ဆည်းဆာ ဆိပ်ကမ်း

၂၀၂၀ ကိုဗစ် ဒုတိယလှိုင်းကာလထဲက ဗိုလ်တထောင်ဆိပ်ကမ်းကို မရောက်တာဆိုတော့ နှစ်နှစ် နီးပါးရှိပြီပေါ့။ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ ဗိုလ်တထောင်ဘုရားကိုလာတော့ ဆိပ်ကမ်းမှာ ညဈေး တန်းနဲ့ အတော်စည်ကားနေတာမြင်ခဲ့ရတယ်။ ဒါနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေစောင်းမှာ ဈေးတန်းလေ ျှာက်ဖို့ တစ်ခေါက်ပြန်သွားခဲ့တယ်။

ကားကို ဗိုလ်တထောင်ဘုရားလမ်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ကျောင်းရှေ့မှာ ရပ်ပြီး ခြေလျင် ခရီးဆက်ခဲ့တယ်။ ကမ်းနားလမ်းကို လူကူးတံတားပေါ်က ဖြတ်တယ်။ တံတားမှာ စက်လှေကားရှိပေမယ့် အလုပ်မလုပ်ဘူး။ ဘေးနံရံမှာတော့ စက်လှေကားကို နေ့လယ်ဘက်မှာ တစ်နာရီ အနားပေးမယ် လို့ အသိပေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ် ကပ်ထားတယ်။ အခုလို ညနေဘက်မှာ စက်လှေကား အလုပ်မလုပ်တာတော့ မီးမလာလို့များလား၊ ဒါပေမယ့် မီးပွိုင့်တွေတော့ အလုပ်လုပ်နေသားပဲ။ အရှည်မတွေးတော့ဘူး။ မလုပ်ရင် မလုပ်ဘူးလို့ မှတ်ပြီး ခြေလျင်တက်ပေါ့။

လူူကူးတံတားကတော့ အဆင့်မြင့်မြင့် စက်လှေကားပါ ထည့်ပြီးဆောက်ထားတာပဲ။ ဒါပေမယ့် သန့်ရှင်းရေး အလွန်ညံ့ပါတယ်။ ဘုရားဘက်အခြမ်းအဆင်းလမ်း ညာဘက်ကွက်လပ်မှာ အမှိုက်တွေ ပြန့်ကျဲနေ တယ်။ တံတားပေါ်မှာ ကွမ်းသွေးကွက်တွေ၊ အအေးပုလင်းလွတ်တွေ၊ ပလတ်စတစ်အိတ် အတို အစတွေတွေရှိတယ်။ လူတွေ စည်းကမ်းမရှိသလို ပုံမှန်သန့်ရှင်းရေး
လည်း လုပ်ပုံမရဘူး။

ဘုရားရှေ့လမ်းပေါ်မှာ အဝင် ၊အထွက်ကားတွေ နဲ့ ယာဉ်ကြောပိတ်နေတယ်။ ဘုရားမုခ်ရှေ့က တာဝန်ကျ ဝန်ထမ်းကတော့ ခရာကို တွင်တွင်မှုတ်နေတယ်။ သူခရာမှုတ်လို့ ကားတွေက ရွေ့မသွားဘူး။ ပိုနေမြဲ၊ ကျားနေမြဲပဲ။ သူ့ကြည့်ရတာ ယာဉ်ကြောကို ဘယ်လို ရှင်းရမှန်းမသိလို့ ရှိတဲ့ခရာကိုပဲ မှုတ်နေပုံရတယ်။ ရှေ့နည်းနည်းတိုးသွားပြီး ဘုရား အုတ်တံတိုင်း ဘေးမှာ ကပ်ရပ်ထားတဲ့ ကားတွေကို ရွှေ့ခိုင်းလိုက်ရင် ယာဉ်ကြောပွင့်သွား မယ်ဆိုတာ တွေးမိပုံ မရဘူး။ လက်ထဲမှာ တူပဲရှိ၊ တူပဲ ထုတတ်တော့ ဘာလာလာ တူနဲ့ ထုပြီး ဖြေရှင်းမယ်ဆိုတဲ့သူမျိုးပဲ။ ဖြေရှင်းနည်းမှားလို့ ပြဿနာ ပိုကြီး သွားရတာ ဒီလိုလူမျိုးတွေကြောင့်ပေါ့။

ညဈေးတန်း လမ်းဘယ်ညာမှာ ကားတွေအပြည့် ရပ်ထားတယ်။ နှစ်ထပ်ရပ်ထားတဲ့ နေရာတောင်ရှိတယ်။ ဆိပ်ခံတံတားပေါ်မှာ ၊ ဆိပ်ခံဗော ပေါ်မှာ မိသားစုလိုက်၊ အုပ်စုလိုက်၊ စုံတွဲလိုက်။ မီးပျက်လို့ အေးရာ အေးကြောင်း လာရှာတဲ့သူ နဲ့ သဘာဝအလှကို လာခံစားတဲ့ သူ ဘယ်သူက ပိုများမလဲ တွေးကြည့်မိတယ်။ နေဝင်ချိန်နီးလာလေ ဆိပ်ခံဗောပေါ်ရောက်လာတဲ့ သူတွေများလေပဲ။ ငှက်စာရောင်းတဲ့သူလည်း အထုတ်သေးတစ်ထုတ် တစ်ထောင်၊ အကြီး နဲ့ ထောင့်ငါးရာနဲ့ အတော်ရောင်းရတယ်။

ဆိပ်ခံဗောပေါ်မှာတစ်ချို့မိသားစုတွေကတော့ ပလတ်စတစ်ဖျာတွေခင်းပြီး ထမင်းချိုင့်တွေနဲ့ စားနေတယ်။ လူငယ် လေးတွေ အုပ်စုဖွဲ့ စကားပြောနေတာလည်း ရှိတယ်။ အအေးပုလင်းလေး တွေနဲ့ ထိုင်နေတဲ့ လူငယ်စုံတွဲတွေလည်းရှိတယ်။ လူကြီးပိုင်း သုံးလေးယောက်၊ အလယ်မှာ ပုလင်းလေးတစ်လုံး၊ ရေသန့်ဘူးတစ်ဘူး၊ ဖော့ဘူးတစ်ဘူးနဲ့ တိုးတိုးလေး စကားဝိုင်းဖွဲ့နေ တာလည်းရှိတယ်။ ဘောတံတားပေါ်မှာ လမ်းဘက်ကို ကျောပေး၊ ခြေထောက်တွေကို တံတား ဘောင်ကနေ အပြင်ကို ချထိုင်နေတဲ့ စုံတွဲလေးတွေလည်းရှိတယ်။ တစ်ချို့ကလည်း ကျောပေး ထားလိုက်တာနဲ့ လုံခြုံပြီလို့ထင်နေပုံရတယ်။ ပူးပူးကပ်ကပ် တွတ်တီးတွတ်တာ။

ဆံပင်ရှည်ရှည်ကောက်ကောက်ကွေးကွေး၊ အရပ်မြင့်မြင့်၊ ဘောင်းဘီတို နဲ့ အပေါ်ပိုင်း ဗလာ လူတစ်ယောက်ကတော့ ဆိပ်ခံတံတား အပြည့် ကွေ့ကွေ့ကောက် ကောက်လမ်းလေ ျှာက် နေတယ်။ သူ့ဘယ်ဘက်လက်ထဲမှာ ထမင်းထုတ်တစ်ထုတ်။ ညာဘက် လက်ထဲမှာ ဂရင်းရွိုင်ရယ် ရွှေပတ် ပုလင်းပြားတစ်လုံး။ရေချိန် မှန်တာတော့ မှန်နေပြီ။ လက်ထဲက ထမင်းနဲ့ ပုလင်းက ဗောတံတားပေါ်က ရီဝေေ၀ ညနေစာအတွက်ထင်ပါရဲ့။

ညဈေးတန်းကတော့ အစားအသောက်မျိုးစုံနဲ့စည်ကားနေတယ်။ အကျီ ၤရောင်းတဲ့ ဆိုင် တစ်ချို့လည်းရှိတယ်။ ကလေးကစားစရာတွေရောင်းတဲ့ဆိုင်လည်း ရှိတယ်။ လူ အစည် ဆုံး ကတော့ အကင်ဆိုင်တွေပဲ။ မိသားစု ၊ သူငယ်ချင်း၊ ကုဋေကြွယ်၊ ကျောက်ဖြူသူ နာမည်အမျိုးမျိုး နဲ့။ ဒီဆိုင်တွေက အကင်သက်သက်မဟုတ်ဘူး။ ယိုဒယားထောင်းမျိုးစုံလည်းရတယ်။ ရခိုင် အသုပ်စုံတွေလည်းရတယ်။ မာလာရှမ်းကောတွဲရောင်းတဲ့ဆိုင်လည်းရှိတယ်။

တစ်ချို့ဆိုင်တွေကတော့ လိုက်ထရပ်လေးတွေ၊ ဗင်ကားလေးတွေနဲ့ ရောင်းတယ်။ သူတို့တွေ ကတော့ အအေး၊ ရေခဲမုန့်၊ ကော်ဖီ ရောင်းတာများတယ်။ ကြက်ကြော်ဆိုင်တစ်ဆိုင်တွေ့ တယ် ။ လှည်းနဲ့ ပရစ်ကြော်တွေ ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။ လော်စပီကာအသေးလေးက ပရစ်ကြော် ၊ ပရော်ကျစ်တွေရပြီ လို့ထပ်ကာ ထပ်ကာ အော်နေတာပဲ။ ဟိုးအရင်ကတော့ မိုးပုရစ်၊ ဆောင်း ပုရစ် ပဲ ကြားဖူးတယ်။ အခုတော့ ပရစ်ဆရာက ဒါက နွေပုရစ်တဲ့။

ဗယာကြော်ဆိုင်တွေထဲမှာ မဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့် စီဘီဘဏ်ရှေ့မှာရောင်းတဲ့ မိတ်ဆွေဟောင်းကြီးကိုလည်း တွေ့တယ်။ သူက မင်္ဂလာ တောင်ညွှန့်ကနေလာရောင်းရတာ။
မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းဆိုရင် ဘဏ်ရှေ့မှာ ရောင်းတယ်။ ရောင်းသက်က ဆယ်နှစ်နီးပါးရှိပြီ။
ညနေပိုင်းရောက်ရင် လမ်းငါးဆယ် အောက်ဘလောက်က ဝင်း စားသောက်ဆိုင် ရှေ့မှာ ရောင်းတယ်။ ဝင်းဆိုင်ရှေ့မှာ မရောင်းတော့ ဘူးလားလို့ မေးတော့ စနေ ၊ တနင်္ဂနွေ နှစ်ရက် က ကမ်းနားမှာရောင်းတယ်တဲ့။ သူက ဗယာကြော်၊ စမူဆာ၊ ကော်ပြန့်လိပ်အပြင် ပုစွန်ခွက် ကြော်၊ ဂဏန်းကြော်ပါရောင်းတော့ အရင်းကတော့ မနည်းဘူး။

ညဈေးတန်းရဲ့ အဆုံးမှာ နှစ်ထပ်သဘောၤကို စားသောက်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှိတယ်။ မီးရောင်စုံ ထွန်းထားတယ်။ စင်တင်ဂီတလည်းရှိပုံရတယ်။ မြန်မာပြည်သိန်းတန် သီချင်းတစ်ပုဒ် ဆိုသံ ကြားနေရတယ်။ အဲဒါကိုလွန်သွားရင် ဟိုတယ်သဘောၤရှိတယ်။ ကမ်းနားမှာ ဟိုတယ်က ဖွင့်ထား တဲ့ဘား ရှိတယ်။ လူအများစုကတော့ အဲဒီ သဘောၤနှစ်စီးကို မသွားပါဘူး။ ညဈေးတန်းမှာပဲ တိုးဝှေ့ နေကြတယ်။

ဈေးတန်းလေ ျှာက်လို့ ဆုံးတော့ ကောင်းမယ်ထင်တဲ့အကင်ဆိုင် တစ်ဆိုင်ရွေးလိုက်တယ်။ အကင် က ငါးနဲ့ ပင်လယ်စာတွေပဲ လတ်လတ် ဆတ်ဆတ်တွေ့ရတယ်။ ကျန်တာတွေက ကိုရီးယား အကင်လို့ခေါ်တဲ့ အသင့်လုပ်ပြီးသားတွေ။ ဂျင်းဘောင်းဘီနဲ့ အညိုရောင်အိတ်ကို စလွယ်သိုင်း လွယ်ထားတဲ့ အမျိုးသမီးက ကျွန်တော်ပေးတဲ့ ပလတ်စတစ်ခြင်းလေးကို ယူပြီး စာရင်းမှတ် တယ်။

ဘီယာ ရလားဆိုတော့ ဆိုင်မှာ မရောင်းဘူး။ စတိုးဆိုင်မှာ ဝယ်ရတယ်ဆိုပြီး One Stop Mart ဆိုင်ကို လှမ်းပြတယ်။ အဲဒီဆိုင်က ဟိုတယ်သဘောၤ ကို သွားတဲ့ဘက်မှာ ရှိတယ်။ ဒါနဲ့ပါလာ တဲ့မိတ်ဆွေက သွားဝယ်တယ်။ တော်တော်နဲ့ပြန်မလာဘူး။ သူပြန်ရောက်လာတော့ ဆိုင်မှာ စီးကရက်နဲ့ အရက်ဝယ်ပြီး ငွေချေဖို့တန်းစီစောင့်နေတဲ့ သူ နှစ်ဆယ်ကျော်၊ သုံးဆယ် လောက် ရှိလို့ ကြာနေတာလို့ပြောတယ်။ ဆိုင်မှာ ရှိတဲ့ဘီယာနာမည်တွေရွတ်ပြတော့ Synergy ဆိုတဲ့ သဘောတရားကို နားမလည် ၊ လေ ျှာ့တွက်တတ်တဲ့သူတွေကို သတိရမိတယ်။ လီလီပွတ် နိုင်ငံ သား ငလက်မလေးတွေနဲ့ ဂါလီဗာ အကြောင်းသူတို့ ဖတ်ဖူးပုံမရဘူး။

ခြောက်နာရီထိုးတော့ အပူရှိန်လည်းလျော့သွားပြီ။ ဆိပ်ခံဗောတံတားပေါ် နဲ့ အကင်ဆိုင်မှာ ထိုင်တဲ့သူ တွေလည်းပိုများလာတယ်။ စားပွဲလွတ်မရှိသလောက်ဘဲ။ မိသားစုဝိုင်းတွေရှိတယ်။ ပုလင်းပြား၊ လေးထောင့်ပုလင်းကြီး၊ ဘီယာဘူးနဲ့ ဝိုင်းတွေရှိတယ်။ နှစ်ယောက်တစ်ကမ္ဘာ ဝိုင်းတွေရှိတယ်။ ကျွန်တော်နဲ့ အနီးဆုံးဝိုင်းမှာ ဂျင်းဘောင်းဘီ၊ တီရှပ်အမည်းဆင်တူ နဲ့ ခပ်မိုက်မိုက်စုံတွဲ၊ ကောင်မလေးက Spy ပုလင်းနဲ့ ကောင်လေး ရှေ့မှာ ဘီယာ နှစ်ဘူး၊ စားပွဲအောက်မှာ ဘီယာဘူးခွံ နှစ်ခု။ ကောင်လေးက သိလား ဆိုတဲ့ စကားကို ထပ်တလဲလဲ ပြော နေတယ်။

စားပွဲဝိုင်းတွေကြားမှာ ရေသန့်ဘူးတွေ၊ အအေးဘူးတွေ ဘီယာဘူးခွံတွေကို လိုက်ကောက်တဲ့ ကလေးလေးတွေ ဥဒဟို ဝင်ထွက်နေတယ်။ သူတို့ အုပ်စုတွေက စားသောက်ဆိုင် သဘောၤ ရပ်ထားတဲ့ ဆိပ်ခံတံတားနဲ့ ဈေး တန်း အဆုံးကြား ပလက်ဖောင်းပေါ်က ခုံတွေမှာ စုရပ် လုပ်ထားတယ်။ အဲဒီခုံတွေမှာ အမျိုးသမီးကြီး တစ်ချို့ ရှိတယ်။ ကလေးဘုစုခရု ဆိုက်စုံရှိတယ်။ သူတို့ရှေ့က ပလက်ဖောင်းလက်ရမ်း သံတန်းတွေမှာ ကောက်လို့ရတဲ့ စွန့်ပစ် ပစ္စည်း တွေထည့်ထားတဲ့ မြွေရေခွံအိတ်တွေ တွဲလောင်းဆွဲထားတယ်။

ညဈေးတန်း သိမ်းရင် သူတို့ အားလုံး စွန့်ပစ်ပစ္စည်းတွေကို ကောက်သင်းကောက်မယ်။ နောက်နေ့ မနက် ဆို အမျိုးအစားခွဲပြီး ဒိုင်ကို သွင်းမယ်။ ညနေစောင်းရင် အလုပ်ပြန်စမယ်။ တစ်ချို့ဝိုင်းတွေကတော့ ကလေးတွေ လာတာကို ကြိုက်ပုံမရဘူး။ ဒါပေမယ့် ဒီကလေးတွေဟာ လက်ဖြန့်တောင်းစားနေတဲ့သူ တွေ ထက်တော့ သာပါတယ်။ တစ်ချိန်ကတော့ ဒီကလေးတွေကို ညဘက်မှာ စာသင်ပေးတဲ့ စေတနာ့ ဝန်ထမ်း အဖွဲ့လေးတွေရှိခဲ့ဖူးတယ်။ အခုတော့ မုန်တိုင်းနဲ့ အတူ ဘယ်ကို လွင့်ပါးသွားပြီလဲ မသိ တော့ဘူး။

