ညနေရောက်တော့ ရွှေမြိုင်စိန်ဆိုင်က ရှာပေးတဲ့ လမ်းပြရောက်လာတယ်။ အသက် သုံးဆယ် ကျော်၊ ကိုဝင်းကျော်သူတဲ့။ မွေးတာကတော့ သိမ်ဇရပ်နဲ့ ကျိုက်ထိုကြားက အင်္ဂဘိုရွာမှာ၊ ဒါပေမယ့် ကင်းမွန်းချောင်းရောက်နေတာ နှစ်သုံးဆယ်နီးပါးရှိပြီ။ ကျွန်တော်နဲ့ ကျွန်တော့်အဖော် ရဲ့ အဝတ်အိတ် တွေကို ဆကြည့် တယ်။ ပြီးတော့ ဘယ်လောက်ပေးရမလဲဆိုတာ ပြောတယ်။ ဘယ်လောက်ပေး ရသလဲဆိုတာ တော့ ထည့်မရေးတော့ဘူး။ အိတ်အရေအတွက်၊အလေးချိန်၊ လမ်းကြောင်းရာသီ ဥတု အခြေ အနေ ပေါ်မူတည်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ( တောင်တက် ခရီးအတွက် ဆက်သွယ်ချင်တယ်ဆိုရင် ကိုဝင်းကျော်သူ ဖုန်းနံပါတ်က ၀၉ ၈၉၄ ၁၁ ၅၅ ၂၅ ပါ။ )
ညနေ ၆ နာရီကျော်တော့မီးလာတယ်။ ဆယ်နာရီကျော်တော့ မီး အိမ်ပြန်သွားတယ်။ ဒါပေမယ့် ည ၁၁ နာရီ ကျော်မှာ မိုးကြီး လေကြီး ရွာတဲ့အတွက် အပူဒဏ်မခံလိုက်ရဘူး။ မိုးက မနက် လေးနာရီ လောက်မှာ တိတ်သွားတယ်။ မနက်ငါးနာရီမှာ လမ်းပြရောက်လာတယ်။ ကျွန်တော် တို့နဲ့ အတူ လမ်းမှာ မိုးရွာရင် လိုအပ်မယ့် အကာအကွယ်တွေ ပြင်ဆင်တယ်။ ကျွန်တော် တို့ကတော့ မိုးရွာရင် စို၊ နေပူရင်ခြောက် လို့ သဘောထားတဲ့အတွက် အဝတ် အစားတွေ၊ ကြောပိုးအိတ် တွေအတွက်ပဲ ပြင်ဆင်ရတာပါ။ အဝတ်အိတ်တွေအတွက် ပလတ်စတစ် အိတ်ကြီးတစ်လုံး နဲ့ ကျွန်တော့် ကြောပိုးအိတ်အတွက် ကြွပ်ကြွပ်အိတ်အမည်း အကြီးတစ်လုံးကို ထမင်းဆိုင်က ပေးတယ်။ ကင်မရာအိတ်က မိုးရေခံအစွပ်ပါတဲ့အတွက် ပြဿနာမရှိဘူး။ဒါပေမယ့် ကံကောင်းချင် တော့ တောင်ထိပ်ရောက်တဲ့အထိ မိုးမရွာဘူး။ မနက်စာ အတွက် ကတော့ ရွာထဲက ကောက်ညှင်းပေါင်း ဝယ်တယ်။ ထမင်းဆိုင်က ကြာဆံကြော်တစ်ပွဲဝယ်တယ်။
ငါးနာရီခွဲမှာ စထွက်တယ်။ တောင်တက်လမ်းက တောင်ခြေကနေ ရင်ပြင်အထိ ခုနှစ်မိုင်ခွဲရှိတယ်။ တည်းခိုခန်းကနေ ဆိုရင် ၈.၂၄ မိုင်ရှိတယ်။ တောင်တက်လမ်းစပြီဆိုတာနဲ့ ခြေလှမ်းမှန်မှန်၊ အသက်ရှုမှန်မှန်နဲ့ တက်ဖို့ ကြိုးစားရတယ်။ ကျိုက်ထီးရိုးဘုရားကို အသက်နှစ်ဆယ်ကျော် ၁၉ ၈၃ ခုနှစ်က ခြေလျင်တစ်ကြိမ်တက်ခဲ့ဖူးတယ်။ အခု နှစ်လေးဆယ် နီးပါးကြာ အသက် ခြောက်ဆယ် ကျော်မှာ ခံနိုင်ရည်ဘယ်လောက်ရှိသေးလဲ ဆိုတာ သိချင်လို့ ဒုတိယအကြိမ် ထပ်တက်တာပါ။
