သတင်းစာသမား

သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် လုပ်ကိုင်ဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ် ဘူး။ ဒါပေမယ့် သတင်းစာအယ်ဒီတာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ်၊ ပုံနှိပ်စက် ဆရာလည်း မဟုတ်တဲ့ သူလိုလူ လူတစ်ယောက် သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ် ကျော် လှုပ်ရှားလုပ်ကိုင်နေတာကို သတိပြုမိသူ၊ အသိအမှတ်ပြုမယ့်သူလည်းမရှိပါဘူး။

သူ့ကို သတင်းစာလောကထဲရောက်အောင်ပို့ခဲ့တာတော့ သူ့ဆရာတော်ပဲ။ သူူ့ဇာတိက မော်လမြိုင်၊ မိဘတွေက လက်လုပ်လက်စား၊ သူ့ကိုမွေးတာက ၁၉ ၄၂ ခုနှစ် ၊ ခေတ်မပျက်ခင် လေးပေါ့။ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘ၀ နဲ့ နေခဲ့ရချိန်မှာ သူ့ဆရာတော်က သတင်းစာပုံမှန်ယူတယ်။ ထူးခြားတဲ့သတင်းတွေဆိုရင် ကိုရင်တွေ၊ ကျောင်းသားတွေကို ဖတ်ပြတယ်။ စစ်ပြီးခေတ်က သတင်းစာတစ်စောင်မှ တစ်မတ်ပဲပေးရ တယ်။

ဆရာတော် သတင်းစာဖတ်ပြတဲ့အခါတိုင်း သတင်းစာဆိုတာ တန်ဖိုးရှိတယ်။ သတင်းစာ ထုတ်တဲ့ လူတွေကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်၊ ငွေတမတ်နဲ့ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက အကြောင်းတွေသိရတယ်လို့ ပြောလေ့ရှိတယ်။ ဆရာတော့်စကားကို အမြဲကြားနေရတော့ စတုတ္ထ မဏ္ဍိုင်တွေ ဘာတွေသိလို့တော့မဟုတ်ဘူး။ သတင်းစာဖတ်တာကောင်းတယ်။ သတင်းစာ ထုတ်တဲ့ သူတွေကိုကျေးဇူးတင်ရမယ်ဆိုတာ စိတ်ထဲစွဲနေတယ်။

သူအသက် ၁၅ နှစ်မှာ အလုပ်လုပ်မယ်ဆိုပြီး ရန်ကုန်ကို ထွက်လာတယ်။ ရန်ကုန်ဘူတာကြီး ရောက်တော့ အိပ်ထဲမှာ ငွေတစ်ကျပ်ခွဲပဲပါတယ်။ အဖေ၊ အမေကို ထောက်ပံ့ချင်လို့သာ ထွက် လာတာ ရန်ကုန်မှာ အသိမရှိဘူး။ ဘုန်းကြီးကျောင်းမှာတည်းမယ်၊ အလုပ်ရှာမယ်ဆိုတဲ့စိတ်ပဲ ရှိတယ်။ ကံကောင်းချင်တော့ ရန်ကုန်ရောက်တဲ့နေ့ပဲ အနော်ရထာလမ်းပေါ်မှာ လေ ျှာက်သွားရင်း နဲ့ ဖိနပ်တွေတင်လာတဲ့ တွန်းလှည်းတစ်စီး ဘီးပြုတ်ပြီး ဒုက္ခရောက်နေတာတွေ့လိုဝင်ကူညီပေး ရင်းနဲ့ ဖိနပ်လုပ်ငန်းရှင်က သဘောကျသွားပြီး ခေါ်သွားတယ်။ သူတို့ဆိုင်က ၃၅ လမ်းထိပ် မှာ ရှိတယ်။ လမ်းထဲမှာ အလုပ်ရုံရှိတယ်။ ပထမတော့ လခမရဘူး၊ ထမင်း ကျွေး၊နေစရာပေးပေါ့။ နောက်တော့ တစ်လ နှစ်ဆယ်ကျပ်ပေးတယ်။

ဖိနပ်ဆိုင်မှာလုပ်ရင်းနဲ့ တစ်နှစ်လောက်ကြာတော့ အပိုဝင်ငွေရအောင် အလုပ်တစ်ခုလုပ်မယ်လို့ စဉ်းစားတော့ ဆရာတော် ပြောတဲ့စကားကို သတိရပြီး သတင်းစာပို့တဲ့အလုပ်ဝင်လုပ်တယ်။ အဲဒီ ခေတ်က သတင်းစာတွေက မနက်နှစ်နာရီဆိုရင် စဖြန့်ပြီ။ ဒီတော့ မနက်ပိုင်းသတင်းစာပို့ ပြီးမှ ဆိုင်အလုပ်လုပ် လို့ရတယ်။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေတောင် မနက်ပိုင်းသတင်းစာပို့ ပြီး အပိုဝင်ငွေရှာကြတယ်။ ဒီဘက်ခေတ်မှာတော့ အစိုးရသတင်းစာတွေက တစ်ခါတစ်လေ ထွက် ချိန်နောက်ကျတယ်။ မမှန်တော့ဘူး။

အဲဒီခေတ်က သတင်းစာတစ်စောင်ကို ၁၅ ပြားနဲ့ယူရတယ်။ ပြန်ရောင်းတော့ ၂၅ ပြား (တစ်မတ်)၊ ဖြန့်တာကလည်း အခုခေတ်လို့ ကိုယ့်မြို့နယ်နဲ့ ကိုယ်မဟုတ်သေးဘူး။ မြို့အနှံ့လက်ပွေ့လိုက် ရောင်းရင်း ဖောက်သည်ဖြစ်သွားတဲ့သူဆီ ပုံမှန်ပို့ပေးတာပဲ။ သူဆိုရင် ကျောက်တံတား၊ ပန်းဘဲ တန်းကနေ လမ်းမတော်၊ အလုံအထိ ပို့ခဲ့ဖူးတယ်။ တစ်နေ့ကို အစောင်တစ်ရာလောက်ပို့ရတယ်။ အဲဒီအချိန်က ငွေတန်ဖိုးရှိတော့ အဖေနဲ့ အမေကို ကောင်းကောင်းထောက်ပံ့နိုင်တယ်။

၁၉ ၆၇ ခုနှစ်ကျတော့ သူ့အလုပ်ရှင်တွေ ဆိုင်ပိတ်ပြီး ပြည်ပထွက်သွားတယ်။ အဲဒီအချိန်ကစပြီး သတင်းစာပို့တဲ့အလုပ်တစ်ခုပဲ လုပ်ခဲ့တာ ဒီနေ့အထိပဲ။

သတင်းစာပို့သမားသက်တမ်းမှာ သူပို့ခဲ့တဲ့သတင်းစာတွေက ဗိုလ်တထောင်၊ ကြေးမုံ၊ မြန်မာ့အလင်း ၊လုပ်သားပြည်သူ့နေ့စဉ်၊ ရန်ကုန် သတင်းစာတွေ၊ အဲဒီအချိန်က သတင်းစာ တွေက ဆိုက်ကြီးတွေများတယ်။ သူ့ဘဝမှာ သတင်းစာတွေက အရွယ်အစားသေးသေး လာတယ်။ သတင်းစာဈေးကကြီးကြီးလာတယ်။ သတင်းစာကိုယ်စားလှယ်ယူရတဲ့စနစ်တွေ လည်းပြောင်းလာတယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ်ပဲပို့ရတော့တယ်။ဒ့ါကြောင့် ကျောက်တံတား မြို့နယ်တစ်ခုပဲပို့တော့တယ်။

ဟိုတုန်းက သတင်းစာယူတဲ့သူဆိုရင် လေးငါးဆယ်နှစ် ဆက်တိုက်ယူတယ်။ အပြောင်းအလဲ မရှိဘူး။ အခုတော့ အဲဒီလို ယူတဲ့သူအတော်နည်းသွားပြီ။ တစ်ချို့က အခန်းငှားနေတော့ ဟို ပြောင်း၊ သည်ပြောင်း၊ တစ်ချို့ကလည်း သတင်းစာဈေးတက်လို့၊ စိတ်ဝင်စားစရာသတင်း နည်း လို့ဆိုပြီး ယူလိုက်၊ မယူလိုက်။ သတင်းစာပို့ရတာလည်း အရင်နဲ့မတူတော့ဘူး။ ဟိုတုန်းက တိုက်တွေကလည်း သုံးလေးထပ်ပဲမြင့်တယ်။ အိမ်တွေကလည်း တစ်အိမ်နဲ့တစ်အိမ် ခြားတယ်။ ဒီတော့ စက်ဘီးပေါ်ကနေ ပစ်တင်ပေးသွားလို့ရတယ်။ အခုကျတော့ အထပ်မြင့်တိုက်တွေ၊ အခန်း တွေကလည်း ပြွတ်သိပ်နေတော့ စက်ဘီးပေါ်က ဆင်းပြီး ပစ်တင်လို့ရတာပစ်တင်။ တွဲလောင်းချ ထားတဲ့ ကလစ်မှာ ညှပ်သင့်တာညှပ်လုပ်ရတယ်။ သတင်းစာလိပ်ပြီး ပစ်တင်တာကလည်း နည်းစနစ်လိုတယ်။ လက်ကိုလွှဲပြီး ပစ်ရင် အချိန်အဆမမှန်ဘူး။ လက်ကောက်ဝတ်ကို ဆတ်ပြီး ပစ်ရတယ်။ ဒါမှ ကိုယ်လိုချင်တဲ့နေရာကို တည့်တည့်ရောက်တယ်။

သတင်းစာတွေခေတ်ကောင်းချိန်က သတင်းစာပို့သူတွေလည်းခေတ်ကောင်းခဲ့တာပဲ။ သူဆိုရင် တစ်ချိန်မှာ အစောင်သုံးရာလောက်အထိ ပို့ခဲ့ရပြီး တစ်ယောက်ထဲမနိုင်လို့ အကူနှစ်ယောက် တောင် ငှားခဲ့ရဖူးတယ်။ အဲဒီလို ခေတ်ကောင်းခဲ့သလို ဒုက္ခလည်းရောက်ဖူးတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် ကျော် လောက်က အစိုးရသတင်းစာတိုက်တွေမှာ သတင်းစာဖိုးတွေမသွင်းလို့ဆိုပြီး အမှုတွေဖြစ်ကြ တယ်။ အဲဒီတော့မှာ သူသွင်းတဲ့ငွေတွေ စာရင်းမဝင်ဘဲ ကြွေးကျန် စာရင်းပေါ်နေ တယ်ဆိုတာသိရတယ်။ တကယ်တော့ လစဉ်ငွေသွင်းနေတာပဲ။ ဒါပေမယ့် လူချင်းခင်နေတော့ ပြေ စာတွေဘာတွေမတောင်းမိဘူး။ ကိုယ်ရမယ့် သတင်းစာကလည်း လစဉ်ရနေတော့ သံသယ လည်း မရှိဘူးပေါ့။

အမှုဖြစ်တော့ ကြွေးကျန်ရှိတဲ့ကိုယ်စားလှယ်တွေ ကို သတင်းစာဖြတ်လိုက်တယ်။ ပေးရမယ့် ကြွေးက လည်း ငါးသိန်း၊ခြောက်သိန်းဆိုတော့ ချက်ခြင်းမဆပ်နိုင်ဘူး။ ချေးငှားရသေးတယ်။ အဲဒီမှာ သတင်းစာတစ်လလောက်ဖြတ်ခံလိုက်ရပြီးဖောက်သည်တွေအတော်ဆုံးသွားတယ်။ ( သူ က ကျွန်တော့်ကို ဘယ်သူမှန်းမသိဘူး။ ဒါပေမယ့် သူပြောတာနားထောင်ရင်း အဲဒီအမှုအကြောင်းသိနေတဲ့အတွက် ပြန်ကြားရေး ကိုယ်စား မျက်နှာပူမိတယ်။ )

သတင်းစာသမားဘဝက ကျန်တဲ့အလုပ်တွေနဲ့မတူဘူး။ သင်္ကြန်တွင်းကလွဲရင် ပိတ်ရက်မရှိဘူး။ နေပူပူ၊မိုးရွာရွာ အလုပ်ပျက်လို့မရဘူး။ ဒါပေမယ့် သူ့ဘဝမှာ အသက်ခြောက်ဆယ်ကျော်တဲ့ အထိ ဖျားနာတာလုံးဝမရှိဘူး။ အသက်ခြောက်ဆယ်ကျော်မှ ကားနှစ်ခါအတိုက်ခံရတယ်။ ပထမ တစ်ခါက ကမ်းနားလမ်းမှာ၊ နောက်တစ်ခါက ဗိုလ်အောင်ကျော်လမ်းမှာ။ နှစ်ခါလုံးပေါင်ကျိုးပြီး စတီးချောင်းထည့်ထားရတယ်။ တိုက်တဲ့အချိန်က မနက်အစောကြီးဆိုတော့ မောင်းပြေးသွားတဲ့ အတွက် ဘေးက ဝိုင်းပြီးဆေးရုံပို့ရတယ်။ ဒီနှစ်ဆန်းမှာ လေဖြန်းပြီး ရန်ကုန်ဆေးရုံကြီးမှာ ငါးရက် တက်လိုက်ရသေးတယ်။

ဒါပေမယ့် ခြေထောက်ပဲကျိုးကျိုး၊လေပဲဖြန်းဖြန်း ဆေးရုံဆင်းတာနဲ့ သတင်းစာပြန်ပို့တာပဲ။ သတင်းစာပို့တာကိုက နလံပြန်ထူဖို့အတွက်လေ့ကျင့်ခန်းလို့ ခံယူထားတယ်။ နောက်ပြီး ငွေယူထားပြီး သတင်းစာမပို့နိုင်ရင် သူ့တာဝန်မကျေဘူးလို့ခံစားရတယ်။ ဒါ့ကြောင့် လေဖြန်း ထားလို့ ခြေထောက်တစ်ဖက် နည်းနည်းဆာနေပေမယ့် သတင်းစာပို့မပျက်ဘူး။

လူတွေသတင်းစာဖတ်တာနည်းလာတာကို သူလည်းခံရတာပဲ။ တစ်ချိန်က စောင်ရေ နှစ်ရာ သုံးရာ ပို့ရာကနေ ကြေးမုံ တစ်ရာလောက် ၊ မြန်မာ့အလင်း သုံးဆယ်ကျော် ၊ အင်္ဂလိပ်သတင်းစာ ဆယ်စောင်၊ ဆယ့်ငါးစောင် ပဲပို့ရတော့တယ်။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း အခုတော့ ကြေးမုံ ၅၇ စောင် ၊ မြန်မာ့အလင်း ၁၆စောင် နဲ့ အင်္ဂလိပ်သတင်းစာ ငါးစောင် ပဲရှိတော့တယ်။ ပုဂ္ဂလိက သတင်းစာထဲမှာ စံတော်ချိန်တစ်ခုပဲ ပို့ရတယ်။ ဒါကလည်း လေးငါးစောင်ပဲ။

