အရှုံးမပေး (၃)

Mauro Prosperi ကို အီတလီနိုင်ငံရောမမြို့မှာ ၁၉ ၅၅ ခုနှစ်မှာမွေးတယ်။ အီတလီနိုင်ငံကို ကိုယ်စားပြုပြီး အိုလံပစ်ငါးမျိုစုံ ပြိုင်ပွဲ Pentathlon ( အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်၊ ဓားရေး) မှာ ပြိုင်ခဲ့ဖူးတယ်။ သူ့ဝါသနာက တာဝေးပြေးတာ။

၁၉ ၉ ၃ ခုနှစ်ထဲမှာ သူ့သူငယ်ချင်း Giovanni Manzo က အာဖရိကတိုက် မော်ရိုကိုနိုင်ငံမှာ ကျင်းပတဲ့ Marathon des Sables (Marathon of the Sands) မာရသွန်ပြိုင်ပွဲ မှာ ဝင်ပြိုင် မလားလို့ မေးတယ်။ အဲဒီမာရသွန်က ကမ္ဘာပေါ်မှာ အခက်အခဲဆုံး ခြေလျင်ခရီးပြိုင်ပွဲ၊ ၁၉ ၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ ကီလိုမီတာ ၂၅၀ နီးပါးကို အဆင့်ငါးဆင့် ( ငါးရက်) ပြေးရ တယ်။

အပြေးသမားတွေက ရိက္ခာ၊ အိပ်ယာလိပ် ကိုယ့်ဘာသာကိုယ်သယ်ရတယ်။ တစ်ရက်တာ နား မယ့်နေရာမှာ ရေပဲပေးတယ်။ လမ်းမှာ ရွာမရှိဘူး။ အိုအေစစ်မရှိဘူး။ သဲတောင် ကုန်းတွေ၊ ကျောက်တောင်တွေကို ဖြတ်ပြေးရတယ်။ အရိပ်မရှိဘူး။ နေ့ဘက်မှာ အရမ်းပူ တယ်။ ညဘက်မှာ အရမ်းအေးတယ်။ ဒီပြိုင်ပွဲဟာ ပြေးရုံသက်သက်မဟုတ်ဘူး၊ အပြေးသမားရဲ့ ရှင်သန် ရပ်တည်နိုင်စွမ်းကို စမ်းသပ်တာလည်းဖြစ်ပါတယ်။

မာအူရိုက အရိုင်းဆန်တဲ့ သဘာဝနဲ့ ထိတွေ့ရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ပြိုင်ပွဲဝင်ရမယ် ဆိုတဲ့ အချက်နှစ်ချက်ကြောင့် ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူ့ကိုယ်သူ လည်း ပထမဆယ်ယောက်ထဲမှာ ပါရမယ်လို့ယုံကြည်တယ်။ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးတော့ ပြိုင်ပွဲဝင်လေ ျှာက်လွှာမှာ ပြိုင်ပွဲကာလအတွင်းသေဆုံးခဲ့ရင် ရုပ်အလောင်းကို ဘယ်ကို ပြန်ပို့ရမလဲ ဆိုတဲ့အချက်ပါတယ်။ ပြိုင်ပွဲကာလအတွင်း သေဆုံး၊ ဒဏ်ရာရမှုတွေအတွက် ကျင်းပရေးကော်မတီမှာ တာဝန်မရှိဘူးဆိုတဲ့ စည်းကမ်းလည်း ပါတယ်။

အဲဒီအချက်မြင်တော့ လန့်သွားရမယ့်အစား ပြိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုပြီး ခိုင်မာ သွား တယ်။ အဲဒီအချိန်မှာ မာအူရိုက အိမ်ထောင်ကျပြီး သား၊သမီး သုံးယောက်ရနေပြီ။ သူ့သူငယ် ချင်းက လူလွတ်။ ဒါ့ကြောင့် မာအူရိုကို မင်း မပြိုင်ချင်ရင်လည်း မပြိုင်ပါနဲ့၊ အားနာစရာမလို ဘူး လို့ ပြောတယ်။ မာအူရိုကတော့ ပြိုင်မှာပဲ။ ဇနီးဖြစ်သူကိုတောင် ပြိုင်ရမလားလို့ မမေးဘူး။ ငါ သွား ပြိုင်မယ်လို့ပဲအသိပေးတယ်။ ဇနီးဖြစ်သူရဲ့ စိုးရိမ်ပူပန်မှုတွေကို မသိချင်ယောင်ဆောင် ခဲ့ တယ်။

၁၉ ၉ ၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ပြိုင်ပွဲ စတယ်။ ပထမနေ့ ၁၈ မိုင်ပြေးရတယ်။ ပြေးရတာ အခက်အခဲမရှိဘူး။ ဒါပေမယ့် သဲကန္တာရထဲမှာ လေတိုက်တာက သူတို့ မေ ျှာ်လင့်ထားတာ ထက် ပိုဆိုးတယ်။

ဒုတိယနေ့ ၂၄ မိုင် ပြေးရတယ်။ ကျောက်တောင်တွေကို ဖြတ်ရ တယ်။ တစ်ချို့ နေရာ တွေမှာ ပြိုင်ပွဲကျင်းပရေးကော်မတီက ချပေးထားတဲ့ ကြိုးတွေကို ဆွဲတက်ရ တယ်။

တတိယနေ့ ၁၈ မိုင်ပြေးရတယ်။ ဒီအပိုင်းမှာက သဲတောင်ကုန်းတွေပဲရှိတယ်။ ဒါပေယ့် တစ်ချို့တောင်ကုန်းတွေက သုံးထပ်တိုက် လောက်မြင့်တယ်။

ဒီပြိုင်ပွဲမှာ တစ်ချို့က အစ အဆုံးပြေးတယ်။ တစ်ချို့က လမ်းလေ ျှာက်သက်သက် ၊ ပန်းဝင်ရင် တော်ပြီဆိုတဲ့သူမျိုး၊ ပြိုင်ပွဲဝင်တွေက ကိုယ့်ခံနိုင်ရည်ကို ကိုယ်သိရတယ်။ တစ်ခြား သူနဲ့ လိုက်ညှိလို့မရဘူး။ မြန်တဲ့သူနဲ့လိုက်ပြိုင်ရင် တစ်နေ့တာ ခရီးမဆုံးခင် အစောကြီး ခြေ ကုန်လက်ပန်းကျသွားမယ်။ နှေးတဲ့သူနဲ့တွဲရင်လည်း စံချိန်ကျမယ်။ ဒါ့ကြောင့် မာအူရို နဲ့ သူ့ သူငယ်ချင်းက ညအိပ်တဲ့နေရာမှာပဲ ဆုံတော့တယ်။ တစ်နေ့တာ ခရီးစတာနဲ့ ကိုယ့်ဘာသာ ခရီး ဆက်ရတာပဲ။

စတုတ္ထနေ့ကတော့ ပြိုင်ပွဲရဲ့ အဆုံးအဖြတ်နေ့ပဲ။ ၅၃ မိုင် ရှိတယ်။ ဒီအပိုင်းမှာ အမြန်ဆုံး ၁၀ နာရီ၊ အကြာဆုံး ၃၆ နာရီ အချိန်ယူရတယ်။ အဲဒီနေ့ ပြေးနေရင်းနဲ့ လမ်းခုလတ်မှာ သဲမုန်တိုင်းနဲ့တွေ့တယ်။ မာအူရိုက အဲဒီအချိန်မှာ သဲတောင်ကုန်းငယ် လေး တွေကြားထဲ မှာ ရောက်နေတယ်။ သဲမုန်တိုင်းကျလာရင် သဲတောင်ကုန်းငယ်တွေက ပိုပြီး အန္တရာယ်ကြီး တယ်။ လေနဲ့အတူရွေ့ပြီး လူကို ဖုံးသွားနိုင်တယ်။ ဒါ့ကြောင့် မာအူရိုက မုန်တိုင်းကျချိန်မှာ ရပ်မနေဘဲ ဆက်လေ ျှာက်တယ်။

မုန်တိုင်းစဲသွားတော့ သူတစ်ယောက်တည်းပဲ။ မုန်တိုင်းကြောင့် လမ်းညွှန်အမှတ်အသားတွေ လည်း မရှိတော့ဘူး။ ခြေရာတွေလည်း ပျောက်ကုန်ပြီ။ ဒါပေမယ့် စိတ်မပူဘူး။ ဆက်ပြေးရင် ရှေ့ က လမ်းလေ ျှာက်နေတဲ့အဖွဲ့တော့ တွေ့မှာပဲလို့ ယုံကြည်တယ်။

ဒါပေမယ့် ညရောက်တဲ့အထိ ဘယ်သူနဲ့မှ မတွေ့ဘူး။ သဲကန္တာရထဲမှာ တစ်ယောက်တည်း အိပ်လိုက်ရတယ်။ စိတ်ထဲမှာတော့ လမ်းများမှားနေပြီလားလို့ ဇဝေဇဝါဖြစ်လာတယ်။ အဲဒီ အချိန်မှာ ပြိုင်ပွဲကော်မတီကလည်း မနက်အထိ သူရောက်မလာတဲ့ အတွက် ကားနှစ်စီး၊ ရဟတ် ယာဉ်တစ်စီးလွှတ်ပြီးရှာတယ်။

ပြိုင်ပွဲကိုတော့ မရပ်ဘူး။ ဒီလိုလမ်းပျောက်တာက နှစ်စဉ် ဖြစ်နေကျပဲ။ နာရီနည်းနည်းလောက် ရှာ ရင် ပြန်တွေ့မှာပဲလို့ ယုံကြည်တယ်။ ဒီတော့ သူ့သူငယ်ချင်းကလည်း ဆက်ပြီး ပြိုင်ပွဲဝင် တယ်။ ပန်းဝင်တဲ့နေရာမှာ ပြန်ဆုံမှာပဲ လို့ မေ ျှာ်လင့်တယ်။ ဒါပေမယ့် သူပန်းဝင်တဲ့အချိန်ထိ မာအူရို ကို ရှာမတွေ့သေးဘူး။

မာအူရိုကလည်း ရှေ့က အဖွဲ့တွေကို တွေ့နိုးနိုးနဲ့ ဆက်ပြေးနေတယ်။ အဲဒီအချိန်မှာ ရဟတ်ယာဉ် သံကြားတယ်။ ရဟတ်ယာဉ်ကိုလည်း လှမ်းမြင်တယ်။ ဒီတော့ မီးကျည်ပစ်ပြီး အချက်ပြတယ်။ ရဟတ်ယာဉ်က မမြင်ဘူး။ သူတို့ကို ထုတ်ပေးထားတဲ့ မီးကျည်ကလည်း ဘောပင်လောက်ပဲ ရှိ တော့ မီးအားမကောင်းလို့မမြင်တာလည်း ဖြစ်နိုင်တယ်။

ဒီတော့ ခရီးဆက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ ပြေးတယ်။ အားပြတ်ပြီး မပြေးနိုင် တော့ လမ်းလေ ျှာက်တယ်။ လူတစ်ယောက်မှ မတွေ့ဘူး။ ရဟတ်ယာဉ်သံလည်း မကြားရတော့ဘူး။ ငါးရက်မြောက်နေ့အထိ မာအူရိုကို ရှာမတွေ့တဲ့အခါ လက်လေ ျှာ့လိုက် ကြ တယ်။ သဲကန္တာရထဲမှာ အစာပြတ်၊ ရေပြတ်နဲ့ ဘယ်သူမှာ ငါးရက်ထက် ပိုပြီး အသက်မရှင်နိုင်ဘူး။

ဒါပေမယ့် ဇနီးဖြစ်သူကတော့ သူ့ခင်ပွန်းအကြောင်း ကောင်းကောင်းသိတယ်။ သူအရှုံးပေး မှာမဟုတ်ဘူး။ အခက် အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မှာပါ။ရှာတာကို မရပ်ပါနဲ့၊ သူအသက်ရှင်နေတုန်းပဲ လို့ အာဏာပိုင်တွေကို တောင်းပန် တယ်။

အဲဒီအချိန်မှာ မာအူရိုကတော့ ရက်တွေ၊ အချိန်တွေမသိတော့ဘူး။ တစ်ယောက်ယောက်ကို တွေ့ နိုးနိုး နဲ့ လမ်းဆက်လေ ျှာက်နေတယ်။ ရေ ကုန်သွားတော့ ရေဘူးထဲကို ကျင်ငယ်စွန့်ပြီး ပြန်သောက် တယ်။ ပေါက်တယ်၊ သောက်တယ်၊ ပေါက်တယ်။ သောက်တယ်။ လမ်း ဆက် လေ ျှာက်တယ်။ စားစရာမရှိတော့တဲ့အတွက် တစ်ရက်ထက်တစ်ရက် အားနည်းလာတယ်။ အရှုံး မပေးတဲ့စိတ်ကြောင့်သာ ပုံလဲမသွားတာ။

တစ်နေ့တော့ အဆောက်အဦသုံးခုကို လှမ်းတွေ့တယ်။ လူရှိမယ်ထင်လို့ အားတက်သွားတယ်။ အဲဒီအဆောက်အဦတွေကို Marabout လို့ခေါ်တယ်။ အာဖရိကတိုက်မြောက်ပိုင်းမှာတွေ့ရတဲ့ အစ္စလမ်ဘာသာရေးအဆောက်အအုံတွေ၊ လူသူ ကင်းဝေး တဲ့နေရာမှာ တရားကျင့်ကြံတဲ့ အစ္စလမ်ပညာရှိတွေ နေထိုင်ရာ၊ ကျွန်တော်တို့အခေါ်ကျောင်းသင်္ခမ်းပေါ့။

ဒါပေမယ့် မာအူရို ရောက်သွားတော့ အဲဒီနေရာမှာ ဘယ်သူမှ မရှိဘူး။ လင်းနို့တွေပဲ ရှိ တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက သဲကန္တာရဟင်းလင်းပြင်ထက်စာရင် အကာအကွယ်ရှိတယ်။ လေလုံ တယ်။ နွေးတယ်။

အစာရေစာပြတ်နေတဲ့ မာအူရိုဟာ လင်းနို့တွေကို အစိမ်းစားပြီး အသက်ဆက်ရတယ်။ အဲဒီ အချိန်မှာ လေယာဉ်သံကြားတယ်။ အပြင်ကို ပြေးထွက်ပြီး သဲပြင်မှာ “ကယ်ကြပါ” လို့ စာရေး တယ်။ ရှိသမ ျှ အဝတ်အစားတွေ၊ အိပ်ယာလိပ်တွေပုံပြီး မီးရှို့တယ်။ ကံဆိုးချင်တော့ သူလည်း မီးရှို့ပြီးရော သဲမုန်တိုင်းတိုက်လာတယ်။ လေယာဉ်လည်း မီးခိုးကိုမတွေ့တော့ဘဲ ပြန်လှည့် သွား တယ်။

ဒီတစ်ခါတော့ မာအူရိုတစ်ယောက် အကြီးအကျယ်စိတ်ဓာတ်ကျသွားတယ်။ သူသေတာ့မှာပဲ ဆို တာလက်ခံလိုက်တယ်။ အတွေးမျိုးစုံ ဝင်လာတယ်။ နောင်တရတယ်။ တဲနံရံမှာ သူ့အတွက်ကြောင့် စိတ် ဒုက္ခရောက်ရတဲ့ မိသားစုကိုတောင်းပန်တဲ့စာကို မီးသွေးခဲနဲ့ရေး တယ်။