ခုနှစ်နာရီလောက်မှာ မြစ်ထဲမှာ ရှုခင်းကြည့်တဲ့ သဘောၤတွေပြန်ဝင်လာတယ်။ ကမ်းနားမှာ၊ ဆိပ်ခံ ဗောပေါ်မှာလူတွေပိုများလာတယ်။ ည ရှစ်နာရီထိုးတော့ လူတွေ ပြန်ကြပြီ။ တစ်ချို့ဆိုင်လေးတွေ သိမ်းပြီ။ တစ်ချို့က သိမ်းဖို့ပြင်ပြီ။ ကျွန်တော်တို့ ဝိုင်းလည်းသိမ်းပြီ။ မိတ်ဆွေက နှုတ်ဆက်ပြီး စက်ဘီး လေး နဲ့ ပြန်သွားတယ်။ ကျွန်တော်က ကားရှိတဲ့နေရာကို သွားတယ်။

လမ်းမှာ ပုရစ်ကြော်တွန်းလှည်းကို တွေ့တယ်။ လှည်းပေါ်မှာ ရောင်းမကုန်တဲ့ ပုရစ်ကြော် တွေအများကြီး။ နောက်တစ်နေ့ ဆီပူနဲ့ ပြန်နွှေးပြီး ပြန်ရောင်း မှာပဲ ထင်တယ်။ သေပြီးတာတောင် အကြိမ်ကြိမ်ဆီပူထိုးခံနေရတာ ဝဋ်ကြီး လှတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခမျိုးစုံနဲ့ အလှော်ခံနေတဲ့ လူအရှင်လတ်လတ်တွေအများကြီး ရှိနေလျက်နဲ့ ပုရစ်ကို သနားနေလို့ မဖြစ်သေးဘူး။

မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။

၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရ တက်တက် ၊ နိုင်ငံရေးစနစ် ဘယ်လိုပြောင်းပြောင်း၊ အုပ်ချုပ်ပုံစနစ် ဘယ်လိုဖြစ်ဖြစ်၊ မပြောင်းလဲတာ တစ်ခု ပဲရှိတယ်။ အဲဒါကတော့ အစိုးရတိုင်းက နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက် နဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားနေတဲ့ ၊ ဘက်မလိုက်တဲ့ ဝါဒကို ကျင့်သုံး တဲ့အချက် ပဲဖြစ် ပါတယ်။ ဒီအချက်ကို မြန်မာအစိုးရ အဆက် ဆက်ရဲ့ နိုင်ငံခြားရေးဝါဒများမှာ အောက်ပါအတိုင်းတွေ့ရပါတယ်-

ဖြောင့်မတ်သောကြားနေရေးဝါဒ

ဖဆပလ အစိုးရ လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးနုက “ ဖြောင့်မတ်သောနိုင်ငံခြားရေးဝါဒကို “ ကမ္ဘာ့ရေးရာပြဿနာတစ်ခုခု ပေါ်ပေါက်လာတဲ့အခါ ကိုယ်ကျိုးကို မငှဲ့ဘဲ၊ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ၊ မိတ်ဆွေ ရယ်၊ ရန်သူရယ်လို့ မခွဲခြားဘဲ ဓမ္မ အဓိဋ္ဌာန်နဲ့ စဉ်းစားဝေဖန်ပြီး ကျွန်တော်တို့ မှန်တယ်ထင်တာ ကို ဆုံးဖြတ်ရဲတဲ့ သတ္တိ” ဆိုပြီး ဖွင့်ဆိုခဲ့တယ်။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံက ကြားနေရေးဝါဒကို နိုင်ငံခြားရေးဝါဒအဖြစ် လက်ခံကျင့်သုံးခဲ့ ရတဲ့ အကြောင်းအရင်းကို ဝန်ကြီးချုပ်ဦးနုက မြန်မာနိုင်ငံအပေါ် အရှေ့အုပ်စု ရော၊ အနောက်အုပ်စု ရောက တစ်ဘက်အုပ်စုရဲ့ လက်ကိုင်တုတ်လို့ အထင်လွဲမှုတွေ ရှိခဲ့တဲ့ အတွက် ဖြောင့်မတ် သောကြားနေရေးဝါဒ၊ နိုင်ငံတကာနဲ့ ချစ်ကြည်ရေးတည်ဆောက်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု တို့ကို နိုင်ငံခြားရေးဝါဒအဖြစ် ကျင့်သုံးခဲ့ရတယ်လို့ရှင်းပြခဲ့ ဖူးတယ်။

ဖဆပလ အစိုးရလက်ထက်မှာ အရေးကြီးဆုံး နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကတော့ ဘန်ဒေါင်း ညီလာခံနဲ့ ဘက်မလိုက်လှုပ်ရှားမှု Non-Aligned Movement (NAM) ကို ဦးဆောင်တဲ့နိုင်ငံအဖြစ် ပါဝင်နိုင်ခြင်းပဲဖြစ်ပါတယ်။

၁၉ ၅၄ ခုနှစ် ဧပြီလ မှာ အိန္ဒိယ၊ သီရိလင်္ကာ( သီဟိုဠ်) ၊ မြန်မာ၊ ပါကစ္စတန် နဲ့ အင်ဒိုနီးရှား ငါးနိုင်ငံက ခေါင်းဆောင်တွေ သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို မှာ အစည်းအဝေးလုပ် တယ်။ အဲဒီအစည်းအဝေးကနေ လွတ်လပ်ပြီးစ အာရှ- အာဖရိက နိုင်ငံများအစည်းအဝေးတစ်ခု ကျင်းပ ပြီး အရှေ့၊ အနောက် အုပ်စုတိုက်ပွဲတွေကြားမပါဘဲ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်အရ ၁၉ ၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့မှာ အာရှ-အာဖရိက နိုင်ငံများ အစည်းအဝေးကို ကျင်းပတယ်။ နိုင်ငံ ပေါင်း ၂၉ နိုင်ငံတက်တယ်။ အဲဒီညီလာခံက ဘက်မလိုက်လှုပ်ရှားမှုကို စတင်ဖြစ်ပေါ်စေပြီး ၁၉ ၆၁ ခုနှစ် စက်တင်ဘာလ မှာ ဘက်မလိုက်လှုပ်ရှားမှု ပထမအကြိမ်အစည်းအဝေးကို ယူဂိုဆလားဗီးယား နိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပနိုင်ခဲ့တယ်။

၁၉ ၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီးငါးချက် ကို ညီလာခံဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တယ်။ အဲဒီငါးချက်က

၁။ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို တစ်နိုင်ငံ က လေးစားရန်။
၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်။
၃။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။
၄။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရှိရန် နှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေရန်။
၅။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရန် တို့ဖြစ်ပါတယ်။

ဒီမူငါးချက်ဟာ ဒီကနေ့အချိန်ထိ မြန်မာ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမဏ္ဍိုင်အဖြစ်ရှိနေတုန်းပဲ။

တိကျမှန်ကန်သော ကြားနေရေးဝါဒ

တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။

၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် တော်လှန်ရေး ကောင်စီက ဖဆပလ အစိုးရချမှတ်ခဲ့တဲ့ ကြားနေရေး ဝါဒ နဲ့ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒ ကိုပဲ ဆက်လက် ကျင့်သုံးမယ်လို့ ထုတ်ပြန် ကြေညာခဲ့တယ်။ အခေါ်အဝေါ်ကိုတော့ “တိကျ မှန်ကန်သောကြား နေ ရေးဝါဒ” လို့သုံးတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက “ တိကျမှန်ကန်တဲ့ ကြားနေရေးဝါဒ ဆိုတာ နိုင်ငံတကာ အရေးအခင်းတွေနဲ့ပတ်သက်ရင် အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ကြားမှာ ကြားနေတဲ့ မူဝါဒမဟုတ်ဘူး။ အကောင်းကို ထောက်ခံ၊ အဆိုးကို ဆန့်ကျင်တဲ့ ဝါဒ၊ ဘယ်အုပ်စုမှာမှ မပါဘဲ နိုင်ငံတကာရေးရာတွေမှာ မိမိဘာသာ လွတ်လပ်စွာ အမှန်တရားဘက်က ရပ်တည်စဉ်းစား ဆုံးဖြတ် ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်လို့” ဖွင့်ဆိုခဲ့တယ်။

လွတ်လပ်သောနိုင်ငံခြားရေးဝါဒ

၁၉ ၇၄ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားရေးဝါဒ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်မှာပဲ ဘက်မလိုက်လှုပ်ရှားမှု အတွင်းမှာ မော်စီတုန်းရဲ့ ကမ္ဘာသုံးခု အယူအဆကို အခြေခံပြီး ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ ကို တတိယကမ္ဘာအုပ်စု အဖြစ် အရှေ့အုပ်စု၊ အနောက်အုပ်စု တို့နဲ့ အပြိုင် ဖွဲ့စည်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေပေါ်ပေါက် လာခဲ့တယ်။

မြန်မာနိုင်ငံကတော့ အဲဒီလို အုပ်စုဖွဲ့စည်းတာကို ဆန့်ကျင်ခဲ့တယ်။ ၁၉ ၆၉ ခုနှစ်မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေးအကြိုညှိနှိုင်းပွဲမှာ မြန်မာကိုယ်စား လှယ် အဖွဲ့က “ မြန်မာနိုင်ငံက ဘက်မလိုက်နိုင်ငံများအနေနဲ့ တတိယကမ္ဘာ အုပ်စု ဖွဲ့စည်း တာကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးရာမှာ အုပ်စုတစ်ခုခုတွင် ပါဝင် နေရခြင်း သို့မဟုတ် နှောင်ဖွဲ့နေရခြင်းကို မလိုလားကြောင်း ” အတိအလင်းပြောကြားခဲ့တယ်။ ဒါ့ အပြင် ၁၉ ၇၀ ပြည့်နှစ် မှာ ကျင်းပတဲ့ တတိယအကြိမ် ဘက်မလိုက်လှုပ်ရှားမှု အစည်း အဝေး ကို လည်း နိုင်ငံတကာအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူ ပြု နိုင်မယ့် အခြေအနေ မရှိဘူးလို့ သုံးသပ်ပြီး တက်ရောက်ခြင်းမပြုခဲ့ဘူး။

၁၉ ၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို “လွတ်လပ် သော နိုင်ငံခြားရေးဝါဒ” လို့ တရားဝင် ပြင်ဆင်သတ်မှတ်ခဲ့တယ်။ ၁၉ ၇၄ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၂၆ မှာလည်း “ နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။

လမ်းစဉ်ပါတီက “ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ” ဆိုတာ “ တိကျမှန်ကန်သော ကြားနေ ရေးဝါဒ” ကို ပစ်ပယ်တာမဟုတ်ဘူး။ ကမ္ဘာ့ရေးရာတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်က အစဉ် လွတ်လပ်စွာ ရပ်တည်ဆုံးဖြတ်ဆောင်ရွက်နေတာကို ပိုမို တိကျမှန်ကန်စွာဖော်ပြနိုင်ဖို့အတွက် ပြင်ဆင်ခေါ်ဝေါ်ခြင်း ဖြစ်တယ်လို့ ရှင်းလင်းခဲ့တယ်။

မြန်မာအစိုးရရဲ့ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ အခိုင်အမာကျင့်သုံးမှုကို ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက်တဲ့ဖြစ်စဉ်မှာ အထင်အရှားတွေ့ခဲ့ရတယ်။ ၁၉ ၇၉ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျူးဘားနိုင်ငံ ဟာဗာနာမြို့တော်မှာ ကျင်းပတဲ့ ဆဌမ အကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု အစည်းအဝေး မှာ မြန်မာကိုယ်စားလှယ်အဖွဲ့က ဘက်မလိုက် လှုပ်ရှားမှုရဲ့ အခြေခံမူတွေ ပျက်ပြားနေပြီး ဆိုဗီယက် အုပ်စု ဘက်ကို ယိမ်းယိုင် နေတာကို ပြင်ဆင်ဖို့အတွက်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူး။

ဒါ့ကြောင့် အဲဒီနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်း အဝေး မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးမြင့်မောင်က ဘက်မလိုက်လှုပ်ရှားမှုဟာ မူလ အခြေခံမူတွေက နေ သွေဖည်လာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှု ကနေ နုတ်ထွက် ကြောင်းကြေညာခဲ့တယ်။ ( နဝတ အစိုးရလက်ထက် ၁၉ ၉ ၂ ခုနှစ်မှာ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့တယ်။ )

လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ

၁၉ ၈၁ ခုနှစ်မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတုတ္ထအကြိမ်ပါတီညီလာခံ က အတည်ပြုခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “ လွတ်လပ်သောနိုင်ငံခြားရေးဝါဒ” ဆိုတဲ့ စကားရပ်ကိုတော့ ပြန်လည် ပြင်ဆင်ခဲ့ခြင်းမရှိဘူး။

ပါတီညီလာခံမှာတင်သွင်းတဲ့ ဗဟိုကော်မတီ ရဲ့ နိုင်ငံ ရေးအစီရင်ခံစာမှာ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးမူဝါဒ” ရဲ့ အခြေခံမူတွေအဖြစ် အချက် ရှစ်ချက်ကို ဖော်ပြခဲ့တယ်။ အဲဒီရှစ်ချက်ရဲ့ အနှစ်ချုပ်ကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ရေးရာများမှာ ဘက်မလိုက်ဘဲ အမှန်တရားကို လွတ်လပ်စွာ ဆုံးဖြတ် ရပ်တည်ခြင်း၊ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီး စွာဆက်ဆံခြင်း၊ကုလသမဂ္ဂမှာ တက်ကြွစွာ ပါဝင်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်သောနိုင်ငံခြားရေးဝါဒနှင့် အညီ ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တက်ကြွစွာဆောင်ရွက်ခြင်း နဲ့ နှောင်ကြိုးမပါသော ပြည်ပအကူအညီများကို လက်ခံရယူခြင်းတို့ဖြစ်ပါတယ်။

၁၉ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ တပ်မတော်က အာဏာသိမ်း ပြီးတဲ့နောက် နဝတ ကြေညာချက်အမှတ် ၃/ ၈၈ နဲ့ မြန်မာနိုင်ငံဟာ “ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး ဝါဒ” ကို ဆက်လက် ကျင့်သုံးမယ်လို့ ကြေညာခဲ့တယ်။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံ ရေး အဆင်မပြေတဲ့အတွက် နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ဆိုတာကိုတော့ အပြည့်အ၀ အကောင်အထည်မဖော်နိုင်ဘူး။

မြန်မာနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှု အားလုံးကို “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ” ဆိုတဲ့ အထိုင်ပေါ်ကနေ ဆန့်ကျင်ခုခံခဲ့တယ်။

နဝတ/နယက အစိုးရ လက်ထက်မှာ ထူးခြားတဲ့ နိုင်ငံခြားရေးဝါဒ အပြောင်းအလဲကတော့ ၁၉ ၉ ၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါပဲ။

အာဆီယံအဖွဲ့ကို ၁၉ ၆၇ ခုနှစ်မှာ တည်ထောင် ချိန်ထဲက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း နဲ့ ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိနေတာ ကြောင့် တော်လှန်ရေးကောင်စီအစိုးရ က အာဆီယံအဖွဲ့မှာပါဝင်လိုက်ရင် အနောက်အုပ်စုဘက်ယိမ်းတဲ့ သဘောဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပြီး အာဆီယံမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

စစ်အေးခေတ်လွန်ကာလမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင်မှာ အမေရိကန်အမြဲတမ်းအခြေစိုက်စခန်း တွေ မရှိတော့တဲ့အပြင် ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ်ပါဝင်ဖို့ ဆောင်ရွက်လာတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံကလည်း အာဆီယံ အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရေးဝါဒဖြစ်ပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၁ မှာ “ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်း ချင်း မိတ်ဝတ် မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေ့ရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ပြဋ္ဌာန်းခဲ့တယ်။ ဒီပုဒ်မကတော့ လွတ်လပ်ရေး ရချိန် ကစပြီး ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးဝါဒတစ်ခုလုံးကို ခြုံငုံပြီးဖော်ပြလိုက်တာဖြစ်တဲ့အတွက် သီးခြား အနက်ဖွင့်ဖို့တောင်မလိုတော့ဘူး။

ဒါ့အပြင် ပုဒ်မ ၄၂ (ခ) မှာ “နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကို မ ျှ တပ်ချခွင့် မပြု။” ဆိုပြီး ထပ်ပြဋ္ဌာန်းထားတယ်။ ဒီအချက်က ၁၉ ၆၁ ခုနှစ် ဘက်မလိုက်နိုင်ငံများအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ သတ်မှတ်ခဲ့တဲ့ “ဘက်မလိုက်နိုင်ငံ” စံ ငါးချက်ထဲက နံပါတ်ငါး အချက် နဲ့အတူတူပဲဖြစ်ပါတယ်။

