ပင့်ကူရ

ကုမ္မာဘယ မင်းသားက ပင့်ကူကြီးကို တိုက်ခိုက်သတ်ဖြတ်ပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ နတ်သမီး ခုနှစ်ဖော်ကို ကယ်တင်နိုင်လိုက်တဲ့အတွက် “ ပင့်ကူကို အနိုင်ရလို့ ပင့်ကူရ” လို့ ခေါ်ရာ ကနေ “ပင်းတယ” လို့နာမည်တွင်လာတယ်ဆိုတဲ့ မြို့လေးဆီကို ခရီးထွက်ခဲ့တယ်။

ပင်းတယ က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာက ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်းတယ နဲ့ ရွာငံနှစ်မြို့နယ်ကို ပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ပင်းတယ ကတော့ ဒေသ ဦးစီးအဖွဲ့ရုံးစိုက်တဲ့မြို့၊ ဓနုမြို့တော်ပေါ့။

ပင်းတယ လို့ပြောလိုက်ရင် ပုန်းတလုတ် ရေကန်၊ ရွှေရောင်တဝင်းဝင်း ရွှေဥမင် ဂူဘုရားနဲ့ ဘုရားတောင်ခြေက သက်တမ်းရင့် ညောင်ပင်ကြီးတွေကို မျက်စိထဲမှာ မြင်ယောင်လာ မှာသေချာတယ်။ ဒါပေမယ့် ပင်းတယ မြို့ပတ်ဝန်းကျင်မှာ ဘုရားဖူးတာအပြင် နောက်ထပ် လေ့လာစရာတွေ အများကြီးကျန်သေးတယ်။ ကျွန်တော်ကတော့ ပင်းတယ အနောက်ဘက် တောင်တန်း ပေါ် က ဓနု နဲ့ ပလောင်တိုင်းရင်းသားကျေးရွာလေးတွေကို လေ့လာနိုင်ဖို့ ပင်းတယကိုလာခဲ့တာပါ။

ရန်ကုန်ကနေ ထွက်ပြီးနေပြည်တော်မှာ တစ်ညအိပ်တယ်။ နောက်တစ်ရက် နေပြည်တော် – ပျော်ဘွယ်( ဘုရားငါးဆူ) – ကလော – အောင်ပန်းလမ်းအတိုင်းလာပြီး အောင်ပန်းရောက် တော့ အောင်ပန်း- ပင်းတယလမ်းအတိုင်းခရီးဆက်ခဲ့တယ်။ အောင်ပန်းကနေ ပင်းတယထိ ၂၄ မိုင် ရှိတယ်။

အောင်ပန်းက ထွက်ပြီး မိနစ်နှစ်ဆယ်လောက်မောင်းလိုက်တာနဲ့ ပင်းတယ မြို့နယ်ထဲကို စဝင်ပါတယ်။ ပင်းတယမြို့နယ်ထဲ ဝင်ပြီး ပထမဆုံးစတွေ့တဲ့ရွာက ကျောက်ဆောင်မြေခြား ရွာ၊ အဲဒီရွာက ရွာနှစ်ရွာပေါင်းပြီး ခေါ်ထားတာထင်တယ်။ ပြီးတော့ ကျုံး၊ ပွေးလှ၊ ကန်တောင်၊ ရေချမ်း စင်၊ သရက်ကုန်းရွာတွေကို ဖြတ်ပြီး ပင်းတယကို ရောက်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အောင်ပန်း- ပင်းဒယလမ်း၊ အောင်ပန်း-ပင်လောင်းလမ်း၊ အောင်ပန်း – ရွာငံ လမ်းတွေက ပန်းချီကား တစ်ချပ်လို လှပတယ်ဆိုပြီး နာမည်ကြီးတဲ့လမ်းတွေပေါ့။

အခုအချိန်မှာ လမ်းဘေးဝဲယာစိုက်ခင်းတွေကတော့ စိုက်ထားတဲ့သီးနှံတွေပေါ်မူတည်ပြီး အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်နုနု၊ အဖြူရောင်၊ အဝါရောင်တောက်တောက်တွေနဲ့ လှချင်တိုင်းလှနေတယ်။ ရောင်စုံ စိုက်ခင်းတွေကြားမှာ နောက်ထပ်သီးနှံစိုက်ဖို့ထွန်ယက်ထားတဲ့ မြေနီရင့်ရင့် မြေကွက်တွေလည်း ရှိတယ်။ ကန်တောင်ရွာ ကျော်လာတာနဲ့ ကားလမ်းအရှေ့ဘက် တောင်ကုန်းပေါ်မှာ ရွှေတိဂုံစေတီပုံတူ စေတီတော်ကြီးကို လှမ်းမြင်နေရတယ်။ စင်္ကြာတောင် ဘုရားလို့ လူသိများပြီး ဒီနှစ်ထဲမှာမှ ထီးတင်တာလို့ဆိုတယ်။ ရေချမ်းစင် ရွာထဲကနေ ဘုရား တောင်ကို ကားနဲ့သွားလို့ရပေမယ့်အခုတော့ ကိုဗစ်၁၉ ရောဂါကာကွယ်ရေးအတွက် လမ်း ပိတ်ထားတယ်။

လမ်းဘေဝဲယာရှုခင်းတွေ စိမ်းစို လှပနေပေမယ့် တောင်သူတွေဘ၀ ကတော့ လန်းဆန်းမှု မရှိလှဘူး။ ဒီနှစ် အတွင်းမှာ သီးနှံထွက်ကုန်တွေဈေးကျနေတယ်။ ဒေသခံတွေ စကား အတိုင်းပြောရရင် သူ တို့ ရောင်းတာမှန်သမ ျှ ဈေးကျနေပြီး သူတို့ ဝယ်ရတာမှန်သမ ျှ ဈေးတက် နေတယ်တဲ့။

လမ်းပေါ်မှာ စက်တပ်ယာဉ်အမျိုးမျိုးပြေးလွှားနေတယ်၊ စိုက်ခင်းတွေထဲမှာ တောင်သူတွေ လုပ်ငန်း ခွင်ဝင်နေတယ်။ ကုန်ကားကြီးတွေရပ်ပြီး ပန်းဂေါ်ဖီတွေ၊ ဂေါ်ဖီထုပ်တွေတင်နေတယ်။ ရုပ်ပိုင်း ဆိုင်ရာကတော့ ပုံမှန်အခြေအနေ နီးနီးရောက်နေတာပေါ့။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအခြေ အနေကတော့ ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲတောင်လိုပဲ ရေအောက်မှာ ဘယ်လိုရှိမလဲ ခန့်မှန်းရခက်လှတယ်။

ပင်းတယမြို့က တောင်ကြားလွင်ပြင်ထဲမှာ ရှိတော့ အောင်ပန်း – ပင်းတယ ကားလမ်းက လည်း တောင်ကြားလွင်ပြင်အတိုင်း နိမ့်လိုက်၊ မြင့်လိုက်၊ အတက်အဆင်း ပြေပြေလျောလျော၊ အကွေ့ အကောက်များများ နဲ့ သွားနေတယ်။ တောင်ကြားလွင်ပြင်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် မှာ တောင်တန်းတွေရှိတယ်။ တစ်ချို့နေရာတွေမှာ တောင်ကြားလွင်ပြင်ထဲက ထိုးထွက်နေတဲ့ ထုံး ကျောက်တောင်ကုန်းတွေပေါ်က ပတ်ကြားအက်နေတဲ့ အက်ကြောင်းကြီး တွေကို လှမ်းမြင် နေတယ်။ အပေါ်ယံမြင်ရသလောက်ပဲ နက်ရှိုင်းတာလား၊ မမြင်နိုင်တဲ့ မြေအောက်မှာ ဘယ်လောက် အထိ နက်နက်ရှိုင်းရှိုင်းရှိနေလဲ မသိနိုင်ဘူး။ ပြေပြေလျောလျော မြင့်တက်သွားတဲ့ ဆေးရောင်စုံတောင်ကုန်းတွေ ကို မြင်ရတာ စိတ်ချမ်းမြေ့သလောက် အက်ကြောင်းကြီးတွေ၊ ပြတ်ရွေ့ ကြောတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ တောင်ကုန်းတွေကို မြင်ရတာ စိတ်နှလုံးညစ် နွမ်းရတယ်။ ဘယ်အရာမဆို အကြားအလပ် အကွဲ အပြားမရှိ ညီညာပြန့်ပြူးနေရင် အကောင်း ဆုံးပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ပင်းတယမြို့ဟာ ပြည်တွင်း ခရီးသွားတွေ သာမက ပြည်ပ ခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသဖြစ်လာခဲ့တယ်။ ပြည်တွင်းခရီးသွား အများစုက နေ့ချင်းပြန် ဘုရားဖူးခရီးစဉ် လာကြပြီး နိုင်ငံခြားခရီးသွားတွေကတော့ ပင်းတယမှာ အခြေပြု လို့ ပတ်ဝန်းကျင်တောင်တန်းတွေမှာ တောလမ်းခရီးလေ ျှာက်တာ၊ ရိုးရာဓလေ့ထုံးစံများ၊ ကုန် ထုတ်လုပ်ငန်းများကို လေ့လာတာတွေလုပ်ကြတယ်။

ကိုဗစ် ကာလမတိုင်မီနှစ်များတွေကတော့ အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာဟာ ခရီးသွား ရာသီ၊ ပင်းတယ မြို့ပေါ်က ဟိုတယ်တွေမှာ အခန်းလွတ်မရှိတဲ့အချိန်ပေါ့။ အခုတော့ မြို့လေးဟာ ကပ်ဘေးနှစ်ခုကြားမှာ ခြောက်ကပ်ကပ်ဖြစ်နေပြီ။

ရွှေဥမင်ဘုရား နဲ့ လှိုဏ်ဂူကို ပိတ်ထားတဲ့အတွက် တောင်ခြေမှာရှိတဲ့ စားသောက်ဆိုင်တွေ ၊ အမှတ်တရပစ္စည်းဆိုင်တွေ အားလုံးလိုလို ပိတ်ထားရတယ်။ ကိုဗစ်ကြောင့် ပြည်ပခရီးသွား တွေ မလာတော့ နိုင်ငံခြားခရီးသွားဧည့်သည် တွေ အတွက်ရည်ရွယ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးတွေ လည်း ပိတ်ထားရတယ်။ မြို့ထဲက စားသောက် ဆိုင်နဲ့ထမင်းဆိုင်တွေကတော့ ဖွင့်တဲ့သူဖွင့်၊ ပိတ်တဲ့သူပိတ်၊ ဖွင့်ထားတဲ့ဆိုင်တွေကလည်း ရောင်း အားကျလို့ ရုန်းကန်နေရတယ်။

ပင်းတယဈေးကြီးထဲမှာ စတိုးဆိုင်တွေ၊ ကုန်မာဆိုင်တွေပဲကျန်တယ်။ အသီးအရွက်တွေက ရွှေဥမင် ဘုရားသွားတဲ့လမ်းက ညောင်ပင်ကြီးတွေဘက်မှာ ယာယီဈေးဖွင့်ပြီး ရောင်းတယ်။ ရှမ်း ခေါက်ဆွဲဆိုင်တွေက ဈေးထဲကို လူလာနည်းလို့ ဆိုပြီး မြို့ထဲမှာ အဆင်ပြေသလိုဖွင့်ထားကြ တယ်။ အရင်ကလို ဈေးထဲသွားပြီး နံနက်စာ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးစားလို့ မရတော့ဘူး။