မာအူရိုက သေရမှာကို မကြောက်ဘူး။ ဒါပေမယ့် အစာပြတ်၊ ရေပြတ်နဲ့ တစ်မြေ့မြေ့ခံစားနေရ မှာကို ကြောက်တယ်။ ဒါ့ကြောင့် လက်ကောက်ဝတ်သွေးကြောတွေကို ဓားနဲ့လှီးလိုက်တယ်။ သွေးတွေပန်းထွက်လာတယ်။ နည်းနည်းကြာတော့ နုံးချိလာပြီး အိပ်ပျော်သွားတယ်။ သူပြန် မနိုး တော့ဘူးပေါ့။

ဒါပေမယ့် လင်းနို့တွေအသံနဲ့ သူပြန်နိုးလာတယ်။ သူမသေသေးဘူး။ ရေဓာတ် ခမ်းခြောက် နေတာ ကြောင့်လား၊ ဓားနဲ့လှီးတာက နည်းသွားလို့လားမသိဘူး၊ သွေးတိတ်နေပြီ။ မာအူရို က သူ့ကို သေမင်းက လက်မခံသေးဘူး လို့ ယုံကြည်သွားတယ်။ ဒါနဲ့ ဒီအဆောက်အဦကို စွန့် ပြီး လမ်းဆက်လေ ျှာက်တယ်။ ဒီတစ်ခါတော့ ဘာပစ္စည်းမှာမပါတော့ဘူး။ လက်ပတ်နာရီ နဲ့ ဓား တစ် ချောင်းပဲကျန်တော့တယ်။ လူကလည်း အရိုးပြိုင်းပြိုင်းဖြစ်နေပြီ။

ဒီတစ်ခါတော့ လဲသေမှပဲရပ်တော့မယ်ဆိုပြီး လေ ျှာက်တယ်၊လေ ျှာက်တယ်၊ လေ ျှာက်တယ်။ ဘယ်လောက်ကြာကြာ လေ ျှာက်နေလဲမသိတော့ဘူး။ သဲတောင်ကုန်းတစ်ခုအကျော်မှာ မိန်းကလေးတစ်ယောက်နဲ့ ပက်ပင်းသွားတိုးတယ်။ ကောင်မလေးက လန့်ပြီး လှည့်ပြေးတယ်။

ခဏနေတော့ စစ်ကားတစ်စီးမောင်းလာတယ်။ စစ်သားနှစ်ယောက်ဆင်းပြီး သူ့ကို သေနတ်နဲ့ ချိန်ပြီး ထိုင်ခိုင်းတယ်။ မျက်နှာကို အဝတ်စည်းတယ်။ သူ့စိတ်ထဲမှာ ဒီတစ်ခါတော့ ငါတကယ် သေပြီ၊ ပစ်သတ်ခံရတော့မယ်လို့ ထင်တယ်။ မဟုတ်ဘူး။ သူ့ကို ကားပေါ် တင်ပြီး စခန်းကို ခေါ်သွားတယ်။ ဆေးကုပေးတယ်။

အဲဒီတော့မှာ သူဟာ မော်ရိုကို နိုင်ငံထဲမှာမဟုတ်ဘဲ နယ်စပ်ကို ဖြတ်ပြီး အယ်လ်ဂျီးရီးယားနိုင်ငံထဲ ကို ရောက်နေတာမှန်းသိတယ်။ သူက ပြေးလမ်းကြောင်းကနေ လမ်းမှားပြီး တောင်ဘက်ကို ထွက် သွားတာ။ သဲကန္တာရထဲမှာ ကိုးရက်တိတိနေခဲ့ရတယ်။

မာအူရိုရဲ့ အိမ်ပြန်ခရီးကတော့ ပျော်စရာပေါ့။ သူ့ဇနီးကတော့ မာအူရိုတစ်ယောက် သင်ခန်းစာ ရပြီ၊ နောက်တစ်ခေါက် မပြိုင်တော့ဘူးလို့ ထင်တယ်။ မဟုတ်ဘူး။ မာအူရိုဟာ မော်ရိုကို သဲကန္တာရ မာရသွန်ကို နောက်ထပ်ခြောက်ကြိမ်ထပ်ပြိုင်တယ်။ ပြိုင်တိုင်းမှာ ပန်းဝင်တယ်။ ပထမ ဆယ်ယောက်ထဲမပါပေမယ့် အဆင့် ၁၂ အထိ အမြင့်ဆုံးရခဲ့တယ်။

မာအူရိုက သဲမုန်တိုင်းကို ကျေးဇူးတင်တယ်။ မုန်တိုင်းကြောင့်သာမဟုတ်ရင် အခုလို အတွေ့ အကြုံတွေကို ရှာတွေ့မှာမဟုတ်ဘူ။ နောက်ထပ်ပြိုင်တာက ဆုရဖို့မဟုတ်ဘူး။ သဲကန္တာရကို အောင်နိုင်တယ်ဆိုတဲ့ အရသာကိုခံစားဖို့ပဲဖြစ်တယ်။ ပန်းဝင်တာဟာ နောက်တစ်ကြိမ် ပြိုင်ဖို့ တာထွက်တာလည်းဖြစ်တယ်လို့ဆိုတယ်။

ဇနီးဖြစ်သူကတော့ အဲဒီလို မမြင်ဘူး။ မာအိုရူကိုချစ်ပါတယ်။ ဒါပေမယ့် အင်ဒီယာနာဂျုံးလို လူမျိုးနဲ့ လက်တွဲရတာ ခက်ခဲလှတယ်၊ စွန့်စားရတာ သူ့ဘ၀ ၊ သူ့အတွက်ကောင်းပေမယ့် ကျွန်မ တို့ အတွက်မကောင်းဘူးလို့ပြောတယ်။

နောက်ဆုံးတော့ သူတို့ နှစ်ယောက် ကွာရှင်းလိုက်တယ်။

မာအိုရူလည်း အသက်ရလာတော့ မော်ရိုကိုပြိုင်ပွဲမှာ မပြိုင်နိုင်ဘူး။ ဒါပေမယ့် နေ့တိုင်း အပြေး လေ့ကျင့်နေဆဲပဲ။ ပြေးနေ တာဟာ သူ့အတွက် လွတ်မြောက်ခြင်းပဲ လို့ ပြောတယ်။

မှီငြမ်း ။ Losers, Lost in the Desert by Netflix နှင့် https://www.marathondessables.com/en/marathon-des-sables/race

အရှုံးမပေး (၂)

Surya Bonaly ကို ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ၁၉ ၇၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွေး တယ်။ သူ့မိဘရင်းတွေကို မသိဘူး။ သူ့ကို ပြင်သစ်လူမျိုး ဇနီးမောင်နှံ Georges နဲ့ Suzanne Bonaly တို့က အသက် ၁၈ လအရွယ်မှာမွေးစားခဲ့တယ်။ သူ့မိဘတွေက အိန္ဒိယနိုင်ငံ၊ ယဉ်ကျေး မှု တွေကို သဘောကျတော့ သူ့ကို ဆူရီယာ ( ဟင်ဒီဘာသာနဲ့ သူရိယနေမင်း) လို့ နာမည် ပေး ခဲ့တယ်။

ဆူရီယာပတ်ဝန်းကျင်မှာ လူဖြူတွေပဲရှိတယ်။ ကျောင်းတုန်းက ဓာတ်ပုံတွေထဲမှာလည်း လူဖြူတွေ ကြားထဲမှာ သူတစ်ယောက်ပဲ လူမည်းပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ခွဲခြားဆက်ဆံခံရတာမျိုး မရှိဘူး။ သူအမေက အားကစားနည်းပြ ဆိုတော့ ဆူရီယာက ငယ်ငယ်ထဲက ဓားရေး ယှဉ်ပြိုင်တဲ့ကစားနည်း၊ ဒိုင်ဗင်၊ ကျွမ်းဘားတွေကို ကစားတယ်။ ဘဲလေးကတယ်။ မြေပြင် ကျွမ်းဘားကစားနည်းမှာ ကမ္ဘာ့အငယ်တန်းချန်ပီယန်ဆုရတယ်။ ဒါပေမယ့် သွေးထဲ သားထဲက ကြိုက်တာကတော့ ရေခဲပြင် အလှစီးစကိတ် ( Figure Skating ) ပဲ။ ကျွမ်းဘား ကျွမ်း ကျင်တဲ့အတွက် ရေခဲပြင်ပေါ်မှာ ခုန်ပျံလှည့်ပတ်ရတာ ဆူရီယာအဖို့ အခက်အခဲမရှိဘူး။

၁၉ ၈၅ ခုနှစ် နွေရာသီမှာ ပြင်သစ် ရေခဲပြင် အလှစီးစကိတ် လက်ရွေး စင် အသင်း နိစ်မြို့မှာ စခန်းသွင်းလေ့ကျင့်တယ်။ မြို့ရဲ့ တစ်ခုတည်းသော ရေခဲပြင် စကိတ်ကွင်းကို လက်ရွေးစင်အသင်းက ယူထားတဲ့အတွက် အပြင် လူတွေ စီးလို့မရဘူး။ ဆူရီယာနဲ့ သူ့အမေက နည်းပြ Didier Gailhaguet ကို သွား တွေ့ ပြီး တစ်နာရီလောက် ဝင်စီးခွင့်ပြုဖို့တောင်းပန်တယ်။ အဲဒီမှာ ဆူရီယာစီးတာကို နည်းပြ Didier က သဘောကျသွားပြီး နောက်နေ့တွေလည်း လာကစားဖို့ခေါ်တယ်။ လက်ရွေးစင် အသင်း သုံး ပတ်လေ့ကျင့်ပြီး ပြန်တော့မယ်ဆိုတော့ Didier က ပါရီမြို့ကို ပြောင်းလာမယ်ဆိုရင် ဆူရီယာ ကို သူလေ့ကျင့်ပေးမယ်လို့ ကတိပေးခဲ့တယ်။

ဒီလိုနဲ့ သူ့မိဘတွေက ဆူရီယာအတွက် ပါရီကို ပြောင်းခဲ့တယ်။ ရောက်ပြီး နောက်တစ်နှစ်မှာ ပဲ ပြင်သစ် သက်ငယ်တန်းလက်ရွေးစင် အရွေးခံရတယ်။ ၁၉ ၈၈ ကမ္ဘာ့အငယ်တန်း ချန်ပီ ယံ ပြိုင်ပွဲဝင်ပြိုင်တယ်၊ အဆင့် ၁၄ ပဲရတယ်။ ၁၉ ၈၉ ပြိုင်ပွဲကျတော့ ကြေးတံဆိပ်ရတယ်။ ဒါဟာ သူ့အတွက် ပထမဆုံး နိုင်ငံတကာ ဆုတံဆိပ်ပဲ။ ၁၉ ၈၉ မှာပဲ ပြင်သစ်ချန်ပီယံဖြစ်တယ်။ ( အဲဒီ ဆုကို ကိုးနှစ်ဆက်တိုက်ရခဲ့တယ်။ )

အဲဒီနောက်မှာတော့ ဆူရီယာအတွက်အောင်ပွဲတွေ ဆက်တိုက်ရလာတယ်။ ၁၉ ၉ ၀ မှာ ကမ္ဘာ့ သက်ငယ်တန်းချန်ပီယံဖြစ်တယ။် ၁၉ ၉ ၁ ၊၁၉ ၉ ၂ ခုနှစ်တွေမှာ ဥရောပ ချန်ပီယံဖြစ်တယ်။

ပြင်သစ်နဲ့ ဥရောပချန်ပီယံဖြစ်ပြီးတဲ့အခါ ဆူရီယာဟာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ ကြိုးစားတယ်။ ဒါပေ မယ့် ဆူရီယာအတွက် စိန်ခေါ်မှုတွေအများကြီးတွေ့လာရတယ်။ အဓိကကတော့ အဲဒီပြိုင်ပွဲ ဒိုင်လူကြီးတွေက ဆူရီယာကို မကြိုက်ဘူး။ သူတို့ စံတွေ၊ အစဉ်အလာအရ လက်ခံထား တဲ့ပုံစံတွေနဲ့မကိုက်ဘူးလို့ မြင်တယ်။ ဆူရီယာရဲ့ အကတွေ၊ လှုပ်ရှားမှုတွေ ရဲတင်း လွန်းတယ်လို့ ယူဆတယ်။

အဲဒီကာလက အမျိုးသမီးအလှစီးစကိတ်ပြိုင်ပွဲဝင်သူတွေဟာ အသားဖြူဖြူ၊ ကိုယ်ဟန်သွယ်သွယ်။ သိမ် သိမ် မွေ့မွေ့၊ ကကွက်တွေက အနုပညာဆန် ရမယ်၊ ပျော့ပြောင်းညင်သာရမယ် ၊ သတ်မှတ်ထားတဲ့ ခုန်ပျံ ကျော်လွှားပြရမယ့် ကကွက် တွေကလွဲ ရင် ကျန်တဲ့လှုပ်ရှားမှုတွေက နန်းဆန်ရမယ် လို့ ဒိုင်လူကြီးတွေက ယူဆထား ကြတယ်။ ။ နောက်တစ်ခါ ထုတ်မပြော ပေမယ့် လူဖြူ၊ လူမည်းဆိုတဲ့ အစွဲကလည်း ဒိုင်တွေမှာ ရှိနေသေးတယ်။

ဆူရီယာက အဲဒါတွေနဲ့ တစ်ချက်မှ မကိုက်ဘူး။ သူဟာ စည်းအပြင်ကလူပဲ။

ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွေမှာဒိုင်လုပ်ခဲ့တဲ့ Sonia Bianchetti Garbato ကတော့ ရေခဲပြင် အလှစီး စကိတ်ပြိုင်ပွဲဆိုတာ သုံးဆင့်ခုန် ၊ နှစ်ဆင့်ခုန် တင်မဟုတ်ဘူး။ ဂီတ၊ ကိုယ်ခန္တာအနေအထား၊ ခြေ လက်လှုပ်ရှားမှုတွေလည်းပါသေးတယ်လို့ပြောတယ်။ နောက်ဒိုင်တစ်ဦးဖြစ်တဲ့ Vanessa Riley ကတော့ ဆူရီယာရဲ့ အဝတ်အစားဟာ နန်းတွင်လူရွှင်တော်တွေ ဝတ်တာနဲ့ တူတယ်။ ဒီထက်ပိုပြီး သိမ်မွေ့တဲ့ ဝတ်စုံမျိုးဝတ်သင့်တယ်လို့ဝေဖန်ခဲ့တယ်။

ဆူရီယာနဲ့ခေတ်ပြိုင်ကစားသမားတွေ၊ သူ့ကို အကသင်ပေးတဲ့နည်းပြတွေကလည်း ဆူရီယာက ကျွမ်းဘားနဲ့ပတ်သက်တဲ့ အခုန်၊ အပျံတွေကို ပိုအားကိုးတယ်။ အနုပညာဆန်မှုကို သိတ်အလေး မထားဘူးဆိုတာကို ထောက်ပြကြတယ်။

ဆူရီယာကတော့ အဲဒါတွေကို သူသိပါတယ်။ လူတွေ မြင်ချင်တဲ့ပုံစံအတိုင်း စီးပြနိုင်ဖို့လည်း အစွမ်း ကုန်ကြိုးစားပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ စွန့်စွန့်စားစား ရဲရဲတင်းတင်း လုပ်ပြ ချင်တဲ့စိတ်က အမြဲရှိနေခဲ့တယ်လို့ပြောတယ်။ သူ့ကို မလှဘူးလို့ပြောတာကိုလည်း သူ ဂရု မစိုက် ဘူူး။ ကျန်တဲ့ပြိုင်ပွဲဝင်တွေမလုပ်နိုင်တဲ့ ကျွမ်းဘားလှုပ်ရှားမှုတွေကို လုပ်ပြနိုင်ဖို့ အမြဲကြိုးစား ခဲ့ တယ်။ ဒိုင်တွေ လက်မခံပေမယ့် ပရိသတ်က အသိအမှတ်ပြုပါတယ်လို့ဆိုတယ်။

