ပန်းဆိုးတန်း

ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၈ )

သူငယ်ချင်း- မင်း စာအုပ် ငါ့ကို အပိုင်ပေးလိုက်တော့ကွာ။

ကျွန်တော်- မင်းကလည်းကွာ၊ အစထဲက အပိုင်လိုချင်ရင် အပိုင်လိုချင်တယ်ပြောပါလား။ ငါ့မှာ ခဏငှားတယ်ထင်လို့ ပြန်ပေးတော့လေဆိုပြီး တောင်း နေရတာ မောလိုက်တာ။

သူငယ်ချင်း- အစထဲက အပိုင်တောင်းရင် မင်းက ဘယ်ပေးပါ့မလဲ။ လက်ထဲရောက်ဖို့ အရင် လုပ်ရတာလေ။ လက်ထဲရောက်ပြီဆိုတော့ မင်းပြန်တောင်းရင် ငါက နေ့ ရွှေ့ ၊ ညရွှေ့လုပ်၊ နောက်ဆုံး မင်းမပေးချင်ဘူးဆိုရင်တောင် ငါက မျက်နှာပြောင်တိုက် အပိုင်ယူထားလို့ရပြီ။

ကျွန်တော်- မင်းက အတုမြင် အတတ်သင် လား ။

သူငယ်ချင်း – ဟေ့ကောင် ပုဒ်မ အကြီးကြီးတွေတပ်မနေနဲ့။ မင်းကို သက်သက် စ နေတာ။

ဤတွင်တစ်ခန်းရပ်

ပုရစ်ဖူးနဲ့ အသစ်ကူးချိန်

လွန်ခဲ့တဲ့ ခုနစ်နှစ် ၃၀ မတ် ၂၀၁၆ ရက်နေ့မှာ လက်ရှိ သမ္မတ ဦးသိန်းစိန် က သမ္မတ သစ် ဦးထင် ကျော် ကို သမ္မတ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်များ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီတာဝန်လွှဲပြောင်းမှုအခမ်းအနား ကျင်းပမယ့်နေ့ မနက် လမ်းလေ ျှာက်ရင်း တွေးမိတဲ့ အတွေး တစ်စကို “ ပုရစ်ဖူးနဲ့ အသစ်ကူးချိန်” ဆိုပြီး အက်ဆေးရေးခဲ့တာကို မဖတ်ခဲ့ရသူများ ဖတ်နိုင်အောင် ပြန်လည်မ ျှဝေပေးလိုက်ပါတယ်။


ပုရစ်ဖူးနဲ့ အသစ်ကူးချိန်

xx ဟောင်းရွက်ဝါ ကျကြွေလျောပါလို့
တောဝနေ ဟိုဌာနီ
ဖြာစီတဲ့ ပုရစ်ဖူး xx
( ခါနွေဦး ၊ မင်းသုဝဏ်)

ဒီနေ့မနက်လမ်းလေ ျှာက်တော့ လမ်းဘေးတောင်ကြောတစ်လေ ျှာက် သစ်ပင်တွေမှာ အရွက်တွေ ကြွေ၊ ပုရစ်ဖူးလို့ခေါ်တဲ့ ရွက်နုလေးတွေထွက်နေတာ သတိထားမိသည်။ တပေါင်းလ ( မတ်လ) ရောက်ရင် ရွက်ကြွေပင်တွေအားလုံး ဒီလိုပဲ ရွက်ဟောင်းကြွေ ၊ ရွက်သစ်တွေဝေနေကျ၊ မိုးဦးကျ ဆိုရင်တော့ ဒီတောဒီတောင်တွေအားလုံး ရွက်သစ် စိမ်းရောင်တွေနဲ့ အပြည့်ဖြစ်တော့မည်။

ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အပင်မှာ ရှိနေတဲ့ ရွက်ဟောင်းတွေ ကြွေချိန်တန်လို့ ကြွေပြီ။ သူတို့ နေရာ ကို အစားထိုးမည့်ရွက်သစ်ဖူးလေးတွေထွက်လာပြီ။ သိတ်မကြာခင်မှာ အား ကောင်းမောင်း သန် နဲ့ အပင်ကို အလှဆင်တော့မည်။

ဒီလိုအကြိမ်ကြိမ် ရွက်ဟောင်းကြွေ၊ ရွက်သစ်ဝေရင်း အပင်တွေကြီးထွားရင့်သန် ပိုလှလာပြီး လောကကြီးကို အလှဆင်နိုင်ခဲ့သည်။

မကြာခင်မှာလည်း အဟောင်းတွေထွက်ခွာ၊ အသစ်တွေနေရာယူတော့မည်။ အသစ် အဟောင်း ပြောင်းလဲခြင်းက ချစ်တဲ့ နိုင်ငံပိုပြီး ငြိမ်းချမ်း၊ စိမ်းလန်းအောင် စွမ်းဆောင်နိုင်မည်ဟုယုံကြည်ရင်း ကျွန်တော်ကတော့ လမ်းဆက်လေ ျှာက် ပါဦးမည်။

တံတား အမှတ် ၂၆၇

ရထားလမ်းတွေ ဘူတာရုံလေးတွေကို စိတ်ဝင်စားတဲ့ကျွန်တော်ဟာ ကလောဘူတာရုံကို လည်း ဓာတ်ပုံရိုက်ဖူးတယ်။ မြင်းဒိုက်ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း ခြေလျင်
လေ ျှာက် ပြီး ရထားလမ်းလှိုဏ်ဂူတွေ၊ လွန်းထိုးတွေကို လေ့လာဖူးတယ်။ ဒါပေမဲ့ ကလော မြို့ အနားက ရထားလမ်းပေါ်မှာ အလွန်လှပတဲ့ ကျောက်စီတံတားတစ်ခုရှိမှန်း မသိခဲ့ဘူး။

မော်တင်စွန်းဘုရားပွဲကနေ ရန်ကုန်ကို ပြန်ရောက် ပြီးချိန်မှာပဲ ကလော ဒေသခံ မိတ်ဆွေက သာမိုင်းခမ်းမြို့ဟောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တွေ့ဆုံ မေးမြန်းချင်တဲ့ သူတစ်ယောက် ကို စုံစမ်းလို့ရပြီလို့ အကြောင်းကြားတဲ့အတွက်ကလောကိုနှစ်ညအိပ် သွားခဲ့တယ်။ ကလော ရောက် တော့ မထင်မှတ်ဘဲ ကလောကနေ အောင်ပန်းဘက် အထွက် ရထားလမ်းမှာ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ ရထားလမ်း တံတားတစ်ခု ရှိ တယ် ဆိုတဲ့ သတင်းကြားလို့ သွားကြည့်ခဲ့တယ်။

တံတားရှိတဲ့နေရာက အောင်ပန်းဘက်အထွက် အင်းပြင်ရွာနောက်ဘက်မှာ ရှိပါတယ်။ ကလော ကနေ အောင်ပန်း လမ်းအတိုင်းသွား၊ ကလောမြို့အထွက် အင်းပြင်ရွာရောက်ရင် ညာဘက်မှာ တွေ့ရမယ့် အင်းပြင် ရေထွက်ကို သွားတဲ့ လမ်းအတိုင်း ချိုးဝင်လိုက်ပါ။ လမ်းဆုံရောက်ရင် ရေထွက် ဘက်ကို မသွားပဲ ညာဘက် အင်းပြင်ပရိယတ္တိစာသင်တိုက်ဘေးက လမ်းအတိုင်းဆက်သွားပါ။ ရထားလမ်းကို တွေ့တဲ့အခါ ကား ( သို့) ဆိုင်ကယ် ကို ရပ်ထားပြီး ကားလမ်းဘယ်ဘက်ကို ဆင်း၊ ရထားလမ်းအတိုင်း အောင်ပန်းဘက်ကို ငါးမိနစ်လောက်လေ ျှာက်လိုက်ရင် တံတားအမှတ် ၂၆၇ လို့ ရေးထားတဲ့ တံတားကို တွေ့ရမှာ ဖြစ်ပါတယ်။

တံတားက အခုံးသုံးခုရှိပြီးကျောက်တုံးတွေကို ထုဆစ်လို့ ကျောက်စီတံတားအဖြစ်တည်ဆောက် ထား တာပါ။ လက်ရာအတော်ကောင်းပါတယ်။ ချဉ်းကပ်လမ်းနေရာက မြေထိန်းနံရံကတော့ ကျောက်တုံးကြီးတွေကို သရိုး မကိုင်ဘဲ ဒီအတိုင်းစီထားတာဖြစ်ပါတယ်။ တံတားတည်ဆောက် ထားတဲ့ ကျောက်တုံးတွေကတော့ အုတ်ခဲအရွယ်ရှိသလို တံတားအပေါ်ဘောင်မှာတော့ နှစ်ပေ ပတ်လည်လောက်ရှိမယ့် ကျောက်တုံးကြီးတွေသုံးထားတာလည်း မြင်ခဲ့ရတယ်။ တံတားဘောင် မှာတော့ အင်္ဂလိပ်ဘာသာနဲ့ 267 လို့ ထွင်းထားတဲ့ အုတ်ခုံရှိတယ်။

တံတားအောက်မှာ ရေချောင်းတစ်ခု ရှိတယ်။ ချုံတွေပိတ်နေလို့ ရေစီးရေလာမကောင်းဘူး။ တံတားပတ်ဝန်းကျင်နဲ့ ချောင်းထဲက ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလိုက်မယ်ဆိုရင် ဓာတ်ပုံရိုက်ဖို့ ရှုခင်းကောင်းတဲ့နေရာဖြစ်လာမှာပါ။ စိတ်မကောင်းစရာ မြင်ခဲ့ ရတာကတော့ တံတား အလယ်တိုင် မှာ ပေါက်နေတဲ့ညောင်ပင်ကို အပေါ်က သစ်ကိုင်းတွေကိုပဲ ခုတ်ပြီး အမြစ်ကို မသတ်တဲ့အတွက် တံတားတိုင်က ကျောက်တွေကို ထိုးခွဲနေတဲ့ မြင်ကွင်းပါပဲ။ ဒီအတိုင်းဆက်ထားနေရင်တော့ တံတား တိုင်ပျက်စီး သွားနိုင်ပါတယ်။

တံတားဆောက်လုပ်တဲ့နှစ်ကိုမှန်းဆနိုင်ဖို့အတွက် အချက်အလက်များလိုက်ရှာတဲ့အခါ နှစ်တစ်ရာ ပြည့် မီးရထား ( ၁၉ ၇၇ မေလ) စာစောင်အရ သာစည် – ရွှေညောင် မီးရထား လမ်း ဖောက်မှုကို ၁၉ ၀၉ ခုနှစ်မှာစတင်တယ်။ ၁၉ ၁၂ ခုနှစ် ဇွန် ၁၅ ရက် နေ့ မှာ သာစည် – ကျွဲတပ်ဆုံ အပိုင်းပြီး တယ်။ ၁၉ ၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ ကျွဲတပ်ဆုံ – ယင်းမာပင် အပိုင်းပြီးတယ်။ ၁၉ ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ယင်းမာပင်-ကလော အပိုင်း ပြီးတယ်။ ၁၉ ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကလော- အောင်ပန်းအပိုင်း ပြီးတယ်။ ၁၉ ၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ အောင်ပန်း – ဟဲဟိုး အပိုင်းပြီးတယ်၊ ၁၉ ၂၁ ခုနှစ် မေလ ၂ ရက်နေ့ မှာ ဟဲဟိုး- ရွှေညောင်အပိုင်းပြီးတယ် လို့ တွေ့ရတယ်။ ဒီတော့ ဒီရထားလမ်းတံတားကို ၁၉ ၁၅ ပတ်ဝန်းကျင် မှာ တည်ဆောက်ခဲ့တယ်လို့ မှန်းဆရပါတယ်။ ကလောမြို့ သမိုင်းမှတ်တမ်းတစ်ခုမှာတော့ ကလောဘူတာရုံဖွင့်ပွဲကို ၁၉ ၁၅ ခု နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဒုတိယဘုရင်ခံချုပ် ဆာဟားကုတ်ဘတ္တလာ ကိုယ် တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ဆိုတယ်။