ဟိုတယ်တစ်ချို့ကတော့ ကိုဗစ်စည်းကမ်းနဲ့ အညီ ပြန်ဖွင့်နေပေမယ့်လည်း ဧည့်သည်ရဖို့ မနည်းရုန်းကန်နေရတော့ အခန်းပြည့်မဖွင့်နိုင်ဘူး။ ဝန်ထမ်းအင်အား ပြည့်မထားနိုင်ဘူး။ ကျွန်တော်တည်းခိုတဲ့ ဟိုတယ်ဆိုရင် ဒေသခံမိသားစုက ဖွင့်ထားတာ။ အရင်က ဝန်ထမ်း ၂၀ လောက်၊ အခန်း လေးဆယ်ကျော်လောက်ရှိတယ်။ အခုတော့ အခန်းဆယ်ခန်းကျော်ကျော် လောက်ပဲ ဖွင့်ထားတယ်။ ဝန်ထမ်းတွေက နှစ်ယောက်ပဲရှိပြီး ကျန်တာကို မိသားစုက ဝိုင်းလုပ်နေ ရတယ်။ စားသောက်ခန်းပိတ်ထားရတယ်။ နံနက်စာကိုတော့ စားချင်တာပြောရင် အပြင်က မှာကျွေးတယ်။ မြို့ အစွန်မှာ ဆောက်လက်စနဲ့ ရပ်ထားတဲ့ ဟိုတယ်စီမံကိန်းနှစ်ခုကိုလည်း တွေ့ခဲ့ရတယ်။

ခရီးသွားတွေ အလာနည်းရင် စီးပွားရေးလုပ်ငန်းရှင်တွေပဲ ထိခိုက်တာပါလို့တော့ ပြောလို့မရဘူး။ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဒေသထွက် ကုန်ပစ္စည်းဈေးကွက်တွေလည်း ပျက် သွားတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေလည်း ထိခိုက် တာပဲ။

ဒါ့အပြင် အင်န်အယ်လ်ဒီအစိုးရလက်ထက်က ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ပင်းတယ မြို့နယ်ထဲက ပင်စိမ်းပင်ရွာနဲ့ ဆီးကျအင်း ရွာ နှစ်ရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ( Community Based Tourism , CBT) ထူထောင်ပေးခဲ့တယ်။ အဲဒီရွာတွေမှာ တည်းခိုစရာ နေရာ အပါအဝင် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်နဲ့ ကျေးရွာလူထု ကပူးပေါင်း ဆောက်လုပ်တယ်။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံတာ၊ တောလမ်းခရီး လေ ျှာက်နိုင်အောင်၊ ကျေးရွာလူနေမှုဘဝကို လေ့လာနိုင်အောင်၊ ရိုးရာ အကတွေကို ကြည့်နိုင်အောင် ကျေးရွာလူထုက ဆောင်ရွက်ပေးတယ်။

အဲဒီရွာတွေကို ၂၀၁၉ ခုနှစ်ထဲမှာ နိုင်ငံခြားခရီးသွား အတော်များများ လာရောက်ခဲ့တယ်လို့ ဆိုတယ်။ ဒေသခံတွေကလည်း စိုက်ပျိုးရေးတစ်ခုတည်း ကို မှီခိုနေရာကနေ ခရီးသွား လုပ်ငန်းကနေလည်း ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းကို မြင်လာရလို့ ပျော်ကြတယ်။ အရင်ကတော့ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းဆိုတာ သူဌေးတွေ အလုပ်၊ကျေးရွာ လူထု နဲ့ မဆိုင်ဘူးလို့ထင်ခဲ့တာကိုး။ အခုတော့ အဲဒီလုပ်ငန်းလည်း ရပ်သွားပြီ။ အဆောက်အဦ တွေတောင် ဆက်ထိန်း သိမ်းနိုင်ပါဦးမလား မသိနိုင်ဘူး။

ရောက်တဲ့နေ့မှာ ပုန်းတလုတ်ရေကန်ကို ဗဟိုပြုပြီး မြို့ထဲလမ်းတွေပေါ် လေ ျှာက်ခဲ့တယ်။ ငြိမ်သက်အေးချမ်းတဲ့ မြို့လေးရဲ့ နေရာတစ်ချို့မှာ စာသားတစ်ချို့ကို ဆေးဖြူ သုတ်ဖုံးအုပ် ထားတာတွေ့ရတော့ အုတ်ခုံပေါ်က စာသားတွေကို ဆေးဖြူသုတ်ဖျက်လို့ ရပေမယ့် နှလုံးသား အမှတ် သညာထဲက စာသားတွေကို ဘယ်လိုဖျက်မလဲလို့တွေးမိပြန်တယ်။

ပုန်းတလုတ်ကန်ပတ်လမ်းကတော့ အတော်သာယာတယ်။ ဈေးရှိတဲ့ဘက်အခြမ်းကလွဲရင် ကျန်တဲ့ ကန်ဘောင်သုံးဘက်မှာ သစ်ပင်ကြီးတွေနဲ့၊ မနက်ခင်း လမ်းလေ ျှာက်လို့ ကောင်းမယ့် လမ်းပဲ။ မြို့အဝင် လမ်းမဘေး ကန်ထောင့် မှာရှိတဲ့ ပုန်းတလုတ်ရေကန် ဆိုင်းဘုတ်နေရာကနေ ကြည့်ရင် ကုမ္မာဘယ မင်းသားက ပင့်ကူကြီးကို တိုက်ခိုက်သတ်ဖြတ်ပြီး လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ နတ်သမီး ခုနှစ်ဖော်ကို ကယ်ခဲ့တဲ့ ရွှေဥမင်လှိုဏ်ဂူ ကို လှမ်းမြင်နေရတယ်။ ဒဏ္ဍာရီတွေမှာတော့ အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေ နဲ့ ကြုံလာရင် ကယ်တင်ရှင်သူရဲကောင်းပေါ်လာစမြဲပဲ။

မုံရွာ အောင်ရှင် နဲ့ ကျွန်တော်

မနက်ခင်း လမ်းလေ ျှာက်နေတုန်း မိတ်ဆွေတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ဒီလူက မနက်စောစော ဖုန်းဆက်လေ့မရှိဘူး။ သူဆက်ပြီဆိုရင် တစ်ခုခု ထူးခြားလို့ပဲ။ ဖုန်းကိုင် လိုက် တော့ “ ဦးအောင်ရှင် ဆုံးသွားပြီဗျ” လို့ ကြေကွဲတဲ့အသံ နဲ့ အသိပေးလာတယ်။ ဒီလိုနဲ့ ဆောင်း နံနက်ခင်းက ကြေကွဲနံနက်ခင်းအဖြစ်ပြောင်းလဲသွားတော့တာပဲ။

ဆရာ မုံရွာ အောင်ရှင် နဲ့ စပြီး သိတာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ မှာပါ။ အဲဒီဆွေးနွေးပွဲက ပြန်ကြားရေး ဝန်ကြီးဌာန၊ ယူနက်စကို နဲ့ အခြားနိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ မီဒီယာ မူဝါဒ တွေကို ရှင်းလင်းပြောကြားနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် နေပြည်တော်မှာ အခြားအစည်းအဝေးတစ်ခုနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်န်အယ်လ်ဒီ ဗဟို ပြန်ကြားရေးကော်မတီဝင် ဆရာအောင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက် ပြီး ပါတီရဲ့ ပြန်ကြားရေးဆိုင်ရာမူဝါဒတွေကို ရှင်းပြခဲ့တယ်။

ကျွန်တော်တို့ နှစ်ယောက် ဘေးချင်းကပ်ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်တော့ သူက ကျွန်တော့်ညီ ဝင်းထွဋ် နဲ့ ဆိတ်ဖလူးတောရ မှာ ဆုံခဲ့ကြောင်း၊ အလွန်ရင်းနှီးကြောင်း ပြော ပြခဲ့တယ်။ ဒီလို နဲ့ ကျွန်တော့်ညီကို အကြောင်းပြုပြီး ကျွန်တော့်တို့ နှစ်ယောက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။

ကျွန်တော် “ Myanmar’s Political Transition and Lost Opportunities ( 2010-2016)” ကို ရေးတော့ အမျိုးသားညီလာခံနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီဘက်က ဆောင်ရွက်ချက်တွေကို သိနိုင်ဖို့ ဆရာအောင်ရှင်ရေးတဲ့ “ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း ( ၁၉ ၈၈-၂၀၁၀) ကို ကိုးကားခဲ့ရတယ်။ အင်န်အယ်လ်ဒီ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများနဲ့ ပတ်သက်ရင် ကျွန်တော်ဖတ်မိသမ ျှ ထဲမှာ ဆရာအောင်ရှင်ရဲ့ စာအုပ်က အပြည့်စုံဆုံးပဲ။ သူ့ပါတီအတွက် ဆရာအောင်ရှင်ရဲ့ အကောင်း ဆုံးအကျိုးဆောင်ခဲ့မှုလို့တောင် ပြောလို့ရမယ်ထင်တယ်။

သူနဲ့ ကျွန်တော်က မီဒီယာတွေ့ဆုံမေးမြန်းမှုတွေမှာ မကြာခဏ ဆုံဖြစ်တယ်။ နိုင်ငံရေး ဖြစ်စဉ် တွေနဲ့ ပတ်သက်ရင် အမြင်တူတာလည်း ရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက် ငြင်းရတာလည်း ရှိခဲ့ တယ်။ ဘယ်လိုသဘောထားကွဲပြားမှုတွေရှိရှိ သူနဲ့ ကျွန်တော်ကြားက အပြန်အလှန်လေးစားမှု ကို အခြေခံတဲ့ မိတ်ဆွေဆက်ဆံရေးကို မထိခိုက်ခဲ့ဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ သူပြန်လွတ်လာတော့ ကျွန်တော်တို့ နှစ်ယောက် ဆုံပြီး နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက် လို့ ကြာကြီး ပြောဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ သူနဲ့ ကျွန်တော် ကြားမှာ ကိစ္စတိုင်းအပေါ် အမြင် ထပ်တူနီးပါး ဖြစ်ခဲ့တာ ဒီတစ်ကြိမ်ပဲ ရှိသေးတယ်။ အချိန်အကြာကြီး စကားပြောပြီးတဲ့နောက် မကြာမကြာ ဆုံကြဖို့ ကတိပေးရင်း လမ်းခွဲခဲ့ဲကြတယ်။
သူ နှလုံးရောဂါနဲ့ ဆေးရုံတက်ရတာသိတယ်။ သွားတွေ့ချင်ပေမယ့် ကျွန်တော့်ကြောင့် သူ့အပေါ် အထင်မှားသူတွေရှိမှာ စိုးရိမ်လို့ မသွားခဲ့ရဘူး။ အခုတော့ နောက်ထပ်ပြန်ဆုံဖို့ အခွင့်အရေးမရှိ တော့ဘူးပေါ့။

ဆရာ အောင်ရှင်နဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်ကာလက တိုတောင်းပေမယ့် သူဟာ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဆိုတာ သိဖို့အတွက်တော့ လုံလောက်ခဲ့ပါ တယ်။

မေ ျှာ်လင့်ခြင်း ဈေးတန်း

မြန်မာနိုင်ငံအနှံ့အပြားက အဝေးပြေးလမ်းမတွေ မှာ အမြဲတမ်းတွေ့ရလေ့ရှိတာကတော့ ဒေသ ထွက် သီးနှံတွေကို ရောင်းချတဲ့ လမ်းဘေး ဈေးဆိုင်လေးတွေပါပဲ။

