ဘာလဲဟဲ့ Facebook


နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ မှာ People Media က တင်ထားတဲ့ ဒေါ်သက်သက်ခိုင် နဲ့ တွေ့ဆုံမေးမြန်း မှု ဗီဒီယိုကို Facebook ကဖယ်ရှားခဲ့တယ်။ အဲဒီလိုဖယ်ရှားခဲ့တဲ့ကိစ္စက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်ခွင့်ပြုခဲ့တယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာက မေးမြန်းတဲ့အခါ Facebook က မူပိုင်ခွင့် ပေါ်လီ စီ အရ တိုင်တဲ့သူရှိလို့ စိစစ်ပြီးဖြုတ်ချလိုက်တာဖြစ်တယ်၊ ဒါပေမယ့် ပြန်စစ်တဲ့အခါမှာ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရတဲ့အတွက် ပြန်ခွင့်ပြုခဲ့တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သတင်းမှာဖော်ပြထားတယ်။ ပုံ ၁
Facebook ကို ဘယ်မီဒီယာကတိုင်သလဲ၊ ဘယ်သက်သေအထောက်အထားကြောင့် မူပိုင် ခွင့်ချိုးဖောက်တယ်လို့ ယူဆပြီး ဖြုတ်တာလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး Facebook က အသေးစိတ်ရှင်းပြသလား၊ မရှင်းပြဘူး လားဆိုတာတော့ သတင်းထဲမှာမပါဘူး။
ဒါပေမယ့် ပြည်တွင်းမီဒီယာတွေရဲ့ သတင်းတွေကို စုစည်းပြီး ကိုယ်ပိုင် သတင်းလုပ် တင်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် မှု မမြင်ရတဲ့ Facebook ဟာ ဒေါက်တာသက်သက်ခိုင်ရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး အကဲဆတ် နေတာကတော့ အတော်ထူးဆန်းတဲ့ကိစ္စပဲ။
Facebook အနေနဲ့ အမုန်းစကားတွေ၊ သူတို့ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ရေးသားချက်တွေကို စောင့်ကြည့်ဖယ်ရှားနေတယ် ၊အဲဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် မြန်မာဘာသာစကား တတ်ကျွမ်း သူတွေကို ခန့်အပ်ထားတယ်လို့ဆိုတယ်။ ဒါဟာ ကြိုဆိုရမယ့်ကိစ္စပဲ။
ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သာမန်ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ပို့စ်အတော်များများဟာ ကြောင်းကျိုးခိုင်လုံမှုမရှိဘဲ ဖယ်ရှားခံနေရတဲ့ အဖြစ် အပျက်တွေလည်း အများကြီးရှိနေတယ်။ တစ်ချို့ စာမျက်နှာတွေ၊ ကိုယ်ပိုင်အကောင့် တွေကျတော့ အမုန်းတရားတွေပြော၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေလုပ်နေပေမယ့် တိုင်ကြားတဲ့သူတွေသာ ခြေကုန်လက်ပန်းကျသွားမယ် ဘယ်တော့ မှ မပျက်တာလည်းရှိတယ်။
ဒီလို ဖြစ်စဉ်တွေများလာရင် Faceboo ရဲ့ Community Standard ဆိုတဲ့ ပေတံအပေါ် သုံးစွဲသူတွေရဲ့ ယုံကြည်မှုတွေလျော့ကျလာနိုင်ပါတယ်။
ဒ့ါကြောင့် Facebook အနေနဲ့ ကိုယ်ခန့်ထားတဲ့ ဝန်ထမ်းတွေရဲ့ သမာသမတ်ကျမှု ကို ပြန်လည် စိစစ်နိုင်မယ့် စနစ်တစ်ခု ၊ ဥပမာ Ombudsman လို့ခေါ်တဲ့ ခုံသမာဓိ လူကြီးထားတာမျိုးတွေ လုပ် သင့်နေပြီလို့ ယူဆမိပါတယ်။
အလဲဗင်းရဲ့ ဆောင်းပါး အပြည့်အစုံကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ် ။
https://news-eleven.com/article/144053…

မုန့်ဟင်းခါး ကောင်းတဲ့ ခေါက်ဆွဲဆိုင်


ဗဟိုအမျိုးသမီးဆေးရုံကြီးရှေ့တည့်တည့်မှာ နှင်းဆီကုန်းလမ်းဆိုတာရှိတယ်။ နီနီ ဆေးခန်း ရှိတဲ့ လမ်းဆိုရင်လူပိုသိတယ်။ အဲဒီလမ်းထဲမှာ အရုဏ်ဦး ဆိုတဲ့ စားသောက်ဆိုင်လေးရှိတယ်။ ဆိုင် နာမည်ကို အင်္ဂလိပ်လို Yangon Noodle Bowl လို့ရေးထားတယ်။ အရုဏ်ဦှး ရန်ကုန် ခေါက်ဆွဲဆိုင်လို့ ဆို ရမှာပေါ့။ ဆိုင်က နောက်ဘက်နည်းနည်းရောက် တယ်။ သစ်ပင်ကြီးတွေ လည်းရှိနေတော့ နေရာမသိတဲ့သူတွေဆိုရင် ကျော်သွားနိုင် တဲ့ ဆိုင်မျိုး။
ဒီဆိုင်ကို သိလို့သွားခဲ့တာမဟုတ်ဘူး။ နီနီဆေးခန်းဘက်ရောက်ရင်း တစ်ခုခု စားချင်လို့ Luckey Seven ဆိုင်ဘက်ကို သွားရင်း တွေ့ခဲ့တာ။ Noodle Bowl လို့ နာမည်ပေးထားပေမယ့် ဆိုင်းဘုတ်မှာပါတဲ့အတိုင်း မြန်မာ အစားအစာလေးတွေ စုံစုံလင်လင်ရတယ်။ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အအေးလည်းရတယ်။
ထုံးစံအတိုင်းမုန့်ဟင်းခါးမှာစားတယ်။ ထင်တာထက်ပိုကောင်းပါတယ်။ လူပြောများလှတဲ့ အင်းလျားလမ်းက မုန့်ဟင်းခါးကို ကြိုက်တယ်ဆိုရင် အရုဏ်ဦး မုန့်ဟင်းခါးဟာ အဲဒီ လက်ရာ အတိုင်းပဲလို့ ပြောလို့ရတယ်။ ဈေးကတော့အများကြီးသက်သာတယ်။ အလွတ်တစ်ပွဲ ၁၀၀၀၊ ပဲကြော်က ၂၀၀၊ အိုးဘဲဥ ၅၀၀။
အချိုမှုန့်မသုံးဘူးလို့ ကြေညာထားတယ်။ စားကြည့်တော့လည်း အချိုမှုန့်သုံးထားတဲ့ ခံစားမှုမျိုး မရဘူး။ ငါးအရသာ ပြည့်ပြည့်၀၀ရတယ်။ ငရုတ်ကောင်းမှုန့် နိုင်းချင်းနဲ့ ချက်တာမျိုးလည်း မဟုတ် ဘူး။
ဒီဆိုင်လေးကို သဘောကျမိတာကတော့ ဆိုင်နဲ့ ဝန်ထမ်းတွေရဲ့ သန့်ရှင်းသပ်ယပ်မှုပဲ။ ဆံပင်တွေ အစားအသောက်ထဲမကျအောင် ခေါင်းစွပ်လေးတွေ ဝတ်ထားတာက တွေ့ရခဲတဲ့ ဝန်ဆောင်မှုပါ။ ငြုပ်သီးမှုန့်၊ နံနံပင်၊ သံပုရာသီး စတဲ့ အဆာပလာတွေ ထည့်ပေးတဲ့ခွက်လေး တွေကလည်း စားရတာ စိတ်သန့်စေတယ်။
ကျန်တဲ့အစားအသောက်တွေကတော့ နောက်တစ်ခါ ကြုံမှပဲ စမ်းကြည့်ရမယ်။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ အုန်းထမင်းရတယ်လို့ ကြေညာထားတာလည်းတွေ့ခဲ့တယ်။

ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်ဒီ စီးပွားရေးကဏ္ဍနှိုင်းယှဉ်ချက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂ ရက်နေ့ အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေတွေကို ပြောခဲ့ပြီးတဲ့နောက် တိုက်တိုက်ဆိုင် ဆိုင် အလဲဗင်းမီဒီယာကလည်း နိုဝင်ဘာ ၃ ရက်နေ့မှာ “ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဘယ်သူအားနည်းခဲ့ပါသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့တယ်။
အဲဒီဆောင်းပါးဟာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာနေပြီး ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ နှစ်ခုရဲ့ စီးပွားရေးဆိုင်ရာ ကိန်း ဂဏန်း တွေကို စုစည်းသုံးသပ်ထားတာဖြစ်တဲ့အတွက် လေ့လာလိုသူများအတွက် အဓိက ကျတဲ့ အချက်များကို ကောက်နှုတ်မ ျှဝေလိုက်ပါတယ်-
၁။ အလဲဗင်းက သူ့ဆောင်းပါးကို “စစ်အာဏာရှင်တွေက လွှဲပြောင်းပေးခဲ့တဲ့ အာဏာကို ဆက်ခံခဲ့ရတာမို့လို့ ဘယ်လိုပဲ လုပ်ဆောင်ပြပြ အကောင်းမြင်မခံရတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်ဆိုခဲ့သလို ကဏ္ဍ အသီးသီးမှာ တတ်သိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ် ကြွေးကြော်ခဲ့ပြီး “လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်” ဆိုတဲ့ စကားတွေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဆွဲဆောင်စည်းရုံးခဲ့တဲ့ NLD အစိုးရလက်ထက် စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည် ကိန်းဂဏန်းနှစ်ခုဟာ လက်ရှိအချိန်မှာ နှိုင်း ယှဉ်လို့ ရနေတဲ့ အခြေအနေဖြစ်နေပါပြီ။” လို့ အစ ချီ ထားတယ်။ တစ်ဆက်တည်းမှာပဲ “ NLD အစိုးရလက်ထက်မှာ GDP ကျဆင်းတာတွေ၊ ဘတ်ဂျက်လိုငွေ မြင့်တက်တာတွေ၊ စားသုံးသူ ဈေးဆနှုန်းနဲ့ ကုန်ဈေးနှုန်းဆိုင်ရာ မြင့်တက်မှုတွေ၊ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းတာ တွေ၊ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းတွေ မြင့်တက်လာတာ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာ၊ မီးခိုးမထွက်တဲ့ စက်ရုံတွေလို့ တင်စားကြတဲ့ ပြည်ပခရီးသွားကဏ္ဍ ကျဆင်း လာတာ၊ပြည်ပကြွေးမြီ မြင့်တက်လာတာစတဲ့စီးပွားရေးဆိုင်ရာကိန်းဂဏန်းတွေကတော့ ဦးသိန်း စိန် အစိုးရ လက်ထက်ကထက် ဆုတ်ယုတ်လာခဲ့တာကို အစိုးရနှစ်ဆက် ထုတ်ပြန်တဲ့ ကိန်းဂဏန်း တွေကပဲ သက်သေပြနေတာတော့ အံ့သြစရာပါ။“ လို့ သုံးသပ်ပြထားပါတယ်။ ပုံ ၁
၂။ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းက ပြည်ခိုင်ဖြိုးအစိုးရ ၂၀၁၃ ခုနှစ်မှာ ၈.၄% နဲ့အမြင့်ဆုံးတိုး တက်ခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရ လေးနှစ် ၂၀၁၉ မှာ ၇% ရှိတယ်။ ၂၀၂၀ မှာ ၇.၁% ရှိမယ် လို့ ခန့်မှန်းထားတယ် လို့ ဖော်ပြထားတယ်။ ပုံ ၂
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ကျဆင်းလာတယ်လို့ ကိန်းဂဏန်းများနဲ့ဖော်ပြထားပါတယ်။ ပုံ ၃
၄။ ငွေကြေးဖောင်းပွမှုမှာတော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ ပုံ ၄ ၊ ၅ နဲ့ ၆
၅။ ဘတ်ဂျက်လိုငွေပြမှုကလည်း အခုအတိုင်းဆက်သွားမယ်ဆိုရင် “ဦးသိန်းစိန် ငါးနှစ်သုံးခဲ့တဲ့ လိုငွေပမာဏကို NLD အစိုးရက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်တည်းနဲ့ ကျော်ဖြတ် သွားတော့မယ့် အခြေအနေဖြစ်ပါတယ်။” လို့ သုံးသပ်ထားပါတယ်။ ပုံ ၇ နဲ့ ၈
၈။ ဆောင်းပါး အဆုံးသတ်မှာတော့ အလဲဗင်းဆောင်းပါးရှင်က ဒီဆောင်းပါးဟာ အင်န်အယ်လ် ဒီ အစိုးရလက်ထက်မှာ ဘက်စုံကျဆင်းနေတယ်လို့ ပြောချင်တာမဟုတ်ဘူး။ ဒါပေမယ့် အစိုးရ တာ ဝန်ရှိသူတွေက စီးပွားရေးတိုးတက်တယ်လို့ပြောနေပေမယ့် စတဲ့ပြည်သူ့စားဝတ်နေရေး၊ တိုင်းပြည် စီးပွားရေးနဲ့သက်ဆိုင်တဲ့ ညွှန်းကိန်းတွေက NLD အစိုးရလက်ထက်မှာ ကျဆင်းလာနေတယ်ဆိုတာ သိစေချင် တယ်လို့ရေးထားပါတယ်။ ပုံ ၉
ဆောင်းပါးအပြည့်အစုံကို အောက် လင့်ခ်မှာ ဖတ်နိုင်ပါတယ် –
https://news-eleven.com/article/143682…

