သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၇)

သူငယ်ချင်း –  ဘယ်လိုမြင်လဲ။

ကျွန်တော် –   မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။  

သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။ 

ကျွန်တော်-  အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို  မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့   အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။ 

ပုဂံမြင်ကွင်းကျယ် ( ၈)

ဗေဒါများ

ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ပုဂံ ညောင်ဦးဒေသက ဈေးသည်တွေ မပျော်နိုင်ခဲ့တာ ကြာပါပြီ။ အဲဒီလို မပျော်နိုင်သူတွေကြားမှာ- 

သဲပန်း ချီကားတစ်ချပ်ရောင်းရဖို့အရေးအတွက် အကြိမ်ပေါင်း များစွာ လက်တွေ့ဆွဲပြနေသူ၊ ဘုရားထဲ က နံရံဆေးရေးပန်းချီတွေအကြောင်းရော၊ သဲပန်းချီ ဆွဲနည်းကိုပါ နာရီဝက်လောက် စိတ်ရှည် လက်ရှည်ရှင်းပြနေသူ၊ 

အမှတ်တရပစ္စည်း လေးတွေကို မနက်ဆို ဘုရားမှာ ညနေဘက်ဆို ရှုခင်းကြည့်တောင်ကုန်းမှာ မနားမနေ လိုက်ရောင်း သူ၊ 

ဝယ်သူ မရှိလည်း ပျော်ပျော်ပဲ ဆိုတဲ့သူတွေ ကိုလည်း မြင်ခဲ့ရတယ်။

သူတို့ကို ကြည့်ရင်း ဆရာဇော်ဂျီရေးတဲ့ “ရဲခဲ့သည်ပါ့” ကဗျာထဲက စာသားတစ်ပိုင်းတစ်စကို သတိရမိ တယ်။

“စိုးမရွံ့ တွန့်မတုန်။
မိုးနှင့် လေ ရေရှုပ်ထွေး၊ ရွေးမှမဖြုံ။
ဆန်လိုက်ပြန်တုံ၊ စုံလိုက်ပြန်ရ။
ခေါက်ပေါင်းမရေနိုင်လို့ 
ဗေဒါခိုင် သည်မြစ်ထဲ ရဲခဲ့သည်ပါ့။” 

ပုဂံမြင်ကွင်းကျယ် ( ၇)

ဘုန်းစဥ်ဈေး 

ဘုန်းစဥ်စျေးဆိုတာ ညောင်ဦးမြို့မစျေး လို့ ဆိုရမယ့် မဏိစည်သူစျေးဘေးက ဘုန်းစဥ်ဘုန်း တော်ကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ မနက်စျေးဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင် ပုဂံခရီးစဥ်မှာလည်း ဘုန်းစဥ်‌ဈေးကို ရောက်ခဲ့၊ ဈေးအကြောင်း ဓာတ်ပုံဆောင်းပါးရေးခဲ့ဖူးတယ်။ ဒါပေမယ့် ဈေးဆို တာက ‌ဒေသခံသာမန်လူတန်းစားတွေရဲ့ လူမှုစီးပွားရေးဘဝကို တစ်စိတ်တစ်ပိုင်း ထင်ဟပ် နေတဲ့ နေရာြဖစ်တော့ ဒီတစ်ခေါက်လည်း ဘုန်းစဥ်စျေးကို အရောက်သွားပြီး ဈေးရင်ခုန်သံကို နားထောင် ခဲ့တယ်။ 

ကျွန်တော်တို့ရောက်တဲ့အချိန်က မနက်ငါးနာရီခွဲကျော်ကျော်ဆိုတော့ ဈေးမစည်သေးဘူး။ ခဏနေ တော့ ထွေလာဂျီတွေ၊ လိုက်ထရပ်တွေ အလျှိုလျှိုရောက်လာကြတယ်။ ဆိုင်ကယ်နဲ့ စျေးဝယ်တွေ နောက်ကလိုက်ဝင်လာတယ်။ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းသံ၊ လူခေါ်သံတွေနဲ့ ဈေးက အသက်ဝင် လာတယ်။ ဒီဈေးက ကုန်စိမ်းဈေး၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် အသီးအနှံမျိုးစုံ၊ အထုပ် ကြီး အထုပ် ငယ်တွေနဲ့၊ လိုက်ထရပ်တွေထဲမှာ အပြည့်အသိပ်၊ ခေါင်မိုးပေါ်ထိတင်ထားတယ်၊ ထွေ လာဂျီတွေကတော့ အပြည့်အမောက်၊ လူတွေက အထုပ် တွေပေါ်မှာ ယိမ်းထိုးပြီးထိုင်လို့။  စျေးထဲ ရောက်တာနဲ့ ပစ္စည်းတွေချ၊ ဒစ်ဂျစ်တယ်ချိန်ခွင် တွေ ခင်းနဲ့ ဇယ်စက်သလို လုပ်နေကြတယ်။    

လိုက်ထရပ်နဲ့လာတဲ့သူတွေကလက်ကားကုန်သည်ကြီးတွေများတယ်။ သူတို့က  ရပ်ဝေးက လာတဲ့ ကုန်တွေကို ပြန်ရောင်းတာ။ ထွေလာဂျီနဲ့လာတဲ့သူအများစုကတော့ ညောင်ဦးပတ်ဝန်း ကျင် နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရွာတွေက ကုန်စိမ်းတွေကို ကောက်ပြီး လာရောင်းတာ။

ဈေးဝယ်တွေကြတော့ တချို့က ဒီမှာဝယ်၊ မဏိစည်သူဈေးထဲမှာ ပြန်ခင်းရောင်း၊ တချို့က မြင်းက ပါဈေး၊ ပုဂံမြို့သစ်ဈေး၊ တောင်ဇင်းဈေး စတဲ့ ပတ်ဝန်းကျင်ဈေးတွေမှာ ရောင်းဖို့ လာဝယ်တာ၊ တစ်ချို့က ပတ်ဝန်းကျင်ရွာတွေမှာ တုတ်တုတ်၊ ဆိုင်ကယ်၊ လိုက်ထရပ် စတာတွေနဲ့ လှည့်လည် ရောင်းဖို့ လာဝယ်တာ။ ဈေးရောင်း၊ ဈေးဝယ်အားလုံးက ဖောက်သည်တွေ၊ လူရင်းတွေ ဖြစ် နေပါပြီ၊ ဘယ်သူ ဘာယူမယ်ဆိုတာတောင် အလွတ်ရနေလောက်ပြီ၊ အချင်းချင်း အော်ခေါ် ကြ၊ ဈေးလှမ်းပြောကြ၊ လာခဲ့မယ် ဘာတွေချန်ထားပေးဆိုပြီး ကြိုပွိုင့်ယူကြနဲ့ ဟုတ်နေတာပဲ။ 

ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတဲ့သူတွေကြားထဲမှာ ကင်မရာတကားကားနဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်က ကန့်လန့်ကန့်လန့်ဖြစ်နေတာပေါ့။ ကိုယ်သိချင်တာတွေမမေးခင် ဈေးသည်အလုပ် များနေသလား ဆိုတာလည်း အရိပ်အခြေကြည့်ရ‌တယ်။ အထုပ်တွေထမ်းပြီး ပါးစပ်က ခဏလေး ခဏလေး ဆိုပြီး အသံပေးလာတဲ့ အထမ်းသမားတွေကိုလည်း ရှောင်ပေးရသေးတယ်။  ကျေးလက် ဈေးသည်တွေကတော့ မြို့ကြီးပြကြီးကဈေးသည်တွေထက်စာရင် မေးလို့ မြန်းလို့ပိုကောင်းပါ တယ်။ နာနတ်သီးသည်အမကြီးကတော့ ကျွန်မတို့ အညာက ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ ချစ်ပြီ ခင်ပြီဆိုရင်လည်း တစ်သက်ပဲ တဲ့။ 

ဘုန်းစဥ်ဈေးက ကုန်စိမ်းဈေးဆိုတော့ အနယ်နယ်အရပ်ရပ်က ကုန်တွေမြင်ရတယ်။ ပြည်ဘက်က  ပဲသီး၊ ဖရုံသီး၊ ကျောက်ဆည်ဘက်က ငရုတ်သီး၊ ပြင်ဦးလွင်ဘက်က နာနတ်သီး ၊ အောင်ပန်း ဘက်က ဆင်းလာတဲ့ ဂေါ်ရခါးညွန့်၊ ခရမ်းသီး၊  ဆလပ်ရွက်၊ ပုပ္ပါးဘက်က မုန်လာဥ ၊ နံနံပင်၊ နဂါးမောက်၊ ဖရဲသီး၊ ငှက်ပျောသီး၊ မာလကာသီး စုံစီနဖာပဲ။ သခွားသီးတွေက ရန်ကုန်မှာမြင်နေကြ သခွားသီးတွေနဲ့မတူလို့မေးကြည့်တော့ဗမာသခွားသီး၊မြင်းခြံဘက်ကလာတာ၊အရမ်းချိုတယ်တဲ့၊တောင်သူကြီးမင်းရဲ့ သခွားသီးမျိုးထင်တယ်။ ခရမ်းချဥ်သီးတွေကတော့ ရှမ်းကုန်ရော၊ အညာကုန် ရောပါတယ်။ မုံရွာဘက်ကလာတဲ့ ဆူးပုတ်နဲ့ နံနံပင်လည်းတွေ့တယ်။မုံရွာဘက်က လမ်းသာ လို့ လား လို့မေးတော့ ကုန်ကားတွေကတော့ ဒီလိုပဲ ဖြစ်အောင် သွားနေရတာ ပေါ့လို့ဆိုတယ်၊ ဒီလိုပဲ ဆိုတာ ဘယ်လိုလဲ လို့မေးတော့ ပြုံးတော်မူတယ်။ 

