သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၂၂ )d

သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။

ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။

သူငယ်ချင်း- သူက ဘာပြောတာလဲ။

ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။

သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။

ဤတွင်တစ်ခန်းရပ်။

မောင်ပုလဲ

ကျွန်တော်တို့ငယ်ငယ်က အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ ပထမတန်းဘောလုံးပွဲတွေက အခုလုပ်နေတဲ့ မြန်မာလိဂ်ပွဲတွေ ထက် လူကြည့်များတယ်။ ဘောလုံးအသင်းတွေကလည်း အစိုးရဌာနတွေကို အခြေခံထားတာ။ အဲဒီအချိန်က ဘောလုံးသမားတစ်ယောက်ဟာ တိုင်းနဲ့ ပြည်နယ်ပွဲမှာ ခြေစွမ်းပြရင် ၊ ပထမတန်းအသင်းတွေကိုရောက်၊ အဲဒီကမှ မြန်မာ့လက်ရွေးစင်ဖြစ်တာများတယ်။ ဒီတော့ လက်ရွေးစင်တွေပါတဲ့ ပထမတန်းပွဲတွေက လူကြိုက် များတယ်။ ပွဲတွေကလည်း အကြိတ်အနယ်ရှိတယ်။ 

၁၉၈၀ ပတ်ဝန်းကျင်ရောက်လာတော့ မြန်မာ့ဘောလုံးလောကလည်း အကျဘက်ရောက်လာသလို ဘောလုံးပွဲ လောင်းတာလည်း ခေတ်ထလာပြီး ပထမ တန်းပွဲ တွေက ကြည့်မကောင်းတော့ဘူး။  တချို့ပွဲတွေဆိုရင် မကန် ခင်ထဲက ကြိုပြီး အဖြေထွက်နေတဲ့အထိ ဖြစ်လာတယ်။ 

အဲဒီခေတ်က ဘောလုံးပွဲမှာ ငွေယူပြီး လုပ်ပွဲကစားတာကို “ ခေါက်ဆွဲစား” တယ်လို့ ပြောကြတယ်။ ဘယ်လို က စပြီး ဒီစကားတွင်သွားလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဘောလုံးသမားတွေ  လာဘ်စားတာကို “ခေါက်ဆွဲစား တယ်”တယ်လို့ ပြောတဲ့ ဗန်းစကား ခေတ်စားခဲ့ဖူးတာတော့ အမှန်ပဲ။ 

တစ်ကြိမ်မှာတော့ ပထမတန်းအသင်းတွေကြားမှာ ခေါက်ဆွဲစားတဲ့ ပြဿနာ အရမ်းကြီးလာတဲ့အတွက် တချို့ ဌာန တွေက အသင်းသားအားလုံးကို ထုတ်ပြီး အသစ်ပြန် ဖွဲ့တယ်။ တချို့ လက်ရွေးစင်ဘောလုံးသမားတွေလည်း လက်ရွေးစင် အသင်းကနေ ထုတ်ခံရတယ်။ နာမည်ပျက်စာရင်းသွင်းခံရတယ်၊ ဌာနဆိုင်ရာစည်းကမ်းအရ အရေး ယူခံရသူ လည်း ရှိတယ်။ 

ဒါပေမဲ့ ခေါက်ဆွဲစားတဲ့ အကျင့်ဆိုးကြီးကတော့ ပျောက်မသွားဘူး။ တချို့အသင်းတွေဆိုရင် ပိုတောင် ဆိုး သွား သေးတယ်။ ကြော်မကောင်း ကြားမကောင်း ကိစ္စတွေဖြစ်လာတယ်။ 

 ဒီတော့ ပရိသတ်က “ ကောင်းရောကွာ၊ အရင် အသင်းခေါက်ဆွဲစားတယ်ဆိုပြီး အရေးယူလိုက်တာ နောက် အသင်းက တစ်ယောက် နှစ်ယောက်စားတာတောင် အရင်အသင်း တစ်သင်းလုံးစားတာထက်ပိုဆိုးတယ်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာ အဲဒါမျိုးပေါ့” လို့ မှတ်ချက်ပေးကြတယ်။

ဘောလုံးပွဲတွေကြည့်ရင်း သတိရမိတဲ့ တစ်ခါက မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ။ အခုတော့ “ခေါက်ဆွဲစားတယ်” ဆိုတဲ့ စကားမသုံးကြတော့ဘူး။ မောင်ပုလဲတွေတော့ ရှိသေးလား  မသိဘူး။  

အိပ်မက်ပျက်ပြယ်

  ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။  လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။  

ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀ ရတယ်။ တကယ်လို့ ရေဆေးတဲ့ကလေးကပဲ ကိုယ့်ဘာသာ ဖောက်သည်ရှာနိုင်ရင် တစ်စီးတစ်ရာရတယ်။ 

သူတို့အလုပ်ကလည်းမလွယ်ဘူး။ ကားများများဆေးရမှ ကိုယ့်အတွက် ဝင်ငွေကောင်းမှာဆိုတော့ ပန်းခင်းထဲမှာ  ဝတ်ရည်စုတဲ့ ပျားလေးတွေလိုပဲ ကားတွေကြားမှာ ပျားပန်းခတ်အောင် ပြေးလွှား နေရ တယ်။ ကား တစီး ရပ်တော့မယ်ဆိုရင် ရှေ့တိုး/နောက်ဆုတ် အဆင်ပြေအောင် အချက်ပြပေးရတယ်။ ကားရပ် သွားတဲ့အခါ ယာဥ်မောင်းကို အကိုတန် အကို ၊ ဦးလေးတန် ဦးလေး၊ အမတန်အမ၊ အန်တီ တန် အန်တီ ခေါ်ပြီး ကားရေဆေး မလားမေးရတယ်။ ဆေးမယ်ဆိုရင် ပျော်တာပေါ့၊ မဆေးသေးဘူးဆိုတော့လည်း နောက် တစ်စီး ဆီပြေးပေါ့။ 

အခု ရက်ပိုင်းအတွင်း ကျွန်တော်က ဈေးဝယ်စင်တာတစ်ခုကို မနက်တိုင်းလိုလို ‌ရောက်ဖြစ်နေတော့ အဲဒီလို လူငယ်လေးတစ်ယောက်နဲ့ မျက်မှန်းတန်းမိနေတယ်။  ကျွန်တော်ရောက်တဲ့အချိန်က မနက်စောစောဆိုတော့ ကားရှင်းတဲ့အတွက် ကျွန်တော်က စက်လှေကားနဲ့ အနီးဆုံး နေ ရာမှာ ရပ်တယ်။ သူကလည်း အဲဒီနားမှာ အမြဲလို လို ရှိနေတော့ ကားထဲက ထွက်လိုက်တာနဲ့  ကားရေဆေးမလားလို့ မေး တယ်။ 

ကျွန်တော်ကလည်း “ မိုးဆက်တိုက်ရွာနေတယ်ကွာ၊ ဆေးရင်လည်း ပြန်ပေမှာပဲ၊ နောက်မှ ဆေးတော့ မယ်” လို့  ပြန်ဖြေတယ်။လေးငါးရက် ကြာလာတော့ ကျွန်တော် ကားမဆေးဘူး လို့ ပြောလိုက်တိုင်း သူ့မျက်လုံးတွေထဲမှာ မြင်လိုက်ရတဲ့အရိပ်တစ်ခုကို သတိထားမိတာနဲ့၊ကားဆေးမယ်လို့ပြောလိုက်တဲ့အခါ  ဝမ်းသာ အားရ နဲ့  ပစ္စည်း ထည့်တဲ့ ပုံးယူလာပြီး အလုပ်စ တယ်။

ကျွန်တော်ကလည်း အချိန်ပိုနေတာနဲ့ အပေါ်မတက်သေးပဲ သူလုပ်တာကို ကြည့်ရင်း သူနဲ့ စကားပြောဖြစ် တယ်။  သူ့ကို ကြည့်လိုက်ရင် အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည်သေးသေးနဲ့ ၁၆ နှစ်၊ ၁၇ နှစ်လို့ထင်ရပေမဲ့ တကယ်တော့ အသက် ၂၂ နှစ်ရှိနေပြီ။  ပညာအရည်အချင်းကလည်း ကိုးတန်းအောင် ဆယ်တန်း။ ဘာဖြစ်လို့  သူဒီအလုပ်ကို လုပ်နေသလဲဆိုတာကို စိတ်ဝင်စားတာနဲ့ စကားဆက်ပြောဖြစ်တယ်။ 

သူဟာ မိတ္ထီလာနယ် ရွာလေးတစ်ရွာ ကနေ ရန်ကုန်တက်လာတာ။ သူမိဘတွေက အရင်ကတော့ တောင်သူပဲပေါ့။ နောက် ရွှေတောတွေ ခေတ်စားလာတော့ သူအသက် ခုနစ်နှစ်လောက်မှာ ယာကို အငှားချပြီး ရွှေတောတက် စျေး  ရောင်းတယ်။ သူ့မိဘတွေရောင်းတဲ့ရွှေတောက သာစည်-ရွှေညောင်ရထားလမ်း လယ်ပြင်ဘူတာကနေ တဆင့် သွားရတယ်။ သူ့မိဘတွေက စျေးရောင်းတယ်ဆိုတာက ရွှေတောမှာ ဆိုင်ဖွင့်ပြီးရောင်းတာမျိုးမဟုတ်ဘူး။ ရွှေ တောမှာ ရှိတဲ့ ဆိုင်တွေ၊ အလုပ်သမားတွေက မှာတဲ့ ပစ္စည်းတွေကို ဝယ်ပြီး ရွှေတောကို သွားပို့၊ အရင် ပို့ထားတဲ့ ပစ္စည်းတွေအတွက် ငွေကောက်၊ နောက်တစ်ခေါက်ပြန်တက်၊ အဲဒီလိုမျိုးလုပ်တာ။

