သိသွားပြီ

အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲ ၇၅% ကျော်ရဖို့ မလွယ်မှန်းသိပေမယ့် ပြည်သူလူထုရဲ့ သဘောထား ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံ းရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိအောင် စမ်းသပ်တာပါလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောတယ်။ ( ပုံ ၁)

မနေ့က မဲခွဲတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမယ့် အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မဲခွဲတဲ့အခါ ထောက်ခံ မဲ ၃၄၃ မဲပဲရခဲ့တယ်။ ( ပုံ ၂ နဲ့ ၃)

သတင်းတွေအရ အဲဒီနေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ် ၃၈၃ ဦးရှိတယ် ။ ရတဲ့ ထောက်ခံမဲက ၃၄၃ မဲဆိုတော့ အင်န်အယ်လ်ဒီပါတီထဲမှတောင် ကိုယ့်ပါတီကတင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို မထောက်ခံတဲ့ ကိုယ်စားလှယ်တွေရှိနေတယ်ဆိုတာ ထင်ရှား သွား ပြီပေါ့။

ဦးမုံရွာ အောင်ရှင် ပြောသလို စမ်းသပ်တာပါဆိုရင်တော့ အင်န်အယ်လ်ဒီပါတီအနေနဲ့ ၇၅% ကျော်ဖို့ ထက် ကိုယ့်ပါတီကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုကို ရာခိုင်နှုန်းပြည့် ရအောင် အရင်ကြိုးစားရဦးမယ်ဆိုတာ အဖြေတွေ့သွားပြီလို့ထင်ပါတယ်။

မှတ်ချက်။

အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကတော့ မဲစာရွက်မှာ မဲပေးဖို့ ကျန်သွား တာ ဖြစ်မှာပါလို့ ဆင်ခြေပေးထားတာလည်း ဖတ်ရတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဒီလောက်အရေးကြီးတဲ့ အခြေခံဥပဒေပြင်ဆင် ရေးလို ကိစ္စမှာ မဲပေးဖို့ မေ့သွားတယ်ဆိုရင်တော့ အဲဒီ ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့တဲ့ ပါတီ မှာ တာဝန်ရှိပြီပေါ့။ ပြီးတော့ မေ့တာကလည်း တစ်ယောက်တည်းမဟုတ် လူလေးဆယ် လောက် ဆိုတော့ ပြောစရာစကားတောင်မရှိတော့ပါဘူး။ ပြည်သူ့ဘဏ္ဍာငွေထဲက ပေးနေရတဲ့ လစာတွေ၊ စရိတ်တွေပဲ နှမျောမိပါတယ်။

မဲခေါင် ခရီးသည် (၂၁)


ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၈ နာရီ ၅ မိနစ်မှာ ကျွန်တော်တို့ယာဉ်တန်းက ဗီယန်ကျင်းကနေ ထိုင်းနိုင်ငံ ခေါက်ရိုင် ( Khao Yai) ကို ထွက်တယ်။ ဒီနေ့ခရီးစဉ်က ၅၀၇ ကီလိုမီတာရှိတဲ့အတွက် ခရီးစဉ်တစ်ခုလုံးမှာ အဝေးဆုံးကားမောင်းရတဲ့နေ့ဖြစ်ပါတယ်။
ဗီယန်ကျင်းက ထိုင်းနိုင်ငံနဲ့ မဲခေါင်မြစ်ဘဲ ခြားပေမယ့် မြို့ထဲကနေ ထိုင်းနယ်စပ်ကို တိုက်ရိုက် ဖြတ်လို့မရဘူး။ နောင်ခိုင် နယ်ခြားဂိတ်ကနေဖြတ်ရတယ်။ မြို့ကနေ နယ်စပ်ထို ၂၅ ကီလို မီတာ ဝေးတယ်။ အဲဒီနေရာမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားရှိတယ်။
ဗီယန်ကျင်းကနေ တံတားကို လေးလမ်းသွား လမ်းသစ်ဖောက်ထားတယ်။ ဗီယန်ကျင်းမြို့ လယ် မှာ အထပ်မြင့် အဆောက်အဦတွေ မတွေ့ရပေမယ့် လမ်းသစ်ဘက် မြို့စွန်ကိုရောက်တာနဲ့ အထပ်မြင့်အဆောက်အဦ စီမံကိန်းတွေ စပြီးတွေ့လာရတယ်။ တံတားမရောက်ခင် အထိ လမ်း ဘေးဝဲယာမှာလည်း ဟိုတယ်စီမံကိန်း၊ စက်မှုဇုန်၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင် တွေ တွေ့ရတယ်။ တစ်ချို့နေရာတွေမှာ မြေကွက်နေရာတွေကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေ ထောင် ထားတယ်။ ဒီနေရာမှာ အထူးစီးပွားရေးဇုန်တစ်ခုများထူထောင်နေသလားလို့ တွေးမိတယ်။
နောင်ခိုင် နယ်စပ်ဖြတ်ကျော်ဂိတ်က ကျွန်တော်တို့ လာအိုထဲကို ဝင်ခဲ့တဲ့ ဂိတ်နဲ့မတူဘူး။ နှစ်နိုင်ငံ ကြားမှာပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါဖြတ်သန်းတဲ့အတွက် အလွန်စည်ကားတယ်။ လာအို နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နယ်စပ်ဖြတ်ကျော်ဂိတ်တွေအနေနဲ့ လာအို – ဗီယက်နမ် ၇ ဂိတ်၊ လာအို – တရုတ် ၁ ဂိတ် ၊ လာအို – ထိုင်း ၈ ဂိတ်၊ လာအို – မြန်မာ ၁ ဂိတ် ၊ လာအို – ကမ္ဘောဒီးယား ၁ ဂိတ် စုစုပေါင်း ၁၈ ဂိတ်ရှိတယ်လို့ဆိုတယ်။ လာအိုနိုင်ငံအနေနဲ့ ခရီးသွား လုပ်ငန်းကနေ ဝင်ငွေရဖို့ ကြိုးစားနေမှုအခြေအနေကို နယ်စပ်ဂိတ်အရေအတွက်ကို ကြည့် တာ နဲ့ ခန့်မှန်းနိုင်ပါတယ်။
နယ်စပ်ဖြတ်ကျော်တာကတော့ အခက်အခဲမရှိဘူး။ လာအိုကတော့ အထွက်ဖြစ်တဲ့အတွက် တစ် ယောက်ချင်းတောင် မပြရတော့ဘူး။ ခရီးသွားအေဂျင်စီကပဲ ပတ်စ်ပို့အားလုံးယူသွား ပြီး တုံး ထုခဲ့တယ်။ ထိုင်းဘက်ကတော့ အဝင်ရော၊ အထွက်ပါ တစ်ယောက်ချင်းတန်းစီ တုံးထုရတယ်။ လာအိုဘက်ဂိတ်ကို ဖြတ်ပြီး ချစ်ကြည်ရေးတံတားပေါ်တက်တာနဲ့ လက်ယာကပ်မောင်းကနေ လက်ဝဲကပ်မောင်းပြန်ဖြစ်သွားတဲ့အတွက် ခရီးသွားလမ်းညွှန်အဖွဲ့ကတော့ ဆက်သွယ်ရေး စက် ကနေ သတိထားဖို့ ဆက်တိုက်ပြောနေရတယ်။ တစ်နာရီလောက်မောင်းလိုက်တော့ ပြန်ပြီး အသားကျသွားတဲ့အတွက် အခက်အခဲမရှိတော့ပါဘူး။
နောင်ခိုင်ဂိတ်ကနေ ခေါက်ရိုင်အထိ ခရီးစဉ်ကတော့ အာရှ လမ်း မကြီးအမှတ် ၁၂ အတိုင်းမောင်း ရတဲ့အတွက်လမ်းကောင်းတယ်။ ထူးခြားတာကတော့ အမြန်လမ်းမကြီးဘေးမှာ ဆိုင်းဘုတ်တွေ ထောင်ထားတဲ့ လမ်းဘေးဆိုင်လေးတွေ မကြာခဏတွေ့ရတယ်။ တစ်ခါတစ်ခါကျတော့လည်း ဈေးတန်းကြီးတွေတွေ့ရတယ်။
အဲဒီဆိုင်တွေက ထိုင်းနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်တဲ့ဒေသတစ်ခု ထုတ်ကုန်တစ်ခု စီမံချက် ( One Tambon One Product ,OTOP) အရ ဒေသထွက်ကုန်တွေကို ရောင်းချတဲ့ဆိုင်လေးတွေ၊ တစ်ချို့နေရာမှာ ဝက်အူချောင်းတွေ ၊ တစ်ချို့နေရာမှ ကောက်ညှင်းထုတ်တွေ၊ တစ်ချို့နေရာမှာ သစ်သီးယိုတွေ စသည်ဖြင့် မျိုးစုံပဲ။ စားသောက် ဆိုင်လေးတွေလည်း ရှိတယ်။ ထိုင်းက ဒေသခံလူထု စီးပွားရေးအတွက် အမြန် လမ်းဘေးမှာ စနစ်တကျရောင်းချနိုင်အောင် စီစဉ် ပေးတာတွေ့တော့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဘေးက ကျေးရွာတွေအတွက်လည်း စနစ်တကျ စီစဉ်ပေးနိုင်ရင် မကောင်း ဘူးလားလို့ တွေးမိတယ်။
ထိုင်းနယ်စပ်ကို ဖြတ်ပြီးတော့ ဆယ်နာရီ မိနစ်နှစ်ဆယ်။ ခေါက်ရိုင်ကို ရောက်တော့ ည ခုနှစ်နာရီ။ လမ်းကောင်းပေမယ့် ကားတွေကျပ်တယ်။ ခေါက်ရိုင်ဘက်နီးလာတော့ မိုးပျံလမ်းစီမံကိန်းတစ်ခု တွေ့တယ်၊ လာအိုနယ်စပ်အထိ ဖောက်မယ့်စီမံကိန်းလို့သိရတယ်။ အမြန်ရထားလမ်းစီမံကိန်း နဲ့ ဒီမိုးပျံလမ်းစီမံကိန်းဟာ၊တရုတ်၊ ထိုင်း၊မလေးရှား နဲ့စင်္ကာပူ ခရီးသွားတွေ လာအိုနိုင်ငံကို ကုန်ကျစရိတ် နည်းနည်းနဲ့ရောက်နိုင်အောင် အထောက်အကူပေးမှာသေချာတယ်။
၂၀၁၇ ခုနှစ်မှာ လာအိုနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေက ဒေါ်လာ ၂ ဘီလျံရှိပြီး ဂျီဒီပီရဲ့ ၁၃.၇ % ဖြစ်ပါတယ်။ World Travel & Tourism Council (WTTC) ရဲ့ စာရင်းဇယားအရဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၄.၆ ဘီလျံရခဲ့ပြီး ဂျီဒီပီရဲ့ ၆.၆% ရှိတယ်လို့ဆိုပါတယ်။ ကိန်းဂဏန်းအရ မြန်မာက များတယ်လို့ထင်ရပေမယ့် လာအိုရဲ့ လူဦးရေ၊ နိုင်ငံ အရွယ်အစားနဲ့ ယှဉ်လိုက်ရင် မြန်မာက ခရီးသွားလုပ်ငန်းမှာနောက်ကျန်နေတာကို တွေ့နိုင် ပါတယ်။