ဒီလို ဈေးဆိုင်တွေမှာ ရောင်းချနေတဲ့သူအများစုက မြေမဲ့၊ ယာမဲ့ ကျေးလက်မိသားစုဝင် အမျိုးသမီး တွေပါ။ ဟိုးတစ်ချိန်ကတော့ ကျေးလက်မှာ၊ ကောက်စိုက်၊ပျိုးနှုတ်၊ ကောက်ရိတ်၊ စာရင်းငှား စတဲ့ အလုပ်တွေက ပေါတော့ ဒီအမျိုးသမီးတွေအတွက် အလုပ်မရှားလှဘူး။ နောက်ပိုင်း စက်မှု လယ်ယာဘက်ကို ပြောင်းလာတာနဲ့ အမ ျှ လယ်ယာ လုပ်သားလိုအပ်ချက်က နည်းလာတော့ အမျိုးသားတွေလည်း ကျပန်းအလုပ်ရှာလုပ်၊ အမျိုး သမီးတွေက ဈေးရောင်း ဆိုတာ မျိုးဖြစ်လာတယ်။

ဒါ့ကြောင့် ကျွန်တော်ကတော့ ခရီးသွား တဲ့ အချိန်တိုင်း အဲဒီ ဈေးဆိုင်လေးတွေကို အားပေးလေ့ရှိပါတယ်။ တစ်ချို့ ခရီးသွားတွေကတော့ ဒီဈေးဆိုင်လေးတွေက ရုံးပိတ် ရက်ရှည်၊ ခရီးသွားတွေများတဲ့အချိန်ဆိုရင် ဈေးတင်ရောင်းတယ် ဆိုပြီး အပြစ်တင်ကြတယ်။ တကယ်တော့ ရုံးပိတ်ရက်ရှည်ဆိုရင် ဟိုတယ်ကြီးတွေလည်း ဈေးတက်ယူတာပါပဲလေ။ မျက်နှာမွဲ အောက်ခြေ လူတန်းစား ဈေးသည်ဆိုတော့ လူတွေက လွယ်လွယ်အပြစ်တင်လို့ရတာပဲ ကွာခြားတာပါ။

ရန်ကုန် – ပြည်လမ်းပေါ်မှာ အဲဒီလို ဈေးဆိုင်လေးတွေကို အများဆုံးတွေ့ရတာက ပေါင်းတည် နဲ့ မင်းလှ ကြားမှာပါ။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တွေရှိသလို ပြောင်းဖူးမီးဖုတ်ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ ရန်ကုန်အိမ်အပြန်လက်ဆောင်ဝယ်မယ့်သူတွေကို အားထားပြီး ရောင်းရတာဆိုတော့ ဆိုင်အများစုကတော့ ပြည်ဘက်က လာရင် ညာဘက်အခြမ်းမှာ ရှိတာများတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဆန်း ခရီးသွားတော့ ဒီဈေးဆိုင်လေးတွေမှာ ခဏနား၊ ဈေးဝယ် ဖြစ် တယ်။ ဒီတစ်ခေါက်မှာ ပြောင်းဖူးရောင်းတဲ့ ဆိုင်လေးတွေ အတော်နည်းသွားတယ်။ အရင်က ဈေးဆိုင် ရှိခဲ့ ဖူးတဲ့နေရာတွေမှာ ဝါးလုံးတိုင်အကျိုးအပဲ့တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ မိုးကာအပြာစတွေမြင်ရ တာ ကြေကွဲစရာပဲ။ ကိုဗစ် ပထမလှိုင်းစချိန်ထဲက ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေခဲ့တဲ့ ဆိုင်လေးတွေ ပုံမှန် ပြန်ဖွင့်ဖြစ်တာ နှစ်လလောက်ပဲရှိသေးသတဲ့။ ၂၀၁၉ ခုနှစ် ခရီးသွားချိန်က ဒီလို ပြောင်းဖူးဆိုင်လေးတွေရဲ့ အကြောင်းကို https://myehtut.com/2019/11/29/ကြေးလကျ-ဘောဂဗဒေ/ ဆိုပြီး ရေးခဲ့ဖူးတယ်။

ဒီနှစ် ပြောင်းဖူးဆိုင်လေးတွေမှာ ပြောင်းဖူးကြော် ဆိုပြီးရောင်းနေတာတွေ့ခဲ့တယ်။ ၂၀၁၉ ခရီးစဉ်မှာမတွေ့ခဲ့ရဘူး။ ပြောင်းဖူးကြော်လုပ်ဖို့အတွက် ပြောင်းဖူးကို အပင်မှာ ရင့်အောင်ထားရတယ်။ ပြီးမှ နေလှမ်း၊ အစေ့ထုတ်၊ ရေဆေး၊ ပြီးမှ ဆီနဲ့ ကြော်ရတယ်။ ဒီဆိုင်လေးတွေက ပြောင်းဖူးကြော်ကို အကြော် ဖိုမှာ သွားဝယ်ရတယ်။ ပြီးမှ အချိုမှုန့်နဲ့ ဆားဖြူးပြီး ပြန်ရောင်းတာ။ ဖို ကနေဝယ်တော့ ပြည်နဲ့ ဝယ်ရတယ်။ ဒီဒေသမှ တစ်ပြည် က ဆယ်လုံးတစ်ပြည်။ ကိုယ်ပြန်ရောင်းတော့ နို့ဆီဘူး နဲ့ ချင်ပြီးရောင်းတယ်။ ဖောက်သည်က အဆစ်တောင်းလို့ ပို့ထည့်ပေးရတာနဲ့။ ပလတ်စတစ် အိတ်ဖိုးနဲ့ ။ ပါးပါးလေးပဲ မြတ်တာပါ။ ဒါပေမယ့် ဒီကာလမှာ တစ်နေ့ နှစ်ထောင်၊သုံးထောင် ကျန်လဲ ဈေးဖိုးရတာပဲဆိုပြီး ရောင်းနေရတာပဲတဲ့။

ဟင်းသီးဟင်းရွက်ဆိုင်တွေကတော့ ပတ်ဝန်းကျင် စိုက်ခင်းတွေမှာ ဖောက်သည်ဈေးနဲ့ ယူပြီး ရောင်းရတာ။ ငါးချဉ်လိုဟာမျိုးကတော့ ကိုယ့်ဘာသာကိုယ်လုပ်တာလည်း ရှိတယ်။ ယူရောင်း တာလည်း ရှိတယ်။ ဒီဆိုင်လေးတွေရဲ့ ဒုက္ခက ကုန်စိမ်းဆိုတော့ မရောင်းရရင် အရင်းဆုံးတော့ တာပဲ။ ဖရုံသီး လို ဟာမျိုးက အထားခံပေမယ့် ဟင်းသီးဟင်းရွက်တွေ၊ ပဲတောင့်ရှည်တွေက သုံး လေးရက်ဆို ရောင်းလို့မရတော့ဘူး။ စားလို့လည်း မကုန်တော့ လွှင့်ပစ်ရတာပဲတဲ့။

အရင်ကတော့ ဒီလိုဈေးတန်းလေးတွေမှာ ဝယ်တဲ့အခါ စိတ်ကြိုက်ဆိုင်မှာ ရွေးဝယ်ခဲ့တာပါ။ ဈေး တန်းလေးတွေကို ကြည့်လိုက်ရင် ကားတစ်စီး ၊ နှစ်စီး ရပ်ထားတာအမြဲတွေ့နေရတော့ ဈေး ဆိုင် တွေကလည်း ကိုယ် မဝယ်လို့လည်း သိပ်ပြီး ပူပူပင်ပင် မရှိဘူး။

အခုတော့ ဈေးတန်းရှေ့မှာ ကားရပ်လိုက်တာနဲ့ ဆိုင်ရှင်တွေက ငါ့ဆိုင်မှာများဝယ်မလားဆိုတဲ့ မေ ျှာ်လင့်ချက်မျက်လုံးတွေနဲ့ လှမ်းကြည့်နေကြ၊ အရင်ဖောက်သည်များလား ဆိုပြီး စူးစမ်း တဲ့ မျက်လုံးတွေနဲ့ ရှာဖွေနေကြတော့ ဈေးလည်း မဆစ်ချင်၊ စိတ်ကြိုက်ဆိုင်လည်း ရွေးမဝယ်ချင် တော့ဘူး။ တစ်ဆိုင်က တစ်မျိုးနဲ့ ဆိုင်အားလုံးစုံအောင်ဝယ်ခဲ့ရတော့ ကားလည်း ကုန်စိမ်းကား ဖြစ်ရော။

ဒီဈေးတန်းလေးတွေက ခရီးသွား အိမ်စီးကားလေးတွေကို အားပြုရောင်းရတာ။ အခုတော့ လမ်းမ ပေါ်မှာ ကုန်ကားတွေ၊ ခရီးသည်တင် ဘတ်စ်ကားကြီးတွေပဲ များတော့ ရောင်းအားအတော်ကျ သွားတယ်။ တစ်နေ့ တစ်သောင်းဖိုး၊ နှစ်သောင်းဖိုးရောင်းရရင် အတော်ဟုတ်နေပြီတဲ့။ တစ်ချိန် က တစ်နေ့ကို ရှစ်သောင်း၊ တစ်သိန်းဖိုးရောင်းရတဲ့ကာလ နဲ့ အရမ်းကွာသွားပြီပေါ့။

ကျွန်တော်ခရီးသွားတာက အောက်တိုဘာလဆန်းဆိုတော့ ဈေးသည်တွေက သီတင်းကျွတ် ရုံးပိတ်ရက်မှာတော့ ရောင်းကောင်းမှာပဲ ဆိုပြီး မေ ျှာ်လင့်နေကြတယ်။ အဓိက ကတော့ ရန်ကုန် မြို့သားခရီးသွားတွေကို မေ ျှာ်တာပေါ့။

ရန်ကုန်သူ၊ ရန်ကုန်သားတွေက ခရီးလည်း သွားနိုင်၊ ငွေလည်း သုံးနိုင်ကြသလို ဘယ်အစိုးရ ခေတ်ဖြစ်ဖြစ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တွေ မှာ တိုက်ပွဲတွေဖြစ်နေတာတောင် ခရီးထွက်ခဲ့ကြတာကိုး။ အဲဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ငါတို့ တိုက်ပွဲဝင်နေလို့ မလာကြနဲ့၊ ဘုရားမဖူးကြနဲ့၊ အပန်းမဖြေကြနဲ့ လို့ မတားကြပါဘူး။ အခုတော့ ရန်ကုန်သားတွေလည်း တစ်ခြားဒေသကို ခရီးသွားဖို့ နေသာသာ ရွှေတိဂုံ ဖူးသင့်၊ မသင့်တောင် အငြင်း အခုန်ဖြစ်နေကြတယ်။ ဒီကြားထဲ ဝင်ငွေနည်း၊ ဆီဈေးတက်၊ လုံလုံခြုံခြုံမရှိနဲ့ လူတွေမှာ သုခ ထက် ဒုက္ခက ပိုများနေတော့ ဈေးသည်တွေ မေ ျှာ်လင့်သလို ခရီးသွားတွေအများကြီး လာဖို့ မလွယ်လှ ပါဘူး။

ဈေးတန်းလေးက ဈေးသည်တွေက သီတင်းကျွတ်အကြောင်းပြောရင်း ခရီးသွားတွေများပြီး သူတို့အဆင်ပြေခဲ့တဲ့ အချိန်တွေ အကြောင်းကို ပြန်ပြောသလို အခု နိုင်ငံရေးမကောင်းတော့ ရောင်းမကောင်းဘူးလို့လည်းပြောတယ်။ ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်ဆိုတာ သူတို့ ဘ၀ အသိ နဲ့ သူတို့ အဖြေထုတ်ပြီးပြောတာလည်း ကြားခဲ့ရတယ်။ ဒါပေမယ့် သူတို့ ကြားမှာ ပါတီကို အကြောင်းပြုပြီး စိတ်ဝမ်းကွဲနေတာတော့ ရှိပုံမရဘူး။ ကျွန်မတို့က အနီ ကို ပေးတာ။ သူက အစိမ်း ဆိုတဲ့ စကားကို ပြုံးပြုံးရွှင်ရွှင် ပြောတာလည်း မြင်ခဲ့ရတယ်။

