UDP အစ

ဒီနေ့ သတင်းကြီးနေတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နဲ့ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အကြို ပုဂ္ဂလိက မီဒီယာတွေက ထုတ်ဝေထားတဲ့ စာအုပ်၊ စာစောင်တွေကို ပြန်လေ့လာကြည့် တော့

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှ ထုတ်ဝေခဲ့တဲ့ စည်သူအောင်မြင့် ရဲ့ “ ဘယ်ပါတီလဲ ၊ ဘယ်သူတွေလဲ ” ဆိုတဲ့ မှတ်တမ်းစာအုပ်မှာ ဦးဘိုမောင် ၊ ခေါင်းဆောင် ( ယာယီ ) ဆိုပြီး တွေ့တယ်။ ပုံ ( ၁ မှ ၄ အထိ )

ပါတီမှတ်ပုံတင်နဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်မှာလေ့လာတဲ့အခါ ပါတီ မှတ်ပုံတင်ခွင့်လေ ျှာက်ထားသည့်နေ့ ၁၇-၅-၂၀၁၀ ၊ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့ ၂၆-၅-၂၀၁၀ ဆိုပြီးတွေ့တယ်။ ပါတီဥက္ကဋ္ဌက ဦးကျော်မြင့် ဖြစ်နေပြီ။ ဦးဘိုမောင်မဟုတ်တော့ဘူး။ ပုံ (၅)

ဦးကျော်မြင့် နိုင်ငံအတွင်းကို ဘယ်လိုပြန်ဝင်လာလဲလို့ ကျွန်တော်ကို သတင်းဌာနတစ်ခုက မေး တယ်။ ကျွန်တော်ကတော့ ကျွန်တော် ဒုတိယဝန်ကြီး၊ ဝန်ကြီး တာဝန်ယူနေချိန်မှာ ဦးကျော်မြင့် မြန်မာနိုင်ငံပြန်လာခွင့်နဲ့ဆွေးနွေးတာ မကြားခဲ့ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း UDP ပါတီနဲ့ပတ်သက်ပြီး သီးခြားလေ့လာတာလည်း မရှိတဲ့အတွက် ဦးကျော်မြင့် ဥက္ကဋ္ဌ ဖြစ်တာလည်း မသိဘူး။

ဖြစ်နိုင်တာက ၂၀၁၁ နောက်ပိုင်း ပြည် ပရောက် မြန်မာနိုင်ငံသားတွေ၊ Black List သွင်းထား တဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာခွင့် ပြု တဲ့အချိန်မှာ ပါလာ တာ ဖြစ်နိုင်တယ် လို့ ဖြေကြားခဲ့တယ်။

ဘယ်နည်းလမ်းနဲ့ပဲ ဝင်ခဲ့၊ ဝင်ခဲ့ တရားဝင်ထွက်ခွာတာမဟုတ်ဘဲ အကြောင်းအမျိုးမျိုး နဲ့ ပြည်ပ ရောက်နေသူတွေကို ပြန်လာခွင့်ပြုမယ်ဆိုရင် နောက်ကြောင်း စိစစ်မှု လုပ်ရမှာပဲ။ နောက်တစ်ခါ နိုင်ငံရေးပါတီ ခေါင်းဆောင်အဖြစ်တာဝန်ယူမယ်ဆိုရင်လည်း ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတဲ့အခါ ကိုယ်ရေးရာဇဝင်တွဲတင်ရသလို ကော်မရှင်ကလည်း သတ်မှတ် ထားတဲ့စည်းမျဉ်း၊စည်းကမ်းတွေနဲ့ ညီညွတ်မှုရှိ/မရှိ စိစစ်ရမှာပဲ။

အခုတော့ ဦးကျော်မြင့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေပြီ ဆိုတော့ ရွှေသမင် ဘယ်ကထွက်လဲဆိုတာပေါ်လာမှာပါ။

တစ်ခုပဲ၊ အစိုးရ နှစ်ဆက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှစ်ဆက် မလုပ်တဲ့ အလုပ်ကို Myanmar Now က လုပ်ရတဲ့အတွက် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေနဲ့ မျက်နှာပူမိပါတယ်။

၂၀၁၀ မဲမပေးရေးလှုပ်ရှားမှု

၂၀၁၀ ရွေးကောက်ပွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင်း တွေ့မိတဲ့ မဲမပေးရေး လှုပ်ရှားမှု၊ ရွေးကောက်ပွဲ သပိတ်မှောက်မှု မှတ်တမ်းတွေ။

၂၀၁၀ ရွေးကောက်ပွဲ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတာပါပဲ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကျင်းပခဲ့တာပါပဲ။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက မပြောင်းသေးပါဘူး။

အချိန်တွေပြောင်းလို့ စကားတွေသာပြောင်းလဲသွားတာပါ။

ကိုဗစ်ထက် အရေးကြီးတဲ့ရွေးကောက်ပွဲ

အခြားနိုင်ငံတွေမှာ ကိုဗစ်စတင်ကူးစက်နေပေမယ့် ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ နဲ့ မတ်လဆန်းအထိ လူထု တွေ့ဆုံမှုတွေလုပ်ခဲ့တာ၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လှည့်လည်အင်အားပြ တာ၊ ဝတ်စုံပြိုင်ပွဲ ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွေလုပ်တာ၊ သီချင်းအဆိုပြိုင်ပွဲတွေ စီစဉ်နေတာ တွေကို ကြည့်ပြီး

“ ရွေးကောက်ပွဲဟာ ကိုဗစ်ထက်ပိုပြီး အရေးကြီးတယ်” လို့ယုံကြည်ပြီးဆောင်ရွက်နေတယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အခုလို တရားဝင်ထုတ်ပြောလိုက်တော့ ပိုရှင်းသွားတာပေါ့ ။

သို့သော် ဘယ်သူ ဘာဖြစ်ဖြစ် ငတေ xxxxxxxxx တော့မဖြစ်စေလိုပါ။

“ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူအရေးကြီးပြီး တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောသည်။”

( သတင်းကောက်နှုတ်ချက်)

ကိုဗစ် နဲ့ သီချင်းပြိုင်ပွဲ

အစိုးရ တာဝန်ကို ယူထားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကိုဗစ်၁၉ ရောဂါ ကူးစက်မှုကြောင့် ပြည်သူတွေ ပူပင်သောကရောက်နေချိန်မှာ နီရိုးဘုရင်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရနိုင်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်
“ NLD အောင်နိုင်ရေး သီချင်းဆိုပြိုင်ပွဲကျင်းပမည် ” ( ခေတ်သစ်မီဒီယာသတင်း) ပုံ ၁ မှ ၄ အထိ
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်၊ ကလေးငယ်များ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ” ( အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဖေ့စ်ဘွတ်စာမျက်နှာ) ပုံ ၅ မှ ၇ အထိ

တရားဥပဒေစိုးမိုးရေး ၊ Rule of Law

ဆန္ဒပြ ကျောင်းသားသုံးယောက် ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အရေးယူခံရချိန်မှာ

ပါတီကြီးနှစ်ခုက ရာချီပြီး အင်အားပြ၊ ဝန်းရံသူတွေပါလို့ဆင်ခြေပေး

ပါတီပြောခွင့်ရသူက “ ကိုယ့်ကို ဝန်းရံတဲ့သူတွေကို ပြန်ပြီးတော့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”

လို့ပြောနေတာတွေမြင်ရတော့ တရားဥပဒေစိုးမိုးရေး အကြောင်း နှုတ်ဖျားက မချသူတွေကို သတိရမိ

ဦးတင်အေး နဲ့ ဦးလှသိန်း (၇)

