ဝံပုလွေ ပူတင်

ကစ်ပလင်ရဲ့ တောဟေဝန်ဇာတ်လမ်းများ ( The Jungle Book) မှာ ဝံပုလွေတွေအကြောင်းကို အခု လို ရေးခဲ့တယ်-

ဝံပုလွေ အုပ်စုတစ်စုကို ဝံပုလွေအထီးတစ်ကောင်က ဦးဆောင်တယ်။ဒါပေမဲ့ ဝံပုလွေ အုပ်စုခေါင်း ဆောင်ဆိုတာ အင်အားကို သုံးပြီး ခေါင်းဆောင်ဖြစ်လာတာဆိုတော့ သူခွန်အားရှိနေသရွေ့ပဲ အုပ်စု ကို ဦးဆောင်လို့ရတယ်။

အုပ်စုထဲက အရွယ်ရောက်လာတဲ့ ဝံပုလွေပျိုအထီးအားလုံးဟာ တစ်နေ့မှာ အုပ်စုခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ အကောင်တွေချည်းပဲ။ ဒါ့ကြောင့် သူတို့အားလုံးက အုပ်စုခေါင်းဆောင်အခြေအနေ ကို စောင့်ကြည့် နေကြတယ်။ 

အမဲလိုက်တဲ့အခါ အုပ်စုခေါင်းဆောင်က ဦးဆောင်ရတယ်။ သူ့တာဝန်က သားကောင်ရှာရုံနဲ့ မပြီး ဘူး၊ သားကောင်ကို ခုန်အုပ်ပြီးချက်ကောင်းကို ကိုက်ခဲ ဆွဲလှဲနိုင်ဖို့လည်း လိုတယ်။ အုပ်စုခေါင်း ဆောင်က သားကောင်ကို မိမိရရ မတိုက်ခိုက်နိုင်ဘူး၊ သားကောင်က ပြန်တိုက်ခိုက်ပြီး အလွတ်ရုန်း သွားနိုင်တယ်ဆိုရင် အုပ်စုခေါင်းဆောင် ဝံပု‌လွေကြီး အားနည်းလာပြီဆိုတာကို အချက်ပြလိုက်တာ ဖြစ်တဲ့အတွက် အုပ်စုထဲကနေ ခေါင်းဆောင်နေရာကို စိန်ခေါ်မယ့်သူတွေ ပေါ်လာတယ်။

အဲဒီအချိန်ရောက်လာရင်အုပ်စုခေါင်းဆောင်အတွက်စိန်ခေါ်လာသူ ကို ခံတိုက်မလား၊ ကိုယ့် သဘော နဲ့ ကိုယ် အုပ်စုကို စွန့်ခွာသွားမလား ဆိုတာရွေးရတော့မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ခံတိုက်လို့ နိုင်ရင် တောင် အုပ်စုခေါင်းဆောင်အားနည်းနေပြီဆိုတာ သိတဲ့အတွက်  နောက်ထပ်စိန်ခေါ်သူပေါ်လာ တော့ မှာပဲ။ သူ့ခေါင်းဆောင်နေရာက အရင်လို မခိုင်မာတော့ဘူး။ 

 အဲဒီ ဝံပုလွေ အုပ်စုသဘောတရားနဲ့ပြောရရင် ပူတင်ရဲ့  ခေါင်းဆောင်သက်တမ်း ၂၃ နှစ်မှာ ယူကရိန်း စစ်ပွဲကပထမဆုံးလွတ်သွားတဲ့သားကောင်ပဲ၊ ဒါ့ကြောင့်လည်း ဝဂ်နာကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ရဲ့  စိန်ခေါ်မှုနဲ့ ကြုံရတာပါ။ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ရင်တောင် ပူတင်ကို စိန်ခေါ်လို့ ရပါလားဆိုတာ မှတ်တမ်းဝင်သွားတဲ့အတွက် နောက်ထပ် စိန်ခေါ်မှုတွေ အနှေးနဲ့ အမြန်ပေါ်လာဦးမှာပဲ။

အင်အားတစ်ခုတည်းကိုပဲ အသုံးချတတ်တဲ့ ခေါင်းဆောင်တွေ အင်အားကြောင့်ပဲ ကျဆုံးသွားရ လေ့ ရှိ တာ လောကဓမ္မတာပါပဲ။

“Juneteenth”

“Juneteenth” လို့ ခေါင်းစဥ်တပ်လိုက်တော့ ရုပ်ရှင်အကြောင်းများလားလို့ ထင်ကြမယ်။ ရုပ်ရှင် အကြောင်းမဟုတ်ပါဘူး၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ကို ထင်ဟပ်တဲ့ နေ့တစ်နေ့အကြောင်း ပြော ပြချင်တာပါ။

Juneteenth ဆိုတာက  June 19th ကို စာနဲ့ရေးတဲ့June  nineteenth စကားလုံးနှစ်လုံးကို ပေါင်း အတိုကောက် ခေါ်တာြဖစ်ပြီး (ဂျွန်တိသ်) လို့ အသံထွက်ပါတယ်။ June 19  ဇွန် ၁၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့  ပြည်ထောင်စုအစိုးရ ရုံးပိတ်ရက် ဖြစ် ပြီး ကျွန်ပြုခံထားရတဲ့ လူမည်းတွေ ကျွန် ဘ၀ကလွတ်မြောက်တဲ့အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ တရားဝင်အမည်က Juneteenth National Independence Day ဖြစ်ပါတယ်။ 

ဒီအထိမ်းအမှတ်နေ့ဖြစ်လာတဲ့ သမိုင်းကြောင်းက ဒီလိုပါ။ အမေရိကန် သမ္မတ လင်ကွန်း လက်ထက် မှာ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် ( ၁၈၆၁ – ၁၈၆၅) ကိုအားလုံးသိပြီးဖြစ်မှာပါ။

အဲဒီစစ်ပွဲအတွင်း ၁၈၆၃ ဇန်နဝါရီ ၁ ရက်နေ့မှာ သမ္မတလင်ကွန်းက  တောင်ပိုင်းပြည်နယ်တွေမှာ ရှိနေတဲ့ လူမည်းကျွန်တွေအားလုံးကို လွတ်လပ်ခွင့်ပေးတဲ့အမိန့်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီ အမိန့် ကို ထုတ်ပြန်ခဲ့ပေမယ့် ချက်ခြင်းအကောင်အထည်ဖော်နိုင်တာတော့မဟုတ်ဘူး။ ပြည်ထောင်စုတပ်ဖွဲ့ တွေ စစ်ရေးအသာစီးရလာြပီး တောင်ပိုင်းနယ်မြေတွေကို စတင်သိမ်းပိုက်နိုင်တဲ့အချိန်ရောက်မှ သိမ်းပိုက်ပြီးတဲ့ဒေသတွေမှာ အဲဒီအမိန့်ကို အကောင်အထည်ဖော်နိုင်တာြဖစ်ပါတယ်။ အဲဒီအချိန် က သတင်းအဆက်အသွယ်ကလည်း မကောင်းတော့ လူမည်းကျွန်အများစုက ကျွန်အဖြစ်က လွတ် မြောက်ခွင့်ပေးတဲ့အမိန့်အကြောင်းတောင်မသိကြဘူး။မြောက်ပိုင်းတပ်ဖွဲ့တွေရောက်လာပြီး သမ္မတ ရဲ့ အမိန့်စာကို ဖတ်ပြမှ သူတို့ ဘ၀ပြောင်းလဲသွားတာကို သိရတာ။ 

တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ တက္ကဆက်ပြည်နယ်က  တောင်ဘက်အစွန်ဆုံးပြည်နယ် လည်း ဖြစ်၊ နယ်မြေကလည်း ကျယ်လွန်းတော့ ၁၈၆၅ ဧပြီ ၉ ရက်နေ့မှာ တောင်ပိုင်း ကွန်ဖက်ဒရိတ် စစ်ဦးစီးချုပ် ရောဘတ်အီးလီး  Robert E. Lee ခေါင်းဆောင်တဲ့ တောင်ပိုင်းတပ်ဖွဲ့ အများစု လက်နက်ချပြီးချိန် မှာတောင် ပြည်ထောင်စုတပ်ဖွဲ့တွေက တက္ကဆက်ပြည်နယ်ထဲကို တော်တော်နဲ့ ရောက်မလာဘူး။ ပြည်ထောင်စုတပ်ဖွဲ့တွေ ရောက်မလာတော့ တက္ကဆက်ပြည်နယ်ထဲက လူမည်း ကျွန်တွေလည်း သူ တို့ ကျွန်ဘ၀ကလွတ်မြောက်နေပြီဆိုတာကို မသိဘူးပေါ့။

နောက်ဆုံးတော့ ၁၈၆၅ ဇွန် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ် ဂေါ်ဒွန်ဂရန်ဂျာ  (Gordon Granger) ဦးဆောင် တဲ့ ပြည်ထောင်စုအစိုးရတပ်ဖွဲ့တွေ တက္ကဆက်ပြည်နယ်ရဲ့ အဓိက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Galveston မြို့ကို သိမ်းပိုက်ခဲ့ပြီး-

“သမ္မတရဲ့ အမိန့်အရ ကျွန်တွေအားလုံး လွတ်လပ် ခွင့်ရရှိပြီဖြစ်ကြောင်း တက္ကဆက်ပြည်နယ်သူ ပြည်နယ်သားတွေကို အသိပေးလိုက်ပါတယ်။ ဒီနေ့ကစပြီး  သခင်နဲ့ ကျွန်ဆိုတာ မရှိတော့ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားပဲ ရှိတော့တယ်။ ကျွန်ပိုင်ရှင် သခင် တွေနဲ့ လူမည်းကျွန်တွေ ကြားမှာ ပုဂ္ဂလိက အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုအခွင့်အရေးအားလုံးတန်းတူညီမျှဖြစ်သွားပါပြီ။”   လို့ ကြေညာ ခဲ့ တယ်။ အဲဒီကြေညာချက်ကြောင့် တက္ကဆက်ပြည်နယ်မှာ ရှိတဲ့လူမည်း နှစ်သိန်းခွဲကျော်ဟာ ကျွန် ဘ၀က လွတ်မြောက်ခဲ့တယ်။ မှတ်တမ်းတွေအဆိုအရတော့ သူတို့ဟာ တောင်ပိုင်းပြည်နယ်တွေ ထဲမှာ ကျွန်ဘ၀က လွတ်မြောက်တဲ့နောက်ဆုံးအုပ်စုဖြစ်တယ်။ 

၁၈၆၆ ခုနှစ်ကစပြီး တက္ကဆက်ပြည်နယ်က လူမည်းတွေက ဇွန် ၁၉ ရက်နေ့မှာ ကျွန်ဘ၀က လွတ်မြောက် တဲ့အထိမ်းအမှတ်အနေနဲ့ ဝတ်ပြုဆုတောင်းခြင်း၊ လူမည်းအခွင့်အရေးနဲ့ပတ်သက် တဲ့ စာ၊ ကဗျာ များ ကို ဝိုင်းဖွဲ့ဖတ်ခြင်း၊ ဆွေမျိုးများ၊ မိတ်ဆွေများနဲ့ စုဝေးစားသောက်ခြင်းတွေ လုပ်ကြ တယ်။ ကျွန်ဘ၀က လွတ်မြောက်သွားတဲ့ လူမည်းတွေ တက္ကဆက်ပြည်နယ်ကနေ နိုင်ငံအနှံ့ ရောက် သွားတဲ့အခါ အဲဒီအစဥ်အလာကို သယ်ဆောင်သွားကြတယ်။ ဒီလိုနဲ့ နှစ်ကာလတွေ ကြာလာတဲ့ အခါ  June 19th,Juneteenth ဟာလူမည်းအခွင့်အရေးနဲ့ပတ်သက်တဲ့တရားမဝင်အထိမ်းအမှတ် နေ့ ဖြစ် လာ ခဲ့တယ်။

