မယ်လမု ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၁၅ -၄-၂၀၂၂ မှာ မယ်လမု ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

မယ်လမုဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ဆုတောင်းပြည့် မယ်လမုစေတီ ” ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )

မယ်လမု ဘုရားသမိုင်းကို နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ပထမပိုင်းကတော့ တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ်မိချောင်း တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။

ဒုတိယပိုင်းကတော့ ဒီဘက်ခေတ် လက်ရှိမယ်လမုစေတီကို ပြန်လည်တည်ထားတဲ့ ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ် အရ တော့ ကြည့်မြင့်တိုင်မှာ နေထိုင်တဲ့ စိုက်ပျိုးရေး ဝန်ထောက် ဦးလှ မြင့်ရဲ့ ဇနီး ဒေါ်စောညွန့်ရီ ဟာ ၁၉ ၆၀ ပြည့်နှစ်အတွင်းမှာ တံတားလေး မြို့ပတ်ရထားဘူတာရုံ အရှေ့ ဘက် ကွင်းပြင်ထဲက သစ်ပင်တစ်ပင် အုပ်မိုးနေတဲ့ ဘုရားငုတ်တို တစ်ဆူ ကို မကြာခဏ အိပ်မက်မက်တယ်။ ဒါပေမယ့် ဒေါ် စောညွန့်ရီဟာ တံတားလေးဘူတာဘက်ကို တစ်ခါမှ မရောက်ဖူးဘူး။

နောက်ဆုံးတော့ ဒီအိပ်မက်ကိုပဲ ခဏခဏမက်နေတာ ထူးခြားတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ နဲ့အတူ တံတားလေးဘူတာကို ရထားစီးသွားတယ်။ အဲဒီအချိန်က မြောက်ဥက္ကလာပ မြို့သစ်ကလည်း တည်ကာစအချိန်ဖြစ်ပါတယ်။ တံတားလေးဘူတာမှာဆင်းပြီး အိပ်မက်ထဲကဘုရားကို လိုက်ရှာ တော့ မြောက်ဥက္ကလာပ မြို့အဝင် ကားလမ်းအရှေ့ဘက် ချောင်းဘေး လမုပင်တွေကြားမှာ ဘုရား ငုတ်တိုတစ်ခုတွေ့တယ်။ ဘုရားငုတ်တိုပေါ်မှာ နဘဲ ပင်ကြီးတစ်ပင်ပေါက်နေတယ်။

အဲဒီဘုရားကို ရှာတွေ့တဲ့နေ့က ၁၃၂၂ ခုနှစ် နယုန်လဆန်း ၃ ရက် ( ၂၅ – ၆ – ၁၉ ၆၀) ဖြစ် ပါတယ်။ ဒေါ်စောညွန့်ရီက ဘုရားဟောင်းရှိရာကို နယုန်လဆန်း ၅ ရက် နဲ့ ၈ ရက်နေ့တွေ မှာ ထပ်သွားခဲ့တယ်။ ၈ ရက်နေ့သွားတဲ့အခါ ဘုရားငုတ်တိုပေါ်က ကြုတ်တစ်ခု တွေ့တယ်။ ဖွင့် ကြည့်တဲ့အခါ အမျိုးသမီးရုပ်တုလေး တစ်ခုတွေ့တယ်။

အဲဒီအမျိုးသမီးရုပ်တုက ရွှေတိဂုံဘုရား အထက်ပစ္စယံ စနေထောင့်မှာရှိတဲ့ မယ်လမု ပုံတော် နဲ့ အတူတူဖြစ်နေတယ်။ နောက်မူကွဲတစ်ခုမှာတော့ အလယ်ပစ္စယံ သိကြားမင်း ပုံတော်အောက် မှာ ရှိတဲ့ မယ်လမုပုံ လို့ဆိုတယ်။ ရွှေတိဂုံ ဘုရားမှာရှိတဲ့ မယ်လမု ပုံတော်ကို သိသူများ ဘယ်အချက် မှန်လဲဆိုတာ မှတ်ချက် ရေး ဆွေးနွေးပေးစေချင်ပါတယ်။

အဲဒီရုပ်တုလေးကို ရပြီးတဲ့နောက်ပိုင်းမှာ ဒေါ်စောညွန့်ရီကို ဘုရားဟောင်းကို ပြန်လည် ပြုပြင် ပေးဖို့ ပူးကပ် အကူအညီတောင်းတာတွေရှိလာတဲ့အတွက် ဒေသအာဏာပိုင်တွေကို ခွင့်တောင်းပြီး ၁၃၂၂ ခုနှစ် ပြာသို လဆုတ် ၉ ရက် ( ၉ – ၁ – ၁၉ ၆၁ ) ရက်နေ့မှာ ဘုရား ဟောင်းကို ဖျက် တယ်။ ဘုရားဌာပနာထဲက ဆင်းတုတော်တွေတွေ့တဲ့အပြင် ကျောက်သား လမုသီးပုံ အောက်ခံ ထားတဲ့ ပလ္လင်၊ သိကြားရုပ်၊ ရသေ့ရုပ်၊ မင်းဝတ်တန်ဆာနဲ့ အရုပ်တွေ လည်းတွေ့တယ်။

ဒေါ်စောညွန့်ရီ ဘုရားတည်တဲ့အခါ ဖိနပ်တော် အမြင့် လေးပေ နဲ့ ပေ ခြောက်ဆယ် ပတ်လည် အုတ်မြစ်စီတာပဲလုပ်နိုင်ခဲ့တယ်။ အဲဒီနောက် ရွှေဘုံသာလမ်းက ရတနာကုန်သည် ဦးတင်အောင် နဲ့ ဇနီး ဒေါ်ကြည်ကြည်တို့က ဒေါ်စောညွန့်ရီနဲ့ တိုင်ပြီး ပြီး ဘုရားဆက်တည်ခဲ့တယ်။ စေတီ တော် အသစ်ကို “ဆုတောင်းပြည့်မယ်လမုစေတီ” လို့ ဘွဲ့အမည်ပေးခဲ့တယ်။

လက်ရှိစေတီနေရာက မူလ ရှေးဟောင်းစေတီနဲ့ နဘဲပင်ကြီးရှိခဲ့တဲ့နေရာမဟုတ်ဘူး။ နဘဲ ပင်ရှိခဲ့တဲ့နေရာက ဘုရားမုခ်ကဝင်လိုက်ရင် ဘယ်ဘက်မှာ ရှိတဲ့ သုဇာတာသူဌေးသမီး နို့ဆွမ်း ကပ်တဲ့ ပြခန်းနေရာ ဖြစ်ပြီး အဲဒီနေရာက ကားလမ်းနဲ့နီးနေတဲ့အတွက် နေရာ ပြောင်း တည်ခဲ့တာလို့ သိရပါတယ်။

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် ၁၉ ၇၅ ခုနှစ်အတွင်းမှာ မယ်လမု ဘုရားကို နှစ်ပတ်နီးပါးနေ့တိုင်းရောက်ခဲ့တယ်။ ကျွန်တော်ကအဲဒီနှစ် ဆယ်တန်းစာမေးပွဲဖြေပြီး နွေရာသီလူငယ်လုပ်အားပေးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့အခါ ဘတ်စ်ကား လက်မှတ်စစ်၊ လက်မှတ်ရောင်းလုပ်အားပေးတာဝန်ကျတယ်။ အဲဒီအချိန်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ဘတ်စ်ကား လိုင်းတွေ အားလုံးက နိုင်ငံပိုင်ကားလိုင်းတွေ။ ကျွန်တော်ပါတဲ့အဖွဲ့က မယ်လမု ဘုရားနားမှာ တာဝန်ကျတယ်။ အမှတ်(၆) ဘတ်စ်ကားလိုင်း (မှတ်မိသလောက်) ကားတွေ ကို ရပ်ပြီး ခရီးသည်တွေရဲ့လက်မှတ်ကို စစ်ရတယ်။ မဝယ်ရသေးရင် ဒါမှမဟုတ် မှတ်တိုင်ကျော်နေ ရင် လက်မှတ်ဝယ်ခိုင်းရတယ်။

အဲဒီအချိန်က ဘတ်စ်ကားလက်မှတ်က စာရွက်ပိုင်းလေးတွေ၊ ဆင်းမယ့် မှတ်တိုင်ကို မူတည်ပြီး လက်မှတ်ခပေးရတယ်။ လက်မှတ်မှာ ကားမှတ်တိုင် နာမည် လေးတွေပါတယ်။ ဘတ်စ်ကား စပါယ်ယာက ဆင်းမယ့် မှတ်တိုင်နေရာကို အမှတ်အသား လုပ် ပေးလိုက်တယ်။ ကျွန်တော် တို့က လက်မှတ်ယူကြည့်ပြီး မှတ်တိုင်ကျော်နေရင် လက်မှတ်ထပ်ဝယ်ခိုင်းရတယ်။ လုပ်အားပေး ကာလ မှာ နေ့လယ် ထမင်းစားချိန်၊နားချိန်ဆိုရင် မယ်လမု ဘုရားဝင်းထဲမှာ နားရတယ်။ လုပ် အားပေး ဆိုတဲ့အတိုင်း ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာရတော့ ဘုရားထဲမှာ စုပြီး ထမင်းစားကြတယ်။ အဲဒီ လုပ်အားပေးကာလ ပြီးကတည်းက မယ်လမု ဘုရားကို ပြန်မရောက်တော့တာ ဒီနေ့အထိ ပဲ။

အခု ပြန်ရောက်တော့ မယ်လမု ဘုရားမုခ်ဦးကျော်လိုက်တာနဲ့ မြင်ကွင်းက မယုံနိုင် လောက်အောင် ပြောင်းလဲနေတယ်။ မယ်လမု ဘုရားပရိဝုဏ်က ၁၀.၅၇ ဧက ရှိတယ်လို့ဆိုတယ်။ အဲဒီ ဘုရားပရိဝုဏ်တစ်ခုလုံးမှာ သာသနိ က အဆောက်အဦတွေ၊ အခြားယုံကြည် ကိုးကွယ်မှု ဆိုင်ရာ အဆောက်အဦတွေနဲ့ ပြည့်နေတယ်။ ကျွန်တော် ရေတွက်ကြည့်တာ ၅၅ ခုရှိတယ်။ အများစုကတော့ ဗုဒ္ဓဝင်နဲ့ပတ်သက်တဲ့ ပြခန်း အဆောက်အဦတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဝင်ဖြစ်စဉ်တွေကို အစီအစဉ်နဲ့ ရှေ့နောက် ဆက် လေ့လာလို့ရအောင် တည်ဆောက် ထားတာမျိုးတော့မဟုတ်ဘူး။ အလှုရှင်ပေါ်ပေါက်မှုနဲ့ နေရာ ရနိုင်မှုအပေါ်မူတည်ပြီး တည်ဆောက်ထားတဲ့သဘောပါ။ ပန်းပုလက်ရာတွေကလည်း အဆင့်အမျိုးမျိုးပါပဲ။ ဒါပေမယ့် အာရုံခံတန်ဆောင်းတွေ၊ ပြခန်းတွေကို တစ်နေရာကနေ တစ်နေရာ မိုးမစို နေမပူပဲ သွားနိုင်အောင် စောင်းတန်းတွေ တည်ဆောက်ထားတာကတော့ အတော်ကောင်းပါတယ်။ ( ဘုရားပရိဝုဏ် လမ်းညွှန်မြေပုံကို ဖော် ပြထားပါတယ်။ )

နောက်ထပ် သတိထားမိတာတစ်ခုကတော့ ဘုရား ပရိဝုဏ်အတွင်း မှာ ဈေးဆိုင်တန်းနဲ့ ဗေဒင် ဟောခန်းတွေ အလွန်များတဲ့အချက်ပါပဲ။ မုခ်ဦးကနေ ဝင်လိုက်ရင် ညာဘက် တစ်ခြမ်း အပြည့် နီးနီး ဆိုင်တန်းတွေ၊ ဟောခန်းတွေရှိတယ်။ငမိုးရိပ်ချောင်း ကို ကျောပေးထားပြီး စားသောက်ဆိုင် တွေရှိတယ်။ အဲဒီဆိုင်တွေဆုံးရင် ရှင်ဥပဂုတ္တ ရေကန်တော်ပတ်လည်မှာ ဆိုင်ခန်းတွေရှိတယ်။ ဆိုင်ခန်းတွေကလည်း ရိုးရိုးစတိုးဆိုင်၊ ဘာသာရေးဆိုင်ရာ ပစ္စည်းတွေ ၊ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်၊ ထမင်းဆိုင်၊ စောင်းတန်းဘေးမှ ခင်းထားတဲ့ အသုပ်ဆိုင် အစုံပါပဲ။

ဗေဒင်ဟောခန်းတွေကတော့ မယ်လမုဘုရားဟာ ရန်ကုန်မြို့က ဘုရားတွေအနက် ဘုရား ပရိဝုဏ်ထဲမှာ ဗေဒင်ဟောခန်း အများဆုံး ရှိတဲ့ ဘုရားများဖြစ်နေမလားမသိဘူး။ အကြား အမြင်၊ ဓာတ် နတ် သိုက် သုံးကြိုးကိုင် ၊ ဝိဇ္ဇောဓရ ၊ ဗေဒင် ၊ လက္ခဏာ ၊ တဲရော့ ၊ နက္ခတဗေဒ၊ ဓာတ်ရိုက် ဓာတ်ဆင် အမျိုးစုံတွေ့ရတယ်။

မယ်လမု ဘုရားသမိုင်း မှာ ငမိုးရိပ်မိချောင်းလည်း ပါတော့ ငမိုးရိပ်ကမ်းနားဘက်အခြမ်းမှာ မိချောင်းရုပ်ကြီး လုပ်ထားတယ်၊ အရွယ်အစားအတော်ကြီးပါတယ်။ ဒါပေမယ့် ငမိုးရိပ် မိချောင်းလည်း စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းတွေက ပစောက်ပုံ ဝိုင်းထားတော့ ထင်ထင် ရှားရှား ပေါ်ပေါ်လွင်လွင် မရှိရှာဘူး။ အမှန်ကတော့ ငမိုးရိပ် ချောင်း ဘက်အခြမ်းမှာ စားသောက် ဆိုင်တွေ မထားဘဲ ရင်ပြင်လုပ်ပေးထားရင် ပိုသင့်တော်မယ်လို့ထင်ပါတယ်။ အခု ဘုရား ပရိဝုဏ် အပြင်ဘက် ယာဉ်ရပ်နားစခန်းဘေးမှာ ဆိုင်ခန်းအသစ်တွေ ဆောက်နေတာတွေ့ရတယ်။ အဲဒီ ဘက်ကို လက်ရှိဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဗေဒင်ဟောခန်းတွေ ရွှေ့လိုက်ရင် ကောင်း မှာပဲလို့လည်း တွေးမိတယ်။

ဘုရားဖူးများအတွက် နောက်အခက်အခဲတစ်ခုဖြစ်နိုင်တာက အသံချဲ့စက်ကိစ္စပါ။ ကျွန်တော် ရောက်သွားတဲ့မနက်ပိုင်းမှာ ပရိဝုဏ်ထဲက အာရုံခံတန်ဆောင်းလေးခုမှာ အလှုခံဌာန လေးခု ဖွင့်ထားတယ်၊ အဲဒီလေးခုလုံးက အလှုရှင်တွေကို ဖိတ်ခေါ်တာ၊လှုဒါန်းသူအမည်ကို ဖော်ပြပြီး သာဓုခေါ်တာ တစ်ပြိုင်တည်းလုပ်နေတယ်။ အဲဒီအသံတွေက ရင်ပြင်တော်မှာ ဘုရားဖူး၊ ပရိတ်ရွတ်၊ တရားဘဝနာပွားများ၊ ပုတီးစိတ်သူတွေ အာရုံစူးစိုက်ဖို့အတွက် အခက်အခဲ ဖြစ် တာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ဒါ့ကြောင့် ဂေါပကအဖွဲ့အနေနဲ့ အသံချဲ့စက်ဖွင့်လှစ်ခြင်း ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည် စဉ်းစားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

မယ်လမုဘုရားမှာ ဒေသန္တဗဟုသုတတွေရခဲ့ပေမယ့် သဒ္ဓါယိုဖိတ်ကြည်နူးချမ်းမြေ့စိတ် တော့ မရခဲ့ဘူး။

ခြောက်ထပ်ကြီး ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ၁၄ -၄-၂၀၂၂ မှာ ခြောက်ထပ် ကြီး ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

ခြောက်ထပ်ကြီး ဘုရားရဲ့ ဘွဲ့အမည် အပြည့်အစုံက “ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား ကြီး” ဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားဟာ ငါးထပ်ကြီးဘုရား နဲ့ ရွှေဂုံတိုင်လမ်းမကြီး ခြား ပြီး တည်ရှိပါတယ်။

ဗြိတိသ ျှ ကိုလိုနီခေတ်မှာတည်ထားခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား သုံးဆူ အနက် ခြောက်ထပ်ကြီးဘုရားသမိုင်းက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့နိုင်ငံရေး၊စီးပွားရေး အခြေအနေတွေနဲ့ ဆက်စပ်မှုအများဆုံး လို့လည်း ပြော ရမယ်ထင်ပါတယ်။ ဒါ့ကြောင့်ဘုရားသမိုင်းကို ရှည်ရှည်ရေးပြချင်ပါတယ်။

ခြောက်ထပ်ကြီးဘုရားသမိုင်းအစက ငါးထပ်ကြီးဘုရားနဲ့ဆက်စပ်နေပါတယ်။ ငါးထပ် ကြီး ဘုရားဒါယကာ ဦးဘိုးအောင် နဲ့ ခြောက်ထပ်ကြီးဘုရားဒါယကာ ဆာဘိုးသာ ( ၁၈၅၇-၁၉ ၃၃) က မိတ်ရင်း ဆွေရင်းတွေ။ ငါးထပ်ကြီးဘုရား ဒါယကာ ဦးဘိုး အောင်က ရန်ကုန်မြို့ ကုန်ဈေးတန်း မှာနေတယ်။ ဒါပေမယ့် ၁၉ ၀၁ ခုနှစ် ငါးထပ်ကြီးဘုရား ကို စတင်တည်ထားတော့ ဘုရားကြီး အနားမှာ နေ့ည မပြတ်နေထိုင်လိုတဲ့အတွက် ဘုရားကြီးနားမှာ မြေဝယ်ပြီး နေထိုင်တယ်။

ဆာဘိုးသာက ဦးဘိုးအောင်နဲ့ မိတ်ဆွေဖြစ်သလို ငါးထပ်ကြီးကျောင်းတိုက်ဆရာတော် ဦး အာဘာသ ရဲ့ တကာရင်းလည်းဖြစ်တဲ့အတွက် ဦးဘိုးအောင် အိမ်အနားမှာ မြေဝယ်ပြီး နေ တယ်။ အခုအချိန်အထိ SSC ဆေးရုံနောက်ဘက်ထဲမှာ ဆာဘိုးသာခြံလို့ခေါ်တဲ့ ဝင်းကြီးရှိသေး တယ်။

ဆာဘိုးသာကလည်း ဦးဘိုးအောင်လိုပဲ ဘုရားကြီးတစ်ဆူတည်ထားကိုးကွယ်ချင်တဲ့အတွက် ငါးထပ်ကြီးဘုရားအရှေ့မြောက်ဘက်မှာ မြေ ၄.၂၅ ဧက ကို တစ်သောင်းလေးထောင့်နှစ်ရာ ကျပ်နဲ့ ဝယ်လိုက်တယ်။ အဲဒီအချိန်က အခုမြင်နေရတဲ့ ရွှေဂုံတိုင် လမ်းမကြီး မဖောက်ရသေး ဘူး။

ဆာဘိုးသာက သက္ကရာဇ် ၁၂၆၈ ခုနှစ် (၁၉ ၀၇ ခုနှစ် ) တပေါင်းလဆန်း ၇ ရက်မှာ ရွှေသာ လျောင်း ရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားမယ့်အကြောင်း ဆရာ တော်များ နဲ့ မြို့မိမြိုဖ တွေကို လေ ျှာက်ထား အသိပေးခဲ့တယ်။ အဲဒီနေ့မှာပဲ အလှုရှင်တွေက အုတ်ချပ်ရေ ခြောက်သိန်း သုံးသောင်း ပါဝင်လှုဒါန်းမယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီလို လေ ျှာက်ထားပြီးတဲ့နောက် နောက်ထပ်အလှုရှင်တွေကို ဖိတ်ခေါ်တဲ့ ကြော်ငြာစာကို မြန်မာ့ သံတော်ဆင့် သတင်းစာမှာ ဖော်ပြခဲ့တယ်။