ကုန်စိမ်းတွေ ကြား ထဲမှာ ဒေသစာတွေလည်း ခင်းရောင်းတာမြင်ရတယ်။ ဖရဲသီးချဥ်တဲ့။ ငံပြာရည်၊ ငရုတ်သီး၊ ကြက် သွန်ဖြူနီနဲ့ ငါးပိကြော်လို ကြော်စားရင်ကောင်းသတဲ့။ ကြောင်လျှာပွင့်တွေ ပြုတ် ရောင်းတာတွေ့လို့ မေးကြည့်တော့ ညောင်ဦးနယ်၊ “ငါ့မင်းမေး”ရွာကလာရောင်းတာတဲ့။ ထူးဆန်း လွန်းတဲ့ ရွာနာမည်အကြောင်းမေးချင်ပေမယ့် အလုပ်ရှုပ်နေချိန်ဖြစ်လို့ မမေးခဲ့ရဘူး။ တုရင်တောင် ဘက်က လာတဲ့ ပိတ်စွယ်တွေလည်း တွေ့တယ်။ မန်ကျည်းရွက်နုတွေကတော့ အပေါဆုံးပဲ၊ အပုံ လိုက်၊ အပုံလိုက်၊ တကယ့်အဖူးအညွန့်လေးတွေ။  ဈေးဝယ်အမကြီးတစ်ယောက်က မန်ကျည်းဖူး ၊ မန်ကျည်း ညွန့်ခူးတဲ့သူတွေက အိမ်ဝိုင်းထဲ၊ ယာထဲ က အပင်တွေကို ထိပ်အထိ တက်ခူး ရတာ၊ အန္တရာယ်များတယ်၊ ဒါ့ကြောင့် သူကတော့ မန်ကျည်းရွက်နုတွေဝယ်ရင်ဘယ်တော့မှ စျေးမဆစ် ဘူးလို့ရှင်းပြတယ်။ 

 မြစ်တစ်ဖက်ကမ်းတန့်ကြည့်တောင်၊မြစ်‌ခြေဘက်ကချဥ်ပေါင်၊ခရမ်းသီး၊ခဝဲသီး၊နံနံပင်၊ကင်မွန်းချဥ်၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီးတွေလာရောင်းတယ်။  ကန်စွန်းရွက်ဖားဖားကြီးတွေတွေ့လို့ မေးကြည့် တော့ တိုင်ဝမ်ကန်စွန်း နဲ့ ဗမာ ကန်စွန်းတွေ၊ ပခုက္ကူ ဆယ်လံရွာက ထွက်တာတဲ့၊ တိုင်ဝမ်ကန်စွန်းက ‌ကြော်စားလို့ကောင်းတယ်၊ဗမာ ကန်စွန်းက ချဥ်ရည်ဟင်းချက်စားလို့ကောင်းတယ်တဲ့၊ မြစ်အနောက် ဘက်ကမ်းကစိုက်ခင်းအများစုက  မကြာခင် ရေဝင်တော့မှာ၊ နောက်လဆိုရင် ကုန်းဘက်မှာ ရေ တွင်း တူးပြီးစိုက်တဲ့အခင်းတွေကပဲ အသီးအနှံတွေထွက်‌တော့မှာတဲ့။ ထုတ်လုပ်တဲ့နေရာ ပြောင်း ရင် ဈေးအတက်အကျရှိမယ်ဆိုတဲ့သဘောထင်ပါရဲ့။

မြစ်အနောက်ဘက်ကမ်းက လာရောင်းတဲ့ ဈေးသည်တွေဟာ ညနေထဲက အခင်းတွေမှာ လိုက်ဝယ်၊ အိမ်ရောက်ရင်   ရေဆေး၊ ဖြန့်ခင်းထား၊ မနက်သုံးနာရီလောက်ထ၊ ထမင်းကြမ်းစား၊ ဟင်းသီးဟင်း ရွက်တွေ ထုပ်ပိုးပြီး စက်လှေဆိပ်ဆင်း၊ စက်လှေခက သွား/ပြန် တစ်ထောင်၊ ကုန်ကတော့ အထုပ် အရွယ်အစားပေါ်မူတည်ပြီးကောက်တယ်။ ဒီဘက်ကမ်းရောက်တော့ ကြိုနေကြ ထွေလာဂျီ နဲ့ စျေး ကိုလာတယ်။ ကားခက အထုပ်သေးရင် ငါးရာ၊ ကြီးရင်တစ်ထောင်။ စျေးကွဲရင် စားစရာရှိတာ စား၊ ဝယ်စရာရှိတာဝယ်၊ အိမ်ပြန်၊ ညနေရောက်တော့ အခင်းတွေမှာလိုက်ကောက်၊ မနက်ဖြန်အတွက် ပြင်ဆင်၊ ဒီလိုနဲ့ သံသရာလည်နေတာပဲ။ အရောင်းအဝယ်ရောလို့မေးတော့ “ကျပ်တယ်” တဲ့။ တိုတို လေးနဲ့ ထိမိတဲ့အဖြေပဲ။ 

ကျွန်တော်က မြစ်အနောက်ဘက်က နယ်မြေအေးချမ်းလားလို့မေးတော့ မဖြေဘူး၊ ကျွန်တော် က တန့်ကြည့်တောင်ဘုရားဖူးချင်လို့မေးတာပါလို့ပြောမှာအသံနိမ့်နိမ့်လေးနဲ့ ဒီလိုပဲ၊ ပူလိုက် အေး လိုက် ပေါ့။ ကိုယ့်နားမှာ မဖြစ်လည်း အသံတွေတော့ ကြားနေရတာပဲ။ စိုက်မှ စားရ၊ ရောင်းမှ စားရဆို တော့ ဒီလိုပဲ သွားလာနေရတာပေါ့လို့ဆိုတယ်။ နောက်ပြီးမှ ဧည့်သည်ကတော့ မသွားတာ ကောင်း ပါတယ်လို့ အကြံပေးတယ်။ 

‌ဈေးထဲက ပြန်ထွက်လာတော့ အဝင်ဝမှာ လိုက်ထရပ်တစ်စီးရပ်ပြီး အမျိုးသမီးကြီးတွေဆင်း လာ တယ်၊ခေါင်းမိုးပေါ်ကတောင်းတွေချတယ်၊ဘာတွေလည်းဗျလို့မေးတော့ ရွာထွက် မန်ကျည်းရွက်နု တွေ ကတက် ချဥ်တွေ။  ဘာပစ္စည်းမှာ ရောင်းဖို့မပါဘဲ ဈေးဝယ်သက်သက်လိုက်လာတဲ့ သူလည်း ပါ တယ်။ အမကြီးတို့ နောက်ကျနေပြီ ဆိုတော့ တစ်ယောက်က  ကားသမားအိပ်ယာထနောက်ကျ လို့ ဆိုပြီး မေးငေါ့ ရင်း ဗျစ်တောက် ဗျစ်တောက်ပြောနေတယ်။  စီးကရက်ခဲထားတဲ့ ကားဆရာ က တော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပစ္စည်းတွေ ကူချ ပေးနေတယ်။ ရွာကားဆိုတော့လည်း တူအရီးတွေလို ပြောမနာ၊ ဆိုမနာ ဖြစ်နေပြီထင်ပါရဲ့။ 

အဲဒီအမျိုးသမီးကြီးတွေက တုရင်တောင်နားမှာ ရှိတဲ့ ရှင်မိန်ရွာလာတာ၊ သူတို့ကတော့ ရွာနေရာကို လမ်း အရှေ့ဘက်၊ အနောက်ဘက်နဲ့ ညွှန်းတယ်၊ ရန်ကုန်သားက မျက်စိလည်နေတော့ ပြန်မေး ရတယ်၊ နောက်ဆုံးတော့ ကျောက်ပန်းတောင်းလမ်း၊ တုရင်တောင်လမ်းခွဲကျော်ရင် လမ်းဘယ်ဘက် ထဲမှာ ရှိတယ်၊ လမ်းမကြီးကနေ ဆိုင်ကယ်နဲ့ ငါးမိနစ်၊ ဆယ်မိနစ်လောက်  ဝင်ရတယ်လို့ သိရတယ်၊  ကျွန်တော်က အညာစာတွေအကြောင်းပြောတော့ ရွာလာခဲ့စမ်းပ၊ ကျွေးချင်လို့ဆိုပြီးဖိတ်တယ်။ 

