ဗိုလ်အောင်မင်းကွေ့


ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၄၉ / ၂ မှာ ဗိုလ်အောင်မင်းကွေ့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။
ပဲခူးရိုးမ၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ ဗကပ တွေလှုပ်ရှားနေတဲ့အချိန်က အုတ်တွင်းဘက်ကနေ ချီတက်လာတဲ့ ခလရ (၅၃) က ဗိုလ်အောင်မင်း ဦးစီးတဲ့ တပ်စုကို ဗကပတွေက ချုံခိုတိုက်ခဲ့တဲ့နေ ရာ ကို အမှတ်အသားလုပ်ထားတာပါ။
အဲဒီအချိန်ကလမ်းကအခုလိုမကျယ်သေးဘူး။ တောင်ကြောနဲ့ ချောက်ကမ်းပါးကြားမှာ ကျဉ်းကျဉ်း လေးပဲ။ဗိုလ်အောင်မင်းတပ်စုကကားလမ်းအတိုင်း လာနေတဲ့အချိန်ဗကပတပ်ဖွဲ့က ကလမ်းဘယ် ဘက်တောင်ကြောပေါ်နဲ့ လမ်းညာဘက် ချောက်ကမ်းပါးထိပ် ကနေ ညှပ်ပြီးတိုက်တယ်။ အမှန် ကတော့ တပ်စုတစ်စုလုံးကို သတ်ကွင်းထဲသွင်းပြီး အပိုင် တိုက် တာ။ ဒီလိုတိုက်ပွဲမျိုးကို စိန်ကန့် လန့် ဘက်မှာ တိုက်ခဲ့ဖူးတယ်၊ တပ်မတော်ဘက်က အတော်များ များကျဆုံးပြီး လက်နက် တွေ လည်း ပါကုန်တယ်လို့ ဆိုတယ်။ အခုလည်း ဗိုလ်အောင်မင်း တပ်စုကို အပိုင်တိုက်တာပဲ။ ဒီနေရာ က တပ်မတော်စခန်းရှိတဲ့ ပေါ်လံကြီးရွာကို ရောက်ဖို့ နှစ်မိုင်လောက်ပဲလိုတော့တာဆိုတော့ စခန်း ရောက်တော့မယ်ဆိုပြီး ရဲဘော်တွေ ပေါ့ပေါ့လျော့လျော့ဖြစ်လာတတ်တဲ့ အခြေအနေကို အခွင့်ကောင်းယူတာလည်း ပါတယ်။ ပေါ်လံကြီးစခန်းက ပေါ်လံကြီးတံတားနား က တောင်ကုန်း ပေါ်မှာရှိတယ်။ အခုတော့ ဆောက်လုပ်ရေး လမ်းစခန်းဖြစ်နေပြီ။
ဒီတိုက်ပွဲမှာတော့ ရှေ့ကတက်လာတဲ့ ရဲဘော်ငါးယောက်ကျတယ်။ ဒါပေမယ့် ဗိုလ်အောင်မင်း နဲ့ အဖွဲ့ ဘယ်ဘက်တောင်ကုန်းပေါ်အတင်းတက်တိုက်တဲ့အတွက် ဗကပတွေ တပ်လန်ပြီး ဆုတ် ပြေး ရတယ်။ ဗကပ ဘက်က အလောင်းလေးလောင်းကျန်ခဲ့တယ်။ နောက်ထပ်ကျတဲ့သူတွေလည်း ရှိ တယ်။ ဒါပေမယ့် အလောင်းတွေ ယူပြီး ဆုတ်ပြေးသွားလို့ အလောင်းမကျန်ခဲ့ဘူး။ ဗကပ အတွက် အထိ နာ တာက အဲဒီဒေသမှာ တိုက်ရည်ခိုက်ရည်ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ ချီးဗူး ကြီး ( ကတုံးကြီးနဲ့ ဖြစ်လို့ အဲဒီခေတ်က နာမည်ကြီး လူကြမ်းမင်းသား ချီးဗူးနာမည်ပေးထားတာ) ကျ သွားတာပဲ။ ချီးဗူးကြီးက အဲဒီတိုက်ပွဲမှာ ဘရင်းဂန်း ကိုင်ပြီး တိုက်တာ။ အဲဒီခေတ်က ဘရင်းဂန်း ဆို တာအခုခေတ်စက်လတ်လိုပဲပစ်အားအကောင်းဆုံး၊ဗကပ အတွက် အားအကိုးရဆုံးလက်နက် ပေါ့။ ချီးဗူးကြီးကို ဗိုလ်အောင်မင်းကိုယ်တိုင်ပစ်တာလို့လည်း ဆိုတယ်။
ပေါက်ခေါင်းတစ်ဝိုက်မှာတော့ ဗိုလ်အောင်မင်း ကွေ့တိုက်ပွဲက အခုအချိန်ထိ ပြောစမှတ်တွင်နေ တုန်းပဲ။ အခု အသက်ခြောက်ဆယ်တန်းတွေ အဲဒီအချိန်က ကလေးအရွယ်တွေ အစသိတယ်။ ကျွန်တော့် ကို ဒီတိုက်ပွဲအကြောင်းပြောပြတာက အသက် ၈၃ နှစ်အရွယ် ဂုံမင်းခုံ ရွာသားအဘ ဦးငွေထွန်း။ သူက ဗကပတွေအကြောင်းအတော်သိတယ်။ သူတောင် ဗကပ လုပ်ခဲ့သေးလား မသိ ဘူး။ မေးရင်တော့ မလုပ်ဘူးလို့ ပြောတာပဲ။
အဲဒီဒေသက လူတွေကတော့ ဗိုလ်အောင်မင်းဆိုတာ သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း လို့ ပြောကြတယ်။ ဟုတ်မဟုတ် တော့ ဦးအောင်မင်းနဲ့ တွေ့မှ မေးကြည့်ရမှာပဲ။

မင်းလှ (၂

)

မင်းလှ ရောက်တော့ ရုံးလမ်းအတိုင်း မဟာသတိပဋ္ဌာန် ကျောင်းကို သွားတဲ့အခါ လမ်းဘယ် ဘက်မှာ ဗလီတစ်ခုတွေ့တယ်။ မြင်မြင်ချင်းသတိထားမိတာက ဗလီမျက်နှာစာက ပန်းတော့ လက် ရာတွေက ကျွန်တော်မြင်ဖူးတဲ့ ဗလီတွေနဲ့မတူတဲ့အချက်ပဲ။

အခုတွေ့ရတဲ့ ဗလီရဲ့ သက်တမ်းကလည်း နှစ်တစ်ရာကျော်ပြီ၊ ဒီဗလီမဆောက်ခင်က သစ်သား ဗလီလေးရှိခဲ့တယ်လို့ဆိုတယ်။ ဗလီဆောက်တဲ့နှစ်ကို တိတိကျကျ မပြောနိုင်ဘူး။ ခုနှစ်နဲ့ပတ်သက်ပြီး အစောဆုံး တွေ့တဲ့အထောက်အထားကတော့ ဗလီဘေး အဆောင်ခေါင်ထိပ်မှာ လခြမ်းပုံနဲ့ ၁၉ ၂၄ လိုပုံဖော်ထားတဲ့ သွပ်ပြားလေးပဲ။ ဒီတော့ နှစ်တရာ မကျော် ရင်တောင် နှစ်ကိုးဆယ်တော့ ကျော်ပြီပေါ့။ ဗလီရဲ့ အမည်က တိုင်ရာကျော် ကျူလီယာ ဂျာမေဗလီဖြစ်ပါတယ်။ တိုင်ပေါင်းတစ်ရာကျော်ရှိလို့ တိုင်ရာကျော်လို့ခေါ်တာပါ။

ဒီဗလီကို တစ်ဦးတည်းလှုဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်က ဦးဖဲ၊ အဲဒီခေတ်က စပါးကုန်သည်၊ မြေပိုင်ရှင် ပေါ့။ သူ့မိဘတွေက အိန္ဒိယကနေ ရွှေ့ပြောင်း အခြေချလာတဲ့ တမီလ်နားဒူးပြည်နယ်က တမီလ်လူမျိုး မူဆလင်တွေ။ ဦးဖဲကတော့ မြန်မာနိုင်ငံမှာမွေးတာ။ ကျူလယာဆိုတာက အဲဒီတမီလ် မူဆလင်တွေကို ခေါ်တာလို့ပြောတယ်။

ဦးဖဲ ရဲ့ ဇနီးက ဒေါ်စိန်ကျော့တဲ့။ ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်၊ သူတို့ ဇနီးမောင်နှံက ကိုယ် ယုံကြည်ရာဘာသာကို ကိုးကွယ်တယ်။ ပြဿနာမရှိဘူး။ ဦးဖဲက ဗလီလှုသလို ဒေါ်စိန် ကျော့ ကလည်း သူဇာတိဖြစ်တဲ့ စိန်ကန့်လန့်ဘက်က ညောင်သုံးပင်ရွာမှာ တိုက်ကျောင်းကြီး ဆောက် လှုထားတာရှိတယ်။ အိမ်မှာ မီးဖိုက ကုလားဖို နဲ့ ဗမာဖိုဆိုပြီးရှိတယ်။ ဧည့်သည်တွေလာရင် ကြိုက်တာရွေးစားလို့ရတယ်။ သူတို့မှာ မောင်ပု ဆိုတဲ့ သားတစ်ယောက်ရှိတယ်။ သားက အရင် ကွယ်လွန်သွားတော့ သူတို့မျိုးဆက်တွေမကျန်တော့ဘူး။ ဦးဖဲတို့ကွယ်လွန်တာနဲ့ပတ်သက်လို့ ကတော့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ကွယ်လွန်သလိုလို၊ စစ်အတွင်းမှာ ကွယ်လွန်သလိုလို မရေ မရာဘဲ။