ကျိုက်ထီးရိုးခြေလျင်တောင်တက်လမ်း စခန်းတွေမှာ စခန်းနာမည်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးထားတဲ့ မှတ်တိုင်လေးတွေရှိတယ်။ ပြီးတော့ တောင်ခြေကနေ အကွာ အဝေးကို မိုင်/ဖာလုံ နဲ့ဖော်ပြထားတယ်။ တချို့မှတ်တိုင်တွေကတော့ တစ်ပိုင်းတစ်စပဲဖတ်လို့ရတော့တယ်။ လုံးဝပျက်သွားတာလည်း ရှိနိုင်ပါတယ်။ ကျွန်တော်မှတ်တမ်းတင်နိုင်ခဲ့တဲ့ စခန်းအမည်တွေက တော့ တောင်ခြေကနေ တောင်ထိပ်အထိ အောက်ပါအတိုင်းဖြစ်ပါတယ်-
ကင်းမွန်းချောင်း၊ရေမြောင်လေး၊ မရမ်းတောင် ၊ ရွှေရင်ဆို့ ( ၁ မိုင် ) ၊ ရွှေရင်သာ၊ သစ်ချစခန်း ၊ အထက်ရေတံခွန် ၊ ကျားဆွဲ ၊ မေ ျှာ်တော်မူ ၊ ရေမြောင်ကြီး ၊ ပန်းမတောင် ၊ မဟာမြိုင် ၊ ကွမ်းသီးသုံးပင် ၊ ဘိုးပြန်တောင် ( ၃ မိုင် ၃ ဖာလုံ) ၊ ဆိုင်တမော့ ( ၄ မိုင် ) ( မူရင်းသတ်ပုံ) ၊ မြေဖြူတောင် ၊ စခန်းလေး ( ၆ မိုင် – ဖာလုံ) ၊ လမ်းဆုံ ( ခြေလျင်လမ်းနှင့် ကားလမ်းဆုံ) ၊ ရင်ပြင်ကားရပ်စခန်း။
လမ်းကြောင်းအခြေအနေကတော့ ဆိုင်တမော့ အထိကတော့ အတက်များပါတယ်။ မြေပြန့် မရှိ သလောက်ပဲ။ အတက်ကြမ်းတဲ့နေရာတွေကတော့ နာမည်နဲ့ လိုက်တဲ့ ရွှေရင်ဆို့၊ ဘိုးပြန် တောင်နဲ့ ဆိုင်တမော့တို့ပါပဲ။ ဘိုးပြန်တောင် ထိပ်ရောက်ပြီဆိုရင်တော့ တောင်ထိပ် အထိ ရောက်အောင်သွားနိုင်ဖို့ စိတ်ချရပါပြီ။ စခန်းတိုင်းလိုလိုမှာ တဲတွေ၊ တောရကျောင်းတွေရှိနေတော့ လူမပြတ်ဘူး။ ဖုန်းလိုင်းလည်း မိတယ်။
ထူးခြားတဲ့ နာမည်နဲ့ “ ကျားဆွဲ” စခန်းဆိုတာက တစ်ချိန်က သစ်ခုတ်၊ ဝါးခုတ် လာတဲ့ လူ သုံးယောက် တောစောင့်၊ တောင်စောင့်နတ်တွေကို စော်ကားတဲ့ စကားတွေပြောပြီး အဲဒီနေရာက ကျောက်ဖျာပေါ်မှာ ညအိပ်တဲ့အခါ အလယ်မှာအိပ်နေတဲ့သူကို ကျားဆွဲ သွားတဲ့နေရာလို့ ပြော တယ်။ အဲဒီစခန်းမှာ ကျားဆွဲ ဘိုးဘိုးကြီးနတ်နန်း ရှိပေမယ့် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်း တော့ အမိုးတွေပြိုကျနေပြီ။
