်းတာရယ်၊ အချဉ်ရည်ကောင်းတာရယ် ကြောင့် ဒီဆိုင်မှာ ပဲ ထိုင်ဖြစ်တယ်။ အကြော် တစ် ထောင် ဖိုး ခုနစ်ခု ဆိုတော့ ရန်ကုန်ကလာတဲ့ ဧည့်သည်ပျော်တာပေါ့။ အဲဒီဆိုင်က ညနေ လေးနာရီကျော်ကျော်လောက်သွားစားရင်အတော်ပဲ၊ အဲဒီနောက်ပိုင်းဆိုရင်တော့ လူများ တယ်။

အသုပ်စားရင်တော့ ရုံးညောင်ပင်ရပ် ဆုတောင်းပြည့်ဘုရားထောင့်က မနှင်းအသုပ်ဆိုင်မှာ စားတယ်၊ ၂၀၂၀ တုန်းကတော့ တည်းတဲ့ မိုတယ်က နံနက်စာမပါလို့ မနှင်းအသုပ်ဆိုင်မှာစတည်းချရတယ်။ ဒီတစ်ခေါက် တော့ “ကျွန်းပုဂံ” မိုတယ် နံနက်စာ ကောင်းလွန်းတော့ တစ်ရက်ပဲရောက်ခဲ့တယ်။ မုန့်ဟင်းခါးစားမယ်ဆိုရင် တော့ ညောင်ဦးသံတဲဟိုတယ်ရှေ့ မီးသတ်ရေကန်နားမှာ လှည်းလေးနဲ့ ရောင်းတဲ့ ပုဂံစတိုင် မင်္ဂလာဆောင် မုန့်ဟင်းခါးကို စားတယ်။ မနှင်းအသုပ်စုံဆိုင်အကြောင်းနဲ့ မင်္ဂလာဆောင် မုန့်ဟင်းခါးအကြောင်း ၂၀၂၀ ဇူလိုင် ခရီးစဥ်မှာရေးခဲ့ဖူးတာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ညစျေးတန်းလမ်းလျှောက်ရင်တော့ FIT လမ်းလို့ခေါ်ကြတဲ့ သီရိပစ္စယာ (၄) လမ်းကို လျှောက်တယ်။ ဒါပေမဲ့ ဆိုင်အများစုက ရန်ကုန်၊မန္တလေးမှာ ရနိုင်တဲ့ အကင်ဆိုင်၊ မာလာရှမ်းကောဆိုင်တွေပဲ။ ရန်ကုန်မှာ ရနိုင်တဲ့ အစား အသောက်ကို ပုဂံ ညောင်ဦးမှာ စားချင်စိတ်မရှိတဲ့အတွက် မစားဖြစ်ဘူး။ လူတွေကြည့်ဖို့ သက်သက်ပဲ လျှောက် တာပါ။ တကယ်တော့ ဒီလမ်းလေးကို အညာမုန့်တွေ၊ အညာစာတွေရောင်းတဲ့ ညစျေးတန်းလေး ဖြစ်စေချင် တာ။

ပုဂံမှာ ကိုးညအိပ်၊ ဆယ်ရက်နေခဲ့တယ်ဆိုပေမဲ့ သွားချင်တဲ့နေရာအားလုံးတော့ မသွားနိုင်ခဲ့ဘူး၊ တန့် ကြည့် တောင်ပေါ်ကနေ ပုဂံနေထွက်ချိန်ကို ကြည့်ချင်ပေမယ့် တောင်တစ်ဖက်ခြမ်းမှာ ပူပူလောင်လောင်ရှိသတဲ့။ ပခုက္ကူ သွားချင်ပေမဲ့ ကင်မရာ ကြီး တလွယ်လွယ်နဲ့ အဆင်မပြေလောက်ဖူးဆိုပဲ။ ငသရောက်- ကျောက်ပန်း တောင်း လမ်းအတိုင်း သွားရင်း အညာရှုခင်းတွေ ကြည့် ချင်တယ်ဆိုပြန်တော့ လမ်းမကောင်းဘူးနောက်မှ သွားပါလို့ ဆိုပြန်ရော။ ဘာမကောင်းတာလဲလို့မေးတော့ အကုန်ပဲတဲ့။