ဒါပေမဲ့ ဒီအခမ်းအနားကျင်းပတာကို လူတိုင်းကြိုက်တာတော့မဟုတ်ဘူး။  အထူးသဖြင့် ကျွန်စနစ် ဖျက်သိမ်းလိုက်ပေမယ့် လူဖြူ လူမည်း ခွဲခြားဆက်ဆံတဲ့ စနစ် ဆက်လက်ရှင်သန်နေတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာ ဒေသအာဏာပိုင်တွေက Juneteenth အထိမ်းအမှတ်နေ့ကျင်းပတာကို မကြိုက် ဘူး၊နည်းအမျိုးမျိုးနဲ့နှောင့်ယှက်တားဆီးမှုတွေလုပ်တယ်။ဒါပေမဲ့သူတို့မကြိုက်တဲ့အတွက် ကြောင့်ပဲ Juneteenth ဟာ လူမည်းအခွင့်အရေးကို တောင်းဆိုဖို့ အကောင်းဆုံးလှုပ်ရှားမှုဖြစ်လာပြီး နိုင်ငံ အနှံ့အပြားမှာ ကျင်းပလာခဲ့ကြတယ်။

နောက်ဆုံး ၁၉၈၀ ပြည့်နှစ်ရောက်တော့ တက္ကဆက် ပြည်နယ်က Juneteenth ကို ပြည်နယ် ရုံးပိတ် ရက် အဖြစ်သတ်မှတ်ပေးလိုက်တယ်။ နောက်ပိုင်းမှာ ပြည်နယ်တချို့ကလည်း Juneteenth ကို ပြည် နယ် ရုံးပိတ်ရက်အဖြစ်သတ်မှတ်တာ၊ ရုံးမပိတ်ပေမယ့် တရားဝင်အခမ်းအနား ကျင်းပပေး တာစ သည်ဖြင့်အသိအမှတ်ပြုခဲ့ကြတယ်။ဒီအဆင့်ရောက်လာတဲ့အချိန်မှာJuneteenthကိုပြည်ထောင်စု ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။

အမေရိကန်အခြေခံဥပဒေအရ ပြည်ထောင်စုရုံးပိတ်ရက် သတ်မှတ်တာကို လွှတ်တော်နှစ်ရပ်လုံး က အတည်ပြုဖို့လိုအပ်တဲ့အတွက် Juneteenth ကို ပြည်ထောင်စုရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး လှုပ် ရှားမှုက အခက်အခဲအများကြီးတွေ့ခဲ့ရတယ်။ အောက်လွှတ်တော်က အတည်ပြုပေမယ့် အထက် လွှတ်တော်ရဲ့ ထောက်ခံမှုကို မရဘူး။ အထူးသဖြင့် ရီပတ်ဘလီကင်အမတ်တွေက Juneteenth လှုပ်ရှားမှုကို ဆန့်ကျင်ကြတယ်။ 

၁၉၉၇ ခုနှစ်မှာ B National Juneteenth Celebration Foundation (NJCF) ဆိုတဲ့ အဖွဲ့ တည် ထောင်သူ Ben Haith က Juneteenth အထိမ်းအမှတ်အလံတစ်ခုကို ရေးဆွဲခဲ့တယ် (ပုံ ၁ )။ အဲဒီ အလံက အပြာရောင်နဲ့ အနီရောက်အောက်ခံမှာ အဖြူရောင် ကြယ်ကြီးတစ်လုံးရှိတယ်။ အဲဒီ ကြယ်ကို ပေါက် ကွဲ ဖြာထွက်နေတဲ့နောက်ထပ်  အဖြူရောင်ကြယ်တစ်လုံးက ဝန်းရံထားတယ်။ အလံရဲ့အောက်ပိုင်းက အနီရောင်၊ အပေါ်ပိုင်းက အပြာရောင်၊ ထူးခြားတာက အရောင်နှစ်ခုကို ပိုင်း ခြားထားတာ မျဥ်းဖြောင့်မဟုတ်ဘူး၊ မျဥ်းကွေးဖြစ်နေတယ်။ အလံပေါ်မှာ 19 June 1865 ဆိုတဲ့ စာ သားရေးထားတယ်။ 

အလံကို တီထွင်ဖန်တီးခဲ့သူ Ben Haith က အလံမှာ သုံးထားတဲ့ အဖြူ၊ အပြာနဲ့ အနီရောင်တွေ က အမေရိကန်နိုင်ငံအလံ ကို ကိုယ်စားပြုတယ်၊ အလယ်တည့်တည့်က ကြယ်ကတော့ Juneteenth အထိမ်းအမှတ်စတင်ရာ တက္ကဆက်ပြည်နယ်ကို ညွှန်းတယ်၊ ( တက္ကဆက်ပြည်နယ်အလံက ကြယ် တစ်လုံးတည်းဖြစ်တဲ့အတွက် တက္ကဆက်ပြည်နယ်ကို Lone Star State လို့ခေါ်တယ်။) ပေါက်ကွဲ နေတဲ့ ကြယ်က နက္ခတဗေဒ အရ ကြယ်သစ်တစ်လုံး ဖြစ်ပေါ်လာတာကို ညွှန်းပြီး လူမည်းတွေရဲ့  ဘဝသစ်ဖြစ်ပေါ်မှုကို ကိုယ်စားပြုတယ်။ အနီရောင် နဲ့ အပြာရောင်ကြားက မျဥ်းကွေးက မိုးကုတ် စက်ဝိုင်း ဖြစ်ပြီး လူမည်းတွေအတွက် အနာဂတ်ကို ညွှန်း တယ်လို့ ဖွင့်ဆိုပြခဲ့တယ်။ 

ဒီအလံပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ Juneteenth ကို ပြည်နယ် ရုံး ပိတ်ရက်အဖြစ် သတ်မှတ် ထားတဲ့ ပြည်နယ်တွေမှာ Juneteenth နေ့ ရောက်တိုင်း ဒီအလံကို လွှင့် ထူ ကြတယ်။ ဒါပေမဲ့ ပြည် ထောင်စုရုံးပိတ်ရက်မဟုတ်တဲ့အတွက် ဝါရှင်တန်မြို့တော်နဲ့ နိုင်ငံတ၀ှမ်းမှာ ရှိတဲ့ ပြည်ထောင်စု အစိုးရ ရုံးတွေမှာတော့ Juneteenth နေ့မှာ ဒီအလံကို လွှင့်ထူနိုင်ခြင်းမရှိသေးဘူး။  ဒါ့ကြောင့် Juneteenth နေ့သတ်မှတ်ရေးလှုပ်ရှားသူတွေက ပြည်ထောင်စုအစိုးရ ရုံးပိတ်ရက်အဖြစ်သတ်မှတ် ရေး ကို ဇွဲ မလျော့ပဲ ဆက်ကြိုးစားခဲ့ကြတယ်။

နောက်ဆုံး ၂၀၂၀ ပြည့်နှစ်  Black Lives Matter, BLM လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ပွားလာ တဲ့အခါ လူဖြူတွေအတွင်းမှာပါ ကျွန်စနစ်နဲ့ အသားအရောင်ခွဲခြားမှုစနစ်တွေအောက်မှာ လူမည်း တွေခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေအပေါ် စာနာထောက်ထားမှုပိုများလာခဲ့တယ်။ အဲဒီ အခြေအနေ ကြောင့်ပဲ  အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်နှစ်ခုလုံးက Juneteenth ကို ပြည်ထောင်စု ရုံး ပိတ်ရက်အဖြစ်သတ်မှတ်တဲ့ ဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၂၁ ဇွန် ၁၇ ရက်နေ့မှာ သမ္မတ ဘိုင်ဒန် က  ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့အတွက်  ပထမဆုံး Juneteenth ရုံးပိတ်ရက်ကို ၂၀၂၁ ဇွန်လ ၁၉ ရက် နေ့မှာ ကျင်းပနိုင်ခဲ့တယ်။

လူမည်းအခွင့်အရေးလှုပ်ရှားသူတွေဟာ June 19,  Juneteenth ကို အသိအမှတ်ပြုခံရဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့တယ်၊ ဘယ်လို အခက်အခဲနဲ့တွေ့တွေ့ နောက်မဆုတ်ခဲ့ဖူး။ ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ တကယ်တော့ Juneteenth ဟာ နှလုံးသားထဲမှာ စွဲထင်နေတဲ့အရာတစ်ခုကို ဖျက်ဖို့ကြိုးစားလေ ပိုခိုင်မာလေ ဆိုတာကို သက် သေ ပြလိုက်တာလည်း ဖြစ်ပါတယ်။ 

 မနေ့က ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါး ကောက်နုတ်ချက်ပြန်တင်တဲ့ ပို့စ်အောက်မှာ လာရေးတဲ့ မှတ်ချက်တစ်ချို့ကို ဖတ်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၂ မတ်လ ၂၁ ရက်နေ့ က နည်းပြ Ralf Rangnick လက်ထက်   မန်ယူ အသင်းကို ဝေဖန်နေတဲ့ ပေါစခိုးလ် အပါအဝင် မန်ယူအသင်း သား အဟောင်းတွေ အကြောင်းရေးခဲ့တဲ့ ပို့စ်မှာ 

“ ဖလားရအောင်စွမ်းဆောင်နိုင်တဲ့ မန်နေဂျာလက်အောက်မှာ ကစားခဲ့ဖူးတဲ့ သူက  ဖလားရအောင် မစွမ်းဆောင်နိုင်တဲ့အပြင် ပရိသတ်က ရေသန့်ဘူးနဲ့ ပေါက်တာတောင်ခံနေရတဲ့ မန်နေဂျာ အောက် မှာ ကန်တော့ပွဲ နဲ့  ပင့်ရင်တောင် ကစားမှာမဟုတ်ဘူး။

လူပေါင်းမှားပြီး ကယ်တင်ရှင်ဖြစ်မလားလို့ ထင်တစ်လုံးနဲ့ ပြန်လာကစားတဲ့  ရော်နယ်ဒိုတောင် ဒူးနဲ့မျက်ရည်သုတ်နေရပြီမဟုတ်လား။”

လို့ရေးခဲ့တာလေး ပြန်သတိရမိတယ်။ 

ခေတ်သုံးခေတ် ကားဆရာ

 

++++လုပ်သက် နှစ်ဆယ်ကျော်သူ့ဝန်ထမ်းဘဝကို  လူတွေက မကြိုက်ပေမယ့် အလိုက်သင့် နေ တဲ့ခေတ်၊ နည်းနည်းအမြင်ကောင်းလာတဲ့ခေတ်၊  ဝိုင်းကူတဲ့ခေတ်၊ ခေတ် သုံးခေတ် ကို ဖြတ်ခဲ့ တယ် ဆိုပြီး ဆစ်ပိုင်းပြတယ်။

