ပုဂံမြင်ကွင်းကျယ် (၃)

စက်စက်ယို 

မြန်မာနိုင်ငံမှာ ‘စက်စက်ယို’ နာမည်နဲ့ ရွာအတော်များတာပဲ။  ဂူဂဲလ်မှာ ရှာကြည့်တဲ့အခါ ဧရာ၀တီတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ‘စက်စက်ယို’နာမည်နဲ့ ရွာတွေရှိတာတွေ့တယ်။ ကျွန်တော်ပြောမယ့် ‘စက်စက်ယို’ကတော့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ‘စက်စက်ယို’ ရွာဖြစ်ပါတယ်။

ညောင်ဦးစက်စက်ယိုရွာ ဆိုတာက အဲဒီရွာက ကလေးတွေကို အခုအချိန်ထိ  သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက် တွေနဲ့ တွေ့ နိုင် သေးလို့  လူတွေစိတ်ဝင်စားတဲ့ရွာဖြစ်ပါတယ်။ ၂၀၂၀ ပုဂံခရီးစဥ်မှာ စက်စက်ယို ကျေးရွာကို သွား ကြည့်ဖို့ စီစဥ် ခဲ့ ပေမယ့် ကိုဗစ် ကန့်သက်ချက်တွေကြောင့် ရွာထဲ ဝင်လို့ရတယ်၊ မရဘူး သတင်းအမျိုးမျိုး ဖြစ်နေ တဲ့အတွက် မသွားနိုင်ခဲ့ဘူး။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ အရောက်သွားခဲ့တယ်။ 

စက်စက်ယို ရွာကို သွားမယ်ဆိုရင် ပုဂံကနေ  ကျောက်ပန်းတောင်းဘက်ကို ပြန်သွား၊ တောင်ဇင်းရွာ အ၀င် မီးသတ်စခန်း အနား လမ်းဘယ်ဘက်မှာ ကန်ကျဲရွာ သို့ ဆိုတဲ့ လမ်းခွဲ အတိုင်းသွားလို့ ရတယ်၊ နောက်တစ်လမ်းက တောင်ဇင်း ကို ကျော်၊ တောင်ဇင်းရွာအထွက်မှာ ဗျတ္တပန်းဆက်လမ်းအတိုင်းဆက်သွား၊ ဂျမ်းလှီးရွာလမ်းခွဲကို ရောက်ရင် အဲဒီ လမ်းခွဲအတိုင်းဆက်လိုက်သွားရတယ်။ ဂျမ်းလှီးရွာလမ်းခွဲထိပ်မှာ “ စက်စက်ယို ဘုန်းတော်ကြီး ကျောင်းသို့” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။  တကယ်တော့ အဲဒီလမ်းက ပိုဝေးတယ်၊ ဟိုတယ်ကနေ ရွာအထိ  ၂၇ မိုင်ရှိတယ်။ ကန်ကျဲလမ်းက နီးတယ်။ ၅/၆ မိုင်လောက် ပိုသက်သာမယ်ထင်တယ်။  ကျွန်တော်တို့ရဲ့ တုတ်တုတ် ဆရာက ကန်ကျဲလမ်း အခြေအနေ မသိတဲ့အတွက် အသွားမှာ ဗျတ္တပန်း ဆက်လမ်း ဘက် က သွား ခဲ့တယ်၊ ရွာရောက်မှ လမ်းကောင်းတယ်ဆိုတာသိရလို့ အပြန်မှာ ကန်ကျဲလမ်း ဘက်က ပြန်ခဲ့ရတယ်။ ( လမ်းခွဲ ဆိုင်းဘုတ်တွေကို ပုံ ၁၁ နဲ့ ၁၂ မှာကြည့်ပါ။) 

ဗျတ္တပန်းဆက်လမ်းမှာတော့ ထုံးစံအတိုင်း ဖြတ်သွားတဲ့ ကားတွေကို လက်ပြပြီး အလှူခံနေတဲ့ သူတွေက ဓာတ် တိုင်တွေလိုပဲ တန်းစီနေတယ်။ ဒါတောင်အဘအောင်မင်းခေါင်ထွက်ပွဲ ချိန်မရောက်သေးလို့၊ အဲဒီပွဲတော်ချိန်ဆို ရင် လူကြီး၊ကလေးအုပ်လိုက်ကြီးတွေ့ရမှာ။ ဟိုးတစ်ချိန်ကတော့ ပွဲ‌တော်လာတဲ့သူတွေက ပျော်လို့ ပိုက်ဆံတွေ ကြဲ၊ လမ်းဘေးရွာကလူတွေကလည်း အပျော်ထွက်ကောက်ရာကနေ အခုတော့ တောင်းရမ်းတဲ့အဆင့်ကို ရောက် လာတာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုက်ဆံမကြဲဖို့ အသိပညာပေးရေးသားတဲ့သူတွေရှိပေမယ့်လည်း ထူးမခြားနား ပါပဲ။ ဒေသအာဏာပိုင် အစဥ်အဆက်ကလည်း ထိထိရောက်ရောက် မကိုင်နိုင်ဘူး။ 

 ညောင်ဦးကနေ ဂျမ်းလှီးရွာရောက်တဲ့အထိ ကတ္တရာလမ်းပဲ၊ ဂျမ်းလှီးရွာကနေ စက်စက်ယိုရွာအထိကတော့ ကျောက်ခင်းလမ်းပါ၊ ကျင်းချိုင့်နည်းတယ်၊ ကားလေးတွေကောင်းကောင်းသွားလို့ရတယ်။ လမ်းဘယ်ညာမှာ တော့ စိုက်ခင်းတွေ၊ တချို့အခင်းတွေက မိုခါ မုန်တိုင်းမိုးနဲ့ သုံးလမြေပဲ၊ ‌‌ခြောက်လမြေပဲတွေ စိုက်ထားပြီးပြီ၊ တချို့ အခင်းတွေက လေးလမြေပဲစိုက်ဖို့ ထွန်ယက်ထားပြီး မိုးကို စောင့်နေကြတယ်၊ ရန်ကုန်မှာ မိုးမပြတ်ပေမယ့် ဒီဒေသဘက်မှာတော့ မိုခါမုန်တိုင်းပြီးထဲက လောက်လောက်လားလား မရွာသေးဘူး။( အခုတော့မိုး ရွာသွားပါြပီ)။

စက်စက်ယို ရွာရောက်တော့ ဆရာတော်ကျောင်းကို သွားတယ်၊ ဆရာတော်ဆီမှာ သိချင်တာတွေမေးမြန်း လျှောက်ထားပါတယ်။ ပြီးတော့ ကလေးတွေရှိတဲ့နေရာတွေကို သွားပြီး ဓာတ်ပုံရိုက်တယ်။ ကြိုတင် စီစဥ် ထားတ မဟုတ်တော့ ကလေးတွေအားလုံးက တစ်စုတစ်စည်းထဲရှိမနေဘူး။ ဆရာတော်က ကိုဗစ်မဖြစ်ခင်က ရွာမှာ သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက်ထားတဲ့ ကလေး  ကျား၊မ ၅၃ ဦး ရှိခဲ့ပြီး  အခုတော့ ၄၃ ယောက်ပဲရှိ တော့ တယ်လို့ ပြောပြတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ ကလေးတွေထဲမှာတော့ ဆရစ်ဝိုင်းနဲ့ မိန်းကလေးက ပိုများတယ်။ ဆံ တောက်နဲ့ တစ်ယောက်ပဲတွေ့တယ်။ သျှောင်ပေစူးနဲ့ ယောက်ျားလေးတွေက ဓာတ်ပုံအရိုက်ခံရမှာ ရှက် နေကြ တယ်။ 

ဆရာတော်က ရွာကျောင်းရဲ့ သုံးဆက်‌မြောက်ဆရာတော်ဖြစ်ပြီး ပထမဆရာတော်ကြီးလက်ထက်မှာ မူလတန်း ကျောင်းက ဘုန်းကြီးကျောင်းထဲမှာ ရှိတော့ ကျောင်းလာအပ်တဲ့ကလေးတွေကို သျှောင်ပေစူး/ဆံရစ်ဝိုင်းထားခိုင်း ရာကနေ ဒီအစဥ်အလာြဖစ်လာခဲ့တာလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကလေးတိုင်း ထားတာမျိုးမရှိ တော့ပါဘူး။ မိဘတွေကမထားတာရှိသလိုကလေးတွေကရှက်လို့ဆိုပြီး မထားတာလည်း ရှိတယ်။ နည်းနည်း အရွယ်ရောက်လာတဲ့အခါ သူတို့ဝတ်စားချင်တဲ့ အဝတ်အစား ဒီဇိုင်းနဲ့  မလိုက်တော့လို့  ဆက်မထားတော့တာ လည်း ရှိတယ်။ 

စက်စက်ယိုရွာမှာတော့ ငါးနှစ်သားကျောင်းအပ်ရမယ့်အရွယ်ရောက်ရင် ဆံပင်ကို အပေါ်ပိုင်းပဲ ထားပြီး အောက် ဘက်ကို အပြောင်ရိပ်ထားလိုက်တယ်။ ခေါင်းပေါ်မှာ ခွက်မှောက်ပြီး အောက်ဖက်ကို အပြောင်ရိပ်ထားတာ ဖြစ် လို့ ခွက်မှောက်လို့ခေါ်တယ်။ စာထဲမှာတော့ အဲဒါကို ကြာကွက်လို့ရေးတယ်။ တကယ်တော့ ခွက်မှောက် အဆင့် မရောက်ခင် လသားအရွယ်ကနေ လေးငါး နှစ် သားအထိ ရှေ့မှာ ဆံစုလေးပဲထားပြီး နောက်ကို အပြောင် ရိပ်ထား တဲ့ ဦးစွန်းဖုတ်နဲ့ ချိုစောင်းတစ်ဖက်တစ်ချက်မှာ ဆံပင်ကွက်ပြီး အရှည်ထားတဲ့ နားပန်းဆံ ( သူငယ်တော် အရုပ် တွေမှာ ပါတဲ့ဆံပင်ပုံစံ) ဆိုတာ ရှိသေးတယ်၊ အဲဒီ လို ထားတာတော့ အတော်နည်းသွားပြီ။

ခွက်မှောက်အဆင့်ကနေ အပေါ်ဆံပင်နည်းနည်းရှည်လာတော့ ကြက်တောင်စည်း၊ နောက်တော့ ယောက်ျားလေး ဆိုရင် သျှောင်ပေစူး၊ မိန်းကလေးဆိုရင် ဆံရစ်ဝိုင်းအဆင့်ကိုရောက်တယ်။ အဲဒီအချိန်မှာ ခေါင်းပေါ်က ဆံထုံး လေးကို ဖြည်ကြည့်ရင်ကျောအထိရောက်နေပြီ၊ ခေါင်းလျှော်တာ၊ အုန်းဆီထည့်တာ မှန်မှန်လုပ်ရတယ်၊ နည်းနည်း အလုပ်ရှုပ်တယ်၊ ရှေးတုန်းကတော့ ယောက်ျားလေးတွေက ရှင်ပြုပြီးရင် သျှောင်ပေစူးပြန်ထား။ အရွယ်ရောက် တဲ့အခါ  သျှောင်ထုံးထားရတာပေါ့။ ဒါပေမဲ့ သျှောင်ထုံးထားတဲ့ ခေတ်က ကုန်သွားပြီ၊ ရှင်ပြုပြီးရင် ဘိုကေပဲ ထားတော့တယ်။

မိန်းကလေးတွေကတော့ ဆံတောက်ဆက်ပြီး ထားတယ်၊ ဒါပေမဲ့ ကျောင်းထွက်ပြီး အပြင် ထွက်လုပ်လုပ်တဲ့ အချိန်ရောက်တော့ ဆံပင် ထိန်းသိမ်းရတဲ့ အလုပ်ကို မလုပ်နိုင်တဲ့အတွက် ခေတ်ပုံစံ ဆံပင် တွေဖြစ်ကုန်တာပါပဲ။ တကယ်လို့ ပုဂံဟိုတယ်တွေမှာသာ ဆံတောက်နဲ့ အမျိုးသမီးလေးတွေကို ဧည့်ကြို ဌာန လိုမျိုး သင့်တော်တဲ့ နေရာမှာ ခန့်ထားပေးရင်တော့ ဆံတောက်ယဥ်ကျေးမှုကို ပိုထိန်းသိမ်း ထားနိုင်မလားလို့ တွေးမိတယ်။ 