တွေ့ဖို့ခက်တဲ့ ရွေးကော်

ရွေးကောက်ပွဲရက်နဲ့ပတ်သက်လို့ကတော့ ကော်မရှင်က စက်တင်ဘာ ၁၉ ရက်နေ့ သတင်း မီဒီယာတွေနဲ့ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ပြောလိုက်ပြီ။

ကော်မရှင်က ပြောတဲ့အတိုင်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးဆိုရင် လွတ်လပ်ပြီး တရား မ ျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲရုံ၊ မဲလက်မှတ်၊ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ မဲရုံဝန်ထမ်း သင်တန်းပေးမှု စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး ပါတီတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီး စီစဉ်နေတဲ့သတင်းတွေမတွေ့ရသေး ဘူး။

၂၀၁၅/၂၀၂၀ တွေ့ဆုံမှုများ

ဦးတင်အေးကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေနဲ့ (၁၈) ကြိမ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ (၂၇) ကြိမ်၊ မီဒီယာများနဲ့ (၂၂) ကြိမ်၊ အစိုးရ ဝန်ကြီးဌာနများနဲ့ (၉) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့တယ်။ အထူးသဖြင့် ၂၀၁၄ ခုနှစ် မတ်လ နောက်ပိုင်းကစပြီး လစဉ် တွေ့ဆုံခဲ့တယ်။( ရွေး/ကော်၊ ရွေးကောက်ပွဲ အစီရင်ခံစာ၂၀၁၅ စာ၊ ၂၉ နဲ့ စာ ၃၄ ) ။

ဦးလှသိန်းကော်မရှင်နဲ့ နိုင်ငံရေးပါတီ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ မီဒီယာတွေ တွေ့ဆုံမှုနဲ့ ပတ် သက်ပြီး ကော်မရှင်ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ သတင်းတွေကနေ လေ့လာတဲ့အခါ ၂၀၁၉ ခုနှစ် မတ်လ တစ်ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ နိုင်ငံရေးပါတီများ နဲ့ (၄)ကြိမ်၊ အရပ်ဖက် အဖွဲ့အစည်းများနဲ့ (၈)ကြိမ်၊ သတင်းမီဒီယာများနဲ့ (၆) ကြိမ်တွေ့ဆုံ ခဲ့ ကြောင်းလေ့လာတွေ့ရှိရပါတယ်။ ဒါက ကော်မရှင်က ဦးစီးပြီးလုပ်တဲ့ အစည်းအဝေး အပြင် အခြား အဖွဲ့အစည်းတွေက လုပ်ဆောင်ပြီး ကော်မရှင်က တာဝန်ရှိသူအချို့တက်ရောက်ခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကော်မရှင်အဖွဲ့ဝင်တွေ တိုင်းဒေသကြီး/ ပြည်နယ်တွေ ကို သွားရောက်တဲ့အခါ သက်ဆိုင် ရာကော်မရှင်အဖွဲ့ခွဲများ၊ အဲဒီဒေသမှာရှိတဲ့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ စုစည်းတွေ့ဆုံမှုက(၁၅)ကြိမ်တွေ့ရပါတယ်။ဒါကတော့ ကော်မရှင်တစ်ဖွဲ့လုံးနဲ့ပါတီအားလုံး တွေ့ တာ မဟုတ်တဲ့အတွက် ဗဟိုအဆင့်တွေ့ဆုံမှုလို့တော့ ပြောလို့မရဘူး။

ကိုဗစ်ကာလ အွန် လိုင်းနဲ့တွေ့ဆုံဆွေးနွေးမှုကတော့ စက်တင်ဘာ ၁၉ ရက်နေ့ ကော်မရှင်နဲ့ သတင်းမီဒီယာ ကောင်စီတို့ပူးပေါင်းကျင်းပတဲ့ ရွေးကောက်ပွဲနဲ့သတင်းမီဒီယာအခန်း ကဏ္ဍ ဆွေးနွေး ပွဲ တစ်ခု ပဲရှိပါတယ်။

ဒီကိန်းဂဏန်းတွေအရ ဆိုရင် ဦးလှသိန်းကော်မရှင်ဟာ ဦးတင်အေး ကော် မရှင်နဲ့ ယှဉ်လိုက်ရင် ပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နဲ့တွေ့ ဆုံတာအတော်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

မဲရုံတွေ

၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံတစ်ခုမှာ မဲဆန္ဒရှင် သုံးရာ ကနေ သုံးထောင် အထိ သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် လက်တွေ့မဲပေးတဲ့အခါ မဲဆန္ဒရှင်တစ်ထောင်ကျော်တဲ့ မဲရုံတွေမှာ မဲရုံပရိဝဏ်အတွင်း မှာ ရှိတဲ့ မဲပေးမယ့်သူတွေကုန်အောင် ည ၇ နာရီအထိ မဲပေးဖွင့်ခွင့်ပြုခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ တယ်။ ဒါ့ကြောင့် ဦးတင် အေးကော်မရှင်က အနာဂတ်ရွေးကောက်ပွဲတွေမှာ မဲတစ်ရုံမှာ မဲဆန္ဒပေးသူ သုံးရာ ကနေ တစ်ထောင် အထိ ပဲ ထားဖို့ အကြံပြုခဲ့တယ်။ ( ရွေး/ကော်၊ ရွေးကောက်ပွဲ အစီရင် ခံစာ၂၀၁၅ ၊ စာ ၁၃၂)

ဦးလှသိန်းကော်မရှင်အနေနဲ့ မဲရုံတစ်ရုံမှာ မဲပေးနိုင်တဲ့သူ အရေ အတွက်ကို တစ်ထောင့်ငါးရာအထိ ထားမယ်။၂၀၁၅ရွေးကောက်ပွဲမှာ မဲရုံ အရေအတွက် လေးသောင်းကျော်ရှိပြီး ၂၀၂၀ ရွေး ကောက် ပွဲ မှာတော့ မဲရုံအရေအတွက်ငါးသောင်းကျော်ထား မယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့ သတင်း မီဒီယာနဲ့ဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့် နိုင် က ပြောထားခဲ့တယ်။ မဲပေးသူတွေ ကိုဗစ် ရောဂါကူးစက်မှုကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီမဲပေးနိုင်ဖို့အတွက်မဲရုံ ဧရိယာကို တိုးချဲ့ မယ်လို့ လည်းပြောသွားခဲ့တယ်။

အဲဒီပြောကြားချက်တွေ၊အစီအစဉ်တွေအပေါ် ပြိုင်မယ့်ပါတီတွေ၊ စောင့်ကြည့်မယ်သူတွေ ဘယ်လို မြင်သလဲဆိုတာကိုလည်း ကော်မရှင်က နားထောင်သင့်တယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ

လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်မပြုခဲ့တဲ့အတွက် ရွေးကောက်ပွဲ ရလဒ်ရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်တာ၊ ဝေဖန်တာအများကြီးခံခဲ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း ၅၃ ဖွဲ့၊ ပြည်ပ ၁၅ ဖွဲ့ ၊ သံရုံး ၃၂ ရုံး၊ အာဆီယံ ငါးနိုင်ငံ ၊ အာဆီယံအတွင်းရေးမှူးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားဖိတ်ကြားတဲ့နိုင်ငံများ က ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာမှုကို ပြုလုပ်ခဲ့တယ်။ လူဦးရေအားဖြင့်ဆိုရင် ပြည်တွင်းက ၁၁၃၇၀ ဦး၊ ပြည်ပက ၁၁၅၃ ဦး ပါဝင်ဆောင်ရွက်ခဲ့တယ်။ ( ရွေး/ကော်၊ ရွေးကောက်ပွဲ အစီရင်ခံစာ၂၀၁၅ ၊ စာ ၃၂ )