မြန်မာ့စီးပွားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း


နိုဝင်လဘာလ ၂ ရက်နေ့က အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခဲ့တယ်။
ဒီမိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေပြမိန့်ခွန်းလို့ ဆိုနိုင်တဲ့အတွက် နိုင်ငံသား အားလုံး၊ မဲဆန္ဒရှင်အားလုံး အလေးထားလေ့လာသင့်တဲ့ မိန့်ခွန်းလို့ မြင်ပါတယ်-
ဒ့ါကြောင့် အဲဒီမိန့်ခွန်းထဲက နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး အားတက်စရာအချက် အလက်တွေလို့ မြင်မိတဲ့ အချက်အလက်တစ်ချို့ကို မ ျှဝေလိုက်ပါတယ်။
၁။ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက နှစ်စဉ် ၆ % ကနေ ၇% ရှိတယ်။ ဒီနှုန်းဟာ အာရှဒေသမှာ အမြန်ဆုံးတိုးတက်မှုနှုန်းထားလည်းဖြစ်ပါတယ်။ ( အာဆီယံဆယ်နိုင်ငံ ထဲမှာ ပြောတာမဟုတ်ပါဘူး။ အာရှဒေသလို့ပြောတဲ့အတွက် တရုတ် နိုင်ငံပါ ပါဝင်ပါတယ်။ ) ပုံ ၁
၂။ မြန်မာ ၄.၀ ဟာ ပြည်သူတွေအနေနဲ့ ပုံစံသစ်နဲ့ငွေပေးချေနိုင်အောင် ဆောင်ရွက်သွားမယ်။ လူကြီးလူငယ်မရွေး အဆုံးအစမဲ့ သတင်းအချက်အလက်များကို သင်ယူမှုနည်းလမ်းအသစ်တွေ ကနေ ရယူနိုင်မယ်။ စမတ်ဖုန်းနဲ့အားဖြည့်ပေးမယ့် Telemedicine ဟာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အများကြီးပြောင်းသွားစေမယ်။ အငယ်စား၊ အသေးစားနဲ့ အလတ်စား လုပ်ငန်း (MSMEs)တွေဟာ ကိုယ်စိတ်ကူးနိုင်တဲ့အတိုင်း နယ်နမိတ်တွေကို ဖြတ်ကျော် ကုန်သွယ် နိုင်တော့မယ်။ ပုံ ၂
၃။ မိမိတို့ 4G ကွန်ယက် Download အမြန်နှုန်းဟာ ကမ္ဘာ့ စာရင်းအချက်အလက်များရဲ့ ထိပ်တန်း မှာ ပါတယ်။ ( ဘယ်အဖွဲ့အစည်းက ပြုစုတဲ့စာရင်းလည်းဆိုတာတော့ အတိ အကျ ပြောမထားဘူး။ ) ပုံ ၃
၄။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ ယူနီကုဒ်ဖောင့်စနစ် ကို မကြာခင်က စတင်အသုံးပြုနိုင် တယ်။ (အရင်ကတော့ ယူနီကုဒ် ဆိုတာ ဖောင့်စနစ်ကို ဆိုလိုတာမဟုတ် ပါဘူး။ နိုင်ငံတကာစံသတ်မှတ်ချက်သာဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ယူနီကုဒ် အသုံးပြုရေးကို ဦးဆောင်နေသူဖြစ်တော့ သူပြောတာက မှန်မယ်ထင်ပါတယ်။ ) ပုံ ၄
၅။ အဲဒီပြောင်းလဲမှုတွေနဲ့ 5G အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ခဲ့ခြင်းတို့ကလည်း Smart Homes ၊ Smart Factories အစရှိတဲ့ အင်တာနက်စနစ်ကို လူနေမှုဘဝမှာ အသုံးချ (Internet of Things) တဲ့နေရာမှာ ဆန်းသစ်တီထွင်မှုရှိတဲ့ နည်းပညာ အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ( 5G ကို မြန်မာနိုင်ငံမှာ စသုံးပြီလို့ ဆိုလို တာလား ၊ မရှင်းဘူး။) ပုံ ၅
၆။ ချေးငွေတွေကို စနစ်တကျစီမံပေးတဲ့အတွက် ကျေးလက်ဒေသမှာ တရားမဝင်ချေးငွေ အတိုးနှုန်းတွေ သိသိသာသာကျဆင်းနေပြီ။ မြစ်ဝကျွန်းပေါ် နဲ့အပူပိုင်းဒေသမှာ လုပ်ခ လစာ ၄၀% အထိ တိုးတက်လာတယ်။ ပုံ ၆
၇။ တောင်သူလယ်သမားတွေ၊ အငယ်စား၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အခွင့်အရေးအများကြီးရနေတယ်။ ၂၀၁၃ ခုနှစ်ခန့်က သူတို့ စီးပွားရေးလုပ်ငန်းတွေ မှာ အရင်းအနှီးမထည့်နိုင်ဘူး။ အခု သူတို့ လယ်မြေရဲ့ ၅၀% လောက်မှာ အရင်းအနှီးထည့် နိုင် ပြီး အခွင့်အရေးတွေ တိုးတက်လာနေပြီ။ ပုံ ၇
၈။ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးပြုပြင်ပြောင်းလဲ မှုတွေဆောင်ရွက်နိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ Doing Business Star Reformer Award ရခဲ့တယ်၊ ယခုနှစ်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လွယ်ကူစွာလည်ပတ်နိုင်ရန် ပံ့ပိုးပေးနိုင်ဆုံး နိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံပါဝင်တယ်။ ပုံ ၈
မိန့်ခွန်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်
https://www.facebook.com/state.counsellor/posts/1728391760628366?tn=K-R

လော်မယ်ဆိုရင်လေ

လတ်တလောဖေ့စ်ဘွတ်ပေါ်တွင်ခေတ်စားနေတာက “လော်” ဆိုသည့်စကား
ဖြစ်သည်။ လော် ဆိုတာ အရပ် စကားအရတော့ လော်စပီကာ ဒါမှမဟုတ် အသံချဲ့စက် ဒါမှမဟုတ် အော်လံကြီးကို ပြောတာ ဖြစ်သည်။

ထို့အတူ အင်္ဂလိပ်ဘာသာမှာ လော်ဘီ Lobby ဆိုတာရှိသည်။ လော်ဘီ Lobby ရဲ့ မူရင်း အနက်က ဧည့်သည်တွေစောင့်တဲ့ ခန်းမကြီးဖြစ်သည်။ နိုင်ငံရေးအနက်ကတော့ အစိုးရ သို့မဟုတ် ဥပဒေပြုအမတ်များကို မိမိတို့ ဆန္ဒများကို အကောင်အထည်ဖော်ပေးဖို့ ဆွဲဆောင်ခြင်းဖြစ်သည်။

အဲဒီအသုံးအနှုန်းဖြစ်လာပုံက ဗြိတိသ ျှ ပါလီမန်အဆောက်အဦ အဝင်က ဧည့်ခန်းမ
ကြီးမှာ မဲဆန္ဒ ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေက
အမတ်တွေကို ပါလီမန်အစည်းအဝေး မစခင်မှာ တွေ့ဆုံပြီး ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး သူတို့ ဆန္ဒတွေကို တင်ပြတာ၊ အခြား ကိစ္စ များနဲ့ ပတ်သက်ပြီး အမတ်တွေဆီက အကူအညီတောင်းရာကနေစပြီး အဲဒီလိုလုပ်တာကို လော်ဘီ Lobby
လုပ်တယ်ဟု ခိုင်းနှိုင်းသုံးစွဲခဲ့ခြင်းဖြစ်သည်။ နောင်တော့ အမတ်တွေ၊ အစိုးရအရာရှိတွေ ကို ဒီလိုမျိုးတွေ့ဆုံရှင်းပြတာကို ပရောဖက်ရှင်နယ်လုပ်ပေးတဲ့ လုပ်ငန်းတွေပေါ်လာတော့ သူတို့ကို Lobbyist လို့ခေါ်ကြသည်။

ဒါပေမယ့် မြန်မာနိုင်ငံက ဖေ့စ်ဘွတ် ဒါမှမဟုတ် ဖွဘုတ် ပေါ်က လော် ကတော့ အပေါ်က အနက် နှစ်မျိုးကို ပေါင်းထားတာလို့ဆိုရမည်။ မိမိ ထောက်ခံသူ
ဒါမှမဟုတ် ချစ်ခင်အားပေးသူ ဒါမှမဟုတ် အဖွဲ့အစည်းအကြောင်းကို အခြားသူတွေ သိအောင်၊ ထောက်ခံလာအောင် လူမှု
ကွန်ယက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်အော်ပြီး ချီးမွမ်းခန်းဖွင့် ခြင်းပဲဖြစ်သည်။

အင်တာနက်ခေတ်ကြီးမှာ လော်ဘီလုပ်ဖို့အတွက် သတင်းစာ၊ဂျာနယ်တွေ၊
ရုပ် မြင်သံကြားတွေကို အားကိုးဖို့မလို၊ အဲဒီမှာ ဖော်ပြခံရဖို့ဆိုရင် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိဖို့ လို သလို သက်ဆိုင်ရာမီဒီယာရဲ့ အယ်ဒီတာမူဝါဒတွေ၊ ကျင့်ဝတ်တွေနဲ့လည်း ညီရဦးမည်။

ဖွဘုတ် အကောင့်တစ်ခုရှိရင် ကိုယ်ရေးချင်တာရေးလိုရနေတဲ့ခေတ်ကြီးမှာ
ဘာ့ကြောင့် အဲဒီလို မီ ဒီယာတွေမှာ အလုပ်ရှုပ်ခံပြီး သွားရေးမလဲ။ ဒီမှာ စိတ်ပါရင် ရေး၊ စိတ်မပါရင် ကိုယ့်ကြိုက်တာ ရှယ်။ အားမရသေးရင် မန့်လိုက်ဦး။ လော်ရင်
လည်း ရ ၊ ဆဲရင်လည်းရ ၊ ငါ့ဝေါ်လ်မှာ ငါဘုရင်ပဲလေ။

ဒီလိုနဲ့ ဖွဘုတ်စာမျက်နှာပေါ်မှာ အားပါးတရလော်ကြတော့သည်။ အစိမ်းအကျက်မရွေး။ အနု ပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဝန်ထမ်းတွေ ထဲက မိမိကြိုက်တဲ့သူဆို မိမိ ကြိုက်သလို ဖွဲ့နွဲ့ချီးမွမ်းကြတော့သည်။ ဘာရေးရမှန်းမသိရင်တောင် သူများ လော်ထားတဲ့ အောက်မှာ ချစ်ဖို့ ကောင်းလိုက်တာ မွ မွ
လောက်တော့ ရေးလို့ရသည်။ ကိုယ်မကြိုက်တဲ့သူ တုန်း က နှစ်ပြား
မတန်အောင်ပြောခဲ့တဲ့အလုပ်ကိုပဲ ကိုယ်အားပေးတဲ့သူက လုပ်တော့ ကြည့်စမ်းပါဦး၊ အိုင်ဒီယာကောင်းလိုက်တာတို့၊ လိုက်မမှီဘူးလို့ ရေးလို့ရသည်။