သူတို့ဈေးထဲဝင်သွားတော့ ကျွန်တော်တို့လည်း မနှင်းအသုပ်ဆိုင်ကို ချီတက်တယ်၊ ဘုန်းစဥ်ဈေးက အညာသူကြီးတွေနဲ့ စကားပြောရတာ၊ ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရသလိုပဲ။ စျေးသည် အမကြီးပြောတဲ့ ကျွန်မတို့ အညာက ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ ချစ်ပြီ ခင်ပြီဆိုရင်လည်း တစ်သက်ပဲ ဆိုတဲ့စကားက အမှန်ပဲ။ အညာသူ အညာသား ဆိုတာ ချစ်လုံးလုံး မုန်းလျားလျ

တိတ်ဆိတ် လှေဆိပ်

 ခရီးသွားဧည့်သည်အလာများရင်  နေဝင်ဆည်းဆာရှုခင်းကြည့် လှေစီးသူတွေနဲ့ စည်ကားလေ့ ရှိတဲ့ ဗူးဘုရားလှေဆိပ် ။ အခုတော့ တိတ်ဆိတ်။ 

ပုဂံမြင်ကွင်းကျယ် ( ၆) 

ရွှေစည်းခုံ

ရန်ကုန်ရောက် ဘုရားဖူး ဧည့်သည်ဟာ ရွှေတိဂုံကို မဖြစ်မနေသွားရသလို ပုဂံရောက် ဘုရားဖူးဧည့်သည်ဆိုရင် လည်း ‌ရွှေစည်းခုံကို ဦးတိုက်ရတာပဲ။ ရွှေစည်းခုံစေတီတော်ရဲ့  ဘုရားအမှတ်ကိုက  ၁/ ၁ (က) ဖြစ်ပါတယ်။ ဘုရား သမိုင်းမှတ် တမ်းများအရတော့ ရွှေစည်းခုံစေတီကို အ‌နော်ရထာမင်း လက်ထက် မှာတည်ထား တာဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ဘူး၊ကျန်စစ်သားမင်းနန်းတက်ပြီး၁၀၈၉ခုနှစ်မှာဆက်လက်တည်ထားတဲ့အတွက်၁၀၉၀ ပြည့်  နှစ် မှာ ပြီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှေး/သု ပုဂံဌာနခွဲတာဝန်ခံ ဆရာကြီးဦးဗိုကေ ရေးသားတဲ့ “ပုဂံ သုတေသန လမ်းညွှန်” စာအုပ်မှာတော့ အနော်ရထာမင်းစတည်ပြီး  ကျန်စစ်သားမင်း အပြီး သတ် တည်ဆောက် တယ်လို့ ဆိုပေမဲ့ စေတီတော်ကြီးရဲ့ လက်ရာတစ်ခုလုံးဟာ ကျန်စစ်သားခေတ်လက်ရာတွေ ဖြစ်ပြီး ကျန်စစ်သား မင်းနဲ့ သက်ဆိုင်တဲ့  ကျောက်စာတိုင်တွေပဲရှိတယ် လို့ရေးထားတယ်။ ( စာ ၆၅) 

ကျွန်တော်ကတော့ ၂၀၂၀ ခရီးစဥ်မှာ လေ့လာခွင့်မရခဲ့တဲ့ ကျန်စစ်သားကျောက်စာနဲ့ ဘုရင့်နောင်လှူထားတဲ့ ခေါင်းလောင်းကြီးကိုလေ့လာဖို့အတွက် ရွှေစည်းခုံစေတီကို သွားခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးလှူထားတဲ့ ခေါင်းလောင်းမှာပါတဲ့ ခေါင်းလောင်းစာက ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာနဲ့ ရေးထိုးထားတာဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့တယ်။ ကျန်စစ်သားကျောက်စာကတော့ မွန်ဘာသာကနေမြန်မာဘာသာပြန်ကို ဖတ်ဖူးတဲ့အတွက် မူရင်း ကျောက်စာကို ကြည့်ချင်တာဖြစ် ပါ တယ်။ 

 ရွှေစည်းခုံစေတီကို မနက်ကိုးနာရီလောက်ရောက်သွားတယ်။ အရှေ့ဘက်စောင်းတန်း ကားရပ်တဲ့နေရာမှာ ကား သုံးစီး၊ တုတ်တုတ် နှစ်စီးပဲရှိတယ်။ ဘုရားဖူးဧည့်သည်နည်းတဲ့သဘောပဲ။ အခုလို ခရီးသည်ပါးတဲ့အချိန် ဘာမှ  မဝယ်ဘဲ စောင်းတန်းဖြတ်လျှောက်ရတာ အတော်မျက်နှာပူရတယ်။ ဒီကြားထဲ ဘာမှမဝယ်ဘဲ သိချင်တာတွေ  မေးရတော့ နှစ်ထပ်ကွမ်းမျက်နှာပူရတယ်။ စျေးသည်တွေကတော့ ကိုဗစ်နဲ့ ကိုစစ် နှစ်နှစ်လောက် ထိုင်စား၊ အကြွေးစားထားရတော့ ဆိုင်ခန်းခလေးရလည်း မနည်းဘူးဆိုပြီး ဆိုင်ထွက်နေရတာပဲ။

 တကယ်တော့ ဒီဆိုင်တွေ ရဲ့ အဓိက ရောင်းအားက မြို့ကြီးတွေက ဘုရားဖူးတွေမဟုတ်ဘူး။ ကျေးလက်ဒေသ ဘုရားဖူး အထူးသဖြင့် အညာကျေးလက်‌ဒေသ ဘုရား ဖူးတွေက အဓိကဖောက်သည်။  ဒီလူတွေကမှ လိုက်ထရပ် တွေနဲ့လာ၊အခမဲ့ တည်းခိုဆောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာတည်း၊ ဘုရားစုံဖူး၊ အဝတ်အစား၊ အသုံးအဆောင် တွေ ကိုယ့် အတွက်ရော၊ ရွာ မှာကျန်ခဲ့သူတွေအတွက်ရော  တစ်နှစ်စာ အားပါးတရဝယ်ကြတာ။ အခုတော့ သူတို့ ဖောက်သည်တွေလည်း မီးရေး၊ထင်းရေး အလုပ်ရှုပ်နေတာနဲ့၊ လက်နက်ဘေးကြောက်ရတာနဲ့ ဘုရားဖူး မလာနိုင် ကြတော့ဘူး။ နောက်ပြီး ပုဂံညောင်ဦးဒေသရဲ့ အစဥ်အလာ ဘုရားပွဲကြီးတွေ မကျင်းပနိုင်တော့တာလည်း ပါတာ ပေါ့။ ကျွန်တော့်ကတော့  ဘုရားပွဲမလုပ်နိုင်တဲ့အကြောင်းပြောပြတဲ့ အမကြီးကို  ကျွန်တော် တို့ ရေစကြို ဘက် မှာလည်း ဒီလိုပါပဲဗျာ၊  ဘုရားပွဲတွေလည်း မလုပ်နိုင်ဘူး၊  ကိုကြီးကျော် ပွဲလည်း မလုပ်နိုင်ဘူး၊ ဘုရားရော နတ်ပါ လက်မြှောက်ထားရတဲ့အချိန်ကိုးဗျ လို့ နှစ်သိမ့် ခဲ့ ရတယ်။

ကျန်စစ်သားကျောက်စာနဲ့ ဘုရင့်နောင်ခေါင်းလောင်းကြီး နှစ်ခုလုံးကို အရှေ့ဘက်စောင်းတန်းဘေးမှာ ရှိတဲ့  အုတ်တိုက်ငယ်လေးတွေထဲမှာ ထိန်းသိမ်းထားတယ်။ အုတ်တိုက်တွေကို သော့ခတ်ထားတယ်။ သော့တွေကို ဂေါပကအဖွဲ့ရုံးခန်းမှာသိမ်းထားတယ်၊ လေ့လာချင်ကြောင်းသွားပြောရင် လုံခြုံရေးတစ်ယောက်လိုက်လာပြီး ဖွင့် ပေး တယ်။ အခက်အခဲမရှိဘူး။

ဘုရင့်နောင်ခေါင်းလောင်းကြီးထားတဲ့ အုတ်တိုက်နားမှာ ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် ဖြစ်ကြောင်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ရေးထားတဲ့ စတီးပြားရှိတယ်၊ အုတ်တိုက်အဝင်တံခါးပေါ် မှာတော့ “‌ခေါင်းလောင်းတော်ကြီး ၊ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတြားကြီးကောင်းမှု၊ သက္ကရာဇ် ၉၁၉ ခုနှစ်တွင် သွန်းလုပ်လှူဒါန်းသည်” လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ အုတ်တိုက်က အတော်ကျဥ်းတယ်၊ ခေါင်းလောင်းနဲ့ အုတ်တိုက် အပြည့်နီးပါးပဲ။ ခေါင်းလောင်းကြီးကို ကိုင်တွယ်လို့မရအောင် မှန်ကာထားတယ်။ မှန်ကာထားတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ  အရောင်ပြန်ပြီး ရိုက်လို့မရဘူး။ ​ခေါင်းလောင်းကြီးမှာ ‌ရေးထိုးထား တဲ့ မြန်မာဘာသာခေါင်းလောင်းစာကိုတော့ စောင်းတန်းထဲမှာ မှန်‌ဘောင်သွင်းပြထားတယ်။ ခေါင်းလောင်းစာမှာ ဘုရင်နောင်မင်းတရားကြီးရဲ့  စစ်အောင်နိုင်မှုတွေ၊ လှူဒါန်းမှုတွေကိုစုစည်းဖော်ပြထားတယ်။ စာလုံးအရမ်းသေး တဲ့အတွက် ဖတ်ရတာ အခက်အခဲရှိတယ်။ 