စာပေတွေထဲမှာတော့ ရှေးယခင်က ယောက်ျားလေးဆိုရင် ဦးစွန်းဖုတ်၊ နားပန်းဆံ၊ သျှောင်ပေစူး၊ သျှောင်ထုံး။ မိန်းကလေး ဆိုရင် အပျိုအရွယ်ထိ  ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ ဆံတောက်၊  နောက်ကောက်/နားကောက် ဆိုပြီး အဆင့်ဆင့် ထားရတယ်၊ အိမ်ထောင်ကျသွားရင်တော့ အုပ်လုံးသိမ်း ထားရတယ်၊ ဒါ့ကြောင့် ရှေးတုန်းက မိန်းကလေး တစ်ယောက်ကို ဆံပင် ထုံး ဖွဲ့ပုံကြည့်လိုက်တာနဲ့ အပျိုနဲ့ အိမ်ထောင်သည် ခွဲခြားသိနိုင်တယ်လို့ ဖော်ပြထားတယ်။ (နောက်ကောက်/နားကောက်ဆို တာ ဘယ်လို ဆံပင် ပုံ လဲဆိုတာ သိသူများဆွေး‌နွေးပေးပါ၊ စက်စက်ယိုရွာမှာတော့ နောက်ကောက် ဆိုတဲ့ ဆံပင်ပုံ မတွေ့ခဲ့ဘူး။ ဆရာမကြီးစောမုံညင်းရဲ့ မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု စာအုပ် မှာတော့ နောက်တွဲ ဆိုတာပဲတွေ့ပါတယ်။ )

အညာဒေသက သျှောင်ပေစူး၊ဆံရစ်ဝိုင်း၊ဆံတောက်ထားတဲ့ရွာတွေအ‌ကြောင်း လေ့လာကြည့်တော့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာနဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတို့မှာလည်း ရှိတယ် လို့ သိရတယ်။ ခံစပ်ကုန်းမှာတော့ ကျား၊မ ၂၀ ဦးလောက်ပဲ ရှိပြီး ရေပုတ်ကြီးကတော့  ၂၀၁၈ ခုနှစ် စာရင်း အရ အိမ်ခြေ ခြောက်ရာကျော်၊ လူဦးရေ သုံးထောင်ကျော်ရှိပြီး သျှောင်ပေစူး၊ ဆံရစ်ဝိုင်း နဲ့ ဆံတောက်ထားသူ ၆၀၀ လောက်ရှိတယ်လို့ဆိုတယ်။

ဒါ့‌ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူချိန်က ရေပုတ်ကြီးရွာကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ဆံရစ်ဝိုင်း ယဥ်ကျေး မှုကို ဆက်ထိန်းဖို့တိုက်တွန်းခဲ့တယ်။  ဟိုတယ်/ခရီး ဝန်ကြီးဌာနကလည်း ရေပုတ်ကြီးရွာ ကို ခရီးသွားလုပ်ငန်း နေရာ သစ် အဖြစ်ဖော်ထုတ်မယ်ဆိုပြီးသတင်းတွေမှာပါခဲ့ဖူးတယ်။အခုတော့အညာဒေသမှာ ဗြောင်းဆန်နေ တဲ့ အတွက် ရေပုတ်ကြီးလည်း ဘယ်အခြေအနေရောက်နေပြီလဲ မသိနိုင်တော့ဘူး။ 

လက်ရှိ လူမှုပတ်ဝန်းကျင်အခြေအနေအရ ကျေးလက်ဒေသမှာမိန်းကလေးတိုင်း  ဆံရစ်ဝိုင်း၊ ဆံတောက်ထား ဖို့မဖြစ်နိုင်ပေမယ့် ကျန်ကောင်းကျန်ရာရှိနေသေးတဲ့နေရာတွေမှာ ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်း ဖို့လည်း ဖြစ်၊ ဒေသခံများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖို့အတွက်လည်းဖြစ်မယ့် ခရီးသွားလုပ်ငန်း အစီ အစဥ်တွေကို အကောင် အထည်‌ဖော်ပေးနိုင်ရင်ကောင်းမှာပဲလို့တွေးမိတယ်။ ဒါပေမဲ့ “အိမ်သာ မှာ ဧည့်လာ ၊  အိုင်သာလို့ ကြာပေါက်”  ဆိုတော့ လက်ရှိအခြေအနေမှာ အဲဒီအတွေးက စိတ်ကူးယဥ်မှုသက်သက်ပါပဲ။

မှတ်ချက်။ ဓာတ်ပုံတွေက ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ရိုက်ကူးမျှဝေတာဖြစ်ပါတယ်။ 

တစ်ခါက မှတ်မှတ်ရရ

ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး  ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ) ပိုက်ဆံ မရှိတော့ မူဂါဘီလည်း အာဏာမရှိပြီပေါ့) ဆိုပြီး သတင်းဆောင်းပါး ရေးခဲ့တယ်။  စီးပွားရေးနဲ့ နိုင်ငံရေးဆက်စပ်နေတဲ့ အမှတ်ရစရာအဖြစ်အပျက်တစ်ခုပေါ့။ 

ပုဂံမြင်ကွင်းကျယ် (၂)

ပုဂံပြတိုက်

၂၀၂၀ ခရီးစဥ်တုန်းက ကိုဗစ် ၁၉ကြောင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ပိတ် ထား ရ တဲ့ အတွက် လေ့လာခွင့်မရခဲ့ဘူး။ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ဘုရားတွေဘက်မလှည့်ခင် ပြတိုက် ကို အရောက် သွားခဲ့တယ်။

အခုရှိနေတဲ့ ပုဂံပြတိုက်က ၁၉၉၅ ခုနှစ်မှာ  ဆောက်လုပ်ပြီး ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက် ဖြစ်ပါတယ်။ လေးထပ်အဆောက်အအုံဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ စတိုခန်းတွေရှိတဲ့ မြေအောက်ထပ်နဲ့  ပုဂံရှုခင်းကို မြင်ရတဲ့ အပေါ်ဆုံးထပ်ကိုတော့ ပြတိုက် ကို လာရောက်လေ့လာသူတွေ ဝင်ရောက်ခွင့် မရှိဘူး။   

ပြတိုက်ဝင်းအဝင်ဂိတ်ညာဘက်မှာလက်မှတ်ဝယ်ရတယ်၊မြန်မာနိုင်ငံသားလူကြီးတစ်ယောက်ငါးရာ၊ သံဃာတော်များ၊သီလရှင်များ၊ကျောင်းသူကျောင်းသားများ နဲ့ ကလေးတွေက အခမဲ့၊ နိုင်ငံခြား သား ဆိုရင်ငါးထောင်။ ပြတိုက်ကို တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက် တွေကလွဲပြီး နေ့တိုင်း မနက် ကိုးနာရီ ကနေ ညနေ လေးနာရီခွဲအထိ ဖွင့်ပါတယ်။ ပြတိုက်ထဲကိုကင်မရာယူလို့မရဘူး၊ အိတ်တွေ ယူလို့ မရဘူး၊ပါလာရင်ပြတိုက်အဆောက်အအုံအဝင်ဝမှာရှိတဲ့ဘီဒိုအကန့်လေးတွေမှာထည့်၊သော့ခတ်ပြီး သော့ယူ သွားရတယ်။ ဖုန်းတော့ ယူလို့ရတယ်၊ ပြခန်းထဲမှာ ဖုန်းကင်မရာနဲ့ ရိုက်လို့ရတယ်။ 

ပြတိုက်အဝင်ညာဘက်မှာဝန်ထမ်းသက်သာကဖွင့်ထားတဲ့အမှတ်တရပစ္စည်းဆိုင်လေးရှိတယ်၊ဘယ်ဘက် မှာ ပြတိုက်လမ်းညွှန် နားကြပ်ငှားတဲ့ ကောင် တာရှိတယ်။ နားကြပ်က မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း နဲ့ နောက်တစ်မျိုးက ပြင်သစ်( မသေချာ) ဘာသာလေးမျိုးနဲ့နားထောင်လို့ရတယ်။ ဒီနားကြပ် က အခမဲ့ငှားပေးတာဖြစ် တဲ့အတွက် အလွန်အကျိုးရှိတဲ့အစီအစဥ်ပါပဲ။

ပြတိုက်အတွင်းက ပြခန်းတွေက မြေညီထပ်နဲ့ ပထမထပ်မှာ ရှိတယ်။ မြေညီထပ်အလယ်မှာ အထူး ခန်းမ ရှိပြီး ပုဂံမြင်ကွင်းကျယ်ပန်းချီကားကြီးကို နောက်ခံထားလို့ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျောက်ဆစ် လက်ရာတွေ၊ အနော်ရထာမင်း၊ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းနှင့် ကျစွာမင်းတို့၏ ကြေးရုပ်တု (၄) ရုပ်နဲ့ ကျန်စစ်သားမင်း အတ္ထုပတ္တိကျောက်စာ (ပလာစတာပုံတူ) တွေကို ပြထား ပါတယ်။ ခန်းမကြီး ဘယ်ညာမှာ လက်မှု အနုပညာြပခန်း၊ စာပေပြခန်း၊ ဗိသုကာ ပြခန်း၊ လူနေမှု ဘဝပြခန်းနဲ့ နန်းမြို့ ပြခန်း ဆိုပြီး ရှိတယ်။ အဲဒီပြခန်းတွေထဲမှာ ကျောက်စာတွေပြသထားတဲ့စာပေပြခန်းနဲ့ ဗိသုကာ ပြခန်းက ( ကျွန်တော့အတွက်) စိတ် ဝင်စားဖို့အကောင်းဆုံးပဲ။

ပထမထပ်မှာတော့ ဗုဒ္ဓအနုပညာပြခန်း၊ ဗုဒ္ဓဆင်းတုတော်ပြခန်း၊ နံရံဆေးရေးပန်းချီပြခန်း၊ ဘုရား ပုထိုးပန်းချီပြခန်း ဆိုပြီး ရှိတယ်။ ဒီပြခန်းအားလုံးက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီပြခန်းတွေကို ကြည့် ပြီးမှ ဘုရားတွေကို လှည့်လည်ဖူးမြော်မယ်ဆိုရင် ဘုရားတွေမှာ တွေ့တဲ့ ပုဂံခေတ်အနုပညာ လက်ရာ တွေကို ပိုပြီးခံစား နိုင်မှာပါ။

ပုဂံပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေက သမိုင်း တန်ဖိုးကြီးမားလှတယ်၊ ခင်းကျင်းပြသ ထားတာတွေလည်း စနစ်ကျတယ်၊ တွေ့ခဲ့တဲ့ ပြတိုက်ဝန်ထမ်းအများစု ကလည်း သူတို့အလုပ်ကို  တန်ဖိုးထားတယ်၊ စိတ်ဝင်စားမှုရှိတယ်လို့ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့ အမြင်ကို ပြောရရင် ပုဂံ ပြတိုက်အတွက် အကြီးမားဆုံးစိန်ခေါ်မှုက “ ပြုပြင်ထိန်းသိမ်းရေး” ပဲ။

ပုဂံပြတိုက်ထဲကို ဝင်လိုက်တာနဲ့ ပထမဆုံးသတိထားမိတာ ပူလောင်မှုပါ။ ဝန်ထမ်းတစ်ယောက်က ဒီပြတိုက်ကြီး ဆောက်တဲ့ အချိန်က တပ်ဆင်ခဲ့တဲ့ လေအေးပေးစက်စနစ်က  ပျက် နေ တယ် လို့ ပြောတယ်၊ နောက် တစ်‌ယောက်ကတော့ ပြန်ပြင်ထားပြီးပြီ၊ မီတာတက်လို့ မသုံးတာ၊ လူကြီးလာ ရင်တော့ ဖွင့်တယ်လို့‌ ပြောတယ်။ ဘယ်သူမှန် သလဲတော့မသိဘူး။ သေချာတာကတော့ ကျွန်တော် တို့ ရောက်တဲ့အချိန်က မနက်ကိုးနာရီကျော်ကျော်လေးမှာတာင် ပြတိုက်ထဲမှာ အတော် ပူတယ်။ အပူချိန်မြင့်မားမှုက ထိန်းသိမ်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ ရောက်ခဲ့ဖူးတဲ့ နိုင်ငံ တကာ က ပြတိုက် တွေမှာ တော့ ဒီလောက်ပူတာ မကြုံခဲ့ဘူး။