ဒီတံတားကို အင်္ဂလိပ်တွေ သာစည် – ရွှေညောင်ရထားလမ်းဖောက်တဲ့ အချိန်မှာ ပါလာတဲ့ ပထန် လူမျိုးကျောက်ဆစ်လုပ်သားတွေက ဆောက်ခဲ့တာလို့ သိရတယ်။ ပထန်ဆိုတာက အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းနဲ့ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ အများဆုံးနေထိုင်တဲ့ Pashtuns လူမျိုးတွေကို ခေါ်တာဖြစ်ပါတယ်။ ကျွန်တော့် ကို တံတား အကြောင်း ပြောပြတဲ့သူကပဲ ရထားလမ်းဖောက်လုပ်ရေးမှာ ပါဝင်ခဲ့တဲ့ ပထန်လူမျိုး အချို့ က အင်းပြင်ရွာမှာ အခြေချနေထိုင်ခဲ့တယ်၊ သူတို့ ဝတ်ပြုကိုးကွယ်တဲ့ ဗလီလည်း အင်း ပြင်ရွာ မှာရှိတယ်။ ပထန်လူမျိုးတွေရဲ့ သုသာန်တစ်ခုလည်း အခုထိ ရှိသေးတယ်လို့ ပြောတယ်။

ဒါနဲ့ အင်းပြင်ရွာမှာရှိနေသေးတဲ့ ပထန်လူမျိုးအဆက်အနွယ်တွေကို လိုက်ရှာတော့ အသက် ၇၃ နှစ် အရွယ်အမျိုးသားကြီးတစ်ယောက်ကို တွေ့တယ်။ သူက အင်းပြင်မှာ အခြေချနေခဲ့တဲ့ ပထန် လူမျိုးတွေရဲ့ ဒုတိယမျိုးဆက်ပေါ့။ သူ့ဖခင်က အခု ပါကစ္စတန် ပတ်ရှဝါဒေသက ၊ အသက် ၁၆ နှစ် မှာ ဘကြီးဖြစ်တဲ့သူနဲ့ အတူ အင်္ဂလိပ်အစိုးရက လမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ လုပ်သား စုဆောင်းရာမှာ ပါဝင်ခဲ့ပြီး မြန်မာပြည်ကို ရောက်လာခဲ့ တယ်။ ပထမဆုံးအလုပ်လုပ်ခဲ့ရတာက ကရင် ပြည်နယ်ဖာပွန်လမ်းဖောက်လုပ်ရေးနဲ့ ကယားပြည်နယ်မော်ချီးမိုင်း လမ်းဖောက်လုပ်ရေး စီမံကိန်းတွေမှာဖြစ်ပါတယ်။ နောက်မှ ရထားလမ်းဖောက်တဲ့နေရာကို ရောက်လာတာ၊ အဲဒီ အချိန် က ရထားလမ်းဖောက်တဲ့နေရာမှာ ပထန်တွေအပြင် တူရကီ ( အခုအခေါ် တူကီယဲ Türkiye) စစ်သားတွေလည်း ပါတယ်လို့ ဆို တယ်။

တူရကီစစ်သားဆိုတာကတူရကီစစ်သုံ့ပန်းတွေကို ပြောတာဖြစ်မှာပါ။ ပထမကမ္ဘာစစ်မှာ တူရကီက ဂျာမနီဘက်ကနေ ဝင်တိုက်တယ်။ အဲဒီ အချိန်က မက်ဆိုပိုတေးမီးယား ( အခု အီရတ်နိုင်ငံ ရှိရာ ဒေသ) နဲ့ပါလက်စတိုင်း စစ်မြေပြင်တွေမှာ တူရကီ တပ်တွေအရေးနိမ့်ပြီး အင်္ဂလိပ်တပ်ဖွဲ့ တွေ ဆီမှာလက်နက်ချရတယ်။ အဲ ဒီသုံ့ပန်းတွေထဲက တစ်သောင်းကျော်ကို မြန်မာ နိုင်ငံ ပို့ပြီး သရက် နဲ့ မိတ္ထီလာ သုံ့ပန်း စခန်း တွေမှာထားတယ်။ပထမကမ္ဘာ စစ်ပြီးနောက်ပိုင်း ပေါ်ပေါက် လာတဲ့ တူရကီသမ္မတနိုင်ငံသစ်နဲ့ အင်္ဂလိပ်တို့ စစ်ပြေငြိမ်းစာချုပ်ချုပ်ပြီးတော့ အဲဒီသုံ့ပန်းတွေကို တူရကီနိုင်ငံကိုပြန်ပို့ခဲ့တယ်၊မြန်မာနိုင်ငံ မှာ ဖမ်းဆီးထားစဉ်ကာလအတွင်း စစ်သုံ့ပန်း တစ်ထောင် လောက် အကြောင်း အမျိုးမျိုးနဲ့ သေဆုံးခဲ့ပြီး အခုထိ သရက်မြို့နဲ့ မိတ္ထီ လာမြို့တွေမှာ တူရကီ စစ်သခိ ၤျုင်း တွေရှိ ပါသေးတယ်။ အဲဒီစစ်သုံ့ပန်းတချို့ဟာ သာစည် – ရွှေ ညောင် ရထားလမ်း ဖောက်လုပ်ရေးမှာ ပါဝင်ခဲ့ပုံရပါတယ်။

သာစည် – ရွှေညောင်ရထားလမ်းစီမံကိန်းပြီးတော့ ပထန်လူမျိုးအတော်များများ အင်းပြင်ရွာမှာ ပဲ အခြေချတယ်။ ၁၉ ၂၁ ခုနှစ် သန်းခေါင်စာရင်းမှာတော့ ကလောမြို့ရဲ့ လူဦးရေ ၂၉၉ ၇ ဦးရှိပြီး ဗုဒ္ဓ ဘာသာ ၅၈%၊ ဟိန္ဒူ ၂၁.၅%၊ မူဆလင် ၆.၇% နဲ့ ခရစ်ယန် ၆.၂% ရှိတယ်လို့ ဖော်ပြ ထားတာတွေ့တယ်။ ပထန် လူမျိုးတွေက မူဆလင် ၆.၇% ထဲမှာ ပါမှာပေါ့။ အင်းပြင် မှာ အခြေချ နေတဲ့ ပထန်လူမျိုးတွေကစိုက်ပျိုးရေးလုပ်တယ်။ကျောက်ထုတ်၊ထုံးဖုတ်လုပ်ငန်းလုပ်တယ်၊ ကုန် ရောင်းကုန်ဝယ်လုပ်တယ်။ ကျွန်တော်တွေ့ဆုံစကားပြောခဲ့ရတဲ့ ဦးကြီးရဲ့ အဖေကတော့ ပတ်ဝန်း ကျင် ရွာတွေရဲ့ ဈေးနေ့တွေမှာ အဝတ်အထည်တွေလိုက်ရောင်းတယ်။ အဲဒီအချိန်က ကားလမ်း မပေါက်၊ လှည်းခေတ်ဖြစ်တော့ အထည်ထုတ်ကြီးကို ထမ်းပြီး သွားရတယ်။ နောင်တော့ အိမ်ဆိုင် ဖွင့်တယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်တွေ၊ အိန္ဒိယနွယ်ဖွားအများစုတွေ လိုပဲ ပထန်လူမျိုး အတော် များ များ ကလောကို စွန့်ခွာသွားကြ တယ်။ စစ်ပြီးတော့ တစ်ချို့ပြန်လာတယ်၊ တစ်ချို့ ပြန်မလာ တော့ဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တချို့ တွေက ကလော၊ တောင်ကြီး စတဲ့မြို့တွေကို ရွှေ့သွား ကြတယ်။ ၁၉ ၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးတော့ ပါကစ္စတန်ကို အပြီးပြန်သွား ကြတဲ့ မိသားစုတွေလည်း ရှိတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ(၃၀ ) ရက် နေ့ ကလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အစီရင်ခံစာမှာတော့ ပထန်လူမျိုး လို့ သီးခြား ဖော်ပြမထားပေမဲ့ ပါကစ္စတန် လူမျိုးခေါင်းစဉ်နဲ့ ကလောမြို့မှာ ၆၅၁ ဦး၊ အောင်ပန်းမြို့မှာ ၂၇၉ ဦး ရှိတယ်လို့ဖော်ပြထားတာတွေ့တယ်။မူလပထမအခြေချခဲ့တဲ့အင်းပြင်ရွာမှာတော့ပထန်မိသားစု သုံး လေး အိမ်ထောင်ပဲကျန်တော့တယ်။

အင်းပြင်ရွာထဲမှာ ရှိတဲ့ ဗလီကိုလည်း သွားကြည့်ခဲ့တယ်။ ဗလီက အင်းပြင် ပရိယတ္တိစာသင်တိုက် နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်က အနိမ့်ပိုင်းထဲမှာ ရှိတယ်။ ဟိုတုန်းကတော့ ပျဉ်ထောင် အဆောက် အအုံပေါ့၊ အခုတော့ အုတ်တိုက်လေးဖြစ်နေပြီ။ ဗလီကတော့ သေးသေးပါပဲ။ ဗလီမှာ တာဝန်ယူ ထမ်းဆောင်နေတဲ့ ဗလီ ဆရာနဲ့လည်း တွေ့တယ်။ ကျွန်တော်က အများနားလည် အောင် ဗလီ ဆရာ လို့ ပြောပေမယ့် သူ့ကိုယ်သူတော့ ရှေ့ဆောင်ဆရာလို့ ပြောတယ်။ ဝတ်ပြု ကိုးကွယ်တဲ့ အခါ ရှေ့ကနေ ဦးဆောင်ပေးရသူဖြစ်တဲ့အတွက် အဲဒီလိုခေါ်တာလို့ ဆိုတယ်။

သူကတော့ အင်းပြင်ဗလီမှာ တာဝန်ယူ နေတာ နှစ်လေးဆယ်လောက်ရှိပြီ၊ ဒါပေမဲ့ ဒေသခံ မဟုတ်ဘူး။ ကျောက်ဆည်ဘက်ကပါ။ ယင်းတော်ဘာသာရေးကျောင်းတက်၊ မော်လဝီဖြစ်ပြီးတဲ့ နောက်အင်းပြင်ရွာကို တာဝန်ကျတာပါ။ သူက ပထန် လူမျိုးတွေ အခြေချနေထိုင်ပုံ အကြောင်း ကိုတော့ တိတိ ကျကျ မပြောနိုင်ဘူး။ ဒါပေမဲ့ မှတ်တမ်းတွေ အရ ဗလီရဲ့ သက်တမ်းက နှစ်တစ်ရာ ကျော်ပြီ၊ ရထား လမ်းဖောက်တဲ့ အချိန်က ပထန် လူမျိုးတွေ ရော၊တူရကီလူမျိုးတွေပါ ဒီဗလီမှာ ဝတ်ပြုခဲ့တယ် လို့ ပြောတယ်။ ဒီဗလီက ကလောမြို့ထဲမှာ ရှိတဲ့ ဗလီထက်ပိုပြီးရှေးကျမယ် ထင် တယ်။အခုအချိန်မှာတော့အင်းပြင်မှာကျန်နေသေးတဲ့ပထန်လူမျိုးတွေနဲ့ ပတ်ဝန်းကျင် က အစ္စလမ် ဘာသာဝင်တွေ လာရောက်ဝတ်ပြု နေတယ်လို့ဆိုတယ်။