ကျန်စစ်သားကျောက်စာတိုင်က နှစ်ခုရှိတယ်။ စောင်းတန်းဘယ်ညာမှာ တစ်ခုစီ၊ စောင်းတန်းကနေ ကျောက်စာ တိုက်ကို သွားတဲ့အပေါက်ကိုလည်းသော့ခတ်ထားသလို ကျောက်စာတိုက်ကိုလည်း သော့ခတ်ထားတယ်။ ဒီကျောက်စာတိုက်နှစ်ခုနဲ့ ခေါင်းလောင်းကြီးထားတဲ့ အုတ်တိုက်တွေက ပုံစံတူပဲ၊ တစ်ချိန်တည်း တပြိုင်တည်း ဆောက်ခဲ့ကြတာြဖစ်မယ်။ ကျောက်စာတိုက်တွေကလည်း ကျဥ်းတယ်၊ မှောင်တယ်၊ အထဲမှာ လူတစ်ကိုယ် ဝင် သာရုံပဲရှိတယ်။ ဓာတ်ပုံရိုက်ချင်ရင် အပြင်ကနေ လှမ်းရိုက်မှရတယ်။ 

ကျောက်စာတိုက်ဘက်ကိုထွက်တဲ့ အပေါက်အပေါ်မှာ “ ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိ ‌ကျောက်စာ “ ဆိုတဲ့ စာသားကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာနဲ့ ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ ကျောက်စာတိုက်နံရံမှာတော့ “ ကျန်စစ် သားမင်းကြီး၏ ကျောက်စာတိုင် ၊ ဂေါတမဘုရားဗျာဒိတ်တော်ရ ကျန်စစ်သားမင်းကြီးလက်ထက် သာသနာ ရေး နှင့် တိုင်းပြည်စည်ပင်ထွန်းကားမှု အခြေအနေကို ပြဆိုခြင်း၊ ၁၀၈၉ အေဒီ” ဆိုတာကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာ နဲ့ရေးထားတဲ့ ကျောက်ပြားတစ်ချပ်ရှိတယ်။ 

ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိ‌ကျောက်စာက မွန်ဘာသာနဲ့ ရေးထိုးထားတာဖြစ်ပါတယ်။ စောင်းတန်းထဲမှာ တော့ အဲဒီကျောက်စာထဲမှာ ပါတဲ့ ကျန်စစ်သားမင်းကြီးက ပြည်သူတွေအပေါ် ဆောင်ရွက် ပေးမယ့်အချက်တွေ ကို  မြန်မာဘာသာပြန်ပြီး ကောက်နှုတ်ဖော်ပြထားတဲ့ ဗီနိုင်းတစ်ချပ်ထောင်ထားတယ်။ အတိုချုပ်ကတော့  

၁။  ချစ်ခင်ရသူတွေနဲ့ ကွဲကွာနေရတဲ့သူတွေရဲ့ မျက်ရည်ကို  လက်နဲ့ တူသော မေတ္တာစိတ်နဲ့ သုတ်ပေးမယ်။

၂။ စိတ်နှလုံးပူဆွေးနေသူတွေရဲ့ နှပ်ရည်ကို ရေနဲ့တူသော ဂရုဏာစိတ်နဲ့ ဆေးကြောပေးမယ်။

၃။ ညာဘက် လက်နဲ့ ပြည်သူတွေကို ထမင်း၊ မုန့်ပေးမယ်။ 

၄။ ဘယ်ဘက် လက်နဲ့ ပြည်သူတွေကို ပစ္စည်း ဥစ္စာ အဝတ်ပုဆိုးပေးမယ်။ 

၅။ ပြည်သူတွေဟာအမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။ ( အေးချမ်းလုံခြုံစွာနေရမယ်ဆိုတဲ့သဘော)

၆။ ဘုရင်က ပြည်သူတွေရဲ့ အကျိုးစီးပွားကိုစောင့်ထိန်းမယ်။ 

ဒီကျောက်စာမှာ ဘုရင်ကို အလွန်အကျွံ ချီးမြှောက်ထားတဲ့ အချက်တွေ ဥပမာ၊ ပုဂံပြည်မှာ ကျန်စစ်သား မင်း ဖြစ်မယ်ဆိုတာကို ဂေါတမ မြတ်စွာဘုရားက ဗျာဒိတ်ထားခဲ့တယ်ဆိုတဲ့ အချက်မျိုးတွေပါပေမယ့်လည်း မင်း ဖြစ်သူက တိုင်းသူပြည်သားတွေအပေါ်  ပြုကျင့်မယ့်ကျင့်ဝတ်တွေ တနည်းအားဖြင့်  မင်း နဲ့ ပြည်သူကြားမှာ ထား တဲ့ ကတိစကားတွေကတော့ အလွန်တန်ဖိုးကြီးလှပါတယ်။

အထူးသဖြင့် “ပြည်သူတွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လိုနေထိုင်ခွင့်ရမယ်”ဆိုတဲ့စကားကလေးနက်လွန်းပါတယ်။  ဒီအချက်က ပုဂံခေတ်တင်မဟုတ်ပါဘူး၊ ဘယ်ခေတ်၊ဘယ်နိုင်ငံ၊ ဘယ်မင်း၊ဘယ်အစိုးရမဆိုလိုက်နာကျင့်ကြံအပ်တဲ့အချက်လည်းဖြစ်ပါတယ်၊  ဒီကတိ စကားအတိုင်းကျင့်ကြံခဲ့လို့လည်း ကျန် စစ်သားမင်းကြီးဟာ သမိုင်းမှာ မင်းကောင်းမင်းမြတ်၊ တရားနဲ့ အညီ ပြုကျင့်သောမင်းအဖြစ် သမိုင်းမှတ်တမ်းတင်ခံ ခဲ့ ရတာပါ။ ပြည်သူကို သားသမီးလို သ‌ဘောထားတဲ့ မင်း နဲ့ သားသမီးကိုပဲ ပြည်သူလို့ထင်ပြီး စောင့်ရှောက်တဲ့ မင်း တွေကြား ကွာခြားချက်ကို ပြည်သူတွေက သိကြပါတယ်။

ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိ‌ကျောက်စာနဲ့ ဘုရင်နောင်မင်းတရားကြီး ခေါင်းလောင်းတော် တွေဟာ သမိုင်း တန်ဖိုးကြီးမားတဲ့အတွက်အခုထက် ပိုကျယ်ဝန်း ပိုလုံခြုံတဲ့ အဆောက်အအုံနဲ့ထားပြီး ကျောက်စာ/ ခေါင်းလောင်း စာ မြန်မာပြန် အပြည့်အစုံကိုလည်း ရှင်းရှင်းလင်းလင်း ဖတ်နိုင်အောင် စီစဥ်ထားပေးရင်ပိုကောင်းမယ်လို့ ထင် ပါ တယ်။ အခုတော့ ကျောက်စာ/ခေါင်းလောင်းထားတဲ့ အဆောက်အအုံတွေက နေရာကျဥ်းမည်းမှောင်နေပြီး သက်ဆိုင်ရာ ဆိုင်းဘုတ်တွေကို စောင်းတန်းထဲမှာ ထောင်ထားရတာ အဆင် မပြေဘူး။ 

ကျောက်စာကို လေ့လာပြီးတော့ ရင်ပြင်တော်ကို ပတ်တယ်။ ဇရပ်တွေနောက်ဘက်က နေရာတွေကို လိုက်ကြည့် ရင်း ပွဲမင်းကြီး ဦးနေဒွန်းနတ်နန်းဆိုတာကို သွားတွေ့တယ်၊ နန်းမှာ ဘုရားဝန်ထမ်း အမျိုးသမီး နှစ်ယောက်နဲ့ အဖွား တစ်ယောက်တွေ့တယ်။ အဖွားကလည်း ဝန်ထမ်းတစ်ယောက်အမေပဲ၊ နတ်နန်းမှာ လာဆု တောင်းတဲ့အခါ လိုအပ် တာတွေရွတ်ဖတ်ပေးတာပေါ့။ ကျွန်တော်တို့ ရောက်သွားတော့ အမျိုးသား၊ အမျိုးသမီး စုံတွဲ တစ်တွဲက လက်အုပ် ချီနေပြီး  အဖွားက သူတို့ကိုယ်စား “ ကောင်းသောအတိတ်၊ ကောင်းသောနမိတ်၊ ကောင်းသော လာဘ်လာဘများ ပေးသနားတော်မူပါ။ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသော အိပ်မက် များဖယ်ရှားပေးပါ။ အလုပ်ကောင်း၊ နေရာကောင်း၊ အထုပ်ကောင်း၊ အထည်ကောင်း၊ ရတနာကောင်း များရရှိ စံစားရအောင် မစတော်မူပါ။” ဆိုပြီး ဆုတောင်းပေးနေတယ်။ နတ်စင်ဘေးသံပန်းမှာလည်း “ ကုန်ရောင်း ကုန် ဝယ် ကုန်သွယ် တိုင်းသာ မြတ်စွန်းပါစေသော်” ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။ 