စောင့်ကြည့်လေ့လာတဲ့နေရာမှာ ကာလ တို စောင့်ကြည့်ရေးလို့ခေါ်တဲ့ ရွေးကောက်ပွဲ နီးကပ်ချိန် မှ စတင်စောင့်ကြည့်တာနဲ့ ကာလရှည် စောင့်ကြည့်ရေး လေ့လာရေးခေါ်တဲ့ ရွေးကောက်ပွဲ အကြို ပြင်ဆင်မှုတွေအားလုံးကို စောင့်ကြည့်မှုဆိုပြီး နှစ်မျိုးရှိတယ်။ ဥရောပသမဂ္ဂ နဲ့ ကာတာစင်တာ ဆို ရင် ကာလရှည်စောင့်ကြည့်မှုကို လုပ်ခဲ့တဲ့အဖွဲ့တွေဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေအရ ပြည်ပအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်လေ့လာ သူတွေ အင်အားအပြည့်လာရောက်ဖို့ဆိုတာလည်းအတော် ခက်သွား ပြီ ။ ပြည်တွင်း စောင့်ကြည့် လေ့လာ သူတွေအနေနဲ့လည်း ကိုဗစ်ရောဂါ ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ကြောင့် အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲ တွေရှိ လာမှာသေချာပါတယ်။ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကော်မရှင်က ရှင်းပြ သင့် ပြီ။

မဲရုံသင်တန်းတွေ

၂၀၁၅ ရွေးကောက်ပွဲကလည်း နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတယ်။ အဲဒီအချိန်က မဲရုံမှူးတွေနဲ့ မဲရုံဝန်ထမ်းတွေကို သင်တန်းပေးခဲ့တဲ့အခြေအနေကို ပြန်လေ့လာတဲ့ အခါ ခရိုင်အဆင့် သင်တန်း တွေကို အောက်တိုဘာလ ၈ ရက်နေ့မှာ စတယ်။ မြို့နယ်အဆင့်သင်တန်းတွေကို အောက်တို ဘာ ၁၂ ရက်နေ့မှာ စတယ်၊ ရပ်/ကျေးသင်တန်းတွေကို အောက်တိုဘာ ၂၆ ရက်နေ့ မှာ စတယ်။

ဒါ့ကြောင့် ၂၀၂၀ မှာလည်း အောက်တိုဘာ ဒုတိယပတ်ထဲမှာ သင်တန်းတွေစရတော့မယ်။ ၂၀၁၅ နဲ့ မတူတာက ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့်အချက်တွေပါ ထည့်သွင်းသင်ကြားရတော့မယ်။ အဲဒီသင်တန်းတွေမှာ ဘာတွေသင်မလဲ၊ မဲရုံအရေအတွက်ပေါ် မူ တည်ပြီး သင်တန်းသားဘယ်လောက်လေ့ကျင့်ပေးရမလဲဆိုတာ ကော်မရှင်က ရှင်းပြရမယ့် အချိန် ရောက်နေပါပြီ။ ဆွေးနွေးမှုတွေကနေ ပြင်ဆင်ဆောင်ရွက်ရမယ့်အချက်တွေပေါ်ထွက်လာရင် လည်း သင်တန်းမစမီ အချိန်မီပြင်ဆင်မှုတွေလုပ်ရမှာဖြစ်ပါတယ်။

ဘယ်တော့တွေ့မလဲ

ကိုဗစ်ဟာ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအပြင် အခြားရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် တွေ အပေါ်မှာပါ ရိုက်ခတ်မှုတွေအများကြီးဖြစ်စေခဲ့တယ်။ ဒီတော့ ပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေက ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရဖို့တောင်း ဆို တာတွေပေါ်လာခဲ့တယ်။

အခုအချိန်ထိတော့ ကော်မရှင် ဘက်က တုန့်ပြန်မှုမရှိသေးဘူး။ ကိုဗစ်ကာလဖြစ်လို့ ပုဂ္ဂိုလ် ချင်းတွေ့ဆုံလို့မရရင်တောင် အွန် လိုင်းကနေ ဗီဒီယို ကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးတာမျိုး လုပ်လို့ရပေမယ့် အဲဒီလိုမျိုးစီစဉ်တာလည်း မတွေ့ရသေးဘူး။

လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့ဆိုရင် ကော်မရှင် တစ်ခုတည်းက လုပ် နေလို့မရဘူး။ အစိုးရ အဖွဲ့လက်ခံရင်ပြီးတာပဲလို့လည်း သဘောထားလို့မဖြစ်ဘူး။ ပြိုင်မယ့်သူ တွေ၊ စောင့်ကြည့်မယ်သူတွေ၊ အားပေးမယ့် ပရိသတ်တွေကလည်း ပူးပေါင်းဖို့လိုတယ်။ ဘာတွေ လုပ်သင့်တယ်ဆိုတာ ဆွေးနွေးခွင့်ရှိရမယ်။ ငါ့လှေ ငါထိုး လုပ်ရင် ဘယ်လို ဖြစ်တတ်တယ်ဆိုတာ ၂၀၁၀ မှာတွေ့ခဲ့ပြီးပြီပဲ။

ဦးလှသိန်းကော်မရှင်က ဦးတင်အေးကော်မရှင်နဲ့ ပြိုင်ရမယ့်အစား ဦးသိန်းစိုးကော်မရှင်နဲ့ သွား ပြိုင်နေတာမျိုးတော့ မဖြစ်စေချင်ဘူး။

အောင်နိုင်ခြင်း

“ ဗိုလ်စွဲဖို့က အရေးကြီးဆုံးပဲ။ ဒုတိယနေရာက ပန်းဝင်တဲ့သူကို သူ့ဇနီး နဲ့ သူ့ခွေး ကလွဲလို့ ဘယ်သူကမှ အမှတ်တရရှိနေမှာမဟုတ်ဘူး ”

အင်္ဂလိပ် ပြိုင်ကားမောင်းသမား Damon Hill ၁၉ ၉ ၄ ခုနှစ်က ပြောခဲ့သောစကားဖြစ်သည်။ သူ့စကားက ၊ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက အရှုံး အနိုင်ကို ဆုံးဖြတ်ပေးသော ကားပြိုင်ပွဲများရဲ့ သဘာဝကိုသာမက ပြိုင်ဆိုင်မှုတွေပြင်းထန်လှသော ၂၀ ရာစု လူမှုအသိုင်းအဝန်းရဲ့ အခြေအနေ ကို ပါထင်ဟပ်စေသည့်အတွက် ဆန်းဒေးတိုင်းမ် သတင်းစာက တစ်နှစ်အတွက် မှတ်မှတ် သား သား စကားများကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့သည်။

တကယ်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ပြိုင်ဆိုင်မှုပြင်းထန် လှသော ခေတ်ကြီးမှာ ကျွန်တော်တို့ နေထိုင် နေ ရသည်။ ဖြူစင်တဲ့ကလေးလေးတွေတောင် မူလတန်း ကျောင်းသားဘဝကစပြီး ပြိုင်ဆိုင်မှုပုံစံခွက်ထဲ ရိုက်သွင်းခံရသည်။ “သမိုင်းကို အောင်နိုင်သူက ရေးတယ်” ဟု ဆိုရိုးရှိသလို “နိုင်သူ အကုန်ယူ Winner Takes All” ဆိုတဲ့စကားလည်းရှိသည်။ ABBA အဖွဲ့ရဲ့ Winner Take it All သီချင်းမှာတော့ “ နိုင်သူက အကုန်ယူလို့ အောင်ပွဲခံနေပေါ့။ ရှုံးသူကတော့ သူ့ ဘေးမှာ သေးသေးကျုံ့ကျုံ့လေး၊ အဲဒါ သူ့ကြမ္မာပဲပေါ့” ဟုဖွဲ့ဆိုခဲ့သည်။
ဘယ်ကဏ္ဍမဆို အောင်ပွဲခံသူ၊ အနိုင်ရသူ၊ ဗိုလ်စွဲသူကိုသာ လူတွေ က အသိအမှတ်ပြုကြသည်။ မှတ်တမ်းတင်ကြသည်။ ဂင်းနစ်စံချိန်ဆိုတာ ရုပ်ပိုင်းဆိုင်ရာတွင် သူများတကာထက် ထူး ထူးခြားခြား ပိုလုပ်ပြနိုင်သူ တွေအကြောင်းသာဖြစ်သည်။