တစ်ချို့မှတ်တမ်းတွေမှာ ခြောက်ထပ်ကြီးဘုရားကို ၁၂၆၁ ခုနှစ်မှာစတည်တယ်၊၁၂၆၆ ခုနှစ် မှာ ပြီးတယ်လို့ ဆိုတယ်။ ဒါပေမယ့် ၁၂၆၈ ခုနှစ်မှာ ဘုရားကြီးတည်ထားမယ့်အကြောင်း လေ ျှာက်ထားတယ်ဆိုတော့ ၁၂၆၁ ခုနှစ်မှာတည်ထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ၁၂၆၉ ခုနှစ် မှာ စတင်တည်ထားပြီး ၁၂၇၄ ခုနှစ်(၁၉ ၁၃) မှာ ပြီးစီးတယ်ဆိုတဲ့ မှတ်တမ်းက အမှန်ဖြစ်ပါတယ်။

ခြောက်ထပ်ကြီးဘုရားကို လျောင်းတော်မူ ဘုရားအဖြစ်တည်ထားခဲ့ပေမယ့် ဘုရားတည်ဆဲ ကာ လမှာ ပန်းရန်ဆရာတွေအပြောင်းအလဲဖြစ်တယ်။ နောက်တာဝန်ယူတဲ့ ပန်းရန်ဆရာတွေက အချိုး အစားကျနပြေပြစ်အောင် မတည်နိုင်တဲ့အတွက် ရွှေသာလျောင်း ရုပ်ပွားတော်ကြီး က အဝေးက ကြည့်ရင် ထိုင်တော်မူ ကိုယ်တော်ကြီးလို့ ထင်ရပြီး မေ ျှာ်လင့်သလောက် ကြည်ညို တင့်တယ် ဖွယ်ရာမဖြစ်ခဲ့ဘူး။ မူလ ဘုရားကြီး ဉာဏ်တော်အလျား က ၂၃၅ ပေ၊၊ ဉာဏ်တော် အမြင့်က ၁၀၁ ပေ ရှိတယ်။ ( ယခင်ပုံတော်ဟောင်းဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။ )

ဘုရားဒါယကာ ဆာဘိုးသာက ဘုရားတည်ပြီးတဲ့နောက် ၁၂၉ ၂ ခုနှစ်မှာ ဘုရားကြီး အနီးမှာ မဟာဗုဒ္ဓါရာမ ( ဘုရားကြီးတိုက်) ကို တည်ဆောက်ပြီး ဆရာတော် ဦးကောဏ္ဍည ကို လှုဒါန်း တယ်။ ဆရာတော်ရဲ့ စာဝါပို့ချသင်ကြားမှုကြောင့် ဘုရားကြီးတိုက်ဟာ ပခုက္ကူ မဟာဝိသုတာ ရာမ တိုက်ခွဲအဖြစ်နဲ့ ထင်ရှားလာခဲ့တယ်။ ဆရာတော်ကိုလည်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆက်ကပ်ခံရ တယ်။ အခုတော့ ဘုရားကြီးတိုက်ထဲမှ ကျောင်းပေါင်း ၄၈ ကျောင်းရှိနေပါပြီ။

ခြောက်ထပ်ကြီးဘုရားက တန်ဆောင်း အမိုးအကာမရှိ၊ နေပူမိုးရွာ ဟင်းလင်းပြင်မှာ သီတင်း သုံးရတဲ့အတွက် နှစ်ကြာ လာတာနဲ့ အမ ျှ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုတွေရှိလာတယ်။ ပဲခူးငလျင်လှုပ်တဲ့အချိန်မှာ လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်။ ဒါ့ကြောင့် ၁၃၁၅ ခုနှစ် ( ၁၉ ၅၃ခုနှစ်) မှာ ဆရာတော် ဦးကောဏ္ဍည က သြဝါဒစရိယ ဆရာတော်ကြီးတွေကို လေ ျှာက်ထားပြီး ဘုရားကြီးကို ပြင်ဆင်ဖို့အတွက် အဖွဲ့ဖွဲ့ တယ်။ အဖွဲ့ဥက္ကဋ္ဌ အဖြစ် ဆာဦးသွင်က ဆောင်ရွက် တယ်။ သာသနာရေးဝန်ကြီး ဦးဝင်းက ဒုဥက္ကဋ္ဌ တာဝန်ယူတယ်။ သာသနာရေးနဲ့ ပြည်သူ့ အိုးအိမ် ဌာန ( အခုအခေါ် ဆောက်လုပ်ရေး) က အရာရှိတွေ၊ အင်ဂျင်နီယာချုပ်တွေ အဖွဲ့ဝင်အဖြစ် ပါတယ်။ အခု ခေတ်အခေါ်ဆိုရင်တော့ ဘက်စုံပြုပြင်မွမ်းမံရေးအဖွဲ့ပေါ့။

ဒါပေမယ့် အဲဒီအချိန်က ဆဋ္ဌသင်္ဂ ါယနာ တင်ဖို့အတွက် ကမ္ဘာအေးလှိုဏ်ဂူတော်ကြီး တည် ဆောက်နေချိန်ဖြစ်တဲ့အတွက် ခြောက်ထပ်ကြီးဘုရားပြန်လည်ပြုပြင်ရေးကိစ္စကို မလုပ်နိုင်ခဲ့ ဘူး။ ဒီလိုနဲ့ ၁၉ ၅၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဝင်း ဥက္ကဋ္ဌ၊ ချပ်သင်း သူဌေး ဦးဘတင် ဒုဥက္ကဋ္ဌ နှင့် ငွေထိန်း ဦးဆောင်တဲ့အဖွဲ့ကို ပြန်ဖွဲ့တယ်။

အဲဒီအဖွဲ့က ဘုရားကြီးခိုင်ခံ့မှုအခြေအနေကို အင်ဂျင်နီယာတွေနဲ့ စစ်ဆေးတယ်။ စစ်ဆေးတဲ့ အဖွဲ့က လုံးဝဖျက်ပြီး အသစ်ပြန်တည်ဆောက်ဖို့ နဲ့ ကိုယ်တော်တစ်ပိုင်း၊ ခြေတော်တစ်ပိုင်း ကို ပဲဖျက်ပြီး ပုံတော်သစ် ပြန်တည်ဖို့ ဆိုတဲ့ နည်းလမ်းနှစ်ခုကို စဉ်းစားတယ်။ စစ်ဆေးတဲ့ အဖွဲ့ဝင် သုံးဦးမှာ တစ်ဦးက အသစ်ပြန်တည်ချင်တယ်။ တစ်ဦးက တစ်ပိုင်းပဲဖျက်ပြီး ပြန်ပြင်ချင်တယ် လို့ ၁ – ၈ – ၁၉ ၅၄ ရက်စွဲပါ အစီရင်ခံစာမှာတွေ့တယ်။ တတိယတစ်ယောက်ရဲ့ သဘောထားကို တော့ အစီရင်ခံစာမှာ ဖော်ပြမထားဘူး။

ပြန်လည်ပြုပြင်ရေးအဖွဲ့က ဘုရားကြီးရဲ့ခိုင်ခံ့မှုက အခြေအနေအတော်ဆိုးနေတော့ ရေရှည်တည်တံစေဖို့အတွက် အသစ်ပြန်တည်တဲ့ နည်းလမ်းကို ကြိုက်တယ်။ ဆရာတော် ကြီးတွေကို လေ ျှာက်ထားတော့ ဆရာတော်ကြီးတွေကလည်း သဘောတူတယ်။

အဲဒီနောက် ဘုရားကြီးပြုပြင်ရေးနဲ့ပတ်သက်ပြီး ၁၉ ၅၆ ခုနှစ်ထဲမှာ အစည်းအဝေး သုံးကြိမ် လုပ်တယ်။ တစ်ကြိမ်က ဦးနု အိမ်မှာလုပ်တယ်။ အဲဒီအချိန်မှာ ဦးနုက ဝန်ကြီးချုပ်တာဝန်က နားပြီး ဖဆပလ ဥက္ကဋ္ဌ လုပ်နေတဲ့အချိန်ဖြစ်တယ်။ အဲဒီနောက်မှာ ပြုပြင်ရေးအဖွဲ့ကို ပြန်ဖွဲ့တယ်။ ဆာဦးသွင်က ဥက္ကဋ္ဌ၊ ဖဆပလ ဥက္ကဋ္ဌ ဦးနု၊ တရားရေးဝန်ကြီး ဦးသိမ်းမောင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်မှူးအောင်တို့က ဒုဥက္ကဋ္ဌတွေ လုပ်တယ်။ အဖွဲ့ရဲ့အောက်မှာ ဝန်ကြီး တွေ၊ သူဋ္ဌေးတွေပါတဲ့ ဘဏ္ဍာရေးနဲ့ အလှုခံရေးအဖွဲ့၊ တည်ဆောက်ရေးအဖွဲ့ နဲ့ နိဗ္ဗာန်ဆော်အဖွဲ့ ဆိုပြီး ထပ်ဖွဲ့တယ်။ တည်ဆောက်ရေးအဖွဲ့ကို ဦးနု ကိုယ်တိုင်ခေါင်းဆောင်တယ်။

၁၉ ၅၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ဘုရားကြီးကို ခြေတော်ရင်းက စဖျက်တယ်။ ရန်ကုန်မြို့နဲ့ပတ်ဝန်းကျင်မြို့ရွာတွေက စေတနာရှင်တွေလုပ်အားပေးတယ်။ ဌာပနာ တိုက် နှစ် ခုတွေ့တယ်။ လျောင်းတော်မူအသစ်တည်တဲ့အချိန်မှာ ပြန်ဌာပနာနိုင်ဖို့အတွက် မှတ်တမ်း တင် သိမ်းဆည်းတယ်။

တည်ဆောက်ရေးအဖွဲ့က ဘုရားကြီးကို ဖျက်ပြီးတဲ့နောက် သံတန်ဆောင်းကို အရင်တည် ဆောက် ပြီးမှ ရွှေသာလျောင်းရုပ်ပွားတော်ကို အမိုးအကာအောက်မှာ တည်ဆောက်ဖို့ ဆုံး ဖြတ်တယ်။ ဒ့ါကြောင့် အလျား ပေ ၂၀၀၊ အနံ ပေ ၉ ဝ၊ အမြင့် ၆၅ ပေရှိတဲ့ သံတန်ဆောင်း ဆောက်ဖို့ တင်ဒါခေါ်တယ်။ ရန်ကုန်မြို့၊၁၆ လမ်း ၊အိမ်နံပါတ် ၅၃ မှာ ရှိတဲ့ ရော့စန် ကုမ္ပဏီ က ၁၁၈,၈၇၆ ကျပ်နဲ့ တင်ဒါအောင်တယ်။

၃၀ – ၇ – ၁၉ ၅၈ ရက်နေ့မှ သံတန်ဆောင်းတော်ကြီးအတွက် အုတ်မြစ်ချ မင်္ဂလာ အခမ်း အနား ( မူလ စာပါအတိုင်း) ကျင်းပတယ်။ ဝန်ကြီးချုပ်တာဝန်ပြန်ယူထားတဲ့ ဦးနုကိုယ်တိုင်အုတ်မြစ်ချ တယ်။ ၂၃ – ၃ – ၁၉ ၅၉ ရက်နေ့မှာ တိုင်ထူ မင်္ဂလာကျင်းပတယ်။ အဲဒီအချိန်မှာ ဦးနု က ဝန်ကြီးချုပ် မဟုတ်တော့ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီအခမ်းအနားကို ဗိုလ်ချုပ်ကြီးနေဝင်းမတက်ဘူး။ ပြည်ထဲရေးဝန်ကြီး ဦးခင်မောင် ဖြူ တက်ပြီး ဒုတိယမြောက် သံတိုင်ကို ထူပေးတယ်။

ဒါပေမယ့် ဖဆပလ အကွဲအပြဲရယ်၊ နိုင်ငံရေး အပြောင်း အလဲရယ်ကြောင့် ဘုရားကြီးပြန်လည် တည်ဆောက်ရေးက နှောင့်နှေးနေတယ်။ တစ်ချို့အဖွဲ့ဝင်တွေက အစည်းအဝေးမတက်တော့ ဘူး။ ရန်ပုံငွေ အလှုခံရတာလည်း နည်းလာတော့ ချပ်သင်းဦးဘတင်နဲ့လူထု စီးကရက် ဦးချို တို့ကပဲ လိုသမ ျှ စိုက်ထုတ်ပေးနေရတယ်။

အဲဒီအခြေအနေကို ၂၇ – ၁၁ -၁၉ ၆၁ ရန်ကုန်သတင်းစာမှာ “ တန်ဆောင်းတော်ကြီး တည် ဆောက်ပြီးမှ ဘုရားကြီးကို တည်မည် ဆိုခြင်း၊ ပထမကော်မတီ၌ ပါခဲ့သူများ နာမည်သာ ကျန်ရှိ ၍ လုပ်အားမပေးနိုင်ဟု ဆိုခြင်း၊ သုံးသိန်းကျော်ကုန်ကျနေပြီ ဆိုခြင်း” ခေါင်းစဉ်နဲ့ သတင်း ဆောင်း ပါးရှည်ကြီးရေးသားဝေဖန်ခဲ့တယ်။ အစည်းအဝေးမှန်မှန်တက်တဲ့ အဖွဲ့ဝင်အမည်စာရင်းကို လည်း ဖော်ပြခဲ့တယ်။ အဲဒီအထဲမှာ အချိန်အများဆုံးပေးပြီး အလုပ်လုပ်နေတာ ချပ်သင်း ဦးဘတင်၊ လူထု ဦးချို၊ အင်ဂျင်နီယာချုပ် ဦးကျော်စိန်နဲ့ ရထားမင်းကြီး ဦးကြည်ဝင်းတို့ ဖြစ်တယ်လို့လည်း ထောက်ပြထားတယ်။ လှုမယ်လို့ ကတိပေးထားပြီး မလှုသေးတဲ့ အလှုရှင်တွေ လှုဒါန်းဖို့ လိုပြီ လို့လည်း နှိုးဆော်တယ်။

နောက်ဆုံးတော့ သံတန်ဆောင်းတော်ကြီးကို ၃-၆-၁၉ ၆၂ ခုနှစ်မှာ သံဘောင်ဖရိန်တွေ ဆင်လို့ ပြီးတယ်။ တန်ဆောင်းတော်ကြီးမှာ သုံးထားတဲ့ သံဘောင်တွေက စကော့တလန်ကနေ တင်သွင်း ခဲ့တာ။ အခုချိန်ထိ သံဘောင်တွေရဲ့ အတွင်းမှာ Lanarkshire Steel Co.Ltd , Scotland ဆိုတဲ့ ဖောင်းကြွစာလုံးတွေ ဖတ်လို့ရသေးတယ်။

သံဘောင်တွေဆင်ပြီးပေမယ့် သွပ်မိုးဖို့အတွက် အခက်အခဲတွေ့တယ်။ အဲဒီအချိန်မှာ တော်လှန် ရေးကောင်စီက အာဏာသိမ်းလိုက်ပြီဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးတာ၊ နိုင်ငံခြားက ပစ္စည်း သွင်းတာတွေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတယ်။ ဘုရားကြီးအမိုးအတွက် နိုင်ငံခြား ကနေ သွပ်ဝယ်ယူတင်သွင်းခွင့်လိုင်စင်လေ ျှာက်တော့ လိုင်စင်မရဘူး။ နောက်ဆုံး တော်လှန်ရေး ကောင် စီဝင် ဗိုလ်မှူးကြီးလှဟန်ရဲ့ အကူအညီနဲ့ ကုန်သွယ်ရေးက ဝယ်ခွင့်ရတယ်။ ၂၇-၅-၁၉ ၆၃ ရက်နေ့ မှ အမိုးစမိုးတယ်။ ၂၃ – ၆ – ၁၉ ၆၃ မှာ ပြီးတယ်။ ၁၉ ၅၇ ခုနှစ် ဘုရားကြီးစဖျက်ချိန်ကနေ သံတန် ဆောင်းကြီး ပြီးတဲ့ အထိ ခြောက်နှစ်ကြာတယ်။ သံတန်းဆောင်းတော်ကြီးအတွက် စုစုပေါင်း ကုန်ကျငွေက ၆၁၆,၀၅၉ ကျပ်ဖြစ်ပါတယ်။

တန်ဆောင်းတော်ကြီးပြီးတော့ ရွှေသာလျောင်းရုပ်ပွားတော်ကြီးတည်ဖို့ စီစဉ်တယ်။ မူလ ရုပ်ပွားတော်ကြီးက အနောက်မြောက်ကို ဦးခေါင်းတော်ပြုပြီး အနောက်တောင်ထောင့် ( ငါးထပ်ကြီး ဘုရားရှိတဲ့ဘက် ) ကို မျက်နှာမူထားတယ်။ အခုအသစ်ပြန်တည်တော့ ရင်ပြင် တော်အနေအထားနဲ့ ဘုရားဖူးတွေ ဝင်ထွက်လွယ်ကူစေဖို့ အတွက် ဆရာတော် ကြီးများရဲ့ ခွင့်ပြုချက်နဲ့ အရှေ့တောင်ဘက်ကို ဦးခေါင်းတော်ပြုပြီး အရှေ့မြောက်ဘက်ကို မျက်နှာမူပြီး တည် ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မူလက ရွှေသာလျောင်းရုပ်ပွားတော်ကြီးကို အဲဒီခေတ်က နာမည်ကြီး ပန်းရန်ဆရာ မုံရွာ ဆရာမြ နဲ့ တည်ဆောက်ဖို့ ရည်ရွယ်တယ်။ ဒါပေမယ့် ဆရာမြတောင်းခံတဲ့ လက်ခက အရမ်း များနေ တဲ့အတွက် ပြန်လည်တည်ဆောက်ရေးအဖွဲ့ ဘဏ္ဍာရေးအခြေအနေအရ မပေးနိုင်ဘူး။ ရလာတဲ့ ပန်းရန်ဆရာတွေရဲ့ လက်ရာ ကိုလည်း တည်ဆောက်ရေးအဖွဲ့က သဘောမကျ ဘူး။ ဒီလို နဲ့ နှစ်နှစ်လောက် ကြာတဲ့အထိ လုပ်ငန်းမစနိုင်ဘူး။

၁၉ ၆၅ ခုနှစ် ရောက်တော့ မူလ ပြန်လည်တည်ဆောက်ရေးအဖွဲ့ဝင် အများစုက အသက် အရွယ် ကြောင့်၊ အခြားအကြောင်းတွေကြောင့် အင်ပြည့်အားပြည့်မလုပ်နိုင်တော့ဘူး။ ဒ့ါကြောင့် သီရိ ပျံချီ ဦးမောင်မောင် ဥက္ကဋ္ဌ ၊ ဦးစောဦး ဒုဥက္ကဋ္ဌ နှင့် ငွေထိန်း၊ ဦးကျော်ဇော ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ ပြန်ဖွဲ့တယ်။

အဲဒီအချိန်မှာ မုံရွာဆရာမြရဲ့ တပည့် မြိတ်မြို့က ပန်းရန်ဆရာကြီး ဦးသောင်း နဲ့ အဆက်အသွယ် ရတယ်။ ဦးသောင်းကို ရွှေသာလျောင်း ရုပ်ပွားတော် နမူနာပုံစံငယ် ထုလုပ်ခိုင်းတယ်။ လက်ရာ ကို သဘောကျ၊ တောင်းတဲ့ လက်ခကလည်း ပေးနိုင်တဲ့အနေအထားဖြစ်တဲ့အတွက် ၁၄ – ၈ – ၁၉ ၆၆ မှာ စာချုပ်ချုပ်တယ်။ ၄ – ၉ – ၁၉ ၆၆ မှာ မင်္ဂလာအခမ်းအနားကျင်းပပြီး ရွှေသာလျောင်း ဘုရားကြီးကို စတင်တည်ထားခဲ့တယ်။ ဘုရားကြီးရဲ့ ဉာဏ်တော်အလျား ၂၁၆ ပေ၊ ဉာဏ်တော် အမြင့် ၅၈ ပေ ရှိတယ်။

ရွှေသာလျောင်းဘုရားကြီး မျက်လုံးတော်ကို ဖန်သားမျက်လုံးတော်ကပ်လှုဖို့အတွက် မူလ အဆို ပြုထားတဲ့အလှုရှင်ရှိပေမယ့် တည်ဆောက်ရေးလုပ်ငန်းစတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မလှုနိုင်တော့ဘူး။ ဘုရားကြီးမျက်လုံးတော်က အလျား ၅ ပေ ၈ လက်မ၊ အနံ ၁ ပေ ၉ လက်မ ရှိတဲ့အတွက် မန္တလေးက မျက်လုံးတော်ပြုလုပ်တဲ့ ပညာရှင်တွေလည်း ဒီလောက်ကြီးတာမျိုး မလုပ်နိုင်ဘူး။