ခေါက်ရိုင်ကို မရောက်ခင်ကတော့ ကလောလို တောင်ပေါ် အပန်းဖြေမြို့ထင်မိတယ်။ တကယ် တော့ မဟုတ်ဘူး။ ခေါက်ရိုင်က ဟဲဟိုးလွင်ပြင်လို လွင်ပြင်ပဲ။ အဝေးပြေးလမ်း မကြီးကနေ အထဲကို ဝင်ရတယ်။ အပန်းဖြေစခန်းတွေ ဟို တယ်တွေက တစ်နေရာတည်းမှာ စုနေတာမဟုတ်ဘူး။ ခေါက်ရိုင်မြို့ဆိုပြီး သီးခြားရှိနေတာ မဟုတ်ဘူး။ တစ်ခုတစ်ခုကို ဧက ရာချီကျယ်ဝန်းတဲ့ အပန်းဖြေစခန်းတွေက တစ်နေရာနဲ့တစ်နေရာ အဝေးကြီး၊ ဒီဒေသမှာ ဘတ်စ်ကားမရှိဘူး။ တက္ကစီမရှိဘူး။ ကိုယ်ပိုင်ကား နဲ့ ၊ ဒါမှမဟုတ် ဘန်ကောက်ကနေ ကားငှား ပြီး လာမှ အဆင်ပြေတယ်။
ခေါက်ရိုင်ဒေသရဲ့ တကယ့်ဆွဲဆောင်မှုက ခေါက်ရိုင်အမျိုးသားဥယျဉ်ဖြစ်ပါတယ်။ ဒီ သဘာဝဘေးမဲ့တောကို ၁၉ ၆၂ ခုနှစ်ကတည်ထောင်တယ်။ စတုရန်း ကီလိုမီတာ ၃၀၀ ကျယ်ပြီး ထိုင်းနိုင်ငံမှာ တတိယအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားဧည့်သည်တွေအများစုကတော့ အမျိုးသားဥယျာဉ်ရှိတယ်ဆိုတာတောင်သိပုံမရဘူး။ ခေါက်ရိုင်မှာ ဓာတ်ပုံရိုက်ဖို့လာကြတာပါပဲ။
ခေါက်ရိုင်မှာ ဂေါက်ကွင်း၊ လုံးချင်းအိမ်ယာနဲ့ ဟိုတယ်တွဲထားတဲ့ အပန်းဖြေစခန်းတွေရှိတယ်။ ဗြိတိန်၊ ဂျာမနီ ၊ အီတလီ၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေက ရဲတိုက်တွေ၊ မြို့လေးတွေ၊ ပန်းခြံ တွေ၊ စိုက်ခင်းတွေကို နမူနာယူတည်ဆောက်ထားတဲ့ အပန်းဖြေစခန်းကြီးတွေရှိတယ်။ ဝိုင်စိုက်ခင်းတွေရှိတယ်။ လှလှပပကော်ဖီဆိုင်တွေရှိတယ်။ ချော့ကလက်ဆိုင်လေးတွေရှိ တယ်။ ကလေးကစားကွင်းတွေရှိတယ်။ Lord of the Rings ရုပ်ရှင်ရဲ့ Hobbit ရွာလေးလို ဆောက် ထား တဲ့ ဟိုတယ်ရှိတယ်။ အဲဒီနေရာတွေမှာ တည်းခိုလို့ရတယ်။ ဝင်ကြေးပေးပြီး ဝင်ကြည့်လို့ရတယ်။ ဥရောပမှာ ခရီးသွားသလို ခံစားရအောင် ဖန်တီးပြီး ခရီးသည်တွေ အိပ်ထဲက ငွေကို သဲ့ယူနိုင်ဖို့ လုပ်ထားတာကတော့ နမူနာယူစရာပဲ။
ဒီနေရာက ဘန်ကောက်နဲ့ ကီလိုမီတာ ၁၂၀ ပဲဝေးတော့ နေ့ချင်းပြန်လာကြသူတွေလည်း ရှိတယ်။ ဟိုတယ်တွေမှာတည်းပြီးဂေါက်ရိုက်သူတွေလည်းရှိတယ်။ အပန်းဖြေဖို့အတွက် ကိုယ် ပိုင်အိမ်ဝယ်ထားသူတွေလည်းရှိတယ်။ ဒါပေမယ့် ဥရောပတိုက်သား ခရီးသွားဧည့်သည်တွေက တော့ ဒီနေရာကို လာလေ့မရှိဘူး။ ဒီနေရာမှာရှိတာတွေက သူတို့နိုင်ငံက ရှိပြီးသားတွေကို ထပ် တူဖန်တီးထားတဲ့ အတုအယောင်တွေပဲလေ။ စစ်မှန်တဲ့ ယဉ်ကျေးမှုတန်ဖိုး၊ သမိုင်းတန်ဖိုး မရှိဘူး။ သူတို့ တွေ့ချင်၊ မြင်ချင်တဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကိုမတွေ့နိုင်ဘူး။
ကျွန်တော်တို့က ခေါက်ရိုင်ကို ညဘက်ရောက်ပြီးနောက်တစ်နေ့မှာ လည်ပတ်ကြတယ်။ ပထမ ဆုံးရောက်သွားတဲ့ အိမ်ယာဝင်းနဲ့ အပန်းဖြေစခန်းတွဲထားတဲ့နေရာကို ရောက်တဲ့အချိန်မှာပဲ ကျွန်တော့်အတွက်လုံလောက်သွားပြီ။ ဒါ့ကြောင့်ညနေပိုင်းအစီအစဉ်တွေမှာ မလိုက်တော့ဘူး။ ဟိုတယ်ကိုပြန်တယ်။ ဟိုတယ်က စက်ဘီးတစ်စီငှားတယ်။ လေးနာရီအတွက် ဘတ် ၁၀၀ ပေး ရတယ်။ အဲဒီစက်ဘီးနဲ့ ဟိုတယ် ပတ်ဝန်းကျင်က ရွာတွေကို ခရီးထွက်ခဲ့တယ်။
ဟိုတယ်နေ တစ်ကီလိုမီတာလောက်အကွာမှာ လမ်းမကြီးကနေ အထဲကို ဝင်သွားတဲ့ လမ်း သွယ် လေးရှိတယ်။ လမ်းဘေးဝဲယာမှာ ခုတ်ထားပြီးသား ကြံခင်းတွေရှိတယ်။ ပလောပီနံ စိုက် ခင်းတွေရှိတယ်။ တစ်ချို့စိုက်ခင်းတွေက မြေပြင်ထားတယ်။ သရက်ခြံတွေရှိတယ်။ နှစ်ကီလိုမီတာလောက်သွားလိုက်တော့ ရွာလေးတစ်ရွာကို ရောက်တယ်။
ရွာလေးက မြန်မာနိုင်ငံအလယ်ပိုင်းက ရွာတွေလိုပါပဲ။ ခြေတံရှည်အိမ်တွေများတယ်။ ခြံဝင်း ကျယ်တယ်။ သရက်ပင်၊ မန်ကျည်းပင်ကြီးတွေရှိတယ်။ ခြံထဲမှာ အိမ် အောက်မှာ အသီးအနှံတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ ရှိ တယ်။ ပစ္စည်းမျိုးစုံရောင်းတဲ့ အိမ်ဆိုင်လေးတွေရှိတယ်။ ကွာခြားတာကတော့ အိမ်တွေပိုကောင်း တယ်။ ရွာလမ်းက ကတ္တရာလမ်း၊ အိမ်တိုင်းမှာ ပစ်ကပ်ကားတစ်စီးတော့ရှိတယ်။ ထွန်စက် အကြီး ၊ ဒါ မှ မဟုတ်အသေးတစ်စီးရှိတယ်။ အိမ် အတော်များများမှာ ကွန်ကရိနဲ့လုပ်ထားတဲ့ စဉ့်အိုးကြီးတွေတွေ့တယ်။ ဘာလှောင်တာလဲ မသိဘူး။
အိမ်တစ်အိမ်မှာတော့ ဂိုဒေါင်လိုနေရာမှာ ကြက်သွန်နီတွေ အစည်း လိုက်တန်းပေါ်တင်ထားတယ်။ ထွန်စက်နောက်တွဲပေါ်မှာလည်း ကြက်သွန်တွေ အပုံလိုက်။ ပလောပီနံပင်တွေကို ခုတ်ပိုင်းပြီး တင် ထားတဲ့ ထရပ်ကားကြီးတစ်စီးလည်းရှိတယ်။ ကားဝပ်ရှော့လို့ ထင်ရတဲ့အဆောက်အဦထဲမှာ ထွန် စက်ကြီးတစ်စီးနဲ့ ကားလေးစီးရှိတယ်။ စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်တဲ့ အိမ်လို့ထင်ရတယ်။
ရွာလယ်မှာ ကျေးလက် ဓာတ်ဆီဆိုင်လေးတစ်ဆိုင်ရှိတယ်။ ရွာကိုရေပေးတဲ့ ရေစင်နဲ့ ရေသန့်စက်တစ်လုံးရှိတယ်။ တော်တော်ကြီးတဲ့ စတိုးဆိုင်တစ် ဆိုင် ရှိတယ်။ သူဌေး အိမ်ဆိုတာ ရွာလယ်မှာ ရှိတယ်ဆိုတဲ့အတိုင်းပဲ ဒီတစ်ဝိုက်မှာ တစ်ထပ်အိမ်ကောင်းကောင်း၊ ခြံ ကျယ်ကျယ်တွေရှိတယ်။
ရွာတွေဘက်ကို ဧည့်သည်တွေလာလေ့မရှိဘူးထင်တယ်။ လူတွေက ဝိုင်းကြည့်တယ်။ ခွေးတွေက ဝိုင်းဟောင်တယ်။ ခရီးသွားလမ်းညွှန်မပါတော့ မေးချင်တာလည်းမေးခွင့်မရဘူး။ မေးခွင့်သာရရင် ဟိုတယ်တွေ၊ ဂေါက်ကွင်းတွေကြားထဲက ကျေးလက်တောင်သူတွေ ဘဝကို ပိုသိခွင့်ရမှာပါ။

ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်

မတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခြေအနေတွေကို ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ပါတယ်။ ဆောင်းပါး ခေါင်းစဉ် က “ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်နေပေမယ့် မဲဆွယ် စည်းရုံးမှုတွေ ဆက်လုပ်မယ့် ဒေါ် နယ် ထရမ့်” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဆောင်းပါး အစ တစ်ကော်လံခွဲလောက်က အမေရိကန် မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပေမယ့် သမ္မတ ထရမ့်ကတော့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွက်မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်မယ့်အကြောင်း ဝေေ၀ဆာဆာရေးထားတယ်။ ပုံ ၁

ဒါဟာ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် သတိပေးချက်ထုတ်ပြန်ထားချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေ၊ အစိုးရရဲ့ နိုင်ငံတော် အဆင့်အခမ်းအနားတွေ လုပ်သင့် မသင့် စိုးရိမ်မှုတွေ ရှိနေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖော်ပြလာတာဖြစ်ပါတယ်။

ဆောင်းပါးဖော်ပြရတဲ့ရည်ရွယ်ချက်က ဘယ်လို လဲ လို့မသိနိုင်ဘူး။ သို့သော် သာမန်စာဖတ်သူ တစ်ယောက်ဆိုရင်တော့ တကယ်ရောဂါဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတောင် ဒီလို အခမ်း အနား တွေလုပ်နေတာပဲ၊ ရောဂါမဖြစ်သေးတဲ့ မြန်မာနိုင်ငံမှာ စိုးရိမ်ဖို့မလိုဘူးလို့ တွေးမိမှာ သေချာတယ်။

ဆောင်းပါးရှင်က ဒေါ်နယ်ထရမ့်ကြီးတစ်ယောက်တော့ ကရိုနာဖြစ်နေတဲ့ကြားက မဲဆွယ်ပွဲတွေ လုပ်နေတာပဲလို့ ပြောပေမယ့် ကရိုနာရောဂါ ကာကွယ်ကုသရေးနဲ့၊ ရောဂါကြောင့်ဖြစ်ပေါ် နိုင် တဲ့ နောက်ဆက်တွဲ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထရမ့် ဘာတွေလုပ်ထားတယ် ဆိုတာ ကိုတော့ ဖော်ပြမထားဘူး။

အမေရိကန် အစိုးရနဲ့ လွှတ်တော်က ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ ကရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ကုသရေးအတွက် ဒေါ်လာ ၈.၃ ဘီလျံသုံးစွဲဖို့ခွင့်ပြုလိုက်တယ်။ အဲဒီ ၈.၃ ဘီလျံ ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုထဲအတွက်တောင် ၃.၁ဘီလျံပါတယ်။ ဒါ့အပြင် မတ်လ ၉ ရက်နေ့မှာ သမ္မတ ထရမ့်က ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေအတွက် အခွန်လေ ျှာ့ချပေးမယ့် အစီအစဉ်တစ်ခု လွှတ်တော် ကိုတင်ပြမယ်လို့ ကြေညာခဲ့တယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနားဗိုင်းရပ်စ်ကာကွယ်ရေး၊ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေကို အကူအညီပေးရေးအတွက် ဘယ်လိုလုပ်မလဲ၊ သီးခြားရန်ပုံငွေ ဘယ်လောက်သုံးမလဲဆိုတာကို အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာတာ၊ ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတာ မတွေ့မိသေးဘူး။

လူမှုကွန်ယက်ကို စောင့်ကြည့်ဖို့အတွက် သမ္မတ အရေးပေါ်ရန်ပုံငွေက သန်းခြောက်ထောင် သုံး ပေမယ့် ဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးအတွက် သမ္မတ အရေးပေါ်ရန်ပုံငွေက ဘယ် လောက်သုံးမယ် ဆိုတာမျိုး တိတိ ကျကျ ကြေညာတာမျိုးလည်း မတွေ့မိသေးဘူး။ (ရှိရင် ညွှန်းပေးကြပါ)

ထရမ့် နဲ့ ပြိုင်မယ်ဆိုရင်လည်း မဲဆွယ်တာရော၊ ရောဂါကာကွယ်ကုသရေး အတွက်ငွေသုံးတာရော ပြိုင်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟာ စဉ့်လုပ်ငန်းရှင်တွေကို မီးဖို ထုတ်လုပ်မှုမှာတင် ရပ်တန့်မနေဘဲ နူကလီယာ ဓာတ်ပေါင်းဖို့ ထုတ်လုပ်နိုင်တဲ့အထိ ကြိုးစားဖို့ တိုက်တွန်းခဲ့ဖူးတယ်ဆိုတော့ သူ့ လေ့လာမှုစွမ်းအားနဲ့ ရည်မှန်း ချက်ကိုတော့ လေ ျှာ့တွက်လို့မရဘူး။

ပြည်တွင်းစစ်ဖြစ်ရခြင်း အကြောင်း


ပြောတဲ့သူ ဘယ်သူလဲဆိုတာတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့်
ဝတ်ထားတဲ့ တိုက်ပုံအရောင်နဲ့ နောက်ခံစာသား“ တွေ့ဆုံပွဲ” ဆိုတာကြောင့် အာဏာရ အင်န်အယ်လ်ဒီပါတီက ခေါင်းဆောင်တစ်ယောက်ဆိုတာတော့ သေချာတယ်။
ကျိုက်ထီးရိုးမှာ ဝါးသေနတ်တွေရောင်းတာကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်၊ အဲဒီသေနတ်တွေ ဝယ်လာတဲ့ကလေးတွေကြီးလာတော့ ဗိုလ်ချုပ်ကြီးတွေဖြစ်လာတယ် ဆိုတာကတော့ မှတ် သားလောက်တဲ့အယူအဆပဲ။
ဟာသ ပြောတယ်လို့ ဆိုရအောင်လည်း တွေ့ဆုံပွဲ ဆိုတာ အငြိမ့်ကနေတာ၊ ကွက်စိတ်ဟောနေတာမှ မဟုတ်ဘူး ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိ သူတွေနဲ့ ပြည်သူတွေ တွေ့ဆုံတဲ့၊ အမြင်ချင်းဖလှယ်တဲ့ အခမ်းအနား၊ တက်လာတဲ့ ပြည်သူကို လေးလေးစားစားပြောဆိုဆက်ဆံရမယ်လို့ပဲ နားလည်မိတယ်။
မဲလိုတဲ့အခါ ပြည်သူဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူးဆိုရင် ပြည်သူနဲ့တွေ့တဲ့အခါ လေးလေး စားစားဆက်ဆံဖို့၊ ပေါက်ပန်းဈေး မပြောဖို့တော့လိုမယ်ထင်ပါတယ်။
https://www.facebook.com/…/pcb.1981031214…/198102124777278/…https://www.facebook.com/100037324749679/videos/pcb.198103121443845/198102124777278/?type=3&theater

မဲခေါင် ခရီးသည် (၂၀)