ရေမြောင်ကြီးကတော့ တစ်ထောက်နားစခန်းပေါ့။ ခြေလျင်ခရီးပဲ အတက်/အဆင်းရှိတဲ့ အချိန်က တော့ ဒီနေရာမှာ နား၊ ရေချိုး လုပ်ကြတယ်။ လမ်းညာဘက် ကုန်းပေါ်မှာ ခရီးသည်တွေ နားဖို့ ဇရပ် ကြီးတစ်ဆောင်ရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ပြိုကျသွားတဲ့ အတွက် အခုတော့ အင်္ဂတေကြမ်းခင်းနဲ့ တိုင်နေရာဟောင်းတွေပဲ ကျန်တော့တယ်။ ရေမြောင်ကြီးမှာ “ကျိုက်ထီးရိုး ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့၊ ရေမြောင်ကြီး စခန်းခွဲ” ရှိတယ်။ ခြေလျင်အတက်အဆင်း ခရီး သည်တွေ ကို အဲဒီနေရာက စောင့်ပြီး စာရင်းကောက်တယ်။ အခက်အခဲရှိရင် ကူညီပေးတယ်။
စာရေးတော့သာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့လို့ အပြည့်အစုံရေးတာပါ။ ဒီလမ်းကြောင်း နဲ့ တောင်ပေါ်မှာတော့ ဂေါပကအဖွဲ့ကို “ ဂေါ ” လို့ပဲ အတိုကောက်ခေါ်ကြတယ်။ ရေမြောင် ကြီး မှာတွေ့တဲ့ ဂေါ အဖွဲ့သားတွေကို မေးကြည့်တော့ လူအနည်းအများပဲ ကွာတာပါ။ အတက် အဆင်းတော့ နေ့စဉ်လိုလို ရှိပါတယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့ တောင်ထိပ် ရောက်တဲ့အထိ နောက်က လိုက်မီလာတဲ့ အဖွဲ့ မရှိသလို အဆင်းအဖွဲ့နဲ့ ဆုံ တာလည်းမရှိဘူး။
ရေမြောင်ကြီးမှာ စားသောက်ဆိုင် နှစ်ဆိုင်ရှိတယ်။ တစ်ဆိုင်က ဘုရားဖူးခရီးထွက်လို့ ပိတ်ထား တယ်။ ဖွင့်တဲ့ဆိုင်မှာလည်း ကော်ဖီမစ်တို့ ဘာတို့ပဲ ရတယ်။ အရင်က ထမင်း၊ ဟင်း ရောင်း ပေမယ့် အခုတော့ ဘုရားဖူးနည်းတဲ့အတွက် ကော်ဖီမစ်၊ လက်ဖက်သုပ်၊ ငါးသေတ္တာ၊ ကြက်ဥ ကြော် နဲ့ မာမီးခေါက်ဆွဲ/ ကြာဆံပြုတ်တို့ပဲရတော့တယ်တဲ့။ ဈေးတန်းတွေ အခြေအနေ ကောင်း ချိန် က ချိတ်ဆွဲထားပုံရတဲ့ ဟင်းလျာစာရင်းမှာတော့ တောကောင်သားများအပါအဝင် ဟင်းလျာ ၃၅ မျိုး နာမည်အပြည့်အစုံ နဲ့အအေးမျိုးစုံရသည်လို့ ဖော်ပြထားတယ်။
ဆိုင်မှာထိုင်၊ ကော်ဖီမစ် မှာပြီး ပါလာတဲ့ ကောက်ညှင်းပေါင်းကို စားဖို့ ပြင်နေတုန်း ဒန်ဇလုံ ကြီး ခေါင်းပေါ်ရွက်ထားတဲ့ဈေးသည် အမျိုးသမီးတစ်ယောက်တက်လာတယ်။ သူ့ဇလုံကြီးထဲမှာ အမျိုး အစားမသိတဲ့ ပင်လယ် ငါးခြောက်တွေပါလာတယ်။ လက်သုံးလုံးလောက် အပြားလေးသုံးခုကို တစ်ထောင့်နှစ်ရာ နဲ့ ဝယ်၊ ဆိုင်ကို ကြော်ခိုင်းပြီး ကောက်ညှင်းပေါင်းနဲ့ စားတယ်။ ဈေးသည် အမကြီး က ရေ မြောင်ကြီးကပဲ။ မနက် သုံးနာရီထပြီး ဆိုင်ကယ်နဲ့ ကျိုက်ထို သွား ဈေးဝယ်၊ ပြန်လာပြီး ရေမြောင် ကြီးနဲ့ ဘိုးပြန်တောင်ကြားမှာရှိတဲ့ တဲစုတွေမှာ ဈေးလိုက်ရောင်းတယ်။