ပြောရရင် တော်တော်အဆင်ပြေတယ်ပေါ့။ ကလေးပညာရေးကိုလည်း ဂရုစိုက်တော့ သူလည်း ၁၀ တန်းအထိ အေးအေးချမ်းချမ်း ပညာသင်နိုင်တယ်။ သူကလည်း ထူးချွန်သူထဲမှာမပါပေမဲ့ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်တယ်။ သားကြီးဆိုတော့မိဘတွေက ဆယ်တန်း ပြီးရင်လည်းတက္ကသိုလ်တက်ဖို့တိုက် တွန်း တယ်။ သူက တော့စက်မှုလက်မှုဝါသနာပါတော့ဂျီတီအိုင်လိုမျိုးတက်၊ပြီးရင်စက်ရုံတွေမှာလုပ်၊ အတွေ့ အကြုံ ရလာတဲ့ အခါ ကိုယ်ပိုင်တွင်ခုံ၊ ဝပ်ရှော့တွေလုပ်ချင်တာတဲ့။

ဒါပေမဲ့ သူဆယ်တန်းတက်တဲ့ နှစ်မှာ ကိုဗစ်ဖြစ်တယ်။ ကျောင်းတွေက ပိတ်လိုက်ဖွင့်လိုက်။နောက်တော့ ရွေး ကောက်ပွဲ ၊ သူ့ဘဝမှာ ပထမဆုံးမဲပေးရတာပေါ့။ အင်န်အယ်လ်ဒီကိုမဲပေးပေးတယ်။ ဘာ့ကြောင့်ပေးတာလဲ လို့ မေးတော့ သူမွေးထဲက ဒီမျက်နှာတွေပဲ မြင်ခဲ့ရတာ၊ နောက်ထပ်ပြန်မမြင်ချင်တော့ဘူး တဲ့။ ၂၀၂၀ ရွေးကောက်ပွဲ အကြိုစာရင်းဇယားတွေအရ ပထမဆုံးအကြိမ်မဲပေးမဲ့သူက ( ၄.၇  ) သန်းကျော် ရှိတယ်။ အဲဒီ လူငယ်လေး တွေရဲ့ ရင်ထဲက ဆန္ဒကို သတိမထားမိတဲ့သူတွေ အများကြီးပဲ။ အဲဒီလိုပြောရင်လည်း ဒီကလေးတွေ နိုင်ငံရေး မသိပဲ မဲပေးတယ်လို့ပြောတဲ့လူရှိဦးမယ်။အဲဒီလိုလူတွေကို “နိုင်ငံရေးအကြောင်းနားလည်တဲ့သူကရော ခင်ဗျားတို့ ကို ထောက်ခံလို့လား”လို့မေးရင် ဘယ်လိုပြန်ဖြေမလဲမသိဘူး။ ဒီမိုကရေစီရွေးကောက်ပွဲ ဆိုတာ လူတစ်ကိုယ် မဲ တစ်ပြားနဲ့  အားလုံးတန်းတူဖြစ်အောင် တန်းညှိပေးတာ၊ မဲဆန္ဒရှင်တိုင်းကို တန်းဖိုးထားစည်းရုံးရတယ်ဆိုတာ ဒီလူ တွေနားလည်ပုံမရဘူး။

၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်နေ့ နောက်ပိုင်းမင်းဘာလုပ်လဲလို့ မေးတော့ ချက်ခြင်းမဖြေဘူး၊ မကြောက်ပါနဲ့ ကွ၊ ငါက သိချင်ရုံသက်သက်ပါလို့ ပြောလိုက်မှ အသံတိုးတိုးနဲ့ ကျွန်တော်လည်း ဘယ်နေမလဲ၊ လမ်းပေါ်ထွက်တာ ပေါ့တဲ့။ ဘာဖြစ်လို့တုံး လို့မေးတော့ “ ကျွန်တော်တို့ မဲပေးထားတာလေဗျာ”တဲ့ ၊ ဒီတစ်ခါတော့ အသံမတိုးတော့ ဘူး။ ကလေးရုပ်ပေါက်နေတဲ့ မျက်နှာက ခပ်တင်းတင်းဖြစ်သွားတယ်။ 

ဖေဖော်ဝါရီ တစ်ရက်နေ့နောက်ပိုင်းမှာ သူ့မိဘတွေ အခြေအနေယိုင်သွားတယ်။ ရွှေတောက လူတွေ ထွက်သွား ကြတယ်။ ဆိုင်တွေပိတ်သွားကြတယ်။ သူ့မိဘတွေပေးထားတဲ့ အကြွေးအားလုံးလိုလို ဆုံးတယ်။ လူမရှိတော့ လို့ ဆုံးတာရှိသလို လူရှိပေမဲ့ မပေးတာလည်းရှိတယ်။ ဘယ်သူ့ကိုမှလည်း တိုင်လို့ မရဘူး။ နောက်ဆုံးတော့ ရွာမှာ ယာပြန်လုပ်ရတဲ့ဘဝရောက်သွားတယ်။ 

‌ကျောင်းတွေပြန်ဖွင့်တော့ သူကျောင်းပြန်မတက်တော့ဘူး။ အဖေအမေကို တစ်လှည့်ပြန်ကြည့်ရဦးမယ်ဆိုပြီး  အလှကုန်၊လူသုံးကုန်ဖြန့်တဲ့ဆိုင်မှာဝင်လုပ်တယ်။လခတစ်သိန်းကျော်ရပေမဲ့တက်ပြီးရင်းတက်နေတဲ့ကုန်ဈေးနှုန်း နဲ့ဆိုတော့အိမ်အတွက် လောက် လောက် လား လားမရဘူး။ ဂျီတီအိုင်တက်မယ်ဆိုတဲ့ သူ့အိပ်မက်လည်း မဖြစ်နိုင် တော့ဘူး။

အဲဒီအချိန်မှာပဲ  သူ့အတွက် ကယ်တင်ရှင်ပေါ်လာတယ်။ မြို့က အမျိုးသမီးတစ်ယောက်က ရွာကကလေးတွေကို ထိုင်းမှာ အလုပ်ရအောင်ကူညီပေးမယ်လို့ပြောတယ်။ တကယ်တော့ သူက သူ့မောင်ရယ်၊ ဆွေနီးမျိုးစပ် ကလေး တွေရယ်အတွက် အလုပ်ရှာရင်း အဆက်အသွယ်ကောင်းကောင်းရတဲ့အတွက် ရွာက ကလေးတွေကို ကူညီတာ လို့ ဆိုတယ်။ သူပို့ပေးမယ်ဆိုတဲ့ သူ့အမျိုးနှစ်ယောက်သုံးယောက်လောက်က ရွာတွေမှာရှိတာဆိုတော့ ယုံပြီး ပတ်ဝန်းကျင်ရွာ လေးငါးရွာလောက်က လူငယ်တွေ စာရင်းပေးကြတာပေါ့။

အဲဒီအမျိုးသမီးက ဒီနှစ် ဇူလိုင်လမှာ မြဝတီကတဆင့် သွားရမယ်၊ တစ်ယောက် ၃၅ သိန်းပေးရမယ်၊ အကုန်ပေး နိုင်ရင်ပေး။ မပေးနိုင်ရင် ၁၀ သိန်း စရန်ချ၊ စာအုပ်ရပြီးရင်ကျန်တဲ့ငွေပေးလို့  ပြောတယ်။ တချို့ က အကုန် ပေး တယ်။ သူကတော့ ၁၀ သိန်းပဲပေးနိုင်တယ်၊ ဒါတောင် မိဘတွေက အတိုးနဲ့ ချေးပြီး ပေးရတာ။ 

ငွေရပြီးတော့ အဲဒီအမျိုးသမီးက မြဝတီမှာ သွားစီစဥ်မယ်ဆိုပြီး ထွက်သွားတယ်။ သူတို့ကို ဗိုင်ဘာကနေပဲ ဘာလုပ် နေတယ်၊ ညာလုပ်နေတယ်ဆိုပြီး အသိပေးတယ်။ နောက်ဆုံးတော့ ထိုင်းဘက်က လိမ်သွားလို့ ငွေတွေ ပါသွား ပြီ ဆိုပြီး ဇာတ်သိမ်းသွားတယ်။ သူသိသလောက်ဆိုရင် လူ ခုနစ်ဆယ်နီးပါး ပိုက်ဆံ ဆုံးသွားတယ်။ သူ့အတွက်လည်း နိုင်ငံခြားမှာ အလုပ်လုပ်ပြီး မိဘကိုထောက်ပံ့မယ်ဆိုတဲ့ နောက်ထပ်အိပ်မက်တစ်ခု ပျက်ပြန် ပြီပေါ့။  

အမျိုးသမီးကတော့ ခပ်ပြောင်ပြောင်ပဲ၊ အိမ်ပြန်လာပြီး အသွားအလာမပျက်ဘူး။ ငွေပြန်တောင်းရင် ငါတို့ အမျိုး တွေလည်း အလိမ်ခံရတာပဲ၊ မပေးနိုင်ဘူး၊ ကြိုက်တဲ့နေရာတိုင်လို့ ပြောတယ်။ သူ့အမျိုးတွေ တကယ်ပဲ ပိုက်ဆံ ပါသွားလား၊ အမျိုးတွေကပါ အလံရှူးလုပ်ပြီး ပေါင်းလိမ်သလားမသိဘူး။ ရဲစခန်းသွားတိုင်တဲ့ သူတချို့ရှိပေမဲ့ အခုထိ ဘာမှ မထူးသေးဘူး။ အရင်ခေတ်ကဆိုရင်တော့ ခံရတဲ့လူတွေစုပြီး လိုင်းပေါ်တက်အော်တာတို့၊ ဂျာနယ် ကို ပြောတာတို့နဲ့ လူသိ အောင်လုပ်လို့ရပေမဲ့ အခုအချိန်မှာ ဘယ်သူမှ မလှုပ်ရဲဘူး။ 