ဗလီကို အိန္ဒိယကလာတဲ့ ပန်းရန်ဆရာတွေနဲ့ဆောက်တာ၊ ဒါ့ကြောင့် မျက်နှာစာမှာ အိန္ဒိယ လက်ရာဟန်တွေ တွေ့ရတာလို့ဆိုတယ်။ ဒီအတိုင်းဆိုရင် မဟာသတိပဋ္ဌာန်ကျောင်းဝင်းထဲ က ဘုရားတိုက်ရဲ့လက်ရာတွေကလည်း ကုလားပန်းရန်ဆရာနဲ့ ဆောက်ခဲ့တာဆိုတော့ ဥရောပ ဟန် မဟုတ်ဘဲ၊ အိန္ဒိယမှာရှိတဲ့ ကိုလိုနီခေတ် လက်ရာ အငွေ့အသက်တွေလို့ပြောရမယ်ထင်တယ်။

ဗလီအတွင်းပိုင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ထူးခြားတာကတော့ ဝတ်မပြုခင် ကိုယ်လက် သန့်စင် ဖို့အတွက်လုပ်ထားတဲ့ ရေကန်ပါ။ အခြားဗလီတွေမှာ ကိုယ်လက်သန့်စင်ဖို့ ရေတိုင်တွေပဲ လုပ် ထားလေ့ရှိပေမယ့် ဒီဗလီမှာတော့ ရေကန်နဲ့လုပ်ထားတယ်။

ဦးဖဲ ဆောက်ခဲ့တဲ့ ရေပေးစနစ်ကလည်း အတော်စနစ်ကျတယ်။ ဗလီနောက်မှာ မိုးရေခံ ကန်ကြီး ရှိ တယ်။ တစ်နှစ်ပတ်လုံးရေရှိတယ်။ အဲဒီရေကန်ကနေ အကန့်ခြောက်ကန့်ပါတဲ့ရေစစ်ကန် ကို ဖြတ်ပြီး ပိုက်နဲ့ ဗလီထဲကို ပို့တယ်။ ဗလီထဲမှာ နောက်ထပ် ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန် ကတော့ အုတ်စီဒေါက်တိုင်တွေနဲ့ စနစ်တကျ ဆောက်ထားတယ်။ အဲဒီကန်ထဲက ရေကို စက်သီး နဲ့ ဆွဲတင်ပြီး အုတ်ကန်လေးထဲကိုလောင်းထည့်လိုက်ရင် အဲဒီကနေ ပိုက်နဲ့ ကန်ထဲကို ရောက် တယ်။ စက်သီးဆွဲတဲ့ စင်ရဲ့ မျက်နှာကြက်က စက်သီးချိတ်တွေအခုထိ ရှိသေးတယ်။

အခုတော့ ရေတွင်းကရေကို မော်တာနဲ့တင်ပြီးပေးတာဆိုတော့ အဲဒီရေကန်ကြီးတွေက ရိုးရိုး ရေ ကန်ဖြစ်နေပြီ။ ဘယ်သူမှ မသုံးတော့ဘူး။ ဟိုတစ်ချိန်ကတော့ ရေစစ်ကန်က ထွက်တဲ့ရေကန် မြို့ ထဲကလည်း လာသုံးကြတယ်လို့ဆိုတယ်။

ဗလီဝင်းကလည်း ရေကန်နှစ်ခုအပါအဝင် လေးဧကကျော်ငါးဧက နီးပါးရှိတယ်။ ဗလီအဆောက် အဦးရဲ့ဘေးနဲ့နောက်မှာ ရာမာဒမ်ဥပုသ်ကာလမှာ သူတို့ ထုံးစံအရ စားသောက်ဖို့ ၊ ချက်ပြုတ် ဖို့ နေရာတွေလုပ်ထားတယ်။ အဲဒီနေရာတွေက သက်တမ်းကြာလာလို့ အတော်ယိုယွင်းနေပြီ။

၂၀၁၃ ခုနှစ်က ဒီဗလီရဲ့မျက်နှာကြက်၊ ကြမ်းခင်းနဲ့ အတွင်းပိုင်းနေရာအချို့ ဖျက်ဆီးခံခဲ့ရတယ်။ အခုတော့ အဲဒါတွေအားလုံးပြန်ပြင်ပြီးနေပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း ဗလီအတွင်းဘက် မှာ ပြုပြင်မွမ်းမံဖို့လိုနေတဲ့ နေရာတွေကို ပြုပြင်ခွင့်တောင်းထားတာ ခွင့်ပြုချက်မရသေးဘူး၊ အဆင့်ဆင့်တင်ပြထားတာကို စောင့်နေရတယ် လို့ သိရတယ်။ ကျွန်တော်စကားပြောခွင့်ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ ၂၀၁၃ အဖြစ်အပျက်ကို ကံ မကောင်းအကြောင်းမလှလို့ ဖြစ်ခဲ့ရတဲ့ ဝမ်းနည်းစရာ ကိစ္စ၊ ဦးဖဲ တို့ခေတ်ထဲက ပြဿနာမရှိဘဲ အတူနေခဲ့တဲ့ အတွက် အခုရော၊ နောင်ရော အေးအေးချမ်းချမ်း အတူတူနေနိုင်မှာပါလို့ ယုံကြည်နေဆဲပါ။

ဗလီဘေးမှာ ဝေဠုဝန်စာသင်တိုက်ကို သွားတဲ့လမ်းရှိတယ်။ အဲဒီလမ်းတစ်ဖက်မှာ ရဲစခန်းရှိတယ်။ ဝေဠုဝန်စာသင်တိုက်က ဗလီရေကန်ကြီးနဲ့ ကပ်နေတာပဲ။ အဲဒီ စာသင်တိုက် မှာလည်း ဒေါ်စိန်ကျော့ လှုဒါန်းထားတာတွေရှိတယ်လို့ ပြောတယ်။ အထောက်အထားတော့ မတွေ့ခဲ့ရဘူး။ ဒါပေမယ့် သူ့ဇာတိရွာမှာတောင် ကျောင်းပြန်ဆောက်လှုတယ်ဆိုတော့ မင်းလှ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာလည်း လှုဒါန်းမှာသေချာပါတယ်။

ဘာပဲဖြစ်ဖြစ် ဦးဖဲ နဲ့ ဒေါ်စိန်ကျော့ဟာ မင်းလှမြို့က စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

မင်းလှ (၁)

ရန်ကုန် – ပြည် ကားလမ်းအတိုင်းခရီးသွားတဲ့အခါ မင်းလှ လမ်းခွဲ ဆိုတာကို အမြဲတမ်းတွေ့တယ်။ တစ်ခါမှ ဝင်မကြည့်ဖြစ်ဘူး။ လွန်ခဲ့တဲ့ ငါးလလောက်က မိတ်ဆွေတစ် ယောက်က ဥရောပ လက်ရာနဲ့ ကျောင်းတိုက်အကြာင်းရေးထားတာကို ဖတ်ပြီး စိတ်ဝင်စားတာနဲ့ ဒီတစ်ခေါက် ပြည် ကို အသွားမှာ ဝင်ခဲ့တယ်။

ရန်ကုန်က အလာ လက်ပံတန်းကျော်လာရင် မင်းလှ လမ်းခွဲကို ရောက်တယ်။ မီးပွိုင့်ရှိတယ်။ ဘယ် ဘက် မင်းလှ လမ်းခွဲ၊ ညာဘက်မှာ စိန်ကန့်လန့်လမ်းခွဲ၊ မုက္ခောဆင်စခန်း သို့ဆိုတဲ့ ဆိုင်း ဘုတ် လည်းရှိတယ်။

မင်းလှကို နှစ်မိုင်ကျော်လောက်မောင်းရတယ်။ ရထားလမ်းကို ကျော် ညာ ဘက်က ရုံး လမ်း အတိုင်းဝင်လိုက်ရင် လမ်းအဆုံးမှာရှေးလက်ရာ အဆောက်အဦ သုံးခု တန်း စီနေတာ တွေ့ ရမှာဖြစ်ပါတယ်။ နေရာက ရပ်ကွက် ၈ ၊ ပန်းပဲချောင်လမ်း။

ဘယ်ဘက်အစွန်မှာရှိတဲ့ လေးထောင့်ပုံအုပ်တိုက်နီနီက ဆုတောင်းပြည့်ကျောင်းလို့ခေါ်တယ်။ ဒါွရဂိုဏ်းဘုန်းကြီးကျောင်းပါ။ အလယ်က ဥရောပလက်ရာနဲ့အဆောက်အဦးက ဘုန်းကြီး ကျောင်း မဟုတ်ဘူး။ ဂန္ဓကုဋိတိုက် ဖြစ် ပါတယ်။ ဒေသခံတွေကတော့ ဘုရားတိုက်လို့ခေါ်တယ်။ ညာဘက် အစွန်ဆုံးက တစ်ပိုင်းတစ်စပဲ မြင်ရတာက စတုဘုမ္မိကမဂ္ဂင် မဟာ သတိ ပဋ္ဌာန်ကျောင်းလို့ ခေါ် တယ်။ ငှက်တွင်းဂိုဏ်း ဘုန်းကြီးကျောင်းပါ။

ဆုတောင်းပြည့်ကျောင်း နဲ့ ဘုရားတိုက် နှစ်ခုရဲ့ အလှုရှင်က ဒေါ်ဆားပွင့်တဲ့။ အညာသူ ၊ ပခုက္ကူက လို့ပြောပါ တယ်။ သူ့အကြောင်း ပြည့်ပြည့်စုံစုံပြောနိုင်သူမတွေ့ခဲ့ဘူး။ ဒါပေမယ့် ဘုရားတိုက်ကို ဆောက်ပြီးတဲ့အခါ ရေရှည်ရံပုံငွေရှိဖို့အတွက် လယ်မြေဧကတစ်ရာကျော်လှုဒါန်းခဲ့တယ်ဆိုတော့ စပါးကုန်သည်၊မြေပိုင်ရှင်ပဲဖြစ်မယ်ထင်ပါတယ်။ ကောဇာသက္ကရာဇ် ၁၂၇၇ ခုနှစ် မှာ ဘုရား တိုက် ကိုဆောက်တယ်။

