ပုဂံက  ဖွတ် ဖား ဗျိုင်း

ပုဂံကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပေမဲ့ ဖွတ်စေတီ၊ ဖားစေတီ ၊ ဗျိုင်းစေတီ လို့ နာမည်ပေးထားတဲ့ ထူးထူးခြားခြား စေတီသုံးဆူရှိတာ ပြီးခဲ့တဲ့ ဩဂုတ်လ ခရီးစဥ်ကမှ သိရတယ်။ ဒီစေတီတွေကို ဖွတ်၊ ဖား၊ ဗျိုင်း လို့  တိရိစ္ဆာန်အမည်တပ်ခေါ်တာ ဘယ်အချိန်ကစလဲဆိုတာတော့ မှတ်တမ်းရှာ မတွေ့ ဘူး။ 

ဒါပေမဲ့ ၁၉၇၁ ခုနှစ် မှာ ဆရာဦးဗိုလ်ကေ ပြုစုခဲ့တဲ့ “ ပုဂံသုတေသနလမ်းညွှန်” စာအုပ်မှာ  ဖွတ်၊ ဖား၊ ဗျိုင်းစေတီ သုံးဆူအကြောင်းရေးထားတဲ့အတွက် အဲဒီအချိန်မတိုင်ခင်ထဲက ဒီနာမည်တွေ ရှိ နေတာ သေချာပါတယ်။ နောက်ပြီး ကျန်တဲ့စေတီတွေလိုမဟုတ်ပဲ ဘုရားဘွဲ့အမည်တွေကို ကိုယ်လုံး တော် မှာ စာနဲ့ ရေးထိုးထားတာလည်းတွေ့ရပါတယ်။ 

ဒီစေတီ သုံးဆူက တန့်ကြည့်တောင်ထိပ်ကနေ မြတ်စွာဘုရားဗျာဒိတ်ပေးခန်းလို့ အစဥ်အလာပြော ခဲ့ ကြတဲ့ ဒဏ္ဍာရီစကားမှာပါတဲ့  ပေါက်ပင်နဲ့ ဖွတ်၊ ဖား၊ ဗျိုင်းတို့ကို အမှတ်အသား ပြုတဲ့စေတီတွေလို့ ဆိုပါ တယ်။

ဖွတ်၊ ဖား၊ ဗျိုင်းပုံပြင်နဲ့ပတ်သက်ပြီး ဦးကုလား မဟာရာဇဝင်ကြီး ရဲ့ ပုဂံပြည်မင်းဆက် အခန်းမှာ မြတ်စွာဘုရား ဒေသစာရီကြွချီရင်း တန့်ကြည့်တောင်ထိပ်ကို ရောက်တဲ့ အခါ ပုဂံပြည်ဖြစ်မဲ့ နေရာ ကိုလှမ်းကြည့်တယ်။ အဲဒီအခါ ကမ်းပါးထိပ်မှာ ပေါက်နေတဲ့ ပေါက်ပင်ကြီးရဲ့ အဖျားမှာ ဗျိုင်းဖြူ နဲ့ ကျီးမည်း နားနေတာ၊ ပေါက်ပင်အလယ်ခွမှာ လျှာနှစ်ခွနဲ့ ဖွတ်နေတာ၊ ပေါက်ပင်ရင်းမှာ ဖား ငယ် တစ်ကောင်ရှိနေတာကို တွေ့တယ်။ 

အဲဒီမြင်ကွင်းကို ကြည့်ပြီး မြတ်စွာဘုရားက ပြုံးတော်မူတယ်၊ ပြုံးရတဲ့ အကြောင်းအရင်းကို ညီတော် အနန္ဒာကမေးတော့ မြတ်စွာဘုရားက 

  • ချစ်သား အာနန္ဒာ ငါ ပရိနိဗ္ဗာန်ပြုတော်မူ၍ နှစ် ၆၅၁ ရောက်သောအခါ၌ ဤအရပ်သည် ပြည် ကြီး ဖြစ်လတ္တံ။
  • ပေါက်ပင်ဖျား၌ ဥဗျိုင်းဖြူနှင့် ကျီးမည်းနားသည် – အလိုသော်ကား ထိုပြည်၌ အလှူ သီတင်းသုံးသူများလတ္တံ။
  • ပေါက်ပင်ခွ၌ ဖွတ်ပြိတ္တာ လျှာနှစ်ခွနေသည်- အလိုသော်ကား ထိုပြည်သူတို့ သည် လယ်ယာ မလုပ်ဘဲ အရောင်းအဝယ်ကုန်စည်နှင့်သာ အသက်မွေးသောအားဖြင့် မမှန်သောစကားကို သုံးသည်ဖြစ်၍ သစ္စာမှားယွင်းယိုလတ္တံ။
  • ပေါက်ပင်ရင်း၌ ဖားသားငယ်ဝပ်သည်- အလိုတော်ကား ထိုပြည်သူတို့သည် ဖားနှယ် ဝမ်းချမ်း ( ဝမ်းအေးသည်၊ စိတ်နှလုံးအေးချမ်းသည်။) ၍ သာယာမွေ့လျော်လတ္တံ။ 

လို့ ဗျာဒိတ်ထားခဲ့တယ်ဆိုပြီး ရေးထားပါတယ်။ ( မူရင်းစာပါအတိုင်း)

ဖွတ်၊ ဖား၊ ဗျိုင်းစေတီ သုံးဆူက ပုဂံပြတိုက်နဲ့ မျက်နှာချင်းဆိုင် “မီးမလောင်ကျောင်း” အခြေ ကားရပ်တဲ့နေရာ အနားမှာ ရှိပါ တယ်။ မီးမလောင်ကျောင်းက ရှုခင်းလှတဲ့အတွက် ဓာတ်ပုံရိုက်တဲ့သူ များ ပေမဲ့ ဒီစေတီသုံးဆူကိုတော့ သတိပြုမိတဲ့သူ နည်းပါတယ်။

မြင်းပြဂူဘုရား

ပုဂံခေတ် ပိသုကာပညာရှင်များရဲ့ အလင်းပေးမှု စနစ်ဘယ်လောက်ကောင်းတယ်ဆိုတာကို မြင်းပြ ဂူဘုရား (ဘုရားအမှတ်၁၄၉၃)မှာတွေ့နိုင်ပါတယ်။မြင်းပြဂူဘုရားကအောက်ခြေနိမ့်နိမ့် လေး ထောင့်  တိုက်ပေါ်မှာ စေတီကြီးတည်ထားတာဖြစ်ပါတယ်။ စေတီအောက်တည့်တည့်မှာ ဆင်းတုတော် ထား တဲ့ အခန်းရှိပြီး အပြင်မှာ ပတ်လမ်းတစ်ခုရှိပါတယ်။ ပတ်လမ်းအပြင်မှာ ဝင်/ထွက်ဖို့အတွက် မုခ် ဆောင်တွေရှိပါတယ်။