အခု အသက် ၇၉ နှစ်ရှိပြီဆိုတော့ သူ့အသက်အရွယ်နဲ့ ဒီအလုပ်က အနားယူသင့်ပြီ ပေါ့။ သား ဖြစ်သူက မှော်ဘီမှာ အလုပ်အကိုင်နဲ့ ၊ အိမ်ထောင်နဲ့ ။ ဇနီးဖြစ်သူက သားနဲ့သွားနေ တယ်။ သူက လိုက်မသွားဘူး။ သာကေတမှာ တစ်လသုံးသောင်းနဲ့ အခန်းငှားနေတယ်။ မနက် လေးနာရီဆိုရင် ကြားကားနဲ့ ၄၆ လမ်းထိပ်ကိုလာတယ်။ မိတ်ဆွေတွေနဲ့လက်ဖက်ရည်သောက် တယ်။ သတင်းစာလိုက်ပို့တယ်။ သတင်းစာ နောက်မကျဘူးဆိုရင် ၁၁ နာရီဆိုရင် သူ့အလုပ်ပြီး ပြီ။ သာကေတပြန်၊ သူ့အခန်းလေးထဲမှာ စာဖတ်၊ ညနေ လေးနာရီ၊ငါးနာရီဆိုရင် သူ့ခြေထောက် အတွက် ထိုင်၊ထ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ ထမင်းစား၊ ည ၇နာရီထိုးရင်း ဘုရားရှိခိုး။ အိပ်ယာဝင်။ ထမင်းချက်မစားဘူး။ မြို့ထဲ နဲ့သာကေတ အဆင်ပြေတဲ့နေရာဝယ်စားလိုက်တာပဲ။ တစ်ခါ ပြင် ၈၀၀/ ၁၀၀၀ ဆိုရင် သူ့အတွက်လုံလောက်ပြီ။

ဘယ်အချိန်ထိ သတင်းစာပို့ဦးမလဲဆိုတော့ အိပ်ယာထဲက မထနိုင်အောင် နေမကောင်းဖြစ်တဲ့ အထိ၊ ဒါမှ မဟုတ် သတင်းစာပို့ရင်း လဲကျပြီး သေတဲ့အထိ လုပ်ဦးမှာပဲတဲ့။ သတင်းစာပို့တဲ့ လူသစ် လေးတွေကို ဘာမှာခဲ့ချင်လဲဆိုတော့

“ သတင်းစာလပေး မှာဖတ်တဲ့သူက သူ့အတွက် အရေးကြီး တဲ့ သတင်း၊ ကြော်ငြာတွေကို အချိန်မီ သိချင်လို့မှာဖတ်တာ။ အဲဒါကို ကိုယ်ချင်း စာ ပါ။ သတင်းစာကို ဘယ်အချိန်ပို့ ပို့ ရပါတယ်လို့ သဘောမထားနဲ့၊ အစောဆုံးရောက်အောင်ပို့ ” လို့ မှာခဲ့ချင်တယ်တဲ့။

သတင်းလောကသားမဟုတ်ပေမယ့် သတင်းစာကို ချစ်တဲ့သူတစ်ယောက် ကျောက်တံတား မြို့နယ်မှာ သတင်းစာပို့နေပါတယ်။

အရှိန်လျော့သွားပြီလား ပိုးလမ်းမ

၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင်းဖျင်က နိုင်ငံ့ခေါင်းဆောင်သုံးဆယ်နီးပါး နဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်တဲ့ ၂၁ ရာစု ပိုးလမ်းမသစ် နိုင်ငံတကာအစည်းအဝေး ( The Belt and Road Forum for International Cooperation) မှာ အဖွင့်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအခမ်းအနားမှာ သမ္မတ ရှီက ပိုးလမ်းမသစ် အခြေခံ အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေအတွက် ဖွံ့ဖြိုးရေးချေးငွေ ဒေါ်လာ တစ်ထရီလျံ နီးပါး အသုံးပြုမယ်လို့ကြေညာခဲ့ပြီး ပိုးလမ်းမ သစ် စီမံကိန်းကို “ ၂၁ ရာစု အထူူးခြားဆုံး စီမံကိန်း” လို့ မှတ်ချက်ပေးခဲ့တယ်။

သူပြောတာလည်း မမှားဘူး။ ပိုးလမ်းသစ်စီမံကိန်းက ငွေကြေးဖောင်းပွမှုတွေကိုထည့်တွက်ရင် တောင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဖွံ့ဖြိုးရေးစီမံကိန်း လို့ ပြောရမယ့် အမေရိကန်တွေရဲ့ ဥရောပတိုက်ပြန်လည်ထူထောင်ရေး မာရှယ်စီမံကိန်းထက် ခုနှစ်ဆ များတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်လိုအပ်တဲ့ငွေကြေးကို အဓိက ထုတ်ချေး တာကတော့ တရုတ်အစိုးရရဲ့ အဓိက ဘဏ်ကြီးနှစ်ခုဖြစ်တဲ့ China Development Bank နဲ့ Export-Import Bank of China ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ကြားမှာ ဒီဘဏ် နှစ်ခုရဲ့ နိုင်ငံ တကာ ချေးငွေက ဒေါ်လာ ၄၆၂ ဘီလျံရှိခဲ့တယ်။ ဒါဟာ အဲဒီကာလအတွင်း ကမ္ဘာ့ဘဏ်က ထုတ်ချေး ခဲ့တဲ့ ချေးငွေ ၄၆၇ ဘီလျံထက် မဆိုစလောက် ပဲနည်းတယ်။ ဒါပေမယ့် ဘော်စတွန်တက္ကသိုလ် Global Development Policy Centerရဲ့ တွေ့ရှိချက်အရဆိုရင် ဒီဘဏ် နှစ်ခုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေက ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလျံပဲ ရှိတော့တယ်လို့ ဆိုတယ်။ ( ပုံ ၁ )

အဲဒီတွေ့ရှိချက်ကြောင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာချေးငွေတွေဟာ ကြွေးဆုံး အန္တရာယ်နဲ့ ရင် ဆိုင်နေရပြီး ပိုးလမ်းမသစ် စီမံကိန်းအတွက်ချေးငွေတွေကို ပြန်လည်သုံးသပ်နေရပြီလားဆို တဲ့ မှန်းဆချက်တွေပေါ်ထွက်လာခဲ့တယ်။

ဝါရှင်တန်အခြေစိုက် CSIS သုတေသနအဖွဲ့က ပညာရှင် ဟီလ်မန်းကတော့ တရုတ် အနေနဲ့ ကြွေးဆုံးမယ့်အခြေအနေမှာရှိနေတဲ့ နိုင်ငံတွေနဲ့ ကြွေးမြီသက်သာခွင့်တွေ ဆွေးနွေးရဖို့ လို တယ်။ အဲဒီလိုမလုပ်နိုင်ရင် တရုတ်ဘဏ်တွေ ပြဿနာတက်လိမ့်မယ်လို့ပြောခဲ့တယ်။

တစ်ချို့နိုင်ငံတွေရဲ့ ကြွေးမြီအခြေအနေက ဟီလ်မန်းပြောသလိုပဲ အခြေအနေအတော်ဆိုး နေတယ်။ ဗင်နီဇွဲလားနိုင်ငံဆိုရင် ၂၀၀၇ နဲ့ ၂၀၁၃ ကြားမှာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၄၀ ဘီလျံ ချေးယူခဲ့တယ်။ ၂၀၁၃ နောက်ပိုင်းမှာ အရင်ကြွေးတွေကို ပြန်မဆပ်နိုင်တဲ့အပြင် စီးပွား ရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက်နောက်ထပ် ၂၀ ဘီလျံထပ်ချေးခဲ့ရတယ်။ လက်ရှိ အချိန်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်ပကြွေးက ဒေါ်လာ ၁၅၀ ဘီလျံရှိနေပြီး တရုတ်အကြွေးက အများဆုံးဖြစ်နေတယ်။ ဒါ့အပြင် တရုတ်ဟာ ၂၀၂၀ ထဲမှာ နိုင်ငံ ၁၂ နိုင်ငံနဲ့ ဒေါ်လာ ၂၈ ဘီလျံ တန်းဖိုးရှိတဲ့ကြွေးမြီတွေကို ပြန်လည်ညှိနှိုင်းနေရတယ်လို့ သတင်းတွေကဆိုတယ်။

ဘေ့ာစတွန်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်ကို လူတိုင်းက သဘောတူတာတော့မဟုတ်ဘူး။ Diplomat မဂ္ဂဇင်းမှာဆောင်းပါးရှင် Tristan Kenderdine က တရုတ် နိုင်ငံက ပိုးလမ်းမသစ် စီမံကိန်းအတွက်ချေးငွေတွေကို လေ ျှာ့ချလိုက်တာမဟုတ်ဘူး။ ငွေချေး တဲ့ စနစ်ပြောင်းလိုက် တာဖြစ်တယ်။ ပိုးလမ်းမသစ်စီမံကိန်းအတွက်ချေးငွေတွေမှာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း (SOE)တွေ၊ အခြားဘဏ်တွေ နဲ့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရ ထောက်ပံ့တာတွေကို ဘော်စတွန်တက္ကသိုလ်က ထည့်တွက်မထားဘူးလို့ ဆိုတယ်။

Tristan Kenderdine က သာဓကအဖြစ် ကာဇက်စတန်နိုင်ငံကို ဥပမာပေးထားတယ်။ ဘော စတွန် တက္ကသိုလ်ရဲ့ တွေ့ရှိချက်အရ ကာဇက်စတန်နိုင်ငံကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အတွင်း ဒေါ်လာ ၅.၇ ဘီလျံချေးခဲ့တယ်လို့ဆိုတယ်။ ဒါပေမယ့် တရုတ်-ကာဇက်စတန်နိုင်ငံ သဘောတူညီချက်အရ ပိုးလမ်းမစီမံကိန်း အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်း ၅၆ ခု ဒေါ်လာ ၂၄. ၅၂ ဘီလျံဖိုးလုပ်ဆောင်နေတာကို ထည့်တွက်ဖို့ကျန်နေခဲ့တယ်။ အဲဒီလို ပဲ ဘော်စတွန်တက္ကသိုလ်က အာရှအလယ်ပိုင်းဒေသအတွက် တရုတ် ချေးငွေက ၁၉ .၃ ဘီလျံ ပဲရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ အနည်းဆုံးဒေါ်လာ ၄၁ ဘီလျံကျော်ချေးထားတယ်။

ပိုးလမ်းမသစ်စီမံကိန်းဟာ သမ္မတ ရှီကျင်ဖျင်ရဲ့ စီမံကိန်းဖြစ်တဲ့အတွက် အရှိန်လျော့သွားဖို့ အကြောင်းမရှိဘူး။ ဒါပေမယ့် တရုတ်အစိုးရကိုယ်တိုင်က ပိုးလမ်းမသစ် စီမံကိန်းချေးငွေ တွေ နဲ့ပတ်သက်ပြီး ပိုပြီး ချင့်ချင့်ချိန်ချိန်ဆောင်ရွက်လာတော့အမှန်ပဲ။

ဒီလိုဆောင်ရွက်လာရတဲ့ ပထမအချက်ကတော့ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ “ကြွေးမြီ ထောင်ချောက် ” ဆိုတဲ့ စကားလုံး နဲ့ ပိုးလမ်းမသစ်စီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ နိုင်ငံ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဝါဒဖြန့်တိုက်ခိုက်လာတဲ့အတွက်ဖြစ်တယ်။ ဒါ့ကြောင့် ချေးငွေများ နဲ့ ပတ်သက်ရင် တရုတ်ဘက်က စီမံကိန်းရဲ့ အကျိုးအမြတ်နဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ပြန်လည်ပေးဆပ်နိုင်စွမ်းကို ပိုပြီး တွက်ချက်လာတယ်။ သဘာဝပတ်ကျင်ထိခိုက်နိုင်မှုကို ထည့်စဉ်းစားလာတယ်။ အရင်လို နိုင်ငံရေးမဟာမိတ်ဖြစ်လို့၊ ပထဝီနိုင်ငံရေးအရ လိုအပ်လို့ ဆိုပြီး ပုံအော ချေးတာမျိုး မလုပ်တော့ဘူး။

ဒုတိယအချက်ကတော့ ကိုဗစ် ၁၉ နဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြောင်းလဲလာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ပြည်တွင်းစီးပွားရေးအခြေအနေများနဲ့ ပြန်လည် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက်ဖြစ်တယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ သမ္မတ ရှီက စီးပွားရေးအရ ဆုံးရှုံးနိုင်မှုတွေကို ကာကွယ်ရမယ်၊ လေ ျှာ့ချရမယ်။ နိုင်ငံတကာအခြေအနေတွေ ကြောင့်ဖြစ်ပေါ်လာရတဲ့စိန်ခေါ်မှုတွေကို ထက်ထက်မြက်မြက်တုန့်ပြန်ဆောင်ရွက်ရမယ်လို့ ပြောခဲ့တယ်။

အဲဒီဗဟိုကော်မတီအစည်းအဝေးက ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ( ၂၀၂၁ – ၂၀၂၅) ကို အတည်ပြုခဲ့တယ်။ အဲဒီငါးနှစ်စီမံကိန်းရဲ့ ထူးခြားချက်ကတော့ အရင်လို တစ်နှစ်ကို ဂျီဒီပီ ဘယ်နှစ်ရာခိုင်နှုန်းတိုးရမယ်ဆိုတာက အဓိက မဟုတ်တော့ဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ပတ်သက်ရင် အရေအတွက် ထက် အရည်အသွေးကို ပိုပြီး ဦးစားပေးမယ်လို့ဖော်ပြခဲ့တယ်။ အဲဒါ အပြင် ပြည်ပဈေးကွက်ကို ဦးစားပေးသလို ပြည်တွင်းဈေးကွက်ကို ဦးစားပေးမယ်၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးမယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီမူဝါဒဟာ နိုင်ငံတကာချေးငွေတွေ အပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တယ်။

ပြန်ချုပ်လိုက်ရင်တော့ ပိုးလမ်းမသစ် စီမံကိန်းက အရှိန်မကုန်ပါဘူး။ ဒါပေမယ့် လက်ဖွာဖွာနဲ့ ငွေ ထုတ်ချေး တဲ့ခေတ်ကုန်သွားပြီလို့တော့ ပြောလို့ရပါတယ်။

ကိုးကား

၁။ Speech by H.E. Xi Jinping , President of the People’s Republic of China
At the Opening Ceremony of The Belt and Road Forum for International Cooperation
14 May 2017, Xinhua News Agency .
၂။ Financial Times, 12 December 2020.
၃။ Diplomat , 12 December 2020.
၄။ China Briefing, 12 November 2020.

လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ

ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် – တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။ ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

အင်ဒို – ပစိဖိတ် ဆိုသည်မှာ

အင်ဒို – ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တနည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။

ဒီဒေသမှာ ကမ္ဘာအင်အားအကြီးဆုံးတပ်မတော်ဆယ်ခု အနက် ခုနှစ်ခုရှိတယ်။ အနုမြူလက် နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ခြောက်နိုင်ငံရှိတယ်။ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်နိုင်ငံရှိတယ်။ စီးပွား ရေးအရပြောရရင် ကမ္ဘာ့ ဂျီဒီပီ ၆၀% က အင်ဒို-ပစိဖိတ်ဒေသကဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဂျပန်ရှိတယ်။ ထွန်းသစ်စ စီးပွားရေး အင် အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယရှိတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေ ကြား ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၂.၃ ထရီလျံရှိတယ်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံက တောင်တရုတ်ပင် လယ် နဲ့ ၆၀% က အာရှဒေသကို ဖြတ်သန်းသွားရတယ်။ ကမ္ဘာပေါ်မှာ သဘောၤဝင်ထွက်အများဆုံး ဆိပ်ကမ်း ဆယ်ခုအနက် ကိုးခုရှိတယ်။ ဒီကိန်းဂဏန်းတွေက အင်ဒို – ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအရအရေးပါမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ်ဆိုတဲ့စကားကို စသုံးခဲ့တာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပါ။ ၂၀၀၇ ခုနှစ် အိန္ဒိယ ပါလီမန်မှာ မိန့်ခွန်းပြောတဲ့အခါ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပြီးလုံခြုံရေးနယ် ဝန်း အဖြစ်ပြောခဲ့တယ်။ သူ့အယူ အဆအရ ဂျပန်၊ အိန္ဒိယ နဲ့ သြစတေးလျသုံးနိုင်ငံဟာ တရုတ် စစ်အင်အားကြီးထွားလာ မှုကို တန်ပြန်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရ မှာဖြစ်ပါ တယ်။ဒါပေမယ့် အာဘေး ဝန်ကြီးချုပ် အဖြစ်ကနေ အနားယူလိုက်တော့ ဒီအယူအဆကိုဆက်အကောင်အထည်မဖော်နိုင်တော့ဘူး။

၂၀၁၂ ခုနှစ်မှာ အာဘေး ဝန်ကြီးချုပ်ပြန်ဖြစ်တော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျ ပူး ပေါင်းပြီး “ အာရှဒီမိုကရေစီလုံခြုံရေးစိန်ပွင့်” (“Asia’s democratic security diamond”) အဖြစ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရမယ်ဆိုတဲ့ အယူ အဆကို ထပ်ပြီး ဖော်ထုတ်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ တရုတ်နိုင်ငံကို အင်အားထိန်းညှိဖို့ အတွက် အာရှအင်အားကြီးဒီမိုကရေစီနိုင်ငံတွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း လိုက်တာပဲဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့် က အဲဒီအယူအဆကိုလက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အမေရိကန်အမျိုးသား လုံခြုံရေးမဟာဗျူဟာစာတမ်းမှာ အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့စကားကို သုံးခဲ့တယ်။ ၂၀၁၉ ခုနှစ် မှတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အင်ဒို – ပစိဖိတ်ဒေသ မဟာဗျူ ဟာ နဲ့ပတ်သက်တဲ့စာတမ်းတွေ ထုတ်ပြန်ခဲ့တယ်။ အဲဒီမဟာဗျူဟာရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေးအင်အားကြီးမားလာမှုနဲ့ သြဇာချဲ့ထွင်လာမှုကို ဒေသ တွင်းနိုင်ငံများနဲ့ ပူးပေါင်းပြီး တန်ပြန်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာဒေသ

အိန္ဒိယသမုဒ္ဒရာဒေသမှာ ကုန်းမြေနိုင်ငံနဲ့ ကျွန်းနိုင်ငံပေါင်း ၃၈ ခုရှိတယ်။ အဲဒီအထဲမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ အပါအဝင် အာရှ ၂၂ နိုင်ငံပါတယ်။ တရုတ်နိုင်ငံကို ပို့တဲ့ရေနံ ၈၀% က က အိန္ဒိယသမုဒ္ဒရာနဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းသွားတယ်။

အိန္ဒိယသမုဒ္ဒရာက ၁၅ ရာစုက စပြီး ပေါ်တူဂီ၊ ဒတ်ချ် နဲ့ အင်္ဂလိပ်တို့ အင်အားပြိုင်တဲ့နေရာ ဖြစ်ခဲ့တော့ ကုန်သွယ်ရေကြောင်းအင်အားကြီးနိုင်ငံဖြစ်လာရင် အိန္ဒိယသမုဒ္ဒရာကို သြဇာ ချဲ့ထွင်နိုင်ဖို့ ကြိုးစားတာ အစဉ်အလာဖြစ်နေပါပြီ။ ဒါ့ကြောင့်လည်း ၂၁ ရာစုမှာ အမေရိကန် နဲ့ တရုတ် အင်အားပြိုင်တဲ့နေရာဖြစ်လာတာ မထူးဆန်းဘူးလို့ဆိုရမှာပါ။

တရုတ်သဘောထား

တရုတ်ကတော့ ၂၀၀၇ ခုနှစ် အာဘေး မိန့်ခွန်း ပြောပြီးချိန်ထဲက အင်ဒို -ပစိဖိတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုတာဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ရေး မဟာဗျူဟာ လို့မြင်တဲ့အတွက် အမြဲတမ်းကန့်ကွက်ခဲ့တယ်။ တရုတ်ခေါင်းဆောင်တွေက အမေရိကန်ဟာ စစ်အေးတိုက်ပွဲ ကာလက ဆိုဗီယက်ကို ဝိုင်းပတ်ပိတ်ဆို့ထားသလို တရုတ်နိုင်ငံကိုလည်း အိန္ဒိယ ဂျပန် သြစတေးလျ နိုင်ငံတွေကို အခြေခံပြီး ဝိုင်းပတ်ပိတ်ဆို့ဖို့ကြိုးစားနေတယ်လို့ ရှုမြင်ခဲ့ တယ်။

တရုတ်နိုင်ငံက အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့ အယူအဆကိုလက်မခံဘူး။ တရုတ်က အာရှ – ပစိဖိတ်ဒေသက သတ်သတ်၊ အိန္ဒိယသမုဒ္ဒရာဒေသက သတ်သတ်လို့ခံယူတယ်။ အာရှ – ပစိဖိတ် ဒေသ မှာ ပထမကျွန်းတန်း ( first island chain) လို့ခေါ်တဲ့ ဂျပန်ကျွန်းစု ၊ တိုင်ဝမ် ကျွန်း၊ ဖိလစ်ပိုင်ကျွန်းစုတွေပါဝင်တဲ့ဒေသ ၊ နောက်အဲဒီဒေသနဲ့ဆက်စပ်နေတဲ့ တောင်တရုတ် ပင်လယ် တို့ က တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု နဲ့ လွတ်လပ်စွာ ရေကြောင်း ကုန်သွယ်နိုင်မှုတွေကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ဒေသ တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားရှိရာဒေသလို့ သတ်မှတ်ထား တယ်။ ( ပုံ ၁ )

အိန္ဒိယသမုဒ္ဒရာဒေသ ကိုတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေးအကျိုးစီးပွားရှိရာဒေသအဖြစ် သတ် မှတ်ထားတယ်။ ဒီဒေသမှာ စစ် အင်အားတိုးချဲ့ဖို့ရည်ရွယ်ချက်မရှိဘူးလို့ ဆိုတယ်။

ဒေသတွင်းနိုင်ငံများအမြင်

အိန္ဒိယ သမုဒ္ဒရာဒေသတွင်းမှာရှိတဲ့ နိုင်ငံအများစုအနေနဲ့ကတော့ တရုတ်နိုင်ငံ အင်အားကြီးမား လာမှုကို စိုးရိမ်တယ်။ အထူးသဖြင့်တောင်တရုတ်ပင်လယ်အရေးမှာ ငြိမ်းချမ်းစွာဖြေရှင်းရမယ့် အစား အင်အားသုံးပြီးဆောင်ရွက်လာတဲ့အချက်နဲ့ အဲဒီအခြေအနေကို တားဆီးဖို့အတွက် အမေရိကန်နိုင်ငံဘက်က ထိထိရောက်ရောက် မဆောင်ရွက်နိုင်တဲ့ အခြေအနေ ကို မြင်ပြီးတဲ့နောက် စိုးရိမ်မှုတွေပိုများလာတာဖြစ်တယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ဒေသတွင်းနိုင်ငံအများစုမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်သလို တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးက နိုင်ငံစီးပွားရေးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။ တရုတ်နိုင်ငံရဲ့ ဒေသတွင်း ပြိုင်ဘက် လို့ဆိုရမယ့် အိန္ဒိယနိုင်ငံတောင် ၂၀၁၉ မှာ တရုတ်နဲ့ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၉ ၂ ဘီလျံ ကျော်ရှိတယ်။

ဒေသတွင်းနိုင်ငံအများစုကတော့ အမေရိကန် တရုတ် ပြိုင်ဆိုင်မှုက ဒေသတွင်း စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နှစ်လုံးဖြစ်စေချင်တယ်။ နှစ်နိုင်ငံကြား အင်အားချိန်ခွင်လ ျှာ ညီမ ျှနေပြီး ဒေသ တွင်း တည်ငြိမ်မှုအတွက် ဒေါက်တိုင်နှစ်ချောင်းဖြစ်စေချင်တယ်။
အမေရိကန် တရုတ်အားပြိုင်မှုက စစ်ရေး အရ ထိပ်တိုက်ရင်ဆိုင်မယ့်အခြေအနေကို ရောက်သွားမှာ၊ ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမေရိကန် ကိုရွေးမလား၊ တရုတ်ကို ရွေးမလားဆိုတဲ့အခြေအနေ ရောက်သွားမှာကိုလည်း စိုးရိမ်ကြတယ်။

အိန္ဒိယ နိုင်ငံဘက်က ကြည့်ရင်တော့ တရုတ် ပါကစ္စတန် စီးပွားရေးစင်္ကြန် ( CPEC ) ရဲ့ Gwadar ရေနက်ဆိပ်ကမ်း ၊ တရုတ် မြန်မာ စီးပွားရေးစင်္ကြန် ( CMEC ) ရဲ့ ကျောက်ဖြူရေနက်ဆိပ် ကမ်း နဲ့ သီရိလင်္ကာမှာရှိတဲ့ Hambantota ရေနက်ဆိပ်ကမ်းတွေက အိန္ဒိယနိုင်ငံ ကို ဝိုင်းပတ်ထား သလို ဖြစ်နေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီဆိပ်ကမ်းတွေဟာ တရုတ်ရေတပ် အခြေစိုက်စခန်း တွေဖြစ်လာဖို့ အလား အလာနည်းပါးပေမယ့် တရုတ်ရေတပ်သဘောၤတွေ ဆိုက်ကပ်ခွင့်၊ လောင်စာဆီနဲ့ အခြား အုပ်ချုပ်ထောက်ပံ့မှုလိုအပ်ချက်တွေ ဖြည့်ဆည်းခွင့်ရနိုင်တဲ့ အလားအလာ ရှိနေတာက အမေရိကန်နဲ့ အိန္ဒိယအတွက် စိတ်ပူစရာဖြစ်နေတယ်။

အာဆီယံ အတွက်ဆိုရင်လည်း အမေရိကန်ရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာက ခေါင်းကိုက်စရာ ဖြစ်ခဲ့တယ်။ အာဆီယံနိုင်ငံတွေက ပစိဖိတ် သမုဒ္ဒရာ နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်ခု အလယ်တည့် တည့်မှာရှိနေတယ်။ နောက်ပြီး ဒီသမုဒ္ဒရာနှစ်ခုကို ဆက်သွယ်ထားတဲ့ မဟာဗျူဟာအရ အရေး ပါတဲ့ ရေလက်ကြားတွေကလည်း အာဆီယံဒေသတွင်းမှာရှိနေတယ်။ ( ပုံ ၂ နဲ့ ၃ )

ဒါ့ကြောင့် အမေရိကန်ကလည်း သူ့ရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာမှာ ပါဝင်ဖို့ တိုက်တွန်း တယ်။ တရုတ်ကလည်း အင်ဒို – ပစိဖိတ်ဒေသ ဆိုတဲ့အယူအဆကို လက်မခံဖို့ တွန်းအားပေးတယ်။ နောက်ဆုံး အာဆီယံခေါင်းဆောင်တွေတိုင်ပင်ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ “ အင်ဒို – ပစိဖိတ် ဒေသနှင့်ပတ်သက်သည့် အာဆီယံအမြင် ASEAN Outlook on the Indo-Pacific” ကို ထုတ်ပြန်ခဲ့ရတယ်။

အဲဒီကြေညာချက် အကျဉ်းချုပ်သဘောက အာဆီယံက အင်ဒို ပစိဖိတ် ဒေသကို အမေရိကန် တွေမြင်သလို တစ်ဆက် တစ်စပ်တည်းဒေသအဖြစ်မမြင်ဘူး၊ အပြန်အလှန်ဆက်နွယ် နေတဲ့ဒေသအဖြစ် ရှုမြင်တယ်။ ဒ့ါကြောင့် အင်အားပြိုင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ညှိနှိုင်းမှုကို မြှင့်တင်ရမယ်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ချမ်းသာကြွယ်ဝမှုကို မြှင့် တင်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့ အာဆီယံရဲ့ ဗဟိုအချက်အခြာကျမှုကို အသုံးပြုရမယ်လို့ ဆိုလိုတာပါပဲ။

အဓိကကတော့ အာဆီယံက ဘယ်ဘက်ကိုမှ မလိုက်ဘူးဆိုတဲ့ ရပ်တည်ချက်ကို အင်အားကြီး နှစ်နိုင်ငံကို အသိပေးလိုက်တာပါပဲ။

ဘာဆက်ဖြစ်မလဲ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရလိုက်ပေမယ့် အင်ဒို ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံကို မဟာဗျူဟာ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ အချက်ကတော့ ပြောင်းလဲ သွား မှာမဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ထရမ့်ရဲ့ အင်ဒို ပစိ ဖိတ် ဒေသနဲ့ ပတ်သက်တဲ့ဥပဒေကြမ်းတွေကို ပါတီနှစ်ခုလုံးက ထောက်ခံအတည်ပြုပေးခဲ့တာကို ကြည့် ရင် မှန်းဆလို့ရတယ်။