၁၉ ၉ ၂ ခု ဆောင်းရာသီ အိုလံပစ် ပြင်သစ်မှာလုပ်တယ်။ အဲဒီအခါမှာ ဆူရီယာဟာ ပြင်သစ် နိုင်ငံအတွက် ရွှေတံဆိပ် ယူပေး ဖို့ဆိုတဲ့ ဖိအားကြီးနဲ့ရင်ဆိုင်ရတယ်။

သူက အဲဒီအချိန်မှာ လေထဲမှာ လေးပတ်လှည့်ရတဲ့ Quad Jump ကိုလေ့ကျင့်နေပြီ။ ဒီလှုပ် ရှားမှု ကို အမျိုးသမီးတွေ လုပ်တာမရှိသေးဘူး။ အမျိုးသားပြိုင်ပွဲဝင်တွေ တောင်မှာ ၁၉ ၈၈ မှ စလုပ်နိုင်တယ်၊ ဒီလိုလုပ်တာ စွန့်စားမှုအရမ်းများတယ်၊ လဲကျဖို့အခွင့်အရေးများတယ်။ လဲကျ ရင်လည်း အကျနာပြီး ဒဏ်ရာရနိုင်တယ်။ ဆူရီယာကတော့ နိုင်ငံတကာပြိုင်ပွဲမှာ Quad Jump ကို ပထမဆုံးလုပ်ပြနိုင်တဲ့ အမျိုးသမီးစကိတ်စီးသမား ဖြစ်ချင် တယ်။

နည်းပြက အိုလံပစ်ပြိုင်ပွဲမှာ မလုပ်စေချင်ဘူး။ တစ်ခုခု မှားသွားရင် ပြင်သစ်နိုင်ငံ ဆုတံဆိပ်နဲ့ လွဲ သွားမယ်၊ ဒါ့ကြောင့်မလုပ်ရဘူး၊ သတ်မှတ်ထားတဲ့အတိုင်းပဲ ကစားပါလို့ နောက်ဆုံးအချိန်ထိ မှာတယ်။ ဆူရီယာက ဘာမှမပြော ဘူး။ သူ့စိတ်ထဲမှာ လုပ်ကို လုပ်ပြမယ်လို့ ဆုံးဖြတ်ပြီး သား။ လေ့ကျင့်ရေးကွင်းမှာ အကြိမ်ကြိမ် အောင်အောင်မြင်မြင် ကျင့်ခဲ့ပြီး ပြီဆိုတော့ သူလုပ်နိုင်မယ်လို့ ယုံကြည်တယ်။

နောက်ဆုံးအဆင့်ကစားရမယ့်အချိန်မှာ ဆူရီယာက တတိယနေရာမှာရှိတယ်။ သူ့ရှေ့မှာ ကစား တဲ့ အမေရိကန်အားကစားမယ်က သုံးပတ်လှည့်ရတဲ့ Triple Jump တစ်ခုလုပ်ဖို့ကျန်သွားတယ်။ ဒီတော့ ဆူရီယာသာ အမှားအယွင်းမရှိလုပ်နိုင်ရင် အနည်းဆုံး ငွေတံဆိပ်တော့ရမယ်။ နည်းပြ က သူပြောတဲ့အတိုင်းလုပ်ဖို့ ထပ်ပြောတယ်။

ဆူရီယာ အလှည့်ရောက်တော့ သူဆုံးဖြတ်ထားတဲ့အတိုင်း Quad Jump ကို လုပ်ပြတယ်။ ပရိ သတ်ကတော့ လက်ခုတ်သံတစ်ဖြောင်းဖြောင်းနဲ့ပေါ့။ ဒါပေမယ့် သူလှည့်တာ လေးပတ်အပြည့် မရဘူး၊ ဒါကို ဆူရီယာ သိတယ်။ ဒိုင်တွေလည်း သိတယ်။ ယုံကြည်မှုပျက်သွားတဲ့ ဆူရီယာ ဟာ နောက်ပိုင်းအစီအစဉ်မှာလည်း အမှားတွေဖြစ်လာတယ်။ ဇာတ်ပေါင်းလိုက်တော့ ပဉ္စမ နေရာ ကိုရောက်သွားတယ်။ ပြင်သစ်နိုင်ငံအတွက် ဆုတံဆိပ်လက်လွှတ်လိုက်ရတယ်။ ခုနှစ်နှစ်ကြာ လက်တွဲခဲ့ရတဲ့ နည်းပြနဲ့လည်း လမ်းခွဲလိုက်ရတယ်။ ( ၂၀၀၂ ခုနှစ်ကျမှ Quad Jump ကို အပြည့်ရအောင်လုပ်နိုင်တဲ့သူပေါ်ခဲ့တယ်။ အခုအချိန်ထိ အဲဒီလို လုပ်နိုင်သူ အမျိုးသမီး စကိတ်စီး သမား ငါးဦးပဲရှိသေးတယ်။ )

တစ်ချို့ကတော့ ဒီလိုဖြစ်ရတာဟာ အမေကြောင့်လို့ အပြစ်တင်တယ်။ သူ့အမေက နည်းမှန် လမ်းမှန်မဟုတ်ဘဲ မြှောက်ပေးတယ်လို့ စွပ်စွဲကြတယ်။ ဆူရီယာရဲ့ ကကွက်တွေက အနုပညာ ထက် အားကစားပုံစံဖြစ်နေတာဟာ အမေကြောင့်လို့ အကသင်ပေးရတဲ့ ဆရာမတွေ ကလည်း ပြောကြ တယ်။ ဆူရီယာကတော့ အမေက သူ့ကို အတင်းခိုင်းတာမဟုတ် ဘူး။ သူလုပ်ချင်တာကို လုပ်နိုင်အောင် အားပေးတာ လို့ ကာကွယ်လေ့ရှိတယ်။ ဒါပေမယ့် သူ့ ကကွက်တွေဟာ ဒိုင်တွေရဲ့ စံတွေနဲ့ အမြဲတမ်းလွဲနေတာတော့ အမှန်ပဲ။

၁၉ ၉ ၃ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မှ ဆူရီယာဟာ Triple Jump ခုနှစ်ခါနဲ့ Triple Combination တစ်ခါ လုပ်ပြနိုင်တယ်။ ဒါပေမယ့် ငွေတံဆိပ်ပဲရတယ်။ ပထမရသွားသူက Triple Jump ငါးခါ ပဲ လုပ်ပြနိုင်တယ်။ Triple Combination မလုပ်နိုင်ဘူး။ ဒါဟာ အလှစီးစကိတ်ဟာ အားကစား သက် သက်မဟုတ်ဘူး၊ အနုပညာလည်းပါဖို့လိုတယ်ဆိုတာ သက်သေပြလိုက်တာပဲ။

၁၉ ၉ ၄ ရာသီမှာတော့ ဆူရီယာဟာ သူ့ ကကွက်တွေကို အနုပညာဆန်ဖို့ ကြိုးစားတယ်။ ဒိုင်တွေက လက်ခံမယ်လို့ မေ ျှာ်လင့်တယ်။ ဒါပေမယ့် တေ့လွဲလေး လွဲနေတုန်းပဲ။ ၁၉ ၉ ၄ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲဝင်နေချိန် အဆင့်သုံး အထိရောက်နေပေမယ့် နောက်ဆုံးအချိန်မှာ ချော်လဲတော့ အဆင့်လေးဖြစ်သွားတယ်။ ဆူရီယာကတော့ အိုလံပစ်ပွဲတွေဟာ သူ့အတွက် ကျိန်စာသင့်နေတာပဲ လို့ ပြောခဲ့တယ်။

၁၉ ၉ ၄ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ဂျပန်မှာလုပ်တယ်။ အပြင်းအထန်လေ့ကျင့်ထားတဲ့ ဆူရီယာ က အမှားအယွင်းလုံးဝမရှိဘဲ ကစားသွားခဲ့တယ်။ ဒီတစ်ခါတော့ ရွှေတံဆိပ်ရပြီလို့ ယုံကြည်ခဲ့တယ် ။ ပြိုင်ပွဲသုံးသပ်သူတွေကလည်း အဲဒီလိုပဲ ခန့်မှန်းခဲ့တယ်။ ဒါပေမယ့် သူ နဲ့ ဂျပန်က Yuka Sato ထိပ်တိုက် အမှတ် တူနေတဲ့အတွက် ဒိုင်တွေ အစည်းအဝေးထိုင်ပြီး ဂျပန်ကို အနိုင်ပေးလိုက် တယ်။ ဆုချီးမြှင့်ပြီးလို့ နိုင်ငံတော် သီချင်း တီးနေတဲ့အချိန် ဆူရီယာက လည်ပင်းက တံဆိပ်ကို ဖြုတ်ပြီး လက်မှာကိုင်ထားခဲ့တယ်။

ဒါဟာ အားကစားသမားမပီသတဲ့ အပြုအမူဖြစ်တဲ့အတွက် ပရိသတ်က လှောင်ပြောင်ခဲ့ တယ်။ အားကစားလောကရော၊အားကစားကလောင်ရှင်တွေကပါ ဝေဖန်ခဲ့ကြတယ်။ ဆူရီယာ ကို ခုခံ ကာကွယ်သူတွေကတော့ ဆူရီယာရဲ့ အပြုအမူဟာ ဒီပြိုင်ပွဲ ဆုံးဖြတ်ချက်ကို ကန့်ကွက်တာ သက် သက်မဟုတ်ဘူး။ ဒီလောကထဲကို သူစဝင်တဲ့အချိန်ထဲက ရင်ဆိုင်ခဲ့ရတဲ့ တရားမ ျှတမှုမရှိတဲ့ စနစ် ကို ကန့်ကွက်တာဖြစ်တယ်လို့ ပြောခဲ့ကြတယ်။ ဆူရီယာကတော့ ဒီလောကမှာ သူအနေနဲ့ ၁၀၀% ကောင်းအောင်လုပ်ရုံနဲ့မလုံလောက်ဘူး။ ၁၀၀% အထက်ကောင်းအောင်လုပ်ပြနိုင်မှ ရွှေ တံဆိပ်ရမှာပါလို့ ပြောတယ်။

၁၉ ၉ ၈ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကို ဂျပန်မှာလုပ်တယ်။ အသက် အရွယ်ရယ်၊ ဒဏ်ရာတွေကြောင့် ဒါဟာ ဆူရီယာရဲ့ နောက်ဆုံးအခွင့်အရေးပဲ ဆိုတာ လူတိုင်းသိတယ်။ အဲဒီ ပြိုင်ပွဲ မတိုင်ခင် လေ့ကျင့်ရေးကာလမှာ ဆူရီယာတစ်ယောက် ဖနောင့်ကြော ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်။ အများက မပြိုင်နိုင်တော့ဘူး ထင်တယ်။ ဆူရီယာကိုယ်တိုင်လည်း ကွင်းထဲမဝင်ခင်အထိ လုပ်နိုင်ပ့ါ မလားလို့ထင်ခဲ့တယ်။ ဒါပေမယ့် ကွင်းထဲရောက်သွားချိန်မှာ တော့ ဆူရီယာတစ်ယောက် နာကျင်မှု ဝေဒနာကို မေ့သွာတယ်။ ဒါဟာ ငါ့အတွက်နောက်ဆုံး အိုလံပစ် ပြိုင်ပွဲပဲ။ လူတွေပြောစမှတ်ဖြစ်အောင်လုပ်ပြမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒါ့ကြောင့် သူ့ ကကွက်တွေထဲမှာ ပြိုင်ပွဲမှာ မလုပ်ရဘူးလို့ တားမြစ်ထားတဲ့ ခြေ ထောက် တစ်ချောင်း တည်းနဲ့ နောက်ကျွမ်းပစ်တာကို လုပ်ပြခဲ့တယ်။ ဆူရီယာက သူလုပ်လိုက်တာ ဟာ တရား မဝင်ဘူး၊ အပြစ်ပေးခံရမယ်ဆိုတာ သိပေ မယ့်၊ ငါဟာ သာမန်အား ကစားသမား မဟုတ်ဘူး။ ကန့်သတ်ထားတဲ့ စည်းဘောင် တွေကို ထိုးဖောက်ပြီး တီထွင်ဆန်းသစ်ချင်တဲ့ သူ ဆိုတာကို ပြချင်လို့ လုပ်ခဲ့တာလို့ ဆိုတယ်။

ပရိသတ်ကတော့ အရူးအမူး သြဘာပေးတာပေါ့။ အိုလံပစ်ပွဲတစ်လေ ျှာက်လုံးမှာ ဆူရီယာ နောက်ကျွမ်းပစ်ပြတဲ့အကြောင်း ပြောမဆုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒိုင်တွေကတော့ ဒီလုပ်ရပ်ကို လက်မခံဘူး။ အမှတ်ဖြတ်ခဲ့တဲ့အတွက် အဆင့် ၁၀ ပဲရခဲ့တယ်။

အဲဒီနောက်မှာတော့ အားကစားလောကကနေ အနားယူလိုက်တယ်။ စကိတ်အားကစား သမား ဘ၀ ကိုးနှစ်မှာ ပြင်သစ် ချန်ပီယံ ကိုးကြိမ်၊ ဥရောပချန်ပီယံ ငါးကြိမ်၊ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ငွေ တံဆိပ်ဆု သုံးကြိမ်ရတယ်။ အိုလံပစ်ဆုကိုတော့ တစ်ခါမှမရခဲ့ဘူး။

အားကစားလောကက အနားယူပြီးတဲ့နောက် အလှစီးစကိတ်ဖျော်ဖြေပွဲတွေလုပ်တယ်။ ဒီနေ ရာမှာတော့ သူ့လုပ်ပြချင်တာတွေအကုန်လုပ်ပြလို့ရပြီ။ လွတ်မြောက်သွားတယ်လို့ခံစားရတယ်။ ပွဲတိုင်းလိုလို ခြေတစ်ချောင်းတည်းနဲ့ နောက်ကျွမ်းပစ်ပြတယ်။ စိတ်လှုပ်ရှားစရာ ကစားကွက် တွေကို လုပ် ပြတယ်။ ပရိသတ်ကလည်း ချစ်တယ်။

သူ့ ခေတ်ပြိုင် တွေ အနားယူ သွားပေမယ့် သူကတော့ ရေခဲပြင်မှာ စကိတ်စီးပြနေတုန်းပဲ။ နောက်ဆုံး ၂၀၁၅ ခုနှစ် ရောက်မှ ကျောရိုး ဒဏ်ရာအတွက် ခွဲစိတ်မှုလုပ်ပြီးတဲ့နောက် စကိတ်စီးတာက နေ အနားယူလိုက်တယ်။ ဆူရီယာဟာ ရေခဲပြင် အလှစီး စကိတ်လောကမှာ နှစ်ပေါင်းသုံးဆယ်နီးပါးနေခဲ့တယ်။ သူ့ခေတ်ပြိုင်တွေထဲမှာ သက်တမ်းအရှည်ဆုံး ကစားခဲ့သူပဲ။ ကိုယ်ဝါသနာပါတာကို အချိန်အကြာကြီးပျော်ပျော်ရွှင်ရွင် လုပ် နိုင်ခဲ့တာဟာ ဆူရီယာအတွက် အကြီးမားဆုံးအောင်မြင်မှုပဲ။