အဲဒီလို အဆောက်အအုံ နိမ့်နိမ့်ရဲ့ အတွင်းဆုံးမှာ ရှိနေတဲ့ ဆင်းတုတော်ရဲ့ မျက်နှာ တော်ပေါ်ကို အလင်းရောင်ရအောင် ဘယ်လိုတည်ဆောက်ထားသလဲဆိုတာကို  မြင်းပြဂူ ဘုရား အကြောင်း သိတဲ့ ပညာရှင်များ ဒီပို့စ်အောက်မှာ မှတ်ချက်ရေးသားရှင်းလင်းပေးရင်တော့ စာဖတ်သူ အားလုံး ဗဟုသုတ တိုးမှာပါ။ 

ဆင်းတုတော်ရဲ့မျက်နှာတော်ပေါ်  အလင်းရောင်ထိုးကျနေပုံကို ဓာတ်ပုံရိုက်တဲ့အခါ  မြင်းပြဂူဘုရား ကသော့ခတ်ပိတ်ထားတဲ့အတွက် ကင်မရာအသေးလေးကို သံတိုင်ကြားက ထိုးသွင်း၊ လူကမြေကြီး ပေါ်မှာ ဝမ်းလျားထိုးအနေအထားနဲ့ ကင်မရာကို တတ်နိုင်သလောက် အောက်နှိမ့်ပြီး  ရိုက်ခဲ့ ရပါတယ်။အဲဒီလိုအနေအထားအရ View Finderကို သေသေချာချာ ကြည့်ခွင့်မရတာလည်း အားနည်းချက် တစ်ခု ပါပဲ။  ဓာတ်ပုံရိုက်ခဲ့တဲ့ အချိန် ကတော့ ညနေ ငါးနာရီဝန်းကျင်ဖြစ်ပါတယ်။ 

မြင်းပြဂူဘုရားကို သွားမယ်ဆိုရင် ပုဂံမြို့ဟောင်းကနေ ကားလမ်းအတိုင်း ပုဂံပြတိုက်ဘက်ကို သွားပါ။ ပုဂံပြတိုက်ကို လွန်တာနဲ့ လမ်းဘယ်ဘက်မှာ မီးငြိမ်းကုန်းဘုရား ( ဘုရားအမှတ် ၁၄၉၉) ကို သွားတဲ့ လမ်းခွဲကို တွေ့ပါ့မယ်။ အဲဒီလမ်းခွဲအတိုင်းဝင်သွားရင် မီးငြိမ်းကုန်းဘုရားနဲ့ မျက်စောင်း ထိုး မှာ မြင်းပြဂူဘုရားကို တွေ့ပါ့မယ်။ ( မြေပုံလည်း တင်ပေးထားပါတယ်။) 

ဇူလိုင်လပုဂံကိုသွားတဲ့အခါ ပစ္စည်းကရိယာမပြည့်စုံတဲ့အတွက် ညရှုခင်း ဓာတ်ပုံတွေကို စိတ်ကြိုက် ရိုက်ခွင့်မရခဲ့ပါဘူး။

ဒါ့ကြောင့် ဒီတစ်ခေါက် အလှုကိစ္စနဲ့ ပုဂံကို သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းကရိယာတွေ ယူသွားပြီး ပုဂံ ဘုရားများရဲ့ ညရှုခင်းကို စိတ်တိုင်းကျ ရိုက်ခဲ့တာကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

ဘုရားတစ်ဆူချင်းအလိုက် ရိုက်ကူးခဲ့တဲ့နေရာများက အောက်ပါအတိုင်းဖြစ်ပါတယ်-

အာနန္ဒာ ဘုရား  –   အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြား။ အဲဒီနေရာမှာ မီးတိုင်ရှိနေတဲ့အတွက် မြင်ကွင်းကန့်သတ်ချက်တော့ရှိတယ်။

စူဠာမဏိ ဘုရား –  အိုးထိန်းတောင်ရှုခင်းကြည့်တောင်ကုန်း။

ဓမ္မရံကြီးဘုရား-  ဘုရားအနောက်ဘက်မှာ ရှိတဲ့ ဘုရားပျက်ကုန်း။

စူဠာမဏိ ညရှုခင်း

ခရီးသွားအများစုက စူဠာမဏိဘုရားနားမှာရှိတဲ့  ရှုခင်းကြည့်တောင်ကုန်းကနေ တန့်ကြည့် တောင် နေဝင်ချိန် မြင်ကွင်း ကိုပဲ ကြည့်ရှုခံစား ဓာတ်ပုံရိုက်တာများပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ တောင် ကုန်းနောက်မှာရှိတဲ့ရေကန်ကနေ စူဠာမဏိဘုရားကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။

 ဒီမြင်ကွင်းက မိုးရာသီ ရေကန် ထဲမှာ ရေရှိနေမှ မြင်နိုင်တဲ့မြင်ကွင်းဖြစ်တဲ့အတွက် အခုအချိန် ပုဂံရောက်နေတဲ့ ဧည့်သည် များ ရှုခင်းကြည့်တောင်ကုန်းပေါ်က နေဝင်ချိန်ရှုခင်းကို ခံစားသလို ရေကန်ဘက် ကနေလည်း စူဠာ မဏိ ဘုရား ရဲ့ ညရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

မှတ်ချက်။ တာဝန်ရှိသူများက ဓာတ်ပုံရိုက်တဲ့ဘက်အခြမ်း ရေကန်စပ်က ချုံတချို့ကို ရှင်းပေး လိုက်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကင်မရာကို ဒီ့ထက်ကောင်းတဲ့ ရှုထောင့်မှာ ထားပြီး ရိုက်လို့ရမှာပါ။ အခု ပုံက တော့ ချုံတွေလွတ်တဲ့နေရာကနေ အဆင်ပြေအောင်ရိုက်ခဲ့ရတာဖြစ်ပါတယ်။ 

ပုဂံမြင်ကွင်းကျယ် (၁၃)

မီးဖိုချောင်မှ အသံများ

ရထားဈေးသည်

ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက်  ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။ 

ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ  စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ် စောင့် ရမှာက ‌ခြောက်လ၊ ခုနစ်လဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ စာအုပ်တစ်အုပ်ပဲ အဖတ်တင်တယ်။ 