ဒါ့ကြောင့် အင်ဒို ပစိဖိတ်ဒေသမှာ အမေရိကန် တရုတ် အင်အားပြိုင်ဆိုင်မှုက ဆက်ရှိနေမှာ သေချာတယ်။ မြန်မာနိုင်ငံအပါအဝင် အန္ဒိယ သမုဒ္ဒရာ ဒေသ နိုင်ငံများ အနေနဲ့ အမေရိကန် ဒါမှမဟုတ် တရုတ် တစ်ဘက်ဘက်ကို ရွေးရတဲ့အခြေအနေမရောက်ပါစေနဲ့လို့ ဆုတောင်း ဖို့ပဲရှိတယ်။

၂၀၁၆ အလွဲအပြောင်း

လွန်ခဲ့တဲ့ ငါးနှစ်တိတိက အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ

တာဝန်လွှဲပြောင်းဖို့အတွက် ဘာတွေပြင်ဆင်ထားပြီလဲ၊ အနာဂတ်မှာဘာဆက်လုပ်မလဲ ၊ လုပ်ဖော်ကိုင်ဘက် ပြန်ကြားရေးဝန်ထမ်းတွေအတွက် ဘယ်လိုခံစားရလဲ

လူပြောများတဲ့ သမ္မတလယ်တော်ဆိုတာ ဧက ငါးရာမဟုတ်ကြောင်းနဲ့ ဦးသိန်းစိန် ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ ဧက သုံးဆယ်ကျော်သာရှိတဲ့အကြောင်း၊ ကျွန်တာ် ဖေ့စ်ဘွတ်သုံးရတဲ့ အကြောင်း

တပ်မတော်အစိုးရလက်ထက်မှာ ကျွန်တော်သဘောမကျခဲ့တဲ့ ပြန်ကြားရေး မူဝါဒတစ်ခုအကြောင်း

နေပြည်တော်က ကျွန်တော့်နေအိမ်ကိုလည်း ပြခဲ့သလို ရုံးခန်းထဲက ကိုယ်ပိုင်စာအုပ်များနဲ့ အမှတ်တရ ပစ္စည်းများအကြောင်း စသည် စသည်ဖြင့်

အားလုံးကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တယ်။

၂၀၁၆ အလွှဲအပြောင်း (၁၁ )



မတ်လ ၃၀ ရက်နေ့ မှာတော့ အစိုးရအဖွဲ့ဝင်အဟောင်းတွေက သမ္မတအိမ်တော်မှာ ကြိုရောက်နေကြတယ်။ သမ္မတဦးသိန်းစိန်လည်း ရောက်လာပါတယ်။ သမ္မတ သစ်နဲ့ ဝန်ကြီးအသစ်တွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုတဲ့အခမ်းအနား နဲ့ သမ္မတမိန့်ခွန်းနာခံတဲ့ အခမ်းအနားတက်ရောက်နေကြတယ်။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော် မိန့်ခွန်းစပြောပြီဆိုတဲ့အချိန်မှာ အစိုးရဟောင်းအဖွဲ့ဝင် တွေ သံတမန်ဆောင်မှာနေရာယူတယ်။ ကျွန်တော်လည်း ပါတယ်။ ဒါပေမယ့် အရင်လို သတင်း မီဒီယာတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့မလိုတော့ဘူး။ သတ်မှတ်ထားတဲ့ထိုင်ခုံမှာ နေရာယူ ဖို့ ပဲရှိတယ်။

ပြည်ထောင်စုလွှတ်တော်မှာအခမ်းအနားပြီးတော့ အစိုးရသစ်ဝန်ကြီးတွေ ရောက်လာတယ်။ ဒေါ် အောင်ဆန်းစုကြည်လည်း ရောက်လာတယ်။ သတ်မှတ်ထိုင်ခုံတွေမှာနေရာယူတယ်။ ဦးကျော် တင့်ဆွေ နဲ့ ဦးဝင်းထိန်တို့လည်းရောက်လာတယ်။ သူတို့က အခမ်းအနားတက်ဖို့ မဟုတ်ဘူး။ အခမ်းအနားပြီးလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိမ်တော် အဆောင်တွေကို လိုက်လံ စစ်ဆေးချိန်မှာ လိုက်ပါဖို့နဲ့ ညစာစားပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ဖြစ် ပါတယ်။ ဒါပေမယ့် တစ်ချို့ဝန်ကြီးအသစ်တွေနောက်ကျနေတယ်။ သမ္မတ ဦးထင်ကျော် ယာဉ်တန်းက အရင်ထွက်လိုက် တော့ လမ်းတွေပိတ်ပြီး ကျန်နေခဲ့ တယ်လို့ သိရတယ်။ ဝန်ကြီးတွေနဲ့ ယာဉ်မောင်းတွေ အချိတ် အဆက် မမိဘဲ ကားပျောက်နေတာလည်း ပါမယ် ထင်တယ်။

ဒီတော့ သမ္မတ နှစ်ယောက်က အစိုးရသစ်ဝန်ကြီးတွေ စုံအောင် စောင့်ပေးနေရတယ်။ အဲဒါကိုပဲ နောင်မှာတော့ ထုံးစံအတိုင်း သမ္မတဦးသိန်းစိန်နောက်ကျလို့ ဆိုပြီး ဝေဖန်တိုက်ခိုက်ကြပြန် တယ်။

ဝန်ကြီးအသစ်တွေစုံအောင်စောင့်နေတုန်းမှာ ပြဿနာလေးတစ်ခုဖြစ်တယ်။ အဲဒါကတော့ ရွေးကောက်ပွဲ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖြစ်ဆောင်ရွက်ခဲ့ တဲ့ ( အဆိုတော်) ကိုလင်းလင်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်ဘက် နံရံမှာ မတ်တပ်ရပ်နေ တဲ့ ကိစ္စပါ။ ဒီသံတမန်ခန်းမဆောင်ထဲမှာ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ လုံခြုံရေးအရာရှိတွေတောင် ကိုလင်းလင်း ရပ်တဲ့နေရာမှာ နေရာ ယူလို့မရဘူး။ အိမ်တော်လုံခြုံရေးက ကြိုတင်ညှိနှိုင်း သတ်မှတ်ထားတဲ့ အဝင်တံခါးမကြီးအနီးမှာပဲနေရပါတယ်။

ဒါ့ကြောင့် အိမ်တော်လုံခြုံရေးက ကိုလင်းလင်းကို ဖယ်ခိုင်းတယ်။ ကိုလင်းလင်းက လည်း မဖယ်နိုင်ဘူးလို့ပြောတယ်။ နောက်ဆုံးတော့ အိမ်တော်လုံခြုံရေးက ကျွန်တော့်ကိုလာပြော တယ်။ ဒါနဲ့ ကျွန်တော်က ခန်းမအဝမှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရံတော် ဦးစိုးဝင်း ( ကွယ်လွန်) ကို ဦးစိုးဝင်း ကိုလင်းလင်းကို ခေါ်ထုတ်လိုက်ပါ။ သမ္မတနှစ်ယောက်လာမယ့်အချိန် အထိ မထွက်လို့ လုံခြုံရေးက ဆွဲထုတ်ရင် အခမ်းအနားပျက်သွားလိမ့်မယ် လို့ ပြောရတယ်။ ဒီတော့မှ ဦးစိုးဝင်းက ခေါ်ထုတ်သွားတော့တယ်။

အစိုးရသစ်ဝန်ကြီးတွေစုံတော့ သမ္မတနှစ်ယောက် ဝင်လာပါတယ်။ စောင့်ကြိုနေတဲ့ မီဒီယာတွေ ရှေ့မှာ လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံအရိုက်ခံတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ သမ္မတ ဟောင်း ဦးသိန်းစိန်က အစိုးရသစ်အဖွဲ့ဝင်တွေကို နှုတ်ဆက်ပါတယ်။ သမ္မတသစ် ဦးထင်ကျော်က အစိုးရ ဟောင်းအဖွဲ့ဝင်တွေကို နှုတ်ဆက်ပါတယ်။

နှုတ်ဆက်ပြီးတဲ့အချိန်မှာ သမ္မတ နှစ်ဦးက သီဟာသနပလ္လင်ရှေ့ ထိုင်ခုံတွေမှာနေရာယူပါတယ်။ အခမ်းအနားမှူးရဲ့ အစီအစဉ်ကြေညာတဲ့အချိန်မှာ သမ္မတ အသစ် နဲ့ အဟောင်း မတ်တပ်ရပ် ပြီး ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များလွှဲပြောင်းပေးတဲ့ စာရွက်စာတမ်း နဲ့ နိုင်ငံတော်သမ္မတ အဆောင်အယောင်ဖြစ်တဲ့ ရွှေစလွယ်ကို သမ္မတသစ် ဦးထင်ကျော်ကို လွှဲအပ် ပေးပါတယ်။

အဲဒီမှာတာဝန်လွှဲပြောင်းခြင်း အခမ်းအနားပြီးဆုံးပါတယ်။ နောက်ခံအကြောင်းအရာတွေကို မသိတဲ့ တစ်ချို့ကတော့ တာဝန်လွှဲပြောင်းမှု အခမ်းအနားက အချိန်တိုလွန်းတယ်၊ ခမ်းနားမှု မရှိဘူးလို့ အပြစ်တင်တယ်။ Frontier မဂ္ဂဇင်းက fairly low-key ceremony လို့ သတင်း ရေးတယ်။ ( အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က မီဒီယာတွေကို ရှင်းပြဖို့ ခွင့်တောင်း တော့ ဦးသိန်းစိန်က အစိုးရသစ်ကို အပြစ်တင်သလိုဖြစ်နေလိမ့်မယ်၊ အချိန်အခါမသင့်ဘူး။ ဒီအကြောင်းတွေအားလုံးကို အစိုးရ သက်တမ်းတစ်ခု စောင့်ပြီးမှ ရေးပါလို့ ပြောတယ်။)

သမ္မတနှစ်ယောက်ထွက်ခွာသွားပြီး တဲ့အချိန်မှာ အစိုးရအဖွဲ့ဝင်ဟောင်းများက အစိုးရ အဖွဲ့ဝင်အသစ်များကို ဂုဏ်ပြုနှုတ်ဆက်ပါ တယ်။ သမ္မတဟောင်းဦးသိန်းစိန်ကို သမ္မတ သစ် ဦးထင်ကျော်ကပို့ဆောင်နှုတ်ဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရုံးခန်းများနဲ့ သမ္မတ နေထိုင်ရာ အဆောင်တွေကို လိုက်လံစစ်ဆေးတယ်။ ဝန်ကြီးဟောင်း ဝန်ကြီး သစ်တွေလည်း အိမ်တော်ကနေ ပြန်လာကြတယ်။ ကျွန်တော်တို့ယဉ်တန်းတွေက အိမ်တော်က စထွက်တော့ အတူတူ၊ အိမ်တော်ဝင်းပြင်ပရောက်တော့ ဝန်ကြီးအသစ်တွေက တာဝန်ကျရာ ရုံး၊ ဝန်ကြီးဟောင်းတွေက နေအိမ် ကို ခရီးဆက်ကြတယ်။

လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းမှာ ရွေးကောက်ခံအစိုးရက ရွေးကောက်ခံအစိုးရသစ် တစ်ရပ်ကို တာဝန်လွှဲပြောင်းပေးတဲ့ ၊ အုပ်ချုပ်မှု အာဏာလွှဲပြောင်းပေးတဲ့အခမ်းအနားကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပေမယ့် သင်ခန်းစာယူစရာတွေ အများကြီးကျန်ခဲ့တယ်။

ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး တာဝန်လွှဲပြောင်းရေးအတွက်ဆွေးနွေးတော့ ဒီအခမ်းအနားဟာ ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းတဲ့ ဒီမိုကရေစီအစဉ်အလာတစ်ရပ်ကို စတင် ဖို့ သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း အထောက်အကူပြုစေဖို့ သဘောတူခဲ့ကြ တယ်။

ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့အခါ နှစ်ပေါင်းသုံးဆယ်နီးပါး တည်ရှိနေခဲ့ တဲ့ နိုင်ငံ ရေးပဋိပက္ခတွေကြောင့် နှစ်ဘက်ကြားမှာ တည်ရှိနေတဲ့ သံသယတွေ၊ အဆိုးမြင်စိတ်တွေ၊ ရန်လိုမှု တွေက နက်ရှိုင်း လွန်းလှတယ်။ ဒီတော့ ခေါင်းဆောင်နှစ်ယောက်က သင့်မြတ်ရေးကို ရှေ့ရှု ပေမယ့် အောက်ခြေမှာ တာဝန်လွှဲပြောင်းရေးကို အကြောင်းပြုပြီး ပဋိပက္ခကို ရှေ့ရှုတဲ့ အဖြစ် အပျက်တွေက ပိုများခဲ့တယ်။

ကျွန်တော်တို့ဘက်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ ဝင်များထဲမှာ စိတ်သဘောထားမမှန်တဲ့သူအချို့၊ တာဝန်လွှဲပြောင်းချိန်မှာ ကိုယ်ကျိုးရှာသူ အချို့ရှိတဲ့အတွက် မျက်နှာပျက်ရတာလည်းအမှန်ပဲ။

ဒီလိုဘဲ အင်န်အယ်လ်ဒီပါတီခေါင်းဆောင်အချို့နဲ့ သူတို့အတွင်းစည်းကို ဝင်ထွက်ခွင့်ရှိတဲ့သူ အချို့က ဦးဆောင်ပြီး ဦးသိန်းစိန်ကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ် ဖြစ်စဉ်၊ လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲ နဲ့ ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းမှုများ အတွက် အသိအမှတ်ပြုရမယ့်အစား အတိုက်အခံပါတီခေါင်းဆောင်ဆိုတဲ့ အမြင်နဲ့ သတင်းမှားတွေ ပုံဖျက် ထားတဲ့သတင်းတွေနဲ့တိုက်ခိုက်ခဲ့တယ် ( အခုထိလည်းတိုက်ခိုက်နေဆဲ )ဆို တာလည်း ငြင်းလို့မရဘူး။

နှစ်ဘက်လုံးမှာ ရှိနေတဲ့ သဘောထားမပြည့်ဝသူတွေကြောင့် ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းရေး ကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို အကောင် အထည် မဖော်နိုင်ခဲ့ဘူး။

ဒါပေမယ့် ဒီမိုကရေစီ စနစ်နဲ့ပါတီစုံရွေးကောက်ပွဲတွေရှိနေသမ ျှ အနိုင်၊အရှုံးဆိုတာရှိနေဦးမှာပဲ။ အာဏာရပါတီကနေ ရွေးကောက်ပွဲအနိုင်ရအတိုက်အခံပါတီကို အုပ်ချုပ်ရေးတာဝန်တွေ လွှဲ ပြောင်းပေးရမယ့် ဖြစ်စဉ်တွေလည်းရှိဦးမှာပဲ။ အဲဒီလိုအခြေအနေမျိုးမှာ စနစ်ကျတဲ့ တာဝန် လွှဲပြောင်းမှုမျိုးဖြစ်ဖို့ဆိုရင် ခေါင်းဆောင်နှစ်ယောက်ကိုပဲ မူတည်တဲ့ တာဝန်လွှဲပြောင်းမှု၊ ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ တာဝန်လွှဲပြောင်းမှုမျိုး အစား ဥပဒေကို အခြေခံတဲ့ တာဝန်လွှဲပြောင်းမှု မျိုးဖြစ်အောင် လုပ်ဖို့လိုတယ်။

အဲဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ အမေရိကန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ Presidential Transition Act of 1963 လို တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ဖြစ်ပါတယ်။ အဲဒီဥပဒေဟာ သမ္မတတာဝန်လွှဲပြောင်းခြင်းသာမက လွှတ်တော်များတာဝန်လွှဲပြောင်းခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများတာဝန်လွှဲပြောင်းခြင်းနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ တာဝန်လွှဲပြောင်းခြင်း အားလုံးအတွက် အကျုံးဝင်သင့်တယ်။

၂၀၁၆ အပြောင်းအလွဲဟာ ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရစမြဲဖြစ်တဲ့ အရှုံးကိုခံယူတတ်ဖို့နဲ့ အနိုင်ယူတတ်ဖို့ ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခု လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။ခရီးက ဝေးလွန်းလှ၊ အတားအဆီးတွေက များလွန်းလှ ပါတယ်။

( ပြီးပါပြီ)

ဓာတ်ပုံ MOI

မဲစာရင်း မိတ္တူကူးခွင့်

၂၀၂၀ ရွေးကောက်ပွဲအလွန် အငြင်းပွားမှုတွေထဲမှာ မဲစာရင်းမိတ္တူကူးခွင့်ရှိ / မရှိ ဆိုတဲ့ ကိစ္စလည်း ပါတယ်။ လက်ရှိမီဒီယာသတင်းတွေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက် ခြေ ကော်မရှင်အသီးသီးကို ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ မိတ္တူကူး ခွင့်မပြုဖို့ညွှန်ကြားထားတယ်လို့တွေ့တယ်။ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းဆိုတော့မဲစာရင်း လည်းပါတယ်လို့ပဲနားလည်မိတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေမှာ မဲစာရင်းမိတ္တူကူးခွင့်နဲ့ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းခဲ့သလဲဆိုတာ လေ့လာကြည့်တယ်။

တပ်မတော်အစိုးရ ဦးသိန်းစိုးကော်မရှင်က ၂၀၁၀မှာ ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲ နည်းဥပဒေ နည်းဥပဒေ ပုဒ်မ ၁၅ မှာမဲစာရင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အခြားသူတစ်ယောက်ကဖြစ်စေ တစ်မျက်နှာကို ၂၀၀ ကျပ် နဲ့ ကူးခွင့်ပြု ရမယ်လို့ပြဋ္ဌာန်းခဲ့တယ်။ ခွင့်ပြုနိုင်တဲ့ အာဏာပိုင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲဖြစ် ပါ တယ်။ ( ပုံ ၁ )

ပြည်ခိုင်ဖြိုးအစိုးရ ဦးတင်အေးကော်မရှင်က ၂၀၁၂ မှာထုတ်ပြန်တဲ့ ပြင်ဆင်ချက်မှာတော့ ကိုယ်စား လှယ်လောင်းဆိုရင် အခမဲ့ ၊ အခြားသူတစ်ယောက်ယောက်က ခိုင်လုံသောအကြောင်းပြချက်ဖြင့် လေ ျှာက်ထားခဲ့ရင် တစ်မျက်နှာကို ၂၀၀ ကျပ်နဲ့ ကူးခွင့်ပြုရမယ်လို့ ပြဋ္ဌာန်းခဲ့တယ်။ ( ပုံ ၂ )

ပြည်ခိုင်ဖြိုး အစိုးရ ဦးတင်အေး ကော်မရှင်ကပဲ ၂၀၁၄ မှာ ထုတ်ပြန်တဲ့ ပြင်ဆင်ချက်မှာတော့ တစ်မျက်နှာ ၂၀၀ ကျပ်အစား ၂၅ ကျပ်လို့ ပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်။ ( ပုံ ၃ )

အင်န်အယ်လ်ဒီအစိုးရ ဦးလှသိန်းကော်မရှင်က ၂၀၁၉ မှာထုတ်ပြန်ခဲ့တဲ့ ပြင်ဆင်ချက်မှာတော့ ၂၅ ကျပ်ဆိုတာကို ဖျက်ပြီး ကော်မရှင်က သတ်မှတ်ထားသည့် နှုန်းထားအတိုင်းလို့ ပြင်ဆင်ခဲ့တယ်။ ( ပုံ ၄ နှင့် ၅)

ဒါ့ကြောင့် ရွေးကောက်ပွဲနည်းဥပဒေအရ မဲစာရင်းမိတ္တူကူးခွင့်ပြုနိုင်တဲ့ အာဏာပိုင်က မြို့နယ် ကော်မရှင်အဖွဲ့ခွဲဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မဟုတ်ပါဘူး။ ကူးယူ တဲ့အခါ ကိုယ်စားလှယ်လောင်းဆိုရင် အကြောင်းပြချက်မလိုဘဲ အခမဲ့ ကူးယူ ခွင့်ရှိတယ်။ အခြား သူ တစ်ဦးဆိုရင်တော့ ခိုင်လုံသောအကြောင်းပြချက် ပြနိုင်ရမယ်။ ကူးခကတော့ “ ကော်မရှင်က သတ်မှတ် သည့်နှုန်းထား” လို့ ပြဋ္ဌာန်းထားတဲ့အတွက် တစ်မျက်နှာ တစ်ကျပ်လည်း ဖြစ်နိုင် တယ်။ တစ်ထောင်လည်းဖြစ်နိုင်တယ်။

၂၀၁၆ အလွှဲအပြောင်း (၁၀ )

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ကလျာထားတဲ့ စီမံကိန်း ၆၈ ခုကိုလည်း နောက်အစိုးရက စဉ်းစား ဆောင် ရွက်နိုင်ဖို့ ဆိုင်းငံ့ထားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ လိုက်နာရမယ့် တာဝန်လွှဲပြောင်းခြင်းဆိုင်ရာညွှန်ကြားချက် တွေထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညွှန်ကြားချက်တွေကို လက်အောက်က အပြည့်အ၀ လိုက် နာသလားလို့ ကျွန်တော့်ကိုမေးရင်တော့ အာမမခံနိုင်ဘူးလို့ပဲဖြေရမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့

၁။ ဝန်ကြီးဌာနတွေက ဆောင်ရွက်ဆဲ လုပ်ငန်းများဆိုတာကို လိုသလို အနက်ဖွင့်ကြတယ်။ အဆိုပြုတဲ့ အဆင့်ပဲရှိတဲ့ကိစ္စမျိုးကို ရပ်ထားသင့်ပေမယ့် ဆက်လုပ်ဖို့ ကြိုးစားတဲ့အတွက် အစိုးရ အဖွဲ့ရုံးက တားခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ ဒါပေမယ့် လွတ်ထွက်သွားတာ လည်း ရှိနိုင် တယ်။

၂။ ဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ကိစ္စမျိုးဆိုရင် အစိုးရအဖွဲ့ကို တင်ပြဖို့မလိုတဲ့အတွက် သမ္မတ လည်းမသိနိုင်ဘူး။ တစ်ချို့ဌာနတွေက အဆောက်အဦ၊မြေ ငှားရမ်းမှုသက်တမ်းတိုး တာမျိုးကို အစိုးရအဖွဲ့မတင်ဘဲ ဝန်ကြီးဌာနအမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ် လိုက်တာရှိနိုင်တယ်။ ဒါတွေက ဝန်ကြီးတစ်ဦးချင်းရဲ့ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ် အလေးထား မှု အပေါ်မူတည်သွားပြီ။

၃။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စဆိုရင်လည်း ပြည်ထောင်စု အစိုးရ က မသိနိုင်ဘူး။ ဝန်ကြီး ချုပ် တစ်ဦးချင်းရဲ့ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်အလေးထားမှု အပေါ် မူတည်သွားပြီ။

ဒါပေမယ့် ဘယ်ကိစ္စပဲလုပ်လုပ် သက်ဆိုင်ရာ ဌာနမှာ အမှုတွဲဖွင့်ပြီးမှ ဆောင်ရွက်ရတဲ့အတွက် နောက်တာဝန်ယူသူက အမှုတွဲကို ပြန်ကြည့်လိုက်ရင် လုပ်သင့် လုပ်ထိုင်တဲ့ ကိစ္စ ဟုတ်/မဟုတ် ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များနဲ့ ညီ/မညီဆိုတာပေါ်တာပါပဲ။ အဲဒီလို ပေါ်လာ တဲ့အတွက် အရှက်ကွဲခဲ့ရတဲ့သူတွေလည်း ရှိတာအားလုံးတွေ့နေရတာပဲ။ ကျွန်တော်ကတော့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်ဟာ ဦးသိန်းစိန် အကောင်အထည်ဖော်ချင်တဲ့ တာဝန်လွှဲပြောင်းရေး ဆိုင်ရာ အစဉ်အလာကို ထိခိုက်စေတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ တွေ နဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြတဲ့ ဆောင်းပါးတစ်စောင် လည်းရေးဖူးတယ်။

တာဝန်လွှဲပြောင်းရေးကာလမှာ ကျွန်တော်တို့ ထည့်မစဉ်းစားမိတဲ့အချက်တစ်ခုက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေတာဝန်လွှဲပြောင်းရေးကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဘက်လုံးက မဆွေးနွေးခဲ့ဘူး။ လက်ရှိအစိုးရကလည်း စာရင်းဇယားများ လွှဲပြောင်းတာနဲ့ပတ်သက်တာပဲ ညွှန်ကြားချက်ထုတ်ခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၆ မတ် ၃၀ ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေလွှဲပြောင်းတဲ့အခါ အဆင်မပြေမှုအချို့ရှိခဲ့တာကို ပြန်ကြားရတယ်။

တကယ်တော့ တိုင်းဒေသကြီး၊ ပြည်နယ်များဟာလည်း သီးခြားအစိုးရဖြစ်တဲ့အတွက် ပြည် ထောင်စု အဆင့်မှာ သမ္မတနှစ်ဦး တာဝန် လွှဲပြောင်းသလို တိုင်းဒေသကြီး၊ပြည်နယ်အဆင့် ဝန်ကြီးချုပ်တွေ ကြားမှာ တာဝန်လွှဲပြောင်းရေးအဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်း၊ အခမ်းအနားနဲ့ တာဝန်လွှဲပြောင်း တဲ့ အစဉ်အလာကို ချမှတ်နိုင်ခဲ့ရင် ပိုကောင်းမှာပါ။ ဖက်ဒရယ်ပြည်ထောင်စု ပုံစံ လည်း ပိုပြီးပေါ်လွင်တာပေါ့။ ဒါကလည်း တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရအလွှဲအပြောင်းတွေ အဆင်မပြေတဲ့ သတင်းတွေပေါ်ထွက်လာပြီးမှ ပြန်စဉ်းစားမိတာပါ။

တာဝန်လွှဲပြောင်းရေးကာလမှာ နောက်ထပ်ကသိကအောက်ဖြစ်ရတာကတော့ ဝန်ကြီး၊ ဒုဝန်ကြီး အိမ်ရာတွေကိစ္စပါ။

နေပြည်တော်မှာ ၂၀၁၅ စာရင်းအရ ဝန်ကြီးအဆင့်နေအိမ် ၃၅ လုံး၊ ဒုဝန်ကြီးအဆင့်နေအိမ် ၇၆ လုံး နဲ့ နေပြည်တော်ကောင်စီဝင်နေအိမ် ( ဒုဝန်ကြီးအဆင့်) ၉ လုံးရှိတယ်။ အဲဒီအိမ်တွေကို နေ ပြည်တော်ကောင်စီက ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းတယ်ဆိုတာ အဆောက်အဦးသက်သက် ပဲထိန်းသိမ်းတာ။ မြေယာရှုခင်းထိန်းသိမ်းတာ၊ သန့်ရှင်းရေးလုပ်တာမပါဘူး။ အိမ်တစ်လုံးမှာ လေအေးပေးစက်တစ်လုံးပါတယ်။ ဒါပဲ။

ဝန်ကြီး/ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူက သူ့အတွက်သတ်မှတ်ထားတဲ့အိမ်ကို ပြောင်းရွှေ့တဲ့ အခါ အစိုးရက အိမ်ရွှေ့ပြောင်းစရိတ် သိန်းသုံးဆယ်ထုတ်ပေးတယ်။ ဒါ အိမ်အတွက်ပေးတာ မဟုတ်ဘူး။ လူ ပုဂ္ဂိုလ်ကိုပေးတာ။ အိမ်မပြောင်းဘဲနဲ့ ကိုယ့်အိမ်မှာ ကိုယ်ဆက်နေရင်လည်း ထုတ်ပေးတာပဲ။ အဲဒီငွေနဲ့ ဝန်ကြီးအိမ်ရာအတွင်း ၊ အပြင်လိုအပ်တာဝယ်ထည့်ရ တယ်။ မထည့်ပဲနေနိုင်ရင်လည်းနေပေါ့။ ဝန်ကြီး/ဒုဝန်ကြီးတာဝန်ပြီးဆုံးရင် ဝယ်ထားတဲ့ ပရိဘောဂတွေ ပြန်ယူသွား၊ အိမ်ကို မူလအတိုင်းတံခါး၊ ကြမ်းခင်း၊မှန်တွေ မပျက်စီးအောင်ထားခဲ့ရတယ်။ ပျက်စီး တာရှိရင် ပြန်ပြင်ပေးရတယ်။ နောက် ပြောင်းလာတဲ့သူရှိရင် သူ့အတွက်ရတဲ့ ရန်ပုံငွေနဲ့ သူ့စိတ်ကြိုက်ပြင်ဆင်ပြီးနေတယ်။ ဒါက နေပြည် တော်စတင်တည်ဆောက်တဲ့အချိန်က စတင်ခဲ့တဲ့အစဉ်အလာဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာက ဝန်ကြီး၊ဒုဝန်ကြီးအိမ်ရာတိုင်းမှာ လူနေတာတော့မဟုတ်ဘူး။ နိုင်ငံတော်က ခွင့်ပြုထားတဲ့မြေကွက်မှာအိမ်ဆောက်နေတဲ့သူလည်းရှိတယ်။ ဥပမာ။ ပြန်ကြားရေး ဝန်ကြီးအတွက်လျာထားတဲ့အိမ်ဆိုရင် ၂၀၁၂ ခုနှစ်က စပြီး ဦးအောင်ကြည်ရော၊ ကျွန်တော်ပါ မနေတော့ဘူး။ အဲဒီလိုအိမ်တွေကတော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ပေါ့။