ဒီနိုင်ငံခြားရေးဝါဒကို ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရ ရော၊ အင်န်အယ်လ်ဒီအစိုးရရော လိုက်နာခဲ့တယ်။ နစက အစိုးရကလည်း သူ့ကိုယ်သူ အခြေခံဥပ ဒေနဲ့ အညီ ပေါ်ပေါက်လာတယ်လို့ ပြောရင် အခြေခံဥပဒေပါ နိုင်ငံခြားရေးဝါဒ ကို လိုက်နာ ရမှာပဲ။

သုံးသပ်ချက်

၁၉ ၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကနေ ဒီနေ့အထိ ကျင့်သုံးခဲ့တဲ့ မြန်မာ့နိုင်ငံခြားရေးဝါဒ ဟာ နာမည် အမျိုးမျိုးပြောင်းခဲ့ပေမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက် ကို လိုက်နာတာ၊ နိုင်ငံတကာအရေးအခင်းတွေမှာ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ရပ်တည်တာတွေကတော့ ပြောင်းလဲမှုမရှိတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မြန်မာအစိုးရအဆက်ဆက်ဟာ နိုင်ငံအချင်းချင်းကျူးကျော်တိုက်ခိုက်မှုမျိုးတွေကို လက်မခံခဲ့ဘူး။ ဥပမာအားဖြင့် ၁၉ ၆၈ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ချက်ကိုစလို ဗက်ကီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ဆိုဗီယက် နဲ့ မိတ်ဆွေဖြစ်နေပေမယ့် တော်လှန်ရေး ကောင်စီက နိုင်ငံအချင်းချင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ အပေါ် ဆန့်ကျင်ကြောင်းနဲ့ ဆိုဗီယက် တပ်ဖွဲ့တွေ အမြန်ရုပ်သိမ်းဖို့ တောင်းဆို ကြောင်း ကြေညာချက် ထုတ်ခဲ့တယ်။ တပ်မတော် အစိုးရ လက်ထက်မှာလည်း ဒီအခြေခံမူအပေါ် ရပ်တည်ပြီး ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ အီရတ်စစ်ပွဲ ကို ဆန့်ကျင်ခဲ့တာပဲ။

အခု ယူကရိန်းစစ်ပွဲမှာလည်း ယူကရိန်းနိုင်ငံဟာ အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ လက်ရှိ အချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်တယ်။ ဒီလိုနိုင်ငံကို ကျူးကျော် တိုက်ခိုက် တာဟာ မြန်မာနိုင်ငံက လက်ခံထားတဲ့၊ အခြေခံဥပဒေမှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်ကို ချိုးဖောက်ရာရောက် နေတယ်။

ဒါ့ကြောင့် ကျွန်တော်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး လက်ရှိ ကျင့်သုံး နေတဲ့ နိုင်ငံခြားရေးမူဝါဒအရ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော် စစ်ကို ထောက်ခံလို့မရဘူးလို့ပဲ ယုံကြည်ပါ တယ်။

ပျောက်စေ ဆရာ

ရုရှား သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ဆင်ရေးက ၁၈ ရက်ကြာလာပြီ။ နှစ်ဘက်လုံးက ထုတ်ပြန် နေတဲ့ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးပျက်စီးမှု စာရင်းတွေကို သီးခြားအဖွဲ့အစည်းတွေက အတည်ပြုနိုင်တာမရှိသေးပေမယ့် ရုရှားတပ်တွေ ထင်တိုင်းမပေါက်တာကတော့ သေချာ ပါတယ်။

စစ်ပွဲမစခင်ကတော့ အနောက်နိုင်ငံတွေကတောင် ရုရှားတပ်တွေ ကို ယူကရိန်း တပ်ဖွဲ့တွေ ယှဉ်နိုင်မှာမဟုတ်ဘူး။ အချိန်တိုအတွင်းမှာ အရေးပါတဲ့ မြို့ကြီးတွေကို ရုရှားတွေသိမ်းပိုက် နိုင် မယ်လို့ သုံးသပ်ပြောဆိုခဲ့ကြတယ်။

ပူတင်ရဲ့ မဟာဗျူဟာကလည်း မြို့တော်ကိယဗ် နဲ့အရေးပါတဲ့ မြို့တွေကို သိမ်းပြီးရင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ အစိုးရကို ဖြုတ်ချပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးမယ်။ ယူကရိန်းကို နေတိုးအဖွဲ့မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ် ထားရှိမယ့် စာချုပ်ချုပ်မယ်။ ယူကရိန်းက နိုင်ငံ အရှေ့ပိုင်းက ခွဲထွက်ဒေသတွေကို သီးခြားနိုင်ငံ အဖြစ် အသိအမှတ်ပြုရမယ် ဆိုတဲ့ ရည်မှန်းချက်ဖြစ်ပုံရတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ မြို့တော် ကီယဗ် ကိုသိမ်းနိုင်ရင်တာင် ယူကရိန်းအစိုးရ နဲ့ ပြည်သူ တွေက အလေ ျှာ့ပေးမယ့် ပုံ မမြင်ရဘူး။ ရုရှားစစ်တပ်ဟာ တိုက်ပွဲတွေကို နိုင်ရင်တောင် ယူကရိန်း စစ်ပွဲကို အောင်ပွဲရဖို့ မလွယ်ဘူး။ ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းနိုင်ရင်တောင် ရုရှားဟာ ကွန်မြူနစ်ခေတ်က ဆိုဗီယက်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကို သိမ်းခဲ့စဉ်က အဖြစ်မျိုးနဲ့ ကြုံရမှာသေချာနေပြီ။

စစ်မြေပြင်ထက်ပိုပြီး အခြေအနေဆိုးတာက သံတမန်ရေးနဲ့ စီးပွားရေးစစ်မျက်နှာပဲ။ ရုရှားဟာ သံတမန်ရေးအရ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်တာခံနေရတယ်။ နိုင်ငံတကာငွေကြေး စနစ် ထဲကနေ ဖယ်ထုတ်ခံနေရတယ်။

ရုရှားနိုင်ငံရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့ ရောင်းချမှုတွေကို ပိတ်ပင် အရေးယူမှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်။ အမေရိကန်နိုင်ငံက ရုရှားကနေ ရေနံတင်သွင်း ခွင့်ကို လုံးဝပိတ်ပင်လိုက်ပြီး ဗြိတိန်နိုင်ငံက ဒီနှစ်ကုန်မှာ လုံးဝရပ်ဆိုင်းမှာဖြစ်တယ်။ ဥရောပသမဂ္ဂက တော့ ရုရှားကနေ ရေနံ နဲ့ သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ၂၀၃၀ မှာ အပြီး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ ရုရှား စီးပွားရေးအတွက် အဓိက ထိုးနှက် ချက်တစ်ခုပဲ။ ရုရှားနိုင်ငံရဲ့ ပို့ကုန် ရငွေ ၆၀% က ရေနံ နဲ့ သဘာဝဓာတ်ငွေ့က နေ ရရှိနေပြီး ရုရှားအစိုးရ ဘတ်ဂျက်ရဲ့ ၃၉ %၊ ဂျီဒီပီရဲ့ ၁၉ % ဟာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍ ကဝင်ငွေဖြစ်ပါတယ်။

ဒါပေမယ့် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကို ပိတ်ပင်တာဟာ ရုရှားအတွက် ဒုက္ခရောက် သလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအတွက်လည်း အခက်အခဲဖြစ်နေတယ်။ အမေရိကန် နိုင်ငံ က သူ့ရေနံလိုအပ်ချက်ရဲ့ ၃%၊ ဗြိတိန်နိုင်ငံက ၈% ပဲတင်သွင်းတဲ့အတွက် ရေနံတင်သွင်းမှုကို ချက်ခြင်း ပိတ်ပင်လိုက်တဲ့အတွက် ပြဿနာနည်းတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံကတော့ ရေနံလိုအပ်ချက်အများစုကို ရုရှားနိုင်ငံကနေ တင်သွင်းနေရတာဖြစ်တယ်။ နိုင်ငံလိုအပ်ချက်ရာခိုင်နှုန်းနဲ့ပြောရင် လစ်သူနီးယားနိုင်ငံက ၈၃% နဲ့ အများဆုံးဖြစ်ပြီး စပိန်က ၁၁% နဲ့ အနည်းဆုံးဖြစ်တယ်။ ယူကရိန်းကိစ္စမှာ ရှေ့တန်း ရောက် နေတဲ့ ပိုလန်နိုင်ငံက ၅၈% တင်သွင်းပြီး ဂျာမနီက ၃၀% တင်သွင်းနေရတယ်။

သဘာဝဓာတ်ငွေ့ဆိုရင် ဥရောပသမဂ္ဂလိုအပ်ချက်ရဲ့ ၃၈% က ရုရှားကနေ တင်သွင်းနေတာ ဖြစ် ပါတယ်။ နိုင်ငံအရပြောရင် ဂျာမနီက နိုင်ငံလိုအပ်ချက်ရဲ့ ၆၇% နဲ့ အများဆုံး၊ အီတလီက ၅၀% နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

အခုတော့ ဥရောပသမဂ္ဂနိုင်ငံတွေက အရှေ့အလယ်ပိုင်းက ရေနံ၊ LNG တွေနဲ့ အစားထိုးဖို့ လုပ်နေတယ်။ အမေရိကန်နိုင်ငံကလည်း ဥရောပသမဂ္ဂကို LNG တိုးမြှင့်ပို့ဆောင်ပေးဖို့ ကမ်း လှမ်းထားတယ်။ ရေတိုကာလအတွက်တော့ ရပ်ဆိုင်းထားတဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ ပြန်လည်ပတ်ဖို့ ၊ အနုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေ ပိတ်သိမ်းမယ့် အစီ အစဉ်တွေကို ရွှေ့ဆိုင်းထားဖို့လုပ်နေတယ်။

ရုရှားအတွက် ပြဿနာက ယူကရိန်း ကို သိမ်းနိုင်ရင်တောင် ရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့တင်ပို့မှုအတွက် အဓိက အားထားနေရတဲ့ ဥရောပ ဈေးကွက် ပျက်သွားတဲ့ ကိစ္စပဲ။ ရုရှရေနံတင်ပို့မှုရဲ့ ၄၂%၊ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၅၀% နီးပါးက ဥရောပ သမဂ္ဂ ကို တင်ပို့နေရတာဖြစ်ပါတယ်။

ရုရှက တရုတ်နိုင်ငံလို ပို့ကုန်ကဏ္ဍ အမျိုးမျိုးအားကောင်းတဲ့ နိုင်ငံမဟုတ်ဘူး။ ရေနံ၊ သဘာ ဝဓာတ်ငွေ့နဲ့ အခြားသယံဇာတ ဈေးကွက်ကို အားထားရတဲ့နိုင်ငံဖြစ်တဲ့အတွက် အနောက်နိုင်ငံ တွေရဲ့ စီးပွားရေးဒဏ်ခတ်မှုရဲ့ အကျိုးဆက်က အချိန်ကြာလေ ပိုသိသာလေဖြစ်လာမယ်။

ဒါ့အပြင် ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံနေရတာ၊ အိမ်ခြံမြေ တွေ၊ ဇိမ်ခံသဘောၤတွေ အသိမ်းခံနေရတာ၊ နာမည်ပျက်စာရင်းသွင်းခံနေရတာကလည်း ပြဿနာ တစ်ခု ဖြစ်နေတယ်။ ဒီလုပ်ငန်းရှင်အများစုက ပူတင် လက်ထက်မှာ မွေးထုတ်ပေးခဲ့တဲ့ ခရိုနီ တွေဖြစ်ပါတယ်။ ရုရှားပြည်တွင်းမှာ ပူတင် လုပ်ချင်တာ လုပ်နိုင်အောင် တိုက်ရိုက် တစ်မျိုး ၊ သွယ်ဝိုက်ပြီး တစ်ဖုံ အကူအညီပေးနေတဲ့လူတွေလည်း ဖြစ် တယ်။ ဒီလူတွေ အားနည်းလာရင် သူတို့ အလုပ်လုပ်လို့မရရင် ရုရှားစီးပွားရေးကျဆင်းမှု ပိုမြန်မယ်။

တကယ်တော့ သမ္မတ ပူတင်ဟာ သမ္မတယဲလ်ဆင် လက်ထက်မှာ အစစ အရာရာ အားနည်း နေခဲ့တဲ့ ရုရှားနိုင်ငံကို အင်အားကြီးနိုင်ငံတစ်ခု ဖြစ်အောင် ပြန်လည်တည်ဆောက်နိုင်ခဲ့တာ အမှန်ပဲ။ ဒီအတွက်တော့ အသိအမှတ်ပြုရမယ်။

ဒါပေမယ့် အခုတော့ သူဆုံးဖြတ်ခဲ့တဲ့ ယူကရိန်းစစ်ဆင်ရေးကြောင့် ရုရှားနိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ သံတမန်ရေးအရ စီးပွားရေးအရ အမျိုးမျိုးထိုးနှက်ခံရ၊ နိုင်ငံသုံး ငွေ တန်ဖိုးက ဇောက်ထိုးဆင်း၊ လူတွေလက်ထဲရှိတဲ့ ပိုက်ဆံတွေ တန်ဖိုးကျ၊ ဘဏ်တွေ ပြဿနာ တက်၊ ပို့ကုန်ဈေးကွက်ပျက်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်၊ စီးပွားရေး ဒဏ်ခတ်မှု ကြောင့် ခရိုနီ သူဋ္ဌေးတွေ ပြဿနာ တက်၊ တိုင်းပြည် စီးပွားရေးကျ၊ ကုန်ဈေးနှုန်းတက်။ အလုပ်အကိုင်ရှား ဖြစ်နေပြီ။

နောက်ဆုံးတော့ သူ့ကြောင့် အယုတ် အလတ် အမြတ်မရွေး၊ ရန်သူ မိတ်ဆွေ ပြည်သူ အားလုံး ဒုက္ခရောက်နေပြီ။ အရင် ရထားတဲ့ အောင်မြင်မှုတွေ အားလုံး ဆုံးရှုံး မယ့် အခြေအနေဖြစ်နေပြီ။

ရုရှားနိုင်ငံသမိုင်းမှာတော့ သမ္မတ ပူတင်ဟာ ခေတ်သစ်ပျောက်စေဆရာအဖြစ် နာမည်တွင် တော့မယ်ထင်တယ်။ ဒါပေမယ့် ရောဂါ ပျောက်တဲ့ ပျောက်စေ ဆရာတော့မဟုတ် ဘူး အကောင်းမှန်သမ ျှ အကုန်ပျောက်စေတဲ့ ပျောက်စေ ဆရာ။

ဘီလူး

၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့က ပို့စ်တင်ခဲ့တဲ့ အက်ဆေးလေးပါ။ မဖတ်ရသေးသူတွေ ဖတ်နိုင်ဖို့ မ ျှဝေလိုက်ပါတယ်။


ဘီလူး

“ အရမ်းပြောင်းလဲသွားပြီ။ ငါတို့ သိခဲ့တဲ့ ၊ လေးစားခဲ့တဲ့ သူမဟုတ်တော့ဘူး”

နိုင်ငံရေးလောကမှာ မကြာခဏ ကြား ရသော စကားဖြစ်သည်။ အပြောခံရသည့် လူပုဂ္ဂိုလ်သာ အမျိုးမျိုး ပြောင်းသွား မည်။ ဇာတ်လမ်း ကတော့ အတူတူ။ တစ်သက်လုံး ယုံကြည်လာခဲ့တဲ့ အရာတွေ၊ စံနှုန်းတွေကို စွန့်ပစ်သွားသူ၊သူဝေဖန်ခဲ့တဲ့ ၊ ဆန့်ကျင်ခဲ့တဲ့အရာတွေကို သူကိုယ်တိုင်ကျင့်သုံးသွားသူ၊ မကောင်း ဘူးလို့တစ်သက်လုံးပြောခဲ့တဲ့ အရာတွေကို အကောင်းမြင်သွားခဲ့သူ၊ လောဘ၊ မောဟ သား ကောင်၊ ဒီလို လူတွေအကြောင်း ပဲ ဖြစ်သည်။

မကြာခင်ကချေဂွေဗားရားအကြောင်းဖတ်ခဲ့ရသည်။ အဲဒီစာအုပ်ထဲမှာ ကက်စထရို ခေါင်းဆောင်တဲ့ ကျူးဘားပြောက်ကျားတွေ ကျူးဘားအာဏာရှင် ဘာတစ္စတာအစိုးရကို ဖြုတ်ချဖို့ ကြိုးစားပုံတွေပါ သည်။ လူငယ်ပျောက်ကြား တော်လှန်ရေးသမားတွေက ဘာတစ္စတာ အစိုးရရဲ့ အကျင့်ပျက်ခြစားမှု တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အလုပ်သမား၊ လယ်သမားများ၊ အထူးသဖြင့် ကျူးဘား ကြံ တောင်သူတွေအပေါ် ဂုတ်သွေးစုပ်မှုတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ဲကြသည်။