သူကတော့ မိဘတွေ မပြေလည်တဲ့ ကြားထဲမှာ ထပ်ပြီး ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် ဝမ်းနည်းတာပေါ့။ အဲဒါကြောင့် ရန်ကုန်တက်လာပြီး ဒီအလုပ်ကို လုပ်ရင်း နိုင်ငံခြားထွက်ရမဲ့ နည်းလမ်းကို ရှာတာ။ လက်ရှိက တော့ အဆောင်မှာနေတယ်။ အဆောင်ဆိုပေမဲ့ အခန်းကျယ်ထဲမှာ ကြမ်းပြင်ပေါ် ပလတ်စတစ် ဖျာ ခင်းပြီးအားလုံးပြား အိပ်ရတာ။ဈေးတော့သက်သာတယ်။စားတာကတော့လမ်း‌ဘေးဆိုင်ပေါ့။ ချွေချွေ တာတာသုံး ပြီး မိဘတွေဆီ ငွေပြန် ပို့မယ်။ အနည်းဆုံးအတိုးပေးဖို့ရတာပေါ့။

ဒီလူငယ်လေးရန်ကုန်ရောက်တာ တစ်လကျော်လေးပဲရှိသေးတယ်။ ဘာအဆက်အသွယ်မှ မရှိသေးဘူး။ ဒါနဲ့ ကျွန် တော်သိတဲ့တရားဝင်အေဂျင်စီတစ်ခုရဲ့လိပ်စာကိုပေးပြီး၊ပိုက်ဆံပေးစရာမလိုပဲ အလုပ်ရမှ ပြန်ဆပ် တဲ့နည်းလမ်း ရှိ၊မရှိ  စုံစမ်းကြည့်ပေါ့လို့ ပြောလိုက်တယ်။ လူငယ်လေးကတော့ သူ့အိပ်မက်ကို လက်မလျှော့သေးဘူး။ စက်ရုံ တွေမှာလုပ်ရရင်ကောင်းမယ်။ ပညာရတာပေါ့လို့ ပြောတယ်။ 

သူ့စကားကိုကြားလိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့  လူငယ်တွေရဲ့ အိပ်မက်တွေပျက်စီး၊ လူကြီး တွေ ရဲ့ လောဘတွေအတ္တတွေကြီးထွား၊ အိပ်မက်တွေရှင်သန်ရမဲ့ အစား ပျောက်ဆုံးနေတဲ့ နိုင်ငံမှာ ငါပြောတဲ့ အေဂျင်စီမှာ စုံစမ်းကြည့်ပါကွာ၊ မင်းကံကောင်းမှာပါ လို့ အားပေးတာပဲတတ်နိုင်တယ်။

စကားလုံးဆယ်လုံး နဲ့ ပြောပြတဲ့ တရုတ်ပြည်အကြောင်း

တရုတ်စာရေးဆရာ ယုဟွာ ရေးတဲ့ “China in Ten Words”  စာအုပ်ကို ဘိုဘိုဟန် ( အဆိုတော်မဟုတ်ပါ) က “စကားလုံး ၁၀ လုံးနဲ့ ယုဟွာ‌ ပြောတဲ့ တရုတ်ပြည်” နာမည်နဲ့ ဘာသာပြန်တယ်။ ပန်းဆိုးတန်း #BookTree စာအုပ် ဆိုင်မှာ ဆုံတဲ့ စာပေ မိတ်ဆွေတစ်ယောက်က ဒီစာအုပ်ကို ဖတ် ကြည့်ဖို့ ညွှန်းတယ်။ ကျွန်တော့်မှာက တရုတ် ပြည်နဲ့ တရုတ် ခေါင်းဆောင်တွေအကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေအတော်များများရှိပြီး ဖြစ် နေတာရယ်၊ မူရင်းစာရေးသူ ယုဟွာ က  ရသ စာပေ ရေးသားသူ ဆိုတော့  နိုင်ငံရေး နောက်ခံ ဝတ္ထုပဲ ဖြစ်မယ်လို့ ထင်မိတာရယ်ကြောင့် မဖတ်တော့ ပါဘူးလို့ ပြောလိုက် တယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်တဲ့သူက လက်မလျှော့ဘူး။ သူလက်ဆောင်ပေးမယ်ဆိုပြီး အတင်းထည့်ပေးလိုက် တယ်။ 

မှန်တာပြောရရင်အားနာလို့သာယူလာရတော့ စာအုပ်ကို တော်တော်နဲ့ မဖတ်ဖြစ်ဘူး။  လက်ထဲရောက်ပြီး တစ်ပတ်လောက် နေတော့မှ  ဘာ့ကြောင့်များ ဒီစာအုပ်ကို အတင်းညွှန်းနေသလဲဆိုတာ သိချင်တာနဲ့ စာမြည်း ဦး မယ်ဆို ပြီး နည်း နည်းဖတ်ကြည့်လိုက်တာ ရပ်လို့ မရ တော့ဘူး။ ဒီလိုနဲ့ နှစ်ရက်လောက် တခြားဘာအလုပ်မှ မလုပ်နိုင်ပဲ စာအုပ်ကို ပြီးအောင် ဖတ်လိုက်ရတယ်။ ဒ့ါကြောင့် စာအုပ်သုံးသပ်ချက်မရေးခင်မှာ ဒီစာအုပ်ကို လျှော့တွက်မိတဲ့အတွက် လက်ဆောင်ပေးသူရော၊ ဘာသာ ပြန်သူရောကိုပါ တောင်းပန်ရမှာပဲ။ 

ဒီစာအုပ်က တရုတ်နိုင်ငံရေးနောက်ခံဝတ္ထုမဟုတ်ဘူး။ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ သမိုင်း မှတ်တမ်းစာအုပ် ကြီး လည်းမဟုတ်ဘူး။ အက်ဆေးပုံစံ စာတမ်းငယ်တွေကို စုစည်းထားတာ ဖြစ်ပြီး စကားလုံး ဆယ်လုံးဆို တဲ့အတိုင်း အက်ဆေးဆယ်ပုဒ်ပါတယ်။ အက်ဆေး တစ်ပုဒ် ချင်း ရဲ့ ခေါင်းစဥ်တွေက တရုတ်ပြည်ကို ရှုထောင့် ဆယ်မျိုးကနေ သုံးသပ်နိုင်တဲ့ စကားလုံးဆယ်ခု ဖြစ်ပါတယ်။ စာရေးဆရာ ယုဟွာက သူ ဖြတ်သန်း လာခဲ့ရတဲ့ နှစ်ငါးဆယ် အတွင်း ( ၁၉၆၀ – ၂၀၁၀) တရုတ်ပြည်သူ လူထုကြားမှာ ခေတ်စားခဲ့ တဲ့ စကားလုံး ဆယ်လုံးကနေ တရုတ်ပြည်ရဲ့ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးဘဝတွေကို ထင်ဟပ်ရေးသားထားတာဖြစ်ပါတယ်။ စာရေးသူက ခုနှစ် သက္ကရာဇ် တွေ၊ ကိန်းဂဏန်းတွေ ကို ကိုးကားရေးထားတာမဟုတ်ဘူး။ လူတစ်ယောက် နေ့စဥ် ဖြတ်သန်း ခဲ့တဲ့ဘဝတွေထဲ ဖြတ်ကနဲတွေ့လိုက်ရတဲ့အဖြစ်အပျက်တွေနဲ့အတွေးတွေကို ချရေးထားတာ၊ ခေတ်ပြိုင် ရုပ်ပုံလွှာ တွေ လို့လည်း ပြောလို့ရတယ်။ 

ယုဟွာ ရွေးထားတဲ့ ခေါင်းစဥ်ဆယ်ခု၊ စကားလုံးဆယ်လုံးက  “ပြည်သူလူထုကြီး”၊ “ခေါင်းဆောင်”၊ “ စာဖတ်ခြင်း”၊ “စာ‌ရေးခြင်း”၊ “ဆရာကြီး လုရွှန်း”၊ “တော်လှန်ရေး”၊ “ကွာခြားချက်”၊ “အောက်ခြေဆင့် လူတန်းစား”၊ “ပုံတူခိုး ကူးခြင်း”၊ “လှည့်ဖြားခြင်း” တို့ပဲဖြစ်ပြီး အဲဒီစကားလုံးတွေရဲ့ မူရင်းတရုတ်ဘာသာအဓိပ္ပါယ်ကို ဖွင့်ဆိုရေးသား ထားတာ ဖြစ်ပါတယ်။  

ယုဟွာက ၁၉၆၀ပြည့်နှစ်မှာမွေးတာဆိုတော့ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝမှာယဥ်ကျေးမှုတော်လှန် ရေးကြီးနဲ့ ကြုံရတယ်၊၊ အထက်တန်းကျောင်းသားဘဝမှာ မော်စီတုန်းကွယ်လွန်၊ တိန်ရှောက်ဖိန် အာဏာရလာ ပြီး ပြုပြင်ပြောင်းလဲရေးအစ နဲ့ တွေ့တယ်။ ကျောင်းပြီးတော့ တံခါးဖွင့်မူဝါဒ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ တီယန်မင် ရင်ပြင်အရေးအခင်းကို ဖြတ်သန်းရတယ်။  စာရေးဆရာဘဝနဲ့  တရုတ်ပြည်အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲလာတာကို လေ့လာခွင့်ရတယ်။ အခု စာဆယ်ပုဒ်က  ခေါင်းစဥ်ပါ စကားလုံးနဲ့ပတ်သက်ပြီး သူ့ကိုယ်တွေ့ နဲ့ သူ့ပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားရတဲ့အဖြစ်အပျက်တွေကို ရေးထားတာပါ။ 