အဆောက်အဦ ဒီဇိုင်းကို ဘယ်သူဆွဲသလဲတော့မသိဘူး။ ဆောက်တဲ့အခါမှာ ကုလားပန်းရန်ဆရာ နဲ့ ဗမာ ပန်းရန်ဆရာကို တစ်ယောက်တစ်ခြမ်းစီဆောက်ခိုင်းတယ်။ နှစ်ဘက်လုံး တစ်ပုံစံတည်း ဖြစ် ရမယ်၊ မဖြစ်ရင် ငွေမပေးဘူးဆိုပြီးခိုင်းခဲ့တယ်။ ပန်းရန်ဆရာတွေကလည်း သူပြောတဲ့အတိုင်း ဖြစ် အောင်ဆောက်ခဲ့တယ်လို့ ပြောကြတယ်။ ( အဲဒီခေတ်က ပန်းရန် ဆရာလို့ခေါ်ပေမယ့် အင်ဂျင် နီယာလည်းဖြစ်နိုင်ပါတယ်။ )

ဘုရားတိုက်ရဲ့ မျက်နှာစာအားလုံးမှာ တံခါးပေါက်ကြီးတွေရှိခဲ့ဖူးပေမယ့် အခုတော့ အုတ် စီပြီး ပိတ်ထားတယ်။ အတွင်းမှာ ထိုင်တော်မူဆင်းတုတော်ကြီးတစ်ဆူရှိတယ်။ အခုတော့ ဆင်းတုတော် မျက်နှာမူထားတဲ့ဘက်ကိုပဲ တံခါးမကြီးလုပ်ထားတယ်။ ကျွန်တော်ကတော့ မူလ တည်ဆောက် တဲ့အချိန်က အသုံးပြုဖို့ရည်ရွယ်တာကို ပြောင်းလိုက်တဲ့အတွက် တံခါးအနေအထား တွေပြောင်း ကုန်တာပဲလို့ထင်တယ်။ ဒါပေမယ့် ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။

အဆောက်အဦ အပြင်ဘက် အင်္ဂတေပန်းတော့လက်ရာတွေက ဥရောပဘက်နွယ်တဲ့လက်ရာတွေ လို့ပဲခံစားမိတယ်။အဆောက်အဦမျက်နှာစာထိပ်ဘက်မှာစက်ဝိုင်းတစ်ဘက်တစ်ချက်မှာ ခြ င်္သေ့ နဲ့ မြင်း ကို ထည့်ပြီးပုံဖော်ထားတာကလည်း အနောက်နိုင်ငံသားတွေသုံးလေ့ရှိတဲ့ Coat of Arms နဲ့ ဆင်တူတယ်။ အလယ်စက်ဝိုင်းထဲက ပုံက ကဒေါင်းပုံလို့ထင်တယ်။ ကွယ်နေလို့ သေသေချာ ချာမမြင်ခဲ့ရဘူး။ အဆောက်အဦ ထိပ်ဘယ်ညာမှာလည်း ဒေါင်းရုပ်နှစ်ရုပ်ရှိတယ်။ အတွင်းပိုင်းက တိုင်တွေ၊ ပေါင်းကူးတွေ တည်ဆောက်ထားပုံကလည်း ဥရောပဟန်တွေပါပဲ။

ပညာရှင်တွေ လေ့လာရင်တော့ ဘုရားတိုက်ရဲ့ ဗိသုကာလက်ရာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် တွေတွေ့နိုင်မှာပါ။ ကျွန်တော်ကတော့ ခရီးသွားတစ်ဦးရဲ့ အမြင်ကိုပဲ ပြောနိုင်ပါတယ်။

ဘုရားတိုက်နဲ့ ကပ်လျက်ရှိတာက မဟာသတိပဋ္ဌာန်ကျောင်းတိုက်ဖြစ်ပါတယ်။ ဒီကျောင်းတိုက် အလှုရှင်က ဒေါ်ဆားပွင့်ရဲ့ သမီး ဒေါ်ငွေသက်ပါ။ ကျောင်းတိုက်ဆောက်တဲ့ နှစ်က ၁၉ ၃၀ ကျော် လို့ ဆိုတယ်။ သိမ်အတွင်းမှာရှိတဲ့ တံကဲကို ၁၉ ၃၉ ခုနှစ်မှာ ပြီးတယ်ဆိုတော့ ကျောင်း ဆောက် တာက ၁၉ ၃၅ ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။

ဆုတောင်းပြည့်ကျောင်း၊ ဘုရားတိုက်နဲ့ မဟာသတိပဋ္ဌာန်ကျောင်းတို့ ဆက်စပ်နေတဲ့ ဖြစ်စဉ် က လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဆုတောင်းပြည့်ကျောင်းနဲ့ ဘုရားတိုက်ကို လှုဒါန်းပြီးတော့ သား အမိနှစ်ယောက် ဆုတောင်းပြည့်ကျောင်းမှာပဲ တရားအားထုတ်တယ်။ ဒီလိုနေရင်းနဲ့ သမီးဖြစ်သူ ဒေါ် ငွေ သက်က ပြည်မြို့ရောက်တဲ့အချိန်မှာ စတုဘုမ္မိကမဂ္ဂင် မဟာ သတိ ပဋ္ဌာန် ( ငှက်တွင်းဂိုဏ်း) )တရားကို နာရတယ်။ အဲဒီမှာ တရားကို သဘောကျသွားပြီး အမေဖြစ်သူကို ပြော တယ်။ အမေဖြစ်သူက မူလ ကိုးကွယ်တဲ့ ဒွါရဂိုဏ်းတရားကိုပဲ နှစ်သက်တယ်။ သမီးပြောတာကို လက်မခံဘူး။

ဒီလိုနဲ့ သမီးဖြစ်သူ ဒေါ်ငွေသက်က သတိပဋ္ဌာန်တရားကို ကျင့်နိုင်ဖို့အတွက် ကျောင်းတိုက်တစ်ခု လှုဒါန်းမယ်ဆိုပြီးလုပ်တယ်။ အဲဒီအချိန်မှာ ဒေါ်ငွေသက်က တရုတ်လူမျိုး ဦးဘွန်နန်းနဲ့အိမ်ထောင် ကျနေပြီ။ကျောင်းတိုက်တည်ဖို့အတွက်အုတ်ဖုတ်ဖို့ မြေတူးတဲ့အခါ ရှေးဟောင်း ငွေဒင်္ဂါးတွေ ထည့် ထားတဲ့ အိုးသုံးလုံး တွေ့တယ်။

ကျောင်းတိုက်ဆောက်မယ်ဆိုတော့ ဒေါ်ငွေသက်က ဗမာပန်းရန်ဆရာနဲ့ တရုတ်လက်သမားကို ငှားတယ်။ ပြီးတော့ ရန်ကုန်ခေါ်သွားပြီး တရားရုံးချုပ် High Court အဆောက်အဦကို ပြပြီး အဲဒီမှာ ရှိတဲ့ ပေါင်းကူးတွေ၊ ပြူတင်းပေါက်တွေ ပုံစံအတိုင်းလုပ်ခိုင်းတယ်။ ကျောင်းဆောက်တာ အဲဒီ ခေတ်က ငွေတစ်သိန်းကျော်ကုန်တယ်။ဘုန်းကြီးကျောင်းဆောက်ပြီးတဲ့အခါ ဒေါ်ငွေသက်က သဘော ကျလွန်းလို့ ဘုန်းကြီးကျောင်းကို အဝေးကနေ မြင်နိုင်အောင် ကျောင်းရှေ့မှာ ဘာအပင်မှ မစိုက်ခိုင်းဘူး။ အဲဒီအချိန်က ကျောင်းရှေ့မှာ လူနေရပ်ကွက်တွေလည်းမရှိသေးဘူး။ မြို့ထဲက လှမ်းကြည့်ရင် ဘုရားတိုက်ရယ်၊ ဘုန်းကြီးကျောင်းရယ်ကို မြင်ရတာ အလွန်ကြက်သရေရှိတယ် လို့ ဆိုတယ်။ အခုနောက်ပိုင်းတော့ နှစ်ရှည်ပင်ကြီးတွေစိုက်လိုက်တဲ့အတွက် ဘုန်းကြီးကျောင်း မျက်နှာစာအလှပေါ်အောင် ဓာတ်ပုံရိုက်လို့မရတော့ဘူး။

ကျောင်းတိုက်အမိုးက အရင်ကတော့ အုတ်ကြွပ်မိုး၊ အခုတော့ သွတ်နဲ့အစားထိုးတယ်။ ဘုန်းကြီးကျောင်းဘေးမှာ ရှေးအုတ်ကြွပ်တွေ ပုံ ထားတယ်။ ဒါနဲ့ ဒီအုတ်ကြွပ်တွေက တန်ဖိုးအရမ်းရှိတယ်။ လာဝယ်သူရှိရင်တောင် ဈေးကောင်း ရမှ ရောင်းပါလို့ လေ ျှာက်ခဲ့တယ်။

ကျောင်းတိုက်အပြင်လက်ရာတွေ၊ ပေါင်းကူးတွေက ဥရောပဆန်တယ်။ အပေါ်ထပ်က ပြူတင်း ပေါက်တွေမှာ ရောင်စုံမှန်စီလက်ရာတွေထည့်ထားတာက ခရစ်ယန်ဘုရားကျောင်းတွေမှာ တွေ့ ရတတ်တာမျိုးပဲ။ တံခါးရွက်တွေကတော့ တရုတ်လက်သမားလုပ်တာဖြစ်လို့ထင်တယ်။ တရုတ် စာ တွေထည့်ထားတယ်။ ကျောင်းထိုင်ဆရာတော်ကတော့ အဲဒါက တရုတ်လို မင်္ဂလာ အမှတ် အသားလို့ပြောတယ်။