သူတို့တော်လှန်ရေးအောင်မြင်ခဲ့သည်။ ဒါပေမယ့် ကျူးဘားတော်လှန်ရေးကို တန်ပြန်တော်လှန် ရေးသမားတွေရန်က ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိနှိပ်မှုတွေက ပုံစံအမျိုးမျိုးနဲ့ ဒီ နေ့ထိ ဆက်ရှိနေခဲ့သည်။ မြေပိုင်ရှင်ကြီးတွေ နေရာမှာ အစိုးရက မြေရှင်ဖြစ်လာသည်။ ကျူးဘား ကြံတောင်သူတွေလည်း လယ်ပိုင်မြေပိုင်ဖြစ်မလာ။ ပြောင်းလဲသွားတဲ့ ကက်စထရိုတို့ တစ်တွေက စံပြု တော်လှန်ရေးသမား ချေဂွေဗားရားကိုပင်အခြားနိုင်ငံတွေမှာ တော်လှန်ရေးလုပ်ဖို့ဆိုပြီး အနု နည်းနဲ့ ပထုတ်ကာ သေတွင်းကိုပို့ခဲ့သည်ဆိုသည့် စွတ်စွဲချက်တွေပင်ပေါ်ပေါက်ခဲ့သည်။

တော်လှန်ရေးသမားတွေ အာဏာရှင်ကို ဆန့်ကျင်ခဲ့ပေမယ့် အာဏာရလာတော့ အာဏာကို ကြာ နိုင်သမ ျှ ကြာကြာ ယူနိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားသည်။ ဝေဖန်သူတွေကို အသံတိတ်အောင်၊ ယှဉ်ပြိုင်သူတွေကို ချိုး နှိမ်နိုင်အောင် နည်းမျိုးစုံသုံးတော့သည်။ ဒီလိုနဲ့ ကိုယ်တိုင် ဆန့်ကျင် တိုက်ဖျက်ခဲ့သည့် နည်းလမ်း တွေ၊ လုပ်နည်းတွေကို ပြန်ကျင့်သုံးလာတော့သည်။ တစ်ခါတစ်ရံ ကိုယ်တိုင်ခံစားခဲ့ရတာကိုမေ့ ပြီး အခြားသူတွေကို ကိုယ်ခံစားရသလို ပြန်ခံစားရအောင် လုပ်မိပြန် သည်။ အာဏာရှင်ကို ဆန့် ကျင်ခဲ့သူက အာဏာရလာတော့ ပိုပြီး အာဏာရှင်ဆန်လာသည်။ ပွင့်လင်း ပါလို့တိုက်တွန်းခဲ့သူက သတင်းဆိုးတွေကို မကြားလိုတော့၊ ဝေဖန်သံတွေကို နားမခံနိုင် တော့။
ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဝတ္ထုတိုတစ်ပုဒ် ဖတ်ခဲ့ရသည်။ ဘာသာပြန်ဟုထင် သည်။ ဇာတ်လမ်းအတိအကျနဲ့ ရေးသူကိုပင် မမှတ်မိတော့။ ဒါပေမယ့် အကြောင်း အရာ က ခေါင်းထဲစွဲနေသည်။ ဇာတ်လမ်း မှာ မိတ်ဆွေနှစ်ယောက် အပြန်အလှန်ဆွေးနွေးခန်းကစသည်။ တစ်ယောက်က ချစ်ခင်မှ စွဲလမ်း တာမဟုတ်၊ မုန်းရာကနေလည်း စွဲလမ်းသွားနိုင်တယ်ဆိုတဲ့ သဘောတရားကို ပြောတော့ နောက် တစ်ယောက်က သဘောမတူ။ ဦး ကကြီး နဲ့ ဦးခခွေး ဆိုပါ တော့။

တစ်နေ့တော့ ဦးကကြီးက သူခရီးသွားဖို့ရှိတဲ့အတွက် ပစ္စည်းတစ်ချို့သိမ်းထားပေးဖို့ ဦးခခွေးကို လာပေး သည်။ အဲဒီ ပစ္စည်းတွေထဲမှာ ရုပ်ဆိုးဆိုး ၊ ရွံစရာမျက်နှာပေးနဲ့ လူရုပ်လေး တစ်ရုပ် ပါသည်။ ဘယ်လို ရေစက်လည်းမသိ၊ ဦးခခွေး အဖို့ မြင်မြင်ချင်း အဲဒီအရုပ်ကို စက်ဆုပ် သွားသည်။ ဒီတော့ သူမမြင်နိုင်တဲ့နေရာမှာ ချောင်ထိုးပြီးသိမ်းထားလိုက်သည်။ ဒါပေမယ့် အဲဒီအရုပ်အကြောင်းကို စိတ် ထဲက ဖျောက်လို့မရ၊ ဘာအရုပ်လဲ၊ ဘာ့ကြောင့် ဒီလိုပုံဆိုးပန်းဆိုး ထုလုပ်ထားတာလဲ။ ဦးကကြီး က ဘာ့ကြောင့် ဒီအရုပ်ကို သိမ်းထားတာလဲ အမြဲတွေးနေမိသည်။

ဒီတော့ အရုပ်ကို သိမ်းထားရာ ထုတ်ကြည့်မိပြန်သည်။ သုံးလေးရက်နေတော့ အရုပ်က အိမ်ရှေ့ခန်းကို ရောက်လာသည်။ အဝင် အထွက် အရုပ်ကို မြင်တိုင်း ဘာလဲ၊ ဘာ့ကြောင့်လဲ တွေးသည်။ စက်ဆုပ်စရာပေမယ့် မကြည့်ပဲ လည်း မနေနိုင်။ ဇာတ်လမ်းအဆုံးမှာတော့ ဦးကကြီး ခရီးက ပြန်ရောက်လာတော့ သူ့ပစ္စည်းတွေ လာယူသွားသည်။ ဦးခခွေးက နေ့တိုင်း အဲဒီ အရုပ်ကို သတိရနေသည်။ အရုပ်တင်ထားခဲ့တဲ့နေ ရာလေးကို ကြည့်မိသည်။ သူမုန်းတဲ့အရုပ်လေးက ပြင်ပကနေ သူ့စိတ်သဏ္ဍန်ထဲကို ရောက်ရှိ စွဲမြဲ သွားခဲ့ ပြီ။

ကွန်မြူနစ်တော်လှန်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှု၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး စသည့် စသည့် လှုပ်ရှားမှုတွေကနေ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေပေါ်ထွက်ခဲ့သည်။ အောင်မြင်ပြီး အာဏာရလာသူတွေလည်းရှိသည်။ ဒါ ပေမယ့် ခေါင်းဆောင်ဖြစ်လာချိန်မှာ သူဆန့်ကျင်ခဲ့တဲ့ အရာတွေကိုပဲ ပြန်လည်ကျင့်သုံး လာသူ တွေ များလှသည်။ တော်လှန်ရေးသမားတွေကပဲ အာဏာရလာတော့ လူတန်းစားသစ် တစ်ရပ်ဖြစ် လာခဲ့သည်။ အာဏာ၊ ငွေကြေး၊ အခွင့်အရေးတွေကြားမှာ ပျော်မွေ့သွားခဲ့သည်။

သူတို့ကိုယ်တိုင်သာ မက ဇနီး၊ သားသမီး၊ မြေးမြစ်တွေကပါ အခွင့်ထူးခံလူတန်းစားတွေဖြစ်လာ သည်။ အိမ်တော်ကြီးတွေ၊ ဇိမ်ခံ ကားတွေ၊ နိုင်ငံခြားခရီးတွေ၊ ဘဏ်စာရင်းတွေ၊ ဖက်ရှင် ဝတ်စုံတွေ၊ တန်ဖိုး ကြီးနာရီတွေ၊ ဖိနပ်တွေ၊ လက်ဝတ်ရတနာတွေ ကြားမှာ ပျော်မွေ့ သွားတော့သည်။ ဒီလိုနဲ့ အီမယ်လ်ဒါမားကိုးစ်ရဲ့ဖိနပ်တွေ၊ ဂရေ့စ် မူဂါဘီရဲ့ ပိုက်ဆံအိတ်တွေလို ပုံပြင်တွေ အများကြီးရှိခဲ့ သည်။

ငါတို့ လူတွေ က ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင် တယ်။ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး။ အာဏာကြောင့် မဖောက်ပြန် ကြနဲ့လို့အာဏာရစမှာသတိပေးခဲ့သူက မကြာခင်မှာပဲ အာဏာတွေ ၊လုပ်ပိုင် ခွင့် တွေ၊ လူတွေရဲ့ ဂရုစိုက်မှုတွေကြားမှာ မျောပါသွားပြီး အာဏာရှင်အဖြစ် သွားခဲ့သည်။ ငါစွဲတွေ ကို ရှောင်၊ ငါ့မယား၊ ငါ့သားသမီး ၊ ငါ့ဆွေမျိုးအတွက်မလုပ်နဲ့လို့ သတိ ပေးခဲ့သူမှာလည်း ငါ့သား သမီး၊ငါ့ဆွေမျိုးတွေမဟုတ်တာလုပ်သမ ျှ လျစ်လျူရှုထားခဲ့သည်။ လူထု ဆင်းရဲနေချိန်မှာ ဇိမ်မခံလို ပါဘူးဟု ဆိုခဲ့သူက အဆောင်အယောင်တွေ၊ အဆင်တန်ဆာတွေကြားမှာ စီးမျောသွား ခဲ့ သည်။

ကလေးဘဝက စွဲစွဲမြဲမြဲဖတ်ခဲ့တာက တေဇ နဲ့ ရွှေသွေး ကာတွန်းစာစောင်တွေ။ အဲဒီခေတ် ကာ တွန်းဇာတ်လမ်းတစ်ပုဒ်က ဘီလူးနဲ့ ဘီလူးကို နှိမ်နင်းတဲ့ သူရဲကောင်းတွေ အကြောင်း။ဂူကြီး တစ်လုံး ထဲမှာ ဘီလူးကြီးရှိသည်။ ပတ်ဝန်းကျင်မြို့ရွာတွေကို ဝင်ရောက်ဖျက်ဆီး သတ်ဖြတ်လေ့ ရှိ သည့်အတွက် ဒီဘီလူးကို သတ်နိုင်ဖို့ သူရဲကောင်းတွေကို အကူအညီတောာင်းသည်။ သူရဲကောင်း တွေလည်း ပေါ်လာပြီး ဘီလူးကို နှိမ်နင်းဖို့ ဂူထဲဝင်သွားကြသည်။ ဘီလူးကို သတ်နိုင်ပေမယ့် ဂူထဲမှာ ဘီလူးကြီး စုဆောင်းထားခဲ့တဲ့ ရတနာပစ္စည်းတွေကို လောဘဇောကပ်ပြီး ယူဖို့ ကြိုးစားတဲ့အခါ သူတို့ကိုယ်တိုင် ဘီလူး ဖြစ်သွား ခဲ့သည်။

လူ့သဘော၊ လူ့မနောကား သိရခက်လှ၏။ မကြည့်ချင်လောက်အောင်မုန်းတယ် ဆိုပေမယ့် မြင် ပါများတော့ ယဉ်ပါးသွားတာလဲရှိသည်။ မကောင်းတဲ့ အတုမယူနဲ့လို့ သတိပေးပေမယ့် အတု မြင် အတတ်သင်သွားတာလည်းရှိသည်။သူတို့မှားပေမယ့်ငါမမှားနိုင်ဘူးလို့ ဖြည့်တွေးတတ်တာ လည်း ရှိသည်။

အခြားသူအတွက်လောဘ ဖြစ်ပေမယ့် ကိုယ့်အတွက်တော့ ရပိုင်ခွင့်ဟု တွေးလာ တတ် သည်။အခြားသူအတွက်ဇိမ်ခံပစ္စည်းဆိုပေမယ့်ကိုယ့်အတွက်ကတော့ရသင့်သည့် အဆောင် အယောင် အဖြစ်ယူဆလာသည်။အခြားသူတွေအတွက် လာဘ်လာဘ ဆိုပေမယ့် ကိုယ့်ကို တော့ တကယ် ချစ်ခင်လို့ စေတနာသန့်သန့်နဲ့ပေးတာဟု မြင်တတ်လာသည်။

ဒီလိုနဲ့ ကိုယ်ကိုယ်တိုင် မသိလိုက်ဘဲ ကိုယ့်မုန်းတီးတဲ့ အရာ တွေရဲ့ ကိုယ်ပွားလေးဖြစ် သွားတော့သည်။ ဘီလူးဖြစ်သွားသော သူရဲကောင်းတွေများလှပြီ။

ကမ္ဘာကြီး နဲ့ လှိုင်သာယာ

ပန်းခြံထဲက ဒီဆိုင်လေးဟာ လမ်းလေ ျှာက်ပြီးတိုင်း ရေသန့်ဘူး ဝယ်နေကြ ဖောက်သည် ဆိုင် လေး။ အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်ရောင်းတယ်။ ရေသန့်ဘူး၊ အချိုရည်၊ ပေါင်မုန့်ဘာညာ ရတယ်။ ခိုစာကျွေးလို့ရတယ်။ ဒါပေမယ့် သူပိုင်တဲ့ဆိုင်တော့ မဟုတ်ဘူး။ ဒီပန်းခြံထဲမှာ ကန်ထရိုက်ရထားတဲ့လုပ်ငန်းရှင်က ဖွင့်ထားတဲ့ဆိုင်၊ သူက အရောင်းသမားပေါ့။ ဒီနေ့မနက် ကျွန်တော်ကလည်း စောစောလမ်းလေ ျှာက်တာပြီး၊ သူ့ဆိုင်မှာလည်း လူရှင်း နေတော့ ဘယ်ကနေ လာရောင်းတာလဲ၊ ရောင်းရ ဝယ်ရ တာအဆင်ပြေ လား ဆိုပြီး မေးလိုက်တဲ့အခါ သူ့ဘ၀ ကက်ဆက်ဇာတ်လမ်းကို အခုလို ကြားခဲ့ရတယ်။

နေတာက လှိုင်သာယာမှာ။ ကျွန်မတို့ ရပ်ကွက်က တစ်ထိပ်မှတ်တိုင်ကနေ အထဲကို အတော် တော် ဝင်ရတယ်။ တစ်ထိပ် မှတ်တိုင်ဆိုတာက အောင်ဇေယျတံတားအဆင်းမှာ ရှိတဲ့ ဘတ်စ်ကား မှတ်တိုင်ကိုပြောတာ။

အိမ်မှာ ကျွန်မတို့လင်မယားနှစ်ယောက်ရယ်၊ အမေရယ်၊ သမီးရယ်၊ လေးယောက်ရှိတယ်။ အိမ်က အမေ့အိမ်၊ အိမ်ငှားမနေရလို့ တော်သေးတယ်။ ယောက်ျားက စက်ရုံမှာ လုပ်တယ်။ တစ်နေ့လုပ် တစ်နေ့နား၊ နားတဲ့နေ့ဆို ကြားပေါက် အလုပ် လုပ်ပေါ့။ သူ့လခက တစ်သိန်းရှစ်သောင်း။ ကျွန်မက နေ့စား၊ တစ်နေ့ ခုနှစ်ထောင်ရတယ်။ အရင်က ပန်းခြံတွေမှာ လူအလာများတော့ ရောင်းကောင်းတယ်။ အဲဒီလို နေ့တွေဆို သူဌေးက ဘောက်ဆူးပေးတာပေါ့။ အခုတော့ အရောင်းပါးလွန်းတော့ ကိုယ်ကတောင် သူဌေးကို ပြန်အားနာနေရ တယ်။

ကျွန်မက ယောကျ်ားထက် လစာပိုရတယ်ဆိုပေမယ့် မကိုက်ပါဘူး။ သူက စက်ရုံကို စက်ဘီး နဲ့ သွားလို့ရတယ်။ ကျွန်မက အိမ်ကနေ ကားဂိတ်အထိ ဆိုင်ကယ်ကယ်ရီနဲ့ လာရတယ်။ ပြီးတော့ ဘတ်စ်ကားစီးရတယ်။ အရင်က ကယ်ရီခ ငါးရာ၊ ကားခ နှစ်ရာ၊ တစ်နေ့ သွားပြန် တစ်ထောင့်လေးရာ ကုန်တယ်။ အခု ဆီဈေးတက်တော့ ကယ်ရီခက ခုနှစ်ရာ၊ ကားခက သုံးရာ၊ တစ်နေ့ သွားပြန် နှစ်ထောင်ဖြစ်နေပြီ။ ဒါတောင် ဝိုင်ဘီအက်စ်က ဈေးတက်ဦးမယ်လို့ပြောနေ တယ်။

ဘယ်လိုနေ၊ ဘယ်လို စားနေသလဲဆိုတော့ ဖြစ်သလို၊ အဆင်ပြေသလို စားနေရတာပဲ။ အမေက အသက် ရှစ်ဆယ်နားနီးနေပြီဆိုတော့ ဆန်မာမစားနိုင်ဘူး။ ဒါပေမယ့် ဆန်ချောသက်သက်လည်း ချက်မစား နိုင်ဘူး။ ဒီတော့ ဆန်မာနဲ့ ဆန်ချော ရော ချက်ရတယ်။ ဆန်မာက အရင်က တစ်ပြည် တစ်ထောင်၊ အခု ထောင့်ငါးရာ၊ ဆန်ချောက အရင်က နှစ်ထောင့်ငါးရာ၊ အခု နှစ်ထောင့်ရှစ်ရာ၊ အခု တစ်လော ရဲဘော်တွေ လာဝေလို့ ဆန်တစ်အိတ် ရထားတယ်။ ဆန်မာ ဝယ်ဖို့ မလို တော့ နည်းနည်းခံသာတယ်။