အခုလက်ရှိအခြေအနေကတော့တစ်ချို့ပြခန်းတွေမှာလုံးချင်းလေအေးပေးစက်တွေတပ်ထားတယ်။ ဒါတောင်အများစုက ပထမထပ် ဗုဒ္ဓဆင်းတုတော်များပြခန်းအတွက် အလှူရှင်တစ်ဦးက လှူ ထားတဲ့ လေအေးပေးစက် ၂၂ လုံးထဲကနေ အခြားအခန်းတွေကို မျှပြီးတပ်ပေးထားတာလို့ပြော တယ်။ ဆင်းတုတော်ပြခန်းနံရံမှာ လေအေးပေးစက် တပ်ထားပြီးမှ ပြန်ဖြုတ်သွားတဲ့ အရာတွေ ကျန် နေတဲ့ အတွက် အဲဒီသတင်းက မှန်လောက်တယ်။ 

ဒါပေမဲ့ အဲဒီလို ဖြုတ်တတ်ထားတာ လုံလောက်ပုံမရဘူး။ ဆင်းတုတော်ပြခန်း၊ စာပေပြခန်းတွေက အခြေအနေကောင်းပေမယ့် ကျန်တဲ့ပြခန်းတွေက အတော်ပူတယ်။ အထူးခန်းမကြီးက အဆိုးဆုံးပဲ။ ပြခန်းတွေမှာပြူတင်းပေါက်ကြီးတွေရှိပေမယ့်အဲဒါတွေကိုဖွင့်ထားရင်အပြင်ကဖုန်တွေ၊ အမှိုက် တွေ၊ငှက်တွေ ဝင်တဲ့အန္တရာယ်က ရှိနေတော့ အကုန်ဖွင့်မထားရဲကြဘူး။ ခိုတွေဝင်လာပြီး ပြန်မထွက် နိုင် လို့ ဝန်ထမ်းတွေ အလုပ်များရတာလည်း ရှိသတဲ့။ တစ်ချို့ပြူတင်းပေါက်တွေကလည်း တံခါး ချက် တွေမကောင်းလို့ ကြိုးချီပြီး အသေပိတ်ထားရတာလည်း တွေ့ခဲ့ရတယ်။ 

နောက်ထပ်တွေ့တာကပထမထပ်မှာရှိတဲ့ဘုရားပုထိုးပန်းချီပြခန်းက မီးပျက် ပြီး ပူ‌လောင် မှောင်မိုက် နေတယ်။ အဲဒီပြခန်း မှာ  ထင်ရှားတဲ့ မြန်မာ ပန်းချီဆရာကြီးတွေရဲ့   ပုဂံဘုရား၊ပုထိုးဆိုင်ရာဆီဆေး ပန်းချီကားတွေ၊ ပုဂံခေတ် မြေထည် ကြေးထည်တွေ ရှိသလိုတန်ဖိုးကြီးတဲ့ ရွှေဆင်းတု၊ ငွေဆင်းတု တွေကို လည်း အပူဇော်ခံထား ပါတယ်။ 

မီးပျက်တဲ့အကြောင်းအရင်းကိုစုံစမ်းကြည့်တော့ဘရိတ်ကာစနစ်ပျက်နေတာ၊ပျက်တာ နှစ်လ ကျော် သုံးလလောက်ရှိပြီ၊ပြင်ဆင်စရိတ်၁၅သိန်းလောက်ကုန်မယ်ဆိုလို့တင်ပြထားတယ်၊အဆင့်ဆင့် တင်ပြခွင့်ပြုချက်ယူနေရတဲ့အတွက် ချက်ခြင်းပြင်ဆင်လို့ မရဘူးလို့ ဆိုတယ်။ ဒီလိုဖြစ်တာက သာမန်ပျက်စီးမှုမျိုးအတွက် မသိသာပေမယ့် တန်ဖိုးကြီးတဲ့ ပန်းချီကား တွေ၊ ရှေးဟောင်းပစ္စည်း တွေဆိုတာ သတ်မှတ်အပူချိန်၊ သတ်မှတ် စိုထိုင်းဆ အတိုင်း ထိန်းသိမ်း ထားမှ ကြာရှည်ခံ တယ်လို့မှတ်သားဖူးတော့ မီးပျက်နေတဲ့ နှစ်လကျော် ကာလအတွင်း ခင်းကျင်း ပြသထားတဲ့ ပစ္စည်း တွေ ထိခိုက်ပျက်စီးတာများဖြစ်မလား လို့ တွေးပူ မိတယ်။ 

နောက်ထပ်တွေ့ခဲ့ရတဲ့ ပြဿနာတစ်ခုက မိုးယိုတဲ့ကိစ္စပါ။ ဗုဒ္ဓအနုပညာြပခန်းမှာ မိုခါမုန်တိုင်း တုန်းက မိုးယိုတဲ့အတွက် အလွန်လက်ရာ‌မြောက်တဲ့  ကြေးကြာဖူးအပါအဝင် တန်ဖိုးကြီး အနုပညာ လက်ရာတွေကို ရွှေ့ပြောင်းသိမ်းဆည်းထားရတာ အခု အချိန်ထိ ပြန်မထားနိုင်သေးဘူး။ အမိုးပြင် လို့ မပြီးသေးတာလို့ ပြောသလို စိတ်မချရသေးလို့  ပြန်မထားသေးတာလို့လည်း ဆိုတယ်။နောက် ထပ် ကြားခဲ့ရတာက မိုးယိုတဲ့ကိစ္စက ဖြစ်နေတာအတော်ကြာပြီ။ မိုးနည်းရင် မသိသာပေမယ့် မုန်တိုင်းမိုးနဲ့ တွေ့တော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာတဲ့။

နောက်ဆုံးတစ်ခုကတော့ မပါမပြီး  လျှပ်စစ်မီးပါပဲ။  ပုဂံပြတိုက်မှာ မီးစက်ရှိပေမယ့် ပြတိုက်ဖွင့်ချိန် အတွင်းမှာ မီးပျက်သွားရင် မီးစက်နှိုးမပေးနိုင်ဘူး။ ဘာ့ကြောင့်လဲလို့မေးတော့ ဘတ်ဂျက်မလောက် လို့တဲ့။နောက်ဝန်ထမ်းတစ်‌ယောက်ကတော့  အခုတောင်မီတာခတွေများလို့ချွေတာဖို့ အပြောခံ နေရ တယ်၊ ပြတိုက်ဝင်ကြေးရတာနဲ့ မကာမိ ဘူးလို့ ပြောတယ်။ အဲဒီစကားက ဝန်ထမ်းက သူနားလည် သလိုပြောလိုက်တာလား၊သူ့အထက်အရာရှိစကားလားတော့မသိဘူး။ ကျွန်တော်ကတော့ “ ပြတိုက် ဆိုတာ စားသောက်ဆိုင်မှမဟုတ် တာ။ အရှုံးအမြတ်တွက်လို့ ဘယ်ရပါ့မလဲ” လို့ပဲ ပြန်ပြောခဲ့တယ်။ 

ဒါတွေကတော့ ရှေးဟောင်းပုဂံအနုပညာလက်ရာတွေကို လေ့လာရင်း မြင်ခဲ့ ကြားခဲ့ရတဲ့ ခေတ် သစ် ပုဂံပြတိုက်အခြေအနေတွေပါပဲ။ ၁၈ ဩဂုတ် ၂၀၂၂ ရန်ကုန်မီဒီယာသတင်းမှာတော့ ပုဂံပြတိုက် ကို အဆောက်အအုံရော၊ ခင်းကျင်းပြသမှုပါ အဆင့်မြှင့်မယ်၊ ဒစ်ဂျစ်တယ်ပြတိုက်အနေနဲ့  AI နည်း ပညာနဲ့ ပြသနိုင်တဲ့အထိ စီစဥ်မယ်လို့ ဖော်ပြထားတဲ့အတွက်အဲဒီအစီအစဥ်အမြန် အကောင်အထည် ဖော်နိုင်ပါစေ၊ ပုဂံပြတိုက်လည်း ပူလောင်မွန်းကျပ် အိုက်စပ်စပ် ဘဝက အမြန်လွတ်မြောက် ပါစေ၊ ပျက်နေတာတွေလည်း အမြန်ပြင်နိုင်ပါစေ လို့ပဲ ဆုတောင်းမိပါတယ်။ 

ပုဂံမြင်ကွင်းကျယ် (၁)

တုတ်တုတ် ဝေဒနာ 

‌ဒီတစ်ခါ ခရီးထွက်မယ်ဆို‌တော့ ပုဂံကို ရွေးလိုက်တယ်။ ပုဂံကို နောက်ဆုံးသွားခဲ့တာ ၂၀၂၀ ဇူလိုင်လတုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဗစ် ဒုတိယလှိုင်း ပြီးကာစဖြစ်တဲ့အတွက် ကားလိုင်းတွေကလည်း ပိတ်လိုက် ဖွင့် လိုက်၊ ဟိုတယ်တွေ၊ ဘုရားတွေကလည်း ပိတ်လိုက် ဖွင့်လိုက် ဂဏန်းမငြိမ်သေးတဲ့အချိန်၊  ပုဂံခရီးသွား လုပ် ငန်း ကလည်း ကိုဗစ် ဒဏ်ကနေ နာလန် ထူနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်ပေါ့။ အဲဒီအချိန်က ခရီးသွားအတွေ့အကြုံတွေ ကို “ ပုဂံ အလှနဲ့ ဘ၀  “ ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့တယ်။

အခု သုံးနှစ်အကြာမှာတော့ ကပ်ဘေးနှစ်ခုကြားမှာ ပုဂံ၊ညောင်ဦး‌ဒေသခံတွေ ဘယ်လို လှုပ်ရှား ရုန်းကန်နေလဲ ဆိုတာကို သိနိုင်ဖို့နဲ့  ၂၀၂၀ ခရီးစဥ်မှာ ဓာတ်ပုံရိုက်ခွင့်မရခဲ့တဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နောက် တစ်ကြိမ်ခရီးထွက်ဖို့ စီစဥ်ခဲ့တယ်။ခရီးထွက်မယ်ဆိုတာနဲ့သွားရေးလာရေး၊ တည်းခိုနေထိုင်ရေး အတွက် လေ့လာ စုံစမ်းစီစဥ်ရတယ်။

 သွားတာက‌တော့ ထုံးစံအတိုင်း အဝေးပြေးကားနဲ့ပေါ့။  ၂၀၂၀ သွားချိန်ကတော့ ရန်ကုန်က ညနေ ထွက်တဲ့ ကား နဲ့ သွား၊ မနက်စောစော ပုဂံရောက်ပေါ့၊ အခုခေတ်ကာလမှာတော့ ညနေ ကားနဲ့သွားရင် လမ်းမှာ ညအိပ်ရမှာ ဖြစ်တဲ့ မနက် ၇ နာရီ ခွဲ ကားပဲရွေးလိုက်တယ်၊ ကားအမျိုးအစားကတော့  2 + 1 VIP ကား ကို ရွေးပြီး အွန်လိုင်းကပဲ လက်မှတ်ဝယ်လိုက်တယ်။ ဒီကားတွေက သူငယ်ချင်း နှစ်ယောက် ရှေ့နောက်ထိုင် သွားရတဲ့အတွက် တစ်ယောက် ကိုတစ်ယောက် အားနာဖို့မလိုဘူး။ တည်းခိုတာက တော့ ကျွန်တော့်ထုံးစံအတိုင်း မြို့လယ်နဲ့ မလှမ်းမကမ်း လည်း ဖြစ်၊အခန်းအရေအတွက်နည်းပြီး မိသားစုဆန်တဲ့နေရာလည်းဖြစ်၊လက်ရှိအချိန်မှာအရေးကြီးဆုံးဖြစ် တဲ့ ညဘက် မီးပျက်ရင် မီးစက်နှိုးပေးတဲ့ ဟိုတယ် ကို ရှာ ရ တယ်။ ဘတ်ဂျက်ကတော့ တစ်ရက် သုံးသောင်း ပတ်လည် လောက် ပေါ့။