ထမင်းထုပ်ရောင်းတော့ ဧရာပဒေသာဆန် နဲ့ ပေါ်ဆန်းရောချက်ရတယ်။ ဧရာပဒေသာက တစ်ပြည် ငါးထောင်  ကျော် အဲဒါ ထိပ်စမဟုတ်သေးဘူး ၊ ပေါ်ဆန်းက ‌‌ခြောက်ထောင့်ငါးရာ၊ ဧရာ ခြောက်ဘူးကို ပေါ်ဆန်း နှစ်ဘူး ရောချက်တယ်၊ စားအုန်းဆီက အခု တစ်သောင်းနှစ်ထောင်၊ အသားဈေး၊ ကြက်ဥစျေး အကုန်တက်၊ ဖော့ဘူး လည်း ဈေးတက်တာပဲ။ ရောင်းတော့ ထမင်းတစ်ဘူး တစ်ထောင့် ငါးရာ၊ ကိုယ့်အတွက် နည်းနည်းပဲကျန်တယ်။ အိမ်မှာ ထမင်း၊ဟင်းမချက်ရတာ အမြတ်ပေါ့။ 

ဆန်တွေ၊ ဆီတွေ ရောင်းပေးတယ်ဆိုတာ လေးလေး ပြောမှ ကြားဖူးတာ၊ မိုးကြိုးပစ်စိ တစ်ခါမှ မရဘူးပါဘူး၊ ရတဲ့ သူ လည်းမတွေ့ဖူးဘူး။

ဘုရားအစောင့်ဝန်ထမ်း

ကျွန်တော့လစာက တစ်သိန်းလေးသောင်း၊ အရင် ဝယ်စားတဲ့ဆန်က  သုံးသောင်းနှစ်ထောင်ကနေ ကိုးသောင်း ကျော်သွားပြီ။ လစာတစ်ခုတည်းနဲ့ ဘယ်ရမလဲ။ အိမ်မှာ သမီးတစ်ယောက်က ဆိုင်အကူ တစ်သိန်းနဲ့လုပ်တယ်၊ သားတစ်ယောက်က ကျပန်း၊ သား တစ်ယောက်က သဲပန်းချီကားလေးတွေ ယူပြီး ရောင်းတယ်၊ ကော်မရှင် စား ပေါ့။ ဧည့်သည်နည်းတော့ အလုပ်ရှား၊ အရောင်းပါးတယ်။  အမယ်ကြီးကတော့ အိမ်စောင့်။

လစာမတိုးပါနဲ့။ ဆန်စျေး၊ ဆီဈေးကျအောင်သာလုပ်ပေးစမ်းပါ။  

ဘုရားက လက်ပွေ့ဈေးသည်

ဒီအရပ်က စလင်းဘက်က ထွက်တဲ့ ဧရာပဒေသာကို စားတာ၊ ပေါ်ဆန်းကို အီလို့ဆိုပြီးမစားကြဘူး။ ဧရာ ပဒေသာ ကိုပဲ စက်နာမည်ကို လိုက်ပြီး သီဟစိမ်း၊ ရွှေရည်လွင် ဆိုပြီး ခေါ်တာပေါ့။ ဈေးက တစ်သိန်းခွဲ၊ တစ်သိန်း ခြောက် သောင်း အစားစားပဲ ။ ကန်တော်လေးတို့ နွားကြီးတို့ ဆိုတဲ့ ကိုးသောင်း၊ တစ်သိန်းတန် ဆန်ကြမ်း လည်း ရှိတယ်။ ကိုဗစ် မတိုင်ခင်ဈေးတော့ မမေးနဲ့၊ ငိုချင်တယ်။ ကျွန်မတို့ ကတော့ ဧရာပဒေသာပဲစားတယ်၊ ဆန်ကောင်း  တော့ ဘာလေးနဲ့ ဖြစ်ဖြစ်  စားလို့ ဖြစ်တာပေါ့။ 

စျေး တွေပဲ ကျစေချင်တာပါတော်။ လိုင်းပေါ်တော့ တက် မပြောရဲပါဘူး၊ ထုခံရမှာ ကြောက်တယ်။ 

ဘုရားဈေးက ထမင်းဆိုင်

ရောင်းရလားဆိုတော့ ပွဲတော်ရက်တွေမဟုတ်ရင် စနေ၊ တနင်္ဂ‌နွေပဲ အဓိက ထားရတာပေါ့။ ကျန်တဲ့ ရက်တွေ ကတော့ ချိန်ပြီးချက်နေရတာပဲ။ စျေးကတော့ ပြောမနေနဲ့တော့။ လွန်ခဲ့တဲ့ တစ်လက ဆန် ဆိုရင် တစ်သိန်း နှစ်သောင်း ပတ်ချာလည်၊ အခု တစ်သိန်းခြောက်သောင်း၊ ဆီက ဆယ်ပိဿာဈေး  အရင် ရှစ်သောင်းခွဲ ကနေ အခု တစ်သိန်း တစ်သောင်းနှစ်ထောင်၊ ကြက်သွန်ဖြူ ( ဗမာ) အရင် ခုနစ် ထောင်၊ အခု တစ်သောင်း ကျော်သွားပြီ၊ ကြက်သွန်နီက အရင် နှစ်ထောင့်လေးရာ အခု နှစ်ထောင့်ကိုးရာ။ ကျွန်မတို့က အများဝယ်ထားလို့ ၊ အခုကုန်လို့  ပြန်ဝယ်ရင် ဘယ်လောက်တက်ဦးမလဲ မသိဘူး။ 

အရန်ဟင်းပွဲ နဲ့ တို့စရာအတွက်က အရင်က ဆိုရင် တစ်နေ့စာ နှစ်သောင်းအများဆုံး၊ အခုဆိုရင် သုံးသောင်း ၊ သုံး သောင်းခွဲ။ သူဌေးဧည့်သည်တွေ စားတဲ့ဆိုင်တွေက စျေးတက်ရတာ လွယ်ပေမဲ့  နယ်ဘုရားဖူးတွေ၊ အလုပ် သမား တွေကို ရောင်း တဲ့အခါ ဈေးတက်ဖို့ ခက်တယ်။ အခုတောင် တစ်ယောက်က ၃၅၀၀နဲ့ ထမင်းပွဲမှာစား၊ နောက် တစ်ယောက်က ထမင်း လိုက်ပွဲပဲမှာပြီး အရန်ဟင်းတွေနဲ့ စား၊ နှစ်ယောက်ပေါင်း လေးထောင်ပဲ ပေးလို့  