သူတို့ဌာနက ရုံးပေါ်ကနေ စာနဲ့လုပ်ရတဲ့ ဌာန မ ဟုတ်ဘူး၊ လူကြားထဲဆင်းပြီး လုပ်ရတဲ့ ဌာနဆိုတော့ လူတွေက ငါတို့အစိုးရ ဆိုပြီး စိတ်ပါလက်ပါ ဝိုင်းကူ ရင် ပိုအောင်မြင် တာပေါ့ ဆိုပြီး သူ့အတွေ့ 

အကြုံကို ပြောတယ်။   ပြီးတော့မှ ခေတ်မျိုးစုံ ကြုံပြီး မှတော့  မကြိုက်ရုံတင်မဟုတ်တော့ဘူး မုန်းတဲ့ အဖြစ်ကို မခံနိုင်တော့ဘူးလို့ပြောပြီး စကားရပ် သွားတယ်။

++++တစ်ချိန်က  “ရထားကြီးထွက်ပြီ” လို့ပြောတဲ့ သူငယ်ချင်းကို “ရထားထွက်ပေမယ့် ဘယ်ဘူတာ ရောက်ရောက်လက်မှတ်မဲ့ က လက်မှတ်မဲ့ ပဲ” လို့ ပြန်ပြောခဲ့ဖူးတယ်။

ဒီတစ်ခါ သူနဲ့ပြန် ဆုံရင်တော့ “ လူရာမဝင်တဲ့ လက်မှတ်မဲ့လည်း စီးခဲ့ဖူးတဲ့၊ လက်မှတ်ဝယ်ပြီး ထိုင်ခုံ နဲ့ ဟန်ကျ ပန်ကျလည်း စီးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ  နောက်တစ်ကြိမ် လက်မှတ်မဲ့ စီးဖို့ မသင့်တော့ဘူး” ဆိုတဲ့ အယူအဆကို ဆွေးနွေးရမယ်။  

( ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါးကောက်နှုတ်ချက်    ၊ ဘယ်ကို သွားမလဲ – ကမ္ဘာကြီး နဲ့ လှိုင်သာယာ စာအုပ်) 

City Mart စာအုပ်ဆိုင်များ

ပင်လယ်စာပေ  ဖုန်း ၀၉ ၇၅၈၂၉ ၀၇၁၆  

Book Tree စာအုပ်ဆိုင်   ဖုန်း ၀၉ ၄၂၆ ၄၉ ၁ ၀၂၄ ။ https://www.facebook.com/profile.php?id=100066514606843  

ခြစ်မယ် ၊  ညှစ်မယ် 

ခြစ်မယ်၊ ညှစ်မယ် ရဲ့ ဇာတ်လမ်းအစကတော့ ကျွန်တော်ပဲပေါ့။ ဖေ့စ်ဘွတ်ပေါ်က  ရန်ကုန်မြို့   စားသောက်ဆိုင် အညွှန်းတွေကို ဖတ်ရင်း  အုန်းထမင်းနဲ့ အမဲနှပ် စားချင်စိတ်ပေါက်လာတယ်။ အိမ်မှာ အဆိုတင်သွင်းလိုက်တော့ ကန့်ကွက်သူမရှိ အတည်ပြုကြတယ်။အဲဒီမှာ အုန်းထမင်းချက်ဖို့အတွက် အုန်းသီး ညှစ်ဖို့ တာဝန်က ကျွန်တော့် တာဝန်ဖြစ်လာတယ်။ 

ဒါနဲ့ မနက်စောစော လမ်းလျှောက်ထွက်ရင်း အုန်းသီး ခြစ်လို့ ညှစ် လို့ရမယ့် နေရာကို စုံစမ်းလိုက်တော့ အိမ် ကနေ   ဆယ့်ငါး မိနစ်လောက်လျှောက်ရတဲ့လမ်းသွယ်လေးထဲမှာရှိတယ်လို့ သိရတယ်။ ပြောတဲ့သူကလည်း နေရာတိတိကျကျ သိတာမဟုတ်ဘူး။ ဒီတော့ လမ်းလျှောက်ရင်း အဲဒီလမ်းထိပ်ကို အရင်သွားလိုက်တယ်။    အဲဒီ လမ်းထိပ်အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကို မေးလိုက်တော့ “လမ်းထဲဝင်သွား၊ လမ်းအလယ်လောက်မှာ  “ငွေဖြည့် ကတ်မျိုးစုံရောင်း သည်”ဆိုတဲ့ ဆိုင်းဘုတ်နဲ့ စတိုးဆိုင်လေးရှိတယ်။ အဲဒီစတိုးဆိုင်နဲ့ မျက်နှာချင်းဆိုင် က အိမ်မှာ အုန်သီးညှစ်လို့ ရတယ်”လို့ ပြောတယ်။ ကဲ ဘာပြောမလဲ၊  ဂူဂဲလ်ထက်တောင် တိကျသေးတယ်။ 

သူညွှန်လိုက်တဲ့အတိုင်းပဲ အုန်းသီးခြစ်တဲ့၊ ညှစ်တဲ့ဆိုင်ကို ရှာတွေ့တယ်။ သစ်သားတစ်ထပ်အိမ်လေး။ တိုက် နှစ်ခုကြားမှာ မျက်နှာစာ ၁၀ ပေလောက်ပဲရှိမယ်။ ဒီဘက်မြို့နယ်တွေမှာ တွေ့ရလေ့ရှိတဲ့ သစ်သားအိမ်ဟောင်း လေးပါပဲ။ အိမ်က ယိုင်နဲ့နဲ့၊ ဘေးကတိုက်တွေသာမရှိရင် လဲကျသွားတော့မယ့်ပုံပဲ။ အိမ်ကြမ်းခင်းက မြေကြီး ကနေ သုံးပေလောက်မြင့်တယ်။ အိမ်ရှေ့မှာ အုတ်လှေကားရှိတယ်။ အိမ် မျက်နှာစာက သံဆန်ခါကွက်နဲ့။ အိမ်ရှေ့ မြေပြင်ပေါ်မှာ သစ်သားစားပွဲအဟောင်းတစ်လုံးရှိတယ်။ စားပွဲပေါ်မှာ အင်ဂျင်ဝိုင်ပုံးခွံ အဟောင်း နှစ်ခု၊ စားပွဲ နားမှာ ပလတ်စတစ်ထိုင်ခုံအဟောင်းနှစ်လုံး၊ အကျိုးအပဲ့တစ်လုံး။   ဘေးက တိုက်နံရံနဲ့ ကပ်လျက် မှာ ရေတိုင် ငုတ် တစ်ခု၊ အပြာရောင်ပလတ်စတစ်ရေတိုင်ကီနှစ်လုံး။ လှေကားထစ်တွေ ဘေးမှာ အမှိုက်ပုံး လုပ်ထား တဲ့ ဝါးခြင်းတောင်းနှစ်လုံးနဲ့ သံတိုင်ကီတစ်လုံးရှိတယ်။ ၀ါးခြင်းတောင်း တစ်လုံးထဲမှာ အုန်းဆံဖတ်တွေ၊ နောက် တစ်လုံးမှာအုန်းသီးအခွံတွေ။ ဒီဆိုင် က ကွမ်းယာ ဆိုင်လမ်းညွှန်သာမရှိရင် ရှာ ဖို့ ခက်မယ်။ ဆိုင်ရှေ့မှာ ဆိုင်းဘုတ် မရှိဘူး။ အဖြူရောင်စာရွက်ပေါ်မှာ အုန်းသီး ခြစ် သည်၊ အုန်းသီးညှစ် သည် လို့ရေး ပြီး ပလတ်စတစ်လောင်း ထား တဲ့ ထားတဲ့ ဆိုင်းဘုတ်ကို အတွင်း ဘက် ဖိနပ်ချွတ်နေရာမှာ ကပ်ထားတာ။ ခြစ်တဲ့ ညှစ်တဲ့ စက်တွေ ကလည်း အိမ်အတွင်းဘက် ကပြင်မှာဆင်ထားတာ။ အပြင်ကနေ မမြင်ရဘူး။ 

အိမ်ရှေ့မှာ ရပ်လိုက်တော့ အိမ်အတွင်းဘက်က လူတစ်ယောက်ထွက်လာတယ်။ လူကောင်သေးသေး၊ အရပ် ပုပု။ တီရှပ် အဟောင်းတစ်ထည်နဲ့ အရောင်လွင့် နေတဲ့ အညိုရောင် ကွက်စိပ်ပုဆိုး၀တ်ထားတယ်။ ကျွန်တော့်ကို အုန်းသီးညှစ်မှာလားလို့ လှမ်းမေးတယ်။ ဟုတ်တယ်လို့  ‌ပြောလိုက်တော့ ထိုင်ခုံထိုးပေးပြီး  ခဏစောင့်လို့ ပြောရင်း အိမ်နောက်ဘက်ထဲ ၀င်သွားတယ်။ ခဏနေတော့  ဓားမတစ်ချောင်းနဲ့ ပြန်ထွက်လာတယ်။ကျွန်တော် က “မနက်အစောကြီး ဖွင့်ပါ့မလား လို့ စိုးရိမ်နေတာ” လို့ ‌ပြောလိုက်တဲ့အခါ “ ဒီနေ့ ငါးလာ ကိုးပျက်နေ့ လေ၊ ဒါ့‌‌ကြောင့် အစောကြီးထ အလုပ်လုပ် နေရတာ”လို့ ပြောတယ်။ ခြစ်သည် ညှစ်သည် ဆရာက ပုံမှန် ဖောက် သည် တွေ ဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲသည်၊ မုန့်သည်တွေအတွက် မီးလာတဲ့ အချိန် ခြစ်တာ ညှစ်တာ ပြီးအောင် လုပ် ထား ရတယ်၊ မနက်တစ်နာရီ နှစ်နာရီလည်း ထလုပ်ရတာပဲလို့ ရှင်းပြတယ်။ 

ရှေးယခင် ကျောက်ခေတ် လူသား တွေကတော့ နေရောင်ကို မူတည်ပြီး အလုပ်လုပ်ကြရတယ်တဲ့၊ ခေတ်သစ် ‌ကြောက်ခေတ်လူသား တွေကတော့ မီးလာချိန်ကို မူတည်ပြီး ရေတင်၊ထမင်းချက်၊ဟင်းချက်၊ ဖုန်းအားသွင်း စသည်ဖြင့် လျှပ်စစ်နဲ့ လုပ်ရမယ့်အလုပ် တွေကို လုပ်နေရတယ်။ တချို့ကတော့ မီးပျက်တဲ့ အကြောင်း‌ပြောရင် အရင်ကလည်း ပျက်တာပဲ လို့ ပြောကြတယ်။ ဒါပေမယ့် ဒီလူတွေဟာ မီးမကြာခဏ ပျက်ရာကနေ ၂၀၁၉ ၊ ၂၀၂၀ မှာ ရန်ကုန်မြို့  ၂၄ နာရီ နီးပါး မီးမှန်တဲ့ ကာလ ရှိခဲ့ဖူး တယ် ဆိုတာကို မေ့ထားကြတယ်။ လူ့ဘောင်လူ့လောကရဲ့  အဆင့်ဆင့်တိုးတက်ပြောင်းလဲခြင်း သဘော တရားအရ ဆိုရင်တော့ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် ပိုကောင်း လာရမှာပေါ့။ များများ ပျက်ရာကနေ နည်းနည်း ပျက်၊ နည်းနည်းပျက်ရာကနေ လုံး၀မပျက်တဲ့အခြေအနေကို တိုးတက်သွားဖို့ပဲရှိတယ်။ အဲဒီလို မဖြစ်ပဲ  နည်းနည်း ပျက်ရာ ကနေ များများ ပြန်ပျက်ပြီဆိုရင်တော့ တစ်ခုခု မှားနေပြီပေါ့။ 