အသစ်ဆောက်ထားတဲ့ သိမ်ထဲမှာ ပူဇော်ထားတဲ့ ကျောင်းအမ ကြီးဒေါ်ငွေသက်လှုဒါန်းထားတဲ့ တံကဲ ကလည်း လက်ရာမြောက်လှပါတယ်။ ဒီတံကဲ မျိုးက ပခုက္ကူနဲ့ မင်းလှမှာပဲရှိတယ်လို့ ဆိုတယ်။ တံကဲလက်ရာရှင်က ပခုက္ကူက ပန်းပုဆရာ ဦး ဘိုး မင်းဖြစ်ပါတယ်။ မှတ်တမ်းအရတော့ ဆူးဆောက် လက်နက်အမျိုးပေါင်း ၄၀ နဲ့ သုံးနှစ်ထုလုပ်ခဲ့ ရတယ်၊ အလျား ၁၀ ပေ၊ အနံ ၇ ပေ ၅ လက်မ ၊ ဒု ၇ လက်မ ရှိတယ်။ ပန်းအထပ် ၇ ထပ်နဲ့ အရုပ် ပေါင်း ၆၀ ပါတယ်။ ဒီတံကဲထုဆစ်ပြီးတဲ့ အခါ ဒေါ်ငွေသက်က ဦးဘိုးမင်းကို ငွေဒင်္ဂါး တစ်ရာ နဲ့ ဝတ်စုံ သုံးစုံ ဆုချခဲ့တယ်။

ကျောင်းတိုက်နှစ်ခုနဲ့ ဘုရားဆောင်ကို လေ့လာတဲ့အခါ ထူးထူးခြားခြား သတိထားမိတာက လူတိုင်းက ကျောင်းအမကြီးနှစ်ယောက်ကိုပဲ သိတယ်။ သူတို့ ခင်ပွန်းတွေအကြောင်းမသိကြ၊ မပြော ကြဘူး။ အမေကြီးနှစ်ယောက်က သူတို့ခေတ် သူတို့ အခါက တကယ့် အမျိုးသမီး စွမ်း ဆောင်ရှင်တွေဖြစ်မယ်ထင်တယ်။ ဒေါ်ငွေသက်ဆိုရင် နောက်ပိုင်းမှာ သစ်လုပ်ငန်း၊ မီးရထားကို ဇလီဖါးတုံး သွင်းတဲ့လုပ်ငန်းတွေအထိ လုပ်ခဲ့တယ်တဲ့။ လွတ်လပ်ရေးရပြီး နယ်မြေ မငြိမ်သက်တော့ မှ ရန်ကုန်ကို ပြောင်းသွားတယ်။ သူပြောင်းတော့ စိန်ရွှေတွေကို သံသေတ္တာသုံးလုံးနဲ့ အပြည့်သယ် ရတယ်လို့ဆိုကြတယ်။ ဒီဒေသမှာ လယ်ဧက နှစ်ထောင်နီးပါးလောက်ပိုင်ခဲ့ပြီး နောက်ပိုင်းတော့ လယ်ယာမြေဝေခြမ်းရေးလုပ်တဲ့အထဲပါသွားတယ်လို့ ဆိုတယ်။

ဆိတ်ငြိမ်ရာ (၃)


သဘာဝတောကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင် တည်ဆောက်ထားတဲ့ ပဲခူးရိုးမ သဘာ၀ အပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာ ထူး ထူး ခြားခြား နှစ်သက်မိတဲ့အဆောက်အဦ နှစ်ခုရှိတယ်။
ဧည့်ကြိုဆောင်
ဟိုတယ်တွေမှာ ဧည့်ကြိုဆောင်ဆိုတာ နေရာကျယ်ကျယ်ထားတယ်။ ဧည့်သည်တွေ အကြောင်း အမျိုးမျိုးနဲ့ စောင့်ဆိုင်းနိုင်ဖို့အတွက် ခုံတွေရှိတယ်။ ဟိုတယ်ကြီးတွေဆိုရင်တော့ ကော်ဖီဆိုင်၊ ဘားတို့နဲ့တွဲထားတာပေါ့။
ဒီဟိုတယ်မှာတော့ ဧည့်ကြိုဆောင်ကို တောင်ကမ်းပါးလေးက သစ်ပင်ကြီးတွေကြားမှာ ဆောက် ထားတဲ့အတွက် နေရာအကျယ်ကြီးမလုပ်ထားဘူး။ ကောင်တာရှေ့မှာ ထိုင်ခုံ နှစ်စုံ ဆန့်တဲ့ နေ ရာရှိတယ်။ အမှတ်တရ ပစ္စည်းရောင်းတဲ့နေရာလေးရှိတယ်။ အပြင်ဘက်မှာ ကပြင်ရှိတယ်။ ထိုင်စရာခုံတန်းတစ်ခု ရှိတယ်။ စက်ဘီးလေးတွေ ထားဖို့ နေရာရှိတယ်။ ဒါပဲ။
ဗိသုကာဆရာက မြေပြင်မှာ နေရာကျယ်ကျယ်မယူနိုင်တဲ့ အခြေအနေကို အပေါ်ကို မြှင့်ပြီး နေရာ ရအောင်လုပ်လိုက်တယ်။ ဧည့်ကြိုဆောင်ရဲ့ အလယ်မှာ သစ်သားကြောင်လိမ်လှေကားတစ်ခု ရှိ တယ်။ ဒီလှေကားက လှေကားဆန်တွေကို သံမရိုက်ဘဲ သပ်ရိုက်ပြီးဆောက်ထားတာဖြစ်ပါတယ်။ အလယ်တိုင်ကတော့ ကျွန်းတိုင်၊ လှေကားဆန်တွေက ပိတောက်သား၊ လက်ရန်းတွေက ကျွန်း ပါ။
အဲဒီကြောင်လိမ်လှေကားအတိုင်းတက်သွားရင် အပေါ်မှာ အထပ်ခိုး နှစ်ထပ်ရှိတယ်။ နှစ်ထပ် လုံးမှာ အေးအေးဆေးဆေး နားနားနေနေ စာဖတ်နိုင်ဖို့ ခုံလေးတွေချပေးထားတယ်။ အင်တာ နက်သုံးလို့ရတယ်။ ဒုတိယထပ်မှာတော့ ထိုင်ခုံအပြင် လက်တော့ပ် ကွန်ပျူတာတွေတင်ရိုက် လို့ရအောင်၊ စာရေးလို့ရအောင် နံရံကပ်စားပွဲလေးလုပ်ပေးထားတယ်။
ဒီနေရာလေးက မနက်စောစော ၊ ဒါမှမဟုတ် ညဘက်မှာ အပန်းဖြေဖို့ကောင်းတဲ့နေရာလေး ပါ။ မနက်စာစားပြီး ကော်ဖီတစ်ခွက်နဲ့ စာဖတ်၊ စာရေးမယ်ဆိုရင်တော့ ဘာပြောကောင်းမလဲ။ ဒါ ပေမယ့် ဒီနေရာမှာ အရက်သောက်လို့တော့မရဘူး။
ဧည့်ကြိုဆောင်မှာ နားနေမယ်ဆိုရင် သတိထားသင့်တဲ့အချက်နှစ်ချက်ရှိပါတယ်။ ကြောင်လိမ် လှေကားက သပ်ရိုက်တည်ဆောက်ထားတဲ့အတွက် ခုန်ပေါက်တက်တာ၊ လူတွေအများကြီး ထိုင် ပြီး ဓာတ်ပုံရိုက်တာမျိုးလုပ်လို့မရပါဘူး။ မူလဒီဇိုင်းကတော့ လှေကားပေါ်မှာ တစ်ကြိမ် ကို လူခုနှစ်ယောက်ပဲ ရှိနေလို့ရတယ်လို့ဆိုပါတယ်။ အုပ်စုနဲ့လာတဲ့ ဧည့်သည်တွေရောက်လာရင် စုပြုံတက်ကြလို့ အမြဲတမ်း သတိပေးနေတယ်လို့ ဝန်ထမ်းတွေက ပြောပြ တယ်။
နောက်တစ်ချက်ကတော့ အင်တာနက်သုံးတာဖြစ်ပါတယ်။ အပေါ်ထပ်အခန်းတွေမှာ အေးအေး ဆေးဆေး စာဖတ်နေသူတွေရှိတဲ့အတွက် Live လွှင့်တာ၊ စပီကာ ဖွင့် ပြီး မက်ဆင်ဂျာ၊ ဗိုင်ဘာ သုံးတာမျိုးကို မလုပ်မိအောင် ဆင်ခြင်ဖို့လိုပါတယ်။
အစည်းအဝေးခန်းမ
တောထဲက ဟိုတယ်တစ်ခုမှာ ဗိသုကာဒီဇိုင်းအလွန်ကောင်းတဲ့ အစည်းအဝေးခန်းမဆောင် တစ်ခု ရှိမယ်လို့မေ ျှာ်လင့်မထားခဲ့ဘူး။
အစည်းအဝေးခန်းမဆောင်ကလည်း တောင်စောင်းမှာ ဆောက်ထားတဲ့အဆောက်အဦပဲ။ လှေကားကနေ တက်သွားရင် ကပြင်ကျယ်ကျယ်တစ်ခုရှိတယ်။ အဲဒီမှာ ခုံတန်းလေး တွေ ချပြီး ပြောလို့ ဆိုလို့ရတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ရုံးပိတ် ရက်လာ မယ့် ကျောင်းသူ ကျောင်းသားတွေ လေ့လာရေးခရီးစဉ်တစ်ခုအတွက် ခုံတန်းလေးတွေချပြီး ပြင် ဆင်ထားတာတွေ့တယ်။ ဦးဆောင်လာသူတွေက သစ်တောအကြောင်း၊ သဘာဝပတ်ဝန်းကျင် အကြောင်း ပေါ့ပေါ့ပါးပါး ရှင်းပြဖို့အတွက် အဆင်ပြေတဲ့နေရာလေးပဲ။
အဲဒီနေရာကနေ အစည်းအဝေးခန်းမကို ဝင်ဖို့အတွက်တံခါးရှိတယ်။ တံခါး မင်းတုပ် ကတော့ ရှေး မြန်မာအိမ်တွေမှာတွေ့ရတဲ့ မင်းတုပ်မျိုးပဲ။ အဲဒီအစည်းအဝေးခန်း ကတော့ လူနည်း နည်းနဲ့လုပ်တဲ့ ခန်းမလေးပါ။ ကုလားထိုင်တွေနဲ့ မျက်နှာ ကြက် ဒီဇိုင်းတွေကတော့ အတော်ကောင်းတယ်။ ဒီအခန်းက လေအေးပေးစက်နဲ့ သက်တောင့်သက်သာဆွေးနွေး လို့ ရတဲ့နေရာပေါ့။
ဒီအစည်းအဝေးခန်းကနေ ထွက်လိုက်ရင်တော့ အစည်းအဝေးခန်းမကြီး ကို ရောက်တယ်။ အဲဒီခန်းမက ဒီအဆောက်အဦရဲ့ အသက်ပဲ။ ခန်းမဆောင်ဆိုပေမယ့် ဟိုတယ် တွေမှာ မြင်နေကြ ခန်းမဆောင်မျိုးမဟုတ်ဘူး။ တောင်စောင်းအတိုင်း သီရေတာ စာသင်ခန်းပုံစံတည်ဆောက်ထားတဲ့ ခန်းမဖြစ်ပါတယ်။ ဘေးနှစ်ဘက် ဖွင့်ထားတဲ့အတွက် လေ အေးပေးစက်မလိုဘူး။ မျက်နှာချင်းဆိုင်က မှန်ပြူတင်းကျယ်ကြီးရဲ့ အပေါ်မှာ ပိတ် ကားချပ်ရှိတယ်။ မျက်နှာကြက်မှာ ပရိုဂျက်တာရှိတယ်။
ခုံတန်းတစ်ဘက်ကို ငါးယောက်ထိုင်ရင် ခန်းမထဲမှာ အနည်းဆုံး လူငါးဆယ်လောက် ထိုင် လို့ရတယ်။ ဒီနေရာလေးက ဟောပြောပွဲလေးတွေ၊ လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး ဆွေး နွေးတာမျိုးတွေလုပ်လို့ အလွန်သင့်တော်တဲ့နေရာမျိုးပါ။
ဟိုတယ်မှာ ဧည့်သည့်တွေအရမ်းများတဲ့အချိန်မျိုးမှာ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ရိုးမပေါ် က သားငှက်တိရိစ္ဆာန်တွေအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအကြောင်းတွေ ရှင်းပြတဲ့ အခမ်းအနားမျိုးလေးတွေ လုပ်သင့်တဲ့နေရာပဲ။ အထူးသဖြင့် ဧည့်သည်တွေအပြင်မထွက်တဲ့ နေ့လည်ခင်းမျိုးမှာ လုပ်နိုင် တာပေါ့။ အဖွဲ့အစည်းတွေက ကိုယ့်ဝန်ထမ်းတွေ အပန်းလည်းဖြေ၊ အသိပညာလည်းတိုးမယ့် အစီ အစဉ်မျိုးတွေကိုလုပ်မယ်ဆိုရင်လည်းကောင်းတာပဲ။
ကျွန်တော်ကတော့ စာရေးဆရာ ၊ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ ပန်းချီဆရာတွေ လာကြ၊ တစ်နေ့လုံး ကိုယ့်အစီအစဉ်နဲ့ ကိုယ် စာရေးတာ၊ ပုံဆွဲတာ၊ ဓာတ်ပုံရိုက်တာလုပ်။ ညနေ ခန်းမထဲမှာ ပြန်ဆုံ ပြီး ရေးခဲ့၊ ရိုက်ခဲ့၊ ဆွဲခဲ့တာတွေကို ပြန်ပြောကြ၊ ဆလိုက်တွေနဲ့ တင်ပြကြ၊ ဒီခရီးစဉ်မှာရေးခဲ့၊ ဆွဲခဲ့တာတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုဒါန်း ဆိုတာမျိုးကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူစီစဉ်ပေးတာမျိုးလေးရှိရင်ကောင်းမှာပဲ လို့ တွေးမိ တယ်။
စိုးရိမ်မိတာတစ်ခုကတော့ ဒီခန်းမကြီးကို မြင်ပြီး တောထဲရောက်တုန်း ဆိုကြမယ်၊ပျော်ကြမယ် လုပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ပေါ်လာမယ့် ကိစ္စပဲ။