ပထန်လူမျိုးတွေရဲ့ သုသာန်ကတော့ ရွာအထွက် တောင်စောင်းမှာရှိတယ်။ အဲဒီနေရာနေ တံတား အမှတ် ၂၆၇ ကို လှမ်းမြင်နေရတယ်။ တံတားဆီကို သွားလို့လည်း ရတယ်။ သုသာန်ကို အုတ် တံတိုင်း ခတ် ထား ပြီး အဝင်ဝမှာ သံတံခါးတစ်ချပ်ရှိတယ်။ အရင်ကတော့ ဒီနေရာက ထင်းရှုး တောင်ကုန်း အခြေ၊ လူတွေနဲ့ဝေးတဲ့နေရာဖြစ်မှာပေါ့။ အခုတော့ တောင်ကုန်းတစ်ခုလုံးက အိမ်ရာ စီမံကိန်းဖြစ်နေပြီ၊ နောင်ဆိုရင် သုသာန်ကိုတောင် မျိုသွားတော့မလားမသိဘူး။ သုသာန် ဘေးက လ ျှိုထဲမှာလည်း အိမ်တစ်လုံးဆောက် နေတာတွေ့ တယ်။ ဗလီဆရာက သုသာန် ထဲမှာ ၁၉ ၁၃ ခုနှစ်လို့ ရေးထားတဲ့မှတ်တိုင်တစ်ခု ရှိတယ်လို့ ပြောလိုက်ပေမယ့် ရှာမတွေ့ဘူး။ ခုနှစ် ကို အူရ်ဒူဘာသာနဲ့ ရေးထားလို့ မတွေ့ရ တာလည်း ဖြစ်နိုင်ပါတယ်။ မှတ်တိုင်အများစုက သစ် သား တိုင်တွေဖြစ်လို့ ပျက်စီးနေပြီး အုတ်စီ၊ ကျောက်ပြား ကပ်ထားတဲ့ မှတ်တိုင်က နည်းနည်း ပဲရှိတယ်။ အဲဒီလို မှတ်တိုင် တွေ မှာတော့ ကိုရန်ကျမ်းစာ ကောက်နှုတ်ချက်တွေကို အာရဗီ ဘာသာ နဲ့ရေးပြီး လူနာမည်တွေကို အူရ်ဒူ ဘာသာနဲ့ ရေးထား တယ်။

သချို င်္င်းစာမှတ်တိုင်တွေထဲမှာ ၁၉ ၃၂ ခုနှစ်လို့ အင်္ဂလိပ်လိုရေးထားတဲ့ မှတ်တိုင်နှစ်ခုတွေ့တယ်။ ဖတ်တတ်တဲ့သူကို အကူအညီတောင်းပြီး ဘာသာပြန်ကြည့်တော့ “ယအ်ကူဗ်ခါန်ရဲ့ ဇနီး၊ ကွယ်လွန် သူ အတွရ် ဂျားန် ၁၉ ၃၂ ခုနှစ် မေလ ၄ ရက် ကွယ်လွန်” နဲ့ “မွတ်လ္လာ အဗ်ဒုလ် ဂဖူးရ်ရဲ့ဇနီး၊ ကွယ်လွန်သူ မရ်ယန်မ်ဘီဘီ ၁၉ ၃၂ ခုနှစ် ဇူလိုင်လ ကွယ်လွန်” လို့ သိရတယ်။ အခု အချိန် ထိ လည်း ကလောနဲ့ အင်းပြင်က ပထန်လူမျိုးတွေ ကွယ်လွန်ရင် ဒီသုသာန်မှာပဲ မြေမြှုပ်သင်္ဂြ ိုဟ် တယ်လို့ သိရပါတယ်။

နေရာအားလုံးကို လေ့လာပြီးတော့ ပထန်လူမျိုးတွေအကြောင်းရှင်းပြတဲ့ အင်းပြင်ရွာက မိတ်ဆွေ ကို ကျွန်တော့်ကို ပြောပြခဲ့တဲ့အကြောင်းအရာတွေရယ်၊ နောက်ထပ် သိသင့်တဲ့သမိုင်းအချက် အလက်တွေရယ်ကို မှတ်တမ်းတင်ထားဖို့တိုက်တွန်းခဲ့တယ်။

တံတားအမှတ် ၂၆၇ ဟာ လှပတဲ့တံတားတစ်ခုဖြစ်သလို ကလောမြို့သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခု လို့ လည်းပြောလို့ရပါတယ်။

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၇)

သူငယ်ချင်း-မင်းသမိုင်းကို ပြန်လေ့လာကြည့်၊ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့သူတွေ တာဝန်ယူ လုပ်လိုက် တိုင်းပြဿနာမျိုးစုံတက်၊လူတွေ ဒုက္ခ ရောက်တာပဲ။ အဲဒီတော့ အတွေ့ အကြုံရှိတဲ့လူက ဝင်ထိန်းပေးရမှာပေါ့။

ကျွန်တော် – ငါလည်း အစက မင်းလိုထင်တာပဲ။ အဲဒီလိုပဲ ဖတ်ခဲ့ မှတ်ခဲ့၊ သင်ခဲ့ရတာကိုး။ ဒါပေမယ့် “၇၅”ထဲက“၁၅” နှုတ်ကြည့်လိုက်တော့မင်းတို့ငါတို့ထင်သလို မဟုတ်ဘူး။ “ ဆေးအ တွက်လေး” ဖြစ်နေပြီ၊။

သူငယ်ချင်း- မင်းဘာကိုပြောချင်တာလဲ၊ ငါသဘောမပေါက်ဘူး။

ကျွန်တော် – သမိုင်းကို လေ့လာကွာ။

ဤတွင်တစ်ခန်းရပ်။

မဟာဝိဟာရကျောင်းတိုက်

မှော်ဘီမြို့နယ်၊ဘိုးဒေါနကုန်းကျေးရွာမှာ တည်ရှိတဲ့ “ မဟာ ဝိဟာရ” ကျောင်းတိုက်မှာ ပရိယတ် ပဋိပတ်များ ဆည်းပူးသင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၂၁ မတ်လ)က ဖူးမျှော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။

မဟာဝိဟာရကျောင်းတိုက်မှာ ဝါဆိုသံဃာ အနေနဲ့ ရဟန်း ၂၃၉ ပါး၊ သာမဏေ ၁၀၁၉ ပါး ရှိတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဆွမ်းလောင်းချိန်၊ ဆွမ်းစားချိန်များမှာ ချောင်းဆိုးသံတောင်မကြားရ အောင် တိတ်ဆိတ်ငြိမ်သက်လှသလို သွားလာလှုပ်ရှားရာမှာလည်း သာမဏေငယ်လေးများက အစ ဣန္ဒြေကြီးလှပါတယ်။ ကျန်တဲ့အချိန်မှာလည်း စာဝါတက်၊ စာအံတဲ့အသံကလွဲလို့ ဆူညံ သံ၊ အော်ဟစ်စကားပြောသံမကြားရပါဘူး။ ငြိမ်သက် အေးချမ်းလှပါတယ်။

ဘာသာရေးဆိုင်ရာအကြောင်းအရာဖြစ်လို့ စကားလုံး အသုံးအနှုန်းများမှာ အမှားပါသွားမှာ စိုးရိမ် တဲ့ အတွက် မြင်ခဲ့၊ ခံစားခဲ့၊ ကြည်ညိုသဒ္ဓါပွားခဲ့ရမှုတွေကို အသေးစိတ် ရေးမပြတော့ပါဘူး။ ဓာတ်ပုံ များကို ပဲ မ ျှဝေပေးလိုက်ပါတယ်။

မဟာဝိရကျောင်းတိုက်ကို သွားမယ်ဆိုရင် ရန်ကုန် – ပြည်လမ်း လမ်းအတိုင်းသွားပါ။ မှော်ဘီ တိုးဂိတ်လွန်ပြီး ငါးမိနစ်လောက်မောင်းလိုက်ရင် ညာဘက်က ညောင်နှစ်ပင်လမ်းခွဲ ကို တွေ့မယ်။ အဲဒီလမ်းခွဲအတိုင်းဆက်သွားပါ။ ဂျိုးဖြူပိုက်လိုင်းကို ကျော် ပြီးတာနဲ့ ဘယ်ဘက်မှာ မဟာဝိဟာရ ကျောင်း တိုက်သို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ် တွေ့ပါလိမ့် မယ်။ လမ်းက ကွန်ကရစ်လမ်းဖြစ်ပြီး ပြုပြင်နေတဲ့အတွက် တချို့နေရာတွေမှာ လမ်းကျဉ်းပါတယ်။ “ ရေသိုး” ရွာကျော်ရင် လမ်းဆုံတစ်ခု တွေ့ပါလိမ့်မယ်။ ညာဘက်လမ်းအတိုင်း ဆက်လိုက် သွားရင် မဟာဝိဟာရကျောင်းတိုက်ကို ရောက်ပါတယ်။ ကျောင်းတိုက် ဝေယျာဝစ္စရုံးအဖွဲ့ ဖုန်းနံပါတ်က ၀၉ ၅၀၉ ၀၉ ၀၂ ဖြစ်ပါတယ်။

မော်တင်စွန်း (၉ )

အပြန်ခရီးအတွက်ကားလက်မှတ်ကိုလည်း ကံထူးအောင် ကားလိုင်းကပဲ ဝယ်လိုက်တယ်။ မော်တင်စွန်း – ရန်ကုန်ကားက မော်တင်စွန်းကနေ ညနေ နှစ်နာရီခွဲမှ ထွက်တယ်။ ပြီးရင် ကျောက် ချောင်းမှာ ဟိုင်းကြီးကျွန်းခရီးသည်တင်ပြီး ညနေ လေးနာရီမှာ ပြန်ထွက်တယ်။ ဒါ့ကြောင့် ပြန် မယ့်နေ့ မနက်ပိုင်းကို ကျား (၁)၊ ကျား (၂ ) ၊ ကျား (၃) ဆိုတဲ့ ငါးဖမ်းလှေဆိပ်တွေ သွားဖို့ စီစဉ်ခဲ့ တယ်။

အဲဒီငါးဖမ်းလှေဆိပ်တွေကို ကားလမ်းအတိုင်း ကံချိုင်ရွာကို သွားပြီးမှ ကမ်းခြေဘက်ကို ဖြတ်ဆင်း ရင်လည်း ရသလို ရေကျချိန်ဆိုရင် ကမ်းခြေအတိုင်းသွားလို့လည်းရတယ်။ ကျွန်တော်တို့က ကမ်းခြေအတိုင်းပဲဆိုင်ကယ်နဲ့ သွားခဲ့တယ်။ ငါးဖမ်းလှေဆိပ်ရဲ့ အဝေးမြင်ကွင်းကတော့ အတော် လှတယ်။ ၊ မနက်နေရောင်ခြည် ရောင်ပြန်ဟပ်နေတဲ့ ရေပြင်ပေါ်မှာ ရောင်စုံအလံတလွင့်လွင့် နဲ့ ငါးဖမ်းလှေတွေ၊ စိမ်းစိုစို တောတန်းကို နောက်ခံထားပြီးဆောက်ထားတဲ့ တဲအိမ်တွေ၊ သောင်ပြင် ပေါ်မှာ အနက် စက်လေးတွေချထားတာနဲ့ တူတဲ့ လူတွေ၊ ဆိုင်ကယ်တွေ၊ အိုး ပန်းချီကားတစ်ချပ် လိုပဲ။