စကားပြောလို့လည်း အားရ၊ ဈေးဝယ်လို့လည်း ပြီးတော့ နှုတ်ဆက်ပြန်ထွက်ခဲ့တယ်။ ဈေးသည် တွေက ဦးလေး ၊ ကျေးဇူးနော်၊ ဖြေးဖြေးမောင်းလို့လှမ်းပြောတယ်။ ပြီးတော့ ပြည်မြို့ဘက်က လာတဲ့လမ်းကို လှမ်းမေ ျှာ်ကြည့်နေကြတယ်။ ဒါပေမယ့် လောလောဆယ်ဆယ် ဘာ ကားမှ လာတာ မမြင်ရသေးဘူး။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှု တွေနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ရေးခဲ့ဖူးတယ်-

xxx လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်တယ်။ အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်။
ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံတာ ရော၊ အရှုံးကို တည်တည်ငြိမ်ငြိမ်လက်ခံတာရောဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ ရင့်ကျက်မှုကို မှတ်ကျောက်တင်တာဖြစ်တဲ့အတွက် တုန့်ပြန်မှုတိုင်းက အချိန်အဆ မှန်ကန်ဖို့လိုပါတယ်။xxx ( ပုံ ၁ )

xxx ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတာဝန်က အနားယူပြီးချိန်က စလို့ ရဲထွဋ် ဟာ ရဲထွဋ် ရဲ့ ကိုယ်ပိုင်ယုံကြည်မှုအပေါ်မှာပဲ ရပ်တည်ပါတယ်။ ဘက် မရှိတဲ့ အတွက် ဘက်ပြောင်းဖို့ အကြောင်းမရှိပါဘူး။ ဘက် မရှိတဲ့ အတွက် တစ်ဘက်ဘက် ကို အားပေး ရပ်တည်တယ်လို့ ယူဆပြီး ဝေဖန်တိုက်ခိုက်မှုတွေအပေါ် တုန်လှုပ် ဖို့အကြောင်း လည်းမရှိပါဘူး။xx ( ပုံ ၂)

အခု အချိန်မှာလည်း အဲဒီ ယုံကြည်ချက်တွေအတိုင်း ရပ်တည်နေဆဲပါပဲ။

ဘောင်းဘီပြင်သည် “အလီ”

အသက် ကိန်းဂဏန်းတွေ ကြီးလာတာနဲ့ အမ ျှ လိုက်ပြောင်းလဲနေတာက ခါး ရဲ့ ကိန်းဂဏန်း တွေပဲ။ အသက် ၆၀ ကျော်ပြီ ဆိုရင်တော့ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ်၊ အစားနဲ့ ဘယ်လိုထိန်းထိန်း မလွယ်တော့ဘူး။ အဲဒီလို ဖြစ်လာတဲ့အခါ ပုဆိုးဝတ်ရတာ ပြဿနာ မရှိပေမယ့် ဘောင်းဘီဝတ်တဲ့အခါ ပြဿနာ တက်တော့တာပဲ။

ကျွန်တော်တို့ လူငယ်ဘ၀ ၁၉ ၇၀၊ ၁၉ ၈၀ နှစ်များဆီကတော့ ဂျင်းဘောင်းဘီ ဝယ်ချင်ရင် ဗိုလ်ချုပ်ဈေးကို ပြေးရတာပဲ။ အဲဒီအချိန်က ဂျင်းဘောင်းဘီအပါအဝင် နိုင်ငံခြားဖြစ် အဝတ် အထည်တွေ လိုချင်ရင် ဗိုလ်ချုပ်ဈေးက ဆရာကြီးပေါ့။ ဂျပန်ပစ္စည်း၊ အမေရိကန်ပစ္စည်း ဆိုတာက ဗိုလ်ချုပ်ဈေး မှာပဲ ရနိုင်တာလေ။ ဒါပေမယ့် အခုလို ပြည်ပက တရားဝင် တင်သွင်းပြီး ဒီဇိုင်းမျိုးစုံ ခင်းကျင်းပြသပြီးရောင်းတာမျိုးမဟုတ်ဘူး။ နိုင်ငံခြားက ပြန်လာတဲ့ သူတွေ အထူးသဖြင့် သဘောၤသားတွေယူလာတဲ့ အထည်တွေရောင်းတာပါ။ ဒါတောင် တစ်မျိုးကို သုံးလေးထည်ထက် ပိုရှိတာမဟုတ်ဘူး။ အဲဒီလို ဆိုင်တွေထဲမှာတော့ ဂိုရား ဆိုင်ဆိုတာက နာမည်ကြီးပဲ။

အဲဒီကာလ က ဂျင်းဘောင်းဘီ ဝယ်တဲ့အခါ အခုခေတ်လို တစ်ထည်ပြီး တစ်ထည် စိတ်ကြိုက် ဝတ်ကြည့် ပြီးမှ ဝယ်ရတာမဟုတ်ဘူး။ ရှိတဲ့အထဲက ယူရတာ။ ကိုယ်နဲ့ အတိအကျဖြစ်တဲ့ ခါးအရွယ်အစား၊ ခြေထောက်အရှည်ဆိုတာ ကံကောင်းမှ ကွက်တိ ရ တာ။ များသောအားဖြင့် အနီးစပ်ဆုံးရတာ ကိုဝယ်ပြီး အပ်ချုပ်ဆိုင်မှာ သွားပြင်ရတာပဲ။

ဗိုလ်ချုပ်ဈေးရှေ့ မောင်ထော်လေးလမ်း ( အခု ဗိုလ်ဆွန်ပတ်လမ်း) ထဲမှာ အဲဒီလို ပြင်ပေးတဲ့ အပ်ချုပ်ဆိုင်လေးတွေရှိတယ်။ များသောအားဖြင့် အပေါ်ဘလောက် အနော်ရထာလမ်း နဲ့ နီးတဲ့ဘက်မှာ နံရံကပ်ဆိုင်လေးတွေ၊ လှေကားခွင်အောက်က ဆိုင်လေးတွေမှာ ပြင်ကြ တာပဲ။ ဒီအပေါ်ဘလောက်မှာပဲ အပ်ချုပ်ဆိုင်ကြီးတွေလည်းရှိတယ်။ မှတ်မိသလောက်ဆိုရင် ဂလုပ်၊ ဂူလန်၊ မီယန်းရှိတယ်။ နောက် ( ) ဟူစိန် ဆိုတာလည်း ရှိသေးတယ်ထင်တာပဲ။ နာမည် အပြည့် အစုံ မမှတ်မိတော့ဘူး။ အခုတော့ ဂလုပ် နဲ့ မီယန်းပဲတွေ့တော့တယ်။ ဘောင်းဘီပြင်တဲ့ ဆိုင်လေးတွေတော့ မရှိ သလောက်ပဲ။

ကျွန်တော့်မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဝယ်ခဲ့တဲ့ ဂျင်း တစ်ထည်ရှိတယ်။ ခါးက တုတ်လာ တော့ အသက်အောင့် ၊ ဗိုက်ရှပ်ပြီး ဝတ်ရင် တော့ ရပေမယ့် အထိုင် ၊ အထ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါပေမယ့် အမှတ်တရ ဝယ်ထားတာဆိုတော့ မပစ်ရက်ဘူး။ ဒါ့ကြောင့် ဒီဘောင်းဘီ လေးကို ပြင်ဖို့ စဉ်းစားရတယ်။

ဒီလိုနဲ့ သိမ်ဖြူလမ်းအတိုင်းသွားတဲ့အခါ အမြဲတမ်းမြင်နေရတဲ့ လမ်းငါးပွင့်ဆိုင် မီးပွိုင့်နားက “ အလီ အပ်ချုပ်ဆိုင်” ကို ရောက်သွားတယ်။ ဆိုင်းဘုတ်မှာ ဘောင်းဘီ ပြင်သည် လို့ ရေး မထားပေမယ့် အတွေ့အကြုံအရ ဒီလိုဆိုင်လေးတွေမှာ ပြင်လို့ရနိုင်တယ်ဆိုပြီး ရောက်သွားတာ။ ကျွန်တော်ရောက်သွားတော့ ဆိုင်ရှေ့ အပ်ချုပ် စက်မှာ လူငယ်တစ်ယောက် ရှိတယ်။ ဆိုင်ထဲက အပ်ချုပ်စက်မှာ အသက်ကြီးကြီး ၀၀ ဖိုင့်ဖိုင့် လူတစ်ယောက်ရှိတယ်။ အလယ်တည့်တည့် ဆိုင်နံရံမှာ အသစ်ချုပ်ထား တဲ့ ကုတ်အင်္ကျီ၊ ဘောင်းဘီတွေချိတ်ထားတယ်။ ဘေးက စင်တွေပေါ်မှာ အထည်လိပ်တွေရှိတယ်။ ပြင် ဖို့အပ်ထားတယ်လို့ ထင်ရတဲ့ ဂျင်းဘောင်းဘီ၊ သားရေဂျာကင်တစ်ချို့ရှိတယ်။ ရောင်စုံ အပ်ချည်လုံးတွေရှိတယ်။ ဆိုင်မျက်နှာစာ ဘယ်/ညာ မှာလည်း ဘောင်းဘီတွေချိတ်ထားတယ်။

ဂျင်း ဘောင်းဘီ ပြင်လို့ရလားလို့ မေးတော့ ရတယ်တဲ့။ ဘောင်းဘီကို ယူကြည့်တယ်။ ပြီးတော့ ကျွန်တော့် ခါးကို တိုင်းတယ်။ အတွင်းကနေ တစ်လက်မကျော်လောက်ချဲ့လို့ရမယ်၊ နောက် တစ်ခါ ထပ်ချဲ့ဖို့လိုရင်တော့ ပြင်လို့မရတော့ဘူး။ ပေးပစ်လိုက်တော့တဲ့။ ဒီတော့လည်း ပြင်ပေါ့ဗျာ လို့ သဘောတူလိုက်တာပေါ့ ။

သူတို့ နဲ့ စကားပြောတော့မှ သူတို့လည်း အရင်က မောင်ထော်လေးလမ်းထဲမှာ အခုလိုပဲ အပ်ချုပ်ဆိုင် ဖွင့်ခဲ့တာတဲ့။ အသက်ကြီးကြီးနဲ့ လူက သူ့ အဖိုးလက်ထက်က စပြီး အပ်ချုပ် လုပ်ငန်းကို လုပ်ခဲ့တာလို့ ပြောပြီး အဖိုး နဲ့ အဖွားရဲ့ အဖြူအမည်း ဓာတ်ပုံကို ပြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော့်ဘောင်းဘီကို ပြင်ပေး တာက သူရဲ့ သားဆိုတော့ ဒီဆိုင်လေးရဲ့ သက်တမ်းက မျိုးဆက် လေးဆက် ရှိခဲ့ပြီပေါ့။ လက်ရှိအခြေအနေမှာ အဖေက အသက်ခြောက်ဆယ်ကျော်၊ သားက အသက် သုံးဆယ်ကျော်။ သားလုပ်တဲ့သူက အိမ်ထောင်ကျပေမယ့် သားသမီးမရှိသေးဘူး။ သားမွေးခဲ့ရင်တော့ အပ်ချုပ်ပညာသင်ပေးပြီး ဆက်လုပ်ခိုင်းမှာ လို့ပြောတယ်။