ဂုံခါး


ရိုးမပေါ်တက်ပြီး ဂုံခါး တူးမယ့်သူ။ ဆိုင်ကယ်မှာ ဓားရယ်၊ ပေါက်တူးရယ်ပါတယ်။ ရိုးမပေါ်ကို ဆိုင်ကယ်နဲ့တက်နိုင်သလောက် တက်တယ်။ လိုအပ်ရင် ပေါက်ပြားနဲ့ လမ်းနည်းနည်းချဲ့တယ်။ မရတော့တဲ့အခါ ခြေလျင် ခရီး နဲ့ တောတိုးပြီး ဂုံခါးရှာရတယ်။
ဂုံခါးကို ကွမ်းယာမှာထည့်စားသလို တိုင်းရင်းဆေးမှာလည်း သုံးတယ်။ တရုတ်ကိုလည်း ပို့တယ်။ ကိုရီးယားအထိတောင် ပို့ခဲ့ဖူးတယ်လို့ဆိုတယ်။ ဒီတောင် ပေါ်မှာတော့ ကုန်သည်တွေက တစ်ပိဿာ ၁၃၀၀ ဈေးကောက်တယ်။
ဂုံခါး ပင်က နွယ်ပင်ဖြစ်ပြီး အမြစ်ကို တူးရတယ်။ ကားလမ်းဘေးက တောတွေထဲမှာ ရှိပေမယ့် အပင်သေးတယ်။ ရိုးမပေါ်က အပင်တွေမှာ အမြစ် နှစ်ပိဿာ၊ သုံးပိဿာလောက်ရတယ်လို့ ဆိုတယ်။ ကံလိုက်တဲ့နေ့ဆိုရင် တစ်နေ ဆယ်ပိဿာ လောက်အထိ ရတယ်။

ကြိမ်ချောင်း


ကြိမ်ချောင်းဆိုတဲ့ တောင်ပေါ်ကရင်ရွာလေးက ပြည် – အုတ်တွင်း ကားလမ်း မိုင်တိုင် ၄၆ /၂ ကနေ ခြောက်မိုင်လောက်ဝင်ရတဲ့ ရိုးမပေါ်က ရွာလေး။ ကြိမ်ချောင်း ချောင်းဖျားဆိုတာက ကြိမ်ချောင်းကနေ နောက်ထပ်တစ်နာရီလောက်ထပ်သွားရတယ်။ ဒီရွာတွေကို ကားလမ်း၊ဆိုင်ကယ် လမ်း မပေါက် သေးဘူး။
အဲဒီရွာတွေကနေ ဖျံဥ၊ တောင်ယာ ငရုတ်၊ နှမ်း စတာတွေကို ကားလမ်းပေါ်က ပေါ်လံကြီး ရွာမှာ လာရောင်းတယ်။ အပြန်မှာ ဆီ၊ ဆား၊ အချိုမှုန့်၊ လက်ဖက်ခြောက်တွေ ပြန်ဝယ်သွားကြတယ်။ ရေကျိုငါးပိကတော့ တစ်နှစ်စာ ဝယ်လှောင်ထားတယ်။ ဆန်ကတော့ တောင်ယာကထွက်တာပေါ့။ အသီး အရွက်ကလည်း တောင်ယာကပဲ။ အသား ကတော့ အမဲလိုက်လို့ရရင်စား၊ ဒါမှမဟုတ် ရွာမှာပေါ်ရင်ဝယ်စားပေါ့။
ဆယ်စုနှစ်များစွာအတွင်း သူတို့ဘဝတွေမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာဆိုလို့ ဗကပ တွေမရှိတော့တာရယ်၊ မိုဘိုင်းဖုန်းရယ်၊ ဆိုလာမီးပြားရယ်ပဲ ရှိသတဲ့။
နောက်နှစ် မိုးဦးရာသီမှာ အဲဒီရွာတွေကို သွားမယ်။ သူတို့နဲ့ အတူနေပြီး တောင်ယာတွေမှာ ဓာတ်ပုံလိုက်ရိုက်မယ်။ ဘာမှ ထူးထူးခြားခြားသယ်ဖို့မလိုဘူး။ စောင်တစ်တည်၊ ခြင်ထောင် တစ်လုံးပါရင် နေလို့ရပြီလေ။

ဆိတ်ငြိမ်ရာ (၂)