အညာဒေသကတော့ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူအောင် ပြောင်းလဲသွားပြီ။ နေ့ညမရွေး ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန် သွားဆိုတဲ့ ခေတ် မဟုတ်တော့ဘူး။ ပုဂံတောင်မှ ဘုရားမထားလို့ သွားလာ ရနေပုံပဲ။

မနူဟာဘုရား

” ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို “

အကျဥ်းစံဘုရင်ရဲ့ ဆုတောင်းစကား

သူ့ကောင်းမှု ကုသိုလ် ရုပ်ပွားတော်ရှေ့

နှင်းဆီပန်းကပ်လှုသွားသူရဲ့ ဆုတောင်းစကား

ဘာများဖြစ်မလဲ။

ပုဂံမြင်ကွင်းကျယ် ( ၁၀)

အညာရှုခင်း

ပုဂံ ညောင်ဦးဒေသရှုခင်းဟာ ပိုင်စိုးဝေ ရဲ့  “မိုးနည်းရပ်ဝန်းမြေပေါ်မှာ” ဆိုတဲ့ ကဗျာကို သတိရ စေတယ်။ အဲဒီကဗျာမှာ အညာသားကဗျာဆရာက အညာကလူတွေအကြောင်း အခုလို ရေးဖွဲ့ ခဲ့ တယ် –

 “သည်လူတွေ

မိုးနည်းရပ်ဝန်း မြေပေါ်မှာ 

ထန်းပင်တက်၊ ထန်းလျက်ကျို

ယာကိုလည်း ထွန် ၊ သစ်ပင်လည်း စိုက်

သိုးဆိတ်နွားကျောင်း

ပုပ္ပါးတောင်စောင်းဆီ မျှော်ကြည့်ငေးမောရင်း

လွမ်းစရာ တေးသီချင်းတွေ ဆိုကြ။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်

တကြော်ကြော် အော်ဟစ်

တွံတေးသိန်းတန်ခေတ်ကို အမှတ်ရကြ။

သည်လူတွေ

တောင်သူဓလေ့

ယာမီးငွေ့တွေကြား

မှုန်ဝါးဝါး ပန်ချီကားတစ်ချပ်လို

ဘဝကို တပ်မက်

အသက်ရှင်ခြင်းကိုဖက်တွယ်

သဘာဝကို ဘယ်တော့မှ အရှုံးမပေးတဲ့ 

မိုးနည်းရပ်ဝန်းမြေပေါ်က 

တို့ဘဝရဲ့ ရုပ်ပုံလွှာ။”

ဒါပေမဲ့  ပုဂံဒေသရှုခင်းကိုကြည့်ရင်း  ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက အညာ ဒေသရှုခင်း ကို မှန်းဆကြည့်မိတော့ ပိုင်စိုးဝေရဲ့  “ သိန်းစွန်ငှက်အပြန်လမ်း” ကဗျာထဲက သူ့မိခင် အကြောင်း ဖွဲ့ဆိုထားတာတဲ့ စာသားတွေကို  သတိရမိပြန်တယ်-

“စစ်စနက်မီး အကြွင်းအကျန်တွေနဲ့ 

ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း

အမေရယ် တခြားအမေတွေရယ်

အမေတွေအားလုံး

ကလေးတွေကို ပခုံးပေါ်တင်ပြီး 

ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့

တချို့သားသေ၊ တချို့ လင်ဆုံး

စစ်ဆိုတာကြီးကို 

မုန်းခဲ့တယ်မဟုတ်လားအမေ။”

“ ဟိုတစ်နှစ်က

တစ်ရွာလုံး မီးလောင်ပြာကျ

အဲသည်ကတည်းက အမေဟာ 

ရွာကို ပြန်မရောက်

အိမ်ပြန်မဆောက်နိုင်

ထန်းပင်အောက်က ထန်းတဲမှာ 

အမေ အနေကြာခဲ့ပါတယ်။”