ဟင်းချက်ဆီလား၊ ထုံးစံအတိုင်း စားအုန်းဆီပဲပေါ့။ အောင်မယ်လေး၊ ပိဿာဈေးမသိပါဘူး။ ကျွန် မတို့က ရေသန့်ဘူးနဲ့ပဲ ဝယ်စားတာ။ မနှစ်က ရေသန့်တစ်ဘူး ၁၈၀၀၊ ၂၀၀၀ ကနေ တက်လာ လိုက်တာ အခု ၄၈၀၀ ဘယ်လိုလုပ်မလဲ။

ကျွန်တော်က ကြားဖြတ်ပြီး ကျွန်တော်တို့ လူမျိုးတွေ ဆီစားတာများနေတယ်၊ ချွေတာစားရမယ် လို့ သတင်းစာထဲမှာပါတယ်လို့ ပြောလိုက်တော့ သူ့အကြည့်က ချက်ခြင်းပြောင်းသွားတယ်။ အနားမှာ ရှိနေတဲ့ ရေသန့်ဘူးနဲ့ ကောက်ပေါက်ချင်တဲ့ပုံပဲ။

ဆီချွေတာစား ဟုတ်လား၊ ဒီထက်ချွေတာရဦးမလား၊ ကြက်ဥတောင် ကြော်မစားတာကြာပြီ။ ပြုတ်စားနေရတယ်။ ဟင်းချက်ရင် ရေသန့်ဘူး အဖုံးနဲ့ ချင်ထည့်နေရတယ်။ ပဲပြုတ်ထဲ ထည့် ဖို့တောင် ပုလင်းကို လက်မနဲ့ပိတ်ပြီး မွှေ့တာ နောက်ဆုံးမှ ဆီက ခေါင်းမူးပြီး တစ်စက် နှစ်စက် ပဲ ကျတော့တယ်။ ထမင်းဆီဆမ်း စားဖို့ဆိုတာ ဝေလာဝေးပဲ။

ဟင်းကတော့ ငါးပိရည်၊ တို့စရာက ပင်တိုင်ပဲ။ အသားဟင်းက တစ်ပတ် မှ တစ်ခါ ၊ နှစ်ခါ စားနိုင်တာ။ အရင်က အသား၊ ငါး ၁၀၀၀ ဖိုး၊ ၁၅၀၀ ဖိုးဝယ်လို့ရတယ်။ အခု ၂၀၀၀ ဖိုး က လေးယောက်စားမလောက်ဘူး။ နှစ်ထောင့်ငါးရာဖိုးမှာ စားလောက်ရုံပဲ။

ကြက်ဥက တစ်ခါပြုတ်ရင် ငါးလုံး။ အမေက နှစ်လုံး။ကျန်တဲ့သူတွေက တစ်လုံးစီ။ ကြက်ဥ ဈေးက အရင်က ၁၁၀၊ အခု ၁၅၀။ ဘာ့ကြောင့်ဈေးတက်သလဲ မေးလိုက်ရင် ဒေါ်လာဈေးတက်လို့ ဆီဈေး တက်လို့ ပြောတာပဲ။

ကျွန်တော်တို့ စကားပြောနေချိန်မှာ လူငယ်စုံတွဲလေး ရောက်လာတယ်။ သပ်သပ်ရပ်ရပ်၊ လှလှ ပပ ဝတ်စားထားတယ်။ ပေါင်မုန့်ဝယ်တယ်။ တစ်လုံး ငါးရာဆိုတော့ နှစ်ထောင်ဖိုး ငါးလုံး ထား ဆိုပြီး ဆစ်တယ်။ ဈေးသည်အမကြီးကလည်း သူဌေးချပေးတဲ့ ဈေးအတိုင်းရောင်းရတာပါ၊ မုန့် တွေကလည်းဈေးတက်တယ်ဆိုပြီး ဒေါ်လာဈေး၊ ဆီဈေး ကို ကိုးကားပြီး ငါးလုံးပေးလို့ မရ ကြောင်းရှင်းတမ်းထုတ်တယ်။ နောက်ဆုံးတော့ လေးလုံး နှစ်ထောင်နဲ့ပဲ ဝယ်သွားလေရဲ့။

ဈေးဝယ်နှစ်ယောက်ထွက်သွားတော့ အမကြီးက စကားဆက်တယ်။

အသားတင်ဈေးတက်တာမဟုတ်ဘူး။ ဟင်းသီးဟင်းရွက်လည်း တက်တာပဲ။ ကန်စွန်းရွက် တောင် အရင်က ငါးရာဖိုးနှစ်စည်း ၊ အခု တစ်ထောင်ဖိုး သုံးစည်းဖြစ်သွားပြီ။ ဟင်းမချက်နိုင်လို့ အသုပ် စုံ ကို ဟင်းလုပ်စားတော့လည်း အရင်က မုန့်ဖတ်သက်သက် အလွတ်တစ်ပွဲ ၃၀၀၊ အခု ၄၀၀၊ တို့ဟူးတွေ ဘာတွေထည့်ရင် အလွတ်တစ်ပွဲ ၅၀၀၊ အခု ၆၀၀၊ အကြော်ပါရင် အရင်က ၆၀၀၊ အခု ၇၀၀။ အကုန်တက်နေတာပဲ။

ဈေးသည်အမျိုးသမီးက ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းပဲ ပြောနေတော့ ကျွန်တော် ကြားဝင် ပြောဖို့ဖြစ်လာတယ်။ ကျွန်တော်က ကြေးမုံ နဲ့ မြန်မာ့အလင်းကို နေ့တိုင်းဖတ်နေတဲ့ အတွက် ဘာ့ကြောင့်ကုန်ဈေးနှုန်းတက်တယ်ဆိုတာကို ကမ္ဘာ့အရေး ၊ မြန်မာ့အရေးတွေနဲ့ ယှဉ်ပြီး ပြော တာ၊ ရေးတာတွေကို ဖတ်နေရတာကိုး။

ဒါ့ကြောင့် သူ့စကားကို ဖြတ်ပြီး “အမကြီးရဲ့၊ ကုန်ဈေးနှုန်းတက်တယ်ဆိုတာက ကျွန်တော်တို့ တစ်နိုင်ငံတည်းမဟုတ်ဘူး။ ယူကရိန်းစစ်ပွဲကြောင့် ရေနံဈေးက xx ”

ကျွန်တော့်စကား မဆုံးလိုက်ဘူး။ ဈေးသည်အမျိုးသမီး က ကြားဖြတ်ပြီး

“ ဦးလေးရဲ့ ၊ ကျွန်မကတော့ ကမ္ဘာကြီးကို မသိဘူး။ လှိုင်သာယာပဲ သိတယ်။ လှိုင်သာယာမှာ အကုန် ဈေး တက်တယ်။ ကျွန်မ လစာ မတိုးဘူး။ ယောက်ျား စက်ရုံကလည်း ပိတ်တော့မလိုလို ၊ အဲဒီ အလုပ်ပြုတ်ရင် ဘာလုပ်စားရမလဲမသိဘူး။ အလုပ်ကလည်း ရှားလိုက်တာ။ ဘယ်လို လုပ်မလဲ”

လို့ ပြောလိုက်တယ်။

အမျိုးသမီးရဲ့ ညာဖြောင့်လက်သီးချက်ကြောင့် ကျွန်တော် ဖင်ထိုင်ကျသွားတယ်။ ဘာလုပ်ရမှန်း၊ ဘာပြန်ပြောရမှန်းမသိဘူး။ ဒါနဲ့ နှုတ်ဆက်ပြီးထွက်ခဲ့တယ်။ ဒါပေမယ့် ပါးစပ်ကတော့

“ကမ္ဘာကြီးကို မသိဘူး။ လှိုင်သာယာ ပဲ သိတယ်” ဆိုတဲ့ စကားကိုပဲ ရွတ်နေမိတယ်။

ဘ၀ ရထား (၄ )

အင်းစိန်ကနေ မွန်းလွဲ ၁း၅၅ ထွက်တဲ့ ရထားကို ဈေးပြန်၊ ရုံးပြန်ရထား လို့ ခေါ်ရမယ်ထင် တယ်။ ဒီရထားမှာ တွေ့ခဲ့တဲ့ ခရီးသည်တွေကိုလည်း သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုးအစားက မနက်က ကျွန်တော်တို့လာတဲ့ ရထားနဲ့လိုက်လာပြီး ဒညင်းကုန်းမှာ ဈေးဝယ်ဖို့ ဆင်းနေခဲ့တဲ့ ဈေးသည်တွေ ပြန် လိုက်တာ၊ ဒုတိယအမျိုးအစားက မနက် ၆း၅၀ ထွက်တဲ့ အင်းစိန် – လှော်ကား – ရန်ကုန် ရထား နဲ့ လိုက်လာတဲ့ လှော်ကား၊ ရွှေပြည်သာဘက်က ဈေးသည်တွေ ကြားဘူတာတွေကနေ ပြန် လိုက် တာ။ တတိယအမျိုးအစားက ရုံးဝန်ထမ်းတွေပေါ့။ ကျွန်တော်တို့လို ကြားပေါက် ခရီးသည် ကတော့ နည်းပါတယ်။

အင်းစိန်က ထွက်တော့ ခရီးသည် နည်းနည်းပဲ။ အောင်ဆန်းဘူတာ ပြီး တညင်းကုန်း ဘူတာ ဝင် တော့ ဘူတာစင်္ကမြှာ နည်းတဲ့ လူအုပ်ကြီးမဟုတ်ဘူး။ တောင်းတွေ ပလုံးတွေ၊ လူတွေ။ ရထား က လည်း မိနစ်ပိုင်းပဲ ရပ်တာဆိုတော့ အမြန်တင်၊ အမြန်တက်ပဲ။ ပစ္စည်းတွေ ထွက်ကျလို့ လိုက် ကောက်ရတာလည်း ရှိတယ်။

တညင်းကုန်းဈေးသစ်ကြီးက ၂၀၁၈ ခုနှစ်မှာဖွင့်တာ။ ဈေးသည်တွေအပြောအရတော့ ဆိုင်ခန်း နှစ်ထောင်ကျော် လောက်ရှိသတဲ့။ လူသွားလမ်းတွေကျယ်တော့ ပစ္စည်းရွှေ့ရပြောင်းရတာလည်း လွယ် တယ်ဆိုပဲ။ ကျွန်တော့်ကိုတောင် တစ်ခေါက်လောက် လိုက်ကြည့်ဖို့ခေါ်နေသေးတယ်။

တညင်းကုန်းဈေးကို ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်း၊ မုန်လာဥ စတဲ့ ရှမ်းကုန်စိမ်းတွေ၊ ပျဉ်းမနား တပ်ကုန်းဘက်က ဟင်းသီးဟင်းရွက်တွေ လာတယ်။ ကျွန်တော်ပေါက်ခေါင်းသွားတဲ့ အချိန်က တွေ့ခဲ့တဲ့ ပုတီးကုန်း၊ သဲကုန်း ဘက်က ကုန်စိမ်းတွေလည်း ဝင်တယ်။ အညာက ကြက်သွန်၊ အာလူးတွေလည်း ဝင်တယ်။ ကားနဲ့လာတဲ့ ငှက်ပျောတွေကလည်း ဒီမှာပဲချတယ်။ ရန်ကုန် ပတ်ဝန်းကျင်က အသီးအနှံ၊ ပန်းတွေလည်း ဒီမှာပဲ ဂိတ်ဆုံးတယ်တဲ့။ သူတို့ရွတ်ပြတဲ့ အမျိုး အစား တွေက မနည်းမနောပဲ။

ရထားပေါ်မှာ ပစ္စည်းတွေနေရာချပြီးတာနဲ့ တစ်ချို့က ထမင်းစားတယ်။ တစ်ချို့က အချိန်ရခိုက် ဟင်းရွက်စည်းကြီးတွေကို ပြန်ခွဲပြီး စည်းတယ်။ တစ်ချို့ကတော့ သူ့ကုန်၊ ကိုယ့်ကုန်၊ သူဝယ်တဲ့ ဈေး၊ ကိုယ်ဝယ်တဲ့ဈေး တိုက်ဆိုင်စစ်ဆေးနေကြတယ်။ အားလုံး အလုပ်ရှုပ်နေတော့ မေးရမှာ တောင်အားနာနေရတယ်။ နောက်တော့မှ သွက်သွက် လက်လက် ရှိတဲ့ အမျိုးသမီး တစ်ယောက် က တညင်းကုန်းဈေးအကြောင်း၊ သူတို့လုပ်ငန်းလုပ်ပုံအကြောင်းရှင်းပြတယ်။

သူတို့ အုပ်စုက အလာရထားနဲ့ ကန်ဘဲ့က လိုက်လာတဲ့အဖွဲ့။ တစ်ရက်ခြားတစ်ခါ တညင်းကုန်းဈေးကိုလာတယ်။ အခု အိမ်ရောက်တာနဲ့ ဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေကို ပြန်သန့်၊ ကိုုယ်ရောင်းမယ့် အရွယ်အစားအတိုင်း ပြန်စည်းရတယ်။ မနက် နှစ်နာရီခွဲလောက် ထ ပြီး ပဲပြုတ်တယ်၊ကောက်ညှင်းပေါင်းတယ်။ အသီးအရွက်တွေ ပြင်ဆင်တယ်။ လေးနာရီခွဲ ၊ငါးနာရီ ဆို တွန်းလှည်းပေါ်တင်ပြီး ရောင်းတယ်။ နေတာကန်ဘဲ့၊ ရောင်းတာကတော့ မရမ်းကုန်း ဘက် အထိ ရောက်တယ်။ အသီးအရွက်တွေကတော့ ငါးရာဖိုး၊နှစ်ရာဖိုး ပုံရောင်း၊ စည်းရောင်း တာပေါ့။

ဈေးသည်အမျိုးသမီးက ရောင်းရမှ ငါးဆယ်၊ တစ်ရာ ပါးပါးလေးမြတ်တာပါ။ ရောင်းမကုန်လို့ လွှင့်ပစ်ရတာက ရှိသေးတယ်။ တစ်ခါတစ်လေ ပစ္စည်းက ဈေးတက်သွားပေမယ့် ဈေးဝယ်က မနေ့က ဈေးကို အသေမှတ်ထားတာ။ ဒီနေ့ဆိုရင် ပန်းဂေါ်ဖီက ဈေးတက်သွားပြီ။ မနက် ဖြန် ဘယ်လိုပြောရောင်းရမလဲ မသိဘူး လို့ ပြောရှာတယ်။

ကျွန်တော်က “ပစ္စည်းတွေ ဈေးကျသွားတော့ ရော ခင်ဗျားတို့က လေ ျှာ့ရောင်းလို့လား” လို့ စကား တောက်လိုက်တော့ “ခုခေတ်မှာ ဈေးကျတယ်ဆိုတာ ရှိသေးလို့လား၊အသားဆိုရင် အရင်က တစ်ထောင်ဖိုးဝယ်လို့ရတယ် ၊ အခုနှစ်ထောင်ဖိုးမှ ” ဆိုပြီး ပြန်ချေပ တယ်။ လူသုံးကုန် ပစ္စည်းတွေ ဈေးတက်နေပေမယ့် လူ့ အသက် တွေ တန်ဖိုးကျနေတာ သူတွေးမိပုံမရဘူး။ ကျွန်တော့်အဖွားက ဂျပန်ခေတ် နဲ့ ဂျပန်အပြေး အင်္ဂလိပ် အဝင် အချိန်အကြောင်းပြောတဲ့အခါ “ အားလုံးရှားပြီး အသက်တွေပဲ ဈေးပေါတဲ့ ခေတ်ပျက်ကြီး” လို့ ပြောလေ့ရှိတာ သတိရတယ်။

ဈေးသည်အမကြီးက ကန်ဘဲ့ကနေ မရမ်းကုန်းဘက်အထိ တစ်လမ်းဝင် တစ်လမ်းထွက် လှည်းတစ်စီး နဲ့ ရောင်းရတဲ့အကြောင်းပြောပြရင်း ကျွန်မတို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိရင် ဈေးဆစ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး လို့ ဆိုတယ်။ ကျွန်တော်က လိုင်းပေါ် တင်ပေးရ မလားဆိုတော့ ရေးသာရေး၊ ဒီမှာ ပိုသနားသွားအောင် ဈေးရောင်းတဲ့ ပုံပြမယ်ဆိုပြီး လှည်းတွန်းပြီး ဈေးရောင်းနေတဲ့ ဗီဒီယိုလေး ဖွင့်ပြတယ်။