တစ်ခုတော့ ရှိသည်။ ကိုယ်လော်နေတဲ့သူကိုတော့လာမထိနဲ့ မီးပွင့်သွားမည်။ အနုပညာမြတ်နိုးသူ တွေဆို သူ အကြိုက် ၊ ကိုယ့်အကြိုက်အပြန်အလှန်အုပ်စုဖွဲ့ပြီး လော်ကြ၊ ဆော်ကြတာ ဖွဘုတ် ပေါ်မှာ တတိယကမ္ဘာ စစ် ဖြစ်နေသလားထင်ရသည်။

တစ်ချို့ကတော့ အဲဒီလို ဖြစ်နေတာကို ဘဝင်မကျ၊ အလွန်အကျွံ တွေဖြစ်ကုန်ပြီဟု ယူဆကြသည်။ သတိပေးရေးသားကြသည်။ကျွန်တော်ကတော့ အခုရေးနေတာတွေက နည်းသေးတယ်လို့တောင် စောဒကတက်ချင်သည်။

ကြည့်လေ။ မြန်မာတွေလော် တယ်ဆိုတာ လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ
ကောင်းကြောင်း ၊ အလွန် သဘောကျကြောင်း လောက်ပဲ ပြောတာဖြစ်သည်။
လော် တဲ့နေရာမှာ မြန်မာတွေထက် စကေး ကြမ်း သောနိုင်ငံတွေရှိသေးသည်။

အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေသော နိုင်ငံတစ်ခုဆိုရင် စကေးကြမ်းချက်က ကိုး
လောက်ရှိသည် ဟု ဆိုရမည်။ အဲဒီနိုင်ငံက ခေါင်းဆောင်တွေက အခုလက်ရှိအချိန်သာ တော်တာ၊ ကောင်းတာ မဟုတ် ၊ မွေးလာထဲက တော်လာတာဖြစ်သည်။

သူတို့လော်ပုံကိုကြည့်ပါ။

အခုကွယ်လွန်သွားပြီးဖြစ်တဲ့ခေါင်းဆောင်တစ်ယောက်ဆိုရင် မွေးတော့မယ့်အချိန်မှာ ပျံလွှားတွေ အုပ်ဖွဲ့ပျံလာပြီးကောင်းကင်မှာ သက်တန့်နှစ်စင်းပေါ်လာ
သည်။မွေးပြီးတော့ကောင်းကင်မှာ ကြယ် အသစ်တစ်လုံးပေါ်လာသည်။ပါရမီ
ထူးချွန်တဲ့အတွက်သုံးပတ်သားမှာစကားစပြောသည်။ အလယ် တန်းကျောင်းသားဘဝရောက်တော့ သမိုင်းဘာသာရပ် မှာ ဆရာတွေမှားတာကို ထောက်ပြဝေဖန် ပြင်ဆင်ပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝမှာ စာအုပ်၊ စာတမ်းပေါင်း တစ်ထောင့်ငါးရာရေး ခဲ့သည်။ အနုပညာမှာလည်း ထူးချွန်တော့ နှစ်နှစ်အတွင်းအော်ပရာ
ခြောက်ပုဒ်ရေးခဲ့ပြီး အဲဒီ အော် ပရာတွေက သူတို့နိုင်ငံရဲ့ အနုပညာသမိုင်းမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သည်

အားကစားမှာလည်း ထူးချွန်သည်။ ငယ်စဉ်က ဂေါက်ကစားနည်းမသင်ခဲ့ရသော်
လည်း အသက် ငါး ဆယ်အရွယ်မှာ သူ့နိုင်ငံရဲ့ တစ်ခုတည်းသော ဂေါက်ကွင်းမှာ
စပြီး ကစားခဲ့သည်။ ပထမအကြိမ်မှာပဲ သတ်မှတ်ရိုက်ချက်ထက် ၃၈ ချက်လေ ျှာ့
ရိုက်ပြီး ကျင်းပေါင်း ၁၁ ကျင်းကို တစ်ချက်ထဲနဲ့ ကျင်း ဝင်အောင်ရိုက်ပြခဲ့သည်။
ဒါပေမယ့် အဲဒီတစ်ခါပဲ ဂေါက်ကစားပြီးနောက်တော့ ဒီကစားနည်းမှာ သူ အကုန်သိသွားပြီ လို့ ဆုံးဖြတ်ခဲ့ကာ ဂေါက်လောကမှ အနားယူသွားခဲ့သည်။

သူ့အရိုက်အရာကို ဆက်ခံတဲ့ခေါင်းဆောင်ကလည်း မညံ့လှပါ။ အသက် သုံးနှစ်အရွယ်မှာ ဒရိုင်ဘာ ရဲ့ ပေါင်ပေါ်မှာထိုင်ပြီး ကားမောင်းနိုင်ပြီ။ အသက်ကိုးနှစ်ကျတော့ သက်ကြီးရွက်လှေသမားတွေကို ပြိုင်ပြီး အနိုင်ရခဲ့သည်။ အားကစားမှာ အလွန်ထူးချွန်ပြီး ဂီတပညာမှာလည်း ဂုဏ်ထူးရခဲ့သည် ဟု ဆိုသည်။

သူတို့တွေတောင် ဒီလောက် လော်နေရင်ဖြင့် ကျွန်တော်တို့လည်း ကိုယ့်ချစ်ခင်အားပေးတဲ့သူ တွေ အတွက် အခုထက်ပိုပြီး လော် လို့ ရသေးသည်ဟုထင်သည်။ လက်ရှိ လုပ်နေတာကိုပဲ အားပေး လော် နေလို့မလုံလောက်တော့ ဟိုလူတွေလိုပဲ ငယ်စဉ်တောင်ကျေး ကလေးဘဝက ထူးချွန်ခဲ့တာ တွေ၊ နမိတ် ပြခဲ့တာတွေကိုပါ သုတေသနလုပ်ပြီး လော် ဖို့လိုနေပြီ။

တစ်ခုပဲ လော်သံ အသံကျယ်လွန်းရင် ကိုယ်နှစ်သက်တဲ့ သီချင်းတောင် နားမခံသာ တာရှိသလို လှုချင်ပေမယ့်လည်း လော်သံ ကျယ်လွန်းလို့ စေတနာပျက်ပြီး မလှုဖြစ် ခဲ့ တာတွေလည်း ရှိတာ ကို သတိပြုစေချင်သည်။

ပြီးရင်တော့ဆက်ပြီး လော် နိုင်ကြပါပြီ။ မကြားလို မမြင်လိုသူများ ဇူကာဘက်ကိုသာ အပြစ်တင် ကြပါ။

ဂျင် ဂျင် လည်

ဂျင် (၁)

အား ၊ ဒီအခန်းထဲရောက်မှပဲ နားရတော့တယ်။ ဟို ဂျင်ဆိုတဲ့အခန်းထဲမှာ ထိုင်နေလို့မရဘူး။ မတ်တပ် မတ်တပ် နဲ့ အမှိုက်လှဲလိုက်၊ မှန်သုတ်လိုက်။ ကစားနေတဲ့သူတွေ က ခေါ်ပြီး ခုံ တွေ၊ လက်ကိုင်တန်းတွေ သုတ်ခိုင်းလိုက်နဲ့။ တကယ်တော့ ခေါ်တယ်လို့သာပြောတာပါ။ ကျွတ် ကျွတ် ကျွတ် ကျွတ်ဆိုပြီး စုတ်သတ်ခေါ်၊ လက်ညှိုးထိုးပြီး ခိုင်းတာပါပဲ။ ဒီကိုလာတဲ့ လူအများစုက သန့် ရှင်းရေးသမားတွေကို လူစာရင်းသွင်းတာမဟုတ်ဘူး။ ဟို နည်းပြတွေဆိုရင်သာ ဆရာ ဆရာ ၊ ဆရာ မ၊ ဆရာမ နဲ့ ပြာနေတာ။ ကိုယ်လိုကောင်ကို လူလို သူလို နှုတ်ဆက်တတ်တာဆိုလို့ လက်ချိုးရေ လို့ရတယ်။ အများစုကတော့ ခန်းမထဲက အားကစားခုံလောက်တောင် ဂရုစိုက်တာမဟုတ်ဘူး။