“ ဟယ် အဲဒီလိုမရဘူးလေ၊ အသားဟင်းမပါပဲ အရန်ဟင်းနဲ့ ထမင်းပဲစားရင် နှစ်ထောင်ကျတယ်” ဆိုပြီး ပြောရ တယ်၊ လူတွေလည်း ရှားပါး လာတော့ ကြံမိကြံရာပဲ။ 

ဘုရားဖူးမသွားဘူးလားဆိုတော့ ဆိုင်အတွက်လုံးပန်းနေရတာနဲ့ ရွှေစည်းခုံတောင် အေးအေးဆေးဆေး မဖူးနိုင်ပါ ဘူး။ ဘုရားဖူးဆိုရင်လည်း ဘုရားကြီး ( မဟာမြတ်မုနိ) နဲ့ ရွှေတိဂုံပဲ ဖူးမှာပေါ့။ 

ဘတ်ဂျက်ဟိုတယ်ပိုင်ရှင်

ကျွန်တော့ဟိုတယ်က နှစ်ယောက်ခန်း မရှိဘူး၊ လေးယောက်ခန်း၊ ခြောက်ယောက်ခန်းတွေပဲရှိတယ်။ အုပ်စုလိုက် လာတဲ့သူတွေတည်းတာများတယ်။ အခန်းခကတော့ လူတစ်ယောက် တစ်သောင်းနှုန်းပေါ့။ မနက်စာကတော့ ထမင်းဆီဆမ်း၊ ကြက်ဥကြော်နဲ့ ပဲ ကျွေးနိုင်တယ်။

 မနက်စာဆိုတော့ ဆန်နို့ဆီဘူးတစ်ဘူးကို ဧည့် သည် သုံးယောက်နှုန်းတွက်တယ်၊ အဲဒီထက် ပိုစားတာပဲ ရှိတယ်၊ မလျော့ဘူး၊ သုံးယောက်နှုန်းနဲ့ပဲထား၊ ကိုယ်သုံးတဲ့ ဆန်တစ်အိတ်က အခု တစ်သိန်းခြောက်သောင်း၊ နို့ဆီဘူး တစ်ဘူးအတွက် ၈၃၃ ကျပ်ကျတယ်။ ဒီထက်ပိုစားမှာနဲ့ တွက်ရင် ကိုးရာထားလိုက်၊ လူတစ်ယောက်အတွက် ဆန်ဖိုးက အနည်းဆုံး သုံးရာသုံးရတယ်။ ကြက်ဥက အရင်က တစ်ရာ့ငါးဆယ်ကနေ အခု သုံးရာဖြစ်နေပြီ၊ ကြက်ဥ တစ်လုံးကြော်ရင် ဆီဖိုး၊ဂတ်စ်ဖိုးနဲ့အပါလေးရာလောက်ကုန်တယ်။ကျန်တဲ့ တိုလီမိုလီ အသီးအနှံ နဲ့ပေါင်းလိုက်ရင် လူတစ်ယောက်အတွက် တစ်ထောင်ပတ်ဝန်းကျင်ကုန်တယ်။ အဲဒါ မနှစ်ကထက် နှစ်ဆပိုကုန်တဲ့သဘောပဲ။ ဒါ့ကြောင့် အရင်က ကော်ဖီမစ်တိုက်တာကို အခု မတိုက်ပဲ ဖြုတ်လိုက်ရတယ်။ 

ဒီကြားထဲ မီးပျက်တဲ့အတွက် ညဘက် မီးစက်နှိုးရလို့  ကုန်ကျ စရိတ်ပိုလာတယ်။ ဝန်ထမ်းလစာ၊ မီတာခ၊ အခွန်အခတွေ၊ ဘဏ်တိုးတွေနဲ့ပေါင်းလိုက်ရင် လုပ်ငန်းရပ်မသွားတာ ကပဲ အမြတ်လိုဖြစ်နေတယ်။ ကျွန်တော် တို့  အတွက်ကတော့ စားသောက်ကုန်ဈေးတက်တာက လှည့်လို့ရသေးတယ်၊ မီးပျက်တာက ပိုဆိုးတယ်။

မန်ကျည်းဖျော်ရည်သည် 

အောင်မယ်လေးတော်၊ဆရာပြောတဲ့ ကျန်တဲ့ နိုင်ငံတွေလို မဟုတ်ဘူး၊ ဗမာတွေဆန်စားတာများလွန်းတယ်၊ ဆန် ချောက အဆီများတယ်၊  ဆန်ကြမ်းစားပါ လို့ ပြောတာ ဘယ်သူတုန်း။ ခေါ်ခဲ့စမ်းပါ့။

ဆင်းရဲသား၊ ဟင်းကောင်းကောင်းလည်း မစားနိုင်၊ သရေစာလည်း မစားနိုင်၊ ဆန်ကောင်းလေးတော့ စားပါ ရစေ။ ထမင်းထွေးထွေးလေးနဲ့ဆို နှမ်းဖတ်ချဥ်လေးနဲ့လည်း စားလို့ရတယ်။ ဆန်ကြမ်းမစားခိုင်းနဲ့၊ ဆန်ဈေးပဲ ကျအောင် လုပ်ပေး။

ဆန်ဆိုင်

အိတ်စ်ပို့လုပ်တာက ဆန်ကြမ်းတွေ၊ အများစားတဲ့ ဆန်ချောတွေမဟုတ်ဘူး။ အိတ်စ်ပို့ကြောင့် ဆန်စျေးတက် တာမဟုတ်ဘူး။ အခုက အရင် ဆန်ချောစိုက်တဲ့ နေရာတွေမှာ မစိုက်နိုင်တာလည်း ပါတယ်။ ဆီဈေး၊ ဓာတ်မြေဩ ဇာစျေး၊ ပိုးသတ်ဆေး၊ ဘာကြေး ညာကြေး ဆက်စပ်နေသမျှ အကုန်တက်နေမှတော့ ဆန်ဈေးလည်း တက်မှာပဲ။ 

ဆန်ဈေးတက်လို့ အမြတ်ပိုမရပါဘူးဗျာ၊ မနှစ်ကစျေးနဲ့ ရတဲ့ အမြတ်မာဂျင်ထက်တောင် နည်းသေးတယ်။ ကိုယ့် အိမ်စရိတ်၊ ကားဆီဖိုး၊ ကလေးကျောင်းစရိတ်တွေကလည်း တက်နေတာပဲလေ။ 

ခရီးသည်

ဘတ်ဂျက်ဟိုတယ်တည်း၊ လမ်းဘေးဆိုင်စားလည်း တစ်ခေါက်ထက် တစ်ခေါက် ကုန်တာပိုများလာပြီ၊ အိမ်ရှင်မ မျက်နှာမညိုအောင် ခရီးသွားတာလျှော့ဦးမှ။ 