ဝေဘာဂီ ၊ ဥက္ကလာ ဘူတာတွေက စပြီး ရွှေပြည်သာ၊ လှော်ကားပြန်မယ့် ဈေးသည်တွေ တက်လာ တယ်။ လှော်ကားဘက်က လာတဲ့ဈေးသည်တွေက ဖျာ၊ တံမြက်စည်း ရောင်းတဲ့သူ တွေများတယ်။ သူတို့က ဒိုင်ကနေ ပစ္စည်းယူရောင်းတာ၊ မကုန်ရင် ပြန်သွင်းလို့ရတယ်။ ရောင်းရရင် အမြတ်စား ပေါ့။ အမြတ်ဆိုတာကတော့ ရောင်းသူ၊ ဝယ်သူ အသံတူတဲ့ အပေါ် မူတည်ပြီး အနည်းအများတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်း တာ တစ်နေ့ ဖျာ ဘယ်နှစ်ချပ် ရောင်းရမလဲ၊ တံမြက်စည်း ဘယ်နှစ်ချောင်း ရောင်းရမလဲ။ မလွယ်လှဘူး။

သူတို့ အကြောင်းမေးချင်ပေမယ့် ရထားပေါ်မှာပစ္စည်းတွေ ချပြီးတာနဲ့ ခြေပစ်လက်ပစ် ထိုင် နေ၊ မှိုင်နေတာကို ကြည့်ပြီး မမေးရက်တော့ဘူး။ ရာသီဥတုကလည်း ပူ၊ အရောင်းအဝယ်ကလည်း ပါး လို့ လူရော၊စိတ်ပါ ပင်ပန်းနေတယ်ထင်တာပဲ။ အရောင်းအဝယ်ပါးတာကတော့ ပြောမနေနဲ့၊ ဘယ်အချိန်ရောင်းရောင်း ရောင်းလို့ရတဲ့ ကွမ်းယာသည် တောင် အရင်က တစ်နေ့ ကွမ်းရွက် သုံးပိဿာ ကုန်ရာကနေ တစ်ပိဿာ ပိုပိုလေးပဲ ကုန်တော့ တယ်တဲ့။ ရောင်းအား ၅၀% ကျတဲ့ သဘောပဲ။ အသွားမှာ တွေ့ခဲ့တဲ့ အထမ်းမုန့်သည်လေးတွေလည်း ပြန်တက်လာတယ်။ တွဲလောင်း ဆွဲထားတဲ့ မုန့်တွေ မမြင်ရလို့ အားလုံးကုန်သွားပြီလားလို့မေးတော့ တောင်းကို ဖွင့်ပြ တယ်။ တောင်းထဲမှာ ရောင်းမကုန်တဲ့ မုန့်ထုပ်တွေ။

ကန့်ဘဲ့ဘူတာကနေ ငှက်ပျောသီး အထမ်းသည်တစ်ယောက်တက်လာတယ်။ သူလည်း လှော်ကားကနေ လာရောင်းတာပဲ။ အရင်က မနက်အစောရထားရှိတော့ ကန်ဘဲ့ဈေး၊ ဘောက်ထော်ဘူတာဈေးတွေမှာထိုင်ရောင်းတယ်။ အခုတော့ ရထားက လှော်ကားကနေ မနက်ခုနှစ်နာရီကျော်မှ ထွက်တော့ မနက်ဈေးမမီတော့ဘူး ၊ ရပ်ကွက်ထဲလှည့်ရောင်းရ တယ်။

ငှက်ပျောသီးဆိုတာကလည်း တစ်ခါ ဝယ်ပြီး ရင် သုံးလေးရက်နေမှ ထပ်ဝယ်တဲ့အမျိုး၊ ဈေး ဆိုတာက လူပေါင်းစုံလာတော့ တစ်ယောက်မဟုတ် တစ်ယောက် ဝယ်သွားတာပဲ။ ရပ်ကွက် ထဲရောင်းတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဒီနေ့ ဒီရပ်ကွက်ရောင်းပြီးရင် နောက်နေ့ ရပ်ကွက် ပြောင်းရောင်းမှ ရောင်းအားကောင်းတယ်။ သူကတော့ ကန်ဘဲ့၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း ကို အမာခံထားပြီးရောင်းသတဲ့။

ငှက်ပျောသီးသည် က ငှက်ပျောချဉ်တစ်မျိုးပဲရောင်းတယ်။ ငှက်ပျောချဉ်က ဆီးချို၊ သွေးချို သမားပါ စားလို့ရတော့ ပိုရောင်းကောင်းတယ်တဲ့။ သူ့ရဲ့ ဈေးကွက်မဟာဗျူဟာပေါ့။ ငှက်ပျော ချဉ်တွေက လှော်ကားဈေးထဲက ယူရောင်းတာ။ နေတာက လှော်ကားရွာထဲမှာ အိမ်ငှားနေ တယ်။ ဇာတိကတော့ ဧရာဝတီတိုင်း ဘိုကလေးဘက်က ၊ နာဂစ်ပြီးထဲက ရန်ကုန်ရောက်လာတာ။ သူတို့ ရောက်စက အိမ်လခ ငါးထောင်၊ ခြောက်ထောင်၊ အခုတော့ ရှစ်သောင်း၊ တစ်သိန်းဖြစ်နေပြီတဲ့။

ကြားဘူတာတွေက တက်တဲ့အထဲမှာ ပစ္စည်းအဟောင်းသမားတွေလည်း ပါတယ်။ သူတို့က မနက်ကို ဘတ်စ်ကားနဲ့လာ၊ ရပ်ကွက်တွေထဲ လေ ျှာက်ဝယ်၊ အပြန်ကျတော့ ရထားနဲ့ ပြန် ပေါ့။ အဟောင်းသမားတွေထဲမှာ မွေ့ရာအဟောင်းဝယ်တဲ့သူတွေ အတော်များတယ်။ အထဲက မှို့ထုတ် ပြီး မွေ့ရာအသစ်ချုပ်တဲ့သူတွေကို ပြန်ရောင်းတယ်တဲ့။ ဒီလူတွေက သီရိမြိုင်၊ အုတ်ကျင်း ၊ သမိုင်း ဘက်ကို ပြန်မယ့်သူတွေ။ သူ့တို့အလုပ်ကလည်းမလွယ်ဘူး။ မွေ့ရာအဟောင်းထဲက မှို့ အကောင်းဘယ်လောက်ရနိုင်မလဲ၊ ရေ စိုထားတာ၊ စွန်းထင်းတာတွေနဲ့ အပျက်ဘယ်လာက်ရှိနိုင် သလဲဆိုတာ ခန့်မှန်းပြီးမှ ဈေးဖြတ်ရတာ။ ကျွမ်းကျင်ရာလိမ္မာပဲ။

ရန်ကုန်ဘူတာကြီးကို ညနေ ၄း၁၅ မှာရောက်တယ်။ ရုံးဝန်ထမ်းတွေတက်တာများမယ် ထင်ပေ မယ့် နည်းတယ်။ ရထားချိန်က ရုံးဆင်းချိန်ထက် စောနေတာကြောင့်ဖြစ်မယ်။ ဒါပေမယ့် အခု ရထားက နောက်ဆုံးမြို့ပတ်ရထားပဲ။ လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်ဘူတာကြီးကနေ ဒီ အချိန်ထက် နောက်ကျပြီး ထွက်လို့မရဘူးတဲ့။ အခြေခံလူတန်းစားတွေ ဘတ်စ်ကားလေး၊ ရထားလေးတော့ အေးအေးချမ်းချမ်းစီးစေချင်မိတယ်။

ဒီလိုပြောရင်လည်း သူ့ကြောင့်၊ ငါ့ ကြောင့် ဆိုပြီး ကျွန်တော့်စာအောက်မှာ အပြန်အလှန် ငြင်းခုန်ကြဦးမယ်။ မငြင်းကြနဲ့ မိတ်ဆွေတို့၊ ပေါက် ပင် ဘာ့ကြောင့်ကိုင်းရတယ်ဆိုတဲ့ ကဗျာ သာ ရွတ်ဆိုပါလေ။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ အကြောင်းတရားကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရဘဲနဲ့ အကျိုးတရား ကို ငြင်းခုန်နေလို့ အဖြေမရနိုင်ပါဘူး။

ကျွန်တော်တို့က ဘူတာကြီးမှာ မဆင်းဘူး။ ရှမ်းလမ်းဘူတာအထိ ဆက်စီးတယ်။ ဘူတာကြီး က ထွက်တော့ ဘုရားလမ်းဘူတာရောက်တယ်။ ဘုရားလမ်းဘူတာက ရုံးပိတ်ရက်ဆိုရင် ရွှေတိဂုံ ဘုရားဖူးလာတဲ့၊ ပြည်သူ့ရင်ပြင်ကိုလာတဲ့၊ ကန်တော်ကြီးကို ခြေဆန့်တဲ့ မိသားစုတွေ ၊ လူငယ် လေးတွေနဲ့ စည်ကားလေ့ရှိတဲ့ဘူတာပေါ့။ ဘုရားလမ်းပြီးတော့ လမ်းမတော် ဘူတာ၊ ပြည်လမ်း ဘူတာ၊ နောက်ဆုံး ရှမ်းလမ်းဘူတာ ရောက်တော့ ခရီးဆုံးပြီ။ ခရီးဖော်တွေကို နှုတ်ဆက်ပြီး ဆင်း လိုက်တယ်။

ရထားဆက်ထွက်သွားတယ်။ ဘူတာစဉ်ဖြတ်ပြီး အင်းစိန်ကို ပြန်ရောက်မယ်။ ခရီးတွေအကြာကြီး သွားပေမယ့် စထွက်တဲ့နေရာမှာပဲ ခရီးဆုံးရတာ မြို့ပတ်ရထားရဲ့ သဘာဝပဲ။ ဒါပေမယ့် လူတွေ အတွက်ဆိုရင်တော့ လုပ်ငန်း တစ်ခုကို ဆယ်စုနှစ်တစ်ခုလောက်ကြိုးစားပြီး မူလ စခဲ့တဲ့ နေရာကို ပြန်ရောက်သွားရင် သဲထဲ ရေသွန် ဖြစ်တာပဲ။ မူလနေရာထက် ပိုဆိုးတဲ့နေရာရောက်ရင်တော့ ပြောစရာမကျန်တော့ဘူး။

ပြီးပါပြီ

တညင်းကုန်းဘူတာ
တညင်းကုန်းဘူတာ
တညင်းကုန်းဘူတာ
တစ်လမ်းဝင် တစ်လမ်းထွက် ဈေးရောင်းရတာ ပင်ပန်းတဲ့ အကြောင်း ဗီဒီယို နဲ့ ရှင်းပြနေပုံ
ကုန်စိမ်းသည်တွေ
ကုန်စိမ်းသည်တွေ
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
ရထားမီ ဖို့ အပြေးအလွှား
ဈေးသည်ကြီးတို့ အိမ်ပြန်ချိန်၊ ပင်ပန်းလို့ အိပ်တဲ့သူ၊ မနက်ဖြန် အတွက် တွေးတဲ့သူ၊ အတွေ့အကြုံဖလှယ်တဲ့သူ
အမှိုက်ထဲက ရွှေ
ရောင်းအားကျနေတဲ့ ကွမ်းယာ

၀တၳဳတိုုဆရာ

ဆရာ ဖေမြင့် ဟာ ကျွန်တော် လေးစားရတဲ့ စာရေးဆရာပါ။ လူအများ စုက သူ့ကို ဘာသာပြန် ဆရာ၊ တက်ကျမ်းဆရာလို့ ပဲသိပြီး တကယ်တော်တဲ့ ဝတ္ထုတိုဆရာ ဆိုတာကို မေ့နေကြ တယ်။

ကျွန်တော် ပြန်ကြားရေး ဒုဝန်ကြီး၊ ဝန်ကြီးတာဝန်ယူရတော့ စာနယ်ဇင်း လွတ်လပ် ခွင့်၊ သတင်းမီဒီယာကောင်စီ ဥပဒေ၊ ပုံနှိပ် ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ တွေနဲ့ပတ်သက်ပြီး ဆရာဖေမြင့် နဲ့ အစည်းအဝေးခန်းထဲမှာ ၊ မီဒီယာ တွေပေါ်မှာ အကြိမ် ပေါင်းများစွာ အပြန်အလှန် ဝေဖန်၊ ငြင်းခုန် ခဲ့ကြရတယ်။

ဒါပေမယ့် တစ်ခြားအချိန်မှာတွေ့ရင်တော့ စာပေနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးပြောဖြစ်တယ်။ ပုဂ္ဂိုလ် ရေး ခင်မင်ရင်းနှီးမှုရှိသလို အပြန်အလှန်လေးစားမှုလည်း ရှိတယ်။

သူ ပြန်ကြားရေးဝန်ကြီးဖြစ်သွားတော့ ကျွန်တော်က အင်န်အယ်လ်ဒီအစိုးရရဲ့ မူဝါဒတွေကို ဝေဖန် သူဖြစ်လာတယ်။ နေရာပြောင်းသွားတာပေါ့။ အင်န်အယ်ဒီအစိုးရရဲ့ ပြန်ကြားရေးဆိုင်ရာမူဝါဒ နဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ စာတွေအများကြီးရေးခဲ့တယ်။

ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်ကြား ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုနဲ့ လေးစားမှုကတော့ ပျက် မသွားဘူး။ တွေ့ဆုံ ဖြစ်တဲ့အခါတိုင်း ရင်းရင်းနှီးနှီး စကားပြောဖြစ်သလို ကျွန်တော် ပြုစုတဲ့ စာအုပ်တွေ အတွက်လိုအပ် တဲ့ အထောက် အထား တွေ၊ သတင်းဓာတ်ပုံတွေကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ရှာဖွေခွင့်၊ အသုံးပြုခွင့်ပေးခဲ့တယ်။

တစ်ချိန်မှာတော့ ဆရာဖေမြင့် ဝတ္ထုတို အသစ်တွေ၊ ဘာသာပြန်စာပေတွေ ပြန်ရေးနိုင်မယ်လို့မေ ျှာ်လင့်ပါတယ်။

ဘ၀ ရထား (၃)

အင်းစိန်ကို ရောက်တော့ မနက် ၁၁ နာရီ။ မူလ အစီအစဉ်ကတော့ အင်းစိန်ကနေ YBS စီးပြီး ပြန်ဖို့ပဲ။ ဒါပေမယ့် ဘူတာမှာ စုံစမ်းလိုက်တော့ ကျွန်တော်တို့ စီးလာတဲ့ ရထားက မွန်းလွဲ တစ်နာရီ ငါးဆယ့်ငါးမိနစ်မှာ အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန် ပြန်ထွက်မယ်ဆိုတာနဲ့ အဲဒီရထားနဲ့ ပြန်ဖို့ ဆုံး ဖြတ်လိုက်တယ်။ ဒါဆိုရင် ဒညင်းကုန်းဈေးက ဈေးဝယ်ပြန်လာတဲ့ ဈေးသည်တွေနဲ့လည်း ဆုံပြီး ဈေးအခြေအနေလေးမေး လို့ရမယ်။

အင်းစိန်ဘူတာရုံကတော့ အရင်အတိုင်းပါပဲ၊ ရထားလမ်းတွေ၊ စင်္ကြတွေကတော့ အဆင့်မြှင့်ထား တယ်။ ဘူတာရုံတွေကို မြင်ရင် ကြုံခဲ့ဖူးတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေကို သတိရတယ်။ တစ်ခါကတော့ ဘူတာရုံ သာယာလှပရေးဆိုပြီး ဘူတာရုံပတ်ဝန်းကျင်တွေမှာ ပန်းအလှပင်တွေ စိုက်ခိုင်း၊လူကြီးလာရင်ပန်းခြံစစ်တဲ့ခေတ်လည်းရှိခဲ့တယ်။ ပန်းပင်တွေ စိုက်ခိုင်းပေမယ့် ဟောင်းနွမ်း ညစ် ပတ်နေတဲ့ ဘူတာရုံ ရုံးခန်းတွေ၊ နားနေ ဆောင်တွေ၊ အိမ်သာတွေ အတွက် တော့ ဘတ်ဂျက် ချမပေးဘူး။ ဒီလို နဲ့ ဘူတာရုံလေးတွေဟာ မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ xxx ဆိုသလို ဖြစ်ခဲ့ ရတယ်။

ကြက်ဆူခေတ်ရောက်တော့ ကျွန်တော်တို့ တပ်ရင်းတွေ စိုက်ရသလို အရပ်ဘက် ဌာနတွေလည်း မလွတ်ဘူး။ ဘူတာရုံလေးတွေလည်း ပန်းခြံကို ခဏမေ့ပြီး ဘူတာအဝင်အထွက် ရထားလမ်းဘေး နေရာလွတ်တွေမှာ ကြက်ဆူပင်တွေစိုက်၊ ဆိုင်းဘုတ်တွေထောင်ရပြန်ရော။ အဲဒီအချိန်က ဘူတာ ရုံပိုင်တွေဆီက ရုံးချုပ်ရဲ့ ကြက်ဆူစိုက်ပျိုးမှု စစ်ဆေးရေး အရာရှိတစ်ယောက် သူ တို့အခေါ် ကြက်ဆူဗိုလ်ကြီးလာ စစ်တဲ့ အကြောင်းကြားခဲ့ဖူးတယ်။ ဒါပေမယ့် ရထားလမ်းဘေးမြေဆိုတာ မြေဆီ မြေနှစ် မရှိတော့ ဘူတာရုံနားက ကြက်ဆူပင်တွေ မသုံးလုံး (မကြီး၊ မသီး ၊ မသေ) ကြက်ဆူ ပင်တွေ အဖြစ်နဲ့ပြီးသွားတာပဲ။ နောက်ဆုံး ကြက်ဆူခေတ်ကုန်မှပဲ ဘူတာလေးတွေလည်း သက် သာ တော့ တယ်။