ဒါတွေတွေးမိပြန်တော့ ပုဂံရှုခင်းက ကြည်နူးဖို့လည်းကောင်း၊ ဝမ်းနည်းစရာလည်းကောင်း တဲ့ ရှုခင်းဖြစ်သွားပြန်တယ်။ ဒါ့ကြောင့်လည်း  ဆရာစိုင်းခမ်းလိတ် က ရှမ်းပြည်နယ်ရဲ့ အလှအပတွေ ကိုပဲ ဖွဲ့သီနေတဲ့ အနု ပညာရှင်တွေနဲ့ ပတ်သက်ပြီး 

“အစ်ကိုတို့ရေ ပျော်နေတဲ့ အိပ်မက်ကနေ

အပြင်ထွက်ခဲ့လေ

တောင်ပေါ်မြေရဲ့ တစ်ခြားတစ်ဖက် မျက်နှာမှာ

ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ

သာယာတယ်ဆိုတဲ့ ထင်းရူးတောတွေဟာ

လောင်ရာတွေနဲ့ ရုပ်ပျက်နေ” လို့ ရေးဖွဲ့ခဲ့တာဖြစ်မယ်။ 

ဒါပေမဲ့ ဒါကလည်း အပြောလွယ်သလောက် လုပ်ဖို့ခက်လှပါတယ်။ လူ့သဘာဝကိုက ကောင်းတာ ကိုပဲ မြင်ချင်၊ ကြားချင်၊ ခံစားချင်တာဆိုတော့ အခြား တစ်ဖက်မျက်နှာကို မြင်နိုင်ဖို့ဆိုတာ  စာနာ တတ်တဲ့  နှလုံးသားရှိမှ ဖြစ်မှာပါ။ 

ဆိတ်ကျောင်းသူ

သွားလိုက်၊ ပြန်လိုက်

တစ်ရက်ပြီး တစ်ရက်၊

တစ်နေ့ပြီး တစ်နေ့

အသားမွဲ၊ ဖဝါးကွဲတာပဲ အဖတ်တင်တယ်

မပိုင်ဝက်မွေး

ဘာမှ မထူးပါဘူးတဲ့၊ 

ပုဂံမြင်ကွင်းကျယ် (၉)

တုရင်တောင်

ပုဂံကိုရောက်တဲ့ဧည့်သည်တိုင်း နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြပါတယ်။ အရင်ကတော့ စေတီ၊ ပုထိုး တွေ ပေါ်ကနေ တက်ကြည့်ကြတယ်။ ခရီးသွားဧည့်သည်တွေများလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာ ကွယ် နိုင်ဖို့အတွက် အပေါ်တက်ခွင့်မပေးတော့ဘဲ ရှုခင်းကြည့်တောင်ကုန်းတွေကနေပဲ ကြည့်လို့ရတော့တယ်။ ဒါပေ မဲ့ စေတီ၊ ပုထိုးတွေပေါ်ကတက်ကြည့်ရသလောက်တော့ မြင်ကွင်းမကောင်းဘူးပေါ့။ 

ကျွန်တော်ကတော့ ရှုခင်းကြည့်တောင်ကုန်းတွေပေါ်ကနေ ကြည့်ရတာ အားမရလို့ တုရင်တောင်ပေါ် ကနေ ပုဂံလွင်ပြင်နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ဖို့သွားခဲ့တယ်။  ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဟိုတယ် ကနေ ညနေ သုံးနာရီခွဲမှာ တုတ်တုတ်နဲ့ ထွက်တယ်။ တုရင်တောင်ကို မသွားခင် နတ်ရေကန်လို့ ခေါ်ကြတဲ့ ကျောက်ရေကန်ရှိတဲ့ သက်စိုးတောင်ကို အရင်သွားတယ်။ သက်စိုးတောင်ပေါ်တက်တဲ့လမ်းက တုရင်တောင် လမ်းကို ကျော်သွားရတယ်၊ နတ်ရေကန် နဲ့ မိနစ်နှစ်ဆယ်လောက်ကွာတဲ့ တောင်‌ကြောအထိ တုတ်တုတ် တက်လို့ ရပါတယ်။ နတ်ရေကန်ရဲ့ အကြောင်းကို ၂၀၂၀ ဇူလိုင်က ခရီး စဥ်မှာ ရေးခဲ့တာကို  ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ 