အခုတော့ ဆူရီယာဟာ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ပြီး စကိတ်နည်းပြလုပ်တယ်။ သူ့လက်တွဲဖော် ကလည်း သူလို အလှပြစကိတ်စီး အားကစားသမားပဲ။ ဆူရီယာက အားတဲ့အချိန်တွေမှာ နယူးယောက်ဟာလမ်ရပ်ကွက်က လူမည်းကျောင်းသူလေးတွေ ရဲ့ စကိတ် စီး သင်တန်းကို သွားပြီး အားပေးတယ်။ ရေခဲပြင် အလှပြစကိတ်စီးတာဟာ လူဖြူတွေ ပဲ လုပ်နိုင်တာမဟုတ်ဘူး၊ လူမည်းတွေလည်း လုပ်နိုင်တယ်ဆိုတာကို ကလေးတွေ သဘောပေါက်အောင် ရှင်းပြ တယ်။

“တစ်ယောက်ယောက်က မလုပ်သင့်ဘူး၊ မလုပ်နိုင်ဘူးလို့ ပြောတာနဲ့ နောက်တွန့်မသွားနဲ့ ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ ဆုရတာကောင်းတယ်၊ ဒါပေမယ့် အရေးအကြီးဆုံး မဟုတ်ဘူး။ ငါဟာ အကောင်းဆုံးလုပ်ပြနိုင်တယ်ဆိုတဲ့ ခံစားချက်က အရေးအကြီးဆုံးပဲ ။ အဲ ဒါဆိုရင် တစ်ကြိမ်ထက် တစ်ကြိမ်၊ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာလိမ့်မယ်။ အားကစားတင်မဟုတ် ဘူး၊ ဘာပဲလုပ်လုပ် အဲဒီလိုလုပ်၊ ဒါဆိုရင် အောင်မြင်မှာပဲ” ဆိုတာ ကလေးတွေကို သူအမြဲပြောလေ့ ရှိ တဲ့ အားပေးစကားပဲ။

မှီငြမ်း ။ Losers, Judgement , Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ

အရှုံးမပေး (၁)


မိုက်ကယ်ဘန့် (Michael Bentt ) ကို ဂျမေကာ လူမျိုး မိဘနှစ်ပါးက ၁၉ ၆၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ လန်ဒန်မှာမွေးတယ်။ ကြီးတော့ နယူးယောက်မှာ ကြီးတယ်။ သူ့အဖေက မိုဟာမက် အလီရဲ့ ပရိသတ်၊ သူကိုယ်တိုင်လက်ဝှေ့မထိုးပေမယ့် သူ့သားကို အလီ လို ဟဲဗီးဝိတ် ချန်ပီယံဖြစ်စေ ချင်တယ်။ သူ ရုပ်မြင်သံကြားကနေ လက်ဝှေ့ပွဲကြည့်ရင် ကလေးကိုပါ ကြည့်ခိုင်းတယ်။ မိုက် ကယ်ကတော့ လူကြီးတွေ ထိုးနေတာကိုကြည့်ပြီး ကြောက်တာပဲရှိတယ်။ မပျော်ဘူး။
ခက်တာက သူ့အဖေက ကြင်နာတတ်တဲ့ အဖေမဟုတ်ဘူး။ သူဖြစ်ချင်တဲ့အတိုင်း မိုက်ကယ်ကို အတင်းအကြပ်လုပ်ခိုင်းတယ်။ ငါးတန်းကျတော့ အားကစားရုံမှာ လက်ဝှေ့သင်ခိုင်းတယ်။ အထိုးခံရတာနာ တော့ မိုက်ကယ်က သူလက်ဝှေ့မသင်ချင်ဘူးလို့ အဖေကို ပြောတယ်။ သူ့အဖေက ဘာမပြော ညာ မပြောနဲ့ ထပြီး ရိုက်လိုက်တာ တစ်ကိုယ်လုံး အရှိုးရာ အပြည့်ဖြစ်သွားတယ်။ နောင်မှာ မိုက်ကယ်က သူ့ အဖေ ဟာ စကားမပြောဘဲ နေတဲ့အချိန်ရယ်၊ ဒေါသထွက်နေတဲ့အချိန် ရယ် နှစ်မျိုးပဲရှိတယ်လို့ ပြောတယ်။
လက်ဝှေ့မထိုးရင် အဖေရိုက်တာခံရမယ်ဆိုတဲ့ စိတ်နဲ့ပဲ လက်ဝှေ့ သင်ခဲ့ရတယ်။ ၁၉ ၈၀ မှာ အပျော်တမ်းဟဲဗီးဝိတ်လက်ဝှေ့သမားဖြစ်လာတယ်။ အပျော်တမ်း လက်ဝှေ့ သမားဘဝမှာ နယူးယောက် ဟဲဗီးဝိတ်ရွှေလက်အိတ်ချန်ပီယံ လေးနှစ်ဆက်တိုက်၊ အမျိုးသားအဆင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ ငါးနှစ်ဆက်တိုက်ဖြစ်တယ်။ ဒါဟာ အပျော်တမ်းလက်ဝှေ့သမိုင်းမှာ စံချိန် တစ်ခုဖြစ်ပဲ။
ဒါပေမယ့် မိုက်ကယ်ဟာ လက်ဝှေ့ကို ဝါသနာပါလို့ထိုးနေတာမဟုတ်ဘူး။ အဖေ့ဒေါသကနေ လွတ်ရာလွတ်ကြောင်း ထိုးနေတာ၊ သူသတ္တိရှိကြောင်းအဖေ့ကို သက်သေပြတာလို့ပဲခံစား ရ တယ်။ အပျော်တမ်းလက်ဝှေ့သမားဘဝမှာ ၁၄၈ ပွဲနိုင်ပြီး၊ ၈ ပွဲရှုံးတယ်။ ဒါပေမယ့်တစ်ခါမှ အလဲ ထိုးမခံရဘူး။
၁၉ ၈၉ ခုနှစ်ရောက်တော့ ကြေးစားလက်ဝှေ့သမားဘဝကို ကူးပြောင်းဖို့ ဆုံးဖြတ်တယ်။ ဒါက လည်း ချန်ပီယံဖြစ်ဖို့မဟုတ်ဘူး။ ကြေးစားဖြစ်မှ သူ့အဖေ ချယ်လှယ်တာခံရတဲ့ဘဝက လွတ် မယ်ဆိုတဲ့စိတ်နဲ့ ရွေးချယ်ခဲ့တာ။
မိုက်ကယ်ကြေးစားလောကထဲဝင်တော့ အားလုံးက လက်စွမ်းပြနိုင်မယ်လို့ ထင်ခဲ့ ကြတယ်။ ခေတ်ကလည်း မိုက်တိုင်ဆန်၊ ဟိုလီဖီးလ်၊ လင်းနော့လူးဝစ်တို့ ရဲ့ လက်ဝှေ့ ရွှေ ခေတ် ကာလ၊ မျိုးဆက်သစ် ဟဲဗီးဝိတ်ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ မေ ျှာ်နေတဲ့အချိန်ပေါ့။
ဒါပေမယ့် မိုက်ကယ်ဟာ ကြေးစားသမားဘ၀ ပထမဆုံးပွဲ ပထမအချီမှာပဲ အလဲထိုးခံရပြီး အရှက်တကွဲနဲ့ရှုံးခဲ့ရတယ်။ သူ့အဖေက သူ့ကို နှစ်ပြားမတန်အောင်ပြောခဲ့တယ်။ နယူးယောက် ပြန်ရောက်တော့ လူတွေက နှာခေါင်းရှုံ့ကြတယ်။ သူ့ကားမှာ နောက်ပြောင်ရေးထားတဲ့ စာတွေ လာကပ်ထားတယ်။
မိုက်ကယ့်ကြေးစားဘဝက တစ်ပွဲတည်းနဲ့ အဆုံးသတ်ရမလိုဖြစ်သွားတယ်။ မန်နေဂျာ လုပ် မယ့်သူမရှိတော့ဘူး၊ ပွဲသွင်းမယ့်သူရှာမရဘူး။ သူကိုယ်တိုင်လည်း အရက်သောက်လိုက်၊ အပျော် အပါးလိုက်စားလိုက်နဲ့ ၊ စိတ်ဓာတ်ကျလွန်းလို့ သူ့ညီရဲ့ သေနတ်ကိုယ်ယူပြီး သတ်သေဖို့ ကြိုးစား ခဲ့တယ်။ ပါးစပ်နဲ့ သေနတ်ပြောင်းကို ငုံထားပြီးမှ လက်လေ ျှာ့လိုက်တယ်။
အဲဒီအချိန်မှာ ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်နေတဲ့ ဟိုလီဖီးလ်က လေ့ကျင်ဘက်အဖြစ်လုပ်ဖို့ ကမ်းလှမ်း တယ်။ သူအပျော်တမ်းလက်ဝှေ့သမားဘဝမှာတုန်းကလည်း ဟိုလီဖီးလ်ရဲ့ လေ့ကျင့်ဘက်လုပ်ခဲ့ ဖူးတယ်။ ဒီလိုနဲ့ ဟိုလီဖီးလ် ရဲ့ လေ့ကျင့်ဘ က်အဖြစ်နဲ့ နှစ်နှစ်လောက်လုပ်တယ်။ ကိုယ့်ကို ကိုယ် ယုံကြည်မှုပြန်ရလာတဲ့အတွက် ကြေးစားလောကထဲ ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
Stan Hoffan က သူ့ကို မန်နေဂျာလုပ်ပေးတယ်။ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း Eddie Mustafa Muhammad က သူ့ကို လေ့ကျင့်ပေးတယ်။ ဒီတစ်ခါ ကြိုးဝိုင်းထဲပြန်ဝင်တော့ အခြေအနေကောင်းတယ်။ ဆယ်ပွဲဆက်တိုက်နိုင်တယ်။
အဲဒီအချိန်မှာ လက်ရှိ WBO ဟဲဗီးဝိတ်ချန်ပီယံ Tommy Morrison က သူနဲ့ ထိုးဖို့ ကမ်းလှမ်း တယ်။ မော်ရစ်ဆင်က ကျန်တဲ့ဟဲဗီးဝိတ်ခါးပတ်တွေအတွက် လင်းနော့စ်လူးဝစ်နဲ့ ချန်ပီယံ လုပွဲ ထိုး ဖို့ပြင်ဆင်နေတာ။ အဲဒီပွဲမတိုင်ခင် လင်းနော့စ်လူးဝစ်နဲ့ ထိုးပေါက်တူတဲ့ မိုက်ကယ်နဲ့ လက် ရည်စမ်းချင်တာပေါ့။ မိုက်ကယ့်ကို လေ ျှာ့တွက်တာလည်း ပါမယ်။
ဒါပေမယ့် ၁၉ ၉ ၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ ချန်ပီယံလုပွဲမှာ မိုက်ကယ်က မော်ရစ် ဆင်ကို ပထမအချီမှာ ကြမ်းပြင်ပေါ်ကို သုံးကြိမ်လှဲသိပ်ပြီး ဒိုင်ပွဲရပ်နဲ့ ဟဲဗီးဝိတ်ချန်ပီယံဖြစ် သွား တယ်။ မိုက်ကယ်က သူ့စိတ်ထဲမှာ ငါ့ကို အထင်သေးတဲ့သူတွေ တွေ့ကြသေးတာပေါ့ ဆိုတဲ့ မခံ ချင်စိတ်တွေနဲ့ လောင်မြိုက်နေခဲ့တယ် လို့ ပြန်ပြောပြတယ်။
မိုက်ကယ်ရဲ့ ချန်ပီယံဘဝက မကြာလိုက်ဘူး။ ၁၉ ၉ ၄ ခုနှစ် ပထမဆုံးသရဖူကာကွယ်ပွဲမှာပဲ စိန်ခေါ်သူ Herbie Hide က သူ့ကို သတ္တမ အချီမှာ အလဲထိုးချလိုက်တယ်။ နောင်မှာ မိုက်ကယ် က သူ့စိတ်ထဲမှာ မော်ရစ်ဆင်နဲ့ပွဲတုန်းကလို တွန်းအားတွေ ရှိမနေခဲ့ဘူး။ ငါ ချန်ပီယံဖြစ်ဖူးသွား ပြီ ဆိုတဲ့ စိတ်နဲ့ သာယာနေတယ်လို့ ဝန်ခံခဲ့တယ်။
ပွဲပြီးလို့ အဝတ်လဲခန်းထဲရောက်တော့ မိုက်ကယ်လဲကျပြီး သတိလစ် သွားတယ်။ ဆေးရုံမှာ လေးရက် တိတိမျောနေပြီးမှ ပြန်သတိရလာတယ်။ ဆရာဝန်တွေက မိုက်ကယ့် ဦးနှောက်က အကြီးအကျယ်ထိခိုက်သွားတယ်။ နောက်ထပ် လက်ဝှေ့ထိုးလို့မရတော့ဘူး လို့ ဆုံး ဖြတ်လိုက်တယ်။
သူ့မိတ်ဆွေတွေက မိုက်ကယ့်အတွက် စိတ်မကောင်းဖြစ်ကြပေမယ့် မိုက်ကယ်ကတော့ အလုံး ကြီးကျသွားသလို ခံစားရတယ်။ ဘာအကြောင်းနဲ့မှ လက်ဝှေ့ထိုးဖို့မလိုတော့ဘူး။ သူရှုံးပြီး သတိ လစ်သွားတော့ သူ့အဖေက “သွေးကြောင်တဲ့ကောင် သေတာကောင်းတယ်” လို့ပြောသတဲ့။ အဲဒါ ကို ပြန်ကြားရတဲ့နောက် မိုက်ကယ်လည်း အဖေနဲ့ အဆက်ပြတ်သွားတယ်။
အထက်တန်းကျောင်းပြီးထားတဲ့ မိုက်ကယ်က ပင်ဆဲလ်ဗေးနီးယားပြည်နယ် Northampton Community College မှာ စာပေ၊ အနုပညာဘာသာရပ်နဲ့ကျောင်းပြန်တက်တယ်။ နာမည်ကြီး အားကစားသတင်းထောက် Bert Sugar ရဲ့ တိုက်တွန်းမှုနဲ့ Bert ရဲ့ မဂ္ဂဇင်းမှာ လက်ဝှေ့ သမားတစ်ယောက် အလဲထိုးခံရတဲ့အချိန်၊ ကိုယ်ကသူများကို အလဲထိုးလိုက်တဲ့ အချိန် တွေ မှ ဖြစ် ပေါ်တဲ့ခံစားချက်တွေကို Anatomy of a Konckout ဆိုပြီး ဆောင်းပါးရေးတယ်။
အဲဒီဆောင်းပါးကို ဖတ်မိတဲ့ ဟောလီးဝုဒ် ဒါရိုက်တာ Ron Shelton က မိုက်ကယ်ကို မိုဟာ မက် အလီအကြောင်းရိုက်တဲ့ အလီ ( ၂၀၀၁ ) ဇာတ်ကားမှာ ဆန်နီလစ္စတန်နေရာမှာ ထည့်ရိုက်တယ်။ အဲဒီဇာတ်ကားမှာ ဝီလ်စမစ်က မိုဟာမက်အလီနေရာက သရုပ်ဆောင်တယ်။
အဲဒီနောက်တော့ မိုက်ကယ်ဟာ လော့စ်အိန်ဂျလိစ် ကိုပြောင်းနေတယ်။ နောက်ထပ် ရုပ်ရှင် ကား တွေမှာလည်း သရုပ်ဆောင်လုပ်တယ်။ ဂျွန်ဒီလင်ဂျာအကြောင်း ရိုက်တဲ့ Public Enemies ဇာတ်ကားမှာတောင် ဝင်ပါခဲ့သေးတယ်။ သရုပ်ဆောင်တွေကို လက်ဝှေ့သင်ပေးတယ်။ ရုပ် ရှင်တွေမှာ လက်ဝှေ့နဲ့ပတ်သက်တဲ့ အတိုင်ပင်ခံလုပ်တယ်။ သူ့ကို အတိုင်ပင်ခံ အဖြစ် ငှားတဲ့ အထဲမှာ ကလင့်အိစ် ဝုဒ် လည်းပါတယ်။ မိုက်ကယ်က ပြဇာတ်လည်း ကလိုက်သေးတယ်။ သူ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ပြဇာတ်လည်းတင်ဆက်တယ်။
အခုတော့ သူကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးရင့်ကျက်လာတယ်လို့ခံစားရ တယ်။ ဘဝအမှောင်ဆုံးအချိန်တွေကနေ ရုန်းထွက်နိုင်ခဲ့တဲ့အတွေ့အကြုံတွေကို ဟောလီးဝုဒ်က လူငယ် တွေကို မ ျှဝေပေးတယ်။ လူငယ်တွေကလည်း သူ့ကို ယုံကြည်အားကိုးကြတယ်။
အခုတော့ မိုက်ကယ်ဘန့်က သူ့ကို Herbie Hide အလဲထိုးလိုက်တာဟာ သူ့ဘဝအတွက် အကောင်းဆုံးအခွင့် အရေးပဲ၊ အရှုံးထဲက အမြတ်ဘဲလို့ ပြောနိုင်နေပြီ။
မှီငြမ်း ။ Losers, The Miscast Champion , Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ

ဗိုင်းရပ်စ် နဲ့ ဒေါက်တာခင်ခင်ကြီး

ပထမတစ်ကြိမ်ကတော့ လူပုဂ္ဂိုလ် အမည်မဖော်ပြဘဲ အခုလို အခြေအနေမျိုးမှာ ပြောရေးဆိုခွင့် ရှိသူတွေအနေနဲ့ သည်းခံ နိုင်ဖို့လိုတဲ့အကြောင်း “ ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်” ဆိုပြီး ရေးပြ ခဲ့တယ်။

အခုတော့ ဒေါက်တာခင်ခင်ကြီးကို နာမည်တတ်ပြီးပဲပြောရတော့မယ်။ ဒီနေ့ မနက် တင်တဲ့ ပို့စ် မှာ ဒေါက်တာခင်ခင်ကြီးက မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်အရေး ကျွမ်းကျင်သူတွေပေါလိုက်တာ၊ ပါမွှား လေး ကိုယ့်အနေနဲ့ ဆရာ့ဆရာကြီးတွေဆီက နည်းနာယူပါရစေ လို့ရေးထားတယ်။ ပုံ ၁ နဲ့ ၂ ကိုကြည့်ပါ။

ဒါဟာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ လုံး၀ မပြောသင့်တဲ့စကားဖြစ်ပါတယ်။ ဒေါက်တာ ခင်ခင်ကြီးအနေနဲ့ အတတ်ပညာပိုင်းအရ ကျွမ်းကျင်မှုရှိတယ် ၊ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် တွေကို အချိန်နဲ့ တစ်ပြေးညီသိတယ်ဆိုတာ မှန်တယ်။

ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အရာရာတိုင်းမှာ ဒေါက်တာခင်ခင်ကြီး အသိဆုံး၊ အမှန်ဆုံး လို့ ပြောလို့မရဘူး။

အထင်ရှားဆုံး ကတော့ ဧပြီလ ၆ ရက်နေ့မှာ လူနာ အမှတ်(၁) နဲ့ပတ်သက်ပြီး အဲဒီ လူနာကို ပထမဆုံးစစ်ဆေးခဲ့တဲ့ ဆရာဝန်က သူအပါအဝင် လူနာနဲ့ထိတွေ့ခဲ့သူ တွေကို ၁၄ ရက် စောင့်ကြည့်ကာလ ပြည့်တဲ့အတွက် ပြန်လွှတ်တော့မယ်၊ ဒါပေမယ့် ဓာတ်ခွဲ စစ်ဆေးမှု တွေ လုံးဝမလုပ်ရသေးဘူး၊ ဒါ့ကြောင့် စိတ်ပူတယ်လို့ရေးခဲ့တဲ့ကိစ္စပဲ။

အဲဒီပို့စ်နဲ့ပတ်သက်ပြီး ဧပြီ ၆ ညနေ ၇ နာရီ ၂၃ မိနစ်မှာ ဒေါက်တာခင်ခင်ကြီးက ပို့စ် အရှည်ကြီး နဲ့ တုန့်ပြန်ခဲ့တယ်။ ပုံ ၃

ရှင်းလင်းချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေကို ရှင်းပြပြီး “WHO guideline အရလည်း contact များကို စောင့်ကြည့်ကာလအတွင်း ရောဂါလက္ခဏာပေါ်ပေါက်လာမှသာ ဓာတ်ခွဲနမူနာရယူရန် ညွှန်ကြားထားပါတယ် စောင့်ကြည့်ကာလ ၁၄ ရက်အတွင်းတွင်လည်း မည်သူတစ်ဦးတယောက်မှ ရောဂါလက္ခဏာ ပေါ်ပေါက်ခြင်း မရှိပါ” လို့ပြောခဲ့တယ်။

ဒါပေမယ့် လက်တွေ့စစ်ဆေးလိုက်တဲ့အခါမှတော့ လူနာအမှတ် ၁ရဲ့ မိခင်ဖြစ်သူမှာ ရောဂါ ပိုးတွေ့ တဲ့ အကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့တယ်။

ဒါ့ကြောင့် ရောဂါလက္ခဏာပေါ်မှာ ဓာတ်ခွဲစစ်ဆေးရမယ်ဆိုတဲ့ အယူအဆကလည်း ရာခိုင်နှုန်း ပြည့်မမှန်တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက ဧပြီ ၆ ရက်နေ့ ပို့စ်မှာပဲ သူဟာ “ သတင်းနဲ့ပြန်ကြားရေးအဖွဲ့မှာ Media Surveillance တာဝန်နဲ့ နိုင်ငံတကာစာတမ်းပါအချက်အလက်တွေကို ရှာဖွေရတဲ့ တာဝန်ယူရပါတယ်၊ ဒါ့အပြင် မီဒီယာတွေနဲ့ technical issue ပြောရေးဆိုခွင့်တာဝန်ကိုပါ အပ်နှင်း ထားပါတယ် ဒါ့ကြောင့်မို့ ဒီလုပ်ပိုင်ခွင့်အရ ပြောရခြင်းဖြစ်ပါတယ် ” လို့ ရေးခဲ့တယ်။

မီဒီယာစောင့်ကြည့်မှုဆိုတာ ပြည်သူတွေ ဘာတွေ သိ ချင်နေလဲ၊ အခုဖြစ်နေတဲ့ ကိစ္စအပေါ် ဘယ်လိုနားလည်နေလဲ၊ သူတို့နားလည်နေတာတွေ မှန် လား၊ မှားလား ဆိုတာကို လေ့လာပြီး သိချင်တာပြောပေး၊ မှားနေတာ ပြင်ပေး တဲ့အလုပ်ဖြစ် ပါတယ်။

ပြောရေးဆိုခွင့်ရှိသူဆိုတာ ပြည်သူတွေ ၊ မီဒီယာတွေ ငါ့လောက် မသိပါဘူးဆိုပြီး အထင် သေး စိတ်နဲ့ ပြောဆိုဆက်ဆံရမယ့်သူမဟုတ်ဘူး။ အဲဒီလိုပဲ ငါ အသိဆုံး၊ ငါအမြဲမှန်တယ်ဆိုပြီး လက်မ ထောင်နေရမယ့်သူလည်းမဟုတ်ဘူး။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် ပြည်သူ့အသံနားထောင် ဖို့ ဖေ့စ်ဘွတ်အကောင့်ဖွင့်ပြီး မီဒီယာဆက်ဆံရေးသစ် ကို ထူထောင်နေတဲ့အချိန်မှာ ပြောရေးဆို ခွင့်ရှိသူတစ်ယောက်က ငါသိ ၊ ငါတတ်လုပ်နေတာ မြင်လို့မကောင်းဘူး။

ဝေးဝေး နေပါ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြံဆနေကြတာပဲ။ ကာကွယ် ဆေးပေါ်ထွက်ဖို့ဆိုတာကလည်း အချိန်ကြာဦးမယ်။ အခုအချိန်ထိ ကမ္ဘာ့ကျန်း မာရေး အဖွဲ့က အတည်ပြုထားတဲ့ ကာကွယ်ရန် နည်းလမ်းတွေကတော့ လက်ဆေးတာရယ်၊ လူတစ် ယောက်နဲ့တစ်ယောက် ဝေးဝေးနေတာ ( Social Distancing ) ရယ်ပဲ။

လက်ဆေးတာက တစ်ဦးချင်း လုပ်ဆောင်ရတယ်။ ဝေးဝေးနေဖို့ကတော့ လူမှုအသိုင်းအဝန်း တစ်ခုလုံး ပူးပေါင်းဆောင်ရွက်မှ ရတယ်။ ဒီလိုဖြစ်ဖို့အတွက် တစ်ချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံး အိမ်ပြင်မထွက်ရ အမိန့်နဲ့ ဓာတ်ကြမ်းတိုက်ကုတယ်။တစ်ချို့နိုင်ငံတွေကတော့ လူမှုစီးပွားဘ၀ တစ်ခုလုံး ရပ်တန့်သွားတာမျိုးမဖြစ်စေဖို့အတွက် ကန့်သတ်ပြီးဆောင်ရွက်တယ်။

အခု ကျွန်တော်တို့နိုင်ငံမှလည်း ပထမဆင့်အနေနဲ့ ဝေးဝေးနေဖို့ ပညာပေးခဲ့တယ်။ လူစု လူဝေး နဲ့အခမ်းအနားတွေမလုပ်ဖို့ ပိတ်ပင်ခဲ့တယ်။ ပိတ်သင့်တဲ့လုပ်ငန်းတွေကို ပိတ်ခိုင်းခဲ့တယ်။ အခု တော့ ဒုတိယအဆင့်အနေနဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးမသွားဖို့၊ မလိုအပ်ဘဲနဲ့ အိမ်ပြင်မထွက်ဖို့ တားမြစ်ခဲ့တယ်။ ဒါဟာ ဝေးဝေးနေရေး မူဝါဒကို လူမှုစီးပွားဘဝကို ထိခိုက်မှုအနည်းဆုံးနဲ့ အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်ခဲ့တာပါ။

တစ်ချို့ ဒေသတွေမှာ ဝေးဝေးနေရေး မူဝါဒကို ဧပြီ ၇ ရက်နေ့က စတယ်။ ရန်ကုန်ကတော့ မနက် ဖြန် ဧပြီ ၁၀ က စမယ်။ ပြီးတော့ ရန်ကုန်ရဲ့ လူမှုစီးပွားအခြေအနေအရ မြို့ဝင် မြို့ထွက်ကို လုံး၀ ပိတ်ဖို့မဖြစ်နိုင်တဲ့အတွက် လူထုကို မေတ္တာရပ်ခံတဲ့ နည်းလမ်းကို အဓိကထားပြီး လုပ်နေတာ တွေ့ရတယ်။ သို့သော် မေတ္တာရပ်ခံသည်ဖြစ်စေ၊ ဥပဒေနဲ့ တားမြစ်သည်ဖြစ်စေ အခုကာလ မှာတော့ ကျွန်တော်တို့အားလုံး ဝေးဝေးနေရေး မူဝါဒကို အတိအကျလိုက်နာဖို့လိုတယ်။

ဝေးဝေးနေတာဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ အီတလီနိုင်ငံက ( ခရိုင်) မြို့ နှစ်မြို့ ရဲ့ ဖြစ်စဉ်မှာတွေ့နိုင်တယ်။

Lodi နဲ့ Bergamo ဆိုတာ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို စတင်တွေ့ရှိတဲ့ အီတလီနိုင်ငံမြောက်ပိုင်းက မြို့နှစ်မြို့၊ တစ်မြို့နဲ့ တစ်မြို့က မိုင်သုံးဆယ်ပဲကွာတယ်။ ဖေ ၂၁ ရက်နေ့ Lodi မှာ အီတလီနိုင်ငံရဲ့ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်တဲ့လူနာကို စတွေ့တယ်။ နောက် တော့ ဒီမြို့ နှစ်မြို့ ရှိတဲ့ ခရိုင်တွေမှာ ဗိုင်းရပ်စ် ကူးစက်တဲ့လူနာတွေ ဆက်တိုက်တွေ့လာတယ်။

ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ ပထမနှစ်ပတ်မှာ ခရိုင်နှစ်ခုရဲ့ ဖြစ်စဉ်က အတူတူပဲ။ ပထမ ဒါဇင်နဲ့ ချီ ပြီးတွေ့တယ်။ နောက် ရာဂဏန်းဖြစ်လာတယ်။ အသက်ကြီးတဲ့၊ ရောဂါ အခံရှိတဲ့သူတွေ စပြီး သေဆုံးတယ်။

မတ်လ ၈ ရက်နေ့ရောက်တော့ Bergamo ခရိုင်မှ ရောဂါကူးစက်မှုက ထိုးတက်သွားတယ်။ ရက်ပိုင်း အတွင်း နှစ်ဆတက်တယ်။ နောက်ရက်ပိုင်းမှာ နှစ်ဆ တက်တယ်။ ဘိုးဘိုးအောင် တန်ခိုး နဲ့ နှစ်ဆစီတိုးသွားလိုက်တာ ထိန်းမနိုင်တော့ဘူး။ သေဆုံးမှုနှုန်းလည်းများတယ်။ စစ်တပ်က ဝင်ကူရတဲ့အဆင့်ရောက်သွားတယ်။

ဒါပေမယ့် Londi ခရိုင် အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်။ ပထမနှစ်ပတ်မှာ Lodi ရဲ့ ရောဂါ ကူးစက်မှုနှုန်းက Bergamo ထက်တောင် နည်းနည်းလေးပိုတယ်။ ဒါပေမယ့် မတ်လ ၈ ရက် နေ့ နောက်ပိုင်း Bergamo နဲ့ အီတလီတစ်နိုင်ငံလုံးမှာ ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းတွေမြင့်တက်နေ ပေမယ့် Londi ရဲ့ ကူးစက်မှုနှုန်းက ဖြေးဖြေးချင်း ကျဆင်းလာတယ်။ ဘာ့ကြောင့်လဲ

အောက်စ်ဖို့ဒ် တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာပညာရှင်တွေကတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဟာ Londi ခရိုင်ရဲ့ ရောဂါထိန်းချုပ်ရေးမှာ အလှည့်အပြောင်းဖြစ်တဲ့ နေ့ပဲလို့ ထောက် ပြခဲ့တယ်။ ပထမဆုံးရောဂါကူးစက်သူကိုတွေ့ပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၂၃ ရက် နေ့မှာ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက လူတွေ ဝေးဝေးနေဖို့ တင်းကြပ်တဲ့ စည်းကမ်းချက် တွေထုတ်ပြန်ခဲ့တယ်။ လိုက်နာအောင်လည်း လုပ်ခဲ့တယ်။