ဘူတာ ခြံစည်းရိုးဘေးက ထမင်းဆိုင်လေးမှာ ထမင်းစားပြီးတော့ ဘူတာပတ်ဝန်းကျင်နဲ့ အင်းစိန် ဈေးဘက်ကို လှည့်ပတ်သွားတယ်။ လမ်းမပေါ်က ကားတွေ၊ ဆိုင်ခန်းတွေကို ကြည့်ရင်း နေပြည် တော်မှာ အနေများတဲ့ မိတ်ဆွေတစ်ယောက်ကို သတိရတယ်။ တစ်လောက သူ ရန်ကုန် ရောက် လာတော့ ကျွန်တော့်ကို “ မင်းတို့က စီးပွားရေးကျပ်တယ်သာပြောတာ စားသောက်ဆိုင်ကြီးတွေ၊ ဘီယာဆိုင်တွေ၊ ဘားတွေမှာ လူတွေပြည့်နေတာပဲ၊ ဆီဈေးကြီးတယ်သာပြောတယ်။ မြို့ထဲမှာ လည်း ကားတွေများ၊လမ်းတွေပိတ်နေတာပဲ” လို့ ပြောတယ်။

ဒါနဲ့ ကျွန်တော်က “ ရန်ကုန်တိုင်းမှာ လူဦးရေ ခုနှစ်သန်းကျော်၊ ရန်ကုန်မြို့ပေါ်မှာ လူငါးသန်းကျော် ရှိတယ်။ ငါးသန်းပဲ ထားပါ။ စားသောက်ဆိုင်တွေ၊ဘားတွေမှာ ပျော်နိုင်သူ ဘယ်လောက်ရှိမလဲ၊ အလုပ်ကြောင့်မဟုတ်ဘဲ ပျော်လို့ ကားလေ ျှာက်မောင်းနေတဲ့သူ ဘယ်လောက်ရှိမလဲ။ ငါးသိန်း ရှိတယ်ဆိုရင်တောင် ကျန်တဲ့ လေးသန်းခွဲ ဘယ်လိုနေထိုင်ရုန်းကန်နေရလည်း သိအောင်လုပ်ပါဦး၊ တစ်နိုင်ငံလုံးဆိုရင်တော့ ပြောမနေနဲ့တော့။ မချိသွားဖြဲ ကို ပြုံးနေတယ် မထင်နဲ့” လို့ ရှင်းပြ လိုက်တယ်။ ဘာမှတော့ ပြန်မပြောဘူး။ ဒါပေမယ့် ခပ်စိမ်းစိမ်းပဲ နေပါ့မယ်ဖြစ်သွားလေရဲ့။

ခုံးကျော်တံတားအောက်က ဂျပန်ဈေးကို ဖြတ်၊ လမ်းမကြီးပေါ်ရောက်တော့ အင်းစိန် စက်ခေါင်း စက်ရုံဘက်ကို သွားတဲ့ လမ်းထဲကို ချိုးဝင်လိုက်တယ်။ လမ်းနာမည်ကတော့ ဘာလဲမသိဘူး။ ရပ်ကွက်ကတော့ ပိန္နဲကုန်းရပ်ကွက်လို့ ဆိုင်းဘုတ်ရေးထားတာတွေ့တယ်။

လမ်းထိပ်ဘယ်ဘက်အခြမ်းမှာ မီးရထားဆေးရုံရှိတယ်။ ဆေးသုတ်မွမ်းမံထားတယ်။ ကျွန်တော် ဓာတ်ပုံရိုက်နေတာမြင်တဲ့ သူတစ်ယောက်က ဝန်ကြီးလာစစ်ပြီး ဆူသွားလို့ ဆေးသုတ်တာ၊ အရင်က ဒီလို မဟုတ်ဘူး လို့ လှမ်း ပြောပြီး ဆေးရုံအကြောင်းစကားဆက်သွားတယ်။ အခုနောက်ပိုင်း ခရီးတွေ သွားတဲ့အခါ သတိ ထား မိတာ က လူအတော်များများမှာ ပြော ချင်တာတွေ ရင်နဲ့ အပြည့်ရှိနေပြီး စကားစပ်မိတာနဲ့ ကက်ဆက် ခလုတ်နှိပ် လိုက်သလို အဆက်မပြတ်ပြောတော့တာပဲ။ အရင်ကတော့ မီးရထား ဆေးရုံ ဆိုတာ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းရော၊ အငြိမ်းစားဝန်ထမ်းတွေပါ အားကိုးရတဲ့ ဆေးရုံပါ။ အခု လည်း အဲဒီအတိုင်းဖြစ်မယ်ထင်ပါတယ်။

ဆေးရုံရှေ့ ကားလမ်းဘေးသစ်ပင်တစ်ပင်မှာ “ ဆင်းရဲသူများ ကယ်တင်ရေးအဖွဲ့၊ အိမ်ငှားနေသူ၊ အိမ်လခမတတ်နိုင်သူများအား အခမဲ့ နေထိုင်ခွင့်ပေးမည်။ ရေ/ မီးအစုံ ( ငွေလုံးဝမယူပါ )ဆိုတဲ့ ကြော်ငြာတွေ့တယ်။ ဖုန်းနံပါတ်လည်း ရေးထားတယ်။

ပိန္နဲကုန်းလမ်း ဘယ်ဘက်အခြမ်းက မီးရထားပိုင်မြေပဲ။ အဲဒီမြေပေါ်မှာ မီးရထားက ငှားရမ်းထားတဲ့ ဆိုင်ခန်းတွေ အပြည့်၊ ဆိုင်ခန်းတွေကြားက လမ်းသွယ်လေးထဲကို လှမ်းကြည့်လိုက်ရင် မီးရထား ဝန်ထမ်းအိမ်ယာတွေကို လှမ်းမြင်ရတယ်။ မြန်မာ့မီးရထားက အရပ်ဘက်ဌာနတွေထဲမှာ ဝန်ထမ်း အိမ်ရာအများဆုံး ဌာနတစ်ခုဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဝန်ထမ်းအိမ်ရာအများစုက သက်တမ်း ကုန်နေပါပြီ။ နောက်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်လည်း မလုံလောက်တော့ ( အထူးသဖြင့် အောက် ခြေဝန်ထမ်း) အိမ်တွေက ဖာထေးပြီး နေရတာများတယ်။ ရန်ကုန်မြို့မှာ အဆောက်အဦ အိုအို၊ အခန်း ကျဉ်းကျဉ်းနဲ့ ရထားဝန်ထမ်းလိုင်းတွေ အတော်များ တယ်။ နှစ်ထပ်အိမ်အို မည်းမည်း ကြီးတွေမှာ မိသားစု သုံးလေးစု ပေါင်းပြီးနေတာလည်း မြင်ဖူး တယ်။ သိမ်ဖြူရထားလိုင်း ဆိုရင် လူတွေ ရှုပ်ထွေး ကျဉ်းကျပ်တဲ့နေရာမှာ နာမည်ကြီးပေါ့။ တစ်ချို့ဘူတာတွေမှာတော့ အဆောက် အဦသစ်တွေ တွေ့ပါရဲ့။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ။

ဆိုင်ခန်းတွေဆုံးတော့ “စက်ခေါင်းစက်ရုံ အင်းစိန်” ဆိုတဲ့ ဆိုင်းဘုတ်တွေ့တယ်။ အဲဒီလမ်းအတိုင်း လေ ျှာက်ဝင်လာတော့ ညာဘက်အခြမ်းမှာ ရိပ်သာအဆောက်အဦ၊ ပြီးတော့ “အင်းစိန် စက်ခေါင်း စက်ရုံ လုပ်သားများ စာကြည့် တိုက်” ဆိုတဲ့ အဆောက်အဦတစ်ခုတွေ့တယ်။ အဆောက်အဦက အတော်ကြီးတယ်။ ဝင်းတံခါး ရော၊ အဆောက်အဦ အဝင်တံခါးရော သော့ခတ်ထားတယ်။ အတွင်း မှာ လည်း မှောင်မဲလို့၊ အပြင်က ကြည့်ရသလောက် စာအုပ် ဘီဒိုတွေဘာတွေတော့ မတွေ့ရဘူး။ အဝင်တံခါးအပေါ်မှာတော့ “ အင်းစိန်မြို့နယ် ၊ ဈေးကုန်း (အရှေ့ရပ်ကွက်) ၊ မဲရုံအမှတ်(၅) ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတယ်။

ဖြတ်သွားတဲ့ ဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ စာကြည့်တိုက် ပိတ်ထားတာ ဆယ်နှစ် ကျော်သလိုလို၊ စာအုပ်တွေကို ရုံးမှာပဲ သိမ်းထားသလိုလို ဝေေ၀ဝါးဝါး ပြောတယ်။ လမ်းစဉ် ပါတီ ခေတ် ကျွန်တော်တို့ ကျောင်းသားဘဝကတော့ အင်းစိန် စက်ခေါင်းစက်ရုံ မှာ စာပေဟောပြောပွဲ တွေ လုပ်ဖူးတယ်လို့ မှတ်မိတယ်။ အစဉ်အလာကြီးတဲ့ စာကြည့်တိုက် တွေ ပျောက်မသွား စေချင် ဘူး။

မန္တလေး မီးရထားဝင်းထဲမှာလည်း ဆရာကြီး ရွှေဥဒေါင်း စာကြည့်တိုက်ဆိုတာ ရှိတယ်။ ဆရာကြီးရဲ့ ကိုယ်တစ်ပိုင်း ရုပ်တုလည်း ရှိတယ်။ ကျွန်တော်ဝန်ကြီးဘ၀ မန္တလေးရောက်တော့ စာကြည့်တိုက်ကို သွားကြည့်ပြီး အဆောက် အဦပြင်ဖို့ လိုတာကို ကူညီခဲ့ဖူးတယ်။ အဲဒီမှာလည်း တစ်ချိန်က စာပေ ဟောပြောပွဲတွေ အကြီးအကျယ်လုပ်ခဲ့ဖူးတာပဲ။

စာကြည့်တိုက်ကို ကျော်လာတော့“ မြန်မာ့မီးရထား အင်းစိန် ရေကူးကန် နံနက်(8) မှ ညနေ (6) နာရီထိ ” ဆိုပြီး မြန်မာ- အင်္ဂလိပ် ရောရေးထားတဲ့ အဆောက်အဦတစ်ခုတွေ့တယ်။ ကျွန်တော် ရောက်တာ ရုံးဖွင့်ရက် ဖေဖော်ဝါရီ ၂၄ နေ့လယ် ၁၂ နာရီ ကျော်ကျော်ပဲရှိသေးပေမယ့် သော့ခတ် ပိတ်ထားတယ်။ ကိုဗစ် ကြောင့် လိုလို၊ ကလေးတစ်ယောက်ရေနစ်ဆုံးသွားလို့ ပိတ်ထားရသ လိုလိုပဲ။ တိတိကျကျ ပြောနိုင်သူနဲ့ တွေ့ခွင့်မရတော့လည်း လိုလိုနဲ့ပဲ ပြီးသွားတာပေါ့။

ရေကူးကန်ကျော်တော့ နှစ်ထပ်အဆောက်အဦတစ်ခု၊ “ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ ( အင်းစိန်) လို့ ဆိုင်းဘုတ်တင်ထားတယ်။ သံဘာဂျာတံခါးကို စိထားပြီး အပြင်မှာ ဝန်ထမ်း တစ်ယောက်၊ အထဲမှာ တစ် ယောက်ထိုင်နေတယ်။ လှုပ်ရှားမှုမရှိသလောက်ပဲ။ ထမင်းစားနား ချိန်ဖြစ်လို့ များ လားမဆိုနိုင်ဘူး။

တကယ်တော့ စက်ခေါင်းစက်ရုံက စက်မှုလုပ်ငန်းမှာ အစဉ်အလာကြီးတဲ့ စက်ရုံကြီးပါ။ လမ်းစဉ် ပါတီခေတ်ရော၊ နဝတ ခေတ် အစောပိုင်းမှာပါ အင်းစိန် စက်ခေါင်းစက်ရုံက အခြား စက်မှုကဏ္ဍ တွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ပါ တီထွင် ထုတ်လုပ်ပေးတဲ့ သတင်းတွေ ဖတ်ခဲ့ရဖူးတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေလိုအပ်တဲ့ပစ္စည်းတွေ ပြောရင် ထုတ်လုပ် ပေးမယ်လို့တောင် ကြော်ငြာ ခဲ့ဖူးတယ်။ အဲဒီအချိန်က တီထွင်ထုတ်လုပ်မှုတွေကို ဦးဆောင်ခဲ့တဲ့ အင်ဂျင်နီယာက ဦးခင်မောင် သွင် လို့ ထင်တာပဲ၊ အမှန်သိသူများ မှတ်ချက်ရေးပြီး ပြင်ပေးကြပါ။

စက်ရုံအဆောက်အဦပြီးတာနဲ့ စက်ရုံဝင်းဆုံးပြီ။ စည်းရိုး အုတ်တံတိုင်းပေါ်မှာ လူကူး တံတား တစ်ခုရှိတယ်။ အဲဒီပေါ်ကနေ တဆင့် ဘူတာဘက်ကို ပြန်လာခဲ့တယ်။ တံတားပေါ်က ကြည့် လိုက်တော့ စက်ရုံရော၊ ဘူတာပါ တိတ်ဆိတ်ငြိမ်သက်လို့။ သံလမ်းတေ လ ျှာက်မှာတော့ နေပူရှိန် ကြောင့် တံလ ျှပ်တွေ လက် လက် ထနေတယ်။ တံလ ျှပ်ကို ရေထင်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ခုခေတ်မှာတော့ တံလ ျှပ်ကို ရေဆိုပြီး လှည့်စားလို့မရတော့ဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

ဝန်ထမ်းအိမ်ရာသွားတဲ့ လမ်းကြားလေး

ဘ၀ ရထား (၂)

ရထားစထွက်တာနဲ့ သတိထားမိတာက ရထားလမ်းရဲ့ အရည်အသွေးပဲ။ အရင်ကတော့ စာပို့ပဲ စီးစီး၊ အမြန်ရထားပဲ စီးစီး၊ မြို့ပတ်ရထားပဲစီးစီး ရထားစီးရတာက မြင်းစီးရသလိုပဲ။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ အဆိုးဆုံးက မြစ်ကြီးနားရထားပဲ။ အထက်အောက်လည်း ခုန်တယ်၊ ဘေးတိုက်လည်း ရမ်းတယ်။

ကျွန်တော့်အကြီးအကဲတစ်ယောက်၊ လူကလည်း ခပ်၀၀ ၊ မြစ်ကြီး နားရထားစီးတော့ “ငါအိပ်ရင်းနဲ့ ကြည့်နေတယ်ကွ၊ ငါ့ဗိုက်က အထက်အောက်လည်း လှုပ်တယ်။ ဘေးတိုက်လည်း လှုပ်တယ်။ ခဏနေတော့ ထမင်းဆာ လာရော” လို့ ပြောဖူးတယ်။ နောင် ကျွန်တော်တို့တပ်ရင်း ဆားမှော်ဘက်မှ ကျောက်ထုတ်ပြီး မြန်မာ့မီးရထားကို သွင်းရတဲ့ အချိန်ရောက်တော့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက တွဲဆိုင်းတွေ အိုလာတာရယ်၊ ရထားလမ်း ဇလီဖားတုံးတွေ သက်တမ်း ကုန်နေတာ ရယ်၊ ကျောက်မရှိတာရယ် သုံးမျိုးပေါင်းလိုက်လို့ အဲဒီလိုဖြစ်တာလို့ ရှင်းပြဖူး တယ်။

အခုတော့ ရထားလမ်းက ကွန်ကရိဇလီဖားတုံးတွေလဲထားတယ်။ ကျောက်ကလည်း အပြည့် ထည့်ထားတယ် ဆိုတော့ ကျွန်တော်တို့လို ခရီးသည် လူပြိန်းအမြင်နဲ့တောင် အသစ်လိုဖြစ် နေတယ်။RBE တွဲတွေကလည်း ဂျပန်ကျ ဆိုပေမယ့် ဂျပန်ကျ ကားလိုပဲ မြန်မာနိုင်ငံအတွက်တော့ အတော်ကောင်းသေးတာပေါ့။ လမ်းအရည်အသွေးနဲ့ တွဲအရည်အသွေးပေါင်းလိုက်တော့ မြင်းစီး သလို ခုန်ပေါက် မစီးရတော့ဘူး။ သက်တောင့်သက်သာရှိတယ်။ အဲ ပန်ကာတွေလည်း အလုပ် လုပ်တော့ အပူဒဏ်လည်း သက်သာတာပေါ့။ လက်ရှိအခြေအနေမှာတော့ ဒီလောက် အခြေ အနေလေးနဲ့ ရထားများများ၊ အချိန်မှန်မှန် ပြေးနိုင်ရင်ကို အောက်ခြေလူတန်းစားနဲ့ ရုံးဝန်ထမ်း တွေအတွက် အဆင်ပြေနေပါပြီ။ မိုးပျံတွေ၊ မြေအောက်တွေကတော့ ဆောက်ဖြစ်မှ ကျောင်း တကာ ပါလေ။ လ ျှပ်စစ်ရထားကတော့ အိမ်က ထမင်းပေါင်းအိုးတောင် မီးပျက်လို့ ပျော့ မနပ် ဖြစ်နေတဲ့အချိန်မှာ မတွေးဝံ့ပါဘူး။