ခရီးထွက်မယ့်မနက် ၆ နာရီ ကီလိုတက္ကစီနဲ့ အိမ်ကထွက်တယ်။ သူငယ်ချင်းကို ခေါ်ပြီး အောင်မင်္ဂလာ အဝေး ပြေးကွင်းကို သွားတယ်၊ ကားဂိတ်ရောက်တော့ ၆ နာရီ ၄၅ မိနစ်၊ ဂိတ်ကောင်တာမှာ အွန်လိုင်းက ဝယ်ထားတဲ့ အထောက်အထားပြပြီး လက်မှတ်ဖြတ်ဖို့လုပ်တော့ အခုခေတ်ကာလမှာ အလွန်ကြီးမားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိပြီဆိုတာ သိလိုက်ရတယ်၊ အဲဒါကတော့ မှတ်ပုံတင် ( နိုင်ငံသားစိစစ်ရေးကတ်ပြား) ကျန်နေခဲ့တာပါပဲ။ ဖုန်း ထဲမှာ မှတ်ပုံတင်ကို ဓာတ်ပုံ ရိုက်ထားတာရှိပေမယ့် ဂိတ်ကလည်း လက်မှတ်မရောင်းရဲဘူး၊ လမ်းမှာစစ်ဆေး လို့ မှတ်ပုံတင်မပါဘဲ ကားပေါ်တင်လာတာတွေ့ရင် ကားလိုင်းပါ ပြဿနာတက်မှာကိုး။ ဂိတ်က အိမ်ကိုလာပို့ခိုင်း ပါ၊ ထွက်ချိန်ထက် ဆယ်မိနစ်ပိုစောင့်ပေးမယ်၊ အဲဒီအချိန်မှ ရောက်မလာရင်တော့ ကားထွက်မယ်လို့ ‌ပြောတယ်။ အဲဒါဆိုရင်တော့ မှတ်ပုံတင်ပါတဲ့ သူငယ်ချင်းက လိုက်သွား၊ ကျွန်တော်က ညနေ ကားလက်မှတ်ဝယ်ပြီး လိုက်ရ မယ့်သဘောပဲ။

ဒါနဲ့  အားနာနာနဲ့ပဲ အိမ်ကို လှမ်းပြောရတယ်၊ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်လို့မဆုံးဘူး။ ကံကောင်းတော့ ကား စက်စနှိုးတဲ့အချိန်မှာပဲ ရောက်လာတယ်၊ ကားအမြန်မောင်းပြီး အရောက်လာပို့တဲ့ ဇနီးကိုလည်း ကျေးဇူးတင်၊ ဒီလိုခေတ်ကာလမှာ အသက်နဲ့ထပ်တူအရေးကြီးတဲ့ မှတ်ပုံတင်ကျန်ခဲ့အောင် ပေါ့လျော့တဲ့ ကိုယ့်ကိုကိုယ် လေးဆယ့်ကိုးကြိမ်မြောက် ကျိန်ဆဲ၊ စောင့်နေရတဲ့ ခရီးသည်တွေကိုလည်း အားနာပြုံး ပြုံးပြတောင်းပန်ပြီး ခရီး စထွက်ခဲ့ တယ်။

ရန်ကုန်- ပုဂံ ခရီးစဥ်ကတော့ ရန်ကုန် – ဘားအံ ခရီးစဥ်နဲ့ ယှဥ်လိုက်ရင် ရေကုသိုလ် အတော်နည်းပါတယ်၊ မှတ်ပုံ တင်ကတော့ ၁၁၅ မိုင်နဲ့ ကျောက်ပန်းတောင်းအဝင်မှာ စစ်တယ်။ ယာဥ်ပေါ်လိုက် အကူဝန်ထမ်းလေးက မှတ်ပုံ တင်လေးတွေ ထုတ်ပြီးကိုင်ထားပါလို့ပြောတိုင်း ဇနီးရဲ့ ကျေးဇူးကို အောက်မေ့သတိရတယ်။

ပုဂံကားဂိတ်ကို ညနေ လေးနာရီခွဲကျော်ကျော်မှာရောက်တယ်။ ရောက်တဲ့ညနေကတော့ ဘယ်မှ မသွားတော့ ဘူး။ ဟိုတယ်က ချိတ်ပေးတဲ့ တုတ်တုတ်ဆရာနဲ့ တွေ့ပြီး ခရီးစဥ်နဲ့ ဈေးနှုန်းညှိတယ်။ ​နောက်နေ့ခရီးစဥ်က ပုပ္ပါး ဘက်ဆိုတော့ ဟိုတယ်ကနေ မနက်စောစောထွက်တယ်၊ မြို့အထွက်စစ်ဆေးရေးဂိတ်ရောက်တော့ ကင်မရာ ကြီး တွေ လွယ်ထားတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်ကလာသလဲ၊ ဘယ်သွားမှာလဲ မေးတယ်၊ ပြီးတော့ တုတ် တုတ်ဆရာကို အောက်ဆင်းခဲ့လို့ခေါ်တယ်။ 

ကျွန်တော်တို့ကတော့ ကျွန်တော်တို့အကြောင်းခေါ်မေးတယ်ထင်လို့ နားစွင့်နေတာပေါ့။ မဟုတ်ဘူးဗျ၊ တုတ် တုတ်ဆရာ သူတို့နားရောက်တာနဲ့ “ မင်းမပြောင်းသေးဘူးလား” လို့မေးတယ်၊ တုတ်တုတ် ဆရာက “ ဟုတ်ကဲ့၊ ပြောင်းဖို့ စီနီယာချိတ်ထားပါပြီ”လို့ ဖြေတယ်။ ဒီတော့ သူတို့က “ မြန်မြန်လုပ်၊ သိတယ်မလား” ဆိုပြီး ထပ်‌ပြော တယ်၊ တုတ်တုတ်ဆရာကလည်း လက်လေးနောက်ပစ်ပြီး တစ်ခွန်းမခံ “ ဟုတ်ကဲ့ပါဆရာ၊ ဟုတ်ကဲ့ပါ” လို့ပြောြပီး ပြန်လာ တယ်။ ကျွန်တော်တို့ကတော့ ဘာတွေလဲ ဆိုပြီး အတွေးတွေနဲ့ပေါ့။ 

ဂိတ်ကနေ တော်တော်ဝေးဝေးရောက်တော့မှာ တုတ်တုတ်ဆရာကို “ ဘာတွေပြောင်းခိုင်းနေတာလဲဗျ၊  လိုင်စင် လား၊ ပုံစံ ၁၀ လား”လို့မေးတော့ တုတ်တုတ်ဆရာက  “မဟုတ်ဘူးဆရာရေ၊ တုတ်တုတ်တွေ အရောင် ပြောင်းရမှာ ဆိုပြီး ဇာတ်စုံခင်းပါတော့တယ်။  

ကျွန်တော်တို့မရောက်ခင်လေးငါးရက်ကစပြီးပုဂံညောင်ဦးနယ်မြေကတုတ်တုတ်တက္ကစီတွေ အားလုံး အ၀ါ‌ရောင် ပြောင်းရမယ်ဆိုတဲ့ အမိန့်ထွက်လာတယ်။ အရောင်အားလုံးတညီတည်းဖြစ်ဖို့အတွက် ပြောင်းရမယ့်အဝါရောင် ကုဒ်နံပါတ်လည်း ထွက်လာတယ်။ အရင်သတင်းတွေကြားတဲ့အချိန်ကတော့ မန္တလေးမြို့ပေါ်က အိုးဝေ ( တုတ် တုတ်) တွေပဲလို့ ထင်နေပေမယ့် အခုတော့ မန္တလေးတိုင်းတစ်ခုလုံး လို့ဆိုတယ်။ တခြားမြို့တွေမှာတော့ ဘယ်လို လုပ်နေသလဲမသိဘူး၊ပုဂံညောင်ဦးမှာတော့စစ်ဆေးရေးဂိတ်တွေ၊ယဥ်ထိန်းရဲတွေကတခြားအရောင်နဲ့ တုတ်တုတ် တွေတွေ့ ရင် အရောင်ပြောင်းဖို့ သတိပေးတယ်။  နောက်ဆုံးထားပြောင်းရမယ့်ရက်က လကုန် လို့လည်း ပြော တယ်၊ဇူလိုင်၂၅ ရက်နေ့လို့လည်း ပြောတယ်၊ သတ်သတ်မှတ်မှတ် စာထွက်တာ တော့ မတွေ့ဘူး။ ဘယ်တုတ်တုတ် သမား ကမှလည်း ညွှန်ကြားချက်ပြပါလို့ မပြောရဲဘူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ ဆိုတဲ့အခြေအနေမှာ နှုတ်မိန့် ဆိုတာနဲ့တင် လုံ လောက်နေပြီ။ 

ဒါပေမဲ့ အဝါရောင်ဆေးပြောင်းဖို့ဆိုတာ ပြောသလောက်မလွယ်ဘူး။ ငွေရှိမှ လုပ်လို့ရတာ။ လက်ရှိအချိန်မှာ ဆေး အမျိုးအစားနဲ့ လက်ရာ‌ပေါ်မူတည်ပြီး တုတ်တုတ်တစ်စီးကို တစ်သိန်းခွဲကနေ နှစ်သိန်းစွန်းစွန်း ကုန်တယ်၊ အနီရောင်၊ အပြာရောင်၊ အမည်းရောင်တွေဆိုရင် ‌ဆေးပိုကုန်လို့ ကုန်ကျစရိတ်နည်းနည်းပိုများမယ်။ အခုလို ကုန် ‌ဈေးနှုန်းက ကြီး၊ ဘုရားဖူးခရီးသည်က နည်းနေတဲ့အချိန်မှာ ရရစားစား တုတ်တုတ်သမားအများစုက အဲဒီလောက် ငွေကုန်မခံနိုင်ဘူး။

ဒီတော့  နောင်ခါလာ နောင်ခါဈေး၊ လောလောဆယ်ဆယ် ဝါနေဖို့ အရေးကြီးတယ်ဆိုပြီး စတစ်ကာ ကပ်ရတယ်။ ဒါတောင် ခြောက်သောင်းခွဲ ၊ ခုနစ်သောင်းလောက်ကုန်သေးတယ်။ လက်ရှိ ပုဂံ၊ ညောင်ဦးမှာတော့ စတစ်ကာ အဝါတွေ ပစ္စည်းပြတ်၊ စတစ်ကာကပ်တဲ့ဆိုင်မှာ တန်းစီရတဲ့အထိ ဖြစ်နေလေရဲ့။ မန္တလေးက စတစ်ကာသမား တွေတောင် ညောင်ဦးကို ဆင်းလာပြီး အလုပ်လုပ်နေကြတယ်ဆိုပဲ။ 

တုတ်တုတ်သမားတွေ ဒုက္ခက ဝါသွားတာနဲ့မပြီးသေးဘူး။ လိုင်စင်သက်တမ်းတိုးတဲ့အခါ  အဝါရောင်ဆေးမှုတ် မထားရင် ကညန သက်တမ်းတိုးမပေးဘူးဆိုတာဖြစ်လာနိုင်သေးတယ်။ နောက်တစ်ခါ တုတ်တုတ် တွေပေါ်ကာ စ က ညောင်ဦးမှာ အရောင်းပြခန်းမရှိသေးလို့ ပခုက္ကူကနေ ဝယ်ထားရတဲ့အတွက် တချို့ တုတ်တုတ် နံပါတ် တွေက မကွေးတိုင်းနံပါတ်တွေဖြစ်နေတယ်။ ဒီတော့ လိုင်စင်သက်တမ်းတိုးတဲ့အခါ မန္တလေးတိုင်းအစိုးရရဲ့ ညွှန်ကြားချက် အရအရောင်ပြောင်းလိုက်ရပေမယ့်မကွေးတိုင်း ကညန က လက်မခံဘဲ အရောင်ပြောင်း ဒဏ်ကြေး တပ်မ လား ဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိသေးတယ်။ လမ်းပေါ်မှာ စစ်ဆေးနေတဲ့အဖွဲ့တွေကတော့ အဲဒီကိစ္စတွေ ခေါင်းထဲ ထည့် ထားပုံမရဘူး။ အဝါရောင်မပြောင်းရင် အရေးယူမယ်ဆိုတာပဲ သိပုံရတယ်။

လွတ်လပ်ပွင့်လင်းတဲ့အချိန် ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေကြုံလာရင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှ ရေးကြ၊ သတင်းမီဒီယာတွေကလည်း ဝေဖန်သုံးသပ်ကြတာတွေကြောင့်  တာဝန်ရှိသူတွေကပြန်လည်သုံးသပ်တာမျိုးရှိနိုင်  တာပေါ့။ အခု အချိန်မှာတော့ တုတ်တုတ်သမားတွေလည်း တိုးတိုးတိတ်တိတ်ရင်ဖွင့်တာကလွဲရင် ဘာမှ မလုပ်နိုင် ကြဘူး။ 