ကိုယ်ကလည်း ဒီအလုပ်လုပ်ရတာ ပျော်လှတယ်မဟုတ်ဘူး။ ကိုယ့်ဒေသကလူတွေလို ထိုင်း သွား မလား၊ မလေးသွားမလား သွားချင်တာပေါ့။ ဒါမှမဟုတ်လည်း ဒီထက်လခကောင်းမယ့်အလုပ်မျိုး ရှာချင်တာပေါ့။ ခက်တာက အမိုး နဲ့အပါး။ လယ်အလုပ်ကမကောင်းတော့လို့သာ မြို့တက်လုပ် ခိုင်းတာ၊ ဝေးဝေးလည်းမလွှတ်ချင်၊ အန္တရာယ်များတဲ့အလုပ်ဆိုလည်း စိတ်မချ။ တစ်လောတုန်းက လုံခြုံရေးအလုပ်လုပ်မလားလို့ အမေးခံရတယ်။ အခုအလုပ်ထက် လခလည်းကောင်းတယ်။ ဒါ ပေ မယ့် အမိုးတို့က အန္တရာယ်များတယ်၊ မလုပ်ပါနဲ့ ဖြစ်ပြန်ရော။ ဒီလိုနဲ့ သန့်ရှင်းရေးအလုပ်မှာ မြဲနေ တာ နှစ်နှစ်ကျော်ပေါ့။ ဘာပဲဖြစ်ဖြစ် အမိုးတို့ဆီ တစ်လတစ်သိန်းလောက်ပြန်ပို့နိုင်တာကပဲ ဟုတ် လှပြီ။ ဒီငွေသာမရှိရင် အမိုးတို့လည်း ပျိုးဖိုး၊မြေဆီဖိုးနဲ့ ကြွေးပိနေမှာ။

ဒီအလုပ်က ပင်ပန်းလှတာတော့မဟုတ်ဘူး။ ဒါပေမယ့် ငြီးငွေ့ဖို့ကောင်းတယ်။ အခြေခံလစာက တစ်သိန်းခွဲ၊ ဒါပေမယ့် တစ်ပတ် ၆ ရက် လုပ်ရတယ်။ ရက်ပျက်ရင် လစာဖြတ်တယ်။ အချိန်ပိုဆင်း တာနဲ့ ဘာညာဆိုရင်တော့ တစ်လနှစ်သိန်းလောက်တော့ ရတယ်။ အလုပ်က မနက် ခြောက်နာရီ ကနေ နေ့လယ် နှစ်နာရီအထိတစ်ဆိုင်း၊ နေ့လယ် နှစ်နာရီကနေ ည ကိုးနာရီအထိ တစ်ဆိုင်း။ လုပ်ငန်းကတော့ ဟိုဆိုက်ပြောင်း၊ ဒီဆိုက်ပြောင်းပေါ့။ ဒီဂျင်မှာလုပ်နေရတာတော့ ခြောက်လ လောက်ရှိပြီ။ ဒီမှာလုပ်ရတာ ရုပ်ရှင်ရုံတွေ၊ ဈေးဆိုင်ကြီးတွေမှာ ဆင်းရတာထက်တော့ ကောင်း တယ်။ အနည်းဆုံး ရေကောင်းကောင်းချိုးရတာပေါ့လေ။

နေတာတော့ အလုပ်က ထားပေးတဲ့အဆောင်မှာပေါ့။ မြို့ထဲ တိုက်ခန်းထဲမှာ လူနှစ်ဆယ် ၊ အစိတ် စုနေရတာ၊ ပူလောင် စုတ်ပြတ်နေတာပဲ။ရေလည်းမလောက်၊ အိမ်သာက မအား၊ ဒါကျတော့ အလုပ်ထဲနေရတာ ဟုတ်နေပြန်ရော။ ဂျင်မှာ ရေချိုးရတာမိုက်တယ်။ ဆပ်ပြာလည်းမွှေးတယ်။ အဝတ်လည်း ဒီမှာပဲ လူရှင်းတဲ့ အချိန်ခိုးလေ ျှာ်၊စတိုခန်းထဲလှမ်းပေါ့။ အဆောင်မှာ ကိုယ်မရှိပဲ လှမ်း ထားခဲ့လို့ကတော့ ရေစက်သာကြိုချထားပေတော့။ တယ်လီဖုန်းပျောက်တဲ့သူတောင်ရှိတယ်။ ပုဆိုးလောက်ကတော့ စကားထဲ မထည့်ဘူး။

စားတော့လည်း ဆိုင်တစ်လှည့်၊ အဆောင်မှာတစ်လှည့်ပေါ့။ မနက်အဆိုင်းကျတဲ့နေ့ဆိုရင် ဂျင် အနား ဆိုင်တွေမှာသွားစားတယ်။ ထမင်းတစ်ပွဲ၊ ဝက်၊ ကြက်၊ ငါး နဲ့ ၁၂၀၀၊ အမဲသားနဲ့ ၁၅၀၀၊ ထမင်းလိုက်ပွဲတစ်ပွဲ တစ်ရာ၊ လိုက်ပွဲတစ်ပွဲဆိုတာက ငါးဇွန်း၊ ခြောက်ဇွန်းစာပဲရှိတာ။ ကိုယ့်တော သား ပါးစပ်နဲ့က လိုက်ပွဲနှစ်ပွဲဆိုရင်တောင် နံကြားမညပ်ဘူး။ ဒါပေမယ့် အဲဒီထက်လည်း ပိုမစားရဲ ဘူး။ ဒါတောင် မနက်စာနဲ့နေ့လည်စာ ပေါင်းစားတာ။ အကိုဆရာတစ်ယောက်ကတော့ အဲဒီလို စားတာကို ဘရပ်ဆိုလား၊ ဘရွတ်ဆိုလား ခေါ်တယ်ဆိုပဲ။ ညဆိုင်းကျရင်တော့ နေ့လည်စာကို အ၀ စားလာ၊ ညနေကျရင် ရခိုင်သုပ်တစ်ပွဲလောက်နဲ့ ပြီးလိုက်တာပေါ့။

အဆောင်မှာကတော့ တစ်ယောက် ရှစ်ထောင်စုထည့်ပြီး ဆန်ဝယ်ထားတယ်။ အားတဲ့ကောင်က ချက်ထားပေး။ ဟင်းကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်။ ငါးခြောက်၊ ကြက်ဥ နဲ့ အသားတုကတော့ ပင်တိုင်ပေါ့။ အသားတုကို ဆီသတ်၊ ငြုပ်သီးမှုန့်ထည့်၊ မန်ကျည်းရေဖျော်ထည့်၊ ချဉ်ချဉ်စပ်စပ် ကောင်းမှကောင်း၊ အသားတုတွေက ကင်ဆာဖြစ်တယ်လို့ပြောတာပဲ။ ဒါပေမယ့် လေးငါးရာ နဲ့ နှစ် နပ်လောက်စားလို့ရတာကလည်း ဒါပဲရှိတယ်ဆိုတော့ ကင်ဆာတွေ ဘာတွေလဲ မစဉ်းစားနိုင်ပါ ဘူး။ အဆောင်မှာ ဟင်းချက်ရတာကလည်း လွယ်တာမဟုတ်ဘူး။ အခြောက်အခြမ်း၊ချက်ပြီးသား ဟင်း အားလုံးကို လေးထောင့် ပလတ်စတစ်ပုံးထဲထည့်ပြီး သော့ခတ်ထားရတယ်။ အဝတ်ပုံးက တစ်ခု ၊ အစားပုံးကတစ်ခု၊ အဆောင်မှာ လူတစ်ကိုယ် ပုံးနှစ်ပုံးရှိမှ နေလို့ရတယ်။