ရေးသားတဲ့ပုံစံက ပေါ့ပေါ့ ပါးပါး ဆိုပေမဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလလို နာကျင်စရာ၊ ကြေကွဲစရာ အဖြစ်အပျက်အကြောင်းကို ဖတ်ရတဲ့အခါ မချိတင်ကဲ ပြုံးမဲ့မဲ့ ဖြစ်သွားအောင်ရေးပြထားပါတယ်။ စာရေးသူက ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံရေးစကားလုံး ကြီးတွေ ၊ သီအိုရီတွေ ကို မပြောပဲနဲ့  သာမန်တရုတ်ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ကွက်ကွက် ကွင်း ကွင်းမြင်လာ‌အောင်ရေးပြနိုင်ပါတယ်။ တချို့အဖြစ်အပျက်တွေ ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတာကို တွေးဆ အဖြေထုတ်ထားတယ်။ အသက်အရွယ်နဲ့ ဖြတ်သန်းရတဲ့ခေတ် အပါ်မူတည်ပြီး အတွေးအခေါ်တွေ ပြောင်းလဲလာ ပုံတွေကို ခြေရာကောက်ထားတယ်။  မူရင်းစာအုပ်ကို မဖတ်ဖူး  ပေမဲ့ ဘာသာပြန်သူ ဘိုဘိုဟန် ဟာ မူရင်း စာရေး ဆရာရဲ့ လေ ကို ရအောင်ဘာသာြပန်နိုင်တယ်လို့ ခံစားရပါ တယ်။

ကျွန်တော့်အတွက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ အရင်က တိန်ရှောက်ဖိန်ရဲ့  နိုင်ငံရေးပြုပြင် ပြောင်းလဲ မှုတွေ စတင်ပြီးတဲ့နောက်ပိုင်းမှာ  ယဥ်ကျေးမှုတော်လှန်ရေးရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အမူအကျင့်တွေ တဖြည်း ဖြည်းပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တာ မှားနေတယ်ဆိုတာကို သိလိုက်ရတယ်။ ဒါ့အပြင် အခန်း ၇၊ ၈၊ ၉၊ ၁၀ ကို ဖတ်ပြီးတဲ့အခါ လက်ရှိ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်က ဘာ့ကြောင့် တရုတ် နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါတီရဲ့ ထိန်းချုပ်မှုနဲ့ ပါတီအခန်းကဏ္ဍကို မြှင့်တင်နေသလဲဆိုတာ ပိုနားလည်လာမိတယ်။

“စကားလုံး ၁၀ လုံး နဲ့  ယုဟွာပြောတဲ့ တရုတ်ပြည်”  စာအုပ်

ဘိုဘိုဟန် ဘာသာပြန်တယ်။ 

နှစ်ကာလများစာအုပ်တိုက်က ၂၀၂၃ ခုနှစ် ဇွန်လမှာ ထုတ်ဝေတယ်။ 

 စာမျက်နှာ ၃၆၀ ရှိပြီး စာအုပ်တန်ဖိုး ၉၀၀၀ ကျပ်။ 

ခေါင်းဆောင်နဲ့  တာဝန်ယူမှု

အမေရိကန်သမ္မတ ထရူးမင်း ( ၁၉၄၅-၁၉၅၃) က သူရဲ့  အိမ်ဖြူတော်ရုံးခန်းစားပွဲပေါ်မှာ “ The Buck Stops Here”  ဆိုတဲ့ စားပွဲတင်ဆိုင်းဘုတ်လေးတစ်ခုတင်ထားတယ်။ ဆိုလိုတာကတော့ သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက် တွေ ရဲ့ ရလဒ်အားလုံးကို တာဝန်ယူတယ်၊ အဆိုးတွေဖြစ်လာလို့  ဘယ်သူ့ကိုမှ ( အထူးသဖြင့် လက် အောက်ကို) အပြစ် မတင်ဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။  ထရူးမင်းကြောင့်  ဒီစကားဟာ ခေါင်းဆောင်တစ်ယောက် ရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြတဲ့ စကားအဖြစ် လူသိများသွားခဲ့တယ်။ 

သမ္မတ ဂျင်မီကာတာ (၁၉၇၇-၁၉၈၁) ကရေနံအကျပ်အတည်းနဲ့ ကြုံတဲ့အခါ အစိုးရရဲ့ စွမ်းအင်မူဝါဒ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို ရုပ်သံကနေ တိုက်ရိုက်မိန့်ခွန်းပြောဖို့ စီစဥ်တယ်။ အဲဒီမိန့်ခွန်းကို ရုပ်သံရိုက်တဲ့အခါ သမ္မတ ကာတာက သမ္မတ ထရူးမင်းအထိမ်းအမှတ်ပြတိုက်ကနေ  “The Buck Stops Here”  ဆိုင်းဘုတ် လေးကို ခဏငှား၊ သူ ရုံးစားပွဲပေါ်မှာတင်ထားခဲ့ပြီး ပြည်သူတွေကို စွမ်းအင်မူဝါဒနဲ့ပတ်သက်တဲ့ သူ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို အသိပေးခဲ့တယ်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့  ရင်ဆိုင်ရတဲ့အခါ  “ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။(” The buck stops with me.”) လို့ ပြောခဲ့တယ်။ 

သမ္မတ ထရူးမင်းရဲ့  သမိုင်းဝင်စကားကို ပထမဆုံးစကြားဖူးတာက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းမှာပါ။ အဲဒီ အချိန်က ကျွန်တော်ဟာ ဌာနချုပ်တစ်ခုမှာ စစ်ဦးစီး အရာရှိ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတာပါ ။အဲဒီမှာ ဌာနချုပ် တွေရဲ့ထုံးစံအတိုင်း လက်အောက်မှာ ရှိတဲ့ တပ်ရင်း တပ်ဖွဲ့ တွေက တပ်မှူးတွေနဲ့ လေးလ တစ်ကြိမ် အစည်းအဝေး လုပ်ရပါတယ်။  အစည်းအဝေးမှာ တပ်မှူးတွေက သူတို့ တပ်ရဲ့ လေး လတာအတွင်း လုပ်ဆောင်ချက်တွေကို တင်ပြ၊ ဌာနချုပ်အကြီးအကဲတပ်မှူးကြီးက သူတို့ တင်ပြချက်အပေါ် ပြန် သုံးသပ်၊ အကဲဖြတ်ပါတယ်။ ကျွန်တော် တို့  ဦးစီးအရာရှိငယ်တွေ ကတော့ ဘေးက နားထောင်ရင် ပညာယူရတာပေါ့။အဲဒီမှာ ထူးခြားတဲ့ တပ်ရင်းမှူး တစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ 

သူက ကျွန်တော်တို့ နယ်မြေကို ပြောင်းလာတာ မကြာသေးဘူး။ သူ့တာဝန်ယူရတဲ့တပ်ကလည်း သူရောက်လာ မှ ပြဿနာမျိုးစုံဖြစ်တယ်။ ဒီတော့ လေးလတစ်ကြိမ်အစည်းအဝေးလုပ်တိုင်း အထက်လူကြီးရဲ့  ဝေဖန်ထောက်ပြ တာကို ခံရတယ်။ အဲဒီလို အပြောခံရတိုင်း တပ်ရင်းမှူးလုပ်သူရဲ့ ဖြေရှင်းချက်ကတော့ “ အဲဒီကိစ္စက ဗိုလ်ကြီး ++++ မှာ တာဝန်ရှိတယ်ခင်ဗျ။ ကျွန်တော် သူ့ကို ရုံးတင် သတိပေးပြီးပါပြီ။”  “အဲဒီကိစ္စက ဆရာကြီး ++++ ကြောင့် ဖြစ် တာပါ။ ကျွန်တော် အချုပ်ချပြီးပါပြီ။” လို့ ဖြေတာပါပဲ။ သူ့မှာ တာဝန်ရှိတယ်ဆိုတဲ့စကား တစ်ခါ မှ မကြားရဘူး။ သူ့တပ်က အရာရှိတွေကတော့ သူ့ကို “ ဗိုလ်ရှောင်လင်” လို့  နောက်ကွယ်မှာ ခေါ်ကြတယ်။ 

ဒီလိုနဲ့ သူရောက်ပြီး တစ်နှစ်လောက်ကြာတဲ့အချိန်မှာ အဲဒီတပ်ရင်းမှူး က   ဖြစ်သွားတဲ့ ကိစ္စတစ်ခုမှာ  တာဝန်ရှိလို့ သူ သတိပေးလိုက်ပါတယ်ဆိုတဲ့လူကသူရဲ့  ဒုတပ်ရင်းမှူးဖြစ်နေတယ်။ အဲဒီအခါမှာ တော့ ကျွန်တော်တို့ရဲ့  ဌာနချုပ်တပ်မှူးကြီးက “ မောင်ရင် ၊ မောင်ရင် သတိပေး၊ အပြစ်ပေးလာတာလည်း မင်းရဲ့  ဒုတပ်ရင်းမှူးအထိ ရောက်နေပြီ၊ မင်းတပ်ရင်းကလည်း ကောင်းမလာဘူး။ ခေါင်းဆောင်ကောင်းဆိုတာ လက် အောက် ကိုပဲ အပြစ် ပုံချလို့ မရဘူး” လို့ ပြောရင်း သမ္မထရူးမင်းရဲ့ စကားကို ကိုးကားရှင်းပြခဲ့တယ်။ 

အဲဒီတပ်မှူးအပေါ် ဘဝင်မကျတဲ့ တပ်မှူးကြီး က အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာလည်း “  ခေါင်းဆောင်ဆိုတာ လုပ်ပိုင်ခွင့်ကို ခွဲဝေ ပေးလို့ရတယ်ကွ၊ တာဝန်ရှိမှုကို ခွဲဝေပေးလို့ မရဘူး၊ တစ်ခုခုဖြစ်တိုင်း လက်‌အောက်ကို အပြစ်ပုံချတာနဲ့  ကိုယ် လွတ်ပြီလို့ ထင်မနေနဲ့။ ပြဿနာတွေဖြစ်နေတာ တပည့်တွေကြောင့်လား၊ ကိုယ့် ကြောင့် လားဆိုတာ ပြန်ဆန်းစစ်ဦး” လို့ သတိပေးခဲ့တယ်။ 