ဒီနေရာကို ရွှေ့လာတာ ၁၃ နှစ်လောက်ရှိပြီ။ မြို့ထဲမှာ ကားရပ်ဖို့ နေရာခက်တော့ လူအလာ နည်း သွားတယ်။ ဒ့ါကြောင့် ဒီနေရာကို ရွှေ့လာတာလို့ ဆိုတယ်။ အရင်က ဒီနေရာက နှစ်ထပ်တိုက်။ အခုတော့ ကန်ထရိုက်တိုက်အမြင့်ဖြစ်သွားပြီ။ ဆိုင်ခန်းငှားခက အရင် သောင်းဂဏန်း၊ အခုတော့ သိန်းဂဏန်း။ မြို့ထဲက နံရံကပ်အခန်းလေးတွေဆိုရင် အခန်းငှားခ ဘယ်လောက်ရှိမလဲ တွေးကြည့်မိတယ်။

ကိုဗစ် ပထမလှိုင်းထဲက ဆိုင်ပိတ်လိုက်တာ အခု ပြန်ဖွင့်တာ လေးလလောက်ပဲရှိသေးသတဲ့။ လုပ်ငန်းကတော့ အရင်လို ပုံမှန်ပြန်မဖြစ်တော့ဘူးပေါ့။ အပ်ချုပ်ဆိုင်ဆိုတာကလည်း လူတွေ စီးပွားရေးကောင်းမှ ၊ ပွဲလမ်းသဘင်တွေများမှ အလုပ်ဖြစ်တာကိုး။ အခုအချိန်က လူတိုင်းလိုလို ဗျသန တရားငါးပါး နဲ့ ကြုံနေရတာဆိုတော့ သောက နဲ့ ဒေါသက လွဲရင် ကျန်တာ အားလုံး ရှားပါးနေတော့တာပဲ ။

လောကမှာ ကျွမ်းကျင်ရာ၊ လိမ္မာပဲ။ ဘောင်းဘီကို ချုပ်ရိုးတွေ ဆွဲဖြုတ်၊ အတွင်းက အသားထပ်ပိုး၊ ပြန်ချုပ် လုပ်လိုက်တာ နာရီဝက်ကျော်လောက်ကြာတော့ ဘောင်းဘီပြင်ပြီးသွားတယ်။ လမ်းဘေး ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဝတ်ကြည့်ဖို့ အဆင်မပြေတော့၊ အိမ်ရောက်မှ ဝတ်ကြည့်မယ်ဗျာ၊ အဆင်မပြေရင် ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်။

အိမ်ရောက်လို့ဘောင်းဘီဝတ်ကြည့်တော့ အဆင်ပြေတယ်။ လက်ရာသပ်ယပ်တယ်။ ပြင်ဖို့ အခွင့်အရေးရှိရင် ပြင်လိုက် တာအကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာပဲ။

ဒါ့ကြောင့် ကျွန်တော့်မှာရှိနေသေးတဲ့ ဘောင်းဘီတွေထဲက မတော်တော့တဲ့ ဘောင်းဘီတွေလည်း ပြင်ရမယ်။ ကိုယ့်နဲ့ မတော်တဲ့ ၊ ကိုယ်နဲ့ မတန်တဲ့ ဘောင်းဘီ ကို အတင်းဝတ်နေရင် ကိုယ့် အတွက် နေရ ထိုင်ရ အဆင်မပြေသလို ပတ်ဝန်းကျင်ကလူတွေ မြင်လို့လည်း မကောင်း ဘူး။

ဒါ့အပြင် ကိုယ်အခြေအနေ ကိုယ်မသိတဲ့ သူ၊ လောဘတက်ပြီး မဆန့်အင်တန် ဝတ်နေတယ် ဆိုပြီးတောင် အထင်သေးခံရ နိုင်တယ်။ ဒီတော့ အခြေအနေ မှန်ကို သိ၊ ငါနဲ့ မတော် တော့ဘူး၊ မတန် တော့ဘူး ဆိုတာကိုလက်ခံပြီး ပြင်လို့ရရင် ပြင်၊ ပြင်လို့မရတော့ဘူးဆိုရင် တော်တဲ့ ၊ တန်တဲ့ သူကို ပေးလိုက်တာပဲ ကောင်းပါတယ်။

လက်တွေ့ ဘောဂဗေဒ (၂)

မနက်စောစော လမ်းလေ ျှာက်ထွက်တော့ အိမ်က ခေါက်ဆွဲဖတ်၊ အကြော် နဲ့ အသီးအနှံတွေ ဈေး မှာလိုက်တယ်။

ရပ်ကွက်ဈေးထဲက မုန့်ဖတ်ဆိုင်ရောက်တော့ ဝယ်နေကျအတိုင်း မှာလိုက်တဲ့အခါ မုန့်ဖတ် နည်းနည်းပဲရတယ်။ မုန့်ဖတ်တွေ ဈေးတက်သွားပြီတဲ့။ အရင်က တစ်ပိဿာ ၁၆၀၀၊ အခု ၂၄၀၀၊ ဒီလိုနဲ့ မုန့်ဖတ်ဖိုးက မှန်းထားတာထက် ပိုကုန်သွားတယ်။

ပဲကြော် က အရင်တစ်ထုပ်ကို ငါးရာ၊ အခု ခုနှစ်ရာ၊ ပြန်ကြော်ဆီလား၊ ပြည့်ဝဆီလား ၊ ဘာညာ မမေးခဲ့ပါဘူး။ လက်တွေ့ဘဝမှာ သတင်းစာဆောင်းပါးတွေက ညွန်းသလို ကျန်းမာရေးနဲ့ ညီတဲ့ ဆီနဲ့ ကြော်ရင် နှလုံးရောဂါ ဖြစ်မယ့် ဈေး နဲ့ ဝယ်စားရလိမ့်မယ်။ ဒီလိုနဲ့ ဝယ်သူအများစု လက်လှမ်းမီတဲ့ဈေးဖြစ်အောင် အဆင်ပြေသလို လုပ်နေကြတာပါပဲ။

ကန်စွန်းရွက်၊ ပူစီနံ၊ နံနံပင် တစ်စည်းဈေး မတက်ဘူး။ ဒါပေမယ့် အရွယ်အစားကတော့ နည်း နည်းသေးသွားတယ်။ စီးပွားရေး ကျုံ့လာတယ်ဆိုတဲ့ သဘောပေါ့။

အပြန် မီးပွိုင့် နားရောက်တော့ အားပေးနေကျ တစ်ရှုးဘူးရောင်းတဲ့ လူငယ်လေးကို တွေ့ တယ်။ ခြေတစ်ဘက် မသန်တဲ့သူ့ကို တွေ့တိုင်း လိုလို မလိုလို တစ်ရှုးဘူးဝယ်ပြီးအားပေးနေကျ။ တစ်ရှုးဘူး တစ်ဘူး ဝယ်တော့ တစ်ထောင့်နှစ်ရာဖြစ်သွားပြီတဲ့။ အရင်က တစ်ထောင်ပါကွာ ဆိုတော့ အင်ပို့တွေ မဝင်လို့ တစ်ရှုးစက္ကူတွေ ဈေးတက်သွားပြီတဲ့။

ကောင်းကင်ကို မော့ကြည့်ရင်း မိုးနတ်မင်း ၊ ကုန်ဈေးနှုန်းတွေ တက်နေတာ သိရဲ့လားလို့ တွေးမိရတယ်။ သိမယ်မထင်ပါဘူး။ မိုးနတ်မင်းလည်း စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ နေတာ ကြာပြီကော။

လက်တွေ့ ဘောဂဗေဒ

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက ရန်ကုန် – ပြည် ကားလမ်းအတိုင်း ပေါက်ခေါင်းဘက်ကို ခရီးထွက်တော့ လမ်းပေါ်မှာ သံထည်ပစ္စည်းဟောင်းတွေ၊ ပလတ်စတစ်ထိုင်ခုံအကျိုးအပဲ့ တွေ တင်ထားတဲ့ ဆိုင်ကယ်တွေ အများကြီးတွေ့ရတယ်။ ဆိုင်ကယ်ပေါ်မှာ ဆိုင်ကယ် အဟောင်း တင်ပြီး မောင်းနေသူလည်း ရှိရဲ့။ ၂၀၁၉ ခုနှစ် ဒီလမ်းအတိုင်း ခရီးသွားခဲ့ ချိန်က အခုလို မတွေ့ခဲ့ရဘူး။ အခုတော့ ရန်ကုန် – ပြည်လမ်းမကြီးပေါ်မှာတင်မဟုတ်ဘူး။ ပုတီးကုန်း- ဆင်မြီးဆွဲ- ပေါက်ခေါင်းလမ်းမှာရော၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းအတိုင်း ပဲခူး ရိုးမ တောင်ခြေက ရွာတွေအထိရော ဒီဆိုင်ကယ်တွေကို တွေ့ရတယ်။

အဲဒီ ဆိုင်ကယ်သမားတွေ နဲ့ စကားပြောချင်ပေမယ့် သူတို့ ခရီးနှင်နေချိန်ဖြစ်လို့ ပြောဖို့ အခွင့် မသာခဲ့ဘူး။ အပြန်ခရီးမှာ ကြို့ပင်ကောက်မြို့ ကျော်လာတော့ လမ်းဘေးမှာ နားနေတဲ့ ပစ္စည်း အဟောင်းဝယ် ဆိုင်ကယ်တစ်စီးကို တွေ့တယ်။ တီရှပ်အမည်းရောင် နဲ့ လူငယ်လေးက ဆိုင် ကယ်ပေါ်မှာ ထိုင်ရင် ဖုန်းပွတ်နေတယ်။ ဆိုင်ကယ်နောက်က ခြင်းထဲမှာ သံထည် ပစ္စည်း အဟောင်းတွေ အပြည့်၊ စက်ဘီး ဖရိန်အဟောင်းပါသလို၊ လှည်းဘီးပတ်သံပြားအဟောင်း လည်း ပါတယ်။ ခြင်းတောင်းပေါ်မှာ မရွေးမုန့်ထုပ်အိတ်ကြီးတင်ထားပြီး ရှေ့ထိုင်ခုံကြားမှာတော့ ကြက် သွန်နီအိတ်တင်ထားတယ်။ ဆိုင်ကယ်လဲမသွားအောင် ဝါးလုံးနဲ့ထောက်ထားတယ်။

ကားရပ်ပြီး စကားပြောကြည့်တော့ ကြို့ပင်ကောက်မြို့ဘက်ကို ပြန်မှာ ။ သူငယ်ချင်း တစ်ယောက် နောက်မှာ ပစ္စည်းဝယ်ရင်းကျန်နေခဲ့လို့စောင့်နေတာတဲ့။ သူ့အသက်က ၂၅ နှစ်၊ ဒီအလုပ်လုပ် တာ ခုနှစ်နှစ်၊ ရှစ်နှစ် ရှိပြီဆိုတော့ ၁၈ နှစ်သားလောက်ထဲက ဒီအလုပ်လုပ်ခဲ့တာပေါ့။ သူ စလုပ် တော့ စက်ဘီးအဟောင်းလေးနဲ့ လိုက်ဝယ်ရတယ်။ အဲဒီကမှ ဆိုင်ကယ်နဲ့ ဖြစ်လာတာ။

သံထည်နဲ့ ပလတ်စတစ် ပစ္စည်းအဟောင်းဝယ်ဖို့ အတွက် ရွာစဉ်သွားရတယ်။ ကားလမ်းကနေ မိုင် ၂၀ ၊ ၃၀ ဝေးတဲ့ရွာတွေအထိ သွားတယ်။ လှည်းလမ်း၊ ဆိုင်ကယ်လမ်း ရှိရင် ရောက်အောင် သွားတာပဲ။ ဇလွန် ၊ ဟင်္သာဘက် က ရွာတွေအထိ ဆင်းပြီး ဝယ်ဖူးတယ်တဲ့။