နတ်ရေကန်က ပြန်လာတော့ တုရင်တောင်ကို ဆက်သွားတယ်။ တုရင်တောင်အတက်လမ်းက မတ်တော့ ကားနဲ့ တက်လို့ရပေမယ့် တုတ်တုတ်နဲ့ တက်လို့မရဘူး။ ဒ့ါ‌ကြောင့်တောင်ခြေမှာ ဆိုင်ကယ် ကယ်ရီ ငှားရတယ်။ ဆိုင် ကယ်ကယ်ရီ ငှားတဲ့နေရာက ရှာဖို့မလိုဘူး၊ တောင်ခြေစျေးတန်းမရောက်ခင် သစ်ပင်ရိပ်မှာ ဆိုင်ကယ် ကယ်ရီ သမားတွေအသင့်စောင့်နေတယ်။တုတ်တုတ်လာတာမြင်တာနဲ့ထွက်ပြီးလက်ပြလိမ့်မယ်။အဲဒီအခါကျရင်စျေးမေး ပြီး ကြိုက်ရင်ငှားပေါ့။ ဧည့်သည်များတဲ့အချိန်ဆိုရင်တော့ အသွား တစ်ကြောင်းငှား၊ အပြန်ကတော့ နောက် ဧည့်သည်လာပို့တဲ့ ဆိုင်ကယ်ကိုစောင့်ပြီး ပြန်ငှားပေါ့။ ကျွန်တော်တို့ ကတော့ ညနေပိုင်းလည်းဖြစ်၊ ဧည့်သည် ပါးတဲ့အချိန်လည်းဖြစ်တော့ တောင်ပေါ်မှာ ဆိုင်ကယ်ကို စောင့်ခိုင်း ရတဲ့ အတွက် နည်းနည်းပိုပေးရတယ်။ 

ဆိုင်ကယ်ကယ်ရီသမားအများစုက တုရင်တောင်ခြေ ညောင်တိုရွာသားတွေပါ။ အိမ်မှာ ၊ ယာထဲမှာ အလုပ်ပါးတဲ့ အချိန် ဆိုင်ကယ်ကယ်ရီဆွဲကြတာပေါ့။ အသင်းအဖွဲ့ရယ်လို့မရှိဘူး။ တစ်ရွာတည်းသားတွေဆိုတော့ ရောက်တဲ့ အချိန်စီနီယာချိတ်ပြီး ဧည့်သည်စောင့်ပေါ့။ ဧည့်သည်ပါးတဲ့အချိန်ဆိုရင် ဂိတ်မှာ လေးငါးစီးပဲ ရှိပေမယ့် အခါကြီး ရက်ကြီးဆိုရင်တော့ ဆိုင်ကယ်များတယ်။ ကျွန်တော်တို့သွားတဲ့နေ့ကတော့ ဧည့်ပါးလွန်းလို့ ကျန်တဲ့ သူ တွေက နေ့လယ်ထဲက ပြန်ကုန်ပြီ၊ သုံးစီးပဲကျန်တော့တယ်တဲ့။ 

ကျွန်တော်က သင်္ကြန်တုန်းကတော့ အဆင်ပြေတယ်မဟုတ်လားလို့မေးတော့ မြို့ထဲမှာ ဧည့်သည်များပေမယ့် ဒီမှာ တော့ မဟုတ်လှပါဘူး၊ ကိုဗစ်မဖြစ်ခင်တုန်းက ဆရာမြင်စေ့ချင်တယ်။ ကျွန်တော်တို့မှာ ထမင်းတောင် အချိန် လု စားရတာ၊ မနက်လင်းအားကြီးကနေ ညမိုးချုပ်အထိ ဆွဲချက်၊ ဆိုင်ကယ်ကိုတောင် သနားတယ် လို့ ပြောတယ်။ 