ဗီယန်ကျင်း မြို့လယ် မှာ အောင်မြင်ခြင်း မုခ်ဦး ဆိုတာရှိတယ်။ လာအိုလိုတော့ Patuxai လို့ ခေါ် ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က အောင်မြင်ခြင်း မုခ်ဦး Arc de Triomphe ကို နမူနာယူတည် ဆောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် မုခ်ဦးတည်ဆောက်တဲ့အယူအဆ ကိုသာ နမူနာ ယူတာဖြစ်မယ်ထင်ပါ တယ်။ လက်ရာကတော့ လာအို ရိုးရာပုံစံပါပဲ။
ဒီအဆောက်အဦကို စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးနေတဲ့ ၁၉ ၆၂ ခုနှစ် မှာ စတင်တည်ဆောက်ခဲ့ တယ်။ တည်ဆောက်တဲ့ရည်ရွယ်ချက်ကတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် တည်ဆောက်ခဲ့တာဖြစ် တယ်။ ဒါ ပေမယ့် မူလ ဗိသုကာ ပုံစံအတိုင်း ပြီးအောင်မတည်ဆောက်နိုင်ပဲ ၁၉ ၆၈ ခုနှစ်မှာ ရပ်နားထား လိုက်ရတယ်။ ၁၉ ၇၅ ခုနှစ် မေလ ကွန်မြူနစ်ပသက်လောပါတီ အာဏာရလာတော့ ဘုရင် စနစ် ကို ဖျက်သိမ်းလိုက်တယ်။ ဒီမုခ်ဦးကိုလည်း ဆက်မဆောက်တော့ပဲ လက်ရှိအတိုင်းပဲထားလိုက် တယ်။ ဒါပေမယ့် ကွန်မြူနစ်တွေရဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်မြင်ခြင်း မုခ်ဦး လို့ နာ မည်ပေးခဲ့တယ်။
မုခ်ဦး အဝမှာ ဒီမုခ်ဦးကို ၁၉ ၆၂ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပေမယ့် နိုင်ငံတွင်း မငြိမ်သက်မှုတွေကြောင့် ပြီးအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ အခုတော့ ပြည်သူတွေက အပန်းဖြေ နေရာ အဖြစ်သုံးနေပြီလို့ အင်္ဂလိပ်-လာအို နှစ်ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် ရှိတယ်။ ခန့်ခန့်ငြားငြားတော့မဟုတ်ဘူး။အပြာရောင်သံပြားပေါ်မှာ အဖြူရောင်ဆေးနဲ့ ရေး ထားတာပါ။ ဆေးရောင်တောင် နည်းနည်းပြယ်ချင်နေပါပြီ။
မုခ်ဦးက မျက်နှာလေးဘက်ဖွင့်ထားတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် တည့်တည့်တော့ မဟုတ်ဘူး။ အရှေ့မြောက် – အနောက်တောင် က မြို့ရဲ့ အဓိကလမ်းမကြီးကို မျက် နှာမူထားတယ်။ ဒီ မုခ်ဦး ပတ်ဝန်းကျင်မှာ ဝန်ကြီးချုပ်ရုံး၊ လွှတ်တော်နဲ့ သစ်တောရေးရာ ဝန်ကြီး ဌာန အပါအဝင် အစိုးရအဆောက်အဦတွေရှိတယ်။ သံရုံးတွေရှိတယ်။
မူလ ဒီဇိုင်းမှာတော့ မျက်နှာလေးဘက်မှာ ကြာပန်းရေကန်တွေပါတယ်လို့ဆိုတယ်၊ အခုတော့ မရှိဘူး။ အရှေ့ဘက်မှာ တရုတ်က လှုဒါန်းထားတဲ့ ရေပန်းတစ်ခုရှိတယ်။ ဆင်လေးကောင်ရံထားတဲ့ စေတီပုံ ရုပ်တုတစ်ခုရှိတယ်။ ဒီရုပ်တုကတော့ ထူးထူးဆန်းဆန်း တရုတ်နိုင်ငံလုပ်ကြွေပန်းကန်တွေနဲ့ တည်ဆောက်ထားတယ်။
မုခ်ဦးမှာ ထုဆစ်ထားတဲ့အရုပ်တွေ၊ ပန်းချီတွေက ဟိန္ဒူဘာသာရေးနဲ့ပိုပြီးဆက်နွယ်ပုံရတယ်။ မုခ်ဦးအတွင်းမှာ အပေါ်ကို တက်ဖို့ အတွက် လှေကားနှစ်စင်းရှိတယ်။ အတက်၊အဆင်းတစ်ခု စီ သုံးရတယ်။ အပေါ်တက်ဖို့အတွက် ဝင်ကြေးပေးရတယ်။ အတွင်းမှာ အထပ် ခုနှစ်ထပ် ရှိတယ်။ ခြောက်ထပ်အထိက ကွန်ကရစ်လှေကားနဲ့တက်ရတယ်။ လှေကားထစ်ပေါင်း ၁၄၈ ထစ်ရှိတယ်။ အဲဒီနေရာမှာ ရင်ပြင်လိုလုပ်ထားပြီးထောင့်လေးထောင့် မှာ လေးထောင့်ပုံ မုခ်လေးခုရှိတယ်။ အဲဒီနေရာကနေ ကြည့်ရင် ဗီယန်ကျင်းမြို့ မြင်ကွင်းကို ကောင်းကောင်း မြင်ရတယ်။ ခုနှစ်ထပ်နေရာကိုတော့ ကြောင်လိမ်လှေကားနဲ့တက်ရတယ်။ လှေကားထစ် နှစ်ဆယ့်နဲ့ ခြောက်ထစ်ရှိတယ်။ အဲဒီနေရာကတော့ မြင်ကွင်းမကောင်းဘူး။
ပြူတင်းပေါက် ကျဉ်းကျဉ်းလေးတွေပဲရှိတယ်။ သုံးထပ်၊လေးထပ်၊ ငါးထပ်နဲ့ ခြောက်ထပ်မှာ အမှတ်တရပစ္စည်းဆိုင်တွေရှိတယ်။ ဒါပေမယ့် ဈေးကြီးတယ်။
ခရီးသွားအများစုကတော့ မုခ်ဦးပေါ် မတက်ကြဘူး။ ပတ်ဝန်းကျင်မှာပဲ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီ နေရာမှာ ဒေသခံ ဓာတ်ပုံသမားတွေအများကြီးပဲ။ ကိုယ့်အုပ်စု ဓာတ်ပုံရိုက်မယ်ဆိုတာနဲ့ သူတို့ ကလည်း အတင်းဝင်ရိုက်တယ်။ ပြီးရင်ချက်ခြင်း ပရင့်ထုတ်ပြီး ပိုက်ဆံတောင်းတယ်။ ဒါ့ကြောင့် သူတို့အနားကပ်လာတာနဲ့ မရိုက်နဲ့ဆိုပြီး အတင်းတားရတယ်။ ဒါတောင်အတင်းရိုက်ပြီး ပိုက်ဆံ တောင်းတာလည်းရှိတယ်။ သို့သော် မယူရင်လည်း ပြဿနာတော့ မလုပ်ပါဘူး။ လာအို ထဲမှာ ခရီးသွားခဲ့သမ ျှ ဒီတစ်နေရာပဲ စည်းကမ်းမရှိတဲ့ ဓာတ်ပုံသမားတွေနဲ့ ကြုံခဲ့ရတယ်။
ဒီမုခ်ဦးက ခေတ်သစ်လာအိုနိုင်ငံရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေကို ထင်ဟပ်နေတယ် လို့ ပြောလို့ရတယ်။ မုခ်ဦးက ပြင်သစ်နိုင်ငံက မုခ်ဦးကို နမူနာယူတယ်။ ဆောက်တဲ့အခါ ကျ တော့ အမေရိကန်ထောက်ပံ့ငွေနဲ့ဆောက်တယ်။ ဒါပေမယ့် အဲဒီငွေက ဗီယန်ကျင်း လေယာဉ် ကွင်း ပြုပြင်မွမ်းမံဖို့ ထောက်ပံ့ငွေထဲက ယူသုံးလိုက်တာဖြစ်နေတော့ အဲဒီအချိန်က လာအို လူထု က မုခ်ဦးဆောက်တဲ့နေရာကို လေယာဉ်ကွင်းကြီး လို့ နာမည်ပြောင် ပေးခဲ့ကြတယ်။ မုခ်ဦး စဆောက်တဲ့အချိန်က လာအိုနိုင်ငံဟာ ဗီယက်နမ်စစ်ပွဲကိုအကြောင်းပြုပြီး မြောက်ဗီယက်နမ် နဲ့ အမေရိကန်တို့ သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားတာခံနေရတဲ့အချိန်၊ ကွန်မြူနစ်ပသက်လောတွေ ရဲ့ တိုက်ခိုက်မှုတွေစတင်နေချိန် ဖြစ်တယ်။
ကွန်မြူနစ် တွေအာဏာရလာတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ခဲ့သူတွေ ကို ဂုဏ်ပြုဖို့ရည်ရွယ်ထားတဲ့ မုခ်ဦး ကို သူတို့တော်လှန်ရေးအောင်မြင်မှု အထိမ်းအမှတ်လုပ် လိုက်တယ်။ ဒါပေမယ့် မူလ ဗိသုကာပုံစံကို ပြီးအောင်တော့ ဆက်မဆောက်တော့ဘူး။
၂၁ ရာစုမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်လာတော့ တရုတ်နိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ်ရုပ်တု တစ်ခု မုခ်ဦးအနားမှာ တည်ဆောက်ပေးတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း ကြွေပန်းကန်တွေနဲ့တည်ဆောက်ပေးထားတော့ ချစ်ကြည်ရေးက အမှားမခံဘူး။ အထိ မခံ ကြွေပန်းကန် ဆိုတဲ့ သဘောများလားလို့ တွေးမိတယ်။