 ခြစ်သည် ညှစ်သည် ဆရာက ကျွန်တော့်ကို “ဘာလုပ်စားမှာလဲ” လို့ မေးတယ်၊ ကျွန်တော်က “ဘာဖြစ်လို့လဲ” လို့ ပြန်မေးတော့ “အုန်းထမင်းဆိုရင် အုန်းသီး အရင့်ကို ညှစ်ရမယ်၊ ရွှေရင်အေးတို့ ကျောက်ကျောတို့ ဆိုရင် အုန်းသီး မနုမရင့်ကို သုံးရတယ်” လို့ ရှင်းပြတယ်။ အုန်းထမင်းချက်မှာပါ လို့ ဖြေလိုက်တော့ လှေကားထစ်ဘေးမှာ ရှိတဲ့ သံ တိုင်ကီထဲကို နှိုက်ပြီး အုန်းသီးရွေးတယ်။ စိတ်ကြိုက်တွေ့တော့ အခွံခွာပြီးသား အုန်းသီးကို လက်နဲ့ ဆ ရင်း အုန်း သီး အရင့်ဆိုရင် အခွံက အညိုရောင် ရင့်ရင့် ၊ မနုအရင့်ဆိုရင် အညိုရောင်ဖျော့ဖျော့ အခွံပေါ်မှာ အဖြူရောင် လိုင်း လေးတွေရှိတယ်လို့ ရှင်းပြတယ်။  ကျွန်တော်က နှစ်လုံးညှစ်မယ်လို့ပြောလိုက်တော့ နောက်တစ်လုံးထပ်ရွေး တယ်။

ပြီးတော့အုန်းသီးလက်ပေါ်တင်ပြီး ဓားနဲ့ ဆတ်ကနဲ ရိုက်ခွဲလိုက်တယ်၊ အုန်းရည်ကို ပလတ်စတစ်ရေချိုးခွက် နဲ့ ခံ ထားရင်း ကျွန်တော့်ကို သောက်မလားလို့ မေးတယ်၊ ခပ်မြန်မြန်ပဲ မသောက်တော့ဘူး လို့ ဖြေလိုက်တယ်။ အုန်း သီးခွဲပြီးတော့  အုန်းသီးခြစ်တဲ့ မော်တာနဲ့ ခြစ်တယ်၊ ထွက်လာတဲ့ အုန်းသီးဖတ်တွေကို ပလတ်စတစ် ဇလုံ အမည်း နဲ့ခံတယ်။ခြစ်ခြင်းအပိုင်းပြီးတော့ ညှစ်ခြင်းအပိုင်းပေါ့။ ညှစ်တဲ့အပိုင်းကတော့နည်းနည်းအဆင့်များတယ်၊ ညှစ်တဲ့ စက်အပေါ်မှာ ရေသန့်ဘူးကြီးတစ်လုံးရှိတယ်၊ ရေသန့်ဘူးကြီးအောက်တည့်တည့်မှာ အုန်းသီးဖတ်တွေထည့် ရမယ့် ကတော့ ကြီးရှိတယ်။ 

ခြစ်သည် ညှစ်သည် ဆရာက ရေသန့်ဘူးကြီးထဲကို ပလတ်စတစ်ပုံးထဲက ရေခပ်ထည့်တယ်။ ရေသန့်တော့ ဟုတ်ပုံမရဘူး၊ စည်ပင်ရေပဲ ဖြစ်မှာ၊ ကိစ္စမရှိဘူး ထမင်းချက်လို့ ရေပွက်ပွက်ဆူတဲ့အခါ ပိုးတွေ သေသွားမှာပါ လို့ပဲ တွေးလိုက်တယ်။ တံဆိပ်မျိုးစုံနဲ့ ရေသန့်ဘူးတွေထဲက ရေတွေတောင် တကယ်သန့်ရဲ့လားလို့ မတွေးတာ ကြာခဲ့ပြီပဲ။ ခြစ်သည် ညှစ်သည်ဆရာက စက်ရဲ့ ကတော့ထဲကို အုန်းသီးဖတ် တစ်၀က်လောက်ထည့်တယ်၊ ပြီးတဲ့ အခါ ရေသန့်ဘူး ကြီးထဲက ရေနည်းနည်းဖွင့်ချတယ်၊ စက်ကို ဖွင့်လိုက်တယ်၊ အုန်းနို့တွေက သတ်သတ်၊ အရည် ညှစ်ပြီး အုန်းဆံ ဖတ်တွေက သတ်သတ်ထွက်လာတယ်။  လက်ကျန်အုန်းသီးဖတ်တွေကိုလည်း အဲဒီအတိုင်းဆက် လုပ်တယ်။ အား လုံးပြီးသွားတော့ စက်ထဲက ထွက်လာတဲ့ အုန်းသီးဖတ်တွေကို အ၀တ်ဖြူထဲမှာ ထည့်ပြီး လက်နဲ့ ထပ်ညှစ်တယ်။ အဲဒါကို နှစ်ကျော့ထပ်လုပ်တယ်၊ ဒုတိယအကြိမ် လုပ်တော့ ရေနည်းနည်းထပ်ဆွတ်တယ်။ 

ခြစ်သည်ညှစ်သည်ဆရာကို“အလုပ်လုပ်တာအကွက်စေ့နေတာပဲ”လို့မှတ်ချက်ပေးလိုက်တော့ ဒီအလုပ်လုပ်လာ တာ   ဆယ်နှစ် လောက် ရှိပြီလေတဲ့၊ စားလောက်ရဲ့လားလို့ ထပ်မေးတော့ ညနေဘက်ဆိုရင် (  ) စျေး နား က လမ်းထောင့်မှာ အာပုံရောင်းတယ်၊ ပွဲတွေလည်းလိုက်ရောင်း တယ် တဲ့။ သူ့စကားကြားတော့ အစ္စလမ်ဘာသာ ၀င် တွေ ရဲ့ ဥပုသ်လ ဗလီ တစ်ခုနား က  ညနေစျေးတန်းမှာ တွေ့ခဲ့ တဲ့ အာပုံသည် အမကြီးကလည်း ကျန် တဲ့ အချိန် ဆိုရင်  (  ) စျေးနားက လမ်းထောင့်မှာ ရောင်းတယ်လို့ ‌ပြောဖူးတာ သတိရလိုက်တယ်။ 

အဲဒီအကြောင်း သူ့ကို ပြောပြရင်း ခင်ဗျားဇနီးများလားလို့ မေးလိုက်တော့ အဲဒါက ခယ်မ ပါ၊ ကျွန်တော့ မိန်းမက ကိုဗစ် တတိယလှိုင်းမှာ ဆုံးသွားပြီ၊ သူမရှိတော့ ကျွန်တော်လည်း ဆိုင် မထွက်တော့ဘူး၊ ကလေး လည်း မရှိ ဘူး လေ၊ တစ်‌‌ယောက်တည်းဆိုတော့ ဒီအလုပ်နဲ့ပဲ ရသလောက်ပေါ့ လို့ ဖြေတယ်။ ကြားရတာ စိတ်မ ကောင်းပါဘူး ဗျာ လို့ ပြောလိုက်တော့ “ ဖြစ်ချင်းဖြစ် ဒုတိယလှိုင်းမှာ ဖြစ်ရင် ကောင်းမှာ၊ အဲဒီအချိန်က ဆို အားလုံး ၀ိုင်း ကြ ၊ ကူကြနဲ့၊  တတိယလှိုင်းကတော့ ဘယ်သူ့ အားကိုးရမှန်းမသိဘူး” လို့ ပြောတယ်။ ခဏစကားရပ်သွားပြီးတော့ “ရေ‌‌‌‌ ‌ေ၀းမှာ တော့ စက်တွေ တိုးတပ်တယ် ဆိုလား ကြားလိုက်သေးတယ်။” လို့ ထပ်ပြောတယ်။ စကားဆုံးတော့ “ အဟတ်ဟတ်”ဆို  ပြီးရယ် (ရီ) တယ်၊ ဒါပေမဲ့ သူ့ရယ်သံက ခြောက်ကပ်ကပ်နဲ့။ သူ့စကားနားထောင်ပြီးတော့ နောက်ထပ် မေးခွန်း တွေ မေးနိုင်စွမ်းမရှိတော့ဘူး။ 

ခြစ်မယ်  ညှစ်မယ် ကိစ္စအားလုံးပြီးတော့ အုန်းနို့ရည်တွေကို ကြွပ်ကြွပ်အိတ်နှစ်ထပ်နဲ့ထည့်ပေးတယ်။ သူ့ကို  ကျသင့် ငွေရှင်း၊ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ အပြန်လမ်းမှာ အုန်းထမင်း အကြောင်းစိတ်ကူးမယဥ်နိုင်ဘူး၊ “ဖြစ်ချင်းဖြစ် ဒုတိယလှိုင်းမှာ ဖြစ်ရင် ကောင်းမှာ” ဆိုတဲ့ စကားကိုပဲ အကြိမ်ကြိမ် ကြားနေမိတယ်။ ယုံကြည် အား ကိုးမှုဆိုတာ ငွေနဲ့ ၀ယ်လို့မရဘူး၊ အတင်းတောင်းယူလို့လည်းမရဘူး။ 

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၃) 

သူငယ်ချင်း –  ငါ့စက်ရုံမှာ သင်္ကြန်စတုဒီသာကျွေးတယ်၊ ကာရာအိုကေ ပြိုင်ပွဲလုပ်ပေးတယ်၊ အား လုံးပျော်နေတာပဲ။ ပုံမှန်ဖြစ်သွားပြီ သိလား။ 

ကျွန်တော်-  ကောင်းတာပေါ့ကွာ၊ ဒါဆိုကျန်တဲ့စက်ရုံတွေလည်း နမူနာယူနိုင်အောင်   အလုပ် သမား တွေကို ဘာမှ မကြောက်နဲ့၊ အရင်လို အလုပ်သမားဥပဒေ၊ ငြိမ်းစုစီ ဥပဒေတွေနဲ့ အညီ ပြောစရာရှိ တာပြော၊ တောင်းစရာရှိတာတောင်းလို့ဖွင့်ပေးလိုက်ပါလား။

သူငယ်ချင်း- ဟာ ဒါတော့ ဘယ်ဖြစ်မလဲ။ ကိုဗစ်ဖြစ်ထဲက စီးပွားရေးအခြေအနေက သာမန်အခြေ အနေ မဟုတ်ဘူးလေ။   

ကျွန်တော်-  အဲဒါဆိုလည်း လူတွေ ပုံမှန်ဖြစ်သွားပြီလို့ စိတ်ကူးယဉ်မနေပါနဲ့ကွာ။  “မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ” ၊ “ငါ့ ၀မ်းပူဆာ မနေသာ”၊” မချိသွားဖြဲ” ဆိုတဲ့စကားတွေ မင်း လည်း ကြားဖူးနေတာပဲ။  