ဒါပေမဲ့ လှေဆိပ်အနားကို ရောက်တော့ မြင်ကွင်းက မလှတော့ဘူး၊ သောင်ပြင်ပေါ်မှာ ပလတ် စတစ် အပါအဝင် စွန့်ပစ်ပစ္စည်းမျိုးစုံရှိတယ်။ အများစုက ဒီရေနဲ့အတူပါလာပြီး သောင်ပြင် ပေါ် မှာ တင်ကျန်နေခဲ့တာ။ မော်တင်စွန်းကမ်းခြေက ဒီရေအကျနဲ့ ပါသွားတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရေစီးကြောင်းသဘောသဘာ၀ ကြောင့် ဒီကမ်းခြေမှာ လာတင်နေသလားမဆိုနိုင်ဘူး။

ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ငါးဖမ်းလှေတွေ ဝင်ပြီးသွားလို့ ငါး၊ ပုစွန်တွေတောင် ချပြီး နေပြီ။ ဒိုင်တွေမှာ ပုစွန်ကောင်းကောင်းရရင် ရေခဲပုံးနဲ့ ယူသွားမယ်ဆိုတဲ့ အကြံနဲ့ သွားကြည့် တော့ စံချိန်မီအရွယ်ကောင်းတွေမရှိတော့ဘူး။ ရန်ကုန်တင်လိုက်ပြီတဲ့။ ကျန်တဲ့ ပုစွန်တွေ က တော့ ဒီပတ်ဝန်းကျင်က စားသောက်ဆိုင်တွေကို ရောင်းမယ်ထင်တယ်။ ငါးတချို့ကိုတော့ ငါးခြောက်လုပ်ဖို့ ခွဲနေတာမြင်ခဲ့ရတယ်။

ငါးဒိုင်တွေရှေ့မှာတော့ ဖျာကြမ်းတွေနဲ့ ပုစွန်တွေ၊ ငါးတွေ နေလှမ်းထားတယ်။ ပုစွန်ခြောက်လုပ် မယ့် ပုစွန်တွေက သတ်သတ်၊ ပိုက်ထဲမှာပါလာတဲ့ ငါးသေး၊ငါးမွှား၊ ဂဏန်း နဲ့ ကျွန် တော်မခေါ် တတ်တဲ့ ရေသတ္တဝါ စုံစီနဖာတွေက သတ်သတ်၊။ ဒါတွေက အမှုန့် ကြိတ်စက်နဲ့ ကြိတ်ပြီး ကြက်စာလုပ်မှာတဲ့။ ဒိုင်ထဲကို ကလေးချီပြီး ဝင်လာတဲ့ အမျိုးသမီးက ဓာတ်ပုံရိုက်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး “ အရင်ကတော့ ငါးနီတူခြောက်လို ငါးတွေက ကြက်စာ ၊ အခုတော့ လူစာ ၊ ဒါ့ကြောင့် ပိုက်ထဲပါလာတဲ့ အကောင်မျိုးစုံကို ကြက်စာလုပ်နေရတာ” လို့ ရှင်းပြတယ်။

ဒိုင်တွေမှာ ပုစွန်မရနိုင်တော့ ကံချိုင်ရွာဘက်တက်ပြီး ငါးခြောက်ဝယ်တယ်။ ကျွန်တော်တို့ ဝယ်တဲ့ ဆိုင်က ကံချိုင် အုပ်စု ဘန့်ဘွေးရွာထိပ်က “ မမေနွဲ့ ” ဆိုင်။ ခရီးသွားဖော်သူငယ်ချင်းကတော့ ဆိုင်ကယ်ပေါ်ကနေ မှုန်ဝါးဝါးနဲ့ ဆိုင်နာမည်လှမ်းဖတ်ပြီး “ မမေ့နဲ့ ဆိုင် ဆိုတော့ ငါးခြောက် ကောင်း လွန်းလို့ မမေ့နိုင်တာဖြစ်မယ်” လို့ဆိုတယ်။ ဆိုင်ကတော့ ရေထွက်ပစ္စည်းမျိုးစုံ ပဲ။ ဒီအပိုင်းက ကျွန်တော်တို့ ကျွမ်းကျင်တဲ့အပိုင်းမဟုတ်တော့တဲ့အတွက် အိမ်ကို ဖုန်းဆက်ပြီး ဘယ်ငါးခြောက်က ဘယ်ဈေး ဆိုတာ အစီရင်ခံရတယ်။ လိုအပ်ရင် ဓာတ်ပုံရိုက်ပို့ရတယ်။ ရန်ကုန်က လူတွေကတော့ ဘာပြောလိုက်၊ ပြောလိုက် တန်တယ် ဆိုတာပဲ။

ငါးခြောက်ဝယ်ပြီးတော့ မော်တင်စွန်းပြန်တယ်။ နှစ်နာရီကျော်တော့ ကားထိုးထားတဲ့ လမ်းဆုံကို ဆင်းတယ်။ မော်တင်စွန်းက ပြန်လိုက်တာ ဆယ်ယောက်လောက်ပဲရှိတယ်။ အလာတုန်းက အတူ တူလာခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့နဲ့လည်း ပြန်ဆုံတယ်။ ကားက နှစ်နာရီခွဲအတိအကျထွက်တယ်။ ကျောက် ချောင်းရောက်တော့ ဟိုင်းကြီးကျွန်းကနေ လိုက်ထရပ်နဲ့ ကဲ့လာမယ့် ခရီးသည်တွေကို စောင့် တယ်။ ကုန်တွေတင်တယ်။

ကျောက်ချောင်းကနေ ညနေ လေးနာရီမှာထွက်တယ်။ အပြန်ခရီးနဲ့မတူတာက ငါးပြေမ ရွာ စစ်ဆေးရေးဂိတ်မှာ ကားအောက်ဆင်း ၊ တစ်ယောက်ချင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြ ပြီး စာရင်းသွင်းရတယ်။ အလာတုန်းကတော့ အိပ်ပျော်နေလို့ ဂိတ်ဖြတ်တာတောင်မသိလိုက် ဘူး။ ဒီလိုပါပဲ၊ အလာမှာ မနက်အစောကြီးဖြစ်နေတဲ့အတွက် အလှူခံမဏ္ဍပ်တွေ မဖွင့်သေးဘူး။ အပြန် မှာတော့ အလှူခံမဏ္ဍပ်တွေနဲ့ တည့်တည့်တိုးတယ်။ မဏ္ဍပ်တစ်ခုရောက်တိုင်း ကားရပ်ပြီး တံခါး ဖွင့်ပေးရတယ်။ အလှူခံတွေက ဖလားတွေ နဲ့ ကားပေါ်တက်လာတယ်။ ခရီးသည်တွေလည်း လှူတဲ့သူလှူ၊ မျက်စိမှိတ်အိပ်ချင်ယောင်ဆောင်သူဆောင်ပေါ့။ ကျွန်တော် က ယဉ်ပေါ်လိုက် အကူဝန်ထမ်းကို “ ခရီးသည်တွေပဲ လှူနေရတယ်၊ မင်းတို့လည်း လှူဦးလေ” လို့ ပြောတော့ “ ကျွန်တော်တို့လည်း လှူပါတယ်တဲ့” ၊ ပြောသာ ပြောတာ၊ ကားပေါ်တက်လာတဲ့ အလှူခံဖလား တွေထဲ ထည့်တာတော့မတွေ့ဘူး။

ညနေခြောက်နာရီမှာ ကျုံကူးလမ်းခွဲကို ရောက်တယ်။ ကျုံကူးဆိုတာ သမ္မတ ဦးသိန်းစိန်ရဲ့ မွေးဇာတိရွာဖြစ်ပါတယ်။ အဲဒီမှာခရီးသည်တွေတင်တယ်။ နောက်ထပ် သုံး နေရာလောက် ခရီးသည်တွေထပ်တင်တယ်။ နောက်ဆုံးတင်တဲ့နေရာကနေ လူငယ်လေး လေး ယောက် တက်လာတယ်။ တီရှပ်၊ ဘောင်းဘီရှည်၊ ကျောပိုးအိတ်လေးတွေနဲ့။ ပီဘိ ဆယ်ကျော် သက်လေးတွေ။ အဝတ်အစားတွေကတော့ သစ်သစ်လွင်လွင်မဟုတ်ပါဘူး။

ညနေ ခုနစ်နာရီထိုးကာနီးလောက်မှာ ငရုတ်ကောင်းတောင်ကိုရောက်တယ်။ အလာတုန်းက ရပ်ခဲ့ တဲ့ “သပြေရိပ်ဆိုင်”မှာပဲရပ်တယ်။ ကျွန်တော်က ခရီးသွားရင် လမ်းမှာ ဗိုက်ပြဿနာတက်မှာ စိုးရိမ် တက်တဲ့အတွက် ထမင်းဆီဆမ်း၊ ကြက်ဥကြော် ပဲ စားလေ့ ရှိပေမယ့် သပြေရိပ်မှာ အဲဒီလို မရဘူး။ ဒါ ဆိုရင် ထမင်းဖြူနဲ့ ကြက်ဥကြော်ရမလားမေးတော့ ဆိုင်ကကလေးတွေအားမှ ကြက်ဥကြော်ပေး လို့ရမယ်တဲ့။ အဲဒါနဲ့ သပြေရိပ်နဲ့တစ်ဆိုင်ကျော်က “စေတနာ” ဆိုတဲ့ဆိုင်မှာ သွားစားတယ်။ အဲဒီ ဆိုင်က ထမင်းဆီဆမ်းနယ်ပေးတဲ့ ဆီက မွှေးလည်းမွှေး၊ သန့် လည်း သန့်တယ်။ “သပြေရိပ်” က တော့ အသွား/အပြန် အတွေ့အကြုံအရ ဆလံနှစ်ခါ သ ပါ တယ်။

ငရုတ်ကောင်းလမ်းခွဲကနေ ခုနှစ်နာရီခွဲမှာထွက်တယ်။ နာရီဝက်လောက်ပဲ မောင်းရသေးတယ်။ မိုင်တိုင် ၄၅ မှာ ကားဘီးကွဲထွက်သွားတယ်။ ကွဲသွားတဲ့ဘီးက နောက်ဘီးဖြစ်လို့တော်သေးတယ်။ ကျွန်တော်တို့ ကားက ဝင်ရိုးသုံးတန်းမှာ ရှေ့တန်းနဲ့ တကယ်ရုန်းရတဲ့ အလယ်တန်းမှာ ဘီး အကောင်းတွေထည့်ထားပြီးနောက်ဆုံးတန်းမှာ ပန်းကုန်သလောက်ဖြစ်နေတဲ့ဘီးထည့်ထားတာဆို တော့ အဲဒီဘီးက ကွဲထွက်သွားတာ။ ကားဆရာက အခုဈေးနဲ့ဆိုရင် ဘီးအသစ်တစ်လုံးက ခြောက် သိန်းကျော်နေပြီ ဆိုတော့ ဒီလိုပဲ လှည့်ပတ်သုံးနေရတယ်လို့ရှင်းပြတယ်။ ခရီးသည်တွေကတော့ ဘယ်သူ့ကိုမှ အပြစ်တင်မနေတော့ဘူး။ အနားမှာရှိတဲ့ အိမ်ဆိုင်လေးက မုန့်ဝယ်စားတဲ့သူ စား၊ ထိုင်တဲ့သူထိုင်၊ ကားသမားတွေကို ဝိုင်းလုပ်ပေးတဲ့သူလုပ်ပေါ့။