တစ်ခါတစ်ခါတော့လည်း နည်းပြအကိုဆရာတွေကို ကြည့်ပြီးအားကျတယ်။ သူတို့လို နည်းပြ လုပ် ချင်တယ်။ ဒါပေမယ့် သူတို့ကလည်း တစ်နေ့ ကြက်ဥ အလုံးနှစ်ဆယ်လောက်စားရ၊ ဟို ပရိုတိန်း ဆိုလား ဘာလား ဘူးကြီးထဲက အမှုန့်တွေဖျော်သောက်ရနဲ့ မလွယ်ဘူး။ ဘူးကြီးတစ်ဘူးဆိုရင် ဈေးကလည်း ကိုယ့်လစာလောက်ရှိတယ်။ ဆရာတွေသာမဟုတ်ဘူး။ လာကျင့်တဲ့ ဧည့်သည် တွေလည်း ဝယ်စားတာပဲ။ ဗလထွက်မထွက်တော့မသိဘူး။ ငွေကတော့ အရင်ထွက်သွားတာသေ ချာတယ်။ အဲဒါတွေ စားပြီးကျင့်ရမယ်ဆိုရင်တော့ ဒီတစ်သက်နည်းပြလုပ်ဖို့ မဖြစ်နိုင်ဘူး။

ဂျင် (၂)

မှန်ကို အဝတ်နဲ့ပွတ်ရင် မှန်လုံခန်းထဲကို ငေးနေရတာ စိတ်ချမ်းသာတယ်။ အလုပ်လေး နည်းနည်း အားတာနဲ့ ဒီနေရာမှ မှန်လာတိုက်နေတာ ကြာရင် မှန်တောင်ပေါက်ထွက်တော့မယ်။ အခန်းထဲမှာ ဆရာမ လေးက ဦးဆောင်ပြီး လေ့ကျင့်ခန်းလုပ်နေတာလေ။ လေ့ကျင့်ခန်းဆိုပေမယ့် ဟို တီဗီထဲ ကလို ကနေတာပါပဲ။ သင်တန်းသားတွေက ဆရာမလေးနောက်က လိုက်လုပ်ပေါ့။ တစ်ချို့ အမ ငယ်ငယ်လေးတွေကတော့ တော်တော်လုပ်နိုင်တယ်။ ကြည့်လို့လည်းကောင်းတယ်။ အန်တီ ၀၀ကြီးတွေကတော့ ရေပူပေါင်းကြီး လို အိတုံ အိတုံပေါ့။ အကိုလေးတွေလည်းပါတယ်။ သူတို့ လည်းမဆိုးပါဘူး။ ဒါပေမယ့် မိန်းကလေး တစ်ယောက်လို နွဲ့တဲ့တဲ့ လှုပ်ရှားရတဲ့ ကကွက် တွေကျတော့ သူတို့ကို ကြည့်ပြီး မရယ်မိအောင် နေရတယ်။

သန့်ရှင်းရေးဆိုတာ အလုပ်တကာအလုပ်မှာ အောက်အကျဆုံးထင်ပါရဲ့။ ဒီဂျင်မှာ ဟိုသန့် ရှင်းရေး မောင်လေးတွေကသာ အမျိုးသားအဝတ်လဲခန်းထဲ ဝင်နားလို့ရတာ။ ကိုယ်တွေက အမျိုး သမီးအခန်းထဲမှာ နားလို့မရဘူး။ သန့်ရှင်းရေးလုပ်တဲ့အချိန်ပဲနေလို့ရတယ်။ ဒီအတိုင်းဝင်ထိုင် နေရင်ဧည့်သည်အမကြီးတွေက မကြိုက်ဘူး။ ဒါ့ကြောင့် အပြင်မှ မတ်တပ်ပဲ။ ဒါပေမယ့် ဟို ဈေး ဆိုင်ကြီးတွေမှာ တာဝန်ကျတာထက်တော့ သက်သာပါတယ်လေ။

ဒီအလုပ်ကိုတော့ ရေရှည်မလုပ်ချင်ဘူး။ စတိုးဆိုင်လေးဘာလေးမှာ အလုပ်ရရင်တော့ ပြောင်းမ လားလို့ စဉ်းစားတယ်။ ဒီသန့်ရှင်းရေးကုမ္ဗဏီမှာက ကောင်လေးတွေအတွက်အဆောင် ရှိပေမယ့် ကောင်မလေးတွေအတွက် အဆောင်မရှိဘူး။ အဆောင်ခ နှစ်သောင်းခွဲပေးတယ်။ ဒါပေ မယ့် လုံလုံခြုံခြုံ အဆောင်ဆိုရင် အဲဒီဈေးနဲ့မရဘူးလေ။ ဒီတော့ လစာ တစ်သိန်းခွဲ၊အဆောင်ခ နှစ် သောင်းငါးထောင်ဆိုပေမယ့် အဆောင်ခနဲ့ စားသောက်ပြီးရင် အိမ်အတွက်တစ်လ ငါးသောင်း ပို့ဖို့ တောင် အနိုင်နိုင်။ မဖြစ်သေးဘူး။

အိမ်မှာက အဖေကိုပဲ မှီခိုနေရတာ၊ အမေက ပျံကျအလုပ်လောက်လိုက်လုပ်ရတာ။ အဖေကလည်း အရင်က သဘောၤဆိပ်မှာ ကုန်ထမ်း။ ဒီဂျင်မှာသာ လူတွေက အလေးတွေမရင်း ဗလတွေကောင်း၊ လူတွေသန်မာလာတာလေ။ အဖေကတော့ ဆန်အိတ်၊ ပဲအိတ်တွေထမ်းရင်း လူက သေးသေး ပြီး ချိချိ လာလိုက်တာ အခုတော့ ဈေးထဲမှာ ကုန်စိမ်းခြင်းတောင် အနိုင်နိုင်၊ ဖျားလိုက်တာလည်း ခဏ ခဏ။ အဖေ့ကို ဟိုဦးလေးကြီးတွေ ဝယ်ဝယ်သောက်တဲ့ အားဆေးမှုန့်ဘူးကြီးဝယ်တိုက်ချင်လိုက် တာ။ ဒါမှမဟုတ် အမတွေစားတဲ့ ဝေဖာလိုအတောင့်လေးတွေကျွေးချင်တာ။ ပင်ပန်းလို့အဲဒါတွေ စား လိုက်ရင် ချက်ခြင်းအားပြည့်တယ်ဆိုတာပဲ။

ဂျင် (၃)

မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံက ဘယ်လို မှ စိတ်ချမ်းသာဖို့မရှိ။ ဗိုက်ကပူ၊ လက်မောင်းတွေက တွဲကျ၊ ဂျင်မှာ ကစားတာ ခြောက်လကျော်ပြီ။ ကိုယ့်ကိုကိုယ် တိုးတက်လာတယ်လို့မခံစားရဘူး။ ဒါက လည်း ကိုယ့်အပြစ်ပဲလေ။ ဒီကပြန်တာနဲ့ ဆိုင်ထိုင်ပြီး ဘရိတ်ဖတ်စ်စားတာကိုး။ မုန့်ဟင်းခါးဆို နှစ် ပွဲ၊ လက်ဖက်ရည်ကပါသေး။ နေ့လည်ကျတော့ ဝက်ပုန်း၊ ဝက်ခြေထောက်စွတ်ပြုတ်များပါရင် နှစ်ပန်းကန်လောက်က အသာလေး။ ညနေ ကျတော့ အပေါင်းအသင်းကောင်း ရင် တစ်ခွက် တစ်ဖလား။ အပေါင်းအသင်းမကောင်းတဲ့ နေ့ ကလည်း မရှိသလောက်။