တုတ်တုတ်အငှားယာဥ်အားလုံး အရောင်တစ်ခုတည်းဖြစ်အောင် သတ်မှတ်တာက လုပ်သင့်တဲ့ အလုပ်ပါ။ ဒါ ပေမဲ့ အဲဒီအလုပ်က ချက်ခြင်းဦးစားပေးလုပ်ရမယ့်အလုပ်လား၊  လိုက်နာလုပ်ဆောင်ရမယ့် တုတ်တုတ်သမားတွေ  အခက်အခဲမရှိ အကောင်အထည်ဖော်နိုင်ဖို့အတွက် လုံလောက်တဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေရှိနေ ပြီ လားဆိုတာကတော့ ဆင်ခြင်တုံတရားနဲ့ ဆိုင်တဲ့ ကိစ္စပဲ။

ခက်တာက အမိန့်ပေးလိုက်ရင် ဖြစ်အောင်လုပ် ဆိုတဲ့ အယူအဆအားကောင်းနေတဲ့အခါ ဆင်ခြင်တုံတရားဆိုတာ ရှားပါးပစ္စည်းပဲ။ ဒီလိုနဲ့ပဲ ပုဂံ ညောင်ဦးက တုတ်တုတ် သမားတွေလည်း အဝါရောင်အပူလှိုင်းကြားမှာ ဗျာများနေရတာပေါ့။ 

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၅)

သူငယ်ချင်း – မင်းကြားပြီးပြီလား။ ကောင်မလေးက ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးတဲ့။ ငါ့တူ အတွက် တော့ သတင်းကောင်းပဲ။

ကျွန်တော်- အေးကြားပြီးပြီ။ ဒါပေမဲ့ ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးဆိုတာ မင်းတူကို ချစ်တယ်၊ လက်ခံလိုက် ပြီ လို့ ပြောတာ မဟုတ်ဘူးလေ။ မင်းတူကိုလည်း အပိုင်တွက်ပြီး ဝမ်းသာမနေနဲ့ ၊ “ရွှေ ငုံးမင်း အမြီးမျှော်သလို “ ဖြစ်နေ ဦးမယ်လို့ သတိပေးလိုက်ဦး။

ရဲဲထွဋ်ရဲ့နောက်ကွယ်မှာ

၂၀၁၆ – ၂၀၂၁ အင်န်အယ်လ်ဒီ အစိုးရ ကာလမှာ အစိုးရလုပ်ဆောင်ချက်တွေကို ကျွန်တော် က ဝေဖန်တဲ့ အခါ ရဲထွဋ် နောက်မှာ ဘယ်သူတွေရှိလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ ခုနစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ‘ ရဲထွဋ်ရဲ့ နောက်ကွယ်မှာ’ ဆိုတဲ့ဆောင်းပါးရေးပြီး

တကယ်ကတော့ အခုအချိန်မှာ

အကြောင်းအမျိုးမျိုးကြောင့် ပြောရဲတဲ့၊ ဝေဖန်သုံးသပ်ရဲတဲ့သူတွေ လျော့လျော့လာချိန်မှာ လူငယ်တွေအနေနဲ့ ရှုထောင့်အမျိုးမျိုးက အမြင်တွေကို သိနိုင်ဖို့အတွက် ကိုယ့်မှာ တာ၀န်ရှိတယ် လို့ခံယူတယ်။

အဲဒီယုံကြည်ချက်ကြောင့် ကျင့်၀တ်အရ၊ ဥပဒေအရ ဆင်ခြင်ရတာကလွဲရင် ကျွန်တော်ပြောနိုင် သလောက် ပွင့်ပွင့် လင်းလင်း ဝေဖန်ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဦးရဲထွဋ် ရဲ့နောက်မှာ ဘယ်သူရှိလဲ လို့မေးရင်

ဦးရဲထွဋ်နောက်မှာ ဦးရဲထွဋ် နဲ့ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ပဲ ရှိတယ်လို့ ဖြေရမှာပါပဲ။

လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီဆောင်းပါးကို မဖတ်ရသေးသူများ ဖတ်နိုင်ဖို့ မျှ‌ဝေလိုက်ပါတယ်။

——————————————–

ရဲထွဋ် ရဲ့ နောက်ကွယ်မှာ

“ ဦးရဲထွဋ် နောက်မှာ ဘယ်သူရှိလဲ” “ သူဘာ့ကြောင့် ဒီလိုလိုက်ပြီးဆွေးနွေးနေတာလဲ”

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က Strategy First Institute မှာ ကျောင်းသားတွေနဲ့ ဆွေးနွေးဖြစ် တယ်။အဲဒီကျောင်းမှာတက်နေတဲ့ ပြည်သူ့ဆက်ဆံရေးသင်တန်းသားတွေ၊ MBA သင်တန်းသား တွေရော၊ ကျောင်းသားဟောင်းတွေပါ တက်ရောက်ဆွေးနွေးကြပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ ပါ၀င်တက်ရောက်သူတစ်ဦးက မိတ်ဆွေတစ်ယောက်ကို အဲဒီမေးခွန်းမေးတယ်လို့ ကျွန်တော့်ကို ပြန်ပြောပြတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီကိစ္စကို တိတိကျကျ ပြန်ရှင်းပြသင့်တယ်လို့ မိတ်ဆွေ ဖြစ်သူကအကြံပေး တယ်။

ဘာ့ကြောင့်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး လူငယ်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာ ကျွန်တော်ပါ၀င်ဆောင်ရွက် ခဲ့တယ်။ Strategy First ပွဲက တတိယမြောက်ပွဲပေါ့။ တာ၀န်က အနားယူပြီးတဲ့အခါ ဒီလို အသိ အမြင်ဖလှယ်တဲ့ပွဲတွေကို ကျွန်တော်ပါ၀င်ဆောင်ရွက်မယ်လို့ ၂၀၁၆ မတ်လ တာ၀န်မလွှဲမီ ဧရာ ၀တီနဲ့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်တဲ့အချိန်ထဲက ပြောခဲ့ပြီးသားပါ။ တိတိကျကျပြောရရင် ကျွန် တော့်အနေနဲ့ တာ၀န်လွှဲပြီးတဲ့အခါ

၁။ သုံးလ ဘာမှမလုပ်ပဲ နားမယ်။
၂။ သုံးလ ကျော်ရင် ကျွန်တော့်အတွေ့အကြုံတွေကို စာရေးသားနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့ အစည်း တစ်ခုခုမှာ Fellowship လေ ျှာက်ထားမယ်။
၃။ လူထုကို နိုင်ငံရေးအသိပညာပေးနိုင်မယ့်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဆောင်ရွက်မယ်။

လို့ ပြောခဲ့တာပါ။

ဒါ့ကြောင့် ၂၀၁၆ သြဂုတ်လမှာ ISEAS visiting senior fellow အဖြစ်နဲ့
စတင်ပညာဆည်းပူး တယ်။ ၂၀၁၇ ဖေဖော်ဝါရီလ ကစပြီး လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ စေတနာ့၀န်ထမ်းပါ ၀င်ဆောင်ရွက်ခဲ့တယ်။

ဘာ့ကြောင့်လူငယ်တွေနဲ့အများဆုံးထိတွေ့ရသလဲဆိုတော့ ဒီနေ့လူငယ်တွေက နိုင်ငံ့အရေး ( နိုင်ငံရေးမဟုတ်ပါ)ကို ပို ပြီး စိတ်၀င်စားလာတယ်၊ သူတို့မှာ လုပ်ချင်ကိုင်ချင်စိတ်တွေရှိတယ်၊ နိုင်ငံ တည်ဆောက်ရေးအတွက် အသုံး၀င်မယ့် ပညာရပ်တွေကို လေ့လာဆည်းပူးမှုတွေရှိတယ်။ ဒါပေ မယ့် သူတို့မှာ အတွေ့အကြုံ လိုနေသေးတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံတွေထဲက အကောင်း-အဆိုးတွေ၊ သင်ခန်းစာတွေကို သူတို့ကို မ ျှဝေပေးချင်တယ်။ လက်ရှိအခြေအနေကို ကိုယ့်အတွေ့ အကြုံနဲ့ ယှဉ်ပြီးသုံးသပ်ပြချင်တယ်။ အဲဒီအထဲကမှ သူတို့ ဆင်ခြင်သုံးသပ်ပြီး လိုတာသုံးပေါ့။ ဒါဟာ ကျွန်တော် ဆွေးနွေးပွဲတွေမှာ ပါ၀င်ပို့ချရတဲ့အဓိက ရည် ရွယ်ချက်ပဲ။

ဘယ်သူလဲ

အဲဒီဆွေးနွေးပွဲတွေမှာ ကျွန်တော်က ကျွန်တော့်အတွေ့အကြုံတွေ၊ ရခဲ့တဲ့သင်
ခန်းစာတွေ၊ ဒီကနေ့ အခြေအနေတွေနဲ့ပတ်သက်ရင် ကျင့်၀တ်အရ၊ ဥပဒေအရ ဆင်ခြင်ရတာကလွဲရင် ကိစ္စအတော် များများကို ပွင့်ပွင့်လင်းလင်းပဲဆွေးနွေးလေ့ရှိပါတယ်။ လူငယ်တွေကိုလည်း စိတ်ကြိုက်မေးခွင့်ပြု ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေခဲ့ပါတယ်။

Strategy First ဆွေးနွေးပွဲမှာလည်း လာတက်တဲ့လူငယ်တွေအနေနဲ့ ကျွန်တော်ဟာ ကိုယ် တာ၀န်ယူခဲ့တဲ့အစိုးရကာလနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိမ့်မယ်လို့ ထင်ခဲ့ပုံရပါတယ်။ ဒါ ပေမယ့် ကျွန်တော်က ကိုယ့်အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံခဲ့သလို လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေနဲ့ပတ်သက်တဲ့ ကိုယ့်အမြင်ကိုလည်း ပြောင်ပဲပြောခဲ့ပါတယ်။ ဒါ့ကြောင့် ဦးရဲ ထွဋ် ဒီလောက်တောင် ပြောရဲတာ နောက်ကွယ်မှာ ဘယ်သူများရှိသလဲ ဆိုတဲ့ မေးခွန်းပေါ် လာတာ ဖြစ်မှာပေါ့။

တကယ်ကတော့ အခုအချိန်မှာ

၁။ ကျွန်တော်ဟာ ဘယ်နိုင်ငံရေးပါတီကိုမှ ကိုယ်စားမပြုဘူး။
၂။ တစ်နှစ်နီးပါးလောက် နိုင်ငံတကာ သုတေသနအဖွဲ့အစည်းတစ်ခုမှာ ပညာဆည်းပူးခွင့်ရတဲ့ အတွက် အသိအမြင်တွေပိုကျယ်ပြန့်လာတယ်။
၃။ အကြောင်းအမျိုးမျိုးကြောင့် ပြောရဲတဲ့၊ ဝေဖန်သုံးသပ်ရဲတဲ့သူတွေ လျော့လျော့လာချိန်မှာ လူငယ်တွေအနေနဲ့ ရှုထောင့်အမျိုးမျိုးက အမြင်တွေကို သိနိုင်ဖို့အတွက် ကိုယ့်မှာ တာ၀န်ရှိတယ် လို့ခံယူတယ်။

အဲဒီယုံကြည်ချက်ကြောင့် ကျင့်၀တ်အရ၊ ဥပဒေအရ ဆင်ခြင်ရတာကလွဲရင် ကျွန်တော်ပြောနိုင် သလောက် ပွင့်ပွင့် လင်းလင်း ဝေဖန်ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဦးရဲထွဋ် ရဲ့နောက်မှာ ဘယ်သူရှိလဲ လို့မေးရင်

ဦးရဲထွဋ်နောက်မှာ ဦးရဲထွဋ် နဲ့ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ပဲ ရှိတယ်လို့ ဖြေရမှာပါပဲ။

#yehtutarticle

#politics

အကြွေးဇာတ်လမ်း

ဒီတစ်ခေါက် နေပြည်တော်ရောက်တော့ ရိုးရင်းမိတ်ဆွေကြီးနဲ့တွေ့တယ်။ ဒီလူနဲ့ ခင်ပေမယ့် အခု နောက်ပိုင်းကာလတွေမှာ အမြင်မတူတော့ မကြာခဏ စကားစစ်ထိုးရတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု ထောက်ခံမှု ရအောင်လုပ်၊ ပြည်သူထောက်ခံမှု မရဘဲ နဲ့ ဖြတ်လမ်းနည်းနဲ့ အာဏာရ‌ပါတီ ဖြစ်ဖို့ကြိုးစားတာ ရှက်ဖို့ကောင်းတဲ့အကြောင်းရေးထားတဲ့ ပုဏ္ဏား တိုင် ဆောင်းပါး ဆိုရင် သူနဲ့ ပြောခဲ့တာတွေကို အခြေခံပြီး ရေးခဲ့တာ တွေပါ။