သူ့ဇလုံကြီးထဲမှာ ကြက်၊ ငါး၊ ဝက်၊ အသီးအရွက်၊ ငါးခြောက် အပြင် နတ်အုန်းသီးအသေး( ကြွက်မြီးတန်း) တောင်ပါ သေးတယ်။ ဆိုင်ကယ်ခ အသွားအပြန်ခြောက်ထောင် နှုတ်လိုက်ရင် တစ်နေ့ သုံးလေး ထောင် ပဲ ကျန်တယ်။ အကြွေးကလည်းကျတော့ အရင်းမပြုတ်အောင် မနည်းလုပ်နေရသတဲ့။ ဘုရားဖူး ကလည်း နည်း၊ တောထဲလည်း မတိုးနိုင်တော့ ဒါလေးပဲ လုပ်နေရတာလို့ ပြောပြီး ဆက်ထွက် သွားတယ်။ အပန်းဖြေဖို့ တောင် တက်နေ သူဟာ ဝမ်းရေးခက်ခက် အတွက် နေ့စဉ် တောင်ပေါ် တောင်အောက် အတက်အဆင်း လုပ်နေရ သူရဲ့ နောက်ကြောကို ငေးကြည့်ရင်း အတွေးကြွယ်နေမိတယ်။
အဲဒီလို ဈေးသည်မျိုးသုံးယောက်ကို မြေဖြူတောင်နားမှာ တွေ့ပြန်တယ်။ သူတို့ကတော့ တောထဲ ကရလာတဲ့ မ ျှစ်နဲ့ အသီးအရွက်တွေကို တောင်ပေါ်တက်ရောင်းတာ။ အမျိုးသမီးတစ်ယောက် လက်ထဲမှာတော့ အိမ်ပြန်လက်ဆောင် ခေါက်ဆွဲသုပ် အထုပ်လေးပါလာတယ်။ ခြေလျင် တောင် တက်လမ်းမှာ ရှိတဲ့ ဈေးဆိုင်တွေမှာ တချို့က ဆိုင်ပိတ်ပြီး အောက်ဆင်း အခြားအလုပ်လုပ်နေ ကြတယ်။ သူတို့ကတော့ အခြေအနေကောင်းမှပြန်တက်လာမယ့်သူတွေပေါ့။ တစ်ချို့က တော့ ဆိုင်ပိတ်ပြီး မီးသွေးဖုတ်၊ ဝါးခုတ်၊ မ ျှစ်ချိုး၊ ဒညင်းသီးခူး စသည်ဖြင့် အဆင်ပြေသလို လုပ်ကိုင် စားသောက်နေကြတယ်။ ကော်ဖီမစ်၊ အအေးတွေလောက်ပဲ ရောင်းနိုင်တော့တဲ့ ဆိုင်တွေ လည်း ရှိတယ်။ လမ်းတစ်နေရာမှာတော့ ဆိုင်ပျက်သွားတဲ့အတွက် ကြံရည်ကြိတ်စက် လေး တစ်လုံးထဲ အထီးကျန်နေတာမြင်ခဲ့ရတယ်။
မြေဖြူတောင်အကျော် စခန်းလေး ဆိုတဲ့နေရာကတော့ ကျိုက်ထီးရိုးနဲ့ အနီးဆုံးဆိုတော့ ရွာလေးလိုဖြစ်နေပြီ။ စခန်းလေး ကို ကျော်တော့ ကားလမ်းနဲ့ ခြေလျင်လမ်းဆုံတဲ့ လမ်းဆုံ ဆိုတဲ့နေရာကို ရောက်တယ်။ အဲဒီမှာ ကျိုက်ထီးရိုး ခြေလျင်လမ်းဆိုတဲ့ လမ်းညွှန်ရှိတယ်။ ခြေလျင်လမ်းအတိုင်း ဆယ်ငါးမိနစ်လောက် ဆက်တက်လိုက်တဲ့အခါ တောင် ပေါ် ကားရပ်နားကွင်းကို ရောက်တယ်။