လူလည်းအရွယ်ရ၊ဗိုက်ကလည်း အရွယ်ရတာအတော်ခက်တာပဲ။ ဘောင်းဘီကလည်း ခြောက်လ တစ်ခါလောက် ပြောင်းရမလိုဖြစ်နေတယ်။ ဒီလိုနဲ့ ဂျင် ကိုရောက်လာတာပဲ။ ဂျင်ဆိုပေမယ့်လည်း တွေ့ရာနေရာဆော့လို့မဖြစ်ပြန်ဘူး။ နာမည်ကြားလိုက်တာနဲ့ လူရှိန်မယ့် ဂျင် လည်းဖြစ်ရဦးမယ်။ အဲ ဈေးကတော့ မသေးဘူးပေါ့။ ပြန်စဉ်းစားလိုက်တော့လည်း တကယ်ဝိတ်ကျချင်လို့ ကစား တာလား၊ ဒါမှမဟုတ် ကိုယ်လို လူတွေ ကြားမှာ ခေတ်စားနေလို့ လိုက်ကစားနေတာလား မကွဲပြား ဘူး။ ဒါပေမယ့် လူချင်းဆုံရင် ဂျင်က ပြန်လာတာဗျ၊ ဂျင်သွားမလို့၊ ဂျင်ကစားနေတယ် လို့ ပြောရတာ အရသာရှိသား။

ဂျင် ကစားတယ်ဆိုပေမယ့် ဘာမှထူးမလာဘူးဆိုရင်လည်း မဟုတ်သေးဘူး။ ဂျင် ကစားတဲ့ ပြဿနာက အဲဒါပဲ။ လေးငါးခြောက်လလောက်မှ ထူးမလာဘူးဆိုရင် ဂျင်သွားပြီး သူများတွေ က တာ ခုန်တာ ထိုင်ကြည့်နေတာလားလို့အမေးခံရမယ်။ ဒီတော့ အစားလေ ျှာ့မှ။ ပြီးရင် ကြွက်သား တွေ ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ ပရိုတင်းဖြည့်ရမယ်။ လိုအပ်ရင် ကိုယ်ပိုင် နည်းပြနဲ့ ကျင့်ရမယ်။

“ ဘူးကြီး တစ်ဘူးပေး” ဆိုသည့် အသံကြောင့် သန့်ရှင်းရေးကောင်လေး နဲ့ကောင်မလေး အကြည့် ချင်းဆုံသွားသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုပေမယ့် တကယ်တော့ ငွေရှိမှ ကျန်းမာ တာပါလေ။

ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၂)

Facebook က People Media စာမျက်နှာကနေ ဖယ်ရှားလိုက်တဲ့ ဒေါ်သက်သက်ခိုင် ရဲ့ အင်တာဗျူး

နားထောင်ကြည့်တဲ့အခါ #Facebook ရဲ့ စံတွေနဲ့ ညှိနိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေ၊ ပုဂ္ဂိုလ်ရေးအရ ရိုင်းပြစွာပြောဆိုတိုက်ခိုက်မှုတွေ မတွေ့ပါဘူး။
NLD ပါတီအတွင်းမှာ ပါတီတွင်း ဒီမိုကရေစီ မရှိတဲ့ကိစ္စ၊ အုပ်စုဖွဲ့၊ ဆရာမွေး ၊ တပည့်မွေးတဲ့ကိစ္စ နဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးမူဝါဒအပေါ် သုံးသပ်ချက်ပဲ တွေ့ပါတယ်။

Facebook ရဲ့ စံတွေထဲမှာ အာဏာရ NLD ပါတီကိုမဝေဖန်ရဆိုတဲ့ စံ ကို ထည့်သွင်းထားတယ်ဆိုရင်တော့ ငြိစွန်းတယ်လို့ပြောနိုင်ပါတယ်။

အင်တာဗျူးကို အောက်ပါလင့်ခ်မှာ နားထောင်နိုင်ပါတယ်။
https://www.facebook.com/ththkh.dagonnldtownship/videos/421342075450829/UzpfSTEwMDAwMzEwODM1NDQ2OToyNTA3NzczNDE5MzM2MjQ1/

ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၁)

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အင်တာဗျူးကို #Facebook က ဖယ်ရှားလိုက်တယ်ဆိုတာ အတော်ထူးဆန်းတဲ့ကိစ္စပဲ
လူမျိုးရေး၊ဘာသာရေး ဆိုင်ရာ အမုန်းစကားတွေပါနေလို့လား။
မကြားချင်တဲ့အတွင်းရေးတွေပါနေလို့များလား။

လေဘာပါတီ နဲ့ ရွေးကောက်ပွဲ

မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စကတော့ ရွေးကောက်ပွဲ ဘူတာကို ဆိုက်သွားပြီ။

အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗြိတိသ ျှ ပါလီမန်က ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အဆိုကို မဲခွဲ တဲ့အခါ ထောက်ခံသူ ၄၃၈ ဦး၊ ကန့်ကွက်သူ ၂၀ ဦးရှိတယ်။ ဒါဟာ ဥပဒေ အရ လိုအပ်တဲ့ မဲအရေအတွက် သုံးပုံ နှစ်ပုံ ၄၃၄ မဲကို ကျော်လွန်တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ အဆို ပြုတဲ့ အတိုင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ တကယ် တော့ လက်ရှိ ပါလီမန်ဟာ ၂၀၁၇ ဇွန်လကမှ ရွေးကောက်ထားတာဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်လ မှသာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်လမ်းခွဲသဘောတူညီချက်ကို ပါလီမန်က အောက်တိုဘာ ၃၁ ရက်နေ့မတိုင်မီ အတည်ပြုပေးဖို့မဖြစ်နိုင်တော့တဲ့အတွက် ဝန်ကြီးချုပ် က ရွေးကောက်ပွဲအသစ်ကျင်းပဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။

အတိုက်အခံလေဘာပါတီကတော့ အစပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ကို သဘောမတူဘူး။ ဒါက လည်း အောက်တိုဘာလအတွင်း လူထုသဘောထားစစ်တမ်းကောက်ယူမှုတွေအရ ကွန်ဆာ ဗေး တစ်ပါတီက လေဘာ ပါတီအပေါ် ပ ျှမ်းမ ျှ ဆယ်ရာခိုင်နှုန်းလောက်ဦးဆောင်နေတဲ့ အတွက်ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စကို ပထမအကြိမ်မဲခွဲတဲ့ အချိန်မှာ ထောက်ခံမဲ ၂၉ ၉ မဲ၊ ကန့်ကွက်မဲ ၇၀ နဲ့ နိုင်ခဲ့ပေမယ့် လေဘာပါတီအမတ် တွေက မဲမပေးပဲနေခဲ့တဲ့အတွက် လိုအပ်တဲ့ ထောက်ခံမဲ သုံးပုံနှစ်ပုံ မရလို့ အဆို မအောင်မြင်ခဲ့ဘူး။

လေဘာပါတီခေါင်းဆောင်တွေကတော့ လေဘာပါတီဟာ ရွေးကောက်ပွဲကို ကြောက်လို့ မဟုတ် ဘူး။ ဝန်ကြီးချုပ် ဂျွန်ဆင်က လမ်းခွဲသဘောတူညီချက်ရရ၊ မရရ အောက်တိုဘာ ၃၁ ရက်နေ့မှာ လမ်းခွဲမယ်လို့ပြောထားတဲ့ စကားကို ပြန်မရုပ်သိမ်းတဲ့အတွက် ရွေးကောက်ပွဲကို သဘောမတူတာ လို့ ပြောခဲ့တယ်။ လေဘာပါတီက ရွေးကောက်ပွဲကျင်းပဖို့ထက် ဥရောပသမဂ္ဂကနေ နုတ် ထွက်ရေးကိစ္စကို ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ကို ပိုပြီးလိုလားနေတာဖြစ်ပါတယ်။

လေဘာပါတီရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဂျွန်ဆင်ကတော့ “ လေဘာပါတီဟာ လူထုကို မယုံဘူး။ လူထုရဲ့ အသံကို နားမထောင် ရဲဘူး၊ လေဘာပါတီခေါင်းဆောင်တွေဟာ ထွက်ပြေး နေတယ်” လို့ ဝေဖန်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာပဲ ဥရောပ သမဂ္ဂက လမ်းခွဲသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ရက်တိုးပေးဖို့ သဘောတူခဲ့ တယ်။ အဲဒီလိုရက်တိုးပေးတာကို ဝန်ကြီးချုပ် ဂျွန်ဆင် ကလည်း လက်ခံလိုက်တဲ့အတွက် လေဘာ ပါတီအတွက် ဆင်ခြေပေးစရာမရှိတော့ဘူး။ ဒါ့ကြောင့် အောက်တိုဘာ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ အဆိုကို လေဘာပါတီ ကလည်း ထောက်ခံလိုက်ရတော့တယ်။