ရထားလမ်းတွေ အသစ်လို ပြောင်းလဲသွားပေမယ့် ဘူတာအိုလေးတွေကတော့ မပြောင်းလဲ သေးဘူး။ ဘူတာစင်္ကြတွေကတော့ အတော်ပြင်ထားတယ်။ အရင်လို တွဲပေါ်ကနေ လေထီး ခုန်သလို ခုန်ချဖို့မလိုတော့ဘူး။ ရထားဆက်သွယ်ရေးစနစ်နဲ့ လမ်းကြောင်းထိန်းသိမ်းတဲ့ စနစ် ကို အဆင့်မြှင့်ဖို့ လုပ်ငန်းတွေဆက်လုပ်နေတာမြင်ခဲ့ရတယ်။ လမ်းဘေးမှာ လိမ္မော်ရောင် ပိုက်လိုင်းတွေ၊ စက်ခလုတ်ခုံတွေ၊ ကြိုးခွေတွေပုံထားတာတွေ့ရတယ်။ ၂၀၂၁ နှစ်ထဲမှာ တပ်ဆင်ပြီး ကေဘယ် ကြိုးတွေ ဖြတ်ခိုးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်းကြားခဲ့ရတယ်။

ရထားလမ်းဝဲယာမြင်ကွင်းကလည်း မပြောင်းလဲပါဘူး။ ကန်စွန်းခင်းတွေရှိတယ်။ အမှိုက်ပုံတွေရှိ တယ်။ ကန်စွန်းခင်းတွေ၊ အမှိုက်ပုံတွေဘေးမှာ ပလတ်စတစ်စတွေ၊သွပ်ပြားအတိုတွေနဲ့ မိုးထား တဲ့ ခနော်ခနဲ့ တဲလေးတွေရှိတယ်။ မဲမှောင်နောက်ကျိ ပလတ်စတစ်အမှိုက်တွေနဲ့ ရေမြောင်းကြီး တွေ ရှိတယ်။ ရထားမြေပေါ်မှာ ကျူးကျော်တာလား ၊နားလည်မှုနဲ့နေတာ လားမသိနိုင်တဲ့ အိမ်သေးသေးလေးတွေရှိမယ်။ အိမ်တစ်အိမ်ရဲ့ အိမ်သာက နောက်တစ်အိမ်ရဲ့ အိမ် ရှေ့ဖြစ်တာလည်း ရှိတယ်။ အိမ်သုံးလေးအိမ်က မိလ္လာပိုက်တွေက မိလ္လာကျင်းတစ်ကျင်းထဲကို စုပြုံ ထည့်ထားတာလည်း ရှိတယ်။ တစ်ချို့နေရာတွေမှာတော့ သေသေသပ်သပ် စိုက်ထားတဲ့ စိုက်ခင်း လေးတွေ တွေ့ရတယ်။

ပြန်ကြားရေးမှာ ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့ချိန်က ရန်ကုန် မြို့ပတ်ရထားလမ်း ဝဲယာ သာယာ လှပရေးနဲ့ပတ်သက်တဲ့ သတင်းတွေ အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်။ ရထားတွဲပေါ်မှာ ကနုတ်ပန်း နဲ့ကျွန်းဆက်တီကြီးတင်ပြီး ရထားလမ်းသာယာလှပရေး လိုက်လံစစ်ဆေးတဲ့ သတင်းဓာတ်ပုံ တွေလည်း မြင်ခဲ့ရတယ်။ နောက်အစိုးရလက်ထက်မှာလည်း ပြောသံကြားရသေးတာပဲ။ ဒါပေ မယ့် ရထားလမ်းဘေး မြင်ကွင်းကတော့ အပြောင်းအလဲမရှိသလောက်ပဲ။ ရထားလမ်းသာယာလှပရေး ကို ရထားလမ်းဘေးမှာ နေထိုင်သူတွေရဲ့ ဘ၀ သာယာလှပရေး နဲ့ တွဲပြီး မလုပ်နိုင်သရွေ့ ဒီလိုပဲ ဖြစ်နေဦးမှာပဲ။

ဘောက်ထော်ဘူတာရောက်တော့ မုန့်သည်တွေဆင်းသွားတယ်။ ကန်ဘဲ့ဘူတာရောက်တော့ ဈေးသည်တွေတက်လာတယ်။ ကန်ဘဲ့ကနေ မင်္ဂလာဒုံဈေးအထိက ဈေးသည်တွေ တက်လိုက် ဆင်းလိုက်ပဲ။ မြို့ပတ်ရထားက မြို့တစ်ပတ်စီးမှ နှစ်ရာ၊ ကြားကဖြတ်စီးရင် တစ်ရာ၊ တောင်း တွေ၊ ပလုံးတွေ၊အထမ်းတွေ တင်ရင်လည်း တန်ဆာခ က အလွန်နည်းတော့ အခြေခံလူတန်းစားဈေး သည်တွေရဲ့ အားကိုးရာဖြစ်နေတာပေါ့။ ရုံးဝန်ထမ်းတွေကတော့ အခု အချိန်မှာ မနက်အစော ရထားနဲ့ ညနေငါးနာရီနောက်ပိုင်း ရထားမရှိတော့ အဆင်မပြေတော့ဘူး။

ကျွန်တော်တွေ့ခဲ့တဲ့ ဈေးသည်တွေကို သုံးမျိုးခွဲလို့ရတယ်။ ပထမ အမျိုး အစားက ဒီဘူတာပတ်ဝန်းကျင်မှာရောင်းပြီးလို့ နောက်တစ်နေရာပြောင်းမယ့် သူတွေ၊ ဒုတိယ အမျိုးအစားက ဒညင်းကုန်းဈေးမှာ ဟင်းသီးဟင်းရွက်ဝယ်ဖို့ သွားမယ့်သူတွေ၊ တတိယ အမျိုး အစားကတော့ နည်းတယ်။ သူတို့က မနက်ဈေးလေးတွေမှာ ရောင်းပြီးလို့အိမ်ပြန်မယ့် သူတွေ၊ ကျွန်တော်တို့လို ကြားခရီးသည်တွေကတော့နည်းပါတယ်။ ဈေးသည်တွေကတော့ စီးတာကြာ ပြီ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ခင်နေကြပါပြီ။ တွဲပေါ်ရောက်တာနဲ့ ဈေးကွက်သတင်းတွေ ဖလှယ်ကြ၊ ရောင်းအား၊ဝယ်အားကို ခန့်မှန်းကြနဲ့ပေါ့။

ဥက္ကလာဘူတာကနေ အသုပ်စုံအထမ်းသည်နှစ်ယောက်တယ်။ တစ်ယောက်က ကျိုက္ကလဲ့ မှာဆင်းမယ်။ တစ်ယောက်က အင်းစိန်အထိ လိုက်မယ်။ အသုပ်စုံက အထမ်းတစ်ထမ်းစာ ပြင်ပြီးသား အသင့်ရောင်းတာလည်း ရှိတယ်။ အဲဒါဆိုရင် သုံးသောင်းပေးရတယ်။ ကျွန်တော်နဲ့ စကားပြော တဲ့ လူက အင်းစိန်မှာ ဆင်းမယ့်သူ။ သူကတော့ ကိုယ့်ဘာသာကိုယ်လုပ်တယ်။ နှစ်သောင်းခွဲပဲကျ တယ်။ နည်းနည်းတော့ ပင်ပန်းတယ် ၊ ဒါပေမယ့် ခုခေတ်မှာ ငါးထောင် သက်သာလည်း မနည်း ဘူးလေ တဲ့။ ပြီးတော့ သူက ဟင်းရည်ကို အခြားသူတွေလို ဟင်းခါး မချက်ဘူး။ ကြာဆံချက် ချက်တယ်။ အသုပ်စုံစားရင် ကြာဆံချက်ကို ဟင်းရည်အဖြစ်နဲ့ ပေးတယ်။ ကြာဆံချက် သက်သက်စားချင်ရင်လည်း ရောင်းတယ်။ ထမ်းရတာချင်းအတူတူ ကြာဆံချက် က “နှစ်မျိုး သုံးလို့ရတယ်လေ” တဲ့။ ဘဝကပေးတဲ့ ဈေးကွက်ထိုးဖောက်ရေးနည်းဗျူဟာပေါ့။

ကန့်ဘဲ့၊ ရေကူးဘက်ကနေ လင်ပန်းအလွတ်တွေနဲ့ အမျိုးသမီးလေးငါးယောက်တက်လာတယ်။ သူတို့က မင်္ဂလာဒုံမှာနေတယ်။ မြန်မာရိုးရာမုန့်တွေကို ဖောက်သည်ယူပြီး ဘောက်ထော်၊ ကန်ဘဲ့၊ ရန်ကင်း မနက်ဈေးတွေမှာလိုက်ရောင်းပြီး ပြန်လာတာ။ မနက်ရထားမရှိတော့ ကားစု ငှားပြီး သွား၊ အပြန်ကျတော့ ရထားနဲ့ ပြန်ရတယ်။

ဒညင်းကုန်းဈေးသွားမယ့် အုပ်စုကတော့ လူအများဆုံးပဲ။ တောင်းတွေ၊ ပလုံးတွေ၊ ပလတ်စတစ်ပုံး တွေနဲ့။ သူတို့ထဲမှာလည်း အုပ်စု နှစ်စုရှိတယ်။ ပထမအုပ်စုက ညနေဈေးမှာရောင်းမယ့်သူတွေ၊ သူတို့က ဒညင်းကုန်းမှာဝယ်ပြီးတာနဲ့ ကားစုငှားပြီး ဈေးအမီသွားကြမယ်။ အရင်ကတော့ ရထား တွေက ဆက်နေတဲ့အတွက် ရထားနဲ့လာ၊ ရထားနဲ့ပြန်လို့ရတယ်။ အခုတော့ ကားခ ပိုကုန်တာပေါ့။ ဒုတိယအုပ်စုကတော့ မနက်ဖြန် မနက်ဈေးရောင်းမယ့်သူတွေ၊ တစ်ချို့က နေ့စဉ် လာတယ်။ တစ်ချို့က တစ်ရက်ခြားလာတယ်။

ဈေးသည်တွေထဲမှာ ကိုယ်တိုင် တိုက်နဲ့မနေနိုင်ပေမယ့် စာကလေးတွေအတွက် သစ်သား တိုက်အိမ်လေးတွေ အထမ်းနဲ့ ရောင်းတဲ့သူလည်း ပါတယ်။ ထူးထူးခြားခြား အောင်ဆန်း ဘူတာ ခရီးသည်နားနေဆောင်မှာ အဲဒီလို ငှက်အိ်မ်လေးတွေ အများကြီး တွဲလောင်းချိတ်ထားတာ တွေ့ ခဲ့တယ်။ အသက် ၂၀ ထဲက ကွမ်းယာရောင်းလာတာ ရောင်းသက် ၂၁ နှစ်ရှိပြီဆိုတဲ့ ကွမ်းယာ သည်လည်း တွေ့တယ်။ ကျွန်တော့်ကို 92 ဆေးအကြောင်း၊ ထုံးဖြူ ဗမာဆေး အကြောင်း၊ အုန်း ယိုတွေ ဘာတွေထည့်တဲ့ ကွမ်းယာအချိုအကြောင်းရှင်းပြတယ်။ ထုံးစပ်နည်းကိုတော့ လုံး၀ မပြောဘူး။ အိမ်ကမိန်းမကိုတောင်မပြောဘူးဆိုပဲ။

ကော်ဖီ၊လက်ဖက်ရည်ရောင်းတဲ့လူငယ်လေးကတော့ အရင်က မုန့်တွေ၊ တိုလီမိုလီတွေ ရောင်းတာတဲ့။ အခုတော့ ကော်ဖီပြောင်းရောင်းတာ ခုနှစ်လလောက်ရှိပြီ။ လူငယ်လေး ဆိုတော့ အိုင်ဒီယာကောင်းရှိတယ်။ သန့်သန့်ရှင်းရှင်း ဝတ်စားထားတဲ့အပြင် ရှေ့မှာလည်း ခါးစည်းရင်ဖုံး နဲ့။ တစ်ခါသုံးခွက်တွေထည့်ထားတဲ့ခြင်းတောင်း၊ ရေနွေးဓာတ်ဘူးတွေကလည်း သန့်ရှင်းတယ်။ စကားပြောတာလည်း ယဉ်ကျေးသိမ်မွေ့တော့ ရောင်းကောင်းမယ့်ပုံပဲ။

ပဲပြားသုပ်သည်ကတော့ ဗန်းထဲမှာ အဝါရောင်ပဲပြားတွေရယ်၊ ဂေါ်ဖီထုပ်ပါးပါးလှီးထားတာရယ် ပုံ ထားတယ်။ ပလတ်စတစ်ဘူးထဲမှာ အနီရောင်တောက်တောက် အချဉ်ရေတွေထည့်ထားတယ်။ ဘူးဘေးမှာ ကပ်ချည်ထားတဲ့ ခွက်ထဲမှာ ဝက်သားဒုတ်ထိုးစားတဲ့ တုတ်တံလေးတွေရှိတယ်။ ပဲပြား တစ်ခု တစ်ရာ၊ ဘူတာမှာလည်း ရောင်းတယ်။ ရထားပေါ်မှာ ဝယ်သူရှိရင်လည်း ရောင်း တယ်။ သူရောင်းပုံက ပလတ်စတစ်အိတ်လေးထဲကို ပဲပြားထည့်၊ ဂေါ်ဖီထုတ်ပါးပါးလှီးထားတာလေးဖြူး၊ ပြီးရင် အချဉ် ရေလောင်းထည့်၊ တုတ်ချောင်းလေးထိုးထည့်ပေးလိုက်တာပဲ။ အစားအသောက် မရွေးတဲ့ ကျွန်တော်တောင် သူ့အချဉ်ရေကို ကြည့်ပြီး မစားရဲဘူး။

ဒညင်းကုန်းဘူတာကျော်တော့ ခရီးသည်နည်းသွားတယ်။ အောင်ဆန်း၊ ဖော့ကန်၊ ရွာမ ဘူတာတွေ ဖြတ်တယ်။ အင်းစိန် ဘူတာမရောက်ခင် ရထားပေါ်ကနေ အင်းစိန်ထောင်ဝင်းကို မြင်ရတော့ ကျွန်တော့်ပို့စ်တွေ အောက်မှာ အင်းစိန်ရောက်တော့မယ်လို့ မှတ်ချက်ရေးသူတွေကို သတိရမိတယ်။

ဒီလိုနဲ့ ရထားဟာ စနစ်သစ်အရ မြို့ပတ်ရထား ဂိတ်ဆုံးဘူတာဖြစ်တဲ့ အင်းစိန် ဘူတာကို ရောက်တယ်။ ရန်ကုန်ဘူတာကြီး အစား အင်းစိန်ဘူတာက စ၊ အင်းစိန် ဘူတာမှာ ဆုံးနေ တာ အင်းစိန် ကို စည်ကားစေချင်လို့များလားလို့တွေးမိတယ်။ စည်ကားရမယ့် ရန်ကုန် ဘူတာ ကြီး မစည်ကားဘဲ အင်းစိန်ဘူတာ စည်ကားနေရင်လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့်လည်း မဟုတ်တာ တွေကို ဟုတ်တယ်ဆိုပြီး လက်ခံခဲ့ရတာ အခုမှ မဟုတ်ဘူး။ ကြာခဲ့ပြီပဲ။

ဆက်လက်ဖော်ပြပါမယ်

အင်းစိန်ဘူတာ

အင်းစိန် ဘူတာရုံ ဘေးက ထမင်းဆိုင်လေးမှာ ရထားစီးရင်း ဘော်ဒါဖြစ်လာသူ နဲ့ အတူ ထမင်းစားတယ်။ တစ်ခါပြင် တစ်ထောင် ၊ လိုက်ပွဲ နှစ်ရာ၊ ဝက်သား နှစ်တုံးပါတယ်။ ငါးပိရည် ၊ တို့စရာ ကောင်းတယ်။ ဆန်လည်းကောင်းတယ်။

အင်းစိန် ခုံးကျော်တံတားအောက်က ဈေးတန်းကို ရောက်တယ်။ ဂျပန် ပစ္စည်းအဟောင်း တွေ ထဲက ပန်းကန်ခွက်ယောက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း အများကြီးတွေ့တယ်။

ဆံပင် အရှည်ရော၊ ဘီးကျွတ်ရော ဝယ်တယ်တဲ့။ ဒါပေမယ့် ဘီးကျဲ တော့ မဝယ်ဘူး။