ဤတွင် တစ်ခန်းရပ်

ဒယ်နီလေး

ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ ကားဆရာက နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း “ဦးရဲထွဋ် ပါလား” လို့ လှမ်းပြောတယ်။ ဟုတ်ပါ့ဗျာ လို့ ပြန်ဖြေရင်း စကားပြောဖော်ကောင်းတော့ ရပြီပေါ့လို့ တွေးလိုက်တယ်။

ကားဆရာက လူကိုယ် ခပ်ဖိုင့်ဖိုင့်၊ မျက်မှန်နဲ့၊ ဘိုကေ ကို သပ်သပ်ရပ်ရပ်ညှပ်ထားတယ်။ ကားက Grab ကားဆိုတော့ အတွင်းပိုင်းလည်း သန့်ရှင်း၊ လေအေး ပေးစက်လည်း ဖွင့်ထားတာပေါ့။ အခုလို ဝေးဝေးစီးရတဲ့နေရာကို သွားရင် Grab တို့၊ ကီလို တက္ကစီ တို့က ဈေးဆစ်ဖို့လည်းမလို၊ လေအေးပေးစက်လည်း ဖွင့်ပေးတဲ့အတွက် အတော်အဆင်ပြေ တယ်။ မြို့တွင်း ခရီးနီးရင်တော့ လက်တား စီးတာက ပိုအဆင်ပြေတယ်။ ဈေးပိုသက်သာတယ်။

ကားဆရာက ရန်ကုန်သားမဟုတ်ဘူး။ ရန်ကုန်- ပြည်ကားလမ်းပေါ် မြို့လေးတစ်မြို့က နေ အကြောင်းကြောင်းကို အကြောင်းပြုပြီး ရန်ကုန်ကိုလွင့်ပါးလာတာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတော့ သူမြို့လေးမှာ အလယ်အလတ်အဆင့် ကုန်သည်လေးပေါ့။ ကားဆရာအိမ်ထောင် ကျ တော့နှစ်ဘက်မိဘပေးတဲ့မင်္ဂလာလက်ဖွဲ့နဲ့ထွေလာဂျီအကြီးတစ်စီးဝယ်တယ်၊ ၁၂ ကောင် အင်ဂျင် နဲ့ ဆန်အိတ်ငါးဆယ်လောက်နိုင်တယ်။

အဲဒီကောင်နဲ့ စပါးပွဲစားလုပ်တယ်။ သူများစက်မှာ စပါးကြိတ်ပြီး ဆန်ပွဲရုံတွေကို သွင်းတာပေါ့။ ဆွေ မျိုးအုပ်တောင့်ပြီး နယ်ဘက်မှာ အသိအကျွမ်းပေါတော့ အဆင်ပြေတယ်။ ဒီလိုနဲ့ သူများစက်ကို ပုတ်ပြတ်ငှားပြီး ကိုယ်တိုင်ကြိတ်တယ်။ စက်ကတော့ စက်လတ်ပါ။ တစ်နာရီကို အိတ်သုံးဆယ် လောက်ကျတယ်။ ပြည်မြို့က ပွဲရုံကြီးတွေကို တိုက်ရိုက်ပို့တယ်။ သူတို့ အဝယ်တော် သဘော ပေါ့။ အလုပ် ကောင်းတော့ ဝိုင်းနဲ့ အိမ်နဲ့ ကိုယ်ပိုင်ဖြစ်လာတယ်။ ကိုယ်လုပ်နေတဲ့ ဆန်စက် ကို တောင် ဝယ်မယ်ဆိုရင် ဝယ်လို့ရနေပြီ။

ဒါပေမဲ့လောဘဆိုတာခက်သားပဲ။ဆန် လုပ် နေရာကနေ ပဲကိုပါ တွဲလုပ်နိုင်ရင် ပိုပြီး အဆင်ပြေမှာပဲ လို့ တွေးလာတယ်။ ဒီလို နဲ့ ဆန်စက်ဝယ်မယ့် ပိုက်ဆံကို ရင်းပြီး မတ်ပဲကို ကိုင်တယ်။ တကယ် တော့ မတ်ပဲက ကြောက်ဖို့ကောင်းတယ်။ အိတ်စ်ပို့ပေါ်မူတည်ပြီး ဈေးအတက်အကျ များ တယ်။ ပဲဝယ်ရင်လည်း သေသေချာချာ စစ်နိုင်မှ။ မိုးမိပဲတွေပါလာရင် သေရော။

ကားဆရာက ဒါတွေကလည်း “အခုမှ သင်ခန်းစာရတာပါဗျာ။ အဲဒီအချိန်ကတော့ ငါလုပ်ရင် ဖြစ် တယ်ဆိုတဲ့ မာနနဲ့ မြောက်ကြွ မြောက်ကြွပေါ့။ အသုံးကြိုပေးတာလည်း လက်လွယ်၊ ပဲကိုလည်း သေသေချာချာ မစစ် ၊ ဈေးကွက်သဘောလည်း နားမလည်တော့ ကွဲတာပဲ။ ပဲရှုံးတဲ့အပြင် ဆန် လုပ်ငန်းပါ အရင်းပြုတ်ရော” လို့ မချိတင်ကဲပြောရင်း “ကိုယ့်ကိုကိုယ်ထင်တစ်လုံး ဖြစ်ရင် ဒုက္ခ ရောက်တာပဲ” လို့ သင်ခန်းစာဖော်ထုတ်လိုက်တယ်။ ကျွန်တော်ကလည်း “မှန်တာပေါ့ဗျာ၊ ခင်ဗျား ထင် တစ်လုံးနဲ့ အမှားလုပ်မိတာ ခင်ဗျားမိသားစုပဲ ထိတာ၊ လူတစ်ယောက်ထင်တစ်လုံးကြောင့် အသိုင်း အဝန်းကြီးတစ်ခုလုံး ဒုက္ခရောက်တာလည်း ရှိတယ်ဗျ” လို့ တရားထောက်လိုက်တယ်။ ကားဆရာ ကတော့ ဘယ်လို သဘောပေါက်သလဲမသိဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့။

နောက်ဆုံးတော့ ကားဆရာဟာ ဝိုင်းနဲ့ခြံကိုရောင်းပြီး ရန်ကုန်ရောက်လာတယ်။ ဗင်ကားတစ်စီး ဝယ်ပြီး အငှားယာဉ်မောင်းဘဝထဲကို ခြေစုံပစ်ဝင်လိုက်တယ်။ ဒါပေမဲ့ ချက်ခြင်း အငှားယာဉ်မောင်း ဖြစ်တာမဟုတ်ဘူး။ မိတ်ဆွေတစ်ယောက် အကူအညီနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လူရော ကားပါဝင်လုပ်ရတယ်။ အဲဒီမှာလမ်းကြောင်းတွေ သိအောင်လုပ်ရတယ်။ ရုံးပိတ်ရက်ဆိုရင် ဘတ် စ် ကားစီးပြီး လမ်းကြောင်းတွေ လိုက်ကြည့်ရတယ်။ ကျောက်မြောင်း၊ တာမွေ ဆိုရင် ခြေလျင် လျှောက် ပြီး ကြည့်ရတယ်။ အဲဒီအချိန်က ဂူဂဲလ်တွေဘာတွေ မရှိတော့ အတော်လေ့လာရတယ်။

ကားဆရာဟာ သူကျင်လည်ခဲ့တဲ့ ဆန်လောက၊ ပဲလောက ထဲ ပြန်ဝင်နိုင်ဖို့လည်း မမျှော်လင့် တော့ဘူး။ အခုကတော့ငွေရှိဖို့လည်း ပြန်ဝင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်းအခြေအနေကလည်း အများကြီး ပြောင်းလဲသွားပြီ။ လောလောဆယ် သူ့မျှော်လင့်ချက်ကတော့ သမီးလေးပဲ။ ရန်ကုန် ရောက်စက တော့ သမီးပညာရေးအတွက်ပဲ ငွေရှာရ၊ သုံးရတယ်။ အခုတော့ သမီးက ဘွဲ့ရ ပြီး ကုမ္ပဏီတစ်ခု မှာ မားကက်တင်းလုပ်နေတယ်။ ဂျပန်စာသင်နေတယ်၊ လယ်ဗယ် တူး/ သရီး လောက်ဆိုရင် အလုပ်ရှာရလွယ်ပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ သမီးကို အားပေးနေရတယ်။

နေတာကတော့ လှိုင်မြို့နယ်ထဲမှာ တိုက်ခန်းငှားနေတယ်။ အင်းစိန်လမ်းမပေါ်မဟုတ်ပါဘူး။ လမ်း သွယ်ထဲမှာ ၊ သူ့အတွက်ကတော့ လှိုင်ဘက်က ထွက်တာနဲ့ လူရဖို့ လွယ်တယ်။ သူက အမြဲတမ်း Grab ဖွင့်ထားတာမဟုတ်ဘူး။ အခြေအနေကို ကြည့်ပြီး လုပ်ရတာ၊ ဥပမာ ရုံးဆင်း၊ရုံးတက်ချိန် ဆို အငှားများတဲ့နေရာတွေမှာ Grab ဖွင့်ပြီးထောက်ထားရတာပေါ့။ ကျန်တဲ့အချိန်ဆို Grab ပိတ်ပြီး လက်တား ရှာရတာပဲ။

ကားဆရာရဲ့ တက္ကစီ မောင်းတဲ့အတွေ့အကြုံကတော့ အငှားယာဉ်မောင်းတိုင်းဆီက ကြားနေ ကြ အတိုင်းပါပဲ။ ဆီဈေးတက်၊ ကားပစ္စည်းဈေးတက်၊ ကားခတိုးတောင်းရတာခက်၊ ဂတ်စ်ကား ဆိုရင် တန်းစီချိန်ကြာ၊ ဂတ်စ်ပေါင်မပြည့်တာ ထပ်ဆောင်းမယ်။ ဒါပါပဲ။ ကားဆရာရဲ့ အားသာချက် ကတော့ ကိုယ်ပိုင်ကားဖြစ်နေတဲ့အတွက် အုံနာခ စိတ်ပူဖို့မလိုတာပဲ။

ဆီဈေးအကြောင်းပြောတော့ ကျွန်တော်က အခုရေပန်းစားနေတဲ့ လျှပ်စစ်ကား အကြောင်းပြောရင်း လျှပ်စစ်ကားတက္ကစီ ဆိုရင်ဘယ်လိုနေမလဲလို့ မေးကြည့်မိတယ်။ ကားဆရာဟာ လျှပ်စစ်ကား နဲ့ ပတ်သက်ရင် ပြောချင်တာတွေ ရင်ထဲအပြည့်ရှိနေပဲပုံ။ စကားစလိုက်တာနဲ့ ခရားရေသွန်ပြော တော့တာပဲ။