ဆိုင်ကယ်ဆရာရဲ့ စကားက ကိုယ့်အတွက်အကောင်းဆုံးဖြစ်ခဲ့တဲ့ အရာတစ်ခုကို ပေတံအဖြစ်ထားပြီး အရာ ရာကို တိုင်းတာတတ်တဲ့ လူ့သဘာဝကို ထင်ဟပ်နေတယ်။ အခြေခံလူတန်းစားတွေက ပိုဆိုးတာပေါ့။ ကမ္ဘာ့စီးပွား‌ရေး၊ ရေနံစျေး၊ ယူကရိန်း၊ ပထဝီနိုင်ငံရေး၊ အာဆီယံ၊ အမေရိကန်၊ အကြီးဆုံး၊ အမြင့်ဆုံး၊ အဝေးဆုံး ဆိုတာတွေက သူတို့နဲ့ အဝေးကြီး။ သူတို့ပေတံက သူတို့ နေ့စဥ်ဘဝပဲ။ 

 တောင်ပေါ်ရောက်တော့ စောင်းတန်းအခြေမှာဈေးတန်းကိုတွေ့တယ်၊ ဒါပေမဲ့ ညနေစောင်းလာလို့ တစ်ဆိုင်ပဲ ဖွင့်တော့တယ်။ ဈေးတန်းတွေရှေ့ ဝါးလုံးတန်းထားတဲ့နောက်မှာ အမျိုးသမီးကြီး ငါးယောက် ပန်းစည်းတွေနဲ့ ၊ ဘုရားဖူးတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ဝါးလုံးတန်း နောက် ကနေပဲ ရောင်း ဖို့ ဂေါပကအဖွဲ့ က သတ်မှတ် ပေးထားတယ်တဲ့။ အတော်ကောင်းတဲ့အစီအစဥ်ပဲ။ဒီအမကြီး တွေ ကလည်း ညောင် တိုရွာကပဲ။ ပန်းရောင်းတဲ့ သူ က တစ်ရာကျော်လောက်ရှိတော့ ငါးယောက်တစ်ဖွဲ့ နဲ့ အဖွဲ့တွေ ဖွဲ့ထားပေးပြီး တစ်ဖွဲ့ တစ်ရက် အလှည့်ကျ ရောင်း ရသတဲ့၊ဧည့်သည်များတာနဲ့ ကြုံလည်းကိုယ့်ကံပဲ၊မလာရင် လည်း ကိုယ့်ကံပဲတဲ့။ သင်္ကြန်လို ရက်ရှည် ရုံး ပိတ်ရက် ဆိုရင်တော့ တစ်ရက် လေးငါးဖွဲ့ ရောင်းခွင့်ပေးသတဲ့။  

ကျွန်တော်တို့ရောက်တဲ့နေ့ကတော့ ဧည့်သည်ပါးတဲ့နေ့၊ ဒီအမကြီးတွေ ကံဆိုးတဲ့နေ့ပေါ့။ ကျွန်တော်တို့ကိုလည်း ပန်းဝယ်ပါဦးလို့ တိုက်တွန်းတယ်။ ပြဿနာက ဒီလို ဧည့်သည်ပါးတဲ့နေ့မှာ တစ်ယောက်ဆီက ဝယ်လိုက်ရင် ကျန် တဲ့သူတွေကို အားနာရပြန်တယ်။ ဒါနဲ့ပဲ တစ်ယောက်ကို နှစ်ထောင်ဖိုးနဲ့ ငါးယောက်လုံးဆီက ဝယ်လိုက်တယ်၊ ပြီး တော့ ကျွန်တော်တို့က‌တော့ ဖွယ်ဖွယ်ရာရာ ဆုမတောင်းတတ်ဘူး၊ အမကြီးတို့ပဲ ကျွန်တော်တို့ ကိုယ်စား ဘုရားမှာ လှူပေး၊ ဆုတောင်းပေးဆိုပြီး အကူအညီတောင်းတော့ ငါးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုရားပေါ် တက်သွားကြတယ်။ တစ်ယောက်တစ်မျိုးဆုတောင်းပေးတော့ ဆုငါးမျိုးရတာပေါ့လေ။  