နောက်ဆုံးတော့ ရန်ကုန် နဂါး ဖန်ချက်စက်ရုံပိုင်ရှင် ဦးကျင်ဝမ် ကို အကူအညီတောင်းရတယ်။ ဦးကျင်ဝမ်က မျက်လုံးတော် လုပ်ဖူးတဲ့အတွေ့အကြုံမရှိဘူး။ ဒါပေမယ့် နိုင်ငံခြားဖြစ် မှန်ချပ် တွေရရင်တော့ လုပ်လို့ရနိုင်တယ်လို့ ပြောတယ်။ အဲဒီခေတ်က နိုင်ငံခြားဖြစ်ပစ္စည်းတွေက အစိုးရ ကပဲ သွင်းတဲ့အတွက် ကုန်သွယ်ရေး ၁၅ မှာလေ ျှာက်ရတယ်။ ပထမ တစ်ကြိမ်စမ်းသပ်တဲ့ အချိန်မှာ မအောင်မြင်ပေမယ့် နောက်ပိုင်းမှာ အောင်မြင်သွားတယ်။ မျက်လုံးတော်ကို ဆေးချယ် ဖို့ အတွက် နိုင်ငံခြားက ခဏအလည်လာတဲ့ တရုတ်ပန်းချီဆရာကြီးကို အပ်တယ်။ မျက်လုံး တော် တစ်ဖက် အတွက် ဉာဏ်ပူဇော်ခ ငါးရာကျပ်ပေးရတယ်။ ( သဘာဝကျ လက်ရာမြောက်တဲ့ မျက်လုံးတော်ကို ကြည်ညိုနိုင်ဖို့အတွက် ဓာတ်ပုံဖော်ပြပေးထားပါတယ်။ )

မျက်လုံးတော်တပ်ဆင်တဲ့အခမ်းအနားကို ဘုရားကြီးစတင်တည်ထားပြီး ၇ နှစ်အကြာ ၁၆ – ၅ – ၁၉ ၇၃ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အခမ်းအနားကို အစိုးရ မော်ကွန်းရုပ်ရှင်က ရိုက်ကူး မှတ်တမ်း တင်ခဲ့ပြီး ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တယ်။ ဘုရားကြီးစတည်တဲ့ အချိန်ကနေ မျက်လုံးတော် တပ်ဆင် တဲ့ အထိ ကုန်ကျစရိတ်ခြောက်သိန်းကျော်ရှိတယ်။ အဲဒီအချိန်က ဂေါပ ကအဖွဲ့ တင်ပြချက်မှာ တော့ သစ်၊ သံချောင်း နဲ့ ဘိလပ်မြေဝယ်ခွင့်ရဖို့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ဖော်ပြထားတယ်။

မျက်လုံးတော်တပ်ဆင်ပြီးတဲ့အခါ ဘုရားကြီးကိုယ်လုံးတော်အကြမ်းထည်တည်ဆောက်ပြီး ပြီ လို့ ဆိုနိုင်တယ်။ ဒါ့ကြောင့် ၁၃၃၆ ခုနှစ် ကဆုန်လပြည့်နေ့ကနေ ကဆုန်လပြည့်ကျော် ၈ ရက် နေ့ အထိ (၅-၅-၁၉ ၇၄ မှ ၁၃-၅-၁၉ ၇၄ထိ ) ၉ ရက်တိုင်တိုင် ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် အနေကဇာတင်ပွဲကျင်းပခဲ့တယ်။ ဘုရားကြီးစဖျက်တဲ့ ၁၉ ၅၇ ခုနှစ် ကနေ အနေကဇာတင်တဲ့ထိ ၁၇ နှစ်ကြာတယ်။

ပြီးတော့ အချောကိုင်လုပ်ငန်းတွေကို ဆက်လုပ်တယ်။ ၁၃၃၉ ခုနှစ် တန်ဆောင် မုန်းလပြည့်နေ့ ( ၂၅-၁၁-၁၉ ၇၇) မှာ နောက်ဆုံးဌာပနာပိတ်တယ်။ ၁၉ ၈၃ ခုနှစ် ဇွန်လ မှာ ပလ္လင်တော် စကျင် ကျောက်ပြားခင်း တဲ့ လုပ်ငန်းပြီးတယ်။ ဘုရားကြီးစဖျက်တဲ့ ၁၉ ၅၇ ခုနှစ် ကနေ ပလ္လင်တော် ကျောက်ပြားခင်းတဲ့လုပ်ငန်းပြီးတဲ့အထိ ၂၆ နှစ်ကြာတယ်။ ဘုရားကြီးပြန်လည် ပြုပြင် တည်ဆောက်ရေးလုပ်ငန်းဟာ ဖဆပလ အစိုးရခေတ်၊ တော်လှန်ရေးကောင်စီအစိုးရ ခေတ် နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် သုံးခေတ်ကို ဖြတ်သန်းခဲ့ရတယ်။

လက်ရှိအချိန်မှာ မူလ သံတန်ဆောင်းကြီးကို ထပ်မံတိုးချဲ့ထားတဲ့အတွက် ဘုရားဖူးတွေ ကျယ် ကျယ်ဝန်းဝန်း အေးအေးချမ်းချမ်း ဖူးမြော်ကြည်ညိုနိုင်တယ်။ ဘုရားဖူးတွေအနေနဲ့ ကိုယ်လုံး တော် နောက်ဘက် အခြမ်း မှာ ဗုဒ္ဓမုဒြာမျိုးစုံကို ဆင်းတုတော်အနေနဲ့ရော၊ ရှင်းလင်းချက်စာတမ်း တွေနဲ့ရော ပြထားတာကို အချိန်ပေးလေ့လာသင့်တယ်။ ဒီလိုပဲ ခြေဖဝါး တော်နှစ်ဘက်မှာ ထုလုပ်ထားတဲ့ ၁၀၈ ကွက်စက်လက္ခဏာတော်တွေ ကို ဇယားနဲ့ အသေ အချာ ရှင်းပြထားတာ ကိုလည်း လေ့လာစေချင်ပါတယ်။

ဘုရားဖူးတဲ့နေရာဘေးမှာ ပေစာကျမ်းထုပ်တွေကို ဘီဒိုကြီး ငါးလုံးနဲ့ အပြည့်ထည့်ထားတာ တွေ့ခဲ့ရတယ်။ အလှုခံဌာနက ပုဂ္ဂိုလ်တွေကို မေးကြည့်တော့ သမိုင်းကြောင်းကို ရေရေ ရာရာ မပြောနိုင်ဘူး။ သမိုင်းကြောင်းနဲ့ ကျမ်းစာရင်းကို ဖော်ပြထားရင် လေ့လာလိုသူတွေအတွက် အတော်အကျိုးရှိမယ်။ ရှားပါးကျမ်းတွေပါနေရင်လည်း ကူးလို့ရတာပေါ့။

လျောင်းတော်မူဘုရားတွေကို ဖူးမြော်တဲ့အခါ ကိုယ်လုံးတော်ပြည့်ဓာတ်ပုံရိုက်ဖို့ အတော် အခက်အခဲဖြစ်တယ်။ ခြောက်ထပ်ကြီးဘုရားမှာတော့ ကိုယ်လုံးတော်ကို ဓာတ်ပုံရိုက်နိုင် ဖို့အတွက် သံစင်နှစ်ခု လုပ်ထားပေးတဲ့အတွက် အတော်အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့ ကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ဖူးခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရားသုံးဆူ ထဲမှာ ခြောက် ထပ်ကြီး ဘုရား ဂန္ဓကုဋိတိုက်နဲ့ အာရုံခံတန်ဆောင်းတွေက စနစ်တကျ အရှိဆုံးလို့ မြင်မိ ပါတယ်။

ကျိုက္ကစံဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ၁၃ -၄-၂၀၂၂ မှာ ကျိုက္ကစံ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

ကျိုက္ကစံဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်” ဖြစ်ပါတယ်။ ကျိုက္ကစံဘုရားဟာ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ မွန်ဘာသာနဲ့ ဘွဲ့တော်အမည်ရှိတဲ့ စေတီတော် တွေထဲက ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက္ကစံ ဆိုတာ မွန်ဘာသာအရ – ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ ၊ ရဟန္တာများတည်ထားသည့်စေတီ၊ ကျိုက်အရှန် ကနေ ကာလ ကြာတော့ ကျိုက္ကစံ ဖြစ်လာတယ် လို့ မှတ်သားရပါတယ်။

ဘုရားရင်ပြင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကျိုက္ကစံစေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ မြတ်စွာဘုရားက ရသေ့ခေါက် ကို ပေးသနားတော်မူတဲ့ ဆံတော်နှစ်ဆူ အနက် တစ်ဆူ ကို ဌာပနာပြီးတည်ထားခဲ့တယ်လို့ဖော်ပြခဲ့တယ်။ အဲဒီနောက်၊ သာသနာသက္ကရာဇ် ၂၃၈ ခုနှစ် မှာ ရှင်ယသ ဦးစီးတဲ့ ရဟန္တာရှစ်ပါးက ဆံတော်ခြောက်ဆူ၊ ဓာတ်တော် ဆယ်ဆူကို ဌာပနာပြီး ဒုတိယအကြိမ်တည်ထားခဲ့တယ်လို့ ဆိုပါတယ် ။ ဒုတိယအကြိမ်တည်ထားပြီးနောက်ပိုင်း ကျိုက္ကစံ စေတီတော်အခြေအနေကို ဖော်ပြထားတာ မရှိတော့ဘဲ ၁၈ ရာစုနှစ်နောက်ပိုင်းပြင်ဆင်မှုတွေ ကို ပဲဖော်ပြထားတယ်။

၁၈ ရာစုနှစ်နောက်ပိုင်း ပြင်ဆင်မှုတွေကတော့ သက္ကရာဇ် ၁၁၁၅ ( ၁၇၅၃ ခုနှစ် ) မှာ စကု မြို့သား ရှင်သာရကိတ္တထေရ်၊ ၁၁၉ ၄ ခုနှစ် မှာ ဝန်ရှင်တော်မင်းကြီး မင်းလှရာဇာ၊ ၁၂၀၂ ခုနှစ် ( ပုဂံမင်းလက်ထက်) မှာ မဟာမင်းခေါင်ရာဇသူ ၊ ၁၂၅၉ ခုနှစ်မှာ ဗုဒ္ဓပဋိသင်္ခရဏ အသင်းတို့ရဲ့ ပြင်ဆင်မှုတွေဖြစ်ပါတယ်။

ကျိုက္ကစံစေတီတော်ကို လက်ရှိဉာဏ်တော်အမြင့် ၂၀၄ ပေ ရောက်အောင် ပြင်ဆင်ခဲ့တဲ့ ဘုရားဒါယကာ၊ ဒါယိကာမတွေကတော့ ရန်ကုန်မြို့ ပုဇွန်တောင်၊အိုးဘိုရပ်နေ ဦးစံဘို ၊ ဒေါ်ဒွေး ဖြစ်ပါတယ်။ ၁၂၇၅ ခုနှစ် ( ၁၉ ၁၃ ခုနှစ် ) မှာ မူလစေတီတော်ကို ငုံပြီးတည်တယ်။ ၁၂၈၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော်သုံးရက်နေ့မှာ ပြီးစီးတယ်။ ကုန်ကျစရိတ် တစ်သိန်း နှစ်သောင်း ကိုးထောင့် ရှစ်ရာ ငါးဆယ် လို့မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စေတီတော်မွမ်းမံပြင်ဆင်မှုနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်ခဲ့တာက တပို့တွဲလပြည့်ကျော် နှစ် ရက်နေ့ မြောက်ဘက်မုခ်ကနေ ထီးတော် တတိယဘုံဆင့်ကို တင်နေတဲ့အချိန်မှာ ထီးရထား ကြိုးပြတ်ပြီး ရထားပျံ နဲ့ လိုက်ပါသွားတဲ့ ထီးဆရာ ဦးဘိုးဘေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖြစ်ရပ် ပါ။ အဲဒီအကြောင်းကို ပညာအလင်းသတင်းစာက “ နှစ်နာရီအခါကျတွင်မှ တတိယ ဘုံတင်၊ လေးစိပ်တွင်တစ်စိပ်ကြွင်းတော့မှ၊ နိမိတတ်ခင်းပြသည့်အသွင်။ ဥုးဘိုးတေ ခမြာပင်၊ မကြာခင်မြေခလို့။ ပြေမရဏ လားသူအမှန်၊ များမှုမကျန်။ ကြွေမလို့ သေရဟန်ငယ်၊ ဒေဝထံ ပြောင်းပြီထင့်လေး။” ( မူရင်းသတ်ပုံအတိုင်း) လို့ ဖော်ပြခဲ့တယ်။

ကျိုက္ကစံဘုရားဟာ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာရှိတယ်။ မုခ်လေးမုခ်လုံးက တက်လို့ရတယ်။ ဒါပေမယ့် ရတနာလမ်းဘက်က ဝင်ရတဲ့ အနောက်ဘက် မုခ်ကတော့ ကားရပ်ဖို့နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )

ကျိုက္ကစံဘုရား ရင်ပြင်တော်ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အာရုံခံတန်ဆောင်းအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို အုတ်တံတိုင်းဘက်မှာ ကပ်ဆောက်ထားတယ်။ ဇနီးမောင်နှံ အမည်တူတဲ့ “ ဦးခင်မြင့်၊ ဒေါ်ခင်မြင့် အာရုံခံတန်ဆောင်း” ဆိုတာလည်း တွေ့ရ တယ်။ တစ်ချို့ အဆောက်အဦတွေက တောင်စောင်းမှာမေးတင်ဆောက်ထားတယ်။ ဆောက်လုပ်ဆဲ အဆောက် အဦတစ်ခုလည်းတွေ့တယ်။ ဒါပေမယ့်နောက်ထပ် တိုးချဲ့ဖို့ နေရာမရှိတော့ဘူး။

ရင်ပြင်မှာ ကျိုက္ကစံဘုရား ဒါယိကာမ ဒေါ်ဒွေးလှုဒါန်းတဲ့ တန်ဆောင်းနဲ့ ခေါင်းလောင်းကြီးတစ်လုံး ရှိတယ်။ တန်ဆောင်းမှာ “ အမေဒွေးခေါင်းလောင်း တန်ဆောင်းကြီး၊ မွမ်းမံပြုပြင် အလှုရှင် သင်္ဃန်းကျွန်းဈေး ( ယာယီ ) ဈေးသူဈေးသားများကောင်းမှု” လို့ စာတမ်းထိုးထားတယ်။
ခေါင်းလောင်းတန်ဆောင်းထဲက ကျောက်စာမှာတော့ ၁၉ – ၁ – ၂၀၁၁ ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းချ လှုဒါန်းပါသည်လို့ ရေးထားတယ်။ အနောက်ဘက် မုခ် ကဿပ မြတ်စွာဘုရားအာရုံခံတန်ဆောာင်းမှာလည်း “ ဆယ်ပြား တန်ဆောင်းကြီး၊ သင်္ဃန်းကျွန်းဈေး ဈေးသူဈေးသားနှင့်အများကောင်းမှု” လို့ စာတမ်း ထိုး ထားတာတွေ့တယ်။ ဆယ်ပြား တန် ဆောင်းဆိုထဲက အတော်ရှေးကျတဲ့ အချိန်က လှုဒါန်းခဲ့တာသေချာပါတယ်။

ခေါင်းလောင်းကြီးကို ဘာလို့ အမေဒွေးခေါင်းလောင်း လို့ခေါ်တာလဲ၊ ဘုရားဒါယကာ ဦးစံဘို နာမည် ဘာ့ကြောင့်မပါလဲ ၊ ခေါင်းလောင်းစာမှာ အလှုရှင်အမည်ဘယ်လိုရေးထားလဲ သိချင်လို့ ဖတ်ဖို့ ကြိုးစားတယ်။ တစ်ချို့နေရာတွေမျာ စာသား တွေ မှိန်ပြီးပျောက်သလောက်နီးနီးဖြစ်နေလို့ အပြည့်အစုံဖတ် လို့မရဘူး။ ရှေးခေါင်းလောင်း ရှိတဲ့ ဘုရားတွေမှာ ခေါင်းလောင်းစာတွေကို မှတ်တမ်းတင်ဖော်ပြထားပေးရင် သမိုင်းစိတ်ဝင်စားတဲ့ ဘုရားဖူးတွေ၊ သုတေသနသမား တွေအတွက် အကျိုးရှိမယ်။ ရွှေတိဂုံဘုရားမှာ ဆိုရင် ရှေးခေါင်းလောင်းတွေအများကြီးပဲ။

အမေဒွေးခေါင်းလောင်း အနားမှာ အုတ် အာရုံခံတန်ဆောင်းတစ်ခုရှိတယ်။ ရှေးလက်ရာပဲ။ အခုတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ အပူဇော်ခံထားတယ်။ အထဲမှာ တွေ့တဲ့ ဘုရားဝန်ထမ်း အမျိုးသမီးကတော့ ဒါဟာ ဒေါ်ပွားဇရပ်လို့ပြောတယ်။ ကျိုက္ကစံစေတီတော်သမိုင်း (၁၉ ၇၃) စာအုပ်မှာ ၁၂၈၀ ပြည့်နှစ် ဘုရားဒါယက ဦးစံဘို၊ ဘုရားဒါယိကာမ ဒေါ်ဒွေး တို့ ကျိုက္ကစံ ဘုရားကို ဉာဏ်တော်မြှင့်ပြီးပြန်လည်တည်ထားချိန်မှာ မင်းတုန်းမင်းကြီး ကုသိုလ်ဇရပ်ဟောင်း ကို ဒေါ်ပွားက ပြုပြင်ရန်နှိုးဆော်တဲ့အတွက် ပြန်လည်ပြုပြင်ခဲ့တယ်လို့ ရေးထားတယ်။ တကယ်လို့ နှစ်ကျိပ်ရှစ်ဆူ အာရုံခံတန်ဆောင်းက မင်းတုန်းမင်းကြီး ကုသိုလ်တော်ဇရပ်ဆိုတာမှန်ရင် အများ ပြည်သူသိအောင် ဖော်ပြထားပေးထားဖို့ တိုက်တွန်းချင်ပါတယ်။

စေတီရင်ပြင် တနလာၤထောင့် အနားမှာ ကျောက်စာတိုက်တစ်ခုရှိတယ်။ သံတိုင်တွေ ကာထား တယ်။ “ ရန်ကုန်မြို့ အရှေ့မြောက် အရပ် ကျိုက်ကဆံဘုရား ကမ္ဗည်းကျောက်စာ” ( မူရင်း သတ်ပုံအတိုင်း) လို့ ခေါင်းစဉ်တပ်ထားတယ်။ အပြင်ကနေ ဖတ်လို့ရသလောက် ဖတ်ကြည့် တာ ဒီကျောက်စာက ဘုရားဒါယကာ ဦးစံဘို၊ ဘုရားဒါယိကာမ ဒေါ်ဒွေး တို့ရဲ့ အလှုမှတ်တမ်းတင် ကျောက်စာပဲ။ သံတိုင်တွေကာထားလို့ တစ်မျက်နှာပဲ မြင်ရတဲ့အပြင် အပြည့်အစုံဖတ်လို့ မရဘူး။ ဒါပေမယ့် ကျောက်စာမှာ အလှုရှင်အမည်ကို “ဦးစံခို ၊ ဒေါ်ထွေး” လို့ ရေးထားတယ်။ အလှု ဒါယကာ၊ ဒါယိကာမ တို့ လှုဒါန်းခဲ့သမ ျှ အ၀၀ကို ဖော်ပြထားတာတွေ့ရတယ်။

ကျွန်တော်ကတော့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ဆောင်းပါး တွေကို ဖတ်ပြီးချိန်ထဲက ကျောက်စာတွေ့ရင် ဖတ်မှတ်လေ့လာချင်နေတာဆိုတော့ ဒီကျောက်စာ ကို အပြည့်အစုံကို ဖတ်ရရင်ကောင်းမှပဲလို့ တွေးမိတယ်။ ငါးထပ်ကြီး ဘုရားဂေါပက အဖွဲ့က ထုတ်ဝေတဲ့ ငါးထပ်ကြီး ဘုရားသမိုင်းစာအုပ်မှာ ငါးထပ်ကြီး ဘုရားကမ္ဗည်းကျောက်စာ ကို အပြည့်အစုံ ဖော်ပြထား ပေးထားတာ နမူနာယူစရာဖြစ်ပါတယ်။