ကားဆရာရဲ့ အမြင်ကတော့ ကုမ္ပဏီထောင်ပြီးလုပ်ရင်တော့ မသိဘူး ၊ ကိုယ့်ငွေနဲ့ ကိုယ် လျှပ်စစ်ကား နဲ့ တက္ကစီ ဆွဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ဆိုတယ်။ သူတွက်ပြတာက ဒီလို။ ပထမဆုံးစဉ်းစားရမှာက တန်ဖိုးပေါ့။ တက္ကစီဆွဲတယ်ဆိုတာ ကားဘော်ဒီတောင့်မှ၊ အဆွဲအရုန်း ကောင်းမှ ဖြစ်မှာ။ မြန်မာပြည်မှာက တက္ကစီဆိုတာ အလှစီးမဟုတ်ဘူး။ ပစ္စည်းလဲတင်နိုင်မှ၊ လိုအပ် ရင်ဈေးကုန်တွေပါ တင်နိုင်မှ အလုပ်ဖြစ်မှာ၊ ဒ့ါကြောင့် တက္ကစီလောကမှာ ဗင်ကားတွေ ဆရာကျ နေတာဖြစ်တယ်။ အဲဒီလိုတောင့်တဲ့ လျှပ်စစ်ကားဆိုရင် ( သူသိသလောက်) သိန်း ခုနစ်ရာလောက် အနည်းဆုံးပေးရမယ်၊ ဒီတော့ သိန်းခုနစ်ရာရှိရင် ဗင်ကား နှစ်စီးဝယ်ပြီး ဆွဲမလား၊ လျှပ်စစ်ကား တစ်စီး နဲ့ ဆွဲမလား။ ကားထောင်စားတဲ့သူက ဈေးကြီးပေးဝယ်ထားတဲ့ ကားကို တစ်နေ့ အုံနာခ နှစ်သောင်းနဲ့ ပေးနိုင်မလား။ ကားဆရာကတော့ “ဗင်ကားပဲ ဝယ်တော့မှာပေါ့ဗျာ”လို့ ကောက်ချက် ချတယ်။

နောက်တစ်ချက်က ဈေးကွက်ပေါ့။ ဆီကား အားသာချက်က မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာ ဖြစ် ဖြစ် အော်ဒါလိုက်လို့ရတယ်။ ကားဆရာဆိုရင် Grab ကားဖြစ်တဲ့အတွက် ကားသန့်တယ်။ တိုးရစ် ခေတ်ကောင်းချိန်ကဆိုရင် ခရီးသည်နဲ့ အချိတ်အဆက်ရပြီး အဝေးအော်ဒါတွေ အများကြီးလိုက် ရတယ်။ တောင်ကြီး၊ အင်းလေးအထိ လိုက်ဖူးတယ်။ အခုအခြေအနေအရ လျှပ်စစ်ကားက အဲဒီလို မရ နိုင်ဘူး။

နောက်တစ်ချက်ကတော့အားသွင်းတဲ့ ကိစ္စ။ ကိုယ်ပိုင်ခြံဝင်းနဲ့ လူဆိုရင်တော့ အိမ်မှာ သွင်းလို့ အဆင်ပြေတာပေါ့။ တိုက်ခန်းသမားတွေက ဘယ်လိုလုပ်မလဲ။ ဒါတောင် အခုလို မီးပျက်ပုံမျိုးနဲ့ဆို ဒုက္ခ။တက္ကစီဆိုတာကညဘက်ဆီဖြည့်ထား၊ မနက်စထွက်တာနဲ့ ဆွဲနိုင်မှ ကောင်း မှာ၊ အခုရှိတာက ဆိုင်လေးငါး ဆိုင်၊ လျှပ်စစ်ကားများလာရင် အားသွင်းဖို့ တန်းစီရတာ၊ အားသွင်း ချိန်ကြာတာနဲ့ ရွာလည်သွားမယ်။ဆီ ကားကတော့ ဘယ်နေရာရောက်ရောက် ထည့်လို့ရတယ်။ အလွန်ဆုံး စောင့် ရ ဆယ့်ငါးမိနစ်ပဲ။

ကားဆရာရဲ့ ကောက်ချက်ကတော့ ဖက်စပ်ကား ( Hybrid ) ဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ် ဆိုပဲ။ သူ့ပြောတာတွေနားထောင်ပြီးတဲ့အချိန်မှာ အေးဗျ၊ ခင်ဗျားတွက်ပြတာလည်း လက်တွေ့ကျသား၊ ဒါပေမဲ့ အဲဒီလိုမျိုးစဉ်းစားတာကို မြန်မာ့အလင်းတို့၊ကြေးမုံတို့မှာ မဖတ်ရဘူးလို့ ပြောလိုက်တော့ ဆရာသမား က ရယ်(ရီ)တယ်။ ပြီးတော့မှ ဦးရဲထွဋ်တို့ တုန်းကလည်း ဒီလိုပဲလေ။ အစိုးရလုပ်ချင် တာပဲ ရေး တာ ကိုး၊ ပြည်သူတွေပြောတာကို ရေးတာမှမဟုတ်တာလို့ ပြောတယ်။ ဟုတ်နေတော့ လည်း အောင့် သက်သက်နဲ့ခံလိုက်ရတာပဲ။ဒါပေမဲ့ကျွန်တော်တို့အချိန်တုန်းက အစိုးရသတင်းစာ မှာ မထည့် ပေ မယ့် လူတွေလွတ်လွတ် လပ်လပ်ပြောနိုင်အောင် တံခါးတော့ ဖွင့်ပေးခဲ့ပါတယ်ဗျာ လို့ တော့ စေဒကတက်လိုက်ရတယ်။

လျှပ်စစ်ကားအားသွင်းတဲ့အကြောင်းကနေ မီးလာတဲ့ အကြောင်းရောက်သွားတော့ ကားဆရာ က ဆရာတို့ မြို့ထဲဘက်မှာသာ လေးနာရီလာ လေးနာရီပျက် အချိန်မှန်တာ၊ ကျွန်တော်တို့ ဘက်မှာ မသေချာဘူး။ မီးလာလို့ ပေါင်းအိုးနဲ့ ထမင်းချက် ဒယ်နီလေးနဲ့ ဟင်းချက်နေတုန်း ပြန်ပျက် ချင် ပျက်သွားတာ၊ ဒါပေမဲ့ “ဝင်းအောင်၊ ဝင်းအောင်” လာရင်တော့ လာချိန်၊ ပျက်ချိန်မှန်သား၊ ပျက်ရ မယ့်အချိန်တောင် လာ သေးတယ် လို့ ပြောတယ်။ ကျွန်တော်က “ဝင်းအောင် ဝင်း အောင် ဆိုတာ ဘာလဲ” လို့မေးတော့ နောက်ကြည့်မှန်ကနေ ညံ့ရန်ကော ဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့် တယ်။ ပြီးတော့ မှ “ပွိုင့်ကားသံ လေ”လို့ ပြောတယ်။ ကားဆရာဟာ နံမည် တွေကိုတောင် ပါးစပ်က ထုတ် ပြောချင်ပုံမရဘူး။ မြို့မေတ္တာခံယူတဲ့သားပေမို့ဆိုတာ ဒါမျိုးများလား။

ပြောရင်းဆိုရင်းနဲ့ပဲ ဆင်းရမယ့်နေရာရောက်တယ်။ ကားခပေးရင်း “ဘာပဲဖြစ်ဖြစ်ဗျာ၊ တစ်နေ့ အီးဗွီကားလေးမောင်းနိုင်ပါစေ” လို့ ပြောလိုက်တော့ “မီးမလာရင် အီး မလာဘူးဆရာရေ၊ စိတ်ကူး ယဉ် မနေနဲ့၊ လောလောဆယ်တော့ အိမ်က ဒယ်နီလေးအတွက် မီးမပျက်ဖို့ အရေးကြီးတယ်” လို့ ပြော ရင်း မောင်းထွက်သွားလေရဲ့။

ဒေးဗစ် နဲ့ ဂိုလိယက်

ဒေးဗစ်နဲ့ ဂိုလိယက် ဆိုတာ သမ္မာကျမ်းစာ ဓမ္မရာဇဝင်ပထမစောင်မှာ ပါတဲ့ တိုက်ပွဲဖြစ်စဉ်ပေါ့။ သမ္မာကျမ်းစာမှာတော့ ဒေးဗစ်နဲ့ ဂိုလိယက်လို့ မသုံးဘူး။ ဒါဝိတ် နဲ့ ဂေါလျက် လို့ သုံးတယ်။ တကယ်တော့ ဒေးဗစ်က စစ်သူရဲကောင်းမဟုတ်ဘူး။ သာမာန်သိုးကျောင်းသား၊ သူ့အကိုကြီး သုံးယောက်ကသာ ဣသရေလ (အစ္စရေး) စစ်တပ်က သူရဲကောင်းတွေ၊ ဒေးဗစ်က သားရှစ်ယောက်မှာ အငယ်ဆုံး။ အဖေက စစ်မြေပြင်မှာ ရှိတဲ့ သူ့ အကို တွေဆီကို စားစရာ တွေသွားပို့ ခိုင်းလို့ ရှေ့တန်းကို ရောက်သွားတာ။

စစ်မြေပြင်ရောက်ပြီးအကိုတွေနဲ့တွေ့နေတဲ့အချိန်မှာ ရန်သူဘက်က လူ့ဘီလူးကြီး ဂိုလိ ယက်ဟာ နှစ်ဖက်တပ်ဖွဲ့ကြားနယ်မြေထဲကို ထွက်လာပြီး ဣသရေလ ဘက်က သတ္တိရှိတဲ့လူ သူနဲ့ လာတိုက် ဖို့ စိန်ခေါ်နေတာကို မြင်လိုက်ရတယ်။ တကယ်တော့ အဲဒီစစ်မြေပြင်မှာ နှစ်ဘက် စစ်တပ်တွေ ရင်ဆိုင်နေတာ ရက်လေးဆယ်ရှိနေပေမယ့် တိုက်ပွဲမဝင်သေးဘူး။ တစ်ဘက် နဲ့ တစ် ဘက် အကဲ စမ်းနေတုန်းပဲရှိသေးတယ်။ ဒါပေမဲ့ ဂိုလိယက်ကနေ့တိုင်း အစ္စရေးတပ် ရှေ့မှာ လာပြီး စိန်ခေါ် တယ်။

ဂိုလိယက်ကလည်း တကယ့်လူ့ဘီလူးကြီးဆိုတော့ ဣသရေလ ဘက်က ထွက်တိုက်မယ့်သူ မရှိဘူး။ သမ္မာကျမ်းစာထဲမှာတော့ ဂိုလိယက်ရဲ့ အရပ်က ခြောက်တောင်နဲ့ တစ်ထွာ (ကိုးပေကျော်) ရှိတယ်၊ သူ့ကိုယ်မှာ ဝတ်ထားတဲ့ ကြေးဝါသံချပ်ကာက ပိဿာငါးဆယ်လေးတယ်၊ လှံကိုယ်ထည် က ခြောက်ပိဿာလေးတယ် လို့ဆိုတယ်။

ဂိုလိယက်စိန်ခေါ်နေတာကို ထွက်တိုက်မယ့် သူရဲကောင်းမရှိတာကို မြင်တော့ ဒေးဗစ်က သူတိုက် မယ်လို့ ပြောတယ်။ ဒါကို ကြားတဲ့သူတွေက ဘုရင်ကို လေ ျှာက်တော့ ဘုရင်က ခေါ်မေးပြီး တိုက် ဖို့ခွင့်ပြုတယ်။ ဒေးဗစ်ကို သံချပ်ကာတွေ၊ ဓားလှံတွေဆင်ပေးတော့ သူနဲ့ အသားမကျတဲ့အတွက် မလိုဘူးလို့ပြောပြီး သိုးကျောင်းသားအဝတ်အစားနဲ့ သွားတယ်။ သူကိုင်နေကျ လောက်လွှဲကို ပဲ ကိုင်သွားတယ်။ လက်ထဲမှာ စမ်းချောင်းထဲက ကောက်လာတဲ့ ကျောက်တုံးငါးတုံးပါတယ်။