ယောဂီကြီး Radhanath Swami က အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးကို “တကယ့်စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ ငွေကြေးနဲ့ဝယ်လို့မရတဲ့ အရာတွေကို ပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာတာဖြစ် တယ်” ဟု တရားပြခဲ့ဖူးသည်။ ထိုသူဌေးက ဆွာမိကြီးပြောတာကို သဘောတူသည်။ သို့သော် “ ဆွာမိကြီး၊ လူတွေက ငွေနဲ့ ဝယ်လို့အရာတွေကို မြင်တာ၊ အဲဒါတွေရှိမှ အောင်မြင်တယ် လို့ လက်ခံတာ၊ ဒ့ါကြောင့်ငွေတော့ရှာရဦးမယ်” ဟု စောဒကတက်ခဲ့သည်။

မကြာသေးမီကာလတွေအတွင်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ တွေနှင့် အမေရိကန်ဘတ်စကက် ဘောအားကစားအကြောင်းမှတ်တမ်းတင်ထားသည့် ဇာတ်လမ်းတွဲနှစ်ခုကို ကြည့်ခဲ့ရသည်။ အောင်ပွဲခံနိုင်ဖို့ အသေအလဲကြိုးစားလေ့ကျင့်တာတွေ၊ သံန္နိဋ္ဌာန်စိတ်ဖြင့် မဆုတ် မနစ် ကြိုးစား တာတွေ၊ အောင်ပွဲနှင့်လွဲသည့်အတွက် ကြေကွဲရ၊ ပေးဆပ်ရ၊ ဆုံးရှုံးရတာတွေ၊ အနိုင်ရသူ၊ ဗိုလ် စွဲ သူ၏ ချိုမြိန်သောအရသာတွေ ကို မြင်ရ၊ ကြားရသည်။ ကာယကံရှင်တွေတော့ မသိ၊ ကြည့်ရသူ တောင် စိတ်တက်ကြွရ၊ ပူလောင်ရ၊ ကြေကွဲရ၊ ရင်ခုန်သံတွေ အတက်အကျမြန်ခဲ့ရ သည်။

ပြိုင်ဆိုင်မှုပြင်းထန်လှသော အားကစားလောကအတွက် စိတ်ချမ်းသာစရာတစ်ခုကတော့ “ အား ကစားသမားစိတ်ဓာတ်” ပဲဖြစ်သည်။ စည်းမျဉ်း ၊ စည်းကမ်းနှင့် အညီ သန့်သန့်ရှင်းရှင်း မ ျှမ ျှ ယှဉ်ပြိုင်ခြင်း၊ အောင်နိုင်လို့ မောက်မာဝင့်ကြွားမှုမရှိ၊ ရှုံးနိမ့်လို့လည်း စိတ်ဓာတ်မကျ၊ နိုင်သူက ရှုံး သူကို အားပေး၊ ရှုံးသူက နိုင်သူကို လေးစား တာတွေအားလုံးကို ခြုံငုံထားသော စိတ်နေစိတ်ထား ဖြစ်သည်။ အားကစားသမားစိတ်ဓာတ် နှင့် လူကြီးလူကောင်းဆန်မှုကို တွဲဖက် ပြောကြသည်။

အားကစားသမားစိတ်ဓာတ်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေကပါ နမူနာယူသင့် ကြောင်းပြောတာတွေလည်းရှိသည်။ သို့သော်လက်တွေ့လုပ်ဖို့မလွယ်လှ။ အားကစားလောက မှာတောင် စည်းဘောင်ထဲကနေ ပြိုင်ဘက်ကို ဖိအားပေးတာတွေ၊ ညစ်တွန်းတွန်းတာတွေရှိ နေ သည် မဟုတ်ပါလား။ ၂၀၀၆ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲတွင် ဝိန်းရူနီ အနီကပ်ပြပြီး ထုတ်ပယ်ခံ ရအောင် ဖိအားပေးခဲ့ပြီးနောက် ပေါ်တူဂီနည်းပြအဖွဲ့ဘက်သို့ မျက်စိမှိတ်ပြခဲ့သော ရော်နယ်ဒို ကို မှတ်မိကြဦးမည်ထင်ပါသည်။

စည်းဘောင်ထဲကနေ မညစ်ဘူးဆိုရင်တောင် ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ၏ မထင်မှတ်သော အမှားများကို အခွင့်ကောင်းယူပြီး အနိုင်ယူတာကတော့ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ အထူးသဖြင့် လက်ဝှေ့၊ ဘောလုံး ကဲ့သို့သော အားကစားပွဲများတွင် ထိုအခြေအနေကို အများဆုံးတွေ့ရသည်။ တစ်ဖက်လူ၏ အမှားကို အခွင့်ကောင်းမယူနိုင်ပါက ပြစ်တင်ခြင်းပင်ခံရနိုင်သည်။ ထိုကဲ့သို့ အခွင့် အရေးယူရန်ပျက်ကွက်မှုကြောင့် အရှုံးနဲ့ ရင်ဆိုင်ရပြီဆိုပါက တံထွေးခွက်မှာ မျောဖို့များသည်။

အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်ပြိုင်ပွဲများကတော့ လက်ဝှေ့လို၊ တင်းနစ်လို ၊ ဘောလုံး လို မဟုတ်၊ တစ်ဖက်လူကို အလဲထိုးနိုင်မှ၊ အမှတ်ယူနိုင်မှ၊ ဂိုးသွင်းနိုင်မှ အနိုင်ရတာမဟုတ်၊ မိမိ စံချိန် ကို ပြိုင်ဘက်ထက် သာအောင်လုပ်ဖို့ပဲလိုသည်။ ဒါတောင်မှ ကိုယ့်ရှေ့က ပြေးနေသူ ခြေချော်လဲ ခဲ့ရင် ဘာလုပ်မလဲ ဆိုသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်သေးသည်။

စပိန် သုံးမျိုးစုံအားကစားသမား Diego Mentrida သည် ထိုအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရသူ တစ် ယောက်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က စပိန်နိုင်ငံမှာကျင်းပသည့် သုံးမျိုးစုံ အားကစားပြိုင်ပွဲ ( ရေကူး၊ စက်ဘီးနှင့်အပြေး) တွင် ပန်းဝင်ရန် မီတာတစ်ရာခန့်အလိုမှာ Diego Mentrida က စတုတ္ထနေရာမှာရှိနေသည်။ သူ့ရှေ့မှာက ဗြိတိန်နိုင်ငံမှ James Teagle ရှိသည်။ ပန်းဝင်ဖို့ မီတာငါးဆယ်လောက်အလိုတွင် ပြေးလမ်းက တစ်ဆစ်ချိုးကွေ့သွားသည်။ အဲဒီ နေ ရာမှာ ရှေ့မှာလမ်းပိတ်ထားကြောင်းနှင့် ဘယ်ဘက်သို့ကွေ့ရန် အမှတ်အသားပြထားသည်။

အားသွန်ခွန်စိုက်ပြေးလာသော James Teagle က ထိုအမှတ်အသားကို မမြင်၊ ထို့ကြောင့် ရှေ့ မှာချထားသော အတားအဆီးကို ဝင်တိုက်ပြီးလဲကျသွားသည်။ ချက်ခြင်းပြန်ထသည်။ ပရိသတ် က ဘယ်ဘက်ကို သွားဖို့ ဝိုင်းအော်ကြသည်။ ဒါပေမယ့် ဒီအချိန်မှာ Diego Mentrida က သူ့ကို ကျော်တက်သွားပြီ။ ပန်းတိုင်ကလည်း မီတာငါးဆယ်လောက်ပဲလိုတော့တာဆိုတော့ ပြန် ကျော်တက်ဖို့ မလွယ်တော့။