တပ်မတော်နဲ့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်တဲ့ ။

နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ လူထု မဲလိုချင်တာပဲ ရှိပါတယ်။ တာဝန်တော့ မရှိဘူးပေါ့။

ဒါက တပ်မတော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လို့ တကယ်တမ်းလည်း အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် တပ်မတော်တွေက အာဏာသိမ်းလောက်အောင် အခြေအနေတွေကို ဘယ်သူတွေက ဖန်တီးတာလဲ။ တိုင်းပြည်ကြီး ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော်က အာဏာသိမ်းလောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေက ဖန်တီးနေတာမဟုတ်ဘူးလား” ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။
( ကောက်နှုတ်ချက်)

ဗိုင်းရပ်စ် နဲ့ ယုံကြည်မှုအလွဲများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ဝက်ဘ်ဆိုက် မှာ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန်ဗိုင်းရပ်စ်) နဲ့ပတ်သက်ပြီး ယုံကြည်မှုလွဲမှားနေတာတွေကို အပြည့်အစုံရှင်းပြထားပါတယ်။ အဲဒါတွေကို အတိုချုပ်ပြောရ ရင်

၁။ အေးလို့၊နှင်းကျလို့ ကိုယ်ထဲက ဗိုင်းရပ်စ်တွေ သေကုန်တယ်ဆိုတာမဟုတ်ပါဘူး။ ပြင်ပ အပူချိန် ဘယ် လောက်ပဲရှိရှိ ၊ လူရဲ့ ကိုယ်တွင်းအပူချိန်က ၃၆.၅ နဲ့ ၃၇ ဒီဂရီ ( 36.5 – 37 ံC) ကြားမှာပဲ ရှိပါတယ်။

၂။ ရေနွေးနဲ့ ရေချိုးတာဟာလည်း ရောဂါကို မကာကွယ်နိုင်ပါဘူး။ ရေနွေးနဲ့ချိုးတဲ့အတွက် ကိုယ် တွင်းအပူချိန်ကပြောင်းမသွားဘူး။

၃။ တရုတ် နိုင်ငံကဖြစ်ဖြစ်၊ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံက ဖြစ်ဖြစ် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတာကြောင့်လည်း ရောဂါမကူးစက်နိုင်ဘူး။ ဗိုင်းရပ်စ်ပိုးဟာ နေရာ အမျိုးမျိုး၊ အပူချိန်အမျိုးမျိုးမှာ အဆင့်ဆင့် ကိုင်တွယ်သယ်ဆောင်တဲ့ အခြေအနေမှာ ရှင်သန် ဖို့မဖြစ်နိုင်ဘူး။ သံသယရှိတယ်ဆိုရင် အဲဒီပစ္စည်းမျက်နှာပြင်ကို သန့်ရှင်းရေး လုပ်ပြီးမှ ကိုင် တွယ်တာ၊ဒါမှမဟုတ် ကိုင်တွယ်ပြီးတဲ့အချိန်မှာ လက်သေသေချာချာဆေးရင် လုံလောက်ပါ တယ်။

၄။ ခြင်ကိုက်လို့လည်း ရောဂါ မကူးစက်နိုင်ပါဘူး။

၅။ လက်အခြောက်ခံစက်နဲ့ သန့်ရှင်းရေးလုပ်ရုံ နဲ့ရောဂါကို မကာကွယ်နိုင်ပါဘူး။ ဆပ်ပြာနဲ့ သေသေချာချာဆေးကြောမှသာ ကာကွယ်နိုင်ပါတယ်။

၆။ ခရမ်းလွန်ရောင်ခြည်သုံး မီးချောင်းနဲ့လည်း ကာကွယ်လို့မရပါဘူး။ အခန့်မသင့်ရင် အရေ ပြားကိုတောင်ထိခိုက်နိုင်ပါတယ်။

၇။ ကိုယ်အပူချိန်တိုင်းတာတဲ့ ကရိယာနဲ့ စစ်ဆေးတာက ရောဂါကြောင့် ဖျားနာနေတဲ့ သူကို ပဲ သိနိုင်တယ်။ ဒီဗိုင်းရပ်စ်ပိုးက ရောဂါလက္ခဏာမပြခင် နှစ်ရက်ကနေ ဆယ်ရက်အထိ ခန္တာကိုယ် ထဲမှာ ဘာလက္ခဏာမှ မပြဘဲ ခိုအောင်းနေနိုင်ပါတယ်။

၈။ အရက် ဒါမှမဟုတ် ကလိုရင်းဆေးရည်ကို တစ်ကိုယ်လုံးဖြန်းတာကြောင့် ကိုယ်ခန္တာ အတွင်းက ဗိုင်းရပ်စ်ကို သတ်လို့မရပါဘူး။ မျက်လုံးတို့ ပါးစပ်တို့ကိုတောင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ရောဂါ ပိုး ရှိတယ်လို့ ထင်ရတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းရေးလုပ်ရင်တောင် သူ့အတိုင်းအဆနဲ့ သူ သုံးရတာဖြစ်ပါတယ်။

၉ ။ အိမ်မွေး တိရိစ္ဆာန်ဖြစ်တဲ့ ခွေး ၊ ကြောင် တို့က တစ်ဆင့် ရောဂါကူးစက်တာမျိုးမတွေ့ ရ သေးဘူး။ ဒါပေမယ့် ဒီအကောင်တွေကို ကိုင်တွယ်ပြီးရင်တော့ လက်သေသေချာချာ ဆေး တာ အကောင်းဆုံးပဲ။

၁၀။ ဒီဗိုင်းရပ်စ် ပိုးက မျိုးအသစ်ဖြစ်တဲ့အတွက် လက်ရှိ တုတ်ကွေး၊ အဆုတ်ရောင် ရောဂါ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့မရပါဘူး။

၁၁။ နှာခေါင်းကို ဆားရည် ( Saline ) နဲ့ မကြာခဏဆေးရင် ရောဂါပိုးကို ကာကွယ်နို်င်တယ် ဆို တာမဟုတ်ဘူး။

၁၂။ ကြက်သွန်ဖြူစားရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာ သက်သေအထောက် အထား မတွေ့ရသေးဘူး။

၁၃။ ဒီဗိုင်းရပ်စ်က အသက်ကြီးတဲ့သူတွေ၊ ကလေးတွေမှာ ပိုဖြစ်တယ်ဆိုတာမဟုတ်ဘူး။ လူတိုင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အသက်ကြီးတဲ့ သူတွေက အခြားရောဂါအခံရှိရင်တော့ ပြင်း ပြင်းထန်ထန်ခံစားရမယ်။

၁၄။ ပဋိဇီဝဆေး ( Antibiotic) တွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါကို ကာကွယ်လို့၊ ကုသ လို့မရဘူး။

၁၅။ အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့၊ကုသနိုင်ဖို့အတွက် သီးခြားဆေးမရှိသေး ဘူး။ သုတေသနပြုလုပ်ရှာဖွေနေဆဲပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သူ့ရှင်းလင်းချက်ထဲမှာ လက်ကို မကြာခဏ ဆေးကြောတာက အကေင်းဆုံးကာကွယ်နည်းဖြစ်တယ်ဆိုတဲ့အချက်ကို အကြိမ်ကြိမ်ရည်ညွှန်းဖော်ပြထားတာလည်း တွေ့ရပါတယ်။