 တပ်မှူးကြီးက သတိပေးပေမဲ့ အဲဒီတပ်ရင်းမှူးရဲ့ အခြေအနေက ပြောင်းလဲမလာတဲ့အတွက် နောက်ဆုံးတော့ တပ်ကနေ အနားပေးခံ လိုက်ရတယ်၊ သူ့တပ်ရင်းမှာတော့ သူ့အတွက် ဝမ်းနည်းတဲ့သူမရှိသလောက်ပဲ။

ကျွန်တော် ကတော့ တိုက်ဆိုင်မှုတွေ ရှိတိုင်း ဆရာသမားရဲ့  “ခေါင်းဆောင်ဆိုတာ လုပ်ပိုင်ခွင့်ကို ခွဲဝေ ပေးလို့ရတယ်ကွ၊ တာဝန်ရှိမှုကို ခွဲဝေပေးလို့ မရဘူး။” ဆိုတဲ့စကားနဲ့  သမ္မတ ထရူးမင်းရဲ့  “ The Buck Stops Here” ဆိုတဲ့စကားကို သတိရနေမိ တယ်။

ပုဂံမြင်ကွင်းကျယ် ( ၁၅) 

လူဝင်စား 

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပုဂံမှာ အလှူလုပ်တယ်ဆိုတာ ညောင်ဦးမြို့နယ် ရွာတစ်ရွာက ကလေး တွေ လိုအပ်နေတဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ သွားဝေမျှပေးတာပါ။ ကျွန်တော်တို့ က လှူဒါန်းမဲ့ ပစ္စည်း တွေ ကို လိုက်ထရပ်နဲ့ သယ်သွားတယ်။ နောက် ကျွန်တော်တို့ စီးနေကြ တုတ်တုတ်ကိုလည်း ခေါ်သွားတယ်။ ကျွန် တော်တို့ က လိုက်ထရပ်ကို ပစ္စည်းတွေချပြီးရင် ပြန်လွှတ်လိုက်မယ်၊ လှူဒါန်းမှု ကိစ္စတွေ ပြီးရင် တုတ်တုတ်နဲ့ ဇီးအိုရွာဘက် ကို သွားမယ်ဆိုပြီး စီစဥ်ထားတာပါ။

ဒါ့ကြောင့် ရွာရောက်လို့ ပစ္စည်းတွေချပြီးတဲ့အခါ ကားဆရာ( ပိုင်ရှင်လည်း သူပါပဲ) ကို ပြန်လို့ရပြီလို့ အသိ ပေးလိုက်တယ်။ အဲဒီအခါမှာ သူက “ ကျွန်တော်လည်းမပြန်သေးဘူး၊ သမီးတွေနဲ့ တွေ့ဦးမယ်” လို့ပြောတယ်။ ကျွန်တော်သိထားတာက ကားဆရာက ညောင်ဦးဇာတိဆိုတော့ သမီးတွေ ဒီရွာမှာ အလုပ်တာဝန်နဲ့ များရောက် နေသလားလို့တွေးလိုက်မိတယ်။ ဒ့ါကြောင့် သမီးတွေ ဘယ်အရွယ်လဲ၊ ဒီမှာ အလုပ် လုပ်နေတာလားလို့ မေးလိုက် တော့ ကားဆရာက “ သမီးတွေက ဒီရွာကပဲ၊ အသက် ရှစ်ဆယ်ကျော်ပြီ” လို့ဖြေတယ်။ ကျွန်တော်ကြောင် သွားတယ်၊ကားဆရာအသက်ကငါးဆယ်ကျော်လောက်ပဲရှိသေးတာ၊သမီးတွေကအသက်ရှစ်ဆယ်ကျော်ဆိုတော့ နားကြားများမှားသလားပေါ့။ ဒီတော့မှ ဘေးမှာရှိတဲ့ ကျေးရွာ လူကြီးတွေက သူ ( ကားဆရာ) က အရင်ဘဝက ဒီရွာသား၊ ညောင်ဦးမှာ လူဝင်စားဖြစ်တာလို့ ရှင်းပြတယ်။ ဒီလိုနဲ့ အလှူမစခင် လူဝင်စား ဇာတ်လမ်းကို အရင် ကြားနာလိုက်ရတယ်။ 

ကားဆရာက ညောင်ဦးမြို့ ဝန်ထမ်းမိဘနှစ်ပါးက မွေးတာ၊ နှစ်နှစ်သားလောက်ရောက်တော့ သူ့ အပြုအမူတွေ က နည်းနည်းထူးဆန်းလာတယ်။ မိုးအုံ့လာရင်၊ မိုးရွာလာရင်  သူ့အဖေသောက်ထားတဲ့ ဆေးလိပ်တိုကို ကိုက်ပြီး ချောင်ထဲ သွားထိုင်နေတာတို့၊ ရွာပြန်မယ် ပြောတာတို့ ဖြစ်တယ်။ တစ်နေ့တော့ သူအမေရုံးကို လိုက်လိုက်သွား ရင်း နဲ့  သူ့ အရင်ဘဝရွာက ရွာလူကြီး ရုံးရောက်လာတာကို တွေ့တယ်။ အဲဒီလို တွေ့တဲ့အချိန်မှာ ရွာလူကြီးရဲ့  နာမည်ကို “ ဟေ့ ++++ “ လို့ခေါ်ပြီး နှုတ်ဆက်တယ်။  နှစ်နှစ်သား၊ သုံးနှစ်သားလေးက နာမည်ခေါ်ပြီး နှုတ်ဆက်  လိုက်တော့ ရွာလူကြီးလည်း ကြောင်သွားတာပေါ့။ မင်း က ငါ့ကို သိလို့လားလို့ မေးတော့ “သိတာပေါ့ ၊ ငါ က “ +++” လေ”လို့ပြန်ပြောလိုက်တယ်။ သူပြောတဲ့နာမည်က လွန်ခဲ့တဲ့ သုံးနှစ် ေကျာ်က ကွယ်လွန်သွားတဲ့ ဦး++ နာမည်ဖြစ်နေတယ်၊ ကွယ်လွန်ချိန်မှာ အသက်ရှစ်ဆယ်ကျော်ပြီဆိုတော့ ရွာလူကြီးထက် အသက်ကြီး တာပေါ့၊ ဒါ့ ကြောင့်လည်း နာမည်ကို ကို / မောင် / ဦး မတပ်ဘဲ ဒီအတိုင်းခေါ်လိုက်တာ။

သူပြောတဲ့ ဦး++ ဆိုတာက ရွာမှာ တောင်သူလုပ်တယ်။ ကိုယ်ကျင့်တရားကောင်းပြီး အများကလေးစား တော့ ရပ်မိရပ်ဖ စာရင်းပေါက်သူပေါ့။  ပြီးတော့ အဲဒီအဘကြီးက  ဆေးလည်း ကုတယ်၊ ဒါပေမဲ့ သူဆေးကုတယ်ဆို တာက သွားကိုက်တာတို့ ၊ အနာပေါက်တာတို့ကို မန်းပေးတာ။ ကျွန်တော်တို့နဲ့ တွေ့တဲ့ ကျေးရွာလူကြီးတွေက အဲဒီအချိန်က ကလေးတွေပေါ့၊ ငယ်ငယ်က သွားကိုက်၊ သွားဖုံးရောင်တဲ့အခါ  အဘကြီး မန်းလိုက်လို့ ပျောက် သွားတဲ့သူချည်းပဲ။ သူတို့ကတော့  လူငယ်တွေဖြစ်လို့ ရွာထုံးစံ အရီး++ လို့ ခေါ်တယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ကားဆရာက အရင်ဘဝက နွားဘယ်နှစ်ကောင်ပိုင်ခဲ့တယ်၊ အိမ်မှာ ဘာရှိတယ်၊ သား သမီးတွေက ဘယ်လို ဆိုပြီး အတိအကျပြောလာတယ်။ သူ့ဘဝနဲ့ပတ်သက်ပြီး အဘကြီး ကွယ်လွန်ပြီးကာစမှာ အခုဘဝ မိခင်ဖြစ်သူက ဌာန တာဝန်နဲ့ ရွာကို ကွင်းဆင်းရတယ်။ အဲဒီ က အပြန်မှာ မိခင်ဖြစ်သူစီးတဲ့ လှည်း နောက် က ခိုလိုက်လာပြီး လူဝင်စားဖြစ်လာတာလို့  သူ့အမေကိုပြောပြတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်က သူတို့ရွာကို အခုလို ကား လမ်းမပေါက်သေးဘူး၊ နွေဆိုရင် လှည်းနဲ့၊ မိုးဆိုရင် ညောင်ဦးကားလမ်းပေါ်ရောက်တဲ့ အထိ ခြေလျင်သွားရတာဆိုတော့ လှည်းနောက်က လိုက်သွားရတာပေါ့။ အခုခေတ်ဆိုရင်တော့ ကားနောက်ခန်း က လိုက်စီးသွားမယ်ထင်တယ်။