ကိုဗစ် ဖြစ်တဲ့အခါ မြို့၊ ရွာတွေက လူစိမ်းအဝင်မခံတော့ သူတို့လုပ်ငန်းလည်း ရပ်ပေါ့။ ပြန်စ တာ တစ်လကျော်၊ နှစ်လလောက်ပဲရှိသေးတယ်။ အခုလုပ်ငန်းအခြေအနေကိုမေးတော့ ကောင်းလည်း ကောင်းတယ်၊ ဆိုးလည်း ဆိုးတယ်တဲ့။ ကောင်းတယ်ဆိုတာက သံထည်အဟောင်းတွေ၊ ပလတ် စတစ်အဟောင်းတွေ ဈေးကောင်းရလာတယ်။ ဆိုးတယ်ဆိုတာက ရောဂါကြောင့်၊ လုံခြုံရေး ကြောင့် သွားလမ်း၊လာလမ်းပိတ်တာတွေများလာတယ်။ မြို့အဝင်၊ အထွက်တွေကလည်း ကိုဗစ် စစ်တော့ တစ်ခါစစ်ပြီးရင် အဲဒီလက်မှတ်လေးဆောင်ထားရတယ်။ လက်မှတ် ပြရင် နောက်ထပ် ငါးရက် အတွင်း အစစ်မခံရတော့ဘူး။ တစ်ခါတစ်လေတော့လည်း မြို့ကို မဖြတ်ဘဲ ရွာလမ်း တွေကနေ ရှောင်ပြီးသွားရတာလည်း ရှိတယ်။ နှာခေါင်းအနှိုက်ခံရတာများလွန်းတော့ မခံနိုင် တော့ဘူးတဲ့။

( ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ) ဆီဈေးက တစ်ဘူး ၁၅၀၀၊ တစ်နေ့ကို ဆီဖိုး လေးထောင် လောက်တော့ ကုန်တယ်။ ပစ္စည်းဝယ်တဲ့အခါ ပြန်ရောင်းရင် ကိုယ့်အတွက် တစ်ပိဿာမှာ နှစ်ရာ ၊ သုံးရာ ကျန် အောင်တော့ တွက်ပြီး ဝယ်ရတာပဲ။ ပစ္စည်းများများရောင်းလေ့ရှိတဲ့ ဖောက်သည်ဆိုရင်တော့ ကိုယ့် အတွက် လေ ျှာ့ပြီး ဈေးကောင်းပေးဝယ်ရတာလည်းရှိတာပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့ သုံးလေးထောင်တော့ ကိုယ့်အတွက် ကျန်ပါတယ်လို့ တွက်ပြတယ်။

သူတို့ ပစ္စည်းဝယ်တဲ့စနစ်ကလည်း ပုံသေမဟုတ်ပါဘူး။ ပိဿာချိန်ကို မှန်းပြီး ဈေးဖြတ် ဝယ်ရ တာလည်း ရှိတယ်။ အိမ်သုံးလ ျှပ်စစ်ပစ္စည်းတွေဆိုရင် ဘယ်အပိုင်းက ပြန်ရောင်းလို့ရတယ်၊ ဘယ်အပိုင်းက မရဘူးဆိုတာ တွက်တတ်ရတယ်။ အဓိက ပြန်ရောင်းလို့ရတာကတော့ သံ ထည် အပိုင်းတွေပါပဲ။ ဆိုင်ကယ်အဟောင်းတွေ ဝယ်ရင်လည်း ဒီလိုပဲတွက်ရတာပဲတဲ့။

သူ့မှာပါလာတဲ့ မရွေးတွေက ကလေးတွေအတွက်။ ကလေးတွေဆီက အများဆုံးဝယ်လို့ရတာက ဘီယာဘူးခွံ၊ အအေးဘူးခွံတွေ။ ကြက်သွန်နီကတော့ အိမ်ရှင်မတွေအတွက်။ သူ့ခြင်းထဲက အမ်ပလီဖိုင်ယာအဟောင်းကြီးဆိုရင် ကြက်သွန်တစ်ပိဿာနဲ့လဲလာခဲ့တာဆိုပဲ။

အခုအချိန်မှာ ပစ္စည်းအဟောင်းလိုက်ဝယ်တဲ့သူတွေများတယ်ဆိုတာက လူတွေက လုပ်စရာ အလုပ် မရှိကြတဲ့အချိန်မှာ သံထည်အဟောင်းတွေ ဈေးကောင်းရတယ်ဆိုတော့ အဆင်ပြေတဲ့ အလုပ်ကိုပဲ ဝိုင်းလုပ်လာကြတာပါတဲ့။

ဒီအလုပ်လုပ်တဲ့သူတွေများလာတော့ ကုန်ကြမ်းဝယ်ရတာ ခက်သွားလား၊ ပစ္စည်းရှားသွားလား လို့ မေးတော့ မရှားပါဘူး။ လူတွေကလည်း အသုံးကျပ်လာတော့ အရင်က ဒီအတိုင်း ပစ်ထားတဲ့ ပစ္စည်းအဟောင်းတွေကို ရှာဖွေပြီးရောင်းလာလို့ ပိုတောင် ဝယ်လို့ကောင်းလာတယ်လို့ ဆိုတယ်။

“ လူတွေက လုပ်စရာ အလုပ်မရှိတော့ အဆင်ပြေတဲ့အလုပ်ကိုပဲ ဝိုင်းလုပ်နေကြတယ်။ ”

“ လူတွေက အသုံးကျပ်လာတော့ အရင်က ဒီအတိုင်း ပစ်ထားတဲ့ ပစ္စည်းအဟောင်းတွေကို ရှာဖွေ ရောင်းလာကြတယ်။”

အစီရင်ခံစာတွေ ဖတ်စရာမလိုတဲ့ လမ်းမပေါ်က လက်တွေ့ စီးပွားရေးသုံးသပ်ချက်ပဲ။

လူငယ်လေးရဲ့ စကားကို ကြားတော့ ဆရာ သိန်းဖေမြင့်ရဲ့ “ ပြည်သူကြားမှာ အမှန်ရှာ” ဆိုတဲ့ စကားကို သတိရမိတယ်။

ဒါပေမယ့် အဲဒီစကားခေတ်စားခဲ့တဲ့ လမ်းစဉ်ပါတီခေတ်မှာပဲ အခြေအနေမှန် နဲ့ ကင်းကွာပြီး ထန်းပင်ပေါ်က ကိန်းဂဏန်းတွေနဲ့ စိတ်ကူးယဉ်ခဲ့ကြလို့ ဒုက္ခတွေ့ခဲ့ကြဖူးတယ်။

မေ ျှာ်စင်ထိပ်မှာနေတဲ့အတွက် အဝေးကြီးကို မြင်နိုင်တယ်ဆိုပေမယ့် တစ်ခါတစ်လေ မေ ျှာ်စင် အောက်ခြေကို ငုံ့ကြည့်ဖို့ မေ့နေတတ်တာလည်းရှိတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ဦးကတော့ မီးပြတိုက်အောက်ခြေက အမှောင်ဆုံးပဲလို့ ဆိုခဲ့ဖူးတယ်။

ကရင်အကြောင်း စာအုပ်ကောင်းတစ်အုပ်

မနေ့က ပန်းဆိုးတန်းမှာ စာအုပ်ရှာပုံတော်ဖွင့်ခဲ့တယ်။ ကာလအတော်ကြာ တံခါးပိတ်နေခဲ့တဲ့ စာအုပ်ဆိုင် အတော်များများ ပြန်ဖွင့်နေကြပါပြီ။ စာအုပ်ဝယ်သူကတော့ နည်းတယ်။ ကျွန်တော် သွားတဲ့အချိန်က ကိုးနာရီကျော် ဆိုင်တွေဖွင့်စ အချိန်ဖြစ်လို့ လူပါးတာလည်း ဖြစ်နိုင်ပါတယ်။

သွားရှာတဲ့စာအုပ်က ဆရာမြသန်းတင့်ရဲ့ “ လူလေးသို့ပေးစာများ” (ဘာသာပြန်) ပါ။ ပန်းဆိုး တန်း အပေါ်ဘလောက် ဘူတာကြီး ကုန်းကျော်တံတားအဆင်း ညာဘက်ခြမ်းမှာ ရှိတဲ့ Book Tree စာအုပ်မှာ ရှာတွေ့တယ်။ အဲဒီဆိုင်မှာပဲ “ ကရင်အမျိုးသားသမိုင်း” ( ဒေါက်တာ နန်းလှိုင်) စာအုပ်ထူကြီး ကို တွေ့လို ဝယ်ခဲ့တယ်။

ဆိုင်ထဲမှာ စာမြည်းကြည့်ပြီးတဲ့နောက် စာမျက်နှာ ၁၂ ၈၃ မျက်နှာ ရှိတဲ့စာအုပ်ထူကြီးကို ဝယ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်း သုံးချက်ရှိပါတယ်။

ပထမ တစ်ချက်က ဒီစာအုပ်ဟာ ကရင်အမျိုးသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများသာမက ကရင်အမျိုးသားများရဲ့ နိုင်ငံရေးသမိုင်းကိုပါ ပြုစုရေးသားထားတဲ့အတွက်ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ဖူးသမ ျှ ကရင်အမျိုးသားများနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေက ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများကို သီးသန့်ရေးတာရှိတယ်။ နိုင်ငံရေးသမိုင်းနဲ့ပတ်သက်ပြီး သီးသန့်ရေးတာရှိတယ်။ အခုလို ဘက်စုံ ထောင့်စုံက ပေါင်းစပ်ရေးသားထားတာမျိုး မရှိဘူး။

ဒုတိယအချက်က စာအုပ်ရဲ့ လွှမ်းခြုံ ပြုစုထားတဲ့အချိန် ကာလကြောင့်ဖြစ်ပါတယ်။ ကရင် အမျိုးသားရဲ့ နိုင်ငံရေးသမိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေက ကာလ အပိုင်း အခြားတစ်ခု ၊ သို့မဟုတ် စာရေးသူဖြတ်သန်းခဲ့ရတဲ့ ကာလတစ်ခု ကိုပဲ သုံးသပ်ရေးသားထား တာဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ အေဒီ ၁၀၀၀ ကနေ ၂၀၁၉ ခုနှစ်အထိ ကရင်အမျိုးသား များရဲ့ နိုင်ငံရေး နဲ့ လူမှုရေး ကဏ္ဍကို လွှမ်းခြုံပြုစုရေးသားထားတာပါ။