သူတို့ကိစ္စပြီးသွားတော့ အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ကို “ ဒါက ပွဲမင်းကြီး ဦးနေဒွန်းနန်း၊ ရာဖြတ်ကုန် သည်ပွဲမင်းကြီး ဦးနေဒွန်းလို့ခေါ်တယ်။ ကုန်သည်ပွဲစားမှန်သမျှ ဒီကိုလာပြီး ဦးခိုက်ရတယ်၊ ပွဲမင်းကြီးက အရောင်း အဝယ်ကောင်းအောင်’မစ’တယ်၊ ရွှေစည်းခုံဘုရားပွဲဆိုရင် ပွဲဈေးသည်တွေက ဒီမှာလာပြီး ပွဲထိုး ကြရတယ်” လို့ ရှင်းပြတယ်။

“ခင်ဗျားတို့ကိုရော ‘မစ’ လား”လို့ မေးတော့ “ပွဲမင်းကြီးက ကုန်သည်တွေကိုပဲ ‘မစ’ တာလေ၊ ကျွန်မတို့ က ဝန်ထမ်းဆိုတော့ အစိုးရက ‘မစ’ မှရတာ” တဲ့။ ပြောတတ်ပါပေ့။ သူ့ကိုတော့ ပွဲမင်းကြီးက ပုဂံ မင်း နေပြည်တော်ဖြစ်တုန်းကသာတန်ခိုးရှိတာပါ၊အခုခေတ်သစ်ပွဲမင်းကြီးတွေရှိနေတဲ့အတွက် ခရိုနီ တွေ၊ တိုင်ကွန် တွေ ဦးနေဒွန်း ဆီမလာတော့ဘူးဆိုတဲ့ အ‌ကြောင်း မပြော တော့ဘူး၊ သူ့ယုံကြည်ချက်နဲ့သူ ပျော် နေတာပဲ ကောင်း ပါ တယ်။ 

ကျွန်တော်တို့ စောင်းတန်းအတိုင်းပြန်ဆင်းလာတော့ စောင်းတန်းကခြောက်ကပ်လို့။ စျေးသည်တွေကလည်း စောင်းတန်းဝင်ပေါက်ဘက်ကို ငေးရင်း ဧည့်သည်မျှော်လို့။  “ ပြည်သူတွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။” ဆိုတဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကတိစကားဆိုင်းဘုတ်ကလည်း ငူတူတူ  ငေါင်းစင်းစင်း။ 

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၆) 

သူငယ်ချင်း- ငါတို့ကုမ္ပဏီကတော့ အကျိုး အကြောင်း အပြည့်အစုံ ကြိုပြောခဲ့တာပဲကွ၊ ဒါပေမဲ့ ငါတို့ ဘော့စ် ကို မကြည်တဲ့စီးပွားပြိုင်ဘက် တွေက အမြဲတမ်း အကွက်ချောင်းနေတော့ ဒီကိစ္စဖြစ်တာနဲ့  အမျိုးမျိုးတိုက်ခိုက် နေတာပဲ။  ရှင်းလို့ကို မဆုံးတော့ဘူး။ ဒီကြားထဲ မင်းကလည်း တစ်မျိုး၊ ငါ့တွေ့တာနဲ့ပြောမယ်ဆိုတာပဲ။  

ကျွန်တော်-  အေးပါကွာ၊ မင်း‌‌ပြောတာမှန် ပါတယ်။ မင်းတို့က လုပ်သင့်လို့လုပ်တာ၊ ပြောသင့်တာလည်း ပြော တာပဲ၊ လူတွေ ကိုက ခက်နေတာပါကွာ။ 

သူငယ်ချင်း- အဲဒီလို လုပ်ပါကွ၊ မင်း နားမဝေးပါဘူး။ 

ကျွန်တော် – ဒါနဲ့ စကားမစပ်၊ ငါတို့ ငယ်ငယ်တုန်းကရန်သူစောင့်နေမှန်းလည်း သိတယ်၊  ရှောင်နိုင်တဲ့ နည်း လမ်း လည်းရှိတယ်။ ဒါတောင်မှ သတ်ကွင်းထဲကို တည့်တည့်ဝင်အောင် လုပ်တဲ့ တပ်မှူးကို ဘယ်လို သုံးသပ်ခဲ့လဲ။  

သူငယ်ချင်း – ဟေ့ကောင်၊ တော်တော့။ မေးခွန်းမသတ်နဲ့။

ဤတွင်တစ်ခန်းရပ်

ပုဂံမြင်ကွင်းကျယ် (၅)

မောင်းမယ်၊ ရိုက်မယ်

ခေါင်းစဥ်ဖတ်ပြီး ဘယ်သူတွေကို မောင်းထုတ်၊ ဘယ်သူတွေကို ရိုက်ထုတ်မလို့လည်းလို့ အတွေးမချော် ပါနဲ့။ ပုဂံ ကို သွားမယ့် ဧည့်သည်တွေအတွက် သတင်းစကားပါးချင်လို့ စကားစလိုက်တာပါ။ အခုခေတ်ခရီးသွားတယ်ဆို တာက အရင်ခေတ်လိုမဟုတ်တော့ဘူး၊ ခရီးသွားခြင်းနဲ့ ဓာတ်ပုံအလှရိုက်ခြင်းက ခေါင်းနဲ့ပန်း ဖြစ်လာပြီ။ နောက် ပြီးတစ်ချိန်ကတော့ခရီးသွား ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ဓာတ်ပုံဆရာ သီးသန့်ငှားရတာ။ ကျွန်တော် ပြန်ကြားရေး ရောက်တဲ့ ၂၀၀၅ ကနေ ၂၀၁၁ လောက်အထိ ဗီအိုင်ပီ မိသားစုတွေ ခရီးသွားဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ပြန် /  ဆက် ဓာတ်ပုံဆရာတွေ လိုက်ပေးရတာ၊ ပြီးရင် ဓာတ်ပုံတွေကူးပေးရတာမျိုးတွေ ရှိခဲ့သေးတယ်။

မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးနိုင်၊ ဖုန်းကင်မရာတွေကလည်း အဆင့်မြင့်လာချိန်မှာတော့ ခရီးသွားတွေ က ကိုယ့်ဘာသာကိုယ် ဆယ်လ်ဖီဆွဲ၊ အချင်းချင်း ပြန်ရိုက်ကြတယ်။ နောက်တော့  ဓာတ်ပုံအယူအဆမကျွမ်းကျင်၊ ဖုန်းကင်မရာ ကို ကောင်းကောင်းအသုံးမချတတ်သူတွေအတွက် ဘုရားတွေ၊ ပန်းခြံတွေမှာ ဓာတ်ပုံစောင့်ရိုက်ပေး တဲ့ ကလေးလေး တွေ‌ပေါ်လာတယ်။ အဲဒီ ဓာတ်ပုံရေစီးကြောင်းထဲကို နောက်ထပ်တိုးဝင်လာသူတွေက အငှား ယာဥ်မောင်းတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေပဲ။

အရင်ကတော့ခရီးသည်အလာများတဲ့ ဒေသတွေက အငှားယာဥ်မောင်းဆိုတာ လမ်းကြောင်းသိမယ်၊ လည်ပတ် လို့ ၊ စားလို့ ကောင်းတဲ့နေရာတွေသိမယ်၊ ဘုရားတွေ သမိုင်း ‌ကြောင်း ကို  နည်းနည်းပါးပါး ပြောနိုင်တယ်ဆိုရင် ရပြီ။  နိုင်ငံခြားဘာသာစကားတစ်ခုခု ပြောနိုင် ဆိုနိုင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

အခု ၂၁ ရာစု မိုဘိုင်းဖုန်းယဥ်ကျေးမှုခေတ်မှာတော့ အဲဒီလောက်နဲ့ မရတော့ဘူး၊ အထူးသဖြင့် ပြည်တွင်း ဧည့်သည် တွေနဲ့ဆက်ဆံဖို့အတွက်ဆိုရင် ခရီးသွားဧည့်သည်အလာများတဲ့ဒေသက အငှားယာဥ်မောင်းတွေဟာ  မောင်းတတ် ရုံနဲ့ မရတော့ဘူး၊ဓာတ်ပုံ ရိုက်တတ်ဖို့လည်းလိုတယ်၊ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေကိုလည်း သိရမယ်၊ ကိုယ့်ဖုန်းထဲမှာလည်း အဲဒီနေရာတွေမှာ ရိုက်ထားတဲ့ နမူနာပုံတွေရှိရမယ်။ ဖြစ်နိုင်ရင် ကိုယ့်ပုံလေးတွေတင်ပြီး ကြော်ငြာ ဝင်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုလည်း ရှိရမယ်။ ဒီလိုနဲ့ ပုဂံရောက်ဧည့်သည်တွေက တုတ်တုတ် ငှားစီးတာများတော့ ပုဂံက တုတ်တုတ်သမားတွေလည်း  မောင်းရုံနဲ့ မရတော့ဘူး၊ ရိုက်မယ်ဆိုတာပါ လုပ်လာ ရတယ်။ 