ဘီးလဲတာက နာရီဝက်ကျော်ကျော်ကြာတယ်။ အဲဒီကနေ ဆက်ထွက်တော့ ပုသိမ်ကားကြီးဝင်းကို ၁၁ နာရီကျော်ကျော်မှာရောက်တယ်။ ထုံးစံအတိုင်း မီးပျက်နေလို့ ကားကြီးဝင်းကလည်း မှောင် မှောင်မည်းမည်း၊ ကျွန်တော်တို့ရှေ့မှာ ဂေါ်ရင်ဂျီကလာတဲ့ ကံထူးအောင် ကားနှစ်စီးလည်း ညအိပ် ဖို့ရပ်ထားတယ်။ ဖွင့်ထားတဲ့ထမင်းဆိုင်က နှစ်ဆိုင်ရှိပြီး မီးစက်နှိုးပေးထားတယ်။ ( မနက်တစ်နာ ရီ ရောက်တော့မီးပြန်လာတယ်။ )

ကျွန်တော်ကတော့ ထုံးစံအတိုင်း ကားပေါ်မှာ အိပ်လို့မရတော့ လမ်းဆင်းလေ ျှာက်တယ်။ အဲဒီမှာ လမ်းကတက်လာတဲ့ ချာတိတ်လေးတွေ ကားနောက်ဘက်မှာ ရပ်ပြီး စကားတွတ်ထိုးနေတာကို တွေ့တယ်။ အနားကဖြတ်သွားတော့ ထမင်းစားဖို့တိုင်ပင်နေတာ မသဲမကွဲကြားလိုက်ရတယ်။ ခဏနေတော့ သူတို့လေးယောက် စားပွဲမှာ သွားထိုင်တယ်။ ဒါပေမဲ့ ထမင်းတစ်ပွဲပဲမှာတယ်။ လမ်း လေ ျှာက်နေရင်း ကြားခဲ့ရတဲ့ စကားသံနဲ့ ဆက်စပ်လိုက်တော့ အခြေအနေကို သဘောပေါက် သွားတယ်။

ဒါနဲ့ သူတို့ စားပွဲနားသွားပြီး စကားပြောတယ်။ မင်းတို့ရော မစားဘူးလားလို့မေးတော့ ကျန်တဲ့ သုံးယောက်က ရွာက စားခဲ့ပြီးပြီ၊ ရန်ကုန်ရောက်မှ စားတော့မယ်လို့ပြောတယ်။ တကယ်တော့ ရွာကနေ နေ့ခင်း နှစ်နာရီလောက်မှာထွက်လာခဲ့ရတာဆိုတော့ သူတို့လည်း ဆာနေမယ်ဆိုတာ ခန့်မှန်းမိ တယ်။ ဒါ့ကြောင့် အားလုံးစားပါကွာ၊ ငါကျွေးပါ့မယ်လို့ပြောပြီး သူတို့ စားပွဲမှာ ဝင်ထိုင် တယ်။ ကျွန်တော့ အတွက် ကော်ဖီတစ်ခွက်မှာပြီး ဆိုင်ကို သူတို့လေးယောက်စားချင်တဲ့ဟင်းနဲ့ ချပေးဖို့ ပြော လိုက်တယ်။ အဲဒီတော့လည်း အားရပါးရစားတာပါပဲ။

ကလေးတွေ အသက်မေးလိုက်တော့ အကြီးဆုံးက ၁၇ နှစ်၊ နှစ်ယောက်က ၁၅ နှစ်၊ အငယ်ဆုံးက ၁၄ နှစ်ပဲရှိသေးတယ်။ ထမင်းစားချင်တယ်လို့ ပြောတာက အငယ်ဆုံးလေး။ သူတို့က ရွာမှာ အဆင်မပြေလို့ရန်ကုန်မှာ အလုပ်သွားလုပ်မလို့တဲ့။ လေးယောက် ထဲမှာ အကြီးဆုံးတစ်ယောက်ပဲ ရန်ကုန်တစ်ခေါက်ရောက်ဖူးတယ်။ အခုသွားတာလည်း ရန်ကုန် မှာ ရှိတဲ့ သူ့ဦးလေးဝမ်းကွဲ တစ် ယောက်နဲ့ ချိတ်မိလို့သွားတာ။ စားသောက်ဆိုင်မှာ စားပွဲထိုး၊ ထမင်း ကျွေး၊ နေစရာပေး တစ်လ ရှစ်သောင်းရမယ်တဲ့။ တကယ်တော့ အကြီးနှစ်ယောက်ပဲ အလုပ်ရသေး တာပါ။ နောက်နှစ်ယောက် က ရန်ကုန်ရောက်မှ အလုပ်ရှာရမယ်ဆိုပြီး ကောက်လိုက်လာတာ။

သူတို့လေးယောက်ကို ကျောင်းတက်ကွာ၊ ပညာဆိုတာ ဘာဘာ ညာညာ စတာတွေမပြောတော့ပါ ဘူး။ “ ရွာမှာ အဆင်မပြေလို့ ” ဆိုတဲ့စကားက အခြေအနေကို သက်သေပြနေပြီပဲ။ ဒါ့ကြောင့် ကျွန် တော်ကြုံခဲ့ဖူးတဲ့ စားပွဲထိုးဘဝကနေ မီးဖိုချောင်အကူ၊ အဲဒီကနေ လက်ထောက် အကြော်ဆရာ၊ နောက်ဆုံးအကြော်ဆရာဖြစ်သွားတဲ့သူတစ်ယောက်အကြောင်းပဲပြောပြလိုက်တယ်။

ကော်ဖီသောက်ပြီးတော့ သူတို့ လွတ်လွတ်လပ်လပ်နေလို့ရအောင် ကျွန်တော်ထွက်လာခဲ့တယ်။ ခဏ နေတော့ ကျန်တဲ့သုံးယောက်က ကားပေါ်ပြန်တက်သွားတယ်။ အငယ်ဆုံးလေးက စားပွဲမှာ ထိုင်ပြီး ကျန်နေခဲ့တယ်။ မျက်နှာငယ်လေးနဲ့၊ ဆိုင်ခန်း ဆိုင်းဘုတ်တွေကို လိုက်ဖတ်နေတယ်။ ဆိုင်းဘုတ်တွေ ဖတ်လို့ကုန်တော့ စားပွဲပေါ်မှာ လက်ချောင်းနဲ့ ဟိုခြစ် ဒီခြစ်လုပ်နေတယ်။ ပါး စပ် ကလည်း တဖွဖွနဲ့ ဘာတွေတိုးတိုးရွတ်နေလည်းမသိဘူး။ ရန်ကုန်မှာ ဘာတွေကြုံရမလဲ ဆိုတာ တွေး ပူနေတယ်ထင်ပါရဲ့။

ထုံးစံအတိုင်းမနက်လေးနာရီမှာ ကားပြန်ထွက်တယ်။ မနက်ရှစ်နာရီထိုးလောက်မှာ တိုးဂိတ် အလွန် က ဆီဆိုင်မှာ ကားဆီဖြည့်တယ်။ အဲဒီဆီဆိုင်က လှိုင်-ဧရာ ကားဝင်းနဲ့ မဝေးတော့ဘူး။ ဒါ့ကြောင့် ကားဝင်းထဲ မလိုက်ချင်တဲ့ခရီးသည်တချို့က အဲဒီဆိုင်နားမှာရှိတဲ့ တက္ကစီတွေငှားပြီး ပြန်ကြတယ်။ တချို့ခရီးသည်တွေကို လာကြိုတဲ့ကားတွေကလည်း ဒီဆီဆိုင်ကပဲ စောင့်တယ်။ ဟိုလူငယ်လေး လေးယောက်လည်း ကျွန်တော့်ကိုလာနှုတ်ဆက်တယ်။ ပြီးတော့ လာကြိုတဲ့သူနှစ်ယောက်နဲ့ အတူ တက္ကစီ ပေါ်တက်တယ်။ လူမဆန့်တော့ ထုံးစံအတိုင်း နောက်ဘက် ပစ္စည်းထည့်ခန်းမှာ နှစ် ယောက် ဝင်ထိုင်ပြီး ထွက်သွားကြတယ်။

ကားထွက်တော့ အငယ်ဆုံးလေးက နောက်ဖုံးမှန်ပေါက်ကနေ ကျွန်တော့်ကို လက်ပြသွားတယ်။ သူ့ကို ကြည့်ရင်း ရွာမှာ ကျန်ခဲ့တဲ့ သူတို့မိဘတွေ စိတ်ပူနေမှာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ အနည်း ဆုံးတော့ ဒီကလေး လေးယောက် ရန်ကုန်မှာ ရှိနေပြီး ရွာကို အချိန်မရွေးပြန်လာနိုင်ခွင့် ရှိ သေး တဲ့အတွက်တချို့တချို့သောမိဘတွေနဲ့ယှဉ်လိုက်ရင် တော်ပါသေးတယ်လို့ပဲ ဖြေတွေးတွေး လိုက် ရတယ်။

ပြီးပါပြီ။

မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ

လွန်ခဲ့တဲ့ တစ်နှစ် ၁၇ မတ် ၂၀၂၂ ရက်နေ့ကရေးခဲ့တဲ့ ၁၉ ၄၈ ခုနှစ်က စလို့ မြန်မာနိုင်ငံ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြား ရေးမူဝါဒအရ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ် ကို ထောက်ခံလို့မရကြောင်း ဆောင်းပါး

မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။

၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရ တက်တက် ၊ နိုင်ငံရေးစနစ် ဘယ်လိုပြောင်းပြောင်း၊ အုပ်ချုပ်ပုံစနစ် ဘယ်လိုဖြစ်ဖြစ်၊ မပြောင်းလဲတာ တစ်ခု ပဲရှိတယ်။ အဲဒါကတော့ အစိုးရတိုင်းက နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက် နဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားနေတဲ့ ၊ ဘက်မလိုက်တဲ့ ဝါဒကို ကျင့်သုံး တဲ့အချက် ပဲဖြစ် ပါတယ်။ ဒီအချက်ကို မြန်မာအစိုးရ အဆက် ဆက်ရဲ့ နိုင်ငံခြားရေးဝါဒများမှာ အောက်ပါအတိုင်းတွေ့ရပါတယ်-

ဖြောင့်မတ်သောကြားနေရေးဝါဒ

ဖဆပလ အစိုးရ လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးနုက “ ဖြောင့်မတ်သောနိုင်ငံခြားရေးဝါဒကို “ ကမ္ဘာ့ရေးရာပြဿနာတစ်ခုခု ပေါ်ပေါက်လာတဲ့အခါ ကိုယ်ကျိုးကို မငှဲ့ဘဲ၊ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ၊ မိတ်ဆွေ ရယ်၊ ရန်သူရယ်လို့ မခွဲခြားဘဲ ဓမ္မ အဓိဋ္ဌာန်နဲ့ စဉ်းစားဝေဖန်ပြီး ကျွန်တော်တို့ မှန်တယ်ထင်တာ ကို ဆုံးဖြတ်ရဲတဲ့ သတ္တိ” ဆိုပြီး ဖွင့်ဆိုခဲ့တယ်။
လွတ်လပ်ပြီးစ မြန်မာနိုင်ငံက ကြားနေရေးဝါဒကို နိုင်ငံခြားရေးဝါဒအဖြစ် လက်ခံကျင့်သုံးခဲ့ ရတဲ့ အကြောင်းအရင်းကို ဝန်ကြီးချုပ်ဦးနုက မြန်မာနိုင်ငံအပေါ် အရှေ့အုပ်စု ရော၊ အနောက်အုပ်စု ရောက တစ်ဘက်အုပ်စုရဲ့ လက်ကိုင်တုတ်လို့ အထင်လွဲမှုတွေ ရှိခဲ့တဲ့ အတွက် ဖြောင့်မတ် သောကြားနေရေးဝါဒ၊ နိုင်ငံတကာနဲ့ ချစ်ကြည်ရေးတည်ဆောက်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု တို့ကို နိုင်ငံခြားရေးဝါဒအဖြစ် ကျင့်သုံးခဲ့ရတယ်လို့ရှင်းပြခဲ့ ဖူးတယ်။