တတိယအချက်က ဒီစာအုပ်ကို ပြုစုရေးထားတာဟာ တက္ကသိုလ်များရဲ့ ဘွဲ့ယူသုတေသန ကျမ်း များ၊ စာတမ်းများရေးသားထားတဲ့ပုံစံအတိုင်း မူရင်းအထောက်အထားများ၊ တွေ့ဆုံ မေးမြန်းမှုများ ကို အောက်ခြေမှတ်စုများ နဲ့ ပြည့်ပြည့်စုံစုံဖော်ပြထားတဲ့အတွက်ဖြစ်ပါတယ်။ အောက်ခြေ မှတ်စုတွေပါတဲ့အတွက် မူရင်းစာအုပ် စာတမ်းများကို လေ့လာလိုသူများ အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ပြုစုသူ ကိုယ်တိုင် က ရန်ကုန်တက္ကသိုလ် ၊ သမိုင်းဌာန၊ ကထိက ဖြစ်တဲ့အပြင် ထင်ရှားတဲ့ သမိုင်း ပညာရှင် ပါမောက္ခ စောထွန်းအောင်ချိန် နဲ့ ပါမောက္ခဒေါက်တာ နော်အင်ဂျလင်းတို့က ကြီးကြပ်ထားတဲ့စာအုပ်ဖြစ် တဲ့အတွက် သုတေသနအတွက်ဖြစ်ဖြစ်၊ သမိုင်းမှတ်တမ်းအတွက်ဖြစ်ဖြစ် အားကိုးရမယ့် စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ ပုံနှိပ်ဖြန့်ချိတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ( ၂၀၁၆- ၂၀၂၁) နော်ပန်းသဉ္ဇာမျိုး၊ အမေရိကန်ပြည်ထောင်စု၊ ဂျက်ဆင် တက္ကသိုလ်၊ သမိုင်းဌာန၊ ဂုဏ်ထူးဆောင် ပါမောက္ခနော်အင်ဂျယ်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ကရင် စာပေ နှင့် ယဉ်ကျေးမှုကော်မတီ ၊ အတွင်းရေးမှူး၊ မန်းသန်းဝင်းဦး နဲ့ သမိုင်းပြုစုသူတို့က အမှာစာရေးတယ်။

စာအုပ်တန်ဖိုး ၂၅၀၀၀ ကျပ် ဖြစ်တဲ့အတွက် တစ်ဦးချင်း ဝယ်ယူစုဆောင်းဖို့အခက်အခဲရှိနိုင် ပေမယ့် သတင်းအချက်အလက်များကို အသုံးပြုရတဲ့အဖွဲ့အစည်းများအတွက် မရှိမဖြစ် ဝယ်ယူ စု ဆောင်းထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

စာအုပ်ကို BOOK TREE Online Book Shop ကနေလည်း မှာလို့ရပါတယ်။

အသုပ်စုံ ဝေဒနာ

ကျွန်တော်ရောက်သွားတော့ အသုပ်ဆိုင်လေးက ခင်းတုန်း၊ ကျင်းတုန်း။ ဟင်းရည် အိုး က မီးဖိုပေါ်တင်ကာစ၊ ပလက်ဖောင်းပေါ်က ပလတ်စတစ်စားပွဲပေါ်မှာ ဂေါ်ဖီထုပ်တွေ လှီးချွတ်ပြီး ပုံ ထားတယ်။ အရပ် ခပ်ပျပ်ပျပ်၊ အသားညိုညို၊ အကျီ ၤ အညိုရောင်ရင့်ရင့် နဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က အထမ်းပေါ်မှာ ခေါက်ဆွဲဖတ်၊ မုန့်ဟင်းခါးဖတ်၊ တို့ဟူး စတဲ့ အမယ် စုံကို နေရာချနေတယ်။ သမီးငယ်လေးတစ်ယောက်က ဝိုင်းကူနေတယ်။ 

သာမန်အားဖြင့်တော့ တိရိစ္ဆာဥယျာဉ်  နဲ့ ကန်တော်ကြီးနားက ဆိုင်တွေမှာ စားလေ့ မရှိပါဘူး။ ဒါပေမယ့် ကိုဗစ် ပထမလှိုင်း နဲ့ အတူ ဒီဆိုင်လေးအတော်များများ ပျောက်သွားခဲ့ပြီး အခုရက် ပိုင်းမှ ပြန်ပေါ်လာတာကြောင့် သူတို့ အကြောင်းနားထောင်ချင်တာနဲ့ ဝင်စားရင်း စကား စမြည် ပြောဖြစ်တယ်။ အစုံသုပ်တစ်ပွဲ၊ အချိုမှုန့်မထည့်နဲ့လို့ မှာပြီးတဲ့နောက် “ အမကြီး ဘယ်ကနေ လာရောင်းလဲ၊ အဆင်ပြေရဲ့လား” လို့ စကားစလိုက်တဲ့အခါ 

ဒီနေရာကို တောင်ဒဂုံ ၅၆ ကနေလာရောင်းတာ၊ မိဘတွေကလည်း ကန်တော်ကြီးထဲမှာ ဈေးရောင်းခဲ့တာ၊ နောင် ကန်တော်ကြီးကို ခြံစည်း ရိုးတွေ ကာပြီး ပန်းခြံလုပ်လိုက်တော့ ဈေးဆိုင်တွေဖယ်ပေးလိုက်ရတယ်။ ဒီလို နဲ့ တိရိစ္ဆာန်ဥယျာဉ် ကို မှီပြီး ပလက်ဖောင်းပေါ်မှာ ဈေးရောင်းရတယ်။ မိဘတွေကွယ်လွန်တော့ ဒီအမွေကို ဆက်ခံခဲ့တယ်။ အခု ခင်ပွန်း မရှိတော့ဘူး။ ကိုယ်ပဲ ဦးဆောင်ပြီး ဒီအလုပ်ကို ဆက်လုပ်နေတာ ပေါ့။

ကိုဗစ်စဖြစ်ပြီး ဘုရားတွေ၊ ပန်းခြံတွေ ပိတ်လိုက်တော့ ဆိုင်လည်း နားလိုက်ရတယ်။ ပြီးခဲ့တဲ့ ရက်တွေက ဒုက္ခရောက်လိုက်တာ၊ခွက်ဆွဲပြီး တောင်းစားတဲ့ ဘ၀ မရောက်တာ ကံကောင်း။

ဆိုင်မရောင်းရတော့ ဆိုင်ကယ်ဘေးတွဲငှားပြီး တောင်ဒဂုံထဲမှာ ကြက်သား လှည့် ရောင်း တယ်၊ စားနိုင် သောက်နိုင် လူတွေအနေများတဲ့ ရပ်ကွက်တွေကို လှည့်ရောင်းရတယ်။  သားက ဆိုင်ကယ် မောင်း၊ ကိုယ်က ကြက်သားခုတ်ထစ်ရောင်းပေါ့။ 

ဆိုင်ကယ်ဘေးတွဲကို တစ်နေ့နှစ်ထောင်နဲ့ ငှားရတယ်။ ဆီက တစ်နေ့ကို ရေသန့်ဘူး တစ်ဘူးခွဲကုန်တယ်။ ကြက်သားက တာမွေ ကြက်ဘဲဈေး ဒိုင်ကနေ ယူတယ်။ ပြန်ရောင်းတော့ အကောင်ပြတ်၊ ဒါမှမဟုတ် တစ်ခြမ်း ရောင်းတယ်။ တကယ်တော့ 

တစ်ခြမ်းဝယ်တဲ့သူ များ ရင် ကိုယ့်အတွက် ခေါင်း၊ ခြေထောက်၊ အသည်း ၊ အမြစ် စားဖို့ ကျန်တဲ့အတွက် တွက်ခြေပို ကိုက် တယ်။ အကောင်လိုက်ယူရင်တော့ အဲဒါတွေ မရတော့ဘူးပေါ့။ ကြက်သားရောင်းတဲ့အချိန် က ဆိုင်ကယ်ဖိုး၊ ဆီဖိုး နှုတ်ပြီး ကိုယ့်အတွက် ရှစ်ထောင်၊ တစ်သောင်းကျန်တော့ မဆိုးဘူးပေါ့။

ဒီလို အဆင်ပြေနေတာလည်း ကြာကြာမခံဘူး။ အာဏာသိမ်းလိုက်တော့ ဆူဆူ ပူပူ နဲ့ ဈေးရောင်းလို့မရတော့ပြန်ဘူး။ ( အဲဒီစကားကို ကြားတော့  ကျွန်တော်က “အာဏာထိန်း” တာမဟုတ်ဘူးလား လို့ စကားတောက်လိုက်တဲ့အခါ  “သိမ်းတာပါ” လို့ ပြန်ပြောတယ်။ သူ့ အဖြေကို ကြားတဲ့အခါ  တောင်နဝင်း ချောင်းယာတဲက   “ အတင်းယူတာဆိုတော့ သိမ်းတာပေါ့” ဆိုတဲ့ စကားကို သတိရမိတယ်။) 

သင်္ကြန်မတိုင်ခင်ကာလတွေကတော့ အဆိုးဆုံးပဲ။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရ တော့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ဝေယျာဝစ္စအဖွဲ့မှာ သွားကူလုပ်ပေးရတယ်။ အဲဒီ က ကျွေးတာစားပြီး နေရတယ်။ 

နောက်ပိုင်း အခြေအနေနည်းနည်းငြိမ်လာပေမယ့် ကြက်သားဈေးတက်သွားသလို ဆီဈေး ကလည်း တက်ဆိုတော့ ကြက်သားပြန် မရောင်းနိုင်တော့ဘူး။ ဒါ့ကြောင့်  ရပ်ကွက်တွေမှာ အဝတ် လေ ျှာ် ၊ထမင်းချက် အိမ်မှု ကိစ္စ ကူလုပ်ပေးတယ်။ ငွေရသလို ဆန်၊ ဟင်းချက်စရာတွေလည်း ရတယ်။ 

အသုပ်ဆိုင်ကတော့ အခု လပြည့်နေ့ကမှ ပြန်ဖွင့်တာ။ ငွေရှိလို့ဖွင့်တာမဟုတ်ဘူး။ ဒီလိုပဲ ချေးငှားပြီး ဖွင့်ရတာပဲ။ တစ်သက်လုံးကလည်း ဒါပဲ လုပ်ခဲ့တာကိုး။ အရင်ကတော့ ဒီပတ်ဝန်းကျင် မှာရောင်းတဲ့ ဈေးသည်တွေကို ငါးကျပ်တိုးနဲ့ ချေးပေးတဲ့သူရှိတယ်။  အခုတော့ ခေတ်မကောင်း၊ အခြေအနေက ဘာဖြစ်မယ်မှန်းမသိတော့သူလည်း  မချေးရဲတော့ဘူး။ 

ဒီတော့ ရနိုင်တဲ့နေရာက  သုံးဆယ်တိုးနဲ့  ချေးရတယ်။ အရင်ကတော့ လူရင်း တွေလိုဖြစ်နေတဲ့အတွက် နှစ် ရက်၊ သုံးရက် ဆိုင်းပြီးမှ ဆပ်လို့ရတယ်။ အခုတော့ နေ့ချင်းပဲ။ လပြည့်နေ့ ဆိုင်ထွက်မယ် ဆိုတော့ တစ်သိန်းချေးရတယ်။ အခါကြီး ရက်ကြီးတွေဆိုရင် အသုပ်တစ်မျိုးတည်း ရောင်း လို့ မရဘူး။ ရေသန့်ဘူး၊ အအေး၊ ကလေးမုန့် အစုံတင်ရတယ်။ ဒါ့ကြောင့် အရင်းများများလိုတယ်။ 

ပြီးခဲ့တဲ့လပြည့်နေ့ တစ်သိန်းကျော် ရောင်းရတယ်။ ဒါ နည်းသွားတာ၊ အရင်က ဒီလို နေ့မျိုးဆိုရင် နှစ်သိန်း၊ နှစ်သိန်းကျော်ရောင်းရတယ်။ လပြည့်နေ့က ရောင်းရတော့ အရင်း ပြန် ဆပ်၊ အမြတ်နဲ့ ဆက်ရောင်းတာပေါ့။ ဒါပေမယ့် လပြည့်ကျော်တစ်ရက်နေ့မှာ မိုးရွာနေတော့ လူမလာဘူး။ ဒီတော့ အရင်းပြုတ်ပြီး ဒီနေ့ဆိုင်ထွက်ဖို့ သုံးသောင်းထပ်ချေးရတယ်။ 