ပုဂံမှာ ဧည့်သည်တွေ တုတ်တုတ် ငှားတယ်ဆိုရင် နေ့ပြတ်နဲ့ငှားတာများပါတယ်။ တစ်နေ့ ဘယ်လောက်ယူသလဲ ဆိုတာကတော့ ရောင်းသူ၊ဝယ်သူ ညှိရတာပဲ။ တုတ်တုတ်စျေးက ပုဂံကို ဧည့်သည်အလာများနေသလား၊ နည်း သလား၊ ဧည့်သည်က ဘယ်နေရာတွေသွားမှာလဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ သုံးမှာလဲ၊  ဆိုတဲ့အချက်တွေ ပေါ်မူတည်ပြီး ညှိရတာပဲ။ ယေဘူယျ အားဖြင့် တော့ နေ့ပြတ်ငှားရင်  ကျောက်ပန်းတောင်းလမ်း အတိုင်း ဆိုရင် လေယာဥ်ကွင်းလမ်းဆုံအထိ၊ ချောက်လမ်းဆိုရင် စေတနာကြီး ဘုရားထိ၊ ပခုက္ကူလမ်းဆိုရင် ကုန်းတော်ကြီး ဘုရားအထိ၊ အနောက်ဘက်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေးအထိ နယ်မြေထဲမှာ ကြိုက်သလောက်သွားပေါ့။ 

ဓာတ်ပုံရိုက်တာဝါသနာပါတဲ့ ဧည့်သည်တွေကတော့ ပုဂံနဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လေ့လာ ပြီး ရိုက်လည်းရိုက်၊ ‌မောင်းလည်းမောင်းတဲ့  တုတ်တုတ်ဆရာကို ဆက်သွယ်ချိတ်ဆက်  ငှားတယ်။ အဲဒီလို ချိတ် ဆက်ပြီး ငှားတယ်ဆိုရင် တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုပါပြီးသားပဲ။ တစ်ချို့ ဓာတ်ပုံရိုက် ဝါသနာ အလွန်ကြီးတဲ့ ဧည့်သည်ဆိုရင် တစ်ရက်ကို ပျမ်းမျှ ဓာတ်ပုံနှစ်ရာလောက်ရိုက်တယ်ဆိုပဲ။ ရိုက်ထားသမျှ ပုံတွေ  ထဲက ဧည့်သည်အကြိုက်ဆုံး ပုံနှစ်ဆယ်ကို ရွေးပေးရင် တုတ်တုတ်ဆရာက ဖုန်းအပလီကေးရှင်းသုံးပြီး အလင်း၊ အမှောင်၊  အရောင်အနုအရင့် စိတ်ကြိုက်ပြင်ပေးတယ်။  သူတို့အသုံးများတာကတော့ Lightroom အပလီ ကေး ရှင်း လို့ သိရတယ်။ ဒါက မောင်းမယ်၊ ရိုက်မယ်ဆိုတဲ့ တုတ်တုတ် ဆရာကို ငှားရင် အပိုရမယ့် ဝန်ဆောင်မှုပေါ့။

တယ်လီဖုန်းနဲ့ ရိုက်ရတာအားမရဘူး၊ ပရောက်ဖက်ရှင်နယ်ကင်မရာနဲ့မှ ရိုက်ချင်တယ်ဆိုရင်လည်း ရတယ်။ အဲဒီ လိုဧည့်သည်ဆိုရင်တော့ တုတ်တုတ်ခကို လျှော့ယူတယ်။ ကင်မရာနဲ့ ရိုက်ခက အခုစျေးက ခြောက်သောင်း ဓာတ်ပုံကတော့ကြိုက်သလောက်ရိုက်။ပြီးရင်ဧည့်သည် အကြိုက်ဆုံး ပုံ နှစ်ဆယ်ကို အလင်း၊ အမှောင်နဲ့  အရောင် ညှိ ပေးမယ်။ 

ပရောက်ဖက်ရှင်နယ်ကင်မရာနဲ့ ရိုးရိုး ရိုက်ရတာအားမရဘူး၊ မီးတွေ ထီးတွေ ဘာတွေ ညာတွေ နဲ့ ရိုက်ချင်သပ ဆိုရင်လည်း ရတယ်။ အဲဒါဆိုရင်တော့ အခုဈေးတစ်သိန်းနှစ်သောင်း၊ ပြီးရင် ထုံးစံအတိုင်း ပုံနှစ်ဆယ်ကို အလင်း အမှောင်နဲ့ အရောင်ညှိပေးမယ်။ 

အဲဒါကို မှ အားမရသေးဘူး၊ အကြိုက်ဆုံး ပုံနှစ်ဆယ်ကိုလည်း ဖိုတိုရှော့သုံးပြီး ပြင်ချင်သေးတယ်ဆိုရင် အခု စျေး နောက်ထပ် သုံးသောင်း ထပ်ပေးရမယ် ၊ စုစုပေါင်း ရိုက်၊ပြင် တစ်သိန်းခွဲကျမယ်။ အဲဒါဆိုရင်တော့ ပိန်ရင်ဖောင်း၊ ဖောင်းရင် ပိန်၊ လိုတိုး၊ ပိုလျှော့၊ ဖြူချင်လား၊ ညိုချင်လား ၊ ခါးသေးရင်ချီလား၊ ပြန်ကြည့်လိုက်ရင် ကိုယ့်ကိုကိုယ် မမှတ်မိအောင် ပြင်ပေးမယ်ဆိုပဲ။

ကျွန်တော်တို့ ပုဂံမှာ တုတ်တုတ်ငှားတော့  ဒါတွေကို သိတာမဟုတ်ဘူး။ ဒီအတိုင်းပဲ စျေးညှိပြီးငှားလိုက်တာ။ နောက်မှ တုတ်တုတ်ဆရာက မောင်းမယ်၊ ရိုက်မယ် ဆရာဖြစ်နေမှန်းသိလိုက်ရတယ်။ နာမည်ကလည်း အခု လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အင်္ဂလိပ်နာမည်နဲ့၊ မိုက်လှပါလားလို့ပြောတော့ နာမည်ရင်း၊ မှတ်ပုံ တင် ထဲမှာလည်းဒီနာမည်ပဲတဲ့။  သူကလည်း နောက် တစ် ရက်ရောက်တော့ ကျွန်တော်ဘယ်သူဆိုတာ သိသွား တယ်။ ဒီမှာ ပြဿနာက တုတ်တုတ်ဆရာက အရင်က ဆိုရင် သူကပဲ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးခဲ့တာကိုး။ ကျွန်တော်တို့နဲ့တွေ့တော့ကျွန်တော်တို့ကလည်း ဘာလာလာ  ရိုက်မယ် ဆိုတဲ့မောင်တွေ ဖြစ်နေတော့ သူ့မှာ ရိုက်ဖို့ အခွင့်အရေးမရှိဘူး။ အဲဒီထက်ဆိုးတာက ကျွန်တော် ရိုက်တဲ့  ပုံတွေထဲမှာ သူ့ပုံပါမှာ စိုးရိမ်လို့ ကျွန်တော်တို့ ကင်မရာချိန်ပြီ ဆိုတာနဲ့ ဝေးဝေးသွားနေရတာပဲ။ 

ထုံးစံကတော့ တုတ်တုတ်ဆရာက ခရီးစဥ်တစ်ခုပြီးရင် သူရိုက်ထားတဲ့ ဧည့်သည်ပုံတွေထဲက ကောင်းကောင်း လှလှလေးတွေကို ခွင့်ပြုချက်တောင်း။ သူ့ဖေ့စ်ဘွတ်အကောင့်မှာတင်ပြီး ‌‌ကြော်ငြာရတာကိုး။ ကျွန်တော်တို့ နဲ့ ကျတော့ အဲဒီလို လုပ်လို့မရတော့ဘူး။ ဒါနဲ့ သူ့ကို စိတ်မပူပါနဲ့ဗျာ၊ ပုဂံက တုတ်တုတ်ဆရာတွေဟာ ‌မောင်းတတ် တဲ့ အပြင် ရိုက်လည်း ရိုက်တတ်တဲ့အကြောင်း လူတွေသိအောင် ရေးပေးပါ့မယ်၊ ငှားတဲ့သူများရင် အဝါရောင် ဆေးဖိုးလေးကျေတာပေါ့ဗျာ လို့ ကတိပေးပြီး “မောင်းမယ်၊ ရိုက်မယ်”ကို ရေးလိုက်ရတာပဲ။ ပုဂံတုတ်တုတ် ပရိုမိုးရှင်းလို့ပြောရင်လည်း ရပါတယ်။  

ပုဂံမြင်ကွင်းကျယ်(၄)

 