ဒီတစ်ခါဆုံတော့ မိတ်ဆွေကြီးက ပိုင်ပြီဆိုတဲ့ အပြုံးနဲ့ ကျွန်တော့်ကို “ နဝတ အစိုးရ လက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိခဲ့ဘူး၊ ပြီးခဲ့တဲ့အစိုးရ နှစ်ခု လက်ထက်မှာ နိုင်ငံခြားကငွေတွေ အများ ကြီး ချေးခဲ့တယ်” လို့ ဆိုင်းမပါ ဗုံမဆင့် ပြောပါလေရော။ သူ့စကားကို ကြားတော့ အတော်အံ့ဩ သွား တယ်၊ ဒါနဲ့ “နဝတ အစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိဘူးဆိုတာ ခင်ဗျား ဘယ် အထောက် အထားနဲ့ ပြောတာတုန်း” လို့မေးတော့ သူက မင်းခေတ်နောက်ကျသွားပြီဆိုတဲ့ အကြည့် နဲ့ ကြည့်ပြီး သူဘယ်က သိတယ်ဆိုတာ ပြောပြတယ်။

သူ ဘယ်က သိတယ်ဆိုတာကိုကြားလိုက်ရတော့ ကျွန်တော့်မှာ ရယ်(ရီ) လိုက်ရတာ ဗိုက် တောင် နာတယ်။ ပြီးတော့မှ ခင်ဗျားလိုလူတွေ အများကြီးရှိဦးမှာပဲ၊ ဒါ့ကြောင့် အများသိအောင် ဆောင်းပါး ရေးမယ်၊ စောင့်ဖတ်လို့ပြော ခဲ့တယ်။

ဒီတော့ န၀တအစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေချေးခဲ့တာ ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီးလွှတ်တော် မှတ်တမ်းတွေ၊ အစိုးရအစီရင်ခံစာတွေ နဲ့ စာအုပ်စာတမ်းတွေကနေ ခြေရာ ကောက် ကြည့်ရအောင်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက ပြည်ပကြွေးနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များ ကို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြခဲ့တယ်။ အဲဒီတင်ပြချက် မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ ရှိနေတဲ့ မြန် မာနိုင်ငံရဲ့ ပြည်ပကြွေးမြီစာရင်းကို အခုလို ဖော်ပြခဲ့ ပါတယ်-
၁။ ၁၉၈၈ ခုနှစ်မတိုင်မီ ( လမ်းစဥ်ပါတီအစိုးရလက်ထက်) ချေးငွေ အမေရိကန် ဒေါ်လာ ၁၁၆၀၈.၄၀၅ သန်း။
၂။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ( န၀တ/နယက အစိုးရလက်ထက် ) ချေးငွေ အမေရိကန်ဒေါ်လာ ၃၄၈၇.၄၁၅ သန်း။
၃။ စုစုပေါင်း ၁၅၀၉၅. ၈၂၀ သန်း

ဒါ့ကြောင့် န၀တအစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေမချေးခဲ့ဘူး ဆိုတဲ့ မိတ်ဆွေကြီးရဲ့ စကားက လုံး၀ မှားနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

န၀တအစိုးရလက်ထက်မှာ ငွေချေးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ့ပြီဆိုတော့ အဲဒီချေးငွေတွေ က ဘယ်လိုချေးငွေအမျိုးအစားလဲ၊ ဘယ်ကချေးတာလဲ ဆိုတာ ဆက်လေ့လာရအောင်။ လက်ရှိ နစက အစိုးရအဖွဲ့မှာ ဘဏ္ဍာရေး၀န်ကြီး တာ၀န် ထမ်းဆောင်နေပြီး ဦးသိန်းစိန် အစိုးရအဖွဲ့ မှာလည်း ဘဏ္ဍာရေး၀န်ကြီး ( ၂၀၁၂ – ၂၀၁၆) တာ၀န်ယူခဲ့တဲ့ ဦး၀င်းရှိန်ရေးတဲ့ “ နိုင်ငံတော်၏ ပြည်ပကြွေးမြီ အခြေအနေ နှင့် ပဲရစ်ကလပ် ကြွေးမြီ ရှင်းလင်းခြင်းအတွေ့အကြုံ” စာအုပ်မှာ ပြည်ပချေးငွေကို အဓိက အားဖြင့် သက်သာမှု ရှိသော ချေးငွေ ( Concessional Loan) နဲ့ သက်သာမှုမရှိသောချေးငွေ ( Non Concessional Laon) ဆို ပြီး နှစ်မျိုးခွဲထားပါတယ်( စာမျက်နှာ ၉၅)။

ဦးဝင်းရှိန်က ၁၉၈၈ ခုနှစ်မတိုင်ခင်က ချေးငွေများရဲ့ အတိုးနှုန်းက သုညဒဿမ ၀၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ရှိပြီးချေးငွေအများစုမှာ သက်သာ သောချေးငွေများ ဖြစ်တယ် ( စာ ၁၃၇) လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေများနဲ့ ပတ် သက်လို့ကတော့ ၁၉၈၈-၁၉၈၉ ကနေ ၂၀၁၀-၂၀၁၁ ကြားမှာ တရုတ်နိုင်ငံ Exim Bank of China နဲ့ China Development Bank တို့ကနေ အများဆုံးချေးငွေရယူခဲ့တယ်၊ အတိုးနှုန်းက ၂ ရာခိုင်နှုန်း ကနေ ၄ ဒဿမ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်တဲ့ အတွက် သက်သာမှု မရှိသော ချေးငွေ ဖြစ်တယ်၊ မြန်မာနိုင်ငံကို ချေးငွေပေးချင်တဲ့ အဖွဲ့အစည်း/ နိုင်ငံ နည်းပါး တဲ့အတွက် တရုတ် နိုင်ငံကပဲ အများဆုံးချေး ရတာ ဖြစ်တယ် ( စာ ၁၃၇၊ ၁၃၈) လို့ ဆိုပါတယ်။

န၀တအစိုးရကာလမှာ ပြည်ပချေးငွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင် မီက ချေးငွေများကို ၁၉၉၇-၁၉၉၈ ခုနှစ်အထိပဲ ပြန်ဆပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပြန် မဆပ်တော့ ဘူး။ ၁၉၈၈ ခုနှစ်မတိုင်မီချေးငွေတွေထဲမှာ ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ် တွေရဲ့ ချေးငွေတွေက နောက်ကျကြေးမရှိပေမယ့် ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေက ချေးငွေတွေကတော့ နောက်ကျကြေး ပေးရ တယ်။ ဒါ့ကြောင့် ၂၀၁၁ ခုနှစ်ရောက်တဲ့အချိန်မှာ ၁၉၈၈ ခုနှစ်မတိုင်မီ ချေးငွေ တွေဟာ မူလ အရင်း၊ အတိုးနဲ့နောက်ကျကြေးတွေပေါင်းပြီး တဖြည်းဖြည်းများလာတယ်၊ တချို့ချေး ငွေတွေရဲ့ နောက်ကျကြေးကမူလအကြွေးရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ များလာ တယ် ( ဦးဝင်းရှိန် စာအုပ် စာမျက်နှာ ၃)။

၂၀၁၁ ခုနှစ်နောက်ပိုင်းရောက်တော့ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာ အထောက်အပံ့တွေ ရဖို့လမ်းပွင့်လာတယ်။ ဒါပေမဲ့ ပြဿနာက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် နဲ့ ပဲရစ်ကလပ်အဖွဲ့၀င်နိုင်ငံတွေက သူတို့ နိုင်ငံ/ အဖွဲ့အစည်းများရဲ့ ဥပဒေ၊ စည်းမျဥ်း နဲ့ လုပ်ထုံး လုပ် နည်းများအရ ကြွေးမဆပ်တဲ့နိုင်ငံတွေကို ချေးငွေအသစ်ပေးလို့မရဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြီရှင်နိုင်ငံ/အဖွဲ့အစည်းတွေကြားမှာ အကြွေးကိစ္စရှင်းဖို့လုပ်ရတယ်။

အဲဒီအကြောင်းအပြည့်အစုံကို ဦးဝင်းရှိန်စာအုပ်မှာ ရေးထားတယ်။ တိုတိုရှင်းရှင်း ပြောရရင်တော့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့ရဲ့ စည်းမျဥ်းအရ အကြွေးကို လျှော်ပေးလို့ မရ ဘူး။ မြန်မာကို ငွေချေးထားတဲ့ ပဲရစ်ကလပ်အဖွဲ့၀င်နိုင်ငံတွေ ( ဂျပန်၊ ဒိန်းမတ်၊ဂျာမနီ၊ကနေဒါ၊ ဖင် လန်၊ ပြင်သစ်၊အီတလီ၊ နယ်သာလန်၊ နော်‌ဝေ၊ ဩစတြီးယား၊ ဗြိတိန်) နိုင်ငံတွေမှာ တချို့နိုင်ငံ တွေကရာခိုင်နှုန်းပြည့်လျှော်ပေးလို့ရတယ်၊တချို့က သူတို့နိုင်ငံလွှတ်တော်ဥပဒေအရ အတိုင်း အတာ တစ်ခု အထိပဲ လျှော်ပေးလို့ရတယ်။ ဒါ့ကြောင့် မြန်မာနဲ့ မြီရှင်တွေကြားမှာ အကြိမ်ကြိမ်ညှိနှိုင်း ရတယ်။

နောက်ဆုံးတော့ ကြွေးဟောင်းတွေထဲက လျှော်လို့ရတာကို လျှော်ပေး၊ လျှော်လို့မရတဲ့ ကြွေးတွေ ပေါင်းကူးချေးငွေ( Bridge Loan) နဲ့ ပြန်ဆပ်ပြီးတော့ အတိုးသက်သာတဲ့ ချေးငွေတွေအဖြစ်ပြောင်း လဲလိုက်တယ်။ အဲဒီရှင်းလင်းမှုတွေအားလုံးက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ပြီးတယ်။ အဲဒီ လို ပြီးသွားတဲ့အချိန်မှာ လုပ်ငန်းပြီးဆုံးချိန်မှာ ရှိနေတဲ့ ငွေကြေးလဲလှယ်နှုန်းအရ ၁၉၈၈ ခုနှစ် မတိုင် မီ ကြွေးမြီများကို ရှင်းလင်းနိုင်မှုအခြေအနေက အောက်ပါအတိုင်းဖြစ်ပါတယ်-

၁။ ကြွေးမြီမရှင်းမီ စုစုပေါင်းချေးငွေ ( ADB, World Bank, ပဲရစ်ကလပ်နိုင်ငံများ) အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၆၉၄။
၂။ ကြွေးလျှော် ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅,၉၅၅ ။
၃။ ကြွေးရှင်းပြီးနောက်လက်ကျန်ကြွေး အမေရိကန်ဒေါ်လာသန်းပေါင်း ၅၇၄၀။
(ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ပကြွေးမြီဟောင်းများရှင်းလင်းဆောင်ရွက်ခြင်းမှတ်တမ်း, ၈-၃-၂၀၁၆)

ဒါဆိုရင် ၂၀၁၁ နောက်ပိုင်း ရွေးကောက်ခံ အစိုးရ နှစ်ရပ်ကာလမှာရော ပြည်ပကြွေးမြီအခြေအနေက ဘယ်လိုရှိသလဲ။ ၂၀၂၀-၂၀၂၁ အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ အစိုးရအဆက် ဆက်ချေးယူခဲ့တဲ့ ပြည်ပ ချေးငွေပမာဏ လက်ကျန်အခြေအနေကို အခုလို ဖော်ပြထားပါတယ်-
၁။ ၁၉၈၈ ခုနှစ်မတိုင်မီ ကာလ( တော်လှန်ရေးကောင်စီ/လမ်းစဥ်ပါတီအစိုးရ) ။ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၉၇၃.၅၄၂ ။ ( စုစုပေါင်းအကြွေး၏ ၃၂.၉ ရာခိုင်နှုန်း)
၂။ ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ကာလ ( န၀တ/နယက အစိုးရ)။ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၈၄.၁၂၉။ ( စုစုပေါင်းအကြွေး၏ ၁၅.၆ ရာခိုင်နှုန်း)
၃။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ကာလ ( ပြည်ခိုင်ဖြိုးပါတီအစိုးရ)။ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၈၇၄.၇၈၇။ ( စုစုပေါင်းအကြွေး၏ ၃၂.၁ ရာခိုင်နှုန်း)
၄။ ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလ ( အင်န်အယ်လ်ဒီပါတီအစိုးရ)။ အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၃၅၁.၃၄၂။ ( စုစုပေါင်းအကြွေး၏ ၁၉.၄ ရာခိုင်နှုန်း)