ရန်သူမျိုးငါးပါးထဲမှာ အသံ တစ်ပါး ထပ်တိုးထားတဲ့ ရန်သူမျိုးခြောက်ပါး ရှိရာရန်ကုန်ကနေ ခရီးထွက်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်က နားအေးပါးအေးနေချင်ရင် ပေါက်ခေါင်း ၊ အုတ်တွင်း လမ်းပေါ်က Bago Yoma Eco Resort ကိုသွားလို့ အကြံပေးတယ်။ အနီးဆုံးရွာနဲ့ ငါးမိုင် လောက် ဝေးတယ်။ အခန်းထဲမှာ ဖုန်းမမိဘူး။ အင်တာနက်မရဘူး။ တီဗီမရှိဘူး။ သူပြောတဲ့ ဘာမှ မရှိဘူးဆိုတာနဲ့တင် အဲဒီအပန်းဖြေစခန်းသာလေးကို သွားဖို့ လုံလောက်သွားပြီ။
ဒီခရီးမှာ ရည်ရွယ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက စိတ်အေးလက်အေး နားအေး ပါးအေး နားဖို့၊ ဒုတိယတစ်ခုက ကိုယ့်ရဲ့ ခရီးဝေး ကားမောင်းနိုင်စွမ်းကို စမ်းသပ်ချင်လို့၊ နောက်ဆုံးတစ် ချက်က တော့ တောတောင်ထဲမှာ ခြေလျင်ခရီးကြမ်းနှင်ဖို့ဖြစ်ပါတယ်။
လမ်းကြောင်း
ရန်ကုန်ကနေ ဒီအပန်းဖြေစခန်းကို လာဖို့ လမ်းကြောင်းသုံးခုရှိတယ်။ ပထမတစ်ခုကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအတိုင်းလာပြီး အုတ်တွင်းလမ်းခွဲကနေ လာတာ ဖြစ်ပါတယ်။ တောင်အတက်အဆင်းများတယ်၊ အကွေ့အကောက်များတယ်။ တောင်ပေါ် လမ်းကို ငါးနာရီလောက်မောင်းရမယ်။ မသွားသင့်ဘူး။
ဒုတိယလမ်းကြောင်းကတော့ ရန်ကုန်- ပြည် – ပေါက်ခေါင်း လမ်းအတိုင်းလာတာဖြစ်ပါတယ်။ ပေါက်ခေါင်းကနေ ဟိုတယ်အထိ မိုင်နှစ်ဆယ်ကျော်ပဲ တောင်တက်လမ်းရှိတယ်။ အကွေ့ အကောက်ရှိပေမယ့်အတက်အဆင်းမကြမ်းဘူး။ ကျွန်တော် သုံးတာ ဒီလမ်းကြောင်းဖြစ် ပါတယ်။ ဟွန်ဒါ ဖစ် ကလေးနဲ့ ကောင်းကောင်းလာလို့ရပါတယ်။ ပြည်ကနေ ဆိုရင် ဟိုတယ်အထိ ၄၃ မိုင် ရှိတယ်။
တတိယလမ်းကြောင်းကတော့ ရန်ကုန် – ပြည်လမ်းအတိုင်း ပေါင်းတည်ကျော်ရင် ပုတီးကုန်း- သဲကုန်း- ဆင်မြီးဆွဲ လမ်းအတိုင်းဝင်လာပြီး ဆင်မြီးဆွဲ- ပေါင်းတလည်- ပေါက်ခေါင်း ကနေ ဟိုတယ်ကို သွားတာဖြစ်ပါတယ်။ ပြည်ကို ဝင်ဖို့မရှိရင် အဲဒီလမ်းအတိုင်းသွားတာကောင်းတယ်။ ၄၅ မိနစ်လောက် အချိန်သက်သာတယ်။ ကျွန်တော် ကတော့ ဒီလမ်းအကြောင်းမသိလို့ အပြန် ကျမှ သုံးခဲ့ပါတယ်။ လမ်းကောင်းပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ အသွားမှာ သဲကုန်းလမ်းခွဲကနေသွား။ အပြန်မှာ ပြည် တစ်ဝိုက်က ပျုယဉ်ကျေးမှုအမွေအနှစ်တွေကို ဝင်လေ့လာပြီးမှ ရန်ကုန်ကို ခရီးဆက်တာ ဖြစ် ပါတယ်။ တစ်ခု သတိထားသင့်တာက အသွားမှာ ဟိုတယ်ကို ညနေ ငါးနာရီ မထိုးခင်အရောက်သွား နိုင်ဖို့ပါပဲ။ ညဘက်ရောက်ရင် တောင်ပေါ်လမ်းမှာ ကားမောင်းရတာ အရမ်းခက်ခဲတယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
အဝေးပြေးကားနဲ့ ပြည် ဒါမဟုတ် ပေါက်ခေါင်းကို လာပြီး ဟိုတယ်ကို ကားကြိုခိုင်းရင်လည်း ရတယ်။ ကားခတော့ ထပ်ပေးရမယ်။ ဟိုတယ်နဲ့ ကြိုညှိထားရမယ်။
ဟိုတယ်
ဒီဟိုတယ်ဟာ ဗိသုကာလက်ရာအရရော ၊ ဝန်ဆောင်မှုအရရော၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားတယ်။ ပုပ္ပါးတောင်မကြီးပေါ်က အပန်း ဖြေ စခန်းသာဟိုတယ်မှာလည်း နေခဲ့ဖူးတယ်။ အဲဒီဟိုတယ်က မြင်ရတဲ့ ရှုခင်းက ဒီဟိုတယ်ထက် ပိုကောင်းတယ်။ ဒါပေမယ့် ပုပ္ပါးတောင်ကလပ်ဘက်က လာတဲ့ လော်စပီကာသံတွေကြောင့် စိတ် ပျက်ရတယ်။ တောတောင်ထဲမှာ နေရတယ်ဆိုတဲ့ ခံစားမှုကို မရဘူး။
ဒီဟိုတယ်ကတော့ တောင်ကြားချိုင့်ဝှမ်းလေးထဲမှာ ဆောက်ထားတာဆိုတော့ ဟိုး အဝေးကြီးက မြင်ကွင်း ကို ကြည့်လို့မရဘူး။ တောအုပ်ထဲမှာ ထိုင်နေတဲ့ ခံစားမှုမျိုးကိုပဲပေးနိုင်တယ်။ သူ့ရဲ့ အားသာချက်ကတော့ တိတ်ဆိတ်ငြိမ်သက်မှုပဲ။ အခန်းတွေထဲမှာ ရုပ်မြင်သံကြားစက်မရှိဘူး။ ဖုန်းလိုင်း မမိတဲ့အတွက် ဖုန်းအကျယ်ကြီးအော်ပြောနေသူတွေ မရှိဘူး။ ငှက်သံက အစ သစ်ရွက်လေ တိုး သံအထိကြားရတယ်။ အလိုက်မသိတဲ့ ဧည့်သည်တွေသာ မရှိ ဘူး ဆိုရင် ၉ ဝ% တိတ်ဆိတ်တယ်လို့ ဆိုနိုင်တယ်။
အိပ်ခန်းတွေကတော့ ကြယ်သုံးပွင့်ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိအပ်တဲ့ အရာအားလုံးပြည့်စုံ တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ စဉ့်အိုးထဲက ရေကို ခပ်ချိုးရတာ ပါပဲ။ ရေပန်းလည်းရှိပေမယ့် ခေါင်းကနေ တဗွမ်းဗွမ်းလောင်းချိုးရတာလောက် အရသာမရှိဘူး။ နောက် ထူးခြားချက်တစ်ခုကတော့ ခြင် ကိစ္စပဲ။ ညတိုင်း ဝရန်တာမှာ ထွက်ထိုင်ပေမယ့် ခြင်ကိုက်မခံရ ဘူး။ ရန်ကုန်ကမှာ ခြင် ပိုပေါသေးတယ်လို့ ဆိုရမယ်။ ဟိုတယ်ပတ်ဝန်းကျင်က ရေအိုင်တွေကို ပုံမှန်ဆေးခတ်ပေးတာကြောင့်ဖြစ်မယ်ထင်တယ်။