ဒီအချိန်မှာ Diego Mentrida က အံ့သြဖွယ်ရာ အပြုအမူကိုလုပ်ဆောင်ခဲ့သည့် ပန်းဝင် စည်း နဲ့ ခြေလှမ်းနှစ်လှမ်းလောက်အလိုမှာရပ်လိုက်သည်။ James Teagle ကိုစောင့်နေသည်။ James Teagle အနားကိုရောက်လာတော့ လက်ဆွဲနှုတ်ဆက်ပြီး ပန်းဝင်စေသည်။ သူက စတုတ္ထနေရာ ကနေသာ ပန်းဝင်ခဲ့သည်။

Diego Mentrida ၏ အားကစားသမားစိတ်ဓာတ်ပြည့်ဝမှု၊ လူကြီးလူကောင်းဆန်မှုတို့ကို အသိ အမှတ်ပြုသည့်အနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီက ဂုဏ်ထူးဆောင်တတိယဆုကို ချီးမြှင့်ခဲ့ သည်။ ပန်းဝင်ချိန်အဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင် လူမှုကွန်ယက်တွေမှာ ဖော်ပြ တော့ ထင်ရှားကျော်ကြားသူတွေရော၊ သာမန်ပြည်သူတွေကပါ ဂုဏ်ပြုကြသည်။

Diego Mentrida ကတော့ သူ့အပြုအမူနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ ဝင့်ကြွားပြီး မပြောခဲ့။ “ James လမ်းမှားသွားတာမြင်လိုက်တယ်။ သူဘာဖြစ်သွားတယ်ဆိုတာတွေ့လိုက်တယ်။အဲဒီ နောက်တော့ ခြေလှမ်းတွေ အလိုလိုရပ်သွားတာပါပဲ။ သူက တတိယဆုနဲ့ ထိုက်တန်ပါ တယ်။ ဒီလိုလုပ်တာ ထူးခြားတဲ့ကိစ္စမဟုတ်ပါဘူး၊ ကလေးဘဝထဲက အဖေနဲ့ အမေရော၊ နောက်ပြီး ကလပ်က ဆရာတွေရော ဒီလိုစိတ်ထားဖို့ သင်ပေးခဲ့တာပါ” လို့ ရိုးရိုးလေးပြောခဲ့သည်။ အား ကစားသမားစိတ်ဓာတ်တွေ၊ ဂုဏ်သိက္ခာတွေအကြောင်း တစ်ခွန်းမှမပြောခဲ့။

တကယ်တော့ Diego Mentrida တတိယနေရာက ပန်းဝင်ခဲ့လ ျှင်လည်း အပြစ်တင်မည့် သူ ရှိ မည်မထင်။ James Teagle လဲကျသွားတာ သူ့ပယောဂမပါ။ ကာယကံရှင်အမှားသာဖြစ်သည်။ ဒါပေမယ့် သူ့ခွန် ၊ သူ့အား နှင့် ပြိုင်ဘက်ကို ကျော်ဖြတ်တက်တာမျိုးမဟုတ်ဘဲ ပြိုင်ဘက် ဖြစ်သူ ၏ ကံမကောင်း၊ အကြောင်းမလှ ဖြစ်ရပ်ကြောင့် ဖြတ်ကျော် အနိုင်ရတာမျိုးကို မလိုချင်သည့် အတွက် သာမန်သူတွေ ပြုနိုင်ခဲ့သော အပြုအမူကို လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ပြိုင်ပွဲတွင် အစစ်အမှန်အောင်နိုင်သူမှာ ပြိုင်ပွဲတစ်ခုကို လိပ်ပြာသန့်သန့်နှင့် အနိုင်ယူတာ အကောင်းဆုံးဖြစ်သည်ဟု နမူနာပြခဲ့သည့် Diego Mentrida သာဖြစ် ပါသည်။

ပြောင်းလဲခြင်း

အခြေခံဥပဒေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းပဲ

ဒါပေမယ့် အချိန် နဲ့ နေရာအပေါ်မူတည်ပြီး ရှုထောင့်ပြောင်းသွားတယ်။

၂၀၁၅ ခုနှစ်

သမ္မတက ပါတီလုပ်ငန်းများဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ ပါ သမ္မတ နှင့် ဒုသမ္မတများ ပြုထားသော ကတိသစ္စာကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီချုပ်၏ တိုင်ကြားစာတွင်ပါရှိသည်။ ပုံ ( ၁ နှင့် ၂ )

၂၀၂၀ ပြည့်နှစ်

မဲဆန္ဒရှင် မိဘပြည်သူများ နှစ်ရှည်လများလိုလားတောင့်တနေသော ဒီမိုကရေစီရေးအတွက် NLD ကို ထောက်ခံမဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။

လေးစားစွာဖြင့်
ဝင်းမြင့်
( ပုံ ၃ )

မှတ်ချက် ။ ပုံ (၃) ပါ ( ဦး) ဝင်းမြင့်သည် နိုင်ငံတော်သမ္မတ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ စတင်ကူးစက်ဖြစ်ပွားချိန်မှ စက်တင်ဘာ ၈ ရက်နေ့ အထိ ဖေ့စ်ဘွတ်မှတဆင့် ပြည်သူ သို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးသတင်းစကားများပြောကြားခဲ့သည့် အထောက်အထားများ မတွေ့ရသေးပါ။ စက်တင်ဘာ ၉ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏ တရားဝင် ဖေ့စ်ဘွတ်အကောင့်ကို စတင် တွေ့ရှိရပြီး ပြည်သူသို့ရည်ညွှန်းပြီး ပထမဆုံး ရေးသားချက်မှာ NLD ကို ထောက်ခံမဲပေးရန် တိုက်တွန်းမှုဖြစ်ပါသည်။

ကိုဗစ် နှင့် အဆင်ပြေအောင်နေထိုင်ခြင်း

ကိုဗစ် ဒုတိယလှိုင်း နဲ့ အတူ ရန်ကုန်မြို့နယ်တွေမှာ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အမိန့်တွေထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်နဲ့ အတူဖြစ်လာတဲ့အခြေအနေတွေအောက်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာ လို၊ တို ၊ ရှင်း သုံးသပ်ကြည့်မိတယ်။

ဖြစ်သင့်တာ

အိမ်မှာနေ ( Stay at Home ) ဆိုတာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ဖို့၊ အပြင် ထွက်ရင် လိုအပ်တဲ့ ရောဂါကူးစက်မှုအကာအကွယ်တွေကို မပျက်မကွက်လုပ်ဆောင်ဖို့၊ အဲဒီလို လုပ်ဆောင်ခြင်း ရှိ/ မရှိ ဒေသန္တအာဏာပိုင်အဖွဲ့အစည်းတွေက စိစစ်ဖို့ လို့ပဲနားလည်မိတယ်။

ဒီတော့
၁။ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ကိုယ်နယ်မြေက အိမ်ပြင်ထွက်သူတွေဟာ အဲဒီ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စိစစ်ရမယ်။

၂။ ကိုယ်လမ်း၊ ရပ်ကွက်ထဲကို ဝင်လာသူတွေကို လိုအပ်ရင် ပြန်လည် ရှာဖွေ ဆက်သွယ်နိုင်ဖို့ အချက်အလက်တွေ ( အမည်၊မှတ်ပုံတင်၊လိပ်စာ၊ ဖုန်းနံပါတ်) စသည်ဖြင့် မှတ်တမ်းတင်ရမယ်။