အခုတာဝန်လွှဲပြောင်းရေးကိစ္စမှာလည်း အစိုးရသစ်ဝန်ကြီးတွေအတွက် နေအိမ်တွေ လျာထား ဖို့ ကိစ္စပါတယ်။ ကျွန်တော်တို့ကတော့ အိမ်တစ်လုံးမှာ လေအေးပေးစက်တစ်လုံးသာပါမယ့် အကြောင်းနဲ့ ဝန်ကြီး၊ ဒုဝန်ကြီးအသစ်တွေအတွက် အိမ်ရွှေ့ပြောင်းစရိတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ် ကိုပဲရှင်းပြလိုက်တယ်။ အိမ်တွေကိုလိုက်ကြည့်ဖို့ကတော့ နေပြည်တော်စည်ပင်နဲ့ ချိတ်ဆက်ပေး လိုက်တယ်။ လက်ရှိအစိုးရ ဝန်ကြီးတွေက ရွေးကောက်ပွဲအပြီးမှာ ရွှေ့ပြောင်းသွားပြီးဖြစ်တဲ့ အတွက် အိမ်အလွတ်တွေကိုပဲလိုက်ကြည့်ရတာပါ။

ကျွန်တော်တို့ဘက်က လုပ်ထုံးလုပ်နည်းတွေရှင်းပြထားပေမယ့်လည်း အင်န်အယ်လ်ဒီ ဘက် က အိမ်တွေမှာ ပရိဘောဂတွေမရှိဘူး၊ မြက်ခင်းတွေခွာယူသွားတယ်၊ အပင်တွေနှုတ်သွားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာတက်လာတယ်။ စည်ပင်ကို စိစစ်တော့ မူလ တပ်ဆင်ထားတဲ့ လေအေးစက်တွေရှိတယ်။ ပရိဘောဂတွေကတော့ ထုံးစံအတိုင်း အရင် ဝယ်ထားတဲ့သူတွေက ယူသွားတယ်။ မြေယာရှုခင်းအတွက် စိုက်ထားတဲ့ မြက်ခင်းတွေကို ဒီအတိုင်းထားထားတယ်။ အပင်ကြီးတွေကို နှုတ်သွားတာမရှိဘူး။ ပန်းအိုးတွေ၊ သစ်ခွပင်တွေတော့ ယူသွားပါတယ်လို့ သိရ တယ်။ ဒါပေမယ့် တစ်ချို့အိမ်တွေမှာတော့ ထွက်ခွာသွားတဲ့သူတွေက အိမ်တွင်းသန့်ရှင်းရေးကို စနစ်တကျ လုပ်မထားခဲ့ဘူး၊ ညစ်ပတ်နေတယ်လို့ ဆိုတယ်။

မတ် ၂၂ ရက်နေ့အစည်းအဝေးမှာ ဦးဝင်းထိန်ကို အဲဒီအခြေအနေရှင်းပြတယ်။ တကယ်လို့ အိမ်တွေမှာ မူလကြမ်းခင်း၊ တံခါး နဲ့ ပြူတင်းပေါက်တွေပျက်စီးနေရင် ပြောပါ။ အဲဒါဆိုရင် နောက်ဆုံး နေထိုင်သူထံကနေ လျော်ကြေးတောင်းပေးမယ်လို့ ပြောခဲ့တယ်။ ဦးဝင်းထိန်ကတော့ လိုအပ် ရင်ပြောမယ်လို့ပဲ ပြန်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း ပြောဆိုချက်တွေ က တစ်ဦးချင်းတာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီး ဘယ်သူနေခဲ့တဲ့အိမ်မှာတော့ ဘယ်လိုဖြစ်ပျက် ခဲ့ တယ်လို့ပြောတာမျိုးမဟုတ်ဘဲ အစိုးရအဖွဲ့တစ်ခုလုံးကို ပုတ်ခတ်ပြောဆိုသလိုဖြစ်လာတဲ့ အတွက် ကျွန်တော်တို့ဘက်က ပြန်ရှင်းပြခဲ့ရတယ်။

တကယ်တော့ ဒီဖြစ်ရပ်ဟာ အဟောင်း နဲ့ အသစ်ကြားမှာ ရှိနေတဲ့ အဆိုးမြင်ခံစား ချက်တွေကို အခြေခံပြီး ဖြစ်ခဲ့တာပါပဲ။ ပြောင်းသွားသူကလည်း နောက်လူအဆင်ပြေအောင် သန့် သန့်ရှင်းရှင်း ထားခဲ့တယ်။ နောက်လူကလည်း လုပ်ထုံးလုပ်နည်းကိုနားလည်မယ်၊ အရင်လူကို ထိုး နှက်ဖို့ အခွင့်အရေးလို့ မမြင်ဘူးဆိုရင် ဖြစ်စရာအကြောင်းမရှိပါဘူး။ တာဝန်လွှဲပြောင်းရေးကာလ ကြုံခဲ့ရတဲ့ကိစ္စတွေထဲမှာ ဒီကိစ္စဟာ စိတ်ပျက်စရာအကောင်းဆုံးနဲ့ လူတွေအကြောင်း ကောင်း ကောင်းသိခဲ့ရတဲ့အဖြစ်အပျက်ပဲ။

ဒီလို အပြန်အလှန်ညှိနှိုင်းကြ၊ မမေ ျှာ်လင့်ပဲပေါ်ပေါက်လာတဲ့ အဖုအထစ်လေးတွေကို ဖြေရှင်း ကြ နဲ့ သမ္မတ နှစ်ဦးတာဝန်လွှဲပြောင်းမယ့် မတ်လ ၃၀ ရက်နေ့ကို ရောက်လာပါတော့တယ်။

( ဆက်လက်ဖော်ပြပါမည်။ )

ဦးတင်အေး နဲ့ ဦးလှသိန်း (၁၁)

မဲလက်မှတ် နဲ့ ပြန်ကြားရေး

နိုင်ငံပိုင်သတင်းစာတွေမှာ နိုဝင်ဘာ ၉ /၁၀ ရက်နေ့ မှာဖော်ပြခဲ့တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော် ဆိုတဲ့အချက်အလက် နဲ့ နိုဝင်ဘာ ၃၀ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်ကြား ကွာခြားချက်နဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ရှိတယ်။ နောက်တော့ ၃၇ သန်းကျော်ဆိုတာ အောက်တိုဘာ စာရင်းပါ၊ ၃၈ သန်းကျော်က အမှန်ပါ ဆိုပြီး ဒီဇင်ဘာ ၂ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တယ်။

အဲဒီလို ဆန္ဒမဲပေးခွင့်ရှိသူအရေအတွက် ကွာခြားမှုထဲမှာ ပြန်ကြားရေးပါ ဆွဲထည့်နေတဲ့ ဝေဖန် မှုတွေလည်း တွေ့တယ်။ အဓိကကတော့ မဲလက်မှတ်တွေ ဘယ်လောက်ရိုက်လဲ၊ ဘယ်သူက တာဝန်ခံ လဲ စသည်ဖြင့်ပေါ့။

ဒ့ါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုမှာ ပြန်ကြားရေးက ပါဝင်ရတဲ့အခန်း ကဏ္ဍ နဲ့ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံခဲ့တာကို အခြေခံရှင်းပြလိုပါတယ်။

ဘယ်သူတာဝန်ခံလဲ

ရွေးကောက်ပွဲ မဲလက်မှတ်တွေကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စက်ရုံတွေမှာ ပုံနှိပ် တယ်။ ဒါပေမယ့် ဒီလုပ်ငန်းကြီးတစ်ခုလုံးရဲ့ တာဝန်ခံက ပြန်ကြားရေးဝန်ကြီးပဲ။

ရွေးကောက်ပွဲကော်မရှင်ကလည်း မဲလက်မှတ်ရိုက်နှိပ်ဖို့အတွက် အလုပ်အပ်တာကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကိုပဲဆက်သွယ်ပြီးလုပ်ဆောင်တယ်။ မဲလက်မှတ်ရိုက်နှိပ်ရေးနဲ့ပတ်သက်ပြီး ကော်မရှင်ကို ပြောဖို့ရှိရင် ပြန်ကြားရေးဝန်ကြီးရုံးကပဲဆက်သွယ်တယ်။ မဲလက်မှတ်မှာ စာလုံးပေါင်းမှား လို့ ချက်ခြင်း ပြင်ရမယ့်ကိစ္စမျိုးသာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနကို တရားဝင် စာနဲ့ တိုက်ရိုက် အ ကြောင်းကြားတယ်။ ဒါ့တောင် ဝန်ကြီးရုံးကို မိတ္တူပေးရသေးတယ်။

ဒ့ါကြောင့် ဝန်ကြီးလုပ်သူက မဲလက်မှတ်ရိုက်နှိပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ် သိအောင် လုပ်ရတယ်။ လိုက်ကြည့်ရတယ်။ အမှားအယွင်းမရှိအေင် တာဝန်ခံရတယ်။ အထောက် အထား မှတ်တမ်းတွေ ကိုယ့်လက်ထဲမှာထားရတယ်။ အခု ဒီဆောင်းပါးကိုရေးမယ်ဆိုတော့ အဲဒီ အချိန်က မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ စာရွက် စာတမ်းတွေကိုပဲ ကိုးကား ရေးတာဖြစ်ပါတယ်။

အလုပ်အပ်နှံခြင်း

ရွေးကောက်ပွဲအတွက်မဲလက်မှတ်ရိုက်တယ်ဆိုတာ နီးမှ ဖုတ်ပူမီးတိုက်လုပ်လို့ရတဲ့ကိစ္စမဟုတ် ဘူး။ တစ်နှစ်ကျော်ကြိုတင်ပြင်ဆင်ရတယ်။ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ၂၀၁၄ ခုနှစ် က စပြီး အခုလို ပြင်ဆင်ခဲ့ရတယ် –

၁။ ၁၃ – ၁၀ – ၂၀၁၄ ။ ပုံနှိပ်/ထုတ်ဝေဦးစီးဌာနက ဝန်ကြီးရုံးက လုပ်ငန်းလျာထားချက် တင်ပြ ။
၂။ ၂၉ – ၁၀ – ၂၀၁၄။ ပြန်ကြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ကို မဲလက်မှတ် အတွက် ပြန်ကြားရေးကို တာဝန်ပေးဖို့ရှိမရှိ တရားဝင် ရုံးစာဖြင့် မေး။
၃။ ၂၄ – ၁၂ – ၂၀၁၄ ။ ရွေးကောက်ပွဲ ကော်မရှင်က ပြန်ကြားရေးဝန်ကြီးဌာနသို့အလုပ်အပ်နှံ မည်ဖြစ်ကြောင်း တရားဝင်ပြန်ကြား။

ရွေးကောက်ပွဲကော်မရှင်က အဲဒီပြန်ကြားချက်ရပြီဆိုမှ ဝန်ကြီးရုံးက ပုံနှိပ်/ထုတ်ဝေဦးစီးဌာန ကို မဲလက်မှတ်တွေ ပုံနှိပ်ဖို့ စတင်ပြင်ဆင်တော့ဆိုပြီး မီးစိမ်းပြရတယ်။ အဲဒီခွင့်ပြုချက်မရမခြင်း ပုံနှိပ်/ထုတ်ဝေဦးစီးဌာန က ဘာမှလုပ်လို့မရဘူး။

ကြိုတင်ပြင်ဆင်ခြင်း

ဝန်ကြီးရုံးက ကြိုတင်ပြင်ဆင်ဖို့ခွင့်ပြုချက်ရတဲ့အခါ ပုံနှိပ်/ထုတ်ဝေဦးစီးဌာန က ရွေးကောက်ပွဲနှစ် ၂၀၁၅ – ၂၀၁၆ ဘတ်ဂျက်မှာ မဲလက်မှတ်ရိုက်နှိပ်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို လျာထား ရတယ်။ အဲဒီအချိန်မှာ မဲဆန္ဒရှင်စာရင်းမကောက်ရသေးတော့ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မူတည်ပြီးလျာထားရတယ်။

၂၃-၁-၂၀၁၅ မှာ ရွေးကော် ဥက္ကဋ္ဌ ဦးတင်အေးက အစည်းအဝေးခေါ်ပြီး မဲလက်မှတ်ပုံနှိပ်ရေး ကိစ္စတွေကို စတင်ညှိနှိုင်းတယ်။ ၁၁ – ၂ – ၂၀၁၅ ရက်နေ့မှာ အစည်းအဝေးထပ်ခေါ်ပြီး မဲလက် မှတ်ရိုက်မယ့် စက္ကူအမျိုးအစားနဲ့ လ ျှိုှု့ဝှက်ရေစာထည့်သွင်းဖို့ ကိစ္စတွေ ညှိတယ်။

၂၀၁၅ ခုနှစ် ဧပြီလ မှာ ဘတ်ဂျက်ခွင့်ပြုငွေရပြီဆိုတော့ ရွေးကော်က လိုချင်တဲ့စက္ကူအမျိုးအစား ကို တင်ဒါခေါ်ရတယ်။ ပုံနှိပ်/ထုတ်ဝေဦးစီးဌာန နဲ့ ရွေးကော်တာဝန်ရှိသူတွေက ၂၀၁၅ မေလ မှာ အင်ဒိုနီးရှားနိုင်ငံက စက်ရုံကို သွားရောက်စစ်ဆေးပြီး စာရွက်အမျိုးအစားနဲ့ စက္ကူ အသားထဲမှာ ရေစာထည့်သွင်းမှု ကို စစ်ဆေးခဲ့တယ်။

မဲလက်မှတ်ရိုက်မယ့် စက္ကူတွေရလာတဲ့အခါ ကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီတံဆိပ်တွေနဲ့ မဲလက်မှတ်နမူနာတွေရိုက်တာ၊ ကော်မရှင်က စစ်ဆေးတာ၊ လိုအပ်ချက်တွေပြန်ပြင်တာ၊ နောက် ဆုံး စစ်ဆေးအတည်ပြုတာတွေလုပ်ရတယ်။ အဲဒီအဆင့်တွေပြီးတဲ့အချိန်မှာ မဲလက် မှတ်တွေ ပုံနှိပ်ဖို့အသင့်ဖြစ်နေပြီ။ ဒါပေမယ့် လုပ်ငန်းစလို့မရသေးဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အမှာစာကို စောင့်ရတယ်။