ပထမနှစ်ပတ်အတွင်းမှာ ရောဂါကူးစက်မှုနှုန်းကျမသွားတော့ လူတွေက ဝေးဝေနေဖို့ အမိန့် ထုတ်တာဟာ အပိုပဲဆိုပြီး အပြစ်တင်ခဲ့တယ်။ ဒါပေမယ့် နှစ်ပတ်ကျော်လာတဲ့အခါမှာ တော့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်က မှန်ကန်တယ်ဆိုတာကို သက်သေပြလာခဲ့တယ်။ အဲဒီအချိန်မှာ ဝေးဝေးနေဖို့ လုပ်ဆောင်တာနောက်ကျခဲ့တဲ့ ဒေသတွေမှာ ရောဂါ ကူးစက်မှုက ထိန်းမရတော့ဘူး။

Lodi ခရိုင်မှာ ပထမနှစ်ပတ်အတွင်း ရောဂါကူးစက်သူတွေ့ရှိမှုနှုန်းကျမသွားဘူးဆို တာက ဖေ ဖော်ဝါရီလ ၂၃ ရက်နေ့မတိုင်မီ ကူးစက်ခံထားရသူတွေကြောင့် ဖြစ်တယ်။ ဖေဖော်ဝါရီ ၂၃ နောက်ပိုင်းမှာ ဝေးဝေးနေဖို့ မူဝါဒကို တိတိကျကျ အကောင်အထည်ဖော်ခဲ့တဲ့အခါ မတ် ၈ ရက်နေ့နောက်ပိုင်းမှာ ကူးစက်မှုနှုန်းသိသိသာသာကျဆင်းခဲ့တာဖြစ်တယ်လို့ အောက်စ်ဖို့ဒ် ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ထူးခြားချက်နှစ်ခုရှိတယ်။ ပထမတစ်ခုက ရောဂါကူးစက်နေကြောင်း လက္ခဏာ ပြဖို့ ကြာတယ် ( ၁၄ ရက်အထိ ကြာနိုင်တယ်။ ) ဒုတိယတစ်ခုက ရောဂါ လက္ခဏာ မပြသေးပေမယ့် ကူးစက်နိုင်တယ်၊ ကူးစက်မှုနှုန်းမြန်တယ်။

ဒါ့ကြောင့် နှစ်ပတ်အတွင်းမှာ တစ်ယောက်ကနေ ငါးဆယ်ဖြစ်နိုင်တယ်၊ တစ်ရာကနေ ငါးထောင် ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ရောဂါရှိသူတစ်ရာကို စစ်ဆေးတွေ့ရင် ဒီလူတစ်ရာ ပေါ်မှာ အခြေခံပြီး ကာကွယ် ထိန်းချုပ်ရေးကို လုပ်လို့မရဘူး။ အဲဒီတစ်ရာရဲ့နောက်မှာ ရောဂါ ရှိကြောင်း စစ်ဆေးမတွေ့သေးတဲ့သူ ၄၉၀၀ ရှိနေနိုင်ပြီး အခြားသူတွေကို ကူးစက်နိုင်တယ်လို့ ယူဆပြီး လုပ် ဆေင်ရမယ်၊ သမားရိုးကျ ကပ်ရောဂါဘေးကာကွယ်နည်းတွေနဲ့ စဉ်းစားပြီးလုပ်လို့မရဘူးလို့ တောင်ကိုးရီးယား ကျန်းမာရေး ဒုတိယဝန်ကြီး Kim Gang-lip ကပြောတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း မတ်လ နှောင်းပိုင်း ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ အလုံးအရင်း နဲ့ပြန်လာပြီးတဲ့နောက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ပထမ နှစ်ပတ် ဟာ အဆုံးအဖြတ်ကာလလို့ ပြောထားတာရှိပါတယ်။

ဒီတော့ လာမယ့် ဆယ်ရက်တော့ အားလုံးကောင်းဖို့ ဝေးဝေးနေကြရအောင်။
ကိုးကား
The Lesson of Lodi and Bergamo: New York Times 2 April 2020

ဗိုင်းရပ်စ် နဲ့ ဂျပန်

မနေ့ ( ၇ ဧပြီ ) မှာ ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြည်နယ် ၇ ခု မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လူဦးရေ ၁၂၆ သန်းအနက် ၅၆.၁ သန်း ( ၄၄.၅% ) က အဲဒီပြည်နယ်တွေမှာ နေထိုင်တာဖြစ်ပြီး တိုကျို၊ အိုဆာကာ တို့လို လူဦးရေထူထပ်တဲ့ မြို့ ကြီး တွေဟာ အဲဒီဒေသမှာရှိပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့လူနာကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စတွေ့ခဲ့ပေ မယ့် ရောဂါ ထိန်းချုပ်ရေးအတွက် ဂျပန်နိုင်ငံရဲ့ဆောင်ရွက်ချက်တွေက အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် အတော်ပျော့ပြောင်းခဲ့တယ်။

ဖေဖော်ဝါရီလ ၂၈မှာ ကူးစက်မှုရှိခဲ့တဲ့ဟော့ကိုင်းဒိုးကျွန်းမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး လူတွေကို အိမ်ထဲမှာနေဖို့ ပြောခဲ့တယ်။ဒါပေမယ့် စည်းကမ်းချိုးဖောက်ရင် ဥပဒေနဲ့အရေးယူတာမျိုးမရှိဘူး၊ ကိုယ့်အသိစိတ်နဲ့ ကိုယ်လိုက်နာဖို့ပဲ ပန်ကြားခဲ့တယ်။ အဲဒီ အမိန့်ကို မတ်လ ၁၉ ရက်နေ့မှာ ပယ်ဖျက်ခဲ့တယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စာသင်ကျောင်းတွေကို ဧပြီလဆန်းအထိ ပိတ်ထားဖို့ ညွှန်ကြား ခဲ့ တယ်။ အဲဒီအမိန့်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တယ်။ ( မနေ့ကတော့ ကျောင်းတွေပိတ်ဖို့ ထပ်ညွှန်ကြားလိုက်ပါပြီ။ ) တိုကျိုလို လူနေထူထပ်တဲ့ မြို့ကြီးတွေကိုတောင် Lockdown မလုပ် ဘူး။ ပြည်သူတွေကို ညနေပိုင်းနဲ့ ရုံးပိတ်ရက်တွေမှာ အပြင်မထွက်ဖို့ပဲ တိုက်တွန်းခဲ့တယ်။

ဒါ့ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုရှိတဲ့ နိုင်ငံအချို့နဲ့ ယှဉ်လိုက်ရင် ဂျပန်လူထုက အနေအစား မပျက် လှဘူး။ ပညာရှင်အချို့ကတော့ ဒုတိယအဆင့် ကူးစက်မှုတွေ စမယ့်အခြေအနေကို တွက်ဆပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အထူးသဖြင့် တိုကျိုလို လူဦးရေ ၁၃သန်းကျော်ရှိတဲ့ မြို့ ကြီးအတွက်စိုးရိမ်ကြတယ်။ ဒါပေမယ့်အစိုးရကတော့ မတ်လ ၃၀ ရက် နေ့ အထိ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာဖို့မရှိဘူးလို့ ပြောနေခဲ့တယ်။

ဒါပေမယ့် ဧပြီလထဲဝင်လာချိန်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းက ချက်ခြင်းမြင့်တက်လာခဲ့ တယ်။ ဧပြီလ ၃ ရက်နေ့မှာ ကူးစက်သူ ၃၅၇ ယောက်ရှိခဲ့ပြီးဒါဟာ ပထမဆုံ းအကြိမ် နေ့စဉ် ကူးစက်သူ တွေ့ရှိမှုအရေအတွက် ၃၀၀ အထက်ကိုရောက်သွားတာဖြစ်တယ်။ မနေ့တော့ ရောဂါ ပိုးရှိသူ ၃၄၇ ဦးတွေ့ခဲ့ပြီး အဲဒီအနက် ၈၀ ဦးက တိုကျို မှာတွေ့တာဖြစ်ပါတယ်။ စိုးရိမ်ဖို့ ကောင်း တဲ့ အချက်ကတော့ တိုကျိုမှာ ဗိုင်းရပ်စ် ကူးစက်သူ အများစုဟာ အသက် ၄၀ အောက်ဖြစ်ပြီး အနည်းဆုံး ၇၀%က ရောဂါကူးစက်ထားသူတွေနဲ့ ထိတွေ့ဖူးသူတွေမဟုတ်ဘူး။ ဒီအခြေအနေ တွေကြောင့် အခုလို အရေးပေါ်အခြေအနေထုတ်ပြန်တဲ့အဆင့်ကိုရောက်ခဲ့တာပါဲ။

ဂျပန်အစိုးရက အခု အရေးပေါ်အခြေအနေထုတ်ပြန်ပေမယ့် ဒါဟာ Lockdown မဟုတ်ဘူးလို့ ပြောတယ်။ အပြင်မထွက်ပဲနေဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ဘားတွေ၊ အရက်ဆိုင် တွေ ပိတ်ဖို့ ဆိုတာအားလုံးက မိမိအသိစိတ်နဲ့ လိုက်နာဖို့ပဲဖြစ်ပါတယ်။ မလိုက်နာရင် ဥပဒေ အရ အရေးယူမယ်ဆိုတာမျိုးမပါဘူး။ ဝန်ကြီးချုပ် အာဘေးကတော့ လူထုအနေနဲ့ C သုံးလုံး ( closed spaces, crowded areas and conversations in close proximity.) ကို လိုက်နာဖို့ တိုက်တွန်း ထားတယ်။ တိုကျိုမြို့နေ ရှောင်ထွက်မယ်ဆိုပြီး အခြားဒေသတွေကို ခရီးသွားတာမျိုးမလုပ်ဖို့ လဲ မေတ္တာရပ်ခံခဲ့တယ်။

လေ့လာသုံးသပ်သူတစ်ချို့ကတော့ ဒီအရေးပေါ်အခြေအနေကြေညာမှုက နောက်ကျသလို ပျော့ လွန်းတယ်လို့ဆိုတယ်။ ဒါပေမယ့် ဂျပန်အစိုးရကတော့ ဂျပန်ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှု အစဉ်အလာကောင်းတွေကြောင့် ဒီအမိန့်က လုံလောက်ပါတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ကိုးကား။ ဧပြီ ၈ စထရိတ်တိုင်းမ်သတင်းစာ၊ ဧပြီ ၄ ဂျပန်တိုင်းမ်းသတင်းစာ ၊ မတ် ၃၀ အဆာဟိ ရှင်ဘွန်းသတင်းစာ နဲ့ ညင်ညင်သာသာ ကိုင်တွယ်မှုမှသည် အလုံးစုံ မြို့ပိတ်ခြေချုပ်အထိ – အာရှနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်အပေါ် ခုခံနေကြပုံ ဆောင်းပါး ၊ အောင်သူငြိမ်း မတ်လ ၂၈ ရက်၊ ၂၀၂၀

ဘောက်ထော်

မြို့ထဲကနေ ဘောက်ထော် မှာ ဈေးသွားဝယ်တယ်ဆိုတာ အတော်ဂွကျကျ နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျွန်တော့်မှာတော့ လုံလောက်တဲ့အကြောင်းရှိတယ်။ ပထမတစ်ခုကတော့ ဘောက်ထော်ဈေး။ ဘူ တာရုံလေးနဲ့ မလှမ်းမကမ်းက ဈေးသေးသေးလေးရယ်၊ ဘူတာရုံကိုသွားတဲ့ လမ်းဘေးဝဲယာက ပံျ ကျဈေးဆိုင်လေးတွေရယ်၊ ဒီမြင်ကွင်းက ကျင်လည်ခဲ့ဖူးတဲ့ နယ်မြို့လေးတွေကို သတိရစေတယ်။ ဒါ့ကြောင့် ရံဖန်ရံခါ သွားဖြစ်တယ်။ ဈေးဝယ်တယ်ဆိုတာထက် ဈေးလေ ျှာက်တယ်ဆိုတာက ပိုမှန် မယ်။

နောက်တစ်ခုကတော့ ဒီဈေးလေး နဲ့မနီးမဝေးမှာ မန္တလေး အိမ်စားမြီးရှည်စစ်စစ် ဆိုပြီး ကြေညာ ရောင်းတဲ့ ကျွန်တော့်ရိုးရင်းကြီးရဲ့ မြီးရှည်ဆိုင်ရှိတယ်။ သူ့မြီးရှည်ဟာ မန္တလေးမြီးရှည် စစ်မစစ် တော့မသိဘူး။ မန္တလေးနန်းရှေ့မှာ နေခဲ့ဖူးတဲ့ ကျွန်တော့်အမေ့လက်ရာ မြီးရှည်နဲ့တော့တူတယ်။ အမေက အသက်ကြီးလာတော့ မြီးရှည်လုပ်မကျွေးနိုင်တော့ဘူး။ ဒီတော့ အမေ့လက်ရာ အလွမ်း ပြေ သူ့ဆိုင်ကိုပဲ သွားရတယ်။ ရန်ကုန်မှာအကောင်းဆုံး မြီးရှည်ဆိုင်လို့တော့ မပြောနိုင်ပေမယ့် ကျွန်တော်ခံတွင်းအတွေ့ဆုံးမြီးရှည်ဆိုင်လို့တော့ ပြောလို့ရတယ်။

ဘောက်ထော်ဈေးဟာ ရပ်ကွက်ဈေးဆိုပေမယ့် ပတ်ဝန်းကျင်အနေအထားအရ အရောင်းအဝယ် ကောင်းတယ်။ ကားနဲ့လာဝယ်သူတွေလည်းများတယ်။ သားငါး ၊ ဟင်းသီးဟင်းရွက်အပြင် လမ်း ဝဲယာမှာမုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ အကြော်၊ ကောက်ညှင်းပေါင်း ဆိုင်တွေ၊ အထည်ဆိုင်တွေ၊ အိုးခွက် ပန်းကန်ဆိုင်တွေ၊ ပန်းသည်တွေ၊ ပန်းအိုးဆိုင်တွေ အကုန်ရှိတယ်။ မနက်ပိုင်းဆိုရင် ကားရပ်ဖို့ တောင်အတော်ခက်တယ်။ ဘူတာလေးကတော့ မြို့ပတ်ဘူတာရုံလေးဆိုတော့ ခရီးသည် နည်း တယ်။ သစ်ပင်ရိပ်အောက်မှာ ငြိမ်ငြိမ်ကုပ်ကုပ်လေးနေတဲ့ ဘူတာလေးပေါ့။

ဒီတစ်ခေါက်ရောက်တော့ ဘောက်ထော်ဈေးလည်း ဗိုင်းရပ်စ် ဒဏ်ခံနေရပြီ။ ဈေးဝယ်သူ ကြဲကြဲ၊ လမ်းဘေးဝဲယာမှ ခင်းရောင်းတဲ့ဈေးသည်တွေလည်း နည်းနည်း၊ ဈေးရုံထဲ မှာလည်း စတိုး ဆိုင်၊ အထည်ဆိုင်တွေပိတ်ထားတယ်။ ကုန်ခြောက်ဆိုင်နဲ့ သားငါးတန်းမှာပဲ ရောင်းသူနည်းနည်း၊ ဝယ် သူ ပါးပါးရှိတယ်။ အကြော်သည်၊ ကောက်ညှင်းပေါင်းသည် အတော် နည်းသွားပြီ။ မုန့်ဟင်းခါး ဆိုင်တစ်ဆိုင်တွေ့တယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ၊အသုပ် ( ပါဆယ်) ရပြီလို့ ဆိုင်းဘုတ် ဆွဲ ထားတယ်။ ပါဆယ်ဆွဲသူတော့မတွေ့ဘူး။