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ချေးယူခဲ့တဲ့ ချေးငွေများနဲ့ပတ်သက်ပြီး ဝန်ကြီးဦးဝင်းရှိန် ရဲ့ စာအုပ်မှာ အခုလို ခွဲခြားသုံးသပ်ထားတာကို တွေ့ရပါတယ်- ( စာ ၁၃၇ ၊ ၁၃၈)
၁။ ၁၉၈၈ မတိုင်မီ ချေးယူခဲ့သော ချေးငွေအများစုမှာ သက်သာသောချေးငွေများဖြစ်ပါတယ်။ ဂျပန် နိုင်ငံမှ ပေးဆပ်ရမည့်ချေးငွေကအများဆုံးပါ။
၂။ ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ကာလချေးငွေများသည် သက်သာသည့်ချေးငွေအနေအထားမဖြစ် ဘူး။ တရုတ်နိုင်ငံ ချေးငွေက အများဆုံးပါ။
၃။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ကာလ ချေးငွေအများစုမှာ သက်သာသောချေးငွေများ ဖြစ်တယ်။ ဂျပန် ချေးငွေက အများဆုံးပါ။
၄။ ၂၀၁၆-၂၀၁၇ နောက်ပိုင်းချေးငွေအများစုမှာ သက်သာသောချေးငွေများဖြစ်တယ်။ ကမ္ဘာ့ဘဏ် ချေးငွေက အများဆုံးပါ။

ဒါကတော့ မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီအကြောင်း ဇာတ်လမ်းအကျဥ်းချုပ်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံမှန်သမျှ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊စီမံကိန်းများကိုလုပ်ဆောင်ဖို့ အတွက် ပြည်ပချေးငွေနဲ့နည်းပညာအကူအညီတွေရယူရတာထုံးစံပါပဲ။မြန်မာနိုင်ငံအစိုးရအဆက်ဆက်လည်း ဒီလိုပဲ ကျင့်သုံးခဲ့တာပါ။

တကယ်တော့ ချေးငွေယူရတာက ပြဿနာမဟုတ်ပါဘူး။ ချေးငွေကို မလိုအပ်ဘဲနဲ့ အတိုးကြီး ကြီး ပေးယူတာ၊ စနစ်တကျ သုံးစွဲမှု မရှိတာ၊ ချေးငွေပြန်မဆပ်နိုင်တာကသာ မျက်နှာပူစရာကိစ္စဖြစ်ပါ တယ်။ အဲဒီထက် ပိုဆိုးတာကတော့ နိုင်ငံ တကာအလယ်မှာ လူရာမ၀င်တော့ ကိုယ်နိုင်ငံအတွက် လိုအပ်တာတွေ လုပ်နိုင်ဖို့ အတွက်တောင် ယုံယုံ ကြည်ကြည်နဲ့ ငွေချေး မယ့်သူ မရှိတဲ့ဘ၀ပေါ့။ အာဖရိကတိုက်က နိုင်ငံတချို့ဆိုရင် အဲဒီလို အဖြစ်နဲ့ ရင်ဆိုင်နေတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။

#yehtutarticle

#economy

#foreigndebts

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၅)

သူငယ်ချင်း –  မင်း xxx ကို မှတ်မိလား။

ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။

သူငယ်ချင်း –   xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး  အကူ အညီတောင်း တယ်။

ကျွန်တော် – ဘာတဲ့လဲ။

သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။

ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။

သူငယ်ချင်း –  ငါက အဲဒါဆိုရင် ကုန်သည်တွေကို  ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။

ကျွန်တော် –  အဲဒီတော့အဆင်ပြေသွားရောလား။

သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။

ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။

ဤတွင် တစ်ခန်းရပ်

ဝဂ္ဂနာ နဲ့ ပရီဂေါဇင်

ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့‌ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။

ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့ အာဖဂန်မှာ နာမည် ဆိုးနဲ့ ‌ကျော်ကြားခဲ့တဲ့ Black Water ဆိုရင် အမေရိကန်အခြေစိုက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းကတော့ ကွန်မြူနစ်စနစ်အောက်မှာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ဆိုတာာ မရှိဘူး။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးတဲ့အခါမှာ တပ်နီတော်တပ်ဖွဲ့အတော်များများ ဖျက်သိမ်းလိုက်ရ တဲ့ အတွက် စစ်မှုထမ်းဟောင်းတွေ အများကြီးဖြစ်လာတယ်။ တစ်ဖက်မှာလည်း စျေးကွက်စီးပွားရေး စနစ်ကို ပြောင်းလိုက်တဲ့အတွက် ခေတ်သစ်သူဌေးတွေလည်းပေါ်လာသလို တရားဥပ‌‌ဒေစိုးမိုးရေး အားနည်းလာတဲ့ အတွက် ရာဇ၀တ်ဂိုဏ်းတွေလည်း များလာတယ်။ အဲဒီအခြေအနေနှစ်ရပ်အောက်မှာ ဆိုဗီယက်ပြည်ထောင်စု ခေတ်ကာလက စစ်မှုထမ်း‌ဟောင်းတွေ၊ အထူးတပ်ဖွဲ့၀င်တွေ၊ ထောက်လှမ်းရေး အရာရှိဟောင်းတွေရဲ့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ ပေါ်လာခဲ့တာပါပဲ။ အဲဒီ ကုမ္ပဏီတွေက ပထမပိုင်းတော့ ပြည်တွင်းမှာပဲ လှုပ်ရှားတယ်၊ နောင်တော့ တဖြေးဖြေးနဲ့နိုင်ငံတကာကို ခြေဆန့်လာကြတယ်။

ဝဂ္ဂနာ ဟာလည်း အဲဒီလို ကုမ္ပဏီတွေကိုအခြေခံပြီး ပေါ်ပေါက်လာတဲ့ ကုမ္ပဏီဖြစ်ပြီး စိန့်ပီတာစဘဂ်မြို့မှာ ဌာနချုပ်ရှိပါတယ်။ ဝဂ္ဂနာတပ်ဖွဲ့ကို လူသိများထင်ရှား လာတာကတော့ ၂၀၁၄ ခုနှစ် မှာ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံတောင်ပိုင်းက ခရိုင်းမီးယားနဲ့ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနယ်တချို့ကို သိမ်းပိုက်လိုက်တဲ့အချိန် မှာဖြစ်ပါတယ်။ ၂၀၁၄ ယူကရိန်းအရေးအခင်းကို ပူတင်က ဒေသခံ ယူကရိန်းနိုင်ငံသားတွေရဲ့ ခွဲထွက်ရေး လှုပ်ရှား မှုအဖြစ်ပဲ ပုံဖော်ချင်တဲ့အတွက် ရုရှားစစ်တပ် အစား ဝဂ္ဂနာ တပ်ဖွဲ့ တွေကို ယူကရိန်းခွဲထွက်ရေး လှုပ်ရှား သူ တွေနဲ့ တွဲဖက်တိုက်ပွဲ၀င်ဖို့ အသုံးချခဲ့တာြဖစ် ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဝဂ္ဂနာ တပ်ဖွဲ့တွေက ရုရှားတပ်မတော်ကိုယ်စား အရှေ့အလယ်ပိုင်းက ဆီးရီးယားနိုင်ငံ၊ လစ်ဗျားနိုင်ငံ ၊ အာဖရိကတိုက်က ဗဟိုအာဖရိက နိုင်ငံ၊ မာလီနိုင်ငံ၊ ဆူဒန်နိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံတွေမှာ ပါ၀င် တိုက်ခိုက်တာ၊ လေ့ကျင့်သင်တန်းပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို လုပ်နိုင်ဖို့အတွက် ရုရှားစစ်တပ်က ဝဂ္ဂနာ ကုမ္ပဏီကို ငွေကြေး၊ လက်နက်ခဲယမ်း နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေထောက်ပံ့ပေးရတယ်၊ ဝဂ္ဂနာတပ်ဖွဲ့တွေလေ့ကျင့်ဖို့အတွက် ရုရှားစစ်တပ်လေ့ကျင့်ရေးစခန်းတွေကို အသုံးပြုခွင့်ပေးရတယ်။ ဝဂ္ဂနာတပ်ဖွဲ့တွေကို ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး လူသိများနေပေမယ့် ဝဂ္ဂနာ ကုမ္ပဏီရဲ့ အဓိက ဈေးကွက်က အာဖရိကတိုက်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ လောက်မှာ ရုံးခွဲတွေဖွင့်ထားပါတယ်။

ရုရှားအစိုးရရဲ့ ထောက်ပံ့ပေးမှုကြောင့်၂၀၁၆ ခုနှစ်တုန်းက အင်အား တစ်ထောင်ကျော်ပဲ ရှိတဲ့ ဝဂ္ဂနာတပ်ဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ အင်အားခြောက်ထောင် ကျော်ဖြစ်လာတယ်။ ၂၀၂၂ ယူကရိန်းစစ်ပွဲ စတင်ချိန်မှာတော့ ဝဂ္ဂနာတပ်ဖွဲ့ အခန်းကဏ္ဍက ပိုကြီးမားလာတယ်။ ယူကရိန်းစစ်မျက်နှာမှာတင် အင်အားနှစ်သောင်းကျော်ရှိပြီး တကမ္ဘာလုံးမှာ ဆိုရင် အင်အား လေးသောင်း လောက် ရှိမယ်လို့ခန့်မှန်းထားကြတယ်။ ဝဂ္ဂနာတပ်ဖွဲ့တွေက ယူကရိန်း စစ်မျက်နှာ က အရေးကြီးတဲ့ တိုက်ပွဲတွေမှာ ရှေ့တန်းက ပါ၀င်တိုက်ခိုက်ရတယ်၊ ဥပမာ ‌ခြောက်လကျော်လောက် နှစ်ဘက် တပ်ဖွဲ့တွေ အသေ အကြေတိုက်ခဲ့ရတဲ့ ဘတ်ခ်မု့ Bakhmut မြို့သိမ်းတိုက်ပွဲဆိုရင် ဝဂ္ဂနာတပ်ဖွဲ့တွေက ဦးဆောင် တိုက်ခိုက် သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရုရှားတပ်ဖွဲ့တွေထက်စာရင် ဝဂ္ဂနာတပ်ဖွဲ့ တွေက ထိခိုက်သေဆုံးမှု နှုန်းထား ပိုများပါတယ်။ အဲဒီအချက်ကလည်း နှစ်ဘက်ဆက်ဆံရေး တင်းမာစေတဲ့ အချက် တစ်ချက်ဖြစ်လာခဲ့တာပါ။

ဝဂ္ဂနာကုမ္ပဏီ ပိုင်ရှင် ပရီဂေါဇနီ အကြောင်းကတော့ ဒီလိုပါ။

ပရီဂေါဇင် ကို ၁ ဇွန် ၁၉၆၁ ရက်နေ့ စိန့်ပီတာစဘဂ်မြို့မှာ ‌မွေးတယ်။ ဖခင်က သူငယ်စဥ်မှာပဲ ကွယ်လွန် သွား တယ်၊ မိခင်လုပ်သူက သူနာပြုလုပ်တယ်၊ နောက်အိမ်ထောင်ပြုတယ်၊ ပရီဂေါဇင် ရဲ့ ငယ်ဘ၀က ခက်ခဲ ကြမ်း တမ်းတယ်။ သူဖြစ်ချင်တာက ခရီးကြမ်းဖြတ်ကျော်စီးနင်းရတဲ့ နှင်းလျှောစီးသမား၊ ဒါ့ကြောင့် အားကစား သင် တန်းကျောင်းတက်တယ်၊ ကျောင်းပြီးပေမယ့် သူ့အားကစားသမားဘ၀က မအောင်မြင်ဘူး။ အဲဒီနောက်ပိုင်း သူ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိကြဘူး။ ၁၉၈၁ ခုနှစ်မှာတော့ ခိုးမှု၊ လုယက်မှု စွဲချက်တွေနဲ့ ထောင် ဒဏ် ၁၂ နှစ် အပြစ်ပေးခံရတယ်။ ဒါပေမဲ့ ကိုးနှစ်ပဲ ထောင်ထဲမှာနေရပြီး ၁၉၉၀ မှထောင်က လွတ်တယ်။