ဟိုတယ်က အခန်း သုံးဆယ်ကျော်ပဲရှိတယ်။ လေးခန်း၊ ငါးခန်းတွဲအဆောင်တွေရှိတယ်။ လုံးချင်းအိမ်လေးတွေရှိတယ်။ Suite အဆောင်နှစ်ခုရှိတယ်။ ကျွန်တော်ကတော့ လုံးချင်း အဆောင်လေးမှာနေခဲ့တယ်။ အဆောင်နံပါတ် ၂၀၁ နဲ့ ၂၀၅ က အစွန်ကျတဲ့အတွက် ပိုပြီး နေလို့ကောင်းတယ်။
မီးက ည ၇ နာရီကနေ မနက် ၇ နာရီအထိတစ်ကြိမ်၊ နေ့လည် ၁ နာရီကနေ ၄ နာရီ အထိ တစ်ကြိမ်ပေးတယ်။ အခန်းထဲမှာ လေအေးပေးစက်ရှိတယ်။ ကျွန်တော် ကတော့ ပြူတင်း ပေါက် တွေဖွင့်ပြီးအိပ်တယ်။ ခြင်ဆန်ခါ တပ်ထားတဲ့အတွက် ပိုး မွှား အန္တရာယ်မရှိဘူး။ ညမှာ ပိုးကောင်လေး ေ တွရဲ့ အသံနဲ့အိပ်ပြီး မနက်ခင်းမှာ ငှက်လေး တွေ အသံ နဲ့ နိုးရတာ စိတ်ချမ်းမြေ့စရာပဲ၊ တောထဲမှာ တံခါးအလုံပိတ်ပြီး လေအေးစက်နဲ့အိပ်ရတာဟာ သဘာဝက ပေးထားတဲ့ အကောင်းဆုံးလက်ဆောင်ကို လွှင့်ပစ်တာနဲ့ အတူတူပဲ။ ညဘက် ရာသီဥတုက လည်း အရမ်းမပူပါဘူး။ ရှေ့ရှောက်ဆောင်းတွင်းဆိုရင် ပိုတောင်နေလို့ကောင်း မယ်။
ဘာလုပ်မလဲ
တောတောင်ထဲက ဒီဟိုတယ်မှာ ဘာလုပ်ရမလဲလို့ မေးစရာရှိပါတယ်။
အကောင်းဆုံးကတော့ အလုပ်တွေ ဒါမှမဟုတ် အလုပ်မဟုတ်ပေမယ့် အလုပ်လို့ ထင်ပြီး ကိုယ့်ကို ဖိစီးနေတဲ့ အရာ တွေကနေ ရုန်းထွက်ပြီး ဘာမှမလုပ်ပဲ နေခြင်းနဲ့ အနားယူပါ။ ဖုန်းတွေ၊ အင်တာနက်တွေကနေ ဝေးဝေးနေပါ။ အခုခေတ်မှာ ဒါတွေမရှိရင် နေလို့မရဘူူးလို့ပြောနေပေ မယ့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒါတွေမရှိဘဲ နေထိုင်ခဲ့တာပဲမဟုတ်လား။
တစ်ခုခုတော့ လုပ်ချင်သေးတယ်ဆိုရင် စာအုပ်တွေယူသွားပါ။ တောတောင်ထဲမှာလမ်းလေ ျှာက် ပါ။ ကားလမ်းအတိုင်း တောင်ပေါ်ကရင်ရွာလေးတွေကို သွားပါ။ ဒေသစာတွေကို မြည်းစမ်းကြည့် ပါ။ ဒေသခံတွေနဲ့ စကားပြောပါ။ ကျွန်းစိုက်ခင်းတွေအကြောင်းလေ့လာပါ။ ငှက်ကြည့်ပါ။ တောင်ပေါ်ကနေ နေဝင် ချိန်ကို ကြည့်ပါ။
ကိုယ့်မှာ အဖော်ပါတယ်ဆိုရင်လည်း စကားနည်းနည်းပဲပြောပါ။ မြို့ မှာ ရှိနေချိန်မှာ စကားတွေအများကြီးပြောခဲ့ပြီးပြီပဲ။ အတူတကွ ရှိနေခြင်းကိုသာ ခံစားပါ။ သဘာဝမှာ ပျော်မွေ့ပါ။
ပြန်ချုပ်လိုက်ရင်တော့ မြို့မှာ လုပ်လို့ရတာတွေ အားလုံး ဘာမှမလုပ်ပါနဲ့ ၊ ဒီနေရာ ဒီဒေသမှာပဲ ခံစားလို့ရမယ့် အရာအားလုံးကို အပြည့်အဝခံစားပါ။
ပြုပြင်စရာ
သဘာဝအပန်းဖြေစခန်းသာလေးဟာ သဘာဝပတ်ဝန်းကျင်ကို အကောင်းဆုံးထိန်းသိမ်းပေး ထား တယ်။ ဧည့်သည်တွေကို အေးချမ်းဆိတ်ငြိမ်မှုပေးနိုင်အောင် အစွမ်းကုန်ကြိုးစားထားတယ်။ ဒါပေမယ့် ပြုပြင်စရာလေးတွေလည်း ရှိသေးတယ်။
ပထမတစ်ချက်ကတော့ အသံဆူညံမှု၊ အမှိုက်လွှင့်ပစ်မှုနဲ့ပတ်သက်ရင် ဟိုတယ်ရဲ့ စည်းကမ်းကို အတိအကျထိန်းသိမ်းဖို့ပါပဲ။ အထူးသဖြင့် ရုံးပိတ်ရက်ရှည်တွေမှာ အဲဒီ ပြဿနာရှိတဲ့ အကြောင်း ကြားခဲ့ရတယ်။ ကျွန်တော်ကတော့ ရုံးဖွင့်ရက်ကို ရွေးသွားခဲ့တဲ့အတွက် အဲဒီပြဿနာနဲ့ မကြုံခဲ့ ရ ဘူး။ ဧည့်သည်ဟာ အမြဲမမှန်ပါဘူး။ ကျွန်တော်တို့လူမျိုးကလည်း မျက်နှာဖြူဖွင့်တဲ့ ဟိုတယ် ဆိုရင် ခြေသုတ်ပုဆိုး၊ ကိုယ့်လူမျိုးပိုင်တဲ့ ဟိုတယ်ဆိုရင် မခန့်လေးစား လုပ်ချင်တယ်။
ဒုတိယအချက်ကတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ စကားပြောစက်တွေပါ။ အမြဲတမ်းဖွင့်ထား တဲ့ အဲဒီ စကားပြောစက်တွေကနေ ထွက်နေတဲ့ ဂျီးဂျီး ရှဲ ရှဲ အသံတွေ၊ မကြားရလို့ အော်ပြောနေတဲ့ စကား သံတွေဟာလည်း အသံညစ်ညမ်းမှုပဲ။ မလေးရှားက အပန်းဖြေစခန်းတစ်ခုမှာ စကားပြောစက်သုံး တဲ့ ဝန်ထမ်းတွေက နားကြပ်လေးတွေတပ်ထားတာ၊ တိုးတိုးလေးပြောတာ သတိထားမိတယ်။ အခု ဟိုတယ်မှာလည်း အဲဒီ စနစ်လေးကို ကျင့်သုံးနိုင်ရင် ပိုပြီး ပြည့်စုံသွားမှာပါ။
နောက်တစ်ခုကတော့ ဧည့်ကြိုကောင်တာက ဖုန်းသံပဲ။ ဒီဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာ အပေါ်ထပ်မှာ ရှိတဲ့ စာဖတ်ခန်းဟာ စာဖတ်လို့ အနားယူလို့ကောင်းတယ်။ ဒါပေမယ့် ဒီဟို တယ်ရဲ့ တစ်ခုတည်းသော ဖုန်းရဲ့ ဖုန်းမြည်သံဟာ စာဖတ်နေသူအတွက် အနှောင့်အယှက် ဖြစ်တယ်။ အသံကျယ်သလို အသံကလည်း ဆိုးလှတယ်။ အဲဒီအသံအစား ငှက်အော်သံလေးဖြစ်ဖြစ်၊ ဒါမှမဟုတ် မီးနီလေးပဲ လင်းအောင်လုပ်ထားရင် အတော် ကောင်း မယ်။
ကိုယ့်အမြင်
ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့သလို လူတွေနဲ့ ဝေးဝေး ဝေးတဲ့ နယ်မြေ ကို သွားမယ်၊ တောရဲ့ ရင်ခွင်မှာ ပျော်မယ်ဆိုရင်တော့ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟာ မရောက် ရောက် အောင်သွားသင့်တဲ့ နေရာပါပဲ။