ကျိုက္ကစံ ဘုရားရင်ပြင်မှာ မဏ္ဍပ်ထိုးထားပြီး သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့ အထိ သီလပေးတရားပွဲ ရှိတဲ့အကြောင်းကြေညာထားပါတယ်။ ကျိုက္ကစံ ဘုရားရင်ပြင်က ကျယ်ဝန်းပြီး အာရုံခံတန်ဆောင်းတွေလည်းများတဲ့အတွက် မနက်စောစော တရားထိုင်၊ ပုတီးစိတ်၊ ပရိတ် ရွတ်ဖတ်ပူဇော်သူတွေလည်းများတာကို မြင်တွေ့ခဲ့ရပါတယ်။ အနောက်ဘက်မုခ် အဝင် လမ်း ဈေးတန်းက လက်ဖက်ရည်နှစ်ဆိုင်မှာလည်း လူတွေ စည်ကားနေပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ မသင့်တော်တဲ့ ပုဂ္ဂိုလ်အတော်များများကို မြင်ရတာကတော့ စိတ်မချမ်းမြေ့ စရာပါပဲ။

ကျိုက္ကလဲ့ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ၁၂ -၄-၂၀၂၂ မှာ ကျိုက္ကလဲ့ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

ကျိုက္ကလဲ့ဘုရားက ရန်ကုန်မြို့စွန်က ဘုရားလို့ဆိုနိုင်ပါတယ်။ ရန်ကုန်- ပြည်ကားလမ်းအတိုင်း ထောက်ကြန့်ဘက်ကို ထွက်လာရင် ခရေပင်လမ်းဆုံကျော်တာနဲ့ မီးရထားခုံးကျော်တံတားကို ဖြတ်ရမယ်။ တံတားကျော်ပြီးရင် ဘယ်ဘက်မှာ ကျိုက္ကလဲ့ ဘုရားမုခ်ဦးနဲ့ ကားလမ်းရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )

မြန်မာနိုင်ငံ ဘုရားသမိုင်းပေါင်းချုပ် ( လှသမိန် ) စာအုပ်မှာတော့ ကျိုက္ကလဲ့ ဆိုတာ မွန်ဘာသာ နဲ့ ကျိုက် ဆိုတာ ဘုရား ၊ ဒေးကလဲ့ ဆိုတာ ပျောက်သောကုန်း ၊ “ ဘုရားပျောက်သောကုန်း” လို့ အနက်ဖွင့်ထားတယ်။

ဘုရားသမိုင်းနဲ့ပတ်သက်ရင်တော့ ဒဏ္ဍာရီ ဆန်ဆန်ပြောထားတာတွေ ရှိတယ်။ ဒါပေမယ့် စနစ် တကျ မှတ်တမ်းမှတ်ရာနဲ့ တွေ့တာကတော့ သက္ကရာဇ် ၁၂၅၉ ခုနှစ် ( ၁၈၉ ၇ ခုနှစ်) မှာ ပေါက် ကုန်းကျေးရွာသားတွေက တောင်ကုန်းထိပ်က ချုံနွယ်တွေကို ရှင်းရင်းနဲ့ စေတီပျက်တစ်ဆူကို တွေ့တယ်။ အဲဒီစေတီပျက်ကို ဇီးကုန်း၊ ကြူစမ်း၊ အုတ်ဖို၊ ပေါက်ကုန်း ၊ စမ်းကြီးဝ၊ သာဓု ၊ မိချောင်းအိုင်၊ ဒညင်းကုန်း၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ စဉ့်ကူ၊ တောင်သူစု၊ သရက်ကုန်း ရွာ သားတွေ စုပြီးပြန်ပြင်တယ်။ စေတီပျက်ကို ပြင်တဲ့အချိန်မှာ မူလစေတီကို ဂဝံအုတ်တွေ နဲ့ တည်ထားခဲ့ကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။

စေတီထီးတော်ကိုတော့သက္ကရာဇ် ၁၂၆၄ ခုနှစ်မှာ အုတ်ဖိုရွာ ဦးဘိုးလှိုင်၊ ဒေါ်အေးမြ၊ အမိ ဒေါ်ငြိမ်း၊ ဒေါ်ကျော့၊ ဒေါ်သော့ တို့က ကမကထပြုပြီး တင်လှုခဲ့တယ်။ ဒါပေမယ့် နောက်မှတ်တမ်း တစ်ခုမှာတော့ ၁၂၆၆ ခုနှစ်မှာ ထီးတင်တယ်လို့ဖော်ပြထားပြီး ထီးဒါယိကာမ ဒေါ်ကျော့ တစ်ယောက် အမည်ကိုပဲဖော်ပြထားတယ်။ ဘုရားဝတ္တကမြေကိုတော့ ၁၉၂၈ ခုနှစ်မှာ ပဲခူး တိုင်းမင်း ကြီးက သတ်မှတ်ပေးပြီး အကျယ် ၂၁ ဧက ရှိပါတယ်။

၁၂၉ ၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ ရွှေတောင်တန်းအောက်လမ်းနေ ဘုရားဒါယိကာမ ဒေါ်ခ နဲ့ ဒေါ်ရင် တို့က ဘုရားကြီးရဲ့ လုံးပတ်တော်နဲ့ ပန်းတင်ခုံကို အသစ်ပြုပြင်တယ်။ ဘုရားကြီး လုံးပတ်တော်က ၁၁၀.၇ ပေရှိပြီး ဉာဏ်တော် အမြင့် ၉ ၆ ပေ ရှိတယ်။ ဘုရားကြီး ပြုပြင် ရာမှာ ကိုးထပ်ကြီး ဘုရားဒါယကာ မောင်ကျော်နဲ့ ဒါယိကာမ မလှကြီးတို့လည်း ကုသိုလ်ပါဝင်ခဲ့ပြီး အရံ စေတီ ၁၃ ဆူတည်ထားခဲ့တယ်လို့မှတ်တမ်းမှာတွေ့ရပါတယ်။ လက်ရှိ ကျိုက္ကလဲ့ စေတီတော်ဟာ ၁၂၉ ၀ ပြည့်နှစ်က ပြုပြင်ခဲ့တဲ့ ပုံစံအတိုင်းပဲ ရှိတယ်လို့ ယူဆရ ပါတယ်။

ကျိုက္ကလဲ့ စေတီရင်ပြင်ကတော့ နှောင်းခေတ်အလှုရှင်တွေရဲ့ တန်ဆောင်းတွေ၊ စေတီငယ်တွေနဲ့ ပြည့်လုနီးပါးဖြစ်နေပါပြီ။ အလှုရှင်တွေရဲ့ သဒ္ဓါထက်သန်မှုနဲ့ ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းထားနိုင်ရန်လိုအပ်မှု၊ စေတီတော်ကို မြင်ကွင်းရှင်းရှင်း၊ ကြည်ကြည်လင်လင်၊အေး အေးချမ်းချမ်း ဖူးမြော်ကြည်ညိုနိုင်ရန် လိုအပ်မှု တွေ ကြားလွန်ဆွဲမှုကတော့ ဘုရားစေတီ အတော်များများမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပါပဲ။

ဘုရားအာရုံခံတန်ဆောင်းထဲက မှန်စီရွှေချ အလှုရှင်အမည်တွေထဲမှာ “ သထုံ ပြည် ဆိုင်တောင် မှ ဘတော်ဘုရားကြီး နှင့် ရှမ်းပြည်မြောက်ပိုင်း ဟော်နန်းက နောင်တော်ဘုရား ၊ အမတော် ဘုရား များနှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ ကောင်းမှု၊ နတ်လူ သာဓု ခေါ်စေသော် ။ ရွှေ – ကျော့ – ဖော့ ” ဆိုတဲ့ စာသားကိုလည်း စိတ်ဝင်စားဖွယ်တွေ့ခဲ့ရတယ်။ ဘုရားရင်ပြင်မှာ နှစ်ပေါင်း ၁၃၅ နှစ်ကျော်ပြီ ဆိုတဲ့ ခရေပင် ကြီးလည်း တွေ့ခဲ့တယ်။

ကျိုက္ကလဲ့ ဘုရားတောင်ကုန်းအခြေမှာ ရွှေကျင်တိုက် နဲ့မင်းကျောင်း ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းရှိတယ်။ ဘုရားပတ်ဝန်းကျင်နဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ သစ်ကြီး ဝါးကြီး တွေအတော်ကျန်သေးတယ်။ ဘုရားအဝင်လမ်းဝဲယာမှာသာ ကားဝပ်ရှော့တွေ၊ ဈေးဆိုင်တွေ ရှိပေမယ့် ဘုရားပတ်ဝန်းကျင်မှာတော့ တောရိပ်တောင်ရိပ်တွေနဲ့ အေးချမ်းပါတယ်။

ကျိုက္ကလဲ့ ဘုရားဟာ တောင်ကုန်းအမြင့်လေးပေါ်မှာ တည်ရှိပြီး တောရိပ်တောင်ရိပ်နဲ့ ဆိုတော့ ရွာဦးစေတီ နဲ့ပိုပြီးတူတယ်။ စေတီတော်ရင်ပြင်မှာသာ သာသနိက အဆောက်အဦတွေနဲ့ ပြည့်ကျပ်မနေဘူးဆိုရင် ဘုရားဖူးရတာ ပိုကောင်းမလားလို့လည်း တွေးမိတယ်။

ငါးထပ်ကြီးဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ ၁၁ -၄-၂၀၂၂ မှာ ငါးထပ်ကြီး ဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။

ငါးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ မဟာသကျ အတုလ မာရ်အောင်ဘုရား” ဖြစ်ပါတယ်။

ငါးထပ်ကြီးဘုရားရာဇဝင်စာအုပ်မှာ ငါးထပ်ကြီးဘုရားလို့ ခေါ်တာဟာ မင်းရဲရန္တမိတ် ( ၁၀၁၀ – ၁၀၂၃) တည်ထားကိုးကွယ်တဲ့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီး ရဲ့ ပုံတော်ကို မှီငြမ်း ပြုပြီး တည်ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါဆိုရင် ဝါးငါးပြန် ငြမ်းထိုးရ လို့ ငါးထပ်ကြီးလို့ခေါ်တာက စစ်ကိုင်း ငါးထပ်ကြီး ဖြစ်မယ်ထင်တယ်။

ငါးထပ်ကြီးဘုရားဟာ ကိုးထပ်ကြီး ဘုရားလိုပဲ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ပုဂ္ဂလိက အလှုရှင် တစ်ဦး တည်းက တည်ထားလှုဒါန်းတာဖြစ်ပါတယ်။

ငါးထပ်ကြီးဘုရားကို တည်ထားတဲ့ နှစ်က သက္ကရာဇ် ၁၂၆၂ ခုနှစ်၊ ၁၉၀၁ ခုနှစ် ဖြစ်တဲ့အတွက် ကိုးထပ်ကြီးဘုရား (၁၂၆၇ ခုနှစ် ) ထက်စောပါတယ်။ ငါးထပ်ကြီးဘုရားတည်ပြီးတဲ့အချိန်မှာ အောက်မြန်မာပြည်မှာ အကြီးဆုံး အုတ်အင်္ဂတေနဲ့ ပြုလုပ်တဲ့ ရုပ်ပွားတော်ဖြစ်ခဲ့ပြီး ဉာဏ် တော် ၅၉ ပေရှိပါတယ်။

ငါးထပ်ကြီးဘုရားရဲ့ ဘုရားဒါယကာ၊ ဒါယိကာမတွေက ဦးဘိုးအောင် နဲ့ဒေါ်စိမ်းရင် တို့ ဖြစ်ပါ တယ်။ ဘုရားတည်တဲ့အချိန်မှာ သူတို့ နှစ်ယောက်လုံးက အသက် သုံးဆယ်ကျော်ပဲ ရှိသေး တယ်။ ဦးဘိုးအောင်က အထည်အလိပ်ကုန်သည်ဖြစ်သလို ရွှေတိဂုံဘဏ္ဍာတော်ထိန်းအဖြစ် တာဝန်ယူခဲ့ဖူးတယ်။ ဗြိတိသ ျှ အစိုးရက ခန့်အပ်တဲ့ သမာဓိ မြို့တော်ဝန်အဖြစ်လည်း တာဝန် ထမ်းဆောင်ဖူးတယ်။

ဂန္ဓကုဋိ တန်ဆောင်းထဲမှာ အလှုရှင် ဘုရားဒါယကာ ဦးဘိုးအောင် နဲ့ ဒါယိကာမ ဒေါ်စိမ်း ရင်တို့ ရဲ့ ဓာတ်ပုံချိတ်ထားတယ်။ ဦးဘိုးအောင်ရဲ့ တစ်ကိုယ်လုံးပုံလည်း ရှိတယ်။ ရှေးမြန်မာဝတ်စုံ များနဲ့ ပီဘိ ရှေးမြန်မာလူကြီးလူကောင်းပုံပါပဲ။ ဦးဘိုးအောင်တို့ ဇနီးမောင်နှံဟာ သူ့ခေတ် သူ့အခါက ထိပ်ထိပ်ကြဲ ဇနီးမောင်နှံဖြစ်ပုံရပါတယ်။

ဘုရားဒါယကာ ဦးဘိုးအောင် ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးဘေကြီးနဲ့ ဒေါ်အုန်းခိုင်တို့က သက္ကရာဇ် ၁၂၅၄ ခုနှစ် မှာ ရွှေတိဂုံစေတီ တော် အရှေ့ဘက် အရှေ့တောရ မှာ သီတင်းသုံးနေတဲ့ ဆရာတော်ကြီး ဦးအာသဘ ကို ဘုံငါးဆင့်ရှိတဲ့ အတုလရတနာ မဟာမင်္ဂလာဘုံကျော် ကျောင်း ကို ဆောက်လုပ်လှုဒါန်းတယ်။ အဲဒီကျောင်းကို တိုင်တစ်ရာကျောင်းလို့ခေါ်ကြတယ်။ အခုထိ ရှိ သေးတယ်။ ဒါပေမယ့် အဆောက်အဦအစိတ်အပိုင်းတစ်ချို့ပျက်စီးသွားတဲ့ အတွက် တိုင် ၇၂ တိုင်ပဲ ရှိတော့တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့တယ်။ အဲဒီကျောင်းတိုက်ကြီးကို အခုအချိန်မှာ ငါးထပ်ကြီးကျောင်းတိုက်လို့ သိကြ ပေမယ့် တကယ်ကတော့ ငါးထပ်ကြီးဘုရားမတည်ခင်ထဲက ရှိခဲ့တဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။

ဆရာတော်ကြီး ဦးအာသဘ ဟာ၁၂၅၅ ခုနှစ်မှာ သာသနာပိုင်ဆရာတော် က ရန်ကုန်မြို့ အပါအဝင် ဟံသာဝတီ နယ်လေးရပ် အတွင်းမှာ သာသနာရေးနဲ့ပတ်သက်တဲ့ ကိစ္စ များကို စီရင်ဆုံးဖြတ်နိုင်ဖို့အတွက် ဂိုဏ်းအုပ်အဖြစ်တာဝန်ပေးခြင်း ခံရတဲ့အပြင် ၁၂၇၆ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆက်ကပ်ခြင်း ခံရတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။

မိဘတွေက ကျောင်းဆောက်လုပ်လှုဒါန်းပြီး ရှစ်နှစ်အကြာ ၁၂၆၂ ခုနှစ် မှာ သားဖြစ်သူ ဦးဘိုးအောင်က ဆရာတော်ကြီးကို ခွင့်တောင်းပြီး ဆရာတော်ကြီးရဲ့ ကျောင်းအရာမ်မြေအတွင်းမှာ ငါးထပ် ကြီး ဘုရား ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီး ကို ဦးစီးတည်ထားတဲ့သူက ဆရာဉာဏ်တဲ့။ ဘုရားဒါယကာ ဦးဘိုးအောင်က ဆရာဉာဏ်ကို စစ်ကိုင်း မြို့အထိ ခေါ်သွားပြီး စစ်ကိုင်းငါးထပ်ကြီး ဘုရား ဗုဒ္ဓရုပ်ပွားတော်ကို နမူနာယူပြီး တည်ဆောက်စေ ခဲ့တယ်လို့ဆိုပါတယ်။

ဘုရားတည်ကျောက်စာမှာတော့ ဘုရားတည်ဖို့အတွက် ငွေသားဒင်္ဂါးရေ လေး သောင်းရှစ်ထောင့် ငါးဆယ် သုံးစွဲခဲ့တယ်လို့ ဖော်ပြထားတယ်။ ဘုရားတည်တဲ့အချိန်က အခုလို သံတန်ဆောင်း မဟုတ်ဘူး။သစ်သားကျောင်းတော်ကြီးဖြစ်ပါတယ်။ ကာလကြာမြင့်ပြီး အဆောက်အဦများ ပျက်စီး လာတဲ့အတွက် ၁၉၆၃ ခုနှစ်မှာ လက်ရှိမြင်တွေ့နေရတဲ့ သံတန်ဆောင်းအဖြစ် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဂန္ဓကုဋိတိုက်ထဲမှာ ခေါင်းလောင်းကြီးတစ်လုံးလည်းရှိတယ်။ ဒီခေါင်းလောင်းကြီးကို ဘုရား တည်ပြီး လေးနှစ်အကြာ ၁၂၆၆ ခုနှစ်မှာ ဘုရားအလှုရှင် ဦးဘိုးအောင်၊ ဒေါ်စိမ်းရင် နဲ့ အလှုရှင် များစုပေါင်းသွန်းလုပ်ခဲ့ပြီး ကြေးချိန် ငါးထောင်၊ အမြင့် ရှစ်တောင်၊ လုံးပတ် ဆယ်တောင် တစ်မိုက်၊ အချင်းလေးတောင် လေးသစ်ရှိတယ်။ ခေါင်းလောင်းစာမှာ “ ဓမ္မ ဆောက်ဆူး ဖြည့်ဆီးဆူးလ ျှက် အထူးအကျိုးဆောင် မောင်ဘိုးအောင် နှင့် ယခေါင်ရေစက် သွေမကွက်ဘဲ ရွှေထက် စိန်စီ ရှိန်ရတီ နှင့် သိင်္ဂ ီ လှသွင် မစိန်းရင်တို့ ” ( မူရင်းသတ်ပုံအတိုင်း) ဆိုပြီး ဖွဲ့နွဲ့ထားတာ နှစ်သစ်ဖို့ ကောင်းလှပါတယ်။

ငါးထပ်ကြီး ရုပ်ပွားတော်မြတ်ကြီးရဲ့ နောက်ဘက်မှာ ဂန္ဓကုဋိ တိုက်နဲ့ ဆက်နေတဲ့ တန်ဆောင်း တစ်ခု ရှိတယ်။ အလှုရှင်ကို အစွဲပြုပြီး ဒေါ်သော့ တန်ဆောင်းလို့ ခေါ်တယ်။ တန်ဆောင်းတိုင် တွေက ရှေးမှန်စီလက်ရာတွေဖြစ်ပါတယ်။ ပန်းခြူးပန်းနွယ်လက်ရာတွေနဲ့ ရုပ်တုတွေက ဇာတ် ကြီးဆယ်ဘွဲ့ ကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ပိတ်ထားတဲ့အတွက် အထဲတော့ ဝင်ကြည့်လို့ မရဘူး။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ရုပ်ပွားတော်မြတ်ကြီးရဲ့ သစ်သားတံကဲတော်ကြီး ဖြစ် ပြီး မြန်မာနိုင်ငံက ဘုရားဆင်းတုတော်တွေမှာ ရှိတဲ့ သစ်သားတံကဲတော်တွေထဲမှာ အကြီးဆုံး ဖြစ် ပါတယ်။ ဒီတံကဲတော်ကတော့ ရှေးလက်ရာမဟုတ်ပါဘူး။ ၁၉ ၉ ၆ ခုနှစ် ဘက်စုံမွမ်းမံ ပြင်ဆင် ရေးပြုလုပ်ချိန်မှာ ထုလုပ်တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းများအရ ကျွန်းသား ၂၄ တန်ကျော်သုံးခဲ့ရတယ်လို့ သိရပါတယ်။

ငါးထပ်ကြီး ဘုရားဟာ ငါးထပ်ကြီးကျောင်းတိုက်မြေထဲမှာရှိတဲ့အတွက် ငါးထပ်ကြီး ဆရာ တော်အစဉ်အဆက်က တာဝန်ယူစောင့်ရှောက်ခဲ့ပြီး ၁၉ ၈၁ ခုနှစ်ရောက်မှ ဂေါပက အဖွဲ့ကို ဖွဲ့စည်းတာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။