ပုဂံမြင်ကွင်းကျယ် (၁၂)

ပုဂံရထား

ပြီးခဲ့တဲ့ ဇူလိုင်လ ပုဂံခရီးစဥ်အတွင်းမှာ ခရီးသွားဖော်သူငယ်ချင်းက ညောင်ဦးခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ လို အပ်ချက်ကို တွေ့လာခဲ့ပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေ အပေါင်း အသင်းများကိုတတ်နိုင်သရွေ့ပါဝင်ကူညီကြဖို့မေတ္တာရပ်ခံခဲ့တယ်။သူ့ကြိုးပမ်းချက်ကြောင့်ထိုက်သင့်တဲ့ အလှူငွေ ပမာဏကို ရလာတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပြီး ပုဂံကို နောက်တစ်ခေါက်သွားဖို့  ပြင်ဆင်ခဲ့ ပါတယ်။

ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွား၊ အပြန်မှာ အဝေးပြေးကားနဲ့ ပြန်ဖို့ စီစဥ်ပါတယ်။ ရထား လက်မှတ် ဝယ်တာကတော့ မန္တလေးကို ရထားနဲ့ တစ်ခေါက်သွားခဲ့ပြီးပြီဖြစ်တဲ့အတွက် ဝယ်ရမဲ့ အချိန်၊ ဝယ်ရမဲ့နေရာကို သိတယ်။ ဒါပေမဲ့ ရန်ကုန်- ပုဂံရထားက တစ်ပတ်မှာ တစ်ရက်ပဲ ရှိတဲ့အတွက်ထွက်မဲ့ ရက်ကို သေချာအောင် စုံစမ်းတော့ ရန်ကုန်ကနေ သောကြာနေ့ထွက်ပြီးပုဂံကနေ အင်္ဂါနေ့ ပြန်ထွက်တယ်လို့ သိရတယ်။ လက်မှတ် ရောင်းတာကတော့ သုံးရက်ကြိုတင်ရောင်းတဲ့အတွက်သောကြာနေ့ထွက်မဲ့ရထားအတွက် အင်္ဂါနေ့ မှာ သွားဝယ် ရတယ်။  

ရထားလက်မှတ်စရောင်းတဲ့အချိန်က မနက် ခုနစ်နာရီဖြစ်တဲ့အတွက်သူငယ်ချင်းနှစ်ယောက် မှတ်ပုံတင်ကိုယ်စီနဲ့ ‌‌ ဗိုလ်ချုပ်လမ်းဘက်လက်မှတ်ရုံကိုခြောက်နာရီလေးဆယ့်ငါးမိနစ်အရောက်သွားလိုက်တယ်။မန္တလေး၊မော်လမြိုင်  နဲ့ ပုဂံ ရထားကောင်တာတွေမှာ ကိုယ့်ထက်ဝိရိယကောင်းတဲ့သူတွေရောက်နေပေမဲ့ လူအများကြီး မဟုတ်ပါဘူး၊။ တစ်ချိန်ကလို ရထားလက်မှတ်မှောင်ခိုရောင်းတဲ့ခေတ်လည်းမဟုတ်တော့ပါဘူး၊ ရထားစီးတဲ့သူကိုတောင် မြန်မာ့ မီးရထားက ဆုချရမဲ့ သဘောပါပဲ။  ၁၇ ဧပြီ ၂၀၂၃ ရက် နေ့  အလဲဗင်း သတင်းစာမှာတော့ မြန်မာ့မီးရထား လက်မှတ်တွေကို ရန်ကုန် ၊ မန္တလေး၊ မော်လမြိုင်နဲ့ ပြည် ဘူတာတွေမှာ အွန်လိုင်းစနစ်နဲ့ ရောင်းချနိုင်ဖို့အတွက် စီစဥ်နေတယ်လို့ ဖတ်ရပေမဲ့ ရန်ကုန်ရထားလက်မှတ်အရောင်းကောင်တာမှာတော့ “မြန်မာ့မီးရထားမှ အွန်လိုင်း စနစ်ဖြင့် အမြန် လက်မှတ်များကို လုံးဝ ( လုံးဝ) ရောင်းချခြင်းမရှိပါ။” ဆိုတဲ့ စာကပ်ထားတယ်။  အွန်လိုင်းစနစ်က လာမယ်၊ ကြာ မယ်ဆိုတဲ့သဘောထင်ပါရဲ့။ 

ရန်ကုန်-ပုဂံရထားက ညနေ လေးနာရီ ၁၅ မိနစ်မှာ အမှတ် (၂)  စင်္ကြံက ထွက်တယ်။  အမှတ် (၂) စင်္ကြံ ဘက်ကို သွားရမှာဆိုတော့  ကျွန်တော်တို့က ဘူတာကြီး ရိုးရိုးတန်းပေါက်ဘက်မှာ ပစ္စည်းတွေချလိုက်တယ်၊  ပုဂံမှာ လှူဖို့ ပစ္စည်းထုပ် တွေပါတဲ့အတွက်  လှည်းငှားဖို့ လုပ်တော့မှ အထူးတန်းဝင်ပေါက်ဘက်မှာပဲ ငှားလို့ရတယ်ဆိုတာ သိ လိုက်ရ တယ်။ ဒီလို နဲ့ ပျံကျအလုပ်သမားသုံးယောက်ငှားပြီး နှစ်ခေါက်သယ်လိုက်ရတယ်။ ဒါကလည်း သင်ခန်းစာ တစ်ခု ပေါ့။ 