မဲလက်မှတ်ပုံနှိပ်ခြင်း

၂၀၁၅ ရွေးကောက်ပွဲမဲလက်မှတ်မှာ အရေးကြီးဆုံးအပြောင်းအလဲက မဲလက်မှတ်ကို လ ျှို့ဝှက် ရေစာအမှတ်အသားပါတဲ့ အဝါရောင် Woodfree Paper ( 80 gsm) ကို အသုံးပြုတဲ့ကိစ္စဖြစ် ပါတယ်။ ဦးတင်အေးက မဲလက်မှတ်ကို အဖြူရောင်စက္ကူနဲ့ ရိုက်ရင် အလွယ်တကူ အတုလုပ်လို့ ရတဲ့ အတွက် ရေစာပါတဲ့ အဝါရောင်စက္ကူနဲ့ ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မဲလက်မှတ်ရိုက်တဲ့ကိစ္စက ငွေစက္ကူရိုက်နှိပ်သလိုပဲ လုံခြုံရေးကို အထူးဂရုစိုက်ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်က အမှာစာပေးတဲ့အရေအတွက်အတိုင်းပဲရိုက်ရတယ်။ လုပ်ငန်းဆိုင်ရာ ကိစ္စအားလုံးကို တရားဝင်စာနဲ့ပဲပြောတယ်။ နှုတ်နဲ့ ညှိလို့မရဘူး။ အဆင့်တိုင်း မှာ စစ်ဆေးဖို့အတွက် ရွေး/ကော်က အရာရှိတွေကို ပုံနှိပ်စက်ရုံတွေမှာ တွဲဘက်ထားတယ်။ မဲဆန္ဒနယ်တစ်ခုချင်းအတွက် ကိုယ်စားလှယ်အမည်၊ ပါတီတံဆိပ်၊ ရိုက်နှိပ်ရမယ့်အရေ အတွက် ကို တိုက်ဆိုင်စစ်ဆေးတယ။်

သူတို့အတည်ပြုမှ ရိုက်ရတယ်။ ရလာတဲ့မဲလက်မှတ်တွေကို မဲဆန္ဒနယ်အလိုက်ခွဲထားရတယ်။ ပြည်တွင်း၊ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တွေကို မဲလက်မှတ်ပုံနှိပ်တဲ့လုပ်ငန်းကို လေ့လာစောင့်ကြည့်ခွင့်ပေးရတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မဲလက်မှတ်ပုံနှိပ်မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီးရှင်းလင်းပြောကြားခဲ့တယ်။

မဲလက်မှတ်ပုံနှိပ်လုပ်ငန်း စတင်လုပ်ဆောင်တဲ့အခါမှာ စက်ရုံတစ်ခု ချင်း အလိုက် ကုန်ကြမ်းဘယ်လောက် ခွဲေ၀ ပေးထားတယ်၊ ကုန်ကြမ်းဘယ်လောက်သုံးတယ်။ ရိုက်ပျက် ဘယ်လောက်ရှိတယ်ဆိုတာ မှတ်တမ်းထားရတယ်။ မဲလက်မှတ်စောင်ရေ ဘယ်လောက် ရိုက်သလဲ၊ ရိုက်ချက် ဘယ်လောက် ရှိသလဲဆိုတာမှတ်တမ်းထားရတယ်။ မဲလက်မှတ်တွေက စက္ကူအချပ် ကြီးပေါ်မှာရိုက်ပြီးမှ ပြန်ဖြတ်တာဖြစ်တဲ့အတွက် မဲလက်မှတ်အရေအတွက်နဲ့ ရိုက်ချက်ကို ခွဲခြားမှတ်တမ်းတင်ရတယ်။ ဝန်ထမ်းအင်အားနဲ့ တာဝန်ခံသူ၊ ဝန်ထမ်းတွေအတွက် ထောက်ပံ့ ကြေးက အစ မှတ်တမ်းတင်ထား ရတယ်။ နေပြည်တော်ပုံနှိပ်စက်ရုံရဲ့ မှတ်တမ်းကို နမူနာကြည့်ပါ။ ( ပုံ ၁ နှင့် ၂ )

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအတွက် မဲလက်မှတ် စောင်ရေ ( ၁၃၀,၈၃၈, ၃၇၂ ) ရွက်ရိုက်ရတယ်။ အမှာစာ ပို့တဲ့အကြိမ်ပေါင်း ( ၁၄) ကြိမ်ရှိတယ်။ အဲဒီအမှာစာအတိုင်း စက်ရုံက ရိုက်ရတယ်။ မှတ်တမ်းထားရတယ်။ ( ပုံ ၃၊၄၊ ၅၊ ၆၊)

ကော်မရှင် ရဲ့ မူလစာရင်းမှာပါတဲ့ ကိုယ်စားလှယ်အမည်ပြန်ပြင်လို့၊ ပါတီအမည်ပြန်ပြင်လို့ ဖျက်ဆီးရတာရှိရင်လည်း မှတ်တမ်းတင်ရတယ်။ ဥပမာအားဖြင့် ၁၉ – ၉ – ၂၀၁၅ ရက်နေ့ မှာ ကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ( PNO)အစား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO) ပါတီလို့ ပြန်ပြင်ဆင်ပေးဖို့ အမှာစာပို့လာတဲ့အတွက် မဲလက်မှတ် ၇၆၄,၀၃၄ စောင်ကို သက်သေ များရှေ့မှာ ဖျက်ဆီး ပစ်လိုက်ရတယ်။ အဲဒီအတွက် စက္ကူ ၅.၂၂ တန်နဲ့ CTP Plate ၄၂ ချပ်လေလွင့်ခဲ့ရတယ်။

သုံးသပ်ချက်

၁။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလက်မှတ်က အဖြူရောင်ဖြစ်သွားတယ်။ စက္ကူအသားထဲမှာ လ ျှိုု့ဝှက် အမှတ်အသားရေစာ ပါ/မပါ မသိရဘူး။ ရေစာပါတယ်ဆိုရင်တော့ အတု/အစစ်ခွဲလို့ ပိုလွယ်တာ ပေါ့။ ဒါပေမယ့် စက္ကူအမျိုးအစားရွေးချယ်မှုက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ပဲ။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မဆိုင်ဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနက ကော်မရှင်သတ်မှတ်တဲ့ စက္ကူအမျိုးအစားကို ဝယ်ယူပုံနှိပ်ပေးဖို့ပဲတာဝန်ရှိတယ်။

၂။ ၂၀၁၅ အတွေ့အကြုံအရဆိုရင် ပုံနှိပ်/ထုတ်ဝေဦးစီးဌာန မှာ မှတ်တမ်းမှတ်ရာ ပြည့်ပြည့်စုံစုံ ထား ရမှာဖြစ်တဲ့အတွက် မဲဆန္ဒနယ်တစ်ခုချင်းအလိုက် မဲလက်မှတ် ဘယ်လောက် ပုံနှိပ်တယ် ဆိုတာ တိုက်ဆိုင် စစ်ဆေးလို့ရတယ်။

၃။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့ နောက်ဆုံးအမှာစာကို ၁၄ – ၁၀ – ၂၀၁၅ ရက်နေ့ မှာ ပေးပို့ခဲ့တယ်။ အခုနောက်ဆုံးကောက်ယူတဲ့မဲစာရင်းအရ မဲပေးသူတစ်သန်းတိုးသွားတယ်ဆိုရင် အဲဒီတစ်သန်းအတွက် အမှာစာကို ဘယ်နေ့မှာပေးပို့သလဲဆိုတာ ပြန်ကြားရေးဝန်ကြီးဌာန စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရတယ်။

၄။ ပုံနှိပ်/ထုတ်ဝေဦးစီးဌာန ဆိုတာ ကော်မရှင် အမှာစာမှာပါတဲ့အရေအတွက်အတိုင်းပဲ ပုံနှိပ် ရတာဖြစ် တယ်။ အမှာစာပါ အရေအတွက်ထက်ပိုပြီး ပုံနှိပ်ရင် ဌာနမှာ တာဝန်ရှိမယ်။ အမှာစာ အတိုင်း အတိအကျပုံနှိပ်ထားတယ်ဆိုရင် မဲလက်မှတ် အပို / အလိုဟာ ကော်မရှင်နဲ့ပဲဆိုင်တယ်။

၅။ အခုလို မဲလက်မှတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေပေါ်ထွက်ရတာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေကို မဲလက်မှတ်ပုံနှိပ်လုပ်ငန်းတွေ လေ့လာစောင့်ကြည့်ခွင့် မပြုမှုနဲှု့ မဲလက်မှတ်ပုံနှိပ်လုပ်ငန်းတွေကိုပွင့်လင်းမြင်သာစွာရှင်းမပြမှုတို့က အဓိက အချက်ပဲ။ ဒါ့ကြောင့် အခုအချိန်မှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပွင့်လင်းမြင်သာစွာရှင်းပြဖို့လိုနေပါပြီ။

မဲလက်မှတ်တွေပုံနှိပ်မှုနဲ့ပတ်သက်ပြီး ကိုယ်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ် ရှင်းပြတာ ပါ။ တကယ်လက်တွေ့ဘယ်လိုဖြစ်ခဲ့သလဲဆိုတာတော့ ကော်မရှင်နဲ့ ဝန်ကြီးဌာနက ရှင်းပြမှ သိရ မှာဖြစ်ပါတယ်။

၂၀၁၆ အလွှဲအပြောင်း (၉ )

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေစတင်ချိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအစိုးရ ( နယက) က တာဝန်ယူဆဲ ဖြစ်ပြီး သမ္မတ သစ်နဲ့ အစိုးရအဖွဲ့ကတိသစ္စာပြုတဲ့ မတ်လ ၃၀ ရက်နေ့ကျမှ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးများကို နယက အစိုးရလက်ထက်မှာကျင်းပခဲ့ရတာဖြစ်ပါတယ်။

အဲဒီလွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းခြင်း၊ သမ္မတနဲ့ ဒုသမ္မတ များရွေးချယ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့် ရာထူး တွေကို အတည်ပြုခြင်းတွေလုပ်သလို အစိုးရကို တိုက်တွန်းတဲ့အဆိုတင်သွင်းတာ၊ အစိုးရကို မေးခွန်းမေးတာတွေလည်းလုပ် တယ်။

နယကအစိုးရဝန်ကြီးလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်နေသူတွေ ကလည်း မေးခွန်း တွေကို ဖြေတယ်။ အဆိုတွေကို ပြန်လည်ဆွေးနွေးတယ်။ ဦးခင်အောင်မြင့် ဆိုရင် အမျိုး သား လွှတ်တော်ဥက္ကဌဖြစ်နေပေမယ့် နယက အစိုးရမှာ ယဉ်ကျေးမှုဝန်ကြီးလည်း ဖြစ်နေသေးတဲ့ အတွက် ၂၀၁၁ ခုနှစ် မတ်လ ၉ ရက်နေ့အစည်းအဝေးမှာ မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာရဲ့ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသနဲ့ ပတ်သက်တဲ့ မေးခွန်းကို နယက အစိုးရ ယဉ်ကျေးမှုဝန်ကြီးအဖြစ် လာရောက်ဖြေဆိုခဲ့ရတယ်။

မေးခွန်းမေး၊ အဆိုတင်သွင်းတဲ့အထဲမှာ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေပါသလို အခြားပါတီများက လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါပါတယ်။ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ရှိနေပေမယ့် ရွေးကောက်ပွဲက ပေါ်ပေါက် လာမယ့် အစိုးရက မရှိသေးဘူး။ ဒီတော့ လွှတ်တော်က တပ်မတော် အစိုးရကို မေးခွန်းမေး ၊ အဆိုတင်သွင်းပြီး တိုက်တွန်းသလိုဖြစ်နေတာဟာ အတော် ခွကျ တဲ့ကိစ္စဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်က ဘာဖြစ်လို့ ဒီလိုဆောင်ရွက်ခွင့်ပြုရသလဲ၊ ပထမအကြိမ်လွှတ်တော် ရဲ့ ပထမအကြိမ် အစည်း အဝေး များဟာ လွှတ်တော် ကော်မတီများဖွဲ့စည်းခြင်း၊ သမ္မတ ရွေးချယ်ခြင်း၊ ပြည်ထောင်စုအဆင့်ရာထူး များခန့်အပ် ခြင်းတွေပဲ လုပ်လို့မရဘူးလား၊ လွှတ်တော် ကရွေးချယ်တဲ့ သမ္မတနဲ့ အစိုးရသစ်ပေါ်ပေါက်လာမှ မေးခွန်းမေးဖို့ မသင့်ဘူးလားလို့ မေးခဲ့ဖူး တယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြန် ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အခုအသစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက လွှတ်တော်အတွေ့အကြုံမရှိသေးဘူး။ ဒါ့ကြောင့် လေ့ကျင့်တဲ့အနေနဲ့ အခုလို စီစဉ်ပေး ထားတာဖြစ်တယ်၊ ဒါပေမယ့် မေးခွန်းတွေ၊အဆိုတွေဟာ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် သိချင်လို့မေးတာ၊ အဆိုတင် တာမျိုးပဲ ဖြစ်အောင် စိစစ် တယ်လို့ရှင်းပြဖူးတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒုတိယ အကြိမ်လွှတ်တော်အစည်းအဝေးများ စတင် တဲ့ အချိန်မှာလည်း ၂၀၁၁ ခုနှစ်က အခြေအနေမျိုး ပြန် ကြုံရပါတယ်။ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ က တဆင့်ပေါ်ပေါက်လာတဲ့ သမ္မတ ဦးသိန်း စိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရအဖွဲ့။ လွှတ်တော်က ၂၀၁၅ ရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့ အင်န်အယ်လ်ဒီ လွှတ်တော် ဖြစ်နေတယ်။ လွှတ်တော်က သမ္မတအသစ်နဲ့ အစိုးရအဖွဲ့သစ် ရွေးချယ်တင်မြှောက်တာ မလုပ်ရသေးဘူး။

ဒီတစ်ကြိမ်မှာလည်း အင်န်အယ်လ်ဒီလွှတ်တော်က လက်ရှိအစိုးရကို မေးခွန်းမေးတာ၊ အဆို တင်သွင်းတာတွေလုပ်ပါတယ်။ အစိုးရဘက်ကလည်း ၂၀၁၁ ခုနှစ်က နယက အစိုးရ လုပ်ဆောင် ခဲ့သလိုပဲ မေးခွန်းဖြေတာ၊ အဆိုမှာ ပါဝင်ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတင်သွင်းတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများ နဲ့ ပတ်သက်တဲ့အဆို နဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးအတွက်ဦးဆောင်ဆွေးနွေးနေတဲ့ ဝန်ကြီး ဦးအောင်မင်းသာမက ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွေပါ ပါဝင်ဆွေးနွေးခဲ့ဲကြပါတယ်။

ဒါပေမယ့် အဲဒီအခြေအနေက ကြာကြာမခံလိုက်ဘူး။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အင်န်အယ်လ်ဒီပါတီ ပုလဲမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တင်သွင်းတဲ့ အရေးကြီးအဆို ကြောင့် အစိုးရဟောင်းနဲ့ လွှတ်တော်သစ်ကြားမှာ အငြင်းပွားစရာမှု ပေါ်ပေါက် လာခဲ့ပါတယ်။