ရွာလူကြီး ဖြစ်တဲ့သူ ရွာ ပြန်ရောက်တဲ့အခါ ဦး+++ တော့ ညောင်ဦးက ကိုဘယ်သူ မ ဘယ်ဝါ အိမ်မှာ လူဝင်စား ဖြစ်နေတယ်ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့ ရွာကလူတွေ အ‌ကြောင်းသင့်လို့ ညောင်ဦးရောက် တဲ့ အခါ သူ့ကို လာကြည့်ကြတယ်။ ဆွေမျိုးတွေလည်း လိုက်လာတယ်။ သမီးတွေက သူတို့ အဖေလူဝင်စားဖြစ်တဲ့ အိမ်က ဧရာဝတီမြစ်ကမ်းနားမှာ ဆိုတာ သိရလို့ ဝမ်းသာကြတယ်။ အဲဒီခေတ်က သူတို့ရွာက မိုးခေါင်ရေရှားဆို တော့ ခြောက်မိုင်လောက်ခရီးကို ရေခပ်သွားရတယ်၊ လူရေချိုးရင် နွားစာကျင်းထဲ ဝင်ချိုး၊ အဲဒီရေကို နွားက ပြန် သောက်ရတယ်။ ဒါ့ကြောင့် ဦး++ က နောက်ဘဝဆိုရင်တော့ မြစ်နား ချောင်းနား ရေပေါတဲ့နေရာမှာ လူ ဖြစ်ချင် တယ်လို ညည်းသတဲ့။ အခုတော့ သူဖြစ်ချင်တဲ့အတိုင်း မြစ်နားချောင်းနားမှာ နေရပြီဆိုတော့ ကြားတဲ့သူတွေ က ဝမ်းသာကြတာပါ။

နောက်ပြီး ဦး +++ က သောက်တာ စားတာ မရှိပေမဲ့ ဆေးလိပ်တော့ အလွန်ကြိုက်တဲ့အတွက် ကား ဆရာက အခု ဘဝမှာ သူ့အဖေဆေးလိပ်တိုတွေကို ကောက်ကောက်ပြီးခဲတာတဲ့။ ဒါ့အပြင် သူ့နွားတွေကိုလည်း အလွန်ချစ် တယ်။ အခု ဒီဘ၀ရောက်တော့လည်း ကားဆရာပူဆာတာနဲ့ သူ့မိဘတွေက နွားတစ်ကောင်မွေးထားပေးရ သေး တယ်။ 

ကားဆရာက အသက်နည်းနည်းရလာတော့ အရင်ဘဝက ကိစ္စတွေကို တဖြည်းဖြည်းမေ့သွားတယ်။ ဒါပေမဲ့ မိုးရွာရင် မိုးအုံ့လာရင် လွမ်းသလိုလို ဆွေးသလိုလို ဖြစ်တဲ့စိတ်ကတော့ အခုအချိန်ထိ ဖြစ်တုန်းပဲ၊ ရွာ အကြောင်းကြားရင် ရွာအကြောင်းပြောရင် စိတ်ထဲမှာ ထိထိခိုက်ခိုက်ဖြစ်လာတုန်းပဲတဲ့။ အဲဒါကတော့ ဟုတ်မယ်၊ ကျွန်တော်တို့နဲ့  အရင်ဘဝက အကြောင်းတွေ ပြောနေချိန်မှာ သူမျက်လုံးတွေမှာ ဝမ်းနည်းရိပ်သန်းနေတယ်။  

ဒီလိုနဲ့ ကျွန်တော်တို့ စကားဝိုင်းက လူဝင်စားတွေအကြောင်းရောက်သွားပြီး ဒီရွာ မှာလည်း နောက်ထပ် လူဝင် စားတစ်ယောက်ရှိတဲ့အကြောင်း၊ သူကတော့ ဒီရွာသား၊ ဒီမှာပဲ ကွယ်လွန်ပြီး ဒီရွာမှာပဲ ပြန်ဝင်စားတဲ့ အကြောင်း၊ ၊ ညောင်ဦးသားတစ်ယောက် အဝေးတစ်နေရာမှာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားပြီးတဲ့နောက် သူ့ရပ်ကွက်ထဲ က နောက်အိမ်တစ်အိမ်မှာ လူဝင်စားပြန်ဖြစ်တဲ့အကြောင်းတွေကို သက်သေ သာဓကတွေနဲ့  ပြောပြကြတယ်။ 

ခဏနေတော့ ကားဆရာရဲ့ ( အရင်ဘ၀က) ‌မြေးတွေ၊ မြစ်တွေရောက်လာပြီး သမီးတွေဆီသွားဖို့ လာခေါ်တယ်။ သမီးတွေက ရွာထဲမှာမနေဘူး၊ သူတို့ယာထဲမှာပဲ အိမ်ဆောက်ပြီးနေတယ်။ ဒ့ါကြောင့် မြစ်တစ်ယောက်က ဆိုင်ကယ် နဲ့ ရှေ့ကသွား၊ သူက ကားနဲ့နောက်ကလိုက်သွားတယ်။ သမီးတွေနဲ့ ထမင်းစားပြီးမှ ပြန်မယ်လို့ ပြော သွားတယ်။အသက်ငါးဆယ်ကျော်အဖေနဲ့ အသက်ရှစ်ဆယ်ကျော်သမီးတွေ တွေ့ဆုံခန်းကို လိုက် ကြည့် မှတ်တမ်း တင်ချင်ပေမဲ့ ကိုယ့်ကိစ္စနဲ့ ကိုယ်ဆိုတော့ မလိုက်နိုင်ဘူး။ 

တကယ်တော့ ကျွန်တော်က လူဝင်စားဖြစ်စဥ်လို သဘာဝလွန်ကိစ္စတွေကို မယုံခဲ့ဘူး။  တစ်ခါက ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ကို သွားလေ့လာတော့ ထိုင်းလူငယ်လေးတစ်ယောက်က လိုက်ရှင်းပြတယ်။ အယုဒ္ဓယ ဆိုတာက ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ယိုးဒယား ( အခု ထိုင်း) မြို့တော်ဖြစ်ပါတယ်။  အဲဒီစစ်ပွဲက အင်းဝကနေ စတင်စစ်ချီတဲ့နေ့  ၅ ဖေဖော်ဝါရီ ၁၇၆၄ ကနေ အယုဒ္ဓယ ကို သိမ်းပိုက်ပြီးတဲ့ ၉ ဧပြီ ၁၇၆၇ ( ထိုင်းသမိုင်းတွေမှာ ၇ ဧပြီ)  ထိ သုံးနှစ်ကျော် ကြာပါတယ်။ မြို့သိမ်းတိုက်ပွဲမှာ ကုန်းဘောင်ဆက် မဟာရာဇဝင်က ကျောက်ဘွားဧကာဒသ်  လို့ ရေးတဲ့ ယိုးဒယား ဘုရင် King Ekkathat of Siam   ကျဆုံးတယ်။ယိုးဒယားဘုရင်ကျဆုံးတာနဲ့ပတ်သက်ပြီး ကုန်းဘောင်ဆက် မဟာရာဇဝင်မှာ တော့မြို့တော်အနောက်တံခါးမှာ ကျည်သင့်ပြီး ကျဆုံးတယ်လို့ရေးတယ်။ ထိုင်းသမိုင်း မှတ်တမ်း တွေ မှာ တော့ လက်ရ ဖမ်းခံရ ပြီးမှ သေဆုံး သွားတယ် လို့ ရေးသလို  မြို့တော်ကနေ ဆုတ်ခွာပြီးတဲ့နောက်  ဖျား နာပြီး ကွယ်လွန်တယ်လို့လည်းရေးတယ်။ 

ကျွန်တော့ကို လိုက်ရှင်းပြတဲ့ လူငယ်လေးကယိုးဒယားဘုရင်ဟာအယုဒ္ဓယမြို့ကျဆုံးပြီး စစ်ရှုံးတော့မယ်လို့ သိတဲ့ အခါ နောင်တစ်ချိန်မှာ ဗမာနိုင်ငံနဲ့ ဗမာစစ်တပ်ကို ဖျက်ဆီးနိုင်တဲ့ လူအဖြစ်ကို ရချင်တယ်လို့ ဆုတောင်းခဲ့ တယ် လို့ ပြောတယ်။ သူပြောတာက သမိုင်းမှတ်တမ်းလား၊ ပါးစပ်ရာဇဝင်လား မသိဘူး၊ ကျွန်တော်ကတော့ လူဝင်စား ဆိုတာ မယုံတဲ့သူဆိုတော့ “ လူဝင်စားဆိုတာ မဖြစ်နိုင်ဘူး၊ တကယ်လို့ သူလူပြန်ဖြစ်ရင်ရော အရင်ဘဝက သူ ဆုတောင်းခဲ့တာကို ဘယ်မှတ်မိတော့မလဲ” လို့ ပြန်ပြောခဲ့တယ်။ 

အခုတော့ ကားဆရာရဲ့ လူဝင်စားအဖြစ်ကို နားထောင်ပြီးတဲ့အခါ လူဝင်စားကိစ္စကို ပေါ့ပေါ့တန်တန် သဘော မထား နိုင်တော့ဘူး။  ကျောက်ဘွားဧကာဒသ် ဆုတောင်းကို ပြန်သတိရပြီး ကြက်သီးထသွားမိတယ်။ 

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)

ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။

သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့  ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊  ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။  

ကျွန်တော်-  မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။  နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။  မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။

သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့    ။ 

ကျွန်တော်-  ဘုံငွေကြေးအသစ်တစ်ခုထုတ်တယ်ဆိုတာ ကိုယ့်နိုင်ငံထဲမှာ ကိုယ် ငွေစက္ကူရိုက်သလောက် လွယ်တာမဟုတ်ဘူးကိုယ့်လူ။ ကိုယ့်နိုင်ငံမှာတောင် မလုပ်တတ်ရင်တိုင်ပတ်နေတာ ဇင်ဘာဘွေကိုပဲ ကြည့်။  ပထမဆုံး အဲဒီ ငွေကြေးကို အာမခံဖို့အတွက် ဗဟိုဘဏ် တစ်ခု ထူထောင် ရမှာ ။ အီးယူ မှာ ဥရောပဗဟိုဘဏ်က ယူရိုကို အာမခံပေးသလိုပေါ့။ အီးယူ နိုင်ငံတွေဆိုတာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး၊ ငွေကြေးစီမံခန့်ခွဲမှု တွေက ထပ်တူနီးပါးတူအောင်လုပ်ထားတာ တဲ့အတွက် အဲဒီလို ဗဟိုဘဏ်တစ်ခု ထူထောင်ရတာ လွယ်တယ်။ မင်းရဲ့ BRICS နိုင်ငံတွေက တစ် ကျောင်းတစ်ဂါထာတွေ၊  မင်း ပြောတဲ့ ဆရာကြီးသုံးနိုင်ငံတောင် စနစ်က တစ်မျိုးစီ၊ ညှိဖို့အတော်လုပ်ရဦးမှာ။ 