ငါးထပ်ကြီးဘုရားအနီးမှာ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်တွေ သင်္ချ ိုင်း ရှိတယ် လို့ မှတ်သားဖူးတယ်။ မေးကြည့်တော့ ဘုန်းကြီးကျောင်းတွေထဲက ဖြတ်ပြီး ဆယ်မိနစ်လောက် သွားရမယ်လို့ ပြောတယ်။ အချိန်မရလို့ မသွားခဲ့ရဘူး။

ကိုးထပ်ကြီးဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ ၁၀ -၄-၂၀၂၂ ရက်နေ့မှာ ကိုးထပ်ကြီးဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။

ကိုးထပ်ကြီး၊ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး စသည် ဖြင့် ရန်ကုန်မြို့မှာ “ ထပ်ကြီး” ဝေါဟာရ ပါတဲ့ ဘုရား သုံးဆူရှိတယ်၊ “ ထပ်ကြီး” ဆိုတာက ဘုရားတည်တဲ့အချိန် ဝါးငြမ်း ဆင်တဲ့အခါ ဝါးကိုးပြန် ငြမ်းဆင်ရလို့ ကိုးထပ်ကြီးလို့ခေါ်တယ်၊ ခြောက်ပြန်ဆင်ရရင် ခြောက် ထပ်ကြီးလို့ ခေါ်တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒါပေမယ့် ကိုးထပ်ကြီးဘုရားမှာတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ရုပ်ပွားတော် အတွင်း မှာ ဌာပနာ ကိုးထပ်ရှိလို့ ကိုးထပ်ကြီးလို့ ခေါ်တယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က ဒါဆိုရင် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးဆိုတာက ဌာပနာ ငါးထပ်၊ ခြောက်ထပ်ရှိ လို့ခေါ်တာလားလို့ ပြန် မေးတော့ ရေရေရာရာမဖြေနိုင်ဘူး။ “ ထပ်ကြီး” ဝေါဟာရနဲ့ပတ်သက်ပြီး သိရှိသူများ မှတ်ချက် ပေးဆွေးနွေးစေချင်ပါတယ်။

ကိုးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ဘုရား” ဖြစ်ပါတယ်။

ဘုရားကြီးကို တစ်ဦးတည်းတည်ထားလှုဒါန်းတာက ဘုရားဒါယကာ ဦးကြင်၊ ဘုရားဒါယိကာမ ဒေါ်ငွေဇံ ဖြစ်ပြီး ဆက်လက်ပြုပြင်မွမ်းမံတာက သားဖြစ်သူ ဘုရားဒါယကာ မောင်ကျော် နဲ့ ဒါယိကာမ မလှကြီး တို့ဖြစ်ပါတယ်။

ဘုရားကြီးတည်ထားကိုးကွယ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘုရားသမိုင်းမှာ ဘုရား ဒါယကာ ဦးကြင်နဲ့ ဒါယိကာမ ဒေါ်ငွေဇံ တို့က အခု ဘုရားကြီးရှိရာ ကုန်းမြေမှာ သီးနှံတွေ စိုက်ပျိုးလုပ်ကိုင် စားသောက်တယ်။ သူတို့ နှစ်ယောက်က ဗားကရာတိုက် တတိယ ပဓာန နာယက ဆရာတော် ဦးအာစရ ရဲ့ ဒကာရင်းတွေဖြစ်ပါတယ်။

တစ်နေ့မှာ ဆရာတော် ဦးအာစရဟာ ထူးဆန်းတဲ့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ဖားကို မြွေကလိုက်တယ်၊ နောက် တစ်ခါ ဖားက မြွေကို ပြန်လိုက်တယ်။ အခု ကိုးထပ်ကြီး ဘုရား တည်ထားတဲ့ ကုန်းတော်ပေါ် အရောက်မှာ ဖား နဲ့ မြွေ ဟာ အချင်းချင်း ရန်မမူတော့ဘဲ သင့်မြတ်စွာနေကြတယ်။ ဒါနဲ့ ဆရာတော် က ဒီကုန်းမြေဟာ ရန်ပြေငြိမ်းတဲ့ အောင်မြေ နေရာဖြစ်တယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ တည်ထားကိုးကွယ် နိုင်ရင် အကျိုးရှိမယ် လို့ ဦးကြင်ကို မိန့်ကြားခဲ့တယ်။

အဲဒီနောက် ဦးကြင်နဲ့ ဒေါ်ငွေဇံဟာ ဘုရားတည်နိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ တစ်ညမှာ အလွန်ကျယ်တဲ့ ဖားအော်သံကြားရလို့ထွက်ကြည့်တယ်။ ဖားက အော်ရင်းနဲ့ ရှေ့က သွား၊ ဦးကြင် တို့က နောက်ကလိုက်ရင်းနဲ့ အခု ဘုရားကုန်းနေရာက တောင်ပို့ထဲကို ဝင်သွားတယ်။ အဲဒီ တောင်ပို့ကို တူးတော့ ဖားကို မတွေ့ဘဲ မြွေကြီးတစ်ကောင်တွေ့တယ်။ ဗုဒ္ဓတရားစာတွေရွတ် တော့ မြွေကြီးပျောက်သွားတယ်၊ ဆက်တူးတဲ့အခါ ကျွန်းသေတ္တာတစ်လုံးနဲ့ ရွှေချောင်းတွေ တွေ့ တယ်။ ဒါ့ကြောင့် ဦးကြင်နဲ့ ဒေါ်ငွေဇံဟာ သူတို့ ဆန္ဒရှိတဲ့အတိုင်း ကိုးထပ်ကြီးရုပ်ပွားတော်မြတ် ကို တည်ထားကိုးကွယ်နိုင်ခဲ့တယ် လို့ ဖော်ပြထားတယ်။

ကိုးထပ်ကြီးဘုရားကို ကောဇာသက္ကရာဇ် ၁၂၆၇ခုနှစ်၊ဝါခေါင်လဆန်း(၁၀)ရက်၊ခရစ်နှစ် ၁၉၀၅ခုနှစ်၊ သြဂုတ်လ ၉ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၅နာရီ မှာ ပန္နက်တော်တင် မင်္ဂလာ ပြုလုပ်တယ်၊ ၁၉ ၁၀ ပြည့်နှစ်မှာ ပြီးစီးတယ်။ အဲဒီအချိန်က အခုလို ဂန္ဓကုဋီတန်ဆောင်းမရှိသေးဘူး။ ၁၉ ၁၅ ခုနှစ်မှာ ဦးကြင်ကွယ်လွန်ပြီးတဲ့နောက် သားဖြစ်သူ ဦကျော်က သံမဏိ သံပေါင်တွေကို ဗြိတိန်နိုင်ငံကနေ မှာပြီး အခု မြင်နေရတဲ့ ဂန္ဓကုဋီ တန်ဆောင်းကြီးကို ဆောက်လုပ်လှုဒါန်းခဲ့တာ လို့ ဘုရားသမိုင်းမှာ ဆက်ဖော်ပြထားပါတယ်။

ဂန္ဓကုဋီ တန်ဆောင်း ရုပ်ပွားတော်ကြီးရဲ့ နောက်ဘက် ဗုဒ္ဓဖြစ်စဉ်တော်တွေ ပြသထားတဲ့ ဘေးနံရံ မှာ ကျောက်စာတစ်ချပ်ရှိတယ်။ ဘုရားဖူးအတော်များများ သတိထားမိမယ်မထင်ဘူး။ အဲဒီ ကျောက်စာမှာ “ ကြည့်မြင်တိုင်မြို့ ၊ အတုလာဓိပတိ မဟာမုနိသကျ ဘွဲ့ပံသသော၊ ၉ ထပ်ကြီး ဘုရား နှင့် မိဘနှစ်ပါးတို့ ဂုဏ်ကို အာရုံပြု၍ ၁၂၈၁ ခု သီတင်းကျွတ်လပြည့် ၅ ကြိမ်မြောက် အထူး ကန်တော့ပွဲ အလှုမင်္ဂလာတွင် ဘတ်ကြားသောစာတမ်း” ( မူရင်းသတ်ပုံအတိုင်း) လို့ ခေါင်းစဉ်တပ် ထားတယ်။

အဲဒီကျောက်စာအရ ဘုရားဒါယကာ ဦးကြင်နဲ့ ဘုရားဒါယိကာမ ဒေါ်ငွေဇံ တို့ဟာ ကြည့်မြင့်တိုင် မြို့၊ ဈေးကြီးရပ် အိမ်နံပါတ် ၁၃ မှာ နေခဲ့တယ်။ ကိုးထပ်ကြီး ရုပ်ပွားတော်မြတ်ရဲ့ ဉာဏ်တော် ၄၃ တောင် တစ်မိုက်၊ ပလ္လင်တော်အမြင့် ၄ တောင် တစ်မိုက် ရှိတယ်။

ဒေါ်ငွေဇံက သက္ကရာဇ် ၁၂၇၆ ခုနှစ် အသက် ၅၁ နှစ်မှာ မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တော့ ကျန်ရစ်သူ မိသားစုက ၉ ရက် တိတိ အလှုလုပ်တယ်။ ငွေ ၇၀၀၀ ကုန်တယ်။ သံဃာတော် အပါးတစ်ရာကို လှုဖွယ်ပစ္စည်း တွေလှုဒါန်းတယ်။ အမြောက် ၂၅ ချက်ဖောက်ပြီး ဘုရားကြီးအနီးမှာ ဂူသွင်းသင်္ဂြ ိုဟ်တယ်။ ဂူပေါ် မှာ ဘုရားဘက်ကို မျက်နှာမူထားတဲ့ ဒေါ်ငွေဇံ ရုပ်တုကို ထားတယ်။

ဦးကြင်က ၁၂၇၇ ခုနှစ် ပြာသိုလဆန်း ၂ ရက်နေ့ အသက် ၅၀ နှစ်မှာ ကွယ်လွန်တယ်။ သား မောင် ကျော်၊ ဇနီး မလှကြီး တို့က ၁၂ ရက် တိတိ အလှုလုပ်တယ်။ ငွေ တစ်သောင်းကျော်ကုန်တယ်။ သံ ဃာတော် ၁၀၁ ပါးကို လှုဖွယ်ပစ္စည်းတွေလှုဒါန်းတယ်။ အမြောက် ၃၅ ချက်ဖောက်ပြီး ဒေါ်ငွေဇံ ဂူ အနားမှာပဲ ဂူသွင်းသင်္ဂြ ိုဟ်တယ်။ ဂူပေါ် မှာ ဘုရားဘက်ကို မျက်နှာမူထားတဲ့ ဦးကြင် ရုပ်တုကို ထားတယ်။

မိဘနှစ်ပါးကွယ်လွန်တော့ ဘုရားဒါယကာ မောင်ကျော် နဲ့ ဒါယိကာမ မလှကြီး တို့က ဘုရားကြီးကို ဆက်ပြီး စောင့်ရှောက်တယ်။ တန်ဆောင်းထဲမှာ အိန္ဒိယက မှာပြီး ကျောက်ပြားခင်းတယ်၊ ည ၆ နာရီ ကနေ မနက် ၆ နာရီအထိ လ ျှပ်စစ်မီးပူဇော်နိုင်အောင် စီစဉ်တယ်။ ဘုရားပတ်ဝန်းကျင်မှာ ပန်းဥယျာဉ် လုပ်တယ်။ နမိတ်ကြီးလေးပါးပုံတွေထုတ်လုပ်တယ်။ အိန္ဒိယနဲ့ နီပေါနိုင်ငံက ဗုဒ္ဓဝင်နဲ့ ပတ်သက်တဲ့ နေရာတွေကို ဓာတ်ပုံရိုက်ပြီး ဘုရားဖူးတွေကြည်ညိုနိုင်အောင် ပြသထားတယ်။ ဘုရားဝင်းကို တံတိုင်းခတ်တယ်၊ အုတ်ချပ်ရေ လေးသိန်းကုန်တယ်။မိဘနှစ်ပါးကို အမှူးထားပြီး နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပြာသိုလပြည့်နေ့၊ တပေါင်း လပြည့် နေ့၊ သင်္ကြန်ကာလ၊ ကဆုန်လပြည့်နေ့ ၊ ဝါဆိုလပြည့်နေ့ ခုနှစ်ကြိမ် အလှုဒါနပြုလုပ်တယ် ။

ဂန္ဓကုဋီ တန်ဆောင်း နဲ့ပတ်သက်လို့ကတော့ ကျောက်စာမှာ ဦးကြင် ဒေါ်ငွေဇံတို့ရဲ့ လှုဒါန်းမှု အစုစုကို ဖော်ပြတဲ့အခါ “ အတုလာ ဓိပတိ မဟာမုနိသကျ ဘွဲ့ပုံသသော ရုပ်ပွားတော်ကြီးကို လူနတ်ဗြဟ္မာ သတ္တဝါ ဝေနေ များဗိုလ်ခြေတို့ အကျိုးငှာ တည်ထား ပြုစုတော်မူလျက်၊ ယင်းဥဒ္ဒိသ ကိုယ်စား ရုပ်ပွား တော်ကြီး ကိမ်းဝပ်တော်မူရန် အဘိုးငွေ ( သုံးသိန်းကျော်ကုန်) မဟာ ဂန္ဓကုဋီ သံ တန်ဆောင်းတော်ကြီးနှင့်သံစောင်းတန်းတော်ကြီးများကိုဆောက်လုပ်လှုဒါန်းပူဇော်လေသတည်း” ( မူရင်းသတ်ပုံအတိုင်း ) လို့ဖော်ပြထားတဲ့အတွက် ဘုရားသမိုင်းမှာပါတဲ့ သားဖြစ်သူလက်ထက်မှာ ဂန္ဓကုဋီ တန်ဆောင်း ဆောက်လုပ်ခဲ့ တယ်ဆိုတဲ့အချက်နဲ့တော့ ကွဲလွဲနေတယ်။ ဒီကျောက် စာက မိဘနှစ်ပါး ကွယ်လွန်ပြီး ငါးကြိမ်မြောက်အလှုပွဲမှာ ဘတ်ကြားခဲ့တဲ့ စာတမ်းကို မှတ်တမ်းတင် ထားတာဆို တော့ အချက်အလက်ပိုခိုင်လုံမလားလို့ ထင်ပါတယ်။

နောက်ထပ်ကျောက်စာတစ်ချပ်ကိုတော့ ဗားကရာလမ်းဘက်က တက်လာရင် စောင်းတန်းထိပ် ညာဘက်အခြမ်းမှာတွေ့ရတယ်။ အဲဒီကျောက်စာမှာ “ “ အတုလ ဓိပတိ မဟာမုနိသကျ ဘွဲ့တော် ရှိသော ကိုးထပ်ကြီး ရုပ်ရှင်တော်မြတ်ကို စောင့်ရှောက်ရန် တောင်ပြုန်းမင်းညီနောင်တို့အား ထားရှိ သည့် အမိန့်စာတမ်း” ( မူရင်းသတ်ပုံအတိုင်း) လို့ခေါင်းစဉ်တပ်ထားတယ်။

ဒီကျောက်စာကို သားဖြစ်သူ ဘုရားဒါယကာ မောင်ကျော် နဲ့ ဇနီး ဘုရားဒါယိကာ မလှကြီးတို့က ၁၂၉ ၀ ပြည့်နှစ်၊တန်ဆောင်မုန်းလဆန်း ၈ ရက် စနေနေ့မှာ ရေးထိုးတယ်။ ကျောက်စာမှာ မြန်မာ ပြည် ဝင်းဂိုဏ်း အထက်ဆရာကြီး ဆရာဘိုးနဲ့ ဘုရားဒါယက မောင်ကျော် တို့က ကိုးထပ်ကြီး ဘုရားကို ကူညီ စောင့်ရှောက် ထိန်းသိမ်းဖို့ အတွက် တောင်ပြုန်းမင်းညီနောင်ကို နတ်ကွန်း ဆောက်ပြီး တာဝန်ပေးတဲ့အကြောင်းဖော်ပြထားတယ်။

အဲဒီလို စောင့်ရှောက်ရာမှာ လိုက်နာရမည့် စည်းကမ်းချက် ရှစ်ချက်ကိုလည်း ကျောက်စာမှာရေးထိုး ထားတယ်။ အဲဒီထဲမှာ ကိုးထပ်ကြီး ဘုရားဝင်းအတွင်းနဲ့ နတ်နန်းရှေ့မှာ သောက်စားမူးယစ်ခြင်း၊ နတ်ကန္နားပေးခြင်း၊ နတ်ကခြင်း၊ နတ်ပူးခြင်း၊ နတ်ထိန်း၊ နက်ကတော်လုပ်ခြင်း တို့ မပြုလုပ်ဖို့ တားမြစ်ထားတဲ့ စည်းကမ်းချက်တွေလည်းပါတယ်။ နံပါတ် ၈ အချက်မှာတော့ “ဤ ကိုးထပ်ကြီး မဟာရံ တံတိုင်းအတွင်း မြတ်စွာဘုရား တရားတော်နှင့် ဆန့်ကျင်၍ နှောက်ရှက်လာသသူ၊ ဖျက်ဆီး အပ်သောသူများကို တောင်ပြုန်းမင်းညီနောင်တို့က အောင်မြင်သော နတ်တန်ခိုးဖြင့် လွှမ်းမိုး ဖိစီး လျက် ဝေးကြီးဝေးအောင် လွှင့်ဆောင်ပယ်ရှားရမည်။” ( မူရင်းသတ်ပုံအတိုင်း) လို့ တာဝန်ပေး ထားတယ်။

ဘုရားဒါယကာ မောင်ကျော်အလှု ကျောက်စာမှာတော့ ကိုးထပ်ကြီးဘုရားပတ်ဝန်းကျင်မှာ နန္ဒာဝန် ဥယျာဉ်ပမာဆန်းကြယ်စွာသော ပန်းဥယျာဉ်ကို တည်ဆောက်ထားတယ်လို့ပါပေမယ့် အခုတော့ နောက်ပိုင်း အလှုရှင်တွေ လှုဒါန်း ထားတဲ့ သာသနိကအဆောက်အဦတွေ၊ နတ်နန်းတွေ၊ ဈေးတန်း တွေနဲ့ ပြည့်နေတယ်။ ဒါပေမယ့် အဲဒီအဆောက်အဦတွေကြားထဲက ရသမ ျှနေရာလေးမှာ မြေယာ ရှုခင်းကို လှလှပပ ဖန်တီးထား တာလည်း တွေ့ရပါတယ်။ အဲဒီမြေယာရှုခင်းတွေကို ထိန်းသိမ်းပေး နေတာက ဦးကျော်ဝင်းတဲ့။ ၂၀၁၀ ပြည့်နှစ်ထဲက ဒီတာဝန်ကို ထမ်းဆောင်ခဲ့တာ၊ အခုအသက် ခုနှစ်ဆယ်ကျော်နေပြီ။ဘာပဲဖြစ်ဖြစ် မူလ ဘုရားဒါယကာ၊ ဒါယိကာမတွေ ဖြစ်စေချင်တဲ့ ပန်းဥယျာဉ် လေးတစ်ခု ဆက်ရှိနေတာပဲ ကျေးဇူးတင်ရပါတယ်။

ကိုးထပ်ကြီးဘုရားကို မူလ ဘုရားဒါယက ဦးကြင်၊ ဒေါ်ငွေဇံတို့ရဲ့ သားစဉ် မြေးဆက်က မျိူးဆက် သုံးဆက်အထိ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး ၁၉ ၇၁ ခုနှစ်မှာတော့ ဂေါပက အဖွဲ့ ကို ဖွဲ့စည်းတာဝန်လွှဲပေးခဲ့ပါတယ်။

ကိုးထပ်ကြီးဘုရားအနီးက ဗားကရာတိုက်ဝင်းမှာ ဘုန်းတော်ကြီးကျောင်း ၃၈ ကျောင်းရှိတယ် လို့သိခဲ့ ရတယ်။ ဗားကရာတိုက်သမိုင်းကို လေ့လာနိုင်ဖို့ ကြိုးစားပါဦးမယ်။

ပင်စင် မနက်ခင်း

ပင်စင် ထုတ်တဲ့ အကြောင်းမပြောခင် ကိုယ့်ပင်စင်အကြောင်း အရင်ပြောမှဖြစ်မယ်။ ၂၀၀၅ ခုနှစ် ကျွန်တော် တပ်မတော်က အငြိမ်းစားယူတဲ့အခါ တပ်မတော်ပင်စင်ကို မယူဘူး။ ကျွန်တော့်ရဲ့ တပ်မတော်သားလုပ်သက်ကိုပဲ အရပ်ဘက်ကို သက်တမ်းဆက်ပြီး ယူတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ပင်စင်အမျိုးအစားက မြို့ပြ ( လုပ်သက်ပြည့်) ဖြစ်ပါတယ်။ ကျွန်တော်က နှစ်သီးစားမဟုတ်သလို နိုင်ငံရေးပင်စင်ရတဲ့အထဲမှာလည်း မပါဘူး။