ကျွန်တော်တို့ သွားတဲ့နေ့က ပုဂံရထားမှာ အထက်တန်း အိပ်ခန်းတွဲ သုံးတွဲ၊ အထက်တန်းထိုင်ခုံတွဲတစ်တွဲ၊ ရိုးရိုး တန်း လေးတွဲပါတယ်။ ရထားတွဲတွေထိုးပြီးချိန်မှာအသံချဲ့စက်ကနေ အထက်တန်း အိပ်စင် ဆယ်နေရာ၊ ရိုး ရိုး တန်းဆယ်နေရာ ရောင်းဖို့ကျန်သေးတယ်လို့ ကြေညာသံကြားရတယ်။ ပုဂံရထား အိပ်စင်တွဲက မန္တ လေး ရထားတွဲတွေလောက်တော့မကောင်းပေမဲ့ မြန်မာနိုင်ငံမှာပဲလေလို့ နှလုံးသွင်းနိုင်ရင် စီးပျော်ပါတယ်။ ခေါင်းအုံးတစ်လုံး နဲ့ အိပ်ယာခင်း ပေးထား တယ်။ မီးချောင်း၊ ပန်ကာ အကုန်သုံးလို့ရတယ်။ ဖုန်းအားသွင်း နိုင်ဖို့ အတွက် USB  အပေါက်နှစ်ခုပါတဲ့ အားသွင်းခုံ တစ်ခုလည်း ထည့်ပေးထားတယ်။ အိမ်သာ၊ မျက်နှာသစ်ခွက် အားလုံးရေလာပါတယ်။ အခန်းတံခါးကတော့ မူလပါတဲ့ ခလုတ်တွေမကောင်းတော့တဲ့အတွက် မြန်မာ့နည်း မြန်မာ့ ဟန် ချက်ထိုးပြီး ပိတ်လို့ရအောင် လုပ်ထား ပေးတယ်။ ပြတင်းပေါက်တွေလည်း ဒီလိုပါပဲ၊ မူလပါတဲ့ တင်ချခလုတ်တွေမကောင်းတော့တဲ့အတွက် ပြည်တွင်းဖြစ် ခလုတ်တွေတပ်ထားပေးတယ်။ ဒါပေမဲ့ တင်ချရ အလွန်ခက်တဲ့အတွက် တွဲထိန်းကို အကူအညီတောင်းပြီး တင်ချလုပ်ရတယ်။ 

 ပုဂံရထားက စားသောက်တွဲမပါတဲ့အပြင် လမ်းဘူတာတွေမှာလည်း ညစာ သန့်သန့်ရှင်းရှင်း ကောင်းကောင်း မွန်မွန် မရနိုင်ဘူးလို့ သိရတဲ့အတွက်   ညစာအတွက် ကိုယ့်ဘာသာကိုယ်သယ်ခဲ့ရတယ်။ စားပွဲပေါ်မှာ ပန်းကန် ခွက်ယောက်တွေကို ဒီအတိုင်းတင်ထားလို့ရတာကို ကြည့်ခြင်းဖြင့် ရထားလမ်း အခြေအနေ မဆိုးဘူးဆိုတာကို သိနိုင်ပါတယ်။ ရထား ကတော့ မောင်ချောနွယ်ရဲ့   ကဗျာထဲကလို “တစ်မြို့ ပြီးတစ်မြို့ရေတွက်၊ တစ်ခုပြီးတစ်ခု ရေတွက်၊ တစ်တောင်ပြီး တစ်တောင်ရေတွက်၊ အားလုံးကို ရေတွက်၊ ရထား ခရီးဆက်ခဲ့ တယ်ပေါ့” ဆိုတဲ့ အတိုင်းမှန်မှန်ကြီး ခုတ်မောင်းနေတယ်။ ည ကိုးနာရီကျော်တော့ တွဲထိန်းတွေက ပြတင်းပေါက် တွေ ကို အနည်း ဆုံး တစ်ဝက်လောက်အောက်ချပြီး ပိတ်ထားဖို့ ၊ ပြတင်းပေါက်ကနေ လက်လှမ်းမီနိုင်တဲ့နေရာ တွေမှာ ဖုန်း နဲ့အဖိုးတန်ပစ္စည်းတွေမထားဖို့ လိုက်သတိပေးတယ်။ 

ပုဂံရထားမှာ ကြုံခဲ့ရတဲ့ တွဲထိန်းနှစ်ယောက်ကတော့ အတော်အလုပ်လုပ်ပါတယ်။ အမှန်က ဒီရထားမှာ တွဲထိန်း လေးယောက်ပါရမှာ သင်တန်းတက်နဲ့ ကျန်းမာရေးမကောင်းသူနုတ်လိုက်တော့ နှစ်ယောက်ပဲပါလာတယ်။ ဒီနှစ်  ယောက်ကတော့ တွဲဆိုင်းတွေကြားမှာ စုံဆန်သွားရင်း ခရီးသည်နဲ့ ရထားတွဲအခြေအနေကို လိုက်ကြည့်၊ ဘူတာ ရောက်ရင် အောက်ဆင်းပြီး တွဲဆိုင်းတွေကို လိုက်ကြည့် လုပ်နေတာမြင်ရတယ်။ 

သူတို့ရဲ့ အခက်အခဲကတော့ ပုဂံရထားက ဒီနေ့ ရောက် နောက်နေ့ ပြန်ထွက်တာမျိုးမဟုတ်တဲ့အတွက် ပုဂံမှာ သုံးရက် တွဲပေါ်အိပ်၊ တွဲပေါ်စား စောင့်နေရတော့ စရိတ် ထောင်းတာပေါ့။ အခုလို ရထားလိုက်တဲ့အခါ ခရီးစရိတ် ရပေမယ့်ခရီးစရိတ်က ကြိုထုတ်ပေးတာမျိုးမဟုတ်ဘူး၊ ခရီးစဥ်ပြီးမှ တင်တောင်း၊ တောင်းတော့လည်း ချက်ခြင်း ရတာမဟုတ်ဘူး။ အခု ဩဂုတ်လရောက်နေတာတောင် ဧပြီလ ခရီးစရိတ်က မရသေးဘူး။ ဒီတော့ စိုက်စား ထား ရတယ်။ သူတို့ ရတဲ့လစာ နဲ့ ကုန်စျေးနှုန်း ချိန်ကြည့်လိုက်ရင် စိုက်စားဖို့ ဆိုတာ မလွယ်ဘူးဆိုတာ သိသာပါတယ်၊ ဒီအခက်အခဲကို အမြတ်ထုတ်တာကတော့ ခရီးစရိတ် ကြိုကောက်သူတွေပေါ့။ ဒီလူတွေက ရသင့်တဲ့ခရီးစရိတ် ကို ရာခိုင်နှုန်းတစ်ခု ဖြတ်ယူပြီး ဝန်ထမ်းကို ထုတ်ပေးတယ်။ ပြီးတော့ ခရီးစရိတ်ကို ဝန်ထမ်းကိုယ်စား သူတို့ က ထုတ်ယူလိုက်တယ်။တွဲထိန်းဝန်ထမ်းကဘယ်လိုလူတွေဆီက ငွေယူရတယ်ဆိုတာ မပြောပေမဲ့ ဝန်ထမ်း ကိုယ်စား ခရီးစရိတ်ထုတ်လို့ရတယ်ဆိုတော့ မှန်းကြည့်လို့ရပါတယ်။ 