သူငယ်ချင်း- ဘော့စ်ပြောတဲ့အထဲမှာ အဲဒါတွေမပါပါလား၊ နောက်နှစ်လောက်ဆိုရင်ပဲ သုံးလို့ရတော့မလိုလို။

ကျွန်တော်- ကုမ္ပဏီအခြေအနေမကောင်းတော့ မင်းတို့ စိတ်ပျက်မသွားအောင် အနံ့ပေးထားတာ ဖြစ်မှာပေါ့။ 

ဤတွင်တစ်ခန်းရပ်  

မှတ်ချက်။ 

၁။ BRICS – ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိကနိုင်ငံများပါဝင်သည့် ထွန်းသစ်စ စီးပွားရေးအင်အားကြီးနိုင်ငံများအဖွဲ့။

၂။ အီးယူ , ဥရောပသမဂ္ဂ –  ဥရောပတိုက်မှ  အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ 

ဆည်းဆာ နဲ့ ဝမ်းစာ 

ဩဂုတ်လ ၂၉ ရက်နေ့  ပုဂံနေဝင်ဆည်းဆာ ရှုခင်းကို ရိုက်ဖို့ နေရာရှာရင်း အမှတ်မထင် တွေ့ခဲ့ရတဲ့ တံငါမိသားစုလေးပါ။

တန်းစီသူများ

ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ်  ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့  စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊ 

အမှန်တကယ်စားသုံးသူလည်းပါတယ်၊  ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။ 

 တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။ 

အဲဒီကာလက အစိုးရကလည်း ကုန်ထုတ်လုပ်မှုမြင့်မားအောင်၊ ဈေးကွက်ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေရောက်အောင် မလုပ်နိုင်တော့ ကုန်သည်တွေကိုပဲ အပြစ်တင်ပြီး ထစ်ကနဲ ဆို “ ဇူဇကာစစ်ဆင်ရေး” ဆိုပြီး ကုန်သည်တွေကို ဖမ်းတော့တာပဲ။ 

အခုကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမောင်စူးစမ်းက “ အစိုးရက ကုန်ထုပ်လုပ်မှုကို မကိုင်နိုင်ဘဲ ဖြန့်ချိရေးကို သွားကိုင်နေရင် မြွေကို အမြီးသွားဆွဲနေတာနဲ့တူတယ်” လို့ ဝေဖန်ခဲ့ဖူး တယ်။

မြတ်ခိုင်စကားကို ငှားသုံးရရင် “ တစ်ခါက ဖြစ်ပါသည်” ပေါ့လေ။

ပုဂံမြင်ကွင်းကျယ် (၁၄)

စောင့်‌ရှောက်သူ

ပုဂံရောက် ဘုရားဖူးဧည့်သည်ဟာ ဘုရားဖူးသွားတဲ့အခါ အထူးသဖြင့် ထင်ရှားတဲ့ ဘုရားတွေကို ‌ရောက်တဲ့အခါ မဖြစ်မနေ ကြုံတွေ့ရတာကတော့ ဘုရားလုံခြုံရေး ဝန်ထမ်းတွေပေါ့။ ထင်ရှားတဲ့ ဘုရားဖူးအလာများတဲ့ ဘုရား တွေဆိုရင် ဂေါပကအဖွဲ့ ရှိတဲ့အတွက် အဲဒီ ဘုရားလုံခြုံရေးဝန်ထမ်းတွေဆိုတာကလည်း ဂေါပကအဖွဲ့က ခန့်ထား တဲ့ ဝန်ထမ်းတွေပါပဲ။ ဒီဝန်ထမ်းတွေက တူညီဝတ်စုံဝတ်ထားမယ်၊ ဘုရားဖူးဧည့်သည်တွေ စည်းကမ်းတကျ ရှိ အောင် ထိန်းသိမ်းမယ်၊ လိုအပ်ရင် လူဝင် လူထွက်စာရင်းကောက်မယ်၊ ဘုရားဝင်းအတွင်းက ရှေးဟောင်း အမွေ အနှစ်တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်မယ်၊ တစ်ခါတလေ ခရာသံတတွီတွီ နဲ့ လမ်းရှင်းတဲ့အလုပ်လုပ်မယ်၊ ကား တွေ နေရာချမယ်။ ယဥ်ကျေးဖွယ်ရာစကားပြောတဲ့ ဝန်ထမ်းရှိသလို အထက်စီးနဲ့ ပြောတတ်သူလည်း ရှိတယ်။ ဂေါပကနောက်ခံနဲ့ ဆိုတော့ ဘုရားဖူးတွေ၊ စျေးသည်တွေလည်း မပြောသာဖူးပေါ့။ 

ဒါပေမဲ့ နာမည်ကျော်ကြားထင်ရှားတဲ့ ဘုရားတွေမဟုတ်ပဲ ဗိသုကာလက်ရာအရ၊ နံရံဆေးရေးပန်းချီလက်ရာ များအရ သမိုင်းတန်ဖိုးကြီးမားတဲ့ ဘုရားတွေကို သွားမယ်ဆိုရင် နောက်ထပ် လုံခြုံရေးဝန်ထမ်းတွေကိုလည်း တွေ့ရ လိမ့်မယ်။ ဒီဝန်ထမ်းတွေကတော့ တူညီ ဝတ်စုံမရှိဘူး၊ အရပ်ဝတ်အရပ်စား နွမ်းနွမ်းလေးတွေ ဝတ်ထား ကြတယ်။ သူတို့ဟာ ခရာသံတတွီတွီလည်းမပေးနိုင်ဘူး၊ သူတို့ တာဝန်ကျတဲ့ဘုရားတွေကလည်း ဘုရားဖူးအလာ များတဲ့ဘုရားတွေမဟုတ်ဘူး။ ရောက်လာတတ်တဲ့ ဘုရားဖူးဧည့်သည်တချို့ကလည်း သူတို့ကို သော့ကိုင် တဲ့ ဒရဝမ်လောက်သ‌ဘောထားတယ်။ လုပ်ငန်းလိုအပ်ချက်အရ တစ်ခုခု ပြောရင်တောင် ကြိုက်တာမဟုတ်ဘူး။ အဲဒီ လုံခြုံရေးဝန်ထမ်းတွေကတော့ ရှေး/သုလို့ ခေါ်တဲ့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲ က ခန့်ထားတဲ့ ဝန်ထမ်းတွေ ပေါ့၊ တရားဝင်အခေါ်ကတော့ ဘာလဲမသိဘူး၊ အများကရော သူတို့ကိုယ်တိုင်ကရော ဘုရားအစောင့်လို့ပဲ ခေါ်ကြ တယ်။ ဒါပေမဲ့ သူတို့ကမှ ပုဂံရဲ့ တန်ဖိုးတွေကို တကယ်ထိန်းသိမ်းစောင့်ရှောက်သူတွေဖြစ်ပါတယ်။ 

အဲဒီ ဝန်ထမ်းတွေက အသက်အရွယ်အမျိုးမျိုးပဲ။ အငြိမ်းစားယူပြီးမှ နေ့စားပြန်လုပ်နေတဲ့ ဝန်ထမ်းလည်း ရှိ တယ်၊ အမျိုးသမီးဝန်ထမ်းလည်းပါတယ်။ သူတို့ဟာ အောက်ခြေအနိမ့်ဆုံး ဝန်ထမ်းစာရင်းဝင်တွေပေါ့။ လစာက အမြဲတမ်းဝန်ထမ်းဆိုရင် တစ်သိန်းလေးသောင်းလေးထောင်က စတယ်၊ တစ်သိန်းငါးသောင်းလေးထောင်မှာ ဘားဆုံးတယ်။ နေ့စားက တစ်နေ့ လေးထောင့်ရှစ်ရာ ၊ ရက်သုံးဆယ်ဆိုရင် တစ်သိန်းလေးသောင်းလေးထောင်။  သူတို့ကိုမေးရင်တော့ အစွန်းထွက်ကို ထည့်မပြောဘူး၊ တစ်သိန်းလေးသောင်း၊ တစ်သိန်းခွဲ ဒီလိုပဲ ပြောတယ်။ 

သူတို့က အောက်ခြေအကျဆုံးဝန်ထမ်းတွေဆိုတော့ အားလုံးကို ကြောက်နေရပုံပဲ၊ သူတို့ မိသားစုဘဝအကြောင်း ကို စိတ်ပါလက်ပါပြောပြပေမဲ့ လုပ်ငန်းသဘောသဘာဝ နဲ့ အခက်အခဲတွေတွေကိုတော့ မပြောရဲဘူး။ သူတို့ ဟာ  ရွာထဲမှာနေသူရှိသလို ကိုယ်တာဝန်ကျတဲ့ ဘုရားအနားမှာ အိမ်လေးနဲ့ နေရတဲ့သူလည်း ရှိတယ်၊ တခြားနေရာမှာ ရှိတဲ့ ရှေးသု ဝန်ထမ်းအိမ်ရာမှာနေပြီးအလုပ်ဆင်းရသူလည်းရှိတယ်။ ဘုရားတစ်ဆူထဲကိုပဲ တာဝန်ယူရတဲ့သူတွေ   ရှိသလို တာဝန်ကျ ဘုရားအပြင် သတ်မှတ်နယ်မြေထဲက ဘုရားတွေ အခြေအနေကို လိုက်ကြည့်ပြီး ထူးခြားတာ ကို သတင်းပို့ ပေးရတဲ့သူလည်းရှိတယ်။