ပင်စင်ကို သင်္ကြန်မတိုင်ခင် တစ်ခါ၊ သီတင်းကျွတ်မတိုင်ခင် တစ်ခါ ထုတ်တယ်။ အရင်က တော့ ကိုယ်စားလှယ်နဲ့ ထုတ်ပေမယ့် ၂၀၁၉ ကစပြီး အငြိမ်းစားတွေရဲ့ ဘဝအမျိုးမျိုးကို မြင်နိုင် ကြားနိုင်အောင်နဲ့ ၊ ထောက်ခံစာတွေယူရတဲ့ အဖြစ်ကလွတ်အောင် ကိုယ်တိုင်ပဲ သွားထုတ်တော့ တယ်။

ပန်းဆိုးတန်းက ကားရပ်ဖို့နေရာအတော်ရှားတော့ ပင်စင်ထုတ်မယ်ဆိုရင် တက္ကစီ နဲ့ သွားတာ အကောင်းဆုံးပဲ။ ဒ့ါကြောင့် တက္ကစီငှားဖို့လမ်းထိပ်ထွက်တယ်။ လမ်းထိပ်ရောက်တာနဲ့ မောင်းလာနေတဲ့ တက္ကစီ သမားက သွားမှာလားလို့မေးတဲ့အနေနဲ့ လက်ညှိးထောင်ပြတယ်။ ခေါင်းငြိမ့်ပြလိုက်တော့ ထိုးရပ်တယ်။ ဈေးမေးတယ်။ အရင်ဈေးထက် တစ်ထောင်များတယ်။ ဒါပေမယ့် အခုဆီဈေးနဲ့ဆိုရင် ဒီလောက်တော့ပေးရမှာပဲ။

တက္ကစီဆရာက လူပျော်ပဲ။ ယောက္ခမ ကားကိုမောင်းတာ ဖြစ်လို့ အုံနာကြေးစိတ်မပူရဘူးတဲ့။ အုံနာကြေးတစ်နေ့ ရှစ်ထောင်ဆိုပေမယ့် အဆင်ပြေသလို စုပေးလည်းရတယ်။ ကားမထွက်ဖြစ်ရင် ပေးစရာ မလိုဘူး။ကားထွက်လားမထွက်ဘူးလား၊ငွေဘယ်လောက်ရလဲဆိုတာ သူ့သမီးကနေ တဆင့် စာရင်း စစ်လို့ရနေလို့ ယောက္ခကလည်း စိတ်ချတယ်ဆိုပဲ။

ကားဆွဲရတာ ဘယ်လိုလဲ လို့ မေးတော့ “မဲနယ်ဆိုးထားတယ်” လို့ဖြေတယ်။ ဘာလဲဗျ လို့ ပြန်မေးတော့ “ ပြာနေတာလေ” တဲ့။ ဒါဖြင့် လူရောလို့ မေးလိုက်တော့ ခရီးသည်ရအောင် အသည်းအသန် ရှာနေရလို့ “ ပြာကလတ်စိန်” ဖြစ် နေသတဲ့။

၂၀၂၀ ကိုဗစ်မဖြစ်ခင်အချိန်တွေက ဆိုရင် တစ်နေ့ သုံးလေးသောင်း အသာလေးပဲ၊ နှစ်သစ်ကူး ညလိုမျိုးဆိုရင်တစ်နေ့လုံး၊တစ်ညလုံးဆွဲရင် တစ်သိန်းခွဲလောက်အထိ နေ့တွက်စီခဲ့ဖူးတယ်။ အခု လို သင်္ကြန်နားနီးရင်လည်း အကြိုနေ့လောက်အထိ ဆွဲလို့ကောင်းတယ်။ အခုတော့ သေချင် စော်နံနေပြီ လို့ ဆိုတယ်။

ဘဏ်ရောက်တော့ အလယ်ခေတ် ရဲတိုက်ကြီးရဲ့တံခါးနဲ့တူတဲ့ ဘဏ်တံခါး အမြင့်ကြီးက ပိတ်ထား တယ်။ တံခါးမှာ “ပင်စင်စားများသိသာရန်” ဆိုတဲ့ ကြော်ငြာစာရွက်တစ်ရွက်ကပ်ထားတယ်။ အဲဒီ ကြော်ငြာစာရွက်မှာ လစဉ် ၂၁၊ ၂၂ ၊ ၂၃ ရက်နေ့တွေမှာ နံနက် ၀၇၃၀ မှာ ထုတ်ပေးမယ် ။ ကျန်တဲ့ နေ့တွေမှာ ပုံမှန်ရုံးချိန်အတိုင်းထုတ်ပေးမယ်၊ ပင်စင်လစာကို နေ့လယ် တစ်နာရီ အထိပဲ ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ၁၂း၃၀ နာရီနောက်ဆုံးထားပြီးလာဖို့ ရေးထားတယ်။ လမ်းခရီးမှာ အကြောင်းမျိုးမျိုးကြောင့် ကြန့်ကြာပြီး အချိန်မီ မရောက်နိုင်ရင် ဖုန်းဆက်အကြောင်းကြား ပါဆိုပြီး ဖုန်းနံပါတ်တွေဖော်ပြထားတယ်။

ဘဏ်ရှေ့ လှေကားထစ်တွေမှာ ၊ ဘဏ်ဘေး အရိပ်ကောင်းတဲ့နေရာ တွေမှာ ရပ်နေ၊ ထိုင်နေတဲ့သူ နှစ်ဆယ်လောက်ရှိတယ်။ တစ်ယောက်တည်း ကိုယ်တိုင်လာတဲ့ သူရှိ တယ်။ အဖော်နဲ့လာထုတ် တဲ့သူရှိတယ်။ မိသားစုဝင်တွေထဲက ကိုယ်စားလှယ်လွှဲစာနဲ့ လာထုတ်တာလည်း ရှိတယ်။

ဒီမနက်ကိုယ်တိုင်လာထုတ်သူတွေထဲမှာ အမျိုးသမီးကြီးတွေများတယ်။ အများစုက အဖော်ပါ တယ်။ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းရော၊ ခေါင်းအကာအကွယ်ရော အပြည့်အစုံ ဝတ်ထား တဲ့ အမျိုသမီးကြီးနှစ်ယောက်ကတော့ သူငယ်ချင်းတွေဖြစ်မယ်။ တစ်ယောက်က ခြေထောက် တွေ အားနည်းနေလို့ထင်တယ်၊ တုတ်ကောက်နဲ့။ ပိုကျန်းမာပုံရတဲ့ အမျိုးသမီးကြီးက နင် နောက်က ဖြေးဖြေးလိုက်ခဲ့၊ ငါတန်းစီထားလိုက်မယ်ဆိုပြီးပြောနေတယ်။ အမျိုးသား ကြီး နှစ်ယောက်လည်း ဒီရောက်မှ ဆုံတာထင်တယ်။ လုပ်ဖော်ကိုင်ဘက်တွေအကြောင်းပြောနေ တယ်။ အဲဒီထဲက တစ်ယောက်က လက်ထဲမှာ တာလီမှတ်တဲ့ စက်လေးနဲ့ ၊ စကားပြောနေ ရင်း နဲ့ တစ်ချောက်ချောက်နှိပ်နေတယ်။ ပုတီးစိတ်နေတာလား၊ တစ်ခုခုကို ရွတ်ဖတ်နေတာလား မသိနိုင်ဘူး။

ကိုးနာရီခွဲဖို့ ငါးမိနစ်အလိုမှာ ထိုင်စောင့်နေတဲ့၊ ရပ်စောင့်နေတဲ့ သူတွေ ဘဏ်တံခါးရှေ့မှာ စုလာ ကြတယ်။ တန်းစီတာမဟုတ်ပေမယ့် အချင်းချင်း ဘယ်သူ အရင်ရောက်တယ်ဆိုတာ သိနေတော့ ရှေ့နောက်အလိုက်သင့်နေပေးလိုက်တာပါပဲ။

ကိုးနာရီခွဲအတိအကျ ဘဏ်တံခါးပွင့်သွားတယ်။ ပင်စင်စားများနဲ့ အပေါင်းအဖော်များ ဘဏ်ထဲကို သွက်သွက်လက်လက် ၊ တုန်ချိချိ ပုံစံမျိုးစုံနဲ့ဝင်သွားတယ်။ ငွေထုတ်ကောင်တာရှေ့မှာတန်းစီ တယ်။ အဖော်ပါတဲ့သူတွေက ခုံတန်းမှာထိုင်စောင့်၊ အဖော်က တန်းစီပေါ့။

ကျွန်တော်နဲ့ ခုနက အမျိုးသားကြီးနှစ်ယောက်က ရှေ့နောက်။ တာလီမှတ်တဲ့ စက်နဲ့ လူက စက်လေးကို တစ်ချောက်ချောက် နှိပ်ရင်း၊ သူ့မိတ်ဆွေကို “ သင်္ကြန်အမီ လာထုတ်တာ၊ မထုတ်ရင် ရေပြတ်မှာဗျ” လို့ ပြောတယ်။ သူ့မိတ်ဆွေက “ ဟင် သင်္ကြန်ရေဖြတ်မှာလား” လို့ ပြန်မေးတော့ “ ဟာ ခင်ဗျားက အတော်ခေတ်အောက်တာပဲ၊ ပိုက်ဆံပြတ်မှာကို ပြောတာဗျ” လို့ မာန်တယ်။ ပြီးတော့ တစ်ချောက်ချောက်နဲ့ ဆက်နှိပ်နေတယ်။

ဘဏ်ဝန်ထမ်းတွေကလည်း စားပွဲခုံတွေမှာ စာရွက်စာတမ်းတွေ၊ ဖိုင်တွေနဲ့ ပြင်ဆင်နေတယ်။ ငွေ ထုတ်ကောင်တာမှာ အမျိုးသမီးနှစ်ယောက်ရှိတယ်။ ဘဏ်ဝန်ထမ်းတွေလည်း အရင်လို တူညီ ဝတ်စုံနဲ့မဟုတ်တော့ဘူး။ ရုံးတက်ရင် ရန်ရှာမယ်ဆိုတဲ့ သူတွေကို အပြစ်တင်ရမလား၊ ရန်ရှာ ခံရတဲ့ အခြေအနေရောက်အောင် လုပ်သူတွေကို အပြစ်တင်ရမလား။ လက်ညှိုးထိုးတာနဲ့ လက်ညှိုးကွေးတာပဲ ခေတ်စားနေပြီး လက်မလည်း မထောင်နိုင်၊ လက်ခလယ်လည်း လယ်လယ်မသွားနိုင်၊ လက်သူကြွယ်လည်း ရတနာမကြွယ်နိုင်၊ လက်သန်း လေးလည်း မျက်နှာငယ်နေရတဲ့ခေတ်မှာ လူဖြစ်ရလေ တို့တစ်တွေ သည် xxx။

ငွေထုတ်ကောင်တာက အမျိုးသမီးနှစ်ဦးအသင့်ဖြစ်တာနဲ့ ပင်စင်ထုတ်ပေးတဲ့ လုပ်ငန်းစတယ်။ ကောင်တာရှေ့မှန်ပေါက်အဝိုင်းလေးထဲကနေ အီးပင်စင်ကတ်ပြားလေး ထိုးပေးရတယ်။ ကိုယ်စား လှယ်ဆိုရင် ကိုယ်စားလှယ်လွှဲစာနဲ့ မှတ်ပုံတင်ပါတွဲပေးရတယ်။ ဝန်ထမ်းအမျိုးသမီးက အဲဒါတွေ ကို ယူ၊ ကိုယ်တိုင်လာသူဆိုရင် ဓာတ်ပုံမှတ်တမ်းယူနိုင်ဖို့အတွက် နှာခေါင်းစည်းကို ချွတ်ခိုင်း တယ်။ ပြီးရင် ကတ်ပြားဖတ်တဲ့စက်မှာ ကတ်ပြားကို ဖတ်တယ်။ စက်ထဲက ထွက်လာတဲ့ စလစ် နှစ်ရွက်ကို သူ့ညာဘက်အပေါက်ထဲကနေ အပြင်ပြန်ထုတ်ပေးပြီး လက်မှတ်နှစ်ချက် ထိုးခိုင်း တယ်။ ကိုယ်စားလှယ်ဆိုရင် အဲဒီစလစ်နှစ်ရွက်ကို ကိုယ်စားလှယ်လွှဲစာနဲ့တွဲချုပ်တယ်။ နောက် ဆုံးမှာ အီးပင်စင်ကတ်ပြား၊ မှတ်ပုံတင်စတာတွေကို ပြန်ပေးပြီး ကတ်ပြားတွေပြန်ပေးပြီ နော် လို့ သတိပေးတယ်။ ပင်စင်ထုတ်မယ့်လူက စလစ်ပြားနှစ်ရွက်ကို ယူပြီး ငွေထုတ်မယ့် အပေါက်မှာ သွားတန်းစီရတယ်။

ဒီဝန်ထမ်းအမျိုးသမီးက သူ့အလုပ်တော့ သူ အတော်ကျွမ်းကျင်ပုံရတယ်။ သူပြောရမယ့် စကား တွေကို ဆက်တိုက် ပြောတယ်။လက်ကလည်း ကတ်ပြားဖတ်လိုက်၊ ကွန်ပျူတာနှိပ်လိုက်နဲ့ ဇယ် ဆက်သလို၊ ဒီကြားထဲ ဘယ်ဘက်လက်က စားပွဲပေါ်တင်ထားတဲ့ ပေါင်မုန့်ကို လှမ်းယူပြီး စား လိုက်သေးတယ်။ ဒီအမျိုးသမီးက စိတ်လည်း အတော်ရှည်တယ်။ ပင်စင်စား အများစုက နှေးနှေး ကွေးကွေး ၊ လေးလေးပင်ပင်၊ မကြားတကြားဆိုတော့ နှစ်ခါ သုံးခါ ထပ်ပြောရပေမယ့် အပြုံး မပျက်ဘူး။

ငွေထုတ်ပေးတဲ့ ဝန်ထမ်းအမျိုးသမီးလည်းတော်ပါတယ်။ တစ်ချို့အမကြီးတွေက ငါးထောင်တန် မလိုချင်ဘူး။ တစ်ထောင်တန်တွေပဲ ပေးပါဆိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်လုပ်ပေးရှာပါ တယ်။ ကျွန်တော်လည်း ကိုယ့်အလှည့်ရောက်တော့ ကတ်ပြားပေး၊ စလစ်ယူ၊ ငွေထုတ်ဖို့တန်းစီ၊ ငွေ ထုတ်ပေါ့။ ဘဏ်ထဲ ဝင်ပြီး ၄၅ မိနစ်ကြာတော့ အားလုံးပြီးပြီ။ ဝန်ထမ်းအမျိုးသမီးကို ကျေးဇူး တင်ကြောင်းပြောပြီး အပြင်ပြန်ထွက်ခဲ့တယ်။

ဘဏ်ရှေ့တည့်တည့်မှာ ကားနောက်ဖုံးဖွင့်ပြီး ကားဆရာ ထိုင်နေတဲ့ တက္ကစီတစ်စီးတွေ့တယ်။ ဈေးမေး တယ်။ သူပြောတဲ့ဈေးက အလာထက် ငါးရာပိုများနေတယ်။ ဈေးဆစ်တော့ ရတယ်။ ကားထွက် ပြီး ခဏကြာတော့ ကားဆရာဆီကို ဖုန်းဝင်လာတယ်။ ဟိုဘက်က ပြောတာကို နားထောင်ပြီး အင်း ၊ အင်း ဆိုပြီး တုန့်ပြန်တယ်။ ပြီးတော့ အေးအေး ငါ နည်းနည်းစောပြန် ခဲ့မယ်လို့ ပြောပြီး စကားဖြတ်လိုက်တယ်။ ဖုန်းဘေးချပြီး သက်ပြင်းရှည်ကြီးချတယ်။ “မလွယ်ဘူး” လို့ သူ့ဘာ သာ သူပြောတယ်။

ကျွန်တော် သူ့ကို ကြည့်နေမှန်းသိတော့ အိမ်က ဆက်တာ၊ ကလေးရင်ကြပ်နေလို့ ဆိုပြီးပြော တယ်။ ကလေးက ရင်ကြပ်တတ်တော့ အချိုနဲ့ မတည့်ဘူး။ အဖိုးအဖွားတွေက အလိုလိုက်ပြီး မုန့်ချိုတွေ ကျွေးတော့ ခဏခဏ ရင်ကြပ်တယ်။ ဖြစ်ရင် အထူးကုဆေးခန်းပြေးရတယ်။ ဖြစ်ပြီ ဆိုရင် စမ်းသပ်ခ တင် တစ်သောင်းနှစ်ထောင်၊ ဆေးဝယ်ရတာမပါသေးဘူး။ အရမ်းကြပ်လို့ ဂေါက်ရှုရရင် တစ်သောင်း။ ကားဆွဲကောင်းနေရင်တော့ ပြဿနာမရှိဘူး။ အခုကတော့ လူလည်း ပရုတ်လုံး ဖြစ်နေပြီလို့ ပြောတယ်။ အင်း ပရုတ်လုံးကတော့ သူတစ်ယောက်တည်း မဟုတ် လောက်ဘူး။ ကျွန်တော်လည်း ဘာအားပေးရမှန်းမသိတော့ ကိုယ်ရင်ကြပ်ချိန်က သောက်ဖူး တဲ့ တိုင်းရင်းဆေး နာမည်တွေ ရွတ်ပြပြီး အဲဒါတွေလည်း စမ်းကြည့်ပေါ့ဗျာ လို့ အားပေးရတယ်။

လမ်းထိပ်ရောက်တော့ ကားကိုရပ်ခိုင်းပြီး သူပထမပြောတဲ့ဈေးအတိုင်းပဲ ပေးလိုက်လိုက် တယ်။ အိမ်ဘက်ကို လမ်းဆက်လေ ျှာက်တယ်။ ပူလိုက်တာ။ နေကလည်း ပူ။ ကတ္တရာလမ်းက လည်း အပူပြန်။ အပေါ်ပူ ၊ အောက်ပူ ၊ အတွင်း ပူ တွေနဲ့ လူတွေလည်း အပူသည်ဖြစ်နေပေါ့။ ပူတာကို မသိချင်ယောင်ဆောင်နိုင်တဲ့၊ လျစ်လျူရှုထားနိုင်တဲ့ သူတွေပဲ အားလုံးကောင်းပါသည်ပေါ့။

ကျွန်တော်နဲ့ Facebook

လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မဇ္ဈိမ သတင်းဌာနနဲ့ တွေ့ဆုံဖြေကြားခဲ့တဲ့ အထဲက ဖေ့စ်ဘွတ်အသုံးပြုရတဲ့အကြောင်းအရင်း၊ ကျွန်တော့်ပို့စ်တွေအောက်မှာ မှတ်ချက် ရေးသား သူတွေအပေါ် ကျွန်တော့်သဘောထား၊ နောက်ပြီး ကျွန်တော်နဲ့ မီဒီယာဆက်ဆံရေး အကြောင်း တွေကို မဖတ်ရသေးသူတွေ သိနိုင်ဖို့ ပြန်မ ျှဝေလိုက်ပါတယ်။


မ ဇ္ဈိမ နှင့်တွေ့ဆုံမေးမြန်းမှု အပိုင်း ၃
ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၃)

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့် အခြေအနေများကို မဇ္ဈွိမအယ်ဒီတာချုပ် ဦးစိုးမြင့်က မတ် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထား သည်များအနက် ပထမပိုင်းနှင့် ဒုတိယပိုင်းကို ဖော်ပြပြီးဖြစ်သည်။ယခုတတိယပိုင်းကို ဆက်လက်ဖော်ပြပါ သည်။ အင်တာဗျုးကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၊မတ်လ ၂၇-၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော International Press Institute (IPI) ၏ ၆၄ကြိမ်မြောက် ကမ္ဘာ့ညီလာခံအတွင်း တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး – ဝန်ကြီးက လူမှုကွန်ရက် ဆိုရှယ်မီဒီယာဖေ့ဘွတ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးတယ်ပေါ့နော်။ အဲ့ဒါက ပျော်တာလား။ enjoy ဖြစ်တာလား။ဒါမှမဟုတ် ကိုယ့်ရဲ့တာဝန် ဝတ္တရားအနေနဲ့ သုံးတာလား။