သူတို့ နှစ်ယောက် တွေ့တော့ ဂိုလိယက် ဒေးဗစ်အနားကို မရောက်ခင် ဒေးဗစ်က လောက်လွှဲ နဲ့ ပစ်တယ်။ ပစ်လိုက်တဲ့ကျောက်တုံးက ဂိုလိယက် သံခမောက်အောက်က လွတ်နေတဲ့ နဖူး အလယ် တည့်တည့်ကို မှန်ပြီး ဂိုလိယက်လဲကျသွားတယ်။ ဒေးဗစ်က ဂိုလိယက်ခေါင်းကို ဖြတ်ယူလိုက် တယ်။ ဂိုလိယက်သေလို့ သူ့တပ်ဖွဲ့တွေလည်း သွေးပျက်နေချိန် ဣသရေလ တပ်တွေက ဝင် တိုက်တဲ့အတွက် ရန်သူတွေ ကစင့်ကလျားနဲ့ ထွက်ပြေးရတယ်။ နောင်တော့ အဲဒီအဖြစ်အပျက်ကို တင်စားပြီး အင်အားနည်းသူက အင်အားကြီးသူကို အနိုင်ရလိုက်တဲ့ ဖြစ်စဉ်တွေကို ဒေးဗစ် နဲ့ ဂိုလိ ယက် တွေ့တာလို့ ပြောကြတယ်။

ဒါ့ကြောင့် လက်ရှိဖြစ်နေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲကိုလည်း ဒေးဗစ် နဲ့ ဂိုလိယက်ဖြစ်စဉ်နဲ့ နှိုင်းပြီး ပြောကြတယ်။ အားလုံးသိတဲ့အတိုင်းပဲ၊ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရုရှားတွေရဲ့ ကျူးကျော်စစ် မစတင် မီ အချိန်ထိ စာရွက်ပေါ်က စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေအရဆိုရင် ရုရှားက လူ၊ လက်နက်၊ နည်းပညာ၊ သံတမန်ရေး၊ ပထဝီနိုင်ငံရေး၊ စီးပွားရေး အစစ အရာရာမှာ ယူကရိန်းထက် အပြတ် အသတ်သာလွန်တယ်။ ဒါ့ကြောင့် တကယ်လို့ ရုရှားကသာ ယူကရိန်းကို ဝင်တိုက်ခဲ့ရင် နှစ်ပတ် အတွင်း မြို့တော်ကိဗ် နဲ့ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေကို သိမ်းပိုက်နိုင်မယ်လို့ ယူဆခဲ့ကြတယ်။

ဒါ ပေမယ့် အားလုံးသိပြီးဖြစ်တဲ့အတိုင်း စစ်ပွဲကာလ တစ်နှစ်ကျော်တဲ့အထိ မြို့တော်ကိဗ် ကို မသိမ်း နိုင်သလို ပူတင်ဖြစ်စေချင်တဲ့အတိုင်း ယူကရိန်းဘက်က အလျော့ပေးအညံ့ခံတာလည်း မရှိ သေးဘူး။ ယူကရိန်းဘက်က ရုရှားနိုင်ငံရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမယ့် အခြေအနေ မရှိ သလို သိမ်းပိုက်ခံနယ်မြေတွေကို ပြန်မရမခြင်း တိုက်မယ်လို့ ပြောနေတယ်။ ကမ္ဘာ့စီးပွားရေး အင်အား ကြီး ခုနှစ်နိုင်ငံ G 7 ( အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်) ကလည်း စစ်ပွဲ ဘယ်လောက်ကြာကြာ ယူကရိန်းကို စစ်ရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေး နဲ့ လူသားချင်း စာ နာမှု အကူအညီတွေ ပေးသွားမှာပဲ လို့ မေလ ၁၉ ရက်နေ့မှာ ကြေညာ ချက် ထုတ်ထားတယ်။ ရုရှားဘက်ကလည်း စစ်ပွဲအစပိုင်းကလို မဟုတ်တော့ဘူး။ ထိုးစစ်အရှိန်ကျလာ ပြီ။

အဲဒီလို အချိန်မှာပဲ ပြီးခဲ့ တဲ့မေလ အတွင်းက ရုရှားနိုင်ငံမြို့တော် မော်စကို ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာ ခဲ့တယ်။

ပထမတိုက်ခိုက်မှုက မေလ ၃ ရက်နေ့မှာဖြစ်ပြီး ရုရှားအုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့ ကရင်မလင် နန်းတော်ကိုဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ရုရှား လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းနှစ်စီးလုံးကို ပစ်ချနိုင်ခဲ့ပေမယ့် ပျက်စီးသွားတဲ့ ဒရုန်းအပိုင်းအစတွေ ကြောင့်ကရင်မလင်နန်းတော်အမိုးနည်းနည်းပျက်စီးသွားခဲ့တယ်။

ဒုတိယတိုက်ခိုက်မှုကတော့ မေလ ၃၀ ရက်နေ့က ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တိုက်ခိုက်မှုမှာတော့ ဒရုန်း ရှစ်စင်းပါဝင်ပြီး ငါးစင်းကို ရုရှားတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်။ ကျန်တဲ့ သုံးစီးကတော့ မော် စကိုမြို့ဆင်ခြေဖုံးဒေသမှာရှိတဲ့ လူနေအဆောက်အဦ သုံးလုံးကို ထိမှန်ခဲ့တယ်။ ( ပုံ ၁) ဒီတိုက်ခိုက် မှုမှာ ဒရုန်းအမျိုးအစားအနည်းဆုံးအမျိုးအစားနှစ်မျိုးပါဝင်ပြီး ဒရုန်းအမျိုးအစား တစ်ခု ကတော့ ယူကရိန်း နိုင်ငံထုတ် UJ 22 အမျိုးအစား ဒရုန်းဖြစ်တယ်လို့ လေ့လာသုံးသပ်သူများက အတည် ပြုထားတယ်။ အဲဒီဒရုန်းတွေက ၈၀၀ ကီလိုမီတာ အထိ ပျံသန်းနိုင်ပြီး ဗုံးအလေးချိန် ကီလို ၂၀ သယ်ဆောင်နိုင်တယ် လို့ ဆိုတယ်။ ( ပုံ ၂) ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ယူကရိန်းစစ်တပ်မပါဘူး။ ပူတင်ကို ဆန့် ကျင်တဲ့ ရုရှားအတိုက်အခံတပ်ဖွဲ့တွေက လုပ်ဆောင် တာ လို့ ပြောပေမယ့် အဲဒီစကားကို ယုံ ကြည်တဲ့သူ မရှိသလောက်ပဲ။

ဒီဒရုန်းတွေရဲ့ ဗုံးသယ်ဆောင်နိုင်မှုက နည်းတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှု ကြီးမားခြင်း မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ကတော့ အတော်ကြီးမားပါတယ်။ မော်စကိုမြို့ ဟာ ရုရှားနိုင်ငံရဲ့ အာဏာဗဟိုချက်ဖြစ်တယ်၊ ယူကရိန်းစစ်မျက်နှာမှာ ဖြစ်ပျက်နေတာတွေကို သတင်းမှောင်ချထားလို့ ရနိုင်တယ်၊ ပြည်တွင်းမီဒီယာတွေမှာ စိတ်ကြိုက်ပုံဖော်လို့ရနိုင်တယ်၊ ဒါ ပေမဲ့ မော်စကိုမြို့အတိုက်ခံရရင်တော့ ဖုံးဖိထားလို့မရဘူး၊ လိမ်လို့မရဘူး။ မော်စကိုမြို့တော် အတိုက်ခံရမှုဟာ ပူတင့်ဘက်တော်သားတွေကို စစ်ပွဲက ခင်ဗျားတို့ အိမ်ရှေ့ ရောက်နေပြီ လို့ သတိ ပေးလိုက်တာလည်း ဖြစ်တယ်။

ဒါ့ကြောင့် ယူကရိန်းစစ်ပွဲကို သဲသဲလှုပ်ထောက်ခံနေတဲ့ ပူတင့်ဘက်တော်သားတွေ တုန်လှုပ် နေပြီး ယူကရိန်းနယ်စပ်နဲ့ မော်စကိုက ကီလိုမီတာ လေးရာကျော် ဝေးတာတောင်မှ ဒီဒရုန်း တွေ ပျံသန်း လာ တာကို ရုရှားစစ်တပ်က မသိဘူးလား၊ မော်စကိုမရောက်ခင် မတားနိုင်ဘူးလား ဆိုပြီး ဝေဖန်မှု တွေ ပေါ်ထွက်လာခဲ့တယ်။ ယူကရိန်းမြို့တော်ကိဗ်ကို တစ်နှစ်ကျော် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက် ခိုက်လာခဲ့တဲ့ ပူတင်ကတော့ မော်စကိုမြို့တော်ကို ဒရုန်းနဲ့တိုက်ခိုက်မှုဟာ အကြမ်းဖက်မှု ဖြစ်တယ် လို့ ရှုတ်ချခဲ့ပြီး မော်စကို လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပိုပြီး အဆင့် မြှင့်တင် မယ်လို့ ကတိပေးခဲ့တယ်။

အခု တိုက်ခိုက်မှုက ယူကရိန်းစစ်ပွဲရဲ့ အဆုံးအဖြတ်တိုက်ပွဲတော့မဟုတ်ဘူး။ ဒါပေမဲ့ အီရတ် နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ မိုင်းတွေ၊ အချိန်ကိုက်ဗုံးတွေက အမေရိကန်တပ်ဖွဲ့တွေကို ဒုက္ခပေး ခဲ့ သလို ဒရုန်းစစ်ဆင်ရေးက ရုရှားတွေကို ဒုက္ခပေးတော့မယ်လို့ အချက်ပြလိုက်တာပဲ။ ဒေးဗစ်ရဲ့ လောက်လွှဲက ဂိုလိယက်ရဲ့ သံချပ်ကာကို ဒုက္ခပေးခဲ့သလို ခေတ်သစ်စစ်ပွဲတွေမှာ လူလက်နက် အင်အားနည်းတဲ့ဘက်က သမားရိုးကျမဟုတ်တဲ့နည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်ပြီး အနိုင်ရနိုင် တဲ့ အခြေအနေရှိတယ်ဆိုတာကို ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်က ၁၈၁၆ ခုနှစ်ကနေ ၁၉ ၉ ၉ ခုနှစ်အထိကြားကာလမှာ ဒေးဗစ် နဲ့ ဂိုလိယက် လို အင်အားကွာခြားလွန်းသူတွေကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို နှစ်ငါးဆယ်စီ ပိုင်းခြားပြီး လေ့ လာမှု တစ်ခု ပြုလုပ်ခဲ့ဖူးတယ်။ အဲဒီ ဆန်းစစ်ချက်အရ ၁၈၀၀ ကနေ ၁၈၄၉ ခုနှစ်ကြားမှာ အားကြီး သူ ဘက်က သူလိုချင်တဲ့ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာ ရည်မှန်းချက်တွေကို ရယူအောင်နိုင်ခဲ့တဲ့ ရာခိုင်နှုန်းက ၈၈.၂ % ရှိတယ်။ ၁၈၅၀ – ၁၈၉ ၉ ကြားမှာ ၇၉ .၅% ရှိတယ်။ ၁၉ ၀၀ – ၁၉ ၄၉ ကြား မှာ ၆၅.၁% ရှိတယ်။ ၁၉ ၅၀-၁၉ ၉ ၉ ရောက်တော့ အင်အားကြီးသူ နိုင်တဲ့ ရာခိုင်နှုန်းက ၄၈.၈% ပဲရှိတော့တယ်။ (ပုံ ၃) အဲဒီကာလမှာ အထင်ရှားဆုံးဖြစ်ရပ်တွေက ဒိန်ဘင်ဖူးတိုက်ပွဲမှာ ပြင်သစ် တွေ အရေးနိမ့်ပြီး အင်ဒိုချိုင်းနားဒေသ ကို စွန့်ခွာခဲ့ရတဲ့ဖြစ်စဉ်၊ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန် တွေ အရေးနိမ့်ခဲ့တဲ့ဖြစ်စဉ်နဲ့ အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တွေ အရေးနိမ့်ဆုတ်ခွာခဲ့ရတဲ့ ဖြစ်စဉ် တွေပါပဲ။ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ အကောင်းဆုံးဥပမာဆိုရင်တော့ ကျူးဘား တော်လှန်ရေးပေါ့။