ရှင်းလင်းချက်အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public/myth-busters

မှတ်ချက် ။ ဆေးပညာကျွမ်းကျင်သူမဟုတ်တဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ အသုံးအနှုန်းလွဲနေရင် ပြင်ပေးကြပါ။

မဲခေါင် ခရီးသည် (၁၉ )


ဖေဖော်ဝါရီလ ၆ ရက်နေ့ညနေမှာ ဗီယန်ကျန်း ကို ရောက်တယ်။ ကျွန်တော်တို့က တစ်ညအိပ် နှစ် ရက်နေတဲ့အတွက် လေ့လာဖို့ အချိန်အတော်ရပါတယ်။ ဗီယန်ကျန်းနဲ့ပတ်သက်ပြီး ပထမ ဆုံး သတိထားမိတာက မဲခေါင်မြစ်ကမ်းနားရှုခင်းပဲ။
ဗီယန်ကျန်းကို အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ဝန်ကြီး ဦးကျော်ဆန်း နဲ့ အတူ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ၇ ရက်နေ့အထိရောက်ခဲ့ဖူးတယ်။ ကျွန်တော် တို့က ကြိုရောက်နေပြီး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရတယ်။ ဝန်ကြီးက နောက် မှ လိုက်လာပြီး ဝန်ကြီးအဆင့်အစည်းအဝေးတက်တယ်။
အဲဒီအချိန်က မဲခေါင်မြစ်ကမ်းနားမှာ ဟိုတယ်ကြီးကြီးမားမားဆိုလို့ အစည်းအဝေး ကျင်းပတဲ့ Don Chan Palace Hotel တစ်ခုပဲရှိတယ်။ ကမ်းနားတစ်လေ ျှာက် ကားလမ်းကျဉ်းကျဉ်း ဘယ်၊ ညာ မှာ စားသောက်ဆိုင်သေးသေးလေးတွေရှိတယ်။ ဘားတွေရှိတယ်။ မြို့ထဲမှာ အထပ်မြင့် အဆောက်အအုံဆိုတာ လက်ချိုးရေလို့ရတယ်။
ဒီတစ်ခေါက်ပြန်ရောက်တော့ ကမ်းနားလမ်းက လုံးဝပြောင်းလဲသွားနေပြီ။ အပန်းဖြေဖို့ ပန်းခြံ၊ ကမ်းနားလမ်းလေ ျှာက်လမ်း၊ ရင်ပြင်၊ ညဈေးတန်းတွေနဲ့ စည်ကားနေတယ်။ ကမ်းနား တစ်လေ ျှာက်မှာ ဟိုတယ်တွေ၊ ကွန်ဒိုတွေ အပြည့်၊ ထပ်ဆောက်နေတာတွေလည်းရှိတယ်။ မနက် ၊ည လမ်းလေ ျှာက်သူတွေ၊ ဈေးဝယ်သူတွေနဲ့ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်နေပြီ။
ဗီယန်ကျန်းမြို့ရဲ့ မဲခေါင်မြစ်ကမ်းနားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ ၂၀၁၂ ခုနှစ်သြဂုတ်လမှာ စတင်ဆောင်ရွက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးတယ်။ ဗီယန် ကျင်း မဲခေါင်မြစ်ကမ်းနား ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ထားတဲ့ ကမ်းနားလမ်းအပိုင်းက နှစ်ကီလို မီ တာကျော်ရှည်ပြီး မျက်မြင်အရတော့ အပိုင်းသုံးပိုင်းပါတယ်။
ပထမပိုင်းက စားသောက်ဆိုင်တွေရှိတဲ့ အပိုင်း။ ဒီအပိုင်းက မြောက်ဘက် အစွန်ဆုံးပဲ။ မြစ်ကမ်း ဘေး ပလက်ဖောင်းမှာ ဘီယာဆိုင်၊ အကင်ဆိုင်တွေ ဖွင့်ထားတယ်။ ၁၅ ဆိုင်လောက် ရှိတယ်။ ဆိုင်တွေက ပလက်ဖောင်းမှာ ခုံတွေခင်းပြီးရောင်းတယ်။ မနက်ဆိုရင် သန့်ရှင်းရေးလုပ်သွားတယ်။ ခုံတွေ၊ စားပွဲတွေကတော့ ဒီအတိုင်းပဲထားခဲ့တယ်။ ပလက်ဖောင်းလုပ်ထားတာ အတော်ကျယ်တဲ့အတွက် ကားလမ်းပေါ်မှာ ခုံခင်းတာမျိုးတွေ မဖြစ်ဘူး။ အောက်ဘက် သောင်ပြင်မှာတော့ သစ်သားလှေကြီးတစ်စင်းကို စားသောက်ဆိုင်လုပ်ထားတယ်။ ဆိုင်နာမည်က Naga Boat နဂါးလှေပေါ့။
ဒီဈေးတန်းနေရာရဲ့ မြောက်ဘက်ထိပ်ဆုံးမှာ ဒီဇုန် နယ်မြေ အုပ်ချုပ်ရေးမှူးရုံးရှိတယ်။ ရုံးဆိုတာလည်း ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ကွန် တိန်နာတစ်လုံးကိုရုံးလုပ်ထားတာပါ။ ဒီအပိုင်းက မီတာလေးရာလောက်ရှည်တယ်။ အဲဒီနေရာနဲ့မျက်နှာချင်းဆိုင်မှာ ဟိုတယ် တွေ ၊ စား သောက်ဆိုင်ကြီးတွေရှိတယ်။ ကျွန်တော်တို့ တည်းတဲ့ဟိုတယ်ကလည်း ဒီနေရာမှာပဲ။
ဈေးတန်းဆုံးတဲ့အခါ ပလက်ဖောင်းပေါ်မှာ ဆိုင်တွေမရှိတော့ဘူး။ ကားလမ်းကလည်း ပိုကျယ် သွား တယ်။ ကမ်းနားလမ်းအလယ်ဗဟိုလောက်မှာ ရင်ပြင်တစ်ခုရှိတယ်။လာအို အလံတွေ ထောင်ထားတယ်။ ရင်ပြင်က ကားလမ်းကနေ မြစ်ကမ်းပေါ်ကို လခြမ်းပုံ ထိုး ထွက် နေတယ်။ ကမ်းနားမှာ ဒီနေရာက အကျယ်ဆုံး ဆိုတော့ မနက်စောစောရော၊ ညနေဘက်မှာ ပါ ထိုင်တဲ့သူများတယ်။
ရင်ပြင်ကျော်သွားရင်တော့ တာဘောင်အောက်ဘက် မြေပြန့်မှာ ဈေးဆိုင်တန်းတွေရှိတယ်။ ဒီနေရာက သောင်ပြင်လိုဖြစ်နေတဲ့နေရာမှာဆောက်ထားတာ။ ဆိုင်တန်းတွေက ပုံစံသုံးမျိုး နဲ့ ။ ကိုရီးယားရိုးရာခေါင်မိုးပုံစံနဲ့ ဆိုင်တန်းတွေက စားသောက်ဆိုင်တန်းတွေ၊ လာအို ရိုးရာ ဒီဇိုင်း ပုံ နဲ့ဆိုင်တန်းတွေက လက်မှုပစ္စည်းတွေနဲ့ အမှတ်တရ ပစ္စည်တွေရောင်းတာ၊ အမိုးနှစ်ထပ်နဲ့ဆိုင် တန်းတွေကတော့ စားသောက်ဆိုင်တစ်ဆိုင်၊နှစ်ဆိုင်နဲ့ အဝတ်အထည်ဆိုင်တွေရှိတယ်။ အဲဒါ ရဲ့ အဆုံးမှာတော့ ကလေးကစားကွင်းတစ်ခုရှိတယ်။ အဲဒီအလွန်မှာတော့ ကွန်ကရစ်ခင်းနေတဲ့ နေ ရာတစ်ခုရှိတယ်။ နောက်ထပ်ဈေးဆိုင်ခန်းတွေ လုပ်ဖို့ထင်ပါရဲ့။