လျှော်ဖြူ

တုရင်တောင် အနားမှာ ရှိတဲ့ သက်စိုးတောင်ပေါ်က ကျောက်ရေကန်ကို ကြည့်ဖို့ ကားလမ်း မကြီး ကနေ အထဲကို ချိုးဝင်ပြီးနည်းနည်းသွားလိုက်တော့ လမ်းဘယ်ဘက်မှာ စိုက်ခင်းတစ်ခုတွေ့တယ်။ မြင်နေကျ အပင် မျိုး မဟုတ် လို့ စိတ်ဝင်စားသွားတယ်။ တုတ်တုတ်ရပ်ပြီး စိုက်ခင်း ထဲမှာ တွေ့တဲ့သူကို မေးလိုက်တော့ လျှော်ဖြူ ပင် တဲ့၊ သူက ခြံလုပ်သား၊ ပိုင်ရှင်ရှိတယ်ဆိုပြီး ဟိုးဝေးဝေးက လူကို လှမ်းခေါ်လိုက်တယ်။ အသားညိုညို အရပ်မြင့်မြင့်၊ လက်ထဲမှာ ဓားတစ်ချောင်းနဲ့၊ ပုဆိုးတိုတိုဝတ်လို့။အနားရောက်လာတော့ ဘုရားဖူးဧည့်သည်တွေပါ၊ လျှော်ဖြူ ခင်း ကို မြင်ပြီး စိတ်ဝင်စားလို့၊ ရှင်းပြပေးပါလားဆိုပြီးမေတ္တာရပ်ခံလိုက်တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ရပါ တယ်လို့ ဆိုတယ်။

အခင်းပိုင်ရှင်က ကိုဟန်ဝင်းအောင်တဲ့။ တုရင်တောင်နားက တောင်ဘ ရွာသား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာစောင်တစ်ခုမှာရေးထားတဲ့လျှော်ဖြူပင်အကြောင်းဖတ်ပြီး စိတ်ဝင်စားတဲ့အတွက် လျှော်ဖြူအများအပြားစိုက် တဲ့ ဝမ်းတွင်းဘက်ကို သွား၊အဲဒီက လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဌ ဦးအုန်းညွန့်နဲ့တွေ့ ပြီး လေ့လာခဲ့တယ်။ အဲဒီက ပြန်လာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှ ကိုယ်ပိုင်ယာမြေမှာ စစိုက်တယ်၊ နှစ်အလိုက် တိုး စိုက်လာလိုက်တာ အခုဆိုရင် အပင်ငါးထောင်လောက်ရှိနေပြီ၊ အစောပိုင်းစိုက်ခဲ့တဲ့ အပင်တွေဆို အစေးကောင်း ကောင်းထွက်နေပြီ။ 

လျှော်ဖြူပင်ဆိုတာက ကျွန်တော်တို့သောက်နေတဲ့ ဆေးကုလားမ လုပ်တဲ့အစေးထွက်တဲ့အပင်ပါပဲ။ ကျွန်တော် လည်းဆေးကုလားမဆိုတာ လျှော်ဖြူပင်ကထွက်တဲ့အစေးဆိုတာ သိပေမယ့် အပင်ကို အခုမှ မြင်ဘူးတာပါ။ တကယ်တော့ လျှော်ဖြူပင်က ဆေးကုလားမအပြင် ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန် ထုတ်လုပ်ရေးတွေမှာ စက်မှုကုန်ကြမ်းအဖြစ်သုံးလို့ရတယ်။ကိုဟန်ဝင်းအောင် ကတော့ ကားမှန်ထုတ်တဲ့ နေရာမှာ လည်း သုံးတယ်၊ ဒါ့ကြောင့် ဂျာမနီကလည်း ဝယ်မယ်လို့ စာစောင်ထဲမှာဖတ် ဖူးတဲ့အ‌ကြောင်း ပြောပြ တယ်။ ဒါပေမဲ့ လက်တွေ့ ဘဝမှာတော့ လျှော်ဖြူအစေးကို အများဆုံးဝယ်နေတာ တရုတ် ပါပဲ။ထိုင်းနဲ့ ဂျပန်က လည်း နည်းနည်း ပါးပါး ဝယ်တယ်။ပြည်တွင်းဈေးကွက်ကတော့ဆေးကုလားမအတွက်ဝယ်တာများတယ်။ 

အခု မြန်မာနိုင်ငံမှာစိုက်နေတဲ့ လျှော်ဖြူပင်မျိုးက ဒေသမျိုးပါ၊ အရင်ကတော့ အလေ့ကျပေါက်တဲ့အပင်တွေကို အစေးထုတ်ရာကနေ စိုက်ခင်းအဖြစ်စိုက်ပျိုးလာတာလို့ သိရပါတယ်။ ကိုဟန်ဝင်းအောင်ကတော့ ပထမစိုက် တဲ့ အပင်တွေကို အပင်ပေါက်တစ်ပင် ၁၅၀ နဲ့ ဝယ်စိုက်တယ်၊ နောက်ပိုင်းတော့ ကိုယ့် ဘာသာကိုယ် အစေ့ကို ပျိုး ထောင်ပြီးစိုက်တယ်လို့ပြောတယ်။ 

လျှော်ဖြူပင်က တစ်ပင်နဲ့ တစ်ပင် ၁၅ ပေ၊ ဒါမှမဟုတ် ပေ ၂၀ ခွာစိုက်ရတယ်၊ ကိုဟန်ဝင်းအောင်ကတော့ ၁၅ ပေ ခွာစိုက်တယ်၊တစ်ဧကကို အပင် ၁၉၀ လောက်ဝင်တယ်။ အစေးကောင်းကောင်းထွက်ပြီဆိုရင် အပင်တစ်ရာ ကနေအစေးတစ်ပိဿာအထက်ထွက်တယ်လို့ဆိုတယ်။

စာတွေထဲမှာတော့ လုပ်သားတစ်ယောက်ဟာ အပင် ငယ်တဲ့အချိန်မှာတစ်နေ့ အပင်တစ်ရာ့ငါးဆယ်လောက် အစေးကောက်နိုင်ပြီး တစ်ပိဿာနဲ့ အထက်ရတယ်၊ အပင်ဆယ်နှစ်သားအထက်ဆိုရင်တော့ အစေး ထွက်များ လာလို့ လုပ်သားတစ်ယောက်တစ်နေ့ အပင်တစ်ရာ လောက်ပဲ အစေး ကောက်နိုင်ပြီး အစေးနှစ်ပိဿာ လောက်ရမယ်လို့ဆိုတယ်။လျှော်ဖြူပင်ကနှစ်ရှည်ပင်ဖြစ်တဲ့ အတွက် သုံးနှစ်၊လေးနှစ်သားကနေ နှစ်ခြောက်ဆယ် ကျော်အထိ အစေးထုတ်လုပ်ရတဲ့အပြင် တစ်နှစ်မှာ ရှစ်လ ကနေဆယ်လအထိ အစေးထုတ်လို့ရတယ်၊ အလွန်ပူတဲ့တပေါင်း၊တန်ခူးလတွေပဲနားတယ်လို့သိရပါတယ်။ 

လျှော်ြဖူအစေးဈေးကွက်က ကိုဗစ်မဖြစ်ခင်ကာလမှာ အရောင်းအဝယ်အကောင်းဆုံးပဲ။ ၂၀၁၄ ခုနှစ်မှာ တစ်ပိဿာ တစ်သောင်း နှစ်ထောင် စျေးပေါက်ရာကနေ ၂၀၁၇ ၊ ၁၈ မှာ လေးသောင်းငါးထောင်‌ဈေးအထိ ရောက် သွားခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ သာမန် အဆင့်ဆိုရင်တစ်ပိဿာ ‌ခြောက်သောင်းဝန်းကျင်၊ ရေခဲသားဆိုရင် ရှစ်သောင်း ဝန်းကျင်နဲ့ အကိုင်းတွေကနေသဘာဝအလျောက်တွဲလောင်းကျနေတဲ့ ကြာဆံမျှင်ဆိုရင် တစ်သိန်း နှစ်သောင်း အထိ စျေးပေါက်ခဲ့တယ်။ ကြာဆံမျှင်ကိုငှက်သိုက်ဆေးထုတ်တဲ့နေရာမှာ သုံးတယ်တဲ့။ မှန်းကြည့် ရတာကတော့ အမျှင်လေးတွေအဖြစ်များထည့်သလားမသိဘူး။ လူကိုလည်း အန္တရာယ်တော့မဖြစ်ဘူး၊ ဒါပေမဲ့ အာဟာရလည်းမဖြစ်ဘူးဆိုတာမျိုးနဲ့တူတယ်။

လျှော်ဖြူကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်းဒေသတွေမှာအများဆုံးစိုက်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရ တစ်ပြည်လုံးမှာ ဧက သုံးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ လျှော်ဖြူစိုက် တောင်သူတွေလည်းများလာတဲ့အတွက် ကိုဗစ်မတိုင်မီနှစ်တွေအတွင်းမှာ နယ်မြေအလိုက် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့သူများအသင်းတွေ ဖွဲ့စည်းခဲ့တဲ့အကြောင်း နဲ့ တိုင်း အဆင့်အသင်းတွေထိ ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်မယ်ဆိုတဲ့သတင်းတွေကို စားသုံးရေးရာဦးစီးဌာနရဲ့ဝက်ဘ်ဆိုက်မှာ လေ့လာ တွေ့ ရှိ ရတယ်။ မုံရွာ ခရိုင်အသင်းဖွဲ့စည်းတဲ့သတင်းကို တွေ့တော့ စစ်ကိုင်းတိုင်းဘက်က လျှော်ဖြူတောင်သူတွေ အခြေအနေ ဘယ် လိုများရှိလဲလို့တွေးမိတယ်။ 