လေဘာပါတီအမတ်တွေက ရွေးကောက်ပွဲရှုံးမယ့်အရေးကိုတွေးပူနေပေမယ့် ဂါဒီးယန်းသတင်းစာ ပင်တိုင်ဆောင်းပါးရှင် Tom Kibasi ကတော့ လေဘာပါတီအနေနဲ့ ရွေးကောက်ပွဲမဟာဗျူဟာ ကောင်းရင်နိုင်ပါတယ်လို့ ဆိုပြီး သူ့အယူအဆကို အခုလို ရှင်းပြခဲ့တယ်။

အမတ်နေရာ

Tom က အခုရွေးကောက်ပွဲမှာ လေဘာ နဲ့ ကွန်ဆာ ဗေးတစ်တို့သေချာပေါက်နိုင် မယ့်နေရာ တွေကို ဖယ်လိုက်ရင် အမတ်နေရာ ၅၄၀ အတွက် အကြိတ်အနယ်ပြိုင်ရဖို့ရှိတယ်။ ဒီ ၅၄၀ ထဲမှာ စကော့တလန်၊ မြောက်အိုင်ယာလန် အခြေစိုက် ပါတီတွေ နိုင်မယ့်နေရာတွေရှိတယ်၊ လစ်ဘရယ် ဒီမိုကရက်တွေ နိုင်မယ့်နေရာတွေလည်း ရှိသေးတယ်။ လက်ရှိနိုင်ငံရေး အခြေအနေ အရ လေဘာ ပါတီဟာ အဲဒီပါတီတွေနဲ့ ညွန့် ပေါင်းအစိုးရ ဖွဲ့နိုင်မယ့် အခြေအနေမှာ ရှိတယ်။ ကွန်ဆာ ဗေးတစ် ပါတီကတော့ DUP ပါတီတစ်ခုပဲရှိတယ်။

ဒါ့ကြောင့် ကွန်ဆာဗေးတစ်ပါတီအနေနဲ့ အမတ်နေရာ အနည်းဆုံး ၃၂၂ နေရာနိုင်မှ အစိုးရဖွဲ့ လို့ရမယ်။ လေဘာပါတီကတော့ ၂၁၈ နေရာနိုင်ရင် ညွန့်ပေါင်းအစိုးရဖွဲ့လိုရမယ်။ လက်ရှိ အခြေ အနေမှာ ကွန် ဆာဗေးတစ်ပါတီက အမတ် ၂၉ ၈ နေရာ ရထားပြီး လေဘာက ၂၄၄ နေရာ ရထား တယ်။ ဒါ့ကြောင့် လေဘာပါတီက လက်ရှိနေရာတွေကို မရှုံးအောင်ကာကွယ်ထားနိုင်ရင် အစိုးရ ဖွဲ့ ဖို့အလားအလာကောင်းမှာဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီကတော့ လေဘာပါတီအပါအဝင် အခြား ပါတီတွေဆီက အမတ်နေရာတွေ လုယူနိုင်မှ အစိုးရဖွဲ့ဖို့ အခြေအနေကောင်းမှာဖြစ်ပါတယ်။ ( အခု ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်အစိုးရက လူများစုအစိုးရမဟုတ်ပါဘူး။ DUP နဲ့ပေါင်းပြီး လူ နည်းစုအစိုးရအဖြစ်ဖွဲ့ထားတာပါ။ )

မဟာဗျူဟာ

Tom က လေဘာပါတီအနေနဲ့ အောက်ပါ အားသာချက် သုံးခုကို အသုံးချရမယ်လို့ဆို တယ်-

၁။ ဝန်ကြီးချုပ်ဂျွန်ဆင် နဲ့ ဥရောပသမဂ္ဂ သဘောတူထားတဲ့ လမ်းခွဲစာချုပ်ကို ထိုးနှက်ခြင်း။
၂။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကွန်ဆာဗေးတစ်ပါတီရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အားနည်းချက်များကို ထောက်ပြပြီး နောက်ထပ် ငါးနှစ်တာဝန်ပေးရန် မသင့်တော်ကြောင်း လူထု ကို အသိပေးခြင်း။
၃။ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ပုဂ္ဂိုလ်ရေးရာ ပြုမူဆောင်ရွက်မှု၊ ခေါင်းဆောင်မပီသမှုများကို ထိုးနှက် ခြင်း။

Tom က ဗြိတိန်လမ်းခွဲနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်ဆန္ဒခံယူပွဲလုပ်ဖို့ ကြိုးစားနေတဲ့ လေဘာ အမတ်တစ်ချို့ကိုလည်း ဝေဖန်ခဲ့တယ်။ အဲဒီလုပ်ဆောင်ချက်ဟာ ပြည်သူကို တာဝန်လွှဲချနေတာပဲ။ လေဘာပါတီအနေနဲ့ အာဏာရလာရင် လမ်းခွဲစာချုပ်ကို ဖျက်မယ်ဆိုတဲ့ ကတိနဲ့ပဲ ရွေးကောက် ပွဲဝင်သင့်တယ်လို့ ဆိုတယ်။

ဒါပေမယ့် လာမယ့်ရွေးကောက်ပွဲဟာ လေဘာ နဲ့ ကွန်ဆာဗေးတစ် နှစ်ခုပဲ အားပြိုင်မယ်ဆိုတဲ့ အဆိုကို သဘောမတူသူတွေလည်းရှိတယ်။ စထရိတ်တိုင်းမ်းဆောင်းပါးရှင် Jonathan Eyal ကတော့ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၈၂ % က လေဘာနဲ့ ကွန်ဆာဗေးတစ် ပါတီကို မဲပေးခဲ့ကြတယ်။ ဒါပေမယ့် ဗြိတိန်လမ်းခွဲနဲ့ပတ်သက်ပြီး ပါတီကြီး နှစ်ခု အငြင်းပွားမှုကြောင့် အဖြေ မရနိုင်တာကို စိတ်ပျက်လာတဲ့ အတွက် အခုဆိုရင် မဲဆန္ဒရှင် ၅၉ % ကပဲ ပါတီကြီးနှစ်ခုကို မဲပေး မယ့် အခြေအနေမှာ ရှိတယ် လို့ထောက်ပြခဲ့တယ်။

ဒီဇင်ဘာရွေးကောက်ပွဲမှာ အဲဒီအတိုင်းဖြစ်ခဲ့ရင်တော့ စကော့တလန်အမျိုးသားပါတီ နဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီတွေက မဲပိုရလာပြီး နောက်အစိုးရသစ်ဖွဲ့စည်းရေးမှာ ပိုပြီး အရေးပါတဲ့ အခန်းက ပါလာမယ့် အခြေအနေမှာရှိတယ်။ ဒါဆိုရင် ဗြိတိန်လမ်းခွဲဟာလည်း ပိုရှုပ်ထွေးလာမှာ သေချာ တယ်။

YUPT ဒါရိုက်တာတွေ အကြောင်း

သုံးနှစ်အထိ အမြတ်မရသေးလို့ အစုရှယ်ယာရှင်တွေကန့်ကွက်နေတဲ့ YUPTရဲ့ ဥက္ကဋ္ဌ ၊ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ ဒါရိုက်တာတွေ အကြောင်း ခေတ်သစ်မီဒီယာက သတင်းရေးသားရာမှာ –
YUPT ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် (၉) ဦးရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခန့်အပ်ထားသူ ၄ ဦး ရှိကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူ ဦးဇော်ထွန်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့်က အုပ်ချုပ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဦးအောင်မြတ်က ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဒါရိုက်တာ ၅ ဦးမှာ အစုရှယ်ယာရှင်များဘက်မှ ရွေးချယ်သူများဖြစ်ကြောင်း သိရှိရသည်။
လို့ဖော်ပြထားပါတယ်။
သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/khitthitnews/posts/760790247691657?tn=K-R