တုရင်တောင်စေတီရင်ပြင်က သံပန်းရော, သံဆူးကြိုးပါ လူတစ်ရပ်ကျော်ကာထားတဲ့အတွက် ပတ်ဝန်းကျင် ရှုခင်း ကြည့်လို့မကောင်းဘူး၊ ဓာတ်ပုံရိုက်လို့လည်းမကောင်းဘူး၊ ဒါ့ကြောင့် ရင်ပြင်တော်ပေါ်မတက်ခင် ညာဘက် အခြမ်းမှာ ရှိတဲ့ ဂေါပကရုံးနဲ့ အလှူခံဌာနအဆောက်အအုံရဲ့နောက်ဘက် လျှောက်လမ်းရှိတဲ့နေရာကနေ နေဝင် ဆည်းဆာကို စောင့်ကြည့်ရတယ်၊ အဲဒီနေရာကနေ တောင်ဘက် တုရင်တောင်ကြောတလျှောက်၊ အနောက်ဘက် နဲ့ မြောက်ဘက် ပုဂံလွင်ပြင်ရှုခင်းတွေကိုကောင်းကောင်းမြင်ရတယ်။  

ကျွန်တော်တို့ကပုဂံဆိုရင်ရှေးဟောင်းဘုရားပုထိုးစေတီတွေကပဲခရီးသွားဧည့်သည်တွေကို ဆွဲ ဆောင်နိုင်တယ်လို့ ယူဆ ခဲ့ကြတာပါ။ တကယ်တော့ တုရင်တောင်‌ကြောအတိုင်း ခြေလျင်တောင်တက်ခရီးသွားတာ၊ ပုဂံလွင်ပြင်ထဲ မှာ ခရီးကြမ်းစက်ဘီးစီးတာ၊ ရွာတွေမှာ Home Stay ခရီးစဥ် စီစဥ်တာ စသည်ဖြင့် နောက်ထပ်ခရီးစဥ်တွေအများ ကြီး ဖော်ထုတ်လို့ရပါသေးတယ်။ ဒါပေမဲ့ အိမ်သာမှ ဧည့်လာဆိုတဲ့အတိုင်း လောလောဆယ်ဆယ်တော့ မလွယ်  လှပါဘူး။

ကျွန်တော်တို့  နေဝင်ချိန်ကိုစောင့်နေချိန်မှာ အဘကြီးတစ်ယောက်စကားလာပြောတယ်။ တုရင်တောင်ခြေ နား ရွာတစ်ရွာက ၊တောင်ပေါ်မှာ ပုတီးစိတ်၊ ပဋ္ဌာန်းရွတ်နေတာ နှစ်လကျော်ပြီတဲ့။ တောင်ပေါ်မှာပဲ ချက်ပြုတ်စား သောက် ညအိပ်တယ်တဲ့။ အသက် ခုနစ်ဆယ်ကျော်ပြီဆိုတော့ ရှေ့မီ နောက်မီ ပေါ့။ အဘကြီးက တောင်‌အောက် ပြန့် ထဲက ရွာတွေ၊ ဘုရားတွေကို လက်ညှိုးထိုးပြီး ရှင်းပြတယ်။ ကျွန်တော်တို့ နေရာအောက်တည့်တည့်မှာ မြကန် ရေလှောင်တမံ ကို မြင်နေရတယ်။ အရင်ကတော့ မြကန်ပေါ့။ “ မြကန်သာ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည် … ဝတိံသာက– နန္ဒာလော” ဆိုတဲ့ မြကန် ပေါ့။ မြကန်ကို  ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့ပြီး ကျန်စစ်သားမင်းရေး ထိုးခဲ့တဲ့ မွန်ဘာသာနဲ့ မြကန် ကျောက်စာမှာတော့ ကန်အမည်ကို မဟာနိဗ္ဗာန် လက်ဆွဲချီကန် (မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ်) လို့ နာမည် ပေး ထားတယ်လို့ မှတ်တမ်းတွေမှာတွေ့ရတယ်။ 