ဒေါ်ခင်စန်းလှိုင် အဆိုက “ နိုင်ငံတော်အစိုးရ က ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက် နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်း ရောင်းချလွှဲပြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှုစီမံကိန်းများကို နေရာတကျ မစီမံဘဲ အဆော တလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက် မှု များ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျှင် အမြန်စီမံခန့်ခွဲနေမှုစသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ်စိစစ် ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း” ဖြစ် ပါတယ်။ ( ပုံ ၁ )

အဲဒီအချိန်မှာ တာဝန်လွှဲပြောင်းကာလ ဆောင်ရွက်ချက်တစ်ခုအနေနဲ့ သမ္မတ ဦးသိန်းစိန်က မာန်အောင်မြို့နယ် လေယာဉ်ကွင်း တိုးချဲ့ တည်ဆောက်ရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စက်မှုလက်မှု သိပ္ပံ ကျောင်း ဖွင့်လှစ်ရေး၊ တနင်္သာရီ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ စွမ်းအင် ဝန်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင် မြေနေရာတွေကို လွဲှပြောင်းရောင်းချရေး စတဲ့ စီမံကိန်း ၆၈ခုကို နောက်အစိုးရက ဆက်လက် သုံးသပ် ဆောင်ရွက်နိုင်ဖို့ ရပ်ဆိုင်းထားခဲ့ပြီး ဖြစ် ပါတယ်။

ဒေါ်ခင်စန်းလှိုင် က သူ့အဆိုနဲ့ပတ်သက်ပြီးဆွေးနွေးရာမှာ ယခင်တပ်မတော်အစိုး ရ လက်ထက်ကစတင် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းများ၊ လွှတ် တော်က အတည်ပြုထားတဲ့ အမျိုးသား စီမံကိန်း ဥပဒေပါ လုပ်ငန်း များ နဲ့ ရွေးကောက်ပွဲမတိုင်မီထဲက တင်ဒါခေါ်ခြင်း၊ သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ တရားစွဲဆိုခြင်း လုပ် ထား တဲ့ ကိစ္စတွေကို ပါ ရွေးကောက်ပွဲပြီးမှ ဆောင်ရွက်တယ် ဆိုပြီး စွပ်စွဲပြောဆိုသွားခဲ့တယ်။ အချက်အလက်တွေကလည်း အထောက်အထားနဲ့ပြောတာ မဟုတ်ဘဲ တဆင့်ကြားစကားတွေကို ကိုးကားပြီးပြောထားတာမျိုးဖြစ်နေတယ်။

ဒါ့ကြောင့် အစိုးရအဖွဲ့က ဒီ အဆိုတင်တာဟာ ပြည်ခိုင်ဖြိုးအစိုးရအပေါ် နိုင်ငံရေးသိက္ခာကျအောင် ရည်ရွယ် ချက်ရှိရှိနဲ့ ဆောင်ရွက်တဲ့ သဘော သက်ရောက်နေခဲ့တယ်လို့ ယူဆခဲ့ပြီး ဘယ်လို တုန့်ပြန် မလဲဆိုတာကို ဆွေးနွေးခဲ့တယ်။ ရှေ့နေချုပ် ရုံးရဲ့ သဘောထားကိုလည်း မေးခဲ့တယ်။ နောက်ဆုံးမှာတော့ အခုလို ဆုံးဖြတ်ခဲ့ပါတယ်။

၁။ အချက်အလက်ခိုင်မာမှုမရှိဘဲ နိုင်ငံရေးထိုးနှက်ချက်သက်သက်ဆောင်ရွက်လာတဲ့ လွှတ်တော်မေးခွန်းတွေ ၊ အဆိုတွေကို ဆွေးနွေးဖြေကြားခြင်းမပြုရန်။
၂။ သို့သော် အဆိုပါ မေးခွန်းများ၊ အဆိုများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အများ ပြည်သူသိရှိအောင် သတင်းထုတ်ပြန်ပေးရန်။
၃။ ပထမကြိမ်လွှတ်တော်များမှ ရွေးချယ်တင်မြှောက်သည့် အစိုးရအနေဖြင့် ဒုတိယအကြိမ် လွှတ်တော်များကို တာဝန်ခံရန်မလိုဟု ယူဆကြောင်း နှင့် အထက်ပါအချက်ကို ကျေနပ်မှုမရှိပါ က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူနိုင်ကြောင်း ပြန်ကြားရန်။
၄။ အင်န်အယ်လ်ဒီပါတီအနေဖြင့် အစိုးရလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သိရှိလိုပါက တာဝန်လွှဲပြောင်းရေးအဖွဲ့မှတဆင့်မေးမြန်းနိုင်ကြောင်းအသိပေးရန်။

အဲဒီပြန်ကြားချက်ကို အစိုးရအဖွဲ့က စာနဲ့ပြန်ကြားရင် လွှတ်တော်အပေါ် တာဝန်ခံမှုရှိတယ်ဆို တဲ့ သဘောသက်ရောက်နိုင်တဲ့အတွက် ကျွန်တော်ကပဲ မီဒီယာတွေကတဆင့် ပြောကြား ဖို့တာဝန်ပေး ခဲ့ပါတယ်။ အဲဒီ လို တုန့်ပြန်ပြောကြားမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုး လည်းပေါ်ထွက်ခဲ့တယ်။ ကျွန်တော်တို့ ဘက် ကတော့ လိုအပ်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို နာခံမယ်ဆိုတဲ့ ရပ်တည် ချက်ကိုပဲ ဆက်လက် ဆွဲကိုင်ထားခဲ့တယ်။ ( ပုံ ၂)

မတ်လ ၁ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စား လှယ်တွေကို ခေါ်တွေ့တယ်။ အဆိုတွေ၊ မေးခွန်းတွေ နဲ့ပတ်သက်ပြီး ပါတီစိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ မလုပ်ဖို့ သတိပေးတယ်။ ပြည်သူ့လွှတ်တော် အခွင့် အရေး ကော်မတီ ဒေါက်တာလှမိုးကတော့ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းမြင့်ကို “ နောက်နောင် ဘယ်သူ့ကိုမှ အလိုမလိုက်နဲ့” လို့ သတိပေးတဲ့အကြောင်း မီဒီယာတွေကို ပြောတယ်။

ဒီတော့မှ ကျွန်တော်တို့ အစိုးရအဖွဲ့ဘက်က ဒေါ်ခင်စန်း လှိုင်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် ခွင့်ပြုချက်နဲ့ ဆောင်ရွက်တယ်လို့ ထင်ခဲ့တာမှားတဲ့အကြောင်း သိရ တော့တယ်။ ကျွန်တော်တို့ကလည်း အင်န်အယ်လ်ဒီပါတီမှာ ဒေါ်အောင်ဆန်းစုကြည်မသိရင် ဘာမှ လုပ်လို့မရဘူးလို့နားလည်ထားတာကိုး။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်မသိဘဲ လုပ်နိုင်တဲ့အခြေအနေရှိတယ်လို့သာ တွေးမိရင် တာဝန်လွှဲပြောင်းရေးအဖွဲ့လမ်းကြောင်းဘက် ကနေ ညှိနှိုင်းဖြေရှင်းတာမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒါဆိုရင်အခုလို ထိပ်တိုက်ဖြစ်ရတဲ့အခြေ အနေမျိုးကိုရှောင်နိုင်မှာပါ။

တကယ်တော့ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက အချက်အလက်မခိုင်မာတာရယ်၊ တင်ပြဆွေးနွေးပုံက နိုင်ငံရေးသိက္ခာချသလို ဖြစ်တာရယ်ကြောင့် သာ အငြင်းပွားမှုဖြစ်ခဲ့ရတာပါ။ သူစိုးရိမ်တာ မမှား ဘူးလို့ ပြောလို့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ်။

( ဆက်လက်ဖော်ပြပါမည်။ )

စာချွန်တော် နဲ့ ရွေးကောက်ပွဲကော်မရှင်

ကျွန်တော်ရေးတဲ့ “ဒိုင်လူကြီးရဲ့ တာဝန်” ဆိုတဲ့ဆောင်းပါးမှာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ဘူး၊ ရွေးကောက်ပွဲအသစ်ပြန်လည်းကျင်းပပေးရမယ်ဆိုတာ ဥပဒေနဲ့မညီဘူး။ ဒါပေမယ့် ရွေး ကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုများနဲ့ပတ်သက်ပြီး ကော်မရှင် ရဲ့ လုပ်ဆောင်ချက်မှန်ကန်ကြောင်းပြန်ရှင်းပြသင့်တယ်။ ကိုယ်စားလှယ်များက ဥပဒေ ကန့်ကွက် လွှာ တင်သွင်းနိုင်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေတောင်းခံလာတဲ့အခါ ဥပဒေအရ ပေးသင့် တဲ့ စာရွက်စာတမ်းတွေကို ပေးရမယ်လို့ အကြံပြုရေးသားခဲ့တယ်။

ဆိုလိုတာက အခြေခံဥပဒေအရ မဲပေးခြင်း၊မဲစာရင်းပြုစုခြင်း စတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်က အတည်ပဲ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ ကော်မရှင်ဆိုရင် အဲဒီဆုံးဖြတ်ချက် ဘာ့ကြောင့်မှန်ကန်တယ်ဆိုတာကိုတော့ ရှင်းပြနိုင်ရမယ်။ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရှင်းပြပေမယ့် လက်မခံဘူးဆိုရင် ဥပဒေအရ တုန့်ပြန် ဆောင်ရွက် သင့်ရင်ဆောင်ရွက်ရမယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ မြို့နယ်ဆယ်မြို့နယ်က မဲလက်မှတ်တွေကို ဖယောင်းသုတ် ထားတယ် ဆိုပြီး အင်န်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းထုတ်ပြန်ခဲ့တယ်။ အဲဒီ ပြောဆိုချက်နဲ့ပတ်သက်ပြီး ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က ချက်ခြင်း ဖြေရှင်းခဲ့တယ်။ ကော်မရှင်အဖွဲ့ဝင်တွေက ကိုယ်တိုင် မဲရုံတွေကို သွားရောက်စစ်ဆေးသလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုလည်း စစ်ဆေးခွင့်ပြုခဲ့တယ်။

အဲဒီစစ်ဆေးချက်များအရ “ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်များ” မှားယွင်းတယ်ဆိုတာ တွေ့ခဲ့ရတယ်။ တွေ့ရှိချက်ကို သတင်းထုတ်ပြန်ပေးခဲ့တယ်။ ဦးဉာဏ်ဝင်းက သူတို့ အချက် အလက် မှားသွားတယ်လို့ဝန်ခံပေမယ့် ဦးတင်အေး ကော်မရှင်က တရားဝင် တောင်းပန်ဖို့ ပြောတဲ့အချိန်မှာတော့ မတောင်းပန်နိုင်ဘူးလို့ ငြင်းတယ်။ ဒီတော့ ဦးတင်အေးကော်မရှင်က ဦးဉာဏ်ဝင်းကို တရားစွဲတယ်။ တရားရုံးက ဒဏ်ငွေဆောင်ဖို့ ၊ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ်ကျခံရမယ်လို့ ဆုံးဖြတ်တယ်။ ဦးဉာဏ်ဝင်းက ဒဏ်ငွေ ဆောင်ခဲ့တယ်။ ဒါဟာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး စွပ်စွဲမှုတွေပေါ်ပေါက် လာတဲ့အခါ ဘယ်လိုတုန့်ပြန်ဆောင်ရွက်သင့်သလဲဆိုတဲ့ အကောင်းဆုံး နမူနာဖြစ်ပါတယ်။

ဒီလိုပဲ အခြေခံဥပဒေအရ ရွေးကောက်ပွဲခုံအဖွဲ့ရဲ့ဆုံးဖြတ်ချက်များ၊အယူခံများနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်တယ်။ ဒါပေမယ် ရွေးကောက်ပွဲခုံအဖွဲ့ ကို ကန့်ကွက်လွှာတင်သွင်းဖို့အတွက် ဥပဒေနဲ့ အညီတောင်းခံတဲ့အထောက်အထားကိုတော့ ပေးဖို့ တာဝန်ရှိတယ်။ အဲဒီလို ထုတ်မပေးရင် ကန့်ကွက်လွှာတင်သွင်းမယ့် ကိုယ်စားလှယ်လောင်းက သူ့ကန့်ကွက်လွှာအတွက်အထောက်အထားဘယ်လိုရှာလို့ရမလဲ။

အခုအချိန်မှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့ရဲ့ သတင်းထုတ်ပြန် ချက်များအရ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်အနေနဲ့ စာရင်းဇယားတွေ၊ မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ ဆိုင်းငံ့နေတဲ့သဘောမှာတွေ့ရတယ်။

ဒီလိုအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ။

ကျွန်တော်ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်ကွက်နေသူတွေအနေနဲ့ အခြေခံဥပဒေ ပုဒ်မ ၂၉ ၆ မှာ ဖော်ပြထားတဲ့ စာချွန်တော် အခွင့်အရေးကို သုံးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လေ ျှာက်ထား သင့်တယ်လို့ ယူဆပါတယ်။

ပုဒ်မ ၂၉ ၆ ပါ စာချွန်တော်အခွင့်အရေးကို သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ စာချွန်တော်အမိန့် လေ ျှာက် ထားမှုဆိုင်ရာ ဥပဒေ ကိုလည်း ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ ပြီးဖြစ် ပါတယ်။

အခြေခံဥပဒေပါ စာချွန်တော်လေးမျိုးအနက် အောက်ပါ သုံးမျိုးက အခု ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နဲ့ သက်ဆိုင်မယ်လို့ ယူဆမိပါတယ်။ (ပုံ ၁)

၁။ အာဏာပေးစာချွန်တော်အမိန့် ။ တရားဝင်အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့ အစည်း တစ်ခုခုကဖြစ်စေ၊ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရေးသားထုတ်ပြန် သည့် အမိန့်စာ။

၂။ တားမြစ်စေစာချွန်တော်အမိန့် ။ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု သဘော သက်ဝင် သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့်အာဏာကျော်လွန်၍ဖြစ်စေ၊ တရား မျှတမှုကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်းမပြုရန် ရေးသား ထုတ်ပြန်သည့် အမိန့်စာ။

၃။ အာဏာပိုင်မေးစာချွန်တော်အမိန့် ။ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာ အပ်နှင်း ထား သည့်အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင် ထုတ်ပြန်ထား သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသား ထုတ်ပြန်သည့် အမိန့်စာ။

ဥပဒေကျွမ်းကျင်သူများ ဆက်လက်ဆွေးနွေးရင်တော့ ပိုပြီးပြည့်စုံမယ်ထင်ပါတယ်။

ဥပဒေအပြည့်အစုံကို အောက်ပါ လင့်ခ်မှာလေ့လာနိုင်ပါတယ်။

https://www.mlis.gov.mm/lsScPop.do?lawordSn=1371