ဟင်းသီးဟင်း ရွက်သည်၊ ပန်းသည်တွေရှေ့မှာ အရင်ကဆိုရင် ဈေးဝယ်အပြည့်၊ အခုတော့ ဈေးဝယ်ကမူးလို့တောင်ရှုစရာမတွေ့ရဘူး။ ကုန်ခြောက်ဆိုင်တွေက ပြဿနာမရှိပေမယ့် ကုန်စိမ်း တွေ ရောင်း မကုန်ရင် ဘယ်လိုလုပ်မလဲ။ သူတို့အစားရင်ပူမိတယ်။ တကယ်တော့ အခုလို အချိန် က ဈေးဝယ်လို့မကောင်းဘူး။ ဈေးဆစ်ရမှာလည်း အားနာတယ်။ ဝယ်သူရှားတဲ့အချိန်မှာ တစ်ဆိုင် ကို ဝယ်ရင် ဘေးက ဆိုင်ကိုလည်း မျက်နှာပူတယ်။

ဈေးဝယ်အတော်များများနှာခေါင်းစည်းတွေတပ်ထားတယ်။ ဈေးဝင်ပေါက်နှစ်ခုလုံးမှာ ရေသန့်ဘူး ကြီးအခွံတွေနဲ့လက်ဆေးဖို့ နေရာတွေလုပ်ပေးထားတယ်။ကျွန်တော်ဝင်တဲ့ဘက်ကနေရာမှာ လူတစ်ယောက် ရေဖြည့်နေတယ်။ လက်ဝင်ဆေးရင်း ကျေးဇူးတင်ပါတယ်ဗျာ လို့ပြောတော့ “ ရပါ တယ်ဗျာ၊ ဒီလိုပဲ ဝိုင်းလုပ်ရတာပေါ့” တဲ့။ မြန်မာ့စိတ်ရင်းပဲ။

ဈေးခြံစည်းရိုးမှာတော့ ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ အသိပေးချက်တွေကပ်ထားတယ်။ အမှတ် (၁၅) ရပ်ကွက်အတွင်း ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေးနဲ့အခမ်းအနားတွေ၊ ပွဲလမ်း သဘင်တွေမလုပ်ဖို့ သတိပေးထားတဲ့ စာတွေ့တယ်။ လက်ဆေးတဲ့အခါ၊ နှာချေ ၊ ချောင်းဆိုးတဲ့ အခါ လိုက်နာရမယ့် အချက်တွေပါတဲ့ ပိုစတာတွေကပ်ထားတယ်၊ ဆိုင်းဘုတ်အကြီးကြီးမှာတော့ ဈေးသည်များလိုက်နာရမယ့် ဇီဝလုံခြုံရေးစနစ်တွေကို အပြည့်အစုံဖော်ပြထားတယ်။

ဘူတာမှာလည်း လက်ဆေးဖို့နေရာရှိတယ်။ ပိုက်ကရေမလာသလို ရေသန့် ဘူး ကလည်း ဖင် ကပ်နေပြီ။ ဈေးမှာလို စေ တနာ့ဝန်ထမ်း ဖြည့်ပေးမယ့်သူမတွေ့ဘူး။ လက်ဆေးစင်ရှေ့မှာတော့ “ ရန်ကင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ NLD ပါတီဝင်များနှင့် ပြည်သူများမှ လှုဒါန်း ပါသည် ဆိုင်းဘုတ်ကြီးချိတ်ထားတယ်။

အရင်က ရှင်းလင်းနေတဲ့ ဘူတာ ရုံ ထဲမှာလည်းမုန့်ဟင်းခါးနဲ့အသုပ်ရောင်းတဲ့ အထမ်းနှစ်ထမ်း၊ စက်ဘီးတစ်စီး ၊ ဆုံလယ် ကုလားထိုင် တစ်လုံး၊ ကလေးပုခက် တစ်ခု နဲ့ အဝတ်ဟောင်းတွေပဲရှိတယ်။ ခရီးသည်မရှိဘူး။ ဘူတာရုံ ဝန်ထမ်း တွေလည်း မမြင်ခဲ့ရဘူး။ လက်မှတ်ရောင်းကောင်တာဘက်မှာတော့ ရထားအချိန်စာရင်း အသစ် ကပ်ထားတယ်။ မြို့ပတ်ရထားဘူတာရုံပြမြေပုံတစ်ခုကပ်ထားတယ်။ ယာဉ်ပေါ်မှာ ဆင်းပြီးတိုင်း၊ ဈေးဝယ်ပြီးတိုင်း လက်ဆေးဖို့ သတိပေးတဲ့စာကပ်ထားတယ်။ တစ်နာရီခွဲမှာ ရပ်နေတဲ့ တိုင်ကပ် နာရီ တစ်လုံးရှိတယ်။ ဖိုင်တင်စင်နှစ်ခုက အပြင်ဘက် စင်္ကြန်မှာရောက်နေတယ်။ ဖိုင်တင်စင်မှာ ဖိုင် တွဲအဟောင်းတစ်ချို့ရှိတယ်။

ဈေးကနေထွက်ပြီးတော့ ရိုးရင်းကြီး ဆိုင်ဘက်ကိုသွားတယ်။ ဆိုင်မရောက်ခင်လမ်းထောင့်မှာ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံရှိတယ်။ အရင်က ဓမ္မာရုံ နံရံကို မှီပြီးရောင်းတဲ့ ထမင်းကြော်ဆိုင်လေးရှိတယ်။ အခုမတွေ့တော့ဘူး။ ဈေးကွက်စီးပွားရေးသဘောအရ ပျောက်သွားပြီထင်တယ်။ ဒီဓမ္မာရုံ မုခ် ဦး တံခါးပိတ်ထားတယ်။ ပိတ်ထားတဲ့တံခါးရှေ့မှာ အမေအိုတစ်ယောက် ဈေးခြင်းတောင်းကို ဘေးချ ပြီး ဓမ္မာရုံဘက်ကို ဦးချကန်တော့နေတယ်။ ဓမ္မာရုံထဲမှာနေ့စဉ် ဝတ်ပြုနေကြထင်ပါရဲ့။ အမေအို ဘေးက ပလတ်စတစ်ခြင်းတောင်းအစိမ်းထဲမှာ ပဲတောင့်ရှည်တစ်စီးထိုးထိုးထောင်ထောင်၊ ပဲကြီး တစ်ထုပ်။

မုခ်ဦးတံခါး မှတော့ ဈေးမှာတွေ့ခဲ့တဲ့ လူစုလူဝေးနဲ့အခမ်းအနားမလုပ်ဖို့ စာကပ်ထားတယ်။ ဘေးနံ ရံမှာ မိမိ ရပ်ကွက်/ ပတ်ဝန်းကျင်မှာ နိုင်ငံခြားက ပြန်လာသူရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားခြင်းဖြင့်ကူညီပါ ဆိုတဲ့ဆိုင်းဘုတ်ထောင်ထားတယ်။ မြို့ရွာကို ချစ်ရင် ခိုးကြောင် ခိုးဝှက်မလာဖို့ တိုက်တွန်းထားသလို ခိုးပြန်လာသူတွေကြောင့် ရောဂါဖြစ်ရင် ကိုယ့်မြို့ Lockdown လုပ်ခံရနိုင်တယ်လို့လည်း သတိပေးထားတယ်။

ရိုးရင်းကြီးရဲ့ဆိုင်ကတံခါးတစ်ခြမ်းပဲဖွင့်ထားတယ်။ မကြာခင်ရက်ပိုင်းကပဲ ရိုးရင်းကြီးက ရုတ်တရက် ခွဲခွာသွားခဲ့တယ်။ မခွဲခင်မှာ စိတ်ကပဲလှုံ့ဆော်လို့လားမသိဘူး၊ စာမရေးပဲ သူပြောချင်တာတွေကို ဗီဒီယိုရိုက် ပြီးတင်ခဲ့တယ်။ အခုတော့ ချစ်ခင်သူတွေအတွက် အဲဒီဗီဒီယိုဖိုင်တွေရယ်၊ ဒီမြီးရှည်ဆိုင် ရယ်ဟာ သူ့ကို တသသ လွမ်းစရာဖြစ် နေပေါ့။

အခုအချိန် ဆိုင်မှာထိုင်စားလို့မရဘူး။ ပါဆယ်ဆွဲလို့ရတယ်။ အိမ်ကနေမှာလို့ရတယ်။ ဆိုင်ထဲမှာ မိသားစုဝင်တွေ ဟင်းတွေပြင်ရင်း အလုပ်ရှုပ်နေကြတယ်။ အိမ်အရောက် ပို့ ဆောင်ပေးမယ့် လူ ငယ်လေးနှစ်ယောက်ရှိတယ်။ ပါဆယ်ဆွဲဖို့ စောင့်နေသူတွေရှိတယ်။ ဆိုင် မှာ ထိုင်စားလို့ မရ ပေမယ့် အိမ်ကနေမှာစားသူတွေအတော်များပုံရတယ်။ မိတ်ဆွေ ရိုးရင်းကြီး ခွဲ ခွာချိန်က ကျွန်တော်မရောက်ခဲ့တော့ အခုရောက်တုန်း မိသားစုဝင်တွေနဲ့ စကားပြောချင်တယ်။ ဒါ ပေမယ့် အလွမ်းတွေကို အလုပ်တွေနဲ့ ကုစားနေတဲ့သူတို့ကို ကြည့်ပြီး မှာစရာရှိတာမှာ၊ ယူစရာ ရှိ တာ ယူပြီး ပြန်လာခဲ့တယ်။

နောက်ဆုံးတော့ ဗိုင်းရပ်စ်ကိုက်ခံရတဲ့ဘဝတွေ ရောင်းမကောင်းတဲ့ဈေးသည်တွေအကြောင်း တွေး ရင်း ကားမောင်းပြန်ခဲ့တယ်။ မီးပွိုင့်မှာ စပါယ်ပန်းကုံးတွေ နဲ့ ကောင်လေးတစ်ယောက် မီးနီမိ လို့ ရပ် နေတဲ့ကားတွေကြားမှာ ပန်းကုံးတွေကို မြှောက်ပြရင်း သွားနေတယ်။ ဘယ်ကားမှ မဝယ် ဘူး။

ငါဝယ်ရင်ကောင်းမလား၊ ပန်းတွေကို ကားထဲမှာချိတ်ထားလို့ ဗိုင်းရပ်စ်ပါလာရင် မခက်ဘူးလား၊ ငါ့ ကို ကူးရင် ၊ ငါ့မိသားစု၊ ငါနေတဲ့ရပ်ကွက်၊ အတွေးတွေ ဆက်သွားတယ်။ ကောင်လေးက မှန်နားကို ကပ်ပြီး ပန်းကုံးကိုမြှောက်ပြတယ်။ ခေါင်းခါ ပြလိုက်တယ်။ ကောင်လေး မျက်လုံးထဲမှာ ဖြတ်ကနဲ အရိပ်တစ်ခုမြင်လိုက်တယ်။ ပြန်လှည့်သွားတဲ့ကောင်လေးကို မသိချင်ယောင်နေမိတယ်။

မီးစိမ်းသွားပြီ။ ငါ ထွက်လာခဲ့တယ်။ သူကျန်နေခဲ့တယ်။

၅ ဧပြီ ၂၀၂၀

ဗိုင်းရပ်စ် နဲ့ အာရှစီးပွားရေး

ဧပြီလ ၃ ရက်နေ့မှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အာရှစီးပွားရေးအခြေအနေ ခန့်မှန်းချက် ၂၀၂၀ ကို ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ဒီအစီရင်ခံစာဟာ ၂၀၂၀ မတ်လ ၂၀ ရက်နေ့အထိ ရရှိ ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ် ဘေးကို ၂၀၂၀ ပြည့်နှစ်မှာ ကျော်လွှားနိုင်မယ်၊ ၂၀၂၁ ခုနှစ် မှာ စီးပွားရေးအခြေအနေ ပုံမှန် ပြန်ဖြစ်မယ်ဆိုပြီး တွက်ချက်ထားတာဖြစ်တဲ့အကြောင်း ADB က ပြောထားတယ်။

အဲဒီအစီရင်ခံစာထဲက အရေးကြီးတဲ့အချက်တွေကတော့ –

၁။ အာရှ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၉ မှာ ၅.၂% ၊ ၂၀၂၀ မှာ ၂.၂% ၊ ၂၀၂၁ မှာတော့ ၆.၂% ဖြစ်မယ်။ ပုံ ၁

၂။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၉ မှာ ၆.၁%၊ ၂၀၂၀ မှာ ၂.၃% ၊ ၂၀၂၁ မှာ ၇.၃% ဖြစ်မယ်။

၃။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၉ မှာ ၅.ဝ%၊ ၂၀၂၀ မှာ ၄.ဝ% ၊ ၂၀၂၁ မှာ ၆.၂% ဖြစ်မယ်။

၄။ အရှေ့တောင်အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၂၀ မှာ ၁% ပဲရှိတော့မယ်။ ၂၀၂၁ မှာ ၄.၇% ပြန် ဖြစ်မယ်။

၅။ နိုင်ငံတစ်ခုခြင်းအတွက် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် ဂျီဒီပီ တိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှု နှုန်း အခြေအနေ ပုံ ၂ မှာကြည့်ပါ။

၆။ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာ ၊ တရုတ် နဲ့ အာရှဒေသ ထိခိုက်ဆုံးရှုံးမှုကို ပုံ ၃ မှာကြည့်ပါ။

ကိုးကား။ Asian Development Outlook 2020 , ADB

စင်္ကာပူ နောက်ဆုံးအခြေအနေ ( ၅ ဧပြီ ၂၀၂၀)

မနေ့ ( ဧပြီ ၅ ရက် ) က စင်္ကာပူနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၁၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ တယ်။ ဒါဟာ တစ်ရက်တည်းနဲ့ အများဆုံးတွေ့တာလည်းဖြစ်ပြီး အခုဆိုရင် စင်္ကာပူနိုင်ငံမှာ ရောဂါပိုး ရှိ ကြောင်းစစ်ဆေးတွေ့ရှိသူ ၁၃၀၉ ဦးရှိပါပြီ။

ကူးစက်ခံရသူ ၁၂၀ အနက် ၄ ယောက်သာ ပြည်ပက ပြန်လာတာ ဖြစ်ပြီး ကျန်သူတွေက ပြည် တွင်းမှာ ကူးစက်ခံရတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကူးစက်ခံရသူ ၁၁၆ ဦးအနက် ၅၀ က လက် ရှိ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူတွေထံကနေ ကူးစက်တာဖြစ်ပါတယ်။ ကျန်တဲ့ ၆၆ ဦး ကို ဘယ်က ကူးစက်သလဲဆိုတာကိုတော့ စစ်ဆေးနေဆဲပါ။

လက်ရှိရောဂါပိုးရှိသူတွေဆီကနေ တဆင့်ကူးစက်ခံရသူအများစုဟာ နိုင်ငံခြားသား အလုပ်သမား တွေနေတဲ့အဆောင်တွေက ဖြစ်တယ် လို့ ဆိုတယ်။ ဒါ့ကြောင့် ရောဂါ ကူးစက်ခံရသူများပြားတဲ့ S11 Dormitory @ Punggol ( ၆၂ပန ဦး) ၊ Westlite Toh Guan ( ၂၈ ဦး) အဆောင်တွေကို သီးခြားကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ပြီး ဝင်ထွက်သွားလာမှုများကို ထိန်းချုပ်လိုက်ပါတယ်။ ပုံ ၁

အဲဒီအဆောင်တွေမှာ နိုင်ငံခြားလုပ်သား တစ်သောင်းကိုးထောင်ရှစ်ရာရှိတယ်။ သူတို့ ဟာ ကိုယ့် အခန်းမှာ ကိုယ် ၁၄ ရက်နေရမှာဖြစ်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို အစိုးရက ထောက်ပံ့ပေးမယ်။