ဖဆပလ အစိုးရလက်ထက်မှာ အရေးကြီးဆုံး နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကတော့ ဘန်ဒေါင်း ညီလာခံနဲ့ ဘက်မလိုက်လှုပ်ရှားမှု Non-Aligned Movement (NAM) ကို ဦးဆောင်တဲ့နိုင်ငံအဖြစ် ပါဝင်နိုင်ခြင်းပဲဖြစ်ပါတယ်။

၁၉ ၅၄ ခုနှစ် ဧပြီလ မှာ အိန္ဒိယ၊ သီရိလင်္ကာ( သီဟိုဠ်) ၊ မြန်မာ၊ ပါကစ္စတန် နဲ့ အင်ဒိုနီးရှား ငါးနိုင်ငံက ခေါင်းဆောင်တွေ သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို မှာ အစည်းအဝေးလုပ် တယ်။ အဲဒီအစည်းအဝေးကနေ လွတ်လပ်ပြီးစ အာရှ- အာဖရိက နိုင်ငံများအစည်းအဝေးတစ်ခု ကျင်းပ ပြီး အရှေ့၊ အနောက် အုပ်စုတိုက်ပွဲတွေကြားမပါဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်အရ ၁၉ ၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့မှာ အာရှ-အာဖရိက နိုင်ငံများ အစည်းအဝေးကို ကျင်းပတယ်။ နိုင်ငံ ပေါင်း ၂၉ နိုင်ငံတက်တယ်။ အဲဒီညီလာခံက ဘက်မလိုက်လှုပ်ရှားမှုကို စတင်ဖြစ်ပေါ်စေပြီး ၁၉ ၆၁ ခုနှစ် စက်တင်ဘာလ မှာ ဘက်မလိုက်လှုပ်ရှားမှု ပထမအကြိမ်အစည်းအဝေးကို ယူဂိုဆလားဗီးယား နိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပနိုင်ခဲ့တယ်။

၁၉ ၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီးငါးချက် ကို ညီလာခံဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တယ်။ အဲဒီငါးချက်က

၁။ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို တစ်နိုင်ငံ က လေးစားရန်။
၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်။
၃။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။
၄။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရှိရန် နှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေရန်။
၅။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရန် တို့ဖြစ်ပါတယ်။

ဒီမူငါးချက်ဟာ ဒီကနေ့အချိန်ထိ မြန်မာ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမဏ္ဍိုင်အဖြစ်ရှိနေတုန်းပဲ။

တိကျမှန်ကန်သော ကြားနေရေးဝါဒ

တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။

၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် တော်လှန်ရေး ကောင်စီက ဖဆပလ အစိုးရချမှတ်ခဲ့တဲ့ ကြားနေရေး ဝါဒ နဲ့ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒ ကိုပဲ ဆက်လက် ကျင့်သုံးမယ်လို့ ထုတ်ပြန် ကြေညာခဲ့တယ်။ အခေါ်အဝေါ်ကိုတော့ “တိကျ မှန်ကန်သောကြား နေ ရေးဝါဒ” လို့သုံးတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက “ တိကျမှန်ကန်တဲ့ ကြားနေရေးဝါဒ ဆိုတာ နိုင်ငံတကာ အရေးအခင်းတွေနဲ့ပတ်သက်ရင် အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ကြားမှာ ကြားနေတဲ့ မူဝါဒမဟုတ်ဘူး။ အကောင်းကို ထောက်ခံ၊ အဆိုးကို ဆန့်ကျင်တဲ့ ဝါဒ၊ ဘယ်အုပ်စုမှာမှ မပါဘဲ နိုင်ငံတကာရေးရာတွေမှာ မိမိဘာသာ လွတ်လပ်စွာ အမှန်တရားဘက်က ရပ်တည်စဉ်းစား ဆုံးဖြတ် ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်လို့” ဖွင့်ဆိုခဲ့တယ်။

လွတ်လပ်သောနိုင်ငံခြားရေးဝါဒ

၁၉ ၇၄ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားရေးဝါဒ ဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာပဲ ဘက်မလိုက်လှုပ်ရှားမှု အတွင်းမှာ မော်စီတုန်းရဲ့ ကမ္ဘာသုံးခု အယူအဆကို အခြေခံပြီး ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ ကို တတိယကမ္ဘာအုပ်စု အဖြစ် အရှေ့အုပ်စု၊ အနောက်အုပ်စု တို့နဲ့ အပြိုင် ဖွဲ့စည်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေပေါ်ပေါက် လာခဲ့တယ်။

မြန်မာနိုင်ငံကတော့ အဲဒီလို အုပ်စုဖွဲ့စည်းတာကို ဆန့်ကျင်ခဲ့တယ်။ ၁၉ ၆၉ ခုနှစ်မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေးအကြိုညှိနှိုင်းပွဲမှာ မြန်မာကိုယ်စား လှယ် အဖွဲ့က “ မြန်မာနိုင်ငံက ဘက်မလိုက်နိုင်ငံများအနေနဲ့ တတိယကမ္ဘာ အုပ်စု ဖွဲ့စည်း တာကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးရာမှာ အုပ်စုတစ်ခုခုတွင် ပါဝင် နေရခြင်း သို့မဟုတ် နှောင်ဖွဲ့နေရခြင်းကို မလိုလားကြောင်း ” အတိအလင်းပြောကြားခဲ့တယ်။ ဒါ့ အပြင် ၁၉ ၇၀ ပြည့်နှစ် မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်း အဝေး ကို လည်း နိုင်ငံတကာအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူ ပြု နိုင်မယ့် အခြေအနေ မရှိဘူးလို့ သုံးသပ်ပြီး တက်ရောက်ခြင်းမပြုခဲ့ဘူး။

၁၉ ၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို “လွတ်လပ် သော နိုင်ငံခြားရေးဝါဒ” လို့ တရားဝင် ပြင်ဆင်သတ်မှတ်ခဲ့တယ်။ ၁၉ ၇၄ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၂၆ မှာလည်း “ နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။
လမ်းစဉ်ပါတီက “ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ” ဆိုတာ “ တိကျမှန်ကန်သော ကြားနေ ရေးဝါဒ” ကို ပစ်ပယ်တာမဟုတ်ဘူး။ ကမ္ဘာ့ရေးရာတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်က အစဉ် လွတ်လပ်စွာ ရပ်တည်ဆုံးဖြတ်ဆောင်ရွက်နေတာကို ပိုမို တိကျမှန်ကန်စွာဖော်ပြနိုင်ဖို့အတွက် ပြင်ဆင်ခေါ်ဝေါ်ခြင်း ဖြစ်တယ်လို့ ရှင်းလင်းခဲ့တယ်။

မြန်မာအစိုးရရဲ့ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ အခိုင်အမာကျင့်သုံးမှုကို ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက်တဲ့ဖြစ်စဉ်မှာ အထင်အရှားတွေ့ခဲ့ရတယ်။ ၁၉ ၇၉ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျူးဘားနိုင်ငံ ဟာဗာနာမြို့တော်မှာ ကျင်းပတဲ့ ဆဌမ အကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေး မှာ မြန်မာကိုယ်စားလှယ်အဖွဲ့က ဘက်မလိုက် လှုပ်ရှားမှုရဲ့ အခြေခံမူတွေ ပျက်ပြားနေပြီး ဆိုဗီယက် အုပ်စု ဘက်ကို ယိမ်းယိုင် နေတာကို ပြင်ဆင်ဖို့အတွက်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူး။

ဒါ့ကြောင့် အဲဒီနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်း အဝေး မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးမြင့်မောင်က ဘက်မလိုက်လှုပ်ရှားမှုဟာ မူလ အခြေခံမူတွေက နေ သွေဖည်လာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက် ကြောင်းကြေညာခဲ့တယ်။ ( နဝတ အစိုးရလက်ထက် ၁၉ ၉ ၂ ခုနှစ်မှာ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့တယ်။ )

လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ

၁၉ ၈၁ ခုနှစ်မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတုတ္ထအကြိမ်ပါတီညီလာခံ က အတည်ပြုခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ” ဆိုတဲ့ စကားရပ်ကိုတော့ ပြန်လည် ပြင်ဆင်ခဲ့ခြင်းမရှိဘူး။

ပါတီညီလာခံမှာတင်သွင်းတဲ့ ဗဟိုကော်မတီ ရဲ့ နိုင်ငံ ရေးအစီရင်ခံစာမှာ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒ” ရဲ့ အခြေခံမူတွေအဖြစ် အချက် ရှစ်ချက်ကို ဖော်ပြခဲ့တယ်။ အဲဒီရှစ်ချက်ရဲ့ အနှစ်ချုပ်ကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ရေးရာများမှာ ဘက်မလိုက်ဘဲ အမှန်တရားကို လွတ်လပ်စွာ ဆုံးဖြတ် ရပ်တည်ခြင်း၊ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီး စွာဆက်ဆံခြင်း၊ကုလသမဂ္ဂမှာ တက်ကြွစွာ ပါဝင်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်သောနိုင်ငံခြားရေးဝါဒနှင့် အညီ ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တက်ကြွစွာဆောင်ရွက်ခြင်း နဲ့ နှောင်ကြိုးမပါသော ပြည်ပအကူအညီများကို လက်ခံရယူခြင်းတို့ဖြစ်ပါတယ်။

၁၉ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် နဝတ ကြေညာချက်အမှတ် ၃/ ၈၈ နဲ့ မြန်မာနိုင်ငံဟာ “ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး ဝါဒ” ကို ဆက်လက် ကျင့်သုံးမယ်လို့ ကြေညာခဲ့တယ်။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံ ရေး အဆင်မပြေတဲ့အတွက် နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ဆိုတာကိုတော့ အပြည့်အ၀ အကောင်အထည်မဖော်နိုင်ဘူး။

မြန်မာနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှု အားလုံးကို “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ” ဆိုတဲ့ အထိုင်ပေါ်ကနေ ဆန့်ကျင်ခုခံခဲ့တယ်။

နဝတ/နယက အစိုးရ လက်ထက်မှာ ထူးခြားတဲ့ နိုင်ငံခြားရေးဝါဒ အပြောင်းအလဲကတော့ ၁၉ ၉ ၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါပဲ။
အာဆီယံအဖွဲ့ကို ၁၉ ၆၇ ခုနှစ်မှာ တည်ထောင် ချိန်ထဲက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း နဲ့ ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိနေတာ ကြောင့် တော်လှန်ရေးကောင်စီအစိုးရ က အာဆီယံအဖွဲ့မှာပါဝင်လိုက်ရင် အနောက်အုပ်စုဘက်ယိမ်းတဲ့ သဘောဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပြီး အာဆီယံမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

စစ်အေးခေတ်လွန်ကာလမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင်မှာ အမေရိကန်အမြဲတမ်းအခြေစိုက်စခန်း တွေ မရှိတော့တဲ့အပြင် ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ်ပါဝင်ဖို့ ဆောင်ရွက်လာတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၄၁ မှာ “ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်း ချင်း မိတ်ဝတ် မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။ ဒီပုဒ်မကတော့ လွတ်လပ်ရေး ရချိန် ကစပြီး ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒတစ်ခုလုံးကို ခြုံငုံပြီးဖော်ပြလိုက်တာဖြစ်တဲ့အတွက် သီးခြား အနက်ဖွင့်ဖို့တောင်မလိုတော့ဘူး။