နေ့တိုင်း သုံးသောင်းချေးဖို့တော့မလိုပါဘူး။ ဒီနေ့ဝယ်လိုက်တဲ့ အဆာပလာ၊ အခြောက် အခြမ်းတွေက သုံးလေးရက် ဆက်သုံးလို့ရတာကိုး။ ဒီနေ့ ရောင်းမကောင်းရင်တော့ ထပ်ချေးရ မှာပဲ။ ဒီပတ်ဝန်းကျင်က ဆိုင်တွေဆိုတာ မြို့ထဲက ဆိုင်တွေလိုမဟုတ်ဘူး။ အခါကြီး ရက်ကြီး နဲ့ စနေ၊တနင်္ဂတွေ ရုံးပိတ်ရက်ကို အားပြုရောင်းရတာ။ အခုတော့ လူတွေက ပိုက်ဆံမရှိတာရယ်၊  အပြင်မထွက်ချင်တာရယ်ကြောင့် ဒီ စနေ၊ တနင်္ဂနွေ ရောင်းရပါ့မလားမသိနိုင်ဘူး။ ဒီကြားထဲ တိရိစ္ဆာန်ရုံကလည်း ကလေး ငါးရာ၊ လူကြီး တစ်ထောင်ကနေ ကလေး တစ်ထောင်၊ လူကြီး နှစ်ထောင်ဖြစ်သွားတော့ လူလာတာ နည်းသွားတယ်။  အခု လို ကာလမှာ တော်ရုံ မိသားစု အတွက် ဆို ကလေး ၊လူကြီးအားလုံးအတွက် ဝင်ကြေး  ခုနှစ်ထောင်၊ ရှစ်ထောင် မသုံးချင် တော့ဘူး။ 

လမ်းဘေးမှာ ရောင်းတယ်ဆိုပေမယ့် ကုန်ကျစရိတ်ရှိတာပဲ။ အထမ်းတွေ၊ ခုံတွေ က ဗဟန်း ထဲက အိမ်မှာအပ်တာ တစ်လ နှစ်သောင်းပေးရတယ်။ အရင်က တောင်ဒဂုံကနေ မြို့ ပတ်ရထားစီး၊ ဘူတာကြီးမှာ ဆင်း၊ ဘူတာကြီးကနေ ကန်တော်ကြီးကို လမ်းလေ ျှာက်လာ လို့ရတယ်။ အခု ရထားက အချိန်မမှန်တော့ ကားနှစ်ဆင့်စီးလာရတယ်။ YBS က ဘယ် စီး စီး သုံးရာ ဖြစ်သွားပြီ။ နှစ်ယောက်လာရင် သွား/ပြန် နှစ်ထောင့်လေးရာ၊ သား နဲ့ သုံးယောက်လာ ရင် သုံးထောင့်ခြောက်ရာ၊ မီးသွေးဖိုး၊ ဘာညာရှိတယ်။ မုန့်ဖတ်တွေက မကုန်ရင် နောက်နေ့ထားလို့ ရတာမဟုတ်ဘူး။ စားနိုင်ရင်စား၊ မစားနိုင်ရင် လွှင့်ပစ်ဖို့ပဲရှိတယ်။ 

ဒီ စနေ ၊ တနင်္ဂနွေ ရောင်းမကောင်းရင်တော့ ရပ်ကွက်ထဲမှာ အဝတ်လေ ျှာ်၊ သန့်ရှင်း ရေး ပဲ လိုက်လုပ်ရမှာပဲ။  အချက်အပြုတ်၊ သန့်ရှင်းရေး၊ အဝတ်လေ ျှာ်၊ မီးပူတိုက် အကုန်လုပ်တတ် တယ်။  အိမ်တစ်အိမ်မှာ အိမ်ဖော်အဖြစ် အမြဲတမ်းလုပ်ရရင်ကောင်းမှာ။  

အခုနေ တစ်သိန်းလောက် ထုတ်ပေးပြီး လုပ်စား၊ ဖြေးဖြေးမှ ပြန်ဆပ် လို့ ပေးတဲ့သူရှိရင် ထိုင်ကန်တော့မိမှာပဲ။ တစ်သက်လုံး ဈေးရောင်းလာတာဆိုတော့ ဈေးပဲ ရောင်းချင်တဲ့ စိတ်ရှိတယ်။ 

ကိုယ်က အောက်ဆုံးကလူဆို တော့ နိုင်ငံရေးတွေ ဘာတွေတော့ မပြော တတ် ပါဘူး။ လူတွေ ပျော်ပျော်ရွှင်ရွှင် သွားလာ နေရင်  ကိုယ်လည်းဈေးရောင်းကောင်းတယ်။ ကားသမားတွေ လည်း ငှားရတယ်။ အားလုံးပျော်နေတာပဲ မြင်ချင်တယ်။ ဒါပေမယ့် ကိုယ်လည်း ဘာမှ မတတ် နိုင်ဘူး။ 

အသုပ်စုံသည် အမျိုးသမီး စကားဆုံးသွားမှ အသုပ်စုံ စားဖို့ သတိရတယ်။ စားကြည့် လိုက်တော့ စားနေကြ အသုပ်စုံဆရာလေးရဲ့ လက်ရာကို မမှီပေမယ့် တစ်ပွဲငါးရာတော့ တန် ပါ တယ်။ ဒီဆိုင်လေးကို ကျွန်တော်ရောက်တော့ မနက် ရှစ်နာရီခွဲနေပေမယ့်  ကျွန်တော်က ဈေးဦးပေါက် ဆိုပဲ။ ဘေးနားက အအေးဆိုင် နဲ့ အုန်းရည်ဆိုင်က ဈေးဦးမပေါက်သေးဘူး။ 

အသုပ်စုံသည် အမျိုးသမီးကတော့ ရွှေတိဂုံ ဘုရားဘက်ကို မေ ျှာ်ကြည့်ရင်း ဘုရားက မနက် ခြောက်နာရီမှ ဖွင့်တာဆိုတော့ လူတွေက ဘုရားပေါ်မှာပဲ ရှိဦးမှာ၊ ဆယ့်တစ်နာရီလောက်မှ ဒီဘက်ကို လာကြမှာလို့ ဆက်ပြောနေတယ်။ 

ကျွန်တော်ကတော့ အားလုံးပျော်စေချင်တဲ့ အမကြီး ဆုတောင်းပြည့်ပါစေလို့ပဲ စိတ်ထဲ ကနေ ဆုတောင်းပေး မိတယ်။ နောက် နေ့ ဒီဘက်မှာ လမ်းလေ ျှာက်ဖြစ်ရင်လည်း ဒီဆိုင် လေးကို အားပေးရဦးမှာပဲ။

ကုန်စိမ်း ညည်းချင်း

ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း ဒေသက ဟင်းသီးဟင်းရွက်မျိုးစုံ ထွက်ပုံရတယ်။ မနက်စော စော ပုတီးကုန်းမြို့အထွက်နဲ့ ဝက်ပုတ်ရွာ အထွက်မှာ ဆယ်ဘီးကားတွေနဲ့ ကုန်စိမ်းတွေ တင် နေတာတွေ့တယ်။ အရင်ကတော့ ဝက်ပုတ်ရွာထဲမှာ တင်ပေမယ့် ကိုဗစ် ၁၉ ကြောင့် ရွာပြင် မှာပဲ တင်ရတော့တယ်တဲ့။

ဆယ်ဘီးကားတွေသာမက ခရီးသည်တင်အဝေးပြေးကားတွေရဲ့ ဝမ်းထဲမှာလည်း ကုန်စိမ်းတွေ တင်နေတာတွေ့ရတယ်။ ရွာတွေက ကုန်စိမ်းတင်လာတဲ့ ထွေလာဂျီတွေ တန်းစီ၊ ဘယ်သူ က ဘယ်လောက်တင်တယ်ဆိုတာ စာရင်းမှတ်တဲ့သူကမှတ်၊ ကားပေါ်ကို ကုန်စိမ်းထုတ်တွေ တင်သူ ကတင်နဲ့ ပျားပန်းခတ်နေတာပဲ။

ရန်ကုန်ဘက်သွားတဲ့ကားတွေက တစ်ချို့က ထောက်ကြန့်မှာချတယ်။ ထောက်ကြန့်က တဆင့် မွန်/ ကရင်ပြည်နယ်ဘက်ကို ပို့တယ်။ တစ်ချို့က ရန်ကုန်ထဲဝင်ပြီး ဒိုင်တွေကို ပို့တယ်။

ကုန်စိမ်းပို့တဲ့နေရာမှာ အရင်က ပစ္စည်းတင်ပေးလိုက်၊ ဒိုင်က Wave Money နဲ့ ငွေလွှဲလိုက်၊ ဒီမှာ ထုတ်လိုက် အဆင်ပြေတယ်။ အခုတော့ Wave Money က ပို့သူဆီကရော၊ ထုတ်သူဆီကပါ ဝန်ဆောင်ခယူတယ်။ ဒါ့အပြင် ထုတ်တဲ့နေရာမှာ ဘရိတ် ထားသေးတယ်။ ( ဘယ်လောက်ပဲ ထုတ်လို့ရမယ်ဆိုတာကို ပြောတာ ) ။ ဒီတော့ ကုန်ကား နဲ့ ကိုယ်စားလှယ်ထည့်ပေးလိုက်ပြီး ဒိုင်ဆီက တစ်ခါတည်းငွေထုတ်ယူပြီး ပြန်လာရတယ်။ စရိတ်ကုန်တယ်။ စိတ်ပူရတယ်။

ဗဟိုဘဏ်က တာဝန်ရှိသူတွေက မိုဘိုင်းဘဏ်စနစ်အကြောင်းအတော်ပြောနေပေမယ့် အခု လို ငွေလွှဲခက်လို့ ကုန်သည်တွေ ဒုက္ခရောက်နေတာ၊ ဘဏ်မှာ ငွေအပ်ထားမိသူတွေ ATM မှာ တန်းမ စီနိုင် လို့၊ဘဏ်က လိုသလောက် ထုတ်မရ လို့ ကိုယ့်ငွေကိုယ် % ပေးပြီး ထုတ်နေရတာ၊ တစ်ချို့ဆိုင်တွေမှာ ဘဏ်ကတ်တွေ၊ ဘာPay ညာ Pay တွေ နဲ့ ငွေချေရင် ၅% အပိုတောင်း တာတွေကို သိကြရဲ့ လားလို့ စဉ်းစားမိတယ်။

ဝက်ပုတ်ရွာအထွက် ကုန်စိမ်းကားတွေကြားမှာ ဆီဈေးတက်တော့ ကားသမားက ညည်း၊ ကားခ ဈေး တက်တော့ ကုန်သည်က ညည်း ၊ မြေဆီ ( ဓာတ်မြေသြဇာ) နဲ့ ဈေးတက်တော့ တောင်သူက ညည်း၊ ငွေအလွှဲခက်တော့ ပွဲစားကညည်း နဲ့ ကုန်စိမ်း ညည်းချင်းတွေ ပဲ့တင်ထပ် နေတယ်။

ဝက်ပုတ်ကထွက်တော့ ကားဆီထည့်ဖို့သတိရတယ်။ ဘဏ်ကတ်နဲ့ ချေလို့ရတဲ့ ဆိုင်ရှာရဦး မယ်။ ဒါတောင်မှာ တစ်ချို့ဆိုင်ကြီးတွေက ဘဏ်ကတ်နဲ့ဆိုရင် ပွိုင့်ခံစားခွင့်မပေးတော့ ဘူး။ ငွေသားနဲ့ ပေးမှ ပွိုင့်ပေးတော့တယ်။ ဘဏ်ကတ်တွေ မျက်နှာငယ်နေရကြောင်း ဗဟိုဘဏ် က လူကြီးမင်းများ သိစေချင်လှတယ်။