တကယ်တော့ မီးရထားက အခြားအစိုးရဌာနတွေနဲ့ သဘာဝမတူပါဘူး၊ ကျန်တဲ့ဌာနအများစုက ခရီးသွားတယ် ဆိုတာ လုပ်ငန်းကိစ္စပေါ်မှ သွားရတာဆိုတော့ ခရီးသွားပြီးမှ ခရီးသွားခဲ့ကြောင်း အထောက်အထားနဲ့ ပြန်တောင်း ခံရတာ သဘာဝကျပါတယ်၊ ရထားဝန်ထမ်းကတော့ ဘယ်ရထားနဲ့ ဘယ်ဝန်ထမ်းလိုက်မယ်ဆိုတာ အချိန် စာရင်း ထွက်ထားပြီးမှဆောင်ရွက်တာမျိုး၊ ပြီးတော့ နေ့စဥ်လိုလို သွားနေရတာမျိုး ဖြစ်တဲ့အတွက် ရထားပေါ်လိုက်တာနဲ့  ခရီးစရိတ်ထုတ်ပေးလိုက်နိုင်ရင် ပိုအဆင်ပြေမယ်ထင်တာပဲ။

ရထားစီးရတဲ့အရသာတစ်ခုကတော့ ညအိပ်ရတာပဲ။ စီးချက်မှန်မှန် ကြားနေရတဲ့ ရထားသံနဲ့ ပုခက်လွှဲသလိုငြိမ့် ငြိမ့်လေးလှုပ်ရှားနေတဲ့ ရထားတွဲကြောင့် စောစောပဲအိပ်ယာဝင်ဖြစ်တယ်။ ပုဂံရထားလမ်းမှာ ကျွန်တော် စိတ် ဝင် စားတဲ့ဘူတာတစ်ခုရှိတယ်။အဲဒါကတော့ မောင်ချောနွယ် ကဗျာဖွဲ့ခဲ့တဲ့ “ဆတ်သွား” ဘူတာ ပဲ။ တွဲထိန်းက ဆတ်သွား ကို မနက်ငါးနာရီလောက်ရောက်မယ်ဆိုတာနဲ့ နာရီနှိုးစက်ပေးပြီး လေးနာရီခွဲထဲက ထိုင် စောင့်နေခဲ့ တယ်။ 

ရထားက ဆတ်သွား မနက် ငါးနာရီ တိတိ မှာရောက်တယ်၊ ဘူတာတစ်ဘက်ခြမ်း ရထားလမ်းဘေးမှာ ဆိုင်ကယ် နဲ့ လူတစ်ယောက်ရပ်နေပြီး ရထားဝင်လာတော့ “ မိန်းမရေ ငါ ဒီဘက်မှာဟေ့” လို့ လှမ်းအော်တယ်၊ ရထား ရပ်လိုက်တဲ့အခါ  အမျိုးသမီးတစ်ယောက် ခြင်းတောင်းတစ်ဖက် လက်ကဆွဲ၊ အဝတ်အိပ်ကို ခေါင်းပေါ်ရွက်ပြီး ဆင်းသွားတယ်။ မယ့်ကို မြင်တော့ မောင်က ပြေးပြီး အထုတ်တွေ ဆွဲ၊ ပုခုံးဖက်ပြီး ဆိုင်ကယ်ဆီခေါ်သွားတယ်။ ဆတ်သွားရဲ့  ရိုမက်တစ်မနက်ခင်း။ 

 တကယ်တော့ ဆတ်သွားက ပျဥ်းမနား-တောင်တွင်းကြီး ရထားလမ်းနဲ့ ပြည်-အောင်လံ-ပုဂံ ရထားလမ်း ဆုံဘူတာဖြစ်ပါတယ်၊ ဒါပေမဲ့ မနက်လင်းအားကြီးအချိန်ဖြစ်တဲ့အတွက် ဘူတာက တိတ်ဆိတ်နေတယ်၊ မောင်ချောနွယ်ရေးတဲ့ “မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား၊ ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့ တူတဲ့ ၊ ဘတ်သီးတွေ မမှန်မကန်လင်း တတ်တဲ့နေရာ” ဆိုတဲ့အတိုင်း ဘူတာရုံ ရယ်၊ဘူတာရုံနဲ့ မျက်နှာ ချင်းဆိုင်ရထား လမ်း တစ်ဘက်ခြမ်းကပိတ်ထားတဲ့ လက်ဖက်ရည် ဆိုင်မှာရယ်ပဲ မီးရောင်တွေ့တယ်။ ဘူတာ ပလက်ဖောင်းမှာ လည်း တာဝန်ကျ ဝန်ထမ်းကလွဲလို့ လူမရှိ ဘူး။  မနက် လင်းအားကြီးဆိုတော့ ဆတ်သွားမှာ “ခါသားချက်၊ တောဝက်သား ဟင်း၊ လောကဓံတရားထက်ပြင်းတဲ့ မချစ်ရဲ့ အရက်” တော့  မရနိုင်ဘူးပေါ့၊

ဆတ်သွားကဆက်ထွက်ပြီးတော့ မနက် ငါးနာရီခွဲမှာ တောင်တွင်းကြီးကို ရောက်တယ်၊ တောင်တွင်းကြီးမှာ မနက်စာရောင်းတဲ့စျေးသည်တွေတက်တယ်၊ ထမင်းဆီဆမ်း၊ ကြက်သားကြော် / ကြက်ဥကြော် နဲ့ တစ်ဘူး တစ်ထောင့် ငါးရာ၊ နွားနို့တစ်ခွက် တစ်ထောင်။ တောင်တွင်းကြီးက တက်ရောင်းတဲ့ စျေးသည်တွေက သားမြား ဘူတာအထိ လိုက်ရောင်းတယ်၊ သားမြားရောက်ရင် ပုဂံကလာတဲ့ ပုဂံ-တောင်တွင်းကြီး RBE ရထားနဲ့  ပြန်လိုက် တယ်။ ပုဂံရထားမှာမနက်စာ စားချင်ရင်တော့ ဒီစျေးသည်တွေဆီက ဝယ်မှပဲရတယ်။ နောက်ဘူတာတွေမှာ ‌ထမင်းသည်တွေ မတက်တော့ဘူး။ ဒီဈေးသည်တွေကလည်း ရောင်းနေကြဖြစ်လို့သာရောင်းနေရတာ ရန်ကုန် ပုဂံ ရထား က တစ်ပတ်မှာ တစ်ရက်ပဲ ဆိုတော့ စီးပွားမဖြစ်ပါဘူး။  