၂၁ ရာစု ၂၀၀၀- ၂၀၅၀ ကာလ ထဲမှာ အဲဒီရာခိုင်နှုန်းက ဘယ်လောက် အပြောင်းအလဲရှိ မလဲ ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အီရတ်နဲ့အာဖဂန်မှာ အမေရိကန်တွေ အရေးနိမ့် ခဲ့တာ၊ ယူကရိန်း မှာ ရုရှားတွေ အရေးမလှတာကို ကြည့်လိုက်ရင် အင်အားကြီးသူ နိုင်တယ်ဆိုတဲ့ ရာခိုင် နှုန်းက ပိုပြီး လျော့ကျလာဖို့ပဲရှိတယ်။

အမေရိကန်တွေ အရေးနိမ့်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲနဲ့ ဆိုဗီယက်နဲ့အမေရိကန်နှစ်ယောက်လုံး အရေး နိမ့်ခဲ့တဲ့ အာဖဂန်စစ်ပွဲနှစ်ခုကို သုံးသပ်ကြည့်ရင် အင်အားနည်းတဲ့ ဘက်က အင်အား ကြီးသူရဲ့ အားသာမှုကိုချေဖျက်နိုင်ဖို့အတွက် ရနိုင်သမ ျှ နိုင်ငံရေး၊စစ်ရေး၊ စိတ်ဓာတ် စစ်ဆင်ရေး နည်းလမ်း တွေကို သုံးပြီး တိုက်တယ်၊ စစ်မြေပြင်မှာ အဆုံးအဖြတ်တိုက်ပွဲတိုက်ပြီး အနိုင်ယူဖို့ထက် ရန်သူ့ ဘက်က ခေါင်းဆောင်တွေ နဲ့ သူတို့ကို ထောက်ခံနေသူတွေကြားမှာ “ စစ်ပွဲကို ဆက်တိုက်နေလို့ အောင်ပွဲရဖို့မရှိ၊ အကျိုးယုတ်ဖို့သာရှိတယ်” လို့ မြင်လာအောင် တိုက်ခိုက်ခဲ့တယ် ဆိုတာကို တွေ့ ရမှာဖြစ်ပါတယ်

အခု ယူကရိန်းစစ်ပွဲမှာလည်း ယူကရိန်းဘက်က အဲဒီမဟာဗျူဟာကို ကျင့်သုံးနေတာပါပဲ။ ဒီမဟာ ဗျူဟာ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အရပ်အနေ ကောင်း ရင်၊ နည်းဗျူဟာမှန်ရင် ဘီလုံးငှက်တောင်မှ သိန်းငှက်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာတော့ မမေ့ သင့်ဘူး။

ရှမ်းပြည်နယ်အကြောင်းစာအုပ်ကောင်းများ

မိတ်ဆွေတစ်ယောက်က ညွှန်းလို့ ရှမ်းပြည်နယ် သမိုင်းနဲ့ပတ်သက်တဲ့ စာအုပ် သုံးအုပ် ဝယ်လိုက် တယ်။ စာရေးသူ ဆရာ စိုင်းခမ်းမိုင်း က မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန ကထိက အဆင့်ကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စင်္ကာပူအမျိုးသား တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နဲ့ သြစတေးလျ အမျိုးသားတက္ကသိုလ်တွေ မှာ သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကြီးမြို့ အခြေစိုက် ရှမ်းသုတေသန စင်တာရဲ့ အမှုဆောင်ဒါရိုက်တာနဲ႕ နှစ်စဉ်ထုတ်ဝေတဲ့ ရှမ်းသုတေသန စာ စောင်ရဲ့ အယ်ဒီတာ အဖြစ် တာဝန်ယူထားပါတယ်။ ဆရာ့ကိုယ်ရေးသမိုင်းအပြည့်အစုံကို ဓာတ်ပုံ မှာ လေ့လာနိုင်ပါတယ်။

စာအုပ်သုံးအုပ်မှာ နှစ်အုပ်က အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေတာဖြစ်ပြီး တစ်အုပ်က မြန်မာ ဘာသာနဲ့ ရေးသားထုတ်ဝေတာဖြစ်ပါတယ်။

မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်က “ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ်” ဖြစ်ပါ တယ်။ ဒီစာအုပ် အပိုင်း (၁) မှာ မြန်မာမင်းများလက်ထက် ရှမ်းပြည်နယ်အခြေအနေကနေ ၁၉ ၄၇ ခုနှစ် ပင်လုံ ညီလာခံကျင်းပချိန်အထိ ရှမ်းပြည်နယ် နိုင်ငံရေး၊ အုပ်ချုပ်ရေး အခြေအနေများကို ရေး သားထားပြီး အပိုင်း(၂) မှာ ရှမ်းစာပေသင်ကြားရေးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကို ရေးသား ထားပါတယ်။ စာအုပ်နောက်ဆုံးအပိုင်းမှာတော့ ဆရာစိုင်းခမ်းမိုင်း ရဲ့ ဆရာများဖြစ်တဲ့ ဆရာ ဒေါက် တာ သန်းထွန်း၊ ဆရာ စိုင်းအောင်ထွန်း၊ ဆရာထွန်းအောင်ချိန် နဲ့ ဆရာဦးသော်ကောင်း တို့ အကြောင်းကို ရေးသား ထားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်နှစ်အုပ်က “ Selected Writings of Sai Kham Mong Volume I နဲ့ Volume II ဖြစ်ပါတယ်။ ဒီစာအုပ်နှစ်အုပ်က မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ် ထက် ပညာရပ်ဆိုင်ရာတန်ဖိုးပိုပြီးမြင့်ပါတယ်။ ရှမ်းလူမျိုးများရဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေး မှု အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဝ၊ကိုးကန့် ဒေသများနဲ့ ကွတ်ခိုင်ဒေသမှာရှိတဲ့ ကချင်တိုင်း ရင်း သားများအကြောင်း ဆောင်းပါးများ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာ – တရုတ်နယ်နမိတ် အကြောင်း၊ မြန်မာမင်းများလက်ထက်က မြန်မာ-ထိုင်း စစ်ပွဲများ အကြောင်း တွေ လည်း ပါဝင်ပါတယ်။

စာအုပ်သုံးအုပ်လုံးကို ပြီးအောင်မဖတ်နိုင်သေးပါဘူး။ စာမြည်းအနေနဲ့ဖတ်ပြီး စိတ်ဝင်စားသူတွေ ဝယ်ဖတ်နိုင်အောင် လက်တို့ လိုက်တာပါ။

ဒီစာအုပ်တွေ ပန်းဆိုးတန်းက စာအုပ် ဆိုင်တွေမှာ ရ/ မရ မသိဘူး။ ကျွန်တော်ကတော့ ရန်ကုန် ဖြန့်ချိရေးကို ဆောင်ရွက်နေတဲ့ ဖုန်း 09795923280 ကို ဆက်ပြီး တိုက်ရိုက်မှာလိုက်တာပါ။ မြန်မာဘာသာနဲ့ စာအုပ်က တန်ဖိုး ၅၀၀၀( စာမျက်နှာ ၁၅၂ မျက်နှာ) ၊ အင်္ဂလိပ်ဘာသာ အတွဲ ၁ က တန်ဖိုး ၂၅၀၀၀ ( စာမျက်နှာ ၄၀၄ မျက်နှာ) ၊ အတွဲ ၂ က တန်ဖိုး ၁၅၀၀၀ ( စာမျက်နှာ ၂၈၄ မျက်နှာ) ဖြစ်ပါတယ်။ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။ ပို့ဆောင်ခကို ဝယ်သူက ကျခံ ရ ပါတယ်။

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၂)

သူငယ်ချင်း – ထိုင်းအခြေခံဥပဒေအကြောင်းမင်းရေးတာ ငါတော့ လက်မခံဘူး။ ဒီမိုကရေစီမှာ တစ်ပါတီတည်းက အပြတ်အသတ်နိုင်သွားရင် ထင်ရာလုပ်တဲ့ ဖြစ်စဉ်တွေရှိတယ်ဆို တာ ငြင်းလို့မရဘူး။ သက်ဆင် ကိစ္စပဲကြည့်ပေါ့။ ဒါ့ကြောင့် အများစုရတဲ့ပါတီက ထင်ရာလုပ်လို့မရအောင် ထိန်းချုပ် မှု၊ ကန့်သတ်မှုတွေ ရှိရ မယ်။

ကျွန်တော်- ဒီမိုကရေစီမှာ အများစုနိုင်တဲ့ ပါတီက ထင်ရာစိုင်းတာမဖြစ်အောင် ထိန်းချုပ်မှု တွေ ရှိရမယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီထိန်းချုပ်မှုဆိုတာက လွတ်လပ်တရားမ ျှတတဲ့ ရွေးကောက်ပွဲစနစ်၊ လွတ်လပ်တဲ့ တရား စီရင်ရေး၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဘက်လိုက်မှုမရှိဘဲအရည်အချင်းပြည့်ဝတဲ့နိုင်ငံ့ဝန်ထမ်းစနစ်၊ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး နဲ့ ရပိုင် ခွင့်တွေကို ကာကွယ်ပေးတဲ့ ဥပဒေ စတာတွေနဲ့ လုပ်ရတာ။ တစ်ယောက်၊ တစ်ဖွဲ့က ငါတို့က ပိုသိ၊ ပိုတတ်၊ ဗျာဒိတ်ရထားလို့ တာဝန်ရှိတယ် ဆိုပြီး ဝင်လုပ်ရတာမျိုးမဟုတ်ဘူး။ ဒိုင်လည်း လုပ်ချင်၊ ဖလားလည်းယူချင်တယ်ဆို ရင် တော့ ပိုဆိုး ပြီပေါ့။

ဤတွင်တစ်ခန်းရပ်