ဖြေ – ကျွန်တော့်ရဲ့ပင်ကိုယ်သဘာဝပြောရရင်ကျွန်တော်က လူတွေနဲ့တွေ့ဆုံစကားပြောရတာကို သဘောကျ တယ်။ အရင်ဒုညွှန်ချုပ် ညွှန်ချုပ်လုပ်ခဲ့တုန်းက ဝန်ထမ်းတွေကို မေးကြည့်ရင်လည်း သိမှာပါရုံးမှာနေရင် တောင် တစ်ရက်ကို ဝန်ထမ်းတစ်ယောက်ခေါ်ပြီး သူတို့အကြောင်းတွေမေးတယ်။

ခရီးသွားတယ်ဆိုရင်လည်း ဈေးဆိုင်မှာထိုင်ရင်ဈေးဆိုင်ကလူတွေ အကြောင်းမေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော် ရာထူး ကြီးကြီးလာတဲ့အခါကျတော့ တွေ့ဆုံနိုင်တဲ့အခွင့်အရေးက နည်းနည်းနည်းလာတယ်။ အဲ့တော့ဒီလိုတွေ့ဆုံနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို လိုက်ရှာလိုက်တဲ့အခါကျတော့ဒီဖေ့ဘွတ်ကို သွားတွေ့ တာပေါ့။ ဒါကိုဖွင့်ပေးထားခြင်းအားဖြင့် ကျွန်တော့်အတွေးအမြင်တွေကို လူတွေဆီကို ပေးလို့ရတယ်။ လူတွေ(ဆီက)နေမှ ကောင်းတာဆိုးတာ feedbackလိုမျိုးကိုလည်း ကျွန်တော်ကြည့်လို့ရတယ်။ နောက်တစ်ခါ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ တာဝန်ထမ်းဆောင်တယ်။ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်း ဆောင်တဲ့အခါကျတော့ တစ်ချို့feedback တွေက ကျွန်တော့်လုပ်ငန်းမှာလည်း သုံးလို့ရတယ်။ဒါကြောင့်မို့ ကျွန်တော်ရဲ့ ဝါသနာကို အခြေခံပြီးတော့မှ မိမိလုပ်ငန်းတာဝန် အောင်မြင်မှုမှာ ပိုပြီးတော့ ထိရောက်အောင် သုံးတယ်လို့ပဲ ပြောရမှာပေါ့။

နောက်တစ်ခုက ကျွန်တော့်အထက်မှာ အထက်အရာရှိတွေခေါင်းဆောင်တွေ အများကြီး ကြုံဖူးတာပေါ့။ ကျွန်တော်မကြိုက်တဲ့ ခေါင်းဆောင်တွေလည်းရှိတယ်။ တချို့က ကိုယ့်ရဲ့တာဝန်နဲ့နေတယ်၊ နေပြီးတော့မှ ခံယူချက်တော့အမျိုးမျိုးရှိမှာပေါ့။ သို့သော် မနက်ရုံးတတ်ချိန်ကနေ စပြီးတော့ ရုံးဆင်းချိန်ထိလမ်းမှာတွေ့တဲ့ ဝန်ထမ်းတစ်ယောက်ကိုတောင်မှ ပြုံးမပြဘူး နှုတ်ဆက်စကားမပြောတဲ့ခေါင်းဆောင်မျိုးလည်း ကျွန်တော် တွေ့ဖူးတယ်။ အဲ့တော့ ဘယ်လောက်ထိ ဖြစ်လဲဆိုရင်ဒုညွှန်ချုပ် ညွှန်ချုပ်လောက်ထိတောင်မှ တာဝန်ကလွဲရင် ဟက်ဟက်ပက်ပက် စကားမပြောတဲ့ခေါင်းဆောင်မျိုးနဲ့လည်း ကျွန်တော်ကြုံဖူးတယ်။ အဲ့ဒီ့လူတွေမှာ ကျွန်တော်ဘာအားနည်းချက်တွေ့လဲဆိုတော့ သူတို့က သီအိုရီပေါ်မှာ ပျော်မွေ့ပြီးတော့မှ နေတယ်။လက်တွေ့ လောကမှာ ရှိတဲ့လူတွေရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစားဖို့ မရှိဘူး။

အဲ့တော့ (၁)က ကျွန်တော်ရဲ့ဝါသနာနဲ့အလုပ်တာဝန်ကို ကျွန်တော်က ပေါင်းစပ်ပြီး သုံးချင်တာကြောင့် ဖေ့စ်ဘွတ် ကိုကျွန်တော်သုံးတယ်။ (၂)ကတော့ ကျွန်တော်မကြိုက်တဲ့ ခေါင်းဆောင်မှုပုံစံမျိုးပေါ့၊ကင်းကွာပြီး တော့မှ ကိုယ့်ရဲ့သီအိုရီထဲမှာပဲ နေပြီးတော့မှ ဖြစ်နေတဲ့ဟာမျိုးကိုလည်းရှောင်ရှားချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်ဖေ့စ်ဘွတ်ကို သုံးတာ။

မေး – ဖေ့ဘွတ်ကို အသုံးပြုတဲ့အခါမှာတချို့တွေဆို ဝန်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း စကားပြောတာတွေ ရှိတယ်၊ဝန်ကြီးကလည်း ပြန်ပြီးတော့ ဖြေရှင်းတဲ့ အပြန်အလှန်ဟာမျိုးတွေ ရှိတယ်။ စိတ်ညစ်တာတွေကိုယ်တင်လိုက်တာကို နောင်တရတာတွေ မရှိဘူးလား။

ဖြေ – ကျွန်တော်တင်တဲ့ ဟာတွေနဲ့ပတ်သက်လို့နောင်တမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် စဉ်းစားပြီးမှ တင်တာကိုး။နောက်တစ်ခုကတော့ လာဆဲတာတွေနဲ့ ပတ်သက်ပြီးကတော့ဗျာ နံပါတ်(၁)က သူတို့အဆင့်အတန်းသူတို့ဖော်ပြနေတာပဲ။ (၂)ကတော့ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တစ်ပုဒ်ထဲမှာလည်းရှိတယ်လေ။ ကိုယ်မယူရင် ကိုယ့်ဆီမရောက်ဘူးပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော်ကတော့လုပ်တာပဲ။ သို့သော် ဒီလိုအဆဲခံရလို့ Comment တွေကို ပိတ်ပစ်မယ် ဆိုတဲ့စိတ်တော့မရှိပါဘူး။

မေး- ဝန်ကြီးက ပုဂ္ဂလိက မီဒီယာတွေနဲ့ရင်းနှီးတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့ကို တချို့ကို ဝေဖန်တယ်။ပြင်းပြင်းထန်ထန် ဝေဖန်တာရှိတယ်။ အဲ့တော့ ပုဂ္ဂလိကမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ ရန်သူလို သဘောထားတာလား မိတ်ဆွေလို သဘောထားတာလား ဘယ်လိုဆက်ဆံတာ လဲခင်ဗျ။

ဖြေ- ကျွန်တော်က Professional ကိုးဗျ။တကယ်တမ်းကျတော့ ခင်ဗျားတို့လည်း မီဒီယာသမားဆိုတော့ မီဒီယာလုပ်ငန်းလုပ်ပြီဆိုခင်ဗျားတို့လည်း Professional ဖြစ်ရမှာ။ ကျွန်တော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမီဒီယာနဲ့ဆက်ဆံတာဆိုတော့ Professional ပေါ့။ အဲ့တော့ Professional ကိုတော့မြန်မာလိုတော့ တိတိကျကျ ဘာသာပြန်ဖို့ တော်တော်ခက်ပါတယ်။ ဆိုလိုချင်တာကတော့ချစ်ခြင်းမုန်းခြင်း မရှိဘဲနဲ့ မိမိအလုပ် ကို မိမိ တာဝန်ကျေအောင် လုပ်ဖို့ပေါ့။ခင်ဗျားတို့အနေနဲ့ဆိုလည်း ကျွန်တော့်ကို ချစ်လို့မုန်းလို့ မဟုတ်ဘူး။ထောက်ခံသင့်ထောက်ခံရမယ်။ ချီးကျူးသင့် ချီးကျူးရမယ်။ ဝေဖန်သင့် ဝေဖန်ရမယ်။ ဒီလိုပဲကျွန်တော်က လည်း ခင်ဗျားတို့မှားတယ်ထင်ရင် ထောက်ပြမှာပဲ၊ခင်ဗျားတို့ပြောလိုက်တဲ့ဟာ တစ်ခုသည် ကျွန်တော်ပြင်သင့် တယ်ထင်ရင်ကျွန်တော်ပြင်မှာပဲ။

သို့သော် ကျွန်တော့်ကို ဝေဖန်လို့ခင်ဗျားတို့ကို နောက်တစ်ခါ မဆက်ဆံဘူးဆိုတဲ့ ကိစ္စမျိုးတော့ ကျွန်တော် မရှိဘူး။ကျွန်တော့်ဘဝမှာ ဂျာနယ်တစ်စောင်ကိုပဲ သံတော်ဆင့်ကိုပဲ အင်တာဗျူး မဖြေဘူးလို့ဆုံးဖြတ်ထားတာ ရှိတယ်။ အဲ့ဒါကလည်း ကျွန်တော်မပြောတဲ့ စကားတစ်ခုကိုမျက်နှာဖုံးတင်ပြီးတော့ ပြောလို့၊ ကျွန်တော်က ပြန်ပြင်ပေးပါလို့ ပြောတဲ့အခါမှာမပြင်ဘူး။ မပြင်တဲ့အတွက်ကြောင့်မို့ ဒါကတော့ Professional မဆန်တဲ့ အတွက်ကြောင့်မို့မဖြေတာပါ။ ဒါပေမယ့် သူတို့ကို လူချင်းတွေ့ရင်တော့ စကားပြောရင် ပြောမယ်။ ဒါပေမယ့်ကျွန်တော့ကို သတင်းကုတ် (Quote) လုပ်ဖို့မေးရင်တော့ ကျွန်တော်မဖြေပါဘူး။

ယူကရိန်း နဲ့ နေတိုး

ပူတင်က ယူကရိန်းသာ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် ရုရှားနိုင်ငံလုံခြုံရေးအတွက် အန္တရာယ် ရှိတယ်။ ဒါ့ကြောင့် ယူကရိန်းကို ဝင်တိုက်ရတာလို့ ပြောတယ်။ ပူတင်ကို ထောက်ခံသူတွေက လည်း ဒီစကားကို သံယောင်လိုက်ပြောတယ်။ ဒါပေမယ့် ဒီလူတွေဟာ ယူကရိန်းအနေနဲ့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့အချိန် ၁၉ ၉ ၂ ခုနှစ်က စလို့ နှစ်နှစ်ဆယ်ကျော်လောက် နေတိုးအဖွဲ့ဝင်ဖို့ မကြိုးစားခဲ့ပဲ ဘာဖြစ်လို့ အခု မှ ကြိုးစားရသလဲဆိုတဲ့ အဖြေကို ရှာဖို့ မစဉ်းစားကြဘူး။

တကယ်တော့ ဒီဇာတ်လမ်းအားလုံးရဲ့ အစ ဟာ ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှ စခဲ့တာဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသွားတော့ ယူကရိန်းနိုင်ငံထဲမှာ ဆိုဗီယက် အနုမြူထိပ်ဖူးတပ် ဒုံးပျံ တွေကျန်နေခဲ့တယ်။ အဲဒီအချိန်က စာရင်းအရဆိုရင် အနုမြူ ထိပ်ဖူး ခြောက်ခု ပါတဲ့ တိုက်ချင်း ပစ်ဒုံးပျံ ၁၃၀ စင်း၊ အနုမြူထိပ်ဖူး ဆယ်ခု ပါတဲ့ တိုက်ချင်းပစ်ဒုံးပျံ ၄၆ စင်း ၊ အနုမြူဗုံး/ ဒုံးကျည် တွေ သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ၃၃ စင်း နဲ့ တာလတ်ပစ်ဒုံးတွေ၊ စုစုပေါင်း အနုမြူဗုံး ၁၇၀၀ လောက် ယူကရိန်းလက်ထဲမှာ ရှိနေတယ်။ အဲဒီလက်နက်တွေကြောင့် ယူကရိန်း နိုင်ငံဟာ အမေရိကန် နဲ့ ရုရှား ပြီးရင် တတိယမြောက် အင်အားအကြီးမားဆုံးအနုမြူအင်အားကြီး နိုင်ငံ ဖြစ်လာတယ်။

အဲဒီအချိန်မှာ အမေရိကန်ရော၊ ရုရှားကရော ယူကရိန်းနိုင်ငံက အနုမြူလက် နက်နဲ့ နည်းပညာ တွေ အခြားနိုင်ငံတွေလက်ထဲရောက်သွားမှာ စိုးရိမ်တယ်။ ဒ့ါကြောင့် အမေရိကန်က ဦးဆောင်ပြီး ယူကရိန်းနိုင်ငံကို အနုမြူလက်နက်တွေ ဖျက်သိမ်းဖို့ တိုက်တွန်းတယ်။ အဲဒီအချိန်မှာ ယူကရိန်း နိုင်ငံမှာလည်း အနုမြူလက်နက်တွေကို စွန့်လွှတ်လိုက်ရင် နိုင်ငံလုံခြုံရေး အားနည်းသွားမှာကို စိုးရိမ်သူတွေရှိတယ်။

ဒါ့ကြောင့် အနုမြူလက်နက်တွေကို ဖျက်သိမ်းလိုက်ရင် ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ဘယ်သူက အာမခံမလဲ လို့ မေးခွန်းထုတ်တယ်။ အဲဒီနောက်မှာတော့ အမေရိကန်၊ ရုရှား နဲ့ ယူကရိန်း သုံးနိုင်ငံကြားမှာ အပြန်အလှန်ဆွေးနွေးပြီး ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှာ ယူကရိန်းနိုင်ငံ လုံခြုံရေး နဲ့ အနုမြူလက်နက် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်၊ ရုရှား၊ ဗြိတိန် နဲ့ ယူကရိန်း တို့ လက်မှတ်ထိုးခဲ့တယ်။

ဘူဒါပတ်စ် သဘောတူညီချက်လို့ ခေါ်တဲ့ အဲဒီသဘောတူညီချက်မှာ အရေးကြီးတဲ့ အချက်တွေကို အတိုချုပ်ကောက်နှုတ်ဖော်ပြရရင် အမေရိကန်၊ ရုရှားနဲ့ ဗြိတိန် နိုင်ငံတို့က

၁။ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်နမိတ်ကို လေးစားအသိ အမှတ်ပြုတယ်။

၂။ ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ နယ်မြေပိုင်ဆိုင်မှုကို အင်အားသုံးပြီးခြိမ်းခြောက်မှု မလုပ်ဘူး။

၃။ ယူကရိန်းနိုင်ငံအပေါ် စီးပွားရေးအရ အကျပ်ကိုင်ဖိအားပေးတာမျိုး မလုပ်ဘူး။

၄။ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေရှိလာရင်၊ ဒါမှမဟုတ် ကျူးကျော်တိုက်ခိုက် မယ်လို့ ခြိမ်းခြောက်မှုတွေရှိလာရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဆောင်ရွက် မယ်။

လို့ ကတိပေးခဲ့ကြတယ်။

အဲဒီအချိန်တုန်းက ယူကရိန်းဘက်က ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေရှိလာရင် စစ်ရေး အရ အကာအကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်မျိုးကို အမေရိကန်နဲ့ ဗြိတိန် ဘက်က ပေးစေချင်တယ်။ ဒါပေမယ့် မရခဲ့ဘူး။

နောက်ဆုံးတော့ ဘူဒါပတ်စ် သဘောတူညီချက်အရ ယူကရိန်းမှာ ရှိတဲ့ အနုမြူလက်နက်တွေကို ဖျက်ဆီးနိုင်ဖို့ အမေရိကန်က နည်းပညာနဲ့ ဘဏ္ဍာရေး အကူအညီပေးတယ်။ ရုရှားက ယူကရိန်း အနုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေအတွက် ယူရေနီယံပေးဖို့ ကတိပြုတယ်။ သဘာ၀ ဓာတ်ငွေ့ ကြွေးမြီတွေကို လေ ျှာ်ပေးတယ်။ ယူကရိန်းက အနုမြူလက်နက်မပံျ့ပွားရေး စာချုပ်မှာ လက်မှတ်ထိုးပြီး သူ့နိုင်ငံမှာ ရှိတဲ့ အနုမြူထိပ်ဖူးတွေကို ရုရှားနိုင်ငံကို လွှဲပြောင်းပေးတယ်။ ရုရှား နိုင်ငံက အမေရိကန်ရဲ့ နည်းပညာအကူအညီနဲ့ အဲဒီအနုမြူထိပ်ဖူးတွေကို ဖျက်ဆီးပစ်ခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ ရုရှား-ဂျော်ဂျီယာစစ်ပွဲဖြစ်တယ်။ အဲဒီစစ်ပွဲကလည်း အခု ယူကရိန်းစစ်ပွဲပုံစံပါပဲ။ ဂျော်ဂျီယာကနေ ခွဲထွက်ဖို့ကြိုးစားနေတဲ့ ခွဲထွက်ရေးသမားတွေ ဘက်ကနေ ရုရှားက ဝင်တိုက်ခဲ့ တာပါ။ အဲဒီအချိန်မှာ ယူကရိန်း၊ ရုရှားဆက်ဆံရေးကလည်း ကောင်းလှတာမဟုတ်ဘူး။ သဘာ၀ ဓာတ်ငွေပိုက်လိုင်းကိစ္စ၊ ကရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ရုရှားရေတပ်စခန်းငှားရမ်းခွင့်ကိစ္စတွေ နဲ့ ပတ်သက်ပြီး အဖုအထစ်တွေများတယ်။ ဒါ့ကြောင့် ဂျော်ဂျီယာဖြစ်စဉ်ကိုကြည့်ပြီး ယူကရိန်း နိုင်ငံကလည်း သူ့နိုင်ငံလုံခြုံရေး အတွက် နေတိုးအဖွဲ့ထဲဝင်ရင်ကောင်းမလားဆိုတဲ့ ဆွေးနွေးမှု တွေရှိလာတယ်။

ဒါပေမယ့် ၂၀၁၀ သမ္မတရွေးကောက်ပွဲမှာ ရုရှားဘက်ယိမ်းတဲ့ အစိုးရအဖွဲ့ အနိုင်ရလိုက်တော့ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ကိစ္စ တစ်ခန်းရပ်သွားတယ်။ ဘူဒါပတ်စ်စာချုပ်ရှိနေတဲ့အတွက် ယူကရိန်း လုံခြုံရေးကို စိတ်ပူဖို့မလိုဘူးဆိုတဲ့ ဘက်က အားကောင်းလာတယ်။ဒါပေမယ့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ လွှတ်တော်က အတည်ပြုထားတဲ့ ယူကရိန်း – ဥရောပ သမဂ္ဂ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို သမ္မတက ပယ်ချရာကနေ အစိုးရ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ တွေဖြစ်တယ်။ ၂၀၁၄ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ယူကရိန်းလွှတ်တော်က သမ္မတ ကို ရာထူး ကဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီး ရုရှားလိုလားတဲ့ အစိုးရ ပြုတ်ကျသွားတယ်။ သမ္မတ လည်း ရှရှားကို ထွက်ပြေးရတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုရှားလိုလားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ က ကရိုင်းမီးယားဒေသလွှတ်တော်ကို ဝင်သိမ်းပြီး ယာယီအစိုးရဖွဲ့တယ်။ ရုရှားနဲ့ ပူးပေါင်းမယ် လို့ကြေညာတယ်။ ကရိုင်းမီးယားမှာ ရှိတဲ့ ရုရှားစကားပြောလူမျိုးစုတွေကို ကာကွယ်ဖို့ ဆိုပြီး ရုရှားတပ်တွေ ကရိုင်းမီးယားကို ဝင်လာတယ်။ မတ်လ ၁၆ ရက်နေ့မှာ ကရိုင်းမီးယားယာယီ အစိုးရက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ရုရှားနဲ့ ပူပေါင်းဖို့ ဆုံးဖြတ်တယ်။ မတ်လ ၁၈ ရက်နေ့ မှာ ရုရှားအစိုးရက ကရိုင်းမီးယားကို ရုရှားနိုင်ငံအတွင်းသိမ်းသွင်းကြောင်းကြေညာခဲ့တယ်။ ဧပြီလ မှာ နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသနယ်မြေအချို့ကို ခွဲထွက်ရေးသမားတွေက ရုရှားတပ်ဖွဲ့တွေ အကူအညီနဲ့ သိမ်းလိုက်ပြီး လွတ်လပ်တဲ့ နိုင်ငံနှစ်ခုအဖြစ်ကြေညာခဲ့တယ်။