ဒါ့အပြင် ပုဒ်မ ၄၂ (ခ) မှာ “နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကို မ ျှ တပ်ချခွင့် မပြု။” ဆိုပြီး ထပ်ပြဋ္ဌာန်းထားတယ်။ ဒီအချက်က ၁၉ ၆၁ ခုနှစ် ဘက်မလိုက်နိုင်ငံများအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ သတ်မှတ်ခဲ့တဲ့ “ဘက်မလိုက်နိုင်ငံ” စံ ငါးချက်ထဲက နံပါတ်ငါး အချက် နဲ့အတူတူပဲဖြစ်ပါတယ်။

ဒီနိုင်ငံခြားရေးဝါဒကို ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရ ရော၊ အင်န်အယ်လ်ဒီအစိုးရရော လိုက်နာခဲ့တယ်။ နစက အစိုးရကလည်း သူ့ကိုယ်သူ အခြေခံဥပ ဒေနဲ့ အညီ ပေါ်ပေါက်လာတယ်လို့ ပြောရင် အခြေခံဥပဒေပါ နိုင်ငံခြားရေးဝါဒ ကို လိုက်နာ ရမှာပဲ။

သုံးသပ်ချက်

၁၉ ၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကနေ ဒီနေ့အထိ ကျင့်သုံးခဲ့တဲ့ မြန်မာ့နိုင်ငံခြားရေးဝါဒ ဟာ နာမည် အမျိုးမျိုးပြောင်းခဲ့ပေမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက် ကို လိုက်နာတာ၊ နိုင်ငံတကာအရေးအခင်းတွေမှာ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ရပ်တည်တာတွေကတော့ ပြောင်းလဲမှုမရှိတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မြန်မာအစိုးရအဆက်ဆက်ဟာ နိုင်ငံအချင်းချင်းကျူးကျော်တိုက်ခိုက်မှုမျိုးတွေကို လက်မခံခဲ့ဘူး။ ဥပမာအားဖြင့် ၁၉ ၆၈ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ချက်ကိုစလို ဗက်ကီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ဆိုဗီယက် နဲ့ မိတ်ဆွေဖြစ်နေပေမယ့် တော်လှန်ရေး ကောင်စီက နိုင်ငံအချင်းချင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ အပေါ် ဆန့်ကျင်ကြောင်းနဲ့ ဆိုဗီယက် တပ်ဖွဲ့တွေ အမြန်ရုပ်သိမ်းဖို့ တောင်းဆို ကြောင်း ကြေညာချက် ထုတ်ခဲ့တယ်။ တပ်မတော် အစိုးရ လက်ထက်မှာလည်း ဒီအခြေခံမူအပေါ် ရပ်တည်ပြီး ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ အီရတ်စစ်ပွဲ ကို ဆန့်ကျင်ခဲ့တာပဲ။

အခု ယူကရိန်းစစ်ပွဲမှာလည်း ယူကရိန်းနိုင်ငံဟာ အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ လက်ရှိ အချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်တယ်။ ဒီလိုနိုင်ငံကို ကျူးကျော် တိုက်ခိုက် တာဟာ မြန်မာနိုင်ငံက လက်ခံထားတဲ့၊ အခြေခံဥပဒေမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်ကို ချိုးဖောက်ရာရောက် နေတယ်။

ဒါ့ကြောင့် ကျွန်တော်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး လက်ရှိ ကျင့်သုံး နေတဲ့ နိုင်ငံခြားရေးမူဝါဒအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော် စစ်ကို ထောက်ခံလို့မရဘူးလို့ပဲ ယုံကြည်ပါ တယ်။

မော်တင်စွန်း (၈)

မော်တင်စွန်းရောက်ပြီး ပထမနေ့မှာ ဘုရားပတ်ဝန်းကျင်နဲ့ ငွေတောင်ကမ်းခြေကို သွားတယ်။ ဒုတိယနေ့မှာ မော်တင်စွန်းကနေ ကျောက်ကလပ် ကမ်းခြေကို ဆိုင်ကယ်၊ စက်လှေ၊ ကား သုံးဆင့်စီးပြီးသွားတယ်။ ကျောက်ကလပ်ကို သွားမယ်ဆိုရင် ရေတက်ရေကျ အချိန်ကို မေးထား ဖို့လိုတယ်။ ကျောက်ကလပ်ကမ်းခြေက ဒီရေကျချိန်မှ ကမ်းခြေကို ဆင်းလို့ ဓာတ်ပုံရိုက်လို့ ရ တယ်။ ကျွန်တော်တို့ သွားတဲ့ရက်က ၁၁ နာရီပတ်ဝန်းကျင် ရေစတက်မယ်လို့သိရတဲ့ အတွက် မော်တင်စွန်းကနေ မနက် ၇နာရီထွက်ခဲ့တယ်။ ခရီးသွားချိန်က မော်တင်စွန်းကနေ ကျောက် ကလပ်ထိ နှစ်နာရီ နီးပါးကြာနိုင်တယ်။

ဆိုင်ကယ်က ကမ်းနားလမ်းအတိုင်း ကံချိုင် ရွာကတဆင့်သွားတယ်။ ကံချိုင်ရွာက ရေလုပ်ငန်း လုပ်တဲ့ ရွာကြီး။ ရွာကနေ ပင်လယ်ကမ်းခြေဘက်ဆင်းလိုက်ရင် ကျား (၁) ၊ ကျား (၂ ) ၊ ကျား (၃) ဆိုတဲ့ ငါးဖမ်းလှေဆိပ်တွေရှိတယ်။ အဲဒီလှေဆိပ်တွေမှာ ငါး၊ပုစွန်ဒိုင်တွေလည်း ရှိတယ်။ ကံချိုင် – ဟိုင်းကြီးကျွန်းတံတားအထိ လမ်းက ကတ္တရာလမ်းပေမယ့် ရွာတွေကြားက ဖြတ်သွားရတော့ လမ်း ကျဉ်းပြီး အကွေ့အကောက်များတယ်။ ကိုယ့်ကားနဲ့ ကိုယ် သွားမယ်ဆိုရင်တော့ ကျောက်ချောင်း လမ်းခွဲကို ပြန်သွားပြီး ပုသိမ်၊ ဟိုင်းကြီးကျွန်းကားလမ်းအတိုင်း သွားတာကောင်းတယ်။ အဲဒီလမ်းက ကံချိုင်လမ်းနဲ့ ဟိုင်းကြီးကျွန်းတံတားမှာ ပြန်ဆုံတာပဲ။

ဟိုင်းကြီးကျွန်းတံတားရှိတဲ့နေရာက ခမောက်မော်ဆိပ်ကမ်းဖြစ်တော့ တံတားပတ်ဝန်းကျင်မှာ “ မြတ် မော်တင်စွန်းဘုရားပွဲတော်သို့” ဆိုင်းဘုတ်နဲ့ သာသနာ့အလံတွေထောင်ထားတဲ့ ဘုရား ဖူး ရေယာဉ်တွေကို တွေ့ရတယ်။ ကျွန်တော်တို့ ဆိုင်ကယ်ဖြတ်နေတုန်း ဘုရားဖူးလှေတစ်စီး ဝင်လာ တာလည်း တွေ့လိုက်ရတယ်။ ဟိုင်းကြီးကျွန်းတံတားဖြတ်ပြီးတာနဲ့ ဟိုင်းကြီးကျွန်းမြို့ကို ရောက် တာမဟုတ်ဘူး။ ဟိုင်းကြီးကျွန်းပေါ်မှာ ကျေးရွာခုနှစ်ရွာရှိပြီး ဟိုင်းကြီးမြို့က ငဝန်မြစ်ဘက်အခြမ်း မှာ ရှိတာဆိုတော့ ကျွန်းကိုဖြတ်ပြီး ဆိုင်ကယ်စီးသွားရတဲ့သဘောပဲ။ တံတားကိုဖြတ်ပြီးတော့ စံပြ၊ အဏ္ဏဝါ စတဲ့ရွာတွေကို ဖြတ်ပြီးတဲ့အခါ ဟိုင်းကြီးကျွန်းမြို့ကို ရောက်တယ်။

ဟိုင်းကြီးကျွန်းမြို့အဝင်မရောက်မီ လမ်းဘယ်ဘက်မှာ ခြံဝင်းခတ်ထားတဲ့နေရာတစ်ခုရှိတယ်။ အဲဒီ ခြံဝင်းနေရာမှာ “ သမိုင်းဝင်ဟိုင်းကြီးကျွန်းတိုက်ပွဲနေရာ” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး “ ကျူးကျော်သူ အင်္ဂလိပ်လူမျိုး Captain Southby ၊ မစ္စတာဟုတ်၊ မစ္စတာ ဘရစ်နှင့် အခြားနောက်လိုက်နောက်ပါ တို့အား အလောင်းမင်းတရားကြီး၏ တပ်မတော်မှာ အာမေးနီးယန်း လူမျိုးမင်းရဲကောင်းပုံဘွဲ့ခံ Antonio၊ ကလန်ပွားနှင့် မြင်းစီးသိင်္ခနုရာတို့မှ ၁၇၅၉ ခု၊ အောက်တိုဘာလ ၆ ရက်နေ့တွင် တိုင်း ပြည်၏ နောင်ရေးအတွက် တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် သမိုင်းဝင်တိုက်ပွဲဖြစ်စဉ်နေရာ” လို့ ရေး ထားတဲ့ဆိုင်းဘုတ်ရှိတယ်။

ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးအဆိုအရတော့ဟိုင်းကြီးကျွန်းဖြစ်စဉ်က မြန်မာ- အင်္ဂလိပ် စစ်တပ်တွေ ရင်ဆိုင်တိုက်တဲ့ တိုက်ပွဲမဟုတ်ပါဘူး။ ဟိုင်းကြီး ကျွန်း မှာ ဖွင့်ထားတဲ့ အင်္ဂလိပ် ကုမ္ပဏီက အလောင်းဘုရားနဲ့ စစ်ဖြစ်နေတဲ့ ဟံသာဝတီဘုရင်ကို လက်နက်ခဲယမ်းအကူအညီ ပေးတယ်ဆိုတဲ့ သတင်းအရ မင်းရဲကောင်းပုံ ခေါင်းဆောင်တဲ့ မြန်မာ စစ်သည် တစ်ရာကျော်ကို လွှတ်ပြီးရုံးကိုဖျက်ဆီး၊အင်္ဂလိပ်ကုန်သည်အဖွဲ့တွေကိုဖမ်းခိုင်းလိုက်တာပါ။မဟာရာဇဝင်တော်ကြီးမှာတော့ အင်္ဂလိပ်သေတဲ့၊ ဖမ်းမိတဲ့စာရင်းမပါဘူး။ ရွှေ၊ ငွေ၊ အဝတ် အထည်နဲ့ လက်နက်ခဲယမ်း တွေကို သမ္ဗန်ခုနစ်စီးနဲ့ ပြန်သယ်လာခဲ့တယ် ၊ အင်္ဂလိပ်သဘောၤနဲ့ လှေတွေ ကျောက်ကြိုး ဖြုတ်ပြီး ထွက်ပြေးသွားတယ်လို့ပဲပါတယ်။