၃။ ကိုယ်လမ်း၊ ရပ်ကွက်ထဲကို ဝင်လာသူတွေဟာ ရောဂါကူးစက်မှုအကာအကွယ်တွေကို လိုက်နာ ခြင်းရှိ/ မရှိ စစ်ဆေးရမယ်။ အပူချိန်တိုင်းတာမျိုးလုပ်ရမယ်။

၄။ ဖုန်းနံပါတ်လို အချက်အလက်မျိုးတွေကို လိမ်လည်ပေးတာမျိုးမဖြစ်ဖို့အတွက် စစ်ဆေးရေး ဂိတ်မှာရှိတဲ့ ဖုန်းကို ဧည့်သည်ကိုယ်ပိုင်ဖုန်းနဲ့ခေါ်ခိုင်းပြီး မှတ်တမ်းယူတာမျိုးလုပ်ရမယ်။

ဖြစ်နေတာက

တစ်လမ်း တစ်ဂါထာ၊ တစ်ရပ်ကွက်တစ်မျိုးဖြစ်နေတော့ ယေဘုယျ တူညီတဲ့အချက်တွေကို ပဲပြော ပါ့မယ် ။

၁။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ထဲကို အပြင်လူမဝင်ရဆိုပြီးလုံးဝပိတ်ထားတယ်။ ရုံးခန်း/ ဆိုင် ရှိတဲ့ လမ်း၊ရပ်ကွက်တွေမှာ တစ်ချို့ကလည်း အလုပ်ဆင်းတဲ့သူကို ဝင်ခွင့်ပြုတယ်။ တစ်ချို့က လုံးဝခွင့် မပြုဘူး။

၂။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ကိုတော့ အပြင်လူဝင်ခွင့်မပြုဘဲထားလိုက်ရင် ကိုဗစ် ကင်းစင် နယ်မြေလို့ ခံယူပုံရတယ်။ လမ်းပေါ်မှာ Mask မတတ်ဘဲ စုဝေးစကားပြောကြ၊ ညနေဘက် ကလေးတွေ ဆော့ကြ၊ ဟိုအိမ် ဒီအိမ်လည်ပတ်ကြ။

၃။ လမ်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေကလည်း ပါဆယ်ရောင်းမယ်ဆိုရင်တောင် လမ်းထိပ် ထွက်ပို့ရမယ့်အခြေအနေဖြစ်နေတယ်။ ( အဲဒီလောက် ဒုက္ခခံစားမယ်သူလည်း မရှိသလောက် ဖြစ်မှာပါ။ )။ စတိုးဆိုင်တွေကတော့ ငုတ်တုတ်မေ့ပဲ။

၄။ တိုင်းဒေသကြီးအစိုးရကထုတ်ပြန်တယ်ဆိုပြီး အင်တာနက်မှာ ပျံ့နေတဲ့စာမှာလည်း “ ကြား လမ်းများအား ဝင်/ထွက်သွားလာမှုအဆင်ပြေအောင်သာပိတ်ရန်၊ အခိုင်အမာပိတ်ဆို့ခြင်း မပြု ရန် ” လို့ဖော်ပြထားတော့ အပြင်လူဝင်ခွင့်မပြုဘူးဆိုတဲ့ အချက်ကို သဘောတူသလိုလို ဖြစ်နေတယ်။

၅။ တာဝန်ရှိသူအဆင့်ဆင့်တွေအနေနဲ့ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) နဲ့ လုံး၀ အိမ်ပြင်မထွက်ရ ( Lockdown ) ကို ခွဲခွဲခြားခြား နားမလည်နိုင်ဘူးလို့ ခံစားရတယ်။

ဘယ်လိုနေမလဲ

တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့ အမိန့်တွေ၊ ညွန်ကြားချက်တွေ၊ စည်းကမ်းတွေ တစ်ကျောင်းတစ် ဂါထာ ဖြစ် နေ တဲ့လုပ်ဆောင်ချက်တွေကြားမှာ အကောင်းဆုံးနေထိုင်နည်းကတော့

၁။ ပြည်ထောင်စုအစိုးရက ထုတ်ပြန်တဲ့ အတိုင်းလိုက်နာ။

၂။ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်တဲ့ အမိန့်နဲ့ ပြည်ထောင်စု အစိုးရက ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် တိုင်းဒေသကြီးအစိုးရက ပြောတဲ့အတိုင်းလုပ်။ ( ကိုယ်က ရန်ကုန်မှာ နေတာ၊ နေပြည် တော်က အဝေးကြီး)

၃။ မြို့နယ်က ထုတ်ပြန်တဲ့အမိန့် နဲ့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် မြို့နယ်က ပြောတဲ့အတိုင်းလုပ်။ ( ဘယ်မြို့နယ် မှာ နေတယ်ဆိုတာ မမေ့နဲ့ )

၄။ ရပ်ကွက်က ထုတ်ပြန်တဲ့အမိန့်နဲ့ မြို့နယ်က ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် ရပ်ကွက်က ပြောတဲ့အတိုင်းလုပ်။ ( အုပ်ကြီးက ကိုယ်နဲ့ အနီးဆုံးမှာရှိတယ် ဆိုတာ သတိရ)

အချုပ်ကတော့ ဟိုအမိန့်၊ဒီအမိန့်တွေဖတ်နေရင် စိတ်ရှုပ်ရမယ်။ အုပ်ကြီးပြောတဲ့အတိုင်း လုပ်တာ အကောင်းဆုံးပဲ။

အုပ်ကြီး နှင့် ခဏတာ

လမ်းသွယ်လေးထဲမှာ လမ်းမီးတိုင်တွေက ခပ်ကျဲကျဲဆိုတော့ တိုက်ခန်းတွေက ဖြာ ကျတဲ့ အလင်းရောင်ပဲရှိတယ်။ မြေညီထပ်တိုက်ခန်းတွေက ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ကလည်း ပါဆယ်ပဲရောင်းရတော့ ခြောက်ကပ်ကပ်။ ဝက်သားတုတ်ထိုးသည်လည်းတွေ့တယ်။ ထိုင်စား မှ အရသာရှိတဲ့ တုတ်ထိုးဟာ ပါဆယ်ခေတ်မှာ အခြေအနေကောင်းပုံမရဘူး။

အုပ်ကြီးရဲ့ ရုံးက တစ်ထပ်တိုက်လေး။ ရယကရုံးတွေရဲ့ထုံးစံအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ရယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရယ်တွဲဖွင့်ထားတယ်။ ရုံးရှေ့မှာ ကွမ်းယာဆိုင်ရှိတယ်။ ကွမ်းယာ ဟာ ကိုဗစ်ကို နိုင်တယ်။ အစထဲက ပါဆယ်ဆိုတော့ ပါဆယ်ခေတ်မှာ ကွမ်းယာက ဆရာကြီးပဲ။ အခု လည်းဆိုင်ရှေ့မှာ ကွမ်းယာစောင့်နေတဲ့သူ သုံးလေးယောက်ရှိတယ်။

အုပ်ကြီးရုံးရှေ့မှာ ရုံးရှေ့ ယာဉ်မရပ်ရ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်က သွပ်ပြား ဆိုင်းဘုတ်၊ အမည်းအောက်ခံမှာ အဖြူနဲ့ရေးထားတယ်။ သုံးပေလောက်ပဲမြင့်တဲ့ဆိုင်းဘုတ် ကို ရွေ့မသွားအောင် အုတ်ခဲနဲ့ဖိထားတယ်။ ဆိုင်းဘုတ်သက်တမ်းက အတော်ကြာနေပြီ၊ ဆေးရောင်တောင်လွင့်နေပေါ့။ လမ်းသွယ်လေးထဲမှာ ကားတွေအပြည့်ရပ်ထားပေမယ့် ဆိုင်းဘုတ်ငုတ်စိလေးနဲ့ အုပ်ကြီးရုံးရှေ့မှာတော့ ဘာကားမှ မရှိဘူး။ ဒါက အုပ်ကြီး အာဏာ စက်ကို သက်သေပြနေတာပဲ။