ကိုဗစ် ၁၉ လည်းဖြစ်ရော တရုတ်စျေးကွက်ရပ်သွားပြီး လျှော်ဖြူစိုက်တောင်သူတွေလည်း ဒုက္ခရောက်တော့ တာပဲ။ လျှော်ဖြူအစေး‌ဈေးက တစ်ပိဿာ ခုနစ်ထောင်၊ ရှစ်ထောင်အထိ ကျသွားတယ်။ ကိုဟန်ဝင်းအောင် တို့လို ၂၀၁၄ မှာစပြီးစိုက် ၂၀၁၈ ၊၂၀၁၉ မှာ အစေးကောင်းကောင်းစထွက်တဲ့ တောင်သူတွေလည်း ကိုယ့်ခြံကလည်း အစေးလည်းထွက်၊စျေးကွက်လည်းအပျက်နဲ့တည့်တည့်တိုးတာပဲ။

၃၀ ဩဂုတ် ၂၀၂၀ အလဲဗင်းသတင်းတစ်ပုဒ်မှာတော့ အပင်ငါးထောင်ရှိတဲ့ တောင်သူတစ်ယောက်ဟာ အမာ ခံလုပ်သား ၁၀ယောက်ထားရပြီး လုပ်သားခနဲ့စားစရိတ်ပဲ သိန်းနှစ်ဆယ်လောက်ကုန်ကျစရိတ်ရှိတယ်၊ လက်ရှိ လျှော်ဖြူ ပေါက်စျေးနဲ့ လုံးဝတွက်ခြေမကိုက်ဘူးလို့ ရေးထားတာတွေ့တယ်။ စားသုံးသူရေးရာဦးစီးဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ပြည်ခရိုင်က လျှော်ဖြူတောင်သူတွေအခြေအနေကို တစ်ပိဿာအရင်း ၉၀၀၀ ရှိတဲ့ အတွက်လက်ရှိ‌ဈေးနဲ့လုံးဝအလုပ်မဖြစ်ဘူးလို့ရေးထားတာတွေ့ရတယ်။ 

ကိုဗစ် ၁၉ ထဲက ခေါင်းမထောင်တော့တဲ့ လျှော်ဖြူစျေးကွက်က အခုထိ နာလန်မထူနိုင်သေးဘူး။ မနှစ်က ကိုဟန် ဝင်းအောင်တို့ရောင်းတာပျမ်းမျှလေးထောင်စျေးပဲရတယ်။ကျွန်တော်ကစျေးမကောင်းရင်အစေးမခြစ်ဘဲ နားထားလို့ မရဘူးလားလို့မေးတော့ အစေးမခြစ်တာကြာရင် အစေးထွက်နှုန်းမကောင်းတော့ဘူးလို့ ဆိုတယ်။ ဒီနှစ်တော့ စျေးနည်းနည်းပြန်လှုပ်လာပြီး တစ်သောင်း ကျော်သွားပြီလို့ ဆိုတယ်။ ကိုဟန်ဝင်းအောင်ကတော့ အစိုးရက လျှော်ဖြူစျေးကွက်ပြန်ကောင်းအောင် ကူညီနိုင်ရင်ကောင်းမှာလို့ မျှော်လင့်စကားပြောတယ်။ သူ့ကို အားနာလို့မြန်မာပြည်သိန်းတန်သီချင်းဆိုမပြခဲ့ဘူး။ 

လျှော်ဖြူပင်က ‌ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်တယ်၊ ညောင်ဦးဘက်မှာတော့ ယာမြေ၊ ကုန်းခြောက် မြေ ၊ သဲမြေ အကုန်စိုက်လို့ရတယ်။ ဒါပေမဲ့ ရေဝပ်တာ၊ အောက်မှ စိမ့်ရှိတာကို မကြိုက်ဘူး၊ ဒါ့ကြောင့် ညောင်ဦး ဘက်မှာ ချောင်း ကော မြေလို့ခေါ်တဲ့မြေမျိုးဆိုရင် မကြိုက်ဘူး။ ပျိုးပင်ဘဝမှာ ရေမလောင်းလည်း ရတယ်၊ ‌ရေလောင်းရင်တော့ ရေမဝပ်အောင် ဂရုစိုက်ရတယ်။ ကိုဟန်ဝင်း အောင်ကတော့ ပထမ အသုတ်စိုက်တဲ့အချိန်မှာ ပျိုးပင် တွေ ကို ရေလောင်းပေမယ့် နောက်အသုတ်တွေမှာရေမလောင်းတော့ဘူး။ နောက်ပြီး လျှော်ဖြူပင်က ၁၅ ပေ ၊ ပေ ၂၀ ခြားစိုက်တာဆိုတော့ အရိပ်မကြောက်တဲ့ ကြားသီးနှံတွေစိုက် ပြီး အပိုဝင်ငွေရှာလို့ ရသေးတယ်။ ကိုဟန်ဝင်းအောင်ကတော့ပဲတီစိမ်း၊ပဲနောက်စိုက်သတဲ့။ 

လျှော်ဖြူက သရက်၊ ပိန္နဲ တို့လို ဥယျာဥ်ခြံမြေအပင်မျိုးဖြစ်ပြီး အပူပိုင်း မိုးနည်းဒေသနဲ့ ကိုက်တဲ့အတွက် အညာမိုးခေါင်ရေရှားဒေသတွေမှာသာ ကျယ်ကျယ် ပျံ့ပျံ့ စိုက်ပျိုးနိုင်ရင် ‌တောင်သူတွေအတွက် ဝင်ငွေလည်းရ၊ ‌ဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အထောက်အကူ ဖြစ်နိုင်မှာပါ။ အညာရဲ့ ရာဘာပင်လို့တောင် ဆို နိုင် မယ်ထင်တယ်။

ဒါပေမဲ့ စီးပွားဖြစ်စိုက်ပျိုးဖို့ ဆိုတာက တစ်မြို့နယ် ဘယ်လောက်စိုက်ဆိုပြီး ထန်းပင် ပေါ် က ဆာဗေးနဲ့ လုပ်လို့ ရမှာမဟုတ်ဘူး၊ စျေးကွက်ရှိအောင်လည်း လုပ်ပေးမှ၊ စိုက်ပျိုးမယ့်‌တောင်သူတွေလည်း မီးရေး၊ ထင်း ရေး၊ လက်နက်ဘေးမကြောက်ရပဲကိုယ့်အိမ်ကိုယ့်ရွာမှာ နေပြီး ‌အေးအေး လူလူ စိုက်ပျိုးလုပ်ကိုင်နိုင်မှ အောင်မြင် နိုင်မှာပါ။ 

လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် (ရွှေဆံတော်စေတီ)

 

အာနန္ဒာဘုရား အနောက်ဘက် မုခ်ကနေ တောင်ဘက်ကို သွားတဲ့ မြေလမ်းအတိုင်းလိုက်သွားရင် ရွှေဆံတော်စေတီကို ရောက်တယ်။ အခုနောက်ပိုင်းကာလတွေမှာ ရွှေဆံတော်စေတီကို နေဝင် ဆည်းဆာရှုခင်း ကြည့်လို့ကောင်းတဲ့နေရာအဖြစ်ပဲလူသိများပါတယ်။ ( အခုတော့ ဘုရားပေါ် တက်ခွင့်ပိတ်လိုက်ပါပြီ။)

တကယ်တော့ ရွှေဆံတော်စေတီက အနော်ရထားမင်းကောင်းမှုဖြစ်ပြီး မြင်နေကြ ဂူဘုရားတွေ နဲ့ မတူတဲ့ ရွှေဆံတော်စေတီပုံစံဟာ   ပုဂံခေတ် နဲ့ ပုဂံခေတ် နောက်ပိုင်း စေတီ တွေတည်တဲ့အခါ စံနမူနာပုံ ဖြစ်လာခဲ့တယ်လို့ ဆရာကြီး ဦးဗိုကေရဲ့ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှာ ဖော်ပြထား ပါတယ်။ 

ရွှေဆံတော်စေတီရဲ့  အနောက်ဘက်မှာ ရှိတဲ့ အုတ်တိုက်ရှည်ကြီးထဲမှာ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွား တော်ကြီးရှိတယ်။ ဒီရုပ်ပွားတော်ကြီးက ပေခြောက်ဆယ်ရှည်ပြီး ပုဂံဒေသမှာတွေ့ရတဲ့ လျောင်း တော်မူရုပ်ပွားတော်တွေထဲမှာ ရှေးအကျဆုံးနဲ့ အချိုးအစား အကျဆုံးလို့ ဆိုပါတယ်။

ရုပ်ပွားတော်ကြီးကို ဖူးမြော်တဲ့အခါ ရုပ်ပွားတော် နဲ့ အုတ်တိုက်က အရွယ်အစားမကွာသလို အလင်းရောင်လည်းများများစားစားမရတဲ့အတွက်  ကြည်ညိုသဒ္ဒါပွားမှု၊ အေးချမ်းမှုနဲ့ မွန်းကျပ်မှုတွေကို တစ်ပြိုင်တည်းခံစားရပါ တယ်။