တောင်တွင်းကြီးကျော်လာတာနဲ့ အညာရှုခင်းကို ပီပီပြင်ပြင် မြင်လာရတယ်၊ ကျောက်ပန်းတောင်း ဘက် ရောက် တော့ ကြက်မောက်တောင်ဆည်ရေနဲ့ စပါးစိုက်ခင်းတွေ မြင်ရတယ်။ ကျောက်ပန်းတောင်း ဘူတာမှာ စပျစ်သီး၊ ကြက်ဥပြုတ်၊ ငုံးဥပြုတ် သည်တွေတက်လာတယ်။ ကျောက်ပန်းတောင်း တောင်ဘက် လက်ပံပင် ရွာက လာရောင်းတယ်ဆိုတဲ့ အမကြီးတစ်ယောက်ကတော့ “ ထမင်းဖိုး ဟင်းဖိုး ရအောင် စပျစ်သီးလေး အားပေးပါ ဦး” လို့ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရောင်းနေတာနဲ့  အားပေးလိုက်ရသေးတယ်။ 

တောင်တွင်းကြီးကျော်လာတာနဲ့  ရထားလမ်းဘေးမှာ အပင်တွေအတော်များလာတာတွေ့တယ်၊ အကိုင်းတွေက လည်း ရထားပြူတင်းပေါက်ကို လာရိုက်တဲ့အထိ ဖြစ်နေပြီ။ ခရီးသည်တွေ ခေါင်းပြူကြည့်ဖို့ နေသာသာ ပြူတင်း ပေါက်ဘောင်မှာ လက်တင်ထားရင်တောင် သစ်ကိုင်းနဲ့မလွတ်တော့ဘူး။ သံလမ်းထိန်းသိမ်းရေးအဖွဲ့တွေ မရှိ တော့တာလား၊ ရှိပေမဲ့ ဘတ်ဂျက်မရတာလား မသိဘူး။ အခြေအနေကတော့ အတော်ကို ဆိုးနေပြီ။  လမ်းဘူတာ  ၂၃ ဘူတာမှာ ရပ်၊ နာရီ နှစ်ဆယ်နီးပါး ခရီးနှင် ပြီးတဲ့နောက် ရထားဟာ    ပုဂံဘူတာကို မနက် ၁၁ နာရီခွဲမှာရောက်တယ်။  မြန်မာမှုလက်ရာတွေနဲ့ ခန့်ညားလှတဲ့ ပုဂံဘူတာရုံကြီးက ရန်ကုန်-ပုဂံ ရထားတစ်စင်း ကိုပဲ ဝန်ဆောင်မှုပေးနေရတော့ ခြောက်ကပ်ကပ်ဖြစ်နေတယ်။ တစ်ချိန်ကတော့ ရန်ကုန်ကနေ ပုဂံကို ရထားနဲ့ လာ၊ ပုဂံ မှာ ဘုရားဖူးလို့ အားရတော့ ပုဂံ – မြင်းခြံ – မန္တလေး ရထားနဲ့ မန္တလေးကို သွား၊ မန္တလေးမှာ လည်လို့အားရတော့ မန္တလေး- ရန်ကုန် ရထားနဲ့ ရန်ကုန်ပြန်ကြသတဲ့။ အခုအချိန်မှာတော့ ပုဂံ မြင်းခြံ မန္တလေးရထားဆိုတာ ပုံပြင် ဖြစ်နေပါပြီ။ တိုးတက်မလာတဲ့အပြင် ရှိပြီးသား အရင်းလေးတောင် ပျောက်သွားတဲ့ခေတ်ပေကိုး။  

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)

သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။

ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။

ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလို ဖြစ်နေတာပါကွာ။

ဤတွင်တစ်ခန်းရပ်

 ထမင်းချိုင့်

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာသမားတစ်ယောက်ဟာ  မြို့ရွာတွေကို ရောက် လို့ စာသင် ကျောင်း တွေကို စစ်ဆေးတဲ့အခါ  ကလေးတွေရဲ့  ထမင်းချိုင့်တွေကို ဖွင့်ကြည့် တယ်။ တပ်ရင်း တပ်ဖွဲ့ တွေရောက်လို့ အိမ်ထောင်သည်လိုင်းတွေကို စစ်ဆေးတဲ့အခါ မီးဖိုချောင်ထဲကို ဝင်ပြီး ဘာ တွေ ချက်စားနေသလဲဆိုတာကို စူးစမ်းတယ်။ ဝန်ထမ်းတွေနဲ့ တွေ့ရင် ဘာဟင်းချက်လဲ လို့ မေး တယ်၊  အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး သူက “ လူတွေ နေရ ထိုင်ရ တာအဆင်ပြေ၊ မပြေသိချင်ရင် ထမင်းချိုင့်ကို ကြည့်”  လို့ ပြောလေ့ရှိတယ်။  တစ်သက်လုံး စွဲမှတ်သွားခဲ့ပြီး ကိုယ်တိုင် လည်း တတ်နိုင်သမျှလိုက်နာ ကျင့်ကြံခဲ့တဲ့ စကားဖြစ်ပါတယ်။ 

အခု တလော လမ်းဘေး အသုပ်စုံဆိုင်မှာ ထိုင်တဲ့အခါ  နေ့လယ်စာအတွက် ထမင်းဖြူ ငါးရာဖိုး တစ်ထုပ်၊ ရခိုင် သုပ် အလွတ်တစ်ပွဲ ဒါမှမဟုတ် ကြက်ဥကြော်တစ်လုံး ဆိုပြီး မှာနေတဲ့ ကုမ္ပဏီ ဝန်ထမ်းလေးတွေ ကို တွေ့တော့ ဆရာသမားကို သတိရမိတယ်။ ထမင်းချိုင့် လေးတွေလည်း ဖွင့်ကြည့် မဲ့သူမရှိတော့ မျက်နှာငယ်နေပြီထင်ပါရဲ့။ 

ရန်ကုန်မြို့ထဲ သွားလာရင်း အမှတ်မထင်တွေ့လို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပါ။ ရယ်စရာ ပြုံးစရာ လို့ ဆိုနိုင်ပေမဲ့ သေသေချာချာ တွေးကြည့်ရင် အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင် နည်းလမ်းရှာ ဖြေရှင်းနေရတဲ့ လူထုရဲ့ ဘဝကို မြင်နိုင်ပါတယ်။ 

ဘယ်အစိုးရမှ လူထုရဲ့ ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါပေမဲ့ လူထု ခံစားနေရ တာ တွေကို စာနာ နားလည်မှု၊ လူထုအသံနားထောင်မှု၊ လူထုအတွက် ဘယ်အရာ တွေ အရေးကြီးဆုံး လဲ ဆိုတာ စဥ်းစားဆုံးဖြတ် ရွေးချယ်ပေးနိုင်မှုတွေမှာတော့ ကွာခြားကြပါတယ်။