ဆိတ်ငြိမ်ရာ


အဆောင်ရှေ့ကပြင်မှာ ကျွန်တော်တစ်ယောက်တည်း။ ဝရန်တာမီးတွေပိတ်ထားသည်။ ပတ်ဝန်းကျင်မှာ မီးရောင်မရှိ၊ မလှမ်းမကမ်း လေ ျှာက်လမ်းလေးတွေမှာ ထွန်းထားသောမီးတွေကလည်း နေရာ ကွက်ကွက်လေးကို အလင်းပေးနိုင်ရုံ။ ညကို အလှပျက်အောင် လင်းထိန်နေတာမျိုးမဟုတ်။ သစ်ရွက်ကြိုကြားကနေ လရောင်ကို မြင်နိုင် သေးသည်။
အဝေးတစ်နေရာက ငှက်အော်သံကြားရသည်။ အစာရှာတာလား၊ အန္တရာယ်ကို အချက်ပေး တာလား။ ငှက်အော်သံတိတ်သွားတော့ ပိုးကောင်လေးတွေအသံကြားရသည်။ စီစီ စီစီနဲ့ အော် တဲ့အကောင်ရှိသလို ကျစ်ကျစ်နဲ့ အသံပေးတဲ့ကောင်လည်းလည်း ရှိသည်။ ပုစဉ်းရင်ကွဲ အသံ မကြားရတဲ့အတွက် ကျေးဇူးတင်သည်။ ပုစဉ်းရင်ကွဲအသံသည် အလှုခံ မဏ္ဍပ်က အသံချဲ့စက်သံလိုပဲ မုန်းဖို့ကောင်းသည်။
ပိုးကောင်လေးတွေအသံတိတ်သွားတော့ သစ်ရွက်ကြွေတွေကြားထဲမှာ အကောင်တစ်ကောင် လေ ျှာတိုက်သွားသံကို ကြားလိုက်ရသည်။ မြွေလား၊ ကင်းလိပ်ချောလား။ အသံက အဆောင်အောက်ကနေ အဆောင်ရှေ့ချောင်းခြောက်လေးထဲကို ဆင်းသွား သည်။ ခဏနေတော့ အဆောင်ဘယ်ဘက်အခြမ်းက တောက်တဲ့အော်သံကြားသည်။ ညတေးသံကို တောက်တဲ့သံက စည်းချက်ညီညီ ဘေ့စ်လိုက်ပေးနေသည်။ မိုးလား၊ လေလား ၊ မိုးရွာပါ။ မိုးကိုချစ်သည်။ သစ်ရွက် ခြွေမယ့်လေကို မုန်းသည်။
ကျွန်းပင်အမြင့်ကြီးပေါ်က ကျွန်းရွက်တစ်ရွက်ကြွေကျလာသည်။ သစ်ရွက်ကြွေသံကို နား ထောင်ကြည့်ပါ။ ကျွန်းရွက်တွေကြားထဲက ဖြတ်ကျလာတဲ့အသံ၊ ကြခတ် ဝါးရုံ ပေါ်ကို ကျတဲ့အသံ၊ နောက်ဆုံးမြေပြင်ပေါ်က သစ်ရွက်ကြွေတွေအပေါ် ကို ကျသွားတဲ့အသံ၊ အသံ အနိမ့် အမြင့်တွေ က တေးသွားတစ်ခုလို၊ သစ်ရွက်ကြွေသံကို ဆင်ဖိုနီတေးသွားအဖြစ် ဖွဲ့သီပေးမည့် သူကို အလိုရှိသည်။
လေပြေလေးတစ်ချက်တိုက်သည်။ ဟိုး အဝေးက အပင်တွေ ယိမ်းနွဲ့လှုပ်ရှားသံကြားရ သည်။ နောက်တော့ အဆောင်ဘေးက အပင်ကြီးထိပ်ဖျားက သစ်ရွက်တွေ လှုပ်ခတ် သည်။ နောက်ဆုံးတော့ ကြခတ်ဝါးရုံတွေယိမ်းထိုးလှုပ်ရှားလာသည်။ ပတ်ဝန်းကျင်က အသံ တွေကို တစ်ခုချင်းခွဲခြားကြားနိုင်လောက်အောင် ညက တိတ်ဆိတ်လွန်းလှသည်။
ပဲခူးရိုးမပေါ်က Bago Yoma Eco Resort ဆိုတဲ့ ပဲခူးရိုးမ သဘာ၀ အပန်းဖြေစခန်းသာမှာ ကျွန်တော်ရောက်နေသည်။ ဒီနေရာမှာ ကားသံ၊ လူသံ၊ ဖုန်းသံ၊ လော်စပီကာသံ ဆိုတဲ့ ညစ်ညမ်းသံတွေ မရှိ။ အခန်းတွေထဲမှာ ရုပ်မြင်သံကြားစက်မရှိ၊ မိုဘိုင်းဖုန်း မမိ။ ဝိုင်ဖိုင် မရှိ။ ဧည့် ကြိုကောင်တာမှာ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းတစ်လုံးရှိသည်။ ဝိုင်ဖိုင်ရသည်။ ကျွန်တော် ကတော့ ရောက်တဲ့ညနေမှာ ချောချောမောမော ရောက်တဲ့အကြောင်းဖုန်းဆက်၊ ဖေ့စ်ဘွတ်မှာ ခရီးထွက်တဲ့အကြောင်း ပို့စ်တင်တဲ့တစ်ကြိမ်ပဲ ဖုန်းနဲ့အင်တာနက်သုံးပြီးနောက်ထပ်မသုံးတော့။
တိတ်ဆိတ်ခြင်းကိုပဲ အပြည့်အဝခံစားနေမိသည်။ ကမ္ဘာကြီးဘာဖြစ်နေလဲ၊ မြန်မာမှာဘာဖြစ်နေလဲ၊ ရန်ကုန်မှာနေလို့မှကောင်းကြရဲ့လား။ ဘာဆို ဘာမှ စိတ်မဝင်စား၊ မနက်ဖြန် ကမ္ဘာကြီးနှစ်ခြမ်းကွဲမယ်ဆိုရင်တောင် ဆိတ်ငြိမ်အေးချမ်းရာဘက်မှာ ကျန်ခဲ့မည်။ လေထုညစ်ညမ်းမှုအကြောင်းကို အားကောင်း မောင်းသန် ပြောဆိုငြင်းခုန်နေကြသော ကျွန်တော်တို့တစ်တွေ အသံညစ်ညမ်းမှု ကို သတိမပြုမိတာကြာခဲ့ပြီပဲ။
ဒီသဘာ၀ စခန်းသာလေးက ငြိမ်သက်အေးချမ်းမှုကိုပေးသလို ပြည့် စုံလုံလောက်သော ဝန်ဆောင်မှုတွေကိုလည်း ပေးသည်။ တည်းခိုသူတစ်ယောက်အတွက် သဘာ ၀ ပတ်ဝန်းကျင်နဲ့ နီးနီးစပ်စပ်နေထိုင်နိုင်အောင်လည်း စီစဉ်ထားသည်။ လေ ျှာ်ကြိုး လေးကို ကျစ်ထားသည့် အခန်းသော့တွဲလေးက အစ သစ်သားကြမ်းခင်းလေးပေါ်မှာ စဉ့်အိုးလေးနဲ့ ရေချိုး ရသော ရေချိုးခန်းအလယ်၊ သံမရိုက်ပဲ သပ်ရိုက်ပြီးတည်ဆောက်ထားသော ကြောင်လိမ်လှေကား အဆုံး အားလုံးက တည်ထောင်သူတွေ၊ ပုံစံရေးဆွဲတည်ဆောက်သူတွေ ရဲ့ စိတ်ကူးစိတ်သန်း ကောင်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားမှုကို ဖော်ပြနေသည်။
အဆောက်အဦတွေ တည်ဆောက်ထားပုံကိုလည်း ကြည့်လိုက်ဦး။ သဘာဝတောကြီးက အဆောက်အဦတွေအတွက်နေရာဖယ်ပေးရတာမဟုတ်၊ အဆောက်အဦတွေက သစ်တောကြီး နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနေထိုင်နေ ရတာဖြစ်သည်။ သစ်သားလေ ျှာက်လမ်းတွေ အလယ်ကို သစ်ပင်ကြီးတွေအတွက် အပေါက် ဖောက်နေရာပေးထားသည်၊ သစ်ပင်ကြီးတွေ မခုတ်ရအောင် အဆောင်အမိုးလေးတွေကို ချိုးကွေ့ထားသည်။ စားသောက်ခန်းမအလယ်မှာ သစ်ပင်ကြီးတစ်ပင်ရှိသည်။
ဒါပေမယ့်ဒီနေရာလေးကို တန်ဖိုးမထားတတ်သူတွေလည်းရှိသည်။ အုပ်စုလိုက်လာတည်း ပြီး ညအချိန်မတော်ဂစ်တာတီးသူတွေ၊ သီချင်းဖွင့်သူတွေ၊ စားသောက်ဆိုင်ထဲမှာ စုဝေးအော်ဟစ်စကားပြောသူတွေရှိသည်။ အထူး သဖြင့် ရုံးပိတ်ရက်ရှည်တွေမှာ ဒီလိုလူတွေ တွေ့ရတတ်သည်။ တစ်ချို့ကျတော့လည်း အခန်း ထဲမှာ ရုပ်မြင်သံကြားစက်ထားပေးသင့်သည်၊ ဘောလုံးပွဲကြည့်ချင်သည်၊ ကာရာအိုကေ ဆိုမည် လို့ တောင်းဆိုတတ်ပြန်သည်။ ဒီလိုလူတွေထဲမှာ လူငယ်၊ လူလတ်တွေပါသလို ခြောက်ဆယ် ကျော်၊ ခုနှစ်ဆယ်တွေလည်းနေတာက အံ့သြစရာ။
ဟိုတယ်ဝန်ထမ်းတွေက သွားရောက်တောင်းပန်ရင်လည်း မကြိုက်ချင်၊ မိုက်မိုက်ရိုင်းရိုင်း ပြန်ပြော သူတွေရှိသည်။ အလကားတည်းတာမဟုတ်ဘူးဆိုတဲ့သူလည်း မရှား၊ ဝယ်သူအမြဲမှန်တယ်လို့ မြင်သူလည်းမနည်းလှ။ ဟိုတယ်ဝန်ထမ်းတွေဘက်ကကြည့်ပြန်တော့လည်း ဧည့်သည်လာ အောင် ကြိုးစားရုန်းကန်နေရသောအခြေအနေ မှာ ဧည့်သည်တွေကို စည်းကမ်း တကျဖြစ်အောင် ထိန်းသိမ်းပြောဆိုရတာအတော်ခက်သည်။
ဒါပေမယ့်လည်း အေးချမ်းဆိတ်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားမှုတို့က ဒီ အပန်း ဖြေစခန်းသာလေးရဲ့ တန်ဖိုးဖြစ်သည်။ ခုနက ဗရုတ်သုတ်ခ လူတွေဆိုတာက ဓာတ်ပုံရိုက်ဖို့၊ ဒီဟိုတယ်မှာ တည်းဖူးတယ်ဆိုတာပြောနိုင်ဖို့ လာသူတွေဖြစ်သည်။ နောက်တစ်ခါ လာမယ့် သူ တွေမဟုတ်။ အေးချမ်းဆိတ်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားသူတို့ကား အကြိမ် ကြိမ် အဖန်ဖန်လာမည့် ဧည့်သည်တွေဖြစ်သည်။ တစ်ချိန်ချိန်မှာတော့ အပန်းဖြေစခန်းသာလေး အနေဖြင့် ဘယ်သူတွေအတွက် ဝန်ဆောင်မှုပေးမှာလဲဆိုတာကို ရွေးချယ်ရတော့မှာ သေချာ သည်။
ဂစ်တာတီးလိုသူများ၊ အုပ်စုဖွဲ့ သီချင်းဆိုချင်သူများ ပင်လယ်ကမ်းခြေ ဒါမှမဟုတ် လူတွေနဲ့ဝေးတဲ့နေရာကို သွားပါ စေ။ အသံကျယ်ကျယ်နဲ့ ဝိုင်းဖွဲ့စကားပြောချင်သူများကို သူတို့အတွက် ဘီယာနဲ့ အကင်ဆိုင်က အကောင်းဆုံးဆိုတာ အသိပေးလိုက်ပါ။ ကာရာ အိုကေ ဆိုချင်သူများအတွက် ပေါက်ခေါင်းမြို့၊ ဒါမှမဟုတ် ပြည်မြို့က ကေတီဗီတွေကို လမ်းညွှန်ပေး လိုက်ပါ။ ဘောလုံးပွဲကြည့်ချင်သူများ ကိုယ့်မြို့က လက်ဖက်ရည်ဆိုင်မှာပဲ ကြည့်ဖို့ ပြောလိုက်ပါ။ နာရီဝက်တစ်ခါ ဖုန်းမဆက်ရင် နေလို့မရအောင် အရေးကြီးနေသူများ ဤနေရာကိုမလာရန် မေတ္တာရပ်ခံပေးပါ။
ညတေးသံကို ခံစားတတ်သူများ၊ ကျေးငှက်သံများနဲ့ နိုးထလိုသူများ၊ ကျွန်းရွက်ပေါ်သို့ နှင်းစက်ကျ သံကို နားဆင်လိုသူများ၊ မိုးရေစက်များကို ကြည့်ပြီး လွမ်းလိုသူများ၊ စကားပြောဖို့မလို အတူတကွ ရှိနေခြင်းသည် ပြီးပြည့်စုံပြီဟုယုံကြည်သူများသာ ဆိတ်ငြိမ်ရာ ဤ အပန်း ဖြေ စခန်းသာကိုလာပါ စေ။

ကာတွန်းမီးထွန်းပွဲတော်

ကာတွန်း ဦးဘဂျမ်းလမ်း (၁၃ လမ်း) ကာတွန်းမီးထွန်းပွဲတော်
ကာတွန်းချစ်တဲ့ ပရိသတ် နဲ့ ကာတွန်းဆရာတွေ
ကာတွန်းတွေအများကြီးပြထားပေမယ့် တစ်စိမ့်စိမ့်တွေးပြီး ပြုံးရတဲ့ ကာတွန်းနည်းနည်းပဲ တွေ့ခဲ့တယ်။