ဒီဝန်ထမ်းအများစုက ကိုယ်တာဝန်ယူထားရတဲ့ ဘုရားနဲ့ပတ်သက်ပြီး အချက်အလက်အတော်များများကို သိ တယ်၊ နံရံဆေးရေးပန်းချီတွေကို ရှင်းပြနိုင်တယ်၊ ထူးခြားတဲ့ ပုံတွေရှိတဲ့နေရာကို ညွှန်ပြနိုင်တယ်။ ဘုရားတစ်ဆူ ထဲကို နှစ်ပေါင်းများစွာတာဝန်ယူထားရတဲ့အတွက် ဒီဘုရားက သူတို့ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေ တော့ သူတို့တာဝန်ယူထားတဲ့ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားကိစ္စလေးတွေကိုလည်း ပြောပြ နိုင်တယ်။ ဒါပေမဲ့ ဘုရားတစ်ဆူမှာတော့ နေ့စားအဖြစ်အသစ်ခန့်ထားတဲ့ လူငယ် ဝန်ထမ်းအသစ်နှစ်ယောက် တွေ့တယ်။ သူတို့က တော့ ဘုရားအကြောင်းဘာမှမသိသေးဘူး၊ ဖုန်းပွတ်နေတာပဲရှိတယ်။  

သူတို့ဟာ လစာအနည်းဆုံးဝန်ထမ်းဖြစ်တဲ့အတွက် ဘယ်ခေတ်ဖြစ်ဖြစ် သူတို့လစာတစ်ခုတည်းနဲ့ ရပ်တည်လို့  မရပါဘူး။ မိသားစုလိုက်အလုပ်လုပ်ရတာပဲ။ ဟိုတယ်မှာလုပ်တယ်၊ သဲပန်းချီလေးတွေရောင်းတယ်၊ ဓာတ်ပုံ လေးတွေရောင်းတယ်၊ စျေးဆိုင်၊စားသောက်ဆိုင်အကူလုပ်တယ်။  ဒါပေမဲ့ ကိုဗစ် ၁၉ နောက်ပိုင်းကာလမှာတော့ ဧည့်သည်တွေ အလာနည်းသွားတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းသွားပြီး ကုန်စျေးနှုန်းကလည်း ကော်မတီတွေ ဖွဲ့လေ၊ တက်လေဖြစ်နေတော့ သူတို့လည်း  တုံးအောက်က ဖား ကြာလေပြားလေပေါ့။  

ရှေးဟောင်းယဥ်ကျေးမှုတွေကို အဓိကထားလေ့လာတဲ့ ဧည့်သည်တွေ အထူးသဖြင့် နိုင်ငံခြားသားဧည့်သည် တွေ ကတော့ သူတို့ သိချင်တာကို ရှင်းပြနိုင်တဲ့၊ ကြည့်ချင်တာကို ပြသ ပေးတဲ့ ဒီဝန်ထမ်းတွေကို ဉာဏ်ပူဇော်ခပေးတာ၊ အမှတ်တရလက်ဆောင်ပေးတာရှိပါတယ်။အခုတော့ပြည်တွင်းဧည့်သည်အများစုကလည်းဆဲလ်ဖီဧည့်သည်၊ အလှဓာတ်ပုံရိုက်ဧည့်သည်၊ လက်ပန်းချီဆွဲ ဧည့်သည်တွေ၊ နိုင်ငံခြားသားဧည့်သည်ဆိုတာလည်း မလာသလောက် ဖြစ်နေတော့ သူတို့လည်း အပိုဝင်ငွေ မရှိသလောက်ပါပဲ။ ဒါပေမဲ့ သူတို့လုပ်ရမယ့်အလုပ်ကိုတော့ စေတနာ အပြည့်နဲ့ လုပ်နေတာကိုတွေ့ရတယ်။ ကျွန်တော်ကြုံခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ဆိုရင် ကျွန်တော်က ဉာဏ်ပူဇော်ခ ပေးတာကို လုံးဝ မယူဘူး၊ ဘယ်လိုပြောပြောလက်မခံဘူး။ သူ့အယူအဆကတော့ သူရှင်းပြတဲ့အတွက် ဘုရား အကြောင်း လူတစ်ယောက်သိသွားရင် ကုသိုလ်ရတယ်၊ ကျန်တာတွေ မလှူနိုင်လို့  ပညာလှူတာပါတဲ့။ ကြက်သီး မွှေးညင်းထ ရတဲ့ စကားပါပဲ။ 

ကျွန်တော်က ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်  ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ( အေဒီ ၉ ရာစု မှ ၁၃ ရာစု) မှာ ခြောက်ရက်နေပြီးလေ့လာခဲ့ဖူးတယ်။ အဲဒီမှာ ရှေးဟောင်းအ‌ဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့  ခန့်အပ်ထားတဲ့ ဝန်ထမ်းရော ၊ အဲဒီနယ်မြေအတွင်း သန့်ရှင်းရေးဆောင်ရွက်တဲ့ ဝန်ထမ်းရော အားလုံးက ဌာန တူညီ ဝတ်စုံတွေ ဝတ်ဆင်ထားတယ်။ နောက်ပြီး အဆောက်အအုံတစ်ခုမှာ လုံခြုံရေးဝန်ထမ်း အနည်းဆုံး နှစ် ယောက်ရှိတယ်၊ အဆောက်အအုံကြီးရင် ဆယ်ယောက်လောက်အထိ တာဝန်ချထားတာတွေ့ခဲ့ရတယ်။ လစာ အခြေအနေကို မသိခဲ့ရပေမဲ့ သူတို့ ဝတ်စားဆင်ယင်မှု နဲ့ စားသောက်မှု အခြေအနေကို မြင်ခဲ့ရသမျှတော့ သူ့အိုး နဲ့ သူ့ဆန် တန်တဲ့သဘောမှာရှိပါတယ်။ 

အဲဒီအခြေအနေနဲ့ ယှဥ်ကြည့်လိုက်ရင် ပုဂံက ရှေး/သု ဘုရားစောင့်ဝန်ထမ်းတွေရဲ့ အခြေအနေက အတော်လို အပ် ချက်များနေပါတယ်။ တကယ်တော့ သူတို့ရတဲ့ လစာ နဲ့ သူတို့ ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ ယဥ်ကျေးမှု အမွေ အနှစ်တွေရဲ့ တန်ဖိုးကို နှိုင်းယှဥ်ကြည့်လိုက်ရင် သနားဖို့တောင်ကောင်းပါတယ်။ ခက်တာက ပုဂံရှေး/သု ဌာနခွဲက ဝန်ကြီးဌာနအောက်မှာရှိပြီး  ဝန်ထမ်းဖွဲ့စည်းပုံ အရ  ခန့်အပ်ရတာဆိုတော့ အစောင့်ရာထူးအတွက်က ဒီလစာ စကေး ထက်ပိုမရနိုင်ဘူးပေါ့။ 

အန်ကောဝပ်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၉၂ ခုနှစ်မှာ အသိအမှတ်ပြုခံရပြီးတဲ့ နောက် အန်ကောဝပ်ရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို စီမံခန့်ခွဲဖို့အတွက် ၁၉၉၅ ခုနှစ်မှာ Authority for the protection of the site and the Management of the Region of Angkor (APSARA National Authority) ဆိုတဲ့ လွတ်လပ်တဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းကို သီးခြားဖွဲ့စည်းပြီး အန်ကောဝပ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက်လိုအပ်တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးအာဏာအားလုံးပေးအပ်ထားတဲ့ အတွက် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊ ရောင်း ဝယ်ဖောက်ကားရေး အကုန် စီမံခန့်ခွဲလို့ရတယ်။ 

ပုဂံကတော့ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်မှာ သတ်မှတ်ခံရပေမဲ့ အခုအချိန်ထိ ယဥ်ကျေးမှု ဝန် ကြီးဌာန လက်အောက်ခံ ဦးစီးဌာနရဲ့ ဌာနခွဲတစ်ခု ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာပဲရှိသေးတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေကို ကိုင်တွယ်ဖို့မပြောနဲ့  ပုဂ္ဂလိက စီးပွားရေးသမားကိုတောင် ကိုင်တွယ်ဖို့ မလွယ်တဲ့ အခြေအနေ မှာရှိတယ်။ သူ့ဝန်ထမ်းတွေကို ဖွဲ့စည်းပုံပြင်ဖို့  သင့်တော်တဲ့လစာတွေတိုးပေးဖို့ဆိုတာကတော့ ဝေလာဝေးပဲ။

ကျွန်တော့ကဗဟုသုတများတဲ့ဝန်ထမ်းတစ်ယောက်ကို သူများနိုင်ငံမှာဆိုရင် ဒီလိုရှေးဟောင်းနေရာတွေ ကို  သီးခြား အဖွဲ့နဲ့ အုပ်ချုပ်တာဗျ၊ ပုဂံမှာအဲဒီလို ဖြစ်ရင် ခင်ဗျားတို့လစာကို ကျန်တဲ့ ဌာနတွေနဲ့ ညှိဖို့ မလိုတော့ ဘူး လို့ပြောပြတော့ အတော်သဘောကျသွားပုံရတယ်။ “အဲဒါ ဘယ်တော့ဖြစ်မလဲ” လို့ ချက်ခြင်း ပြန်မေးတယ်။

ဒါနဲ့ “ပုဂံကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ဘုရားပြင်တာ၊ ထီးတင်တာ၊ ထုံးသုတ်တာကို ပြောတာမဟုတ်ဘူးလို့ နားလည်တဲ့ တစ်နေ့ပေါ့ဗျာ” ပြန်ဖြေလိုက်တော့ သူမျက်နှာမှာ စိတ်ပျက်သွားတဲ့ပုံကို အထင်းသားမြင် လိုက်ရ တယ်။