ဒီလိုအခြေအနေကြောင့် စင်္ကာပူမှာရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် ရန်လိုတာ၊ ခွဲ ခြားဆက်ဆံတာမျိုးမလုပ်ဖို့ စင်္ကာပူအစိုးရတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ် ကုသရေးအဖွဲ့ပူးတွဲဥက္ကဋ္ဌ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး Lawrence Wong က အခုလုပ်ဆောင်ချက်ဟာ နိုင်ငံခြားအလုပ်သမားတွေက ရော ဂါ ဖြစ်နိုင်ခြေပိုများလို့ ခွဲခြားကန့်သတ်တာမဟုတ်ဘူး။ သူတို့နေထိုင်တဲ့အဆောင်တွေမှာ ရောဂါ ပိုးရှိသူတွေ့လို့ ထိန်းချုပ်ရတာလို့ ပြောတယ်။

အလုပ်သမားဝန်ကြီး Manpower Minister Josephine Teo က အစိုးရလုပ်ဆောင်ချက် တွေဟာ စင်္ကာပူနိုင်ငံသားတွေအတွက်ပဲ မဟုတ်ဘူး။ နိုင်ငံခြားအလုပ်သမားတွေအပါအဝင် စင်္ကာပူ နိုင်ငံမှာနေထိုင်သူအားလုံး အန္တရာယ်ကင်း ဖို့ အတွက်လုပ်ဆောင်နေတာဖြစ်တယ်၊ နိုင်ငံခြား အလုပ်သမားတွေဟာ စင်္ကာပူစီးပွားရေးကို ကူညီနေသူတွေဖြစ်တယ်၊ စီးပွားရေး နလံပြန်ထူ ဖို့ အတွက်လည်း အရေးပါတဲ့အခန်းက ပါဝင်မယ့်သူတွေပါ လို့ပြောခဲ့တယ်။

ကိုးကား။ စီအင်န်အေ သတင်း ၆ ဧပြီ ၂၀၂၀

ဆူးလေ


မနက်ငါးနာရီခွဲ ၊ အရင်က အိပ်ယာစောစောထတဲ့ ဆူးလေ ဟာ အိပ်ပုတ်ကြီးနေတယ်။ ခေတ်မီ ဟိုတယ်ကြီးနဲ့ ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာတော့ စောစောမထလို့မဖြစ်တဲ့၊ အိမ်မှာပဲ နေဖို့ မဖြစ်နိုင်တဲ့ ၊ ခပ်ခွာခွာနေဖို့ မတတ်နိုင်တဲ့ ငါ့ဝမ်းပူဆာ မနေသာ သမားတွေ ပူးကပ်ပြီး ကား စောင့်နေကြတယ်။ အရင်က ခပ်စိပ်စိပ်လာ တ တ်တဲ့ ဘတ်စ်ကားတွေကလည်း အခုတော့ ခပ်ခွာ ခွာပဲလာကြတော့တယ်။
တံတားအောက်ကနေ လူငယ်လေးသုံးယောက် ဖြတ်လေ ျှာက်သွားတယ်။ လုပ်ငန်းခွင်ကို သွား မယ့် သူတွေထင်ပါရဲ့ ။ တစ်ယောက်က လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားတယ်။ ပလက်ဖောင်း၊ ကတ္တရာလမ်းနဲ့ရေအိုင်တွေပေါ်မှာအရောင်ပြန်နေတဲ့ အနီရောင်၊ အဝါရောင်တွေ၊ လူရှင်းနေတဲ့ ကားလမ်းမကြီး၊ ဝမ်းရေးခက်ခက် လူသုံးယောက်။ ဆာရီရယ်ပန်းချီကားတစ်ချပ်။
ရန်ကုန်သားတွေထဲမှာဘယ်သူစည်းကမ်းရှိသလဲ၊ဘယ်သူစည်းကမ်းမဲ့လဲဆိုတာ စစ်ဆေးတဲ့ လူကူး တံတားအောက်မှာ လူတစ်ယောက်အိပ်နေတယ်၊ ဘေးမှာ ရေသန့်ဘူးရယ်၊ ပိုင်ဆိုင်မှုတွေ ထည့် ထားတဲ့ အိပ်တစ်လုံးရယ်ရှိတယ်။ ဗိုင်းရပ်စ်ဟာ သူနဲ့ မဆိုင်ဘူး။ သူ့အနား ဘယ်သူမှ မကပ်ဘူး။ လက်ဆေးဖို့လည်း မလိုဘူး။
တံတားပေါ်မှာလည်းနောက်တစ်ယောက် ပုဆိုးခြုံအိပ်နေတယ်။ ဝတ်ထားတဲ့အကျီ ၤ ကလည်း သန့် သန့်၊ ပုဆိုးကလည်းကောင်းကောင်း၊ ကတ္တီပါဖိနပ်တစ်ဖက်က ခေါင်းအောက်မှာ၊ တစ်ဖက်က ခြေ ရင်းမှာ။ အိမ်ယာမဲ့တော့မဟုတ်လောက်ဘူး။ အကြောင်းကြောင်းကြောင့် အိမ်မပြန်နိုင်သူများလား။
တံတားပေါ်ကို လူငယ်စုံတွဲတက်လာတယ်။ အလုပ်မသွားခင် ဒီနေရာမှာ ဆုံနေကြထင်ပါရဲ့။ တံတားပေါ်က လူစိမ်းတစ်ယောက်ကို မမြင်သလို ဖြတ်ကျော်သွားတယ်။ ကောင်မလေးက ဆံပင် တိုတိုလေးကို လှုပ်ခါရင်း အသံတိုးတိုးလေးနဲ့ ရယ်နေတယ်။ ပြီးတော့ ဆူးလေဘုရားဘက်ကို မျက် နှာမူရင်း လှေကားထစ်တွေမှာထိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ပိုနီးသွားတယ်။ အချစ်ဟာ ဗိုင်းရပ်စ်ကို မကြောက်ဘူး။ ခပ်ခွာခွာနေရမယ်ဆိုတာနဲ့ မဆိုင်ဘူး။ မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီ နီးနီးလေး နွေးနွေးထွေးထွေး ရင်ခွင်ထဲမှာ။ မနက်မှာ ဆုံရသလို၊ ညနေမှာလည်း ဆုံ ပါရစေ။
အလိုက်သိသိနဲ့ တံတားပေါ်က ဆင်းလာခဲ့တယ်။ မီးသတ်ရှေ့မှာ ခိုစာရောင်းတဲ့အဒေါ်ကြီးရှိ တယ်။ ဝယ်သူပါးတော့ သူလည်း ငုတ်တုပ်၊ ခိုတွေလည်း မီးကြိုးတွေပေါ်မှာ ငုတ်တုပ်။ ခိုစာ ဝယ် ကျွေးလိုက်တယ်။ ခိုတွေဟာ ရောဂါပိုးတွေ ရှိနိုင်တယ်၊ ခိုစာမကျွေးသင့်ဘူး လို့ပြောသူတွေရှိ တယ်။ ဒါပေမယ့် ခို နဲ့ လူအတူတူနေလာတာကြာပြီ။ အနည်းဆုံးတော့ ခိုဟာ လမ်းဘေးခွေးထက် တော့အန္တရာယ်ကင်းမယ်ထင်တာပဲ။ လမ်းဘေးခွေးတွေကို အစာကျွေးမယ့်၊ ဒီကောင်တွေကို သတ် မယ်ဆိုရင် ဆူညံနေအောင် ကန့်ကွက်ပြီး ခွေးကိုက်ပြီဆိုရင် မသိချင်ယောင်ဆောင်နေတတ် တဲ့ ခွေးချစ်သူတွေရှိပေမယ့် ခိုချစ်သူဆိုတာတော့မတွေ့သေးဘူး။
ပန်းခြံဘက်ရောက်တော့ နေထွက်နေပြီ။ ပန်းခြံမှာ လူနည်းနည်းပဲရှိတယ်။ မြို့တော်ခန်းမရှေ့မှာ ခပ်ခွာခွာနေဖို့တိုက်တွန်းထားတဲ့ ပိုစတာကြီးရှိတယ်။ ဆိုက်ကားသမားတစ်ယောက် ခရီးသည် စောင့်နေတယ်။ ပိုစတာကြီးကို မမြင်ချင်ယောင်ဆောင်ပြီး ကားဂိတ်ထဲမှာ စုဝေးထိုင်နေတဲ့ သူ တွေရှိတယ်။ ဝိုင်ဘီအက်စ်မလာဘဲ ကြားကားတစ်စီးရောက်လာတယ်။ လူတွေ တက်တယ်၊ ဆင်းတယ်။ပန်းခြံထဲရောက်တော့ ရှေ့ကလမ်းလေ ျှာက်နေတဲ့လူနှစ်ယောက် ၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး ခပ်ကျယ်ကျယ်ဆွေးနွေးနေရဲ့။ ကိုဗစ်၊ ရခိုင်၊ အေအေ ၊ အာ ဆာ ၊ စစ်တပ်၊ အင်န်အယ်လ်ဒီ၊ ချနေပြီ၊ ပွဲကြမ်း၊ ဘာလုပ်မလဲ၊ စဉ်းစားကြည့်လေ၊ နိုင်ငံခြားသားတွေ။ တစ်ယောက်က ပင်တိုင် ပြောသူ၊ တစ်ယောက်က စကားထောက်။
သူတို့နောက်ကနေလမ်းခွဲပြီးကျောက်တိုင်ဆီကိုသွားတယ်။ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော် ခန်းမ၊ ဆူးလေစေတီ၊ ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ ဗလီ ။ ဒီမြင်ကွင်းဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်လို့ တင်စားပြောတဲ့သူအတော်များတယ်။ ကျောက်တိုင်အခြေက မှာရေးထိုးထားတဲ့ သစ္စာ အဓိဋ္ဌာန် ကိုးချက် ထဲက “ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်း များ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။” ဆိုတဲ့ စာသားတွေကို ဖတ်တယ်၊ တွေးတယ်၊ မောတယ်။
ဆူးလေဘုရားလမ်းပေါ်မှာ လူရှင်း၊ ကားရှင်း။ ဘယ်သူရှိရှိ၊မရှိရှိ အမြဲရှိတာကတော့ စည်ပင်လုပ် သားတွေပဲ။ တွန်းလှည်းတစ်စီးနဲ့ အမှိုက်ကျုံးနေတယ်။ လှည်းပတ်လည်မှာ ပလတ်စတစ်ပုံးတွေ၊ အိတ်တွေ တွဲလောင်းချိတ်ထားတယ်။ လက်အိတ်အဝါတစ်ဖက်လည်းတွေ့တယ်။ သန့်ရှင်းရေး ဝန် ထမ်းဟာ နှာခေါင်းစည်းကို မျက်နှာမှာတွဲလောင်းဆွဲထားတယ်။ ပါးစပ်မှာ ဆေးပေါ့လိပ်ခဲထား တယ်။ ဆေးလိပ်ငွေ့ဟာလည်း ဗိုင်းရပ်စ်လိုပဲ ဒုက္ခပေးတတ်တယ်ဆိုတာ သူသိပုံမရဘူး။
ဆူးလေဘုရားက ပိတ်ထားတယ်။ ဒါနဲ့ မဟာဗန္ဓုလလမ်းအတိုင်းသွားတယ်။ ဗိုလ်တထောင် ဘုရား လမ်းကို ချိုးတယ်။ အနော်ရထာပေါ် တက်တယ်။ စားနေကျ ကောက်ညှင်းပေါင်းသည် မတွေ့ တော့ဘူး။ ဝယ်နေကျ ပန်းသည် မမြင် ရတော့ဘူး။ မုန့် ဟင်းခါး (ဘဲဥ) ၈၀၀၊ မုန့်ဟင်းခါး (အကြော်) ၆၀၀၊ မုန့်ဟင်းခါး (အလွတ်) ၅၀၀ ဆိုတဲ့ ပလတ်စတစ်လောင်းထားတဲ့ ဆိုင်းဘုတ် တစ် ခုသစ်ပင်မှာချိတ်ထားတယ်။ဆိုင်ကတော့ဘယ်ရောက်သွားပြီးလဲ မသိနိုင်ဘူး။ စားဖွယ်စုံ လက်ဖက် ရည်ဆိုင်ကြီးတွေလည်း ပိတ် ထားတယ်။ ပါဆယ်ဝယ်လို့ရတဲ့ဆိုင်တစ်ဆိုင်၊ နှစ်ဆိုင်တွေ့တယ်။
ရန်ကုန်သားတွေ အတွက် လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ လက်ဖက်ရည်သောက်၊ မုန့်စားတာအပြင်ခိုအိမ် လို လှောင်ပိတ်နေတဲ့ တိုက်ခန်းကျဉ်းထဲက လွတ်မြောက်ရ ာ နေရာ တစ်ခု ကို ရှာဖွေတာလည်း ပါတယ်။ အခု တော့ရန်ကုန်သားတွေ ဟာ ဗိုင်းရပ်စ်ကြောင့် လှောင်ချိုင့် စံ ငှက်ငယ်တွေဖြစ်ကုန်ပြီ။ ဘာမှ လုပ်စရာမရှိတဲ့အတူတူ တစ်နေ့ကို လှေကားထစ် ဘယ်နှစ်ထစ် အတက်အဆင်း လုပ်နိုင်မလဲဆိုပြီး စိန် ခေါ်ရင် ကောင်းမလား။
နောက်ဆုံးတော့ ဓာတ်ဆီထည့်ဖို့အတွက် သိမ်ဖြူလမ်းက မက်စ် ဆီဆိုင်ကိုသွားတယ်။ အဝေးက လှမ်းကြည့်တော့ အရင်က ကားတွေ တန်းစီနေရတဲ့ ဆိုင်ရှေ့ မှာ ကားတစ်စီးမှ မတွေ့ဘူး။ မသိ ရင်ဆိုင်ပိတ်ထားသလိုပဲ။
ဆိုင်ထဲရောက်တော့ ဆိုင်ဝန်ထမ်းလေးတွေ စုပြီး အသုပ်တစ်ပွဲ၊ မုန့် ဟင်းခါး တစ်ပွဲ ဆိုပြီး မနက်စာ အတွက်စုမှာနေကြတယ်။ ဒီအနားက ဆိုင်လေးတွေမထွက်တော့လို့ စက်ဘီးနဲ့လိုက်ရှာပြီး ဝယ် ရမယ်တဲ့။ ဆီထည့်တဲ့ဝန်ထမ်းလေးက ဟင်္သာတ ဘက်က။ ရန်ကုန်က လာရင် ရွာပြင်မှာ ၁၄ ရက် နေရမှာဆိုတော့ ဒီနှစ် သင်္ကြန်တော့ မပြန်ဖြစ်တော့ဘူး တဲ့။ ဘာပဲဖြစ်ဖြစ် ဓာတ်ဆီဆိုင်ဆိုတာ ဗိုင်းရပ်စ် ကိုက် တဲ့ အထဲမှာမပါတဲ့ လုပ်ငန်းဆိုတော့ ကျန်တဲ့ဝန်ထမ်းတွေထက်တော့ ကံကောင်း ပါသေးတယ်လေ။
ဆီဆိုင်က ပြန်လာတော့ လမ်းပေါ်မှာ လူတွေ၊ ကားတွေ ကျိုးတိုးကျဲတဲရောက်လာနေပြီ။ ရန်ကုန် ဘယ်တော့မှ မရပ်ပါစေနဲ့ ။ The Day the Earth Stood Still ဆိုတဲ့ ရုပ် ရှင် မကြည့်ချင်ဘူး။