ရင်ပြင်နဲ့ မျက်နှာချင်းဆိုင် ကားလမ်းတစ်ဖက်မှာတော့ ထိုင်းဘက်ကမ်းကို လက်ညှိုးညွှန်ထားတဲ့ ရုပ်တု တစ်ခုရှိတယ်။ အဲဒါက ၁၈၂၆ ခုနှစ်က လာအိုနိုင်ငံကို သိမ်းထားတဲ့ ထိုင်းတွေကို ပြန် တော် လှန်ခဲ့တဲ့ လာအို ဘုရင် Anouvong ရဲ့ ရုပ်တုပါ။ ဒါပေမယ့် သူ့တော်လှန်ရေးက မအောင်မြင်ခဲ့ ဘူး။ ၁၈၂၇ ခုနှစ်မှာ သူ့ကို ဖမ်းမိပြီး ကွပ်မျက်လိုက်တယ်။ ဗီယန်ကျန်းမြို့ကိုလည်း လုံး၀ ဖျက်ဆီး ပစ်ခဲ့တယ်။ နောက်နှစ်သုံးဆယ်ကျော် ပြင်သစ်တွေ ဒီဒေသကို ရောက်လာတော့ ဗီယန်ကျန်းမြို့က တောဖုံးနေတဲ့ မြို့ပျက်ကြိးဖြစ်နေပြီ။ အခုမြင်ရတဲ့ မြို့က ပြင်သစ်အစောင့်အရှောက်ခံ ဘဝမှာ ပြန် တည်ဆောက်ထားတာဖြစ်ပါတယ်။ ထိုင်းတွေက ဗီယန်ကျန်းကို ဖျက်ဆီးပစ်လိုက်သလို အဲဒီ ဒေသက လာအို လူမျိုးတွေကိုလည်း ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းကို ရွှေ့ပြောင်းနေရာချထား ခဲ့ပြီး ဗီယန်ကျန်းမှာလာအိုမင်းဆက်ပြန်မထူထောင်နိုင်အောင်လုပ်ပစ်ခဲ့တယ်လို့ဆိုတယ်။ ဒီရုပ်တု ကိုတော့ ဗီယန်ကျန်းမြို့တည်နှစ် ၄၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၀ ပြည့်နှစ်မှာ ထားရှိ ခဲ့တာဖြစ်ပါ တယ်။
မဲခေါင် ကမ်းနားလမ်းညဈေးက ညနေ ခြောက်နာရီမှာ စတယ်။ ရင်ပြင်ဘက်အခြမ်းမှာ ရှိတဲ့ ကမ်းနား လမ်းမကြိးကို ညနေ ခြာက်နာရီကနေ နောက်နေ့မနက် ခြောက်နာရီခွဲအထိ ပိတ် ထား ပေးတယ်။ ပန်းခြံလုပ်ထားတဲ့နေရာမှာလည်း ဈေးဆိုင်တွေဖွင့်တယ်။ ကားရပ် ဖို့ နေရာ၊ ဆိုင်ကယ်ထားဖို့နေရာတွေရှိတယ်။ ပန်းခြံထဲကဆိုင်တွေကတော့ တရုတ်လုပ် ပစ္စည်း တွေများပါတယ်။ ဈေးကလည်း ထက်ဝက်လောက်ဆစ်နိုင်မှ တော်ကာကျတယ်။
ပန်းခြံထဲက ဈေးတန်းကတော့ ည ဆယ့်တစ်နာရီမှာ သိမ်းတယ်။ ကမ်းနားလမ်းပေါ်က အကင် ဆိုင်တွေကတော့ မနက်တစ်နာရီလောက်အထိ ဖွင့်တယ်။ အကင်ဆိုင်တွေကတော့ ပင်လယ် စာ တွေများတယ်။ ဘီယာကတော့ မြန်မာနိုင်ငံမှာ မြန်မာဘီယာ နာမည်ကြီးသလို လာအို မှာ လည်း “လာအိုဘီယာ Beer Lao” က နာမည်ကြီးတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ကတော့ တရုတ်ခရီးသွားတွေ အလာနည်းလို့ အကင်ဆိုင်တွေ ရောင်းအားကျနေတယ်။
ညဘက် ညဈေးတန်းလေ ျှာက်ခဲ့ပြီး မနက်အစောကြီးထ လမ်းလေ ျှာက်တဲ့အခါ အကင်ဆိုင် နေရာတွေ ၊ ပန်းခြံထဲက ညဈေးတန်းနေရာတွေမှာ အားလုံးသန့်ရှင်း နေ တယ်။ တာဘောင် အောက်ခြေမှာသာ ညက စားသုံးသူတွေ ထားခဲ့တဲ့ အမှိုက်နည်းနည်းပါးပါး ပဲရှိ တယ်။
မနက်စောစော ကမ်းနားလမ်းတစ်လေ ျှာက်မှာ ဒေသခံတွေရော၊ ခရီးသွားဧည့်သည်တွေပါ လမ်းလေ ျှာက် ကြ၊ ကျန်းမာရေးလုပ်ကြနဲ့ စည်ကားနေပြီ။ ကမ်းနားလမ်းမှာ မြောက်ဘက်အစွန် အကင်ဆိုင် တွေ ရှိတဲ့နေရာကလွဲရင်ကျန်တဲ့နေရာမှာ ပလက်ဖောင်းကျယ်ကျယ်လုပ်ထားတော့ အပန်းဖြေလို့ ကောင်းတယ်။ ပလက်ဖောင်းတွေမှာလည်း ခရီးသွားဧည့်သည်တွေ အရေးပေါ်အကူအညီ တောင်းနိုင်တဲ့ တိုင်လေးတွေလုပ်ပေးထားတယ်။
လာအိုက မြို့သုံးမြို့ကိုလည်ပတ်ပြီးတဲ့အချိန်မှာတော့ လာအိုဟာ ခရီးသွားလုပ်ငန်း၊ ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေမှာ မြန်မာနိုင်ငံထက် ခြေတစ်လှမ်းဦးနေပြီလို့ခံစားမိတယ်။

ဧရာဝတီသတင်းဌာန မှာ ဖော်ပြထားတဲ့ ကရိုနာဗိုင်းရပ်စ် သံသယလူနာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက တိတိကျကျ သတင်းထုတ်ပြန်ပေးရင်ကောင်းမယ်။

လွန်ခဲ့တဲ့ နာရီဝက်အထိတော့ ကျန်းမာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မတွေ့သေးဘူး။ မတ်လ ၅ ရက်နေ့ ည ၈နာရီ သတင်းထုတ်ပြန်ချက်ပဲရှိသေးတယ်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ ၄ ရက်နေ့ ညက COVID-19 ရောဂါ သံသယ လက္ခဏာများဖြင့် ရောက်ရှိလာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ညက သေဆုံးသွားပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ဧရာဝတီသို့ အတည်ပြု ပြောသည်။
( သတင်းကောက်နှုတ်ချက်)