 တစ်ချိန်က ငှက်ပေါင်းစုံစုံ၊ ကြာပေါင်းထုံ၊ ရေအပြည့်ရှိခဲ့ပေမယ့်အခုတော့  မြကန်တမံထဲမှာ ရေနည်းနည်း ပဲရှိ တယ်၊ ဒါတောင် မိုခါမိုးကြောင့်ရေဝင်ထားတာလို့ဆိုတယ်။ အဘကြီးက ကျန်စစ်သားမင်းကြီးက တုရင် တောင် က လှမ်းမြင်နေရတဲ့ တောင်‌ကြော ( စာထဲမှာတော့ ပိုက်လှမ်းတောင်လို့ဆိုတယ်) နဲ့ တုရင် တောင်ဆွယ်ကို ပိတ်ပြီး မြကန်ကို ဖော်ခဲ့တာ၊လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်အထိ အဲဒီအတိုင်းပဲ။ အဲဒီအချိန်က ‌နွေအထိကန်ထဲမှာ ရေစပ်စပ်ရှိသေးတယ်၊ ရေကျသွားတဲ့ နေရာတွေမှာ ဘူး၊ ဖရုံ၊ ပဲတောင့်ရှည်တို့စိုက်တယ်၊ နောက်တော့ မူလ ကန်ဘောင် ကို ဖျက်ပြီး တမံဆောက်လိုက်တယ်၊ ဒါပေမဲ့ ရေမနေတော့ဘူး၊ အခု ထန်းပင်ပေါက် တွေရှိတဲ့ နေရာ က အရင်က မိုးတွင်းရေမြုပ်တဲ့နေရာတွေ ပေါ့လို့ ရှင်းပြရင်း “ကျန်စစ်မင်းကြီးဖော်ခဲ့တဲ့ ကန်လေ၊ သူလိုမင်းမှ ပြင်လို့ရမှာပေါ့”လို့ ဆိုတယ်။

အဘကြီးစကားကို ကြားတော့ ရွှေစည်းခုံစေတီမှာတွေ့ခဲ့ရတဲ့ကျန်စစ်သားမင်းကြီးရဲ့ ကတိစကား “ ပြည်သူ တွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။” ဆိုတဲ့စကားကို သတိရမိတယ်။ အဘကြီးကတော့ မြကန် အကြောင်းအားပါးတရပြောနေရင်းက သူဟာ ဧည့်သည်လူစိမ်းတွေနဲ့ စကားပြောနေတယ်ဆိုတာ သတိရ သွား ပုံရတယ်။ “အခုနောက်ပိုင်း ရာသီဥတုပူ၊ မိုးလည်းခေါင်တော့ ရေမနေတော့တာလည်း ဖြစ်နိုင် တာပေါ့လေ” လို့  ပြောရင်းစကားကို အဆုံးသတ်လိုက်တယ်။ 

အဘကြီးနဲ့စကားပြတ်သွားတော့ နေဝင်ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်တယ်။ တောင်‌ပေါ်ကနေမြင်ရတဲ့ ပုဂံ လွင် ပြင်ရှုခင်းက လွင်ပြင်ထဲက ဒေသခံတွေ ရင်ဆိုင်ရုန်းကန်နေရတဲ့အခြေအနေတွေကို ခဏမေ့သွားစေတဲ့အထိ လှပ လွန်းလှတယ်။ နေလုံးကွယ်၊ အမှောင်သန်းလာတော့ တောင်ပေါ်ကနေ ဆင်းဖို့ပြင်တယ်၊ မဆင်းခင်  ရင်ပြင်တော် ပေါ်ြပန်တက်ပြီး ဘုရားရှိခိုးတယ်၊ ဟိုအမကြီးတွေက ဘာဆုတောင်းသွားလဲတော့မသိဘူး၊ ကျွန်တော်ကတော့ မသေခင် မြကန်ရေပြည့်တာမြင်ပါရစေလို့ပဲ ဆုတောင်းခဲ့တယ်။