ထောင်က ထွက်လာပြီးတဲ့နောက်မှာတော့ ပရီဂေါဇင်ဟာ စီးပွားရေးလောကထဲကို ရောက်သွားတယ်၊ ဘယ် က ရတဲ့ အရင်းအနှီးတွေနဲ့ စီးပွားရေးလောကထဲရောက်သွားသလဲဆိုတာတော့ တိတိကျကျ မသိကြဘူး။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာတော့ Contrast ဆိုတဲ့ စိန့်ပီတာစဘဂ်မြို့ရဲ့ ကုန်စုံဆိုင်အုပ်စုမှာ ၁၅ ရာခိုင်နှုန်း အစုရှယ်ယာပါနေ ပြီ။ နောက်ပြီး မိတ်ဆွေနှစ်ယောက်နဲ့ပေါင်းပြီး စိန့်ပီတာစဘဂ်မြို့ရဲ့ ပထမဆုံး ကာစီနိုလောင်းကစားရုံကို ဖွင့် တယ်။ အဲဒီအချိန်မှာ ပူတင်က စိန့်ပီတာစဘဂ်မြို့တော် ကစီနိုနဲ့ လောင်းကစားလုပ်ငန်းများ ကြီးကြပ်ရေး ဘုတ် အဖွဲ့ ဥက္ကဌဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဆက်ဆံရေးက အဲဒီအချိန်ထဲက စခဲ့တာဖြစ်တယ်လို့ ခန့်မှန်းကြ တယ်။

၁၉၉၅ ခုနှစ်မှာ ပရီဂေါဇင်က စားသောက်ဆိုင်လုပ်ငန်းထဲ ဝင်လာပြီး အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင် ဖွင့် တယ်။ ၁၉၉၇ ခုနှစ်မှာ New Island အမည်နဲ့ ရေပေါ်စားသောက်ဆိုင်တစ်ဆိုင်ထပ်ဖွင့်တယ်။ အဲဒီဆိုင်က နာမည် ကြီးသွားပြီး စိန့်ပီတာစဘဂ်က ရေပေါ်ဆီတွေရဲ့ လက်သုံးဆိုင်ဖြစ်လာတယ်။ ၂၀၀၁ ခုနှစ်မှာ သမ္မတ ပူတင် က ပြင်သစ်သမ္မတ ရှီရက်ကို အဲဒီဆိုင်မှာ ညစာစားပွဲနဲ့ ဧည့်ခံခဲ့သလို ၂၀၀၃ ခုနှစ်မှာလည်း ပူတင်ရဲ့ မွေးနေ့ကို အဲဒီ ဆိုင်မှာ ကျင်းပခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာပဲ ပရီဂေါဇင်က Concord Catering နာမည်နဲ့ အစားအသောက် တည်ခင်း ကျွေးမွေးရေးကုမ္ပဏီကို ထူထောင်ခဲ့ပြီး ပူတင်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အစိုးရစာသင်ကျောင်းတွေ၊ ရုံးတွေ၊ စက်ရုံ အလုပ်ရုံတွေ မှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ၀န်ထမ်းတွေအတွက် အစားအသောက် စီစဥ်ကျွေးမွေး ရတဲ့ ကန်ထရိုက်တွေရခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် ရုရှားတပ်မတော်အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးဖို့ အတွက် ‌ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံတန် ကန်ထရိုက်ကို ရခဲ့တယ်။

ဒီလိုနဲ့ ပရီဂေါဇင်ဟာ ပူတင်ရဲ့ အတွင်းစည်း၀ိုင်းထဲက ပုဂ္ဂိုလ်တစ်‌ယောက်ဖြစ်လာပြီး ပူတင်အတွက် အမှောင့် လုပ်ငန်းတွေ လုပ်ပေးရတဲ့အထိဖြစ်လာတယ်။ သူတည်ထောင်ထားတဲ့ Internet Research Agency ဆိုရင် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရအောင် လူမှုကွန်ယက် အကောင့်တုတွေ၊ သတင်းမှား တွေ၊ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်တွေ သုံးပြီးလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံ မှာ အမှုဖွင့်ထားခံရ တယ်။

၂၀၁၄ ခုနှစ် ယူကရိန်းခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်လာပြီး ဝဂ္ဂနာတပ်ဖွဲ့ နာမည်ကြီးလာချိန်မှာ ဒီအဖွဲ့ခေါင်း ဆောင်ဟာ ပရီဂေါဇင် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်ခဲ့ပေမယ့် ပရီဂေါဇင်က မဟုတ်တဲ့အကြောင်း အမြဲတမ်း ငြင်းခဲ့တယ်။ နောက်ဆုံး ၂၀၂၂ ယူကရိန်းစစ်ပွဲ ဖြစ်ပြီး ၂၀၂၂ စက်တင်ဘာလ ၂၆ ရက်နေ့ ရောက်မှ ဝဂ္ဂနာ ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မေလ မှာ သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ အကြောင်းနဲ့ ငွေကြေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ ရုရှားနိုင်ငံအမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ တည်ထောင်ခဲ့တာ ဖြစ်ကြောင်းပြောခဲ့ တယ်။

အဲဒီလို၀န်ခံပြီးနောက်ပိုင်းမှာတော့ ပရီဂေါဇင် ဟာ ယူကရိန်းစစ်မြေပြင်ကို ကိုယ်တိုင်သွားရောက်ပြီး သူ့တပ်ဖွဲ့ ဝင် တွေကို အားပေးတာ၊ တိုက်ပွဲအခြေအနေတွေကို ရုရှားပြည်သူတွေသိအောင် တိုက်ရိုက်တင်ပြတာမျိုးတွေ လုပ်ခဲ့ တဲ့ အတွက် လူသိများထင်ရှားလာတယ်။ တစ်ဖက်မှာလည်း ရုရှားကာကွယ်ရေး၀န်ကြီး နဲ့ စစ်ဦးစီးချုပ်ရဲ့ စစ်ပွဲ ကွပ်ကဲမှုတွေကို ပြင်းပြင်းထန်ထန်‌ဝေဖန်ခဲ့တယ်။ ဗီဒီယိုတစ်ခုမှာဆိုရင် ကျဆုံးနေတဲ့ ဝဂ္ဂနာတပ်ဖွဲ့၀င်တွေရဲ့ အလောင်းတွေကို နောက်ခံထားပြီး ကာကွယ်ရေး၀န်ကြီးနဲ့ စစ်ဦးစီးချုပ်တို့ ရုံးခန်းထဲမှာ ဇိမ်ခံနေပြီး ရှေ့တန်းကို ပို့ပေးရမယ့် လက်နက်ခဲယမ်းတွေ၊ စစ်ပစ္စည်းတွေကို မပို့တဲ့အတွက် ရဲဘော်တွေ သေကုန်ပြီဆိုပြီး ဒေါသတကြီး ပြောခဲ့တယ်။

အခု ဇွန် ၂၃ ၊ ၂၄ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ၃၆ နာရီကြာ ပဋိပက္ခက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပရီ‌ဂေါဇင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဆာဂေးရှိုးဂူ တို့ကြားတင်းမာမှုရဲ့ ရလဒ် ဖြစ်ပါ တယ်။ ပရီဂေါဇင်က သူ့လုပ်ဆောင်ချက်က ပူတင်ကို ဆန့်ကျင်တာမဟုတ်ဘူး၊ တာ၀န်မကျေတဲ့ စစ်ဘက်ခေါင်း ဆောင်တွေကို ဖယ်ရှားဖို့သာဖြစ် တယ်လို့ ပြောပေမယ့် ပူတင်ကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတော်ပုန်ကန်မှု ဖြစ် တယ်လို့ ပြောခဲ့တယ်။

နောက်ဆုံးမှာဒီ ပဋိပက္ခက ဘီလာရုစ် သမ္မတရဲ့ ကြား၀င်စေ့စပ်မှုကြောင့် ပူတင်က ပရီဂေါဇင် နဲ့ ဝဂ္ဂနာ တပ်ဖွဲ့ ဝင် တွေကို အရေးမယူဘူးလို့ ဂတိပေး၊ ပရီဂေါဇင် က သူ့တပ်ဖွဲ့တွေကို မော်စကိုနဲ့ ကီလို ၂၀၀ အကွာ ရောက်နေရာ က နေ နောက်ပြန်လှည့်ပြီး မူရင်း တပ်စခန်းတွေကို ပြန်ဖို့ အမိန့်ပေး၊ သူကိုယ်တိုင်လည်း ဘီလာရုစ်နိုင်ငံကို ထွက် သွားဖို့ ကတိပေးတဲ့အတွက် ပြီးဆုံးသွားခဲ့ပါတယ်။

ဒီဆောင်းပါး‌ရေးနေတဲ့အချိန်ထိတော့ ပရီဂိုဇင် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး။ ဘီလာရုစ်အစိုးရ က လည်း ပရီဂိုဇင် ရောက်မရောက် နဲ့ ရောက်လာရင် ဘယ်လိုအနေအထားနဲ့ နေထိုင်ရမလဲဆိုတာ ထုတ်မပြော သေးဘူး။ ဒီလိုပဲ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ရင် ရုရှား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ တပ်ဖွဲ့ဝင်တွေကို အရေးမယူဘူး၊ ရုရှားကာကွယ်ရေး၀န်ကြီးဌာနနဲ့ ကန်ထရိုက်စာချုပ် ချုပ်ဆိုပြီး အလုပ်လုပ်ခွင့်ရမယ်လို့ ပြောတာ ပဲရှိသေးတယ်၊ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေဘက်က အဲဒီအဆိုကို လက်ခံခြင်းရှိ/ မရှိ မသိရသေးဘူး။

ပူတင်ဇာတ်လမ်း

ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့  ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင်  ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့  ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။

ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ  တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပို ရှိတယ်လို့ ထင်အောင်ပဲ ဟန်ဆောင်တယ်၊ အားနည်းနေပြီလို့ ထင်မြင်စေမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ ဒါ့ကြောင့်   

နိုင်ငံရေးအာဏာ မဆိုထားတဲ့ တစ်ကိုယ်ရေကျန်းမာရေးကိုတောင် အများက အထင်ကြီး လေးစားဖို့ အတွက်ဂျူဒိုကစားပြ၊ အပေါ်ပိုင်း ကိုယ်ဗလာနဲ့ မြင်းစီးပြ ၊ အမဲလိုက်ပြ၊ ကျားဖမ်းပြ နေရတာ မဟုတ် လား။ 

နောက်တစ်ခါ အခုလို ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ရင်ဆိုင်နေရချိန်မှာ ရှေ့တန်း စစ်မြေပြင်မှာ ရှိ နေတဲ့ ရုရှားတပ်ဖွဲ့တွေကြားမှာ သံသယတွေ၊ တွေ‌ဝေမှုတွေ ၊ မရေရာ မသေချာမှုတွေ ဖြစ်စေ မယ့် လုပ်ရပ်မျိုးကို ပူတင် မလုပ်ဘူး။ အခုအရေးအခင်းနဲ့ပတ်သက်ပြီး နိုင်ငံကို ပြောတဲ့ မိန့်ခွန်းထဲမှာ တောင် ဝဂ္ဂနာ အဖွဲ့ ရဲ့လုပ်ရပ်က ယူကရိန်းစစ်ဖြစ်နေချိန်မှာ နောက်ကြောကို ဓားနဲ့ထိုးတာပဲ( This is a knife in the back of our country and our people.)  လို့ ထည့်ပြောခဲ့တာပါ။

အဲဒီသဘောတရားကို နားလည်နိုင်ရင် အခု ဖြစ်သွားတဲ့ အရေးအခင်း ရဲ့ သက်ရောက်မှုကို မှန် မှန် ကန်ကန်သုံးသပ်နိုင်မှာပါ။ဒါပေမဲ့မြန်မာပြည်ကပူတင်လော်ဘီတွေကတော့ရုရှားသတင်းမီဒီယာတွေ ထက်တောင် ဘုန်း တော်ဘွဲ့ရေးတာ ပိုကောင်းနေသေးတယ်။