ဒီလုပ်ရပ်တွေဟာ ရုရှားနိုင်ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ ဘူဒါပက်စ်သဘောတူညီချက်ကို ပြောင်ချိုးဖောက်ခဲ့တာပါ။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုးက ရုရှားနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုလုပ်ပေမယ့် ကရိုင်းမီးယားကျွန်းဆွယ်ကနေ ရုရှားတပ်တွေ ပြန်ရုပ်သိ်မ်းသွားအောင် မစွမ်းဆောင်နိုင်ဘူး။ လုံခြုံရေးကောင်စီကနေ အရေးယူဖို့လုပ်ပေမယ့် ရုရှား ကဗီတိုအာဏာသုံးတဲ့အတွက် အလုပ်မဖြစ်ဘူး။

ဘူဒါပက်စ် စာချုပ်ကို ချိုးဖောက်ပြီး ရုရှားက ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက် တဲ့နောက် မှာ ယူကရိန်းက နိုင်ငံလုံခြုံရေးအတွက် ဘူဒါပက်စ်စာချုပ်ကို အားကိုးလို့မရတော့ဘူး ဆိုတာ လက်ခံလိုက်ပြီး နေတိုးအဖွဲ့ဝင်ဖို့ပြန် ကြိုးစားတယ်။ ၂၀ ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့မှာ ယူကရိန်းလွှတ်တော်က ယူကရိန်းနိုင်ငံရဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို စွန့်လွှတ် ကြောင်း ဆုံးဖြတ်ခဲ့တယ်။

၂၀၁၇ ခုနှစ် ဇွန်လမှာ ယူကရိန်းလွှတ်တော်က နေတိုးအဖွဲ့ဝင်အဖြစ် လေ ျှာက်ထားဖို့ အတွက် ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ နေတိုး အဖွဲ့ကို ဝင်ဖို့လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်ချက်ကို လွှတ်တော် မဲပေးခွင့်ရှိသူ ၃၈၅ ဦးအနက် ၃၃၄ ဦး ရဲ့ ထောက်ခံမှု နဲ့ အတည်ပြုခဲ့တယ်။

အဲဒီအခြေခံဥပဒေပြင်ဆင်ချက်အရ ပုဒ်မ ၈၅ မှာ လွှတ်တော်ဟာ ယူကရိန်း နိုင်ငံ ဥရောပသမဂ္ဂ အဖွဲ့ဝင် နဲ့နေတိုး အဖွဲ့ဝင်ဖြစ်ရေးအတွက် လိုအပ်တဲ့ မဟာဗျူဟာမူဝါဒတွေကို ချမှတ်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ ပုဒ်မ ၁၀၅ မှာတော့ သမ္မတ က လွှတ်တော်က ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နဲ့ နေတိုး အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။

၂၀၁၉ ခုနှစ် မတ်လ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဇာလန်းစကီး အနိုင်ရတော့ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်တိုင်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆက်လုပ်တယ်။ အဲဒီမှာ ရုရှားနဲ့ထိပ်တိုက် တွေ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အထိ ဖြစ်လာတာပဲ။

ဒါဟာ ယူကရိန်းနိုင်ငံ နေတိုး အဖွဲ့ဝင်ဖြစ်ရေးလုပ်ဆောင်လာတဲ့ သမိုင်းကြောင်းပဲ။ ယူကရိန်း နိုင်ငံ နေတိုး အဖွဲ့ဝင်ဖြစ်သွားရင် ရုရှားနိုင်ငံ လုံခြုံရေး အန္တရာယ်ရှိတယ်လို့ပြောရင် ယူကရိန်း ကို နေတိုးအဖွဲ့ဘက် တွန်းပို့ခဲ့တဲ့အတွက် ပူတင်မှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာပဲ။

ယူကရိန်း နဲ့ ခွဲထွက်ခွင့်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့က ပုူတင် ယူကရိန်းကို တိုက်တာဟာ ရုရှားပိုင်ခဲ့တဲ့ နယ်မြေကို ပြန်သိမ်းသွင်းနိုင်ဖို့ဖြစ်တယ်၊ ရုရှားရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖြစ်တယ်၊ ယူကရိန်းဟာ အနောက်အုပ်စု မြှောက်ပေးလို့ ရုရှားနိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်တယ် လို့ ပြောကြတယ်။

တကယ်တော့ ယူကရိန်းက ပဒေသရာဇ် ဇာဘုရင်လက်ထက်မှာ ရုရှားပိုင်နယ်မြေ ဖြစ်ခဲ့ပေ မယ့် ခေတ်သစ် ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ နိုင်ငံထဲမှာတော့ ရုရှား နဲ့ တန်းတူသမ္မတနိုင်ငံအဖြစ် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ရုရှားရဲ့ ပြည်နယ်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဘယ်လိုပုံစံနဲ့ ပါခဲ့သလဲ၊ ဘယ်လို ခွဲထွက်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။

ဒါပေမယ့် အခုဆောင်းပါးက ခွဲထွက်ခွင့် နဲ့ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရေး စနစ်ကို သုံးသပ်တဲ့ဆောင်းပါးမဟုတ် ဘူး။ ရုရှား နဲ့ ယူကရိန်းဆက်ဆံရေးသမိုင်းကြောင်းကို ဖော်ပြတဲ့ ဆောင်းပါးသာဖြစ်ပါတယ်။

ကျွန်တော် တို့ သိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုဆိုတာရဲ့ အမည်အပြည့်အစုံက “ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတ နိုင်ငံများ ပြည်ထောင်စု Union of Soviet Socialist Republics, USSR ” ဖြစ် ပြီး သမ္မတနိုင်ငံပေါင်း ၁၅ နိုင်ငံပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲဒီထဲမှာ ရုရှားဖက်ဒရယ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ Russian SFSR အမည်နဲ့ ရုရှားပါသလို ယူကရိန်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ Ukraine SSR အမည်နဲ့ ယူကရိန်းလည်းပါတယ်။ အဲဒီ သမ္မတ နိုင်ငံအားလုံးဟာ ဆိုဗီယက်ပြည်ထောင်စုထဲမှာ နိုင်ငံရေးအရတန်းတူပဲ။ အဲဒီသမ္မတနိုင်ငံအားလုံး မှာ အခြေခံဥပဒေရှိတယ်၊ လွှတ်တော်ရှိတယ်၊ အစိုးရအဖွဲ့ရှိတယ်၊ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ရှိ တယ်။

အခုလို ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖြစ်ပေါ်လာရတဲ့ သမိုင်း ကြောင်းက ၁၉ ၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးက အစပြုပါတယ်။ ၁၉ ၁၇ ခုနှစ် အောက် တိုဘာတော်လှန်ရေးအပြီးမှာ လီနင်ခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေ (ဘော်လ်ရှီဗစ်တွေ) အာဏာရလာပေမယ့် တစ်နိုင်ငံလုံးကို ချက်ခြင်း ထိန်းချုပ်နိုင်တာမဟုတ်ဘူး။

ဇာဘုရင်ရဲ့ ရုရှားအင်ပါယာကြီးထဲမှာ ဇာဘုရင်ကို ထောက်ခံတဲ့ အုပ်စုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိတယ်။ ဒေသခံလူမျိုးစုခေါင်းဆောင်တွေက ရုရှားအင်ပါယာထဲကနေ ခွဲထွက် ကြောင်းကြေညာထားတဲ့ နယ်မြေတွေရှိတယ်။ လီနင်ခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေက အဲဒီ အင်အားစုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်ပြီးမှ တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်အောင် လုပ်ခဲ့ရတာဖြစ်ပါတယ်။

ရုရှားကွန်မြူနစ်တွေက သူတို့ သိမ်းပိုက်ပြီးတဲ့နယ်မြေတွေမှာ ဆိုဗီယက် အစိုးရတွေကို ထူ ထောင်တယ်။ ဆိုဗီယက် Soviet ဆိုတာက ရုရှားဘာသာစကားနဲ့ ( လူထု ရွေးချယ်ထားတဲ့ ) ကောင်စီ ကို ခေါ်တာ ဖြစ်ပြီး ကျေးလက်အဆင့်ကနေ ဗဟိုအထိ ဆိုဗီယက်အဆင့်ဆင့်ကို ဖွဲ့စည်း အုပ်ချုပ်တဲ့ စနစ်ဖြစ် ပါတယ်။ ( မြန်မာနိုင်ငံ ၁၉ ၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေမှာပါတဲ့ ပြည်သူ့ ကောင်စီ အဆင့်ဆင့်ဆိုတာ ဒီသဘောပါပဲ။ )

၁၉ ၂၂ ခုနှစ်ရောက်တော့ ရုရှားပြည်တွင်းစစ်ပွဲမှာ ကွန်မြူနစ်တွေ အသာစီးရလာပြီး အရင် ဇာဘုရင်ရဲ့ ရှရှားအင်ပါယာတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်လာပါ တယ်။ အဲဒီအချိန်မှာ အနာဂတ်နိုင်ငံတော်ကို ဘယ်လိုပုံစံနဲ့တည်ဆောက်မလဲဆိုတာ ကွန်မြူနစ် ခေါင်း ဆောင်တွေ စဉ်းစားရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ်။

၁၉ ၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အဲဒီအချိန်က ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်တဲ့ ရုရှား၊ ယူကရိန်း၊ ဘီလာရုပ်စ် နဲ့ ထရန်ကော့ကေးရှန်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ လေးခု ကို ပူးပေါင်းပြီး ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံများပြည်ထောင်စု USSR ကို ထူထောင်ဖို့ နဲ့ ဗဟို အစိုးရကို မော်စကိုမှာ ရုံးစိုက်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ အဲဒီစာချုပ်ကို “ The Declaration and Treaty on the Formation of the Union of Soviet Socialist Republics” လို့ခေါ်တယ်။

ဒါ့ကြောင့် ဆိုဗီယက်ပြည်ထောင်စုကို စတင်တည်ထောင်တဲ့အချိန်ထဲက ရုရှား၊ ယူကရိန်း၊ ဘီလာရုစ် (အဲဒီအချိန်ကဘိုင်လိုရုရှားလို့ခေါ်တယ်) နဲ့ ထရန်ကော့ကေးရှန်းလေးနိုင်ငံဟာ တန်းတူပါဝင်ခဲ့တာပါ။ ဒါ့ကြောင့် ၁၉ ၄၅ ခုနှစ် ကုလသမဂ္ဂ ဖွဲ့ စည်း ထူထောင်ချိန်မှာ ဆိုဗီယက်ပြည်ထောင်စုအပြင် ဘီလာရုစ်နဲ့ ယူကရိန်းတို့ပါ ကုလ သမဂ္ဂအဖွဲ့ ဝင် ဖြစ်ခဲ့တယ်။ ရုရှားကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ထပ်တူထားတဲ့ အတွက် သီးခြားနေရာမရဘူး။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတော့မှ ဆိုဗီယက် ပြည်ထောင်စုနေရာကို ယူပြီး လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ဖြစ်လာတယ်။ ထရန်ကော့ကေးရှန်း ကတော့ ၁၉ ၃၆ ခုနှစ်မှာ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနဲ့ အာမေးနီးယား သမ္မတနိုင်ငံဆိုပြီး သုံးနိုင်ငံ ခွဲလိုက်တဲ့ အတွက် ကုလသမဂ္ဂ မှာ နေရာမရတော့ဘူး။

ဆိုဗီယက်ပြည်ထောင်စု ဘယ်လို ဖွဲ့စည်းတယ်ဆိုတာ ပြောပြီးတော့ ဆိုဗီယက်ပြည်ထောင်စု ထဲ ကနေ ယူကရိန်းအပါအဝင် ဆိုဗီယက်သမ္မတနိုင်ငံတွေ ဘယ်လိုခွဲထွက်ခဲ့သလဲဆိုတာ သိဖို့ လို ပါတယ်။

၁၉ ၂၂ ခုနှစ် သဘောတူညီချက်အရ ၁၉ ၂၄ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေကို အတည်ပြု နိုင်ခဲ့တယ်။ အဲဒီအခြေခံဥပဒေမှာ နောက်ထပ် ဆိုဗီယက်သမ္မတ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် လက်ခံခွင့်ပြုထားတယ်။ အရေးကြီးဆုံးအချက်ကတော့ အဖွဲ့ဝင် သမ္မတနိုင်ငံတွေအားလုံးကို ပြည်ထောင်စုကနေ ဆန္ဒအလျောက်ခွဲထွက်ခွင့် ပေးထားတဲ့ အချက်ဖြစ်ပါတယ်။ အခုလို သမ္မတနိုင်ငံတွေအဖြစ် တန်းတူဖွဲ့စည်းတာနဲ့ ခွဲထွက်ပေးခွင့် ပေးတာဟာ လီနင်ရဲ့ လူမျိုးစုဆိုင်ရာသဘောတရားနဲ့ မူဝါဒအရ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။
( လီနင်က ၁၉၁၃ ခုနှစ်နဲ့ ၁၉ ၂၂ ခုနှစ်ကြားမှာ လူမျိုးစုဆိုင်ရာသဘောတရားနဲ့ပတ်သက်ပြီး ဆောင်းပါး/စာတမ်း ၁၂ စောင်ရေးခဲ့တယ်။ )

လီနင်ကို ဆက်ခံတဲ့ စတာလင်ကနေ ဂိုဘာချော့ဗ် အထိ ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင် အဆက်ဆက်ကလည်း ဒီမူဝါဒကို လက်ခံခဲ့တယ်။ ဒ့ါကြောင့် နောင်ပေါ်ပေါက် လာတဲ့ ဆိုဗီယက်ပြည်ထောင်စု အခြေခံဥပဒေ နှစ်ခု ၁၉ ၃၆ နဲ့ ၁၉ ၇၇ မှာလည်း သမ္မတ နိုင်ငံများ ဖွဲ့စည်းမှု နဲ့ ခွဲထွက်ခွင့် ပြဋ္ဌာန်းချက်ကို ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်။

၁၉ ၈၀ ပြည့်လွန်နှစ်တွေရောက်တော့ ဆိုဗီယက်ပြည်ထောင်စုမှာ အဖွဲ့ဝင်သမ္မတနိုင်ငံ ၁၅ ခု အထိ ရှိနေပြီ။ ဒါပေမယ့် ကွန်မြူနစ်ပါတီအင်အားကောင်းနေတဲ့အတွက် သမ္မတနိုင်ငံ အားလုံး ကို ထိန်းချုပ်ထားနိုင်တယ်။ ဘယ်သူမှ ခွဲထွက်ရေးအကြောင်းမပြောကြဘူး။

ဒါပေမယ့် ဂိုဘာချော့ဗ်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အောက်မှာ ကွန်မြူနစ်ပါတီရဲ့ ဗဟိုချုပ်ကိုင်မှု အားနည်းလာတယ်။ ပြည်ပမှာလည်း ဝါဆောအုပ်စုဝင်နိုင်ငံတွေအပေါ်ထိန်းချုပ်နိုင်မှု လျော့လာ တယ်။ ၁၉ ၈၉ ခုနှစ်မှာ ဂိုဘာချော့ဗ်က ဝါဆောအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပြီးနောက်မှာ အားလုံးသိတဲ့အတိုင်း အရှေ့ဥရောပနိုင်ငံ တွေမှာ ကွန်မြူနစ်အစိုးရတွေ ပြိုလဲသွားတယ်။

အဲဒီဖြစ်စဉ်တွေနောက်မှာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတစ်ချို့ကလည်း အခြေခံဥပဒေပါ ခွဲထွက်ရေးပုဒ်မကို ကျင့်သုံးဖို့ ကြိုးစားလာတယ်။ ဂိုဘာချော့ဗ်က ပြည်ထောင်စုစာချုပ်အသစ် နဲ့ အခြေအနေကို ထိန်းနိုင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ၁၉ ၉ ၁ သြဂုတ်လ မအောင်မြင်တဲ့ အာဏာ သိမ်းရန် ကြိုးစားမှု ဖြစ်ပြိးနောက်ပိုင်းမှာ ဂိုဘာချော့ဗ် အာဏာလုံးဝမရှိတော့ဘူး။ ဆိုဗီယက် ကွန်မြူနစ် ပါတီရဲ့ အာဏာစက်လည်း ကျိုးပျက်သွားခဲ့တယ်။

အဲဒီအခြေအနေကြောင့် ၁၉ ၂၂ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကိုစတင်တည်ထောင်တဲ့ စာချုပ် နိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ ရုရှား၊ ယူကရိန်း နဲ့ ဘီလာရုစ် တို့အစည်းအဝေးလုပ်ပြီး ၁၉ ၉ ၁ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ၁၉ ၂၂ ခုနှစ် စာချုပ်ကို ဖျက်သိမ်းကြောင်းကြေညာခဲ့တယ်။ စာချုပ် ပျက်သွားတော့ ကျန်တဲ့သမ္မတနိုင်ငံ တွေ လည်း အလိုအလျောက် သီးခြားလွတ်လပ်တဲ့နိုင်ငံ တွေဖြစ်သွားတယ်။ ဒီဇင်ဘာလ ၂၆ ရက် နေ့ ကျတော့ ဆိုဗီယက်ပြည်ထောင်စုလွှတ်တော်က ဆိုဗီယက်လွှတ်တော်အဆင့်ဆင့် ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။ အဲဒီမှာ ဆိုဗီယက် ပြည်ထောင်စု တစ်ခန်းရပ်သွားတာပဲ။

ဆိုဗီယက်ပြည်ထောင်စုကနေ အဖွဲ့ဝင်နိုင်ငံတွေ ခွဲထွက်တဲ့အခါ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပြီး ခွဲထွက်ခဲ့တာမဟုတ်ဘူး။ အရင်ဆိုဗီယက် ပြည်ထောင်စုရဲ့ ပိုင်ဆိုင်မှုတွေ၊ ပေးရန်၊ ရရန်ကြွေးတွေ၊ အနုမြူလက်နက်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို ပုံစံခွဲဝေယူမယ်ဆိုတာ အပြန် အလှန် ညှိနှိုင်းမှုတွေလုပ်ပြီးမှ ခွဲထွက်ခဲ့ကြတာပါ။ ဥပမာအားဖြင့် ဆိုဗီယက် ပြည်ထောင်စု ရဲ့ နိုင်ငံတကာကြွေးမြီ ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးကို ရုရှားနိုင်ငံက တာဝန်ယူပေးဆပ်ခဲ့တယ်။ အနုမြူ လက်နက်တွေကို ရုရှားက ယူတယ်။ ပင်လယ်နက်ရေတပ်ကို ရုရှားနဲ့ ယူကရိန်းခွဲဝေယူတယ်။

ဒါ့ကြောင့် ပြည်နယ်တွေက ခွဲထွက်ခွင့်မရှိဘဲ ခွဲထွက်ကြလို့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲ ခဲ့ ရတယ်၊ ပူတင်က ရုရှားပိုင်နယ်မြေတွေကို ပြန်လည်စုစည်းဖို့ ကြိုးစားနေတာပါ ဆိုတာ အခု ခေတ်စကားနဲ့ ပြောရင် ဂျင်း သက်သက်ပဲ။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတာက လင်မယား ရန်ဖြစ်၊ နင်နဲ့မပေါင်းဘူး ဆိုပြီး အိမ်ပေါ်က တစ်ဖက်သတ် ဆင်းလာတာမျိုးမဟုတ်ဘူး။ အတူနေလို့ မဖြစ်နိုင်တော့တဲ့အတွက် တရားရုံး ရှေ့မှာ စာချုပ် စာတမ်းနဲ့ ၊ လက်ထက်ပွား ပစ္စည်းကို ဘယ်လိုခွဲမလဲ၊ သားသမီးတွေကို ဘယ်သူ ထိန်းသိမ်း မလဲဆိုတာ သဘောတူပြီး ပြတ်စဲခဲ့ကြတာ။ ဒါ့ကြောင့် အခုအချိန်ရောက်မှ အိမ်ပေါ် အတင်းတက်ပြီး ငါ နဲ့ ပြန်ပေါင်းဆိုပြီးလို့လက်ဆွဲခေါ်လို့ မရတော့ဘူး။ နောက်အိမ် ထောင်မပြုရ ဘူး လို့လည်း တားလို့မရဘူး။

တကယ်တော့ ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ပြန်အသက်သွင်းချင်တာမဟုတ်ဘူး။ သူ့ကိုယ်သူ ဇာဘုရင်နေရာမှာ ထားပြီး ရုရှားအင်ပါယာကို ပြန်အသက်သွင်းချင်နေတာ ဖြစ်ပါတယ်။