ကျွန်တော်တို့လမ်းပြက အထမ်းသမားကပ်ပြားမရှိတဲ့အတွက် ကားရပ်နားကွင်းကို ကျော်လို့ မရဘူး။ သူ့မိတ်ဆွေ အထမ်းသမားတစ်ယောက်နဲ့ချိတ်ပြီး ပစ္စည်းလွှဲပေးတယ်။ ကားရပ်နား စခန်းကျော် တာနဲ့ ခြေလျင်တောင်တက်ခရီးရဲ့ အခက်ခဲဆုံးအပိုင်းနဲ့ ရင်ဆိုင်ရပြီ။ လာပါ ယူပါ စားပါ ဝင်ကြည့်ပါ ခေါ်သံ တွေကို ဥပက္ခာပြု၊ ပုတီးလေးတွေ အတင်းထိုးပေးနေတဲ့ ကလေး တွေကို ရှောင်လင် သိုင်း၊ လေပွေသိုင်းတွေနဲ့ ကျော်ဖြတ်၊ အထဲ မဝင်ရင် အပြစ်ရှိမယ့် သဘော ပြောနေသူ တွေ ကို လျစ်လျူရှု ၊ အားလုံးကို ကျော်ဖြတ်နိုင်တဲ့အခါ ဘုရားရင်ပြင်တော် ပေါ်ကို ရောက်ပါပြီ။ ရင်ပြင်တော်ပေါ်ရောက်တဲ့အထိ ခရီးသွားချိန် ၅ နာရီ ၅၂ မိနစ်ကြာတယ်။ လမ်း
လေ ျှာက်တဲ့အချိန်က ၄ နာရီ ၂၀ မိနစ်ရှိပါတယ်။ ကျန်တာက စား၊ နား ၊ ဓာတ်ပုံရိုက်ချိန်ပေါ့။
ရင်ပြင်တော်ကနေ ကင်မွန်းစခန်းဘက်ကို ပြန်ကြည့်လိုက်တဲ့အခါ ဘယ်ဘက်မှာ ခြေလျင် တောင်တက်လမ်း ရှိတဲ့ တောင်ကြောအရှည်ကြီးကို မြင်နေရပြီး ကိုယ့်အောင်မြင်မှုအတွက် ပီတိ ဖြစ်ရတယ်။ တောင်တက်ခြင်း မှာ ဖြတ်လမ်းမရှိဘူး။ ဖြတ်လမ်းသုံးရင် အန္တရာယ်များတယ်။ တောင်တက်သူချင်း ရိုင်းပင်းကူညီရတယ်။ ငါပဲတောင်ထိပ်ရောက်ရမယ်၊ ကျန်တဲ့သူ မရောက် စေရဘူးဆိုတဲ့ ယုတ်ညံ့တဲ့ စိတ်မရှိရဘူး။ တောင်ထိပ်မှာ တစ်သက်လုံးနေချင်လို့ လည်း မရဘူး။ နောက်က တက်လာသူတွေအတွက် နေရာပေးရတယ်။ တောင်ထိပ်က ပြန်ဆင်း ရတာ ဟာ ဆုံးရှုံးမှု မဟုတ်ဘူး။ အောင်မြင်မှုလို့ ခံယူရတယ်။ ဆင်းတဲ့သူက တက်လာတဲ့ သူကို အားပေး ရတယ်။ ဒါ့ကြောင့်လည်း “ တောင်တက် ခြင်းဟာ တောင်ကို အောင်နိုင်ခြင်းမဟုတ်ဘူး၊ မိမိကိုယ် မိမိ အောင်နိုင်ခြင်းဖြစ်တယ်” လို့ ပြောကြတာဖြစ် ပါတယ်။
ဒါဟာ တောင်တက်ခြင်းရဲ့ အရသာပဲ။ ဘဝမှာ စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး ဘာပဲလုပ်လုပ် တောင်တက်ခြင်း လို သဘောထားနိုင်ရင် စိတ်ငြိမ်း ချမ်းမှုရမှာသေချာပါတယ်။ ဒါပေမယ့် စည်းစိမ် ဥစ္စာ၊ အာဏာ၊ လုပ်ပိုင်ခွင့်တွေ နဲ့ ပတ်သက်ရင် ကိုယ့်ကိုကိုယ်အောင် နိုင်ခြင်း ဆိုတာကလည်း အခက်ခဲဆုံး အလုပ်ပဲ။


