အုပ်ကြီးရုံး တံစက်မြိတ်အောက်မှာ ကျောက်သင်ပုန်းနှစ်ခုထောင်ထားတယ်။ တစ်ခုက စက်တင်ဘာ ၈ ရက်နေ့က စပြီး စားသောက်ဆိုင်တွေမှာ ပါဆယ်ပဲရောင်းရမယ် ဆိုတဲ့ ကြေညာချက်၊ နောက်တစ်ခုက မီးဖွားပြီးစ မိခင်တွေကို ထောက်ပံ့ကြေးပေးဖို့ရှိတဲ့ အတွက် စာရင်းပေးဖို့ ကြေညာချက်။ ရုံးခန်းအဝင်တံခါးမှာတော့ ရုံးထဲကို စွပ်ကျယ်၊ ဘောင်းဘီတို နဲ့ မဝင်ဖို့ သတိပေးစာကပ်ထားတယ်။ ရုံးဖွင့်ချိန် ည ၇ နာရီ မှ ၉ နာရီလို့ ရေးထားတဲ့ဆိုင်း ဘုတ် လည်းရှိတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မိသားစုဝင်တစ်ယောက် ခရီးသွားဖို့အတွက် အုပ်ကြီးရုံးမှာ ထောက်ခံ စာသွားလုပ်တယ်။ ဒီတော့မှ ဧည့်စာရင်း ဥပဒေဖျက်လိုက်ပေမယ့် သန်းခေါင်စာရင်း မရှိဘဲ တစ်လထက် ပိုနေမယ်ဆိုရင် အုပ်ကြီးရုံးမှာ နေထိုင်မှုမှတ်တမ်းလုပ်ထားရမယ်ဆိုတာ သိရတယ်။ ကျွန်တော့်သန်းခေါင်စာရင်းက ဗိုလ်တထောင်ဆိုတော့ နေထိုင်မှုမှတ်တမ်းအတွက် သတင်းပို့ ရမယ်လို့ဆိုတယ်။ အုပ်ကြီးက ဒီတစ်ခါတော့ ထောက်ခံစာလုပ်ပေးလိုက်မယ်၊ နောင်တော့ သတင်းပို့မထားရင် ရပ်ကွက်က စောင့်ရှောက်မှုတွေ လုပ်မပေးနိုင်ဘူးလို့ သတိပေးလိုက် တယ်။

ဒီလို နဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော်ဟာ အုပ်ကြီးမှာလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ အုပ်ကြီးရုံးကို ရောက်လာခဲ့တယ်။ စာရွက်စာတမ်းဆိုတာက သန်းခေါင်စာရင်း မိတ္တူ၊ မိသားစု ဝင် တွေရဲ့ မှတ်ပုံတင်မိတ္တူ၊ လမ်းမှူး ရဲ့ ထောက်ခံချက်တွေ ပေါ့။ ရုံးခန်းထဲမှာ စားပွဲ သုံးလုံးရှိ တယ်။ နှစ်လုံးမှာ အလုပ်လုပ်သူတွေရှိတယ်။ အခန်းထဲမှာ ထွေအုပ်ဆောင်ပုဒ်တွေ ကပ်ထား တယ်။ “ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စံတန်ဖိုး( ၆)ရပ်” ၊ “ ပြုပြင်ပြောင်းလဲ မှုအစ ထွေအုပ်က” ၊ “ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်”

နောက်ပြီး ဧည့်စာရင်းတိုင်ရင် ပါလာရမယ့် စာရွက်စာတမ်းတွေ၊ ကျွန်တော်တို့လို နေထိုင်မှုမှတ်တမ်း စာရင်းပေးဖို့ ပျက်ကွက်သူတွေကို သတိပေးတဲ့ “ ရပ်ကွက်နေပြည်သူများသိရှိစေရန်” ဆိုတဲ့ ကြေညာချက်၊ ကြေညာချက်အဆုံးမှာ နေထိုင်မှုမှတ်တမ်းမလုပ်ထားရင် “ ရပ်ကွက်နှင့် သက်ဆိုင် သည့် ကိစ္စရပ်များ၊ ရုံးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ပေးမည် မဟုတ် ကြောင်း အသိပေးအပ်ပါသည် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး” လို့ ဖော်ပြထားတယ်။

နံရံမှာ မြို့နယ်မြေပုံရှိတယ်။ ရပ်ကွက်မြေပုံရှိတယ်။ လမ်းအလိုက်၊ အပိုင်းလိုက် ၁၈ နှစ်အထက်၊ ၁၈ နှစ်အောက် လူဦးရေစာရင်းရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ စာရင်းချိတ်ထားတယ်။ ငါး ယောက်မှာ အမျိုးသား သုံးယောက်၊ အမျိုးသမီးနှစ်ယောက်ဆိုတော့ ကျား/ မ အချိုးညီ သားပဲ။

စားပွဲနှစ်လုံးမှာ လူနှစ်ယောက်အလုပ်လုပ်နေတယ်။ အုပ်ကြီးက ၀၀ ၊ ဖိုင့်ဖိုင့်။ ဘေးက အကူ က ပိန်ပိန်ချိချိ၊ သူတို့ရှေ့မှာ လူလေးငါးယောက်ဝိုင်းနေတယ်။ ဒါနဲ့ နံရံမှာ ကပ်ထားတဲ့ထိုင်ခုံတစ် လုံး မှာထိုင်ပြီး သူတို့လုပ်တာကို ကြည့်နေမိတယ်။ ရပ်နေတဲ့နှစ်ယောက်က ရယက အဖွဲ့ဝင်တွေ လား၊ ရာအိမ်မှူးတွေလားမသိဘူး။ တစ်ယောက်လက်ထဲမှာ လက်ကိုင်အသံချဲ့စက်တစ်လုံး တွေ့ တယ်။ ရပ်ကွက်ထဲ မလှည့်ခင် သူတို့ကို လူကြုံပေးလိုက်တဲ့ ထောက်ခံစာတွေကို အုပ်ကြီး လက်မှတ်ထိုးပေးဖို့ ပြောနေတယ်။ ဒါက ဘယ်သူလေ၊ ဒါက ဟိုလူ့ တူမ စသည်ဖြင့်ပေါ့။

တီရှပ်အနက်၊ ရောင်ပေစူးနဲ့ လူငယ်လေးက တစ်ခြားတစ်ယောက်အတွက်လာလုပ်တာ ထင် တယ်။ သွားမယ့်အကြောင်းအရာကို သေသေချာချာ မပြောနိုင်ဘူး။ ဖုန်းနဲ့ပြန်မေးတယ်၊ ကိုလူပိန်ကို ပြန်တင်ပြတယ်။ ကိုလူပိန်က မရှင်းဘူး။ ဒါနဲ့ သူကိုယ်တိုင် တစ်ဖက်ကို မေးတယ်။ တစ်ဘက်က အင်္ဂလိပ်လို အကြောင်းအရာကိုပြောတယ်ထင်ပါရဲ့။ “ မြန်မာလို ဘယ်လို ရေးမလဲ ” လို့ ပြန်မေးတယ်။ ကြားက နားထောင်နေတဲ့ အုပ်ကြီက စိတ်မရှည်တော့ဘူး။ “ ကွက်လပ် ထားပြီး ထောက်ခံပါသည်လို့ရေးလိုက်ဗျာ” လို့အမိန့်ပေးတယ်။ အုပ်ကြီးကွ။