ဟိုင်းကြီးကျွန်းသဘောၤဆိပ်ရောက်တော့ စက်လှေငှား ငဝန်မြစ်ဝကို ဖြတ်ပြီး အလယ်ကျွန်း ချောင်းဝရွာကို စက်လှေနဲ့ ကူးတယ်။ စက်လှေခ လေးသောင်းပေးရတယ်။ စက်လှေက အကြီးကြီး၊ ခရီးသည်ကနှစ်ယောက်ထဲ၊လူများများနဲ့သွားမှတန်မှာပါ။စက်လှေက ၄၅ မိနစ် စီးရတယ်။ ချောင်း၀ ရောက်တော့ ကျောက်ကလပ်ကို သွားဖို့ ကားငှားရတယ်။ လူများရင်တော့ လိုက်ထရပ်ငှားပေါ့။ ကျွန်တော်တို့ ကတော့ နှစ်ယောက်ထဲဆိုတော့ စက်လှေဆရာချိတ်ပေးတဲ့ ဗင်ကားလေးနဲ့ သွား တယ်။ ကား ခ လည်း လေးသောင်းပဲ။

တကယ်တော့ ကျောက်ကလပ်ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်က စက်တင်ဘာ၊ အောက်တို ဘာ လတွေဖြစ်ပါတယ်။ အဲဒီအချိန်သွားရင် ကျောက်ကလပ် ကမ်းခြေကျောက်သားပြင်တွေပေါ်မှာ ရေညှိစိမ်းတွေရှိနေတဲ့အတွက် ရှုခင်းအလွန်လှပါတယ်။ အွန်လိုင်းပေါ်မှာတွေ့နေရတဲ့ အစိမ်းရောင် ကျောက်ကလပ်ကမ်းခြေရှုခင်းပုံတွေက အဲဒီအချိန်ကာလမှာရိုက်ထားတာတွေဖြစ်ပါတယ်။

နောက်ပြီးတော့ ကျောက်ကလပ်ကိုပဲ တိုက်ရိုက်လာချင်တယ်ဆိုရင်တော့ အနီးဆုံးလမ်းက ရန်ကုန်- လပွတ္တာကားလမ်းအတိုင်းလာဖို့ဖြစ်ပါတယ်။ ရန်ကုန် – လပွတ္တာက ၁၀၅ မိုင်ရှိတယ်။ လပွတ္တာကနေ သက္ကသောင်မြစ်ကို ဇက်နဲ့ ကူးပြီး ကိုယ့်ကားနဲ့ ကိုယ် ကျောက်ကလပ်အထိ လာ လို့ရတယ်။ ဒါပေမယ့် ဇက်က တစ်နေ့နှစ်ကြိမ်ပဲရှိတယ်။ ပြီးတော့ ဇက်ဆိပ်ကနေ ချောင်း၀ ၊ ကျောက်ကလပ် ကားလမ်းပေါ်ရောက်တဲ့အထိ လာရတဲ့လမ်းက ကျောက်ကြမ်းလမ်း၊ မိုင် ၃၀ လောက် ကို သုံးနာရီလောက်မောင်းရတဲ့လမ်းဆိုတော့ ကိုယ့်ကားနဲ့ကိုယ်လာလို့ မကောင်းဘူး။

ကျောက်ကလပ်ရှုခင်းကို ညအိပ်ညနေ နေပြီး ရိုက်ချင်တဲ့သူတွေကတော့ ခရီးသည်တင်ဘတ်စ် ကားနဲ့ လပွတ္တာကိုလာ၊ အဲဒီကနေ တုတ်တုတ်နဲ့ ဇက်ဆိပ်ကို ဆင်း၊ ဒီဘက်ကမ်းကို စက်လှေ နဲ့ ကူးပြီး ဆိုင်ကယ် သို့မဟုတ် ကားငှား၊ ကျောက်ကလပ်နဲ့ နီးတဲ့ မကျည်းချိုင်၊ အစင်းချိုင်တို့ မှာ အိမ်ငှား၊ နှစ်ရက်၊ သုံးရက်နေကြတယ်။ တချို့ကတော့ ကိုယ့်ကားနဲ့ လပွတ္တာအထိလာ၊ ကားကို လပွတ္တာမှာထားပြီး ဒီဘက်ကို ခရီးဆက်ကြတယ်။

ကားငှား၊ အိမ်ငှားမယ်ဆိုရင် မကျည်းချိုင်၊ အစင်းချိုင်က ဒေသခံတွေကို ဆက်သွယ်ရမယ်။ သူ တို့က ဇက်ဆိပ်အထိ လာကြိုပေးတယ်။ ကိုယ့်ကားကို ဇက်ဆိပ်မှာထားမယ်ဆိုရင်လည်း စိတ်ချတဲ့ နေရာမှာ အပ်လို့ရအောင် စီစဉ်ပေးတယ်။ ကားညအိပ်ခတော့နည်းနည်းပေးရမှာပေါ့။ အိမ်က တော့ အိမ်အရွယ်အစား၊ လူအနည်းအများပေါ်မူတည်ပြီး တစ်ည နှစ်သောင်းကနေ ငါးသောင်း လောက် အထိ ရှိတယ်ပြောတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ တည်းခိုအိမ်တွေကတော့ အုတ်တစ်ထပ် တိုက်လေးတွေပါ။ ကျွန်တော်စီးခဲ့တဲ့ ကားသမား ကိုစိုးလှိုင် ( ဖုန်း ၀၉ ၇၇၃၇၇၃၅၇၅ ၊ ၀၉ ၄၅၃ ၄၄၄ ၀၄၀ ) ကို ဆက်သွယ်ရင်လည်း သူစီစဉ်ပေးလို့ရပါတယ်။

တကယ်တော့ ကျောက်ကလပ်ကမ်းခြေက နောက် ရေညှိစိမ်းတွေရှိတဲ့ကာလ အရုဏ်တက်ချိန်၊ နေ ဝင်ဆည်းဆာချိန်တွေရိုက်မှ လှတာ။ နောက်ပြီး ကျောက်ကလပ်ရှိတဲ့အလယ်ကျွန်းမှာက ကျောက် ကလပ်အပြင် ဓားသွေးကျောက်ကမ်းခြေ၊ ထိပ်စွန်း၊ ရှင်စောပုဘုရားကမ်းခြေ တွေကိုလည် ပတ် လို့ရသေးတယ်။ ဒါ့အပြင် ငါးဖမ်းလုပ်ငန်း၊ ကျောက်မီးဖို လုပ်ငန်းစတဲ့ဒေသထွက်ကုန်လုပ်ငန်းတွေ ကိုလည်း လေ့လာလို့ရသေးတယ်။ ဒ့ါကြောင့် နှစ်ရက်၊ သုံးရက်နေပြီး လေ့လာကြည့်ရှု ဓာတ်ပုံ ရိုက် နိုင်ရင် အကောင်းဆုံးပဲ။ ဓာတ်ပုံဆရာတွေက အဲဒီလို လာလေ့ရှိသလို တချို့ လူငယ်လေးတွေ ကလည်း အုပ်စုနဲ့ ကိုယ်ပိုင်ဓာတ်ပုံဆရာခေါ်ပြီး ဓာတ်ပုံလာရိုက်တာလည်း ရှိတယ်။

သတိထားရ မှာကတော့ အဲဒီလိုလာမယ်ဆိုရင် ဒေသခံတွေနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ လို ပါတယ်။ ဒေသခံ မဟုတ်တဲ့ ပုဂ္ဂိုလ်တချို့က ဖေ့စ်ဘွတ်ပေါ်မှာ ပုံလှလှလေးတွေတင်ထား၊ လာ ဆက်သွယ်တဲ့ သူ တွေက မတန်တဆငွေတောင်းပြီး စီစဉ်ပေးကြတယ်လို့ ဆိုတယ်။ ကျွန်တော် တို့ နေ့လယ်စာ စားတဲ့ ထမင်းဆိုင်ကဆိုရင် ရန်ကုန်က ကောင်မလေး သုံးယောက်၊ ကောင်လေး တစ်ယောက်ပါတဲ့အဖွဲ့ကို နှစ်ညအိပ်သုံးရက် ခရီးအတွက် ၁၃ သိန်းနဲ့ရိုက်သွားတဲ့သူ အကြောင်း ပြော ပြတယ်။ ၁၃ သိန်းဆိုတာက ကျွန်းပေါ်သွားဖို့ တည်းဖို့ စားဖို့ နဲ့ ဓာတ်ပုံရိုက်ပေးဖို့ပဲ။ ရန်ကုန် ကနေ လပွတ္တာ အထိ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာရတာ။ အဲဒီဓာတ်ပုံဆရာအမည်ခံသူ ရိုက်ချက် ကတော့သူ့မှာ ကင်မရာကေင်းကောင်းမရှိလို့ ဧည့်သည်တွေက ယူလာရတယ်။

ကျွန်တော်ကတော့ ဒီခရီးစဉ်က လမ်းခရီးအခြေအနေလေ့လာတဲ့ခရီးပဲဖြစ်တဲ့အတွက် ကျောက် ကလပ်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ နဲ့ ရှင်စောပုဘုရားကမ်းခြေကိုပဲ ရောက်ဖူးတယ် ဆိုရုံ သွားကြည့်ပြီး မကျည်းချိုင်မှာနေ့လယ်စားစားပြီး ပြန်ထွက်ခဲ့တာ မော်တင်စွန်းကို ညနေ နှစ်နာရီ မှာ ပြန်ရောက်တယ်။

ကျောက်ကလပ်ခရီးစဉ်ပြီးတော့ မော်တင်စွန်းမှာ လည်ပတ်ကြည့်ရှုဖို့နေရာကုန်ပြီဖြစ်တဲ့အတွက် ရန်ကုန်ပြန်ဖို့ စီစဉ်ပါတယ်။

ဆက်လက်ဖော်ပြပါ့မယ်။

လွန်ခဲ့တဲ့ ခုနစ်တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နဲ့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအတွက် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ်ခြင်း မပြုမီ သမ္မတဦးသိန်းစိန်က ပထမအကြိမ် ပြည်ထောင်စု လွှတ် တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်နေ့အစည်းအဝေး မှာ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပါတယ်၊ အဲဒီမိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင် ချက် များ ကို ပြန်လည်သုံးသပ်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲ အခြေ အနေ များ ကိုလည်း အခုလို ပြောခဲ့ပါတယ်-

  • “သက်တမ်းအလိုက် ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ်ရဲ့ အင်္ဂါရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများကနေ ပြည်သူများရဲ့ အဆုံးအဖြတ်အတိုင်း နိုင်ငံရေးပါတီများရဲ့ အနိုင်၊ အရှုံးဆိုတာလည်း ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ အများစုအနိုင်ရတဲ့ ပါတီများက နိုင်ငံ နဲ့ပြည်သူအကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်သလို အနည်းစုပါတီများ ကလည်း အမျိုးသားအကျိုးစီးပွားအခြေခံပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်ရင် အပြု သဘော ဆောင် ဝေဖန်ထောက်ပြခြင်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ နောင်အဆက် ဆက်သော ရွေးကောက်ပွဲများမှာ မိမိတို့ပါတီရဲ့မူဝါဒများကို ပြည်သူတွေလက်ခံ ယုံကြည်လာ အောင် ဒီမိုကရေစီနည်းလမ်းတကျ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲ ပြီးသွားချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ ပြည်သူ့အဆုံးအဖြတ်တိုင်း အနိုင်၊အရှုံး ဆိုတာ ရှိနေမှာပဲ၊ ဒါ့ကြောင့် အခုအနည်းစုဖြစ်သွားတဲ့ ပါတီ တွေအနေနဲ့ ကိုယ့်ပါတီမူဝါဒကို ပြည်သူလက်ခံလာအောင် ဒီမိုကရေစီနည်းလမ်းတကျ ကြိုးစားဖို့ပဲလိုတယ်ဆိုတဲ့ စကားကို မေ့သွားကြတာအတော်ဆိုးတာပဲ။