နောက်တစ်ယောက်ကတော့ ထောက်ခံစာလာယူတာမဟုတ်ဘူး။ သူနဲ့ သူ့တပည့်လေးငါး ယောက် မနက်လေးနာရီလောက် လိုက်ထရပ်နဲ့ အလုပ်သွားမယ် ၊ ကားပေါ်မှာ လူ သုံးယောက်ထက်မပိုရဆိုပြီး ကြားလို့ သွားရ/မရ လာမေးတာလို့ ပြောတယ်။ အုပ်ကြီးက “ အဲဒါ ဆေးခန်းသွားတာကိုပြောတာ၊ အလုပ်ကိစ္စက သွားလို့ရတယ်။ လေးနာရီ အတိအကျ ထွက်၊ စောထွက်ရင်တော့ အာမခံရမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ မေးတဲ့ လူ လည်း “ ဒါမှ ငါတို့ အုပ်ကြီး၊ ပြတ်တယ်” ဆိုတဲ့ မျက်နှာပေးနဲ့ပြန်ထွက်သွားတယ်။

ကျွန်တော့် အလှည့်ရောက်ပြီ။ နေထိုင်မှုမှတ်တမ်းတင်ချင်လို့ပါလို့ပြောပြီး စာရွက်စာတမ်းတွေ ပြ လိုက်တယ်။ အုပ်ကြီးက တစ်ချက်စစ်ပြီး ကိုလူပိန်စားပွဲကို လှမ်းပေးလိုက်တယ်။ ကိုလူပိန် စာရင်း သွင်းတာ၊ ပုံစံဖြည့်တာလုပ်နေတုန်း။ အုပ်ကြီးကို ကိုဗစ်ကြောင့် အုပ်ကြီးတို့ အလုပ်များမှာပဲ နော် လို့ စကားစလိုက်တယ်။ အုပ်ကြီးက မပြောချင်ပါဘူးဗျာ ဆိုပြီး ပြောလိုက်တာ မနက်ဖြန် လမ်းသွယ်၊ လမ်းကြားတွေကို လူဝင်လူထွက်ပိတ်မယ့်အကြောင်း၊ နောက်နှစ်ပတ်လောက်သာ ဆက်ဖြစ်နေရင် မလွယ်ဘူးဆိုတဲ့အကြောင်း၊ မဲရုံကိစ္စတွေလည်း လုပ်ရဦးမယ့်အကြောင်း အကုန် ပါသွားတယ်။ စီးပွားရေးဘက်ရောက်သွားတော့ အုပ်ကြီးက စားသောက်ဆိုင်တွေက တော်သေး တယ်၊ ပါဆယ်လေးဘာလေးရောင်းရသေးတယ်။ ကုန်စိမ်း၊ သားငါး လည်းရောင်းရတာပဲ၊ မစားလို့ မှ မရတာ၊ စတိုးဆိုင်တွေမှ ဒုက္ခရောက်တာ ဘာမှမရောင်းရတော့ဘူး လို့ သုံးသပ်ပြတယ်။ အတော် ဟုတ်တဲ့ အုပ်ကြီးပဲ။ လေ ျှာ့တွက်လို့မရဘူး။

ကိုလူပိန်က ပုံစံတွေဖြည့်ပြီးတော့ အုပ်ကြီးဆီကို လှမ်းပေးတယ်။ အုပ်ကြီးက စစ်ပြီးတော့ လက်မှတ်ထိုးပေးတယ်။ ကျွန်တော်ပေးတဲ့စာရွက်စာတမ်းတွေကိုတော့ ရုံးလက်ခံအဖြစ် ယူထား လိုက်တယ်။ နေထိုင်မှုမှတ်တမ်းစာရွက်ကို လှမ်းပေးရင် အုပ်ကြီးက နောက် ဆယ့်ငါးရက်နေရင် ပြန်လာသက်တမ်းတိုးဦးလို့မှာတယ်။

နေထိုင်မှုမှတ်တမ်းတစ်ခါ လုပ်ပြီးရင် ရပြီလို့ထင်ထားတာ မဟုတ်ဘူးကိုး။ ကျွန်တော့်မျက်နှာထား ကို မြင်တဲ့ အုပ်ကြီးက ဒီမှာနေမယ်ဆိုရင် သန်းခေါင်စာရင်းပြောင်းထားတာ အကောင်းဆုံးပဲ၊ မခက်ပါဘူး၊ ဒီကထောက်ခံပေးလိုက်တဲ့စာနဲ့ ဟိုကနေ ထွက်၊ ဒီက လဝက မှာပြန်ဝင်ရုံပဲ လို့ လမ်းညွှန်တယ်။ ကိုဗစ်ပြီးရင် လုပ်မယ် အုပ်ကြီး လို့ ကတိပေးရင် ပြန်ထွက်ခဲ့တယ်။

ရုံးပြင်ရောက်မှ အုပ်ကြီးတို့ရုံးမှာပေးခဲ့တဲ့ သန်းခေါင်စာရင်းမိတ္တူက နောက်ဆုံးပဲ၊လက်ကျန် မရှိ တော့ဘူးဆိုတာသတိရတယ်။ ဘာပဲလုပ်လုပ် သန်းခေါင်းစာရင်းမိတ္တူနဲ့ မှတ်ပုံတင်မိတ္တူ လို တာဆိုတော့ အပြင်ရောက်တုန်း မိတ္တူဆွဲထားဦးမှလို့ တွေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် အုပ်ကြီး ရုံး နဲ့မျက်စောင်းထိုးမှာ မိတ္တူဆိုင်တစ်ဆိုင်ရှိတယ်။ ရယက ရုံး၊ လဝက ရုံး တွေနားမှာ မိတ္တူဆိုင် ရှိတာဟာ ဈေးကွက်သဘောတရားပဲ။ ဆိုင်က ဘယ်နှစ်စောင်ကူးမလဲလို့မေးတော့ ဆယ်စောင် လို့ပြောလိုက်တယ်။

မိတ္တူကူးစက်ကနေ စာရွက်တွေထွက်လာတာကို စောင့်ကြည့်ရင်း တစ်နေ့က ရုပ်သံ အစီအစဉ် မှာ ကြည့်လိုက်ရတဲ့ အက်စ်တိုးနီးယားနိုင်ငံရဲ့ အီးဂါးဗားမင့် စနစ်ကို သတိရတယ်။ အက်စ်တိုးနီး ယားနိုင်ငံမှာ “တစ်သက်မှာ တစ်ခါ” ဆိုတဲ့ မူဝါဒကို ကျင့်သုံးတယ်။ အဲဒီမူဝါဒအရ နိုင်ငံသား တစ်ယောက်က သူ့ကိုယ်ရေးအချက်အလက်တွေကို တစ်ခါပေးထားပြီးရင် နောက်ထပ် ပေးဖို့ မလိုတော့ဘူး။ ဘယ်ဌာနနဲ့ဆက်သွယ်၊ ဆက်သွယ် သူ့အတွက်သတ်မှတ်ထားတဲ့ ဒစ်ဂျစ်တယ် နံပါတ်ကိုပြောလိုက်တာနဲ့ ရပြီတဲ့။

သန်းခေါင်စာရင်းမိတ္တူတွေထည့်ထားတဲ့အိပ်ကိုယူ၊ အက်စ်တိုးနီးယားနိုင်ငံအကြောင်း စဉ်းစား ရင် အိမ်ပြန်ခဲ့တယ်။ နောက်ဆယ့်ငါးရက်နေရင် ဒီလမ်းသွယ်လေးကို ပြန်လာရဦးမယ်။ တစ်သက်မှာ တစ်ခါ မဖြစ်ခင် ဆယ့်ငါးရက်တစ်ခါ ချောချောမောမော လုပ်လို့ရနေတာကိုပဲ စိတ်ချမ်းသာရပါတယ် အုပ်ကြီးခင်ဗျား။